← Chapters

အခန်း (၂၁၆၆-၂၁၇၀)

Vol. 87 Ch. 2166-2170

အခန်း (၂၁၆၆-၂၁၇၀)

Vol. 87 Ch. 2166-2170

အပိုင်း (၂၁၆၆)

“နဂါးအရှိန်အဝါ…” ရှောင်ပိုင်ယီက အလန့်တကြား ဆိုလိုက်လေသည်။ ရန်ကိုင့်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အလွန်တရာကိုမှ အားကောင်းခြင်း မရှိသော်ငြား နဂါးအရှိန်အဝါ ဖြစ်သည် ဆိုသည်ကိုမူ ရှောင်ပိုင်ယီ အတပ်သိပေသည်။

သူ့စကား သေချာ မဆုံးသေးခင်မှာပင် ရန်ကိုင်၏ ကျောဘက်၌ ရွှေနတ်နဂါးတစ်ကောင်၏ ပုံရိပ် ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်း၏ မျက်လုံးကြီးကို ဖွင့်လျက် ရှောင်ပိုင်ယီအား စိုက်ကြည့်လာခဲ့လေသည်။

နဂါးကြီး၏ အကြည့်ကို ခံစားမိလိုက်သော် ရှောင်ပိုင်ယီ၏ နဖူးထက် ချွေးသီးချွေးပေါက်များ ကျလာခဲ့ပြီး နောက်သို့ အလိုလို ဆုတ်မိလိုက်လေသည်။

“ရောင်းရင်းရှောင်ပိုင်က အတော်လေးကို အားကောင်းတဲ့လူဆိုမှတော့ ငါကလည်း အလေးအနက်ထားပြီး တိုက်ခိုက်ရတော့မှာပေါ့… သေချာကာကွယ်ထားနော် ရောင်းရင်းရှောင်ပိုင်…”

ပြောပြီးသည်နှင့် ရန်ကိုင်သည် သူ့ဓါးအား ခုတ်ပိုင်းချလိုက်လေသည်။ ထိုခုတ်ချက်ဆီမှ ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီတို့ ဖြာထွက်လာခဲ့ပြီး လျှပ်စီးပင်လယ်ကို ဖြတ်တောက်သွားခဲ့သည်။

ချက်ချင်းဆိုသလို လျှပ်စီးပင်လယ်ထဲ နစ်မြုပ်နေသော ရန်ကိုင်၏ ပုံရိပ် ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏ ကျောဘက်တွင် ရှိနေသော ရွှေနဂါးပုံရိပ်သည် ကောင်းကင်ပေါ်သို့ မော့၍ ဟိန်းဟောက်အော်ဟစ်လိုက်လေ၏။ ထို့နောက် ရန်ကိုင့်၏ ဓါးထဲသို့ စီးဝင်သွားခဲ့လေသည်။

တမုဟုတ်ချည်းဆိုသလို ရန်ကိုင်၏ ဓါးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ ကြောက်ခမန်းလိလိကို မြင့်တက်လာခဲ့လေ၏။

အစစ်အမှန်နဂါးတစ်ကောင်၏ ရိုက်ချက် ဤလောကပေါ်သို့ သက်ဆင်းလာသည့်အချိန်တွင် နှစ်ပေါင်းတစ်ထောင်သည် တမုဟုတ်ချည်းအလား ကုန်ဆုံးသွားသလို ထင်မှတ်ရ၏။

ထိုအဆုံးမရှိလောက်အောင် များပြားလွန်းလှသော ကြောက်မက်ဖွယ်ရာဖိအားကြောင့် ရှောင်ပိုင်ယီ၏နဖူးထက် ချွေးသီးချွေးပေါက်များ ဝေ့သီလာခဲ့လေသည်။ နောက်သို့လည်း အဆက်မပြတ် ဆုတ်နေရလေ၏။

သို့သော်ငြား ဆုတ်ဖန်များလာလတ်သော် အဆုံးတွင် အံကိုကြိတ်၍ မြေပြင်အား ခြေထောက်ဖြင့် ဆောင့်ချလိုက်လေသည်။ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အရင်းအမြစ်ချီကို အရူးအမူး လှည့်ပတ်လိုက်ပြီးသည့်နောက် မှန်တစ်ချပ်နှင့် ဆင်တူသော အကာအကွယ်မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်လေ၏။

ရန်ကိုင်၏ ဓါးချက်သည် ထိုမှန်အား တည့်တည့် သွားရောက်ထိမှန်လေသည်။

“ဘုန်း…”

ဟင်းလင်ပြင်တစ်ခုလုံးအား ဖျက်ဆီးကာ ကမ္ဘာလောကကြီးတစ်ခုလုံး၏ အဆုံးသတ်ကို ဆောင်ကျဉ်းပေးနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည့် ရွှေရောင်အလင်းတန်းသည် ရန်ကိုင့်ဆီမှ ရုတ်ချည်း ဖြာထွက်လာ၏။

ထိုအလင်းတန်းဆီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ အချိန်အတော် ကြာသွားသည်ထိတိုင်အောင် ပျောက်ကွယ်သွားခဲ့ခြင်း မရှိချေ။

ရန်ကိုင်သည် သူ့ရှေ့တည့်တည့်သို့သာ အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေ၏။

ရှောင်ပိုင်ယီသည် ရန်ကိုင်နှင့် မီတာတစ်ရာ အကွာခန့်တွင် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် လေထဲဝဲနေခဲ့လေ၏။

သူထုတ်ယူလိုက်သော အကာအကွယ်မှန်မှော်ရတနာမှ ထုတ်လွှတ်ပေးသည့် အလင်းတန်းမှာ ရန်ကိုင့်၏ ဓါးချက်ကြောင့် တစ်စစီ ပျက်စီးသွားကုန်ခဲ့လေပြီ။ သူ့လက်တစ်ခုလုံးမှာလည်း တဆတ်ဆတ်တုန်ရီနေပြီး ဓါးကိုပင် မနည်း ထိန်းကိုင်နေခဲ့ရ၏။

သူ့ရှေ့ရှိ ပြိုင်ဘက်ကို ကြည့်ရင်း ရှောင်ပိုင်ယီသည် အံကိုကြိတ်ကာ အော်ပြောလိုက်လေသည်။ “မင်းက တာအိုသခင် ပထမအဆင့်ပဲ ရှိသေးတာကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ…”

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ခွန်အားဆိုတာ ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ လုံးလုံးကြီး သက်ဆိုင်နေတာ မဟုတ်ဘူး… ဒီလိုအခြေခံအချက်လေးကိုတောင် ရောင်းရင်းရှောင်ပိုင်က နားမလည်သေးဘူးလား…”

“နားမလည်ဘူးကွာ…” ရှောင်ပိုင်ယီက ဒေါသတကြီး အော်ဟစ်လိုက်ပြီးသည့်နောက်တွင် ခက်ထန်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ရပ်သည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့လေသည်။

အရင်းအမြစ်ချီတို့သည် သူ့လက်ထဲသို့ အရူးအမူး စီးဝင်လာပြီး ထိုမှတစ်ဆင့် ဓါးထဲသို့ စီးဝင်သွားခဲ့လေ၏။ ထို့နောက်တွင် ရှောင်ပိုင်ယီသည် ဓါးအား အပေါ်တည့်တည့်သို့ မြှောက်ကာ အော်ပြောလိုက်လေ၏။

“ဒါ ငါ့ရဲ့ နောက်ဆုံးတိုက်ကွက်ပဲ… မင်း ဒါကို ခုခံနိုင်မယ်ဆိုရင် မင်းနိုင်တယ်… မခုခံနိုင်ဘူးဆိုရင်တော့ မင်းသေပြီ…”

ရှောင်ပိုင်ယီပြောသည့် စကားကို ကြားပြီးသည့်နောက်တွင် ရန်ကိုင်၏ အမူအယာ လေးနက်သွားခဲ့လေသည်။

တာအိုသခင် တတိယအဆင့် လက်ရွေးစင် ပညာရှင်တစ်ဦး၏ ဝှက်ဖဲဆိုသည်မှာ လုံးဝ လျှော့တွက်သင့်သည့် အရာတစ်ခု မဟုတ်ပေ။ ထို့ကြောင့် ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် သူ၏ အရင်းအမြစ်ချီကို စတင် သိပ်သည်းတော့လေ၏။

ရုတ်တရက် ဆိုသလို ရှောင်ပိုင်ယီသည် ဓါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း မျက်စိကျိန်းမတတ် အလင်းတန်းတို့ဖြင့် တလက်လက် တောက်ပလာခဲ့လေ၏။

တစ်ခဏအကြာတွင် ဟင်းလင်းပြင်တစ်ခုလုံးကိုပင် အချိန်မရွေး ပျက်စီးသွားအောင် လုပ်ပစ်နိုင်သော ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ ထို့နောက်တွင် မာန်သွင်း အော်ဟစ်လိုက်လေ၏။

“အဆုံးမဲ့ကောင်းကင်ဓါးချက်…”

ထိုစကားလုံးများနှင့်အတူ ဟင်းလင်းပြင်ထဲ မရေမတွက်နိုင်သော အလင်းအစုအဝေးများ ထွက်ပေါ်လာပြီး ထိုအလင်းအစုအဝေးများသည် ဥက္ကာခဲများအလား မြေပြင်ပေါ်သို့ တဘုန်းဘုန်း ကြွေဆင်းလာလေတော့သည်။

ထိုတိုက်ကွက်ကိုမြင်သော် ရန်ကိုင်၏ မျက်လုံးများ တဖြတ်ဖြတ် တောက်ပသွားခဲ့သည်။ သို့သော် နောက်မဆုတ်သွားခဲ့ပဲ ဓါးကိုသိမ်းကာ ရှေ့သို့ တက်လိုက်လေသည်။ ထို့နောက်တွင် လက်နှစ်ဖက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်ကာ ဟင်းလင်းပြင် နိယာမစွမ်းအားကို စတင် ထုတ်သုံးတော့လေသည်။

မရေမတွက်နိုင်သော လဓါးသွားများ ထွက်ပေါ်လာပြီး ကျဆင်းလာသော အလင်းတန်းများနှင့် သွားရောက် ထိပ်တိုက်တွေ့ဆုံလေသည်။

တစ်ဝုန်းဝုန်းမြည်သံများနှင့်အတူ တွင်းနက်များမှာလည်း နေရာအနှံ့ ထွက်ပေါ်လာပြီး အလင်းတန်းများကို ဟင်းလင်းပြင်ထဲသို့ ဆွဲယူသွားလေ၏။

ထိုတိုက်ကွက်များကြောင့် ရန်ကိုင်နှင့် ရှောင်ပိုင်ယီတို့ ရှိနေသည့် ဟင်းလင်းပြင်မှာ အချိန်မရွေး ပြိုကျတော့မည့်အလား ဖြစ်လာခဲ့လေသည်။

ထိုကဲ့သို တိုက်ခိုက်နေစဉ်အတွင်း ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်အား အဆတ်မပြတ် အာရုံစိုက်၍ ရှောင်ပိုင်ယီကို ရှာဖွေနေခဲ့လေ၏။

ရုတ်တရက် သူ့မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အရင်းအမြစ်ချီကို လှည့်ပတ်ကာ တစ်ခုသော နေရာတည့်တည့်သို့ ရိုက်ချလိုက်လေသည်။

“ဖုန်း” ဟူသော မြည်သံနှင့်အတူ ရန်ကိုင်၏ မျက်နှာ ရုတ်ချည်း ဖြူလျော်သွားခဲ့ပြီး နောက်သို့ ဆုတ်လိုက်ရသည်။

တစ်ချိန်တည်းတွင် ရှောင်ပိုင်ယီ၏ ဖြူဖတ်ဖြူလျော် ပုံရိပ်မှာလည်း ပြန်ပေါ်လာခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကဲ့သို့ သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ဘဲ ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြုတ်ကျသွားခဲ့လေ၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံးအား ဖုံးကွယ်နေသော ပေါက်ကွဲမှုအလုံးစုံမှာလည်း အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့လေသည်။

မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးသည့်နောက်တွင် ရှောင်ပိုင်ယီသည် ချက်ချင်း မတ်တပ်ပြန်ရပ်ရန် ကြိုးစားလေ၏။ သို့သော်ငြား သူ့ဘာသာသူ မရပ်နိုင်သဖြင့် ဓါးကို မြေကြီးပေါ်သို့ ထောက်၍ ကြိုးစား ရပ်လိုက်ရသည်။

လက်ရှိ ရှောင်ပိုင်ယီ၏ ခန္ဓာကိုယ်အရေပြားများမှာ အက်ကွဲနေပြီး သွေးစိမ်းရှင်ရှင်တို့မှာလည်း ထိုအက်ကွဲကြောင်းများဆီမှ တရဟော စီးကျနေခဲ့လေသည်။

သူ့ရင်ဘတ် အလယ်တည့်တည့်တွင်မူ လက်ဝါးရာတစ်ခု ရှိနေခဲ့လေသည်။ ထိုလက်ဝါးရာသည်သာ ရန်ကိုင့်ကြောင့် ရလိုက်သည့် ဒဏ်ရာဖြစ်ပြီး ခန္ဓာကိုယ်အက်ကွဲရာများမှာတော့ ရန်ကိုင်နှင့် ဘာမျှ မသက်ဆိုင်ပေ။

ရန်ကိုင်သည် လေထဲတွင်ရပ်၍ အစောပိုင်းက ရှောင်ပိုင်ယီအား တိုက်ခိုက်လိုက်သည့် သူ့လက်ဝါးကို ငုံ့ကြည့်နေခဲ့လေသည်။ လက်ရှိတွင် သူ့လက်ဝါးထက်၌ ပြတ်ရှရာများစွာ ရှိနေခဲ့ပြီး သွေးများမှာ ထိုပြတ်ရှရာများမှ တရဟော စီးကျနေသည်။

ထို့အပြင် ထူးဆန်းသော နိယာမစွမ်းအားတစ်ခုဟာလည်း သူ့ဒဏ်ရာများထဲ ရစ်သိုင်းနေကာ သူ့ဒဏ်ရာကို ပြန်လည်မကုစားနိုင်အောင် လုပ်နေခဲ့သည်။

သူ့လက်ပေါ်ရှိ‌ သွေးများကို ခါထုတ်ပစ်ရင်း အရင်းအမြစ်ချီကို လှည့်ပတ်၍ ထိုဒဏ်ရာများထဲ ရစ်သိုင်းနေသော နိယာမစွမ်းအားကို အတင်းအကြပ် ဖယ်ထုတ်ပစ်လိုက်လေသည်။ ထို့နောက် ပြောလိုက်လေ၏။

“ရောင်းရင်းရှောင်ပိုင်… မင်းရဲ့ အဆုံးမဲ့ ကောင်းကင်ဓါးရိုက်ချက်က မင်းထိန်းချုပ်နိုင်တဲ့ဟာ မဟုတ်ဘူးလေ… ဘာဖြစ်လို့ အဲ့လိုပညာရပ်မျိုးကို ထုတ်သုံးရတာလဲ…”

ရှောင်ပိုင်ယီ မည်သို့သော ပညာရပ်အား ထုတ်သုံးသွားသလဲ ဆိုသည်ကို သူမသိသော်ငြား သူသုံးသွားသည့် ပညာရပ်သည် ရှောင်ပိုင်ယီ ခုခံနိုင်သည့် အရာမဟုတ်မှန်းတော့ ရန်ကိုင်သိပေသည်။

ထိုတိုက်ကွက်ကို ထုတ်သုံးလိုက်သည့် အတွက်ကြောင့်ပင်လျှင် ရှောင်ပိုင်ယီ၏ ခန္ဓာကိုယ်ပေါ်၌ အက်ကွဲရာများစွာ ရှိနေရခြင်းပင် ဖြစ်သည်။

“ဟား ဟား ဟား…” ရန်ကိုင်၏ စကားကို ကြား‌သော် ရှောင်ပိုင်ယီသည် အားပါးတရ အော်ရယ်မောတော့လေသည်။ သူ့ရယ်သံထဲ မည်သည့် နောင်တတရားတို့မှ ကိန်းအောင်းနေခြင်း မရှိဘဲ အကြွင်းမဲ့ ပျော်ရွှင်မှုတို့ဖြင့်သာ ပြည့်နေခဲ့လေ၏။ ထို့နောက်တွင် ပြန်၍ ပြောလိုက်လေသည်။

“အဲ့လိုဟာမျိုးကို ထုတ်သုံးမှ ရမှာကိုး… ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်နေရတဲ့ချိန် ကိုယ့်မှာ ရှိရှိသမျှ ဝှက်ဖဲတွေအားလုံးကို ထုတ်သုံးရမှာက ငါတို့တာဝန်ပဲ…”

“အဲ့လောက်ထုတ်သုံးပြီးတာတောင်မှ မနိုင်ဘူးဆိုရင်တော့ အဲ့တာ ကိုယ့်အမှား မဟုတ်တော့ဘူး… ဒါပေမဲ့ ကိုယ်တတ်နိုင်တယ်ဆိုရင်တော့ တတ်နိုင်သလောက်ကို လုပ်သွားရမှာပဲ… ခုလို ဘေးထွက်ဆိုးကျိုး ခံစားနေရလို့လည်း ဘာမှမဖြစ်ဘူး”

ရန်ကိုင်က ခေါင်းညိတ်လျက် “ရောင်းရင်းရှောင်ပိုင်ရဲ့ စိတ်ဓာတ်ကို ဒီရန် တကယ်လေးစားသွားပြီ…”

ရှောင်ပိုင်ယီက ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဒါပေမဲ့ ငါ ဒီလိုဝှက်ဖဲမျိုးကို ထုတ်သုံးလိုက်တာတောင် တာအိုသခင် ပထမအဆင့်ပဲရှိသေးတဲ့ မင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး…. ဟူး….”

ရှောင်ပိုင်ယီ၏ မျက်နှာထက် လုံးဝကို နားမလည်နိုင်သည့် ခံစားချက်တို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။ ယနေ့မတိုင်ခင်အထိ သူ့ဘဝတွင် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးအား ရှုံးနိမ့်ရလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ဖူးချေ။

သူသည် သူ့ပြိုင်ဘက်များကြားတွင်ပင် ပါရမီရှင်တစ်ဦး ဖြစ်သည်။ ဤလောကကြီးတွင် သူနှင့် အဆင့်တူယှဉ်နိုင်သည့်လူ ဆို၍ အနည်းငယ်သာ ရှိပေသည်။

သို့သော်ငြား ရန်ကိုင်နှင့် တိုက်ပွဲသည် သူ့အား အလွန်ရိုးရှင်းသော အမှန်တရားတစ်ခုကို နားလည်သွားစေခဲ့သည်။ ဤလောကကြီးတွင် တစ်တောင်ထက် ပိုမြင့်သောတောင် ရှိနေသေးသည်ဟူသော အချက်ပင်။ သူ့ကိုယ်သူ အလွန်တော်သည်ဟု အထင်ရောက်နေသည်မှာ အမှန်တကယ်ကို ရယ်စရာပင်။

“ရန်ကိုင်…” ရှောင်ပိုင်ယီက ရုတ်တရက် အော်ပြောလိုက်သည်။ သူ့ဓါးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးသည့်နောက် ခါးကို ကော့၍ ပြောလိုက်လေသည်။ “လုပ်လိုက်တော့…”

“ငါမင်းကိုသတ်မယ်လို့ မပြောဘူးလေ…” ရန်ကိုင်က ရယ်မောလျက် “မင်းဘာမင်းပဲ သူသေကိုယ်သေ တိုက်မယ်လုပ်နေတာ မဟုတ်ဘူးလား…”

ရှောင်ပိုင်ယီက မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်လေ၏။ “မင်းရှေ့ဆက်သွားမယ်ဆိုရင် ငါ့ကိုသတ်ဖို့ကလွဲရင် အခြား ဘာမှမရှိဘူး… မင်း ဒီမှာ တောက်လျှောက် ပိတ်မိနေတော့မှာ…”

“ဘယ်သူပြောလဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ရန်ကိုင်နှင့် ရှောင်ပိုင်ယီကြားတွင် မည်သည့်ရန်ငြိုးရန်စမျှ မရှိချေ။ ထို့ကြောင် တစ်ယောက်ကိုတစ်ယောက် သတ်စရာ အကြောင်းမရှိ။

ထို့အပြင် သူနှင့် တိုက်ခိုက်နေစဉ်အတောအတွင်း ရှောင်ပိုင်ယီဆီမှ မည်သည့် သတ်ဖြတ်လိုက်စိတ်ကိုမျှ မခံစားခဲ့ရပဲ တိုက်ခိုက်လိုစိတ်ကိုသာ ခံစားခဲ့ရသည်။ ရှောင်ပိုင်ယီသည်လည်း သူ့အား သတ်ဖြတ်ရန် မရည်ရွယ်ထားခဲ့ပေ။ သူ၏ ရည်ရွယ်ချက်မှာ ရန်ကိုင်နှင့် တိုက်ခိုက်ရန်သာ ဖြစ်လေသည်။

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ဝင်ပေါက်တစ်ခုကို လိုက်လံ ရှာဖွေတော့လေ၏။ သို့သော်ငြား ဤနေရာ၌ ရှိနေသည်မှာ လွင့်မျောနေသည့် တိုက်ပွဲစင်မြင့်ကြီးတစ်ခုသာဖြစ်ပြီး အခြား ဘာဆိုဘာမျှ ရှိမနေခဲ့ပေ။

“ထွက်ပေါက်က အောက်မှာ ရှိနေတာလား…” ရန်ကိုင်သည် စင်မြင့်အစွန်းသို့ လျှောက်သွားလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်လေ၏။ သို့သော်ငြား အောက်ဘက်ဆီမှ ဖြာထွက်နေသည့် ခံစားချက်ကြောင့် ကြက်သီးမွေးညှင်းများ ထသွားခဲ့ရသည်။

သူသာ အောက်သို့ ခုန်ဆင်းသွားလျှင် ဘာဖြစ်လို့ ဖြစ်မည်မှန်း မည်သူမျှ မပြောနိုင်ချေ။ နောက်ဆုံး နည်းလမ်းရှာမတွေ့တော့သည့် အခါမှသာ အောက်သို့ ဆင်းကြည့်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်လေသည်။

တကယ်တော့ ရန်ကိုင့်တွင် ဤနေရာမှ ထွက်သွားနိုင်သည့် အခြားနည်းလမ်းတစ်ခု ရှိနေပြီးသားပင်။ ရှောင်ပိုင်ယီပြောပုံအရ ဤတိုက်ပွဲစင်မြင့်ထဲရှိ လူတစ်ဦး သေသွားသည့် အခါမှသာ ထွက်ပေါက်သည် ထွက်ပေါ်လာပေလိမ့်မည်။

ထိုသို့သာ ဖြစ်လျှင် သူ့အနေဖြင့် ရှောင်ပိုင်ယီအား ကမ္ဘာငယ်လေးထဲသို့ ထည့်လိုက်ရုံပင်။ ထိုအခါ ထွက်ပေါက် ပေါ်လာပေလိမ့်မည်။

သို့သော်ငြား ထိုသို့ လုပ်လိုက်မည်ဆိုပါက သူ၏ ကမ္ဘာငယ်လေး လျို့ဝှက်ချက် အကြောင်းကို ရှောင်ပိုင်ယီ သိသွားပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင် ထိုသို့ မလုပ်ချင်ပေ။

ဟင်းလင်းပြင်စွမ်းအားကို လှည့်ပတ်၍ ဤနေရာမှ ထွက်ခွာရန် ကြိုးစားကြည့်လိုက်သည့် အခါတွင်လည်း မည်သို့မျှ မထွက်ခွာနိုင်ကြောင်းကို တွေ့လိုက်ရသည်။

ဟင်းလင်းပြင်စွမ်းအားကိုသုံး၍ တစ်နေရာမှ တစ်နေရာသို့ ခုန်ကျော်သွားလာနိုင်သော်ငြား ဤနေရာအတွင်းတွင်သာ ဖြစ်လေ၏။ ဤနေရာကို ကျော်လွန်၍ အခြားတစ်နေရာဆီသို့ ခုန်ကျော်၍ မသွားနိုင်ပေ။

လက်ရှိ ကြည့်ရသလောက် သူတို့ရှိနေသည့် နေရာသည် ချိတ်ပိတ်ထားသော ဟင်းလင်းပြင်တစ်ခု ဖြစ်သည့်ပုံပင်။ ထိုကြောင့် ရန်ကိုင်သည် ဤဟင်းလင်းပြင်ကို ဖြတ်ကျော်၍ ခုန်ကျော်မသွားနိုင်ခြင်းပင်။

“ရှာမနေနဲ့… မင်း ဘာမှ တွေ့မှာမဟုတ်ဘူး…” လျှောက်ပတ်ကြည့်နေသော ရန်ကိုင့်ကိုမြင်သော် ရှောင်ပိုင်ယီက အော်ပြောလိုက်လေ၏။ “ငါမင်းကို ပြောပြီးသားပဲ… ဒီနေရာတစ်ခုလုံးကို သေချာလိုက်ပတ် ရှာကြည့်ပြီးသွားပြီ… ဘာထွက်ပေါက်မှ မရှိဘူး… ငါလည်း ရှုံးသွားပြီဆိုတော့ မင်း ဒါကို အဆုံးသတ်သင့်ပြီလို့ မထင်ဘူးလား…”

ရန်ကိုင်သည် ရှောင်ပိုင်ယီဘက်သို့ လှည့်ကြည့်ကာ တစ်ခုခု ပြောတော့မည်အပြု တိုက်ပွဲစင်မြင့်တစ်ခုလုံးသည် ရုတ်ချည်း တုန်ခါလာခဲ့လေသည်။

ရန်ကိုင့်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို အလျင်အမြန် ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား စစ်ဆေးတော့လေသည်။

ရှောင်ပိုင်ယီသည်လည်း ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားခဲ့လေသည်။

သို့သော်ငြား မကြာမီတွင် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့လေ၏။ ကောင်းကင်ထက်တွင် ဝဲနေသော စကားလုံးများသည် အလင်းတန်းနှစ်ခု အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေ၏။ တစ်ခုသည် အခြားတစ်ခုထက် ပိုသေးလေသည်။

သေးငယ်သော အလင်းတန်းသည် ရှောင်ပိုင်ယီဆီသို့ တိုးဝင်သွားပြီး သူမတုံ့ပြန် နိုင်သေးခင်မှာပင် သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံကာ တိုက်ပွဲစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားခဲ့လေ၏။ တစ်ချိန်တည်းတွင် ရှောင်ပိုင်ယီသည်လည်း ထိုအလင်းတန်းနှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။

ကျန်သည့်အလင်းတန်းမှာမူ တံတားတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထိုတံတားသည် ရန်ကိုင်ရှိနေသည့် တိုက်ပွဲစင်မြင့်နှင့် ပိတ်နေသော တံခါးတစ်ချပ်ဆီသို့ ဆက်သွယ်ထားလေ၏။ ထိုတံခါး နောက်ကွယ်၌ မည်သည့်နေရာ ရှိနေသလဲဆိုသည်ကိုမူ မည်သူမျှ မသိကြချေ။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့လေသည်။ အလင်းတန်းဖြင့် ဖွဲ့စည်းထားသော တံတားအား ခဏမျှ ကြာအောင် စစ်ဆေးကြည့်နေပြီးသည့်နောက်တွင် ရေရွတ်လိုက်လေ၏။ “ဒါ ရှေ့ဆက်သွားရမဲ့ လမ်းပဲ ဖြစ်လိမ့်မယ်…”

“ရောင်းရင်းရှောင်ပိုင်ကိုကြည့်ရတာ သူအပြင်ကို ပြန်ရောက်သွားပြီနဲ့တူတယ်… ဒီတော့ ဒီနေရာက ထွက်ဖို့ဆိုရင် တစ်ယောက်က အရှုံးပေးဖို့ လိုတယ်ပေါ့…”

လက်ရှိပုံစံကို ကြည့်ရသလောက် ရှောင်ပိုင်ယီ အရှုံးပေးသွားသည့်အခါမှသာ ယခုကဲ့သို့ ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရှောင်ပိုင်ယီကို အပြင်သို့ ပြန်ပို့လိုက်ပြီး ရန်ကိုင့်ကိုမူ ရှေ့ဆက်သွားနိုင်မည့် လမ်းတစ်ခုဆီသို့ ပို့ပေးလိုက်၏။

ထို့အတွက်ကြောင့် ဤနေရာမှ ထွက်သွားနိုင်ရန်အတွက် တစ်ဦးကိုတစ်ဦး သတ်စရာမလိုပဲ တစ်ဦးမှ အရှုံးပေးရန်သာ လိုအပ်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၆၇)

အချိန်မြစ်ကျောင်းတော်၏ အတွင်းပိုင်းရှိ တစ်ခုသော အခန်းထဲတွင် အားကောင်းသည့် ကျင့်ကြံသူပေါင်းများစွာ စုဝေးနေခဲ့ကြလေသည်။

ဤနေရာသည် ကျောင်းတော်၏ အတွင်းဆုံးအပိုင်း ဖြစ်သလို တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်း တာအိုသခင်အဆင့် ကျင့်ကြံသူများသည်သာ ရောက်ရှိနိုင်သော နေရာတစ်ခုလည်း ဖြစ်ပေသည်။

လန်ရွှင်း၊ ရှောင်ချန်၊ လော့ယွမ်၊ ခုန်းချီ၊ မုရုန်ရှောင်ရှောင်၊ ကုန်းဝမ်ရှန်းနှင့် ပိရန်ယုချင်းတို့အားလုံး ဤနေရာတွင် ရှိနေကြ၏။

ဤနေရာတွင် ရှိနေသည့် လူခုနှစ်ဦးအနက် တာအိုသခင် ပထမအဆင့်တွင် ရှိနေသော လန်ရွှင်းနှင့် ဒုတိယအဆင့်တွင် ရှိနေသော ကုန်းဝမ်ရှန်းမှလွဲ၍ ကျန်သည့်လူအားလုံးသည် တတိယအဆင့်များ ဖြစ်ကြသည်။

လန်ရွှင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်နေစရာ မလိုပေ။ လမင်းမဟာဧကရာဇ်၏ အဖိုးတန်သမီးလေးတစ်ဦး ဖြစ်သလို အထူးခန္ဓာကိုယ် တည်ဆောက်ပုံအား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် သူမ၏ခွန်အားသည် သူမ၏ကျင့်ကြံခြင်းထက် အများကြီး ပိုမိုမြင့်မားပေသည်။ ထို့အတွက်ကြောင့် သူမတွင် ဤနေရာ၌ရှိနေရန် အရည်အချင်း ပြည့်မီ၏။

ကုန်းဝမ်ရှန်းအတွက်လည်း အတူတူပင် ဖြစ်လေသည်။ သူ့ကျင့်ကြံခြင်းမှာ ဤနေရာတွင် ရှိနေသည့် လူအများစုထက် တစ်ဆင့် ပိုနိမ့်နေသော်ငြား သူကျွမ်းကျင်သည်မှာ အစီအရင်ပညာဖြစ်သည်။ ထို့အတွက်ကြောင့် သူ၏ အစစ်အမှန်ခွန်အားကို ကျင့်ကြံခြင်းအပေါ် မူတည်၍ သွားရောက်တိုင်းတာ၍ မရချေ။

လက်ရှိတွင် လန်ရွှင်းအား အနီးကပ် စောင့်ကြပ်ပေးနေသော သက်တော်စောင့်ရှောင်ချန်းမှလွဲ၍ ကျန်သည့်လူအားလုံးသည် လူချင်းခွဲလျက် နေရာတစ်ခုစီရှာကာ အနားယူ အားဖြည့်နေကြလေ၏။

မုရုန်ရှောင်ရှောင်သည် စိုးရိမ်ပူပန်နေသည့် အမူအယာဖြင့် တစ်ခုသော နေရာဆီသို့ မကြာခဏ လှမ်း လှမ်း ကြည့်နေခဲ့လေသည်။

တစ်ခုသော အချိန်သို့ အရောက်တွင် အကုန်လုံး စုဝေးနေကြသည့် နေရာဆီမှ မီတာတစ်ရာခန့် ဝေးကွာသော နေရာ၌ စက်ဝိုင်းပုံ အလင်းဂိတ်ပေါက်တစ်ခု ပေါ်လာပြီး ထိုဂိတ်ပေါက်ထဲမှ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့လေသည်။

ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် အကုန်လုံးလည်း ထိုနေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

“နောက်ဆုံးတော့လည်း…” လော့ယွမ်သည် စိတ်မရှည် ဖြစ်နေသည့်အလား အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

မုရုန်ရှောင်ရှောင်သည် အသစ်ရောက်လာသည့် လူအား ကြိုဆိုရန်အတွက် အလျင်စလို ထရပ်၍ ပြုံးကာ ထိုနေရာဆီသို့ လမ်းလျှောက်သွားလေသည်။

အခြားသူများသည်လည်း မည်သူများ ရောက်လာသလဲဟု တွေးရင်း ထိုနေရာဆီသို့ စိတ်ဝင်တစားဖြင့် လှမ်းကြည့်နေကြသည်။

ထိုပုံရိပ်သည် အလင်းဂိတ်ပေါက်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေသည်။

“ဟမ်…” ရောက်လာသည့်လူအား အံ့အားသင့်တကြီး စိုက်ကြည့်နေရင်း မုရုန်ရှောင်ရှောင်၏ မျက်နှာထက်ရှိ အပြုံး တောင့်တင်းသွားခဲ့လေသည်။ ထို့အစား စိတ်ပျက်မှု အံ့အားသင့်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေ၏။

နောက်ဆုံး အလင်းဂိတ်ပေါက်ဆီမှ ထွက်လာသည့် လူသည် ရှောင်ပိုင်ယီမဟုတ်ဘဲ ရန်ကိုင်ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

အခြားသူများ၏ မျက်နှာအမူအယာများမှာလည်း မဆိုစလောက်ကလေး ဆိုသလို ပြောင်းလဲသွားကုန်ကြလေသည်။

ရန်ကိုင်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ခုန်းချီ၏ မျက်နှာကြီး တွန့်လိမ်ရှုံ့မဲ့သွားခဲ့ပြီး ချက်ချင်းပဲ အကြည့်လွှဲဖယ် လိုက်လေသည်။

ပိရန်ယုချင်းကမူ အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေ၏။

“အိုး… လူတွေအများကြီး ရောက်နေတာလား…” အလင်းဂိတ်ပေါက်ထဲမှ ထွက်လာပြီးနောက် သူ့ရှေ့တွင် စုဝေးနေသည့် လူခုနှစ်ဦးကိုမြင်သော် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။

“မင်းတို့တွေ အကုန်လုံး ဘာလို့ ဒီကိုရောက်နေကြတာလဲ”

“ငါတို့ နင့်ကို စောင့်နေတာ…” ပိရန်ယုချင်းသည် နှစ်လိုဖွယ်ကောင်းစွာ ပြုံးရင်း ပြောလိုက်လေသည်။

ရန်ကိုင်သည် ခေါင်းကိုကုတ်လျက် ပြန်ပြောလိုက်၏။ “မနောက်စမ်းပါနဲ့… ဒီလောက် လူအများကြီးကနေ ငါ့ကိုစောင့်စရာ ဘာအကြောင်း ရှိမှာမို့လို့လဲ…”

ပိရန်ယုချင်း နောက်နေသည်ဟုသာ ရန်ကိုင် ထင်ခဲ့ခြင်း ဖြစ်လေသည်။သို့သော်ငြား သူမသိခဲ့သည်မှာ……

“နောက်နေတာမဟုတ်ဘူး… ငါတို့ မင်းကို စောင့်နေတာ…” ကုန်းဝမ်ရှန်းသည် ထိုင်နေရာမှ ရပ်၍ ပြောလိုက်လေသည်။

ထို့နောက်တွင် ရန်ကိုင့်အား ခက်ထန်စွာ စိုက်ကြည့်ရင်း “ဒါပေမဲ့… အဲ့တာက တစ်ဝက်ပဲမှန်တယ်… တကယ်တမ်းပြောရရင်တော့ ငါတို့ မင်းကို စောင့်နေတာ မဟုတ်ဘူး… နောက်ဆုံးရောက်လာမဲ့လူကို စောင့်နေတာ…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ ပြီးသည့်နောက်တွင် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်လေသည်။ မကြာခင်တွင် သူ့အကြည့်သည် တစ်စုံတစ်ခုဆီသို့ ရောက်ရှိသွားပြီးသည့်နောက် တွေးတွေးဆဆဖြင့် ရေရွတ်လိုက်လေ၏။

“ကြည့်ရတာ မင်းတို့ ဒီအကာအရံကို ဖျက်ဆီးဖို့ ဆိုလို့ရှိရင် တိကျတဲ့ လူအရေအတွက် ပမာဏတစ်ခု လိုအပ်တယ်နဲ့တူတယ်…”

“ဟုတ်တယ်…” ကုန်းဝမ်ရှန်းက ခေါင်းညိတ်လိုက်၏။

“အခု ဘာတွေဖြစ်နေလဲ တစ်ယောက်ယောက် ငါ့ကို ရှင်းပြပေးလို့ရမလား…” ရန်ကိုင်က ပြုံးရင်း လှည့်ပတ်ကြည့်ကာ မေးလိုက်လေသည်။

ကုန်းဝမ်ရှန်းက နှာခေါင်းရှုံ့လျက် “အဲ့လို ကရိကထများတဲ့ ကိစ္စတွေကို ငါနောက်တစ်ကြိမ် ထပ်ရှင်းမပြချင်ဘူး…” ပြောပြီးသည့်နောက်တွင် ရန်ကိုင့်အား လုံးဝ လျစ်လျူရှုထားလိုက်တော့၏။

မုရုန်ရှောင်ရှောင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။ “ငါရှင်းပြမယ် ဂျူနီယာမောင်လေးရန်… ကျေးဇူးပြုပြီး ဒီကိုလာပေးပါဦး…” ရန်ကိုင့်အား လှမ်းခေါ်လိုက်လေသည်။

ရန်ကိုင်လည်း သူမလှမ်းခေါ်ရာဆီသို့ လျှောက်သွားလိုက်လေသည်။

မုရုန်ရှောင်ရှောင်သည် လက်ရှိအခြေအနေကို ရန်ကိုင့်အား ချက်ချင်း ရှင်းပြလိုက်လေ၏။ မုရုန်ရှောင်ရှောင် ရှင်းပြသည်ကို နားထောင်ပြီးသည့်နောက်တွင် သူတို့ရှေ့၌ ရှိနေသော ခန်းမ၏

ဝင်ပေါက်ကို လမ်းရှစ်သွယ်အစီအရင် ဟုခေါ်သော အစီအရင်တစ်ခုမှ ကာကွယ်ထားကြောင်း ရန်ကိုင် နားလည်သွားခဲ့လေသည်။

ထိုအစီအရင်သည် အမှန်တကယ်တွင်တော့ လုံးဝကို မရှုပ်ထွေးပဲ ဖျက်ဆီးဖို့ရာလည်း အလွန်ကိုမှ လွယ်ကူပေသည်။

လူရှစ်ယောက်ကို စုစည်းပြီး လူရှစ်ယောက်စလုံးအား သတ်မှတ်ထားသည့် နေရာတစ်ခုတွင် ရပ်နေစေလိုက်မည်ဆိုပါက အစီအရင်သည် သူ့အလိုလို ပိတ်သွားပေလိမ့်မည်။ အစီအရင်ကို ဖျက်ဆီးရန်အတွက် မိမိ၏ ခွန်အားကို လှည့်ပတ်စရာပင် မလိုပေ။

သို့သော်ငြား အစီအရင်ကျွမ်းကျင်သည့် လူတစ်ဦးသာ ရှိမနေပါက ဤအစီအရင်၏ လျှို့ဝှက်ချက်ကို မည်သို့မျှ အလွယ်တကူ မြင်နိုင်လိမ့်မည်မဟုတ်ပေ။

“ဒါကြောင့်မို့လို့ နင်တို့ နောက်ထပ် လူတစ်ယောက် ရောက်လာမှာကို ထိုင်စောင့်နေရတာပေါ့…” သူမပြောသွားသည်ကို နားထောင်ပြီးသည့်နောက် ရန်ကိုင်က ပြန်မေးလိုက်လေသည်။

“ဟုတ်တယ်…” မုရုန်ရှောင်ရှောင်က အသာအယာ ခေါင်းညိတ်လျက် ပြုံးလိုက်လေသည်။ “နောက်ဆုံးရောက်လာတဲ့လူက ဂျူနီယာ မောင်လေးရန် ဖြစ်နေမယ်လို့ မထင်ထားဘူး…”

ရန်ကိုင်သည် သူမအား တစ်ချက်ကြည့်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “စိတ်မပူနဲ့ ရောင်းရင်းရှောင်ပိုင်က နည်းနည်းလေးပဲ ဒဏ်ရာရသွားတာ… သူ့အသက်ကို စိတ်ပူနေစရာ မလိုဘူး…”

သူ့စကားကို ကြားသည့်အခါ မုရုန်ရှောင်ရှောင်၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ဂျူနီယာမောင်လေးရန်က စီနီယာအစ်ကိုရှောင်ကို တွေ့လိုက်တာလား…”

“အင်း တွေ့လိုက်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ဒါဆို သူအခု ဘယ်မှာလဲ…” မုရုန်ရှောင်ရှောင်က စိုးရိမ်တကြီး မေးလိုက်လေသည်။

“အဲ့ဒါတော့ ငါလည်းမသိဘူး… ကျောင်းအပြင်ဘက်ကို ပို့ခံလိုက်ရတာလည်း ဖြစ်နိုင်တယ်… ဒါမှမဟုတ် အထဲက အခြားတစ်နေရာမှာ ရှိနေတာလည်း ဖြစ်နိုင်တယ်… သေချာတော့ မပြောတတ်ဘူး” ရန်ကိုင်က ပုခုံးတွန့်ပြလိုက်၏။

ရန်ကိုင်ပြောသည့် စကားကို ကြားပြီးသည့်နောက် မုရုန်ရှောင်ရှောင်သည် တစ်စုံတစ်ခုအား နားလည်သွားခဲ့၏။ ထို့ကြောင့် သူမပါးစပ်အား အလန့်တကြား လက်ဖြင့်အုပ်၍ ပြန်မေးလိုက်လေသည်။ “ဂျူနီယာမောင်လေးရန်… မင်း စီနီယာအစ်ကိုရှောင်ကို အနိုင်ယူပြီး ဒီကို ရောက်လာတာလား…”

“ဟမ်…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ “ဘာလဲ… ဒီမှာ ရှိနေတဲ့ လူတွေအကုန်လုံးက အဲ့လိုပဲ ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူပြီးမှ ဒီကို ရောက်လာကြတဲ့ လူတွေလား…”

“ဟုတ်တယ်…” မုရုန်ရှောင်ရှောင်က ပြန်ပြောလိုက်သည်။ “ငါလည်း အဲ့စင်ပေါ်မှာ ပြိုင်ဘက်တစ်ယောက်နဲ့တိုးတယ်… သူ့ကို အနိုင်ယူပြီးမှပဲ ဒီကိုရောက်လာနိုင်တာ…”

“ကြည့်ရတာ အကုန်လုံး အဲ့စမ်းသပ်ချက်ကို ကျော်ဖြတ်လာရတာနဲ့တူတယ်…” ရန်ကိုင်က တွေးတွေးဆဆဖြင့် ရေရွတ်လိုက်၏။

ဤနေရာတွင် ရှိနေသည့်လူတိုင်း အချိန်ခြေလှမ်းနှင့် တိုက်ပွဲစင်မြင့်ကို ကျော်ဖြတ်လာရသည်ဆိုပါက ဤနေရာတွင် လူရှစ်ဦးတည်းသာ ရှိနေသည်မှာ အထူးအဆန်းတော့ မဟုတ်တော့ချေ။ ထိုစမ်းသပ်ချက်နှစ်ခုကို ဖြတ်ကျော်ရန်မှာ လွယ်မှ မလွယ်ကူပဲ။ ထို့ကြောင့် လူပေါင်းများစွာ ကျန်ရစ်ခဲ့သည်မှာ သဘာဝသာ ဖြစ်ပေသည်။

စကားပြောနေရင်း ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ရှိ လူများအား လှည့်ပတ်ကြည့်လိုက်လေသည်။ မကြာခင်တွင် လူအချို့၏ လက်၌ ကြယ်စည်းတံဆိပ်များ ရှိနေသည်ကို တွေ့လိုက်ရ၏။ မုရုန်ရှောင်ရှောင်တွင်ပင်လျှင် တစ်ခု ရှိနေခဲ့လေသည်။

“နင်တို့ ပြောလို့ ပြီးပြီလား… ပြီးသွားပြီဆို မြန်မြန် လာခဲ့ပေတော့… ငါ အချိန် ဆက်မဖြုန်းချင်တော့ဘူး” လော့ယွမ်က စိတ်မရှည်ဟန်ဖြင့် လှမ်းအော်ပြောလေသည်။

လူရှစ်ဦး စုဆောင်းရန် လိုသည့်အတွက်ကြောင့်သာ မဟုတ်လျှင် လော့ယွမ်အနေဖြင့် မည်ကဲ့သို့များ ဤနေရာတွင် အကြာကြီး ထိုင်စောင့်နေနိုင်မည်နည်း။ ထိုသို့ ထိုင်စောင့်နေမည့်အစား အကုန်လုံးအား တိုက်ခိုက်၍သာ ဤနေရာမှ မောင်းထုတ်ပစ်လိုက်ပေမည်။

ရန်ကိုင်သည် လော့ယွမ်အား တစ်ချက်သာ ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။ ထို့အစား ကုန်းဝမ်ရှန်းဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “ရောင်းရင်းကုန်း… အကြမ်းဖျင်းကိုတော့ ကျုပ်နားလည်သွားပြီ… အခု ကျုပ် ဘာလုပ်ရမှာလဲ…”

ကုန်းဝမ်ရှန်းက ခေါင်းညိတ်၍ ရှင်းပြလိုက်လေသည်။ “ဘာမှမလိုဘူး… ငါပြောတဲ့အတိုင်း လုပ်ပြီး ငါရပ်နေခိုင်းတဲ့နေရာမှာ ရပ်နေရုံပဲ… ဒီလမ်းရှစ်သွယ်အစီအရင်က ဖျက်ဆီးဖို့ လွယ်တယ်ဆိုပေမဲ့ တစ်ခုခုသာ မှားသွားရင်တော့ ဟင်း ဟင်း…”

သူ့စကားကို ဆုံးအောင် ပြောမသွားခဲ့သော်ငြား သူဘာပြောချင်သလဲဆိုသည်ကို အကုန်လုံး နားလည်ပေသည်။

ရှောင်ချန်းက ပြုံးလျက် ပြောလိုက်လေ၏။ “ရောင်းရင်းကုန်း ပြောသာပြောလိုက်ပါ… ဒီမှာ ရှိနေတဲ့လူတွေက ရောင်းရင်းကုန်းပြောတာကို နားမထောင်ပဲနဲ့ သူတို့ လုပ်ချင်တာ စွတ်လုပ်လောက်အောင်တော့ မရူးမိုက်လောက်ဘူးလို့ ထင်ပါတယ်…” ပြောပြီးသည့်နောက်တွင် တမင်တကာလားမသိ လော့ယွမ်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

“ကောင်းပြီလေ…” ထိုစကားကို ကြားသည့်အခါ ကုန်းဝမ်ရှန်းသည် ပြုံးလျက် သူ့လက်ကို ဆန့်ထုတ်ကာ ချိတ်စည်းတစ်ခု ဖန်တီးလိုက်လေသည်။

ကုန်းဝမ်ရှန်းဆီမှ အရင်းအမြစ်ချီများ စတင် ပြန့်နှံ့လာခဲ့ပြီးနောက် စက်ဝိုင်းပုံစံ ချိတ်စည်းတစ်ခုသည် ကြမ်းပြင်ပေါ်တွင် ပေါ်လာခဲ့လေ၏။

ချက်ချင်းဆိုသလို ကုန်းဝမ်ရှန်းသည် နေရာတစ်ခုဆီသို့ ညွှန်ပြ၍ ပြောလိုက်လေသည်။ “ရောင်းရင်း အဲ့မှာ ရပ်နေ…” သူသည် လော့ယွမ်ကို ပြောနေခြင်းပင် ဖြစ်လေသည်။

လော့ယွမ်သည် စကားတစ်ခွန်းပင် မပြောပဲ ကုန်းဝမ်ရှန်း ညွှန်ပြသည့် နေရာတွင် သွားရပ်နေလေ၏။

“အမျိုးသမီးက ကျေးဇူးပြုပြီး အဲ့မှာ ရပ်နေပေးပါ…” ထို့နောက်တွင် ပိရန်ယုချင်းကို လှမ်းပြောလေ၏။

“ကျွန်မကို အမျိုးသမီးလို့ ခေါ်လိုက်တာလား…ကြည့်ရတာ ကျွန်မ အသက်တော်တော်ကြီးသွားသလိုပဲ…” ပိရန်ယုချင်းသည် ညုတုတု အမူအယာဖြင့် ကုန်းဝမ်ရှန်း ညွှန်ပြသည့် နေရာဆီသို့ လျှောက်သွားလေ၏။

“မင်းက အဲ့မှာရပ်နေ…” ကုန်းဝမ်ရှန်းသည် ရန်ကိုင့်အား လှမ်းပြောလိုက်လေသည်။

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ပိရန်ယုချင်း ဘေးနားတွင် သွားရပ်လေ၏။

ကုန်းဝမ်ရှန်းပြောသည့်အတိုင်း အကုန်လုံးသည် နေရာအသီးသီး ယူလိုက်ကြသည်။

ရပ်စောင့်နေစဉ် အတောအတွင်း ပိရန်ယုချင်းသည် ရန်ကိုင်ဘက်သို့ လှည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “ကောင်စုတ်လေး… နင့်ကို ဒီမှာလာတွေ့ရမယ်လို့ မထင်ထားဘူး…”

“ဘာလဲ… ခင်ဗျားက ကျုပ်ကို လာအထင်သေးနေတာလား…” ရန်ကိုင်က နှာခေါင်းရှုံ့လျက် အေးစက်စက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ကျုပ်ခွန်အားက ကာကွယ်သူပိရန် ခန့်မှန်းထားတာထက် အများကြီးပိုနေပြီနော်…”

“အဲ့လိုလား…” ပိရန်ယုချင်းက စိတ်ဝင်တစားဖြင့် ပြုံးရင်း “အဲ့လိုဆိုရင်တော့ ငါလည်း နင့်ခွန်အား ဘယ်လောက်တိုးတက်လာလဲ သိချင်မိသား…”

“သိရမှာပေါ့… အချိန်တန်လို့ရှိရင်…” ရန်ကိုင်သည် ခပ်ပြတ်ပြတ်သာ ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုခို့ရော… သူ ခင်ဗျားနဲ့အတူ ပါမလာဘူးလား…”

ထိုစကားကို ကြားသည့်အခါ ပိရန်ယုချင်း၏ အမူအယာ အနည်းငယ် ညှိုးကျသွားလေ၏။

ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “သူ…”

ပိရန်ယုချင်းသည် သူမ၏ အမူအယာကို ပြန်ထိန်းရင်း ခေါင်းခါလျက် “နင် ထင်နေသလိုမဟုတ်ဘူး… ခို့ဝူက သူ့အကန့်အသတ်ကို သူသိပြီးသား… ဒါကြောင့် အချိန်လှေကားထစ်မှာပဲ ရပ်ပြီး ကျန်ရစ်ခဲ့လိုက်တယ်…”

“အို… နှမြောစရာပဲ…” ရန်ကိုင် သက်ပြင်းချလိုက်လေသည်။ အချိန်လှေကားများမှာ ဖြတ်ကျော်ရန် အလွန်တရာကိုမှ ခက်ခဲသော်ငြား ထိုလှေကားအားလုံးကို ကျော်ဖြတ်လာနိုင်မည်ဆိုပါက မယုံကြည်နိုင်လောက်အောင် များပြားလှသော အကျိုးအမြတ်များကို ရနိုင်ပေသည်။

အချိန်လှေကားကို တက်နေသည့်အတောအတွင်း ရန်ကိုင့်၏ ခွန်အားမှာ အကြီးအကျယ်ကို တိုးတက်ခဲ့ရသည်။ လက်ရှိ ကြည့်ရသလောက် ဤနေရာတွင် ရှိနေသည့် လူခုနှစ်ဦးလုံးသည်လည်း အချိန်လှေကားဆီမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည့် ပုံပင်။

သူတို့နှစ်ဦး စကားပြောနေစဉ် အတောအတွင်း အကုန်လုံး နေရာအသီးသီး ယူလို့ ပြီးသွားခဲ့ကြပြီး ချွင်းချက်ဆို၍ ကုန်းဝမ်ရှန်းတစ်ဦးသာ ကျန်တော့လေသည်။

ကုန်းဝမ်ရှန်းသည် စက်ဝိုင်းပုံစည်းတံဆိပ် အပြင်ဘက်တွင် ရပ်၍ အခြားသူများ၏ နေရာ မှန်မမှန် သေသေချာချာ လိုက်လံစစ်ဆေးကြည့်သည်။ ထိုသို့စစ်ဆေးကြည့်ပြီး မှန်ကန်ကြောင်း အတည်ပြုပြီးမှသာ သူသွားရမည့် နေရာဆီသို့ ပျံသန်းသွားလေသည်။

ရပ်နေရမည့် နေရာတွင် ရပ်ပြီးသည့်နောက် အလျင်စလို လှမ်းအော်ပြောလိုက်လေ၏။ “ဘယ်သူမှ မလှုပ်ကြနဲ့နော်… ဘာကိုပဲ အာရုံခံမိမိ ဘယ်လိုပဲ မသက်မသာ ခံစားရခံစားရ လုံးဝကို မလှုပ်နဲ့… ပြီးတော့ မင်းတို့ ခွန်အားကိုလည်း လုံးဝ လှည့်ပတ်ဖို့ မလုပ်နဲ့… အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ အကုန်လုံး ဒုက္ခရောက်သွားရလိမ့်မယ်…”

ကုန်းဝမ်ရှန်းက လေးနက်သည့် အမူအယာဖြင့် ပြောနေသဖြင့် အခြားသူများကလည်း မည်သူက သူပြောသည်ကို နားမထောင်ပဲ နေရဲမည်နည်း။

တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ခွန်အား အသီးသီးကို ပြန်ရုတ်သိမ်းလိုက်ကြပြီး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရပ်နေကြတော့လေသည်။

မကြာမီ မှိန်ဖျဖျ တဝီဝီမြည်သံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။ အနီးအနား ပတ်လည်တွင် ရှိနေသော မိုးမြေစွမ်းအင်တို့မှာလည်း စတင် လည်ပတ်လာလေတော့သည်။

မိုးမြေစွမ်းအင်လှုပ်ရှားမှုများ ပြင်းထန်လာသည်နှင့်အမျှ တဝီဝီမြည်သံမှာ ပို၍ ကျယ်လောင်လာခဲ့သည်။ မကြာမီတွင် ထူးဆန်းသည့်အသံတစ်သံကို အကုန်လုံး ကြားလိုက်ကြရလေသည်။

ထိုအခါမှပဲ မီးခဲပေါ်ဖင်ခုထိုင်နေရသည့်နှယ် စိုးရိမ်တကြီး ဖြစ်နေသော ကုန်းဝမ်ရှန်း သက်ပြင်းတစ်ချက် ချလိုက်လေ၏။

“ခရက်…”

ထိုအက်သံနှင့်အတူ ရှေ့ဘက်တွင် ရှိနေသော အစီအရင်ပေါ်၌ အက်ရာတစ်ခု စတင် ထွက်ပေါ်လာခဲ့လေသည်။ မကြာမီတွင် ထိုအက်ရာမှာ တဖြည်းဖြည်း စတင်ကြီးမားလာလေတော့၏။

အက်ရာသည် လူတစ်ကိုယ်ဖြတ်ကျော်စာ အရွယ်အထိ ကြီးမားလာသည့် အခါတွင် ကုန်းဝမ်ရှန်းက ရုတ်တရက် အော်ပြောလိုက်လေသည်။ “မလှုပ်ကြနဲ့ဦးနော်…”

ကုန်းဝမ်ရှန်း၏ အော်သံကြောင့် အကုန်လုံး အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။

သို့သော်ငြား ထိုအခိုက်အတန့်တွင် ကုန်းဝမ်ရှန်းသည် မြားတစ်စင်းနှယ် ကွဲအက်နေသည့် အက်ကြောင်းဆီသို့ တစ်ဟုတ်ထိုး ပြေးထွက်သွားလေသည်။

“ခွေးသူတောင်းစား…” ခုန်းချီသည် ဒေါသတကြီး အော်ဟစ်ပြီး ကုန်းဝမ်ရှန်းနောက်သို့ အမြန်ပြေးလိုက်လေတော့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၆၈)

“ရွှစ် ရွှစ် ရွှစ်…”

လက်ကျန်လူများမှာလည်း သူတို့၏ လှုပ်ရှားမှု ပညာရပ် အသီးသီးကို သုံး၍ ဝင်ပေါက်ဆီသို အမြန်ပြေးဝင် သွားကုန်ကြလေသည်။ ကုန်းဝမ်ရှန်းကပင် ထွက်သွားပြီ ဖြစ်လေရာ ကျန်သည့်လူများကလည်း မည်ကဲ့သို့များ ရပ်စောင့်နေကြ ဦးမည်နည်း။

မျက်တောင်တစ်ခတ်အတွင်း အကုန်လုံး ခန်းမတစ်ခုထဲသို့ ရောက်ရှိလာခဲ့ကြလေသည်။ အကုန်လုံး၏ ရှေ့တည့်တည့်တွင်မူကား အလင်းအစုအဝေးတစ်ခု ရှိနေခဲ့လေသည်။ ထိုအလင်းအစုအဝေးဆီမှ သိပ်သည်းလှသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်နေခဲ့လေ၏။

“ဘုန်း ဘုန်း ဘုန်း…” အကုန်လုံး ဝင်လာပြီးသည့်‌ နောက်တွင် သူတို့ ဖြတ်ကျော် ဝင်ရောက်လာသော အက်ကြောင်းကြီးမှာ တဘုန်းဘုန်း မြည်သံနှင့်အတူ ပြန်ပိတ်သွားခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် အကုန်လုံးမှာ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့သော်ငြား မကြာမီတွင် ထိုဝင်ပေါက်ကို ဂရုစိုက် မနေတော့ပဲ ခန်းမကိုသာ စတင် ကြည့်ရှုစစ်ဆေးတော့လေသည်။

ခန်းမ၏ ညာဘက်ထောင့်စွန်းတစ်နေရာတွင် စက်ဝိုင်းပုံစံ အလင်းဂိတ်ပေါက်တစ်ပေါက် ရှိနေခဲ့လေ၏။ ထိုအလင်းဂိတ်ပေါက်ဆီမှ ဟင်းလင်းပြင်စွမ်းအင်လှိုင်းတို့ ဖြာထွက်နေသည်ကို အကုန်လုံး အတိုင်းသား ခံစားနေခဲ့ရလေသည်။

ထိုဂိတ်ပေါက် မည်သည့်နေရာသို့ ဦးတည်နေသလဲ ဆိုသည်ကိုမူ မည်သူမျှ မသိကြချေ။

အကုန်လုံးနှင့် မီတာသုံးရာခန့်အကွာတွင် ရှိနေသည့် ခန်းမထိပ်တွင် စင်မြင့်တစ်ခု ရှိနေခဲ့လေ၏။ စင်မြင့်ပေါ်၌ ပုံစံအမျိုးမျိုး ရှိကြသော ပစ္စည်းများစွာ ရှိနေကြလေသည်။

ထိုစင်မြင့်ပေါ်ရှိ ပစ္စည်းများကို မြင်ပြီးသည့်နောက်တွင် အကုန်လုံး ထိတ်လန့်သွားခဲ့ပြီး လောဘရမ္မက်တို့ အားလုံး၏ မျက်လုံးများထဲ စတင် လောင်မြိုက်လာတော့လေ၏။

စင်မြင့်ပေါ်တွင် ပစ္စည်းများများစားစား ရှိမနေခဲ့ပဲ ငါးခုသာ ရှိနေခဲ့လေသည်။

မျက်နှာပြင်ပေါ်တွင် နဂါးနှင့်ဖီးနစ်ပုံရိပ်တို့ ထိုးထွင်းထားပြီး ဆန်းကြယ်သော ရုန်းအမှတ်အသားများ ထိုးထွင်းထားသော ဘဲဥပုံစံ အနက်ရောင် ဒိုင်းကာတစ်ခု။

ရေစက်တစ်စက်နှင့် ဆင်တူသော ချယ်ရီသီးအရွယ် ရေစက်တစ်ခု။

ရေနှင့် ရေငွေ့တို့ ရောယှက်နေဟန်ထင်ရသော အရောင်ခုနှစ်ရောင် တောက်နေသည့် ပစ္စည်းတစ်ခု။

ဆေးလုံးတစ်လုံးနှင့်တူသော်ငြား ဆေးလုံးမဟုတ်သည့် ဆေးလုံးတစ်ခု။

ကြက်မောက်အရွယ် မီးနီရောင်တောက်နေသည့် ဓာတ်လုံးတစ်လုံး။

စုစုပေါင်း ရတနာငါးခု ရှိနေခဲ့သည်။

ထိုရတနာငါးခုလုံးသည် စင်မြင့်ပေါ်တွင် ရှိနေခဲ့ပြီး ရတနာတစ်ခုချင်းစီကို အလင်းစက်ကွင်းများဖြင့် ဖုံးအုပ်ထားလေ၏။

အကုန်လုံးသည် ရတနာငါးမျိုးအား တစ်ခုချင်းစီကို သေချာကြည့်ရှုစစ်ဆေးသွားကြသည်။ အဆုံးတွင် သူတို့၏ အကြည့်သည် မည်သည့်အဖိုးတန်ရတနာမျှ ရှိမနေသော အလင်းစက်ကွင်းဆီသို့ ရောက်လာခဲ့လေသည်။

ထိုနေရာတွင် ရတနာတစ်ခု ရှိနေသင့်သော်ငြား ယခုတွင်မူ မည်သည့်ရတနာမျှ ရှိမနေခဲ့ပေ။ ထိုရတနာ မည်သည့်နေရာသို့ ရောက်သွားသလဲ ဆိုသည်ကိုမူ မည်သူမျှ မသိကြ။

“ဂလု…” ခုန်းချီသည် ဘဲဥပုံစံ အနက်ရောင်ဒိုင်းကာကို စိုက်ကြည့်ရင်း တံတွေးတစ်လုပ် မျိုချရင်းမှ ပြောလိုက်လေသည်။ “အဲ့ဒိုင်းကာက ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာပဲ… ငါ အဲ့ကနေ ဧကရာဇ်ဖိအား ဖြာထွက်နေတာကို ခံစားမိနေတယ်…”

အချိန်မြစ်ကျောင်းတော်၏ အတွင်းပိုင်း၌ ဤကဲ့သို့ ရတနာများကို ရုတ်တရက် တွေ့ရှိလိုက်ရသည့်အတွက်ကြောင့် အကုန်လုံး မင်သက်နေခဲ့ကြသည်။

ရတနာများကို မြင်ပြီးသည့်နောက်တွင် အကုန်လုံး၏ စိတ်အားထက်သန်မှုမှာ အဆင့်တစ်ခုအထိသို့ ရောက်ရှိလာကုန်ကြလေသည်။ ရှေ့သို့ ပြေးထွက်သွားချင်သည့် သူတို့၏ စိတ်ကို မနည်း ထိန်းနေရလေသည်။

အကုန်လုံးမှာ တူညီစွာပင် ရှေ့သို့ ပြေးထွက်သွားပြီး ရတနာများကို လှမ်းယူချင်ကြမိသော်ငြား မည်သူမျှ မလှုပ်ရှားရဲကြပေ။

အကြောင်းမှာ စင်မြင့်ပေါ်တွင် ရတနာငါးခုသာ ရှိနေပြီး ဤနေရာတွင် စုစုပေါင်း လူရှစ်ဦးပင် ရှိနေသည့် အတွက်ကြောင့်ပင်လျှင်။ ရတနာများကို မည်သို့မျှ အညီအမျှ ခွဲဝေယူ၍ ရလိမ့်မည်မဟုတ်။

ပထမဦးဆုံး လှုပ်ရှားလိုက်သည့် လူသည် ကျန်သည့်လူ ခုနှစ်ဦးလုံး၏ ပစ်မှတ်ထားခြင်း ခံရပေလိမ့်မည်။ အကုန်လုံးမှာ လက်ရွေးစင်ပါရမီရှင်များ ဖြစ်ကြသည့်အတွက် လူအားလုံး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းသာ ခံရမည်ဆိုပါက မည်သည့်နည်းနှင့်မျှ ရတနာများကို ရနိုင်တော့လိမ့်မည်မဟုတ်။

လော့ယွမ်ကဲ့သို့သော အလွန်ကိုမှ မောက်မာဝံ့ကြွားပြီး အားကောင်းသည့် လူသည်ပင်လျှင် မလှုပ်ရှားရဲခဲ့ပဲ အခြားသူများ၏ အခြေအနေကိုသာ စောင့်ကြည့်နေရပေသည်။

“မင်းသမီး… မင်းသမီးက အရမ်းကိုမှ ဗဟုသုတ ကြွယ်ဝတာဆိုတော့ အဲ့ဒါ ဘာတွေလဲ သိမလားမသိဘူး…” ကုန်းဝမ်ရှန်းသည် ရုတ်တရက်ဆိုသလို လန်ရွှင်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။

လန်ရွှင်းသည် ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်၏။ “အချို့ကိုတော့ သိတယ်…”

“ကျေးဇူးပြုပြီး ပြောပြပေးပါဦး မင်းသမီး…” ကုန်းဝမ်ရှန်းက တောင်းဆိုလိုက်လေသည်။

လန်ရွှင်းသည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် ဘဲဥပုံစံ အနက်ရောင်ဒိုင်းကာကို ညွှန်ပြ၍ ပြောပြလိုက်လေသည်။ “ရောင်းရင်းခုန်း ပြောသလိုပဲ… အဲ့ဒိုင်းကာက ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာပဲ…”

“ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာ… အဲ့ဒါဘာလဲ…” ရန်ကိုင်က ချက်ချင်းဝင်မေးလိုက်သည်။

ရန်ကိုင့်၏ စကားကို ကြားလိုက်သည်နှင့် အကုန်လုံးသည် ဒါလေးကိုတောင်မှ မသိရကောင်းလားဟူသော အကြည့်ဖြင့် ရန်ကိုင့်အား စိုက်ကြည့်လာကြလေသည်။

ရန်ကိုင် ဘာကြောင့် ထိုအကြောင်းကို မသိရသလဲ ဆိုသည်အား ပိရန်ယုချင်းတစ်ယောက်သာ သိပေသည်။ ရန်ကိုင်သည် အဆင့်နိမ့်ကြယ်စီရင်စုမှ လာသည့် လူတစ်ဦး ဖြစ်သည်ကို သူမတစ်ယောက်တည်းသာ သိထားသည် မဟုတ်ပေလော။ ထို့ကြောင့် ချက်ချင်းပဲ ရှင်းပြလိုက်လေ၏။

“ဧကရာဇ်မှော်ရတနာအားလုံးက ဖန်တီးလိုက်တည်းက ဧကရာဇ်မှော်ရတနာ ဖြစ်လာတာ မဟုတ်ဘူးဆိုတာတော့ နင်သိတယ်မလား…”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ ဧကရာဇ်မှော်ရတနာ အများစုသည် စတင် ဖန်တီးလိုက်တည်းက ဧကရာဇ်မှော်ရတနာများ ဖြစ်နေကြခြင်း မဟုတ်ကြပေ။

ထို့အစား အလွန်ကိုအားကောင်းလှသော ကျင့်ကြံသူများ၏ နှစ်ပေါင်း မရေမတွက်နိုင်အောင် ပြုစုပျိုးထောင်ခြင်းကြောင့်သာ ဧကရာဇ်မှော်ရတနာများ ဖြစ်လာကြခြင်းဖြစ်သည်။

အားကောင်းသည့် ကျင့်ကြံသူတစ်ဦး ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သွားသည့်အခါ သူတို့၏ နားလည်သဘောပေါက်မှုများကို သုံး၍ ဧကရာဇ်စိတ်ဆန္ဒကို မှော်ရတနာထဲသို့ သွတ်သွင်းကာ ထိုမှော်ရတနာကို ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်လာအောင် သန့်စင်နိုင်ပေသည်။

“တချို့ ဧကရာဇ်တွေကတော့ သူတို့ရဲ့ မှော်ရတနာတွေကို ဧကရာဇ်မှော်ရတနာ ဖြစ်လာအောင် မလုပ်နိုင်ကြဘူး… အဲ့လို မလုပ်နိုင်ကြတဲ့ အကြောင်းအမျိုးမျိုး ရှိတယ်…”

“ဒါပေမဲ့ အဲ့လို ဖြစ်သွားလို့ မှော်ရတနာက သူ့ရဲ့ စွမ်းအားတွေ အကုန်လုံးကို ဆုံးရှုံးလိုက်ရတာတော့ မဟုတ်ဘူး… တကယ်တမ်းပြောရရင် အဲ့မှော်ရတနာ တော်တော်များများရဲ့ စွမ်းအားက သိသိသာသာကို တိုးတက်သွားသေးတယ်…”

“အဲ့လိုဖြစ်သွားတဲ့ မှော်ရတနာတွေကို ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာလို့ ပြောကြတယ်… အဲ့မှော်ရတနာတွေက တာအိုအဆင့်တွေထက် ပိုမြင့်တယ်… ဒါပေမဲ့ ဧကရာဇ်အဆင့်ကို မရောက်ဘူး… တစ်နည်းပြောရရင် မပြီးပြတ်သေးတဲ့ ပစ္စည်းတွေပေါ့…” ပိရန်ယုချင်းက ရှင်းပြလိုက်သည်။

“အရမ်းကိုမှ အဆင့်မြင့်တဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာတွေဆိုရင် သာမန်ဧကရာဇ်အဆင့် မှော်ရတနာတွေ အောက်ကို မလျော့ဘူး… ဒါပေမဲ့ အဆင့်နိမ့်တဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာတွေ ဆိုရင်တော့ တာအိုအဆင့် မှော်ရတနာတွေထက် ပိုကောင်းရုံလေးပဲ ရှိတယ်…”

“ငါနားလည်ပြီ…” ရန်ကိုင် ခေါင်းညိတ်လိုက်၏။

ပိရန်ယုချင်းက ဆက်ပြောပြလိုက်လေသည်။ “ဒါပေမဲ့ အခု စင်ပေါ်မှာ ရှိနေတဲ့ ရတနာက အကာအကွယ်မှော်ရတနာပဲ… ဒီတော့ ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာဖြစ်မယ်ဆိုရင်တောင် အရမ်းကိုအသုံးဝင်တယ်…”

“အဲ့ဒိုင်းကာရဲ့ တန်ဖိုးက သာမန်တာအိုသခင် အဆင့်မြင့်မှော်ရတနာတစ်ခုထက် အများကြီး ပိုတန်ဖိုးကြီးတယ်… တစ်ယောက်ယောက်သာ အဲ့ဒိုင်းကာကို သန့်စင်လိုက်နိုင်မယ်ဆိုရင် ဧကရာဇ်အဆင့်အောက်မှာ ဘယ်သူမှ သူ့ကိုထိခိုက်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး…”

“တကယ်ကို အဖိုးတန်တယ်…” ရန်ကိုင်၏ အကြည့်မှာလည်း လောဘမီးတောက်တို့ဖြင့် အနည်းငယ် လောင်မြိုက်လာလေတော့သည်။

ရန်ကိုင့်တွင် ဧကရာဇ်အဆင့် မှော်ရတနာများစွာ ရှိနေသော်ငြား ထိုမှော်ရတနာများအနက် အကာအကွယ်မှော်ရတနာတစ်ခုမျှ ရှိမနေခဲ့ပေ။ သူသာ ဤဒိုင်းကာကို ရနိုင်မည်ဆိုပါက အားကောင်းသည့် ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ပို၍ကြာကြာ ခုခံနိုင်ပေလိမ့်မည်။

“မင်းသမီး ကျေးဇူးပြုပြီး ဆက်ရှင်းပြပေးပါဦး…” ခုန်းချီသည် လန်ရွှင်းရှင်းပြသည်ကို ကြားဖြတ်ဝင်မေးလိုက်သော ရန်ကိုင့်အား အပြစ်တင်လိုဟန်ဖြင့် စိုက်ကြည့်လိုက်ပြီးသည့်နောက် လန်ရွှင်းဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

လန်ရွှင်းကမူ ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ထဲထားမနေပဲ ပြုံး၍သာ ချယ်ရီသီးအရွယ် ရေစက်ကို ညွှန်ပြရင်း ပြောလိုက်လေ၏။ “ကျွန်မထင်တာမမှားရင် အဲ့ရေစက်က ဒဏ္ဍာရီလာ နတ်ရေစင်တစ်စက်ပဲ ဖြစ်လိမ့်မယ်…”

“ဟူး…” သက်ပြင်းရှိုက်သံများစွာ ထွက်ပေါ်လာခဲ့လေ၏။ “ငါထင်တဲ့ အတိုင်းပဲ တကယ်ကို နတ်ရေစင်ဖြစ်နေတာကိုး…” ကုန်းဝမ်ရှန်းက ရေရွတ်လိုက်လေသည်။

မုရုန်ရှောင်ရှောင်သည်လည်း ထိတ်လန့်အံ့အားသင့်နေသည့် လေသံဖြင့် ရေရွတ်လိုက်လေ၏။ “ဆေးပင်တွေကို ဆေးပင်တွေကို တစ်စက်လေးသုံးရုံနဲ့ ခဏလေးနဲ့ မြန်မြန် ကြီးထွားလာအောင် လုပ်ပေးနိုင်တဲ့ နတ်ရေစင်လား…”

“ဟုတ်တယ်…” လန်ရွှင်းက ပြုံးလျက် ခေါင်းညိတ်ရင်း ရှင်းပြလိုက်လေသည်။ “ဒီနတ်ရေစင်တစ်စက်သာ ရှိမယ်ဆိုလို့ရှိရင် ဆေးပင်တွေရဲ့ သက်တမ်းကို တစ်လအတွင်း နှစ်တစ်သောင်းမဟုတ်ရင်တောင် နှစ်ထောင်နဲ့ချီပြီး တိုးမြှင့်ပေးနိုင်တယ်…”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က တံတွေးတစ်လုပ် မျိုချရင်း ပြန်မေးလိုက်လေသည်။ “မင်းသမီး ပြောချင်တာက ဆေးပင်တစ်ပင်ပေါ်ကိုသာ ဒီရေစက်တစ်စက် ချလိုက်မယ်ဆိုလို့ရှိရင် အဲ့ဆေးပင်ရဲ့ သက်တမ်း တစ်လအတွင်း နှစ်တစ်သောင်းကို ရောက်သွားမယ်လို့ ပြောချင်တာလား…”

“ဟုတ်တယ်…” လန်ရွှင်းက ခေါင်းညိတ်ရင်း ပြောပြလိုက်သည်။ “ဒီနတ်ရေစင်က မဟာနတ်ရေစင်သုံးမျိုးထဲမှာ မပါဘူးဆိုပေမဲ့ အကျိုးအာနိသင်နဲ့ သူ့ရဲ့ လုပ်ဆောင်ပုံကြောင့် အဲ့ မဟာနတ်ရေစင်သုံးမျိုးထက်တောင် ပိုပြီး တန်ဖိုးကြီးသေးတယ်… ငါငယ်ငယ်တုန်းက ကံကောင်းပြီး အဲ့နတ်ရေစင်နည်းနည်းကို ရခဲ့ဖူးတယ်… အဲ့ဒါကြောင့်ပဲ အဲ့ဒါက နတ်ရေစင်မှန်း ငါတန်းပြောနိုင်တာ…”

တစ်စုံတစ်ဦးသာ သူသည် ငယ်စဉ်က နတ်ရေစင်အချို့ ရရှိခဲ့သည်ဟု ပြောလာပါက မည်သူမျှ ယုံကြလိမ့်မည် မဟုတ်သော်ငြား လန်ရွှင်းပြောသည်ကိုတော့ အကုန်လုံး ယုံကြပေသည်။ တကယ်တော့ သူမသည် မဟာဧကရာဇ်တစ်ဦး၏ သမီးပင် မဟုတ်ပေလော။

ရန်ကိုင် နှလုံးခုန် မြန်သွားခဲ့လေသည်။ မြေလေးများစွာ ရှိထားသည့်အတွက်ကြောင့် ကမ္ဘာငယ်လေးထဲရှိ သူ၏ ဆေးဥယျာဉ်သည် ဆေးပင်များ ပေါက်ရောက်ရာ အကောင်းဆုံးနေရာတစ်ခု ဖြစ်လာခဲ့သည်။ ထိုထဲတွင် ဆေးပင်များကို စိုက်ပျိုးလိုက်မည်ဆိုပါက ပြင်ပတွင် စိုက်ပျိုးခြင်းထက် အဆတစ်ရာ ပိုမိုမြန်ဆန်စွာ ကြီးထွားလာနိုင်ပေသည်။

သို့သော်ငြား ဤနတ်ရေစင်တစ်စက်သည် ဆေးပင်တစ်ပင်၏ သက်တမ်းကို တစ်လအတွင်း နှစ်တစ်သောင်း တိုးတက်လာအောင် လုပ်ပေးနိုင်၏။ ကွာခြားချက်မှာ မေးနေစရာပင် မလိုပေ။

ရွှေရောင်နှင့်ငွေရောင် ရောယှက်နေသော အပင်သည်သာ ဤနတ်ရေစင်ကို စုပ်ယူနိုင်မည်ဆိုပါက ၎င်း၏ ချိတ်ပိတ်နိုင်သော စွမ်းအားသည် အဆထောင်ပေါင်းများစွာ ပိုမိုမြင့်မားလာလိမ့်မည် မဟုတ်လေလော။

ထိုမျှ များပြားလှသည့် ချိတ်ပိတ်စွမ်းအားကို ရရှိလာပြီးသည့်နောက်တွင် ရန်ကိုင့်အနေဖြင့် အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ သူ့ဒန်တျန်ထဲရှိ ချိတ်စည်းကို လိုအပ်လျှင် လိုအပ်သလို မည်သည့်ဘေးထွက်ဆိုးကျိုးကိုမျှ စိတ်ပူနေစရာမလိုပဲ ဖြည်ကာ တိုက်ခိုက်နိုင်ပေသည်။

သူများနှင့် တိုက်ခိုက်ပြီးသည့်နောက် ကောင်းကင်သစ်ပင်၏ စွမ်းအားကို သုံး၍ နတ်ဆိုးချီနှင့် နတ်ဆိုးစိတ်ဝိဉာဉ်ကို ပြန်လည် ချိတ်ပိတ်လိုက်ရုံသာ။

“ဒီနတ်ရေစင်က ရေတွေအားလုံးရဲ့ အရင်းအမြစ်တဲ့… ပြီးတော့ သူ့ရဲ့ လုပ်ဆောင်ပုံက အဲ့ဒါနဲ့တင် မပြီးသေးဘူး… ရေဓာတ်ကို ကျင့်ကြံထားတဲ့ ကျင့်ကြံသူတွေ ဒါမှမဟုတ် အဲ့ ရေဓာတ်နဲ့ ပတ်သက်တဲ့ အထူးခန္ဓာကိုယ်တည်ဆောက်ပုံ ပိုင်ဆိုင်ထားတဲ့ လူတွေအတွက် ဒီနတ်ရေစင်က တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပဲ”

“အဲ့ဒါအပြင်ကိုမှ ဒီနတ်ရေစင်ကို ရေဓာတ်မှော်ရတနာတစ်ခု အဖြစ်လည်း ဖန်တီးလို့ ရသေးတယ်…” လန်ရွှင်းက ဆက်၍ ရှင်းပြလိုက်သည်။

ကုန်းဝမ်ရှန်းက လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “အခုလိုမျိုး ရှင်းပြပေးတဲ့အတွက် မင်းသမီးကို ကျေးဇူးအများကြီး တင်ပါတယ်…”

“ဟမ့်… မင်းသမီးက စေတနာနဲ့ ရှင်းပြနေတာ… အခုလိုမျိုး ဖားယားပြီး လာကျေးဇူးတင်နေစရာ မလိုဘူး…” ဘေးနားတွင် ရပ်နေသော ရှောင်ချန်းသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူပြောနေသည်ကို မည်သူမျှ ဂရုစိုက်မနေကြပေ။

လန်ရွှင်းသည် ခုနှစ်ရောင်တောက်နေသော ပစ္စည်းကို ညွှန်ပြရင်း ပြောလိုက်လေ၏။ “ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်မ ရှင်းပြစရာ လိုမယ်လို့ မထင်တော့ဘူး… အကုန်လုံး ဒါကို သိကြတယ်မလား…”

ခုန်းချီက မျက်မှောင်ကျုံ့လျက် ပြောလိုက်လေသည်။ “ဧကရာဇ်အရှိန်အဝါ…”

“ဟုတ်တယ်… ဧကရာဇ်အရှိန်အဝါပဲ… ကုန်းဝမ်ရှန်းသည်လည်း ထိုအရာကို သိထားသည့်အလား အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။

လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ “ဟုတ်တယ်… အဲ့ဒါက ဧကရာဇ်အရှိန်အဝါပဲ… အဲ့ဧကရာဇ်အရှိန်အဝါကိုသာ ကိုယ့်ရဲ့ အဖိုးတန် မှော်ရတနာထဲကို ထည့်သွင်းလိုက်မယ်ဆိုရင် အဲ့မှော်ရတနာက ဧကရာဇ်မှော်ရတနာ ဖြစ်လာနိုင်ချေရှိတယ်…”

ဧကရာဇ်မှော်ရတနာများကို ဖန်တီးရန်အတွက် ဧကရာဇ်အရှိန်အဝါကို လိုအပ်ပေသည်။ ဧကရာဇ်ပညာရှင်တစ်ဦးအနေဖြင့် သူတို့၏ မှော်ရတနာအား ဧကရာဇ်အရှိန်အဝါကို ပေါင်းစပ်ပေးရန်သာ လိုအပ်ပြီး အကုန်လုံး ချောချောမွေ့မွေ့ဖြင့် ပြီးဆုံးသွားမည်ဆိုပါက ဧကရာဇ်မှော်ရတနာ တစ်ခုကို ရရှိလာနိုင်ပေလိမ့်မည်။

မှားယွင်းသွားခဲ့လိမ့်မည် ဆိုလျှင်တော့ ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာများကိုသာ ရရှိပေလိမ့်မည်။

ပုံမှန်အားဖြင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည် ဧကရာဇ်မှော်ရတနာတစ်ခုကို သန့်စင်ချင်သည့်အခါ သူတို့၏ စိတ်ဆန္ဒကို မှော်ရတနာထဲသို့ တိုက်ရိုက် ထည့်သွင်းလေ့ ရှိပေသည်။

ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ ဧကရာဇ်စိတ်ဆန္ဒ အဆီအနှစ်တို့ ပါဝင်နေသော ဧကရာဇ်အရှိန်အဝါများမှာမူ ရံဖန်ရံခါသာ ပေါ်လာလေ့ရှိကြသည်။ ပုံမှန်အားဖြင့် ဧကရာဇ်အရှိန်အဝါများကို သာမန် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနေဖြင့် မည်သို့မျှ မဖန်တီးနိုင်ချေ။

ရှောင်ချန်း၏ ဖခင်ဖြစ်သော ငွေကြယ်သံတမန်ဖြစ်သည့် ရှောင်ယုယန်သည်ပင်လျှင် ဧကရာဇ်အရှိန်အဝါကို မဖန်တီးနိုင်ချေ။ ဧကရာဇ်တတိယအဆင့်သို့ ရောက်ရှိနေသည့် လူများသည်သာ ထိုကဲ့သို့သော ဧကရာဇ်အရှိန်အဝါကို ဖန်တီးနိုင်ကြ၏။

ဧကရာဇ်အရှိန်အဝါတစ်ခုကို ဖန်တီးခြင်းသည် ဧကရာဇ်ပညာရှင်တစ်ဦးအတွက် အလွန်ကိုမှ ဆုံးရှုံးမှု ကြီးမားပေသည်။ ဆုံးရှုံးသွားသော ကျင့်ကြံမှုများကို ပြန်လည်ရရှိရန်အတွက် နှစ်ပေါင်းရာနှင့်ချီကာ အချိန်ယူရ၏။

ထို့ကြောင့် သာမန်အခြေအနေမျိုးတွင် မည်သည့် ဧကရာဇ်တတိယအဆင့် ပညာရှင်မှ ဧကရာဇ်အရှိန်အဝါကို ဖန်တီးကာ အပြင်ဘက်တွင် ထားလိမ့်မည် မဟုတ်ပေ။

သို့သော်ငြား အချိန်မြစ်ကျောင်းတော်ထဲတွင်တော့ ထိုကဲ့သို့သော ရတနာတစ်ခု တကယ်ကြီး ရှိနေခဲ့သည်။

ဤဧကရာဇ်အရှိန်အဝါနှင့် အနက်ရောင်ဒိုင်းကာနှစ်ခုအကြား လုံးဝကို ကွာခြားချက်ကြီးတစ်ခု ရှိနေခဲ့သည်။ အနက်ရောင်ဒိုင်းကာသည် ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာ ဖြစ်ပြီးနေပြီး ဖြစ်သည့်အတွက်ကြောင့် ၎င်းအနေဖြင့် ဧကရာဇ်မှော်ရတနာ ထပ်၍ မဖြစ်နိုင်တော့ပေ။

သို့သော်ငြား ဤဧကရာဇ်အရှိန်အဝါမှာမူ မှော်ရတနာတစ်ခုကို ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်လာအောင် လုပ်နိုင်စွမ်း ရှိနေပေသေးသည်။ လိုအပ်သည်မှာ အချိန်၊ အားစိုက်ထုတ်မှုနှင့် ကံကောင်းမှုသာ ဖြစ်လေ၏။

ထို့အတွက်ကြောင့် မည်သည့် မှော်ရတနာက ပို၍ အသုံးဝင်သလဲ ဆိုသည်ကိုမူ ပြောရခက်ပေသည်။ ချက်ချင်းလက်ငင်း အကျိုးအမြတ်လိုချင်လျှင် အနက်ရောင်ဒိုင်းကာမှာ ပိုမိုကောင်းမွန်ပေသည်။

သို့သော်ငြား မိမိတွင် ဧကရာဇ်မှော်ရတနာတစ်ခု ဖန်တီးလိုသည့်ဆန္ဒ ရှိနေသည်ဆိုပါက ဧကရာဇ်အရှိန်အဝါကို ယူသည်ကသာ ပို၍ ကောင်းပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၆၉)

“ဒါက…”

လေးခုမြောက်ရတနာဖြစ်သော ဆေးလုံးနှင့် တူသော်ငြား ဆေးလုံးမဟုတ်သည့် ရတနာဆီသို့ ရောက်သွားချိန် လန်ရွှင်း အနည်းငယ် ကြောင်သွားခဲ့လေသည်။

ခဏမျှ မျက်မှောင်ကျုံ့ စဉ်းစားနေပြီးသည့်နောက်တွင် ရုတ်တရက် တစ်ခုခုကို ပြန်မှတ်မိသွားသည့်အလား မျက်လုံးကြီးပြူးလျက် အော်ပြောလိုက်လေ၏။ “ဧကရာဇ်အာဏာပိုင်ဓာတ်လုံး…”

“ဘယ်လို…” တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော လော့ယွမ်သည် ရုတ်တရက်ကြီး ထ‌အော်လေသည်။ “ဧကရာဇ်အာဏာပိုင်ဓာတ်လုံး… ဟုတ်လား… နင်သေချာလား…”

ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ဘေးနားတွင် ရှိနေသော ရှောင်ချန်းသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “မင်းဘယ်သူ့ကို စကားပြောနေတာလဲ သေချာကြည့်ပြော… မင်းပြောနေတာ သာမန်လူမဟုတ်ဘူး… မင်းသမီးကွ…”

လော့ယွမ်သည် ရှောင်ချန်ဘက်သို့ တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် လှည့်ကြည့်လာခဲ့လေသည်။

လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဧကရာဇ်အာဏာပိုင်ဓာတ်လုံးဆိုတာ သေချာတယ်… ရောင်းရင်းလော့ မယုံဘူးဆိုလို့ရှိရင် အဲ့အလင်းစက်ကွင်းကို ဖျက်ဆီးပြီး ကိုယ်တိုင်သွားကြည့်ကြည့်လိုက်လေ…”

“ယုံပါတယ်…” လော့ယွမ်က ပြန်ပြောလိုက်သည်။ “အဲ့လို မှော်ရတနာတစ်ခု ဒီမှာ ပေါ်လာမယ်လို့ကို မထင်ထားမိရုံသက်သက်ပဲ…”

လန်ရွှင်းက ခေါင်းညိတ်၍ “ကျွန်မလည်း ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ဒီနေရာမှာ လာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး… ကျွန်မကိုယ်တိုင်တောင် အဲ့လိုအရာမျိုးကို တစ်ခါမှ မြင်ဖူးတာမဟုတ်ဘူး… ကျွန်မအဖေ ပြောတာကိုပဲ ကြားဖူးတာ… အဲ့ဒါကြောင့် မြင်မြင်ချင်း မမှတ်မိ ဖြစ်နေတာ”

“ဧကရာဇ်အာဏာပိုင်ဓာတ်လုံးထဲမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးရဲ့ အစွမ်းကုန်တိုက်ကွက်တစ်ကွက်ကို ချိတ်ပိတ်ထားတယ်… ဒီတော့ ဒါကို ရလိုက်တာက အသက်ကယ်အခွင့်အရေးတစ်ခု ဒါမှမဟုတ် ကိုယ့်ရန်သူကို တစ်ချက်တည်းနှင့် အပြတ်ဖြတ်နိုင်မဲ့ အခွင့်အရေးတစ်ခု ရလိုက်တာနဲ့ အတူတူပဲ…”

လန်ရွှင်းရှင်းပြသည်ကို ကြားပြီးသည့်နောက်တွင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် မည်ကဲ့သို့သော အရာဖြစ်ကြောင်းကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။

ဤအရာသည် အခြားမဟုတ်ဘဲ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ အစွမ်းကုန် တိုက်ကွက်တစ်ကွက် ဖြစ်နေခဲ့သည်။ တစ်နည်းဆိုရသော် ဤအရာသည် သူ၏ မွေးရပ်မြေကြယ်စီရင်စုထဲရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားများနှင့် ဆင်တူပေသည်။

ကြယ်တာရာကောင်းကင် မဟာဧကရာဇ်သည် သူမ၏ တိုက်ကွက်တစ်ကွက်ချင်းစီကို ထိုတံဆိပ်ပြားဆယ်ခုထဲတွင် ချိတ်ပိတ်ထားခဲ့သည်။

ဤနေရာတွင် ရှိနေသည့် လူအကုန်လုံးမှာ တာအိုသခင်အဆင့် ပညာရှင်များ ဖြစ်နေကြသဖြင့် သူတို့သာ ထိုဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ရနိုင်မည်ဆိုပါက အဆင့်တူအတွင်း မည်သူ့ကိုမျှ ကြောက်နေစရာ လိုတော့လိမ့်မည် မဟုတ်ပေ။

ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်တွေ့ရလျှင်ပင် ပြန်လည် တိုက်ခိုက်နိုင်ပေလိမ့်မည်။

လန်ရွှင်း ပြောခဲ့သလိုပင် ဤဧကရာဇ်အာဏာပိုင် ဓာတ်လုံးမှာ တစ်ဖက်ရန်သူအား တစ်ချက်တည်း ရှင်းပစ်နိုင်သည့် ဝှက်ဖဲတစ်ခုလည်း ဖြစ်ပေသည်။

ကျင့်ကြံသူဟူ၍ ဖြစ်လာသည်နှင့်အမျှ လူတိုင်းသည် သေခြင်းရှင်ခြင်း အခိုက်အတန့်များကို ကြုံတွေ့ကြရသည်။ ထိုကဲ့သို့ ကြုံတွေ့နေစဉ် ကာလအတွင်း ဧကရာဇ်အာဏာပိုင်ဓာတ်လုံးအား ရှိထားခြင်းသည် အသက်ပိုတစ်ခု ရှိထားသည်နှင့် အတူတူပင် ဖြစ်လေသည်။

ချက်ချင်းဆိုသလို အကုန်လုံး အသက်ရှူနှုန်း မြန်ဆန်လာခဲ့ပြီး မျက်လုံးများမှာလည်း စတင် လောင်မြိုက်လာလေတော့သည်။

“နောက်ဆုံးဟာကတော့…” လန်ရွှင်းသည် တောကြက်မောက်အရွယ် မီးနီရောင်တောက်နေသော ဓာတ်လုံးကို ခဏကြာအောင် စစ်ဆေးကြည့်နေပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်း ခေါင်းခါလျက် ပြန်ပြောလိုက်လေ၏။ “ကျွန်မလည်း မသိဘူး… ရှင်တို့ထဲမှာ ဒါကို သိတဲ့သူ ရှိကြလား…”

လန်ရွှင်းကဲ့သို့သော လူပင်လျှင် ထိုအရာကို မသိလေရာ ဤနေရာ၌ ရှိနေသည့် မည်သူကများ ထိုအရာကို သိဦးမည်နည်း။ အကုန်လုံး ခေါင်းသာ ခါပြလိုက်ကြလေသည်။

လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါ ဘာဖြစ်ဖြစ် အဲ့လောက်ကြီး ကိစ္စမရှိပါဘူး… အဲ့စင်မြင့်ပေါ်မှာ ရှိနေတယ်ဆိုမှတော့ ကျန်တဲ့ ရတနာတွေနဲ့ တန်ဖိုးချင်း တူလို့ပဲ ဖြစ်မှာပေါ့… ဒီတော့ အဲ့ရတနာရဲ့ တန်ဖိုးက လုံးဝကို နိမ့်မှာမဟုတ်ဘူး…”

လန်ရွှင်းပြောသည်မှာ အခြေအမြစ်မရှိ လျှောက်ပြောနေခြင်း မဟုတ်ချေ။ ရတနာငါးအခုအနက် တစ်ခုသည် ဧကရာဇ်တစ်ပိုင်းအဆင့် အကာအကွယ်မှော်ရတနာတစ်ခု ဖြစ်ပြီး ကျန်တစ်ခုမှာ နတ်ရေစင်ဖြစ်သည်။ အခြားတစ်ခုမှာ ဧကရာဇ်အရှိန်အဝါနှင့် နောက်ဆုံးတစ်ခုမှာ ဧကရာဇ်အာဏာပိုင် ဓာတ်လုံး ဖြစ်နေခဲ့လေသည်။

ထိုရတနာလေးခုအနက် မည်သည့်မှော်ရတနာကများ အဖိုးမတန်၍ မရှားပါးသနည်း။ မည်သည့်မှော်ရတနာက ပိုအဖိုးတန်သလဲဟု မေးလာလျှင် ထိုရတနာများ မည်သူ၏ လက်ထဲသို့ ရောက်သွားသလဲဟူသည်ကိုသာ မေးရပေလိမ့်မည်။

ထို့အတွက်ကြောင့် ငါးခုမြောက် မှော်ရတနာသည် အသုံးမဝင်ဟု မည်သူမျှ မပြောနိုင်ကြပေ။ မီးနီရောင်ဓာတ်လုံးသည်လည်း အခြားသော မှော်ရတနာများကဲ့သို့ အဖိုးတန်ရပေလိမ့်မည်။

ထိုမီးနီရောင်ဓာတ်လုံး၏ လုပ်ဆောင်ပုံနှင့် ထိုမီးနီရောင်ဓာတ်လုံး မည်သည့်အရာ ဖြစ်သလဲ ဆိုသည်ကိုသာ မသိကြခြင်း ဖြစ်သည်။

“တကယ်တော့…” လန်ရွှင်းသည် စင်မြင့် အလယ်ဗဟိုတွင် ရှိနေသော ဗလာကျင်းနေသည့် အလင်းစက်ကွင်းဆီသို့ စိုက်ကြည့်ရင်း မျက်လုံးမှေးစင်းကာ ပြောလိုက်လေသည်။ “အဲ့အလယ်မှာ ရှိနေတဲ့ ပစ္စည်းကို ကျွန်မ ပိုပြီး စိတ်ဝင်စားတယ်…”

“မင်းသမီး ဘာပြောချင်တာလဲ…” ခုန်းချီက မေးလိုက်သည်။

လန်ရွှင်းက ရှင်းပြလိုက်၏။ “အဲ့ အလင်းစက်ကွင်းထဲကနေ အားကောင်းတဲ့ ဧကရာဇ်အရှိန်အဝါကို ကျွန်မ ခံစားနေရတယ်… ကျွန်မထင်တာသာ မမှားဘူးဆိုလို့ ရှိရင် အဲ့နေရာမှာ ရှိနေတဲ့ မှော်ရတနာက ဧကရာဇ်မှော်ရတနာပဲ…”

“ဧကရာဇ်အဆင့် မှော်ရတနာ… တကယ်ကြီးလား… မဖြစ်နိုင်ဘူး…”

“လုံးဝ သေချာတယ်… လုံးဝ မသေချာဘူးဆိုရင်တောင်မှ တော်တော်လေးကိုတော့ သေချာတယ်…” လန်ရွှင်းက အခိုင်အမာ ပြောဆိုလိုက်သည်။ “ပြီးတော့ အဲ့မှော်ရတနာ ဒီမှာ ရှိသွားတာ အရမ်းကြီး မကြာသေးဘူး… ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ ဆိုတာကိုတော့… အဲ့ဒါတော့ ကျွန်မလည်း မပြောတတ်ဘူး…”

“ဒါပေမဲ့ အဲ့ဧကရာဇ် မှော်ရတနာ ပျောက်သွားတာ အရမ်းကြီး မကြာသေးတဲ့ အတွက်ကြောင့်သာ မဟုတ်လို့ရှိရင် အဲ့ကနေ ထွက်နေတဲ့ ဧကရာဇ် အရှိန်အဝါက ဒီလောက် အားကောင်းနေမှာ မဟုတ်ဘူး…”

“ငါတို့ မတိုင်ခင် အခြားတစ်ယောက် ရောက်လာသွားတာလား…” ကုန်းဝမ်ရှန်း မျက်နှာပျက်သွားခဲ့လေသည်။

“လခွမ်း… ဘယ်သူ အရင် ခိုးဝင်လာတာလဲ…” ခုန်းချီသည် ဒေါသတကြီး အော်ဟစ်ကျိန်ဆဲတော့လေ၏။

လန်ရွှင်းကမူ ခေါင်းခါ၍ ပြောလိုက်လေသည်။ “အဲ့လိုမျိုးတော့လည်း မဟုတ်လောက်ဘူး… တစ်ယောက်ယောက်သာ ကျွန်မတို့ရှေ့ စောပြီး ရောက်လာမယ်ဆိုလို့ရှိရင် ဘာလို့ ကျန်တဲ့ ရတနာတွေကို ထားခဲ့ပြီး အဲ့အလယ်က ရတနာတစ်ခုတည်း ကွက်ယူသွားမှာလဲ…”

“အဲ့ရတနာတွေ အကုန်လုံးကလည်း အဖိုးမတန်တာမှ မဟုတ်တာ… အရမ်းကို အဖိုးတန်တာတွေချည်းပဲလေ… ပြီးတော့ ရတနာကို ယူသွားတယ်လို့ ပြောရအောင် အဲ့ဒီစက်ကွင်းက အကောင်းအတိုင်း ရှိနေသေးတုန်းပဲ…”

“အင်း… မင်းသမီးပြောတာလဲ ဟုတ်သားပဲ… ဒါဆို ဘာတွေ ဖြစ်သွားတာလဲ…” ခုန်းချီ နားမလည်နိုင်အောင် ဖြစ်သွားခဲ့လေသည်။

“အဲ့ဒါတော့ ကျွန်မလည်း မသိဘူး…” လန်ရွှင်းက ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်၏။

အခြားသူများ စကားပြောနေစဉ် အတောအတွင်း ရန်ကိုင်သည် ပန်းရောင်တိမ်တိုက် ဖီးနစ်ဝတ်ရုံကို ရုတ်တရက် ပြန်စဉ်းစားမိသွားလေသည်။

ကျန်းရို့ရှီမှ ပန်းရောင်တိမ်တိုက် ဖီးနစ်ဝတ်ရုံကို ဝတ်ထားဆင် ထွက်ပေါ်နေသည့် ဧကရာဇ်အရှိန်အဝါနှင့် စင်မြင့်ပေါ်တွင် ရှိနေသော ဧကရာဇ်အရှိန်အဝါကို ပြိုင်တိုက်ကြည့်လိုက်သော် ရန်ကိုင်သည် ရုတ်တရက် ချောင်းဟန့်၍ ပြောလိုက်လေသည်။

“အဲ့ ဧကရာဇ်မှော်ရတနာ ရှိမရှိ ဘာမှ အရေးမကြီးတော့ဘူး… ပျောက်နေပြီးသွားပြီဆိုတော့… ဒီတော့ အဲ့ကိစ္စကို ထားလိုက်ကြတာပေါ့… အခု ဘာလို့ ကျန်တဲ့ မှော်ရတနာတွေကို ဘယ်လို ခွဲယူရမလဲ ဆိုတာကို မဆွေးနွေးကြတာလဲ…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ခန်းမထဲရှိ အခြေအနေမှာ ရုတ်ချည်းဆိုသလို တင်းမာလာပြီး အကုန်လုံးသည် သူတို့၏ ပြိုင်ဘက်များအား မမှိတ်မသုန် သတိထား စောင့်ကြည့်ရင်း အရင်းအမြစ်ချီကို စတင် သိပ်သည်းကြတော့လေသည်။

လူမှာ ရှစ်ဦး ရှိနေသော်ငြား ရတနာမှာမူ ငါးခုသာ ရှိနေခဲ့သည်။ ထိုရတနာငါးခုကို မည်သို့မျှ အညီအမျှ ခွဲဝေယူနိုင်ကြလိမ့်မည် မဟုတ်။

ထို့အပြင် ဤနေရာတွင် ရှိနေသည့် လူအားလုံးမှာ လက်ရွေးစင် ပါရမီရှင်ကြီးများ ဖြစ်ကြသည့်အတွက် မည်သူမျှ လက်ဗလာနှင့် မပြန်ချင်ကြချေ။

“ရောင်းရင်းတို့… ငါ့မှာ ပြောစရာ တစ်ခုတော့ ရှိတယ်… မင်းတို့ နားထောင်ချင်မလားတော့ မသိဘူး…” ရှောင်ချန်းသည် ရုတ်တရက် ပြုံးကာ ပြောလိုက်လေသည်။

ရှောင်ချန်း ဘာပြောချင်လို့ ပြောချင်နေမှန်းကို ခုန်းချီမသိချေ။ သို့သော်ငြား တစ်ဖက်လူက ပြောလာသဖြင့် မျက်နှာမပျက်ရလေအောင် ပြန်၍ ပြောလိုက်လေသည်။ “ရောင်းရင်းရှောင်မှာ ဘာအကြံဉာဏ်တွေများ ရှိနေတာလဲ… တစ်ချက်လောက် ပြောပြကြည့်ပါလား…”

အကုန်လုံးသည် ရှောင်ချန်းဘက်သို့ လှည့်ကြည့်လာကြသည်။ ထိုအချင်းအရာကို မြင်သည့်အခါ ရှောင်ချန်းက သည်းလှိုက်အူလှိုက် ပြုံးလျက် ဆက်ပြောလိုက်လေသည်။

“မင်းတို့ သိကြတဲ့ အတိုင်းပဲ… ဒီတောင်ဘက်နယ်မြေထဲမှာ ငါတို့ ကြယ်ဝိဉာဉ်နန်းတော်ဆိုတာ အရာအားလုံးကို စည်းစနစ်ကျကျ သမာသမတ်ကျကျနဲ့ လမ်းညွှန်ပြီး ဦးဆောင်ပေးနေတာ…”

“မင်းသမီးဆိုတာလည်း လူငယ်တွေ စံထားရလောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ… အခုပဲကြည့်… မင်းတို့ မေးလာတဲ့ အချိန်မှာ သူသိထားတဲ့ အကြောင်းအရာတွေ အကုန်လုံးကို မင်းတို့ကို ပြောပြနေဖို့ နည်းနည်းလေးမှ ဝန်မလေးခဲ့ဘူး… ဟုတ်တယ်မလား”

“ဒီတော့ မင်းတို့အနေနဲ့ မင်းသမီးကို ကျေးဇူးတင်လက်ဆောင်လေးဘာလေး ပြန်ပေးသင့်တယ်လို့ မထင်ကြဘူးလား…”

ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံး၏ စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်ကြလေသည်။ သူတို့ ထင်ထားသကဲ့သို့ပင် ရှောင်ချန်းက ဆက်၍ ပြောလိုက်၏။

“ငါထင်တာကတော့လေ မင်းသမီး အဆင့်အတန်းနဲ့ဆိုလို့ရှိရင် မင်းသမီးအနေနဲ့ ဒီရတနာငါးခုထဲက တစ်ခုကို အရင်ဆုံး ရွေးယူသင့်တယ်လို့ ထင်တယ်… မင်းတို့ရော ဘယ်လိုထင်လဲ…”

အကုန်လုံးမှာ ပေါ်ပေါ်ထင်ထင် မဆဲရဲကြသဖြင့် ရှောင်ချန်းအား စိတ်ထဲမှ နေ၍သာ အော်ဟစ်ဆဲဆို ကြတော့လေသည်။ သူတို့သာ ပေါ်တင်ကြီးသွားဆဲမည် ဆိုပါက လန်ရွှင်းကို ဆဲသလို ဖြစ်နေပေလိမ့်မည်။ မည်သူမျှ လန်ရွှင်းအား သွားရောက်ရန်မစချင်ချေ။

ထို့အတွက်ကြောင့် အကုန်လုံးမှာ ဘာပြန်ပြောလို့ ပြောရမှန်းပင်မသိ ဖြစ်ကုန်ကြလေ၏။

အစကတည်းက ရတနာများမှာ လူအညီအမျှ ခွဲဝေရန် မလောက်သဖြင့် အကုန်လုံး စိတ်ရှုပ်နေသည် ဆိုကာမှ ရှောင်ချန်းသည် လန်ရွှင်းအား ပထမဦးဆုံးတစ်ခု ရွေးယူရန် ပြောလာနေခဲ့လေသည်။ ဤသည်မှာ အရှက်မရှိ ဓါးပြတိုက်ခြင်းသာ ဖြစ်လေ၏။

အခြားတစ်ဦးသည်သာ ဤကဲ့သို့သော မဟုတ်တရုတ်စကားကို ပြောလိုက်မည်ဆိုပါက အကုန်လုံး၏ တံတွေးခွက်ထဲ ပက်လက် မျောသွားရပေလိမ့်မည်။

သို့သော်ငြား ရှောင်ချန်းသည် လန်ရွှင်းအတွက် ပြောပေးနေခြင်း ဖြစ်သည့်အတွက်ကြောင့် မည်သူမျှ ဘာမျှ ပြန်မပြောရဲကြပေ။ လန်ရွှင်းကဲ့သို့သော လူတစ်ဦးအား မည်သူကများ သွားရောက် ပြောဆိုရဲမည်နည်း။

သူတို့ အနေဖြင့် နောင်အနာဂတ်တွင် တောင်ဘက်နယ်မြေထဲ မနေချင်ဘူးဆိုပါက ထိုကဲ့သို့ ပြောချင်လျှင် ပြောနိုင်ပေလိမ့်မည်။ လော့ယွမ်ကဲ့သို့သော မောက်မာ မာနကြီးပြီး အားကောင်းလှသည့် လူပင်လျှင် မည်သည့်စကားတစ်ခွန်းမှ ပြန်မပြောနိုင်ပဲ ရှောင်ချန်းကိုသာ သုန်သုန်မှုန်မှုန်ဖြင့် စိုက်ကြည့်နေလေ၏။

ဝူချန်းနှင့် တွေ့သည်တိုင် တစ်ချက်ကလေးမှ မဖြုံပဲ မာမာထန်ထန်ပင် ပြန်လည် တုံ့ပြန်ခဲ့သူသည် လန်ရွှမ်းနှင့် အတွေ့တွင်တော့ ဘာမျှ ပြန်မပြောနိုင်တော့ပေ။

“မင်းတို့ ဘာဖြစ်နေကြတာလဲ… ငါပြောတာ မမျှတဘူးထင်လို့လား…” ရှောင်ချန်းသည် ဆက်၍ ဖိအားပေးလိုက်လေသည်။

မည်သူမျှ ဘာမျှ ပြန်မပြောသည်ကို မြင်သော် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ ဘာလဲ မင်းတို့က ငါတို့ကြယ်ဝိဉာဉ်နန်းတော်ကို အထင်သေးနေတာလား…”

ထိုစကား ထွက်လာသည့်နောက်တွင် ခုန်းချီသည် ရှောင်ချန်းအား သူ့အဖေအမေကို သတ်သွားသည့် လူတစ်ဦးနှယ် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်တော့လေသည်။ တစ်ချိန်တည်းတွင်လည်း ရှောင်ချန်း၏ မျိုးရိုးစဉ်ဆက်အား ကြိတ်၍ ကျိန်ဆဲတော့လေ၏။

“ကဲ…” မုရုန်ရှောင်ရှောင်သည် အခြေအနေ အလွန်တင်းမာလာသည်ကို မြင်သော် တစ်ခုခု ဝင်ပြောလိုက်ချင်သော်ငြား ဤအခြေအနေကို ပြေလျော့သွားစေရန်အတွက် ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့လေသည်။

အခြားသူများမှာလည်း တိတ်နေကြ၏။ ဘာဆိုဘာမျှ မပြောကြ။

ရန်ကိုင်သည် အခြေအနေကို သေသေချာချာ စောင့်ကြည့်နေ၏။ မကြာမီ လန်ရွှင်းမျက်မှောင်ကျုံ့နေသည်ကို သတိထားမိသွားခဲ့လေသည်။ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူမ မပျော်မရွှင် ဖြစ်နေသည်လား။

ဤသို့ ဖြစ်ရခြင်းမှာ ရှောင်ချန်းသည် သူမနှင့် မတိုင်ပင်ပဲ ဤကဲ့သို့ ပြောလိုက်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

လန်ရွှင်းအကြောင်း ရန်ကိုင် အနည်းနှင့်အများတော့ သိပေသည်။ လန်ရွှင်းသည်သာ သူမ၏ အဖေကို အားကိုး၍ အခြားသူများအပေါ် နိုင်ထက်စီးနင်း လုပ်ချင်သည်ဆိုပါက မည်သူမျှ ကန့်ကွက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား သူမ၏ ဂုဏ်သတင်းမှာတော့ ထိခိုက်သွားရပေလိမ့်မည်။

အခြားတစ်နည်းဖြင့် ပြောရပြန်လျှင်လည်း စင်မြင့်ပေါ်ရှိ ရတနာများမှာ အလွန်ကိုမှ အဖိုးထိုက်တန်သော်ငြား လန်ရွှင်း၏ ဂုဏ်အဆင့်အတန်းအရ ထိုကဲ့သို့သော မှော်ရတနာများကို အမှန်တကယ် လိုအပ်သလား။

အနက်ရောင်ဒိုင်းကာသည် သူမအတွက် လုံးဝကို အသုံးမဝင်ချေ။ လန်ရွှင်းတွင် သူမ၏ အဖေမှ ပေးအပ်ထားသော ဧကရာဇ်အဆင့် အကာအကွယ် မှော်ရတနာတစ်ခု ရှိနေမည်မှာ မလွဲမသွေပင်။

နတ်ရေစင်မှာလည်း သူမအတွက် အသုံးမဝင်ချေ။ ကြယ်ဝိဉာဉ်နန်းတော်တွင် သူမလိုအပ်သည့် ဆေးပင်အကုန်လုံးကို အလွယ်တကူ ရနိုင်ပေသည်။

ဧကရာဇ်အရှိန်အဝါဆိုလျှင်လည်း သူမသည် တာအိုသခင် ပထမအဆင့်သာ ရှိသေးလေရာ ထိုမှော်ရတနာသည် သူမအတွက် လုံးဝကို အသုံးမဝင်ချေ။

ထိုသို့ဆိုလျှင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကော။ သူမသာ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်ခု လိုချင်သည်ဆိုပါက လမင်းမဟာဧကရာဇ်ကို တောင်းဆိုလိုက်ရုံပင်။ သူမ၏ အဖေသည် ကျိန်းသေ သူမကို ပေးပေလိမ့်မည်။

တကယ်တော့ မဟာဧကရာဇ်တစ်ပါးအတွက် နှစ်ရာနှင့်ချီသော ခွန်အားကို အသုံးပြုလိုက်သည်မှာ ဘာမျှ မပြောပလောက်ပေ။

ခန်းမထဲရှိ အခြေအနေ တဖြည်းဖြည်း တင်းမာလာနေသည့် အချိန်တွင် လန်ရွှင်းက ရုတ်တရက် ပြုံး၍ ပြောလိုက်လေ၏။ “ဘယ်သူမှ မပြောတော့ဘူးဆိုမှတော့ ရှောင်ချန်းနဲ့ ကျွန်မ အရင် တစ်ခုယူလိုက်တာပေါ့…”

“ဟမ်…” ထိုစကားကိုကြားသည့်အခါ ကုန်းဝမ်ရှန်းသည် မျက်ခုံးပင့်လျက် လန်ရွှင်းအား အံ့ဩတကြီး ကြည့်လိုက်လေသည်။ လန်ရွှင်း ဤကဲ့သို့ ပြောလာလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

မျက်မှောင်ကျုံ့နေပြီးသည့်နောက်တွင် ခုန်းချီသည် လန်ရွှင်း ဘာပြောချင်နေသလဲဆိုသည်ကို နားလည်သည့်အလား ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်လေ၏။ “မင်းသမီး တစ်ခု အရင်လိုချင်တယ် ဆိုလို့ရှိရင် ဒီခုန်း ဘာမှ ကန့်ကွက်စရာ မရှိပါဘူး…”

“ကျွန်မလည်း မကန့်ကွက်ပါဘူး…” ပိရန်ယုချင်းကလည်း ချက်ချင်း သဘောတူလိုက်သည်။

အကုန်လုံးသည် ငထူငအများ မဟုတ်ကြသည့်အတွက် လန်ရွှင်းပြောသည်မှာ ရှောင်ချန်ပြောသည်နှင့် တူသော်ငြား သူမ တကယ်ပြောချင်သည့် အဓိပ္ပာယ်သည် ရှောင်ချန်ပြောချင်သည် အဓိပ္ပာယ်နှင့် မတူသည်ကို မည်သို့များ သဘောမပေါက်ပဲ နေမည်နည်း။

“ရှင်တို့ကော…” လန်ရွှင်းသည် လော့ယွမ်နှင့် အခြားသူများဘက်သို့ ကြည့်လိုက်လေ၏။

“မင်းသမီး ယူလို့ရပါတယ်… ဒီလော့ အခြားသူတွေကို မယုံကြည်ပေမဲ့ မင်းသမီးကိုတော့ ယုံပါတယ်…”

လန်ရွှင်းက ခေါင်းညိတ်၍ “ကျေးဇူးအများကြီး တင်ပါတယ် ရောင်းရင်းလော့…”

ရန်ကိုင်နှင့် မုရုန်ရှောင်ရှောင်တို့သည်လည်း အကုန် သဘောတူလိုက်ကြသည်။

အကုန်လုံး သဘောတူပြီးသည့်အခါ ရှောင်ချန်းသည် စိုးရိမ်တကြီးဖြင့် လန်ရှင်းနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေ၏။ “မင်းသမီး…”

လန်ရွှင်း၏ မျက်နှာလေး ရှက်သွေး ဖြာသွားခဲ့လေသည်။ ရှောင်ချန်းအား စူးရဲစွာ စိုက်ကြည့်ရင်း ပြောလိုက်လေ၏။ “ရောင်းရင်းရှောင်ချန်… အကုန်လုံးက သဘောတူတယ်ဆိုမှတော့ ကျွန်မ ရှင့်ကိုပဲ သွားယူခိုင်းရတော့မှာပေါ့…”

ပြောပြီးသည့်နောက်တွင် စင်မြင့်အား လှမ်းကြည့်၍ လက်ညှိုးထိုးကာ ပြောလိုက်လေ၏။ “အဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာကို သွားယူလာလိုက်ပါလား…”

မှော်ရတနာငါးခု၏ တန်ဖိုးမှာ လုံးဝကို ဆုံးဖြတ်၍ မရပေ။ အကုန်လုံး၏ လိုအပ်ချက်ပေါ် မူတည်၍ ရတနာငါးခု၏ တန်ဖိုးမှာ များလျင်များသလို နည်းလျင် နည်းသွားနိုင်သည်။

သို့သော်ငြား လန်ရွှင်းအတွက်မူ ထိုမှော်ရတနာငါးခုအနက် ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာမှာ တန်ဖိုးအနည်းဆုံးပင် ဖြစ်လေသည်။ အကြောင်းမှာ သူမတွင် ဧကရာဇ်အဆင့် အကာအကွယ်မှော်ရတနာတစ်ခု ရှိနေပြီးသား ဖြစ်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

ထို့အတွက်ကြောင့်ပင်လျှင် ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာကို ရွေးချယ်လိုက်ခြင်း ဖြစ်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၇၀)

လန်ရွှင်းသည် သူမ၏ ရွေးချယ်မှုမှတစ်ဆင့် အကုန်လုံးသိအောင် အကြောင်းအရာတစ်ခုကို ပြောပြသွားခဲ့သည်။ သူမ၏ အဆင့်အတန်းကို သုံး၍ အခြားသူများကို အနိုင်မကျင့်ချင်သော်ငြား လက်ဗလာနှင့်လည်း မပြန်ချင်ပေ။

ထိုအရာများသည် သူမအတွက် အသုံးဝင်သည် ဖြစ်စေ အသုံးမဝင်သည် ဖြစ်စေ ဤနေရာသို့ သူမ၏ အရည်အချင်းကို သုံး၍ ရောက်ရှိလာခြင်း ဖြစ်သည့်အတွက်ကြောင့် အနည်းဆုံး ဆုတစ်ခုနှင့်တော့ ထိုက်တန်ပေသည်။

သူမနှင့် ရှောင်ချန်းတို့၏ အရည်အချင်းအရ ဤနေရာရှိ ရတနာငါးခုထဲမှ တစ်ခုကို ရဖို့ဆိုသည်မှာ လုံးဝကို ထိုက်တန်၏။ သို့သော်ငြား လန်ရွှင်းအနေဖြင့် အခြားသူများဖြင့် သူမအတွက် အသုံးမဝင်သည့် ပစ္စည်းတစ်ခု အတွက်ကြောင့် ပြဿနာဖြစ်ရမည်ကို မလိုလားပေ။

ထို့အတွက်ကြောင့်ပင်လျှင် သူမအတွက် အသုံးမဝင်ဆုံးသော ရတနာကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် သူမ၏ ရပ်တည်ချက်ကို အခြားသူများ မြင်သာအောင် လုပ်ပြသွားသလို ဖြစ်သွားခဲ့သည်။

“မင်းသမီး…” ရှောင်ချန်းသည် လန်ရွှင်းအား ထိုအရာကို မရွေးရန် ပြောချင်နေသည့်အလား လေသံတိုးတိုးဖြင့် လှမ်းပြောလိုက်သည်။

လန်ရွှင်းကမူ ထူးမခြားနားဟန်ဖြင့်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရှောင်ချန်… ကျွန်မကိုယ်တိုင်ကို သွားယူစေချင်နေတာလား…”

ထိုစကားကို ကြားသော် သူသာ သူမအား ဆက်၍ တွန်းအားပေးနေလျှင် လန်ရွှင်းကို ဒေါသထွက်အောင် လုပ်မိမည်သာ အဖတ်တင်လိမ့်မည်မှန်း နားလည်သွားခဲ့သည်။ ထို့ကြောင့် အံကိုကြိတ်၍ အားတင်းပြုံးရင်း ပြောလိုက်လေ၏။

“မင်းသမီး ဒီမှာ ခဏစောင့်နေဦးနော်… ကျုပ် အခုပဲ ပြန်လာပါ့မယ်…” ပြောပြီးသည်နှင့် စင်မြင့်ပေါ်သို့ ခုန်တက်သွားခဲ့လေသည်။

စင်မြင့်ပေါ်တွင် အန္တရာယ်တစ်ခုခု ရှိမရှိ တစ်စုံတစ်ဦးမှ လာရောက်စမ်းသပ်ပေးမည် ဖြစ်သည့်အတွက်ကြောင့် အကုန်လုံးသည် ရှောင်ချန်းအား သေချာ အာရုံစိုက်နေခဲ့သည်။

ကံကောင်းစွာဖြင့် ရတနာများကို ကာကွယ်ထားသည့် အလင်းစက်ကွင်းမှလွဲ၍ စင်မြင့်ပေါ်တွင် အခြားသော မည်သည့် ထောင်ချောက် အန္တရာယ်မှ ရှိမနေခဲ့ချေ။

ရှောင်ချန်းသည် ဧကရာဇ်တစ်ပိုင်းအဆင့် ဒိုင်းကာရှေ့တွင် ရပ်လျက် သူ၏ ဓါးကို ထုတ်ကာ ဓါးထဲသို့ အရင်းအမြစ်ချီ ထည့်သွင်း၍ အလင်းစက်ကွင်းကို ပိုင်းချလိုက်လေသည်။

ဤတိုက်ကွက်ထဲတွင် သူ့ခွန်အားအကုန်အစင်ကို ထည့်သွင်း အသုံးမပြုခဲ့သည့်တိုင် ခွန်အားတစ်ဝက်လောက်ကို‌တော့ ထုတ်သုံးသွားခဲ့သည်။

ထို့အပြင် အစောကတည်းက ဒေါသထွက်နေသည့် အတွက်ကြောင့် သူထုတ်သုံးသွားသည့် စွမ်းအားမှာ အလွန်ကိုမှ မြင့်မားပေသည်။

ချက်ချင်းဆိုသလို သူ့ဓါးချက်ဆီမှ အလင်းတန်းသည် အလင်းစက်ကွင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့လေသည်။ သို့သော်ငြား အလင်းစက်ကွင်းသည် အားလုံးထင်ထားသည်ထက် ပို၍ အားကောင်းနေခဲ့သည်။

ရှောင်ချန်း၏ တိုက်ခိုက်မှုသည် အလင်းစက်ကွင်းအား ချိုင့်ရုံသာ ချိုင့်ဝင်သွားစေခဲ့ပြီး မည်သည့် ပျက်စီးမှုမျှ မဖြစ်စေခဲ့ပေ။

“အိုး…”

ထိုအချင်းအရာကို မြင်သည့်အခါ အကုန်လုံး ထိတ်လန့်သွားခဲ့ပြီး အလင်းစက်ကွင်း၏ ခုခံအားကို ပြန်လည်သုံးသပ်ရတော့လေသည်။

သူ၏ ပထမအကြိမ်ကြိုးစားမှု မအောင်မြင်သွားသဖြင့် ရှောင်ချန်း အနည်းငယ် ရှက်သွားခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် အချိန်ဖြုန်းမနေတော့ပဲ ဓါးကိုမြှောက်လျက် ရေရွတ်လိုက်လေ၏။

“ရွက်ကြွေဓါး… ပွင့်ချပ်ကြွေဓါးချက်…”

ထိုတိုက်ကွက်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် လေထုထဲ ပွင့်ချပ်များ စတင် ထွက်ပေါ်လာလေတော့သည်။ သူ၏ တိုက်ကွက်သည် အလွန်ကိုမှ လှပကျော့ရှင်းပေ၏။ သင်းပျံ့သည့် ရနံ့တစ်ခုသည်လည်း လေထုထဲသို့ ပြန့်နှံ့လာခဲ့လေသည်။

လေထုထဲတွင် ရစ်သိုင်းနေသော ပွင့်ချပ်များမှာ ရုတ်တရက်ဆိုသလို မရေမတွက်နိုင်သော အလင်းစက်ကလေးများအသွင်သို့ ပြောင်းလဲသွားပြီးသည့်နောက် အလင်းစက်ကွင်းအား မိုးသီးမိုးပေါက် ကြွေသည့်နှယ် ဝိုင်းဝန်း တိုက်ခိုက်ကြလေတော့သည်။

ထိုတိုက်ခိုက်မှုကြောင့် ခန်းမတစ်ခုလုံး တဝုန်းဝုန်း မြည်သံတို့ဖြင့် ပြည့်နှက်သွားပြီး အလင်းစက်ကွင်းမှာလည်း တဖြတ်ဖြတ် လှုပ်ခါလာတော့သည်။

အလင်းစက်ကွင်း၏ အရောင်အဝါမှာ အဆက်မပြတ် မှိန်ကျနေသော်ငြား ပျက်စီးမည့် အရိပ်အယောင်ကိုတော့ မတွေ့ရသေးချေ။ ထိုအချင်းအရာကို မြင်သည့်အခါ ရှောင်ချန်းမှာ ပို၍ပင် ဒေါသထွက်သွားပြီး သူ့ဓါးကို မြှောက်၍ နောက်ထပ် ပညာရပ်တစ်ခုကို ထုတ်သုံးတော့ပြန်သည်။

“မဟာလကောင်းကင်ထိုးဖောက်ခြင်း ပညာရပ်…”

တောက်ပသည့် ဓါးချက်နှင့်အတူ ပြင်းထန်သည့် စွမ်းအားတစ်ရပ်သည် အလင်းစက်ကွင်းအား သွားရောက်ထိမှန်လေသည်။

“ခရပ်…”

ယခုတစ်ကြိမ်တွင်တော့ အလင်းစက်ကွင်း မျက်နှာပြင်ထက်တွင် အက်ရာတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအချင်းအရာကို မြင်သည့်အခါ ရှောင်ချန်းသည် သူ့အရင်းအမြစ်ချီကို အရူးအမူးလှည့်ပတ်၍ ဓါးကို ရှေ့တည့်တည့်သို့ အားပါးတရ ထိုးစိုက်ချလိုက်သည်။

“ဘန်း…” ဟူသော ပေါက်ကွဲသံနှင့်အတူ အလင်းစက်ကွင်းမှာ လုံးဝကို ပျက်စီးသွားခဲ့လေသည်။

ရှောင်ချန်းသည် အလင်းစက်ကွင်းထဲရှိ ဧကရာဇ်တစ်ပိုင်းအဆင့် ဒိုင်းကာကို ယူ၍ လန်ရွှင်းဆီသို့ ပြန်လျှောက်လာပြီး ပြောလိုက်လေသည်။ “မင်းသမီး… ဒိုင်းကာကို ယူလာခဲ့ပါပြီ…”

“အင်း…” လန်ရွှင်းသည် အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့် ဒိုင်းကာအား တစ်ချက်ပင် မကြည့်ပဲ အခြားသူများဘက်သို့ လှည့်၍သာ ပြုံးလျက် ပြောလိုက်လေ၏။

“အဲ့ဒါဆိုရင် လန်ရွှင်း သွားလိုက်ပါဦးမယ်… အားလုံးပဲ ကံကောင်းကြပါစေ…” ပြောပြီးသည်နှင့် ခန်းမ၏ ညာဘက်ထောင့်စွန်းနားတွင် ရှိနေသော အလင်းဂိတ်ပေါက်ဆီသို့ လမ်းလျှောက်သွားလေသည်။

ရှောင်ချန်းမှာ မသွားချင်သေးသော်ငြား သူ့တာဝန်မှာ လန်ရွှင်းနောက်သို့ လိုက်၍ သူမအား ကာကွယ်ပေးရန် ဖြစ်သည့်အတွက်ကြောင့် သူမနောက်သို့ လိုက်ရန်မှတပါး အခြားရှိမနေခဲ့ပေ။

ထို့ကြောင့် ခန်းမထဲရှိ အခြားသူများအား “မင်းတို့ ဒီတစ်ကြိမ်တော့ ကံကောင်းသွားတယ်ပေါ့ကွာ” ဟု ပြောလိုဟန်ဖြင့် စူးရဲစွာ စိုက်ကြည့်ပြီးနောက် လန်ရွှင်းနောက်သို့ လိုက်သွားလေ၏။

ခဏအကြာတွင် ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်နှစ်ဦး အလင်းဂိတ်ပေါက်မှတစ်ဆင့် ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။

“မင်းသမီးက တကယ်ကို ချီးကျူးထိုက်တာပဲ…” ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ခုန်းချီက ရုတ်တရက် ပြောလိုက်လေသည်။

“ဟုတ်တယ်…” ကုန်းဝမ်ရှန်းကလည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လျက် “မဟာဧကရာဇ်ရဲ့ သမီးတစ်ယောက်ဆိုတဲ့ အတိုင်း သူ့ရဲ့ စိတ်နေစိတ်ထားက အခြား ဘယ်သူနဲ့မှ မတူဘူးပဲ… ဒီကုန်းတောင် ကိုယ့်ကိုယ်ကို ရှက်ချင်သွားပြီ…”

“မင်းကိုယ်မင်း တကယ်ရှက်သင့်တယ်…” ခုန်းချီက ကုန်းဝမ်ရှန်းအား ကြည့်ရင်း ပြောလိုက်လေသည်။

ထိုစဉ် ပိရန်ယုချင်းသည် ချိုသာစွာ ရယ်မောလျက် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရင်း ပြောလိုက်လေ၏။ “မင်းသမီးနဲ့ သူ့ရဲ့ ကိုယ်ရံတော်က ထွက်သွားပြီဆိုပေမဲ့ စင်မြင့်ပေါ်မှာ ရှိနေတဲ့ ရတနာတွေနဲ့ ဒီမှာ ရှိနေတဲ့ လူအရေအတွက်က ကြည့်ရတာ ဝေလို့ မမျှသေးဘူးနဲ့တူတယ်…”

“ငါတစ်ခုယူမယ်…” လော့ယွမ်သည် ရုတ်တရက် အော်ပြောလိုက်လေသည်။

ကုန်းယွမ်ရှန်းသည် လော့ယွမ်အားကြည့်၍ ပြောလိုက်လေ၏။ “မင်းလိုချင်တိုင်း ငါတို့က ဘာလို့ ပေးရမှာလဲ…”

ခုန်းချီကလည်း ဝင်ပြောလိုက်သည်။ “လိုချင်လို့ရှိရင် မင်းအရည်အချင်းနဲ့ မင်းယူပါလား… မင်းသမီး ယူတာကိုတော့ ငါဘာမှ ပြောမှာမဟုတ်ဘူး… ဒါပေမဲ့ မင်းလိုချင်တယ်ဆိုရင်တော့ ငါက ချက်ချင်းကန့်ကွက်မှာ… ”

လော့ယွမ်၏ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် ဒုတိယအဆင့် ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်ပြီး ခုန်းချီလာခဲ့သည့် ခုနှစ်ရောင်စင် ကုန်သွယ်ရေး အဖွဲ့အစည်းမှာမူ ပထမတန်းစား အင်အားစုတစ်ခု ဖြစ်ပေသည်။

သူတို့၏ နောက်ခံ ကွာခြားချက်မှာ ဤမျှ ကြီးမား နေလေရာ ခုန်းချီအနေဖြင့် လော့ယွမ်အား မည်ကဲ့သို့များ ကြောက်နေမည်နည်း။

လော့ယွမ်သည် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလျက် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီး ပြောလိုက်လေ၏။ “မင်းတို့ ငြင်းချင်တယ်ဆိုရင် လာခဲ့လေ… ငါက ကြိုဆိုဖို့ အသင့်ပဲ”

ခုန်းချီသည် အေးစက်စက် အမူအယာဖြင့် ဖြည်းဖြည်းချင်း‌ ခေါင်းညိတ်ရင်းမှ ပြောလိုက်လေသည်။ “မင်းမျက်နှာအမူအယာကို ငါတော်တော်လေး ကြည့်မရဘူး… ကြည့်ရတာ ဒီကရောင်းရင်းကို ငါ သင်ခန်းစာတစ်ခုပေးဖို့ လိုနေပြီနဲ့တူတယ်…”

“ဟမ်… ခွေးသူတောင်းစား မင်း ဘာလုပ်နေတာလဲ…” ခုန်းချီမှာ စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် သူ့မျက်နှာအမူအယာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ဒေါသတကြီး ထအော်လေသည်။

ချက်ချင်းဆိုသလို အကုန်လုံးသည်လည်း ဒေါသထွက်လာခဲ့လေ၏။

အကုန်လုံး စကားများနေစဉ် ရန်ကိုင်သည် စင်မြင့်ပေါ်သို့ ခိုးကြောင်ခိုးဝှက် တက်သွားပြီး အလင်းစက်ကွင်းတစ်ခုအား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

“မင်းကို ဘယ်သူက အခုလို လုပ်ခွင့်ပေးထားလို့လဲကွ… ခွေးသူတောင်းစား…” လော့ယွမ်သည်လည်း ဒေါသတကြီး အော်ဟစ်ရင်း စင်မြင့်ဆီသို့ ပြေးသွားလေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ အခြားသူများသည်လည်း အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ပဲ လှုပ်ရှားမှုပညာရပ် အသီးသီးကိုသုံးကာ အလင်းစက်ကွင်းစင်မြင့်ဆီသို့ အလျင်အမြန် ပြေးသွားကုန်ကြလေ၏။

သို့သော်ငြား လန်ရွှင်းမှ ရှောင်ချန်းအား ဧကရာဇ်တစ်ပိုင်းအဆင့် ဒိုင်းကာကို ယူခိုင်းလိုက်သည့် အချိန်မှစ၍ အကုန်လုံးသည် သူတို့ မည်သည့် မှော်ရတနာကို ယူမလဲဆိုသည်ကို ဆုံးဖြတ်ပြီးသွားသည့် ပုံပင်။

လူတိုင်းတွင် ကိုယ့်လိုအပ်ချက်နှင့်ကိုယ် ရှိကြသည် ဖြစ်လေရာ သူတို့လိုချင်သည့် ရတနာများမှာလည်း တူညီကြလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် လူခြောက်ဦးစလုံး စင်မြင့်ဆီသို့ ပြေးသွားကြသည့် အခါ သူတို့ ပြေးထွက်သွားသည့် ဦးတည်ချက်မှာ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားနေခဲ့ကြပေသည်။

ရန်ကိုင့်၏ ဦးတည်ချက်သည် လန်ရွှင်းပင် မမှတ်မိသော မီးနီရောင်တောက်နေသည့် ဓာတ်လုံးသာ ဖြစ်လေသည်။ ဤဓာတ်လုံးကို ရွေးလိုက်ရသည့် အကြောင်းအရင်းမှာ ဤဓာတ်လုံးသည် မည်ကဲ့သို့သော မှော်ရတနာမှန်း မသိသည့်အတွက်ကြောင့် မဟုတ်ဘဲ ကျန်းရို့ရှီပြောခဲ့သည့် စကားကြောင့်သာ ဖြစ်လေသည်။

ချုန်းချီသည် နောက်ဆုံးခန်းမထဲသို့ ဝင်လာပါက အသုံးမဝင်ဆုံးဟု ထင်ရသော ရတနာကို ရွေးပါဟု ပြောခဲ့သည်ဟု ကျန်းရို့ရှီမှ ရန်ကိုင့်အား ပြန်ပြောခဲ့သည်။

ရတနာလေးခုအနက် ဧကရာဇ်အရှိန်အဝါ၊ ဧကရာဇ်အာဏာပိုင် ဓာတ်လုံးနှင့် နတ်ရေစင်တို့သည် အဖိုးမဖြတ်နိုင်သည့် ရတနာများ ဖြစ်ကြသည်။

သို့သော်ငြား မည်သူမျှ အမျိုးအစား မခွဲခြားနိုင်သော ဤမီးနီရောင် ဓာတ်လုံးမှာတော့ အသုံးမဝင်ဆုံး ဖြစ်နေခဲ့လေသည်။

ချုန်းချီသည် ရှေးဟောင်းနတ်သားရဲတစ်ကောင် ဖြစ်သလို ကျန်းရို့ရှီအား ပန်းနုရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံကိုလည်း ပေးခဲ့သည်။ ထို့အတွက်ကြောင့် သူ့အား လိမ်စရာအကြောင်း မရှိပေ။

ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် ဤမီးနီရောင် ဓာတ်လုံးကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ဤမီးနီရောင်ဓာတ်လုံးကို ရွေးချယ်လိုက်ခြင်းဖြင့် သူ့တွင် ပြိုင်ဘက် သိပ်ရှိတော့လိမ့်မည် မဟုတ်ချေ။ အကုန်လုံးသည် အခြားသော ရတနာများကိုသာ ရွေးချယ်ကြပေလိမ့်မည်။

မီးနီရောင်ဓာတ်လုံး၏ လုပ်ဆောင်ပုံနှင့် ရည်ရွယ်ချက်ကို မသိပဲ အခြားမှော်ရတနာကို ပစ်ပယ်ကာ ဤရတနာကို ရွေးချယ်လိုက်ခြင်းသည် တော်တော်လေးကိုမှ အန္တရာယ်များပေသည်။

ထို့အတွက်ကြောင့် လက်ကျန် လူခြောက်ယောက်အနက် ရန်ကိုင်တစ်ဦးသည်သာ ဤမီးနီရောင်ဓာတ်လုံးကို ရွေးချယ်ခဲ့ပြီး ကျန်ငါးဦးမှာတော့ လက်ကျန်မှော်ရတနာသုံးခုကို အသီးသီး ရွေးချယ်သွားခဲ့ကြလေသည်။

လက်ကျန်လူများအနက် လော့ယွမ်နှင့် ခုန်းချီသည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ရွေးချယ်ခဲ့သည်။ ပိရန်ယုချင်းနှင့် ကုန်းဝမ်ရှန်းမှာတော့ ဧကရာဇ်အရှိန်အဝါကို ရွေးချယ်ခဲ့ကြပေသည်။

မုရုန်ရှောင်ရှောင်သည်လည်း ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ရွေးချယ်ချင်သော်ငြား ထိုအရာကို လော့ယွမ်ကပါ လိုချင်နေသည်ကို မြင်သည့်အခါ အံကြိတ်၍ နတ်ရေစင်ဆီသို့သာ ပြေးထွက်သွားလေတော့၏။

သူတို့နှစ်ဦးတည်း အတူရှိစဉ်က ရှောင်ပိုင်ယီသည် မုရုန်ရှောင်ရှောင်အား လော့ယွမ်နှင့် ပြဿနာမဖြစ်ရန် သတိပေးခဲ့သည်။ ရှောင်ပိုင်ယီကိုယ်တိုင်ကပင်လျှင် ထိုကဲ့သို့ ပြောရလေရာ လော့ယွမ်သည် အလွန်ကိုမှ အန္တရာယ်များသည့် လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

မုရုန်ရှောင်ရှောင်မှာ ရှောင်ပိုင်ယီ၏စကားကို ယုံကြည်သည့်အတွက် သူပြောသည့်အတိုင်း လိုက်နာခဲ့လေသည်။

ရန်ကိုင်နှင့် မုရုန်ရှောင်ရှောင်သည် သူတို့လိုချင်သည့် ရတနာများ ရှိနေသော အလင်းစက်ကွင်းကို ဖျက်ဆီးရန် ကြိုးစားနေကြချိန် လက်ကျန်လူလေးဦးမှာတေ့ာ အချင်းချင်း တိုက်ခိုက်နေကြလေသည်။

ထိုတိုက်ပွဲများအနက် ခုန်းချီနှင့် လော့ယွမ်ကြားရှိ တိုက်ပွဲမှာ ထူးထူးခြားခြားကို ပြင်းထန်လှပေသည်။ နှစ်ယောက်စလုံးသည် ကျွမ်းကျင်ထားသည့် ဝှက်ဖဲကိုယ်စီကို ထုတ်သုံး၍ တိုက်ခိုက်နေကြစဉ် အလင်းစက်ကွင်းကို ချိုးဖြတ်၍ အထဲရှိ ရတနာကို ရယူနိုင်ရန်လည်း ကြိုးစားနေကြသေး၏။

ပိရန်ယုချင်းနှင့် ကုန်းဝမ်ရှန်းမှာတော့ ကုန်းဝမ်ရှန်းသည် အစီအရင်ပညာရှင်ဆိုသည့်အတိုင်း စင်မြင့်ပေါ်သို့ ရောက်သည်နှင့် အစီအရင်ပြားတစ်ချပ်ကို ချက်ချင်းထုတ်ယူလိုက်လေသည်။

ထိုအစီအရင်ပြားကို အသက်သွင်းလိုက်ပြီးသည့်နောက် မြူခိုးထုများ ထွက်ပေါ်လာပြီး ပိရန်ယုချင်းကို ဖုံးလွှမ်းသွားတော့လေ၏။ ထိုမြူခိုးအတွင်း မည်သည့်အရာများ ဖြစ်ပျက်နေသလဲဆိုသည်ကို မည်သူမျှ မမြင်နိုင်ကြချေ။

သို့သော်ငြား တစ်ဖက်လူ၏ အစီအရင်ပြားထဲ ကျရောက်သွားသည့်အတွက်ကြောင့် ပိရန်ယုချင်းအနေဖြင့် ဘာဆိုဘာမှ ပြန်မလုပ်နိုင်တော့ပဲ ဆုတောင်းနေရုံသာ တတ်နိုင်လိမ့်မည်ဟု ရန်ကိုင်တွေးလိုက်သည်။

ရှောင်ချန်မှ အလင်းစက်ကွင်းကို ချိုးဖြတ်ရန်အတွက် သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရကြောင်းကို လူတိုင်းမြင်တွေ့ခဲ့ရသည်။ ထို့အတွက်ကြောင့်ပင်လျှင် အလင်းစက်ကွင်းကို ချိုးဖြတ်ရာ၌ လူတိုင်းသည် မိမိ၏ ခွန်အား အနည်းငယ်မျှကိုပင် ထိန်ချန်ထားမနေတော့ပဲ အားကုန်သုံး၍ တိုက်ခိုက်ကြလေတော့သည်။

ရန်ကိုင်သည် နဂါးအသွင်ပြောင်းပညာရပ်ကို ချက်ချင်းထုတ်သုံးကာ ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကို နဂါးလက်သည်းထိပ်တွင် စုစည်း၍ အလင်းစက်ကွင်းတည့်တည့်သို့ ထိုးချလိုက်လေသည်။

ထိုသို့တိုက်ခိုက်သည့်တိုင် အလင်းစက်ကွင်းကို ချိုးဖြတ်ရန်အတွက် ငါးကြိမ်မျှ တိုက်ခိုက်ခဲ့ရလေ၏။ အလင်းစက်ကွင်း ပျက်စီးသွားသည့်နောက်တွင် ရန်ကိုင်သည် မီးနီရောင်ဓာတ်လုံးကို ယူကာ သူ့သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ပစ်ထည့်လိုက်လေသည်။

ထို့နောက် လှည့်ပတ်ကြည့်လိုက်ရာ လော့ယွမ်နှင့် ခုန်းချီမှာ အပြင်းအထန် တိုက်ခိုက်နေသေးကြောင်း တွေ့လိုက်ရသည်။ သူတို့၏ တိုက်ခိုက်မှုကြောင့် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို လွှမ်းခြုံထားသော အလင်းစက်ကွင်း၏ အရောင်အဝါမှာ တဖြည်းဖြည်း မှိန်ကျလာလေတော့သည်။

ပိရန်ယုချင်းနှင့် ကုန်းဝမ်ရှန်းတို့မှာတော့ မြူခိုးထုထဲတွင်သာ ရှိနေသေး၏။ သူတို့နှစ်ဦး ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကို မည်သူမျှ မမြင်နိုင်ကြပေ။

အဝေးဆုံးတွင် ရှိနေသော မုရုန်ရှောင်ရှောင်သည် သူမ၏ ကောင်းကင်ငှက်မွေးလက်စွပ်ကို စိုးရိမ်တကြီး သုံးရင်း နတ်ရေစင်အား ကာကွယ်ထားသော အလင်းစက်ကွင်းကို တိုက်ခိုက်နေခဲ့သည်။

သူမအနေဖြင့် အကောင်းဆုံးကြိုးစားနေသော်ငြား အလင်းစက်ကွင်းကို ဖျက်ဆီးလိုပါက အချိန်အနည်းငယ် ယူရပေလိမ့်မည်။

ရန်ကိုင်၏ ပုံရိပ်သည် ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး မုရုန်ရှောင်ရှောင်ဘေးတွင် ချက်ချင်းပြန်ပေါ်လာခဲ့သည်။

“ဂျူနီယာမောင်လေးရန်…” မုရုန်ရှောင်ရှောင်သည် ရန်ကိုင့်အား နားမလည်နိုင်သည့် အမူအယာဖြင့် ကြည့်လိုက်သည်။

ရန်ကိုင်သည် ဘာမှပြောမနေခဲ့ပဲ ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီကို သူ၏ နဂါးလက်သည်းထိပ်တွင် စုဝေး၍ မုရုန်ရှောင်ရှောင်မှ အလင်းစက်ကွင်းအား တိုက်ခိုက်လိုက်သည့် အချိန်နှင့် ကွက်တိဖြစ်အောင် သူ့လက်သီးကို ထိုးချလိုက်သည်။

ရန်ကိုင်နှင့် မုရုန်ရှောင်ရှောင်တို့၏ တိုက်ကွက်နှစ်ခုပေါင်းကြောင့် အကာအရံမှာ တမုဟုတ်ချည်း ပျက်စီးသွားလေတော့သည်။

အလင်းစက်ကွင်း ပျက်စီးသွားသည်နှင့် တပြိုင်နက် ရန်ကိုင်သည် နတ်ရေစင်ထည့်ထားသော ပုလင်းကိုယူ၍ မုရုန်ရှောင်ရှောင်ဆီသို့ ပစ်ပေးကာ အော်ပြောလိုက်လေသည်။

All Chapters