← Chapters

အခန်း (၂၁၇၁-၂၁၇၅)

Vol. 87 Ch. 2171-2175

အခန်း (၂၁၇၁-၂၁၇၅)

Vol. 87 Ch. 2171-2175

အပိုင်း (၂၁၇၁)

ရန်ကိုင်သည် မတင်းတိမ်တတ်သည့် လူစားမျိုး မဟုတ်ပေ။ သူ့အတွက် မှော်ရတနာတစ်ခုနှင့် မုရုန်ရှောင်ရှောင်အား နတ်ရေစင်ရအောင် ကူညီပေးပြီးသည့် နောက်တွင် ဤနေရာမှ ထွက်သွားသည်မှာ အကောင်းဆုံးဖြစ်မှန်း သိထားသည်။

ရန်ကိုင်၏ စကားကို ကြားသည့်အခါ မုရုန်ရှောင်ရှောင်သည် အနည်းငယ်မျှပင် ကန့်ကွက်မနေတော့ပဲ ကျောက်စိမ်းပုလင်းကို ဖမ်း၍ သူမ၏ ကောင်းကင်ငှက်မွေးလက်စွပ်ကို ပြန်သိမ်းကာ ရန်ကိုင်နှင့်အတူ အလင်းဂိတ်ပေါက်ဆီသို့ ပြေးထွက်သွားလေသည်။

သူတို့နှစ်ဦး ခန်းမထဲမှ ထွက်သွားပြီးရုံပင် ရှိသေး ခန်းမထဲ လော့ယွမ်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအော်သံနှင့်အတူ လော့ယွမ်ဆီမှ အရင်းအမြစ်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ခုန်းချီ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကာ အလန့်တကြား ထအော်လေသည်။

“မင်း…”

သူ့စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ခုန်းချီ သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး နောက်သို့ လွင့်ထွက်သွားခဲ့လေသည်။ လက်ရှိ သူ့အမူအယာမှာတော့ အလွန်ကိုမှ ထိတ်လန့်နေခဲ့လေသည်။

လော့ယွမ်၏ ခွန်အားသည် သူ့ထက် အများကြီး ပိုမိုမြင့်မား နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ နှစ်ဦးစလုံးသည် တာအိုသခင် တတိယအဆင့် ပညာရှင်များ ဖြစ်သည့်တိုင် အရင်းအမြစ်ချီချင်း အားပြိုင်ရာတွင် လော့ယွမ်သည် သူ့အား နောက်သို့ ဆုတ်သွားအောင် တွန်းအား‌ပေးနိုင်ခဲ့သည်။

ခုန်းချီသည် ခုနှစ်ရောင်စင် ကုန်သွယ်ရေး အဖွဲ့အစည်း၏ တက်သစ်စ ကြယ်ပွင့်တစ်ဦး ဖြစ်လေရာ လော့ယွမ်နှင့် နှိုင်းယှဉ်ပါက သူတို့ကြား ခွန်အားကွာခြားချက်မှာ မသေးငယ်သင့်သလို ခုန်းချီကပင် ပို၍ အားကောင်းသင့်ပေသည်။

“ဟမ့်… သွေးနားထင်ရောက်နေတဲ့ကောင်…” ခုန်းချီအား နောက်သို့ ဆုတ်သွားအောင် တွန်းအားပေးပြီးသည့်နောက်တွင် လော့ယွမ်သည် ခုန်းချီအား ဆက်၍ မတိုက်ခိုက်တော့ပဲ အလင်းစက်ကွင်းကိုသာ သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

အလင်းစက်ကွင်း ပျက်စီးသွားပြီးသည့်နောက် အထဲရှိ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို သိမ်းယူလိုက်လေ၏။ ထို့နောက်တွင် ဧကရာဇ်အရှိန်အဝါ ရှိနေသော မြူခိုးထုဆီသို့ လှမ်းကြည့်ကာ မာန်သွင်းအော်ဟစ်၍ ထိုမြူခိုးထုထဲသို့ ပြေးဝင်သွားလေသည်။

သို့သော်ငြား သူပြေးဝင်လိုက်သည့်အခါမှ မြူခိုးထုကြီးသည် ရုတ်တရက် အပြင်ဘက်သို့ ပေါက်ကွဲ ထွက်လာခဲ့လေ၏။

လော့ယွမ် ထိုနေရာသို့ ရောက်ရှိသွားချိန် ထူထဲလွန်းလှသော မြူခိုးထုကြီးမှာ ပုံရိပ်ယောင်တစ်ခုအလား ပျောက်ကွယ်သွားခဲ့လေသည်။

ပိရန်ယုချင်းတစ်ယောက်သည်သာ ထိုနေရာတွင် ငေးတိငေးကြောင် အမူအယာဖြင့် အံကိုကြိတ်၍ ရပ်နေခဲ့လေ၏။

ထိုစဉ် ပုံရိပ်တစ်ခုမှာတော့ အလင်းဂိတ်ပေါက်ဆီသို့ အလျင်အမြန် ပြေးထွက်သွားပြီး အားလုံး၏ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။

“ဧကရာဇ်အရှိန်အဝါရော…”

သူ့စိတ်ထဲ ခန့်မှန်းမိပြီး ဖြစ်သည့်တိုင် လော့ယွမ်သည် ပိရန်ယုချင်းအား မေးလိုက်လေ၏။

ပိရန်ယုချင်းသည် မကျေနပ်သည့် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ငါမသိဘူး… အဲ့မြူခိုးထဲမှာ ငါ တောက်လျှောက်ကို ပိတ်မိနေတာ… ငါ ဘာမှကို မတွေ့ရဘူး…”

“အသုံးမကျလိုက်တာ…” လော့ယွမ်သည် ဘာမှ ဆက်ပြောမနေတော့ပဲ အလင်းဂိတ်ပေါက်ဆီသို့သာ ပြေးထွက်သွားလေသည်။

အစောပိုင်းက ဂိတ်ပေါက်ဆီသို့ ပြေးထွက်သွားသည့်သူမှာ ဧကရာဇ်အရှိန်အဝါကို ယူသွားသည့် ကုန်းဝမ်ရှန်းသာ ဖြစ်ရပေမည်။

“ဒါဘယ်လိုလုပ်ပြီး ငါ့အပြစ်ဖြစ်ရတာလဲ…” ပိရန်ယုချင်းက မကျေမနပ်ဖြင့် ရေရွတ်လိုက်လေသည်။

မျက်တောင်တခတ်အတွင်း ခန်းမထဲ ဖြူဖတ်ဖြူလျော် ဖြစ်နေသည့် ခုန်းချီနှင့် မှုန်ကုပ်ကုပ်ဖြစ်နေသော ပိရန်ယုချင်းတို့သာ ကျန်ရစ်တော့လေသည်။

ပိရန်ယုချင်းသည် ခုန်းချီဘက်သို့ လှည့်၍ ပြုံးရင်း ပြောလိုက်လေသည်။ “မောင်လေး…”

ခုန်းချီသည် ပိရန်ယုချင်းအား စိုက်ကြည့်ရင်း မဲ့ပြုံး ပြုံးလျက် “ငါ့ကို အဲ့လိုမျိုး တရင်းတနှီးကြီး လာခေါ်မနေနဲ့… ငါ့မှာ ဘာမှ ရှိတာမဟုတ်ဘူး… ဒီတော့ ငါ့ကို စကားလာပြောနေလို့လည်း အပိုပဲ…”

ပိရန်ယုချင်းက ဒေါသတကြီးဖြင့် ချက်ချင်း ပြန်ပြောလေ၏။ “နင်တို့ အစုတ်ပလုတ်တွေ အကုန်လုံး ငါ့ကို အနိုင်ကျင့်ဖို့ပဲသိတယ်… မုန်းဖို့ ကောင်းလိုက်တာ…”

ဤနေရာတွင် ရှိနေသော ရတနာများအနက် တစ်ခုကို လန်ရွှင်းနှင့် ရှောင်ချန်းတို့မှ ယူသွားခဲ့သည်။ လက်ကျန်ရတနာများကို အချင်းချင်း ခွဲဝေယူကြရာ အခြားသူများက ရရှိသွားပြီး ခုန်းချီနှင့် ပိရန်ယုချင်းကတော့ ဘာဆိုဘာမျှ မရခဲ့ပေ။

ထို့ကြောင့် ပိရန်ယုချင်းမှာ အလွန်ကိုမှ ဒေါသထွက်နေတော့လေ၏။ ကျင့်ကြံခြင်းပိုင်းတွင် သူမသည် အနိမ့်ဆုံး မဟုတ်ချေ။ ခွန်အားပိုင်းအရ ဆိုလျှင်လည်း သူမကိုယ်သူမ အားအနည်းဆုံးဟု မထင်။ သို့သော်ငြား အဆုံးပိုင်းတွင်တော့ ဘာဆိုဘာမှကို မရရှိခဲ့ပေ။

ဤကဲ့သို့သော အဖိုးတန်ရတနာကြီးတစ်ခုအား တစ်ပါးသူ၏ လက်ထဲသို့ ထည့်ပေးလိုက်ရသည့် အဖြစ်ကို တွေးရင်း ပိရန်ယုချင်းမှာ အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေတော့လေသည်။

အချိန်ကျောင်းတော်၏ အပြင်ဘက်ရှိ တစ်နေရာတွင် ရန်ကိုင်နှင့် မုရုန်ရှောင်ရှောင်တို့သည် တစ်ပြိုင်တည်း ပေါ်လာကြလေသည်။

အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် သူ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ထားလိုက်၏။ ဘေးပတ်ဝန်းကျင်တွင် မည်သည့် အန္တရာယ်မှ မရှိမှန်း အတည်ပြုပြီးသည့် နောက်မှသာ စိတ်သက်သာရာ ရသွားခဲ့လေသည်။

ဤနေရာတွင် မည်သည့် လူသူအရိပ်ယောင်မျှ ရှိမနေခဲ့ပေ။ ကြည့်ရသလောက် အလင်းဂိတ်မှ ထွက်သွားသည့် လူတိုင်းသည် ကြုံရာနေရာသို့ ပို့ခံလိုက်ရသည့် ပုံပင်။ ခဏကြာအောင် စောင့်နေသည့်တိုင် အခြားမည်သူမျှ ရောက်မလာခဲ့ချေ။

ထို့နောက်တွင် ရန်ကိုင်သည် မုရုန်ရှောင်ရှောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ လက်ရှိတွင် မုရုန်ရှောင်ရှောင်မှာ ရန်ကိုင့်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်နေခဲ့လေသည်။

နောက်ဆုံးအခိုက်အတန့်တွင် ရန်ကိုင်သည် သူမအား နတ်ရေစင်ကို ရအောင် ကူညီပေးခဲ့ပြီး နတ်ရေစင်ကိုလည်း သူမလက်ထဲမှ လုမယူခဲ့ပေ။ ထိုအခိုက်အတန့်တွင် ရန်ကိုင်၏ ခွန်အားအရ သူမလက်ထဲမှ နတ်ရေစင်ကို အလွယ်တကူ လုယူလိုက်နိုင်ပေသည်။

မုရုန်ရှောင်ရှောင်မှာ ကျေးဇူးတင်သဖြင့် တစ်ခုခုပြောရန် ပြင်လိုက်စဉ် ရုတ်တရက် အပြောင်းအလဲကြီးတစ်ခု စတင်ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်ထက်ဆီမှ အလွန်တရာကိုမှ ကျယ်လောင်လှသော မိုးခြိမ်းသံကြီး အဆက်မပြတ် မြည်ဟီး ထွက်ပေါ်လာခဲ့လေသည်။

ထိုအသံများနှင့်အတူ ကောင်းကင်ထက်တွင် ဝဲနေသော အချိန်မြစ်ကျောင်းတော်ဟာလည်း မျက်စိကျိန်းမတတ် အလင်းတန်းများကို ထုတ်လွှတ်လာလေတော့၏။

ချက်ချင်းဆိုသလို အလွန်တရာကိုမှ အံ့ဩမင်သက်ဖွယ်ကောင်းသော ဖိအားတစ်ရပ်သည် အထက်အာကာယံမှ သက်ဆင်းလာကာ အဖက်ဖက်သို့ လျင်မြန်စွာ ပြန့်နှံ့လာခဲ့လေသည်။

“ဝုန်း…. ဝုန်း…. ဝုန်း….”

တဝုန်းဝုန်းမြည်သံများမှာ ပိုမို၍သာ ကျယ်လောင်လာလေတော့၏။

“ဂျူနီယာမောင်လေးရန်…” မုရုန်ရှောင်ရှောင်က အလေးအနက် အမူအယာဖြင့် ထအော်လေသည်။

ရန်ကိုင်သည် ပြန်မဖြေခဲ့ပဲ ပြောင်းလဲနေသည့် ပတ်ဝန်းကျင်ကိုသာ မျက်လုံးမှေးစင်း၍ စိုက်ကြည့်နေခဲ့သည်။ ခဏအကြာ၌ သက်ပြင်းချ၍ ရေရွတ်လိုက်လေသည်။

“ကြည့်ရတာ ကျောင်းတော်က နောက်တစ်ကြိမ် ပြန်ပျောက်ကွယ်တော့မယ်နဲ့ တူတယ်… ဒီလိုအခွင့်အရေးမျိုး နောက်တစ်ကြိမ် ဘယ်အချိန်မှ ထပ်ရမလဲ မသိတော့ဘူး…”

ပြောပြီးသွားပြီးရုံပင် ရှိသေး ကောင်းကင်ထက်ရှိ မျက်စိကျိန်းမတတ် အလင်းတန်းမှာ ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ကောင်းကင်ထက်၌ ရှိနေသော အချိန်မြစ်ကျောင်းတော်ဟာလည်း မည်သည့်အခါကမှ မတည်ရှိခဲ့သည့်အလား အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

သို့သော်ငြား ကျောင်းတော်ရှိနေခဲ့သည့် နေရာတွင်မူ အနက်ရောင်ပုံရိပ်တစ်ခု ပေါ်လာခဲ့လေသည်။

“အဲ့ဒါက…” ထိုအနက်ရောင်ပုံရိပ်ကို စိုက်ကြည့်ရင်း ရန်ကိုင်၏ မျက်ခမ်းများ တဆတ်ဆတ် လှုပ်ခါလာလေတော့၏။

ကောင်းကင်ထက်တွင် တစ်ကိုယ်လုံး မီးတောက်များနှင့် လွှမ်းခြုံနေပြီး ကျားလိုလို နွားသိုးလိုလို ဧရာမ အတောင်ပံများ ပိုင်ဆိုင်ထားသော သားရဲကြီးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။

ထိုသားရဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း အကြေးခွံများဖြင့် လွှမ်းခြုံထားသေး၏။ ထိုသားရဲ၏ နှာခေါင်းပေါက်ဆီမှ ဟင်းလင်းပြင်ကိုပင် လောင်ကျွမ်းသွားစေနိုင်လောက်အောင် အားကောင်းလှသော မီးတောက်များ မှုတ်ထုတ်နေခဲ့လေသည်။

“ချုန်းချီ…” ရန်ကိုင် အလန့်တကြား ထအော်လေသည်။

မုရုန်ရှောင်ရှောင်မှာလည်း သူမ၏ ပါးစပ်အား လက်ဖြင့် အလန့်တကြား အုပ်လိုက်ပြီး ကတုန်ကယင်ဖြင့် ချုန်းချီဟူသော သားရဲကြီးအား စိုက်ကြည့်နေလေ၏။

နေမင်းပြာကျောင်းတော်၏ လက်ရွေးစင်တပည့်တစ်ဦး ဖြစ်သည့်အလျောက် ချုန်းချီဟူသော သားရဲအကြောင်းကို သူမ ကြားဖူးပေသည်။

ချုန်းချီဟူသော အမည်ကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ စိတ်ထဲ တွေးမိမည်မှာ ခြောက်ခြားဖွယ်ကောင်းသော သတ်ဖြတ်ရမည်ကို အလွန်နှစ်ခြိုက်သော သားရဲကြီးတစ်ကောင်ပင် ဖြစ်ပေလိမ့်မည်။

ရှေးခေတ်အချိန်များတွင်ပင် ဤ ချုန်းချီဟုခေါ်သော နတ်သားရဲသည် နာမည်ဆိုးဖြင့် ကျော်ကြားသော သားရဲတစ်ကောင်ဖြစ်ပြီး ၎င်း၏ မီးတောက်များကြောင့် မရေမတွက်နိုင်သော သတ္တဝါများ သေဆုံးခဲ့ရသည်။ ပညာရှင် အနည်းငယ်သည်သာ ၎င်း၏ စွမ်းအားကို ခုခံနိုင်ပေသည်။

လက်ရှိတွင် ချုန်းချီမှာ လေထဲတွင် ငြိမ်သက်စွာ ရပ်နေသော်ငြား ၎င်းဆီမှ ဖြာထွက်နေသည့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါသည် မိုင်တစ်ရာအတွင်းတွင် ရှိနေသည့် မည်သည့်သက်ရှိကိုမဆို အသက်ကောင်းကောင်း‌ မရှူနိုင်အောင် လုပ်နေခဲ့သည်။

မိုင်တစ်ရာအတွင်းတွင် ရှိနေသော ကျင့်ကြံသူတိုင်းသည် ထိုချုန်းချီမှ ထုတ်လွှတ်နေသည့် ဖိအားကို ခံစားမိလိုက်သည့်နောက် သူတို့ကိုယ်ပေါ်သို့ တန်ချိန်ပေါင်း သောင်းနှင့်ချီ လေးလံသည့် တောင်တစ်လုံး ပြိုဆင်းကျလာသလို ခံစားလိုက်ရလေသည်။

ရုတ်တရက်ဆိုသလို ချုန်းချီသည် ကောင်းကင်ပေါ်သို့ အော်ဟစ်ဟိန်းဟောက် လိုက်လေသည်။ ၎င်း၏ လေသံထဲ ခံစားချက်မျိုးစုံတို့ ရောပြွမ်းနေခဲ့လေ၏။ ဝမ်းသာမှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ အလုံးစုံ ပါဝင်နေခဲ့လေသည်။

ထိုသို့ အော်ဟစ်ပြီးသည့်နောက်တွင် ၎င်း၏ မျက်လုံးများကို မှေးစင်း၍ ဘေးပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်လိုက်လေသည်။ ၎င်း၏ အကြည့်သည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည့်အလား။

ထို့နောက်တွင် ၎င်း၏ လက်သည်းကို ဆန့်ထုတ်၍ ဟင်းလင်းပြင်အား ဆုတ်ဖြဲကာ ထိုနေရာမှတစ်ဆင့် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

ဥတုလေးမျိုးနယ်မြေ အပြင်ဘက်ရှိ တောင်ကြားထဲတွင်…

ဤနေရာသည် ယခင်ကကဲ့သို့ မိုးမြေစွမ်းအင်များဖြင့် သိပ်သည်းမနေတော့။ ထိုအစား အလွန်ကိုမှ ခြောက်ကပ်နေခဲ့လေ၏။ ဤတောင်ကြားနှင့်ပတ်သက်၍ သိသာထင်ရှားသည့် အရာဆို၍ တောင်ကြားအလယ်တွင် ဝဲနေသော ဘဲဥပုံစံ အလင်းဂိတ်ပေါက်တစ်ခုသာ ရှိတော့လေသည်။

ယခင်က ဤနေရာတွင် စုဝေးနေကြသော ရာပေါင်းများစွာသော ကျင့်ကြံသူများမှာ ဥတုလေးမျိုးနယ်မြေထဲသို့ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ဝင်ရောက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် လက်ရှိအချိန်တွင် ထိုတပည့်များကို စောင့်ကြပ်ပေးရန် လိုက်လာကြသော ဧကရာဇ်အဆင့် ပညာရှင်အချို့သည်သာ ကျန်ရစ်တော့လေသည်။

လက်ရှိခေါင်းဆောင်များမှာ ကြယ်ဝိဉာဉ်နန်းတော်၏ ငွေကြယ်သံတမန် ရှောင်ယုယန်၊ နေမင်းပြာကျောင်းတော်၏ ကောင်းရွှယ်ထင်း၊ ကောင်းကင်တိုက်ပွဲဒိုဂျို၏ ချန်ဝမ်ဟောင်၊ ရှေးဟောင်းကျောင်းတော်၏ ဖုန်းမင်၊ ခုနှစ်ရောင်စင်ကုန်သွယ်ရေး အဖွဲ့အစည်းမှ ချန်းယွမ်၊ ခရမ်းကြယ်စင်ကုန်သွယ်ရေး အဖွဲ့အစည်းမှ လို့ချီ

ထိုပညာရှင်အားလုံးသည် သူတို့၏ လက်ရွေးစင်တပည့်များ ပြန်ရောက်လာမည့် အချိန်ကို စောင့်စားရင်း ဤနေရာ၌ မလိုလားအပ်သော မတော်တဆ အဖြစ်အပျက်များ မဖြစ်လာလေရအောင် စောင့်နေကြခြင်း ဖြစ်ပေသည်။

လက်ရှိတွင် ထိုပညာရှင်အားလုံးသည် နေရာအသီးသီးရှာကာ တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေကြသည်။

ရုတ်တရက် ရှောင်ယုယန်သည် တစ်စုံတစ်ခုအား အာရုံခံမိလိုက်သည့်အလား မျက်လုံးပွင့်လာခဲ့သည်။ သို့သော်ငြား ထိုခံစားချက်မှာ မကြာမီတွင် ထိတ်လန့်တုန်လှုပ်မှု၊ ခြောက်ခြားမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ချက်ချင်းဆိုသလို ဤနေရာတွင် ရှိနေကြသော ဧကရာဇ်အဆင့် ပညာရှင်အားလုံး ရုတ်ချည်း ထရပ်လာကြပြီး တစ်ခုသောဘက်ဆီသို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြလေသည်။

ထိုနေရာဆီမှ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး ထိုအထဲဆီမှ ကြောက်မက်ဖွယ်ရာ သက်ရှိတစ်ကောင် ထွက်လာခဲ့လေ၏။

မီးတောက်များဖြင့် လောင်ကျွမ်းနေသော သားရဲကြီးတစ်ကောင်သည် ဟင်းလင်းပြင်မှတစ်ဆင့် အကုန်လုံးရှေ့ ထွက်ပေါ်လာခဲ့လေသည်။

“ဟား ဟား ဟား… နောက်ဆုံးတော့ ငါ လွတ်လပ်ပြီကွ…” သားရဲကြီးသည် အပြင်သို့ ရောက်သည်နှင့် အားပါးတရ အော်ရယ်မောကာ ဟိန်းဟောက်တော့လေ၏။

သူ့ကြည့်ရသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် အကျဉ်းချထားခံရသည့် အကျဉ်းသားတစ်ယောက် အကျဉ်းခန်းထဲမှ ပြန်လွတ်လာသည့် ပုံစံမျိုးပင်။

“နတ်သားရဲ ချုန်းချီ…” ထူးဆန်းသည့် သားရဲကြီးအား ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ရှောင်ယုယန်က ရေရွတ်လိုက်လေသည်။

အခြားသော ဧကရာဇ်အဆင့် ပညာရှင်များမှာလည်း ထိတ်လန့်တုန်လှုပ် သွားခဲ့ကြပြီး ရှောင်ယုယန်ဘေးသို့ ချက်ချင်း ပျံသန်းသွားကြလေ၏။

ဤနေရာတွင် ရှိနေသည့် ဧကရာဇ်အဆင့် ပညာရှင်အားလုံးသည် ချုန်းချီ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ကောင်းကောင်း သိထားကြသည်။

သို့သော်ငြား ဤလူသူ အရောက်အပေါက် မရှိသည့် တောင်ကြားထဲတွင် ချုန်းချီကဲ့သို့သော အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်လွန်းလှသည့် နတ်သားရဲတစ်ကောင် ရုတ်တရက်ကြီး ပေါ်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။

ခုန်းချီဟူသော သားရဲကြီးကို မြင်ပြီးသည့်နောက် ခုနှစ်ရောင်စင် ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဒုခေါင်းဆောင်ဖြစ်သည့် ချန်းယွမ်ဆိုလျှင် ကြောက်ရွံ့မှုကြောင့် ခြေထောက်များပင် တုန်လာခဲ့လေသည်။

“အိုး…” ချုန်းချီသည် အောက်ဘက်ရှိ လူအုပ်ကြီးအား ဝေ့ကြည့်လျက် ပြောလိုက်လေ၏။ “ငါ ပြန်လွတ်လာတာနဲ့ စားကောင်းသောက်ဖွယ်တွေက ငါ့ကို ကြိုဆိုနေတာပါလား…” ထိုသို့ပြောနေရင်းမှ သူ့ပါးစပ်ဆီမှ သရေများ ကျလာခဲ့လေသည်။

“ဂလု…” ဧကရာဇ်အဆင့် ပညာရှင်များဆီမှ တံတွေးမျိုချသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

ချုန်းချီ၏ စကားကြောင့် အကုန်လုံး ကြောက်လန့်ကုန်ကြလေသည်။ ချုန်းချီပြောသည်မှာ ကြွားပြောနေခြင်း မဟုတ်မှန်း သူတို့အကုန်လုံး သိကြသည်။

ရင့်ကျက်အရွယ်ရောက်ပြီးသော နတ်သားရဲတိုင်းသည် မဟာဧကရာဇ်တစ်ပါးကဲ့သို့ အားကောင်းကြပေသည်။

ချုန်းချီသည်သာ ဤနေရာတွင် ရှိနေသာ ဧကရာဇ်အဆင့် ပညာရှင်များကို အစားအသောက်သဖွယ် သဘောထားမည်ဆိုပါက ဧကရာဇ်အဆင့်ပညာရှင် တော်တော်များများ သူ့လက်မှ လွတ်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုအချိန်တွင် ရှောင်ယုယန်သည် ပထမဦးဆုံး အသိပြန်ဝင်လာပြီး လက်သီးကိုဆုပ်၍ အော်ပြောလိုက်လေသည်။ “ကြယ်ဝိဉာဉ်နန်းတော်က ငွေကြယ်သံတမန်ရှောင်ယုယန်က ဆရာချုန်းချီကို နှုတ်ဆက်ပါတယ်… ဆရာချုန်းချီ…”

“ကြယ်ဝိဉာဉ်နန်းတော်…” ထိုစကားကို ကြားသည့်အခါ ချုန်းချီက အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “တစ်ခါမှ မကြားဖူးဘူး…”

ချုန်းချီသည် တောင်ဘက်နယ်မြေ၏ အရှင်သခင်ကိုပင် မသိချေ။ အခြေအနေမကောင်းတော့မှန်း နားလည်လိုက်ပြီးနောက်တွင် ရှောင်ယုယန် ထိတ်လန့်တုန်လှုပ်လာလေတော့၏။

ဤချုန်းချီသည် နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် အိပ်စက်နေသည့် နတ်သားရဲတစ်ကောင် ဖြစ်လောက်ပေသည်။ ထို့ကြောင့်ပင်လျှင် ကြယ်ဝိဉာဉ်နန်းတော်ကို မကြားဖူးခြင်း ဖြစ်ရပေမည်။

ဆိုလိုသည်မှာ သူ့အနေဖြင့် လမင်းမဟာဧကရာဇ်၏ နာမည်ကို သုံး၍ တစ်ဖက်လူအား ခြိမ်းခြောက်မည့် အကြံမှာ အလုပ်မဖြစ်တော့သည့် ပုံပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၇၂)

“ငါစားတာ ခံရတာကို မင်းတို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူသင့်တယ်… ကဲ… အခု ဘယ်သူအရင်ဆုံး အစားခံမလဲ…” ချုန်းချီသည် အောက်ဘက်ရှိ လူအုပ်ကြီးကို ငုံ့ကြည့်ရင်း မေးလိုက်လေသည်။

မည်သူမျှ ပြန်မဖြေရဲခဲ့ကြ။ အကုန်လုံးမှာ ကြောက်လန့်မှုကြောင့် တုန်ရီနေခဲ့ကြသည်။ မျက်နှာများ ဆိုလျှင်လည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေကြကုန်၏။ အကုန်လုံး၏ စိတ်ထဲ ကြောက်ရွံ့မှုတို့သည်သာ ကြီးစိုးနေခဲ့ကြတော့သည်။

“ဘယ်သူမှ ထွက်မလာကြဘူးလား…” ချုန်းချီက လှောင်ပြုံးပြုံးလျက် “အဲ့လိုဆိုမှတော့လည်း ငါကိုယ်တိုင်ပဲ ရွေးရတော့မှာပေါ့… မင်းတို့ဘာသာ ထွက်လာလာ ငါကိုယ်တိုင်ရွေးရွေး ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး… အကုန်လုံး အစားခံရမှာ… အရင်ဆုံးအစားခံရတာနဲ့ နောက်ဆုံးအစားခံရတာပဲ ကွာသွားမှာ… ကြောက်မနေကြနဲ့…”

“စီနီယာရှောင်…” ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဒုခေါင်းဆောင်ဖြစ်သော လို့ချီသည် ရှောင်ယုယန်အား အားကိုးတကြီးဖြင့် လှမ်း၍ ခေါ်လိုက်လေသည်။

ရှောင်ယုယန်၏ မျက်နှာကြီး သုန်မှုန်နေခဲ့သည်။ ယခုအချိန်မှ မလှုပ်ရှားလျှင် လုံးဝကို နောက်ကျသွားတော့မည်မှန်း နားလည်လိုက်လေသည်။

ထို့အတွက်ကြောင့် မှန်ငယ်လေးတစ်ချပ်ကို ထုတ်ယူလိုက်ကာ ထိုမှန်ကို ဖျက်ဆီးပစ်ချလိုက်၏။ မှန်ငယ်လေး ပျက်ဆီးသွားပြီးသည့်နောက်တွင် မှန်ချပ်များအဖြစ်သို့ ပြောင်းလဲသွားခြင်း မရှိပဲ အလင်းစက်လေးများ အဖြစ်သို့ ပေါက်ကွဲ ထွက်သွားခဲ့လေသည်။

ထိုအလင်းစက်များ လေထဲ လွင့်ပျံသွားပြီးသည့်နောက်တွင် တည်ကြည်သိမ်မွေ့သည့် အရှိန်အဝါတစ်ရပ် ကောင်းကင်ပေါ်မှ သက်ဆင်းလာခဲ့လေသည်။

တစ်ချိန်တည်းတွင် ပုံရိပ်တစ်ခုဟာလည်း ကောင်းကင်ထက် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာခဲ့လေ၏။ ထိုပုံရိပ်ကို မြင်လိုက်သည့်အခိုက် အကုန်လုံး၏ စိတ်ထဲ လေးစားအားကျမှု၊ အားကိုးလိုမှုတို့ဖြင့် ပြည့်နှက်သွားခဲ့လေ၏။

ထိုလူသည် ရွှေနှင့်ကျောက်စိမ်း ရောယှက်ထားသော သရဖူးတစ်ခုကို ဆင်မြန်းထားပြီး နက်နဲဆန်းကြယ်သည့် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်နေခဲ့လေသည်။

သို့သော်ငြား ထိုလူမှာ အစစ်အမှန်လူတစ်ဦး မဟုတ်ပဲ ပုံရိပ်တစ်ခုသက်သက်သာ ဖြစ်လေ၏။ သို့တိုင် ထိုပုံရိပ်သည် ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး မြင်နိုင်စွမ်း ရှိသည့်အလား ချုန်းချီအား စိုက်ကြည့်လိုက်လေသည်။

ချုန်းချီကဲ့သို့သော အားကောင်းလှသည့် သားရဲတစ်ကောင်ပင်လျှင် အနည်းငယ် လေးနက်တည်ကြည်သွားခဲ့ပြီး အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မဟာဧကရာဇ်တစ်ပါးရဲ့ ဝိဉာဉ်ပုံရိပ်လား…”

ထိုပုံရိပ်ဆီမှ မဟာဧကရာဇ်တစ်ဦးသည်သာ ပိုင်ဆိုင်နိုင်သော အရှိန်အဝါတစ်ရပ်ကို ချုန်းချီ ခံစားနေရသည်။ ထို့ကြောင် သူ့ရှေ့တွင် ရပ်နေသည့် လူသည် မဟာဧကရာဇ်တစ်ပါးမှန်း ချက်ချင်း နားလည်လိုက်လေသည်။

ဤပုံရိပ်မှာ အခြားမဟုတ်။ တောင်ဘက်နယ်မြေ၏ အရှင်သခင်ဖြစ်သော လမင်းမဟာဧကရာဇ်သာ ဖြစ်လေသည်။

လက်ရှိတွင် မဟာဧကရာဇ်သည် ချုန်းချီကို စိုက်ကြည့်နေပြီး ချုန်းချီသည်လည်း မဟာဧကရာဇ်ကို သေချာပြန်လည် စိုက်ကြည့်နေခဲ့သည်။

“ချုန်းချီက ဒီလောကကြီးထဲမှာ ရှိနေသေးဦးမယ်လို့ ဒီဘုရင်မသိခဲ့ဘူး…” လမင်းမဟာဧကရာဇ်က ရုတ်တရက် ပြောလိုက်လေသည်။

“ဟမ့်…” ချုန်းချီက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “ငါ ဒီလောကကြီးမှာ လျှောက်ပတ်သွားတုန်းက မင်းတို့ မွေးတောင်မမွေးသေးဘူး… ဘယ်လိုလုပ်ပြီး ငါ့ရှေ့မှာ လာပြီး ကြွားဝါနေရဲတာလဲ…”

ချုန်းချီသည် မျက်လုံးမှေးစင်းလျက် အထင်အမြင်တသေးဖြင့် “ဘာလဲ… မင်းရဲ့ ဒီဝိဉာဉ်ပုံရိပ်လေးနဲ့ ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား…”

လူတစ်ဦးနှင့် သားရဲတစ်ကောင်သည် တစ်ဦးကိုတစ်ဦး အလျှော့မပေးဘဲ အချင်းချင်း ထိပ်တိုက်တွေ့နေခဲ့ကြရာ သူတို့နှစ်ဦးကြောင့် အနီးအနား ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာခဲ့လေသည်။

နှစ်ဦးစလုံးမှာ မည်သည့်တိုက်ကွက်ကိုမျှ မထုတ်သုံးသေးသော်ငြား သူတို့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါနှင့် ဖိအား သက်သက်ဖြင့်ပင်လျှင် ဟင်းလင်းပြင်မှာ စတင်၍ တွန့်လိမ်လာလေတော့သည်။

အက်ကွဲကြောင်းငယ်လေးများမှာ စတင် ထွက်ပေါ်နေခဲ့လေရာ လူသူအရောက်အပေါက် မရှိသော တောင်ကြားလေးသည် ပျက်စီးခါနီး ဖြစ်လာခဲ့ရတော့လေသည်။

ရှောင်ယုယန်နှင့် အခြားသူများမှာတော့ စကားတစ်ခွန်းပင် မပြောရဲကြပဲ ကြောက်မက်ဖွယ်ရာ တည်ရှိမှုနှစ်ခုဆီမှ ဖြာထွက်နေသည့် ဖိအားကို ခုခံရန်အတွက် သူတို့၏ အရင်းအမြစ်ချီကို တိတ်တဆိတ် လှည့်ပတ်ထားကြရသည်။

“လူကြီးမင်းချုန်းချီက နောက်နေတာပဲ…”

အဆင့်တူကျင့်ကြံသူခြင်း ဖြစ်သည်မို့ လမင်းမဟာဧကရာဇ်သည် ချုန်းချီ၏ မောက်မာဝံ့ကြွားသော သဘောထားကို စိတ်ထဲထားမနေပဲ အသာအယာပြုံး၍သာ ပြန်ပြောလိုက်လေသည်။

“ဒီလမင်းက ရောင်းရင်းချုန်းချီ နောက်ဆုံးမှာ ပြန်လည်လွတ်မြောက် လာတာအတွက် ဂုဏ်ပြုပေးချင်ရုံသက်သက်ပါ…”

ချုန်းချီ၏ မျက်လုံးမှေးစင်းသွားပြီး အော်ပြောလိုက်လေသည်။ “မင်း ဘယ်လိုသိတာလဲ…”

လမင်းမဟာဧကရာဇ်က ပြန်၍ပြောလိုက်လေ၏။ “ကျုပ် ငယ်ငယ်တုန်းက အချိန်မြစ်မဟာဧကရာဇ်ဆီမှာ ချုန်းချီလို့ခေါ်တဲ့ ဆော့ဖော်ဆော့ဖက် နတ်သားရဲတစ်ကောင် ရှိခဲ့တယ်လို့ ကြားခဲ့ဖူးတယ်…”

“ဒါပေမဲ့ အချိန်မြစ်မဟာဧကရာဇ် ပျောက်ကွယ်သွားတဲ့နောက်ပိုင်း သူ့ရဲ့ကစားဖော်ကစားဖက်လည်း ပျောက်ကွယ်သွားတာ… အခု သူတို့ မရှိတော့တာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ… ဒါပေမဲ့ အဲ့အချိန်တွေကို လူကြီးမင်းချုန်းချီ ပြန်မှတ်မိသေးလားမသိဘူး…”

“အချိန်မြစ်မဟာဧကရာဇ်…” ချုန်းချီသည် အတိတ်၏ ဖြစ်ရပ်များကို ပြန်လည်လွမ်းဆွတ်တမ်းတ သတိရသွားသည့်အလား သူ့ဆီမှ ဖြာထွက်နေသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

လမင်းမဟာဧကရာဇ်သည် သွားရောက် မနှောင့်ယှက်ပဲ ထိုနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေပြီး ရှောင်ယုယန်နှင့် အခြားသူများမှာတော့ တစ်ချက်ကလေးမျှပင် မလှုပ်ရဲခဲ့ကြပေ။

အချိန်အတော်ကြာသွားပြီးသည့် နောက်တွင် လမင်းမဟာဧကရာဇ်က ဆက်၍ပြောလိုက်လေ၏။ “လူကြီးမင်းချုန်းချီ ကျုပ်ရဲ့ ကြယ်ဝိဉာဉ်နန်းတော်ကို ဧည့်သည်တစ်ဦးအဖြစ် လာချင်မလားတော့ မသိဘူး… ဒီဘုရင်မှာ လူကြီးမင်းချုန်းချီကို ပေးစရာတစ်ခု ရှိတယ်… အချိန်မြစ်မဟာဧကရာဇ် အရင်တုန်းက ပိုင်ဆိုင်ခဲ့တဲ့ အရာတစ်ခုပေါ့”

“ဟမ့်… ငါ့ကို လာပြီး လာဘ်ထိုးနေလို့ ဘာမှအသုံးမဝင်ဘူး…” ချုန်းချီက ခေါင်းခါ၍ နှာခေါင်းရှုံ့လျက် “ငါ ဗိုက်ဆာနေပြီ…”

လမင်းမဟာဧကရာဇ်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် လူကြီးမင်းချုန်းချီ စားဖို့ စားသောက်ပွဲတစ်ပွဲ ပြင်ပေးမယ်လေ…”

“ကောင်းပြီလေ…” ချုန်းချီက အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောလိုက်သည်။ “မင်းက ငါ့ကို အခုလိုမျိုး တလေးတစားနဲ့ ဖိတ်ခေါ်နေတယ် ဆိုမှတော့လည်း ငါက မင်းကို မျက်နှာသာ ပေးပြီး လက်ခံပေးရတာပေါ့…”

“ဒီလမင်း လူကြီးမင်းချုန်းချီ ရောက်လာမှာကို စောင့်နေပါမယ်… ဒါက ကျုပ်ရဲ့ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ တည်နေရာပါ…” ပြောပြီးသည့်နောက်တွင် လမင်းမဟာဧကရာဇ်သည် သူ့လက်တစ်ချောင်းိကု ဆန့်ထုတ်၍ ချုန်းချီဆီသို့ အလင်းဘောလုံးလေးတစ်လုံးကို ပစ်လွှတ်လိုက်လေသည်။

ချုန်းချီသည် ခဏမျှ ရပ်စဉ်းစားနေပြီးသည့် နောက်တွင် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် မိုးကုတ်စက်ဝိုင်းအောက်သို့ တိုးဝင်ပျောက်ကွယ် သွားတော့လေ၏။

ချုန်းချီ ထွက်သွားပြီးသည့် အခါမှသာ ရှောင်ယုယန်နှင့် အခြားသူများ အသက်ကောင်းကောင်း ရှူနိုင်ကြတော့လေသည်။ သို့သော်ငြား ယခုချိန်ထိ သူတို့စိတ်ထဲ ကြောက်စိတ်မပြေသေးချေ။

လမင်းမဟာဧကရာဇ်၏ ပုံရိပ်သည် သူတို့အား တစ်ချက်မျှ စိုက်ကြည့်သွားခဲ့ပြီးနောက် ဘာမှ ဆက်မပြောတော့ပဲ ပျောက်ကွယ်သွားတော့လေ၏။

“ကျေးဇူးအများကြီးတင်ပါတယ် ဆရာ…” ဧကရာဇ်အဆင့် ပညာရှင်အားလုံး ဦးညွှတ်လိုက်ကြလေသည်။

ခဏကြာပြီးသည့်နောက်တွင် ဧကရာဇ်ခြောက်ပါးစလုံး ဖြည်းဖြည်းချင်း ခါးပြန်မတ်လိုက်ကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ခြောက်ဦးစလုံး၏ အကြည့်ထဲ ကြောက်စိတ်တို့ကို အထင်းသား မြင်နေရလေသည်။ သူတို့တစ်ဦးချင်းစီမှာ အားကောင်းလှသည့် ပညာရှင်များ ဖြစ်ကြသော်ငြား ချုန်းချီနှင့် အတွေ့တွင်တော့ စားသောက်ဖွယ်ရာတစ်ခုနှယ် ဖြစ်သွားခဲ့ကြရသည်။

“အခုလိုမျိုး အချိန်မှီ အကြောင်းကြားလိုက်နိုင်တဲ့အတွက် စီနီယာရှောင်ကို ကျေးဇူးအများကြီး တင်ပါတယ်… မဟုတ်ရင်တော့…” ချန်းယွမ်သည် အကြောက်မပြေသေးသည့် အမူအယာဖြင့် ပြောလိုက်လေသည်။

“ဟုတ်တယ်… စီနီယာရှောင် လက်မြန်သွားလို့ပေါ့… ငါတို့အားလုံး ဒီနေရာမှာ မြေမြှုပ်ခံနေရလောက်ပြီ” လို့ချီကလည်း ခေါင်းညိတ်ကာ ပြောလိုက်လေ၏။

ရှောင်ယုယန်က မျက်နှာကြီးမဲ့လျက် မဲ့ပြုံးပြုံးရင်း ပြန်ပြောလိုက်လေသည်။ “ငါ မင်းတို့ကို ကယ်လိုက်တာ မဟုတ်ဘူး… မဟာဧကရာဇ် ကယ်သွားတာ… ဒါပေမဲ့ ချုန်းချီ ဒီမှာ ရုတ်တရက်ကြီး ပေါ်လာတာကို ကြည့်လို့ရှိရင် တောင်ဘက်နယ်မြေကတော့ ငြိမ်းချမ်းတော့မယ်လို့တော့ မထင်တော့ဘူး…”

ထိုစကားကို ကြားသည့်အခါ အကုန်လုံး ထိတ်လန့်သွားကုန်ကြလေ၏။

ချုန်းချီသည် အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်ကာ အတိတ်နိမိတ်မကောင်းသည့် သားရဲတစ်ကောင်ဖြစ်သည်။ ထိုအကောင်သည် အသက်ရှိနေသော ကပ်ဘေးတစ်ခု ဖြစ်ပေသည်။

၎င်း၏ တည်ရှိမှု သက်သက်ကပင်လျှင် အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်သည့် အဖြစ်အပျက်များ မခန့်မှန်းနိုင်သော ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်သည်။

ထို့အတွက်ကြောင့် ဤနေရာမှ ပြန်သည်နှင့် တစ်ပြိုင်နက် ဤအကြောင်းကို သူတို့၏ ဂိုဏ်းများဆီသို့ သေချာ ပြန်သတိပေးရမည်ဟု ဧကရာဇ်အဆင့် ပညာရှင်အားလုံး တွေးလိုက်ကြလေသည်။

ဥတုလေးမျိုးနယ်မြေထဲ၌…

ရန်ကိုင်သည် ဥတုနှစ်မျိုးတောင်တန်းကို ဖြတ်ကျော်၍ ဆောင်းနယ်မြေဆီသို့ တစ်ကိုယ်တည်း ပျံသန်းနေခဲ့လေသည်။

သူနှင့် မုရုန်ရှောင်ရှောင်တို့ ဥတုနှစ်မျိုးတောင်တန်းထဲတွင် ရပ်စောင့်နေစဉ် အတောအတွင်း မုရုန်ရှောင်ရှောင်သည် ဆက်သွယ်ရေးမှော်ရတနာမှတစ်ဆင့် ရှောင်ပိုင်ယီကို ဆက်သွယ်ခဲ့လေသည်။

အချင်းချင်း ပြန်တွေ့ကြသည့်နောက် ရှောင်ပိုင်ယီသည် ရန်ကိုင့်အပေါ် သိပ်၍ အမြင်မကြည်ခဲ့ပေ။

စင်မြင့်ပေါ်တွင် ရန်ကိုင်သည် ရှောင်ပိုင်ယီအား မှန်မှန်ကန်ကန်ပင် အနိုင်ယူခဲ့သော်ငြား ရန်ကိုင့်ကြောင့်ပင်လျှင် ရှောင်ပိုင်ယီ အခွင့်အရေးတစ်ခု လွဲချော်သွားခဲ့ရသည်မှာတော့ အမှန်တရားပင် ဖြစ်လေသည်။

သူ့ကြောင့်သာ မဟုတ်လျှင် ရှောင်ပိုင်ယီအနေဖြင့် စင်မြင့်ပေါ်ရှိ ရတနာများထဲမှ တစ်ခုလောက်ကို ရကောင်း ရနိုင်လောက်၏။

ရှောင်ပိုင်ယီ သူ့အား မကျေမနပ် ဖြစ်နေမှန်း သိသည့်အတွက်ကြောင့် ရန်ကိုင်သည် ထိုနေရာတွင် ကြာကြာ နေမနေခဲ့ပဲ နှုတ်ဆက်စကား ပြောခဲ့ပြီးနောက် ဆောင်းနယ်မြေသို့ တစ်ကိုယ်တည်း ထွက်ခွာလာခဲ့လေသည်။

လမ်းတစ်ဝက်သို့ အရောက်တွင် ရန်ကိုင်သည် စင်မြင့်ပေါ်မှ ရလာသည့် မီးနီရောင်ဓာတ်လုံးကို ထုတ်ယူစစ်ဆေးကြည့်လေသည်။

သူ့ကောင်းကင်စိတ်အာရုံကို ဖြစ်စေ၊ အရင်းအမြစ်ချီကို ဖြစ်စေ ဓာတ်လုံးထဲသို့ ထည့်သွင်းကြည့်သော်ငြား မည်သို့မျှ မတုံ့ပြန်ခဲ့။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း ကူကယ်ရာမဲ့စွာဖြင့် ထိုဓာတ်လုံးကို သိုလှောင်လက်စွပ်ထဲသို့သာ ယာယီ ပြန်ထည့်သိမ်းထားလိုက်ရသည်။

လက်ရှိတွင် ဥတုနှစ်မျိုးတောင်တန်းသည် အလွန်တရာကိုမှ တည်ငြိမ်အေးချမ်းနေခဲ့လေသည်။

အချိန်မြစ်ကျောင်းတော် ပေါ်လာသည့် အတွက်ကြောင့်လားမသိ ချုန်းချီပေါ်လာသည့် အတွက်ကြောင့်လား မသိလေရာ လမ်းတစ်လျှောက်တွင် မည်သည့်သားရဲနှင့်မျှ ရန်ကိုင် မကြုံတွေ့ခဲ့ရပေ။

နှစ်ရက်ကြာပြီးသည့်နောက်တွင် ဥတုနှစ်မျိုးတောင်တန်းအား အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခဲ့လေသည်။

သူ့အား စောင့်ကြိုနေသည်မှာတော့ လုံးဝကို တမူကွဲပြားသည့် ကမ္ဘာလောကကြီး တစ်ခုပင် ဖြစ်လေသည်။

သူ့မျက်စိတဆုံး ငွေရောင်နှင့် အဖြူရောင်တို့ ရောယှက်နေသော မြင်ကွင်းများကသာ ဖုံးလွှမ်းနေခဲ့သည်။ နှင်းများလည်း ထူထပ်စွာ ကျဆင်းနေပြီး မြေပြင်တစ်ခုလုံးဟာလည်း ရေခဲများဖြင့် ဖုံးလွှမ်းနေခဲ့လေသည်။

ထိုနေရာပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အရိုးခိုက်မတတ် အေးစက်လှသော အအေးဓာတ်တို့သည် အသွေးအသားထဲသို့ ထိုးဖောက်စိမ့်ဝင် ပြန့်နှံ့လာလေတော့၏။

ရန်ကိုင်မှာ အားတင်းရင်း အဖြူရောင်သန်းနေသည့် ကမ္ဘာလောကကြီးထဲ သူ့ခရီးကို ရှေ့ဆက်ရတော့လေသည်။

ဥတုလေးမျိုးနယ်မြေထဲရှိ တည်နေရာတစ်ခုချင်းစီ၏ သဘာဝပတ်ဝန်းကျင်မှာ လုံးဝကို ကွဲပြားကြသည်။

ဂိမာန်နယ်မြေတွင် နေသည် ခြစ်ခြစ်တောက် ပူလောင်နေပြီး အပူချိန်မှာ အလွန်တရာကိုမှ မြင့်မားလှသော်ငြား ဆောင်းနယ်မြေမှာတော့ ဆန့်ကျင်ဘက်ပင် ဖြစ်လေသည်။

ကပ်ဘေးအသီးမှာ အလွန့်အလွန်ကိုမှ အေးစက်သည့် ပတ်ဝန်းကျင်များတွင်သာ ပေါက်ရောက်သည့် အတွက်ကြောင့် ဆောင်းနယ်မြေသည် ထိုကဲ့သို့သော အသီးမျိုးသီးရန် အကောင်းမွန်ဆုံးသော နေရာတစ်ခု ဖြစ်ပေသည်။

ရန်ကိုင့်စိတ်ထဲ မျှော်လင့်ချက်တို့ ဖြစ်လာမိသလို ဤနေရာကြီးထဲတွင် ခရီးဆက်ရန် မည်မျှ ခက်ခဲကြောင်းလည်း နားလည်သဘောပေါက်သွားခဲ့သည်။

ဆောင်းနယ်မြေထဲ ခရီးဆက်ရင်း ရန်ကိုင်သည် အေးခဲနေသော တောင်တန်းများ မြစ်ချောင်းများကို ဖြတ်ကျော်လာခဲ့သည်။

လမ်းတစ်လျှောက် အကျိုးအမြတ်အချို့ အနည်းငယ် ရရှိခဲ့သော်ငြား ကပ်ဘေးအသီး၏ အရိပ်အယောင်ကိုတော့ လုံးဝကို မတွေ့ခဲ့ရပေ။

အလွန်အေးစက်သော ပတ်ဝန်းကျင်ကြောင့် သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီ စီးဆင်းနှုန်းမှာ ပုံမှန်ထက် နှစ်ဆယ်ရာခိုင်နှုန်းခန့် ပိုမို နှေးကွေးနေခဲ့လေသည်။

ရွေးစရာ မရှိတော့သည့်အဆုံး ရန်ကိုင့်အနေဖြင့် လျို့ယန်ကို ခေါ်၍ အတူတူ လမ်းလျှောက်ရတော့သည်။ လျို့ယန်မှာ မီးဓာတ်မှော်ရတနာစိတ်ဝိဉာဉ်တစ်ခု ဖြစ်ပြီး အမျိုးမျိုးသော မီးတောက်များကို ဝါးမျိုထားခဲ့သူလည်း ဖြစ်သည်။ ထို့အတွက်ကြောင့် ဤမျှလောက်သော အအေးဓာတ်ကို မမှုချေ။

သူမမှ ရန်ကိုင်နှင့်အတူ လမ်းလျှောက်နေသည့်အခါ ရန်ကိုင်သည်လည်း ယခင်ကလောက် အေးစက်သလို မခံစားရတော့ချေ။

အခြားနေရာများနှင့် မတူသည်မှာ ဆောင်းနယ်မြေသို့ ကျင့်ကြံသူများ အလွန်ကိုမှ လာရောက်ခဲလှပေသည်။ အခန့်မသင့်၍ ကျင့်ကြံသူတစ်ဦးသည် ဥတုလေးမျိုးနယ်မြေထဲသို့ ရောက်ရောက်ခြင်း ဆောင်းနယ်မြေထဲသို့ အပို့ခံလိုက်ရလျှင်ပင် ထိုကျင့်ကြံသူ၏ ပထမဦးဆုံးအတွေးမှာ ဤနေရာမှ မြန်မြန် ထွက်သွားနိုင်ရန်သာ ဖြစ်လေသည်။

ရန်ကိုင်ကဲ့သို့သော ရည်ရွယ်ချက်တစ်ခုသာ မရှိသရွေ့ မည်သူမျှ ဆောင်းနယ်မြေအား အချိန်အကြာကြီး လိုက်လံမစူးစမ်းကြချေ။

ထို့အတွက်ကြောင့် ဆောင်းနယ်မြေသို့ ရောက်သည်မှာ ရက်ပေါင်းများစွာ ကြာနေပြီဖြစ်သည့်တိုင် ရန်ကိုင်သည် အခြားလူသူ အရိပ်အယောင် တစ်ယောက်တစ်လေမှကိုပင် မတွေ့ခဲ့ရပေ။ ဆောင်းနယ်မြေထဲ သူတစ်ယောက်တည်း ရှိနေသည့်အလား။

သုံးရက်ကြာပြီးသည့်နောက် ဆောင်းနယ်မြေထဲရှိ တစ်နေရာတွင်…

ရန်ကိုင်သည် သူ့ဘေးပတ်ဝန်းကျင်အား ငေးကြောင်ကြောင် အမူအယာဖြင့် လှည့်ပတ်ကြည့်နေခဲ့သည်။ ရန်ကိုင် လမ်းပျောက်နေခဲ့လေပြီ။ သူ့အနေဖြင့် မည်သည့်ဘက်သို့ ဆက်လျှောက်လို့ လျှောက်သွားရမှန်းပင် မသိတော့ချေ။

ပုံမှန်အားဖြင့် သူ့ကဲ့သို့သော ပညာရှင်တစ်ဦး လမ်းပျောက်ဖို့ရာ အလွယ်တကူ မဖြစ်နိုင်ပေ။ သို့သော်ငြား ဆောင်းနယ်မြေ၏ ပတ်ဝန်းကျင်မှာ အလွန်တရာကိုမှ ဆိုးရွားလှသလို ထူးလည်းထူးခြားလှသည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ အေးအေးဆေးဆေးပင် လမ်းမလျှောက်နိုင်တော့ချေ။ နောက်ပြန်လှည့်ကြည့်လိုက်သည့် အခါတွင်လည်း သူလျှောက်လာသည့် ခြေလှမ်းအားလုံးကို နှင်းများက ဖုံးလွှမ်းနေကြောင်း တွေ့လိုက်ရ၏။

“ဘာဖြစ်လို့လဲ…” လျို့ယန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ငါ လမ်းပျောက်နေပြီနဲ့ တူတယ်…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

လျို့ယန်က ပြုံးလျက် “အို… အဲ့လိုလည်း ဖြစ်တတ်တာလား…”

“ဘာမှမဖြစ်ပါဘူး… အဆိုးဆုံးဖြစ်လာရင်တောင် ကြုံရာလမ်းကြောင်းတစ်ခု ရွေးပြီး ပျံသန်းသွားလိုက်ရုံပဲ…” ရန်ကိုင်က သက်ပြင်းချလျက် “ဒါပေမဲ့ အခုလိုမျိုး ဦးတည်ချက်မရှိပဲ ဟိုလျှောက်သွား ဒီလျှောက်သွား ပတ်ရှာနေလို့ကတော့ ဘာမှထူးလာတော့မှာ မဟုတ်ဘူး…”

“ကျွန်မလည်း ဘာမှမတတ်နိုင်ဘူး…” လျို့ယန်က ပြန်ပြောလိုက်သည်။

ရန်ကိုင်က ပြုံးလျက် “နင်ဘာမှ လုပ်စရာမလိုဘူး… ငါ့ဘေးမှာနေပြီး ဒီအအေးဓာတ်ကို ကာပေးရုံနဲ့တင် အဆင်ပြေတယ်…”

လျို့ယန်က ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။ သို့သော်ငြား ချက်ချင်းဆိုသလို အံ့အားသင့်တကြီး ထအော်လေ၏။

ရန်ကိုင်လည်း လျို့ယန်ဘာဖြစ်သွားလဲဟု အထင်ဖြင့် သူမဘက်သို့ ချက်ချင်း ပြန်လှည့်ကြည့်လိုက်လေသည်။

လျို့ယန်သည် တစ်ခုသော နေရာဆီသို့ မျက်တောင်မခတ်ပဲ စိုက်ကြည့်နေခဲ့သည်။ သူမ၏ အမူအယာမှာတော့ စဉ်ဆက်မပြတ်ကို ပြောင်းလဲနေခဲ့လေသည်။

အချိန်အတော်ကြာသွားပြီးနောက် လျို့ယန်က ပြောလိုက်သည်။ “ဆရာ… ကြည့်ရတာ ကျွန်မ စိတ်ဝင်စားစရာ တစ်ခုခု ရှာတွေ့သွားပြီနဲ့တူတယ်…”

“အို ဘာလဲ…” ရန်ကိုင်က မေးလိုက်လေ၏။

“ဒီမှာ ခဏစောင့်နေ… ကျွန်မ ခုချက်ချင်း ပြန်လာခဲ့မယ်…” ပြောပြီးသည်နှင့် လျို့ယန်သည် မီးတောက်တစ်ခု အသွင်သို့ ပြောင်းလျက် ရှေ့ဘက်တွင် ရှိနေသော နှင်းတောင်တစ်ခုဆီသို့ ပျံသန်း ထွက်သွားလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၇၃)

နှင်းထုကြီးထဲ သုံးနာရီကြာအောင် ရပ်စောင့်နေပြီးသည့် နောက်တွင် လျို့ယန် ပြန်ရောက်လာခဲ့လေသည်။

ရောက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်က ချက်ချင်းတန်းမေးလိုက်လေ၏။ “နင် အဲ့ကို ဘာသွားလုပ်တာလဲ…”

လျို့ယန်ကမူ ပြန်မဖြေပဲ လှမ်း၍သာ အော်ခေါ်လိုက်လေ၏။ “တက်လာခဲ့ ကြောက်မနေနဲ့…”

သူမကြည့်နေသည့် နေရာတွင် မည်သည့်အရာမှ ရှိမနေပဲ ဗလာကျင်းနေခဲ့လေသည်။

ရန်ကိုင် ကြောင်သွားခဲ့၏။ သို့သော်ငြား လျို့ယန်သည် သူ့အား အကြောင်းမဲ့သက်သက် လာစနေမည်မဟုတ်မှန်း သိသည့်အတွက်ကြောင့် သူမလှမ်းခေါ်လိုက်သည့် ဘက်သို့သာ မျှော်လင့်တကြီးဖြင့် သေချာစိုက်ကြည့်နေခဲ့လေသည်။

ကံမကောင်းစွာဖြင့် ဘာမှ ဖြစ်မလာခဲ့ပေ။ ထို့အတွက်ကြောင့် လျို့ယန်မှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလျက် “ဆရာ ကျေးဇူးပြုပြီး ခဏစောင့်နေဦးနော်… ကြည့်ရတာ သူက နည်းနည်း ကြောက်နေတယ်နဲ့တူတယ်… ကျွန်မ သူနဲ့ စကား နည်းနည်း ထပ်ပြောကြည့်လိုက်ဦးမယ်…”

ထို့နောက်တွင် လျို့ယန်သည် နှင်းထဲ ထိုင်ချလိုက်ပြီး တစ်စုံတစ်ခုနှင့် စကားပြောဆို ဆက်သွယ်နေသည့်အလား သူမ၏ ကောင်းကင်စိတ်အာရုံကို လှည့်ပတ်လိုက်လေသည်။

အချိန်အတော်ကြာအောင် ပြောနေပြီးသည့်နောက်တွင် လျို့ယန်မှာ အနည်းငယ် ဒေါသထွက်လာသည့်အလား မျက်နှာသုန်သုန်မှုန်မှုန်ဖြင့် ပြောလိုက်လေသည်။ “နင် ထွက်မလာဘူးဆိုရင် ငါနင့်ကို အရည်ဖျော်ပစ်တော့မှာနော်…”

သူမစကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အောက်ဘက်ရှိ နှင်းထုသည် ရုတ်တရက် မို့တက်လာခဲ့လေ၏။ တစ်စုံတစ်ခုသည် အောက်ဘက်မှ ပြူးထွက်လာသည့်အလား။

ရန်ကိုင်လည်း ထိုနေရာကို အံ့အားသင့်တကြီး စိုက်ကြည့်လိုက်လေသည်။

ခဏအကြာ၌ နှင်းလုံးတစ်ခုသည် မြေပေါ်သို့ ရုတ်တရက် ပျံထွက်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် ထိုနှင်းလုံးသည် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလျက် လေထဲတွင် လှည့်ပတ်ပျံသန်း နေတော့လေသည်။

ထိုအရာမှာ လျင်မြန်သော်ငြား ရန်ကိုင်ကမူ အသေအချာ မြင်နေရ၏။ ထိုအရာသည် အခြားမဟုတ်ပဲ လက်ဝါးအရွယ် နှင်းပွင့်လေးတစ်ပွင့်သာ ဖြစ်နေခဲ့လေသည်။

သို့သော်ငြား သာမန်နှင်းပွင့်များနှင့် မတူသည်မှာ ထိုနှင်းပွင့်တွင် ကိုယ်ပိုင်အသိစိတ် ရှိနေသည့်အပြင် ထိုနှင်းပွင့်ဆီမှ မှိန်ဖျဖျ မီးတောက်ကဲ့သို့သော အလင်းရောင်တစ်ခု ဖြာထွက်နေခဲ့လေ၏။

“ဘာကြီးလဲ…” ရန်ကိုင်သည် ထိုအရာအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေလေ၏။

လျို့ယန်က ပြန်ပြောလိုက်သည်။ “သေချာတော့ မရှင်းပြတတ်ဘူး… ဒါပေမဲ့ အဲ့ဒါက ကျွန်မလိုပဲ… ဘယ်လိုပြောရမလဲ..”

ပြောပြီးသည့်နောက်တွင် လျို့ယန်သည် နှင်းပွင့်လေးအား လှမ်း၍ လက်ယက်ခေါ်လိုက်သည်။ နှင်းပွင့်လေးသည် လျို့ယန်ဆီသို့ ပျံသန်းလာခဲ့လေ၏။ သို့ရာတွင် သူမနားသို့ အရမ်းမကပ်ရဲပဲ ခပ်ခွာခွာတွင်သာ ဝဲနေခဲ့လေသည်။

ရန်ကိုင်သည် ထိုနှင်းပွင့်လေးအား စိတ်ဝင်တစားဖြင့် သေချာ ကြည့်လိုက်လေသည်။

မကြာခင်မှာပင် ထိုနှင်းပွင့်၏ အလယ်ဗဟို၌ မျက်နှာတစ်ခုနှင့်ဆင်တူသော လက္ခဏာအသွင်အပြင်များ ရှိနေသည်ကို တွေ့လိုက်ရသည်။ မျက်နှာပုံစံမှာ အနည်းငယ် ဝေဝါးနေသော်ငြား မျက်နှာတစ်ခု ဖြစ်သည်မှာတော့ ကျိန်းသေ သေချာပေသည်။

“လောကရတနာလား…” ရန်ကိုင်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။

“ဟုတ်တယ်…" လျို့ယန်က ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ အဲ့ဒါက ရေခဲမီးတောက်ဆိုလည်း ဟုတ်တယ်… အဲ့ဒါကြောင့်သာ မဟုတ်လို့ရှိရင် သူ့ရဲ့တည်ရှိမှုကို ကျွန်မ အာရုံခံမိမှာ မဟုတ်ဘူး…”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။

လျို့ယန်ကိုယ်တိုင်သည် မီးတောက်များစွာကို ဝါးမျိုသန့်စင်ထားသော မှော်ရတနာစိတ်ဝိဉာဉ်တစ်ခု ဖြစ်သည်။

နှင်းပွင့်လေးသည်လည်း မီးတောက်တစ်မျိုး ဖြစ်သည့်အတွက်ကြောင့် သူ၏ တည်ရှိမှုကို လျို့ယန်မှ အာရုံခံစားမိခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်ငြား နှစ်ဦးသား၏ ဓာတ်သဘာဝမှာ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေသည့်အတွက် နှင်းပွင့်လေးမှာ လျို့ယန်နားသို့ အရမ်းမကပ်ရဲခဲ့ပေ။ သူမကို ကြောက်ပင် ကြောက်နေသေး၏။

“နင် အဲ့ဒါကို ဒီခေါ်လာတာ ဘာလုပ်ဖို့လဲ…” ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။

ယေဘုယျကျကျ ပြောရလျှင် လျို့ယန်အနေဖြင့် ရေခဲမီးတောက်ကို သွားရောက်ဝါးမျိုပစ်လိုက်နိုင်ပေသည်။ နှစ်ဦးသား၏ ဓာတ်သဘာဝမှာ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်သော်ငြား ရေခဲမီးတောက်သည် အသိဉာဏ်ရှိနေသည့် မီးတောက်တစ်ခု ဖြစ်သည့်အတွက် လျို့ယန်အား အတော်လေးကို တိုးတက်အောင် လုပ်ပေးနိုင်သည်။

သို့သော်ငြား လျို့ယန်သည် ထိုမီးတောက်လေးကို မဝါးမျိုခဲ့ပဲ ရန်ကိုင့်ဆီသို့ ခေါ်လာခဲ့လေသည်။

“ဒီကောင်လေးက ဒီနေရာနဲ့ တော်တော် ရင်းနှီးတယ်လေ… ဒါကြောင့် ကျွန်မတို့ ရှာချင်နေတဲ့ ပစ္စည်းကို သူ့ကို ရှာခိုင်းလို့ ရလောက်တယ်…” လျို့ယန်က ပြုံးကာ ပြောလိုက်သည်။

“ဟုတ်သားပဲ… ငါ အဲ့ဒါကို မေ့နေတာ…” ရန်ကိုင့်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေ၏။

သို့သော်ငြား ခဏအကြာတွင် လျို့ယန်က မျက်မှောင်ကျုံ့၍ ပြန်ပြောလေသည်။ “ဒါပေမဲ့ ဒီကောင့်ရဲ့ အသိဉာဏ်က တော်တော်လေး နိမ့်နေသေးတော့ သူနဲ့စကားပြောဖို့က တော်တော်လေးကို ခက်တယ်… ကျွန်မတို့ကို ကူညီနိုင်မယ် မနိုင်ဘူးက သိပ်ပြီးတော့ မသေချာဘူး…”

“ကိစ္စမရှိဘူး… ဒီတိုင်း ဘာဦးတည်ချက်မှ မရှိပဲ ဟိုလျှောက်ပတ်ရှာ ဒီလျှောက်ပတ်ရှာ နေတာထက်စာရင်တော့ အများကြီးပိုသာသေးတယ်…” ရန်ကိုင် ပြုံးဖြီးလျက် “သူ အသုံးဝင် မဝင်ကိုတော့ စမ်းကြည့်ရင် သိမှာပဲလေ…”

ပြောပြီးသည့်နောက်တွင် နှင်းပွင့်လေးဘက်သို့ လှည့်၍ အသာအယာ မေးလိုက်လေသည်။ “ဒီနေရာမှာ အဖိုးတန်ရတနာတွေ ဘာတွေ ရှိတဲ့နေရာကို မင်းသိထားလား… သိထားရင် ငါတို့ကို ခေါ်သွားပေးပါလား…”

နှင်းပွင့်လေးမှာမူ သူပြောသည်အား မကြားသည့်အလား လေထဲတွင်သာ ဝဲနေခဲ့လေသည်။ နှင်းပွင့်လေး၏ ပုံစံကြောင့် ရန်ကိုင်မှာ အနည်းငယ် ရှက်သွားခဲ့ပြီး လျို့ယန်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ “သူနားမလည်ဘူးလား…”

လျို့ယန်က ယဲ့ယဲ့လေး ပြုံးလျက် “ဒီကောင်က အခြားသက်ရှိတွေကို တစ်ခါမှမှ မတွေ့ဖူးတာ… ဘယ်လိုလုပ်ပြီး လူစကားကို နားလည်မှာလဲ… သူနဲ့ ဆက်သွယ်ချင်လို့ရှိရင် ကောင်းကင်စိတ်အာရုံကို သုံးမှပဲ ရလိမ့်မယ်…”

ပြောပြီးသည့်နောက်တွင် လျို့ယန်သည် သူမ၏ ကောင်းကင်စိတ်အာရုံနှင့် နှင်းပွင့်လေးအား လှမ်း၍ ဆက်သွယ်လိုက်လေသည်။

ချက်ချင်းဆိုသလို နှင်းပွင့်လေးသည် သူတို့ပြောချင်နေသည်ကို နားလည်သွားသည့်အလား လမ်းကြောင်းတစ်ခုဆီသို့ ပျံသန်းသွားလေ၏။

ရန်ကိုင်နှင့် လျို့ယန်သည် အကြည့်ချင်း ဖလှယ်လျက် နှင်းပွင့်လေးနောက်သို့ ချက်ချင်း လိုက်သွားကြလေသည်။

မကြာမီတွင် နှင်းပွင့်လေး၏ လမ်းပြပေးမှုဖြင့် ရန်ကိုင်နှင့် လျို့ယန်တို့သည် တောင်ကြားတစ်ခုဆီသို့ ရောက်လာလေ၏။ ထိုနေရာသို့ အရောက်တွင် နှင်းပွင့်လေးမှာ ရပ်တန့်သွားခဲ့ပြီး နေရာတစ်ခုပေါ်တွင် ဝဲပျံပြနေလေသည်။

“အဲ့နေရာမှာ အဖိုးတန်ရတနာတစ်ခုခု ရှိနေတယ်နဲ့ တူတယ်…” လျို့ယန်က ပြောလိုက်သည်။

“ကြည့်ကြည့်ရအောင်…” ပြောပြီးသည်နှင့် ရန်ကိုင်သည် အရင်းအမြစ်ချီကို သုံး၍ နှင်းနှင့်ရေခဲများကို စတင်တူးထုတ်တော့လေသည်။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက်တွင် ရန်ကိုင့်ရှေ့၌ ကျွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ ရန်ကိုင်လည်း ထိုတွင်းပေါက်ထဲသို့ ချက်ချင်း ခုန်ဆင်းသွားလေတော့သည်။

ခဏအကြာ၌ တွင်းပေါက်ထဲမှ ဆေးပင်တစ်မျိုးကို ကိုင်လျက် ပြုံးဖြီးရင်း ပြန်တက်လာခဲ့လေ၏။

“တကယ်ကို ရှိနေတာပဲ…” ရန်ကိုင်က ပြုံးရင်း နှင်းပွင့်လေးကို ကြည့်လျက် “ဟုတ်တယ်… မျက်ကန်းတစ်ကောင်လို လိုက်ရှာနေတာထက် ဒီကောင်လေးရှိနေတာ ပိုပြီး အသုံးဝင်တယ်… မင်းတော်တယ် မဆိုးဘူး…”

ရန်ကိုင့်၏ ချီးကျူးစကားကို နားလည်သည့်အလား နှင်းပွင့်လေးသည် ရန်ကိုင့်ဘေးနားတွင် အကြိမ်အနည်းငယ်မျှ ပတ်ပျံသန်းနေပြီးနောက် သူ့ပုခုံးထက်တွင် ဆင်းသက်လိုက်လေသည်။ ၎င်း၏ မျက်နှာပုံစံမှာလည်း ပျော်နေသည့်ပုံ ပေါက်နေခဲ့လေ၏။

ထိုအချင်းအရာကို မြင်သည့်အခါ တစ်ဖက်လူ၏ တွေးပုံတွေးနည်းမှာ အလွန်ကိုမှ ရိုးရှင်းနေမှန်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။

ဤကဲ့သို့ ရိုးရှင်းသည်မှာလည်း အထူးအဆန်းတော့ မဟုတ်ပေ။ နှင်းပွင့်လေးသည် ဆောင်းနယ်မြေတွင် မွေးဖွားလာခဲ့ပြီး အခြားသော သက်ရှိများနှင့် တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

တစ်နည်းဆိုရသော် နှင်းပွင့်လေး၏ စိတ်အခြေအနေသည် မည်သည့်စကားလုံးမှ ရေးထားရခြင်း မရှိသေးသည့် စက္ကူဖြူတစ်ရွက်နှယ် ဖြူစင် ရှင်းသန့်နေခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်၏စကားလုံးလေးအချို့ကြောင့် ဘာကြောင့်များ ဤကဲ့သို့ ပျော်သွားရမည်နည်း။

“ကြိုးစားထားနော်… မဟုတ်ရင် ငါနင့်ကို အရည်ဖျော်ပစ်မှာ…” ထိုအချိန်မှာတွင်ပင် လျို့ယန်သည် နှင်းပွင့်လေးအား ဝင်၍ ခြိမ်းခြောက်လိုက်လေသည်။

သူမ၏ မျက်နှာမှာ ရေခဲတုံးတမျှ အေးစက်နေပြီး သတ်ဖြတ်လိုစိတ်တို့မှာလည်း သူမဆီမှ ဖြာထွက်နေခဲ့လေ၏။ ထို့အတွက်ကြောင့် နှင်းပွင့်လေးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် တုန်ရီသွားပြီး ရန်ကိုင့်နောက်တွင် ပြေးပုန်းတော့လေသည်။

ရန်ကိုင်မှာ လျို့ယန်ကို လှမ်းကြည့်လိုက်သည့်အခိုက် လျို့ယန်မှာ သူ့အား လျှာလေးတစ်လစ်တစ်လစ် ထုတ်ပြနေကြောင်း တွေ့လိုက်ရလေသည်။

ခဏအကြာတွင် ရန်ကိုင်သည် လျို့ယန်အား လှမ်းပြောလိုက်လေ၏။ “သူ့ကို ဒီနေရာမှာ အဖိုးတန်ဆုံး ရတနာကို ရှာခိုင်းလို့ရမလား… အဲ့ရတနာကို သွားရှာနေရင်းနဲ့ လမ်းမှာ အခြားရတနာတွေ ရှိရင်လည်း ငါတို့ကို လှမ်းအကြောင်းကြားခိုင်းလိုက်ပေါ့…”

လျို့ယန်သည် ခေါင်းညိတ်၍ သူမ၏ စိတ်အာရုံမှတစ်ဆင့် နှင်းပွင့်လေးနှင့် ထပ်မံဆက်သွယ်လိုက်လေသည်။

လျို့ယန်ဆီမှ အမိန့်ရလိုက်သည်နှင့် တစ်ပြိုင်နက် နှင်းပွင့်လေးသည် အခြားသော လမ်းကြောင်းတစ်ခုဆီသို့ ချက်ချင်း ပြေးထွက်သွားလေ၏။

ဤကဲ့သို့သော လောကရတနာတစ်ပါးမှ ဦးဆောင်ပြီး ရတနာများကို လိုက်လံရှာဖွေပေးနေသည့်အတွက်ကြောင့် ရန်ကိုင့်အဖို့ အချိန်ကုန်သက်သာသလို ရတနာများစွာကိုလည်း ရရှိနိုင်ခဲ့သည်။

ယခုဆိုလျှင် သူ့အနေဖြင့် ဤအေးခဲနေသည့် လောကကြီးထဲ မျက်ကန်းတစ်ယောက်နှယ် လျှောက်သွားနေစရာ မလိုတော့ချေ။

မည်သည့်အဖိုးတန်ရတနာမျှ နှင်းပွင့်လေး၏ အာရုံခံစက်ကွင်းမှ မလွတ်မြောက်နိုင်သည့်အတွက်ကြောင့် နှင်းပွင့်လေးမှာ တစ်နေရာရာတွင် ရပ်တန့်လိုက်သည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုမြေကြီးအောက်တွင် အဖိုးတန်ရတနာ တစ်ခုခု ရှိနေမည်မှန်း ရန်ကိုင် ချက်ချင်း သိနိုင်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် ရန်ကိုင့်အနေဖြင့် အဖိုးတန် ရေခဲဓာတ်ဆေးပင်များစွာကို ရရှိနိုင်ခဲ့လေသည်။ အများစုမှာ တာအိုအဆင့်များဖြစ်ကြပြီး အချို့ဆိုလျှင် ဧကရာဇ်အဆင့်သို့ပင် ရောက်နေကြသည်။

မည်သို့သော ဆေးပင်ကို သွားတွေ့ပါစေ သူတွေ့လိုက်သည့်ဆေးပင်တိုင်းသည် အနည်းဆုံး သက်တမ်း တစ်သောင်းခန့် ရှိကြသည်။ ထို့အတွက်ကြောင့် အဖိုးတန်ရတနာများစွာကို ရန်ကိုင်ရခဲ့သည်ဟု ပြော၍ ရပေသည်။

နှစ်ဦးသား အတူသွားလာဖန် များလာလတ်သလို ထိတွေ့ဆက်ဆံမှု များလာလတ်သော် နှင်းပွင့်လေးသည် ရန်ကိုင့်အား ယခင်ကကဲ့သို့ ကြောက်မနေတော့ပဲ လောကကြီးတစ်ခုလုံးအား သိချင်စိတ်တို့ဖြင့် ပြည့်နှက်နေသည့် မွေးကင်းစ ကလေးတစ်ဦးနှယ် ရန်ကိုင့်ပတ်လည်တွင် လှည့်ပတ်ပျံသန်းနေတော့လေသည်။

သို့သော်ငြား လျို့ယန်သည် လမ်းတစ်လျှောက်တွင် နှင်းပွင့်လေးအား တောက်လျှောက် ခြိမ်းခြောက်နေသည့် အတွက်ကြောင့် နှင်းပွင့်လေးသည် သူမအား အတော်လေးကိုမှ ကြောက်ရွံ့နေပြီး လျို့ယန်နားသို့ပင် မကပ်ရဲတော့ချေ။

ထို့အတွက်ကြောင့် ရန်ကိုင်နှင့်လျို့ယန်သည် ခပ်လှမ်းလှမ်းတွင် ခွာနေရတော့လေသည်။

လမ်းတစ်လျှောက်တွင် အကျိုးအမြတ်များစွာ ရခဲ့သော်ငြား ကပ်ဘေးအသီးကိုမူ ရှာမတွေ့သေးသည့် အတွက်ကြောင့် ရန်ကိုင် အတော်လေး ညစ်နေခဲ့လေသည်။

ရှင်းရှင်းပြောရလျင် ရန်ကိုင်သည် ကပ်ဘေးအသီး ထက်ပင်လျှင် ပို၍ တန်ဖိုးကြီးမားသော ဆေးပင်များကို ရရှိခဲ့သော်ငြား သူလိုအပ်သည်မှာ ကပ်ဘေးအသီး ဖြစ်နေခဲ့သည်။

သို့ရာတွင် ဤကိစ္စနှင့် ပတ်သက်၍ လော၍ မရမှန်းသိသဖြင့် စိတ်ကို တည်တည်ငြိမ်ငြိမ်ထား၍ ဆက်ရှာနေရုံသာ တတ်နိုင်ခဲ့လေသည်။

ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ရပ်က ရန်ကိုင့်အား စောင့်ကြိုနေတော့လေ၏။

ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းတွင် အရောင်တလက်လက် တောက်နေသော ရေကန်တစ်ကန် ရှိနေခဲ့လေသည်။ ထိုကန်ငယ်လေးမှာ အချင်း မိုင်အနည်းငယ်ခန့်သာ ကျယ်ဝန်းပြီး ဘေးပတ်ပတ်လည်တွင် တောင်စဉ်တောင်တန်းများက ကာရံထားသဖြင့် ကြည့်ရသည်မှာ အလွန်ကိုမှ မျက်စိပသာဒ ဖြစ်လှသည်။

ရန်ကိုင့်အား အံ့အားသင့်သွားစေသည့် အချက်မှာ အေးခဲခြင်း မရှိသည့် ထိုကန်ငယ်လေးပင် ဖြစ်လေသည်။

နှင်းပွင့်နှင်းပေါက်လေးများသည် ကောင်းကင်ပေါ်မှ အဆက်မပြတ် ကျဆင်းနေသော်ငြား ကန်ရေမျက်နှာပြင်နှင့် သွားထိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း အရည်ပျော်ကုန်ကြလေသည်။

ကန်ရေမှာလည်း အလွန်ကိုမှ ကြည်လင်နေလေရာ ထိုကန်ထဲ ကူးခတ်သွားလာနေသော ငါးအချို့ကိုပင်လျှင် ရန်ကိုင်မြင်လိုက်ရသည်။

သို့သော်ငြား ထိုနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် နှင်းပွင့်လေးသည် ရှေ့ဆက်မသွားတော့ပဲ ရန်ကိုင့်ကို တစ်စုံတစ်ခု ပြောချင်နေသည့်အလား သူ့နားတွင်သာ ပတ်ပျံသန်းနေတော့လေသည်။

နှင်းပွင့်လေးနှင့် အတူရှိနေသည်မှာ အတော်လေးကြာပြီ ဖြစ်သည့်အတွက်ကြောင့် နှင်းပွင့်လေး၏ အပြုအမူနှင့် ပတ်သက်၍ အနည်းငယ် တီးမိခေါက်မိ ရှိနေခဲ့လေပြီ။

ထို့အတွက်ကြောင့် နှင်းပွင့်လေး၏ ပုံစံကို မြင်သော် ရန်ကိုင်က တွေးတွေးဆဆဖြင့် မေးလိုက်လေသည်။ “မင်းပြောချင်တာက ဒီနေရာရဲ့ အဖိုးတန်ဆုံး ရတနာက ဒီကန်အောက်ခြေမှာ ရှိနေတယ်လို့ ပြောချင်နေတာလား…”

ရန်ကိုင်မှ ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် နှင်းပွင့်လေးသည် ခေါင်းညိတ်နေသည့်အလား အပေါ်ပျံလိုက် အောက်ပျံဆင်းလိုက်၊ အပေါ်ပျံလိုက် အောက်ပျံဆင်းလိုက် လုပ်ပြလိုက်လေသည်။

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် ငါတစ်ချက် သွားကြည့်ရမှာပေါ့…”

“ဆရာ သတိထားဦးနော်…” လျို့ယန်က သတိပေးလိုက်လေသည်။

ရန်ကိုင်သည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် ကန်အလယ်သို့ ပျံသန်းသွားလိုက်လေသည်။ ဟိုကြည့်ဒီကြည့် လုပ်ပြီးသည့်နောက်တွင် ရေကန်ထဲသို့ ခုန်ဆင်းသွားလေ၏။

ရန်ကိုင်ဆီမှ တာအိုသခင်အဆင့် အရှိန်အဝါ ဖြာထွက်လာသည်နှင့် တစ်ပြိုင်နက် ကန်ထဲတွင် ရှိနေသောငါးများ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေ၏။

ကန်အောက်ခြေတွင် ရှိနေသော ငါးများမှာ အတော်လေးကိုမှ ကြောက်မက်ဖွယ်ကောင်းသော်ငြား ၎င်းတို့တွင် ခွန်အားများများစားစား ရှိမနေခဲ့ချေ။ ထို့ကြောင့် ရန်ကိုင့်၏အနီးကို ကပ်မလာရဲခဲ့ကြ။

နှင်းပွင့်လေးသည် ရန်ကိုင့်နောက်သို့ လိုက်မသွားခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ကိုယ့်အားကိုယ်ကိုး၍ ရှာရုံသာ တတ်နိုင်ခဲ့လေသည်။

လျို့ယန်သည် ကန်စပ်တွင် ရပ်စောင့်ကာ ရန်ကိုင့်အား အသေအချာ အာရုံစိုက် စောင့်ကြည့်နေခဲ့သည်။ အရေးကြုံလျင် အလျင်အမြန် သွားကူညီပေးနိုင်ရန်လည်း အဆင်သင့် ပြင်ထားပေသည်။

နှင်းပွင့်လေးကမူ လျို့ယန်နှင့် မီတာအနည်းငယ်ခန့် အကွာတွင် ဝဲနေခဲ့လေ၏။ သူသည်လည်း လျို့ယန်ကဲ့သို့ပင်လျှင် ရန်ကိုင့်အား အနည်းငယ် စိုးရိမ်နေသည့် အမူအယာဖြင့် လှမ်းကြည့်နေခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၇၄)

သူ့တစ်ကိုယ်လုံးမှာ အေးစက်နေသော်ငြား ဤအအေးဓါတ်သည် ရန်ကိုင်သည် ခုခံနိုင်သည့်အကန့်အသတ်အတွင်းတွင်သာ ရှိနေပေသေးသည်။

ရေအောက်ဘက်တွင်လည်း မည်သည့်ထူးထူးခြားခြား အန္တရာယ်မှ ရှိမနေခဲ့ချေ။

ရုတ်တရက် ရန်ကိုင်သည် တစ်ခုခုအား အာရုံခံမိလိုက်သည့်အလား တစ်ခုသောဘက်ဆီသို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာရှိရေစီးကြောင်းသည် ပုံမှန်နှင့်မတူ တစ်မူထူးခြားစွာစီးဆင်းနေခဲ့လေ၏။

သေချာစိုက်ကြည့်လိုက်သည့်နောက် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ရပ်ကို ရန်ကိုင်မြင်တွေ့ခဲ့လိုက်ရလေသည်။

ကန်အလယ်ဗဟိုတွင် ရေချိုးနေသည့် အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။ ထိုအမျိုးသမီးသည် ပျော့ပြောင်းလှသည့် အနက်ရောင်ဆံကေသာ၊ ကော့စင်းနေသော မျက်ခုံးများနှင့် နူးညံ့ချောမွေ့ပြေပြစ်သော ရုပ်ရည်ရူပကာကိုပိုင်ဆိုင်ထားကာ ‌ပခုံးသားများမှာလည်း ကျောက်စိမ်းသားနှယ် ဖြူဖွေးချောမွတ်လှ၏။

သူမခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့်အပူချိန်နှင့် အေးစက်လှသည့်ရေတို့ သွားရောက်ထိတွေ့မိရာမှ ရေခိုးငွေ့များဖြစ်ပေါ်လာကာ ထိုအခိုးအငွေ့များသည် သူမ၏ခန္ဓာကိုယ်အား ရန်ကိုင်မမြင်နိုင်အောင် လွှမ်းခြုံထားနေလေတော့လေသည်။

ကန်ရေမှာ အလွန်ကိုမှကြည်လင်နေသည့်အတွက် အပေါ်ရှိအလင်းရောင်သည် ရေပြင်အား ထိုးဖောက်ကာ အောက်အထိသို့ရောက်လာနိုင်လေ၏။

ထိုအလင်းရောင်ကိုအားပြု၍ သူမ၏ ရင်သပ်ရှုမောဖွယ်ရာ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ကို ရန်ကိုင်လှမ်းမြင်နေခဲ့ရတော့လေသည်။

လက်ရှိတွင် ထိုအမျိုးသမီးသည် ရန်ကိုင်ရောက်ရှိလာသည်ကို သတိမပြုမိဘဲ သူမဘာသာ အေးအေးဆေးဆေးရေချိုးနေခဲ့လေ၏။

သို့သော်ငြား ရန်ကိုင်မှ သူမအား လှမ်းကြည့်လိုက်သည့်အခိုက် တစ်ဖက်လူသည်လည်း သူ့အား အာရုံခံမိသွားသည့်အလား ချက်ချင်း ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာလိုက်လေ၏။

မြင်လိုက်သည့်လူတိုင်း၏ရင်အစုံကို သိမ်းကြုံးယူငင်သွားနိုင်လောက်အောင် ဆွဲဆောင်မှု ပြင်းထန်လှသော အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းအစုံကို ရန်ကိုင် မြင်တွေ့လိုက်ရလေသည်။

အကြည့်ချင်းဆုံသွားချိန် ရန်ကိုင် မျက်နှာပျက်သွားပြီး အမျိုးသမီးမှာတော့ ပို၍ နှစ်လိုဖွယ်ကောင်းစွာပြုံးလိုက်လေသည်။

အမျိုးသမီး၏ခန္ဓာကိုယ်ဆီမှ သာမန်မျက်လုံးဖြင့် မမြင်နိုင်သော စိမ်းဖျဖျအရောင်အဝါတစ်ရပ် ဖြာထွက်လာပြီး ရန်ကိုင့်အား လွှမ်းခြုံသွားခဲ့လေသည်။

ရန်ကိုင်၏ လှုပ်ရှားမှုများ၏ တစ်မုဟုတ်ချည်း နှေးကွေးသွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ အမျိုးသမီး ရယ်ပြုံးပြုံးလိုက်လေသည်။ ရုတ်ခြည်းဆိုသလို သူမ၏အမူအယာမှာ ခက်ထန်ကြမ်းကြုတ်သွားတော့လေ၏။

သူမပါးစပ်ကိုဟလိုက်ရာ သိမ်မွေ့နူးညံ့လှသော နှုတ်ခမ်းအစုံသည် ဧရာမမေးရိုးကြီးအသွင်သို့ လျင်မြန်စွာ ပြောင်းလဲလာပြီး ရန်ကိုင့်အား ကိုက်ချလိုက်လေသည်။

မီတာပေါင်းများစွာကွာခြားနေသည့်တိုင် ထိုဧရာမပါးစပ်ကြီးသည် ရန်ကိုင့်တစ်ကိုယ်လုံးအား အဝေးမှလှမ်း၍ ဝါးမြိုပစ်နိုင်ပေသည်။

ပါးစပ်ကြီးပိတ်သွားသည်နှင့်တစ်ပြိုင်နက် အမျိုးသမီးရေချိုးနေသည့်ပုံရိပ်မှာ လျင်မြန်စွာ တွန့်လိမ်လာခဲ့လေတော့၏။

ယခင်ကကဲ့သို့ အမျိုးသမီးရှိမနေတော့ဘဲ အမျိုးသမီးနေရာတွင် တစ်စုံတစ်ခုအား ကိုက်ဝါးနေသည့် ပုံမှန်မဟုတ်သော ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသော ထူးဆန်းသည့်သားရဲတစ်ကောင်က အစားထိုး ဝင်ရောက်လာခဲ့သည်။

ထိုသားရဲမှာ အတော်လေးကိုမှထူးဆန်းသည်ဟု ပြော၍ရသည်။ သားရဲ၏ပုံစံမှာ ဝိုင်းဝိုင်းကြီးဖြစ်ပေသည်။ ခန္ဓာကိုယ်အရွယ်အစားမှာတော့ အချင်းမီတာပေါင်းများစွာ ကြီးမားလေ၏။

ဝိုင်းဝိုင်းကြီးအပြင် ၎င်း၏ခန္ဓာကိုယ်ပေါ်၌ ရှည်လျားလှသော လက်တံအချို့လည်း ရှိနေပေသေးသည်။

မရေမတွက်နိုင်သော မျက်လုံးများဟာတော့ ခန္ဓာကိုယ်ပေါ်နှင့်တကွ လက်တံများပေါ်တွင်ပါ ရှိနေကြလေသည်။

ကမ်းခြေပေါ်တွင်ရှိနေသော လျှို့ယန်သည် ထိုမြင်ကွင်းကိုမြင်သည့်အခါ ချက်ချင်း မျက်နှာပျက်သွားတော့လေ၏။

သို့သော်ငြား ရန်ကိုင်အဆင်ပြေနေသေးမှန်း ခံစားမိသည့်အတွက်ကြောင့် အရမ်းကြီးတော့ စိုးရိမ်မနေခဲ့ပေ။

သူမနှင့်ဆန့်ကျင်စွာပင် နှင်းပွင့်လေးမှာတော့ ရန်ကိုင့်အား ကယ်ဆယ်ချင်သည့်အလား မီးခဲပေါ် ဖင်ခုထိုင်နေရသည့်နှယ် ဂဏာမငြိမ်ဖြစ်နေခဲ့လေသည်။

“အိုး… ဝိဉာဉ်ပညာရပ်တွေမှာကျွမ်းကျင်တဲ့ မွန်းစားတားသားရဲတစ်ကောင်ပါလား” ရန်ကိုင်၏အသံ ရုတ်တရက်ထွက်ပေါ်လာပြီးသည့်နောက် သူ့ပုံရိပ်သည် ထူးဆန်းသည့် မွန်းစတားသားရဲ၏ခေါင်းပေါ်တွင် ချက်ချင်းပြန်ပေါ်လာခဲ့လေသည်။

လက်ရှိရန်ကိုင်သည် မည်သည့်ဒဏ်ရာမှ ရမထားခဲ့ချေ။ အမျိုးသမီးတစ်ဦးရေချိုးနေသည့်ပုံကို မြင်လိုက်ကတည်းက တစ်ခုခုမှားယွင်းနေပြီမှန်း ရန်ကိုင်ချက်ချင်းသိလိုက်သည်။

ဤကဲ့သို့သောနေရာမျိုးတွင် မည်သည့်ဂိုဏ်းက အမျိုးသမီးကများလာ၍ရေချိုးနေမည်နည်း။

ဥတုလေးမျိုးနယ်မြေထဲသို့ဝင်လာသော တာအိုသခင်အဆင့်ကျင့်ကြံသူများတွင် ဤကဲ့သို့ အားအားယားယား အချိန်ဖြုန်းလောက်အောင် အချိန်ပေါမနေခဲ့ချေ။

ထို့အတွက်ကြောင့် ထိုအမျိုးသမီးသည် လူသားယောင်ဆောင်ထားသည့် မွန်းစတားသားရဲ တစ်ကောင်သာဖြစ်လိမ့်မည်ဟု ရန်ကိုင်တွေးမိသွား၏။

သို့သော်ငြား ထိုမွန်းစတားသားရဲ၏တိုက်ခိုက်ခြင်း ခံလိုက်ရသည့်အခါမှသာ ရေချိုးနေသည့်အမျိုးသမီးသည် မွန်းစတားသားရဲမဟုတ်ဘဲ မွန်းစတားသားရဲများမှ ဖန်းတီးထားသည့် ပုံရိပ်ယောင်တစ်ခုသက်သက်သာဖြစ်ကြောင်း နားလည်သွားခဲ့ရလေ၏။

သို့သော်ငြား ထိုပုံရိပ်ယောင်မှာ အလွန်ကိုမှ အသက်ဝင်လှသဖြင့် ရန်ကိုင်ပင်လျှင် ချက်ချင်း မရုန်းထွက်နိုင်ခဲ့ပေ။

သို့တိုင် ရန်ကိုင့်အနေဖြင့် အချိန်မီ ပြန်လည်အသိဝင်လာနိုင်ခဲ့ပြီး မွန်းစတားသားရဲ၏ အသေသတ်တိုက်ကွက်အောက်မှ လျင်မြန်စွာ ရှောင်ထွက်သွားနိုင်ခဲ့လေသည်။

ရန်ကိုင့်၏အသံထွက်လာသည်နှင့်တစ်ပြိုင်နက် ထူးဆန်းသောမွန်းစတားသားရဲသည် ဆက်၍ဝါးမနေတော့ဘဲ ၎င်း၏ရာပေါင်းများစွာသော မျက်လုံးများဖြင့် ရန်ကိုင့်ဆီသို့ လှည့်ကြည့်လာခဲ့သည်။

ထို့နောက်တွင် ၎င်း၏ပါးစပ်ကြီးကိုဟလျက် ရေများကို ရန်ကိုင့်တည့်တည့်သို့ မှုတ်ထုတ်လိုက်လေသည်။

တစ်ချိန်တည်းတွင် ဒေါသတကြီးအော်ဟစ်လိုက်လေ၏။ ၎င်း၏အော်ဟစ်သံကြောင့် ကန်ရေမျက်နှာပြင်ထက် လှိုင်းတွန့်များထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် သူ့ကိုယ်သူအရင်းအမြစ်ချီဖြင့် လွှမ်းခြုံလျက် မွန်းစတားသားရဲ၏တိုက်ခိုက်မှုကို ခုခံလိုက်သည်။

“တာအိုသခင်ဒုတိယအဆင့်လား” ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် မွန်းစတားသားရဲ၏ခွန်အားကို ရန်ကိုင်ချက်ချင်း ခန့်မှန်းမိသွားခဲ့သည်။

၎င်း၏အသံတိုက်ကွက် အလုပ်မဖြစ်မှန်းတွေ့လိုက်သော် မွန်းစတားသားရဲမှာ ဒေါသထွက်လာခဲ့ပြီး ၎င်း၏ ရာပေါင်းများစွာသောမျက်လုံးများဆီမှ အလင်းတန်းများဖြင့် ရန်ကိုင့်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်က မျက်ခုံးပင့်လျက် ရေရွတ်လိုက်လေ၏။ “တာအိုသခင် အထွဋ်အထိပ်ပညာရှင်တစ်ဦးရဲ့ဝိဉာဉ်နဲ့ နှိုင်းယှဉ်နိုင်လောက်တဲ့ ဝိဉာဉ်စွမ်းအားပါလား”

ရန်ကိုင့်၏အမူအယာလေးနက်တည်ကြည်သွားခဲ့သည်။ ချက်ချင်းပဲ သူ့စိတ်စွမ်းအင်ကိုလှည့်ပတ်၍ မွန်းစတားသားရဲ၏ တိုက်ခိုက်မှုအား သူ့ကောင်းကင်စိတ်အာရုံဖြင့် တန်ပြန်တိုက်ခိုက်လိုက်လေသည်။

“ဘုန်း..” ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရန်ကိုင့်၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး နောက်သို့ ခြေလှမ်းအချို့ဆုတ်သွားခဲ့ရသည်။ သူ့ခေါင်းသည်လည်း တဆစ်ဆစ်ကိုက်လာခဲ့ရလေသည်။

မွန်းစတားသားရဲသည်လည်း ထူးထူးခြားခြား ကောင်းမွန်မနေခဲ့။ ၎င်း၏ဝဝဖောင်းဖောင်းခန္ဓာကိုယ်ကြီးမှာ ဖောင်းလိုက်ပိန်လိုက်ဖြစ်လာပြီး တုန်တုန်ရီရီဖြစ်လာခဲ့၏။

ဤတိုက်ခိုက်မှုတွင် ရန်ကိုင်ကော မွန်းစတားသားရဲ နှစ်ယောက်စလုံးအသာမရခဲ့ပေ။

သို့သော်ငြား ရန်ကိုင့်တွင် သူ့ဝိဉာဉ်ဒဏ်ရာအား ပြန်လည်ကုစားပေးနိုင်မည့် ဝိဉာဉ်ကြာပန်းရှိနေခဲ့သည်။ ထို့အတွက်ကြောင့် ခေါင်းကိုက်သည့်ဝေဒနာသည် တစ်ခဏမျှသာကြာခဲ့ပြီး ချက်ချင်းပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။

အခြားတစ်ဖက်တွင်မူ မွန်းစတားသားရဲမှာတော့ သူ့ဝိဉာဉ်ထိခိုက်သွားသည့်ဒဏ်ရာကြောင့် အဆက်မပြတ် အော်ဟစ်ညည်းတွားနေလေ၏။

ထိုအချင်းအရာကိုမြင်သည့်အခါ အခွင့်ကောင်း ရောက်လာပြီမှန်း ရန်ကိုင်ချက်ချင်းနားလည်လိုက်သည်။

ထို့အတွက်ကြောင့် အနန္တဓားကိုထုတ်၍ မွန်းစတား သားရဲအား ပိုင်းချလိုက်လေသည်။

“ရွှစ်..ရွှစ်..ရွှစ်..ရွှစ်..ရွှစ်” ရာနှင့်ချီသော ဓားအလင်းတန်းများသည် မိုးသီးမိုးပေါက်များနှယ် ထူးဆန်းသောသားရဲဆီသို့ ပြုံဆင်းကျလာခဲ့လေ၏။

သွေးစိမ်းရှင်ရှင်တို့ပန်းထွက်လာခဲ့ပြီး ကန်ရေပြင်ဟာလည်း တမုဟုတ်ချည်း နီမြန်းသွားရလေတော့လေသည်။

အဆက်မပြတ်ပိုင်းဖြတ်ခံနေရသည့် နာကျင်မှုကို ခံစားမိလိုက်သော် ထူးဆန်းသောသားရဲမှာ ရန်ကိုင့်အား ကြောက်လန့်မှုအပြည့်ဖြင့် စိုက်ကြည့်လာလေ၏။

တစ်ချိန်တည်းတွင် ၎င်း၏လက်တံများကိုဝှေ့ယမ်း၍ ရန်ကိုင့်၏ဓားအလင်းတန်းများကို တားဆီးရန် ကြိုးစားလိုက်လေသည်။

ရန်ကိုင်မှာ ဧကရာဇ်မှော်ရတနာကို အသုံးပြုခဲ့သည့်တိုင် ဤထူးဆန်းသော မွန်းစတားသားရဲကို တစ်ချက်တည်းဖြင့် မသတ်ပစ်နိုင်ခဲ့ပေ။

ပုံမှန်အားဖြင့် ဤမွန်းစတားသားရဲသည် တာအိုသခင် ဒုတိယအဆင့်ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်ထားပြီး တာအိုသခင်အထွဋ်အထိပ်ပညာရှင်တစ်ဦး၏ဝိဉာဉ်နှင့် ညီမျှသော ကောင်းကင်စိတ်အာရုံကိုပိုင်ဆိုင်ထားသည့်အတွက် ၎င်း၏ခန္ဓာကိုယ်မှာ ပုံမှန်နှင့်မတူအားနည်းသင့်ပေသည်။

သို့သော်ငြား ရန်ကိုင်မျှော်လင့်မထားခဲ့သည်မှာ ဤမွန်းစတားသားရဲ၏ဝဝဖောင်းဖောင်းခန္ဓာကိုယ်ကြီးသည် အလွန်ကိုမှ ကျုံ့နိုင်ဆန့်နိုင်စွမ်းကောင်းလိမ့်မည်ဟူသော အချက်ပင်။

ဓားချီများစွာလာရောက်ထိမှန်ခဲ့သော်ငြား ခန္ဓာကိုယ်အနက်ပိုင်းထိ ထိုးဖောက်နိုင်ခဲ့ခြင်းမရှိဘဲ အပေါ်ပိုင်းလောက်ကိုသာ ဖြတ်တောက်သွားနိုင်ခဲ့သည်။

သို့သော်ငြား ၎င်း၏လက်တံများမှာတော့ ကံမကောင်းခဲ့ပေ။

ဓားချီများ၏အဆက်မပြတ်တိုက်ခိုက်မှုကြောင့် လက်တံအားလုံးမှာ အပိုင်းပိုင်းအစစ ပြတ်တောက်သွားကုန်လေ၏။

အချိန်ကြာလာသည်နှင့်အမျှ ထူးဆန်းသောမွန်းစတား သားရဲ၏ဒဏ်ရာများမှာ ပို၍ဆိုးရွားလာခဲ့လေတော့သည်။

၎င်း၏အခြေအနေကိုရိပ်စားမိသည့်အလား ထူးဆန်းသောမွန်းစတားသားရဲကြီးသည် ရန်ကိုင်နှင့် ဆက်၍တိုက်ခိုက်နေရန် ကြိုးစားမနေတော့ဘဲ ကန်အောက်ခြေသို့သာ ထွက်ပြေးရန်ကြိုးစားတော့လေသည်။

“ဟမ့်” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် မွန်းစတားသားရဲနောက်သို့ ပြေးလိုက်သွားလေသည်။

မွန်းစတားသားရဲထွက်ပြေးသွားရာလမ်းကြောင်း တစ်လျှောက်တွင် သွေးများကျန်ရစ်ခဲ့သည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ၎င်းနောက်သို့ အလွယ်တကူလိုက်နိုင်ပေ၏။

ကန်အောက်ခြေသို့ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ ပိုပို၍မှောင်မိုက်လာခဲ့သည်။ သို့ရာတွင် သူ၏အားကောင်းလှသောအမြင်အာရုံကြောင့် ရန်ကိုင်သည် ပတ်ဝန်းကျင်အား အဆီးအတားမရှိမြင်နေနိုင်ခဲ့သေးသည်။

အမွှေးတိုင်တစ်ချောင်းစာကြာပြီးသည့်နောက်တွင် သွေးစီးကြောင်းအတိုင်းလိုက်လာခဲ့ရာ ကန်အောက်ခြေသို့ ရောက်လာခဲ့လေသည်။

သို့သော်ငြား ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ပြီးသည့်နောက် ရန်ကိုင်မျက်ခုံးပင့်သွားခဲ့ လေသည်။

ထူးဆန်းသောမွန်းစတားသားရဲကြီးသည် ထူးဆန်းသော ယဇ်ပုလ္လင်ဘေးနားတွင် ငြိမ်သက်စွာဝဲနေခဲ့လေသည်။ ထိုယဇ်ပုလ္လင်ပေါ်တွင်တော့ စိတ်ဝင်စားဖွယ်ရာကောင်းသည့် တစ်စုံတစ်ခုသည် အရောင်တလက်လက်တောက်ပနေခဲ့လေ၏။

ထိုအရာမှာအခြားမဟုတ်ဘဲ ဓာတ်လုံးတစ်လုံးသာ ဖြစ်ပေသည်။ တောကြက်မောက်အရွယ် မှိန်ဖျဖျ အစိမ်းအရောင်အလင်းကို ထုတ်လွှတ်နေသော ဓာတ်လုံးတစ်လုံးပင်။

ထိုဓာတ်လုံးကိုမြင်လိုက်သည့်အခိုက် ရန်ကိုင့်စိတ်ထဲ သင်္ကာမကင်းဖြစ်သွားခဲ့သည်။

အကြောင်းမှာ ဤဓာတ်လုံးသည် အချိန်မြစ်ကျောင်းတော်မှ သူယူလာခဲ့သည့် ဓာတ်လုံးနှင့် ချွတ်စွပ်ကိုတူနေသည့်အတွက်ကြောင့်ပင်ဖြစ်လေသည်။

ကွာသွားသည့်အချက်ဆို၍ ဓာတ်လုံး၏အရောင်မှာ အစိမ်းရောင်ဖြစ်နေခြင်းသာရှိသည်။

“ဖြစ်နိုင်တာက..” ရုတ်တရက် ရန်ကိုင့်စိတ်ထဲ တစ်ခုခုအား စဉ်းစားမိသွားလေသည်။ သို့သော် အတည်မပြုနိုင်ခဲ့ချေ။

လက်ရှိတွင် ထူးဆန်းသောမွန်းစတားသားရဲကြီးသည် ဓာတ်လုံးဘေးတွင် ငြိမ်သက်စွာဝဲလျက် ဓာတ်လုံးဆီမှ ဖြာထွက်နေသော အစိမ်းရောင်အလင်းများကို စုပ်ယူနေခဲ့သည်။

ထိုအစိမ်းရောင်အလင်းများကို စုပ်ယူပြီးသည့်နောက် ၎င်း၏ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည်သက်သာလာခဲ့ပြီး မကြာမီတွင် ၎င်း၏ဒဏ်ရာအားလုံး ကောင်းမွန်သွားခဲ့လေ တော့သည်။ သို့သော်ငြား လက်တံများမှာတော့ ပြန်ပေါက်မလာခဲ့ပေ။

မွန်းစတားသားရဲ၏ ပြန်လည်ကောင်းမွန်နိုင်သော အသက်စွမ်းအင် မည်မျှပင်အားကောင်းနေစေကာမူ ပြတ်သွားသောလက်တံများကို တစ်ခဏအတွင်း ပြန်ပေါက်အောင်လုပ်ဖို့ရာမှာတော့ မဖြစ်နိုင်ပေ။

“ဟုတ်တယ်။ ဒီရတနာက ဆောင်းနယ်မြေထဲမှာ အဖိုးအတန်ဆုံးရတနာဖြစ်လောက်တယ်” ရန်ကိုင်သည် အစိမ်းရောင်ဓာတ်လုံးကိုကြည့်ရင်း ရေရွတ်လိုက်လေသည်။

ရန်ကိုင်ရုတ်တရက်ရောက်လာသည့်အတွက်ကြောင့် သူ့ဒဏ်ရာများကို ပြန်လည်ကုစားနေသည့် မွန်းစတားသားရဲ အလန့်တကြားဖြစ်သွားခဲ့လေသည်။

ရန်ကိုင့်ကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်း၏ ပါးစပ်ကြီးကိုဟကာ အဆက်မပြတ်ဟိန်းဟောက်တော့လေ သည်။

သို့သော်ငြား ၎င်း၏လက်တံများကို ဆုံးရှုံးလိုက်ရပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အား မည်သို့မှ ထိရောက်အောင်မတိုက်ခိုက်နိုင်တော့ချေ။

၎င်း၏စိတ်စွမ်းအင်ကိုသာသုံး၍ အသံလှိုင်းများကို ထုတ်လွှတ်ရင်းဖြင့်သာ ရန်ကိုင့်အား တိုက်ခိုက်ရလေတော့သည်။

“သေချင်နေတာပဲ” ရန်ကိုင်၏အမူအယာ မည်းမှောင်သွားခဲ့ပြီး ချက်ချင်းပဲ သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးကို အသက်သွင်းလိုက်လေသည်။

သူ၏ရွှေရောင်မျက်လုံးထဲ ကြာပွင့်တစ်ပွင့်ပေါ်လာပြီး ထိုကြာပွင့်သည် ရုတ်ခြည်းဆိုသလို မွန်းစတားသားရဲ၏ မျက်လုံးထဲတွင် ပြန်ပေါ်လာခဲ့လေသည်။

ကြာပန်းပေါ်လာသည်နှင့်တစ်ပြိုင်နက် မွန်းစတားသားရဲမှာ အကြောသေသွားသည့်အလား တောင့်တောင့်ကြီးဖြစ်သွားလေတော့သည်။

မွန်းစတားသားရဲ၏မျက်လုံးများထဲ ၎င်း၏စိတ်စွမ်းအင်ကို အဆက်မပြတ်စုပ်ယူရင်း ပွင့်လန်းလာနေသည့် ကြာပန်းတစ်ပွင့်သာ ရှိနေတော့လေသည်။

မွန်းစတားသားရဲ၏စိတ်စွမ်းအင်မှာ အတော်လေးကိုမှ အားကောင်းသော်ငြား အစောပိုင်းက ရန်ကိုင်နှင့် စိတ်စွမ်းအားချင်းယှဉ်တိုက်ခိုက်ရာတွင် ဒဏ်ရာရခဲ့ရသည်။

ယခု ရန်ကိုင်၏အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်းပညာရပ်ပါ ထပ်မံထိမှန်ခြင်းခံလိုက်ရသော် ၎င်း၏ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်သွားရလေတော့သည်။

တစ်ခဏအကြာတွင် ‘ဘန်း’ဟူသောပေါက်ကွဲသံနှင့်အတူ မွန်းစတားသားရဲ၏ ရာပေါင်းများစွာသော မျက်လုံးအားလုံး ပေါက်ကွဲထွက်ကုန်လေ၏။

ရန်ကိုင်သည် အနန္တဓားကိုကိုင်ဆွဲ၍ ရပ်နေရာမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့လေသည်။

သူပြန်ပေါ်လာသည့်အချိန်တွင် မွန်းစတားသားရဲ၏ နောက်သို့ရောက်နေခဲ့လေ၏။

မွန်းစတားသားရဲ၏ခန္ဓာကိုယ်ပေါ်တွင်မူ အပေါက်ကြီးတစ်ပေါက်ရှိနေခဲ့လေသည်။ သွေးများသည် ထိုအပေါက်ကြီးထဲမှ တရဟောစီးကျနေတော့လေ၏။

ထို့နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်နိယာမများကို ထိန်းချုပ်ရင်း သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေ၏။

ဝဲကတော့အနက်ရောင်တွင်းနက်တစ်ခုထွက်ပေါ်လာပြီး ဧရာမပါးစပ်ပေါက်ကြီးတစ်ခုနှယ် မွန်းစတားသားရဲ တစ်ကောင်လုံးကို ဝါးမြိုသွားခဲ့လေသည်။

အနက်ရောင်တွင်းနက် ပြန်လည်ပျောက်ကွယ်သွားချိန် မွန်းစတားသားရဲမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်တစ်ဦးသာ ကျန်ရစ်တော့လေ၏။

သူ့လက်ဝါးကိုဖြန့်လိုက်သည့်အခါ သူ့လက်ဝါးထဲ အနက်နီရောင်မွန်းစတားအမြုတေတစ်ခုရှိနေခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၇၅)

ဤသည်မှာ တာအိုသခင်ဒုတိယအဆင့်မွန်းစတားသားရဲ တစ်ကောင်၏ သားရဲအမြုတေဖြစ်သလို တာအိုသခင် အထွဋ်အထိပ်အဆင့်ပညာရှင်တစ်ဦး၏ ဝိဉာဉ်နှင့်ပင် ယှဉ်ပြိုင်နိုင်သောစိတ်စွမ်းအားကို ပိုင်ဆိုင်သည့် မွန်းစတားသားရဲတစ်ကောင်လည်းဖြစ်ပေသည်။

ထို့အတွက်ကြောင့် ဤမွန်းစတားအမြုတေသည် စိတ်စွမ်းအင်ကိုမြှင့်တင်ပေးနိုင်သောဆေးလုံးများကို ဖော်စပ်ရာတွင် အကောင်းဆုံးဆေးအမယ်တစ်ခုဖြစ်ပေသည်။

ရန်ကိုင်သည် ထိုမွန်းစတားအမြုတေကို သိုလှောင်လက်စွပ်ထဲသို့ထည့်သိမ်းလိုက်ပြီးသည့်နောက် ယဇ်ပုလ္လင်ဆီသို့ ကူးခပ်သွားလေ၏။

ယစ်ပုလ္လင်ဘေးပတ်လည်တစ်ဝိုက်တွင် မည်သည့်အကာအရံအစီအရင်မှရှိမနေခဲ့ဘဲ အစိမ်းရောင် ဓာတ်လုံးတစ်လုံးသည်သာ ယဇ်ပုလ္လင်ပေါ်၌ ရှိနေခဲ့လေသည်။

သို့သော်ငြား သေချာသွားစေရန် ရန်ကိုင်သည် အချိန်ခဏမျှယူ၍ ယဇ်ပုလ္လင်အား သေချာစစ်ဆေးကြည့်လိုက်သေးသည်။

မည်သည့်ထောင်ချောက်မှရှိမနေမှန်း အတည်ပြုပြီးသည့်နောက်မှသာ ယဇ်ပုလ္လင်ပေါ်ရှိ အစိမ်းရောင်ဓာတ်လုံးကို လှမ်းယူလိုက်လေသည်။

ဓာတ်လုံးကိုရပြီးသည့်နောက် ကောင်းကင်စိတ်အာရုံနှင့်ရော အရင်းအမြစ်ချီနှင့်ပါ စစ်ဆေးကြည့်လိုက်သည်။ သို့သော်ငြား အချိန်မြစ်ကျောင်းတော်ထဲမှရလာခဲ့သည့် အနီရောင် ဓာတ်လုံးကဲ့သို့ပင် မည်သည့်တုန့်ပြန်မှုကိုမှ မတွေ့ခဲ့ရပေ။

အစောပိုင်းကသေသွားသည့် ထူးဆန်းသည့်သားရဲ ဤအစိမ်းရောင်ဓာတ်လုံးဆီမှစွမ်းအင်ကို မည်ကဲ့သို့စုပ်ယူပြီး သူ့ကိုယ်သူပြန်ကောင်းအောင်ကုစားသလဲဆိုသည်ကို ရန်ကိုင်လုံးဝနားမလည်နိုင်အောင်ဖြစ်နေခဲ့သည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ အနီရောင်ဓာတ်လုံးကို ချက်ချင်းထုတ်ယူကြည့်လိုက်သည်။

ဓာတ်လုံးနှစ်လုံးကို ဘေးချင်းယှဉ်ကပ်ကာ စစ်ဆေးကြည့်လိုက်ပြီးနောက် ဓာတ်လုံးနှစ်လုံးစလုံးမှာ အရောင်ကွဲပြားရုံမှအပ အလုံးစုံတူညီနေကြောင်း တွေ့လိုက်ရသည်။

အချိန်အတော်ကြာအောင် လေ့လာကြည့်နေပြီးသည့် နောက်တွင် ရန်ကိုင်သည် ဖြေးဖြေးချင်းသာ ခေါင်းခါလိုက်လေတော့သည်။

ဓာတ်လုံးနှစ်လုံး၏လုပ်ဆောင်ပုံကို အဖြေမထုတ်နိုင်သည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ထိုရတနာနှစ်ခုကိုသိမ်းထားရုံသာ တတ်နိုင်တော့သည်။

သို့သော်ငြား ရန်ကိုင်မှ အစိမ်းရောင်ဓာတ်လုံးကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ပြောင်းလဲမှုတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာခဲ့ သည်။

ယခင်က လုံးဝအေးခဲသွားခြင်းမရှိသောရေကန်ကြီးသည် ရုတ်တရက်ဆိုသလို တဖျတ်ဖျတ်မြည်သံများ ထွက်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် အရိုးခိုက်မတတ်အေးစက်လှသော အအေးဓာတ်တို့သည် ရေကန်တစ်လျှောက်ပြန့်နှံ့လာခဲ့ပြီး ရေထုကြီးသည်လည်း ရေခဲအဖြစ်သို့ စတင်ပြောင်းလဲလာလေတော့သည်။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင့်၏အမူအယာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီး ချက်ချင်းကိုအပေါ်သို့ ပြန်ကူးခတ်လေတော့လေ၏။

ရန်ကိုင်အပေါ်သို့ပြန်ရောက်ပြီး တစ်ခဏမျှ အကြာတွင်ပင်လျှင် ရေကန်တစ်ခုလုံး ရုတ်ခြည်း အေးခဲသွားကုန်တော့လေသည်။

“ကြည့်ရတာ အစိမ်းရောင်ဓာတ်လုံးကြောင့် ဒီကန်မခဲတာနဲ့တူတယ်” ရန်ကိုင်သူ့ဘာသာသူ ရေရွတ်လိုက်လေသည်။

အစိမ်းရောင်ဓာတ်လုံးအား သိမ်းလိုက်ပြီးပြီးချင်း ရေကန်တစ်ခုလုံးခဲသွားလေရာ ရေကန်အားမခဲအောင် ထိန်းထားသည့်အရာမှာ အစိမ်းရောင်ဓာတ်လုံးသာ ဖြစ်ကြောင်းကို အထင်းသားမြင်တွေ့နိုင်ပေသည်။

တစ်ခဏမျှစဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်သည် ရေကန်စပ်ဆီသို့ ပျံသန်းသွားလေ၏။

ရန်ကိုင်ပြန်ရောက်လာသည်ကိုမြင်သော် လျှို့ယန်သည် သူ့ဆီသို့ပြေးလာပြီး အသာအယာခေါင်းငြိမ့်ပြလိုက်လေသည်။ ဘာမှတော့မပြောခဲ့ချေ။

နှင်းပွင့်လေးမှာတော့ အလွန်ကိုမှပျော်ရွှင်နေသည့်အလား ရန်ကိုင့်ပတ်လည်တွင် အဆက်မပြတ်ရစ်ဝဲပျံသန်းနေလေ၏။

“ဆက်သွားကြရအောင်” ရန်ကိုင်သည် နှင်းပွင့်လေးအား လှမ်းပြောလိုက်လေသည်။

နှင်းပွင့်လေးသည် ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို နားလည်သည့်အလား တစ်ခုသောဘက်သို့ ပျံသန်းသွားလေ၏။

နောက်ရက်များအတွင်းတွင် ရန်ကိုင်သည် နှင်းပွင့်လေး၏အကူအညီဖြင့် ဆောင်းနယ်မြေထဲ လျှောက်ပတ်သွားရင်း အဖိုးတန်ရတနာများစွာကို သိမ်းယူနိုင်ခဲ့လေသည်။

သူဖုန်းစားမဟာဧကရာဇ်သည် ကပ်ဘေးအသီးကို ဥတုလေးမျိုးနယ်မြေထဲတွင် လာရောက်ရှာဖွေရန် ပြောသည့်အတွက်ကြောင့် ကပ်ဘေးအသီးသည် ဤနယ်မြေထဲတွင် ကျိန်းသေကိုရှိနေရပေလိမ့်မည်။

ရန်ကိုင်ကိုယ်တိုင်ကသာ ထိုအသီးကိုရှာမတွေ့သေးခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် သူသာဇွဲရှိရှိဖြင့် ဆက်ရှာနေမည်ဆိုပါက သူရှာချင်နေသည့် ကပ်ဘေးအသီးကို အနှေးနှင့်အမြန်တွေ့နိုင်လိမ့်မည်ဟု ရန်ကိုင်ယုံကြည်ထားပေသည်။

ထို့အပြင် သူ့အား ရတနာများစွာကို လိုက်၍ကူရှာပေးမည့်နှင်းပွင့်လေးလည်းရှိနေခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ကပ်ဘေးအသီးကို ရှာမတွေ့မချင်း ဆောင်းနယ်မြေထဲမှ ထွက်မသွားရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။

ထိုသို့သာမဟုတ်လျှင် ဥတုလေးမျိုးနယ်မြေထဲက ပြန်ထွက်လာပါက ကပ်ဘေးအသီးအား ဘာကြောင့် ရှာမတွေ့ရသလဲဆိုသည်ကို ချင်းကျောင်းရန်အား မည်ကဲ့သို့ ရှင်းပြရမှန်းသိလိမ့်မည်မဟုတ်ချေ။

မျှော်လင့်ချက်နှင့်လက်တွေ့ထပ်တူကျသည်မှာတော့ ခဲယဉ်းလှပေသည်။ ရန်ကိုင့်အနေဖြင့် နှင်းပွင့်လေး၏ အကူအညီကြောင့် အဖိုးတန်ရတနာများစွာကိုရခဲ့သည့်တိုင် ကပ်ဘေးအသီးကိုတော့ ရှာမတွေ့ခဲ့ပေ။

ထို့အပြင် ထိုရက်များအတွင်း ရန်ကိုင်သည် မွန်းစတား သားရဲများစွာကိုသတ်ဖြတ်ပြီး မွန်းစတားအမြုတေများစွာကို ရခဲ့ပါသော်ငြား မည်သည့် ကြယ်စည်းတံဆိပ်အသစ်တစ်ခုကိုမှ ထပ်မံမရရှိခဲ့ချေ။

အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်မှာပိုပို၍ စိတ်ပူလာလေရတော့သည်။

ယနေ့တွင် ရန်ကိုင်သည် ရေခဲပြင်ကြီးပေါ်၌ မှုန်ကုပ်ကုပ်အမူအယာဖြင့် ရပ်နေရင်း သူ့ရှေ့တည့်တည့်ရှိ သလင်းကျောက်နှယ်ထင်မှတ်ရသော အသီးပင်တစ်ပင်ကို လှမ်းကြည့်နေခဲ့လေသည်။

ထိုအသီးပင်သည် နှစ်မီတာခန့်သာမြင့်မား၏။ အရွက်များမှာတော့ ရေခဲထုမှထုလုပ်ထားသည့်အလား သန့်စင်ပြောင်လက်နေခဲ့လေသည်။

သစ်သီးပင်ပေါ်တွင် မည်သည့်အဖိုးတန်သည့်အရာမှ ရှိမနေခဲ့ပေ။ သို့သော်ငြား ကိုင်းတစ်ကိုင်းတွင်မူ အသီးခူးဆွတ်ထားခံရသည့် အရိပ်အယောင်များရှိနေခဲ့လေ၏။

“ငါခြေတစ်လှမ်းနောက်ကျသွားတာပဲ” ရန်ကိုင် စိတ်ညစ်ညစ်ဖြင့် ရေရွတ်လိုက်လေသည်။ ဤအသီးပင်သည် သူရှာနေသည့် ကပ်ဘေးအသီးအပင်မှလွဲ၍ အခြားမဟုတ်ချေ။

နှင်းပွင့်လေး၏အကူအညီဖြင့် ဆယ်ရက်ကြာအောင် အဆက်မပြတ်ရှာဖွေနေပြီးသည့်နောက်တွင် ကပ်ဘေးအသီး အပင်ဆီသို့ ရန်ကိုင်ရောက်လာနိုင်ခဲ့လေသည်။

သို့သော်ငြား ဤကပ်ဘေးအသီးအပင်ပေါ်တွင် ရှိနေသင့်သောကပ်ဘေးအသီးကို အခြားတစ်ဦးမှ ခူးသွားခဲ့လေသည်။ ထို့အပြင် ခူးသွားသည့် အရိပ်အယောင်များကို ကြည့်ရသလောက် အခူးခံရသည်မှာ သိပ်မကြာသေးသည့်ပုံပင်။

“သခင်လည်းအကောင်းဆုံးကြိုးစားခဲ့တာပဲ။ အခုလို စိတ်ညစ်မနေပါနဲ့” ရန်ကိုင့်၏အမူအယာမှုန်ကုပ်နေသည်ကို မြင်သော် လျှို့ယန်က အလျင်အမြန်နှစ်သိမ့်ပေးလိုက်လေ သည်။

“အဲ့အသီးကို ဘယ်သူခူးသွားလဲပဲငါသိချင်နေတာ” ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့သည်။

ကပ်ဘေးအသီးမှာ အဖိုးတန်ပြီးရှားပါးသော်ငြား လူသိများသည့်အသီးတစ်လုံးတော့မဟုတ်။ ထို့ကြောင့် ထိုအသီးကိုခူးသွားမည်ဆိုလျှင်ပင် ပြန်အသုံးပြုနိုင်သည့်နေရာ အနည်းငယ်သာရှိပေသည်။

ရန်ကိုင်သာ အသီးခူးသွားသည့်လူကိုရှာနိုင်မည်ဆိုပါက ထိုအသီးနှင့်တန်ဖိုးချင်းညီမျှသော အဖိုးတန်ရတနာတစ်ခုဖြင့် ပြန်လည်လဲလှယ်ယူနိုင်ပေသည်။

တစ်ဖက်လူသည်သာ သူ့အပေါ်အကြပ်မကိုင်ပါက ရန်ကိုင့်အနေဖြင့် ကပ်ဘေးအသီးနှင့်လဲလှယ်ရန် အဖိုးတန်ရတနာများစွာကို ထုတ်ပေးနိုင်ပေသည်။

သို့သော်ငြား လက်ရှိတွင် ကပ်ဘေးအသီးအား ခူးသွားသည့်လူကိုမသိသဖြင့် ရန်ကိုင့်အဖို့ အတော်လေးကို တိုင်ပတ်နေရတော့လေသည်။

“ဒီဆောင်းနယ်မြေထဲမှာ ဒီလိုအပင်မျိုးထပ်ရှိသေးလား” ရန်ကိုင်သည် နှင်းပွင့်လေးဘက်သို့ လှည့်၍မေးလိုက်လေ သည်။

နှင်းပွင့်လေး၏မျက်နှာအမူအယာမှာ အနည်းငယ် ကြုတ်သွားခဲ့ပြီးသည့်နောက် ခေါင်းခါနေသည့်အလား ဝှေ့ယမ်းပြလိုက်လေ၏။ ရန်ကိုင့်၏နောက်ဆုံးမျှော်လင့်ချက် ပျက်စီးသွားခဲ့ရလေပြီ။ သက်ပြင်းချရင်းမှ မကျေမနပ်ဖြင့် ညည်းတွားရုံသာ တတ်နိုင်တော့သည်။

ဥတုလေးမျိုးနယ်မြေသည် ကျင့်ကြံသူများအတွက် သုံးဆယ့်သုံးရက်သာဖွင့်ပေးလေသည်။ ထိုသုံးဆယ့်သုံးရက် ပြည့်ကာနီးတွင် ကျင့်ကြံသူအားလုံးသည် ဥတုလေးမျိုးနယ်မြေထဲမှ ထွက်ခွာရန်အတွက် တစ်ခုသောနေရာသို့ သွားကြရပေသည်။

ထိုသို့သာမဟုတ်ဘဲ ကိုယ့်ဘာသာကို သွားချင်သည့်နေရာ လျှောက်သွားနေမည်ဆိုပါက နောက်တစ်ကြိမ် ပြန်ပွင့်လာသည်ထိ ဤဥတုလေးမျိုးနယ်မြေထဲတွင်သာ ပိတ်မိနေပေလိမ့်မည်။

ပြန်ရေတွက်ကြည့်လိုက်သော် ရန်ကိုင်ဥတုလေးမျိုး နယ်မြေထဲသို့ ရောက်နေခဲ့သည်မှာ ရက်နှစ်ဆယ်ခန့် ရှိနေခဲ့လေပြီ။

တစ်နည်းအားဖြင့် သူ့အချိန်တစ်ဝက်ကျော်လောက်ကို ဆောင်းနယ်မြေထဲတွင် ဖြုန်းတီးခဲ့ခြင်းဖြစ်သည်။ ယခုမှစသွားမည်ဆိုလျှင်ပင် ထွက်ပေါက်ရှိသည့် နေရာသို့ ရောက်ရန် ရက်အနည်းငယ်ခန့် အချိန်ယူရပေလိမ့်မည်။

ထို့ကြောင့် ရန်ကိုင့်တွင် အချိန်များများစားစား မရှိတော့ချေ။ သူဆောင်းနယ်မြေထဲတွင်ရှိနေသည်မှာ အချိန်အတော်လေးကိုကြာနေပြီဖြစ်ပြီး နှင်းပွင့်လေး၏ အကူအညီကြောင့် ဤနေရာရှိရတနာများစွာမှာလည်း သူ့သိုလှောင်လက်စွပ်ထဲသို့ ရောက်ပြီးနေကုန်ကြလေပြီ။

သူရှာချင်နေသည့်ကပ်ဘေးအသီးကိုလည်း အခြားသူတစ်ဦးမှ ခူးသွားပြီဖြစ်လေရာ ရန်ကိုင့်အနေဖြင့် ဤနေရာတွင် ဆက်နေရန်အကြောင်းမရှိတော့ချေ။

လတ်တလောအစီအစဉ်အရ ဝင်ပေါက်ရှိသည့်နေရာဆီသို့ မြန်မြန်သွားပြီး ထိုနေရာတွင်နေကာ အခြားသူများ ရောက်လာမည်ကို စောင့်ဆိုင်းခြင်းသည် အကောင်းဆုံး ဖြစ်ပေမည်။

ထိုသို့လုပ်လျှင် ကပ်ဘေးအသီးအကြောင်းကို စုံစမ်းနိုင်ခြေအနည်းအကျဉ်းရှိနေပေသေး၏။

ထိုသို့ စဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆုံးဖြတ်ချက်ချလိုက်ပြီး နှင်းပွင့်လေးဘက်သို့လှည့်၍ “ငါတို့ကို ဒီကနေထွက်ရမယ့်နေရာကို လိုက်ပို့ပေးပါလား”

“သခင်သွားတော့မလို့လား” လျှို့ယန်၏မျက်လုံးများ တဖျတ်ဖျတ်လက်သွားခဲ့၏။

“ဟုတ်တယ်” ရန်ကိုင်ကခေါင်းငြိမ့်လိုက်လေသည်။

လျှို့ယန်မှာဘာမှမပြောခဲ့သော်ငြား နှင်းပွင့်လေးမှာမူ အနည်းငယ်ဝမ်းနည်းနေခဲ့သည်။ ရန်ကိုင်နှင့်လျှို့ယန်တို့သည် သူတွေ့ခဲ့ဖူးသည့် ပထမဦးဆုံးသောသက်ရှိများ ဖြစ်သည့်အတွက်ကြောင့် သူတို့နှင့်ခွဲခွာရန် အနည်းငယ် တွန့်ဆုတ်နေခဲ့လေသည်။

ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “မင်းလိုက်ချင်ရင် ငါတို့နဲ့လိုက်လာလို့ရတယ်နော်”

ထိုစကားကိုကြားသည့်အခါ နှင်းပွင့်လေး၏မျက်နှာ ရုတ်ခြည်းပြုံးရွှင်လာခဲ့သည်။ သို့သော်ငြား မကြာမီ တစ်ဖန်ပြန်လည်မှုန်ကုပ်သွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ လျှို့ယန်က တိုးတိုးလေး ပြောလိုက်လေ၏။ “သူဒီကနေထွက်သွားလို့ မရဘူး။ သူကကျွန်မနဲ့မတူဘူး။ ဒီနေရာက သူမွေးဖွားတဲ့ နေရာ။ သူ့ရဲ့ဇစ်မြစ်က ဒီမှာရှိနေတာ။ သူသာ ဒီနေရာကနေ ထွက်သွားမယ်ဆိုလို့ရှိရင် အနှေးနဲ့အမြန်သေသွားရလိမ့်မယ်”

“ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရတာလဲ” ရန်ကိုင် ကြောင်သွားခဲ့လေသည်။

လျှို့ယန်က သက်ပြင်းချလျက်ပြောလိုက်၏။ “သူဒီနေရာကထွက်သွားတယ်ဆိုတာ ကျွန်မနဲ့ဟိုဆေးမီးဖိုကို အတူတူနေလို့မရအောင် ဖြတ်တောက်ပစ်လိုက်သလိုပဲ။ အမြစ်မရှိတဲ့အပင်နဲ့ ရေမရှိတဲ့အပင်က ဘယ်လိုမှ မရှင်သန်နိုင်ဘူးလေ။ တစ်ခုတော့ရှိတာပေါ့”

“ဘာတစ်ခုရှိတာလဲ”ရန်ကိုင်ကမေးလိုက်သည်။

“ကမ္ဘာငယ်လေးထဲမှာ ဒီလိုမျိုးပတ်ဝန်းကျင်ရှိဖို့တော့ လိုတာပေါ့။ အဲ့ဒါမှပဲ သူရှင်သန်နိုင်လိမ့်မယ်” လျှို့ယန်က ပြောလိုက်သည်။

ထိုစကားကိုကြားသည့်အခါ နှင်းပွင့်လေးအား ခေါ်သွားမည့်သူ့အစီအစဉ်မှာ လုံးဝကို မျှော်လင့်ချက်မရှိတော့ကြောင်း နားလည်သွားခဲ့လေသည်။

အစကမူ နှင်းပွင့်လေးကို ကမ္ဘာငယ်လေးထဲသို့ထည့်၍ ခေါ်သွားလို့ရမည်ဟုထင်ခဲ့သည်။ သို့သော်ငြား ထိုကဲ့သို့ မဟုတ်သည့်ပုံပင်။

ထိုအချက်ကိုနားလည်လိုက်သော် ရန်ကိုင်သည် သူ့လက်ကိုဆန့်၍ နှင်းပွင့်လေးအား အသာအယာ ပုတ်ပေးလိုက်ပြီး ပြုံးကာပြောလိုက်လေ၏။ “ဝမ်းနည်းမနေနဲ့။ နောက်ပိုင်းအခွင့်အရေးရလို့ရှိရင် ငါဒီကိုပြန်လာပြီး မင်းကိုလာပြန်တွေ့မယ်။ အဲ့အချိန်ထိတော့စောင့်နေအုံးပေါ့။ နောက်တစ်ကြိမ် ငါပြန်လာလို့ရှိရင် မင်းကိုဒီနေရာကနေ ခေါ်ထုတ်သွားနိုင်မယ့်နည်းလမ်းကို ကျိန်းသေရှာပေးမယ်”

ပြောသာပြောလိုက်ရသော်ငြား သူဤနေရာသို့ ပြန်လာနိုင်ချေမှာ မရှိသလောက်ကိုနည်းပါးကြောင်း ရန်ကိုင်သိပေသည်။

ဤဥတုလေးမျိုးနယ်မြေ နောက်တစ်ကြိမ်ပြန်ပွင့်ရန် နှစ်ရာပေါင်းများစွာကြာပေအုံးမည်။ ထိုအချိန်လောက်ဆိုလျှင် သူ့အနေဖြင့် ဥတုလေးမျိုးနယ်မြေသို့ ဝင်နိုင်တော့လိမ့်မည် မဟုတ်ချေ။

နောင်နှစ်ရာပေါင်းများစွာကြာပြီးနောက်တွင် ရန်ကိုင်သည် ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေလောက်ပေပြီ။

သို့သော်ငြား နှင်းပွင့်လေးမှာမူ ထိုအချက်ကို နားလည်နိုင်လောက်သည်အထိ အသိဉာဏ်မြင့်မားနေခြင်း မရှိခဲ့။ ထို့ကြောင့် ချက်ချင်းပဲပျော်ရွှင်စွာဖြင့်သာ ခေါင်းငြိမ့်ပြလိုက်လေသည်။

ပျော်ရွှင်စွာကခုန်နေသောနှင်းပွင့်လေးကိုကြည့်ရင်း ရန်ကိုင့်စိတ်ထဲအနည်းငယ်တော့ ဝမ်းနည်းမိလေ၏။

ရေခဲပြင်ကြီးကိုဖြတ်ကျော်၍ ဥတုနှစ်မျိုးတောင်တန်းဆီသို့ ပြန်ရောက်လာရန်အတွက် ရန်ကိုင့်အဖို့ လေးရက်တိတိ အချိန်ယူလိုက်ရလေသည်။

ထိုနေရာသို့အရောက်တွင် နှင်းပွင့်လေးမှာ ရှေ့ဆက်မသွားတော့ချေ။ ရန်ကိုင်နှင့်လျှို့ယန်သည် နှင်းပွင့်လေးကို နှုတ်ဆက်ပြီးနောက် ထိုနေရာမှ ထွက်လာခဲ့လိုက်လေ၏။

ဥတုနှစ်မျိုးတောင်တန်းကို ဖြတ်ကျော်လာပြီးသည့် နောက်တွင် ထွက်ပေါက်ရှိနေသည့်နေရာဆီသို့ တည့်တည့်မတ်မတ်ပျံသန်းလာလိုက်လေသည်။

ဥတုလေးမျိုးနယ်မြေထဲသို့မဝင်ခင်က ဂိုဏ်းအကြီးအကဲ တစ်ဦးချင်းစီသည် သူတို့၏တပည့်များကို ရက်မပြည့်ခင် ထွက်ပေါက်နေရာဆီသို့ ရောက်နေရမည်ဖြစ်ကြောင်း ကြိုတင်သတိပေးထားကြသည်။

ထွက်ပေါက်မည်သည့်နေရာတွင်ရှိနေသလဲဆိုသည်မှာမူကား ထွက်ပေါက်သည် ဥတုလေးမျိုးနယ်မြေ၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေပေသည်။

ထို့အတွက်ကြောင့် သူလမ်းမှားနေမည်ကို ရန်ကိုင်စိတ်ပူစရာမလို။

သုံးရက်ကြာအောင်သွားလာပြီးသည့်နောက်တွင် လွင်ပြင်တစ်ခုဆီသို့ ရန်ကိုင်ရောက်လာခဲ့သည်။

မကြာမီတွင်ပင် ဥတုလေးမျိုးနယ်မြေ၏ဝင်ပေါက်ကို လှမ်းမြင်လိုက်ရလေသည်။

ဥတုလေးမျိုးနယ်မြေထဲမှထွက်နိုင်မည့် ထွက်ပေါက်သည် ဤနယ်မြေထဲသို့သူတို့ဝင်လာစဉ်က တောင်ကြားထဲတွင် တွေ့ခဲ့ရသည့် ဧရာမဘဲဥပုံစံအလင်းတံခါးပင်ဖြစ်လေသည်။

ဥတုလေးမျိုးနယ်မြေထဲမှ အပြင်သို့ထွက်ရမည့် ထွက်ပေါက်မှာ သူတို့တောင်ကြားထဲမှတစ်ဆင့် ဤနေရာသို့ ဝင်လာစဉ်က တွေ့ခဲ့ရသည့်ဝင်ပေါက်နှင့်အတူတူပင် ဖြစ်လေသည်။

ဥတုလေးမျိုးနယ်မြေထဲသို့ဝင်လာသည့်ကျင့်ကြံသူများသည် ဤအလင်းရောင်ဂိတ်ပေါက်မှတစ်ဆင့် ဥတုလေးမျိုး နယ်မြေထဲမှ အချိန်မရွေးထွက်ခွာသွားနိုင်ပေသည်။

သို့သော်ငြား အချိန်အကန့်အသတ်မှာ မပြည့်သေးသည့်အတွက်ကြောင့် မည်သည့်ကျင့်ကြံသူမှ အစောကြီးထွက်သွားကြလိမ့်မည်မဟုတ်ချေ။

လက်ရှိအခြေအနေမှာ သူမျှော်လင့်ထားသကဲ့သို့ပင် ထိုနေရာ၌မည်သူမှရှိမနေခဲ့ပေ။ ပြန်ရေတွက်ကြည့်လိုက်သော် ရက်အကန့်အသတ် မပြည့်ခင် ငါးရက်ခြောက်ရက်ခန့် လိုပေသေးသည်။

ရန်ကိုင်ကိုယ်တိုင်ကလည်း ဥတုလေးမျိုးနယ်မြေအား ဆက်၍မစူးစမ်းမရှာဖွေချင်တော့သည့်အတွက်ကြောင့် ထိုနေရာတွင်သာ ရပ်စောင့်နေလိုက်တော့လေသည်။

ကပ်ဘေးအသီးကိုရသွားသည့်လူသည် ဤနေရာသို့ စောစောပြန်လာပြီး ထွက်မသွားဘူးဟု မည်သူမှ မပြောနိုင်ချေ။

ထိုသို့စောင့်ဆိုင်းနေစဉ်အတောအတွင်း ကပ်ဘေးအသီးအားရသွားသည့်လူနှင့်တွေ့ပါက ကပ်ဘေးအသီးကို မည်သည့်ရတနာနှင့်လဲယူလျှင် ကောင်းမည်လဲ ဆိုသည်နှင့် ပက်သက်၍ ရန်ကိုင်စတင်တွေးတောတော့လေ၏။

ရန်ကိုင့်တွင်အဖိုးတန်ရတနာများစွာရှိသော်ငြား ထိုရတနာတော်တော်များများသည် အပြင်သို့ထုတ်ယူ၍ လဲလှယ်လို့ကောင်းသည့်ရတနာများမဟုတ်ကြပေ။ အထူးသဖြင့် ဧကရာဇ်မှော်ရတနာငါးခုပင်ဖြစ်လေသည်။

ထို့အပြင် မကြာသေးခင်ကအဆင့်ချိုးဖြတ်ရာတွင် သုံးခဲ့သော တာအိုအရင်းအမြစ်ဆေးလုံးအချို့တော့ ရှိပေသေးသည်။

သို့သော်ငြား ထိုဆေးလုံးများသည် တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့်ကျင့်ကြံသူများအတွက်သာ အသုံးဝင်သည့် အတွက်ကြောင့် တာအိုသခင်အဆင့်ကျင့်ကြံသူများကတော့ စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။

ဥတုလေးမျိုးနယ်မြေထဲ၌ သူရခဲ့သည့် အဖိုးတန်ရတနာ များစွာလည်းရှိပေသေးသည်။ သို့သော်ငြား ထိုရတနာများကို ကပ်ဘေးအသီးရထားသည့်လူ စိတ်ဝင်စားမလား မဝင်စားဘူးလားဆိုသည်ကိုတော့ မည်သူမှမပြောနိုင်ပေ။

စဉ်းစားနေပြီးသည့်နောက်တွင် သူ့၌ အကောင်းဆုံးရှိသည့်အရာဆို၍ အင်မော်တယ်ရေစင် တစ်စက်သာဖြစ်ကြောင်းတွေ့လိုက်ရသည်။

ထိုအင်မော်တယ်ရေစင်သည် မည်သည့်ကျင့်ကြံသူမှ ငြင်းဆန်နိုင်လိမ့်မည်မဟုတ်သည့် အဖိုးတန်ရတနာတစ်ခုပင် ဖြစ်လေသည်။

All Chapters