အခန်း (၂၁၈၁-၂၁၈၅)
Vol. 88 Ch. 2181-2185
အပိုင်း (၂၁၈၁)
ဖန်းဟိုင်အနေဖြင့် လူရှေ့သူရှေ့တွင် သူမှားကြောင်း မည်သို့မှ ဝန်ခံလိမ့်မည် မဟုတ်။ မဟုတ်လျှင် သူ့မျက်နှာ သူပြန်ရိုက်သလို ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ချက်ချင်းပဲ ပြန်အော်ပြောလိုက်လေသည် “ကောင်လေး၊ မဟုတ်တာပြောတာက အတိုင်းအတာရှိတယ်ကွ။ မင်းကဘာမို့လို့ ငါတန်ခိုးရှင်ဘုရင်အဆင့်ကတောင် နှင်းရေခဲကြာပန်းလို့ ပြောနေတာကို မဟုတ်ဘူးလို့ လာပြောနေရတာလဲ”
ထိုစကားကို ကြားသည့်အခါ အကုန်လုံး ဖန်းဟိုင်ကို အနည်းငယ် ပြန်ယုံကြည်ချင်သွားသည်။ ဖန်းဟိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ယောက်ပင် မဟုတ်လေလော။
ရန်ကိုင်က ပြုံးဖြီးလျက် “ဘာလို့လဲဟုတ်လား... ကျုပ်က တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ယောက် မို့လို့ပဲလေ”
“မင်းတို့တွေ့တယ်မလား၊ ဒီကောင့်ပါးစပ်က ထွက်ချင်ရာထွက်နေတာ။ သူပြောတာကို ဘယ်လိုမှ ယုံလို့မရဘူး” ဖန်းဟိုင်က အကုန်လုံး သူ့အား ယုံကြည်လာအောင် ပြောဆိုလိုက်လေသည်။
အကုန်လုံး ခေါင်းညိတ်လိုက်လေ၏။
“ခင်ဗျားတို့ မယုံလည်း ကိစ္စမရှိပါဘူး” ရန်ကိုင်က ရုတ်တရက် ထရပ်၍ သူ့ဖင်ကို လက်ဖြင့်ပုတ်ကာ ဖုန်များကို ခါလိုက်၏။ ထို့နောက် အကြောအချဉ်လျော့က လက်ဆစ်ချိုးလိုက်လေသည်။
ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မသိသဖြင့် အကုန်လုံး သူ့အား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြလေ၏။
“ဒီလောက်ဆို စကားပြောတာ တော်ပြီပေါ့” ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်လျက် ယဲ့ပြုံးပြုံးကာ ပြောလိုက်လေသည် “ခင်ဗျားတို့အားလုံး ဒီရောက်နေတယ်ဆိုမှတော့ ကျုပ်ကို တစ်ခုလောက် ကူညီပေးပါဦး... ခင်ဗျားတို့ရဲ့ သိုလှောင်လက်စွပ်တွေ ကျုပ်ကို ပေးပါလား...”
“ဘာကွ”
အကုန်လုံး ကြောင်သွားခဲ့လေသည်။ ခဏအကြာတွင် လူအချို့ ဒေါသထွက်လာကြလေ၏။
“ခွေးကောင်လေး၊ မင်းဘာပြောလိုက်တာလဲကွ”
“မင်းထပ်ပြောလိုက်စမ်း၊ ဘာတဲ့... သိုလှောင်လက်စွပ်တွေပေး ဟုတ်လား”
“ဘာလဲ၊ မင်းကိုယ်မင်း အရှင်သခင်လို့ ထင်နေတာလား... ငိုးမသားလေး၊ တာအိုသခင်ဒုတိယ အဆင့်တောင် မရောက်သေးဘဲ ငါတို့ကို ဓါးပြတိုက်ချင်နေတယ်ဟုတ်လား”
“ဒီကောင် ရူးနေတာလား”
“မင်းကို ပေးရမယ်ဟုတ်လား၊ မင်းသိုလှောင်လက်စွပ်ကို ဘာလို့ ပြန်မပေးတာလဲ”
ရန်ကိုင်၏ စကားကြောင့် အကုန်လုံး ဒေါသပုန်ထကုန်ကြလေ၏။ ရန်ကိုင်သည် တာအိုသခင် ပထမအဆင့်သာ ရှိသေးသဖြင့် မည်သူမှ သူ့အား မျက်လုံးထဲမထည့်ကြ။ အကုန်လုံးသည် ရန်ကိုင် ဂေါက်သွားပြီး သူတို့ကို လာဓါးပြတိုက်နေသည်ဟုသာ ထင်နေကြသည်။
ရန်ကိုင်က ပြုံးလျက် ကျိုးဟွိုင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည် “ရောင်းရင်း အခုလေးတင် ပြောနေသေးတယ်မလား... ဒီလို ဖြစ်စဉ်ကြီး ပေါ်တာ ဒီလောက်ကြာနေတာတောင် ဘာလို့ တစ်ယောက်မှ ရောက်မလာသေးတာလဲ ဆိုပြီးတော့လေ... ဘယ်သူမှ ရောက်မလားတာ မဟုတ်ဘူး။ ရောက်လာတဲ့ လူတိုင်းကို ကျုပ်မောင်းထုတ်ပစ်လိုက်တာပဲ”
“မင်းက” ကျိုးဟွိုင်က မယုံသည့်မျက်နှာထားဖြင့် “ဟျောင့်၊ သောက်ခွက်လာပြောင်မနေနဲ့နော်”
ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်လေသည် “ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ကျုပ်ကို ဒီကနေ မောင်းထုတ်ဖို့လုပ်တဲ့လူတွေ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့အကုန်လုံး အဲ့လို ဖြစ်သွားရတာပဲ...”
ပြောပြီးသည်နှင့် ရန်ကိုင်သည် တစ်ခုသော နေရာဆီသို့ ညွှန်ပြလိုက်လေသည်။ ရန်ကိုင် ညွှန်ပြရာဆီသို့ လှမ်းကြည့်လိုက်ရာ ခေါင်းမပါသည့် အလောင်းတစ်လောင်း ကျောက်တောင်များကြားတွင် ပုံပျက်ပန်းပျက် လဲလျောင်းနေသည်ကို ကျင်းလီတို့အဖွဲ့ တွေ့လိုက်ရလေသည်။ ထိုအလောင်းအနားတွင် အမြင့်ကြီးမှ ပြုတ်ကျလာဟန် ထင်ရသော အရိုးသွင်သွင်ကျိုးနေသည့် အမျိုးသမီးတစ်ဦး၏ အလောင်းလည်း ရှိနေသေး၏။
“အဲ့နှစ်ယောက်က... အရိပ်ပျံဓါးဂိုဏ်းကပဲ” ခေတ္တမျှကြာအောင် စိုက်ကြည့်နေပြီးနောက်တွင် ကျင်းလီက ရုတ်တရက် ပြောလိုက်လေသည်။
“ဟုတ်တယ်။ သူတို့က အရိပ်ပျံဓါးဂိုဏ်းကပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်၏။
“မင်းတကယ်ကြီး သူတို့ကို သတ်လိုက်တာလား” ကျင်းလီသည် ရန်ကိုင်အား အလန့်တကြား စိုက်ကြည့်ရင်း “မင်းတကယ်ကြီး သူတို့ကို သတ်နိုင်တာလား”
“သွေးနံ့ရပါတယ်လို့ ငါခံစားနေရတာ ဒါကြောင့် ဖြစ်နေတာကိုး...” ကျိုးဟွိုင်က မျက်မှောင်ကြုတ်၍ “ကြားပန်းက ထွက်တဲ့ အနံ့က သွေးနံ့ကို ဖုံးသွားခဲ့တာ... ဒါကြောင့် ငါလုံးဝ သတိမထားမိလိုက်တာ”
“မင်းအဲ့နှစ်ယောက်ကို သတ်လိုက်ရင်တောင် ဘာဖြစ်လဲ” ဖန်းဟိုင်က ရန်ကိုင်အား လက်ညိုးထိုးရင် လေသံမာမာဖြင့် ပြောလိုက်လေသည် “သူတို့နှစ်ယောက်က ဘယ်လောက်အားကောင်းတာမှတ်လို့။ သူတို့ နှစ်ယောက်ကို သတ်လိုက်နိုင်တာနဲ့ ငါတို့ငါးယောက်ကိုလည်း သတ်နိုင်မယ် ထင်နေတာလား”
ထိုစကားကို ကြားသည့်အခါ အကုန်လုံး အသိပြန်ဝင်လာပြီး အသီးသီး ခေါင်းညိတ်လိုက်ကြလေသည်။ သူတို့၏ ပြိုင်ဘက်သည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူလေးသား ဖြစ်သည်။ ထိုကောင်လေး အားကောင်းသည် ဆိုလျှင်ပင် သူတို့ငါးဦးကို ယှဉ်တိုက်နိုင်လိမ့်မည် မဟုတ်ချေ။
“ဟူး...” ရန်ကိုင်က သက်ပြင်းချလျက် “ဖြစ်နိုင်ရင် ကျုပ်လက်မပါချင်ဘူးဗျ။ ဆေးပင်လေး နည်းနည်းကိုပဲ ရှာချင်တာ။ ဒါပေမယ့် ခင်ဗျားတို့က ခေါင်းမာလွန်းနေမှတော့လည်း...”
ပြောပြီးသည်နှင့် ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ ချက်ချင်းဆိုသလို လူငါးဦးစလုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ရန်ကိုင်ကို အာရုံခံရန်အတွက် သူတို့၏ ကောင်းကင်စိတ်အာရုံကို အလျင်စလို ဖြန့်ကျက်လိုက်လေသည်။ သို့တိုင် မည်သူမှ ရန်ကိုင်၏ အရိပ်အယောင်ကို အာရုံခံမရခဲ့ပေ။
ထိုထူးဆန်းသည့် အဖြစ်အပျက်ကြောင့် ကျင်းလီတို့ ငါးဦးစလုံး တုန်လှုပ်လာကြလေ၏။
ရုတ်တရက် လက်တစ်ဖက်သည် ကျင်းလီ၏ ပခုံးပေါ်သို့ ရောက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် ကျင်းလီနောက်၌ ထူးဆန်းစွာ ပေါ်လာပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေ၏ “နည်းနည်းလေးမှ မလှုပ်နဲ့နော်။ မဟုတ်ရင် ကျုပ်ခင်ဗျားကို မတော်တဆ သတ်မိသွားလိမ့်မယ်”
ကျင်းလီမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး ချွေးသီးများဟာလည်း နဖူးတစ်လျှောက် ဝေ့သီလာခဲ့လေသည်။
သူ့ပခုံးပေါ်သို့ တင်ထားသော ရန်ကိုင်၏ လက်ဆီမှ သူ့အသက်ကို အချိန်မရွေး ချွေယူပစ်နိုင်သည် ချောက်ခြားဖွယ်ရာ ဖိအားတစ်ရပ်ကို ခံစားနေခဲ့ရသည်။
ရွှစ်... ရွှစ်... ရွှစ်...
ကျန်လေးဦးသည် ကျင်းလီမှ ခပ်ဝေးဝေးသို့ ချက်ချင်း ဆုတ်သွားကြပြီး အရင်းအမြစ်ချီကို အရူးအမူး လှည့်ပတ်ရင်း ရန်ကိုင်အား အလေးအနက်အမူအရာဖြင့် မမှိတ်မသုံ စိုက်ကြည့်နေကြလေ၏။
ရန်ကိုင် စကားမပြောလိုက်ခင်အထိ မည်သူမှ ရန်ကိုင် ကျင်းလီနောက်သို့ ရောက်နေသည် ဆိုသည်ကို သတိမပြုမိခဲ့ချေ။ ကျင်းလီ အဖြစ်ကိုကြည့်ရင်း သူတို့ကိုယ်သူတို့လည်း ပြန်မေးကြည့်သည်... သူတို့သာ ကျင်းလီနေရာတွင် ဆိုပါက ရန်ကိုင်လက်မှ လွတ်အောင်ရှောင်နိုင်မည်လား...
ရှောင်နိုင်လိမ့်မည် မဟုတ်ပေ...
ထိုသို့ တွေးမိလိုက်သည့်နောက် အကုန်လုံး ဇောချွေးပျံကုန်ကြလေသည်။
“ရောင်းရင်း...” ကျင်းလီသည် ခက်ခက်ခဲခဲဖြင့် တံတွေးတစ်လုတ်မျိချရင်း ပြောလိုက်လေသည် “မင်းနဲ့ငါ့ကြားမှာ ဘာရန်ငြိုးရန်စမှမရှိဘူးလေ... ငါမင်းကိုလည်း...”
“သိတာပေါ့” ရန်ကိုင်က ကျင်းလီ ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ဖြတ်ပြောလိုက်လေသည် “ဒါကြောင့်လည်း ခင်ဗျားကို မသတ်သေးတာလေ။ မဟုတ်ရင်တော့လား ခင်ဗျား အခုအချိန်ထိ အသက်ရှင်နေမှာတောင် မဟုတ်တော့ဘူး”
“ဟုတ်တယ် ဟုတ်တယ်” ကျင်းလီသည် ကြက်အစာကောက်သည့်အလား ခေါင်းကို တွင်တွင် ညိတ်ပြလိုက်သည် “ရောင်းရင်းပြောတာ အမှန်ပဲ”
“အင်း၊ ကျုပ်ခဏတုန်းက ပြောလိုက်တယ်လေ... ကျုပ်ဆေးပင်အချို့ ရှာချင်နေတယ်လို့” ပြောရင်းဆိုရင်း ရန်ကိုင်သည် ကျင်းလီ၏ သိုလှောင်လက်စွပ်ကို လှမ်းချွတ်ယူလိုက်လေသည်။
သိုလှောင်လက်စွပ်ထဲသို့ ပစ္စည်းများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် လက်စွပ်ကို ကျင်းလီဆီသို့ ပြန်ပေးလိုက်လေသည်။
“ခင်ဗျား သွားလို့ရပြီ” ရန်ကိုင်က ကျင်းလီ၏ ပခုံးကို ပုတ်ရင်း ပြုံးကာ ပြောလိုက်လေသည်။
ရန်ကိုင်၏လက် သူ့ပခုံးမှ ခွာသွားသည်နှင့် တစ်ပြိုင်နက် ကျင်းလီ၏ ခြေထောက်များ ခွေကျလုမတတ် ဖြစ်သွားခဲ့သည်။ သို့သော်ငြား ဟန်မပျက်အောင်တော့ ထိန်းထားနိုင်ခဲ့ပေသည်။ ကြောက်စိတ်ကို ချုပ်တည်းရင်း သိုလှောင်လက်စွပ်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် အာမေဋိသံ ပြုလျက် ရန်ကိုင်အား ထူးဆန်းသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေ၏ “ခင်ဗျားမှာ ကျုပ်လိုချင်တာ ရှိမနေဘူး...”
“အဲ့လိုကိုး” ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို နားလည်သွားသည့်နောက်တွင်း ကျင်းလီသည် အားတက်စွာပြုံးလျက် လက်သီးဆုပ်ကာ အော်ပြောလိုက်လေသည် “ကျေးဇူးအများကြီးတင်ပါတယ်”
ပြောပြီးသည်နှင့် နောက်သို့တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ခြေကုန်သုတ်ကာ ပြေးတော့လေသည်။
ရန်ကိုင်၏ ခြိမ်းခြောက်မှုကြောင့် ကြောက်လန့်သွားခဲ့ရုံမှအပ မည်သည့် ဒဏ်ရာမှ မရခဲ့သလို မည်သည့် ပစ္စည်းကိုမှလည်း မဆုံးရှုံးလိုက်ရချေ။ ဤသည်မှာ သူမျှော်လင့်သည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေလေရာ သူ့အနေဖြင့် မည်သို့များ မကျေနပ်ဘဲ နေရဦးမည်နည်း။ လက်စားချေရန် ကြိုးစားနေမည့်အစား အတိတ်ကို အတိတ်တွင် ထားလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေသည်။
“ကဲကျန်တဲ့လူတွေလာမယ်” ရန်ကိုင်က ကျန်လူလေးဦးကို ပြုံးပြလျက် “ကျုပ်ကို လက်ပါရအောင် မလုပ်နဲ့နော်။ စိတ်မပူနဲ့၊ ခင်ဗျားတို့မှာသာ ကျုပ်လိုချင်တာ ရှိမနေဘူးဆိုရင် ခင်ဗျားတို့ရဲ့ ဘယ်ပစ္စည်းကိုမှ ကျုပ်ယူမှာ မဟုတ်ဘူး။ ဒါပေမယ့် ရှိနေခဲ့မယ်ဆိုရင်တော့... ခင်ဗျားတို့ရဲ့ ကံကိုပဲ အပြစ်တင်လိုက်ပေါ့”
ကျန်လူလေးဦးသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သို့ရာတွင် မည်သူမှ ထွက်မပြေးရဲခဲ့ကြချေ။ ရန်ကိုင် လှုပ်ရှားသွားသည့်ပုံကို မြင်ပြီးသည့်အချိန်မှစ၍ သူတို့ထဲက မည်သူမှ ရန်ကိုင်၏လက်မှ လွတ်အောင် ပြေးနိုင်လိမ့်မည် မဟုတ်မှန်း သိနေကြသည်။
“ရောင်းရင်း ဘာကို ရှာနေလဲဆိုတာ ပြောပြပေးလို့ရလား။ ရောင်းရင်းလိုချင်တဲ့ဟာသာ ဒီကျိုးမှာ ရှိနေရင် ရောင်းရင်းကို ကျိန်းသေ ပေးပါ့မယ်” ကျိုးဟွိုင်က ပြောလိုက်သည်။
အခြားသူများကလည်း ဝင်ပြောလိုက်လေသည် “ဟုတ်တယ်။ ရောင်းရင်းလိုချင်တာသာရှိရင် ရောင်းရင်းကို ကျိန်းသေ ပေးပါ့မယ်”
“ပြဿနာ မရှာချင်ကြနဲ့။ ပေးဆိုပေး... ကျုပ်ဘာသာစစ်မယ်” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် “ကျုပ်သုံးအထိရေမယ်။ အဲ့အတွင်းမှ မပေးဘူးဆိုရင်တော့ ကျုပ်ကို အပြစ်မတင်တော့နဲ့”
ရန်ကိုင်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စတင်ရေတော့လေသည်။
“ဟူး...” ထိုအခြင်းအရာကို မြင်သော် ကျိုးဟွိုင် သက်ပြင်းချလိုက်လေသည်။ မဖြစ်နိုင်တော့မှန်း သိသဖြင့် သူ့သိုလှောင်လက်စွပ်ကိုချွတ်၍ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည် “ရောင်းရင်း ကိုယ့်စကားကိုယ်တည်နော်”
ရန်ကိုင်ကမူ ဘာမှပြန်မပြောဘဲ သိုလှောင်လက်စွပ်ကိုသာ စစ်ဆေးကြည့်လိုက်လေသည်။ ခဏအကြာ၌ လက်စွပ်ကို ကျိုးဟွိုင်ဆီသို့ ပြန်ပစ်ပေးလိုက်လေ၏။
သိုလှောင်လက်စွပ်ကို ပြန်ရပြီးနောက်တွင် ကျိုးဟွိုင်သည် စကားတစ်ခွန်းပင် ပြောမနေတော့ဘဲ ချက်ချင်း ထွက်သွားလေ၏။
သူတို့အဖွဲ့ထဲမှ အားအကောင်းဆုံးနှစ်ဦး အလွယ်တကူ အလျော့ပေးလိုက်သည်ကို မြင်သော် ကျန်သည့် လူသုံးဦးမှာလည်း ခေါင်းမာမနေရဲတော့ဘဲ ရန်ကိုင် ပြောသည့်အတိုင်း သူတို့၏ သိုလှောင်လက်စွပ်ကို ရန်ကိုင်ဆီသို့ ချွတ်ပေးလိုက်ကြလေသည်။
ထိုလူများ၏ သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။ သိုလိုချင်နေသည့် ပစ္စည်းများကို ရှာမတွေ့ခဲ့ချေ။
အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးလုံးဖြစ်စေ၊ ကပ်ဘေးအသီးဖြစ်စေ... ရှာမတွေ့ခဲ့ပေ။ လိုအပ်သည့် ဆေးအမယ်များကိုသာ အချိန်မှီ မရနိုင်ပါက အဆုံးမဲ့ရတနာကြာပန်းအား အစိမ်းလိုက် ဝါးစားရုံသာ ရှိတော့ပေသည်။ ထိုသို့လုပ်လိုက်လျှင် ဆေးအာနိသင် အတော်များများကို ဆုံးရှုံးလိုက်ရမည် ဖြစ်သော်ငြား သူ့အတွင် အခြားနည်းလမ်း ရှိမနေခဲ့ချေ။
နောက်ဆုံးလက်ကျန် လူသုံးဦးကို မောင်းထုတ်လိုက်ပြီးနောက်တွင် ရန်ကိုင်သည် ကြာပန်းနား၌ တင်ပလင်ခွေထိုင်၍ နောက်ထပ် သားကောင် ရောက်လာမည့်အချိန်ကို စောင့်နေလိုက်လေ၏။
နောက်နှစ်ရက်အတွင်း... ကောင်းကင်ဖြစ်စဉ်ကြောင့် ကျင့်ကြံသူပေါင်းများစွာ ရောက်လာခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ရောက်လာသည့်လူများအနက် ရန်ကိုင် ကြောက်ရမည့်လူ တစ်ယောက်မှ ပါမနေခဲ့ချေ။
ထိုလူများ၏ အဖြစ်မှာ ကျင်းလီတို့အဖွဲ့နှင့်အတူတူပင်။ အကုန်လုံးမှာ စိတ်အားတက်ကြွစွာဖြင့် ရောက်လာခဲ့သော်ငြား ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ထွက်သွားခဲ့ကြရသည်။
ကိုယ့်အကြောင်း ကိုယ်သိသည့် လူများမှာတော့ နာနာခံခံဖြင့် သိုလှောင်လက်စွပ်ကို ပေးကြသော်ငြား ခေါင်းမာသည့် လူများမှာတော့ ရန်ကိုင်၏ လက်စာမိပြီးမှသာ နာခံသွားကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၈၂)
ရန်ကိုင်၏ လုပ်ရပ်သည် လူပေါင်းများစွာကို ရန်စလိုက်သလို ဖြစ်နေသော်ငြား ရန်ကိုင်သည် သူ့ကိုယ်သူ ထိန်းထားခဲ့ပြီး လာသမျှလူတိုင်းအား သတ်ပစ်ခြင်း၊ ဓါးပြတိုက်ခြင်းမျိုး မလုပ်ခဲ့ချေ။ ထို့ကြောင့် သူ့အခြေအနေမှာ အရမ်းကြီး ဆိုးရွားမနေခဲ့ချေ။
သူသာ လာသမျှလူတိုင်း၏ ရတနာများကို လိုက်လုနေမည်ဆိုပါက လူတိုင်း၏ ဘုံရန်သူ ဖြစ်သွားရပေလိမ့်မည်။ ထိုအခါ ဥတုလေးမျိုးနယ်မြေ ပိတ်သွားသည့်နောက်တွင် သူသည် ဂိုဏ်းတိုင်း၏ ပစ်မှတ် ဖြစ်လာပေတော့မည်။
ထိုသို့ ဖြစ်လာသည့်အခါတွင် ကောင်းရွှယ်ထင်းမှ သူ့အားကာကွယ်ပေးလျှင်ပေး၊ မဟုတ်လျှင် နေမင်းပြာကျောင်းတော်ထဲသို့ မဝင်ပါက ရန်ကိုင်သည် သူရန်စလိုက်သည့် လူများ၏ ဂိုဏ်းများမှ အမဲလိုက်သည်ကို ခံရပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်သည် လူပေါင်းများစွာအား မရန်စမိအောင် ထိန်းထားသလို သူ့အတွက် အကျိုးအမြတ်ရှိအောင် လုပ်ထားခဲ့သည်။ နှစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် သူလိုအပ်နေသည့် ဆေးအမယ်သုံးမျိုးအနက်မှ နှစ်မျိုးကို ရရှိခဲ့လေသည်။ ယခုဆိုလျှင် သူလိုအပ်သည့် ဆေးအမယ်ဆို၍ တစ်မျိုးသာ ကျန်တော့ပေသည်။
သို့သော်ငြား အဆုံးမဲ့ကြာပန်း ပွင့်ဖို့ရာလည်း တစ်ရက်သာလိုတော့သည်။ နောက်ဆုံးဆေးအမယ်အား ထိုတစ်ရက်အတွင်း မရှာနိုင်ပါက ကြာပန်းအား အစိမ်းလိုက်ဝါးစားရုံသာ ရှိတော့သည်။ ထို့အပြင် ဥတုလေးမျိုး နယ်မြေသည်လည်း နောက်နှစ်ရက်အတွင်း ပိတ်ပေတော့မည်။ ထို့အတွက်ကြောင့် ရန်ကိုင် စတင်၍ စိတ်ဆောလာလေတော့သည်။ သူ့အထင်သာ မှန်လျှင် တကယ် လက်ရွေးစင်များ မကြာခင်တွင် ရောက်ရှိလာပေတော့မည်။
သူတွေးနေစဉ်မှာပင် ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး တစ်ခုသောဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် မဲ့ပြုံးပြုံးလျက် ရေရွတ်လိုက်လေ၏ “ကြည့်ရတာ ဒီကောင်တွေ ရောက်လာပြီနဲ့တူတယ်... ဘာလို့ နည်းနည်း နောက်ကျပြီးမှ ရောက်မလာကြတာလဲ”
သူစိုက်ကြည့်နေရာဘက်ဆီမှ အဖွဲ့တစ်ဖွဲ့သည် ရန်ကိုင်ဆီသို့ လာနေခဲ့လေသည်။ ထိုအဖွဲ့သားများဆီမှ ဖြာထွက်နေသည့် အရှိန်အဝါများအနက် တစ်ခုသည် အခြားသူများ၏ အရှိန်အဝါထက် သိသိသာသာကို အားကောင်းနေခဲ့သည်။ ထိုအရှိန်အဝါသည် ရန်ကိုင်ကိုပင်လျှင် ပြဿနာပေးနိုင်သည့် အရှိန်အဝါမျိုး ဖြစ်၏။
သို့သော်လည်း အတော်လေး ဝေးနေသေးသည့်အတွက်ကြောင့် ထိုလူ မည်သူလဲ ဆိုသည်ကို ရန်ကိုင် သေချာမမြင်ရချေ။
အလင်းတန်းသည် မကြာခင်တွင် တောင်ပေါ်သို့ ရောက်လာပြီး ရန်ကိုင်နှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်လေသည်။ အလင်းတန်း ပျောက်ကွယ်သွားသည့်နောက် လူပေါင်းများစွာ ပေါ်လာခဲ့၏။
တောင်ပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ထဲမှ အသက်သုံးဆယ်လောက်ရှိမည်ထင်ရသည့် လူကြီးက ရန်ကိုင်အား လက်ညိုးထိုးရင်း အော်ပြောလိုက်လေသည် “စီနီယာအစ်ကိုကျွမ်း၊ ကျုပ်နဲ့ ဂျူနီယာညီမရှုရဲ့ သိုလှောင်လက်စွပ်တွေကို ဓါးပြတိုက်သွားတာ အဲ့ကောင်ပဲ”
ထိုလူပြောသည်ကို ကြားသော် လူအုပ်ထဲတွင် ရှိနေသည့် အသားဖြူဖြူ အမျိုးသမီးတစ်ဦးကလည်း ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်ရင်းမှ ခေါင်းညိတ်ပြလိုက်လေသည်။
ရန်ကိုင် မျက်လုံးမှေးစဉ်းသွားခဲ့ပြီး ထိုအမျိုးသားနှင့် အမျိုးသမီးကို သေချာ စိုက်ကြည့်လိုက်သည်။ မကြာခင်မှာပင် ထိုနှစ်ဦးသည် ယမန်နေ့က သူ့ဆီသို့ ရောက်လာသည့် ဧည့်သည်တော်များ ဖြစ်ကြောင်း မှတ်မိသွားခဲ့၏။
ထိုလူနှစ်ဦးသည် အခြားသူများကဲ့သို့ပင် အဆုံးမဲ့ကြာပန်း ပွင့်လန်းနေသည့်နေရာဆီသို့ စိတ်အားတက်ကြွစွာဖြင့် ရောက်လာခဲ့သည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် မည်သည့် အဖိုးတန်ရတနာမှ မရခဲ့ဘဲ သူတို့၏ သိုလှောင်လက်စွပ်များကိုသာ ရန်ကိုင် စစ်ဆေးရန်အတွက် ရန်ကိုင်လက်ထဲသို့ ထည့်ပေးလိုက်ရလေ၏။
“အို၊ ရောင်းရင်းတို့နှစ်ယောက်က ရှေးဟောင်းကျောင်းတော်က ဖြစ်နေတာကိုး... ကြည့်ရတာ ကျုပ်မလေးမစား ဖြစ်သွားတယ်နဲ့တူတယ်” ရန်ကိုင်သည် စကားပြောလိုက်သည့် လူကြီးကို ပြုံးကာကြည့်ရင်း လက်သီးဆုပ်၍ ပြောလိုက်လေသည်။
ထိုလူများ မည်သည့်ဂိုဏ်းကလာသလဲဆိုသည်ကို သွားမေးနေစရာပင် မလိုခဲ့။ ကျွမ်းပုဖန်းကို စီနီယာအစ်ကိုဟု ခေါ်နေကတည်းက သူတို့ မည်သည့်နေရာကလာမှန်း ရန်ကိုင် ချက်ချင်း တန်းသိလိုက်လေပြီ။
ရှေးဟောင်းကျောင်းတော်သည် တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်ရာ သူတို့၏ ဂိုဏ်းသားများဟာလည်း အတော်လေးကို မာနကြီးကြလေသည်။ ထို့ကြောင့် ဘယ်ကမှန်း မသိရသည့် လူတစ်ဦး၏ ဓါးပြတိုက်ခြင်းကို ခံရပြီးနောက်တွင် သူတို့အနေဖြင့် မည်သို့များ ငြိမ်ခံနေနိုင်ပါမည်နည်း။ ရန်ကိုင်ကို အခဲမကြေဖြစ်ကာ လက်စားပြန်ချေနိုင်ရန်အတွက် သူတို့၏ စီနီယာအစ်ကိုကို သွားရှာတော့လေသည်။ ထို့ကြောင့်ပင်လျှင် ကျွမ်းပုဖန်းသည်လည်း ဤနေရာသို့ ပုံမှန်ထက်စော၍ ရောက်လာခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း သူလာရသည့် အရေးအကြီးဆုံးသော အချက်မှာ အဆုံးမဲ့ရတနာကြာပန်းကြောင့်သာ ဖြစ်ပေသည်။ ကျွမ်းပုဖန်း၏ အကူအညီကို ရလိုက်မည်ဆိုပါက ရန်ကိုင်ကို လက်စားပြန်ချေနိုင်မည်ဖြစ်သလို ဤထူးဆန်းသည့် ရတနာကြာပန်းကိုလည်း ရနိုင်ပေလိမ့်မည်။
“ဟန့်” ရန်ကိုင်၏စကားကို ကြားသော် စကားပြောလိုက်သည့်လူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ကောင်လေး၊ အခုလိုပြောလိုက်လို့ ငါတို့လက်ကနေ လွတ်မယ်ထင်လား။ မြန်မြန် ဒူးထောက်ပြီး ကိုယ့်အမှားကိုယ် ဝန်ခံ၊ ပြီးရင်း ကိုယ်ပါးကိုယ်ပြန်ရိုက်လိုက်။ အဲ့ဒါဆို စီနီယာအစ်ကိုကျွမ်းက မင်းကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်ပေးလိမ့်မယ်။ စီနီယာအစ်ကိုကျွမ်းက အားနည်းပြီး အပြစ်မရှိတဲ့လူတွေကို သတ်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။ ဒါပေမယ့် မင်းက ခေါင်းမာနေဦးမယ် ဆိုရင်တော့... ဟန့်”
“ရောင်းရင်း ဘာပြောချင်တာလဲ... ကျုပ်သိပ်နားမလည်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
“တုံးချင်ယောင် ဆောင်မနေနဲ့” ထိုလူက ဒေါသတကြီး ထအော်လေသည် “မင်းဘာလုပ်ခဲ့လဲ မင်းအသိဆုံးပဲ”
“ဟဲဟဲ...” ရန်ကိုင်က ရယ်မောလျက် ကျွမ်းပုဖန်းဘက်သို့လှည့်ကာ မေးလိုက်လေသည် “ရောင်းရင်းကျွမ်းကော ဘာပြောချင်လဲ”
ဤနေရာသို့ ရောက်ကတည်းက ကျွမ်းပုဖန်းသည် စကားတစ်ခွန်းမှ မပြောသေးဘဲ ရန်ကိုင်ကို ကြည့်လိုက်၊ အဆုံးမဲ့ရတနာကြာပန်းကို ကြည့်လိုက်သာ လုပ်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့မျက်နှာထက်ရှိ သံသယ အငွေ့အသက်တို့မှာလည်း ပိုပို၍ အားကောင်းလာနေခဲ့လေသည်။
ယခု ကျွမ်းပုဖန်းစိတ်ထဲ သင်္ကာမကင်း ဖြစ်နေသည့်အချက်နှစ်ချက် ရှိသည်။
တစ်ချက်မှာ... အဆုံးမဲ့ရတနာကြာပန်းပင်... သူသည် ရှေးဟောင်းကျောင်းတော်၏ တာအိုသခင်အဆင့် ကျင့်ကြံသူများထဲ၌ အားအကောင်းဆုံးဖြစ်ကာ အတွေ့အကြုံ ဗဟုသုလည်း အတော်လေး ကြွယ်ဝသည်။ ထို့ကြောင့် အဆုံးမဲ့ရတနာကြာပန်းနှင့် ပက်သက်ပြီး သူ့စိတ်ထဲ အနည်းအပါး ခန့်မှန်းမိသော်ငြား အတည်မပြုသေးနိုင် ဖြစ်နေခဲ့သည်။
နောက်တစ်ချက်မှာတော့ ရန်ကိုင်ပင်... သူမည်သို့ပင် ကြည့်နေစေကာမူ ရန်ကိုင်သည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးထက် ဘာမှမပိုချေ။ သို့သော်ငြား ထိုကျင့်ကြံလေးဖြင့် သူ့ဂျူနီယာညီလေးနဲ့ ညီမလေးတို့ကို အလွယ်တကူ အမှောက်သိပ်နိုင်ခဲ့သည်။ သူ့ဂျူနီယာနှစ်ယောက်စလုံး ကိုယ်တိုင်ရောက်လာကာ ပြောပြသည့် အတွက်ကြောင့်သာမဟုတ်လျှင် ဤဖြစ်ရပ်ကို ကျွမ်းပုဖန်း လုံးဝ ယုံမည်မဟုတ်ချေ။
ရန်ကိုင်၏ အမေးကို ကြားပြီးနောက်တွင် ကျွမ်းပုဖန်းက မျက်မှောင်ကြုတ်၍ လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေသည် “ဒီက ရောင်းရင်းကို ဘယ်လိုခေါ်ရလဲ”
သူ့ဂျူနီယာနှစ်ဦးအတွက် လက်စား လာချေပေးခြင်း ဖြစ်သော်ငြား ကျွမ်းပုဖန်းသည် ရန်ကိုင်အား နိုင်လိုမင်းထက် မဆက်ဆံဘဲ ယဉ်ယဉ်ကျေးကျေးနှင့်သာ တုန့်ပြန်ပြောဆိုသည်။
“ရန်ကိုင်” ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။
“ဒီကျွမ်း ရောင်းရင်နာမည်ကို ကြားဖူးတယ်... ရောင်းရင်းက နေမင်းပြာကျောင်းတော်နဲ့အတူ လာတာမလား” ကျွမ်းပုဖန်း ပို၍ နားမလည်နိုင် ဖြစ်သွားလေသည် “ဒါပေမယ့်... နေမင်းပြာကျောင်းတော်မှာ ရောင်းရင်းလို လူတစ်ယောက် ရှိတယ်ဆိုတဲ့အကြောင်း ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က မျက်ခုံးပင့်လျက် ချီးကျူးစကား ဆိုလိုက်လေသည် “ရောင်းရင်းကျွမ်းရဲ့ မှတ်ဥာဏ်နဲ့ အကဲခတ်စွမ်းရည်က တကယ် ကောင်းတာပဲ။ ဟုတ်တယ်။ ကျုပ်နေမင်းပြာကျောင်းတော်က လူတွေနဲ့ အတူလာခဲ့တာ”
ကျွမ်းပုဖန်းသည် ရန်ကိုင် နေမင်းပြာကျောင်းတော်မှ လူများနှင့် အတူလာသည်ဆိုသောအချက်ကို ပထမဆုံး မှတ်မိသည့်လူလည်း ဖြစ်သည်။ ထိုစဉ်က တောင်ကြားထဲတွင် လူပေါင်း ရာနှင့်ချီ ရှိနေခဲ့ပြီး ထိုလူအုပ်ကြီးထဲမှ ရန်ကိုင်အား တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေသည်ဆိုသည်မှာ တကယ် အထင်ကြီးစရာပင်။
“ရောင်းရင်းကျွမ်း ကျုပ်နာမည် မကြားဖူးတာ သဘာဝပါပဲ။ ကျုပ်က နေမင်းပြာကျောင်းတော်ကမှ မဟုတ်ဘဲ။ အချို့ ကိစ္စလေးတွေကြောင့်ပဲ အကြီးအကဲကောင်းနဲ့ အတူလာခဲ့ရတာ”
“အဲ့လိုကိုး” ကျွမ်းပုဖန်း ခေါင်းညိတ်လိုက်သည်။ သူထင်နေသည်မှာတော့ ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ အဆင့်မြင့် အကြီးအကဲ တစ်ဦးဦးနှင့် သိထားသည့်အတွက်ကြောင့် ဥတုလေးမျိုး နယ်မြေထဲသို့ နေမင်းပြာကျောင်းတော်သာများနှင့် အတူလာခွင့်ရသည် ဟူ၍ပင်။
ခေတ္တမျှ စဉ်းစားနေပြီးနောက်တွင် ကျွမ်းပုဖန်းက ဆက်ပြောလိုက်လေသည် “တကယ်တော့... ဒီကျွမ်းရဲ့ ဂျူနီယာနှစ်ယောက် ရောင်းရင်းလက်မှာ ခံလိုက်ရတယ်ဆိုတာ သူတို့ အသုံးမကျလို့ဘဲ။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှ အထွန့်တက်နေစရာ မလိုဘူး။ ဒီကျွမ်းကိုယ်တိုင်ကလည်း သူတို့အတွက်လိုက်ပြီး လက်စားချေပေးနေစရာ မလိုသင့်ဘူး... ဒါပေမယ့် သူတို့ရဲ့ စီနီယာအစ်ကို ဖြစ်နေတာဆိုတော့ သူတို့ရဲ့ စီနီယာအစ်ကိုတစ်ယောက်လို ပြုမူရဦးမယ်” ကျွမ်းပုဖန်းက အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည် “ဂျူနီယာနှစ်ယောက်က လာအကူအညီတောင်းတာကို စီနီယာအစ်ကိုတစ်ယောက် အနေနဲ့ မသိချင်ယောင် ဆောင်နေလို့ မရဘူးလေ။ တကယ်တော့ ဂျူနီယာညီ၊ ညီမတွေကို ကာကွယ်ပေးဖို့က စီနီယာအစ်ကိုတွေရဲ့ တာဝန်ပဲလေ”
ပြောပြီးသည်နှင့် သူနှင့်အတူ ပါလာသော လူများသည် ကျွမ်းပဖုန်းက စိတ်ခံစားချက်အစုံ ရောပြွမ်းနေသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြလေသည်။
“ရောင်းရင်းရန်၊ ဒီကိစ္စကို မင်းဘယ်လို ဖြေရှင်းချင်လဲ” ကျွမ်းပုဖန်းသည် ရန်ကိုင်ကို ကြည့်ကာ မေးလိုက်၏။
ကျွမ်းပုဖန်းသည် နိုင်ထက်စီးနင်း မလုပ်ချင်သည့်အလား ရန်ကိုင်၏ ထင်မြင်ချက်ကို မေးလိုက်လေသည်။ ထို့အပြင် သူ့ကိုယ်သူ ယုံကြည်ချက်လည်း အပြည့်ရှိသည့်ပုံပင်။ ရန်ကိုင် မည်သို့ပင် ဆုံးဖြတ်ပါစေ သူအကောင်းဆုံး ကိုင်တွယ်နိုင်လိမ့်မည်ဟု ယုံကြည်နေ့သည့်အလား။
ကျွမ်းပုဖန်း၏ အမေးကိုကြားသော် ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည် “ရောင်းရင်းကျွမ်း... အကြောင်းစုံကို သိပြီးသွားပြီမလား”
ကျွမ်းပုဖန်းက ခေါင်းညိတ်၍ “သိပြီးသွားပြီ။ ရောင်းရင်းရန် သူတို့ကို တိုက်ခိုက်ပြီး သူတို့ သိုလှောင်လက်စွပ်တွေကို လာဓါးပြတိုက်သွားတယ်လို့ ပြောတယ်”
“အို” ရန်ကိုင်က မျက်ခုံးပင့်လျက် “သူတို့ကို တိုက်ခိုက်တာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ဓါးပြတိုက်တယ် ဆိုတာကြီးကတော့... ကျုပ်တော့ သိပ်မထင်ဘူးနော်”
“ဘာဖြစ်တာလဲ” ကျွမ်းပုဖန်းက မျက်မှောင်ကြုတ်လျက် “ရောင်းရင်းရန်က ကိုယ်လုပ်ပြီး ဝန်မခံချင်တာလား”
“ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်ရမှာလဲ။ ဒါပေမယ့် ကိုယ်မလုပ်တဲ့ အရာတစ်ခုက ဝန်ခံဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ အဲ့လိုဆို ကိုယ့်ကိုယ်ကို အရှက်ခွဲနေသလို ဖြစ်မှာပေါ့” ရန်ကိုင်က အမျိုးသားနှင့် အမျိုးသမီးဘက်သို့ လှည့်၍ “မင်းတို့ နှစ်ယောက် ပြောစမ်းပါ.. ငါမင်းတို့ကို ဓါးပြတိုက်တယ်လို့ ပြောရအောင် မင်းတို့ရဲ့ ဘယ်ပစ္စည်းတွေကို ဆုံးရှုံးလိုက်ရလို့လဲ”
“အာ...” ရန်ကိုင်၏ အမေးကိုကြားသော် အမျိုးသား ကြောင်သွားခဲ့လေသည်။
သူမည်သည့် ပစ္စည်းမှ မဆုံးရှုံးလိုက်ရချေ။ ရန်ကိုင်မှ သူ့သိုလှောင်လက်စွပ်ကို လုယူသွားသော်ငြား မည်သည့် ပစ္စည်းကိုမှ မဆုံးရှုံးလိုက်ရချေ။ ကျွမ်းပုဖန်းအား သွားရှင်းပြစဉ် ထိုအချက်ကို ထည့်မပြောပြခဲ့ချေ။
ထိုလူ၏ အမူအရာကိုမြင်သော် ရန်ကိုင်က ရယ်မောလျက် “ရောင်းရင်းကျွမ်း၊ ကြည့်ရတာ မင်းလူတွေက အကုန် ပြောမသွားဘူးနဲ့တူတယ်”
ကျွမ်းပုဖန်း၏ မျက်နှာ မှုန်ကုတ်သွားခဲ့ပြီး အမျိုးသားဘက်သို့လှည့်၍ မေးလိုက်လေသည် “တကယ် ဘာတွေဖြစ်သွားတာလဲ”
ထိုလူမှာ ဘာဆိုဘာမှ ပြန်မပြောနိုင်တော့ဘဲ တောင်ကြည့်မြောက်ကြည့်သာ လုပ်နေတော့၏။
ထိုအခါက ကျွမ်းပုဖန်းသည် အမျိုးသမီးဘက်သို့လှည့်၍ မေးလိုက်လေသည် “ဂျူနီယာညီမရှု၊ နင်ရဲ့ ဘယ်ပစ္စည်းတွေ ပါသွားတာလဲ”
မျိုးရိုးနာမည်ရှုနှင့် အမျိုးသမီးက သူမ၏ နှုတ်ခမ်းကိုကိုက်လျက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ခေါင်းခါရင်း “ဘာ...ဘာမှ မပါသွားဘူး”
“တွေ့လား” ရန်ကိုင်က ကျွမ်းပုဖန်းဘက်သို့လှည့်၍ “ငါသူတို့ဆီက ဘာပစ္စည်းမှ ယူမထားဘူး။ အဲ့ဒါကို ငါသူတို့ကို ဓါးပြတိုက်ပါတယ်လို့ ဘယ်လိုလုပ်ပြီး ဝန်ခံရမှာလဲ။ တိုက်ခိုက်တယ်ဆိုတာကတော့ ကျင့်ကြံသူတွေကြားမှာ အချင်းများတယ်ဆိုတာ သဘာဝပဲလေ။ သူတို့က ရှေးဟောင်းကျောင်းတော်က ဖြစ်တာနဲ့ ဘယ်သူမှ သူတို့ကို တိုက်ခိုက်လို့ မရတော့ဘူးလား” ထိုအနားသို့ အရောက်တွင် ရန်ကိုင်၏ လေသံမှာ ရုတ်ချည်း မာထန်သွားခဲ့လေသည် “အဲ့ဒါအပြင် သူတို့ကို တိုက်ခိုက်ရတဲ့ နောက်ထပ် အကြောင်းအရင်းတစ်ခု ထပ်ရှိသေးတယ်”
“ရောင်းရင်းနောက်က ကြာပန်းကြောင့်မလား” ကျွမ်းပုဖန်းသည် အကြောင်းအရင်းကို ချက်ချင်း တန်းခန့်မှန်းမိသွားလေသည်။
“အသေအချာပဲ” ရန်ကိုင်က အလေးအနက်လေသံဖြင့် “ရောင်းရင်းကျွမ်းရဲ့ အမြင်စူးရှတဲ့ပုံစံနဲ့ဆို ဒီကြာပန်း မပွင့်သေးဘူးဆိုတာကို မြင်မှာပေါ့။ ဒီကြားပန်းကို မပွင့်သေးဘဲ သွားခူးရင် ဆေးအာနိသင်တွေ အကုန်လုံးကို ဆုံးရှုံးလိုက်ရလိမ့်မယ်။ ဒါကြောင့်ပဲ နထူနအကောင်တွေ ဒီကြာပန်းကို လာခူးပြီး ဖျက်စီးမှာကိုကြောက်လို့ ငါဒီမှာ ထိုင်စောင့်နေတာလဲ။ အရင်ရက်တွေတုန်းက ကြာပန်းကိုခူးဖို့ လုပ်တဲ့လူလို့ ငါ့လက်စာ မိသွားတဲ့လူတွေ တစ်ပုံကြီးပဲ။ ရောင်းရင်းကျွမ်းရဲ့ ဂျူနီယာညီလေးနဲ့ ညီမလေးလည်း မနေ့တုန်းက ရောက်လာသေးတယ်”
“ရပြီ။ ရောင်းရင်းဆက်ပြောစရာ မလိုတော့ဘူး။ ငါနားလည်သွားပြီ” ကျွမ်းပုဖန်းက ခေါင်းညိတ်ပြလိုက်၏။
ဤနေရာသို့ ရောက်လာပြီးနောက်တွင် အဖိုးတန်ကြာပန်းကို မြင်တွေ့သွားခဲ့သည်။ ရှေးဟောင်းကျောင်းတော်မှ တပည့်များ ဖြစ်သည်ဆိုသော အချက်နှင့် ရန်ကိုင်၏ ကျင့်ကြံခြင်း နိမ့်ကျသည်ဟူသော အချက်ကြောင့် ရန်ကိုင်ကို မောင်းထုတ်ကာ ကြာပန်းကို မောင်ပိုင်စီးရန် ကြိုးစားခဲ့လေသည်။ သို့သော်ငြား ထင်ထားသလို ဖြစ်မလာခဲ့ဘဲ သူတို့သာ ပြန်ခံလိုက်ရသည်။ ထိုသို့ ဖြစ်ပြီးနောက် ရှက်ရှက်နှင့် ဒေါသထွက်ကာ လက်စားပြန်ချေပေးရန် ကျွမ်းပုဖန်းကို သွားအကူအညီတောင်းတော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၈၃)
“ရောင်းရင်းကျွမ်း နားလည်တာကောင်းတယ်” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။
“အင်း။ ကဲ စကားပြောတာရပ်ပြီး တိုက်ခိုက်ကြရအောင်” ကျွမ်းပုဖန်းက အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည်။
“အန်” ရန်ကိုင် ကြောင်သွားခဲ့လေသည် “ရောင်းရင်းကျွမ်း... ငါမင်းကို အခုပဲ အကြောင်းစုံ ရှင်းပြပြီးသွားပြီလေ။ အဲ့ဒါကို ဘာလို့ တိုက်ခိုက်ချင်နေသေးတာလဲ”
ကျွမ်းပုဖန်းက ခေါင်းခါလျက် “အကြောင်းစုံကို ကြားပြီးသွားတာ မှန်တယ်။ ဒါပေမယ့် ငါအခု တိုက်ခိုက်မှာ ငါ့ဂျူနီယာနှစ်ယောက်အတွက် မဟုတ်ဘူး။ မင်းနောက်က ဆေးပင်အတွက်ပဲ”
ပြောပြီးသည့်နောက် အရင်းအမြစ်ချီကို လှည့်ပတ်လိုက်ရာ သူ့အဝတ်အစားများနှင့် ဆံပင်များသည် လေမတိုက်ဘဲနှင့်ပင် တခတ်ခတ် လွင့်လာခဲ့လေသည်။
ကျွမ်းပုဖန်းက ဆက်၍ ပြောလိုက်၏ “ရောင်းရင်းရန်က ဒီဆေးပင်ကို အရင်းဆုံး ရှာတွေ့ခဲ့တာဆိုပေမယ့် ခူးမှ မခူးရသေးတာ။ မခူးရသေးရင် ဘယ်သူမှ မပိုင်ဘူးလေ။ ဒီလို အဖိုးတန်ရတနာမျိုးကို ငါလည်း အလွယ်တကူ လက်မလွှတ်ချင်ဘူး။ ဒါကြောင့် တိုက်ခိုက်ကြရအောင်”
ရန်ကိုင်သည် ကျွမ်းပုဖန်းကို စိုက်ကြည့်၍ ခါးသက်စွာပြုံးရင်း မေးလိုက်လေသည် “ဝန်မခံချင်ပေမယ့် ရောင်းရင်းကျွမ်းက တကယ်ကို ရိုးသားဖြောင့်မတ်တဲ့လူပဲ။ ကိုယ့်အကြံအစည်ကို အခြားလူတွေ မသိအောင် မဟုတ်တရုတ်တွေ လျှောက်ပြောပြီး ကလိမ်ကကျစ်ကျတဲ့ လူတွေထက် အများကြီး ပိုသာတယ်။ ဒါကြောင့် ရောင်းရင်းကျွမ်းကို လေးစားတဲ့အနေနဲ့ နောက်တစ်ကြိမ် ထပ်မေးမယ်... ရောင်းရင်းကျွမ်း တိုက်ခိုက်ချင်တာ သေချာလား”
“ရောင်းရင်းရန် မနိုင်ဘူးလို့ထင်ရင် ထွက်သွားလို့ရတယ်။ ငါအားနည်းတဲ့ လူတွေကို အနိုင်မကျင့်ချင်ဘူး” ကျွမ်းပုဖန်းက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ” ရန်ကိုင်က ခါးသက်စွာပြုံးလျက် “အဲ့လိုဆိုမှတော့ ထပ်ပြောစရာ မလိုတော့ဘူးပေါ့”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အရင်းအမြစ်ချီကို လှည့်ပတ်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။
ကျွမ်းပုဖန်းက မျက်လုံးမှေးစဉ်းလျက် လေသံတိုးတိုးဖြင့် အော်ပြောလိုက်၏ “ရောင်းရင်းရန်က တကယ်ကို မဟုတ်ဘူးပဲ။ ငါ့ဂျူနီယာနှစ်ယောက် ရှုံးသွားတာလည်း အထူးအဆန်းတော့ မဟုတ်ဘူး”
“ဟားဟား၊ ရောင်းရင်းကျွမ်း... မင်းလည်း မင်းဂျူနီယာနှစ်ယောက်လို့ မဖြစ်အောင် သတိထားဦးနော်” ရယ်ရယ်မောမောနှင့် ရန်ကိုင်သည် ကျွမ်းပုဖန်းအား လက်သီးဖြင့် ထိုးချလိုက်လေသည်။ သူ့လက်သီးချက်နှင့်အတူ လောကတစ်ခုလုံးအား ဖျက်စီးပစ်နိုင်သော ဖိအားတစ်ရပ်သည် တောင်တစ်လုံးနှယ် ကျွမ်းပုဖန်းပေါ်သို့ ပြိုဆင်းကျလာခဲ့လေသည်။
“မင်းတို့အားလုံး နောက်ဆုတ်နေ၊ ဝင်မပါကြနဲ့” အမိန့်ပေးပြီးနောက်တွင် ကျွမ်းပုဖန်းသည် ရန်ကိုင်၏ လက်သီးချက်ကို သူ့လက်ဝါးဖြင့် တန်ပြန်တိုက်ခိုက်လေသည် “တိမ်ပျံလက်ဝါးကွက်... နဂါးပျံလက်ဝါး”
ကျွမ်းပုဖန်း၏ လက်ဝါးထက် စွမ်းအင်များ စုဝေးလာပြီး ရေနဂါးတစ်ကောင်အဖြစ်သို့ သိပ်သည်းသွားကာ ရန်ကိုင်တည့်တည့်သို့ တိုးဝင်သွားပြီး သူ့တစ်ကိုယ်လုံးကို ဝါးမြိုသွားခဲ့၏။
သို့သော်ငြား ကျွမ်းပုဖန်းမှာတော့ မပျော်နိုင်သေးဘဲ မျက်မှောင်ကြုတ်၍သာ ရှေ့တည့်တည့်သို့ စိုက်ကြည့်နေလေ၏။
သူ့တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်ငြား ရန်ကိုင်သည် ရှောင်တိမ်းရန် မကြိုးစားဘဲ ပိုမို မြန်ဆန်သည့် အမြန်နှုန်းနှင့်ပင် ရှေ့သို့ တက်လာလိုက်သေးသည်။
“ရောင်းရင်းကျွမ်” ရန်ကိုင်၏ အသံ ထွက်ပေါ်လာခဲ့သည် “ငါဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်မှဖြစ်မယ်။ မင်းမှာ ရန်သူတစ်ယောက်ပဲ ရှိတာဆိုပေမယ့် ငါ့မှာက အများကြီးပဲ။ ငါမင်းနဲ့ အချင်းများပြီး အားကုန်ခံနေလို့ မဖြစ်ဘူး”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျွမ်းပုဖန်း ရှေ့တည့်တည့်သို့ ပြေးဝင်လာပြီး ကျွမ်းပုဖန်း၏ လက်ဝါးကို သူ့လက်ဝါးဖြင့် ပြန်ရိုက်ချလိုက်လေသည်။
ဘုန်း...
လက်ဝါးနှစ်ခု ထိသွားသည့်အခိုက် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ဖြာထွက်လာကြလေသည်။
ကျွမ်းပုဖန်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဥက္ကာခဲတစ်စင်းနှယ် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့၏။ ကျွမ်းပုဖန်း ပြုတ်ကျသွားသည့် နေရာ၍ တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်သော အက်ကြောင်းများဟာလည်း ထိုနေရာအနီးတစ်ဝိုက်တွင် ထွက်ပေါ်လာခဲ့လေသည်။
“အရင်းအမြစ်ချီချင်း ပြိုင်တာလား” ရန်ကိုင်၏ ရည်ရွယ်ချက်ကို နားလည်သွားသည့်နောက် ကျွမ်းပုဖန်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ရန်ကိုင်သည် တာအိုသခင်ပထမအဆင့်သာ ရှိသေးသည်။ သို့သော်ငြား သူ့အတွက် အသာရမည့် နည်းလမ်းဖြစ်သော သိုင်းပညာရပ်များ၊ မှော်ရတနာများ ထုတ်သုံးကာ တိုက်ခိုက်ခြင်းကို မရွေးချယ်ပဲ တိုက်ရိုက် အဖြစ်ဆုံးသော အရင်းအမြစ်ချီချင်း ပြိုင်ဆိုင်သည့် နည်းလမ်းကို ရွေးချယ်သွားခဲ့သည်။
သို့ရာတွင် ဤနည်းလမ်းသည် ပြိုင်ပွဲကို မြန်မြန် အဆုံးသတ်နိုင်မည့် နည်းလမ်းဖြစ်ပေသည်။ မည်သူမှ မရှောင်တိမ်းနိုင်သည့် အတွက်ကြောင့် ပိုမိုအားကောင်းပြီး များပြားသော အရင်းအမြစ်ချီကို ပိုင်ဆိုင်ထားသည့်လူသာ အနိုင်ရလိမ့်မည်။
(ဒီကောင်ဘယ်ကနေ ယုံကြည်ချက်တွေ ရလာတာလဲ။ တာအိုသခင်ပထမအဆင့်လေးနဲ့ ငါ့ကို အရင်းအမြစ်ချီချင်း ပြိုင်တာမှာ နိုင်မယ်လို့ ထင်နေတာလား)
ထိုကဲ့သို့ တွေးလိုက်မိသည့်နောက် တစ်ဖက်လူမှ သူ့အား အထင်သေးနေသည်ဟု ခံစားမိလိုက်သည့် အတွက်ကြောင့် ကျွမ်းပုဖန်း ဒေါသထွက်သွားခဲ့လေသည်။ ရန်ကိုင်နှင့် လက်ဝါးချင်း ထိကပ်ရင်းမှ ကျွမ်းပုဖန်းသည် သူ၏ ကျန်လက်ဝါးတစ်ဖက်ဖြင့် ထပ်ရိုက်ချလိုက်လေ၏ “နေလပေါင်းစည်းခြင်းတိုက်ကွက်”
ကျွမ်းပုဖန်းသည် ရှေးဟောင်းကျောင်းတော်၏ အားအကောင်းဆုံး တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား သူသည် ရှရှန်း၊ ဝူချန်းတို့နှင့် မတူချေ။
လူသိရှင်ကြား မကြေငြာရသေးသော်ငြား ရှရှန်းတွင် အထူးခန္ဓာကိုယ်တစ်ခု ကျိန်းသေ ရှိနေသည်ဟု ဂိုဏ်းတိုင်းက မှတ်ယူထားကြသည်။ မည်သို့သော ခန္ဓာကိုယ်မျိုးလဲ ဆိုသည်ကိုတော့ နေမင်းပြာကျောင်းတော်ကသာ သိပေလိမ့်မည်။
ဝူချန်းဆိုလျှင်လည်း ယန်ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် မွေးလာကတည်းက သူသည် အခြားသော အဆင့်တူ ကျင့်ကြံသူများထက် ခြေတစ်လှမ်း အသာရထားလေ၏။
သို့ရာတွင် ကျွမ်းပုဖန်း၌မူ ထိုသို့သော အားသာချက်များ ရှိမနေခဲ့။ သို့တိုင် သူသည် သူ့ဂိုဏ်းရှိ တာအိုသခင်အဆင့် ပညာရှင်များကြား နံပါတ်တစ်ဖြစ်နေဆဲ။ သူ့ခန္ဓာကိုယ်သည် သာမန်သာဖြစ်သည်။ သို့သော် သူ့ပါရမီမှာတော့ အတော်လေးကို ကောင်းပေသည်။ မည်မျှ ကောင်းသလဲဆိုလျှင် ဝူချန်း၊ ရှရှန်းတို့နှင့် အဆင့်တူတွင် ရပ်တည်နိုင်ပြီး ဝူချန်ကိုလည်း အကြိမ်ပေါင်းများစွာ သူတင်ကိုယ်တင် ယှဉ်တိုက်နိုင်သည်အထိ ကောင်းပေသည်။
အကြောင်းမှာ သူ၏ အလွန်ကျစ်လစ်သည့် အုတ်မြစ်နှင့် အရင်းအမြစ်ချီကြောင့် ဖြစ်ပေသည်။
သူသည် အခြားသူများထက်ကို ပိုအလုပ်ကြိုးစားသည်။ အခြားသူများနှင့် သူ့ကြားရှိ ကွာခြားချက်ကို ကြိုးစားခြင်းဖြင့် ဖာထေးသည်။
ရှေးဟောင်းကျောင်းတော်၏ ကျောင်းသခင်ဖြစ်သော လေ့ကုသည် ကျွမ်းပုဖန်းသည်သာ ဝူချန်း၊ ရှရှန်းတို့ကဲ့သို့ အထူးခန္ဓာကိုယ်တစ်မျိုးမျိုး ပိုင်ဆိုင်ထားပါက သူတို့နှစ်ဦးထက်ပင် ပိုမို ထူးချွန်လိမ့်မည်ဟု ပြောခဲ့သည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးက ထိုကဲ့သို့ ပြောသည်ကို ကြည့်လျှင် ကျွမ်းပုဖန်း၏ ကြိုးစားအားထုတ်မှုကို မြင်တွေ့နိုင်ပေသည်။
ကျွမ်းပုဖန်း ဂုဏ်အယူရဆုံးမှာလည်း သူ၏ အရင်းအမြစ်ချီပင် ဖြစ်လေသည်။ သူ့အရင်းအမြစ်ချီသည် သူ့စရိုက်ကဲ့သို့ပင် တောင်တစ်လုံးနှယ် တည်ငြိမ်ပြီး မာကျောကျစ်လစ်၏။
ဤသည်မှာ သူ့အား ရှရှန်း၊ ဝူချန်းတို့နှင့် အဆင့်တူတွင် ရပ်တည်အောင် လုပ်ပေးနိုင်သော အဓိက ခွန်အားလည်း ဖြစ်ပေသည်။ သို့သော်လည်း လက်ရှိတွင် တစ်စုံတစ်ဦးသည် တာအိုသခင်ပထမအဆင့်လေးဖြင့် ထိုနယ်ပယ်တွင် သူနှင့်လာရောက်ယှဉ်ပြိုင်ချင်နေသည်။
ကျန်းပုဖန်းကဲ့သို့ လွယ်လွယ်နှင့် ဒေါသမထွက်တတ်သည့် လူပင်လျှင် ထိုအဖြစ်အပျက်ကြောင့် ဒေါသထွက်မိသွားခဲ့သည်။ ထို့ကြောင့် တစ်ချက်ကလေးမှ နှောင့်နှေးမနေတော့ဘဲ သူ၏ အားအကောင်းဆုံးသော ပညာရပ်ကို ချက်ချင်း ထုတ်သုံးလိုက်လေသည်။
(မင်းက ဒီလို တိုက်ချင်တယ်ဆိုမှ ငါကလည်း ငါ့အကောင်းဆုံးတိုက်ကွက်နဲ့ တိုက်ပေးရတော့တာပေါ့)
ကျွမ်းပုဖန်း၏ ဒုတိယလက်ဝါးချက် သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်သည့်အခါ ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့လေသည်။
အကြောင်းမှာ ကျွမ်းပုဖန်း၏ လက်ဝါးချက်သည် လက်ဝါးချက်နှင့် မတူတော့ဘဲ သူ့အား အလုံးစုံ ဝါးမြိုပစ်မည့် အဆုံးမဲ့သမုဒ္ဒရာကြီးတစ်ခုနှင့် တူနေသည့်အတွက်ကြောင့်ပင်။
ရန်ကိုင့်ဆီမှ မာန်သွင်းအော်ဟစ်သံနှင့်အတူ သူ့ကိုယ်တွင်းမှ တဖောက်ဖောက် မြည်သံများ ထွက်ပေါ်လာခဲ့လေသည်။
သူ့ကိုယ်ထဲရှိ ရွှေရောင်သွေးစက်များစွာကို တစ်ပြိုင်တည်း ဖောက်ခွဲပစ်လိုက်သည့်အတွက်ကြောင့် ရန်ကိုင် တစ်ကိုယ်လုံး အရင်းအမြစ်ချီများဖြင့် ပြည့်တင်းလာပြီး ရွှေရောင်တောက်လာခဲ့သည်။
ဝှီဂ... ဝှီး.... ဝှီး... လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်လာလေတော့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ကျွမ်းပုဖန်းနှင့်အတူ ပါလာသည့် ရှေးဟောင်းကျောင်းတော်မှ တပည့်များ မှင်သက်ကုန်ကြလေတော့သည်။ အကုန်လုံး၏ မှင်သက်နေသည့် အကြည့်အောက်၌ ရန်ကိုင်နှင့် ကျွမ်းပုဖန်းတို့၏ လက်ဝါးနှစ်ဖက် အချင်းချင်း ရိုက်မိသွားကြလေသည်။
လက်ဝါးနှစ်ဖက် ထိသွားသည့်နေရာမှ ရွှေရောင်နှင့် အဖြူရောင် အလင်းတန်းများ တဖျက်ဖျက် ပေါက်ကွဲထွက်လာလေသည်။ ထိုအခိုက်အတန့်ဝယ် အချိန်သည်ပင်လျှင် ရပ်တန့်သွားသည့်အလား... အလင်းရောင်နှစ်ခုသည် မလျော့စတမ်း အားပြိုင်နေခဲ့ကြသည်။
“အဲ့ကောင် စီနီယာအစ်ကိုကျွမ်းနဲ့ အရင်းအမြစ်ချီချင်း ပြိုင်နေတာလား”
“ဒီကောင် တာအိုသခင်ပထမအဆင့်ကော ဟုတ်သေးရဲ့လား။ တာအိုသခင်တတိယအဆင့် တစ်ယောက်ယောက်ကများ ပထမအဆင့်ယောင် ဆောင်ထားတာများ ဖြစ်နေလား”
“ဘာပဲဖြစ်ဖြစ်၊ အဲ့ကောင်ကို စီနီယာအစ်ကိုကျွမ်း အမှောက်သိပ်ပေးလိမ့်မယ်”
သို့သော်ငြား လက်တွေ့သည် သူတို့ ထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ချေ။ ကျွမ်းပုဖန်းသည် ရန်ကိုင်အား နောက်ဆုတ်သွားအောင် တွန်းအားမပေးနိုင်းခဲ့ဘဲ လက်ရည်တူသာ တိုက်ခိုက်နိုင်ခဲ့သည်။ လက်ရှိတွင် နှစ်ယောက်စလုံးသည် ကျောက်ချထားသည့် သင်္ဘောများနှယ် ရှေးမတိုးနောက်မဆုတ် မလှုပ်မယှတ် ရှိနေကြလေသည်။
အချိန်ကြာလာသည်နှင့် ကျွမ်းပုဖန်း၏ အမူအရာ ပိုပို၍ လေးနက်လာခဲ့သလို ရန်ကိုင်၏ အမူအရာမှာလည်း ပို၍ ခက်ထန်လာခဲ့သည်။
ယခုမှပဲ ရန်ကိုင်ဘာကြောင့် သူ့အား အချိန်ကုန်ခံပြီး သေချာရှင်းပြနေခဲ့သလဲဆိုသည်ကို ကျွမ်းပုဖန်း နားလည်သွားတော့သည်။ ရန်ကိုင် သူ့ကို ကြောက်နေသည်မဟုတ်၊ ယခုကဲ့သို့ တိုက်ပွဲမျိုးကို မတိုက်ခိုက်ချင်သည့် အတွက်ကြောင့်သာ ဖြစ်သည်။
ရန်ကိုင် ပြောခဲ့သလိုပင် သူ့တွင် ရန်သူတစ်ဦးသာ ရှိသော်ငြား ရန်ကိုင်တွင်တော့ ရန်သူများစွာ ရှိပေသည်။ ရန်ကိုင်သာ ဤဆေးပင်ကို ကာကွယ်လိုပါက ပညာရှင်ပေါင်းများစွာနှင့် တိုက်ခိုက်ရပေလိမ့်မည်။ ထိုလူများထဲ ဝူချန်း၊ ရှောင်ချန်နှင့် လန်ရွှင်းတို့ပါ ပါနိုင်၏။
ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် အရင်းအမြစ်ချီချင်း ပြိုင်ဆိုင်ကာ တိုက်ပွဲကို မြန်မြန် အဆုံးသတ်လိုခြင်း ဖြစ်သည်။
ရူးသွပ်မှုတို့ဖြင့် ပြည့်နေသော မျက်လုံးများကိုကြည့်ရင်း ဤတိုက်ပွဲကို သူရှုံးနိမ့်သွားပြီမှန်း ကျွမ်းပုဖန်း သိလိုက်သည်။ သူယှဉ်ပြိုင်နေသည့် လူသည် သူ့ထက် ကျင့်ကြံခြင်းနှစ်ဆင့် ပိုနိမ့်နေသည့်လူဖြစ်သည်။ ကျွမ်းပုဖန်းသည် သူ့ကျင့်ကြံခြင်းကို တာအိုသခင်ပထမအဆင့်သို့ ဖိနှိပ်ပြီး ရန်ကိုင်နှင့် သွားပြိုင်ပါက တစ်ခါတည်း အမှောက်သိပ်ခံရမည်မှာ မလွဲမသွေပင်။
(ဒီလောကကြီးမှာ ဒီလိုမွန်းစတားတစ်ကောင်... တကယ်ကြီး ရှိနေတာပါလား) ကျွမ်းပုဖန်း ထိတ်လန့်နေခဲ့၏။
တစ်ခုသော အချိန်သို့ရောက်အတွင်း စွမ်းအင်နှစ်ခုကြားရှိ မျှချေမှာ ကျိုးပျက်သွားပြီး ရွှေရောင်အလင်းသည် အဖြူရောင်အလင်းကို စတင် ဖိအားပေးလာခဲ့လေသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“စီနီယာအစ်ကိုကျွမ်း အောက်စည်းရောက်သွားတာလား”
“ဒီကောင် ဘယ်ကလာတာလဲ”
“မဟုတ်ဘူး။ စီနီယာအစ်ကိုကျွမ်း သူ့ကို ညာပေးနေလို့ပဲ ဖြစ်ရမယ်။ စီနီယာအစ်ကိုကျွမ်းက အမြဲတမ်း အဲ့လိုပဲလေ မဟုတ်ဘူးလား”
ကိုယ်တိုင်မြင်နေရသည့်တိုင် အကုန်လုံးသည် သူတို့မျက်လုံးသူတို့ မယုံချင်ကြ။ ကျင့်ကြံခြင်းအဆင့် နှစ်ဆင့် ပိုနိမ့်သည့်လူနှင့် အရင်းအမြစ်ချီချင်း ပြိုင်ဆိုင်ရာတွင် သူတို့၏ စီနီယာအစ်ကို အောက်စည်းသို့ ရောက်သွားခဲ့ရသည်။ အကုန်လုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အချိန်အတန်ကြာသည်ထိတိုင် အသိပြန်မဝင်လာနိုင်ကြချေ။
“ရောင်းရင်းကျွမ်း၊ အရှုံးပေးလိုက်တော့” ရန်ကိုင်၏အသံ စွမ်းအင်လှိုင်းများကြားမှ ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် ရွှေရောင်အလင်းမှာ ပို၍ အားကောင်းလာလေ၏ “မဟုတ်ရင် မင်းဒဏ်ရာရသွားလိမ့်မယ်နော်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၈၄)
ရန်ကိုင်က ပြောသော်လည်း ကျွမ်းပုဖန်းကမူ သူ့စကားကို မသိချင်ယောင်သာ ဆောင်နေလျက် ရူးသွပ်သည့် အရိပ်အယောင်ဖြင့် ပြန်ပြောလိုက်လေသည် “ဒီကျွမ်းရဲ့ ရာဇဝင်မှာ အရှုံးပေးရိုးထုံးစံ မရှိဘူးကွ”
“ကောင်းပြီလေ” ရန်ကိုင်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ရွှေရောင်အလင်းတို့မှာ ပိုပို၍ တောက်ပလာခဲ့သည်။ တစ်ချိန်တည်းတွင် အရင်းအမြစ်ချီများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည့် အတွက်ကြောင့် သူ့ခန္ဓာကိုယ်ပင်လျှင် တုန်ရီသွားခဲ့၏ “အဲ့လိုဆိုမှတော့လည်း တိုက်ကြတာပေါ့”
ဘုန်း...
မိုးချိန်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ရွှေရောင်အလင်းသည် အဖြူရောင်အလင်းကို အပြည့်အဝ ဖိနှိပ်လျက် ဝါးမြိုသွားခဲ့သည်။ ထို့အတွက်ကြောင့် ကျွမ်းပုဖန်း ရပ်နေသည့် တွင်းပေါက်သည်ပင် လျင်မြန်စွာ ကျယ်ပြန့်လာပြီး သူ့ပတ်ဝန်းကျင်တစ်ခုလုံး ကျောက်စကျောက်နတို့ဖြင့် ဗြောင်းသတ်ကုန်လေသည်။
တလက်လက် တောက်ပနေသော အလင်းများကြားမှ လူတစ်ယောက် ရုတ်တရက် ခုန်ထွက်လာပြီး သွေသံတရဲရဲဖြင့် ဟင်းလင်းပြင်ထဲ အမောတကော အသက်ရှူနေရင်း ရပ်နေလိုက်လေသည်။
ရှေးဟောင်းကျောင်းတော်မှ တပည့်များမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ရင်တုန်ပန်းတုန် ဖြစ်နေကုန်ကြ၏။
လေထဲတွင် ရပ်နေသည့်လူကို သေချာ မမြင်ရသော်ငြား ထိုလူဆီမှ ဖြာထွက်နေသည့် အရင်းအမြစ်ချီ အရောင်အဝါအရ ထိုလူသည် ရန်ကိုင်မှန်း သူတို့အားလုံး သိနေကြသည်။
အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ သွေးသံတရဲရဲဖြင့် ဒူးတစ်ဖက်ထောက်ကာ မြေပြင်ပေါ်တွင် ထိုင်နေသော ကျွမ်းပုဖန်းကို တွေ့လိုက်ရလေသည်။
“စီနီယာအစ်ကိုကျွမ်း” အကုန်လုံး လှမ်းအော်မေးလိုက်ကြသည်။
ကျွမ်းပုဖန်းမှာတော့ စကားပြောဖို့ရာပင် အားမရှိတော့။ သူ့တစ်ကိုယ်လုံးမှာ နာကျင်မှုကြောင့် တုန်ရီနေ၏။ ခဏမျှကြာအောင် အနားယူပြီးနောက်မှ ဒယီးဒယိုင်ဖြင့် ထရပ်လာနိုင်ခဲ့သည်။ ထို့နောက် ရှုပ်ထွေးသော ခံစားချက်တို့ ပြည့်နေသည့် အကြည့်ဖြင့် ရန်ကိုင်အား မော့ကြည့်လိုက်၏။
ထို့နောက်တွင် ကျွမ်းပုဖန်းသည် ချက်ချင်း တင်ပလင်ခွေထိုင်ချ၍ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများကို ထုတ်ကာ သူ့ဒဏ်ရာများကို ပြန်လည် ကုစားတော့လေသည်။ ထိုအခြင်းအရာကို မြင်သည့်အခါ ရှေးဟောင်းကျောင်းတော်၏ တပည့်များသည် ရန်ကိုင်အား မီးတောက်မတတ် အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်ထဲ ဒေါသအပြင်၊ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ပါ ကိန်းအောင်းနေခဲ့လေသည်။
ရန်ကိုင်သည် တာအိုသခင်ပထမအဆင့်ပင် ဖြစ်လင့်ကစား အရင်းအမြစ်ချီချင်း ယှဉ်ပြိုင်ရာတွင် သူတို့၏ စီနီယာအစ်ကိုဖြစ်သူကို အနိုင်ရခဲ့သည်။ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရသွားခဲ့သော်ငြား အနိုင်ကတော့ အနိုင်ပင်။ သူတို့ စီနီယာအစ်ကိုမှ သူဂုဏ်အယူရဆုံးအပိုင်းတွင် သူ့ထက် ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်နိမ့်သည့် လူတစ်ဦးအား ရှုံးနိမ့်လိုက်ရသည်ကို သူတို့စိတ်ထဲ မယုံကြည်နိုင် ဖြစ်နေကြလေသည်။
ရန်ကိုင်နေရာတွင် ရှချန်း၊ ဝူချန်းတို့ဆိုပါက သူ့ကဲ့သို့ လုပ်နိုင်မည်လား။
တပည့်ပေါင်းစုံ၏စိတ်ထဲ အတွေးပေါင်းစုံတို့ ဖြတ်ပြေးသွားခဲ့သည်။ ဤအဖြစ်အပျက် ပြီးနောက်တွင် မည်သူမှ ရန်ကိုင်အား သွားအထင်မသေးရဲတော့ချေ။ ရန်ကိုင်သည် သူတို့၏ စီနီယာအစ်ကိုကျွမ်းနှင့်ပင် ယှဉ်နိုင်သည့် လူတစ်ယောက် မဟုတ်ပေလော။ တကယ်တမ်း ပြောရလျှင် ဤကောင်လေးသည် သူတို့၏ စီနီယာအစ်ကိုထက်ပင် ပိုကြောက်ဖို့ ကောင်းသေး၏။ လက်ရှိတွင် သူသည် တာအိုသခင်ပထမအဆင့်သာ ရှိသေးသည် မဟုတ်လော။ တစ်နေ့ သူသာ တာအိုသခင်တတိယအဆင့်သို့ ရောက်သွားမည်ဆိုပါက တာအိုသခင်အဆင့် ကျင့်ကြံသူများထဲ သူ့အား ယှဉ်နိုင်သည့်လူ ရှိပါဦးမည်လား။
ရန်ကိုင်သည်လည်း မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းလိုက်ပြီးနောက် တင်ပလင်ခွေထိုင်ကာ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများကို ထုတ်သောက်လိုက်လေသည်။
ရန်ကိုင်သည် အားကုန်သွားခြင်းသာ ဖြစ်သည့်အတွက်ကြောင့် ခဏလောက် အနားယူရုံဖြင့် ကောင်းသွားလိမ့်မည် ဖြစ်သော်ငြား နောက်ကြုံလာရမည့် ပြဿနာကို ရင်ဆိုင်နိုင်ရန်အတွက် အမြန်ဆုံး အားပြန်ပြည့်နေရန် လိုအပ်ပေသည်။
ကျွမ်းပုဖန်း သူ့အား ထပ်လာတိုက်တော့လိမ့်မည် မဟုတ်ဟု ရန်ကိုင် ယုံကြည်နေသည်။ ဤလူသည် တကယ်ကို ရိုးသား ဖြောင့်မတ်လွန်းလှသည်။ မျှမျှတတ ယှဉ်တိုက်ပြီး ရှုံးနိမ့်သွားသည့် အတွက်ကြောင့် သူ့အား ထပ်၍ လာတိုက်ခိုက်တော့လိမ့်မည် မဟုတ်ချေ။
“အို..” ရုတ်တရက် အံ့အားသင့်နေသည့် အသံတစ်သံနှင့်အတူ လူတစ်ယောက် ပေါ်လာလေ၏။ ထိုလူသည် ဗြောင်းသတ်နေသော မြေပြင်ကို ဝေ့ကြည့်လိုက်ပြီးနော်က အော်ရယ်မောလျက် “ဘယ်သူတွေ သောင်းကျန်းနေလဲ မှတ်နေတာ၊ မင်းတို့နှစ်ယောက် ဖြစ်နေတာကိုး”
“ဟင်” အသံကို ကြားလိုက်သည့်နောက် ရန်ကိုင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် ယဲ့ယဲ့လေးပြုံးလျက် “ဘယ်သူရောက်လာလဲ မှတ်နေတာ...ရောင်းရင်းရှ ဖြစ်နေတာကိုး”
မျက်လုံး ဖွင့်မကြည့်ဘဲနှင့်ပင် အသံကို ကြားရုံဖြင့် ရောက်လာသည့်လူမှာ ရှရှန်းမှန်း သူပြောနိုင်ပေသည်။
ရှရှန်းမှန်း သိလိုက်သည့်နောက် ရန်ကိုင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ယခု သူအပြည့်အဝ အားပြန်မပြည့်သေးသဖြင့် ဝူချန်း ရုတ်တရက်ကြီး ပေါ်လာမည်ကို အတော်လေး လန့်ပေသည်။ ဝူချန်းသာ ဖြစ်နေမည်ဆိုပါက အတော်လေး ပြဿနာ များပေရော့မည်။ သို့ရာတွင် ရှရှန်း ဖြစ်နေသည့်အတွက်ကြောင့် အရမ်းကြီး ပြဿနာ ရှိတော့လိမ့်မည် မဟုတ်ချေ။
“ငါမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ” ရှရှန်းက ပြုံးလျက် ပြန်ပြောလိုက်လေသည် “ဝင်ပေါက် ပိတ်တော့မှာဆိုတော့ အရင်စောအောင် ရောက်လာပြီး ငါ့ဂျူနီယာညီ၊ ညီမတွေကို စောင့်မလား စဉ်းစားထားတာ၊ ကောင်းကင်ဖြစ်စဉ်နဲ့ တိုက်ပွဲတစ်ခုကိုပါ လာမြင်ရမယ်လို့ မထင်ထားဘူး။ အစတော့ ဝင်ပါဦးမလို့ပဲ၊ ဒါပေမယ့်...”
ပြောနေရင်း တစ်ချက်ရပ်လိုက်ပြီးနောက် မျက်လုံးမှေးစဉ်းကာ ဆက်ပြောလိုက်လေသည် “တိုက်ပွဲက ငါမရောက်ခင်လေးမှာပင် ပြီးသွားတာကိုး... မင်းတို့တိုက်ပွဲ တော်တော်လေး ကြမ်းသွားတဲ့ပုံပဲ...”
ရှရှန်း၏ လေသံထဲ ဖုံးဖိမရသည့် ထိတ်လန့်မှုတို့ ပြည့်နေခဲ့လေသည်။
ရန်ကိုင်သည် ကျွမ်းပုဖန်းနှင့် ယှဉ်တိုက်နိုင်လောက်အောင် အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အစကတည်းက ရန်ကိုင် အားကောင်းမှန်း သိသော်ငြား ရန်ကိုင်နှင့် သူ့ကဲ့သို့သော ပါရမီရှင်များကြား ကွာခြားချက်တစ်ခုတော့ ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ သူ့ကဲ့သို့ လူများအနက် ကျွမ်းပုဖန်းသည်လည်း တစ်ယောက်အပါအဝင် ဖြစ်ပေသည်။ သို့သော်ငြား ယခု ကျွမ်းပုဖန်းနှင့် ရန်ကိုင်ကြားရှိ တိုက်ပွဲကို မြင်ပြီးနောက် သူ့ယူဆချက်ကို ပြန်လည် သုံးသပ်ရတော့သည်။
သူတို့နှစ်ဦး တိုက်ခိုက်ရာ၌ မည်သူ နိုင်သွားသလဲ ဆိုသည်ကို သူမပြောနိုင်သော်ငြား ဤတိုက်ပွဲ သက်သက်နှင့်ပင် ရန်ကိုင်၏ အကြမ်းဖျင်း ခွန်အားကို ရှရှန်း ခန့်မှန်းမိသွားလေသည်။
ပြောနေရင်း ရှရှန်း၏ အကြည့်သည် အဆုံးမဲ့ရတနာကြာပန်းဆီသို့ ရောက်သွားပြီး ဆက်ပြောလိုက်၏ “အလိုလေး... ရတနာလေး တစ်ခုပါလား။ ရှောင်ပိုင်၊ အဲ့ဒါဘာလဲသိလား”
“မသိဘူး။ အဲ့လိုဟာမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး” အနားတွင် ရပ်နေသော ရှောင်ပိုင်ရီက ပြန်ပြောလိုက်၏။
“ကျွန်မလည်း မသိဘူး” ရှရှန်း မမေးရသေးခင်မှာပင် မူရုန်ရှောင်ရှောင်က ဦးအောင် ဖြေလိုက်လေသည်။
ရှရှန်းက ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်လျက် ရန်ကိုင်နှင့် ကျွမ်းပုဖန်းအား လှည့်ကြည့်လိုက်သည်။ ထို့နောက် ညစ်ကျယ်ကျယ်ပြုံးလျက် “ဘယ်သူမှမသိရင် စားပြီးတော့ အဖြေရှာကြတော့ပေါ့။ အဲ့ဒါကို မင်းတို့ထဲက ဘယ်သူ အရင်ရှာတွေ့တာလဲ”
ရန်ကိုင် မဖြေရသေးခင်မှာပင် ကျွမ်းပုဖန်းက ပြောလိုက်လေသည် “ဒီကျွမ်း ရောက်မလာခင်ကတည်းက ရောင်းရင်းရန်က ဒီမှာထိုင်စောင့်ပြီး ကြာပန်းကို လုယူဖို့ ကြိုးစားတဲ့လူတွေကို မောင်းထုတ်နေတာ”
“ရှောင်းရင်းရန်လား” ရှရှန်းက မျက်လုံးပင့်လျက် ရေရွတ်လိုက်လေ၏ “အဲ့ဒါတော့ ဆိုးတာပဲ။ ရောင်းရင်းကျွမ်း အရင်ရှာတွေ့တာဆိုရင် လုယူဦးမလို့... ဒါပေမယ့် ရောင်းရင်းရန် အရင်ရှာတွေ့တာဆိုတော့...ဟူး... ရောင်းရင်းရန်က နေမင်းပြာကျောင်းတော်က တပည့်တစ်ယောက် မဟုတ်ပေမယ့် ငါတို့နဲ့ အတူတူလာတာ ဆိုတော့ ဒီအတိုင်း လုယူလိုက်ရင် သိပ်တော့ မကောင်းဘူး...”
ရန်ကိုင်က မျက်နှာမဲ့လျက် ပြန်ပြောလိုက်လေသည် “ရောင်းရင်းရှ၊ မင်းပြောတာ ငါအကုန် ကြားတယ်နော်”
ထိုအခါမှ ရှရှန်း အသိပြန်ဝင်လာပြီး ရယ်မောလျက် “ဘာမှမဖြစ်ဘူး။ ငါလည်း မင်းတို့ကြားအောင် ပြောနေတာပဲကို။ ရောင်းရင်းရန်၊ ဒီလိုလုပ်ကြမလား... ငါတို့ တစ်ယောက်တစ်ဝက် ခွဲယူကြမယ်လေ၊ အဲ့ဒါဆို အဆင်ပြေလား”
“မပြေဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“အဲ့ဒါဆို ငါလုယူမှာနော်” ရှရှန်းက ပြန်ပြော၏။
ရန်ကိုင်သည် ရှရှန်းကို တစ်ချက်ကြည့်လျက် “စမ်းကြည့်လေ”
“မင်းဘာလို့...” ရှရှန်းသည် ရန်ကိုင်အား ကူကယ်ရာမဲ့စွာကြည့်ရင်း ခါးသက်စွာပြုံးလျက် “ငါမလုပ်ဘူးလို့ မင်းဘာလို့ ဒီလောက် သေချာနေတာလဲ”
ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် ပြန်ပြောတော့မည်အပြု၊ ရုတ်တရက် မျက်မှောင်ကြုတ်လျက် အဝေးသို့ လှမ်းကြည့်ရင်းမှ ပြောလိုက်လေ၏ “ဘာလို့ ဒီလောက်လူအများကြီး ရောက်လာတာလဲ”
ရန်ကိုင် လှမ်းကြည့်နေရာဘက်ဆီမှ ကျင့်ကြံသူပေါင်းများစွာ လာနေကြ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်က မေးလိုက်လေသည် “ဝင်ပေါက်ပိတ်ဖို့ နှစ်ရက်တောင် လိုသေးတာ မဟုတ်ဘူးလား။ ဘာလို့ အကုန်လုံး ဒီလောက်အစောကြီး ပြန်လာကြတာလဲ”
“ဟုတ်သားပဲ။ မင်းမှ အဲ့အကြောင်းမသိတာ” ရှရှန်းက ခေါင်းတခါခါဖြင့် ရှင်းပြလိုက်လေသည် “ဥတုလေးမျိုးနယ်မြေထဲမှာ အကုန်လုံး မပြောဘဲ သဘောတူထားတဲ့ အချက်တစ်ချက်ရှိတယ်။ ဂိုဏ်းတိုင်းက တပည့်တွေ ဝင်ပေါက်ပိတ်ဖို့ နှစ်ရက်မတိုင်ခင် ဒီမှာ လာစုဝေးပြီး ကိုယ်ရထားတဲ့ ပစ္စည်းတွေ၊ သတင်းအချက်အလက်တွေကို ဖလှယ်ကြမယ်ဆိုတာပဲ။ အခု ဝင်ပေါက်ပိတ်ဖို့ကလည်း နှစ်ရက်လောက်ပဲ လိုတော့တာလေ”
“အဲ့လိုမျိုးလည်း ရှိတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“မဟုတ်ရင် ငါတို့ ဘာလို့ ဒီလောက်အစောကြီး ပြန်လာရမှာလဲ” ရှောင်ပိုင်ရီက ပြောလိုက်လေသည် “ကြည့်ရတာ မင်းတကယ် ပြဿနာတက်တော့မယ့်ပုံပဲ”
ရန်ကိုင်က ခါးသက်စွာပြုံးလျက် “တကယ်တက်တော့မှာ”
ဝင်ပေါက်ပိတ်ရန် နှစ်ရက်ပင် လိုသေးသည့်အတွက် ကောင်းကင်ဖြစ်စဉ်သည် အလွန်ကိုမှ သိသာထင်ရှားသည် ဆိုလျှင်ပင် လူအများကြီး သတိပြုမိလိမ့်မည် မဟုတ်ဟု ရန်ကိုင် ထင်ခဲ့သည်။ သို့သော်လည်း သူထင်ထားသလို ဟုတ်မနေသင့်ပုံပင်။
လူများစွာ ရောက်လာသည့်အတွက်ကြောင့် တိုက်ပွဲသာ ဖြစ်မည်ဆိုပါက မည်သူမှ ထိုအခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင် အနေဖြင့် သူ့ခွန်အားအပေါ် ယုံကြည်ချက် ရှိသော်ငြား သူတစ်ယောက်တည်းဖြင့် ထိုလူအများကြီးကို တားထားနိုင်လိမ့်မည် မဟုတ်ချေ။
တစ်ခဏအတွင်း လေတိုးသံတို့နှင့်အတူ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ရောက်လာကြလေသည်။ ရောက်သည်နှင့် အကုန်လုံးသည် အဆုံးမဲ့ရတနာကြာပန်းအား လောဘတကြီး စိုက်ကြည့်လိုက်ကြ၏။
သို့သော်ငြား ကျွမ်းပုဖန်းနှင့် ရှရှန်းမှာ ကြာပန်းအနီးတွင် ရပ်နေသောကြောင့် မည်သူမှ ကြာပန်းအား သွားမခူးရဲခဲ့ကြပေ။ ထိုသို့ပင် ဖြစ်လင့်ကား လူများစွာမှာတော့ အကြည့်ချင်း ဖလှယ်လျက် အချင်းချင်း အဖွဲ့ဖွဲ့နေကြလေသည်။ ထိုအခြင်းအရာကိုမြင်သော် ရှောင်ပိုင်ရီ လှောင်ပြုံးပြုံးလိုက်၏။
ရုတ်တရက် ရှရှန်း မျက်မှောင်ကြုတ်သွားခဲ့ပြီး အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည် “ရောင်းရင်းရန်ရေ၊ မင်းပြင်ထားပေတော့၊ ပြဿနာကောင် လာနေပြီ”
ရှရှန်း ပြောပြီးရုံတင်ရှိသေး... အဝေးတစ်နေရာဆီမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလေ၏။
“ငါမင်းကို မမိစေနဲ့ ခွေးမသား၊ မိရင် မင်းကို သေတာထက်ဆိုးအောင် လုပ်ပစ်မယ်”
ထိုအော်သံထဲ အဆုံးမဲ့ဒေါသ၊ သတ်ဖြတ်လိုစိတ်တို့ ကိန်းအောင်းနေခဲ့လေသည်။
“ဝူချန်လား” အသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူပေါင်းများစွာ ရင်တုန်ပန်းတုန် ဖြစ်သွားကြလေသည်။ ကြည့်ရသလောက် တောင်ဘက်နယ်မြေ၏ လူငယ်ကြယ်ပွင့်များကြား၌ ဝူချန်းကို လူအတော်လေး ကြောက်ကြသည့်ပုံပင်။
သို့သော်လည်း ဝူချန်း၏ စကားကို ကြားပြီးနောက် သူမည်သူ့အား လိုက်ဖမ်းနေသလဲ ဆိုသည်ကို လူများစွာ သိချင်မိသွားခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၈၅)
“ဟား ဟား ဟား… စောက်ရူး မင်း ဒီအဖေရဲ့ ဖုန်ရှူပြီး ချီးသာ စားနေလိုက်… မင်းအရည်အချင်းနဲ့များ ဒီအဖေကို ဖမ်းချင်သေးတယ်… တစ်သက်လုံး ကြိုးစားလိုက်ဦး…” ဝူချန်း၏ အသံ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် နောက်ထပ်အသံတစ်သံ ထပ်မံထွက်ပေါ်လာခဲ့လေသည်။ ထိုအသံသည် သူ့ကိုယ်သူ ဒီအဖေဟု သုံးစွဲလျက် ဝူချန်းအား လှောင်ပြောင်နေခဲ့လေသည်။
တောင်ပေါ်တွင် စုဝေးနေကြသည့် ကျင့်ကြံသူအားလုံးသည် အသံကြားရာဘက်ဆီသို့ မမှိတ်မသုန် စိုက်ကြည့်လိုက်ကြလေသည်။
“ကုန်းဝမ်ရှန်းလား…”
ထွက်ပြေးနေသည့်လူမှာ အခြားမဟုတ်ပဲ ကုန်းဝမ်ရှန်း ဖြစ်နေကြောင်း ရန်ကိုင် တွေ့ရှိသွားခဲ့သည်။ ဝူချန်း ကုန်းဝမ်ရှန်းနောက်သို့ ဘာကြောင့် လိုက်နေသလဲဆိုသည်ကို ရန်ကိုင် ချက်ချင်းပဲ နားလည်သွားခဲ့လေသည်။
အချိန်မြစ်ကျောင်းတော်ရှေ့တွင် ကုန်းဝမ်ရှန်းနှင့် ဝူချန်းတို့ အချင်းများခဲ့ကြလေသည်။ ထိုသို့ အချင်းများပြီးသည့်နောက် ကုန်းဝမ်ရှန်းမှ အချိန်မြစ်ကျောင်းတော်ဝင်ပေါက်၏ အကာအရံကို ဖျက်ဆီးခဲ့သော်ငြား ဝူချန်းဝင်မရအောင် လုပ်ခဲ့သည်။
ဝူချန်းသည်လည်း ပြတ်ပြတ်သားသားကို ဆုံးဖြတ်ကာ ထိုနေရာမှ ချက်ချင်းထွက်ခွာသွားခဲ့သည်။ သို့သော်ငြား သူတကယ် ထွက်သွားမသွားကိုတော့ မည်သူမျှ မသိခဲ့ချေ။ တစ်နေရာရာတွင် ပုန်းအောင်းပြီး ကုန်းဝမ်ရှန်း အချိန်မြစ်ကျောင်းတော်ထဲမှ ထွက်လာသည်ကို စောင့်ဆိုင်းနေသည်မှာလည်း ဖြစ်နိုင်သည်။
သူတို့ မည်ကဲ့သို့ ပြန်တွေ့ခဲ့သလဲဆိုသည်ကို မည်သူမျှ မသိကြသော်ငြား လက်ရှိအချိန်တွင် ဝူချန်းသည် ဒေါသတကြီးဖြင့် ကုန်းဝမ်ရှန်းနောက်သို့ အသည်းအသန် လိုက်နေခဲ့လေသည်။ သို့တိုင် သူ့ခွန်အားနှင့်ပင် ဝူချန်းသည် ကုန်းဝမ်ရှန်းအား အမီမလိုက်နိုင်ခဲ့ပေ။
ရန်ကိုင် အတွေးများနေစဉ်မှာပင် ကုန်းဝမ်ရှန်းသည် အကုန်လုံး၏ ခေါင်းထက်မှ ပျံဝဲသွားပြီး သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားအချို့ကို အလျင်စလို ထုတ်ယူလိုက်လေသည်။
ထို့နောက် တစ်ခုခုကို ရေရွတ်ရင်း ကျောက်စိမ်းပြားများထဲသို့ အရင်းအမြစ်ချီကို ထည့်သွင်းလိုက်ရာ ကျောက်စိမ်းပြားအားလုံးမှာ ဘေးပတ်ပတ်လည်သို့ အလျင်အမြန် ပျံထွက်သွားပြီး ပျောက်ကွယ်သွားခဲ့၏။
တစ်ချိန်တည်းတွင် ကုန်းဝမ်ရှန်း ရပ်နေရာဆီမှ ထူးဆန်းပြီး အန္တရာယ်များသည့် အရှိန်အဝါတစ်ရပ် ရုတ်တရက် ဖြာထွက်လာခဲ့လေသည်။
“အစီအရင်ပြားတွေလား…” လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ထအော်လိုက်သည်။
မည်ကဲ့သို့သော အစီအရင်ပြားများကို ကုန်းဝမ်ရှန်း အသုံးပြုသွားသလဲဆိုသည်ကို မည်သူမျှ မသိကြသော်ငြား အစီအရင်ပြား လေးပြားစလုံးကို မျက်တောင်တစ်ချက်ပင် မခတ်ပဲ တစ်ချက်တည်း ထုတ်သုံးသွားသည်ကို ကြည့်လျှင် သူမည်မျှ ကြွယ်ဝကြောင်းကို သိနိုင်ပေသည်။
သူ့အနေဖြင့် ဤကဲ့သို့ ကြွယ်ဝချမ်းသာနေသည်မှာလည်း အထူးအဆန်းတော့မဟုတ်။ သူသည် အစီအရင်မိသားစု၏ တိုက်ရိုက်အမွေခံ မျိုးဆက်တစ်ဦးပင် မဟုတ်လေလော။
ထိုအစီအရင်ပြားများသည် ကုန်းဝမ်ရှန်းအတွက် ဘာမှ သိပ်မဟုတ်သော်ငြား အခြားသူများအတွက်မူ အလွန်ကိုမှ အဖိုးတန်သည့် ရတနာများ ဖြစ်ကြသည်။
ထိုအစီအရင်ပြားများကို ခင်းကျင်းပြီးသည့်နောက်တွင် ကုန်းဝမ်ရှန်း အမောတကော အသက်ရှူရင်း မတ်တပ်ရပ်လျက် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးအချို့ကို ထုတ်သောက်လိုက်လေသည်။
ကုန်းဝမ်ရှန်း၏ အခြေအနေကို ကြည့်ရသလောက် ဝူချန်း သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်နေသည်မှာ အတော်လေး ကြာနေသည့်ပုံပင်။
“ဘုန်း…”
ဝူချန်းသည် ကုန်းဝမ်ရှန်းနောက်မှ အနီးကပ် လိုက်လာခဲ့သည်။ ခဏအကြာတွင် ကုန်းဝမ်ရှန်းနှင့် မီတာအနည်းငယ်အကွာ၌ ဆင်းလိုက်ပြီး ကုန်းဝမ်ရှန်းအား မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
အရင်းအမြစ်ချီများမှာမူ အရာအားလုံးကို လောင်ကျွမ်းပစ်တော့မည့်အလား သူ့ခန္ဓာကိုယ်ဆီမှ တဟုန်းဟုန်း ဖြာထွက်နေလေ၏။
ဝူချန်း၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် ပြင်းထန်သည့် အရှိန်အဝါကို ခံစားမိလိုက်သော် အဆင့်နိမ့်ကျင့်ကြံသူအချို့ သွေးဆုတ်ဖြူလျော် သွားကုန်ကြလေသည်။
“ထွက်လာခဲ့…” ဝူချန်းမှာ ဒေါသထွက်နေသော်ငြား အရူးတစ်ယောက်တော့ မဟုတ်။ သူရှိနေသည့်တိုင် ကုန်းဝမ်ရှန်းသည် ထိုအစီအရင်ပြားများကို ခင်းကျင်းပြီး ထိုအထဲ၌ နေဝံ့သည်ကို ကြည့်လျှင် သူ့အစီအရင်ပြားအပေါ် ယုံကြည်ချက်ရှိသည့် အတွက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
ဝူချန်းမှာ အလျင်စလို ပြေးဝင်မသွားရဲသည့်အတွက် အပြင်ကနေသာ လှမ်းအော်ခေါ်လေ၏။
“မင်းဝင်လာလေ…” ကုန်းဝမ်ရှန်းမှာမူ လှောင်ပြုံးပြုံးလျက် ဝူချန်းအား အထဲသို့ လာရန် ပြန်အော်ပြောလိုက်သည်။ တစ်ချိန်တည်းတွင်လည်း မထိတရိဖြင့် တစ်ဖက်လူအား လက်တစ်ချောင်းထောင်ပြကာ သွားစလေသည်။
“မင်း သတ္တိရှိရင် ထွက်လာခဲ့လိုက်…” ဝူချန်းက ပြန်အော်ပြောသည်။
“မင်း သတ္တိရှိရင် အထဲဝင်လာလေ…” ကုန်းဝမ်ရှန်းက ပြန်ပြောပြန်၏။
“မင်းထွက်လာ…”
“မင်းဝင်လာခဲ့…”
“အား….” ဝူချန်းမှာ ဒေါသတကြီး ထအော်တော့သည်။ သူ့ရန်သူမှာ သူရှေ့တွင် ရှိနေသော်ငြား ဘာမှမလုပ်နိုင် ဖြစ်နေခဲ့ရလေသည်။
ပိုဆိုးသည်က ဤဖြစ်ရပ်သည် လူအားလုံးရှေ့တွင် ဖြစ်နေခြင်း ဖြစ်သည့်အတွက် ဝူချန်းအနေဖြင့် မရှက်ပဲ ဘယ်နေမည်နည်း။
ဝူချန်းမှ အော်ဟစ်လိုက်ပြီးသည့်နောက် အဖြူရောင်နှင့် အနီရောင် အလင်းတန်းနှစ်ခုသည် ရေနဂါးနှစ်ကောင်နှယ် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး တစ်ခုကိုတစ်ခု ယှက်ဖြာလျက် ဥက္ကာခဲတစ်စင်းနှယ် ကောင်းကင်ထက်မှ ကုန်းဝမ်ရှန်းရပ်နေရာ နေရာဆီသို့ ပြန်လည်ကျဆင်းလာခဲ့လေသည်။
ဝူချန်းမှာ ကုန်းဝမ်ရှန်းနှင့် ဆက်၍ စကားနိုင်လုနေ ရလောက်အောင် စိတ်မရှည်တော့ချေ။
ဝူချန်းတိုက်ခိုက်လိုက်သည်ကို မြင်သော်ငြား ကုန်းဝမ်ရှန်းမှာတော့ လှောင်ပြုံးသာ ပြုံးနေခဲ့လေ၏။ အနည်းငယ်မျှပင် ကြောက်ရွံ့သွားခြင်းမရှိ။
သူ့လက်အား ဝှေ့ယမ်းချလိုက်ရာ သူ့ပတ်ပတ်လည် ဆယ်မီတာခန့်အကွာတွင် ပါးလျသည့် အလင်းစက်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
“ဘုန်း…”
အဖြူရောင်နှင့် အနီရောင်ရောယှက်နေသော စွမ်းအင်လုံးသည် အလင်းအကာအရံအပေါ်သို့ ကျရောက်သွားခဲ့လေ၏။
အလင်းအကာအရံမှာ ပျက်စီးသွားခဲ့ခြင်း မရှိပဲ အနည်းငယ်သာ ချိုင့်ဝင်သွားခဲ့လေသည်။ ချိုင့်ဝင်နေသည့် နေရာသည် ခဏအကြာ၌ အပြင်သို့ ပြန်ဖောင်းထွက်လာခဲ့လေ၏။
အကျိုးဆက်အနေဖြင့် ဝူချန်း၏ တိုက်ခိုက်မှုသည်လည်း အဖက်ဖက်သို့ လွင့်စင်ထွက်ကုန်လေသည်။
“ခွေးမသားကုန်းဝမ်ရှန်း…”
“ဟေ့ကောင်… အပြင်ကနေ လေကျယ်မနေနဲ့ သတ္တိရှိရင် အထဲလာပြီး ကိုက်လိုက်…”
“ခွေးမသား…”
ဘေးမှ ရပ်ကြည့်နေသည့် လူများမှာ ဝူချန်း၏ တိုက်ခိုက်မှု ကုန်းဝမ်ရှန်း၏ အလင်းစက်ကွင်းမှ တစ်ဆင့် သူတို့ဆီသို့ လွင့်စင်ထွက်လာသည်ကို မြင်သော် အကုန်လုံး ကမန်းကတန်း ထွက်ပြေးကုန်ကြလေသည်။
မည်သူမျှ ဝူချန်းအား သွားမဆဲရဲသည့်အတွက် ကုန်းဝမ်ရှန်းကိုသာ အသီးသီး အပြစ်တင်ကြတော့လေ၏။
တစ်ချိန်တည်းတွင် ရန်ကိုင်မှာလည်း သူ့ဒဏ်ရာများကို ဆက်၍ မကုစားနိုင်တော့ပဲ မတ်တပ်ရပ်ကာ သူ့လက်ကို ဆန့်ထုတ်လိုက်လေ၏။
ချက်ချင်းဆိုသလို သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ထဲတွင် အနက်ရောင်တွင်းနက်တစ်ခု ဖြစ်ပေါ်လာပြီး အလင်းစက်ကွင်းဆီမှ ဖြာထွက်လာသည့် စွမ်းအင်လုံးများကို ဧရာမသားရဲကြီးတစ်ကောင်၏ ပါးစပ်ပေါက်ကြီးနှယ် ဝါးမျိုသွားခဲ့လေသည်။
“ရောင်းရင်းကုန်း… ကျေးဇူးပြုပြီး နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးပါ…” ရန်ကိုင်သည် ကုန်းဝမ်ရှန်းအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူသာ မလှုပ်ရှားလျင် အလင်းစက်ကွင်းမှ ဖြာထွက်လာသည့် အဖြူရောင်နှင့် အနီရောင် စွမ်းအင်လုံးတို့မှာ အဆုံးမဲ့ရတနာကြာပန်းအား သွားရောက် ထိမှန်ပေတော့မည်။ ထိုအခါ ထိုအဖိုးတန်ရတနာသည်လည်း တမုဟုတ်ချည်း ပျက်စီးသွားရပေလိမ့်မည်။
ကုန်းဝမ်ရှန်း တမင်တကာ လုပ်လိုက်သလား။ ထိုသို့ မဟုတ်ပဲ သူ့ဘာသာ ဖြစ်လာလေသလား ဆိုသည်ကိုတော့ ရန်ကိုင် မသိချေ။ သို့သော်ငြား သူတို့၏ လုပ်ရပ်ကြောင့် ရန်ကိုင် အမှန်တကယ်ကို မပျော်မရွှင် ဖြစ်သွားရသည်။
“မင်း ဝင်ရှုပ်ရဲတာလား…” ရုတ်တရက် ဝူချန်းသည် သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ရန်ကိုင့်ဘက်သို့ စိုက်ကြည့်လာခဲ့လေသည်။
ရန်ကိုင်ကမူ မျက်မှောင်ကျုံ့၍သာ ပြန်ပြောလိုက်သည်။ “ရောင်းရင်းဝူချန်း စိတ်လွတ်သွားတာလား… အခု ဘာတွေ ဖြစ်သွားတယ်ဆိုတာကို မမြင်လိုက်ဘူးလား…”
ဝူချန်း ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းကို သူမသိချေ။ လူရှေ့သူရှေ့တွင် ကုန်းဝမ်ရှန်းကြောင့် မျက်နှာပျက်ခဲ့ရသည်ကို အခြားသူတစ်ဦးအား အပြစ်ရှာပြီး မျက်နှာ ပြန်အဖတ်ဆယ်ချင်နေသလား။ သို့မဟုတ် သူ့ဒေါသကို အခြားသူတစ်ဦးပေါ်တွင် ပုံချနေချင်သလား ဆိုသည်ကိုတော့ ရန်ကိုင်မသိ။
မည်သို့ပင် ဖြစ်နေစေကာမူ အလင်းစက်ကွင်းမှ ဖြာထွက်လာသည့် တိုက်ခိုက်မှုများကို ခုခံပြီးသည့်နောက်တွင် ဝူချန်းနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေမှန်း အကုန်လုံး သိသွားခဲ့ကြသည်။
“မင်းဘာသာ ဘာဖြစ်ဖြစ် ညာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး… ငါ့ကိစ္စမှာ ဝင်ရှုပ်လို့ရှိရင် မင်းတို့ အကုန်လုံး အသတ်ခံရမယ်…” ဝူချန်းက အထက်စီးလေသံဖြင့် ပြောလိုက်လေသည်။ “မင်းတို့ မသေချင်ရင် ထွက်သွားလိုက်တော့…”
ဝူချန်း၏ စကား ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်ချို့မှာ စတင်၍ နောက်ဆုတ်သွားကြလေသည်။
“ဟင်း ဟင်း… ဝူချန်း.. ဝူချန်း…” ရှရှန်းက ညစ်ကျယ်ကျယ် ပြုံးလျက် ပြောလိုက်လေသည်။ “မင်း ဒီဆေးပင်ကို လိုချင်ရင် လိုချင်တယ်ပေါ့… ဘာတွေ မလှိမ့်တပတ် လာလုပ်နေတာလဲ… ဒီလိုမျိုး ခြိမ်းခြောက်လိုက်တာနဲ့ အကုန်လုံး ကြောက်ပြီး ထွက်ပြေးသွားမယ်လို့ မင်းထင်နေတာလား… အဲ့ဒါဆိုရင် ဆေးပင်ကို ယူဖို့ ပိုလွယ်တယ်ပေါ့ ဟုတ်လား…”
ထိုစကားကို ကြားသော် ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။ ယခု ရှရှန်းပြောသည့်အခါမှသာ ဝူချန်းအား သေချာကြည့်မိတော့သည်။
ဝူချန်းမှာ ဒေါသထွက်နေဟန် ပေါက်သော်ငြား သူ့မျက်လုံးမှာမူ လုံးဝကို တည်ငြိမ်နေခဲ့လေသည်။ ရှရှန်းပြောသကဲ့သို့ပင် ဝူချန်း ဤနေရာ၌ လာရောက် သောင်းကျန်း နေရခြင်းမှာ အဆုံးမဲ့ရတနာကြာပန်းကို လိုချင်နေသည့် အတွက်ကြောင့်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဝူချန်းသည် ဤနေရာသို့ ရောက်စဉ်ကတည်းက အဆုံးမဲ့ရတနာကြာပန်းကို မျက်စောင်းထိုးနေခြင်း ဖြစ်နိုင်လောက်သည်။
တကယ်တော့ ကုန်းဝမ်ရှန်းအား အချိန်မရွေး လက်စားပြန်ချေ၍ ရနိုင်သော်ငြား ဤအဆုံးမဲ့ရတနာကြာပန်းမှာမူ ဥတုလေးမျိုးနယ်မြေထဲတွင် ရှိနေစဉ်တွင်သာ ရနိုင်သည့် ရတနာတစ်ခု မဟုတ်ပေလော။
ဝူချန်း၏ ဒေါသထွက်နေသည့် အမူအယာမှာ ရုတ်ချည်း တည်ငြိမ်သွားခဲ့ပြီး ရှရှန်းအားကြည့်၍ ပြောလိုက်လေသည်။ “မင်းကိုယ်မင်း တော်တယ်ထင်နေတယ်ပေါ့…”
ရှရှန်းက လှောင်ပြုံးပြုံးလျက် “ရူးချင်ယောင်ဆောင်နေတဲ့ ကောင်ထက်တော့ အများကြီးပိုသာတယ်ထင်တာပဲ…”
“မင်းပြောလည်း ဘာဖြစ်လဲ… အခြားသူတွေ သိသွားလည်း ဂရုမစိုက်ဘူး… ငါ အဲ့ဆေးပင်ကို ရအောင် လုယူမယ်…” ပြောပြီးသည်နှင့် ဝူချန်း၏ ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားပြီး အဆုံးမဲ့ရတနာ ကြာပန်းဆီသို့ ပြေးဝင်သွားလေသည်။
သို့သော်ငြား ထိုအခိုက်အတန့်တွင် ကြည်လင်ချိုသာသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ “ရောင်းရင်းဝူချန်း… ကျေးဇူးပြုပြီး နေပါဦး…”
ထိုအသံကို ကြားလိုက်သည့်အခိုက် ဝူချန်းသည် သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်လေ၏။ ခုခံရန်အတွက် အရင်းအမြစ်ချီကို လှည့်ပတ်ထားသော ရန်ကိုင်သည်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။
ဝူချန်းသာ အဆုံးမဲ့ရတနာကြာပန်းကို တကယ်ကြီး ခူးရန် ကြိုးစားမည်ဆိုပါက သူကိုယ်တိုင်လည်း တိုက်ခိုက်ရပေတော့မည်။ သို့သော်ငြား သူ့အစား တစ်ယောက်ယောက်မှ ဝင်တားပေးမည်ဆိုပါက ရန်ကိုင့်အနေဖြင့် ထိုလူအား အလွန်ကိုမှ ကျေးဇူးတင်မိပေလိမ့်မည်။
ဝူချန်းကဲ့သို့သော စရိုက်မကောင်းသည့် လူတစ်ဦးအား မည်သူမှ နာခံအောင် မလုပ်နိုင်ချေ။ ရှင်းရှင်းပြောရလျှင် ဥတုလေးမျိုးနယ်မြေထဲ၌ သူ့အား နာခံလာအောင် လုပ်နိုင်သည့် လူဆို၍ တစ်ဦးသာ ရှိသည်။ လမင်းမဟာဧကရာဇ်၏ သမီးတော်လေးဖြစ်သော မင်းသမီးလန်ရွှင်းပင် ဖြစ်လေသည်။
လန်ရွှင်း၏ အသံကို ကြားလိုက်သော် ဝူချန်းလည်း ရပ်တန့်လိုက်ပြီး သူမဘက်သို့ လှည့်၍ မေးလိုက်လေ၏။ “မင်းသမီး ဘာများ ပြောချင်လို့လဲ မသိဘူး…”
“မင်းသမီးကို ဘယ်လိုတောင် ပြန်ပြောရဲတာလဲ…မင်း သေချင်နေတာလား…” လန်ရွှင်းပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ သက်တော်စောင့်ဖြစ်သော ရှောင်ချန်းသည်လည်း တစ်ပါတည်း ပေါ်လာခဲ့လေသည်။
သူတို့၏အသံနှင့်အတူ အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ကောင်းကင်ပေါ်မှ ပျံဆင်းလာကြလေ၏။
“ရောင်းရင်းဝူချန်း အခုလိုပြန်မေးတာလဲ သဘာဝပါပဲ…” လန်ရွှင်းသည် အဆုံးမဲ့ရတနာကြာပန်းအား တစ်ချက် လှမ်းကြည့်လိုက်ပြီးသည့်နောက် ဝူချန်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“ပြော…” ဝူချန်းကမူ အေးစက်စက် မျက်နှာထားဖြင့်သာ ပြန်ပြောလိုက်လေသည်။
တစ်ဖက်လူက ရိုင်းပြစွာ ပြောဆိုနေသော်ငြား လန်ရွှင်းကမူ စိတ်ထဲမထားပဲ ပြုံး၍သာ ရှင်းပြလိုက်လေ၏။ “နင်တို့ထဲမှာ ဒီဆေးပင် ဘာဆေးပင်လဲဆိုတာကို သိတဲ့လူရှိလား…”
ရှရှန်းက ပုခုံးတွန့်လျက် ပြောလိုက်၏။ “ကျုပ်မသိဘူး…”
လူပေါင်းများစွာသည်လည်း ခေါင်းခါလိုက်ကြလေသည်။
တင်ပလင်ခွေထိုင်၍ ဒဏ်ရာများကို ကုစားနေသည့် ကျွမ်းပုဖန်းက ပြောလိုက်လေ၏။
“ဒီကျွမ်း ခန့်မှန်းမိတာတော့ ရှိတယ်… ဒါပေမဲ့ သိပ်တော့ မသေချာဘူး… ဒါပေမဲ့ မင်းသမီးက အခုလိုမေးလာတယ်ဆိုမှတော့ ဒီကြာပန်း ဘာလဲဆိုတာကို မင်းသမီး သိထားလို့ပဲ ဖြစ်မှာပေါ့… မင်းသမီးက သိနေတယ်ဆိုမှတော့ ဒီကျွမ်းလည်း ကိုယ့်ရဲ့ မတောက်တခေါက် အရည်အချင်းလေးကို ထုတ်မပြတော့ပါဘူး… ကျေးဇူးပြုပြီး မင်းသမီးကပဲ ရှင်းပြပေးပါ…”
“ဟုတ်ပါတယ်… မင်းသမီး သိနေလို့ရှိရင် ကျေးဇူးပြုပြီး ကျုပ်တို့ကို ရှင်းပြပေးပါ…”
“မင်းသမီးရဲ့ ဗဟုသုတကြွယ်ဝမှုက တကယ်ကို အထင်ကြီးလေးစားစရာပါပဲ…”
“မင်းသမီးက ပန်းလေးလို လှရုံတင်မဟုတ်ဘူး…. အရမ်းကိုလည်း ဗဟုသုတ ကြွယ်ဝတယ်… ကြင်နာတတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတယ်… နည်းနည်းလေးမှ မောက်မာခြင်း မရှိဘူး… မင်းသမီးကို ပိုင်ဆိုင်ထားရတာ ကျုပ်တို့ တောင်ဘက်နယ်မြေသားတွေအတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ”
လန်ရွှင်းမှာ ပန်းအကြောင်းကို ရှင်းပင် မရှင်းပြရသေးသော်ငြား ဖားဖားယားယား စကားလုံးများမှာတော့ အဖက်ဖက်မှ ဖြာထွက်လာလေတော့သည်။