← Chapters

အခန်း (၂၁၈၆-၂၁၉၀)

Vol. 88 Ch. 2186-2190

အခန်း (၂၁၈၆-၂၁၉၀)

Vol. 88 Ch. 2186-2190

အပိုင်း (၂၁၈၆)

“ရှင်တို့ ကျွန်မကို ချီးကျူးလွန်းနေပါပြီ… ကျွန်မ ဆေးပင်အကြောင်း နည်းနည်းပါးပါးလောက်ပဲ သိထားတာပါ… ဘာမှ ဒီလောက်မဟုတ်ပါဘူး…” လန်ရွှင်းသည် သူမကိုယ်သူမ နှိမ့်ချလျက် ပြန်ပြောလိုက်လေသည်။

သူမ၏ လေသံထဲ မောက်မာခြင်း ဂုဏ်မောက်ခြင်းတို့ကို အရှင်းမတွေ့ရ။ ချီးကျူးစကားများစွာကို ကြားလိုက်ရသည့်တိုင် သူမ၏လေသံနှင့် ဟန်ပန်အမူအယာသည် လုံးဝကို တည်ငြိမ်နေလေသည်။

ထိုသို့ ပြောပြီးသည့်နောက်တွင် လန်ရွှင်းသည် ဖူးပွင့်နေသည့် ကြာပန်းဘက်သို့ လှည့်၍ အလေးအနက် အမူအယာဖြင့် ပြောလိုက်လေ၏။ “ကျွန်မထင်တာ မမှားရင် ဒါ အဆုံးမဲ့ရတနာကြာပန်းပဲ ဖြစ်လိမ့်မယ်…”

ထိုစကားကိုကြားသော် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး လန်ရွှင်းအား ကြိတ်၍ ချီးကျူးလိုက်လေသည်။ သူသာ ကုန်းစွန်းမူ၏ အမွေခံ ကျောက်စိမ်းတံဆိပ်ပြားကို မရခဲ့ပါက ဤကြာပန်းသည် အဆုံးမဲ့ရတနာကြာပန်းဖြစ်ကြောင်းကို လုံးဝ သိလိမ့်မည်မဟုတ်။

ဤလောကကြီးတွင် အဆုံးမဲ့ရတနာကြာပန်း၏ ပုံစံနှင့် အကျိုးအာနိသင်ကို ပြောနိုင်သည်လူဆို၍ များများစားစား မရှိပါချေ။

“ငါထင်ထားတဲ့ အတိုင်းပဲကိုး...” ကျွမ်းပုဖန်းသည်လည်း သူ့ခန့်မှန်းချက် မှန်ကန်နေသည့်အလား ခေါင်းတညိတ်ညိတ် လုပ်နေခဲ့သည်။

လူအများစုမှာတော့ အဆုံးမဲ့ရတနာကြာပန်းဟူသော စကားကို ကြားလိုက်ရသည့်တိုင် ကြောင်တောင်တောင်ဖြင့်သာ ရှိနေကြဆဲ။ သို့ရာတွင် အနည်းငယ်မှာမူ ထိုနာမည်ကို ကြားလိုက်ပြီးသည့်နောက် သူတို့၏ အမူအယာမှာ အပြောင်းလဲကြီးကို ပြောင်းလဲသွားလေတော့သည်။

“မင်းသမီး… အဆုံးမဲ့ရတနာကြာပန်းက ဘာအတွက်ကောင်းတာလဲ… ကျုပ်တို့ အဲ့ဒါကို စားလို့ရလား” ရှရှန်းက ရုတ်တရက် ပြုံးလျက် မေးလိုက်လေသည်။

“တကယ့် ကျက်သတုန်းကောင်ပါကွာ…” ဘေးဘက်တွင် ရှိနေသော ရှောင်ပိုင်ယီသည် ရှရှန်း၏အမေးကို ကြားပြီးသည့်နောက် သူ့မျက်နှာကို လက်ဖြင့်အုပ်ကာ ရေရွတ်လိုက်လေ၏။ “မင်း ဘာမှမသိရင် ငြိမ်ငြိမ်လေး ပါးစပ်ပိတ်ပြီး နေလိုက်ပါလား… အခုတော့ မင်းကြောင့် ငါတို့ နေမင်းပြာကျောင်းတော် မျက်နှာပျက်ကုန်ပြီ…”

မုရုန်ရှောင်ရှောင်သည်လည်း ရှရှန်း၏ အပြုအမူကြောင့် ရှက်နေသည့်အလား ရှောင်ပိုင်ယီ၏စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ သူမတို့ကျောင်းတော်၏ အကြီးဆုံးစီနီယာအစ်ကို၏ လုပ်ရပ်မှာ အမှန်တကယ်ကို ရှက်ဖွယ်ကောင်းလှသည်။

“ရှောင်ပိုင်… မင်းတစ်ခုခုသိနေတာလား…” ရှရှန်းသည် ရုတ်တရက် ရှောင်ပိုင်ယီဘက်သို့ လှည့်၍ သူ့လက်ကိုကိုင်ကာ မေးလိုက်လေသည်။ “ဟုတ်သားပဲ… မင်းက စာဂျပိုးကောင်ကိုး… ဒီတော့ အဆုံးမဲ့ရတနာကြာပန်းနဲ့ ပတ်သက်ပြီး ကျိန်းသေတစ်ခုခု သိထားရမယ်… မင်းငါ့ကို ပြောပြစမ်း အဆုံးမဲ့ရတနာကြာပန်းက ဘာအတွက်အသုံးဝင်တာလဲ…”

ရှောင်ပိုင်ယီသည် အသက်ကို ပြင်းပြင်းရှူသွင်း၍ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးသည့်နောက် ဖြည်းဖြည်းချင်း ပြောပြလိုက်လေ၏။

“အဆုံးမဲ့ရတနာကြာပန်းက နေ၊ လ၊ ကမ္ဘာမြေကြီးရဲ့ အဆီအနှစ်တွေကနေ မွေးဖွားလာတာ… အဲ့ကြာပန်းက သူပွင့်ချင်တဲ့နေရာမှာ ပွင့်တယ်… သတ်မှတ်ထားတဲ့ နေရာမျိုး မရှိဘူး… မိုးမြေစွမ်းအင် ကြွယ်ဝတဲ့ နေရာမှာလည်း ပွင့်နိုင်တယ်… လုံးဝမရှိတဲ့နေရာမှာလည်း ပွင့်နိုင်တယ်…”

“ဒါပေမဲ့ အဆုံးမဲ့ရတနာကြာပန်း တစ်ပွင့် ပွင့်နေပြီဆိုရင် အခြားနောက်ထပ်တစ်ပွင့် ဘယ်လိုမှ ထပ်ပွင့်လာမှာ မဟုတ်ဘူး… တစ်ကြိမ်မှာ တစ်ပွင့်ပဲ ပွင့်တယ်… အမြဲတမ်းလည်း အတူတူပဲ…”

ထိုစကားကို ကြားသည့်အခါ ရှရှန်းက အံ့အားသင့်သွားဟန်ဖြင့် “ဒါဆိုရင် ဒီပန်းက အရမ်းအဖိုးတန်တာပေါ့…”

ရှောင်ပိုင်ယီသည် ရှရှန်း၏ စကားကို လျစ်လျူရှုလျက် ဆက်ပြောလိုက်လေသည်။ “ဆေးအာနိသင်ကို ပြောရမယ် ဆိုရင်တော့ ငါတို့လို ကျင့်ကြံသူတွေအတွက် အရမ်းအသုံးဝင်တယ်လို့ ပြောရမှာပဲ… ဒီဆေးပင်ကို စားလိုက်မယ်ဆိုလို့ရှိရင် ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘဲနဲ့ ကိုယ့်ရဲ့ ဧကရာဇ်အဆင့်ကို ချိုးဖြတ်ဝင်ရောက်နိုင်ချေက ပိုပြီးတော့ များလာလိမ့်မယ်…”

“အခြားတစ်နည်းနဲ့ ပြောရရင်တော့ မင်း ဒါမှမဟုတ် ဝူချန်းသာ အဆုံးမဲ့ရတနာကြာပန်းကို စားလိုက်မယ်ဆိုလို့ရှိရင် နောက်ငါးနှစ်အတွင်း မင်းတို့ ကျိန်းသေ ဧကရာဇ်ပညာရှင်တစ်ဦး ဖြစ်လာလိမ့်မယ်… ငါ့လိုလူမျိုးဆိုရင်တော့ ဆယ်နှစ်လောက်ဆိုရင် လုံလောက်ပြီ… ”

သို့သော်ငြား ရှရှန်းက ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့လောက်ပဲလား… အဲ့ဆေးပင်မရှိလည်း ဧကရာဇ်အဆင့်ကို ချိုးဖြတ်နိုင်မှာပဲဟာကို… ဘာလို့ ဒါကို လိုဦးမှာလဲ…”

“မင်း ဘာသိလို့လဲ…” ရှောင်ပိုင်ယီသည် ရှရှန်းအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်ရင်း “အရင်တုန်းကလည်း မင်းတို့လို ပါရမီရှင်တွေ အများကြီးပဲ ဧကရာဇ်အဆင့်ကို ချိုးဖြတ်နိုင်တယ်လို့ ပြောခဲ့တာ… ဒါပေမဲ့ လူတိုင်းချိုးဖြတ်သွားနိုင်လို့လား…”

“အနည်းအကျဉ်းလောက်ပဲ ဧကရာဇ်အဆင့်ကို ရောက်သွားပြီး ကျန်တဲ့လူတွေ အကုန်လုံး တာအိုသခင်အဆင့်မှာပဲ တစ်နေကြတာ… ဒီလောကကြီးမှာ ဘယ်သူမှ ဧကရာဇ်အဆင့်ကို ကျိန်းသေရောက်မယ်လို့ မပြောရဲဘူး… ပြောတဲ့လူတိုင်းကလည်း အမြဲလိုလို တာအိုသခင်အဆင့်မှာ တစ်နေကြတာပဲ… ”

“ဒါပေမဲ့ အချို့ ပါရမီသိပ်မရှိပဲ အခြားသူတွေထက်ကို ပိုပြီး ကြိုးစားအားထုတ်လို့ ဧကရာဇ်အဆင့်ကို ရောက်ခဲ့တဲ့ လူတွေလည်း ရှိတယ်…”

“အဲ့လိုဆိုရင်တောင် ငါတို့လို ကျင့်ကြံသူတွေအတွက်ကတော့ ဒီအဆုံးမဲ့ရတနာကြာပန်းက အရမ်းကို အဖိုးတန်နေတုန်းပဲ… ရှင်းရှင်းပြောရရင် ဒါက ငါတို့ကို ဧကရာဇ်အဆင့်ကို ရောက်အောင်ပို့ပေးမဲ့ အာမခံချက်ကြီးတစ်ခုလို ဖြစ်နေတာ…”

ရှောင်ပိုင်ယီရှင်းပြသည်ကို နားထောင်ပြီးသည့်နောက်တွင် ရှရှန်းမှာ ဆက်၍ မငြင်းနိုင်တော့ပဲ သူ့ဘာသာ အတွေးနက်သွားတော့လေသည်။

အနီးအနားတွင် ရှောင်ပိုင်ယီ ရှင်းပြသည်ကို ရပ်နားထောင်နေကြသော ကျင့်ကြံသူများမှာလည်း အဆုံးမဲ့ရတနာကြာပန်း၏ တန်ဖိုးကို သိသွားပြီးသည့်နောက်တွင် ယခင်ကကဲ့သို့ ငြိမ်ငြိမ် ရပ်မနေနိုင်ကြတော့ချေ။ အကုန်လုံးသည် အဆုံးမဲ့ရတနာကြာပန်းအား လောဘတကြီး စိုက်ကြည့်လာကြလေ၏။

ဤအဆုံးမဲ့ရတနာကြာပန်းသည် သာမန်ကြာပန်းတစ်ပွင့် မဟုတ်ပဲ သူတို့အား ဧကရာဇ်အဆင့်သို့ ရောက်အောင် ကူညီပေးမည့် တံတားတစ်စင်းလည်း ဖြစ်လာလေပြီ။

ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်လာသည့် ကျင့်ကြံသူများ အားလုံးသည် တာအိုသခင်အဆင့် ပညာရှင်များဖြစ်ကြသည်။ အတော်များများမှာ တာအိုသခင် တတိယအဆင့်သို့ပင် ရောက်နေကြလေပြီ။

တစ်နည်းဆိုရသော် သူတို့သည် ဧကရာဇ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ ဝေးကွာတော့သည့် လူများ ဖြစ်ကြသည်။ သူတို့အား ဧကရာဇ်အဆင့်သို့ ရောက်အောင် တွန်းပို့ပေးမည့် အဖိုးတန်ရတနာတစ်ခု သူတို့ရှေ့တွင် ရှိနေသည်ကို သူတို့အနေဖြင့် မလိုချင်ဘဲ ဘယ်နေမည်နည်း။

တကယ့် ထိပ်သီးဂိုဏ်းများ၏ ပါရမီရှင်များ ဤနေရာတွင် ရှိနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် အဆုံးမဲ့ရတနာကြာပန်း၏ အကျိုးအာနိသင်ကို သိပြီးသည့်နောက် မည်သူမျှ သူတို့၏စိတ်ကို ထိန်းနိုင်ကြတော့လိမ့်မည် မဟုတ်ဘဲ ကြာပန်းအား ဝရုန်းသုန်းကား သွားပြီး ခူးကြပေလိမ့်မည်။

ဤကဲ့သို့သော အဖိုးတန်ရတနာတစ်ပါး ရှေ့မှောက်တွင် မည်သူမျှ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်ကြတော့ချေ။ လောဘဇော ကပ်လာသည့်နောက်တွင် အလွန်ကိုမှ ခင်မင်ရင်းနှီးကြသော ရောင်းရင်းညီအစ်ကိုများပင်လျှင် ရန်သူများ ဖြစ်လာကြသည်မှာ သဘာဝပင် မဟုတ်လေလော။

“ဒီဆေးပင်က ဘယ်လောက်အဖိုးတန်လဲ ဒီဆေးပင်ရဲ့အာနိသင်က ဘယ်လိုလဲဆိုတာကိုတော့ ငါသိပြီးသွားပြီ… ဒါပေမဲ့ ဒီဆေးပင်ကို ခူးမှာကို မင်းသမီး ဘာလို့ လှမ်းတားရသလဲ ဆိုတာကိုတော့ အခုထိ မရှင်းပြရသေးဘူးနော်…” ဝူချန်းက ရုတ်တရက် အေးစက်စက် လေသံဖြင့် ဝင်ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “အတော်များများကို ရောင်းရင်းရှောင်ပိုင်က ရှင်းပြပြီးသွားပြီဆိုမှတော့ ဒီဂျူနီယာညီမကပဲ နည်းနည်းပါးပါး ထပ်ရှင်းပြရတော့တာပေါ့…”

ရှောင်ပိုင်ဟူသော နာမည်ကို ကြားလိုက်ရချိန် ရှောင်ပိုင်ယီ၏ မျက်နှာကြီးသည် မဲ့သွားခဲ့လေသည်။ နာမည်ကျော်ကြားလှသော မင်းသမီးလန်ရွှင်းပင်လျှင် သူ့အား ရှောင်ပိုင်ဟု ခေါ်နေသည်ဖြစ်လေရာ အခြားသူများသည်လည်း သူ့အား ဤကဲ့သို့သာ ခေါ်ကြပေလိမ့်မည်။

မကျေနပ်ချက်များကို စိတ်ထဲတွင် မျိုသိပ်ရင်း ရှောင်ပိုင်ယီသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ကံကြမ္မာသည် ဘာကြောင့်များ သူ့အပေါ် ဤမျှ ရက်စက်ရလေသနည်းဟု စိတ်ထဲမှနေ၍ မေးလိုက်မိသည်။

ထိုအချိန်အတောအတွင်း လန်ရွှင်းကမူ စရှင်းပြလေသည်။ “အဆုံးမဲ့ရတနာကြာပန်းက အရမ်းကို အဖိုးတန်တယ်ဆိုပေမဲ့ အဲ့ဒါက ဆေးပင်တစ်ပင် ဖြစ်နေတုန်းပဲ… ဆေးပင်ဆိုတဲ့ သဘာဝအလျောက် နည်းနည်းလေးမှ အကြမ်းပတမ်း အထိမခံဘူး…”

“အခုလောလောဆယ် ဒီအဆုံးမဲ့ရတနာကြာပန်းက ပွင့်နေတုန်းပဲ ရှိသေးတယ်… ဒီအချိန်မှာ သွားခူးလိုက်လို့ရှိရင် ဆေးအာနိသင်တွေ အကုန်လုံးကို ဆုံးရှုံးသွားရလိမ့်မယ်… ရောင်းရင်း ဝူချန်း အဲ့လို ဖြစ်သွားမှာကို မမြင်ချင်ဘူးမလား…” လန်ရွှင်းသည် ဝူချန်းဘက်သို့ လှည့်၍ ပြုံးကာ မေးလိုက်လေသည်။

ထိုစကားကိုကြားသော် ဝူချန်းက အေးစက်စက် ခပ်ပြတ်ပြတ်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “မင်းသမီးက အခုလိုပြောလာတယ်ဆိုမှတော့ ဒီဝူချန်း စောင့်ပါ့မယ်… ဒါပေမဲ့ ကျုပ်မေးချင်တာက ဒီအဆုံးမဲ့ရတနာကြာပန်း အပြည့်အဝပွင့်လာဖို့ ဘယ်လောက်တောင် စောင့်ရမှာလဲ…”

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် လန်ရွှင်းသည် အဆုံးမဲ့ရတနာကြာပန်းကို ကြည့်၍ ပြောလိုက်လေ၏။ “တစ်ရက်လောက်တော့ စောင့်ရမယ်ထင်ပါတယ်…”

“ဝင်ပေါက်မပိတ်ခင်ပေါ့…” ဝူချန်းက သူ့ဘာသူ ရေရွတ်ပြောဆိုလိုက်ပြီးသည့်နောက် ရုတ်တရက် အော်ပြောလိုက်လေသည်။ “ကောင်းပြီလေ… အဲ့လိုဆိုမှတော့လည်း တစ်ရက် ထပ်စောင့်ရတာပေါ့…”

“ဒါပေမဲ့ အဲ့အချိန်မတိုင်ခင် အဆုံးမဲ့ရတနာကြာပန်းကို မင်းတို့တွေထဲက တစ်ယောက်ယောက် လာခူးရဲမယ်ဆိုရင်တေ့ာ ငါ့ကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့” ပြောပြီးသည့်နောက်တွင် လူအုပ်ကြီးအား ခက်ထန်သည့် အမူအယာဖြင့် ဝေ့ကြည့်လိုက်လေသည်။

ထိုစကားကို ကြားသည့်အခါမှသာ ရန်ကိုင်လည်း သက်ပြင်းချနိုင်တော့သည်။

ဝူချန်းသည် အဆုံးမဲ့ရတနာကြာပန်းကို ယူမည်ဟု ပြောသွားခဲ့သော်ငြား အဆုံးမဲ့ရတနာကြာပန်း အပြည့်အဝ မပွင့်သေးခင်အချိန်အထိ မည်သူမျှ ဤကြာပန်းကို လာခူးတော့လိမ့်မည် မဟုတ်ချေ။ ဤသည်မှာလည်း သူလိုချင်နေသည့် အရာသာ ဖြစ်လေသည်။

“ဂျူနီယာညီမလည်း အကုန်လုံးကို အဆုံးမဲ့ရတနာကြာပန်း အပြည့်အဝ ပွင့်လာတဲ့ချိန်ထိ စောင့်ဖို့ မေတ္တာရပ်ခံချင်ပါတယ်…” လန်ရွှင်းက ထပ်၍ ပြောလိုက်လေသည်။

“ပြီးတော့ ဂျူနီယာညီမ ထပ်ပြောစရာလည်း ရှိပါသေးတယ်… ဒီအဆုံးမဲ့ရတနာကြာပန်း အပြည့်အဝ ပွင့်လာပြီးသွားပြီဆိုတာနဲ့ သုံးနာရီအတွင်း အဲ့ဆေးပင်ကို မစားဘူး ဆိုလို့ရှိရင် ဒါမှမဟုတ် ဆေးလုံးအဖြစ် မသန့်စင်ဘူး ဆိုလို့ရှိရင် ဆေးအာနိသင်တွေအားလုံး ကျိန်းသေ လုံးဝ ပျောက်ကွယ်သွားပါလိမ့်မယ်…”

“တကယ်ကြီးလား…” ဝူချန်း မျက်မှောင်ကျုံ့သွားခဲ့သည်။

“အဆုံးမဲ့ရတနာကြာပန်းရဲ့ ဆေးအာနိသင်က တော်ရုံမှမဟုတ်တာ… ဒီတော့ သူ့မှာ အခုလိုမျိုး အကျိုးဆက်တွေ ရှိနေတာလည်း မထူးဆန်းပါဘူးလေ… ကောင်းကင်က အကုန်လုံးအပေါ် မျှမျှတတပဲ ဆက်ဆံတယ်…” လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေ၏။

“အဲ့ဒါဆိုလည်း ကိစ္စမရှိဘူး… ဒီဆေးပင်ပွင့်လာတာနဲ့ စားပစ်လိုက်ရုံပဲ…” ရှရှန်းက ညစ်ကျယ်ကျယ်ပြုံးကာ ပြောလိုက်လေသည်။

ရှောင်ပိုင်ယီသည် ရှရှန်းဘက်သို့ လှည့်၍ အေးစက်စက် အမူအယာဖြင့် ပြောလိုက်လေသည်။ “မင်းဘာလို့ တစ်ချိန်လုံး စားဖို့ချည်းပဲ လုပ်နေရတာလဲ…”

ရှရှန်းကမူ ကသိကအောက် အမူအယာဖြင့်သာ သူ့ခေါင်းကို ကုတ်လိုက်လေသည်။

ထိုစဉ် လန်ရွှင်းက ရုတ်တရက် သက်ပြင်းချ၍ ပြောလိုက်လေသည်။ “ဖြစ်နိုင်လို့ရှိရင် ဒီအဆုံးမဲ့ရတနာကြာပန်းကို ဆေးလုံးအဖြစ် ဖော်စပ်လိုက်တာက အကောင်းဆုံးပဲ… ဒီမှာ ဆေးပင်က တစ်ပင်တည်း ရှိနေတာ လူတွေက အများကြီးပဲ တိုက်ပွဲသာ ဖြစ်လာရင် လက်သီးတွေ ဓါးတွေမှာ မျက်လုံးပါတာမဟုတ်ဘူး”

သူမသည် လမင်းမဟာဧကရာဇ်၏ သမီးတော်တစ်ပါး ဖြစ်သည့်အတွက် အခြေအနေအရပ်ရပ်နှင့် ကြုံကြိုက်ရသည့်အခါ သူမ၏ ကိုယ်ပိုင်အမြင်မှသာလျှင် မဟုတ်ဘဲ ဘက်ပေါင်းစုံမှ တွေး၍ ကြည့်ရပေသည်။

သူမကိုယ်တိုင်သည် တောင်ဘက်နယ်မြေ၏ အရှင်သခင်တစ်ပါး ဖြစ်သည့်အတွက်ကြောင့် တောင်ဘက်နယ်မြေ၏ အကျိုးကို ရှေးရှုကာ စဉ်းစားပေးရသည်။

ယခု အဆုံးမဲ့ရတနာကြာပန်း ပွင့်လာတော့မည်ကို မြင်သည့်အခါ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများအကြောင်းကို တွေးကာ လန်ရွှင်း စိတ်ပူရတော့လေသည်။

ဤနေရာတွင် ရှိနေသည့် လူတိုင်းသည် တောင်ဘက်နယ်မြေထဲရှိ လက်ရွေးစင်များ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် လူပေါင်းများစွာ ဤနေရာ၌ သေဆုံးသွားမည်ဆိုပါက တောင်ဘက်နယ်မြေအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

“မင်းသမီး နောက်နေတာတော့ မဟုတ်ပါဘူးနော်… ဒီလိုဆေးပင်ကို ဆေးလုံးအဖြစ် ဖော်စပ်ဖို့ ဆိုလို့ရှိရင် အနည်းဆုံး ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးကို လိုအပ်တယ်…”

“မင်းသမီးပြောတဲ့ပုံအရဆိုရင် ဒီဆေးပင်က ပွင့်လာပြီး သုံးနာရီအတွင်း စားပစ်ရမှာ ဒါမှမဟုတ် ဆေးလုံးအဖြစ် ဖော်စပ်ပစ်ရမှာ… အဲ့သုံးနာရီအတွင်းမှာ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးကို ဘယ်မှာ သွားရှာရမှာလဲ…” ဝူချန်းက အေးစက်စက် အမူအယာဖြင့် ဝင်ပြောလိုက်လေသည်။

လန်ရွှင်းက ခေါင်းခါလျက် ပြန်ပြောလိုက်၏။ “ဧကရာဇ်အဆင့် မလိုဘူး… တာအိုသခင်အဆင့်ဆိုရပြီ… ဒါပေမဲ့ ငါတို့တွေ အကုန်လုံးက သိုင်းတာအိုကိုပဲ အာရုံစိုက်ထားကြတာ… ဆေးတာအိုကို အာရုံစိုက်ဖို့ အချိန်ရှိကြတာမဟုတ်ဘူး… ဒီလိုနေရာမျိုးမှာ တာအိုသခင်အဆင့် ဆေးပညာရှင်ကို ရှာတွေ့ဖို့ဆိုတာ တကယ်မလွယ်ဘူး….”

ထိုအကြောင်းကိုတွေးရင်း လန်ရွှင်း ခေါင်းကိုက်ချင်လာခဲ့လေသည်။ သူမစိတ်ထဲတွင်လည်း ဤအခြေအနေကို မည်သို့မျှ ဖြေရှင်းနိုင်တော့မည်မဟုတ်ဟု ထင်နေခဲ့သည်။

ဤကဲ့သို့သော သိုင်းပညာရှင်များသာ ပြည့်နေသည့် နေရာမျိုးတွင် တာအိုသခင်အဆင့်သို့ ရောက်နေသော ဆေးပညာရှင်များကို မည်ကဲ့သို့များ သွားရှာနိုင်ပါမည်နည်း။

သို့သော်ငြား ဆေးလုံးအဖြစ် မဖော်စပ်နိုင်ဘူး ဆိုပါလျှင်လည်း များလှစွာသော ပြဿနာများ ဖြစ်ပေါ်လာပေတော့မည်။

ထိုစဉ် လူအုပ်ကြီးထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ “မင်းသမီး ယုံကြည်ပေးမယ်ဆိုရင်တော့ ကျုပ် တစ်ချက်လောက် ကြိုးစားကြည့်ချင်ပါတယ်…”

အသံကို ကြားလိုက်ပြီးသည့်နောက် အကုန်လုံး ကြောင်သွားခဲ့ပြီး အသံပိုင်ရှင်ဘက်သို့ လှမ်းကြည့်လိုက်ကြလေသည်။

လန်ရွှင်းသည်လည်း အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ လူကိုမြင်ပြီးသည့်နောက်တွင် အံ့အားသင့်သွားသည့် အမူအယာဖြင့် ရေရွတ်လိုက်လေ၏။ “ရောင်းရင်းရန်…”

“မင်းလား…” ရှောင်ချန်းသည် ရန်ကိုင့်အား ထိတ်လန့်အံ့အားသင့်နေသည့် အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။

သို့သော်ငြား မကြာခင်တွင် လှောင်ပြုံးပြုံးလျက် “မင်း ဘာတွေ လာပြောနေတာလဲ… မင်းသမီး ပြောလိုက်တာကို မင်း သေချာမကြားလိုက်ဘူးလား…”

“ကြားတာပေါ့… ကြားလို့ပဲ အခုလို လာပြောတာလေ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။

တင်ပလင်ခွေထိုင်နေသော ကျွမ်းပုဖန်းသည် ရန်ကိုင့်အားကြည့်ရင်း အတွေးနက် သွားခဲ့လေသည်။

ရှရှန်းသည် ရန်ကိုင့်အင်္ကျီစကို ရုတ်တရက် ကောက်ဆွဲ၍ သူ့နားသို့ ကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “ရောင်းရင်းရန်… အခုလိုလုပ်တာ ကောင်းတဲ့အကြံမဟုတ်ဘူးနော်… ဒီကြာပန်းကို မောင်ပိုင်စီးချင်တယ်ဆိုရင် အခြားနည်းလမ်းတစ်ခုကို သုံး… တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ယောက်လို ယောင်ဆောင်တာတော့ မင်းအတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး”

ရန်ကိုင်သည် အဆုံးမဲ့ရတနာကြာပန်းအား တစ်ကိုယ်တည်း မောင်ပိုင်စီးချင်သည့်အတွက် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦး ယောင်ဆောင်နေခြင်း ဖြစ်သည်ဟု ရှရှန်း ထင်နေခြင်း ဖြစ်လေသည်။

ရန်ကိုင်သာ တကယ် အယောင်ဆောင် ဆိုပါက လူရှေ့သူရှေ့တွင် မျက်နှာပျက်ရလိမ့်မည် ဖြစ်သလို လူအားလုံး၏ ဘုံရန်သူလည်း ဖြစ်လာရပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါ မည်သူမှ သူ့အား ကယ်နိုင်တော့လိမ့်မည် မဟုတ်ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၈၇)

ရှရှန်းမှာ လေသံတိုးတိုးဖြင့်သာ ပြောလိုက်သော်ငြား အကုန်လုံးမှာတော့ သူပြောသည်ကို အတိုင်းသား ကြားလိုက်ရလေသည်။ ထို့အတွက်ကြောင့် လူပေါင်းများစွာသည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လာကြတော့လေ၏။

“ယောင်ဆောင်နေတာ မဟုတ်ဘူး…” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။ “ငါကိုယ်တိုင်က တကယ် တာအိုသခင်အဆင့် ဆေးပညာရှင်ပဲ…”

ထိုစကားထွက်လာသည့်အခါ အကုန်လုံးသည် စကားပြောနေသည်ကို ရပ်တန့်လိုက်ကြပြီး ရန်ကိုင့်အား ပို၍ ထူးဆန်းသည့် အမူအယာများဖြင့် စိုက်ကြည့်လာကြလေသည်။

“ဟား ဟား ဟား…” အချိန်အတော်ကြာပြီးသည့် နောက်တွင် ရှောင်ချန်းသည် ရုတ်တရက် ဝါးလုံးကွဲ ရယ်မောရင်း ရန်ကိုင့်အား လက်ညိုးထိုး၍ အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။

“မင်းက တာအိုသခင်အဆင့် ဆေးပညာရှင် ဟုတ်လား… ဆေးပညာရှင်တွေကို မင်း ဘာထင်နေတာလဲ… လမ်းဘေးက ဂေါ်ဖီထုပ်တွေလို တွေ့ကရာနေရာမှာ ရှာလို့ရတယ်လို့ မင်း ထင်နေတာလား… မင်း စကားတစ်ခွန်းကို မပြောခင် သေချာစဉ်းစားပြီးမှပြော… မဟုတ်ရင် မင်း အဆုံးသတ်လှမှာ မဟုတ်ဘူးနော်…”

“အို… ရောင်းရင်းရှောင်ကို ကြည့်ရတာ ကျုပ်အကြောင်း အတော်လေး သိနေတဲ့ ပုံပဲနော်…” ရန်ကိုင်သည် ရှောင်ချန်းဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

ရှောင်ချန်းသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဥတုလေးမျိုးနယ်မြေထဲမှာ တစ်ကြိမ်နှစ်ကြိမ်လောက် တွေ့ဖူးတာကြောင့်သာ မဟုတ်ရင် မင်းဆိုတာ ဘယ်သူမှန်းတောင် ငါ သိမှာမဟုတ်ဘူး…”

ရှောင်ချန်းသည် ရန်ကိုင်အား လုံးဝ မျက်လုံးထဲ မထည့်ချေ။

“ဟုတ်တယ်…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။ “ရောင်းရင်းရှောင်ချန်းက ကျုပ်အကြောင်း ဘာမှ မသိမှတော့ ကျုပ် တာအိုသခင်အဆင့် ဆေးပညာရှင် မဟုတ်ဘူးလို့ ဘာလို့ တစ်ထစ်ချ လာပြောနေရတာလဲ…ဟမ် မဟုတ်ဘူးလား…”

“ဒါက…” ရှောင်ချန်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူ့တွင် ရန်ကိုင့်၏ ပြောစကားကို ပြန်ပြောစရာစကား ရှိမနေခဲ့ပေ။ သို့သော်ငြား မကြာခင် ဆက်၍ ပြောလိုက်လေ၏။

“ဘာပဲဖြစ်ဖြစ် မင်းလိုလူကတော့ လုံးဝကို တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ယောက် မဖြစ်နိုင်ဘူး… အဆုံးမဲ့ရတနာကြာပန်းကို လိုချင်တယ်ဆိုရင် အခြားနည်းလမ်းကို စဉ်းစားလိုက်… ဒီနည်းလမ်းနဲ့ လာမလုပ်နဲ့… မဟုတ်ရင်တော့ ဟမ့်…”

သူ့စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကျွမ်းပုဖန်းသည် ရုတ်တရက် ဝင်ပြောလိုက်လေသည်။ “ရောင်းရင်းရန်… မင်း ဒီအဆုံးမဲ့ရတနာကြာပန်းကို အခြားဘယ်သူမှ လာမခူးနိုင်အောင် ဒီနေရာမှာ တစ်ချိန်လုံး တောက်လျှောက်စောင့်ပြီး ကာကွယ်ပေးနေတာက ဒီကြာပန်းရဲ့ ဆေးအာနိသင်နဲ့ ဒီကြာပန်းက ဘာလဲဆိုတာကို အစောကြီးတည်းက သိထားလို့လား…”

“အို…” ကျွမ်းပုဖန်းပြောသည်ကို ကြားပြီးသည့်နောက်တွင် လန်ရွှင်းက အံ့အားသင့်သွားဟန်ဖြင့် မျက်ခုံးပင့်လျက် “ရောင်းရင်းကျွမ်း ပြောချင်တာက ရောင်းရင်းရန်က ဒီနေရာကို တစ်ချိန်လုံး ထိုင်စောင့်ပေးနေတာပေါ့…”

“ဟုတ်တယ်… ကျုပ်ရောက်လာတုန်းက ဒီမှာ ရောင်းရင်းရန် တစ်ယောက်ပဲ ရှိနေတာ… ကြည့်ရတာ ဒီနေရာကို သူအရင်ဆုံး ရောက်တာနဲ့ တူတယ်…” ကျွမ်းပုဖန်းက ပြန်ပြောလိုက်သည်။

“ရောင်းရင်းရန်… ရောင်းရင်းကျွမ်း ပြောသွားတာက…” လန်ရွှင်းသည် ရန်ကိုင်ဘက်သို့ လှည့်၍ကြည့်လိုက်သည်။

“ဟုတ်တယ်… သူပြောတာအမှန်ပဲ…” ရန်ကိုင်က ခေါင်းညိတ်လျက် “အဆုံးမဲ့ရတနာကြာပန်း ပွင့်တုန်းက ကျုပ် ဒီကို အရင်ဆုံး ရောက်လာခဲ့တာ… ဒီကြာပန်း ဘာကြာပန်းလဲ သိတယ်… ကြာပန်းရဲ့ ဆေးအာနိသင်ကိုလည်း သိတယ်… အဲ့ဒါကြောင့် အခြားသူတွေ ဒီကြာပန်းကို အလောတကြီး လာခူးမှာစိုးလို့ဆိုပြီး ဒီနေရာမှာ တောက်လျှောက် ထိုင်စောင့်နေခဲ့တာ”

“အစကတော့ ဒီကြာပန်း ပွင့်လာတဲ့ထိ စောင့်ပြီး ခူးပြီး စားလိုက်မလို့ပဲ… ဒါပေမဲ့ လူတွေ အများကြီး ဒီလောက်စောစော ပြန်လာကြမယ်လို့ မထင်ထားဘူး… အဲ့ဒါကြောင့်ပဲ အခုလိုတွေ ဖြစ်ကုန်တာ…” ထိုစကားကို ပြောပြီးသည့်နောက်တွင် ရန်ကိုင် မဲ့ပြုံးပြုံးလိုက်လေသည်။

“ရှင် တကယ် ဆေးပညာရှင်တစ်ယောက်လား…” လန်ရွှင်းသည် ရန်ကိုင့်အား အသေအချာ စိုက်ကြည့်လျက် မေးလိုက်လေသည်။

ရန်ကိုင်သာ ဆေးပညာရှင်တစ်ယောက် မဟုတ်လျှင် အဆုံးမဲ့ရတနာကြာပန်းကို မည်ကဲ့သို့များ သိနိုင်ပါမည်နည်း။

ကျွမ်းပုဖန်း ကဲ့သို့သော လူမျိုးသည်ပင်လျှင် အဆုံးမဲ့ရတနာကြာပန်းအား ခန့်မှန်းရုံသာ ခန့်မှန်းနိုင်ခဲ့ပြီး အတည်မပြုနိုင်ခဲ့ချေ။ တကယ်အရည်အချင်းရှိသည့် ဆေးပညာရှင်များသည်သာ အဆုံးမဲ့ရတနာကြာပန်းကို သိနိုင်ပေလိမ့်မည်။

“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ရှင်တကယ်ကြီး တာအိုသခင်အဆင့် ဆေးပညာရှင်ပေါ့…” လန်ရွှင်းက ထပ်မေးသည်။

“ဟုတ်တယ်… ဒါပေမဲ့ လူတော်တော်များများက ကျုပ်ကို မယုံကြဘူး…” ရန်ကိုင်သည် ပုခုံးတွန့်ပြရင်း ရှောင်ချန်းအား ကြည့်ရင်းမှ ပြောလိုက်လေသည်။

ရန်ကိုင် သူ့အား ကြည့်နေသည်ကို မြင်သော် ရှောင်ချန်းက စူပုပ်ပုပ် မျက်နှာထားဖြင့် ပြန်ပြောလိုက်လေ၏။ “မင်း ပြောတတ်သလို လူတိုင်းလည်း ပြောတတ်တာပဲ… ငါရှောင်ချန်းက ဧကရာဇ်အဆင့် ဆေးပညာရှင်လို့ ပြောရင်ရော မင်းယုံမှာလား…”

ရန်ကိုင်ကမူ သူဘာမှ မတတ်နိုင်သည့်အလား ပုခုံးသာ တွန့်ပြလိုက်လေသည်။

ထိုအချင်းအရာကိုမြင်သော် လန်ရွှင်းက ပြုံးလျက် ပြောလိုက်လေ၏။

“အဲ့လိုဆိုလို့ရှိရင် အကုန်လုံးရဲ့ သံသယတွေ ရှင်းသွားအောင် သက်သေပြကြည့်လိုက်ပါလား… ရောင်းရင်းကသာ ဒီလူတွေရှေ့မှာ တာအိုသခင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်မယ် ဆိုလို့ရှိရင် ရောင်းရင်းရန် တာအိုသခင်အဆင့် ဆေးပညာရှင်ဖြစ်တယ် ဆိုတာကို ဘယ်သူမှ သံသယ ရှိတော့မှာမဟုတ်ဘူး… ပြီးတော့ အချိန်ကလည်း အလုံအလောက်ရှိသေးတယ်လေ… ရောင်းရင်းရန်ရော ဘယ်လိုထင်လဲ မသိဘူး…”

ရန်ကိုင် ဘာမှ ပြန်မပြောနိုင်သေးခင်မှာပင် ရှောင်ချန်းက ဖြတ်ပြောလိုက်လေသည်။ “သူလား ဆေးဖော်စပ်ရဲမှာ… မင်းသမီးပြောတာကိုသာ သူသဘောတူလိုက်ရင် သူလိမ်ထားတာတွေ အကုန်ပေါ်ကုန်မှာလေ…”

သို့သော်ငြား လန်ရွှင်းမှာ ရှောင်ချန်းအား စူးရဲစွာ စိုက်ကြည့်နေသဖြင့် ရှောင်ချန်းလည်း ဆက်၍ မပြောရဲတော့ပဲ သူ့ပါးစပ်ကို ပိတ်လိုက်ရလေ၏။

ရန်ကိုင်ကမူ မျက်မှောင်ကျုံ့လျက် အနည်းငယ် ရှက်ရွံ့နေသည့် အမူအယာဖြင့် “ကျုပ်တို့ အဲ့လိုမျိုး တကယ်ကြီး လုပ်ရမှာလား…”

လန်ရွှင်းက ပြုံးလျက် “ရောင်းရင်းရန် ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိလို့လား… ရောင်းရင်းရန် လိမ်နေတယ်လို့ ကျွန်မ မထင်ပေမဲ့ ဒီကိစ္စက အရမ်းအရေးကြီးလွန်းတယ်လေ… ရောင်းရင်းရန် ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိဘူး ဆိုလို့ရှိရင် အဆုံးမဲ့ရတနာ ဆေးလုံးကို မဖော်စပ်တာ အကောင်းဆုံးပဲ…”

“ဒီလိုဆေးပင်မျိုးဆိုတာ တစ်သက်မှာတစ်ခါတောင် တွေ့ဖို့ လွယ်တာမဟုတ်ဘူး… ဆေးဖော်စပ်နေရင်း အဲ့ဆေးပင်ကို ဆုံးရှုံးလိုက်ရရင် အရမ်းနှမြောဖို့ ကောင်းမှာ…”

“မင်းသမီးပြောတာ ယုတ္တိရှိတယ်…” ကျွမ်းပုဖန်းကလည်း ဝင်ပြောလိုက်လေသည်။

“ဆေးလုံးအဖြစ် ဖော်စပ်လိုက်လို့ ဆေးလုံးကို လူတွေအများကြီးကြားမှာ ခွဲဝေယူလို့ရတယ်ဆိုပေမဲ့ ဆေးဖော်စပ်နေရင်း ဆေးပင်သာ ပျက်စီးသွားခဲ့မယ်ဆိုရင်တော့ လုံးဝ သွားပြီ… အဲ့အစား ဆေးပင်ပွင့်လာတဲ့ထိ စောင့်ပြီး အကုန်လုံး ကိုယ့်နည်းကိုယ့်ဟန်သုံးပြီး လုယူခိုင်းလိုက်တာ ပိုကောင်းလိမ့်မယ်… ရောင်းရင်းရန် မဆုံးဖြတ်ခင် သေချာစဉ်းစားနော်…”

ရန်ကိုင့်အား နောက်ဆုတ်နိုင်အောင် အခွင့်အရေးတစ်ခု ပေးစေချင်သည့်အတွက် ယခုကဲ့သို့ ဝင်ပြောလိုက်ခြင်း ဖြစ်ပေသည်။

သို့သော်ငြား ရန်ကိုင်ကမူ ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေသည်။ “ကျုပ်ကိုယ်ကျုပ် သက်သေပြဖို့ကလည်း ကိစ္စမရှိပါဘူးလေ… ဘာပဲဖြစ်ဖြစ် အကုန်လုံးက ကျုပ်ကို ယုံကြတာမှမဟုတ်တာ…”

“မင်း တကယ်ကြီး တာအိုသခင်အဆင့် ဆေးပညာရှင်လား…” ရှရှန်းသည် ရန်ကိုင့်အား မွန်းစတားတစ်ကောင်ကို တွေ့လိုက်ရသည့်နှယ် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေတော့လေသည်။

ရှောင်ပိုင်ယီနှင့် ကျွမ်းပုဖန်းတို့မှာလည်း လုံးဝကို မင်သက်သွားလေတော့သည်။ သူတို့နှစ်ဦးသည်သာ ရန်ကိုင်မည်မျှ အားကောင်းကြောင်းကို သိထားကြသည်။

ကျွမ်းပုဖန်းဆိုလျှင် ရန်ကိုင်နှင့် အရင်းအမြစ်ချီခြင်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီး အသာစီးမရနိုင်ခဲ့ပေ။ ရန်ကိုင်သည် တာအိုသခင် ပထမအဆင့် ကျင့်ကြံခြင်းလေးဖြင့် သူ့အား အနိုင်ယူပြသွားခဲ့သည်။

ဤကျင့်ကြံခြင်းလေးဖြင့် ဤခွန်အားကို ပိုင်ဆိုင်ထားသည်ကပင် အလွန်ကိုမှ အံ့အားသင့်စရာ ကောင်းနေပေသည်။

ရန်ကိုင့်အနေဖြင့် ဤကဲ့သို့ ခွန်အားကို ရရှိနိုင်ရန်အတွက် သိုင်းပညာကိုသာ တစိုက်မတ်မတ် လေ့ကျင့်ခဲ့သည်ဟု ပြောလာပါလျှင် ယုံကောင်းယုံနိုင်ပေသေးသည်။ သို့သော်ငြား သူ့တွင် ဆေးပညာကို လေ့လာရန် အချိန်ရှိဦးမည်လား။

ထို့အပြင် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်ဖို့ ဆိုသည်မှာလည်း အမှန်တကယ်ကို မလွယ်ကူလှပေ။

ကျင့်ကြံသူတစ်ဦးသည် မိခင်၏ ဝမ်းဗိုက်ထဲ စတင်၍ သန္ဓေတည်သည့် အချိန်မှစ၍ ကျင့်ကြံလာခဲ့မည်ဆိုလျှင်ပင် ဤအသက်အရွယ်သို့ ရောက်လာပြီးသည့်နောက် ဆေးတာအိုနှင့် သိုင်းတာအို နှစ်ခုစလုံးတွင် ဤမျှ ထူးချွန်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

သို့သော်ငြား ရန်ကိုင်ပြောသွားသည့် ပုံစံနှင့် သူ့လေသံကို ကြည့်ရသလောက် သူသည် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေသည့် ပုံပင်။ ထိုအချက်ကြောင့် ရှောင်ပိုင်ယီနှင့် ကျွမ်းပုဖန်းတို့မှာ အလွန်ကိုမှ အံ့အားသင့်နေရတော့လေ၏။

“ဒါပေမဲ့ ငါ့ကိုယ်ငါ တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်တယ်လို့ သက်သေပြနိုင်ရင်တောင် အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်နိုင်မှာ မဟုတ်ဘူး…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။

“ဘာဖြစ်လို့လဲ…” လန်ရွှင်းက အံ့အားသင့်တကြီး ပြန်မေးလိုက်လေသည်။

“ဆေးဖော်စပ်ဖို့ဆိုရင် ဆေးအမယ်တွေ လိုတယ်လေ… ဟုတ်တယ်မလား…” ရန်ကိုင်က လန်ရွှင်းအား ကြည့်၍ ပြောလိုက်လေ၏။

“အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ဖို့ စုစုပေါင်း ဆေးအမယ် ဆယ့်ကိုးမျိုး လိုအပ်တယ်… အရင်ရက်တွေတုန်းကတော့ ကျုပ်လည်း ကြိုးစားပြီး လိုက်စုဆောင်းခဲ့တာပဲ… ဒါပေမဲ့ စုစုပေါင်းမှ ဆယ့်ရှစ်မျိုးပဲ ရှာတွေ့သေးတယ်… နောက်ဆုံးတစ်မျိုးကို ခုထိ ရှာလို့မတွေ့သေးဘူး…”

“ဒီတော့ မင်း အခြားသူတွေရဲ့ သိုလှောင်လက်စွပ်တွေကို အတင်း မရမက လိုက်စစ်ဆေးကြည့်နေတာ အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်ဖို့အတွက် လိုအပ်တဲ့ ဆေးအမယ်ကို လိုက်ရှာနေတာကြောင့်ပေါ့…” ယခုမှပဲ ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ လုပ်နေရသလဲ ဆိုသည်ကို ကျွမ်းပုဖန်း နားလည်သွားတော့လေသည်။

ရန်ကိုင်သည် အခြားသူများ၏ သိုလှောင်လက်စွပ်များကို အတင်းမကြပ် မလုယူဘဲ ထိုသိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကိုသာ စစ်ဆေးကြည့်သည်။ သူလိုချင်သည့် ပစ္စည်း ရှိပါက ထိုပစ္စည်းတစ်ခုကို ထုတ်ယူထားလိုက်ပြီး မရှိပါက သိုလှောင်လက်စွပ်ကို ဤအတိုင်း ပြန်ပေးလိုက်လေသည်။ အခြားမည်သည့် ပစ္စည်းကိုမှ မယူခဲ့ပေ။

ရန်ကိုင့်၏ ရည်ရွယ်ချက်ကို ယခုမှသာ ကျွမ်းပုဖန်း နားလည်သွားတော့လေသည်။ ထိုအချက်ကို နားလည်သွားပြီးသည့်နောက်တွင် ရန်ကိုင် တာအိုသခင်အဆင့် ဆေးပညာရှင် ဖြစ်သည်ဆိုသော အချက်ကို ကျွမ်းပုဖန်း လုံးဝ သံသယ မရှိတော့ချေ။

ရန်ကိုင်သည်သာ အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်ရန် လိုအပ်သည့် ဆေးအမယ်များကို ရှာဖွေမနေပါက ဘာကြောင့်များ ထိုကဲ့သို့ လုပ်ရမည်နည်း။

ဤကဲ့သို့ လုပ်ရခြင်းမှာ ဥတုလေးမျိုးနယ်မြေထဲတွင် ပိတ်မိနေပြီး တခြားနေရာများတွင် ဆေးအမယ်အား သွားရောက် ရှာဖွေ၍ မရသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

အပြင်လည်း ထွက်မရ အခြားနေရာလည်း သွားမရ ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်သည် သူ့ဆီသို့ရောက်လာသည့် ကျင့်ကြံသူများ၏ လက်စွပ်ကို အတင်းအကြပ် လုစစ်ဆေးရုံသာ တတ်နိုင်တော့သည်။

“ဒီကောင်…” ကျွမ်းပုဖန်းမှာတော့ အမှန်တကယ်ကို ထိတ်လန့်နေခဲ့လေသည်။ သို့သော်ငြား ဟန်မပျက်အောင် သူ့ကိုယ်သူ မနည်း ထိန်းချုပ်ထားခဲ့ရသည်။

“အဲ့လိုဆိုလို့ရှိရင် ရောင်းရင်းရန် ဘယ်ဆေးအမယ်ကို လိုနေတာလဲ ပြောပြပေးလို့ရမလား… ဒီမှာ လူတွေအများကြီး ရှိနေတာဆိုတော့ ရောင်းရင်းရန် လိုချင်နေတဲ့ ဆေးအမယ် သူတို့မှာလည်း ရှိချင်ရှိနေမှာပေါ့” လန်ရွှင်းက ပြုံးကာ ပြောလိုက်လေသည်။

သို့သော်ငြား ထိုသို့ ပြောပြီးသည့်နောက်တွင် တစ်ခုခုအား ရုတ်တရက် နားလည်သွားသည့်အလား ချက်ချင်း ထပ်ပြောလိုက်လေသည်။ “နေပါဦး… အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးအမယ်က အရမ်းကို အဖိုးတန်မှာ… အဲ့တော့ အဲ့ဆေးအမယ် ရှိနေတယ်ဆိုလို့ရှိရင်တောင် ဘယ်သူမှ ထုတ်ပေးလာမှာမဟုတ်ဘူး…”

“ဟုတ်တယ်… မင်းသမီးပြောတာအမှန်ပဲ…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“သူတို့ မပေးချင်ဘူးဆိုရင်လည်း လုယူလိုက်ရုံပေါ့…” ရှောင်ချန်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

ထိုစကားကို ကြားသည့်အခါ ဝူချန်းက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “သောက်ရူး… ဟိုလူတွေက သူတို့မှာ မရှိဘူးလို့ ပြောလာရင် မင်း ဘယ်လိုလုပ်ပြီး သွားလုမှာလဲ… မင်း လူတိုင်းရဲ့ သိုလှောင်လက်စွပ်တွေကို လိုက်လုပြီး စစ်ဆေးကြည့်မလို့လား…”

“ဘာလို့ မလုပ်ရမှာလဲ…”

“အဲ့လိုလား… အဲ့ဒါဆို ငါ မင်းရဲ့ သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်ချင်ရင်ရော မင်းငါ့ကို ပေးမလား…”

“ငါ့မှာ ရှိရင် ကျိန်းသေပေးမှာပေါ့… ဘာစစ်ဆေးနေရဦးမှာလဲ…” ရှောင်ချန်းက ပြန်ပြောလိုက်သည်။

“တော်လောက်ပြီ…” လန်ရွှင်းက မျက်မှောင်ကျုံ့၍ သူမလက်ကို ထောင်ကာ ကြားဖြတ်ပြောလိုက်လေသည်။ ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် အလေးအနက် လေသံဖြင့် ပြောလိုက်လေ၏။

“ကျွန်မမှာ ကမ်းလှမ်းချင်တာ တစ်ခုရှိတယ်… အခုကမ်းလှမ်းချက်က ဒီကိစ္စကို အေးအေးဆေးဆေး ဖြေရှင်း နိုင်မယ်လို့ ယုံကြည်တယ်… အကယ်၍ ရောင်းရင်းရန် လိုအပ်နေတဲ့ ဆေးအမယ်သာ တစ်ယောက်ယောက်မှာ ရှိနေရင်တော့ အဲ့လူက အဲ့ဆေးအမယ်ကို ပေးမယ်ဆိုလို့ရှိရင် အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်ပြီးသွားတဲ့ အချိန်ကြရင် ရလာတဲ့ ဆေးလုံးတွေထဲက တစ်လုံးကို အဲ့လူဆီ ကျိန်းသေပေးမယ် အဲ့လိုဆိုရင်ရော ဘယ်လိုလဲ”

“မင်းသမီး အဲ့ဒါ အဆင်ပြေပမလား…” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ အကုန်လုံး၏ အမူအယာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။

တကယ်တော့ ရန်ကိုင်သည် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေပြီး အဆုံးမဲ့ ရတနာဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်မည်ဆိုလျှင်ပင် ထိုဆေးပင်ကို ဖော်စပ်ရာမှ ဆေးလုံးမည်မျှများများ ရနိုင်မှာမို့နည်း။

ထိုဆေးလုံးများထဲမှ တစ်လုံးအား အခြားသူတစ်ဦးအတွက် ဖယ်ထားခြင်းမှာ မည်သူမျှ မလိုချင်သည့် ရလာဒ်မျိုး ဖြစ်ပေသည်။

သို့ရာတွင် လန်ရွှင်းကမူ ယဲ့ယဲ့လေးပြုံးလျက်သာ။ “အခွင့်အရေးဆိုတာ အားလုံးအတွက် တူတူပဲလေ… ရှင်တို့တွေ ယောကျ်ားတွေ မဟုတ်ဘူးလား… ဘာလို့ အလောင်းအစား မလုပ်ရဲကြတာလဲ” ပြောပြီးသည့်နောက်တွင် လူအုပ်ကြီးအား ဝေ့ကြည့်လျက် ဆက်၍ ပြောလိုက်လေသည်။

“ရောင်းရင်းရန်က သူဘာဆေးပင် လိုတယ်ဆိုတာကိုတောင် မပြောရသေးဘူးလေ… နင်တို့က ဘာတွေ ကြောက်နေကြတာလဲ… ရောင်းရင်းရန် လိုနေတဲ့ ဆေးပင်က ရှင်တို့ သိုလှောင်လက်စွပ်ထဲမှာ ရှိနေတဲ့ ဆေးပင်လည်း ဖြစ်ရင် ဖြစ်နေနိုင်မှာပဲ…”

“ရှင်တို့ လုပ်စရာဆိုလို့ သူလိုအပ်နေတဲ့ ဆေးပင်ကိုပေးလိုက်ရုံပဲလေ… အဲ့ဒါဆိုရင် အဆုံးမဲ့ ရတနာဆေးလုံးတစ်လုံး ရပြီလေ… ဘာမကောင်းတာ ရှိလို့လဲ…”

“ဒါပေမဲ့ မင်းတို့ ဘာမှ ပြန်မရတာမျိုးလည်း ဖြစ်နိုင်တယ်နော်…” ရှောင်ပိုင်ယီက ဝင်ပြောလိုက်သည်။

ရန်ကိုင်သာ အောင်အောင်မြင်မြင် မဖော်စပ်နိုင်ပါက ဆေးပင်ပေးလိုက်သည့် လူသည်လည်း သူ၏ ဆေးပင်ကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။

“ဒါပေမဲ့ ဒီကျွမ်းမေးချင်တာတစ်ခု ရှိသေးတယ်…” ကျွမ်းပုဖန်းက ပြောလိုက်သည်။

“ကျေးဇူးပြုပြီး မေးပါ ရောင်းရင်းကျွမ်း…” လန်ရွှင်းက ကျွမ်းပုဖန်းဘက်သို့ လှည့်၍ ပြုံးကာ မေးလိုက်လေသည်။

“ရောင်းရင်းရန် လိုအပ်နေတဲ့ ဆေးအမယ်က လူနှစ်ဦးမှာ ရှိနေတယ်ထားပါတော့… အဲ့ဒါဆိုရင် ဘယ်သူ့ဆီက ယူမှာလဲ…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၈၈)

“အာ ဟုတ်တယ်… ငါ အဲ့တစ်ချက်ကို မစဉ်းစားမိလိုက်ဘူး…” ထိုစကားကို ကြားသော် လန်ရွှင်း အနည်းငယ် ကြောင်သွားခဲ့သည်။

သို့သော်ငြား မကြာမီတွင် ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင်လည်း ကိစ္စမရှိပါဘူးလေ… ပိုပြီး သက်တမ်းမြင့်တဲ့ ဆေးအမယ်ကို ရွေးလိုက်ရုံပဲ….”

“အဲ့ဒါဆို အဆင်ပြေသွားပြီ” ကျွမ်းပုဖန်က ခေါင်းညိတ်လျက် “ဆေးသက်တမ်း ပိုမြင့်လေ ဆေးအာနိသင်က ပိုကောင်းလေပဲ… အဲ့ဒါဆိုရင် ဆေးဖော်စပ်တာ ပိုပြီး အောင်မြင်နိုင်ချေများတယ်…”

“အကုန်လုံး သဘောတူတယ်ဆိုလို့ရှိရင်…” လန်ရွှင်းသည် ပြုံးလျက် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်သည်။

“သဘောတူပါတယ် မင်းသမီး… ကံအပေါ် မူတည်တာဆိုတော့ အကုန်လုံးက ညီတူမျှတူ အခွင့်အရေးရှိတယ်… ကိစ္စမရှိဘူး…” အဆုံးတွင် တစ်စုံတစ်ဦးက သူ၏ ရပ်တည်ချက်ကို ဖော်ပြလိုက်လေသည်။ အံ့အားသင့်စရာပင် ထိုလူမှာ အခြားမဟုတ်ဘဲ ဝူချန်းဖြစ်နေခဲ့လေသည်။

“ကျုပ်လည်း သဘောတူတယ်…” ရှရှန်းကလည်း ဝင်ပြောလိုက်သည်။

“ကျုပ်လည်း သဘောတူပါတယ်…” ကျွမ်းပုဖန်းကပါ ထပ်ပြောလိုက်လေသည်။

ထိုလူသုံးဦးကပင်လျှင် သဘောတူနေပြီ ဖြစ်လေရာ မည်သူကများ ငြင်းရဲဦးမည်နည်း။ ထို့အပြင် ထိုကမ်းလှမ်းချက်ကို ပြုလုပ်လိုက်သည့် လူမှာ လန်ရွှင်း ဖြစ်ပေသည်။ သူမ၏ ကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်ခြင်းသည် လန်ရွှင်းအား မျက်နှာသာ မပေးခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

လန်ရွှင်းကမူ သူတို့အား အပြစ်တင်လိမ့်မည် မဟုတ်သော်ငြား သူမဘေးတွင် ရပ်နေသော ရှောင်ချန်းကမူ ကြင်နာပြနေလိမ့်မည် မဟုတ်ချေ။

“ကျေးဇူးအများကြီးတင်ပါတယ်…” လန်ရွှင်းက ကျေးဇူးတင်စကား ပြောလိုက်ပြီးသည့် နောက်တွင် ရန်ကိုင်ဘက်သို့ လှည့်၍ ပြုံးကာ “ရောင်းရင်းရန်… ရှင် ဘာဆေးအမယ် လိုနေလဲ ကျွန်မတို့ကို ပြောပြလို့ ရပြီလား”

ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံး တိတ်သွားခဲ့ပြီး ရန်ကိုင့်ဆီသို့ ဝိုင်းအုံကြည့်လိုက်ကြလေသည်။ အကုန်လုံး၏ အကြည့်ထဲ မျှော်လင့်ချက် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေခဲ့လေ၏။

တကယ်တော့ ဤကိစ္စသည် ကံပေါ်မူတည်နေသည် မဟုတ်ပေလော။ ရန်ကိုင်ပြောသည့် ဆေးအမယ်သာ သူတို့၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေမည်ဆိုပါက သူတို့တွင် အဆုံးမဲ့ရတနာဆေးလုံးအား ရနိုင်မည့် အခွင့်အရေး ရှိလာပေလိမ့်မည်။

ဆေးလုံးသည် သူတို့အား ဧကရာဇ်အဆင့်သို့ အရောက်ပို့ပေးနိုင်သော အခွင့်အလမ်းတစ်ခု ဖြစ်နေလေရာ သူတို့အနေဖြင့် ရင်မတုန်ပဲ ဘယ်နေမည်နည်း။ လူပေါင်းများစွာဆိုလျှင် ရင်တဒုန်းဒုန်းပင် ခုန်လာတော့လေသည်။

ရန်ကိုင်က ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။ “ကျုပ်လိုအပ်နေတာက သွေးကျောက်စိမ်းမှိုပဲ… အနည်းဆုံး သက်တမ်း နှစ် ၅၀၀၀ ရှိတဲ့ သွေးကျောက်စိမ်းမှိုပေါ့”

“သွေးကျောက်စိမ်းမှို… အင်း… တကယ်ရှားတဲ့ဆေးပင်ပဲ” ထိုစကားကို ကြားသော် လန်ရွှင်းက ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။

ထို့နောက် လူအုပ်ကြီးဘက်သို့ လှည့်၍ “ရှင်တို့မှာ ရောင်းရင်းရန် လိုအပ်နေတဲ့ ဆေးအမယ် ရှိကြလား… ရှိတယ်ဆိုရင် ထုတ်ပြလာပေးနော်… အဲ့ဆေးအမယ်က အဆုံးမဲ့ရတနာ ဆေးလုံးတစ်လုံးနဲ့ ညီမျှတယ်… ဒီလိုအခွင့်အရေးမျိုးဆိုတာ လက်လွှတ်သင့်တာမျိုးမဟုတ်ဘူး…”

လန်ရွှင်း၏လေသံကို ကြည့်ရသလောက် ရန်ကိုင်မှ အဆုံးမဲ့ရတနာဆေးလုံးအား အောင်အောင်မြင်မြင် ဖော်စပ်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်နေသည့်ပုံပင်။ သူမ၏ ယုံကြည်ချက် မည်သည့်နေရာမှ ရောက်လာသလဲ ဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။

သွေးကျောက်စိမ်းမှိုဟု ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူပေါင်းများစွာ စိတ်ပျက်သွားခဲ့ကြသည်။ လူတော်တော်များများတွင် ထိုဆေးပင် ရှိမနေခဲ့ပေ။

သို့သော် အချို့သော ကျင့်ကြံသူများမှာမူ သူတို့၏ သိုလှောင်လက်စွပ်အား စတင် လှန်လှော ရှာဖွေတော့လေသည်။

“ဟား ဟား ဟား…” ရုတ်တရက် အော်ရယ်သံ တစ်သံ ထွက်ပေါ်လာခဲ့လေသည်။ အကုန်လုံး လှည့်ကြည့်လိုက်ရာ ရယ်နေသည့်လူမှာ တာအိုသခင် ဒုတိယအဆင့် သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

အကုန်လုံး သူ့အား စိုက်ကြည့်နေသည်ကို မြင်သော် ထိုလူသည် သူ့အမူအယာကို အလျင်အမြန် ပြန်ထိန်းလျက် အပြုံးကြီး ပြုံးလိုက်လေ၏။

“ရောင်းရင်းမှာ လိုအပ်နေတဲ့ ဆေးပင် ရှိနေလို့လား…” လန်ရွှင်းက ထိုလူအား ပြုံးလျက်မေးလိုက်လေသည်။

ထိုလူသည် ရပ်နေရာမှ လူအုပ်ကြီးထဲမှ ခုန်ထွက်လာပြီးသည့်နောက် ဝမ်းသာအားရစိတ်ကို အတင်းအကြပ် ဖုံးဖိရင်း အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။ “မင်းသမီးကို ကျေးဇူးအများကြီးတင်ပါတယ်… ကျုပ်မှာ သွေးကျောက်စိမ်းမှိုရှိပါတယ်…”

“အို…” လန်ရွှင်းက မျက်ခုံးပင့်လျက် ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည်။ “အဲ့ဒါဆို ထုတ်ပြပါလား… တစ်ချက်လောက် ကြည့်ကြည့်ရအောင်…”

ထိုလူ တုံ့ဆိုင်းနေသည်ကို မြင်သော် လန်ရွှင်းသည် တစ်ဖက်လူ မည်သည့်အရာကို စိတ်ပူနေသလဲ ဆိုသည်ကို သိသွားသည့်အလား ချက်ချင်းပဲပြောလိုက်လေ၏။

“စိတ်မပူနဲ့… ကျွန်မစကားကို ပြန်မရုတ်သိမ်းဘူး… ရှင့်မှာသာ ရောင်းရင်းရန်လိုနေတဲ့ ဆေးအမယ် တကယ်ရှိနေတယ် ဆိုလို့ရှိရင် အဆုံးမဲ့ရတနာဆေးလုံးတစ်လုံးက ရှင့်အတွက်ပဲ…”

“ကျေးဇူးအများကြီးတင်ပါတယ် မင်းသမီး…” ထိုစကားကို ကြားပြီးသည့်နောက်တွင် ထိုလူသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ပဲ အစိမ်းရောင်နှင့် အနီရောင် ရောယှက်နေသော မှိုတစ်ပွင့်ကို သူ့သိုလှောင်လက်စွပ်ထဲမှ ချက်ချင်း ထုတ်ယူလိုက်လေသည်။

“တကယ်ကြီး သွေးကျောက်စိမ်းမှိုပဲ…” မှိုကို မြင်ပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး ကျုပ် တစ်ချက်ကြည့်ရအောင်…”

သွေးကျောက်စိမ်းမှိုကို ကိုင်ထားသည့်လူ၏ လက် အနည်းငယ် တုန်ရီသွားခဲ့လေသည်။ ထိုလူကိုင်ထားသည်မှာ မှိုတစ်ပွင့်သာလျှင် မဟုတ်ဘဲ သူ၏ ကံကောင်းမှုလည်း ဖြစ်သည်။ ထို့အတွက်ကြောင့် ထိုမှိုအား အနည်းငယ်မျှပင် ထိခိုက်မိသွားမည်ကို အလွန်ကိုမှ စိုးရိမ်နေမိလေသည်။

ရန်ကိုင်ရောက်လာသည့်အခါ ထိုမှိုအား ရန်ကိုင့်လက်ထဲသို့ သေသေချာချာ ထည့်ပေးလိုက်လေ၏။ ထို့နောက်တွင် မျှော်လင့်တကြီး အမူအယာဖြင့် ရပ်စောင့်နေလေသည်။

“ကောင်းလိုက်တဲ့ကံကွာ…”

“ဘာဖြစ်လို့ အဲ့ကံက ငါ့ဆီ ရောက်မလာတာလဲ မသိဘူး…”

“ကောင်းကင်က တကယ်မမျှတဘူးပဲ ငါ့ကိုဆို နည်းနည်းလေးမှ ကံမကောင်းပေးဘူး…”

အမျိုးမျိုးသော မနာလို အားကျသည့် အသံများ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာလေသည်။

သွေးကျောက်စိမ်းမှို ရှိနေသည့် လူမှာတော့ ထိုစကားသံများမှာ ပျားရည်တမျှ ချိုသာ နေလေ၏။ သူ့စိတ်ထဲ အလွန်ကိုမှလည်း ဝမ်းသာမိနေခဲ့လေသည်။

“သွေးကျောက်စိမ်းမှိုတော့ ဟုတ်တယ်…” ရုတ်တရက် ရန်ကိုင်က မျက်မှောင်ကျုံ့၍ ပြောလိုက်သည်။ “ဒါပေမဲ့ သက်တမ်းက တော်တော်လေး နည်းနေလွန်းတယ်… နှစ်၃၀၀၀ပဲ ရှိတယ်… လိုအပ်တာထက် ၂၀၀၀တောင်လိုနေသေးတယ်”

“ဘယ်လို…” ထိုစကားကို ကြားသည့်အခါ ထိုလူ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်လေသည်။ “မင်း… မင်း… ကျေးဇူးပြုပြီး နောက်တစ်ကြိမ် သေသေချာချာ ထပ်ကြည့်ပေးပါဦး…”

“ကြည့်စရာမလိုဘူး… လုံးဝသေချာတယ်…” ရန်ကိုင်သည် သွေးကျောက်စိမ်းမှိုကို တစ်ဖက်လူလက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီးသည့်နောက် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။

“နှစ်တစ်ထောင် ကြာသွားတိုင်း ကြာသွားတိုင်းမှာ သွေးကျောက်စိမ်းမှိုရဲ့ အရောင်က ပိုပိုပြီးတော့ ရင့်လာတယ်… ရောင်းရင်းရဲ့ သွေးကျောက်စိမ်းမှိုက တော်တော်လေးကို သက်တမ်းရင့်တယ်လို့ ပြောလို့ရပေမဲ့ အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်ဖို့အတွက်ကတော့ မလုံလောက်သေးဘူး…”

“မဖြစ်နိုင်ဘူး…” ထိုလူ ဝမ်းနည်းတကြီး ထအော်လေသည်။ ပိုပြီး မျှော်လင့်ချက်ထားလေ ကျရှုံးသည့်အခါ ပိုပြီး စိတ်ပျက်ရလေ ဆိုသည်မှာ အမှန်ပင် ဖြစ်လေသည်။

ထိုလူသည် အဆုံးမဲ့ရတနာ ဆေးလုံးတစ်လုံးသည် သူ့လက်ထဲသို့ ရောက်လာတော့မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော်ငြား ကောင်းကင်လမ်းစဉ်မှာ လူသားတို့ ထိန်းချုပ်နိုင်သည်ထက် ပိုပေသည်။ သူ့လက်ထဲတွင် ရှိနေသော အခွင့်အရေးသည် သူ့လက်ချောင်းကြားထဲမှ လွတ်ထွက်သွားလိမ့်မည်ဟု ထိုလူ မည်သို့များ ကြိုသိခဲ့ပါမည်နည်း။

“နောက်တစ်ကြိမ် သေသေချာချာ ကြည့်ကြည့်ပါဦး…” ထိုလူသည် ဇွဲမလျှော့သေးဘဲ ရန်ကိုင့်အား နောက်တစ်ကြိမ် ထပ်ကြည့်ခိုင်းလေသည်။

ရန်ကိုင်ကမူ ခေါင်းခါ၍သာ “ခင်ဗျား ကျုပ်ကို မယုံလို့ရှိရင် အခြားသူတွေကို လိုက်မေးကြည့်လို့လည်း ရတယ်… ဒီထဲမှာ သွေးကျောက်စိမ်းမှိုရဲ့ သက်တမ်းကို စစ်ဆေးနိုင်တာ ကျုပ်တစ်ယောက်တည်း မဟုတ်ဘူးလို့ ကျုပ်ထင်တာပဲ…”

ရန်ကိုင် ပြောပြီးသည့်နောက်တွင် ကျွမ်းပုဖန်းက ဝင်ပြောလိုက်လေသည်။ “ရောင်းရင်း… ကျုပ်က ရှေးဟောင်းကျောင်းတော်ရဲ့ ကျွမ်းပုဖန်းပဲ… ဆေးပင်တွေနဲ့ ပက်သက်လာလို့ရှိရင် ကျုပ်သိထားတာက ရောင်းရင်းရန်ကို မယှဉ်နိုင်ပေမဲ့ အတော်လေး မြင့်တယ်လို့ ပြောလို့ရတယ်… ရောင်းရင်း ဒီကျွမ်းကို ယုံတယ်ဆိုရင် ကျုပ် တစ်ချက်စစ်ဆေးကြည့်ပေးမယ်…”

“ယုံတာပေါ့…” ထိုစကားကို ကြားသည့်အခါ ထိုလူသည် ကျွမ်းပုဖန်းဆီသို့ ချက်ချင်းပြေးသွားပြီး သွေးကျောက်စိမ်းမှိုကို ထည့်ပေးလိုက်လေသည်။

ဘယ်ကမှန်းမသိရသည့် ရန်ကိုင်နှင့် ယှဉ်လိုက်သော် ကျွမ်းပုဖန်းသည် တောင်ဘက်နယ်မြေထဲတွင် အတော်လေး နာမည်ကျော်ကြားသူ ဖြစ်သည်။ ထို့ကြောင့် သူ၏ စကားလုံးများသည် ရန်ကိုင်ထက် ပို၍ ဩဇာသက်ရောက်မှု ရှိသည်။

ထို့အတွက်ကြောင့် ထိုလူသည် သွေးကျောက်စိမ်းမှိုအား ကျွမ်းပုဖန်းလက်ထဲသို့ ထည့်ပေးရန် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ချေ။

ထိုလူရပ်စောင့်နေစဉ် အတောအတွင်း ကျွမ်းပုဖန်းသည် သွေးကျောက်စိမ်းမှိုအား စတင်၍ သေချာ စစ်ဆေးတော့လေသည်။ ကျွမ်းပုဖန်းသည် သွေးကျောက်စိမ်းမှိုအား ကြည့်ရုံသာလျှင် မဟုတ်ဘဲ အနံ့လဲရှူကြည့်၏။ အနည်းငယ်လေး ဖဲ့၍ မြည်းလည်းမြည်းစမ်းကြည့်သေး၏။

ကျွမ်းပုဖန်း၏ ပုံစံကို ကြည့်ရုံဖြင့် သူသည် ဤနေရာတွင် ဝါရင့်သမ္ဘာရင့် လူတစ်ဦးဖြစ်ကြောင်းကို မြင်တွေ့နိုင်ပေသည်။ ခဏအကြာတွင် ကျွမ်းပုဖန်းက ဖြည်းဖြည်းချင်း ခေါင်းခါလျက် သွေးကျောက်စိမ်းမှိုကို ပြန်ပေးလိုက်ရင်း ပြောလိုက်လေ၏‌။

“ဆေးပညာနဲ့ ပတ်သက်လာလို့ရှိရင် ရောင်းရင်းရန်က တကယ့်ကို ဆရာတစ်ဆူပါပဲလား… ဒီသွေးကျောက်စိမ်းမှိုကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဆေးသက်တမ်းကို တန်း ခန့်မှန်းနိုင်တယ်… ဒီကျွမ်း တကယ်ကို အထင်ကြီးမိသွားပြီ… ရောင်းရင်း…. မင်းရဲ့သွေးကျောက်စိမ်းမှိုက တကယ်ပဲ နှစ်သုံးထောင်ပဲ သက်တမ်းရှိတယ်…”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ထိုလူမှာ အလွန်ကိုမှ စိတ်ပျက်နေတော့လေသည်။ ရန်ကိုင်မှ သူ၏ သွေးကျောက်စိမ်းမှိုမှာ သက်တမ်း နှစ်သုံးထောင်သာ ရှိသေးသည်ဟု ပြောသည်ကို သိပ်မယုံချင်သော်ငြား ကျွမ်းပုဖန်းကပါ ထုတ်ပြောလာသည့်အခါ သူ့အနေဖြင့် မယုံချင်လျှင်ပင် ယုံရပေတော့မည်။

အစောပိုင်းက ထိုလူ၏ ကံကောင်းမှုအပေါ် မနာလို အားကျနေကြသော ကျင့်ကြံသူများမှာမူ ယခု ထိုလူ၏ ကံမကောင်းမှုအပေါ် ဝမ်းသာအားရ ဖြစ်နေကြတော့လေသည်။

“ရောင်းရင်းတို့ထဲမှာ သွေးကျောက်စိမ်းမှို ရှိနေတဲ့ လူတွေများ ရှိနေပါသေးလား…” ရန်ကိုင်သည် လူအုပ်ကြီးဘက်သို့ လှည့်၍ အော်မေးလိုက်လေသည်။ မည်သူမျှ ပြန်မဖြေခဲ့။ ရန်ကိုင် သက်ပြင်းသာ ချလိုက်ရတော့လေသည်။

“ရောင်းရင်းရန်… ဒီ သက်တမ်း နှစ်၃၀၀၀ရှိတဲ့ သွေးကျောက်စိမ်းမှိုကို သုံးပြီး ဖော်စပ်မယ်ဆိုလို့ရှိရင်…” လန်ရွှင်းက မျက်မှောင်ကျုံ့၍ ဝင်ပြောလိုက်လေသည်။

“မဖြစ်နိုင်ဘူး…” ရန်ကိုင်က ချက်ချင်းပြန်ပြောလိုက်သည်။ “အရမ်း အဖိုးတန်တဲ့ ဆေးလုံးတွေကို ဆေးဖော်စပ်တဲ့အခါကြရင် လိုအပ်တဲ့ ဆေးအမယ်တွေရဲ့ ကန့်သတ်ချက်ကလည်း အရမ်းမြင့်တယ်… နှစ်၂၀၀၀မပြောနဲ့ သက်တမ်းက နှစ်၁၀၀လောက် ကွာနေရင်တောင် လုံးဝ သုံးလို့မရဘူး…”

“ဟူး…” လန်ရွှင်း သက်ပြင်းသာ ချလိုက်တော့သည်။ ရန်ကိုင်ပြောနေသည်ကို သူမ နားမလည်ခြင်း မဟုတ်။ မေးကြည့်လိုက်ခြင်းသာ ဖြစ်ပေသည်။

“ကံတရားပေါ့…” ရှရှန်းက ရုတ်တရက် ခေါင်းခါ၍ ပြောလိုက်လေသည်။ “သွေးကျောက်စိမ်းမှိုဆိုတာ ရှာတွေ့လို့လွယ်တဲ့ ဆေးပင်မျိုး မဟုတ်ဘူး… ဒီလူအုပ်ထဲက တစ်ယောက်ယောက်မှာ လာရှိနေတာတောင် အတော်လေးကံကောင်းနေပြီလို့ ပြောလို့ရတယ်... အဲ့ဆေးပင်ကတောင် သက်တမ်းမပြည့်ဘူးဆိုတော့ ဘယ်လိုမှ ဆက်ရှာလို့ ရတော့မှာမဟုတ်ဘူး… နောက်ဆုံး ဒီကြာပန်းအတွက် တိုက်ပြီးတော့ပဲ လုကြရုံပေါ့”

“တကယ်တော့…” လန်ရွှင်းက အနည်းငယ် တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်လေသည်။ “ကျွန်မမှာ သွေးကျောက်စိမ်းမှိုရှိတယ်… ရောင်းရင်းရန် ပြောတဲ့ လိုအပ်ချက်နဲ့လည်း ကိုက်ညီမယ်လို့ ထင်တယ်…”

“ဟမ်…” ထိုစကားကိုကြားသည့်အခါ ရှောင်ချန်း ကြောင်သွားခဲ့လေသည်။

“ဒါဆို မင်းသမီး ဘာလို့ အစောကြီးတည်းက မထုတ်လိုက်တာလဲ…” ရန်ကိုင်သည်လည်း လန်ရွှင်းအား အံ့ဩတကြီး ကြည့်လိုက်သည်။ သို့သော်ငြား ချက်ချင်းပဲ တစ်စုံတစ်ခုအား စဉ်းစားမိသွားခဲ့ပြီး ပြုံးကာ ပြောလိုက်လေ၏။

“မင်းသမီးရဲ့ သဒ္ဒါတရားထက်သန်ပုံကို ဒီရန် တကယ်လေးစားမိသွားပြီ…”

လန်ရွှင်း ဘာကြောင့် သူမ၏ သွေးကျောက်စိမ်းမှိုအား ထုတ်မယူခဲ့သလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။

သူမ ထုတ်မပေးချင်သည် မဟုတ်။ သူမသည် လမင်းမဟာဧကရာဇ်၏ သမီးတော်ဖြစ်သည်။ ထို့ကြောင့် ဆေးပင်တစ်ပင် မည်မျှပင် အဖိုးတန်နေစေကာမူ သူမအတွက်တော့ အရမ်းကြီး အဖိုးတန်နေမည် မဟုတ်ပေ။

သူမတွင် ရှိနေသော သွေးကျောက်စိမ်းမှိုအား ထုတ်မပေးရခြင်းမှာ အခြားသူများကို အခွင့်အရေး ပေးလိုသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ နောက်ဆုံး မည်သူ့တွင်မှ လိုအပ်သည့် ဆေးအမယ် ရှိမနေသည့်အခါ သူမကိုယ်တိုင် ရှေ့ထွက်လာရတော့သည်။

ထို့အပြင် ဤကမ်းလှမ်းချက်ကို စတင်သည့်သူမှာလည်း သူမဖြစ်နေခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရန်ကိုင်လိုအပ်သည့် ဆေးအမယ်မှာလည်း သူမ၌ ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် ရှေ့ထွက်ပြောရန် အနည်းငယ် တွန့်ဆုတ်နေခဲ့ခြင်းပင် ဖြစ်လေသည်။

ရန်ကိုင်၏ စကားကို ကြားပြီးသည့်နောက် သူတို့ အနည်းငယ် ကြောင်နေသေးသည်။ သို့သော်ငြား ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် လူတိုင်းသည် လန်ရွှင်းအား လေးစားအားကျ အံ့ဩမင်သက်နေသည့် အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။

လူပေါင်းများစွာမှ ထိုကဲ့သို့ ဝိုင်းကြည့်နေသည်ကို မြင်သော် လန်ရွှင်း အနည်းငယ် ရှက်သွားခဲ့လေ၏။

“လိုအပ်တဲ့ ဆေးအမယ်ကို ကျွန်မ ပေးလို့ရပါတယ်… ဒါပေမဲ့ ဆေးလုံးကိုတော့ ကျွန်မ မယူပါဘူး…” လန်ရွှင်းက ပြုံးလျက် ပြောလိုက်သည်။

“ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်လို့ ဖြစ်ပါ့မလဲ မင်းသမီး…” ရှောင်ချန်းသည် ပထမဆုံး စတင် ကန့်ကွက်တော့လေသည်။

“တိတ်တိတ်နေ…” လန်ရွှင်းက မျက်မှောင်ကျုံ့လျက် အော်ငေါက်လိုက်လေသည်။ “ငါ့ဆေးပင်ကို ငါ့ဘာသာငါ ဆုံးဖြတ်မယ်…”

ရှောင်ချန်းမှာ ပါးစပ်ဟ၍ တစ်ခုခု ပြောရန် ပြင်နေသော်ငြား လန်ရွှင်းမှ အော်ငေါက်လိုက်သည့်အတွက်ကြောင့် ဆက်မပြောရဲတော့ပဲ စိတ်ဓာတ်ကျကျဖြင့်သာ နေနေရတော့လေ၏။

“အဲ့လိုမျိုးလုပ်တာ မသင့်တော်ဘူး မင်းသမီးရဲ့…” ရှရှန်းက ပြုံးလျက် ပြောလိုက်လေသည်။ “ဒီကိစ္စက အစထဲက ပြောထားပြီးသား ကိစ္စလေ… မင်းသမီးက ဆေးပင်ပေးတယ်ဆိုမှတော့ ဆေးလုံးတစ်လုံးက မင်းသမီးအတွက်ပဲပေါ့…”

“မင်းသမီးသာ အဲ့ဆေးလုံးကို မယူဘူးဆိုရင် ကျုပ်တို့တွေအကုန်လုံး မင်းသမီးအပေါ် အကြွေးတစ်ခု တင်နေသလို ဖြစ်သွားမယ်… ဆေးလုံးရလိုက်တဲ့ လူတွေကလည်း ဒီဆေးလုံးက မင်းသမီးအပိုင်ပါလား ဆိုပြီး တွေးပြီး စိတ်မလုံမလဲ ဖြစ်နေကြရတော့မယ်… အဲ့လိုဖြစ်မှာကို ကျုပ်မလိုချင်ဘူး…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၈၉)

“ဟုတ်တယ်… ဒီကောင်ပြောတာကို ကျုပ် ထောက်ခံတယ်… ကျုပ် ဝူချန်း ဘယ်သူ့ကိုမှ အကြွေးမတင်ဘူး ကောင်းကင်ကိုတောင် အကြွေးမတင်ဘူး…” ဝူချန်းကလည်း ဝင်ရောက် ထောက်ခံခဲ့လေသည်။

ကျွမ်းပုဖန်းကလည်း ပြုံး၍ ပြောလိုက်လေ၏။ “မင်းသမီး ငြင်းနေစရာ မလိုပါဘူး… ဆေးလုံးက မင်းသမီးအပိုင်ပဲဟာကို ယူလိုက်ပါ…”

လန်ရွှင်းမှာ ထိုအခြေအနေကြောင့် ရယ်ရခက် ငိုရခက် ဖြစ်နေတော့သည်။

ရန်ကိုင်သည် နဖူးထက်မှ ချွေးအေးများကို သုတ်ရင်း မှတ်ချက်ပေးလိုက်လေသည်။ “မင်းတို့အားလုံးပြောနေတာကို ကြည့်ရတာ အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်တာက အောင်မြင်တော့မဲ့ အတိုင်းပဲ… အကယ်၍ မအောင်မြင်ခဲ့ရင်ရော… မင်းသမီးပဲ နာကျင်ရမှာ မဟုတ်ဘူးလား…”

“ဘာလဲ… ရှင်က ယုံကြည်ချက်မရှိဘူးလား…” လန်ရွှင်းက မျက်ခုံးပင့်လျက် ပြန်မေးလိုက်လေသည်။

“ဒါက ယုံကြည်ချက် ရှိတာ မရှိတာနဲ့ မဆိုင်တော့ဘူးလေ” ရန်ကိုင်က ပြုံးလျက် “ဘယ်ဆေးပညာရှင်မှ သူတို့ဖော်စပ်တဲ့ ဆေးအိုးက တစ်ရာရာခိုင်နှုန်း အောင်မြင်မယ်လို့ အာမခံချက် မပေးရဲဘူး… ကျုပ်လည်း တူတူပဲ… ဒါကြောင့် ကျုပ် ကြိုမေးထားချင်တာ… အကယ်၍ ဒီအဆုံးမဲ့ ရတနာဆေးလုံးကို ဖော်စပ်တာသာ မအောင်မြင်သွားဘူးဆိုရင် ဘာဖြစ်မှာလဲ”

“ငါတို့ မင်းကိုသတ်မှာပေါ့…” ဝူချန်းက အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။

“ဖိအားကတော့ တကယ်များတာပဲ…” ရန်ကိုင်က သူ့နဖူးကို ထပ်သုတ်လိုက်သည်။

လန်ရွှင်းက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ရှင်အကောင်းဆုံး ကြိုးစားပေါ့…” ပြောပြီးသည့်နောက်တွင် လန်ရွှင်းသည် အောက်ဘက်သို့ ပျံသွားပြီး သွေးကျောက်စိမ်းမှိုကို ရန်ကိုင့်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ရန်ကိုင်သည် သူ့လက်ထဲသို့ ရောက်လာသည့် သွေးကျောက်စိမ်းမှိုကို တစ်ချက် စစ်ဆေးကြည့်ပြီးသည့်နောက် “မင်းသမီးပြောတာ အမှန်ပဲ… ဒီသွေးကျောက်စိမ်းမှိုက အနည်းဆုံး သက်တမ်း နှစ်၈၀၀၀လောက်ရှိနေပြီ… အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ဖို့ လိုအပ်တာထက်တောင် ပိုသေးတယ်… ပြီးတော့ ကြည့်ရတာကတော့ ဒီသွေးကျောက်စိမ်းမှိုကို လောလောလတ်လတ်က ခူးထားတဲ့ပုံမပေါ်ဘူး…”

“ဟုတ်တယ်… ကျွန်မ ဒါကို ရထားတာ နှစ်နဲ့ချီနေပြီ…” လန်ရွှင်းက ပြန်ပြောလိုက်သည်။

“အင်း… ကဲ အခု ဆေးအမယ်တွေအားလုံးကတော့ စုံသွားပြီ…” ရန်ကိုင်သည် သွေးကျောက်စိမ်းမှိုကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီးသည့်နောက် လူအုပ်ကြီးကို ဝေ့ကြည့်၍ မေးလိုက်လေသည်။

“ကျုပ်ကိုယ်ကျုပ် သက်သေပြဖို့ တာအိုသခင်အဆင့် ဆေးလုံးတွေကို ဖော်စပ်ဖို့ လိုသေးလား…” တစ်ချက်ရပ်ပြီးသည့်နောက်တွင် ရန်ကိုင်က ဆက်၍ပြောလိုက်လေသည်။

“ဒါပေမဲ့ ကျုပ် အရင်ဆုံးပြောထားလိုက်မယ်… ကျုပ်ကိုယ်ကျုပ် သက်သေပြရတာတော့ ဘာကိစ္စမှ မရှိဘူး… ဒါပေမဲ့ ခင်ဗျားတို့ သိထားတဲ့တိုင်းပဲ ဆေးဖော်စပ်ရတာ အားကုန်တယ်… အကယ်၍ အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်နေလို့ ကျုပ်ရဲ့ အထွတ်အထိတ်အခြေအနေမှာ ရှိမနေဘူးဆိုရင် ဖော်စပ်တာက ကျရှုံးသွားနိုင်တယ်… အဲ့လိုဖြစ်လို့ ကျရှုံးသွားရင် ကျုပ်တာဝန်ခံမှာ မဟုတ်ဘူးနော်…”

ထိုစကားကို ကြားသည့်အခါ အကုန်လုံး မျက်မှောင်ကျုံ့သွားခဲ့သည်။ ရန်ကိုင်ပြောသည်မှာ အမှန်ဖြစ်သည့် အတွက်ကြောင့်ပင်လျှင်။ အကုန်လုံးသာ တွန်းအားပေးနေမည် ဆိုလျှင်တော့ ရန်ကိုင့်အနေဖြင့် တာအိုသခင်အဆင့် ဆေးလုံးများကို ကျိန်းသေ ဖော်စပ်ပြရပေလိမ့်မည်။

သို့သော် ထိုသို့ ဖော်စပ်လိုက်မည်ဆိုပါက သူ့စိတ်စွမ်းအင်ရော အရင်းအမြစ်ချီပါ သုံးစွဲရပေလိမ့်မည်။

တကယ့်ပြဿနာမှာ အဆုံးမဲ့ရတနာကြာပန်း ပွင့်ရန် တစ်ရက်လောက်ပင် မလိုတော့ခြင်း ဖြစ်လေသည်။ ထိုအချိန်အတောအတွင်း ရန်ကိုင်သည် နောက်ထပ် တာအိုသခင်အဆင့် ဆေးလုံးများကို ဖော်စပ်ရမည်။

တစ်နည်းဆိုရသော် သူ့အနေဖြင့် တစ်ရက်အတွင်း ဆေးအိုးနှစ်အိုးကို ဖော်စပ်ပြရပေလိမ့်မည်။ ဤကဲ့သို့သော ဆေးဖော်စပ်သည့် ပုံစံမျိုးသည် ဆေးပညာရှင်များအပေါ် အလွန်ကိုမှ ဖိအားဝင်စေပေသည်။

ပထမဆေးအိုးကို ဖော်စပ်ထားသည့် အတွက်ကြောင့် အားကုန်ခမ်းနေပြီးနောက်တွင် အဆုံးမဲ့ရတနာဆေးလုံးကို ထပ်မံဖော်စပ်မည် ဆိုပါက အောင်မြင်နိုင်ချေ အတော်လေး နည်းသွားပေလိမ့်မည်။

“ကျွန်မကတော့ မလိုလောက်ဘူးလို့ ထင်တာပဲ…” လန်ရွှင်းက ပြုံးလျက် “အစတုန်းက အခုလို ကမ်းလှမ်းလိုက်ရတာက ရောင်းရင်းရန် တာအိုသခင်အဆင့် ဆေးပညာရှင် ဟုတ်မဟုတ် မသေချာလို့လေ…”

“ဒါပေမဲ့ အခုတော့ ဘာမှ မသေချာစရာ မရှိတော့ဘူး… ရောင်းရင်းရန်သာ ဆေးပညာရှင်မဟုတ်ဘူး ဆိုလို့ရှိရင် အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ရမဲ့ ဆေးညွှန်းကို ဘယ်လိုလုပ်ပြီး သိနေမှာလဲ…”

“ပြီးတော့ သွေးကျောက်စိမ်းမှိုရဲ့ သက်တမ်းကို တစ်ချက် ကြည့်လိုက်ရုံနဲ့ ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မှာလဲ… မဟုတ်ဘူးလား….”

“မင်းသမီးပြောတာ ယုတ္တိရှိတယ်…” ကျွမ်းပုဖန်းက ခေါင်းညိတ်လိုက်သည်။ “အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးအမယ်တွေကို ရောင်းရင်းရန် လိုက်ပြီးစုဆောင်းနေတာကို ကြည့်ထဲက ဆေးပညာရှင်တစ်ယောက်ဆိုတာ သေချာနေပြီ… ဘာမှ သံသယရှိစရာ မလိုတော့ဘူး…”

“ရောင်းရင်းရန်… သေသေချာချာ နားလိုက်ပါဦး… မနက်ဖြန်ကြ ဒီကြာပန်းက ပွင့်လာတော့မှာဆိုတော့ သေချာအားဖြည့်ထားလိုက်ပေါ့…”

“မင်းတို့က အဲ့လိုပြောနေတယ်ဆိုမှတော့လည်း ငါ့ကိုယ်ငါ အားပြန်ဖြည့်ထားရတော့တာပေါ့…” ရန်ကိုင်သည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ချက်ချင်း တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။

လူအချို့မှာ ရန်ကိုင့်အပေါ် မယုံသင်္ကာ ဖြစ်နေသေးသော်ငြား လန်ရွှင်းနှင့် ကျွမ်းပုဖန်းတို့က ရန်ကိုင့်အတွက် ဝင်ပြောပေးနေပြီ ဖြစ်သည့်အတွက်ကြောင့် မည်သူမျှ ထပ်မပြောရဲတော့ပေ။ အကုန်လုံးသည် မနက်ဖြန်ကိုသာ စောင့်ဆိုင်းနေကြတော့သည်။ မနက်ဖြန်ကြလျှင် သူတို့၏ သံသယအားလုံး ရှင်းလင်းသွားပေလိမ့်မည်။

ပတ်ဝန်းကျင်မှာလည်း တမုဟုတ်ချည်းဆိုသလို တိတ်ဆိတ်သွားတော့လေ၏။ အနားတစ်ဝိုက်တွင် စုဝေးနေသည့် ကျင့်ကြံသူများမှာလည်း နေရာအသီးသီးရှာကာ တင်ပလင်ခွေထိုင် အားပြန်ဖြည့်ကြတော့သည်။

အကြောင်းမှာ ရန်ကိုင်သာ အောင်အောင်မြင်မြင် မဖော်စပ်နိုင်ပါက အကုန်လုံး၏ ဒေါသကို ခံစားရလိမ့်မည် ဖြစ်သလို သူသာ အောင်မြင်ခဲ့မည် ဆိုပါကလည်း လန်ရွှင်းအတွက် ချန်ထားသည့် တစ်လုံးမှလွဲ၍ ကျန်သည့် ဆေးအားလုံးသည် အကုန်လုံးကြား မျှဝေလုယူရမည်ကို သိထားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

ထိုဆေးလုံးသည် သူတို့အား ဧကရာဇ်အဆင့်သို့ ရောက်အောင် ကူညီပေးမည့် ဆေးလုံးတစ်လုံး ဖြစ်နေသည့်အတွက်ကြောင့် ဝူချန်း၊ ရှရှန်း၊ ကျွမ်းပုဖန်းနှင့် ရှောင်ချန်းကဲ့သို့သော လူများ ရှိနေသည့်တိုင် မည်သူမျှ ကြောက်ရွံ့မနေကြတော့ချေ။

သူတို့သာ ဤအခွင့်အရေးကို လွဲချော်လိုက်မည်ဆိုပါက အတော်များများမှာ သူတို့တစ်သက် ဧကရာဇ်အဆင့်ကို မည်သို့မျှ ရောက်နိုင်တော့လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ကံကောင်းထောက်မ၍ ဆေးလုံးတစ်လုံးလုံးကို လုယူနိုင်ခဲ့မည်ဆိုလျှင် ဧကရာဇ်အဆင့်သို့ ရောက်နိုင်ချေမှာ တော်တော်လေးကို မြင့်မားလာပေလိမ့်မည်။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ကြိတ်၍ သူတို့၏ ခွန်အားကို အကောင်းဆုံး အခြေအနေရောက်အောင် ဖြည့်တင်းထားကြသည်။

ထို့အတွက်ကြောင့်ပင်လျှင် ဤနေရာတစ်ခုလုံးသည် ထူးထူးခြားခြားကို တိတ်ဆိတ်သွားခဲ့ခြင်း ဖြစ်ပေသည်။

တစ်ချိန်တည်းတွင် ကျင့်ကြံသူပေါင်းများစွာ တည်နေရာယူထားသည့် ပုံစံမှာ စက်ဝိုင်းပုံစံ ဖြစ်လာခဲ့သည်။ အကုန်လုံးသည် ရန်ကိုင့်အား ပတ်ပတ်လည် ဝိုင်းထားကြလေသည်။

အကယ်၍ အဆုံးမဲ့ရတနာဆေးလုံးအား ဖော်စပ်ခြင်း ကျရှုံးပါက လူတိုင်းသည် ရန်ကိုင့်အား ပြေးမရအောင် တားဆီးကြပေလိမ့်မည်။

ဝူချန်းမှာ ထူးထူးခြားခြားကို သတိကြီးနေခဲ့လေသည်။ အနားယူချိန်ရှိနေသည့်တိုင် လုံးဝကို အနားမယူဘဲ ရန်ကိုင့်ရှေ့တည့်တည့်တွင်သာ တင်ပလင်ခွေထိုင်၍ ရန်ကိုင့်ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။

သူတို့အနေဖြင့် ရန်ကိုင် ပတ်ပြေးသည်ကို တားဆီးနိုင်သည်ဟု ယုံကြည်ချက်ရှိနေသည့် အတွက်ကြောင့်သာလျှင် အဆုံးမဲ့ရတနာကြာပန်းကို ရန်ကိုင့်အား ဆေးဖော်စပ်ခွင့် ပြုလိုက်ခြင်း ဖြစ်ပေသည်။

အခြားသောအကြောင်းမှာ ကြာပန်းမှာ တစ်ပွင့်တည်းရှိနေသည့် အတွက်ကြောင့်လည်း ပါပေသည်။ ဝူချန်းပင်လျှင် အဆုံးမဲ့ရတနာကြာပန်းကို ဤမျှများပြားလှသော လူအများလက်မှ လုယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိချေ။

သူတို့ပင် ရနိုင် မရနိုင် မသေချာ ဖြစ်နေသည့် အတွက်ကြောင့် ရန်ကိုင့်အား ဆေးဖော်စပ်ခွင့် ပေးလိုက်သည်မှာ အကောင်းဆုံးပင် ဖြစ်လေသည်။ ရန်ကိုင်သာ အောင်မြင်ခဲ့လျှင် သူတို့ရနိုင်မည့် အခွင့်အရေးမှာ အတော်လေး မြင့်မားလာပေလိမ့်မည် ဖြစ်သည်။

ရန်ကိုင်သည် တာအိုသခင် ပထမအဆင့်သာ ရှိသေးလေရာ ဤလူအုပ်ကြီးလက်မှ မည်ကဲ့သို့ လွတ်မြောက်နိုင်ပါမည်နည်း။ ထိုကိစ္စနှင့် ပတ်သက်၍ အကုန်လုံး ယုံကြည်ချက် ရှိနေကြသည်။

“စီနီယာအစ်ကို… အခြေအနေက သိပ်မကောင်းဘူးနော်…” နားနေစဉ် အတောအတွင်း ရှောင်ပိုင်ယီသည် ရှရှန်းဆီသို့ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်သည်။

“ငါသိတယ်…” ရှရှန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့… ငါပြင်ဆင်ပြီးသွားပြီ… မနက်ဖြန် ရောင်းရင်းရန် အောင်အောင်မြင်မြင် သန့်စင်ပြီးသွားလို့ရှိရင် ငါတို့ သူပြေးဖို့အတွက် လမ်းဖောက်ပေးမယ်… ကျန်တဲ့ကိစ္စတွေကိုတော့ အပြင်ဘက်မှာ ရှိနေတဲ့ ငါတို့ရဲ့ ဂျူနီယာညီ ညီမတွေက ဆက်တာဝန်ယူသွားလိမ့်မယ်…”

“ဒါကြောင့် အခြားသူတွေ ရောက်မလာပါဘူး မှတ်နေတာ… အကုန်လုံးက ဝင်ပေါက်မှာ စောင့်နေတာကိုး…” ရှောင်ပိုင်ယီက ပြောလိုက်သည်။

ရှရှန်းက ညစ်ကျယ်ကျယ်ပြုံးလျက် “အဆုံးမဲ့ရတနာဆေးလုံးလို ဆေးလုံးမျိုးကို အခြားဂိုဏ်းတွေလက်ထဲ ဘယ်လိုလုပ်ပြီး ထည့်ပေးလိုက်လို့ ဖြစ်ပမလဲ… ငါတို့အခု လုပ်ဖို့လိုတာက ရောင်းရင်းရန်ကို ငါတို့နဲ့အတူ ပူးပေါင်းအောင် ပြောဖို့ပဲ…”

“သူမပူးပေါင်းချင်ဘူး ဆိုရင်ရော…” ရှောင်ပိုင်ယီက ပြန်မေးလိုက်သည်။

“ဒါဆိုရင် သူ့ကို သတိလစ်အောင် ရိုက်ပြီး သယ်သွားရုံပေါ့…” ရှရှန်းက ပြောလိုက်သည်။

ထိုစကားကိုကြားသည့်အခါ ရှောင်ပိုင်ယီ၏မျက်နှာကြီး မဲ့သွားခဲ့ပြီး ခေါင်းကို ငုံ့လျက် ရှက်ရှက်ဖြင့် “ငါ… ငါ သူ့ကို မနိုင်ဘူး…”

“ဟမ်…” ရှရှန်းသည် ရှောင်ပိုင်ယီအား အံ့ဩတကြီး ကြည့်လျက် အံ့အားသင့်နေဟန်ဖြင့် “ရှောင်ပိုင်… မင်း ဘယ်တုန်းကများ ကိုယ့်ကိုကိုယ် ဒီလောက် နှိမ့်ချတတ်သွားတာလဲ… ရောင်းရင်းရန် ရွှယ့်ယီကို နိုင်သွားတာ ဟုတ်ပါတယ်…”

“ဒါပေမဲ့ မင်းရော ငါရော ရွှယ့်ယီကို တစ်ခါတည်း အလွယ်လေး အမှောက်သိပ်နိုင်တယ် မဟုတ်ဘူးလား… မင်းက ဘာလို့ သူ့ကို မနိုင်ဘူးလို့ လာပြောနေရတာလဲ…”

“ငါသာ သူ့ကို နိုင်တယ်ဆိုရင် အခုလိုမျိုး ပြောနေဦးမလားကွ…” ရှောင်ပိုင်ယီမှာ ရုတ်တရက် ဒေါသထွက်လာတော့လေသည်။

“ဟမ်… မင်း တကယ်ပြောနေတာလား..”

“အချိန်မြစ်ကျောင်းတော်ထဲမှာ ငါ သူနဲ့ တိုက်ပြီးသွားပြီ” ရှောင်ပိုင်ယီက ပြောလိုက်သည်။ “အဲ့တုန်းက ငါရှုံးသွားတယ်…”

“မင်း နောက်နေတာတော့ မဟုတ်ဘူးမလား…” ရှရှန်းမှာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေခဲ့လေသည်။

“အခုလို အခြေအနေမျိုးမှာ နောက်စရာလားဟ…” ရှောင်ပိုင်ယီက အလေးအနက် အမူအယာဖြင့် “ပြီးတော့ ငါ ထင်တာ မမှားဘူးဆိုရင် ငါတစ်ယောက်တည်း သူ့ကို မနိုင်တာမဟုတ်ဘူး… ကျွမ်းပုဖန်းလည်း သူ့ကို မနိုင်လောက်ဘူး…”

“ဘာလဲ… မင်းပြောချင်တာက…” ထိုသို့ ပြောပြီးသည့်နောက်တွင် ရှရှန်း အတွေးနက်သွားခဲ့လေသည်။ ထို့နောက် ကျွမ်းပုဖန်း ရှိနေရာဘက်သို့ လှမ်းကြည့်၍ အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။

“မင်းပြောချင်တာက… ငါတို့မရောက်ခင် သူတို့နှစ်ယောက် တိုက်ခိုက်နေတုန်းက ရှုံးသွားတဲ့လူက ကျွမ်းပုဖန်းလို့လား…”

“ဟုတ်တယ်…”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

ရှောင်ပိုင်ယီက လှောင်ပြုံးပြုံးလျက် “မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး… မဟုတ်ရင် ကျွမ်းပုဖန်း ရန်ကိုင့်ဘက်ကနေ ဒီလောက် ကာပြောပေးနေရမှာလဲ…”

ရှရှန်းက မျက်မှောင်ကျုံ့လျက် “မင်းပြောချင်တာက ကျွမ်းပုဖန်းနဲ့ တိုက်ခိုက်တုန်းက ရန်ကိုင်က သူ့ကို ညှာပေးခဲ့တယ်လို့လား…”

“တခြား အကြောင်းအရင်း ရှိသေးလို့လား…” ရှောင်ပိုင်ယီက ပြန်မေးလိုက်သည်။

“ရှူးးးး” ရှရှန်း သက်ပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။ ထို့နောက် ရေရွတ်လိုက်လေ၏။ “သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့မှန်း ငါသိတယ်… ရှုံးသွားတာလည်း ရန်ကိုင်လို့ ငါထင်နေတာ… သူက တာအိုသခင် ပထမအဆင့်ပဲ ရှိသေးတာ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ… ”

“ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ… အရင်တုန်းကသာ သူတာအိုသခင်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်တယ်လို့ လာပြောရင် မင်းယုံမှာမို့လို့လား…”

ထိုစကားကို ကြားသည့်အခါ ရှရှန်း၏ မျက်နှာကြီး မဲ့သွားပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်လေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ရှရှန်းက ပြန်ပြောလိုက်လေ၏။ “ထားလိုက်တော့… ငါကိုယ်တိုင် ရောင်းရင်းရန်နဲ့ သွားဆွေးနွေးမယ်… ပူးပေါင်းမယ်လို့ မျှော်လင့်ရတာပဲ… အခုလိုအခြေအနေမျိုးမှာ သူအသက်ရှင်ချင်တယ်ဆိုရင် ငါတို့နဲ့ ပူးပေါင်းရုံကလွဲပြီး အခြားဘာမှ မရှိတော့ဘူး… ”

“ငါလည်း မျှော်လင့်တာပဲ…” ရှောင်ပိုင်ယီကမူ မသေချာ မရေရာသည့် လေသံဖြင့် ပြန်ပြောလိုက်လေသည်။

နေမင်းပြာကျောင်းတော်မှ ကျင့်ကြံသူနှစ်ဦး အချင်းချင်း ဆွေးနွေးတိုင်ပင်နေကြစဉ် အခြားသောဂိုဏ်းများမှ ကျင့်ကြံသူများမှာလည်း တီးတိုးဆွေးနွေးနေကြလေသည်။

အချင်းချင်းသိကြသည့် လူများမှာ သူတို့ထက် ပိုမိုအားကောင်းသော ကျင့်ကြံသူများကို ရင်ဆိုင်နိုင်ရန်အတွက် စတင်၍ မဟာမိတ်ပင် ဖွဲ့နေကြလေ၏။

အဆုံးမဲ့ရတနာဆေးလုံးအား ရပြီးသွားလျှင် မည်ကဲ့သို့ ဝေစုခွဲမလဲ ဆိုသည်ကိုမူ နောက်မှသာ ဆက်ဆွေးနွေးကြပေလိမ့်မည်။ လက်ရှိအချိန်၌ ကျင့်ကြံသူအများစုအတွက် အရေးကြီးဆုံးသော အရာမှာ အဆုံးမဲ့ရတနာဆေးလုံးကို ရယူနိုင်ရန်ပင် ဖြစ်လေသည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့လေသည်။

ရန်ကိုင်သည် သူ့ကိုယ်သူ အားပြန်ဖြည့်ရာတွင်သာ အာရုံစိုက်နေခဲ့လေ၏။ အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခြင်းသည် သူ့အတွက် စမ်းသပ်ချက်တစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် မည်သို့ပင် ဖြစ်နေစေကာမူ သူ့ကိုယ်သူ အကောင်းဆုံးအခြေအနေရောက်အောင် ပြင်ဆင်ထားခဲ့သည်။ အနည်းငယ်သော အားနည်းချက်လေးကပင်လျှင် သူ့ဆေးဖော်စပ်ခြင်းအား ရှုံးနိမ့်သွားအောင် လုပ်နိုင်ပေသည်။

ဆေးလုံးကိုသာ အောင်အောင်မြင်မြင် မဖော်စပ်နိုင်ပါက သူသည် လူတိုင်း၏ ဘုံရန်သူ ဖြစ်လာရပေလိမ့်မည်။ သူ့အရည်အချင်းပေါ် ယုံကြည်ချက် ရှိသည် ဆိုလျှင်ပင် ဤလူအုပ်ကြီးလက်မှ လွတ်အောင် ထွက်ပြေးဖို့ရာဆိုသည်မှာ မလွယ်ကူသည့် ကိစ္စတစ်ခု ဖြစ်သည်။

လေထဲတွင် ပျံ့လွင့်နေသည့် ဆေးသင်းရနံ့မှာလည်း အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာနေခဲ့သလို ဖြာထွက်နေသည့် အလင်းအရောင်အဝါမှာလည်း ပိုပို၍ ထွန်းလင်းလာခဲ့လေသည်။

အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ဖြစ်စဉ်မှာ ပိုပို၍ သိသာ ထင်ရှားလာလေတော့သည်။

တစ်ခုသော အချိန်သို့ အရောက်တွင် လောကကြီးတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့သည်။ အနီးအနားဝန်းကျင်ရှိ မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်ကုန်ပြီး ကောင်းကင်ဖြစ်စဉ်ဟာလည်း စတင်၍ ပျောက်ကွယ်လာလေတော့သည်။

ထို့နောက်တွင် အလွန်တရာကိုမှ များပြားလွန်းလှသော မိုးမြေစွမ်းအင်တို့မှာ ဝဲကတော့ကြီးတစ်ခုနှယ် အဆုံးမဲ့ရတနာကြာပန်းဆီသို့ စီးဝင်သွားကုန်ကြလေ၏။

ထိလိုက်ရုံဖြင့် ပျက်စီးသွားမည်ဟု ထင်ရသော ကြာပန်းလေးမှာ ထိုကြမ်းတမ်းများပြားလွန်းလှသော မိုးမြေစွမ်းအင်များကို ကြံ့ကြံ့ခံကာ တောင့်ခံထားနိုင်ခဲ့သည်။

ထိုမျှသာလျှင် မဟုတ်။ မိုးမြေစွမ်းအင်များ စီးဝင်လာနေသည်နှင့်အမျှ ကြာပန်း၏ အရောင်အဝါမှာလည်း ပိုပို၍ တောက်ပလာလေတော့သည်။

တစ်ချိန်တည်းတွင် အဆုံးမဲ့ရတနာကြာပန်း ပတ်လည်၌ ဆန်းကြယ်နက်နဲသော ရုန်းအငယ်လေးများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ထိုသို့ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေပြင်ကြား မှိန်ဖျဖျ ကောင်းကင်တေးသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ထိုယစ်မူးဖွယ်ရာ သီချင်းသံတို့နှင့်အတူ အကုန်လုံး၏ မင်သက်နေ၏ အကြည့်အောက်မှာပင် အဆုံးမဲ့ရတနာကြာပန်း၏ ပွင့်ချပ်များမှာ အပြည့်အဝ ဖူးပွင့်လာတော့လေ၏။

ပုံမှန်ထက်ကို ထူးကဲလှပြီး အာနိသင်ပြင်းထန်လာသော ဆေးသင်းရနံ့တစ်ခုမှာလည်း ရုတ်ချည်း ပျံ့ထွက်လာခဲ့လေသည်။ ထိုဆေးရနံ့ကို ရှူရှိုက်လိုက်ပြီးသည့်နောက် လူပေါင်းများစွာ ဂနာမငြိမ် ဖြစ်လာခဲ့လေသည်။ သူတို့စိတ်ထဲ ပြေးထွက်သွားပြီး ဆေးပင်အား ခူးပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။

ထိုသို့ ဖြစ်လာသည့် အလျောက် အကုန်လုံးမှာ လောဘဇော ကပ်လာကြသည်။ ကျင့်ကြံသူတိုင်းသည် လောဘမီးတောက်တို့ ပြည့်နှက်နေသည့် အကြည့်များဖြင့် အဆုံးမဲ့ရတနာကြာပန်းအား စိုက်ကြည့်လာခဲ့ကြလေသည်။ အချို့ဆိုလျှင် အဆုံးမဲ့ရတနာကြာပန်းနားသို့ပင်လျှင် ကပ်သွားနေကြ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၉၀)

“လှုပ်တဲ့ကောင် ငါသတ်မှာနော်…” ဝူချန်းက ခက်ထန်သည့် အမူအယာဖြင့် ရုတ်တရက် အော်ပြောလိုက်လေသည်။ သူ့မျက်လုံးထဲ သတ်ဖြတ်လိုစိတ်တို့ တဖွားဖွား ထွက်ပေါ်နေခဲ့လေ၏။

အဆုံးမဲ့ရတနာကြာပန်းဆီသို့ မသိမသာ ခိုးကြောင်ခိုးဝှက်နှင့် သွားနေသော ကျင့်ကြံသူများမှာ ရုတ်ချည်း ရပ်တန့်သွားကုန်ကြသည်။ သူတို့သာ အနည်းငယ်မျှ ဆက်ရွေ့လိုက်လျှင် ဝူချန်း သူတို့ကို ကျိန်းသေ သတ်တော့လိမ့်မည်ဟု ခံစားနေရလေသည်။

သေခြင်းတရား အငွေ့အသက်သည် အလွန်ကိုမှ သိသာထင်ရှားလှသည်။ ထိုအငွေ့အသက်ကြောင့် သူတို့၏ ပါးစပ်များပင် ခြောက်ကပ်လာကုန်ကြလေသည်။

ထိုစဉ် ရန်ကိုင်က မျက်လုံးဖွင့်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။ “လာခဲ့စမ်း…”

ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းနက် ဆေးမီးဖို ထွက်ပေါ်လာခဲ့လေသည်။ ကျောက်စိမ်းနက် ဆေးမီးဖို အဖုံးပွင့်သွားသည်နှင့် တစ်ပြိုင်နက် အဆုံးမဲ့ရတနာကြာပန်းဆီမှ ရနေသည့် သင်းရနံ့နှင့် မတူကွဲပြားသည့် မွေးရနံ့တစ်ခုကို အကုန်လုံး ရလိုက်ကြလေသည်။

ဆေးရနံ့နှင့် ဆေးမီးဖိုကို မြင်ပြီးသည့်နောက်တွင် လူပေါင်းများစွာ၏ အမူအယာ အံ့အားသင့် ထိတ်လန့်သွားကုန်ကြလေ၏။

ရန်ကိုင့်အပေါ်လည်း ပို၍ ယုံကြည်ချက် ရှိလာကြလေသည်။ မည်သည့်သာမန် ဆေးပညာရှင်မှ ထိုကဲ့သို့သော ဆေးမီးဖိုကို ပိုင်ဆိုင်ထားနိုင်လိမ့်မည် မဟုတ်သည် အတွက်ကြောင့်ပင်လျှင်။

တာအိုသခင်အဆင့် ဆေးပညာရှင်များသည်သာ ထိုကဲ့သို့သော ဆေးမီးဖိုအား ပိုင်ဆိုင်ထားကြပေလိမ့်မည်။

ထို့အပြင် ထိုဆေးမီးဖိုဆီမှ ရနေသော ဆေးရနံ့သည် ဆေးမီးဖိုကို ဆေးလုံးပေါင်းများစွာ ဖော်စပ်ရန်အတွက် အသုံးပြုထားကြောင်း သက်သေပြနေခဲ့လေသည်။

ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင် တာအိုသခင်အဆင့် ဆေးပညာရှင်ဖြစ်သည်မှာ ယုံမှားသံသယ ရှိစရာ မလိုတော့ပေ။

ဆေးမီးဖိုကို ထုတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် တေဇောဓာတ် အသိစိတ်ပင်လယ်ကို သုံး၍ ကျောက်စိမ်းနက်ဆေးမီးဖိုအား စတင် အသက်သွင်းတော့လေသည်။

“လျို့ယန်…” ရန်ကိုင်မှ သူ့လက်ကောက်ဝတ်ကို ခါလိုက်ရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက်တွင် စူးရှသည့် ငှက်အော်သံနှင့်အတူ အကုန်လုံး၏ မင်သက်နေသည့် အကြည့်အောက်၌ မီးငှက်တစ်ကောင် ထွက်ပေါ်လာပြီး ဆေးမီးဖိုထဲသို့ ဝင်သွားလေသည်။

“မှော်ရတနာ စိတ်ဝိဉာဉ်လား…” မီးငှက်ကို မြင်ပြီးသည့်နောက် လန်ရွှင်းက အံ့အားသင့်သွားဟန်ဖြင့် ရေရွတ်လိုက်လေသည်။

လန်ရွှင်းအနေဖြင့် မီးငှက်အား တခဏလေးသာ မြင်လိုက်ရသော်ငြား သူမ၏ အတွေ့အကြုံနှင့် ဗဟုသုတကြောင့် ထိုအရာသည် မီးဓာတ် မှော်ရတနာစိတ်ဝိဉာဉ် တစ်ခုပင်ဖြစ်ကြောင်းကို ချက်ချင်း ကောက်ချက်ချလိုက်နိုင်သည်။

တာအိုအလယ်အလတ်အဆင့် ဆေးမီးဖိုနှင့် မီးဓာတ်မှော်ရတနာစိတ်ဝိဉာဉ်။ ထိုကဲ့သို့သော် မှော်ရတနာ နှစ်မျိုးသည် ဆေးပညာရှင်အများစု အိပ်မက်သာ မက်နိုင်ပြီး ဘယ်သောအခါမှ မရနိုင်သည့် ရတနာများ ဖြစ်ကြပေသည်။

ထိုရတနာနှစ်ခု၏ အကူအညီကိုသာ ရနိုင်မည်ဆိုပါက ပညာရှင်များအနေဖြင့် အလွန်အကြွံ အားစိုက်ထုတ်စရာ မလိုပဲ ဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်နိုင်ပေလိမ့်မည်။

လန်ရွှင်းက ပြုံး၍ ပြောလိုက်လေသည်။ “တခြားဘာမတော်တဆမှသာ မဖြစ်ဘူးဆိုလို့ရှိရင် ရောင်းရင်းရန် အဆုံးမဲ့ရတနာဆေးလုံးကို ကျိန်းသေ ဖော်စပ်နိုင်လိမ့်မယ်… ဒါကြောင့် အကုန်လုံး စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပေးကြပါ…”

ထိုစကားကိုကြားသည့်အခါ လူပေါင်းများစွာ၏ မျက်နှာထက် မျှော်လင့်ချက် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

အကုန်လုံး၏ အာရုံစိုက်ရာဖြစ်သော ရန်ကိုင်မှာမူ အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးပင်များကို စတင် ထုတ်ယူနေတော့လေပြီ။

ထို့နောက် ထိုဆေးပင်များကို ဆေးမီးဖိုထဲသို့ အစီအစဉ်တကျ ပစ်ထည့်၍ လက်ကွက်များကို ဖန်တီးကာ ဆေးမီးဖိုထဲ အစီအရင်အမျိုးမျိုး ခင်းကျင်းလိုက်လေသည်။

ရန်ကိုင့်လက်ကွက်များနှင့်အတူ ဆေးမီးဖိုထဲရှိ မီး အပူချိန်မှာလည်း အစဉ်မပြတ်ဆိုသလို ပြောင်းလဲနေခဲ့လေ၏။

ဆေးဖော်စပ်ရာတွင် အလွန်ကိုမှ စိတ်တည်ငြိမ်နေရန် လိုအပ်ပေသည်။ အနည်းငယ်လေးသော သတိလက်လွတ် ဖြစ်မှုကပင်လျှင် ဆေးဖော်စပ်ခြင်းအား ကျရှုံးသွားစေနိုင်၏။ အခြားသောလိုအပ်ချက်တစ်ခုမှာ မီးဓာတ်အပူချိန်ကို ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်းပင်။

ထို့အပြင် ဆေးပင်များကို အချိန်ကိုက် ဆေးမီးဖိုထဲသို့ ထည့်ပေးနိုင်ရန်လည်း လိုအပ်သေး၏။

ထိုကဲ့သို့သော အရည်အချင်းများသည် နေ့ချင်းညချင်း ရနိုင်သည့် အရည်အချင်းများ မဟုတ်ချေ။ နှစ်ပေါင်းများစွာကြာအောင် ဆေးလုံးများကို ဖော်စပ်သန့်စင်လာမှသာ ရနိုင်သည့် အရည်အချင်းများ ဖြစ်ကြ၏။

ရန်ကိုင်သည် မဟာဆေးတာအို၏ ပဲ့တင်သံကို ထွက်ပေါ်လာအောင် လုပ်ထားသူတစ်ဦးဖြစ်သော်ငြား အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ရာ၌ အနည်းငယ်လေးပင် သတိလက်လွတ် မဖြစ်ရဲပေ။

ဤနေရာ၌ အဆုံးမဲ့ရတနာကြာပန်း တစ်ပွင့်သာ ရှိနေသည်။ ပန်းတစ်ပွင့်ကိုသာ အောင်မြင်စွာ မဖော်စပ်နိုင်ပါက သူသည် လူအားလုံး၏ အမျက်ဒေါသကို ခံရပေတော့မည်။

အကုန်လုံး သူ့အပေါ် ဒေါသထွက်မည်ကို ရန်ကိုင်မကြောက်။ ရန်ကိုင်စိုးရိမ်သည်မှာ ဤမျှအဖိုးတန်လှသော တစ်ပွင့်တည်းသော ဆေးပင်အား ဖျက်ဆီးပစ်လိုက်မိမည်ကိုပင် ဖြစ်လေသည်။

ထိုကဲ့သို့သော အကြွင်းမဲ့ဖိအားအောက်တွင် ဖော်စပ်ရနေသော်ငြား ရန်ကိုင့်စိတ်အခြေအနေမှာမူ လုံးဝကို တည်ငြိမ်နေခဲ့သည်။

“ဗွက်… ဗွက်… ဗွက်…”

အချိန်ကြာလာသည်နှင့်အမျှ တပွက်ပွက်မြည်သံတို့ နှင့်အတူ ချိုမြိန်သင်းပျံ့သည့် မွှေးရနံ့တစ်ခုမှာလည်း ဆေးမီးဖိုဆီမှ စတင်ထွက်ပေါ် လာခဲ့လေသည်။

ရန်ကိုင့်လက်ကွက်များမှာ မြန်ဆန်နေခြင်း မရှိသော်ငြား သူ့လက်ကွက်တစ်ခုချင်းစီသည် စည်းစနစ်ကျမှု ရှိလှသည်။ ထို့အပြင် ဖြည်းဖြည်းနှင့်မှန်မှန် လှုပ်ရှားနေသည့် သူ့လက်ကွက်များအရ သူ့အရည်အချင်းအပေါ် ယုံကြည်ချက် အပြည့်ရှိသည်မှာ သိသာလှပေသည်။

လက်တစ်ဖက်နှင့် မီးအပူချိန်ကို ထိန်းချုပ်ရင်း ကျန်လက်တစ်ဖက်နှင့် အစီအရင်များကို ခင်းကျင်းနေသော ရန်ကိုင့်ကို ကြည့်ရင်း အနား၌စုဝေးနေကြသည့် ကျင့်ကြံသူများ ထိတ်လန့်အံ့အားသင့်နေကုန်ကြလေ၏။

ဤနေရာတွင်ရှိနေသော ကျင့်ကြံသူများအနက် အကုန်လုံးနီးပါး ဆေးလုံးများအား တစ်ခါမှ မဖော်စပ်ခဲ့ဖူးပေ။ သို့တိုင် ဆေးပညာအကြောင်း ဘာဆိုဘာမျှ မသိသည်တော့ မဟုတ်။

ရန်ကိုင်မှ အစီအရင်များကို အဆက်မပြတ် ပြောင်းလဲနေသည့်အပေါ် သူတို့စိတ်ထဲ နားမလည်နိုင် ဖြစ်မိသော်ငြား ရန်ကိုင်ထုတ်ပြနေသည့် စွမ်းရည်ကိုကြည့်ရင်း လေးစားအားကျမှုတို့ ဖြစ်နေပေသည်။

အမျိုးမျိုးသော ဆေးအမယ်များ မီးအပူချိန်နှင့် အစီအရင်များကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြနေသော ရန်ကိုင့်၏ စွမ်းရည်မှာ သာမန်ကျင့်ကြံသူများ ရရှိနိုင်သည့် အရာမျိုးမဟုတ်ချေ။ ထိုကဲ့သို့သော စွမ်းရည်မျိုးသည် ကြိုးစားအားထုတ်မှုနှင့် ပါရမီတို့ ပါလာမှသာ ရနိုင်မည့် အရာမျိုးဖြစ်သည်။

“စီနီယာအစ်ကို… ဂျူနီယာမောင်လေးရန် အောင်မြင်မယ်လို့ထင်လား…” မုရုန်ရှောင်ရှောင်သည် ရှောင်ပိုင်ယီအား လှမ်းမေးလိုက်သည်။

“သူမပြီးသေးခင်အထိ ဘာမှ အတပ်ပြောလို့မရဘူး…” ရှောင်ပိုင်ယီက ပြန်ပြောလိုက်သည်။ သို့သော်ငြား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ပြန်မေးလိုက်လေသည်။ “ဘာလဲ… မအောင်မြင်သွားလို့ရှိရင် တစ်ခုခုဖြစ်သွားမှာကို နင် စိုးရိမ်နေတာလား…”

မုရုန်ရှောင်ရှောင်က ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်… ဒီအခြေအနေကြီးမှာ သူသာ မအောင်မြင်လို့ရှိရင် ဒီကနေထွက်ပြေးဖို့ ကျိန်းသေခက်မှာ… သူက ကျွန်မတို့နေမင်းပြာကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးဆိုပေမဲ့ ကျွန်မတို့နဲ့ပဲ ဒီကိုအတူတူ လာခဲ့တာလေ… ဒီတော့ သူတစ်ခုခု ဖြစ်သွားမှာကိုတော့ ကျွန်မသိပ်မမြင်ချင်ဘူး…”

“သူဖြစ်လည်း သူခံပေါ့… အခုလိုဖြစ်အောင် သူပဲလုပ်တာလေ…” ရှောင်ပိုင်ယီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ “ဒီလိုအရှုပ်ထုပ်ထဲကို ဒီကောင် ဘာလို့ ဝင်ပါသလဲကို ငါလုံးဝနားမလည်ဘူး…”

ရန်ကိုင်သည်သာ သူသည် တာအိုသခင်အဆင့် ဆေးပညာရှင်ဖြစ်သည်ဟု လူရှေ့သူရှေ့တွင် ထုတ်မပြောခဲ့ပါက သူဆေးပညာရှင်တစ်ဦးဖြစ်သည်ကို မည်သူမျှ ခန့်မှန်းမိလိမ့်မည်မဟုတ်ချေ။

သို့သော်ငြား ရန်ကိုင်သည် သူ့ကိုယ်သူ ဆေးပညာရှင်တစ်ဦးဖြစ်ကြောင်း ဝန်ခံလျက် အဆုံးမဲ့ရတနာဆေးလုံးအား ဖော်စပ်မည့် တာဝန်ကို ယူခဲ့သည်။

အဆုံးမဲ့ရတနာဆေးလုံးအား အောင်မြင်စွာ ဖော်စပ်နိုင်မည်ဆိုလျှင်ပင် ရန်ကိုင့်အတွက် ဘာအကျိုးမှ မရှိချေ။

လက်ရှိအခြေအနေအရ အဆုံးမဲ့ရတနာဆေးလုံးများကို ဖော်စပ်နိုင်ခဲ့မည်ဆိုပါက တိုက်ပွဲကြီးတစ်ပွဲ ကျိန်းသေဖြစ်ပေလိမ့်မည်။ ထိုအခါ အဆုံးမဲ့ရတနာဆေးလုံးအား မည်သူက ဖော်စပ်ခဲ့ပါသည် ဆိုသည်ကို မည်သူမျှ ဂရုစိုက်နေကြတော့မည်မဟုတ်။

ရန်ကိုင်သာ ဆေးလုံးများကို အခြားသူများလက်ထဲသို့ ထည့်မပေးပါက အကုန်လုံး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံရပေလိမ့်မည်။

သို့သော်ငြား မအောင်မြင်ခဲ့ဘူး ဆိုလျှင်လည်း အကျိုးဆက် တစ်ခုသာ ရှိသည်။ ရန်ကိုင်သည် လူများ၏ ဘုံရန်သူ ဖြစ်လာရပေလိမ့်မည်။

သူအောင်မြင်လည်း အကျိုးမရှိ။ မအောင်မြင်လည်း အကျိုးမရှိသော ထိုကဲ့သို့သော လုပ်ရပ်ကို ရန်ကိုင်ဘာကြောင့် လုပ်ချင်မှန်း ရှောင်ပိုင်ယီလုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရှားပါးဆေးပင်တစ်ပင် ပျက်စီးသွားမည်ကို မမြင်ချင်သည့် အတွက်ကြောင့်ပင်လော။

ဆေးပညာရှင်များမှာ တကယ်ကို ခန့်မှန်းရခက်သည့် လူများ ဖြစ်ကြသည်မှာ အမှန်ပင်ဖြစ်လေသည်။

တစ်ခါတစ်ရံ လူများသည် ဆေးပညာရှင်ဆီသွားကာ သူတို့အတွက် ဆေးဖော်စပ်ပေးပါဟု တောင်းဆိုသော်ငြား ဆေးပညာရှင်များကမူ မသိချင်ယောင်သာဆောင်နေခဲ့သည်။

သို့သော်ငြား သူတို့စိတ်ဝင်စားလာမည့် ရှားပါးဆေးပင်တစ်ပင် ယူသွားခဲ့မည် ဆိုလျှင်တော့ ဝမ်းပန်းတသာဖြင့်ပင် လက်ခံကြိုဆိုကြလေ့ရှိကြ၏ ။

အလွန်တရာကိုမှ ရှားပါးလွန်းလှသည့်အတွက် အဆုံးမဲ့ရတနာကြာပန်းသည် လောကကြီးထဲရှိ အဖိုးတန်ဆုံးသော ဆေးပင်များအနက် တစ်ပွင့်အပါအဝင် ဖြစ်ပေသည်။

တစ်ကြိမ်လျှင် တစ်ပွင့်သာလျှင် ပွင့်နိုင်လေရာ အဆုံးမဲ့ရတနာကြာပန်း၏ တန်ဖိုးကို ခန့်မှန်းကြည့်နိုင်၏။

ထိုအတွက်ကြောင့် ရန်ကိုင်မှ အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်ချင်သည်ဟု ပြောလာလျှင်ပင် ယုတ္တိရှိသည်ဟု ပြော၍ရသည်။

သို့သော်ငြား သူမည်သို့ပင် စဉ်းစားပါစေ ရန်ကိုင်သည် ဆေးလုံးလေးတစ်လုံး ဖော်စပ်ချင်သည့်အတွက်ကြောင့် သူ့ကိုယ်သူ သေတွင်းထဲတွန်းပို့မည့် လူစားမျိုးမဟုတ်ဟု ခံစားနေရ၏။ ထိုသို့ဆိုလျှင် သူဘာကြောင့် ဤကဲ့သို့ လုပ်နေရသနည်း။

“ကြည့်ရတာ ဒီလူအုပ်ကြီးလက်ကနေ ထွက်ပြေးနိုင်တယ်လို့ သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေတဲ့ပုံပဲ…” ထိုကဲ့သို့ စဉ်းစားမိလိုက်ပြီးနောက် ရှောင်ပိုင်ယီ မရယ်ပဲမနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။ သူ့ကိုယ်သူ “ငါအတွေးလွန်နေတာပဲ…”ဟုသာ ရေရွတ်လိုက်လေ၏။

ရန်ကိုင် အားကောင်းသည်မှာ မှန်ပေသည်။ သို့သော်ငြား သူသည် တစ်ယောက်တည်း ဖြစ်၏။ လူပေါင်းများစွာလက်မှ သူတစ်ယောက်တည်းဖြင့် မည်ကဲ့သို့များ ထွက်ပြေးနိုင်ပါမည်နည်း။ ဝူချန်းတစ်ယောက်တည်းဖြင့်ပင် သူ့အား ထွက်မပြေးနိုင်အောင် ထိန်းထားနိုင်ပေ၏။

သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ရန်ကိုင်မှာမူ အဆုံးမဲ့ရတနာဆေးလုံးကို ဆက်၍ ဖော်စပ်နေခဲ့သည်။ ယခုဆိုလျှင် ဆေးအမယ် ဆယ့်ကိုးမျိုးစလုံးအား ကျောက်စိမ်းနက်ဆေးမီးဖိုထဲသို့ ထည့်ပြီးသွားပြီဖြစ်ကာ ဆေးရည်များအဖြစ် စတင်သိပ်သည်းနေခဲ့လေပြီ။

နောက်ဆုံးအခိုက်အတန့်သို့ အရောက်တွင် ရန်ကိုင်သည် ဆေးဖော်စပ်နေရာမှ ထရပ်၍ အဆုံးမဲ့ရတနာကြာပန်းဆီသို့ ပြေးသွားကာ ကြာပန်းအား ရိုးတံမှ အသာအယာ ဖြတ်တောက်လိုက်လေသည်။

ကြာပွင့်အား ခူးလိုက်ပြီဖြစ်သည့်အတွက်ကြောင့် ယခုဆိုလျှင် ရိုးတံတစ်ခုသာ ကျန်ရစ်နေတော့လေ၏။

ချက်ချင်းဆိုသလို လူပေါင်းများစွာ၏ အကြည့်သည် ရိုးတံဆီသို့ ရောက်ရှိလာခဲ့လေသည်။ ရန်ကိုင် ဘာကြောင့် ရိုးတံအား မယူလိုက်သလဲဆိုသည်ကို မည်သူမျှ မသိကြသော်ငြား ထိုရိုးတံသည် အလွန်တရာကိုမှ အဖိုးတန်သည့် ရတနာတစ်ခု ဖြစ်သည်မှာ မလွဲမသေပင်။

ရိုးတံအား ဆေးလုံးအဖြစ် မဖော်စပ်နိုင်ဘူးဆိုလျှင်ပင် ဤအတိုင်း ဝါးစားလိုက်ခြင်းသည် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်အား များစွာ အကျိုးရှိစေပေသည်။

အားလုံး၏ မျက်စိရှေ့မှောက်တွင် ဖြတ်တောက်ခံလိုက်ရသည့် ရိုးတံနေရာမှ နို့နှစ်ရောင်ကဲ့သို့သော အဖြူရောင်အရည်များ စိမ့်ထွက်လာခဲ့လေသည်။

သာမန်ကျင့်ကြံသူများသာ ရိုးတံအား အာရုံစိုက်နေကြခြင်းမဟုတ်။ ဝူချန်း၊ ရှရှန်းကဲ့သို့သော ပညာရှင်များပင်လျှင် ရိုးတံအား လောဘတကြီး စိုက်ကြည့်နေကြလေသည်။

သို့သော်ငြား မည်သူမျှ မဆင်မခြင် မလှုပ်ရှားကြသေးဘဲ ရန်ကိုင့်ဆီသို့သာ မေးခွန်းထုတ်လိုသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

ရန်ကိုင်ကမူ အကုန်လုံးအား လျစ်လျူရှုထားလျက် ဆေးမီးဖိုဆီသို့ ပြန်လျှောက်သွားပြီး မီးအပူချိန်ကို သေချာ စတင်ထိန်းချုပ်တော့လေသည်။

အချိန်သင့် အခါသင့် ဖြစ်ပြီဆိုသည့်နောက် လတ်လတ်ဆတ်ဆတ် ခူးယူထားသော အဆုံးမဲ့ရတနာကြာပန်းအား မီးဖိုထဲသို့ ပစ်ထည့်လိုက်လေ၏။

သို့သော်ငြား ထိုအခိုက်အတန့်သို့ အရောက်တွင် ရန်ကိုင်သည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလား အေးစက်စက် ချွေးသီးချွေးပေါက်တို့ သူ့နဖူးမှ စီးကျလာလေခဲ့လေ၏။

အဆုံးမဲ့ရတနာကြာပန်းကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ဆေးမီးဖိုအတွင်းရှိ အခြေအနေအား တည်ငြိမ်သွားစေရန်အတွက် အမျိုးမျိုးသော လက်ကွက်များကို စတင် ဖန်တီးတော့လေသည်။

အဆုံးမဲ့ရတနာဆေးလုံးအား ဖော်စပ်ရသည်မှာ အလွန်တရာကိုမှ ခက်ခဲပေသည်။ လျို့ယန်၏ အကူအညီကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ဤအချိန်ထိပင် တောင့်ခံထားနိုင်လိမ့်မည် မဟုတ်ပေ။

All Chapters