← Chapters

အခန်း (၂၁၉၁-၂၁၉၅)

Vol. 88 Ch. 2191-2195

အခန်း (၂၁၉၁-၂၁၉၅)

Vol. 88 Ch. 2191-2195

အပိုင်း(၂၁၉၁)

ယခု လျို့ယန်၏ အကူအညီ ရှိနေသည့်တိုင် အဆုံးမဲ့ရတနာဆေးလုံးအား အောင်မြင်စွာ ဖော်စပ်နိုင်မလား မဖော်စပ်နိုင်ဘူးလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေပေသေးသည်။

သို့သော်ငြား အောင်မြင်သွားခဲ့မည်ဆိုလျှင်ကော။ ဆေးတာအိုအပေါ် ရန်ကိုင်၏ နားလည်မှုသည် ကျိန်းသေမြင့်မား လာပေလိမ့်မည်။

အချိန်အတော်ကြာအောင် သွေးရူးသွေးတမ်း တရစပ် လှုပ်ရှားနေခဲ့ပြီးသည့်နောက်တွင် ရန်ကိုင်သည် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။

ယခု ဆေးမီးဖိုထဲသို့ ဆေးပင်အားလုံး ထည့်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် လုပ်စရာ ရှိတော့သည်မှာ မီးအပူချိန်ကို ထိန်းချုပ်ရင်း အမျိုးမျိုးသော အစီအရင်များကို ထည့်သွင်းဖို့သာ ဖြစ်ပေသည်။

အားလုံးပြီးဆုံးသွားလျှင်တော့ ဆေးသိပ်သည်းခြင်း လုပ်ငန်းစဉ်ကို စရပေမည်။

ယခု အနားရသည့်အခါမှပဲ ရန်ကိုင်လည်း အခြားသူများဘက်သို့ လှည့်၍ အော်ပြောနိုင်တော့သည်။ “မင်းတို့ အဲ့ရိုးတံကို သွားယူဖို့ နည်းနည်းလေးမှ မစဉ်းစားနဲ့နော်…”

ရန်ကိုင်သည် ဆေးဖော်စပ်ရာတွင် အာရုံစိုက်ထားခဲ့သော်ငြား သူ့ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။

လူပေါင်းများစွာ ရိုးတံအား သွားခူးချင်နေသည်ကို ရန်ကိုင် သတိထားမိပေသည်။ သို့သော်ငြား ရန်ကိုင်မှ ရိုးတံအား အခြားရည်ရွယ်ချက် တစ်ခုခုကြောင့် ချန်ထားခဲ့ခြင်း ဟုတ်မဟုတ်ကို မသိသည့် အတွက်ကြောင့် မဆင်မခြင် သွားမခူးရဲကြပေ။

“ဘာလို့လဲ…” ကျွမ်းပုဖန်းက ပြန်မေးလိုက်သည်။

ရန်ကိုင်က အလေးအနက် အမူအယာဖြင့် “ဒီရိုးတံက အဆုံးမဲ့ရတနာကြာပန်း ပွင့်ဖို့အတွက် အဓိက အုတ်မြစ်ပဲ… ရိုးတံရှိနေဦးမယ် ဆိုလို့ရှိရင် နောင်နှစ်တစ်ရာအတွင်းမှာ နောက်ထပ် အဆုံးမဲ့ရတနာကြာပန်းတစ်ပွင့် ဒီကြယ်စီရင်စုထဲမှာ ထပ်ပွင့်လာနိုင်တယ်…”

“ဒါပေမဲ့ ရိုးတံကိုပါ ခူးလိုက်မယ်ဆိုရင်တော့ နောက်နှစ်တစ်သောင်းကြာသွားမယ်ဆိုရင်တောင် အဆုံးမဲ့ရတနာကြာပန်း နောက်တစ်ပွင့် ထပ်ပွင့်လာတော့မှာ မဟုတ်ဘူး… အဲ့လိုကြာပန်းတစ်ပွင့် ပြန်ပွင့်လာဖို့ ဘယ်လောက်ထပ်ကြာဦးမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး…”

“တကယ်ကြီးလား…” လန်ရွှင်းက အံ့အားသင့်သွားသည့် အမူအယာဖြင့် ပြောလိုက်လေသည်။

“ယုံချင်ယုံ မယုံချင်နေ… အဲ့ဒါကတော့ မင်းတို့အပိုင်းပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“သူ့ဘာသာသူ နောက်နှစ်တစ်သောင်းအတွင်း ပွင့်ပွင့် မပွင့်ပွင့် ငါတို့နဲ့ ဘာဆိုင်လို့လဲ…” ဝူချန်းက ရုတ်တရက် အော်ပြောလိုက်သည်။ “နောက်နှစ်တစ်သောင်းကြာရင် ဖြစ်လာမဲ့ ကိစ္စကို နောက်နှစ်တစ်သောင်းက လူတွေရှင်းရမှာ… အခု ငါတို့ ရှင်းရမှာမဟုတ်ဘူး ဒီတော့ ဒီရိုးတံကို ငါယူမယ်…”

“မင်း ယူရဲလား…” ရန်ကိုင်သည် ဝူချန်းအား စူးရဲစွာ စိုက်ကြည့်ရင်း ကျောက်စိမ်းနက်မီးဖိုအဖုံးအား ရုတ်တရက် ရိုက်ချလိုက်လေသည်။

ရန်ကိုင့်၏ လုပ်ရပ်ကို မြင်ပြီးသည့်နောက် လူပေါင်းများစွာ ဖင်ဂနာမငြိမ် ဖြစ်သွားကြသည်။ အကုန်လုံးမှာ ရန်ကိုင် ဆေးလုံးအား ဖျက်ဆီးလိုက်မည်ကို စိုးရိမ်နေကြလေသည်။

“မင်း အဲ့ရိုးတံကို သွားခူးရင် ငါ ဒီဆေးလုံးတွေကို အကုန်လုံးကို ဖျက်ဆီးပစ်မှာ…” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ခြိမ်းခြောက်လိုက်လေသည်။

“ဟေး…” ရှရှန်းက မျက်နှာကြီးမဲ့လျက် ရန်ကိုင့်အား အံ့အားသင့်တကြီး စိုက်ကြည့်ရင်း အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

“ရောင်းရင်းရန်… အဲ့လိုမလုပ်နဲ့လေကွာ ဒါက ရိုးတံလေးတစ်ချောင်းပဲကို … ရောင်းရင်းဝူချန်း လိုချင်တယ်ဆိုရင် လွှတ်ထားလိုက်ပေါ့… အဆုံးမဲ့ရတနာဆေးလုံးနဲ့တော့ သွားမခြိမ်းခြောက် စမ်းပါနဲ့ကွာ…”

ရန်ကိုင် မည်မျှပင် ရူးမိုက်နေ၍များ ဝူချန်းအား အဆုံးမဲ့ရတနာဆေးလုံးကို သုံး၍ သွားခြိမ်းခြောက်ရဲသလဲဆိုသည်ကို ရှရှန်း နားမလည်နိုင် ဖြစ်နေခဲ့လေသည်။

ဝူချန်းသည် သူ့အား ခြိမ်းခြောက်လာသည့် လူများကို အလွန်မုန်းတီးသည် ဖြစ်သည်ကို သိထားရပေမည်။

ထို့အပြင် ရန်ကိုင်၏လုပ်ရပ်သည် ဝူချန်းအား ခြိမ်းခြောက်လိုက်သာမဟုတ်။ ဤနေရာတွင် ရှိနေသည့် ကျင့်ကြံသူအားလုံးကို ခြိမ်းခြောက်လိုက်ခြင်းနှင့်လည်း အတူတူပင် ဖြစ်လေသည်။

ရန်ကိုင်ကမူ မကြားချင်ယောင်ဆောင်လျက် “မင်းတို့ထဲက ဘယ်သူမဆိုနော်… အဲ့ရိုးတံရဲ့ ဆယ်မီတာပတ်လည်အတွင်း သွားမယ်ဆိုလို့ရှိရင် ငါ ဒီဆေးလုံးတွေကို ချက်ချင်း ဖျက်ဆီးပစ်လိုက်တော့မှာ… မယုံမရှိနဲ့ မင်းတို့လုပ်ရဲရင် လုပ်ကြည့်လိုက်…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်ပြီးနောက် ဝူချန်းပင်လျှင် ရှေ့ဆက် မသွားရဲတော့ချေ။ ရိုးတံမှာ အတော်လေးကိုမှ အဖိုးတန်သော်ငြား အဆုံးမဲ့ရတနာဆေးလုံးလောက်တော့ အဖိုးမတန်ပေ။

ယခုအချိန်မျိုးတွင် ရန်ကိုင့်အား သွားရန်စလိုက်ခြင်းမှာ လုံးဝကိုမတန်ပေ။

“ဝူချန်း… မဆင်မခြင်မလုပ်နဲ့…” ရှောင်ချန်းလည်း အံ့အားသင့်သွားခဲ့ပြီး ဝူချန်းအား အလျင်စလို လှမ်းတားတော့လေသည်။

ဝူချန်းသည် ရန်ကိုင့်အား မှုန်ကုပ်ကုပ်အမူအယာဖြင့် စူးရဲစွာစိုက်ကြည့်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။ “မင်းငါ့ကို ခြိမ်းခြောက်ရဲတာလား…”

“ငါမင်းကို ခြိမ်းခြောက်နေတာမဟုတ်ဘူး…” ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်သည်။ “နောက်လာမဲ့ မျိုးဆက်တွေအတွက် ချန်ထားချင်ခဲ့ရုံပဲ…”

ထိုစကားကိုကြားသည့်အခါ လန်ရွှင်းက ပြုံး၍ မှတ်ချက်ပေးလိုက်လေသည်။ “ဆေးပညာရှင်တွေ ဆေးပင်တွေကို ခူးတဲ့အချိန်ကြရင် အဲ့ဆေးပင်ရဲ့ မူလအသက်စွမ်းအားကို လုံးဝ မထိခိုက်မိအောင် သတိထားကြတယ်တဲ့… ပြီးတော့ လုံးဝ မပွင့်သေး မရင့်မှည့်သေးတဲ့ ဆေးပင်တွေကိုလည်း ဘယ်တော့မှ မခူးကြဘူးတဲ့… အဲ့စကားကို ကြားကြားချင်းတုန်းကတော့ သိပ်မယုံချင်ခဲ့ဘူး… ဒါပေမဲ့ အခုတော့ လုံးဝယုံသွားပြီ…”

ရန်ကိုင်ကခေါင်းညိတ်၍ “ငါတို့ ဘိုးဘေးတွေက ဒီသစ်ပင်တွေကို စိုက်ပျိုးခဲ့လို့သာ ငါတို့အနေနဲ့ အရိပ်ရနိုင်တာ… ငါတို့ အခုလို ဒီအဆုံးမဲ့ရတနာကြာပန်းကို လာတွေ့တယ်ဆိုတာကလည်း အရင်တုန်းက ဒီအဆုံးမဲ့ရတနာကြာပန်းကို ခူးသွားတဲ့လူက ရိုးတံကို မခူးသွားပဲ ချန်ထားခဲ့တာကြောင့် မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်လဲ…”

“အရင် မျိုးဆက်တွေကတောင် ငါတို့အတွက် မျှော်လင့်ချက်တွေ ထားပေးခဲ့တာကို ငါတို့ကရော ဘာလို့ အနာဂတ်မျိုးဆက်ရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်ရမှာလဲ… ကိုယ့်အတွက်နဲ့ နောင်လာနောင်သားတွေရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်လိုက်တာက ကောင်းကင်လမ်းစဉ်ကို ထိခိုက်အောင် လုပ်လိုက်တာနဲ့ အတူတူပဲ…”

ထိုစကားကို ကြားသည့်အခါ လန်ရွှင်း မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာပြီး အတွေးနက်သွားခဲ့လေသည်။

“ပြီးတော့…” ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ဒီရိုးတံက ဘာမှ ဒီလောက် မှော်ဆန်ဆန် အစွမ်းတွေ ရှိတာမဟုတ်ဘူး… တကယ့် ဆေးအာနိသင်က အဆုံးမဲ့ရတနာ ကြာပန်းမှာပဲ ရှိတယ်… အများဆုံးမှ ဒီရိုးတံက မင်းရဲ့ အရင်းအမြစ်ချီနဲ့ စိတ်စွမ်းအားကို နည်းနည်း ပိုအားကောင်းလာအောင် လုပ်ပေးနိုင်ရုံလေးပဲ… အခုတကယ့်ဆေးအာနိသင်တွေ အကုန်လုံးက ဆေးမီးဖိုထဲရောက်နေပြီ”

“ပြီးတော့ ငါမေးချင်တာက ရောင်းရင်းဝူချန်း အဲ့ရိုးတံအတွက်နဲ့ ဒီဆေးမီးဖိုထဲက ဆေးလုံးတွေကို မလိုချင်တော့တာ သေချာလား…”

ဝူချန်း၏ မျက်နှာ အရုပ်ဆိုးသွားခဲ့လေသည်။ တကယ်တော့ ရန်ကိုင်မှ ရိုးတံမှာ သိပ်အသုံးမဝင်ဘူးဟု ပြောလိုက်စဉ်ကတည်းက ဝူချန်းသည် ရိုးတံအား စိတ်မဝင်စားတော့ခြင်း ဖြစ်ပေသည်။

သို့သော်ငြား လူရှေ့သူရှေ့တွင် ဖြစ်နေသည့် အတွက်ကြောင့် မျက်နှာ အပျက်မခံနိုင်ပေ။ ထို့အတွက်ကြောင့်ပင်လျှင် မှုန်ကုပ်ကုပ်ဖြင့်သာ ရန်ကိုင့်အား ဆက်၍ စိုက်ကြည့်နေခဲ့လေ၏။

သို့ရာတွင် ခေတ္တမျှအကြာ၌ ရိုးတံသည် ရုတ်တရက် လှုပ်ခါလာပြီး မရေမတွက်နိုင်သော အလင်းစက်လေးများ အဖြစ်သို့ ပြန့်ကျဲ ပျောက်ကွယ်သွားခဲ့လေသည်။

“ဒါက…” ရှောင်ချန်း မင်သက်သွားခဲ့၏။

ရန်ကိုင်က ပြုံး၍ ပြောပြလိုက်လေသည်။ “ကဲ အခု ရိုးတံလည်း မရှိတော့ဘူးဆိုတော့ ဘယ်သူမှ အဲ့ဒါကို ဖြတ်ချလို့ရတော့မှာမဟုတ်ဘူး…”

ခဏမျှ ရပ်ပြီးသည့်နောက် ရန်ကိုင် ဆက်ပြောလိုက်သည်။ “အဆုံးမဲ့ရတနာကြာပန်းကိုသာ မပွင့်သေးခင် သွားခူးလိုက်မယ်ဆိုရင် အခုလိုမျိုးပဲ ဖြစ်သွားမှာ…”

ထိုစကားကို ကြားသည့်အခါ လူပေါင်းများစွာ၏ နဖူးထက် ချွေးအေးများ စီးကျလာခဲ့လေ၏။ သူတို့စိတ်ထဲ မဆင်မခြင် မလှုပ်ရှားမိခဲ့သည်ကိုပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိနေလေသည်။

တစ်ယောက်ယောက်သာ ဆေးပင်အား မပွင့်ခင် သွားခူးလိုက်ပါက အလွန်ကိုမှ အဖိုးတန်သည့် ရတနာတစ်ပါးကို ဆုံးရှုံးလိုက်ရပေတော့မည်။

အားလုံးသိသွားအောင် ရှင်းပြပြီးသည့်နောက်တွင် ရန်ကိုင်သည် အစီအရင်များ ခင်းကျင်းရေးတွင်သာ ပြန်လည် အာရုံစိုက်ထားတော့လေသည်။

ဝူချန်းသည် သူရပ်နေရာတွင် ခဏမျှ ကြာအောင် ကသိကအောက်ဖြင့် ရပ်နေပြီးသည့်နောက် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် မူလနေရာတွင် သွားပြန်ထိုင်နေလေ၏။

အချိန်ကြာလာသည်နှင့်အမျှ လူပေါင်းများစွာမှာ ပိုပို၍ စိုးရိမ်လာကြလေသည်။ သို့သော်ငြား တောင်ထိပ်မှာမူ သိသိသာသာကို ငြိမ်သက်တိတ်ဆိတ်နေလေ၏။

သို့သော်ငြား ကျင့်ကြံသူများကြား အခြေအနေမှာမူ စတင် တင်းမာ လာနေခဲ့သည်။ အကုန်လုံးသည် အဆုံးမဲ့ရတနာဆေးလုံး ထွက်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။

အဆုံးမဲ့ရတနာဆေးလုံးများသာ ပေါ်လာပြီဆိုပါက တောင်ထိပ်တစ်ခုလုံး ပရမ်းပတာ ဖြစ်မည်မှာ မလွဲမသေပင်။

ရန်ကိုင်သည်လည်း ထိုအချက်ကို ကျိန်းသေ သိထားခဲ့သည်။ သို့သော်ငြား ထိုကိစ္စကို ခေါင်းရှုပ်ခံ တွေးမနေပဲ ဆေးဖော်စပ်ရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့လေသည်။

တစ်ခုသော အချိန်သို့ အရောက်တွင် ရန်ကိုင့်အမူအယာ တည်ကြည်လေးနက် သွားခဲ့ပြီး သူ၏အရင်းအမြစ်ချီကို ကျောက်စိမ်းနက်ဆေးမီးဖိုထဲသို့ စတင် ထည့်သွင်းတော့လေ၏။

တစ်ချိန်တည်းတွင် ချက်ချင်း မတ်တပ်ထရပ်၍ အမျိုးမျိုးသော လက်ကွက်များကို ဖန်တီးကာ ဆေးမီးဖိုထဲသို့ စွမ်းအင်များကို စတင် ထည့်သွင်းတော့သည်။

“ဆေးလုံး သိပ်သည်းနေပြီ…”

မည်သူ အော်လိုက်လဲမသိ။ ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံး၏ အသက်ရှူသံမှာ မြန်ဆန်လာခဲ့ပြီး လူတိုင်း၏ မျက်နှာများသည် မျှော်လင့်ချက် အလင်းရောင်တို့ဖြင့် ဝင်းပလာလေတော့သည်။

ဤသည်မှာ ဆေးဖော်စပ်ခြင်း၏ နောက်ဆုံးအဆင့် ဖြစ်ပေသည်။ ဤအဆင့်ကိုသာ အောင်မြင်မည်ဆိုပါက ဆေးလုံးများ ထွက်ပေါ်လာမည်ဖြစ်ကာ မအောင်မြင်ခဲ့ပါက ယခင်ကြိုးစားအားထုတ်မှု အားလုံး အချည်းအနှီး ဖြစ်သွားရပေလိမ့်မည်။

ရန်ကိုင့်၏ လက်ကွက်များမှာ စည်းချက်ညီညီ လှုပ်ရှားသွားလာ နေခဲ့သည်။ သို့သော်ငြား သူ့အမူအယာမှာ ထူးထူးခြားခြား ပိုတည်ကြည်လေးနက်နေပြီး သူ့တစ်ကိုယ်လုံးမှာလည်း ရေလောင်းချထားသည့်အလား ချွေးများဖြင့် စိုရွှဲနေခဲ့သည်။

သူ့မျက်နှာသည်ပင်လျှင် အလွန်ကိုမှ အားကုန်နေသည့်အလား အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့လေသည်။

သို့သော်ငြား သူ့လက်ကွက်လှုပ်ရှားမှုများမှာတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိလေ၏။

“ဆေးလုံးသိပ်သည်းခြင်း ဒီလောက်တောင် အံ့ဩဖို့ ကောင်းတာလား…” ရန်ကိုင်၏ လက်ကွက်လှုပ်ရှားမှုများကို ကြည့်ရင်း လန်ရွှင်းက ရေရွတ်လိုက်လေသည်။

သူမအနေဖြင့် ရန်ကိုင်၏ ဘုံကိုးသွယ် ဆေးလုံးသိပ်သည်းခြင်း နည်းစနစ်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းသာ ဖြစ်သော်ငြား တစ်ကြိမ်မြင်လိုက်သည်နှင့် တစ်ပြိုုင်နက် ထိုဆေးလုံး သိပ်သည်းခြင်း နည်းစနစ် မည်မျှ နက်နဲဆန်းကြယ်ကြောင်းကို လန်ရွှင်း သဘောပေါက်သွားခဲ့သည်။

ဤဆေးလုံးသိပ်သည်းသည့် နည်းလမ်းသည် ကောင်းကင်လမ်းစဉ်နှင့် တစ်သားတည်းကျနေသည့်အလား အလွန်ကိုမှ မင်သက်အံ့ဩဖွယ်ကောင်းလှပေသည်။

ရန်ကိုင်၏ လက်ကွက်လှုပ်ရှားမှုများ နှင့်အတူ ကောင်းကင်လမ်းစဉ် အငွေ့အသက်တို့ဟာလည်း စတင်၍ ပဲ့တင်ထပ်လာတော့လေသည်။

ကောင်းကင်ကိုးသွယ် ဆေးလုံးသိပ်သည်းခြင်း နည်းစနစ်အား လန်ရွှင်း အံ့အားသင့်သွားရသည်မှာလည်း အထူးအဆန်း‌တော့ မဟုတ်။

ဤနည်းစနစ်အား မဟာဆေးတာအို၏ ပဲ့တင်သံကို ကြားရပြီးမှ ဖန်တီးနိုင်ခဲ့ခြင်း မဟုတ်ပေလော။ တစ်နည်းဆိုရသော် ဤနည်းစနစ်သည် ကောင်းကင်လမ်းစဉ်မှ ဖြစ်ပေါ်လာသည့် နည်းစနစ်ဟုပင် ပြော၍ ရပေသည်။

တာအိုသခင် ပထမအဆင့်လေးနှင့်ပင် ရန်ကိုင်၏ ဆေးလုံးသိပ်သည်းခြင်း နည်းစနစ် မည်မျှ နက်နဲကြောင်းကို မြင်တွေ့နိုင်လေရာ အခြားသော တာအိုသခင် တတိယအဆင့်သို့ ရောက်ထားသည့် ကျင့်ကြံသူများမှာတော့ မမြင်နိုင်စရာ အကြောင်း မရှိချေ။

ဘာကြောင့်မှန်းမသိ ရန်ကိုင် ဆေးလုံးသိပ်သည်းသည့် နည်းစနစ်ကို ကြည့်နေရင်းမှ ကျင့်ကြံသူပေါင်းများစွာသည် ဉာဏ်အလင်းပွင့်သည့် အခြေအနေထဲသို့ ရောက်ရှိသွားကုန်ကြလေသည်။

တင်းမာနေသော သူတို့၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း ပြေလျော့လာပြီး မသိလိုက်မသိဘာသာပင် ဈာန်ဝင်စားသည့် အခြေအနေသို့ ရောက်ရှိသွားကုန်ကြလေသည်။

အချိန်တစ်ခုသို့ အရောက်တွင် ရန်ကိုင်က ရုတ်တရက်‌ အော်ဟစ်လိုက်လေသည်။ “သိပ်သည်းလိုက်စမ်း…”

အားကုန်သွားသည့်အလား ဆေးမီးဖိုအဖုံးအား လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်ပြီးသည့်နောက် ရန်ကိုင့်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့သည်။

သူ့လက်ကွက်လှုပ်ရှားမှုများနှင့်အတူ “တောင် တောင်” ဟူသော အသံတစ်သံ ဆေးမီးဖိုထဲမှ ထွက်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ရောင်စုံအလင်းတန်းများသည် ဆေးမီးဖိုအတွင်းမှ ထူးခြားဆန်းပြားစွာ ထွက်ပေါ်လာခဲ့လေ၏။

အောင်မြင်သွားခဲ့လေပြီ။ ရန်ကိုင် အဆုံးမဲ့ရတနာဆေးလုံးအား အောင်အောင်မြင်မြင် ဖော်စပ်လိုက်ပြီမှန်း အကုန်လုံး နားလည်သွားခဲ့သည်။

အကုန်လုံးသည် ရန်ကိုင့်ဆီသို့ ပြေးသွားပြီး အဆုံးမဲ့ရတနာဆေးလုံးအား လုယူနိုင်ရန်အတွက် သူတို့၏ အရင်းအမြစ်ချီကို စတင် လှည့်ပတ်ထားကြလေတော့သည်။

ထိုအခိုက်အတန့်မှာပင်လျှင် လောကတစ်ခုလုံး တုန်ခါလာပြီး အကုန်လုံး၏ ခေါင်းထဲ အသံတစ်သံ ပဲ့တင်ထပ်သွားခဲ့လေသည်။

ရုတ်တရက် ကျရောက်လာသော အံ့အားသင့်ဖွယ် ကောင်းလှသည့် ဖိအားတစ်ရပ်‌ကြောင့် အကုန်လုံး၏ ခန္ဓာကိုယ်များ တောင့်တင်းကုန်ပြီး အသက်ပင်လျှင် ကောင်းကောင်း မရှူနိုင်ကြတော့ချေ။

အကုန်လုံး အပေါ်သို့ အလိုလို မော့ကြည့်မိလိုက်ရာ ကောင်းကင်ထက်တွင် ဘယ်အချိန်ကတည်းကမှန်းမသိ အနက်ရောင် တိမ်စိုက်တိမ်တိုက်များ စုဝေးနေကြောင်း တွေ့လိုက်ရသည်။

မိုးခြိမ်းသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး လျှပ်ပန်းလျှပ်နွယ်တို့မှာလည်း အာကာယံတစ်ခွင် ပြိုးပြိုးပြက်ပြက် လင်းလက်နေခဲ့လေသည်။

“ဆေးလုံးပြစ်ဒဏ်…” ထိုအချင်းအရာကို မြင်သည့်အခါ လန်ရွှင်း၏ မျက်လုံးထဲ ထိတ်လန့်တုန်လှုပ်ရိပ်တို့ ဖြစ်ပေါ်လာခဲ့လေသည်။

“ကဲ… မင်းရောက်လာပြီပေါ့…” ရန်ကိုင်က ရေရွတ်လိုက်သည်။

အဆုံးမဲ့ရတနာ ဆေးလုံးအား မဖော်စပ်ခင်ကတည်းက ဤဆေးလုံးကို ဖော်စပ်မည်ဆိုလျှင် ဆေးလုံးပြစ်ဒဏ်နှင့် ကြုံတွေ့ရလိမ့်မည်မှန်း ရန်ကိုင် ခန့်မှန်းမိပြီးသားပင်။

အဆုံးမဲ့ရတနာဆေးလုံး၏ ဆေးအာနိသင်မှာ အလွန်ကိုမှ နက်နဲဆန်းကြယ်လွန်းလှသည်။ ထို့အတွက်ကြောင့်ပင် ကောင်းကင်ကပင်လျှင် သည်းမခံနိုင်ပဲ ဆေးလုံးပြစ်ဒဏ်ကို ဖန်တီးရတော့သည်။

ဆေးလုံးသာ အောင်အောင်မြင်မြင် ဖြစ်ပေါ်လာနိုင်မည် ဆိုပါက လောကနိယာမများသည် ထိုဆေးလုံးအား ဖျက်ဆီးရန် ကြိုးစားကြပေလိမ့်မည်။

လက်ရှိဆေးလုံးပြစ်ဒဏ်ကို ကြည့်ရသလောက် ဤဆေးလုံးပြစ်ဒဏ်သည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရာတွင် ကြုံရသည့် လောကကပ်ဘေးထက်ပင်လျှင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် ပုံပင်။

ဆေးလုံးတစ်လုံးသည် မည်ကဲ့သို့များ ဤကဲ့သို့သော ကောင်းကင်အမျက်ကို ဖြစ်ပေါ်စေရလေသနည်း။ ဤကောင်းကင်ထက်မှ မိုးကြိုးသွားတစ်စင်းသည်ကပင်လျှင် ရန်ကိုင်ဖော်စပ်ထားသည့် ဆေးလုံးအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။

လက်ရှိ အားနည်းနေသော ရန်ကိုင့်ကို မဆိုထားနဲ့ ရန်ကိုင် သူ့ခွန်အား အထွတ်အထိပ်အခြေအနေ၌ ရှိနေမည်ဆိုလျှင်ပင် ကျရောက်လာမည့် ဆေးလုံးပြစ်ဒဏ်အား အပြည့်အဝ ကာကွယ်နိုင်မလား မကာကွယ်နိုင်ဘူးလား ဆိုသည်မှာ မေးခွန်းထုတ်စရာပင်။

ဆေးလုံးများသာ ပျက်စီးသွားပြီဆိုသည်နှင့် သူ့ကြိုးစားအားထုတ်မှု အားလုံး အလဟသတ် ဖြစ်သွားပေတော့မည်။

ထိုအချိန်တွင် ရန်ကိုင်သည် ဆေးမီးဖိုအား ပုတ်လိုက်ပြီး သူ့ကောင်းကင်စိတ်အာရုံကို လှုပ်ရှားလိုက်လေသည်။

ထို့နောက်တွင် လျို့ယန်သည် မီးတောက်များအသွင်သို့ ပြောင်းလျက် ဆေးမီးဖိုထဲမှ ထွက်လာပြီး ကမ္ဘာငယ်လေးထဲသို့ ပြန်လည်ဝင်ရောက်သွားလေ၏။

သို့သော်ငြား လျို့ယန်သည် သူမနှင့်အတူ ဆေးမီးဖိုအိုးထဲမှ အဆုံးမဲ့ရတနာဆေးလုံးအချို့ကို မည်သူမျှ မသိအောင် ဝှက်ယူသွားခဲ့လေသည်။

လက်ရှိအချိန်တွင် အကုန်လုံးမှာ ဆေးလုံးပြစ်ဒဏ်ကိုသာ အာရုံစိုက်နေကြသဖြင့် လျို့ယန် ဆေးလုံးအချို့ ဝှက်ယူသွားသည်ကို မည်သူမှ သတိမထားမိလိုက်ကြပေ။

ရန်ကိုင်၏ မှော်ရတနာစိတ်ဝိဉာဉ် သူ့ကိုယ်ထဲသို့ ပြန်ဝင်သွားသည်ကို မြင်လိုက်သည့် လူအချို့ ရှိမည်ဆိုလျှင်ပင် လျို့ယန်မှာ အဆုံးမဲ့ရတနာဆေးလုံးအချို့ ဝှက်ယူသွားသည် ဆိုသော အချက်ကိုမူ သတိထားမိလိမ့်မည် မဟုတ်ကြချေ။

မကြာမီတွင် အကုန်လုံး အံ့အားသင့်သွားရသည့် အရာတစ်ခု ဖြစ်လာခဲ့လေ၏။ ကောင်းကင်ထက်တွင် စုဝေးနေသော ဆေးလုံးပြစ်ဒဏ်သည် ရုတ်တရက် ဆိုသလို စတင်၍ လွင့်ပျယ်ပျောက်ကွယ် လာခဲ့လေသည်။

ကြောက်မယ်ဖွယ်ရာ ကောင်းသည့် မိုးကြိုးလျှပ်စီးတို့မှာလည်း တဖြည်းဖြည်း ဝေဝါးပျောက်ကွယ် လာခဲ့လေ၏။

အသက်ဆယ်ရှိုက်စာ ကြာပြီးသည့်နောက်တွင် အနက်ရောင် တိမ်စိုက်တိမ်တိုက်တို့ဖြင့် စုဝေးလွှမ်းခြုံနေသည့် တောင်ထိပ်သည် နေ့အလား တစ်ဖန်ပြန်လည် ကြည်လင်လာခဲ့လေသည်။

အကုန်လုံးမှာတော့ အကြောက်မပြေသေးသည့် အမူအယာဖြင့် ကောင်းကင်ပေါ်သို့သာ မော့ကြည့်နေကြလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၉၂)

“ဟမ်…” ဝူချန်းသည် မျက်မှောင်ကျုံ့၍ သူ့ရှေ့တည့်တည့်အား စိုက်ကြည့်နေခဲ့လေသည်။

ဆင်ဖမ်းမည် ကျားဖမ်းမည့်ဟန်ဖြင့် ရောက်လာသော ဆေးလုံးပြစ်ဒဏ်သည် ဘာကြောင့်များ ရုတ်တရက်ကြီး ပြန်လည် ပျောက်ကွယ်သွားရသလဲ ဆိုသည်ကို ဝူချန်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။

သူသာလျှင်မဟုတ်၊ ဆေးလုံးပြစ်ဒဏ် ရုတ်တရက် ပျောက်ကွယ်သွားသည်နှင့် ပက်သက်၍ မည်သူမှ နားမလည်နိုင်ကြခြင်း ဖြစ်သည်။

“ထွက်သွားစမ်း…”

အကုန်လုံး ဆေးလုံးပြစ်ဒဏ်နှင့် ပတ်သက်၍ ကြောင်တောင်တောင် ဖြစ်နေစဉ် ရန်ကိုင့်၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ အရင်းအမြစ်ချီလှိုင်းများ ဖြာထွက်လာခဲ့လေသည်။

“ဘုန်း ဘုန်း ဘုန်း…”

ထိုအသံကို ကြားလိုက်သည့်အခါ အကုန်လုံး၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ရပ်နေရာဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြလေသည်။

ရန်ကိုင်သည် လက်တစ်ဖက်တွင် ဆေးမီးဖိုကို ကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့် အဖက်ဖက်သို့ လက်ဝါးချက်များ ရိုက်လွှတ်နေခဲ့သည်။

ထိုနေရာတွင် ပုံရိပ်တစ်ခုသည် အလွန်လျင်မြန်သော နှုန်းဖြင့် ရန်ကိုင့်၏ တိုက်ကွက်များကို ရှောင်ရှားကာ သူ့လက်ထဲမှ ဆေးလုံးများကို လုယူရန် ကြိုးစားနေခဲ့လေသည်။

သို့သော်ငြား ထိုလူမည်သို့ပင် ကြိုးစားနေစေကာမူ ရန်ကိုင့်ပတ်လည် သုံးမီတာအတွင်းသို့ မရောက်ရှိနိုင်ဘဲ နောက်သို့သာ အဆက်မပြတ် ပြန်ဆုတ်နေခဲ့ရသည်။

“လော့ယွမ်လား…”

ရန်ကိုင့်ဆီသို့ သွားနေသည့် လူကို မြင်သော် လန်ရွှင်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။

ရန်ကိုင်နှင့် တိုက်ခိုက်နေသည့် လူမှာ လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ လော့ယွမ်မှလွဲ၍ အခြားမဟုတ်ပေ။ လော့ယွမ် မည်သည့်နေရာတွင် ပုန်းနေခဲ့သလဲ ဆိုသည်ကို သူမ မသိခဲ့ပေ။

သို့သော်ငြား သေချာသည့် တစ်ချက်မှာတော့ အကုန်လုံး ဆေးလုံးပြစ်ဒဏ်ကြောင့် သတိလက်လွတ်ဖြစ်နေကြစဉ် လော့ယွမ်သည် ရန်ကိုင့်နားသို့ ခိုးကြောင်ခိုးဝှက် သွားကာ အဆုံးမဲ့ရတနာဆေးလုံးများကို လုယူရန် ကြံစည်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူအောင်မြင်ခါနီးမှ ရန်ကိုင်၏ တားဆီးခြင်း ခံလိုက်ရ၏။

ထိုမျှသာလျှင်မဟုတ်၊ ရန်ကိုင့်၏ ခွန်အားကိုပါ သူမအထင်သေးမိသည့် ပုံပင်။ ရန်ကိုင်သည် တာအိုသခင် ပထမအဆင့်သာ ဖြစ်သလို ယခုလေးတင်မှလည်း အဆုံးမဲ့ရတနာဆေးလုံးအား ဖော်စပ်ပြီးထားခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော အားကုန်နေသော ရန်ကိုင်သည် လော့ယွမ်ကဲ့သို့သော လူတစ်ယောက်အား တားဆီးထားနိုင်ခဲ့သည်။

လော့ယွမ်သည်လည်း လှုပ်ရှားပြီးသွားသည့်အခါမှ သူ့အထင် မှားယွင်းနေမှန်း နားလည်သွားခဲ့လေသည်။ ရန်ကိုင်သည် တောက်လျှောက်သာ ခုခံနေသော်ငြား သေချာကြည့်ကြည့်မည် ဆိုပါက သူသာ ဆန္ဒရှိလျှင် အချိန်မရွေး ထွက်ပြေးနိုင်ကြောင်းကို မြင်တွေ့နိုင်ပေလိမ့်မည်။

ထို့အပြင် ရန်ကိုင်၏ အရင်းအမြစ်ချီမှာ အလွန်ကိုမှ သန့်စင်ပြီး သိပ်သည်းသည့်အတွက်ကြောင့် လော့ယွမ်အနေဖြင့် သူ၏အကာအကွယ်များကို အချိန်တိုအတွင်း မထိုးဖောက်နိုင် ဖြစ်နေခဲ့သည်။

“ငါ အထင်မှားသွားတယ်…” အခွင့်အရေးကို လွဲသွားပြီမှန်း သိလိုက်ပြီးနောက် လော့ယွမ် စတင်ကျိန်ဆဲတော့လေသည်။

အစကမူ အဆုံးမဲ့ရတနာဆေးလုံးများကို လုယူပြီး ထွက်ပြေးဖို့ပင်။ သို့သော်ငြား ရန်ကိုင်၏ တားဆီးခြင်း ခံလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယခု အကုန်လုံးမှာ သူ့အား သတိပြုမိသွားပြီ ဖြစ်သည့်အတွက်ကြောင့် ယခုတွင်မှ ပြန်မဆုတ်လျှင် အကုန်လုံး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံရပေတော့မည်။

ထိုအချက်ကို နားလည်လိုက်သော် လော့ယွမ်သည်လည်း ဆက်၍ တိုက်ခိုက်မနေတော့ဘဲ ချက်ချင်း မီတာတစ်ရာအကွာသို့ ပြန်ဆုတ်လာခဲ့လေသည်။ ထို့နောက် သူ့အခွင့်အလမ်းအား ဖျက်ဆီးသွားခဲ့သော ရန်ကိုင့်အား မှုန်ကုပ်ကုပ် အမူအယာဖြင့် စိုက်ကြည့်နေလေ၏။

ရန်ကိုင့်မျက်နှာမှာ အနည်းငယ် ဖြူလျော်နေသော်ငြား ညစ်ကျယ်ကျယ် ပြုံးလျက် စနောက်လိုက်လေသည်။ “ရောင်းရင်းလော့ယွမ်… မင်းအကြံက တကယ်မိုက်တာပဲကွ… မင်း အခုလိုလုပ်ဖို့ ချောင်းနေတာ ဘယ်အချိန်တည်းကလဲ…”

“ဟမ့်…” လော့ယွမ်သည် အေးစက်စက် အမူအယာဖြင့်သာ နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင့်အမေးကို ပြန်မဖြေခဲ့ပေ။ ထို့အစား ပြန်၍သာ ပြောလိုက်လေ၏။ “မင်းကလည်း လုံးဝကို ပုံမှန်မဟုတ်ဘူးပဲ…”

သူပြောချင်သည်မှာ ရန်ကိုင့်၏ခွန်အားသည် သူ့ကျင့်ကြံခြင်းနှင့် လုံးဝကို မကိုက်ညီနေခြင်းပင်။

ရန်ကိုင်ကမူ ယဲ့ယဲ့လေးသာ ပြုံးလျက် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။

အကုန်လုံးသည် သူ့အား အချိန်မရွေး တိုက်ခိုက်တော့မည် ပုံနှင့် သူ့လက်ထဲရှိ ကျောက်စိမ်းနက်ဆေးမီးဖိုအား စိုက်ကြည့်နေသည်ကို မြင်သော် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။

“အကုန်လုံး ခဏနေပါဦး…” ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အကုန်လုံး ရပ်တန့်သွားခဲ့ကြလေသည်။

ဝူချန်းပင်လျှင် ရန်ကိုင့်ဆီသို့ အလျင်စလို ပြေးမဝင်သွားခဲ့ပေ။ ရန်ကိုင်နှင့် လော့ယွမ်တို့ကြားရှိ တိုက်ပွဲကို မြင်ပြီးသည့်နောက် စဉ်းစားဉာဏ်ရှိသည့်လူတိုင်း ရန်ကိုင်သည် ရင်ဆိုင်ရလွယ်သည့် လူတစ်ဦး မဟုတ်ကြောင်း သိနိုင်ပေလိမ့်မည်။

ဤနေရာရှိ မည်သူမှ ရန်ကိုင့်အား တမုဟုတ်ချည်း အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိကြချေ။ သူတို့သာ ရန်ကိုင့်အား တခဏအတွင်း အနိုင်မယူနိုင်ပါက အခြားသူများသည် သူတို့၏ အခွင့်အရေးကို လုယူသွားကြပေလိမ့်မည်။

ထိုသို့ ဖြစ်လာသည့်အခါ လက်ရှိအခြေအနေမှာ လုံးဝကို ဝရုန်းသုန်းကား ဖြစ်သွားပေတော့မည်။ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို မည်သူမှ မမြင်ချင်ကြပေ။

“မင်းတို့မြင်တဲ့အတိုင်းပဲ… ငါ မင်းတို့ အားလုံး မျှော်လင့်ထားတဲ့အတိုင်း အဆုံးမဲ့ရတနာဆေးလုံးတွေကို အောင်အောင်မြင်မြင် ဖော်စပ်ပြီးသွားပြီ…” ပြောနေရင်း ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်၍ သောက်လိုက်လေသည်။

“အခု ပြီးသွားပြီဆိုတော့ မင်းတာဝန်လည်း ပြီးသွားပြီ…‌ ဆေးလုံးတွေကို ပေးပေတော့…” ဝူချန်းက အမိန့်ပေးသည့် လေသံဖြင့် ပြောလိုက်လေသည်။

“ဟင်း… ငါလည်း ဒီကိစ္စကို စဉ်းစားနေခဲ့တာ…” ရန်ကိုင်က ပြုံးလျက် ခဏမျှ ရပ်ပြီးသည့်နောက် ဆက်ပြောလိုက်လေသည်။ “ဆေးလုံးတွေကို ဖော်စပ်ပြီးသွားတာတော့ ဟုတ်တယ်… ဒါပေမဲ့ ငါ မင်းတို့ကို ပေးမှာမဟုတ်ဘူး…”

“မင်း ဘာပြောလိုက်တာလဲကွ…” ဝူချန်း၏ မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။

“ကောင်လေး…. မင်း သေချင်နေတာလား…”

“ဟေ့ကောင် မင်းကိုယ်မင်း ဘာမှတ်နေလဲ… ဆေးလုံးတွေကို မင်းတစ်ယောက်တည်း မောင်ပိုင်စီးချင်နေတာ ဟုတ်လား…”

“ကောင်လေး… အကောင်းပြောနေတုန်း ဆေးလုံးတွေကို ပေးလိုက်နော်… မဟုတ်ရင် မင်း အလောင်းမြုပ်စရာ မကျန်ပဲ သေသွားရလိမ့်မယ်…. ဒီလူအုပ်ကြီးကို မင်းတစ်ယောက်တည်းနဲ့ ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး…”

ရန်ကိုင့်စကား ထွက်လာသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ ဒေါသူပုန်ထသွားပြီး စတင်၍ အော်ဟစ် ကျိန်ဆဲတော့လေသည်။

ရန်ကိုင်ကမူ ထိုအော်ဟစ် ကျိန်ဆဲသံများကို မကြားချင်ယောင်ဆောင်လျက် ပြန်၍သာ ပြောလိုက်လေ၏။ “မင်းတို့ ဘာမဟုတ်တရုတ်တွေ လာပြောနေတာလဲ… ဒီအဆုံးမဲ့ရတနာ ကြာပန်းကို ငါပဲ ရှာတွေ့ခဲ့တာ… အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးအမယ် အကုန်လုံးနီးပါးကိုလည်း ငါကချည်းပဲ ထောက်ပံ့ထားခဲ့တာ… ပြီးတော့ ဒီအဆုံးမဲ့ရတနာဆေးလုံးတွေကိုလည်း ငါကိုယ်တိုင်ပဲ ဖော်စပ်ထားခဲ့တာ… မင်းတို့ဘက်က ဘာပေးခဲ့တာရှိလဲ... ငါဆေးဖော်စပ်နေတုန်းရော မင်းတို့ ဘာကူညီပေးခဲ့တာ ရှိလဲ… ဘာမှမရှိဘူးလေ... ဒီအတိုင်းပဲ ရပ်ကြည့်ပြီး အဆုံးမဲ့ရတနာဆေးလုံး ဖော်စပ်ပြီးသွားတော့မှ လုယူဖို့ စဉ်းစားနေတာ မဟုတ်ဘူးလား… သေချာပြန်စဉ်းစားလိုက်ကြဦး။ အိပ်မက် မက်မနေကြတော့နဲ့…”

“သိပ်ပြီး သွေးနားထင်ရောက်မနေနဲ့ ကောင်လေး…”

“ဟဲ ဟဲ ဟဲ ကောင်လေးက နို့နံ့မစင်သေးဘူးပဲ… ငါတို့ ရှေ့မှာတောင် လာပြီး မောက်မာရဲနေတယ်… ကြည့်ရတာ မင်း နောက်တစ်နေ့ နေထွက်တာကို မမြင်ချင်တော့ဘူးနဲ့တူတယ်…”

“ဟေ့ကောင်တွေ အချိန်ဖြုန်းမနေတော့နဲ့…. ဒီကောင့်ကိုသတ်ပြီး သူ့လက်ထဲက ဆေးလုံးတွေကို လုယူကြရအောင်….”

ရန်ကိုင်မှ သူ့ခွန်အားကို သက်သေပြထားပြီး သွားခဲ့သော်ငြား လူတော်တော်များများမှာတော့ နောက်တွန့်သွားခြင်း မရှိကြ။ လူအရေအတွက် အားသာချက်ဖြင့် ရန်ကိုင့်အား အနိုင်ယူနိုင်လိမ့်မည်ဟု ထင်နေကြသည်။ အကုန်လုံး၏ အမြင်တွင် ရန်ကိုင့်၏လုပ်ရပ်သည် ကိုယ့်သေတွင်းကိုယ် တူးနေခြင်းနှင့် မခြားချေ။

“ကြည့်ရတာ မင်း အစတည်းက အခုလိုလုပ်ဖို့ ကြံနေတာနဲ့ တူတယ်… ဟုတ်တယ်မလား…” ဝူချန်းသည် ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လျက် လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်လေသည်။

“ဟုတ်တာပေါ့…” ရန်ကိုင်က ဝူချန်းဘက်သို့ လှည့်၍ “ငါ အစတည်းက ဒီအဆုံးမဲ့ရတနာဆေးလုံးတွေကို မင်းတို့ဆီပေးဖို့ကို မစဉ်းစားထားတာ… ရှင်းရှင်းပြောရရင် ဒီအဆုံးမဲ့ရတနာကြာပန်းကို ရှာတွေ့တည်းက ဒီတိုင်း ဝါးစားပစ်လိုက်လို့ရတယ်… အဲ့လိုလုပ်ရင် ဆေးအာနိသင် တော်တော်များများကို ဆုံးရှုံးလိုက်ရမယ် ဆိုပေမဲ့ အခုလိုမျိုး ဆေးလုံးတွေကို မင်းတို့ဆီပေးလိုက်ရမှာထက် စာရင် အများကြီး ပိုသာသေးတယ်…”

“အဲ့လိုလုပ်ရအောင် မင်းကိုယ်မင်း ဘာမှတ်နေတာလဲ…” ဝူချန်းက ဒေါသတကြီးဖြင့် ထအော်လေသည်။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ဆီမှ အားကောင်းသည့် အရှိန်အဝါတို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင့်ဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်လေသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ ပိုပို၍ အားကောင်းလာနေခဲ့သည်။

“မင်းအကြံက မဆိုးပေမဲ့ မင်းအကြံကို အကောင်အထည် ဖော်နိုင်တဲ့ ခွန်အား မင်းမှာ ရှိလို့လား…”

“မရှိလို့ရှိရင် ငါ ဘာလို့ အခုလို လုပ်နေရမှာလဲ…” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် ပြန်ပြောလိုက်သည်။ သူ့ကိုယ်သူသာ ယုံကြည်ချက် မရှိလျှင် ဘာကြောင့်များ အခုလို လုပ်ခဲ့ရမည်နည်း။

သူ့ခွန်အားအပေါ် ယုံကြည်ချက်ရှိသည့် အတွက်ကြောင့်သာ သူ့ကိုယ်သူ တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်ဟု ပြောလျက် လူအများရှေ့တွင် အဆုံးမဲ့ရတနာဆေးလုံးများကို ဖော်စပ်ပြခဲ့ခြင်း ဖြစ်သည်။ သူလုပ်ခဲ့ရသည့် အရာအားလုံးသည် သူ့အကျိုးအတွက်သာ ဖြစ်လေသည်။

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်တစ်ချောင်း ထောင်၍ အော်ပြောလိုက်လေ၏။

“ပျက်စီးလိုက်စမ်း…”

သူ၏ အော်သံနှင့်အတူ ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင့်ကို ဗဟိုပြုလျက် သူ့ပတ်ပတ်လည် မီတာသုံးရာအတွင်းရှိ ဟင်းလင်းပြင်သည် မှန်တစ်ချပ်နှယ် ရုတ်ချည်း ကွဲကြေသွားခဲ့သည်။

ဟင်းလင်းပြင် အက်ကွဲမှုနှင့်အတူ ခြောက်ခြားဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေသော မရေမတွက်နိုင်သည့် အနက်ရောင် အက်ကွဲကြောင်းများလည်း စတင် ထွက်ပေါ်လာခဲ့လေသည်။

သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ကြည့်ရင်း ဝူချန်း၏ ခြေလှမ်းတို့ဟာလည်း ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။

“ဟင်းလင်းပြင်အက်ကြောင်းတွေ…”

“လေဟာနယ်နိယာမစွမ်းအား…”

လူအုပ်ကြီးဆီမှ အလန့်တကြား အော်ဟစ်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာခဲ့လေသည်။ လက်ရှိ သူတို့ရှေ့တွင် ဖြစ်ပျက်နေသော ဟင်းလင်ပြင်တစ်ခုလုံး အက်ကွဲသွားရခြင်းမှာ တစ်စုံတစ်ဦးမှ ဟင်းလင်းပြင် နိယာမစွမ်းအားကို ထိန်းချုပ်၍ ဟင်းလင်းပြင်အား ဖျက်ဆီးလိုက်သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

ထိုပျက်စီးနေသည့် ဟင်းလင်းပြင်ထဲသို့ ဝင်သွားသည့်လူတိုင်း မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကြောင်းများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ထားရပေလိမ့်မည်။

“မင်း တကယ်ကြီး လေဟာနယ်တာအိုကို နားလည်ထားတာလား…” ဝူချန်းသည် ရန်ကိုင်မှ သူ့အား ရန်စလိုက်သည့်အလား အံကိုကြိတ်၍ ဒေါသတကြီး ထအော်လေသည်။

လေဟာနယ်တာအိုသည် နားလည်နိုင်ရန်အတွက် အခက်ခဲဆုံးနှင့် အရှားပါးဆုံးသော တာအိုများထဲ တစ်ခု အပါအဝင်ဖြစ်ပေသည်။ ရန်ကိုင်မှ လေဟာနယ်တာအိုအား နားလည်ထားခြင်းသည် ဝူချန်းအား မခံမရပ်နိုင်အောင်ကို ဖြစ်သွားစေခဲ့သည်။

“ဒီလောကကြီးမှာ ကျင့်ကြံခြင်း နိမ့်နိမ့်လေးနဲ့ လေဟာနယ်နိယာမစွမ်းအားတွေကို ဒီလောက်ထိတောင် ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက် တကယ်ကြီး ရှိနေတာပါလား…” လန်ရွှင်းသည် ရန်ကိုင့်အား မှင်သက်ထိတ်လန့် လေးစားအားကျနေသည့် အကြည့်ဖြင့် လှမ်းကြည့်နေခဲ့လေသည်။

ပျက်စီးကွဲကြေနေသော ဟင်းလင်းပြင်ကြောင့် သူမအနေဖြင့် ရန်ကိုင်၏ တည်နေရာကိုပင် သေချာ အာရုံမခံနိုင်တော့ချေ။ ထိုတစ်စစီ ပျက်စီးနေသော ဟင်းလင်းပြင်ကြောင့်ပင်လျှင် အခြားသူများသည်လည်း ရန်ကိုင်အား မတိုက်ခိုက်နိုင် ဖြစ်သွားကုန်ကြလေသည်။

“မှော်ရတနာတစ်ခုခုကို သုံးနေတာ ဖြစ်မှာပေါ့…” ရှောင်ချန်းက မကျေမနပ်ဖြင့် ရေရွတ်လိုက်လေသည်။ “သူ့မှာ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ရှိတယ်မဟုတ်လား… ကြည့်ရတာ ဒီကောင့်နောက်ခံကလည်း ပုံမှန်မဟုတ်ဘူးနဲ့တူတယ်… အခု လေဟာနယ် ပျက်စီးသွားတာကလည်း သူမှော်ရတနာ တစ်ခုခု ထုတ်သုံးလိုက်တာကြောင့် ဖြစ်နိုင်တာပဲ...”

လန်ရွှင်းကမူ မျက်မှောင်သာကျုံ့သွားခဲ့ပြီး ဘာမှ ပြန်မပြောခဲ့ပေ။ မှော်ရတနာအားကိုးဖြင့် ဟင်းလင်းပြင်အား ဤကဲ့သို့ လုပ်နိုင်သော်ငြား ရန်ကိုင် မှော်ရတနာတစ်ခုခုအား ထုတ်သုံးသွားသည့် အရိပ်အယောင်ကို သူမ မတွေ့လိုက်ရပေ။

ရန်ကိုင်မှ သူ့လက်တစ်ဖက်ကို မြှောက်၍ ပျက်ဆီးလိုက်စမ်း ဟု ရေရွတ်လိုက်ချိန် သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်များ စတင်တွန့်လိမ့်လာသည်ကို လန်ရွှင်း သေချာမြင်တွေ့လိုက်ရသည်။

ဟင်းလင်းပြင် ပျက်စီးသွားရခြင်းမှာ မှော်ရတနာကြောင့် မဟုတ်ဘဲ ရန်ကိုင့်ကြောင့်သာ ဖြစ်လေသည်။

“ဒီကောင်…” အခြားတစ်ဖက်၌ ရင်တမမ ဖင်တကြွကြွ ဖြစ်နေသော ရှရှန်းမှာမူ ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက် မဲ့ပြုံးသာ ပြုံးလိုက်လေသည်။

ရန်ကိုင်မှ အဆုံးမဲ့ရတနာဆေးလုံးအား ဖော်စပ်ပြီးသည့်နောက်တွင် ရှရှန်းသည် ရန်ကိုင့်အား သူနှင့်အတူ ပူးပေါင်းရန် စည်းရုံးခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကမူ သူပြောသည်ကို မကြားချင်ယောင်ဆောင်လျက် သူ့လမ်းသူသာ ဖောက်သွားခဲ့၏။

“ကြည့်ရတာ သူ ငါတို့အကူအညီကို မလိုဘူးနဲ့တူတယ်…” ရှောင်ပိုင်ယီက ပြောလိုက်သည်။

“ဟုတ်…” ရှရှန်းက မျက်လုံးမှေးစင်းလျက် “သူသာ လေဟာနယ်တာအိုကို နားလည်ထားတယ်ဆိုလို့ရှိရင် ကျိန်းသေ အဲ့ဒါကို လုပ်နိုင်လိမ့်မယ်… ဒီကောင့် အရည်အချင်းနဲ့ဆိုရင် ဒီနေရာက ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုဘူး… ဒါပေမဲ့…”

“ဒါပေမဲ့ ဘာလဲ…” ရှောင်ပိုင်ယီသည် ရှရှန်းဘက်သို့ လှည့်ကြည့်လိုက်လေသည်။

“ဒါပေမဲ့ သူဘာလို့ ထွက်မပြေးတာလဲ…” ရှရှန်းသည် ရန်ကိုင့်အား နားမလည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း “သူ့အရည်အချင်းနဲ့ဆိုရင် အဆုံးမဲ့ရတနာဆေးလုံးတွေကို ဖော်စပ်ပြီးတာနဲ့ ချက်ချင်း ထွက်ပြေးသွားလို့ရပြီ မဟုတ်ဘူးလား… ဘာဖြစ်လို့ ဒီမှာနေပြီး အခြားသူတွေကို လိုက်ပြီး ရန်စနေတာလဲ… တစ်ခုခုတော့ လွဲနေသလိုပဲ…”

ဝူချန်းသည် ရန်ကိုင့်အား မမှိတ်မသုန် စိုက်ကြည့်နေပြီးသည့်နောက် ရေရွတ်လိုက်လေသည်။ “အဲ့နောက်မှာ ပုန်းနေလို့ မင်းကိုယ်မင်း လုံခြုံပြီလို့ ထင်နေတာလား…”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “သိချင်ရင် လာစမ်းကြည့်လိုက်လေ…”

“အေး… ငါစမ်းကြည့်မှာ…” ဝူချန်းက ပြန်ပြောလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၉၃)

ဝူချန်း ဒေါသူပုန်ထနေစဉ်မှာပင် ပုံရိပ်တစ်ခုသည် ရုတ်ချည်း ပြေးထွက်သွားခဲ့လေသည်။ ထိုလူမှာ အခြားမဟုတ် လော့ယွမ်သာ ဖြစ်လေသည်။

လှုပ်ရှားမှုပညာရပ်တစ်ခုကို သုံးလျက် လော့ယွမ်သည် ဟင်းလင်းပြင်နိယာမစွမ်းအားများ သက်ရောက်နေသည့် နယ်မြေအပြင်ဘက်သို့ ချည်းကပ်လာခဲ့လေသည်။

ထို့နောက် လေထဲတွင်ဝဲ၍ အောက်ဘက်သို့ အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်ရင်း သူ့လက်နှစ်ဖက်ကို မြှောက်ကာ ပူးကပ်၍ တူပုံသဏ္ဍာန်လုပ်ကာ ထုချလိုက်လေသည်။

ပြင်းထန်သည့် စွမ်းအင်လှိုင်းတို့ စတင် ဖြာထွက်လာခဲ့လေ၏။ လော့ယွမ်၏နောက်တွင် ဧရာမပုံရိပ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် လော့ယွမ်၏ပုံစံအတိုင်း ၎င်း၏လက်နှစ်ဖက်ကို မြှောက်၍ အတူတူပူးကပ်ကာ တူပုံသဏ္ဍာန်လုပ်၍ အောက်သို့ ထုချလိုက်လေသည်။

“ဘုန်း…”

အသက်တစ်ရှိုက်စာ ကြာပြီးသည့်နောက်တွင် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ဧရာမပုံရိပ်ကြီးသည် ၎င်း၏ပူးကပ်ထားသည့် လက်နှစ်ဖက်ကို ပျက်စီးနေသည့် ဟင်းလင်းပြင်တည့်တည့်သို့ ထုချလိုက်လေ၏။

ရန်ကိုင့်မျက်နှာ မည်းမှောင်သွားခဲ့လေသည်။ ရန်ကိုင်ဖန်တီးလိုက်သည့် ဟင်းလင်းပြင်ပျက်စီးနယ်မြေသည် အချိန်မရွေး ပြိုကျသွားတော့မည့်အလား မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများမှာ အလျင်အမြန် ပျက်စီးလာလေတော့သည်။

ရန်ကိုင် မတုံံ့ပြန်နိုင်သေးခင်မှာပင် ဝူချန်းသည် ရန်ကိုင်၏မမြင်ကွယ်ရာ အရပ်မှ ရုတ်တရက် ခုန်ထွက်လာခဲ့လေသည်။ လက်ရှိ ဝူချန်း၏ လက်ထဲ၌ အနီရောင်နှင့် အဖြူရောင်တောက်နေသော ဓါးနှစ်ချောင်း ရှိနေခဲ့လေသည်။

ထို့နောက်တွင် ဝူချန်းသည် ဓါးနှစ်ချောင်းကို ကြက်ခြေခတ်ပုံသဏ္ဍာန် ယှက်ဖြာ၍ အော်ပြောလိုက်လေသည်။

“ဓါးအကျဉ်းထောင်… အနန္တချိတ်ပိတ်ခြင်း တိုက်ကွက်…”

ဝူချန်း၏ တိုက်ကွက်နှင့်အတူ ဓါးချီလှိုင်းများ ထွက်ပေါ်လာပြီး ပတ်ပတ်လည် ဟင်းလင်းပြင်တစ်ခုလုံးကို ချိတ်ပိတ်သွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံးမှာ ထိတ်လန့် အံ့အားသင့်နေရတော့သည်။

ဝူချန်းနှင့် လော့ယွမ်သည် တောင်ဘက်နယ်မြေ၏ ထိပ်တန်းလက်ရွေးစင်များ ဖြစ်ကြကာ သူတို့နှစ်ဦးတွေ့လိုက်တိုင်း အမြဲတမ်း တိုက်ခိုက်နေသည်သာ များသည်။ ယခုကဲ့သို့ အတူတူပူးပေါင်းတိုက်ခိုက်သည်မျိုးကို တစ်ခါမှ မတွေ့ရချေ။

ပထမဦးဆုံးအနေဖြင့် လော့ယွမ်သည် ရန်ကိုင့်၏ ဟင်းလင်းပြင်စက်ကွင်းကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက်တွင် ဝူချန်းသည် ရန်ကိုင် ထွက်မပြေးနိုင်အောင် ပတ်ဝန်းကျင်တစ်ခုလုံးကို ချိတ်ပိတ်ပစ်လိုက်လေသည်။

ဤနည်းဖြင့် ရန်ကိုင်သည် ဟင်းလင်းပြင်တာအိုတွင် ကျွမ်းကျင်မည်ဆိုလျှင်ပင် လိပ်ခွံထဲ ပုန်းအောင်းနေရမည့် လူတစ်ယောက်ဘဝသို့ ရောက်သွားရပေလိမ့်မည်။

နှစ်ယောက်စလုံးသည် သူတို့၏ တိုက်ကွက်များကို အချိန်ကိုက် ထုတ်သုံးသွားကြခြင်း ဖြစ်လေသည်။ နှစ်ပေါင်းများစွာကြာအောင် အတူတကွ နေထိုင်လာခဲ့ကြသော သွေးရင်းညီအစ်ကိုများပင်လျှင် ထိုကဲ့သို့ စည်းချက်ညီညီ ပူးပေါင်းနိုင်ကြလိမ့်မည် မဟုတ်ချေ။

“မကောင်းတော့ဘူး…” ရှရှန်း၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။

ဝူချန်းက လှောင်ပြုံးပြုံးလျက် “အခု မင်းသေလိုက်ပေတော့…” ပြောပြီးသည့်နောက်တွင် သူ့လက်ထဲရှိ ဓါးနှစ်ချောင်းစလုံး တုန်ရီလာပြီး ချက်ချင်းဆိုသလို အနီရောင်နှင့် အဖြူရောင် ရောယှက်နေသော ဓါးအလင်းတန်းတစ်ခု ရန်ကိုင့်ဆီသို့ ပြေးထွက်သွားခဲ့လေ၏။

အကုန်လုံး၏ ရှေ့တည့်တည့်တွင်ပင် ဝူချန်း၏ ဓါးအလင်းသည် ရန်ကိုင့်အား သွားရောက်ထိမှန်ပြီး သူ့လက်ထဲရှိ ကျောက်စိမ်းနက် ဆေးမီးဖိုကိုပါ ဖျက်ဆီးသွားခဲ့လေသည်။

“မဟုတ်ဘူး…” ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက် အကုန်လုံး ထိတ်လန့်တကြား ထအော်ကုန်ကြလေ၏။

ရန်ကိုင် သေသေရှင်ရှင် မည်သူမှ ဂရုစိုက်ကြလိမ့်မည် မဟုတ်သော်ငြား ရန်ကိုင့်လက်ထဲရှိ အဆုံးမဲ့ရတနာဆေးလုံးများသာ ပျက်စီးသွားမည်ဆိုပါက အကုန်လုံး ငြိမ်နေနိုင်ကြတော့လိမ့်မည် မဟုတ်ချေ။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက ဝူချန်းသည် ရန်ကိုင့်ထက်ပို၍ လူအများ၏ အမုန်းဒဏ်ကို ခံရပေတော့မည်။

သို့သော်ငြား ဝူချန်းကမူ ထိုကဲ့သို့ တိုက်ခိုက်ပြီးသည့်နောက် အနည်းငယ်မျှ ပျော်သွားသည့် အရိပ်အယောင် မပြဘဲ မျက်မှောင်ကျုံ့၍သာ ရပ်နေခဲ့သည်။ လော့ယွမ်သည်လည်း ထို့နည်းတူပင်လျှင်။

တစ်ချိန်တည်းတွင် လော့ယွမ်သည် တစ်ယောက်ယောက်အား လိုက်ရှာနေသည့်အလား ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေခဲ့သည်။ သူ့ကျောဘက်တွင် ရှိနေသော ဧရာမပုံရိပ်ကြီးမှာတော့ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့လေသည်။

“ငါ့သည်းခံနိုင်စွမ်းက အကန့်အသတ်နဲ့ရှိတယ်နော်…”

သူတို့၏ ဘေးဘက်ဆီမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကို ကြားလိုက်သည့်နောက် အကုန်လုံး လှည့်ကြည့်လိုက်ရာ မည်သည့်ဒဏ်ရာမှမရဘဲ လေထဲတွင် ရပ်နေသော ရန်ကိုင့်ကို တွေ့လိုက်ရလေသည်။

ကျောက်စိမ်းနက်ဆေးမီးဖိုမှာလည်း သူ့လက်ထဲတွင် ရှိနေသေး၏။ လူအုပ်ကြီးအား မှုန်ကုပ်ကုပ်အမူအယာဖြင့် ဝေ့ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏ “အခု မင်းတို့လုပ်ရပ်က ငါကို အားစမ်းတယ်လို့ သဘောထားပြီး ခွင့်လွှတ်ပေးလိုက်မယ်… ငါမင်းတို့နဲ့ အပြန်အလှန် ဆွေးနွေးနိုင်တဲ့ အရည်အချင်း ရှိမရှိကို မင်းတို့ မြင်သွားလောက်ပြီ… ဟုတ်တယ်နော်… ဒါပေမဲ့ အဲ့ဒါကိုတောင် မကျေနပ်နိုင်သေးဘဲ ငါ့ကို လာပြီး ဆက်တိုက်ခိုက်နေဦးမယ် ဆိုလို့ရှိရင်တော့ ဒီဆေးမီးဖိုမှာရှိတဲ့ အဆုံးမဲ့ရတနာဆေးလုံးတွေ အကုန်လုံးကို ငါစားပစ်လိုက်တော့မယ်… ”

“မင်းရူးနေလား…”

“ဒီကောင်ရူးနေပြီ…”

“ရောင်းရင်းရန်… ဆေးလုံးတွေအများကြီးကို တစ်ထိုင်တည်း စားလို့ မကောင်းဘူးလေ… ဘာလို့ ငါ့ကို တစ်လုံးလောက်မပေးတာလဲ…”

ဝူချန်းက မျက်မှောင်ကျုံ့လျက် အသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။ “ငါထင်ထားတဲ့အတိုင်းပဲ… ဒီကောင် တည်နေရာခုန်ကူးနိုင်တာပဲ…”

ရန်ကိုင် လေဟာနယ်တာအိုအား ကျွမ်းကျင်ထားမှန်း သိလိုက်တည်းက ရန်ကိုင် တစ်နေရာမှ တစ်နေရာသို့ တည်နေရာခုန်ကူးနိုင်လိမ့်မည်မှန်း ဝူချန်း ခန့်မှန်းပြီးသားပင်။ ထို့ကြောင့်ပင်လျှင် ရန်ကိုင်ထွက်မပြေးနိုင်စေရန်အတွက် ပတ်ပတ်လည် ဟင်းလင်းပြင်တစ်ခုလုံးကို ချိတ်ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။

သူသည် ဤကဲ့သို့ လုပ်နိုင်ရန်အတွက် လော့ယွမ်နှင့် ပြီးပြည့်စုံစွာ ပူးပေါင်းခဲ့ပေသည်။ သို့သော်ငြား ရန်ကိုင့်အား မဖမ်းနိုင်ခဲ့ပေ။

တကယ်ဆိုလျှင် ရန်ကိုင်မည်သည့် အချိန်တည်းက တည်နေရာခုန်ကူးသွားသလဲ ဆိုသည်ကိုပင် ဝူချန်း မသိခဲ့ချေ။ ထိုအချက်ကို မြင်ပြီးနောက် ဤနေရာရှိ မည်သူမျှ ရန်ကိုင့်အား ဖမ်းဆီးနိုင်တော့လိမ့်မည် မဟုတ်မှန်း ဝူချန်းသိလိုက်သည်။

လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့်လူများအား လိုက်လံဖမ်းဆီးသတ်ဖြတ်ရန်မှာ အလွန်တရာကိုမှ ခက်ခဲသည်ဟူသော ကောလာဟလများမှာ တကယ်ကို ယုံမှားသံသယ ရှိစရာမလိုပေ။

တစ်ယောက်ယောက်အနေဖြင့် ရန်ကိုင့်အား သတ်ချင်သည် ဆိုပါက သူ့အား တစ်ချက်တည်းနှင့် အမြစ်ဖြတ်ပစ်နိုင်သော အလွန်တရာကိုမှ အားကောင်းသည့် ကျင့်ကြံသူတစ်ဦးကို ခေါ်ဆောင်လာရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက တည်နေရာခုန်ကူး၍မရနိုင်သော သီးခြား ဟင်းလင်းပြင်တစ်ခုထဲသို့ ခေါ်သွားရပေလိမ့်မည်။

ထိုသို့ မလုပ်ချင်ဘူးဆိုပါကလည်း ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံးအား ချိတ်ပိတ်ပစ်နိုင်သော အကာအရံတစ်ခုကို ခင်းကျင်းထားရန် လိုအပ်ပေသည်။

လက်ရှိ ဥတုလေးမျိုးနယ်မြေထဲ၌ မည်သူမှ ထိုကဲ့သို့ မလုပ်နိုင်ကြချေ။ ထို့ကြောင့် ဤနေရာတွင် မည်သူမှ ရန်ကိုင့်အား သတ်နိုင်ကြလိမ့်မည်မဟုတ်။

“ဒီတော့ ရောင်းရင်းရန်က ကျွန်မတို့နဲ့ အလဲအလှယ် လုပ်ချင်တယ်ပေါ့…” လန်ရွှင်းသည် မျက်ခုံးပင့်လျက် ပြောလိုက်လေသည်။

“မင်းသမီးပြောတာ အမှန်ပဲ…” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် “အနည်းဆုံးတေ့ာ တစ်ဝက်မှန်တယ်လို့ ပြောရမှာပေါ့…”

“ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး…” လန်ရွှင်းက ပြုံးလျက် ပြန်ပြောလိုက်လေသည်။

“ကျုပ် အလဲအလှယ်လုပ်ချင်တာက သူတို့နဲ့ပါပဲ… မင်းသမီးနဲ့ မပါပါဘူး…” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆေးမီးဖိုထဲမှ တောကြက်မောက်အရွယ်ရှိသော ဖွေးဆွတ်နေသည့် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။ သင်းပျံ့မွှေးထုံသည့် မွှေးရနံ့တစ်ခုသည် ချက်ချင်းဆိုသလို လေထဲသို့ ပျံ့နှံ့လာခဲ့လေ၏။

“အဆုံးမဲ့ရတနာဆေးလုံး…” ရန်ကိုင့်လက်ထဲတွင် ကိုင်ထားသည့် အဖြူရောင်ဆေးလုံးလေးကို ကြည့်ရင်း လူအုပ်ကြီးတစ်ခုလုံး အလွန်တရာကိုမှ စိတ်လှုပ်ရှားလာခဲ့ကြလေသည်။

“ဆေးဖော်စပ်ဖို့အတွက် လိုအပ်တဲ့ အဓိက ဆေးအမယ်တစ်မျိုးကို မင်းသမီးက ပေးခဲ့တာဆိုတော့ အစောပိုင်းက ပြောထားတဲ့အတိုင်း ဒီကဆေးလုံးတစ်လုံးကို မင်းသမီးဆီ ပေးပါ့မယ် … ကျေးဇူးပြုပြီး လက်ခံပေးပါ မင်းသမီး…” ရန်ကိုင်သည် အဆုံးမဲ့ရတနာဆေးလုံးကို လန်ရွှင်းဆီသို့ လှမ်းပေးလိုက်လေသည်။

“အို… ရောင်းရင်းရန်က ပြောထားတဲ့ကတိအတိုင်း လုပ်ချင်သေးတယ်ပေါ့…” လန်ရွှင်းသည် ရန်ကိုင့်အား အံ့အားသင့်တကြီး လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင် ကတိတည်တော့လိမ့်မည် မဟုတ်ဟု သူမစိတ်ထဲ ထင်နေခြင်းဖြစ်သည်။ သို့သော်ငြား သူမ ထင်ထားသလို ဟုတ်မနေသည့်ပုံပင်။

ရန်ကိုင်က အလေးအနက် လေသံဖြင့် “အခုလိုလုပ်တာ ပုံမှန်ပဲလေ မင်းသမီးရဲ့… အဆုံးမဲ့ရတနာဆေးလုံးတွေ ဖော်စပ်နိုင်ဖို့အတွက် သွေးကျောက်စိမ်းမှိုကို လိုအပ်နေတာ… အဲ့သွေးကျောက်စိမ်းမှိုသာ မရှိရင် ဒီအဆုံးမဲ့ရတနာဆေးလုံးတွေကို ဘယ်လိုမှ ဖော်စပ်နိုင်မှာ မဟုတ်ဘူး…လိုအပ်နေတဲ့ သွေးကျောက်စိမ်းမှိုကို မင်းသမီးက ပေးခဲ့တယ်ဆိုမှတော့ မင်းသမီးကို တစ်လုံးပြန်ပေးတာကလည်း သဘာဝပဲပေါ့…”

“ဒါပေမဲ့ ဟိုကောင်တွေ အတွက်ကတော့… ဒီကောင်တွေက ဘာမှလဲမလုပ်… ဘာဆေးပင်မှလည်း မပေးပဲနဲ့ အလကား လိုချင်နေတာ... သူတို့တွေက ရဖို့မတန်ဘူး”

“ရောင်းရင်းရန်ပြောတာ ကျိုးကြောင်းဆီလျော်တယ်…” လန်ရွှင်းက ခေါင်းတညိတ်ညိတ် ပြောလိုက်လေသည်။ “အဲ့လိုဆိုလို့ရှိရင် ကျွန်မကလည်း ဒီဆေးလုံးကို လက်ခံပေးရတာပေါ့…”

ပြောပြီးသည့်နောက်တွင် လန်ရွှင်းသည် ရန်ကိုင့်ဆီသို့ ပျံဝဲသွားလေ၏။ မကြာမီ ရန်ကိုင့်ရှေ့သို့ ရောက်လာပြီးသည့်နောက်တွင် သူ့လက်ထဲရှိ ဆေးလုံးကို ယူကာ တိုးတိုးလေးပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ်…”

“မလိုပါဘူး မင်းသမီး…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “ဒီဆေးလုံးကို မင်းသမီး အခုချက်ချင်း သောက်လိုက်လို့ရှိရင် ပိုကောင်းလိမ့်မယ်… အဆုံးမဲ့ရတနာ ဆေးလုံးတွေက အခြားဆေးလုံးတွေနဲ့ သိပ်မတူဘူး… ဒီဆေးလုံးက စောစော သောက်လေ ပိုပြီး အာနိသင်ကောင်းလေပဲ… ဒီတော့ မင်းသမီး နောက်ပိုင်း ဧကရာဇ်အဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားမယ်ဆိုလို့ရှိရင် ဆေးလုံးရဲ့ အာနိသင်အပြည့်ကို ရလိမ့်မယ်…”

“အဲ့ဒါဆိုရင် ကျွန်မ အခုပဲ သောက်ရတာပေါ့…” ပြောပြီးသည်နှင့် လန်ရွှင်းသည် ဆေးလုံးကို သူမပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

“ဂလု…”

ထိုတံတွေးမျိုချသံသည် လန်ရွှင်းဆီမှ လာခြင်းမဟုတ်။ အောက်ဘက်မှ ကြည့်နေသည့် လူများဆီမှ လာခြင်း ဖြစ်လေသည်။

လန်ရွှင်း ဆေးလုံးအား သောက်လိုက်သည်ကို မြင်သော် အကုန်လုံးသည် မသိလိုက်မသိဘာသာဖြင့် တံတွေးတစ်လုတ် မျိုချမိလိုက်ကြသည်။

“မင်းသမီးက အစတည်းက ပါရမီကောင်းပြီးသား… အဲ့ဒါကို ဒီဆေးလုံးရဲ့ အကူအညီပါ ထပ်ရလိုက်တာဆိုတော့ ဧကရာဇ်အဆင့်ကို ရောက်ဖို့ ဘာမှမခက်တော့ဘူး… သိုင်းတာအို အထွတ်အထိပ်ကို မင်းသမီး လျင်လျင်မြန်မြန်နဲ့ တက်လှမ်းနိုင်ပါစေလို့ ဒီရန် ဆုတောင်းပေးလိုက်ပါတယ်…”

“ပေးတဲ့ဆုနဲ့ ပြည့်ရပါစေရှင့်…” လန်ရွှင်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။

“ဖားယားနေတာ ပြီးပြီလား….” ဝူချန်းက မှုန်ကုပ်ကုပ် အမူအယာဖြင့် သူတို့၏ စကားဝိုင်းထဲသို့ ရုတ်တရက် ဖြတ်ဝင်ပြောလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေ၏။

“မင်းဘာလုပ်ချင်နေလဲ ငါနားလည်သွားပြီ…”

“အို…” ရန်ကိုင်သည် မျက်ခုံးပင့်လျက် ဝူချန်းအား ကြည့်ရင်း “ကဲ… အဲ့ဒါဆို ငါဘာလုပ်ချင်နေလဲဆိုတာ ပြောပြပါဦး…”

“ဟမ့်…” ဝူချန်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အဆုံးမဲ့ရတနာဆေးလုံးတွေက ဖော်စပ်ပြီးနေပြီ…မင်းအနေနဲ့ ဒီမှာဆက်နေစရာ ဘာအကြာင်းမှ မရှိတော့ဘူး... လေဟာနယ်တာအိုကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားတဲ့ မင်းလို လူတစ်ယောက်အနေနဲ့ ဒီနေရာက ထွက်သွားချင်ရင် ဘယ်သူမှ မင်းကို တားနိုင်မှာ မဟုတ်ဘူး… အဲ့ဒါကို ထွက်မသွားဘဲ ဒီနေရာမှာ ရပ်ပြီး အကုန်လုံးနဲ့ စကားလာထိုင်ပြောနေတယ်... ပြီးတော့ အဆုံးမဲ့ရတနာဆေးလုံးတွေကို သူများတွေ ပိုလိုချင်လာအောင် ဆေးလုံးတစ်လုံးကိုပါ ထပ်ပြီး ထုတ်ပြလိုက်သေးတယ်… မင်းလုပ်ချင်တာကို ငါမသိဘဲ နေမလား… ဒီအဆုံးမဲ့ရတနာဆေးလုံးတွေကို သုံးပြီး အခြားသူတွေနဲ့ အလဲအလှယ် လုပ်ချင်နေတာမလား”

ခဏရပ်နေပြီးသည့်နောက်တွင် ဆက်၍ ပြောလိုက်လေသည်။ “မင်းက တော်တော်လည်တဲ့ကောင်ပဲကွ… ဒီဆေးလုံးတွေနဲ့ ဥတုလေးမျိုးနယ်မြေထဲကနေ ထွက်သွားလို့ရှိရင် မင်းကိုယ်မင်း ကာကွယ်နိုင်မှာ မဟုတ်မှန်း မင်းသိတယ်… ငါတို့ထဲက လူတွေသာ ဒီအကြောင်းကို သူတို့ရဲ့အင်အားစုတွေဆီ ပြန်ပြောပြလိုက်လို့ရှိရင် အပြင်က ဧကရာဇ်အဆင့် ပညာရှင်တွေ မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး…”

"သူတို့ကိုယ်တိုင်တော့ မင်းလက်ထဲက ဆေးလုံးတွေကို လာလုယူမှာ မဟုတ်ပေမဲ့ အဲ့အဆုံးမဲ့ရတနာဆေးလုံးတွေကို ပေးလာအောင်လို့ မင်းကို အတင်းအကြပ် ဖိအားပေးလိမ့်မယ်…. ဒါပေမဲ့ အပြန်အလှန်အနေနဲ့လည်း သူတို့က မင်းကို ဘာမှ ဒီလောက် ပြန်ပေးမှာမဟုတ်ဘူး…. ဒါပေမဲ့ မင်းက အဲ့လိုအဖြစ်ခံမဲ့အစား ဒီလိုလမ်းကြောင်းကို ရွေးလိုက်တယ်ဆိုတော့ တော်တော်ပါးတယ်လို့ ‌ပြောလို့ရတယ်… ” ဝူချန်းက ပြောလိုက်သည်။ “ငါမှန်လား…”

ရန်ကိုင်သည် မင်သက်နေသည့် အမူအယာဖြင့် ဝူချန်းအား အံ့ဩတကြီး ကြည့်လိုက်လေသည်။ ခဏအကြာ၌ အားပါးတရ လက်ခုပ်တီးလျက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ “ရောင်းရင်းဝူချန်းက ဒီလောက်တောင် အမြင်စူးရှတဲ့ လူတစ်ယောက် ဖြစ်မယ်မှန်း ငါတကယ်ကို မထင်ထားခဲ့ဘူး…”

ဝူချန်း ပြောသည့်အတိုင်းပင် ဤသည်မှာ ရန်ကိုင့်အစီအစဉ်သာ ဖြစ်ပေသည်။ အဆုံးမဲ့ရတနာဆေးလုံးများသည် အလွန်တရာကိုမှ အဖိုးတန်လှသည်။ ဖြစ်သာ ဖြစ်နိုင်လျှင် ရန်ကိုင့်အနေဖြင့် ဤဆေးလုံးများကို မည်သူ့ဆီမှ မပေးဘဲ သူ့ဘာသာ သိမ်းထားချင်ပေသည်။

သို့မှသာ နောက်ပိုင်း သူ့အနေဖြင့် အဖိုးတန်ရတနာ တစ်မျိုးမျိုးကို လိုအပ်ပါက ဤအဆုံးမဲ့ရတနာဆေးလုံးများကို ထုတ်သုံး၍ လဲလှယ်နိုင်ပေမည်။

ဤဆေးလုံး၏ တန်ဖိုးအရ ရန်ကိုင်သာ အဆုံးမဲ့ရတနာဆေးလုံးနှင့် ရတနာပစ္စည်းတစ်ခုခုအား လဲလှယ်ချင်သည် ဟု ပြောလာလျှင် မည်သည့်ဂိုဏ်းမှ ငြင်းကြလိမ့်မည် မဟုတ်ချေ။ ကြယ်ဝိဉာဉ်နန်းတော်ပင်လျှင် ချွင်းချက်မဟုတ်။

သို့သော်ငြား ဝူချန်းပြောသွားသကဲ့သို့ပင် သူသာ အဆုံးမဲ့ရတနာဆေးလုံးများကို ယူ၍ ဥတုလေးမျိူးနယ်မြေထဲမှ ထွက်သွားပါက အပြင်ဘက်တွင် စောင့်နေသော ဧကရာဇ်အဆင့် ပညာရှင်များသည် သူ့အား ကျိန်းသေ အလွတ်ပေးကြလိမ့်မည် မဟုတ်ချေ။

ထိုဧကရာဇ်အဆင့် ပညာရှင်များသည် သူ့ဆီမှ အဆုံးမဲ့ရတနာဆေးလုံးများကို အတင်းအကြပ်လုယူ၍ လျော်ကြေးအနေဖြင့် အရင်းအမြစ်ကျောက် အနည်းငယ် သို့မဟုတ် ရတနာအချို့သာ ပြန်ပေးပေလိမ့်မည်။

ဤကဲ့သို့ ဖြစ်မည်ကို ရန်ကိုင်မလိုလား။ ထို့အတွက်ကြောင့်ပင်လျှင် သူ့ဘက်မှ ကြီးကြီးမားမား အဆုံးရှုံးခံမည့်အစား အနည်းငယ်သာ အဆုံးရှုံးခံလိုက်ရန် ရွေးချယ်လိုက်ခြင်းပင် ဖြစ်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၉၄)

“ဒီတော့ ဒါက သူ့အကြံပေါ့…” ယခုမှပဲ ရှရှန်း နားလည်သွားတော့လေသည်။

ယခင်က ရန်ကိုင် ဘာကြောင့် ပြဿနာအုံအား တုတ်နှင့် သွားထိုးနေမှန်းကို သူနားမလည်နိုင် ဖြစ်ခဲ့ရသည်။ သို့သော်ငြား ယခုမူ ဤသည်မှာ သူ၏အကြံအစည် ဖြစ်ကြောင်းကို နားလည်သွားတော့လေသည်။

ရန်ကိုင်မှ အဆုံးမဲ့ရတနာဆေးလုံးများကို ဖော်စပ်ပြီး ထိုဆေးလုံးများကို စားပစ်မည်ဟု လူရှေ့သူရှေ့တွင် ခြိမ်းခြောက်ခဲ့ရခြင်းမှာ အကုန်လုံးအား အကြပ်ကိုင်နိုင်မည့် အဖြစ်အပျက်တစ်ခုကို ဖန်တီးလိုသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

ရန်ကိုင်သည် အစကတည်းက ဤကဲ့သို့ ကြံစည်နေခြင်း ဖြစ်သည်။ သူ့အကြံအစည်မှာ အောင်မြင်စွာ ဖြစ်မြောက်သွားသည်ဟု ပြောရပေမည်။

သို့သော်ငြား ထိုသို့ ဖြစ်မြောက်နိုင်ရန်အတွက် တချို့သော အရည်အချင်းများကို ရှိထားရန် လိုအပ်ပေသည်။

ပထမဦးစွာအနေဖြင့် ရန်ကိုင့်တွင် အဆုံးမဲ့ရတနာဆေးလုံးများကို ဖော်စပ်နိုင်သည့် အရည်အချင်း ရှိနေရမည်။ ထိုသို့သာမဟုတ်ဘဲ အဆုံးမဲ့ရတနာဆေးလုံးများကို အောင်မြင်စွာ မဖော်စပ်နိုင်ပါက သူ့အစီအစဉ်အားလုံး ပျက်စီးသွားရပေလိမ့်မည်။

ဒုတိယအနေဖြင့် သူ့ခွန်အားအပေါ် ယုံကြည်ချက် ရှိထားရန်လည်း လိုအပ်ပေသေးသည်။ သို့မှသာ သူ့အား တိုက်ခိုက်လာမည့်လူအားလုံးကို ခုခံနိုင်မည်ဖြစ်ကာ ဤနေရာမှ လုံလုံခြုံခြုံနှင့် ထွက်ပြေးနိုင်ပေလိမ့်မည်။

ယခု သူ့အစီအစဉ် အောင်အောင်မြင်မြင် ဖြစ်မြောက်သွားခဲ့သလို သူမျှော်မှန်းထားသည့်အတိုင်းလည်း ဖြစ်လာခဲ့သည်။

ရန်ကိုင်တွင် အဆုံးမဲ့ရတနာဆေးလုံးများကို ဖော်စပ်နိုင်သည့် အရည်အချင်း ရှိနေခဲ့သလို လူပေါင်းများစွာမှ ဝိုင်းထားနေသည့်တိုင် ဤနေရာမှ သူ့စိတ်ကြိုက် ထွက်သွားထွက်လာ လုပ်နိုင်သည့် အရည်အချင်းလည်း ရှိနေခဲ့၏။

လူအုပ်ကြီးမှာလည်း သူတို့အားလုံး စောင့်ကြည့်နေသည့် အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ဤနေရာမှ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။

ရန်ကိုင် လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည် ဟူသော အချက်ကိုသာ ကြိုသိထားခဲ့မည်ဆိုပါက မည်သူမျှ ရန်ကိုင် အဆုံးမဲ့ရတနာဆေးလုံးအား ဖော်စပ်မည်ကို ရပ်စောင့်နေကြလိမ့်မည် မဟုတ်ချေ။

ရန်ကိုင့်၏လုပ်ရပ်သည် အလွန်ကိုမှ အန္တရာယ်များသည်ဟု ပြော၍ရသည်။ အနည်းငယ်လေးသော သတိလက်လွတ်မှုကပင်လျှင် သူ့အား သေတွင်းသို့ တွန်းပို့နိုင်သည်။ တကယ့်သတ္တိနှင့် ယုံကြည်ချက်သာ မရှိလျှင် မည်သူမျှ ဤကဲ့သို့ လုပ်နိုင်ကြလိမ့်မည် မဟုတ်ချေ။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် လန်ရွှင်း၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင့်အား ဉာဏ်နီဉာဏ်နက် များသည့်ကောင်ဟု မှတ်ချက်ပေးလိုက်လေတော့သည်။

အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ပထမဆုံးသောတစ်လုံးကို လန်ရွှင်းထံသို့ ပေးခဲ့သည်။ ဤကဲ့သို့ပေးရခြင်းမှာ အစောပိုင်းက သဘောတူညီချက်ကြောင့် ဖြစ်သည်ဟု ပြောခဲ့သော်ငြား တကယ့်တကယ်တွင် ရန်ကိုင်သည် လန်ရွှင်းနှင့် ရန်သူမဖြစ်လိုသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

တကယ်တော့ လန်ရွှင်း၏နောက်ခံသည် အခြားသူများနှင့်မတူ တမူထူးခြားသည် မဟုတ်ပေလော။ မည်သူမှ သူမနှင့် ရန်သူ ဖြစ်ချင်လိမ့်မည် မဟုတ်ချေ။

လန်ရွှင်းမှ သွေးကျောက်စိမ်းမှိုကို မပေးခဲ့လျှင်ပင် ရန်ကိုင့်အနေဖြင့် လန်ရွှင်းထံသို့ ဆေးလုံးတစ်လုံး ပေးဦးမည်သာ။ ထိုနည်းဖြင့် အဆုံးမဲ့ရတနာဆေးလုံး၏ ဆေးအာနိသင်ကို စမ်းသပ်ပြီးသား ဖြစ်သွားသလို လန်ရွှင်းအနေဖြင့် သူ့အား ကျဉ်းထဲကြပ်ထဲသို့ ရောက်အောင်လည်း တွန်းအား ပေးနိုင်တော့လိမ့်မည် မဟုတ်ချေ။

ထို့အပြင်ကိုမှ ဥတုလေးမျိုးနယ်မြေထဲမှ ထွက်သွားပြီးလျှင် လန်ရွှင်းအနေဖြင့် သူ့ဘက်မှပင်လျှင် ဝင်ကာပြောပေးကောင်း ပြောပေးနိုင်၏။

ထိုနည်းဖြင့် ရန်ကိုင်သည် သူ့ကိုယ်သူ လုံခြုံအောင် ဦးစွာ ကာကွယ်ထားလိုက်သည်။ဓ

ထိုကဲ့သို့ တွေးမိလိုက်သော် လန်ရွှင်းစိတ်ထဲ ရန်ကိုင်သည် ဥာဏ်နီဥာဏ်နက်များရုံသာမဟုတ်၊ ဥာဏ်ပြေးကာ ပါးနပ်သည့် လူတစ်ဦးဟုလည်း တွေးလိုက်လေသည်။

“အပိုစကားတွေ ပြောမနေနဲ့တော့…” ဝူချန်းက ဖြတ်ပြောလိုက်သည်။ “မင်း ဘာလိုချင်တာလဲ…”

“ငါ ဘာလိုချင်တာလဲ ဆိုတော့… ဟဲ ဟဲ ဟဲ…” ရန်ကိုင်သည် ညစ်ကျယ်ကျယ် ပြုံးလျက် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။

ရန်ကိုင့်မျက်နှာကို မြင်ပြီးသည့်နောက် လူပေါင်းများစွာ၏ စိတ်ထဲ ပြေးထွက်သွားပြီး သူ့အား နားရင်းပါးရင်း ထရိုက်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေ၏။

“ငါသိချင်နေတာ တစ်ချက်ရှိတယ်…” ကျွမ်းပုဖန်းသည် ထိုင်နေရာမှ ရုတ်တရက် ထရပ်၍ ရန်ကိုင့်အား ကြည့်ရင်း ပြောလိုက်လေသည်။ “ရောင်းရင်းရန်… မင်းမှာ အဆုံးမဲ့ရတနာဆေးလုံး ဘယ်နှစ်လုံး ရှိနေတာလဲ…”

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှောင်ချန်းသည်လည်း အော်ပြောလိုက်သည်။ “ဟုတ်တယ်… ဒီရှောင်လည်း အဲ့ဒါနဲ့ ပတ်သက်ပြီး သိချင်နေတာ…”

ဆေးအိုးတစ်အိုးမှ ထုတ်ပေးနိုင်သည့် ဆေးလုံးအရေအတွက်မှာ အကန့်အသတ်ရှိပေသည်။ ကြယ်တာရာ အစုအဝေးထဲရှိ အခမ်းနား အကြီးကျယ်ဆုံးသော ဧကရာဇ်အဆင့် ဆေးပညာရှင်ပင်လျှင် ဆေးအိုးတစ်အိုးမှ အများဆုံး ဆေးလုံးကိုးလုံးသာ ဖော်စပ်ပေးနိုင်သည်။

တစ်နည်းဆိုရသော် ရန်ကိုင့်လက်ထဲရှိ ဆေးအိုးထဲ၌ အဆုံးမဲ့ရတနာဆေးလုံး ကိုးလုံးထက်ပို၍ ရှိနေလိမ့်မည် မဟုတ်ချေ။

တကယ်ဆိုလျှင် ဆေးပညာရှင်၏ အဆင့်အတန်း၊ ဖော်စပ်ရာတွင် လိုအပ်သည့် ကန့်သတ်ချက်များနှင့် အသုံးပြုသွားသော ဆေးအမယ်များ၏ အရည်အသွေး၊ ဆေးသိပ်သည်းခြင်း နည်းစနစ်၏ နက်နဲဆန်းကြယ်မှုအရ ထွက်ပေါ်လာမည့် ဆေးလုံးအရေအတွက်မှာ ပို၍ပင် လျော့ကျကောင်း လျော့ကျသွားနိုင်ပေသည်။

ဆေးပညာရှင်တစ်ဦး မည်မျှပင် ထူးချွန်နေစေကာမူ ဆေးလုံးကိုးလုံးအား ဖော်စပ်နိုင်သည်မှာ အတော်ကိုမှ ရှားပါးသည်ဟု ပြော၍ရသည်။

အဆုံးမဲ့ရတနာဆေးလုံး၏ အဆင့်မှာ အတော်လေးကိုမှ မြင့်ပေသည်။ ထို့အပြင် ရန်ကိုင်ကလည်း အဆင့်မြင့် ဆေးပညာရှင်တစ်ဦး ဟုတ်မနေခဲ့။ ထို့အတွက်ကြောင့် သူ့အနေဖြင့် ဆေးလုံးကိုးလုံး ဖော်စပ်နိုင်ဖို့ရာ အတော်လေးကိုမှ ခက်ခဲနိုင်ပေသည်။ အများဆုံးမှ သုံးလုံးလေးလုံးလောက်သော ဖော်စပ်နိုင်လောက်၏။

ထိုသူများ၏အမေးကို ကြားသော် ရန်ကိုင်သည် တိုက်ရိုက်ပြန်မဖြေခဲ့ပဲ ပြုံး၍သာ ပြန်ပြောလိုက်လေသည်။ “နည်းနည်းပါးပါးပေါ့… ဟဲ ဟဲ ဟဲ…”

ကျွမ်းပုဖန်း မျက်မှောင်ကျုံ့သွားခဲ့ပြီး ပြန်အော်ပြောလိုက်လေ၏။ “ရောင်းရင်းရန် ကျေးဇူးပြုပြီး ပြဿနာမရှာစမ်းပါနဲ့… ငါတို့ မင်းနဲ့ စီးပွားရေး လုပ်နေတာနော်…”

ရန်ကိုင်သည် ကျွမ်းပုဖန်းအား ကြည့်၍ ပြန်ပြောလိုက်၏။ “ဟုတ်ပြီလေ… အဲ့ဒါဆိုရင် ကြည့်ရတာပေါ့…”

“ကျေးဇူးပြုပြီး ပြောပြပေးပါ ရောင်းရင်း…” ကျွမ်းပုဖန်းကလည်း ပြောလိုက်သည်။

ဤသို့ဖြင့် လူတိုင်းရှေ့တွင် ရန်ကိုင်သည် ဆေးအိုးအဖုံးကို ဖွင်၍ စတင် ရေရွတ်တော့လေသည်။

ရန်ကိုင်မှ ဆေးအိုးအဖုံးကို စတင်ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများသည် ရန်ကိုင့်ဆေးအိုးထဲရှိ ဆေးလုံးအရေအတွက်ကို သိချင်နေသည့်အလား သူ့ဆီသို့ တရစပ် တိုးဝင်လာကြလေ၏။

သို့သော်ငြား မည်သူမျှ ဆေးအိုးထဲရှိ အခြေအနေကို မတွေ့နိုင်သေးခင်မှာပင် ရန်ကိုင်သည် ဆေးအိုးအဖုံးကို ချက်ချင်းပြန်ပိတ်ချလိုက်လေသည်။ ထို့နောက် လူအုပ်ကြီးအား မှုန်ကုပ်ကုပ် အမူအယာဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏။

“အစကတော့ ဆေးအိုးထဲမှာ ဆေးလုံး ဘယ်နှစ်လုံး ရှိလဲဆိုတာကို မင်းတို့ကို ပြောပြဦးမလို့… ဒါပေမဲ့ မင်းတို့က အခုလိုမျိုး လေးစားမှုမရှိပဲ လုပ်လာတယ်ဆိုမှတော့လည်း ငါကလည်း မင်းတို့ကို မပြောပြတော့ရုံပေါ့…”

“ခွေးသူတောင်းစား…”

“ကောင်လေး… မင်း ငါတို့ကို လာရန်စနေတာလား…”

“ငါခိုးမကြည့်ဘူးလေကွာ ရောင်းရင်းရန် ကျေးဇူးပြုပြီး ငါ့ကိုတော့ ပြောပြပေးပါနော်…”

ရန်ကိုင်သည် လူအုပ်ကြီးအား အေးစက်စက် အကြည့်ဖြင့် ဝေ့ကြည့်လိုက်ရင်း အော်ပြောလိုက်လေသည်။ “အခု ငါ့ကိုဆဲသွားတဲ့ ကောင်တွေ… မင်းတို့အားလုံး ထွက်သွားလို့ရပြီ… မင်းတို့ ဘာပေးပေး ငါမင်းတို့ကို ဒီဆေးလုံး ပေးမှာမဟုတ်ဘူး…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူပေါင်းများစွာ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင့်အား အလျင်စလို တောင်းပန်တော့လေသည်။

ရန်ကိုင်ကမူ သူတို့ လုပ်နေသည်များကို အရေးမစိုက်သည့်အလား အေးစက်စက် အမူအယာဖြင့်ပင် ရပ်ကြည့်နေခဲ့သည်။ ထို့နောက်တွင် ဆေးမီးဖိုအဖုံးကို ဖွင့်၍ အစောပိုင်းက လန်ရွှင်းဆီသို့ ပေးခဲ့သည့် ဆေးလုံးနှင့် ဆင်တူသော အဖြူရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။

ထို့နောက် သူ့ပါးစပ်ကိုဟကာ ဆေးလုံးကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ ထို့နောက်တွင် လူရှေ့သူရှေ့၌ပင်လျှင် ရန်ကိုင်သည် ထိုဆေးလုံးကို စတင်၍ ဝါးစားတော့လေ၏။ ဝါးစားနေစဉ်အတောအတွင်း အလွန်တရာကိုမှ အရသာလှရှိသည့် စားကောင်းသောက်ဖွယ်တစ်ခုကို စားနေသည့်အလား သူ့မျက်နှာကြီးမှာ ပြုံးဖြီးနေခဲ့သည်။

စားကောင်းသောက်ဖွယ်မှာ အရသာအလွန်ကိုမှ ရှိလွန်းလှသဖြင့် အရသာရှိကြောင်းကို ဖော်ပြခြင်းငှာ မစွမ်းသာသည့် ပုံစံမျိုးပင် ဖြစ်နေလေသည်။

ရန်ကိုင့်လုပ်ရပ်ကို မြင်ပြီးသည့်နောက် အကုန်လုံး မင်သက်သွားခဲ့လေ၏။ “ဂလု…”

ခဏအကြာတွင် ရန်ကိုင်သည် ဆေးလုံးအား မျို၍ သူ့ဝမ်းဗိုက်ကို ပုတ်ရင်း ကျေနပ်အားရသွားသည့် အမူအယာဖြင့် ပြောလိုက်လေသည်။ “အရသာ ရှိလိုက်တာ…”

ထိုသို့ စားပြီးသည့်အခါမှပင် လူအုပ်ကြီးဘက်သို့ ပြန်လှည့်၍ ညစ်ကျယ်ကျယ်ပြုံးကာ ပြောလိုက်လေ၏။ “အရင်ကတော့ အဆုံးမဲ့ရတနာဆေးလုံးတွေ အများကြီး ရှိရင် ရှိလိမ့်မယ်… အခုတေ့ာ တစ်လုံးလျော့သွားပြီး… သိပ်အများကြီးမကျန်တော့ဘူး… မင်းတို့ထဲမှာ အဆုံးမဲ့ရတနာဆေးလုံးကို လိုချင်တဲ့သူ ရှိနေတယ်ဆိုရင် မြန်မြန်လာကြနော်.. ဆေးလုံးက အများကြီး ကျန်တော့တာ မဟုတ်ဘူး… ပြီးတော့ ဦးရာလူစနစ်နော်... ဖင်လေးနေမယ်ဆိုရင် မင်းတို့အတွက် ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ အခု မင်းတို့ ပြချင်တဲ့ ပစ္စည်းတွေ ပြလို့ရပြီ”

ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်က ထပ်၍ ပြောလိုက်လေ၏။ “ငါဘာနဲ့ လဲလှယ်ချင်သလဲဆိုရင်တော့ မင်းတို့ ဥတုလေးမျိုးနယ်မြေထဲမှာ ရလာတဲ့ ဟာတွေ အကုန်လုံး ငါ့ဆီလာပြလို့ရတယ်… ငါကြိုက်တာပါရင် လဲမယ်၊ မပါရင် မလဲဘူး... ဒါပဲ… မကျေနပ်ရင် အလဲအလှယ် လာမလုပ်နဲ့... ကိစ္စမရှိဘူး”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ ဆေးမီးဖိုအား အသာအယာပုတ်လိုက်သည်။ ထို့နောက်တွင် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းလိုက်လေသည်။

ထိုသို့ လုပ်ပြီးသည့်နောက် သူ့ပတ်ပတ်လည်၌ အစောပိုင်းကကဲ့သို့သော ပြိုကျနေသည့် ဟင်းလင်းပြင်တစ်ခု ထပ်မံဖန်တီးလိုက်သည်။ မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကြောင်းများ အလျင်စလို ထွက်ပေါ်လာပြန်လေသည်။

ဤပျက်စီးနေသော ဟင်းလင်းပြင်အား ချိုးဖောက်ရန် ကြိုးစားသည့်လူတိုင်း လေဟာနယ်နိယာမစွမ်းအားများ၏ ဖြတ်တောက်ခြင်း ခံရပေလိမ့်မည်။

သို့သော်ငြား လော့ယွမ်ကဲ့သို့ပင် ဤဟင်းလင်းပြင်ကို ဖျက်ဆီးပစ်၍ ရနိုင်သော်ငြား ထိုကဲ့သို့သာ လုပ်နိုင်မည်ဆိုပါက ရန်ကိုင် ထွက်ပြေးသွားပေလိမ့်မည်။

သင်ခန်းစာ ရထားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် မည်သူမှ ရန်ကိုင့်အား သွားရောက် စိန်မခေါ်ရဲတော့ချေ။

“ငါလာမယ် ငါလာမယ်…”

“ငါ အရင်သွားမှာကွ…”

“ဖယ်စမ်း… ငါ့ရှေ့မှာ လာပိတ်မနေနဲ့ မဟုတ်ရင် မင်းတို့ တစ်မိသားစုလုံးကို ငါသတ်ပစ်လိုက်မှာ…”

“ဘယ်သူ ငါ့ဖင်ကိုလာကိုင်သွားတာလဲ… ယောကျ်ားမဟုတ်ဘူးလား… သတ္တိရှိရင် လာရှေ့ထွက်လာခဲ့စမ်း… တကယ်ကို သောက်ကျင့်မကောင်းတဲ့ ကောင်တွေ…”

ငြိမ်သက်နေသည့် လူအုပ်ကြီးတစ်ခုလုံးသည် ရုတ်ချည်းဆိုသလို ကသောင်းကနင်း ဖြစ်ကုန်လေသည်။

“ငြိမ်ငြိမ်နေကြစမ်း… မင်းတို့ အခုလို အစုလိုက် အပြုံလိုက်ကြီး တိုးဝင်လာမနေနဲ့ တစ်ယောက်ချင်းစီ လာခဲ့… အတင်းအကြပ် တိုးဝင်လာရင် ငါ့ကို ရက်စက်တယ်ဆိုပြီး လာအပြစ်မတင်နဲ့နော်…”

ရန်ကိုင်သည် သူဖန်တီးထားခဲ့သည့် ပျက်စီးဟင်းလင်းပြင်နယ်မြေ၏ အလယ်တွင် ရပ်ရင်း အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။

ရန်ကိုင့်၏စကား ဆုံးသွားသည်နှင့် အနီးအနားတစ်ဝိုက်တွင် ရစ်ဝဲနေသော မရေမတွက်နိုင်သည့် ဟင်းလင်းပြင်အက်ကြောင်းများမှာ အတူတကွ စုစည်းသွားပြီးသည့်နောက် လူတစ်ယောက်ဝင်နိုင်သည့် အကျယ်ခန့်ရှိသော လမ်းတစ်လမ်း ဖန်တီးပေးလိုက်လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ ဝင်ပေါက်အနားတွင် ရှိနေသော ကျင့်ကြံသူသည် အထဲသို့ အလျင်စလို ပြေးဝင်သွားခဲ့လေသည်။ သူဝင်သွားပြီးသည်နှင့် တစ်ပြိုင်နက် ဝင်ပေါက်မှာ ချက်ချင်း ပြန်ပိတ်သွားခဲ့လေသည်။

အပြင်ဘက်ရှိ ဆူညံသံတို့မှာလည်း တမုဟုတ်ချည်း တိတ်ကျသွားခဲ့သည်။ အကုန်လုံးသည် အထဲသို့ ဝင်သွားသည့် ကျင့်ကြံသူကိုသာ မီးတောက်မတက် အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။

အထဲသို့ ရောက်လာပြီးသည့်နောက်တွင် ထိုလူသည် သူ့ဘေးပတ်ပတ်လည်တွင် ရှိနေသော ဟင်းလင်းပြင်အက်ကြောင်းများကို ငေးမော ကြည့်ရှုမိသည်။ ထိုဟင်းလင်းပြင်အက်ကြောင်းများ သူ့အား မတိုက်ခိုက်လာမှန်း သိလိုက်သော် ချက်ချင်းပဲ ရန်ကိုင့်ဆီသို့ အမြန်သွားလေသည်။

ရန်ကိုင့်နားသို့ ရောက်လာပြီးသည့်နောက်တွင် အားတင်းပြုံး၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ဒီတစ်ယောက်က ချန်…”

“မင်းဘယ်သူလဲ ဘယ်ကလာလဲ ငါစိတ်မဝင်စားဘူး…” ရန်ကိုင်က ဖြတ်ပြောလိုက်သည်။ “မင်းဥတုလေးမျိုးနယ်မြေထဲကနေ ရလာတဲ့ဟာတွေကို ထုတ်လိုက်… ငါကြိုက်တာ ပါမပါ ကြည့်မယ်…”

“ဟုတ် ဟုတ်…” မျိုးရိုးနာမည်ချန်နှင့်လူသည် ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ပြီးသည့်နောက် ရန်ကိုင်၏ရိုင်းပြမှုကို စိတ်ထဲထားမနေပဲ ဥတုလေးမျိုးနယ်မြေထဲမှ သူရလာသည့် ပစ္စည်းများကို ရန်ကိုင့်ရှေ့တွင် ထုတ်ပြလိုက်လေသည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် ရပ်စောင့်နေလေ၏။

ရန်ကိုင်သည် ထိုလူထုတ်ပြလာသည့် ပစ္စည်းများကို သေချာ ကြည့်ပြီးသည့်နောက် ပြန်မေးလိုက်လေသည်။ “မင်းရလာတာ ဒါအကုန်ပဲလား…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၉၅)

မျိုးရိုးနာမည်ချန်နှင့်လူက ခေါင်းညိတ်၍ “ဟုတ်ကဲ့ ဒါအကုန်ပါပဲ…”

“အဲ့ဒါဆို မင်းဟာတွေ သိမ်းပြီး ပြန်ထွက်သွားလိုက်တော့…” ရန်ကိုင်က လက်ဝှေ့ယမ်းပြလိုက်သည်။

“ဟမ်…” ထိုလူ၏ အမူအယာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး ပြန်အော်ပြောလေ၏။ “ရောင်းရင်းရန် ကျေးဇူးပြုပြီး နောက်တစ်ကြိမ်လောက်…”

“သွားတော့ သွားတော့…” ရန်ကိုင်က သူ့လက်အား ဝှေ့ယမ်းလိုက်ပြီးသည့်နောက် ဘေးနားရှိ လေဟာနယ်နိယာမ စွမ်းအားများကို ထိန်းချုပ်ကာ ထိုလူအား အပြင်သို့ ပြန်ပို့လိုက်လေသည်။

ထို့နောက် အော်ပြောလိုက်လေ၏။ “နောက်တစ်ယောက်…”

ထိုလူအသိပြန်ဝင်လာသည့်နောက်တွင် အပြင်သို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ထို့နောက်တွင် ဤကဲ့သို့သော အခွင့်ရေးကောင်းကြီးတစ်ခုအား လက်လွှတ်လိုက်ရသည့်အတွက် ခြေဆောင့်ကာ အော်ဟစ်ကျိန်ဆဲတော့လေသည်။

အခြားလူများမှာတော့ ထိုလူ၏ ကံမကောင်းမှုအပေါ် ဝမ်းသာအားရ ဖြစ်နေကြလေသည်။

သို့ရာတွင် ဝူချန်း၊ ရှောင်ချန်းနှင့် အခြားသော ပညာရှင်များမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း တည်ကြည်လေးနက် နေခဲ့ကြသည်။ အကြောင်းမှာ ရန်ကိုင်၏ လေဟာနယ်တာအိုအပေါ် ကျွမ်းကျင်မှုသည် သူတို့ထင်ထားသည်ထက်ပင် ပိုမိုမြင့်မားနေသည့် အတွက်ကြောင့်ပင် ဖြစ်ပေသည်။

ရန်ကိုင်သည် သူကိုယ်တိုင် တည်နေရာခုန်ကူးနိုင်ရုံမက အခြားသူများကိုလည်း တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းပစ်နိုင်သည်။ သို့သော်ငြား ထိုသို့လုပ်ဖို့ရာ ထိုလူအနေဖြင့် ရန်ကိုင်ဖန်တီးထားသည့် ပျက်စီးဟင်းလင်းပြင်ထဲတွင် ရှိနေရန် လိုအပ်ပေသည်။

ထိုသို့ဆိုလျှင်ပင် ရန်ကိုင်ထုတ်ပြသွားသည့် စွမ်းရည်မှာ တကယ်ကိုမှ အထင်ကြီးလေးစားစရာ ကောင်းနေဆဲပင်။ တာအိုသခင် ပထမအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးသည် လေဟာနယ်တာအိုကဲ့သို့သော တာအိုမျိုးကို ဤအတိုင်းအတာအထိ မည်ကဲ့သို့များ ကျွမ်းကျင်ထားရသနည်း။

ဤကဲ့သို့သော အရည်အချင်းမျိုး ရှိနေလေရာ တာအိုသခင်အဆင့်အတွင်း မည်သူကမျှ သူ့အား သတ်နိုင်ဦးမည်နည်း။

အကုန်လုံး၏ စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးနေစဉ် နောက်လူတစ်ဦးသည် ရန်ကိုင်ဖန်တီးထားသည့် လမ်းမှ တစ်ဆင့် သူ့ဆီသို့ ရောက်သွားလေ၏။

ဤတစ်ကြိမ်မှာတော့ အမျိုးသမီးတစ်ဦးဖြစ်ပေသည်။ သူမ ခန္ဓာကိုယ်ပေါ်တွင် သူမ မည်သည့်ဂိုဏ်းမှ လာသလဲဆိုသည်အား ခန့်မှန်းနိုင်မည့် မည်သည့်အမှတ်အသားမှ ရှိမနေခဲ့။ သူမ၏ဝတ်ရုံများမှာမူ အလွန်ကိုမှ ပေါ်ပေါ်ထင်ထင် ဖြစ်နေခဲ့လေသည်။

ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လှမ်းလိုက်တိုင်း သူမ၏စနေနှစ်ခိုင်မှာ နိမ့်ချည်မြင့်ချည် လှုပ်ခါသွားခဲ့သည်။ တစ်ချိန်တည်းတွင် ယစ်မူးဖွယ်ရာ ကိုယ်သင်းရနံ့တို့ဟာလည်း သူမဆီ ဖြာထွက်နေခဲ့လေ၏။

ရန်ကိုင့်အနားသို့ ရောက်လာပြီးသည့်နောက်တွင် သူမ၏ ရတနာများကို ဦးစွာ ထုတ်မယူသေးဘဲ နှစ်လိုဖွယ်ကောင်းစွာ ပြုံးလျက် တိုးတိုးလေး ပြောလိုက်လေသည်။ “မောင်လေး… အစ်မ ဥတုလေးမျိုးနယ်မြေထဲမှာ ဘာမှော်ရတနာ များများစားစားမှ ရမလာခဲ့ဘူး… ဒီတော့ မောင်လေးစိတ်အလိုကျအောင် အစ်မ ဘာလုပ်ပေးရမလဲ…”

ရန်ကိုင်သည် သူမ၏ရင်ဘတ်အား အဓိပ္ပာယ်ပါပါ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “ကျုပ်ကိုဘာလုပ်စေချင်လဲ…”

“မသိလို့မေးတာပေါ့ မောင်လေးရဲ့…” အမျိုးသမီးက လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ ထို့နောက် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ရာ သူမ၏ရင်ဘတ်နေရာရှိ နွေဦးရှူခင်းမှာ ပိုပို၍ ထင်ပေါ်လာခဲ့လေသည်။

“ကောင်မလေး နင်ငါ့ကို လာဖျားယောင်းနေတာလား…” ရန်ကိုင်သည် အသက်ပြင်းပြင်း ရှူသွင်းလျက် အမျိုးသမီး၏လက်ကို ဆွဲယူလိုက်လေသည်။

“ဘယ်ကသာ…” အမျိုးသမီးသည် ရန်ကိုင့်အား ဒေါတသကြီး စိုက်ကြည့်လိုက်လေသည်။ သို့သော်ငြား သူမလက်ကို ပြန်မရုတ်သိမ်းခဲ့ပေ။ ထို့အစား မည်သည့်ပုရိသယောက်ျား၏ အသည်းနှလုံးကိုမဆို အရည်ပျော်ကျသွားအောင် လုပ်နိုင်သည့် ချစ်စဖွယ်ကောင်းလှသော ရှက်သွားသည့်ပုံစံမျိုး လုပ်ပြလိုက်လေသည်။

တစ်ချိန်တည်းတွင် အမျိုးသမီး၏ခန္ဓာကိုယ်ဆီမှ မှိန်ဖျဖျ ကိုယ်သင်းရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုကိုယ်သင်းရနံ့မှာ အတော်လေးကိုမှ အားပျော့သော်ငြား ရှူရှိုက်မိလိုက်သည့် ပုရိသယောက်ျားများ၏ သွေးအား ဆူပွက်လာစေနိုင်သော အကျိုးအာနိသင်မျိုး ရှိနေခဲ့လေသည်။

“အရှက်မရှိလိုက်တာ…” ထိုမြင်ကွင်းကိုကြည့်ရင်း လန်ရွှင်းက အော်ရယ်မောလိုက်လေ၏။

“တကယ်ကို အရှက်မရှိတာ…” မုရုန်ရှောင်ရှောင်ကလည်း ပြောလိုက်သည်။

“ဒီကောင်ကွာ…” ရှရှန်းမှာမူ အံတကြိတ်ကြိတ် ဖြစ်နေခဲ့လေသည်။ ရန်ကိုင့်အား ကြိတ်မနိုင်ခဲမရ အမူအယာဖြင့် စိုက်ကြည့်ရင်း မကျေမနပ်ဖြင့် ရေရွတ်လိုက်လေ၏။ “တောက်… သူ့နေရာမှာ ငါသာ ဆိုလို့ကတော့ကွာ…”

“မောင်လေး…” အမျိုးသမီးသည် သူမအတွက် အကျိုးရှိအောင် ညှို့ဓာတ်တစ်မျိုးမျိုးကို အသုံးချချင်သော်ငြား ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူမ၏ အမူအယာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း အနောက်သို့ ပြန်ခုန်ဆုတ်ရင်း ရန်ကိုင့်အား အထိတ်တလန့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

လက်ရှိတွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ကိုင်လျက် သူ့ကောင်းကင်စိတ်အာရုံဖြင့် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်နေခဲ့သည်။

အမျိုးသမီးသည် သူမလက်ကို ပြန်ငုံ့ကြည့်လိုက်ပြီးသည့်နောက် ပို၍ မျက်နှာပျက်သွားခဲ့သည်။ ဘယ်ချိန်တည်းကမှန်းမသိ သူမလက်တွင် စွပ်ထားသော သိုလှောင်လက်စွပ်မှာ ပျောက်ချင်းမလှ ပျောက်နေကြောင်း တွေ့လိုက်ရသည်။

သူမ၏ သိုလှောင်လက်စွပ်ကို ရန်ကိုင် မည်ကဲ့သို့ ချွတ်ယူသွားသလဲ ဆိုသည်ကို အမျိုးသမီး လုံးဝ သတိမပြုမိလိုက်ပေ။

“ငါထင်ထားတဲ့အတိုင်းပဲ ဘာပစ္စည်းကောင်းမှ ရှိမနေဘူးပဲ…” ထိုသို့ရေရွတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို အမျိုးသမီးထံသို့ ပြန်ပစ်ပေးလိုက်လေ၏။

သိုလှောင်လက်စွပ်ကို ရပြီးသည့်နောက်တွင် အမျိုးသမီးသည် အံကိုကြိတ်ရင်း အလွန်ကိုမှ ဒေါသူပုန်ထနေသည့် လေသံဖြင့် “နင်…”

“ခင်ဗျားမှာ အတွင်းခံကောင်းကောင်းလေးတွေ ရှိနေတာပဲ… အကုန်လုံးကလည်း တော်တော်လေးမိုက်တယ်…. ဒါပေမဲ့ အခုလိုချိန်မျိုးမှာတော့ အဲ့ဒါတွေက လေ့လာဖို့ မကောင်းသေးဘူး နောက်ပိုင်း အချိန်ရမှ အတူထိုင်ပြီး အဲ့အကြောင်းလေးဘာလေး ဆွေးနွေးကြတာပေါ့” ရန်ကိုင်သည် အမျိုးသမီးက ပြုံးကာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

“ဘယ်သူက နင်နဲ့ အတူ ထိုင်ချင်လို့လဲ… ခွေးသူတောင်းစားကောင်… သူတောင်းစားကောင်… အစုတ်ပလုတ်ကောင်…” အမျိုးသမီးမှာ အလွန်ကိုမှ ရှက်နေခဲ့လေသည်။ ရှက်ရှက်ဖြင့် ခြေဆောင့်ရင်း ထိုနေရာမှ ပြေးထွက်သွားလေတော့သည်။

အခြားသူများမှာ၏ လှောင်ပြောင်နေသည့် အကြည့်ကြောင့် ဤနေရာတွင် တစ်စက္ကန့်လေးမှပင် ထပ်မနေချင်တော့ချေ။

ရန်ကိုင်ကမူ နှာခေါင်းကို ပွတ်ရင်း ရေရွတ်လိုက်လေသည်။ “မထိုင်ချင်ဘူးဆိုရင်လည်း မထိုင်ချင်ဘူးပေါ့… ဘာလို့ ဒီလောက်ထိတောင် ကျိန်ဆဲသွားရတာလဲ…” ထိုသို့ ရေရွတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်ဆစ်ချိုး၍ အော်ပြောလိုက်လေ၏။ “နောက်တစ်ယောက်…”

ချက်ချင်းဆိုသလို နောက်ထပ်လူတစ်ဦး ဝင်လာခဲ့လေသည်။ အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ရာ မကြာမီ နာရီဝက် ကုန်သွားခဲ့လေသည်။ အဆုံးမဲ့ရတနာဆေးလုံးနှင့် အချင်းချင်း လဲလှယ်ရန်အတွက် ရန်ကိုင့်ဆီသို့ လာရောက်သည့် လူအရေအတွက်မှာ သုံးဆယ်ကျော်သွားခဲ့ပြီ ဖြစ်သော်ငြား ယခုအချိန်အထိ ရန်ကိုင် စိတ်ကျေနပ်လောက်မည့် ပစ္စည်း ရှိနေသည့် လူတစ်ဦးမှ ပေါ်မလာခဲ့သေးပေ။

အစပိုင်းတွင် လူတိုင်းမှာ အဆုံးမဲ့ရတနာဆေးလုံး မလောက်မည်ကို စိုးရိမ်ခဲ့သည်။ သို့သော်ငြား ယခုမူ သူတို့စိုးရိမ်နေသည်မှာ အပိုသက်သက်သာ ဖြစ်နေကြောင်း သိလိုက်ရလေသည်။

ရန်ကိုင်လိုအပ်သည့် ရတနာများမှာ အလွန်တရာကိုမှ ရှားပါးလွန်းလှသည်။ ထို့ကြောင့်သာ မဟုတ်လျှင် လူသုံးဆယ်ကျော်သွားသည့်တိုင် မည်သူမှ ဘာကြောင့်များ အဆုံးမဲ့ရတနာဆေးလုံးအား မရရှိသေးဘဲ နေမည်နည်း။

ထိုသို့မှန်းသိသွားပြီးသည့်နောက်တွင် အခြားသူများလည်း အလျင်လိုမနေကြတော့ချေ။ အကုန်လုံးမှာ ရန်ကိုင်စိတ်ကျေနပ်လောက်အောင် မည်ကဲ့သို့သော ရတနာများ ထုတ်ပြလျှင် ကောင်းမလဲဆိုသည်ကိုသာ စတင် စဉ်းစားနေကြတော့သည်။

ရန်ကိုင်သည် ဥတုလေးမျိုးနယ်မြေထဲမှ သူတို့ရလာသည့် ပစ္စည်းအမျိုးမျိုးကို လိုချင်သည်ဟု ပြောခဲ့သော်ငြား မည်သို့သော မှော်ရတနာဖြစ်သလဲဆိုသည်ကိုမူ အတိအကျ မပြောခဲ့ချေ။ ထို့ပြင်ဤနေရာရှိ လူတိုင်းမှာ တာအိုသခင်အဆင့် ပညာရှင်များ ဖြစ်နေလေရာ သူတို့၏ သိုလှောင်လက်စွပ်ထဲတွင် အဖိုးတန်များ ရတနာများ မရှိဘဲ ဘယ်နေမည်နည်း။

ထို့အတွက်ကြောင့် နောက်ပိုင်းကျင့်ကြံသူများသည် ဥတုလေးမျိုးထဲမှ ရလာသည့် ရတနာများကိုသာလျှင် မဟုတ်တော့ဘဲ ယခင်တည်းက ရှိပြီးသား အဖိုးတန်ရတနာများကိုပါ ထုတ်ပြလာလေတော့သည်။

သူတို့ထုတ်ပြလာသည့် ရတနာများ၏ တန်ဖိုးမှာ အမှန်တကယ်ကို မနိမ့်ကျပေ။ အချို့ဆိုလျှင် ရန်ကိုင့်ကိုပင်လျှင် လိုချင်စိတ်ဖြစ်အောင် လုပ်နိုင်ပေသည်။

သို့သော်ငြား ရန်ကိုင်ကမူ လိုချင်စိတ်များကို ချုပ်တည်းထားခဲ့ပေသည်။ အကြောင်းမှာ သူ့တွင် ရှိနေသည့် အဆုံးမဲ့ရတနာဆေးလုံးအရေအတွက်မှာ အလွန်ကိုမှ နည်းသည့် အတွက်ကြောင့်ပင်။

ထို့အတွက်ကြောင့် အဆုံးမဲ့ရတနာဆေးလုံးများကို အမှန်တကယ် လိုအပ်နေသည့် အရာအတွက်သာ လဲလှယ်ရပေမည်။ ထိုအရာမှာ အခြားမဟုတ်၊ ကပ်ဘေးအသီးသာ ဖြစ်လေသည်။

အဆုံးမဲ့ရတနာဆေးလုံးအားလုံးကို သူ့အတွက် သိမ်းထားမည်ဟု ရည်ရွယ်ထားပြီး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် အဆုံးမဲ့ရတနာဆေးလုံး တစ်လုံးသာ လဲလှယ်ပေမည်။ ထိုလဲလှယ်မည့် ပစ္စည်းမှာ ကပ်ဘေးအသီးသာ ဖြစ်သည်။

အဆုံးမဲ့ရတနာဆေးလုံးကို လိုချင်သည့် အတွက်ကြောင့် မည်သူမှ သူတို့၏ အဖိုးတန်ရတနာများကို ဖုံးကွယ်ထားမနေကြတော့ချေ။ တစ်နည်းဆိုရသော် ရန်ကိုင်လိုချင်နေသည့် ကပ်ဘေးအသီးသည် အနှေးနှင့်အမြန်ဆိုသလို ပေါ်လာပေလိမ့်မည်။ သူ့အနေဖြင့် စိတ်ရှည်ဖို့သာ လိုအပ်၏။

“ရောင်းရင်းရန်… ဒီထဲမှာ ရောင်းရင်းရန် လိုချင်နေတဲ့ ပစ္စည်းရှိမရှိ တစ်ချက်လောက် ကြည့်ကြည့်ပါလား…” ရန်ကိုင် အတွေးနက်နေစဉ် အမျိုးသမီးတစ်ဦးသည် အထဲသို့ လျှောက်ဝင်လာပြီး သူမ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို ဖြန့်ချပစ်လိုက်လေသည်။

ရန်ကိုင်လည်း ထိုပစ္စည်းများကို စတင်စစ်ဆေးကြည့်တော့လေ၏။ “ဟမ်…” ထိုသို့စစ်ဆေးနေစဉ်မှာပင် ပစ္စည်းတစ်ခုသို့ အရောက်တွင် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ ထိုအရာမှာ ကပ်ဘေးအသီးမဟုတ်။ သို့သော်ငြား ထိုပစ္စည်းကို သူအတော်လေး စိတ်ဝင်စားနေမိသည်။

ထိုပစ္စည်းကို မြင်ပြီးသည့်နောက်တွင် သူ၏ ခန့်မှန်းချက်များအနက် တစ်ခုမှာ တပိုင်းတစ မှန်ကန်သွားခဲ့ပြီဟု ပြော၍ ရသည်။ ရန်ကိုင့်စိတ်ထဲ အတော်လေးကိုမှ အံ့အားသင့်နေမိသော်ငြား မျက်နှာအမူအယာကိုမူ ဟန်မပျက်အောင် ထိန်းထားခဲ့လေသည်။

ထိုပစ္စည်းအား အချိန်အတော်ကြာအောင် စိုက်ကြည့်မနေဘဲ ချက်ချင်းပဲ အကြည့်လွှဲဖယ်၍ အခြားပစ္စည်းများကို လိုက်လံစစ်ဆေးကြည့်သည်။

အမျိုးသမီး ထုတ်ပြလာသည့် ပစ္စည်းများအနက် ဆေးပင်များစွာ ပါဝင်နေသည်။ ထိုဆေးပင်များမှာ ရှားပါးသော်ငြား အရမ်းကြီး အဖိုးတန်နေသည်တော့ မဟုတ်။ အရည်အသွေးကောင်းသည့် မွန်းစတားသားရဲရှစ်ကောင်၏ အမြုတေလည်း ရှိနေခဲ့သည်။ သို့သော်ငြား ထိုအမြုတေများ၏ အဆင့်မှာသိပ်မမြင့်လှ။

နောက်ဆုံးအနေဖြင့် ထူးဆန်းသောပုံစံခွက်များ ရှိနေပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပါက အားကောင်းသည့် အပူဓာတ်ကို ခံစားနေရသော ထူးဆန်းသည့် အနီရောင်ကျောက်တုံးတစ်တုံး ရှိနေခဲ့လေသည်။ ထိုကျောက်တုံးကို မြင်ပြီးသည့်နောက် ရန်ကိုင် တစ်ခုခုအား ချက်ချင်း စဉ်းစားမိသွားလေသည်။ “မီးဝိဉာဉ်ကျောက်တုံးလား…”

အမျိုးသမီးမှာ အံ့အားသင့်သွားခဲ့ပြီး နောက်သို့ အလျင်စလို ဆုတ်လိုက်ရင်း ရန်ကိုင့်အား ဝမ်းသာတကြီး ကြည့်ကာ ပြောလိုက်လေသည်။ “ရှင်ဒါကို လိုချင်တာလား…”

ဤနေရာကိုဝင်လာစဉ်က အမျိုးသမီးသည် အရမ်းကြီး မျှော်လင့်ချက် မထားခဲ့ချေ။ သူမရှေ့ရှိ လူသုံးဆယ်တွင်ပင်လျှင် ရန်ကိုင်လိုချင်နေသည့် ပစ္စည်း ရှိမနေခဲ့သည် မဟုတ်လော။

ရန်ကိုင် မည်ကဲ့သို့သော ပစ္စည်းအား လိုချင်နေသလဲ မသိသည့် အတွက်ကြောင့် သူလိုချင်နေသည့် ပစ္စည်းကို ရှာတွေ့ဖို့ရာ အလွန်ကိုမှ ခက်ခဲလှပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့် အလဲအလှယ်လုပ်ရာတွင် သူတို့၏ ကံကိုသာ မှီခိုရတော့သည်။

သို့သော်ငြား သူမ မတော်တဆ ကောက်ယူလာခဲ့သည့် ကျောက်တုံးတစ်တုံးကို ရန်ကိုင် စိတ်ဝင်စားသွားလိမ့်မည်ဟု အမျိုးသမီး မထင်ထားခဲ့ချေ။

အကုန်လုံးသာ ချောချောမွေ့မွေ့ ပြီးသွားမည်ဆိုပါက သူမအနေဖြင့် အဆုံးမဲ့ရတနာဆေးလုံးတစ်လုံးအား ရနိုင်ချေ ရှိပေသေးသည်။

ထိုမြင်ကွင်းကို ကြည့်နေသည့် အပြင်ဘက်မှ ကျင့်ကြံသူများမှာလည်း အံ့အားသင့်သွား ကုန်ကြလေသည်။ လူပေါင်းများစွာ၏ ရတနာပစ္စည်းများကို မြင်ခဲ့သည့်တိုင် တစ်ချက်ကလေးမှပင် စိတ်ဝင်စားမှု မပြခဲ့သော ရန်ကိုင့်အား ဤကဲ့သို့ စိတ်ဝင်စားလာအောင် လုပ်နိုင်သည့် ပစ္စည်းကို အကုန်လုံး သိချင်မိသွားခဲ့သည်။

သို့သော်ငြား မရေမတွက်နိုင်သည့် ဟင်းလင်းပြင်နိယာမများကြောင့် အထဲရှိ အခြေအနေကို သူတို့ သေချာ လှမ်းမမြင်နိုင်ကြပေ။

ရန်ကိုင် အမျိုးသမီးအား မော့ကြည့်လာရာ အမျိုးသမီးသည် ချိုသာပြီး ချစ်စဖွယ်ကောင်းလှသော မျက်နှာဝိုင်းဝိုင်းလေးနှင့် သေးသွယ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြောင်း တွေ့လိုက်ရသည်။

သူမ၏ ကျင့်ကြံခြင်းမှာလည်း မြင့်မားခြင်း မရှိ။ တာအိုသခင် ဒုတိယအဆင့်သို့သော ရောက်ပေသေးသည်။ သို့သော်ငြား သူမ မည်သည့် ဂိုဏ်းမှ လာသလဲဆိုသည်ကိုမူ ပြောရခက်လှသည်။

အမျိုးသမီးက အလျင်စလို ရှင်းပြလိုက်လေသည်။ “အဲ့ဒါကို ဂိမာန်နယ်မြေထဲမှာ မတော်တဆ ရှာတွေ့ခဲ့တာ…”

“ဒါက တကယ် ပစ္စည်းကောင်းတစ်ခုပဲ..” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“တကယ်လား…” အမျိုးသမီးသည် အံ့အားသင့်သွားခဲ့လေသည်။ “အဲ့ဒါဆို ကျွန်မတို့…”

“မရသေးဘူး…” ရန်ကိုင်က ခေါင်းခါလိုက်သည်။

“ဟမ်…” အမျိုးသမီး ချက်ချင်းကို စိတ်ပျက်သွားတော့လေသည်။

“ရန်ကိုင်… မင်းအကန့်အသတ်ကို မင်းသိနော်…” အပြင်ဘက်တွင် ရှိနေသော လော့ယွမ်သည် ရန်ကိုင့်၏ လုပ်ပုံနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်သွားသည့်အလား ဒေါသတကြီး ထအော်လေ၏။

“မင်းပါးစပ်ကို ပိတ်ထားလိုက်…” ရန်ကိုင်သည် လော့ယွမ်အား ခပ်ပြတ်ပြတ် အမူအယာဖြင့် စိုက်ကြည့်ရင်း “မင်းအပူမပါဘဲ လာပြောမနေနဲ့… ကိုယ့်ကိစ္စကိုယ် အာရုံစိုက်နေ…”

All Chapters