အခန်း (၂၁၉၆-၂၂၀၀)
Vol. 88 Ch. 2196-2200
အပိုင်း (၂၁၉၆)
လော့ယွမ်အား ပြန်အော်ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးဘက်သို့ လှည့်၍ ပြန်ပြောလိုက်လေ၏။ “အဆုံးမဲ့ရတနာဆေးလုံးရဲ့ အာနိသင်ကို သိတယ်မလား…”
အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။ “သိပါတယ်..”
“ဒါဆို အဲ့ဆေးလုံး ဘယ်လောက်အဖိုးတန်လည်း သိမှာပေါ့…”
အမျိုးသမီး ခေါင်းထပ်ညိတ်ပြလိုက်သည်။
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုမှတေ့ာ ဒီမီးဝိဉာဉ်ကျောက်တုံးတစ်တုံးနဲ့ အဆုံးမဲ့ရတနာဆေးလုံးကို လဲလို့ရမယ်လို့ ထင်လား…”
အမျိုးသမီးက ရှက်ရှက်ဖြင့် နှုတ်ခမ်းလေးကို ကိုက်ရင်း ပြန်ပြောလိုက်လေသည်။ “မထင်ပါဘူး…”
“အဲ့ဒါပဲ… ရတနာနှစ်ခုရဲ့ တန်ဖိုးက ဘယ်လိုမှကို ယှဉ်လို့မရဘူး… ခင်ဗျားရဲ့ မီးဝိဉာဉ်ကျောက်တုံးကို ကျုပ်စိတ်ဝင်စားတယ်ဆိုပေမဲ့ အဲ့ဒါနဲ့ အဆုံးမဲ့ရတနာဆေးလုံးကို လဲလိုက်လို့ရှိရင် ကျုပ်အရှုံးကြီး ရှုံးသွားမှာပေါ့…” ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်က ဆက်ပြောလိုက်သည်။
“အရူးတစ်ယောက်ပဲ မီးဝိဉာဉ်ကျောက်တုံးနဲ့ အဆုံးမဲ့ရတနာဆေးလုံးကို လဲလိမ့်မယ်…”
“အဲ့ဒါဆိုရင် ရှင်ဘာလိုချင်သေးလဲ… ရှင်လိုချင်တာ အခြားဟာ ရှိသေးလား… ရှိရင် ကျွန်မ ပေးလို့ရတယ်…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
သူမသည် အရူးတစ်ယောက် မဟုတ်သည့်အတွက်ကြောင့် ရန်ကိုင် ဘာပြောချင်သလဲဆိုသည်ကို နားလည်ပေသည်။ ရန်ကိုင်သည် မီးဝိဉာဉ်ကျောက်တုံးနှင့် အဆုံးမဲ့ရတနာဆေးလုံးကို လဲလှယ်လိုက်လျှင် သူ့အတွက် အရှုံးကြီးရှုံးလိမ့်မည်ဟု ပြောခဲ့သည်။ ဆိုလိုသည်မှာ သူမနှင့် မလဲလှယ်ဘူးဟု ဆိုလိုခြင်းမဟုတ်။
မီးဝိဉာဉ်ကျောက်တုံးနှင့် လဲလှယ်ချင်ပေသည်။ သို့သော်ငြား မီးဝိဉာဉ်ကျောက်တုံး၏ တန်ဖိုးသည် အဆုံးမဲ့ရတနာဆေးလုံး၏ တန်ဖိုးနှင့် တူညီမနေသည့်အတွက် သူမအနေဖြင့် အခြားသော တန်ဖိုးရှိပစ္စည်းများကို ထပ်ပေါင်းပေးရပေလိမ့်မည်။
အဲ့ဒီဆိုလိုရင်းကို နားလည်ပြီးသည့်နောက်တွင် အမျိုးသမီးက အံကြိတ်၍ ပြောလိုက်လေသည်။ “ရှင်လိုချင်ရင် ဒါတွေအကုန်လုံးကို ကျွန်မပေးလို့ရတယ်…”
“အိုး….” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး အတွေးနက်သွားခဲ့လေသည်။
ရှင်းရှင်းပြောရလျှင် အမျိုးသမီး ထုတ်ယူလာလိုက်သည့် ပစ္စည်းများ၏ တန်ဖိုးမှာ နိမ့်ကျခြင်းမရှိ။ သို့သော်ငြား အဆုံးမဲ့ရတနာဆေးလုံးနှင့် ယှဉ်လိုက်လျှင်တော့ အနည်းငယ်လိုအပ်နေပေသေးသည်။
မည်သို့ပင် ဖြစ်နေစေကာမူ ရန်ကိုင်လိုချင်နေသည့် ပစ္စည်းသည်သာ သူထင်ထားသကဲ့သို့သော အကျိုးအာနိသင်မျိုး ရှိနေမည်ဆိုပါက ထိုပစ္စည်းတစ်ခုတည်းနှင့်ပင်လျှင် အဆုံးမဲ့ရတနာဆေးလုံးအား လဲပေးနိုင်ပေသည်။
“မလုံလောက်သေးဘူးလား…” အမျိုးသမီးမှာ အဆုံးမဲ့ရတနာဆေးလုံးအား အလွန်ကိုမှ လိုချင်နေမိသည်။ ထို့ကြောင့် ရန်ကိုင်၏ တုံ့ဆိုင်းနေသည့် အမူအယာကို မြင်သော် သူမစိတ်ထဲ ဂနာမငြိမ် ဖြစ်လာခဲ့လေသည်။
“အရင်းအမြစ်ကျောက်ပါ ထပ်ထည့်ပေးမယ်လေ… ဘယ်လိုလဲ…”
ရန်ကိုင် ပြန်မပြောနိုင်သေးခင်မှာပင် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ အရင်းအမြစ်ကျောက်များကို ထုတ်ကာ ရန်ကိုင့်ရှေ့တွင် ပုံချပေးလိုက်လေ၏။
“ကျွန်မမှာ ရှိတဲ့ အရင်းအမြစ်ကျောက် အကုန်ပဲ…”
“ဟုတ်ပြီလေ…” ထိုအချင်းအရာကို မြင်သော် ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။ “ခင်ဗျားဘက်က ရိုးသားပြနေမှတော့လည်း ကျုပ်ကလည်း လဲပေးရတာပေါ့…”
“တကယ်လား…” အမျိုးသမီးအသံ ကတုန်ကယင် ဖြစ်သွားခဲ့သည်။ သူမခဗျာ ပျော်လွန်းသဖြင့် ထတောင် ခုန်ချင်မိလာခဲ့လေသည်။ သူမတကယ်ကြီး အောင်မြင်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
တကယ်တော့ ဤနေရာသို့ ရောက်လာကြသည့် လူပေါင်းများစွာသည်ပင်လျှင် ရန်ကိုင်လိုချင်သည့် ပစ္စည်းအား ထုတ်မပြနိုင်ခဲ့ဘူး မဟုတ်လေလော။
ထို့ကြောင့် သူမသည်လည်း အရမ်းကြီး မျှော်လင့်ထားခဲ့ခြင်း မရှိ။ ဖြစ်လာမည့် ကိစ္စအားလုံးကို ကံအပေါ်သို့သာ ပုံအပ်ထားခဲ့သည်။
သို့သော်ငြား တိုက်တိုက်ဆိုင်ဆိုင်ပင် စိုင်ကော်၍ ခြုံပေါ်ရောက်သည်ဟူသော အဖြစ်မျိုးနှင့် လာကြုံရလေသည်။ အမျိုးသမီးသည် ဝမ်းသာလွန်းသွားသဖြင့် သူမ၏ပါးစပ်ကို လက်ဖြင့် ပိတ်ရင်း မငိုမိအောင် မနည်းထိန်းထားနေခဲ့ရလေသည်။
ရန်ကိုင်သည် ဆေးမီးဖို အဖုံးကို ဖွင့်လျက် အထဲမှ အဆုံးမဲ့ရတနာဆေးလုံးတစ်လုံးကို ထုတ်ကာ အမျိုးသမီးလက်ထဲသို့ ထည့်ပေးလိုက်လေသည်။
“ရော့… ဒီမှာ အဆုံးမဲ့ရတနာဆေးလုံး…”
အမျိုးသမီးသည် ကတုန်ကယင်ဖြင့် ထိုဆေးလုံးအား လှမ်းယူလိုက်ပြီးသည့်နောက် အသေအချာ စစ်ဆေးကြည့်လေသည်။
ရန်ကိုင်သည်လည်း အမျိုးသမီး ထုတ်ပြထားသည့် ရတနာများနှင့် အရင်းအမြစ်ကျောက်အားလုံးကို သူ့သိုလှောင်လက်စွပ်ထဲသို့ စတင်၍ ထည့်သွင်းလေသည်။
သို့သော်ငြား သိပ်၍မသိသာသော ဝါကျင့်ကျင့် ဓာတ်လုံးတစ်လုံးအား လှမ်းယူလိုက်သည့် အခိုက်တွင် သူ့အရင်းအမြစ်ချီနှင့် ကောင်းကင်စိတ်အာရုံကို ထိုထဲသို့ မသိမသာ ထည့်သွင်းကြည့်လိုက်သည်။
သို့သော်ငြား မည်သည့်တုံ့ပြန်မှုမှ မရခဲ့ပေ။ ထိုသို့ဖြစ်သွားသည့်အခိုက် ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ထိုဓာတ်လုံးအား အလျင်စလို သိမ်းလိုက်လေ၏။
တစ်ချိန်တည်းတွင် အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူများမှာမူ ဝရုန်းသုန်းကား ဖြစ်နေကုန်ကြလေသည်။ အကုန်လုံးသည် မီးတောက်မတတ် အကြည့်များဖြင့် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးအား လှမ်းကြည့်နေကြလေသည်။
အမျိုးသမီး မည်သို့သော ရတနာများကို ထုတ်၍ ရန်ကိုင်နှင့် အလဲအလှယ် လုပ်ခဲ့သလဲဆိုသည်ကို သူတို့မသိကြသော်ငြား အမျိုးသမီး အဆုံးမဲ့ရတနာဆေးလုံး တစ်လုံးအား ရသွားသည်မှာတော့ သေချာပေသည်။
ထိုအဆုံးမဲ့ရတနာဆေးလုံးသာ ရန်ကိုင့်လက်ထဲတွင် ရှိနေမည်ဆိုပါက မည်သူမှ သွားရောက် လုယူရဲကြလိမ့်မည် မဟုတ်သော်ငြား အမျိုးသမီးလက်ထဲတွင် ဆိုပါတော့ ထိုကဲ့သို့ မဟုတ်တော့ချေ။ သူမသည် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
ထို့အတွက်ကြောင့် လူပေါင်းများစွာသည် သူမအား စတင်ပစ်မှတ်ထားလာ ကြလေတော့သည်။
မကြာမီ သူ့ရှေ့တွင် ရှိနေသော ပစ္စည်းအားလုံးကို ရန်ကိုင် သိမ်းလို့ ပြီးသွားခဲ့လေသည်။ အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူများကို ကြည့်ပြီးသည့်နောက် ရန်ကိုင်သည် မျက်နှာဝိုင်းဝိုင်းဖြင့် အမျိုးသမီးဘက်သို့ လှည့်၍ သက်ပြင်းချကာ ပြောလိုက်လေသည်။
“မိန်းကလေး…”
“ရောင်းရင်းရန် ဘာများပြောချင်လို့လဲမသိဘူး…”
အမျိုးသမီးသည် ပျော်နေရာမှ အသိပြန်ဝင်လာ ပြီးသည့်နောက် ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်လေသည်။
“ကျုပ်ခင်ဗျားကို တစ်ခု ပြောချင်တယ်…” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။
“ဘာပြောမလို့လဲ…”
“သာမန်လူတစ်ဦးက အပြစ်ကင်းပေးမယ့် ရတနာတွေ ပိုင်ဆိုင်လာခဲ့ရင်တော့ သူ့အလိုလို လူအမုန့်ကို ခံလာရတတ်တယ်နော်…” ရန်ကိုင်က ပြောလိုက်သည်။
ရန်ကိုင့်စကားကြောင့် အမျိုးသမီး အံ့အားသင့်သွားခဲ့လေသည်။ သို့သော် ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင် ပြောချင်သည့် ဆိုလိုရင်းကို နားလည်သွားသည့်အခါ ကျေးဇူးတင်တကြီးဖြင့် ခေါင်းညိတ်လိုက်လေသည်။
“အခုလိုသတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…”
ရန်ကိုင်က ခေါင်းညိတ်ကာ ပြောလိုက်လေ၏။ “နားလည်လို့ရှိရင် ဒီဆေးလုံးကို အခုချက်ချင်း သောက်လိုက်တာ ကောင်းလိမ့်မယ်… ကျုပ်ပြောခဲ့သလိုပဲ အဆင့်ချိုးဖြတ်တဲ့အချိန်မှ ဒီဆေးလုံးကို သောက်ဖို့ မလိုဘူး…အဲ့အစား စောစော သောက်ထားတာ ပိုကောင်းတယ်… အခုလောလောဆယ် ခင်ဗျားကျင့်ကြံခြင်းက တာအိုသခင် ဒုတိယအဆင့်ပဲ ရှိသေးတာဆိုတော့ ဒီအချိန်မှာသောက်လိုက်တာ အကောင်းဆုံးပဲ… ခင်ဗျား စိတ်ချတယ်ဆိုရင် ဒီရန် ခင်ဗျားကို ကာကွယ်ပေးထားလို့ ရတယ်”
“မလိုပါဘူး မလိုပါဘူး…” အမျိုးသမီးသည် သူမလက်ကို ကမန်းကတန်း ဝှေ့ယမ်း၍ တိုးတိုးလေး ပြောလိုက်လေ၏။ “ကျွန်မ ဒီဆေးလုံးကို အခြားနေရာမှာ သုံးစရာ ရှိလို့ပါ…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “အဲ့လိုဆိုလည်း ခင်ဗျားသဘောပဲပေါ့…”
“ဆေးလုံးနဲ့လဲပေးတာပဲ ကျေးဇူးအများကြီးတင်ပါတယ်… ရောင်းရင်းရန်က တကယ်ကို လူကောင်းတစ်ယောက်ပဲ…” အမျိုးသမီးသည် ချိုသာစွာ ပြုံးလိုက်ပြီးသည့်နောက် ထိုနေရာမှ လှည့်ထွက်သွားလေသည်။
သူမ၏ကျောပြင်ကိုကြည့်ရင်း ရန်ကိုင် ကူကယ်ရာမဲ့စွာဖြင့်သာ ရန်ကိုင် သက်ပြင်းချလိုက်သည်။ ပြောသင့်သည်ကို ပြောပြီးသွားခဲ့ပြီ ဖြစ်ပေသည်။ သို့သော်ငြား တစ်ဖက်လူသည် သူ့အကြံပေးချက်ကို နားမထောင်ချင်လိုမှဖြင့် သူကလည်း ဆက်ပြောနေတော့လိမ့်မည်မဟုတ်။
သူပြောခဲ့သလိုပင် ဤဆေးလုံးသည် သူမအတွက် ကျိန်းသေ ပြဿနာများစွာကို ယူဆောင်လာပေးလိမ့်မည်။ ဤပြဿနာအား ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ အဆုံးမဲ့ရတနာဆေးလုံးကို အခုချက်ချင်း သောက်သုံးလိုက်ခြင်းပင်လျှင်။
ထိုသို့မဟုတ်ဘဲ အခြားနည်းလမ်းတစ်ခု ရှာချင်သေးသည် ဆိုလျှင်တော့ ဝူချန်း၊ ရှောင်ချန်ကဲ့သို့သော ခွန်အားမျိုး ရှိထားရန် လိုအပ်ပေသည်။ သို့မှသာ အခြားသူများ လာလုရဲကြလိမ့်မည် မဟုတ်။
အခြေအနေမှာ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့လေသည်။ အမျိုးသမီး အပြင်သို့ ရောက်မလာသေးခင်မှာပင် လူပေါင်းများစွာသည် သူမဆီသို့ ဝိုင်းအုံလာခဲ့ကြလေ၏။
ထိုလူများ၏လုပ်ရပ်မှာ အလွန်ကိုမှ ရွံစရာ ကောင်းသော်ငြား ဤကိစ္စသည် အဆုံးမဲ့ရတနာဆေးလုံးနှင့် ပတ်သက်နေသည့် အတွက်ကြောင့် မည်သူမှ သူတို့၏လုပ်ရပ် အောက်တန်းကျမကျကို ဂရုစိုက်နေကြတော့လိမ့်မည် မဟုတ်ချေ။
သူမ၏အခြေအနေကို သူတို့ သတိပြုမိလိုက်သော် အမျိုးသမီးသည် ဖဲကြိုးကဲ့သို့သော မှော်ရတနာတစ်ခုကို ထုတ်၍ အော်ပြောလိုက်လေသည်။ “အကုန်လုံး… ဂျူနီယာညီမ ရှင်တို့နဲ့ ရန်သူမဖြစ်ချင်ပါဘူး… ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်မကို ပြဿနာများအောင် လာမလုပ်ပါနဲ့…”
လူအချို့မှာတော့ သူမ၏ စကားကို ကြားပြီးသည့်နောက် တုံ့ဆိုင်းသွားကြသော်ငြား အများစုမှာမူ သူမစကားကို လုံးဝ ဂရုမစိုက်ကြချေ။
ထိုစကားကို ပြောပြီးပြီးချင်းမှာပင် အမျိုးသမီးသည် ရန်ကိုင့်၏ ဟင်းလင်းပြင်နိယာမ စွမ်းအား လွှမ်းခြုံနေသည့် နေရာမှ အပြင်သို့ ရောက်လာခဲ့လေသည်။
တစ်ချိန်တည်းဆိုသလို အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“အဆုံးမဲ့ရတနာဆေးလုံးကို ပေးစမ်း..”
“အဆုံးမဲ့ရတနာဆေးလုံးကို ပေးရင် နင့်အသက်ကို ချမ်းသာပေးမယ်…”
“ကောင်မလေး ပြောတဲ့အတိုင်း လုပ်လိုက်နော်… ပြီးတော့မှ ငါတို့ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့…”
အော်သံများနှင့်အတူ ကျင့်ကြံသူပေါင်းများစွာ သူမဆီသို့ ပြေးဝင်လာကြလေသည်။ ထိုလူများသည် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏မှော်ရတနာများနှင့် ကျင့်စဉ်များကို တစ်ပြိုင်တည်း ထုတ်သုံးလိုက်ကြသည်။
ထိုအချင်းအရာကို မြင်သော် အမျိုးသမီး၏ မျက်နှာထက် ထိတ်လန့်တုန်လှုပ်ရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်ငြား အရမ်းကြီး တုန်လှုပ်နေခြင်း မရှိဘဲ သူမ၏အရင်းအမြစ်ချီကို သေချာထိန်းချုပ်၍ သူမလက်ထဲရှိ ဖဲကြိုးမှော်ရတနာဖြင့် တိုက်ခိုက်လိုက်လေသည်။
ချက်ချင်းဆိုသလို ဖဲကြိုးမှော်ရတနာသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး သူမပတ်ပတ်လည်၌ ရောင်စုံအကာအရံတစ်ခုကို ဖန်တီးပေးလိုက်လေသည်။ အမျိုးသမီး လုပ်ချင်နေသည်မှာ ထိုလူများနှင့် တိုက်ခိုက်လိုခြင်း မဟုတ်ဘဲ ဤနေရာမှ မြန်မြန် ထွက်သွားနိုင်ရန်သာ ဖြစ်လေသည်။
သူမ၏လုပ်ရပ်မှာ မှန်ကန်သော်ငြား သူမ၏ခွန်အားသည် ဤလူအုပ်ကြီးအား မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။
“ဘုန်း ဘုန်း ဘုန်း…” ပေါက်ကွဲသံများနှင့်အတူ အမျိုးသမီးပတ်လည်တွင် ဖန်တီးထားသော အကာအရံမှာ တမုဟုတ်ချည်း ပျက်စီးသွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်လေးဟာလည်း ဥက္ကာခဲတစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့လေသည်။
ချက်ချင်းဆိုသလို လူပေါင်းများစွာသည် လောဘတကြီးဖြင့် သူမနောက်သို့ ပြေးလိုက်သွားကြလေသည်။
ထိုအချင်းအရာကိုမြင်သော် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီး ထိတ်လန့်တုန်လှုပ်လာခဲ့လေသည်။ အမျိုးသမီး၏ ခန္ဓာကိုယ်သည် မြေပြင်နှင့် သွားဆောင့်လေ၏။ အမျိုးသမီးမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ခြင်း မရှိသည့်အတွက်ကြောင့် အနည်းငယ်ကြိုးစားပြီးသည့်နောက် ပြန်ထရပ်လာနိုင်ခဲ့သည်။
သို့သော်ငြား သူမထရပ်လာနိုင်သည့် အချိန်မှာ နောက်ကျလွန်းနေခဲ့လေပြီ။ သူမနောက်သို့ လိုက်လာနေသည့် လူအားလုံးမှာ သူမအား မီသွားခဲ့လေပြီ။ အမြန်ဆုံးသော တစ်ဦးသည် သူ၏ဓါးရှည်ကို ထုတ်၍ အမျိုးသမီး၏ ညာလက်မောင်းတည့်တည့်သို့ ခုတ်ချလိုက်လေသည်။
အမျိုးသမီး၏ ကျင့်ကြံခြင်းမှာ တာအိုသခင် ဒုတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် ထိုတိုက်ကွက်အား အချိန်မီမရှောင်တိမ်း နိုင်ခဲ့ချေ။ ထိုဓါးချက်သာ သူမလက်ကို လာထိမှန်သွားခဲ့မည်ဆိုလျှင်တော့ အမျိုးသမီး လက်တစ်ဖက်အား ဆုံးရှုံးလိုက်ရပေလိမ့်မည်။
ထိုလူသည် အဆုံးမဲ့ရတနာဆေးလုံးကို ရတော့မည်အထင်ဖြင့် ညစ်ကျယ်ကျယ် ပြုံးနေခဲ့လေသည်။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင့်အမူအယာ ပြောင်းလဲသွားခဲ့ပြီး လေဟာနယ်စွမ်းအားကို သုံး၍ အမျိုးသမီးအား ကယ်တော့မည်အပြု ပုံရိပ်တစ်ခုသည် အမျိုးသမီးရှေ့တွင် ထူးဆန်းစွာ ထွက်ပေါ်လာခဲ့သည်။
“ဟမ်…” ထိုလူရိပ်ကို မြင်ပြီးသည့်နောက် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ ထိုကဲ့သို့သော အချိန်မျိုးတွင်မှ ထိုလူလှုပ်ရှားလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ချေ။
“ဒီကောင်လည်း အဆုံးမဲ့ရတနာဆေးလုံးကို လုဖို့ ကြိုးစားနေတာလား…” ရန်ကိုင် အတွေးနက်နေစဉ်မှာပင် ရုတ်တရက် ပေါ်လာသည့်လူသည် သူ့လက်အား အပြင်သို့ တွန်းထုတ်လိုက်လေ၏။
သူ့လှုပ်ရှားမှုမှာ မြန်ဆန်ခြင်း မရှိသော်ငြား သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် ဓါးအားကိုင်ဆွဲထားသည့် ကျင့်ကြံသူ၏ အမူအယာကို အပြောင်းလဲကြီး ပြောင်းလဲသွားစေခဲ့လေသည်။
အမျိုးသမီးအား ဓါးဖြင့် လှမ်းခုတ်လိုက်သော ကျင့်ကြံသူမှာ ထိုလူ၏လက်ဝါးချက်ကို ရှောင်ချင်ပါသော်ငြား သူမည်သို့ပင် ကြိုးစားနေစေကာမူ မရှောင်တိမ်းနိုင်ခဲ့ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၉၇)
အချိန်တိုအတွင်းတွင် ထိုလက်သည် ဓါးဖြင့်ခုတ်လိုက်သည့် လူ၏ လည်တိုင်အား သွားရောက် ဖမ်းမိသွားခဲ့သည်။ ထိုလူ၏ ခြောက်ခြားဖွယ်ရာ အကြည့်အောက်တွင် လက်ပိုင်ရှင်မှာ ညစ်ကျယ်ကျယ် ပြုံးလျက် သူ့လက်ထဲတွင် အရင်းအမြစ်ချီများကို စတင် စုဝေးလိုက်လေသည်။
“ခရက်…”
အက်ကွဲသံနှင့်အတူ ဓါးဖြင့် ခုတ်လိုက်သည့် ကျင့်ကြံသူ၏ လည်တိုင် ကျိုးထွက်သွားခဲ့ပြီး သူ့ခေါင်းမှာ အောက်သို့ စိုက်စိုက် ငုံ့ကျသွားခဲ့လေ၏။
“ဟူး…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးဆီသို့ ပြေးဝင်လာနေသည့် ကျင့်ကြံသူများဆီမှ သက်ပြင်းရှိုက်သံများ အလီလီ ထွက်ပေါ်လာခဲ့ကြလေသည်။ အကုန်လုံးသည် ဓါးဖြင့်ခုတ်လိုက်သည့် ကျင့်ကြံသူအား သတ်လိုက်သည့် ပညာရှင်အား ကြောက်လန့်တကြား လှမ်းကြည့်နေကြလေသည်။
အကုန်လုံးမှာ တာအိုသခင်အဆင့် ကျင့်ကြံသူများ ဖြစ်သော်ငြား ထိုလူသည် သူတို့ထဲမှ လူတစ်ဦးကို အလွယ်တကူ သတ်သွားခဲ့သည်။
“လော့ယွမ်…” တစ်ယောက်ယောက်က ရုတ်တရက် ထအော်လေသည်။
မျက်နှာဝိုင်းဝိုင်းရှေ့တွင် ရုတ်တရက် ပေါ်လာသည့်လူမှာ လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ လော့ယွမ်မှလွဲ၍ အခြားမဟုတ်ချေ။
ဥတုလေးမျိုးနယ်မြေထဲတွင် ရှိနေသည့်လူတိုင်း လော့ယွမ်အကြောင်း သိနေကြပေသည်။ ထိုလူငယ်လေးသည် တောင်ဘက်နယ်မြေ၏ တက်သစ်စ လူငယ်ကြယ်ပွင့်တစ်ပွင့်ဖြစ်ကာ ဝူချန်းတို့နှင့်ပင် ယှဉ်နိုင်သည့် လူတစ်ဦး ဖြစ်ပေသည်။
လက်ရှိတွင် လော့ယွမ်မှာ မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးရှေ့တွင် ရပ်နေသည့် အတွက်ကြောင့် မည်သူမျှ ဆက်၍ မလှုပ်ရှားရဲကြတော့ချေ။
အမျိုးသမီးလက်ထဲရှိ အဆုံးမဲ့ရတနာဆေးလုံးမှာ အဖိုးတန်သော်ငြား သူတို့၏ အသက်မှာမူ ပို၍ အဖိုးတန်ပေသည်။
“လော့ယွမ်… မင်းလည်း ဒီအဆုံးမဲ့ရတနာဆေးလုံးကို လိုချင်နေတာလား…” လူတိုင်း၏စိတ်ထဲ ထိုကဲ့သို့သော အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် လော့ယွမ်အနေဖြင့် ဤကိစ္စထဲ ဘာကြောင့်များ ဝင်ပါရမည်နည်း။
အဆုံးမဲ့ရတနာဆေးလုံး၏ တန်ဖိုးမှာ အလွန်ကိုမှ မြင့်မားလွန်းလှသည့်အတွက် လော့ယွမ်သည်ပင်လျှင် ဤကဲ့သို့ လှုပ်ရှားသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
ရှောင်ချန်း၊ ဝူချန်း၊ ရှရှန်းနှင့် အခြားသော ထိပ်တန်းအဆင့် ပညာရှင်များမှာမူ ထိုကဲ့သို့ လုယူခြင်းမျိုး မလုပ်ကြချေ။ ထိုသို့ မလုပ်ရခြင်းမှာ သူတို့၏ဂိုဏ်းနှင့် သူတို့၏ဂုဏ်သတင်းကို ထိခိုက်မည် စိုးသည့်အတွက်ကြောင့် ဖြစ်သလို ထိုကဲ့သို့သော နည်းလမ်းအား အထင်အမြင်သေးသည့် အတွက်ကြောင့်လည်း ပါပေသည်။
သို့သော်ငြား လော့ယွမ်ကမူ သူတို့ကဲ့သို့မဟုတ်။ လော့ယွမ်၏ဂိုဏ်းသည် အလယ်အလတ်အဆင့် အင်အားစုတစ်ခုသာ ဖြစ်သည်။ ထို့အတွက်ကြောင့် မျက်နှာပျက်ရမည် သူ့ဂိုဏ်းဂုဏ်သတင်းပျက်ရမည်ကို စိုးရိမ်နေစရာမလိုဘဲ သူ့စိတ်ကြိုက်လုပ်နိုင်ပေသည်။
သို့သော်ငြား နောက်ဖြစ်ပျက်လာသည့် မြင်ကွင်းမှာ အကုန်လုံးအား အံ့အားသင့်သွားစေခဲ့သည်။ “စီနီယာအစ်ကိုလော့…”
လော့ယွမ်၏နောက်ဘက်ဆီမှ အားနည်းသည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“စီနီယာအစ်ကို… ဒါဆို…”
“မဖြစ်နိုင်ဘူး…”
အစောပိုင်းက မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးအား တိုက်ခိုက်လိုက်သည့် ကျင့်ကြံသူအားလုံး ဇောချွေး ပြန်ကုန်ကြလေသည်။
အမျိုးသမီးမှာ လော့ယွမ်အား ခေါ်လိုက်သည့်ပုံကို မြင်ပြီးသည့်အချိန်မှစ၍ သူတို့နှစ်ဦးမှာ တစ်ဂိုဏ်းတည်းသားချင်း ဖြစ်ကြောင်း အကုန်လုံး ခန့်မှန်းမိသွားခဲ့လေသည်။
မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည်လည်း လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သည်။ သူ့ဂျူနီယာညီမတစ်ယောက်ကို သူ့ရှေ့တည့်တည့်တွင် အနိုင်ကျင့်နေသည်ကို လော့ယွမ်အနေဖြင့် မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်မည်နည်း။ လော့ယွမ်ဘာကြောင့် ဤကဲ့သို့ ရက်ရက်စက်စက် ပြုမူခဲ့သလဲ ဆိုသည်ကိုလဲ အကုန်လုံး နားလည်သွားခဲ့သည်။
“ရောင်းရင်းလော့… ဒီကညီမလေးက ရောင်းရင်းလော့ဂိုဏ်းကမှန်း မသိလိုက်လို့ အခုလိုမျိုး ရန်စမိလိုက်သလို ဖြစ်သွားတာပါ… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်…” တစ်ဦးသည် ရှေ့တက်၍ အားတင်းပြုံးရင်း လက်သီးဆုပ်ကာ ပြောလိုက်လေသည်။
“ရောင်းရင်းလော့… ဒါနားလည်မှုလွဲသွားတာပါ… တကယ်ကို နားလည်မှုလွဲသွားတာပါ…”
“ဟုတ်ပါတယ် ရောင်းရင်းလော့… ဒီကညီမလေးသာ ရောင်းရင်းလော့ရဲ့ ဂျူနီယာညီမမှန်း သိခဲ့မယ်ဆိုရင် အခုလိုမျိုး လုပ်ခဲ့မှာ မဟုတ်ပါဘူး…”
လူအုပ်ကြီးမှာ စတင်၍ တောင်းပန်စကား ဆိုတော့လေ၏။
လော့ယွမ်သည် ထိုလူအုပ်ကြီးအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လိုက်ပြီးသည့်နောက် အော်ပြောလိုက်လေသည်။ “အမှိုက်ကောင်တွေ ထွက်သွားစမ်း…”
သူ့စကားမှာ မချိုသာသော်ငြား အကုန်လုံးမှာမူ ပျားသကာနှယ် ချိုသာသည့် စကားတစ်ခွန်းကို ကြားလိုက်ရသည့်အလား ဝမ်းပန်းတသာဖြင့် အလျင်စလို ထွက်ပြေးကြလေတော့သည်။
“စီနီယာအစ်ကိုလော့…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးမှာမူ အကယ်ခံလိုက်ရသော်ငြား အနည်းငယ် ပျော်သွားသည့် အရိပ်အယောင်မှမပြ။ ထို့အစား လော့ယွမ်၏ကျောပြင်ကိုသာ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်နေခဲ့လေသည်။
“ငါနင့်ကို ဘာပြောခဲ့လဲ…” လော့ယွမ်သည် အမျိုးသမီးအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်၍ “ဥတုလေးမျိုးနယ်မြေထဲကို ဝင်လာပြီဆိုရင် ငါကငါ နင်ကနင်ပဲ… ငါ့ကို ပြဿနာဖြစ်အောင် မလုပ်နဲ့လို့ ပြောထားတာ နင်မေ့သွားပြီလား…”
“မမေ့… မမေ့ပါဘူး…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးမှာ တစ်ခုခုအား ရှင်းပြချင်နေသည့်အလား သူမလက်ကို ကမန်းကတန်းဝှေ့ယမ်း ပြလိုက်လေသည်။
သို့သော်ငြား လော့ယွမ်၏ အေးစက်စက် အကြည့်ကို မြင်ပြီးသည့်နောက် ခေါင်းငုံ့၍ နှုတ်ခမ်းကို ကိုက်ကာ ပြန်ပြောလိုက်လေသည်။ “ကျွန်မ တောင်းပန်ပါတယ်…”
“နောက်တစ်ကြိမ်ဆိုရင်တော့ နင့်ကိစ္စနဲ့နင်ပဲ…” လော့ယွမ်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။
“နားလည်ပါတယ်…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည် အမှားတစ်ခု လုပ်ထားသည့် ကလေးငယ်တစ်ဦးအလား ခေါင်းကို စိုက်စိုက်ငုံ့ရင်း သူမ၏အင်္ကျီစများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့လေသည်။
ထိုသို့ပြောပြီးသည့်နောက်တွင် လော့ယွမ်သည် ထွက်သွားရန် ပြင်လိုက်လေသည်။
“ခဏနေပါဦး…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည် လော့ယွမ်၏ အင်္ကျီစကို လှမ်းဆွဲလိုက်လေသည်။
“ဘာလဲ…” လော့ယွမ် မျက်မှောင်ကျုံ့သွားခဲ့ပြီး မကျေမချမ်းဖြင့် ပြန်ပြောလိုက်လေသည်။
“စီနီယာအစ်ကိုကို ဒါပေးချင်လို့ပါ…” အမျိုးသမီးသည် အားတင်းပြုံးရင်း ရန်ကိုင့်ဆီမှ ရလာသည့် အဆုံးမဲ့ရတနာဆေးလုံးကို လော့ယွမ်ထံသို့ လှမ်းပေးလိုက်လေသည်။
လော့ယွမ်သည် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးအား အလွန်ကိုမှ ထိတ်လန့်သွားသည့် အမူအယာဖြင့် ငုံ့ကြည့်လိုက်လေသည်။
တောင်ထိတ်တစ်ခုလုံးမှာလည်း ရုတ်ချည်းဆိုသလို တိတ်ကျသွားခဲ့လေသည်။
“ဒီတော့ သူက အဲ့ဒါကို လက်ဆောင်ပေးဖို့ လုပ်ထားတာကိုး …” ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်က ရေရွတ်လိုက်လေသည်။ “လက်ဆောင်ပေးမယ့် လူကလည်း လော့ယွမ်တဲ့... တကယ်ပါပဲ...”
အဆုံးမဲ့ရတနာဆေးလုံးနှင့် သူမ၏မှော်ရတနာများကို လဲလှယ်သွားစဉ်က ထိုဆေးလုံးအား သုံးစရာရှိသည်ဟု ပြောသွားခဲ့သည်။ သူမ မည်သည့်နေရာတွင် သုံးချင်နေသလဲဆိုသည်ကိုတော့ ရန်ကိုင်မသိခဲ့ပေ။
အမျိုးသမီးသည် အဆုံးမဲ့ရတနာဆေးလုံးကို အခြားနေရာတွင် သုံးလိုခြင်း မဟုတ်ပဲ လော့ယွမ်ကို ပေးလိုခြင်း ဖြစ်သည်။ သို့သော်ငြား အစတည်းက သူမ၏ ရည်ရွယ်ချက်ကို ထုတ်မပြောခဲ့သည့် အတွက်ကြောင့် လူပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရပေသည်။
သို့တိုင် လော့ယွမ်ဆီမှ မည်သည့်အကူအညီမှ သွားမတောင်းခဲ့ပေ။ သူမ အန္တရာယ်ကင်းသွားပြီ ဆိုသည့်အခါမှပဲ ဆေးလုံးကို လော့ယွမ်ဆီသို့ ပေးလိုက်လေ၏။
အမျိုးသမီးအား ကြည့်နေသည့် လူတိုင်း သူမ၏မျက်လုံးများထဲ လော့ယွမ်အပေါ် ချစ်ခြင်းမေတ္တာ လေးစားအားကျမှုတို့ဖြင့် ပြည့်နေသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။ အမျိုးသမီး၏ပုံစံအရ သူမအနေဖြင့် လော့ယွမ်အတွက်သာ ဆိုလျှင် မည်သည့်အရာကိုမဆို စွန့်လွှတ်ရဲကြောင်း ပြောပြနေသလိုပင်။
သူမအသက်ကိုပင် စတေးဝံ့လေရာ အဆုံးမဲ့ရတနာဆေးလုံးကဲ့သို့သော ဆေးလုံးတစ်လုံးအား ဘာကြောင့်များ မပေးရဲရမည်နည်း။
“ဟင်း… အချစ်ဆိပ်တက်သွားတဲ့ နောက်ထပ် အမျိုးသမီး တစ်ယောက်ပါလား… ဘယ်သူမှ သူ့ကို ကယ်နိုင်တော့မှာ မဟုတ်တော့ဘူး…” ရှရှန်းက ရေရွတ်လိုက်လေသည်။
သူ့ဘေးနားတွင် ရပ်ကြည့်နေသော မုရုန်ရှောင်ရှောင်မှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်ရည်ဝဲလာခဲ့လေသည်။ သူမ ဘာတွေးနေသလဲဆိုသည်ကိုတော့ မည်သူမျှ မပြောနိုင်ကြပေ။
“ဟမ့်… စိတ်ညစ်စရာတွေ…” ရှောင်ပိုင်ယီက အေးစက်စက် အမူအယာဖြင့် ရေရွတ်လိုက်လေသည်။
“စီနီယာအစ်ကို…” မုရုန်ရှောင်ရှောင်သည် ရှောင်ပိုင်ယီအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
“ဟင်း ဟင်း…” တခြားတစ်ဖက်တွင် ရှိနေသော လန်ရွှင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ယဲ့လေးပြုံးကာ ပြောလိုက်လေသည်။ “လော့ယွမ်ကို အခုလိုမျိုး ကြိုက်နေတဲ့လူတစ်ယောက် ရှိလိမ့်မယ်လို့ ငါတကယ်ကို မထင်ထားဘူး…”
“အပေါစားနည်းလမ်းလေးတွေး…” ဘေးနားတွင် ရှိနေသော ရှောင်ချန်းကမူ စူပုပ်ပုပ် မျက်နှာဖြင့် ရေရွတ်လိုက်လေသည်။ ထို့နောက်တွင် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးအား သနားစဖွယ်ဖြင့် လှမ်းကြည့်ရင်း “လော့ယွမ်လိုလူမျိုးနဲ့မှ သွားကြိုက်ရတယ်လို့ကွာ… အဲ့အမျိုးသမီး ကန်းနေတာပဲ ဖြစ်ရမယ်…”
“သူ ဘာမှားနေလို့လဲ…” လန်ရွှင်းသည် ရှောင်ချန်းဘက်သို့ လှည့်၍ “သူ့လုပ်ရပ်က ကျက်သရေတုန်းတယ်လို့ နင်က မြင်နေတယ်ပေါ့…”
“အဲ့လိုပြောချင်တာ မဟုတ်ပါဘူး မင်းသမီး…” ရှောင်ချန်းသည် သူ့အမူအယာကို ချက်ချင်း ပြင်လျက် လန်ရွှင်းအား သိမ်မွေ့စွာကြည့်ရင်း အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။ “ကျုပ်သာ အဆုံးမဲ့ရတနာဆေးလုံးကို ရခဲ့ရင်လည်း ကျိန်းသေ…”
“ငါ့မှာ တစ်လုံးရှိပြီးနေပြီ…” လန်ရွှင်းက ဖြတ်ပြောလိုက်လေသည်။
လန်ရွှင်းစကားကြောင့် ရှောင်ချန်း အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားခဲ့လေသည်။ “ကျုပ်… ကျုပ်… ပြောပြချင်ရုံပါ”
“နင် ဒီမှာ ဘာလုပ်ချင်နေတာလဲ…” အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော လော့ယွမ်သည် ရုတ်တရက် ထအော်ဟစ်လိုက်လေသည်။
“ဘာမှ မလုပ်ချင်ပါဘူး…” လော့ယွမ် ဘာကြောင့် ဒေါသထွက်လာမှန်း မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးမှာ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ထို့ကြောင့် အနည်းငယ် ထိတ်လန့်လာပြီး ရှင်းပြရန် ကြိုးစားလိုက်လေသည်။ “စီနီယာအစ်ကိုကို ဒီဆေးလုံး ပေးချင်ရုံပါပဲ…”
“ငါ့ကိုပေးဖို့…” လော့ယွမ်က လှောင်ပြုံးပြုံးလိုက်သည်။
အမျိုးသမီးကမူ အသေအချာ ခေါင်းညိတ်ပြ လိုက်လေသည်။
“အပိုတွေလာလုပ်မနေနဲ့…” လော့ယွမ်မှာမူ တစ်ဖက်လူ၏ စေတနာကို အနည်းငယ်မှပင် တန်ဖိုးမထားပဲ အော်ရယ်မော၍သာ ပြန်ပြောလိုက်လေသည်။ “ဘာလဲ ငါနင့်အပေါ် အကြွေးတင်အောင် လုပ်ချင်နေတာလား…” ထိုနေရာသို့ အရောက်တွင် သူ့မျက်နှာမှာ ရုတ်ချည်း ခက်ထန်သွားပြီး ထပ်၍ အော်ပြောလိုက်လေသည်။
“သေချာနားထောင်ထား… ငါ လော့ယွမ်က ဘယ်သူ့ကိုမှ အကြွေးမတင်ဘူး… နင့်ကိုလည်း အကြွေးမတင်ဘူး… လမ်းစဉ်ရှစ်သွယ်ဂိုဏ်းကိုလည်း အကြွေးမတင်ဘူး… ကောင်းကင်ကိုတောင်မှ အကြွေးမတင်ဘူး… ဒီလောကမှာ ငါလိုချင်တာကို ငါ့ဘာသာငါ ယူမယ်… သိုင်းတာအိုရဲ့ အထွတ်အထိပ်ကိုလည်း ငါ့ဘာသာငါ တက်လှမ်းမယ်… ဘယ်သူ့အကူအညီမှ မလိုဘူး…”
“ကျွန်မ… ကျွန်မ…” လော့ယွမ်၏ အော်ဟစ်မာန်မဲမှုကြောင့် အမျိုးသမီးမှာ မျက်ရည်ဝဲသွားခဲ့လေသည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် လှမ်းအော်ပြောလိုက်လေသည်။ “ကျွန်မ…”
“နင့်ဘာသာနင် သိမ်းထားလိုက်… အဆုံးမဲ့ရတနာ ဆေးလုံးကို ငါစိတ်မဝင်စားဘူး… ဒီဆေးလုံး မပါရင်တောင် ငါ့ဘာသာငါ ဧကရာဇ်အဆင့်ကို ချိုးဖြတ်နိုင်တယ်…” လော့ယွမ်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “နင့်ခေါင်းထဲမှာ ရှိနေတဲ့ အကြံတွေအကုန်လုံးကို နင့်ဘာသာနင် ပြန်သိမ်းထားလိုက်… မဟုတ်လို့ရှိရင် ငါ့ကို တစ်ဂိုဏ်းတည်းသားချင်း ဖြစ်တာတောင် ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့…”
ထိုစကားကို ကြားသည့်အခါ မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီး မျက်ရည်ပိုးပိုးပေါက်ပေါက် ကျတော့လေသည်။
“အဲ့ခွေးသူတောင်းစားကတော့ကွာ…” ရှရှန်းမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း အော်ဟစ်ကျိန်ဆဲတော့လေသည်။
မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီး လုပ်သွားသည်မှာ သာမန်အမျိုးသမီးများ လုပ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ အဆုံးမဲ့ရတနာဆေးလုံးသည် မည်သည့်တာအိုသခင်အဆင့် ကျင့်ကြံသူအတွက်ဖြစ်စေ အလွန်ကိုမှ အဖိုးတန်သည့် ဆေးလုံးတစ်လုံး ဖြစ်သည်။ သူမအတွက်လည်း အလွန်ကိုမှ အဖိုးတန်ပေသည်။
ထိုဆေးလုံးကို ရဖို့ရာအတွက် သူမတွင် ရှိနေသော ရတနာများစွာကို စတေးပစ်ခဲ့ရသည်။ သို့တိုင် အမျိုးသမီးသည် ထိုစတေးမှုအားလုံးကို ဂရုစိုက်မနေပဲ သူမရလာသည့် တစ်လုံးတည်းသော အဆုံးမဲ့ရတနာဆေးလုံးအား လော့ယွမ်ဆီသို့ ပေးခဲ့လေသည်။
ထိုသို့ပေးနိုင်ရန်အတွက်လည်း အခြားသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရသေး၏။ ထိုကဲ့သို့ တိုက်ခိုက်ခံရနေသည့် အချိန်မျိုးတွင်ပင် အမျိုးသမီးသည် လော့ယွမ်ဆီမှ မည်သည့်အကူအညီမှ မတောင်းခဲ့ချေ။
ဤကဲ့သို့သော ပြဿနာမျိုးစုံနှင့် ကြုံပြီးသည့်နောက် လော့ယွမ်အား ထိုဆေးလုံးကို ပေးနိုင်ခဲ့ပေသည်။ သို့တိုင် လော့ယွမ်မှာမူ သူမ၏ စေတနာကို တန်ဖိုးမထားပဲ ပြန်၍ အော်ငေါက်ခဲ့သည်။
ထို့အတွက်ကြောင့် ထိုမြင်ကွင်းကိုကြည့်ရင်း ရှရှန်းမှာတော့ အလွန်ကိုမှ မကျေမနပ် ဖြစ်နေခဲ့လေသည်။ လော့ယွမ်အနေဖြင့် အဆုံးမဲ့ရတနာဆေးလုံးကို မလိုချင်လျှင်ပင် ဤကဲ့သို့ အော်ငေါက်စရာမလို။
“ကိုယ့်ကိုကိုယ် သောက်ထင်ကြီးနေတာ... အမှိုက်ကောင်…” မုရုန်ရှောင်ရှောင်သည်လည်း လော့ယွမ်အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည်။
“တကယ့်ကို အရှုပ်ထုပ်တွေပဲ…” ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်ချန်းကမူ ယဲ့ယဲ့လေး ပြုံးနေခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၉၈)
လော့ယွမ်သည် ထိုမျှနှင့်ပင် မရပ်သေးပဲ ဆက်၍ အော်ပြောလိုက်ပြန်၏။ “နင် မဟုတ်တရုတ်တွေကို ဒီမှာပဲ ရပ်လိုက်ပေတော့… အဲ့ဆေးလုံးကို နင့်ဘာသာနင်ပဲ စားလိုက်…”
ပြောပြီးသည့်နောက်တွင် လော့ယွမ်သည် သူမဘေးနားသို့ ရောက်သွားပြီး အမျိုးသမီး၏ ပါးကို သူ့လက်ဖြင့် ဖျစ်ညှစ်လိုက်လေသည်။ ထို့နောက် အဆုံးမဲ့ရတနာဆေးလုံးကို သူမပါးစပ်ထဲသို့ ပစ်ထည့်ပေးလိုက်လေ၏။
“အဟွတ် အဟွတ် အဟွတ်…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးမှာ ဆေးလုံးအား အတင်းအကြပ် မျိုချလိုက်ရသည့် အတွက်ကြောင့် သီးသွားသလိုဖြစ်ကာ အဆက်မပြတ် ချောင်းဆိုးတော့လေ၏။
ဆေးလုံး သူမပါးစပ်ထဲသို့ ရောက်လာပြီးသည့်နောက်တွင် အမျိုးသမီးမှာ ဆေးလုံးအား မမျိုချမိအောင် အတတ်နိုင်ဆုံး ထိန်းထားခဲ့သော်ငြား မထိန်းနိုင်ခဲ့ပေ။
ဆေးလုံးသည် သူမပါးစပ်ထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်း အရည်ပျော်သွားကြပြီးသည့်နောက် သူမ၏ အသွေးအသားများထဲ စီးဝင်သွားခဲ့သည်။
သူမအနေဖြင့် ထိုကိစ္စကို တားချင်သည်ဆိုလျှင်ပင် မတားနိုင်ခဲ့ပေ။ ဆေးလုံး အရည်ပျော်ဝင်သွားပြီးသည့်နောက် ခေါင်းမော့ကြည့်လိုက်သည့်အခါ လော့ယွမ်သည် မည်သည့်နေရာတွင်မှ ရှိမနေတော့ကြောင်း တွေ့လိုက်ရသည်။
“သူထွက်သွားပြီ…” လန်ရွှင်းသည် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးအား ကြည့်ရင်း သက်ပြင်းချလျက် “သူထွက်ပေါက်ဆီကို ထွက်သွားတာ…”
ထိုစကားကို ကြားသည့်အခါ မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးလည်း ဝင်ပေါက်ရှိနေရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။ လန်ရွှင်းပြောသကဲ့သို့ပင် ထိုနေရာဆီသို့ အလင်းတန်းတစ်ခု ပျံသန်းသွားနေကြောင်း တွေ့လိုက်ရလေသည်။
လော့ယွမ်သည် ရန်ကိုင်နှင့် အလဲအလှယ်လုပ်နေရန်ပင် မကြိုးစားခဲ့တော့ပေ။ ဧကရာဇ်အဆင့်သို့ သူ့ဘာသာသူ ချိုးဖြတ်နိုင်သည် ဟူသော စကားကို သက်သေပြနိုင်ရန်အတွက် အဆုံးမဲ့ရတနာဆေးလုံးတစ်လုံး ရနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့သည်။
“စီနီယာအစ်ကိုလော့…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည် အံကြိတ်၍ ခြေဆောင့်ရင်း လော့ယွမ်နောက်သို့ ပြေးလိုက်သွားလေသည်။
ယခုတစ်ကြိမ်တွင် မည်သူမှ ထိုအမျိုးသမီးအား သွားရောက် မနှောင့်ယှက်ကြတော့ချေ။
ပထမဦးစွာအနေဖြင့် သူမသည် လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သလို လော့ယွမ်၏ ဂျူနီယာညီမလည်း ဖြစ်သည်။ မည်သူကများ လော့ယွမ်အား သွားရန်စချင်မည်နည်း။
ထို့အပြင် အဆုံးမဲ့ရတနာဆေးလုံးမှာလည်း သူမ သောက်လိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် သူမအား သွားနှောင့်ယှက်မည်ဆိုလျှင်ပင် ဘာမျှ ရလိမ့်မည်မဟုတ်။ ထိုသို့ ဖြစ်လေရာ မည်သူကများ သူမအား သွားပြဿနာ ရှာချင်ဦးမည်နည်း။
ဤသို့ဖြင့် သူမနှင့် လော့ယွမ်ကြားရှိ ဒရာမာဇာတ်လမ်းတစ်ပုဒ်မှာ ဤနေရာတွင်ပင် အဆုံးသတ်သွားခဲ့သည်။
“သူပြောသွားသလိုပဲ ဒီကောင်က ဘယ်သူ့ကိုမှ အကြွေးမတင်ချင်ဘူး… ပြီးတော့ အခြားသူတွေရဲ့ အခွင့်အရေးကိုလည်း သွားပြီး လုယူဖို့မစဉ်းစားဘူး…” ရန်ကိုင်သည် သူ့ဘာသာသူ ထိုင်ရင်း အတွေးနက်နေခဲ့သည်။
အကုန်လုံးမှာမူ လော့ယွမ်သည် ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ဟု ထင်နေသော်ငြား ရန်ကိုင်ကမူ တစ်မျိုးတွေးနေခဲ့သည်။
သူ မျက်နှာဝိုင်းဝိုင်း အမျိုးသမီးနှင့် အလဲအလှယ် လုပ်နေစဉ်အတောအတွင်း လော့ယွမ်သည် သူ့အား လွန်မလာရန် အပြင်မှ လှမ်းအော်ပြောခဲ့ပေသည်။ လော့ယွမ်ဘာကြောင့် ထိုကဲ့သို့ အော်ပြောခဲ့သလဲဆိုသည်ကို ထိုစဉ်က ရန်ကိုင်နားမလည်ခဲ့။ သို့သော်ငြား ယခုမူ ရှင်းသွားခဲ့လေပြီ။
လော့ယွမ်သာ သူမအား ဂရုမစိုက်ပါက ထိုကဲ့သို့ပင် အော်ပြောနေစရာ မလိုခဲ့။ သူ့ဘာသူ အေးအေးဆေးဆေး ရပ်ကြည့်နေလိုက်ရုံပင်။
ထို့အပြင် လော့ယွမ်ကဲ့သို့သော မောက်မာဝံ့ကြွားသည့် လူတစ်ဦးသည် အခြားသူများဆီမှ လက်ဆောင်များကို မည်ကဲ့သို့များ အလွယ်တကူ လက်ခံယူနိုင်မည်နည်း။ အထူးသဖြင့် သူ့အား လေးစားအားကျ ချစ်မြတ်နိုးသော ဂျုနီယာညီမတစ်ယောက်ဆီမှ လက်ဆောင်ဖြစ်နေသည့် အခါမျိုးပင်။
သူသာ လော့ယွမ်နေရာတွင် ဆိုလျှင်လည်း ထိုအဆုံးမဲ့ရတနာဆေးလုံးအား လက်ခံလိမ့်မည် မဟုတ်ပေ။ ယောက်ျားကောင်းတစ်ဦးတွင် ကိုယ့်စံနှုန်းနှင့်ကိုယ် ရှိသင့်ပေသည်။
လော့ယွမ်၏ သူ့ဂျူနီယာညီမအပေါ် တုံ့ပြန်သည့် နည်းလမ်းကို ရန်ကိုင်မကြိုက်မိသော်ငြား သူရွေးချယ်သွားသည့် နည်းလမ်းကိုမူ ရန်ကိုင်အမှန်တကယ် လေးစားမိသည်။
ခဏမျှစဉ်းစားပြီးသည့်နောက် ရန်ကိုင်သည် မျက်မှောင်ကျုံ့ကာ တွေးလိုက်လေသည်။ “အခြားသူတွေရဲ့ ပြဿနာကို ဘာလို့ ငါက ခေါင်းရှုပ်ခံပြီး ထိုင်စဉ်းစားနေရတာလဲ…” ထိုသို့ တွေးပြီးနောက်တွင် အော်ပြောလိုက်လေ၏။ “နောက်တစ်ယောက်…”
မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီး၏ အောင်မြင်မှုသည် သူတို့ဆီသို့ မျှော်လင့်ချက်ရောင်ခြည်ကို သယ်ဆောင်လာသည့်အလား အပြင်ဘက်တွင် စောင့်နေသည့် ကျင့်ကြံသူများမှာ ပို၍ စိတ်လှုပ်ရှားလာခဲ့ကြလေသည်။
ယခုတစ်ကြိမ်တွင် ဝင်လာသည့်လူမှာတော့ အစောပိုင်းက အမျိုးသမီးကဲ့သို့ ကံမကောင်းခဲ့ပေ။ နောက်ရောက်လာသည့်လူများလည်း အတူတူသာ ဖြစ်လေသည်။
အပြင်သို့ လှမ်းကြည့်လိုက်သည့်နောက် လူများများစားစား မကျန်တော့မှန်း ရန်ကိုင်တွေ့လိုက်ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း စတင်၍ စိတ်ပူလာရလေတော့သည်။
ယခုအချိန်ထိ ကပ်ဘေးအသီးမှာ ပေါ်မလာသေးချေ။ ကပ်ဘေးအသီးကို တစ်ယောက်ယောက် ယူသွားခဲ့သည်မှာ သေချာလှသည်။ သို့သော်ငြား သူ့ဆီသို့ ရောက်လာသည့်လူတိုင်း ကပ်ဘေးအသီးကို လဲလှယ်ရန် ထုတ်မပြခဲ့သည့်ပုံပင်။ ထိုသို့ မဟုတ်ပါက ကပ်ဘေးအသီး ရှိနေသည့်လူ ရောက်မလာသေးချင်းပင်။
သူသာ ဥတုလေးမျိုးနယ်မြေထဲ၌ ကပ်ဘေးအသီးအား မရခဲ့ပါက ချင်းကျောင်းရန်အား မည်ကဲ့သို့ ရှင်းပြလို့ ရှင်းပြရမှန်း သိတော့လိမ့်မည် မဟုတ်။ ချင်းယု၏ အသက်သည် ကပ်ဘေးအသီးပေါ်တွင် မူတည်နေသည်။ ထိုအသီးသာ မရှိလျှင် သူမအနေဖြင့် နောက်ထပ် လအနည်းငယ်သာ အသက်ရှင်နိုင်ပေတော့မည်။
“ကပ်ဘေးအသီးကို အဆုံးမဲ့ရတနာဆေးလုံးနှင့် လဲချင်တယ်လို့ ပြောလိုက်သင့်လား…” ရန်ကိုင် တုံ့ဆိုင်းနေခဲ့သည်။ သူသာ ပြောလိုက်၍ ကပ်ဘေးအသီး ရှိနေသည့် လူသာ ဤနေရာ၌ ရှိနေပြီဆိုပါက ထိုလူသည် ကျိန်းသေငြင်းလိမ့်မည်မဟုတ်။
သို့သော်ငြား ထိုလူ ဤနေရာ၌ ရှိမနေခဲ့လျှင် ဤအကြောင်းသာ သတင်းပြန့်သွားပါက သူပြဿနာတက်ပေတော့မည်။ ထိုကဲ့သို့ တွေးလိုက်မိသည့်နောက် ရန်ကိုင်သည် ထုတ်မပြောရန်သာ ဆုံးဖြတ်လိုက်လေသည်။
တစ်နာရီ ကြာပြီးသည့်နောက် ရန်ကိုင့်မျက်နှာ မှုန်ကုပ်လာခဲ့သည်။ အကြောင်းမှာ သူနှင့် လာရောက် လဲလှယ်ကြသည့် ကျင့်ကြံသူများဆီမှ မည်သည့်ကပ်ဘေးအသီးကိုမှ မြင်တွေ့ခဲ့ရသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ရန်ကိုင့်စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာလေတော့သည်။
လက်ရှိကျန်နေသည့် လူစုထဲ နေမင်းပြာကျောင်းတော်မှ ကျင့်ကြံသူများနှင့် ဂိုဏ်းတချို့မှ ထိပ်သီးကျင့်ကြံသူများသာ ရှိတော့သည်။ ထိုအခိုက်သို့ အရောက်တွင် ရန်ကိုင်လည်း ဆက်၍ တုံ့ဆိုင်းမနေတော့ပဲ အော်ပြောလိုက်လေ၏။
“အခု ဘယ်သူအရင်ချင်လာလဲ… ငါမင်းတို့ကို ပြောလိုက်တော့မယ်… ငါ စုစုပေါင်း ဖော်စပ်ခဲ့တဲ့ အဆုံးမဲ့ရတနာဆေးလုံးက လေးလုံးပဲ… အခု နောက်ဆုံးတစ်လုံးပဲ ကျန်တော့တယ်…”
တစ်လုံးကို လန်ရွှင်းဆီသို့ ပေးလိုက်ပြီး ကျန်တစ်လုံးကို မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးဆီသို့ ပေးလိုက်ကာ နောက်ဆုံးတစ်လုံးကို သူစားပစ်လိုက်ပေသည်။
ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျောက်စိမ်းနက်မီးဖိုကို ကိုင်၍ လှုပ်ပြလိုက်လေ၏။ ကျောက်စိမ်းနက်မီးဖိုအတွင်းမှ ကလန် ကလန်ဟူသော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံအရ အထဲတွင် ဆေးလုံးတစ်လုံးသာ ကျန်ရှိတော့သည့်ပုံပင်။
“ဆေးလုံးတစ်လုံးပဲ ကျန်တော့တာလား… အဲ့ဒါဆိုရင် ဒီရှောင်လာမယ်…” အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေပြီးသည့်နောက်တွင် ရှောင်ချန်းသည် ဆက်၍ စောင့်မနေတော့ပဲ ရန်ကိုင့်ဆီသို့ အလျင်အမြန် ပြေးဝင်သွားခဲ့လေသည်။ သူ့မျက်နှာထက်ရှိ အပြုံးကို ကြည့်ရသလောက် ထိုဆေးလုံးကို သူရမည်ဟု အပြည့်အဝ ယုံကြည်နေသည့်ပုံပင်။
မကြာမီ ရန်ကိုင့်ဆီသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်သည် ရှောင်ချန်းအား ပြုံးကာ ကြည့်လျက် ပြောလိုက်လေသည်။ “ရောင်းရင်းရှောင်… ကျေးဇူးပြုပြီး…”
ရှောင်ချန်းသည် လှောင်ပြုံး ပြုံးလျက် သူ့သိုလှောင်လက်စွပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် လေသံတိုးတိုးဖြင့် “ကောင်လေး မင်းဒါကို ယူပြီး အဆုံးမဲ့ရတနာဆေးလုံးကို ငါ့ကို ပေးလိုက်ရင်ကောင်းမယ်… အဲ့ဒါဆိုရင် ငါတို့ ဆက်ပြီး မိတ်ဆွေဖြစ်နိုင်သေးတယ်…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင်သည် ရှောင်ချန်းအား မော့ကြည့်လိုက်လေသည်။ ရှောင်ချန်းက ပြုံးကာ ဆက်ပြောလိုက်လေသည်။ “ငါထုတ်ယူလိုက်တဲ့ ပစ္စည်းက လူတိုင်းမြင်နိုင်တဲ့ ပစ္စည်းမျိုးမဟုတ်ဘူး… ဒီတော့ ဒါကို မင်းကျေနပ်လောက်မှာပေါ့…”
ရှောင်ချန်းအနေဖြင့် ထိုကဲ့သို့ ဂုဏ်မောက်သည်မှာလည်း မောက်ချင်စရာပင်။ သူသည် တောင်ဘက်နယ်မြေ၏ အရှင်သခင်ဖြစ်သော ကြယ်ဝိဉာဉ်နန်းတော်၏ လက်ရွေးစင်တပည့်တစ်ဦးဖြစ်သလို ငွေကြယ်သံတမန်ဖြစ်သော ရှောင်ယုယန်၏သားလည်း ဖြစ်သည် မဟုတ်ပေလော။ သူထုတ်လိုက်သည့် ပစ္စည်းများမှာ ကျိန်းသေကို အဖိုးတန်ရတနာများ ဖြစ်ရပေမည်။
ယခုရှောင်ချန်း ထုတ်ပြလိုက်သည့်အရာမှာ အခြားမဟုတ်။ အစီအရင်တစ်ခုသာ ဖြစ်လေ၏။
ရန်ကိုင်ကမူ ရှောင်ချန်းထုတ်ပြလာသည့် ပစ္စည်းကို ကြည့်မနေခဲ့ပဲ ပြန်၍သာမေးလိုက်လေသည်။ “ရောင်းရင်းရှောင်… ဥတုလေးမျိုးနယ်မြေဖွင့်တော့ မင်း ဆောင်းနယ်မြေထဲကို သွားခဲ့သေးလား..”
ထိုစကားကို ကြားသည့်အခါ ရှောင်ချန်းသည် မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်လေသည်။ “မသွားခဲ့ဘူး… ငါ မင်းသမီးနောက်ပဲ တစ်ချိန်လုံး လိုက်နေတာ… မင်းသမီးက ဆောင်းနယ်မြေရဲ့ ရာသီဥတုက အရမ်းအေးလွန်းတယ်ဆိုလို့ ငါလည်း မသွားခဲ့ဘူး…”
“အဲ့ဒါဆိုရင် ရောင်းရင်းရှောင်ရဲ့ ပစ္စည်းတွေကို ပြန်ယူပြီး သွားလို့ရပြီ..” ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်လေသည်။
“မင်း ဘာပြောချင်တာလဲ…” ရှောင်ချန် မျက်နှာပျက်သွားခဲ့ပြီး ရန်ကိုင့်အား ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်ရင်း မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။
“ငါပြောတာကို မင်း သေချာ မကြားလိုက်ဘူးလား…” ရန်ကိုင်သည် လက်ဆစ်ချိုးရင်း နောက်တစ်ကြိမ် ထပ်အော်ပြောလိုက်လေသည်။ “ရောင်းရင်းရှောင်… သွားလို့ရပြီ…”
ထိုသို့ ပြောပြီးသည့်နောက် ယဲ့ယဲ့လေး ပြုံးလျက် “ဒီလောက်ပြောတာတောင် မကြားသေးဘူးဆိုရင်တော့ ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး…”
ရှောင်ချန်း၏ မျက်နှာ ဖြူဆွတ်သွားခဲ့ပြီးသည့်နောက် လေသံတိုးတိုးဖြင့် ပြန်အော်ပြောလိုက်လေသည်။ “ကောင်လေး… မင်းအခုလို လုပ်လိုက်တဲ့ အကျိုးဆက်ကို ရင်ဆိုင်နိုင်မယ်ဆိုတာ သေချာလား…”
လူတိုင်းရှေ့မှောက်တွင် ရန်ကိုင်သည် သူ့အား ဤကဲ့သို့ အရှက်ခွဲခဲ့သည်။ ပိုဆိုးသည်မှာ သူ့တွင် ရန်ကိုင်လိုချင်နေသည့် ပစ္စည်း ရှိမနေမှန်းကို လူတိုင်း သိသွားခဲ့ခြင်းပင် ဖြစ်လေသည်။
ထို့အတွက်ကြောင့် ဤနေရာတွင် ဆက်နေနေပါက သူ ရန်ကိုင့်အား အနိုင်ကျင့်ရန် ကြိုးစားနေသည်ဟု လူတိုင်း ထင်သွားကြပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်ကမူ သူ့အား အနည်းငယ်မျှပင် မျက်နှာသာ ပေးမနေခဲ့ပေ။ “ထွက်သွားလိုက်တော့…” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။ ထို့နောက် ရှောင်ချန်းအား အပြင်သို့ ပြန်ပို့ချင်နေသည့်အလား အနီးအနားရှိ ဟင်းလင်းပြင်နိယာမ စွမ်းအားများကို ထိန်းချုပ်လိုက်လေသည်။
အခြားသူများအား ဤနည်းလမ်းကို သုံး၍ အပြင်သို့ ပြန်ပို့နိုင်ခဲ့သော်ငြား ရှောင်ချန်းနှင့်အတွေ့တွင်တော့ သူထင်ထားသလို ဖြစ်မလာတော့ချေ။
ရှောင်ချန်း၏ ခန္ဓာကိုယ်တွင် သူ၏ လေဟာနယ်နိယာမစွမ်းအားကို ပြန်လည်တွန်းလှန်နေသည့် နိယာမစွမ်းအားတစ်ရပ် ရှိနေခဲ့လေသည်။ ထို့အတွက်ကြောင့် ရှောင်ချန်းအား အပြင်သို့ တွန်းမပို့နိုင်အောင် ဖြစ်နေခဲ့လေသည်။
ရှောင်ချန်းသည် ထိုနေရာတွင် အသက်ဆယ်ရှိုက်စာမျှ ကြာအောင် မမှိတ်မသုန် ရပ်နေပြီးသည့်နောက် နောက်ဆုံး သူ့ဘာသာသူ ပြန်ထွက်သွားခဲ့လေသည်။
သူသာ ဤနေရာတွင် ဆက်နေမည်ဆိုပါက ရန်ကိုင်နှင့် တိုက်ခိုက်ရပေတော့မည်။ ဤထူးဆန်းသည့် ပျက်စီးဟင်းလင်းပြင်ထဲတွင် ရန်ကိုင်အား တိုက်ခိုက်ခြင်းသည် သူ့အတွက်အလေးမသာဟု ခံစားရသည်။ ထို့ကြောင့် ရှောင်ချန်းလည်း ဤနေရာ၌ ဆက်မနေခဲ့တော့ပေ။
မီတာသုံးရာအကွာသို့ ပြန်ထွက်လာပြီးသည့်နောက်တွင် ရှောင်ချန်းသည် ရန်ကိုင့်အား မှုန်ကုပ်ကုပ် အမူအယာဖြင့် စိုက်ကြည့်ရင်း အံကြိတ်နေခဲ့သည်။
“ဟူး…” ထိုမြင်ကွင်းကို ကြည့်ရင်း လန်ရွှင်းမှာတော့ ခေါင်းကိုက်ချင်လာခဲ့လေသည်။ သက်ပြင်းတစ်ချက် ချပြီးသည့်နောက် ဝင်ပေါက်ရှိရာဆီသို့သာ ပျံသန်းထွက်သွားလေ၏။
ထိုအချင်းအရာကို မြင်သည့်အခါ ရှောင်ချန်း၏ မျက်နှာကြီး မဲ့သွားခဲ့ပြီး ရန်ကိုင့်ဘက်သို့ လှမ်းအော်ပြောလိုက်လေသည်။ “ကောင်လေး… ငါမင်းကို မှတ်ထားမယ်… တစ်နေ့ ငါ့လက်ထဲ ရောက်မလာပါစေနဲ့လို့သာ ဆုတောင်းထား…” ထိုကဲ့သို့ ခြိမ်းခြောက်လိုက်ပြီးသည့်နောက် လန်ရွှင်းနောက်သို့ ပြေးလိုက်သွားလေ၏။
ရန်ကိုင်ကမူ ရှောင်ချန်းစကားကို မသိချင်ယောင်ဆောင်လျက် ရှရှန်းနှင့် အခြားသူများဘက်သို့ လှည့်ကာ ပြုံး၍ ပြောလိုက်လေသည်။
“ရောင်းရင်းရှ… ဆေးလုံးကတစ်လုံးပဲ ကျန်တော့တာနော်… မင်းတို့ လာမစမ်းကြည့်ချင်ဘူးလား…”
ဖြစ်နိုင်လျှင် ရန်ကိုင်သည် ဤဆေးလုံးကို ရှရှန်းနှင့်သာ အလဲအလှယ်လုပ်ချင်ပေသည်။ ဆေးလုံးကို ဥတုလေးမျိုးနယ်မြေအပြင်ဘက်သို့ ယူသွားရလိမ့်မယ်မဟုတ်မှန်း ရန်ကိုင်သိနေသည်။ သူသာ ယူသွားခဲ့မည်ဆိုလျှင်တော့ အပြင်ဘက်ရှိ ဧကရာဇ်အဆင့် ပညာရှင်များ၏ လုယူခြင်း ခံရပေလိမ့်မည်။
အခြားသူများအား ပေးပစ်လိုက်ဖို့ ဆိုပြန်တော့လဲ သိပ်၍ အဆင်မပြေပြန်။ ရှရှန်းအား ပေးရမည်ဆိုလျှင်တော့ သိပ်၍ ကိစ္စမရှိပေ။ သူနှင့် ရှရှန်းသည် အရမ်းကြီး ရင်းနှီးခြင်း မရှိသော်ငြား ရှရှန်းသည် နေမင်းပြာကျောင်းတော်မှ လူတစ်ဦး ဖြစ်နေခဲ့သည်။ နေမင်းပြာကျောင်းတော်မှ ကျင့်ကြံသူများနှင့်အတူ လာခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် သူတို့ချင်း ရင်းနှီးမှု မရှိသည့်တိုင် တစ်ဖွဲ့တည်းဖြစ်သည်ဟု အနည်းဆုံး ခံစားရသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၁၉၉)
ရန်ကိုင် လှမ်းခေါ်နေသည်ကို ကြားသော် ရှရှန်းက ပြုံးလျက် ပြောလိုက်လေသည်။ “မစမ်းကြည့်တော့ဘူး…”
ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ပြန်မေးလိုက်လေ၏။ “ဘာဖြစ်လို့လဲ…”
ရှရှန်းက ပြန်ပြောလိုက်သည်။ “ရောင်းရင်းရန်… မင်း အဲ့ဆေးလုံးကို ဟိုအသီးနဲ့ လဲချင်နေတာမလား…”
သူပြောနေသည့်အသီးမှာ ကပ်ဘေးအသီး ဖြစ်ပေသည်။ ရန်ကိုင် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်လာရခြင်းမှာ ကပ်ဘေးအသီးအား ရှာရန်အတွက်မှန်း သူတို့သိထားခဲ့သည်။
ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်မလာခင်တည်းက ကောင်းရွှယ်ထင်းသည် အကုန်လုံးအား ပြောပြထားခဲ့သည်။ သူတို့သာ ကပ်ဘေးအသီးအား ရှာတွေ့မည်ဆိုပါက ထိုအသီးကို ရန်ကိုင့်ဆီမှ အဖိုးတန်ရတနာတစ်ခုခုနှင့် သွားရောက်လဲလှယ်နိုင်သည်ဟု ပြောခဲ့သည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှ အဆုံးမဲ့ရတနာဆေးလုံးကို သုံး၍ အခြားသူများ၏ ရတနာများနှင့် လိုက်လံလဲလှယ်နေသည်ကို မြင်သော် ရန်ကိုင် ကပ်ဘေးအသီးကို ရှာချင်နေမှန်း ရှရှန်း ချက်ချင်း သိလိုက်ခြင်းပင်။
ကံမကောင်းစွာဖြင့် လက်ရှိအခြေအနေအရ ရန်ကိုင် သူလိုချင်နေသည့်အသီးကို ရှာမတွေ့ခဲ့သည့် ပုံပင်။
“ဟုတ်တယ်…” ရန်ကိုင်ကလည်း ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။
“ငါတို့မှာ အဲ့အသီး မရှိဘူး… အဲ့ဒါကြောင့် ငါမလဲချင်ဘူးလို့ ပြောတာ…” ရှရှန်းက ပြုံးလျက် “ပြီးတော့ ငါတို့သာ အဲ့ဆေးလုံးနဲ့လဲဖို့ တစ်ခုခု ထုတ်ပြလာလို့ရှိရင် ငါတို့ဘာပဲထုတ်ထုတ် မင်းငြင်းဖို့ အဆင်ပြေမှာ မဟုတ်ဘူး... အဲ့ဒါဆို သိပ်မကောင်းတော့ဘူး… မင်းဘာသာ ဝူချန်းမှာ ရှိမရှိ တစ်ချက်သွားမေးကြည့်လိုက်…”
ရှရှန်းတို့မှလွဲ၍ ဤနေရာတွင် ရှိနေသည့် လူဆို၍ ဝူချန်းတစ်ယောက်သာ ကျန်တော့ပေသည်။ ထိုစကားကိုကြားသော် ဝူချန်းက ရန်ကိုင့်အား လှမ်းမေးလိုက်လေ၏။ “မင်း ဘာအသီးကို လိုချင်နေတာလဲ…”
ရန်ကိုင်က မကျေမချမ်း တစ်ချက် ငြီးတွားလိုက်ပြီးသည့်နောက် အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်လေသည်။ “ကပ်ဘေးအသီး…”
ဝူချန်းက မျက်မှောင်ကျုံ့၍ ပြန်ပြောလိုက်သည်။ “တစ်ခါမှ မမြင်ဖူးဘူး…”
“မင်းမှာတောင် မရှိဘူးဆိုတော့…” ရန်ကိုင် စိတ်ပျက်ပျက်ဖြင့်သာ ရေရွတ်လိုက်လေတော့သည်။
ဆောင်းနယ်မြေထဲရှိ ကပ်ဘေးအသီးအား မည်သူခူးသွားသလဲ ဆိုသည်ကို သူမသိသော်ငြား မည်သို့ပင်ဖြစ်နေစေကာမူ သူ ဥတုလေးမျိုးနယ်မြေသို့ လာရောက်သည့် မူလရည်ရွယ်ချက်ကို အောင်မြင်စွာ မလုပ်နိုင်တော့သည့်ပုံပင်။ ရန်ကိုင့်စိတ်ထဲ နောင်တရချင်လာခဲ့လေသည်။
“ငါ့မှာ မင်းလိုချင်တာ မရှိဘူးဆိုပေမဲ့ ငါမင်းနဲ့ အလဲအလှယ်တစ်ခု လုပ်ချင်သေးတယ်… မင်း အဲ့ဆေးလုံးကို အပြင်ကို ယူသွားလို့မရဘူး ဟုတ်တယ်မလား…”
“ဟုတ်တယ်…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ငါမင်းနဲ့ အလဲအလှယ် လုပ်လို့ကတော့ ရပါတယ်… ဒါပေမဲ့ မင်းက ဘာပစ္စည်းနဲ့လဲမှာလဲ…”
“ဒါပဲ…” ဝူချန်းသည် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်ယူပြီးသည့်နောက် ရန်ကိုင့်ဆီသို့ လှမ်းပစ်ပေးလိုက်လေသည်။ ရန်ကိုင် သူ့ပစ္စည်းအား ယူပြီး ထွက်ပြေးသွားမည်ကို ဝူချန်း လုံးဝ စိတ်မပူပေ။ ထို့ကြောင့် ရန်ကိုင့်လက်ထဲသို့ ချက်ချင်း လှမ်းပစ်ပေးလိုက်ခြင်း ဖြစ်သည်။
ရန်ကိုင်သည် လေဟာနယ်နိယာမစွမ်းအားများကို အလျင်အမြန် ဖယ်ရှားလိုက်ပြီးသည့်နောက် ကျောက်စိမ်းပုလင်းအား လှမ်းဖမ်းယူလိုက်သည်။ ထို့နောက် ဝူချန်းအား သင်္ကာမကင်း အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။
“ဖွင့်ကြည့်လိုက်ရင် သိလိမ့်မယ်…” ဝူချန်းက ပြောလိုက်သည်။
ရန်ကိုင်လည်း ဘာမှ မေးမနေပဲ ကျောက်စိမ်းပုလင်း အဖုံးကိုသာ ဖွင့်ကြည့်လိုက်လေသည်။ အထဲရှိ ပစ္စည်းကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် “ရောင်းရင်းဝူချန်းက တော်တော်ရဲတာပဲ…”
ဝူချန်းက ပြန်၍ပြောလိုက်လေသည်။ “ငါက ဧကရာဇ်အဆင့်ကို မကြာခင် ချိုးဖြတ်တော့မှာ… ဒီတော့ ဒါက ငါ့အတွက် အဲ့လောက်ကြီး အသုံးမဝင်တော့ဘူး… ဒါပေမဲ့ မင်းလို တာအိုသခင် ပထမအဆင့်ပဲ ရှိသေးတဲ့ လူတွေအတွက်ကတော့ ဒါက တော်တော်လေးကို အသုံးဝင်မှာ… ပြီးရင် မင်းရဲ့ ဧကရာဇ်အဆင့်ကို အနှေးနဲ့ အမြန် ရောက်ဦးမှာ မဟုတ်သေးဘူး… ဒါကြောင့် ဒါက မင်းအတွက် အသက်ကယ်ဝှက်ဖဲတစ်ခုတောင် ဖြစ်လာနိုင်တယ်…”
“ရောင်းရင်းဝူချန်း ပြောတာအမှန်ပဲ…” ပြောနေရင်း ရန်ကိုင်သည် ကျောက်စိမ်းပုလင်းအဖုံးကို ပြန်ပိတ်လိုက်လေသည်။
ရှရှန်းနှင့် အခြားသူများမှာတော့ ဝူချန်း မည်သည့်ပစ္စည်းအား ရန်ကိုင့်ကို ပေးလိုက်မှန်းကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ ရန်ကိုင် ဘာကြောင့်များ ထိုကဲ့သို့ ပြောရသနည်း။
ထိုစဉ် တစ်ခုခုကို စဉ်းစားမိသွားသော မုရုန်ရှောင်ရှောင်က ရုတ်တရက် ရေရွတ်လိုက်လေသည်။ “ဖြစ်နိုင်တာက…”
“ဘာလဲ…” ရှရှန်းမှာ အလွန်စပ်စုတတ်သည့် လူတစ်ဦးဖြစ်လေသည်။ ထို့ကြောင့် မုရုန်ရှောင်ရှောင်၏ အသံကိုကြားသော် လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။
ရှောင်ပိုင်ယီသည်လည်း မုရုန်ရှောင်ရှောင် ဘာပြောချင်နေသလဲဆိုသည်ကို စိတ်ဝင်စားနေသည့်အလား နားစွင့်ထားလိုက်သည်။
မုရုန်ရှောင်ရှောင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဧကရာဇ်အာဏာပိုင်ဓာတ်လုံး…”
“ဟူး…” ရှရှန်း သက်ပြင်းတစ်ချက် ချလိုက်လေသည်။ “ဒီခွေးကောင်ဝူချန်းမှာ အဲ့လို ပစ္စည်းမျိုး ရှိနေတာလား…” ထိုသို့ပြောနေရင်းမှ သူ့မျက်ဝန်းထဲ ကြောက်ရွံ့သည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားခဲ့လေသည်။ နဖူးထက် ဝေ့သီလာသော ချွေးအေးများကို သုတ်ရင်း “အဲ့တုန်းကသာ အဲ့ကောင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ထုတ်လိုက်လို့ရှိရင် ငါသေပြီ…”
ဧကရာဇ်အာဏာပိုင်ဓာတ်လုံးထဲတွင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ အစွမ်းကုန်တိုက်ကွက်တစ်ခုကို ထည့်သွင်းထားခဲ့ပေသည်။ ထို့ကြောင့် ရှရှန်းသည် သူ့ကျင့်ကြံခြင်းအဆင့်တွင် ပါရမီရှင်တစ်ဦး ဖြစ်သော်ငြား သူ့ခွန်အားဖြင့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ အားကုန်ရိုက်ချက်ကို ခုခံနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိချေ။
ခဏမျှစဉ်းစားပြီးသည့်နောက်တွင် ရှရှန်းက မျက်မှောင်ကျုံ့လျက် နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်လေသည်။ “နေပါဦး ရှောင်ရှောင်… ဝူချန်းမှာ ဧကရာဇ်အာဏာပိုင်ဓာတ်လုံး ရှိနေမှန်း နင်ဘယ်လိုသိတာလဲ…”
မုရုန်ရှောင်ရှောင် ပြန်မပြောနိုင်သေးခင်မှာပင် ရှောင်ပိုင်ယီက ဖြတ်ပြောလိုက်လေသည်။ “ဘာလို့လဲဆိုတော့ ဝူချန်း ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ရသွားတုန်းက ရှောင်ရှောင်လည်း အဲ့မှာ ရှိနေလို့ပဲ…”
ထိုစကားကို ကြားသည့်အခါ ရှရှန်း၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။ ထို့နောက် လေသံတိုးတိုးဖြင့် ပြန်အော်ပြောလိုက်လေ၏။ “ဒီတော့… ဝူချန်းက အဲ့ဧကရာဇ်အာဏာပိုင် ဓာတ်လုံးကို ဥတုလေးမျိုးနယ်မြေထဲက ရလာခဲ့တာပေါ့…”
“ဟုတ်တယ်…” မုရုန်ရှောင်ရှောင်က ခေါင်းညိတ်လိုက်သည်။ “လော့ယွမ်နဲ့ အလဲအလှယ်လုပ်ပြီး ရလာခဲ့တာ… အချိန်မြစ်ကျောင်းတော်ထဲကို စီနီယာရှောင်နဲ့ အတူ သွားခဲ့တယ်ဆိုတာကို ရှင့်ကို ပြောပြခဲ့သေးတယ်မလား… အဲ့အချိန်မြစ်ကျောင်းတော်ရဲ့ နောက်ဆုံးအခန်းထဲမှာ ရခဲ့တာ… အမှန်တကယ်တော့ အဲ့ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ရခဲ့တာ လော့ယွမ်ပဲ”
“ဒါဆို အခြားရတနာတွေလည်း ရှိသေးတယ်ပေါ့…” ရှရှန်းက စိတ်ဝင်တစားဖြင့်မေးလိုက်သည်။ “နင် ဘာရလိုက်လဲ…”
“ငါ နတ်ရေစင်တစ်စက် ရလိုက်တယ်…” မုရုန်ရှောင်ရှောင်က ပြုံး၍ ပြောလိုက်သည်။ “အဲ့လိုရလိုက်တာလည်း ဂျူနီယာမောင်လေးရန်ရဲ့ ကျေးဇူးကြောင့်ပဲ… သူ့ကြောင့်သာ မဟုတ်လို့ရှိရင် အဲ့ဒါကို ရနိုင်မှာမဟုတ်ဘူး…”
“အခြားရတနာတွေထဲက တစ်ခုကိုတော့ မင်းသမီးလန်ရွှင်း ယူသွားတယ်… သူ ယူသွားတာက ဧကရာဇ်တစ်ပိုင်းအဆင့် မှော်ရတနာပဲ…. ကုန်းဝမ်ရှန်းလည်း တစ်ခုရသွားတယ်… သူရသွားတာ ဘာပါလိမ့်… အော် ဧကရာဇ်အရှိန်အဝါ…”
“ကောင်းကင်က တကယ်ကို တရားမျှတမှု မရှိတာပဲ…” ရှရှန်းသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း မကျေမချမ်းဖြင့် ရေရွတ်လိုက်လေသည်။ “ငါ့ကိုကျ ဘာလို့ အဲ့လို အခွင့်အရေးမျိုး မပေးတာလဲမသိဘူး…”
ရှောင်ပိုင်ယီသည် ရှရှန်းအား မျက်လုံးမှေးစင်းကာ စိုက်ကြည့်၍ “နွေဦးနယ်မြေက နေသာတယ် လှတယ် ဆိုပြီး မင်းဘာသာမင်း အဲ့ဘက်ကို သွားစူးစမ်းဖို့ပဲ လုပ်နေတာလေ…”
“ဟင်း… ကြည့်ရတာ ငါမှားသွားတဲ့ပုံပဲ…” ရှရှန်းသည် စိတ်ဓာတ်ကျသွားသည့်အလား ခေါင်းစိုက်စိုက် ငိုက်ကျသွားခဲ့လေသည်။ သို့သော် ချက်ချင်းပဲ စိတ်ဓာတ်ပြန်လည် တက်ကြွလာပြီးသည့်နောက် မေးလိုက်လေသည်။
“နေပါဦး… အဲ့နတ်ရေစင်တစ်စက်ရအောင် ရန်ကိုင် နင့်ကို ကူညီသွားတယ်လို့ ပြောခဲ့တယ်နော်… ဒါဆို သူကရော ဘာရသွားတာလဲ…”
“ဂျူနီယာမောင်လေးရန်ကတော့ ဓာတ်လုံးတစ်မျိုးမျိုးကို ရသွားတာပဲ... အနီရောင် ဓာတ်လုံးတစ်လုံးပဲ…” မုရုန်ရှောင်ရှောင်က ပြန်ပြောလိုက်သည်။ “ဘာဓာတ်လုံးလဲဆိုတာကိုတော့ ကျွန်မလည်း မသိဘူး… မင်းသမီးလန်ရွှင်းတောင် မသိဘူး…”
“အနီရောင်ဓာတ်လုံး…” ရှရှန်း မျက်မှောင်ကျုံ့သွားခဲ့သည်။
သူတို့နှစ်ဦး စကားပြောနေစဉ် ဝူချန်းက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။ “မင်း ဒါနဲ့ ပတ်သက်ပြီး ကျေနပ်လား…”
ရန်ကိုင်သည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံး ရှိနေသည့် ကျောက်စိမ်းပုလင်းအား ကိုင်ထားရင်း ညစ်ကျယ်ကျယ်ပြုံးလျက် “ပြောရမယ်ဆိုရင်တော့ ဒါက တကယ် အဖိုးတန်တာ… တကယ်ကို လိုချင်စရာကောင်းတဲ့ ရတနာတစ်ခုလို့တောင် ပြောလို့ရတယ်…”
ဤသည်မှာ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးဖြစ်သည်။ ရန်ကိုင်၏ ခွန်အားမှာ နိမ့်ကျခြင်း မရှိသလို သူသည် လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသော်ငြား သူ့ကျင့်ကြံခြင်းမှာ အတော်လေး နိမ့်နေသေးသည်။
အကြံအစည်ပေါင်းစုံနှင့် ပြည့်နေသော ဤကြယ်တာရာ အစုအဝေးထဲတွင် တစ်နေ့နေ့ တစ်ချိန်ချိန်၌ မည်သို့မှ မတွန်းလှန်နိုင်သော အန္တရာယ်နှင့် ကြုံလာနိုင်သည်မှာလည်း ဖြစ်နိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် သူ့အသက်ကို ကယ်တင်ပေးနိုင်သည့် အသက်ကယ် ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်ပေသည်။
ရှင်းရှင်းပြောရလျှင် ဤဧကရာဇ်အာဏာပိုင် ဓာတ်လုံးသည် ဥတုလေးမျိုးနယ်မြေထဲရှိ မှော်ရတနာများအနက် အဖိုးအတန်ဆုံးသော ရတနာတစ်ခုပင် ဖြစ်လောက်သည်။
ကုန်းဝမ်ရှန်း ရသွားသည့် ဧကရာဇ်အရှိန်အဝါပင်လျှင် ဤဧကရာဇ်အာဏာပိုင် ဓာတ်လုံးနှင့် မယှဉ်နိုင်ပေ။ ဧကရာဇ်အရှိန်အဝါကို သုံး၍ ဧကရာဇ်မှော်ရတနာတစ်ခု ဖန်တီးနိုင်သော်ငြား ရန်ကိုင့်တွင် ဧကရာဇ်မှော်ရတနာများစွာ ရှိနေသည်။ ထို့ကြောင့် ဧကရာဇ်အရှိန်အဝါသည် သူ့အတွက် လုံးဝ အသုံးမဝင်ဟုပင် ပြော၍ရပေသည်။
“မင်း ပိုလိုချင်နေသေးတာလား…” ရန်ကိုင့်ဆိုလိုရင်းကို နားလည်လိုက်သော် ဝူချန်း မျက်မှောင်ကျုံ့သွားခဲ့သည်။ “ပြောကြည့်… အရမ်း လွန်မလာရင် ငါ လက်ခံပေးမယ်…”
“မင်းနဲ့ စကားပြောရတာ တကယ်ကောင်းတာပဲ ရောင်းရင်းဝူချန်း..” ရန်ကိုင်က အော်ရယ်မောလိုက်လေသည်။ ဝူချန်း လော့ယွမ်တို့ကဲ့သို့သော လူစားမျိုးသည် စိတ်ဆတ်ဒေါသကြီးသည့် လူစားမျိုး ဖြစ်သည့်တိုင် သူတို့နှင့် စကားပြောဆိုရသည်မှာ အမှန်တကယ်ကို လွယ်ကူပေသည်။
အကြောင်းမှာ သူတို့၏ ရည်ရွယ်ချက်ကို လုံးဝ ဖုံးကွယ်ရန် မကြိုးစားသည့် အတွက်ကြောင့် ပင်လျှင် ဖြစ်သည်။ သူတို့စိတ်ထဲတွင် တစ်ခုခု စဉ်းစားနေပြီးပါက ဒဲ့ဒိုး ဖွင့်ပြောပေလိမ့်မည်။
ရန်ကိုင်က ဆက်ပြောလိုက်သည်။ “ဒါက တကယ်ကို အဖိုးတန်တာ မှန်တယ်… ဒါပေမဲ့ ရောင်းရင်းဝူချန်းလည်း သိမှာပေါ့... ဒါက တစ်ကြိမ်သုံးပစ္စည်းပဲ… တစ်ခါသုံးပြီးသွားရင် သွားပြီ…”
“ငါ သိတယ်… အဲ့ဒါကြောင့် မင်းဘာလိုချင်လဲ ပြော…” ဝူချန်းက ဖြတ်ပြောလိုက်သည်။
ရန်ကိုင်သည် သူ့နှာခေါင်းကို ပွတ်ရင်း ထပ်စဉ်းစားနေလိုက်လေသည်။
“ရောင်းရင်းရန် စိတ်ထဲမထားရင် ငါပြောကြည့်ရမလား…” ရှရှန်းက ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“မင်း ဘာလုပ်ချင်နေတာလဲ…” ဝူချန်းသည် ရှရှန်းအား မကျေနပ်သည့် အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။
ရှရှန်းက ပြန်ပြောလိုက်သည်။ “ရောင်းရင်းရန်အတွက် တစ်ခုခု ဝင်အကြံပေးချင်ရုံပဲ… ငါပြောတာကို နားထောင်မလား နားမထောင်ဘူးလားဆိုတာက သူ့အပေါ်ပဲမူတည်တယ်…”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “ရောင်းရင်းရှ ပြောချင်တာရှိရင် ပြောလေ…”
ရှရှန်းသည် ဝူချန်းဘက်သို့ လှည့်၍ အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်လေသည်။ “ရောင်းရင်းဝူကို ကြည့်ရတာ ဥတုလေးမျိုးနယ်မြေထဲမှာ ကြယ်စည်းတံဆိပ်တွေ အများကြီး ရသွားတဲ့ပုံပဲ… ဒီတော့ ရောင်းရင်းရန်များ…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ရှရှန်း ဘာပြောချင်နေသလဲ ဆိုသည်ကိုလည်း ချက်ချင်း နားလည်သွားခဲ့လေသည်။
ဝူချန်းကမူ မျက်မှောင်ကျုံ့သွားခဲ့သည်။
ရှရှန်းက ဆက်ပြောလိုက်သည်။ “ဒီကိုမလာခင်တည်းက အကြီးအကဲကောင်းက ပြောထားပြီးသား… တပည့်တွေကို ကြယ်စည်းတံဆိပ်တွေ များနိုင်သမျှ များအောင် ရှာလာဖို့… ကြယ်စည်းတံဆိပ်တွေ အများကြီး ရလာလို့ရှိရင် ပိုတဲ့ဟာတွေကို ဂိုဏ်းနဲ့ ပြန်ပေးပြီ သူတို့လိုချင်တဲ့ ဆုနဲ့ ပြန်လဲလို့ ရတယ်လို့ ပြောထားတယ်… ရောင်းရင်းရန်သာ ကြယ်စည်းတံဆိပ် များများ ရနိုင်မယ်ဆိုလို့ရှိရင် ကျောင်းတော်ဆီကနေ လိုချင်တဲ့ဟာ တစ်ခုခုကို တောင်းယူလို့ရလောက်တယ်.. ဥပမာ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ကပ်ဘေးအသီး ရှာခိုင်းတာမျိုးပေါ့ …”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ ရှရှန်းပြောသည့်အတိုင်း ရန်ကိုင် ချက်ချင်း လုပ်ချင်မိသွားခဲ့သည်။
“ဟမ့်…” ဝူချန်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဘာလဲ… မင်းက ဒီနည်းလမ်းကို သုံးပြီးတော့ ငါတို့ ကောင်းကင်တိုက်ပွဲဒိုဂျို ကြယ်ပျက်ပင်လယ်ထဲ ဝင်နိုင်မဲ့ လူအရေအတွက်ကို လျှော့ချပစ်ချင်တာလား… ရောင်းရင်းရှက ကိုယ့်ဂိုဏ်းပေါ်ကို ယုံကြည်ချက် မရှိဘူးလား… ”
“မဟုတ်ပါဘူး…” ရှရှန်းက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ငါ ရောင်းရင်းရန်အတွက် အကောင်းဆုံး ဖြစ်မဲ့ နည်းလမ်းကို စဉ်းစားပေးတာ… မင်းပြောသလို မဟုတ်ဘူး…”
“ငါလည်း အဲ့ဒါတွေ ဂရုစိုက်မနေဘူး… ကောင်းကင်တိုက်ပွဲဒိုဂျိုက လူဘယ်လောက်ပဲ ကြယ်ပျက်ပင်လယ်ထဲ ဝင်နိုင် ဝင်နိုင် ငါ ဂရုမစိုက်ဘူး… ငါဝင်လို့ရရင်ပြီးရော…”
“အိုး…” ရှရှန်း မျက်ခုံးပင့်လိုက်သည်။ “ဒီတော့ ရောင်းရင်းဝူချန်း ပြောချင်တာက မင်းမှာ ကြယ်စည်းတံဆိပ်တစ်ခုရှိနေရင် ပြီးပြီ…. ကျန်တာတွေကို မလိုအပ်ဘူးလို့ ပြောချင်တာလား…”
“ဒါကတော့ သူ့အပေါ် မူတည်မှာပေါ့…” ဝူချန်းသည် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်အရင်မေးချင်တာက ရောင်းရင်းဝူချန်း… ခင်ဗျားမှာ ကြယ်စည်းတံဆိပ် ဘယ်နှစ်ခုရှိတာလဲ..”
“ငါးခု…”
“အတော်များတာပဲ…” ရန်ကိုင်က ခေါင်းညိတ်၍ ရေရွတ်လိုက်လေသည်။ “ရောင်းရင်းဝူချန်းဘက်က ရိုးသားနေမှတော့လည်း ဒီရန်ကလည်း ရောင်းရင်းဝူချန်းနဲ့ အလဲအလှယ် လုပ်ရတာပေါ့… ဒါပေမဲ့ အဲ့လိုမလုပ်ခင် ကျုပ်မေးချင်တာတစ်ခု ရှိသေးတယ်…”
“ပြော…” ဝူချန်းက ပြန်ပြောလိုက်သည်။
“အဲ့ကြယ်စည်းတံဆိပ်တွေကို ဘယ်လိုပြန်ပေးမှာလဲ…”
“လျို့ဝှက်နည်းစနစ် တစ်ခုသုံးပြီး မင်းဆီကို လွှဲပေးလို့ရတယ်…” ဝူချန်းက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ဒါဆိုရင် အချိန်မြစ်ကျောင်းတော် အပြင်ဘက်မှာ ရောင်းရင်းဝူချန်းကို တွေ့တုန်းက ဘာလို့ ကျုပ်လက်ကို ဖြတ်မယ်ချည်းပဲ လုပ်နေတာလဲ”
“မင်းမှာ ကြယ်စည်းတံဆိပ်တွေကို လွှဲပေးလို့ရမဲ့ နည်းစနစ် ရှိလို့လား…” ဝူချန်းက အထင်အမြင်တသေးဖြင့် ပြန်မေးလိုက်လေသည်။
“မရှိဘူးလေ…” ရန်ကိုင်က ပြောလိုက်သည်။
“အဲ့ဒါဆို မင်းလက်ကို ဖြတ်ပစ်ဖို့ပဲ ရှိတော့တာပေါ့…” ဝူချန်းက ပြန်ပြောလိုက်သည်။
“ဟုတ်တာပဲနော်…”
“တော်ပြီ အပိုတွေ ပြောမနေနဲ့တော့… အလဲအလှယ်ကို အဆုံးသတ်ရအောင်…” ပြောပြီးသည်နှင့် ဝူချန်းသည် ရန်ကိုင့်ဆီသို့ လျှောက်သွားလိုက်ပြီး လက်ကွက်အချို့ ဖန်တီးကာ သူ့အရင်းအမြစ်ချီကို လှည့်ပတ်လိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၀၀)
အမည်မဲ့တောင်ကြားထဲရှိ ဘဲဥပုံစံ အလင်းတံခါးဆီမှ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာနေခဲ့ကြသည်။
အချို့လူများ၏မျက်နှာထက် အပြုံးပန်းများ ဝေဝေဆာဆာ ဖူးပွင့်နေကြသော်ငြား အချို့သူများမှာမူ သူတို့ရရှိလာသည့် ရတနာများနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေသည့်အလား စိတ်ဓာတ်ကျကျဖြင့် ခေါင်းငုံ့နေခဲ့ကြသည်။
သူတို့၏အမူအယာများ မည်သို့ပင် ဖြစ်နေစေကာမူ အလင်းတံခါးမှ ထွက်လာပြီးသည့်နောက် အကုန်လုံး၏ အမူအယာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေ၏။ သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်လာခဲ့ကြပြီး ချွေးသီးချွေးပေါက်များ နဖူးထက် ဝေ့သီလာကုန်ကြလေသည်။
သူတို့ ထိုသို့ ဖြစ်သွားသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ သူတို့ အပြင်သို့ ထွက်လာလာချင်း ဧကရာဇ်ပညာရှင် ခြောက်ဦးသည် အပြင်ဘက်တွင် တန်းစီလျက် သူတို့အား စိုက်ကြည့်နေကြသည်ကိုး။
အပြင်သို့ ထွက်လာသည့်လူ မှန်သမျှကို ဧကရာဇ်အဆင့် ပညာရှင်ခြောက်ဦးသည် သူတို့၏ကောင်းကင်စိတ်အာရုံဖြင့် တစ်ပြိုင်တည်း စစ်ဆေးကြလေသည်။ မည်သူကများ ထိုကဲ့သို့သော ဖိအားကို ခုခံနိုင်ကြမည်နည်း။
ကံကောင်းစွာဖြင့် ဧကရာဇ်ခြောက်ဦးမှာ အခြားသော မည်သည့်ရည်ရွယ်ချက်မှ ရှိမနေပဲ စစ်ဆေးရုံသက်သက်သာ ဖြစ်နေသည့်အတွက်ကြောင့် သူတို့ ခံစားနေရသည့် ဖိအားမှာ ခဏမျှသာ ကြာခဲ့ပြီး ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။
ဧကရာဇ်ပညာရှင် ခြောက်ဦး ဘာကြောင့် ထိုကဲ့သို့ လုပ်နေသလဲ ဆိုသည်ကို မသိသည့် လူအများစုသည် ဝင်ပေါက်မှ ထွက်လာပြီးသည့်နှင့် ဤနေရာမှ မြန်မြန် ထွက်သွားရန် ကြိုးစားလေသည်။
သို့သော်ငြား လူအချို့မှာတော့ ဧကရာဇ်ပညာရှင်ခြောက်ဦး၏ ရည်ရွယ်ချက်ကို သိနေခဲ့ကြလေသည်။ ထိုသို့ဖြင့် ဧကရာဇ်ပညာရှင်ခြောက်ဦးသည် ဝင်ပေါက်အား နေ့ဝက်ကြာအောင် သေချာ လေ့လာစစ်ဆေးနေလေ၏။
ရုတ်တရက် ပုံရိပ်တစ်ခုသည် အလင်းဝင်ပေါက်မှ ထွက်လာခဲ့လေသည်။ ဧကရာဇ် ပညာရှင်ခြောက်ဦးစလုံး ထိုလူရိပ်အား စိုက်ကြည့်လိုက်ကြသည်။ ထိုသူမှာ ထိုကဲ့သို့ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့သော် သူ့တုံ့ပြန်မှုမှာ အတော်လေးကိုမှ မြန်သည်ဟု ပြော၍ရသည်။ အလွန်ကိုမှ အားကောင်းသည့် ဖိအားတစ်ရပ် သူ့ဆီသို့ ပြိုဆင်းကျလာသည်နှင့် တစ်ပြိုင်နက် အရင်းအမြစ်ချီနှင့် စိတ်စွမ်းအင်ကို တမုဟုတ်ချည်း လှည့်ပတ်ကာ ထိုဖိအားကို ခုခံရန် ကြိုးစားလိုက်လေသည်။
သို့သော်ငြား မကြာခင် စိတ်ရှုပ်ရှုပ်ဖြင့် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ အကြောင်းမှာ သူခံစားနေရသည့် ဖိအားများသည် အမျိုးမျိုးသော ဂိုဏ်းကြီးများ၏ အကြီးအကဲများဆီမှ လာနေသည့်အတွက်ကြောင့် ဖြစ်ပေသည်။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်…” ချန်ဝမ်ဟောင်သည် ထို ကောင်းတယ်ဟူသော စကားကို ထပ်တလဲလဲ ရေရွတ်ရင်း ဝူချန်းကို ကြည့်ကာ ပြောလိုက်လေသည်။ “ဝူချန်း… မင်း ဟိုမှာ သွားရပ်နေလိုက်…”
ဝူချန်းသည် တခဏမျှ အတွေးနက်နေပြီးသည့်နောက်တွင် ချန်ဝမ်ဟောင်ပြောသည့်အတိုင်း ဘေးဘက်သို့ သွားကာ ရပ်နေလိုက်လေသည်။
ဝူချန်းနောက်တွင် ပုံရိပ်သုံးခု လိုက်လာခဲ့လေသည်။ ထိုလူသုံးယောက်မှာ ရှရှန်းတို့အဖွဲ့သာ ဖြစ်ကြလေသည်။ အပြင်သို့ ရောက်လာပြီးသည့်နောက် ရှရှန်းက ချွေးသီးချွေးပေါက်များဖြင့် ရုတ်ချည်းမေးလိုက်လေသည်။
“စီနီယာတို့ ဘာတွေဖြစ်နေကြတာလဲ… ဖြစ်နိုင်တာက စီနီယာတို့ ကျုပ်ကို ကြိုဆိုဖို့ ရောက်နေကြတာလား… ဂျူနီယာကို အခုလိုမျိုး ကြိုဆိုနေစရာမလိုပါဘူး စီနီယာတို့ရဲ့…”
“မဟုတ်တရုတ်တွေ လာပြောနေလို့ရှိရင် ငါမင်းကို အထဲကို ပြန်ထည့်ပေးလိုက်မှာနော်…” ရှောင်ယုယန်က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
ထိုအခါမှပင် ရှရှန်း ဆက်၍ အပိုစကားများ ပြောမနေရဲတော့ပဲ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့ကို ခေါ်ကာ ဘေးတစ်ဖက်တွင် သွားရပ်နေလိုက်တော့သည်။
သူတို့သုံးဦး ထွက်လာပြီးသည့်နောက် အဆုံးတွင် ရန်ကိုင် ထွက်လာခဲ့လေသည်။ ရန်ကိုင့်ကို မြင်သည့်အခါ ကောင်းရွှယ်ထင်းက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။ “နောက်ဆုံးတော့ သူထွက်လာပြီပေါ့…”
“အဲ့ကောင်လေးလား…” ရှောင်ယုယန်သည် ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။ ကောင်းရွှယ်ထင်းက ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းတယ်…” ရှောင်ယုယန်က အသံကျယ်ကျယ်ဖြင့် အော်ရယ်မောလျက် “ဒီဘုရင်ကို ဒီလောက်တောင် ကြာအောင် စောင့်ခိုင်းရဲတယ်ဆိုတော့ ဒီကောင့်မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်များ ရှိနေသလားဆိုတာ ကြည့်ရသေးတာပေါ့…”
ပြောပြီးသည့်နောက်တွင် သူ့လက်ဝါးအား ရန်ကိုင့်တည့်တည့်သို့ ချိန်ရွယ်လိုက်လေသည်။
ဝင်ပေါက်ဆီမှ ထွက်လာပြီးခြင်း ဘာကိုမှ မခံစားရသော်ငြား ချက်ချင်းဆိုသလို အလွန်ကိုမှ ကြီးမားသည့် ဖိအားတစ်ရပ် သူ့အပေါ်သို့ ပြိုဆင်းကျလာသည်ကို ရန်ကိုင် ခံစားလိုက်ရသည်။
ထိုစွမ်းအားမှာ အလွန်ကိုမှ အားကောင်းလှသဖြင့် ရန်ကိုင့်အဖို့ ခုခံချိန်ပင် မရလိုက်ချေ။ သူ့သတိပြန်ဝင်လာချိန် ရှောင်ယုယန်ရှေ့သို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။
“ဘာတွေဖြစ်နေတာလဲ…” ရန်ကိုင်သည် လုံးဝ နားမလည်နိုင်သည့် အမူအယာဖြင့် အော်မေးလိုက်လေသည်။
ပထမဦးဆုံးတွေးလိုက်သည်မှာ တစ်ယောက်ယောက်မှ သူ့အား ခြုံခိုတိုက်ခိုက်လိုက်သည် ဟူ၍ပင်။ သို့သော်ငြား လှည့်ပတ်ကြည့်လိုက်ပြီးနောက် ဧကရာဇ်အဆင့် ပညာရှင်ခြောက်ဦးသည် မိန်းမလှလေးအား အမဲဖျက်တော့မည့် အမူအယာမျိုးဖြင့် ဝိုင်းစိုက်ကြည့်နေကြသည့် တဏှာရူးခြောက်ဦး၏ အကြည့်မျိုးဖြင့် သူ့အား စိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည်။
ကောင်းရွှယ်ထင်းပင်လျှင် ချွင်းချက်မဟုတ်။
ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် အကြောင်းစုံကို ရန်ကိုင် အကြမ်းဖျင်း နားလည်သွားခဲ့လေသည်။ ဤကဲ့သို့ ဖြစ်လာမည်မှန်း ကြိုသိထားခဲ့သော်ငြား တကယ်ဖြစ်လာချိန်တွင် သူ့စိတ်ထဲ ကူကယ်ရာတော့ မဲ့မိပေသည်။
“ဒါ ဘာသဘောလဲ… ခင်ဗျားတို့ဘာလို့ ခုလိုလုပ်နေရတာလဲ…” ရန်ကိုင်သည် စတင်၍ ရုန်းကန်တော့လေသည်။
“ကြောက်မနေနဲ့… ငါတို့ နင့်ကို ထိခိုက်အောင် မလုပ်ဘူး…” ကောင်းရွှယ်ထင်းက နှစ်သိမ့်ပေးလိုက်သည်။
“ပြောချင်ရင် စကားနဲ့ပြောလေ… လူကြီးလူကောင်းတွေက စကားနဲ့ပြောတာ လက်မသုံးဘူး… ပြီးတော့ ရန်သူထက် မိတ်ဆွေပိုရှိနေတာ ပိုမကောင်းဘူးလား… တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဘယ်သူက အားကောင်းလာမယ် ဘယ်သူက နိမ့်ကျသွားမယ်မှန်း ဘယ်သူသိမှာလဲ… ခင်ဗျားတို့ ကျုပ်တို့လူငယ်တွေ အားနည်းနိမ့်ကျနေတုန်း အခုလိုမျိုး အနိုင်မကျင့်သင့်ဘူးနော်…” ရန်ကိုင်သည် ပေါက်တက်ကရ စကားများကို ညံမစဲအောင် အော်ပြောနေခဲ့လေသည်။
“ကောင်စုတ်လေး မင်းပါးစပ်ပိတ်ထားလိုက်ရင် ကောင်းမယ်…” ရှောင်ယုယန်သည် ရန်ကိုင့်အား ဖမ်းဆုပ်ထားရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
ရန်ကိုင် မည်သို့မှ မတုံ့ပြန်နိုင်သေးခင်မှာပင် ရှောင်ယုယန်သည် သူ့လက်ထဲမှ သိုလှောင်လက်စွပ်ကို ချွတ်ယူသွားခဲ့သည်။
“ခင်ဗျားကျုပ်ကို ဓါးပြတိုက်နေတာလား…” ရန်ကိုင်သည် ရှောင်ယုယန်အား အံ့အားသင့်တကြီး စိုက်ကြည့်ရင်း အလန့်တကြား အော်ပြောလိုက်လေသည်။ “ကြီးနိုင်ငယ်ညင်းလုပ်တာကို ခင်ဗျားတို့ တောင်ဘက်နယ်မြေရဲ့ ဥပဒေက ခွင့်ပြုပေးထားတာလား …”
“ဟမ်…” ရန်ကိုင့်၏ သိုလှောင်လက်စွပ်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရှောင်ယုယန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ရန်ကိုင့်စကားကို ကြားသော် ရှောင်ယုယန်က အေးစက်စက် အမူအယာဖြင့် ရယ်မောလျက် “တောင်ဘက်နယ်မြေက ခွင့်ပြုပေးထားတာ ဟုတ်လား… ဒီဘုရင်က အခုချိန်မှာ ဒီနေရာရဲ့ ဥပဒေပဲ… မင်း ဘာပြောချင်လဲ…”
“စီနီယာက အဲ့လို တွေးနေတယ်ဆိုမှလဲ…” ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပုခုံးတွန့်ပြလျက် “ဂျူနီယာလည်း ဘာမှ မတတ်နိုင်တော့ဘူးပေါ့…”
“အေး… မင်းနားလည်ရင် ပြီးရော…” ရှောင်ယုယန်သည် ရန်ကိုင့်အား လျစ်လျူရှုလျက် သူ့သိုလှောင်လက်စွပ်ကို ဆက်၍ စစ်ဆေးလိုက်လေသည်။ ခဏအကြာ၌ မျက်မှောင်ကျုံ့ သွားခဲ့ပြီးနောက် ထိုသိုလှောင်လက်စွပ်ကို ချန်ဝမ်ဟောင်ဆီသို့ ပစ်ပေးလိုက်လေသည်။
ချန်ဝမ်ဟောင်သည်လည်း သိုလှောင်လက်စွပ်ကိုယူကာ စတင် စစ်ဆေးကြည့်တော့လေသည်။
ချန်ဝမ်ဟောင်မှ သိုလှောင်လက်စွပ်ကို စစ်ဆေးနေစဉ် ရှောင်ယုယန်သည့် ရန်ကိုင့်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ ထိုကဲ့သို့သော အကြည့်မျိုးဖြင့်သာ ကြည့်ခံလိုက်ရမည်ဆိုပါက မည်သူမဆို ကျောရိုးတစ်လျှောက် စိမ့်တက်ပြီး ထိတ်လန့်ကြောက်ရွံ့သွားကြပေလိမ့်မည်။
ရှောင်ယုယန်၏ အကြည့်ကြောင့် ရန်ကိုင်လည်း အလွန်ကိုမှ မသက်မသာ ဖြစ်နေခဲ့လေသည်။ မရေမတွက်နိုင်အောင် များပြားလှသော ပုရွတ်ဆိတ်များ သူ့ခန္ဓာကိုယ်ပေါ် ပွစိတက် သွားလာနေသလို ခံစားနေခဲ့ရလေ၏။
သို့သော်ငြား ကံကောင်းစွာဖြင့် ရန်ကိုင်သည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ အရှိန်အဝါကို ယခင်ကတည်းက ခံစားဖူးပြီးသား ဖြစ်နေခဲ့သည်။
ထိုမျှသာလျှင် မဟုတ်သေးပဲ ဧကရာဇ်ပထမဆင့် ပညာရှင်များနှင့်လည်း တိုက်ခိုက်ဖူးခဲ့ပေသေးသည်။ ထို့အတွက်ကြောင့် အကြည့်သက်သက်ဖြင့် သူ့အား ခြိမ်းခြောက်နိုင်မည် ထင်လျှင်တော့ ရှောင်ယုယန် ကိုယ့်ကိုကိုယ် အထင်ကြီးနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ဤသည်မှာ ရှောင်ယုယန်၏ အပြစ်လည်း မဟုတ်ပေ။ မည်သည့် တာအိုသခင် ပထမအဆင့်ကများ ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ဤကဲ့သို့ မမှိတ်မသုန် စိုက်ကြည့်ခြင်းကို ခံနေရသည့်အခါ လွတ်လွတ်လပ်လပ် စဉ်းစားတွေးတော နိုင်ပါဦးမည်နည်း။
အကုန်လုံး ကြောက်စိတ်မွှန်ပြီး ဘာကိုမှ သေချာစဉ်းစားနိုင်တော့လိမ့်မည် မဟုတ်ပေ။ ရန်ကိုင်ဖြစ်နေသည့် အတွက်ကြောင့်သာ ရှောင်ယုယန် လှည့်ကွက် အသုံးမဝင်သွားခဲ့ခြင်း ဖြစ်ပေသည်။
“ကောင်စုတ်လေး… မင်း လူလည် လူပါးမှန်း ငါသိတယ်…. အခု ငါတို့ ဘာလို့ ဒီမှာ စောင့်နေရမှန်း မင်းသိတယ်မလား…” ရှောင်ယုယန်သည် ရန်ကိုင့်အား စိုက်ကြည့်ရင်း မေးလိုက်လေသည်။
“ခန့်မှန်းမိပါတယ်…” ရန်ကိုင်သည် အရူးတစ်ယောက် မဟုတ်သည့်အတွက် အခြေအနေကို မြင်လိုက်သည်နှင့် ချက်ချင်း နားလည်သွားခဲ့သည်။ ထို့နောက် ကြောက်လန့်တုန်လှုပ်နေသည့် ပုံစံ လုပ်ပြရင်း ပြန်မေးလိုက်လေသည်။ “စီနီယာတို့ အဆုံးမဲ့ရတနာဆေးလုံးကို လိုချင်နေတာလား…”
“မင်းသိတာကောင်းတယ်…” ရှောင်ယုယန်က အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။ ဤပညာရှင်များသည် အဆုံးမဲ့ရတနာဆေးလုံးအတွက် ဤနေရာတွင် စောင့်ဆိုင်းနေကြခြင်း ဖြစ်လေသည်။
ဥတုလေးမျိုးနယ်မြေထဲမှ ထွက်လာသည့် လူများသည် ဥတုလေးမျိုးနယ်မြေထဲ၌ အဆုံးမဲ့ကြာပန်းတစ်ပွင့် ပေါ်လာခဲ့ပုံနှင့် ရန်ကိုင်မှ အဆုံးမဲ့ရတနာဆေးလုံးများ ဖော်စပ်ခဲ့ပုံအကြောင်းကို ပြန်လည်ပြောပြခဲ့သည်။
ထိုသတင်းကို ကြားပြီးသည့်နောက် ရှောင်ယုယန်နှင့် အခြားသော ဧကရာဇ်အဆင့် ပညာရှင်အားလုံး အလွန်ကိုမှ အံ့အားသင့်သွားခဲ့ကြလေသည်။
အဆုံးမဲ့ရတနာဆေးလုံးသည် အလွန်ကိုမှ အဖိုးတန်လှပြီး ကောင်းကောင်းမွန်မွန်သာ အသုံးချမည်ဆိုပါက ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖန်တီးနိုင်လောက်အောင် အသုံးဝင်ပေသည်။
ထိုသတင်းကို ကြားပြီးသည့်နောက်တွင် ဧကရာဇ်အဆင့် ပညာရှင်များ အလွန်ကိုမှ စိတ်လှုပ်ရှားမိသွားခဲ့ကြသည်။ သူတို့ဝင်သွား၍ ဝင်ပေါက်ပျက်စီးသွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုသတင်းကို ကြားလိုက်ချိန်တည်းက ဥတုလေးမျိုးနယ်မြေထဲသို့ ပြေးဝင်ကာ အဆုံးမဲ့ရတနာဆေးလုံးများကို လုယူပစ်လိုက်ပေသည်။
ဤနေရာတွင် ရပ်စောင့်နေရခြင်းမှာလည်း ရန်ကိုင်နှင့် တွေ့လိုသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။
“ကျန်တဲ့ အဆုံးမဲ့ရတနာဆေးလုံးတွေ ဘယ်မှာလဲ… အဲ့ဒါတွေပေးစမ်း…” ရှောင်ယုယန်သည် ချက်ချင်းပဲ လက်ဖြန့်တောင်းလိုက်လေသည်။
“ဘယ်လိုလုပ်ပြီး ကျန်တဲ့ ဆေးလုံးတွေ ရှိနေဦးမှာလဲ… အကုန် ကုန်သွားပြီလေ..” ရန်ကိုင်က အပြစ်ကင်းစင်သည့် အမူအယာမျိုးဖြင့် ပြန်ပြောလိုက်သည်။
ရှောင်ယုယန်သည် သူ့ဟန်ပန်ပုံစံကို အနည်းငယ် ပြန်ထိန်းလိုက်ပြီးသည့်နောက် အေးစက်စက် လေသံဖြင့် “မင်း အခု ခွန်အားလောက်နဲ့ ငါ မင်း လိမ်နေတယ် မလိမ်ဘူးဆိုတာကို သိနိုင်တယ်ဆိုတာ မင်းသိသင့်တယ်နော်…”
“ဂျူနီယာ အမှန်ကို ပြောနေတာ… စီနီယာ မယုံရင် ရောင်းရင်းဝူချန်းနဲ့ ရောင်းရင်းရှတို့ကို မေးကြည့်လိုက်…” ရန်ကိုင်သည် ထိုလူနှစ်ဦးအား လှမ်း လက်ညှိုးထိုးပြလိုက်လေသည်။
ဝူချန်းနှင့် ရှရှန်းတို့၏ မျက်နှာများ မဲ့သွားကုန်ကြလေ၏။ သူတို့သည် တာအိုသခင်အဆင့် ပညာရှင်များအကြား ပါရမီရှင်များ ဖြစ်ကြသလို အနာဂတ်တွင် ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်လာလိမ့်မည်ဟု သူတို့ကိုယ်သူတို့ ယုံကြည်ချက်ရှိသော်ငြား သူတို့နှင့် ဝါရင့်သမ္ဘာရင့် ဧကရာဇ်အဆင့် ပညာရှင်များဖြစ်ကြသော ရှောင်ယုယန်တို့ကဲ့သို့ လူမျိုးကြား၌ ကွာခြားချက် အကြီးကြီးတစ်ခု ရှိနေပေသေးသည်။
ရန်ကိုင်မှ သူတို့အား သူ့အရှုပ်ထုပ်ထဲ ဆွဲခေါ်လိုက်သည့် အတွက်ကြောင့် သူတို့နှစ်ဦးပါ ပြဿနာတက်ပေတော့မည့် အကြောင်းတွေးရင် နှစ်ယောက်စလုံး မျက်နှာ မကောင်းကြတော့ချေ။
“ကောင်းပြီလေ…” ရှောင်ယုယန်က အလျင်အမြန် ပြန်ပြောလိုက်သည်။ “ငါ မင်းကို နောက်တစ်ကြိမ်ထပ်မေးမယ်… အဲ့ဒါကို မင်း အမှန်အတိုင်းဖြေ… မင်း ဒီဘုရင်ကို လာလိမ်ရဲမယ်ဆိုရင်တော့ ငါမင်းကို ဥတုလေးမျိုးနယ်မြေထဲ ပြန်ထည့်ပြီး အဲ့မှာပဲ တစ်သက်လုံး ပိတ်ထားလိုက်တော့မယ်…”
ပြောပြီးသည့်နောက်တွင် မပိတ်သေးသော အလင်းတံခါးကို လှမ်းညွှန်ပြလိုက်လေ၏။ ထိုသို့ပြောပြီးသည့်နောက် ရှောင်ယုယန်သည် သူ့လေသံအား ချက်ချင်းကို ပြောင်းလိုက်လေသည်။ ချိုသာစွာပြုံးရင်း ရင်းနှီးဖော်ရွေသည့် အမူအယာဖြင့် “ဒါပေမဲ့ မင်းက ရိုးရိုးသားသားနဲ့ အမှန်အတိုင်း ဖြေမယ်ဆိုရင်တော့ ငါတို့မင်းကို ဆုကောင်းကောင်းချပေးမှာပေါ့…”
ရန်ကိုင်သည် နဖူးထက်ရှိ ချွေးများကို သုတ်ရင်း ပြန်ပြောလိုက်လေသည်။ “မုန့်ပေးပြီး တုတ်ကျွေးဖို့ ပြင်နေတာပဲ… စီနီယာရှောင် မေးချင်တာမေးပါ… ဂျူနီယာ သိထားသလောက် ဖြေပေးပါမယ်…”
“အင်း…” ရှောင်ယုယန်သည် ကျေနပ်သွားသည့် အမူအယာဖြင့် မေးလိုက်သည်။ “အဲ့ဒါဆိုလို့ရှိရင် အဆုံးမဲ့ရတနာဆေးလုံးတွေကို မင်းတကယ် ဖော်စပ်လိုက်နိုင်တာလား…”
“အာ... တကယ်ဖော်စပ်နိုင်တာပေါ့… အကုန်လုံးလည်း ကြည့်နေတာပဲကို ဂျူနီယာက ဘယ်လိုလုပ်ပြီး လိမ်ရဲမှာလဲ…” ရန်ကိုင်က ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလျက် ထပ်ပြောလိုက်လေသည်။ “စီနီယာ မယုံလို့ရှိရင် မင်းသမီးလန်ရွှင်းကို မေးကြည့်လိုက်… သူအာမခံပေးလို့ရတယ်…”
“ငါ သူ့ကို မေးပြီးသွားပြီ… ဒါပေမဲ့ မင်းတာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေတယ်ဆိုတာကို ငါခုထိ မယုံချင်သေးဘူး…” ရှောင်ယုယန်သည် ရန်ကိုင့်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်၍ ဆက်ပြောလိုက်လေသည်။ “ထားလိုက်တော့… အဲ့အကြောင်းကို ဘေးခဏထားလိုက်… မင်း ဆေးလုံး ဘယ်နှစ်လုံးဖော်စပ်နိုင်လိုက်လဲ…”
“လေးလုံး…”
“အဲ့ဒါတွေ ဘယ်ရောက်သွားပြီလဲ…”
“မင်းသမီးလန်ရွှင်းကို တစ်လုံးပေးလိုက်တယ်… လမ်းစဉ်ရှစ်သွယ်ဂိုဏ်းက မိန်းကလေးတစ်ယောက်က တစ်လုံးစားလိုက်တယ်… ကျန်တဲ့ တစ်လုံးကို ကျုပ်စားတယ်… နောက်ဆုံးတစ်လုံးကိုတော့ ဝူချန်းဆီပေးလိုက်တယ်… ”
“အိုး…” ချန်ဝမ်ဟောင်က အံ့အားသင့်သွားသည့် အမူအယာဖြင့် ဝူချန်းအား လှမ်းကြည့်လိုက်လေသည်။
ဝူချန်းက ခေါင်းညိတ်ပြလိုက်လေ၏။
ထိုစကားကိုကြားသည့်အခါ ချန်ဝမ်ဟောင်သည် နားရွက် တက်ချိတ်မတက် ပြုံးရင်း ရယ်မောကာ ပြောလိုက်လေသည်။ “စီနီယာရှောင်… အဲ့လိုဆေးလုံးတစ်လုံးရတာ ဝူချန်းရဲ့ အခွင့်အရေးဆိုတော့ စီနီယာ သူ့ကိုတော့ ကျေးဇူးပြုပြီး ချမ်းသာပေးပါနော်… ဟဲ ဟဲ ဟဲ…”
ရှောင်ယုယန်သည် ချန်ဝမ်ဟောင်အား တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် ရန်ကိုင့်ဆီသို့ ပြန်ကြည့်ကာ ပြောလိုက်လေသည်။ “ဒီတော့ မင်းပြောတဲ့ပုံအရဆိုရင် နောက်ထပ် ဘာဆေးလုံးမှ ထပ်မကျန်တော့ဘူးပေါ့…”
ရန်ကိုင်က ဇောချွေးပြန်နေသည့် အမူအယာဖြင့် ချက်ချင်း ပြန်ဖြေလိုက်လေသည်။ “စီနီယာရှောင်… အဆုံးမဲ့ရတနာ ဆေးလုံးတွေကို ဖော်စပ်ဖို့က ဒီလောက်လွယ်တာမဟုတ်ဘူး…. အခုလိုအောင်မြင်သွားတာတောင် တော်တော်လေး ကံကောင်းနေပြီလို့ ပြောလို့ရတယ်… အဲ့တာကို ဆေးလုံးလေးလုံးရတာမှ မကျေနပ်သေးရင် စီနီယာရှောင်က ဘယ်လောက်တောင် ထပ်လိုချင်နေသေးတာလဲ…”
တခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် ရန်ကိုင်က ဆက်ပြောလိုက်လေ၏။ “ဆေးလုံးကို ဖော်စပ်ပြီးတဲ့ချိန်မှာ အားလုံးရှေ့မှာပဲ ကျုပ် အလဲအလှယ် လုပ်ပေးလိုက်တာ… အခု ဆေးလုံးတွေ အကုန်လုံးက ကုန်သွားပြီ… စီနီယာရှောင်လည်း ကျုပ်သိုလှောင်လက်စွပ်ကို စစ်ဆေးပြီးသွားပြီပဲဟာကို… ဘာမှ ရှာမတွေ့ဘူးမလား… အဲ့ဒါကို ကျုပ်က ဘယ်လိုထပ်ရှင်းပြရ တော့မှာလဲ…”
ရှောင်ယုယန်က ခေါင်းညိတ်၍ “ဟုတ်တယ်… မင်းအရည်အချင်းနဲ့ ဆေးလုံးလေးလုံး ဖော်စပ်နိုင်တာ တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပြီ… အဆုံးမဲ့ရတနာဆေးလုံးနဲ့ ပတ်သက်လာရင် ဧကရာဇ်အဆင့် ပညာရှင်တွေတောင် ဘယ်နှစ်လုံး ဖော်စပ်နိုင်မယ်လို့ မပြောရဲကြဘူး… ဆေးလုံးတွေအကုန်လုံးကလည်း အခြားသူတွေဆီ ရောက်သွားပြီဆိုမှတော့ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြတာပေါ့…”