← Chapters

အပိုင်း (၄၄၉)

Vol. 31 Ch. 449

အပိုင်း (၄၄၉)

Vol. 31 Ch. 449

တော်ဝင်သဲကန္တာရမြို့ ....။

အချိန်အနည်းငယ်ကြာပြီးသည့်နောက် ဖန်းဟန်သည် တော်ဝင်သဲကန္တာရမြို့ဆီသို့ ပြန်ရောက်ခဲ့ပြီဖြစ်၏။ သူ့အနေနှင့် မနေ့တစ်နေ့ကမှ ထွက်ခွာသွားခဲ့သလိုပင် ခံစားနေမိ၏။ နောက်ဆုံးအကြိမ် ဤနေရာသို့ ရောက်ရှိလာခဲ့သည့်အချိန်၌ သူသည် မုန့်ရှင်းကျီနှင့်အတူ ပြန်လည်ကာ ထွက်ခွာခဲ့ရ၏။

လက်ရှိအခြေအနေမှာတော့ အဒေါ်လန်နှင့်အတူ ပြန်လည် ရောက်ရှိလာခဲ့သည် ဆိုသော်လည်း အစစ်အမှန်တရားမှာတော့ အချိန်အားဖြင့် တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် စိတ်ခံစားချက်များ ရောထွေး လျက်ရှိ၏။ တစ်နှစ်ဆိုသည့် အတိုင်းအတာသည် အပြင်လောကတွင် ကြာမြင့်သည့် အချိန်ကာလတစ်ခု မဟုတ်ချေ။ သို့ပေမဲ့ တော်ဝင်သဲကန္တာရမြို့မှာတော့ ခြားနားလျက် ရှိသည်။

တစ်နှစ်အတွင်း ဆန်းကြယ်လှသည့် အဖြူရောင် ကျောက်စိမ်းနန်းတော်ကြီးများသည် မြေပြင်မှာ ထီးထီးကြီး တည်ရှိနေပြီး အင်မော်တယ်မြက်ပင်များသည် ယိမ်းယိုင်နေ၏။ ကြီးမားလွန်းလှသည့် နတ်ဘုရား သစ်ပင်များသည် မားမားမတ်မတ် တည်ရှိနေပြီး ဖီးနစ်အော်သံများကိုပင် ထုတ်ဖော်နေခဲ့၏။ တည်နေရာ တစ်ခုလုံးတွင် သာမာန်ထက်ပိုပြီး ထူးခြားလှသည့် ပတ်ဝန်းကျင်ကြီး ဖြစ်တည်လျက်ရှိပြီး နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ပင်။

“တော်ဝင်သဲကန္တာရမြို့ကို လာတဲ့ခရီးစဉ်က နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ” အဒေါ်လန်သည် ပျော်ရွှင်ခြင်း အပြည့်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြည့်ရှုလိုက်၏။

“အင်း ဟုတ်တယ်”

ဖန်းဟန်သည်လည်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ “သွားကြရအောင်၊ အရင်ဆုံး ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို သွားကြရအောင်။ ဒီအတောအတွင်း လွင့်မျောတိမ်တောင်ရဲ့ အင်ပါယာရန်မ ိုက ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကနေ ထွက်သွားလောက်ပြီ”

မိုင်ဆယ်သန်းဆိုသော အကွာအဝေးသည် တော်ဝင်သူတော်စင် တစ်ယောက် ခရီးသွားမည်ဆိုလျှင်တောင်မှ တစ်နာရီနီးပါးခန့် ကြာမြင့်၏။ ဤမျှအချိန်ကို ကြာမြင့်ပြီးနောက် တော်ဝင်အင်ပါယာရန်မိုသည် အင်မော်တယ်ဖြစ်လာရန် အခွင့်အရေးကို ရရှိပြီး ထွက်ခွာသွားနိုင်လောက်၏။

“ကောင်းပြီ” အဒေါ်လန်သည်လည်း အသာခေါင်းညိတ်ကာဖြင့် သဘောတူညီလိုက်သည်။

တစ်ချိန်တည်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်တွင်တော့ လူနှစ်ယောက်တို့သည် မျက်နှာချင်းဆိုင်ရပ်လျက် ရှိ၏။ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လီယွင်သည် တည်ငြိမ် အေးဆေးသည့် ပုံပန်းသွင်ပြင်မျိုးရှိပြီး ထုံစံအတိုင်း ရေနွေးခွက်ကို ကိုင်ဆောင်ထား၏။ သူသည် ရေနွေးကို အသာမော့ကာဖြင့် ပြောလိုက်၏။

“လက်ရှိ ခင်ဗျားရဲ့အခြေအနေအရဆိုရင် အင်မော်တယ်ဖြစ်ဖို့အတွက် တော်တော်ကြီး လိုသေးတာပဲ။ ဟုတ်တယ်။ ခင်ဗျားက အင်မော်တယ်ဖြစ်လာမယ့်စာရင်းထဲမှာ ပါဝင်ချင်တယ်ဆိုရင်တော့ ကျုပ်ဆီမှာ နည်းလမ်းတစ်ခုရှိတယ်၊ ဒါပေမဲ့ အင်မော်တယ် ဖြစ်ပြီးတဲ့နောက်မှာ ခင်ဗျားရဲ့အားအင်အဆင့်က ခင်ဗျားရဲ့ ကိုယ်ပိုင် ကံကြမ္မာပေါ်မှာ မူတည်လိမ့်မယ်”

လီယွင်၏ အခြားတစ်ဖက်တွင်တော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော တော်ဝင်အင်ပါယာရန်မိုသည် ထူးမခြားနားသလို အမူအရာမျိုးဖြင့် တည်ရှိနေ၏။ ၎င်းသည် အမှန်တကယ် ရဲတင်းလှသည့် လူတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ လီယွင်၏စကားကို ကြားရသည့်အချိန်မှာတော့ နှလုံးသားထဲတွင် အဆင်မပြေသည့် ခံစားချက်များ ဖြစ်တည်လာခဲ့သည်။

သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့သည့် အဓိက ရည်ရွယ်ချက်ကို မေးမြန်းခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမဲ့ အင်မော်တယ်ဖြစ်ရန် အခွင့်အရေးဆီ ရောက်ရှိသည့်အချိန်မှာတော့ တန့်လို့နေ၏။ သူနှင့် ပိုင်လီ၊ နိရယအင်ပါယာတို့ကြားတွင် ကြီးမားလှသည့် ကွာခြားချက်မျိုး ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထိုကဲ့သို့သောလူများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ တစ်ကြိမ် လည်ပတ်လိုက်ရုံနဲ့ အင်မော်တယ်များ ဖြစ်လာခဲ့၏။ သို့ပေမဲ့ သူ၏ အခြေခံမှာ‌တော့ လုံလောက်မှုမရှိဟု နန်းဆောင်သခင်က ပြောဆိုနေ၏။

သူ့အနေနှင့် အင်မော်တယ်ဖြစ်ရန် ခက်ခဲနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှ စကားလုံး များသည် တကယ်ပင် ရိုးရှင်းလွန်းလှ၏။ သူ့ကို အင်မော်တယ်ဖြစ်ရန် ကူညီပေးစေချင်လျှင် နန်းဆောင်သခင်က ကူညီပေးနိုင်၏။ သို့ပေမဲ့ အင်မော်တယ် ဖြစ်လာပြီးသည့်နောက်တွင် အဆင့်နိမ့်နေရာ ၌သာ အဆုံးသတ်ကောင်း အဆုံးသတ် သွားပေလိမ့်မည်။

အခြားသောသူများ၏ စိန်ခေါ်မှုကို ကျိန်းသေပေါက်ခံရပြီး ကျရှုံးနိုင်၏။ ထို့အပြင် အနာဂတ်တွင် များပြားလှသောလောကများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ထိန်းချုပ်မှုအောက်သို့ ပူးပေါင်း ရောက်ရှိလာမှာဖြစ်၏။ ကြမ်းတမ်းလွန်းလှသည့် လောကကြီးတစ်ခု ပူးပေါင်းရောက်ရှိလာသည် ဆိုပါက အင်ပါယာအဆင့် အားအင်နှင့်လူပင်လျှင် အစစ်အမှန်အင်မော်တယ်ကို စိန်ခေါ်တိုက်ခိုက် အနိုင်ယူနိုင်သည့် အခြေအနေမျိုး ကြုံလာနိုင်၏။

“ရဲရဲဝံ့ဝံ့ မေးပါရစေ စီနီယာ... စီနီယာပြောတဲ့ အင်မော်တယ်ဖြစ်လာဖို့ အခွင့်အရေးက ဘာနည်းလမ်းပါလဲ” အင်ပါယာရန်မိုက မေးမြန်းလိုက်သည်။

“ခင်ဗျား ဖန်တီးခြင်းအင်မော်တယ်ရဲ့ မြက်ပင်ဆိုတာကို ကြားဖူးလား” လီယွင်က တည်ငြိမ်စွာ ပြောလိုက်၏။

“ဖန်တီးခြင်းအင်မော်တယ်မြက်ပင် ဟုတ်လား”

အင်ပါရီယာရန်မိုက ကြောင်အသွားခဲ့၏။ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ အင်မော်တယ်မြက်ပင် အကြောင်းကို သူ ကျိန်းသေပေါက် ကြားဖူး၏။ အင်မော်တယ် ဖြစ်လာရန်အတွက် ထူးခြားသည့် နည်းလမ်းတစ်ခုလည်းဖြစ်ပြီး အထူးသဖြင့် သူ့ကဲ့သို့သောလူမျိုး လိုချင်တပ်မက်သည့် အရာမျိုးပင်။

မလုံလောက်သည့် အခြေခံကို ပိုင်ဆိုင်သည့်လူတစ်ယောက် ဖြစ်သည်မို့ အင်မော်တယ်တစ်ယောက် ဖြစ်လာသည်ဆိုလျှင်တောင်မှ ကောင်းကင်ဘုံ ကပ်ဘေးကို ကျော်ဖြတ်ရင်း ကျရှုံးသွားနိုင်၏။ ဖန်တီးခြင်း အင်မော်တယ် မြက်ပင်မှာတော့ အင်မော်တယ်ဖြစ်လာပြီးသည့်နောက် ကောင်းကင်ဘုံကပ်ဘေးကို လွယ်လွယ်ကူကူနှင့် ဖြေရှင်းနိုင်စွမ်းရှိသည့် အရာပင်။

ဖန်တီးခြင်းအင်မော်တယ်မြက်ပင်သည် တကယ်ပင်အားကောင်းလွန်းလှ၏။ သို့ပေမဲ့ ၎င်းတွင် ဘေးထွက် ဆိုးကျိုးက တည်ရှိနေ၏။ ဤအင်မော်တယ်ဆေးပင်ကို အသုံးပြုပြီး အင်မော်တယ် ဖြစ်လာသည်ဆိုပါက အဆင့်တက်ရန် လမ်းစဉ်ကို ပိတ်ပင်သွားမှာသေချာ၏။ ကျင့်ကြံခြင်းအဆင့်သည် အစစ်အမှန် အင်မော်တယ် အစဦးပိုင်းတွင် ထာဝရ ရပ်တန့်နေဖြစ်၏။

“စီနီယာ... အဲဒီဖန်တီးခြင်းအင်မော်တယ်မြက်ပင်ကို ဘယ်နေရာကနေ သွားရှာရမလဲ” အင်ပါယာရန်မို၏ မျက်လုံးထဲတွင် အားတက်သရော အမူအယာများနှင့် ပြည့်နှက်လာခဲ့သည်။

“ဖန်တီးခြင်းအင်မော်တယ်မြက်ပင်ရဲ့ တည်နေရာကို သိချင်တယ်ဆိုရင် လွင့်မျောတိမ်တောင်အနေနဲ့ မလာခင် ကြိုပြီးပြင်ဆင်လာသင့်တယ်” လီယွင်သည် အင်ပါယာရန်မို ဆက်လက်ကာ မမေးမြန်းခင် ဖြတ်ကာ ပြောလိုက်၏။

“ဟမ်”

အင်ပါယာရန်မို၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားခဲ့၏။ သူ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူသည် သိုလှောင်လက်စွပ်ကို အသာထိကြည့်လိုက်၏။ ဖန်းကလန်ကို သုတ်သင်ရှင်းလင်းပြီးသည့်နောက် သူသည် လုံလောက်သည့် အရင်းအမြစ်များကို ရရှိခဲ့၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာတော့ ဖန်တီးခြင်းအင်မော်တယ်မြက်ပင်ကို ရယူရန် လုံလောက်သည့် အရင်းအမြစ်များ မဟုတ်ခဲ့ချေ။

အတိတ်တုန်းကဆိုလျှင် ဤသတင်းအချက်အလက် တည်ရှိသည်ကို သိရှိုပါက ကျိန်းသေပေါက် နှောင့်နှေးခြင်း မရှိဘဲ တစ်ခါတည်း အခွင့်အရေးကို ရယူလိုက်မှာဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲမှာတော့ သူသည် တစ်ဖက်လူကို သတ်ဖြတ်ခြင်း သို့မဟုတ် အစ်အောက်မေးမြန်းခြင်းမျိုး ပြုလုပ်ရန် လုံလောက်သည့် သတ္တိမျိုးမရှိချေ။

“စီနီယာ ဂျူနီယာဆီမှာ တခြားနည်းလမ်းတစ်ခုခု ရှိပါသေးလား” အင်ပါယာရန်မိုသည် ကြောင်အအနှင့် ရယ်မောပြီးသည့်နောက် အင်ပါယာအဆင့် ပစ္စည်းတစ်ခုကို ထုတ်ယူကာဖြင့် လီယွင်၏ရှေ့တွင် ချလိုက်၏။

“ခင်ဗျား တစ်ယောက်ယောက်ကို ရှာချင်နေတာလား”

လီယွင်၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့၏။ ထိုအသံကို နားထောင်ရသည်မှာ လှောင်ပြောင်ချင်သည့် အရိပ်အယောင်များ ပါဝင်နေသည်။

“ဟုတ်ပါတယ်” အင်ပါယာရန်မိုက ခေါင်းညိတ်လိုက်၏။

“ခင်ဗျား ရှာနေတဲ့လူက ရောက်တောင်ရောက်နေပြီ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲက ခင်ဗျား ထွက်သွားတယ်ဆိုတာနဲ့ သူတို့နဲ့ တွေ့လိမ့်မယ်” လီယွင်သည် အမှတ်မထင်နှင့် မှတ်ချက်ပြုလိုက်သည်။

တော်ဝင်အင်ပါယာအဆင့်ပစ္စည်းနှင့် လဲလှယ်ခဲ့ရသော ဤသတင်းသည် ကြီးကျယ်ခမ်းနားလှသည့် သတင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ ဘာမှမဟုတ်လှချေ။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲက ထွက်သွားပြီး မကြာမှာ ကျုပ်တို့ တွေ့မယ် ဟုတ်လား” အင်ပါယာရန်မိုက မျက်မှောင်ကုတ်လိုက်၏။ သူ့အနေနှင့် ဖန်းဟန်ကိုရှာဖွေချင်မိ၏၊ သို့ပေမဲ့ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်သည် ဖန်းဟန်တစ်ယောက် တံခါးဝတွင် ရှိနေသလိုမျိုး ပြောဆိုလျက်ရှိ၏။

အရိုးသားဆုံးပြောရမည်ဆိုလျှင် သူသည် ယုံကြည်ရန်ပင် ခက်ခဲနေခဲ့၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ထိုကဲ့သို့ ပြောသည်ဆိုသောကြောင့် ထပ်မံကာ မေးခွန်းထုတ်သည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်သလို ဖြစ်နေပေလိမ့်မည်။

“လမ်းညွှန်ပြသပေးတာ ကျေးဇူးပါ စီနီယာ... သွားလိုက်ပါအုံးမယ်” အင်ပါယာရန်မိုသည် ဖြည်းညှင်းစွာဖြင့် မတ်တပ်ထရပ်လိုက်သည်။

“အင်း” လီယွင်က ခေါင်းညိတ်လိုက်၏။

“တကယ်ပဲ သူတို့နဲ့ တွေ့မှာလား” အင်ပါယာရန်မိုက တီးတိုးရေရွတ်ရင်း ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အပြင်ဘက်ဆီသို့ လှမ်းလျှောက်လိုက်၏။ အပြင်ဘက်သို့ရောက်ပြီးနောက် လမ်း၏ အဆုံးသတ်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။ သူ၏ မျက်လုံးအကြည့်များသည် ရုတ်တရက် ရပ်တန့်သွားသည်။

အဘွားအို တစ်ယောက်နှင့် လူငယ်တစ်ယောက်တို့သည် လမ်း၏ အဆုံးဘက်တစ်နေရာရှိ ရှုပ်ထွေးလှသည့် လူများကြားထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းတို့မျက်လုံးများထဲတွင် အငြိုးအတေးကြီးမားသည့် အရိပ်သင်္ကေတများ ပြည့်နှက်လျက်ရှိ၏။ မျက်တောင်ပင် မခတ်ဘဲ သူ့အား စူးစိုက်ကြည့်ရှုနေ၏။

လူငယ်သည် ချောမောပြီး ကျောက်စိမ်းကဲ့သို့ ပြေပြစ်လှပသည့် မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်၏။ အရပ်ရှည်ပြီး ခပ်တောင့်တောင့်နှင့် ဓားကဲ့သို့သော မျက်ခုံးမျိုးနှင့် ဖြစ်သည်။

ဤမျက်နှာသည် ရန်မိုအား ရင်းနှီးသည့် ခံစားချက်များ ပေးစွမ်းနေ၏။ ခဏလောက် စဉ်းစားပြီးသည့်နောက် သူ ရုတ်တရက် သတိရသွားခဲ့၏။ သူမှတ်မိသွားခဲ့ပြီ ဖြစ်၏။ ဤအသွင်အပြင်၊ အမူအရာသည် ဖန်းကလန်၏ ကလန်ခေါင်းဆောင်နှင့် တစ်ထပ်တည်း တူညီလို့နေ၏။ ထိုသူသည် သူ၏လက်ထဲတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်၏။

All Chapters