← Chapters

အပိုင်း (၄၅၀)

Vol. 31 Ch. 450

အပိုင်း (၄၅၀)

Vol. 31 Ch. 450

“ဖန်းဟန်လား” အင်ပါယာရန်မိုသည် တီးတိုးရေရွတ်လိုက်၏။ သူ၏ အသံသည် လေးနက်လျက် ရှိနေပြီး ထိုအသံထဲတွင် နက်နဲလှသည့် အဓိပ္ပာယ်များ ပါဝင်လျက်ရှိ၏။ ၎င်းသည် သက်ရှိသတ္တဝါများ အားလုံးကို ငုံ့မိုးကာ ကြည့်ရှုလျက် ရှိနေသည့် နတ်ဆိုးအရှင်တစ်ပါးကဲ့သို့ပင်။ သူ၏ မျက်လုံးထဲတွင်တော့ ဖန်းဟန် ဆိုသည်မှာ အချိန်မရွေး ဖိနှိပ်ကာ သတ်ဖြတ်၍ ရနိုင်သည့် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ပင်။

“ရန်မို” ဖန်းဟန်သည်လည်း ကြောက်လန့်ခြင်းအရှင်းမရှိဘဲ ရေရွတ်လိုက်သည်။

“ဟမ့်” အင်ပါယာရန်မို၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးစွမ်းအင်များသည် အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် မီးတောင်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အော်ရာများသည် သူ၏ ခန္ဓာကိုယ်ကို ရစ်သိုင်းလျက် ရှိနေ၏။

လက်ကို အသာဆန့်ပြီး ဖန်းဟန်ကို လှမ်းဆွဲရန် ပြင်လိုက်၏။ သို့ပေမဲ့ သူ တုံ့ပြန်မှု မပြုလုပ်ရသေးခင်မှာပဲ နှလုံးသားထဲ၌ ကြောက်လန့်မှု အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အလိုလို လှည့်ကြည့်လိုက်မိ၏။ သူ၏ နှလုံးသားထဲတွင် နားလည်မှုတချို့ ဖြစ်တည်လာခဲ့သည်။

ဤအရာသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ သတိပေးခြင်း တစ်ခုလား။ ဘာအကြောင်းရင်းမှ မရှိဘဲနှင့် နှလုံးသားထဲတွင် သတိထားရမည့် စိတ်ခံစားချက်များ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။ လက်ရှိ သူ ဖန်းဟန်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည့်အချိန်တွင် ရုတ်တရက် ကြောက်လန့်ဖွယ်ရာ ကောင်းသည့် ခံစားချက်များကို ရရှိလာခဲ့၏။ သူ၏ အလိုလိုသိစိတ်အရဆိုလျှင် သူသာ ဖန်းဟန်ကို တိုက်ခိုက်လိုက်သည် ဆိုပါက ကျိန်းသေပေါက် ဖန်းဟန်ကို ဖမ်းဆီးခြင်း မပြုနိုင်ခင်မှာဘဲ တစ်ခါတည်း ရှုံးနိမ့်သွားနိုင်၏။

“ဖန်းဟန်ရဲ့ သွေးကြွေးကို လွင့်မျောတိမ်တောင်က မနှေးမမြန် ပြန်ပြီး ဆပ်ရလိမ့်မယ်”

ဖန်းဟန်သည် ရှေ့ဆီသို့ လှမ်းတက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများက ပြည့်နှက်လာခဲ့၏။ အင်ပါယာတစ်ယောက်နှင့် ရင်ဆိုင်ရသည့်နေရာတွင် သူသည် ကြောက်လန့်သည့် အရိပ်အယောင်ဟူ၍ တစ်ချက်ကလေးမှ မပြသခဲ့ချေ။

“ခွေးကောင်လေး... မင်းသေချင်နေတာလား” အင်ပါယာရန်မို၏ မျက်နှာသည် အေးစက်သွားခဲ့၏။ ဆန်းကြယ်လွန်းလှသည့် အင်ပါယာတစ်ယောက် ဖြစ်သည်မို့ နှစ်ပေါင်းများစွာအတွင်း သူ့အား ထိုကဲ့သို့သော အပြုအမူ၊ ထိုကဲ့သို့သော စကားလုံးများနှင့် ပြောဆိုရဲသူဟူ၍ တစ်ယောက်မှ မရှိခဲ့ချေ။ ရှိခဲ့မည် ဆိုလျှင်တောင်မှ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် သတိမရတော့ချေ။ အတိတ်တုန်းတည်းက မည်သည့်နေရာကိုသွားသွား အားလုံးသောသူတို့သည် သူ့အား ရိုသေလေးစားသည့် အပြုအမူများနှင့်သာ ဆက်ဆံခဲ့ကြ၏။ မည်သူမှသည် သူ့အား လျစ်လျှူ မရှုရဲချေ။

လက်ရှိ လူငယ်မျိုးဆက် တစ်ယောက်သည် သူ့အား ရိုင်းစိုင်းစွာ ဆက်ဆံလျက်ရှိသည်။ သူ့အတွက် ပထမဦးဆုံး အတွေ့အကြုံသာ ဖြစ်တော့သည်။

“ဒီအင်ပါယာကို မလေးမစား လုပ်ရဲတဲ့အတွက် မင်းရဲ့အပြစ်က ခွင့်လွှတ်ပေးလို့ မရဘူး” အင်ပါယာရန်မို၏ အသံက ပဲ့တင်ထပ်လျက် ရှိသည်။ ၎င်း၏ အသံသည် မိုးခြိမ်းသံကဲ့သို့ပင် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေခဲ့၏။

“ဘယ်သူလဲ။ တော်ဝင်သဲကန္တာရမြို့မှာ ဘယ်သူက ဒီလောက်ကြီး မောက်မာရိုင်းစိုင်းရဲတာလဲ။ ဘယ်သူက လှုပ်ရှားတိုက်ခိုက်ချင်တာလဲ” စွမ်းအားမြင့် သူတော်စင် တစ်ယောက်သည် မျက်မှောင်ကုတ်ကာဖြင့် မေးမြန်းလိုက်သည်။

“ကျုပ် သူ့ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူရဲ့ အင်ပါယာအော်ရာတွေကိုလည်း မရင်းနှီးဘူး။ ကြည့်ရတာ ကောင်းကင်မူလလောကကြီးက တစ်စုံတစ်ယောက်တော့ ဟုတ်ပုံ မပေါ်ဘူး။ သူက ခရမ်းရောင်နက်နဲ လောကကြီး ဒါမှမဟုတ် မြေအင်မော်တယ်လောကကြီးက လာတာပဲ ဖြစ်မယ်” နတ်အရှင်တစ်ယောက်သည် ထူးမခြားနားသလို ဝင်ရောက်ကာ ပြောဆိုလိုက်၏။

“ဟေး ကြည့်အုံး... အဲလူရဲ့ ရှေ့မှာ ရှိနေတဲ့လူက လောကအသီးသီးရဲ့ ပါရမီရှင်စာရင်းမှာရှိတဲ့ ဖန်းဟန် မဟုတ်လား” လက်ရှိအချိန်မှာတော့ အမြင်စူးရှလှသည့် တစ်စုံတစ်ယောက်သည် ဖန်းဟန်ကို သတိပြုမိ လိုက်၏။ အင်ပါယာကို သူတို့ မရင်းနှီးသော်လည်း ဖန်းဟန်ကိုတော့ မဟုတ်ချေ။ ကောင်းကင် လျှို့ဝှက ်နန်းဆောင်ဆီသို့ ရောက်ရှိလာခဲ့ဖူးသည်မို့ တော်တော်များများသည် ဖန်းဟန်ကို သိရှိနေသည်။

“ဒီလူက ဖန်းဟန်သာဆိုရင် ဒီလူက လွင့်မျောတိမ်တောင် ဒါမှမဟုတ် အင်မော်တယ်နန်းတော် တစ်ခုခုကပဲ ဖြစ်မယ်။ မြေအင်မော်တယ်လောကကြီးက တော်ဝင်အင်ပါယာတွေက ခရမ်းရောင်နက်နဲလောကကြီးကို ဖြတ်သန်းဝင်ရောက်လာရုံတင်မကဘူး ကောင်းကင်မူလလောကကြီးဆီပါ လာရဲကြတာကိုး”

“ဘိုးတော်ယု.. ခင်ဗျားရဲ့ သတင်းအချက်အလက်က တကယ့်ကို နောက်ကျနေပြီ။ မြေအင်မော်တယ်လောက မှာရှိတဲ့ တော်ဝင်အင်ပါယာတွေက ဒီကို အကြိမ်ပေါင်းများစွာ ရောက်နှင့်နေပြီ။ ပြီးတော့ သူတို့ဆီက နိရယ အင်ပါယာတောင်မှ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်ခဲ့ပြီးပြီ။ ဒီအင်ပါယာက မောက်မောက်မာမာ ပြုမူဆက်ဆံရဲတယ်ဆိုတော့ တော်ဝင်သဲကန္တာရမြို့ထဲမှာရှိတဲ့ တစ်စုံတစ်ယောက်ကို ဖမ်းဆီးဖို့ ရည်ရွယ် နေတာလား”

“အဲလိုတော့ မဟုတ်လောက်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင် ဒီမှာရှိနေတယ်လေ။ ကောင်းကင် လျှို့ဝှက်နန်းဆောင်ရဲ့ အရှေ့မှာ တစ်စုံတစ်ယောက်ကို ဖမ်းဆီးချင်တယ်ဆိုတာ အသက်မရှင်ချင်တာပဲ ဖြစ်လိမ့်မယ်”

လူပေါင်းများစွာတို့သည် လွင့်မျောတိမ်တောင်၏ အင်ပါယာကို လှမ်းကြည့်ပြီးသည့်နောက် သူတို့ဘာသာ အသီးသီး ဆွေးနွေးလျက် ရှိနေလေ၏။ ပုံမှန်အားဖြင့် ၎င်းတို့အနေနှင့် ဤကဲ့သို့သော လူမြင်ကွင်းတွင် အင်ပါယာတစ်ယောက်၏ အကြောင်းကို ဆွေးနွေးရန် သတ္တိ မရှိလှချေ။ သို့ပေမဲ့ တော်ဝင်သဲကန္တာရ မြို့ထဲမှာတော့ ဤအရာသည် တားမြစ်ထားသည့်အရာ မဟုတ်ချေ။ သူတို့အနေနှင့် ပြောချင်သည့်အရာကို ရဲရဲဝင့်ဝင့် ပြောဆို၍ ရနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အား မကောင်းပြောဆိုခြင်း မှလွဲလျှင် ကြိုက်သည့် အကြောင်းအရာများကို ကြိုက်သလို ထုတ်ဖော်ပြောဆိုခွင့်ရှိ၏။

“အင်း... သတ္တိရှိလို့ရှိရင် ကျုပ်ကို လွင့်မျောတိမ်တောင်ကို ခေါ်သွားလိုက်လေ” ဖန်းဟန်က လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်သည်။

“ဟမ်”

အင်ပါယာရန်မိုသည် အံ့အားသင့်သွားမိ၏။ သို့ပေမဲ့ သူ၏မျက်နှာသည် အေးစက်လျက် ရှိနေသည်။ သူသည် နှာခေါင်းရှုံ့ကာဖြင့် ပြောဆိုလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က မင်းကို ခဏတာပဲ ကာကွယ်ပေးနိုင်မှာ။ တစ်ဘဝတာလုံး ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား။ ဒီအင်ပါယာ မင်းကို ပြောခဲ့အုံးမယ်။ မင်းအဖေရဲ့ ဝိညာဉ်က လွင့်မျောတိမ်တောင်မှာ ဖိနှိပ်ခြင်း ခံထားရတယ်။ ဆယ်နှစ်ကျော် ကြာပြီဆိုတာနဲ့ သူက ကျိန်းသေပေါက် အလုံးစုံ ပျောက်ကွယ်သွားလိမ့်မယ်”

“ခင်ဗျား လုပ်ရဲလား”

ဖန်းဟန်သည် ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ မျက်လုံးတစ်စုံလုံး၌ မီးတောက်များ တောက်ပလာခဲ့၏။ သူသည် ရှေ့ဆီသို့ တစ်ချက်လှမ်းတက်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အား ရောင်စဉ် အလင်းတန်းများက ဖုံးလွှမ်းသွား၏။ ထက်ရှလွန်းလှသော အော်ရာများသည် တည်နေရာတစ်ခုလုံးကို ဖြတ်သန်းသွားပြီး လေဟာနယ်တစ်ခုလုံးကို ဓားနှင့် လှီးဖြတ်လိုက်သကဲ့သို့ပင်။

ရှုပ်ထွေးစည်ကားလှသည့် ဤတည်နေရာတွင် ရှိနေသော ကျင့်ကြံခြင်းအဆင့် နိမ့်ပါသည့် ကျင့်ကြံသူများသည် အမူအရာများ ပြောင်းလဲသွားခဲ့ကြ၏။ အနောက်ကို အလျင်အမြန်ဖြင့် ဆုတ်ခွာ လိုက်ကြ၏။ အလွန်ငယ်ရွယ်လှသော ပါရမီရှင် ကျင့်ကြံသူတစ်ယောက်သည် လက်ရှိအချိန်မှာတော့ ၎င်း၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်နေ၏။

“ဘာဖြစ်လဲ။ ငါ အင်ပါယာရန်မိုက ဘာကို ကြောက်ရမှာလဲ”

အင်ပါယာရန်မိုက နှာခေါင်းရှုံ့လိုက်သည်။ “မင်းသာ လွင့်မျောတိမ်တောင်ကို လိုက်လာမယ်ဆိုရင် ငါ မင်းအဖေကို ကြည့်ဖို့ ခွင့်ပြုပေးနိုင်တယ်။ တကယ်လို့ မင်း ငြင်းမယ်ဆိုရင် မင်းရယ်၊ မင်းအဖေရယ် နောက်ဘဝမှာပဲ ဆုံရလိမ့်မယ်”

“ရန်မို... ကျုပ် ခင်ဗျားကို ရင်မဆိုင်နိုင်ဘူးလို့ ထင်နေတာလား” ဖန်းဟန်၏ မျက်လုံးများသည် စူးရှလာခဲ့၏။ သူ၏ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအရာဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်‌ အော်ရာများ ဖြစ်ပေါ်လျက်ရှိနေပြီး ၎င်းအား ချိုးခြေလိုက်သည်နှင့်တပြိုင်နက် အင်အားကြီးမားလွန်းလှသည့် စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာမှာ သေချာ၏။

“ဪ”

အင်ပါယာရန်မို၏ မျက်နှာအမူအရာသည် မပြောင်းလဲလှချေ။ သူသည် ဖန်းဟန်၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်သည်။

ဤအရာသည် တစ်ဖက်လူ၏ ဝှက်ဖဲများလား။ ဤလူငယ်လေးသည် အတွေ့အကြုံ မရှိလှချေ။ သို့ပေမဲ့ သူ့အား တောက်လျှောက်ဆိုသလိုပဲ ပြောဆိုရန်စ စိန်ခေါ်ရဲနေသည် ဆိုမှတော့ ကျိန်းသေပေါက် အားကောင်း လှသည့် ဝှက်ဖဲတစ်ခုခု ရှိရပေလိမ့်မည်။ ထို့အပြင် အားလုံးသော သူတို့၏ရှေ့တွင် ၎င်း၏ ဝှက်ဖဲ အသက်ကယ် အဆောင်ကို ထုတ်ဖော်ပြသလျက် ရှိနေ၏။

“မင်း စမ်းကြည့်လိုက်လေ” အင်ပါယာရန်မို၏ မျက်နှာပေါ်တွင် စိတ်မရှည်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။

“ခင်ဗျား” ဖန်းဟန်သည် လက်ကို မြှောက်လိုက်၏။ သူသည် ကျောက်စိမ်းပြားကို ချိုးခြေရန် ပြင်လိုက်၏။ သို့ပေမဲ့ ရုတ်တရက်ဆိုသလိုပဲ ဘေးတွင် အဒေါ်လန်က ပေါ်လာခဲ့၏။ အဒေါ်လန်သည် ဖန်းဟန်၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို လှမ်းလုပြီးသည့်နောက် မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်၏။

“သခင်လေး.. ရန်ဖြစ်မနေပါနဲ့တော့။ သူက ဒီလိုလုပ်အောင် တမင်ပြောနေတာ။ ကျွန်မတို့ ဘယ်ကို ရောက်နေတယ်ဆိုတာ မမေ့နဲ့အုံး။ ကျွန်မတို့က တော်ဝင်သဲကန္တာရမြို့ထဲမှာ။ တော်ဝင်သဲကန္တာရမြို့ ထဲမှာ ရန်ဖြစ်မယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် နှင်ထုတ်ခံရလိမ့်မယ်။ ဒီလိုဆိုရင် ရန်သူတွေရဲ့ ထောင်ချောက် ထဲကို ရောက်သွားမှာ သေချာတယ်”

ဒေါသအကြီးအကျယ် ထွက်လျက်ရှိနေသည့် ဖန်းဟန်သည် အဒေါ်လန်၏ သတိပေးသံကို ကြားရသည့် အချိန်မှာတော့ မြန်မြန်ဆန်ဆန်ပဲ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ သူသည် သက်ပြင်းကို အသာချကာဖြင့် ခေါင်းကိုမော့လိုက်၏။ မျက်တောင်တစ်ချက်မှ မခတ်ဘဲ အင်ပါယာရန်မိုကို စူးစိုက်ကာ ကြည့်ရှုလိုက်သည်။

သူ၏ အသံသည် ရေခဲကဲ့သို့ပင် အေးစက်လှ၏။ “ဒီနေ့လုပ်ခဲ့တဲ့ အကြောင်းအရာအတွက် ခင်ဗျား ကျိန်းသေပေါက် မနှေးနဲ့မမြန် ပေးဆပ်ရလိမ့်မယ်”

All Chapters