အပိုင်း (၄၅၁)
Vol. 31 Ch. 451
“ငါကလည်း အဲလိုနေ့ကို စောင့်နေပါ့မယ်” အင်ပါယာရန်မိုက နှာခေါင်းရှုံ့လိုက်၏။ သူ့အနေနှင့် တစ်ဖက်လူ စိတ်ကြွပြီး လုပ်ချင်ရာကို လျှောက်လုပ်အောင် ပြောဆိုခနဲ့ခြင်းပြုလုပ်ပြီးပြီဖြစ်သည်။ အနည်းဆုံးအနေဖြင့် သူ ဖန်းဟန်ကို စိတ်ဒုက္ခပေးနိုင်ခဲ့၏။ ထိုတင်မကသေးချေ။ တော်ဝင်သဲကန္တာရမြို့အပြင်ဘက်၌ ဖန်းဟန် ထွက်ပေါ်လာသည်အထိ စိတ်ရှည်ရှည်ဖြင့် စောင့်စားနေနိုင်၏။
လူငယ်ပါရမီရှင် တစ်ယောက်သည် တစ်နှစ် သို့မဟုတ် နှစ်နှစ် တောင့်ခံကောင်း၊ တောင့်ခံနိုင်ပေလိမ့်မည်။ သို့ပေမဲ့ တစ်သက်လုံး တော်ဝင်သဲကန္တာရမြို့ထဲတွင် နေထိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် တော်ဝင်သဲကန္တာမြို့ ထဲတွင် တော်ဝင်အင်ပါယာ၏ အဆင့်အောက် ကျင့်ကြံသူများအနေဖြင့် ပိုမို တိုးတက်အောင် ကျင့်ကြံနိုင်သည့် အရင်းအမြစ်မျိုး မရှိချေ။
အင်ပါယာအဆင့်သို့ ရောက်ရှိရန် ဆိုသည်မှာ များပြားလှသည့် စမ်းသပ်မှုများ၊ စွန့်စားခန်းများကို ကျော်ဖြတ်ပြီး မိမိကိုယ်ကိုယ် တိုးတက်အောင် ပြုလုပ်ရခြင်းဖြစ်၏။
“အဲနေ့က သိပ်မဝေးတော့ဘူး”
ဖန်းဟန်သည် အေးစက်စက် ပြောလိုက်၏။ သူသည် ခြေထောက်ကို မြှောက်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းလျှောက်သွားခဲ့၏။ အင်ပါယာရန်မို၏ ဘေးမှ ဖြတ်လျှောက်သွားနေရင်းမှာပဲ သတ်ဖြတ်လိုခြင်း ဆန္ဒများပြည့်နှက်နေသော မျက်လုံးအစုံဖြင့် စူးစိုက်ကာ ကြည့်ရှုခဲ့၏။
ဤလူကို အနိုင်မယူနိုင်ပါက အတွင်းစိတ်မိစ္ဆာဆိုးသည် သူ၏ နှလုံးသားထဲ၌ မနှေးနှင့်မမြန်ဆိုသလို ပေါ်ပေါက်လာမှာ သေချာ၏။ သူ ကျင့်ကြံသည့်အချိန်တိုင်း ဖန်းကလန်မှ အဖွဲ့ဝင်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသည့် မြင်ကွင်းက မျက်လုံးထဲ ပေါ်ပေါက်လာတတ်သည်။ ထိုအချိန်တည်းက သူ၏ အတွင်းစိတ်မိစ္ဆာဆိုးသည် တဖြည်းဖြည်း အမြစ်တွယ် ခိုင်မာလာခဲ့သည်ဟု ပြောဆိုရပေမည်။
“အင်း... ခွေးကောင်လေး” အင်ပါယာရန်မိုက ထူးမခြားနားသလို ပြောလိုက်၏။ သူသည် ဆက်တိုက် ဆိုသလိုပဲ ဖန်းဟန်ကို ပြန်လည်ကြည့်ရှုနေ၏။ တစ်ချိန်တည်းမှာပဲ သူသည် ခြေထောက်ကို မြှောက်လိုက်၏။ သူ၏ခြေထောက် မြေနှင့် မထိရသေးခင်မှာဘဲ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် တော်ဝင်သဲကန္တာရမြို့ဆီမှ ပျောက်ကွယ်သွားခဲ့၏။
အင်ပါယာရန်မို ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့ထဲရှိ လူပေါင်းများစွာ တို့သည် ပွက်လောရိုက်ကုန်ကြ၏။ ယနေ့ အဖြစ်အပျက်သည် တကယ့်ကို ကြီးမားသည့် သတင်းအပိုင်းအစ တစ်ခု ဖြစ်သည်။
လွင့်မျောတိမ်တောင်၏ အင်ပါယာသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ အဝေးကြီးဆီမှ ရောက်ရှိ လာခဲ့ပြီးနောက် ဖန်းဟန်နှင့် ပြဿနာတက်ခဲ့၏။ လူပေါင်းများစွာတို့သည် တကယ်ပင် ဖန်းဟန်ကို မချီးကျူးဘဲ မနေနိုင်ကြချေ။
တစ်ချို့သောသူတို့၏ မျက်လုံးထဲတွင် ဖန်းဟန်ဆိုသည်မှာ သေဖို့ရန် သင့်နေသည့် လူတစ်ယောက်ဖြစ်၏။ ကြီးမားလှသည့် ကျောက်တုံးကြီးကို သွားရောက်ကာ ရန်ပြုနေသကဲ့သို့ပင်။
လောကအသီးသီး၏ ကောင်းကင်ပါရမီရှင်စာရင်းထဲတွင် ပါဝင်သည့် ပါရမီရှင်တစ်ယောက် ဖြစ်နေသည် ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။ လွင့်မျောတိမ်တောင်နှင့် ရင်ဆိုင်တိုက်ခိုက်သည့် နေရာတွင် တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်၍ ရသည့်အရာမျိုး မဟုတ်ချေ။
ဖန်းဟန်၏ ပါရမီကို စိတ်ဝင်စားပြီး ၎င်းအား ခေါ်ယူရန် စီစဉ်လျက် ရှိနေသော တချို့သော စွမ်းအားစုများသည် အကျိုးသင့်၊ အကြောင်းသင့် ချိန်ဆရန် လိုအပ်လာခဲ့၏။
ဖန်းဟန်ကို ခေါ်ယူချင်သည်ဆိုပါက လွင့်မျောတိမ်တောင်တစ်ခုလုံးနှင့် ပြဿနာတက်ရန် အဆင်သင့်ဖြစ်နေမှ ဖြစ်မည်။ လွင့်မျောတိမ်တောင်၏ အရှိန်အဝါ ဆိုသည်မှာ တကယ့်ကို ကြီးမားလှသည့်အရာဖြစ်သည်။
“အင်း... လောကအသီးသီးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ ခြောက်ယောက်မြောက် ချိတ်တာ။ အင်း... ဘာပဲပြောပြော ဖန်းဟန်က တကယ့်ကို ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်ဖို့ မလွယ်ဘူး” တစ်စုံတစ်ယောက် သည် သက်ပြင်းကို ချလိုက်၏။
ဖန်းဟန်၏ နာမည်သည် ပထမဦးဆုံးအကြိမ်အဖြစ် အားလုံးသောသူတို့ သိရှိသည့်အရာ ဖြစ်လာခဲ့သည်။ မည်သည့်အချိန်က စသိခဲ့သနည်းဆိုသော် အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ် ထွက်ပေါ်လာစဉ်က ဖြစ်၏။ ထိုစဉ်က ဖန်းဟန်သည် အသိအမှတ်ပြုလောက်စရာ လူတစ်ယောက်ဖြစ်သည် ဆိုသော်လည်း မြေအင်မော်တယ်လောကတွင် ရှိနေသည့် ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်ရုံသာ ရှိသေး၏။ အရမ်းကြီး ထူးချွန် သည့် လူတစ်ယောက် မဟုတ်ချေ။ ထို့အပြင် လောကအသီးသီး၏ ကောင်းကင်ပါရမီရှင် စာရင်းထဲတွင် ထိပ်ဆုံး လေးဆယ်ယောက် စာရင်းထဲသာ ရှိခဲ့သည်။
သို့ပေမဲ့ အစစ်အမှန် အင်မော်တယ် အမွေအနှစ်ကိစ္စ ပြီးသည့်နောက်မှာတော့ မည်သူက ထင်မှတ်မိမည်နည်း။ ဖန်းဟန်၏ တိုးတက်မှုသည် တကယ်ပင် မြန်ဆန်လွန်းလှချေ၏။ လောကအသီးသီး၏ ကောင်းကင်ပါရမီရှင် စာရင်း ထိပ်ဆုံးဆယ်ယောက်စာရင်းသို့ ဝင်ရောက်လာခဲ့သည်။ အချိန်မည်မျှ ကုန်လွန်ခဲ့သနည်း။ ၎င်းသည် ယခု အဆင့်ခြောက် သို့ပင် ရောက်ရှိနေပြီဖြစ်၏။
များပြားလှသောလူများသည် ဤအရာမှာ ၎င်း၏ အကန့်အသတ် မဟုတ်ကြောင်း ယုံကြည်မိကြ၏။ အနာဂတ်တွင် ပိုမိုကာ ကောင်းမွန်လှသည့် အောင်မြင်မှုများကို ရရှိနိုင်စွမ်း ရှိပေလိမ့်မည်။ အင်မော်တယ် တစ်ယောက် ဖြစ်လာရန်ဆိုသည်မှာ ပြဿနာ မရှိချေ။
သို့ပေမဲ့ ဤကဲ့သို့ အလားအလာ ကောင်းလှသည့် ပါရမီရှင်တစ်ယောက်သည် လွင့်မျောတိမ်တောင်နှင့် ရန်သူဖြစ်လို့နေ၏။ ထို့ကြောင့် ဖန်းဟန်အား မည်သူမှ ကူညီရဲလိမ့်မည် မဟုတ်ချေ။
“အင်း... ပြောဖို့တော့ခက်တယ်။ ဖန်းဟန်က တော်ဝင်သဲကန္တာရမြို့မှာ ပေါ်လာပြီဆိုမှတော့ လွင့်မျောတိမ် တောင်ကို ကြောက်နေမှာ မဟုတ်ဘူး။ ကြည့် ... အခု သူ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်သွားပြီ”
...............
ထိုအချိန် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်း .....
ဖန်းဟန်နှင့် အဒေါ်လန်တို့သည် အထဲသို့ လျှောက်ဝင်သွားခဲ့၏။
“ဂျူနီယာဖန်းဟန်က ဂုဏ်ယူရလောက်တဲ့ စီနီယာနန်းဆောင်သခင်ကို ဂါရဝ ပြုပါတယ်” ဖန်းဟန်က လေးလေးစားစားဖြင့် ပြောလိုက်၏။ သူ ဝင်သွားပြီး ခဏအတွင်းမှာပဲ ဖန်းဟန်သည်လေးစားစွာဖြင့် ထပ်မံဦးညွတ်အလေးအမြတ်ပြု လိုက်ပြန်သည်။
“ထိုင်ကြ” လီယွင်သည် မနီးမဝေးတွင် ရှိနေသည့် ထိုင်ခုံတစ်ခုဆီသို့ လက်ညှိုးညွှန်လိုက်၏။
“ကျေးဇူးပါပဲ စီနီယာ”
ဖန်းဟန်သည် ကျေးဇူးတင်ကြောင်း ပြောဆိုပြီးသည့်နောက် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ထိုင်ချလိုက်၏။ သူသည် လီယွင်၏ အရှေ့စားပွဲဆီသို့ သူ၏ သိုလှောင်လက်စွပ်များကို တင်ပြီး လိုရင်းကို တည့်တည့်ပင် ပြောဆိုလိုက်သည်။ “စီနီယာ... ကျုပ်လာရတဲ့ ရည်ရွယ်ချက်ကို စီနီယာ သိရှိပြီးဖြစ်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။ စီနီယာအနေနဲ့ ကျုပ်ကို ကူညီပေးနိုင်မယ့် တခြားနည်းလမ်းတွေ ရှိမလား သိချင်မိတယ်”
“အင်း.. မင်းက တကယ့်ကို ရက်ရောနေတာပဲ”
လီယွင်သည် စားပွဲပေါ်တွင် ရှိနေသည့် သိုလှောင်လက်စွပ်များကို လှမ်းကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ သူ့အတွက် သိုလှောင် လက်စွပ် ဆိုသည်မှာ ဘာမှမဟုတ်ချေ။ သို့ပေမဲ့ အထဲတွင် ရှိနေသည့် အရာများသည် တကယ့်ကို တန်ဖိုးကြီးမားလှ၏။ ပြည့်စုံလှသည့် အင်မော်တယ်လက်နက်တစ်ခုပင် ပါဝင်လျက် ရှိနေသည်။ ဖန်းကလန်ဘိုးဘေး ချန်ထားခဲ့သည့် လက်နက်တစ်ခုပင်။
“အင်း... ကျုပ်ရဲ့ ရည်မှန်းချက်ကို ရောက်ဖို့အတွက်ဆိုရင် ဘယ်လောက်ကြီးမားတဲ့ ကုန်ကျစရိတ်ဖြစ်ဖြစ် တတ်နိုင်ပါတယ်” ဖန်းဟန်သည် ရဲရဲဝံ့ဝံ့ဖြင့် ပြောဆိုလိုက်၏။ သူ၏ လေသံသည် စိတ်ဆုံးဖြတ်ချက် ချပြီးသား အရှိန်အဝါမျိုး ပါဝင်လျက် ရှိနေ၏။
ဘေးတစ်ဖက်တွင် ရှိနေသည့် အဒေါ်လန်မှာတော့ ထိုမြင်ကွင်းကို ကြည့်ရှုရင်း ကြိတ်ကာ သက်ပြင်းချနေမိ၏။ တန်ဖိုးကြီးမားလှသည့် အင်မော်တယ်လက်နက်ကို ဆုံးရှုံးခြင်းဆိုသည်မှ သံသယရှိစရာ မလိုအောင်ပင် နှလုံးသားတစ်ခုလုံး ကွဲကြေရမည့် အရာပင်ဖြစ်၏။ လွင့်မျောတိမ်တောင် တစ်ခုလုံးကို အောင်အောင်မြင်မြင် ဖြင့် သုတ်သင်နိုင်လိုက်သည် ဆိုလျှင်တောင်မှ လွင့်မျောတိမ်တောင်၌ အင်မော်တယ်လက်နက် မရှိချေ။
“ဒါ ကိစ္စသေးသေးလေးပါပဲ” လီယွင်က တုံ့ပြန်လိုက်သည်။
လက်ကို အသာဝှေ့ယမ်းပြီးသည့်နောက် လေဟာနယ် တစ်ခုလုံးသည် ကွဲအက်သွားခဲ့၏။ ၎င်းတို့ သုံးယောက်သည် ရှုပ်ထွေးလှသည့် သီးသန့် တည်နေရာကြီး တစ်ခုထဲသို့ ရောက်ရှိသွားခဲ့ကြ၏။ ၎င်းတို့၏ အနီးပတ်ဝန်းကျင်တွင် မဲမှောင်လျက် ရှိနေပြီး အဆုံးစွန်သော အေးစက်မှုများသာ တည်ရှိနေ၏။
၎င်းတို့၏ ရှေ့တွင် ကျယ်ပြောလှသော မြစ်တစ်စင်းက ဖြစ်တည်လာခဲ့ပြီး ထိုမြစ်သည် အဆုံးအစ၊ အကန့်အသတ် ကင်းမဲ့လွန်း၏။ မြစ်၏ မျက်နှာပြင်ပေါ်တွင် ပုံရိပ်ယောင်များ ဖြစ်တည်နေ၏။ ဤမြင်ကွင်းသည် အံအားသင့်စရာ ကောင်းလှချေသည်။
ဖန်းဟန်သည် ထိုမြင်ကွင်း ယခင်ကမြင်ဖူးခဲ့ပြီး ဖြစ်သော်လည်း နှလုံးသားထဲ၌ နက်နက်နဲနဲ တုန်လှုပ်နေမိ၏။
“အချိန်မြစ်ပဲ” သူက တီးတိုးရေရွတ်လိုက်မိသည်။
များပြားလှသော လူများ၏ နှလုံးသားထဲတွင် ဤနေရာသည် တကယ့်ကို ဆန်းကြယ်ပြီး မရောက်ရှိနိုင်သည့် တည်နေရာတစ်ခု ဖြစ်၏။ တော်တော်များများသည် ထိုနေရာ၏ အကြောင်းကို သိရှိကြ၏။ သို့ပေမဲ့ မြင်ဖူးသူဟူ၍ အနည်းငယ်သာလျှင် ရှိပေလိမ့်မည်။
အချိန်မြစ်ပေါ်သို့ လှမ်းတက်နိုင်သည့် မည်သူမဆိုသည် သံသယရှိစရာ မလိုပါဘဲ အသင်္ချေ များပြားလှသည့် လောကထဲတွင် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်အဖြစ် ရပ်တည်နေနိုင်သည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
“စီနီယာ ဒီတစ်ကြိမ်မှာ .... အနာဂတ် နှစ်ဘယ်လောက်က ငါ့ကို ဆင့်ခေါ်အုံးမှာလဲ။ ဖန်းဟန်၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်လာ၏။
နောက်ဆုံးအကြိမ်တုန်းက အနာဂတ် နှစ်ပေါင်းတစ်သိန်းက သူ့ကို ပြန်လည်ကာ ဆင့်ခေါ်ခဲ့၏။ ထိုသူ၏ အားအင်အဆင့်သည် အနည်းဆုံး အစစ်အမှန် အင်မော်တယ် အဆင့်သို့ ရောက်ရှိလျက် ရှိနေပြီး ထိုအရာသည် သူ့ကို တကယ်ပဲ စိတ်ချမ်းသာစေခဲ့၏။ ထို့အပြင် လက်ရှိ မြေအင်မော်တယ်လောကတွင် ရှိနေသည့် တခြားသောသူများနှင့် သူ၏ အောင်မြင်မှုကို သုံးသပ်ရမည်ဆိုလျှင် သူသည် တကယ့်ကို ခြားနားစွာ ထိုးထွက်လျက် ရှိနေသည် မဟုတ်ပါလား။
နိရယအင်ပါယာသည် နှစ်ပေါင်းတစ်ရာအတွင်း အလွန်မြန်ဆန်သည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်၏။ ၎င်းသည် မြေအင်မော်တယ်လောက၏ ကျင့်ကြံခြင်း အကန့်အသတ်ကို ချိုးဖြတ်ပြီး စံချိန်သစ်ပင် တင်ခဲ့သည်။ ဖန်းဟန်သည် နိရယအင်ပါယာထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်လူကို မတွေ့မြင်ခဲ့ဖူးချေ။
သို့ပေမဲ့ သူသည် တချိန်ချိန်၌ နိရယအင်ပါယာ၏ အဆင့်အတန်းမျိုးသို့ ရောက်ရှိလာလိမ့်မည်ဟု တုံးအစွာ ယုံကြည်နေမိ၏။ ထိုအဆင့်သို့ရောက်လျှင် လွင့်မျောတိမ်တောင်ကို ဖျက်ဆီးဖို့ ဆိုသည်မှာ အလွယ်ကူဆုံး အရာ ဖြစ်လာပေလိမ့်မည်။
“နှစ်ပေါင်းနှစ်သိန်း ကြာမြင့်ပြီးတဲ့နောက်မှာ ငါက ဘယ်အဆင့်ကို ရောက်နေလိမ့်မလဲ” ဖန်းဟန်က စဉ်းစားလိုက်မိ၏။ နှစ်ပေါင်းတစ်သိန်းတွင် အစစ်အမှန် အင်မော်တယ်အဆင့်သို့ ရောက်ရှိ၏။ နှစ်ပေါင်း နှစ်သိန်းဆိုလျှင် အန္တိမလမ်းစဉ်ကို ရရှိဖို့ ခက်ခဲလိမ့်မည် မဟုတ်ချေ။ ထာဝရ အသက်ရှင်နေထိုင်ခွင့်ကို ရရှိပြီး မည်သို့သော အချိန်တွင်မှ သေဆုံးခြင်းကို မကြုံရနိုင်သည့် အန္တိမလမ်းစဉ်ကျင့်ကြံသူတစ်ယောက်၏ အဆင့်ကို ရောက်ရှိပါက အသင်္ချေ များပြားလှသည့် လောကများတွင် ဆိုလျှင်တောင်မှ ရန်သူများများစားစား ရှိလိမ့်မည် မထင်ချေ။