အပိုင်း (၄၅၂)
Vol. 31 Ch. 452
ဖန်းဟန်တစ်ယောက် အတွေးနက်လျက် ရှိနေတုန်းမှာပဲ လီယွင်သည် လှုပ်ရှားလိုက်၏။ သူသည် လက်ကို အသာမြှောက်ပြီးသည့်နောက် အပေါ်သို့ ရိုက်ထုတ်လိုက်၏။ လေဟာနယ်ထဲ၌ နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာခဲ့ပြီးသည့်နောက် ထိုအလင်းတန်းများသည် သက်တန့်ရောင်စဉ်ကဲ့သို့ ဖြစ်တည်လာခဲ့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်ခါလာခဲ့ပြီး အချိန်၏ မြစ်ရေစီးကြောင်းထဲသို့ ထိုအလင်းတန်းများ ဝင်ရောက်သွားခဲ့၏။
ဘုန်း ...။
နားကွဲလောက်စရာ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး အချိန်၏ မြစ်ရေပြင်၌ လှိုင်းများ ဖြစ်တည်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လှိုင်းများ ဖြစ်တည်လာခဲ့ခြင်းပင်။ မြစ်ထဲတွင် သက်ရှိ သတ္တဝါပေါင်းများစွာတို့ ပေါ်လာခဲ့ကြပြီး တစ်ယောက်ချင်းစီတိုင်းသည် မတူညီသည့် ခေတ်ကာလ တစ်ခုချင်းစီ တိုင်းတွင် တည်ရှိခဲ့သည့် လူများပင်။ ၎င်းတို့၏ အော်ရာများသည် အလွန်ပင် အားကောင်းလှ၏။ အားလုံးသော သူများ၏ တူညီသည့်အရာမှာ တူညီသည့် နေရာတစ်ခုဆီသို့ အာရုံစိုက်ကာ ကြည့်ရှုနေခြင်းပင်။
အချိန်၏ အစိတ်အပိုင်းများသည် ပြန်လည်ကာ ဖြစ်တည်လာခဲ့ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်များ ထိုအရာများ အားလုံးသည် တစ်ခုချင်းစီ အစဉ်တကျ ဖြစ်ပေါ်နေ၏။ မကြာခင်မှာပဲ အချိန်၏ မြစ်ရေစီးကြောင်းပေါ်တွင် မြူကဲ့သို့သော အရာများ ဖုံးလွှမ်းလာခဲ့၏။ ထိုအရာသည် ဘာမှန်းမသိသည် ဆိုသော်လည်း တကယ့်ကို တိတ်ဆိတ်ခြင်းများ နှင့် လွှမ်းခြုံလျက် ရှိနေ၏။ ပြီးသည့်နောက် ထိုမြူများသည် အရိပ်ကြီးတစ်ခု ဖြစ်တည်လာခဲ့လေသည်။
“စီနီယာရဲ့ နည်းလမ်းက ခန့်မှန်းလို့ မရနိုင်ဘူးပဲ”
ဖန်းဟန်သည် ဘေးတစ်ဖက်ဆီမှ ချီးကျူးလိုက်မိ၏။ သူသည် လေထဲကို အသာလှည့်ကြည့်ပြီးသည့်နောက် သူ၏ အသိစိတ် တစ်ခုလုံးသည် မည်သို့မှ မတည်ငြိမ်နိုင်ခဲ့တော့ချေ။ သူက တွက်ချက်လိုက်မိ၏။ စီနီယာရဲ့ အားအင်အဆင့်နဲ့ဆိုရင် ကောလဟလတွေအရ ကြားခဲ့ဖူးတဲ့ အန္တိမလမ်းစဉ် ကျင့်ကြံသူတွေတောင်မှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးထင်တယ်။
အမှတ်တမဲ့ လှမ်းရိုက်လိုက်သည့် ရိုက်ချက်လေးတစ်ခု၌ပင်လျှင် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များ ပါဝင်လျက် ရှိနေ၏။ ထိုလက်ဝါးရိုက်ချက်သည် လောကကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည်မှာ သေချာ၏။ အချိန်မြစ်ရေစီးကြောင်းထဲသို့ ထိုအလင်းတန်း ဝင်ရောက်သွားသည့် အချိန်မှာတော့ ဘာတစ်ခုမှ မမြင်ရ၊ မကြားရလောက်အောင် အရာအားလုံး တိတ်ဆိတ်သွားခဲ့တော့၏။ စီနီယာသည် တစ်စုံတစ်ယောက်၏ ကံကြမ္မာကို ထိုကဲ့သို့ နည်းလမ်းများ အသုံးပြုကာ တွက်ချက်ခဲ့လေသည်လား။
ခဏလောက် ကြာပြီးသည့်နောက် မြူများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ ခပ်ဝါးဝါးများ ပုံရိပ်ယောင် သည် ပုံမှန်အတိုင်း ပြန်လည် ပျောက်ကွယ်သွားပြန်၏။ အချိန်၏ မြစ်ရေစီးကြောင်းများသည် လှိုင်းများကဲ့သို့ ထပ်မံ လိပ်တက်လာခဲ့၏။ အချိန်၏ မြစ်ရေစီးကြောင်းသည် ပုံမှန်အတိုင်း ပြန်လည်ကာ ဖြစ်တည်သွားသည့် အချိန်မှာတော့ ဖန်းဟန်သည် ဇဝေဇဝါ ခံစားနေမိ၏။ ဘာမှလည်း ထူးခြားလာသည်ကို သူ မမြင်ရချေ။
“စီနီယာ...”
သူပြော၍ မပြီးခင်မှာပဲ ကျယ်လောင်လှသည့် အသံကြီးသည် ထိုမြစ်ကြီး၏ အောက်ခြေမှ ထွက်ပေါ် လာခဲ့၏။ မြစ်၏ မျက်နှာပြင်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားပြီး လေဟာနယ်ကြီး တစ်ခုလုံးသည် တွန့်လိမ် သွားခဲ့၏။ ရေစက်များ လွင့်စင်လာခဲ့ပြီး လှိုင်းများသည် ကြီးမားသည့် လှိုင်းများအဖြစ် ဖြစ်တည်လာခဲ့၏။
ကောင်းကင်ယံအထက်မှ မိုးများ ရွာသွန်းလာခဲ့လေ၏။ ဤအရာသည် သာမန်မိုးမျိုး မဟုတ်ချေ။ သက်ရှိသတ္တဝါ ပေါင်းများစွာတို့၏ အသက်များကို ရည်ညွှန်းသည့်မိုး ဖြစ်သည်။ သမိုင်းပြောင်းလဲသွားခဲ့ပြီ ဖြစ်သောကြောင့် တချို့သောသူများသည် ပြန်လည် မွေးဖွားခွင့် မရှိတော့ချေ။ တခြားသောသူများမှာတော့ မထင်မှတ်ထား လောက်အောင်ပဲ အခြေအနေ တစ်ခုဆီသို့ ပြောင်းလဲသွားခဲ့သည်။
မိုးများကြားထဲတွင် အလင်းတန်းတစ်ခုက ဖြစ်တည်လာခဲ့ပြီး သူတို့နှစ်ယောက်၏ အရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ လီယွင်သည် ထပ်မံကာ လှုပ်ရှားလိုက်၏။ ထိုအလင်းတန်းကို လက်ဖြင့် အသာဖမ်းဆီးပြီးသည့်နောက် ကျောက်စိမ်းမင်ရောင်ရှိသော ရှေးမီးအိမ်အဖြစ် အသွင်ပြောင်းလိုက်၏။ ထိုအရာသည် တစ်ပေနီးပါးခန့်သာ ရှိပြီး သလင်းကဲ့သို့ပင် လှပလွန်းလှ၏။
အလယ်ဗဟိုတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မီးတောက်တစ်ခုက တောက်လောင်လျက် ရှိနေပြီး မီးတောက်သည် အစိမ်းရောင်မီးတောက်ပင် ဖြစ်၏။ မီးတောက်တစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ အလွန်အမင်း အေးစက်လျက် ရှိနေပြီး တစ်စုံတစ်ယောက်၏ ရိုးတွင်းခြင်ဆီများကိုပင် အေးခဲနိုင်စွမ်း ရှိနေသကဲ့သို့ပင်။
“စီနီယာ... ဒါဘာကြီးလဲ” ဖန်းဟန်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။ ဘာမှန်းမသိဘဲ သူသည် ဤရှေးမီးအိမ်ကြီးကို ရင်းနှီးနေသလိုပင် ခံစားနေမိ၏။ ဤပစ္စည်းသည် သူပိုင်ဆိုင်သည့် အရာတစ်ခုကဲ့သို့ပင်။
“ဒါ မင်းဟာပဲ”
လီယွင်သည် ရှေးမီးအိမ်ကို သေသေချာချာ စမ်းသပ်စစ်ဆေးပြီးသည့်နောက် ဖန်းဟန်ဆီသို့ လှမ်းပစ်ပေးလိုက်၏။
အနာဂတ်၏ ဖန်းဟန်သည် တကယ်ပင် ရက်ရောလွန်းလှသူတစ်ယောက်ဖြစ်ပြီး တန်ဖိုးရှိသည့် ရတနာများကို လွယ်လွယ်ကူကူ လာရောက်ပေးအပ်၏။ ဤပစ္စည်းသည် အင်ပါရီယာလက်နက် မဟုတ်သလို အင်မော်တယ် လက်နက် မဟုတ်ပေ။ ဤအရာသည် တကယ့်ကို ရှားပါးလွန်းလှသည့် ပစ္စည်းများနှင့် အထူးဖန်တီးပြုလုပ်ထား ခဲ့သည့်အရာဖြစ်ပြီး ကျင့်ကြံခြင်းလောကထဲသို့ အခုမှ ဝင်ရောက်သည့် လူတစ်ယောက်ပင်လျှင် ထိုအရာကို အသုံးပြုနိုင်စွမ်းရှိ၏။ တန်ပြန်မှု ဘေးထွက်ဆိုးကျိုးမှာ တစ်ခုတည်းသာရှိ၏။ ဤလက်နက်ပစ္စည်းကို စိတ်တိုင်းကျ ထိန်းချုပ်၍ မရခြင်းပင်။ အသက်သွင်းလိုက်သည် ဆိုသည်နှင့် ရပ်တန့်သွားလိမ့်မည် မဟုတ်ဘဲ ကြီးမားလွန်းလှသည့် ပစ်မှတ်များကိုပင် လွှမ်းခြုံကာ တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။ ဥပမာအားဖြင့် ဂိုဏ်း၊ နတ်နယ်မြေ တစ်ခုခု ....။
တော်ဝင်အင်ပါယာတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်သည် ဆိုပါက ထိုတော်ဝင်အင်ပါယာကို ထိခိုက်အောင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ တော်ဝင်အင်ပါယာ ဆိုသည်မှာ သာမန် သေမျိုးတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် ဖန်းဟန် မလှုပ်ရှားခင်မှာဘဲ အန္ဓရာယ်၏ အငွေ့အသက်ကို ခံစားမိပြီး ကြိုတင် ရှောင်ရှားသွားမှာ သေချာသည်။
“ကျုပ်... ကျုပ်ရဲ့ ပစ္စည်းဟုတ်လား”
ဖန်းဟန်သည် ရှေးမီးအိမ်ကို အသာလှမ်းယူပြီးသည့်နောက် ဇဝေဇဝါ ဖြစ်လို့နေ၏။ “စီနီယာ... ဒါ အင်ပါရီယာလက်နက်လား”
“မဟုတ်ဘူး။ ဒါက အနာဂတ်က မင်း ပေးလိုက်တဲ့ မင်းရဲ့ ရတနာပဲ။ အချိန်ရဲ့ မြစ်ရေစီးကြောင်းကို ဖြတ်သန်းပြီး ပေးခဲ့တာ။ လတိုင်း၊ လတိုင်း အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ တိုက်ခိုက်ချက် တစ်ခုကို ထုတ်ဖော်နိုင်စွမ်း ရှိတယ်။ မင်းအနေနဲ့ ဒါကို ထုတ်ပြီး မသုံးခင်မှာ သေသေချာချာ စဉ်းစားဖို့လိုတယ်” လီယွင်သည် သေသေချာချာ ပြောဆိုလိုက်သည်။
ပြောရမည်ဆိုလျှင် ဤပစ္စည်းသည် အင်မော်တယ်လက်နက်ထက် ပိုမိုကာပင် ရှားပါးလွန်းလှ၏။ သို့ပေမဲ့ အကန့်အသတ်ကလည်း ကြီးမားလွန်းလှ၏။ အားပြန်သွင်းရန် အချိန်လိုအပ်မည်ဖြစ်ပြီး တစ်ခါအသုံးပြုပြီးသည် နှင့်တပြိုင်နက် ပြန်လည် အသုံးပြုရန် တစ်လ စောင့်ရပေမည်။ ဤကဲ့သို့သော ဆိုးကျိုးလေး ရှိနေသည် ဆိုလျှင်တောင်မှ တန်ဖိုးအရ အထင်သေး၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်များကို ပေးစွမ်းနေ၏။
“တိုက်ခိုက်ချက်တစ်ခု၊ အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ တိုက်ခိုက်ချက် ဟုတ်လား”
ဖန်းဟန်သည် အံ့အားသင့်သွား၏။ အနာဂတ်မှသူသည် သူ့အား အသက်ကယ်အဆောင်တချို့ ပေးအပ်ခဲ့၏။ သို့ပေမဲ့ ဤသို့ အားကောင်းလွန်းသည့် လက်နက်မျိုးကို ပေးအပ်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ဤရှေးမီးအိမ်သည် ကျိန်းသေပေါက် အင်ပါယာရန်မိုကို ဖိနှိပ်အနိုင်ယူနိုင်စွမ်း ရှိနေသည့်အရာ မဟုတ်ပါလား။
“အင်း... မင်းရဲ့ ဒီအကြံအစည်ကို ခဏသိမ်းထားဖို့ အကြံပြုချင်တယ်”
လီယွင်သည် ဖန်းဟန်ကို အသာလှမ်းကြည့် ပြီးသည့်နောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဒီမီးအိမ်ကို အသုံးပြုပြီး အင်ပါယာရန်မိုကို ရင်ဆိုင်မယ်ဆိုရင် အသုံးသတ်မှာ မင်း ဘယ်လိုသေရမလဲ ဆိုတာတောင် သိမှာ မဟုတ်ဘူး”
သူတော်စင်အဆင့် ကျင့်ကြံသူများသည် ကောင်းမွန်သည့် အတွေးအမြင်များ တည်ရှိလို့နေလေ၏။ ၎င်းပတ်ဝန်းကျင်တွင် ရှိနေသည့် လှုပ်ရှားမှုများ အားလုံးကို အာရုံခံနိုင်စွမ်း ရှိနေ၏။ တစ်စုံတစ်ယောက် အနေနှင့် ၎င်းတို့အပေါ်တွင် သတ်ဖြတ်လိုခြင်းဆန္ဒများ ဖြစ်တည်လာသည်ဆိုပါက ချက်ချင်းပဲ သိရှိနိုင်၏။
ဖန်းဟန်အနေနှင့် သူ၏ သတ်ဖြတ်လိုခြင်း ဆန္ဒများကို မည်သို့မှ ဖိနှိပ်ထားနိုင် လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူတော်စင်တစ်ယောက်နှင့် တော်ဝင်အင်ပါယာတို့၏ကြား စွမ်းအင်အဆင့် ကွာခြားချက်က ကြီးမားလွန်းလှသည်။
“ဒါ”
ဖန်းဟန်သည် စိတ်ပျက်လက်ပျက် ဖြစ်သွားမိ၏။ သူ၏လက်ထဲတွင် အားကောင်းလှသည့် လက်နက် တစ်ခုကို ကိုင်ဆောင်ထားသည် ဆိုလျှင်တောင်မှ တော်ဝင်အင်ပါယာတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် အသုံးမပြုနိုင်ချေ။ သူ ဘာလုပ်ရမည်နည်း။
“အင်း... မင်းဆီမှာ တခြားဝှက်ဖဲတစ်ခု ရှိနေသေးတယ် မဟုတ်လား။ ပြီးတော့ တော်ဝင်အင်ပါယာတစ်ယောက်က အချိန်မရွေး ထွက်ပြေးလွတ်မြောက်သွားနိုင်တယ်လေ။ ဒီတော့ မလွတ်မြောက်နိုင်တဲ့ ပစ်မှတ်တစ်ခုကို ရှာဖွေဖို့ မတတ်နိုင်ဘူးလား” လီယွင်သည် အမှတ်တမဲ့ဖြင့် လှမ်းကာ ပြောလိုက်၏။
သူသည် လက်ကို မြှောက်ပြီးသည့်နောက် လေဟာနယ်ထဲသို့ ယမ်းခါလိုက်၏။ သူ၏အနားပတ်ဝန်းကျင်တွင် ရှိနေသည့် အရာအားလုံးတို့သည် မီးခိုးငွေ့ကဲ့သို့ပင် ပျောက်ကွယ်သွားပြီး သူတို့သုံးယောက်သည် ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီသို့ ပြန်လည်ကာ ရောက်ရှိလာသည်။
လက်ရှိအချိန်မှာတော့ ဖန်းဟန်သည် မတ်မတ်ရပ်လျက် ရှိနေပြီး စိတ်နဲ့ကိုယ် မကပ်သလိုပင် တီးတိုးရေရွတ် နေမိ၏။ “နောက်ထပ် ပစ်မှတ်တစ်ခုလား။ စီနီယာ ဆိုလိုတာက”
ဖန်းဟန်၏ မျက်လုံးများသည် လင်းလက် သွားသည်။ သူက ပြောလိုက်၏။ “လွင့်မျောတိမ်တောင်လား”
လွင့်မျောတိမ်တောင်သည် လွယ်လွယ်ကူကူနှင့် ရွေ့လျားသွားနိုင်စွမ်း မရှိပေ။ ထို့အပြင် လွင့်မျောတိမ်တောင်သည် နှစ်သန်းချီ တည်ရှိခဲ့သည့်အရာ ဖြစ်သောကြောင့် အရာအားလုံးကို စွန့်လွှတ်ကာဖြင့် ထွက်ပြေးသွားရန် ဖြစ်နိုင်သည့်အရာ မဟုတ်ချေ။ စီနီယာအနေနှင့် သူ၏တခြားသော ဝှက်ဖဲကို အသုံးပြုရန် ပြောဆိုနေသည် ဆိုခြင်းမှာ ဤအကြောင်းအရာကြောင့်လည်း ဖြစ်နိုင်သည်။
သူ့အနေနှင့် ရှေးမီးအိမ်ကို ယူဆောင်သွားပြီး လွင့်မျောတိမ်တောင်ကို သွားရောက်ဖိနှိပ်တိုက်ခိုက်မည်။ ပြီးသည့်နောက် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို အသုံးပြုကာဖြင့် ထွက်ပြေးရမည်။ လွင့်မျော တိမ်တောင် အနေနှင့် သူ့ကို လိုက်လံကာ ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ချေ။ သူသာ ကံကောင်းသည်ဆိုပါက လွင့်မျောတိမ်တောင် တစ်ခုလုံးကိုပင် အလုံးစုံ ဖျက်ဆီးနိုင်စွမ်း ရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ ဘဝတစ်ခုလုံး ထွက်ပြေးနေစရာ အကြောင်းမရှိတော့ချေ။
“ဟမ့်”
လီယွင်က ရယ်မောလိုက်၏။ သူသည် အတည်ပြုခြင်း မလုပ်သလို၊ ငြင်းပယ်ခြင်းလည်း မလုပ်ခဲ့ချေ။ ရှေ့တွင် ရှိနေသည့် ရေနွေးခွက်ကို အရသာခံကာ သောက်လိုက်၏။ “မင်းဆီမှာ နောက်ထပ်မေးခွန်း ရှိနေသေးလား”