အပိုင်း (၄၅၃)
Vol. 31 Ch. 453
“တခြားအရာတွေနဲ့ ပတ်သက်ပြီးလား”
ဖန်းဟန်သည် ရှေးမီးအိမ်ကို အသာသိမ်းဆည်းပြီးသည့်နောက် တွေးတွေးဆဆ အမူအရာများ ဖြစ်တည်နေ၏။ သူ၏ သိုလှောင်လက်စွပ်ထဲမှ များပြားလှသော နတ်ဘုရားအဆင့် နည်းစနစ်များကို ထုတ်ယူကာ လီယွင်၏ အရှေ့ဆီသို့ ထားလိုက်၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “စီနီယာ... ရန်မိုပြောတာ အမှန်ပဲလား။ ကျုပ်ရဲ့အဖေက မသေသေးဘူးလား”
“လိမ်တာ” လီယွင်သည် ရေနွေးခွက်ကို အသာမလိုက်၏။ ပြီးနောက် တစ်ငုံငုံကာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။
“ဒါက”
ဖန်းဟန်သည် ထိုစကားကို ကြားသည့်အချိန်မှာတော့ နောက်သို့ ခြေနှစ်လမ်းပင် ဆုတ်လိုက်မိသည်။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံး၌ ဝမ်းနည်းသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ အချက်အလက်အားဖြင့် သူသည် အစောကြီးကတည်းက ထိုကိစ္စကို သိရှိခဲ့ပြီးသားဖြစ်၏။ အင်ပါယာရန်မို အနေနှင့် သူ့အား စိတ်အခြေခံ တစ်ခုလုံး ပျက်စီးသွားစေရန် တမင် ပြောဆိုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့အပြင် သားတစ်ယောက်အနေနှင့် သူ၏အဖေ သေဆုံးခြင်းဆိုသောစကားအား ကြားချင်လိမ့်မည် မဟုတ်ပေ။ သူ၏အဖေသည် တော်ဝင် အင်ပါယာတစ်ယောက်ဖြစ်ပြီး များပြားလှသည့် အသက်ဘေးများမှ လွတ်မြောက်ခဲ့သူ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် အသက်ရှင်သန်သေးမည်ဆိုသော မျှော်လင့်ချက်က သူ့နှလုံးသားထဲတွင် ကိန်းဝပ်လို့နေသည်။
လွင့်မျောတိမ်တောင်၏ ဖိနှိပ်ခြင်းကို မခံရပါက မျှော်လင့်ချက်တချို့ ရှိနိုင်၏။ သို့ပေမဲ့ လီယွင်၏ စကားလုံးသည် သူ၏ မျှော်လင့်ချက်များ အားလုံးကို ပျောက်ကွယ်သွားစေခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် ထိုကဲ့သို့ ပြောဆိုသည်ဆိုမှတော့ သူ၏ အဖေသည် တကယ်ပင် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ဒုတိယမြောက် အသက်ရှင်သန်နိုင်ခွင့်ဟူ၍ မရှိတော့ချေ။
“သခင်လေး... အရမ်းကြီး ဝမ်းမနည်းပါနဲ့”
အဒေါ်လန်သည် အရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် အနောက်မှ သိုင်းဖက်ကာဖြင့် နှစ်သိမ့်လိုက်၏။ သူမသည် ဤကိစ္စကို အစောကြီးကတည်းက သိရှိပြီးဖြစ်၏။ သူမ၏ မျက်လုံးနှင့်ပင် ကိုယ်တိုင်မြင်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ဖန်းဟန်ကို ပွင့်ပွင့်လင်းလင်း ဖွင့်မပြောခဲ့ချေ။
ယခု ကောင်းကင်လျှို့ဝှက်နန်းဆောင်က ထိုကဲ့သို့ ပြောလိုက်သည် ဆိုသောကြောင့် သူမ၏ တာဝန်များသည် လျော့ပါးသွားသည်ဟု ခံစားလိုက်ရ၏။ မည်သို့ပင် ဆိုစေကာမူ သူမသည် အနည်းငယ်တော့ စိုးရိမ်လျက် ရှိနေသေး၏။ သခင်လေးအနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးမှ ပြန်လည်ကာ မနိုးထနိုင်ဘူး ဆိုလျှင် မည်သို့ဖြစ်မည်နည်း။
“ကျုပ်ကို စိတ်မပူပါနဲ့ အဒေါ်လန်။ ကျုပ် အဲလောက် စိတ်ဓာတ်မကျပါဘူး”
ဖန်းဟန်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် ခေါင်းကိုမော့ပြီးသည့်နောက် လီယွင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ မျက်လုံးထဲတွင် မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းလိုက်သည်။ “စီနီယာ… ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တစ်ယောက် အနေနဲ့ သာမန်ထက်ပိုတဲ့ အတွေးမျိုးတွေ ရှိမယ်ဆိုတာ ကျွန်တော်သိပါတယ်။ သေတဲ့လူကို ပြန်ပြီးရှင်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါသလား”
ကျင့်ကြံခြင်းလောကထဲတွင် အားလုံးသော သူတို့သည် မသေမျိုးလမ်းစဉ်ကို လိုက်ကြ၏။ သို့ပေမဲ့ အားလုံးသောသူတို့ ရရှိခဲ့သည်မှာ အိုခြင်း၊သေခြင်းပင်။ အန္တိမလမ်းစဉ်ကို ရောက်ရှိရန် မဖြစ်နိုင်ဘူး ဆိုပါက တစ်စုံတစ်ယောက်သည် တခြားသောနည်းလမ်းများကို ရှာဖွေရပေလိမ့်မည်။ ခန္ဓာကိုယ်လဲလှယ်ခြင်းနည်းလမ်း - ဤအရာသည် ပြန်လည်မွေးဖွားခြင်းနည်းလမ်းနှင့် ထပ်တူညီသော ဝိညာဉ်လဲလှယ်ခြင်းနည်းလမ်းပင်ဖြစ်သည်။
တစ်စုံတစ်ယောက်အနေနှင့် လုံလောက်သည့် စိတ်ဝိညာဉ်သိစိတ်ကို ပိုင်ဆိုင်သည်ဆိုပါက တခြားသူများ၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းဆည်းနိုင်စွမ်း ရှိနေ၏။ ထိုခန္ဓာကိုယ်ကို အပိုင်သိမ်းပြီး အသားကျအောင် ပြုလုပ်နိုင်မည် ဆိုပါက ဆက်လက်ကာ အသက်ရှင်သန်နိုင်စွမ်း ရှိပေလိမ့်မည်။ ပြစ်ချက်အနေနှင့် ကောင်းကင်ဘုံကပ်ဘေး ကျရောက်လာနိုင်ခြင်းတော့ရှိသည်။ ထိုကဲ့သို့ ကောင်းကင်ဘုံကပ်ဘေးသာ မကျဆင်းပါက ကျင့်ကြံခြင်းလောကရှိ မွန်းစတားအိုကြီးများသည် တခြားသောသူများ၏ ခန္ဓာကိုယ်ကို လွယ်လွယ်ကူကူဖြင့် လိုက်လံ သိမ်းပိုက်နေမည် မဟုတ်ပါလား။
ခန္ဓာကိုယ်လဲလှယ်ခြင်းနည်းလမ်းအပြင် တခြားသော နည်းလမ်းများလည်း တည်ရှိနေသေး၏။ ပြန်လည် မွေးဖွားခြင်း နည်းလမ်းပင် ဖြစ်သည်။ ဤနည်းလမ်းသည် တကယ်ကို အန္တရာယ်များလှ၏။ တခြားသောသူများ၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်ကာ သန္ဓေတည်ခြင်းသည် ခက်ခဲလွန်းလှသည့် နည်းလမ်းတစ်ခုဖြစ်ပြီး အလုံးစုံ သေဆုံး သွားနိုင်သည့် အခြေအနေမျိုးကိုလည်း ပိုင်ဆိုင်၏။
တော်ဝင်အင်ပါယာကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူတချို့မှလွဲလျှင် ဤကဲ့သို့သော အရာမျိုးကို ပြုလုပ်ရန် ယုံကြည်ချက်ရှိသူ ဟူ၍ မရှိလှချေ။ ထိုသို့ဆိုလျှင်တောင်မှ စွန့်စားရမည် ဆိုသည်ကို ထိုသူတို့က ကောင်းကောင်း သိ၏။ တော်ဝင်အင်ပါယာ၏ အောက်တွင် ရှိနေသည့် ကျင့်ကြံသူများ အားလုံးသည် ထိုကဲ့သို့သော အရာမျိုးကို ကြိုးစားသည်ဆိုပါက ကျိန်းသေပေါက် ခြွင်းချက်မရှိ သေဆုံးသွားမှာ ဖြစ်သည်။
နည်းလမ်းနှစ်ခုသည် မတူညီသည့် နည်းလမ်းနှစ်ခု ဖြစ်သည်ဆိုသော်လည်း ၎င်းတို့၏ အန္တိမ ရည်မှန်းချက်ကတော့ တူညီလျက် ရှိနေ၏။ သေဆုံးပြီးနောက် ပြန်လည်မွေးဖွားခြင်းပင်။ ဖန်းဟန်၏အဖေ အသက်ရှင်လျက် ရှိနေသေးသည် ဆိုပါက ဤကဲ့သို့သော နည်းလမ်းကို ကြိုးစားကောင်း ကြိုးစားနိုင်၏။ ကံဆိုးစွာဖြင့် ၎င်း၏ အဖေသည် သေဆုံးသွားပြီ ဖြစ်လေ၏။ ဘာမှမကျန်တော့ချေ။ ထို့ကြောင့် ထိုနည်းလမ်း နှစ်ခုလုံးကို အသုံးပြု၍ မရတော့ပေ။
ထို့ကြောင့်ပင်လျှင် ဖန်းဟန်သည် ၎င်း၏ နောက်ဆုံး မျှော်လင့်ချက်အမျှင်လေးအား ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ဆီသို့ ပုံအပ်လိုက်ခြင်းသာ ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည်သာ မကူညီ နိုင်ပါက သူ၏အဖေသည် ကျိန်းသေပေါက် သေဆုံးသွားပြီဖြစ်သည်။
“ဟုတ်တယ်… တခြားနည်းလမ်းတွေ အများကြီး ရှိသေးတာပေါ့”
လီယွင်သည် တုံ့နှေးမနေခဲ့ချေ။ ချက်ချင်း ဆိုသလိုပဲ ပြောလိုက်၏။ “တော်တော်ကို များတယ်”
“တကယ်လား”
ဖန်းဟန်သည် မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ သူ၏ အဖေသည် တော်ဝင်အင်ပါယာများ၏ ကြားထဲတွင်ပင် တော်တော်အားကောင်းသည့် လူတစ်ယောက်ဟု ပြောဆိုရပေမည်။ ထိုကဲ့သို့သောလူကို အသက် ပြန်ရှင်အောင် ပြုလုပ်ရသည့် ကုန်ကျမှုစရိတ်သည် ကြီးမားလွန်းမှာ သေချာသည်။
မထင်မှတ်ထားလောက်အောင်ဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၌ သူ့အဖေ အသက်ရှင်အောင် ပြုလုပ်နိုင်သည့် နည်းလမ်းပေါင်း မြောက်များစွာ တည်ရှိလို့ နေခဲ့၏။ မယုံကြည်နိုင်စရာပင်။
“အင်း… အမှန်ပဲ”
လီယွင်က ခေါင်းညိတ်ကာဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “သူက တော်ဝင်အင်ပါယာလေး တစ်ယောက်ပဲလေ။ အသင်္ချေများပြားတဲ့ လောကထဲမှာ ဘာမှ ထူးခြားနေတာမှ မဟုတ်တာ။ သူက လက်ရှိမှာ သေဆုံးသွားသွား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းတစ်ထောင်က သေဆုံးသွားသွား ကိစ္စမရှိဘူး။ သူ့ကို ပြန်ပြီး အသက်ရှင်အောင် ပြုလုပ်ဖို့ဆိုတာ ပြဿနာကြီးမဟုတ်ဘူး”
အရိုးရှင်းဆုံး နည်းလမ်းသည် အချိန်၏ မြစ်ရေစီးကြောင်း ဆီသို့ သွားလိုက်ပြီး ဖန်းဟန်၏အဖေကို ပြန်လည်ခေါ်ယူရမည်ဖြစ်သည်။ အားအင်စိုက်ထုတ်မှုပင် များများစားစား ပြုလုပ်ရမည် မဟုတ်ချေ။ သို့ပေမဲ့ ထိုကဲ့သို့ ပြုလုပ်သည့်နေရာတွင် ပြဿနာ အနည်းငယ်တော့ တည်ရှိနေ၏။ ထိုအချိန်ကာလက မရှိသင့်သည့် လူတစ်ယောက်သည် ထိုနေရာဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သောကြောင့် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး၏ တန်ပြန်မှုကို ခံစားရမှာတော့ သေချာသည်။
ပိုမိုကာ စိန်ခေါ်စရာ ကောင်းလှသည့် နည်းလမ်းများမှာ တစ်ဖက်လူ၏ စိတ်ဝိညာဉ်သိစိတ်ကို ပြန်လည်ကာ ဖန်တီးပြီးသည့်နောက် ခန္ဓာကိုယ်တစ်ခုအဖြစ် အသားကျအောင် ဖန်တီးပေးရန်ပင်ဖြစ်၏။ ထိုနည်းလမ်းသည် လွယ်လွယ်ကူကူဖြင့် အောင်မြင်သည်ဆိုလျှင်တောင်မှ ပထမ နည်းလမ်းထက် ပိုမိုကာ ဒုက္ခများလှ၏။
“စီနီယာ”
ဖန်းဟန်သည် တကယ်ပင် စိတ်လှုပ်ရှားလျက် ရှိ၏။ စကားပင် မပြောနိုင်တော့ချေ။ သူသည် လက်များကို ပွတ်သပ်ကာဖြင့် ပြောဆိုလိုက်သည်။ “အဲဒီအတွက် ကုန်ကျစရိတ်က ဘာလဲ။ ဘယ်လောက် လိုအပ်လဲ”
“အများကြီး မဟုတ်ပါဘူး”
လီယွင်သည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။ “အင်မော်တယ်လက်နက် တစ်ခုဆိုရင် လုံလောက်ပြီ”
ဖန်းဟန်၏ အဖေသည် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်တွင် ရှိနေ၏။ ထို့ကြောင့် အင်မော်တယ် လက်နက်တစ်ခုကို တောင်းဆိုခြင်းဆိုသည်မှာ မည်သို့ပင်ဖြစ်ဖြစ် များပြားလှသည့်အရာဖြစ်၏။
“အင်မော်တယ်လက်နက် တစ်ခုလား”
ဖန်းဟန်၏ မျက်နှာပေါ်တွင် တကယ့်ကို ဇဝေဇဝါ အမူအရာများ ဖြစ်တည် လာခဲ့၏။ သူသည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် ရှေးမီးအိမ်ကို လှမ်းကြည့်ပြီး ပထမဆုံး သူသည် အဆင်ခြင်မဲ့ ပြုလုပ်ချင်စိတ်များ ဖြစ်တည်လာ၏။ သူသည်သာ ဤအခွင့်အရေးကို ယူနိုင်ခဲ့သည်ဆိုပါက သူ့အဖေသည် ပြန်လည်ကာ ရှင်သန်လာနိုင်သည်ဆိုသည့် အဓိပ္ပာယ်ပင် မဟုတ်ပါလား။
သူ၏ အဖေသည် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူ၏ အဖေသည်သာ ပါဝင်လာသည်ဆိုပါက လွင့်မျောတိမ်တောင်ကို လက်စားချေရန် ပိုမိုကာ လွယ်ကူပေလိမ့်မည်။ အနည်းဆုံးအနေနှင့် အနိုင်မယူနိုင်ဘူး ဆိုလျှင်တောင်မှ ထွက်ပြေးလွတ်မြောက်နိုင်၏။ ယခု သူ၏ အရင်းအမြစ်များကို ရှေးမီးအိမ်နှင့် လဲလှယ်လိုက်ပြီ ဖြစ်သောကြောင့် ဘာမှ မတတ်နိုင်တော့ချေ။
“စီနီယာ”
ဖန်းဟန်သည် သူ၏လက်ဝါးများကို အသာမြှောက်လိုက်၏။ ရှေးမီးအိမ်က ပေါ်ပေါက်လာခဲ့သည်။ ထိုအရာကို လက်ထဲတွင် ကိုင်ပြီးသည့်နောက် ရှက်ရွံ့သည့် အမူအရာမျိုးဖြင့် စကားပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ သူမပြောရသေးခင်မှာပဲ လီယွင်က တားဆီးလိုက်သည်။
“အရောင်းအဝယ်က ပြုလုပ်ပြီးပြီဆိုရင် ပြန်ပေးလို့ မရတော့ဘူး။ မင်းရဲ့အဖေ ပြန်လည်မွေးဖွားလာနိုင်ဖို့ဆိုရင် အင်မော်တယ်လက်နက် ဒါမှမဟုတ် ဒါနဲ့တူညီတဲ့ အင်မော်တယ်လက်နက် တစ်ခုခုကို ယူခဲ့ဖို့လိုတယ်” လီယွင်က ဆက်ပြောလိုက်၏။
“ဒါက”
ဖန်းဟန်၏ မျက်နှာပေါ်တွင် မကြည်မသာ အမူအရာများ ဖြစ်တည်လာခဲ့၏။ သူ၏ အားအင်အဆင့် အနေနှင့် အင်ပါရီယာလက်နက်ကို ရယူနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ အင်မော်တယ်လက်နက်ဆိုရင် ဝေလာ ဝေးသာဖြစ်သည်။
သူ၏အဖေ ပြန်လည်ရှင်သန်နိုင်စွမ်းရှိသည်ဆိုသော သတင်းသည် သူ့အတွက် ကောင်းမွန်လှသည့် သတင်းဖြစ်၏။ သို့ပေမဲ့ ကံကောင်းခြင်း အကြောင်းတရား ကြားထဲတွင် ကံမကောင်းခြင်း အကြောင်းအရာလည်း ရှိနေ၏။
သူ၏အဖေသည်သာ အသက်ပြန်လည်ရှင်သန်နိုင်စွမ်း ရှိသည်ဆိုလျှင် ဖန်းကလန်တွင် ရှိနေသည့် အဖွဲ့သားများ အားလုံးသည်လည်း ပြန်လည်ကာ ရှင်သန်နိုင်မည် မဟုတ်ပါလား။
ထိုအရာကို တွေးပြီးသည့်နောက် ဖန်းဟန်သည် ခေါင်းကိုက်သလို ခံစားနေမိ၏။ အားလုံးသော သူတို့ကို ပြန်လည်ကာ ခေါ်ဆောင်ဖို့ဆိုသည်မှာ ကုန်ကျစရိတ်က များပြားလွန်းလှ၏။ ကြည့်ရသည်မှာ ဖန်းကလန် တစ်ခုလုံးတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို အသက်ပြန်ရှင်အောင် ပြုလုပ်ဖို့ ဆိုသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။
“ဒီလိုဆိုမှတော့”
ဖန်းဟန်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “အခု ထွက်သွားပါအုံးမယ်။ စီနီယာကို ဒုက္ခပေးမိပါပြီ စီနီယာ”
“ကောင်းပြီ” လီယွင်သည် ခေါင်းကို အသာညိတ်လိုက်၏။ ဖန်းဟန်သည် ထွက်ခွာသွားသည့်အချိန်တွင် ရောက်ရှိ လာခဲ့စဉ်ကထက် ပို၍ စိတ်သက်သာသွားသည့် ခံစားချက်မျိုးနှင့် ပြန်သွာခဲ့ကြောင်း သူမြင်ခဲ့၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ၎င်း၏ နှလုံးသားထဲတွင် ရှိနေသည့် ကြီးမားသည့် အကြိတ်အထုံးကြီး ပြေလည်သွားခဲ့သည်ဟု သတ်မှတ်ရပေလိမ့်မည်။