အပိုင်း (၄၅၄)
Vol. 31 Ch. 454
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ထွက်ပြီးသည့်နောက် ဖန်းဟန်သည် မြို့၏အပြင်ဘက်ဆီသို့ တည့်တည့်ပင် လှမ်းလျှောက်လိုက်၏။
“သခင်လေး”
အဒေါ်လန်သည် အနောက်မှ အပြေးတကောဖြင့် လိုက်လာခဲ့၏။ “ကျွန်မတို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှာ နေသင့်တယ် မဟုတ်ဘူးလား။ လွင့်မျောတိမ်တောင်ရဲ့ အင်ပါယာရန်မိုက မနီးမဝေးမှာ ရှိနေတယ်လို့ ခန့်မှန်းမိတယ်။ သူသာ မြို့အပြင်မှာ ကျွန်မတို့ကို စောင့်နေမယ်ဆိုရင် ကျိန်းသေပေါက် ဒုက္ခ ပေးလိမ့်မယ်”
“စိတ်မပူနဲ့ အဒေါ်လန်။ ကျုပ်တို့ ထွက်သွားတာကို သူဘယ်လိုမှ သတိပြုမိမှာ မဟုတ်ဘူး” ဖန်းဟန်သည် ယုံကြည်ချက် ရှိစွာဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ လက်ထဲမှာ ရှိနေတဲ့ အသက်ကယ်အဆောင်ဆိုတာ အသုံးပြုမှု အကန့်အသတ်က ရှိနေသေးတယ်လေ။ ဒါကို အဆင်ခြင်မဲ့သာ သုံးလိုက်မယ်ဆိုရင် အနာဂတ်မှာ ပြဿနာဖြစ်နိုင်တယ်” အဒေါ်လန်သည် သူ၏ စိုးရိမ် ပူပန်မှုကို ထုတ်ဖော်ကာ ပြောဆိုလိုက်၏။
သူမ၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားသည် ဖန်းဟန် တစ်ယောက် တစ်ကြိမ်တည်းသာ အသုံးပြုခွင့် ကျန်ရှိတော့သည့် အရာသာဖြစ်၏။ အနာဂတ် ဖန်းဟန်ဆီမှ ရရှိခဲ့သည့် စွမ်းအားမြင့် အသက်ကယ်အဆောင် ဖြစ်သည် ဆိုလျှင်တောင်မှ နောက်ဆုံး တစ်ကြိမ်သုံးပြီးသည်နှင့် အသုံးဝင်တော့မည် မဟုတ်ချေ။
“အင်း… တာဝန်တွေသာ အောင်မြင်သွားမယ်ဆိုရင် ဒီကျောက်စိမ်းပြားဆိုတာ ဘာမှ မဟုတ်တော့ဘူး။ ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို ပြန်လာနိုင်တယ်။ ပြီးတော့ အခွင့်အရေးတွေ အများကြီးရဖို့ အခွင့်အလမ်း ရှိနေသေးတယ်။ ကျုပ်အဖေသာ ပြန်ပြီး အသက်ရှင်နိုင်မယ်ဆိုရင် …”
ဖန်းဟန်သည် ခေါင်းကို မော့ပြီးသည့်နောက် မြေအင်မော်တယ်လောက တည်ရှိရာ နေရာဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်သည်။
အဒေါ်လန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူမသည် တုန်လှုပ်သွား၏။ “သခင်လေး… မြေအင်မော်တယ်လောက ကို ပြန်ဖို့ စဉ်းစားနေတာ မဟုတ်ဘူးမို့လား။ စဉ်းစားနေတာလား”
လွင့်မျောတိမ်တောင်သည် မြေအင်မော်တယ်လောကတွင် တည်ရှိနေသည့်အရာဖြစ်၏။ သူတို့အနေနှင့် ထိုသူတို့၏ လက်ထဲမှ လွတ်မြောက်နိုင်ရန်အတွက် တကယ်ပဲ ဒုက္ခခံခဲ့ရ၏။ သခင်လေးအနေနှင့် အဘယ်ကြောင့် ရုတ်တရက်ကြီး ပြန်သွားချင်နေရသနည်း။ လွင့်မျောတိမ်တောင်နှင့် ရင်ဆိုင်နိုင်ရန်အတွက် စီစဉ်ထားနေလေ သည်လား။
သိရှိရန်မှာ လွင့်မျောတိမ်တောင်ဆိုသည်မှာ ခန့်မှန်း၍ မရနိုင်သည့် အင်အားစုတစ်ခုဖြစ်ပြီး ဖန်းကလန်ထက်ပင် ပိုမိုကာ ကြာရှည်လွန်းသည့် အမွေအနှစ်များကို ပိုင်ဆိုင်ပြီး နှစ်ပေါင်းများစွာ တည်တံ့ခဲ့သည့်အရာဖြစ်၏။ လွင့်မျောတိမ်တောင်ကို ရှေးမီးအိမ်ကြီး တစ်ခုတည်းနှင့် အနိုင်ယူတိုက်ခိုက်ဖို့ ဆိုသည်မှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ လွင့်မျောတိမ်တောင်ကို ခြေချလိုက်သည်နှင့် ရှုံးနိမ့်သွားနိုင်သည် မဟုတ်ပါလား။ တကယ့်ကို ပြဿနာကြီးပင်။
“အတိအကျပဲ။ ကျုပ်တို့ မြေအင်မော်တယ်လောကဆီကို ပြန်ပြီးတော့ လွင့်မျောတိမ်တောင်ဆီကို သွားရမယ်” ဖန်းဟန်သည် လေးလေးနက်နက် ပြောလိုက်သည်။
“သခင်လေး… မဖြစ်ပါဘူး”
အဒေါ်လန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူသည် မြန်မြန်ဆန်ဆန်ပဲ ဖြောင်းဖြလိုက်၏။ “ကျွန်မတို့ရဲ့ အားအင်အဆင့်အရဆိုရင် လွင့်မျောတိမ်တောင်ကို သွားပြီး ရင်ဆိုင်တယ်ဆိုတာ ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလို ဖြစ်လိမ့်မယ်။ တကယ့်ကို လျှို့ဝှက်ရတနာမျိုးတွေ ပိုင်ဆိုင်တယ်ဆိုရင်တောင်မှ အကန့်အသတ်က ရှိနေသေးတယ်လေ။ တစ်ဖက်လူက ကျွန်မတို့ ရောက်လာတယ်ဆိုတာ သိတာနဲ့ တပြိုင်နက် ကျွန်မတို့ လွတ်မြောက်မှာ မဟုတ်တော့ဘူး။
ပြီးတော့ မြေအင်မော်တယ်လောကက ကောင်းကင်မူလ လောကကြီးနဲ့ အရမ်းဝေးတယ်။ ခရမ်းရောင်နက်နဲလောကကြီးကလည်း ကြားမှာရှိသေးတယ်။ ဒီဟာကို ဖြတ်ပြီး သွားချင်တယ်ဆိုတာ တကယ့်ကို စိတ်ကူးယဉ်အိမ်မက် မက်သလို ဖြစ်လိမ့်မယ်။
အဲအစား ကောင်းကင်မူလ လောကကြီးထဲမှာပဲ အချိန်ခဏကြာအောင် နေထိုင်သင့်တယ်လေ။ ပြီးမှပဲ မြေအင်မော်တယ်လောကဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်သွားကြတာပေါ့”
အဒေါ်လန်၏ အစီအစဉ်သည် တကယ့်ကို ကောင်းမွန်လွန်းလှ၏။ ကောင်းကင်မူလလောကကြီးထဲတွင် နေထိုင်ခြင်း သို့မဟုတ် ခရမ်းရောင်နက်နဲလောကကြီးထဲတွင် နေထိုင်ခြင်း ….. အနည်းဆုံး နှစ်ပေါင်းတစ်ထောင်လောက် အချိန်ဖြုန်းနိုင်မည် ဆိုလျှင် လုံလောက်ပြီဖြစ်၏။ ထို့အပြင် ဖန်းဟန်သည် ကောင်းမွန်သည့် ပါရမီကို ပိုင်ဆိုင်၏။ နှစ်ပေါင်းတစ်ထောင် အတွင်း သူတော်စင်ဘုရင် သို့မဟုတ် တော်ဝင်သူတော်စင်အဆင့်သို့ ရောက်ရှိဖို့ ဆိုသည်မှာ မဖြစ်နိုင်သည့် ကိစ္စမဟုတ်ပေ။
ဖန်းဟန်သည်သာ သူတော်စင်တစ်ယောက် ဖြစ်လာသည်ဆိုပါက ကျိန်းသေပေါက် ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်စွမ်း တိုးတက်လာပေလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေကို ရောက်မှ မြေအင်မော်တယ်လောကဆီသို့ သွားလျှင် ပိုမိုကာ လုံခြုံပေလိမ့်မည်။
“ခရမ်းရောင်နက်နဲလောကကြီးကို မြန်မြန်ဆန်ဆန်နဲ့ ဖြတ်ကျော်မသွားနိုင်ဘူးလို့ ဘယ်သူက ပြောလဲ” ဖန်းဟန်သည် ယုံကြည်ချက်ရှိစွာဖြင့် ပြုံးလိုက်၏။ “ကျုပ်တို့ တော်ဝင်အင်ပါယာ တစ်ယောက်ကို ဆွဲဆောင်ပြီး အကူအညီ တောင်းမယ်ဆိုရင် မြေအင်မော်တယ်လောကကြီးကို ရောက်ဖို့ အချိန်သိပ်ကြာမှာ မဟုတ်ဘူး”
“ဟမ်”
အဒေါ်လန်၏ စိတ်တစ်ခုလုံးက တုန်လှုပ်သွားမိ၏။ ပြီးနောက် သူမသည် မျက်မှောင်ကုတ်ကာဖြင့် တီးတိုး ပြောလိုက်၏။ “သခင်လေး… ဒီလိုအချိန်မျိုးမှာ နောက်နေတာ မကောင်းဘူး။ တော်ဝင်အင်ပါယာတစ်ယောက်က ကျွန်မတို့ကို ဘယ်လိုဖြစ်ပြီး ကူညီမှာလဲ”
တခြားသော အဖွဲ့အစည်းများကို ရင်ဆိုင်တိုက်ခိုက်ရန်ဆိုလျှင် အဆင်ပြေနိုင်သေး၏။ သို့ပေမဲ့ လွင့်မျောတိမ် တောင်အကြောင်း ပြောဆိုနေခြင်းဖြစ်သည်။ ခရမ်းရောင်နက်နဲလောကကြီးတွင် ဖြစ်တည်ခဲ့သည့် တိုက်ပွဲများကို သေချာကြည့်ရှုမည်ဆိုပါက လွင့်မျောတိမ်တောင် မည်မျှ အားကောင်းကြောင်း အားလုံးသော သူတို့က သိရှိပြီး ဖြစ်ပေလိမ့်မည်။
ထို့အပြင် တော်ဝင်အင်ပါယာပိုင်လီ၏ လက်ထဲတွင် ရှိနေသည့် အင်မော်တယ်လက်နက်သည် လွင့်မျောတိမ်တောင် ဘိုးဘေး ချန်ထားခဲ့သည့်အရာဖြစ်၏။ ဤအရာသည် လွင့်မျောတိမ်တောင်၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည် ဆိုသော်လည်း လွင့်မျောတိမ်တောင်သည် နက်နဲလှသည့် နောက်ခံကို ပိုင်ဆိုင်သည်ဖြစ်ကြောင်းကို သက်သေပြ နေခြင်းပင်။
ထို့တင်မကသေးချေ။ လွင့်မျောတိမ်တောင်သည် ဖန်းကလန်ကို ဖျက်ဆီးပြီးကာစဖြစ်၏။ ထို့ကြောင့် သူတို့ကို ကူညီ တိုက်ခိုက်ပေးမည့်သူ ဟူ၍ ရှိလိမ့်မည် မထင်ချေ။
“ကောင်းကင်မူလလောကကြီးရဲ့ ငရဲကိုးကောင်အင်ပါယာကို မေ့နေပြီလား” ဖန်းဟန်သည် ဆန်းကြယ်စွာဖြင့် ပြောဆိုလိုက်၏။
“ငရဲကိုးကောင်အင်ပါယာ ဟုတ်လား” အဒေါ်လန်က ကြောင်အသွားခဲ့၏။ သူမသည် ထိုသူကို လုံးဝ မေ့လျော့လိမ့်မည် မဟုတ်ချေ။ သူတို့ လောကကို ဖြတ်သန်းကာ ရောက်ရှိလာသည့်အချိန်တွင် ပထမဆုံး ကြုံတွေ့ ခဲ့ရသည့် လူတစ်ယောက်ဖြစ်ပြီး ၎င်းတို့အား ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည့် သူလည်း ဖြစ်၏။ ထို့ကြောင့် သူမသည် မုန့်ရှင်းကျီကို ကောင်းကောင်း သိရှိ၏။
“သခင်လေး… ဒီလူက လူကောင်းတစ်ယောက် မဟုတ်ဘူး။ ကောင်းကင်မူလလောကကြီးထဲမှာဆိုရင် သူ့ဂုဏ်သိက္ခာက တကယ့်ကို ဆိုးရွားလွန်းတယ်။ သူနဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ကျိန်းသေပေါက် မြေခွေးနဲ့ အတူတူ အလုပ်လုပ်ရသလို ဖြစ်လိမ့်မယ်။ ပြီးတော့ သူက တော်ဝင်အင်ပါယာ တစ်ယောက်လေ။ မကောင်းတဲ့ စိတ်ဆန္ဒရှိမယ်ဆိုရင် ကျွန်မတို့အနေနဲ့ ကြီးမားတဲ့ အန္တရာယ်ထဲ ရောက်သွားမှာ စိုးရတယ်” အဒေါ်လန်သည် လေးနက် တည်ကြည်စွာ ပြောလိုက်သည်။
မုန့်ရှင်းကျီသည် ကောင်းကင်မူလလောကကြီးထဲတွင် များပြားလှသည့် အရာများကို ပြုလုပ်ခဲ့၏။ ဤလူသည် တကယ့်ကို ဆိုးယုတ်ပြီး ဥပဒေမဲ့သည့် လူတစ်ယောက်လည်း ဖြစ်၏။ အင်ပါယာတစ်ယောက် ဖြစ်လာသည့် အချိန်တွင်တောင်မှ နတ်နယ်မြေတချို့ကို သွားရောက်ကာ သိမ်းပိုက်ခဲ့သေး၏။ တခြားသော အမွေအနှစ်များကို ဖျက်ဆီးခြင်းဆိုသည်မှာ သူ့အတွက် စာဖွဲ့လောက်သည့်အရာ ဟုတ်လိမ့်မည် မထင်ချေ။
အင်ပါယာဖြစ်လာခဲ့ပြီးသည့်နောက်တွင် အစစ်အမှန် အင်မော်တယ်အမွေအနှစ် တည်နေရာ၏ အပြင်ဘက်တွင် သတ်ဖြတ်ခြင်း အစီအရင်တစ်ခုကို ဖန်တီးကာဖြင့် တခြားသော ဆိုးဆိုးရွားရွားအရာများကို ပြုလုပ်ခဲ့သေး၏။ များပြားလှသည့် အင်ပါယာ တော်တော်များများပင်လျှင် ၎င်း၏လက်ချက်နှင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူဟူ၍ ပေါ်ပေါက်လာခဲ့၏။
ကြားရသည်မှာ နားမသက်မသာစရာ ကိစ္စရပ်ဖြစ်သည်ဆိုလျှင်တောင်မှ မုန့်ရှင်းကျီသည် လောကကြီး နှစ်ခုကြားတွင် ကျော်ကြားသည့် လူတစ်ယောက်ဖြစ်လာခဲ့သည်။ ၎င်း၏ ပြိုင်ဘက်များပင်လျှင် ၎င်း၏ အမူအကျင့် နှင့် စိတ်နေစိတ်ထားကို ကြောက်လန့်ကြရ၏။ တခြားသော အင်ပါယာများသည်လည်း မတူညီသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အဆင့်သင့်ရှိနေသည့် လူများ ဖြစ်သည်ဆိုလျှင်တောင်မှ မုန့်ရှင်းကျီနှင့် မတူလှပေ။
မုန့်ရှင်းကျီ၏ ချဉ်းကပ်မှုမှာ တခြားသောသူများနှင့် ကွာခြားလျက် ရှိနေ၏။ ၎င်းသည် လှုပ်ရှားတိုက်ခိုက်မှု မပြုလုပ်ခင်တွင် အားကောင်းလွန်းလှသည့် အစီအရင်များ ဖန်တီးထားခဲ့၏။ ပြီးမှ ရန်သူအား အမှောင်ထဲမှ ထွက်ကာဖြင့် ချုံခိုတိုက်ခိုက်တတ်၏။ ၎င်း၏ နည်းလမ်းများသည် ဆိုးယုတ်လှသည် ဆိုလျှင်တောင်မှ တကယ့်ကို အသုံးတည့်သည့် နည်းလမ်းများသာဖြစ်သည်။
သို့ပေမဲ့ အင်ပါယာ တစ်ယောက်အနေနှင့် ထိုကဲ့သို့ ပြုလုပ်သည်မှာ တခြားသောသူများက လက်ခံပေးရန် ခက်ခဲနေပေလိမ့်မည်။ တော်ဝင်အင်ပါယာ ဆိုသည်မှာ ဂုဏ်သိက္ခာကြီးမားလွန်းသူ မဟုတ်ပါလား။
“တိတိကျကျ ပြောရမယ်ဆိုရင် ကျုပ်တို့ ဒါကြောင့်ပဲ သူနဲ့ ပူးပေါင်းဖို့ စီစဉ်ရတာပေါ့” ဖန်းဟန်သည် စိတ်ဆုံးဖြတ်ပြီးသား အမူအရာမျိုးဖြင့် ပြောဆိုလိုက်၏။
တခြားသော အင်ပါယာများသည် အကျိုးသင့်၊ အကြောင်းသင့်ကို ချိန်ဆနိုင်၏။ မုန့်ရှင်းကျီမှာတော့ သူ၏ အကျိုးအမြတ်ကိုသာ စိတ်ဝင်စား၏။ သူ့အတွက် အကျိုးရှိမည့်အရာတစ်ခု ဖြစ်သည်ဆိုပါက ကျိန်းသေပေါက် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ချေ။ ဘယ်သူပဲ အကျိုးယုတ်ယုတ်၊ သူ အကျိုးအမြတ် ရရှိဖို့အတွက်ဆိုရင် မုန့်ရှင်းကျီသည် ဘနှာဖူးကို သိုက်တူးမည့် လူစားမျိုးပင်။
ထာဝရ အစစ်အမှန် အင်မော်တယ်၏ ကိုယ်ပွားများထဲမှ တစ်ယောက်ကိုပင် လှည်ဖျားခဲ့ဖူးကြောင်း မုန့်ရှင်းကျီ ကိုယ်တိုင် သေသေချာချာ မသိရှိခဲ့ချေ။ သိရှိသည်ဆိုပါက လက်ရှိအချိန်တွင် စိတ်အေးချမ်းသာစွာဖြင့် နေထိုင်ရဲ လိမ့်မည် မဟုတ်ချေ။
“သခင်လေး.. ကျွန်မတို့ ဘာလုပ်ကြမှာလဲ” အဒေါ်လန်က အသာမေးမြန်းလိုက်သည်။ သူမ၏ အသံတွင် စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ သူမ၏ ဦးနှောက်ထဲတွင်တော့ ဤအကြံအစည်သည် တကယ်ကို စွန့်စားလွန်းရာကျ၏။ မုန့်ရှင်းကျီသည် ယုံကြည်ရသည့် လူတစ်ယောက် မဟုတ်ချေ။ အကျိုးအကြောင်း အခြေအနေမျိုးတွင် သူတို့ကို စွန့်ပစ်ထားနိုင်ရန် အခွင့်အရေးက ကိုးဆယ်ရာခိုင်နှုန်းခန့် ရှိသည်။
“ဆုံးဖြတ်ပြီးသွားပြီ” ဖန်းဟန်က တိကျခိုင်မာစွာ ပြောလိုက်၏။ ဖန်းကလန်၏ ရန်သူများကို သုတ်သင်ရှင်းလင်းခြင်းဆိုသည်မှာ တကယ့်ကို သူ ပြုကိုပြုလုပ်ရမည့် အရာမျိုးဖြစ်၏။ ထို့အပြင် လွင့်မျောတိမ်တောင်တစ်ခုတည်း အပေါ်သာ အာရုံစိုက်နေ၍မရချေ။ အင်မော်တယ်နန်းတော်ကိုပါ ထပ်မံ တိုက်ခိုက်ရန် လိုအပ်နေသေး၏။
လွင့်မျောတိမ်တောင်ကိုသာ အရင်ဆုံး စုတ်ပြတ်သတ်သွားအောင် ပြုလုပ်နိုင်ခြင်းမရှိပါက လွင့်မျောတိမ်တောင် တင်သာမက တခြားသော မဟာမိတ်အဖွဲ့အစည်းအားလုံး၏ အမဲလိုက်ခြင်းကို ပြန်လည် ရင်ဆိုင်ရပေလိမ့်မည်။ ထိုသို့ဆိုပါက ကျိန်းသေပေါက် တော်ဝင်သဲကန္တာရမြို့ထဲတွင် ပုန်းအောင်းပြီး အပြင်သို့ ထွက်ရလိမ့်မည် မဟုတ်တော့ချေ။ ထို့ကြောင့် စွန့်စားစရာ ရှိသည်များကို ကျိန်းသေပေါက် စွန့်စားရန် လိုအပ်သည်။