အပိုင်း (၄၅၅)
Vol. 31 Ch. 455
“ကောင်းပြီ”
အဒေါ်လန်သည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ ဖန်းဟန်ကို တခြားတစ်ဖက်ဆီသို့ ဆွဲဆောင်သိမ်းသွင်း၍ မရနိုင်တော့ကြောင်း သူမ သိရှိခဲ့ပြီဖြစ်၏။ သူမ၏ အစောပိုင်း နှစ်သိမ့်မှုများသည် အသုံးမဝင်ခဲ့ချေ။ ထို့ကြောင့်ပင်လျှင် ဖန်းဟန်၏ ဘေးနားတွင် မတ်မတ်ရပ်ကာဖြင့် ဖြစ်သမျှ အားလုံးကို အဆုံးစွန်အထိ ရင်ဆိုင်သွားရန် စိတ်ဆုံးဖြတ်ချက် ချလိုက်၏။
“သခင်လေး.. ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ပိုင်တုရန်တောင်ကြားထဲမှာ ရှိတယ်လေ။ သူတို့ရဲ့ ဘိုးဘေး မုန့်ရှင်းကျီက အင်ပါယာ ဖြစ်လာခဲ့ပြီးတဲ့နောက်မှာ သူတို့ရဲ့ ဂိုဏ်းတည်နေရာကို ပြောင်းလဲသွားခဲ့တယ်။ တော်ဝင်သဲကန္တာရမြို့ကနေ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို သွားဖို့ဆိုရင် မိုင်ဆယ်သန်းနီးပါးလောက်တော့ သွားရမယ်။ နယ်မြေတော်တော်များများကို ဖြတ်သန်းသွားရမှာမို့ မြန်မြန်သွားတာ ပိုကောင်းလိမ့်မယ်” အဒေါ်လန်က သတိပေးလိုက်သည်။
“အင်း… အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါပဲ အဒေါ်လန်” ဖန်းဟန်က ခေါင်းညိတ်လိုက်၏။
“ဒါ ကျွန်မ လုပ်ကို လုပ်ရမယ့်အရာပဲလေ” အဒေါ်လန်က အသာပြုံးလိုက်၏။ လက်ဝါးကို အသာဖြန့်လိုက်တော့ သူမ၏လက်ထဲ၌ ကျောက်စိမ်းပြားတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ကျောက်စိမ်းပြားအား အသက်သွင်းပြီးသည့်နောက် သူတို့ နှစ်ယောက်အား အပြာရောင်အလင်းတန်းနှစ်ခုက ကာကွယ်ပေးခဲ့၏။ ပြီးနောက် ဖန်းဟန်၏ လက်ကို ဆွဲကာဖြင့် သူမသည် တည်နေရာမှ ပျောက်ကွယ် သွားခဲ့၏။ တော်ဝင်သဲကန္တာရမြို့အပြင်ဘက်၌ သူတို့နှစ်ယောက် ပြန်ပေါ်ပေါက်လာခဲ့၏။ အသက်တစ်ရှိုက်စာအတွင်းမှာပဲ အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ယံဆီသို့ ထိုးဖောက် ပျံသန်းသွားခဲ့၏။ သူတို့သည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တည်နေရာဆီသို့ မြန်မြန်ဆန်ဆန် ဦးတည် သွားခြင်းဖြစ်၏။
မနီးမဝေးလေဟာနယ်ထဲတွင်တော့ ရန်မိုသည် မတ်မတ်ရပ်လျက်ရှိပြီး ၎င်း၏ အမဲရောင်ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက်ရှိနေ၏။ လက်နှစ်ဖက်ကို နောက်သို့ပစ်ပြီးသည့်နောက် ၎င်း၏ မျက်လုံးဆီမှ အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေသည်။
အလင်းတန်းများဖုံးလွှမ်းကာဖြင့် တည်ရှိမှု ဖုံးကွယ်ခံထားရသည့် ဖန်းဟန်နှင့် အဒေါ်လန်တို့သည် မြို့ပြင်သို့ ရောက်ရှိပြီး ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းဆီသို့ ဦးတည်သွားကြောင်း သူ မသိရှိခဲ့ချေ။ ဖန်းဟန်တို့ မြို့ထဲမှာသာ ရှိနေသေးကြောင်း သူ ထင်မှတ်ထား၏။
“ကျင့်ကြံခြင်းအရင်းအမြစ်တွေ မရှိဘဲနဲ့ တော်ဝင်သဲကန္တာရမြို့ထဲမှာ ဘယ်လောက်ကြာကြာ နေနိုင်မလဲဆိုတာ ဒီအင်ပါယာ သိချင်သေးတယ်” ရန်မိုက အေးစက်စက် ပြောလိုက်သည်။
များပြားလှသည့် သက်တမ်းကို ပိုင်ဆိုင်သည့် အင်ပါယာတစ်ယောက်အနေနှင့် သူသည် အချိန်ပေါင်းများစွာ ပေါများ၏။ တခြားတစ်ဖက်မှာရှိသည့် ဖန်းဟန်မှာမူ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည်သာမက ငယ်လည်း ငယ်ရွယ်သေး၏။ သူနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းဆိုသည်မှာ တကယ့်ကို ဦးနှောက်မရှိသည့် လူတစ်ယောက်၏ လုပ်ရပ်ပင်။
တချိန်တည်းမှာပဲ ကောင်းကင်မူလလောကကြီးသည် ရုတ်တရက် ဂိုဏ်းတော်တော်များများ ပျက်စီး ပျောက်ကွယ်သွားခဲ့သည်ဆိုသည့် သတင်းအချက်အလက်ကို ရရှိခဲ့၏။ တော်တော်များများသော ဂိုဏ်းနှင့် နတ်နယ်မြေတို့သည် ၎င်းတို့၏ လူများကို စေလွှတ်ကာဖြင့် နတ်နယ်မြေနှင့် ဂိုဏ်းငယ်တစ်ချို့ ဖျက်ဆီးခံရသည့် သတင်းနှင့် ပတ်သက်၍ စတင်ကာ စုံစမ်းစစ်ဆေးလာခဲ့ကြ၏။
ဤသတင်းသည် အားလုံးသော သူတို့ကို နဝေတိမ်တောင် ဖြစ်စေခဲ့၏။ အချိန်အနည်းငယ် ကြာမြင့်ပြီး သည့်နောက် ၎င်းတို့သည် သဲလွန်စဟူ၍ ရှာဖွေ မတွေ့ရှိခဲ့ကြချေ။ ထို့ကြောင့် အားလုံးသော သူတို့သည် စိုးရိမ် ပူပန်နေမိကြသည်။
တကယ့်ကို ဆန်းကြယ်လွန်းလှချေသည်။ ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် တချို့သော ဂိုဏ်းများသည် ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်၏။ တစ်စုံတစ်ယောက်သည်း အတင်းကာရော ဝင်ရောက်ကာ ဖျက်ဆီးသွားသကဲ့သို့ပင်။ သို့ပေမဲ့ မည်သည့် သဲလွန်စမှ မကျန်ခဲ့ချေ။
ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် အင်အားစု တော်တော်များများတို့သည် မကောင်းသည့် ခံစားချက်များကို ရရှိနေခဲ့ကြ၏။ နောက်ထပ် သုတ်သင်ရှင်းလင်းခံရမည့်ဂိုဏ်းသည် သူတို့ ဖြစ်လာမလား ဆိုသည်ကို မည်သို့မှ မခန့်မှန်းနိုင်ချေ။
ကောင်းကင်မူလလောကကြီးထဲတွင် ရှိနေသည့် ဂိုဏ်းဂဏတစ်ခုသည် နောက်ကွယ်မှနေရင်း ပြဿနာ ရှာနေသည်ဟုပင် ထင်မှတ်လာကြ၏။ ပုန်းလျှိုးကွယ်လျှိုးနှင့် အားလုံးသောသူများကို သတ်ဖြတ်ပြီး အကျိုးအမြတ် ရယူချင်သည့် ဂိုဏ်းတစ်ခုခု ရှိနေလေသည်လား။ ထိုသူတို့ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များသည် ဆန်းကြယ်လွန်းလှချေပြီး မည်သူမှန်းမသိအောင် သပ်ရပ်လွန်းသည်။ သို့မဟုတ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ အတွေးအမြင်၊ သတင်းအချက်အလက်များကို ရယူခဲ့လေသည်လား။
“မုန်တိုင်းကြီးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အကုန်လုံးက မိုးထဲရေထဲ သေသေချာချာ ပြင်ဆင်ထားဖို့သင့်တယ်”
အင်ပါရီယာရီကလန်ထဲမှာတော့ ရီချင်းမင်သည် နန်းဆောင်ထဲ၌ မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းသည် လတစ်စင်းကဲ့သို့ပင် ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထား၏။ ဦးခေါင်းထက်တွင် ကျောက်စိမ်းသရဖူတစ်ခုကို ဆင်မြန်းထား၏။ ၎င်းသည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းကြည့်ကာ သက်ပြင်းချလိုက်၏။ “အင်း… ဒီတစ်ကြိမ် ကောင်းကင်မူလလောကကြီးကတော့ ထပ်ပြီး ရှုပ်ထွေးကြပြန်ပြီပဲ”
ဤအတောအတွင်း ကောင်းကင်မူလလောကကြီးသည် များပြားလှသည့် အတွေ့အကြုံများကို ရရှိခဲ့၏။ ပထမဦးဆုံး သွေးနတ်ဆိုးလောကကြီး၏ ကျူးကျော်မှုကို ကြုံခဲ့ရ၏။ ပြီးနောက် ခရမ်းရောင်နက်နဲ လောကကြီး၊ တော်ဝင်အင်ပါယာကျန်းထျန်၊ ဒါတင်မကသေးချေ။ မျိုးစုံလှသည်။
ကောင်းကင်မူလလောကကြီးတွင် အဖြစ်အပျက်များသည် တစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့၏။ ပြဿနာတစ်ခု အခြေကျ ပြီးဆုံးသွားချိန်တွင် နောက်ထပ် ပြဿနာတစ်ခုက ထွက်ပေါ်လာခဲ့၏။ တစ်စုံတစ်ယောက်သည် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ပင် ဒုက္ခပေးနေလေသည်လား။
“အင်း.. ဂိုဏ်းဂဏတစ်ချို့ သုတ်သင်ရှင်းလင်းပစ်ခံရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အဖေ စိုးရိမ်ပူပန်နေတာလား” ရီချန်သည် မျက်မှောင်ကုတ်ကာဖြင့် မေးမြန်းလိုက်၏။
“ဟုတ်တယ်” ရီချင်းမင်သည် အသာပင် ပြန်လည်ကာ ဖြေဆိုလိုက်၏။
အတိတ်တုန်းက ကောင်းကင်မူလ လောကကြီးသည် တကယ့်ကို ငြိမ်ငြိမ်သက်သက်ဖြင့် နေခဲ့ပြီး ပဋိပက္ခဟူ၍ ရှားရှားပါးပါးသာ ဖြစ်ပွားခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ငြိမ်းချမ်းမှုဆိုသည်မှာ ရှားပါးသွားခဲ့ပြီဖြစ်သည်။ ကောင်းကင်မူလလောကကြီး၏ ပတ်ဝန်းကျင်သည် ခန့်မှန်း၍ မရနိုင်သည့် ရန်သူများဖြင့် ဖုံးလွှမ်းလျက် ရှိနေပြီး အတွင်း၌လည်း လှိုက်စားလျက် ရှိနေသည်။
“အင်း… မွန်းစတားကလန်တွေကြောင့်များလား” ရီချန်က တီးတိုးမေးမြန်းလိုက်၏။
ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် လူတော်တော်များများတို့သည် ကောင်းကင်မူလလောကကြီး လက်ရှိ ဖြစ်တည်နေသည့် အခြေအနေမှာ ပုံမှန်မဟုတ်ဟု သိရှိပြီး ဖြစ်နေ၏။ မွန်းစတားကလန်မှ မွန်းစတားများ ရှုပ်ထွေးနေလေသည်လား။
ခရမ်းရောင်နက်နဲလောကကြီးတွင် များပြားလှသည့် မျိုးနွယ်များရှိ၏။ ထိုသူများ၌ လူသားမျိုးနွယ်ဟူ၍ ရှားပါးလွန်းလှ၏။ လူသားကလန်များသည် ဆိုးရွားသည့်အခြေအနေဆီသို့ ရောက်ရှိလျက် ရှိနေ၏။ ကောင်းကင်မူလလောကကြီးထဲတွင်တော့ လူသားကလန်နှင့် မွန်းစကားကလန်များ သည် အတူယှဉ်တွဲကာ နေထိုင်နေကြ၏။
ပြောရမည်ဆိုလျှင် မြေအင်မော်တယ်လောကကြီးမှာတော့ လူသားမျိုးနွယ်များသာလျှင် လွှမ်းမိုးထားသည့် တည်နေရာတစ်ခု ဖြစ်၏။ မွန်းစတားကလန်များ အနေနှင့် ဂုဏ်သိက္ခာဟူ၍ မရှိခဲ့ချေ။ ၎င်းတို့ အားလုံးသည် စီးတော်ယာဉ်များ သို့မဟုတ် အစားအစာများ အဖြစ်သာ သတ်မှတ်ဆက်ဆံခြင်းကို ခံရသည်။
ရလဒ်အားဖြင့် ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် လူသားနှင့် မွန်းစတားကလန်တို့အကြား ပဋိပက္ခသည် ရှောင်လွှဲ၍ မရသလို ဖြစ်လာခဲ့၏။ အချိန်ကိုက် အခွင့်အရေးကို ရယူပြီးသည့်နောက် တခြားသော မျိုးနွယ်များ ရရှိနေသည့် အရင်းအမြစ်များအတိုင်း ရယူရန်အတွက် မွန်းစတားများက စဉ်းစား လာနိုင်၏။ မတူညီသည့် မျိုးနွယ်များကြောင့် မတူညီသည့် စိတ်၊ အတွေးတည်ရှိနေမည် မဟုတ်ပါလား။
“အင်း.. ဒီဖြစ်နိုင်ချေကို ဖယ်ထုတ်လို့ မရဘူး”
ရီချင်းမင်က ပြောလိုက်၏။ သူသည် လက်ကို မြှောက်ပြီးနောက် ရီချန်၏ ပခုံးကို ပုတ်ကာဖြင့် လေးလေးနက်နက် အဓိပ္ပာယ်ပါသည့် အသံဖြင့် ပြောဆိုလိုက်၏။ “ချန်အာ.. လက်ရှိ ကောင်းကင်မူလလောကကြီးက အရင်တုန်းကနဲ့ မတူတော့ဘူး။ အခု ကောင်းကင်မူလလောကကြီးထဲမှာ ခန့်မှန်းလို့မရနိုင်တဲ့ ရန်သူတွေ အများကြီး ရှိနေပြီ။ ပြီးတော့ ခရမ်းရောင်နက်နဲလောကနဲ့ မြေအင်မော်တယ်လောက တို့ကလည်း ရှိနေသေးတယ်”
“အနာဂတ်မှာ တခြားစွမ်းအားမြင့် လောကတွေ ပေါင်းစပ်လာလိမ့်မယ်။ အနာဂတ်မှာ မင်းရဲ့ အောင်မြင်မှုက မင်းအဖေထက် ပိုပြီးတော့ သာလွန်ဖို့ မျှော်လင့်မိတယ်။ ဖြစ်နိုင်ရင် မင်းအဘိုးထက် ပိုပြီးတော့ ကျော်လွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားသင့်တယ်။ ပြီးတော့”
ရီချင်းမင်က ဆက်ပြောလိုက်သည်။ “မင်း အမြင်ကျယ်သင့်ပြီ”
ရီချန်၏ အနာဂတ်သည် ကျိန်းသေပေါက် အင်ပါရီယာရီကလန်တန်ဖိုးထားရမည့် အရာ ဖြစ်၏။ ၎င်း၏ အမြင်ပေါ်တွင် ရီကလန်၏ အနာဂတ်က မူတည်လျက် ရှိနေ၏။ ကောင်းကင်မူလလောကကြီးကိုသာ အာရုံစိုက်မည်ဆိုပါက အကန့်အသတ်ဖြင့် တည်ရှိနေပေလိမ့်မည်။ ကောင်းကင်မူလလောကကြီးသည် အားကောင်းလွန်းလှသည့် ရန်သူများ၏ ဝိုင်းရံခြင်းကို ခံထားရ၏။ ဤအရာဆီမှ ဖောက်ထွက်နိုင်ခြင်း မရှိဘူးဆိုပါက အင်ပါရီယာရီကလန်သည် ကောင်းကင်မူလလောကကြီးမှ ပျောက်ကွယ်သွားရမည့် အရာပင် ဖြစ်ပေလိမ့်မည်။
“အဖေ့ရဲ့ ညွှန်ကြားပြသမှုကို မှတ်ထားပါ့မယ်”
ရီချန်က ပြန်လည်ပြောဆိုလိုက်၏။ သူသည် ဦးညွတ်ကာ မေးမြန်းလိုက်၏။ “အဖေ… လက်ရှိအခြေအနေက တခြားပြင်ပက ဂိုဏ်းဂဏတွေ ပါဝင်ပတ်သက်နေတယ်လို့ ထင်လား”