အပိုင်း (၄၅၉)
Vol. 31 Ch. 459
ဖန်းဟန် တစ်ယောက် ပိုမိုတိုးတက် မကြီးထွားခင်တွင် ၎င်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်သည်ဆိုပါက ထိခိုက်ခြင်းထက် ပိုမိုကာ အကျိုးကျေးဇူးများကို ရရှိနိုင်၏။ လွင့်မျောတိမ် တောင်နှင့် အင်မော်တယ်နန်းတော်တို့ကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ပြဿနာ ဖြစ်ပွားထားခြင်းသာ မရှိပါက ဖန်းဟန်သည် မည်သည့်နောက်ခံကိုမှ မရှိသည် ဆိုလျှင်တောင်မှ သွားရာနေရာတိုင်းတွင် ကြီးမားသည့် လေးစားမှုမျိုးပေးရန် ထိုက်တန်လှသည့် လူမျိုးပင်။
“ကျုပ် အများကြီး မသိပါဘူး”
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ တပည့်သည် ကြောင်အအဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “အခုရောက်ရှိလာတဲ့ ဧည့်သည်က သူ့ကိုယ်သူ ဖန်းဟန်လို့ပဲ ပြောတယ်။ သူက ဘိုးဘေးကြီးနဲ့ အသိအကျွမ်းတွေလို့လဲ ပြောတယ်။ သူ ဒီနေ့လာတာ ဘိုးဘေးကြီးနဲ့ အရေးကြီးကိစ္စ ပြောစရာရှိလို့တဲ့”
“ဪ”
ထိုအရာကို ကြားသည့်အချိန်မှာတော့ ယန်ရှိုသည် သူ၏ မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေသည့် လက်အား ရုတ်တရက် ရပ်တန့်လိုက်မိ၏။ ကောင်းကင်မူလလောကကြီး၊ မြေအင်မော်တယ်လောကတို့၌ ရှိနေသည့် လူသားမျိုးနွယ်များတွင် ဖန်းဟန်ဆိုသည့် နာမည်သည် ထောင်နှင့် သောင်းနှင့်ချီကာ တည်ရှိနေမှာ သေချာ၏။ သို့ပေမဲ့ သူတို့ဘိုးဘေးကြီးနှင့် သိကျွမ်းလျက်ရှိနေသည့် တစ်ဦးတည်းသောသူသည် လောကအသီးသီး၏ ကောင်းကင်ပါရမီရှင်စာရင်းတွင် နံပါတ်ခြောက်ယောက်မြောက်ရှိသော ပါရမီရှင်သာလျှင် ရှိသည်။
“သူဘာလို့ ဒီကို ရောက်လာရတာလဲ” ယန်ရှိုသည် မျက်မှောင်ကုတ်လိုက်မိ၏။
ဖန်းဟန်နှင့် ပြောဆိုဆွေးနွေးခြင်း ဆိုသည်မှာ ရှုပ်ထွေးသည့် အကြောင်းအရာများဆီသို့ ရောက်ရှိသွားနိုင်၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် လက်ရှိအချိန်တွင် မိမိဘာသာ မိမိ ရပ်တည်နိုင်ရန်ပင် မနည်းရုန်းကန် ကြိုးစားနေရ၏။ ဖန်းဟန်၏ ပြဿနာကြီးတွင် ပူးပေါင်းပါဝင်ရန် တက်နိုင်သည့် အားအင်မျိုး မရှိချေ။ သို့ပေမဲ့ ဖန်းဟန်သည် သူတို့ ဘိုးဘေးကြီးနှင့် သိကျွမ်းလျက် ရှိနေသည်ကို ပြန်လည်ကာ သုံးသပ်ပြီးသည့်နောက် လက်ရှိအခြေအနေ ၌ ငြင်းပယ်လိုက်သည်ဆိုပါက ဘိုးဘေးကြီးကို စိတ်အနှောက်အယှက် ဖြစ်ပေါ်စေလိမ့်မည်။ သာမန်ဂိုဏ်းခေါင်းဆောင်တစ်ယောက်သာ ဖြစ်သော ယန်ရှိုသည် ဘိုးဘေးကြီး၏ ဒေါသတရားကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်... ဖန်းဟန်က လက်ရှိ မြေအင်မော်တယ်လောကက လွင့်မျောတိမ်တောင်ရဲ့ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရတဲ့လူတစ်ယောက်လေ။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို လာတယ်ဆိုတာ ကျုပ်အထင် ခိုလှုံခွင့် လာတောင်းခံတာနဲ့တူတယ်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဟောင်ကွမ်သည် လက်တစ်ဖက်ကို မြောက်ကာဖြင့် အေးစက်စက် အမူအရာဖြင့် ပြောဆိုလိုက်သည်။ သူ၏အသံသည် တကယ့်ကို လေးနက်လျက် ရှိ၏။ “ဖန်းဟန်ကို ဖမ်းပြီးတော့ ကျုပ်တို့ လွင့်မျောတိမ်တောင်ကို ပို့နိုင်မယ်ဆိုရင် လွင့်မျောတိမ်တောင်ရဲ့ မျက်နှာသာ ပေးမှုကို ရရှိမှာ မဟုတ်လား”
ဖန်းဟန်သည် ကောင်းမွန်သည့် အလားအလာကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ လွင့်မျောတိမ်တောင်နှင့် ပလဲနံသင့်သည့် လူတစ်ယောက်တော့ မဟုတ်ချေ။ ပိုမိုအားကောင်းသည့် ဂိုဏ်းတစ်ခုခုနှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခုကို တည်ထောင်ထားနိုင်ခြင်းဆိုသည်မှာ ကောင်းမွန်သော အရာတစ်ခုဖြစ်ပြီး လူတိုင်း၊ လူတိုင်း တွေးတောနေသည့် အရာမျိုးပင် ဖြစ်လေသည်။
သို့ပေမဲ့ လက်ရှိ မြေအင်မော်တယ်လောကကြီး၏ လွမ်းမိုးမှု တည်ရှိနေပြီး ခရမ်းရောင်နက်နဲလောကကြီး သည်လည်း အပြည့်အဝ ရှုပ်ထွေးလို့ နေခဲ့၏။ မြေအင်မော်တယ်လောကကြီးသည် ကောင်းကင်မူလလောကကြီးကို အာရုံစိုက်မလား ဆိုသည်က မသေချာလှချေ။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည်သာ လွင့်မျောတိမ်တောင်နှင့် ကောင်းမွန်လှသည့် မဟာမိတ် ဆက်ဆံရေးကို အရင်ဆုံး ဖွဲ့စည်းထားနိုင်သည်ဆိုပါက အကျိုးအမြတ်များသည် ဆထက်ထမ်းပိုး ရရှိမှာ သေချာ၏။
“ဟမ့်”
ယန်ရှိုက နှာခေါင်းရှုံ့လိုက်၏။ သူသည် သဘောမတွေ့သလို ပြောဆိုလိုက်သည်။ “ကျုပ်ဘဝ တစ်သက်တာလုံးမှာ နတ်ဆိုးလမ်းစဉ်နည်းလမ်းအတိုင်း လိုက်ခဲ့တယ်။ ဒါပေမဲ့ တစ်ခုခု မပြုလုပ်ခင်မှာ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ ဦးနှောက်ကို အသုံးပြုသင့်တယ်။ ဖန်းဟန်ကိုသာ လွယ်လွယ်ကူကူ သတ်လို့ရမယ် ဆိုရင် ဘိုးဘေးကြီးက အစောကြီးကတည်းက သတ်ပစ်မယ်လို့ မထင်ဘူးလား”
မုန့်ရှင်းကျီဆိုသည်မှာ မည်သူဖြစ်သနည်း။ လက်ရှိအခြေအနေတွင် နတ်ဆိုးဌာနေ တစ်ခုလုံး၏ ဘိုးဘေးကြီးသည် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ တခြားသူများ၏ နောက်ကျောကို ဓားနှင့် ထိုးသည့်နေရာတွင် အားလုံးသောသူတို့ထက် ပိုမိုကာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ ဖန်းဟန်၏ လက်ထဲတွင် ရှိနေသည့် အကျိုးအမြတ်များသည် လူတိုင်း စိတ်ဝင်စားနေသည့် အရာဖြစ်၏။
ဘိုးဘေးမုန့်ရှင်းကျီအနေနှင့် တစ်ဖက်လူကို အသက်ရှင်လျက်ထားရသည့် အကြောင်းအရင်းသည် ကျိန်းသေပေါက် ထူးခြားသည့် အကြောင်းအရာကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ထို့အပြင် လူတစ်ယောက်အနေနှင့် လွင့်မျောတိမ်တောင်၏ အနောက်မှ လိုက်ပါတိုက်ခိုက်ခြင်းကို မည်မျှ အကြိမ်များများ လွတ်မြောက်အောင် ပြေးနိုင်သနည်း။ များပြားလွန်းသည့် ဝှက်ဖဲများ တည်ရှိနေသောကြောင့်သာ လွတ်မြောက်နေခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် တစ်ဖက်လူသည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းဆီသို့ ပွင့်ပွင့်လင်းလင်း ဝင်လာရဲသည် ဖြစ်သောကြောင့် ကျိန်းသေပေါက် လုံလုံခြုံခြုံနှင့် ထွက်ခွာသွားရန် နည်းလမ်းကလည်း ရှိပေလိမ့်မည်။
“ခင်ဗျားတို့ အခု နောက်ကိုဆုတ်။ ဖန်းဟန်ကို ဝင်ဖို့အတွက် ဖိတ်ခေါ်လိုက်။ ကျုပ် ဘိုးဘေးကို သတင်းပို့လိုက်မယ်။ ဖန်းဟန်အနေနဲ့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို အကြောင်းအရင်းမရှိဘဲနဲ့ လာမှာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်” ယန်ရှိုသည် ခေါင်းကို မော့ပြီးသည့်နောက် တောင်၏ဂိတ်တံခါး တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် တွေးတွေးဆဆ အမူအရာများ ဖြစ်တည်လို့ နေခဲ့၏။
“ကောင်းပါပြီ” ဟောင်ကွမ်သည် ကြောင်အအဖြင့် ဦးညွတ်လိုက်၏။ အသာလှည့်ကာဖြင့် တောင်ဂိတ်တံခါး ရှိရာသို့ ပျံသန်းသွားခဲ့သည်။
ဤအတောအတွင်း ဝမ်ဟန်နတ်နယ်မြေ၏ အပျက်အစီး တည်နေရာတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ ပျက်စီးလျက်ရှိနေသည့် နံရံများနှင့်အတူ တည်နေရာတစ်ခုလုံးသည် စုတ်ပြတ်သတ်လျက် ရှိနေ၏။ ကောင်းကင်ယံထက်တွင် အမဲရောင် အလင်းတန်းတစ်ခုက လင်းလက်လာခဲ့လေ၏။ ပြီးနောက် အမဲရောင်မြူများ ဖြစ်တည်လာခဲ့လေ၏။
ရံဖန်ရံခါဆိုသလို တစ်စုံတစ်ယောက်၏ ကျောရိုးမကြီးကို စိမ့်တက်သွားနိုင်သည့် ခြောက်ခြားစရာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ နတ်ဆိုးနှင့် ငရဲနတ်သားများ ဆင်းသက်လာသကဲ့သို့ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေသို့ ရောက်ရှိနေ၏။ ထိုပိန်းပိတ်အောင် မှောင်လျက်ရှိနေသည့် အမှောင်ယံထဲတွင် မျက်လုံးတစ်စုံက ပွင့်ဟလာခဲ့၏။ ထိုသူ၏ အကြည့်သည် ခပ်ဝေးဝေး တည်နေရာဆီသို့ ရောက်ရှိသွားသည်။
“အင်း... လုပ်သင့်တာတွေတော့ လုပ်ပြီးပြီပဲ”
အမှောင်ထဲဆီမှ အသံက ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် အေးစက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းတဲ့ စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ ဒါပေမဲ့ လောကမှာ ရှိနေတဲ့ တခြား အဖွဲ့အစည်းတွေရဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးပဲ” တခြားသော အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
သူ၏ မျက်လုံးထဲတွင်တော့ ကောင်းကင်မူလလောကကြီး က အရေးတကြီး မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အနေနှင့် တချို့သော ကိစ္စရပ်များတွင် ပါဝင်ပတ်သက်မလား ဆိုသည်ကို သိချင်ခြင်းသာဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည်သာ ပါဝင်ပတ်သက်မည် ဆိုပါက တစ်စုံတစ်ယောက် အနေနှင့် အဆင်ခြင်မဲ့စွာပြုလုပ်၍ မရနိုင်ချေ။ ခြေတစ်လှမ်း မှားသွားပြီဆိုသည်နှင့် ကျိန်းသေပေါက် သေခြင်းတရားကို ထမ်းပိုးသွားရပေလိမ့်မည်။ ဤအရာသည် မြေအင်မော်တယ်လောကကြီး၏ အနာဂတ်တစ်ခုလုံး နှင့် သက်ဆိုင်လို့ နေ၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ထာဝရ အစစ်အမှန် အင်မော်တယ်ထက်ပိုပြီး အဆပေါင်းများစွာ ကြောက်ဖို့ကောင်းတယ်။ သူက ဒီလို ပုရွက်ဆိတ်လေးတွေရဲ့ အသက် သေခြင်း၊ ရှင်ခြင်းကို ဘယ်လိုလုပ် ဂရုစိုက် မှာလဲ”
“ဒီနေ့ ကျုပ်တို့ ထင်မှတ်ထားတဲ့အတိုင်း ဖြစ်လာတယ် မဟုတ်လား။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်က စစ်တုရင်ပွဲတစ်ခုကို ဆော့ကစားနေတာနဲ့ တူတူပဲလေ။ ဒီအရုပ်တွေကြားမှာရှိတဲ့ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း ဆိုတာ သူနဲ့ လားလားမျှ သက်ဆိုင်တာ မဟုတ်ဘူး။ သူ့အနေနဲ့ စစ်တုရင်ပွဲကောင်း တစ်ခုကို ကြည့်ရရင် ကျေနပ်နေပြီ” အမှောင်ထဲတွင် ရှိနေသော အသံတစ်ခုက ဆက်ကာ ပြောလိုက်သည်။
၎င်း၏ မျက်လုံးထဲတွင် လေးနက်သည့်အရိပ်အယောင်များ ဖြစ်တည်နေသည်ကို ကောင်းကောင်းမြင်ရမှာဖြစ်၏။ “ဒီကိစ္စတွေအားလုံးကို ကြည့်မယ်ဆိုရင် ကျုပ်တို့နဲ့ ပူးပေါင်းမယ့် တခြားအဖွဲ့အစည်းတွေ အများကြီး ရှိနေသေးတယ်”
“အမှောင်ထဲကနေ လုပ်နေတဲ့သူက ဘယ်သူလဲဆိုတာ ခင်ဗျားသိလား” တခြားအသံတစ်ခုက လှမ်းကာ မေးမြန်း လိုက်၏။
“သူတို့ထဲက တစ်ဖွဲ့ကတော့ လွင်မျောတိမ်တောင်ပဲ။ တခြားသူတွေကတော့ ကျုပ်လည်း သေချာ မသိဘူး။ ဒါပေမဲ့ ကျောက်စိမ်းလေဟာနယ်နန်းတော်ကလည်း ပါဝင်ပတ်သက်နေမယ်လို့ ထင်တယ်”
“အင်း.. ကျောက်စိမ်းလေဟာနယ်နန်းတော်က တည်နေရာကို လွှမ်းမိုးဖို့ ကြိုးစားနေတာ ကြာပြီ မဟုတ်လား” အမှောင်ထဲမှ ရှိနေသည့် အသံရှင်သည် မသေချာ၊ မရေရာသလို ပြန်လည်ကာ ပြောဆိုလိုက်သည်။
“တာအိုရောင်းရင်း... စိတ်မပူနဲ့။ ကောင်းကင်မူလလောကကြီးက အရမ်းကို ကျယ်ပြန့်တယ်လေ။ အင်အားစု တစ်ခုတည်းနဲ့ လွှမ်းမိုးဖို့ လုံလောက်မှာ မဟုတ်ဘူး။ အဲအစား အားလုံးအတူတူ လွှမ်းမိုးဖို့ ကြိုးစားပြီးတော့ ရတဲ့အရာတွေအားလုံးကို ခွဲဝေယူလိုက်ကြရင်ကော” အသံပိုင်ရှင်က ဆက်လက်ကာ ပြောလိုက်၏။
“ဒါပေမဲ့ ကျုပ်တို့အနေနဲ့ သေချာ ဂရုထားဖို့တော့ လိုတယ်။ ကောင်းကင်မူလလောကကြီးက အားနည်းတယ် ဆိုပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တည်ရှိနေသေးတယ်”
“တာအိုရောင်းရင်း... ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို လူကိုယ်တိုင်သွားဖို့ အစီအစဉ်ရှိလား”
“အင်း... ရှိတာပေါ့”
အမှောင်ထဲမှ အသံရှင်က ပြန်လည်ကာ ပြောဆိုလိုက်၏။ အမဲရောင်ပုံရိပ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါမျိုး ထွက်ပေါ်လျက် ရှိနေပြီး ကျောက်စင်မြင့်ပေါ်တွင် ထိုင်နေရာမှာ အသာဖြည်းညှင်းစွာ ထလိုက်၏။ သူ၏ အမဲရောင်ဆံနွယ်များသည် ရေတံခွန်ကဲ့သို့ပင် နောက်ကျောလက်၌ လျောကျလျက် ရှိနေလေ၏။ ၎င်းသည် မတ်တပ်ထရပ်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိရာနေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။
“ကောင်းကင်မူလလောကကြီးထဲကို ဝင်ပြီးရင် ကျုပ်တို့အနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို သွားပြီးတော့ ဂါရဝပြုသင့်တယ်။ မဟုတ်ရင် မယဉ်ကျေးသလို ဖြစ်နေမှာပေါ့။ ဒီအတွက်လည်း ကျုပ်တို့ ဂိုဏ်းက ရက်ရောတဲ့ လက်ဆောင်တွေ ပြင်ဆင်ထားသေးတယ်။ ဒါမှ ဒီလိုခရီးကို သွားဖို့ တင့်တယ်မှာပေါ့”
“ဪ”
တခြားသော အသံသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်ပြီးသည့်နောက် ပြန်လည်ကာ ထွက်ပေါ်လာ၏။ “ဒီလိုဆိုမှတော့ ကျုပ်လည်း ခင်ဗျားနောက် လိုက်ခဲ့မယ်လေ။ ကျုပ် ကောလဟလတွေထဲမှာ ကြားခဲ့ရတဲ့ ဂုဏ်ယူရလောက်စရာ နန်းဆောင်သခင်ကို တစ်ခါမှ မမြင်ခဲ့ရသေးဘူးလေ။ စီနီယာ ဘယ်လောက် ကြည့်ကောင်းတယ်ဆိုတာ ချီးကျူးဖို့ တကယ့်ကို အခွင့်အရေးကောင်းပဲဖြစ်မယ်”
ဤစကားစု ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အလင်းတန်းများသည် ပိုမိုကာ တောက်ပလာခဲ့၏။ ပြီးသည့်နောက် ထိုလူသည် ကောင်းကင်ယံထက်ဆီမှ ပျောက်ကွယ်သွားသည်။