အပိုင်း (၄၆၁)
Vol. 31 Ch. 461
“ကောင်းကင်မူလလောကကြီးက ခရမ်းရောင်နက်နဲလောကနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင်မှ မမှီသေးဘူးလေ။ မြေအင်မော်တယ်လောက က ဒီလို အင်အားစုနဲ့ တိုက်ခိုက်တယ်ဆိုတာ လေးလေးနက်နက်နဲ့ ဆက်ဆံခဲ့တာပဲ။ တကယ်လို့ လောကကြီး ပြိုလဲ သွားမယ်ဆိုရင်တောင်မှ သူတို့က တကယ့်ကို ဂုဏ်ယူသင့်နေပြီ။ ဘာလို့လဲဆိုတော့ အားအင်စိုက်ထုတ်ပြီး လာဖျက်ဆီးရတာမလို့” လေဟာနယ်ထဲတွင် ရပ်လျက် ရှိနေသည့် တော်ဝင်အင်ပါယာ တစ်ယောက်က တီးတိုး ရေရွတ်လိုက်၏။
သူ၏ အသံထဲတွင် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေ၏။ သူ၏ အမြင်အရဆိုလျှင် ကောင်းကင်မူလ လောကကြီးသည် ဘာမှ ထူးခြားလှသည့် မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တည်ရှိနေသည် ဆိုလျှင်တောင်မှ ခရမ်းရောင်နက်နဲလောကကြီးနှင့် ယှဉ်ပြိုင်နိုင်သည့် အရင်းအမြစ်များလည်း လိုအပ်လျက် ရှိ၏။ အဘယ်သို့ မြေအင်မော်တယ်လောကကို သွားရောက်ကာ ခုခံမည်နည်း။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သည်သာ မြေအင်မော်တယ်လောကထဲ၌ ပေါ်ပေါက်လာသည်ဆိုပါက မြေအင်မော်တယ် လောကတစ်ခုလုံးသည် လောကအကုန်လုံးကို သိမ်းပိုက်နိုင်သည့်လမ်းပေါ် ရောက်ရှိသွားနိုင်၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် သူတို့ဆီ၌ ကောင်းကင်လျှို့ဝှက်နန်းဆောင် ပေါ်မလာခဲ့ချေ။
ဘုန်း
တချိန်တည်းမှာပဲ ကောင်းကင်မူလလောကကြီးထဲတွင် အက်ကွဲကြောင်းကြီး တစ်ခု ပွင့်လာခဲ့၏။ ကောင်းကင်ယံ တစ်ခုလုံးသည် ကွဲအက်လျက် ရှိနေပြီး ထိုအက်ကွဲကြောင်းကြီး တစ်ခုချင်းစီ၏ နောက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာတစ်ခုက ထွက်ပေါ်လျက် ရှိနေပြီး သက်ရှိသတ္တဝါပေါင်းများစွာကို ကြောက်လန့်စေခဲ့၏။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် မြန်မြန်ဆန်ဆန်နှင့် ချဉ်းကပ်လာ သည်ကို အားလုံးက ခံစားမိ၏။ ကြည့်ရသည်မှာ နောက်တစ်စက္ကန့်အတွင်း တချို့သောအရာများသည် ထိုတည်နေရာထဲမှ ခုန်ထွက်လာခဲ့ပြီးသည့်နောက် ကောင်းကင်မူလလောကကြီး တစ်ခုလုံးကို ဖျက်ဆီးလိမ့်မည်ဟု ခံစားမိစေ၏။ သက်ရှိသတ္တဝါပေါင်း များစွာတို့သည် ကျောရိုးမကြီးများပင် စိမ့်တက်လျက် ရှိနေကြသည်။
ဝုန်း ဝုန်း
မိုးကြိုးပစ်သံများ ထွက်ပေါ်လာခဲ့၏။ မိုးများသည် သည်းထန်စွာဖြင့် ရွာသွန်းလာခဲ့၏။
ကောင်းကင်မူလ လောကကြီး တစ်ခုလုံးသည် မိုးများ သည်းထန်စွာ ရွာသွန်းလျက်ရှိပြီး များပြားလှသည့် မျိုးနွယ်စု အသီးသီးရှိ သက်ရှိသတ္တဝါများ၏ နှလုံးသားများသည် ခဲများဆွဲထားသလိုပင် လေးလံလာခဲ့ကြ၏။ ဘာတွေဖြစ်နေသည်ကို သူတို့ မသိရှိဘူး ဆိုလျှင်တောင်မှ ယခု ပေါ်ပေါက်လာသည့် အက်ကွဲကြောင်းကြီးသည် သူတို့အတွက် ဆိုးရွားသည့် အရာများ ဖြစ်ပေါ်လာနိုင်သည် ကိုတော့ အပြည့်အဝ သိရှိနေကြသည်။
“ရောက်လာတော့မှာလား”
များပြားလှသည့် နတ်နယ်မြေအတွင်းရှိ စွမ်းအားမြင့် ကျင့်ကြံသူများသည် ခေါင်းကို မော့ကာဖြင့် ကောင်းကင်ကို ကြည့်လိုက်၏။ ၎င်းတို့၏ အမူအရာများသည် လေးနက်လျက် ရှိနေ၏။ ဂိုဏ်းများ ဖျက်ဆီးခံရသည့် သတင်း အချက်အလက်များကို ရရှိရုံသာ ရှိသေး၏။ လက်သည် တရားခံ၏ သဲလွန်စကိုပင် ရှာဖွေမတွေ့ရှိသေးချေ။ သို့ပေမဲ့ တစ်ဖက်လူများသည် စတင်ကာ လှုပ်ရှားလာခဲ့ပြီဖြစ်၏။
“မြန်လိုက်တာ”
ရီကလန်၊ ရွှေကျီးကန်းကလန်၊ နဂါးကလန်တို့မှ စွမ်းအားမြင့် ကျင့်ကြံသူများသည် တီးတိုး ရေရွတ်လိုက်ကြ၏။ ပြီးနောက် စွမ်းအားမြင့် ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်ကာဖြင့် ကောင်းကင်ယံဆီသို့ လှမ်းတက်လိုက်ကြ၏။ သူတို့သည် အက်ကွဲကြောင်း၏ အရှေ့တွင် မတ်မတ်ရပ် ပြီးသည့်နောက် အထဲသို့ လှမ်းကာ ကြည့်ရှုလိုက်ကြသည်။
မျက်လုံးနှင့် မြင်နိုင်သလောက်တွင် ရှုပ်ထွေးလှသည့် လေဟာနယ်ကြီးတစ်ခုသာလျှင် ရှိပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သွေးစွမ်းအင်များသည် ထိုနေရာဆီမှ ထွက်ပေါ်နေသည်ကို သူတို့က အာရုံခံမိ၏။ လှိုင်းများသည် တလိမ့်လိမ့် ဖြစ်တည်လျက် ရှိနေပြီး များပြားလှသည့် လက်ရွေးစင် စစ်သည်များသည် ထိုအထဲတွင် ရှိနေ၏။
ထိုအထဲတွင် တော်ဝင်အင်ပါယာများပင်လျှင် ပါဝင်လျက်ရှိနေပြီး အခြေအနေသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထိုများပြားလှသည့် စစ်သည်များသည် အချိန်မရွေး ကောင်းကင်မူလလောကကြီးထဲသို့ ဆင်းသက်လာမည့်ပုံပင်။
“အမှန်ပဲ။ မြေအင်မော်တယ်လောကက နောက်ကွယ်ကနေ ဖန်တီးနေခဲ့တာကိုး”
ကြီးမားလှသည့် နဂါးဦးချိုကြီး ဦးခေါင်းထက်တွင် တည်ရှိနေသည့် အောင်းရွမ်သည် ၎င်း၏ ရွှေရောင်မျက်လုံးများကို ဖွင့်ကာဖြင့် လေးနက်သည့်အသံဖြင့် မှတ်ချက်ပြုလိုက်သည်။
“မြေအင်မော်တယ်လောကရဲ့ ရည်မှန်းချက်က တကယ့်ကို ကြီးမားတာပဲ။ ခရမ်းရောင်နက်နဲလောက တစ်ခုတည်းနဲ့ သူတို့က စိတ်မကျေနပ်သေးဘူး။ အခု လောကကို ဖြတ်သန်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီး။ သူတို့ဆီမှ ဒီလိုကောင်းတဲ့ မဟာဗျူဟာတွေ ရှိနေတာလား” တားမြစ် တည်နေရာထဲတွင် တည်ရှိနေသည့် တော်ဝင်အင်ပါယာ တစ်ယောက်သည် လှမ်းကာ ပြောဆိုလိုက်၏။
၎င်းအနေနှင့် တားမြစ်တည်နေရာထဲမှ ထွက်ခွာပြီး မကြာသေးခင်မှာပဲ ကြီးမားလှသည့် ကပ်ဘေးကြီးကို ရင်ဆိုင်ရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီးထဲတွင် တည်ရှိနေသည် ဖြစ်သောကြောင့် သူ့အနေနှင့် ဤကပ်ဘေးကြီးကို ရှောင်လွှဲ၍ မရနိုင်ချေ။
“အင်း... အလုံးစုံသော စွမ်းအင်တွေရဲ့အောက်မှာ ဘယ်ဗဟာဗျူဟာကမှ အသုံးဝင်မှာ မဟုတ်ဘူး”
ရွှေကျီးကန်း ကလန်၏ ဘိုးဘေးက သက်ပြင်းချလိုက်သည်။ “ခရမ်းရောင်နက်နဲလောကကြီး အနေနဲ့ မြေအင်မော်တယ်လောကကြီးကို ခုခံနိုင်ခဲ့တဲ့ အကြောင်းအရင်းက အများကြီး မဟုတ်ဘူး။ အစစ်အမှန် အင်မော်တယ်တစ်ယောက် ထွက်ပေါ်လာတာကြောင့်ပဲ။ တကယ်လို့ ကျုပ်တို့အနေနဲ့ ခရမ်းရောင်နက်နဲလောကကြီး လိုမျိုး တုဖက်ပြိုင်ချင်တယ်ဆိုရင် အခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ အစစ်အမှန် အင်မော်တယ်တစ်ယောက် လိုအပ်တယ်”
“အစစ်အမှန် အင်မော်တယ် ဟုတ်လား”
အောင်းရွှမ်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ ပြီးနောက် သူသည် ဇဝေဇဝါဖြင့် ပြောဆိုလိုက်၏။ “နောက်ထပ် နှစ်တစ်သန်းလောက် ပေးမယ်ဆိုရင်တောင်မှ ကျုပ်တို့လောကထဲမှာ အင်မော်တယ် ဖြစ်လာမယ့်လူ မရှိဘူး”
“ဟမ့်... နှစ်တစ်သန်း ဟုတ်လား။ မြေအင်မော်တယ်လောကက လူတွေကို အရူးတွေလို့ ထင်မှတ်နေလို့လား။ နှစ်တစ်သန်းအတွင်း မြေအင်မော်တယ်လောကမှာ အစစ်အမှန် အင်မော်တယ်တွေ ဘယ်လောက်တောင် မွေးဖွား လာနိုင်မယ်လို့ထင်လဲ” တားမြစ်တည်နေရာထဲမှ ထွက်ခွာလာခဲ့သည့် တော်ဝင်အင်ပါယာသည် အထင်အမြင် သေးစွာဖြင့် ပြောလိုက်သည်။
“အဆိုးဆုံးကို ရောက်လာပြီဆိုမှတော့ ကျုပ်တို့ ခရမ်းရောင်နက်နဲလောကကြီးရဲ့ အကူအညီကို သွားပြီးတော့ တောင်းခံသင့်တယ် မထင်ဘူးလား။ ခရမ်းရောင်နက်နဲလောကကြီးရဲ့ တော်ဝင်အင်ပါယာပိုင်လီသာ လှုပ်ရှားပေးမယ်ဆိုရင် မျှော်လင့်ချက်တချို့ ရှိနိုင်တယ်” ရွှေကျီးကန်းကလန်၏ ဘိုးဘေးကြီးသည် လျင်လျင်မြန်မြန်ဖြင့် ဝင်ရောက်ကာ အကြံပြုလိုက်၏။
ရန်သူ၏ ရန်သူသည် မိတ်ဆွေသာလျှင်ဖြစ်၏။ လက်ရှိ မြေအင်မော်တယ်လောကကြီး ထိခိုက်နစ်နာသွားခြင်းသည် ခရမ်းရောင်နက်နဲလောကကြီးအတွက် ကောင်းမွန်သည့် အရာပင်ဖြစ်၏။ မြေအင်မော်တယ်လောက၏ အန္တရာယ်ကို ကောင်းကင်မူလလောကကြီးကလည်း သိရှိထားရန် လိုအပ်၏။ ပိုမိုအားကောင်း လာသည့်အချိန်တွင် အတူပူးပေါင်းကာ တိုက်ခိုက်ပေးသင့်သည်။
“တော်ဝင်အင်ပါယာပိုင်လီ ဟုတ်လား။ မွန်းစတားကလန်က အဖွဲ့ဝင်တစ်ယောက်ကို ကျုပ်တို့ ဘာကိစ္စနဲ့ သွားပြီး တောင်းပန်နေရမှာလဲ” တားမြစ်တည်နေရာထဲမှ ထွက်ပေါ်လာခဲ့သည့် တခြားသော ရှေးအင်ပါယာတစ်ယောက် သည် အထင်အမြင်သေးစွာဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်၏။
“ဒီအချိန်မှာ မြေအင်မော်တယ်လောကကြီးရဲ့ စိတ်ဆန္ဒကို ဘယ်သူမှ တားဆီးလို့ မရနိုင်ဘူး။ ဒါပေမဲ့ သူတို့က လူသားမျိုးနွယ်တွေပဲလေ။ သူတို့က ကောင်းကင်မူလလောကထဲကို ရောက်လာပြီဆိုရင် သူတို့က လူသား မျိုးနွယ်တွေကို ချမ်းသာပေးမှာပဲ”
“ဟမ့်”
တော်တော်များများသည် သူတို့၏ စကားကို ကြားသည့် အချိန်မှာတော့ တွန့်ဆုတ်သွားခဲ့ကြ၏။ သူတို့ မထင်မှတ်ခဲ့ကြချေ။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် မြေအင်မော်တယ်လောကဆီမှ စာနာသနားခြင်းကို စောင့်မျှော်လျက် ရှိနေသေးသော လူတစ်ယောက်က ရှိနေသေးသည်။
“တာအိုရောင်းရင်း.. ကိုယ်လိုတာတွေ လျှောက်ပြီး တွေးမနေနဲ့။ မြေအင်မော်တယ်လောကမှာရှိတဲ့ သက်ရှိသတ္တဝါ တွေက လူသားမျိုးနွယ်တွေ၊ မွန်းစတားမျိုးနွယ်တွေဆိုပြီး ခွဲခြားနေမှာ မဟုတ်ဘူး။ သူတို့က သူတို့ကိုသူတို့ လူသားမျိုးနွယ်လို့ သတ်မှတ်ထားတာ မဟုတ်ဘူး။ အင်မော်တယ်မျိုးနွယ်တဲ့”
ရွှေကျီးကန်းကလန်မှ ဘိုးဘေးကြီး၏ အသံသည် လေးနက်လျက် ရှိနေ၏။ သူ၏ စကားလုံးများထဲတွင် တစ်ဖက်လူများ၏ ဂုဏ်သိက္ခာတရား၊ စိတ်နေသဘောထားက ပါဝင်လျက် ရှိနေလေ၏။ လူသားမျိုးနွယ်နှင့် မွန်းစတားမျိုးနွယ်တို့အကြား ကောင်းကင်မူလလောကကြီး၌ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဆိုလျှင်တောင်မှ လက်ရှိ အခြေအနေတွင် အတူပူးပေါင်း၍ ဘုံရန်သူကို ရင်ဆိုင်သင့်နေသည် မဟုတ်ပါလား။
“အဲတော့ ဘာဖြစ်လဲ။ ဘာပဲပြောပြော မြေအင်မော်တယ်လောကက လူတွေက ကျုပ်တို့ ကောင်းကင်မူလ လောကကြီးထဲကို ဆင်းသက်လာတဲ့ အချိန်မှာ ဆိုးရွားတဲ့အရာတွေ လုပ်လိမ့်မယ်လို့မထင်ဘူး” တခြားသော အင်ပါယာ တစ်ယောက်က ရဲရဲတင်းတင်း ပြောလိုက်၏။
“ကျုပ်တို့ မြေအင်မော်တယ်လောကကို ခုခံရမယ်ဆိုရင် ကျုပ်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းထက် ပိုနေတယ်လို့ ထင်တယ်။ ဒီတော့ ကျုပ် ခင်ဗျားတို့နဲ့ လိုက်ပြီးတော့ မတိုက်ခိုက်ပေးနိုင်ဘူး။ နှုတ်ဆက်ပါတယ်” ပြောပြီးသည့်နောက် ထိုအင်ပါယာသည် လှည့်ကာ ထွက်ခွာသွားခဲ့သည်။
ထိုသူ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ရီကလန်၏ ဘိုးဘေးသည် ၎င်း၏ ပုဆိန်ကြီးကို မြှောက်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ သတ်ဖြတ်လိုခြင်းဆန္ဒများ ဖြစ်တည်လာခဲ့၏။ သူသည် မလိုအပ်သည့် စကားများကို မပြောချေ။ ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်လို့နေခဲ့၏။
“တာအိုရောင်းရင်းရီ... အလျင်စလို မလုပ်နဲ့”
လင်းကလန်၏ ဘိုးဘေးက အရှေ့သို့ လှမ်းတက်လာခဲ့ပြီး ရီကလန် ဘိုးဘေး၏ လမ်းကို တားဆီးလိုက်သည်။ “မြေအင်မော်တယ်လောကကြီးက မလာသေးဘူး။ ကျုပ်တို့ အချင်းချင်း တိုက်ခိုက်နေလို့ မဖြစ်ဘူးမို့လား။ ပြီးတော့ လောကကြီးက ကျယ်ပြောတယ်လေ။ ကျုပ်တို့အနေနဲ့ သေသေချာချာ စီစဉ်ဆောင်ရွက်ထားဖို့သင့်တယ်လို့ ထင်တယ်”
“သူက ကောင်းကင်မူလလောကကြီးကို သစ္စာဖောက်ချင်နေတာ မဟုတ်လား” ရီကလန်၏ ဘိုးဘေးက ပြောဆိုလိုက်၏။ သူ၏အသံသည် တကယ်ပင် မာကျောလျက် ရှိနေ၏။
အသင်္ချေ များပြားလှသည့် လောကများထဲတွင် လူသားမျိုးနွယ်များသည် ဘယ်အရာကို ကြောက်လန့်ရမည်နည်း။ လူသားမျိုးနွယ် မရှိသည့် လောကဟူ၍ မည်သည့်လောက ရှိသနည်း။ လူသားမျိုးနွယ်များသည် လွှမ်းမိုးနိုင်စွမ်း ရှိသည့် လောကရှိသလို လူသားမျိုးနွယ် နိမ့်ကျလျက်ရှိသည့် လောကများလည်းရှိ၏။ မည်သို့ပင်ဆိုစေကာမူ တူညီလှသည့် အကြောင်းအရာမှာ လူသားမျိုးနွယ် တည်ရှိနေသည်ဆိုသည့် အကြောင်းအရာပင် ဖြစ်လေ၏။ တခြားသော လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးကို ဒူးထောက်ကာ အညံ့ခံဖို့ ဆိုသည်မှာ ရူးကြောင်ကြောင် အတွေးအခေါ်ပင် ဖြစ်လေသည်။
“သူ့ကို လွှတ်ပေးလိုက်ပါ” ရွှေကျီးကန်းကလန်၏ ဘိုးဘေးကလည်း ဝင်ရောက်ကာ ပြောဆိုလိုက်၏။
အင်ပါယာ နှစ်ယောက်တို့ ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် ရီကလန်၏ ဘိုးဘေးသည် အတိုင်းအတာတစ်ခုအတွင်း ဒေါသတရားများ ငြိမ်သက်သွားခဲ့၏။ သို့ပေမဲ့ ၎င်း၏ လက်ထဲတွင် ပုဆိန်ကြီးက တည်ရှိလို့ နေခဲ့ပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများ ထွက်ပေါ်နေခဲ့သည်။
“ပြောရမယ်ဆိုရင် ငရဲကိုးကောင် တာအိုရောင်းရင်းကော ဘယ်နေရာမှာလဲ” အောင်းရွှမ်က အသာလှည့်ကြည့် လိုက်၏။ မုန့်ရှင်းကျီ၏ အသွင်အပြင်ကို သူမမြင်ရချေ။ ထို့ကြောင့် သူက ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ အကျိုးအမြတ်ရရှိမည့် နေရာတွင် မုန့်ရှင်းကျီသည် ပေါ်ပေါ်လာတတ်၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ အရိပ်ကိုပင် မမြင်ရချေ။
“ကျုပ်တို့လည်း မမြင်ဘူး” ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် ခေါင်းကို အသာခါယမ်းလိုက်၏။
“ဟမ်” အောင်းရွှမ်သည် မျက်လုံးများ မှေးကျဉ်းသွား၏။ သူသည် တည်နေရာလမ်းကြောင်း၏ တခြားတစ်ဖက်ကို လှမ်းကာ ကြည့်ရှုနေသည်။ မုန့်ရှင်းကျီကို မမြင်ရသည်ဆိုသော်လည်း သူ၏ အလိုလို သိစိတ်အရဆိုလျှင် မုန့်ရှင်းကျီသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်နေလိမ့်မည် မဟုတ်ချေ။