အပိုင်း (၄၆၂)
Vol. 31 Ch. 462
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၊ ဂိုဏ်းချုပ်၏ အဓိကဟောခန်းကြီး အတွင်းမှာတော့ ယန်ရှိုသည် အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက်နှင့် လမ်းသလားလျက် ရှိနေ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် စိုးရိမ်ပူပန်မှု များနှင့် ပြည့်နှက်လျက် ရှိနေ၏။ သူတို့၏ ဘိုးဘေးကြီး ဖန်းဟန်၏ အနောက်သို့ လိုက်ပါသွားသည်မှာ နှစ်နာရီ၊ သုံးနာရီပင် မကြာသေးချေ။ သို့ပေမဲ့ ကောင်းကင်ကြီးတစ်ခုလုံး ကွဲထွက်သွားခဲ့၏။ ဘာတွေဖြစ်နေသည်ကို မသိသော်လည်း အကြမ်းဖျင်းကိုတော့ သူက ခန့်မှန်းနိုင်၏။
ကျိန်းသေပေါက် တချို့သော ဂိုဏ်းဂဏများသည် ဤနေရာဆီသို့ ရောက်ရှိလာသည့်ပုံပင်။ လက်ရှိအခြေအနေ မှာတော့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းထဲတွင် ဘိုးဘေးမုန့်ရှင်းကျီ မရှိသောကြောင့် တော်ဝင်သူတော်စင် နှစ်ယောက်နှင့် သူတော်စင်ဘုရင် အနည်းငယ်တို့သာလျှင် တည်ရှိနေ၏။ ၎င်းတို့ အားလုံးသည် မုန်တိုင်းကြီးထဲတွင် ကြံ့ကြံ့ခံကာ ရပ်တည်ရပေတော့မည်။ အခြေအနေ၊ အချိန်အခါ တစ်ခုလုံးသည် ပြောင်းပြန်လှန်သွားသည့် အခြေအနေဆီသို့ ရောက်ရှိသွားနိုင်သည်။
“ဘိုးဘေးကြီးက ဇဝေဇဝါ ဖြစ်နေတယ်။ ဖန်းဟန်ရဲ့ စကားလုံး အနည်းငယ်နဲ့ ဘာလို့ တစ်ခါတည်း အနောက်က လိုက်သွားရတာလဲ” ယန်ရှိုက တီးတိုးရေရွတ်နေမိ၏။
ဖန်းဟန်နှင့် သူ၏ ဘိုးဘေးကြီးတို့ ဘာတွေ ပြောဆိုနေသည်ကို သူက သေသေချာချာ မသိရှိချေ။ သို့ပေမဲ့ စကား အနည်းငယ် ပြောဆိုခဲ့ပြီးသည့်နောက် နှစ်ယောက်လုံးသည် အတူ လက်တွဲကာဖြင့် ပူးပေါင်းခဲ့၏။ သုံးနာရီ မကြာသည့် အချိန်နှုန်းအတွင်းမှာပဲ တော်ဝင်အင်ပါယာတစ်ယောက်၏ အမြန်နှုန်းနှင့်ဆိုလျှင် ၎င်းတို့သည် ကောင်းကင်မူလလောကကြီး ၏ တစ်ဝက်ကျော်ကိုပင် ပျံသန်းကာ ထွက်ခွာသွားပြီး ဖြစ်ပုံပေါ်သည်။
“ဘိုးဘေးကြီး ဒီမှာ မရှိဘူးဆိုမှ ကောင်းကင်မူလလောကကြီးက ပြောင်းလဲမှုတွေ လာဖြစ်နေရတယ်လို့။ ကျုပ်တို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ဒီအချိန်မှာ ဘယ်နေရာကို သွားရမလဲ”
ယန်ရှိုသည် ရုတ်တရက် ရပ်တန့် လိုက်၏။ သူသည် အဝေးတစ်နေရာသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် အံကိုကြိတ်လိုက်မိ၏။ “ကြည့်ရတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားဖို့ပဲ ရှိတော့တယ်”
သူ့အနေနှင့် ဟောင်ကွမ်ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီသို့ စေလွှတ်လိုက်သည် ဆိုသော်လည်း ဟောင်ကွမ်သည် နတ်အရှင်အဆင့် ကျင့်ကြံခြင်းအဆင့်ကိုသာ ပိုင်ဆိုင်၏။ သူကတော့ သူတော်စင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်၏။ သူတို့နှစ်ယောက်ကြား ကွာခြားချက်သည် တကယ်ကို ကြီးမားလှ၏။ ထို့ကြောင့် ဟောင်ကွမ်၏ ခရီးသွားမှုသည် ပိုမိုကာ နှေးကွေးမှာ သေချာသည်။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ အကြီးအကဲ တစ်ယောက်သာ ဖြစ်သည်မို့ သူ့အနေနှင့် အမြန်ဆုံး ခရီးထွက်ရန် လိုအပ်လာ၏။ ထိုအရာကို သိရှိပြီးသည့်နောက် ယန်ရှိုသည် တွန့်ဆုတ်မနေတော့ချေ။ တိုက်ရိုက် ဆိုသလိုပဲ အရှေ့ဆီသို့ လှမ်းထွက်လိုက်၏။ အလင်းတန်းအဖြစ် အသွင်ပြောင်းပြီးသည့်နောက် တော်ဝင်သဲကန္တာရမြို့ တည်ရှိရာ နေရာဆီသို့ အမြန်ဆုံးနှုန်းဖြင့် ပျံသန်းသွားခဲ့၏။
တစ်ရက် ကြာမြင့်ပြီးသည့်နောက် ယန်ရှိုသည် တော်ဝင်သဲကန္တာရမြို့ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ရောက်ရောက်ချင်းဆိုသလိုပဲ ယန်ရှိုသည် တခြားနေရာဆီသို့ မသွားခဲ့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆီသို့ အမြန်ဆုံး လှမ်းဝင်သွားလိုက်သည်။
“စီနီယာ... မကောင်းတဲ့အရာတစ်ခုခု ဖြစ်ပြီပဲ” တံခါးဆီမှ ဝင်ဝင်ချင်းမှာပဲ ယန်ရှိုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ဘာတွေမှားလို့လဲ”
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လီယွင်သည် အသာပင် ထိုင်လျက် ရှိနေ၏။ သူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ကြည်လင် ရှင်းလင်းလျက် ရှိနေပြီး ဆံနွယ်အားလုံးသည်လည်း ကြည်တောက်နေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ခပ်ဖျော့ဖျော့ အလင်းတန်းပင် တောက်ပလျက် ရှိနေသည်။
“ဟမ်”
ယန်ရှို၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် အေးခဲသွား၏။ “စီနီယာ... အပြင်လောကကြီး တစ်ခုလုံး ပြောင်းလဲနေပြီ”
“အင်း.. မြေအင်မော်တယ်လောကကြီးကြောင့်ပဲ”
လီယွင်သည် တည်ငြိမ်လျက် ရှိနေတုန်းပင်။ ထူးမခြားနားသလို ပြောဆိုလိုက်၏။ သူဆော့ကစားလျက် ရှိနေသည့် စစ်တုရင်ရုပ်တစ်ခု အောက်သို့ ပြုတ်ကျသွားသကဲ့သို့ပင်။ ဘာတစ်ခုမှ အလေးအနက် မရှိသည့်ပုံပေါ်သည်။
“စီနီယာ.. သိပြီးသားလား” ယန်ရှိုသည် တွန့်ကနဲ ဖြစ်သွားမိ၏။
“မသိစရာလား”
လီယွင်သည် သူ၏လက်များ၏ လှုပ်ရှားမှုကို ရပ်တန့်ပြီးသည့်နောက် အသာမော့ကြည့်ကာ ပြုံးလိုက်၏။ “လွန်ခဲ့တဲ့လ အစောပိုင်းကတည်းက မြေအင်မော်တယ်လောကကြီးက ကောင်းကင်မူလလောကကြီးကို သိမ်းပိုက်ဖို့ စီစဉ်ခဲ့ကြတာလေ။ သူတို့ရဲ့ တုံ့ပြန်မှုက နှေးနေတယ်လို့တောင် ပြောရမယ်”
“လွန်ခဲ့တဲ့ လအနည်းငယ်တည်းက ဟုတ်လား” ယန်ရှို၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် ကြည့်ကောင်းလှသည့်ပုံ မရှိတော့ချေ။
လက်ရှိအတောအတွင်း သူတို့၏ လောကထဲတွင် ရှိနေသည့် ဂိုဏ်းတော်တော်များများ ဖျက်ဆီးခံရခြင်းသည် မြေအင်မော်တယ်လောကဆီမှဖြစ်ကြောင်း သံသယရှိစရာ မလိုတော့ချေ။ လက်ရှိအချိန်မှာတော့ စီနီယာ နန်းဆောင်သခင်သည် ထိုအကြောင်းအရာကို တိုက်ရိုက်ဆိုသလို ပြောခဲ့ပြီဖြစ်သောကြောင့် ဤအရာသည် လျှို့ဝှက်ချက် မဟုတ်တော့ချေ။ များပြားလှသည့် လူတော်တော်များများသည်လည်း လက်ရှိအခြေအနေ၌ သိရှိပြီး ဖြစ်ပုံပေါ်၏။
“စီနီယာ... မြေအင်မော်တယ်လောကကြီးက ရည်မှန်းချက် ကြီးမားတယ်။ သူတို့သာ ကောင်းကင်မူလလောကကြီး ထဲကို ရောက်လာမယ်ဆိုရင် ကျိန်းသေပေါက် တွေ့သမျှလူကို သတ်တော့မှာပဲ။ တော်ဝင်အင်ပါယာကျန်းထျန် ထက်တောင် ပိုပြီးဆိုးအုံးမယ်။ စီနီယာ... ကျေးဇူးပြုပြီးတော့ လောကရဲ့ ကောင်းကျိုးကို ဆောင်ရွက်ပေးပါအုံး။ စီနီယာအနေနဲ့ ဒီလိုဖြစ်နေတဲ့အချိန်မှာ ငြိမ်ငြိမ်သက်သက်နဲ့ ထိုင်ပြီး ကြည့်နေမယ်လို့ မထင်ပါဘူး။ ကောင်းကင် မူလလောကကြီးရဲ့ သက်ရှိသတ္တဝါတွေ အကုန်လုံးက ဒီအချိန်မှာ အန္တရာယ် ကျရောက်နေပြီ”
တော်ဝင်အင်ပါယာကျန်းထျန် ကောင်းကင်မူလလောကကြီးဆီ ရောက်ရှိလာခဲ့စဉ်က ကောင်းကင်မူလလောကကြီး သည် ခုခံရန်အတွက် အားအင်နည်းပါးခဲ့၏။ သို့ပေမဲ့ စီနီယာနန်းဆောင်သခင်၏ ကျေးဇူးကြောင့် ကျန်းထျန်ကို ဖိနှိပ်နိုင်ခဲ့၏။ ယနေ့ ကောင်းကင်မူလလောကကြီးသည် ပိုမိုဆိုးရွားလှသည့် ကပ်ဘေးကြီးကို ကြုံဆုံနေရပြီ ဖြစ်၏။ ယန်ရှို၏ အမြင်အရဆိုလျှင် စီနီယာနန်းဆောင်သခင်သည် ကျိန်းသေပေါက် ငြိမ်ငြိမ်သက်သက် ထိုင်မနေသင့်ပေ။
“ခင်ဗျား မှားနေပြီ”
လီယွင်သည် အသာရယ်မောကာဖြင့် သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်၏။ ပြီးနောက် အနီးအနားရှိ စားပွဲတစ်ခုကို ညွှန်ပြလိုက်သည်။ “ခင်ဗျား ရောက်မလာခင်က လူနှစ်ယောက် ရောက်လာခဲ့တယ်လေ။ အဲဒီလူနှစ်ယောက်က မြေအင်မော်တယ်လောကက လူနှစ်ယောက်ပဲ”
“အမ်”
ယန်ရှို၏ နှလုံးသား တစ်ခုလုံးသည် ခုန်သွားမိ၏။ သူ့အနေနှင့် မကောင်းသည့် စိတ်ခံစားချက်များ ဖြစ်တည် လာခဲ့၏။ လီယွင်၏ လက်ညှိုး ညွှန်ပြရာအတိုင်း သူလှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ စားပွဲပေါ်တွင် သိုလှောင်လက်စွပ်နှစ်ကွင်း တည်ရှိနေသည်ကို မြင်လိုက်၏။
သူ၏ လက်ရှိ အားအင်အဆင့်အရ ဆိုလျှင်တောင်မှ လက်စွပ်၏ အတွင်းတွင် မည်သည့်အရာများ ဖြစ်သည် ဆိုခြင်းကို မမြင်နိုင်ချေ။ သို့ပေမဲ့ သေချာသည်မှာ မြေအင်မော်တယ်လောကမှသူများ ပေးအပ်ထားသည့် ပစ္စည်းဖြစ်သောကြောင့် ကောင်းကင်မူလလောကြီးမှလူများ ပေးအပ်နိုင်သည်ထက် ပိုမိုကာ များပြားမှာ သေချာ၏။ အထဲတွင် အလွန်တရာ တန်ဖိုးကြီးသည့် ပစ္စည်းပစ္စယများ ရှိနေမှာ သေချာသည်။
လက်စွပ်နှစ်ကွင်းကို မြင်ရပြီးသည့်နောက် ယန်ရှိုသည် နှလုံးသားတစ်ခုလုံး အေးစက်သွားခဲ့၏။ သူ့အနေနှင့် ခန္ဓာကိုယ်အတွင်းတွင် မည်သည့်အားအင်မှ မရှိတော့သလိုပင် ခံစားနေမိ၏။ စီနီယာကို တခြားသူများက ဝယ်ယူ သွားခဲ့လေပြီလား။ ကောင်းကင်မူလလောကြီးတွင် အကြီးမားဆုံး ထောက်တိုင်ကြီး ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ အစစ်အမှန် အင်မော်တယ်များသည် အစောကြီးကတည်းက တည်ရှိသည် မဟုတ်ချေ။ သူတို့အနေနှင့် မြေအင်မော်တယ်လောကကို ခုခံရန်အတွက် ဘယ်လိုလုပ် အခွင့်အရေး တည်ရှိတော့မည်နည်း။
“စီနီယာ.... ကောင်းကင်မူလလောကကြီးက အနိုင်ယူဖို့ အခွင့်အလမ်း လုံးဝ မရှိတော့ဘူးလို့ ဆိုလိုတာလား” ယန်ရှို၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ယင်လျက် ရှိ၏။ သူ၏ နှလုံးသားတစ်ခုလုံး ဓားထက်ထက်ဖြင့် ထိုးစိုက်ခံထားရသလို နာကျင်နေမိ၏။ သူက တီးတိုးမေးမြန်းလိုက်သည်။
“ကောင်းကင်မူလလောကကြီးက အနိုင်ယူဖို့ အခွင့်အရေး မရှိဘူးလို့ ဘယ်သူက ပြောလဲ”
လီယွင်သည် တည်ငြိမ်စွာဖြင့် ပြန်လည်ကာ မေးမြန်းလိုက်လေ၏။ သူ၏ ပုံစံကို ကြည့်ရသည်မှာ စစ်တုရင်ခုံပေါ်ရှိ စစ်တုရင် အရုပ်တစ်ခုကို အသာအယာ နေရာရွေ့လိုက်သကဲ့သို့ပင် သက်တောင့်သက်သာဖြင့် ပြောဆိုနေ၏။
“ပြီးတော့ ဒီကျယ်ပြောလှတဲ့ အသင်္ချေလောကထဲမှာ ကျုပ်ကို ဘယ်သူက ဝယ်ယူနိုင်မှာလဲ”
အခြေအနေသည် လိမ်ညာခြင်း မဟုတ်လှချေ။ သူ့အနေနှင့် အဓိကဂိုဏ်းအသီးသီးတို့၏ကြား ပဋိပက္ခများတွင် ပါဝင်ချင်စိတ် မည်သည့်အခါကမှ မရှိခဲ့ချေ။ သူ့ကို ဝယ်ယူရန်ဆိုသည်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။
တစ်စုံတစ်ယောက်သည် ဤကဲ့သို့ စိတ်ထားမျိုး ရှိသည်ဆိုလျှင်တောင်မှ ပွင့်ပွင့်လင်းလင်းနှင့် ပြောဆိုရဲလိမ့်မည် မဟုတ်ချေ။ မြေအင်မော်တယ်လောကမှ အင်ပါယာနှစ်ယောက်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ရောက်ရှိ လာသည်ဆိုခြင်းမှာ သူ့ကို ဝယ်ယူခဲ့ခြင်း မဟုတ်ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို လာရောက် ချီးမွမ်းပြောဆိုပြီး လက်ဆောင်ပဏ္ဍာများ ပေးအပ်ခဲ့ခြင်းသာလျှင် ဖြစ်၏။
လီယွင်အနေနှင့် ကောင်းမွန်လှသည့် အရာများကို ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် တစ်ဖက်လူများ၏ တောင်းဆိုမှုများသည် ရိုးရှင်းလွန်းလှချေ၏။ သူ့အား မည်သည့်ဘက်မှ မပါဘဲ အလယ်၌သာ ငြိမ်ငြိမ်သက်သက်နေရန် တောင်းဆိုခဲ့ခြင်းဖြစ်၏။ ဤကဲ့သို့သော တောင်းဆိုမှုမျိုးကို သူက လွယ်လွယ်ကူကူပင် သဘောတူညီခဲ့သည်။
“ဒါဆိုရင် အနိုင်ယူမယ့် အခွင့်အရေး ရှိသေးတာပေါ့”
ယန်ရှို၏ မျက်လုံးများက လင်းလက်သွား၏။ သူသည် လီယွင်ကို လှမ်းကြည့်ကာဖြင့် အံ့အားသင့်လျက်ရှိနေ၏။ “စီနီယာက ကောင်းကင်မူလလောကကြီးကို ကူညီဖို့ စိတ်ဆန္ဒ ရှိတယ်ပေါ့”
“ကျုပ် ကူညီမှာ မဟုတ်ဘူး” လီယွင်သည် ခေါင်းကို ခါယမ်းလိုက်သည်။
“ဒါဆိုရင် စီနီယာကို မေးချင်ပါတယ်။ အနိုင်ယူနိုင်တဲ့ အခွင့်အရေးက ဘယ်မှာရှိတာလဲ”
ယန်ရှိုသည် စိတ်အား တက်ကြွစွာဖြင့် မေးမြန်းရင်း ကွာစီအင်ပါယာအဆင့် ဆေးပင်ကို ထုတ်ယူကာ လီယွင် အရှေ့ဆီသို့ ချလိုက်၏။ သူ၏ မျက်လုံးထဲတွင်လည်း စိတ်အားတက်ကြွသည့် အမူအရာများ ဖြစ်တည်နေခဲ့၏။ သူသည် လီယွင် ပြောမည်ကို အားကိုးတကြီးနှင့် စောင့်မျှော်လျက် ရှိနေ၏။
လီယွင်သည် ဆေးပင်ကို လှမ်းကြည့်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်ဆီသို့ လှမ်းကြည့်လိုက်၏။ သူသည် အချိန်ကို တွက်ချက်ပြီးသည့်နောက် ဆေးပင်ကို လက်ခံလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကောင်းကင်မူလလောကကြီးရဲ့ မျှော်လင့်ချက်က ရောက်ရှိလာခဲ့ပြီ”
မူလအားဖြင့် ဤဆေးပင်သည် သတင်းအချက်အလက်ကို ဝယ်ယူရန် လုံလောက်သည် မဟုတ်ချေ။ သတင်း အချက်အလက်သည် တစ်လောကလုံးဆီသို့ ပျံ့နှံ့သွားမည်မှာ မကြာလှချေ။ ထို့ကြောင့် သူ့အနေနှင့် လျှို့ဝှက်ချက် အဖြစ် သိမ်းဆည်းထားစရာ အကြောင်း မရှိတော့ချေ။ နောက်ဆုံးအချိန်တွင် အကျိုးအမြတ် တချို့ကို ရယူနိုင်မည် ဆိုပါက သူ့အတွက် ကျေနပ်ပြီ ဖြစ်သည်။ ယန်ရှို ရောက်ရှိလာခြင်း မရှိလျှင်တောင်မှ တစ်ချို့ကိစ္စများသည် သူ့ဘာသာ ဖြစ်ပျက်ပြောင်းလဲသွားမည် မဟုတ်ပါလား။
“ရောက်လာပြီ ဟုတ်လား”
ယန်ရှို၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွား၏။ သူသည် နန်းဆောင်၏ အပြင်ဘက်ဆီသို့ အသာလှည့်ကာ ကြည့်ရှုလိုက်၏။ သူ၏မျက်လုံးထဲတွင်တော့ ဘာမှ ထူးခြားလှသည့်အရာ မရှိချေ။ လူငယ်လေးတစ်ယောက်သည် ငြိမ်ငြိမ်သက်သက်နှင့် မတ်တပ်ရပ်လျက် ရှိနေခြင်းပင်။ ဤလူကို ကြည့်ရသည်မှာ သာမန်ထက်ပိုကာ သာမန်ကျလွန်းလှ၏။ လူအုပ်ကြားထဲတွင် မထင်မရှား ပျောက်ကွယ်လုမတတ် ရှိနေသည့် ပုံပန်းသွင်ပြင်မျိုးပင်။
ဤကဲ့သို့သော လူအမျိုးအစားများသည် ကောင်းကင်မူလလောကကြီး၏ မျှော်လင့်ချက်ကို ထမ်းပိုးထားသည့် လူတစ်ယောက် ဟုတ်ပုံ မပေါ်ချေ။ သို့ပေမဲ့ စီနီယာနန်းဆောင်သခင်က ထိုကဲ့သို့ ရည်ညွှန်းလျက် ရှိနေ၏။