အပိုင်း (၄၆၃)
Vol. 31 Ch. 463
“စီနီယာ… အောင်မြင်မှုရဖို့အတွက် မျှော်လင့်ချက်ဆိုတာ ဘယ်သူ့ကို ရည်ညွှန်းတာလဲ။ အသေးစိတ် ပြောပြနိုင်မလား” ယန်ရှိုသည် အသာပင် ထပ်မံကာ မေးမြန်းလိုက်၏။
“ဟင်း… ဒီလောက် ထင်ရှားနေတာကို” လီယွင်သည် သူ၏ခေါင်းကို မမော့ခဲ့ချေ။ အမှတ်တမဲ့ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။
“ဖြစ်နိုင်တာ”
ယန်ရှို၏ မျက်နှာပေါ်တွင် မထင်မှတ်ထားသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူသည် အပြင်လောကကို လှမ်းကြည့်ရှုပြီးသည့်နောက် လီယွင်ဆီသို့ ပြန်ကြည့်လိုက်၏။ ပြီးနောက် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် မေးမြန်း လိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင် အပြင်ဘက်မှာ ရှိနေတဲ့လူလား”
“ဟားဟား” လီယွင်က အသာရယ်မောလိုက်၏။ ပြီးနောက် တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ “ဒီလူနဲ့ ခင်ဗျား တွေ့ချင်လို့လား။ ကျုပ် ခင်ဗျားကို သတိမပေးဘူးလို့ မပြောနဲ့နော်။ ဒီအခွင့်အရေးကို လွှဲချော်သွားပြီဆိုရင် အနာဂတ်မှာ ဒီလူနဲ့ တွေ့ဆုံဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်”
“အမ်” ယန်ရှိုသည် တွန့်ကနဲ ဖြစ်သွား၏။ သူသည် သံသယအပြည့်ဖြင့် အပြင်ဘက်သို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏စိတ် တစ်ခုလုံးသည် မေးခွန်းပေါင်းများစွာနှင့် ပြည့်နှက်လျက် ရှိနေ၏။ တစ်ဖက်လူ၌ ထူးခြားသည့် အကြောင်းအရာဟူ၍ သူမမြင်ရချေ။ သာမန်ဆန်လွန်းလှ၏။ အတိတ်တုန်းက သူတွေ့ဆုံခဲ့ဖူးသည့် သာမန် ထက်ပိုသော ပါရမီရှင်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကွာခြားချက်မှာ တကယ်ပင် ကြီးမားလွန်းလှ၏။
အတိတ်တုန်းက မိမိတို့၏ အားအင်အဆင့်ကို ဖုံးကွယ်ရသည်ကို နှစ်သက်သော စွမ်းအားမြင့် ကျင့်ကြံသူများကို သူ တွေ့ခဲ့ပြီးပြီဖြစ်၏။ ထိုသူများ အားလုံးသည် သာမန်လူကဲ့သို့ ဝတ်စားဆင်ယင်ကာဖြင့် သာမန်လူအတိုင်း လှည့်လည် သွားလာခြင်းကို နှစ်သက်ကြ၏။ သို့ပေမဲ့ လက်ရှိ ပေါ်ပေါက်လာသည့်လူသည် ထိုကဲ့သို့သော လူမျိုးနှင့် တူလှသည် မဟုတ်ချေ။
“ဂျူနီယာက စီနီယာ အမိန့်အတိုင်းပါပဲ” ယန်ရှိုသည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ ဤလူသည် ဂုဏ်သိက္ခာ ကြီးမားလှသော နန်းဆောင်သခင်၏ အထင်ကြီးမှုကို ရရှိထားသည်ဖြစ်သောကြောင့် တချို့သော စွမ်းအင်များ ရှိမှာ သေချာ၏။ သူ့အနေနှင့် တစ်ဖက်လူ၏ အားအင်အဆင့်ကို တွက်ချက်နိုင်စွမ်း မရှိသည်မှာ အားနည်းလွန်း၍သာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ထိုအခြင်းအရာနှင့် ပတ်သက်၍ ယန်ရှိုက သေချာ သိရှိချင်မိ၏။
“ကောင်းပြီ”
လီယွင်သည် လက်ကို ယမ်းခါပြီးသည့်နောက် တီးတိုးပြောလိုက်သည်။ “ဝင်ခဲ့”
ပြောပြီးပြီးချင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက် ရှိနေသည့် လူငယ်သည် တွန့်ဆုတ်၊ တွန့်ဆုတ် ဖြစ်သွား၏။ သူသည် အနားပတ်ဝန်းကျင်ကို သေချာ ကြည့်ရှုပြီးသည့်နောက် အသံကြားလိုက်ရသည်ကို သေချာသွားသည့်ပုံပင်။ အဝတ်အစားများကို သေသေချာချာ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုလုပ်၍ လှမ်းဝင်လာခဲ့၏။
အထဲသို့ ဝင်လာချင်းမှာပဲ ထိုသူသည် ဦးကိုညွတ်ကာ ပြောလိုက်သည်။ “ဂျူနီယာ ချီလင်း စီနီယာကို ဂါရဝ ပြုပါတယ်”
“အင်း…”
လီယွင်က ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် ယန်ရှို ရပ်တန့်ရာ တည်နေရာဆီသို့ အသာ လက်ယပ်ပြကာ ပြောလိုက်၏။ “ထိုင်လေ”
“ကျေးဇူးပါပဲ စီနီယာ”
ချီလင်းသည် လက်သီးကို ဆုပ်ကာဖြင့် အသာလှည့်လိုက်၏။ ယန်ရှိုကို မြင်ရသည့် အချိန်မှာတော့ သူ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။ ပြီးသည့်နောက် တည်ငြိမ်စွာဖြင့် ထိုင်ချလိုက်သည်။
ချီလင်း ယန်ရှိုကို လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ ယန်ရှိုကလည်း ချီလင်းကို ပြန်လည်ကြည့်ရှုမိ၏။ ဤလူသည် ခြားနားလှ၏။ မျက်နှာပြင်တွင် ငယ်ရွယ်လှသည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်သည်ဆိုသော်လည်း ခန္ဓာကိုယ်ဆီမှ ထူးခြားလှသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။ ၎င်းသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက အသက်ရှင်နေထိုင်ခဲ့သည့် သစ်သားချောင်းကြီး တစ်ခုကဲ့သို့ပင် ဖြစ်လို့နေခဲ့၏။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အသက်ဓာတ်ဟူ၍ မရှိခဲ့ချေ။ ၎င်းသည် လျော့တိလျော့ရဲ အင်္ကျီကို ဝတ်ဆင်ထားခဲ့ပြီး နဖူးထက်တွင် ဦးချိုတစ်ခုကလည်း တည်ရှိလို့နေ၏။
ယန်ရှို၏ အကြည့်ကို ခံစားပြီးသည့်နောက် ချီလင်းသည် ခေါင်းကို အသာလှည့်ကာ စူးစိုက်ကြည့်လိုက်ပြန်သည်။
မျက်လုံးချင်းဆုံသည့် အချိန်မှာတော့ ယန်ရှိုသည် နှလုံးသားတစ်ခုလုံး လှုပ်ရှားသွားသကဲ့သို့ပင် ခံစားနေမိ၏။ သူသည် သွေးလောကကြီး တစ်ခုထဲသို့ ရောက်ရှိသွားသလိုပင်။ အရာအားလုံးသည် သွေးကဲ့သို့ပဲ နီရဲနေ၏။ လေထု တစ်ခုလုံးတွင် သွေးနံ့များဖြင့် ပြည့်နှက်နေခဲ့ပြီး အလောင်းများ ပြည့်နှက်နေသကဲ့သို့ပင်။
သူ၏ သိစိတ်ထဲတွင် ခေါင်းလောင်းတီးသံတစ်ခု ထွက်ပေါ်လာပြီး ထိုအရာသည် နတ်ဘုရားနှင့်ဗုဒ္ဓများဆီမှ တီးခတ်လိုက်သည့် ခေါင်းလောင်းသံ တစ်ခုကဲ့သို့ပင်။ သူ၏ ဝိညာဉ်တစ်ခုလုံး ကွဲအက်သွားသလိုပင် ယန်ရှိုက ခံစားနေမိ၏။ ကြည်လင် ရှင်းလင်းသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့ပြီး ထိုအရာသည် နတ်ဘုရား၏ တေးဂီတအသံကဲ့သို့ပင် ဖြစ်လို့နေ၏။
"သူ့ကို အပြင်ထွက်စေချင်လို့လား"
လီယွင်က မေးမြန်းလိုက်၏။ ၎င်း၏ ပုံပန်းသွင်ပြင်သည် မူလအတိုင်း တည်ငြိမ်တုန်းပင်။ “ထားလိုက်ပါ”
“ဟူး …..”
သတိပြန်ဝင်လာပြီးနောက် ယန်ရှိုသည် ငရဲလောကမှ ပြန်လာသည့် လူတစ်ယောက်ကဲ့သို့ပင် စိတ်လှုပ်ရှားစွာဖြင့် ရင်ဘတ်တစ်ခုလုံး မို့မောက်လျက် ရှိနေ၏။ အသက်ကိုပင် မနည်းဖိနှိမ့်ရှုနေရ၏။ အင်္ကျီအဝတ်အစားများသည် ချွေးများဖြင့် ရွဲစိုလျက် ရှိနေ၏။
"ကြောက်စရာပဲ"
စိတ်လှုပ်ရှားနေသော ယန်ရှိုသည် ချီလင်းဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ သူသည် မြန်မြန်ဆန်ဆန်ပဲ ခေါင်းကိုပြန်လှည့်လိုက်ရ၏။ ဤလူသည် မျက်နှာပြင်ပေါ်တွင်တော့ သာမန်ကျလွန်းလှသည့် ပုံစံဖြစ်ပြီး မည်သည့် အားအင်မှ မရှိသလိုပင်။ သို့ပေမဲ့ အစောဖြစ်ခဲ့သည်များကို မြင်တွေ့ခဲ့ရပြီးသည့်နောက် ဤလူသည် သွားရောက်၍ ရန်စလို့ရသည့် အရာမျိုးမဟုတ်ကြောင်း ခံစားလိုက်မိ၏။ တစ်ဖက်လူသည် အကြည့်တစ်ချက်နှင့်ပင် သူ့ကို သုတ်သင်ပစ်နိုင်စွမ်း ရှိနေ၏။ စီနီယာ နန်းဆောင်သခင်သည်သာ မရှိနေပါက သူ့အနေဖြင့် အစောကတည်းက သေဆုံးသွားလောက်သည်။
"အင်း …. ဒါဂျူနီယာလေး တစ်ယောက်ပါပဲ။ ဒီနေရမှာ နေဖို့အတွက် ပြဿနာမရှိပါဘူး။ "
ချီလင်းသည် လေးလေးစားစားဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ သူ၏ အသွင်အပြင်၌ ကြမ်းတမ်းသည့် အမူအရာများမရှိချေ။ သို့ပေမဲ့ အကြည့်တစ်ချက်ကပင် ကြောက်ဖို့ကောင်းလှ၏။ ၎င်း၏ ပုံပန်းသွင်ပြင်သည် သာမန်ဆန်လွန်းလှပြီး နန်းဆောင်သခင်နှင့် စကားပြောဆိုနေချိန်တွင် သာမန်တပည့်တစ်ယောက်က ၎င်း၏ ဘိုးဘေးကြီးနှင့် စကားပြောဆိုသည့် ပုံစံမျိုးဖြင့် ပြောဆိုလျက် ရှိနေ၏။
အစောတုန်းက သိစိတ်ထဲရှိ မြင်ကွင်းကိုသာ မမြင်တွေ့ခဲ့ရပါက ဤလူသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လူဖြစ်ကြောင်း ယုံနိုင်စရာ မရှိပေ။
"စီနီယာ ခုနက ရိုင်းသလို ဖြစ်သွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ချီလင်းသည် လက်ရှိအချိန်မှာတော့ ယန်ရှိုကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ပုံရိပ်ယောင်ကို အသုံးပြုပြီးနောက် ယန်ရှိုကို သူ မည်သူဖြစ်ကြောင်း ပြသခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် ယန်ရှိုမဆိုနှင့် မုန့်ရှင်းကျီပင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကိုတော့ ဘာမှလုပ်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူသည် ရိုးရှင်းသည့်ပုံစံမျိုးရှိသော်လည်း သူ့အနေဖြင့် ရန်ပြု၍ရနိုင်သည့် လူမျိုး မဟုတ်ကြောင်း သိရှိပြီးဖြစ်သည်။
"အင်း … နောက်တစ်ကြိမ် ဒီလိုမဖြစ်စေနဲ့"
လီယွင်သည် တည်တည်ငြိမ်ငြိမ်ပင် သတိပေးလိုက်၏။ သူသည် ယန်ရှိုမဟုတ်ချေ။ သို့ပေမဲ့ ယန်ရှိုသည် ကောင်းကင်လျှို့ဝှက် နန်းဆောင် စဖွင့်တည်းက ပထမဆုံး ဖောက်သည်ဖြစ်၏။ ၎င်းသည် ကောင်းကင်လျှို့ဝှက် နန်းဆောင် တိုးတက်လာရန်အတွက် ဦးစီးဦးဆောင် ပြုလုပ်ခဲ့သူဟူ၍လည်း သတ်မှတ်၍ရ၏။ လီယွင်အနေဖြင့် ယန်ရှိုတစ်ယောက် သေဆုံးသွားမည်ကို ထိုင်ကာကြည့်ရှုနေလိမ့်မည် မဟုတ်ချေ။
"ကျေးဇူးတင်ပါတယ် စီနီယာ"
ချီလင်းသည် အသာဦးညွှတ်ကာ ပြောဆိုလိုက်၏။ သူသည် အလွန်အမင်း လေးစားလျက် ရှိနေသည့် ပုံစံမျိုးကို အစောကဟန်ပန်အတိုင်း ထုတ်ဖော်ပြသလျက် ရှိနေ၏။
"အင်း ချီးကျူးစကားနဲ့ ပတ်သက်ပြီး နေ့တိုင်းနေ့တိုင်း ကြားခဲ့ပြီးပြီ"
လီယွင်သည် လက်ကို အသာယမ်းခါလိုက်၏။ ပြီးနောက် ချီလင်းဆီကို လှမ်းကာကြည့်ရှုလိုက်သည်။ "ကောင်းကင်လျှို့ဝှက် နန်းဆောင်ကိုလာတာ သက်ဆိုင်တဲ့ ပစ္စည်းတွေကိုတော့ ပေးသင့်တယ်။ ပြီးတော့ ထာဝရမြို့ကို ကောင်းကင်မူလလောကဆီ ဆွဲခေါ်ဖို့ဆိုတာ ခင်ဗျားမတတ်နိုင်တဲ့ အကြောင်းအရာတစ်ခု မဟုတ်လား။ ပြီးတော့ ဒီထိရောက်လာတယ်ဆိုတော့ ခင်ဗျားရဲ့ သက်တမ်းတွေ ကုန်တော့မယ်လို့ တွက်ချက်မိ တယ်"
ထာဝရမြို့သည် မြို့ကြီးတစ်မြို့ဖြစ်၏။ ရေတွက်၍မရနိုင်သော အစီအရင်များ၊ ဖျက်ဆီး၍မရနိုင်သော အစီအရင်များ။ ထို့ပြင် ခိုင်မာလွန်းလှသည့် မြို့ရိုးကြီးများဖြင့် ဖန်တီးတည်ဆောက်ထားသည့် အရာဖြစ်၏။ ထို့ပြင် အရင်တုန်းကဆိုလျှင် ထာဝရမြို့ကို ရွေ့ပြောင်းရန်ဆိုသည်မှာ ချီလင်းအနေဖြင့် ခွန်အားအနည်းငယ်သာ စိုက်ထုတ်ရပေလိမ့်မည်။ သို့ပေမဲ့ ၎င်း၏ တောက်ပခဲ့သည့် နှစ်များသည် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။ သက်တမ်းများသည်လည်း တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားခဲ့၏။ သူသည် လက်ရှိအချိန်မှာတော့ မြစ်ဝါမြစ်ထဲသို့ပင် သွားရောက် ကူးခတ်နေရမည့် အခြေအနေမျိုးနှင့် ကြုံဆုံနေရသည်။