အခန်း (၁၁၇၁-၁၁၇၃)
Vol. 79 Ch. 1171-1173
အခန်း(၁၁၇၁)
ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော မျက်လုံးများ၏ စူးရှစွာ ကြည့်ရှုခြင်းကို ခံယူရင်း ကျန်းချန်သည် တိုက်ပွဲစင်မြင့်ထက်ဆီသို့ ခြေလှမ်းကြဲကြီးများဖြင့် ဦးတည်သွားခဲ့သည်။
ထိုအခိုက်တွင် တိုက်ပွဲစင်မြင့်ထက်မှ တိုက်ရိုက် ဆင်းသက်လာပြီး သူ၏ နံဘေးကနေ ဖြတ်သွားသော ဟန်လီကို ကြည့်ကာ ကျန်းချန်သည် ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။
"စစ်ဘုရင် ဟန်လီဆိုတာ မင်းမဟုတ်လား"
ဟန်လီက သူ၏ ခြေလှမ်းကို တုံ့ခနဲ ရပ်တန့်လိုက်သည်။
သူက ခေါင်းကို ငဲ့၍ ကျန်းချန်ကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ငါက ဟန်လီပဲ.. ဘာကိစ္စရှိလို့လဲ"
ကျန်းချန်က ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ငါမင်းရဲ့စစ်ဘုရင်ဘွဲ့ကို စိတ်ဝင်စားတယ်.. ငါ့ရဲ့ဆန္ဒက မင်းလို စစ်ဘုရင်ဆိုတဲ့ ကောင်တွေကို နင်းချေပစ်ဖို့ပဲ"
"ဝိုး"
ကျန်းချန်၏ စကားကိုကြားလျှင် စင်မြင့်ပတ်ဝန်းကျင်တွင် ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
"ဒီကောင်က ဘယ်သူလဲ.. ဟန်လီရဲ့ရှေ့မှာတောင် ခွေးလို ဟောင်ရဲတယ်"
"ကျွတ်ကျွတ်.. ဒီလို မနူးမနပ်ကောင်လေးက စစ်ဘုရင်ကို စိန်ခေါ်ချင်တယ်လား.. ဒီကောင်က သေမင်းနဲ့ ကစားနေတယ်ဆိုတာ မသိသေးဘူးထင်တယ်"
"..........."
"မင်းက ငါ့ကို စိန်ခေါ်ချင်နေတာလား"
ဟန်လီ၏ မျက်လုံးက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
"ငါသိသလောက်တော့ နဂါးမျှော်စင်ရဲ့ ပထမထပ်မှာ ကိုးပွဲဆက်တိုက် အနိုင်ရထားတဲ့သူက မင်းမဟုတ်ဘူး ထင်တယ်.. ကိုးပွဲဆက်တိုက် အနိုင်မရသေးသ၍ မင်းက ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး"
နဂါးမျှော်စင်၏ ပထမထပ်တွင် စစ်ဘုရင်များ ရှိသလို ကိုးပွဲဆက်တိုက် အနိုင်ရရှိထားသည့် အင်အားကြီးမားသော ကျင့်ကြံသူများလည်း ရှိနေသည်။
ထိုကိုးပွဲဆက်တိုက် အနိုင်ရရှိသူများသည် ဆယ်ပွဲမြောက် တိုက်ပွဲကို ပြီးစလွယ် စိန်ခေါ်ကြမည် မဟုတ်ပေ။
ဆယ်ပွဲမြောက် တိုက်ပွဲတွင် သူတို့ရင်ဆိုင်ရမည့် ပြိုင်ဘက်များသည် စစ်ဘုရင်များဖြစ်၍ သူတို့အားလုံးအနေဖြင့် စစ်ဘုရင်ကို တိုက်ခိုက်ရန်အတွက် ပြင်ဆင်မှုများ လုပ်ကြရမည် ဖြစ်သည်။
ဆိုရလျှင် နဂါးမျှော်စင်၏ ပထမထပ်၌ ကိုးပွဲဆက်တိုက် အနိုင်ရရှိထားသော ကျင့်ကြံသူ ဆယ်ယောက်ကျော် ရှိ၏။
ဟန်လီအနေဖြင့် ပြိုင်ဘက်များထဲတွင် ကိုးပွဲဆက်တိုက် အနိုင်ရရှိသူများကို စိတ်ဝင်တစား လေ့လာထားခဲ့သည်။
ထို့ကြောင့် သူ၏မှတ်ဉာဏ်ထဲမှ ကိုးပွဲဆက်တိုက် အနိုင်ရရှိသူများထဲတွင် သူ့ရှေ့မှ ကောင်လေး မပါဝင်မှန်း သူသိခဲ့သည်။
ဤကောင်လေးအနေဖြင့် ကိုးပွဲဆက်တိုက် အနိုင်ရရှိထားသော ကျင့်ကြံသူမဟုတ်လျှင် သူ့ကို စိန်ခေါ်ရန် မည်ကဲ့သို့ အရည်အချင်း ရှိနိုင်ပါမည်နည်း။
ဟန်လီ၏ စကားကိုကြားလျှင် ကျန်းချန်က ရယ်မောကာ ပြောလိုက်သည်။
"မင်းကို စိန်ခေါ်ဖို့ အခု အရည်အချင်းမရှိတာက ခဏနေကျရင် မရှိဘူးလို့ မဆိုလိုဘူးလေ.. မင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင် ပြင်ဆင်ထားလို့ရအောင် ငါက ပြောနေတာပါ"
ထိုစကားကိုကြားလျှင် ဟန်လီ၏ မျက်လုံးက လင်းလက်သွားခဲ့သည်။
သူက ကျန်းချန်ကို ခပ်ထေ့ထေ့ လှောင်ပြောင်လိုက်၏။
"မင်းကိုကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် အရမ်းယုံကြည်မှု ရှိနေပုံရတယ်.. ကောင်းပြီလေ.. မင်းစိန်ခေါ်တာကို ငါစောင့်နေမယ်"
နဂါးမျှော်စင်၏ ပထမထပ်ရှိ စစ်ဘုရင်တစ်ပါး ဖြစ်သူ ဟန်လီသည် မည်သည့် စိန်ခေါ်မှုမျိုးကိုမဆို မကြောက်ရွံ့ပေ။
သူ့အနေဖြင့် ပထမထပ်တွင် ဆက်လက် နေထိုင်ရသည့် အကြောင်းအရင်းမှာ တိုက်ပွဲစင်မြင့်ကနေ နတ်ခရစ်စတယ်များကို ရရှိရန်အတွက် ဖြစ်သည်။
နဂါးမျှော်စင်၏ ပထမထပ်ရှိ စင်မြင့်ထက်တွင် တစ်ပွဲ အနိုင်ရလျှင် နတ်ခရစ်စတယ် တစ်ခုကို ဆုလာဘ်အဖြစ် ရရှိပြီး နှစ်ပွဲဆက်တိုက် အနိုင်ရလျှင် နတ်ခရစ်စတယ်နှစ်ခု ဆုလာဘ် ရရှိမည် ဖြစ်သည်။
ထို့ကြောင့် ကိုးပွဲဆက်တိုက် အနိုင်ရလျှင် နတ်ခရစ်စတယ် ကိုးခုကို ဆုလာဘ်ရရှိမည် ဖြစ်၏။
တစ်နည်းအားဖြင့် ကိုးပွဲဆက်တိုက် အနိုင်ရသည့် ကျင့်ကြံသူတစ်ဦးသည် နတ်ခရစ်စတယ် စုစုပေါင်း လေးဆယ့်ငါးခုကို ရရှိနိုင်၏။
ထို့အပြင် ဆက်တိုက် အနိုင်ရသူကို ချိုးဖျက်နိုင်လျှင်လည်း ဆက်တိုက်အနိုင်ရသူ၏ ဆုလာဘ် အားလုံးကို လုယူနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ သူက ကျန်းချန်ကို အနိုင်ယူလိုက်လျှင်ဖြင့် နတ်ခရစ်စတယ်လေးဆယ့်ငါးခုကို ရရှိနိုင်မည် မဟုတ်ပါလော။
ဤကဲ့သို့ နတ်ခရစ်စတယ် အလွယ်တကူ ရှာဖွေ၍ ရမည့်အခွင့်အရေးကို ဟန်လီသည် အဘယ်ကဲ့သို့ ငြင်းဆန်နိုင်ပါအံ့နည်း။
"ငါ့နာမည်က ကျန်းချန်.. ဒီနေ့မှာပဲ နဂါးမျှော်စင်ထဲကို ဝင်လာတာပါ.. ဆယ်ပွဲဆက်တိုက် အနိုင်ရဖို့ မျှော်မှန်းထားပါတယ်.. ဘယ်သူ ငါနဲ့ ရင်ဆိုင်ချင်ပါသလဲ"
ကျန်းချန်က တိုက်ပွဲစင်မြင့်ထက်ကို ရောက်သည်နှင့် ပတ်ဝန်းကျင်ကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
သူ၏ အသံက တိုက်ပွဲစင်မြင့် ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။
"ဟမ့်.. နဂါးမျှော်စင်ထဲကို အခုမှဝင်လာတဲ့ လူသစ်ကလေးကများ ဆယ်ပွဲဆက်တိုက် အနိုင်ရဖို့ စိတ်ကူးယဉ်နေသေးတယ်.. တကယ်ပဲ ဘာပြောရမှန်းတောင် မသိတော့ဘူး.. ကောင်လေး.. ငါမင်းနဲ့ တိုက်မယ်"
အသံနှင့်အတူ ဧရာမ အနက်ရောင် သံမဏိ ဓားရှည်ကြီးကို လွယ်ထားသည့် အရပ်မြင့်မြင့် လူငယ်တစ်ယောက်သည် စင်ပေါ်သို့ ခုန်တက်လာခဲ့သည်။
လူငယ်က သူ၏ နောက်ကျောမှ ဧရာမဓားရှည်ကြီးကို ထုတ်ယူလိုက်ကာ မာနကြီးစွာ ပြောလိုက်သည်။
"ကောင်လေး.. မင်း ဘယ်လိုပုံစံနဲ့ သေချင်လဲ"
ကျန်းချန်၏ မျက်နှာက အေးစက်နေခဲ့သည်။
"စကားများမနေနဲ့.. စတော့.. ငါ့မှာအချိန်မရှိဘူး"
"မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
"နေမင်းဓားသိုင်း"
အရပ်မြင့်မြင့် လူငယ် ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ဧရာမဓားရှည်ကြီးကို ဝှေ့ရမ်းလိုက်ကာ လျှပ်စီးကဲ့သို့ လျင်မြန်သောဓားချက်ကို ထုတ်ဖော်လိုက်၏။
အခန်း(၁၁၇၁)ပြီး၏။
အခန်း(၁၁၇၂)
လူငယ်၏ လျှပ်စီးကဲ့သို့ လျင်မြန်သည့် ဓားချက်ကနေ ထွက်ပေါ်လာသော အသက်စွမ်းအင်သည် ချက်ချင်း ဆိုသလို အချင်းဆယ်ပေခန့်ရှိ ရွှေအိုရောင် နေမင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုရွှေအိုရောင်နေမင်း၏ အထက်တွင် မီးတောက်များ တလူလူ လွှင့်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ပြာဖြစ်စေတော့မတတ် ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကို ထုတ်လွှတ်နေခဲ့၏။
ကျန်းချန်က သူ့ဆီသို့ ချဉ်းကပ်လာသော ရွှေအိုရောင်နေမင်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
ထိုအခိုက်တွင် သွေးနဂါးဓားသည် လေထဲကနေ ရုတ်တရက် သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
သူက ရွှေအိုရောင်နေမင်းကို ရှောင်တိမ်းရမည့်အစား ရှေ့သို့တိုးဝင်ကာ သွေးနဂါးဓားဖြင့် ထိုးသွင်းလိုက်သည်။
"ရှဲ"
မကြားရသလောက်နီးပါး သိမ်မွေ့သော အသံတစ်သံသည် တိုးညင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်၏ ပုံရိပ်သည် ရွှေအိုရောင်နေမင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏအတွင်း ကျန်းချန်၏ပုံရိပ်သည် ရွှေအိုရောင်နေမင်း၏ အခြားတစ်ဖက်ကနေ ဖောက်ထွက်လာခဲ့ပြီး လက်ထဲရှိ သွေးနဂါးဓားဖြင့် လူငယ်၏ လည်ချောင်းကို လျင်မြန်စွာ ထိုးဖောက်လိုက်သည်။
လည်ချောင်းကို ထိုးဖောက်ခံရပြီးနောက်တွင် လည်ပင်းရှိ ဇလုတ်သည် ကျိုးပဲ့သွားခဲ့ပြီး သွေးများသည် ရေပန်းကဲ့သို့ ပန်းထွက်လာခဲ့၏။
လူငယ်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ပြီး အမြင်အာရုံက ချက်ချင်းဆိုသလို မှောင်အတိကျကာ ခန္ဓာကိုယ်က ပြိုလဲကျသွားခဲ့သည်။
"ဒီအရပ်မြင့်မြင့် လူငယ်က နတ်ဝိညာဉ်ဘုရင်နယ်ပယ် တတိယအဆင့် နှောင်းပိုင်း ကျင့်ကြံသူပဲ.. သူက ကျန်းချန်ဆိုတဲ့ ကောင်လေးထက် ကျင့်ကြံခြင်းအဆင့် အနည်းငယ် ပိုမြင့်ပြီး ဘာလို့ ရှုံးနိမ့်သွားရတာလဲ"
"ဒီကောင်လေးက ဓားကွက်တစ်ကွက်တည်းနဲ့ သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့သူကို သတ်လိုက်တာလား.. အင်း ဒီကောင်လေးက ဆယ်ပွဲဆက်တိုက် အနိုင်ရဖို့ ရည်ရွယ်ထားတယ်လို့ ကြုံးဝါးရဲတာ အံ့သြစရာမဟုတ်တော့ဘူးပဲ.. ဒီကောင်လေးက တကယ်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ"
ထိုအချိန်တွင် လူတိုင်းသည် ပြိုင်ပွဲစင်မြင့်ထက်မှ ကျန်းချန်ကို အံ့သြတုန်လှုပ်သော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။
ကျန်းချန်ကို စိန်ခေါ်ရန် ပြင်ဆင်ထားသည့် လူများသည် နဖူးမှစီးကျလာသော ချွေးစေးများကို တိုးတိုးတိတ်တိတ် သုတ်နေခဲ့ကြသည်။
သူတို့အနေဖြင့် အရင်ဦးဆုံး စိန်မခေါ်မိသည်ကို ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်နေမိကြသည်။
နဂါးမျှော်စင်ထဲ ဝင်ရောက်လာကြသည့် ကျင့်ကြံသူ အားလုံး နီးပါးသည် စကြာဝဠာထဲရှိ ဂြိုဟ်များမှ ထိပ်တန်းပါရမီရှင်များချည်း ဖြစ်ကြသည်။
ဤနေရာတွင် ကျင့်ကြံခြင်း အဆင့်၌ အဆင့်တူ ပြိုင်ဘက် သို့မဟုတ် ပိုမို အားကောင်းသော ပြိုင်ဘက်ကို ဓားကွက် တစ်ကွက်တည်းဖြင့် သတ်ဖြတ်ရန် မလွယ်ကူပေ။
ထိုကဲ့သို့ လုပ်ဆောင်နိုင်သောသူ အားလုံးနီးပါးသည် နဂါးမျှော်စင်၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
ထိုကဲ့သို့ ပါရမီရှင်များသည် အချိန်အနည်းငယ် ပေးလိုက်သည်နှင့် ဆယ်ပွဲဆက်တိုက် အနိုင်ရရှိသူ ဖြစ်လာနိုင်ပေသည်။
လူတိုင်းက အံ့သြထိတ်လန့်နေသော အချိန်မှာပင် ကျန်းချန်က အရပ်ရှည်ရှည် လူငယ်၏ သိုလှောင်လက်စွပ်နှင့် သက်သေခံတံဆိပ်ပြားကို သိမ်းယူလိုက်သည်။
ထို့နောက်တွင် တိုက်ပွဲစင်မြင့်၏ တာဝန်ခံ ဝန်ထမ်းအချို့သည် အရပ်ရှည်ရှည် လူငယ်၏ ရုပ်အလောင်းကို အလျင်အမြန်ပင် စင်မြင့်ထက်ကနေ သယ်ဆောင်သွားခဲ့သည်။
"ဒုတိယပွဲ.. ငါနဲ့ ဘယ်သူ ရင်ဆိုင်ဦးမလဲ"
ကျန်းချန်က စင်မြင့်ထက်တွင် ဟန်ပါပါရပ်နေခဲ့သည်။
သူ၏ မောက်မာသော လေသံသည် တိုက်ပွဲစင်မြင့် ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။
အလွန်လျင်မြန်စွာပင် ဒုတိယမြောက် ပြိုင်ဘက်သည် တိုက်ပွဲစင်မြင့်ပေါ်သို့ ထပ်မံ ရောက်ရှိလာခဲ့သည်။
၎င်းက နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ၎င်း၏ ခွန်အားသည် အရပ်ရှည်ရှည် လူငယ်ထက် များစွာသာလွန်၏။
သို့သော် ထိုသို့ အစွမ်းထက်နေစေကာမူ ကျန်းချန်သည် ထိုလူကို တစ်ကွက်တည်းဖြင့် ပေါ့ပေါ့ပါးပါးပင် သတ်ဖြတ်ခဲ့သည်။
နောက်ထပ် တတိယမြောက်နှင့် စတုတ္ထမြောက် ပြိုင်ပွဲများတွင်လည်း ကျန်းချန်သည် မည်သို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသည်ဖြစ်စေ တစ်ကွက်တည်းဖြင့်ပင် အေးအေးဆေးဆေး အနိုင်ယူခဲ့သည်။
ကျန်းချန်၏ အနိုင်ရရှိမှုသည် လျင်မြန်စွာပင် လေးပွဲဆက်တိုက် အနိုင်ရရှိမှုထိ ရောက်ရှိလာခဲ့သည်။
ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့၏။
သိထားရမည်မှာ ကျန်းချန်၏ တတိယမြောက်နှင့် စတုတ္ထမြောက် ပြိုင်ဘက်များသည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ၎င်းတို့၏ ခွန်အားသည် နဂါးမျှော်စင်၏ ပထမအထပ်တွင် ထိပ်ဆုံး တစ်ရာ၌ ပါဝင်ရန် လုံလောက်၏။
သို့သော်လည်း ထိုကဲ့သို့ အစွမ်းထက်သောသူများကိုပင် ကျန်းချန်သည် ဓားတစ်ကွက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။
ဤသည်ကပင် ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်က နဂါးမျှော်စင်၏ ပထမထပ်တွင် ထိပ်ဆုံးဖြစ်နေသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
"ပဉ္စမမြောက်ပွဲပဲ.. ဘယ်သူ ငါနဲ့ ရင်ဆိုင်မလဲ"
တိုက်ပွဲစင်မြင့်မှ ဝန်ထမ်းများက သူ့ရှေ့မှ အလောင်းကို သယ်သွားပြီးနောက်တွင် ကျန်းချန်၏ စကားသံသည် လေထုထဲတွင် ထပ်မံ ပြန်ပေါ်လာပြန်သည်။
ဤတစ်ခေါက်တွင်မူ ကျန်းချန်သည် မည်သူ့ထံမှ တုံ့ပြန်မှုကို မရရှိတော့ပေ။
ပတ်ဝန်းကျင် တစ်ခုလုံးသည် ဤအချိန်တွင် တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကျင့်ကြံသူ ထောင်ပေါင်းများစွာ ရှိနေသော်လည်း မည်သူကမှ တိုက်ပွဲစင်မြင့်ပေါ် တက်ရန် မဝံ့ရဲတော့ပေ။
ဤသို့ဖြင့် ကျန်းချန်သည် ပဉ္စမပွဲ အတွက် ရင်ဆိုင်မည့် ပြိုင်ဘက်ကို ရှာမတွေ့နိုင် ဖြစ်နေခဲ့သည်။
အခန်း(၁၁၇၂) ပြီး၏။
အခန်း(၁၁၇၃)
တိုက်ပွဲစင်မြင့်ထဲတွင် ပုံမှန်မဟုတ်သည့် တင်းမာသော လေထုတစ်ခု ကြီးစိုးနေခဲ့သည်။
ကျန်းချန်က စင်မြင့်ထက်တွင် တစ်ကိုယ်တည်း ဝင့်ကြွားစွာ ရပ်နေခဲ့၏။
သူ၏ပတ်ဝန်းကျင်မှ ဆူညံသံများသည် လုံးဝကို တိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်။
လူတိုင်းက ကျန်းချန်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။
သို့သော်လည်း မည်သူကမှ ကျန်းချန်၏ ပဉ္စမမြောက်တိုက်ပွဲတွင် ပြိုင်ဘက်မဖြစ်ချင်ကြပေ။
နဂါးမျှော်စင်၏ ပထမထပ်သည် ခွန်အားကွာခြားမှုများပြားသောကြောင့် ခက်ခဲသော အဆင့်တစ်ခုအဖြစ် နာမည်ကြီးသည်။
ပထမထပ်သည် နဂါးမျှော်စင်၏ စစချင်းအထပ်ဖြစ်၍ ဤနေရာကို ဝင်ရောက်လာသည့် ကျင့်ကြံသူများ၏ ခွန်အားအတိမ်အနက်ကို မည်သူမှ အသေအချာ မသိကြပေ။
အသစ်ဝင်လာသူတချို့ ဖြစ်နေစေကာမူ နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဒုတိယအဆင့်နှင့် တတိယအဆင့်ကို လွှမ်းမိုးနိုင်သည့် ကြောက်မက်ဖွယ်အင်အားများ ရှိနေတတ်ကြသည်။
စင်မြင့်ထက်မှ ကျန်းချန်ဟု ခေါ်သည့် ကောင်လေးသည် နဂါးမျှော်စင်ကို ယခုမှသာ ဝင်ရောက်လာသည့် လူသစ်တစ်ယောက် ဖြစ်သည်။
ထိုလူသစ်ကောင်လေး ပြသခဲ့သည့်ခွန်အားသည် အံ့မခန်း ကြောက်မက်ဖွယ်ရာကောင်းပြီး လူသစ်များကြားတွင် အထူးခြားဆုံးနှင့် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဆိုသည်မှာ သံသယဖြစ်စရာမရှိပေ။
နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူကို ဓားချက် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သော ခွန်အားမျိုးသည် နဂါးမျှော်စင်၏ ပထမထပ် တစ်ခုလုံးကို ကြည့်လျှင်ပင် လက်ချိုးရေတွက်၍ ရသည်။
ကျင့်ကြံသူများသည် မိုက်ရူးရဲသည့် ငတုံးများ မဟုတ်ကြပေ။
မည်သူက ကိုယ့်သေတွင်းကိုယ် တူးချင်ပါမည်နည်း။
"လခွမ်း.. စိန်ခေါ်သူ ဘယ်သူမှ မရှိတော့ဘူးလား.. ဒါက ပြိုင်ဘက်မဲ့ အခြေအနေပဲ"
တိုက်ပွဲစင်မြင့်ထက်မှ ထူးဆန်းသောအခြေအနေကို မြင်လျှင် ကျောက်ယာနံဘေးရှိ ငွေရောင်ဝတ်ရုံဝတ်လူငယ်သည် အံ့အားသင့်ကာ ရေရွတ်လိုက်သည်။
ကျောက်ယာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"စီနီယာ.. ပြိုင်ဘက်မဲ့အခြေအနေက ဘာကိုဆိုလိုတာလဲ"
"ပြိုင်ဘက်မဲ့အခြေအနေဆိုတာက တိုက်ပွဲစင်မြင့်ထက်မှာ ဘယ်သူမှ စိန်မခေါ်ရဲတော့တဲ့ အခြေအနေကို ပြောတာပါ"
ငွေရောင်ဝတ်ရုံဝတ် လူငယ်က စိတ်လှုပ်ရှားစွာ ရှင်းပြလိုက်သည်။
"ဒီလို ပြိုင်ဘက်မဲ့အခြေအနေဆိုရင် (၁၀) ပွဲဆက်တိုက် အနိုင်ရရှိဖို့ မလိုဘဲ စစ်ဘုရင်ဘွဲ့ကို တစ်ခါတည်း ရရှိနိုင်တယ်"
ငွေရောင်ဝတ်ရုံဝတ်လူငယ်က ဆက်လက်ရှင်းပြလိုက်သည်။
"ငါ နဂါးမျှော်စင်ကို ရောက်တာ သုံးနှစ်ရှိပြီ.. ဒီနေ့တော့ ပြိုင်ဘက်မဲ့ အခြေအနေကို ဖန်တီးခဲ့သူတစ်ယောက် မွေးဖွားလာတာကို မျက်မြင်တွေ့ခွင့်ရခဲ့ပြီ"
ထိုအချိန်တွင် စင်မြင့်ထက်ရှိ ကျန်းချန်ကမူ ရယ်ချင်သလိုလို၊ ငိုချင်သလိုလို ဖြစ်လာခဲ့သည်။
"ချီးပဲကွာ.. ပြိုင်ဘက်မရှိတော့ဘူးလား"
ဤသည်က သူ၏ ပဉ္စမမြောက် တိုက်ပွဲသာ ရှိပါသေး၏။
မည်သူကမှ သူနှင့် မယှဉ်ပြိုင်လျှင် သူ့အနေဖြင့် မည်ကဲ့သို့ ဆယ်ပွဲဆက်တိုက် အနိုင်ရအောင် လုပ်ဆောင်ရပါမည်နည်း။
အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားခဲ့သည်။
မည်သူကမှ စင်ပေါ်သို့ မတက်လာဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ကျန်းချန်သည် တိုက်ပွဲစင်မြင့်၏ တာဝန်ခံကို မေးမြန်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် စင်ပေါ်သို့ ခုန်တက်လာခဲ့ပြီး ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကြေညာလိုက်သည်။
"အသက်ဆယ်ရှိုက်စာ အချိန်အတွင်း ဘယ်သူကမှ စင်ပေါ်ကို ထပ်မတက်လာတော့ဘူး ဆိုရင် ပြိုင်ဘက်မဲ့အခြေအနေလို့ သတ်မှတ်လိုက်မယ်.. ပြိုင်ဘက်မဲ့အခြေအနေကို ဖန်တီးနိုင်တဲ့သူက စစ်ဘုရင်ဘွဲ့ကို တိုက်ရိုက်ရရှိမှာဖြစ်တယ်"
"လခွမ်း.. တိုက်ပွဲစင်မြင့်မှာ ဒီလိုစည်းမျဉ်းတွေလည်း ရှိသေးတယ်လား"
ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
သူ၏နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
နဂါးမျှော်စင် ပထမထပ်၏ စစ်ဘုရင်ဘွဲ့သည် သူထင်ထားသည်ထက် များစွာပို၍ ရိုးရှင်းပုံရသည်။
ကျန်းချန်က ပြိုင်ဘက်မဲ့ အခြေအနေဖြင့် စစ်ဘုရင်ဘွဲ့ကို တိုက်ရိုက် ရရှိတော့မည်ဟု လူတိုင်းက ထင်မှတ်နေသောအချိန်မှာပင် အေးစက်စက် ရယ်သံတစ်သံသည် ပတ်ဝန်းကျင်တွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့၏။
ချက်ချင်းဆိုသလိုပင် လေတိုးသံနှင့် အတူ ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေသော ပုံရိပ်တစ်ခုသည် ကျန်းချန်၏ ရှေ့သို့ ရိပ်ခနဲ ရောက်လာခဲ့သည်။
"အိုး.. လခွမ်း.. ဒီလူက နတ်ဝိညာဉ်ဘုရင်နယ်ပယ် တတိယအဆင့်ဟ.. နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူက ပထမထပ်မှာ ဘယ်ကတည်းက ပေါ်ထွက်လာတာလဲ"
"သူကရော လူသစ်ပဲလား.. ကြည့်ရတာ မကြာသေးခင်က ဝင်ရောက်လာတဲ့ လူသစ်တွေထဲမှာ အံ့မခန်း ပါရမီရှင်တွေ ပါလာတာ ဖြစ်ရမယ်"
တိုက်ပွဲစင်မြင့်ပေါ်သို့ ဟွမ်ဖျင် တက်လာသည်နှင့် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် တအံ့တသြ ရေရွတ်လိုက်ကြသည်။
ကျန်းချန်က သူ၏ ရှေ့မှ ဟွမ်ဖျင်ကို မြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဘယ်သူလဲမှတ်တယ်.. မင်းကိုး"
ဟွမ်ဖျင်က လှောင်ရယ်ရယ်ကာ ပြန်ပြောလိုက်သည်။
"ဘာလဲ.. ဒီက စည်းမျဉ်းမှာ ငါ့ကို တိုက်ခိုက်ခွင့် မပြုဘူးလို့ မပြဋ္ဌာန်းထားဘူးလေ.. ဟုတ်တယ် မဟုတ်လား"
"သိပ်ဟုတ်တာပေါ့.. မင်းငါနဲ့ ယှဉ်ချင်တယ်ဆို အချိန်မရွေးပါပဲ"
ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် ပဟေဠိဆန်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါမင်းကို စိတ်မပျက်စေရဘူး"
အခန်း(၁၁၇၃)ပြီး၏။