← Chapters

အခန်း (၁၁၇၄-၁၁၇၆)

Vol. 79 Ch. 1174-1176

အခန်း (၁၁၇၄-၁၁၇၆)

Vol. 79 Ch. 1174-1176

အခန်း(၁၁၇၄)

"ဟားဟား.. ကျန်းချန်.. မင်းတိုက်ပွဲအနည်းငယ်လောက် ဆက်တိုက် အနိုင်ရတာနဲ့ပဲ ပထမထပ်မှာ မင်းကို ဘယ်သူမှ အနိုင်မယူနိုင်တော့ဘူးလို့ ထင်နေတာလား.. ငါစင်ပေါ်ကို တက်လာတဲ့ အချိန်ကစပြီး မင်းရဲ့ကံကောင်းခြင်းတွေက အဆုံးသတ်သွားခဲ့ပြီ.. ငါမင်းကို ဘယ်လိုသတ်ဖြတ်ပစ်မလဲ ဆိုတာကိုသာ စောင့်ကြည့်နေလိုက်တော့"

ဟွမ်ဖျင်က အထင်အမြင်သေးစွာ လှောင်ရယ်၍ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ နတ်ဝိညာဉ်ဘုရင်နယ်ပယ် တတိယအဆင့် ခွန်အားအပြည့်သည် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

သူ၏ လက်ထဲမှ ဓားရှည်သည် ချက်ချင်းဆိုသလို လှုပ်ရှားသွားခဲ့ပြီး အပြာရောင် ဓားအလင်းတန်းတစ်ခုကို ဖော်ထုတ်လိုက်သည်။

ထိုအပြာရောင် ဓားအလင်းတန်းသည် ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒနှင့်အတူ ကျန်းချန် ဆီသို့ ဦးတည် ရောက်လာခဲ့၏။

"မဟာအဆင့်ဓားစိတ်ဆန္ဒပါလား"

"နတ်ဝိညာဉ်ဘုရင် နယ်ပယ် တတိယအဆင့် ကျင့်ကြံခြင်းနဲ့အတူ မဟာအဆင့် ဓားစိတ်ဆန္ဒကိုပါ နားလည်ထားတာ ဆိုတော့ ဒီကောင်က ပထမထပ်ရဲ့ စစ်ဘုရင်ဖြစ်ဖို့ စွမ်းအား အပြည့်အဝရှိတာ သေချာသလောက်ပဲ"

"နဂါးမျှော်စင်ကို ဝင်ရောက်လာတဲ့ လူသစ်တွေက ဘာလို့ ဒီလောက်တောင် ပါရမီထူးချွန်နေရတာလဲ.. နဂါးမျှော်စင်ရဲ့ပထမထပ်က တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ"

လူတိုင်းသည် တိုက်ပွဲစင်မြင့်ထက်မှ ကျန်းချန်တို့နှစ်ယောက်ကို ကြည့်ကာ အံ့အားသင့်နေခဲ့ကြသည်။

စစ်ဘုရင်ဟန်လီကပင် ဟွမ်ဖျင်ကို လေးနက်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။

"ဒီဟွမ်ဖျင်ဆိုတဲ့ကောင်က ဒီလောက်ထိ အားကောင်းမယ်လို့ ငါမထင်ထားမိဘူး.. ညီနောင်ကျန်းချန်က သူ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား"

ဟွမ်ဖျင်၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို မြင်လျှင် ကျောက်ယာ၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်သည် ကောင်းကင်ဘုံရွှေနဂါး စာအုပ်ဖြင့် ပါရမီစမ်းသပ်မှုတွင် စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

ဤသည်ကပင် ကျန်းချန်၏ သိုင်းပါရမီသည် ဟွမ်ဖျင်၏ ပါရမီထက် ပိုမိုအားကောင်းသည်ဟု ဆိုလိုနေ၏။

သို့သော်လည်း ကျန်းချန်၏ ပါရမီ မည်မျှပင် အားကောင်းနေပါစေ၊ နတ်ဝိညာဉ်ဘုရင် နယ်ပယ် ပထမအဆင့် ခွန်အားဖြင့် ဟွမ်ဖျင်ကို အနိုင်ယူရန်မှာ အမှန်တကယ် မလွယ်ကူလောက်ပေ။

"ဟားဟား.. မဟာအဆင့် ဓားစိတ်ဆန္ဒကို ငါ့ရှေ့မှာ ဖော်ထုတ်ဝံ့တာလား.. ဒီနေ့ မင်းအမြင်ကျယ်သွားအောင် ကိုယ်ခံပညာရဲ့စစ်မှန်သော အဓိပ္ပာယ်ကို ငါပြသပေးမယ်"

ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။

ထို့နောက်တွင် နားလည်ရခက်သော စွမ်းအားတစ်ခုသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။

ချက်ချင်းဆိုသလိုပင် ဟွမ်ဖျင်သည် မမြင်နိုင်သော အာကာသမုန်တိုင်း တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားခဲ့ရသည်။

ထိုအာကာသ မုန်တိုင်းသည် သူ၏လည်ပင်းကို ညှစ်နေသကဲ့သို့ပင်။

"ပိုင်နက်နယ်မြေရဲ့ စွမ်းအားပါလား.. ဒါက ပြီးပြည့်စုံတဲ့ မဟာအဆင့် စိတ်ဆန္ဒ မဟုတ်လား.. ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဟွမ်ဖျင်က လုံးဝကို ထိတ်လန့်သွားခဲ့သည်။

သူ မတုံ့ပြန်နိုင်ခင်မှာပင် ကျန်းချန်၏ ပုံရိပ်သည် တစ္ဆေကဲ့သို့ ရိပ်ခနဲ ပျောက်ကွယ်သွားခဲ့၏။

နောက်ထပ် တစ်ခဏတွင် ဟွမ်ဖျင်သည် ကမ္ဘာတစ်ဝန်းကနေ လာနေသည့် မမြင်နိုင်သော ဓားစွမ်းအင် ထောင်ပေါင်းများစွာကို ခံစားလိုက်ရသည်။

ထိုဓားစွမ်းအင် တစ်ခုချင်းစီသည် လေထုကို ချိုးဖျက်နိုင်သည့် စွမ်းအင်များ ရှိနေပုံရပြီး ဟွမ်ဖျင်၏ စိတ်ဝိညာဉ်ကို ပြင်းပြင်းထန်ထန် တုန်လှုပ်စေခဲ့သည်။

"ဖူး.."

မမြင်နိုင်သော ဓားစွမ်းအင်များ၏ ရိုက်ခတ်မှုအောက်တွင် ဟွမ်ဖျင်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ပုံပျက်ပန်းပျက်ဖြင့် လွင့်စင်သွားခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် ဟွမ်ဖျင်ကို အသက်ရှုဖို့အခွင့်အရေးပင် မပေးခဲ့ပေ။

သူက လွင့်စင်သွားသော ဟွမ်ဖျင်၏ နောက်သို့ အရိပ်လို ကပ်ပါသွားခဲ့ပြီး လျှပ်စီးလို မြန်ဆန်သော ဓားချက်ဖြင့် ဟွမ်ဖျင်၏ လည်ပင်းကို ထိုးဖောက်ရန် လုပ်ဆောင်လိုက်သည်။

"အကိုကြီး.. ကျွန်တော့်ကို ကယ်ပါဦး"

ထိုအခိုက်အတန့်တွင် ဟွမ်ဖျင်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

ဟွမ်ဖျင်၏ အော်ဟစ်သံ အဆုံးသတ်သည်နှင့် စင်မြင့်ပေါ်တွင် ပြင်းထန်သော လေထု တုန်ခါမှုတစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် တစ္ဆေကဲ့သို့ လျင်မြန်သော ပုံရိပ်တစ်ခုသည် ဟွမ်ဖျင်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့၏။

ထိုလူက ဟွမ်ဖျင်၏ လွင့်စင်လာသော ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်ညှိုးနှင့် လက်ခလယ်ကို အသုံးပြု၍ ကျန်းချန်၏ သွေးနဂါးဓားကို ညှပ်ထားလိုက်သည်။

ထို့နောက်တွင် ထိုလူ၏ တည်ငြိမ်သော လေသံသည် တိုက်ပွဲစင်မြင့်ထက်ကနေ ထွက်ပေါ်လာခဲ့၏။

"မင်းက ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ရဲ့ စံချိန်မှတ်တမ်းကို ချိုးဖျက်ခဲ့တဲ့ ပါရမီရှင်တစ်ဦး ဖြစ်ထိုက်ပါပေတယ်.. ကိုယ်ခံပညာရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ကို ဒီအဆင့်ထိ ကျင့်ကြံနိုင်တာ တကယ်ကို အံ့မခန်းပဲ"

ကျန်းချန်က သူ၏ရှေ့မှ ပုံရိပ်ကိုမြင်လျှင် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

ထို နတ်ဝိညာဉ်ဘုရင် စတုတ္ထအဆင့်မှ လူသည် တခြားသူ မဟုတ်ပေ။

ရွှေနဂါးမြို့ကို ကျန်းချန် စရောက်ခါစတွင် အန္တရာယ်ရှိသည်ဟု ကျန်းချန် ပထမဆုံး ခံစားမိခဲ့သည့် တစ်ဦးတည်းသောသူပင် ဖြစ်သည်။

အခန်း(၁၁၇၄)ပြီး၏။

အခန်း(၁၁၇၅)

ဟွမ်ဖျင် ရုတ်တရက် ရှုံးနိမ့်သွားပြီးနောက်တွင် ဟွမ်ဖျင်ကို ကယ်ဆယ်ရန် အတွက် လျှို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ဦးသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရောက်ရှိလာသည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ပရိသတ်အားလုံး နီးပါးသည် ခဏမျှ မှင်တက်သွားခဲ့ကြသည်။

"ဒါက ဘယ်လိုအခြေအနေလဲဟ.. ဘာလို့ ဟွမ်ဖျင်က ချက်ချင်းကြီး ရှုံးနိမ့်သွားရတာလဲ"

"ကျန်းချန်က နယ်မြေပိုင်နက် စွမ်းအားရဲ့ စစ်မှန်သောအဓိပ္ပာယ်ကို နားလည်သွားပြီလို့ လျှို့ဝှက်ဆန်းကြယ်တဲ့လူငယ် ပြောတာကို မင်းမကြားလိုက်ဘူးလား"

"ဘာ.. ကျန်းချန်ဆိုတဲ့ ကောင်လေးက နယ်မြေပိုင်နက်စွမ်းအားကို နားလည်သွားပြီတဲ့လား.. ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လူတိုင်းသည် စင်မြင့်ထက်ရှိ ကျန်းချန်ကို ကြည့်ကာ ရင်ထဲတွင် အေးစိမ့်သလို ခံစားလိုက်ရသည်။

နယ်မြေပိုင်နက် စွမ်းအား၏ စစ်မှန်သောအဓိပ္ပာယ် ဆိုသည်မှာ တကယ်တမ်းတွင် ပြီးပြည့်စုံသော မဟာအဆင့် စိတ်ဆန္ဒ၏ အခြားနာမည်တစ်ခု ဖြစ်သည်။

ပြီးပြည့်စုံသော မဟာအဆင့် စိတ်ဆန္ဒသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ထဲတွင် အမြင့်ဆုံးအဆင့် ဖြစ်၏။

ဤအဆင့်သို့ ရောက်လျှင် နယ်မြေပိုင်နက် စွမ်းအားကို အခြေခံအားဖြင့် ပိုင်ဆိုင်လာမည် ဖြစ်သည်။

ယင်းမှာ စွမ်းအားပြောင်းလဲခြင်း လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်၏။

ထိုစွမ်းအင်ကို နယ်မြေပိုင်နက် စွမ်းအင်ဟုလည်း ခေါ်ကြသည်။

စင်စစ် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ်ကို ဤအဆင့်အထိ နားလည်ရန်မှာ မလွယ်ကူပေ။

အထူးသဖြင့် မဟာအဆင့် စိတ်ဆန္ဒနှင့် ပြီးပြည့်စုံသော မဟာအဆင့် စိတ်ဆန္ဒ ဆိုသည်မှာ လုံးဝ ခြားနားသောအဆင့် ဖြစ်သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဆယ်စုနှစ်ချီ သို့မဟုတ် ရာစုနှစ်များစွာ ကုန်ဆုံးခဲ့လျှင်ပင် ဤအဆင့်ကို တက်လှမ်းနိုင်မည် မဟုတ်ပေ။

နတ်ဝိညာဉ်ဘုရင် နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ အများအပြားသည်ပင် တစ်သက်လုံး ကြိုးစားလျှင် နယ်မြေပိုင်နက် စွမ်းအားကို နားလည်ရန် မလွယ်ကူချေ။

ဆိုရလျှင် နယ်မြေပိုင်နက် စွမ်းအားသည် နတ်သန္ဓေ အင်ပါယာများသာ နားလည်နိုင်သည့် စွမ်းရည်တစ်ခု ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့မှ ကျန်းချန်ဟူသော လူငယ်ကမူ နတ်ဝိညာဉ်ဘုရင် နယ်ပယ် ပထမအဆင့်ဖြင့်ပင် နယ်မြေပိုင်နက် စွမ်းအား၏ အခြေခံကို နားလည်နေခဲ့ပြီ ဖြစ်၏။

ထိုသို့သော ပါရမီရှင်သည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းပြီး သာမန်အတွေးဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။

တိုက်ပွဲစင်မြင့်ထက်တွင် ကျန်းချန်သည် သူ၏ ရှေ့မှလူငယ်ကို အချိန်အတော်ကြာ စူးစိုက်၍ ကြည့်နေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် မဲ့ပြုံးပြုံး၍ မေးလိုက်သည်။

"ခင်ဗျား စင်ပေါ်တက်လာတာက ကျွန်တော့်ကို စိန်ခေါ်ချင်လို့လား"

"စိန်မခေါ်ချင်ပါဘူး"

လူငယ်က ခပ်ယဲ့ယဲ့ပြုံး၍ ပြန်ဖြေလိုက်သည်။

"မင်းက တကယ်ပဲ အစွမ်းထက်ပါတယ်.. ဟွမ်ဖျင်က ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားတာ ငါဝန်ခံတယ်.. ငါက သူ့ကိုယ်စား မင်းကို အရှုံးပေးပါတယ်"

ကျန်းချန်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် ပထမအဆင့်သာ ရှိသေးသော်လည်း ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပာယ်အပေါ် နားလည်မှုတွင် အလွန် ကြောက်စရာကောင်းသည့် အဆင့်တစ်ခုကို ရောက်ရှိနေခဲ့သည်။

ဤကဲ့သို့ ပါရမီထူးချွန်သည့် ပုဂ္ဂိုလ်တစ်ဦး၏ တိုက်ပွဲဝင်စွမ်းရည်ကို ကျင့်ကြံခြင်းအဆင့်ဖြင့် တိုင်းတာ၍ မရပေ။

သူ့အနေဖြင့် အင်အားအပြည့်ဖြင့် တိုက်ခိုက်လျှင်ပင် အနိုင်ရမည်ဟု တပ်အပ် မပြောနိုင်ချေ။

သူ နဂါးမျှော်စင်သို့ လာရောက်ရသည့် ရည်ရွယ်ချက်သည် တစ်ခုတည်းသာ ဖြစ်သည်။

ယင်းမှာ နဂါးမျှော်စင်၏ ကိုးထပ်စလုံးကို ကျော်ဖြတ်ပြီး နတ်ဘုရား နယ်မြေကို ဝင်ရောက်ခွင့်ရရန် ဖြစ်၏။

သို့ဖြစ်ရာ ကျန်းချန်ကို အနိုင်ရမရ မသေချာဘဲ သူ့အနေဖြင့် ကျန်းချန်ကို အရမ်းကာရော တိုက်ခိုက်မည် မဟုတ်ပေ။

ထို့နောက်တွင် ထိုလူငယ်သည် ဟွမ်ဖျင်ကို ခေါ်သွားခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် သူ့ကို တားမြစ်ခဲ့ခြင်းမရှိခဲ့ပေ။

ဤလူငယ်လေးသည် အလွန်ပင် အားကောင်းသည်။

သူ့အနေဖြင့် အနိုင်ယူချင်လျှင် သူ၏ ဝှက်ဖဲတချို့ကို အသုံးပြုရမည် ဖြစ်၏။

ဟွမ်ဖျင်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူလိုက်ခြင်းသည် နဂါးမျှော်စင်၏ ပထမထပ်တွင် ရှိသည့် ကျင့်ကြံသူများကို ကြောက်လန့်စေခဲ့ပြီး စစ်ဘုရင်ဘွဲ့ကို ရရှိရန်အတွက် လုံလောက်နေပြီ ဖြစ်ရာ ဤလူငယ်နှင့် တိုက်ခိုက်ပြီး အချိန်မဖြုန်းချင်တော့ပေ။

"ဆဋ္ဌမမြောက်ပွဲ အတွက် ဘယ်သူ ငါ့ကို စိန်ခေါ်ချင်သေးလဲ"

လူငယ်လေးက ဟွမ်ဖျင်ကို ခေါ်ပြီး စင်မြင့်ထက်မှ ဆင်းသွားပြီးနောက်တွင် ကျန်းချန်၏အ သံသည် ပတ်ဝန်းကျင်တွင် ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ မည်သူမှ ကျန်းချန်ကို ထပ်ပြီး မတုံ့ပြန်တော့ပေ။

ပတ်ဝန်းကျင်တစ်ခုလုံးသည် အပ်ကျသံကိုပင် ကြားရလောက်သည်အထိ တစပြင်ကဲ့သို့ တဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။

ကိုးပွဲဆက်တိုက် အနိုင်ရရှိထားသည့် ကျင့်ကြံသူများ ဖြစ်စေ၊ စစ်ဘုရင်ဟန်လီ ဖြစ်စေ အားလုံးသည် ဤအချိန်တွင် ငြိမ်သက်စွာ နေရန်ကိုသာ ရွေးချယ်ခဲ့ကြပြီး ကျန်းချန်ကို စိန်ခေါ်ဝံ့ခြင်း မရှိခဲ့ကြပေ။

ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော အခြေအနေက နာရီဝက်ခန့် ကြာပြီးနောက်တွင် တိုက်ပွဲစင်မြင့်၏ တာဝန်ခံသည် စင်ပေါ်သို့ ထပ်မံ တက်လာခဲ့သည်။

ထို့နောက် သူက အသက်ဆယ်ရှိုက်စာ အချိန် ရေတွက်၍ စောင့်ဆိုင်းခဲ့သော်လည်း အဆုံးသတ်တွင် မည်သူကမှ စင်မြင့်ပေါ်သို့ တက်မလာခဲ့ကြပေ။

"ကျန်းချန်.. မင်းက နဂါးမျှော်စင် ပထမထပ်ရဲ့ ပြိုင်ဘက်မဲ့ အခြေအနေနဲ့ စစ်ဘုရင်ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်"

တာဝန်ခံ၏ ရလဒ် ကြေညာသံကို ကြားလျှင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများသည် ကျန်းချန်ကို တအံ့တသြဖြင့် ကြည့်လိုက်ကြသည်။

နဂါးမျှော်စင်၏ ပထမထပ်တွင် စတုတ္ထမြောက် စစ်ဘုရင်သည် မွေးဖွားလာခဲ့ချေပြီ။

ထို့အပြင် ထိုလူငယ်သည် ပြိုင်ဘက်မဲ့ အခြေအနေဖြင့် စစ်ဘုရင်ဖြစ်လာခဲ့သည့် တစ်ဦးတည်းသောသူလည်း ဖြစ်၏။

ထိုစစ်ဘုရင်၏ နာမည်မှာ ကျန်းချန် ဖြစ်ချေသည်။

အခန်း(၁၁၇၅)ပြီး၏။

အခန်း(၁၁၇၆)

စစ်ဘုရင်ဘွဲ့ကို ရရှိပြီးနောက်တွင် ကျန်းချန်သည် လူအများ၏ အကြည့်အောက်မှာပင် ဆုလာဘ် ချီးမြှင့်သည့် ဌာနသို့ တိုက်ရိုက် သွားကာ ဆုလာဘ်များကို ထုတ်ယူခဲ့သည်။

ဤတိုက်ပွဲအပြီးတွင် ကျန်းချန်သည် ဆုလာဘ် အများအပြားကို ရရှိခဲ့သည်။

ပြိုင်ဘက်မဲ့ အခြေအနေကို ဖြစ်ပေါ်စေခဲ့သောကြောင့် နတ်ခရစ်စတယ် ၅၀ကို ဆုချခံခဲ့ရသည်။

ထို့အပြင် စစ်ဘုရင်ဘွဲ့ကို ရရှိခဲ့ခြင်းကြောင့် နတ်ခရစ်စတယ် ၅၀ နှင့် စစ်ဘုရင် ဂုဏ်ထူးဆောင် ရမှတ် ၁ မှတ်ကို ဆုချခံခဲ့ရသည်။

စစ်ဘုရင်ဂုဏ်ထူးဆောင် ရမှတ်သည် နဂါးမျှော်စင်ရှိ ကျင့်ကြံသူများ၏ အခွင့်အာဏာ အဆင့်အတန်းကို ဖော်ပြ၏။

နဂါးမျှော်စင်ထဲကို ဝင်ရောက်လာသော ကျင့်ကြံသူတိုင်းတွင် စစ်ဘုရင်ဂုဏ်ထူးဆောင်ရမှတ် ၁ မှတ်စီ ရှိကြသည်။

ယခုအခါတွင် ကျန်းချန်သည် စစ်ဘုရင်ဂုဏ်ထူးဆောင် ရမှတ် ၁ မှတ်ကို ထပ်မံရရှိခဲ့သည်။

ထို့ကြောင့် သူ၏အခွင့်အာဏာသည် အဆင့်တစ်ဆင့် မြင့်တက်သွားခဲ့ပြီး နဂါးမျှော်စင်တွင် ရှိသည့် မည်သည့်နေရာတွင်မဆို ၁၀% လျှော့ဈေးကို ခံစားနိုင်မည် ဖြစ်၏။

ဆိုရလျှင် အခွင့်အာဏာ အဆင့် မြင့်မားလေလေ ခံစားရမည့်အကျိုးကျေးဇူးက ပိုများလေလေ ဖြစ်သည်။

ထို့အပြင် နဂါးမျှော်စင်တွင် အထူးနေရာတချို့ ရှိသည်။

ထိုနေရာများကို အခွင့်အာဏာ အဆင့်ဖြင့် ကန့်သတ်ထား၏။

သတ်မှတ်ထားသော အခွင့်အာဏာ အဆင့်သို့ ရောက်ရှိမှသာလျှင် ဝင်ရောက်ခွင့်ကို ရရှိနိုင်သည်။

ဆိုရလျှင် ကျင့်ကြံသူ အများစုအတွက် နဂါးမျှော်စင်သည် အတွေ့အကြုံများ ရယူရာ နေရာတစ်ခုမျှသာ ဖြစ်၏။

စစ်ဘုရင်ဘွဲ့ကို ရရှိထားသော ပါရမီရှင်များသာလျှင် နဂါးမျှော်စင်တွင် တန်ဖိုးထားခံရနိုင်ပြီး နဂါးမျှော်စင်၏ ကိုးထပ်စလုံးကို တိုက်ခိုက်ကာ နတ်ဘုရား နယ်မြေသို့ ဝင်ရောက်ခွင့်ကို ရရှိနိုင်မည် ဖြစ်သည်။

"ကျောက်ယာ.. ငါဒုတိယထပ်ကို သွားဖို့ စီစဉ်ထားတယ်.. ငါမင်းအတွက် နတ်ခရစ်စတယ် ၅၀ လက်ဆောင်ပေးမယ်.. ငါမရှိတုန်း ပထမထပ်မှာ ဂရုစိုက်ပြီး နေဦး"

ကျန်းချန်က ဆုလာဘ်များကို ရရှိပြီးနောက်တွင် နတ်ခရစ်စတယ် ၅၀ကို ကျောက်ယာအား ပေးလိုက်သည်။

နဂါးမျှော်စင်၏ ပထမထပ်သည် ကျန်းချန်အတွက် သိပ်အဓိပ္ပာယ်မရှိလှပေ။

ထို့ကြောင့် ကျန်းချန်သည် နဂါးမျှော်စင်၏ ပထမထပ်တွင် ဆက်လက်နေထိုင်ရန် အစီအစဉ် မရှိခဲ့ပေ။

ဤတစ်ကြိမ် နဂါးမျှော်စင်သို့ ဝင်ရောက်ရာတွင် ကျန်းချန်သည် အတွေ့အကြုံများ ရယူရန်အပြင် နောက်ထပ်ရည်ရွယ်ချက် တစ်ခုမှာ နဂါးမျှော်စင်၏ နဝမထပ်ကို အလျင်မြန်ဆုံး အောင်မြင်စွာ တိုက်ခိုက်ပြီး နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခွင့်အား ရယူရန် ဖြစ်သည်။

အကြောင်းရင်းမှာ နဂါးမျှော်စင်၏ နဝမထပ်သို့ တက်လှမ်းပြီး နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခွင့်ကို ရရှိလျှင် ချက်ချင်း မသွားရန် ရွေးချယ်ခွင့်ရှိသောကြောင့် ဖြစ်သည်။

သို့မှသာ သူက ရှန်းဝူတိုက်ကြီးသို့ ပြန်သွားနိုင်မည် ဖြစ်ပြီး ရှန်းဝူတိုက်တွင် ကျန်ရှိနေသည့် ကိစ္စများကို ပြီးစီးအောင် ဆောင်ရွက်နိုင်မည် မဟုတ်ပါလား။

ရှန်းဝူတိုက်ကနေ နတ်ဘုရားနယ်မြေသို့ သွားရာလမ်းကို ရှာတွေ့နိုင်လျှင်မူ အကောင်းဆုံး ဖြစ်သည်။

သို့မဟုတ်လျှင် သူ့အနေဖြင့် ရွှေနဂါးမြို့ကို တဖန်ပြန်လာရမည် ဖြစ်ပြီး ဤနေရာကနေ နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရမည် ဖြစ်၏။

"ညီနောင်ကျန်းချန်.. ကျေးဇူးအများကြီးတင်ပါတယ်.. မင်းရဲ့ခရီးစဉ် ချောမွေ့ပြီး နဂါးမျှော်စင်ရဲ့ နဝမထပ်ထိ အောင်မြင်စွာ ရောက်ရှိပါစေလို့ ငါဆုတောင်းပါတယ်"

ကျောက်ယာက ကျန်းချန်ကို စိတ်ရင်းကနေ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

နဂါးမျှော်စင်၏ ပထမထပ်တွင် တစ်လကြာ နေထိုင်လျှင် နတ်ခရစ်စတယ် ၁ ခု ကုန်ကျမည် ဖြစ်၏။

သူ၏ ကိုယ်စွမ်းကိုယ်စဖြင့် ဆိုလျှင် ဤနေရာတွင် အသက်ရှင်ရပ်တည်ရာမှာ မလွယ်ကူပေ။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် နတ်ခရစ်စတယ် ၅၀ ကို လက်ဆောင်ပေးခဲ့သည်။

သို့ဖြစ်ရာ သူ့အနေဖြင့် နဂါးမျှော်စင်၏ ပထမထပ်တွင် မည်သည့်ပြဿနာမှာ မရှိဘဲ ၂ နှစ်ခန့်အထိ အေးဆေးစွာ ကျင့်ကြံနိုင်တော့မည် ဖြစ်သည်။

သူ၏ခွန်အား တိုးတက်လာသောအခါတွင် ပထမထပ်၏ စစ်ဘုရင်ဘွဲ့ကို ရယူပြီး ထိုထက် ပိုမိုမြင့်မားသော အထပ်သို့ သွားရောက်၍ အတွေ့အကြုံများကို ရယူနိုင်မည် ဖြစ်၏။

ကျန်းချန်က ကျောက်ယာကို နှုတ်ဆက်ပြီးနောက်တွင် ဒုတိယထပ်ကို ဦးတည်သည့် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ပေါ်သို့ တက်လိုက်သည်။

"နဂါးမျှော်စင်ရဲ့ ဒုတိယထပ်ကနေ ကြိုဆိုပါတယ်"

တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ဖြင့် ဒုတိယထပ်ကို ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဧည့်ကြိုဖြစ်သည့် တာဝန်ခံမိန်းကလေးသည် ပြုံးပြ၍ နှုတ်ဆက်လိုက်သည်။

"ဘာကူညီပေးရမလဲ"

ကျန်းချန်က ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။

"ကျွန်တော့်အတွက် အရင်ဆုံး နေစရာနေရာ ရှာပေးပါ"

ဒုတိယထပ်မှ ကျင့်ကြံသူများ၏ ခွန်အားသည် ပထမထပ်ရှိ ကျင့်ကြံသူများထက်များစွာ ပို၍ အားကောင်းသည်။

ထို့ကြောင့် သူ့အနေဖြင့် အရင်းအမြစ် အချို့ကို သုံးစွဲပြီး သူ၏ခွန်အားကို တိုးတက်အောင် လုပ်ရန်အတွက် နေရာတစ်ခုကို ရှာဖွေရန် စီစဉ်ထားခဲ့သည်။

သူ၏ခွန်အားကို စိတ်ချရသည်အထိ တိုးတက်အောင် လုပ်ဆောင်ပြီးမှသာလျှင် တိုက်ပွဲစင်မြင့်သို့ သွားပြီး ဒုတိယထပ်ရှိ စစ်ဘုရင်ကို စိန်ခေါ်မည် ဖြစ်၏။

တာဝန်ခံမိန်းကလေးက ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

"ဒုတိယထပ်မှာ သာမန် နေအိမ်က တစ်လကို နတ်ခရစ်စတယ် ၂ ခုကုန်ကျပြီး သီးသန့် နေအိမ်က တစ်လကို နတ်ခရစ်စတယ် ၅ ခု ကုန်ကျတယ်.. ဘယ်လိုနေရာကို ရွေးချယ်ချင်ပါသလဲ"

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"သီးသန့်နေအိမ်ကိုပဲ ရွေးချယ်မယ်"

ကျောက်ယာကို နတ်ခရစ်စတယ် ၅၀ ပေးလိုက်ပြီး နောက်တွင် ကျန်းချန်၌ နတ်ခရစ်စတယ် ၁၆၀ ကျန်ရှိနေသေးသည် ဖြစ်ရာ တစ်လ ကုန်ကျစရိတ် နတ်ခရစ်စတယ် ၅ ခုသည် သူ့အတွက် ဘာမှမဟုတ်ပေ။

"ကောင်းပါပြီ သခင်လေး.. ကျေးဇူးပြုပြီး ကျွန်မ နောက်ကနေ လိုက်ခဲ့ပေးပါ"

ထို့နောက်တွင် တာဝန်ခံ မိန်းကလေးသည် ကျန်းချန်ကို သီးသန့်နေအိမ် ဆီသို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့သည်။

အခန်း(၁၁၇၆)ပြီး၏။

All Chapters