← Chapters

အခန်း (၁၁၈၀-၁၁၈၂)

Vol. 79 Ch. 1180-1182

အခန်း (၁၁၈၀-၁၁၈၂)

Vol. 79 Ch. 1180-1182

အခန်း(၁၁၈၀)

ခုံးယန်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် တိုက်ပွဲစင်မြင့်ထက်တွင် နတ်ဘုရားတစ်ပါး ကဲ့သို့ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏ စွမ်းဆောင်ရည်သည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။

"ဒီကလေးက အရမ်းကြောက်ဖို့ကောင်းတာပဲ"

ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံးသည် အသက်ရှုမှားမတတ်ပင် ဖြစ်ကုန်ကြသည်။

နဂါးမျှော်စင် ဒုတိယထပ်ရှိ ကျင့်ကြံသူများကို တစ်ကိုယ်တော် စိန်ခေါ်ခြင်းသည် မည်မျှပင် မိုက်မဲသောလုပ်ရပ်လဲဟု သူတို့တွေးနေမိကြသည်။

"ကျန်းချန် သိပ်ပြီး မာန်တက်မနေနဲ့ မင်းနဲ့တိုက်ခိုက်ဖို့ ငါလာပြီ"

စကားသံနှင့်အတူ ရွှေရောင်ဝတ်ရုံဝတ် လူငယ်တစ်ယောက်သည် မြေပြင်ကို ခြေတစ်ချက်ဆောင့်နင်းကာ စင်မြင့်ဆီသို့ ပျံဝဲ၍ တက်သွားခဲ့သည်။

"ဟားဟား.. နဂါးမျှော်စင်ဒုတိယထပ်မှာ မင်းနဲ့ရင်ဆိုင်ရဲတဲ့သူ မရှိတော့ဘူးများ ထင်နေလား"

"ယန်ဖန်း.. ငါ ဒီတိုက်ပွဲမှာ မင်းနဲ့အတူ ဒီကောင့်ကိုတိုက်မယ်"

စကားသံနှင့်အတူ နောက်ထပ် ပုံရိပ်တစ်ခုသည် တိုက်ပွဲစင်မြင့်ထက် ဆီသို့ ခုန်တက်လာခဲ့သည်။

"ဟိုကောင်လေးကို ယန်မိသားစု ညီနောင်နှစ်ယောက်က ပူးပေါင်းတိုက်ခိုက်တော့မယ်ဟ"

ပြိုင်ပွဲစင်မြင့်ထက်သို့ တက်လာသည့် လူနှစ်ယောက်ကိုမြင်လျှင် အောက်ဘက်ရှိ ပရိသတ်အားလုံးသည် အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။

ယန်မိသားစု ညီအစ်ကိုနှစ်ယောက်သည် နဂါးမျှော်စင် ဒုတိယထပ်ရှိ ကျင့်ကြံသူများနှင့် မစိမ်းပေ။

စင်မြင့်ပေါ်သို့ နောက်ကျမှ ခုန်တက်လာသည့် ယန်ထုံသည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့် အစောပိုင်းကျင့်ကြံသူဖြစ်ပြီး ရှစ်ပွဲဆက်တိုက် အနိုင်ရရှိထားသူဖြစ်သည်။

ထို့အပြင် ၎င်းသည် နဂါးမျှော်စင် ဒုတိယထပ်၏ ထိပ်ဆုံးအယောက်နှစ်ဆယ် စာရင်းထဲတွင် ပါဝင်သည်။

စင်မြင့်ပေါ်သို့ ပထမဆုံးတက်လာခဲ့သူ ဖြစ်သည့် ယန်ဖန်းကမူ နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့် အလယ်အလတ် ကျင့်ကြံသူ ဖြစ်ပြီး ကိုးပွဲဆက်တိုက် အနိုင်ရရှိထားသူဖြစ်သည်။

နဂါးမျှော်စင် ဒုတိယထပ်ရှိ စစ်ဘုရင်ငါးဦးမှ လွဲလျှင် နဂါးမျှော်စင် ဒုတိယရှိ ထိပ်ဆုံးသုံးဦး စာရင်းထဲ၌ ကြောက်စရာအကောင်းဆုံးသူတစ်ဦး ဖြစ်သည်။

သူတို့ညီနောင်နှစ်ယောက် ပူးပေါင်းတိုက်ခိုက်သည့် တိုက်ပွဲဝင်စွမ်းရည်များသည် ဒုတိယထပ်ရှိ စစ်ဘုရင် ငါးယောက်ထက် လုံးဝ မနိမ့်ကျပေ။

ထို့ကြောင့် ကျန်းချန်သာ ယန်မိသားစု ညီနောင်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို အနိုင်ယူနိုင်မည်ဆိုလျှင် ဒုတိယထပ်ရှိ စစ်ဘုရင်ကို အနိုင်ယူနိုင်သည့် ခွန်အားရှိသည်ဟု အခြေခံအားဖြင့် သတ်မှတ်နိုင်ပေသည်။

ထိုအချိန်သို့ ရောက်လျှင် ဤဒုတိယထပ်၌ ကျန်းချန်ကို စိန်ခေါ်ရန်အတွက် မည်သူမှ စင်ပေါ်သို့ တက်ရဲတော့မည်မဟုတ်ချေ။

ရှင်းလင်းစွာ ဆိုရလျှင် ကျန်းချန်သာ ယန်မိသားစု ညီနောင်ကို အနိုင်ယူနိုင်ခဲ့လျှင် ပြိုင်ဘက်မဲ့ အခြေအနေကို ဖြစ်သွားစေနိုင်ပြီး ဒုတိယထပ်၏ စစ်ဘုရင်အဖြစ် တိုက်ရိုက်သတ်မှတ်ခံရလိမ့်မည် ဖြစ်၏။

ဤအချိန်တွင် ကျန်းချန်သည် ယန်မိသားစု ညီနောင်နှစ်ယောက်ကို ပေါ့ပါးစွာ ကြည့်လိုက်သည်။

သူ၏ မျက်နှာအမူအရာက လုံးဝကို တည်ငြိမ်အေးဆေးနေခဲ့၏။

သူက အောက်ဘက်သို့ မျက်လုံးဝေ့ကြည့်လိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။

"သူတို့နှစ်ယောက်တည်းလား.. ငါနောက်ဆုံးတစ်ခါ ထပ်မေးမယ်.. ငါ့ကို စိန်ခေါ်ချင်တဲ့သူရှိရင် တစ်ခါတည်းသာ တက်လာခဲ့လိုက်ပါ"

"ဟွန့်..သေခါနီးတောင် စကားကြီးစကားကျယ်တွေ ပြောသေးတယ် ကျန်းချန် မင်းအပိုစကားတွေ ပြောမနေနဲ့တော့ ငါတို့ညီနောင်နှစ်ယောက်ကို စတိုက်လို့ရပြီ.. မင်းငါတို့ ညီနောင်နှစ်ယောက်ကို အနိုင်ယူလိုက်တာနဲ့ ပြိုင်ဘက်မဲ့ အခြေအနေကို ကျိန်းသေ ရောက်သွားလိမ့်မယ်.. နဂါးမျှော်စင်ရဲ့ ဒုတိယထပ်မှာ ဘယ်သူမှ မင်းကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူးလို့ ငါအာမခံတယ်"

ယန်ဖန်းက နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

နဂါးမျှော်စင် ဒုတိယထပ်၏ ကိုးပွဲဆက်တိုက် အနိုင်ရရှိထားသူ တစ်ယောက် အနေဖြင့် ဒုတိယထပ်ရှိ စစ်ဘုရင်ပင် သူ့ကို အထင်မသေးရဲပေ။

ဤကောင်လေးက သူ့ကို ဤမျှအထိ အထင်သေးနေခဲ့သည်ဖြစ်ရာ ဤကောင်လေးကို သူ့အနေဖြင့် ကြီးမားသောအဖိုးအခတစ်ခု ပေးဆပ်စေရပေမည်။

"ဒီလိုဆိုမှတော့ မင်းတို့ကို ငါကျိန်းသေ အနိုင်ယူရတော့မှာပေ့ါ"

ကျန်းချန်က မဲ့ပြုံးပြုံးကာ ရေရွတ်လိုက်ပြီး ချက်ချင်း ဆိုသလို သူ၏ပုံရိပ်သည် ယန်မိသားစု ညီနောင်နှစ်ယောက်ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ်တစ်ခဏတွင် ကျန်းချန်၏ ပုံရိပ်သည် ယန်မိသားစု ညီနောင်နှစ်ယောက်ရှေ့တွင် ရုတ်ခြည်းဆိုသလို ပေါ်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ရွှေရောင် အလင်းတန်းများ ဝန်းရံနေသော လက်သီးနှစ်လုံးသည် ကြောက်မက်ဖွယ် အင်အားများကို သယ်ဆောင်ကာ သူတို့နှစ်ဦး၏ ဦးခေါင်းဆီသို့ ဦးတည်လာခဲ့သည်။

ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် တတိယအဆင့် ဖြစ်သည့်အပြင် မဟာအဆင့် လေဆန္ဒ၏ ခွန်အားကိုပါ ပေါင်းစပ်ထားခဲ့၍ ကျန်းချန်၏အရှိန်အဟုန်သည် ပုံမှန်ထက် အဆပေါင်းများစွာ မြန်ဆန်သွားခဲ့သည်။

အရှိန်အဟုန် တစ်ခုတည်းကို ကြည့်လျှင် နတ်ဝိညာဉ်ဘုရင်နယ်ပယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင် လိုက်မီနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ယန်မိသားစု ညီနောင်နှစ်ယောက်သည် သူတို့၏ ဦးခေါင်းနှင့် အနည်းငယ်မျှသာ လိုတော့သည့် အချိန်တွင်မှ တုံ့ပြန်နိုင်ခဲ့ကြသည်။

ညီနောင်နှစ်ယောက်၏ မျက်နှာအမူအရာက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

သူတို့နှစ်ယောက်က လက်များကို ဝှေ့ယမ်းကာ အလျင်အမြန်ပင် ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအားများကို စုစည်း၍ လက်သီးချက်ကို ခုခံလိုက်သည်။

"ဝုန်း.."

ရွှေရောင်လက်သီးက ယန်မိသားစု ညီနောင်နှစ်ယောက်၏ လက်များကို ပြင်းထန်စွာ ထိမှန်ပြီးနောက်တွင် စင်မြင့်ထက်တွင် ချက်ချင်းဆိုသလို ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့၏။

အခန်း(၁၁၈၀)ပြီး၏။

အခန်း(၁၁၈၁)

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ယန်မိသားစု ညီနောင်နှစ်ယောက်၏ မျက်နှာများသည် ချက်ချင်းဆိုသလို နီရဲသွားခဲ့သည်။

၎င်းတို့၏ ခြေထောက်များက ကြမ်းပြင်နှင့် ပွတ်တိုက်ကာ နောက်ဆုတ်သွားခဲ့သည်။

ခြေဆယ်လှမ်းခန့် နောက်ဆုတ်ပြီးသောအခါမှသာ သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့၏။

ကျန်းချန်၏ လက်သီးချက်ကြောင့် သူတို့၏ လက်မောင်း ထုံကျဉ်သွားသည်ကို ခံစားမိလျှင် ယန်မိသားစု ညီနောင်နှစ်ဦးသည် ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

"သတိထား..ဒီကောင်လေးက ရုပ်ပိုင်းဆိုင်ရာရော ကိုယ်ခံပညာရော နှစ်မျိုးစလုံးမှာ အားကောင်းတယ်"

ယန်ဖန်းက အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး နံဘေးရှိ ယန်ထုံကို အလေးအနက် ပြောလိုက်သည်။

"နှောင့်နှေးနေရင် အခြေအနေတွေ ပြောင်းသွားလိမ့်မယ် သူနဲ့အချိန်မဖြုန်းဘဲ အစွမ်းကုန် တိုက်ကြစို့"

ယန်ထုံ၏ စကားသံဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်များသည် ရုတ်တရက် လှိုင်းထလာခဲ့ပြီး အလွန်ပင် အားကောင်းသော သတ်ဖြတ်လိုစိတ်များသည် ယန်ထုံ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလာခဲ့သည်။

ထိုအချင်းအရာကိုမြင်လျှင် ယန်ဖန်းသည် လုံးဝ တုံ့ဆိုင်းမနေခဲ့ပေ။

တစ်ခဏအတွင်းမှာပင် ယန်ထုံနှင့် ဆင်တူသော အရှိန်အဝါတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

သတ်ဖြတ်လိုစိတ်များ ခန္ဓာကိုယ်ကနေ ပျံ့နှံ့သွားပြီးနောက်တွင် ယန်မိသားစု ညီနောင်နှစ်ယောက်သည် အေးစက်စက် ကြုံးဝါးလိုက်သည်။

၎င်းတို့၏ ကြုံးဝါးသံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

"နတ်ဆိုးသတ်ဖြတ်ခြင်း လက်ဝါးသိုင်း"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ယန်ဖန်း နှင့် ယန်ထုံတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါနှစ်ခုသည် ပြိုင်ပွဲစင်မြင့် တစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက်တွင် သတ်ဖြတ်ခြင်း အရှိန်အဝါထဲကနေ ဧရာမသွေးလက်ဝါးကြီး တစ်ဖက်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို ရိုက်ချလိုက်သည်။

ယန်မိသားစု ညီနောင်နှစ်ဦးသည် မူလကပင် အားမနည်းပေ။

ယခုကဲ့သို့ ပူးပေါင်း တိုက်ခိုက်လိုက်သောအခါတွင် သူတို့၏ စွမ်းအားသည် အလွန်ပင် ကြောက်စရာကောင်းပြီး ပရိသတ်ထဲရှိ ကျင့်ကြံသူ အားလုံးကို တုန်လှုပ်မှုပင် ခံစားရစေသည်။

"ပူးပေါင်းတိုက်ကွက်ပါလား"

သူ့ဆီသို့ ချဉ်းကပ်လာသော ဧရာမ သွေးလက်ဝါးကြီးကို ကြည့်ရင်း ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် မှေးကျဉ်းသွားခဲ့သည်။

သူက စိတ်လှုပ်ရှားလာခဲ့ပြီး အစစ်အမှန် နဂါးနတ်ဘုရား ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလို အမြင့်ဆုံးအထိ လှုံ့ဆော်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်၏ ဦးခေါင်းထက်၌ မီတာရာချီ ရှည်လျားသော ရွှေရောင်နဂါး တစ်ကောင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

"သဘာဝလွန် သွေးမျိုးဆက်စွမ်းအား ကမ္ဘာဖျက်ဆီး နဂါးမီးလျှံ"

ယန်မိသားစု ညီနောင်နှစ်ယောက်၏ ပူးပေါင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ သူ၏ အစွမ်းအထက်ဆုံး ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည့် သွေးစွမ်းအားကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဧရာမရွှေနဂါး၏ ပုံရိပ်က ကောင်းကင်ကနေ ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်မီးလျှံများကို မှုတ်ထုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကျန်းချန် ဆီသို့ ချဉ်းကပ်လာသည့် ဧရာမသွေးလက်ဝါးသည် ရွှေရောင်မီးလျှံနှင့် ထိပ်တိုက်ဆုံသွားခဲ့သည်။

ရွှေရောင်မီးလျှံနှင့် ဧရာမလက်ဝါးက ထိပ်တိုက်ဆုံမိခဲ့သော်လည်း ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်မလာခဲ့ပေ။

ထိုအစား မီးခိုးငွေ့များသာ ပြိုင်ပွဲစင်မြင့် တစ်ခုလုံးကို ထူထပ်စွာ ဖုံးလွှမ်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပြိုင်ပွဲစင်မြင့် တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသည့် ပူပြင်းသော စွမ်းအင်မုန်တိုင်းများဖြင့် ပြည့်လျှံသွားခဲ့သည်။

ထို့ကြောင့် စင်မြင့်ထက်ရှိ အခြေအနေများကို မည်သူမှ ကောင်းစွာမမြင်ရတော့ပေ။

ထို့နောက် မျက်လုံးပေါင်းများစွာ၏ အကြည့်အောက်မှာပင် တိုက်ပွဲစင်မြင့်ကို ဖုံးလွှမ်းနေသော စွမ်းအင်မုန်တိုင်းများသည် အဆုံးသတ်တွင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

ထိုအခါ စင်မြင့်ထက်တွင် ထိခိုက်မှုလုံးဝမရှိဘဲ ဝင့်ကြွားစွာရပ်နေသည့် ကျန်းချန်ကို အားလုံးက မြင်လိုက်ရသည်။

ကျန်းချန်၏ ဆန့်ကျင်ဘက်တွင်မူ ယန်မိသားစု ညီနောင်နှစ်ယောက်သည် ဒယိမ်းဒယိုင် ဖြစ်နေသော ခန္ဓာကိုယ်ကို မနည်းအားပြုကာ မတ်တပ်ရပ်နေခဲ့ရသည်။

သူတို့၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့ပြီး အဝတ်အစားတွင်လည်း စုတ်ပြဲရာ အများအပြား ရှိနေခဲ့သည်။

ထို့အပြင် သူတို့၏နှုတ်ခမ်းထောင့်၌ သွေးစများ ရှိနေခဲ့ပြီး အသက်ရှူနှုန်းသည်လည်း အတော်လေး အားနည်းနေခဲ့သည်။

ကျန်းချန်နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် ယန်မိသားစု ညီနောင်နှစ်ဦးစလုံးသည် ပြင်းထန်သော ထိခိုက်ဒဏ်ရာရမှုများကို ခံစားခဲ့ရပုံရသည်။

"ဒီကောင်လေးရဲ့ခွန်အားက သိပ်ကြောက်ဖို့ကောင်းပါလား"

စင်မြင့်ထက်မှ ယန်မိသားစု ညီနောင်နှစ်ယောက်၏ ဆိုးရွားသော ပုံစံကိုမြင်လျှင် ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူတိုင်းသည် တံတွေးများကိုပင် တိတ်တဆိတ် မျိုချမိလိုက်ကြသည်။

နဂါးမျှော်စင် ဒုတိယထပ်ရှိ ပထမတန်းစားတိုက်ပွဲဝင်နှစ်ဦး။

တစ်ယောက်က ရှစ်ပွဲဆက်တိုက် အနိုင်ရထားပြီး နောက်တစ်ယောက်က ကိုးပွဲဆက်တိုက် အနိုင်ရထား၏။

ထို့အပြင် ထိုနှစ်ယောက်သည် ညီနောင်များဖြစ်ကြပြီး ပူးပေါင်းတိုက်ခိုက်ရာတွင်လည်း အတော်လေး အစွမ်းထက်သည်။

သူတို့နှစ်ယောက်သာ ပူးပေါင်းတိုက်ခိုက်လျှင် ဒုတိယထပ်ရှိ စစ်ဘုရင်ပင် နောက်ဆုတ်သွားရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် ထိုနှစ်ယောက်လုံးကို တစ်ကွက်တည်းဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်။

ကျန်းချန်ပြသခဲ့သည့် ကြောက်မက်ဖွယ် စွမ်းအားများကြောင့် ဤဒုတိယထပ်တွင် ကျန်းချန်ကို ရပ်တန့်နိုင်သည့်သူ မည်သူမှမရှိတော့ပေ။

ဤအတိုင်းသာဆိုလျှင် ပြိုင်ဘက်မဲ့ အခြေအနေမျိုးကို ကျန်းချန်သည် နောက်တစ်ဖန် ကြုံတွေ့ရနိုင်ပေသည်။

အခန်း(၁၁၈၁)ပြီး၏။

အခန်း(၁၁၈၂)

"ကျန်းချန်.. မင်းက တကယ်ပဲ အစွမ်းထက်ပါပေတယ်.. ငါတို့ညီနောင်နှစ်ယောက် ကျေကျေနပ်နပ် အရှုံးပေးတယ်"

ကျန်းချန်က မည်သည့်ဒဏ်ရာမှ မရရှိဘဲ ဝင့်ကြွားစွာရပ်နေသည်ကို မြင်လျှင် ယန်မိသားစု ညီနောင်နှစ်ယောက်သည် ရှင်းပြ၍မရသော ကြက်သီးမွေးညင်းထမှုကို ရုတ်တရက် ခံစားခဲ့ရသည်။

ချက်ချင်းဆိုသလိုပင် သူတို့သည် အရှုံးကို ဝန်ခံလိုက်ကာ ဒဏ်ရာရရှိထားသော သူတို့၏ခန္ဓာကိုယ်ကို ထိန်းချုပ်ရင်း ခွေးပြေးဝက်ပြေး ပြေးသကဲ့သို့ တိုက်ပွဲစင်မြင့်ပေါ်ကနေ ထွက်ပြေးသွားခဲ့ကြသည်။

ဆိုရလျှင် ကျန်းချန်၏ ခွန်အားသည် သူတို့ထင်ထားသည်ထက်ပင် ကျော်လွန်နေခဲ့၏။

သူတို့ညီနောင်နှစ်ဦးက ပူးပေါင်း၍ တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်၏ တိုက်ကွက် တစ်ကွက်လေးကပင် သူတို့ကို သေလုမတတ် ဖြစ်စေခဲ့သည်။

လက်ရှိ အခြေအနေအရ သူတို့သည် ကျန်းချန်၏ရှေ့တွင် ခုခံနိုင်စွမ်း လုံးဝမရှိတော့ပေ။

အကယ်၍ အရှုံးမပေးဘဲ ဆက်တိုက်နေလျှင် ကျန်းချန်၏ လက်ထဲတွင် သူတို့အသက်ကို ပေးလိုက်ရမည် ဖြစ်၏။

ယန်မိသားစု ညီနောင်နှစ်ယောက် ရှုံးနိမ့်မှုအား ဝန်ခံလိုက်သည်ကို မြင်လျှင် ကျန်းချန်သည် ၎င်းတို့ကို ထပ်မံကြည့်ရှုရန် စိတ်မဝင်စားတော့ပေ။

သူက စင်မြင့်အောက်ကို မျက်လုံးဝေ့ကြည့်လိုက်သည်။

သူ၏ အထက်စီးဆန်သော အသံသည် ပတ်ဝန်းကျင်တွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။

"ဘယ်သူ ငါ့ကိုထပ်ပြီး စိန်ခေါ်ချင်သေးလဲ စိန်ခေါ်ချင်ရင် စင်ပေါ်တက်လာခဲ့"

"........."

ကျန်းချန်၏ စိန်ခေါ်သံက ထပ်မံ ထွက်ပေါ်လာသော်လည်း တိုက်ပွဲစင်မြင့်သည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အချင်းချင်း ကြည့်လိုက်ကာ မချိပြုံး ပြုံးလိုက်ကြသည်။

ဤကောင်လေးသည် ယန်မိသားစု ညီနောင်နှစ်ဦးကို အလွယ်တကူ အနိုင်ယူခဲ့သည် ဖြစ်ရာ ဤကောင်လေး၏ ခွန်အားသည် တိုင်းတာ၍ မရလောက်အောင်ပင် နက်ရှိုင်းနေသည်။

ဒုတိယထပ်ရှိ စစ်ဘုရင်အချို့ပင် ကျန်းချန်ကို ရင်ဆိုင်ရလျှင် အနိုင်ရလိမ့်မည်ဟု အာမ မခံနိုင်ပေ။

စစ်ဘုရင် ဖြစ်လာသူတိုင်းသည် အလွန်ပင် သတိထားတတ်ကြသည်။

သို့ဖြစ်ရာ ကျန်းချန်၏ အသေးစိတ် အချက်အလက်များကို မသိရှိဘဲ သူတို့ အနေဖြင့် မည်ကဲ့သို့ ရဲဝံ့စွာ စိန်ခေါ်နိုင်ပါမည်နည်း။

အချိန်က မသိလိုက် မသိဘာသာဖြင့် တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။

ဆယ့်ငါးမိနစ်ခန့် ကုန်ဆုံးသွားသော်လည်း တိုက်ခိုက်ရေးကွင်းပြင်တွင် ကျန်းချန်ကို မည်သူမှ တိုက်ခိုက်ရန် ဆန္ဒမရှိတော့ပေ။

"ကျန်းချန်က ဒုတိယထပ်မှာ ပြိုင်ဘက်မဲ့ အခြေအနေကို ဖြစ်ပေါ်စေခဲ့လို့ ဒုတိယထပ်ရဲ့ စစ်ဘုရင်ဘွဲ့ကို ပေးအပ်လိုက်တယ်"

မည်သူမှ စင်ပေါ်သို့ တက်ရန် မဝံ့ရဲတော့သည်ကို အတည်ပြုပြီးနောက်တွင် အနက်ရောင်ဝတ် တာဝန်ခံသည် ရလဒ်ကို ချက်ချင်းပင် ကြေညာလိုက်သည်။

အနက်ရောင်ဝတ် တာဝန်ခံ၏ ကြေညာချက်ကို ကြားလျှင် လူတိုင်းသည် ကျန်းချန်ကိုကြည့်ကာ အံ့အားသင့်နေခဲ့ကြသည်။

ဤကောင်လေးသည် ပြိုင်ပွဲစင်မြင့်ပေါ်တွင် ပြိုင်ဘက်မဲ့အခြေအနေကို ဖြစ်ပေါ်စေခဲ့ပြီး ဒုတိယထပ်၏ စစ်ဘုရင်ဘွဲ့ကို ရရှိခဲ့သည်။

ထို့ကြောင့် ဤကောင်လေး၏ ပါရမီသည် နဂါးမျှော်စင် တစ်ခုလုံးကို ကြည့်လျှင်ပင် ထိပ်ဆုံးအဆင့်တွင် ရှိနေခဲ့သည်။

ဤကဲ့သို့ ပါရမီဖြင့် ဆိုလျှင် မတော်တဆမှုများ မရှိပါက နဂါးမျှော်စင်၏ နဝမထပ်သို့ ရောက်ရှိနိုင်မည်မှာ သေချာသလောက်ပင်။

တိုက်ပွဲအပြီးတွင် ကျန်းချန်သည် ဆုလာဘ်များစွာကို ထပ်မံရရှိခဲ့သည်။

ဒုတိယထပ်၏ ပြိုင်ဘက်မဲ့ အခြေအနေကို ဖြစ်ပေါ်စေသောကြောင့် ဆုလာဘ်အဖြစ် နတ်ခရစ်စတယ် ၁၀၀ ကို ရရှိခဲ့သည်။

ဒုတိယထပ်၏ စစ်ဘုရင်ဘွဲ့ အတွက်မူ နတ်ခရစ်စတယ် ၁၀၀ နှင့် စစ်ဘုရင် ဂုဏ်ထူးဆောင်ရမှတ် ၁ မှတ် ဆုချခံခဲ့ရသည်။

ဆုလာဘ်ကို ရရှိပြီးနောက်တွင် ကျန်းချန်သည် တိုက်ပွဲစင်မြင့်ထက်တွင် ဆက်လက်နေထိုင်လိုခြင်း မရှိတော့ဘဲ သူ၏အခန်းသို့ တိုက်ရိုက်ပြန်ကာ ထပ်မံ၍ ကျင့်ကြံခဲ့သည်။

နတ်ခရစ်စတယ် ၂၀၀ကို ထပ်မံသုံးစွဲ၍ ကျင့်ကြံပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် ဒုတိယထပ်တွင် မနေတော့ဘဲ တတိယထပ်ကို တိုက်ရိုက် တက်လာခဲ့သည်။

တတိယထပ်ကို ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် တတိယထပ်ရှိ တိုက်ခိုက်ရေးစင်မြင့်ကို တက်သွားကာ ငါးပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး တတိယထပ်၏ ပြိုင်ဘက်မဲ့အခြေအနေကို ဖြစ်ပေါ်စေခဲ့ရာ နဂါးမျှော်စင် တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် တတိယထပ်ကနေ စတုတ္ထထပ်သို့ ပြတ်ပြတ်သားသားပင် ဝင်ရောက်လာခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ကျန်းချန်သည် စတုတ္ထထပ်၌ သန်မာသော ကျင့်ကြံသူ လေးဦးနှင့် ရင်ဆိုင်ခဲ့ရသည်။

အဆုံးသတ်တွင် ကျန်းချန်သည် အချိန်နှင့်အာကာသ ဓားနယ်မြေကို အသုံးပြုကာ ရန်သူလေးဦးကို တစ်ယောက်တည်းရင်ဆိုင်၍ ပြိုင်ဘက်မဲ့ အခြေအနေကို ဖြစ်ပေါ်စေခဲ့ပြီး စတုတ္ထထပ်ရှိ ကျင့်ကြံသူများကို ကြောက်လန့်စေခဲ့သည်။

ထိုလေးယောက်ကို အနိုင်ယူပြီးနောက်တွင် စတုတ္ထထပ်ရှိ မည်သူကမှ သူ့ကို စိန်မခေါ်ဝံ့တော့ပေ။

ဆုလာဘ်ကို လက်ခံရယူပြီးနောက်တွင် ကျန်းချန်သည် ပဉ္စမထပ်ကို ဦးတည်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ တက်လိုက်သည်။

ဆယ်ရက်ပင် မပြည့်သေးသော အချိန်မှာပင် ကျန်းချန်သည် နဂါးမျှော်စင်၏ ပထမထပ်ကနေ ပဉ္စမထပ်ထိ ရောက်ရှိလာခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ် စွမ်းရည်ကို ပိုင်ဆိုင်ထားသည် ကျန်းချန်သည် နဂါးမျှော်စင် တည်ထောင်ခဲ့သည့် နှစ်ပေါင်းရာချီသမိုင်းတွင် အချိန်တိုအတွင်း ပဥ္စမထပ်ကို တက်နိုင်ခဲ့သည့် ပထမဆုံးပုဂ္ဂိုလ်ပင် ဖြစ်သည်။

အခန်း(၁၁၈၂)ပြီး၏။

All Chapters