အခန်း (၁၁၈၃-၁၁၈၅)
Vol. 79 Ch. 1183-1185
အခန်း(၁၁၈၃)
နဂါးမျှော်စင် ပဉ္စမထပ်ကို ရောက်ရှိပြီးနောက်တွင် အထပ်တိုင်းကို လျင်မြန်စွာ ဖြတ်သန်းနေသည့် သူ၏ အရှိန်အဟုန်ကို ခေတ္တရပ်နားခဲ့သည်။
သူက နတ်ခရစ်စတယ် ၅၀ ကို သုံးစွဲကာ သီးသန့်နေအိမ်ကို တစ်လတာ ငှားရမ်းခဲ့သည်။
တတိယထပ်တွင် စစ်ဘုရင်ဘွဲ့ကို ရရှိပြီးနောက်တွင် ကျန်းချန်သည် စုစုပေါင်း နတ်ခရစ်စတယ် ၄၀၀ နှင့် စစ်ဘုရင် ဂုဏ်ထူးဆောင်ရမှတ် ၁ မှတ်ကို ရရှိခဲ့သည်။
စတုတ္ထထပ်တွင်မူ ဆုလာဘ်များက နှစ်ဆ တိုးလာခဲ့၍ ကျန်းချန်သည် နတ်ခရစ်စတယ် ၈၀၀ နှင့် စစ်ဘုရင် ဂုဏ်ထူးဆောင်ရမှတ် ၁ မှတ်ကို ရရှိခဲ့သည်။
ဤ စစ်ဘုရင် ဂုဏ်ထူးဆောင်ရမှတ် ၄ မှတ်သည် ကျန်းချန်ကို နဂါးမျှော်စင်တွင် အခွင့်အာဏာ လေးဆင့်အထိ ရောက်ရှိစေခဲ့သည်။
ထို့အပြင် ကျန်းချန်သည် တတိယထပ်နှင့် စတုတ္ထထပ်များတွင် ကျင့်ကြံသူ ခြောက်ဦးကို သတ်ဖြတ်ခဲ့သည်။
တတိယနှင့် စတုတ္ထထပ်မှ ကျင့်ကြံသူများသည် ပထမထပ်နှင့် ဒုတိယထပ်မှ ကျင့်ကြံသူများထက် များစွာ ကြွယ်ဝချမ်းသာသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ကျန်းချန်က ထိုခြောက်ယောက်ထံမှ ပစ္စည်းများကို လက်ခံရရှိခဲ့သည်။
ထိုခြောက်ယောက်ထံတွင် နတ်ခရစ်စတယ် အရေအတွက် ၂၀၀၀ ရှိနေခဲ့၏။
ထို့ကြောင့် တိုက်ပွဲစင်မြင့်ထက်မှ ဆုလာဘ်များအပြင် ကျန်းချန်၏ လက်ထဲတွင် နတ်ခရစ်စတယ် အရေအတွက်သည် ၃၂၀၀ အထိ ရောက်ရှိသွားခဲ့သည်။
"ဒီနဂါးမျှော်စင်က နတ်ဘုရားနယ်မြေရဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုက တည်ဆောက်ထားတယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တကယ်ကို အတွေ့အကြုံတွေယူဖို့ ကောင်းမွန်တဲ့နေရာတစ်ခုပဲ"
ကျန်းချန်က မချီးကျူးဘဲ မနေနိုင်တော့ပေ။
ဤ နတ်ခရစ်စတယ် ၃၂၀၀ ကိုသာ ကျင့်ကြံခြင်းတွင် အသုံးပြုခဲ့မည် ဆိုလျှင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဝိညာဉ်ဘုရင် နှောင်းပိုင်းအဆင့် ဖြစ်သည့် သတ္တမအဆင့်သို့ ရောက်ရှိအောင် လုပ်ဆောင်ရန် လုံလောက်ပေသည်။
နတ်ဝိညာဉ်ဘုရင်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် သူ၏ တိုက်ပွဲဝင်စွမ်းရည်ဖြင့်ဆိုလျှင် နဂါးမျှော်စင်၏ အဌမထပ်ကို တက်လှမ်းသွားလျှင်ပင် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ဟု ကျန်းချန် ယုံကြည်ခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် သူ၏ နတ်ခရစ်စတယ်များကို ကျင့်ကြံခြင်းအတွက် အလျင်စလို အသုံးမပြုခဲ့ပေ။
အကြောင်းအရင်းမှာ သူ၏ သက်သေခံတံဆိပ်ပြားမှ တစ်ဆင့် သတင်းစကားကို လက်ခံရရှိခဲ့သောကြောင့်ပင်။
နဂါးမျှော်စင်တွင် နောက်သုံးရက်အကြာ၌ ကြီးမားသော လေလံပွဲ တစ်ပွဲကို ကျင်းပမည်ဖြစ်၏။
ထိုလေလံပွဲ၏ ဝင်ခွင့်အတွက် လိုအပ်ချက်မှာ အဆင့်သုံး အခွင့်အာဏာ ဖြစ်သည်။
ကျန်းချန်တွင် အဆင့်လေး အခွင့်အာဏာ ရှိနေခဲ့၍ နဂါးမျှော်စင်တွင် ပြုလုပ်မည့် လေလံပွဲ၌ ပါဝင်ရန် အရည်အချင်း ပြည့်မီနေခဲ့သည်။
ကျန်းချန်သည် နဂါးမျှော်စင်တွင် ကျင်းပပြုလုပ်မည့် လေလံပွဲနှင့်ပတ်သက်၍ စိတ်ထဲတွင် မျှော်လင့်ချက်တချို့ ရှိနေခဲ့၏။
လေလံပွဲတွင် နတ်ဘုရားနယ်မြေတွင်သာ ရှိသည့် အဖိုးတန်ပစ္စည်းတချို့ ရှိနိုင်၏။
ထို့ကြောင့် ကျန်းချန်သည် လေလံပွဲ မကျင်းပမီ သူ၏ လက်ထဲရှိ နတ်ခရစ်စတယ်များကို သုံးစွဲရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သုံးရက်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။
ဤသို့ဖြင့် နဂါးမျှော်စင်၏ လေလံပွဲ ကျင်းပမည့်နေ့ကို ရောက်ရှိလာခဲ့သည်။
ဤနေ့တွင် ကျန်းချန်သည် စောစောစီးစီးပင် နဂါးမျှော်စင် ပဉ္စမထပ်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဆီသို့ ရောက်ရှိလာခဲ့သည်။
နဂါးမျှော်စင်၏ လေလံပွဲ တည်နေရာသည် နဂါးမျှော်စင်၏ နဝမထပ် အပြင်ဘက်ရှိ ဧရိယာတစ်ခုဖြစ်သည်။
ပထမထပ်ကနေ အဌမထပ်အထိ အထပ်တိုင်းတွင် လေလံပွဲကို ဦးတည်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုစီ ရှိကြသည်။
မည်သည့် ကျင့်ကြံသူမဆို အခွင့်အာဏာ တတိယအဆင့်သို့ ရောက်ရှိသရွေ့ လေလံပွဲကို ဝင်ရောက်ခွင့် ရရှိနိုင်မည်ဖြစ်သည်။
သက်သေခံ တံဆိပ်ပြားပေါ်ရှိ အခွင့်အာဏာ တံဆိပ်ပြားကို ပြသပြီးနောက်တွင် ကျန်းချန်သည် လေလံပွဲသို့ ဦးတည်သည့် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
မကြာမီမှာပင် မီတာတစ်ထောင်ခန့် ရှည်လျားသည့် ဧရာမကွင်းပြင်ကြီးတစ်ခုသည် ကျန်းချန်၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။
ထိုကွင်းပြင် ဗဟိုတွင် ရှေးဟောင်းခန်းမတစ်ခုရှိနေခဲ့ပြီး ထိုခန်းမထဲကနေ ရှေးဟောင်း အရှိန်အဝါတစ်ခု ပျံ့နှံ့နေခဲ့သည်။
ထိုအရှိန်အဝါက လူအများကို အထင်မသေးရဲအောင် ဖြစ်စေခဲ့၏။
ရှေးဟောင်းခန်းမ၏ ဝင်ပေါက် တစ်ချက်တစ်ဖက်တွင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူနှစ်ဦးသည် ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် မတ်တပ်ရပ်နေခဲ့ကြသည်။
ထိုနှစ်ဦးက ရုပ်ထုနှစ်ခုကဲ့သို့ပင် မလှုပ်မယှက် ရပ်နေကြ၏။
သူတို့တွင် အသက်စွမ်းအင် လှိုင်းများ ရှိပုံမပေါ်သော်လည်း တိုင်းတာ၍မရနိုင်သော ခံစားချက်ကို လူအများအား ပေးစွမ်းနေခဲ့သည်။
ကျန်းချန်က ထိုနှစ်ဦးထံကနေ အလွန်တရာ အန္တရာယ်ရှိသော အရှိန်အဝါကို ပင်ကိုသိစိတ်ဖြင့် ခံစားလိုက်ရသည်။
ကျန်းချန်သည် ဤကဲ့သို့ အန္တရာယ်ရှိသော အရှိန်အဝါမျိုးကို နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူများထံတွင်သာ ခံစားမိခဲ့သည်။
"လေလံပွဲရဲ့ လုံခြုံရေးတွေက နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူတဲ့လား"
ရှေးဟောင်းခန်းမရှိ လူနှစ်ဦးကို ကြည့်ရင်း ကျန်းချန်သည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
ခန်းမ၏ ဝင်ပေါက်ရှိ ကျင့်ကြံသူနှစ်ဦးသည် နတ်သန္ဓေအင်ပါယာများ ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာပင် မလိုတော့ပေ။
အခန်း(၁၁၈၃)ပြီး၏။
အခန်း(၁၁၈၄)
နတ်သန္ဓေ အင်ပါယာအဆင့်သည် ရှန်းဝူတိုက်ကြီးတွင် နယ်မြေတစ်ခုကို လွှမ်းမိုးရန် လုံလောက်သည်။
သို့သော် နဂါးမျှော်စင်၏ လေလံပွဲတွင်မူ လုံခြုံရေးအဆင့်မျှသာ ရှိသည်။
ဤနဂါးမျှော်စင်သည် နတ်ဘုရားနယ်မြေရှိ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ စစ်ဆေးရေးနေရာ ဟူသော ဂုဏ်ပုဒ်နှင့် တကယ်ပင် ထိုက်တန်မှုရှိပေသည်။
မှန်ပါသည်၊ နဂါးမျှော်စင်၏ လေလံပွဲတွင် နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူနှစ်ဦးကို လုံခြုံရေးအဖြစ် ခန့်ထားရခြင်းမှာ အဓိကအားဖြင့် လေလံပွဲကို ရောက်လာကြမည့် ကျင့်ကြံသူများသည် အလွန် သန်မာကြသောကြောင့် ဖြစ်သည်။
လေလံပွဲတွင် အခွင့်အာဏာအဆင့် သုံးရှိသည့် မည်သူမဆို ပါဝင်နိုင်မည် ဖြစ်သည်။
အခွင့်အာဏာအဆင့် သုံး ရရှိထားသော သူများအားလုံး နီးပါးသည် နဂါးမျှော်စင်၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။
အထူးသဖြင့် နဂါးမျှော်စင် အဌမထပ်နှင့် နဝမထပ်မှ သူများသည် နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်သည်ဟု ဆိုကြသည်။
အကယ်၍ ထိုကဲ့သို့ ကျင့်ကြံသူများကြားတွင် ပဋိပက္ခပြဿနာများ ဖြစ်ပွားခဲ့လျှင် နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူ မရှိခဲ့ပါက အလွန်ပင် အန္တရာယ်များမည် မဟုတ်ပါလော။
လေလံပွဲ အပေါက်ဝရှိ နတ်သန္ဓေအင်ပါယာ ကျင့်ကြံသူနှစ်ဦးကို ခဏမျှ အကဲခတ်ပြီးနောက်တွင် ကျန်းချန်သည် ရှေးဟောင်းခန်းမထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
ကျန်းချန်၏ မြင်ကွင်းရှေ့တွင် မီတာတစ်ရာ ကျယ်ဝန်းသော ခန်းမတစ်ခု ပေါ်လာခဲ့သည်။
ခန်းမကြီး၏ အလယ်ဗဟိုတွင် ဆယ်မီတာအချင်းရှိသော ကျောက်စင်မြင့်တစ်ခု ရှိနေခဲ့၏။
ထိုကျောက်စင်မြင့်၏ ပတ်ပတ်လည်တွင် အနက်ရောင်ကျောက် ထိုင်ခုံ ရာပေါင်းများစွာကို ပြန့်ကျဲစွာ နေရာချထားခဲ့သည်။
ထိုကျောက်ထိုင်ခုံများပေါ်တွင် ထူးခြားသော ခွန်အားများရှိသည့် လူငယ်အချို့သည် ထိုင်နေကြသည်။
ဤလူငယ်အားလုံး၏ ခွန်အားသည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့်အောက် မနိမ့်ကျပေ။
အချို့သောသူများဆိုလျှင် နတ်ဝိညာဉ် ဘုရင်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်းချန် ဝင်ရောက်လာသည်နှင့် ကျောက်ထိုင်ခုံပေါ်မှ လူငယ်များ၏ အကြည့်များသည် ကျန်းချန်ဆီသို့ ကျရောက်လာခဲ့သည်။
၎င်းတို့က ကျန်းချန်ကို အနည်းငယ် အကဲခတ်လိုက်ပြီးနောက်တွင် လျင်မြန်စွာပင် သူတို့၏ အကြည့်များကို ဖယ်ရှားလိုက်ကြသည်။
ကျန်းချန်က နဂါးမျှော်စင်ထဲ ဝင်ပြီး ဆယ်ရက် အတွင်းမှာပင် ပဉ္စမထပ်ကို တိုက်ရိုက် ရောက်ရှိခဲ့သည်။
ထို့ကြောင့် နဂါးမျှော်စင်ကို ဖြတ်သန်းသည့် အရှိန်အဟုန်တွင် နဂါးမျှော်စင်၏ သမိုင်း၌ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီး နဂါးမျှော်စင်တွင် နာမည်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။
သို့သော်လည်း နဂါးမျှော်စင် ပဉ္စမထပ်ထက် ပို၍ မြင့်မားသော အထက်ရှိ လူများသည် ကျန်းချန်ကို နာမည်သာ ကြားဖူးပြီး လူကို မမြင်ဖူးကြပေ။
လက်ရှိတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့်တွင်သာ ရှိသည်။
ထိုသို့သော ကျင့်ကြံခြင်းအဆင့်သည် လေလံပွဲကို ရောက်ရှိလာသူထဲတွင် အားအနည်းဆုံး အဆင့်နီးပါး ဖြစ်နေသောကြောင့် အာရုံစိုက်မှုများစွာကို မရရှိခဲ့ပေ။
ကျန်းချန်က ကျောက်စင်မြင့်နှင့် အနည်းငယ် ဝေးသည့် နေရာတစ်ခုကို ရွေးချယ်ကာ ထိုင်လိုက်ပြီး လေလံပွဲ စတင်မည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
ဤကဲ့သို့ တိတ်တဆိတ် စောင့်နေရင်းဖြင့် နာရီဝက်ခ န့်အချိန်သည် ကုန်လွန်သွားခဲ့သည်။
ခန်းမထဲကို အစွမ်းထက်သောသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့သည်။
အဆုံးသတ်တွင် ခန်းမထဲ၌ လူနှစ်ရာနီးပါး စုဝေး ရောက်ရှိနေခဲ့ကြပြီ ဖြစ်သည်။
ကျန်းချန် သိထားသလောက်ဆိုလျှင် နဂါးမျှော်စင် တစ်ခုလုံးတွင် အခွင့်အာဏာအဆင့် သုံးရရှိထားသည့် ကျင့်ကြံသူပေါင်း နှစ်ရာကျော်ရှိသည်။
ဆိုရလျှင် လေလံပွဲကို နဂါးမျှော်စင်၏ ထိပ်တန်းပါရမီရှင်အားလုံးနီးပါး တက်ရောက်လာကြပြီ ဖြစ်၏။
"ဒေါင်.."
လူငယ်ပါရမီရှင်များ ကျောက်ထိုင်ခုံတွင် နေရာယူပြီးနောက်တွင် သာယာနာပျော်ဖွယ်ကောင်းသော ခေါင်းလောင်းသံ တစ်သံသည် တိတ်ဆိတ်နေသော ခန်းမထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ကျောက်စင်မြင့်ထက်ရှိ အာကာပြင်က တွန့်လိမ်သွားပြီး ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ရှိပြီး ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအိုတစ်ဦးသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူပါလား"
ပိန်ပါးပါး အဘိုးအို၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
နဂါးမျှော်စင်တွင် နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူများသည် နေရာတိုင်းတွင် ရှိနေခဲ့သည်။
သို့ဖြစ်ရာ နတ်ဘုရားနယ်မြေရှိ ရှေးဟောင်းနဂါး မျိုးနွယ်စုသည် မည်မျှပင် ကြီးကျယ်ခမ်းနားမည်ကိုပင် စဉ်းစားစရာပင် မလိုအပ်ပေ။
ကျန်းချန်က ပိန်ပါးပါး အဘိုးအိုကို ငေးကြည့်နေစဉ်မှာပင် ပိန်ပါးပါး အဘိုးအိုသည် ခန်းမထဲကို အနည်းငယ်ဝေ့ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏အိုမင်းသောအသံသည် လူတိုင်း၏နားထဲတွင် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။
"လူကြီးမင်းတို့ကို နဂါးမျှော်စင်ရဲ့ လေလံပွဲကနေ ကြိုဆိုပါတယ်.. နဂါးမျှော်စင်ရဲ့ လေလံပွဲက တရားဝင် စတင်ပြီဖြစ်ကြောင်း ကြေညာအပ်ပါတယ်"
အခန်း(၁၁၈၄)ပြီး၏။
အခန်း(၁၁၈၅)
ပိန်ပါးပါး အဘိုးအို၏ စကားသံဆုံးသည်နှင့် တစ်ပြိုင်နက် ခန်းမထဲရှိ လူတိုင်း၏ အကြည့်သည် အဘိုးအိုဆီသို့ ကျရောက်သွားခဲ့သည်။
နဂါးမျှော်စင်တွင် အခွင့်အာဏာအဆင့်သုံး ရရှိသူများအားလုံးနီးပါးသည် ကျန်းချန်မှလွဲလျှင် နဂါးမျှော်စင်၌ အချိန်များစွာ ကုန်ဆုံးခဲ့သူများ ဖြစ်ကြသည်။
ထို့ကြောင့် သူတို့က နဂါးမျှော်စင်၏ လေလံပွဲတွင် လေလံတင်သော ပစ္စည်းများသည် နတ်ဘုရားနယ်မြေမှ အဖိုးတန်ပစ္စည်းများ ဖြစ်ကြောင်း ကောင်းစွာသိထားကြသည်။
ဤအဖိုးတန်ပစ္စည်းများသည် သူတို့လို လူများအတွက် တကယ်ကိုပင် တွေ့ရခဲသော ရတနာများ ဖြစ်၏။
ထို့ကြောင့် သူတို့၏မျက်လုံးထဲတွင် လိုချင်တပ်မက်သော အရိပ်အယောင်များ ရှိနေခဲ့သည်။
"အခုကစပြီး လေလံပွဲရဲ့ ပထမဆုံးပစ္စည်းကို လေလံတင်တော့မယ်"
စကားဆုံးသည်နှင့် ပိန်ပါးပါးအဘိုးအို၏ လက်ထဲတွင် ရွှေရောင်ဓားရှည် တစ်လက် ပေါ်လာခဲ့သည်။
"ဒီဓားက.."
ကျန်းချန်က ပိန်ပါးပါးအဘိုးအို လက်ထဲရှိ ရွှေရောင်ဓားကို မြင်လျှင် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ဤရွှေရောင်ဓားရှည်သည် မျက်နှာပြင် တောက်ပနေပုံ မရသော်လည်း အရည်အသွေး အလွန်မြင့်မားသည်။
ကျန်းချန်သည် မီတာတစ်ရာ အကွာကပင် ဓားရှည်ထံမှ ကြီးမားသော ဖိအားကို ခံစားခဲ့ရသည်။
"ဒီ နဂါးအရိုး ရွှေရောင်ဓားက အစစ်အမှန် နဂါးအရိုးအစိတ်အပိုင်းကနေ ဖန်တီးထားတဲ့ နဝမအဆင့် ဝိညာဉ်လက်နက်ပဲ ဒီလက်နက်က အရမ်းရှားပါးတဲ့ မှော်လက်နက်လည်းဖြစ်တယ်.. နဂါးအရိုးရွှေရောင်ဓားရဲ့ ကြမ်းခင်းစျေးက နတ်ခရစ်စတယ် ၁၀၀ ပါပဲ.. စိတ်ဝင်စားသူတွေက အခုကနေစပြီး စျေးစပေးလို့ရပြီ"
ပိန်ပါးပါးအဘိုးအို၏ မိတ်ဆက်စကားကို ကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
နဝမအဆင့် ဝိညာဉ်လက်နက်သည် ဝိညာဉ်လက်နက်များထဲတွင် အဆင့်အမြင့်ဆုံး ဖြစ်သည်။
ရှန်းဝူတိုက်ကြီးတွင် နဝမအဆင့် ဝိညာဉ်လက်နက်သည် အလွန်ပင် ရှားပါးသည်။
ထိုကဲ့သို့သော လက်နက်ကို ဒဏ္ဍာရီလာ အင်ပါယာအဆင့် ကျင့်ကြံသူများသာ အသုံးပြုကြ၏။
ယခုအခါတွင် ထိုမှော်လက်နက်သည် လေလံပွဲ၌ ပထမဆုံး လေလံတင်သည့် ပစ္စည်း ဖြစ်လာခဲ့သည်။
လေလံပွဲအများစု၏ သဘောတရားအရ ပထမဆုံး လေလံတင်သည့် ပစ္စည်း၏ တန်ဖိုးက မြင့်မားလေလေ နောက်ပိုင်းတွင် လေလံတင်မည့် ပစ္စည်းများ၏ အဆင့်အတန်းက ပို၍ မြင့်မားလေလေ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်သည် နောက်ထပ် လေလံတင်မည့် ပစ္စည်းများကို မည်သည့်အရာများ ဖြစ်နေမလဲဟု စိတ်ဝင်တစား ရှိနေခဲ့သည်။
"နတ်ခရစ်စတယ် ၁၅၀"
ထိုအချိန်တွင် တစ်ယောက်က စျေးစတင်ပေးလိုက်သည်။
နဝမအဆင့် ဝိညာဉ်လက်နက်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူအတွက် တကယ်ကို နတ်ဘုရားအဆင့် လက်နက်တစ်ခုဖြစ်သည်။
ထိုလက်နက်သာ ဓားသိုင်း အထူးပြုသည့် ကျင့်ကြံသူ လက်ထဲ ရောက်ရှိသွားလျှင် ထိုပုဂ္ဂိုလ်၏ တိုက်ပွဲဝင်စွမ်းရည်သည် အနည်းဆုံး သုံးဆခန့် မြင့်တက်လာနိုင်ပေမည်။
အကြိမ်ပေါင်းများစွာ စျေးပြိုင်ပေးပြီးနောက်တွင် နဝမအဆင့် ဝိညာဉ်လက်နက်ဖြစ်သည့် နဂါးအရိုး ရွှေရောင်ဓားကို အနက်ရောင်ဝတ် လူငယ်တစ်ဦးသည် နတ်ခရစ်စတယ် ၃၀၀ ဖြင့် ဝယ်ယူသွားခဲ့သည်။
ဤ နဂါးအရိုး ရွှေရောင်ဓားက ကောင်းမွန်သော်လည်း ဓားကို ကောင်းစွာ အသုံးပြုတတ်သည့် ကျင့်ကြံသူသည် အနည်းငယ်သာ ရှိ၍ ထိုလူငယ်အတွက် ပြိုင်ဘက် သိပ်မရှိလှပေ။
"ဒုတိယပစ္စည်းကို လေလံတင်တော့မယ်"
နဂါးအရိုးရွှေရောင်ဓားကို လေလံတင်ပြီးနောက်တွင် ပိန်ပါးပါးအဘိုးအို၏ လက်ထဲတွင် ဒုတိယမြောက် လေလံတင်မည့်ပစ္စည်းသည် ပေါ်လာခဲ့သည်။
ထိုဒုတိယ လေလံတင်မည့်ပစ္စည်းမှာ လက်သီးဆုပ်အရွယ်ခန့်ရှိသည့် ရွှေရောင်အသီးတစ်ခုဖြစ်သည်။
ထိုရွှေရောင်သစ်သီးပေါ်တွင် နဂါးစွမ်းအင် အရှိန်အဝါ တစ်စွန်းတစ်စ ထွက်ပေါ်နေခဲ့သည်။
"နဂါးသွေးနတ်ဆိုးသစ်သီး ဒီသစ်သီးက အစစ်အမှန်နဂါးတစ်ကောင် သေဆုံးခြင်းကနေ မွေးဖွားလာတဲ့ ဝိညာဉ်သစ်သီးတစ်မျိုးပဲ.. ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ရှားပါးတဲ့ရတနာဖြစ်တဲ့အပြင် ကျင့်ကြံသူရဲ့ခွန်အားကို များစွာ တိုးမြှင့်ပေးနိုင်ပြီး သွေးစွမ်းအား နိုးထလာမှုအပေါ် သိသာတဲ့ အကျိုးသက်ရောက်မှု ရှိစေတယ်"
ပိန်ပါးပါး အဘိုးအို၏ မိတ်ဆက်စကားကို ကြားလျှင် ခန်းမထဲရှိ လူတိုင်း၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာခဲ့သည်။
ကျန်းချန်ပင်လျှင် ဤ နဂါးသွေးနတ်ဆိုးသစ်သီးကို အလွန်တရာ စိတ်ဝင်စားခဲ့သည်။
ကျန်းချန်ကိုယ်တိုင် အတွက်မူ နဂါးသွေးသစ်သီးကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းသည် နတ်ခရစ်စတယ်ကို အသုံးပြု၍ တိုးတက်အောင် လုပ်ဆောင်ခြင်းထက် စျေးသက်သာချင်မှ သက်သာလိမ့်မည်။
ထို့အပြင် သူ၏ လက်ရှိသွေးစွမ်းအားသည် အဆင့်မနိမ့်တော့၍ နဂါးသွေးသစ်သီး တစ်လုံးသည် သူ၏သွေးစွမ်းအားအပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု ရှိမည်မဟုတ်တော့ပေ။
သို့သော်လည်း ဤ နဂါးသွေးနတ်ဆိုးသစ်သီးသည် သူ၏ သားရဲထိန်းသိမ်းခြင်း အိတ်ထဲမှ မီးလျှံသားရဲ အတွက်မူ ရှားပါးသည့် ရတနာတစ်ပါး ဖြစ်သည်။
ယခုအခါတွင် မီးလျှံသားရဲသည် အချိန်အတော်ကြာ အိပ်စက်နေခဲ့သည်။
ဤ နဂါးသွေးနတ်ဆိုးသစ်သီးကိုသာ ရခဲ့လျှင် မီးလျှံသားရဲသည် နိုးထလာပြီး ထပ်မံ ပြောင်းလဲလာရန် မျှော်လင့်ချက် ရှိနိုင်ပေသည်။
အခန်း(၁၁၈၅)ပြီး၏။