← Chapters

အခန်း (၁၁၈၆-၁၁၈၈)

Vol. 80 Ch. 1186-1188

အခန်း (၁၁၈၆-၁၁၈၈)

Vol. 80 Ch. 1186-1188

အခန်း(၁၁၈၆)

"နဂါးသွေး နတ်ဆိုးသစ်သီးရဲ့ ကြမ်းခင်းစျေးက နတ်ခရစ်စတယ် ၁၀၀ ဖြစ်ပြီး တစ်ကြိမ်တိုးမြင့်လိုရင် နတ်ခရစ်စတယ် ၅၀ ထက် နည်းလို့မရဘူး.. ကျေးဇူးပြုပြီး စျေးစတင်ပေးလို့ရပြီ"

ပိန်ပါးပါးအဘိုးအို၏ စကားသံဆုံးသည်နှင့် ခန်းမထဲတွင် ဆက်တိုက်ဆိုသလို စျေးပေးသံများ ထွက်ပေါ်လာခဲ့သည်။

"နတ်ခရစ်စတယ် ၂၀၀"

"နတ်ခရစ်စတယ် ၂၅၀"

".............."

မျက်တောင်တစ်ခတ်အတွင်းမှာပင် နဂါးသွေးနတ်ဆိုးသစ်သီး၏ တန်ဖိုးသည် နတ်ခရစ်စတယ် ၅၀၀ ကို ကျော်သွားခဲ့သည်။

နဂါးသွေးနတ်ဆိုးသစ်သီးကဲ့သို့ အဖိုးတန်ရတနာသည် အချိန်တိုအတွင်း ကျင့်ကြံခြင်းအဆင့်ကို များစွာ တိုးတက်စေနိုင်သောကြောင့် ခန်းမထဲတွင် စိတ်ဝင်စားသူ အများအပြားရှိနေသည်မှာ ထင်ရှားနေ၏။

မည်သို့ပင်ဖြစ်စေကာမူ လူတိုင်းသည် ကျန်းချန်ကဲ့သို့ ကောင်းကင်ကိုပင် အံတုနိုင်သော စနစ်မျိုးဖြင့် နတ်ခရစ်စတယ်၏ စွမ်းအင်ကို အလျင်အမြန် စုပ်ယူကာ ကျင့်ကြံခြင်းကို တိုးမြင့်စေနိုင်သူများ မဟုတ်ကြပေ။

ယေဘုယျအားဖြင့် သာမန်ကျင့်ကြံသူများသည် နတ်ခရစ်စတယ် တစ်ခု၏ စွမ်းအင်ကို စုပ်ယူရန် အနည်းဆုံး တစ်ရက်ကြာမြင့်၏။

သူတို့အနေဖြင့် နတ်ခရစ်စတယ် ရာပေါင်းများစွာ၏ ဝိညာဉ်ကို စုပ်ယူလိုလျှင် အနည်းဆုံး တစ်နှစ်ခွဲကနေ နှစ်နှစ်အထိ ကျင့်ကြံရမည်ဖြစ်၏။

နဂါးမျှော်စင်ရှိ ကျင့်ကြံသူတိုင်းသည် နဂါးမျှော်စင်၏ နဝမထပ်ထိ ရောက်ရှိအောင် ကြိုးစားရန် ဆယ်နှစ်သာ အချိန်ရ၏။

အထူးသဖြင့် နဝမထပ်သို့ ရည်မှန်းထားသော ကျင့်ကြံသူများအတွက် မိနစ်တိုင်း စက္ကန့်တိုင်းသည် အလွန်တရာပင် တန်ဖိုးရှိ၏။

နတ်ခရစ်စတယ်ကို နဂါးသွေးသစ်သီးဖြင့် လဲလှယ်ခြင်းသည် သူတို့၏ ကျင့်ကြံခြင်းကို သက်သာစေနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ နဂါးသွေးသစ်သီး၏ လေလံစျေးနှုန်းက ကြီးမြင့်နေလျှင်ပင် ကျင့်ကြံသူများ၏ စိတ်ထဲတွင် အလွန်သက်သာသည်ဟု ယူဆထားခဲ့သည်။

နဂါးသွေးသစ်သီး၏ စျေးနှုန်းက လျင်မြန်စွာ မြင့်တက်လာခဲ့သော်လည်း ကျန်းချန်သည် လက်လျှော့ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

သူက စျေးပေးတော့မည့် ဆဲဆဲတွင် အေးစက်စက်အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"နတ်ခရစ်စတယ် ၆၀၀"

"ဒီ နဂါးသွေးသစ်သီးကို ငါ ကျွမ်းလီကော လိုချင်တယ်"

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး အသံလာရာဆီသို့ ကြည့်လိုက်ရာ အနက်ရောင်ဝတ် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

ထို အနက်ရောင်ဝတ်လူငယ်သည် မျက်နှာတည်တည်တံ့တံ့ ရှိပြီး အလွန်တရာ အားကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထား၏။

လေလံခန်းမတစ်ခုလုံးရှိ ကျင့်ကြံသူများထဲတွင်ပင် အနက်ရောင်ဝတ်လူငယ်၏ ခွန်အားသည် ထိပ်တန်းအဆင့်တွင် ရှိ၏။

အနက်ရောင်ဝတ်လူငယ်၏ စျေးပေးမှုအပြီးတွင် ခန်းမထဲရှိ ကျင့်ကြံသူများ၏ မျက်နှာအမူအရာများသည် အနည်းငယ် ပြောင်းလဲသွားခဲ့ကြ၏။

သူတို့က နဂါးသွေးနတ်ဆိုးသစ်သီးကို လေလံအပြိုင်ပေးမည့် သူတို့၏ အစီအစဉ်များကို လက်လျှော့လိုက်ကြသည်။

ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

ဤလူငယ်သည် စကားတစ်ခွန်းတည်းဖြင့်ပင် လေလံအပြိုင်ပေးနေကြသည့် ခန်းမထဲရှိ လူများအားလုံးကို နောက်ဆုတ်သွားစေခဲ့သည်။

"ဒီအနက်ရောင်ဝတ်လူငယ်ရဲ့ အဆင့်အတန်းက ဒီနဂါးမျှော်စင်မှာ သာမန် မဟုတ်ဘူးထင်တယ်"

သို့သော်လည်း ကျန်းချန်မှာ နဂါးသွေးသစ်သီးကို လက်လျှော့ရန် အစီအစဉ်မရှိဘဲ တိုက်ရိုက်ပင် စျေးပြိုင်ပေးလိုက်သည်။

"နတ်ခရစ်စတယ် ၆၅၀"

"ဝိုး"

ကျန်းချန်၏ စျေးအပြိုင်ပေးသည့်အသံ ထွက်ပေါ်လာသည်နှင့် ခန်းမထဲရှိ အကြည့်များစွာသည် ကျန်းချန်ထံသို့ ကျရောက်လာခဲ့သည်။

သူတို့၏ မျက်လုံးထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ရှိနေခဲ့၏။

ခံစားချက်မဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား ကျွမ်းလီကော။

အနက်ရောင်ဝတ် လူငယ်သည် နဂါးမျှော်စင် သတ္တမထပ်ရှိ စစ်ဘုရင်ဖြစ်ပြီး နဂါးမျှော်စင်တွင် ကြောက်မက်ဖွယ်အကောင်းဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးအပါအဝင် ဖြစ်သည်။

"ဒီကောင်က နဂါးသွေး သစ်သီးအတွက် ကျွမ်းလီကောနဲ့တောင် ယှဉ်ပြိုင်ရဲတယ်လား တကယ်ကို အရိပ်အကဲ နားမလည်တဲ့ကောင်ပဲ"

ကျန်းချန်၏ စျေးပြိုင်ပေးသံကို ကြားလျှင် အနက်ရောင်ဝတ်လူငယ်သည်လည်း အံ့အားသင့်သွားခဲ့သည်။

သူ၏ ကျွမ်းလီကော နာမည်ကို ကြားပြီးနောက်မှာပင် ခန်းမထဲရှိ လူများသည် စျေးပြိုင်ပေးရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"နတ်ခရစ်စတယ် ၇၀၀"

"ရောင်းရင်း ငါ ကျွမ်းလီကောက နဂါးသွေး နတ်ဆိုးသစ်သီးကို သဘောကျတယ်.. မင်း ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ နဂါးသွေးသစ်သီးကို ငါ့ဆီပေးနိုင်မလား"

အနက်ရောင်ဝတ်လူငယ်က ခေါင်းငဲ့၍ ကျန်းချန်ကိုကြည့်ကာ ပြောလိုက်သည်။

သူ၏ တည်တံ့သောမျက်နှာထက်တွင် "မင်း ငါ့ကိုသဘောမတူရင် သင်ခန်းစာ ကောင်းကောင်းပေးပစ်မည်" ဟူသည့် ပုံစံမျိုးဖြင့် ခြိမ်းခြောက်မှုများ အပြည့်အဝ ထင်ဟပ်နေခဲ့သည်။

ဤအချိန်တွင် ကျန်းချန်၏ မျက်နှာထားသည် တည်ငြိမ်မှု ရှိနေခဲ့၏။

သူက အနက်ရောင်ဝတ်လူငယ် ထံသို့ လှည့်၍ပင် မကြည့်ချေ။

ထိုအခိုက်တွင် သူ၏ အသံသည် ခန်းမတစ်ခုလုံးတွင် ထပ်မံပဲ့တင်ထပ်သွားခဲ့သည်။

"ဝမ်းနည်းပါတယ်.. ဒါက လေလံပွဲဖြစ်တဲ့ အတွက် လေလံစျေး အများဆုံးကို ပေးနိုင်တဲ့သူပဲ လေလံပစ္စည်းကို ပိုင်ဆိုင်ရမှာဖြစ်တယ်.. ဒါ့အပြင် မင်းဘယ်သူလဲ ဆိုတာ ငါမသိတဲ့အတွက် မင်းကို ဘယ်လိုလုပ်ပြီး မျက်နှာသာ ပေးရမှာလဲ"

"နတ်ခရစ်စတယ် ၇၅၀"

အခန်း(၁၁၈၆)ပြီး၏။

အခန်း(၁၁၈၇)

ကျန်းချန်၏ စျေးပေးသံကိုကြားလျှင် လူတိုင်းသည် အသက်ရှူပင် မှားသွားကြသည်။

ဤကောင်လေးသည် ခံစားချက်မဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား ကျွမ်းလီကောနှင့် အမှန်တကယ်ပင် ထိပ်တိုက်ရင်ဆိုင်နေခဲ့၏။

ဤမျှအထိ လုပ်ဆောင်ရန် လိုအပ်ပါသလော။

"ကောင်းပြီလေ.. သိပ်ကောင်းတယ် ကောင်လေး.. မင်းကိုငါ မှတ်ထားလိုက်ပြီ"

ကျွမ်းလီကောက ဒေါသတကြီး ရေရွတ်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သူ ကျွမ်းလီကော ဆိုသည်မှာ မည်သူနည်း။

နဂါးမျှော်စင် သတ္တမထပ်၏ စစ်ဘုရင်ဖြစ်ပြီး နဂါးမျှော်စင်ထဲရှိ ကျင့်ကြံသူများထဲတွင် အစွမ်းထက်ဆုံး စာရင်းဝင် ဖြစ်သည်။

သူက နဂါးမျှော်စင်ကို ဝင်ပြီး သုံးနှစ် မပြည့်သေးခင်မှာပင် ပထမထပ်ကနေ သတ္တမထပ်ထိ တက်လာနိုင်ခဲ့သူ ဆိုလည်းမမှားပေ။

ဤကဲ့သို့ တက်လာသည့် ခရီးတစ်လျှောက်တွင် ကျွမ်းလီကောသည် မရေမတွက်နိုင်သော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ရသည်။

ထိုတိုက်ပွဲများတွင် ကျွမ်းလီကောသည် ခံစားချက်မဲ့စွာဖြင့် ပြိုင်ဘက်များကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့သည်။

ဤသို့ဖြင့် သူ၏နာမည်သည် ခံစားချက်မဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား ဖြစ်လာခဲ့သည်။

ဆိုရလျှင် နဂါးမျှော်စင် တစ်ခုလုံးမှာပင် သူ့ကို မျက်နှာသာ မပေးရဲသည့်သူ မရှိသလောက် ဖြစ်၏။

သို့သော်လည်း သူ၏ရှေ့မှ သူ့လောက်ပင် နာမည်မကြီးသည့် ကောင်လေးသည် နဂါးသွေး နတ်ဆိုးသစ်သီး အတွက် သူ့ကို ပေါ်ပေါ်ထင်ထင် ယှဉ်ပြိုင်နေခဲ့သည် ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

ကျွမ်းလီကောက ဒေါသထွက်နေသော်လည်း လေလံစျေးနှုန်းကို အပြိုင်စျေး မပေးတော့ပေ။

နတ်ခရစ်စတယ် ၈၀၀ ဟူသော စျေးနှုန်းသည် ကျွမ်းလီကော သတ်မှတ်ထားသည့် အတိုင်းအတာကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ဤ နဂါးသွေး နတ်ဆိုးသစ်သီး အတွက် နတ်ခရစ်စတယ်များကို တန်ရာတန်ကြေးထက် ပို၍ မဖြုန်းတီးချင်ခဲ့ပေ။

ကျွမ်းလီကော စျေးပြန်မပေးတော့သည်နှင့် ကျန်းချန်သည် နတ်ခရစ်စတယ် ၇၅၀ ဖြင့် နဂါးသွေး နတ်ဆိုးသစ်သီးကို ချောချောမွေ့မွေ့ ဝယ်ယူနိုင်ခဲ့သည်။

လေလံပွဲက ဆက်လက် ကျင်းပနေခဲ့ပြီး လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာသော လေလံပစ္စည်းများသည် တစ်ခုထက်တစ်ခု ပို၍ တန်ဖိုးရှိသော ရတနာများ ဖြစ်လာခဲ့သည်။

လက်နက်များ၊ သိုင်းကျမ်းများ၊ ဆေးဝါးများနှင့် ကောင်းကင်ရတနာများအထိ ပစ္စည်းအမျိုးမျိုးကို ပိန်ပိန်ပါးပါး အဘိုးအိုက လေလံတင်ခဲ့သည်။

လေလံပွဲတွင် လေလံတင်ခဲ့သည့် ပစ္စည်းတိုင်းသည် ရှန်းဝူတိုက်ကြီးတွင် ရှိနေခဲ့လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ရူးသွပ်သွားစေရန် လုံလောက်၏။

ဤလေလံပစ္စည်းများသည် ရှားပါး အဖိုးတန်ပစ္စည်းများ ဖြစ်သော်လည်း စျေးနှုန်းမှာ အလွန်တရာ မြင့်မား၏။

အချို့လေလံပစ္စည်းများဆိုလျှင် မြင့်မားသော စျေးနှုန်းများဖြစ်သည့် နတ်ခရစ်စတယ် ထောင်ချီ ဖြင့်ပင် လေလံတင်ခဲ့သည်။

ကျန်းချန်သည် နဂါးသွေး နတ်ဆိုးသစ်သီးကို လေလံအောင်ပြီးနောက်တွင် အလွယ်တကူ လေလံ ထပ်မဆွဲရဲတော့ပေ။

အင်မော်တယ် ရွှေခန္ဓာကိုယ်ဟု အမည်ရသော အင်ပါယာအဆင့် သိုင်းပညာရပ် တစ်ခုကို တွေ့သောအခါ ကျန်းချန်သည် နတ်ခရစ်စတယ် ၁၅၀၀ သုံးစွဲ၍ ဝယ်ယူခဲ့သည်။

ဤအင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်သည် ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ ဖန်တီးခဲ့သည့် ထူးခြားသော ကျင့်စဉ် ဖြစ်သည်။

ရှန်းဝူတိုက်ကြီး၏ စံနှုန်းအရဆိုလျှင် ပကတိအင်ပါယာ တီထွင်ခဲ့သည့် အင်ပါယာအဆင့် သိုင်းပညာရပ်နှင့် ညီမျှ၏။

ထို့ကြောင့် အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်သည် ကျန်းချန်၏ အချိန်နှင့် အာကာသဓားနယ်မြေဖြင့် ယှဉ်နိုင်သော ကျင့်စဉ်တစ်ခု ဆိုလည်းမမှားပေ။

မှန်ပါသည်၊ ကျန်းချန်အနေဖြင့် ဤ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ဝယ်ယူခဲ့သည့် အဓိကအကြောင်းအရင်းမှာ ထိုကျင့်စဉ်သည် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူများအတွက် အထူး ဖန်တီးထားသော သိုင်းပညာရပ် ဖြစ်နေခြင်းကြောင့်ပင်။

၎င်းက ကျန်းချန် အရင်က ကျင့်ကြံခဲ့ဖူးသည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဉ်နှင့် အနည်းငယ် ဆင်တူသည်။

ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာသည်နှင့်အမျှ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဉ်သည် ကျန်းချန်နှင့် သိပ်မလိုက်ဖက်တော့ပေ။

အကယ်၍ ဤ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကိုသာ တတ်မြောက်ခဲ့မည်ဆိုလျှင် သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် လိုက်ဖက်မှုရှိလိမ့်မည် ဖြစ်သည်။

လေလံပွဲတွင် တန်ဖိုးကြီးမားသော ပစ္စည်းများ ပေါ်ထွက်လာသည်နှင့်အမျှ ခန်းမထဲတွင် စျေးပြိုင်ပေးမှုများသည်လည်း ပို၍ ပြင်းထန်လာခဲ့သည်။

ဤသို့ဖြင့် လေလံပွဲသည် သိပ်မကြာခင် အဆုံးသတ်တော့မည် ဖြစ်သည်။

"လူကြီးမင်းတို့.. ဒီလေလံပွဲရဲ့ နောက်ဆုံးပစ္စည်းကို လေလံတင်ပါတော့မယ်"

စကားဆုံးသည်နှင့် ပိန်ပိန်ပါးပါး အဘိုးအိုက သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ ရွှေရောင်စာလိပ် တစ်လိပ်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

"ဒီပစ္စည်းက ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ရဲ့ ပုံစံတူစာအုပ် မဟုတ်လား"

ပိန်ပါးပါး အဘိုးအို၏ လက်ထဲမှ အလွန်ရင်းနှီးသည့် စာလိပ်ကို ကြည့်ရင်း ကျန်းချန်သည် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အဘိုးအို၏ လက်ထဲရှိ ရွှေရောင်စာလိပ်သည် ပုံပန်းသဏ္ဌာန်ရော ထုတ်လွှတ်နေသည့် အရှိန်အဝါပါ ရွှေနဂါးမြို့တော်ကို ဝင်စဉ်က သူတို့၏ ပါရမီကို စမ်းသပ်ခဲ့သည့် ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်နှင့် လုံးဝနီးပါး တူညီနေခဲ့သည်။

လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းက ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်၏ ပုံစံတူစာအုပ် ဖြစ်နေလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။

အခန်း(၁၁၈၇)ပြီး၏။

အခန်း(၁၁၈၈)

ဤအချိန်တွင် ခန်းမထဲရှိ အခြားသော ကျင့်ကြံသူများကလည်း နောက်ဆုံး လေလံတင်သည့် ပစ္စည်းကို မှတ်မိသွားခဲ့ကြသည်။

အားလုံးက ပိန်ပါးပါးအဘိုးအို၏ လက်ထဲမှ ရွှေရောင်စာလိပ်ကို စူးစိုက်၍ ကြည့်နေခဲ့ကြပြီး မျက်ဝန်းထဲတွင် လိုချင်တပ်မက်သည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။

ဤ ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်သည် ရှေးဟောင်း နဂါးမျိုးနွယ်စု၏ အဖိုးတန်သည့်ပစ္စည်း ဖြစ်ပြီး နတ်ဘုရားမှော်စွမ်းအားများ ပါဝင်နေသည်။

ခန်းမထဲရှိ ကျင့်ကြံသူ အားလုံးသည် ရွှေနဂါး မြို့တော်ကို ဝင်ရောက်စဉ်က ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်၏ ပါရမီစမ်းသပ်မှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးကြသည်။

ထို့ကြောင့် ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်တွင် မည်ကဲ့သို့သော အခန်းကဏ္ဍများ ပါဝင်နေသည်ကို ကောင်းစွာ နားလည်ထားခဲ့ကြသည်။

ဤစာအုပ်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ရန် အတွက် သက်ရောက်မှုများ ရှိနိုင်သော စာအုပ်ဖြစ်သည်။

ထို့အပြင် ပိုမိုမြင့်မားသော နယ်မြေဖြစ်သည့် နယ်မြေပိုင်နက်စွမ်းအားကိုပင် နားလည်နိုင်စေမည် ဖြစ်သည်။

အကယ်၍ သူတို့သာ ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကို ရရှိခဲ့မည်ဆိုလျှင် သူတို့သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ်ကို ပြီးပြည့်စုံသော မဟာအဆင့်ထိ နားလည်နိုင်ပြီး နယ်မြေပိုင်နက်စွမ်းအား၏ စစ်မှန်သော အဓိပ္ပာယ်ကို သံသယဖြစ်ဖွယ်ရာ မရှိ နားလည်ရန် ပိုမို လွယ်ကူသွားလိမ့်မည် ဖြစ်သည်။

"ဟားဟား.. မင်းတို့တွေ ဒီနောက်ဆုံးလေလံပစ္စည်းက ဘာပစ္စည်းလဲဆိုတာ သိပြီးသားဖြစ်မယ်လို့ ငါထင်တယ်.. ဟုတ်တယ်.. ဒီနောက်ဆုံးပစ္စည်းက ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ရဲ့ ပုံတူစာအုပ်ပဲ.. ဒီပစ္စည်းရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ငါအများကြီးပြောစရာ မလိုတော့ဘူးထင်တယ်"

"ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ရဲ့ အကြမ်းဖျင်းစျေးနှုန်းက နတ်ခရစ်စတယ် ၅၀၀ ဖြစ်တယ်.. တစ်ကြိမ် တိုးမြင့်ရင် နတ်ခရစ်စတယ် ၁၀၀ ထက် နည်းလို့မရဘူး"

ပိန်ပါးပါးအဘိုးက ခန်းမထဲရှိ သူများကို ပြုံးရွှင်စွာ ကြည့်လိုက်ပြီးနောက်တွင် တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

"ကဲ လေလံစတင်ပြီ.. စျေးပြိုင်ပေးလို့ရပြီ"

အဘိုးအို၏ စကားဆုံးသည်နှင့် ခန်းမထဲတွင် ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

"နတ်ခရစ်စတယ် ၆၀၀"

"နတ်ခရစ်စတယ် ၇၀၀"

"နတ်ခရစ်စတယ် ၈၀၀"

"............"

"နတ်ခရစ်စတယ် ၂၀၀၀"

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်၏ လေလံစျေးနှုန်းသည် နတ်ခရစ်စတယ် ၂၀၀၀ ကို ကျော်လွန်သွားခဲ့သည်။

ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ခေါင်းခါရုံမှလွဲ၍ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။

တကယ်တမ်းတွင် ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကို ကျန်းချန်သည် အတော်လေး စိတ်ဝင်စားခဲ့သည်။

သို့သော်လည်း နဂါးမျှော်စင်ကို သူဝင်ရောက်ခဲ့သော အချိန်သည် အလွန်တိုတောင်းသောကြောင့် သူ၏ ငွေကြေးအင်အားသည် နဂါးမျှော်စင်မှ ထိပ်တန်းပါရမီရှင် အချို့နှင့် ယှဉ်၍မရခဲ့ပေ။

သူ့တွင် နတ်ခရစ်စတယ် စုစုပေါင်း ၃၀၀၀ ကျော်ရှိရာ နဂါးသွေး နတ်ဆိုးသစ်သီးနှင့် အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်အတွက် အသုံးပြုလိုက်ပြီးနောက်တွင် တစ်ဝက်နီးပါးလောက်သာ ကျန်ရှိတော့သည်။

ထို့ကြောင့် ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကို လေလံစျေးပြိုင်ပေးရန် သူ့တွင် စွမ်းရည်မရှိတော့ပေ။

ပြင်းထန်သော ပြိုင်ဆိုင်မှုများ အပြီးတွင် ကောင်းကင်ဘုံ ရွှေနဂါးစာအုပ်ကို ကျွမ်းလီကောသည် နတ်ခရစ်စတယ် ၆၈၀၀ ဖြင့် အဆုံးသတ်၌ လေလံအောင်သွားခဲ့သည်။

လေလံပွဲ ပြီးဆုံးသွားပြီ ဖြစ်၍ ကျန်းချန်သည် ခန်းမတွင် ဆက်လက်နေထိုင်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

သူက နတ်ခရစ်စတယ် ၂၀၀၀ ကျော်ကို ပေးချေကာ နဂါးသွေး နတ်ဆိုးသစ်သီးနှင့် အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ရယူပြီးနောက်တွင် ခန်းမထဲကနေ ထွက်ခွာသွားရန် ပြင်လိုက်သည်။

"ကောင်လေး.. ရပ်လိုက်စမ်း"

ထိုအချိန်ပင် ကျန်းချန်၏ အနောက်ကနေ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

ကျန်းချန်က သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အနောက်သို့လှည့်ကြည့်လိုက်ရာ သူ့ဆီသို့ လျှောက်လာသော ကျွမ်းလီကောကို တွေ့လိုက်ရသည်။

သူ့ဆီသို့ ချဉ်းကပ်လာသော ကျွမ်းလီကောကို မြင်သော်လည်း ကျန်းချန်၏ မျက်နှာအမူအရာသည် ပြောင်းလဲခြင်း မရှိခဲ့ပေ။

"ဘာကိစ္စရှိလို့လဲ"

ကျန်းချန်၏ စကားကိုကြားလျှင် ကျွမ်းလီကောသည် အေးစက်စက် ပြောလိုက်သည်။

"ကောင်လေး.. နဂါးမျှော်စင်မှာ ငါ့ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ရဲတာ မင်း ပထမဆုံးပဲ.. သတ္တိရှိရင် မင်းရဲ့နာမည်ကို ပြောခဲ့စမ်း"

"ကျုပ်နာမည် ကျန်းချန်.. လက်ရှိ နဂါးမျှော်စင် ပဉ္စမထပ်မှာ ရှိတယ်.. မင်းငါ့ကို ဒုက္ခပေးချင်တယ်ဆိုရင် ပဉ္စမထပ်ရဲ့ တိုက်ပွဲစင်မြင့်ထက်ကို မင်းရဲ့လူတွေ အချိန်မရွေး လွှတ်လိုက်ပါ"

ကျန်းချန်က ကျွမ်းလီကောကို ပေါ့ပါးစွာ ကြည့်၍ ပြောလိုက်ပြီးနောက်တွင် လေလံခန်းမထဲကနေ ထွက်ခွာသွားခဲ့သည်။

နဂါးမျှော်စင်၏ အဆင့်မြင့် အထပ်မှ လူများသည် အောက်ခြေအထပ်များကို ပြန်မဆင်းနိုင်ပေ။

ထို့ကြောင့် ခံစားချက်မဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား ကျွမ်းလီကောသည် အင်အားကောင်းသော်လည်း နဂါးမျှော်စင်၏ ပဉ္စမထပ်ကို ပြန်သွားရန် အဆင်မပြေချေ။

အလွန်ဆုံး သူ့အနေဖြင့် ပဉ္စမထပ်မှ ကျင့်ကြံသူများကို ကျန်းချန်အား ဒုက္ခပေးရန် ညွှန်ကြားရုံသာ တတ်နိုင်မည် ဖြစ်သည်။

"လက်စသတ်တော့ ကျန်းချန်ဆိုတာ မင်းကိုး"

ကျွမ်းလီကောက ထွက်ခွာသွားသော ကျန်းချန်၏ နောက်ကျောကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများသည် ပို၍ပင် အေးစက်လာခဲ့သည်။

ကျွမ်းလီကောသည် အထပ်တိုင်းတွင် ပြိုင်ဘက်မဲ့ အခြေအနေဖြင့် စစ်ဘုရင် ဖြစ်လာခဲ့သော ကျန်းချန်၏ နာမည်ကို မရင်းနှီးဘဲ မနေပေ။

သို့သော်လည်း ဤကောင်လေးသည် သူ့ကို ဆန့်ကျင်ရဲသည့်အတွက် သူ့အနေဖြင့် ဤကောင်လေးကို နဂါးမျှော်စင်တွင် သေဆုံးစေရပေမည်။

အခန်း(၁၁၈၈)ပြီး၏။

All Chapters