← Chapters

အခန်း (၁၁၈၉-၁၁၉၁)

Vol. 80 Ch. 1189-1191

အခန်း (၁၁၈၉-၁၁၉၁)

Vol. 80 Ch. 1189-1191

အခန်း(၁၁၈၉)

လေလံခန်းမတွင် ထွက်လာခဲ့သော ကျန်းချန်သည် နဂါးမျှော်စင် ပဉ္စမထပ်ရှိ သူ၏နေအိမ်သို့ ပြန်လာခဲ့သည်။

ထို့နောက်တွင် သူက ပထမဆုံးအနေဖြင့် နဂါးသွေး နတ်ဆိုးသစ်သီးကို ထုတ်ယူကာ သားရဲ ယဉ်ပါးခြင်းအိတ်ထဲမှ မီးလျှံသားရဲ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

နဂါးသွေး နတ်ဆိုးသစ်သီးကို မျိုချလိုက်ပြီးနောက်တွင် လုံးဝမလှုပ်ရှားခဲ့သော မီးလျှံသားရဲ၏ ဧရာမခန္ဓာကိုယ်သည် အဆုံးသတ်တွင် အနည်းငယ် လှုပ်ရမ်းလာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် မီးလျှံသားရဲ၏ ခန္ဓာကိုယ်ကနေ တောက်ပသော အနီရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး ခပ်ဖျော့ဖျော့ အရှိန်အဝါများသည်လည်း ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။

မီးလျှံသားရဲပေါ်ရှိ သွေးစွမ်းအားက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တိုးမြင့်လာသည်ကို ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

"ငါထင်ထားတဲ့အတိုင်းပဲ.. ဒီနဂါးသွေး နတ်ဆိုးသစ်သီးက မီးလျှံသားရဲရဲ့ နိုးထမှုကို တကယ်ပဲ အရှိန်မြှင့်ပေးနိုင်တယ်"

မီးလျှံသားရဲ၏ အခြေအနေကို ခံစားပြီးနောက်တွင် ကျန်းချန်သည် စိတ်သက်သာရာ ရသွားခဲ့သည်။

ဤအရှိန်အဟုန်ဖြင့်ဆိုလျှင် မီးလျှံသားရဲသည် နဂါးသွေး နတ်ဆိုးသစ်သီး၏ စွမ်းအင်ကို လုံးဝစုပ်ယူပြီးစီးလျှင် ဒုတိယအကြိမ် နိုးထမှုကို အောင်မြင်စွာ ပြီးမြောက်သွားလိမ့်မည် ဖြစ်၏။

ဤတစ်ကြိမ် နိုးထပြီးသည်နှင့် မီးလျှံသားရဲသည် သတ္တမအဆင့်ဖြစ်သည့် ဘုရင်အဆင့် သားရဲများထဲတွင် အမြင့်ဆုံးဖြစ်လာနိုင်ပေသည်။

ထိုအချိန်သို့ရောက်လျှင် သူသည် နိုးထလာသော မီးလျှံသားရဲနှင့်အတူ နဂါးမျှော်စင် တစ်ခုလုံးကိုပင် ဖိနှိပ်နိုင်လိမ့်မည် ဖြစ်၏။

မီးလျှံသားရဲ၏ အခြေအနေက စိတ်ချရသည်ကိုမြင်လျှင် ကျန်းချန်သည် မီးလျှံသားရဲအပေါ် သူ၏အာရုံကို ဖယ်ရှားလိုက်သည်။

ထို့နောက် သူက သူနောက်ဆုံးဝယ်ယူထားသည့် ဒုတိယမြောက်ပစ္စည်းကို ထုတ်ယူလိုက်၏။

ယင်းမှာ အင်ပါယာအဆင့် ကျင့်စဉ်ဖြစ်သည့် အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ဖြစ်သည်။

ဤကျင့်စဉ်သည် ကျန်းချန်၏ အစွမ်းထက်ဆုံး ဝှက်ဖဲဖြစ်သည့် အချိန်နှင့် အာကာသဓားနယ်မြေနှင့်ပင် ယှဉ်နိုင်သည်။

သူသာ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့လျှင် ဤကျင့်စဉ်သည် သူ၏နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော ဝှက်ဖဲတစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင်။

ကျန်းချန်က ရွှေရောင်စာလိပ်ကို ဖွင့်လိုက်ပြီးနောက်တွင် သူ၏မျက်လုံးများသည် စာလိပ်ပေါ်ရှိ ပုံများပေါ်သို့ တိုက်ရိုက်ပင် ရောက်ရှိသွားခဲ့သည်။

နောက်ထပ်တစ်ခဏမှာပင် ကျန်းချန်သည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ စိတ်ထဲ၌ သတိပေးချက်များသည်လည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့၏။

"ဒင်... သင်က အင်ပါယာအဆင့် ကျင့်စဉ်ဖြစ်တဲ့ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်... သင်က အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ရဲ့ ၁၀၀၀ ပုံ ၁ ပုံကို နားလည်သွားပါပြီ"

"........."

"ဒင်... သင့်ရဲ့ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်အပေါ် နားလည်မှုက ၂၀၀၀ ပုံ ၁ ပုံအထိ ရောက်ရှိလာခဲ့ပါပြီ"

".............."

သူ၏စိတ်ထဲမှ စနစ်၏ သတိပေးချက်များကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်အပေါ် နားလည်အောင်ကြိုးစားခြင်းသည် အချိန်နှင့် အာကာသဓားနယ်မြေကို နားလည်အောင် ကြိုးစားခြင်းနှင့် လုံးဝကို ကွာခြားနေခဲ့သည်။

သူက အချိန်နှင့် အာကာသဓားနယ်မြေကို ပထမဆုံးအကြိမ် နားလည်အောင် ကြိုးစားစဉ်တွင် ထိုကျင့်စဉ်၏ ၁ ရာခိုင်နှုန်းကိုသာ နားလည်နိုင်ခဲ့ပြီး ထို ၁ ရာခိုင်နှုန်း အစွမ်းအစကိုပင် ထုတ်ဖော်နိုင်ခဲ့သည်။

အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်သည်လည်း ထို့အတူပင် တစ်ကြိမ်လျှင် ၁၀၀၀ ပုံ ၁ ပုံသာ နားလည်နိုင်ခဲ့သည်။

သို့သော်လည်း ထူးခြားချက်မှာ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်သည် ဆက်လက် နားလည်နိုင်စွမ်းရှိခဲ့သည်။

ဤအတိုင်းဆိုလျှင် မကြာမီမှာပင် သူသည် အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ပြီးပြည့်စုံသော အဆင့်အထိ နားလည်သွားလိမ့်မည် ဖြစ်၏။

ကျန်းချန်က သူ၏အခန်းထဲတွင် တင်ပျဉ်ခွေထိုင်၍ သူ့ရှေ့ရှိ ရွှေရောင်စာလိပ်ကို မလှုပ်မယှက် ကြည့်နေခဲ့၏။

သူ၏စိတ်ထဲတွင် စနစ်၏ သတိပေးချက်များသည်လည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

အချိန်များ ကုန်လွန်လာခဲ့သည်နှင့်အမျှ ကျန်းချန်၏ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်အပေါ် နားလည်မှုသည်လည်း အဆက်မပြတ် တိုးတက်လာခဲ့သည်။

အချိန်မည်မျှကြာသွားသည်ကိုပင် မသိလိုက်ပေ။

ကျန်းချန်၏ စိတ်ထဲမှ ထပ်ခါတလဲလဲ သတိပေးနေသော အသံသည် အဆုံးသတ်တွင် ပြောင်းလဲသွားခဲ့သည်။

"သင်၏ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်အပေါ် နားလည်မှုက ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"

"ဒင်... သင်က အင်ပါယာအဆင့် ကျင့်စဉ်ဖြစ်တဲ့ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"

သူ၏စိတ်ထဲကနေ နောက်ဆုံးသတိပေးချက်ကို ကြားလိုက်ရလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

သာမန် ကျင့်ကြံသူတစ်ဦး အတွက် နှစ်ဝက်မျှ ကျင့်ကြံရမည့် အင်ပါယာအဆင့် ကျင့်စဉ်ကို သူက စနစ်၏ အကူအညီဖြင့် နာရီဝက်ပင် မကြာလိုက်ဘဲ အလွယ်တကူ ကျင့်ကြံနိုင်ခဲ့သည် မဟုတ်ပါလား။

အခန်း(၁၁၈၉)ပြီး၏။

အခန်း(၁၁၉၀)

အင်မော်တယ် ရွှေခန္ဓာကိုယ်ကို အောင်မြင်စွာကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် တိုက်ပွဲစင်မြင့် ဆီသို့ သွားရောက်ကာ အင်မော်တယ် ရွှေခန္ဓာကိုယ်၏ စွမ်းအားကို သွားရောက်စမ်းသပ်ရန် စိတ်မရှည်တော့ပေ။

သို့သော်လည်း ညဥ့်နက်နေပြီ ဖြစ်၍ တိုက်ပွဲစင်မြင့် မကြာမီ ပိတ်တော့မည် ဖြစ်သောကြောင့် တိုက်ပွဲစင်မြင့် ဆီသို့ သွားမည့် သူ၏ အစီအစဥ်ကို ဖျက်သိမ်းလိုက်သည်။

ကျန်းချန်က တစ်ညလုံး ဆက်လက်ကျင့်ကြံခဲ့ပြီး နောက်တစ်နေ့ နံနက်စောစောတွင် သူ၏ နေအိမ်မှ ထွက်ကာ ပဉ္စမထပ်ရှိ တိုက်ခိုက်‌‌ရေးစင်မြင့်ထက်သို့ သွားရန် ပြင်လိုက်သည်။

ကျန်းချန် အိမ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် တအံ့တသြ ရေရွတ်လိုက်သောအသံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

"မင်း.. မင်းက တုနှိုင်းမဲ့စစ်ဘုရင် ကျန်းချန် မဟုတ်လား.. ငါနဲ့ အိမ်နီးချင်း ဖြစ်နေမယ်လို့ ငါတကယ် မထင်ထားမိဘူး"

ကျန်းချန်က ခေါင်းလှည့်၍ ကြည့်လိုက်ရာ ချောမောသောရုပ်ရည်ရှိသည့် အပြာရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးသည် သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်ကို သူတွေ့လိုက်ရသည်။

"တုနှိုင်းမဲ့စစ်ဘုရင် ကျန်းချန် ဟုတ်လား"

ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူက သူ့ရှေ့မှ အပြာရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ စူးစမ်းသောအမူအရာဖြင့် မေးလိုက်သည်။

"ဒီက ညီနောင်.. ငါက ဘယ်လိုလုပ်ပြီး တုနှိုင်းမဲ့စစ်ဘုရင်ဖြစ်သွားရတာလဲ သိပါရစေ"

"ညီနောင်က နဂါးမျှော်စင်ကို ရောက်တာ ဆယ်ရက်တောင် မပြည့်သေးပေမဲ့ ပထမထပ်ကနေ ပဉ္စမထပ်အထိ တက်လှမ်းနိုင်ခဲ့တယ်.. ဒါ့အပြင် အထပ်တိုင်းမှာ ပြိုင်ဘက်မဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေပြီး စစ်ဘုရင်ဘွဲ့ကို ရရှိခဲ့တဲ့အတွက် တုနှိုင်းမဲ့စစ်ဘုရင်လို့ ခေါ်ဝေါ်ခဲ့တာပဲ"

အပြာရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို လေးစားစွာကြည့်၍ ရှင်းပြလိုက်သည်။

ထိုကဲ့သို့ တုနှိုင်းမဲ့စစ်ဘုရင်ဘွဲ့ကို ရရှိနိုင်သူများသည် သတ္တမထပ်နှင့်အဌမထပ်ရှိ ထိပ်တန်းပါရမီရှင်များသာ ရရှိလေ့ရှိကြသည်။

သို့သော် ကျန်းချန်သည် ပဉ္စမထပ်မှာပင် တုနှိုင်းမဲ့စစ်ဘုရင်ဘွဲ့ကို ရရှိခဲ့ပြီး နဂါးမျှော်စင်၏ သမိုင်းတွင် ပထမဆုံးဖြစ်ခဲ့သည်။

တုနှိုင်းမဲ့စစ်ဘုရင်ကျန်းချန် ဟူသော အမည်သည် တစ်ညတည်းနှင့် နဂါးမျှော်စင် တစ်ခုလုံးကို လှုပ်ခတ်သွားစေသော်လည်း ကာယကံရှင်ဖြစ်သည့် ကျန်းချန် ကိုယ်တိုင်ပင် မသိရှိမည်ဟု အပြာရောင်ဝတ်စုံဝတ် လူငယ် မထင်ထားခဲ့ပေ။

"ဒါနဲ့ ငါ့ရဲ့ တုနှိုင်းမဲ့စစ်ဘုရင်ဘွဲ့က ဘယ်လိုရလာတာလဲ ဆိုတာ မင်းသိလား"

ကျန်းချန်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်သည်။

သူက နဂါးမျှော်စင်၏ ပဉ္စမထပ်ကို ရောက်ရှိလာသည့် အသစ်တစ်ဦးသာ ဖြစ်သော်လည်း တုနှိုင်းမဲ့စစ်ဘုရင်ဘွဲ့ကို ရရှိခဲ့သည်။

ထို့ကြောင့် ပဉ္စမထပ်ရှိ ထိပ်တန်း ကျင့်ကြံသူများစွာက သူ၏ ဘွဲ့အား မကျေနပ်ကြမည်ကို စိုးရိမ်နေမိသည်။

သူ့ကို တုနှိုင်းမဲ့ စစ်ဘုရင်ဘွဲ့ ပေးခဲ့သူသည် သူ့အပေါ်ကြင်နာမှုမရှိသူ ဖြစ်ပြီး နဂါးမျှော်စင်ရှိ ထိပ်တန်း ကျင့်ကြံသူအားလုံးကို သူ့အပေါ်တွင် ရန်လိုသော အခြေအနေသို့ ရောက်ရှိစေလိုပုံ ရသည်။

"ဒါတော့ ငါလည်းမသိဘူး"

အပြာရောင်ဝတ်လူငယ်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

"ဒါပေမဲ့ ငါသိသလောက်တော့ လူအများစုက တုနှိုင်းမဲ့စစ်ဘုရင်ကျန်းချန် အကြောင်းကို ဆုလာဘ် ထုတ်ပြန်ချက်ကနေ သိခဲ့ကြတာပဲ"

"ဆုလာဘ်ထုတ်ပြန်ချက် ဟုတ်လား"

ကျန်းချန်က တအံ့တသြ ရေရွတ်လိုက်သည်။

"ဟုတ်တယ် ညီ‌နောင်ကျန်းချန်.. နဂါးမျှော်စင်မှာ ဆုလာဘ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်နိုင်တယ်.. မနေ့ကပဲ သတ္တမထပ်မှာရှိတဲ့ စစ်ဘုရင် ကျွမ်းလီကောက မင်းအတွက် ဆုလာဘ်ကို ထုတ်ပြန်ခဲ့တယ်.. သူက မင်းရဲ့ခေါင်းကို ယူလာနိုင်ရင် နတ်ခရစ်စတယ်(၃၀၀၀)ဆုချမယ်လို့ ကြေညာခဲ့တယ်.. တိုက်ခိုက်ရေး စင်မြင့်ထက်မှာ ဘယ်သူမဆို မင်းကို သတ်နိုင်ရင် သူက နတ်ခရစ်စတယ်(၃၀၀၀)ဆုချလိမ့်မယ်"

အပြာရောင်ဝတ် လူငယ်က ရှင်းပြလိုက်သည်။

"လတ်စသတ်တော့ နောက်ကွယ်ကလူက ကျွမ်းလီကော ဖြစ်နေတာကိုး"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် အေးစက်သွားခဲ့သည်။

ဤလူသည် ပထမဦးစွာ သူ့ကို တုနှိုင်းမဲ့စစ်ဘုရင်ဘွဲ့ ပေး၍ အန္တရာယ်တောထဲသို့ တွန်းပို့ခဲ့သည်။

ထို့အပြင် သူ့အတွက် ကြီးမားသော ဆုလာဘ် တစ်ခုကိုပါ ထုတ်ပြန်ခဲ့သေး၏။

နတ်ခရစ်စတယ်(၃၀၀၀) ဟူသော ပမာဏသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ရူးသွပ်သွားအောင် လုပ်ဆောင်ရန် လုံလောက်သည် မဟုတ်ပါလော။

ဆိုရလျှင် ကျန်းချန် အနေဖြင့် မည်သည့်အထပ်တွင် ရှိနေပါစေ တိုက်ခိုက်ရေးစင်မြင့်ထက်တွင် ပေါ်လာသည်နှင့် ထိုအထပ်မှ အင်အားကြီးမားသော ကျင့်ကြံသူများသည် သူ့ကိုသတ်ဖြတ်နိုင်ရန် ကြိုးစားကြလိမ့်မည် ဖြစ်သည်။

ကျွမ်းလီကော၏ လုပ်ဆောင်ချက်က သူ့ကို သတ်ဖြတ်ရန်ဆိုသည်မှာ ရှင်းလင်းနေသည် မဟုတ်ပါလော။

၎င်းက သူ့ကို ဤကဲ့သို့သော နည်းလမ်းဖြင့် သတ်ဖြတ်ချင်သည်မှာ သူ့ကို အရမ်းအထင်သေးလွန်းနေပြီ ဖြစ်သည်။

ကျွမ်းလီကောက သူ့ကို တုနှိုင်းမဲ့စစ်ဘုရင် ဘွဲ့ပေးအပ်ခဲ့သည်ဖြစ်ရာ သူ့အနေဖြင့် ကျွမ်းလီကောကို စစ်မှန်သည့် တုနှိုင်းမဲ့စစ်ဘုရင်က မည်ကဲ့သို့ အစွမ်းရှိကြောင်း ပြသရပေမည်မဟုတ်ပါလား။

အခန်း(၁၁၉၀)ပြီး၏။

အခန်း(၁၁၉၁)

အပြာရောင်ဝတ် လူငယ်က ကျွမ်းလီကော၏ ကြီးမားလှသော ဆုသည် အထပ်တိုင်းရှိ စစ်ဘုရင်များကို ဆွဲဆောင်လိမ့်မည်ဟု ကျန်းချန်အား စိုးရိမ်တကြီး သတိပေးခဲ့သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးပြလိုက်ပြီး ကျေးဇူးတင်ကြောင်းပြောကာ တိုက်ခိုက်ရေးစင်မြင့် ဆီသို့ ဦးတည်သွားခဲ့သည်။

ကျန်းချန်က တိုက်ခိုက်ရေး စင်မြင့်ဆီသို့ ရောက်ရှိလာသည်နှင့် သူ့အပေါ်သို့ စူးစိုက်ကြည့်နေကြသည့် အကြည့်ပေါင်းများစွာကို ခံစားမိလိုက်သည်။

ထိုအချိန်မှာပင် လူအုပ်ကြီးထံမှ တီးတိုးဆွေးနွေးသံများ ထွက်ပေါ်လာခဲ့သည်။

"ဟေ့... ဒီကောင်က ကျွမ်းလီကော ဆုလာဘ် ထုတ်ပြန်ထားတဲ့ တုနှိုင်းမဲ့စစ်ဘုရင် ကျန်းချန် မဟုတ်လား.. ဒီကောင်က အကြောက်အလန့်မရှိ တိုက်ပွဲစင်မြင့်ကို လာရဲသေးတယ်"

လှောင်ပြောင် ရေရွတ်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

"ဟွန့်... နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့်က ကောင်လေးကများ သူ့ကိုယ်သူ တုနှိုင်းမဲ့စစ်ဘုရင်လို့ ခေါ်ရဲသေးတယ်.. ဒီကောင့်အဆင့်တွေက အစောပိုင်း အထပ်တွေမှာပဲ တုနှိုင်းမဲ့စစ်ဘုရင် လုပ်လို့ရမယ်"

လူတချို့က ထပ်မံ လှောင်ပြောင်လိုက်ကြသည်။

"ဟေ့... ဒီကောင်သာ စင်မြင့်ပေါ်ကို တက်ရဲရင် ကျွမ်းလီကော ထုတ်ပြန်ထားတဲ့ နတ်ခရစ်စတယ် ၃၀၀၀ ဆုလာဘ်ကို ငါ အရယူပြမယ်"

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်ပေါက်လာသည်။

သူ့ပတ်ဝန်းကျင်မှ လူများသည် သူ့ကို လွယ်ကူသော သားကောင် အဖြစ် သတ်မှတ်နေပုံရ၏။

သို့ဖြစ်ရာ မည်သူက စစ်မှန်သော မုဆိုးဖြစ်သည်ကို ၎င်းတို့အား မကြာမီ ပြသရပေမည်။

ကျန်းချန်က ၎င်းတို့ကို လျစ်လျူရှုလိုက်ပြီး တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေကာ တိုက်ခိုက်ရေး စင်မြင့်ပေါ်ရှိ လက်ရှိတိုက်ခိုက်နေသော တိုက်ပွဲကို အေးအေးလူလူ ကြည့်ရှုနေခဲ့သည်။

တိုက်ပွဲစင်မြင့်ထက်တွင် နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့်ရှိ ကျင့်ကြံသူနှစ်ဦးသည် အပြင်းအထန် တိုက်ပွဲဝင်နေခဲ့ကြသည်။

တစ်ဦးမှာ မီးဆန္ဒ တတိယအဆင့်ကို ပိုင်နိုင်စွာ နားလည်ထားပြီး နောက်တစ်ဦးမှာ မိုးကြိုးဆန္ဒ တတိယအဆင့်ကို နားလည်ထားခဲ့သည်။

ဤသို့ဖြင့် အကွက်သုံးဆယ်ခန့် အကြာတွင် မိုးကြိုးလမ်းစဉ် ကျင့်ကြံသူသည် ဟာကွက်တစ်ခုကို ဖမ်းဆုပ်မိလိုက်ပြီး သူ၏ ပြိုင်ဘက်ကို စင်မြင့်ထက်ကနေ လွင့်စင်သွားအောင် လုပ်နိုင်ခဲ့သည်။

အောင်ပွဲရရှိပြီးနောက်တွင် မိုးကြိုးလမ်းစဉ် ကျင့်ကြံသူသည် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၍ ဆက်လက်စိန်ခေါ်ရန် ရည်ရွယ်ချက် မရှိတော့ဘဲ စင်မြင့်ပေါ်မှ ဆင်းသက်သွားခဲ့သည်။

"နောက်ထပ် စင်မြင့်ပေါ်ကို ဘယ်သူတက်လာဦးမလဲ"

အနက်ရောင်ဝတ် တာဝန်ခံ၏ အသံက ပဲ့တင်ထပ်လာခဲ့သည်။

ကျန်းချန်က ချက်ချင်းဆိုသလို လှုပ်ရှားလိုက်၏။

သူ၏ပုံရိပ်သည် မျက်တောင်တစ်ခတ် အတွင်းမှာပင် တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံးသည် ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့၏။

ကျွမ်းလီကော၏ ကြီးမားလှသော ဆုလာဘ် ထုတ်ပြန်ခံထားရသော ဤလူငယ်သည် တိုက်ပွဲစင်မြင့်ထက်ကို တက်လာရန်အတွက် အမှန်တကယ် သတ္တိရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ဤအခိုက်အတန့်တွင် လူပေါင်းများစွာ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် လောဘဇောတက်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အကြောင်းအရင်းမှာ ကျန်းချန်၏ ဦးခေါင်းက အဖိုးတန်လှသောကြောင့်ပင်။

ကျန်းချန်ကို သတ်ဖြတ်ရုံဖြင့် သူတို့က နတ်ခရစ်စတယ် ၃၀၀၀ ကို ဆုလာဘ်အဖြစ် ရရှိနိုင်မည် မဟုတ်ပါလော။

နတ်ခရစ်စတယ် ၃၀၀၀ ဟူသော ပမာဏသည် ပဉ္စမထပ်မှ စစ်ဘုရင်များ အတွက်ပင် လောဘတက်လောက်သော ပမာဏ ဖြစ်သည်။

ထိုအချိန်မှာပင် တုချွမ်ဟု အမည်ရသော သူတစ်ဦးသည် တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွားခဲ့သည်။

"ဟားဟား... ကျန်းချန်.. တိုက်ပွဲစင်မြင့်ထက်ကို မင်းလာရဲလိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး.. ဒီလိုဆိုမှတော့ ငါ တုချွမ်က ကျွမ်းလီကော ပေးတဲ့ နတ်ခရစ်စတယ် ၃၀၀၀ကို ဝမ်းမြောက်ဝမ်းသာ ယူရတော့မှာပေါ့"

တုချွမ်က ရယ်မောရင်း ကျန်းချန်ကို လှောင်ပြောင်လိုက်သည်။

တုချွမ်က သူတို့ထက် ခြေတစ်လှမ်း ဦးသွားသည်ကို မြင်လျှင် အခြားသော ကျင့်ကြံသူများထံမှ စိတ်ပျက်လက်ပျက် ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

"လခွမ်း... တုချွမ်က အရင်ဦးသွားပြီဟ"

တုချွမ်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်ပြီး ပဉ္စမထပ်တွင် ရှစ်ပွဲဆက်တိုက် အနိုင်ရထားသူ ဖြစ်သည်။

ကျန်းချန်ကမူ နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့်သာ ရှိရာ တုချွမ်အတွက် အနိုင်ရရန် အလေးသာနေခဲ့သည်။

ကျန်းချန်က သူ့ရှေ့မှ တုချွမ်ကို မထီတရီ ကြည့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့၏။

"ဟားဟား... မင်းက ငါ့ရဲ့ ခေါင်းကိုယူပြီး ဆုငွေထုတ်ယူချင်တယ် ဆိုမှတော့ မင်းမှာ အဲဒီလို စွမ်းရည်ရှိသလားဆိုတာ ကြည့်ရသေးတာပေါ့"

ထို့နောက်တွင် ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

"အင်မော်တယ် ရွှေခန္ဓာကိုယ် အသက်ဝင်"

အခန်း(၁၁၉၁)ပြီး၏။

All Chapters