← Chapters

အခန်း (၁၁၉၂-၁၁၉၄)

Vol. 80 Ch. 1192-1194

အခန်း (၁၁၉၂-၁၁၉၄)

Vol. 80 Ch. 1192-1194

အခန်း(၁၁၉၂)

ကျန်းချန်၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် မျက်စိပသာဒ ဖြစ်စေသော ရွှေရောင်အလင်းတန်း တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

ထိုရွှေရောင်အလင်းတန်းနှင့်အတူ ကျန်းချန်၏ ပုံရိပ်သည် လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး အရိုးများ အက်ကွဲသည့်အသံများပင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

အသက်ရှူကြိမ် အနည်းငယ်မျှ ကြာပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် နှစ်ဆ သို့မဟုတ် သုံးဆအထိ မြင့်မားလာခဲ့ပြီး ရွှေရောင် သံချပ်ဝတ်စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ကမ္ဘာကို လွှမ်းမိုးနိုင်မည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

[ဒါက အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ရဲ့ စွမ်းအားလား.. အင်ပါယာအဆင့် ကျင့်စဉ်လို့ မပြောရဘူး.. တကယ်ကို သာမန်မဟုတ်ဘူးပဲ]

သူ၏ခန္ဓာကိုယ်ထဲမှ အားကောင်းလှသော စွမ်းအားများကို ခံစားမိလျှင် ကျန်းချန်သည် စိတ်ထဲကနေ ကူကယ်ရာမဲ့စွာဖြင့် တအံ့တသြ ရေရွတ်လိုက်သည်။

ဤ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်နှင့် ထိုက်ရှ ခန္ဓာကိုယ် ကျင့်စဉ်တို့သည် ရုပ်ပိုင်းဆိုင်ရာ အထူးပြုသော ကျင့်စဉ်များဖြစ်ကြသော်လည်း ကွာဟချက် တချို့တော့ ရှိကြသည်။

ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကမူ ပြိုင်ဘက်ကို လွှမ်းမိုးနိုင်သော ပြိုင်ဘက်ကင်း တိုက်ကွက် သုံးကွက် ပါဝင်သည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။

ဤ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကမူ သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို နောက်တစ်ဆင့်သို့ တိုက်ရိုက် မြှင့်တင်ပေးသော ကျင့်စဉ် ဖြစ်သည်။

အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ထုတ်ဖော်ပြီးနောက်တွင် သူ၏ ခွန်အားနှင့် ခုခံကာကွယ်ရေး ကဲ့သို့ ကဏ္ဍအားလုံးသည် သုံးဆယ်ရာခိုင်နှုန်း တိုးတက်လာသည်ဟု ကျန်းချန် ရှင်းလင်းစွာ ခံစားမိခဲ့သည်။

မူလက ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် သတ္တမအဆင့်ကို ထိုးဖောက်ကာစ ဖြစ်၍ နတ်ဝိညာဉ်ဘုရင်နယ်ပယ်မှ အဆင့်ကျင့်ကြံသူနှင့် ညီမျှသည်။

သို့သော် အင်မော်တယ် ရွှေခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သောအခါတွင်မူ ကျန်းချန်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကိုပင် လက်သီးတစ်လုံးတည်းဖြင့် ချေမှုန်းနိုင်မည်ဟု ယုံကြည်ချက်ရှိလာခဲ့သည်။

ထို့အပြင် အင်မော်တယ် ရွှေခန္ဓာကိုယ်ကို ထုတ်ဖော်၍ ခုခံကာကွယ်မှုသည် သာမန် နတ်ဝိညာဉ်ဘုရင် နယ်ပယ်အဆင့် ကျင့်ကြံသူ၏ ခုခံကာကွယ်မှုထက် ပို၍အစွမ်းထက်သည်။

နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့် ကျင့်ကြံသူများပင် အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ထုတ်ဖော်ထားသော သူ၏ အကာအကွယ်အလွှာကို အလွယ်တကူ ထိုးဖောက်နိုင်မည် မဟုတ်ပေ။

နားလည်လွယ်အောင် ပြောရလျှင် ဤ အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဥ်သည် တိမ်တိုက်ဝါးမျိုနည်းစနစ်နှင့် ဆင်တူပြီး ခွန်အားကို ချက်ချင်းဆိုသလို တိုးမြှင့်ပေးနိုင်သည်။

တိမ်တိုက်ဝါးမျိုနည်းစနစ်သည် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်ပြီး အင်မော်တယ် ရွှေခန္ဓာကိုယ်ကမူ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တိုးမြှင့်ပေးနိုင်သည်။

သို့သော် အင်မော်တယ် ရွှေခန္ဓာကိုယ်သည် တိမ်တိုက်ဝါးမျိုနည်းစနစ်ထက် ပိုမို အားကောင်းသည်မှာ သံသယဖြစ်စရာမလိုပေ။

အင်မော်တယ် ရွှေခန္ဓာကိုယ်က ကျန်းချန်ကို ပေးစွမ်းသည့် ခွန်အားသည် တိမ်တိုက်ဝါးမျို နည်းစနစ်ကို အသုံးပြုစဉ်ကထက် များစွာ ကျော်လွန်နေခဲ့သည်။

ဆိုရလျှင် ဤ အင်မော်တယ် ရွှေခန္ဓာကိုယ်သည် အင်ပါယာအဆင့် ကျင့်စဉ်ဟူသော ဂုဏ်ရည်နှင့် ထိုက်တန်ပြီး အမှန်တကယ်ကိုပင် အားကောင်းလှ၏။

အင်မော်တယ် ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ထုတ်ဖော်ပြီးနောက်တွင် ကျန်းချန်သည် မည်သည့် တိုက်ခိုက်မှုကိုမှ မပြုလုပ်ဘဲ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် စင်မြင့်ထက်၌ တည်ငြိမ်စွာ တင်ပျဉ်ခွေထိုင်လိုက်သည်။

"တုချွမ်.. မင်းငါ့ခေါင်းကို ဖြတ်ပြီး ဆုလာဘ်ရယူချင်တယ် မဟုတ်လား.. အခု ငါမင်းကို အခွင့်အရေးပေးမယ်။ မင်းငါ့ကို စတိုက်လို့ရပြီ"

ကျန်းချန်က တုချွမ်ကို ပြုံးပြုံးကြီး ကြည့်ကာ ပြောလိုက်သည်။

သူ၏နှုတ်ခမ်းထောင့်များသည် ပဟေဠိဆန်စွာ ကွေးညွှတ်သွားခဲ့သည်။

အင်မော်တယ် ရွှေခန္ဓာကိုယ်က အလွန်အားကောင်းသောကြောင့် ကျန်းချန်သည် မည်သည့် တိုက်ခိုက်မှုကိုမှ လုပ်ဆောင်ရန် မစီစဉ်ခဲ့ပေ။

သူက နေရာမှာပင် ငြိမ်ငြိမ်လေးထိုင်ပြီး တုချွမ်၏ တိုက်ခိုက်မှုကို ခံယူကာ သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်အတွက် အတွေ့အကြုံ ရမှတ်များကို ရယူရန် စီစဉ်ထားခဲ့သည်။

"ကျန်းချန်... မင်း ဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကျန်းချန်က သူ့ကို အတော်လေး အထင်သေးနေသည်ကို မြင်လျှင် ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်ကို ရိုက်ချလိုက်သည်။

သူ၏ လက်ဝါးမှ ထုတ်လွှတ်လိုက်သော အသက်စွမ်းအင် မုန်တိုင်းသည် ကျန်းချန်၏ ခန္ဓာကိုယ် အပေါ်ယံအလွှာရှိ ရွှေရောင်အလင်းပေါ်သို့ ချက်ချင်းဆိုသလို ကျရောက်သွားခဲ့ပြီး သတ္တုချင်း ထိခတ်မိသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တုချွမ်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး ခြေခုနစ်လှမ်း၊ ရှစ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။

ဤအချိန်တွင် တုချွမ်သည် မလှုပ်မယှက် ထိုင်နေသော ကျန်းချန်ကို ကြည့်ကာ တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တုချွမ် အံ့အားသင့်နေစဉ်မှာပင် ကျန်းချန်ထံမှ ခနဲ့တဲ့တဲ့ ရေရွတ်သော အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။

"တုချွမ်... မင်းရဲ့ခွန်အားက ဒီလောက်ပဲဆိုရင် စင်ပေါ်ကနေ ဆင်းလိုက်တော့.. ငါ့ရဲ့ အကာအကွယ် အလွှာကိုတောင် မထိုးဖောက်နိုင်တဲ့ ခွန်အားလောက်နဲ့ ငါ့ကိုသတ်ဖို့ ဘယ်ကနေ သတ္တိတွေ ရလာတာလဲ ဆိုတာ ငါ တကယ် နားမလည်တော့ဘူး"

အခန်း(၁၁၉၂)ပြီး၏။

အခန်း(၁၁၉၃)

"ကျန်းချန်.. မင်းငါ့ကို စော်ကားရဲတယ်.. မင်းရဲ့ အကာအကွယ်အလွှာကို မထိုးဖောက်နိုင်ဘူးလို့ ငါလုံးဝမယုံဘူး"

တုချွမ်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏လက်ထဲ၌ နက်မှောင်သောလှံတစ်ချောင်းပေါ်လာခဲ့ပြီး သူ၏ ဦးခေါင်းပေါ်တွင် မိုးကြိုးလျှပ်စီးများ စုဝေးလာခဲ့သည်။

"မိုးကြိုး သတ်ဖြတ်ခြင်း တိုက်ကွက်"

တုချွမ်က ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲမှလှံကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော မိုးကြိုးအလင်းရောင်တစ်ခုသည် လေထုကို တိုက်ရိုက် ထိုးဖောက်ပြီး ကျန်းချန်ဆီသို့ ရောက်ရှိသွားခဲ့သည်။

"ထန်း..."

နောက်ထပ် ပြင်းထန်သော သတ္တုချင်း ထိခိုက်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

တုချွမ်၏ ကြောက်မက်ဖွယ် ပြင်းထန်သော မိုးကြိုးအလင်းသည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်အလွှာ၏ တားဆီးမှုကို ခံလိုက်ရ၏။

"ဒင်... သင်က နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို ခံယူပြီး သင့်ရဲ့ မပျက်စီးနိုင်သော သန့်စင်ခြင်းနည်းစနစ် အတွက် အတွေ့အကြုံရမှတ် ၆၀၀၀ ကို အဆ၁၀၀ ရရှိပါတယ်"

သူ၏စိတ်ထဲမှ စနစ်၏ သတိပေးသံများကို ကြားလျှင် ကျန်းချန်သည် ဝမ်းသာပျော်ရွှင်သွားခဲ့သည်။

သူ၏မျက်ဝန်းထဲတွင် ကြည်နူးသော အပြုံးရိပ်များပင် ဖြစ်ပေါ်လာခဲ့သည်။

နတ်ဝိညာဉ်ဘုရင် နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှု တစ်ခုကနေ ရရှိသော အတွေ့အကြုံရမှတ်သည် လျှိုလီထျန်းရှီ အမြစ်တစ်ပင်ကို မျိုချခြင်းထက် အဆပေါင်းများစွာ ပို၍ အကျိုးများ၏။

တုချွမ်ကဲ့သို့ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ထပ်မံ ခံယူခဲ့လျှင် သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်သည် ပိုမို၍ လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဖြစ်သည်။

"လခွမ်း... ဒီကောင်က ဘယ်လို ကျင့်စဉ်မျိုးကို ဖော်ထုတ်လိုက်တာလဲဟ.. သူ့ရဲ့ အကာအကွယ်အလွှာက သူမတူအောင် အားကောင်းလှချည်လား"

"ဟုတ်ပကွာ.. တုချွမ်ရဲ့ နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်မှုကတောင် ကျန်းချန်ရဲ့ အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ဘူး"

"ကြည့်ရတာ တုချွမ်တစ်ယောက်တော့ ကျွမ်းလီကောရဲ့ ဆုလာဘ်ကို လွယ်လွယ်နဲ့ မရနိုင်တော့ဘူးထင်တယ်"

"............"

တိုက်ပွဲစင်မြင့်၏ ပတ်ပတ်လည်ရှိ ပရိသတ်များသည် စင်မြင့်ပေါ်ရှိ အခြေအနေကို ကြည့်ကာ သုံးသပ်ပြောဆိုခဲ့ကြသည်။

သူတို့၏ အကြည့်သည် ယခင်ကထက်ပင် ပို၍ တည်ကြည်လေးနက်လာခဲ့၏။

တုချွမ်ကဲ့သို့ ရှစ်ပွဲဆက်တိုက် အနိုင်ရရှိထားသူပင် ကျန်းချန်၏ အကာအကွယ်အလွှာကို ထိုးဖောက်ရန် ခက်ခဲနေခဲ့သည်။

ဆိုရလျှင် ထိုကဲ့သို့သော ခွန်အားသည် ပဉ္စမထပ်ရှိ ကျင့်ကြံသူ အများစုကို ရပ်တန့်ရန် လုံလောက်နေပြီဖြစ်သည်။

"လခွမ်း... ဒီကောင်ရဲ့ အကာအကွယ်က ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ"

သူ၏ နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်မှုက ကျန်းချန်၏ အကာအကွယ်အလွှာအား မထိုးဖောက်နိုင်ခဲ့သည်ကို မြင်လျှင် တုချွမ်၏ မျက်နှာအမူအရာသည် အလွန်တရာပင် သုန်မှုန်သွားခဲ့သည်။

ထိုအချိန်မှာပင် ကျန်းချန်၏ လှောင်ပြောင်သော အသံသည် သူ၏နားထဲကို ထပ်မံဝင်ရောက်လာခဲ့သည်။

"တုချွမ်.. ဘာလို့ရပ်လိုက်ရတာလဲ.. ဆက်ပြီး တိုက်ခိုက်စမ်းပါ.. မင်းရဲ့တိုက်ကွက်တွေက သိပ်မကောင်းဘူး ဆိုပေမဲ့ အယားပြေလောက်တော့ အသုံးဝင်ပါသေးတယ်"

ကျန်းချန်၏ သူ့ကို မျက်စိထဲပင် မထည့်သည့် စကားများကို ကြားလျှင် တုချွမ်၏ ရင်ထဲတွင် ဒေါသများ ပြည့်လျှံလာခဲ့သည်။

သူက ရုတ်တရက် အာခေါင်ကိုခြစ်၍ ကြုံးဝါးလိုက်ပြီး ရုန့်ရင်းသော မျက်နှာထားဖြင့် သူ၏ လှံကို ဝှေ့ယမ်းကာ ကျန်းချန်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။

"မိုးကြိုး ဖျက်ဆီးခြင်း တိုက်ကွက်"

"နတ်ဆိုးသတ်ဖြတ်ခြင်း တိုက်ကွက်"

"တတိယအဆင့် မိုးကြိုးဆန္ဒ"

"............"

ဤတစ်ကြိမ်တွင် တုချွမ်သည် ကျန်းချန်ကို လုံးဝ ဒေါသထွက်သွားသည်မှာ ထင်ရှားနေသည်။

သူက ဘာမှ လျှိုမထားတော့ဘဲ သူ၏ အားအကိုးရဆုံး တိုက်ကွက်များကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်တော့သည်။

"ထန်း... ထန်း... ထန်း..."

လေထဲတွင် သတ္တုချင်း ထိခတ်မိသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။

ထို့အတူပင် ကျန်းချန်၏ စိတ်ထဲတွင်လည်း စနစ်၏ သတိပေးချက်များသည် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။

တုချွမ်က အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

အကြောင်းရင်းမှာ တုချွမ်၏ တိုက်ခိုက်မှုကို ခံယူတိုင်းတွင် ကျန်းချန်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်သည် အတွေ့အကြုံများ ရရှိပြီး ပိုမို အားကောင်းလာခဲ့၍ ဖြစ်သည်။

တုချွမ်ကမူ ကျန်းချန် ရရှိခဲ့သည့် အတွေ့အကြုံရမှတ် တစ်မှတ်စီတိုင်း အတွက် ခွန်အားများ တဖြည်းဖြည်း နည်းပါးလာခဲ့သည်။

ထို့ကြောင့် တုချွမ်က အစွမ်းကုန် တိုက်ခိုက်လျှင်ပင် ကျန်းချန်၏ အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆုံးသတ်တွင် တုချွမ်သည် ကျန်းချန်၏ ခန္ဓာကိုယ်မှ တန်ပြန်အင်အားကြောင့် ဒဏ်ရာရရှိသွားခဲ့ပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

ထိုမြင်ကွင်းကိုမြင်လျှင် တိုက်ခိုက်ရေး စင်မြင့်၏ ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်ပြီး နဂါးမျှော်စင်၏ ပဉ္စမထပ်တွင် ရှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော တုချွမ်သည် ကျန်းချန်ကို ထိခိုက်အောင် လုံးဝ မလုပ်နိုင်ခဲ့သည့်အပြင် သွေးပါ အန်ထွက်သွားခဲ့သည်။

ပို၍ ထူးခြားသောအချက်မှာ တုချွမ် သွေးအန်သည်အထိ ကျန်းချန်သည် နေရာမှာပင် တင်ပျဉ်ခွေထိုင်နေပြီး လုံးဝလှုပ်ရှားခဲ့ခြင်း မရှိခြင်းပင်။

အခန်း(၁၁၉၄)

"တုချွမ်က မထင်မှတ်ဘဲ ဒီလိုမျိုး ရှုံးနိမ့်သွားရတယ်လား.. ဒီကောင်က ဆယ်ရက်အတွင်း ပထမလေးထပ်ကို ဖျက်ဆီးခဲ့တဲ့ တုနှိုင်းမဲ့ စစ်ဘုရင် ဖြစ်ထိုက်ပါပေတယ်.. သူ့ရဲ့ခွန်အားက လုံးဝ သာမန်မဟုတ်ဘူး"

"ကျွမ်းလီကောရဲ့ ဆုလာဘ်က မက်လောက်စရာ ဖြစ်ပေမဲ့ ဒီအတိုင်းဆို ဘယ်သူမှ လွယ်လွယ်နဲ့ ရနိုင်မှာမဟုတ်လောက်ဘူး"

"............"

စင်မြင့်ပေါ်မှ အခြေအနေကို တအံ့တသြကြည့်ရင်း ကျင့်ကြံသူများ၏ နှုတ်ကနေ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သောအသံများ ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် အစောပိုင်းက ကျန်းချန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် ကျင့်ကြံသူအချို့သည် သူတို့၏ နဖူးမှ ချွေးစေးများကို တိတ်တဆိတ် သုတ်နေခဲ့ကြသည်။

သူတို့အထဲမှ အစွမ်းအထက်ဆုံးသူသည် တုချွမ်နီးပါးသာ ခွန်အားရှိပြီး တချို့ဆိုလျှင် တုချွမ်ထက်ပင် အားနည်းသူများဖြစ်ကြသည်။

သူတို့အနေဖြင့် ကံကောင်း၍သာ စင်ပေါ်သို့ အလျင်စလို မတက်မိခဲ့ကြခြင်း ဖြစ်သည်။

သို့မဟုတ်လျှင် သူတို့၏ ကံကြမ္မာသည် တုချွမ်ထက်ပင် ပို၍ ဆိုးရွားသွားလိမ့်မည် မဟုတ်ပါလော။

တုချွမ်က ကျန်းချန်၏ အင်မော်တယ် ရွှေခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ခဲ့သည့်အပြင် ပြင်းထန်သော နာကျင်မှုကိုပါ ခံစားခဲ့ရသည်။

သူက တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ဆက်လက် မနေရဲတော့ဘဲ လက်လျှော့ အရှုံးပေးလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် စင်ပေါ်မှ ဆင်းသွားခဲ့သည်။

ကျန်းချန်က စင်ပေါ်မှ ဆင်းသွားသော တုချွမ်ကို အာရုံမစိုက်ခဲ့ပေ။

သူက စင်အောက်ကို စူးရှသော မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ ကျယ်လောင်သော အသံသည် ပတ်ဝန်းကျင်တွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။

"နောက်ထပ် ငါနဲ့ တိုက်ခိုက်ဖို့ ဘယ်သူ တက်လာမလဲ"

ကျန်းချန်၏ စိန်ခေါ်သံကို ကြားလျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

တစ်ခဏမျှ တိတ်ဆိတ်ပြီးနောက်တွင် မီးခိုးရောင် သင်္ကန်းကို ရုံထားသည့် ခေါင်းတုံး လူငယ်တစ်ဦးသည် ပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

"ဝိုး... ထျန်ကိုယ်တော်ပါလား.. ငါတို့တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်ထင်တယ်"

"ဒီကိုယ်တော်က ရုပ်ပိုင်းဆိုင်ရာ တာအို သတ္တမအဆင့် အလယ်အလတ် ကျင့်ကြံသူတစ်ယောက်လေ.. နဂါးမျှော်စင်ရဲ့ ပဉ္စမထပ်မှာ ကိုးပွဲဆက်တိုက် အနိုင်ရရှိထားတဲ့သူ တစ်ယောက်ပဲ"

"............"

အားလုံးက စင်မြင့်ပေါ်သို့ တက်လာသော ထျန်ကိုယ်တော်ကို ကြည့်ကာ တီးတိုးပြောဆိုခဲ့ကြသည်။

"ကိုယ်တော်က ဒကာလေးရဲ့ အင်မော်တယ် ရွှေခန္ဓာကိုယ်ကို လေ့လာချင်ပါတယ်"

ထျန်ကိုယ်တော်က ကျန်းချန်ကို လက်အုပ်ချီ၍ ဂါရဝပြုကာ ပြောလိုက်သည်။

ထို့နောက် သူက ကြမ်းပြင်ကို ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် ထျန်ကိုယ်တော်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရေပြားများသည် ရွှေရောင်အလင်းများ တောက်ပလာခဲ့သည်။

"ရွှေရောင်သံမဏိ လက်သီးသိုင်း"

ထျန်ကိုယ်တော်က ရွှေရောင်ခန္ဓာကိုယ်ကို ဖော်ထုတ်လိုက်ပြီးနောက်တွင် ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

နေမင်းကဲ့သို့ တောက်ပနေသည့် ရွှေရောင်လက်သီးတစ်လုံးသည် ကျန်းချန်ဆီသို့ တိုက်ရိုက်ပစ်ဝင်လာခဲ့သည်။

"ဒေါင်..."

ရွှေရောင်လက်သီးက ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်အလွှာကို ထိမိသည်နှင့်တစ်ပြိုင်နက် ခေါင်းလောင်းထိုးသံကဲ့သို့ ကြည်လင်သောအသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ထျန်ကိုယ်တော်၏ လက်သီးချက်က အလွန်ပြင်းထန်ပုံရသော်လည်း ကျန်းချန်၏ ခန္ဓာကိုယ်ကို ခြေလှမ်းတစ်ဝက်စာမျှသာ နောက်သို့ ဆုတ်စေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ထျန်ကိုယ်တော်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ချက်ချင်းပင် သိုင်းကွက်များကို ဆက်တိုက် ထုတ်ဖော်ကာ မုန်တိုင်းထန်သကဲ့သို့ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

"မဟာသားရဲ လက်ဝါးသိုင်း"

"မဟာကရုဏာ လက်ဝါးသိုင်း"

"............"

ထျန်ကိုယ်တော်၏ ပြင်းထန်သော တိုက်ကွက်များကို ဆက်တိုက် ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် တည်ငြိမ်သော အမူအရာဖြင့် နေရာမှာပင် ဆက်လက်ထိုင်နေခဲ့သည်။

သူက မည်မျှပင် ပြင်းထန်သော တိုက်ကွက်ဖြင့် ကြုံတွေ့ရပါစေ၊ နေရာမရွေ့ဘဲ တည်ငြိမ်စွာ ရှိနေခဲ့သည်။

အစပိုင်းတွင် ထျန်ကိုယ်တော်သည် ကျန်းချန်၏ ခန္ဓာကိုယ်ကို ခြေလှမ်းတစ်ဝက်စာမျှ နောက်ဆုတ်အောင် လုပ်နိုင်ခဲ့သည်။

သို့သော်လည်း မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ဆက်လက် တိုးတက်လာသည်နှင့်အမျှ ထျန်ကိုယ်တော်သည် ကျန်းချန်ကို အနည်းငယ်မျှ ရွေ့လျားအောင်ပင် မလုပ်နိုင်တော့ပေ။

"ဒီကောင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက တကယ်ကို ကြောက်စရာပဲ"

လူတိုင်းသည် တိုက်ပွဲစင်မြင့်ပေါ်မှ အခြေအနေကိုကြည့်ရင်း အသက်ရှူပင် မှားမတတ် ဖြစ်ကုန်ကြသည်။

ရှစ်ပွဲဆက်တိုက် အနိုင်ရရှိသော တုချွမ်ဖြစ်စေ၊ ကိုးပွဲဆက်တိုက် အနိုင်ရရှိသော ထျန်ကိုယ်တော်ဖြစ်စေ၊ တိုက်ကွက်ပေါင်းစုံဖြင့် ကျန်းချန်ကို ထိခိုက်အောင် လုပ်ရန် ကြိုးစားသော်လည်း ကျန်းချန်၏ အကာအကွယ်အလွှာကိုပင် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။

ဤအခိုက်အတန့်တွင် ကျန်းချန်၏ တုနှိုင်းမဲ့ စစ်ဘုရင်ဟူသော ဂုဏ်ပုဒ်သည် ကျန်းချန်နှင့် အမှန်တကယ်ပင် ထိုက်တန်မှုရှိကြောင်း သူတို့အားလုံး နားလည်သွားခဲ့ကြသည်။

အခန်း(၁၁၉၄)ပြီး၏။

All Chapters