← Chapters

အခန်း (၁၁၉၅-၁၁၉၇)

Vol. 80 Ch. 1195-1197

အခန်း (၁၁၉၅-၁၁၉၇)

Vol. 80 Ch. 1195-1197

"ဒကာတော်ရဲ့ အင်မော်တယ်ရွှေခန္ဓာကိုယ် အစွမ်းကို ကိုယ်တော် မထိုးဖောက်နိုင်ဘူးလို့ ဝန်ခံပါတယ်"

ဆယ်ကွက်ကျော် တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်၏ ခန္ဓာကိုယ် အကာအကွယ် အလွှာကို မထိုးဖောက်နိုင်သောအခါတွင် ထျန်ကိုယ်တော်သည် အဆုံးသတ်၌ အရှုံးပေးရန် ဆုံးဖြတ်လိုက်သည်။

သူ၏ တိုက်ခိုက်မှုနှင့်အတူ ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် အင်အားသည် ဆက်တိုက်ဆိုသလို တိုးတက်လာနေသည်ကို သူရှင်းလင်းစွာ ခံစားမိခဲ့သည်။

ဆိုရလျှင် သူ၏ရှေ့မှ ကောင်လေးသည် သူ၏ တိုက်ခိုက်မှုကို အသုံးချ၍ ခန္ဓာကိုယ်ကို သန့်စင်ရန် ပြုလုပ်နေသည်မှာ ထင်ရှားနေသည်။

ထို့ကြောင့် သူက ကျန်းချန်၏ အခမဲ့လေ့ကျင့်ဖော်အဖြစ် လုပ်ဆောင်ရန် ဆန္ဒမရှိတော့ပေ။

"........."

ထျန်ကိုယ်တော်က ကျန်းချန်ကို အရှုံးပေးလိုက်သည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများသည် မျက်စိမျက်နှာပျက်ကုန်ကြသည်။

သိထားရမည်မှာ ထျန်ကိုယ်တော်သည် နဂါးမျှော်စင် ပဉ္စမထပ်တွင် ကိုးပွဲဆက်တိုက် အနိုင်ရရှိထားသူဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ တာအိုတွင်လည်း သတ္တမအဆင့် အလယ်အလတ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ထျန်ကိုယ်တော်၏ တိုက်ပွဲဝင် စွမ်းရည်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ရှိ ကျင့်ကြံသူထက် မနိမ့်ပေ။

နဂါးမျှော်စင်၏ ပဉ္စမထပ် တစ်ခုလုံးမှာပင် နတ်ဝိညာဉ်ဘုရင်နယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိနေသည့် စစ်ဘုရင်နှစ်ယောက်မှ လွဲ၍ ထျန်ကိုယ်တော်ကို ယှဉ်နိုင်မည့်သူ တစ်ယောက်မှ မရှိသလောက်ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့ အစွမ်းထက်သည့် ထျန်ကိုယ်တော်ပင် ကျန်းချန်၏ အကာအကွယ် အလွှာကို မထိုးဖောက်နိုင်ခဲ့ပေ။

ဤအခိုက်အတန့်တွင် ကျန်းချန်၏ ခွန်အားက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသည်ကို သဘောပေါက်သွားခဲ့သည်။

"ဒီကောင်က ပဉ္စမထပ်မှာလည်း ပြိုင်ဘက်မဲ့ အခြေအနေကို ဖြစ်ပေါ်စေတော့မယ်ထင်တယ်"

အားလုံးက ပြိုင်ပွဲစင်မြင့်ထက်တွင် စိန်ခေါ်နေသည့် ကျန်းချန်ကိုကြည့်ကာ ခေါင်းတခါခါဖြင့် ခါးသီးစွာ ရေရွတ်လိုက်ကြသည်။

ထျန်ကိုယ်တော်လို လူမျိုးကပင် ကျန်းချန်၏ အကာအကွယ်အလွှာကို မထိုးဖောက်နိုင်ခဲ့ရာ ပဉ္စမထပ်ရှိ စစ်ဘုရင်မှ လွဲလျှင် မည်သူက ကျန်းချန်ကို ယှဉ်ပြိုင်ရန် စင်ပေါ်သို့ တက်ရဲပါမည်နည်း။

"ဟိုမှာကြည့်စမ်း... ဟိုတစ်ယောက်က စင်ပေါ်ကို တက်ပြီး စိန်ခေါ်တော့မယ်ထင်တယ်"

ထိုအချိန်မှာပင် အမြင်စူးရှသော ကျင့်ကြံသူ တစ်ဦးသည် တစ်နေရာကို ရုတ်တရက် လက်ညှိုးညွှန်ပြကာ အော်ဟစ်လိုက်သည်။

လူတိုင်းက ထိုကျင့်ကြံသူ ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ ကျောဘက်တွင် ဓားကျိုးကို လွယ်ထားသော လူငယ်တစ်ဦးသည် စင်မြင့်ပေါ်သို့ တစ်လှမ်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

"ဒါ... ဒါ လွန်ခဲ့တဲ့ ခြောက်လလောက်က ပျောက်ကွယ်သွားတဲ့ စစ်ဘုရင် လင်ဟန်မဟုတ်လား.. ကြည့်ရတာ စစ်ဘုရင်လင်ဟန်လည်း နတ်ခရစ်စတယ် အတွက် ပြိုင်ပွဲထဲကို ပါဝင်လာတဲ့ပုံပဲ"

အားလုံးက အသက်ရှူမှားမတတ်ပင် ဖြစ်သွားကြသည်။

စစ်ဘုရင် လင်ဟန်သည် လွန်ခဲ့သည့် တစ်နှစ်အတွင်း နဂါးမျှော်စင်၏ ပဉ္စမထပ်တွင် ပါရမီအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

၎င်းက ဓားကျိုးတစ်လက်ကို အသုံးပြုကာ ပဉ္စမထပ်၏ စစ်ဘုရင်ဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း လင်ဟန်သည် စစ်ဘုရင်ဘွဲ့ကို ရရှိပြီးနောက်တွင် ပဉ္စမထပ်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

လွန်ခဲ့သောခြောက်လအတွင်း ပဉ္စမထပ်တွင် လင်ဟန်နှင့်ပတ်သက်သည့် သတင်းတစ်စုံတစ်ရာ မရရှိခဲ့ပေ။

ထိုကြောင့် သူတို့အားလုံးက လင်ဟန်တစ်ယောက် နဂါးမျှော်စင်၏ ဆဋ္ဌမထပ်ကို ရောက်နေလောက်ပြီဟု ထင်ခဲ့ကြသည်။

သို့ဖြစ်၍ လင်ဟန်က ဤအချိန်တွင် ပေါ်ထွက်လာလိမ့်မည်ဟု သူတို့အားလုံး လုံးဝမထင်မှတ်ထားခဲ့ကြပေ။

လွန်ခဲ့သော ခြောက်လခန့်က လင်ဟန်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဆဋ္ဌမအဆင့် ခွန်အားဖြင့် နတ်ဝိညာဉ်ဘုရင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် စစ်ဘုရင်ကို အနိုင်ယူခဲ့သည်။

ယခုအခါ ခြောက်လကြာသွားပြီ ဖြစ်ရာ လင်ဟန်၏ ခွန်အားသည် ထိုအချိန်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းမည်မှာ သေချာသလောက်ပင်။

ထိုကြောင့် ကျန်းချန်နှင့် စစ်ဘုရင် လင်ဟန်တို့၏ တိုက်ပွဲသည် အားလုံး အတွက် စိတ်ဝင်စားစရာကောင်းသော တိုက်ပွဲတစ်ပွဲ ဖြစ်လာခဲ့သည်။

"ပဉ္စမထပ်ရဲ့ စစ်ဘုရင် လင်ဟန်က မင်းဆီကနေ သင်ယူချင်ပါတယ်.. မင်းအနေနဲ့ ငါနဲ့ ရင်ဆိုင်ဖို့ သတ္တိရှိရဲ့လား"

လင်ဟန်က စင်မြင့်ပေါ်သို့ တက်လာပြီးနောက်တွင် ကျန်းချန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

သူ၏ အေးစက်စက် မျက်နှာထက်တွင် တိုက်ခိုက်လိုသော အရိပ်အယောင်များက ပြည့်နှက်နေခဲ့သည်။

ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြန်ဖြေလိုက်၏။

"စစ်ဘုရင်နဲ့ တိုက်ခိုက်ခွင့်ရတာက ငါ့အတွက် ဂုဏ်ယူစရာပါပဲ.. မင်း စတိုက်လို့ရပြီ"

"မင်းက ငါနဲ့ ရင်ဆိုင်ရတာတောင် ဒီလိုပဲ မလှုပ်မယှက် ထိုင်နေတော့မှာလား"

လင်ဟန်က မလှုပ်မယှက် ထိုင်နေဆဲ ဖြစ်သည့် ကျန်းချန်ကိုကြည့်ကာ မျက်ဝန်းများ အနည်းငယ် အေးစက်သွားခဲ့သည်။

"မင်းရဲ့ အကာအကွယ်အလွှာက အားကောင်းတယ် ဆိုပေမဲ့ ငါ့ရဲ့ဓားကိုတော့ ပိတ်ဆို့နိုင်မှာ မဟုတ်ဘူး"

"ငါပိတ်ဆို့နိုင်မနိုင် ဆိုတာ မင်းစမ်းကြည့်ရင် သိရမှာပေါ့"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"မင်း ငါ့ရဲ့ အင်မော်တယ် ရွှေခန္ဓာကိုယ် အကာအကွယ်လွှာကို ထိုးဖောက်နိုင်ရင် မင်းနဲ့ငါ တိုက်ခိုက်မယ်"

"ကောင်းပြီလေ.. မင်းရဲ့ အင်မော်တယ် ရွှေခန္ဓာကိုယ်က ငါ့ရဲ့ဓားချက်ကို ဘယ်နှစ်ကွက်လောက် ပိတ်ဆို့နိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

စကားဆုံးသည်နှင့် လင်ဟန်က သူ၏ ကျောဘက်မှ ဓားကျိုးကို ဆွဲထုတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒသည် လင်ဟန်၏ ခန္ဓာကိုယ်ကနေ ပျံ့နှံ့သွားခဲ့သည်။

အခန်း(၁၁၉၅)ပြီး၏။

အခန်း(၁၁၉၆)

"ပထမတိုက်ကွက်"

လင်ဟန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏ဓားဖြင့် ကျန်းချန်ကို ခုတ်ချလိုက်သည်။

ကြောက်မက်ဖွယ်ရာကောင်းသော ဓားစိတ်ဆန္ဒကို အသုံးပြု၍ ထုတ်ဖော်လိုက်သော ဓားချက်သည် စင်မြင့်အောက်ရှိ လူတိုင်းကိုပင် ခံစားမိစေခဲ့သည်။

ပရိသတ်ထဲမှ အားနည်းသူ တချို့သည် စိတ်ဝိညာဉ်များ တုန်ခါသွားသကဲ့သို့ ခံစားခဲ့ရပြီး သူတို့၏ တစ်ကိုယ်လုံးသည် ဓားအရှိန်အဝါအောက်တွင် ပျက်စီးတော့မည့် အလားဖြစ်နေခဲ့သည်။

"ဘန်း..."

ဓားအလင်းတန်းက လေထုကို ထိုးဖောက်ပြီး မျက်တောင်တစ်ခတ်အတွင်း ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အကာအကွယ်အလွှာသို့ ကျရောက်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် စွမ်းအင်မုန်တိုင်းတစ်ခုသည် ကျန်းချန်ကို ဗဟိုပြု၍ ပတ်ဝန်းကျင်ကို လှိုင်းထန်သွားစေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအောက်တွင် တင်ပျဉ်ခွေ၍ ထိုင်နေသော ကျန်းချန်၏ ရွှေရောင်ခန္ဓာကိုယ်သည် မြေပြင်ကို ပွတ်တိုက်ကာ နှစ်မီတာ သုံးမီတာခန့် နောက်ဆုတ်သွားခဲ့သည်။

"ဒီကောင်က တကယ်ကို သန်မာတာပဲ"

ကျန်းချန်က ခေါင်းငုံ့လိုက်ပြီး သူ၏ ရင်ဘတ်မှ သွေးစွန်းရာကို ကြည့်ကာ စိတ်ထဲတွင် အံ့အားသင့်သွားခဲ့သည်။

စစ်ဘုရင်လင်ဟန်၏ ဓားချက်သည် သူ့ကို နှစ်မီတာ၊ သုံးမီတာခန့် နောက်ဆုတ်စေရုံသာ မကဘဲ ဓားအလင်းသည် သူ၏ ရွှေရောင်အလင်း အကာအကွယ်ကိုပင် ထိုးဖောက်သွားပြီး သူ၏ကိုယ်ပေါ်တွင် ဓားဒဏ်ရာတစ်ခုပင် ကျန်ရစ်စေခဲ့သည်။

သို့သော်လည်း ကံကောင်းစွာဖြင့် လင်ဟန်၏ ဓားချက်အောက်တွင် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် အဆင့်တစ်ဆင့် မြင့်တက်သွားခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာကျင့်စဉ်၏ သတ္တမအဆင့် အစောပိုင်းသို့ ရောက်ရှိသွားခဲ့သည်။

"ဒုတိယဓားကွက်"

ကျန်းချန်က သူ၏ ပထမဓားကွက်ကို ပိတ်ဆို့လိုက်သည်ကို မြင်သော်လည်း လင်ဟန်၏မျက်နှာထက်တွင် ဟန်အမူအရာ ပြောင်းလဲခြင်း မရှိခဲ့ပေ။

သူက နောက်ထပ် ဓားကွက်တစ်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။

ဤဓားကွက်သည် ပထမဓားကွက်ထက် သုံးဆပိုမို၍ အားကောင်း၏။

"ဘန်း..."

တောက်ပသော ဓားအလင်းတန်းသည် အရာအားလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားနဲ့အတူ ကျန်းချန်၏ ရွှေရောင်အလင်း အကာအကွယ်ပေါ်သို့ ထပ်မံ ကျရောက်လာခဲ့သည်။

ရွှေရောင်အလင်း အကာအကွယ်က တုန်ယင်သွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်နှင့် ပွတ်တိုက်ကာ နောက်ထပ် နှစ်မီတာခန့် နောက်ဆုတ်သွားခဲ့သည်။

ထို့အပြင် ကျန်းချန်၏ ရွှေရောင်ခန္ဓာကိုယ်တွင်လည်း သွေးစွန်းရာနှစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။

ဤဓားချက်အောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ ရွှေရောင်အလင်း အကာအကွယ်ပင် အနည်းငယ် မှိန်ဖျော့သွားခဲ့၏။

"မင်းရဲ့ အင်မော်တယ် ရွှေခန္ဓာကိုယ်ကျင့်စဉ်က တကယ်ကို အားကောင်းတာပဲ.. ငါ့ရဲ့ဓားကွက်နှစ်ကွက်ကိုတောင် ဒီအတိုင်းအတာအထိ တားဆီးနိုင်ခဲ့တယ်.. ဒါပေမဲ့ ငါ့မှာ တတိယဓားကွက် တစ်ကွက်ရှိသေးတယ်.. အဲဒီဓားကွက်က ငါ့ရဲ့ အစွမ်းအထက်ဆုံး ဓားကွက်ပဲ.. မင်းသာ ငါ့ရဲ့တတိယဓားကွက်ကို ခုခံဖို့အတွက် အင်မော်တယ် ရွှေခန္ဓာကိုယ်ကို ဆက်လက် အသုံးပြုမယ်ဆိုရင် သေဆုံးရမှာ အမှန်ပဲ"

လင်ဟန်က ဓားကျိုးကို လက်ထဲတွင် ကိုင်ထားရင်း ပြောလိုက်သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဓားစွမ်းအင်များဖြင့် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

"မင်းရဲ့ဓားပညာရပ်က အတော်လေးကောင်းတာပဲ.. ဒါကြောင့် မင်းရဲ့ တတိယဓားကွက်ကို ငါက ဓားပညာရပ်နဲ့ပဲ ရင်ဆိုင်မယ်"

စကားဆုံးသည်နှင့် ကျန်းချန်က ထရပ်လိုက်ကာ သူ၏ အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဉ်ကို ရုတ်သိမ်းလိုက်သည်။

ထို့နောက်တွင် ကျန်းချန်၏ လက်ထဲ၌ သွေးနဂါးဓားက ပေါ်ထွက်လာခဲ့သည်။

သူ၏ရှေ့မှ စစ်ဘုရင်လင်ဟန်သည် ဓားပညာရပ်တွင် ကြောက်မက်ဖွယ် ကောင်းသော ဓားပါရမီရှင် တစ်ဦး ဖြစ်သည်မှာ ထင်ရှားနေ၏။

ထို့အပြင် နတ်ဝိညာဉ်ဘုရင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူဖြစ်ပြီး မဟာအဆင့် ဓားစိတ်ဆန္ဒကိုလည်း နားလည်ထားသည်။

အစောပိုင်းက ထုတ်သုံးလိုက်သော ဓားကွက်နှစ်ကွက်သည် တစ်ကွက်ထက် တစ်ကွက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

ကျန်းချန်က ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်တွင် သတ္တမအဆင့် အစောပိုင်းသာ ရှိသေးသော်လည်း အင်မော်တယ်ရွှေခန္ဓာကိုယ် ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်သောအခါတွင် သာမန်နတ်ဝိညာဉ်ဘုရင် နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုများကို ခုခံရန် လုံလောက်နေပြီ ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့မှ စစ်ဘုရင် လင်ဟန်သည် သာမန်ကျင့်ကြံသူ မဟုတ်ပေ။

၎င်းက ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်များရှိသည့် ဓားပါရမီရှင် တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် စစ်ဘုရင်လင်ဟန်၏ အမြင့်ဆုံးဓားကွက်ကို ရင်ဆိုင်ရန်အတွက် ကျန်းချန်ထံတွင် အမှန်တကယ် ယုံကြည်မှု မရှိခဲ့ပေ။

သို့ဖြစ်ရာ စစ်ဘုရင်လင်ဟန်ကို လေးစားကြောင်း ပြသရန်အတွက် ကျန်းချန်သည် ဓားပညာရပ်ချင်း ယှဉ်ပြိုင်ရန်သာ ဆုံးဖြတ်ခဲ့သည်။

သူက သူ၏ အစွမ်းအထက်ဆုံး ဓားကွက်ကို အသုံးပြုကာ လင်ဟန်နှင့် တိုက်ပွဲတစ်ပွဲ အပီအပြင် နွှဲချင်ခဲ့၏။

အခန်း(၁၁၉၆)ပြီး၏။

အခန်း(၁၁၉၇)

"ငါနဲ့ ဓားသိုင်းချင်း ယှဉ်ပြိုင်ချင်တယ်လား"

ထိုမြင်ကွင်းကို မြင်လျှင် လင်ဟန်၏ အေးစက်စက် မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ကျန်းချန်က အင်မော်တယ် ရွှေခန္ဓာကိုယ်ကို ရုတ်သိမ်းကာ နောက်ဆုံးတိုက်ပွဲအတွက် ဓားပညာရပ်ကို အသုံးပြုလိမ့်မည်ဟု စစ်ဘုရင်လင်ဟန် လုံးဝမထင်ထားခဲ့ပေ။

သူ၏ အမြင်အရ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့်သာ ရှိသည်။

ကျန်းချန်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်တွင် သူ့ထက် အဆင့်သုံးဆင့် နိမ့်ကျသူကို မပြောနှင့်၊ အဆင့်တူအတွင်းဆိုလျှင် နဂါးမျှော်စင် တစ်ခုလုံးမှာပင် သူ့ကို ဓားပညာရပ်တွင် ယှဉ်နိုင်သူသည် လက်ချိုးရေတွက်၍ ရသည်။

ကျန်းချန်က အားကောင်းသော တိုက်ခိုက်ရေး နည်းစနစ်နှင့် အင်မော်တယ် ရွှေခန္ဓာကိုယ်ကို တွဲဖက် အသုံးပြုကာ သူ၏ အစွမ်းအထက်ဆုံးဓားကွက်ကို ရင်ဆိုင်လိမ့်မည်ဟု သူမူလက ထင်ခဲ့သော်လည်း ကျန်းချန်က ဓားပညာရပ်ဖြင့် ယှဉ်ပြိုင်ရန် ရွေးချယ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဟုတ်တယ်.. ဘာလို့လဲဆိုတော့ ငါ့ရဲ့ အားသာချက်အရှိဆုံး ပညာရပ်က ဓားပညာရပ် မို့လို့ပဲ"

စကားဆုံးသည်နှင့် ကျန်းချန်ထံမှ မမြင်နိုင်သော ဓားစိတ်ဆန္ဒသည် တိုက်ပွဲစင်မြင့်ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာ စစ်ဘုရင်လင်ဟန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်နိုင်သော ဓားအလင်းထောင်ပေါင်းများစွာက ပိတ်ဆို့ထားသည်ဟု ခံစားလိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒကြောင့် လင်ဟန်၏ ဆံပင်များပင် ရုတ်တရက် ထောင်မတ်သွားခဲ့သည်။

"ဒါက အခြေခံအဆင့် နယ်မြေပိုင်နက် စွမ်းအားပါလား.. ဒီကောင်က ပြီးပြည့်စုံတဲ့ မဟာအဆင့် ဓားစိတ်ဆန္ဒကို နားလည်ထားတာလား"

လင်ဟန်က အံ့သြမှင်တက်သွားခဲ့သည်။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ အေးစက်စက် မျက်နှာပေါ်တွင် လေးစားသော အမူအရာတစ်ခု ပေါ်လာခဲ့၏။

ဤပြီးပြည့်စုံသော မဟာအဆင့် ဓားစိတ်ဆန္ဒတစ်ခုတည်းကပင် ကျန်းချန်၏ ဓားပညာရပ်သည် သူ့ထက် သာလွန်နေသည်မှာ ထင်ရှားနေပြီ ဖြစ်သည်။

"မင်းရဲ့ ဓားပညာရပ်က တကယ်ကို ထူးခြားတယ်.. ငါလင်ဟန် ဒီနေ့ ငါ့ရဲ့ အစွမ်းအထက်ဆုံး ဓားကွက်နဲ့ မင်းဆီကနေ သင်ယူမယ်"

လင်ဟန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်၍ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ဓားထဲကနေ အဆုံးမဲ့ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသည့် ဓားအလင်း တစ်ခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

လင်ဟန်၏ လှုံ့ဆော်မှုအောက်တွင် ထိုဓားအလင်းတန်းသည် ပို၍ပင် တောက်ပလာခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် တိုက်ပွဲစင်မြင့် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ထိုဓားကွက်ကို ထုတ်သုံးလိုက်သည့်အချိန်တွင် လင်ဟန်၏မျက်နှာသည် အလွန်တရာ ဖြူဖျော့သွားခဲ့၏။

"တတိယဓားကွက်"

လင်ဟန်က သွားများကို အံကြိတ်ကာ ကြုံးဝါးလိုက်ပြီး သူ၏ တုန်ယင်နေသော ခန္ဓာကိုယ်ကို အတင်းအကြပ် ထိန်းချုပ်ကာ ဓားကွက်ကို ထုတ်ဖော်လိုက်သည်။

လင်ဟန်၏ ဓားကွက်က အဆုံးမဲ့ဖျက်ဆီးနိုင်သော စွမ်းအင်များ ပါဝင်နေခဲ့ပြီး ကျန်းချန်ဆီသို့ ဦးတည်သွားခဲ့သည်။

လင်ဟန်၏ အမြင့်ဆုံး ဓားကွက်ကို ရင်ဆိုင်ရချိန်တွင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် ကျုံ့သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဓားအလင်း ထောင်ပေါင်းများစွာသည် အချိန်နှင့်အာကာသ ဓားနယ်မြေအဖြစ် စုစည်းသွားခဲ့ပြီး ဖျက်ဆီးနိုင်သော ဓားစွမ်းအင်အလင်းတန်းနှင့် လင်ဟန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။

လင်ဟန်က ဓားပညာရပ်တွင် အစွမ်းထက်သည့်အပြင် ကျင့်ကြံခြင်းအဆင့်တွင် နတ်ဝိညာဉ်ဘုရင်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကျန်းချန်က ဤတိုက်ပွဲစင်မြင့်ပေါ်တွင် သူ၏ဝှက်ဖဲတစ်ခု ဖြစ်သည့် တိမ်တိုက်ဝါးမျိုနည်းစနစ်ကို အသုံးမပြုလိုခဲ့ပေ။

သူ၏ နတ်ဝိညာဉ်ဘုရင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံမှုဖြင့်ဆိုလျှင် လင်ဟန်၏ အမြင့်ဆုံးဓားကွက်ကို သာမန် နည်းစနစ်များဖြင့် ရင်ဆိုင်ရန် မဖြစ်နိုင်၍ အချိန်နှင့်အာကာသဓားနယ်မြေကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

အချိန်နှင့်အာကာသ ဓားနယ်မြေကို စုစည်းလိုက်သည်နှင့် တစ်ပြိုင်နက် လင်ဟန်၏ ဖျက်ဆီးခြင်း ဓားအလင်းတန်းသည် လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် အချိန်နှင့်အာကာသဓားနယ်မြေ၏ အတားအဆီးပေါ်သို့ ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် တိုက်ပွဲစင်မြင့်ထက်၌ ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ အချိန်နှင့်အာကာသ ဓားနယ်မြေ အတားအဆီးအောက်တွင် အဆုံးမဲ့ဖျက်ဆီးခြင်းစွမ်းရည်များ ကိန်းအောင်းနေသော ဓားအလင်းတန်းသည် ပြင်းထန်သော အသံနှင့်အတူ ပေါက်ကွဲပျက်စီးသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် လှိုင်းလုံးကြီးသည် ကျန်းချန်တို့ နှစ်ဦးကို ဗဟိုပြု၍ အရပ်လေးမျက်နှာအနှံ့ဆိုသလို ပျံ့နှံ့သွားခဲ့သည်။

တိုက်ပွဲစင်မြင့်အထက်ရှိ ခုခံရေးအစီအရင်ပင် ထိုရိုက်ခတ်မှုအောက်တွင် တုန်ယင်သွားခဲ့သည်။

ထိုခဏမှာပင် လင်ဟန်၏ ခန္ဓာကိုယ်သည် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံး၏ ရိုက်ခတ်မှုအောက်တွင် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် စင်မြင့်အောက်သို့ ပြုတ်ကျသွားခဲ့သည်။

ဆန့်ကျင်ဘက်တွင်ရှိသည့် ကျန်းချန်ကမူ တိုက်ပွဲစင်မြင့်ထက်တွင် ခြေဆယ်လှမ်းကျော်ခန့် နောက်ဆုတ်ပြီးမှသာ သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းနိုင်ခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် လူတိုင်းသည် သူတို့ မျက်စိကိုပင် မယုံနိုင် ဖြစ်နေခဲ့ကြသည်။

"စစ်ဘုရင်လင်ဟန်က ရှုံးနိမ့်သွားခဲ့ပြီလား.. ပဉ္စမထပ်ရဲ့ ဒဏ္ဍာရီလာ စစ်ဘုရင်က ကျန်းချန်ရဲ့ လက်ထဲမှာ ဒီလိုပဲ ရှုံးနိမ့်သွားခဲ့တာလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အခန်း(၁၁၉၇)ပြီး၏။

All Chapters