← Chapters

အခန်း (၁၁၉၈-၁၂၀၀)

Vol. 80 Ch. 1198-1200

အခန်း (၁၁၉၈-၁၂၀၀)

Vol. 80 Ch. 1198-1200

အခန်း(၁၁၉၈)

"ဒီလူက တကယ်ကို ခက်ခဲတဲ့ ပြိုင်ဘက်ပဲ"

စင်မြင့်ထက်ကနေ အောက်ကို ပြုတ်ကျသွားသည့် လင်ဟန်ကို မြင်လျှင် ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။

ဆိုရလျှင် နဂါးမျှော်စင်ကို ရောက်လာကတည်းက ကျန်းချန် ရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက်များထဲတွင် လင်ဟန်သည် အားအကောင်းဆုံးဖြစ်သည်။

လင်ဟန်၏ တတိယဓားကွက်သည် တကယ်ကို ပြင်းထန်အားကောင်း၏။

လင်ဟန်သည် သူ၏ တတိယဓားကွက်ကို အပြည့်အဝ နားမလည်သေး၍သာ တတိယဓားကွက်၏ စွမ်းအားအပြည့်အဝကို ထုတ်မသုံးနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ လင်ဟန်က တတိယဓားကွက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခဲ့မည်ဆိုလျှင် ကျန်းချန်သည် အချိန်နှင့် အာကာသဓားနယ်မြေကို တိမ်တိုက်ဝါးမျို နည်းစနစ်ဖြင့် တွဲဖက် အသုံးပြုမှသာ အနိုင်ယူနိုင်မည် ဖြစ်သည်။

"နဂါးမျှော်စင် ပဉ္စမထပ်မှာရှိတဲ့ ပါရမီရှင်တွေက သာမန်မဟုတ်ဘူးပဲ"

ကျန်းချန်က စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်သည်။

နဂါးမျှော်စင်ထဲမှ ကျင့်ကြံသူများသည် စကြာဝဠာ အနှံ့ရှိ ပါရမီရှင်များ ဖြစ်ကြသည်။

အထူးသဖြင့် နဂါးမျှော်စင်၏ ကျန်အထပ်များမှ ကျင့်ကြံသူများသည် ပါရမီများထဲမှ ပါရမီရှင်များကြီး ဖြစ်ကြသည်။

ထိုပါရမီရှင်များထဲတွင် လင်ဟန်ထက် တိုက်ပွဲဝင်စွမ်းရည် ပိုမိုအားကောင်းသည့် ကျင့်ကြံသူမရှားပေ။

ထိုကဲ့သို့ ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရလျှင် သူ့အနေဖြင့် အနည်းငယ် ဂရုမစိုက်မိသည်နှင့် ဒုက္ခများသွားနိုင်ပေသည်။

စစ်ဘုရင်လင်ဟန်ကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်သည် နဂါးမျှော်စင် ပဉ္စမထပ်၏ အစွမ်းအထက်ဆုံး စစ်ဘုရင် ဖြစ်လာခဲ့သည်။

ကျွမ်းလီကောက ကြောက်မက်ဖွယ် ဆုလာဘ်ကို ထုတ်ပြန်ထားလျှင်ပင် ပဉ္စမထပ်ရှိ ကျင့်ကြံသူများထဲတွင် ကျန်းချန်ကို စင်ပေါ်တက်၍ စိန်ခေါ်ရဲသူ မရှိတော့ပေ။

ဆိုရလျှင် ပဉ္စမထပ်မှ ကျင့်ကြံသူများသည် မိုက်ရူးရဲဆန်သော ငတုံးများ မဟုတ်ကြပေ။

နတ်ခရစ်စတယ် ၃၀၀၀ ဟူသော ဆုလာဘ်သည် အလွန်ပင် ဆွဲဆောင်မှုရှိသော်လည်း မည်သူမှ အသက်နှင့် မရင်းလိုကြချေ။

စင်ပေါ်သို့ တက်၍ စိန်ခေါ်သူ မရှိတော့သဖြင့် ကျန်းချန်သည် ပြိုင်ဘက်မဲ့ အခြေအနေကို ထပ်မံဖြစ်ပေါ်စေခဲ့ပြီး ပဉ္စမထပ်၏ စစ်ဘုရင်ဘွဲ့ကို ရရှိခဲ့သည်။

သူက ဆုလာဘ်အဖြစ် နတ်ခရစ်စတယ် ၁၆၀၀ နှင့် စစ်ဘုရင်ဂုဏ်ထူးဆောင်ရမှတ် ၁ မှတ်ကို ရရှိခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် မရေမတွက်နိုင်သည့် လေးစားသော အကြည့်များအောက်မှာပင် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

တိုက်ခိုက်ရေးစင်မြင့်ကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် သူ၏ နေအိမ်ဆီ အလျင်စလို မပြန်ဘဲ ဝန်ဆောင်ရေး ဌာနသို့ လျှောက်သွားလိုက်သည်။

စစ်ဘုရင်လင်ဟန်နှင့် တိုက်ပွဲဆင်နွှဲပြီးနောက်တွင် ကျန်းချန်သည် နဂါးမျှော်စင်ရှိ ထိပ်တန်း ပါရမီရှင်များနှင့် ပတ်သက်၍ နားလည်မှုများ တိုးပွားလာခဲ့သည်။

ထို့ကြောင့် ကျန်းချန်သည် ဤတစ်ကြိမ်တွင် ဆဋ္ဌမထပ်သို့ အလျင်စလို မသွားတော့ဘဲ ပဉ္စမထပ်တွင် ယာယီနေထိုင်ကာ သူ၏ ခွန်အားကို မြှင့်တင်ရန် စီစဉ်ထားခဲ့သည်။

နဂါးမျှော်စင်၏ အထပ်တိုင်းတွင် ဝန်ဆောင်ရေးဌာန တစ်ခုစီရှိ၏။

နတ်ခရစ်စတယ်ကို သုံးစွဲနိုင်သရွေ့ ဝန်ဆောင်ရေးဌာနသည် ကျင့်ကြံသူ၏ မည်သည့် ဝန်ဆောင်မှုကိုမဆို ဖြည့်ဆည်းပေးမည်ဖြစ်သည်။

ကျန်းချန်က သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ရန်အတွက် သူ့ကို တိုက်ခိုက်ပေးမည့် ကျင့်ကြံသူနှစ်ဦးကို ငှားရမ်းရန် ဝန်ဆောင်ရေးဌာနသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် သတ္တမအဆင့် အစောပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

သူသာ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ကို သတ္တမအဆင့် အလယ်အလတ် သို့မဟုတ် သတ္တမအဆင့် အထွတ်အထိပ်အထိ မြှင့်တင်နိုင်ခဲ့လျှင် သာမန် နတ်ဝိညာဉ်ဘုရင် နဝမအဆင့်ကျင့်ကြံသူပင်လျှင် သူ၏ အကာအကွယ်အလွှာကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။

ထိုအချိန်သို့ ရောက်လျှင် သူသည် နဂါးမျှော်စင်၏ စစ်မှန်သော တုနှိုင်းမဲ့ စစ်ဘုရင်တစ်ပါး ဖြစ်လာလိမ့်မည် မဟုတ်ပါလော။

"သခင်လေး ဘာကူညီပေးရမလဲ"

ကျန်းချန်က ဝန်ဆောင်ရေး ဌာနသို့ လျှောက်သွားသောအခါ ကောင်တာ စားပွဲရှိ တာဝန်ခံ အမျိုးသမီး၏ ချိုသာသောအသံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

သူက အပိုစကားတွေ ပြောမနေဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။

"ကျွန်တော် လေ့ကျင့်ဖော် နှစ်ယောက် ငှားရမ်းချင်တယ်"

"ရပါတယ်.. လေ့ကျင့်ဖော် ငှားရမ်းချင်ရင် နည်းလမ်းနှစ်မျိုး ရှိတယ်.. တစ်မျိုးက သခင်လေးရဲ့ လိုအပ်ချက်တွေနဲ့ အညီ ကျွန်မတို့ဝန်ဆောင်ရေးဌာနက စေလွှတ်ပေးတာမျိုးပါ.. နောက်တစ်မျိုးက မစ်ရှင်အဖြစ် တင်ထားတဲ့နည်းလမ်းပါ.. ​ပြောရရင် ကျင့်ကြံသူ တစ်ဦးဦးက သခင်လေးရဲ့ လေ့ကျင့်ဖော်အဖြစ် လက်ခံတဲ့အခါကျရင် ကျွန်မတို့က သခင်လေးကို ဆက်သွယ်ပေးတဲ့ ပုံစံမျိုးပါပဲ.. ကျင့်ကြံသူ တစ်ဦးဦးက မစ်ရှင်ကို လက်ခံလိုက်ရင် ကျွန်မတို့က သခင်လေးကို ဆက်သွယ်ပေးပါတယ်.. သခင်လေးက ဘယ်လိုနည်းလမ်းကို ရွေးချယ်မလဲဆိုတာ သိပါရစေ"

ချောမောလှပသည့် တာဝန်ခံ အမျိုးသမီးက ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။

သူမ၏ စကားကို ကြားလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဝန်ဆောင်ရေးဌာနထံ လေ့ကျင့်ဖော် မစ်ရှင်ကို အပ်ထားပြီး မစ်ရှင် လက်ခံမည့်သူကို စောင့်နေခြင်းသည် သူ့အတွက် အချိန် ဖြုန်းသလို ဖြစ်နေခဲ့သည်။

ထို့ကြောင့် ကျန်းချန်က ပထမနည်းလမ်းကိုသာ ရွေးချယ်လိုက်၏။

"ပထမနည်းလမ်းပဲ"

"ကောင်းပါပြီ သခင်လေး.. ဒါက လေ့ကျင့်ဖော်တွေရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ဈေးနှုန်းတွေပါ"

ကျန်းချန်က ရွေးချယ်မှု ပြုလုပ်ပြီးသောအခါတွင် ချောမောသော တာဝန်ခံ အမျိုးသမီးသည် ဖိုင်တစ်ခုကို ထုတ်ယူကာ ကျန်းချန်အား ပြလိုက်သည်။

ကျန်းချန်က ထိုဖိုင်ကို ကြည့်လိုက်ရာ လေ့ကျင့်ဖော် ဒါဇင်ပေါင်းများစွာ၏ အချက်အလက်များ ပါရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုလေ့ကျင့်ဖော်များ၏ အနိမ့်ဆုံးအဆင့်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့် အစောပိုင်းဖြစ်ပြီး အမြင့်ဆုံးအဆင့်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ဖြစ်သည်။

ဈေးနှုန်းများကို လေ့ကျင့်ဖော်၏ ကျင့်ကြံခြင်းအဆင့် အပေါ် မူတည်၍ သတ်မှတ်ထားခဲ့သည်။

တစ်ကြိမ် လေ့ကျင့်လျှင် နှစ်နာရီသာ ကြာမြင့်မည့် နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့် အစောပိုင်း ကျင့်ကြံသူ၏ အဖိုးအခသည် နတ်ခရစ်စတယ် ၅၀ ဖြစ်၏။

ထိုဈေးနှုန်းကို မြင်လျှင် ကျန်းချန်က ရုတ်တရက် အံ့အားသင့်ကာ ပြောလိုက်သည်။

"လေ့ကျင့်ဖော်တွေရဲ့ ဈေးနှုန်းက ဒီလောက်တောင် မြင့်မားတယ်လား"

"ပုံမှန်အားဖြင့်တော့ နဂါးမျှော်စင်မှာရှိတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်တဲ့အခါ ဒါမှမဟုတ် သိုင်းကျင့်စဉ်အသစ်တွေကို လေ့ကျင့်ဖို့ ကြိုးစားတဲ့အခါမျိုးမှာ လေ့ကျင့်ဖော်တစ်ယောက်ကို ငှားရမ်းလေ့ရှိကြတယ်။

ဒီလိုအခြေအနေက လေ့ကျင့်ဖော်အတွက် အန္တရာယ်လည်း အရမ်းများတယ်.. မြိုးမြိုးမြက်မြက် မရဘဲ ဘယ်သူက လေ့ကျင့်ဖော် လုပ်ချင်မှာတဲ့ဘလဲ"

ချောမောသော တာဝန်ခံအမျိုးသမီးက ပြုံး၍ ရှင်းပြလိုက်သည်။

ထိုစကားကို ကြားလျှင် ကျန်းချန်သည် မရယ်ဘဲ မနေနိုင်တော့ပေ။

နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့် အစောပိုင်းကျင့်ကြံသူတစ်ယောက်ကို လေ့ကျင့်ဖော်အဖြစ် ငှားရမ်းလျှင် ၂ နာရီကို နတ်ခရစ်စတယ် ၅၀ ကုန်ကျမည်ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုလျှင် ကျန်းချန်သည် သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ်ကို အဆက်မပြတ် တိုးတက်ချင်သည် ဆိုလျှင် တစ်နေ့ကို နတ်ခရစ်စတယ် အနည်းဆုံး ၃၀၀ လိုအပ်လိမ့်မည် ဖြစ်သည်။

အစောပိုင်းက ရရှိခဲ့သည့် နတ်ခရစ်စတယ် ၁၆၀၀ နှင့်ပေါင်းလျှင် ကျန်းချန်၏ လက်ကျန် နတ်ခရစ်စတယ်သည် ၂၀၀၀ ကျော်ခန့် ရှိသည်။

ထိုနတ်ခရစ်စတယ် ၂၀၀၀ ကျော်ကို လေ့ကျင့်ဖော် ငှားရမ်းရန်အတွက် အကုန်အစင် အသုံးပြုခဲ့လျှင်ပင် ရက်အနည်းငယ်သာ ငှားရမ်းနိုင်မည် ဖြစ်သည်။

လေ့ကျင့်ဖော် ငှားရမ်းသည့် ဈေးနှုန်းက ကျန်းချန် စိတ်ကူးထားသည်ထက် အနည်းငယ် ကျော်လွန်နေသော်လည်း ကျန်းချန်သည် သုံးရက်တာ အတွက် လေ့ကျင့်ဖော်နှစ်ယောက် ငှားရမ်းရန် စီစဉ်နေခဲ့သည်။

တစ်ယောက်ကို သုံးရက်ဆိုလျှင် နှစ်ယောက်ပေါင်းလျှင် ခြောက်ရက်ဖြစ်သည်။

ဤခြောက်ရက် ဟူသော ပမာဏသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အဆင့်ကို သတ္တမအဆင့် အလယ်အလတ်ထိ ရောက်ရှိရန် လုံးဝ လုံလောက်၏။

နတ်ခရစ်စတယ် ၁၈၀၀ မျှဖြင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ကို ဤအဆင့်ထိ မြှင့်တင်နိုင်လျှင် လုံးဝ အရှုံးမရှိသော အစီအစဥ်ဟု ဆိုရပေမည်။

"ညီနောင်ကျန်းချန် ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ"

ကျန်းချန်က လေ့ကျင့်ဖော် ငှားရမ်းရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ နောက်ဘက်မှ ရင်းနှီးသော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က နောက်လှည့်ကြည့်လိုက်ရာ အသံပိုင်ရှင်မှာ သူ၏အိမ်နီးချင်း ဖြစ်သည့် အပြာရောင်ဝတ်လူငယ် ဖြစ်နေခဲ့သည်။

ကျန်းချန်က ပြုံး၍ အပြာရောင်ဝတ်လူငယ်ကို ပြောလိုက်သည်။

"ငါက လေ့ကျင့်ဖော်ငှားရမ်းဖို့အတွက် ဒီကို ရောက်လာတာပါ"

"ညီနောင်ကျန်းချန်က လေ့ကျင့်ဖော် ငှားရမ်းချင်တာလား"

အပြာရောင်ဝတ်လူငယ်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"ညီနောင်ကျန်းချန်.. မင်း လေ့ကျင့်ဖော်လိုအပ်ရင် ငါကူညီပေးမယ်.. မင်းရဲ့ လေ့ကျင့်ဖော်အဖြစ် ငါအခမဲ့ လုပ်ပေးပါ့မယ်"

"အခမဲ့ လုပ်ပေးစရာမလိုပါဘူး.. ငါ့အတွက် လေ့ကျင့်တဲ့အချိန်ကို အချိန်နည်းနည်း ပိုပေးဖို့ပဲ လိုအပ်တယ်"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"မင်း တကယ် ငါ့ရဲ့လေ့ကျင့်ဖော်လုပ်ဖို့ ဆန္ဒရှိရင် နောက်ထပ်တစ်ယောက်ကိုပါ ထပ်ရှာပေးလို့ရမလား.. တစ်နေ့တာ အတွက် တစ်ယောက်ကို နတ်ခရစ်စတယ် ၂၀၀ ပေးပါ့မယ်"

အပြာရောင်ဝတ်လူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၍ တစ်နေ့တွင် နတ်ခရစ်စတယ် ၂၀၀ ပေးဆောင်ခြင်းသည် ဝန်ဆောင်ရေး ဌာနရှိ ဈေးနှုန်းထက်ပင် များစွာ သက်သာသော ပမာဏ ဖြစ်သည်။

ထို့အပြင် သူ့ကို လေ့ကျင့်ဖော် အဖြစ် ကူညီပေးခြင်းသည် စွမ်းအင် အဆက်မပြတ် ကုန်ဆုံးရုံမှ လွဲ၍ မည်သည့်အန္တရာယ်မှ မရှိပေ။

တစ်နေ့တာ အတွက် နတ်ခရစ်စတယ် ၂၀၀ ဟူသော ပမာဏသည် အပြာရောင်ဝတ် လူငယ်အတွက်လည်း နည်းပါးသော ပမာဏ မဟုတ်ပေ။

ဤသည်မှာ နှစ်ဦးနှစ်ဖက်လုံး အတွက် ကောင်းမွန်သော ကိစ္စဖြစ်သည် မဟုတ်ပါလား။

"ပြဿနာမရှိဘူး ညီနောင်ကျန်းချန်.. ဒီကိစ္စကို ငါ တာဝန်ယူတယ်"

အပြာရောင်ဝတ်လူငယ်က သူ၏ ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်သည်။

"ငါ မင်းရဲ့လေ့ကျင့်ဖော်အဖြစ် ငါ့မိတ်ဆွေတစ်ယောက်ကို ရှာခဲ့လိုက်မယ်"

"ကောင်းပါပြီ.. သီးသန့်နေအိမ်ကနေပဲ ငါ မင်းကို စောင့်နေပါ့မယ်"

ကျန်းချန်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ဝန်ဆောင်ရေးဌာနကနေ ထွက်ခွာသွားခဲ့သည်။

အခန်း(၁၁၉၈)ပြီး၏။

အခန်း(၁၁၉၉)

နေအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် ကျန်းချန်သည် နာရီဝက်ပင် မစောင့်လိုက်ရပေ။

အပြာရောင်ဝတ်စုံဝတ် လူငယ်သည် ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။

မကြာမီမှာပင် ကျန်းချန်သည် ထိုနှစ်ဦး၏ အမည်များကို မိတ်ဆက်ပေးမှုမှတစ်ဆင့် လျင်မြန်စွာ သိရှိခဲ့သည်။

အပြာရောင်ဝတ် လူငယ်၏အမည်မှာ ရှလျန့် ဖြစ်ပြီး ခန္ဓာကိုယ်ထွားကျိုင်းသောလူငယ်မှာ ချင်ရှုံး ဖြစ်သည်။

၎င်းတို့က အဆင့်နိမ့် ဂြိုဟ်တစ်ခုထဲမှ ရောက်လာသူများ ဖြစ်ကြပြီး နှစ်ဦးစလုံးသည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူတို့နှစ်ဦးစလုံး၏ ပါရမီသည် နဂါးမျှော်စင်တွင် ပုံမှန်အဆင့်သာ ရှိသည်ဟု ဆိုနိုင်၏။

သူတို့က နဂါးမျှော်စင်ထဲကို လွန်ခဲ့သော သုံးနှစ်ကျော်ကြာကပင် ဝင်ရောက်လာခဲ့ပြီး ဤပဉ္စမထပ်ထိ ရောက်အောင် မနည်းပင် ကြိုးစားခဲ့ရသည်။

နဂါးမျှော်စင်၏ အထပ်တစ်ထပ်တိုင်းတွင် အခက်အခဲများသည် ပို၍ တိုးများလာခဲ့သည်။

ဆိုရလျှင် ကြီးမားသော အခွင့်အလမ်းမရှိပါက ၎င်းတို့နှစ်ဦးစလုံးသည် နဂါးမျှော်စင်မှ တစ်ဆင့် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ညီနောင်ကျန်းချန်.. ငါတို့ မင်းကို ဘယ်လိုမျိုး ကူညီပေးရမလဲ"

မိတ်ဆက်စကား ပြောဆိုပြီးနောက်တွင် အပြာရောင်ဝတ်လူငယ် ရှလျန့်သည် ကျန်းချန်ကို မေးမြန်းလိုက်သည်။

"ဒါက အရမ်းရိုးရှင်းပါတယ်"

ကျန်းချန်က ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

"ဒီနေ့ တိုက်ပွဲအကြောင်းကို မင်းတို့လည်း ကြားမှာပေါ့"

"ညီနောင်ကျန်းချန်က အင်မော်တယ် ရွှေခန္ဓာကိုယ်ကျင့်စဉ်နဲ့ ပြိုင်ဘက်တွေကို ချေမှုန်းခဲ့တဲ့ သတင်းကို မကြားဘဲ ဘယ်နေပါ့မလဲ"

ရှလျန့်က တလေးတစားဖြင့် ပြောလိုက်သည်။

သူက ကျန်းချန်၏ တိုက်ပွဲစင်မြင့်ထက်မှ သတင်းကို အစောပိုင်းကမှ သိခဲ့ရသည်။

ထို့သို့ သိရှိပြီးနောက်တွင် ကျန်းချန်က သူတို့ကို လေ့ကျင့်ဖော်အဖြစ် ရွေးချယ်ခဲ့သည်ကို အံ့အားသင့်နေခဲ့သည်။

ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့်ဆိုလျှင် နဂါးမျှော်စင် ပဉ္စမထပ်၏ စစ်ဘုရင်ပင် ကျန်းချန်၏ လေ့ကျင့်ဖော် ဖြစ်ရန် အရည်အချင်း မရှိနိုင်ပေ။

"ငါ မင်းတို့ကို လေ့ကျင့်ဖော်အဖြစ် လိုအပ်တဲ့ အကြောင်းရင်းက ငါ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်ဖို့အတွက်ပဲ.. ငါ့ရဲ့ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်က ပြိုင်ဘက်တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီး အင်အားကောင်းအောင် လုပ်လို့ရတယ်.. နားလည်လွယ်အောင် ပြောရရင် မင်းတို့ကို စိတ်ကြိုက် ထိုးနှက်ခိုင်းတာပဲ"

စကားဆုံးသည်နှင့် ကျန်းချန်သည် အင်မော်တယ်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို ချက်ချင်းဆိုသလို ဖော်ထုတ်လိုက်သည်။

"မင်းတို့ရဲ့ အစွမ်းအထက်ဆုံး ခွန်အားကို အသုံးပြုပြီး ငါ့ကို တိုက်ခိုက်ပါ.. မင်းတို့ရဲ့ သိုင်းကျင့်စဉ်တွေကို တတ်နိုင်သမျှ အပြည့်အဝ အသုံးပြုပါ..ငါ့အတွက် ဘာမှစိတ်မပူနဲ့..အင်မော်တယ် ရွှေခန္ဓာကိုယ်ကျင့်စဉ်ရဲ့ ရွှေရောင်အလင်း အကာအကွယ်က ငါ့ကို ထိခိုက်ဒဏ်ရာရစေမှာ မဟုတ်ဘူး"

"ဒါဆို ငါ စလိုက်တော့မယ်"

ထို့နောက်တွင် ရှလျန့်၏ ခန္ဓာကိုယ်မှ နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် အရှိန်အဝါက ပေါက်ကွဲထွက်လာခဲ့သည်။

သူက ကြောက်မက်ဖွယ် ကောင်းသော လက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။

"ဒင်... သင်က နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ခံယူပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ် အတွက် အတွေ့အကြုံရမှတ် ၅၈၈၈ကို အဆ၁၀၀ ရရှိပါတယ်"

သူ၏ စိတ်ထဲမှ စနစ်၏ သတိပေးချက်ကို ကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းသည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

"အဆင်ပြေတယ်.. စိတ်ကြိုက်သာ တိုက်ခိုက်ပေတော့"

"နဂါးမျှော်စင်ရဲ့ ပဉ္စမထပ်ကို အချိန်တိုအတွင်း ရောက်လာခဲ့တဲ့ တုနှိုင်းမဲ့နတ်ဘုရင် ဖြစ်ထိုက်ပါပေတယ်.. ညီနောင်ကျန်းချန်ရဲ့ အကာအကွယ်အလွှာက တကယ်ကို ပုံမှန်မဟုတ်ဘူး"

သူ၏ အစွမ်းကုန် ထိုးနှက်မှုက ကျန်းချန်ကို အယားပြေစေရုံလောက်သာ ရှိသည်ကိုမြင်လျှင် ရှလျန့်သည် ခါးသီးစွာ ပြောလိုက်သည်။

ထို့နောက်တွင် သူက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းချန်ကို အစွမ်းကုန် ထပ်မံတိုက်ခိုက်ခဲ့သည်။

"ဒင်... သင်က နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံယူပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ် အတွက် အတွေ့အကြုံရမှတ် ၅၈၈၈ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်... သင်က နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံယူပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်အတွက် အတွေ့အကြုံရမှတ် ၅၈၈၈ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်... သင်က နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံယူပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်အတွက် အတွေ့အကြုံရမှတ် ၅၈၈၈ကို အဆ၁၀၀ ရရှိပါတယ်"

"............"

ရှလျန့်၏ ဆက်လက် တိုက်ခိုက်မှုအောက်တွင် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

တစ်နာရီခန့် အကြာတွင် ရှလျန့်က ခွန်အား ကုန်ခမ်းသွားခဲ့၍ ချင်ရှုံးနှင့် လဲလှယ်ကာ ဆက်လက် တိုက်ခိုက်စေခဲ့သည်။

ဤသို့ဖြင့် ရှလျန့်နှင့် ချင်ရှုံးတို့ နှစ်ဦးသည် ကျန်းချန်ကို အလှည့်ကျစီ တိုက်ခိုက်ခဲ့ကြသည်။

နှစ်ရက်ခန့်အကြာတွင် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် သတ္တမအဆင့်၏ အလယ်အလတ် အဆင့် အထိ အောင်မြင်စွာ ထိုးဖောက်သွားခဲ့သည်။

ငါးရက်အကြာတွင်မူ ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းအဆင့်သည် သတ္တမအဆင့်၏ အလယ်အလတ် အထွတ်အထိပ် အဆင့်သို့ပင် ရောက်ရှိလာခဲ့သည်။

ဤငါးရက်အတွက် ကျန်းချန်သည် နတ်ခရစ်စတယ် ၂၀၀၀ ကုန်ကျသွားခဲ့သည်။

ကျန်းချန်၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်နှင့် အင်မော်တယ် ရွှေခန္ဓာကိုယ်ကျင့်စဉ်ကိုသာ ပေါင်းစပ်လိုက်လျှင် နတ်ဝိညာဉ်ဘုရင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူပင် သူ၏ အကာအကွယ်အလွှာကို ဖောက်ထွင်းနိုင်မည်မဟုတ်ချေ။

သူ၏ ခွန်အားက များစွာ တိုးတက်မှု ရှိလာသော်လည်း ကျန်းချန်သည် စိတ်ကျေနပ်မှု မရရှိသေးချေ။

အဘယ်ကြောင့်ဆိုသော် နဂါးမျှော်စင်၏ ကျန်ရှိသည့် အထပ်များသည် ထိပ်တန်း ပါရမီရှင်များ စုဝေးရာနေရာ ဖြစ်နေသောကြောင့်ပင်။

သူ့အနေဖြင့် နတ်ဝိညာဉ်ဘုရင် နယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေသည့် ထိပ်တန်း ပါရမီရှင်များနှင့် တွေ့ဆုံခဲ့လျှင် သူ၏ အင်မော်တယ် ရွှေခန္ဓာကိုယ်သည် ခံနိုင်ရည်ရှိမည်ဟု တပ်အပ် မပြောနိုင်သေးပေ။

သေချာသောအချက်မှာ နဂါးမျှော်စင်၏ ကျန်ရှိသော အထပ်များတွင် စစ်ဘုရင် လင်ဟန်ထက်ပင် ပိုမို ပါရမီရှိသော ကျင့်ကြံသူ များစွာ ရှိနေခြင်းပင်။

ဥပမာပြရလျှင် သတ္တမထပ်ရှိ စစ်ဘုရင်ဖြစ်သည့် ခံစားချက်မဲ့ သတ်ဖြတ်ခြင်းနတ်ဘုရား ကျွမ်းလီကော ဖြစ်သည်။

၎င်းက စစ်ဘုရင်လင်ဟန်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်မှာ သံသယဝင်စရာမရှိပေ။

သူက နဂါးမျှော်စင်၏ သတ္တမထပ်သို့ အလျင်စလို သွားခဲ့လျှင် ခံစားချက်မဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား ဖြစ်သည့် ကျွမ်းလီကောနှင့် တိုက်ပွဲဆင်နွှဲရလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် သူက သတ္တမထပ်ကို မရောက်ခင် သူ၏ ခွန်အားကို ပိုမို ကောင်းမွန်အောင် လုပ်ရန် ဆုံးဖြတ်ထားခဲ့သည်။

နတ်ခရစ်စတယ် ၂၀၀၀ ကို လေ့ကျင့်ဖော် စရိတ်အဖြစ် ပေးပြီးနောက်တွင် ကျန်းချန်၏ လက်ထဲရှိ နတ်ခရစ်စတယ်သည် အတော်လေး ကုန်ခန်းသွားခဲ့ပြီ ဖြစ်၍ ကျန်းချန်သည် သူ၏ ကျင့်ကြံမှုကို ယာယီ ရပ်ဆိုင်းထားလိုက်ရသည်။

"နတ်ခရစ်စတယ် ရဖို့အတွက် နည်းလမ်း တစ်ခုခုကို ရှာဖွေမှ ဖြစ်တော့မယ်"

ကျန်းချန်က စိတ်ထဲတွင် အနည်းငယ် တွေးတောနေခဲ့သည်။

နတ်ခရစ်စတယ်သာ လုံလောက်စွာ ရှိမည်ဆိုလျှင် သူသည် ရှလျန့်နှင့် ချင်ရှုံးတို့၏ အကူအညီဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ကို သတ္တမအဆင့် နှောင်းပိုင်းအထိ တစ်ခါတည်း မြှင့်တင်နိုင်လိမ့်မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် နဂါးမျှော်စင် တစ်ခုလုံး၌ပင် မည်သူကမှ သူ၏ အင်မော်တယ် ရွှေခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်မည်မဟုတ်တော့ပေ။

နဂါးမျှော်စင်၏ အထပ်တိုင်းရှိ ပါရမီရှင်များစွာကမဟုတ်ချေ။

နတ်ခရစ်စတယ်များကို ရှာဖွေရန် နည်းလမ်းများအား စဉ်းစားလိုက်သည်နှင့် ကျန်းချန်သည် ခေါင်းကိုက်သလိုပင် ဖြစ်လာခဲ့သည်။

သူ့အနေဖြင့် တိုက်ပွဲစင်မြင့်ထက်တွင် ရှာဖွေရန်လည်း မဖြစ်နိုင်ပေ။

အကြောင်းအရင်းမှာ စစ်ဘုရင်လင်ဟန်ကို အနိုင်ရရှိခဲ့သည့် သူ့ကို မည်သူမျှ မိုက်မိုက်မဲမဲ လာရောက်စိန်ခေါ်မည်မဟုတ်သောကြောင့်ပင်။

ထို့ကြောင့် တိုက်ပွဲစင်မြင့်ထက်တွင် နတ်ခရစ်စတယ်ကို ရှာဖွေရန်မှာ ကျန်းချန်အတွက် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

"ဝန်ဆောင်ရေးဌာနကို သွားမေးကြည့်ရမယ်"

ကျန်းချန်က ခဏမျှ တွေးတောလိုက်ပြီးနောက်တွင် ဝန်ဆောင်ရေးဌာန ဆီသို့ တိုက်ရိုက်သွားရောက်ခဲ့သည်။

စုံစမ်းမေးမြန်းပြီးနောက်တွင် ဝန်ဆောင်ရေးဌာနတွင် အမျိုးမျိုးသော မစ်ရှင်များ ရှိပြီး ထိုမစ်ရှင်များကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် နတ်ခရစ်စတယ်များကို ရရှိနိုင်ကြောင်း အဆုံးသတ်တွင် သူ သိရှိခဲ့ရသည်။

သို့သော်လည်း မစ်ရှင်အများစုသည် တစ်နေ့လျှင် နတ်ခရစ်စတယ် ၁၀ ခုကိုပင် မရရှိနိုင်ပေ။

မစ်ရှင်များကို ဆောင်ရွက်၍ နတ်ခရစ်စတယ် ၁၀ခု ရယူသောနည်းလမ်းသည် နတ်ခရစ်စတယ် အများအပြား လိုအပ်နေသော ကျန်းချန် အတွက် လုံလောက်မှု မရှိခဲ့ပေ။

ကျန်းချန်က မစ်ရှင်စာရင်းကို အသေးစိတ် အကဲခတ်ရင်း ခဏအကြာတွင် အလွန်ကောင်းမွန်သော မစ်ရှင်တစ်ခုကို အဆုံးသတ်၌ တွေ့ရှိသွားခဲ့သည်။

အဂ္ဂိရတ်မစ်ရှင် - ဝန်ဆောင်ရေးဌာနအတွက် ဆေးလုံးများကို ထုတ်လုပ်ပေးရမည်။

ပဉ္စမအဆင့်ဆေးလုံး တစ်လုံးလျှင် နတ်ခရစ်စတယ် ၁၀ ကနေ ၅၀ ဆုချမည်။

ဆဋ္ဌအဆင့်ဆေးလုံး တစ်လုံးလျှင် နတ်ခရစ်စတယ် ၈၀ ကနေ ၁၅၀ ဆုချမည်။

ကျန်းချန်သည် ဤအဂ္ဂိရတ်မစ်ရှင်ကို အလွန်ပင် ကျေနပ်နေခဲ့သည်။

သူ့အနေဖြင့် ဆဋ္ဌမအဆင့် ဆေးလုံး ဒါဇင်ပေါင်း များစွာကို ထုတ်လုပ်နိုင်သရွေ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်၏ သတ္တမအဆင့်၏ နှောင်းပိုင်းကို မြှင့်တင်ရန် အတွက် နတ်ခရစ်စတယ်များကို ရရှိနိုင်မည် ဖြစ်သည်။

ထိုထက် ပိုအရေးကြီးသည်မှာ ကျန်းချန်သည် ဤကာလအတွင်း အဂ္ဂိရတ်ပညာရပ်ကို လျစ်လျူရှုထားခဲ့၍ သူ၏ အဂ္ဂိရတ် အဆင့်အတန်းသည် ဆဋ္ဌမအဆင့်တွင်သာ ရပ်တန့်နေခဲ့သည်။

ဤမစ်ရှင်ကို ဆောင်ရွက်ခြင်းဖြင့် ကျန်းချန်သည် သူ၏ အဂ္ဂိရတ်အဆင့်ကိုပါ ထပ်မံ မြှင့်တင်နိုင်မည် ဖြစ်၏။

အခန်း(၁၁၉၉)ပြီး၏။

အခန်း(၁၂၀၀)

"ဒီအဂ္ဂိရတ်မစ်ရှင်ကိုပဲ ‌ရွေးချယ်လိုက်တော့မယ်"

သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက် ချပြီးသည်နှင့် ကျန်းချန်သည် သူ့ရှေ့မှ ချောမောသော တာဝန်ခံ အမျိုးသမီးကို တိုက်ရိုက်ပင် မေးလိုက်သည်။

"ဒီမစ်ရှင်ကို လက်ခံလို့ရမလား"

ချောမောသော တာဝန်ခံ အမျိုးသမီးက ကျန်းချန်ကို တအံ့တသြ ကြည့်လိုက်သည်။

ပုံမှန်အားဖြင့် နဂါးမျှော်စင်ရှိ ကျင့်ကြံသူများ ထဲတွင် အဂ္ဂိရတ်မစ်ရှင်ကို ဆောင်ရွက်သူသည် အလွန်နည်းပါးသည်။

အကြောင်းရင်းမှာ နဂါးမျှော်စင်ကို ဝင်ရောက်လာသူများသည် ကိုယ်ခံပညာ ပါရမီရှင်များ ဖြစ်ကြပြီး အဂ္ဂိရတ် ပညာရပ်တွင် အားနည်းသောကြောင့် ဖြစ်သည်။

နတ်ဘုရားနယ်မြေလို နေရာမျိုးမှာပင် ကိုယ်ခံပညာနှင့် အဂ္ဂိရတ်ပညာရပ် နှစ်ခုစလုံးကို လေ့လာလိုက်စားသူ အလွန်နည်းပါးသည်။

ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။

"ဘာပြဿနာရှိလို့လဲ"

"ပြဿနာတော့ မရှိပါဘူး.. ဒါပေမဲ့ အဂ္ဂိရတ်မစ်ရှစ်ကို လက်ခံဖို့ဆိုရင် ဝန်ဆောင်‌ရေးဌာနရဲ့ စစ်ဆေးမှုကို အောင်မြင်မှ လက်ခံခွင့်ရှိတယ်...ကျွန်မနောက်ကနေ လိုက်လာခဲ့ပေးပါ"

တာဝန်ခံအမျိုးသမီးက စကားဆုံးသည်နှင့်ကျန်းချန်ကို ဝန်ဆောင်ရေး ဌာနထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

မကြာမီမှာပင် အမျိုးသမီးသည် ကျန်းချန်ကို အဂ္ဂိရတ်ခန်းမ တစ်ခု၏ ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။

"ဒါက ပဉ္စမထပ်ရဲ့ အဂ္ဂိရတ်ခန်းမပဲ.. ခန်းမရဲ့ တာဝန်ခံက သတ္တမအဆင့်၊ အဆင့်မြင့် အဂ္ဂိရတ်သခင် ဖြစ်တဲ့ ဆရာဖန်းတပဲ.. အဂ္ဂိရတ်မစ်ရှင်ကို လက်ခံချင်တယ် ဆိုရင် ဆရာဖန်းတရဲ့ စစ်ဆေးမှုကို အောင်မြင်မှပဲ ဖြစ်လိမ့်မယ်"

ချောမောသော အမျိုးသမီးက ကျန်းချန်ကို အဂ္ဂိရတ် တံခါးဝသို့‌ ခေါ်ဆောင်လာရင်း ရှင်းပြခဲ့သည်။

ကျန်းချန်က နားလည် သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

နဂါးမျှော်စင် ပဉ္စမထပ်၏ အဂ္ဂိရတ်မစ်ရှင်သည် ပဉ္စမအဆင့် ဆေးလုံးများကို ထုတ်လုပ်ခြင်း ဖြစ်သည်။

ပဉ္စမအဆင့် ဆေးလုံးဆိုသည်မှာ ပြီးစလွယ် သန့်စင် ထုတ်လုပ်၍ ရသော ဆေးလုံးမျိုး မဟုတ်ပေ။

ထို့ကြောင့် ဆေးလုံးသန့်စင်မည့်သူကို စစ်ဆေးခြင်းသည် အကျိုးအကြောင်း ဆီလျော်သည်ဟု ဆိုရပေမည်။

နှစ်ဦးသား အဂ္ဂိရတ်ခန်းမ၏ တံခါးဝသို့ ရောက်သည်နှင့် မီးခိုးရောင် အဂ္ဂိရတ်သခင် ဝတ်စုံကို ဝင်ဆင်ထားသော ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အဂ္ဂိရတ် ခန်းမဆောင်ထဲကနေ ထွက်လာခဲ့သည်။

"ကျူးချင်...အဂ္ဂိရတ်ခန်းမဆောင်ကို အပြင်လူတွေ ခေါ်လာခွင့်မရှိဘူးဆိုတာ မင်းမသိဘူးလား.. ဘာလို့ သူစိမ်းတစ်ယောက်ကို ခေါ်လာရတာလဲ"

လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းချန်ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ တာဝန်ခံ အမျိုးသမီးကို ပြောလိုက်သည်။

တာဝန်ခံအမျိုးသမီးက လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြောက်လန့်စွာကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဆရာကူ.. သူက အဂ္ဂိရတ်မစ်ရှင်တွေကို လက်ခံမယ်ဆိုလို့ ကျွန်မ ဒီကို ခေါ်လာပေးခဲ့တာပါ"

"ဒီကောင်က အဂ္ဂိရတ်မစ်ရှင်ကို လက်ခံမယ်ဟုတ်လား.. ဝန်ဆောင်ရေးဌာနရဲ့ အဂ္ဂိရတ်မစ်ရှင်က လမ်းဘေး ကလေကချေတွေ လက်ခံနိုင်တဲ့မစ်ရှင်မျိုး မဟုတ်ဘူးကွ"

လူလတ်ပိုင်း အရွယ်အမျိုးသားက အထင်သေးစွာ ပြုံး၍ ပြောလိုက်သည်။

"ဆရာဖန်းတဆီ သူ့ကိုခေါ်သွားတာက ဆရာဖန်းတကို အလုပ်ပိုရှုပ်တာပဲ ဖြစ်စေလိမ့်မယ်.. သူ့ကို ပြန်လွှတ်လိုက်တော့"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားလျှင် တာဝန်ခံအမျိုးသမီး ကျူးချင်၏ မျက်နှာသည် ရုတ်တရက် သုန်မှုန်သွားခဲ့သည်။

သူက နံဘေးရှိ ကျန်းချန်ကို ခပ်တိုးတိုးလေး ပြောလိုက်သည်။

"ကူယွိက သဘောထားသေးသိမ်တဲ့ လူတစ်ယောက်ပဲ.. သူ့ကိုစော်ကားတာက ကိစ္စကောင်း မဟုတ်ဘူး.. ဒီလိုလုပ်ပါလား နောက်တစ်ကြိမ်မှပဲ ကျွန်မ ရှင့်ကို ထပ်ခေါ်လာခဲ့မယ်"

"မင်း ငါ့အတွက် ဘာမှစိုးရိမ်နေစရာမလိုဘူး.. ငါကိုယ်တိုင်ပဲ ဆရာဖန်းတဆီကို သွားလိုက်မယ်"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီး လူလတ်ပိုင်းအရွယ်အမျိုးသားကို လျစ်လျူရှုကာ ခန်းမဆောင် အတွင်းသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်သွားခဲ့သည်။

"ကောင်လေး ငါမင်းကို ပြန်ခိုင်းနေတာ မကြားရအောင် နားပင်းနေတာလား"

ကျန်းချန်က သူ့ကို လျစ်လျူရှုလိုက်သည်ကို မြင်လျှင် ကူယွိ၏မျက်နှာထက်တွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ကူယွိကို စေ့စေ့ကြည့်လိုက်ပြီး တုံ့ပြန်ပြောဆိုလိုက်သည်။

"မင်းပြန်ခိုင်းတိုင်း ငါပြန်ရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ"

"ငါ့နာမည်က ကူယွိ.. သတ္တမအဆင့် အခြေခံ အဂ္ဂိရတ်သခင်တစ်ယောက်ပဲ"

ကူယွိက အေးစက်သော မျက်လုံးများဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"နဂါးမျှော်စင်ရဲ့ အဂ္ဂိရတ်မစ်ရှင်ကို ပဉ္စမအဆင့် ဒါမှမဟုတ် အဲဒီအထက်က အဂ္ဂိရတ်သခင်တွေပဲ လက်ခံနိုင်ဖို့အရည်အချင်း ပြည့်မီတယ်.. မင်းက အဂ္ဂိရတ်မစ်ရှင်ကို လက်ခံဖို့ ဒီကိုလာတယ် ဆိုတော့ မင်းရဲ့အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ပြစမ်းပါဦး"

"မင်းကို ငါက ဘာလို့ပြရမှာလဲ"

ကျန်းချန်က မျက်ခုံးပင့်၍ ပြောလိုက်သည်။

"ဒီနေရာရဲ့ အကြီးအကဲက မင်းမဟုတ်ဘူး ထင်တယ်"

"ကောင်လေး နဂါးမျှော်စင်ရဲ့ အဂ္ဂိရတ်ခန်းမကို ပြဿနာရှာရဲတာ သမိုင်းထဲမှာ မင်းပထမဆုံးပဲ.. မင်းက အခြေအနေကို နားမလည်မှတော့ ငါမင်းကို သင်ပြပေးရမှာပေ့ါ"

ကူယွိက ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး ကျန်းချန်ကို ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

"မင်းက နတ်ဝိညာဥ်ဘုရင် နယ်ပယ်နဝမ အဆင့်ကျင့်ကြံသူလား"

ကူယွိ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော အားကောင်းသည့် အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်လိုက်စဥ်မှာပင် လေထဲကနေ အေးစက်စက် ရေရွတ်သံ တစ်သံသည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

"ကူယွိ အခုချက်ချင်း ရပ်လိုက်စမ်း"

အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် လေထဲတွင် ရုတ်တရက် နေရာလွတ် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ အရှေ့ရှိ လေထုထဲကနေ အနီရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ထွက်ပေါ်လာခဲ့သည်။

ထိုအဘိုးအိုက သူ၏ လက်ကို ဆန့်ထုတ်ကာ ကူယွိ၏ လက်ဝါးရိုက်ချက်ကို ချေဖျက်လိုက်သည်။

"ကူယွိ.. ရွှေနဂါးမြို့တော်ကို မင်းရောက်တာ ဆယ်နှစ်တောင်ကြာခဲ့ပြီ.. ဒါပေမဲ့ မင်းရဲ့စိတ်ဓာတ်က အခုထိ အရင်အတိုင်းပဲ.. ဒီအတိုင်းဆက်ပြီး နေထိုင်နေမယ်ဆိုရင် မင်းတစ်သက်ရှေးဟောင်း နဂါးမျိုးနွယ်စုကို ဘယ်တော့မှ ပြန်လာနိုင်မှာမဟုတ်ဘူး"

အနီရောင်ဝတ် အဘိုးအိုက ကူယွိကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရမ်း၍ ပြောလိုက်သည်။

"နဂါးမျိုးနွယ်စုကို ပြန်မသွားနိုင်ရင်လည်း မပြန်ရုံပဲပေါ့.. အကြီးအကဲ ကျွန်တော့်ကိစ္စကို ဝင်ရောက် စွက်ဖက်စရာမလိုဘူး"

ကူယွိက စူးရှသော အကြည့်ဖြင့် အနီရောင်ဝတ် အဘိုးအိုကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် ကူယွိက ရှေးဟောင်း နဂါးမျိုးနွယ်စုကို အားမကိုးရင်တောင် သိပ်မကြာခင် အချိန်အတွင်းမှာ နတ်ဘုရားနယ်မြေရဲ့ နာမည်ကျော် အဂ္ဂိရတ်သခင် တစ်ယောက် ဖြစ်လာမှာပဲ"

ထိုစကားကိုကြားလျှင် အနီရောင်ဝတ် အဘိုးအိုသည် ခေါင်းကို ခါရမ်းလိုက်ပြီး ကူယွိကို လျစ်လျူရှုထားလိုက်တော့သည်။

ထို့နောက်တွင် သူ၏ အကြည့်သည် ကျန်းချန်ဆီသို့ ရောက်ရှိသွားခဲ့သည်။

သူက ကျန်းချန်ကို ပြုံး၍ ပြောလိုက်၏။

"ကောင်လေး.. မင်း အဂ္ဂိရတ်မစ်ရှင်ကို လက်ခံဖို့ ဒီကိုရောက်လာတာလား.. ဆေးလုံးဘယ်နှစ်လုံးလောက် ထုတ်လုပ်နိုင်မလဲဆိုတာ ငါသိလို့ရမလား"

"သတ္တမအဆင့်အောက်မှာရှိတဲ့ ဘယ်လိုဆေးလုံးမဆို ကျွန်တော်ထုတ်လုပ်နိုင်ပါတယ်...အဂ္ဂိရတ်ပညာရပ်မှာ အမြန်နှုန်းပဲဖြစ်ဖြစ်၊အရည်အသွေးပိုင်းပဲဖြစ်ဖြစ် ကျွန်တော့်အနေဲ့ ဘယ်သူ့ကိုမှ မရှုံးနိုင်ဘူး"

ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်သည်။

ကျန်းချန်၏ စကားကို ကြားလျှင် အနီရောင်ဝတ် အဘိုးအို၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

"သတ္တမ အဆင့်အောက်မှာရှိတဲ့ ဘယ်လို ဆေးလုံးမျိုးမဆို ထုတ်လွှတ်နိုင်တယ်တဲ့လား"

ဤစကားအရ သူ့ရှေ့မှ ကောင်လေး၏ အဂ္ဂိရတ်ပညာရပ်သည် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့‌ ရောက်ရှိနေပြီဟု ဆိုလိုနေ၏။

အသက်နှစ်ဆယ် အရွယ်မျှဖြင့် ဆဋ္ဌမအဆင့် အထွတ်အထိပ် အဂ္ဂိရတ်သခင် တစ်ဦးသည် နတ်ဘုရားနယ်မြေမှာပင် အလွန်ရှားပါးသော ပုဂ္ဂိုလ် ဖြစ်သည်။

နောက်ဆုံးစာကြောင်းဖြစ်သည့် အမြန်နှုန်းနှင့် အရည်အသွေးပိုင်းတွင် မည်သူ့ကိုမှ မရှုံးနိမ့်နိုင်ဟု ဆိုခြင်းသည် ထိုကောင်လေးတွင် ခိုင်မာသော ယုံကြည်မှု ရှိနေသည်ကို ပြသနေခဲ့သည်။

ဤကောင်လေးသာ ပြောသည့် အတိုင်း ဆောင်ရွက်နိုင်လျှင် အဂ္ဂိရတ်ပညာရပ်တွင် ရှားပါးသော ပါရမီရှင် တစ်ဦးဟု ဆိုရပေမည်။

"ဟမ့်. အဆင့်နိမ့်ဂြိုလ်က ကောင်လေးကများ ဒီမှာ စကားကြီးစကားကျယ် ပြောရဲတယ်"

ကူယွိက ကျန်းချန်ကို ရန်စလိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ကောင်လေး.. မင်းက မင်းရဲ့အဂ္ဂိရတ်ပညာရပ်ကို ဒီလောက်တောင် ယုံကြည်မှုရှိတယ်ဆိုတော့ ငါနဲ့ ယှဥ်ပြိုင်ဖို့ သတ္တိရှိလား"

ကျန်းချန်က ကူယွိ၏ မေးခွန်းကို အဖြေမပေးဘဲ အနီရောင်ဝတ် အဘိုးအိုကို ကြည့်လိုက်သည်။

"ကျွန်တော် သူ့ကို အနိုင်ရရင် အဂ္ဂိရတ်မစ်ရှင်ကို လက်ခံခွင့်ရမှာလား"

ထိုစကားကို ကြားလျှင် အနီရောင်ဝတ်အဘိုးအိုက ခဏမျှ အံ့အားသင့်သွားပြီးမှ ပြန်ဖြေလိုက်သည်။

"သေချာတာပေါ့.. ဒါပေမဲ့ ကူယွိက သတ္တမအဆင့်အဂ္ဂိရတ်သခင်တစ်ယောက်နော်.. သူနဲ့ယှဥ်ပြိုင်ချင်တာ သေချာရဲ့လား"

"ယှဥ်ပြိုင်ရမဲ့ အကြောင်းက သတ္တမအဆင့်အောက်မှာ ရှိနေသရွေ့ ဘယ်လိုဆေးလုံးမျိုးပဲ ဖြစ်နေပါစေ ကျွန်တော့်အတွက် ပြဿနာမရှိဘူး"

ကျန်းချန်က ကူယွိကို မထီတရီဟန်ဖြင့် တစ်ချက်ကြည့်ကာ အဘိုးအိုအား ပြောလိုက်သည်။

"အဂ္ဂိရတ် ပညာရပ်မှာ အမြန်နှုန်းပဲဖြစ်စေ၊ အရည်အသွေးပိုင်းပဲဖြစ်စေ သူက ကျွန်တော့်ကို အသာရတာနဲ့ ကျွန်တော်အရှုံးပေးလိုက်မယ်"

အနီရောင်ဝတ် အဘိုးအိုသည် ကျန်းချန်၏ ဘယ်သူ့ကိုမှ မရှုံးနိမ့်နိုင် ဟူသော စကားကို အဆင့်တူ အဂ္ဂိရတ်သခင်များအတွက်သာ ဖြစ်သည်ဟု မူလက ထင်ထားခဲ့သည်။

သို့သော်လည်း သူ့ရှေ့မှ ကောင်လေးသည် သတ္တမအဆင့်အဂ္ဂိရတ်သခင် ကူယွိနှင့် ရင်ဆိုင်ရချိန်မှာပင် ဤကဲ့သို့ စကားမျိုး ပြောဆိုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သိထားရမည်မှာ သတ္တမအဆင့် အဂ္ဂိရတ်သခင်များသည် သတ္တမအဆင့်အောက်ရှိ ဆေးလုံးများကို သန့်စင်ရာတွင် ၎င်းတို့၏ အမြန်နှုန်းနှင့် အရည်အသွေးပိုင်းသည် သတ္တမအဆင့်အောက်ရှိ အဂ္ဂိရတ်ပညာရှင်များထက် လုံးဝ သာလွန်သောအဆင့်တွင် ရှိသည်။

ဤ အချိန်တွင် အဘိုးအိုသည် သူ့ရှေ့မှ ကောင်လေးကို ဦးနှောက်ပျက်နေသလားဟုပင် ထင်လာခဲ့သည်။

သို့သော်လည်း ဤကောင်လေးသာ အပြောမဟုတ်ဘဲ လက်တွေ့လုပ်နိုင်ခဲ့လျှင် အဂ္ဂိရတ်ပညာရပ်တွင် မွန်းစတားတစ်ကောင်ဟု ဆိုရပေတော့မည်။

အခန်း(၁၂၀၀)ပြီး၏။

All Chapters