← Chapters

အခန်း (၂၂၀၁-၂၂၀၅)

Vol. 89 Ch. 2201-2205

အခန်း (၂၂၀၁-၂၂၀၅)

Vol. 89 Ch. 2201-2205

အပိုင်း (၂၂၀၁)

ထိုစကားကို ကြားသည့်အခါမှသာ ရန်ကိုင့်အမူအယာ အတော်လေး ပြေလျော့သွားခဲ့သည်။

ရှောင်ယုယန်က အလေးအနက် အမူအယာဖြင့် ထပ်၍ ပြောလိုက်လေသည်။

“တကယ်တမ်းပြောရရင် မင်းဆီက ဆေးလုံးတွေကို လုယူချင်ရုံသက်သက်နဲ့ ငါ ဒီမှာ ရပ်စောင့်နေတာ မဟုတ်ဘူး… ပြောရရင်ကွာ ဘာမှ မရှိလို့ အဆင်ပြေပေမဲ့ ရှိလာတဲ့အခါကြရင်တော့ အခြားသူတွေရဲ့ ပစ်မှတ် ဖြစ်ရတယ် ဆိုတဲ့အတိုင်းပဲ… မင်းသိတယ်မလား… မင်းကျင့်ကြံခြင်းအဆင့်နဲ့ အဆုံးမဲ့ရတနာဆေးလုံးတွေကိုသာ သိမ်းထားမယ်ဆိုလို့ရှိရင် ပြဿနာတွေကို လက်ယပ်ခေါ်နေသလို ဖြစ်နေမှာ… ”

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “စီနီယာ ဘာပြောချင်သလဲဆိုတာကို ဂျူနီယာ နားလည်ပါတယ်… အခုလို ဂရုစိုက်ပေးတဲ့အတွက်လည်း စီနီယာရှောင်ကို ကျေးဇူးအများကြီး တင်ပါတယ်…”

ရှောင်ယုယန် လူကြားသူကြားကောင်းအောင် ယခုကဲ့သို့ ပြောနေမှန်း ရန်ကိုင် နားလည်ပေသည်။ ရှောင်ယုယန် တကယ်လုပ်ချင်နေသည်မှာ ရန်ကိုင်၏ဆေးလုံးများကို ခိုးယူလိုနေခြင်းသာ ဖြစ်သည်။

ခိုးယူသည်ဟုတော့ မပြောနိုင်ပေ။ ရန်ကိုင့်ဆီမှ အဆုံးမဲ့ရတနာဆေးလုံးများကို ယူပြီး အခြား အဖိုးတန်ရတနာတစ်ခုခုကို ပြန်အလျော်အစားပေးမည် ဖြစ်သည့်အတွက်ကြောင့် ခိုးယူမည့်အစား လုယူသည်ဟု ပြောသည်က ပိုမှန်ပေလိမ့်မည်။

အဆုံးမဲ့ရတနာဆေးလုံးများသည် ဧကရာဇ်အဆင့် ပညာရှင်ဖြစ်သော သူ့အတွက် အသုံးမဝင်သော်ငြား သူ့တွင် တပည့်များ ဆွေမျိုးများ မရှိဟု မည်သူပြောနိုင်မည်နည်း။ အဆုံးမဲ့ရတနာဆေးလုံးများသည် ထိုလူများအတွက် အလွန်ကိုမှ အသုံးဝင်ပေသည်။

ထို့အပြင် ရှောင်ယုယန်ပြောသလို ရန်ကိုင့်၌ အဆုံးမဲ့ ရတနာဆေးလုံးများ ရှိနေသည့် သတင်းသာ ပြန့်သွားမည်ဆိုပါက မရေမတွက်နိုင်သော ဧကရာဇ်အဆင့်ပညာရှင်များ သူ့အား ကျိန်းသေ အမဲလိုက်ကြပေလိမ့်မည်။

သို့သော်လည်း ရန်ကိုင့်တွင် မည်သည့် အဆုံးမဲ့ရတနာ ဆေးလုံးမှ ရှိမနေတော့ကြောင်းကို ရှောင်ယုယန်နှင့် အခြားသော ဧကရာဇ်အဆင့် ပညာရှင်များမှ စစ်ဆေးပြီးသွားခဲ့လေပြီဖြစ်သည်။

ထို့အတွက်ကြောင့် နောက်နောင်တွင် အဆုံးမဲ့ရတနာဆေးလုံးအတွက်နှင့် မည်သူကမျှ ရန်ကိုင့်အား လာရောက် ပြဿနာရှာကြတော့လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် တစ်နည်းပြောရလျှင် ရန်ကိုင့်အနေဖြင့် ရှောင်ယုယန်ကိုပင်လျှင် ကျေးဇူးတင်သင့်ပေသေးသည်။

လက်ရှိတွင် ရန်ကိုင့်၏ သိုလှောင်လက်စွပ်သည် ကောင်းရွှယ်ထင်း၏ လက်ထဲသို့ ရောက်နေခဲ့သည်။ အခြားသော ဧကရာဇ်အဆင့် ပညာရှင်များသည်လည်း ရန်ကိုင့်၏ သိုလှောင်လက်စွပ်အား စစ်ဆေးကြည့်ရှု ပြီးသွားခဲ့လေပြီ။

ကောင်းရွှယ်ထင်း ကိုယ်တိုင်သည်လည်း ရန်ကိုင့်၏ သိုလှောင်လက်စွပ်ထဲ၌ မည်သည့် အဆုံးမဲ့ရတနာဆေးလုံးကိုမှ ရှာမတွေ့သည့် အတွက်ကြောင့် ရန်ကိုင့်ဆီသို့သာ ပြန်ပစ်ပေးလိုက်လေ၏။

ရန်ကိုင်သည် သူ့သိုလှောင်လက်စွပ်ကို ပြန်သိမ်းထားလိုက်ပြီးနောက် ရှောင်ယုယန်အား ကြည့်ကာ ပြောလိုက်လေသည်။ “စီနီယာရှောင် ဘာမှပြောစရာ မရှိတော့လို့ရှိရင် ဒီဂျူနီယာ သွားလိုက်ပါဦးမယ်…”

“အင်း အင်း…” ရှောင်ယုယန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သို့သော်ငြား ချက်ချင်းဆိုသလို သူ့အမူအယာမှာ ပြောင်းလဲသွားခဲ့ပြီးနောက် ပြောလိုက်လေသည်။ “ငါ မင်းကို ပြောစရာတစ်ခုတော့ ရှိတယ်… မင်းနားထောင်ချင်မလားတော့ မသိဘူး…”

“စီနီယာရှောင် ဘာများ ပြောချင်တာလဲမသိဘူး…” ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။

ရန်ကိုင့်၏ အမူအယာကို မြင်သော် ရှောင်ယုယန်၏ ခက်ထန်သည့် အမူအယာမှာ ပို၍ သိမ်မွေ့သွားခဲ့လေသည်။ ထို့နောက် အလျင်အမြန် ပြောလိုက်လေ၏။ “မင်းတစ်ယောက်တည်း အကုန်လုံးကို စားမယ်ဆိုရင်တော့ စားလို့ ကုန်မှာ မဟုတ်ဘူးနော်…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားကာ အတွေးနက်သွားခဲ့လေသည်။ ထို့နောက်တွင် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “အခုလို သတိပေးတဲ့အတွက် စီနီယာရှောင်ကို ကျေးဇူးအများကြီးတင်ပါတယ်… ဂျူနီယာ ဒီစကားကို သေချာ မှတ်ထားလိုက်ပါမယ်…”

“အဲ့ဒါ အကောင်းဆုံးပဲ… မင်းသွားလို့ရပြီ…” ရှောင်ယုယန်သည် သူ့လက်အား ဝှေ့ယမ်း ပြလိုက်လေ၏။

ထိုအခါမှသာ ရန်ကိုင်လည်း နေမင်းပြာကျောင်းတော်၏ တပည့်များ စုဝေးနေသည့်နေရာသို့ သွားနိုင်တော့လေသည်။ ထိုနေရာသို့ ရောက်သည့်အခါ နေရာတစ်ခုရှာ၍ တင်ပလင်ခွေ ထိုင်နေလိုက်လေသည်။

လက်ရှိတွင် မြောက်များလှစွာသော ကျင့်ကြံသူများသည် အဖွဲ့ကိုယ်စီဖြင့် တောင်ကြားထဲတွင် အနားယူနေကြလေသည်။

သို့သော်ငြား ကျင့်ကြံသူများအား ရေတွက်ကြည့်လိုက်မည် ဆိုပါက လက်ရှိအရေအတွက်သည် လွန်ခဲ့သော သုံးဆယ့်သုံးရက်ကထက် သုံးပုံတစ်ပုံခန့် လျော့ကျသွားကြောင်းကို မြင်တွေ့နိုင်ပေလိမ့်မည်။ ထိုလူများသည် ဥတုလေးမျိုးနယ်မြေထဲတွင် သူတို့၏ဘဝကို အပြီးတိုင် နိဂုံးချုပ်လိုက်ကြရလေသည်။

ဤလောကကြီးတွင် ကြုံကြိုက်ရသမျှ သီးခြားကမ္ဘာငယ်လေးများ၊ အမွေအနှစ်ဆက်ခံရာ အထွတ်အမြတ်နယ်မြေများသည် အခွင့်အလမ်းနှင့် အန္တရာယ်တို့ ဒွန်တွဲနေသည့် နေရာများ ဖြစ်ကြသည်။

ကျင့်ကြံသူတိုင်း၏ ခရီးလမ်းသည်ဟာလည်း သေခြင်းရှင်ခြင်းကြား ကူးကလန်ခတ်နေသည့် လမ်းတစ်သွယ် ဖြစ်သည်ဟုပြော၍ ရသည်။ ဤသည်မှာ ကျင့်ကြံသူတိုင်း ရင်ဆိုင်ရမည့် ကံတရား ဖြစ်ကာ မည်သူမျှ ရှောင်ရှားနိုင်ကြလိမ့်မည် မဟုတ်ချေ။

ကျင့်ကြံခြင်းသည် မိမိအသက်ရှင်နိုင်ရေးအတွက် ကြိုးစားရုန်းကန် ရခြင်းနှင့် တူပေသည်။ အားအကောင်းဆုံး လူသည်သာ ဤအညှာအတာ ကင်းမဲ့သော လောကကြီး၌ ကြာရှည်စွာ တည်ရှိနိုင်ပေလိမ့်မည်။

ရန်ကိုင် အနားယူနေစဉ် ပိရန်ယုချင်းနှင့် ခို့ဝူတို့သည် သူ့ဆီသို့လာကာ နှုတ်ဆက်စကား ပြောကြလေ၏။

ငှက်မွေးပြာဂိုဏ်းမှ လာသည့်လူဆို၍ သူတို့နှစ်ဦးသာ ရှိကြသည်။ သူတို့နှစ်ဦးမှာ ဥတုလေးမျိုးနယ်မြေထဲ အခွင့်အလမ်းများစွာ အကျိုးမြတ်များစွာကို မရရှိနိုင်ခဲ့သည့်တိုင် အပြင်သို့ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည့်အတွက် အတော်လေး ကံကောင်းသည်ဟု ပြော၍ရသည်။

ဥတုလေးမျိုးနယ်မြေမှာ ပိတ်တော့မည် ဖြစ်သည့်အတွက်ကြောင့် သူတို့နှစ်ဦးလည်း ငှက်မွေးပြာဂိုဏ်းသို့ ပြန်ပေတော့မည်။

ရန်ကိုင်သည် သူတို့နှင့် ခဏတာမျှ စကားပြောပြီးသည့်နောက် နှုတ်ဆက်စကား ဆိုလိုက်လေ၏။

ရန်ကိုင်သည် ဝူမုန်ချွမ်းနှင့် တွေ့ပါက သူ့အကြောင်း ဘာမှမပြောရန် ပိရန်ယုချင်းအား အချိန်ကုန်ခံ၍ ပြောမနေခဲ့ပေ။ ပိရန်ယုချင်းသာ ငှက်မွေးပြာဂိုဏ်းသို့ ပြန်ရောက်ပါက သူမ၏ အတွေ့အကြုံနှင့်တကွ သူနှင့်တွေ့ဆုံခဲ့ရသည့် အကြောင်းစုံကိုပါ ဝူမုန်ချွမ်အား ပြန်ပြောပြပေလိမ့်မည်။ ရန်ကိုင်မှ မပြောရန် တားလျှင်ပင် အသုံးဝင်လိမ့်မည် မဟုတ်။

သို့သော်ငြား ရန်ကိုင်သည် သူ့လက်ရှိခွန်အားဖြင့် ဝူမုန်ချွမ်နှင့် မတွေ့သည်မှာ အကောင်းဆုံးဖြစ်သည်။ သူအားကောင်းလာသည့် အခါမှသာ ထိုလူအိုကြီးနှင့် သူ့ကြားရှိ ကိစ္စကို ပြန်ရှင်းရပေမည်။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် မိုးမြေတစ်ခွင်သည် ရုတ်ချည်း သိမ့်သိမ့်တုန်အောင် တုန်ခါလာခဲ့လေသည်။ ထိုအဖြစ်အပျက်နှင့်အတူ တောင်ကြားထဲတွင် ရှိနေသော အလင်းတံခါးသည်ပါ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

ဥတုလေးမျိုးနယ်မြေမှာ ပိတ်သွားခဲ့လေပြီ။ ဤသီးခြားကမ္ဘာ မည်သည့်အချိန်တွင် ပြန်ပွင့်လာမည် ဆိုသည်ကို ကောင်းကင်သာ သိပေလိမ့်မည်။

ဥတုလေးမျိုးနယ်မြေမှာ ပိတ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် အတွေ့ကြုံရှာ အခွင့်လမ်းရှာရန် ရောက်လာကြသော ဂိုဏ်းအသီးသီးနှင့် မိသားစုအသီးသီးမှ ကျင့်ကြံသူများမှာလည်း အသီးသီး ပြန်ကုန်ကြလေသည်။

ကောင်းရွှယ်ထင်းသည် ရှောင်ယုယန်နှင့် ခေတ္တခဏမျှ စကားပြောနေပြီးသည့်နောက် သူမ၏ လှေပျံကို ထုတ်ကာ နေမင်းပြာကျောင်းတော်သို့ ပြန်ရန် စီစဉ်လိုက်လေသည်။

ယခုတစ်ကြိမ် ခရီးစဉ်၌ နေမင်းပြာကျောင်းတော်သည် အသေအပျောက် နည်းနည်းဖြင့်သာ ကြုံတွေ့ရသည်ဟု ပြောနိုင်သည်။

ရန်ကိုင်မှလွဲ၍ ရောက်လာသည့်လူ ဆယ့်ကိုးဦးအနက် ပြန်မလာနိုင်သည့်လူမှာ လေးယောက်သာ ရှိပေသည်။ လေးယောက်ဟူသော ပမာဏမှာ ကောင်းရွှယ်ထင်း လက်ခံနိုင်သည့် အတိုင်းအတာအတွင်း ရှိနေပေသေးသည်။

မည်သို့ပင် ဖြစ်စေကာမူ တပည့်အချို့မှာ သေသွားသည့် အတွက်ကြောင့် ထိုတပည့်များနှင့် ရင်းနှီးသူများမှာ သုန်သုန်မှုန်မှုန် ဖြစ်နေကြလေသည်။ တချို့မှာ တစ်ယောက်တည်း ချောင်တစ်ချောင်တွင် သွားထိုင်၍ ဥတုလေးမျိုးနယ်မြေထဲမှ ရရှိလာသည့် အကျိုးအမြတ်များကို ပြန်လည် ဆန်းစစ်နေကြလေ၏။

ရုတ်တရက် ကောင်းရွှယ်ထင်းမှ သူ့အား ခေါ်နေသည်ကို ရန်ကိုင် ကြားလိုက်ရလေသည်။ အလျင်စလို မျက်လုံးဖွင့်ကြည့်လိုက်သည့် နောက်တွင် နေမင်းပြာကျောင်းတော်၏ အကြီးအကဲကောင်းသည် သူ့အား ကျောပေးလျက် သင်္ဘောထိပ်ဖျားတွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။

အကြီးအကဲကောင်း၏ ဆံပင်ရှည်နှင့် အင်္ကျီလက်စများသည် လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့သည်။

ရန်ကိုင်မှာ သူမအပေါ် မရိုင်းပျရဲသည့်အတွက်ကြောင့် အလျင်စလို သူမဆီသို့ လျှောက်သွားလိုက်လေသည်။ သူမအနားသို့ ရောက်လာပြီးသည့်နောက်တွင် လက်သီးဆုပ်၍ မေးလိုက်လေသည်။ “အကြီးအကဲကောင်း… ကျုပ်ကို ပြောစရာ ရှိလို့လားမသိဘူး…”

ကောင်းရွှယ်ထင်းသည် ခဏမျှ တိတ်နေပြီးသည့်နောက်တွင် ရုတ်တရက် ပြောလိုက်လေသည်။ “နောက်ဆုံး စီနီယာရှောင် ပြောသွားတဲ့ စကားရဲ့ အဓိပ္ပာယ်ကို နင်သိလား…”

ရန်ကိုင်သည်လည်း တခဏမျှ တိတ်နေပြီးနောက် ပြန်၍ ပြောလိုက်လေသည်။ “စီနီယာရှောင် ပြောချင်တာက ကျုပ် ဆေးတာအိုနဲ့ သိုင်းတာအို နှစ်ခုထဲက တစ်ခုကို ရွေးသင့်တယ်လို့ ပြောချင်တာပါ…”

“ဟုတ်တယ်…” ကောင်းရွှယ်ထင်းသည် ခေါင်းညိတ်၍ ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။ ရန်ကိုင့်အား ခဏမျှ ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် စ၍ ပြောလိုက်လေသည်။

“နင်က သိုင်းတာအိုမှာရော ဆေးတာအိုမှာပါ အရမ်းကို ပါရမီပါတယ်… အနှေးနဲ့အမြန်ဆိုသလို ဒီနယ်ပယ်နှစ်ခုထဲက တစ်ခုခုမှာ နင်လုံးဝ ထူးထူးချွန်ချွန်ကို အောင်မြင်မှာ… တစ်နေ့နေ့ တစ်ချိန်ချိန် ကြလို့ရှိရင် နင် ငါခုရောက်နေတဲ့အဆင့်ထက် ပိုမြင့်တဲ့အဆင့်ကိုတောင် ရောက်နိုင်ဦးမှာ…”

“ဒါပေမဲ့ ငါတို့လို ကျင့်ကြံသူတွေမှာ အချိန်က ပေါပေါသောသော ရှိနေတာမဟုတ်ဘူး… နင်သာ သိုင်းတာအိုရဲ့ အထွတ်အထိပ်ကို လျှောက်လှမ်းချင်တယ်ဆိုရင် ဆေးတာအိုကို စွန့်ပစ်ရလိမ့်မယ်… အဲ့လိုပဲ ဆေးတာအိုကို ရွေးမယ်ဆိုရင်လည်း သိုင်းတာအိုကို စွန့်ပစ်ရလိမ့်မယ်… နှစ်ခုစလုံးကို အာရုံစိုက်နေလို့မဖြစ်ဘူး… စီနီယာရှောင်က နင့်အကျိုးအတွက် ပြောပြသွားတာ…”

“ဂျူနီယာ နားလည်ပါတယ်…” ရန်ကိုင်က အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။

“နင် နားလည်တာ ကောင်းတယ်… တခြား ဘာမှမရှိတော့ဘူး…”

“ဒါဆို ဂျူနီယာ သွားလိုက်ပါဦးမယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ ဒီအကြောင်းကို ပြောချင်ရုံလေးအတွက်နှင့် ကောင်းရွှယ်ထင်းမှ သူ့အား ခေါ်ခဲ့သည့်အပေါ် ရန်ကိုင် အနည်းငယ် အံ့အားသင့်နေမိသည်။

တစ်ချိန်တည်းတွင်လည်း သူ့စိတ်ထဲ နွေးထွေးသွားခဲ့ရလေသည်။ သူသည် နေမင်းပြာကျောင်းတော်၏ တပည့်တစ်ဦး မဟုတ်သည့်တိုင် ကောင်းရွှယ်ထင်းသည် သူ့အား ဂရုစိုက်နေသေး၏။

ရန်ကိုင်မှာ ပြန်သွားရန်အတွက် နောက်သို့လှည့်ပြီးရုံပင် ရှိသေး ကောင်းရွှယ်ထင်းမှ ရုတ်တရက် ပြောလိုက်လေ၏။ “နင့်မှာ တကယ်ကြီး အဆုံးမဲ့ရတနာဆေးလုံးတွေ ထပ်မရှိတော့တာလား…”

ရန်ကိုင် အလျင်စလို နောက်သို့ လှည့်ကြည့်လိုက်လေသည်။ သို့သော် ကောင်းရွှယ်ထင်းသည် သူ့အား ကျောသာပေးထားပြီး သူ့ဘက်သို့ လှည့်ကြည့်မနေကြောင်း တွေ့လိုက်ရသည်။

ရန်ကိုင်သည် ထိုနေရာတွင် ခဏမျှကြာအောင် ရပ်၍ အတွေးနက်နေခဲ့သည်။ ထို့နောက်တွင် မည်သည့်စကားမျှ ပြောမနေတော့ဘဲ သူယခင်ထိုင်နေသည့် နေရာဆီသို့ ပြန်သွားကာ တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။

“သူတစ်ခုခု သိသွားတာလား… မိန်းမတွေရဲ့ မသိစိတ်က တကယ်ကြောက်ဖို့ကောင်းတာပဲ…”

ရက်ပေါင်းများစွာသည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့လေသည်။ ယနေ့တွင် လှပသော သင်္ဘောတစ်စင်းသည် နေမင်းပြာတောင်တန်းဆီသို့ ချဉ်းကပ်လာခဲ့လေသည်။

သင်္ဘောပေါ်တွင် ရှိနေသော တာအိုသခင်အဆင့် ကျင့်ကြံသူများသည် ယခင်ကကဲ့သို့ သုန်သုန်မှုန်မှုန် ဖြစ်မနေကြတော့ပဲ သူတို့၏ မျက်နှာအမူအယာများမှာ အနည်းငယ် ပြန်လည် ဝင်းပလာကြသည်။

အကုန်လုံးသည် မျှော်လင့်ချက်အပြည့်ဖြင့် သူတို့နေထိုင်ရာဖြစ်သော နေမင်းပြာတောင်တန်းဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြလေသည်။

“ဟား ဟား ဟား ဟား… ငါ ရှရှန်း ပြန်လာပြီကွ…” ရှရှန်းသည် သူပြန်လာသည်ဆိုသည့် အကြောင်းကို အကုန်လုံး သိသွားစေချင်သည့်အလား ခါးထောက်ရင်း အသံအကျယ်ကြီးဖြင့် အော်ပြောလိုက်လေသည်။

သူ့အသံမှာ ကျယ်လွန်းသဖြင့် အောက်ဘက်တွင် အသွားအလာ လုပ်နေကြသော နေမင်းပြာကျောင်းတော်၏ တပည့်များ ချက်ချင်း အပေါ်သို့ ခေါင်းမော့ကြည့်လာကြကုန်လေ၏။

“နည်းနည်းလောက် ပိုပြီး လူကြီးဆန်လို့ မရဘူးလား…” ရှောင်ပိုင်ယီသည် ရှရှန်းအား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လိုက်လေသည်။

“ဘာဖြစ်တာလဲကွ ရှောင်ပိုင်ရ… အိမ်ပြန်လာတာကို ပျော်သင့်တာပဲဟာကြီးကို… လာစမ်း… အဲ့လိုမျိုး သုန်သုန်မှုန်မှုန် လုပ်မနေနဲ့… ငါနဲ့အတူ လာပြီးအော်လိုက်…” ရှရှန်းသည် ပြောရင်းဆိုရင်းဖြင့် ရှောင်ပိုင်ယီဘေးနားသို့ လျှောက်သွားပြီး သူ့ပုခုံးအား ဖက်လိုက်လေသည်။

“မင်းနဲ့အတူ အော်ရဖို့… အရူးပဲ အော်လိမ့်မယ်…” ရှောင်ပိုင်ယီ၏နဖူးထက် သွေးကြောကြီးများ ထောင်တက်လာခဲ့လေသည်။

“ရှက်ဖို့ကောင်းလိုက်တာ…” မုရုန်ရှောင်ရှောင်သည်လည်း ရှရှန်း၏ လုပ်ရပ်ကို ကြည့်ရင်း အလွန်ကိုမှ ရှက်ရွံ့နေခဲ့လေ၏။

ရှောင်ပိုင်ယီသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် ရှရှန်းအား တစ်ချက် စောင်းငဲ့ကြည့်လျက် ပြောလိုက်လေသည်။

“အခြားဂိုဏ်းက အကြီးဆုံး စီနီယာအစ်ကိုတွေကို ကြည့်စမ်း… ဝူချန်း လော့ယွမ်တို့ကိုကြည့် ဘယ်သူပဲကြည့်ကြည့် အကုန်လုံးက တည်တည်ကြည်ကြည်နဲ့… သူတို့ကို မြင်လိုက်တဲ့လူတိုင်း ဒါ ငါတို့ရဲ့ အားကိုးရတဲ့ စီနီယာအစ်ကိုကြီးဆိုပြီး ခံစားရတယ်…”

“မင်းကြတော့လား… တစ်ချိန်လုံး လူပျက်လိုပဲလုပ်နေတယ်… မင်းလိုလူတစ်ယောက် ဘယ်လိုလုပ်ပြီး ငါတို့အဖွဲ့ရဲ့ အကြီးဆုံး စီနီယာအစ်ကို ဖြစ်လာရတာလဲ မသိဘူး…”

“ဒီတော့ မင်းက စောက်ရမ်းမိုက်တဲ့ စီနီယာအစ်ကိုကြီးတစ်ယောက် လိုချင်တာပေါ့…” ရှရှန်းသည် ရုတ်ချည်း အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။

အပျော်အပျက်တို့ဖြင့် ပြည့်နေသော သူ့မျက်လုံးများမှာ ရုတ်ချည်း တည်ကြည်လာခဲ့သည်။ ပြုံးရွှင်နေသော သူ့မျက်နှာမှာလည်း မာနဟိတ်ဟန်တို့ဖြင့် ပြည့်နှက်နေသည့် အမူအယာအဖြစ်သို့ ရုတ်ချည်းပြောင်းလဲသွားခဲ့လေ၏။

ချက်ချင်းဆိုသလို ရှရှန်း၏ ဟန်ပန်အမူအယာနှင့် သူ့ဆီမှ ခံစားနေရသည့် အရှိန်အဝါမှာ အပြောင်းလဲကြီးကို ပြောင်းလဲသွားတော့လေသည်။

“တခြားစီနီယာအစ်ကိုကြီးတွေတောင် လုပ်နိုင်လို့ရှိရင် ဒီစီနီယာအစ်ကိုကလည်း လုပ်နိုင်တာပေါ့ကွ…” ရှရှန်းသည် အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း မုရုန်ရှောင်ရှောင်မှာတော့ မင်သက်နေခဲ့လေ၏။ အလွန်ကိုမှ အံ့အားနေသင့်သည့်အလား သူမပါးစပ်ကိုပင် လက်ဖြင့်အုပ်ထားခဲ့လေသည်။

“ငါအခု အားကိုးရတယ်လို့ နင်ထင်ပြီလား…” ရှရှန်းသည် နောက်သို့လှည့်မကြည့်ဘဲ လေသံအက်အက်ဖြင့် မေးလိုက်လေသည်။ “အရာမှန်သမျှကို စွန့်ပစ်ပြီးတော့ နင့်စီနီယာအစ်ကိုကြီးရဲ့ ကျယ်ပြောတဲ့ရင်ခွင်ထဲကို ခြေစုံပစ်ပြီး ခုန်ဝင်လာချင်ပြီလား…”

မုရုန်ရှောင်ရှောင်သည် နှုတ်ခမ်းလေးကိုကွေးလျက် သတိထားကာ ပြောလိုက်လေသည်။ “စီနီယာအစ်ကို… ရှင်ရဲ့ သတ်ဖြတ်လိုစိတ်က ဖြာထွက်နေတယ်…”

“မဟုတ်တရုတ်တွေ လုပ်မနေနဲ့တော့…” ကောင်းရွှယ်ထင်းသည် ရှရှန်းအား တစ်ချက်စောင်းကြည့်ကာ ပြောလိုက်လေသည်။ “ဒီဆရာ ဒီတပည့် အကုန်အတူတူပဲ… နင့်ဆရာလုပ်တဲ့အတိုင်း လျှောက်လုပ်မနေနဲ့… မဟုတ်ရင် နင် ဒီတစ်သက် မိန်းမရတော့မှာ မဟုတ်ဘူး…”

“တကယ်ကြီးလား…” ရှရှန်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား မင်သက်သွားခဲ့ပြီး ချက်ချင်း နဖူးထက်ရှိ ချွေးအေးများကို သုတ်ကာ ရေရွတ်လိုက်လေသည်။

“ဟုတ်တယ်… ငါလည်းအခုမှ သတိထား စဉ်းစားကြည့်မိတယ်… အခြားဂိုဏ်းချုပ်တွေမှာ အကုန်လုံး မိန်းမတွေ သားတွေ ကိုယ်လုပ်တော်တွေ ကိုယ်စီရှိပါရဲ့နဲ့ ငါတို့ကျောင်းသခင်ကြမှ ဘာလို့ အခုထိ လူပျိုကြီး ဖြစ်နေရသေးတာလဲ…”

အလွန်ကိုမှ ကြောက်မက်ဖွယ်ရာ တစ်ခုခုကို မြင်လိုက်ရသည့်အလား ရှရှန်း၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ ထို့နောက် ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ မေးလိုက်လေ၏။ “အကြီးအကဲကောင်း… ကျောင်းသခင်က အရမ်းကို သနားဖို့ကောင်းတာပဲ… ဘာဖြစ်လို့ သူ့ကို နောက်တစ်ကြိမ်လောက် ထပ်ပြီး မစဉ်းစားကြည့်…”

ရှရှန်းအနေဖြင့် သူ့စကားအား ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ကောင်းရွှယ်ထင်းသည် သူမလက်ကို ဝှေ့ယမ်း၍ ရှရှန်းအား သင်္ဘောပေါ်မှ ကန်ထုတ်ပစ်လိုက်လေသည်။

တရွေ့ရွေ့ ပျံသန်းသွားနေသော သင်္ဘော၏နောက်ဘက်ဆီမှ ရှရှန်း၏ ဝမ်းပန်းတနည်း အော်ဟစ်သံများ အစီအရီ ထွက်ပေါ်လာခဲ့လေ၏။

“အဲ့လောက်နဲ့ သေမှာမဟုတ်ဘူး… အော်ညီးပြမနေနဲ့…” ရှောင်ပိုင်ယီသည်လည်း ရှရှန်းအား အနည်းငယ်မျှပင် သနားစိတ်ဝင်မနေခဲ့ပေ။ အေးစက်စက် အမူအယာဖြင့်ပင်လျှင် ပြောလိုက်သေး၏။

မုရုန်ရှောင်ရှောင်မှာတော့ ရှရှန်းအား အမှန်တကယ် စိတ်ပူသွားခဲ့ပြီး ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ ရှရှန်းအတွက် အသနားခံရန် လုပ်လိုက်သည်။

သို့သော်ငြား ကောင်းရွှယ်ထင်း၏ ကြောက်မက်ဖွယ်ရာ အမူအယာကို မြင်ပြီးသည့်နောက် သူမပြောမည့် စကားများကို ချက်ချင်း ပြန်မျိုချလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၀၂)

နေမင်းပြာကျောင်းတော်၏ တပည့်များ ရှိနေသည့် သင်္ဘောသည် နေမင်းပြာကျောင်းတော်၏ အဓိကတောင်ထွတ်ဖြစ်သော သူတော်စင်များတောင်ထွတ်ပေါ်သို့ သက်ဆင်းလာခဲ့လေသည်။

အောက်ဘက်တွင်မူ ကျောင်းသခင်ဝမ်ကျိရှန်း၊ ဒုကျောင်းသခင်ချို့ရန်၊ အကြီးအကဲချန်းချန်နှင့် အခြားသော စီနီယာအကြီးအကဲများသည် အလေးအနက် အမူအယာများဖြင့် ရပ်စောင့်နေကြလေသည်။

သင်္ဘောအောက်သို့ မရောက်သေးခင်မှာပင် ဧကရာဇ်အဆင့် ပညာရှင်များသည် သင်္ဘောတစ်ခုလုံးအား သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။

တပည့်အနည်းငယ်သာ သေသွားခဲ့ကြောင်း သိလိုက်ရပြီးသည့် နောက်မှသာလျှင် အကြီးအကဲအားလုံး စိတ်သက်သာရ ရနိုင်ကုန်ကြလေ၏။

ခဏအကြာတွင် သင်္ဘောသည် တောင်ထွတ်ပေါ်သို့ အပြည့်အဝ ရောက်ရှိလာခဲ့လေသည်။ တပည့်များအားလုံးကို သင်္ဘောပေါ်မှ ဆင်းစေလိုက်ပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် သူမလက်ကို ဝှေ့ယမ်းလျက် သင်္ဘောအား ပြန်သိမ်းလိုက်လေ၏။

“ဟား ဟား ဟား… ငါ့ရဲ့ ရွှယ်ထင်းလေး မတွေ့ရတာကြာတော့ လွမ်းနေလိုက်တာ… လာ ဦးလေးကို လာဖက်ပါဦး…”

ဝမ်ကျိရှန်းသည် ကျယ်လောင်စွာ အော်ရယ်မောရင်း သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လျက် ကောင်းရွှယ်ထင်းဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်လေသည်။

“ရွှမ်…”

ဓါးချီလှိုင်းတို့နှင့်အတူ သတ်ဖြတ်လိုစိတ်တို့ပါ ပေါက်ကွဲထွက်သွားလေ၏။

ဝမ်ကျိရှန်းတစ်ကိုယ်လုံး ဇောချွေးပြန်သွားခဲ့ပြီး ကောင်းရွှယ်ထင်းနှင့် တစ်မီတာအကွာတွင် ရပ်တန့်လိုက်လေသည်။

ကောင်းရွှယ်ထင်းသည် ဝမ်ကျိရှန်း၏ လည်ပင်းတည့်တည့်အား ဓါးဖြင့်ချိန်ရွယ်ထားရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်လေ၏။ “ရှင် နောက်တစ်လှမ်း ထပ်တိုးတာနဲ့ ကျွန်မရှင့်ကို သတ်မှာနော်…”

ဝမ်ကျိရှန်းမှာ တစ်ချက်ကလေးပင် မလှုပ်ရဲတော့ချေ။

“ဟူး…” ထိုမြင်ကွင်းကိုကြည့်ရင်း ချို့ရန်သည် သက်ပြင်းချလျက် ကူကယ်ရာမဲ့နေသည့် အမူအယာဖြင့် “ကျောင်းသခင်… ကျေးဇူးပြုပြီး နည်းနည်းပါးပါးလောက် တည်တည်ကြည်ကြည် နေပေးလို့မရဘူးလား…”

“ငါနောက်နေတာပါကွာ…” ဝမ်ကျိရှန်းသည် ရယ်မောရင်းမှ မူလရပ်နေသည့် နေရာသို့ ပြန်ခုတ်ဆုတ်လာခဲ့လေသည်။

ထို့နောက်တွင် သူ့အမူအယာမှာ ရုတ်ချည်း တည်ကြည်သွားခဲ့ပြီး ပြောလိုက်လေ၏။ “ဘာပဲဖြစ်ဖြစ် ဒီကျောင်းသခင် မင်းတို့အားလုံး အခုလို အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်… မင်းတို့တွေက အနာဂတ်ကြရင် ငါတို့ဂိုဏ်းရဲ့ အဓိကထောက်တိုင်တွေ ဖြစ်လာမဲ့သူတွေ… ဒီတော့ ဒီစမ်းသပ်မှုကို မင်းတို့အားလုံး ကျော်ဖြတ်သွားနိုင်တယ်လို့ ပြောလို့ရတယ်…”

တပည့်များမှာတော့ မည်သည့်စကားမှ ပြန်မပြောခဲ့ပဲ ငြိမ်သက်စွာသာ ရပ်ကြည့်နေကြလေသည်။

ကောင်းရွှယ်ထင်းသည်လည်း သူမ၏ ဓါးကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်လေ၏။

“မင်းတို့ လုပ်ပေးခဲ့တာတွေကို ဒီကျောင်းသခင် မှတ်ထားပေးမယ်… မင်းတို့ရဲ့ ရောင်းရင်းညီအစ်ကို ညီအစ်မတွေရဲ့ သေဆုံးမှုကလည်း လုံးဝကို အလဟသတ် မဖြစ်စေရဘူး… ကဲ အခု အပိုကြယ်စည်းတံဆိပ်တွေ ရလာခဲ့တဲ့ လူတွေကလွဲပြီး ကျန်တဲ့လူတွေ အကုန်လုံး သွားလို့ရပြီ…”

“ဟုတ်ကဲ့…” တပည့်အားလုံး ပြိုင်တူ ပြန်ဖြေလိုက်ကြလေ၏။

တပည့်များမှာ စုစုပေါင်း အယောက်နှစ်ဆယ်ခန့်နီးပါး ရှိသော်ငြား ဝမ်ကျိရှန်းမှ ပြောပြီးသည့်နောက် ယခု လေးယောက်သာ ကျန်ရစ်တော့ပေသည်။

ရန်ကိုင်လည်း နောက်သို့ လှည့်ကြည့်လိုက်ရာ သူမှအပ ရှောင်ပိုင်ယီ မုရုန်ရှောင်ရှောင်နှင့် သူမသိသော တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ရှိနေတော့ကြောင်း တွေ့လိုက်ရလေသည်။

ထိုတပည့်သည်လည်း သူနှင့်အတူ ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်ရောက်ခဲ့ပေသည်။ သို့သော်ငြား ရန်ကိုင်သည် ရှရှန်း၊ ရှောင်ပိုင်ယီ၊ မုရုန်ရှောင်ရှောင်တို့မှလွဲ၍ အခြားသော နေမင်းပြာကျောင်းတော်၏ တပည့်များနှင့် စကားအပြောအဆို သိပ်မလုပ်သည့်အတွက် ထိုလူ၏ နာမည်ကို သိမနေခဲ့ပေ။

“ဟိုကောင် ရှရှန်းရော…” ယခုမှသာ လူအုပ်ကြီးထဲတွင် ရှရှန်း ရှိမနေကြောင်းကို ဝမ်ကျိရှန်း သတိပြုမိသွားခဲ့သည်။ ထို့ကြောင့် ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။ ရှရှန်း ဥတုလေးမျိုးနယ်မြေထဲတွင် တစ်ခုခု ဖြစ်သွားမည်ကို ဝမ်ကျိရှန်း စိတ်ပူနေခြင်းပင် ဖြစ်သည်။

အကြီးအကဲချို့ရန်သည်လည်း ထိုကဲ့သို့ တွေးမိသွားကာ ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။ “အကြီးအကဲကောင်း… ရှရှန်း တစ်ခုခုများ…”

ကောင်းရွှယ်ထင်းကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်၏။ “သူ ဘာမှ မဖြစ်ဘူး… မကြာခင် ရောက်လာလိမ့်မယ်…”

သူမပြောပြီးရုံပင်ရှိသေး ပုံရိပ်တစ်ခုသည် မိုးကုတ်စက်ဝိုင်းဆီမှ သူတို့တည့်တည့်ဆီသို့ ပျံသန်းလာခဲ့လေသည်။ တစ်ချိန်တည်းတွင် လှမ်း၍အော်ပြောလိုက်လေသည်။ “ကျုပ်ကိုစောင့်ပါဦး…”

ခဏအကြာတွင် ရှရှန်း အားလုံးရှေ့သို့ ရောက်လာခဲ့လေ၏။ ထို့နောက် ကောင်းရွှယ်ထင်းအား မကျေမနပ်ဖြင့် ကြည့်ရင်း သနားစဖွယ် အမူအယာဖြင့် အော်ပြောလိုက်လေ၏။ “အကြီးအကဲကောင်း… နောက်ဆိုအခုလိုမျိုး လုပ်မယ်ဆိုရင် ကြိုပြီးတော့ ပြောပေးလို့မရဘူးလား… တပည့် သေချာမပြင်ဆင်ရသေးဘူး….”

“ဟေ့ကောင်… မင်းဘာလုပ်လိုက်တာလဲ…” ဝမ်ကျိရှန်းသည် ရှရှန်းဆီသို့ လျှောက်သွားပြီး ရှရှန်းအား နားရင်းတစ်ချက် အုပ်လိုက်လေသည်။

“ကျောင်းသခင် ဘာလုပ်နေတာလဲ…” ရှရှန်းမှာ သူ့ခေါင်းကို ကိုင်ရင်း ပြန်၍ အထွန့်တက်လိုက်လေ၏။

ဝမ်ကျိရှန်းသည် အေးစက်စက် အမူအယာဖြင့် “မင်း အကြီးအကဲကောင်းကို ဒေါသထွက်အောင် လုပ်လိုက်တာ အသိသာကြီး… မင်းက ဘာမကျေမနပ် ဖြစ်နေတာလဲ…”

ရှရှန်းမှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး ဆွံ့အသွားခဲ့လေ၏။

“ကဲ… မင်းတို့အားလုံး ရောက်ပြီဆိုမှတော့ ဒီကျောင်းသခင်နောက် လိုက်ခဲ့ပေတော့…” ဝမ်ကျိရှန်းသည် ရန်ကိုင့်အား ကြည့်၍ ပြောလိုက်လေ၏။ “မင်းလည်းလာခဲ့…”

ခဏအကြာတွင် နေမင်းပြာကျောင်းတော်၏ အကြီးအကဲအားလုံး သူတော်စင်များတောင်ထွတ်ပေါ်ရှိ ခန်းမကြီးတစ်ခုဆီသို့ ရောက်လာခဲ့ကြလေသည်။

ရန်ကိုင်နှင့် နေမင်းပြာကျောင်းတော်၏တပည့်များသည် ခန်းမအလယ်တွင် ရပ်နေကြလေသည်။

ဝမ်ကျိရှန်းသည် ခေါင်းဆောင်ထိုင်ရမည့် ထိုင်ခုံတွင် ထိုင်ရင်း အောက်ဘက်သို့ ဝေ့ကြည့်ကာ ပြောလိုက်လေ၏။ “အကြီးအကဲကောင်း… ဒီတစ်ကြိမ် ဥတုလေးမျိုးနယ်မြေဆီ သွားတဲ့အဖွဲ့ကို ခင်ဗျားဦးဆောင်သွားတာဆို‌တော့ ဒီလူတွေရဲ့ အခြေအနေကို အခြားလူတွေထက် ခင်ဗျားက ပိုသိမှာပေါ့… အခု အဲ့လူတွေ ကြယ်စည်းတံဆိပ်တွေ ဘယ်လောက်လောက်ရလာလဲ ဆိုတာကို ကျုပ်တို့တွေကို ပြောပြပေးလို့ရမလား…”

ထိုစကားကိုကြားသည့်အခါ ကောင်းရွှယ်ထင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “အခြားဂိုဏ်းတွေနဲ့ သွားမတိုက်ကြည့်ရသေးပေမဲ့ သူတို့ရလာတဲ့ ကြယ်စည်းတံဆိပ် အရေအတွက်ကတော့ လုံးဝကို မနည်းလှဘူး…”

ပြောပြီးသည့်နောက်တွင် ခဏမျှ ရပ်ပြီးနောက် ဆက်၍ ပြောလိုက်လေ၏။ “ရှရှန်းက စုစုပေါင်း လေးခုရတယ်… ရှောင်ပိုင်ယီက နှစ်ခု… မုရုန်ရှောင်ရှောင်က နှစ်ခု… ချန်းမုကျီကလည်း နှစ်ခု…”

ထိုစကားကို ကြားသည့်အခါ တာအိုသခင် ဒုတိယအဆင့် လူငယ်လေး၏ နာမည်မှာ ချန်းမုကျီဖြစ်ကြောင်း ရန်ကိုင် သိသွားခဲ့လေသည်။

ထိုနေရာသို့ အရောက်တွင် တခဏမျှ ရပ်ပြီးသည့်နောက် ကောင်းရွှယ်ထင်းက ဆက်၍ ပြောလိုက်လေ၏။ “နောက်ထပ်တစ်ခုစီ ရသွားတဲ့ တပည့်သုံးယောက်လည်း ရှိသေးတယ်… သူတို့ကတော့ ဒီမှာရှိမနေဘူး…”

ဝမ်ကျိရှန်းက ခေါင်းညိတ်ပြလိုက်၏။ “အဲ့ကောင်ကရော…” ဝမ်ကျိရှန်းသည် ရန်ကိုင့်အား လှမ်းကြည့်ရင်း မေးလိုက်လေသည်။

“သူလား… သူက…” ကောင်းရွှယ်ထင်း၏ အမူအယာမှာ အနည်းငယ် ရှုပ်ထွေးနေခဲ့လေသည်။ တခဏမျှ တိတ်နေပြီးနောက် အဆုံးတွင် ရေရွတ်လိုက်လေ၏။ “သူက ခုနှစ်ခုရတယ်….”

“ဘယ်လို…”

“ငါနားကြား မှားသွားတာလား…”

“ခုနှစ်ခုတောင်… အဲ့လောက်တောင် များတာလား…”

နေမင်းပြာကျောင်းတော်၏ အကြီးအကဲအားလုံးမှာ ဧကရာဇ်အဆင့်များ ဖြစ်သည့်အလျောက် သူတို့အားလုံးသည် တော်ရုံတန်ရုံ ကိစ္စအတွက်နှင့် အံ့ဩတတ်သူများ မဟုတ်ကြချေ။

သို့သော်ငြား ရန်ကိုင်မှ ကြယ်စည်းတံဆိပ် ခုနှစ်ခု ရလာကြောင်း ကြားသိလိုက်ရသည့်နောက်တွင် အကုန်လုံးမှာ ဟန်ပင်မဆောင်နိုင်တော့ပဲ အံ့အားသင့်ကုန်ကြလေ၏။ အကုန်လုံးသည် ရန်ကိုင့်အား အံ့အားသင့်တကြီး အမူအယာများဖြင့် စိုက်ကြည့်လာကြလေသည်။

သူတို့ကျောင်းတော်၏ နံပတ်တစ်တပည့်ဖြစ်သော ရှရှန်းသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည့်တိုင် ကြယ်စည်းတံဆိပ် လေးခုကိုသာ ရနိုင်ခဲ့လေသည်။ ထိုသို့ဖြစ်လေရာ တာအိုသခင် ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်သည် ကြယ်စည်းတံဆိပ် ခုနှစ်ခုကို မည်သို့များ ရအောင် ယူခဲ့လေသနည်း။

“ဒီကောင့်ကံက ပိုစိုးပက်စက်ကို ကောင်းလွန်းနေတာပဲ…” ရန်ကိုင်အလွန်ကံကောင်းသွားခြင်းသာ ဖြစ်ရလိမ့်မည်ဟု အကုန်လုံးက ဖြည့်၍ တွေးနေကြလေသည်။

ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ထိုမျှများပြားလှသော ကြယ်စည်းတံဆိပ်များကို မည်ကဲ့သို့များ ရနိုင်ပါမည်နည်း။

ရန်ကိုင်ကမူ သူတို့၏ စိုက်ကြည့်ခြင်း ခံနေရသည့်တိုင် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရပ်နေခဲ့လေသည်။

ယခုတစ်ကြိမ် ဥတုလေးမျိုးနယ်မြေထဲသို့ သွားသည့် ခရီးတွင် ရန်ကိုင်သည် စုစုပေါင်း ကြယ်စည်းတံဆိပ် ခုနှစ်ခု ရခဲ့ပေသည်။

ပထမတစ်ခုမှာတော့ ဥတုနှစ်မျိုးတောင်တန်း၌ ရခဲ့သည့် စိန်တုံးပုံစံ ကြယ်စည်းတံဆိပ် ဖြစ်ပေသည်။ ဒုတိယနှစ်ခုကိုမူ အဆုံးမဲ့ရတနာကြာပန်းကို ကာကွယ်ပေးနေစဉ် ကြာပန်းအား လာခူးရန် ကြိုးစားသည့် ကျင့်ကြံသူနှစ်ဦးကို သတ်ပြီးနောက် ရလာခဲ့ခြင်း ဖြစ်သည်။

ကိုယ်ပိုင်ခွန်အားဖြင့် စုစုပေါင်း ကြယ်စည်းတံဆိပ် သုံးခုတိတိ ရနိုင်ခဲ့ပေသည်။

နောက်ဆုံးလေးခုကိုမူ ဝူချန်းနှင့် အလဲအလှယ်လုပ်ရင်းမှ ရလာခဲ့ခြင်း ဖြစ်သည်။ ကြယ်စည်းတံဆိပ်ခုနှစ်ခုကို ရယူနိုင်ခဲ့ခြင်းမှာ သူ့ကံကြောင့် ဖြစ်သလို သူ့ခွန်အားကြောင့်လည်း ဖြစ်ပေသည်။

ကြယ်စည်းတံဆိပ်များကို ရဖို့ရာ မလွယ်ကူပေ။ ရန်ကိုင်သာ အဆုံးမဲ့ရတနာကြာပန်းအား လာခူးရန် ကြိုးစားသည့် ကျင့်ကြံသူနှစ်ဦးအား မသတ်ခဲ့သလို ဝူချန်းနှင့်လည်း အလဲအလှယ် မလုပ်ခဲ့ပါက ဥတုလေးမျိုးနယ်မြေ ပိတ်သွားသည့်နောက်တွင် စိန်တုံးပုံစံ ကြယ်စည်းတံဆိပ်တစ်ခုနှင့်သာ ကျေနပ်၍ ပြန်လာရပေလိမ့်မည်။

“အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခြား အကြောင်းအချိုု့လည်း ရှိနေပါသေးတယ်… ဒါပေမဲ့ အဲ့ဒါကို နောက်ကျမှ ကျွန်မဘာသာ ရှင်းပြပါမယ်… ဒါပေမဲ့ သူ ကြယ်စည်းတံဆိပ်ခုနှစ်ခုကို သူ့ဘာသာသူ ရခဲ့တာတော့ အမှန်ပါပဲ…” ကောင်းရွှယ်ထင်းက ဝင်ပြောလိုက်လေသည်။

သူမပြောချင်သည့် အခြားအကြောင်းအချို့မှာ အဆုံးမဲ့ရတနာဆေးလုံးသာ ဖြစ်၏။

ထိုစကားကိုကြားသော် ဝမ်ကျိရှန်းက ခေါင်းညိတ်၍ တပြုံးပြုံးဖြင့် ပြောလိုက်လေ၏။ “ကောင်းတယ်… တကယ်ကို ကောင်းတယ်… အခုလို ဆိုလို့ရှိရင် ကြယ်ပျက်ပင်လယ် ဖွင့်တဲ့အခါကြလို့ရှိရင် ငါတို့ နေမင်းပြာကျောင်းတော်ကနေ လူဆယ့်ကိုးဦး သွားလို့ရပြီ… ဒါက ငါတို့ဂိုဏ်းအတွက် တကယ်ကို ကျက်သရေရှိတဲ့ သတင်းစကားပဲ…”

ဥတုလေးမျိုးနယ်မြေသည် ကျင့်ကြံသူများအတွက် ဘဝအတွေ့အကြုံရှာရန် နေရာတစ်ခု ဖြစ်သည်ဟု ဆိုပါက ကြယ်ပျက်ပင်လယ်ကမူ ကျင့်ကြံသူများအတွက် မိမိ၏ သိုင်းတာအိုလမ်းကြောင်းအား လျှောက်လမ်းနိုင်မည့် ဉာဏ်အလင်းကို ရှာ‌ဖွေရန်နေရာဟု ပြော၍ရပေသည်။ ထိုကဲ့သို့သော နေရာမျိုးသည် ဝင်ချင်တိုင်း ဝင်လို့မရသည့် နေရာမျိုး ဖြစ်သည်။

ပထမဦးစွာအနေဖြင့် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်ရန်အတွက် ကြယ်စည်းတံဆိပ်တစ်ခုကို ရရှိထားရန် လိုအပ်ပေသည်။

ဒုတိယအနေဖြင့် ကြယ်ပျက်ပင်လယ်၏ ဝင်ပေါက်ကို ဖြတ်သွားနိုင်ရန်အတွက် လိုအပ်သော ခွန်အားကို ပိုင်ဆိုင်ထားရန်လည်း လိုအပ်သေး၏။

လုံလောက်သော ခွန်အားနှင့် ကြယ်စည်းတံဆိပ်သည် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်ရန် မရှိမဖြစ် လိုအပ်သည့် အရာနှစ်ခု ဖြစ်ပေသည်။

တစ်နည်းဆိုရသော် ကျင့်ကြံသူတစ်ဦးသည် ကြယ်စည်းတံဆိပ်အား ပိုင်ဆိုင်ထားလျှင်ပင် လုံလောက်သော ခွန်အား ရှိမနေပါက ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်လိမ့်မည် မဟုတ်ချေ။

နေမင်းပြာကျောင်းတော်သည် ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်ခွင့် စုစုပေါင်း ဆယ့်ကိုးနေရာတိတိ ရရှိခဲ့သော်ငြား အဆုံးတွင် ကျင့်ကြံသူ ဘယ်နှစ်ဦးကများ ကြယ်ပျက်ပင်လယ်ထဲသို့ ဝင်နိုင်မလဲ ဆိုသည်ကိုမူ မည်သူမှ မသိကြချေ။

သို့သော်ငြား ဤဝင်ခွင့်အရေအတွက်သည် အခြားသော ဂိုဏ်းများ ပိုင်ဆိုင်ထားသည့် ဝင်ခွင့်အရေအတွက်ထက် များသည်မှာတော့ သေချာသလောက်ကို ရှိပေသည်။ ထို့အတွက်ကြောင့် ဝမ်ကျိရှန်း ပျော်သည်မှာလည်း အထူးအဆန်းတော့ မဟုတ်။

“ဒါ ငါတို့ကျောင်းတော် ကံကောင်းမဲ့လက္ခဏာပဲ…” ချို့ရန်ကလည်း ပျော်ရွှင်စွာဖြင့် ရေရွတ်လိုက်လေ၏။ အလွန်ကိုမှ ကျေနပ်နေသည့်အလား သူ၏မုတ်ဆိတ်မွေးရှည်ကြီးကို ပွတ်ရင်း ခေါင်းတညိတ်ညိတ် ဖြစ်နေခဲ့လေသည်။

“ကဲ… အချိန်မဖြုန်းကြရအောင်… ချန်လေး… ပိုနေတဲ့ ကြယ်စည်းတံဆိပ်တွေကို သွားယူလိုက်တော့…” ဝမ်ကျိရှန်းက ချန်းချန်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

ချန်းချန်လည်း ခေါင်းညိတ်လိုက်ပြီးနောက် သူမလက်ကို ဝှေ့ယမ်းကာ အမွှေးတိုင်အိုးနှင့် ဆင်တူသည့် မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထို့နောက်တွင် စောင့်နေသည့် တပည့်များအနက် တစ်ဦးဖြစ်သည့် ချန်းမုကျီဆီသို့ လျှောက်သွားပြီးနောက် သိမ်မွေ့သည့် လေသံဖြင့် ပြောလိုက်လေ၏။

“စိတ်အေးအေးထား…”

“ဟုတ်ကဲ့…” ချန်းမုကျီသည်လည်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်လေသည်။

ချန်းမုကျီ အဆင်သင့်ဖြစ်ပြီမှန်း သိလိုက်သည့်နောက်တွင် ချန်းချန်သည် လက်တစ်ဖက်ဖြင့် အမွှေးတိုင်အိုးကို ကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့် လက်ကွက်များကို ဖန်တီးကာ ချန်းမုကျီ၏ လက်ပေါ်ရှိ နေရာများစွာကို လက်ညှိုးဖြင့် သွားထိုးလေသည်။

ချန်းမုကျီမှာ ရုတ်တရက် နောက်သို့ ခြေလှမ်းအချို့ ဆုတ်သွားခဲ့ပြီး ချောင်းတဟွတ်ဟွတ် ထိုးဆိုးရင်း မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် အလင်းတန်းတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲမှ အပြင်သို့ ပျံသန်း ထွက်လာခဲ့လေသည်။

ချန်းချန်မှာလည်း နှေးမနေခဲ့ပေ။ ပျံသန်းထွက်လာနေသည့် အလင်းတန်းဆီသို့ သူမလက်ကို ဝှေ့ယမ်းချလိုက်သည်။ သူမလက်ဆီမှ မမြင်နိုင်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး အလင်းတန်းအား အမွှေးတိုင်အိုးထဲသို့ ဆွဲခေါ်သွားခဲ့လေသည်။

ထိုအဖြစ်အပျက်ကို ကြည့်ရင်း ရန်ကိုင်မှာတော့ အတော်လေးကို အံ့အားသင့်နေခဲ့သည်။

ဥတုလေးမျိုးနယ်မြေထဲတွင် ဝူချန်းသည် ကိုယ်ပိုင်နည်းစနစ်တစ်ခုကို သုံး၍ သူ့လက်ထဲမှ ကြယ်စည်းတံဆိပ်များကို ရန်ကိုင့်ဆီသို့ လွှဲပြောင်းပေးခဲ့လေသည်။

ယခု နေမင်းပြာကျောင်းတော်တွင်လည်း အကြီးအကဲချန်းချန်သည် အခြားသော နည်းစနစ်တစ်ခုကို သုံး၍ သူတို့လက်ထဲမှ ကြယ်စည်းတံဆိပ်များကို မှော်ရတနာတစ်ခုထဲသို့ သိမ်းဆည်းနေခဲ့သည်။

ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက်တွင် နောက်ပိုင်း ကြယ်တာရာအစုအဝေးထဲ ခရီးသွားမည်ဆိုပါက ပိုသတိထားရန် လိုအပ်ကြောင်း ရန်ကိုင် စဉ်းစားမိသွားခဲ့သည်။

ထို့ကြောင့်သာ မဟုတ်လျှင် သူ့ဆီမှ ကြယ်စည်းတံဆိပ်အား လုယူချင်သည့် ကျင့်ကြံသူများနှင့် တွေ့ပါက ပြဿနာတက်နိုင်ပေသည်။

ထို့နောက်တွင် ချန်းချန်သည် ထိုနည်းလမ်းကိုသုံး၍ ရှရှန်း၊ မုရုန်ရှောင်ရှောင်နှင့် ရှောင်ပိုင်ယီတို့ဆီမှ ကြယ်စည်းတံဆိပ်များကို ထုတ်ယူလိုက်သည်။

မည်သို့သော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပါစေ ကြယ်စည်းတံဆိပ် ထုတ်ယူခြင်း ခံလိုက်ရပြီးသည့်နောက် ကျင့်ကြံသူတစ်ဦးသည် အနည်းငယ် ထိခိုက်သွားကြရကြောင်း ရန်ကိုင် သေချာ မြင်တွေ့လိုက်ရသည်။

ရှရှန်းပင်လျှင် တစ်ကိုယ်လုံးတုန်ရီသွားခဲ့ပြီး သူ့မျက်နှာမှာလည်း ဖြူလျော်သွားခဲ့ရသည်။

နောက်ဆုံးတွင် ချန်းချန်သည် ရန်ကိုင့်ရှေ့သို့ ရောက်လာခဲ့လေသည်။ အကြီးအကဲချန်းက အတော်လေးကို သေးသွယ်သည်ဟု ပြော၍ရသည်။ ရန်ကိုင့်ရှေ့တွင် မတ်တပ်ရပ်လိုက်သည့်အခါ သူမသည် ရန်ကိုင်ထက် ခေါင်းတစ်လုံးစာ ပိုနိမ့်နေခဲ့လေ၏။

ရန်ကိုင့်အား ခေါင်းမော့ကြည့်၍ သိမ်မွေ့သည့်လေသံဖြင့် “အဆင်သင့်ဖြစ်ရင် ငါစတော့မယ်နော်…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၀၃)

“နေပါဦး…” ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည်။

“ဘာဖြစ်လို့လဲ…” ထိုစကားကို ကြားသည့်အခါ ချန်းချန်သည် မျက်မှောင်ကျုံ့၍ ရန်ကိုင့်ဘက်သို့ စောင်းကြည့်ရင်း မေးလိုက်လေသည်။

အကုန်လုံးသည်လည်း ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။

ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ဝမ်ကျိရှန်းအား ကြည့်ရင်း လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ဂျူနီယာမှာ ရှိတဲ့ ကြယ်စည်းတံဆိပ်အပိုတွေ အကုန်လုံးကို ပေးလို့က အဆင်ပြေပါတယ်… ဒါက အစတည်းက သဘောတူပြီးသား ဖြစ်သလို ဂျူနီယာကိုယ်တိုင်ကလည်း တစ်ခုတည်းကိုပဲ လိုတာမို့လို့ ကိစ္စမရှိပါဘူး…”

“ဒါပေမဲ့ အဲ့မတိုင်ခင် ဂျူနီယာ ကျောင်းသခင်ဝမ်ကို မေးချင်တာလေး တစ်ခုရှိပါတယ်…”

“အိုး…” ထိုစကားကို ကြားသည့်အခါ ဝမ်ကျိရှန်းက ပြုံးလျက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေ၏။ “ပြောလေ… မင်း ဘာမေးချင်တာလဲ…”

ရန်ကိုင်က ပြောလိုက်လေ၏။ “အကြီးအကဲကောင်း ပြောခဲ့သလိုပဲ ပိုနေတဲ့ ကြယ်စည်းတံဆိပ်တွေ အကုန်လုံးကို ကျောင်းတော်ဆီ ပြန်ပေးရမယ်… ဂျူနီယာ ဥတုလေးမျိုးနယ်မြေထဲကို ဝင်နိုင်ခဲ့တာက နေမင်းပြာကျောင်းတော်ကပေးတဲ့ ဝင်ခွင့်တစ်နေရာကြောင့်ပဲ… ဒါကြောင့် ဒီဂျူနီယာမှာ ပိုနေတဲ့ ကြယ်စည်းတံဆိပ်တွေကို ကျောင်းတော်ဆီ ပြန်ပေးရတာက ကိစ္စမရှိပါဘူး…”

တစ်ချက် ရပ်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်က ဆက်၍ ပြောလိုက်လေသည်။ “အကြီးအကဲကောင်း ထပ်ပြောခဲ့တာလည်း ရှိသေးတယ်… ပိုနေတဲ့ ကြယ်စည်းတံဆိပ်တွေကို ပြန်ပေးလို့ရှိရင် ကျောင်းတော်က အဲ့ကြယ်စည်းတံဆိပ်တွေနဲ့ ညီမျှတဲ့ ဆုကို ပြန်ပေးမယ်ဆိုပြီးတော့…”

“အိုး… အဲ့ကိစ္စလား…” ဝမ်ကျိရှန်းက ရယ်မောလျက် “အဲ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူမနေနဲ့… မင်းက ငါတို့ကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးဆိုပေမဲ့ ငါတို့ မင်းကို အနိုင်ကျင့်မှာ မဟုတ်ဘူး… မင်းနဲ့ ထိုက်တန်ဆုကို ကျိန်းသေပေးမှာ…”

“အဲ့ဒါဆိုရင် ဂျူနီယာ တစ်ခုလောက် တောင်းဆိုလို့ရလား…” ရန်ကိုင်က ပြောလိုက်လေသည်။

“မင်းဘာတောင်းဆိုချင်တာလဲ… ပြောကြည့်လေ ငါနားထောင်ကြည့်ရတာပေါ့…” ဝမ်ကျိရှန်းသည် ရန်ကိုင့်အား စိတ်ဝင်တစားဖြင့် ကြည့်ကာ ပြောလိုက်လေ၏။

“ဂျူနီယာ ဥတုလေးမျိုးနယ်မြေထဲကို ဘာလို့ ဝင်လဲဆိုတာကို ကျောင်းသခင် မှတ်မိသေးတယ်မလား…” ရန်ကိုင်သည် ပြန်မဖြေဘဲ မေးခွန်းဖြင့်သာ မေးလိုက်လေ၏။

ဝမ်ကျိရှန်းသည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်၍ “ကပ်ဘေးအသီးအတွက်မလား… ဟုတ်သားပဲ ငါမင်းကို ခုထိမမေးရသေးဘူး… မင်း အဲ့ဒီကပ်ဘေးအသီး ရလာလိုက်သေးလား…”

ရန်ကိုင်က ခေါင်းခါ၍ “မရလာလိုက်ဘူး… ဒါပေမဲ့ ကပ်ဘေးအသီးအပင်ကိုတော့ ရှာတွေ့လိုက်တယ်… ကြည့်ရတာ ဂျူနီယာထက် တစ်ယောက်ယောက်က စောပြီး ရောက်သွားခဲ့တဲ့ ပုံပဲ… အသီးက အပင်မှာ မရှိတော့ဘူး…”

“တကယ်ကို ကံမကောင်းတာပဲ…”

“ဂျူနီယာ တောင်းဆိုချင်တာက အဲ့ကပ်ဘေးအသီးကို ကျောင်းတော်ကနေ ကူရှာပေးဖို့ပါပဲ... ကျောင်းသခင်ဝမ်သာ သဘောတူမယ်ဆိုလို့ရှိရင် ဂျူနီယာမှာရှိတဲ့ ကြယ်စည်းတံဆိပ်အပို ခြောက်ခုလုံးကို ဝမ်းပန်းတသာနဲ့ လက်လွှဲပေးပါမယ်…” ရန်ကိုင်က အလျင်အမြန် ပြောလိုက်လေသည်။

ရန်ကိုင့်၏စကားကို ကြားပြီးသည့်နောက်တွင် ကျောင်းတော်ထဲတွင် ရှိနေသော ဧကရာဇ်အဆင့် ပညာရှင်များအားလုံး မျက်မှောင်ကျုံ့သွားကြလေသည်။

ရန်ကိုင်၏ တောင်းဆိုချက်မှာ အရမ်းကြီး အလွန်အကျူး ဖြစ်နေခြင်းမဟုတ်ဘဲ သူတို့အတွက် လုပ်ရန် ခက်ခဲနေခြင်းသာ ဖြစ်လေသည်။

ဥတုလေးမျိုးနယ်မြေထဲသို့ မရေမတွက်နိုင်သော ဂိုဏ်းများနှင့် မိသားစုများမှ ကျင့်ကြံသူများ ဝင်သွားခဲ့ကြသည်။ ထိုလူများအနက် မည်သူက ဆောင်းနယ်မြေထဲရှိ ကပ်ဘေးအသီးအား ရသွားခဲ့သလဲ ဆိုသည်ကို မည်သူမှ မမြင်လိုက်ရပေ။ နေမင်းပြာကျောင်းတော်သာ ထိုလူအား ရှာချင်သည် ဆိုပါက အမှန်တကယ်ကို လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထပ်ရှိသေးသည်မှာ သူတို့အနေဖြင့် ထိုလူအား ရှာတွေ့နိုင်မည်ဆိုလျှင်ပင် အသီးကိုတော့ ရနိုင်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူသည် တန်ရာတန်ကြေး တစ်ခုကို ပြန်လည်တောင်းဆိုပေလိမ့်မည်။

တစ်နည်းဆိုရသော် နေမင်းပြာကျောင်းတော်အနေဖြင့် ကပ်ဘေးအသီးကို ရယူရန်အတွက် တန်ကြေးတစ်ခုခု ကျိန်းသေ ပြန်ပေးရပေလိမ့်မည်။

မိသားစုငယ် သို့မဟုတ် ဂိုဏ်းငယ်လေးတစ်ခုမှ လူတစ်ဦးသာဆိုလျှင်တော့ ကိစ္စမရှိချေ။ သူတို့နေမင်းပြာကျောင်းတော်ဘက်မှ အနည်းငယ် ဖိအားပေးလိုက်ရုံဖြင့် လိုချင်သည့် အသီးကို ရယူနိုင်ပေလိမ့်မည်။

သို့သော်ငြား ရှေးဟောင်းကျောင်းတော်၊ ကောင်းကင်တိုက်ပွဲဒိုဂျို၊ ကြယ်ဝိဉာဉ်နန်းတော်ကဲ့သို့သော အင်အားကြီးသည့် အင်အားစုများမှ လူတစ်ဦးသာ ဖြစ်နေပါက တကယ်ကို ပြဿနာများပေမည်။

ထိုသို့ဖြစ်လာသည့်အခါ ထိုကိစ္စသည် အသီးလေးတစ်လုံးသာ မဟုတ်တော့ဘဲ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းကြားမှ ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုကိစ္စကိုသာ ကောင်းကောင်း မကိုင်တွယ်နိုင်ပါက သူတို့ဂိုဏ်းအနေဖြင့် အခြားဂိုဏ်းတစ်ဂိုဏ်းအပေါ် အကြွေးတင်သွားသလို ဖြစ်ပေလိမ့်မည်။

ရန်ကိုင့်အနေဖြင့် တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းများကြား ရှုပ်ထွေးသည့် ဆက်ဆံရေးကို သိလိမ့်မည် မဟုတ်သော်ငြား နေမင်းပြာကျောင်းတော်၏ ခေါင်းဆောင်များကမူ သိကြပေသည်။ ထို့ကြောင့်ပင်လျှင် ရန်ကိုင့်၏ တောင်းဆိုချက်ကို ကြားပြီးသည့်နောက် အကုန်လုံး တိတ်ဆိတ်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင်သည်လည်း ငြိမ်သက်စွာသာ ရပ်စောင့်နေလိုက်လေသည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝမ်ကျိရှန်းက ပြောလိုက်လေသည်။ “ငါမှတ်မိသလောက်ဆိုရင် ကပ်ဘေးအသီးက မင်းအတွက်မဟုတ်ဘဲ အခြားတစ်ယောက်အတွက် လိုတာမလား…”

“ဟုတ်ပါတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“မင်းကိုယ်တိုင်တောင် ဥတုလေးမျိုးနယ်မြေထဲထိ ဝင်ပြီး သွားရှာပြီးသွားပြီပဲ… မရတော့မှတော့ ဘာလို့ အဲ့ကိစ္စကို ဘေးဖယ်ထားပြီး မင်းအတွက်အကျိုးရှိမဲ့ တစ်ခုခုကို မတောင်းဆိုတာလဲ… ဥပမာ ပြောရရင်ကွာ…” ထိုနားသို့ အရောက်တွင် ဝမ်ကျိရှန်း ရပ်သွားခဲ့လေသည်။

ခဏမျှ တိတ်နေပြီးသည့်နောက်မှသာ ဆက်၍ ပြောလိုက်လေ၏။ “ငါ့ခွန်အားကို သုံးပြီးတော့ မင်းရဲ့ အလားအလာနဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ပေးလို့ရတယ်…”

ရန်ကိုင်က မျက်မှောင်ကျုံ့၍ ပြန်ပြောလိုက်လေ၏။ “ကျုပ် ကတိပေးထားခဲ့တာ… ကတိဆိုတာ တည်မှရမှာ… ကျောင်းသခင် ကျုပ်ကို ဘာလို့ အခုလို လာစမ်းသပ်နေရတာလဲ…”

“ဟား ဟား ဟား…” ဝမ်ကျိရှန်းမှာ သူ့အကြံကို တစ်ဖက်လူမှ ရိပ်မိသွားသည့်တိုင် ကသိကအောက် ဖြစ်သွားခြင်း မရှိဘဲ ပြုံး၍သာ ပြန်ပြောလိုက်လေ၏။ “မင်းလိုချင်နေတဲ့ ကပ်ဘေးအသီးကို လိုက်ရှာပေးမယ်…”

“သုံးလအတွင်း တွေ့မှဖြစ်မှာ…” ရန်ကိုင်က အလျင်အမြန် ပြောလိုက်သည်။ “အဲ့ထက်ပိုကြာနေလို့ရှိရင် အဲ့အသီးကို လိုနေတဲ့လူက ဆက်ပြီးတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး…”

“သုံးလက လုံလောက်တာထက် ပိုတယ်…” ဝမ်ကျိရှန်းက ယဲ့ယဲ့လေး ပြုံးလျက် ချို့ရန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “ဒုကျောင်းသခင်… ဒီကိစ္စကို ခင်ဗျားတာဝန်ယူလိုက်… သုံးလအတွင်း သူလိုအပ်နေတဲ့အသီးကို ဒီကောင်လေးဆီ ပို့ပေးလိုက်…”

ချို့ရန်သည် မတ်တပ်ထ၍ လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေသည်။ “လက်အောက်ငယ်သား နားလည်ပါပြီ… ကျောင်းသခင်ကို စိတ်မပျက်စေရပါဘူး…” ပြောပြီးသည့်နောက် ခန်းမထဲမှ ချက်ချင်း ထွက်သွားလေ၏။

ထိုအချင်းအရာကို မြင်သည့်အခါမှသာ ရန်ကိုင်လည်း သက်ပြင်းချနိုင်တော့လေသည်။

နေမင်းပြာကျောင်းတော်ကဲ့သို့သော အင်အားစုကြီးတစ်ခုမှ ကူရှာပေးနေသည့် အတွက်ကြောင့် ကပ်ဘေးအသီးအား တွေ့နိုင်ချေ ပိုများသွားခဲ့လေပြီ။

နေမင်းပြာကျောင်းတော်ပင်လျှင် ထိုအသီးအား မရှာနိုင်ပါက ရန်ကိုင်လည်း ဘာမှ တတ်နိုင်တော့လိမ့်မည် မဟုတ်ဘဲ လက်ဗလာြဖင့်သာ မေပယ်မြို့သို့ ပြန်ပြီး ချင်းကျောင်းရန်အား ထိုအကြောင်းကို ပြန်ပြောပြရပေတော့မည်။

“ဒီလောက်ဆို လုံလောက်ပြီလား…” ဝမ်ကျိရှန်းသည် ပြုံး၍ ရန်ကိုင့်အား ကြည့်ကာ မေးလိုက်လေသည်။

ရန်ကိုင်က ခေါင်းညိတ်၍ ချန်းချန်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။ “စလို့ရပါပြီ အကြီးအကဲချန်း…”

ချန်းချန်သည် စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။ ရန်ကိုင့်ကိုသာ သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် ဖမ်းချုပ်လိုက်လေသည်။

ထို့နောက်တွင် လက်တစ်ဖက်ဖြင့် အမွှေးတိုင်အိုးကို ကိုင်ရင်း ကျန်လက်တစ်ဖက်ဖြင့် လက်ကွက်များကို ဖန်တီးကာ ရန်ကိုင့်၏လက်အား အကြိမ်ပေါင်းများစွာ တို့လိုက်လေ၏။

ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ထဲ နွေးထွေးသည့် စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းလာသလို ခံစားလိုက်ရသည်။

ခဏအကြာတွင် သူ့လက်မောင်းနေရာဆီမှ အနည်းငယ် ပူလောင်လာသလို ခံစားလိုက်ရလေ၏။ တစ်စုံတစ်ခုသည် သူ့ကိုယ်ထဲမှ လွတ်ထွက်သွားချင်နေသည့်အလား သူ့စိတ်ထဲ မသက်မသာ ဖြစ်လာခဲ့လေသည်။ ထိုသို့ဖြစ်လာသည့်နောက် ရန်ကိုင်လည်း မနေနိုင်ဘဲ ညီးတွားမိလိုက်လေ၏။

“အမ်…” ထိုအချင်းအရာကို မြင်သည့်အခါ ဝမ်ကျိရှန်း အံ့အားသင့်သွားခဲ့သည်။

မုရုန်ရှောင်ရှောင်၊ ရှောင်ပိုင်ယီနှင့် ချန်းမုကျီတို့သည် သူတို့၏ ကြယ်စည်းတံဆိပ်များ အထုတ်ခံလိုက်ရစဉ်က နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရလေသည်။

ရှရှန်းသည် နောက်သို့ မဆုတ်လိုက်ရသည့်တိုင် သူ့မျက်နှာမှာတော့ ဖြူလျော်သွားခဲ့လေသည်။

ရန်ကိုင်သည်လည်း ရှရှန်းကဲ့သို့သာ ဖြစ်သွားခဲ့သော်ငြား သူ့ဆီမှ ထုတ်ယူလိုက်သည့် ကြယ်စည်းတံဆိပ် အရေအတွက်မှာ ခြောက်ခုဖြစ်သည်။ ရှရှန်းကဲ့သို့ သုံးခုမဟုတ်ချေ။

ထို့အပြင် ရန်ကိုင့်၏ ကျင့်ကြံခြင်းမှာလည်း တာအိုသခင် ပထမအဆင့်သာ ရှိသေး၏။ တကယ်ကို အံ့အားသင့်စရာပင်။

အခြားလူများသည်လည်း ထိုအချက်ကို သတိထားမိသွားကြပြီး ရန်ကိုင့်အား စိတ်ဝင်တစားဖြင့် ကြည့်လာကြလေ၏။

“ရွှစ် ရွှစ် ရွှစ်…”

ရန်ကိုင့်၏ ခန္ဓာကိုယ်ထဲမှ အလင်းတန်းခြောက်ခု ပျံသန်း ထွက်လာခဲ့လေသည်။

သို့သော်ငြား ချန်းချန်သည် အနည်းငယ်မျှပင် တုံ့နှေးမနေပဲ ထိုအလင်းတန်းအားလုံးကို အမွှေးတိုင်အိုးထဲသို့ ဆွဲသိမ်းယူပစ်လိုက်လေ၏။

အလင်းတန်းများကို သိမ်းယူပြီးသည့်နောက်တွင် ချန်းချန်သည် ရန်ကိုင့်အား သိမ်မွေ့သည့် လေသံဖြင့် ပြောလာခဲ့လေသည်။ “နင် နောက်ပိုင်း ကြယ်ပျက်ပင်လယ်ထဲကို ဝင်တဲ့အခါကြရင် သုံးဖို့အတွက် ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ်ကို နင့်အတွက် ချန်ထားပေးခဲ့လိုက်တယ်…”

“ကျေးဇူးအများကြီး တင်ပါတယ် အကြီးအကဲချန်း…” ရန်ကိုင်သည် ရုတ်ချည်းထကြွလာနေသော သူ့ကိုယ်ထဲရှိ အသက်စွမ်းအင်များကို ငြိမ်သက်အောင် ထိန်းချုပ်ရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ ပြောလိုက်လေသည်။

သူရလာခဲ့သည့် ကြယ်စည်းတံဆိပ် ခုနှစ်ခုအနက် အဆင့်အမြင့်ဆုံးသည် ငါးထောင့်ပုံစံ ကြယ်စည်းတံဆိပ်ဖြစ်ကာ ထိုကြယ်စည်းတံဆိပ်ကို ဝူချန်းနှင့် အလဲအလှယ်လုပ်ရင်းမှ ရလာခဲ့ခြင်း ဖြစ်သည်။

လန်ရွှင်းပြောပြသွားခဲ့သည့် ခြောက်ထောင့်၊ ခုနှစ်ထောင့်နှင့် ရှစ်ထောင့် ကြယ်စည်းတံဆိပ်များကိုမူ တစ်ချက်ကလေးမှပင် မမြင်လိုက်ရသဖြင့် ထိုအရာများ တကယ်ရှိမရှိ ဆိုသည့်အပေါ် ရန်ကိုင်လည်း မသိဖြစ်နေခဲ့လေသည်။

သို့သော်ငြား မည်သို့ပင်ဖြစ်စေကာမူ ဤရလာဒ်နှင့်ပတ်သက်၍ သူကျေနပ်ပေသည်။ ချန်းချန်သည် သူ့အတွက် ထည့်စဉ်းစားကာ အဆင့်အမြင့်ဆုံးသော ကြယ်စည်းတံဆိပ်ကို သူ့အတွက် ချန်ထားပေးခဲ့လေ၏။

ကြယ်စည်းတံဆိပ်၏ အဆင့် ကွာခြားမှုနှင့် ပတ်သက်၍ မည်ကဲ့သို့သော ခြားနားချက်များ ရှိသလဲဆိုသည်ကို ရန်ကိုင် မသိရသေးချေ။ သို့သော်ငြား ယခုအချိန်သည် ထိုအကြောင်းကို မေးရမည့် အချိန်မဟုတ်။

မည်သို့ပင် ဖြစ်နေစေကာမူ သူသည် နေမင်းပြာကျောင်းတော်တွင် အချိန်အတော်ကြာအောင် နေရပေဦးမည်။ ထို့အတွက်ကြောင့် နောက်မှသာ အခြားလူတစ်ဦးဦး ရှာပြီး ထိုအကြောင်းကို မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“မင်းတို့အားလုံး တော်တယ်… ကဲ အခု သွားနားလို့ရပြီ…” ဝမ်ကျိရှန်းသည် သူ့လက်အား ဝှေ့ယမ်း၍ တာအိုသခင်အဆင့် တပည့်များအား ပြောလိုက်ပြီးသည့်နောက် ထပ်၍ ပြောလိုက်လေသည်။ “ကျောင်းတော်ကနေ မင်းတို့ကို ဘာပြန်ပေးမလဲ ဆိုတာကိုတော့ ငါတို့ အရင် တစ်ချက်ဆွေးနွေးပြီး မင်းတို့ကို ပြန်အကြောင်းကြားပေးမယ်…”

“ဟုတ်ကဲ့ပါ…” ရှရှန်းနှင့် အခြားသူအားလုံး ဦးညွှတ်ကာ ခန်းမထဲမှ ထွက်သွားကြလေသည်။

သူတို့ ထွက်သွားပြီးသည့်နောက်မှသာ အကြီးအကဲတိရုန်က ရေရွတ်လိုက်လေသည်။ “တကယ်ကို မျိုးစေ့ကောင်းပဲ…”

သူသည် မည်သူ့ကိုမှ နာမည်တပ်၍ ပြောမနေသော်ငြား အကြီးအကဲတိရုန် ပြောနေသည့်လူမှာ ရန်ကိုင်မှန်း ခန်းမထဲတွင် ရှိနေသည့် လူတိုင်း သိနေကြလေသည်။

“မင်းတို့လည်း သတိထားမိတယ်ပေါ့…” ဝမ်ကျိရှန်းက ပြုံးလျက် “အဲ့မျိုးရိုးနာမည်ရန်နဲ့ကောင်လေးက တကယ်ကို အခြားသူတွေနဲ့ မတူဘူး… အကြီးအကဲကောင်းနဲ့ အကြီးအကဲချန်ကတော့ အခြားသူတွေထက် ပိုပြီးသိလောက်မှာပေါ့… မင်းတို့နှစ်ယောက်စလုံးက ရန်ကိုင်နဲ့ရွှယ့်ယီ တိုက်ခိုက်တာကို တောက်လျှောက် ထိုင်ကြည့်နေခဲ့ရတာဆိုတော့…”

ချန်းချန်က ခေါင်းညိတ်၍ ဝင်ပြောလိုက်သည်။ “ဟုတ်တယ်… ရွှယ့်ယီတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး…”

“သူက အခြားသူတွေနဲ့ နည်းနည်းလေး ကွဲပြားတာမဟုတ်ဘူး… သူက တကယ့်ကို ပါရမီရှင်…” ကောင်းရွှယ်ထင်းက ဝင်ပြောလိုက်သည်။

“အိုး… အကြီးအကဲကောင်းက သူ့ကို ဒီလောက်တောင် အထင်ကြီးထားတာလား… ဒါ နည်းနည်း လွန်မနေဘူးလား…” တိရုန်သည် ကောင်းရွှယ်ထင်းအား မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်လေသည်။

“သူ ဥတုလေးမျိုးနယ်မြေထဲမှာ ဘာလုပ်ခဲ့သလဲဆိုတာကို ရှင်တို့သိရင် အခုလိုမျိုး အံ့ဩပြနေမှာ မဟုတ်ဘူး…” ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေသည်။

ဝမ်ကျိရှန်းက ပြုံးလျက် မေးလိုက်လေသည်။ “နင်က အခုလို ပြောလာတယ် ဆိုမှတော့ သူ ဥတုလေးမျိုးနယ်မြေထဲမှာ တကယ်ကို မယုံကြည်နိုင်စရာတစ်ခုခုကို လုပ်ခဲ့လို့လား…”

“အဆုံးမဲ့ရတနာဆေးလုံးတွေကို အောင်အောင်မြင်မြင် ဖော်စပ်လိုက်နိုင်တာက မယုံကြည်နိုင်စရာ ကိစ္စတစ်ခုလို့ ပြောလို့ရလား…” ကောင်းရွှယ်ထင်းက ဝမ်ကျိရှန်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။

ထိုစကားကို ကြားပြီးသည့်နောက် အကုန်လုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်လေ၏။

“အဆုံးမဲ့ရတနာဆေးလုံး…” တိရုန်က အော်ဟစ်လိုက်လေသည်။ “အဲ့ဆေးလုံးက ကျင့်ကြံသူတစ်ဦး ဧကရာဇ်အဆင့်ကို ချိုးဖြတ်နိုင်တဲ့ အလားအလာကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံး မဟုတ်ဘူးလား… ”

“ဒဏ္ဍာရီတွေ မှန်မမှန်တော့ ကျွန်မလည်း မသိဘူး… ဒါပေမဲ့ သူဖော်စပ်ခဲ့တာကတော့ တကယ်ကို အဆုံးမဲ့ရတနာဆေးလုံးတွေပဲ…”

“ဒါဆိုရင် အခုတစ်ကြိမ် ဥတုလေးမျိုးနယ်မြေထဲမှာ အဆုံးမဲ့ရတနာကြာပန်းတစ်ပွင့် ပေါ်လာတာပေါ့…” ဝမ်ကျိရှန်းက ဝင်ပြောလိုက်လေသည်။

“ဟုတ်တယ်…” ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက် သူမသိထားသမျှ အကြောင်းစုံကို ရှင်းပြလိုက်လေသည်။ ရန်ကိုင် ကြယ်စည်းတံဆိပ် ခုနှစ်ခုအား မည်ကဲ့သို့ ရလာသလဲဆိုသည့်ကိစ္စကိုပါ ထည့်ပြောသွားခဲ့လေ၏။

ထိုစကားကို ကြားပြီးသည့်နောက်တွင် ဧကရာဇ်အဆင့် ပညာရှင်အားလုံး တိတ်ဆိတ်သွားခဲ့လေသည်။

“ဒီကောင်က တာအိုသခင်ပထမအဆင့်ပဲ ရှိသေးတယ်ဆိုပေမဲ့ သူ့ခွန်အားက အံ့ဩဖို့ကောင်းရုံတင် မဟုတ်ဘူး သူကိုယ်တိုင်ကပါ တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေသေးတယ်ပေါ့…” ထိုကဲ့သို့ ရေရွတ်ပြီးသည့်နောက် တိရုန် မယုံကြည်နိုင် ဖြစ်သွားခဲ့လေသည်။

“ရိုးရိုး တာအိုသခင်အဆင့် ဆေးပညာရှင်တောင် မဟုတ်ဘူး…” ချန်းချန်က လေသံတိုးတိုးဖြင့် ဝင်ပြောလိုက်သည်။ “အဆုံးမဲ့ရတနာဆေးလုံး လေးလုံးကို တစ်ထိုင်တည်းနဲ့ ရအောင် ဖော်စပ်ဖို့ဆိုတာ သူ့အနေနဲ့ အနည်းဆုံး တာအိုသခင် အလယ်အလတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေမှပဲရမယ်… ဘယ်တက်သစ်စ တာအိုသခင်အဆင့် ဆေးပညာရှင်မှ အဲ့လိုမလုပ်နိုင်ဘူး…”

“ဒါဆိုရင် အကြီးအကဲကောင်း သူ့ကို တကယ့်ပါရမီရှင်တစ်ယောက်လို့ ပြောနေတာ ချဲ့ကားပြနေတာ မဟုတ်တော့ဘူးပေါ့…” ဝမ်ကျိရှန်းက အလျင်အမြန် ဝင်ပြောလိုက်လေသည်။

“ဒီကြယ်တာရာအစုအဝေးထဲမှာ ရှိတဲ့ တာအိုသခင်အဆင့် ကျင့်ကြံသူတွေထဲမှာ လိုက်ရှာကြည့်မယ်ဆိုလို့ရှိရင်တောင် မဟာဆေးဧကရာဇ်ရဲ့ တပည့်တစ်ယောက်ကလွဲပြီး သူ့လိုလုပ်နိုင်တဲ့လူ အခြားဘယ်သူ့ကိုမှ တွေ့တော့မှာ မဟုတ်ဘူး…”

"ဒီကြယ်တာရာအစုအဝေးထဲမှာ သူ့ထက်ပိုပြီး သိုင်းတာအိုမှာ ပါရမီပါတဲ့လူတွေ ရှိရင်ရှိနိုင်လိမ့်မယ်… ဆေးတာအိုမှာလဲ ပိုပြီး ပါရမီပါတဲ့လူတွေ ရှိရင်ရှိနိုင်လိမ့်မယ်… ဒါပေမဲ့ သူ့လိုမျိုး နှစ်ခုစလုံးမှာ ပါရမီပါတဲ့လူ ရှိဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး…”

“ကျောင်းသခင်… သူ့ကို ကျုပ်တို့ နေမင်းပြာကျောင်းတော်ဂိုဏ်းထဲ ခေါ်ထည့်ချင်လား…”

“ဒီကောင်က အခုလောလောဆယ် ဘယ်အင်အားစုထဲကိုမှ ဝင်ရသေးတာမဟုတ်ဘူး…” တိရုန်က အားတက်သရော အမူအယာဖြင့် ပြောလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၀၄)

ထိုစကားကို ကြားသည့်အခါ ဝမ်ကျိရှန်းက ပြုံးလျက် မှတ်ချက်ပေးလိုက်လေသည်။ “သူ့လိုလူတစ်ယောက်သာ ငါတို့ဂိုဏ်းထဲ ဝင်မယ်ဆိုရင်တော့ ကောင်းတာပေါ့… ဒါပေမဲ့ ဝင်မဝင်က သူဆုံးဖြတ်ရမှာလေ… ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ကြိုးစားကြည့်ရမှာပေါ့…”

ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ “အကြီးအကဲကောင်း… အားလုံးထဲမှာ သူ့အကြောင်းကို ခင်ဗျားအသိဆုံးပဲ… ဒီတော့ ဒီကိစ္စကို ခင်ဗျား တာဝန်ယူလိုက်…”

“ကျွန်မ သူ့အကြောင်း အဲ့လောက်မသိဘူး…” ကောင်းရွှယ်ထင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ “ဒါပေမဲ့ ကျောင်းသခင်က အမိန့်ပေးလာတယ် ဆိုမှတော့လည်း လက်အောက်ငယ်သားက ကြိုးစားကြည့်ရတာပေါ့…”

ဝမ်ကျိရှန်းက ခေါင်းညိတ်၍ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ကဲ… အခု တပည့်တွေကို ဘယ်လိုဆုပေးမလဲ ဆွေးနွေးကြတာပေါ့…”

ရန်ကိုင်သည် နေမင်းပြာကျောင်းတော်ထဲရှိ သူ နေနေသည့် တောင်ထွတ်ဆီသို့ ပြန်လာခဲ့လေသည်။

ယခင်တစ်ကြိမ် သူနှင့် ရွှယ့်ယီတို့ တိုက်ခိုက်ခဲ့သည့် အတွက်ကြောင့် ပျက်စီးသွားခဲ့သော နန်းတော်မှာမူ ပြန်လည် ပြင်ဆင်ပြီးသွားခဲ့လေပြီ။

နန်းတော်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် အစီအရင်အားလုံးကို အသက်သွင်းလိုက်ကာ နေ့တစ်ဝက်ခန့် အနားယူလိုက်လေ၏။

အနားယူပြီးသည့်နောက် ဥတုလေးမျိုးနယ်မြေထဲမှ ရလာသည့် အဖိုးတန်ရတနာများကို စတင် စစ်ဆေးကြည့်တော့လေသည်။

ယခုတစ်ကြိမ် ဥတုလေးမျိုးနယ်မြေထဲသို့ သွားရာတွင် သူလိုချင်နေသည့် ကပ်ဘေးအသီးကို မရရှိလိုက်သော်ငြား အခြားသော ရတနာများစွာကိုမူ ရရှိခဲ့ပေသေး၏။

အဆင့်အမျိုးမျိုးရှိသော မွန်းစတားသားရဲများ၏ အမြုတေများကို ထည့်မတွက်လျှင်ပင် ကမ္ဘာငယ်လေးထဲရှိ ဥယျာဉ်ထဲ၌ ပြန်လည် စိုက်ပျိုးပြီးထားပြီးဖြစ်သော ဆောင်းနယ်မြေထဲမှ ရလာသည့် ဆေးပင်များသက်သက်နှင့်ပင်လျှင် ယခုတစ်ကြိမ်ခရီးသည် အတော်လေးကိုမှ တန်သွားပြီဟု ပြော၍ရသည်။

ရန်ကိုင်သည် ဆောင်းနယ်မြေထဲတွင် အချိန်အကြာဆုံး နေခဲ့လေသည်။ နှင်းပွင့်လေး၏ အကူအညီကြောင့် ဆောင်းနယ်မြေထဲရှိ အဖိုးတန်ရတနာများစွာကို ရယူနိုင်ခဲ့ကာ ဆောင်းနယ်မြေထဲရှိ ရတနာများ၏ တစ်ဆယ်ရာခိုင်နှုန်းလောက်မှာ ရန်ကိုင့်လက်ထဲသို့ ရောက်ခဲ့ရသည်ဟု ပြောလျှင်ပင် မမှားချေ။

ထိုစဉ်က ရန်ကိုင်သည် သူခူးခဲ့သမျှ ဆေးပင်အားလုံးကို ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ထဲတွင် ပြန်လည်စိုက်ပျိုးခဲ့လေသည်။ ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်မှာ ဆေးပင်များ ကြီးထွားရန်အတွက် အလွန်ကိုမှ သင့်လျော်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်လေ၏။

အင်မော်တယ်သစ်ပင်မှ မြောက်များလှစွာသော အသက်စွမ်းအင်များကို အဆက်မပြတ် ထုတ်ပေးနေသည့် အတွက်ကြောင့် ဆေးပင်များ ညှိုးခြောက်ကာ သေသွားမည်ကို စိတ်ပူစရာ မလိုပေ။

ထိုဆေးပင်များနှင့် မွန်းစတားသားရဲများ၏ အမြုတေများအပြင် အချိန်မြစ်နန်းတော်မှ ရလာသော အချိန်မြစ်အသီးတစ်လုံးလည်း ရှိနေသေး၏။

ဤအသီးမှာ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအတွက် အသုံးမဝင်သော်ငြား ဤအသီးကိုသာ အချိန်မြစ်ဆေးလုံးအဖြစ် ဖော်စပ်နိုင်မည်ဆိုပါက မရေမတွက်နိုင်သော ကျင့်ကြံသူပေါင်းများစွာ လိုချင်နေသည့် အဖိုးတန်ရတနာတစ်ခု ဖြစ်လာပေလိမ့်မည်။

အချိန်မြစ်ဆေးလုံးအား သောက်လိုက်မည်ဆိုပါက ကျင့်ကြံသူတစ်ဦး၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အခြေအနေကို လွန်ခဲ့သော နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင်ခန့်က အတိုင်းပင် ပြန်ဖြစ်သွားစေနိုင်၏။ ဤဆေးလုံးသည် သက်တမ်းကုန်ဆုံးခါနီး မွန်းစတားအိုကြီးများ အလူးအလဲ လိုချင်သည့် ဆေးလုံးတစ်လုံးပင် ဖြစ်လေသည်။

ထို့အပြင် ဤဆေးလုံးသည် အမျိုးသမီးများကြား အလွန်ကိုမှ ရေပန်းစားသည်ဟုလည်း ပြော၍ရသည်။ ဤလောကကြီးတွင် အမြဲတစေ မနုပျိုချင်သည့် အမျိုးသမီးဟူ၍ မရှိမှ မရှိလေပဲ။

အချိန်မြစ်ဆေးလုံး၏ ဆေးအာနိသင်သည် ဒဏ္ဍာရီလာ ထာဝရရုပ်ပျိုဆေးလောက် အားကောင်းခြင်း မရှိသော်ငြား ထိုဆေးလုံးနှစ်လုံး၏ ဆေးအာနိသင်မှာ အနည်းငယ် ကွဲပြားပေသည်။ ထို့ကြောင့် မည်သည့်ဆေးလုံးက ပိုသာကြောင်း ပြောရခက်လေသည်။

ပါးရေတွန့်နေသည့် အဘွားအိုကြီးတစ်ဦးကိုသာ ထိုဆေးလုံးနှစ်လုံးအနက် မည်သည့်ဆေးလုံးကို ယူပါမည်လဲဟု သွားရောက်မေးမြန်းမည် ဆိုပါက ထိုအဘွားအိုအနေဖြင့် အချိန်မြစ်ဆေးလုံးကိုသာ ရွေးပေလိမ့်မည်။ ထာဝရရုပ်ပျိုဆေးသည် သူမအတွက်မှ အကျိုးမရှိတော့လေပဲ။ အချိန်မြစ်ဆေးလုံးကိုသာ သောက်လိုက်မည်ဆိုပါက သူမအနေဖြင့် နှစ်တစ်ထောင်ခန့် ပြန်လည် နုပျိုသွားနိုင်ပေသေးသည်။

သို့သော်ငြား ငယ်ရွယ်ချောမောသည့် မိန်းမပျိုတစ်ဦးကိုသာ သွားမေးမည်ဆိုလျှင်တော့ ထိုအမျိုးသမီးသည် ထာဝရရုပ်ပျိုဆေးကိုသာ ရွေးချယ်ပေလိမ့်မည်။

နေမင်းပြာကျောင်းတော်မှ ထွက်သွားပြီးသည့်နောက်တွင် အချိန်မြစ်ဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးအမယ်များကို စုဆောင်းရမည်ဟု ရန်ကိုင် ဆုံးဖြတ်ချက် ချလိုက်သည်။

တစ်နေ့နေ့ အရေးကြုံလာသည့် အခြေအနေမျိုးတွင် ဤဆေးလုံးသည် သူ့အတွက် အသုံးဝင်ကောင်း အသုံးဝင်လာနိုင်ပေသည်။

ထိုရတနာများအပြင် အခြားသော အမျိုးမျိုးသော ရတနာများကိုလည်း ရခဲ့သေး၏။

သူရလာခဲ့သည့် ရတနာများအနက် အချို့မှာ အချိန်မြစ်ကျောင်းတော်ထဲရှိ ရုပ်သေးရုပ်များကို ဖျက်ဆီးပြီးနောက် ရလာသည့် စွမ်းအင်အမြုတေများ ဖြစ်ကြပေသည်။

ထိုစွမ်းအင် အမြုတေများမှာ လတ်တလောတွင် ရန်ကိုင့်အတွက် အသုံးမဝင်သေးသဖြင့် အရင်းအမြစ်ကျောက်များဖြင့် လဲလှယ်ရန် စဉ်းစားထားသည်။

ဥတုလေးမျိုးနယ်မြေထဲမှ ရလာသည့် ရတနာများကို စစ်ဆေးနေရင်းမှ ရန်ကိုင်သည် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။

ကျောက်စိမ်းပုလင်းအဖုံးကို ဖွင့်ကြည့်လိုက်ပြီးသည့်နောက်တွင် အထဲ၌ ဆေးလုံးတစ်လုံး ရှိနေခဲ့လေ၏။

သို့သော်လည်း ထိုဆေးလုံးမှာ ဆေးလုံးမဟုတ်ပဲ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးသာ ဖြစ်လေသည်။ ဤဓာတ်လုံးကို ဝူချန်းဆီမှ ရခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်အာဏာပိုင်ဓာတ်လုံးထဲတွင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ အစွမ်းကုန်တိုက်ကွက်တစ်ကွက် ပါဝင်ပေသည်။ ထို့အတွက်ကြောင့် ဤဓာတ်လုံးထဲရှိတိုက်ကွက် မည်မျှ အားကောင်းကြောင်းကို ခန့်မှန်းမိနိုင်ပေသည်။

ဓာတ်လုံးထဲရှိ တိုက်ကွက်သည်သာလျှင် အားကောင်းခြင်းမဟုတ်။ ဤဓာတ်လုံးကို ဖန်တီးရန်အတွက်လည်း အလွန်ကိုမှ ခက်ခဲလှသည်။ ဤဓာတ်လုံးသည် တစ်ကြိမ်သာ အသုံးပြုနိုင်သည့် ဧကရာဇ်ဒုတိယအဆင့် သို့မဟုတ် ထို့ထက်ပိုအားကောင်းသည့် ကျင့်ကြံသူများသာ ဖန်တီးနိုင်သော အရာမျိုး ဖြစ်ပေသည်။

ဧကရာဇ်အာဏာပိုင်ဓာတ်လုံးတစ်လုံးကို ဖန်တီးလိုက်သည့် ဧကရာဇ်အဆင့် ပညာရှင်မှာ အချိန်အတော်ကြာအောင် အားနည်းသွားလေ့ရှိသည်။ ထို့ကြောင့် တကယ်သာ မလိုအပ်လျှင် မည်သည့်ဧကရာဇ်အဆင့် ပညာရှင်ကမှ ဤကဲ့သို့သော ရတနာမျိုးကို ဖန်တီးလိမ့်မည် မဟုတ်ချေ။

ထို့အတွက်ကြောင့် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးများသည် ကြယ်တာရာအစုအဝေးထဲပင်လျှင် ရှားပါးသည့် အဖိုးတန်ရတနာများ ဖြစ်သည်ဟု ပြော၍ရသည်။

ထိုဓာတ်လုံးကို အချိန်မြစ်ကျောင်းတော်ထဲတွင် ရရှိခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် ဤဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် အချိန်မြစ်မဟာဧကရာဇ်မှ ချန်ထားခဲ့သည့် ရတနာတစ်ခုသာ ဖြစ်ပေလိမ့်မည်။

အချိန်မြစ်မဟာဧကရာဇ် ဤဓာတ်လုံးအား မည်သည့်အချိန်တွင် ဖန်တီးခဲ့ကြောင်းကို ရန်ကိုင်မသိသော်ငြား ဤဓာတ်လုံး၏ တန်ဖိုးနှင့်အဆင့်မှာ သာမန်ဧကရာဇ်အာဏာပိုင် ဓာတ်လုံးများထက် ပိုမိုမြင့်မားသည်မှာတော့ မြေကြီးလက်ခတ်မလွဲပင်။

ဤဧကရာဇ်အာဏာပိုင်ဓာတ်လုံးထဲ ရှိနေသည့် တိုက်ကွက်မှာ သာမန်ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး၏ တိုက်ကွက်ပင် မဟုတ်လေပဲ မဟာဧကရာဇ် သို့မဟုတ် ဧကရာဇ် တတိယအဆင့် ပညာရှင်တစ်ဦး၏ တိုက်ကွက်တစ်ခုပင်လျှင် ဖြစ်နေနိုင်၏။

မည်သို့ပင် ဖြစ်နေစေကာမူ ဤဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် သေရေးရှင်ရေး အခြေအနေမျိုးတွင် ရန်ကိုင့်အား ကယ်တင်ပေးနိုင်သော အသက်ကယ် ဝှက်ဖဲတစ်ခု ဖြစ်ပေသည်။

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ့ထက် ပိုမိုအားကောင်းသော ရန်သူများနှင့် ရင်ဆိုင်တွေ့ရသော် ဤဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို သုံး၍ အခြေအနေကို အထက်အောက်ပြောင်းပြန် လှန်ပစ်နိုင်ပေသည်။

ရန်ကိုင်သည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးအား အလွယ်တကူ ထုတ်သွင်းထုတ်ယူ လုပ်နိုင်သည့် သိုလှောင်လက်စွပ်ထဲတွင် ထည့်သိမ်းလိုက်ပြီးသည့်နောက် နောက်ဆုံးလက်ကျန် ဓာတ်လုံးသုံးလုံးဆီသို့ အာရုံစိုက်လိုက်လေသည်။

ဤဓာတ်လုံးသုံးလုံးမှာ အရွယ်အစားရော ပုံစံခြင်းပါ တူညီကြသော်ငြား အရောင်များမှာမူ တူညီခြင်း မရှိကြ။

တစ်လုံးမှာ အနီရောင်ဖြစ်ပြီး ထိုအနီရောင်ဓာတ်လုံးကို အချိန်မြစ်ကျောင်းတော်ထဲတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယတစ်လုံးမှာ အစိမ်းရောင်ဖြစ်ကာ ထိုဓာတ်လုံးကို ဆောင်းနယ်မြေထဲရှိ ရေကန်တစ်ကန်၏ အောက်ခြေမှ ရရှိခဲ့ခြင်း ဖြစ်သည်။

တတိယဓာတ်လုံးမှာတော့ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ မျက်နှာဝိုင်းဝိုင်းဖြင့် အမျိုးသမီးနှင့် အလဲအလှယ်လုပ်ရာမှ ရရှိလာခဲ့ခြင်းဖြစ်သည်။ ဤဓာတ်လုံးကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ထိုအမျိုးသမီးနှင့် လုံးဝ အလဲအလှယ် လုပ်ခဲ့လိမ့်မည် မဟုတ်ပေ။

တတိယဓာတ်လုံး၏ အရောင်မှာ ညှိုးရော်သွားသည့် သစ်ရွက်ခြောက်တစ်ရွက်၏ အရောင်သကဲ့သို့ ဝါကျင့်ကျင့် ဖြစ်နေခဲ့သည်။

အရောင်အမျိုးမျိုး ကွဲပြားသော ဓာတ်လုံးသုံးလုံးကို ရန်ကိုင်သည် နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်ကြည့်ခဲ့သော်ငြား မည်သည့်တုံ့ပြန်မှုမှ မရခဲ့ပေ။ အရင်းအမြစ်ချီကိုဖြစ်စေ ကောင်းကင်စိတ်အာရုံကိုဖြစ်စေ ဓာတ်လုံးထဲသို့ ထည့်သွင်းကြည့်ခဲ့သော်ငြား မည်သည့်တုံ့ပြန်မှုမှ မရခဲ့ပေ။

အရောင်များမှလွဲ၍ ဓာတ်လုံးသုံးလုံးမှာ လုံးဝကို ချွတ်စွပ်တူညီကြသည်။ ထိုဓာတ်လုံးသုံးလုံးအား ဥတုလေးမျိုးနယ်မြေထဲမှ ရလာသည်ကို ထောက်ရှုကြည့်ပါက ဓာတ်လုံးတစ်လုံးချင်းစီသည် ဥတုတစ်မျိုးကို ကိုယ်စားပြုကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။

အစိမ်းရောင်သည် အသက်စွမ်းအင် ပေါကြွယ်လှသော နွေဦးကို ကိုယ်စားပြုကာ အနီရောင်မှာတော့ ဂိမာန်ကို ကိုယ်စားပြုပေသည်။ နောက်ဆုံး ဝါကျင့်ကျင့် အရောင်သည် ဆောင်းဦးကို ကိုယ်စားပြု၏။

ယခု နောက်ဆုံးဓာတ်လုံးတစ်လုံးသာ ကျန်တော့ပေသည်။ ထိုဓာတ်လုံးမှာ ဆောင်းဥတုကို ကိုယ်စားပြုနေသည့် ဓာတ်လုံးပင် ဖြစ်လေသည်။ ထိုဓာတ်လုံး မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကိုတော့ ရန်ကိုင်လည်း မသိချေ။

ဓာတ်လုံးလေးလုံးစလုံးကို စုဆောင်းနိုင်သည့် အခါမှသာ ဤဓာတ်လုံးများနှင့် ပတ်သက်သည့် လျို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လိမ့်မည်ဟု ရန်ကိုင့်စိတ်ထဲ ခံစားနေရသည်။

သို့သော်ငြား ဥတုလေးမျိုးနယ်မြေမှာ ပိတ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ထိုဓာတ်လုံးအား ရှာချင်သည် ဆိုလျှင်ပင် ရှာနိုင်တော့လိမ့်မည် မဟုတ်ချေ။

ဓာတ်လုံးများကို ကြည့်ရင်း ရန်ကိုင် သက်ပြင်းသာ ချလိုက်တော့သည်။ ထို့နောက် ဓာတ်လုံးအားလုံးကို ပြန်သိမ်းထားလိုက်တော့လေသည်။

ကံကြမ္မာကသာ ခွင့်ပြုမည်ဆိုလျှင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူလိုအပ်နေသည့် နောက်ဆုံးဓာတ်လုံးကို ရှာတွေ့ကောင်း ရှာတွေ့နိုင်လိမ့်မည် ဖြစ်သော်ငြား ကံမကောင်း အကြောင်းမလှခဲ့ပါက ထိုဓာတ်လုံးကို မည်သို့မှ ရှာတွေ့နိုင်တော့လိမ့်မည် မဟုတ်ချေ။

ကြယ်တာရာအစုအဝေးသည် မခန့်မှန်းနိုင်လောက်အောင်ကို ကျယ်ပြောလေရာ ဆောင်းဥတုအား ကိုယ်စားပြုနေသည့် ဓာတ်လုံးတစ်လုံးအား ရှာတွေ့ဖို့ဆိုသည်မှာ အလွန်တရာကိုမှ ခက်ခဲလှပေသည်။

မည်သို့ပင် ဖြစ်နေစေကာမူ ဥတုလေးမျိုးနယ်မြေထဲသို့ သွားသည့် ယခုတစ်ကြိမ်ခရီးသည် အတော်လေးကိုမှ အကျိုးအမြတ်များခဲ့သည်ဟု ပြော၍ရသည်။

ဤရတနာများအပြင် အချိန်မြစ်ကျောင်းတော်ထဲရှိ အချိန်ခြေလှမ်းများဆီမှ အကျိုးအမြတ်များစွာကို ရရှိခဲ့သည့်အပြင် ကျန်းရို့ရှီကိုယ်တိုင်ကလည်း ဧကရာဇ်မှော်ရတနာဖြစ်သော ပန်းနုရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံကို ရရှိခဲ့လေသည်။

ရန်ကိုင်သည် သူရလာသည့် အဖိုးတန်ရတနာများကို ပြန်လည်စီစစ် ရွေးချယ်ပြီးသည့်နောက် သူ့အတွက် အသုံးမဝင်သော ရတနာများကို သူ့ကိုယ်ပွား အသုံးပြုနိုင်ရန်အတွက် ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်ထားပေးလိုက်လေသည်။

အသုံးမဝင်သည့် ရတနာများမှာ အခြားသူများ၏ သိုလှောင်လက်စွပ်ထဲမှ ရရှိခဲ့သည့် ဆေးလုံးများ၊ အမျိုးမျိုးသော သတ္တုများနှင့် မှော်ရတနာအချို့တို့ ဖြစ်ကြသည်။

မည်သို့သောအရာမျိုးပင် ဖြစ်နေစေကာမူ ရန်ကိုင့်၏ ကိုယ်ပွားသည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားသလို ကျောက်တုံးရုပ်သေးရုပ်ကလန်၏ မွေးရာပါ ဝါးမျိုသန့်စင်ခြင်း စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ဤလောကကြီးထဲရှိ ချီစွမ်းအင်ပိုင်ဆိုင်ထားသော မည်သည့်အရာကိုမဆို ဝါးမျိုပစ်နိုင်ပေသည်။

လက်ရှိ သူ့ကိုယ်ပွားသည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကိုပင် ဝါးမျိုပစ်နိုင်သည်ဟု ရန်ကိုင့်စိတ်ထဲ ခံစားနေရလေသည်။

ခဏအကြာတွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲသို့ ရောက်လာခဲ့လေ၏။

သူ့ကိုယ်ပွားမှာ လက်ရှိအချိန်တွင် ကျင့်ကြံနေသလို ကျန်းရို့ရှီနှင့် ဟွာချင်းစီတို့သည်လည်း သူတို့ကိုယ်ပိုင် အဆောက်အဦးများထဲတွင် တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေကြသည်။

ကမ္ဘာငယ်လေးသည် စိတ်ဝိဉာဉ်ချီပင်လယ်ဆီမှ စိတ်ဝိဉာဉ်ချီများစွာကို စုပ်ယူခဲ့သည့်အတွက်ကြောင့် ဤနေရာ၏ ပတ်ဝန်းကျင်မှာ ယခင်ကထက် ကျင့်ကြံရန် ပိုမိုကောင်းမွန်လာကြောင်း ရန်ကိုင် ခံစားသိလိုက်ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၀၅)

ချုန်းချီကပင်လျှင် ကယ်ဆယ်ပေးရ လောက်သည်အထိ ကျန်းရို့ရှီသည် လျှို့ဝှက်ချက်များစွာဖြင့် ပြည့်နေသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ကျန်းရို့ရှီ မြန်မြန်အားကောင်းလာပြီး သူမ၏လျှို့ဝှက်ချက်များကို ကိုယ့်ဘာသာ ရှာဖွေနိုင်ပါစေဟု ရန်ကိုင် မျှော်လင့်နေရုံသာ တတ်နိုင်လေသည်။

ကျန်းရို့ရှီမှာ ကျင့်ကြံနေသဖြင့် ရန်ကိုင်သည် သူမအား သွားမနှောင့်ယှက်တော့ဘဲ ဟွာချင်းစီနေထိုင်သည့် အဆောက်အဦးဆီသို့သာ ပျံသန်းသွားလိုက်လေ၏။

ရန်ကိုင်ရောက်လာချိန် အသံတစ်ချက်ပင် မထွက်ခဲ့သော်ငြား ဟွာချင်းစီသည် တစ်ခုခုအား အာရုံခံမိသည့်အလား မျက်မှောင်ကျုံ့သွားခဲ့သည်။

ခဏအကြာတွင် မျက်လုံးဖွင့်လျက် ရန်ကိုင့်အား စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “ရောက်လာပြီဆိုရင် တစ်ခုခုတော့ ပြောလေ… ဒီလိုမျိုး အသံတိတ်ကြီးနဲ့ ရောက်လာတာ… လူကို အရမ်းလန့်အောင် လုပ်တာပဲ… ”

“နင်ဒီလောက်ကြောက်တတ်မှန်း ငါမသိခဲ့ဘူး…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

“ဥတုလေးမျိုးနယ်မြေ ပိတ်သွားပြီလား…” ဟွာချင်းစီသည် ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။

“ပိတ်သွားပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“နင် ဘာတွေ ရလိုက်လဲ…”

“ဒီလိုပါပဲ…”

ဟွာချင်းစီသည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ကြည့်ရင်း နှုတ်ခမ်းကြီးကို မဲ့လျက် “လိမ်မနေစမ်းပါနဲ့… နင် ကောင်းတာတစ်ခုခု ရလိုက်တယ်မလား….”

ရန်ကိုင်က ပြုံးလျက် “ဆိုပါတော့…” ပြောပြီးသည့်နောက်တွင် ဖြူဖွေးဆွတ်နေသည့် ဆေးလုံးတစ်လုံးကို ထုတ်၍ ထိုဆေးလုံးကို သူ့လက်ချောင်းနှစ်ချောင်း ကြားထဲတွင် ညှပ်ထားလိုက်လေသည်။

“အဲ့ဒါက…” ဟွာချင်းစီသည် ရန်ကိုင့် လက်ချောင်းကြားထဲတွင် ရှိနေသော ဆေးလုံးအား သေသေချာချာကို စိုက်ကြည့်နေခဲ့လေသည်။

ထိုဆေးလုံး၏ အာနိသင်၊ ဆေးလုံး၏အမည်ကို မသိသော်ငြား ထိုဆေးလုံးသည် အလွန်တရာကိုမှ ရှားပါးသည့် အဖိုးတန်ရတနာတစ်ခု ဖြစ်သည်ဟု သူမစိတ်ထဲ ခံစားနေရသည်။

“နင်လိုချင်လား…” ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်လေသည်။

“အခု အခြေအနေအရတော့ နင်သာ ငါ့ကို သတ်ချင်တယ် ဆိုလို့ရှိရင် အချိန်မရွေး သတ်ပစ်လိုက်လို့ရတယ်…. ပြီးတော့ ဒီဆေးလုံးရဲ့ အရောင်နဲ့ အနံ့ကို ကြည့်ရတာ အဆိပ်ဖြစ်တဲ့ပုံတော့ မပေါ်ဘူး… နင်ငါ့အပေါ် မကောင်းတာတစ်ခုခု လုပ်မယ်ဆိုရင်တောင် အခုလိုမျိုး လုပ်နေစရာ မလိုဘူးလေ ဟုတ်တယ်မလား… ကြည့်ရတာ ဒီဆေးလုံးက ငါ့အတွက် တကယ် အသုံးဝင်တယ်နဲ့ တူတယ်…”

ဟွာချင်းစီသည် ရန်ကိုင့်၏မေးခွန်းကို ချက်ချင်း ပြန်မဖြေခဲ့ပဲ အခြေအနေကိုသာ သေသေချာချာ သုံးသပ်နေခဲ့လေသည်။

“ငါအခု တာအိုသခင် တတိယအဆင့်ကို ရောက်နေပြီ… ဧကရာဇ်အဆင့် ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တာ… ဒီလောကကြီးမှာ ငါ့အတွက် အရမ်းအသုံးဝင်တဲ့ ဆေးလုံးဆိုတာ သိပ်မရှိတော့ဘူး… ဒါပေမဲ့ နင့်လက်ထဲဆေးလုံးကို ငါတစ်ခါမှ မမြင်ဖူးဘူး…”

ရန်ကိုင့်လက်ထဲရှိ ဆေးလုံးကို ကြည့်နေရင်းမှ ဟွာချင်းစီ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ ထို့နောက်တွင် ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်လေ၏။ “ဒီတော့ တစ်ခုပဲရှိတော့တယ်… နင့်လက်ထဲက ဆေးလုံးက ဒဏ္ဍာရီလာ ဆေးလုံးမလား ဟုတ်တယ်မလား…”

ထိုကဲ့သို့ ရေရွတ်ပြီးသည့်နောက်တွင် ချက်ချင်းပဲ ဆက်ပြောလိုက်လေ၏။ “လိုချင်တယ်… ငါလိုချင်တယ်… ပေး…”

သို့သော်ငြား ရန်ကိုင်ကမူ ဆေးလုံးအား ချက်ချင်းမပေးသေးပဲ ပြန်၍စနောက်လိုက်လေသည်။ “မိန်းမတစ်ယောက်က အခုလိုပြောတာ တကယ်ရော သင့်တော်ရဲ့လား…”

“သွားသေလိုက်ပါလား…” ရန်ကိုင်မှ ဤကဲ့သို့ လာရောက် စနေသည့် အတွက်ကြောင့် ဟွာချင်းစီမျက်နှာ နီမြန်းသွားခဲ့လေသည်။ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း အံကြိတ်၍ “နင်ငါ့ကို ပေးမှာလား မပေးဘူးလား…”

ရန်ကိုင်လည်း ဆက် စမနေတော့ပဲ ဆေးလုံးကိုသာ သူမဆီသို့ ပစ်ပေးလိုက်လေ၏။

ဟွာချင်းစီသည် ဆေးလုံးအား ပျော်ရွှင်စွာ ဖမ်းယူလိုက်ပြီးသည့်နောက် သေချာအနီးကပ် စိုက်ကြည့်၍ စစ်ဆေးကြည့်လေသည်။ သို့သော် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် အနံ့ရှူကြည့်လေ၏။ ထို့နောက် ဆေးလုံးကို လျှာဖြင့်ပင် တို့ကြည့်လိုက်သေး၏။

“အဲ့လောက်ထိ စစ်ဆေးနေစရာ လိုလို့လား….” ဟွာချင်းစီလုပ်ပုံကို ကြည့်ရင်း ရန်ကိုင့်၏မျက်နှာကြီး မှုန်ကုပ်လာခဲ့လေသည်။ “ဒီတိုင်း စားလိုက်ရင် ပြီးရော မဟုတ်ဘူးလား…”

“ဒါဘာဆေးလုံးလဲ…” ဟွာချင်းစီသည် ခေါင်းမော့၍ ပြန်မေးလာခဲ့လေသည်။

“အဆုံးမဲ့ရတနာဆေးလုံး…”

ထိုစကားကို ကြားသည့်အခါ ဟွာချင်းစီ၏အမူအယာ တောင့်တင်းသွားခဲ့လေသည်။ သူမ၏ မျက်ခမ်းများဟာလည်း တဆတ်ဆတ်ကို တုန်ခါလာလေတော့၏။

“အဲ့ဆေးလုံးကို နင်သိနေတာလား…” ရန်ကိုင်သည်လည်း ဟွာချင်းစီအား ကြည့်ရင်း အံ့အားသင့်နေခဲ့လေ၏။

ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်လာကြသည့် ကျင့်ကြံသူ တော်တော်များများ အဆုံးမဲ့ရတနာကြာပန်းနှင့် အဆုံးမဲ့ရတနာဆေးလုံးအကြောင်းကို မသိကြပေ။ လန်ရွှင်းမှ စေတနာဖြင့် ရှင်းပြပေးသည့် အတွက်ကြောင့်သာ အကုန်လုံး ထိုဆေးလုံး မည်မျှ အဖိုးတန်ကြောင်း နားလည်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြား ဟွာချင်းစီကို ကြည့်ရသလောက် ထိုဆေးလုံးအကြောင်းကို သိနေသည့်ပုံပင်။

“သိတာပေါ့… မသိဘဲ နေမလား…” ဟွာချင်းစီသည် ကတုန်ကယင်လေသံဖြင့် “ဒီဆေးလုံးက အရမ်းကို အဖိုးတန်တာ… ဟုတ်တယ်… တကယ်ကို အဖိုးတန်တာ… ကြယ်တာရာအစုအဝေးမှာ နှစ်တစ်သောင်းမှာ တစ်ခါတောင် ပေါ်လာနိုင်တဲ့ ဆေးလုံးမျိုးမဟုတ်ဘူး…”

ဟွာချင်းစီ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။ အဆုံးမဲ့ရတနာဆေးလုံးကို ကြယ်တာရာအစုအဝေးထဲတွင် မြင်တွေ့ရခဲလှသည်မှာ အဆုံးမဲ့ရတနာကြာပန်း၏ ကန့်သတ်ချက်များကြောင့်သာ ဖြစ်ပေသည်။

အဆုံးမဲ့ရတနာကြာပန်းအား တွေ့ရန် အလွန်ကိုမှ ခဲယဉ်းသလို တွေ့ပြန်ပါကလည်း သုံးနာရီအတွင်း ဆေးလုံးဖော်စပ်ရသည်။ ထို့အတွက်ကြောင့်ပင်လျှင် အဆုံးမဲ့ရတနာဆေးလုံးအား ကြယ်တာရာအစုအဝေးထဲတွင် အလွန်ကိုမှ မြင်တွေ့ရခဲလှခြင်း ဖြစ်ပေသည်။

“နင်က တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ…” ရန်ကိုင်က အပြုံးကြီးပြုံးလိုက်သည်။

“နင် ဒါကို ဘယ်ကနေ ရလာတာလဲ… အချိန်မြစ်ကျောင်းတော်ထဲမှာ တကယ်ကြီး ဒီလိုမျိုးဆေးလုံးတွေ ရှိနေတာလား…” ဟွာချင်းစီမှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေသဖြင့် ယခုအချိန်ထိပင်လျှင် စိတ်နှင့်ကိုယ် မကပ်နိုင်သေးပေ။

“ငါ့ဘာသာငါ ဖော်စပ်ထားတာ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

“နင်က ဆေးပညာရှင်လား…” ဟွာချင်းစီ၏ အမူအယာ ထူးထူးခြားခြားကို ထူးဆန်းသွားလေသည်။

“ဘာလို့လဲ… ငါက ဆေးပညာရှင် မဖြစ်နိုင်ဘူးလား…” ရန်ကိုင်က မကျေမနပ် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။

“နင်ဘာလို့ အဲ့ဒါကို အခုထိ ကိုင်ထားသေးတာလဲ… အမြန်စားပစ်လိုက်စမ်းပါ… နင့်အခု ကျင့်ကြံခြင်းနဲ့ဆိုရင် ဒါကိုသာ စားလိုက်မယ်ဆိုရင် ဧကရာဇ်အဆင့်ကို မကြာခင်အချိန်အတွင်း ချိုးဖြတ်သွားနိုင်မှာ…”

“နင် ဒီဆေးလုံးကို တကယ်ကြီး ငါ့ကို ပေးနေတာလား…” ထိုကဲ့သို့ မေးသာ မေးလိုက်သော်ငြား သူမ၏လက်မှာမူ အဆုံးမဲ့ရတနာဆေးလုံးအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့လေသည်။

“နင့်ကို မပေးဘူးဆိုလို့ရှိရင် ဘာလို့ ထုတ်ပြလာမှာလဲဟဲ့…” ဟွာချင်းစီ၏ ရူးကြောင်ကြောင်မေးခွန်းကို ကြားပြီးနောက် ရန်ကိုင် ရယ်သာရယ်လိုက်လေ၏။

ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ရှင်းပြလိုက်လေသည်။ “အခု နင့်ဝိဉာဉ်အမှတ်အသားက ငါ့ဆီမှာ ရှိနေပြီ… ဒီတော့ နင်သစ္စာဖောက်မှာကို ငါ ကြောက်နေစရာမလိုတော့ဘူး… ငါ့လျှို့ဝှက်ချက်တွေ ထုတ်ဖော်ခံလိုက်ရမှာကိုလည်း ကြောက်နေစရာ မလိုတော့ဘူး… အဲ့ဒါကြောင့် အခုလောလောဆယ် နင်ပိုအားကောင်း‌လေ ငါ့အတွက် ပိုကောင်းလေပဲ… ဒါကြောင့် ငါနင့်ကို ဧကရာဇ်အဆင့် မြန်မြန်ရောက်စေချင်နေတာ…”

“နောက်ပိုင်း ငါ့ဘာသာငါ တစ်ယောက်တည်း ခရီးသွားတဲ့အခါကြ ငါမနိုင်တဲ့လူနဲ့တွေ့လို့ရှိရင် နင့်ကိုခေါ်ပြီး အဲ့လူတွေနဲ့ တိုက်ခိုက်ခိုင်းလို့ရတယ်… မနိုင်ဘူးဆိုရင် ငါ့ဘာသာငါ အေးဆေးနေပြီး သူတို့ကို နင်နဲ့ ကိုက်ခိုင်းလိုက်ရုံပဲ…”

“ငါကခွေးလား…” အစပိုင်းတွင် ဤမျှ အဖိုးတန်သော ဆေးလုံးအား သူမအား ပေးလာသည့်အတွက်ကြောင့် ဟွာချင်းစီမှာ ရန်ကိုင့်အပေါ် အလွန်ကိုမှ ကျေးဇူးတင်နေသော်ငြား ရန်ကိုင့်၏ ရှင်းပြစကားကို ကြားပြီးသည့်နောက်တွင် သူမ၏ အမူအယာသည် အေးစက်သည်ထက် အေးစက်လာခဲ့လေသည်။

“အချိန်ဖြုန်းမနေနဲ့ မြန်မြန်သောက်ပစ်လိုက်တော့…” ရန်ကိုင်က ပြောလိုက်လေသည်။

“နင်ဘယ်လိုလူစားမျိုးလဲ ငါနားလည်သွားပြီ…” ဟွာချင်းစီသည် ရန်ကိုင့်အား တစ်ချက်စောင်းကြည့်လိုက် ပြီးသည့်နောက် အဓိပ္ပာယ်ပါပါ ရယ်မောလျက်

“နင်က လျှာစောင်းသာထက်တာ စိတ်ကတော့ နူးညံ့သားပဲ… နင် အရင်က ငါ့ကို လုပ်ခဲ့တာတွေအတွက် တောင်းပန်ချင်လို့ အခုလိုမျိုး လာလုပ်တာမလား… ဒီတိုင်းတောင်းပန်လိုက်လို့ရှိရင် နင့်ပုံရိပ်ပျက်စီးသွားပြီးတော့ ငါအရင်လို နင့်ကို အောက်မကျို့တော့မှာလည်း စိုးရိမ်တယ်… ဒါကြောင့် အဲ့လို မပြောပဲနဲ့ ငါ့ကို ရက်ရက်စက်စက် ပြောသလို ပြောနေတာ… ဟုတ်တယ်မလား…”

“နင်ဆက်ပြောနေရင် ငါနင့်ကို ကိုယ်တုံးလုံးချွတ်ပြီး အပြင်ကို ထုတ်ပစ်လိုက်မှာနော်…” ရန်ကိုင်မှာ ရှက်ရှက်ဖြင့် ဒေါသထွက်လာကာ ဟွာချင်းစီအား ခြိမ်းခြောက်လိုက်လေတော့သည်။

“လုပ်လိုက်လေ…” ဟွာချင်းစီမှာ ရှက်သွားခဲ့သော်ငြား နည်းနည်းလေးမှ အောက်ကျို့ခံမနေခဲ့။ ခေါင်းကိုမော့ ရင်ကိုကော့၍ပင် ပြန်ပြောလိုက်သေး၏။ “နင်အဲ့လိုလုပ်လိုက်တာနဲ့ ငါက နင့်မိန်းမပါလို့ အကုန်လုံးသိအောင် လူသိရှင်ကြား ကြေညာပစ်လိုက်မှာ… လုပ်စမ်း… လုပ်ရဲရင် လုပ်ကြည့်လေ…”

“ဟူး…” ရန်ကိုင် သက်ပြင်းသာ ချလိုက်တော့သည်။

“ဟင်း ဟင်း ဟင်း…” ဟွာချင်းစီက ပျော်ရွှင်စွာ အော်ရယ်မောလျက် “နင်ကြောက်တယ်ဆိုရင် ငါ့ကို လိမ်လိမ်မာမာနဲ့ အစ်မကြီးလို့ ခေါ်လိုက်… အဲ့ဒါဆိုရင် ငါနင့်ကို ကြင်နာကောင်းကြင်နာပေးမှာ…”

“ကောင်းပြီ… နင်နိုင်တယ်…” ရန်ကိုင်သည် ဒေါသတကြီးဖြင့် အံကြိတ်ကာ ပြောလိုက်ပြီးသည့်နောက် ကမ္ဘာငယ်လေးမှ ပြန်ထွက်လာခဲ့လိုက်လေသည်။

“မသွားနဲ့လေ ငါပြောလို့မပြီးသေးဘူး…” ဟွာချင်းစီမှာ အလျင်စလို လှမ်းအော်ခေါ်လိုက်သော်ငြား ရန်ကိုင်မှာမူ ကမ္ဘာငယ်လေးထဲမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။

ခဏအကြာတွင် ဟွာချင်းစီသည် သူမလက်ထဲရှိ ဆေးလုံးကိုကြည့်ရင်း နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ရေရွတ်လိုက်လေသည်။ “အခု ပြန်စဉ်းစားကြည့်လိုက်တော့လည်း ငါသာ သူ့လျှို့ဝှက်ချက်တွေကို သိသွားတာကြောင့်သာ မဟုတ်ရင် အခုလိုအခြေအနေမျိုး ရောက်ခဲ့ရမှာမဟုတ်ဘူး…”

“အခုလိုအခြေအနေမျိုးသာ မရောက်ခဲ့ရင်လည်း ဒီလိုဆေးလုံးမျိုးကို ရခဲ့မှာ မဟုတ်ဘူး…. အကောင်းနဲ့အဆိုးက ဒွန်တွဲနေတယ်ဆိုတာ တကယ်အမှန်ပါလား… ဒီလိုဆေးလုံးမျိုးအတွက်သာဆိုရင် နှစ်တစ်ရာလောက် အကျဉ်းချခံထားရလည်း ဘာမှမဖြစ်ဘူး… တကယ်တန်တယ်…”

ထိုသို့ပြောပြီးသည့်နောက် ဟွာချင်းစီ ရုတ်တရက် ပြုံးလိုက်လေ၏။ လက်ရှိတွင် သူမသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား ဧကရာဇ်အဆင့်သို့ မကြာသော အချိန်အတွင်း ချိုးဖြတ်နိုင်လိမ့်မည်ဟု သူမကိုယ်သူမ ယုံကြည်ချက်မရှိချေ။

ယခုအချိန် မတိုင်ခင်အထိ သူမအနေဖြင့် အဆင့်တစ်ဆို့သည့် အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရသလို ဧကရာဇ်အဆင့်၏ လျှို့ဝှက်ချက်များကို ထိတွေ့နိုင်မည့် အခွင့်အလမ်းနှင့်လည်း မကြုံကြိုက်ခဲ့ရပေ။

ကြယ်ဝိဉာဉ်နန်းတော်ထဲ ရှိနေစဉ်က သူမ၏ နန်းတော်ရှိ ပညာရှင်များကို သွားရောက်မေးမြန်းခဲ့ပါသော်ငြား မည်သူမှ သူမကျေနပ်လောက်မည့် အဖြေမျိုးကို ပြန်မပေးနိုင်ခဲ့ကြပေ။

ထို့အတွက်ကြောင့် ဤတစ်သက် အခွင့်အလမ်းတစ်ခုခုနှင့်သာ မကြုံကြိုက်ရပါက သူမအနေဖြင့် ဧကရာဇ်အဆင့်သို့ ဘယ်သောအခါမှ ရောက်နိုင်တော့လိမ့်မည် မဟုတ်ဟုပင် ထင်ခဲ့မိသည်။

သို့သော်ငြား ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်မည့် ရှားရှားပါးပါး အခွင့်အလမ်းကြီးတစ်ရပ်သည် သူမရှေ့သို့ စိုက်စိုက်မြိုက်မြိုက် ဆိုက်ရောက်လာခဲ့လေသည်။ ထို့အတွက်ကြောင့် ဟွာချင်းစီ အလွန်ကိုမှ စိတ်လှုပ်ရှား နေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

သူမအနေဖြင့် အဆုံးမဲ့ရတနာဆေးလုံးအကြောင်း သိနေရခြင်းမှာ သူမကိုယ်သူမ ဧကရာဇ်အဆင့်သို့ သာမန်နည်းလမ်းဖြင့် ရောက်နိုင်လိမ့်မည်မဟုတ်ဟု ထင်နေသည့် အတွက်ကြောင့်ပင်လျှင် ဖြစ်ပေသည်။

ထို့အတွက်ကြောင့်ပင်လျှင် ဧကရာဇ်အဆင့်သို့ ရောက်နိုင်မည့် နည်းလမ်းများကို ကြယ်ဝိဉာဉ်နန်းတော်ထဲရှိ မှတ်တမ်းများကို လိုက်လံလှန်လှောကြည့်ရှုကာ ရှာဖွေကြည့်ခဲ့သည်။

သူမဖတ်ခဲ့သည့် စာအုပ်များအနက် တစ်အုပ်သည် အဆုံးမဲ့ရတနာဆေးလုံးအကြောင်းကို ဖော်ပြထားခဲ့သည်။ ထိုစာအုပ်ထဲတွင် ရေးသားထားပုံအရ ကျင့်ကြံသူတစ်ဦး၏ ပါရမီနှင့် အရည်အချင်းသည်သာ ညံ့ဖျင်းစုတ်ချာလွန်းနေခြင်း မရှိပါက အဆုံးမဲ့ရတနာဆေးလုံးသည် ထိုကျင့်ကြံသူအား ဧကရာဇ်အဆင့်သို့ ရောက်အောင် ကျိန်းသေ ကူညီပေးနိုင်သည်ဟု ပြောထားခဲ့သည်။

တာအိုသခင် တတိယအဆင့်သို့ ရောက်အောင် ကျင့်ကြံလာနိုင်သည့် ကျင့်ကြံသူတစ်ဦးသည် မည်ကဲ့သို့များ ပါရမီနိမ့်ကျသည့်သူ ဖြစ်နိုင်မည်နည်း။

ဥပမာပြရသော် ရှရှန်း ဝူချန်းကဲ့သို့သော လူမျိုးသည် ဤဆေးလုံးကို သောက်သုံးလိုက်မည်ဆိုပါက နောင်နှစ်နှစ်မှ သုံးနှစ်အတွင်း ဧကရာဇ်အဆင့်သို့ ရောက်နိုင်သည်။

သူတို့ထက် ပါရမီအနည်းငယ် ပိုနိမ့်ကျသည့် သူသာ သောက်လိုက်မည်ဆိုလျှင်တော့ ဆယ်နှစ် အနှစ်နှစ်ဆယ်လောက်မှ ဧကရာဇ်အဆင့်သို့ ရောက်နိုင်ပေမည်။

သို့သော်ငြား သူတို့ကဲ့သို့သော ကျင့်ကြံသူများအတွက် ဧကရာဇ်အဆင့်သို့ ရောက်ရန် နှစ်တစ်ရာခန့် အချိန်ယူရလျှင်ပင် ဘာအရေးနည်း။ နှစ်တစ်ရာခန့်စောင့်ရ၍ ဧကရာဇ်အဆင့်သို့ ရောက်နိုင်မည်ဆိုလျှင် တကယ်ကို ထိုက်တန်ပေသည်။

သူမ၏ ဝိဉာဉ်အမှတ်အသားကို လက်လျှော့လိုက်ရပြီးသည့်နောက် နိမ့်ကျသည့် အစေခံတစ်ဦး ဖြစ်လာရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်ငြား ရန်ကိုင်မှ သူမအား ဤမျှ အဖိုးတန်သည့် ဆေးလုံးတစ်လုံးကို ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင့်၏ ရက်ရောမှုသည် တကယ်ကို လက်ဖျားခါစရာပင်။

ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ဟွာချင်းစီသည် ဆက်၍ တုံ့ဆိုင်းမနေတော့ပဲ အဆုံးမဲ့ရတနာဆေးလုံးကို သူမပါးစပ်ထဲသို့ ချက်ချင်းပစ်ထည့်လိုက်လေ၏။ ဆေးလုံးအား သောက်ပြီးသည့်နောက်တွင် ချက်ချင်း တင်ပလင်ခွေထိုင်ကာ ဆေးအာနိသင်ကို စတင်သန့်စင်တော့လေ၏။

တစ်ချိန်တည်းတွင် ရန်ကိုင်သည် မှုန်ကုပ်ကုပ် အမူအယာဖြင့် ပွစိပွစိ ရေရွတ်ရင်း သူနေနေသည့် နန်းတော်ထဲတွင် ပြန်ပေါ်လာခဲ့လေသည်။

အဆုံးမဲ့ရတနာဆေးလုံးများကို ဖော်စပ်စဉ်က သူပြောခဲ့သလို လေးလုံးကိုသာ ဖော်စပ်နိုင်ခဲ့ခြင်း မဟုတ်ဘဲ စုစုပေါင်း သူဖော်စပ်နိုင်ခဲ့သည့် ဆေးလုံးအရေအတွက်မှာ ငါးလုံးဖြစ်ပေသည်။

ဆေးကပ်ဘေး ဖြစ်ပေါ်လာစဉ်က လျို့ယန်သည် ဆေးမီးဖိုထဲရှိ အဆုံးမဲ့ရတနာဆေးလုံးအားလုံးကို ယူကာ ကမ္ဘာငယ်လေးထဲတွင် သွားရောက်ပုန်းအောင်းနေခဲ့သည်။

ဆေးကပ်ဘေး ပျောက်ကွယ်သွားပြီးသည့်နောက် အကုန်လုံး အသိပြန်မဝင်လာသေးခင် ရန်ကိုင်သည် ဆေးလုံးလေးလုံးကို မည်သူမှ မသိအောင် ဆေးမီးဖိုထဲ တိတ်တဆိတ် ပြန်လည် ထည့်ထားခဲ့လိုက်လေသည်။

All Chapters