အခန်း (၂၂၁၁-၂၂၁၅)
Vol. 89 Ch. 2211-2215
အပိုင်း (၂၂၁၁)
အကုန်လုံးမှ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အတွက်ကြောင့် တောဝက်တစ်ကောင်နှင့် ဆင်တူသော မွန်းစတားသားရဲသည်လည်း ရန်ကိုင်တို့အဖွဲ့အား သတိပြုမိ သွားခဲ့လေသည်။
ထို့နောက်တွင် မြေပြင်အား ခွာဖြင့်ယက်ရင်း ရန်ကိုင်တို့အဖွဲ့အား မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တဟုန်ထိုး ပြေးဝင်လာလေတော့သည်။
“ရှရှန်း… ဒီမျက်လုံးနီမိစ္ဆာဝက်ကို နင်တာဝန်ယူလိုက်…” ကောင်းရွှယ်ထင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ဝက်ကြီးရေ… မင်းနဲ့ ငါနဲ့ တွေ့ပြီပေါ့ကွာ…” ရှရှန်းသည် အလေးအနက် အမူအယာဖြင့် မျက်လုံးနီမိစ္ဆာဝက်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။
ရှရှန်းနှင့် မိစ္ဆာဝက်သည် တစ်ဦးနှင့် တစ်ဦး မီတာတစ်ရာ အကွာအတွင်းသို့ တမုဟုတ်ချည်း ရောက်ရှိလာခဲ့လေသည်။
သို့သော်ငြား မီတာတစ်ရာအကွာခန့်သို့ အရောက်တွင် ရှရှန်းသည် ရှေ့သို့ ဆက်မသွားတော့ပဲ ရုတ်ချည်း ရပ်တန့်လိုက်သည်။ ထို့နောက် ခါးကို အနည်းငယ် ကိုင်းလျက် လက်တစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ထားရင်း ရှေ့တည့်တည့်သို့ ရိုက်ချကာ အော်ပြောလိုက်လေ၏။ “ကစဉ့်ကလျားလက်ဝါး…”
ဤကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲရှိ မွန်းစတားသားရဲများ၏ ခွန်အားသည် ပြင်ပလောကကြီးတွင် ရှိနေသော မွန်းစတားသားရဲများ၏ ခွန်အားနှင့် တူသလား မတူသလား ဆိုသည်ကို မသိသည့်အတွက်ကြောင့် တိုက်ပွဲစစချင်းတွင်ပင် သိုင်းပညာရပ်တစ်ခုကို ထုတ်သုံးလိုက်ခြင်း ဖြစ်လေသည်။
ဤမွန်းစတားသားရဲသည် တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့်သာ ရှိသေးသည့်အတွက်ကြောင့် အာရုံစိုက်စရာ မလိုဟု ရှရှန်း အနည်းငယ်မျှပင် မတွေးခဲ့ပေ။
“ငါတို့က ဒီထဲကို နာမ်ဝိဉာဉ်တွေနဲ့ ဝင်လာတာဆိုတော့ အပြင်မှာ ငါတို့သုံးတဲ့ ပညာရပ်တော်တော်များများကို ဒီမှာ သုံးလို့ရမှာမဟုတ်ဘူး…” ကောင်းရွှယ်ထင်းက ရုတ်တရက်ပြောလိုက်သည်။
အကုန်လုံး ခေါင်းညိတ်လိုက်ကြလေသည်။
ထိုအချိန်အတောအတွင်း ရှရှန်း၏ အမူအယာမှာတော့ အပြောင်းလဲကြီးကို ပြောင်းလဲသွားခဲ့လေသည်။ သူ့ခမျာ သိုင်းပညာရပ်တစ်ခုကို ထုတ်သုံးလိုက်သော်ငြား မည်သည့်စွမ်းအားမှ ထွက်ပေါ်မလာခဲ့ချေ။ ကောင်းရွှယ်ထင်း၏ စကားကို ကြားလိုက်သည့်နောက် သူအမှားတစ်ခု လုပ်လိုက်မိပြီမှန်း ချက်ချင်း နားလည်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း မျက်လုံးနီဝက်မိစ္ဆာသည် ရှရှန်းနှင့် ဆယ်မီတာအကွာအတွင်းသို့ ရောက်လာခဲ့လေသည်။
ဝက်သားရဲမှာ သူ့အနီးသို့ ရောက်နေသည့်တိုင် ရှရှန်းမှာ ထိတ်လန့်သွားခြင်း မရှိပဲ မှော်ရတနာတစ်ခုကို ဆင့်ခေါ်၍ အော်ပြောလိုက်လေသည်။ “ငါ့ရှေ့မှာ လာဇောင်းကြွ ချင်နေသေးတယ်… သေလိုက်စမ်း ဝက်ကြီး…”
ထိုစဉ် ကောင်းရွှယ်ထင်းက ထပ်၍ ပြောလိုက်လေသည်။ “ပုံမှန်သုံးနေကျ မှော်ရတနာတွေကိုလည်း သုံးလို့မရဘူး… ဘာလို့လဲဆိုတော့ မှော်ရတနာတွေကို သုံးဖို့ဆိုရင် ရုပ်ခန္ဓာတစ်ခုနဲ့ အရင်းအမြစ်ချီကို လိုအပ်လို့ပဲ…”
သူမ ပြောပြီးပြီးချင်းမှာပင် ရှရှန်း ထအော်တော့လေသည်။ “အို ဘုရားရေ…” ပြောပြီးသည်နှင့် ကောင်းရွှယ်ထင်းဘက်သို့ အထိတ်တလန့်ဖြင့် လှည့်ပြေးလာရင်း အော်ပြောလိုက်လေ၏။ “အကြီးအကဲကောင်း ကျုပ်ကိုကယ်ပါဦး…”
ကောင်းရွှယ်ထင်းသည် ရှရှန်းအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်၍ ရယ်သွမ်းသွေးရင်းမှ ပြောလိုက်လေသည်။
“နင်တကယ်ကို သရုပ်ဆောင်ကောင်းတာပဲ… နင်အခုလိုလုပ်နေတာ နင့်ဂျူနီယာတွေကို ဒီလောကကြီးအကြောင်း ပိုနားလည်စေချင်လို့မှန်း ငါသိတယ်ဆိုပေမဲ့ နင်ကိုယ်တိုင်ကကိုပဲ တုံးလွန်းနေတာလား… ဒါမှမဟုတ် နင့်ဂျူနီယာတွေရဲ့ အသိဉာဏ်ကိုပဲ အထင်သေးလွန်းနေတာလားတော့ ငါမပြောတတ်ဘူး… အဲ့ကောင်ကို မြန်မြန် သတ်လိုက်ပေတော့…”
“အမိန့်ပေးတဲ့အတိုင်းပါပဲ…” ထိုစကားကို ကြားလိုက်သည်နှင့် ရှရှန်းသည် ချက်ချင်း နောက်သို့လှည့်၍ ဓါးရှည်တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။
ထိုဓါးရှည်သည် သာမန်မှော်ရတနာများနှင့် မတူပဲ အားကောင်းသည့် စိတ်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေခဲ့သည်။ ဤဓါးရှည်မှာ ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုသာ ဖြစ်လေသည်။ ဓါးရှည်ထဲသို့ စိတ်စွမ်းအင်ကို ထည့်သွင်းလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ရှရှန်းသည် မျက်လုံးနီဝက်မိစ္ဆာအား ပိုင်းချလိုက်လေ၏။
ရှရှန်းသည် မည်သည့်တိုက်ကွက်ကိုမှ ထုတ်သုံးမသွားခဲ့။ ဓါးချီထဲသို့ စိတ်စွမ်းအင်ထည့်ပြီး ဤအတိုင်းသာ ပိုင်းချလိုက်ခြင်း ဖြစ်ပေသည်။
ဓါးအလင်းတန်းနှင့်အတူ နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ စွမ်းအင်လှိုင်းများသည်လည်း အဖက်ဖက်သို့ ဖြာထွက်လာခဲ့လေသည်။
မျက်လုံးနီဝက်မိစ္ဆာ၏ ခန္ဓာကိုယ်သည် ရှရှန်း၏ ဓါးချက်အောက်တွင် နှစ်ပိုင်းပြတ်ထွက် သွားခဲ့လေသည်။ ပြေးဝင်လာနေသည့် အရှိန်အဟုန်ကြောင့် နှစ်ပိုင်းပြတ်ထွက် သွားသည့်တိုင် ဝက်မိစ္ဆာမှာ တမုဟုတ်ချည်း ရပ်တန့်သွားခြင်း မရှိပဲ ကွဲထွက်သွားသော ခန္ဓာကိုယ်နှစ်ခုသည် သူ့ဘာသာ ရှေ့သို့ ဆက်ပြေးနေသေး၏။ ခေတ္တကြာသည့် အခါမှသာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။
ရှရှန်းသည် သူ့ဓါးကို ပြန်သိမ်းထားလိုက်ပြီးသည့်နောက် အေးစက်စက် အမူအယာဖြင့် ရပ်နေလိုက်လေသည်။
မည်သည့်သွေးမှ ထွက်မလာခဲ့သလို အော့အန်ချင်စရာကောင်းသည့် သွေးညှီနံ့များလည်း ထွက်မလာခဲ့ချေ။ မျက်လုံးနီဝက်မိစ္ဆာ၏ အလောင်းသည် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေခဲ့သည်။
ခဏအကြာတွင် အလောင်းခန္ဓာကိုယ်ကြီးမှာ အားလုံး၏ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။ ပျောက်သွားသော အလောင်းတစ်ခြမ်း၏ နေရာတွင် ပဲစေ့အရွယ်မျှ ရှိသော ဝါဖျော့ဖျော့အရောင် အလင်းလုံးလေးတစ်လုံး ကျန်ရစ်ခဲ့လေသည်။
ထိုအလင်းလုံးလေးကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အကုန်လုံး၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားကုန်ကြလေသည်။
အကြောင်းမှာ ထိုအလင်းလုံးလေးထဲ အလွန်တရာကိုမှ သန့်စင်လှသည့် စိတ်စွမ်းအင်များ ကိန်းအောင်းနေသည်ကို ရှာတွေ့လိုက်ရသည့် အတွက်ကြောင့်ပင်လျှင်။
“အဲ့ဒါက ဝိဉာဉ်အမြုတေပဲ…” ကောင်းရွှယ်ထင်းက ရှင်းပြလိုက်သည်။ “ဒီလောကကြီးထဲက သက်ရှိတိုင်းမှာ ကိုယ်ပိုင်ဝိဉာဉ်အမြုတေ တစ်ခုစီရှိတယ်… သူတို့ကို သတ်လိုက်မယ်ဆိုရင် အဲ့ဝိဉာဉ်အမြုတေတွေ ကျန်ခဲ့လိမ့်မယ်… ငါတို့တွေအနေနဲ့ အဲ့ဝိဉာဉ်အမြုတေကို စုပ်ယူပြီး ကိုယ့်ကိုယ်ကို ပိုအားကောင်းလာအောင် လုပ်လို့ရတယ်…”
သူမပြောနေစဉ်မှာပင် ရှရှန်းသည် ဝိဉာဉ်အမြုတေ ရှိနေသည့် နေရာဆီသို့ ပြေးသွားနေခဲ့လေသည်။ ရှရှန်းမှ ထိုဝိဉာဉ်အမြုတေကို ကောက်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ဝိဉာဉ်အမြုတေသည် သူ့လက်ထဲသို့ ပျော်ဝင် ပျောက်ကွယ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့လေ၏။
ထို့နောက်တွင် ရှရှန်းသည် အလွန်ကိုမှ သက်သောင့်သက်သာ ခံစားနေရသည့်အလား မျက်လုံးများကို ချက်ချင်းပိတ်လိုက်လေသည်။ ခဏအကြာ၌ မျက်လုံးပြန်ပွင့် လာခဲ့ပြီးနောက် အော်ပြောလိုက်လေ၏။ “တကယ်ကို မိုက်တာပဲ…”
ကောင်းရွှယ်ထင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ပြောလိုက်သည်။ “ငါတွက်ကြည့်ရသလောက်ဆိုရင်တော့ ဒီလိုဝိဉာဉ်အမြုတေထဲမှာပါတဲ့ စွမ်းအင်က နင်တို့အပြင်မှာ ခုနှစ်ရက်ရှစ်ရက်လောက် ကျင့်ကြံပြီးမှ ရလာတဲ့ စွမ်းအင်နဲ့ အတူတူပဲ…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်နှင့် အခြားသူများ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။
အဆင့်တစ်ဆယ် အထွဋ်အထိပ် မွန်းစတားသားရဲတစ်ကောင်၏ ဝိဉာဉ်အမြုတေသည်ပင်လျှင် ခုနှစ်ရက် ရှစ်ရက်ကျင့်ကြံခြင်းနှင့် ညီမျှနေလေရာ အဆင့်ဆယ့်တစ် မွန်းစတားသားရဲ၏ ဝိဉာဉ်အမြုတေသာ ဆိုပါက တစ်လ နှစ်လ ကျင့်ကြံနေခြင်းနှင့် ညီမျှလိမ့်မည် မဟုတ်လေလော။
ထိုသို့ဆိုလျှင် အဆင့်ဆယ့်တစ် မွန်းစတားသားရဲ၏ ဝိဉာဉ်အမြုတေ ဆယ်ခုကိုသာ ရသွားမည်ဆိုပါက တစ်နှစ်စာ ကျင့်ကြံခြင်းကို အလကားရလိုက်သလို ဖြစ်သွားပေလိမ့်မည်။ အခုတစ်ရာဆိုလျှင် ဆယ်နှစ်။
ဆယ်နှစ်ခန့် ကြိုးစားပမ်းစား အားစိုက်ထုတ်၍ ကျင့်ကြံမှသာ ရနိုင်မည့် ခွန်အားကို အဆင့်ဆယ့်တစ် မွန်းစတားသားရဲများ၏ ဝိဉာဉ်အမြုတေ အခုတစ်ရာကို စုပ်ယူလိုက်ခြင်းဖြင့် ရနိုင်မည်ဆိုသည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှပေသည်။
“အရမ်းကြီး စိတ်လှုပ်ရှားလွန်းမနေနဲ့…” သူတို့ ကောင်းကောင်း စိတ်မလှုပ်ရှားနိုင် သေးခင်မှာပင် ကောင်းရွှယ်ထင်းက အကုန်လုံးအပေါ် ရေအေးလောင်းချ လိုက်လေသည်။
“ဒီလောကကြီးက သက်ရှိတွေ သေသွားခဲ့လို့ရှိရင် ဝိဉာဉ်အမြုတေတွေ ကျန်ခဲ့တာမှန်တယ်… အဲ့ဝိဉာဉ်အမြုတေတွေကို စုပ်ယူရတာ အရမ်းလွယ်တာလည်း မှန်တယ်… ဒါပေမဲ့ အဲ့ဒါတွေက ကိုယ့်ဘာသာကိုယ် ကျင့်ကြံထားတဲ့ စွမ်းအားမျိုး မဟုတ်ဘဲ ပြင်ပကနေ စုပ်ယူရတဲ့ စွမ်းအားတစ်မျိုးပဲ… ဒီတော့ အဲ့တာတွေကို စုပ်ယူရင်းနဲ့ နင်တို့ခန္ဓာကိုယ်တစ်ခုခု မူမမှန်တော့ဘူးလို့ ခံစားရလာလို့ရှိရင် ချက်ချင်း စုပ်ယူနေတာကို ရပ်တန့်ပစ်လိုက်… မဟုတ်လို့ရှိရင် နင်တို့စိတ်တစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်လိမ့်မယ်…”
ထိုစကားကို ကြားသည့်အခါ အကုန်လုံး၏ အမူအယာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ကောင်းရွှယ်ထင်းပြောပုံကို ကြည့်ရသလောက် ဝိဉာဉ်အမြုတေများကို သူတို့စိတ်ရှိသလောက် မစုပ်ယူနိုင်သည့်ပုံပင်။
“ဒါပေမဲ့ ဝိဉာဉ်ကျောက်စိမ်းကို ရှာတွေ့သွားမယ် ဆိုရင်တော့ မတူတော့ဘူးပေါ့နော်…” ကောင်းရွှယ်ထင်းက ထပ်ပြောလိုက်လေသည်။
“ဝိဉာဉ်ကျောက်စိမ်း…” အကုန်လုံးသည် ကောင်းရွှယ်ထင်းအား နားမလည်နိုင်သည့် အမူအယာမျိုးဖြင့် လှမ်းကြည့်လိုက်ကြသည်။
“အဲ့ဒါက ဒီလောကကြီးထဲက အသန့်စင်ဆုံး စိတ်စွမ်းအင်တွေနဲ့ပဲ ဖြစ်လာနိုင်တဲ့ ပစ္စည်းတစ်မျိုးပဲ… ဝိဉာဉ်ကျောက်စိမ်းက ဘာနဲ့တူလဲဆိုလို့ရှိရင် ရိုးရိုးကျောက်စိမ်း တစ်မျိုးလိုပဲ ဘာမှ မထူးခြားဘူး… ဝိဉာဉ်ကျောက်စိမ်းကိုတော့ နင်တို့ စိတ်ရှိသလောက်စုပ်ယူလို့ရတယ်… ဘယ်လောက်စုပ်ယူ စုပ်ယူ ဘာပြဿနာမှ တက်မှာမဟုတ်ဘူး…” ကောင်းရွှယ်ထင်းက ရှင်းပြလိုက်သည်။
“ငါ ဒီလောကကြီးထဲကို ဝင်လာတာ စုစုပေါင်း လေးကြိမ်ရှိသွားပြီ… ဒါပေမဲ့ အခုချိန်ထိ အလယ်အလတ်အဆင့် ဝိဉာဉ်ကျောက်စိမ်းတစ်ခုကိုပဲ ရှာတွေ့သေးတယ်… ဒီလောကကြီးထဲမှာတောင် ဝိဉာဉ်ကျောက်စိမ်းတွေက အရမ်းရှားတဲ့ပစ္စည်းတွေ… ”
“အဲ့ဒါတွေအပြင်ကိုမှ ဒီလောကကြီးထဲမှာ ဝိဉာဉ်သလင်းကျောက် ဆိုတဲ့ဟာတွေလည်း ရှိသေးတယ်… ဝိဉာဉ်သလင်းကျောက်တွေက ဝိဉာဉ်ကျောက်စိမ်းနဲ့ ဆင်တူတယ်ထင်ရပေမဲ့ တကယ်တော့ မတူကြဘူး…” ကောင်းရွှယ်ထင်းသည် ရန်ကိုင်တို့အဖွဲ့အား သူမသိထားသလောက် အကြောင်းအရာများကို တတ်စွမ်းသလောက် ရှင်းပြပေးနေခဲ့လေသည်။
“ဝိဉာဉ်သလင်းကျောက်တွေက ဘာနဲ့တူလဲ ဆိုလို့ရှိရင် အပြင်ဘက်မှာ ငါတို့သုံးတဲ့ အရင်းအမြစ်ကျောက်တွေပေါ့… နှစ်ခုစလုံးက အတူတူပဲ… အပြင်မှာ အရင်းအမြစ်ကျောက်တွေကို ငွေကြေးအဖြစ်သုံးသလို ဒီမှာလည်း ဝိဉာဉ်သလင်းကျောက်တွေကို ငွေကြေးအဖြစ်သုံးတယ်…ဝိဉာဉ်သလင်းကျောက်တွေကို သုံးပြီး ကျင့်ကြံလို့ရတယ်ဆိုပေမဲ့ သူတို့တွေကိုသုံးပြီး ကျင့်ကြံရတာ ဒီလောက် မကောင်းဘူး…”
“တပည့်တို့နားလည်ပါပြီ…” ရှရှန်းနှင့် အခြားသူအားလုံး ပြန်ဖြေလိုက်ကြလေသည်။
“ဒီအံ့ဩဖွယ်ကောင်းတဲ့ ကမ္ဘာကြီးထဲမှာ အရမ်းကို ဆန်းကြယ်လွန်းတဲ့ ပစ္စည်းတွေ မရေမတွက်နိုင်အောင် ရှိတယ်… အဲ့ပစ္စည်းတွေ အတော်များများက ငါတို့ရဲ့ ဝိဉာဉ်ကို သိသိသာသာ အားကောင်းလာအောင် လုပ်ပေးနိုင်လိမ့်မယ်… နောက်ပိုင်း နင်တို့ အခွင့်အရေးရလို့ အဲ့လိုပစ္စည်းတွေနဲ့ ကြုံရရင် သိလာမှာပါ…” ကောင်းရွှယ်ထင်းသည် လူအုပ်ကြီးကို ဝေ့ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောသွားလိုက်လေသည်။
“ပြီးတော့ အခု ရှရှန်း တိုက်သွားတာကို နင်တို့မြင်ပြီးသွားပြီဆိုတော့ အပြင်မှာသုံးနေကြ ပုံမှန်မှော်ရတနာတွေ သိုင်းပညာရပ်တွေက ဒီမှာအသုံးမဝင်ဘူး ဆိုတာလည်း နင်တို့ သိသွားလောက်ပြီပေါ့… ဒီကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲမှာ အရင်းအမြစ်ချီကို သုံးပြီး ထိန်းချုပ်ရတဲ့ မှော်ရတနာတွေ သိုင်းပညာရပ်တွေကို ထုတ်သုံးလို့မရဘူး…”
“ဒါပေမဲ့ စိတ်စွမ်းအင်ကိုသုံးပြီး ထိန်းချုပ်ရတဲ့ မှော်ရတနာတွေ ဆိုရင်တော့ နင်တို့နဲ့ တစ်ခါတည်း ယူလာလို့ရတယ်… အပြင်ကနေ သယ်လာစရာ မလိုဘူး… နင်တို့ စိတ်ထဲကနေ ထိန်းချုပ်လိုက်ရုံပဲ… အဲ့ဒါကြောင့် အခု နင်တို့ဆီမှာ စိတ်စွမ်းအင်ကိုသုံးပြီး သုံးလို့ရတဲ့ ပစ္စည်းတွေ သိုင်းပညာတွေ ရှိမရှိ သေချာစစ်ဆေးထားကြ… မဟုတ်လို့ရှိရင် ခုနက ရှရှန်း ပထမဦးဆုံး လုပ်ပြတဲ့ ပုံစံလို ဖြစ်သွားလိမ့်မယ်…”
အကုန်လုံးသည် ကောင်းရွှယ်ထင်းပြောသည်ကို ကြားပြီးသည့်နောက် စတင်စစ်ဆေးကြတော့လေသည်။
ရန်ကိုင်သည် သူ့ကိုယ်သူ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ကောင်းရွှယ်ထင်းမှပေးခဲ့သော ခရမ်းနေခြည်ဒိုင်းကာ ကို ချက်ချင်း ရှာတွေ့သွားခဲ့လေသည်။
ဤသည်မှာ ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုဖြစ်သည်။ ထို့အတွက်ကြောင့် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ သူ၏ နာမ်ဝိဉာဉ်နှင့်အတူ ရောက်လာနိုင်သည်မှာ အထူးအဆန်းတော့မဟုတ်ချေ။ ရန်ကိုင့်၏ အတွေးတစ်ချက်ဖြင့် ထိုဒိုင်းကာကို အသက်သွင်းနိုင်ပေသည်။
သို့သော်ငြား ထိုမှော်ရတနာအပြင် သူမျှော်လင့်မထားသည့် အခြားသော ပစ္စည်းအချို့ကိုလည်း ထပ်မံရှာတွေ့ခဲ့လေ၏။ “ဝိဉာဉ်ကြာပန်း…”
သူ့ခန္ဓာကိုယ်ထဲရှိ ရောင်စဉ်ခုနှစ်သွယ်ဖြင့် ထွန်းလင်းတောက်ပနေသော ကြာပန်းကို ကြည့်ရင်း ရန်ကိုင် ဆွံ့အသွားခဲ့လေသည်။ ထို့နောက် သူ့ဘာသာသူ တွေးလိုက်လေ၏။ “ဝိဉာဉ်ကြာပန်းက မှော်ရတနာတစ်ခု မဟုတ်ပေမဲ့ ဝိဉာဉ်နဲ့ ပတ်သက်တာဆိုတော့ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲ ပါလာတာ ဆန်းတော့မဆန်းဘူး… ဒါပေမဲ့ ဘာလို့ အဲ့ကောင်တွေကပါ ပါလာရတာလဲ…”
ရန်ကိုင်ပြောချင်နေသည်မှာ ဝိဉာဉ်ကြာပန်းမဟုတ်ဘဲ ထုန်းရွှမ်လောကကြီးမှ ယူဆောင်လာခဲ့သော ဝိဉာဉ်ဝါးမျိုခြင်း အင်းစက်များသာ ဖြစ်လေသည်။
ဝိဉာဉ်ဝါးမျိုခြင်း အင်းစက်များကို ရရှိလိုက်သည့် အချိန်မှစ၍ ထိုအင်းစက်များအား ဝိဉာဉ်ကြာပန်းထဲတွင် နေခိုင်းခဲ့သည်။ ဝိဉာဉ်ကြာပန်းမှ အားဖြည့်ပေးမှုကြောင့် ထိုအင်းစက်များ၏ ခွန်အားမှာ တစ်နေ့ထက်တစ်နေ့ ပိုပို၍ မြင့်မားလာခဲ့လေသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များပါ သူနှင့်အတူ ပါလာကြောင်း သိလိုက်ရပြီးနောက် ရန်ကိုင် မျက်နှာပျက်သွားခဲ့လေ၏။
ဤဝိဉာဉ်ဝါးမျို အင်းစက်များကိုသာ လူသိရှင်ကြား ထုတ်ပြလိုက်မည်ဆိုပါက ရန်ကိုင်သည် မေပယ်မြို့အနီးတွင် တစ်ခါက ပေါ်လာခဲ့သော နတ်ဆိုးနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေလိမ့်မည်မှန်း ကောင်းရွှယ်ထင်း သိသွားပေလိမ့်မည်။ ကောင်းရွှယ်ထင်းကိုယ်တိုင်သည် မေပယ်မြို့ပြင်၌ ထိုနတ်ဆိုးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည် မဟုတ်ပေလော။
ထို့အပြင် ထိုနတ်ဆိုးမှာ ထူးထူးခြားခြားကို အားကောင်းလွန်းနေလေရာ ကောင်းရွှယ်ထင်းအနေဖြင့် ထိုနတ်ဆိုးကို လုံးဝ မေ့လိမ့်မည်မဟုတ်။
ရန်ကိုင် နေမင်းပြာကျောင်းတော်သို့ စရောက်ရောက်ချင်း ကပင်လျှင် ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား ရင်းနှီးနေသည်ဟု ပြောခဲ့သည်။ ထို့ကြောင့် ဝိဉာဉ်ဝါးမျို အင်းစက်များသာ ပေါ်သွားမည်ဆိုပါက သူသည် နတ်ဆိုးနှင့် ကျိန်းသေ ပတ်သက်နေလိမ့်မည်မှန်း ကောင်းရွှယ်ထင်း ခန့်မှန်းမိသွားပေလိမ့်မည်။
ထိုသို့ စဉ်းစားမိပြီးသည့်နောက်တွင် မည်သို့ပင် ဖြစ်နေစေကာမူ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များကို အပြင်သို့ ထုတ်ပြ၍ မဖြစ်ဟု ရန်ကိုင် ဆုံးဖြတ်ချက်ချလိုက်လေသည်။ မဟုတ်လျှင် အကျိုးဆက်မှာ မတွေးရဲစရာပင်။
ဝိဉာဉ်ကြာပန်းနှင့် ဝိဉာဉ်ဝါးမျိုအင်းစက်များကို စစ်ဆေးကြည့်ပြီးသည့်နောက် နာမ်ဝိဉာဉ်ထဲ ရန်ကိုင် လုံးဝကို ထင်မှတ်မထားသည့် အရာတစ်ခုကိုပါ ထပ်မံတွေ့ရှိလိုက်ရသည်။
“ဒါကလည်း ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုလား… ငါ တကယ်ကို မထင်ထားမိလိုက်ဘူး….”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၁၂)
ရန်ကိုင်ပြောနေသည့် အရာမှာ ဓါးတစ်ချောင်း ဖြစ်ပေသည်။
ထိုဓါးမှာ သူသန့်စင်လို့ မပြီးသေးသလို တစ်ခါမှလည်း အသုံးမပြုဖူးသေးသည့် ဓါးတစ်ချောင်း ဖြစ်ပေသည်။ ထိုဓါးသည် ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခု ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အံ့အားသင့်မိသွားခဲ့သလို ထိတ်လည်း ထိတ်လန့်မိသွားခဲ့သည်။
သူ ဤဓါးကို ပိုင်ဆိုင်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့လေပြီ။ သို့တိုင် ဤဓါးမှာ ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခု ဖြစ်ကြောင်းကိုတော့ လုံးဝမသိခဲ့။ ယခု ဤဓါးမှာ သူနှင့်အတူ ပါလာသည့်အတွက်ကြောင့် အရေးကြုံလာသည့်အခါ ထုတ်သုံးလို့ရပေမည်။
အံ့ဩစရာများစွာနှင့် ကြုံတွေ့ရသော်ငြား ရန်ကိုင်၏ အမူအယာမှာတော့ တည်တည်ငြိမ်ငြိမ်ပင်။
ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား ကြည့်ရင်း ခရမ်းနေခြည်ဒိုင်းကာ၏ အကာအကွယ်စွမ်းအားကို စစ်ဆေးကြည့်လေသည်။ ထို့နောက် အသာအယာ ခေါင်းညိတ်လိုက်လေ၏။
ကောင်းရွှယ်ထင်း ထိုဒိုင်းကာအား ရန်ကိုင့်ဆီသို့ ပေးထားသည်မှာ သိပ်မကြာသေးသော်ငြား ရန်ကိုင်ကမူ ထိုဒိုင်းကာကို သူကိုယ်တိုင် ထိန်းချုပ်၍ အသုံးပြုနိုင်သည်အထိ အချိန်တိုအတွင်း သန့်စင်နိုင်ခဲ့သည်။
အကုန်လုံး စစ်ဆေးလို့ ပြီးသွားသည်ကို မြင်သော် ကောင်းရွှယ်ထင်းက ပြောလိုက်လေသည်။ “ကဲ… အခု ငါနင်တို့ကို တစ်နေရာဆီ ခေါ်သွားမယ်… ငါတို့ကျောင်းတော်က တပည့်တွေ ဒီထဲကို ဝင်လာတိုင်း အဲ့နေရာမှာ သွားသွား လေ့ကျင့်ကြတယ်… နင်တို့လည်း အဲ့မှာပဲ လေ့ကျင့်ရမှာ… ဒီတိုင်း စိတ်ရှိတိုင်း လျှောက်သွားနေလို့မရဘူး…”
“ဟုတ်ကဲ့ပါ…” အကုန်လုံး သံပြိုင် ပြန်ဖြေလိုက်ကြလေသည်။
သို့သော်ငြား ရှရှန်းသည် တစ်ခုခုအား သတိပြုမိသွားပြီး ကောင်းရွှယ်ထင်းအား သင်္ကာမကင်း အမူအယာဖြင့် လှမ်းကြည့်ကာ မေးလိုက်လေသည်။ “အကြီးအကဲကောင်း… ခင်ဗျား ကျုပ်တို့နဲ့ လိုက်မလာဘူးလား…”
ကောင်းရွှယ်ထင်းက ခေါင်းခါလျက် “ငါ့မှာ အခြားလုပ်စရာ ရှိသေးတယ်… နင်တို့ အရမ်းကြီး စိတ်ပူမနေနဲ့… ငါနင်တို့ကို အခု ခေါ်သွားမဲ့နေရာက အဲ့လောက် အန္တရာယ်မများဘူး… နင်တို့သာ ဆင်ဆင်ခြင်ခြင် နေလို့ရှိရင် ဘာပြဿနာမှ ကြုံရမှာ မဟုတ်ဘူး…”
“နားလည်ပါတယ်…” ရှရှန်းက အလေးအနက် အမူအယာဖြင့် ခေါင်းညိတ်လိုက်လေသည်။
“စိတ်ချပါ အကြီးအကဲကောင်း… ဂျူနီယာ ညီ ညီမတွေကို ကျုပ်သေချာ စောင့်ရှောက်ထားလိုက်ပါမယ်…”
ကောင်းရွှယ်ထင်းသည် ရှရှန်းအား ချီးကျူးလိုသည့် အမူအယာဖြင့် ကြည့်၍ လက်ဝှေ့ယမ်းကာ ပြောလိုက်လေ၏။ “သွားကြရအောင်…” ပြောပြီးသည်နှင့် တစ်ခုသော ဘက်ဆီသို့ ပျံသန်းသွားလေ၏။
အကုန်လုံးသည်လည်း သူမနောက်မှ အနီးကပ် လိုက်သွားကြလေသည်။
သွားနေရင်း သူတို့ လမ်းကို လာပိတ်သည့် မွန်းစတားသားရဲများနှင့် ရံဖန်ရံခါ တွေ့ကြုံရပေသည်။ ထိုသို့ တွေ့သည့်အခါတိုင်း ကောင်းရွှယ်ထင်းသည် တပည့်တစ်ဦးကို စေလွှတ်၍ အတွေ့အကြုံရစေရန် ထိုမွန်းစတားသားရဲနှင့် သွားတိုက်ခိုက်ခိုင်းလေ့ရှိသည်။
ဤထဲသို့ ဝင်ရောက်လာသော တာအိုသခင်အဆင့် တပည့်များမှာ လက်ရွေးစင်များအနက်မှ လက်ရွေးစင်များ ဖြစ်ကြသည့်အတွက်ကြောင့် တခဏအတွင်း အသားကျ သွားနိုင်ကြလေသည်။
တစ်ရက်အတွင်းမှာပင် အကုန်လုံးမှာ ယခင်ကကဲ့သို့ မသက်မသာ ဖြစ်မနေတော့ပဲ စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်နိုင်နေကြလေပြီ။
အကုန်လုံးမှာ ဝိဉာဉ်ပညာရပ်များကို အထူးပြု ကျင့်ကြံထားကြသူများ မဟုတ်သည့်အတွက်ကြောင့် သူတို့၏ ကျင့်ကြံခြင်းမှာ ပြင်ပလောကကြီးရှိ သူတို့ရုပ်ခန္ဓာ ပိုင်ဆိုင်ထားသည့် အခါက တိုက်ခိုက်စွမ်းအားနှင့် ယှဉ်လိုက်လျှင် နိမ့်ကျနေသလို ဖြစ်နေခဲ့လေသည်။
ဤသို့ဖြစ်ရသည်မှာလည်း အထူးအဆန်းတော့မဟုတ်။ သူတို့ထုတ်သုံးနိုင်သည့် သိုင်းပညာရပ်များနှင့် မှော်ရတနာအရေအတွက်မှာ အကန့်အသတ်နှင့် ရှိနေသည် မဟုတ်ပေလော။
ထို့အတွက်ကြောင့် ပြင်ပရှိ တိုက်ကွက်များနှင့် ယှဉ်လိုက်သော် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲရှိ သူတို့၏ တိုက်ကွက်များမှာ အလွန်ကိုမှ ရိုးရှင်းပေသည်။
ရန်ကိုင်၏ ထူးခြားမှုမှာ ဤကမ္ဘာထဲသို့ အရောက်တွင် စတင်၍ ထင်ပေါ်လာခဲ့သည်။
ရန်ကိုင့်၏ ကျင့်ကြံခြင်းမှာ အပြင်လောကကြီးတွင် တာအိုသခင် ပထမအဆင့်သာ ရှိသေးသည်။ ထိုကျင့်ကြံခြင်းသည် ပညာရှင်များအတွက် ဘာမျှ မပြောပလောက်ပေ။
သို့သော်ငြား ဤကမ္ဘာထဲသို့ အရောက်တွင် ရန်ကိုင်မှာ အခြားသူများနှင့် သိသိသာသာ ကွဲပြားသွားခဲ့သည်။
ရန်ကိုင်၏ ဝိဉာဉ်စွမ်းအားသည် ရှောင်ပိုင်ယီ၊ မုရုန်ရှောင်ရှောင်နှင့် ချန်းမုကျီတို့ မဆိုထားနှင့် ရှရှန်းထက်ကိုပင် သာလွန်နေခဲ့သည်။
မူလက သူတို့အားလုံးထဲတွင် ကျင့်ကြံခြင်း အနိမ့်ဆုံးဖြစ်သော ရန်ကိုင်သည် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ အရောက်တွင် အားအကောင်းဆုံးနှင့် ကျင့်ကြံခြင်းအမြင့်ဆုံး ဖြစ်လာခဲ့လေသည်။
ရန်ကိုင့်အနေဖြင့် ထိုအချက်ကို ဖုံးကွယ်ထားချင်လျှင်ပင် ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ရန်ကိုင့်အနေဖြင့် ဤမျှ အားကောင်းလှသော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားရလေအောင် မည်ကဲ့သို့များ ကျင့်ကြံခဲ့သလဲ ဆိုသည်နှင့် ပတ်သက်၍ စိတ်ဝင်စားလာကြလေ၏။
သို့သော်ငြား ရန်ကိုင်နှင့် သူတို့အဖွဲ့မှာ တစ်ဂိုဏ်းတည်းသားချင်း မဟုတ်သည့် အတွက်ကြောင့် ရှရှန်းတို့အနေဖြင့် ရန်ကိုင့်၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များကို သွားရောက်မေးမြန်းလို့ အဆင်မပြေခဲ့ပေ။
အကြီးအကဲကောင်းပင်လျှင် ရန်ကိုင်ထုတ်ပြသွားသော စွမ်းအားကို မြင်ပြီးသည့်နောက် အံ့အားသင့်နေခဲ့လေ၏။
တစ်ရက်ကြာပြီးသည့်နောက်တွင် အကုန်လုံးရှေ့ မျက်စိတဆုံး ဆန့်တန်းနေသော တောင်စဉ်တောင်တန်းကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုတောင်စဉ်တောင်တန်း၏ တောင်ခြေသို့ အရောက်တွင် ကောင်းရွှယ်ထင်း ရပ်တန့်လိုက်လေသည်။ “ဒီနေရာက ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲက ကောင်းကင်မွန်းစတားရိုးမတောင်တန်းကြီးပဲ… ဒီမှာ မွန်းစတားသားရဲတွေမှ အများကြီးပဲ… နင်တို့စိတ်ရှိသလောက် အမဲလိုက်လို့ရတယ်…”
“ဒါပေမဲ့ ငါနင်တို့ကို အရင်သတိပေးထားလိုက်မယ်… ဒီကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲက မွန်းစတားသားရဲအချို့က ဒီဘုရင်မတောင် နိုင်တဲ့ကောင်တွေ မဟုတ်ဘူးနော်… အဲ့တော့ တောင်အတွင်းပိုင်းထဲကို အရမ်းကြီး ဝင်မသွားကြနဲ့… အပြင်မှာပဲနေကြ… အပြင်ဘက်မိုင် ၂၀၀၀၀လောက် အတွင်းမှာသာ နေ နေလို့ရှိရင် နင်တို့ ဘာပြဿနာမှ ဒီလောက်ကြုံရမှာ မဟုတ်ဘူး….”
ထိုစကားကို ကြားသည့်အခါ အကုန်လုံး၏ အမူအယာ လေးနက်သွားခဲ့ပြီး ချက်ချင်း ခေါင်းညိတ်ပြလိုက်ကြလေ၏။
“ဒီကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲမှာ မွန်းစတားသားရဲတွေတင် ရှိကြတာမဟုတ်ဘူး… ဒီကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲက ဒေသခံတွေလည်း ရှိတယ်… သူတို့ကို မြင်တယ်ဆိုရင် ရှောင်ပြီးတော့သာ သွားလိုက်… ရှောင်လို့မရလို့ အတတ်နိုင်ဆုံး အဆက်အသွယ် လုပ်ရမယ်ဆိုရင်တောင် အပြင်လောကကြီးအကြောင်းကို လုံးဝ ထုတ်မပြောနဲ့…. အဲ့တစ်ချက်ကိုတော့ နင်တို့အားလုံး မြဲမြဲမှတ်ထားကြ…”
“အဲ့ဒါတွေအပြင် ဒီမှာ ဝိဉာဉ်ကျောက်စိမ်းတွေ ဝိဉာဉ်သလင်းကျောက်တွေ ရတနာတွေ အများကြီးရှိသေးတယ်… နင်တို့ကို ပြောခဲ့တဲ့ အလယ်အလတ်အဆင့် ဝိဉာဉ်ကျောက်စိမ်းဆိုတာ ဒီတောင်တန်းကနေ ရခဲ့တာ…”
ထိုစကားကို ကြားသည့်အခါ အကုန်လုံး၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားကြလေသည်။
“ပြီးတော့ ငါတို့ နာမ်ဝိဉာဉ်တွေက ခန္ဓာကိုယ်ထဲကနေ အကြာကြီး ထွက်သွားလို့မရဘူး… မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်… ဒါကြောင့် နင်တို့ ဒီမှာ လေ့ကျင့်ဖို့ တစ်လပဲ အချိန်ရမယ်… တစ်လပြည့်သွားပြီဆိုတာနဲ့ ကျောက်တုံးခန်းတံဆိပ်ပြားတွေက သူ့ဘာသာသူ အသက်ဝင်ပြီး နင်တို့နာမ်ဝိဉာဉ်တွေကို ခန္ဓာကိုယ်ထဲကို ပြန်ဆွဲခေါ်လိမ့်မယ်… ဒါကြောင့် ရထားတဲ့အချိန်ကို ကောင်းကောင်း အသုံးချကြ…”
“အကြီးအကဲ…” မုရုန်ရှောင်ရှောင်က ရုတ်တရက် ပြောလိုက်လေသည်။ “ကျွန်မတို့ ရင်မဆိုင်နိုင်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံရရင် ဘာလုပ်ရမှာလဲ…”
“ထွက်ပြေးပေါ့…” ကောင်းရွှယ်ထင်းပြောသည်မှာ လုံးဝကို ရိုးရှင်းပေသည်။ “ထွက်ပြေးလို့ မလွတ်ဘူးဆိုရင်လည်း တစ်လကြာအောင် အချိန်ဆွဲထားလိုက်ပေါ့….”
ထို့နောက်တွင် လူအုပ်ကြီးအား ဝေ့ကြည့်လျက် “ဒါက စမ်းသပ်မှုတစ်ခုပဲ… နင်တို့သာ ဒီစမ်းသပ်မှုကို မဖြတ်ကျော်နိုင်ဘူး ဆိုလို့ရှိရင်…” ထိုနေရာအရောက်တွင် ကောင်းရွှယ်ထင်း ရပ်တန့်လိုက်လေသည်။ ဆက်မပြောတော့။ သူမဘာပြောချင်သလဲဆိုသည်ကို အကုန်လုံးသိလိုက်ကြလေသည်။
“ကဲ… ငါနင်တို့ကို ဒီနေရာထိလည်း ခေါ်လာပြီးသွားပြီ… ပြောစရာရှိတာတွေလည်း ပြောပြီးသွားပြီဆိုတော့ ကျန်တဲ့ကိစ္စက နင်တို့အပေါ်ပဲ မူတည်သွားပြီ..။” ပြောပြီးသွားသည်နှင့် ကောင်းရွှယ်ထင်းသည် သူမလက်ကို ဝှေ့ယမ်းပြလိုက်လေ၏။
ရှရှန်းနှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်လျက် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ကောင်းကင်မွန်းစတားရိုးမတောင်တန်းထဲသို့ ဝင်သွားကြလေသည်။
ကောင်းရွှယ်ထင်းသည် အကုန်လုံး ရိုးမတောင်တန်းထဲသို့ ဝင်သွားပြီးသည်အထိ ရပ်စောင့်ကြည့်နေပြီးသည့်နောက်မှသာ အခြားတစ်ဖက်ဆီသို့ ပျံသန်း ထွက်ခွာသွားလေ၏။
ယခုတစ်ကြိမ် သူမ ဤကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ဝင်လာသည်မှာ ရှရှန်းတို့အဖွဲ့အား ဦးဆောင်လမ်းပြပေးရန် အတွက်သာမဟုတ်။ သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့်လည်း ပါပေသည်။
ထိုကိစ္စမှာ အခြားမဟုတ်။ သူမ၏ ဝိဉာဉ်အမျိုးအစား မှော်ရတနာနှစ်ခုထဲမှ တစ်ခုကို သန့်စင်ရန်ဖြစ်လေသည်။ ထိုဝိဉာဉ်အမျိုးအစား မှော်ရတနာ သူမနှင့်အတူ ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။
ဧကရာဇ်စိတ်ဆန္ဒနှင့်တကွ ဧကရာဇ်ချီ၏ အားဖြည့်ပေးမှုကြောင့် ထိုဝိဉာဉ်အမျိုးအစား မှော်ရတနာသည် ဧကရာဇ်မှော်ရတနာ ဖြစ်ခါနီးနေခဲ့လေပြီ။
ဝိဉာဉ်အမျိုးအစား ဧကရာဇ်အဆင့် မှော်ရတနာဆိုသည်မှာ အလွန်တရာကိုမှ ရှားပါးလှသည့် မှော်ရတနာမျိုးဖြစ်သည်။ ကြယ်တာရာအစုအဝေးထဲတွင်ပင်လျှင် ထိုကဲ့သို့သော မှော်ရတနာမျိုး အနည်းငယ်သာ ရှိပေသည်။
သာမန်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးတွင် သူတို့ဘာသာ ကြိုးစားအားစိုက်၍ ဖန်တီးထားခဲ့သော ဧကရာဇ်အဆင့် မှော်ရတနာ တစ်ခု နှစ်ခုခန့် ရှိမည်ဖြစ်သော်ငြား ဝိဉာဉ်အမျိုးအစား ဧကရာဇ်မှော်ရတနာများကိုမူ ဧကရာဇ်ပညာရှင် တော်တော်များများတွင် လိုက်ရှာမည်ဆိုလျှင်ပင် ရှာတွေ့လိမ့်မည် မဟုတ်ချေ။
အခုတစ်ကြိမ်သာ အောင်မြင်သွားမည်ဆိုပါက ကောင်းရွှယ်ထင်းအနေဖြင့် ဧကရာဇ်အဆင့် ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုကို ပိုင်ဆိုင်လာနိုင်မည် ဖြစ်ကာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲရှိ သူမ၏ တိုက်ပွဲစွမ်းရည်မှာလည်း သိသိသာသာကို မြင့်တက်လာပေလိမ့်မည်။
ယခင်တစ်ကြိမ် ကောင်းရွှယ်ထင်း ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်လာစဉ်က ဧကရာဇ်အဆင့်သို့ ရောက်နေသော ဒေသခံတစ်ဦးကို အမှတ်မထင် ကယ်ဆယ်မိခဲ့လေသည်။
ထိုစဉ်က ထိုကျင့်ကြံသူသည် ရက်စက်ကြမ်းကြုတ်သည့် မွန်းစတားသားရဲ၏ တိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရနေခြင်း ဖြစ်သည်။
ထိုအချင်းအရာကို မြင်သည့်အခါ ကောင်းရွှယ်ထင်းသည် ရပ်ကြည့်မနေဘဲ သွားရောက်ကူညီပေးခဲ့လေသည်။ နှစ်ဦးသား အတူပူးပေါင်းမှုဖြင့် အဆုံးတွင် ထိုမွန်းစတားသားရဲကို သတ်ပစ်နိုင်ခဲ့သည်။
ထိုကျင့်ကြံသူမှာ ကောင်းရွှယ်ထင်းအပေါ် အလွန်ကျေးဇူးတင်ကာ သူနေသည့်ဂိုဏ်းသို့ လိုက်ခဲ့ရန် ဖိတ်ခေါ်ခဲ့လေသည်။
ကောင်းရွှယ်ထင်းသည်လည်း ကောင်းကင်တက်လှမ်းခြင်းကြေးမုံအကြောင်း ပိုမိုသိလိုသည့် အတွက်ကြောင့် သဘောတူခဲ့လေသည်။
ဝိဉာဉ်ဖမ်းဆုပ်ခြင်းဂိုဏ်းဟူသော ဂိုဏ်းသို့ ရောက်သွားပြီးနောက် သူမကယ်ဆယ်လိုက်သည့် လူမှာ အခြားမဟုတ်ဘဲ ထိုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ဝိဉာဉ်ဖမ်းဆုပ်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် လူလိမ်လူကောက်တစ်ယောက် မဟုတ်။ ကောင်းရွှယ်ထင်းအား တကယ့်အကြီးအကဲတစ်ဦးအဖြစ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပေသည်။
အကြီးအကဲကောင်းသည် အားကောင်းရုံမက လှလည်းလှ၏။ သူမ၏ အေးစက်စက် ပုံစံမှလွဲ၍ ကောင်းရွှယ်ထင်းသည် အပြစ်ပြောစရာ မရှိသည့် လူတစ်ဦးဖြစ်သည်။
ထိုဝိဉာဉ်ဖမ်းဆုပ်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကောင်းရွှယ်ထင်းအား ယဉ်ကျေးစွာ ဆက်ဆံ၍ သူမ၏ နှလုံးသားကို အပိုင်သိမ်းနိုင်ရန် ကြိုးစားခဲ့သည်။
နှစ်ဦးသားစကားပြောရင်းမှ ဝိဉာဉ်ဖမ်းဆုပ်ခြင်းဂိုဏ်းတွင် ဝိဉာဉ်စုဆောင်းရေးကန်ဟူသော ကန်တစ်ကန်ရှိကြောင်းကို ကောင်းရွှယ်ထင်း သိလိုက်ရသည်။ ထိုဝိဉာဉ်စုဆောင်းခြင်းကန်သည် သူမ၏ ဝိဉာဉ်အမျိုးအစား မှော်ရတနာကို သန့်စင်နိုင်အောင် ကူညီပေးနိုင်သည့် နေရာတစ်ခု ဖြစ်သည်။
ယခု ဤနေရာသို့ ပြန်ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် ကောင်းရွှယ်ထင်းသည် ဝိဉာဉ်ဖမ်းဆုပ်ခြင်းဂိုဏ်းသို့ သွားကာ ဝိဉာဉ်စုဆောင်းခြင်းကန်အား ခတ္တခဏ ငှားယူအသုံးပြုလိုကြောင်း သူတို့၏ ဂိုဏ်းချုပ်ကို သွားရောက် မေးမြန်းကြည့်ရပေမည်။
ကောင်းရွှယ်ထင်း၏ အမြင်အရ သူမသည် ထိုဂိုဏ်း၏ ဂိုဏ်းချုပ်အသက်ကို ကယ်ဆယ်ပေးထားသူ တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုတောင်းဆိုခြင်းနှင့် ပတ်သက်၍ မည်သည့်ပြဿနာမှ မရှိဟု ထင်ပေသည်။
ကောင်းကင်တက်လှမ်းခြေကြေးမုံထဲရှိ တစ်ခုသော နေရာတွင် မိုင်ပေါင်းသောင်းနှင့်ချီ ကျယ်ဝန်းသော ဧရာမမြို့ကြီးတစ်မြို့ ရှိနေခဲ့လေသည်။ မြို့ပတ်ပတ်လည်အား မီတာပေါင်းများစွာ မြင့်မားသော မြို့ရိုးတံတိုင်းများမှ တင်းတင်းကြပ်ကြပ် ကာရံထားခဲ့လေသည်။
မြို့တစ်ခုလုံးမှာတော့ ကူးလူးသွားလာနေသည့် လူပေါင်းများစွာဖြင် ပြည့်နှက်နေခဲ့လေသည်။ ဤမြို့မှာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲရှိ မြို့တစ်မြို့သာ ဖြစ်သော်ငြား ပြင်ပလောကကြီးရှိ မြို့များနှင့် လုံးဝကို ဆင်တူပေသည်။
ဤမြို့ထဲတွင် လမ်းဘေးဈေးဆိုင်များ၊ တောအုပ်များ၊ ကျယ်ပြောသည့် လမ်းများ၊ လမ်းခွဆုံံများ၊ အမျိုးမျိုးသော အဆောက်အဦးများ ရှိနေကြသည်။
ဤသည်မှာ ကောင်းကင်တက်လှမ်းခြင်းနိုင်ငံ၏ မြို့တော်ဖြစ်သော ကောင်းကင်တက်လှမ်းခြင်းမြို့သာ ဖြစ်လေသည်။
မရေမတွက်နိုင်သော ဂိုဏ်းများ၊ မိသားစုများမှ ကိုယ်ပိုင်နယ်မြေအသီးသီးကို ထိန်းချုပ်၍ အုပ်ချုပ်နေသော ပြင်ပလောကကြီးနှင့် မတူသည်မှာ ဤကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ကောင်းကင်တက်လှမ်းခြင်းနိုင်ငံကြီးကသာ အရာရာအားလုံးကို ထိန်းချုပ်နေခြင်း ဖြစ်သည်။
ဤနေရာတွင် ရှိနေသော ဂိုဏ်းတိုင်း မိသားစုတိုင်းသည် ကောင်းကင်တက်လှမ်းခြင်းနိုင်ငံ၏ အုပ်စိုးမှုအောက်တွင် ရှိနေကြပေသည်။ ထို့အတွက်ကြောင့် ကောင်းကင်တက်လှမ်းခြင်းနိုင်ငံသည် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ထားသည်ဟု ပြော၍ရသည်။
ပြောကြသည်မှာတော့ ဟိုးယခင်က ဤကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ကောင်းကင်တက်လှမ်းခြင်း နိုင်ငံဟူ၍ မရှိခဲ့ချေ။ ပြင်ပလောကကြီးကဲ့သို့ပင် ဤနေရာ၌ မရေမတွက်နိုင်သော ဂိုဏ်းများနှင့် မိသားစုအသီးသီးမှ ကိုယ်ပိုင်နယ်မြေအသီးသီးကို ထိန်းချုပ်ကာ အုပ်စိုးခဲ့ကြသည်။
သို့သော်ငြား လက်ရှိ ကောင်းကင်တက်လှမ်းခြင်းနိုင်ငံ၏ အုပ်စိုးသူ ပေါ်လာသည့် အချိန်မှစ၍ ထိုအင်အားစုအားလုံး တပေါင်းတစည်းတည်း ဖြစ်သွားကြပြီး ကောင်းကင်တက်လှမ်းခြင်းနိုင်ငံ ဖြစ်ပေါ်လာခဲ့လေသည်။
လက်ရှိ အုပ်စိုးသူသည် မိုးမြေတစ်ခွင်အား လက်တစ်ဖက်ဖြင့် သိမ့်သိမ့်တုန်အောင် လုပ်နိုင်သော အံ့အားသင့်ဖွယ်ကောင်းလှသည့် ပါရမီရှင်တစ်ဦးဖြစ်သည်။
လက်ရှိအုပ်စိုးသူကို သစ္စာခံ၍ အကြီးအကျယ် တိုးတက်အားကောင်းလာကြသော ပညာရှင်များစွာလည်း ရှိကြပေသည်။
ထိုအုပ်စိုးသူ၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်တက်လှမ်းခြင်းနိုင်ငံ၏ အင်အားမှာ တစ်နေ့ထက်တစ်နေ့ တစ်ဆဆ မြင့်တက်လာခဲ့သည်။
ဤလောကကြီး တစ်ခုလုံးသည် လူတစ်ဦး၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသော်ငြား ကောင်းကင်တက်လှမ်းခြင်းနိုင်ငံတော် ပေါ်လာပြီးသည့်နောက်တွင် မလိုအပ်သော သတ်ဖြတ်မှုများ ပဋိပက္ခများ ချုပ်ငြိမ်းသွားခဲ့ရသည်။
ထို့အတွက်ကြောင့် လူပေါင်းများစွာ၏ ဘဝမှာ ယခင်ကထက် ပိုမိုငြိမ်းချမ်းလာရတော့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၁၃)
ဤအချိန်၌ ကောင်းကင်တက်လှမ်းခြင်းနိုင်ငံတော်၏ နန်းတော်ထဲတွင် ကောင်းကင်တက်လှမ်းခြင်းနိုင်ငံတော်၏ ကာကွယ်သူဖြစ်သော ဗိုလ်ချုပ်ကြီးကျိုးထျန်းသည် မိန်းမလှလေးနှစ်ဦးကို ပွေ့ဖက်ရင်း ဇိမ်ယစ်မူးနေခဲ့လေသည်။
ကျိုးထျန်းမှာ တုပ်ခိုင်ထွားကြိုင်းသည့် လူထွားကြီးတစ်ဦး ဖြစ်ပြီး သူ့အရပ်မှာ နှစ်မီတာနီးပါး မြင့်မား၏။
ကျိုးထျန်းသည် လက်ရှိအုပ်စိုးသူ စတင်ပေါ်လာသည့် အချိန်မှစ၍ သူ့နောက်သို့ လိုက်ကာ နိုင်ငံတော်ကို သူ့ဓါးဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်လေသည်။
ထို့အတွက်ကြောင့် ကောင်းကင်တက်လှမ်းခြင်း နိုင်ငံတော် စတင်ဖြစ်ပေါ်လာသည့်နောက် ကျိုးထျန်းသည်လည်း ရက်ရက်ရောရော ဆုချခံရလေ၏။
ထို့အတွက်ကြောင့်ပင်လျှင် နိုင်ငံ့ကာကွယ်သူဟူသော ဂုဏ်ပုဒ်ကို ချီးမြှင့်ခံရပြီး အငြိမ်သားဖြင့် ဇိမ်ယစ်မူးနိုင်တော့လေသည်။
လက်ရှိတွင် ကောင်းကင်တက်လှမ်းခြင်း လောကကြီးမှာ ယခင်ကကဲ့သို့ ပရမ်းပတာ ဖြစ်မနေတော့ပဲ သိသိသာသာကို ငြိမ်းချမ်းနေခဲ့သည်။
ထို့အတွက်ကြောင့် နိုင်ငံ၏ ကာကွယ်သူဖြစ်သော ကျိုးထျန်းမှာလည်း ဘာမှလုပ်စရာမရှိ ဖြစ်ကာ အလွန်ကိုမှ ပျင်းရိနေရတော့လေသည်။
သူ၏ကျင့်ကြံခြင်းမှာ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ ထို့အတွက်ကြောင့် ဆက်၍ ကျင့်ကြံလျှင်လည်း အကျိုးမရှိတော့ဟု ထင်ကာ ကာမစည်းစိမ်၌ စတင်ဇိမ်ယစ်မူးတော့လေ၏။
ယခုဆိုလျှင် သူသည် နန်းတော်ထဲတွင် နေကာ မိန်းမလှလေးများကို ဟိုနေရာမှ သည်နေရာမှ ခေါ်ယူ၍ ဘဝကြီးကို သက်တောင့်သက်သာ ဖြတ်သန်းနေခဲ့လေသည်။
လက်ရှိတွင် ကချေသည်မိန်းမချောလေးတစ်သိုက်သည် ကျိုးထျန်းထိုင်နေသည့် ပုလ္လင်အောက်တွင် ရပ်ကာ သီဆိုကပြ ဖျော်ဖြေနေကြလေသည်။ မလုံ့တလုံ အဝတ်အစားလေးများကို ဝတ်ရင်း သူမတို့၏ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ကို လှစ်ဟာပြလျက် ကလူတူတူ ညူတူတူ အကြည့် အမူအယာများဖြင့် ကျိုးထျန်း၏ အာရုံကို ဖမ်းစားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေကြသည်။
ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင် ပြင်ပလောကကြီး၌ ရှာမတွေ့နိုင်သော မရေမတွက်နိုင်သည့် ထူးခြားသောပစ္စည်းများကို တွေ့နိုင်ပေသည်။
ဥပမာပြရသော် ကျိုးထျန်းရှေ့တွင် ရှိနေသော အသီးများသည် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲတွင်သာ ရှာတွေ့နိုင်သော ဒေသထွက်အသီးများ ဖြစ်ကြသည်။ ထိုအသီးများကို စားသုံးခြင်းသည် ကျင့်ကြံသူတစ်ဦး၏ ဝိဉာဉ်အပေါ် အလွန်ကိုမှ အကျိုးရှိစေပေသည်။
သို့တိုင် ကျိုးထျန်းကမူ ထိုအသီးများကို သာမန် စားသောက်ဖွယ်ရာ တစ်ခုအဖြစ်သာ သဘောထား၍ စားသုံးနေခဲ့သည်။
ရယ်မောသံ ဖျဖျလေးများ၊ သာယာနာပျော်ဖွယ်ကောင်းသော သီချင်းသံလေးများ၊ မိန်းမပျိုလေးများ၏ ကလူတူတူ ညူတူတူ မြှူဆွယ်သံလေးများနှင့် ကျိုးထျန်း၏ အော်ရယ်မောသံကြီးတို့မှာ နန်းတော်တစ်ခွင် ပြည့်နေခဲ့လေ၏။
ရုတ်တရက် ထိုဆူညံသံအားလုံး ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။ အသံအားလုံးမှာ မမြင်နိုင်သည့် စွမ်းအားတစ်ခု၏ ဖြတ်တောက်ခြင်း ခံလိုက်ရသည့်အလား မခန့်မှန်းနိုင်လောက်အောင် အားကောင်းလွန်းလှသော ဖိအားတစ်ရပ်သည် ကောင်းကင်ထက်မှ သက်ဆင်းလာခဲ့လေသည်။
တစ်ချိန်တည်းတွင် အပြင်ဘက်ဆီမှ လူတစ်ဦး ဝင်လာခဲ့လေသည်။ လူကိုမတွေ့ရသေးသော်ငြား ကပြဖျော်ဖြေနေသည့် ကချေသည်မလေးအားလုံး သူတို့အနောက်ဘက်တွင် အရိပ်ကြီးတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
ထိုအရိပ်ကြီးသည် အလင်းအားလုံးကို စုပ်ယူပစ်နိုင်သည့်အလား မြင်လိုက်သည့်လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားအောင် လုပ်နိုင်ပေသည်။
ကျိုးထျန်းသည် ပါးစပ်အဟောင်းသားဖြင့် ထိုဝင်လာသည့်လူအား စိုက်ကြည့်နေခဲ့သည်။
ထိုအရိပ်မှာ ဖြည်းဖြည်းချင်းသာ လမ်းလျှောက်နေသော်ငြား ခြေတစ်လှမ်းတည်းဖြင့် နန်းတော်ထဲသို့ ရောက်လာခဲ့လေသည်။
ထိုလူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပိန်းပိန်းပိတ် မည်းမှောင်သော အနက်ရောင်အဝတ်အစားဖြင့် လွှမ်းခြုံထားခဲ့သည်။ တစ်ချိန်တည်းတွင် ရက်စက်ကြမ်းကြုတ် ကြောက်မက်ဖွယ် ကောင်းလှသော နတ်ဆိုးမျက်နှာဖုံးတစ်ခုကိုလည်း ဝတ်ဆင်ထားလေ၏။
တစ်ကိုယ်လုံးကို အပြည့်အဝ ဖုံးကာထားသောကြောင့် ထိုလူသည် အမျိုးသမီးလား အမျိုးသားလား ဆိုသည်မှာ ပြောရခက်လှပေသည်။
တကယ်တော့ နန်းတော်ထဲတွင် ရှိနေသည့် လူကိုးဆယ်ရာခိုင်နှုန်းလောက် ထိုလူမည်သူမှန်း လုံးဝမသိကြချေ။ သို့သော်ငြား ထိုလူများထဲ ကျိုးထျန်းမပါဝင်ပေ။
ထိုလူပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျိုးထျန်းသည် သူ့လက်ထဲတွင် ပွေ့ပိုက်ထားသော အမျိုးသမီးနှစ်ဦးကို ဘေးဘက်သို့ တွန်းဖယ်လျက် ထိုလူဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
ထိုလူနှင့် ဆယ်မီတာအကွာသို့ အရောက်တွင် ချက်ချင်းပဲ မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်၍ လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ “နိုင်ငံကာကွယ်သူ ဗိုလ်ချုပ်ကြီးကျိုးထျန်း အရှင်မင်းမြတ်ကို နှုတ်ဆက်ပါတယ်…”
ထိုစကားကို ကြားလိုက်သည့်အခိုက် ကပြဖျော်ဖြေနေသည့် အမျိုးသမီးအားလုံး ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေ၏။
နန်းတော်ထဲတွင် ကောင်းကင်တက်လှမ်းခြင်း လောကကြီးတစ်ခုလုံးကို ထိန်းချုပ်နေသည့် အုပ်စိုးသူ ရှိနေမှန်း သိထားကြသော်ငြား သူတို့ထဲရှိ မည်သူမှ ထိုအုပ်စိုးသူအား တစ်ခါမှ မမြင်တွေ့ဖူးခဲ့ပေ။
ပုံမှန်အားဖြင့် ဤကချေသည် မိန်းမပျိုလေးများသည် ကျိုးထျန်းအား သူတို့ကို ဤကောင်းကင်ခြင်းတက်လှမ်းခြင်း နိုင်ငံတော်အား တစ်ကိုယ်တော်စွမ်းအားဖြင့် တည်ထောင်ခဲ့သည့် ပညာရှင်နှင့် တွေ့နိုင်ရန် ခေါ်သွားပေးပါဟု စနောက်လေ့ ရှိကြပေသည်။
သို့သော်ငြား သူမတို့မှ ထိုကဲ့သို့ ပြောလိုက်သည့်အခါတိုင်း ကျိုးထျန်းသည် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းသွားလိုက်လေ၏။
ယနေ့တွင်မူ သူတို့တွေ့ချင်နေခဲ့သော ထိုဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးကို တွေ့ခွင့် ရခဲ့ကြလေပြီ။ ထိုအဖြစ်အပျက်ကြောင့် အကုန်လုံးမှာ အလွန်တရာကိုမှ ထိတ်လန့်အံ့အားသင့်နေကြတော့သည်။
အံ့အားသင့်နေမိသော်ငြား အကုန်လုံးသည် ထိုလူအား စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့လေသည်။ သို့တိုင် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ပေ။
ကောင်းကင်တက်လှမ်းခြင်းနိုင်ငံတော်၏ အုပ်စိုးသူဖြစ်သော သူတို့ရှေ့တွင် ရပ်နေသည့် လူသည် တစ်ကိုယ်လုံးအား အဝတ်အစား အပြည့်ဖြင့် လွှမ်းခြုံထားခဲ့သည်။ မျက်နှာတွင်လည်း မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသည့် အတွက်ကြောင့် ထိုလူ၏ ရုပ်ရည် မည်ကဲ့သို့ရှိသည်၊ အသက်အရွယ် မည်မျှရှိသည် ယောက်ျားဖြစ်သလား မိန်းမဖြစ်သလား ဆိုသည်ကို လုံးဝ ခွဲခြားမရခဲ့ပေ။
ထို့အပြင် ထိုလူအား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ခန်းမထဲရှိ အမျိုးသမီးအားလုံး ခေါင်းမူးခေါင်းကိုက်ချင်လာသလို ဖြစ်လာကုန်ကြလေသည်။ ထို့အတွက်ကြောင့် သူတို့၏ အကြည့်အား ချက်ချင်း လွှဲဖယ်လိုက်ကြလေ၏။
“ထတော့…” ထိုလူသည် ကျိုးထျန်းအား ပြောလိုက်လေသည်။ အသံမှာလည်း ယောက်ျားအသံလား မိန်းမအသံလား ပြောရခက်လှပေသည်။
“ဟုတ်ကဲ့ပါ အရှင်မင်းမြတ်…” မတ်တပ်ရပ်ပြီးသည့်နောက်တွင် ကျိုးထျန်းသည့် အသာအယာ ဦးညွှတ်၍ သူ့ရှေ့ရှိလူအား ကြည့်ရင်း မေးလိုက်လေသည်။ “အရှင်မင်းမြတ်… ဘာကိစ္စများရှိလို့ လက်အောက်ငယ်သားဆီ ရောက်လာတာလဲ…”
ကောင်းကင်တက်လှမ်းခြင်း နိုင်ငံတော်အား တည်ထောင်ပြီးသည့် အချိန်မှစ၍ ဤအရှင်မင်းမြတ် ဆိုသည့်လူသည် ကျိုးထျန်းအား တစ်ခုခုလုပ်ရန် လာရောက်တောင်းဆိုခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိတော့ပေ။
သို့သော်ငြား ယနေ့တွင်မူ ဤအရှင်မင်းမြတ်ဆိုသည့် လူသည် ကျိုးထျန်းဆီသို့ ကိုယ့်ဘာသာကိုယ် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်ငြား အရှင်မင်းမြတ်ဆိုသည့်လူမှာ အချိန် အတော်ကြာသည့်တိုင်အောင် စကားမပြောခဲ့။ နောက်ဆုံးမှသာ ပြန်ပြောလာခဲ့လေသည်။ “ကောင်းကင်မွန်းစတား ရိုးမတောင်တန်းမှာ ကပ်ဘေးကြယ်ပေါ်လာပြီ၊ အဲ့ကပ်ဘေးကြယ်က တိုင်းပြည်ရဲ့ ကံတရားကို လှုပ်ခတ်လိမ့်မယ်… ဒီလောကကြီး တစ်ခုလုံး ကသောင်းကနင်းဖြစ်ဖို့ သိပ်မလိုတော့ဘူး…”
“ဘယ်လို…” ကျိုးထျန်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “အဲ့လိုမျိုး တကယ်ကြီး ဖြစ်သွားတာလား…” ထို့နောက်တွင် အံကိုကြိတ်၍ ရက်စက်ကြမ်းကြုတ်သည့် လေသံဖြင့် ခက်ထန်စွာပြုံးရင်း ပြောလိုက်လေသည်။ “အရှင်မင်းမြတ် စိတ်ချထားလိုက်ပါ… လက်အောက်ငယ်သား တစ်ယောက်ယောက်ကို ချက်ချင်း လွှတ်လိုက်ပါမယ်…”
“မလိုဘူး… မင်းကိုယ်တိုင်သွားလိုက်…” အရှင်မင်းမြတ်ဆိုသူက ပြန်ပြောလိုက်သည်။ ထိုကိစ္စကြောင့် ကျိုးထျန်း အံ့အားသင့်သွားခဲ့သော်ငြား ငြင်းဆန်ခြင်းမရှိပဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေသည်။
“လက်အောက်ငယ်သား နားလည်ပါပြီ… အရှင်မင်းမြတ်ပြောတဲ့အတိုင်း လက်အောက်ငယ်သားကိုယ်တိုင် သွားလိုက်ပါမယ်…”
“ကောင်းတယ်…” ပြောပြီးသည့်နောက်တွင် အရှင်မင်းမြတ်ဆိုသူသည် နန်းတော်ထဲမှ လှည့်ထွက်သွားတော့လေသည်။
မကြာမီ အရှင်မင်းမြတ်ပုံရိပ်သည် နန်းတော်ထဲမှ ပျောက်ကွယ်သွားခဲ့၏။
ခဏအကြာတွင် ခပ်လှမ်းလှမ်းဆီမှ အသံတစ်သံ ထွက်လာခဲ့လေသည်။ “သူတို့ကို အသက်ရှင်လျက် ဖမ်းလာခဲ့…”
ကျိုးထျန်းက လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။ “နားလည်ပါပြီ…”
ထို့နောက်တွင် အကျယ်ကြီး အော်ရယ်မောလျက် အေးစက်စက် လေသံဖြင့် “နောက်ဆုံးတော့ ငါ့မှာ လုပ်စရာတစ်ခုခု ရှိလာပြီပေါ့… ဟား ဟား ဟား… ဒီတစ်ကြိမ်ကတော့ မပျင်းရဖို့ မျှော်လင့်တာပဲ…”
“ဆရာ… ကျွန်မတို့ကိုပါ ခေါ်သွားလို့မရဘူးလား… ဆရာတိုက်ခိုက်တာကို ကျွန်မတို့ မြင်ဖူးချင်လို့…”
“ကျွန်မလည်းသွားချင်တယ်…”
“ကျွန်မလည်း လိုက်ချင်တယ်…”
အမျိုးသမီးများသည် ကျိုးထျန်းအား စတင်၍ တောင်းဆိုကြတော့လေသည်။
ကျိုးထျန်းသည် ရက်စက်ကြမ်းကြုတ်စွာ အော်ရယ်မောနေရင်း သူ့ဘေးပတ်ပတ်လည်အား ကြည့်လိုက်သည်။ ထို့နောက် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ ထိုစွမ်းအင်လှိုင်းကြောင့် အနားတွင် ရှိနေသော အမျိုးသမီးအားလုံး လွင့်ထွက်သွားကုန်ကြလေ၏။
အမျိုးသမီးအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နာကျင်စွာ ထအော်ကြတော့လေ၏။ သူတို့၏ ဝိဉာဉ်မှာ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရသွားသည့်အလား ခန္ဓာကိုယ်များမှာ တဖျတ်ဖျတ် လက်လာတော့လေသည်။
“ယောကျ်ားတွေ အလုပ်လုပ်နေတဲ့အချိန် မိန်းမတွေက ကိုယ့်နေရာမှာကိုယ် နေသင့်တယ်…” ထိုသို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် ကျိုးထျန်းသည် နန်းတော်ထဲမှ ခြေလှမ်းကျဲကျဲဖြင့် လှမ်းထွက်သွားလေတော့သည်။
မကြာမီတွင် ကျိုးထျန်းသည် သူ့၏ စစ်တပ်ကို ဦးဆောင်လျက် ကောင်းကင်မွန်းစတား ရိုးမတောင်တန်းဆီသို့ ချီတက်သွားလေ၏။
လက်ရှိအချိန်၌ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲရှိ တောင်ကြားတစ်နေရာတွင် အဆင့်ဆယ့်တစ် အထွဋ်အထိပ် မွန်းစတားသားရဲတစ်ကောင်သည် လူပေါင်းများစွာနှင့် ခက်ခက်ခဲခဲ တိုက်ပွဲတစ်ခု ဆင်နွှဲနေခဲ့လေသည်။
ရှရှန်းသည် သူ၏ ဓါးကို ဝှေ့ယမ်းရင်း မြေလိပ်ကြီး၏ လည်ပင်းနေရာရှိ အားပျော့သည့် နေရာများကို ချိန်ရွယ်တိုက်ခိုက် နေခဲ့လေသည်။ သူ၏ တိုက်ကွက်များကြောင့် မွန်းစတားသားရဲမှာ နာကျင်စွာ အော်မြည်ရင်း ပြန်ဆုတ်ရန် ကြိုးစားလေ၏။
ရှောင်ပိုင်ယီသည် မြေလိပ်ကြီး ထွက်ပြေးမည့် လမ်းကြောင်းဆီသို့ သူ့ဓါးကို သုံး၍ စိတ်ဝိဉာဉ်လှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်လေသည်။
မုရုန်ရှောင်ရှောင်ကမူ အလေးအနက် အမူအယာဖြင့် ကြာပွတ်ရှည်တစ်ချောင်းကို ကျွမ်းကျင်စွာ လွှဲယမ်းရိုက်ခတ်နေခဲ့သည်။
မြောက်များလှစွာသော အလွန်မြန်ဆန်လှသည့် ကျာပွတ်ရိုက်ချက်များကြောင့် မွန်းစတားသားရဲကြီးမှာ ကောင်းကောင်းမလှုပ်ရှားနိုင် ဖြစ်နေခဲ့လေသည်။ ကျာပွတ်ရိုက်ချက်များမှာ လျင်မြန်သလို များပြားလှသော်ငြား သတ်ဖြတ်လိုစိတ်မှာမူ ကင်းမဲ့နေခဲ့လေသည်။
ထိုအချိန် အတောအတွင်း ချန်းမုကျီသည် သူ၏ ဓါးပျံကို သုံးလျက် မွန်းစတားသားရဲအား သက်လုံမကျ ကျအောင် လုပ်နေခဲ့လေသည်။
ရန်ကိုင်သည် သူ့ကိုယ်သူ ခရမ်းနေခြည်ဒိုင်းကာဖြင့် ကာကွယ်ထားရင်း မြေလိပ်ကြီးအား လက်သီးဖြင့် တစ်ချက်ပြီးတစ်ချက် ထိုးနေခဲ့လေသည်။
တာအိုသခင်အဆင့် ကျင့်ကြံသူငါးဦးမှာ အတူပူးပေါင်း၍ တိုက်ခိုက်နေသော်ငြား တာအိုသခင်အဆင့် အထွဋ်အထိပ်သို့ ရောက်နေသော မွန်းစတားသားရဲအား ယခုအချိန်ထိတိုင် အနိုင်မယူနိုင်သေးချေ။
ရန်ကိုင်တို့ အနိုင်မယူနိုင်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ဤမွန်းစတားသားရဲ၏ ခုခံနိုင်စွမ်းကကို အလွန်ကိုမှ မြင့်မားနေသည်ကိုး။
ဤလိပ်ကြီး၏ လိပ်ခွံမှာ သူတို့ကြုံခဲ့ဖူးသည့် သတ္တုများထက်ပင် ပို၍ မာကြောလှသည်။
၎င်း၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော တိုက်ခိုက်မှုတစ်ခု တိုးဝင်လာပြီဆိုသည်နှင့် လိပ်ကြီးသည် ၎င်း၏ ခြေလက်များနှင့်တကွ ခေါင်းကိုပါ လိပ်ခွံထဲသို့ လျှိုဝင်ပစ်လိုက်လေသည်။
ထိုတိုက်ကွက်များ ပျောက်ကွယ်သွားပြီးနောက် လိပ်ကြီးသည် ခေါင်းပြန်ပြူထွက်လာပြီး စွမ်းအင်လုံးများကို ပစ်လွှတ်တော့လေ၏။ မြောက်မြားလှစွာသော စွမ်းအင်လုံးများမှာ အလွန်ကိုမှ ခုခံရခက်လှသည့်အတွက် ရန်ကိုင်နှင့် သူတို့အဖွဲ့အဖို့ အတော်လေးကိုမှ အခက်တွေ့နေရလေ၏။
ငါးယောက်အနက်တွင် ရန်ကိုင်တစ်ဦးတည်းသည်သာ အကာအကွယ်မှော်ရတနာကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် လိပ်ကြီးနှင့် အနီးကပ်တိုက်ခိုက်နိုင်ခဲ့သည်။ အခြားသူများမှာမူ လိပ်နားသို့ အရမ်းမကပ်ရဲခဲ့ပေ။
ဤလိပ်ကြီးမှာ အလွန်ကိုမှ နှေးလွန်းသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်တို့ငါးဦးလည်း ဤမွန်းစတားသားရဲအား လာရောက်တိုက်ခိုက်ခဲ့လိမ့်မည် မဟုတ်ချေ။
သို့တိုင် ဤမွန်းစတားသားရဲနှင့် တိုက်ပွဲကြောင့် ရန်ကိုင်တို့ ငါးဦးစလုံးသည် ကိုယ့်အကန့်အသတ်ကို သိလာရလေတော့သည်။
အချိန်အတော်ကြာအောင် တိုက်ခိုက်နေပြီးသည့် နောက်တွင် လိပ်ခွံမှာ အရောင်တလက်လက် တောက်လာ လေတော့သည်။ လိပ်ကြီး အကန့်အသတ်သို့ ရောက်နေပြီမှန်း ရှရှန်းသိလိုက်သည်။ ထို့ကြောင့် မာန်သွင်းအော်ဟစ်ရင်း သူ့ဓါးကို ကိုင်ဆွဲလျက် ဥက္ကာခဲတစ်စင်းနှယ် လိပ်ဆီသို့ ခုန်ဝင်သွားလေသည်။
ရှောင်ပိုင်ယီနှင့် အခြားသူများသည်လည်း ကိုယ်ပိုင်နည်းစနစ်များကို သုံးကာ မွန်းစတားသားရဲအား တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။
ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်သည် အယောင်တစ်ချက်ပြ၍ လိပ်အနားဆီမှ ခုန်ဆုတ်လာခဲ့လေသည်။
“ဘုန်း ဘုန်း ဘုန်း…”
ပေါက်ကွဲသံများ ညံမစဲအောင် ထွက်ပေါ်လာခဲ့လေသည်။ ပေါက်ကွဲသံများ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် လိပ်ကြီးလည်း မြေပေါ်သို့ လဲကျသွားခဲ့ပြီး မလှုပ်မယှက် လဲနေတော့လေ၏။
အကုန်လုံး၏ အကြည့်အောက်တွင်ပင် လိပ်ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး လိပ်ကြီးရှိနေသည့် နေရာ၌ ပဲစေ့အရွယ် အလင်းလုံးလေးတစ်လုံးသာ ကျန်ရစ်ခဲ့လေသည်။
လိပ်ကြီးအား သတ်နိုင်လိုက်သော်ငြား အကုန်လုံးမှာမူ ပျော်မနေခဲ့ပေ။ လိပ်ကြီးသေသွားပြီးနောက် ကျကျန်ခဲ့သည့် စွမ်းအင်လုံးကိုလည်း အလျင်စလို သွားမယူခဲ့။ ထို့အစား မတ်တပ်နေ၍သာ အတွေးနက်နေကြလေ၏။
“ဒီနေရာမှာ ငါတို့အရင်က တိုက်ပွဲအတွေ့အကြုံတွေက သိပ်အသုံးမဝင်သလိုပဲ…” ရှရှန်းက ပထမဆုံး စပြောလိုက်သည်။
“ဟုတ်တယ်…” ရှောင်ပိုင်ယီကလည်း ခေါင်းညိတ်လိုက်၏။
“တစ်ခုခုက ငါတို့ကို ကောင်းကောင်း တိုက်ခိုက်လို့ မရအောင် လုပ်နေသလိုပဲ ခံစားရတယ်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၁၄)
“ကျွန်မတို့ နာမ်ဝိဉာဉ်နဲ့ တိုက်ခိုက်နေရလို့ အခုလို ဖြစ်နေတာများလား…” မုရုန်ရှောင်ရှောင်က ဝင်ပြောလိုက်သည်။
“ဖြစ်နိုင်လောက်တယ်…” ချန်းမုကျီက ခေါင်းညိတ်လိုက်လေသည်။
နာမ်ဝိဉာဉ်များနှင့် ဖြစ်နေကြသည့်အတွက်ကြောင့် သူတို့ ပုံမှန် အသုံးပြုနေကြ မှော်ရတနာများ သိုင်းပညာရပ်များကို အသုံးမပြုနိုင်ကြတော့ချေ။ ထို့အတွက်ကြောင့် တိုက်ခိုက်ကြသည့်အခါ ယခင်ကကဲ့သို့ သက်တောင့်သက်သာ မခံစားရတော့ခြင်းပင်။
ထို့အပြင် ဝိဉာဉ်ချင်း တိုက်ခိုက်သည့် တိုက်ပွဲများမှာလည်း ကျင့်ကြံသူများ တက်စွမ်းသလောက် ရှောင်ရှားကြသည့် တိုက်ပွဲမျိုးဖြစ်သည်။ ကောင်းကင်စိတ်အာရုံချင်း တိုက်ခိုက်ခြင်းသည် အလွန်ကိုမှ အန္တရာယ်များသည့် အတွက်ကြောင့် ကျင့်ကြံသူနှစ်ဦးသည် အဆင့်တူမည်ဆိုလျှင်ပင် ချီစွမ်းအားဖြင့် တိုက်ခိုက်မည့် နည်းလမ်းကိုသာ ရွေးချယ်ကြပေလိမ့်မည်။
ကောင်းကင်စိတ်အာရုံချင်း တိုက်ခိုက်ခြင်းသည် တစ်ချက်ကလေး မှားသွားရုံဖြင့် ကျင့်ကြံသူတစ်ဦးအား အရူးဖြစ်သွားစေနိုင်သည်ကိုး။
သို့သော်ငြား ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲသို့ ရောက်လာပြီးသည့်နောက်တွင် သူတို့၌ ရွေးစရာ မရှိတော့ချေ။
ယခင်က သူတို့တစ်ကြိမ်တစ်ခါမျှ မစဉ်းစား မတွေးတောခဲ့ဖူးသော ပြဿနာများမှာ ယခုတွင် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာနေခဲ့လေသည်။
ဥပမာပြရသော် အပြင်လောကကြီးတွင်သာ ယခုကဲ့သို့ အတိုက်အခိုက်ခံရမည်ဆိုပါက ချက်ချင်း တန်ပြန် တိုက်ခိုက်နိုင်သလို သူတို့၏ ကိုယ်ပိုင်ခွန်အားကိုသုံး၍ ထိုတိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင် တွေ့နိုင်သည်။
သို့သော်ငြား ဤနေရာတွင်မူ သူတို့အား အားကောင်းသည့် တိုက်ကွက်တစ်ခုခုဖြင့် တိုက်ခိုက်လာသည့်အခါ အကုန်လုံး စဉ်းစားမိလိုက်သည်မှာ ရှောင်ဖို့ရာပင် ဖြစ်လေသည်။ သို့မှသာ သူတို့၏ ဝိဉာဉ် ဒဏ်ရာမရမည် မဟုတ်ပေလော။
“ကြည့်ရတာ ငါတို့ တိုးတက်ဖို့ အခွင့်အလမ်း အများကြီး ကျန်သေးတယ်နဲ့တူတယ်….” ရှရှန်းက မဲ့ပြုံးပြုံးလျက် ထပ်ပြောလိုက်လေသည်။ “အဲ့အကြောင်းတွေ ခဏဘေးဖယ်ထားလိုက်ဦး… ဒီဝိဉာဉ်အမြုတေ…” ရှရှန်းသည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ပြီးသည့်နောက် ချန်းမုကျီဆီတွင် ရပ်သွားကာ ပြောလိုက်လေသည်။ “ဂျူနီယာညီလေးချန်… ဒီတစ်ခုကို မင်းယူလိုက်…”
ထို့နောက်တွင် ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “ရောင်းရင်းရန်… ဒါနဲ့ ပတ်သက်ပြီး မင်းအဆင်ပြေတယ်မလား…”
“ဘာမှမဖြစ်ဘူး… သူ့ကိုပဲပေးလိုက်…” ရန်ကိုင်က ခေါင်းခါလိုက်လေသည်။
ရှရှန်း ခေါင်းညိတ်လိုက်လေ၏။
ချန်းမုကျီလည်း ငြင်းမနေခဲ့ပေ။ ရှရှန်းအား ကျေးဇူးတင်ပြီးသည့်နောက် ထိုဝိဉာဉ်အမြုတေကို သွားကောက်ယူကာ စုပ်ယူလိုက်လေသည်။
ထိုဝိဉာဉ်အမြုတေကို စုပ်ယူပြီးသွားသည့် နောက်တွင် ချန်းမုကျီ၏ ဝိဉာဉ်စွမ်းအားမှာ မဆိုစလောက်ကလေး တိုးတက်လာခဲ့လေသည်။ အရမ်းကြီး သိသာခြင်း မရှိသော်ငြား တိုးတက်လာသည်မှာတော့ အမှန်ပင်ဖြစ်လေသည်။
“ဆက်သွားကြရအောင်…” ပြောပြီးသည့်နောက်တွင် ရှရှန်းသည် ဦးဆောင်၍ နောက်ထပ်ပစ်မှတ်တစ်ခုအား စတင် ရှာဖွေတော့လေသည်။
ဤသို့ဖြင့် မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်တာ ကုန်ဆုံးသွားခဲ့လေသည်။ ထိုနှစ်ရက်အတောအတွင်း ရန်ကိုင်တို့အဖွဲ့သည် တစ်ဦးကိုတစ်ဦး ဖေးမရင်း ကြုံတွေ့လာခဲ့သည့် မွန်းစတားသားရဲများကို မည်သည့် အထိအခိုက်မှ မကြုံရဘဲ အောင်မြင်စွာ သတ်ပစ်နိုင်ခဲ့သည်။
ရှရှန်း၏ ဦးဆောင်မှုဖြင့် ရလာသည့် အကျိုးအမြတ်များကိုလည်း ညီတူညီမျှ ခွဲဝေယူနိုင်ခဲ့လေသည်။
ရန်ကိုင်သည် အဆင့်ကိုးမွန်းစတားသားရဲ၏ ဝိဉာဉ်အမြုတေကိုးခု၊ အဆင့်တစ်ဆယ် မွန်းစတားသားရဲများ၏ ဝိဉာဉ်အမြုတေငါးခုနှင့် အဆင့်ဆယ့်တစ် မွန်းစတားသားရဲများ၏ ဝိဉာဉ်အမြုတေနှစ်ခုတိတိကို စုပ်ယူနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် သူ့စိတ်စွမ်းအင်မှာ ဤနေရာထဲသို့ ဝင်လာစဉ်ကထက် သိသိသာသာကို ပိုမိုအားကောင်း လာခဲ့လေသည်။
အခြားသူများသည်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။
အားလုံးထဲတွင် စိတ်စွမ်းအင် အားအနည်းဆုံးဖြစ်သော ချန်းမုကျီ၏ တိုးတက်မှုမှာတော့ အသိသာဆုံးပင် ဖြစ်လေသည်။
သူတို့၏ ကျင့်ကြံခြင်းမှာ တာအိုသခင်အဆင့် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်တို့အဖွဲ့သည် အားနည်းလွန်းသည့် မွန်းစတားသားရဲများကို ပစ်မှတ်မထားခဲ့ပဲ အဆင့်ကိုးနှင့်အထက် မွန်းစတားသားရဲများကိုသာ လိုက်ရှာပြီး သတ်ဖြတ်ကြလေသည်။
တောင်တန်း၏ အပြင်ဘက်တွင် ရှိနေသည့် အတွက်ကြောင့်လားမသိ မည်သည့် အဆင့်ဆယ့်နှစ် မွန်းစတားသားရဲနှင့်မှ မတွေ့ခဲ့ရပေ။ အကယ်၍ တွေ့လာခဲ့မည်ဆိုပါကလည်း သူတို့အဖို့ ပြေးရုံသာ ရှိပေလိမ့်မည်။
စဉ်ဆက်မပြတ်တိုက်ခိုက်လာသည်နှင့်အမျှ ရန်ကိုင်တို့အဖွဲ့မှာလည်း ဤလောကကြီးနှင့် ပိုပို၍ အသားကျလာလေတော့သည်။ ယခုတွင်သာ သူတို့ပထမဦးဆုံး တွေ့ခဲ့သော လိပ်ကြီးနှင့် ပြန်တွေ့ပါက ထိုလိပ်ကြီးအား လက်ဖက်ရည်ခွက်တစ်ဝက်စာ အချိန်အတွင်း သတ်နိုင်ပေလိမ့်မည်။
သူတို့နားနေစဉ်အတောအတွင်း ရှရှန်းက ရုတ်တရက် ထပြောလိုက်လေသည်။ “မင်းတို့အားလုံးကို ငါပြောချင်တာတစ်ခုတော့ ရှိတယ်… ဒါပေမဲ့ ပြောသင့်လား မပြောသင့်လားတော့ မသိဘူး…”
“လူခွဲပြီး လှုပ်ရှားဖို့လား…” ရှောင်ပိုင်ယီက “မင်းဘာတွေးနေလဲ သိပါတယ်” ဟူသော အကြည့်မျိုးဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
ရှရှန်းက ပြုံးလျက် “ရှောင်ပိုင်က ငါ့ကို နားအလည်ဆုံးပဲ… အခုလိုမျိုး အတူပူးပေါင်းပြီး လှုပ်ရှားတာက ပိုပြီး အန္တရာယ်ကင်းတယ် ဆိုပေမဲ့ သိပ်ပြီးတော့ အလုပ်မတွင်သလိုပဲ… အကြီးအကဲကောင်း ပြောသွားတဲ့ပုံအရဆိုရင် ငါတို့မှာ တစ်လပဲ အချိန်ရှိတာ… အဲ့တစ်လ ပြီးသွားတာနဲ့ ဘယ်အချိန်မှ ဒီထဲကို ပြန်ဝင်လာရမယ်ဆိုတာ မသေချာတော့ဘူး… ဒီတော့ အချိန်ရှိတုန်းလေး ငါတို့ အဲ့တစ်လအချိန်ကို ကောင်းကောင်း အသုံးချရမယ်…”
“အဲ့တာကြောင့်ပဲ အခုလိုမျိုး အတူပူးပေါင်းနေမဲ့အစား ဒီစီနီယာအစ်ကိုက လူခွဲပြီး လှုပ်ရှားချင်တယ်… လူခွဲလိုက်လို့ အန္တရာယ် ပိုများသွားတယ်ဆိုပေမဲ့ ငါတို့ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ အရည်အချင်းတွေက အန္တရာယ်တွေနဲ့ ကြုံလာမှ ပွင့်ထွက်လာတတ်တာ မဟုတ်ဘူးလား။” ရှရှန်းက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် “ငါတို့သာ ဒီလုံခြုံတဲ့ ဖန်လှောင်အိမ်ထဲမှာပဲ ဆက်နေဦးမယ်ဆိုလို့ရှိရင် နောက်ပိုင်း အန္တရာယ်နဲ့ တွေ့တဲ့ အခါကြရင် ဘာမှမလုပ်တတ်ပဲ ဖြစ်သွားလိမ့်မယ်….”
“မင်းပြောတာကို…” ရှောင်ပိုင်ယီက ရုတ်တရက် ဝင်ပြောလိုက်လေသည်။ “ငါသဘောတူတယ်…”
“လူခွဲသွားဖို့လား…” အစပိုင်းတွင် မုရုန်ရှောင်ရှောင်သည် အနည်းငယ် တုံ့ဆိုင်းနေသော်ငြား ခဏအကြာတွင် ဆုံးဖြတ်ပြီးသွားဟန်ဖြင့် ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “အဆင်ပြေတယ်…”
မုရုန်ရှောင်ရှောင်ပင်လျှင်ပင် သဘောတူလိုက်သည်ကို မြင်ပြီးသည့်နောက် ရှရှန်းသည် ချန်းမုကျီဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ချန်းမုကျီက ပြုံး၍ ပြောလိုက်လေ၏။ “စီနီယာအစ်ကို စီနီယာအစ်မတို့ ငါ့ကို စိတ်ပူနေစရာ မလိုပါဘူး… ငါ့ကျင့်ကြံခြင်းက အနိမ့်ဆုံးဆိုပေမဲ့ ငါကလည်း ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ပဲ… ငါ့အစွမ်းအစနဲ့တော့ငါ ရှိပါသေးတယ်…”
“ကောင်းတယ်…” ရှရှန်းသည် ချန်းမုကျီအား ကျေနပ်အားရစွာဖြင့် ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင့်ဘက်သို့လှည့်၍ ပြုံးကာ “ရောင်းရင်းရန်ကတော့ ကျိန်းသေ ကန့်ကွက်မှာ မဟုတ်ဘူး… ဟုတ်တယ်မလား…”
“ငါက ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်…” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။
သူ့အနေဖြင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်လာနိုင်သည်မှာ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်ပင် ဖြစ်လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ဘာမှ မတောင်းဆိုခဲ့သလို ဘာကိုမှလည်း မကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ရှရှန်းနှင့် အခြားသူများသာ အတူတူပူးပေါင်းချင်သည် ဆိုပါက သူ့အနေဖြင့် ပူးပေါင်းပေးမည် ဖြစ်သလို သူတို့ဘက်က လူခွဲ၍ လှုပ်ရှားချင်သည် ဆိုပါကလည်း ရန်ကိုင်က ပျော်ပျော်ကြီး သဘောတူလိုက်မည်သာ။
သူ့ဆုံးဖြတ်ချက်အား လာမေးမည်ဆိုလျှင်တော့ လူခွဲ၍ လှုပ်ရှားခြင်းကို ပိုကြိုက်သည်ဟုပင် ပြောရပေလိမ့်မည်။
ရှရှန်းတို့နှင့် အတူသွားနေသည့်အခါ သူထုတ်မသုံးရဲသည့် ပညာရပ်များစွာ ရှိနေသည်။ ထိုကဲ့သို့သော သူ့တွင် ရှိနေသည့် ပညာရပ်များကို ထုတ်သုံးခွင့် မရသည့် ခံစားချက်သည် ရန်ကိုင့်အား အလွန်ကိုမှ စိတ်ကရိကထ ဖြစ်စေလေသည်။
“အကုန်လုံးက သဘောတူတယ်ဆိုမှတော့ စီနီယာအစ်ကို မင်းတို့အားလုံး ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…” ရှရှန်းသည် လူအုပ်ကြီးအား အလေးအနက် အမူအယာဖြင့် စိုက်ကြည့်၍ “အကုန်လုံး အသက်ရှင်လျက် ပြန်လာကြမယ်နော်…”
“ငါအရင်သွားပြီ…” ရှောင်ပိုင်ယီသည် အတော်လေးကိုမှ ပြတ်သားပေသည်။ ပြောပြီးသည်နှင့် တခဏလေးပင် ဆက်၍ တုံ့ဆိုင်းမနေတော့ပဲ ချက်ချင်း ထွက်သွားလေ၏။
“စီနီယာအစ်ကိုလည်း အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနော်…” မုရုန်ရှောင်ရှောင်သည် ရန်ကိုင်နှင့် ချန်းမုကျီတို့ဘက်သို့ လှည့်၍ “နင်တို့နှစ်ယောက်လည်း အတူတူပဲ…”
“အစ်မမုရုန်လည်း သတိထားဦးနော်…” ရန်ကိုင်က ပြုံးကာ ပြောလိုက်သည်။
မုရုန်ရှောင်ရှောင်သည် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် အခြားတစ်ဖက်သို့ ထွက်သွားလေသည်။
“ဒါဆို ငါလည်းသွားတော့မယ်…” ချန်းမုကျီက ပြောလိုက်သည်။ ထိုသို့ ပြောပြီးသည့်နောက် မတ်တပ်ရပ်၍ ရှရှန်းနှင့် ရန်ကိုင်အား ခေါင်းတစ်ချက် ညိတ်ပြပြီးသည့်နောက်တွင် ထိုနေရာမှ ထွက်သွားလေသည်။
မကြာမီ ရှရှန်းနှင့် ရန်ကိုင်တို့သာ ကျန်တော့သည်။
ရှရှန်းသည် ရန်ကိုင့်အား ပြုံးကာကြည့်ရင်း မေးလိုက်လေသည်။ “ရောင်းရင်းရန် မင်း ဘယ်လမ်းသွားမှာလဲ…”
“အဲ့လမ်း…” ရန်ကိုင်သည် အခြားသူများ ထွက်သွားသည့် လမ်းကြောင်းနှင့် မတူသည့် တစ်ဖက်သို့ ညွှန်ပြလိုက်လေသည်။
ရှရှန်းက မျက်လုံးမှေးစင်းလျက် ပြောလိုက်လေ၏။ “တောင်အတွင်းပိုင်းထဲကို သွားဖို့လား… ရောင်းရင်းရန် မင်းကိုယ်မင်း သတိထားဦးနော်… ကောင်းကင်မွန်းစတားရိုးမတောင်တန်းမှာ သူတောင်မနိုင်တဲ့ မွန်းစတားသားရဲတွေ ရှိတယ်လို့ အကြီးအကဲကောင်း ပြောသွားတယ်လေ…”
“ငါ့အကြောင်းငါ သိတယ်ပါကွာ… ငါဒီလောက် လောဘကြီးမှာ မဟုတ်ပါဘူး…” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်သည်။
“အဲ့လိုဆို အကောင်းဆုံးပဲ…” ရှရှန်းက ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင် ဒီရှလည်း သွားတော့မယ်… အပြင်ရောက်မှ ပြန်တွေ့ကြတာပေါ့…” ပြောပြီးသည့်နောက်တွင် ရှရှန်းသည် တစ်ခုသောဘက်ဆီသို့ ပျံဝဲထွက်သွားလေသည်။
သူသည်လည်း ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ အတွင်းပိုင်းဆီသို့ ထွက်သွားခြင်း ဖြစ်သည်။ သို့သော် သူသွားသည့် လမ်းကြောင်းသည် ရန်ကိုင်ညွှန်ပြသည့် လမ်းကြောင်းနှင့် မတူချေ။
အကုန်လုံး ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ဖြည်းဖြည်းချင်း ထရပ်၍ ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ အတွင်းပိုင်းဆီသို့ ကြည့်ရင်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်လေ၏။ “ကဲ… နည်းနည်းကြီးကြီးမားမားလေး လုပ်ဖို့ အချိန်ရောက်ပြီပေါ့…”
တစ်ချိန်တည်းတွင် ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ တောင်ခြေ၌ ရာပေါင်းများစွာသော လူများသည် စည်းစနစ်ကျကျဖြင့် စုဝေးနေကြလေသည်။
ထိုစည်းစနစ်ကျစွာ စီတန်းရပ်နေကြသော လူအုပ်ကြီး၏ အရှေ့ဘက်တွင် အလံတစ်ခု လွင့်ထူထားခဲ့သည်။ အလံ၏ကျောဘက်တွင် တောင်ပေါ်မှ ဆင်းလာသည့် ကျားတစ်ကောင် ခုန်အုပ်မည့်ပုံစံကို ထိုးထွင်းထားခဲ့ပြီး ရှေ့ဘက်တွင်မူ ကျိုးဟူသော စကားလုံးကို ရေးထိုးထားခဲ့ပေသည်။
ဤသည်မှာ ကောင်းကင်တက်လှမ်းခြင်း နိုင်ငံတော်၏ လက်ရွေးစင် ကာကွယ်ရေးစစ်တပ်ကြီးသာ ဖြစ်လေသည်။ တစ်နည်းဆိုရသော် ကျိုးထျန်းအုပ်ချုပ်သည့် စစ်တပ်လည်း ဖြစ်၏။
လက်ရှိတွင် ကျိုးထျန်းသည် နှင်းဖြူရောင် ချိုကိုးခုပါ နဂါးသားရဲတစ်ကောင်ကို စီးနင်းထားခဲ့လေသည်။ သူသည် မည်သည့် ချပ်ဝတ်တန်ဆာကိုမှ ဝတ်ဆင်မထားခဲ့ပဲ သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့သည်။ သို့ရာတွင် သူ့ဆီမှ ဖြာထွက်နေသော သတ်ဖြတ်လိုစိတ်မှာမူ အတော်လေးကိုမှ ကျောချမ်းစရာ ကောင်းလှသည်။
သူ့ရှေ့ရှိ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းကြီးကို ကြည့်ရင်း ကျိုးထျန်းသည် အေးစက်စက် လေသံဖြင့် ရယ်မောလိုက်လေသည်။ “ဟူး… ငါဒီကို ရောက်မလာခဲ့တာ နှစ်ပေါင်းနှစ်ထောင်တောင် ကျော်သွားခဲ့ပြီပဲ… ဒီကို နောက်တစ်ကြိမ် ပြန်လာရဦးမယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး…”
ခဏအကြာတွင် ကျိုးထျန်းက ရုတ်တရက် အော်ပြောလိုက်လေ၏။ “လျန်းရန်၊ ပန်ချင်း၊ ယုမန်၊ ယွမ်ချင်း”
လူလေးဦး ရှေ့ထွက်လာခဲ့ပြီး လက်သီးဆုပ်၍ သံပြိုင် ပြန်ဖြေလိုက်လေသည်။ “လက်အောက်ငယ်သားတို့ ရှိပါတယ်…”
ထိုလေးဦးစလုံးမှာ အားကောင်းသည့် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ကျိုးထျန်းလက်အောက်ရှိ အားအကောင်းဆုံး စစ်သည်တော်လေးဦးလည်း ဖြစ်ပေသည်။
အရှင်မင်းမြတ်မှ သူကိုယ်တိုင်သွားဟု အမိန့်ပေးလာသည့် အတွက်ကြောင့် ကျိုးထျန်းသည် သူကိုယ်တိုင်သာလျှင်မဟုတ် သူ၏ အားအကောင်းဆုံးသော စစ်တပ်နှင့် လက်အောက်ငယ်သားများကိုပါ ကပ်ဘေးကြယ်ကို ဖမ်းဆီးရန်အတွက် ခေါ်ချလာခဲ့သည်။
ထိုလူလေးဦးအနက် သုံးဦးမှာ အမျိုးသားများဖြစ်ကြပြီး တစ်ဦးမှာ အမျိုးသမီးဖြစ်ပေသည်။
လျန်းရန်သည် ခါးထိရောက်သော အနီရောင် ဆံပင်များကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့အပြင် သူ့ခန္ဓာကိုယ်မှ အခြားသူများနှင့်မတူ အနီရောင်ဖျော့ဖျော့ တောက်နေခဲ့လေသည်။
ပန်ချင်းမှာမူ ပုပုကွကွနှင့် သာမန်ရုပ်ရည်ကိုသာ ပိုင်ဆိုင်ထား၏။ သို့သော်ငြား သူသည် လုပ်ကြံသတ်ဖြတ်ရာတွင် အလွန်ကိုမှ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။ ကျိုးထျန်းကဲ့သို့သော လူတစ်ဦးသည်ပင် သတိချပ်မထားပါက ပန်ချင်းအနေဖြင့် သူ့နားသို့ ရောက်အောင် သွားနိုင်ပေသည်။
ယုမန်မှာမူ အသက်သုံးဆယ်လောက် ရှိမည်ထင်ရသည့် ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူမသည် ယစ်မူးဖွယ်ရာ နီနီစွေးစွေးနှုတ်ခမ်းများနှင့် ကျော့ရှင်းလှသည့် ရုပ်ဆင်းရူပကာကို ပိုင်ဆိုင်ထားခဲ့သည်။
နောက်ဆုံးတစ်ယောက်ဖြစ်သော ယွမ်ချင်းမှာမူ သူကျင့်ကြံထားသည့် ကျင့်စဉ်တစ်ခုခုကြောင့်လားမသိ သူ့ပုံစံမှာ အလွန်ကိုမှ သိမ်မွေ့နူးညံ့သည့် ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ မိန်းမဆန်သော သူ၏ရုပ်ရည်နှင့်ပါ ထပ်ပေါင်းလိုက်သော် ယွမ်ချင်းသည် မိန်းမသားများ မနာလိုရလောက်အောင် ထိပင်လျှင် အလွန်ကိုမှ ချောမောလှပသွားလေတော့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၁၅)
ထိုလူလေးဦးသည်လည်း ကောင်းကင်တက်လှမ်းခြင်း နိုင်ငံတော် တည်ထောင်ရာတွင် ဝင်ရောက်ကူညီပေးခဲ့ကြသူများ ဖြစ်ကြပေသည်။ သူတို့လေးဦးသည် ကျိုးထျန်းနောက်သို့ လိုက်၍ အရှင်မင်းမြတ်အား ကောင်းကင်တက်လှမ်းခြင်းနိုင်ငံတော် တည်ထောင်နိုင်အောင် ကူညီပေးခဲ့သည်။
ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် သူတို့အားလုံးသည် အလွန်ကိုမှ ကျော်ကြားသည့် ပညာရှင်များ ဖြစ်ကြပေသည်။
“သွား… မင်းတို့လေးယောက် လူခွဲပြီးတော့ အဲ့ကပ်ဘေးကြယ်ကို သွားရှာလာခဲ့ကြ… တွေ့တာနဲ့ အသက်ရှင်လျက် ဖမ်းပြီး ငါ့ဆီအရောက်ခေါ်လာခဲ့…” ကျိုးထျန်းက လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ…” လေးဦးစလုံး သံပြိုင် ပြန်ဖြေလိုက်ကြပြီး သူတို့နှင့်အတူ ပါလာသော စစ်သည်တော်များကို အဖွဲ့လေးဖွဲ့ခွဲ၍ တစ်ဦးချင်းစီမှ တစ်ဖွဲ့ချင်းစီကို အသီးသီး ဦးဆောင်ကာ ကောင်းကင်မွန်းစတားရိုးမတောင်တန်းထဲသို့ ပြေးထွက်သွားကြလေသည်။
ကျိုးထျန်းကမူ တောင်ခြေတွင်သာ ရပ်စောင့်နေခဲ့သည်။
လေငြင်းတသုန်သုန်သည် ကျိုးထျန်း၏ ဆံပင်အား ထိကပါး ရိကပါး ဆော့ကစားနေခဲ့လေသည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင် ကျိုးထျန်းသည် သူစီးနင်းလာသည့် ဦးချိုကိုးချောင်းပါ နဂါးသားရဲအား ရှေ့ဆက်သွားရန် အမိန့်ပေးလိုက်လေ၏။
သူစီးနင်းလာသည့် မွန်းစတားသားရဲမှာ အဆင့်ဆယ့်နှစ် ဖြစ်ပေသည်။ ဤမွန်းစတားသားရဲသည် အရွယ်မရောက်သေးသော်ငြား ၎င်း၏ ခွန်အားမှာ ဧကရာဇ်ပထမအဆင့်သို့ ရောက်နေခဲ့လေပြီ။
ထို့အတွက်ကြောင့်ပင်လျှင် ဤမွန်းစတားသားရဲမှာ ကျိုးထျန်း၏ အမိန့်ကို မလွန်ဆန်ရဲခြင်း ဖြစ်လေသည်။ ကျိုးထျန်းအနေဖြင့် ဤမွန်းစတားသားရဲကို ယဉ်ပါးအောင် လုပ်ရန်အတွက် အတော်လေးကိုမှ အားစိုက်ထုတ်ခဲ့ရသည်။
ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲသို့ စိုက်ကြည့်ရင်း ကျိုးထျန်း၏ မျက်လုံးများထဲ တိုက်ခိုက်လိုစိတ်တို့ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်နှင့် အခြားသူများမှာတော့ တောင်ခြေတွင် ဘာဖြစ်လို့ ဖြစ်နေမှန်းကို သတိမမူမိပဲ ရိုးမတောင်တန်းထဲတွင်သာ လေ့ကျင့်နေကြလေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်သည် မိုးပြာရောင် မိုးကြိုးဝံပုလွေတစ်ကောင်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ဤမွန်းစတားသားရဲသည် အဆင့်တစ်ဆယ် အထွဋ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားကာ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ သူတို့ဝင်လာလာချင်း တွေ့ခဲ့သည့် မွန်းစတားသားရဲနှင့် ခွန်အားချင်း တူပေသည်။
သို့သော်ငြား ရန်ကိုင့်မှာမူ ဤမွန်းစတားသားရဲနှင့် တိုက်ခိုက်ရာတွင် အတော်လေးကိုမှ တည်ကြည်လေးနက်နေခဲ့သည်။
ထိုသို့ဖြစ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ဤမွန်းစတားသားရဲသည် သူတို့ပုံမှန်တွေ့နေကြ မွန်းစတားသားရဲများနှင့် တူမှမတူသည်ကိုး။
ထူးထူးခြားခြားပင်လျှင် ဤမွန်းစတားသားရဲသည် မိုးကြိုးစွမ်းအင်ကို ထိန်းချုပ်နေနိုင်ခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ တဖျတ်ဖျတ် လက်နေသော လျှပ်ပန်းလျှပ်နွယ်များသည် ရန်ကိုင့်အား ဒုက္ခကောင်းကောင်း ပေးနေသည့် အရာများဖြစ်ပေသည်။
လက်ရှိတွင် ရန်ကိုင်သည် နာမ်ဝိဉာဉ်ပုံစံဖြင့် ရှိနေခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်မဟုတ်။ ထို့ကြောင့် ဒဏ်ရာတစ်ခုခုသာ ရသွားခဲ့လျှင် အလျင်အမြန် ပြန်ကောင်းနိုင်လိမ့်မည် မဟုတ်ပေ။ သူ့တွင် ဝိဉာဉ်ကြာပန်း ရှိနေသော်ငြား ဤမျှ အားကောင်းလှသော လျှပ်စီးတန်းနှင့် အလွယ်တကူ သွားရောက် မထိတွေ့ရဲချေ။
ကံကောင်းစွာဖြင့် ရန်ကိုင်သည် သူကိုယ်တိုင် တိုက်ခိုက်ရန် မစဉ်းစားထားခဲ့ချေ။ ရှရှန်းတို့အဖွဲ့နှင့် အတူပူးပေါင်းတိုက်ခိုက်နေရသည့် အခါက သူထုတ်မသုံးနိုင်ခဲ့သည့် နည်းစနစ်များစွာ ရှိခဲ့သည်။ ထို့အတွက်ကြောင့် သူ့တိုက်ပွဲစွမ်းရည်မှာ အတော်လေးကိုမှ ကန့်သတ်ထားခံရပေသည်။
ယခုမူ သူတစ်ယောက်တည်း ဖြစ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်၍ရပေပြီ။
မိုးပြာရောင် မိုးကြိုးဝံပုလွေမှာလည်း ရန်ကိုင်သည် ရင်ဆိုင်ရ လွယ်ကူသည့် လူတစ်ယောက်မဟုတ်မှန်း သိနေခဲ့သည်။ သူတို့ကြားရှိ စွမ်းအင်ကွာခြားချက်ကြောင့် မိုးကြိုးဝံပုလွေသည် ရန်ကိုင်နှင့် ခပ်ဝေးဝေးမှ နေ၍သာ တိုက်ခိုက်နေခဲ့လေသည်။
“ထွက်လာစမ်း…” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်လေသည်။
ရန်ကိုင်မှ အော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားခဲ့လေ၏။ ပိန်းပိန်းပိတ် မည်းမှောင်သော အနက်ရောင်အစက်ကလေးများသည် သူ့ခန္ဓာကိုယ်ဆီမှ အစုလိုက်အပြုံလိုက် ရုတ်ချည်း ထွက်ပေါ်လာခဲ့လေသည်။
ထိုအနက်ရောင် အစက်ကလေးများမှာ အစပိုင်းတွင် သိပ်မများသေးသော်ငြား မျက်တောင်တစ်ခတ်အတွင်း မရေမတွက်နိုင်လောက်အောင်ကို များပြားလာခဲ့လေ၏။
ခဏအတွင်း အနက်ရောင်အစက်ကလေးများမှာ အနက်ရောင်တိမ်တိုက်ကြီး တစ်ခုနှယ် များပြားလာခဲ့လေသည်။ ထိုအနက်ရောင် တိမ်တိုက်မှာ စားပွဲခုံတစ်လုံးစာ အရွယ်အစား ရှိပေသည်။
သေချာအနီးကပ် ကြည့်ကြည့်မည်ဆိုပါက ထိုအနက်ရောင် တိမ်တိုက်ကြီးထဲ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော အလွန်တရာကိုမှ သေးငယ်လွန်းလှသည့် အင်းစက်လေးများ ရှိနေကြောင်းကို မြင်တွေ့နိုင်ပေလိမ့်မည်။
ထိုအင်းစက်များမှာ အခြားမဟုတ်။ ဝိဉာဉ်ဝါးမျိုအင်းစက်များသာ ဖြစ်လေသည်။
ထိုသို့ မဟုတ်ချေ။ ရန်ကိုင့်အနေဖြင့် ထိုအင်းစက်များကို အသစ်တဖန် ပြန်လည် ပြောင်းခေါ်ရပေတော့မည်။ ဝိဉာဉ်ဝါးမျိုခြင်း နတ်ဆိုးအင်းစက်များ ဖြစ်ပေသည်။
ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော သန့်စင်လှသည့် နတ်ဆိုးချီများစွာကို စုပ်ယူပြီးသည့် အချိန်မှစ၍ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များ၏ ခန္ဓာကိုယ်မှာ ပိန်းပိန်းပိတ်အောင် မည်းမှောင်သွားခဲ့သည်။
အင်းစက်များထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တဝီဝီမြည်သံများ ထွက်ပေါ်လာလေတော့သည်။ အနက်ရောင်တိမ်တိုက်ကြီးမှာ ဘာဖြစ်မှန်းကို မိုးကြိုးဝံပုလွေမသိ။ သို့သော်ငြား ၎င်း၏ မသိစိတ်ကမူ ထိုအရာမှာ အန္တရာယ်များသည့် အရာတစ်ခုဖြစ်ကြောင်း ပြောနေခဲ့သည်။
ထို့အတွက်ကြောင့် အနက်ရောင်တိမ်တိုက်ကြီးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ပါးစပ်ကိုဟကာ လျှပ်စီးတန်းတစ်ခုကို ပစ်လွှတ်လိုက်လေ၏။
တိမ်တိုက်ကြီးမှာ လျှပ်စီးတန်းကြောင့် တမုဟုတ်ချည်း ပြိုကွဲသွားခဲ့သော်ငြား တခဏအတွင်း အချင်းချင်း ပြန်လည်ပေါင်းစည်းသွားခဲ့လေသည်။
ထိုအချိန်အတောအတွင်း မိုးပြာရောင် မိုးကြိုးဝံပုလွေမှာတော့ တစ်ကြိမ်တိုက်ခိုက်ပြီးသည့်နောက် ချက်ချင်း လှည့်ပြေးတော့လေ၏။
“လိုက်ကြစမ်း…” ရန်ကိုင်က အမိန့်ပေးလိုက်လေသည်။
တကယ်တော့ သူ့အနေဖြင့် အမိန့်ပေးစရာပင် မလိုခဲ့။ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များသည် သားကောင်ကို မြင်လိုက်သည်နှင့် သူတို့ဘာသာ ထိုသားကောင်နောက်သို့ ပြေးလိုက်ပြီးနေကြလေပြီ။
မိုးပြာရောင် မိုးကြိုးဝံပုလွေမှာ နှေးကွေးခြင်း မရှိသော်ငြား အင်းစက်များမှာ သူ့ထက်ပိုမြန်နေသည့်အတွက် တခဏအတွင်း လိုက်မှီသွားခဲ့သည်။
အင်းစက်အုပ်ကြီးမှာ မိုးကြိုးဝံပုလွေအား တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့ပြီး စတင် ဝါးမျိုကြတော့လေသည်။
အင်းစက်များ၏ လွှမ်းခြုံခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် မိုးကြိုးဝံပုလွေမှာ နာကျင်စွာ အော်ဟစ်သံများ အစီအရီ ထွက်ပေါ်လာတော့သည်။
ရန်ကိုင်ကမူ ထိုမြင်ကွင်းကို ငြိမ်သက်စွာသာ ရပ်ကြည့်နေခဲ့လေသည်။
မိုးကြိုးဝံပုလွေ၏ အရှိန်အဝါမှာ တစ်စစနှင့် စတင်အားနည်းလာလေတော့သည်။
“သူတို့စွမ်းအားက သိပ်မလုံလောက်သေးဘူးပဲ…” ရန်ကိုင် ရေရွတ်လိုက်လေသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ကျင့်ကြံသူတိုင်း ကြောက်ရသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသော်ငြား ရန်ကိုင်သည် ဤဝိဉာဉ်ဝါးမျို အင်းစက်များကို အလွန်အဆင့်နိမ့်သည့် အချိန်တည်းက ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။
ပျိုးထောင်ခဲ့သည့် သက်တမ်းတစ်လျှောက်တွင်လည်း ထိုအင်းစက်များအပေါ် သူ့အဖိုးတန်ရတနာများကို အရမ်းကြီးပုံအောခဲ့ခြင်း မရှိချေ။ အင်းစက်များကို ဝိဉာဉ်ကြာပန်းထဲတွင်သာ နေစေလျက် သူတို့ဘာသာ တိုးတက်လာခွင့် ပေးထားခဲ့သည်။
အချိန်အတော်ကြာသွားပြီ ဖြစ်သည့်အတွက်ကြောင့် အင်းစက်များမှာ သိသိသာသာကို အားကောင်းလာခဲ့သော်ငြား ရန်ကိုင် မျှော်မှန်းထားသည့် အတိုင်းအတာထိတော့ မရောက်သေးချေ။
အဆင့်တစ်ဆယ် မွန်းစတားသားရဲတစ်ကောင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးနှင့်သာ ညီမျှလေ၏။ အပြင်လောကကြီးတွင်သာဆိုပါက ရန်ကိုင့်အနေဖြင့် ဤကဲ့သို့သော ရန်သူတစ်ဦးအား လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့်ပင်လျှင် သတ်ပစ်နိုင်ပေသည်။
သို့သော်ငြား ဝိဉာဉ်ဝါးမျိုအင်းစက်များကို သုံးသည့်အခါ အနိုင်ယူရန်အတွက် အတော်လေးကို အချိန်ယူရသည်။
သို့သော်ငြား ဤကောင်းကင်တက်လှမ်းခြင်း လောကကြီးသည် ဝိဉာဉ်ဝါးမျိုအင်းစက်များ တိုးတက်လာရန်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေသည်။
ရန်ကိုင်သာ သူရရှိထားသော အချိန်တစ်လကို ကောင်းမွန်စွာ အသုံးချမည်ဆိုပါက ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ ခွန်အားမှာ ခုန်ပေါက်ကာ တိုးတက်လာပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ရန်ကိုင့်အနေဖြင့် နောက်ထပ် အသက်ကယ်ဝှက်ဖဲတစ်ခုကို ပိုင်ဆိုင်လာနိုင်ပေလိမ့်မည်။
ထို့အတွက်ကြောင့် သူ့တွင် ကျန်ရှိနေသေးသော လက်ကျန်အချိန်များကို ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို ပျိုးထောင်ရန်အတွက် အသုံးချရမည်ဟု ရန်ကိုင် ဆုံးဖြတ်လိုက်လေသည်။
ထိုကဲ့သို့ တွေးနေစဉ်အတောအတွင်း အင်းစက်များမှာ ပို၍ မြန်မြန် လှုပ်ရှားလာကြလေသည်။ မိုးကြိုးဝံပုလွေ၏ အော်သံများမှာလည်း တဖြည်းဖြည်း အားနည်းလာခဲ့ပြီးနောက် ခဏအကြာ၌ မိုးကြိုးဝံပုလွေ၏ အော်သံတို့မှာ လုံးဝကို ရပ်တန့်သွားခဲ့လေသည်။
ဤကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲရှိ သက်ရှိအားလုံးမှာ နာမ်ဝိဉာဉ်များ ဖြစ်ကြသည်။ သူတို့တွင် ရုပ်ခန္ဓာ ပိုင်ဆိုင်ထားခြင်း မရှိချေ။ ဆိုလိုသည်မှာ သူတို့အားလုံးသည် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ၏ အရသာအရှိဆုံးသော စားသောက်ဖွယ်ရာများပင် ဖြစ်ကြသည်။
ရန်ကိုင်ကိုယ်တိုင်သာ ဤမိုးကြိုးဝံပုလွေအား သတ်ပစ်မည်ဆိုပါက မိုးကြိုးဝံပုလွေ သေသွားသည့်နောက်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ စိတ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲကာ လောကကြီးထဲ ပြန်လည် ပျောက်ကွယ်သွားပေလိမ့်မည်။ နောက်ဆုံးတွင် ဝိဉာဉ်အမြုတေတစ်ခုသာ ကျန်ရစ်ပေလိမ့်မည်။
သို့သော်ငြား ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှ ဝါးမျိုလိုက်သည့် အခါတွင်တော့ မည်သည့်စွမ်းအင် အလေအလွင့်မှ မဖြစ်တော့ချေ။ လောကကြီးထဲသို့ ပြန်လည်ရောက်ရှိ သွားရမည်ဖြစ်သော စွမ်းအင်အားလုံးမှာ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ၏ ခန္ဓာကိုယ်ထဲသို့သာ ရောက်ရှိသွားကုန်ကြလေသည်။
သို့သော်ငြား ရန်ကိုင့်အနေဖြင့် မွန်းစတားသားရဲ၏ ဝိဉာဉ်အမြုတေကိုမူ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များအား ဝါးမျိုခွင့် မပြုနိုင်ပေ။ ထိုသို့သာ ဖြစ်သွားမည် ဆိုပါက သူဘာမှ ရတော့လိမ့်မည် မဟုတ်ချေ။
ဤကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲတွင် သူ့ကိုယ်သူ အားကောင်းလာအောင် လုပ်ရန်မှာ အရေးအကြီးဆုံး အချက်ဖြစ်ပြီး ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို ပိုမိုအားကောင်းအောင် ပျိုးထောင်ရန်မှာ ဒုတိယသာဖြစ်လေသည်။ မည်သည့်အရာသည် ပို၍အရေးကြီးမှန်းကို ရန်ကိုင် ကောင်းကောင်းသိထားသည်။
ထို့အတွက်ကြောင့် ခဏအကြာတွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို သုံးလျက် အင်းစက်များကို အမိန့်ပေးလိုက်လေသည်။
အင်းစက်များမှာလည်း အတော်လေးကိုမှ နာခံလှသည်။ ရန်ကိုင့်အသိစိတ်ပင်လယ်ထဲတွင် နှစ်ပေါင်းများစွာ နေလာသည့် အတွက်ကြောင့်လားမသိ ရန်ကိုင့်အမိန့်ကို လုံးဝနာခံပေသည်။
အမိန့်ရလိုက်သည်နှင့် တစ်ပြိုင်နက် အင်းစက် တိမ်တိုက်ကြီးသည် မိုးကြိုးဝံပုလွေ၏ အလောင်းကိုထားကာ ရန်ကိုင့်ဆီသို့ ပြန်လာခဲ့လေသည်။
လှမ်းကြည့်လိုက်သည့်နောက် မိုးကြိုးဝံပုလွေ၏ ခန္ဓာကိုယ်မှာ အကုန်လုံးနီးပါး ဝါးမျိုခံထားရပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဝါဖျော့ဖျော့အရောင် တောက်နေသော ပဲစေ့အရွယ် ဝိဉာဉ်အမြုတေလေးတစ်ခုသာ ကျန်ရစ်တော့လေ၏။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဝိဉာဉ်အမြုတေကို သွားကောက်ယူကာ စုပ်ယူလိုက်လေ၏။
မကြာမီတွင် ရန်ကိုင် သူ့ခရီးကို ထပ်မံစတင်ပြန်လေသည်။ သွားနေစဉ်အတောအတွင်း အလွန်အားကောင်းသည့် မည်သည့် မွန်းစတားသားရဲနှင့်မျှ မကြုံခဲ့ရပေ။ သူနှင့် ကြုံရသမျှ မွန်းစတားသားရဲတိုင်းသည်လည်း ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ၏ အစာ ဖြစ်သွားခဲ့ရသည်။
ရန်ကိုင့်အနေဖြင့် ဘာမှ လုပ်စရာ မလို။ အေးအေးဆေးဆေး ရပ်ကြည့်နေပြီး ဝိဉာဉ်အမြုတေများကို သွားကောက်ယူရုံပင်။ အလုပ်ကိစ္စအားလုံးကို ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှ လုပ်သွားပေလိမ့်မည်။
ဤသည်မှာ တစ်ကိုယ်တော်လှုပ်ရှားခြင်း၏ နောက်ထပ်အကျိုးကျေးဇူးတစ်ခုပင်။ ဝိဉာဉ်အမြုတေများကို ရရန်အတွက် အချိန်အကြာကြီး စောင့်နေစရာ မလိုပေ။ ရှရှန်းတို့နှင့်သာ အတူပူးပေါင်း လုပ်ဆောင်နေရဦးမည် ဆိုပါက ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို အပြင်သို့ ထုတ်နိုင်လိမ့်မည် မဟုတ်။
အချိန်ကြာလာသည့်နောက်တွင် စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် တစ်ခုခုကို ရန်ကိုင် ရှာတွေ့လာခဲ့လေသည်။ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များသည် သူ့ခန္ဓာကိုယ်ထဲတွင် နေရင်း ဤလောကကြီး၏ စွမ်းအင်များကို စုပ်ယူကာ သူတို့ကိုယ်သူတို့ အားကောင်းအောင် လုပ်နိုင်ကြသည်။
ထိုအချက်ကို ရှာတွေ့သွားပြီးနောက် ဤသို့ဖြစ်သည်မှာ သဘာဝသာ ဖြစ်သည်ဟု ရန်ကိုင် တွေးလိုက်လေသည်။
ဤကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲရှိ စွမ်းအင်မှာ ပြင်ပလောကကြီးနှင့်မတူပဲ စိတ်စွမ်းအင်သာ ဖြစ်သည် မဟုတ်ပေလော။ စိတ်စွမ်းအင်သည် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ၏ အစာဖြစ်လေရာ သူတို့အနေဖြင့် ထိုစွမ်းအင်ကို စုပ်ယူနိုင်ခြင်းမှာ သဘာဝသာ ဖြစ်လေသည်။
ပြင်ပလောကကြီးရှိ ကျင့်ကြံသူများသည် မိုးမြေစွမ်းအင်ကို စုပ်ယူ၍ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ဆောင်နိုင်ကြသည်။ သို့သော်ငြား ဤလောကထဲရှိ ကျင့်ကြံသူများမှာမူ ပြင်ပလောကကဲ့သို့ မဟုတ်ဘဲ ရုပ်ခန္ဓာများကို ပိုင်ဆိုင်ထားခြင်း မရှိ။ နာမ်ဝိဉာဉ်များကိုသာ ပိုင်ဆိုင်ထားကြသည်။
ထို့အတွက်ကြောင့်ပင်လျှင် ဤလောကကြီးထဲရှိ စွမ်းအင်ကို စုပ်ယူ၍ သူတို့၏ နာမ်ဝိဉာဉ်ကို အားကောင်းအောင် လုပ်နိုင်ကြသည်။
“ဒီနေရာက တကယ့်ကို ရတနာဘုံကြီးပဲ…” ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေသည်။
နှစ်ရက်အတွင်း ရန်ကိုင်သည် ဝိဉာဉ်ဝါးမျိုအင်းစက်များကို သုံးကာ မွန်းစတားသားရဲ အကောင်ခုနှစ်ဆယ်မှ ရှစ်ဆယ်ခန့်အထိ သတ်ပစ်နိုင်ခဲ့သည်။ မွန်းစတားသားရဲအားလုံးကို ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှ ဝါးမျိုသွားခဲ့ပြီး ဝိဉာဉ်အမြုတေများကိုသာ ရန်ကိုင်မှ စုပ်ယူခဲ့ခြင်း ဖြစ်ပေသည်။
ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံမှာ ပိုပို၍ အားကောင်းလာနေခဲ့ပြီး တာအိုသခင် တတိယအဆင့်သို့ ရောက်ခါနီးနေသော သူ့ကောင်းကင်စိတ်အာရုံမှာ ဧကရာဇ်အဆင့်သို့ပင် ချည်းကပ်လာခဲ့လေတော့သည်။
သူ့ကောင်းကင်စိတ်အာရုံသည်သာ အားကောင်းလာခြင်း မဟုတ်ဘဲ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှာလည်း အလွန်လျင်မြန်သော နှုန်းဖြင့် အားကောင်းလာနေကြလေသည်။
အစပိုင်းတွင် ဝိဉာဉ်ဝါးမျိုအင်းစက်များအဖို့ အဆင့်တစ်ဆယ် မိုးကြိုးဝံပုလွေကို သတ်ရန်အတွက် လက်ဖက်ရည်တစ်ခွက်စာခန့် အချိန်ယူရသော်ငြား ယခုအချိန်တွင်သာ ဆိုပါက ခွက်တစ်ဝက်စာလောက်သာ အချိန်ယူရပေတော့မည်။ အင်းစက်များ၏ တိုးတက်နှုန်းမှာ ရန်ကိုင့်ထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။
အင်းစက်များ၏ တိုးတက်နှုန်းကို ကြည့်ရင်း ရန်ကိုင်သည် အလွန်ကိုမှ နှစ်ထောင်းအားရ ဖြစ်နေမိတော့သည်။ ရှရှန်းတို့နှင့် လူခွဲ၍ လှုပ်ရှားလိုက်ခြင်းမှာ အမှန်တကယ်ကို မှန်ကန်သည့် ရွေးချယ်မှု ဖြစ်သည်ဟု ပို၍ပင် ခံစားလာခဲ့ရလေသည်။ သူသာ ရှရှန်းတို့နှင့်အတူ နေလိုက်မည်ဆိုပါက ဤမျှ များပြားလှသော အကျိုးကျေးဇူးများကို ရနိုင်လိမ့်မည် မဟုတ်ပေ။
ရန်ကိုင် ဖြစ်နေ၍သာ ဤမျှ များပြားလှသော အကျိုးကျေးဇူးများကို ရနိုင်ခြင်းလည်း ဖြစ်ပေသည်။ အကြောင်းမှာ သူ့တွင် အခြားသူများတွင် မရှိနေသည့် ဝိဉာဉ်ဝါးမျိုအင်းစက်များ ရှိနေသည် မဟုတ်ပေလော။
မွန်းစတားသားရဲများနှင့် ရင်ဆိုင်တွေ့သည့်အခါ ရန်ကိုင့်အနေဖြင့် တစ်ချက်ကလေးပင် တိုက်ခိုက်နေစရာမလို။ ဘေးမှရပ်ကြည့်နေရုံဖြင့်ပင်လျှင် အကျိုးအမြတ်များကို စုဆောင်းနိုင်၏။ တိုက်ခိုက်စရာ မလိုသည့်အတွက် အားမကုန်တော့လေရာ ရန်ကိုင့်အနေဖြင့် အနားယူစရာလည်း လိုမနေတော့ချေ။