အခန်း (၂၂၁၆-၂၂၂၀)
Vol. 89 Ch. 2216-2220
အပိုင်း (၂၂၁၆)
တစ်ရက်ကြာပြီးသည့်နောက်တွင် နောက်ဆုံးလက်ကျန် အဆင့်ဆယ့်တစ် မွန်းစတားသားရဲ၏ ဝိဉာဉ်အမြုတေကို စုပ်ယူပြီးသည့်နောက် ရန်ကိုင့်၏ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားခဲ့လေသည်။
ထို့အတွက်ကြောင့် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေ၏။ ခန္ဓာကိုယ် အနည်းငယ် မသက်မသာ ဖြစ်သလို ခံစားလိုက်ရသည်။ ဘာကြောင့် ထိုကဲ့သို့ ခံစားနေရမှန်း မသိသော်ငြား မသက်မသာ ခံစားနေရသည်မှာတော့ အမှန်ပင် ဖြစ်လေသည်။
“အကန့်အသတ်ကို ရောက်သွားလို့များလား…” ရန်ကိုင်ကမူ ထိတ်လန့်နေခြင်း မရှိ။ ခဏမျှ စဉ်းစားနေပြီးနောက် ထိုကဲ့သို့ ဖြစ်ရသည့် အကြောင်းအရင်းကို ရှာတွေ့သွားခဲ့သည်။
ဝိဉာဉ်အမြုတေများကို စုပ်ယူခြင်းဖြင့် မိမိ၏ ဝိဉာဉ်ကို လျင်မြန်စွာ တိုးတက်အောင် လုပ်နိုင်သော်ငြား ထိုကဲ့သို့ လုပ်သည့် နည်းလမ်း၌ အားနည်းချက်များ ရှိသည်ဟု ကောင်းရွှယ်ထင်းမှ ပြောခဲ့သည်။
အတိုင်းအတာတစ်ခုအထိ စုပ်ယူပြီးသည့်နောက်တွင် မိမိဝိဉာဉ်သည် ပြည့်ဝသွားသည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ မည်သည့် ဝိဉာဉ်အမြုတေကိုမှ ထပ်မံစုပ်ယူနိုင်တော့လိမ့်မည်မဟုတ်။ တိုး၍ စုပ်ယူခြင်းသည် ကောင်းကျိုးကို မဖြစ်စေဘဲ ဆိုးကျိုးသာ ဖြစ်စေပေလိမ့်မည်။
ရန်ကိုင်သည် ပြည့်ဝသွားသည့် အခြေအနေသို့ ရောက်နေခြင်းပင် ဖြစ်လေသည်။ ဤသို့ ဖြစ်ရသည်မှာလည်း သဘာဝသာ ဖြစ်လေသည်။ လွန်ခဲ့သည့် သုံးရက်အတွင်း ရန်ကိုင်သည် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို သုံး၍ မွန်းစတားသားရဲ အကောင်တစ်ရာကျော်ကို သတ်ကာ ထိုအကောင်တစ်ရာကျော်၏ ဝိဉာဉ်အမြုတေများကို စုပ်ယူခဲ့သည် မဟုတ်ပေလော။
ထိုအကောင်တစ်ရာကျော်အနက် အချို့မှာ အဆင့်ဆယ့်တစ် မွန်းစတားသားရဲများပင် ဖြစ်ကြပေသည်။ ထို့ကြောင့် ရန်ကိုင့်အနေဖြင့် ဝိဉာဉ်အမြုတေများကို ထပ်မံ မစုပ်ယူနိုင်တော့သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
ရှရှန်းတို့မှာတော့ သူရထားသည့် အမြုတေများ၏ ငါးပုံတစ်ပုံလောက်ပင် ရလိမ့်ဦးမည်မဟုတ်ဟု ရန်ကိုင်တွေးမိလိုက်သည်။ အကြောင်းမှာ ရှရှန်းတို့မှာ ကိုယ်တိုင်တိုက်ခိုက်နေရသော်ငြား ရန်ကိုင်ကမူ တိုက်ခိုက်နေစရာ မလို။ ရှရှန်းတို့ နားနေချိန် ရန်ကိုင်က ဆက်၍ လှုပ်ရှားနေနိုင်သည်။
“နှမြေစရာပဲ…” ရန်ကိုင်က ရေရွတ်လိုက်လေသည်။
အစကမူ ဤနည်းလမ်းကိုသုံး၍ သူ့စိတ်စွမ်းအင်အား ဧကရာဇ်အဆင့်ထိသို့ ရောက်အောင် မြှင့်တင်ရန် စဉ်းစားထားခဲ့သည်။ သူ့ဝိဉာဉ်သာ ဧကရာဇ်အဆင့်သို့ ရောက်သွားမည်ဆိုပါက ကျင့်ကြံဖို့ရာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။
သို့သော်ငြား ဤမျှလောက်နှင့်ပင် သူ့အကန့်အသတ်သို့ ရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကြည့်ရသလောက် သူစုပ်ယူထားသည့် ဝိဉာဉ်အမြုတေများကို အပြည့်အဝ သန့်စင်ပြီးမည့် အချိန်ထိ ထိုင်စောင့်ရတော့မည်ပုံပင်။
မည်သို့ပင် ဖြစ်နေစေကာမူ ရန်ကိုင်သည် သူ့အရှိန်ကို လျော့မချလိုက်ပေ။ ဝိဉာဉ်ဝါးမျိုအင်းစက်များကို သုံး၍ မွန်းစတားသားရဲများကို ဆက်လက် သတ်ပစ်နေခဲ့သည်။
ရန်ကိုင့်အနေဖြင့် ဝိဉာဉ်အမြုတေများကို ဆက်မစုပ်ယူနိုင်တော့သော်ငြား ဝိဉာဉ်ဝါးမျို အင်းစက်များကမူ ဤနေရာရှိ သက်ရှိများကို ဝါးမျိုကာ သူတို့ကိုယ်သူတို့ တိုးတက်အောင် လုပ်နေနိုင်ပေသေးသည်။
တောင်အတွင်းပိုင်းထဲသို့ ရောက်လာသည်နှင့်အမျှ ရန်ကိုင် ကြုံရသည့် မွန်းစတားသားရဲများမှာလည်း ပိုပို၍ အားကောင်းလာကြလေသည်။
ရှရှန်းတို့နှင့် လမ်းခွဲပြီးပြီးချင်း အဆင့်ရှစ်၊ အဆင့်ခုနှစ်၊ သို့မဟုတ် ထို့ထက်အားနည်းသော မွန်းစတားသားရဲအချို့နှင့်ပင် တွေ့ခဲ့ရသည်။ ရန်ကိုင်ကမူ ထိုမွန်းစတားသားရဲများကို စိတ်မဝင်စားသဖြင့် လုံးဝကို လျစ်လျူရှုထားခဲ့လိုက်သည်။
သို့သော်ငြား အချိန်ကြာလာသည့်အလျောက် အားနည်းသည့် မွန်းစတားသားရဲများနေရာတွင် ပိုမိုအားကောင်းသည့် မွန်းစတားသားရဲများက အစားထိုးဝင်ရောက်လာကြလေသည်။
လက်ရှိရန်ကိုင်ရောက်နေသည့် နေရာတွင် မည်သည့် အဆင့်ကိုး မွန်းစတားသားရဲမှ မရှိတော့ချေ။ ဤနေရာ၌ ရှိနေသည့် အနိမ့်ဆုံး မွန်းစတားသားရဲများသည် အဆင့်တစ်ဆယ်များ ဖြစ်ကြသည်။
သူသာ တောင်အတွင်းပိုင်းထဲသို့ ဆက်သွားနေဦးမည်ဆိုပါက အဆင့်တစ်ဆယ် မွန်းစတားသားရဲများကိုပင်လျှင် တွေ့နိုင်တော့လိမ့်မည် မဟုတ်ချေ။
နောက်ထပ် သားကောင်တစ်ကောင်ကို ရှာဖွေရန် လုပ်နေစဉ်မှာပင် တောအုပ်ထဲ လေတဝှီးဝှီး တိုက်ခတ်လာခဲ့ပြီး သစ်ပင်များ လှုပ်ခါလာခဲ့သည်။
ထူးဆန်းသော အသံတစ်သံနှင့်တကွ ပုံမှန်မဟုတ်သည့် ဖိအားတစ်ရပ်သည့် ရန်ကိုင့်ဆီသို့ လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။
ရန်ကိုင့်၏ အမူအယာ ရုတ်ချည်း တည်ကြည်သွားခဲ့ပြီး ထိုဘက်သို့ လှမ်းစိုက်ကြည့်မိလိုက်လေ၏။
ကြည့်ရသလောက် တစ်ခုခုသည် သစ်ပင်များကို အတင်းအကြပ် တွန်းလှဲနေသည့် အတွက်ကြောင့် မရေမတွက်နိုင်သော သစ်ပင်များ အလဲလဲ အပြိုပြို ဖြစ်နေသည့်ပုံပင်။
ခဏအကြာ၌ ရှေ့ဘက်ဆီမှ ခရမ်းရောင် အလင်းတန်းတစ်ခုသည် အလွန်တရာ မြန်ဆန်လှသည့် နှုန်းဖြင့် ပြေးဝင်လာခဲ့လေသည်။
“ဟမ်…” သူ့ဆီသို့ ပြေးဝင်လာနေသည့် ခရမ်းရောင်အလင်းတန်းမှာ အခြားမဟုတ်ဘဲ လက်မောင်းအရွယ်အစားလောက်သာ ရှိနေသော မွန်းစတားသားရဲတစ်ကောင် ဖြစ်နေသည့် အတွက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
မွန်းစတားသားရဲတစ်ကောင်၏ ခွန်အားကို ၎င်း၏ အရွယ်အစားကို ကြည့်၍ မဆုံးဖြတ်နိုင်သော်ငြား သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် ဤခရမ်းရောင်ရှဉ့်လေး၏ အဆင့်မှာ အဆင့်ကိုးသာ ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။
ဤနေရာသို့ ရောက်လာပြီးသည့် အချိန်မှစ၍ သူ့အနေဖြင့် အဆင့်ကိုးမွန်းစတားသားရဲတစ်ကောင်ကို မတွေ့သည်မှာ အတော်လေး ကြာသွားခဲ့လေပြီ။ အကြောင်းမှာ အဆင့်ကိုး မွန်းစတားသားရဲတစ်ကောင်၏ ခွန်အားမှာ ဤပတ်ဝန်းကျင်တွင် ရှင်သန်နိုင်ရန် မလုံလောက်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ထို့အတွက်ကြောင့် ခရမ်းရောင်ရှဉ့်လေးမှာ အဆင့်ကိုး မွန်းစတားသားရဲတစ်ကောင်သာ ဖြစ်နေကြောင်း တွေ့လိုက်ရသည့်နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ခြင်းပင် ဖြစ်လေသည်။
ဤကဲ့သို့သော အားနည်းလှသည့် မွန်းစတားသားရဲတစ်ကောင်သည် ဤနေရာတွင် မည်ကဲ့သို့များ အသက်ရှင်နေနိုင်သလဲ ဆိုသည်ကို ရန်ကိုင် နားမလည်နိုင်အောင် ဖြစ်နေ၏။
ဤရှဉ့်လေးမှာ အဆင့်ကိုးသာ ဖြစ်သော်ငြား အလွန်ကိုမှ မြန်ပေသည်။ ရန်ကိုင်မှ ရှဉ့်လေး၏ အဆင့်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးပြီးချင်းမှာပင် ရှဉ့်လေးသည် ရုတ်ချည်းဆိုသလို ရန်ကိုင့်အား ခုန်ကျော်သွားလေသည်။
ရှဉ့်လေး သူ့ဘေးနားမှ ဖြတ်သွားစဉ် သူ့အား သေသေချာချာကို စိုက်ကြည့်သွားကြောင်းကို ရန်ကိုင် သတိပြုမိလိုက်သည်။
ထူးခြားဆန်းပြား စိတ်ဝင်စားစရာ ကောင်းသည့်အရာအသစ်တစ်ခုခုအား ရှာတွေ့လိုက်သည့်အလား။ ဤသည်မှာ မွန်းစတားသားရဲတစ်ကောင် အသိဉာဏ်ရှိလာသည့် အရိပ်လက္ခဏာပင် ဖြစ်လေသည်။
ရန်ကိုင် ယခင်တွေ့ခဲ့ဖူးသည့် မွန်းစတားသားရဲများ၌ အသိဉာဏ်ရှိသည့် အရိပ်အယောင်များကို မတွေ့ရချေ။ ထိုမွန်းစတားသားရဲများသည့် စားသောက်သတ်ဖြတ်ရန်သာ သိကြသည့် အကောင်များ ဖြစ်ကြသည်။ ရန်ကိုင့်အား တွေ့လိုက်ပြီ ဆိုသည်နှင့် မည်သည့် မွန်းစတားသားရဲမဆို သူ့အား တိုက်ခိုက်ရန် ကြိုးစားကြသည်။
သို့သော်ငြား ဤခရမ်းရောင်ရှဉ့်လေးမှာမူ ထိုမွန်းစတားသားရဲများနှင့်မတူ တမူထူးခြားနေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင့်တွင် ထိုခရမ်းရောင်ရှဉ့်လေးအား အာရုံစိုက်နေရန် အချိန်မရှိပေ။ သူ့ရှေ့တည့်တည့်သို့သာ အလေးအနက် အမူအယာဖြင့် စိုက်ကြည့်နေခဲ့သည်။
လက်ရှိတွင် ရှဉ့်လေးနောက်သို့ လိုက်နေသည့် ရက်စက်ကြမ်းကြုတ်သည့် အရာတစ်ခုခု ရှိနေခဲ့သည်။
သစ်ပင်များ ပြိုလဲကျနေသည့် အသံမှာ ပိုပို၍ ကျယ်လောင်လာခဲ့သည်။
ထိုစဉ် ဧရာမ ခေါင်းပြားပြားကြီးတစ်ခေါင်းသည် သူ့ရှေ့ဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်ခေါင်းလုံးအား ချွန်ထွက်သည့် အကြေးခွံများမှ ဖုံးလွှမ်းထားခဲ့ပြီး ၎င်း၏ မျက်နှာတစ်လျှောက်တွင်လည်း အနီရောင် အကွက်အကွက်များ ရှိနေခဲ့လေသည်။ မျက်လုံးများမှာ လက်ဆေးဇလုံအရွယ်အစားတမျှ ရှိပြီး အစိမ်းရောင်သန်းနေသော ဒေါင်လိုက်တန်းနေသည့် မျက်ဆံများမှာ မြင်လိုက်သည့်လူတိုင်းအား ကျောရိုးတစ်လျှောက် စိမ့်တက်သွားလောက်အောင် ကြောက်စရာ ကောင်းလှပေသည်။
မွန်းစတားသားရဲကြီးသည် ၎င်း၏ ပါးစပ်ကြီးကို ဟလျက် လျှာကို တစ်လစ်တစ်လစ် ထုတ်ရင်း တစ်ရှူးရှူးလုပ်နေခဲ့သည်။
ဤမွန်းစတားသားရဲမှာ အခြားမဟုတ်။ ဧရာမ စပါးအုံးကြီးတစ်ကောင်သာ ဖြစ်လေသည်။ ဘာကြောင့်မှန်းမသိ ဤစပါးအုံးကြီးမှာ ခရမ်းရောင်ရှဉ့်လေးအား ရန်ကိုင့်နေရာသို့ ရောက်လာသည်အထိအောင် လိုက်ဖမ်းနေခဲ့သည်။
ပေါ်လာသည်နှင့် စပါးအုံးမြွေကြီးသည် ရန်ကိုင့်အား ချက်ချင်း စိုက်ကြည့်လိုက်လေသည်။ ခေါင်းပေါ်လာပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကြီးမှာလည်း တဖြည်းဖြည်းချင်း ပေါ်လာခဲ့လေ၏။ မြွေကြီး၏ ခန္ဓာကိုယ်လုံးပတ်မှာ လူကြီးတစ်ဦး၏ တစ်ရပ်စာ မျှ ရှိသည်။
“မင်းက အခြားသူတွေကို ဒုက္ခရောက်အောင် ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိတာပဲ…” ရန်ကိုင်သည် နောက်ဘက်ရှိ သစ်ပင်မှ ခေါင်းပြူထွက်ကာ ချောင်းကြည့်နေသော ခရမ်းရောင်ရှဉ့်လေးဘက်သို့ လှည့်၍ မှုန်ကုပ်ကုပ် အမူအယာဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်သူ့ဘက်သို့ စိုက်ကြည့်လာသည်ကို မြင်သည့်အခါ ခရမ်းရောင်ရှဉ့်လေး လည်ပင်းကျုံ့ဝင်သွားခဲ့သည်။ သို့သော်ငြား မကြာခင် ထပ်ချောင်းကြည့်လိုက်ပြန်သည်။ သူ့နောက်သို့ လိုက်လာနေသည့် စပါးအုံးမြွေကြီးအား ရန်ကိုင် မည်ကဲ့သို့ မောင်းထုတ်မလဲဆိုသည်ကို သိချင်နေသည့် ပုံပင်။
“ဒီကောင်နဲ့ စာရင်းရှင်းပြီးမှ မင်းနဲ့ငါနဲ့ တွေ့မယ်…” ရန်ကိုင်သည် ရယ်မောလိုက်ပြီးနောက် စပါးအုံးမြွေကြီးဘက်သို့ ပြန်လှည့်လိုက်လေသည်။ သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသော သားကောင်အား မည်သည့်နည်းနှင့်မျှ အလွတ်ပေးစရာအကြောင်း မရှိချေ။
စပါးအုံးကြီးသည်လည်း ရန်ကိုင်သည် ရင်ဆိုင်ရ လွယ်ကူသည့် လူတစ်ဦးမဟုတ်မှန်း သိနေသည့်ပုံပင်။ ထို့အတွက်ကြောင့် ရန်ကိုင်အား မြင်မြင်ချင်း ချက်ချင်းမတိုက်ခိုက်ခဲ့ပဲ အပေါ်စီးမှနေ၍သာ ရန်ကိုင့်အား စိုက်ကြည့်ရင်း နှာမှုတ်နေခဲ့လေသည်။
မြွေကြီးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင့်၏ အမူအယာမှာ ပို၍ လေးနက်တည်ကြည်သွားခဲ့သည်။ ဤစပါးအုံးကြီးသည် သူတွေ့ခဲ့သည့် မွန်းစတားသားရဲများအနက် အားအကောင်းဆုံး ဖြစ်နေခဲ့လေသည်။
၎င်း၏ အရှိန်အဝါမှာ သူနှင့်ပင် ယှဉ်နိုင်ကာ အဆင့်ဆယ့်တစ် အထွဋ်အထိပ်သို့ ရောက်နေခဲ့လေသည်။ တစ်နည်းဆိုရသော် ဤစပါးအုံးကြီးအား အချိန်အနည်းငယ်ခန့် ထပ်ပေးလိုက်မည်ဆိုပါက အဆင့်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်ပင် ဖြစ်လာနိုင်ပေလိမ့်မည်။
ဤကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲတွင် မည်သည့်သက်ရှိမှ ရုပ်ခန္ဓာအား ပိုင်ဆိုင်ထားခြင်း မရှိသည့်အတွက် ဝိဉာဉ်ကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ခြင်းသည်သာ တစ်ခုတည်းသော ကျင့်ကြံခြင်းနည်းလမ်းဖြစ်ပေသည်။
ထို့အတွက်ကြောင့် မိမိ၏ဝိဉာဉ်စွမ်းအားမှာ လိုအပ်ချက်များကို ပြည့်မီသွားပြီဆိုသည်နှင့် နောက်တစ်ဆင့်သို့ အလွယ်တကူတက်နိုင်ပေသည်။
ဤစပါးအုံးကြီးသည် ဧကရာဇ်အဆင့်သို့ ရောက်ခါနီးနေသော မွန်းစတားသားရဲတစ်ကောင် ဖြစ်ပေသည်။
တစ်ဦးကို တစ်ဦး အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် စပါးအုံးကြီးမှာ စိတ်မရှည်တော့သည့်အလား စတင် တိုက်ခိုက်တော့လေ၏။ ချက်ချင်းဆိုသလို မြွေကြီး၏ အစိမ်းရောင်မျက်လုံးများ တဖျတ်ဖျတ် လင်းလက်သွားပြီးနောက် မမြင်နိုင်သည့် စွမ်းအားတစ်ရပ် ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့လေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင့်၏ခန္ဓာကိုယ်တစ်ဝိုက် ခရမ်းရောင်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ခရမ်းနေခြည်ဒိုင်းကာလည်း ထွက်ပေါ်လာခဲ့သည်။
မမြင်နိုင်သည့် စွမ်းအားတစ်ခု၏ သက်ရောက်မှုကြောင့် ရန်ကိုင့်ပတ်လည်ရှိ ခရမ်းအကာအရံမှာ စတင်၍ တုန်ခါလာခဲ့လေသည်။
တိုက်ကွက်မှာ အခြားမဟုတ် ဝိဉာဉ်လှိုင်းပင် ဖြစ်လေသည်။ ဤနည်းစနစ်သည် ဤနေရာရှိ မွန်းစတားသားရဲတိုင်း ပိုင်ဆိုင်ထားသည့် ပညာရပ်တစ်ခုဖြစ်သည်။
မွန်းစတားသားရဲပင် မဟုတ်။ သက်ရှိတိုင်းပိုင်ဆိုင်ထားသည့် နည်းစနစ်တစ်ခုဟု ပြော၍ရသည်။ စိတ်စွမ်းအင်ကို အခြေပြု၍ ကျင့်ကြံသူတစ်ဦးအနေဖြင့် ထိုစိတ်စွမ်းအင်အား လှိုင်းသဖွယ် ဘေးပတ်ပတ်လည်သို့ ထုတ်လွှတ်နိုင်ပေသည်။ ဤသည်မှာ ရိုးရှင်းပြီး တိုက်ရိုက်ဆန်သော်ငြား အလွန်ကိုမှ အားကောင်းသည့် နည်းလမ်းတစ်ခုလည်း ဖြစ်၏။
ကျင့်ကြံသူနှစ်ဦးကြား ခွန်အားကွာခြားချက် အလွန်ကြီးမားသည့် အခါမျိုးတွင် ဤတိုက်ကွက်တစ်ကွက်တည်းနှင့်ပင် တိုက်ပွဲ၏ အနိုင်အရှုံးမှာ ထွက်ပေါ်သွားလေ့ရှိသည်။
ရန်ကိုင်သည် မွန်းစတားသားရဲပေါင်းများစွာကို တွေ့ခဲ့ဖူးလေသည်။ သူတွေ့ခဲ့သည့် မွန်းစတားသားရဲတိုင်းသည် ဤနည်းစနစ်ဖြင့် သူ့အား တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။ ထိုကြောင့် ဤတိုက်ကွက်နှင့် ရန်ကိုင်မှာ အတော်လေး အသားကျနေပြီဟု ပြော၍ ရသည်။
ခရမ်းနေခြည် ဒိုင်းကာမှာ တာအိုသခင်အဆင့် ဝိဉာဉ်အမျိုးအစား အကာအကွယ်မှော်ရတနာတစ်ခု ဖြစ်သည့်အလျောက် ရန်ကိုင်မှ ထိုမှော်ရတနာအား အပြည့်အဝ မသန့်စင်ရသေးသည့်တိုင် ၎င်း၏ အကာအကွယ်စွမ်းအားမှာတော့ အတော်လေးကိုမှ ကောင်းမွန်နေပေသေးသည်။
မည်သည့်မွန်းစတားသားရဲမှ ထိုမှော်ရတနာ၏ အကာအကွယ်ကို မချိုးဖြတ်နိုင်ခဲ့ပေ။
သို့သော်ငြား ဤမြွေကြီး၏ တိုက်ခိုက်မှုမှာတော့ ခရမ်းနေခြည်ဒိုင်းကာ၏ အကာအကွယ်အား ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ရန်ကိုင်ပင်လျှင် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရလေသည်။
အဆင့်ဆယ့်တစ် အထွဋ်အထိပ်သို့ ရောက်နေသော မွန်းစတားသားရဲတစ်ကောင် ဆိုသည့်အတိုင်း ၎င်း၏ တိုက်ခိုက်မှုမှာ လုံးဝကို ပုံမှန်မဟုတ်ချေ။
မြွေကြီးသည် ဝိဉာဉ်လှိုင်းကို ထုတ်လွှတ်ပြီးသည်နှင့် တစ်ပြိုင်နက် ၎င်း၏အမြီးအား ကြာပွတ်သဖွယ် အသုံးချကာ ရန်ကိုင့်အား ရိုက်ချလိုက်လေသည်။ လမ်းတွင် ပိတ်နေသော သစ်ပင်အားလုံး တစ်စစီ ပျက်စီးကုန်လေသည်။
ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် မြွေကြီး၏ အမြီးရိုက်ချက် မည်မျှအားကောင်းကြောင်း မြင်တွေ့နိုင်၏။
ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်၏ အမူအယာလည်း လေးနက်တည်ကြည်သွားခဲ့ပြီး မြွေကြီး၏တိုက်ကွက်အား ထိပ်တိုက်မရင်ဆိုင်ရဲတော့ပေ။
ဖျတ်ခနဲဆိုလို ရန်ကိုင်၏ ခန္ဓာကိုယ်သည် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
“ခရက် ခရက် ခရက်…”
မြွေကြီး၏ အမြီးရိုက်ချက်အားကြောင့် မရေမတွက်နိုင်သော သစ်ပင်များ အပိုင်းပိုင်းကျိုးကာ ပျက်စီးသွားကုန်ကြသည်။ သို့သော်ငြား မြွေကြီး၏တိုက်ခိုက်မှုမှာ ဘာကိုမှ ထိမသွားခဲ့။ ထိုမျှသာလျှင်မဟုတ်။ ထိုကဲ့သို့ တိုက်ခိုက်နေစဉ် အတောအတွင်း ရန်ကိုင့်ကိုပါ မျက်ခြေပြတ်သွားခဲ့လေသည်။
ရန်ကိုင် ပျောက်သွားသည့် အတွက်ကြောင့် မြွေကြီးသည် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရင်း တရှူးရှူး တရှဲရှဲဖြင့် နှာမှုတ်နေခဲ့သည်။ ရုတ်တရက် တစ်ခုခုအား အာရုံခံမိလိုက်သည့်အလား အပေါ်တည့်တည့်သို့ မော့ကြည့်လိုက်လေသည်။
မြွေကြီး အပေါ်မော့ကြည့်လိုက်သည့် အချိန်တွင် ရန်ကိုင်မှာမူ သူ့ပေါ်သို့ ခုန်ဆင်းလာပြီး နေခဲ့လေပြီ။ ထိုသို့ ခုန်ဆင်းလာနေရင်းမှ ဒေါသတကြီး အော်ဟစ်လိုက်လေ၏။ “ခွေးသားရဲကောင်… မင်းအလှည့်ပဲ…”
ပြောပြီးသည့်နောက်တွင် ကောင်းကင်စိတ်အာရုံကို စုစည်း၍ မမြင်နိုင်သော ဓါးတစ်ချောင်းအသွင်သို့ ပြောင်းကာ မြွေကြီး၏ မျက်လုံးတည့်တည့်သို့ ထိုးစိုက်ချလိုက်လေသည်။
“ခလမ် ခလမ်…”
ကျယ်လောင်သည့် အသံများနှင့်အတူ မြွေကြီး၏ မျက်ခွံများဆီမှ မီးပွားများ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင့်၏တိုက်ခိုက်မှု မြွေကြီး၏ မျက်လုံးများအား ထိမှန်ခါနီးတွင် မြွေကြီးသည် ၎င်း၏ မျက်လုံးကို ဆတ်ခနဲ ပိတ်ချလိုက်လေသည်။ ထို့အတွက်ကြောင့် သူ့တိုက်ကွက်မှာ မျက်လုံးတည့်တည့်အား သွားမထိတော့ပဲ မျက်ခွံကိုသာ သွားရောက်ထိမှန်လေ၏။
“ဝီ ဝီ ဝီ ဝီ…”
ထိုအသံများနှင့်အတူ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ ထွက်ပေါ်လာခဲ့လေသည်။ မြွေကြီးအား တိုက်ခိုက်လိုက်သည့် တစ်ချိန်တည်းမှာပင် ရန်ကိုင်သည် သူ၏ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို ထုတ်လိုက်ခြင်း ဖြစ်သည်။
နတ်ဆိုးချီများဖြင့် လွှမ်းခြုံထားသော အနက်ရောင်တိမ်တိုက်ကြီး ထွက်ပေါ်လာသည့်အခိုက် ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံသွားခဲ့လေသည်။
နတ်ဆိုးအင်းစက်များသည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် မြွေကြီးဆီသို့ ပြေးဝင်သွားကြလေ၏။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် စပါးအုံးမြွေကြီး၏ မျက်လုံးထဲ ကြောက်လန့်တုန်လှုပ်ရိပ်တို့ စတင် ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်အတောအတွင်း အနောက်ဘက်တွင် ပုန်းအောင်းကာ ချောင်းကြည့်နေသည့် ခရမ်းရောင်ရှဉ့်လေးမှာတော့ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်ရီကာ သတိလစ်သွားတော့လေသည်။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များသည် ထိုမွန်းစတားသားရဲ နှစ်ကောင်အား ကြီးကြီးမားမား ဖိအားပေးနိုင်သည့် ပုံပင်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၁၇)
ဤသည်မှာ သဘာဝသာ ဖြစ်ပေသည်။
ဝိဉာဉ်ဝါးမျို အင်းစက်များသည် စိတ်စွမ်းအင်တို့၏ အိပ်မက်ဆိုးပင် မဟုတ်လေလော။
ရန်ကိုင့်၏ တေဇောဓာတ် အသိစိတ်ပင်လယ် ကဲ့သို့သော စွမ်းအင်မျိုးမှလွဲ၍ ဤလောကကြီးတွင် ဝိဉာဉ်ဝါးမျိုအင်းစက်များအား သတ်နိုင်မည့် စွမ်းအင်ဆိုသည်မှာ အလွန်ကိုမှ ရှားပါးလှသည်။
ရန်ကိုင့်၏ ဝိဉာဉ်ဝါးမျို အင်းစက်များမှာ ယခင်က အားနည်းချက်အချို့ ရှိခဲ့သော်ငြား ထိုအင်းစက်များ တဖြည်းဖြည်း အားကောင်းလာသည်နှင့်အမျှ အားနည်းချက်များမှာလည်း တစ်စနှင့် တစ်စ ပျောက်ကွယ်သွားကုန်ကြလေသည်။
ယခုတွင် တစ်စုံတစ်ဦးသာ ထိုအင်းစက်များကို သတ်လိုပါက ရန်ကိုင်ကဲ့သို့ တေဇောဓာတ် အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားရပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက အခြားသောနည်းလမ်းများကို သုံး၍ အရမ်းအသုံးဝင်လိမ့်မည်မဟုတ်။
တကယ့်တကယ်တွင် သူ၏ တေဇောဓာတ် အသိစိတ်ပင်လယ်သည် ဝိဉာဉ်ဝါးမျို အင်းစက်များအပေါ် အကျိုးသက်ရောက်မှု ရှိသေးလား မရှိတော့ဘူးလား ဆိုသည်ကို ရန်ကိုင်ကိုယ်တိုင်ပင် မသေချာတော့ချေ။
ရန်ကိုင့်အနေဖြင့် ဝိဉာဉ်ဝါးမျိုအင်းစက်များကို ထိန်းချုပ်နိုင်နေခြင်းမှာ ဝိဉာဉ်ကြာပန်းကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် စပါးအုံးကြီးနှင့် ခရမ်းရောင်ရှဉ့်လေးတို့မှာ ဝိဉာဉ်ဝါးမျိုအင်းစက်များကို ကြောက်လန့်နေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
အနက်ရောင်တိမ်တိုက်ကြီး သူ့ဆီသို့ ပြေးဝင်လာနေသည်ကိုမြင်သော် စပါးအုံးကြီးမှာ အထိတ်ထိတ် အလန့်လန့်ဖြစ်သွားပြီး ၎င်း၏ ပါးစပ်ကြီးကို ဟလျက် အစိမ်းရင့်ရောင် မြူခိုးထုများကို မှုတ်ထုတ်လိုက်လေသည်။
မြူခိုးထုများ ထွက်ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး ညှီစို့စို့ အောက်သက်သက် အနံ့တို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။
“အဆိပ်စိတ်စွမ်းအင်လား…” ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
မြွေကြီးသည် ၎င်း၏ ကိုယ်ပိုင်စိတ်စွမ်းအင်အား အလွန်တရာကိုမှ အားကောင်းလှသော အဆိပ်မြူခိုးများအဖြစ်သို့ ပြောင်းလဲပစ်နိုင်ခဲ့သည်။
သို့ရာတွင် စပါးအုံးမြွေကြီးမှာ ဤနေရာတွင် ဆက်မနေချင်တော့သည့် ပုံပင်။ အစိမ်းရောင်မြူခိုးထုများအား မှုတ်ထုတ်ပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်နှင့် ခရမ်းရောင်ရှဉ့်လေးတို့ကို လျစ်လျူရှုကာ စတင် ထွက်ပြေးတော့လေ၏။
သို့သော်ငြား ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို စပါးအုံးမြွေကြီး အထင်သေးမိသွားခဲ့လေသည်။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များသည် မြွေကြီးမှ မှုတ်ထုတ်လိုက်သော အစိမ်းရောင်မြူခိုးများအား မကြောက်သည့်အပြင်ကိုမှ ထိုအရာအား စားကောင်းသောက်ဖွယ်တစ်ခုအဖြစ် အသုံးချလျက် စတင် ဝါးမျိုကုန်ကြလေ၏။
အသက်သုံးရှိုက်စာအတွင်း မြွေကြီးမှုတ်ထုတ်လိုက်သော အစိမ်းရောင်မြူခိုးအားလုံး ပျောက်ကွယ်သွားကုန်လေသည်။
မြူခိုးထုများကို ဝါးမျိုပြီးသွားသည်နှင့် တစ်ပြိုင်နက် ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ငြိမ်မနေကြပဲ စပါးအုံးမြွေကြီးအား ပစ်မှတ်ထား တိုက်ခိုက်တော့လေသည်။ မျက်တောင်တစ်ခတ်အတွင်း အင်းစက်အုံကြီးသည် စပါးအုံးမြွေကြီး၏ ခေါင်းအား လွှမ်းခြုံသွားခဲ့လေသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များသည် စပါးအုံးမြွေကြီး၏ ခေါင်းတစ်ခုလုံးအား လွှမ်းခြုံသွားသဖြင့် မြွေကြီးမှာ ဘာကိုမှ သဲသဲကွဲကွဲ မမြင်နိုင်တော့ပဲ ခေါင်းမပါသည့် ယင်ကောင်နှယ် တိုးချင်ရာ အကုန် လျှောက်တိုးကုန်တော့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ ပုံမှန်အားဖြင့် မွန်းစတားသားရဲတစ်ကောင်အား အလျင်အမြန် သတ်ပစ်နိုင်သော သူ၏ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များသည် ဤမြွေကြီးနှင့် အတွေ့တွင် ယခင်ကကဲ့သို့ သိပ်မစွမ်းနိုင်တော့ကြောင်း တွေ့လိုက်ရလေသည်။
မြွေကြီး၏ တစ်ကိုယ်လုံးကို ထူထဲလှသော အကြေးခွံများမှ လွှမ်းခြုံထားခဲ့သည်။ ထို့အတွက်ကြောင့် အလွန်တရာကိုမှ သေးငယ်လွန်းလှသော ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များပင်လျှင် မြွေကြီး၏ အကြေးခွံကို ထိုးဖောက်၍ ၎င်းအား မဝါးမျိုနိုင် ဖြစ်နေခဲ့လေသည်။
ဤနည်းအတိုင်းသာ ဆက်သွားမည်ဆိုပါက ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များအဖို့ မြွေကြီး၏ အကြေးခွံကို မထိုးဖောက်နိုင်သည့် အတွက်ကြောင့် ဤမြွေကြီးအား သတ်နိုင်တော့လိမ့်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့် ရန်ကိုင်လည်း ငြိမ်မနေနိုင်တော့ဘဲ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များအား ချက်ချင်း အမိန့်ပေးလိုက်သည်။ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို ထိန်းချုပ်ရသည်မှာ ကျောက်တုံးရုပ်သေးရုပ်ဖြစ်သော ရှောင်ရှောင်အား ထိန်းချုပ်ရသည်ထက် အများကြီးပိုခက်ခဲပေသည်။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များသည် ရှောင်ရှောင်ကဲ့သို့ အသိဉာဏ် ပိုင်ဆိုင်ထားခြင်း မရှိချေ။ ရှောင်ရှောင်၏ အသိဉာဏ်မှာ နိမ့်ကျသော်ငြား အနည်းဆုံး သူသည် ရန်ကိုင့်၏ အမိန့်များကို နားလည်နိုင်ပေသေးသည်။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှာတော့ ထိုကဲ့သို့ မဟုတ်ချေ။ ထို့အတွက်ကြောင့် ထိုအင်းစက်များကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကိုင့်အနေဖြင့် အလွန်ကိုမှ စွမ်းအားအသုံးပြုရလေ၏။
သို့သော်ငြား အင်းစက်များမှာ ရန်ကိုင့်၏ အမိန့်ကို သေချာနာခံကြလေသည်။ ထို့ကြောင့် ရန်ကိုင်မှ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အင်းစက်များသည် မြွေကြီး၏ ခန္ဓာကိုယ်ကိုသာ ဝိုင်းရံမနေတော့ပဲ ၎င်း၏ နှာခေါင်းပေါက် ပါးစပ်ပေါက်များမှတစ်ဆင့် မြွေကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲသို့ ဝင်သွားကုန်ကြလေ၏။
ခေတ္တခဏမျှ ကြာပြီးသည့်နောက်တွင် မြွေကြီး၏ ခန္ဓာကိုယ်အပြင်ဘက်တစ်ခုလုံးအား လွှမ်းခြုံထားသော ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကုန်ကြပြီး မြွေကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်းထဲသို့ ရောက်သွားကုန်ကြလေသည်။
စပါးအုံးမြွေကြီးမှာ အလွန်တရာကိုမှ ပြင်းထန်လှသော နာကျင်မှုကို ခံစားနေရသည့်အလား မြေပြင်ပေါ်တွင် လူးလိမ့်နေခဲ့သည်။ ခန္ဓာကိုယ်အား ဝှေ့ယမ်းချင်သလို ဝှေ့ယမ်းပစ်နေသည့်အတွက်ကြောင့် သစ်ပင်များမှာလည်း တဘုန်းဘုန်းနှင့် လဲပြိုနေကုန်ကြလေသည်။
သို့သော်ငြား ၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ တိုက်ခိုက်နေသော ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များအား တန်ပြန်နိုင်သည့် နည်းလမ်း မြွေကြီးတွင် ရှိမနေခဲ့ပေ။ ထို့အတွက်ကြောင့် ၎င်းအနေဖြင့် သေဖို့ကိုသာ ထိုင်စောင့်နေရတော့သည်။
စပါးအုံးမြွေကြီးမှာ အသည်းအသန် ရုန်းကန်နေရင်း အလွယ်တကူ အသေမခံနိုင်သည့်အလား ၎င်း၏ ဘေးပတ်ဝန်းကျင်အား စိတ်စွမ်းအင်တိုက်ခိုက်မှုများဖြင့် စတင် တိုက်ခိုက်တော့လေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာလည်း မြွေကြီး၏ တိုက်ခိုက်မှု မခံရစေရန်အတွက် ခပ်လှမ်းလှမ်းသို့ ဆုတ်သွားရလေ၏။
အချိန်ကြာလာသည်နှင့်အမျှ မြွေကြီး၏ ခန္ဓာကိုယ်မှာ အရောင်တလက်လက် ဖြစ်လာပြီး ၎င်း၏ ရုန်းကန်မှုများမှာလည်း တဖြည်းဖြည်းနှင့် အားနည်းလာခဲ့လေသည်။ အဆုံးတွင် မြွေကြီး၏ ခေါင်းတစ်ခုလုံး ရုတ်ချည်း တောင့်တင်းသွားခဲ့ပြီး မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားခဲ့လေ၏။
၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလင်းရောင်မှာလည်း လုံးဝကို မှိန်ကျသွားခဲ့လေသည်။
ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရပ်စောင့်ကြည့်နေလေ၏။
ခေတ္တခဏအကြာတွင် စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်ပေါ်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး ထိုအပေါက်ထဲမှ မရေမတွက်နိုင်သော ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ ပျံသန်း ထွက်လာကြလေသည်။
ယခုမှသာ ရန်ကိုင်လည်း မြွေကြီးဆီသို့ လျှောက်သွားပြီး အလောင်းကို စစ်ဆေးကြည့်တော့သည်။
မြွေကြီး၏ အပေါ်ပိုင်းအရေခွံမှာ အလွန်တရာကိုမှ မာကျောလှသည်။ သို့သော်ငြား ထူထဲနေခြင်းတော့မရှိပေ။ အကြေးခွံများမှာ ဘာမှန်းမသိရသော ပစ္စည်းများဖြင့် ဖွဲ့စည်းထားလေ၏။ ထိုအကြေးခွံများမှာ အလွန်တရာကိုမှ မာကျောရုံမက စိတ်စွမ်းအင်ကို အရူးအမူး တပ်မက်သော ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များပင်လျှင် ထိုအကြေးခွံအား လုံးဝ စိတ်ဝင်စားခြင်း မရှိချေ။
ထို့အတွက်ကြောင့် မြွေကြီး၏ အတွင်းပိုင်းအသားများကို ဝါးမျိုပြီးသည့်နောက်တွင် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ အပြင်သို့ ပြန်ထွက်လာကြခြင်း ဖြစသည်။
ရန်ကိုင်သာ ထိုအကြေးခွံများကို ယူသွားနိုင်မည်ဆိုပါက အံ့ဩဖွယ်ရာကောင်းသော ဝိဉာဉ်အမျိုးအစား အကာအကွယ် မှော်ရတနာတစ်ခုခုကို ပြန်လည်သွန်းလုပ်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်သည် မြွေကြီး၏ အရေခွံကို လှမ်းကောက်လိုက်လေသည်။
သို့သော်ငြား ရန်ကိုင့်၏ လက်နှင့် မြွေကြီးအရေခွံ ထိသွားသည်နှင့် တစ်ပြိုင်နက် မြွေကြီး၏ အရေခွံမှာ ညှိုးလျော်ခြောက်သွေ့နေသော သစ်ဆွေးတုံးတစ်ခုနှယ် တစ်စစီ ပျက်စီးသွားကုန်လေသည်။ ထိုအချင်းအရာကြောင့် ရန်ကိုင် အံ့အားသင့်မိသွားခဲ့၏။
တစ်ချိန်တည်းတွင် မြွေကြီး၏အကာအကွယ် စွမ်းအား အလွန်မြင့်မားရခြင်းမှာ ၎င်း၏ အကြေးခွံကြောင့်မဟုတ်ဘဲ သူ့ကိုယ်ပိုင်စွမ်းအားကြောင့်သာ ဖြစ်မည်မှန်း ကောက်ချက်ချလိုက်လေသည်။
မြွေကြီး၏ အရေခွံမှာ အသုံးမဝင်တော့သည့်အတွက်ကြောင့် ရန်ကိုင်လည်း စိတ်ဝင်စားမနေတော့ချေ။
ထို့အပြင် သူ့အနေဖြင့် ဒီလောကကြီးမှ ပစ္စည်းတစ်ခုခုကို အပြင်သို့ ယူသွားချင်ပါက ထိုပစ္စည်းအား သူ၏ နာမ်ဝိဉာဉ်ထဲသို့ စုပ်ယူနိုင်မှသာ ရပေလိမ့်မည်။
ဥပမာပြရသော် အပြင်ဘက်မှ ယူလာခဲ့သော ဝိဉာဉ်အမျိုးအစား မှော်ရတနာများပင် ဖြစ်လေသည်။ ထိုမှော်ရတနာများကို သူ၏ အသိစိတ်ပင်လယ်ထဲတွင် ထည့်သွင်း၍ သိမ်းဆည်းထားနိုင်သည့် အတွက်ကြောင့် အထဲသို့ ရောက်လာသည့်အခါ တစ်ပါတည်း ယူဆောင်လာနိုင်ခဲ့သည်။ ထို့နည်းတူပင် အထဲမှ ပြန်ထွက်သွားသည့် အခါ၌လည်း ထိုပစ္စည်းများကို အပြင်သို့ ပြန်ယူသွားနိုင်ပေသည်။
မြွေကြီးအား လက်စတုံးပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ခရမ်းရောင်ရှဉ့်လေးဘက်သို့ လှည့်လိုက်လေသည်။ သို့သော်ငြား သတိလစ်နေသော ခရမ်းရောင်ရှဉ့်လေးမှာ ဘယ်အချိန်တည်းကမှန်းမသိ ဤနေရာမှ ပျောက်ချင်းမလှ ပျောက်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
ကြည့်ရသလောက် ဤအဆင့်ကိုး ခရမ်းရောင်ရှဉ့်လေး ယခုအချိန်အထိ ဤနေရာတွင် အသက်ရှင်နေရခြင်းမှာ ကံကောင်းသည်ဟု ပြောခြင်းထက် ၎င်း၏ စွမ်းရည်ကြောင့်သာ အသက်ရှင်နေသေးခြင်း ဖြစ်သည်ဟု ပြော၍ရပေမည်။
သို့သော်ငြား သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီးသည့်နောက်တွင် ခရမ်းရောင်ရှဉ့်လေး၏ တည်နေရာကို ချက်ချင်း ရှာတွေ့သွားခဲ့သည်။
ခရမ်းရောင်ရှဉ့်လေးသည် ဧရာမသစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းပေါ်တွင် ပုန်းအောင်းနေရင်း ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေခဲ့လေသည်။
ခရမ်းရောင်ရှဉ့်လေးသည် ရန်ကိုင့်အား အာရုံစိုက်ကြည့်နေစဉ်မှာပင် ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
ခရမ်းရောင်ရှဉ့်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်အားလုံး ရုတ်ချည်း ထောင်တက်သွားခဲ့လေ၏။
“ဟင်း ဟင်း ဟင်း… မင်းပုန်းနေလို့ ငါမင်းကို ရှာလို့မတွေ့တော့ဘူးလို့ ထင်နေတာလား…” ရန်ကိုင်၏ အေးစက်စက် ရယ်မောသံသည် ခရမ်းရောင်ရှဉ့်လေး၏ နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။
ခရမ်းရောင်ရှဉ့်လေး မတုံ့ပြန်နိုင်သေးခင်မှာပင် ရန်ကိုင်သည် ခရမ်းရောင်ရှဉ့်လေး၏ လည်ဂုတ်ကို လှမ်းဆွဲ၍ ကိုင်မြှောက်လိုက်လေ၏။
ခရမ်းရောင်ရှဉ့်လေး၏ တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး ကြောက်ရွံ့မှု အပြည့်ဖြင့် ရန်ကိုင့်အား စိုက်ကြည့်လာခဲ့လေသည်။
“ကြည့်ရတာ မင်းက အသိဉာဏ်ရှိရုံ မြန်ရုံအပြင် အခြား ဘာမှမဟုတ်တော့ဘူးပဲ….” ရှဉ့်လေးအား စစ်ဆေးကြည့်နေပြီးနောက် ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။
ရှဉ့်လေးတွင်သာ အခြားစွမ်းရည်များ ရှိနေဦးမည်ဆိုပါက ရန်ကိုင်မှ ၎င်း၏ လည်ဂုတ်ကို ဖမ်းကိုင်လိုက်ချိန် ထိုစွမ်းအင်များကို သုံး၍ ပြန်လည်တိုက်ခိုက်ရန် သို့မဟုတ် ထွက်ပြေးရန် ကြိုးစားပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင် စကားပြောနေစဉ်မှာပင် ခရမ်းရောင်ရှဉ့်လေးသည် တစ်ခုခုအား စဉ်းစားမိသွားသည့်အလား ၎င်း၏ လက်သည်းဖြင့် ဝမ်းဗိုက်နေရာကို ညွှန်ပြလိုက်လေသည်။
ရန်ကိုင်သည်လည်း ရှဉ့်လေး၏လက်သည်း ညွှန်ပြရာဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် အံ့အားသင့်သွားခဲ့လေ၏။
ရှဉ့်လေး၏ ဝမ်းဗိုက်နေရာတွင် မွေးရာပါတည်းက ပါလာသည့်အလား အိတ်လေးတစ်လုံး ရှိနေခဲ့လေသည်။ ရှဉ့်လေးသည် ထိုအိတ်ထဲသို့ လက်နှိုက်၍ စပျစ်သီးနှင့် ဆင်တူသော အသီးတစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုအသီး၏ အရောင်မှာ ခရမ်းရင့်ရောင်ဖြစ်ကာ အနံ့မှာလည်း အလွန်ကိုမှ မွှေးလေ၏။
ထိုအသီးမှ ထွက်ပေါ်နေသည့် အနံ့ကို ရှူရှိုက်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး လန်းဆန်းသွားသလို ရန်ကိုင် ခံစားလိုက်ရသည်။ ဝိဉာဉ်အမြုတေများစွာကို စုပ်ယူထားသည့်အတွက်ကြောင့် ခံစားနေရသည့် အဆင်မပြေသော စိတ်ခံစားချက်သည်ပင်လျှင် အနည်းငယ် လျော့ပါးသွားခဲ့ရသည်။
ထိုခရမ်းရောင်အသီးလေးကို ကြည့်ရင်း ရန်ကိုင့်မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။
ခရမ်းရောင်ရှဉ့်လေးမှာ ထိုအသီးကို ယူပြီးသည့်နောက် ၎င်း၏ လက်နှစ်ချောင်းဖြင့် မလျက် ရန်ကိုင့်ရှေ့တည့်တည့်သို့ ထိုးပေးလိုက်သည်။
၎င်း၏ မျက်နှာအမူအယာမှာတော့ “ဆရာ ဒီအသီးကို ယူပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ” ဟု ပြောနေသယောင်ယောင်။
ဤအချက်ကို မြင်သည့်အခါမှသာ ခရမ်းရောင်ရှဉ့်လေးသည် သူထင်ထားသည်ထက် ပို၍ အသိဉာဏ်မြင့်မားကြောင်း ရန်ကိုင် သဘောပေါက်သွားခဲ့လေသည်။
ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ရန်ကိုင်မှာ ရယ်ချင်ပက်ကျိ ဖြစ်သွားခဲ့လေသည်။ ခရမ်းရောင်ရှဉ့်လေးအား ပြုံးကာကြည့်ရင်း အောက်သို့ ပြန်ချထားပေးလိုက်လေ၏။
ထိုအခါမှသာ ခရမ်းရောင်ရှဉ့်လေးလည်း စိတ်သက်သာရာ ရသွားနိုင်တော့လေသည်။
သို့သော်ငြား ရန်ကိုင့်အား ထုတ်ပေးထားသည့် အသီးကိုတော့ ပြန်မသိမ်းသေးပဲ ရန်ကိုင့်ဆီသို့သာ ပေးနေခဲ့လေသည်။
“မင်းက ပေးနေတော့မှလည်း ငါက ယူရတာပေါ့…” ရန်ကိုင်သည် အသာအယာ ချောင်းဟန့်၍ ရှဉ့်လေးဆီမှ အသီးကို လှမ်းယူလိုက်လေသည်။
ရှင်းရှင်းပြောရလျှင် ဤအသီးနှင့် ပတ်သက်၍ သူအတော်လေး သိချင်နေမိသည်။ ဤလောကကြီးသည် အလွန်ကိုမှ အံ့ဩဖွယ်ရာ ကောင်းသော ပစ္စည်းများကို ထုတ်ပေးနိုင်သည်ဟု ကောင်းရွှယ်ထင်းမှ ပြောခဲ့သော်ငြား ဤနေရာတွင် စိတ်ဝိဉာဉ်အသီးများပါ ရှိနေလိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ချေ။
ဤအသီးကို ကြည့်ရသလောက် ကျင့်ကြံသူတစ်ဦး၏ ဝိဉာဉ်ကို အားဖြည့်ပေးနိုင်သည့် ပုံပင်။ ဤအသီးအား သိမ်းထား၍လည်း အပြင်သို့ ယူသွားနိုင်မည် မဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ချက်ချင်းသာ စားပစ်လိုက်တော့လေသည်။
စိတ်ဝိဉာဉ်အသီး သူ့ပါးစပ်ထဲသို့ ရောက်သည်နှင့် ချက်ချင်း အရည်ပျော်ကျသွားပြီး စွမ်းအင်စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထိုစွမ်းအင်စီးကြောင်းသည် သူ့ဝိဉာဉ်ကို ပိုမိုအားကောင်းလာစေရုံမက သူခံစားနေရသည့် မသက်မသာ ခံစားချက်ကိုပါ လျော့ကျသွားစေခဲ့လေသည်။
ဤကဲ့သို့သော အသီးမျိုးနောက်ထပ် သုံးလေးငါးလုံးလောက်သာ စားနိုင်မည်ဆိုပါက သူခံစားနေရသည့် မသက်မသာ ခံစားချက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့လိမ့်မည်ဟု ရန်ကိုင် တွက်ချက်ကြည့်လိုက်သည်။
“မင်းမှာ ဒါမျိုးထပ်ရှိသေးလား…” ရန်ကိုင်သည် ခရမ်းရောင်ရှဉ့်လေးကို ကြည့်ရင်း မေးလိုက်လေသည်။
ခရမ်းရောင်ရှဉ့်လေးသည် ရန်ကိုင်ပြောသည်ကို နားလည်သည့်အလား မြွေကြီး၏ အလောင်းနေရာဆီသို့ ညွှန်ပြလိုက်သည်။
ထို့နောက် ဘာမှန်းမသိသော စကားများကို ရေရွတ်ရင်း ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ အတွင်းပိုင်းဆီသို့ ညွှန်ပြလိုက်လေ၏။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး ခဏမျှ စဉ်းစားပြီးနောက် ပြန်မေးလိုက်လေ၏။ “မင်းပြောချင်တာက အဲ့မြွေကြီးက ဒီအသီး သီးတဲ့အပင်ကို စောင့်ကြပ်နေတာပေါ့… မင်းက အဲ့အသီးတစ်လုံးကို သွားခူးလိုက်လို့ မြွေကြီးက မင်းနောက်ကို တောက်လျှောက်လိုက်လာတာပေါ့… ပြီးတော့ ဒီမြွေကြီးနေနေတဲ့ နေရာမှာ နောက်ထပ်အသီးတွေ ထပ်ရှိသေးတယ်ပေါ့ ဟုတ်လား…”
ခရမ်းရောင်ရှဉ့်လေးမှာ အားတက်သရော ခေါင်းညိတ်ပြလိုက်လေသည်။
“ဒါဆို ဘာတွေ စောင့်နေသေးတာလဲ… အဲ့ကိုသွားကြမယ်လေ…” ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
သူခံစားနေရသည့် မသက်မသာ ခံစားချက်သည် သူ့အား နောက်ထပ် ဝိဉာဉ်အမြုတေများကို မစုပ်ယူစေနိုင်တော့ရုံသာမက သူ့ကိုပါ နေမထိ ထိုင်မထိ ဖြစ်အောင် လုပ်နေခဲ့သည်။
ထို့အတွက်ကြောင့် ဤခံစားချက်ကိုသာ မြန်မြန် ဖယ်ရှားနိုင်မည်ဆိုပါက အလွန်ကိုမှ ကောင်းပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၁၈)
လူတစ်ဦးနှင့် သားရဲတစ်ကောင်သည် ကောင်းကင်မွန်းစတားရိုးမတောင်တန်း၏ တောအုပ်များကြား လျင်မြန်စွာ ပျံသန်းသွားနေခဲ့သည်။
ခရမ်းရောင်ရှဉ့်လေးသည် ရှေ့ဆုံးမှ ဦးဆောင်သွားနေပြီး ရန်ကိုင်သည် နောက်မှ အနီးကပ် လိုက်နေခဲ့သည်။
ရန်ကိုင်နှင့် အဆက်အဆံ လုပ်ပြီးသည့်နောက် ရန်ကိုင်သည် လူဆိုးတစ်ယောက်မဟုတ်မှန်း သေချာသွားသည့်နောက်တွင် ရှဉ့်လေးသည် ရန်ကိုင့်အား ယခင်ကကဲ့သို့ ကြောက်မနေတော့ချေ။
ရန်ကိုင့်လက်မှပင်လျှင် ထွက်ပြေးရန် မကြိုးစားခဲ့။
ရှေ့ဆုံးမှ ဦးဆောင်သွားနေစဉ် အတွင်း ရန်ကိုင် နောက်တွင် ပြတ်မကျန်ခဲ့စေရန်အတွက် ခဏခဏရပ်၍ စောင့်ပေးသည်။
ထို့အပြင် ခရမ်းရောင်ရှဉ့်လေး သွားနေသည့် လမ်းကြောင်းမှာ တမူကို ထူးခြားလှ၏။ ထိုလမ်းကြောင်းအတိုင်း သွားနေသည့် အတောအတွင်း မည်သည့်မွန်းစတားသားရဲနှင့်မှ မကြုံတွေ့ခဲ့ရပေ။ ဤသည်မှာ ခရမ်းရောင်ရှဉ့်လေး၏ အစွမ်းတစ်ခုခုကြောင့် ဖြစ်နိုင်သည်ဟု ပြော၍ရသည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် လူတစ်ဦးနှင့် သားရဲတစ်ကောင်သည် တောင်ကြားတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။
အရပ်လေးမျက်နှာစလုံးအား တောင်များဖြင့် ဝန်းရံထားသဖြင့် ဤနေရာအကြောင်းကိုသာ ကောင်းကောင်းမသိထားလျှင် ဤတောင်ကြားကို အလွန်ကိုမှ ရှာရခက်ပေလိမ့်မည်။
ခရမ်းရောင်ရှဉ့်လေးသည် တောင်ကြားဝင်ပေါက်ဆီသို့ ရောက်လာပြီးသည့်နောက်တွင် ရှေ့သို့ ဆက်မသွားတော့ပဲ ရပ်လိုက်လေသည်။ ရန်ကိုင် ရောက်လာသည်အထိ စောင့်ပြီးသည့်နောက်တွင် တောင်ကြားအတွင်းပိုင်းသို့ လက်ညှိုးထိုးပြရင်း ၎င်း၏ လက်ကိုသုံး၍ လည်ပင်းအား ဆုပ်ကိုင်ပြလိုက်သည်။ ထို့နောက် အသက်ရှူရ ခက်လာသည့် ပုံစံမျိုး လုပ်၍ မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်လေ၏။
“ဟမ်…” ရန်ကိုင် မျက်မှောင် ကျုံ့သွားခဲ့လေသည်။ “တောင်ကြားထဲကိုသွားရင် သတိထားဖို့ ပြောချင်နေတာလား…”
ခရမ်းရောင်ရှဉ့်လေးသည် လဲနေရာမှ ချက်ချင်းထခုန်၍ အားတက်သရော ခေါင်းညိတ်ပြလိုက်၏။
“ငါ ကြည့်ကြည့်ရအောင်…” ရန်ကိုင်က ပြောလိုက်သည်။ ထို့နောက် တောင်ကြားထဲသို့ လှမ်းကြည့်လိုက်လေသည်။
ထိုအခါမှသာ ခရမ်းရောင်ရှဉ့်လေး မည်သည့်အရာကို ပြောချင်နေမှန်း နားလည်သွားတော့သည်။
တောင်ကြားတစ်ခုလုံးအား အဆိပ်ရှိသည့် အစိမ်းရောင်မြူခိုးများဖြင့် လွှမ်းခြုံထားခဲ့လေသည်။ ထိုမြူခိုးများသည် သူတို့တိုက်ခိုက်ခဲ့သော စပါးအုံးမြွေကြီးမှ မှုတ်ထုတ်လိုက်သည့် အဆိပ်မြူများနှင့် ဆင်တူပေသည်။
သို့သော်ငြား ဤနေရာရှိ အစိမ်းရောင်မြူခိုးများမှာ တောင်ကြားတစ်ခုလုံး နီးပါးကို လွှမ်းခြုံနေခြင်း ဖြစ်ပေသည်။ ထိုမြူခိုးများ ကြောင့်ပင်လျှင် တောင်ကြားအတွင်းပိုင်းကို အပြင်မှနေ၍ လှမ်းမမြင်နိုင်တော့ပေ။
ရန်ကိုင်သည် ခရမ်းရောင်ရှဉ့်လေးအား ပြုံးကာ ကြည့်ရင်း ပြောလိုက်လေသည်။ “ဒီလောက် အဆိပ်မြူတွေ ဆိုင်းနေတဲ့ တောင်ကြားထဲကနေ အသီးတစ်လုံးကို မင်းဘယ်လို သွားခူးလာလဲ ငါတကယ် သိချင်မိသွားပြီ…”
တောင်ကြားတစ်ခုလုံးအား အဆိပ်မြူခိုးများဖြင့် ဖုံးလွှမ်းနေသည့်အတွက်ကြောင့် အဆင့်ကိုးသာ ရှိသေးသော ခရမ်းရောင်ရှဉ့်လေးအဖို့ တောင်ကြားထဲရှိ အသီးအား ခူးရန် မဆိုထားနှင့် အထဲသို့ ဝင်ရန်ပင် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား တကယ့်တကယ်တမ်းတွင်မူ ခရမ်းရောင်ရှဉ့်လေးသည် တောင်ကြားထဲသို့ ဝင်နိုင်ရုံမက အသီးတစ်လုံးကိုပါ သွားခူးလာသဖြင့် စပါးအုံးမြွေကြီး၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရလေ၏။
ရန်ကိုင်၏ အမေးကိုကြားသော် ခရမ်းရောင်ရှဉ့်လေးသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်သာ လုပ်ပြနေလေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် ဘာပြောချင်လို့ ပြောချင်နေမှန်းကို နားမလည်သည့် ပုံပင်။
“မသိချင်ယောင် ဆောင်မနေနဲ့…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက် ခရမ်းရောင်ရှဉ့်လေးအား အာရုံစားမနေတော့ပဲ သူ၏ လက်ကို ဝှေ့ယမ်းလျက် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို ထုတ်ကာ တောင်ကြားထဲသို့ စေလွှတ်လိုက်လေ၏။
ထိုအင်းစက်များကိုမြင်သော် ခရမ်းရောင်ရှဉ့်လေး၏ မျက်လုံးထဲ မျှော်လင့်ချက်အလင်းရောင်တို့ တောက်ပလာခဲ့လေသည်။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှာ စပါးအုံံးမြွေကြီး၏ အဆိပ်မြူခိုးများအား ဝါးမျိုပစ်ခဲ့ပုံကို ကောင်းစွာ မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်တောင်ကြားထဲရှိ အဆိပ်မြူခိုးများသည် ထိုအင်းစက်များကို ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်မှန်း ရှဉ့်လေး သိနေခဲ့သည်။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များသာ တောင်ကြားထဲရှိ အဆိပ်မြူခိုးများကို ဝါးမျိုပစ်လိုက်မည်ဆိုပါက သူတို့အနေဖြင့် တောင်ကြားထဲရှိ အသီးများကို အလွယ်တကူ သွားခူးနိုင်ပေလိမ့်မည်။
ရှဉ့်ကလေး မျှော်လင့်ထားသည့်အတိုင်းပင်။ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များသည် တောင်ကြားထဲရှိ အစိမ်းရောင်မြူခိုးများကို အလွယ်တကူ ဝါးမျိုပစ်နိုင်ခဲ့သည်။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ ဖြတ်သွားသည့် နေရာတိုင်းတွင် ရှိနေသော အဆိပ်မြူခိုးအားလုံး ပျောက်ကွယ်သွားကုန်ကြသည်။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှာ အဆိပ်မြူခိုးများအား အငမ်းမရ ဝါးမျိုပစ်နေခဲ့ရာ တစ်နာရီအတွင်း တောင်ကြားထဲရှိ အဆိပ်မြူခိုးအားလုံး ပျောက်ကွယ်သွားကုန်ကြလေသည်။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှာလည်း အဆိပ်မြူခိုးများကို ဝါးမျိုလိုက်ရသည့် အတွက်ကြောင့် သိသိသာသာကို အားကောင်းလာကြသည့်အလား ရန်ကိုင့်ဆီသို့ ပျော်ရွှင်စွာ ပြန်လာရင်း သူ့ကိုယ်ထဲသို့ ပြန်ဝင်သွားကြလေ၏။
“သွားကြရအောင်…” ရန်ကိုင်သည် ခရမ်းရောင်ရှဉ့်လေးအား ပြောပြီးသည့်နောက် တောင်ကြားထဲသို့ ဝင်သွားလိုက်လေ၏။
“ဒီအပင်မလား…” တောင်ကြားအလယ်တည့်တည့်သို့ ရောက်လာပြီးသည့်နောက်တွင် မကြာမီ လူတစ်ရပ်စာခန့်ရှိသော အပင်တစ်ပင်ကို တွေ့လိုက်ရလေသည်။
တောင်ကြားအပြင်တွင် ရှိနေစဉ်တည်းက ဤအပင်ကို ရန်ကိုင်သတိထားမိခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား တောင်ကြားထဲရှိ အဆိပ်မြူခိုးများကို ဝိဉာဉ်ဝါးမျိုးအင်းစက်များမှ ဝါးမျို၍ မကုန်သေးသည့်အတွက်ကြောင့် မဝင်ရဲခဲ့ခြင်းဖြစ်သည်။
ဤအပင်အနီးတစ်ဝိုက်တွင် မွန်းစတားသားရဲတစ်ကောင် နေသွားသည့် အရိပ်အယောင်များ ရှိနေခဲ့လေသည်။ ဤအရိပ်အယောင်များသည် စပါးအုံးမြွေကြီး၏ ခြေရာလက်ရာများ ဖြစ်လောက်သည်။
အပင်ကိုမြင်ပြီးသည့်နောက် ရန်ကိုင့်၏ မျက်လုံးများ တမုဟုတ်ချည်း တောက်ပသွားခဲ့၏။ အပင်ပေါ်တွင် ခရမ်းရောင်ရှဉ့်လေးမှ သူ့အား ပေးခဲ့သည့် အသီးနှင့် ဆင်တူသော အသီးမျိုး စုစုပေါင်း ငါးလုံးခန့် ရှိနေကြောင်း တွေ့လိုက်ရလေသည်။
ကုန်းစွမ်းမူ၏ အမွေကို ရရှိထားသည့် အတွက်ကြောင့် ရန်ကိုင်သည် အဆုံးမဲ့ရတနာကြာပန်းကဲ့သို့သော အလွန်တရာကိုမှ ရှားပါးသည့် အဖိုးတန်ရတနာအား မှတ်မိနိုင်ခဲ့သော်ငြား ဤအသီးများကိုမူ လုံးဝ အမျိုးအစား မခွဲခြားနိုင်ခဲ့ပေ။
ဤအသီးသည် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲတွင်သာ ပေါ်လာပြီး အပြင်လောကတွင် မရှိသည့် အသီးတစ်မျိုး ဖြစ်သည်ဟုသာ အဆုံးတွင် ကောက်ချက်ချလိုက်တော့လေ၏။
သို့တိုင် ဤအသီး၏ အာနိသင်မှာ အလွန်တရာကိုမှ ကောင်းမွန်လှပြီး အပြင်လောကကြီးမှ လေ့ကျင့်ရန် ရောက်လာသော ရန်ကိုင့်ကဲ့သို့သော ကျင့်ကြံသူအတွက် အထူးတလည်ကို သင့်တော်ပေသည်။
ရန်ကိုင်သည် တစ်ချက်ကလေးပင် အချိန်ဖြုန်းမနေတော့ဘဲ အသီးတစ်လုံးကို ခူးကာ ဝါးစားပစ်လိုက်လေ၏။
ထိုအသီးကိုစားပြီးသည့်နောက် ခံစားနေရသည့် မသက်မသာ ခံစားချက်မှာ သိသိသာသာကို လျော့ကျသွားခဲ့လေသည်။ သူ့စိတ်စွမ်းအင်မှာလည်း အနည်းငယ်မျှ တိုးတက်လာသည်ကို ခံစားမိလိုက်သည်။
“မဆိုးဘူးပဲ…” ရန်ကိုင်သည် နောက်ထပ်အသီးတစ်လုံးကို ခူးကာ သူ့ပါးစပ်ထဲသို့ ထပ်ပစ်ထည့်လိုက်လေပြန်သည်။
“ဂလု…” ဘေးဘက်မှ အသံတစ်သံ ထွက်လာခဲ့လေ၏။
စောင်းကြည့်လိုက်ရာ ခရမ်းရောင်ရှဉ့်လေးသည် မြေကြီးပေါ်တွင် ထိုင်ချလျက် ရန်ကိုင့်အား သနားစဖွယ် အမူအယာလေးဖြင့် လှမ်းကြည့်နေကြာင်းကို တွေ့လိုက်ရသည်။
“မင်းငါ့ကို အဲ့လိုကြည့်နေမယ်ဆိုရင်တောင်…” ရန်ကိုင်သည် တတိယအသီးကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် မရေရာ မပြတ်သားသည့် လေသံဖြင့် “ငါ့မှာ မင်းကို ပေးစရာ မရှိဘူး..”
ထိုစကားကို ကြားသည့်အခါ ခရမ်းရောင်ရှဉ့်လေး၏ မျက်နှာ ညှိုးကျသွားခဲ့ပြီး ချက်ချင်း ခေါင်းငိုက်စိုက်ကြသွားခဲ့လေသည်။
“ဟူး…” ရန်ကိုင်ကသက်ပြင်းချလျက် “ကောင်းပြီ ငါမင်းကို တစ်လုံးကျွေးမယ်…” ပြောပြီးသည့်နောက်၌ သစ်ပေါ်တွင် ကျန်ရစ်နေသော အသီးနှစ်လုံးအနက်မှ တစ်လုံးကို သူစား၍ ကျန်တစ်လုံးကို ခရမ်းရောင်ရှဉ့်လေးဆီသို့ ပေးလိုက်လေသည်။
ထိုအခါမှသာ ခရမ်းရောင်ရှဉ့်လေး တစ်ဖန် ပြန်လည် တက်ကြွလာခဲ့လေ၏။
ချက်ချင်းပဲ ထရပ်၍ ရန်ကိုင်ပေးလာသည့်အသီးကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီးသည့်နောက် အနံ့ခံကြည့်လိုက်လေသည်။ ထို့နောက် ဝမ်းသာအားရ ကျေနပ်သွားသည့် အမူအယာဖြင့် ထိုအသီးကို သူ့ဝမ်းဗိုက်နေရာရှိ အိတ်ထဲသို့ ရတနာတစ်ခုနှယ် ထည့်သိမ်းထားလိုက်လေ၏။
အသီးလေးလုံးနှင့် ခရမ်းရောင်ရှဉ့်လေးမှ ပေးလိုက်သည့်တစ်လုံး စုစုပေါင်း ငါးလုံးကို စားပြီးသည့်နောက်တွင် သူခံစားနေရသည့် မသက်မသာ ခံစားချက်မှာ လုံးဝကို ပျောက်ကွယ်သွားတော့လေသည်။ သူ့ကိုယ်သူ အသစ်တဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ခံစားနေရလေ၏။
ရန်ကိုင်သည် ခရမ်းရောင်ရှဉ့်လေးကိုကြည့်ရင်း ရယ်မောလိုက်လေ၏။ “ဟဲ ဟဲ ဟဲ…”
ရန်ကိုင်မှ သူ့စကားကို ပြန်ရုတ်သိမ်းပြီး သူ့ဆီမှ အသီးကို လာလုယူမည်ကို ကြောက်နေသည့်အလား ခရမ်းရောင်ရှဉ့်လေးသည် သူ့အိတ်ကပ်အား ချက်ချင်းလက်ဖြင့် အုပ်ထားလိုက်လေသည်။
“မင်းငါ့ကို ဘယ်လိုလူစားမျိုး မှတ်နေတာလဲကွ…” ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ငါ့ကို အဲ့လောက်အထင်မသေးနဲ့ကောင်လေး… ပြောပြီးသားစကားကို ငါပြန်ရုတ်သိမ်းစရာလား…”
ခရမ်းရောင်ရှဉ့်လေးမှာမူ ရန်ကိုင်ပြောသည်ကို နားမလည်သည့်အလား သူ့ကိုသာ စိုက်ကြည့်နေခဲ့လေသည်။
“ကောင်လေး…” ရန်ကိုင်သည် ခရမ်းရောင်ရှဉ့်လေးအား ပြုံးဖြီးကာ စိုက်ကြည့်ရင်း “မင်း ဒီပတ်ဝန်းကျင်အကြောင်း ကောင်းကောင်းသိလား…”
ထိုစကားကို ကြားပြီးသည့်နောက် ခရမ်းရောင်ရှဉ့်လေးမှာ တခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးသည့်နောက်တွင် ခေါင်းညိတ်ပြလိုက်လေ၏။
“အဲ့ဒါဆို မင်းရှေ့က ဦးဆောင်သွားကွာ… ကောင်းတာတစ်ခုခု တွေ့လို့ရှိရင် အခုလိုမျိုးပဲ ငါမင်းကို နည်းနည်းခွဲပေးမယ်…” ရန်ကိုင်က စတင်စည်းရုံးတော့လေ၏။
ထို့နောက် ခရမ်းရောင်ရှဉ့်လေး၏ ဝမ်းဗိုက်နေရာရှိ အိတ်ကို ညွှန်ပြလျက် “မင်းသာ ငါနဲ့ ပူးပေါင်းမယ်ဆိုလို့ရှိရင် မင်းအိတ်ကပ်တစ်ခုလုံး အနှေးနဲ့အမြန် ခဏလေးအတွင်း အဖိုးတန်ရတနာတွေနဲ့ ပြည့်သွားမှာနော်…”
ထိုစကားကိုကြားသည့်အခါ ခရမ်းရောင်ရှဉ့်လေး၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့သည်။
ထို့နောက်တွင် ရန်ကိုင့်ကမ်းလှမ်းချက်ကို သဘောတူသည့်အလား ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်လေ၏။ ရန်ကိုင် မည်သည့်အမိန့်မှ မပေးရသေးခင်မှာပင် ခရမ်းရောင်ရှဉ့်လေးသည် သူ့ဘာသာသူ ပြေးထွက်သွားလေသည်။
ရန်ကိုင်လည်း မျက်ခုံးပင့်လျက် ခရမ်းရောင်ရှဉ့်လေးနောက်မှ အနီးကပ်လိုက်သွားခဲ့လေသည်။
ခရမ်းရောင်ရှဉ့်လေးသည် ဤကောင်းကင်မွန်းစတား ရိုးမတောင်တန်းနှင့် အမှန်တကယ်ကို ရင်းနှီးပေသည်။ မည်သည့်နေရာတွင် အဖိုးတန်ရတနာကောင်းများ ရှိသလဲဆိုသည်ကို ကောင်းကောင်းသိထားသည်။
ကံမကောင်းစွာဖြင့် ထိုအဖိုးတန်ရတနာများ ရှိနေသည့် နေရာအများစုကို အားကောင်းသည့် မွန်းစတားသားရဲများ ဖြစ်ကြသော စပါးအုံးကြီးကဲ့သို့သော မွန်းစတားသားရဲများမှ စောင့်ကြပ်နေကြလေသည်။
ထို့အတွက်ကြောင့် ခရမ်းရောင်ရှဉ့်လေးမှာ အဖိုးတန်ရတနာများ ရှိနေသည့် နေရာကိုသိသော်ငြား ထိုမွန်းစတားသားရဲများကို မယှဉ်နိုင်သည့်အတွက်ကြောင့် ရတနာများကို အဝေးမှ သရေကျနေရုံသာ တတ်နိုင်လေသည်။
သို့သော်ငြား ယခုတွင်မူ ရန်ကိုင်ကဲ့သို့ အားကောင်းသည့် ကာကွယ်သူတစ်ဦး ရှိနေပြီးဖြစ်သည့်အတွက်ကြောင့် ထိုကိစ္စများကို ဆက်၍ စိတ်ပူနေစရာ မလိုတော့ပေ။ သူ့အနေဖြင့် အဖိုးတန်ရတနာများ ရှိနေသည့်နေရာကို ခေါ်သွားပေးရုံသာ။ ကျန်သည့်ကိစ္စအားလုံးကို ရန်ကိုင်မှ တာဝန်ယူသွားပေးလိမ့်မည်။
ရတနာများကို ရလာမည်ဆိုပါကလည်း ရန်ကိုင်မှ သူ့အား ပြန်၍ ခွဲဝေပေးဦးမည်။ မည်ကဲ့သို့ ခွဲဝေပေးမလဲဆိုသည်မှာတော့ အခြေအနေအပေါ် မူတည်ပေလိမ့်မည်။
နှစ်ရက်အတွင်းတွင် ရန်ကိုင်သည် ခရမ်းရောင်ရှဉ့်လေး၏ အကူအညီဖြင့် မိုင်တစ်သောင်းအတွင်းတွင် ရှိနေသော မရေမတွက်နိုင်သည့် မွန်းစတားသားရဲများကို ရှင်းပစ်နိုင်ခဲ့သည်။ ထိုမွန်းစတားသားရဲများကို ရှင်းပစ်ရင်းမှ မရေမတွက်နိုင်သော အဖိုးတန် အသီးများနှင့် ဝိဉာဉ်အမြုတေများစွာကို ရရှိခဲ့လေသည်။
ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် ပေါက်ရောက်သော အသီးမှန်သမျှသည် စိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်ပေးနိုင်သည့် အသီးများသာ ဖြစ်ကြလေသည်။
သို့သော် အသီးတိုင်းသည် အန္တရာယ်ကင်းသည့် အသီးများ မဟုတ်ကြပေ။
တစ်ကြိမ်တွင် ရန်ကိုင်သည် အသီးတစ်လုံးကို စားမိပြီးနောက် ခေါင်းကိုက်ချင်သလို ဖြစ်လာခဲ့လေသည်။ ထိုခေါင်းကိုက်ဝေဒနာ ပျောက်သွားရန်အတွက် အတော်လေး အချိန်ယူလိုက်ရသေး၏။
ဝိဉာဉ်ကြာပန်း ရှိနေသည့်အတွက်ကြောင့်သာ ထိုခေါင်းကိုက်ဝေဒနာကို အချိန်တိုအတွင်း ပျောက်ကင်းအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ထိုအသီးကို စားမိပြီးနောက် အခန့်မသင့်လျှင် သူ့အသက်ပါ ပျောက်သွားနိုင်၏။
မရေမတွက်နိုင်သော ဝိဉာဉ်အမြုတေများကို စုပ်ယူပြီးသည့်နောက် ရန်ကိုင်၏ နာမ်ဝိဉာဉ်သည် နောက်တစ်ကြိမ် မသက်မသာ ထပ်မံ ခံစားလာရပြန်လေ၏။ ဤတစ်ကြိမ်သည် ပထမတစ်ကြိမ်ကလောက် မဆိုးသော်ငြား ရန်ကိုင့်အနေဖြင့် နောက်ထပ် ဝိဉာဉ်အမြုတေများကို ထပ်၍ မစုပ်ယူနိုင်တော့ပေ။
ရန်ကိုင်နှင့် ယှဉ်လိုက်သော် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ၏ တိုးတက်မှုမှာ ပိုမိုမြန်ဆန်ပေသည်။ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် ပေါ်လာသည်မှာ ဆယ်ရက်ပင် မပြည့်တတ်သေးသော်ငြား ၎င်းတို့၏ ခွန်အားမှာတော့ ပေါ်လာသည့်အချိန်ကထက် နှစ်ဆနီးပါး ရှိနေခဲ့လေပြီ။ ပိုမိုအားကောင်းလာသည့်အလျောက် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှာ စတင်၍ အသွင်ပြောင်းလာနေကြောင်းကို ရန်ကိုင် သတိပြုမိလိုက်သည်။
ထိုအင်းစက်များသည် ပို၍ ရက်စက်ကြမ်းကြုတ်လာပြီး ရန်ကိုင့်၏ အမိန့်ကိုလည်း ပုန်ကန်ချင်လာခဲ့လေသည်။ တစ်ခါတစ်ရံဆိုလျှင် သူပေးသည့် အမိန့်များကိုပင် မနာခံတော့ချေ။ ဤသည်မှာ ကောင်းသလား ဆိုသလား ဆိုသည်ကိုတော့ ရန်ကိုင်လည်း မပြောတတ်။
ထိုအချိန် အတောအတွင်း ခရမ်းရောင်ရှဉ့်လေး၏ ဝမ်းဗိုက်နေရာရှိ အိတ်မှာလည်း အဖိုးတန်ရတနာများဖြင့် ပြည့်နေခဲ့လေပြီ။
ဤကောင်လေးမှာ အတော်လေးကို ထူးဆန်းသည်ဟု ပြော၍ရသည်။ အဖိုးတန်ရတနာများစွာကို ရခဲ့သည့်တိုင် မည်သည့်အရာကိုမှ မစားခဲ့။ သူ့အိတ်ထဲသို့သာ ထည့်သိမ်းနေခဲ့သည်။
ထည့်သိမ်းဖန် များလာလတ်သော် သူ့အိတ်မှာလည်း ပြည့်သွားတော့လေ၏။ ခရမ်းရောင်ရှဉ့်လေးမှာ သေးသေးလေးသာ ဖြစ်လေရာ သူ့အိတ်ဟာလည်း မည်မျှ ကြီးနိုင်ပါမည်နည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ ရလာသည့် အဖိုးတန်ရတနာများအနက် အများစုကို အပိုင်သိမ်းနိုင်တော့လေသည်။
ခရမ်းရောင်ရှဉ့်လေးမှာတော့ ထိုကိစ္စကို စိတ်ထဲထားမနေခဲ့ပဲ ရန်ကိုင့်အား အဖိုးတန်ရတနာများ ရှိရာဆီသို့ လမ်းပြခေါ်ဆောင် သွားပေးနေခဲ့သည်။
ထို့အတွက်ကြောင့် ရန်ကိုင်သည် ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲရှိ အဖိုးတန်ရတနာများစွာကို ရယူနိုင်ခဲ့လေသည်။
နှစ်ရက် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ခရမ်းရောင်ရှဉ့်လေးကို သူပုခုံးပေါ်တင်လျက် လိုဏ်ဂူတစ်လုံးရှေ့တွင် ငြိမ်သက်စွာ ရပ်နေခဲ့လေ၏။
ရက်ပေါင်းများစွာကြာ အတူရှိလာပြီးသည့်နောက်တွင် ခရမ်းရောင်ရှဉ့်လေးသည် ရန်ကိုင့်အား လုံးဝမကြောက်ရွံ့တော့ဘဲ ရန်ကိုင်နှင့်ပင် ရင်းနှီးလာခဲ့လေသည်။
လက်ရှိတွင် ရန်ကိုင်နှင့် ရှဉ့်လေးသည် လိုဏ်ဂူရှေ့ပေါက်တွင် ရပ်၍ ဂူထဲမှ ထွက်ပေါ်နေသည့် အသံများကို သေချာအာရုံစိုက် နားထောင်နေခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၁၉)
နာကျင်စဖွယ် အော်ဟစ်သံများသည် လိုဏ်ဂူထဲမှ ညံမစဲအောင် ထွက်ပေါ်နေခဲ့သည်။ တစ်စုံတစ်ဦးမှ လိုဏ်ဂူနံရံများအား ပြေးဆောင့်နေသည့်အလား တဝုန်းဝုန်းမြည်သံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။
“ကြမ်းလိုက်တာ…” ရန်ကိုင်က ရေရွတ်လိုက်လေသည်။
သူ့ပုခုံးပေါ်တွင် ရှိနေသော ခရမ်းရောင်ရှဉ့်လေးကလည်း ခေါင်းညိတ်ပြလိုက်သည်။
တခဏအကြာတွင် လိုဏ်ဂူထဲရှိ ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့လေသည်။
လိုဏ်ဂူထဲရှိ မွန်းစတားသားရဲကို ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှ သတ်ပစ်လိုက်သည့်ပုံပင်။
ဤကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များ၏ ပစ်မှတ်ထားခြင်း ခံရသည့် မည်သည့်သားကောင်မဆို အဆုံးသတ်မကောင်းကြချေ။
လုံခြုံသွားပြီမှန်း သေချာသွားသည့် အခါမှသာ ရန်ကိုင်သည် လိုဏ်ဂူထဲသို့ ဝင်သွားလေ၏။
လိုဏ်ဂူမှာ အနည်းငယ် မှောင်ဖျဖျ ဖြစ်သော်ငြား လိုဏ်ဂူအတွင်းပိုင်းကို ရန်ကိုင့်အနေဖြင့် ကောင်းစွာမြင်နေရပေသည်။
အထဲသို့ ရောက်သည်နှင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ လိုဏ်ဂူ၏နေရာပေါင်းစုံကို စစ်ဆေးကြည့်လိုက်သည်။
လိုဏ်ဂူမှာ အရမ်းမကျယ်သလို အရမ်းလည်း မနက်ချေ။ တိုက်ပွဲဖြစ်ထားသည့် အရိပ်အယောင်များကိုမူ လိုဏ်ဂူအနှံ့ တွေ့နေရသည်။
ဤလိုဏ်ဂူထဲ မည်ကဲ့သို့သော မွန်းစတားသားရဲ ရှိနေသလဲဆိုသည်ကိုပင် ရန်ကိုင် မသိချေ။ အကြောင်းမှာ သူရောက်လာသည့် အချိန်တွင် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှာ မွန်းစတားသားရဲ၏ အလောင်းကောင်အား ဝါးမျိုပစ်ပြီးသွားပြီး ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
လက်ရှိ ရန်ကိုင်၏ အခြေအနေအရ မည်သည့် ဝိဉာဉ်အမြုတေကိုမှ ဆက်၍ မစုပ်ယူနိုင်တော့ချေ။ ထိုအတွက်ကြောင့်ပင်လျှင် ဝိဉာဉ်အမြုတေများကို ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များအား ဝါးမျိုခွင့် ပေးလိုက်ခြင်း ဖြစ်လေသည်။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို ပြန်သိမ်းထားလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လိုဏ်ဂူ၏ အတွင်းပိုင်းအား စတင် စစ်ဆေးတော့လေ၏။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်တိုင် မည်သည့် အဖိုးတန်ရတနာကိုမှ ရှာမတွေ့ခဲ့ချေ။ ဤလိုဏ်ဂူထဲ မည်သည့် အဖိုးတန်အသီး သို့မဟုတ် ရတနာမှ ရှိမနေခဲ့။ ဤနေရာသည် မွန်းစတားသားရဲ နေသည့် နေရာတစ်ခုသက်သက်သာ ဖြစ်ပုံရသည်။ ထို့အတွက်ကြောင့် ရန်ကိုင် အနည်းငယ် စိတ်ပျက်မိသွားခဲ့လေသည်။
သို့သော် အရမ်းကြီးတော့ စိတ်ထဲ ထားမနေခဲ့ချေ။ အားကောင်းသည့် မွန်းစတားသားရဲ ရှိနေသည့် နေရာတိုင်းတွင် အဖိုးတန်ရတနာများ ရှိနေသည်မှ မဟုတ်လေပဲ။
သို့သော်ငြား ထွက်သွားခါနီး၌ ရန်ကိုင် ရုတ်တရက် ရပ်လိုက်ပြီး ဂူအတွင်းပိုင်းထဲရှိ တစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထိုနေရာတွင် ထူးဆန်းသည့် ပစ္စည်းတစ်ခု ရှိနေခဲ့လေ၏။
ခဏမျှ စိုက်ကြည့်နေပြီးသည့်နောက် ရန်ကိုင်သည် ထိုနေရာသို့ လျှောက်သွားကာ ထိုပစ္စည်းကို ကောက်ယူလိုက်လေသည်။
ထိုပစ္စည်းအား သူ့လက်ဖြင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားခဲ့ပြီး သူ့မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့သည်။
တစ်ချိန်တည်းတွင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။
ရန်ကိုင့်၏ ပုံမှန်မဟုတ်သည့် အပြုံးတို့ကြောင့် ခရမ်းရောင်ရှဉ့်လေးမှာ အလွန်တရာကိုမှ ကြောက်လန့်သွားပြီး သူ့တစ်ကိုယ်လုံးပေါ်ရှိ အမွေးအမျှင်အားလုံး ထောင်တက်ကုန်လေသည်။ တစ်ချိန်တည်းတွင် အချိန်မရွေး ထွက်ပြေးနိုင်ရန်လည်း အဆင်သင့် ပြင်နေတော့လေ။
“ဒါက…” ရန်ကိုင်သည် သူ့လက်ထဲရှိ ပစ္စည်းကို ကြည့်ရင်း ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ မကြာမီ ထိုအရာ ဘာဖြစ်သလဲ ဆိုသည်ကို နားလည်သွားတော့လေသည်။
ထိုပစ္စည်းမှာ ပန်းကန်ပြားတစ်ချပ်နှင့်တူကာ ကိုယ်ထည်တစ်ခုလုံးမှာ ကျောက်စိမ်းပြားနှယ် နှင်းဖြူရောင် တောက်နေခဲ့သည်။
ဤအရာကို သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးလိုက်စဉ်က ၎င်း၏ ပုံစံမှာ ပန်းကန်ပြားကဲ့သို့ နည်းနည်းဝိုင်းဝိုင်းကြီး ဖြစ်နေသည့် အချက်မှလွဲ၍ မည်သည့်အချက်ကိုမှ ရန်ကိုင် ရှာမတွေ့ခဲ့ချေ။ ထိုအတွက်ကြောင့်ပင်လျှင် စိတ်ဝင်တစားဖြင့် လာကောက်ယူကြည့်လိုက်ခြင်း ဖြစ်သည်။
သို့သော်ငြား လက်ဖြင့် ဤအရာကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဝိဉာဉ်မှ ပြင်းပြင်းထန်ထန် တုံ့ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ဤအဖြူရောင်ကျောက်စိမ်းထဲမှ စွမ်းအင်စီးကြောင်းတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့ပြီး ရန်ကိုင့်တစ်ကိုယ်လုံး ရေနွေးကန်ထဲ စိမ်လိုက်ရသည့်အလား အလွန်ကိုမှ သက်တောင့်သက်သာ ဖြစ်သွားခဲ့လေသည်။
ခံစားချက်ကို ဖော်ပြရမည်ဆိုလျှင် စုယန်နှင့် ဝိဉာဉ်ချင်း ပေါင်းစပ်ရာမှ ခံစားခဲ့ရသော ခံစားချက်နှင့် ဆင်တူသည်ဟု ပြော၍ရသည်။
“ဝိဉာဉ်ကျောက်စိမ်း…” ဤအရာ မည်သည့်ပစ္စည်း ဖြစ်သလဲဆိုသည်ကို ရန်ကိုင် ဒတ်ခနဲ တန်းသိလိုက်လေသည်။ သူ့ဘဝတွင် ဝိဉာဉ်ကျောက်စိမ်းအား တစ်ခါမျှ မမြင်ဖူးသော်ငြား ဤအရာသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကောင်းရွှယ်ထင်း ပြောပြခဲ့သော ဝိဉာဉ်ကျောက်စိမ်းဖြစ်မှန်းတော့ သေချာပေသည်။
ကောင်းရွှယ်ထင်းပြောပုံအရ ဤကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် ဝိဉာဉ်ကျောက်စိမ်းများမှာ အလွန်တရာကိုမှ ရှားပါးလှသည့် အဖိုးတန်ရတနာများဖြစ်ကြသည်။ ကံကောင်းမှသာလျှင် ဤကဲ့သို့သော ရတနာများကို တွေ့နိုင်ပေလိမ့်မည်။
သူမပင်လျှင် ဤကောင်းကင်တက်လှမ်းခြင်းလောကထဲသို့ လေးကြိမ်တိတိ ဝင်လာခဲ့သည့်တိုင် အလယ်အလတ်အဆင့် ဝိဉာဉ်ကျောက်စိမ်းတစ်ခုကိုသာ ရခဲ့ပေသည်။ ထို အလယ်အလတ်အဆင့် ဝိဉာဉ်ကျောက်စိမ်းကသည်ပင်လျှင် သူမအား ကြီးကြီးမားမား အကျိုးပြုပေးခဲ့၏။
ဝိဉာဉ်ကျောက်စိမ်းများအား မည်ကဲ့သို့ အဆင့်ခွဲထားသလဲဆိုသည်ကို ရန်ကိုင်မသိသော်ငြား သူ့လက်ထဲတွင် ရှိနေသည့် ဝိဉာဉ်ကျောက်စိမ်းကမူ ကျိန်းသေကို အလယ်အလတ်အဆင့် မဖြစ်နိုင်။ အဆင်မြင့်သာ ဖြစ်ရမည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်သည်။
ဝိဉာဉ်ကျောက်စိမ်းများသည် ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲရှိ စိတ်စွမ်းအင်များ အခဲအရည်ဖွဲ့ကာ ဖြစ်ပေါ်လာသည့် အစိုင်အခဲများ ဖြစ်ကြပေသည်။ ထို့ကြောင့် ကျင့်ကြံသူများအနေဖြင့် မည်သည့် ဘေးထွက်ဆိုးကျိုးကိုမှ ကြောက်နေစရာမလိုပဲ ထိုဝိဉာဉ်ကျောက်စိမ်းများကို စိတ်ဖြောင့်ဖြောင့်ဖြင့် စုပ်ယူနိုင်ပေ၏။
ကောင်းရွှယ်ထင်းပြောနေသည့် အလွန်တရာကိုမှ ရှားပါးလှသော ဝိဉာဉ်ကျောက်စိမ်းကို ဤနေရာတွင် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“အကြီးကြီးပဲ…” ရန်ကိုင်သည် သူ့လက်ထဲရှိ ဝိဉာဉ်ကျောက်စိမ်းအား အံ့အားသင့်နေသည့် အမူအယာဖြင့် စိုက်ကြည့်ရင်း “ငါဒါကို ကုန်အောင် ဘယ်လောက်ကြာအောင် စုပ်ယူရမှာလဲ…” ပြောပြီးသည့်နောက်တွင် ဝိဉာဉ်ကျောက်စိမ်းသည် ကောင်းရွှယ်ထင်းပြောသလောက် မှော်ဆန်သလား သိရလေအောင် ဤဝိဉာဉ်ကျောက်စိမ်းထဲရှိ စွမ်းအားကို စတင်စုပ်ယူကြည့်တော့လေ၏။
ဝိဉာဉ်ကျောက်စိမ်းထဲမှ စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင့်၏လက်မောင်းတစ်လျှောက် စီးဆင်းကာ သူ့ခန္ဓာကိုယ်အနှံ့ ရောက်ရှိသွားခဲ့သည်။ ထိုအတွက်ကြောင့် ရန်ကိုင့်တစ်ကိုယ်လုံး နွေးထွေးလာသလို ခံစားရကာ သူ့မျက်နှာများပင်လျှင် အနည်းငယ် နီမြန်းသွားခဲ့လေသည်။
ထိုစွမ်းအင်စီးကြောင်းကို စုပ်ယူပြီးသည့်နောက် ကောင်းရွှယ်ထင်းပြောသည်မှာ အမှန်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ဤဝိဉာဉ်ကျောက်စိမ်းမှ စွမ်းအင်များသည် သူ့ခန္ဓာကိုယ်အား မည်သည့်အန္တရာယ်မှ မဖြစ်စေချေ။
လက်ရှိတွင် ရန်ကိုင်၏ နာမ်ဝိဉာဉ်သည် ဝိဉာဉ်အမြုတေများစွာကို စုပ်ယူထားသည့် အတွက်ကြောင့် မည်သည့် ဝိဉာဉ်အမြုတေကိုမှ ထပ်မံစုပ်ယူ၍ မရတော့ချေ။ သို့သော်ငြား ဝိဉာဉ်ကျောက်စိမ်းမှ စွမ်းအင်ကိုမူ မည်သည့်အတားအဆီးမှ မရှိပဲ အလွယ်တကူ စုပ်ယူနိုင်နေ၏။
ဤဝိဉာဉ်ကျောက်စိမ်းထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှအောင် များပြားလှသော စွမ်းအင်များ ကိန်းအောင်းနေသည်ကို ရန်ကိုင် အတိုင်းသား ခံစားမိနေခဲ့သည်။ သူ့စိတ်ထဲ ဤနေရာတွင် တံခါးပိတ်ကျင့်စဉ်ဝင်ကာ ဤဝိဉာဉ်ကျောက်စိမ်းထဲရှိ စွမ်းအင်များကို ကုန်စင်အောင် စုပ်ယူပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။
ထိုသို့သာ လုပ်လိုက်မည်ဆိုပါက ရန်ကိုင် ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲမှ ပြန်ထွက်ခွာလာသည့်နောက်တွင် သူ့ကျင့်ကြံခြင်းသည် ဧကရာဇ်အဆင့်သို့ ကျိန်းသေ ရောက်နေပေတော့မည်။
သူ့ဝိဉာဉ် ဧကရာဇ်အဆင့်သို့ ရောက်နေချိန် ရန်ကိုင့်အနေဖြင့် ဤဝိဉာဉ်ကျောက်စိမ်းထဲရှိ စွမ်းအင်အားလုံးကိုပင် စုပ်ယူလို့ ကုန်သေးလိမ့်ဦးမည်မဟုတ်။ ထိုသို့ ဖြစ်လာသည့်အခါ ဝိဉာဉ်ဝါးမျိုအင်းစက်များကို ဤဝိဉာဉ်ကျောက်စိမ်းထဲရှိ စွမ်းအင်များအား စုပ်ယူပစ်ခိုင်းရမည်။
သူ့တွင် ဤဝိဉာဉ်ကျောက်စိမ်းထဲရှိ စုပ်ယူရန် အချိန်အများကြီး ကျန်ပေသေးသည်။ သို့သော်ငြား ရန်ကိုင် နောက်ထပ် ဘာမှ မလုပ်ရသေးခင်မှာပင် သူ့ကိုယ်ထဲမှ အခြားသော စွမ်းအားတစ်ရပ် ရုတ်တရက် ပွင့်ထွက်လာခဲ့လေသည်။
ချက်ချင်းဆိုသလို ရန်ကိုင်ရှိနေသည့် လိုဏ်ဂူတစ်ခုလုံး ခုနှစ်ရောင်စင်အလင်းတန်းတို့ဖြင့် တောက်ပလာလေတော့၏။ ထိုခုနှစ်ရောင်စင်နှင့်အတူ သူ့လက်မှာလည်း ရုတ်တရက်ဆိုသလို ပိုမိုပေါ့ပါးလာကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ချက်ချင်းဆိုသလို သူ့လက်ထဲရှိ ဝိဉာဉ်ကျောက်စိမ်းမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားတော့လေသည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ အလစ်အငိုက် မိသွားခဲ့ပြီး ကမန်းကတန်း အမူအယာဖြင့် သူ့ကိုယ်သူ အလျင်စလို စစ်ဆေးတော့လေသည်။
မကြာမီ ဝိဉာဉ်ကျောက်စိမ်းအား သူ့ခန္ဓာကိုယ်ထဲရှိ တစ်နေရာတွင် သွားရှာတွေ့လေ၏။
ဝိဉာဉ်ကျောက်စိမ်းတစ်ခုလုံးအား ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းမှ လွှမ်းခြုံထားခဲ့ပြီး ကျောက်စိမ်းသည် ကြာပန်း၏ အလယ်ဗဟိုတည့်တည့်တွင် ငြိမ်သက်စွာ တည်ရှိနေခဲ့လေသည်။
သို့သော်ငြား သူ့အသိစိတ်ပင်လယ်ထဲသို့ ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် မယုံကြည်နိုင်စရာတစ်ခုကို ရန်ကိုင် မြင်တွေ့လိုက်ရလေသည်။
ဝိဉာဉ်ကျောက်စိမ်းသည် နေရောင်အောက်သို့ ရောက်သွားသည့် နှင်းပွင့်အလား လျင်မြန်စွာ အရည်ပျော်ကျနေခဲ့လေ၏။
ဝိဉာဉ်ကြာပန်းသည် ဝိဉာဉ်ကျောက်စိမ်းထဲရှိ စွမ်းအင်အားလုံးကို တစ်စက်မကျန် အကုန်အစင် စုပ်ယူပစ်နေခဲ့လေသည်။ ဝိဉာဉ်ကျောက်စိမ်းထဲရှိ စွမ်းအင်များကို စုပ်ယူပြီးသည့်နောက်တွင် ဝိဉာဉ်ကြာပန်း၏ အရောင်မှာ ပို၍ တောက်ပလာခဲ့လေ။
တစ်ချိန်တည်းတွင် ဝိဉာဉ်ကြာပန်းဆီမှ နက်နဲသိမ်မွေ့သည့် စွမ်းအင်စီးကြောင်းတစ်ရပ် ထွက်ပေါ်လာပြီး ရန်ကိုင့်၏ နာမ်ဝိဉာဉ်ထဲသို့ စတင် စီးဝင်လာလေတော့သည်။
“ဒါက… ဘာတွေ ဖြစ်နေတာလဲ…” ရန်ကိုင်မှာမူ လက်ရှိ အဖြစ်အပျက်ကို မြင်ပြီး လုံးဝကို ဆွံ့အနေတော့လေသည်။ သူ့ခမျာ ကံကောင်းထောက်မ၍ အဆင့်မြင့် သို့မဟုတ် ထိုထက်ပင်လျှင် ပိုမိုအဆင့်မြင့်နိုင်သော ဝိဉာဉ်ကျောက်စိမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။
သို့သော်ငြား ထိုဝိဉာဉ်ကျောက်စိမ်းအား ဝိဉာဉ်ကြာပန်းမှ သူ့အတွက် အနည်းငယ်လေးပင် မချန်ပဲ အကုန်အစင် စုပ်ယူသွားခဲ့လေသည်။ ထို့နောက် စွမ်းအင်အချို့ကို သူ၏ နာမ်ဝိဉာဉ်ထဲသို့ ပြန်လည်ထည့်သွင်းပေးနေလေ၏။
“ဒါက ကောင်းတာလား ဆိုးတာလား ငါလည်း မပြောတတ်တော့ဘူး…”
သူ့ဝိဉာဉ်ကျောက်စိမ်းအား ဝိဉာဉ်ကြာပန်းမှ စုပ်ယူသွားသည့် အတွက်ကြောင့် ရန်ကိုင့်အတွက် အတော်လေးနစ်နာသွားသည်ဟု ပြော၍ရသည်။
သို့သော်ငြား ဝိဉာဉ်ကြာပန်းသည် ဝိဉာဉ်ကျောက်စိမ်းဆီမှ စွမ်းအင်များကို စုပ်ယူပြီးသည့်နောက် ရန်ကိုင့်၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်လည်ထည့်သွင်းပေးနေခဲ့လေသည်။
ထိုကိစ္စအား ခဏမျှ ရပ်စဉ်းစားနေပြီးသည့်နောက် ဤသည်မှာ ကိစ္စကောင်းတစ်ရပ် ဖြစ်လိမ့်မည်ဟု ရန်ကိုင် တွေးလိုက်လေသည်။
ဤနည်းလမ်းသည် သူ့ကိုယ်သူသာမက ဝိဉာဉ်ကြာပန်းအတွက်ပါ အကျိုးရှိလေသည်။
ဝိဉာဉ်ကြာပန်းမှ သူ့ကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပေးနေသော စွမ်းအင်စီးကြောင်းမှာ အတော်လေးကိုမှ နှေးကွေးသလို အားနည်းသော်ငြား စွမ်းအင်စီးကြောင်းမှာ သူ့ကိုယ်ထဲသို့ မရပ်မနား စီးဝင်နေမည်ဖြစ်သည့်အတွက်ကြောင့် သူ၏ဝိဉာဉ်မှာ တဖြည်းဖြည်း ပိုမိုအားကောင်းလာပေလိမ့်မည်။
သူကိုယ်တိုင် ဝိဉာဉ်ကျောက်စိမ်းအား စုပ်ယူမည်ဆိုလျှင်ပင် တစ်လအတွင်း ထိုဝိဉာဉ်ကျောက်စိမ်းကို ကုန်စင်အောင် စုပ်ယူနိုင်လိမ့်မည်မဟုတ်။
ထို့အပြင် ထိုဝိဉာဉ်ကျောက်စိမ်းကို စုပ်ယူရန်အတွက် သူ့အနေဖြင့် ဤလိုဏ်ဂူထဲတွင် တစ်ချိန်လုံးနေရန်လည်း လိုအပ်ပေဦးမည်။
သို့သော်ငြား လက်ရှိအချိန်တွင် ဝိဉာဉ်ကျောက်စိမ်းကို ဝိဉာဉ်ကြာပန်းမှ စုပ်ယူသွားပြီဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် အခြားသော ကိစ္စများအပေါ် အာရုံစိုက်၍ ရပေသည်။
“ဒီလိုမျိုးဆိုတော့လည်း ငါ့အတွက် ပိုအကျိုးရှိသွားတာပေါ့…” ရန်ကိုင်က ရေရွတ်လိုက်လေ၏။ ထိုသို့ ပြောပြီးသည့်နောက် ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်ရာ ခရမ်းရောင်ရှဉ့်လေးသည် လိုဏ်ဂူထောင့်တွင် နေနေရင်း သူ့အား ကြောက်ရွံ့မှုအပြည့်ဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
ခရမ်းရောင်ရှဉ့်လေးမှာ ဘာတွေ ဖြစ်လို့ ဖြစ်နေမှန်း မသိချေ။ ရန်ကိုင်၏ ရုတ်တရက် ပြောင်းလဲသွားသည့် ပုံစံကို မြင်ပြီးသည့်နောက် ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်။ ယခု ရန်ကိုင်မှ တရင်းတနှီးဖြင့် သူ့အား လက်ဝှေ့ယမ်းပြနေသည်ကို မြင်သော် ရန်ကိုင့်ဆီသို့ ဖြည်းဖြည်းချင်း ပြန်လျှောက်သွားခဲ့လေ၏။
ရန်ကိုင်နှင့် ပတ်သက်၍ မည်သည့်ပြဿနာမှ ရှိမနေတော့မှန်း အတည်ပြုပြီးသည့်အခါမှသာ ရန်ကိုင့်ပုခုံးပေါ်သို့ တက်လိုက်လေသည်။
သို့သော်ငြား ဘာကြောင့်မှန်းမသိ ခရမ်းရောင်ရှဉ့်လေးသည် ရန်ကိုင့်၏ ကိုယ်သင်းရနံ့ကို လာရောက်ရှူရှိုက်ကြည့်နေလေသည်။
ထိုသို့ ရှူရှိုက်ပြီးနောက် ရန်ကိုင်၏ ကိုယ်သင်းရနံ့ ပြောင်းလဲသွားသည့်အလား နားမလည်သည့် အရိပ်အယောင်တို့ သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့လေ၏။
ထိုကိစ္စပြီးနောက်တွင် ရန်ကိုင်သည် လိုဏ်ဂူအတွင်းပိုင်းဆီသို့ လျှောက်ပတ်သွားကာ မည်သည့်အဖိုးတန်ပစ္စည်းများ ရှိနေသေးသလဲဆိုသည်ကို စစ်ဆေးကြည့်လေ၏။
နောက်ဆုံး ဘာဆိုဘာမှ မရှိသည့်အခါမှသာ လိုဏ်ဂူထဲမှ ပြန်ထွက်လာခဲ့လေသည်။ သူ့တွင် အချိန်အများကြီး ရှိနေသေးသော်ငြား ထိုအချိန်များမှာ ဖြုန်းတီးစရာ မဟုတ်ပေ။
ရန်ကိုင် လိုဏ်ဂူထဲမှ ထွက်လာချင်းချင်းမှာပင် ခပ်လှမ်းလှမ်းဆီမှ လေတိုးသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုလေတိုးသံနှင့်အတူ လူတစ်ယောက် ရန်ကိုင့်ရှေ့၌ ရုတ်တရက် ပေါ်လာလေ၏။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်လေသည်။ တစ်ချိန်တည်းတွင် စိတ်စွမ်းအင်ကို စုစည်း၍ ခရမ်းနေခြည်ဒိုင်းကာအား အချိန်မရွေး အသက်သွင်းနိုင်ရန်လည်း ပြင်ဆင်ထားလိုက်သည်။
ဤနေရာတွင် အခြားတစ်ယောက်အား လာတွေ့ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
တစ်ဖက်လူသည်လည်း ရန်ကိုင့်အား ဤနေရာ၌ လာတွေ့ရလိမ့်မည်ဟု မထင်ထားသည့် ပုံပင်။ ရန်ကိုင့်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ စိတ်စွမ်းအင်ကို ချက်ချင်း သိပ်သည်းကာ သတိချပ်လိုက်လေ၏။
ရန်ကိုင်တို့နှစ်ဦးသည် တစ်ဦးကို တစ်ဦး မမှိတ်မသုန် စိုက်ကြည့်နေလေသည်။
ရန်ကိုင့်ရှေ့၌ ပေါ်လာသည့်လူသည် မျက်မှောင်ကြီးကျုံ့လျက် ရန်ကိုင့်ခန္ဓာကိုယ်အား လွှမ်းခြုံထားသော ခရမ်းရောင်အလင်းကို စိတ်ဝင်တစား စိုက်ကြည့်နေခဲ့လေသည်။
ရန်ကိုင်ထင်ထားသကဲ့သို့ပင် ဤလောကကြီးရှိ ကျင့်ကြံသူများ၌ မည်သည့် မှော်ရတနာမှ မရှိကြချေ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့တွင် မှော်ရတနာများ ထုလုပ်ရန်အတွက် လိုအပ်သော အရင်းအမြစ်ပစ္စည်းများ မရှိသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ဤလောကကြီးရှိ ကျင့်ကြံသူများသည် သူတို့၏ ဝိဉာဉ်စွမ်းအားကိုသာ အားကိုးကြလေ၏။ တိုက်ခိုက်ရာတွင် စိတ်စွမ်းအင်မှ ဖန်တီးထားသော လက်နက်များနှင့် ဝိဉာဉ်အမျိုးအစား သိုင်းပညာရပ်များကိုသာ အသုံးပြုကြသည်။
ဝိဉာဉ်အမျိုးအစား မှော်ရတနာများမှာတော့ ဤလောကကြီးရှိ ကျင့်ကြံသူများအတွက် အလွန်တရာကိုမှ ရှားပါးလွန်းလှသည့် မှော်ရတနာများ ဖြစ်ကြကာ ဤလောကကြီးတွင် လုံးဝမရှိသည့် ရတနာများ ဖြစ်သည်ဟုပင် ပြော၍ရသည်။
ရန်ကိုင်မှ ခရမ်းနေခြည်ဒိုင်းကာအား အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ခရမ်းရောင်အလင်းတစ်ခုသည် သူ့ခန္ဓာကိုယ်အား အပြည့်အဝ လွှမ်းခြုံသွားခဲ့လေသည်။
ဤခရမ်းရောင်အလင်းမှာ အကာအကွယ်ပညာရပ်တစ်ခုခုကို ထုတ်သုံး၍ ပေါ်လာသည့် အလင်းရောင်မျိုးနှင့် ဆင်တူသော်ငြား တကယ့်တကယ်မှာတော့ ထိုကဲ့သို့မဟုတ်ချေ။
လက်ရှိပေါ်လာသည့်လူမှာ အားနည်းသည့်လူတစ်ဦး မဟုတ်ဘဲ တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၂၀)
တစ်ဖက်လူသည် ရန်ကိုင့်အား အရိပ်တကြည့်ကြည့်ဖြင့် စောင့်ကြည့်ရင်း သတိချပ်ထားခဲ့လေသည်။
သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက် ပြီးသည့်နောက် တစ်ဖက်လူသည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း ရန်ကိုင် အလွယ်တကူ သိသွားနိုင်ခဲ့သည်။
တစ်ဖက်လူမှာ အသက်လေးဆယ်လောက် ရှိမည့် သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်ပေသည်။ လက်ရှိတွင် သူ့မျက်လုံးထဲ ထိတ်လန့်ကြောက်ရွံ့မှုတို့ ကိန်းအောင်းနေလေ၏။
တစ်ဖက်လူ သူ့အပေါ် ရန်လိုခြင်း မရှိမှန်း ရန်ကိုင် သေချာသိနေခဲ့သည်။ သို့သော်ငြား ဤသည်မှာ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲ ဒေသခံတစ်ဦးကို ရန်ကိုင့်အနေဖြင့် ပထမဦးဆုံး မြင်ဖူးခြင်းဖြစ်ပေသည်။ ထို့ကြောင့် တစ်ဖက်လူအပေါ် အတော်လေး သိချင်စိတ်ဖြစ်နေမိသည်။
သေချာ အနီးကပ်စစ်ဆေးကြည့် ပြီးသည့်နောက်တွင် တစ်ဖက်လူ၏ ခန္ဓာကိုယ်သည် သူ့နာမ်ဝိဉာဉ်ကဲ့သို့ပင် စိတ်စွမ်းအင်သီးသန့်ဖြင့်သာ ဖန်တီးထားကြောင်း တွေ့လိုက်ရလေသည်။
“ဒီလောကကြီးမှာ အံ့ဩစရာတွေ အများကြီးပါပဲလား…” ရန်ကိုင် စိတ်ထဲမှနေ၍ ရေရွတ်လိုက်လေသည်။
“မင်းမသေချင်ရင် ချက်ချင်း မြန်မြန်ပြေးပေတော့…” တစ်ဖက်လူသည် ရန်ကိုင့်အား လေသံတိုးတိုးဖြင့် ရုတ်တရက် အော်ပြောလိုက်လေသည်။
“ဘယ်လို…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ တစ်ဖက်လူ၏ စကားကို ရန်ကိုင် လုံးဝ နားမလည်ခဲ့ချေ။
သို့သော်ငြား တစ်ဖက်လူမှာတော့ ရန်ကိုင့်အား ရှင်းပြမနေခဲ့။ တစ်ခုသောဘက်သို့ ထွက်ပြေးနေရင်းမှသာ လှမ်းအော်ပြောလိုက်လေ၏။ “မင်းမြန်မြန်မပြေးရင် ပြေးလို့ လွတ်တော့မှာမဟုတ်ဘူးနော်…”
ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင့်စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်လေ၏။
ထိုလူ ဤနေရာသို့ ရောက်လာခြင်းမှာ အားကောင်းသည့် ရန်သူတစ်ဦးလက်မှ ထွက်ပြေးလာခြင်း ဖြစ်မှန်း ချက်ချင်းနားလည်သွားခဲ့လေသည်။ ထိုကဲ့သို့ စဉ်းစားမိသော် ရန်ကိုင်သည်လည်း ဤနေရာမှ ချက်ချင်းထွက်သွားရန် ဆုံးဖြတ်လိုက်လေသည်။
သူ ဤနေရာသို့ ရောက်လာခြင်းမှာ ကောင်းရွှယ်ထင်းမှ လေ့ကျင့်ရန် ခေါ်လာပေးသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ထို့ကြောင့် ဒေသခံများ၏ ပြဿနာများကြား ဝင်ပါရန် လုံးဝ စိတ်မဝင်စားပေ။ ဤနေရာတွင် တစ်လသာ နေမည်ဖြစ်သည့်အတွက်ကြောင့် ထိုပြဿနာအရှုပ်အထွေးများထဲ လုံးဝ အဆွဲခေါ်မခံနိုင်။
ထိုကဲ့သို့ စဉ်းစားပြီးသည့်နောက် ရန်ကိုင်လည်း ချက်ချင်းလှုပ်ရှားတော့လေသည်။
သို့သော်ငြား ထိုစဉ် တစ်ခုခု ရုတ်တရက် ဖြစ်လာခဲ့လေသည်။
ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အလွန်အားကောင်းလှသော ဖိအားသည် ကောင်းကင်ပေါ်မှ ရန်ကိုင့်အပေါ်သို့ သက်ဆင်းကျလာခဲ့လေသည်။
ထိုဖိအားမှာ ထိတွေ့ကိုင်တွယ်ရလုနီးပါး ဖြစ်နေလေကာ မသိသည့် လူသာ ဆိုလျှင် သူတို့အပေါ်သို့ ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသည်ဟုပင် ထင်မိပေလိမ့်မည်။
ဖိအားကို ခံစားမိလိုက်ပြီးနောက် ရန်ကိုင် မျက်နှာပျက်သွားတော့လေသည်။
တစ်ချိန်တည်းတွင် ထွက်ပြေးနေသည့် ကျင့်ကြံသူ၏ ဘေးဘက်ဆီမှ လူတစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်ကို ရန်ကိုင် လှမ်းမြင်လိုက်ရလေသည်။
ထိုလူမှာ အရပ်သိပ်မရှည်လှပဲ အတော်လေးပုသည်ဟုပင် ပြော၍ရသည်။ သို့သော်ငြား ထိုလူ ထိုနေရာသို့ မည်ကဲ့သို့ ရောက်နေသလဲဆိုသည်ကို ရန်ကိုင်လုံးဝ သတိမပြုမိခဲ့ပေ။ ထိုလူသာ ပေါ်မလာခဲ့လျှင် ရန်ကိုင့်အနေဖြင့် ဤနေရာ၌ အခြားလူတစ်ဦး ရှိနေသည်ဆိုသော အချက်ကို လုံးဝ သတိပြုမိလိမ့်မည်မဟုတ်။
ဧကရာဇ်အဆင့်ပညာရှင် ပေါ်လာပြီးသည့်နောက် သူ့လက်ထဲ ဓါးမြှောင်တစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ထိုဓါးမြှောင်သည် ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခု မဟုတ်ဘဲ စိတ်စွမ်းအင်သီးသန့်ဖြင့်သာ ဖန်တီးထားသော ဓါးမြှောင်တစ်ချောင်းဖြစ်၏။
ဧကရာဇ်အဆင့် ပညာရှင်သည် ထိုဓါးမြှောင်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ သက်လတ်ပိုင်းလူကြီးအား ထိုးချလိုက်လေသည်။
စွတ်ခနဲဟူသော အသံကို ကြားလိုက်ရချိန် ရန်ကိုင့်၏ ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားခဲ့သည်။
ထွက်ပြေးရန် ကြိုးစားနေသော တာအိုသခင်တတိယအဆင့် သတ်လက်ပိုင်းလူကြီးမှာ သူ့ကိုယ်သူ ခုခံချိန်ပင် မရလိုက်ပဲ ဓါးမြှောင်ဖြင့် ထိုးခံလိုက်ရလေသည်။
အပြင်လောကကြီးတွင်သာ ဤကဲ့သို့ နှလုံးတည့်တည့်အား တိုက်ခိုက်ခံလိုက်ရမည်ဆိုပါက ကျင့်ကြသူတစ်ဦး မည်မျှပင် အားကောင်းနေစေကာမူ ကျိန်းသေကို သေသွားပေလိမ့်မည်။
ခွန်အားကောင်းသည့် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသူများ သို့မဟုတ် အားကောင်းသော ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထား၍ မိမိဒဏ်ရာကို ဖိနှိပ်ပစ်နိုင်သော လူများသည်သာ အသက်ရှင်ကောင်း ရှင်နိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင်ပင် ထိုကျင့်ကြံသူအနေဖြင့် မည်သို့မှ ပြန်တိုက်ခိုက်နိုင်တော့လိမ့်မည်မဟုတ်။
သို့ရာတွင် ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲ၌မူ ဤကဲ့သို့မဟုတ်ချေ။ ဤနေရာရှိ သက်ရှိများမှာ ရုပ်ခန္ဓာများကို ပိုင်ဆိုင်ထားခြင်း မရှိကြသည့်အတွက် ထိုကဲ့သို့သော ဒဏ်ရာများသည် သူ့တို့အတွက် သေလောက်အောင် ပြင်းထန်ခြင်း မရှိကြချေ။
တိုက်ခိုက်ပြီးသည်နှင့် ဧကရာဇ်အဆင့် ပညာရှင်သည် ချက်ချင်း ရပ်လိုက်လေ၏။ ထို့နောက် ခံစားချက်မရှိသည့် အမူအယာဖြင့် သတ်လတ်ပိုင်းလူကြီးအား မမှိတ်မသုန် စိုက်ကြည့်နေတော့လေသည်။
သက်လတ်ပိုင်းလူကြီးမှာတော့ နာကျင်စွာ အော်ဟစ်ရင်း တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။
အစောပိုင်းက ဧကရာဇ်အဆင့် ပညာရှင် ထုတ်သုံးလိုက်သည့် ဓါးမြှောင် သက်လတ်ပိုင်းလူကြီး၏ ရင်ဘတ်တည့်တည့်တွင် စိုက်ဝင်နေကြောင်း ရန်ကိုင်လှမ်းမြင်လိုက်ရသည်။
ဓါးမြှောင်စိုက်ဝင်နေသည့် နေရာဆီမှ ထူးဆန်းသောစွမ်းအင်တစ်မျိုး ဖြာထွက်လာနေခဲ့ပြီး ထိုစွမ်းအင်သည် ရှုပ်ထွေးသည့် ပစ္စည်းတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားနေကြောင်းကို ရန်ကိုင် သတိထားမိလိုက်လေသည်။
ထိုထူးဆန်းသော စွမ်းအင်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ တစ်ချက်ကလေးပင် လှုပ်မရတော့ချေ။ စိတ်စွမ်းအင်များသည် သက်လတ်ပိုင်းလူကြီး၏ ဒဏ်ရာမှ တဖြည်းဖြည်း စီးထွက်နေခဲ့သည်။
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သက်လတ်ပိုင်းလူကြီးသည် စိတ်စွမ်းအင်အားလုံးကို ဆုံးရှုံးလိုက်ရကာ ဤလောကကြီးမှ အပြီးအတိုင် ပျောက်ကွယ်သွားရပေလိမ့်မည်။
“မင်းက ကပ်ဘေးကြယ်လား…” သက်လတ်ပိုင်းလူကြီးအား အောင်မြင်စွာ ဖမ်းဆီးလိုက်နိုင်ပြီးသည့်နောက်တွင် ဧကရာဇ်အဆင့်ပညာရှင်က တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်လေသည်။
“ဆရာ ဘာကို ပြောချင်နေတာလဲ…” သက်လတ်ပိုင်းလူကြီးမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသော်ငြား ဒေါသမထွက်ရဲခဲ့။ တောင်းပန်တိုးလျှိုးသည့် အမူအယာဖြင့် ပြန်ကြည့်၍သာ မေးလိုက်လေသည်။
“ထားလိုက်တော့…” အရပ်ပုပုနှင့် ဧကရာဇ်ပညာရှင်သည် ထိုစကားကိုကြားသော် ပျင်းရိနေသည့် လေသံဖြင့် “မင်း ကပ်ဘေးကြယ် ဟုတ်ဟုတ်မဟုတ်ဟုတ် ငါမင်းကို နန်းတော်ကို ခေါ်သွားပြီး စစ်မေးပြီးရင် သိမှာပဲ…”
ပြောပြီးသည့်နောက် သက်လတ်ပိုင်းလူကြီးအား လျစ်လျူရှုလိုက်တော့လေ၏။
“နန်းတော်…” ဧကရာဇ်အဆင့် ပညာရှင် ပြောသွားသည့် စကားထဲမှ အသုံးဝင်သည့် သတင်းအချက်အလက်အချို့ကို သက်လတ်ပိုင်းလူကြီး ရလိုက်လေ၏။
ထိုစကားကို ကြားလိုက်ပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီး မျက်လုံးပြူးသွားခဲ့ပြီး သူ့ရှေ့ရှိ ပညာရှင်အား စိုက်ကြည့်ရင်း ခက်ခက်ခဲခဲဖြင့် မေးလိုက်လေသည်။ “လူကြီးမင်းက စီနီယာပန်ချင်းများလား မသိဘူး…”
“အို…” ထိုစကားကို ကြားသည့်အခါ ပန်ချင်းဆိုသည့်လူ အံ့အားသင့်သွားခဲ့ပြီး သက်လတ်ပိုင်းလူကြီးအား ကြည့်၍ “မင်းငါ့ကိုသိတယ်ပေါ့…”
သက်လတ်ပိုင်းလူကြီး ခါးသက်စွာပြုံးလျက် “နိုင်ငံကာကွယ်သူ ဗိုလ်ချုပ်ကြီးကျိုးထျန်းရဲ့ လက်အောက်ငယ်သားလေးဦးရဲ့ နာမည်ကို မသိတဲ့လူ ဘယ်သူရှိမှာမို့လို့လဲ…”
“လေးယောက်တောင် ရှိတာကို ငါက ပန်ချင်းမှန်း မင်းဘယ်လိုသိတာလဲ…” ပန်ချင်းသည် ရန်ကိုင်အား ဖမ်းရန် အလျင်မလိုသေးဘဲ သက်လတ်ပိုင်းလူကြီးဖြင့်သာ စကားစမြည် ပြောနေလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်လေ၏။ “ဒုဗိုလ်ချုပ်ကြီး လျန်းရန်ရဲ့ ဆံပင်က အနီရောင်လေ… ဒုဗိုလ်ချုပ်ကြီးယုမန်ကြတော့လည်း အမျိုးသမီးတစ်ယောက်… ဒုဗိုလ်ချုပ်ကြီးယွမ်ချင်းကြတော့ ကောလဟာလတွေပြောတာတော့ သူက သာမန်မိန်းကလေးတွေ မနာလိုရလောက်အောင် ပန်းလေးတစ်ပွင့်လို လှတယ်တဲ့… လူကြီးမင်းကလည်း နန်းတော်ကလာတာ… ပြီးတော့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး… ဒီတော့ စီနီယာပန်ချင်းက လွဲပြီးတော့ အခြားဘယ်သူဖြစ်နိုင်တော့မှာလဲ…”
“ဟား ဟား ဟား…” ပန်ချင်းက ရုတ်တရက် အော်ရယ်မော၍ “ပန်းလေးတစ်ပွင့်လိုလှတယ် ဟုတ်လား… အခြားသူတွေက ယွမ်ချင်းကို အဲ့လိုပြောတယ်ပေါ့… သူသာ ဒီစကားကြားရင် ဘယ်လိုဖြစ်မလဲ ငါသိချင်လိုက်တာ… မင်းထင်တာ မှန်တယ်… ငါက ပန်ချင်းပဲ…”
ထိုစကားကိုကြားသော် သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်လေသည်။ “ကောလဟာလတွေက တကယ်ကို အမှန်ပါလား… စီနီယာပန်ချင်းရဲ့ လုပ်ကြံသတ်ဖြတ်တဲ့ စွမ်းရည်က တကယ်ကို အံ့ဩစရာပဲ…”
“ဟမ့်…” ပန်ချင်းသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သက်လတ်ပိုင်းလူကြီး၏ စကားကို လျစ်လျူရှုလိုက်လေသည်။
“ဒါပေမဲ့ စီနီယာပန်ချင်းနဲ့ ကျုပ်ကြားမှာ ဘာရန်ညှိုးမှ မရှိဘူးလေ… အဲ့ဒါကို ဘာလို့…” သက်လတ်ပိုင်းလူကြီးမှာ မလှုပ်ရှားနိုင်သော်ငြား စီနီယာပန်ချင်းကို သူ့အား လွှတ်ပေးရန်အတွက် တောင်းဆိုချင်နေပေသေးသည်။
သို့သော်ငြား ပန်ချင်းသည် သက်လတ်ပိုင်းလူကြီးအား ထိုကဲ့သို့ အခွင့်အရေးတစ်ခု မပေးခဲ့ပေ။
ပန်ချင်းသည် ဗိုလ်ချုပ်ကြီးကျိုးထျန်း၏ အမိန့်အရ ကပ်ဘေးကြယ်ကို ဖမ်းဆီးရန်အတွက် ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲသို့ ဝင်လာခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် စိတ်လိုလက်ရ လူမသတ်နိုင်သော်ငြား တစ်ဖက်လူအား ထိခိုက်အောင်တော့ လုပ်၍ရပေသည်။
ထို့အတွက်ကြောင့်ပင်လျှင် သက်လတ်ပိုင်းလူကြီးမှ စကားဆက်ပြောနေသည်ကို မြင်သော် ပန်ချင်းသည် သူ့လက်သီးကို ရုတ်တရက်ကောက်ဆုပ်လိုက်လေ၏။
သက်လတ်ပိုင်းလူကြီး၏ ရင်ဘတ်တွင် စိုက်ဝင်နေသော ဓါးမြှောင်ဆီမှ အရောင်တလက်လက် တောက်လာပြီးသည့်နောက် သူ့အား ချုပ်နှောင်သည့် ချိတ်စည်းမှာလည်း ပို၍ အားကောင်းလာခဲ့လေသည်။
ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူ့တစ်ကိုယ်လုံး တုန်ရီလာပြီး ချက်ချင်းသတိလစ်သွားလေတော့၏။
လူကြီးမှာ မသေသွားခဲ့သော်ငြား သတိလစ်သွားခဲ့သည်။ သူပြန်နိုးလာမည်ဆိုလျှင်ပင် မူလပုံစံအတိုင်း ပြန်ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ချေ။ ပန်ချင်း၏ တိုက်ကွက်သည် သူ၏ အုတ်မြစ်ကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေခဲ့သည်။
ပန်ချင်းသည် ဓါးမြှောင်အားပြန်ဆွဲယူလိုက်ပြီးသည့်နောက် ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လာခဲ့လေသည်။
ရန်ကိုင်မှာမူ ခေါင်းခြောက်အောင် စဉ်းစားနေတော့လေသည်။ မူလက ဘာတွေဖြစ်လို့ဖြစ်နေမှန်းကို မသိခဲ့သော်ငြား ယခု သက်လတ်ပိုင်းလူကြီးနှင့် ပန်ချင်းပြောနေသည်ကို ကြားပြီးသည့်နောက် အကြောင်းအရာအချို့ကို နားလည်သွားခဲ့လေပြီ။
နှစ်ဦးစလုံးသည် နန်းတော်ဟူသော စကားကို သုံးသွားခဲ့ကြသည်။ ထိုစကားအရ ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် အုပ်စိုးသူတစ်ဦး ရှိနေသည့်ပုံပင်။ ထိုအုပ်စိုးသူ၏ လက်အောက်၌ နိုင်ငံကာကွယ်သူဖြစ်သည့် ကျိုးထျန်းဟူသောလူ ရှိနေပုံရ၏။ ကျိုးထျန်း၏ လက်အောက်တွင် ဧကရာဇ်အဆင့် ပညာရှင် လေးဦးရှိပြီး ထိုလေးဦးအနက် တစ်ဦးမှာ သူ့ရှေ့တွင် ရပ်နေသည့်လူ ဖြစ်ပေသည်။
လက်ရှိအချိန်၌ ထိုလက်အောက်ငယ်သား လေးဦးသည် ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲသို့ ကပ်ဘေးကြယ်ဟူသော လူကို ဖမ်းဆီးရန်အတွက် ဝင်လာခဲ့ကြသည်။
သက်လတ်ပိုင်းလူကြီးသည် ကပ်ဘေးကြယ် ဖြစ်လျှင်ဖြစ် မဖြစ်လျှင် လူမှားပြီး ဖမ်းဆီးခံလိုက်ရသည့် သာမန်လူတစ်ဦးသာ ဖြစ်ပေမည်။
သက်လတ်ပိုင်းလူကြီး ပြောသွားသည့်ပုံကို ကြည့်ရသလောက် သူကိုယ်တိုင်သည်လည်း ကပ်ဘေးကြယ်ဆိုသည်မှာ မည်သည့်အရာကို ပြောချင်နေမှန်း မသိသည့်ပုံပင်။
ရန်ကိုင်သည်လည်း ကပ်ဘေးကြယ်အကြောင်းကို မသိချေ။ ပန်ချင်းနှင့် ကျန်သုံးဦးမှာလည်း ကပ်ဘေးကြယ်အကြောင်း မသိကြ။ ထို့ကြောင့် ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲသို့ ဝင်လာပြီးသည့်နောက် မြင်မြင်သမျှ လူတိုင်းကို စတင်ဖမ်းဆီးကြတော့လေ၏။ သူတို့နှင့်ပက်ပင်းတန်းတိုးသည့် လူမှန်သမျှ လွတ်ရိုးထုံးစံ မရှိခဲ့ချေ။
“တကယ်ကို ဆိုးလိုက်တဲ့ကံပါလားကွာ…” ရန်ကိုင်စိတ်ထဲ ကြိတ်၍ အော်ဆဲနေတော့လေသည်။
ကံကောင်းထောက်မ၍ ဤနေရာတွင် ကျင့်ကြံနိုင်ရန် အခွင့်အရေးတစ်ခု ရခဲ့သည်။ သို့သော်ငြား ကောင်းကောင်းမလေ့ကျင့်ရသေးခင်မှာပင် ဒေသခံတစ်ဦးနှင့် ပြဿနာလာဖြစ်ပေသည်။
ထိုပြဿာနာဖြစ်သည့်လူမှာလည်း သာမန်လူပင်မဟုတ်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့သည်။ ဆိုးလိုက်သည့် သူ့ကံကိုသာ ရန်ကိုင်အပြစ်တင်ရပေတော့မည်။
“မင်းက မဆိုးဘူးပဲကွ ကောင်လေးရ…” ရန်ကိုင့်အား ခဏမျှ စိုက်ကြည့်နေပြီးသည့်နောက်တွင် ပန်ချင်း ရုတ်တရက် ပြောလိုက်လေသည်။
“ခင်ဗျား ဘာပြောချင်တာလဲ…” ရန်ကိုင်က ပြန်မေးလိုက်သည်။
“ငါပြောချင်တာက မင်းငါ့ကို မနိုင်မှန်းသိလို့ ထွက်ပြေးဖို့ မကြိုးစားတာကို ပြောချင်တာ… မင်းက အခုလိုမျိုး လိမ္မာနေတယ်ဆိုမှတော့လည်း ငါက မင်းကို ဆိုးဆိုးရွားရွား ခံစားရအောင် မလုပ်တော့ဘူးပေါ့…”
ထို့နောက်တွင် ပန်ချင်းသည် ပို၍ အေးစက်သည့် လေသံဖြင့် “ဒါပေမဲ့ မင်းအတွက် ကောင်းတာကို မသိဘူးဆိုရင်တော့ မင်းလည်း သူ့လိုပဲ ဖြစ်သွားရလိမ့်မယ်…” ပြောပြီးသည့်နောက်တွင် ပန်ချင်းသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေသော သက်လတ်ပိုင်းလူကြီးကို ညွှန်ပြလိုက်လေသည်။
ရန်ကိုင်က မျက်မှောင်ကျုံ့လျက် ခဏမျှ တိတ်နေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ဆရာ…”
“ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူးတွေ ဘာတွေ ငါ့ကိုလာမပြောနဲ့…” ရန်ကိုင် ဘာပြောချင်နေသလဲဆိုသည်ကို သိသည့်အလား ပန်ချင်းက ဖြတ်ပြောလိုက်လေသည်။ “ငါက အမိန့်အရလုပ်နေတာ… မင်းသာ ကပ်ဘေးကြယ်မဟုတ်လို့ရှိရင် ဘာမှ မဖြစ်ဖို့ ရာခိုင်နှုန်းများတယ်… ဒါပေမဲ့ မင်းကိုယ်တိုင်က ကပ်ဘေးကြယ်ဆိုရင်တော့ မင်းရဲ့ ကံကိုပဲ အပြစ်တင်လိုက်ပေါ့…”
ပြောပြီးသည့်နောက်တွင် ရန်ကိုင့်အားစိုက်ကြည့်၍ မေးလိုက်လေသည်။ “မတိုက်ခိုက်ပဲ အညံ့ခံမှာလား… ဒါမှမဟုတ် ပြန်ပြီးခုခံဦးမှာလား… ငါမင်းကို ကြိုပြောထားလိုက်မယ်… ငါ့ကို တိုက်ခိုက်ဖို့ ရွေးမယ်ဆိုလို့ရှိရင်တော့ မင်းအကောင်းအတိုင်း ကျန်ဦးမယ်လို့ ငါအာမ မခံနိုင်ဘူးနော်…”
“ကျုပ်သိပြီ…” ရန်ကိုင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။ ထို့နောက် မျက်နှာကြီးမဲ့လျက် ပြန်မေးလိုက်လေ၏။ “ဂျူနီယာမေးချင်တာ တစ်ခုရှိတယ်…”
“ပြော…” ပန်ချင်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “အစောပိုင်းတုန်းက စီနီယာနဲ့ အဲ့ရောင်းရင်းပြောနေတာကို ကြားလိုက်တယ်… စီနီယာတို့အဖွဲ့မှာ စုစုပေါင်း လေးယောက်ရှိတယ်ဆိုပြီးတော့… အခု ကျန်တဲ့သုံးယောက်က…”
“သူတို့သုံးယောက်က သူတို့အဖွဲ့တွေ ကိုယ်စီကို ဦးဆောင်ပြီး ကပ်ဘေးကြယ်တွေကို လိုက်ရှာနေကြတာ… အခု ဒီနေရာကို တာဝန်ယူထားရတာက ငါပဲ… ကောင်းကင်မွန်းစတား ရိုးမတောင်တန်းတစ်ခုလုံးကို ချိတ်ပိတ်ထားလိုက်ပြီ… မင်းတို့ ဘယ်လိုမှ ပြေးလို့ လွတ်တော့မှာမဟုတ်ဘူး… ထွက်ပြေးဖို့ ကြိုးစားလဲ အပိုပဲ…”