အခန်း (၂၂၂၁-၂၂၂၅)
Vol. 89 Ch. 2216-2220
အပိုင်း (၂၂၂၁)
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ရင်ထိတ်သွားခဲ့လေ၏။
“အဲ့ဒါဆို စီနီယာ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကရော…” ရန်ကိုင်က ထပ်မေးလိုက်သည်။
“သူတို့ မကြာခင် ဒီကို ရောက်လာလိမ့်မယ်…” ပန်ချင်းက မျက်မှောင်ကျုံ့၍ စိတ်မရှည်ဟန်ဖြင့် “ငါက တစ်ယောက်တည်း လှုပ်ရှားရတာကို ကြိုက်တယ်…”
ထို့နောက်တွင် ရန်ကိုင့်အား မယုံသင်္ကာဖြင့် ကြည့်၍ “မင်းဘာလို့ အဲ့ဒါတွေ လာမေးနေတာလဲ…”
“ဘာမှမဟုတ်ပါဘူး…” ရန်ကိုင်က အသက်ပြင်းပြင်း ရှူသွင်းလျက် ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။ “ဂျူနီယာက နည်းနည်းပါးပါး နားလည်ထားချင်လို့ပါ…”
ပြောပြီးသည့်နောက်တွင် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ပန်ချင်းဆီသို့ ပြေးဝင်သွားလေ၏။
သူ သေချာစဉ်းစားပြီးသွားခဲ့လေပြီ။
ကောင်းကင်မွန်းစတား ရိုးမတောင်တန်းတစ်ခုလုံး ချိတ်ပိတ်ထားပြီး ခံရလေပြီ။ ပန်ချင်း၏ အပေါင်းအပါများ ဖြစ်ကြသော အခြားသော ဧကရာဇ်အဆင့် ပညာရှင်သုံးဦးမှာလည်း လူခွဲ၍ လိုက်ရှာနေကြ၏။
လက်ရှိအချိန်တွင် ပန်ချင်း၏ လက်အောက်ငယ်သားများမှာ ဤနေရာသို့ ရောက်မလာသေးသည့်အတွက်ကြောင့် သူ့အနေဖြင့် ပန်ချင်းအား တိုက်ခိုက်ခြင်းသည် အကောင်းဆုံးဖြစ်လေသည်။
ထွက်ပြေးခြင်းသည် ကောင်းမွန်သည့် နည်းလမ်းတစ်ခု မဟုတ်ချေ။
ပန်ချင်းသည် ကိုယ်ယောင်ဖျောက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ရာတွင် အလွန်ကျွမ်းကျင်သည့် လူတစ်ဦးဖြစ်သည်။
ရန်ကိုင်သာ ထွက်ပြေးရန် ကြိးစားမည်ဆိုပါက ရန်ကိုင့်အား ထွက်မပြေးနိုင်စေရန် တားဆီးနိုင်သည့် နည်းလမ်းတစ်ခုခု သူ့တွင် ရှိနေပေလိမ့်မည်။
ရန်ကိုင် ထွက်ပြေးနိုင်မည် ဆိုလျှင်ပင် သူမရင်းနှီးသော ဤ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းကြီးထဲ မည်သည့်နေရာသို့ ထွက်ပြေးရမည်နည်း။
ကံမကောင်း အကြောင်းမလှခဲ့ပါက ပန်ချင်း၏ အဖော်များနှင့် သွားတိုးနိုင်ပေသည်။ ထိုသို့ဖြစ်လာသည့်အခါ သူ့တွင် လုံးဝ မျှော်လင့်ချက် ရှိတော့လိမ့်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့်ပင်လျှင် ပန်ချင်းတစ်ယောက်တည်း ရှိနေတုန်း တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်လေသည်။ ဤသို့ဆိုလျှင် မနိုင်ပါကလည်း ထွက်ပြေးနိုင်၏။ နိုင်သွားခဲ့မည်ဆိုလျှင်တော့ ထွက်ပြေးစရာ လိုတော့လိမ့်မည် မဟုတ်ချေ။
“ဟမ်…” ပန်ချင်း မျက်ခုံးပင့်သွားခဲ့လေ၏။ ရန်ကိုင် ဤမျှ ရဲတင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်ငြား ပန်ချင်း၏ ဖိအားအောက်တွင်ပင်လျှင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သော စွမ်းအားအား ပိုင်ဆိုင်ထားသည်ကို ကြည့်လျှင် ဤကောင်လေး တဇွတ်ထိုးလုပ်နေခြင်း မဟုတ်လောက်။
ရန်ကိုင်သည် သူ့လက်ထဲသို့ ရောက်နေသည့် သားကောင်တစ်ကောင် ဖြစ်သည်ဟုသာ ပန်ချင်း ထင်ခဲ့လေသည်။ သူတို့ကြားရှိ စွမ်းအားကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားသည်ပင် မဟုတ်လေလော။
ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး၏ ဖိအားအောက်တွင် မည်သည့် တာအိုသခင်အဆင့် ကျင့်ကြံသူမှ လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ချေ။ သက်လတ်ပိုင်းလူကြီး တစ်ချက်ကလေးပင် မထနိုင်တော့ပဲ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေရခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်လေသည်။
ရန်ကိုင့်၏ ဝိဉာဉ်သည် သက်လတ်ပိုင်းလူကြီးထက် အနည်းငယ် ပိုအားကောင်းပြီး ဧကရာဇ်အဆင့်သို့ ရောက်ခါနီး ဖြစ်နေသော်ငြား ပန်ချင်း၏အမြင်တွင် ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးနှင့် အတူတူသာ ဖြစ်လေသည်။ နှစ်ဦးစလုံးမှာ တာအိုသခင် တတိယအဆင့်များ ဖြစ်ကြသည်။
ရန်ကိုင်၏ ဝိဉာဉ် မည်မျှပင် အားကောင်းနေစေကာမူ ဧကရာဇ်အဆင့်သို့ မရောက်သေးသရွေ့ သူ့အနေဖြင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးအား မည်သို့မျှ ပြန်လည်တွန်းလှန်နိုင်လိမ့်မည် မဟုတ်ချေ။
သူ ထုတ်လွှတ်နေသည့် ဖိအားအောက်တွင် ရန်ကိုင် လက်တစ်ချောင်းပင် လှုပ်နိုင်လိမ့်မည် မဟုတ်ဟု ပန်ချင်း တွေးခဲ့သည်။ သို့သော်ငြား တကယ့်တကယ်တွင်တော့ ရန်ကိုင်သည် ပန်ချင်း၏ အရှိန်အဝါအား အနည်းငယ်မျှပင် မခံစားနေရသည့်အလား လေအလျင်တမျှ လှုပ်ရှားနေခဲ့လေသည်။
ထို့အတွက်ကြောင့် ပန်ချင်းမှာ အတော်လေးကို အံ့အားသင့်သွားခဲ့ရပြီး ရှက်ရှက်ဖြင့်လည်း ဒေါသထွက်မိသွားခဲ့သည်။ အေးစက်စက် အမူအယာဖြင့် မူလရပ်နေသည့် နေရာတွင်သာ ဆက်ရပ်နေလိုက်လေသည်။
ထို့နောက် သူထုတ်လွှတ်နေသည့် ဖိအားကို ထပ်မံတိုးမြှင့်၍ ရန်ကိုင့်တစ်ကိုယ်လုံးအား လွှမ်းခြုံလိုက်လေ၏။
“အာ…” ပန်ချင်းဆီသို့ ပြေးဝင်လာနေသော ရန်ကိုင်သည် တစ်စုံတစ်ခု၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့်အလား လေထဲတွင် ရုတ်တရက် တန့်သွားခဲ့ကာ တစ်ချက်ငြီးတွားလိုက်လေသည်။
“မင်းက သတ္တိရှိပေမဲ့ မင်းပုံစံက သတ္တိရှိတာမဟုတ်တော့ဘူး… ရူးမိုက်တာ ဖြစ်သွားပြီ…” ပန်ချင်းသည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်၍ ပြောလိုက်လေ၏။
“စီနီယာ အခြားသူတွေကို အဲ့လောက်ကြီး အထင်မသေးစမ်းပါနဲ့…” ရန်ကိုင်သည် မာန်သွင်းအော်ဟစ်၍ စိတ်စွမ်းအင်ကို အစွမ်းကုန် လည်ပတ်ကာ သူ့တစ်ကိုယ်လုံးအား မီးတောက်များဖြင့် လွှမ်းခြုံပစ်လိုက်လေသည်။
ထိုမီးတောက်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်အပူချိန်မှာ သိသိသာသာကို မြင့်တက်လာခဲ့ပြီး အနီးတစ်ဝိုက်တွင် ရှိနေသော သစ်ပင်စိမ်းများဟာလည်း ညှိုးလျော် ခြောက်သွေ့ကုန်ကြလေသည်။
“တေဇောဓာတ် အရှိန်အဝါ…” ထိုအချင်းအရာကို မြင်ပြီးနောက် ပန်ချင်း မျက်လုံးပြူးသွားခဲ့လေ၏။
တေဇောဓာတ်အသိစိတ်ပင်လယ်များသည် အလွန်တရာကိုမှ ရှားပါးလှပေသည်။ သို့သော်ငြား ထိုကဲ့သို့သော ထူးခြားသည့် အသိစိတ်ပင်လယ်များတွင် အလွန်ကိုမှ ကြီးမားသည့် စွမ်းအားများ ရှိနေကြသည်။ အထူးသဖြင့် အလွန်ကိုမှ အဖျက်စွမ်းအား ပြင်းထန်လှသော တေဇောဓာတ် အသိစိတ်ပင်လယ်မျိုးပင်။
“ခရက် ခရက် ခရက်…”
လေထဲ အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ တေဇောဓာတ် အရှိန်အဝါအောက်တွင် ပန်ချင်းမှ ထုတ်လွှတ်နေသည့် ဧကရာဇ်ဖိအားမှာလည်း တစ်စစီ ပျက်စီးကုန်လေသည်။
တေဇောဓာတ်အသိစိတ်ပင်လယ်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်ခံစားနေရသည့် ဖိအားသည် သိသိသာသာကို လျော့ကျသွားခဲ့လေ၏။
ထို့နောက်တွင် မီးတောက်တစ်ခုအသွင်သို့ ပြောင်းလျက် ပန်ချင်းဆီသို့ ခုန်ဝင်သွားကာ လက်သီးကို တင်းတင်းဆုပ်၍ ထိုးချလိုက်လေသည်။
“မင်းဒီလောက် မောက်မာနေတာလဲ အံ့ဩစရာ မရှိတော့ပါဘူးလေ… မင်းမှာ အရည်အချင်း နည်းနည်းပါးပါး ရှိနေတာကိုး…” ပန်ချင်းသည် အနည်းငယ်မျှပင် ထိတ်လန့်သွားခြင်း မရှိပဲ တည်တည်ငြိမ်ငြိမ်ဖြင့် စကားပြန်ပြောလိုက်ပြီးသည့်နောက် မြေပြင်အား ခြေတစ်ချက်ဆောင့်ကာ နောက်သို့ ခုန်ဆုတ်သွားလေသည်။
ပန်ချင်းသည် ဟင်းလင်းပြင်အား ခုန်ကျော်သွားသည့်အလား နောက်သို့ ခြေတစ်ချက် ခုန်ဆုတ်သွားပြီး ပြန်ပေါ်လာသည့်အခါ၌ ရန်ကိုင်နှင့် မီတာတစ်ရာအကွာအဝေးသို့ ရောက်နေခဲ့လေသည်။
ရန်ကိုင်၏ လက်သီးချက်သည် ပန်ချင်းအား မထိပဲ လေကိုသာ ထိမှန်သွားတော့လေ၏။
“အဆင့်တူအတွင်းမှာသာဆိုရင်တော့ ဒီလောကကြီးမှာ မင်းကို အနိုင်ယူနိုင်တဲ့လူ ရှားနေဦးမှာ…” ပန်ချင်းက အေးစက်စက် လေသံဖြင့် ရယ်မောလျက် “ဒါပေမဲ့ ငါက ဧကရာဇ်အဆင့်ဆိုတာကို မင်း မေ့နေတာလား… မင်းနဲ့ငါ့ကြားမှာ အဆင့်ကြီးတစ်ဆင့် ခြားနေတုန်းပဲကွ…”
ပန်ချင်းမှ ထိုကဲ့သို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် သူ့ဆီမှ ဖြာထွက်နေသည့် ဖိအားမှာ ပို၍ အားကောင်းလာခဲ့လေသည်။
သူ့ကိုယ်ပေါ်သို့ တောင်တစ်လုံး ပြိုကျလာသည့်အလား ရန်ကိုင့်ကိုယ်ပေါ်ရှိ မီးတောက်များမှာလည်း စတင်၍ မှိတ်တုတ် မှိတ်တုတ် ဖြစ်လာခဲ့လေ၏။
အလွန်လေးလံလှသော ဖိအားအောက်တွင် ရန်ကိုင့်တစ်ကိုယ်လုံး နာကျင်လာခဲ့လေသည်။ ခြေကို ပြင်းပြင်းဆောင့်ရင်း ခံစားနေရသည့် ဖိအားကို လျစ်လျူရှုလျက် ရန်ကိုင်သည် ပန်ချင်းဆီသို့ နောက်တစ်ကြိမ် ပြေးဝင်သွားခဲ့လေသည်။
“မင်း သေချင်နေတာလား ကောင်လေး…” ပန်ချင်း၏ အမူအယာသည် စတင်၍ လေးနက်တည်ကြည်လာတော့လေသည်။
အကြောင်းမှာ ရန်ကိုင်သည် သူ့ခန္ဓာကိုယ် ဒဏ်ရာရမည်ကိုပင်လျှင် ဂရုစိုက်မနေတော့ပဲ ပန်ချင်း၏ ဖိအားအောက်မှ အတင်းအကြပ် ရုန်းထွက်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ဤကဲ့သို့ လုပ်ခြင်းသည် မိမိ၏ ခန္ဓာကိုယ်အား ထိခိုက်စေရုံသာမက အခန့်မသင့်လျှင် ဝိဉာဉ်ကိုယ်ပါ ပျက်စီးသွားစေနိုင်ပေသည်။
သို့ရာတွင် ရန်ကိုင်ကမူ ထိုကိစ္စများကို ဂရုစိုက်မနေသည့်အလား သူ့အသက်ကို ပန်ချင်းအသက်နှင့် လဲလှယ်ချင်နေသည့်နှယ် ပန်ချင်းဆီသို့သာ တဟုန်ထိုး ပြေးဝင်လာနေခဲ့သည်။
ဤကဲ့သို့သော အရူးတစ်ယောက်ကို ပန်ချင်း တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
“မင်းကိုယ်တိုင်က အမှန်ကို မမြင်နိုင်ဘူးဆိုမှတော့လည်း ငါက မင်းမြင်နိုင်သွားအောင် ကူညီပေးရမှာပေါ့…” ပန်ချင်းမှာ ဒေါသထွက်လာခဲ့ပြီး သူ့လက်အား ရှေ့သို့ ဆန့်ထုတ်လိုက်လေသည်။
အားကောင်းသော စွမ်းအားတစ်ရပ်သည် သူ့လက်ဝါးထက်မှ ပေါက်ကွဲထွက်လာခဲ့ပြီး စွမ်းအင်လှိုင်းတစ်ခုအလား ရန်ကိုင့်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။
“ဖုန်း…”
ရန်ကိုင်၏ ခန္ဓာကိုယ် နောက်သို့ လွင့်စင် ထွက်သွားခဲ့ကာ ချောင်းတစ်ချက် ထိုးဆိုးလိုက်ရလေသည်။ သူ့ကိုယ်ပေါ်၌ လောင်မြိုက်နေသော မီးတောက်များမှာလည်း သိသိသာသာကို မှိန်ကျသွားခဲ့လေသည်။ ပန်ချင်း၏ တိုက်ကွက်ကြောင့် ရန်ကိုင် အမှန်တကယ်ကို ဒဏ်ရာရသွားခဲ့လေပြီ။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ သာမန်ကာလျှံကာ တိုက်ကွက်တစ်ခုသည်ပင်လျှင် အထင်သေးဝံ့သည့် တိုက်ကွက်မျိုးမဟုတ်။
သို့သော်ငြား ရန်ကိုင်ကမူ သူ့ဒဏ်ရာနှင့် ပတ်သက်၍ အရမ်းကြီး စိတ်ပူမနေခဲ့ပေ။ သူ့တွင် ဝိဉာဉ်ကြာပန်း ရှိနေသည် မဟုတ်ပေလော။
အခြားတစ်ယောက်သာဆိုပါက ဤကဲ့သို့သော ဒဏ်ရာကို ရသွားခဲ့လျှင် ပြန်ဆုတ်ကာ ဒဏ်ရာကို ကုသနိုင်ရန်သာ ကြိုးစားပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင်မှာမူ ထိုကဲ့သို့ လုပ်စရာ မလိုပေ။ သူ့ဝိဉာဉ် မပျက်စီးသေးသရွေ့ ရလာသည့် ဒဏ်ရာမှန်သမျှကို ဝိဉာဉ်ကြာပန်းမှ ကုသပေးပေလိမ့်မည်။
ထို့အတွက်ကြောင့် အရူးတစ်ယောက်နှယ် ရန်ကိုင်ပြုမူနေခြင်းသာ ဖြစ်လေသည်။
ရန်ကိုင် မြေပြင်မှ ခုန်ထလာပြီးချိန် ပန်ချင်းသည် မူလရပ်နေရာတွင် ရှိမနေတော့ကြောင်း တွေ့လိုက်ရလေ၏။ ထို့နောက်တွင် ချက်ချင်းဆိုသလို ရန်ကိုင့်၏ ဘေးဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
“အခု မင်းနားလည်သွားပြီလား…” ပန်ချင်းသည် အစောပိုင်းက သက်လတ်ပိုင်းလူကြီး၏ ရင်ဘတ်အား ထိုးစိုက်ခဲ့သော စိတ်စွမ်းအင်ဓါးမြှောင်ကို လက်တွင် ကိုင်စွဲလျက် ရန်ကိုင့်ရင်ဘက်တည့်တည့်သို့ ထိုးစိုက်လာခဲ့လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်တွင် ရန်ကိုင့်၏ နှုတ်ခမ်း ကွေးတက်သွားခဲ့သည်။ ချက်ချင်းဆိုသလို ရန်ကိုင့်ခန္ဓာကိုယ်ပတ်လည်တွင် ခရမ်းရောင်အကာအရံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
“ခွမ်…”
အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့၏။ ပန်ချင်း၏ တိုက်ကွက်သည် ခရမ်းရောင်အလင်းအား တမုဟုတ်ချည်း ပျက်စီးသွားစေခဲ့လေသည်။ ပန်ချင်း၏ တိုက်ကွက်ကြောင့် ရန်ကိုင့်၏ ဝိဉာဉ်အမျိုးအစား မှော်ရတနာမှာ သိသိသာသာကို ထိခိုက်သွားခဲ့ရလေပြီ။
ရန်ကိုင့်အနေဖြင့် ဤမှော်ရတနာအား နောက်တစ်ကြိမ် ပြန်လည်အသုံးပြုလိုပါက စိတ်စွမ်းအင်ဖြင့် သေသေချာချာ ပြန်လည်ကုစားပေးရန် လိုအပ်လာခဲ့လေပြီ။
သို့သော်ငြား ဤမျှလောက်နှင့်ပင် လုံလောက်သွားခဲ့လေပြီ။
“ဘာကြီးလဲ…” ပန်ချင်းမှာ အလွန်ကိုမှ အံ့အားသင့်နေခဲ့သည်။ သူသည် ကောင်းကင်တက်လှမ်းခြင်း နိုင်ငံတော်၏ ဒုဗိုလ်ချုပ်လေးဦးအနက်မှ တစ်ဦးဖြစ်သော်ငြား ဤကဲ့သို့သော ဝိဉာဉ်အမျိုးအစား မှော်ရတနာမျိုးကို တစ်ခါမှ မမြင်ဖူးချေ။
ထို့အတွက်ကြောင့် ရန်ကိုင့်၏ ခန္ဓာကိုယ်တစ်ဝိုက် ခရမ်းနေခြည်ဒိုင်းကာမှ ဖန်တီးပေးထားသော ခရမ်းရောင်အလင်း ပေါ်လာသည်ကို မြင်သည့်အခါ အံ့အားသင့်သွားခဲ့ခြင်းပင် ဖြစ်လေသည်။
ဘာတွေ ဖြစ်လို့ ဖြစ်နေမှန်း မသိသေးခင်မှာပင် တဝီဝီမြည်သံများကို ကြားလိုက်ရလေသည်။ ထိုအသံများကို ကြားလိုက်သည်နှင့် ပန်ချင်း၏ ဝိဉာဉ်သည်ပါ ဆိုးဆိုးရွားရွား တုန်ခါလာခဲ့ပြီး သူ့ရင်ထဲ အသည်းထဲ ကြောက်ရွံ့စိတ်တို့ ဘာကြောင့်မှန်းမသိ အလိုလို ထွက်ပေါ်လာခဲ့လေသည်။
ပန်ချင်းသည် မျက်လုံးအပြူးသားဖြင့် ရန်ကိုင့်၏ လက်ဆီသို့ လှမ်းကြည့်လိုက်လေ၏။
ရန်ကိုင့်၏ လက်ထဲတွင် ဘယ်အချိန်ကမှန်းမသိ ဓါးတစ်ချောင်းရောက်နေသည်ကို တွေ့လိုက်ရသည်။ ထိုဓါးမှာ သာမန်ဓါးတစ်ချောင်းမျှသာ ဖြစ်သည်။ သို့သော်ငြား ဘာကြောင့်မှန်းမသိ ထိုဓါးအား ပန်ချင်း အလွန်ကိုမှ ကြောက်ရွံ့နေမိလေသည်။
ဓါးဆီမှ ထွက်ပေါ်လာနေသော တဝီဝီမြည်သံသည် ပန်ချင်း၏ ဝိဉာဉ်အား ဆိုးဆိုးရွားရွားကို တုန်လှုပ်နေစေခဲ့သည်။ ထိုဓါးတစ်ဝိုက်တွင် ရစ်သိုင်းနေသော အလင်းများမှာ သူ့ဝိဉာဉ်အား စုပ်ယူဝါးမျိုပစ်နိုင်သည့်အလား။
အခြေအနေမကောင်းတော့မှန်း သိလိုက်သည့်နောက်တွင် ပန်ချင်းသည် အလျင်စလို ပြန်ဆုတ်ရန် ကြိုးစားလေတော့သည်။
သို့သော်ငြား ယခုမှ နောက်ဆုတ်ဖို့ရာ နောက်ကျလွန်းနေခဲ့လေပြီ။ သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ရုတ်ချည်း အေးခဲသွားခဲ့လေ၏။ ရန်ကိုင်မှ လေဟာနယ် နိယာမစွမ်းအားများကို ထုတ်သုံးလိုက်ခြင်းပင် ဖြစ်လေသည်။
လက်ရှိတွင် ရန်ကိုင်သည် နာမ်ဝိဉာဉ်ဖြင့် ရှိနေခြင်းဖြစ်သည်။ သူ၏ ရုပ်ခန္ဓာ ရှိမနေသည့်အတွက်ကြောင့် ပုံမှန်အသုံးပြုနေကြဖြစ်သော မှော်ရတနာများ၊ ကျင့်စဉ်များကို အသုံးမပြုနိုင်တော့ချေ။
သို့သော်ငြား သူ၏ နားလည်မှုကို အသုံးချ၍ နိယာမစွမ်းအားများကိုတော့ ထိန်းချုပ်နိုင်ပေသေးသည်။
ကံမကောင်းစွာဖြင့် လဓါးသွား ဝဲကတော့ ကျင့်စဉ်များကိုတော့ အသုံးမပြုနိုင်တော့ချေ။ ထိုကျင့်စဉ်များကို အသုံးပြုနိုင်ရန်အတွက် စိတ်စွမ်းအင်ကိုသာလျှင် မဟုတ်ဘဲ အရင်းအမြစ်ချီကိုလည်း လိုအပ်ပေသည်။ ထိုစွမ်းအင်နှစ်မျိုးအနက် တစ်မျိုးသာ ရှိမနေပါက ထိုကျင့်စဉ်များကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။
ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲမှ မွန်းစတားများနှင့် တိုက်ခိုက်စဉ်ကတည်းက ထိုအချက်ကို ရန်ကိုင် စမ်းကြည့်ခဲ့ခြင်း ဖြစ်သည်။ ထိုပညာရပ်များကို အသုံးပြုနိုင်ရန်အတွက် သူ၏ ရုပ်ခန္ဓာကို လိုအပ်သော်ငြား နိယာစွမ်းအားကို ထိန်းချုပ်ဖို့ရာမူ သူ့ဝိဉာဉ်စွမ်းအားကိုသာ လိုအပ်ပေသည်။
ဟင်းလင်းပြင် နိယာမစွမ်းအားကို ထုတ်သုံးလိုက်သည့် အခိုက်တွင် ပန်ချင်းကဲ့သို့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ယာယီ မလှုပ်ရှားနိုင် ဖြစ်သွားပေလိမ့်မည်။
ပန်ချင်း၏ ခန္ဓာကိုယ် ရုတ်တရက် အေးခဲသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ရက်စက်ကြမ်းကြုတ်စွာ ပြုံးရင်း သူ့ဓါးဖြင့် ပိုင်းချလိုက်လေသည်။
“စီနီယာတော့ သတိထားမိလား မသိဘူး… စီနီယာမှာ အကျင့်တစ်ခု ရှိတယ်… စီနီယာ့ရန်သူရဲ့ ညာဘက်မှာ အမြဲပေါ်လာပြီး နှလုံးတည့်တည့်ကို တိုက်ခိုက်တာပဲ… ဒါက အကျင့်လား ဒါမှမဟုတ် စီနီယာက ကိုယ်ဘယ်လောက် အားကောင်းလဲဆိုတာကို အခြားသူတွေကို ပြချင်လို့လားတော့ ဂျူနီယာလည်း မပြောတတ်ဘူး…”
လှောင်ပြောင်ရိပ်တို့ဖြင့် ပြည့်နှက်နေသော ရန်ကိုင့်၏အသံသည် ပန်ချင်း၏နားထဲ ပဲ့တင်ထပ်သွားခဲ့သည်။ ပန်ချင်းမှာမူ ရန်ကိုင်၏ လှောင်ပြောင်စကားကို ဂရုစိုက်နေရန် အချိန်မရှိပေ။ ထိုဓါး သူတည့်တည့်သို့ ပိုင်းချလာနေသည်ကို မြင်သည့်အခါ သေခြင်းတရားနှင့် နီးကပ်လာသလို သူ့စိတ်ထဲ ခံစားလိုက်ရလေသည်။
“နဂါးချိတ်စည်း…” ပန်ချင်းသည် ကျယ်လောင်စွာ အော်ဟစ်ရင်း သူ့ကိုယ်ထဲရှိ စိတ်စွမ်းအင်များကို အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို သူ့ပတ်ပတ်လည်တွင် အလင်းအကာအရံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ဤသည်မှာ အားကောင်းသော ဝိဉာဉ်ပညာရပ်တစ်ခုသာ ဖြစ်လေသည်။
ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲရှိ ကျင့်ကြံသူများသည် ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်း မရှိကြသလို မှော်ရတနာများကိုလည်း အသုံးမပြုနိုင်ကြသဖြင့် သူတို့၏ ဝိဉာဉ်ကို အားကောင်းအောင် လုပ်ရင်းဖြင့်သာ ဝိဉာဉ်ပညာရပ်များကို ကျင့်ကြံရတော့သည်။
ဤအကြောင်းကြောင့်ပင်လျှင် ဤလောကကြီးထဲရှိ ကျင့်ကြံသူများသည် ဝိဉာဉ်ပညာရပ်များကို အသုံးချရာ၌ ပြင်ပလောကကြီးမှ ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုတော်နေခြင်းပင် ဖြစ်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၂၂)
နဂါးချိတ်စည်းသည် ပန်ချင်းကိုယ်တိုင် တီထွင်ထားသော အကာအကွယ် အမျိုးအစား ဝိဉာဉ်ပညာရပ်တစ်ခု ဖြစ်ပေသည်။
ဧကရာဇ်အဆင့်သို့ ရောက်ပြီးချိန်မှစ၍ ပန်ချင်းအနေဖြင့် ဤပညာရပ်အား သုံးကြိမ်သာ ထုတ်သုံးဖူးခဲ့သည်။ ထိုသုံးကြိမ်စလုံးသည် ဧကရာဇ်အဆင့် ပညာရှင်များနှင့် တိုက်ခိုက်နေရချိန်တွင် ဖြစ်လေသည်။
သို့သော်ငြား ယခုမူ ဤပညာရပ်အား တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရချိန် ထုတ်သုံးလိုက်ရသည်။ သူသာ ဤပညာရပ်ကို ထုတ်မသုံးပါက ကျိန်းသေ သေရလိမ့်မည်ဟု သူ့မသိစိတ်က ပြောနေသည်။ ထို့ကြောင့်ပင် ချက်ချင်း ထုတ်သုံးလိုက်ခြင်း ဖြစ်လေသည်။
နဂါးအရိပ်တစ်ခု ထွက်ပေါ်လာပြီး ပန်ချင်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်းတွင် ဒိုင်းကာတစ်ခုနှင့်ဆင်တူသော အလင်းအကာအရံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုဒိုင်းကာပေါ်တွင် မှိန်ဖျဖျ နဂါးအရိပ်များ ရှိနေခဲ့လေသည်။
ထိုပညာရပ်ကို ထုတ်သုံးပြီးသည့် အခါမှသာ ပန်ချင်းစိတ်ထဲ အနည်းငယ် သက်သာရာ ရသွားခဲ့သည်။ သို့သော်ငြား ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ အားကုန်တိုက်ကွက်ကိုပင်လျှင် ခုခံနိုင်ခဲ့သော ပန်ချင်း၏ သိုင်းပညာရပ်သည် ရိုးရှင်းလှသော ရန်ကိုင့်၏ ဓါးချက်နှင့် အတွေ့တွင် တို့ဟူးတုံးတစ်တုံးနှယ် အလွယ်တကူပြတ်တောက် သွားခဲ့ရလေသည်။
ရန်ကိုင့်၏ဓါးချက်သည် ပန်ချင်း ဖန်တီးထားသည့် အကာအကွယ်ကို ပိုင်းဖြတ်ပြီးသည့်နောက် ပန်ချင်းတည့်တည့်သို့ အဆီးအတားမရှိ ဆက်လက် တိုးဝင်လာခဲ့လေသည်။
ပန်ချင်း၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အနည်းငယ်လေးမျှပင် တုံ့ဆိုင်းမနေရဲတော့ပဲ စိတ်စွမ်းအင်အား အရူးအမူး လှည့်ပတ်ရင်း ပေါက်ကွဲထွက်လာသည့် စွမ်းအင်ကိုသုံးလျက် နောက်သို့ အလျင်အမြန် ခုန်ဆုတ်သွားခဲ့လေသည်။
“ခရက်…”
ပန်ချင်းမှ သူ့စိတ်စွမ်းအင်များကို အားကုန်သုံး လှည့်ပတ်ပစ်လိုက်သည့်အတွက်ကြောင့် ရန်ကိုင့်၏ လေဟာနယ်နိယာမ စွမ်းအားများမှာလည်း ပျက်စီးကုန်တော့လေသည်။
သို့တိုင် ပန်ချင်းမှာမူ ရန်ကိုင့်၏ တိုက်ကွက်အား အပြည့်အဝ မရှောင်တိမ်းနိုင်ခဲ့ပဲ ပွတ်ကာသီကာလေး ထိမှန်သွားခဲ့ရသေးသည်။
လက်ရှိအချိန်တွင် ပန်ချင်း၏ ပုခုံးဆီမှနေ၍ ဝမ်းဗိုက်နေရာအထိတွင် ဧရာမ ဓါးချက်ကြီးတစ်ချက် ရှိနေခဲ့သည်။ ထိုဓါးချက်သည် သူ့လက်တစ်ချောင်းလုံးကို ဖြတ်တောက်ပစ်သွားခါနီးပင်။ ထိုဒဏ်ရာဆီမှ မည်သည့်သွေးမှ ထွက်လာမနေခဲ့သလို သူ့ခန္ဓာကိုယ် ထိခိုက်သွားသည့် အရိပ်အယောင်ကိုလည်း မမြင်ရချေ။ ပန်ချင်း၏ ခန္ဓာကိုယ်ထဲ အရိုးများကိုပင်လျှင် မတွေ့ရ။
သို့သော်ငြား သန့်စင်လှသည့် စိတ်စွမ်းအင်များမှာမူ ထိုဒဏ်ရာမှနေ၍ အပြင်ဘက်သို့ တဖြည်းဖြည်း စိမ့်ထွက်နေခဲ့လေသည်။
“နှမြောစရာပဲကွာ…” ရန်ကိုင်သည် ပန်ချင်းအား ကြည့်ရင်း နှမြောတသဖြင့် ရေရွတ်လိုက်လေသည်။ အစောပိုင်းက ရန်ကိုင် မဆင်မခြင် ပန်ချင်းဆီသို့ ပြေးဝင်သွားနေရခြင်းမှာ ပန်ချင်းအား သတိလက်လွတ်ဖြစ်အောင် လုပ်၍ သူ၏ သေကွင်းသေကွက်နေရာအား တိုက်ခိုက်နိုင်ရန်အတွက်သာ ဖြစ်လေသည်။
ရန်ကိုင်၏ အစီအစဉ်မှာလည်း အောင်မြင်လုနီးပါး ဖြစ်ခဲ့သည်။ ရန်ကိုင် မဆင်မခြင် လှုပ်ရှားနေသည်ကို မြင်ပြီးသည့်နောက်တွင် ပန်ချင်းသည် ရန်ကိုင့်အား အထင်သေးကာ ရန်ကိုင့်အနားသို့ လာရောက် တိုက်ခိုက်ခဲ့လေသည်။
ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်မှာ အကောင်းမွန်ဆုံးသော တန်ပြန်တိုက်ကွက်နှင့် တိုက်ခိုက်နိုင်ခဲ့သည်။
သို့သော်ငြား ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှာတော့ ဧကရာဇ်အဆင့် ဖြစ်နေသေးဆဲပင်။ သေရေးရှင်ရေးအခြေအနေနှင့် ကြုံလာရသော် ပန်ချင်း၏ တုံ့ပြန်နိုင်စွမ်းသည် အလွန်တရာကိုမှ မြန်ဆန်လှသည်။ သူနှင့် ရန်ကိုင်ကြား အကွာအဝေးမှာ အလွန်ကိုမှ နီးနေသော်ငြား အချိန်မီ ရှောင်တိမ်းသွားနိုင်ခဲ့သေး၏။
ဆိုးဆိုးရွားရွား ထိခိုက်သွားသော ပန်ချင်းမှာမူ ရန်ကိုင့်လက်ထဲရှိ ဓါးအား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏။ “အဲ့ဒါ ဘာကြီးလဲ…”
“ဝိဉာဉ်ခွဲဆေဘာဓါးလေ…” ရန်ကိုင်သည် ညစ်ကျယ်ကျယ်ပြုံးလျက် ဓါးအား တစ်ချက်နှစ်ချက်မျှ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ဓါးဖြင့် ပန်ချင်းအား ချိန်ရွယ်၍ “ဒီဓါးက အသားကိုမခုတ်ဘူး… ဝိဉာဉ်ကိုပဲခုတ်တာ…”
ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲသို့ ဝင်လာသည့်အခါတွင် ရန်ကိုင်နှင့်အတူ အဖိုးတန်ရတနာသုံးခု ပါလာခဲ့သည်။
ပထမတစ်ခုမှာ ခရမ်းနေခြည်ဒိုင်းကာ ဖြစ်ပေသည်။ ဒုတိယတစ်ခုမှာတော့ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းဖြစ်ပြီး တတိယတစ်ခုမှာမူ ဤဝိဉာဉ်ခွဲဆေဘာဓါးသာ ဖြစ်လေသည်။
ဆေဘာဓါးကို အင်းစက်ဧကရာဇ်ဆီမှ ရရှိခဲ့ခြင်း ဖြစ်လေသည်။ အရိပ်ကြယ်တွင် ရှိစဉ်က အင်းစက်ဧကရာဇ်ကြောင့် လူတိုင်း ဒုက္ခများစွာ ရောက်ခဲ့ရလေသည်။ သို့သော်ငြား ရန်ကိုင်မှ အင်းစက်ဧကရာဇ်အား သတ်ပစ်ပြီးသည့်နောက်တွင် အင်းစက်ဧကရာဇ်၏ အဖိုးတန်ရတနာနှစ်ခုဖြစ်သော အင်းစက်လက်ကောက်နှင့် ဝိဉာဉ်ခွဲဆေဘာဓါးတို့မှာ ရန်ကိုင်၏ အပိုင်များ ဖြစ်လာကြလေ၏။
အင်းစက်လက်ကောက်သည် အမျိုးမျိုးသော အင်းစက်များအပေါ် ဖိနှိပ်နိုင်စွမ်း ရှိပေသည်။ ထိုအင်းစက်လက်ကောက်ကြောင့်ပင်လျှင် ရန်ကိုင်သည် သေဘေးမှ အကြိမ်ပေါင်းများစွာ လွတ်မြောက်ခဲ့ရသည်။
ဝိဉာဉ်ခွဲဆေဘာဓါးမှာတော့ ရန်ကိုင် အလွန်ကိုမှ အသုံးပြုခဲသည့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် ဤဓါးအား အပြည့်အဝပင် မသန့်စင်ရသေးချေ။ ထို့အတွက်ကြောင့် ကောင်းကင်တက်လှမ်းခြင်းလောကထဲသို့ ဝင်လာသည့်အခါ သူ၏ နာမ်ဝိဉာဉ်နှင့်အတူ ဤဝိဉာဉ်ခွဲဆေဘာဓါးပါ ပါလာကြောင်း သိလိုက်ရသည့်နောက် ရန်ကိုင် အလွန်ကိုမှ အံ့အားသင့်သွားခဲ့ရခြင်းပင်ဖြစ်လေသည်။
သူ့အနေဖြင့် ဤဧကရာဇ်အဆင့် မှော်ရတနာအား မသန့်စင်ရသေးသော်ငြား ဤမှော်ရတနာသည် ဝိဉာဉ်များအပေါ် အလွန်အကျူး သက်ရောက်မှုရှိသည် ဆိုသည်မှာတော့ ငြင်း၍မရသည့် အချက်တစ်ချက် ဖြစ်ပေသည်။
ဆေဘာဓါး၏ အကူအညီဖြင့် ရန်ကိုင်သည် ပန်ချင်းကဲ့သို့သော လူမျိုးကိုပင်လျှင် တစ်ချက်တည်းဖြင့် ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်နိုင်ခဲ့သည်။
သူသာ ဤဓါးကို အပြည့်အဝ သန့်စင်ထားနိုင်မည်ဆိုပါက ဤကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲ၌ ပန်ချင်းကိုသတ်ဖို့ရာ အလွန်ကိုမှ လွယ်ကူသွားပေလိမ့်မည်။
ယနေ့ အဖြစ်အပျက်ပြီးနောက် ရန်ကိုင် သင်ခန်းစာ ကောင်းကောင်း ရသွားခဲ့လေပြီ။ အပြင်လောကကြီးသို့ ပြန်ရောက်သည့်အခါ သူပိုင်ဆိုင်ထားသည့် ဧကရာဇ်အဆင့် မှော်ရတနာအားလုံးကို အချိန်ပေးကာ သန့်စင်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
ယခင်က သူ့တွင် ရှိနေသော ဧကရာဇ်အဆင့် မှော်ရတနာများအား မသန့်စင်ခဲ့ရခြင်းမှာ သူကိုယ်တိုင်က လုံလောက်အောင် အားမကောင်းသေးသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ယခုမူ သူသည် တာအိုသခင်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေသလို သူ့ဝိဉာဉ်မှာလည်း တာအိုသခင် အထွဋ်အထိပ်အဆင့် ပညာရှင်တစ်ဦး၏ ဝိဉာဉ်နှင့် ညီမျှနေခဲ့လေပြီ။
ထို့အတွက်ကြောင့် ဧကရာဇ်အဆင့် မှော်ရတနာများကို သန့်စင်ဖို့ရာ သူ့အတွက် ပြဿနာတစ်ခု မဟုတ်တော့ချေ။ ဝိဉာဉ်ခွဲဆေဘာဓါးဖြစ်စေ အင်းစက်လက်ကောက်ဖြစ်စေ နှစ်ခုလုံးသည် တချို့သော အခြေအနေမျိုးတွင် အလွန်တရာကိုမှ အသုံးဝင်လှသည်။
“ငါ့လခွမ်း…” ပန်ချင်းသည် အံကြိတ်၍ လေသံတိုးတိုးဖြင့် အော်ဟစ်လိုက်လေသည်။ ရန်ကိုင်ပြောသွားသည့် စကားလုံးထဲမှ အသားကိုမပိုင်းဘူးဟုသော စကားကို သူနားမလည်သော်ငြား အစောပိုင်းက တိုက်ခိုက်မှုကို ကြုံတွေ့ရပြီးသည့်နောက်တွင် ရန်ကိုင့်၏ဓါးသည် သူ့အား အလွန်ကြီးမားသော အန္တရာယ်ကို ပေးနိုင်ကြောင်းကို ပန်ချင်း သေချာသဘောပေါက်သွားခဲ့သည်။
လက်ရှိတွင် ရန်ကိုင်သည် မည်သည့်ဒဏ်ရာမှ မရသေးသော်ငြား ပန်ချင်းကမူ ဒဏ်ရာဆိုးဆိုးရွားရွားတစ်ခု ရသွားခဲ့လေပြီ။ ထို့အပြင် ရန်ကိုင့်တွင် အခြားသော နားလည်ရခက်သည့် စွမ်းရည်အချို့ ထပ်ရှိနေသေးသည့်ပုံပင်။
ထို့အတွက်ကြောင့် ပန်ချင်းသည် ပြန်ဆုတ်လျှင် ကောင်းမလားဟု စတင်တွေးတောတော့လေသည်။
ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးအဖို့ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးအား မနိုင်သဖြင့် ထွက်ပြေးရသည်မှာ အလွန်ကိုမှ ရှက်ဖွယ်ကောင်းသော်ငြား ပန်ချင်းအနေဖြင့် သူ့ဂုဏ်သိက္ခာကို ဆက်၍ ဂရုစိုက်မနေနိုင်တော့ပေ။ လက်ရှိတွင် အရေးအကြီးဆုံးမှာ သူ့အသက်သာ ဖြစ်လေသည်။ အသက်ရှင်ဖို့အရေး သူ့ဂုဏ်သိက္ခာ ပျက်စီးရမည်ဆိုလျှင်ပင် ပန်ချင်းဂရုစိုက်မည်မဟုတ်။
ထိုမျှသာလျှင် မဟုတ်သေးပဲ ပန်ချင်း ကျင့်ကြံထားသည့် ပညာရပ်များမှာ လုပ်ကြံသတ်ဖြတ်သည့် ပညာရပ်များ၊ ကိုယ်ယောင်ပျောက်သည့် ပညာရပ်များ ဖြစ်ကြသည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့သော ကျင့်ကြံသူများသည် သူတို့ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော လူတစ်ဦးအား အောင်မြင်စွာ မသတ်ဖြတ်နိုင်ပါက ချက်ချင်း ပြန်ဆုတ်လာလေ့ရှိကြပေသည်။ တစ်ဖက်လူနှင့် မည်သည့်အခါမှ အချိန်ကြာမြင့်စွာ ရင်ဆိုင်တိုက်ခိုက်လေ့ မရှိကြပေ။ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက သူတို့ကျင့်ကြံထားသော ပညာရပ်များမှာ အတော်လေးကို အသုံးမဝင် ဖြစ်ကုန်ကြလေ၏။
ယခု ရန်ကိုင်ရင်ဆိုင်နေရသည့် လူသည်သာ ပန်ချင်းမဟုတ်ဘဲ လျန်းရန်ဖြစ်နေမည်ဆိုပါက ရန်ကိုင့်ကြောင့် ဒဏ်ရာရသွားခဲ့မည်ဆိုလျှင်ပင် ပြန်ဆုတ်ရန် ကြိုးစားလိမ့်မည်မဟုတ်ချေ။ ဒဏ်ရာလေးတစ်ခုသည် သူတို့ကြားရှိ စွမ်းအင်ကွာခြားချက်ကို မဖာထေးပေးနိုင်ပေ။
သို့သော်ငြား မည်သို့ပင် ဖြစ်နေစေကာမူ ပန်ချင်းသည် ပြောသွားသည့်အတိုင်း ပြန်ဆုတ်ရန် ကြိုးစားလေတော့သည်။
ထိုအခိုက်အတန့်တွင် ပန်ချင်းသည် ရန်ကိုင့်အား ရုတ်တရက် မျက်ခြေပြတ်သွားတော့လေသည်။
ယခုလေးတင် ရန်ကိုင်သည် သူ့ရှေ့တွင် မတ်တပ်ရပ်နေသော်ငြား ပန်ချင်း ပြန်အာရုံစိုက်လိုက်ချိန် ရန်ကိုင်သည် သူ့မြင်ကွင်းမှ ပျောက်ချင်းမလှ ပျောက်နေတော့လေ၏။
“ဘာဖြစ်သွားတာလဲ…” ပန်ချင်း အံ့အားသင့်နေတော့လေသည်။ ပန်ချင်းကိုယ်တိုင်သည် ကိုယ်ယောင်ဖျောက်ရာတွင် အလွန်ကိုမှ ကျွမ်းကျင်သော်ငြား လက်ရှိအချိန်တွင်တော့ ပုန်းလျှိုးကွယ်လျှိုးလုပ်သည့် နေရာ၌ သူ့ထက် ပိုမိုကျွမ်းကျင်သူတစ်ဦးနှင့် လာတွေ့နေရတော့လေသည်။
သူ့ရှေ့မှ ရုတ်တရက်ကြီး ပျောက်ကွယ်သွားစေရန်အတွက် ရန်ကိုင် ထုတ်သုံးသွားသည့် နည်းစနစ်သည် သူ့တွင်ရှိနေသော နည်းစနစ်ထက် ပိုမိုကောင်းမွန်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ရန်ကိုင်သည် ဟင်းလင်းပြင်နိယာမ စွမ်းအားကို အသုံးပြုနိုင်သည့်အတွက်ကြောင့် ပန်ချင်းထက် ခြေတစ်လှမ်းပိုသာနေသည်ဟု ပြောလျှင် မမှားချေ။
ရန်ကိုင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ပန်ချင်းသည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရန်ကိုင်၏ တည်နေရာကို အာရုံခံကြည့်ရန် ကြိုးစားလိုက်သည်။
ထိုကဲ့သို့ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်နှင့် တစ်ပြိင်နက် သူ့နောက်ဘက်ဆီမှ အရိုးခိုက်မတတ် လေအေးများ တဝီးဝီးတိုက်ခတ်လာသည်ကို ရုတ်ချည်း အာရုံခံမိလိုက်သည်။
ထိုလေအေးများသည် ငရဲကြီးကိုးထပ်မှ လာသည့် လေအေးများအလား ကျင့်ကြံသူတစ်ဦး၏ဝိဉာဉ်ကိုပင် အေးခဲသွားစေနိုင်လောက်အောင် ခြောက်ခြားဖွယ် ကောင်းလွန်းလှပေသည်။
သူ့ရန်သူအား အာရုံခံမိလိုက်သည်နှင့် တစ်ပြိုင်နက် ပန်ချင်းသည် ချက်ချင်းဆိုလို နောက်သို့ လှည့်၍ စိတ်စွမ်းအင်လှိုင်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။
“ဘုန်း…”
ပြင်းထန်သည့် စွမ်းအင်ပေါက်ကွဲသံတို့နှင့်အတူ ရန်ကိုင့်ခန္ဓာကိုယ် နောက်သို့ လွင့်ပျံထွက်လာခဲ့လေသည်။
ပန်ချင်း၏ တိုက်ကွက်ကြောင့် ရန်ကိုင့်ခန္ဓာကိုယ်အရောင်မှာ တဖျတ်ဖျတ် တောက်လာခဲ့သော်ငြား ပန်ချင်းမှာမူ ဘာဆိုဘာမှ ဖြစ်မသွားခဲ့ပေ။
ဤသည်မှာ သူတို့နှစ်ဦးကြားရှိ စွမ်းအင်ကွာခြားချက်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ပန်ချင်းအား အလစ်ချောင်းတိုက်ခိုက်ရန် ကြိုးစားခဲ့သည့်တိုင် မအောင်မြင်ခဲ့ပေ။
ပန်ချင်းသည် သူ့ကိုယ်သူ ယုံကြည်ချက် လွန်ကဲခြင်း၊ ဝိဉာဉ်အမျိုးအစား မှော်တနာများအကြောင်း မသိထားသေးသည့် အကြောင်းတို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ပန်ချင်းအား ထိခိုက်အောင် လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ပန်ချင်းသာ ဝိဉာဉ်ခွဲဆေဘာဓါးအကြောင်း အနည်းငယ်သာ သိထားမည်ဆိုပါက ရန်ကိုင့်အနေဖြင့် ပန်ချင်း ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့လိမ့်မဟုတ်။
မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် ရန်ကိုင်သည် နာကျင်စွာ တစ်ချက် ငြီးလိုက်လေသည်။
ဝိဉာဉ်ချင်းတိုက်ခိုက်ခြင်းသည် သာမန်လူသားများ တောင့်ခံနိုင်သည့် အရာများမဟုတ်ပေ။ ဝိဉာဉ်ထိခိုက်သွားသည့် နာကျင်မှုသည် လူ့ခန္ဓာထိခိုက်သွားသည့် နာကျင်မှုထက် တောင့်ခံနိုင်ရန် ပိုခက်ခဲလှသည်။
သူ့ဝိဉာဉ်တစ်ခုလုံးမှာ ဆိုးဆိုးရွားရွားကို နာကျင်နေသည့်တိုင် ရန်ကိုင်ကမူ ယဲ့ယဲ့လေး ပြုံးနေသေး၏။ အကြောင်းမှာ သူ၏ နောက်ထပ် အစီအစဉ်တစ်ခု အောင်မြင်သွားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
“ဝီ ဝီ ဝီ ဝီ…”
ထူးဆန်းသော တဝီဝီမြည်သံများကို ကြားလိုက်ရပြီးနောက် ပန်ချင်း အံ့အားသင့်သွားခဲ့သည်။ မကြာမီတွင် ထိုတဝီဝီမြည်သံများ မည်သည့်နေရာမှ ထွက်လာနေသလဲဆိုသည်ကို ပန်ချင်း သတိပြုမိသွားခဲ့သည်။
အလျင်စလို ခေါင်းငုံ့ကြည့်လိုက်သည့်အခိုက် သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာတစ်ခုလုံးအား ပိန်းပိန်းပိတ်အောင် မည်းမှောင်သော အနက်ရောင်အစက်များမှ ဖုံးလွှမ်းထားကြောင်း တွေ့လိုက်ရလေသည်။
သေချာ အနီးကပ်စစ်ဆေးကြည့်ပြီးသည့်နောက် ပန်ချင်း၏ ဦးရေပြားတစ်ခုလုံး ထုံထိုင်းမိချင်သွားခဲ့လေသည်။ အကြောင်းမှာ ထိုအနက်ရောင်အစက်ကလေးများသည် အခြားမဟုတ်ဘဲ အလွန်တရာကိုမှ သေးငယ်လှသော အင်းစက်ကလေးများ ဖြစ်နေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
အင်းစက်များ မိမိခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းနေသည်ကို မည်သူမျှ သည်းခံနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် ပန်ချင်း အမှန်တကယ် ကြောက်လန့်နေရသည်မှာ ထိုအင်းစက်များသည် သူ့ဒဏ်ရာအား ဝိုင်းအုံနေခြင်းသာ မဟုတ်တော့ဘဲ သူ့ခန္ဓာကိုယ်အတွင်းပိုင်း အထိသို့ပင် ဖောက်ဝင်နေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
ပန်ချင်း၏ မျက်နှာ တမုဟုတ်ချည်း ဖြူလျော်သွားတော့သည်။ ခန္ဓာကိုယ်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူ့အသွေးအသားများကို ထိုအင်းစက်များမှ စတင်ဝါးမျိုနေကြောင်းကို ပန်ချင်း အတိုင်းသား ခံစားမိလိုက်ရလေသည်။
ပန်ချင်း၏ ခွန်အားမှာ အဆက်မပြတ်ကို ယုတ်လျော့လာရလေတော့သည်။
“ဘာကြီးတွေလဲ…” ပန်ချင်းသည် ကြောက်လန့်တကြားဖြင့် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားရင်း သူ့ရင်ဘတ်နေရာရှိ အင်းစက်များကို ကြည့်ကာ ကြောက်လန့်တကြားဖြင့် အော်မေးလိုက်လေသည်။
“ဒါ တကယ်ကြီး ဘာကြီးတွေလဲ…”
ရန်ကိုင်နှင့် စတွေ့ပြီးသည့် အချိန်မှစ၍ ပန်ချင်းသည် ထိုကဲ့သို့ မေးခွန်းမျိုးကို ထပ်တလဲလဲ မေးခဲ့ပေသည်။ ကောင်းကင်တက်လှမ်းခြင်း လောကထဲတွင်သာ မွေးဖွားကြီးပြင်းလာခဲ့သည့် ပန်ချင်းကဲ့သို့သော ကျင့်ကြံသူတစ်ဦးအတွက် ရန်ကိုင် ထုတ်ပြလာသည့် နည်းလမ်းများနှင့် ပစ္စည်းများမှာ သူနားလည်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေခဲ့လေသည်။
အရေးအကြီးဆုံးအချက်မှာ ပန်ချင်းသည် ဤဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို မမှတ်မိသည့်တိုင် ထိုအင်းစက်များကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲ အလိုလို ကြောက်ရွံ့နေခဲ့သည်။
ဤကြောက်ရွံ့မှုသည် မွေးရာပါကြောက်ရွံ့မှုတစ်မျိုး ဖြစ်ပေသည်။ ဥပမာ ပြရသော် ယုန်တစ်ကောင်မှ သိမ်းငှက်တစ်ကောင်အား မြင်လိုက်စဉ် ကြောက်ရွံ့သွားသည့် ပုံစံမျိုး ဖြစ်လေ၏။
ပန်ချင်းသည် ဒေါသတကြီးအော်ဟစ်ရင်း သူ့ခန္ဓာကိုယ်ပတ်လည်အား မမြင်နိုင်သည့် စွမ်းအင်လှိုင်းတစ်ခုဖြင့် ကာရံချလိုက်လေသည်။
သူ့ခန္ဓာကိုယ် အတွင်းပိုင်းထဲသို့ မဝင်နိုင်သေးသော ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှာ ထိုစွမ်းအင်လှိုင်းကြောင့် လွင့်ထွက်သွားကုန်ကြလေ၏။
သို့တိုင် သန့်စင်လှသော စိတ်စွမ်းအင်များမှာ ပန်ချင်း၏ ဒဏ်ရာမှတစ်ဆင့် အပြင်သို့ စီးထွက်နေခဲ့လေသည်။ ထိုကဲ့သို့သော စိတ်စွမ်းအင်မျိုးသည် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များအတွက် အရသာအရှိဆုံးသော စားကောင်းသောက်ဖွယ်တစ်မျိုး ဖြစ်သည်။
ထို့ကြောင့် ထိုစိတ်စွမ်းအင်များကို အင်းစက်များသည် မည်သို့မှ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ အင်းစက်များမှာ ရန်ကိုင့်၏ အမိန့်ကိုပင် စောင့်မနေတော့ပဲ တိမ်တိုက်တစ်ခုနှယ် စုဝေး၍ ပန်ချင်းတစ်ကိုယ်လုံးအား လွှမ်းခြုံသွားလိုက်လေ၏။
ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တစ်ခုကို ပန်ချင်း ရင်ဆိုင်ကြုံတွေ့လိုက်ရလေပြီ။
ပန်ချင်း ဖန်တီးထားသည့် အကာအကွယ်ပင်လျှင် ထိုအင်းစက်များကို မတားနိုင်ခဲ့ပေ။ ဝိဉာဉ်ဝါးမျို အင်းစက်များ၏ အဆက်မပြတ် ကိုက်ဝါးမှုအောက်တွင် ပန်ချင်း ဖန်တီးထားသည့် အကာအကွယ်ပေါ်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် အင်းစက်များသည် ထိုအပေါက်မှတစ်ဆင့် ပန်ချင်း၏ ဒဏ်ရာဆီသို့ သွားကာ ခန္ဓာကိုယ်ထဲသို့ ကျူးကျော် ဝင်ရောက်ကုန်ကြလေသည်။
“နတ်ဆိုးအင်းစက်တွေ…” ပန်ချင်းသည် တစ်ခုခုအား ရုတ်တရက် နားလည်သွားသည့်အလား ကြောက်လန့်တကြားဖြင့် ထအော်တော့လေသည်။ “ဒါနတ်ဆိုးအင်းစက်တွေပဲ…”
ဝိဉာဉ်ခွဲဆေဘာဓါးနှင့် ကြုံတွေ့ခဲ့ရသည့်တိုင် ဤမျှ ကူကယ်ရာမမဲ့ခဲ့ရသော ပန်ချင်းသည် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များနှင့် အတွေ့တွင်တော့ လုံးဝကို တုန်လှုပ်ခြောက်ခြား နေရတော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၂၃)
ဤလောကကြီးထဲရှိ ကျင့်ကြံသူများကြား ပျံ့နှံ့နေသည့် ဒဏ္ဍာရီတစ်ပုဒ် ရှိပေသည်။
ထိုဒဏ္ဍာရီမှာ ဤလောကကြီးထဲရှိ သက်ရှိအားလုံး၏ အိပ်မက်ဆိုးဖြစ်သော အင်းစက်များနှင့် ပတ်သက်သည့် ဒဏ္ဍာရီသာဖြစ်လေ၏။
မည်သည့်သက်ရှိမဆို မည်မျှအားကောင်းသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပါစေ ထိုအင်းစက်များကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
ထိုမျှသာလျှင်မဟုတ် ထိုအင်းစက်များသည် သတ်၍ မသေနိုင်သလို လောကကြီးထဲရှိ သက်ရှိများ၏ ခန္ဓာကိုယ်ကို ဝါးမျိုစားသောက်ကာ စဉ်ဆက်မပြတ် ကြီးထွား မျိုးပွားလာကြလေ၏။
ထိုအင်းစက်များကို ဒေသခံများကမူ နတ်ဆိုးအင်းစက်များဟု ခေါ်ကြပေသည်။ နတ်ဆိုးအင်းစက်များသည် ဘာကြောင့်မှန်းမသိ ဤလောကကြီးထဲ ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့သည်။
စပေါ်ပေါ်လာခြင်းတွင် ထိုအင်းစက်များမှာ အရွယ်အစားသေးသလို အားနည်းသည့်အတွက်ကြောင့် မည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။ သို့သော်ငြား အချိန်ကြာလာသည့်နောက် မရေမတွက်နိုင်သော သက်ရှိများကို ဝါးမျိုစားသုံးရာမှ နတ်ဆိုးအင်းစက်များမှာ ပိုပို၍ ကြောက်မက်ဖွယ် ကောင်းလာလေတော့သည်။
ထိုအခါမှသာလျှင် ထိုနတ်ဆိုးအင်းစက်များ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းကြောင်းကို ဒေသခံများ နားလည်သွားကြတော့လေ၏။
အင်းစက်များ သွားလေရာ နေရာတိုင်းတွင် ရှိနေသည့် သက်ရှိအားလုံး သေဆုံးကုန်ကြရလေသည်။ ထိုအင်းစက်များ အသိုက်ဖွဲ့နေရာ ပတ်ပတ်လည် မိုင်တစ်သိန်းအတွင်းသို့ မည်သည့်သက်ရှိမှ မသွားရဲကြပေ။
ထိုအင်းစက်များ ထွက်ပေါ်လာခဲ့ရာ ရှေးခေတ်အချိန်အခါသည် ယနေ့ခေတ်အချိန်အခါထက် အဆပေါင်းများစွာကို ပိုမိုသာယာ စည်ပင်ဝပြောလေ၏။ ထိုနေ့ခေတ်တွင် ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်ပေါင်း မျာစွာ ရှိကြပေသည်။
ထိုနတ်ဆိုးအင်းစက်များမှ ဤလောကကြီးဆီသို့ ကပ်ဘေးတစ်ခုအား ဆောင်ယူလာသည့် အခါတွင် လောကကြီးထဲရှိ ပညာရှင်များမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့ဘဲ အကုန်လုံးပေါင်းစည်း၍ အင်းစက်များကို စတင် ဖျက်ဆီးပစ်ကြတော့သည်။
အင်းစက်များနှင့် တိုက်ပွဲ မည်ကဲ့သို့ ဖြစ်ပျက်သွားခဲ့သလဲ ဆိုသည်ကို မည်သူမျှ မသိကြပေ။ သို့သော်ငြား ထိုတိုက်ပွဲပြီးသည့်နောက်တွင် ဤလောကကြီးထဲရှိ ပညာရှင်အများစု ပျောက်ကွယ်သွားခဲ့ကြသလို နတ်ဆိုးအင်းစက်များမှာလည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
တချို့မှာတော့ ထိုပညာရှင်များမှာ နတ်ဆိုးအင်းစက်များနှင့်အတူ သေဆုံးသွားကြသည်ဟု ပြောကြသလို အချို့မှာမူကား ပညာရှင်များသည် နတ်ဆိုးအင်းစက်များကို အနိုင်ယူပြီးသည့်နောက် သက်ရှိများနှင့် အဆက်အသွယ် မလုပ်လိုတော့သည့်အတွက်ကြောင့် ဤလောကကြီးထဲရှိ ချောင်ကျသည့် နေရာတစ်ခုခုသို့ သွားကာ တံခါးပိတ် ကျင့်စဉ်ဝင်နေသည်ဟု ပြောကြလေသည်။
ထိုသို့ မဟုတ်ဘဲ နတ်ဆိုးအင်းစက်များသည် ထိုပညာရှင်များကို ဝါးမျိုလိုက်ပြီး ပိုမိုကြောက်မက်ဖွယ်ကောင်းသော အသွင်တစ်ခုအဖြစ်သို့ အသွင်ပြောင်းရန်အတွက် တစ်နေရာရာတွင် အိပ်စက်မိန်းမောနေကြသည်ဟု ပြောကြသူများလည်း ရှိကြပေသည်။
သို့သော် ထိုအရာအားလုံးမှာ ကောလဟာလများသာ ဖြစ်ကြသည်။ နတ်ဆိုးအင်းစက်များ ဤလောကကြီးတွင် တကယ်ပေါ်လာခဲ့ဖူးသည်ဟူသော အချက်ကို မည်သူမျှ မယုံကြသလို မည်သူမျှလည်း ထိုနတ်ဆိုးအင်းစက်များအား မမြင်ဖူးကြချေ။
သို့သော်ငြား လက်ရှိတွင်မူ ထိုကောလဟာလများမှာ အခြေအမြစ်မရှိ လျှောက်ပြောနေသည့် အရာများ မဟုတ်ကြောင်းကို ပန်ချင်း နားလည်သွားခဲ့လေ၏။
ဤလောကကြီးတွင် လူတိုင်း ကြောက်ရွံ့ခဲ့ရသည့် နတ်ဆိုးအင်းစက်များမှာ တကယ်ကို ရှိခဲ့ပေသည်။ ထိုအင်းစက်များသည် ကောလဟာလများထဲမှ အတိုင်း သက်ရှိများ၏ စွမ်းအင်ကို စားသုံးကြသလို သတ်၍လည်း မရနိုင်ကြချေ။
ဤလောကကြီးထဲရှိ ကျင့်ကြံသူများအနေဖြင့် ထိုအင်းစက်များ တဖြည်းဖြည်း ကြီးထွားလာကာ လောကကြီးတစ်ခုလုံးရှိ သက်ရှိများအား ဝါးမျိုသွားမည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်ပေသည်။
ရှေးဟောင်းကောလဟာလများအကြောင်း စဉ်းစားမိလိုက်သည့်အခါတွင် ပန်ချင်းသည် ရန်ကိုင်နှင့် လုံးဝ ဆက်၍ မတိုက်ခိုက်ချင်တော့ချေ။
ရန်ကိုင်ကဲ့သို့သော တာအိုသခင်အဆင့် ကျင့်ကြံသူလေးတစ်ဦးတွင် နတ်ဆိုးအင်းစက်များ မည်ကဲ့သို့ ရှိနေသလဲဆိုသည်ကို ပန်ချင်း လုံးဝ နားမလည်နိုင်ခဲ့ပေ။
ထို့အပြင် ထိုနတ်ဆိုးအင်းစက်များမှ သူ့အား ဝါးမျိုသွားမည်ကိုလည်း အလွန်ကိုမှ ကြောက်လန့်နေမိလေသည်။
အသူတရာချောက်နက်ထဲသို့ ကျသွားသည့်အလား ပန်ချင်းဆီမှ နာကျင်စွာ အော်ဟစ်သံများ ညံမစဲအောင် ထွက်ပေါ်လာခဲ့လေသည်။ မိမိအသွေးအသားကို ဝိဉာဉ်ဝါးမျိုအင်းစက်များမှ ဝါးမျိုစားသောက်ပစ်နေသည်အား ထိုင်ကြည့်နေရသည်မှာ အမှန်တကယ်ကို မခံမရပ်နိုင်လောက်အောင် ဆိုးရွားလွန်းသည့် နှိပ်စက်မှုမျိုးသာ ဖြစ်လေသည်။
ပန်ချင်းသည် အရူးတစ်ယောက်နှယ် သူ့စွမ်းအင်များကို သွေးရူးသွေးတန်းဖြင့် ပစ်လွှတ်နေခဲ့သည်။ ရန်ကိုင်ပင်လျှင် တစ်ခါမှ မမြင်ခဲ့ဖူးသော ဝိဉာဉ်အမျိုးအစား ပညာရပ်များမှာ ပန်ချင်းဆီမှ အစုံအရီ ထွက်ပေါ်လာနေခဲ့လေသည်။
ထိုကဲ့သို့သော တိုက်ကွက်များကြောင့် သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာလည်း စတင်၍ မတည်မငြိမ် ဖြစ်လာလေတော့သည်။
ရန်ကိုင်သည် ခပ်လှမ်းလှမ်းသို့ ဆုတ်သွားကာ ပန်ချင်းအား အဝေးမှသာ စောင့်ကြည့်နေတော့လေ၏။
ထိုနတ်ဆိုးအင်းစက်ဟူသော နာမည်ကို အော်ခေါ်လိုက်ပြီးသည့်နောက်တွင် ပန်ချင်း အရူးတစ်ယောက်နှယ် ဖြစ်သွားလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။
“နတ်ဆိုးအင်းစက်… သူဘာလို့ အဲ့လို ခေါ်လိုက်တာလဲ… ဝိဉာဉ်ဝါးမျို အင်းစက်တွေက ဒီလောကကြီးနဲ့ ပတ်သက်နေတာလား…” ရန်ကိုင်သည် မျက်မှောင်ကျုံ့၍ စတင် တွေးတောတော့လေသည်။
မည်သို့ပင် စဉ်းစားနေစေကာမူ သူ့ခေါင်းထဲ အဖြေတစ်ခုမှ ထွက်မလာခဲ့။ သို့တိုင် ဤသည်မှာ သူ့မြင်ချင်နေသည့် ဖြစ်ရပ်မျိုးသာ ဖြစ်လေသည်။
ပထမဦးစွာအနေဖြင့် ရန်ကိုင်သည် ပန်ချင်းအား ဝိဉာဉ်ခွဲဆေဘာဓါးကိုသုံး၍ အလစ်ချောင်း တိုက်ခိုက်ခဲ့သည်။ ထို့နောက်တွင် ပန်ချင်း၏ မမြင်ကွယ်ရာ အရပ်ဆီမှနေ၍ ဝိဉာဉ်ဝါးမျို အင်းစက်များကို လွှတ်ပေးလိုက်သည်။
ထိုကဲ့သို့ လုပ်ပြီးသည့်နောက်တွင် ရန်ကိုင့်အနေဖြင့် ဘာမှ ထပ်၍ လုပ်နေစရာ မလိုတော့ချေ။
ပန်ချင်းသာ သူနှင့် မတိုက်ခိုက်ခဲ့ပဲ ထွက်ပြေးရန် ကြိုးစားမည်ဆိုပါက ရန်ကိုင့်အနေဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကျွမ်းကျင်သော ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ထွက်ပြေးရန် ကြိုးစားသည်ကို မည်သို့မှ တားနိုင်လိမ့်မည်မဟုတ်ချေ။
ရန်ကိုင့်၏ လေဟာနယ်နိယာမစွမ်းအားအပေါ် နားလည်နိုင်စွမ်းသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးအား ချုပ်နှောင်နိုင်လောက်သည်အထိ မြင့်မားခြင်း မရှိသေးပေ။
ပန်ချင်းသာ ထွက်ပြေးလွတ်မြောက်၍ ဤအကြောင်းကို သူ့အပေါင်းအပါများအား သွားပြောမည်ဆိုပါက ရန်ကိုင် လုံးဝကို ဒုက္ခရောက်ရပေလိမ့်မည်။
လက်ရှိ ပန်ချင်းသည် လွတ်မြောက်ရန် လမ်းစ မရှိသည့် တွင်းနက်ကြီးတစ်ခုထဲသို့ ကျသွားသည့်အလား တုန်လှုပ်ခြောက်ခြားမှုအပြည့်ဖြင့် အရူးအမူးအော်ဟစ်နေလေသည်။ ထိုအော်သံများနှင့်အတူ သူ၏ အသက်စွမ်းအင်မှာလည်း တဖြည်းဖြည်း ယုတ်လျော့ လာနေရလေ၏။
တကယ်တော့ ပန်ချင်းသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင် မဟုတ်လေလော။ ထို့အတွက်ကြောင့် သူ့အနေဖြင့် မည်သို့မှ ပြန်၍ မတိုက်ခိုက်နိုင်သလို သူ့အသက်စွမ်းအင်မှာလည်း အဆက်မပြတ် စုပ်ယူခံနေရသော်ငြား ဝိဉာဉ်ဝါးမျိုနတ်ဆိုးအင်းစက်များသည် ပန်ချင်းအား အချိန်တိုအတွင်း မသတ်ပစ်နိုင်ခဲ့ပေ။
ရန်ကိုင်ကိုယ်တိုင်သည်လည်း ပန်ချင်းအား သွားရောက်တိုက်ခိုက်ရန် မကြိုးစားခဲ့ပဲ ခပ်ဝေးဝေးမှ နေ၍သာ အချိန်ကောင်းတစ်ခုကို စောင့်ဆိုင်းနေခဲ့လေ၏။
အချိန်ကြာလာသည်နှင့်အမျှ ပန်ချင်း၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အားနည်းသည်ထက် အားနည်းလာနေခဲ့လေသည်။
ဧကရာဇ်အဆင့်ကျင့်ကြံခြင်းသည် တာအိုသခင်အဆင့်သို့ လျှောကျသွားခဲ့လေ၏။ ထိုမှတစ်ဆင့် တန်ခိုးရှင်ဘုရင်အဆင့်။ ထို့နောက် တန်ခိုးရှင်အဆင့်။
ဤကဲ့သို့ စဉ်ဆက်မပြတ် ဖြစ်နေခဲ့ရာ တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ပန်ချင်း၏ ခန္ဓာကိုယ် ရုတ်တရက် မလှုပ်မယှက် ဖြစ်သွားတော့လေသည်။
ထို့နောက်တွင် ပန်ချင်း၏ ခန္ဓာကိုယ်ကြီးသည် ဘောင်းခနဲ မြည်သံနှင့်အတူ မရေမတွက်နိုင်သော အလင်းစက်ကလေးများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေ၏။
သူ့ခန္ဓာပေါ်သို့ ဝိုင်းအုံနေကြသော အင်းစက်များမှာလည်း ထိုပေါက်ကွဲမှုကြောင့် အဖက်ဖက်သို့ လွင့်စင် ထွက်ကုန်ကြလေသည်။
ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ စွမ်းအင်များကို ဝါးမျိုပြီးသည့်နောက်တွင် ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ စွမ်းအင်များမှာ သိသိသာသာကို အားကောင်းလာကြသည်။ ယခုဆိုလျှင် သူတို့၏ အရှိန်အဝါမှာ ယခင်ကထက်ကို ပိုမိုအားကောင်းလာနေကြောင်း ရန်ကိုင် ခံစားမိလိုက်လေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်ကိုယ်တိုင်သည်လည်း ပြဿနာတက်နေခဲ့လေ၏။
လွန်ခဲ့သော နှစ်များအတွင်း ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များသည် သူ့အတွက် အရမ်းကြီး အသုံးဝင်ခဲ့ခြင်း မရှိသော်ငြား ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ ဝင်လာပြီးသည့်နောက် ဤဝိဉာဉ်ဝါးမျိုနတ်ဆိုးအင်းစက်များမှာ သူ၏ လူသတ်လက်နက်တစ်ခု ဖြစ်လာခဲ့ပေသည်။
သို့သော်ငြား စွမ်းအားသာ မလုံလောက်သဖြင့် ထိုဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို မထိန်းချုပ်နိုင်တော့ပါက သူ၏ ဝှက်ဖဲတစ်ခုကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။
ထို့အပြင် သူသာ ဤဝိဉာဉ်ဝါးမျို အင်းစက်များအား သူတို့စိတ်ကြိုက် ဝါးမျိုခွင့် ပေးထားလိုက်ပါက ထိုအင်းစက်များ မည်ကဲ့သို့ ဖြစ်လာမလဲ ဆိုသည်ကို ရန်ကိုင် တွေးပင်မတွေးရဲတော့ပေ။
အပြင်လောကကြီးတွင်သာ ဆိုပါက ဤဝိဉာဉ်ဝါးမျိုအင်းစက်များကို ဖိနှိပ်နိုင်မည့် နည်းလမ်းများ ရှိကောင်း ရှိလိမ့်မည် ဖြစ်သောငြား စိတ်စွမ်းအင်သီးသန့်ဖြင့်သာ ဖွဲ့စည်းထားသော ဤလောကကြီးထဲတွင်မူ မည်သည့်အရာကမှ ဤဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ချေ။
ဤလောကကြီးတစ်ခုလုံးကို ဝါးမျိုရင်းဖြင့် ထိုအင်းစက်များမှာ တစ်နေ့တစ်ခြား ပိုပို၍ အားကောင်းလာပေလိမ့်မည်။ ထို့ကြောင့် မည်သို့ပင် ဖြစ်နေစေကာမူ သူ့အနေဖြင့် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို ဤနေရာတွင် မလွှတ်ပေးထားရဲချေ။
ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များမှာ သူ့အမိန့်များအား စတင်၍ မနာခံလာသည်ကို ရန်ကိုင် သတိပြုမိပြီး ဖြစ်သည်။ သူတို့အားကောင်းလာသည်နှင့်အမျှ ထိုအချက်မှာ ပိုပို၍ သိသာလာခဲ့ကာ ယခုဆိုလျှင် သူ့အမိန့်ကိုပင် လုံးဝ ဂရုမစိုက်တော့ချေ။
ထို့အတွက်ကြောင့် ရန်ကိုင် ပျာယာခတ်နေခြင်း ဖြစ်သည်။
ရန်ကိုင်မှာ ကောင်းကင်စိတ်အာရုံကို သုံး၍ အဆက်မပြတ် အမိန့်ပေးနေသော်ငြား ဝိဉာဉ်ဝါးမျို အင်းစက်များကမူ သူ့အမိန့်အား မကြားသည့်အလား လုံးဝကို မသိချင်ယောင် ဆောင်ထားခဲ့ကြသည်။
နောက်ဆုံး ရွေးစရာ မရှိသည့်အဆုံး၌ ရန်ကိုင်လည်း သူ့ကိုယ်ထဲရှိ ဝိဉာဉ်ကြာပန်းအား အသက်သွင်းလိုက်ရတော့လေသည်။
ချက်ချင်းဆိုသလို ရန်ကိုင့်၏ ခန္ဓာကိုယ်ဆီမှ ခုနှစ်ရောင်ခြယ်အလင်းတို့ ဖြာထွက်လာခဲ့လေသည်။ ဝိဉာဉ်ကြာပန်းထဲတွင် နှစ်ပေါင်းများစွာ ကြာအောင် နေလာပြီးသည့်နောက်၌ ဝိဉာဉ်ကြာပန်းအား သူတို့၏ အိမ်တစ်ခုနှယ် ခံစားရသည့်အတွက်ကြောင့်လားမသိ။ ခုနှစ်ရောင်ခြယ်အလင်းကို ခံစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များသည် ရန်ကိုင့်ဆီသို့ အလျင်အမြန် ပြန်လာကြလေသည်။
ထိုအခါမှပဲ ရန်ကိုင် သက်ပြင်းချလိုက်နိုင်ပြီး လက်ကိုဝှေ့ယမ်း၍ ဝိဉာဉ်ဝါးမျို အင်းစက်များအား ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းထဲသို့ ပြန်ပို့လိုက်လေ၏။
ထို့နောက်တွင် မတ်တပ်ရပ်၍ ဝိဉာဉ်ဝါးမျို အင်းစက်မှုများ၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်လိုက်လေသည်။
ထူးဆန်းသည့်အချက်မှာ ခုနှစ်ရောင်ခြယ် ဝိဉာဉ်ကြာပန်းဆီသို့ ပြန်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ယခင်ကနှင့်မတူ ထူးဆန်းစွာပင် သူ့အမိန့်ကို အပြည့်အဝနာခံနေ၏။ နည်းနည်းမှ လွန်ဆန်ခြင်း မပြုတော့။
ထိုအချက်ကို မြင်ပြီးသည့်နောက်တွင် ပြဿနာတစ်ခုကို ရန်ကိုင်နားလည်သွားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူ့အနေဖြင့် အင်းစက်လက်ကောက်အား မြန်မြန်နိုင်သမျှ မြန်မြန် သန့်စင်ရမည်ဟု ဆုံးဖြတ်လိုက်လေတော့သည်။
ထိုသို့သာ မဟုတ်ပါက ဝိဉာဉ်ဝါးမျိုအင်းစက်များ အားကောင်းလာသည့်တစ်နေ့ သူ့လက်မှ လုံးဝ လွတ်ထွက်သွားပေလိမ့်မည်။
အင်းစက်လက်ကောက်သည် အင်းစက်ဧကရာဇ်မှ အမျိုးမျိုးသော အင်းစက်များကို ထိန်းချုပ်ရန်အတွက် အသုံးပြုခဲ့သည့် မှော်ရတနာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ဝိဉာဉ်ဝါးမျို အင်းစက်များကို ထိန်းချုပ်ရန်အတွက် အင်းစက်လက်ကောက်သည်သာ အကောင်းဆုံးအဖြေ ဖြစ်ပေသည်။
ပန်ချင်းနှင့် တိုက်ပွဲမှာ အတော်လေးကိုမှ အန္တရာယ်များခဲ့သော်ငြား ရန်ကိုင့်အား ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ခြင်း မရှိချေ။
ဧကရာဇ်မှော်ရတနာနှင့် ဝိဉာဉ်ဝါးမျိုအင်းစက်များကြောင့် ရန်ကိုင်သည် ဤတိုက်ပွဲအား အလွယ်တကူ အနိုင်ရသွားခဲ့သည်။
သို့သော်ငြား ပန်ချင်းသည် ရန်ကိုင် ပထမဦးဆုံး သတ်ပစ်လိုက်နိုင်သည့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။
ပန်ချင်းကိုယ်တိုင်သည် ရုပ်ခန္ဓာ ပိုင်ဆိုင်ထားခြင်း မရှိပဲ ဝိဉာဉ်သာ ရှိသော ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေသည့်တိုင် သူ့ကိုသတ်ရန်မှာ ရန်ကိုင့်အတွက် အမှန်တကယ်ကို မလွယ်ကူခဲ့ပေ။
အပြင်လောကကြီးတွင်သာ ဆိုပါက ရန်ကိုင့်အနေဖြင့် မည်သို့မျှ ဤကဲ့သို့ လုပ်နိုင်ခဲ့လိမ့်မည်မဟုတ်။
သေချာပြန်စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင်အနည်းငယ် စိုးရိမ်သွားခဲ့သည်။ ပန်ချင်းသည်သာ သူ၏ အားအကောင်းဆုံးသော လူသတ်စွမ်းရည်ကို ထုတ်သုံးခဲ့မည်ဆိုလျှင် ရန်ကိုင့်အနေဖြင့် ခုခံချိန်ပင် ရလိုက်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား သူ၏ အထက်အရာရှိသည် အသက်ရှင်လျက် ဖမ်းလာရန် အမိန့်ပေးခဲ့သည့် အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ဤကဲ့သို့သော အခွင့်အရေးတစ်ခု ရခဲ့ခြင်း ဖြစ်လေသည်။
ပန်ချင်းအား သတ်ပြီးနောက် မည်သည့်နေရာသို့ ဆက်သွားလျှင် ကောင်းမလဲ တွေးရင်း ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေ၏။
ပန်ချင်းပြောပုံအရ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းတစ်ခုလုံး ချိတ်ပိတ်ထားခံလိုက်ရလေပြီ။
ကျိုးထျန်း၏ ဦိးဆောင်မှုအောက်တွင် ကျင့်ကြံသူပေါင်းများစွာသည် ကပ်ဘေးကြယ်ဟူသော လူကို လိုက်လံရှာဖွေ နေကြသည်။
ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် လက်ရှိအချိန်တွင် ကောင်းကင်မွန်းစတားရိုးမတောင်တန်းထဲမှ ထွက်သွားရန် မဖြစ်နိုင်တော့ပေ။ တောင်အတွင်းပိုင်းထဲသို့ ဆက်သွား၍ ဤကပ်ဘေးမှ လွတ်မြောက်နိုင်သည့် နည်းလမ်းတစ်ခုခု ရှိပါစေဟု မျှော်လင့်နေရုံသာ တတ်နိုင်ပေတော့မည်။
ထိုကဲ့သို့ စဉ်းစားမိပြီးသော် ရန်ကိုင်စိတ်ဆုံးဖြတ်လိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံးအား လှည့်ပတ်ကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်၏ အကြည့်သည် မြေပြင်ပေါ်တွင် သတိလစ်နေကာ လဲနေသော သက်လတ်ပိုင်းလူကြီးဆီသို့ ရောက်သွားခဲ့လေသည်။
လူကြီးကို သတိလစ်အောင်လုပ်ရန် ပန်ချင်း မည်ကဲ့သို့သော နည်းလမ်းအား ထုတ်သုံးသွားခဲ့သလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား သူနှင့် ပန်ချင်းကြား တိုက်ပွဲကြီးတစ်ခုလုံး ပြီးသွားသည့်တိုင် သက်လတ်ပိုင်းလူကြီးမှာ နိုးလာမည့် အရိပ်အယောင် မပြသေးချေ။
ထိုလူနှင့် ရန်ကိုင်ကြား မည်သည့်ရင်းနှီးမှုမှ မရှိသလို မည်သည့် ရန်ငြိုးရန်စမှလဲ မရှိသဖြင့် ရန်ကိုင်သည် ထိုလူအား ထိုနေရာတွင်သာ ထားခဲ့လိုက်လေ၏။
သူ့ပတ်ဝန်းကျင်အား ဆက်၍ လှည့်ပတ်ကြည့်နေပြီးသည့်နောက် တစ်ခုသောနေရာသို့ အရောက်တွင် ရန်ကိုင်သည် ပြုံးကာ လက်ဝှေ့ယမ်း ပြလိုက်လေသည်။
ခရမ်းရောင်ရှဉ့်လေးသည် သစ်ပင်တစ်ပင်နောက်တွင် ပုန်းအောင်းလျက် လှမ်းကြည့်နေခဲ့သည်။ လုံခြုံသွားကြောင်း သေချာသွားသည့် အခါမှသာ အပြင်သို့ ပြန်ထွက်လာခဲ့ပြီး ရန်ကိုင့်ရှေ့သို့လာကာ သူ့အား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်က ပြုံးလျက် ရှဉ့်လေးအား ကောက်ယူကာ သူ့ပုခုံးပေါ်သို့ တင်ပေးလိုက်လေ၏။ ထို့နောက်တွင် ကောင်းကင်မွန်းစတားရိုးမတောင်တန်း၏ အတွင်းပိုင်းထဲသို့ ဦးတည်သွားတော့လေသည်။
ကောင်းကင်မွန်းစတားရိုးမတောင်တန်းဆီမှ မိုင်ပေါင်း သောင်းနှင့်ချီ ဝေးကွာသော နေရာတစ်ခုတွင် တောင်များဖြင့် ဝန်းရံနေသော တောင်ကြားတစ်ခု ရှိနေခဲ့လေသည်။ ဤတောင်ကြားတစ်ခုလုံးကို မြူခိုးထုများဖြင့် လွှမ်းခြုံထားသည့် အတွက်ကြောင့် ဤနေရာ အနီးအနား တစ်ဝိုက်တွင် နေကြသည့် လူများသည် ဤတောင်ကြားကို မြူခိုးတောင်ကြားဟု ခေါ်ကြလေ၏။
ဤတောင်ကြားထဲရှိ မြူခိုးများမှာ တစ်နှစ်ပတ်လုံး ပျောက်ကွယ်သွားခြင်း မရှိကြချေ။ မြူခိုးထုမှာ အလွန်ကိုမှ သိပ်သည်းလှရာ ထိုမြူခိုးထုထဲ ဝင်ရောက်သွားမည်ဆိုပါက ကိုယ့်ခြေထောက်ကိုပင် ကောင်းကောင်း ပြန်မမြင်နိုင်ရတော့ပေ။
ထို့အပြင် ဤတောင်ကြားမှာ အလွန်ကိုမှလည်း ထူးဆန်းလှသည်။ တောင်ကြားထဲရှိ မြူခိုးထုများသည် သက်ရှိများကို မည်သည့်အန္တရာယ်မှ မဖြစ်စေသော်ငြား ဤတောင်ကြားထဲသို့ ဝင်သွားလိုက်သည့် ကျင့်ကြံသူတိုင်း လမ်းပျောက်ကုန်ကြလေသည်။
အနီးအနား တစ်ဝိုက်တွင် နေကြသော သတ္တိရှိသည့် လူများသည် မြူခိုးတောင်ကြားသို့ လာကာ အထဲတွင် မည်ကဲ့သို့သော အဖိုးတန်ရတနာများ ရှိနေမလဲဆိုသည်ကို သိလိုစိတ်ဖြင့် လာရောက်စူးစမ်းကြသည်။
သို့သော်ငြား သူတို့၏ ကျင့်ကြံခြင်း မည်သို့ပင် ဖြစ်နေစေကာမူ တောင်ကြားထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လမ်းပျောက်ကုန်ကြလေ၏။
သို့သော်ငြား နောက်ထပ်ထူးဆန်းသည့် တစ်ချက်မှာ ကျင့်ကြံသူများ မည်သို့ပင် လမ်းပျောက်နေစေကာမူ မြူခိုးတောင်ကြားထဲတွင် ပိတ်မိနေခြင်း မရှိချေ။
ထိုသို့ဖြစ်ရခြင်းမှာ ထိုလူများ မြူခိုးတောင်ကြားထဲ လမ်းပျောက်ပြီး ခြောက်ခြားလာသည့်အခါ မမြင်နိုင်သောစွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး သူတို့အား တောင်ကြားအပြင်ဘက်သို့ ပြန်ပို့ပေးသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၂၄)
ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲ ဆိုသည်ကို မည်သူမျှ မသိကြချေ။ မြူခိုးတောင်ကြားထဲ ပိတ်မိသွားသည့် နောက်တွင် သူတို့ကိုယ်သူတို့ အပြင်သို့ ပြန်ရောက်နေကြောင်းသာ တွေ့ကြရသည်။
ထိုသို့ ဖြစ်ပြီးသည့်နောက်တွင် မြူခိုးတောင်ကြားထဲ ပညာရှင်ကြီးတစ်ပါးပါး ရှိနေသည်ဟု အချို့က ခန့်မှန်းကြတော့လေ၏။ ထိုပညာရှင်ကြီးသည် သူကျင့်ကြံနေသည်ကို အခြားသူများ လာရောက် မနှောင့်ယှက်နိုင်စေရန်အတွက် မြူခိုးတောင်ကြားတစ်ခုလုံးအား မြူခိုးများဖြင့် ဖုံးလွှမ်းထားလိုက်ခြင်းဟု ယူဆကြလေသည်။
ထိုပညာရှင်၏ ကျင့်ကြံခြင်းမှာ အလွန်တရာကိုမှ မြင့်မားလှသော်ငြား သူသည် ကြင်နာတတ်သည့် လူစားမျိုးဖြစ်သည်။ ထို့အတွက်ကြောင့် ကျင့်ကြံသူများ မြူခိုးတောင်ကြားထဲ ပိတ်မိနေသည့်အခါ ထိုလူများကို သတ်မပစ်ဘဲ အပြင်သို့သာ ပြန်ပို့ပေးလေ၏။
သို့သော်ငြား ဤသည်မှာ အနီးတစ်ဝိုက်တွင် နေကြသည့် လူများ၏ ခန့်မှန်းချက်သာ ဖြစ်လေသည်။ တောင်ကြားထဲ ပညာရှင်တစ်ပါးပါး အမှန်တကယ် ရှိမရှိ ဆိုသည်ကိုမူ မည်သူမျှ မသိကြချေ။
မြူခိုးတောင်ကြားထဲ၌ မြူခိုးများဖြင့် ဖုံးလွှမ်းနေခြင်း မရှိသည့် နေရာတစ်ခု ရှိပေသည်။ ထိုနေရာမှာ မြူခိုးတောင်ကြား၏ အလယ်ဗဟိုတည့်တည့်သာ ဖြစ်လေသည်။ ထိုတောင်ကြား၏ အလယ်ဗဟို တစ်မိုင်ပတ်လည်တွင် မည်သည့်မြူခိုးမှ ရှိမနေခဲ့။
ထိုမြူခိုးများ ကင်းစင်နေသည့် နေရာတွင် အခုနှစ်ဆယ်ခန့် မကသော အုတ်ဂူများ ရှိနေကြပေသည်။ အမျိုးမျိုးသော အုတ်ဂူများပေါ်တွင် သင်္ကေတအက္ခရာများ ထိုးထွင်းထားသည့် သစ်သားတုတ်ချောင်းများ စိုက်ထူထားခဲ့သည်။
ဤလောကကြီးတွင် သေဆုံးသွားသည့် မည်သည့်သက်ရှိ၏ ခန္ဓာကိုယ်မဆို လေထဲသို့ လွင့်စင်ပျောက်ကွယ် သွားကုန်ကြသည်။ မည်သည့်ခန္ဓာကိုယ်မှ မကျန်ရစ်ခဲ့။ ထို့အတွက်ကြောင့် ဤအုတ်ဂူများမှာ ဟာလာဟင်းလင်းသာ ဖြစ်နေကြလေသည်။
ဤအုတ်ဂူများကို ဖန်တီးထားရခြင်းမှာ သေဆုံးသူများအား ဂါရဝပြုနိုင်စေရန် ဖြစ်သလို မှတ်မိနေစေရန်အတွက်လည်း ဖြစ်ပေ၏။
အုတ်ဂူများပေါ်တွင် ရေးထိုးထားသည့် သစ်သားတုတ်တိုင်များပေါ်ရှိ နာမည်များကို သေချာ ကြည့်ကြည့်မည် ဆိုပါက ထိုနာမည်များသည် ဒဏ္ဍာရီလာ ပညာရှင်များ၏ နာမည်များသာ ဖြစ်ကြောင်းကို သိနိုင်ပေလိမ့်မည်။
သို့သော်ငြား ထိုနာမည်အားလုံးသည် အတိတ်တွင် ကျန်ရစ်ခဲ့သည့် အမှတ်တရများသာ ဖြစ်ကြကုန်တော့လေ၏။ လက်ရှိတွင် ထိုပညာရှင်အားလုံးမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားကုန်လေပြီ။ ထိုလူများ အသက်ရှင်နေသလား သေဆုံးသွားပြီလား ဆိုသည်ကို မည်သူမျှ မသိကြချေ။
သို့သော်ငြား ထိုလူအားလုံးမှာ ဤလောကကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားပြီဟူသော အချက်ကိုတော့ မည်သူမျှ တွေးမိလိမ့်မည်မဟုတ်ချေ။
တစ်ခေတ်တစ်ခါက ဒဏ္ဍာရီလာ ပညာရှင်ကြီးများ၏ အုတ်ဂူများ ဤနေရာတွင် ရှိနေသည့်အကြောင်းကိုသာ ဒေသခံလူများ သိသွားမည်ဆိုပါက ဤလောကကြီးတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားပေလိမ့်မည်။
မြူခိုးတောင်ကြားထဲတွင် ဤအုတ်ဂူများမှလွဲ၍ အခြား ဘာဆိုဘာမှ ရှိမနေသည့်အလား တိတ်ဆိတ်ငြိမ်သက် နေခဲ့လေ၏။
ထိုအုတ်ဂူများ ရှိရာဆီမှ မီတာတစ်ရာခန့်အကွာတွင် ရိုးရှင်းစွာ ဆောက်လုပ်ထားသော သစ်သားအိမ်လေးတစ်လုံး ရှိနေခဲ့လေသည်။ ထိုအိမ်လေးထဲ၌ တစ်ခေါင်းလုံး ဖြူဖွေးနေသော လူကြီးတစ်ဦးသည် ကြမ်းပြင်ပေါ်၌ တင်ပလင်ခွေထိုင်နေခဲ့လေသည်။ ထိုလူမှာ အတော်လေးကိုမှ အသက်ကြီးနေပြီဖြစ်သော်ငြား သူ့အသားအရေမှာမူ တောက်တောက်ပပ ရှိနေပေသေးသည်။
အပြင်ပန်းတွင်သာ ဤလူအိုကြီးသည် မည်သည့် ကျင့်ကြံခြင်းမှ ပိုင်ဆိုင်ထားခြင်း မရှိသည့် သာမန်လူတစ်ယောက်နှင့် တူသော်ငြား သေချာ ကြည့်ကြည့်လိုက်မည်ဆိုပါက ဤလူကြီးအသက်ရှူလိုက်တိုင်း ပတ်ဝန်းကျင်လောကကြီးပါ သူနှင့်လိုက်၍ ပဲ့တင်ထပ်နေသည်ကို မြင်တွေ့နိုင်ပေသည်။
ထိုလူ၏ ကျင့်ကြံခြင်းသည် ဤလောကကြီး၏ အထွဋ်အထိပ်သို့ ရောက်ရှိသွားသည့် အတွက်ကြောင့်သာလျှင် လောကကြီးနှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားခဲ့ခြင်း ဖြစ်လေ၏။
ရုတ်တရက် ထိုလူအိုကြီး မျက်လုံးပွင့်လာခဲ့လေသည်။ နေ၊ လ၊ ကြယ်တို့၏ အရိပ်အယောင်သည် သူ့မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့သည်။ တစ်ချိန်တည်းတွင် သောင်းပေါင်းများစွာသော သားရဲတို့၏ အရိပ်အယောင်များမှာလည်း သူ့မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့ပြန်လေ၏။
သူ့ခန္ဓာကိုယ်မှာ မလှုပ်ရှားသော်ငြား လူအိုကြီးသည် ထိုင်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ ပြန်ပေါ်လာသည့် အချိန်တွင် လူအိုကြီးသည် မြူခိုးတောင်ကြားထဲရှိ တစ်ခုသောနေရာဆီသို့ ရောက်နေခဲ့လေ၏။
သူ့လက်ကို ဝှေ့ယမ်း၍ လေပြင်းတစ်ခုကို ဖန်တီးကာ သူရှေ့တည့်တည့်တွင် ရှိနေသော မြူခိုးများအား ဖယ်ရှားပစ်လိုက်လေသည်။
နက်နဲဆန်းကြယ်လှသည့် အနက်ရောင်ယဇ်ပုလ္လင်တစ်ခု လူအိုကြီးရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ယဇ်ပုလ္လင်အား သေချာစိုက်ကြည့်ရင်း လူအိုကြီးသည် နားစိုက်ထောင်လိုက်လေ၏။
“ဝီ ဝီ ဝီ…”
ပြောရခက်လှသော အသံတိုးတိုးလေးများသည် ယဇ်ပုလ္လင်အတွင်းပိုင်းမှ ထွက်ပေါ်လာနေခဲ့သည်။ ထိုအသံများကို ကြားလိုက်သည့်အခိုက် လူအိုကြီး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး မယုံကြည်နိုင်မှုတို့ သူ့မျက်နှာထက် အထင်းသား ထွက်ပေါ်လာခဲ့လေသည်။
သူများ နားကြားမှားသွားသလား ဟု သိရလေအောင် ယဇ်ပုလ္လင်အား နောက်တစ်ကြိမ် သေချာ နားစိုက်ထောင်ကြည့်ပြန်လေသည်။ သို့သော်ငြား ကြားနေရသည့်အသံများမှာ အတူတူသာ ဖြစ်လေသည်။
ထို့နောက် သူမျက်နှာပျက်သွားခဲ့ပြီး ဝမ်းနည်းရိပ်တို့ သူ့မျက်လုံးထဲ ထွက်ပေါ်လာလေ၏။
“နှစ်တွေကြာသွားပြီးတဲ့ နောက်ပိုင်း မင်းတို့တွေ နောက်တစ်ကြိမ် ထပ်နိုးလာပြန်ပြီပေါ့…” လူအိုကြီးသည် မိတ်ဆွေဟောင်းတစ်ဦးကို ပြောနေသည့်အလား ယဇ်ပုလ္လင်ကို စိုက်ကြည့်နေရင်း တိုးတိုးလေး ရေရွတ်လိုက်လေ၏။
“ဘယ်လိုစွမ်းအားက မင်းတို့ကို နိုးလာအောင် လုပ်လိုက်တာလဲ…” လူအိုကြီးက ပြောလိုက်လေသည်။ ထို့နောက် တစ်ခုသောဘက်သို့ စိုက်ကြည့်လိုက်လေသည်။
ထိုနေရာဆီသို့ တစ်ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် လူအိုကြီး၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။
ခဏအကြာ၌ မြူခိုးတောင်ကြားထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်မွန်းစတားရိုးမတောင်တန်းရှိရာဆီသို့ ပျံထွက်သွားခဲ့လေသည်။
ကောင်းကင်မွန်းစတား ရိုးမတောင်တန်းအတွင်းပိုင်း၌ ရန်ကိုင်သည် မတ်တပ်ရပ်၍ သူ့ဘေးတစ်ဖက်တစ်ချက်ဆီသို့ အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ပန်ချင်းနှင့် တိုက်ခိုက်ခဲ့သည့်နေရာမှ ထွက်လာပြီးသည့်နောက်တွင် ပုန်းအောင်းလို့ကောင်းမည့် နေရာတစ်ခု ရှာရန်အတွက် ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ အတွင်းပိုင်းသို့ ဝင်လာခဲ့သည်။
သို့သော်ငြား သူလိုချင်သည့် အရာကို မရခဲ့ပေ။
မကြာခင်မှာပင်လျှင် အခြားသူများနှင့် သွားတိုးလေ၏။ ထိုလူများမှာ ပန်ချင်းကဲ့သို့ အားကောင်းခြင်း မရှိသော်ငြား ဤအဖြစ်အပျက်သည် ရန်ကိုင့်အား နိုးနိုးကြားကြား ဖြစ်သွားစေခဲ့လေသည်။ သူခမျာ သတိထား၍ လှုပ်ရှားသွားလာနေခဲ့သော်ငြား သူ့ခြေရာလက်ရာများကို တစ်ဖက်လူများမှ ရှာတွေ့သွားခဲ့လေသည်။
မသိသာမသိလျှင် ထိုလူများသည် သူမည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို အတိအကျ သိနေသည့်အတိုင်းပင်။ ထို့အတွက်ကြောင့် သူ့ခန္ဓာကိုယ်ပေါ်တွင် ထိုလူများ ခြေရာကောက်နိုင်သည့် အမှတ်အသား တစ်ခုခုများ ရှိနေသလားဟု ရန်ကိုင် တွေးမိသွားခဲ့လေသည်။
ထိုသို့ စဉ်းစားမိလိုက်သည့်နောက် သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်လိုက်သည်။ သို့သော် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ချေ။
ထို့အပြင် သူတွေ့ခဲ့သည့် လူများနှင့် သူ့ကိုယ်ပေါ်တွင် သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ပဲ အမှတ်အသားတစ်ခု ချန်ရစ်ခဲ့နိုင်သည့် လူဆို၍ ပန်ချင်းတစ်ယောက်သာ ရှိသည်။ ပန်ချင်းသာဆိုလျှင် သူမည်သည့်အချိန်က လုပ်ခဲ့လေသနည်း။
သေချာပြန်စဉ်းစားလိုက်သည့်နောက် သူတို့နှစ်ဦး တိုက်ခိုက်နေစဉ်အတောအတွင်း လုပ်ခဲ့သည်ဟုသာ ရန်ကိုင် ဆုံးဖြတ်လိုက်လေတော့သည်။
ပန်ချင်း ချန်ရစ်ထားခဲ့သည့် အမှတ်အသားကို ခြေရာကောက်ကာ ထိုလူများသည် သူ့နောက်သို့ လိုက်လာနေကြခြင်း ဖြစ်လေသည်။
ထိုကဲ့သို့ စဉ်းစားမိပြီးသည့်နောက်တွင် ရန်ကိုင်သည် မည်သည့်အန္တရာယ်နှင့် ရင်ဆိုင်ရ ရင်ဆိုင်ရ ဂရုစိုက်မနေတော့ဘဲ ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ အတွင်းပိုင်းဆီသို့သာ ဦးတည်သွားတော့လေ၏။
ကံမကောင်းစွာဖြင့် နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် မွန်းစတားသားရဲနှစ်ကောင်နှင့် သွားတိုးလေသည်။
ထိုမွန်းစတားသားရဲနှစ်ကောင်မှာ သာမန်မဟုတ်ကြ။ သူ့ကောင်းကင်စိတ်အာရုံကို သုံး၍ စစ်ဆေးကြည့်ပြီးသည့်နောက် ထိုသားရဲနှစ်ကောင်သည် အဆင့်ဆယ့်နှစ်များ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ တစ်နည်းဆိုရသော် ထိုမွန်းစတားသားရဲနှစ်ကောင်သည် ဧကရာဇ်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားကြသည့် သားရဲများ ဖြစ်ကြပေသည်။
ပန်ချင်းတစ်ယောက်ထဲနှင့်ပင်လျှင် ရန်ကိုင်မှာ အလွန်ကိုမှ ဒုက္ခရောက်ခဲ့ရလေရာ ပန်ချင်းနှင့် စွမ်းအားတူသည့် မွန်းစတားသားရဲနှစ်ကောင်နှင့် လာတွေ့နေသည့်အခါ ရန်ကိုင်လည်း ဆိုးလှသည့် သူ့ကံအပေါ် ကြိတ်၍ အပြစ်တင်မိလိုက်တော့သည်။
ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲတွင် သူမကိုယ်တိုင်ပင်လျှင် ရန်သွားမစရဲသည့် သက်ရှိများစွာ ရှိကြောင်းကို ကောင်းရွှယ်ထင်းမှ ပြောခဲ့သည်။ သူမ ထိုကဲ့သို့ ပြောနေခြင်းမှာ ချဲ့ကားပြောနေခြင်း မဟုတ်ချေ။ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲ၌ အမှန်တကယ်ကိုပင်လျှင် အဆင့်မြင့် သက်ရှိများစွာ ရှိကြပေသည်။
ရန်ကိုင်သည် ရိုးမတောင်တန်း၏ အပြင်ဘက်တွင်သာ လှည့်လည်ကျက်စား လျှောက်သွားနေသည့်အတွက်ကြောင့် ထိုအဆင့်မြင့် သက်ရှိများနှင့် သွားမတိုးသေးခြင်း ဖြစ်သည်။
သို့သော်ငြား ယခု အတွင်းပိုင်းထဲသို့ ဝင်လာပြီးသည့်နောက်တွင် အဆင့်မြင့်သားရဲနှစ်ကောင်နှင့် လာတိုးခဲ့လေပြီ။
ဘယ်ဘက်တွင် ရှိနေသော မွန်းစတားသားရဲသည် မျောက်ဝံကြီးတစ်ကောင်နှင့် ဆင်တူပေသည်။ ၎င်း၏လက်များမှာ ထူးထူးခြားခြားကို ပုံမှန်ထက် ပိုရှည်နေခဲ့သည်။ ဆူးချွန်တမျှ မာကြောလှသော အမွေးထူများမှာလည်း ခန္ဓာကိုယ်အနှံ့ ပေါက်ရောက်နေ၏။
မျောက်ဝံကြီးသည် သူ့လက်သီးတစ်လုံးစာမျှ ကြီးမားလှသော မျက်လုံးကြီးများဖြင့် ရန်ကိုင့်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
ညာဘက်တွင် ရှိနေသည့် မွန်းစတားသားရဲမှာမူ တစ်ကိုယ်လုံး ဖြူဖွေးဆွတ်နေသော သမင်တစ်ကောင်ပင် ဖြစ်လေ၏။ ထိုသမင်၏ ခန္ဓာကိုယ်တစ်ခုလုံးအား ကျောက်စိမ်းဖြူဖြင့် ထုလုပ်ထားသည့်အလား သူ့ခန္ဓာကိုယ်ထက် အခြားသော မည်သည့်အရောင်ကိုမျှ မမြင်တွေ့ရ။
အရောင်တလက်လက် တောက်ပနေသော ၎င်း၏ ခန္ဓာကိုယ်နှင့် နဖူးထက်တွင် ရှိနေသော ဦးချိုနှစ်ချောင်းသည် အလွန်တရာကိုမှ လှပသော အသွင်အပြင်ကို ပေးစွမ်းနေခဲ့လေသည်။
မွန်းစတားသားရဲနှစ်ကောင်မှာ မျိုးစိတ်ခြင်း မတူညီကြသော်ငြား အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ရန်ကိုင်ရှေ့တွင် ရပ်နေကြသည်။
ရန်ကိုင် ဤနေရာသို့ ရောက်လာသော် မွန်းစတားသားရဲနှစ်ကောင်လုံး ရန်ကိုင့်ရှေ့သို့ ရုတ်တရက် ခုန်ဝင်လာကြလေသည်။ ထို့နောက် သူဆက်သွားမည့် လမ်းတွင် ပိတ်ရပ်နေလိုက်သည်။ နှစ်ကောင်စလုံးသည် ရန်ကိုင် ထွက်မပြေးနိုင်ရန်အတွက် သူ၏ ဘယ်ဘက် ညာဘက်ဆီမှ အသီးသီး ပိတ်ကာ ထားကြလေ၏။
အဆင့်ဆယ့်နှစ် မွန်းစတားသားရဲများ ဖြစ်နေသည့်အလျောက် ဤမွန်းစတားသားရဲများသည် ကိုယ်ပိုင်အသိဉာဏ်ကို ပိုင်ဆိုင်ထားလောက်ပေသည်။ တစ်နည်းဆိုရသော် ၎င်းတို့၏ သားရဲအသိစိတ်အပေါ်ကို မမှီခိုတော့ပဲ လူသားကဲ့သို့ တွေးတောနိုင်ပြီဟု ဆိုလိုက်ခြင်းပင် ဖြစ်လေသည်။
သို့သော်ငြား ဤလောကကြီးတွင် အဆင့်မြင့်လာသည့်တိုင် ၎င်းတို့၏ သားရဲအသိစိတ်အား မစွန့်ပယ်နိုင်သေးပဲ သားရဲတစ်ကောင်လိုသာ ပြုမူနေသည့် မွန်းစတားသားရဲများလည်း ရှိကြပေသည်။
လက်ရှိ သူ့ရှေ့တွင် ရှိနေသော မွန်းစတားသားရဲနှစ်ကောင် ကိုယ်ပိုင်အသိဉာဏ် ရှိသလား မရှိသလား ဆိုသည်ကိုတော့ ရန်ကိုင်မသိ။ သို့ရာတွင် ရှိပါစေဟုတော့ မျှော်လင့်မိပေသည်။ ထိုသို့သာ မဟုတ်ပါက သူ့အနေဖြင့် ထွက်ပြေးရုံသာ ရှိပေတော့မည်။
ထိုမွန်းစတားသားရဲနှစ်ကောင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခရမ်းရောင်ရှဉ့်လေးသည် ကြောက်လွန်းသဖြင့် ရန်ကိုင့်နောက်တွင် ချက်ချင်း ပြေးပုန်းလေ၏။
သူသည် အဆင့်ကိုး မွန်းစတားသားရဲတစ်ကောင်သာ ဖြစ်သည့်အတွက်ကြောင့် အဆင့်ဆယ့်နှစ် မွန်းစတားသားရဲများနှင့် တွေ့သည့်အခါ ဤကဲ့သို့ ကြောက်လန့်သွားသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။
ရန်ကိုင်နှင့် ရင်ဆိုင်တွေ့ပြီးသည့်နောက်တွင် မျောက်ဝံကြီးသည် ရုတ်တရက် နှာခေါင်းရှုံ့လိုက်လေသည်။ သူ့နှာခေါင်းမှ ဖြာထွက်လာသည့် လေပူများကြောင့် ပတ်ဝန်းကျင်အပူချိန်မှာ ရုတ်ချည်းဆိုသလို မြင့်တက်လာခဲ့သည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် ရင်ထိတ်သွားခဲ့ပြီး သူ့ခွန်အားကို စတင် လှည့်ပတ်ထားလိုက်တော့လေသည်။
“ပျော်လို့ဝပြီလား…” မျောက်ဝံကြီးက ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။
အရှေ့တွင် ရှိနေသော မွန်းစတားသားရဲသည် ကိုယ်ပိုင်အသိဉာဏ်ရှိနေသည့် မွန်းစတားသားရဲမှန်း ချက်ချင်း နားလည်သွားခဲ့သည်။ ရိုးရိုးအသိဉာဏ်ရှိရုံပင်လျှင် မဟုတ်။ အတော်လေးကိုမှ မြင့်မားသည့် အသိဉာဏ်အား ပိုင်ဆိုင်ထားသည့် မွန်းစတားသားရဲတစ်ကောင် ဖြစ်ပေသည်။
ဆိုလိုသည်ကား သူ့တွင် ဤမွန်းစတားသားရဲနှင့် ဆွေးနွေးနိုင်မည့် အခွင့်အရေး ရှိလာခဲ့လေပြီ။ ထိုကဲ့သို့ စဉ်းစားမိလိုက်သော် အလျင်အမြန် လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “စီနီယာ…”
တစ်ဖက်လူသည် မွန်းစတားသားရဲတစ်ကောင် ဖြစ်သဖြင့် စီနီယာဟု သွားခေါ်၍ မသင့်တော်သော်ငြား ထိုသို့ မခေါ်ပါက မည်သို့ ခေါ်ရမလဲ မသိသဖြင့် ရန်ကိုင်လည်း စီနီယာဟုသာ ခေါ်လိုက်တော့လေသည်။
သို့သော်ငြား ရန်ကိုင့်အနေဖြင့် စီနီယာဟုခေါ်ပြီး မည်သည့်စကားမှ ဆက်မပြောနိုင်သေးခင်မှာပင် မျောက်ဝံကြီးသည် ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်၍ ဧကရာဇ်အရှိန်အဝါကို ထုတ်လွှတ်ကာ အော်ပြောလိုက်လေ၏။ “တိတ်တိတ်နေစမ်း…”
“ဟမ်…” ရန်ကိုင် ဘာပြန်ပြောလို့ ပြောရမှန်းပင် မသိတော့ချေ။
အစောပိုင်းက မျောက်ဝံကြီး ပြောလိုက်သည့် စကားကို သူနားမလည်။ သူဘာကို ပြောချင်လို့ ပြောချင်နေမှန်း ရန်ကိုင်မသိ။
ထိုစဉ် ညာဘက်တွင်ရှိနေသော သမင်သည် ရုတ်တရက် စတင် လှုပ်ရှားလိုက်လေ၏။ သမင်ဆီမှ သိမ်မွေ့သည့် စွမ်းအားတစ်ရပ် ဖြာထွက်လာခဲ့ပြီး မျောက်ဝံမှ ထုတ်လွှတ်နေသည့် ဖိအားကို ချေဖျက်သွားပေးခဲ့လေသည်။
တစ်ချိန်တည်းတွင် သမင်၏ ခန္ဓာကိုယ်သည် အလင်းစက်ကလေးများ အဖြစ်သို့ ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့လေ၏။
ခေတ္တမျှအကြာ၌ ထိုအလင်းစက်ကလေးများသည် အရပ်ရှည်ရှည် ချောမောလှပသည့် နှင်းဖြူရောင်အသားအရေကို ပိုင်ဆိုင်ထားပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
သမင်မှ အသွင်ပြောင်းလာသော အမျိုးသမီးသည် အသက်နှစ်ဆယ်လောက်သာ ရှိသေးမည် ထင်ရ၏။ သူမ၏ အလှမှာ စွဲမက်ဖွယ်မကောင်းလှ။ နှစ်လိုဖွယ်မကောင်းလှသလို သိမ်မွေ့ခြင်းလဲ မရှိချေ။ သို့သော်ငြား သူမ၏ အလှမှာ ထူးထူးခြားခြားကို တော်ဝင်ဆန်လှသည်။ ဤလောကကြီးနှင့် လားလားမျှ မပတ်သက်သည့်အလား။
ဤအမျိုးသမီးသည် လောကီလောကုတ္တရာ အညစ်အကြေးတို့ စွန်းထင်းခြင်း မရှိသော နတ်ဘုံနတ်နန်းမှ ဆင်းသက်လာသည့် အင်မော်တယ် နတ်သမီးလေးတစ်ပါးနှင့်ပင် တူပေသေးသည်။
“သတိထား ယွမ်ဖေး… နင် သခင်လေးကို မတော်တဆ ထိခိုက်အောင် လုပ်မိသွားရင် ဘယ်လိုလုပ်မှာလဲ…” လူအသွင်သို့ ပြောင်းပြီးသည့်နောက်တွင် သမင်သည် လူဝံကြီးကို ကြည့်၍ အော်ပြောလိုက်လေသည်။
“သူထိခိုက်သွားတော့လည်း သူပဲနာရုံပေါ့…” ယွမ်ဖေးဟုခေါ်သော မျောက်ဝံကြီးက မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေ၏။
ခဏအကြာတွင် မျောက်ဝံကြီးသည်လည်း အလင်းစက်များ အဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့ပြီး အသက်လေးဆယ်လောက် ရှိမည်ထင်ရသော သက်လတ်ပိုင်းလူကြီးတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
သူ့ရှေ့တွင် ရှိနေသော မွန်းစတားသားရဲနှစ်ကောင် လူပုံစံသို့ ပြောင်းလဲသွားသော်ငြား ရန်ကိုင်မှာမူ အရမ်းကြီး ထိတ်လန့်နေခြင်း မရှိခဲ့ပေ။ ထို့အစား မွန်းစတားသားရဲနှစ်ကောင်ကို မယုံသင်္ကာဖြင့်သာ ကြည့်၍ မေးလိုက်လေ၏။ “သခင်လေး…” သူ့စိတ်ထဲ တစ်ခုခုအား ချက်ချင်း နားလည်သွားခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၂၅)
သမင်မှ အသွင်ပြောင်းလာသော အမျိုးသမီးသည် ရန်ကိုင့်ကို ကြည့်၍ ပြောလိုက်လေသည်။ “သခင်လေး အိမ်ပြန်ဖို့ အချိန်ရောက်ပြီနော်…”
သူ့အား ပြောနေခြင်း မဟုတ်မှန်း သိသည့်အတွက်ကြောင့် ရန်ကိုင်သည် ငြိမ်ငြိမ်လေးသာ ရပ်နေပေးလိုက်၏။
သူ့ကျောဘက်တွင် တွယ်ကပ်နေသော ခရမ်းရောင်ရှဉ့်လေးသည် ရန်ကိုင့်၏ ပုခုံးမှတစ်ဆင့် ခေါင်းလေး ပြူကြည့်လာခဲ့လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ အမျိုးသမီးက ပြုံးလျက် “ကြောက်မနေနဲ့ သခင်လေး… သခင်လေးသာ လိမ်လိမ်မာမာနှင့် ပြန်လာမယ် ဆိုလို့ရှိရင် အခုတစ်ကြိမ် ဘာအပြစ်မှ မပေးပဲ လွှတ်ပေးမယ်လို့ ဆရာက ပြောထားပြီးသား… သခင်လေးသာ ပြောတဲ့အတိုင်း ပြန်လာမယ်လို့ဆိုလို့ရှိရင် ဆရာ အဲ့လောက်ကြီး ဒေါသထွက်မှာ မဟုတ်တော့ဘူး…”
ခရမ်းရောင်ရှဉ့်လေးသည် တကျွိကျွိနှင့် ပြန်အော်ဟစ်လိုက်လေသည်။ သူဘာပြောနေသလဲဆိုသည်ကိုတော့ ရန်ကိုင် မသိပေ။
“မင်း ငါတို့ကို ဈေးလာဆစ်ရဲသေးတာလား…” ထိုစကားကိုကြားသော် ယွမ်ဖေးသည် ခရမ်းရောင်ရှဉ့်လေးအား စူးရဲစွာ စိုက်ကြည့်ရင်း အင်္ကျီလက်ကို ခေါက်တင်လျက် တိုက်ခိုက်တော့မည့်ဟန်ဖြင့် အော်ပြောလိုက်လေသည်။ “ငါ့ကို လာမတားနဲ့တော့ ပိုင်လု… ငါဒီတစ်ကြိမ် သူ့ကို ကောင်းကောင်း သင်ခန်းစာ ပေးရမယ်…”
ပြောပြီးသည့်နောက်တွင် ခရမ်းရောင်ရှဉ့်လေးဆီသို့ ပြေးလာပြီး သူ့အား ရိုက်နှက်တော့မည့်အလား လုပ်လိုက်လေသည်။
ခရမ်းရောင်ရှဉ့်လေးမှာ အလွန်ကိုမှ ကြောက်လန့်သွားသဖြင့် ရန်ကိုင့်၏ ကျောဘက်တွင် ချက်ချင်း ပြန်ပြေးပုန်းနေလေ၏။
ယခုမှပဲ အကြောင်းစုံကို ရန်ကိုင် နားလည်သွားတော့သည်။ သူအမှတ်မထင် လမ်း၌ တွေ့ခဲ့သော ခရမ်းရောင်ရှဉ့်လေးသည် သာမန် မွန်းစတားသားရဲတစ်ကောင် မဟုတ်ဘဲ အားကောင်းသည့် နောက်ခံ ပိုင်ဆိုင်ထားသည့် မွန်းစတားသားရဲတစ်ကောင် ဖြစ်ပေသည်။
ဧကရာဇ်အဆင့်နှစ်ဦးကို လွှတ်၍ ပြန်ခေါ်ခိုင်းသည်ကို ကြည့်လျှင် ခရမ်းရောင်ရှဉ့်လေး၏ နောက်ခံမှာ အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
ခရမ်းရောင်ရှဉ့်လေးသည် ဤကောင်းကင်မွန်းစတား ရိုးမတောင်တန်းပေါ်တွင် ရှိနေသော ပညာရှင်တစ်ဦးဦး၏ သားတစ်ယောက်ပင် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။
ထိုပညာရှင်မှာလည်း ဤကောင်းကင်မွန်းစတား ရိုးမတောင်တန်းအား အစိုးရသော ခေါင်းဆောင်ပင် ဖြစ်နေနိုင်သေးသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။
ပိုင်လုနှင့် ယွမ်ဖေးမှာ အလွန်ကိုမှ အတွဲအဖက် ညီနေကြလေသည်။ တစ်ယောက်က လူကြမ်းလုပ်ပြချိန် ကျန်တစ်ဦးမှာတော့ ကယ်တင်ရှင် လုပ်ပြလေသည်။ သူတို့ ဤကဲ့သို့ လုပ်လာသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်တော့လောက်။
ယွမ်ဖေး ခရမ်းရောင်ရှဉ့်လေးဆီသို့ ပြေးဝင်သွားတော့မည်ကို မြင်သော် ပိုင်လုက အလျင်အမြန် ပြောလိုက်လေသည်။ “သခင်လေး မမကြီးဆီကို မြန်မြန် လာခဲ့… မမကြီး ကာကွယ်ပေးမယ်…”
သူမ ပါးစပ်မှ ထိုစကားထွက်သွားသည်နှင့် တစ်ပြိုင်နက် ခရမ်းရောင်ရှဉ့်လေးသည် ခရမ်းရောင်အလင်းတန်းတစ်ခုအလား ပိုင်လု၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားလေသည်။ သူမ၏ ရင်ခွင်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ယွမ်ဖေးအား အထိတ်တလန့်ဖြင့် ခေါင်းလေးပြူကြည့်လိုက်လေ၏။
“ဒီကောင် တကယ်ယုံတာပဲဟ…” ရန်ကိုင် ဆွံ့အနေခဲ့လေသည်။
ယွမ်ဖေးလည်း ရပ်တန့်လိုက်ပြီး ခရမ်းရောင်ရှဉ့်လေးအား စူးရဲစွာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “ငါမင်းကို မမိစေနဲ့… မဟုတ်ရင် အရေခွံခွာပစ်မှာ…”
ထိုစကားထွက်လာသော် ခရမ်းရောင်ရှဉ့်လေးမှာ ပိုင်လု၏ ရင်ခွင်ထဲမှ အပြင်သို့ မထွက်ရဲတော့ပဲ အထဲသို့ပင် ပို၍ တိုးဝင်သွားလေသည်။ သို့တိုင် လျှာလေးတစ်လစ်တစ်လစ် လုပ်လျက် ယွမ်ဖေးအား လှမ်းကြည့်နေသေး၏။
“ဒါနဲ့ဆို ဆယ့်တစ်ခါမြောက် ရှိသွားပြီ…” ပိုင်လုသည် ခရမ်းရောင်ရှဉ့်လေးအား ကူကယ်ရာမဲ့နေသည့် အမူအယာဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။ “သခင်လေးရယ်… ကျေးဇူးပြုပြီး နောက်တစ်ကြိမ်ဆို ဒါမျိုး ထပ်မလုပ်ပါနဲ့တော့… အပြင်ဘက်မှာ အရမ်း အန္တရာယ်များတယ် သခင်လေးရဲ့…”
ပြောပြီးသည့်နောက်တွင် ရန်ကိုင့်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး ဆက်ပြောလိုက်လေသည်။ “သခင်လေး နည်းနည်းလောက်ပိုကြီးလာတာနဲ့ ဆရာက သခင်လေးကို အပြင်သွားခွင့်ပေးမှာပဲဟာကို… ဘာလို့ နည်းနည်းလေးတောင် ထပ်မစောင့်နိုင်ရတာလဲ…”
ခရမ်းရောင်ရှဉ့်လေးမှာတော့ ကြက်အစာကောက်သည့်နှယ် ခေါင်းတညိတ်ညိတ်သာ လုပ်နေခဲ့လေသည်။
“ပြန်ရောက်ရင် ဆရာ့ကို တောင်းပန်လိုက်နော်… မဟုတ်လို့ရှိရင် သခင်လေးကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး…” ပိုင်လုက ထပ်ပြောလိုက်သည်။
ခရမ်းရောင်ရှဉ့်လေးသည် ခေါင်းတညိတ်ညိတ်သာ လုပ်နေလေသည်။
အဆင့်ဆယ့်နှစ် မွန်းစတားသားရဲနှစ်ကောင်သည် မျက်လုံးနှင့် စကားပြောနေသည့်အလား အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ “ကဲ အခု သခင်လေးကိစ္စကို ရှင်းပြီးသွားပြီဆိုတော့…” ယွမ်ဖေးသည် ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်ရင်း “ကောင်လေး… မင်းက ဘာကောင်မို့လို့ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းရဲ့ အတွင်းပိုင်းထိတောင် ဝင်လာရဲရတာလဲ…”
ထိုစကားကိုကြားသော် ရန်ကိုင့်၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး အလျင်စလို လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “စီနီယာ အထင်မလွဲပါနဲ့… ဂျူနီယာ ဝင်လာချင်လို့ ဝင်လာတာမဟုတ်ပါဘူး… အခြားသူတွေ လိုက်ဖမ်းနေလို့ ရွေးစရာ မရှိတော့လို့ ဒီအထိ ထွက်ပြေးလာရတာပါ… စီနီယာကို ရန်စမိလိုက်သလို ဖြစ်သွားခဲ့လို့ရှိရင်…”
“တော်လိုက်တော့…” ယွမ်ဖေးသည် ရန်ကိုင့်၏ ရှင်းပြချက်ကို နားမထောင်ချင်သည့်အလား သူ့လက်အား ဝှေ့ယမ်းလျက် ဒေါသတကြီး ပြန်အော်ပြောလိုက်လေသည်။ “ကြည့်ရတာ မင်းတို့လူသားတွေ ငါတို့ လုပ်ထားတဲ့ သဘောတူညီချက်ကို မေ့နေပြီနဲ့တူတယ်…”
“သဘောတူညီချက်…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူသည် အတွေ့အကြုံရရန်အတွက် အပြင်လောကကြီးမှ ဤထဲသို့ ဝင်လာသည့် လူသစ်တစ်ဦးသာ ဖြစ်လေရာ ဤကောင်းကင်တက်လှမ်းခြင်း ကြေးမုံလောကကြီးထဲရှိ လူသားများနှင့် မွန်းစတားများကြား လုပ်ခဲ့သည့် သဘောတူညီချက်ကို မည်သို့များ သိပါမည်နည်း။
“မင်းတို့ တကယ်ကြီး မေ့နေတာပဲ…” ရန်ကိုင့်၏ အမူအယာကို မြင်သော် ယွမ်ဖေး၏ မျက်နှာ အေးစက်သွားခဲ့ပြီး အလွန်ကိုမှ ဒေါသထွက်သွားဟန်ဖြင့် “ငါထင်ထားတဲ့အတိုင်းပဲ…. မင်းတို့ လူသားတွေ တစ်ကောင်မှ ယုံလို့ရတာမဟုတ်ဘူး… အဲ့လိုဆိုမှတော့ ငါကိုယ်တိုင်မင်းကို ယမမင်းဆီ ပို့ပေးရသေးတာပေါ့…”
ပြောပြီးသည့်နောက် သူ့ကိုယ်ထဲရှိ စွမ်းအားကို လှည့်ပတ်လိုက်ရာ အားကောင်းလှသည့် ဖိအားတစ်ရပ် အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။
“ကျွိ ကျွိ ကျွိ…” ထိုစဉ် ပိုင်လု၏ ရင်ခွင်ထဲ၌ ရှိနေသော ခရမ်းရောင်ရှဉ့်လေးသည် ၎င်း၏ လက်သည်းနှစ်ချောင်းကို ကမန်းကတန်း ဝှေ့ယမ်းရင်း တကျွိကျွိနှင့် အော်ပြောလိုက်လေသည်။
“ဟမ်…” ထိုစကားကို ကြားသည့်အခါ ယွမ်ဖေး ရပ်တန့်သွားခဲ့လေသည်။ ခဏအကြာ၌ သူ၏ ဒေါသစိတ်တို့ အတော်လေး ပြေလျော့သွားခဲ့ပြီး ရန်ကိုင့်အား အထက်အောက် အစုံအဆန် ငုံ့ကြည့်၍ သင်္ကာမကင်း အမူအယာဖြင့် မေးလိုက်လေသည်။ “မင်း ငါတို့ သခင်လေးကို ကယ်ခဲ့တာလား…”
ခရမ်းရောင်ရှဉ့်လေး သူ့အတွက် ဝင်ပြောပေးနေမှန်း သိလိုက်သည့်အတွက်ကြောင့် ရန်ကိုင်သည် ချက်ချင်းပဲ ခေါင်းညိတ်လိုက်လေ၏။ “မတော်တဆ ကယ်မိလိုက်တာပါ…”
ယွမ်ဖေး မျက်မှောင်ကျုံ့သွားခဲ့လေ၏။ သူ့အတွက်မူ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲ၏ အတွင်းပိုင်းဆီသို့ လူသားတစ်ဦး ရောက်လာလျှင် ထိုလူသား သေရမည်။ နှစ်ယောက်ရောက်လာလျှင် ထိုနှစ်ယောက်စလုံး သေရမည်။ သူတို့ကြား သဘောတူထားသည့် သဘောတူညီချက်ကို ဖောက်ဖျက်သည့် လူအား သတ်ပစ်သည်မှာ သဘာဝသာ ဖြစ်လေသည်။
သို့သော်ငြား ဤလူသားကမူ သူတို့သခင်လေး၏ အသက်ကို ကယ်ထားသူ ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် ယွမ်ဖေးမှာ ဆုံးဖြတ်ရ ခက်နေတော့လေသည်။
သဘောတူညီချက်ကို ဖောက်ဖျက်သည့်အတွက်ကြောင့် ဤလူသားအား သတ်လိုက်မည်ဆိုပါက သူ့သခင်လေးအား အနည်းငယ်မှပင် မျက်နှာသာမပေးတော့သလို ဖြစ်သွားပေလိမ့်မည်။
ဤအကြောင်းသာ သူတို့၏ ခေါင်းဆောင် ပြန်ကြားမည်ဆိုပါက ယွမ်ဖေးလည်း အဆူခံရပေလိမ့်မည်။
လုပ်ရကိုင်ရ ခက်လာသည့် အတွက်ကြောင့် ယွမ်ဖေးသည် ခေါင်းတကုတ်ကုတ်နှင့် ပိုင်လုဆီသို့ လှမ်းကြည့်လိုက်လေသည်။
ပိုင်လုသည်လည်း မျက်မှောင်ကျုံ့နေခဲ့သည်။ ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြောလိုက်လေ၏။ “ငါတို့သခင်လေးကို ကယ်ပေးခဲ့တဲ့အတွက် နင့်ကို တကယ် ကျေးဇူးတင်တယ်… ဒါပေမဲ့ နင့်ကိုယ်ပေါ်ကနေ မွန်းစတားသားရဲ အမြုတေတွေ အများကြီးရဲ့ အနံ့ကို ငါရနေတယ်… နင် ဒီကိုလာတုန်း မွန်းစတားသားရဲတွေ အများကြီးကို သတ်ပစ်ခဲ့တယ်မလား…”
ဤအကြောင်းကို သူမ မည်ကဲ့သို့ သိသွားသလဲဟု တွေးရင်း ရန်ကိုင် ပျာယာခတ်သွားခဲ့လေသည်။ သို့သော်ငြား လိမ်ညာနေခြင်းသည် ကောင်းမွန်သည့် နည်းလမ်းတစ်ခု မဟုတ်သည့် အတွက်ကြောင့် ဝန်ခံရုံသာ တတ်နိုင်လေ၏။ “ဟုတ်တယ်…”
“နင်သတ်ခဲ့တဲ့ မွန်းစတားသားရဲတွေက ငါတို့ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းရဲ့ ကလေးတွေပဲ… သူတို့ကို သတ်တယ်ဆိုတာ ငါတို့ကို ရန်စလိုက်တာနဲ့ တူတူပဲ… ဒီတော့ အဲ့အတွက် နင့်မှာ တာဝန်ရှိတယ်…”
“အဲ့ဒါဆို ငါ သူ့ကို သတ်ပစ်ရမှာပေါ့…” ယွမ်ဖေးဆီမှ သတ်ဖြတ်လိုစိတ်တို့ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။
သို့သော်ငြား ပိုင်လုက လက်မြှောက်၍ တားလိုက်လေ၏။ “ဒါပေမဲ့ သူက ငါတို့သခင်လေးကို ကယ်ထားသေးတယ်… သူက ငါတို့ မျိုးနွယ်စုအတွက် ကောင်းတာရော မကောင်းတာတွေရော လုပ်ထားခဲ့တာ… ဒီတော့ သူနဲ့ပတ်သက်ပြီး ဘယ်လိုစီရင်မလဲ ခေါင်းဆောင်ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်တော့မယ်…”
“အဲ့ဒါကောင်းတယ်…” ယွမ်ဖေးက ခေါင်းညိတ်လိုက်လေ၏။ ပြောပြီးသည့်နောက်တွင် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်၍ ရန်ကိုင့်အား သူ့အနားဆီသို့ ဆွဲခေါ်လိုက်လေသည်။
ယွမ်ဖေးဆီမှ အားကောင်းသည့် စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး သူ့အား ဆွဲယူနေသည်ကို ရန်ကိုင် ခံစားလိုက်ရသည်။ သို့ရာတွင် ခုခံရန် ကြိုးစားမနေပဲ အလိုက်သင့် စီးမျောသွားလိုက်လေ၏။
ယခုကဲ့သို့သော အချိန်မျိုးသည် ပြဿနာရှာလို့ကောင်းသည့် အချိန်မျိုး မဟုတ်ချေ။ အဆင့်ဆယ့်နှစ် မွန်းစတားသားရဲနှစ်ကောင်၏ ရှေ့မှောက်တွင် ပြဿနာ သွားရှာခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် အတူတူသာ ဖြစ်လေသည်။
အကယ်၍ သူ့အနေဖြင့် ဤမွန်းစတားသားရဲနှစ်ကောင်လက်မှ ထွက်ပြေးနိုင်မည်ဆိုလျှင်ပင် မည်သည့်နေရာသို့ ထွက်ပြေးနိုင်မှာမို့နည်း။
ထို့အပြင် ပိုင်လုဟူသော အမျိုးသမီးသည် အတော်လေးကို အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်သူတစ်ဦး ဖြစ်သည်။ သူ့ဘက်မှ ခရမ်းရောင်ရှဉ့်လေး၏ အသက်ကို ကယ်ပေးထားသည့်အတွက်ကြောင့် ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ ခေါင်းဆောင်သည်လည်း သူ့အား ဆိုးဆိုးရွားရွား အပြစ်မပေးလောက်ဟု ရန်ကိုင် ထင်မိပေသည်။
အဖမ်းခံလိုက်ရပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်သေး၏။ “စီနီယာတို့နှစ်ယောက်ကို ဂျူနီယာ ပြောစရာတစ်ခု ရှိပါသေးတယ်…”
“ပြော…” ယွမ်ဖေးက အေးစက်စက် လေသံဖြင့် အော်ပြောလိုက်လေ၏။ “အခုလောလောဆယ် ကျိုးထျန်းလို့ ခေါ်တဲ့ လူတစ်ယောက်က သူ့လူတွေခေါ်လာပြီး ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲကို ဝင်လာနေပါတယ်…”
“ဘာကွ… ကျိုးထျန်း ဟုတ်လား…” ယွမ်ဖေးနှင့် ပိုင်လုတို့၏ အမူအယာများ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။
ယွမ်ဖေးသည် ရန်ကိုင့်အား သူ့အနီးသို့ ဆွဲယူ၍ မေးလိုက်လေ၏။ “ကျိုးထျန်း ဒီကို ရောက်နေတာ သေချာလား…”
“ကျိုးထျန်းကို မတွေ့လိုက်ရပေမဲ့ ပန်ချင်းဆိုတဲ့လူနဲ့တော့ လမ်းမှာ တွေ့လိုက်ရပါသေးတယ်… သူ့ဆီကနေ ကျိုးထျန်းအကြောင်းကို ကြားခဲ့တာပါ…”
“အဲ့ခွေးကောင် ပန်ချင်းကို တွေ့ခဲ့တယ် ဟုတ်လား…” ယွမ်ဖေး မျက်လုံးပြူးသွားခဲ့လေသည်။
ပိုင်လုက အလျင်အမြန် ပြောလိုက်လေ၏။ “ပန်ချင်းတောင် ရောက်နေမှတော့ ကျိုးထျန်းလည်း ရောက်နေမှာပဲ… သူတို့နှစ်ဦးတောင် ရောက်နေပြီဆိုရင် ကျန်တဲ့သုံးယောက်လည်း ကျိန်းသေ ရောက်နေတော့မှာ… သူတို့ ဒီကို ဘာလာလုပ်ကြတာလဲ…”
“ကပ်ဘေးကြယ် ဆိုတဲ့ဟာကို လိုက်ရှာနေတဲ့ပုံပဲ… အဲ့ဒါ ဘာလဲဆိုတာတော့ ဂျူနီယာလည်း မသိဘူး…” ရန်ကိုင်က အမှန်အတိုင်း ပြောပြလိုက်လေသည်။
“ကပ်ဘေးကြယ်…” ပိုင်လု မျက်ခုံးပင့်သွားခဲ့လေ၏။
ယွမ်ဖေးကမူ ရန်ကိုင့်အား အံ့အားသင့်တကြီး ကြည့်ရင်း ပြောလိုက်လေ၏။ “ပန်ချင်းနဲ့ တွေ့ခဲ့တယ်ဆိုရင် မင်းဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ…”
“ဂျူနီယာက ထွက်ပြေးတာတော်တယ်လေ…” ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေ၏။
ယွမ်ဖေးသည် ရန်ကိုင့်အား မယုံသင်္ကာဖြင့် ဝေ့ကြည့်လိုက်လေသည်။
ပိုင်လုရင်ခွင်ထဲသို့ ရောက်နေသော ခရမ်းရောင်ရှဉ့်လေးကမူ ရန်ကိုင့်အား “ငါသိနေပါတယ်” ဟူသော အကြည့်မျိုးဖြင့် လှမ်းကြည့်နေခဲ့လေသည်။
“နင်ပြောတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီကိစ္စကို ခေါင်းဆောင်ဆီ ပြန်ပြောရမယ်… ယွမ်ဖေး သူ့ကို ခေါ်ပြီး လိုက်လာခဲ့… ငါတို့ ခေါင်းဆောင်ဆီ ပြန်ကြရအောင်…” ပြောပြီးသည်နှင့် ပိုင်လုသည် တစ်ခုသော ဘက်ဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။
ယွမ်ဖေးသည် ရန်ကိုင့်အား သယ်ရင်း အနောက်မှ လိုက်လာခဲ့လေ၏။
“စီနီယာ… ဂျူနီယာ ကိုယ့်ဘာသာကိုယ် လိုက်လာလို့ရလား…”
ယွမ်ဖေးသည် ရန်ကိုင့်အား တစ်ချက်ကြည့်၍ ဘာမှပြောမနေဘဲ လွှတ်ပေးလိုက်လေသည်။
အခွင့်အရေးရသည့်အတွက်ကြောင့် ရန်ကိုင်သည် ထွက်မပြေးခဲ့ပေ။ ထို့အစား သူ့ခွန်အားကို လှည့်ပတ်၍ မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်နှစ်ဦးနောက်မှသာ အနီးကပ်လိုက်သွားလေ၏။
ထိုပညာရှင်နှစ်ဦးသည်လည်း ရန်ကိုင် ထွက်ပြေးရာတွင် တကယ်တော်မတော်ကို စမ်းသပ်ချင်နေသည့် ပုံပင်။ ထို့အတွက်ကြောင့် သူတို့၏အရှိန်ကို တဖြေးဖြေးချင်း တင်လိုက်လေသည်။
ရန်ကိုင်သည်လည်း နောက်ကျမကျန်ခဲ့စေရန်အတွက် အားကုန်သုံး၍ သူတို့နောက်မှ လိုက်သွားခဲ့လေ၏။
ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲ၏ တစ်နေရာတွင် ကျိုးထျန်းသည် သူ၏ ချိုကိုးချောင်းနဂါးသားရဲကို စီးနင်းလျက် ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲ၏ တစ်ခုသောနေရာဆီသို့ စိုက်ကြည့်နေခဲ့လေသည်။ အားကောင်းလှသော တိုက်ခိုက်လိုစိတ်တို့သည် သူ့ခန္ဓာကိုယ်ဆီမှ တဖွားဖွား ထွက်ပေါ်နေခဲ့လေ၏။
သူ့အနီးအနားတစ်ဝိုက်တွင် အခြားသောပညာရှင်ငါးဦး ရှိနေခဲ့လေသည်။ ထိုပညာရှင်ငါးဦးသည် စက်ဝိုင်းပုံစံ နေရာလပ်တစ်ခုထဲတွင် အတူတကွ စုဝေးကာ ထိုင်နေကြလေသည်။
ထိုပညာရှင်များမှာ ချုပ်နှောင်ထားခြင်း မခံရသော်ငြား သူတို့ဆီမှ ဖြာထွက်နေသည့် စွမ်းအင်အရှိန်အဝါမှာ အလွန်တရာကိုမှ အားနည်းနေခဲ့လေသည်။ ထို့အပြင် သူတို့၏ ခန္ဓာကိုယ်ပေါ်၌ ချိတ်ပိတ်ထားခံရသည့် ချိတ်စည်းအမှတ်အသားများလည်း ရှိနေကြသေး၏။
ထိုလူအားလုံးသည် ကျိုးထျန်း၏ လက်အောက်ငယ်သားများမှ ဖမ်းလာကြသည့် လူများ ဖြစ်ကြပေသည်။
ထိုလူများထဲ ရှောင်ပိုင်ယီ၊ မုရုန်ရှောင်ရှောင်နှင့် ချန်းမုကျီတို့လည်း ပါနေကြ၏။ သုံးယောက်မှာ စကားတစ်ခွန်းမှ မပြောကြသော်ငြား အကြည့်ချင်းတော့ ဖလှယ်နေခဲ့ကြလေသည်။
သူတို့စိတ်ထဲ ဤနေရာသို့ မလာခဲ့လိုက်သင့်ဟု ခံစားနေရသည်။
အချင်းချင်း လမ်းခွဲလိုက်ပြီးကြ ပြီးသည့်နောက်တွင် သူတို့သုံးဦးသည် ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲရှိ မွန်းစတားသားရဲများကို စတင် အမဲလိုက်ကာ သူတို့၏ ဝိဉာဉ်အမြုတေများကို စုပ်ယူ၍ ဝိဉာဉ်ကို စတင်ကျင့်ကြံကြတော့လေသည်။
သို့သော်ငြား ထိုကဲ့သို့ မွန်းစတားသားရဲများကို အမဲလိုက်နေစဉ် ရုတ်တရက်ဆိုသလို ဧကရာဇ်အဆင့် ကျင့်ကြံသူများစွာ ထွက်ပေါ်လာပြီး သူတို့အား မပြောမဆိုပဲနှင့် တိုက်ခိုက်ခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့အား ဖမ်း၍ ကျင့်ကြံခြင်းကို ချိတ်ပိတ်ကာ ဤနေရာသို့ ဆွဲခေါ်လာခဲ့ကြလေသည်။