← Chapters

အခန်း (၂၂၄၁-၂၂၄၅)

Vol. 90 Ch. 2241-2245

အခန်း (၂၂၄၁-၂၂၄၅)

Vol. 90 Ch. 2241-2245

အပိုင်း (၂၂၄၁)

သုံးရက်ခန့် ကြာပြီးသည့်နောက်တွင် နေမင်းပြာကျောင်းတော်၏ တားမြစ်နေရာထဲရှိ ကျောက်တုံးခန်းတစ်ခန်းထဲ၌ ရန်ကိုင်သည် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့လေသည်။

သူ၏နာမ်ဝိဉာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။ နာမ်ဝိဉာဉ် ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာသည့် ခံစားချက်မှာ အလွန်ကိုမှ အံ့ဩဖွယ်ကောင်းလွန်းလှသည်။ မည်မျှ အံ့ဩဖွယ်ကောင်းလွန်းလှသလဲ ဆိုလျှင် သူ့ကိုယ်သူ အသစ်တဖန် ပြန်လည် မွေးဖွားလာသည်ဟု ခံစားလိုက်ရသည်အထိပင်။

နာမ်ဝိဉာဉ်နှင့် ရုပ်ခန္ဓာ အသားကျအောင် လုပ်ပြီးသည့်နောက်တွင် အကြောအချင် ပြေလျော့စေရန်အတွက် ခြေလက်များကို အနည်းငယ် လှုပ်လှုပ်ရှားရှား လုပ်ပေးလိုက်လေသည်။ ကျောက်တုံးခန်းထဲတွင် တစ်လတိတိ အချိန်ဖြုန်းခဲ့သော်ငြား ရန်ကိုင့်၏ ကျင့်ကြံခြင်းမှာတော့ လုံးဝမျှ ထိခိုက်သွားခဲ့ခြင်း မရှိချေ။ ထို့အစား ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်ရောက်ရာမှ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကြောင့် သူ၏ဝိဉာဉ်မှာ သိသိသာသာကိုပင် ပိုမိုအားကောင်းလာခဲ့သေး၏။

ရန်ကိုင်သည် ကျောက်တုံးခန်းအပြင်သို့ အလျင်စလို ထွက်မသွားသေးဘဲ သူ့အခြေအနေကို သေသေချာချာ အရင်ဦးစွာ စစ်ဆေးကြည့်လိုက်၏။

ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲသို့ မဝင်ရောက်ခင်က ရန်ကိုင့်၏ ကောင်းကင်စိတ်အာရုံမှာ တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်စိတ်အာရုံနှင့် ယှဉ်ပြိုင်နိုင်လောက်သည်အထိ အားကောင်းပေသည်။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံလောကကြီးထဲတွင် ဝိဉာဉ်အမြုတေများစွာကို စုပ်ယူခဲ့ရပြီးသည့်နောက် သူ၏ဝိဉာဉ်မှာ သိသိသာသာကို အားကောင်းလာခဲ့သည်။

ထို့အပြင် ရန်ကိုင်သည် သန့်စင်လှသော ဝိဉာဉ်ကျောက်စိမ်းတစ်ခုကိုလည်း ရရှိခဲ့သေး၏။ ထိုဝိဉာဉ်ကျောက်စိမ်း၏ အကျိုးအာနိသင်မှာ ရေတိုအတွင်း ပြသနိုင်လိမ့်ဦးမည် မဟုတ်သော်ငြား အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ သိသာလာပေလိမ့်မည်။

လက်ရှိတွင် ရန်ကိုင်၏ ဝိဉာဉ်သည် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိဉာဉ်အောက် အားနည်းခြင်းမရှိဟု ပြောလျှင်ပင် မမှားတော့ချေ။ ရန်ကိုင့်အနေဖြင့် သူ၏ရုပ်ခန္ဓာကျင့်ကြံခြင်း လိုက်မီလာမည့်အချိန်ကို စောင့်ရုံသာ လိုပေတော့သည်။ လိုက်မီလာသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်အဆင့်သို့ ချောချောမွေ့မွေ့ ချိုးဖြတ်ဝင်ရောက်နိုင်ပေလိမ့်မည်။

ဝိဉာဉ်ဝါးမျိုအင်းစက်များအား ချိတ်ပိတ်ထားသည့် အလင်းလုံးလေးမှာလည်း ဝိဉာဉ်ကြာပန်းထဲတွင် ငြိမ်သက်အေးချမ်းစွာဖြင့် လှဲလျောင်းတည်ရှိနေပေသည်။

သို့သော်ငြား ရန်ကိုင့်အနေဖြင့် ထိုကိစ္စအား ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို အတတ်နိုင်ဆုံး မြန်မြန် ရှာဖွေရပေလိမ့်မည်။ ထိုအရာသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးတစ်လုံးသာ ဖြစ်လေ၏။

မှိုင်းထိုင်းထိုင်းဖြစ်နေသော ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုလည်း သူ၏ အသိစိတ်ပင်လယ်ထဲတွင် ရှိနေခဲ့လေသည်။ ထိုအရာမှာ ကောင်းရွှယ်ထင်းမှ သူ့အား ပေးခဲ့သော ခရမ်းနေခြည်ဒိုင်းကာသာ ဖြစ်လေ၏။ ပန်ချင်းနှင့် တိုက်ပွဲတွင် ထိုမှော်ရတနာမှာ ပျက်စီးသွားခဲ့ပြီး ဆက်၍ သုံးမရတော့ချေ။

လုပ်စရာရှိသည် စီစဉ်စရာရှိသည်များကို အမျိုးအစား ခွဲခြားပြီးသည့်နောက်တွင် ရန်ကိုင်သည် ကောင်းရွယ်ထင်းမှ ပေးခဲ့သော တံဆိပ်ပြားကိုထုတ်၍ ကျောက်တုံးအခန်းတံခါးကို ဖွင့်ကာ လမ်းလျှောက် ထွက်လာခဲ့လိုက်လေ၏။

လှည့်ပတ်ကြည့်လိုက်သည့်နောက်တွင် အခြားသော ကျောက်တုံးခန်းများမှာ ပြောင်ရှင်းနေကြောင်းကို တွေ့လိုက်ရလေသည်။

ရန်ကိုင် ထျန်းယန်နှင့် ရှိနေစဉ် အတောအတွင်း ရှရှန်းနှင့် အခြားသူများကို ပြန်လည် အနားယူရန်အတွက် ဝမ်ကျိရှန်းမှ ပြန်လည်ခေါ်ဆောင်သွားခဲ့လေပြီ။ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံမှာတော့ ကျောက်တုံးလိုဏ်ဂူ၏ အလယ်ဗဟိုတွင် ရှိနေသေးဆဲပင်။ ထိုကြေးမုံကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေ၏။

လက်ရှိတွင် သူနှင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံကြား၌ မသိသာ မှိန်ဖျလှသော ဆက်သွယ်ချက်တစ်ခု ရှိနေသလို ခံစားနေရသည်။

ဤဆက်သွယ်ချက်သည် သူ့ဝိဉာဉ်ကြာပန်းထဲရှိ ချိတ်စည်းဆီမှ လာနေခြင်း ဖြစ်ပေသည်။ ချိတ်စည်းကို ဖန်တီးရာတွင် ထျန်းယန်၏ စွမ်းအားသာလျှင်မဟုတ်ဘဲ ကြေးမုံဝိဉာဉ်၏စွမ်းအားကိုပါ အသုံးပြုခဲ့သည့်အတွက်ကြောင့် ရန်ကိုင် ဤကဲ့သို့ ခံစားနေရခြင်း ဖြစ်ပေ၏။

“နင် ထွက်လာပြီပေါ့…” အမှောင်ထုထဲမှ အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့လေသည်။

ထိုအသံကို ကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေ၏။ “အကြီးအကဲကောင်း…”

ရန်ကိုင့်အား ရပ်စောင့်နေသော ကောင်းရွှယ်ထင်းသည် ထိုအချင်းအရာကိုမြင်သော် ခေါင်းညိတ်ရင်း ပြန်ပြောလိုက်လေ၏။ “ဒီတစ်ကြိမ် လေ့ကျင့်ရင်းမှာ ပြဿနာတစ်ခု ဖြစ်သွားတယ်… ဒီဘုရင်မ ကောင်းကောင်း မကာကွယ်လိုက်နိုင်လို့ နင်တို့အားလုံး ဒုက္ခရောက်ခါနီး ဖြစ်သွားတာ… ဒီတစ်ကြိမ် ငါ့အမှားပဲ…”

ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား ကောင်းရွှယ်ထင်းသည် သူမ၏အမှားကို ရန်ကိုင့်ရှေ့တွင် ပွင့်ပွင့်လင်းလင်း ဝန်ခံနေခဲ့လေသည်။

ရန်ကိုင်က ပြန်၍ မေးလိုက်လေ၏။ “ဒါက အကြီးအကဲကောင်းရဲ့ အပြစ်မှမဟုတ်တာ… ကျုပ်တို့အားလုံး အဖွားယို့ရဲ့ လှည့်ကွက်ထဲ ရောက်သွားတာပဲဟာကို… ဒါနဲ့ အဖွားယို့ရော ဘယ်လိုနေလဲ…”

ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေ၏။ “အဲ့ကိစ္စကို ကျောင်းသခင် သူ့နည်းနဲ့သူရှင်းလိမ့်မယ်… နင်တို့စိတ်ပူစရာမလိုဘူး…”

“ရောင်းရင်းရှတို့ရော…” ရန်ကိုင်က မေးလိုက်လေသည်။

“ရှရှန်းနဲ့ အခြားသူတွေကတော့ သူတို့ရဲ့ ဝိဉာဉ်တွေ နည်းနည်းပါးပါး ထိခိုက်သွားတယ်… ဒါပေမဲ့ အရမ်းကြီးတော့လည်း မဟုတ်ပါဘူး… တစ်လ နှစ်လလောက် နားလိုက်လို့ရှိရင် ပြန်ကောင်းသွားမှာ….”

“အဲ့ဒါဆိုကောင်းတယ်…” ထိုအခါမှပဲ ရန်ကိုင် သက်ပြင်းချနိုင်တော့လေသည်။ အဖွားယို့သည် သူတို့၏ ဝိဉာဉ်များကို ရှာဖွေနေစဉ်အတောအတွင်း ရှရှန်းနှင့် အခြားသူများ၏ဝိဉာဉ်များ ထိခိုက်သွားခဲ့ရသည်။ ဆိုးဆိုးရွားရွား ထိခိုက်သွားသည် မဟုတ်သည့်တိုင် ရန်ကိုင့်အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ပူနေမိပေသေးသည်။ ယခုမှသာ စိတ်အေးနိုင်ခြင်း ဖြစ်၏။

“ကဲ… ဒီကကိစ္စတွေ ပြီးသွားပြီဆိုတော့ ငါ့နောက်လိုက်ခဲ့ပေတော့… ကျောင်းသခင် နင်နဲ့ တွေ့ချင်နေတယ်…” ပြောပြီးသည်နှင့် ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား ဦးဆောင်ခေါ်သွားလေသည်။ သို့သော်ငြား ရန်ကိုင့်အား သတိပေးရန်လည်း မမေ့ခဲ့ပေ။ “ကောင်းကင်တက်လှမ်းခြင်း ကြေးမုံက ငါတို့ကျောင်းတော်ရဲ့ အကြီးမားဆုံး လျို့ဝှက်ချက်ထဲကတစ်ခုပဲ… အပြင်လူတစ်ယောက်ဖြစ်တဲ့ နင့်လိုလူတစ်ယောက်ကို ဒီထဲဝင်ခွင့်ပေးတာ ငါတို့ရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ရာကျနေပြီ… ဒီတော့ ဒီအကြောင်းကို နင် အခြားသူတွေ ဘယ်သူ့ဆီကိုမှ လျှောက်ပြောလို့မဖြစ်ဘူးနော်…”

“ဟုတ်ကဲ့…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ထိုစကားကို ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် အခြား မည်သည့်စကားကိုမှ ဆက်မပြောတော့ချေ။ ရန်ကိုင့်ကိုသာ သူတော်စင်များ တောင်ထွတ်ဆီသို့ ခေါ်ဆောင်သွားလေ၏။

သို့သော်ငြား ကောင်းရွှယ်ထင်းမှ တစ်ခုခု ပြောချင်နေသည့် ပုံစံမျိုး လုပ်ပြနေသည်ကို ရန်ကိုင် အကြိမ်ပေါင်းများစွာ သတိပြုမိခဲ့သည်။ သို့သော်ငြား အဆုံးတွင်တော့ ကောင်းရွှယ်ထင်းသည် မည်သည့်စကားကိုမှ မပြောခဲ့ပေ။

သူမ ထျန်းယန်အကြောင်း မေးချင်နေမှန်း ရန်ကိုင် ပြောနိုင်ပေသည်။ ဝမ်ကျိရှန်း သူထွက်လာလာချင်း သူ့အား တွေ့ချင်နေရသည့် အကြောင်းအရင်းမှာလည်း ထျန်းယန်ကြောင့်သာဖြစ်လောက်သည်။

ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် မဟာဧကရာဇ်တစ်ပါး ရှိနေခြင်းမှာ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသည်။ ဝမ်ကျိရှန်းပင်လျှင် ထိုကဲ့သို့သော ပညာရှင်တစ်ပါး ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲ၌ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

ခဏအကြာတွင် ရန်ကိုင်တို့နှစ်ဦးသည် သူတော်စင်များတောင်ထွတ်ဆီသို့ ရောက်လာကြလေသည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် ကျောင်းအပြင်ဘက်၌ ရပ်လိုက်ပြီးသည့်နောက် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “နင့်ဘာသာနင် ဝင်သွားပေတော့… ကျောင်းသခင် အထဲမှာ ရှိနေတယ်…”

ရန်ကိုင်သည် ခေါင်းညိတ်လျက် ခန်းမထဲသို့ လျှောက်ဝင်သွားလေ၏။

ခန်းမထဲတွင် ဝမ်ကျိရှန်းသည် တင်ပလင်ခွေထိုင်လျက် ရှိနေခဲ့လေသည်။

ရန်ကိုင်ဝင်လာသည်ကို မြင်သော် တောက်ပစွာပြုံးလျက် “ကောင်လေး… မင်းနောက်ဆုံးတော့ ထွက်လာပြီပေါ့….”

ရန်ကိုင်က လက်သီးဆုပ်လျက် နှုတ်ဆက်လိုက်လေသည်။ ‘ကျောင်းသခင်ဝမ်ကို နှုတ်ဆက်ပါတယ်… လွန်ခဲ့တဲ့ ရက်ပိုင်းတွေတုန်းက အချို့ကိစ္စလေးတွေ ရှိနေလို့ ပြန်လာတာနောက်ကျနေရတာပါ…”

“မင်း လုံလုံခြုံခြုံနဲ့ ပြန်လာတာကောင်းတယ်…” ဝမ်ကျိရှန်းက ရန်ကိုင့်အား အနီးသို့လာရန် လက်ယပ်ခေါ်လိုက်ပြီးသည့်နောက် “လာပါဦး… ငါနဲ့ ဝိုင်တစ်ခွက်တစ်ဖလားလောက် သောက်ပါဦး…”

ပြောပြီးသည့်နောက်တွင် သူ့လက်ကိုဝှေ့ယမ်းလျက် သူ့ရှေ့တည့်တည့်တွင် စားပွဲခုံတစ်လုံးနှင့် ဝိုင်တစ်အိုး ပြင်ဆင်ပေးလိုက်လေသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် ကြောင်သွားခဲ့လေ၏။ သို့သော် ငြင်းမနေခဲ့ပဲ ဝမ်ကျိရှန်းဆီသို့ လျှောက်သွားကာ သူ့ရှေ့တွင် ထိုင်ချလိုက်လေ၏။

“ငါ့မှာ မင်းကို မေးချင်နေတာတွေ ရှိတယ်…” ဝမ်ကျိရှန်းသည် သူ့အတွက် တစ်ခွက် ရန်ကိုင့်အတွက်တစ်ခွက် ငှဲ့ပေးလိုက်ပြီးသည့်နောက် မည်သည့်အပိုစကားမှ ပြောမနေခဲ့ပဲ လိုရင်းကို တန်းပြောလိုက်လေသည်။ “မင်းဖြေနိုင်မယ် ထင်လို့ရှိရင်တော့ ဖြေပေးပေါ့… မဖြေနိုင်ဘူးဆိုရင်လည်း ဖြေစရာမလိုပါဘူး… ငါမင်းကို မမေးဘူးလို့ပဲ သဘောထားလိုက်ပေါ့…”

ဝမ်ကျိရှန်း၏ အလွန်တရာကိုမှ ဖော်ရွေနေသည့် အပြုအမူကိုမြင်သော် ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “အခုလိုမျိုး စဉ်းစားပေးတဲ့အတွက် ကျောင်းသခင်ဝမ်ကို ကျေးဇူးအများကြီးပါတယ်…”

“အင်း…” ကျောင်းသခင်ဝမ်သည် မည်သည့်မေးခွန်းကို အရင်စမေးလျှင် ကောင်းမလဲ စဉ်းစားနေသည့်အလား ခဏမျှ တိတ်သွားခဲ့လေသည်။

ရန်ကိုင်သည် သူ့ဝိုင်ခွက်ကိုယူ၍ တစ်ငုံသောက်ကြည့်လိုက်သည်။ ခဏမျှ ကြာသွားသည့်တိုင် ဝမ်ကျိရှန်းမှာ မေးခွန်းမေးရန် တုံ့ဆိုင်းနေသည်ကို မြင်သော် ရန်ကိုင်က ပြောလိုက်လေသည်။ “ကျောင်းသခင်ဝမ်… ဒီဝိုင်က မျောက်နတ်ဘုရားဝိုင်နဲ့ မယှဉ်နိုင်ဘူးနော်…”

ထိုစကားကို ကြားသည့်အခါ ဝမ်ကျိရှန်းသည် ရန်ကိုင့်အား အံ့အားသင့်တကြီး စိုက်ကြည့်၍ “မင်း ရီချွမ်းနဲ့ တွေ့ခဲ့တယ်ပေါ့…”

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “တွေ့ခဲ့တယ်… စီနီယာရီချွမ်းက ဂျူနီယာကို အချို့ဇာတ်လမ်းတွေအကြောင်းတောင် ပြောပြသွားသေးတယ်…”

“သူငါ့ကို မူးအောင်တိုက်ဖို့ မျောက်နတ်ဘုရားဝိုင် ဘယ်နှစ်အိုး ကုန်သွားလဲဆိုတာကို အဲ့သက်ကြားအိုကြီး မင်းကို ပြောပြလိုက်တာမလား…” ဝမ်ကျိရှန်းသည် ဂုဏ်ယူဝံ့ကြွားနေသည့် အမူအယာမျိုးဖြင့် ပြောလိုက်လေသည်။

“ဟုတ်တယ်…”

“ဟမ့်…” ဝမ်ကျိရှန်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ငါသာ အရက်မသောက်နိုင်တဲ့ ပုံစံမျိုး မလုပ်ပြနိုင်ခဲ့လို့ရှိရင် အဲ့ကောင် ဘယ်လိုလုပ်ပြီး ငါ့ကို အဲ့လောက် သောက်စရာတွေပေးမှာလဲ… ဟမ့်… အကုန်လုံးက ငါ့အကွက်ထဲမှာချည်းပဲ…”

ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ရီချွမ်းနှင့် ဝမ်ကျိရှန်းတို့ ပြောသည်ကို ကြားပြီးသည့်နောက် သူတို့နှစ်ဦးကြား မည်သူကများ ပို၍ အကွက်မြင်သွားသလဲ ဆိုသည်ကို ရန်ကိုင် မပြောနိုင် ဖြစ်သွားခဲ့ရလေ၏။

“စီနီယာရီချွမ်းက ကျောင်းသခင်ဝမ်ကို တော်တော်လေး သတိရနေတာ… ကျောင်းသခင်ဝမ် ပေါ်မလာတော့ သူ့ခမျာ တော်တော်လေးတောင် ဝမ်းနည်းနေတာတဲ့… ကျောင်းသခင်ဝမ် ပေါ်လာရင် သောက်ဖို့အတွက် မျောက်နတ်ဘုရားဝိုင်တွေ တော်တော်လေးတောင် ပြင်ဆင်ထားတယ်လို့ ပြောသွားသေးတယ်…”

“ဟား ဟား ဟား…” ဝမ်ကျိရှန်းက အားပါးတရ အော်ရယ်မောလျက် “အနည်းဆုံးတော့ ဒီကောင့်မှာ အသိစိတ်တော့ ရှိသေးတာပဲ… အင်း… ငါ မသွားတာ အခြားကြောင့်တော့ မဟုတ်ဘူး… အဲ့အဖွားအိုကြီး ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး ငါ့ကို အထဲမှာ ပိတ်ထားမှာကြောက်လို့… ကောင်းကင်တက်လှမ်းခြင်းကြေးမုံက ငါ ဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာတစ်ခုမဟုတ်ဘူး… ဒါပေမဲ့ ရီချွမ်းမှာ ငါစိတ်ကြိုက် သောက်နိုင်လောက်မဲ့ မျောက်နတ်ဘုရားဝိုင်တွေ ရှိလား မရှိလား ဆိုတာတော့ ငါတကယ် သိချင်မိသား…”

ထိုစကားကို ပြောပြီးသည့်နောက်တွင် ဝမ်ကျိရှန်း၏ အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့ပြီး အလျင်အမြန် ပြောလိုက်လေ၏။ “ကောင်းကင်တက်လှမ်းခြင်း နိုင်ငံတော်ထဲမှာ မဟာဧကရာဇ်တစ်ပါး ပေါ်လာပြီး မင်းကိုခေါ်သွားတယ်လို့ ရွှယ့်ထင်းလေးပြောတာ ငါကြားတယ်… အဲ့တာအမှန်ပဲလား…”

“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

“အဲ့လူက မဟာဧကရာဇ်တစ်ပါးဆိုတာ သေချာလား…” ဝမ်ကျိရှန်း၏ မျက်နှာမှာ အလွန်တရာကိုမှ လေးနက်တည်ကြည်နေခဲ့လေသည်။

ရန်ကိုင်သည် ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ပြန်ပြောလိုက်လေသည်။ “ဂျူနီယာရဲ့ ကျင့်ကြံခြင်းက နိမ့်နေလို့ အဲ့လူ ဘယ်လောက် အားကောင်းလဲဆိုတာကို မပြောနိုင်ဘူးဆိုပေမဲ့ ဂျူနီယာ ပြောနိုင်တာတစ်ချက်တော့ ရှိတယ်… ကျောင်းသခင်ဝမ်ကို စော်ကားမိသလိုဖြစ်သွားရင် ခွင့်လွှတ်ပေးပါနော်…”

“ပြော… ရတယ် ပြော…”

“အဲ့လူက ကျောင်းသခင်ဝမ်ထက် အများကြီး အများကြီးကို ပိုအားကောင်းတယ်…”

ဝမ်ကျိရှန်း၏ မျက်နှာ ပို၍ တည်ကြည်လေးနက် သွားခဲ့လေ၏။

“ကျောင်းသခင်ဝမ်က ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲကို ဝင်ဖူးတယ်… စီနီယာရီချွမ်းကိုလည်းသိတယ်… ဒီတော့ ကျိုးထျန်းကိုလည်း သိမှာပေါ့ ဟုတ်တယ်မလား… အဖွားယို့ရဲ့ နာမ်ဝိဉာဉ်က ဧကရာဇ်တတိယအဆင့်ကို ရောက်နေပြီ… ဒါပေမဲ့ အဲ့စီနီယာနဲ့ ယှဉ်လိုက်ရင် အဲ့လူတွေ အကုန်လုံးက အများကြီး လိုနေသေးတယ်…”

“အဲ့ဒါဆို သေချာသွားပြီ… အဲ့လူက လုံးဝကို မဟာဧကရာဇ်ပဲ…” ဝမ်ကျိရှန်းသည် အသက်ပြင်းပြင်း ရှူသွင်းလျက် မယုံကြည်နိုင်ဟန်ဖြင့် “အဲ့လိုနေရာမျိုးမှာ မဟာဧကရာဇ်တစ်ပါး ရှိနေတယ်ဆိုတာ တကယ်ကို မယုံကြည်နိုင်စရာပဲ… ဒီအကြောင်းသာ သတင်းပျံ့သွားရင် ကြယ်တာရာအစုအဝေးတစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်တော့မှာ… ဒါနဲ့ အဲ့စီနီယာရဲ့ နာမည်က ဘယ်သူလဲ… မင်းသိလား…”

“သူ့ကိုယ်သူတော့ ထျန်းယန်လို့ ခေါ်တာပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“မဟာဧကရာဇ်ထျန်းယန်…” ဝမ်ကျိရှန်းသည် ထိုနာမည်ကို ရေရွတ်နေပြီးသည့်နောက် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြန်မေးလိုက်လေသည်။ “ဒီတော့ ဆရာထျန်းယန်က မင်းကို ဘာလို့ ခေါ်သွားတာလဲ…”

ဤလောကကြီးတွင် မဟာဧကရာဇ်အားလုံးကို လူတိုင်းက လေးစားကြပေသည်။ တစ်လောကလုံးကလည်း ထိုမဟာဧကရာဇ်များကို တလေးတစားဖြင့် ဆက်ဆံကြသည်။ ထို့ကြောင့် ဝမ်ကျိရှန်းသည် ထျန်းယန်အား တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးသည့်တိုင် ဆရာဟု ခေါ်ဝေါ်သုံးစွဲခဲ့ပေသည်။

ဤသည်မှာ ပညာရှင်တစ်ဦး၏ ခွန်အားအပေါ် လေးစားသမှုပြုခြင်းသာ မဟုတ်ဘဲ ထိုပညာရှင်၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် အောင်မြင်မှုများကို လေးစားသမှုပြုခြင်း ဖြစ်ပေသည်။

“ဝိဉာဉ်ဝါးမျို အင်းစက်တွေအတွက်ပဲ…” ရန်ကိုင့်အနေဖြင့် ဤကိစ္စကို ဖုံးကွယ်ထားစရာမလိုဟု ထင်ပေသည်။ ထို့အတွက်ကြောင့် ဖုံးကွယ်မနေပဲ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်လေ၏။ သို့သော်ငြား ဤကိစ္စကို ဝမ်ကျိရှန်းတစ်ဦးဆီသို့သာ ထုတ်ပြောခြင်း ဖြစ်သည်။ ကျောင်းသခင်ဝမ်သည် ပုံမှန်အားဖြင့် ကပျက်ကျချော် နေနေသော်လည်း သူသည် အမှန်တကယ် အားကိုးရလောက်သည့် လူတစ်ဦး ဖြစ်သည်ဟု ရန်ကိုင်ထင်ပေသည်။

ထို့အပြင် ဝမ်ကျိရှန်းသည် ရန်ကိုင်ပေးခဲ့သော ကြယ်စည်းတံဆိပ်များအတွက် သူ့အား နေမင်းပြာကျောင်းတော်၏ အဖိုးအတန်ဆုံးသော ရတနာတစ်ခု ဖြစ်သည့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်ခွင့်ပေးခဲ့သည်။ ဝမ်ကျိရှန်းကပင်လျှင် သူ့ဂိုဏ်း၏ အကြီးမားဆုံးသော လျို့ဝှက်ချက်ကို ရန်ကိုင့်ဆီသို့ ထုတ်ပြောခဲ့လေရာ ရန်ကိုင့်အနေဖြင့် ဤလျှို့ဝှက်ချက်လောက်ကိုတော့ ထုတ်မပြောနိုင်စရာ အကြောင်း မရှိချေ။

“ဝိဉာဉ်ဝါးမျိုအင်းစက်…” ဝမ်ကျိရှန်း မျက်ခုံးပင့်သွားခဲ့သည်။ သို့သော်ငြား မကြာခင်တွင် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ရီချွမ်းပြောတာတော့ ငါကြားဖူးတယ်… အရင်တုန်းက တော်ဝင်တိုက်ပွဲတစ်ခု ဖြစ်သွားခဲ့တယ်တဲ့ အဲ့တော်ဝင်တိုက်ပွဲဖြစ်တာ နတ်ဆိုးအင်းစက်တွေလို့ခေါ်တဲ့ အင်းစက်အုပ်တစ်အုပ်ကြောင့်တဲ့… ဖြစ်နိုင်တာက…”

“ဟုတ်တယ်… အဲ့နတ်ဆိုးအင်းစက်တွေက ဝိဉာဉ်ဝါးမျို အင်းစက်တွေပဲ… စီနီယာထျန်းယန် ဂျူနီယာကို ခေါ်သွားတာက သူနေနေတဲ့ နေရာမှာ ရှိနေတဲ့ ဝိဉာဉ်ဝါးမျိုအင်းစက်တစ်အုပ်ကို ဒီအပြင်လောကကြီးကို ခေါ်ထုတ်သွားစေချင်လို့ပဲ… အဲ့ဒါကြောင့်ပဲ နည်းနည်း ကြာနေခဲ့တာ…”

“ဝိဉာဉ်ဝါးမျိုအင်းစက်တွေက ဝိဉာဉ်တွေအားလုံးရဲ့ အိပ်မက်ဆိုးပဲ… မင်းမှာ ဘယ်လိုနည်းလမ်းတွေ ရှိနေလို့ သူတို့ကို ထိန်းချုပ်နိုင်လဲ ငါမသိပေမဲ့ ဝိဉာဉ်ကြာပန်း ရှိနေတယ်ဆိုရင်တောင် မင်း သတိမထားလို့တော့ မရဘူးနော်…” ဝမ်ကျိရှန်းက အလေးအနက်အမူအယာဖြင့် သတိပေးလိုက်လေသည်။

ထိုစကားကိုကြားသော် ဝမ်ကျိရှန်းသည် အဖွားယို့နှင့် စကားကောင်းကောင်း ပြောပြီးသွားပြီမှန်း နားလည်လိုက်သည်။ ထို့ကြောင့်သာ ရန်ကိုင့်တွင် ဝိဉာဉ်ကြာပန်း ရှိနေသည့်အကြောင်းကို သိနေခြင်း ဖြစ်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၄၂)

“ဝိဥာဉ်ဝါးမြိုအင်းဆက်တွေနဲ့ ပက်သက်ပြီး ဂျူနီယာမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိပါတယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

“အဲ့ဒါဆိုလည်း ပြီးတာပဲ” ဝမ်းကျိရှန်းက ရန်ကိုင်ကိုကြည့်၍ ပြောလိုက်လေ၏ “မင်းကြည့်ရတာ ကိုယ့်အသက်နဲ့ ကစားမယ့်ပုံတော့ မပေါက်ပါဘူး။ မင်းလိုအပ်တာ တစ်ခုခုရှိရင် ပြောသာပြောလိုက်”

“ကျေးဇူးအများကြီးတင်ပါတယ် ကျောင်းသခင်ဝမ်”

ထို့နောက်တွင် ဝမ်ကျိရှန်းသည် ရန်ကိုင်အား ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲ၌ ဆက်ဖြစ်ခဲ့သည့် အကြောင်းအရာများကို မေးမြန်းခဲ့လေသည်။ ရန်ကိုင်လည်း မည်သည့်အရာကိုမှ ဖုံးကွယ်မထားခဲ့ဘဲ အမှန်အတိုင်း ပြောပြလိုက်၏။

လေးနာရီခန့်ကြာပြီးနောက်တွင် ခန်းမထဲမှ ရန်ကိုင် ပြန်ထွက်လာခဲ့သည်။

ကောင်းရွှယ်ထင်းသည် သူ့အား တစ်ချိန်လုံး အပြင်၌ ထိုင်စောင့်နေသည့်အလား၊ ရန်ကိုင် ထွက်လာသည်ကို မြင်သည့်အခါ ပြောလိုက်လေသည် “နင်သီးသန့်ခန်းတစ်ခန်း လိုတယ်လို့ ကျောင်းသခင်က ငါ့ကိုလှမ်းပြောတယ်”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏ “ဟုတ်တယ်”

ဝမ်ကျိရှန်း၏ နန်းတော်ထဲမှ ထွက်မလာစဉ်က ဝိဥာဉ်ဝါးမြိုအင်းဆက်လက်ကောက်ကို သန့်စင်ရန် အလို့ငှာ ပတ်ဝန်းကျင်ကောင်းကောင်း တစ်ခု ရှိစေရန်အတွက် ဝမ်းကျိရှန်းအား လုံခြုံသည့်နေရာတစ်ခု လိုအပ်ကြောင်း ပြောခဲ့သည်။

ဝမ်ကျိရှန်းလည်း ရန်ကိုင်၏ တောင်းဆိုချက်ကို တစ်ချက်ကလေးမှပင် တုန့်ဆိုင်းနေခြင်းမရှိဘဲ သဘောတူခဲ့လေသည်။ ထို့နောက် သူ့အတွက် အခန်းတစ်ခန်း စီစဉ်ပေးရန် ကောင်းရွှယ်ထင်းကို လှမ်းပြောခဲ့လေသည်။

“ငါ့နောက်လိုက်ခဲ့” ပြောပြီးသည့်နောက် ကောင်းရွှယ်ထင်း လှည့်ထွက်သွားလေ၏။

ရန်ကိုင်သည် သူမနောက်မှ အနီးကပ် လိုက်သွားခဲ့လေသည်။

တစ်နာရီခန့် ကြာပြီးနောက်တွင် ကောင်းရွှယ်ထင်းသည် မြင့်လည်း မမြင့်လွန်း၊ နိမ့်လည်း မနိမ့်လွန်းသည့် တောင်တစ်လုံးပေါ်သို့ ရောက်လာခဲ့သည်။ ဤတောင်သည် အရမ်းကြီး သိသာထင်ရှားလာခြင်း မရှိဘဲ နေမင်းပြာရိုးမထဲရှိ သာမန်တောင်တစ်လုံးနှင့်သာ တူပေသည်။ သို့သော်ငြား ဤနေရာရှိ မိုးမြေစွမ်းအင်မှာတော့ အခြားသော နေရာများထက် ပို၍ သိပ်သည်းနေခဲ့သည်။

တောင်ပေါ်၌ မည်သည့် အဆောက်အဦးမှမရှိဘဲ ခရမ်းရောင်ဝါးအုပ်တစ်အုပ်သာ ရှိနေလေ၏။

ကောင်းရွှယ်ထင်သည် တောင်ပေါ်လမ်းတစ်ဝက်တွင် ရှိနေသော လိုဏ်ဂူတစ်လုံးဆီသို့ ရန်ကိုင်အား ခေါ်သွားလေသည်။ လိုဏ်ဂူပတ်လည်ရှိ အစီအရင်ကို ဖွင့်ပေးလိုက်ပြီးနောက် “ဒီတောင်က ငါနေတဲ့ ခရမ်းရောင်ဝါးတောင်ပဲ။ ပုံမှန်အားဖြင့် အပေါ်ကလိုဏ်ဂူထဲမှာ ငါနေလေ့ရှိတယ်။ ဒီတော့ တစ်ခုခုလိုရင် လှမ်းခေါ်လိုက်၊ ငါချက်ချင်းလာခဲ့မယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်စိတ်ထဲ အနည်းငယ် မြောက်ချင်သလို ဖြစ်သွားခဲ့ကာ လက်သီးဆုပ်လျက် ပြန်ပြောလိုက်လေသည် “ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲကောင်”

ရန်ကိုင် လိုချင်သည်မှာ လုံခြုံတိတ်ဆိတ်သည့် သာမန်နေရာတစ်ခုသာ ဖြစ်သော်ငြား ကောင်းရွှယ်ထင်းသည် သူ့အား သူမနေသည့် ခရမ်းရောင်ဝါးတောင်ဆီသို့ ခေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကောင်းရွှယ်ထင်းက ခေါင်းညိတ်လျက် ရန်ကိုင်ဆီသို့ တံဆိပ်ပြားတစ်ခု ပစ်ပေးကာ ပြောလိုက်လေသည် “နင့်ဘာသာနင် ဝင်သွားလိုက်ပေတော့”

ရန်ကိုင်သည် တံဆိပ်ပြားအား လက်ခံယူပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ကောင်းရွှယ်ထင်းအား နောက်တစ်ကြိမ် ကျေးဇူးတင်ကာ လိုဏ်ဂူထဲသို့ သူ့ဘာသာ ဝင်သွားလေသည်။

လိုဏ်ဂူသည် ကျယ်လည်းမကျယ်သလို ကျဉ်းလည်းမကျဉ်းချေ၊ သို့သော်ငြား အထဲ၌ အခန်းများစွာတော့ ရှိနေလေ၏။ လူမနေသည်မှာ ကြာပြီဖြစ်သည့်တိုင် လိုဏ်ဂူမှာ အသစ်အတိုင်း သန့်ရှင်းသပ်ရပ်နေဆဲ။ ဤနေရာသည် ယခင်က အကြီးအကဲကောင်း နေခဲ့သည့် နေရာဖြစ်လောက်သည်။ ယခုမှသာ မနေတော့ခြင်း ဖြစ်ရပေည်။

ကောင်းရွှယ်ထင်းကဲ့သို့သော ပညာရှင်တစ်ဦးက အနားမှနေ၍ စောင့်ကြပ်ပေးနေသည့် အတွက်ကြောင့် ရန်ကိုင်အဖို့ အင်းဆက်ချုပ်နှောင်လက်အောက်အား စိတ်အေးအေးဖြင့် သန့်စင်နိုင်လေပြီ။

အချိန်မရှိသဖြင့် ရန်ကိုင်လည်း အချိန်ဆွဲမနေတော့ဘဲ ချက်ချင်း လုပ်ငန်းစတော့၏။ တံဆိပ်ပြားအား ရင်းနှီးအောင် လေ့လာကြည့်လိုက်ပြီးနောက် လိုဏ်ဂူ ပတ်လည်ရှိ အစီအရင်အားလုံးကို အသက်သွင်းလိုက်လေသည်။ ထို့နောက် အခန်းတစ်ခန်းကို ရွေးကာ ထိုအခန်းထဲ၌ တင်ပလင်ခွေထိုင်လျက် စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်၏။

ဧကရာဇ်အဆင့်မှော်ရတနာ တစ်ခုကို သန့်စင်ခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ခု မဟုတ်ချေ။

ဧကရာဇ်အဆင့်မှော်ရတနာများကို သာမန် မှော်ရတနာများကဲ့သို့ သွားသဘောထား၍ မရချေ။ ဧကရာဇ်အဆင့်မှော်ရတနာများတွင် ဧကရာဇ်စိတ်ဆန္ဒနှင့် ဧကရာဇ်ဖိအားဟူ၍ ရရှိကြသည်။ လုံလောက်သည့် ခွန်အားကို ပိုင်ဆိုင်ထားခြင်းမရှိဘဲ ဧကရာဇ်အဆင့် မှော်ရတနာကို သန့်စင်ရန် ကြိုးစားမည်ဆိုပါက မအောင်မြင်သည့်အပြင် တန်ပြန် ဘေးထွက်ဆိုးကျိုးကိုပါ ခံစားရနိုင်ပေသည်။

ထို့ကြောင့် ကျင့်ကြံခြင်းလုံလောက်အောင် မြင့်မားခြင်း မရှိသည့် ကျင့်ကြံသူတစ်ဦး ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုကို သန့်စင်သည့်အခါ သူတို့၏ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေအောင် ပြင်ဆင်ထားရပေသည်။

သုံးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်၏ စိတ်စွမ်းအင်သည် အထွဋ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက်တွင် အမေ့လျော့ခံဖြစ်နေသော ကမ္ဘာငယ်လေး၏ ထောင့်တစ်နေရာ၌ ရှိနေသော အင်းဆက်လက်ကောက်ကို ထုတ်ယူလိုက်လေသည်။

ဤလက်ကောက်သည် သူ့အား အန္တရာယ်တွင်းမှ နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည်။

တစ်ကြိမ်မှာ ကမ္ဘာငယ်လေးထဲ၌ ရွှယ့်ယွယ်နှင့်အတူ ထူးဆန်းနှင့် လိပ်ပြာများနှင့် တွေ့စဉ်က ဖြစ်သည်။ ထိုစဉ်က ဤလက်ကောက်သည် လိပ်ပြာများကို ဖိနှိပ်ကာ သူနှင့် ရွှယ့်ယွယ်အား ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့သည်။ နောက်တစ်ကြိမ်သည် ငှက်မွှေးပြာဂိုဏ်းထဲရှိ ရေခဲကျောက်ကမ်းပါး၌ အင်းဆက်ဘုရင်မနှင့် ရင်ဆိုင်ရစဉ်က ဖြစ်သည်။ အင်းဆက်လက်ကောက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် အနေဖြင့် အင်းဆက်ဘုရင်မကို သူ့လက်အောက်ငယ်သားတစ်ယောက် ဖြစ်လာအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ယခု သူ့ကျင့်ကြံခြင်းသည် တာအိုသခင်ပထမအဆင့်သို့ ရောက်ရှိလာခဲ့သလို သူ့ဝိဥာဉ်ဟာဆိုလျှင်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ဤအင်းဆက်ချုပ်နှောင်လက်ကောက်ကို သန့်စင်ဖို့ရာ ပြဿနာ မရှိလောက်တော့ချေ။

ထိုသို့တွေးလျက် ရန်ကိုင်သည် အင်းဆက်ချုပ်နှောင်လက်ကောက်ကို လက်ဝါးတစ်ဖက်ပေါ်တွင် တင်လက် ကျန်လက်တစ်ဖက်ကို လက်ကောက်ပေါ် ပြန်တင်ကာ စိတ်စွမ်းအင်နှင့် အရင်းအမြစ်ချီကို တစ်ပြိုင်တည်း လှည့်ပတ်၍ စွမ်းအင်နှစ်မျိုးစလုံးကို လက်‌ကောက်ထဲသို့ ထည့်သွင်းလိုက်လေသည်။

မည်သည့် တုန့်ပြန်မှုမှ ဖြစ်ပေါ်လာမခဲ့ချေ။ အင်းဆက်ချုပ်နှောင်လက်ကောက်သည် သူ့စွမ်းအား တစ်စွန်းတစ်စကိုမှ မရရှိသည့်အလား ကျောက်တုံးတစ်တုံးနှယ် ငြိမ်သက်နေခဲ့သည်။

သို့သော်ငြား ရန်ကိုင်ကလည်း အလျင်လို မနေခဲ့ချေ။ သူ့စွမ်းအားကို တဖြည်းဖြည်း ထည့်သွင်းနေရင်း ဧကရာဇ်အဆင့် အင်းဆက်ချုပ်နှောင်လက်ကောက်ပေါ်တွင် သူ့ဝိဥာဉ်အမှတ်အသားကို ချန်ထားရစ်နိုင်အောင် ကြိုးစားနေခဲ့လေသည်။

......

“ဝမ်ကျိရှန်း၊ ခွေးသူတောင်းစားကောင်၊ အသေဆိုးနဲ့သေမယ့်ကောင်။ ငါသေရင်တောင် နင့်ကို အလွတ်မပေးဘူး”

တောက်လျှောက် အော်ဟစ်ကျိန်ဆဲနေသည့် အတွက်ကြောင့် အသံများပင်ဝင်ကာ နားစူးလှသည့် အသံမှာ ပို၍ နားမသတီစရာကောင်းလာနေခဲ့လေသည်။

လူတစ်ယောက်၏ အသံ အမှောင်ထုထဲ ရုတ်တရက် ထွက်‌ပေါ်လာခဲ့လေသည်။

“အဖွား၊ ခင်ဗျား ဒီအတိုင်းပဲ ဆဲတတ်တာလား။ နည်းနည်းပါးပါးလေး ပြောင်းပြီး မဆဲတတ်တော့ဘူးလား။ ကျုပ်ကြားရတာ ရိုးလာပြီ”

အဖွားယို့၏ အော်ဆဲနေသည့်အသံ ရုတ်တရက် တိတ်သွားခဲ့လေသည်။ ထို့နောက် စူးစူးဝါးဝါး ထအော်လေ၏ “ဝမ်ကျိရှန်း”

“ဟဲဟဲ” ဝမ်ကျိရှန်းသည် ခပ်သဲ့သဲ့ ရယ်မောလျက် လက်ဖျောက်တီးလိုက်ရာ မှောင်မိုက်နေသည့်အခန်း ရုတ်တရက် လင်းလာခဲ့လေသည်။ အဖွားယို့၏ ဆံပင်များမှာတော့ လုံးဝကို ရှုပ်ပွနေခဲ့လေရာ သူမပုံစံမှာ သရဲတစ်ကောင်နှင့်ပင် တူနေပေသေးသည်။

သို့ရာတွင် ဝမ်ကျိရှန်းသည် ထိုအချက်ကို သတိမပြုမိသည့်အလား အဖွားယို့ကို ကြည့်၍သာ ပြောလိုက်လေသည် “အဖွား၊ ဆဲရတာ ပင်ပန်းလာရင် နည်းနည်း နားလိုက်ပါလား။ အဖွား စားသောက်ဖို့ ကျုပ်တစ်ခုခု ယူလာတယ်”

ပြောရင်းဆိုရင် သိုလှောင်လက်စွပ်ထဲမှ အရသာရှိသည့် အသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ်ကို ထုတ်ယူလိုက်လေသည်။ သူ့လက်တစ်ချက် အဝှေ့နှင့် ပန်းကန်ပြားသည် အဖွားယို့ဆီသို့ ပျံသန်းသွားလေ၏။

အဖွားယို့ကမူ သွေးရောင်ရဲနေသည့် မျက်လုံးများဖြင့်သာ ဝမ်ကျိရှန်းအား စူးရဲစွာ မမှိတ်မသုံ စိုက်ကြည့်နေလေ၏။

အဖွားယို့သည် တောက်လျှောက် အော်ဆဲနေသည့်အတွက်ကြောင့် တကယ်ကြီး လည်ချောင်းခြောက်နေသည့်ပုံပင်။ ဝမ်ကျိရှန်းအား ခဏမျှကြာအောင် စိုက်ကြည့်နေပြီးနောက် မနေနိုင်တော့ဘဲ အသီးတစ်လုံးကိုယူကာ အားပါးတရ ကိုက်ချလိုက်လေသည်။

သူမ၏ အကြည့်မှာတော့ ဝမ်ကျိရှန်းဆီမှ တစ်ချက်ကလေးမှပင် ခွာမသွားခဲ့ချေ။ ဝမ်ကျိရှန်းကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်ရင်း အသီးအား ကိုက်ဝါးနေသည့် သူမ၏ ပုံစံသည် အသီးကို စားခြင်းနေခြင်းမဟုတ်ဘဲ ဝမ်းကျိရှန်း၏ နှလုံးကို စားနေသည့် ပုံစံမျိုးပင် ပေါက်နေခဲ့လေသည်။

ဆယ့်ငါးမိနစ်ခန့်အတွင်း ဝမ်ကျိရှန်း ယူလာသည့် အသီးအားလုံး အဖွားယို့စားသဖြင့် ကုန်သွားခဲ့လေ၏။

“နင်တကယ်ကြီး အသီးတွေကို အဆိပ်ခတ်မထားဘူးပဲ” အဖွားယို့သည် နှုတ်ခမ်းကို သုတ်လိုက်ရင်း ဝမ်ကျိရှန်းအား လှောင်ရိပ်သန်းနေသည့်အကြည့်ဖြင့် ကြည့်လျက် ပြောလိုက်လေ၏။

ဝမ်ကျိရှန်းက စိတ်ထိခိုက်သွားသည့် ပုံစံမျိုးဖြင့် ပြန်ပြောလိုက်လေသည် “အဖွားယို့၊ ခင်ဗျားနဲ့ကျုပ် သိလာတာ ဒီလောက်တောင် ကြာနေပြီ။ အဲ့ဒါကိုတောင် ကျုပ်အပေါ် အခုလိုမျိုး ပြောတယ်ပေါ့”

“ဟန့်၊ တစ်ယောက်နဲ့တစ်ယောက် သိတာ ဒီလောက်ကြာနေလို့သာ နင့်အကြောင်းကို ဒီလောက်သိနေတာ” အဖွားယို့က အေးစက်စက် လေသံဖြင့် ပြန်ပြောလေ၏။

ဝမ်ကျိရှန်းက ခါးသက်စွာရယ်မောလျက် “အဖွားယို့ကို ကြည့်ရတာ အခုထိ ကျုပ်ကို မကောင်းကြံချင်စိတ် မပျောက်သေးဘူးနဲ့တူတယ်”

“မကောင်းကြံချင်စိတ်” အဖွားယို့က အေးစက်စွာရယ်မောလျက် “ငါ့နင့်အပေါ် ဘယ်လောက်တောင် မုန်းတီးနေလဲဆိုတာကို နင်မသိသေးတာပဲ။ ငါက နင့်အပေါ် မကောင်းကြံချင်စိတ် သက်သက်ရှိတာတင် မဟုတ်ဘူး။ နင့်အသားကိုစား၊ နင့်သွေးကို သောက်ပြီး နင့်အရိုးတွေကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားပစ်ချင်နေတာ”

“ကျုပ်သိပါတယ်” ဝမ်ကျိရှန်းက ကူကယ်ရာမဲ့နေသည့် ပုံစံဖြင့် “အဲ့လောက်ကြီး သိသာအောင် ပြောပြနေစရာ မလိုပါဘူး...”

အဖွားယို့သည် ရုတ်တရက်ကြီး ခေါင်းစဉ် ကောက်ပြောင်းလိုက်လေသည် “ဟိုရန်ကောင်လေးကော အဆင်ပြေရဲ့လား”

ဝမ်ကျိရှန်းက အဖွားယို့အား အံ့ဩတကြီးကြည့်လျက် “အဖွား၊ ခင်ဗျားကိုယ် ခင်ဗျားတောင် ကောင်းကောင်း မကာကွယ်နိုင်နေတာကို အခြားတစ်ယောက်ကို ဂရုစိုက်နေချိန် ရှိသေးတယ်ပေါ့။ အဖွား ဒီလောက် ကြင်နာတတ်မှန်း မသိခဲ့ဘူး”

“ဟုတ်တာပေါ့” အဖွားယို့က လေသံကိုမြှင့်လျက် “နင့်သူ့ကို သတ်လိုက်ပြီပေါ့၊ ဟုတ်တယ်မလား”

“ဘာလို့သတ်ရမှာလဲ” ဝမ်ကျိရှန်းက ပြန်မေးလိုက်သည်။

“ဝိဥာဉ်ကြာပန်းအတွက်လေ” အဖွားယို့က ပြောလိုက်လေ၏ “နင်သာ ဝိဥာဉ်ကြာပန်းကို ရသွားရင်...”

“ဝိဥာဉ်ကြာပန်းကို ရတော့ကော ဘာဖြစ်လဲ” ယခုတစ်ကြိမ်တွင်တော့ ဝမ်ကျိရှန်းသည် အဖွားယို့အား ဆုံးအောင်ပင် ပြောခွင့်မပေးတော့ဘဲ ဖြတ်ပြောလိုက်လေသည် “ကျုပ်က ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီ။ ဒီထက်ပိုမြင့်မြင့်တက်ချင်ရင် မဟာဧကရာဇ်အဆင့်ပဲ ရှိတော့မယ်။ မဟာဧကရာဇ်အဆင့်တက်ကို ဝိဥာဉ်ကြာပန်း ရှိရုံနဲ့ ရမယ်ထင်နေတာလား။ ဒါမှမဟုတ် အဖွားလုပ်တဲ့နည်းလမ်းအတိုင်း ကျုပ်လုပ်မယ် ထင်နေတာလား”

အဖွားယို့သည် ဝမ်ကျိရှန်းအား အေးစက်စွာစိုက်ကြည့်၍ ပြန်ပြောလိုက်လေသည် “ကြည့်ရတာ နင်ရန်ကောင်လေးနဲ့ စကားပြောပြီးသွားပြီ။ ဒါကြောင့် ငါဘာလို့ ဝိဥာဉ်ကြာပန်း လိုလဲသိနေတာ”

ဝမ်ကျိရှန်းက ခေါင်းညိတ်၍ ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည် “အဖွား အကြံက တကယ်ကောင်းတယ်ဆိုတာတော့ ကျုပ်ဝန်ခံရမယ်။ ဝိဥာဉ်ကြာပန်းနဲ့ဆို ကောင်းကင်တက်လှမ်းခြင်းကြေးမုံရဲ့ ကြေးမုံဝိဥာဉ်ကို တကယ် သယ်သွားလို့ရပြီ။ အဲ့ဒါကိုသာ အုတ်မြစ်အဖြစ် သုံးလိုက်မယ်ဆိုရင် အဲ့လောကကြီးတစ်ခုလုံးကို တကယ်ကြီး သန့်စင်လို့ ရလောက်မှာ”

“ဟန့်”

“ဒါပေမယ့် အဖွား...” ဝမ်ကျိရှန်း၏ အမူအရာ ရုတ်တရက် လေးနက်သွားခဲ့လေသည် “ဝိဥာဉ်ကြာပန်းကို ရသွားလို့ ကြေးမုံဝိဥာဉ်သာ အဖွားခေါ်တာကို မတုန့်ပြန်တော့ဘူးဆို အဲ့လောကကြီးကို ဘယ်လို သန့်စင်မှာလဲဆိုတာကော စဉ်းစားဖူးလား”

“ဘာလို့ မတုန့်ပြန်ရမှာလဲ” အဖွားယို့က ထအော်လေသည် “ငါကောင်းကင်တက်လှမ်းခြင်းကြေးမုံကို စောင့်ကြပ်လာတာ နှစ်ပေါင်း နှစ်ထောင်မကတော့ဘူး။ ကြေးမုံဝိဥာဉ်အကြောင်းကို ငါနင့်ထက် ပိုသိပြီးသား။ အဓိကက ဝိဥာဉ်ကြာပန်းကို ရဖို့ပဲ။ ဝိဥာဉ်ကြာပန်းကို ရသွားရင် ကျန်တာ ဘာကိုမှ စိတ်ပူစရာ မလိုတော့ဘူး”

“သေချာလို့လား အဖွားရဲ့” ဝမ်ကျိရှန်းသည် အဖွားယို့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လျက် “အဲ့လောကကို သန့်စင်ဖို့က ဒီလောက်ရို့ရှင်းတာ သေချာလို့လား”

တစ်ချက်ရပ်ပြီးနောက်တွင် ဝမ်ကျိရှန်းက ဆက်ပြောလိုက်လေသည် “ဒါမှမဟုတ် အဖွားက ကျုပ်က အနိုင်ယူချင်လွန်းနေလို့ ကိုယ့်ကိုယ်ကို အဲ့လို ယုံကြည်အောင် လုပ်နေတာလား”

အဖွားယို့က ရုတ်တရက် ဆွံ့အသွားခဲ့လေသည်။

ဝမ်ကျိရှန်းက ဆက်ပြောလိုက်လေသည် “အဖွားယိုရဲ့ ကျင့်ကြံခြင်း ဒီလောက် နှစ်နှစ်ထောင်ကြာသွားတာတောင် ဘာလို့ လုံးဝ မတိုးတက်လာလဲသိလား။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်အတွင်း အဖွားယို့ ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေမြင့်ခဲ့လဲ”

အဖွားယို့၏ အမူအရာ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီး သွေးရောင်ရဲနေသော သူမ၏ မျက်လုံးများမှာလည်း တဖြည်းဖြည်း တုန်ရီလာခဲ့လေသည်။

ဝမ်ကျိရှန်းသည် အဖွားယို့၏ စိတ်ထဲတွင် ကိန်းအောင်းနေသည့် တစ်ခုခုအား သွားရောက် အစဖော်လိုက်သည့်ပုံပင်။

“ဝိဥာဉ်ကြာပန်းကို ရရင်အောင် အဲ့ကြေးမုံဝိဥာဉ်ကို သဘောတူလာအောင် လုပ်နိုင်မှာ မဟုတ်ဘူး အဖွားယို့ ကောင်းကောင်း သိနေတာလဲ။ အဲ့ဒါကို ဘာလို့ ကိုယ့်ကိုယ်ကို လှည့်စားနေရတာလဲ” ဝမ်းကျိရှန်းက သက်ပြင်းချလျက် ပြောလိုက်လေသည်။

“မဟုတ်တရုတ်တွေ” အဖွားယို့ ထအော်လေသည်။

“အဲ့ဒါဆို ကောင်းကင်တက်လှမ်းခြင်းလောကကြီးထဲမှာ ရှိနေတဲ့ မဟာဧကရာဇ်က ကြေးမုံဝိဥာဉ်ကို ဖိနှိပ်ဖို့ ဘာလို့ မကြိုးစားတာလဲ။ သူ့မှာ အဲ့လိုလုပ်နိုင်စွမ်း ရှိတယ်လေ”

ထိုစကားကို ကြားသည့်အခါ အဖွားယို့ လုံးဝ ဆွံ့အသွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၄၃)

“အစွဲအလန်းကြီးနေတာကို လွှတ်ချလိုက်ပေတော့ အဖွား၊ မဟုတ်ရင် ဒီအဆင့်မှာပဲ တစ်သက်လုံး တစ်နေလိမ့်မယ်” ဝမ်ကျိရှန်းက အကြံပေးလိုက်လေ၏ “ကျုပ်တို့လို ကျင့်ကြံသူတွေက ရှေ့ရေးကို သေချာမြင်နိုင်မှပဲ ရှေ့ဆက်သွားနိုင်ကြတာ။ အဖွားက အတိတ်တုန်းက အရှုံးလေးတစ်ခုကို ပွေ့ပိုက်ပြီး အမုန်းတရားနဲ့ပဲ ရှေ့ဆက်နေတော့ ဘယ်လိုလုပ်ပြီး ပိုမြင့်တဲ့အဆင့်ဆီ တက်လှမ်းနိုင်တော့မှာလဲ”

“နင်ငါ့ကို လာသင်ပြနေတာလား” အဖွားယို့သည် ဝမ်ကျိရှန်းအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ဝမ်ကျိရှန်းက ပခုံးတွန့်လျက် ပြန်ပြောလိုက်လေသည် “ကျုပ်က အမှန်တွေကို ပြောနေတာ။ အဖွား မသိတာလည်း မဟုတ်ဘူး။ သိနေတာပဲကို ဘာလို့ ဝန်မခံချင်တာလဲ”

ထို့နောက်တွင် သက်ပြင်းချလျက် ဆက်ပြောလိုက်လေသည် “ကောင်းကင်တက်လှမ်းခြင်း နိုင်ငံတော်ထဲမှာ တွေ့လိုက်ရတဲ့ အမျိုးသမီးက အဖွားယို့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုလို့ပဲ ယန်ကောင်လေးနဲ့ ရွှယ်ထင်လို့ ထင်နေကြတာ။ ဒါပေမယ့် အဲ့ပုံစံက တကယ့်အမှန်ဆိုတာကို အဖွားယို့နဲ့ ကျုပ်ပဲ သိထားတာ။ အမုန်းတရားတွေကြောင့် အဖွားယို့ပုံစံ အခုလိုတွေ ဖြစ်နေရတာ။ အဖွားယို့ပဲ မိန်းမသားတစ်ယောက်ပဲ၊ ဘာလို့ ကိုယ့်ကိုယ်ကို ဒီလောက်တောင် ခက်ခဲအောင် လုပ်နေရတာလဲ”

“နင်ဘာလို့ ဒါတွေ လာပြောနေတာလဲ” ဘာကြောင့်မှန်းမသိ အဖွားယို့၏ အသံသည် ယခင်ကကဲ့သို့ အေးစက်နေခြင်း မရှိတော့ချေ။

“အဖွားယို့ရဲ့ ပါရမီက ကျုပ်အောက်နိမ့်တာမဟုတ်ဘူး။ အဖွားယို့သာ အဲ့ကိုယ်တိုင်း နတ်ဆိုးကို ကျော်ဖြတ်နိုင်လို့ရှိရင် တစ်နေ့ကျ မဟာဧကရာဇ် ဖြစ်လာနိုင်တယ်လို့ လာပြောတာ”

ထိုစကားကို ကြားသည့်အခါ အဖွားယို့ တုန်ရီသွားခဲ့ပြီး ဝမ်ကျိရှန်းအား သေချာ စိုက်ကြည့်ရင်း ပြန်မေးလိုက်လေသည် “နင်တကယ့် စိတ်ရင်းနဲ့ ပြောနေတာလား”

ဝမ်ကျိရှန်းက ပြုံးလျက် ပြန်ပြောလိုက်လေသည် “တကယ်တော့ ဒီစကားကို ကျုပ်ပြောတာ မဟုတ်ဘူး”

“ဒါဆို ဘယ်သူပြောတာလဲ”

“လွတ်လွတ်လပ်လပ် နေတတ်တဲ့ အဖိုးကြီးတစ်ဦးက ပြောသွားတာ” ဝမ်ကျိရှန်းသည် ထိုလူ၏ နာမည်ကို လုံးဝ မပြောချင်သည့်ပုံပင်။

ထိုလူ၏ နာမည်ကို မပြောလိုက်သော်ငြား အဖွားယို့မှာမူ တစ်ခုခုကို နားလည်သွားသည့်အလား မျက်လုံးများ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။

“ကျုပ်တစ်ယောက်တည်း နေမင်းပြာကျောင်းတော်ကို မထိန်းနိုင်ဘူး၊ အဖွားယို့ ကျုပ်ကို မကူညီပေးချင်ဘူးလား” ဝမ်ကျိရှန်းသည် အဖွားယို့ကို ကြည့်၍ မေးလိုက်လေသည်။

အဖွားယို့သည် ဝမ်ကျိရှန်းအား ခေတ္တမျှကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အော်ရယ်မောလျက် လှောင်ပြောင်လိုသည့် လေသံဖြင့် “ငါနင့်ဂိုဏ်းက တပည့်တွေ ဒီလောက် အများကြီးကို သတ်ထားတာတောင် နင်က ငါကို လုံးဝ အပြစ်မတင်ဘူးပေါ့”

“ကောင်းကင်လမ်းစဉ်က တစ်သမတ်တည်း ရှိပေမယ့် ကံတရားကတော့ အဲ့လို မဟုတ်ဘူး။ အဲ့လောက် အခက်အခဲလေးကိုမှ မကျော်ဖြတ်နိုင်ဘူးဆိုမှတော့ သူတို့ ညံ့လို့ပဲပေါ့”

အဖွားယို့၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး တိတ်သွားခဲ့လေသည်။ ခဏအကြာ၌ ရုတ်တရက် ထအော်လေသည် “နင်ဒီနေရာကနေ ထွက်သွားလိုက်ပေတော့”

ဝမ်ကျိရှန်းက ပြုံးလျက် ပြန်ပြောလိုက်လေသည် “သေချာစဉ်းစားနော် အဖွား”

ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် ဝမ်ကျိရှန်းသည် ထိုနေရာ၌ မည်သည့်အခါမှ ပေါ်မလာသည့်အလား ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။ အဖွားယို့ တစ်ယောက်တည်းသည်သာ အတွေးများစွာဖြင့် ကျန်ရစ်ခဲ့လေ၏။

......

ရန်ကိုင် ကောင်းရွှယ်ထင်းနေသည့် ခရမ်းရောင်ဝါးတောင်သို့ ရောက်သည်မှာ တစ်လခန့် ရှိသွားခဲ့လေပြီ။ ထိုတစ်လအတောအတွင်း ရန်ကိုင်သည် ဂူအောင်း၍ အင်းဆက်ချုပ်နှောင်လက်ကောက်အား သန့်စင်နိုင်ရေးတွင် အပြည့်အဝ အာရုံစိုက်ထားခဲ့လေသည်။

အစပိုင်းတွင် တိုးတက်မှုမရှိသော်ငြား ရန်ကိုင်မှ သူ့စိတ်စွမ်းအင်၊ အရင်းအမြစ်ချီနှင့် တောက်လျှောက် တိုက်ခိုက်နေသည့်အလျောက် ဧကရာဇ်အဆင့်မှော်ရတနာမှာ တဖြည်းဖြည်းနှင့် ပြောင်းလဲလာလေတော့သည်။ ယခင်ကကဲ့သို့ ယတိပြတ် ငြင်းဆန်ခြင်း မရှိတော့ဘဲ ရန်ကိုင်၏ စိတ်စွမ်းအင်နှင့် အရင်းအမြစ်ချီကို တဖြည်းဖြည်းချင်း စတင် လက်ခံလာခဲ့လေ၏။

ဤသန့်စင်ခြင်းဖြစ်စဉ်သည် ပိုးအိမ်မှ ပိုးမျှင်များကို ထုတ်ယူရသည်နှင့် တူပေသည်။ ရန်ကိုင်အနေဖြင့် မည်မျှပင် ကြိုးစားနေစေကာမူ ကာဆီးနေသည့် အတားအဆီး အားလုံး ပျောက်ကွယ်သွားမှသာလျှင် လက်ကောက်ကို စတင် သန့်စင်နိုင်မည်ဖြစ်ကာ သူ့ဝိဥာဉ်အမှတ်အသားကို ထိုးထွင်းနိုင်ပေလိမ့်မည်။

ယနေ့တွင်လည်း ရန်ကိုင်သည် ယခင်အတိုင်း ဆက်လုပ်နေခဲ့သည်။

အချိန်တစ်ခုသို့ အရောက်တွင် တဝီဝီ မြည်သံများ ထွက်ပေါ်လာပြီး လေတဟူးဟူး တိုက်ခတ်သံများ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့လက်ထဲရှိ အင်းဆက်လက်ကောက် စတင် ပူလောင်လာသလို ရန်ကိုင် ခံစားလိုက်ရ၏။

ထိုကဲ့သို့ ခံစားမိလိုက်သော် ရန်ကိုင် ဝမ်းသာသွားခဲ့၏။ အင်းဆက်လက်ကောက် ပတ်လည်ရှိ အကာအကွယ်အားလုံး ပျက်စီးသွားပြီမှန်း သိလိုက်သော် စွမ်းအင်ကို အရူးအမူလှည့်ပတ်၍ အင်းဆက်ချုပ်နှောင်လက်ကောက်ထဲသို့ ထည့်သွင်းလိုက်၏။

သူ့လက်ထဲရှိ ပူလောင်သည့် ခံစားချက်မှာ အချိန်နှင့်အမျှ ပို၍ အားကောင်းလာ၏။ အင်းဆက်ချုပ်နှောင်လက်ကောက်သည်လည်း အသက်ဝင်လာသည့်အလား ရန်ကိုင်၏ လက်ထဲမှ လွတ်မြောက်ရန် ရုန်းကန်တော့လေသည်။ ရန်ကိုင်ကမူ လုံးဝ အလွတ်မပေးနိုင်သည့်အတွက် လက်ကောက်အား သေချာ ဆုပ်ကိုင်ထားလေ၏။

အချိန်ကြာလာသည်နှင့်အမျှ ပူလောင်သည့် ခံစားချက်သည့် သန်းပေါင်းများစွာသော ပုရွက်ဆိတ်များ ဝိုင်းကိုက်နေသည့် ခံစားချက်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထိုခံစားချက်သည် ရန်ကိုင်၏ လက်မှတစ်ဆင့် သူ့တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့လာခဲ့လေရာ ရန်ကိုင်မှာ အလွန်ကိုမှ မသက်မသာ ဖြစ်လာရလေတော့သည်။

ထိုပုရွက်ဆိတ် ကိုက်ခံရသည့် ခံစားချက်သည် တဖြည်းဖြည်းနှင့် ဓါးပေါင်းများစွာမှ ထိုးစိုက်ခံနေရသည့် နာကျင်မှုအဖြစ်သို့ ပြောင်းလဲလာခဲ့လေသည်။ နာလွန်းသဖြင့် ရန်ကိုင်လည်း ငြီးတွားမိလိုက်သည်။ သို့တိုင် လက်မလျှော့နိုင်သေးဘဲ နာကျင်မှုကို တောင့်ခံရင်း အင်းဆက်ချုပ်နှောင်လက်ကောက်ထဲသို့ အရင်းအမြစ်ချီနှင့် စိတ်စွမ်းအင်များကို ဆက်လက် ပို့လွှတ်နေခဲ့၏။

နှစ်ရက်ကြာပြီးနောက်တွင် ထိုခံစားချက်အားလုံး ပျောက်ကွယ်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရလေ၏။

တစ်ချိန်တည်းတွင်း အင်းဆက်ချုပ်နှောင်လက်ကောက်မှာ တလက်လက် တောက်ပလာခဲ့လေသည်။ လက်ကောက် မျက်နှာပြင်ထက်တွင် အလွန်ကိုမှ သေးငယ်သော သိသာထင်ရှားလှသည့် ရုန်းအက္ခရာများ ထွက်ပေါ်လာခဲ့သည်။ ထိုရုန်းအက္ခရာများသည် ကိုယ်ပိုင် အသက်ရှိနေသည့်အလား အဆက်မပြတ် ဆင့်ကဲပြောင်းလဲနေခဲ့လေသည်။

သာမန်လက်ကောက်တစ်ကွင်းနှင့် ဘာမှမခြားသော အင်းဆက်ချုပ်နှောင် လက်ကောက်ဟာလည်း ဧကရာဇ်အဆင့် အရှိန်အဝါနှင့် စိတ်ဆန္ဒကို စတင် ထုတ်လွှတ်လာခဲ့လေသည်။

ထိုကိစ္စနှင့် ပက်သက်၍ ရန်ကိုင်ကမူ အနည်းငယ်မျှ ပျော်ရွှင်နေခြင်းမရှိဘဲ မျက်နှာကြီးသာ မှုန်ကုတ်နေခဲ့သည်။

ခဏအကြာ၌ ရှုပ်ထွေးလှသည့် ရုန်းအက္ခရာအားလုံး အင်းဆက်လက်ကောက်ပေါ်သို့ တစ်စုတစ်စည်းတည်း ပြန်လည် ဝင်ရောက်သွားကြလေသည်။ တစ်ချိန်တည်းတွင်း တစ်ခုခု ပျက်စီးသွားသည့်အလား အက်သံတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ရန်ကိုင်၏ စိတ်စွမ်းအင်နှင့် အရင်းအမြစ်ချီတို့သည့် အင်းဆက်ချုပ်နှောင် လက်ကောက်ထဲသို့ အဆီးအတားမရှိ တိုးဝင်သွားတော့လေသည်။

သူ့စိတ်ထဲ ကြားလိုက်ရသည့် အက်သံမှာ အင်းဆက်ချုပ်နှောင်လက်ကောက်၏ နောက်ဆုံး အတားအဆီး ပျက်စီးသွားရာမှ ထွက်ပေါ်လာသည့် အသံသာ ဖြစ်ပေသည်။ သန့်စင်ခြင်းဖြစ်စဉ်မှာ နောက်ဆုံးတွင် ပြီးခါနီးလာခဲ့လေပြီ.

သို့‌သော်ငြား... အင်းဆက်ချုပ်နှောင်လက်ကောက်တွင် ပိုင်ရှင်ဟောင်းတစ်ဦး ရှိဖူးသဖြင့် ရန်ကိုင်အနေဖြင့် စမ်းသပ်ချက်ကြီးတစ်ခုကို ဖြတ်ကျော်ရပေဦးမည်။

လက်ကောက်ထဲသို့ စွမ်းအင်များကို ထည့်သွင်းနေရင်းမှ လက်ကောက်တွင်းမှ သူ့အား တန်ပြန်တိုက်ခိုက်နေသည့် သန့်စင်သော စွမ်းအင်တစ်မျိုးကို ရန်ကိုင် ခံစားမိလိုက်၏။

ထိုစွမ်းအင်မှာ အားကောင်းခြင်းမရှိသော်ငြား အလွန်ကိုမှ သန့်စင်သိပ်သည်းပေသည်။ ထိုအရာသည် အင်းဆက်ဧကရာဇ်၏ ဝိဥာဉ်အမှတ်အသားသာ ဖြစ်လေသည်။ ရန်ကိုင် အနေဖြင့် ထိုဝိဥာဉ်အမှတ်အသားကို ဖယ်ရှားပြီးမှသာလျှင် သူ့ကိုယ်ပိုင် ဝိဥာဉ်အမှတ်အသားကို ထိုးထွင်းနိုင်ပေလိမ့်မည်။

အင်းဆက်ဧကရာဇ်၏ ကျင့်ကြံခြင်းမှာ အနည်းဆုံး ဧကရာဇ်တတိယအဆင့်ခန့် ရှိပေသည်။ သို့သော်ငြား နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားသည့်အတွက်ကြောင့် သူ၏ ဝိဥာဉ်အမှတ်အသားသည် အလွန်တရာကိုမှ အားနည်းသွားတော့သည်။ ထို့အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် အနေဖြင့် ဤလက်ရှိကျင့်ကြံခြင်းဖြင့် အင်းဆက်ချုပ်နှောင်လက်ကောက်ကို သန့်စင်ရန် ကြိုးစားရဲလိမ့်မည် မဟုတ်ချေ။

သန့်စင်သော်ငြား ဝိဥာဉ်အမှတ်အသားသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူ တစ်ဦးလောက်သာ အားကောင်းပေသည်။ ရန်ကိုင်၏ ဝိဥာဉ်နှင့် အတူတူလောက်သာ ရှိ၏။

ဝိဥာဉ်အမှတ်အသားမှ သူ့အား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လာသည်ကို မြင်သော် ရန်ကိုင်လည်း နောက်တွန့်မနေဘဲ သူ့စိတ်စွမ်းအင်များကို ထိန်းချုပ်၍ ဝိဥာဉ်အမှတ်အသားဆီသို့ ပြေးဝင်တိုက်ခိုက်လေသည်။

ဘုန်း...

ပေါက်ကွဲသံနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ် ယိမ်းထိုးသွားခဲ့ပြီး သူ့ခေါင်းတစ်ခုလုံး မူးဝေသွားခဲ့ရလေသည်။ ဤသည်မှာ ဝိဥာဉ်ချင်း တိုက်ခိုက်ခြင်း ဖြစ်သည့်အတွက် ပို၍ အားကောင်းသည့် ဝိဥာဉ်ကသာ အနိုင်ရသွားပေလိမ့်မည်။ ဤတစ်ကြိမ် တိုက်ပွဲတွင်တော့ နှစ်ဦးစလုံးမှာ လက်ရည်ညီနေခဲ့ကြလေသည်။

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက်တွင် ရန်ကိုင်သည် သူ့စိတ်စွမ်းအင်များကို ထိန်းချုပ်၍ ဝိဥာဉ်အမှတ်အသားအား နောက်တစ်ကြိမ် ပြေးဝင်တိုက်ခိုက်လေသည်။

ဘုန်း... ရန်ကိုင်၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့နှာခေါင်းနှင့်ပါးစပ်မှ သွေးများ စီးကျလာခဲ့ရလေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် အသာစီး ရသွားခဲ့လေသည်။

ရန်ကိုင်သည် ထိုမျှနှင့်ပင် ရပ်တန့်မနေခဲ့ဘဲ စိတ်စွမ်းအင်ကို ထိန်းချုပ်၍ တတိယအကြိမ် ထပ်မံ တိုက်ခိုက်ပြန်လေသည်။

ဘုန်း...

ယခုတစ်ကြိမ်တွင်တော့ လက်ကောက်တွင်းမှ တစ်ခုခု ပျက်စီးသွားသည့်အလား အင်းဆက်ချုပ်နှောင်လက်ကောက်တစ်ခုလုံး တလက်လက် တောက်ပလာခဲ့လေ၏။

ရန်ကိုင်၏ စိတ်စွမ်းအင်သည် လက်ကောက်ထဲသို့ အဆီးအတားမရှိ စီးဝင်သွားလေသည်။ လက်ရှိအချိန်၌ လက်ကောက်ထဲရှိ အင်းဆက်ဧကရာဇ်၏ ဝိဥာဉ်အမှတ်အသားမှာ လုံးဝကို ဖျက်စီးခံလိုက်ရလေပြီ။

ရန်ကိုင်သည် ခေါင်းကိုက်နေသော်ငြား သူ့ဝိဥာဉ်အမှတ်အသားကို ထိုးထွင်းနိုင်ရန်အတွက် လက်‌ကောက်ထဲသို့ စိတ်စွမ်းအင်များကို ဆက်လက် ပို့လွှတ်နေခဲ့လေ၏။

သူ့ဝိဥာဉ်အမှတ်အသားကို ထိုးထွင်းပြီးမှသာ တပြုံးပြုံးနှင့် ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ် လဲချလိုက်လေသည်။

အင်းဆက်ဧကရာဇ်၏ ဝိဥာဉ်အမှတ်အသားနှင့် တိုက်ခိုက်ခြင်းသည် ရန်ကိုင်အား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်သွားစေခဲ့လေသည်။ ထိခိုက်သွားခဲ့လျှင်ပင် သူ့ဝိဥာဉ်အား ပြန်လည်ကုစားပေးမည့် ဝိဥာဉ်ကြာပန်း ရှိနေသည့် အတွက်ကြောင့် ရန်ကိုင် အနေဖြင့် ဝိဥာဉ်ချင်း အကြမ်းပတမ်း တိုက်ခိုက်ရဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင်လျှင် အင်းဆက်ချုပ်နှောင်လက်ကောက်ကို ဤမျှ မြန်မြန်လည်း သန့်စင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု အင်းဆက်ချုပ်နှောင်လက်ကောက်သည် သူ့အပိုင် မှော်ရတနာ တစ်ခု ဖြစ်လာခဲ့လေပြီ။

နေ့တစ်ဝက်ခန့် အနားယူပြီးနောက် အတော်လေး အားပြန်ပြည့်လာသော် ရန်ကိုင်သည် လဲနေရာမှ ထထိုင်၍ အင်းဆက်ချုပ်နှောင်လက်ကောက်ကို စစ်ဆေးကြည့်လေ၏။ လက်ကောက်ထဲသို့ ကောင်းကင်စိတ်အာရုံကို ပို့လွှတ်ကြည့်လိုက်၏။ ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် အင်းဆက်ချုပ်နှောင်လက်ကောက်ထဲတွင် ထူးဆန်းသည့် လေဟာနယ်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေသည်။

ဤလက်ကောက်ထဲရှိ လေဟာနယ်သည် သိုလှောင်လက်စွပ်များထဲရှိ လေဟာနယ်ကဲ့သို့ပင် ဖြစ်လေသည်။ သို့သော်ငြား သိုလှောင်လက်စွပ်များနှင့် မတူသည်မှာ ဤလေဟာနယ်ထဲ ရှိနေသည့် စွမ်းအင်ပင်။ လေဟာနယ်ထဲ၌ ဝိဥာဉ်များအပေါ် ထိခိုက်စေခြင်း မရှိသလို အကျိုးလည်းမရှိသည့် စွမ်းအားတစ်မျိုး ရှိနေကြောင်းကို တွေ့ရှိလိုက်ရလေသည်။

မကြာမီတွင် ရန်ကိုင်၏ မျက်လုံးများသည် လေဟာနယ်ထဲရှိ အရွယ်အစား အမျိုးမျိုးရှိသော ကရားများဆီသို့ ရောက်သွားခဲ့လေ၏။

သိချင်စိတ်ဖြင့် ရန်ကိုင်သည် ထိုကရားများကို သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ မကြာမီတွင် သူ့မျက်နှာ ဖြူလျော်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို အလျင်စလို ပြန်ရုတ်သိမ်းလိုက်လေ၏။

ကရာတော်တော်များများဆီမှ တဝီဝီ မြည်သံများ ထွက်ပေါ်နေခဲ့ပြီး အချို့ ကရာများသည်သာ ဟောင်းလောင်း ဖြစ်နေခဲ့၏။ ကရာ တစ်ခုချင်းစီတိုင်းထဲ၌ ရှိနေသည့် အရာများသည် ရန်ကိုင်အား အန္တရာယ်များသည့် ခံစားချက်ကို ပေးစွမ်းနေသဖြင့် ရန်ကိုင်လည်း ထိုအရာများကို မဆင်မခြင် သွားမဖွင့်ရဲခဲ့ချေ။ ကရာများကို စစ်ဆေးရင်းမှ ကရားတစ်ခုချင်းစီပေါ်၌ စကားလုံးများ ရေးထိုးထားသည်ကို တွေ့လိုက်ရလေသည်။ ရန်ကိုင်လည်း သိချင်စိတ်ဖြင့် ထိုစကားများကို သွားဖတ်ကြည့်လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၄၄)

သွေးဖြုတ်စိမ်း၊ ခြေနှစ်ချောင်းပိုးကောင်၊ သံမဏိပုရွက်ဆိတ်၊ ငွေအစင်းကြောင်းဦးချိုပါ ပင့်ကူ၊ သားရဲပျား။

ရန်ကိုင် တစ်ခါမှပင် မကြားခဲ့ဖူးသော အင်းစက်များ၏ နာမည်များကို ကရားတစ်ခုချင်းစီပေါ်တွင် ရေးထားခဲ့ပေသည်။ အချို့အင်းစက်များကိုတော့ သူကြားဖူးပေ၏။ သို့သော်ငြား ထို ကြားဖူးထားသည့် အင်းစက်အားလုံးမှာ ကျင့်ကြံသူတိုင်းကို အသွေးထဲအသားထဲ ကြောက်ရွံ့သွားစေအောင် လုပ်နိုင်သော အင်းစက်များ ဖြစ်ကြပေသည်။

ထိုစဉ် အင်းစက်ချုပ်နှောင်လက်ကောက်၏ ထူးဆန်းသော လေဟာနယ်ထဲတွင် အလင်းတစ်ချက် လက်သွားခဲ့လေ၏။ ထိုအလင်း ပျောက်ကွယ်သွားပြီးသည့်နောက် စာအုပ်တစ်အုပ်နှင့် ဆင်တူသည့် အရာတစ်ခု ရန်ကိုင့်၏ ကောင်းကင်စိတ်အာရုံထဲ တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့လေသည်။

သိချင်စိတ်ဖြင့် ရန်ကိုင်လည်း ထိုစာအုပ်အား သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ စာအုပ်၏ အဖုံးတွင် ရေးထိုးထားသည်မှာကား အင်းစက်မှတ်တမ်း ဟူ၍ပင်။

“စိတ်စွမ်းအင်နဲ့မှ ဖွင့်လို့ရတဲ့ စာအုပ်တစ်အုပ်လား…” ရန်ကိုင် စိတ်ထဲတွင် ရေရွတ်လိုက်လေ၏။

ဤလောကကြီးတွင် ပြင်ပရုပ်အသွင် မရှိသည့်အတွက်ကြောင့် သာမန်မျက်လုံးဖြင့် မမြင်နိုင်ပဲ စိတ်စွမ်းအင်ဖြင့်သာ ထိတွေ့ အာရုံခံနိုင်သော အရာများ၊ ကျင့်စဉ်များ၊ သိုင်းပညာရပ်များ ရှိကြပေသည်။

ထိုအရာများသည် အဆင့်မြင့်ပညာရှင်များမှ သူတို့၏ အဖိုးတန်လျှို့ဝှက်ချက်များကို အခြားသူများ အလွယ်တကူ ရမသွားစေရန်အတွက် ထိန်းသိမ်းသည့် နည်းလမ်းတစ်မျိုးလည်း ဖြစ်ပေ၏။ လက်ရှိ ရန်ကိုင့်ရှေ့တွင် ရှိနေသော စာအုပ်မှာလည်း ထိုကဲ့သို့သော အရာများအနက် တစ်ခုအပါအဝင် ဖြစ်ပေသည်။

ဤစာအုပ်မှာ အင်းစက်ဧကရာဇ်ကိုယ်တိုင် ရေးထားခဲ့သည့် စာအုပ်တစ်အုပ် ဖြစ်လောက်သည်။ စာအုပ်ဆီမှ အင်းစက်ဧကရာဇ်၏ အရှိန်အဝါကို ရန်ကိုင် ခံစားမိနေပေသည်။ နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သည့်တိုင် ထိုအရှိန်အဝါကို ရန်ကိုင် ရင်းရင်းနှီးနှီး မှတ်မိနေသေးဆဲပင်။

ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို သုံးလျက် အင်းစက်မှတ်တမ်းကို ဖွင့်ဖတ်ကြည့်လိုက်လေသည်။

ဤအင်းစက်မှတ်တမ်းကို အင်းစက်ဧကရာဇ်မှ ရေးသားခဲ့ခြင်း ဖြစ်ပေသည်။ စာအုပ်၏ မျက်နှာစာတွင် သူကိုယ်တိုင်မှ ရေးသားထားခဲ့သည့် အကြောင်းကို ရေးထားခဲ့သည်။ ရန်ကိုင်ကမူ ထိုအကြောင်းအရာများကို စိတ်မဝင်စားသည့်အတွက် နောက်စာမျက်နှာသို့သာ ချက်ချင်း တန်းလှန်ပစ်လိုက်လေ၏။

(အင်းစက်များစာရင်း)

ထိုစကားလုံးသုံးလုံးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ထိုစာမျက်နှာကို သေချာ အာရုံစိုက် ဖတ်ကြည့်တော့လေသည်။

အင်းစက်စာရင်းကို နှစ်မျိုးနှစ်စား ခွဲခြားထား၏။ ကောင်းကင်စာရင်းနှင့် မြေပြင်စာရင်းဟူ၍ပင်။ သို့သော်ငြား ထိုစာရင်းထဲသို့ ဝင်နိုင်သည့် မည်သည့်အင်းစက်မဆို အလွန်တရာကိုမှ ရှားပါးပြီး ကြောက်မက်ဖွယ်ကောင်းသည့် အင်းစက်များ ဖြစ်ကြပေသည်။

ကောင်းကင်စာရင်းတွင် အင်းစက်ပေါင်း သုံးဆယ့်ခြောက်ကောင်ရှိပြီး မြေပြင်စာရင်းတွင်တော့ ခုနှစ်ဆယ့်နှစ်ကောင် ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် စုစုပေါင်း တစ်ရာ့ရှစ်ကောင်ရှိသည်ဟု ပြော၍ရပေသည်။

မကြာခင်တွင် ရန်ကိုင်သည် ကရားအိုးများထဲ တွေ့ခဲ့ရသော အင်းစက်များအကြောင်းကို ဤအင်းစက်စာရင်းထဲတွင် သွားရှာတွေ့သွားခဲ့လေသည်။

သွေးဖြုတ်စိမ်းသည် မြေပြင်စာရင်းတွင် အဆင့်ဆယ့်သုံးရှိသော အင်းစက်တစ်ကောင် ဖြစ်သည်။ ထိုအင်းစက်သည် သွေးနံ့ကိုခံကာ သားကောင်များကို အမဲလိုက်လေ့ရှိကြပေသည်။ ထိုအင်းစက်များ၏ မူလသဘာဝမှာ အလွန်ကိုမှ အားနည်းပြီး သေးငယ်လွန်းလှသော်ငြား သူ၏ သားကောင်များမှာတော့ သွေးအကုန်အစင် စုပ်ယူခံရကာ သေဆုံးသွားလေ့ရှိကြသည်။

ခြေနှစ်ချောင်းပိုးကောင်မှာမူ မြေပြင်စာရင်းတွင် အဆင့်၂၇ ရှိသည့် ပိုးကောင်တစ်ကောင် ဖြစ်၏။ ထိုခြေနှစ်ချောင်းပိုးကောင်သည် အလွန်တရာကိုမှ အဆိပ်ပြင်းထန်လှသည့် ကုသရန် ဆေးမရှိသော ရေခဲဓာတ်အမျိုးအစား အဆိပ်တစ်မျိုးကို ပိုင်ဆိုင်ထားပေသည်။

သံမဏိပုရွက်ဆိတ်များမှာမူ မြေပြင်အဆင့်တွင် ၃၆ ဖြစ်ကာ သံမဏိများကို ဝါးမျိုပြီး မှော်ရတနာအားလုံး၏ ရန်သူများ ဖြစ်ကြပေသည်။

ငွေရောင်အစင်း ဦးချိုပါ ပင့်ကူမှာမူ မြေပြင်အဆင့်တွင် မဟုတ်တော့ဘဲ ကောင်းကင်အဆင့်ရှိ အဆင့်၁၉ အင်းစက်တစ်ကောင်ဖြစ်သည်။ ထိုအင်းစက်၏ ကျောပေါ်တွင် ငွေရောင်ပုံစံကွက်တစ်ခု ရှိပေသည်။ ထို့အပြင် ထိုပင့်ကူသည် အလွန်တရာကိုမှ အားကောင်းလှသော အဆိပ်များကို ပစ်လွှတ်နိုင်ကာ ဧကရာဇ်အဆင့် ကျင့်ကြံသူများပင်လျှင် ထိုပင့်ကူများကို သတိထားရလေ၏။

သားရဲပျားသည် ကောင်းကင်အဆင့်တွင် အဆင့်၂၁ရှိကာ အလွန်တရာကိုမှ ပြင်းထန်လွန်းလှသည့် အဆိပ်အား ပိုင်ဆိုင်ထားပေသည်။ သားရဲပျားသည် ဤလောကကြီးထဲရှိ အဆိပ်အပြင်းဆုံး အင်းစက်ဆယ်ကောင်အနက် တစ်ကောင်အပါအဝင် ဖြစ်ပေသည်။ စာရင်းမှာ ထိုမျှနှင့်ပင် အဆုံးမသတ်သေးချေ။

ကောင်းကင်စာရင်းတွင် ရန်ကိုင်သည် ဝိဉာဉ်ဝါးမျို အင်းစက်များအကြောင်းကို တွေ့ခဲ့ပေသည်။

ဝိဉာဉ်ဝါးမျို အင်းစက်များသည် ကောင်းကင်အဆင့်တွင် အဆင့်၁၁ နေရာ၌ ရှိနေလေ၏။ ထိုအင်းစက်များသည် စိတ်စွမ်းအင်များကို ဝါးမျိုကြကာ ဝိဉာဉ်အားလုံး၏ ရန်သူများ ဖြစ်ကြသည်။ ထိုအင်းစက်များ ငယ်ရွယ်အားနည်းစဉ်အခါတွင် တေဇောဓာတ် အသိစိတ်ပင်လယ်ကိုသုံး၍ အမြစ်ဖြတ်ပစ်နိုင်သလို အားကောင်းသည့် ကောင်းကင်စိတ်အာရုံကိုသုံး၍ ဖိနှိပ်ပစ်နိုင်သော်ငြား ထိုအင်းစက်များ အားကောင်းလာပြီးသည့်နောက်တွင် သူတို့အား ဖိနှိပ်ရန်မှာ အလွန်တရာကိုမှ ခက်ခဲသွားခဲ့ပေလေသည်။ ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် ထိုအင်းစက်များကို သတိထားကြရသည်။

ဝိဉာဉ်ဝါးမျို အင်းစက်များအနေဖြင့် ကောင်းကင်စာရင်း၌ အဆင့်ဆယ့်တစ်နေရာတွင် ရပ်တည်နိုင်သည်မှာ အတော်လေးကို မြင့်နေပြီဟု ပြော၍ရပေသည်။ အဆင့်တစ်ဆယ်အတွင်းတွင် ရှိနေသော အင်းစက်များအကြောင်းကိုဆိုလျှင် ရန်ကိုင့်အနေဖြင့် ကြားပင် မကြားဖူးပေ။ အင်းစက်ဧကရာဇ် ပြောပုံအရ အားအကောင်းဆုံးသော အင်းစက်ဆယ်မျိုးသည် ဤလောကကြီးထဲမှ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်ကာ ဆက်၍ မတည်ရှိကြတော့ပေ။

သို့သော်ငြား ထိုအရာမှာ သူ၏ ကိုယ်ပိုင်ထင်မြင်ချက်သာ ဖြစ်ပြီး တကယ် မျိုးတုန်းပျောက်ကွယ်သွားသလား မပျောက်ကွယ်သွားဘူးလား ဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။

ဝိဉာဉ်ဝါးမျိုအင်းစက်များ ကောင်းကင်စာရင်းတွင် ဤမျှ အဆင့်မြင့်မြင့်နှင့် ရပ်တည်နေနိုင်ရခြင်းမှာ အလွန်ကိုမှ ကြီးထွားနှုန်း မြန်ဆန်လှသည့် သူတို့၏ စွမ်းရည်နှင့် ပတ်သက်နေရလိမ့်မည်ဟု ရန်ကိုင် တွေးမိသွားခဲ့လေသည်။

အင်းစက်ဧကရာဇ် ပြောထားသည်မှာ ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ငယ်ရွယ်အားနည်းသည့်အခါတွင် ကိုင်တွယ်ရ လွယ်ကူပေသည်။ သို့သော်ငြား အားကောင်းလာသည့်အခါတွင်တော့ အလွန်ကိုမှ ကြီးမားသည့် ပြဿနာတစ်ရပ် ဖြစ်လာတော့လေ၏။

ဤကဲ့သို့သော စာအုပ်တစ်အုပ်ကို ရလိုက်သည့်အတွက်ကြောင့် ရန်ကိုင်အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။ အင်းစက်ဧကရာဇ်သည် သူ့ကိုယ်သူ အင်းစက်ဧကရာဇ်ဟု နာမည်ပေးထားသည့်အတွက်ကြောင့် ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် အင်းစက်များအကြောင်းကို သူ့ထက်ပို သိသည့်လူ မရှိလောက်တော့ချေ။ ရန်ကိုင်သာ အင်းစက်များအကြောင်းကို နားလည်တတ်ကျွမ်းထားမည် ဆိုပါက နောက်နောင် ရှားပါးသည့်အင်းစက်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ထိရောက်သည့် တန်ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ပေလိမ့်မည်။

ကောင်းကင်နှင့် မြေပြင်စာရင်းတွင် ရှိနေသော အင်းစက်များ၊ ထိုအင်းစက်များ နေထိုင်ရာနေရာများ၊ မွေးဖွားပုံနည်းလမ်းများ၊ သူတို့အား ဖိနှိပ်ချုပ်နှောင်သည့် နည်းလမ်းများကို အင်းစက်မှတ်တမ်းထဲတွင် အသေးစိတ် ရေးသားထားခဲ့လေသည်။

အင်းစက်အများစုတွင် သူတို့အား ဖိနှိပ်ချုပ်နှောင်နိုင်သည့် နည်းလမ်းများ ရှိကြပေသည်။ ဥပမာပြရသော် မြေပြင်အဆင့်ဆယ့်သုံးတွင် ရှိနေသော သွေးဖြုတ်စိမ်းသည် သွေးနံ့ကို အာရုံခံ၍ တစ်ဖက်လူများ မသိအောင် တစ်ဖက်လူ၏သွေးကို စုပ်ယူနိုင်ကြသော်ငြား သူတို့သည် မီးကို အလွန်ကိုမှ ကြောက်ကြပေသည်။ မီးဓာတ်စွမ်းရည်တစ်မျိုးမျိုးကိုသာ နိုင်နင်းကျွမ်းကျင်ထားမည်ဆိုပါက ထိုအင်းစက်များကို ပြန်ဆုတ်သွားအောင် တွန်းအားပေးနိုင်ပေ၏။

ထို့နည်းတူစွာပင်လျှင် မြေပြင်အဆင့်၃၆၌ ရှိနေသော သံမဏိပုရွက်ဆိတ်များသည် မှော်ရတနာတိုင်း၏ ရန်သူများ ဖြစ်ကြသော်ငြား သူတို့သည် လကျောက်တုံးဟုခေါ်သော ကျောက်တုံးတစ်မျိုးမျိုးကို အလွန်ကိုမှ ကြောက်ကြသည်။ သံမဏိပုရွက်ဆိတ်များသာ ထိုလကျောက်တုံးအား ဝါးမျိုပစ်လိုက်မည်ဆိုပါက ခဏအတွင်း အရည်ပျော်ကာ မည်ကဲ့သို့ သေလို့သေသွားရမှန်းမသိ သေသွားကြရပေသည်။

အဓိကအချက်မှာ လကျောက်တုံးများသည် အဖိုးတန်သည့် ပစ္စည်းများ ဟုတ်မနေကြခြင်းပင်။ အများအားဖြင် လကျောက်တုံးများကို အလင်းရောင်ပေးရန်အတွက်သာ အသုံးပြုကြပြီး မှော်ရတနာသန့်စင်ရာတွင် အသုံးပြုလေ့ မရှိကြပေ။ ထို့အတွက်ကြောင့် ထိုကျောက်တုံးများကို ရှာဖွေရန် အတော်လေးကိုမှ လွယ်ကူသည်ဟု ပြော၍ရသည်။

ရန်ကိုင်သည် ဝိဉာဉ်ဝါးမျိုအင်းစက်များအား ချုပ်နှောင်နိုင်မည့်နည်းလမ်းအား လိုက်ရှာဖွေကြည့်လေသည်။

အင်းစက်ဧကရာဇ်သည် နည်းလမ်းနှစ်မျိုးကိုသာ ပြောထားခဲ့သည်။ ပထမနည်းလမ်းမှာ ဝိဉာဉ်ဝါးမျိုအင်းစက်များ ငယ်ရွယ်အားနည်းနေစဉ် တေဇောဓာတ်အသိစိတ်ပင်လယ်ကိုသုံး၍ သတ်ပစ်ရန်ပင် ဖြစ်လေသည်။ နောက်တစ်နည်းမှာတော့ ဖိနှိပ်ရန်သာ ဖြစ်၏။ ထိုအင်းစက်များသည် တေဇောဓာတ်အသိစိတ်ပင်လယ်ကို မကြောက်ရွံ့တော့သည့် နောက်ပိုင်း မည်သည့်အရာနှင့်မျှ သူတို့အား သတ်နိုင်တော့လိမ့်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် ဖိနှိပ်ရမည့် နည်းလမ်းတစ်ခုသာ ရှိတော့လေ၏။ ထိုနည်းလမ်းနှစ်ခုမှ လွဲ၍ အခြားနည်းလမ်းများကို ပြောပြမထားခဲ့ချေ။

ထိုစာအုပ်ကို ဖတ်ပြီးသည့်နောက်တွင် ဝိဉာဉ်ဝါးမျိုအင်းစက်များနှင့် ပတ်သက်၍ မည်ကဲ့သို့ ကိုင်တွယ်ရမလဲ ဆိုသည့်အပေါ် ရန်ကိုင် အတော်လေး နားလည်သွားခဲ့လေပြီ။

နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အင်းစက်မှတ်တမ်းစာအုပ်ကို ပြန်ပိတ်လိုက်လေသည်။

စပေါ်လာစဉ်ကကဲ့သို့ပင် အင်းစက်မှတ်တမ်းသည် ရုတ်တရက်ကြီး ပြန်လည်ပျောက်ကွယ်သွားခဲ့လေ၏။ မည်ကဲ့သို့ ပျောက်ကွယ်လို့ ပျောက်ကွယ်သွားမှန်းကို မည်သူမျှ မသိလိုက်ရပေ။

သို့သော်ငြား ရန်ကိုင်သည် အင်းစက်ချုပ်နှောင် လက်ကောက်၏ ပိုင်ရှင်ဖြစ်သောကြောင့် ထိုအင်းစက်မှတ်တမ်းကို သူဖတ်ချင်သည့် အချိန်တိုင်း လာရောက်ဖတ်ရှုနိုင်ပေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ၏ စိတ်စွမ်းအင်ကိုသုံးလျက် အင်းစက်ချုပ်နှောင်လက်ကောက်ကို စတင် ထိန်းချုပ်တော့လေ၏။ အင်းစက်ချုပ်နှောင်လက်ကောက်မှ စွမ်းအားကို ထုတ်သုံး၍ ဝိဉာဉ်ကြာပန်းထဲတွင် အနားယူနေကြသော ဝိဉာဉ်ဝါးမျိုအင်းစက်များကို အင်းစက်ချုပ်နှောင်လက်ကောက်ထဲသို့ ပြောင်းရွှေ့ရန် စတင်ကြိုးစားတော့လေသည်။

ရန်ကိုင့်တွင် ရှိနေခဲ့သော ဝိဉာဉ်ဝါးမျိုအင်းစက်များမှာ ပြဿနာတစ်ခုမဟုတ်ချေ။ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များသည် ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် ရန်ကိုင်၏ အမိန့်ကို ကလန်ကဆန် လုပ်ခဲ့သော်ငြား အင်းစက်ချုပ်နှောင်လက်ကောက် အရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် အတော်လေးကိုမှ ငြိမ်သက်သွားခဲ့ပြီး အင်းစက်ချုပ်နှောင်လက်ကောက်ထဲရှိ လေဟာနယ်ထဲသို့ အလွယ်တကူ ရွှေ့ပြောင်းခြင်း ခံလိုက်ရလေသည်။

ရန်ကိုင့်အား စိတ်ပူနေစေသည်မှာ ချိတ်ပိတ်ထားခံရသော ဝိဉာဉ်ဝါးမျိုအင်းစက်များသာ ဖြစ်ကြလေသည်။

ချိတ်ပိတ်ထားသော အလင်းလုံးလေးထဲတွင် မဟာဧကရာဇ်၏စွမ်းအားနှင့်တကွ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံဝိဉာဉ်၏ လောကစွမ်းအားတို့ပါ ပါဝင်နေသော်ငြား ရန်ကိုင့်အနေဖြင့် ထိုအလုံးလေးအား လုံးဝ ပေါ့ပေါ့ဆဆ မမှတ်ယူရဲခဲ့ပေ။ သေသေချာချာ အားစိုက်လုပ်ပြီးမှသာ ထိုအလုံးလေးအား အင်းစက်ချုပ်နှောင်လက်ကောက်ထဲသို့ ရွှေ့ပြောင်းနိုင်ခဲ့လေ၏။

ထိုအခါမှသာ ရန်ကိုင် သက်ပြင်းချနိုင်တော့လေသည်။

ယခုဆိုလျှင် သူ့ခန္ဓာကိုယ်ထဲ၌ မည်သည့် ဝိဉာဉ်ဝါးမျို အင်းစက်များမှာ ရှိမနေတော့ချေ။ ထို့အတွက်ကြောင့် ဝိဉာဉ်ဝါးမျိုအင်းစက်များ ရုန်းကြွလာပြီး သူ့ခန္ဓာကိုယ်အား အတွင်းမှ လှိုက်စားမည်ကိုလဲ စိတ်ပူစရာ မလိုတော့ပေ။

အသစ်ရောက်လာသည့် ဝိဉာဉ်ဝါးမျို အင်းစက်နှစ်အုပ်ကို ရန်ကိုင်သည် အသုံးမပြုရသေးသည့် ကရားတစ်ခုထဲသို့ ထည့်လိုက်လေသည်။

ထိုကရားများကို အင်းစက်ဧကရာဇ်မှ အလွန်တရာကိုမှ ရှားပါးလွန်းလှသော အဖိုးတန်ပစ္စည်းများကို သုံး၍ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ထိုကရားများသည် အင်းစက်များကို သိုလှောင်ရန်အတွက် အထူးတလည်ဖန်တီးထားကြသော ကရားများသာ ဖြစ်ကြပေသည်။

အစောပိုင်းက ရန်ကိုင်ခံစားမိလိုက်သော ကရားများဆီမှ အန္တရာယ်များသည့် ခံစားချက်မှာ ထိုကရားများထဲတွင် ရှိနေသော အင်းစက်များဆီမှ လာခြင်းသာ ဖြစ်ပေသည်။

အင်းစက်ဧကရာဇ် သေသွားခဲ့သည်မှာ နှစ်ပေါင်း သောင်းနဲ့ချီနေခဲ့ပြီ ဖြစ်သော်ငြား အင်းစက်ချုပ်နှောင်လက်ကောက်ထဲရှိ ထူးဆန်းသော စွမ်းအား၏ ပြုစုပျိုးထောင်ပေးမှုကြောင့် ထိုအင်းစက်များမှာ အားနည်းမသွားခဲ့ရုံသာမက ပိုပို၍ပင် အားကောင်းလာခဲ့လေသည်။

ရန်ကိုင့်အနေဖြင့် ထိုအင်းစက်များကို သွားမလွှတ်ရဲခဲ့ပေ။

အင်းစက်များမှာ သူပျိုးထောင်ထားသည့် အင်းစက်များ မဟုတ်သည့်အတွက် ရန်ကိုင့်အနေဖြင့် ထိုအင်းစက်များကို အလွယ်တကူ သွားမလွှတ်ပေးရဲခဲ့ချေ။ သွားလွှတ်ပေးမည် ဆိုလျှင်ပင် ထိန်းချုပ်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်မရှိ။ လွှတ်ပေးပြီးမှ မထိန်းချုပ်နိုင်သည့်အခါ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားရပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် သူ့ခွန်အား တိုးတက်လာမည့် အချိန်ကို စောင့်ပြီးမှ စမ်းကြည့်ရုံသာ ရှိတော့လေ၏။

လက်ရှိအချိန်၌ အရေးအကြီးဆုံးမှာ ဝိဉာဉ်ဝါးမျိုအင်းစက်များသာ ဖြစ်ကြလေသည်။ အသစ်ခေါ်လာသော ဝိဉာဉ်ဝါးမျိုအင်းစက်များကို ကရားတစ်ခုထဲသို့ သေချာထည့်သိမ်းလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ကရားအဖုံးအား သေချာချိတ်ပိတ်ထားလိုက်လေ၏။ ထို့နောက် ထျန်းယန်မှ သင်ပေးခဲ့သော နည်းလမ်းကိုသုံး၍ ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲမှ ခေါ်ဆောင်လာသည့် ဝိဉာဉ်ဝါးမျို အင်းစက်များအား ချိတ်ပိတ်ထားသည့် အလင်းလုံးကို ချိတ်ဖြည်ပေးလိုက်လေသည်။

ချက်ချင်းဆိုသလို ကရားဆီမှ တဝီဝီမြည်သံတို့ ထွက်ပေါ်လာခဲ့လေသည်။

ထိုအသံများကို နားထောင်ရင်း ရန်ကိုင့်၏ မျက်နှာ မဆိုစလောက်ကလေး ဖြူလျော်သွားခဲ့သည်။

ဝိဉာဉ်ဝါးမျိုအင်းစက်နှစ်အုပ်သည် ရန်သူတပ်ဖွဲ့နှစ်ခုအလား တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သတ်ဖြတ်နေကြကြောင်းကို ရန်ကိုင် ခံစားသိရှိလိုက်ရသည်။

သို့သော်ငြား ထိုအဖွဲ့နှစ်ဖွဲ့ကြားမှ ခွန်အားကွာခြားချက်မှာ အလွန်ကြီးမားခြင်း မရှိသည့်အတွက်ကြောင့် တိုက်ပွဲမှာ အတော်လေးကိုမှ ပြင်းထန်လှပေသည်။

သို့သော်ငြား ရန်ကိုင်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ပူမနေခဲ့ပေ။

အင်းစက်မှတ်တမ်းထဲတွင် ဤနည်းလမ်းသည် ဝိဉာဉ်ဝါးမျိုအင်းစက်များ အသက်ရှင်ကာ ဆင့်ကဲပြောင်းလဲရန် အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ပြောပြထားခဲ့ပေသည်။

သူ့ကိစ္စအားလုံး ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် အင်းစက်ချုပ်နှောင်လက်ကောက်ထဲမှ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေသည်။ ထို့နောက် တံဆိပ်ပြားကိုသုံး၍ လိုဏ်ဂူပတ်လည်တွင် ခင်းကျင်းထားသော အစီအရင်အားလုံးကို ပိတ်ချလိုက်လေ၏။

ခဏအကြာ၌ ရန်ကိုင်သည် ခရမ်းရောင်ဝါးတောင်၏ ထိပ်ပိုင်းဆီသို့ ရောက်လာခဲ့လေသည်။ လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ကောင်းရွှယ်ထင်းနေနေသည့်နေရာကို အလျင်အမြန် ရှာတွေ့သွားခဲ့သည်။

ထိုနေရာသို့ ပျံသန်းသွားခဲ့ပြီး လိုဏ်ဂူရှေ့သို့ရောက်သော် လှမ်းအော်ခေါ်တော့မည်အပြု လိုဏ်ဂူအတွင်းမှ ကောင်းရွှယ်ထင်း၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ “ဝင်လာခဲ့…”

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အနည်းငယ် ကြောင်သွားခဲ့လေသည်။

ကောင်းရွှယ်ထင်းအနေဖြင့် သူရောက်လာသည်ကို ဤမျှ လျင်လျင်မြန်မြန် သတိပြုမိသွားရခြင်းမှာ သူမ၏ အားကောင်းလှသော ကျင့်ကြံခြင်းကြောင့် ဖြစ်သလို သူ့အား တစ်ချိန်ကုန် စောင့်ကြည့်နေသည့် အတွက်ကြောင့်လည်း ဖြစ်ရပေလိမ့်မည်။ ဤသည်မှာ စောင့်ကြည့်သည်တော့မဟုတ်။ ကာကွယ်ပေးခြင်းသာ ဖြစ်လေ၏။

ဝမ်ကျိရှန်းမှ သူ ရတနာတစ်ခုခုအား သန့်စင်တော့မည့် အကြောင်းကို ကောင်းရွှယ်ထင်းအား ပြောပြခဲ့သည့်ပုံပင်။ ထို့အတွက်ကြောင့်သာ ရန်ကိုင့်အား တောက်လျှောက် စောင့်ကြည့်ပေးနေခြင်း ဖြစ်လေသည်။

ရန်ကိုင်သည် မည်သည့်စကားမှ ပြောမနေခဲ့ပဲ လိုဏ်ဂူထဲသို့သာ ဝင်သွားလိုက်လေ၏။

ဟိုကွေ့ဒီကွေ့ ဝင်ပေါက်များစွာ ဖြတ်ကျော်လာပြီးသည့်နောက်တွင် ကျောက်တုံးခန်းတစ်ခန်းဆီသို့ ရန်ကိုင် ရောက်ရှိလာခဲ့လေသည်။

ဤနေရာသည် ကောင်းရွှယ်ထင်း အနားယူနေထိုင်သည့် နေရာသာ ဖြစ်လေသည်။

လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် လိုဏ်ဂူအတွင်းပိုင်း၏ ပြင်ဆင်ပုံကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။ အတွင်းပိုင်းထဲတွင် မည်သည့် အဆင်တန်ဆာမျှ ရှိမနေခဲ့ပေ။ ဖျာတစ်ချပ်နှင့် ဝါးကုတင်တစ်လုံးသာ ရှိနေခဲ့လေ၏။ ကောင်းရွှယ်ထင်းသည် လက်ရှိအချိန်တွင် ဝါးကုတင်ပေါ်၌ တင်ပလင်ခွေထိုင်ကာ သူ့အား ထူးမခြားနားဟန်ဖြင့် လှမ်းကြည့်နေခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၄၅)

“အကြီးအကဲကောင်း…” ရန်ကိုင်က လက်သီးဆုပ်၍ ဦးညွှတ်လိုက်လေသည်။

ကောင်းရွှယ်ထင်းက ခေါင်းညိတ်၍ ပြန်မေးလိုက်လေသည်။ “နင့်ကိစ္စ ဘယ်လိုနေလဲ…”

“အကြီးအကဲကောင်းရဲ့ ကျေးဇူးတော်ကြောင့် အားလုံး အဆင်ပြေပြေနဲ့ ပြီးသွားခဲ့ပါတယ်…”

“အာသွက်လျှာသွက်နေတယ်ပေါ့ ဟုတ်လား…” ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်၍ “နင့်ကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူး…”

“အမ်…” ကောင်းရွှယ်ထင်း ဤမျှ ပြတ်သားပွင့်လင်းလိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားခဲ့ပေ။ သူဖားယားခဲ့သည့် စကားလုံးများကို ပြန်တွေး၍ ရန်ကိုင့်မှာ ရှက်ချင်သလို ဖြစ်သွားခဲ့လေ၏။

“နင် ဘာလို့ ရောက်လာတာလဲ…” ကောင်းရွှယ်ထင်းက ထပ်မေးလိုက်သည်။

“ဒီလိုပါ…” ရန်ကိုင်လည်း လိုရင်းအား ချက်ချင်း တန်းပြောလိုက်လေသည်။ “နေမင်းပြာကျောင်းတော်ထဲမှာ အသွင်မဲ့မြက် ဆိုတာမျိုး ရှိလား သိချင်လို့ပါ…”

“အသွင်မဲ့မြက်…” ကောင်းရွှယ်ထင်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။

“တာအိုသခင် အလယ်အလတ်အဆင့် ဆေးပင်တစ်မျိုးပါပဲ… ရှားရှားပါးပါးကြီးတော့ မဟုတ်ပါဘူး…”

“နင် အဲ့ဒါကို ဘာလို့ လိုချင်တာလဲ…” ကောင်းရွှယ်ထင်းက ပြန်မေးလိုက်သည်။

“ဆေးဖော်စပ်ဖို့ပေါ့…” ရန်ကိုင်က ပြန်ရှင်းပြလိုက်လေသည်။ “ကျုပ် ဆေးပညာရှင်တစ်ယောက်ဆိုတာကို အကြီးအကဲကောင်းလည်း သိတာပဲ… အဲ့ဆေးပင်ကို လိုချင်တယ်ဆိုတာ ဆေးဖော်စပ်ဖို့ပဲပေါ့…”

ရန်ကိုင့်၏ ပျာပျာသလဲ ငြင်းဆိုမှုကို ကြည့်ရင်း ကောင်းရွှယ်ထင်း၏ နှုတ်ခမ်းလေး မသိမသာလေး တွန့်ကွေးသွားခဲ့လေသည်။ ထို့နောက်တွင် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ယူ၍ ကောင်းကင်စိတ်အာရုံကို ထိုထဲသို့ ထည့်သွင်းလိုက်လေ၏။ ထို့နောက် ထူးမခြားနားဟန်ဖြင့် ပြန်ပြောလာခဲ့လေသည်။ “ငါတစ်ချက် မေးကြည့်ပေးမယ်… အဲ့ဆေးပင်က မရှားဘူးဆိုရင်တော့ ငါတို့ရဲ့ ဂိုထောင်ထဲမှာ ကျိန်းသေ ရှိလောက်တယ်…”

“ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲကောင်း…” ရန်ကိုင်က အလျင်အမြန် ကျေးဇူးတင်လိုက်လေသည်။

ထို့နောက် ကျောက်တုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေ၏။

ဤကျောက်တုံးခန်းထဲတွင် ဤကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေရသည်ကို ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ မသက်မသာ ဖြစ်လှသည်။ တိတ်ဆိတ်မှုကို ချိုးဖြတ်ရန်အတွက် စကားစပြောရန် ကြိုးစားချင်ပါသော်ငြား ကောင်းရွှယ်ထင်းကမူ သူပါးစပ်ပိတ်နေသည်ကို ပိုကြိုက်နေမည့်အတွက်ကြောင့် ရန်ကိုင်မှာ စကားလည်းမပြောရဲခဲ့ ဖြစ်နေခဲ့လေသည်။

ထို့ကြောင့် ရန်ကိုင်က သွား စမပြောခဲ့သလို ကောင်းရွှယ်ထင်းကလည်း သွား စမပြောခဲ့သည့်အတွက် ကျောက်တုံးခန်းမှာ ထူးထူးခြားခြားကို တိတ်ဆိတ်နေခဲ့လေ၏။ ကောင်းရွှယ်ထင်းသည် ရန်ကိုင် ရှိနေသည်ကိုပင် သတိမထားမိသည့်အလား မျက်လုံးပိတ်၍သာ တင်ပလင်ခွေ ထိုင်နေခဲ့လေသည်။

ခဏအကြာတွင် ကောင်းရွှယ်ထင်း၏ ဆက်သွယ်ရေး မှော်ရတနာ တုံ့ပြန်လာခဲ့သည်။

ထိုအခါမှ မျက်လုံးပွင့်လျက် ဆက်သွယ်ရေးမှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းကာ စစ်ဆေးကြည့်လိုက်လေ၏။ ထို့နောက် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

“အသွင်မဲ့မြက်တွေကတော့ ရှိတယ်… အများကြီးပဲ… နင် ဘယ်လောက်လိုချင်တာလဲ…”

“ပိုများလေ ပိုကောင်းလေပဲ…” ရန်ကိုင် ကျေနပ်အားရ သွားခဲ့လေသည်။

“နင့်ကိုကြည့်ရတာ ဆေးလုံးတွေ အများကြီး ဖော်စပ်ဖို့ လုပ်နေတာနဲ့ တူတယ်…” ကောင်းရွှယ်ထင်းက ပြောလိုက်သည်။

ရန်ကိုင် ရယ်သာရယ်လိုက်လေ၏။

“အဲ့ဒါတွေကို နင် ဘာနဲ့ လဲလှယ်မှာလဲ…”

“အမ်…” ရန်ကိုင်ကြောင်သွားခဲ့လေသည်။

ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေ၏။ “ဒီအသွင်မဲ့မြက်တွေက ကျောင်းတော်ရဲ့အပိုင်လေ… နင့်ကို အလကားပေးလို့ ဘယ်လိုလုပ်ပြီး ရမှာလဲ… နင် သူတို့ကို လိုချင်ရင် တစ်ခုခုနဲ့ ပြန်လဲလှယ်ရမှာပေါ့…”

“အကြီးအကဲကောင်းက ကျုပ်နဲ့ စီးပွားရေးလုပ်နေတာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ကောင်းရွှယ်ထင်းတွင် ဤကဲ့သို့သော ပုံစံမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“နင် အဲ့လိုပြောလို့ရတယ်…” ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်သည်။ “ဘာလဲ… နင်က အဲ့ဒါတွေအကုန်လုံးကို အလကားယူသွားဖို့ စဉ်းစားနေတာလား…”

ရန်ကိုင်က အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး ယူရမှာလဲ… ဝယ်မှာပေါ့…” ခဏရပ်ပြီးသည့်နောက်တွင် ရန်ကိုင်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ပြောလိုက်လေ၏။ “အကြီးအကဲကောင်းတို့ အရင်းအမြစ်ကျောက်တွေကို လက်ခံလား…”

“ငါတို့မှာ အရင်းအမြစ်ကျောက်တွေ ရှားပါးမနေဘူး…” ကောင်းရွှယ်ထင်းက မျက်နှာတည်ဖြင့် ပြန်ပြောလိုက်လေသည်။

ထိုအခါ ရန်ကိုင် ဆွံ့အသွားခဲ့ပြီး ပြန်၍ မေးလိုက်လေ၏။ “ဒီတော့ စီးပွားရေးလုပ်ဖို့ အရင်းအမြစ်ကျောက်တွေကို မသုံးဘူးဆိုရင် ဘာတွေကိုသုံးမလဲ…”

“ဟမ့်…” ကောင်းရွှယ်ထင်းက လှောင်ပြုံးပြုံးလျက် ရန်ကိုင့်အား တွေးတွေးဆဆဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။ “ထားလိုက်တော့… ဈေးကို ဂျူနီယာညီမချန်ကိုပဲ သွားမေးလိုက်တော့မယ်…”

“ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင် သူ့နဖူးထက်ရှိ ချွေးအေးများကို သုတ်လိုက်လေ၏။

ဘာကြောင့်မှန်းမသိ ကောင်းရွှယ်ထင်းနှင့် စကားပြောနေစဉ် အမြဲလိုလို ဖိအား ခံစားရခဲ့လေသည်။ ဝမ်ကျိရှန်းနှင့် စကားပြောနေစဉ်တွင်ပင် ဤကဲ့သို့သော ဖိအားမျိုး မခံစားရချေ။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်မှန်းကို သူလုံးဝ နားမလည်နိုင်။

ခဏအကြာတွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား ကြည့်၍ ပြောလိုက်လေသည်။ “ဂျူနီယာညီမချန်က ပြောတယ်… အသွင်မဲ့မြက်တစ်ပင်ကို အရင်းအမြစ်ကျောက်တစ်ထောင် ကျမယ်တဲ့…”

“အဲ့ဒါ မဆိုးပါဘူး…” ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။

“အဆင့်မြင့် အရင်းအမြစ်ကျောက်တွေကို ပြောတာ…” ကောင်းရွှယ်ထင်းက ဖြတ်ပြောလိုက်သည်။

ထိုစကားကို ကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့လေ၏။ ထို့နောက် ထခုန်လျက် ပြောလိုက်လေသည်။ “ခင်ဗျားတို့ ကျုပ်ကို ဓါးပြတိုက်ဖို့ ကြိုးစားနေတာလား…”

ကောင်းရွှယ်ထင်းကမူ ထူးမခြားနားဟန်ဖြင့် “ကျောင်းတော်ရဲ့ ရတနာဂိုထောင်ကို ဂျူနီယာညီမချန်ကပဲ တာဝန်ယူထားတာ… ရတနာဂိုထောင်နဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကို သူပဲဆုံးဖြတ်တာ… ဒီတော့ သူက အဆင့်မြင့်အရင်းအမြစ်ကျောက် တစ်ထောင်လို့ပြောရင် အဆင့်မြင့်အရင်းအမြစ်ကျောက် တစ်ထောင်မို့လို့ပဲ…”

ထို့နောက် ဆက်၍ ပြောလိုက်လေသည်။ “ဘာဖြစ်လို့လဲ… အဲ့လောက်တောင် ဆင်းရဲနေတာလား…”

“မဟုတ်ပါဘူး…” ရန်ကိုင်သည် သူ့နဖူးထက် ဝေ့သီလာသော ချွေးများကို သုတ်လိုက်ရင်း မှုန်ကုပ်ကုပ် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဈေးနှုန်းက နည်းနည်းမြင့်နေသလားလို့ပါ အကြီးအကဲကောင်း ကျုပ်လိုချင်တာ တာအိုသခင် အလယ်အလတ်အဆင့်ပဲ ရှိတဲ့ အသွင်မဲ့မြက်ဆိုတာရော အကြီးအကဲကောင်း သေချာပြောလိုက်သေးလား… တခြား ရှားပါးတဲ့ ဆေးပင်တစ်မျိုးမျိုး မဟုတ်ဘူးနော်… ဒီဆေးပင်ကို ဂိုဏ်းကြီးတွေတိုင်းမှာ အလွယ်တကူ ရှာဝယ်လို့ရတယ်… ဘယ်လိုလုပ်ပြီး ဒီလောက် အရင်းအမြစ်ကျောက်တွေ အများကြီး ပေးရမှာလဲ…”

“နင်ငါ့ကို ဘယ်သူမှတ်နေတာလဲ… နင့်ရဲ့ဆတ်သား မှတ်နေတာလား… နင်သိချင်ရင် နင်ကိုယ်တိုင်သွားမေးပါလား…” ကောင်းရွှယ်ထင်း၏ အေးစက်စက် မျက်နှာထားမှာ ပို၍ အေးစက်လာခဲ့လေသည်။

ကောင်းရွှယ်ထင်း၏ ဆူငေါက်ခြင်း ခံလိုက်ရသည့် အတွက်ကြောင့် ရန်ကိုင့်မှာ ရှက်သွားခဲ့လေ၏။ သူမ ဘာကြောင့် ရုတ်တရက်ကြီး ဒေါသထွက်သွားမှန်းကို ရန်ကိုင် နားမလည်နိုင်အောင် ဖြစ်နေခဲ့ရလေသည်။ သို့သော်ငြား သူလည်း ဘာမှ မတတ်နိုင်ချေ။

“ဒါပေမဲ့…” ကောင်းရွှယ်ထင်းသည် ချက်ချင်းကို လေသံပြောင်းသွားခဲ့လေသည်။ ကောင်းရွှယ်ထင်း၏ အကြည့်ကြောင့် ရန်ကိုင့်ခင်မျာ တစ်ကိုယ်လုံးတုန်တုန်ရီရီ ဖြစ်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင်လည်း တွေးလိုက်လေသည်။ (အကြီးအကဲက အပေါ်ယံသာ အေးစက်စက်နဲ့… စိတ်ထားကတော့ ကောင်းမှာပါ ဟုတ်တယ်မလား…)

“ဂျူနီယာညီမချန်ကပြောတယ်... နင့်မှာ ဝယ်ဖို့ ငွေမရှိဘူးဆိုလို့ရှိရင် နင့်ခန္ဓာကိုယ်နဲ့ ပြန်ပေးလို့ရတယ်တဲ့…” ကောင်းရွှယ်ထင်းက အဓိပ္ပာယ်ပါပါ ပြောလိုက်လေ၏။

“ဂလု…”

ရန်ကိုင် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့နဖူးထက် ချွေးသီးများ တောက်လျှောက်ကို စီးကျလာတော့လေ၏။

“နားလည်မှု လွဲမနေနဲ့ဦး…” ကောင်းရွှယ်ထင်းက ရှင်းပြလိုက်သည်။ “ဂျူနီယာညီမချန်ပြောတာက နင်သာ ကျောင်းတော်ထဲကိုဝင်ပြီး တပည့်တစ်ဦး ဖြစ်လာမယ် ဆိုလို့ရှိရင် နင့်ကို အများကြီး ဈေးလျှော့ပေးလို့ရတယ်လို့ ပြောတာ… ရှင်းရှင်းပြောရလို့ရှိရင် အဲ့အသွင်မဲ့မြက်တွေကို အလကားတောင် ယူလို့ရတယ်… နင်သာ တပည့်တစ်ဦး ဖြစ်နေခဲ့ရင်ပေါ့…”

“ကျောင်းတော်ရဲ့ တပည့်တစ်ဦးဖြစ်လာခဲ့ရင်…” ရန်ကိုင် ကောင်းရွှယ်ထင်းအား အံ့ဩတကြီး ကြည့်လိုက်လေသည်။

“ဘာလဲ နင်က မဖြစ်ချင်တာလား…” ကောင်းရွှယ်ထင်း၏ လေသံမှာ ရုတ်ချည်းကို အေးစက်သွားခဲ့လေ၏။ “နင်က ငါတို့ကျောင်းတော်ကို အထင်သေးနေတာလား… ငါတို့ကျောင်းတော်က နင်ဝင်ဖို့ မထိုက်တန်ဘူးလို့ ထင်တယ်ပေါ့…”

“ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရမှာလဲ…” ရန်ကိုင်သည် ကမန်းကတန်း လက်ဝှေ့ယမ်းရင်း “နေမင်းပြာကျောင်းတော်က တကယ့် ဂိုဏ်းတော်ကြီးတစ်ဂိုဏ်းလေ… လူတစ်ယောက်ကို ဒီတိုင်း ဘာမှ သေချာမစစ်ဆေးဘဲနဲ့ ခေါ်လိုက်လို့ ဖြစ်ပမလား…”

ကောင်းရွှယ်ထင်းက နှာခေါင်းရှုံ့လျက် “ပုံမှန်ဆိုရင်တော့ ဒီဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်လာဖို့ ဂိုဏ်းက ပြင်ဆင်ပေးထားတဲ့ စမ်းသပ်မှုတွေကို နင်အရင် ကျော်ဖြတ်ရဦးမှာ… ရှင်းရှင်းပြောရလို့ရှိရင် ငါတို့ဂိုဏ်းက ဆယ်နှစ်ကြာမှတစ်ခါ တပည့်အသစ်တွေကို လက်ခံတာ… အဲ့အချိန်ကြရင်လည်း တပည့်သုံးရာထက်ပိုပြီး လက်မခံဘူး… သုံးရာထဲမှာတောင် တစ်ဝက်လောက်ပဲ တကယ့်တပည့်အစစ်တွေ ဖြစ်လာတာ… ကျန်တဲ့လူတွေအကုန်လုံးက အပြင်တပည့်တွေပဲ ဖြစ်နေမှာ… အတွင်းဂိုဏ်းထဲကို ဝင်လို့ရမှာမဟုတ်ဘူး… ဒါပေမဲ့ နင်ကတော့…” ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား စောင်းကြည့်ရင်း ပြောလိုက်လေသည်။ “ငါတို့ နင့်အတွက်တော့ ချွင်းချက်ထားပေးလို့ရတယ်…”

“ဟဲ ဟဲ ဟဲ…” ရန်ကိုင်က ခြောက်ကပ်ကပ် ရယ်မောလျက် “အခုလို စဉ်းစားပေးတဲ့အတွက် အကြီးအကဲကောင်းနဲ့ အကြီးအကဲချန်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်…”

“ဒီတော့ နင်ဘယ်လိုလုပ်ချင်လဲ…” ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား စဉ်းစားချိန်ပင် မပေးဘဲ ထပ်၍ မေးခွန်းထုတ်လိုက်လေသည်။

ရန်ကိုင်သည် လည်ချောင်းကို ရှင်းလိုက်လေ၏။ ထိုမေးခွန်း၏နောက်ကွယ်တွင် အဓိပ္ပာယ်များစွာ ပါဝင်နေသည်ကို သတိထားမိပေသည်။ အပြင်ပိုင်းတွင် တည်ငြိမ်ချင်ယောင်ဆောင်နေသော်ငြား သူ့စိတ်ထဲတွင်တော့ ရောက်ယက်ကို ခတ်နေတော့လေ၏။

ခဏအကြာတွင် ပြန်၍ ပြောလိုက်လေသည်။ “ဂျူနီယာက လွတ်လွတ်လပ်လပ်နဲ့ သွားလာရတာပဲ ကြိုက်တယ်… ဘယ်ဂိုဏ်းထဲကိုမှ မဝင်ဖူးဘူးဆိုတာ အကြီးအကဲကောင်း သိလောက်မှာပေါ့…”

“ဒါဆိုရင် ငှက်မွေးပြာဂိုဏ်းကရော…” ကောင်းရွှယ်ထင်းက ပြန်မေးလိုက်လေသည်။

ရန်ကိုင်သည် ကောင်းရွှယ်ထင်းအား စိုက်ကြည့်ရင်း ပြန်မေးလိုက်လေသည်။ “အကြီးအကဲကောင်း… ခင်ဗျား ကျုပ်နောက်ကြောင်းကို ကျုပ်မသိအောင် စစ်ဆေးထားတာလား…”

ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေသည်။ “ဒီတိုင်း စစ်ဆေးကြည့်လိုက်ရုံပါပဲ… အဲ့အကြောင်းကို သိဖို့ကလည်း ဒီလောက်ခက်တာမှမဟုတ်တာ… နင်ပြောသလိုပဲ ငါတို့ဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်းလေ… ငါတို့မှာ အဆက်အသွယ်တွေ အများကြီးရှိတာပေါ့… နင့်နောက်ကြောင်းလောက်ကိုတော့ မစစ်ဆေးနိုင်ဘဲ နေမလား…”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။ “ဒါဆို အကြီးအကဲကောင်း ဒီဂျူနီယာအကြောင်း ဘယ်လောက်သိလဲ…”

ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေသည်။ “နင့်အတွင်းခံအရောင်ကလွဲပြီးတော့ ကျန်တဲ့အကြောင်းတွေ အကုန်သိတယ်… နင်က ဒီကြယ်တာရာအစုအဝေးရဲ့ ဒေသခံတစ်ဦး မဟုတ်တဲ့အကြောင်းကိုလည်း ငါသိတယ်…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ဇောချွေးပြန်သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “အကြီးအကဲကောင်းက တကယ်ကို အကုန်သိထားတာပဲ…”

သူ့စိတ်ထဲတွင်တော့ ပိရန်ယုချင်းအား ကြိတ်၍ ကျိန်ဆဲနေခဲ့လေသည်။ သူ့အထင်သာ မမှားလျှင် ကောင်းရွှယ်ထင်းသည် ထိုသတင်းအချက်အလက် အားလုံးကို ပိရန်ယုချင်းဆီမှ ရခဲ့ခြင်းသာ ဖြစ်ရပေလိမ့်မည်။

ပိရန်ယုချင်းသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေ၏။ ကောင်းရွှယ်ထင်းသာ ရန်ကိုင့်အကြောင်းကို သိလိုသဖြင့် သူမအား သွားရောက် ဖိအားပေးမည်ဆိုပါက ပိရန်ယုချင်းအနေဖြင့် မည်သို့မျှ ငြင်းဆန်နိုင်လိမ့်မည်မဟုတ်ချေ။

ကောင်းရွှယ်ထင်း မည်သည့်အချိန်တည်းက သူ့နောက်ကြောင်းအား စစ်ဆေးခဲ့သလဲ ဆိုသည်ကို ရန်ကိုင် သိချင်မိသွားခဲ့လေသည်။

“အကြီးအကဲကောင်း ဂျူနီယာ ငှက်မွေးပြာဂိုဏ်းထဲကို ဝင်သွားခဲ့တယ်ဆိုတဲ့အကြောင်း သိမှတော့ အဲ့ဂိုဏ်းထဲ ဘာလို့ ဝင်လဲ ဆိုတာလဲ သိရမှာပေါ့… ပြီးတော့ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လဲဆိုတာလဲ သိမှာပေါ့ ဟုတ်တယ်မလား…” ဆက်၍ ဖုံးကွယ်နိုင်တော့မည်မဟုတ်မှန်း သိသွားသည့်အတွက်ကြောင့် ရန်ကိုင်လည်း အမှန်အတိုင်း ပြောရုံသာ တတ်နိုင်တော့လေသည်။

“အင်း သိတယ်….” ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်လေ၏။

“တကယ်ဆိုရင် အဲ့ငှက်မွေးပြာဂိုဏ်းထဲမှာ ရှိတဲ့အချိန်တွေ ကျုပ်တကယ်ကို မပျော်ခဲ့ဘူး…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။

“အော်… အဲ့ကိစ္စလား… စိတ်ပူမနေနဲ့… ငါတို့ကျောင်းတော်က အဲ့လိုဂိုဏ်းလေးတွေနဲ့ လုံးဝမတူဘူး… ဒီနေရာမှာနေလို့ရှိရင် ဒီနေရာက နင့်အိမ်ပဲ… နင်ဆန္ဒရှိတယ်ဆိုရင် ငါနင့်ကို တပည့်အဖြစ်တောင် လက်ခံပြီး ကိုယ်တိုင်သင်ကြားပြသပေးလို့ ရသေးတယ်…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်သည် ကောင်းရွှယ်ထင်းအား အံ့အားသင့်တကြီး လှမ်းကြည့်မိလိုက်လေသည်။

ကြည့်ရသလောက် ကောင်းရွှယ်ထင်းသည် သူ့အား နေမင်းပြာကျောင်းတော်ထဲသို့ တကယ် ဝင်စေချင်နေသည့်ပုံပင်။

သူမအနေဖြင့် ရန်ကိုင့်အား ဤကဲ့သို့ ဖိတ်ခေါ်ချင်သည်မှာလည်း ဖိတ်ခေါ်ချင်စရာပင်။ ရန်ကိုင့်တွင် ထိုကဲ့သို့ ဖိတ်ခေါ်ခံရလောက်သည့် အရည်အချင်းမျိုး ရှိနေသည်ကိုး။

ရန်ကိုင်သည် အသက်ငယ်ငယ်လေးသာ ရှိသေးပြီး မြင့်မားလှသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားလေ၏။ ထို့အပြင် သူသည် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦးလည်း ဖြစ်နေသေးသလို အဆင့်နိမ့်ကြယ်စီရင်စုမှ ကျင့်ကြံသူတစ်ဦးလည်း ဖြစ်နေသေးသည်။ သူ့တွင် အားကောင်းသည့်အုတ်မြစ်ရှိသလို အဖိုးတန်ရတနာတစ်ခုလည်း ရှိနေခဲ့၏။ တစ်နည်းဆိုရသော် ရန်ကိုင့်အနေဖြင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရန် အချိန်သာ လိုပေလိမ့်မည်။ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်မည့် လူတစ်ဦးအား သူတို့၏ ဂိုဏ်းထဲသို့ ဘာကြောင့်များ မခေါ်ရမည်နည်း။

မည်သည့်ဂိုဏ်းမဆို ဧကရာဇ်ဖြစ်လာမည့် လူတစ်ဦးအား မည်သို့မှ အလွယ်တကူ လက်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် ကောင်းရွှယ်ထင်း သူ့အား နေမင်းပြာဂိုဏ်းထဲသို့ ဝင်စေချင်သည်မှာ သဘာဝသာ ဖြစ်လေသည်။

သို့သော်ငြား ကောင်းရွှယ်ထင်း၏ စရိုက်အရ သူမအနေဖြင့် သူမဘာသာ ဤကဲ့သို့ လုပ်စရာအကြောင်း မရှိချေ။ တစ်ယောက်ယောက်မှ ခိုင်းထားသည့်အတွက်ကြောင့်သာ ဤကဲ့သို့ လုပ်နေရခြင်း ဖြစ်လောက်သည်။ သူမအား ယခုကဲ့သို့ စေခိုင်းနိုင်သည့် လူဆို၍ ဝမ်ကျိရှန်းသာ ရှိပေလိမ့်မည်။

ရန်ကိုင်သည် အကြောင်းစုံကို ချက်ချင်း နားလည်သွားခဲ့လေ၏။ သူ့စိတ်ထဲ နေမင်းပြာကျောင်းတော်ထဲ တကယ်ကို ဝင်ချင်စိတ် ဖြစ်မိသွားခဲ့သည်။

ကောင်းရွှယ်ထင်း၏ ကမ်းလှမ်းချက်မှာ မည်သည့်ပညာသားမှ မပါသော်ငြား အလွန်ကိုမှ ရိုးရှင်း ရိုးသားလှသည်။ ဤနေမင်းပြာကျောင်းတော်ထဲတွင် နေနေစဉ်အတောအတွင်း ရန်ကိုင့်အနေဖြင့် နေမင်းပြာကျောင်းတော်မှ အကြီးအကဲများ သူ့အပေါ် ဂရုစိုက်ကြောင်းကိုလည်း သိခဲ့ရပေသည်။ နေမင်းပြာကျောင်းတော်၏ တပည့်သားများ ဖြစ်ကြသော ရှရှန်းနှင့် အခြားတပည့်များနှင့်လည်း အတူတကွ ကောင်းမွန်သော အခိုက်အတန့်များ ပိုင်ဆိုင်ခဲ့ကြရသည်။ သူ့အနေဖြင့် နေမင်းပြာကျောင်းတော်ထဲသို့ ဝင်သည်မှာ မဆိုးသည့်အကြံတစ်ရပ် ဖြစ်ပေသည်။

နေမင်းပြာကျောင်းတော်ထဲသို့ ဝင်လိုက်မည်ဆိုပါက အခြားသော အကျိုးကျေးဇူးများလည်း ရှိလာပေလိမ့်မည်။ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ တပည့်ဖြစ်သည့်အတွက်ကြောင့် မည်သူမှ သူ့အား ရန်စရဲလိမ့်မည် မဟုတ်ပေ။

သို့သော်ငြား ရန်ကိုင့်တွင် သူစိတ်ပူနေသည့် အရာများလည်း ရှိနေပေသေးသည်။

အစိုးရိမ်ရဆုံးမှာ သူ့ခန္ဓာကိုယ်ထဲတွင် ချိတ်ပိတ်ထားသော နတ်ဆိုးစိတ်ဝိဉာဉ်ပင် ဖြစ်လေသည်။

နတ်ဆိုးစိတ်ဝိဉာဉ်၏ ဖျက်ဆီးခြင်းခံရပြီး နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားစဉ်က ကောင်းရွှယ်ထင်းနှင့် တိုက်ခိုက်ခဲ့သည်။ သူသာ ကျောင်းတော်ထဲသို့ ဝင်လိုက်မည်ဆိုပါက ထိုအကြောင်း ထွက်ပေါ်လာမည့်တစ်နေ့တွင် ကောင်းရွှယ်ထင်း မည်ကဲ့သို့ တုံ့ပြန်လာမလဲ ဆိုသည်ကို သူမပြောနိုင်ချေ။

ရှေးဟောင်းမဟာနတ်ဆိုး၏ နတ်ဆိုးစိတ်ဝိဉာဉ်သည် ဤအတိုင်း လျစ်လျူရှုထား၍ ရသည့် အရာတစ်ခု မဟုတ်ချေ။

All Chapters