← Chapters

အခန်း (၂၂၄၆-၂၂၅၀)

Vol. 90 Ch. 2246-2250

အခန်း (၂၂၄၆-၂၂၅၀)

Vol. 90 Ch. 2246-2250

အပိုင်း (၂၂၄၆)

သူ့စိတ်ထဲ အတော်လေး ဝေခွဲရ ခက်သွားခဲ့လေသည်။ သူ့အနေဖြင့် ဤအတိုင်းပဲ လွတ်လွတ်လပ်လပ် ဆက်နေလျှင် ကောင်းမလား နေမင်းပြာကျောင်းတော်ထဲသို့ပဲ ဝင်လိုက်လျှင် ကောင်းမလား တွေးရခက်နေလေ၏။

“သေချာ သွားပြန်ပြီး စဉ်းစားလိုက်… နင် ဆုံးဖြတ်လို့ ပြီးတော့မှပဲ ငါ့ကို လာပြန်ပြော…” ကောင်းရွှယ်ထင်းသည် ရန်ကိုင်ဆုံးဖြတ်ရခက်နေသည်ကို သတိပြုမိသည့်အလား သူ့အား တွန်းအား ပေးမနေခဲ့ပဲ နောက်သို့ တစ်လှမ်းဆုတ်ပေးလိုက်လေသည်။

ထိုအခါမှ ရန်ကိုင်သည် သက်ပြင်းတစ်ချက်ချလျက် ပြောလိုက်လေ၏။ “အခုလို စဉ်းစားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲကောင်း… ဒါပေမဲ့ အသွင်မဲ့မြက်တွေနဲ့ ပတ်သက်ပြီးတော့…”

“ဈေးနှုန်းကတော့ အတူတူပဲ… အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါမှတ်ထားလိုက်မယ်… အခု နင့်ဆီကို အပင်တစ်ထောင် ပို့ခိုင်းထားလိုက်တယ်…” ကောင်းရွှယ်ထင်း ပြောလိုက်လေ၏။ “ဒီကိစ္စကို နင် ငါတို့ ကျောင်းတော်ရဲ့ တပည့်တစ်ဦး ဖြစ်လာဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကြမှပဲ ရှင်းကြတာပေါ့…”

“အင်း… ကောင်းပါပြီ…” ရန်ကိုင်၏ ပါးစပ်ကြီးမဲ့သွားခဲ့လေသည်။ ဤကဲ့သို့သော နည်းလမ်းကိုသုံး၍ သူ့အား ထိန်းချုပ်ထားရလေအောင်‌ နေမင်းပြာကျောင်းတော်သည် သူ့အား တကယ်ကို တန်ဖိုးထားပါလေလားဟု ရန်ကိုင် တွေးမိသွားလေ၏။

ထို့နောက်တွင် ကျောက်တုံးခန်းသည် တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့လေ၏။

တစ်ခုသောအချိန်သို့ ရောက်သော် ကောင်းရွှယ်ထင်းက မျက်လုံးဖွင့်၍ ပြောလိုက်လေသည်။ “နင်သွားလို့ရပြီ… အသွင်မဲ့မြက်တွေကို ပိုမဲ့လူက အပြင်မှာ စောင့်နေတယ်… သူနဲ့သွားစကားပြောလိုက်…”

“ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲကောင်း…” ရန်ကိုင်လည်း ကောင်းရွှယ်ထင်းအား နှုတ်ဆက်ပြီးနောက် ထိုနေရာမှ ချက်ချင်း ထွက်လာခဲ့လိုက်လေသည်။

အပြင်သို့ ရောက်သော် သူ့အား စောင့်နေသော သက်လတ်ပိုင်းလူကြီးတစ်ဦးကို တွေ့လိုက်ရလေ၏။

သက်လတ်ပိုင်းလူကြီးသည် အသက်လေးဆယ်ခန့်လောက် ရှိမည်ထင်ရပြီး တာအိုသခင် ပထမဆင့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်ထားလေ၏။ ဤကဲ့သို့သော ကျင့်ကြံခြင်းမျိုးသည် မေပယ်မြို့ကဲ့သို့သော နေရာမျိုးတွင် ဆရာတစ်ဆူ လုပ်နိုင်လိမ့်မည် ဖြစ်သော်ငြား နေမင်းပြာကျောင်းတော်ထဲတွင်တော့ ဘာဆိုဘာမှ မဟုတ်တော့ချေ။

မေပယ်မြို့တော်မှ ထွက်၍ ဤလောကကြီးထဲ ခြေဆန့်ပြီးသည့် အချိန်မှစ၍ မရေမတွက်နိုင်သော တက်သစ်စကြယ်ပွင့်များ ပါရမီရှင်များကို ရန်ကိုင်တွေ့ခဲ့ရသည်။ ထိုလူများနှင့် ယှဉ်လိုက်သော် ဤသက်လတ်ပိုင်းလူကြီးမှာ အတော်လေးကိုမှ လိုအပ်နေပေသည်။ ထို့ကြောင့် ရန်ကိုင့်မှာလည်း ယခင်ကထက်စာလျှင် ပို၍ အမြင်ကျယ်လာခဲ့လေ၏။

ရန်ကိုင် ကောင်းရွှယ်ထင်း၏ ကျောက်တုံးခန်းထဲမှ လမ်းလျှောက်ထွက်လာသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီးသည် ချက်ချင်းပဲ ထရပ်ကာ ပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “အကြီးအကဲချန်ပြောတဲ့အတိုင်း အသွင်မဲ့မြက် အပင်တစ်ထောင် ယူလာပါတယ်… လူကြီးမင်းက စီနီယာအစ်ကို ရန်ကိုင်လားမသိဘူး…”

“အင်း ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။

ထိုလူ၏မျက်လုံးများတောက်ပသွားခဲ့ပြီး ချက်ချင်းပဲ ရေရွတ်လိုက်လေသည်။ “စီနီယာအစ်ကိုရန်အကြောင်းကို ကြားဖူးနေတာ ကြာပြီ… ဒီနေ့ ကိုယ်တိုင်တွေ့လိုက်ရတော့မှပဲ တကယ့်ဂုဏ်သတင်းအတိုင်းပဲ ဆိုတာ သိလိုက်ရတော့တယ်…”

“ဘာလဲ… ကျုပ်က နေမင်းပြာကျောင်းတော်ထဲမှာ အဲ့လောက်တောင် ကျော်ကြားနေတာလား…” ရန်ကိုင်က ပြန်မေးလိုက်လေသည်။

သက်လတ်ပိုင်းလူကြီးက ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်က ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း တံခါးပိတ်ပြီး ကျင့်ကြံနေတော့ အပြင်လောကကြီးက ကိစ္စတွေကို မကြားသေးတာနဲ့ တူတယ်… စီနီယာအစ်ကိုရန်က နေမင်းပြာကျောင်းတော်ထဲမှာတင် မဟုတ်ဘူး ကြယ်တာရာအစုအဝေး တစ်ခုလုံးမှာပါ နာမည်ကျော်နေတာ…”

“တကယ်ကြီးလား…” ရန်ကိုင်၏ မျက်နှာ ရုတ်ချည်း လေးနက်တည်ကြည်သွားခဲ့လေသည်။ သူ့စိတ်ထဲလဲ မကောင်းသည့်ခံစားချက်တို့ ရလိုက်လေ၏။

ထိုလူသည် ရန်ကိုင်၏ အမူအယာကို ပြောင်းလဲသွားသည်ကို သတိမထားပဲ ဆက်၍သာ ချီးမွမ်းခန်း ဖွင့်နေ၏။ “စီနီယာအစ်ကိုရန် ဥတုလေးမျိုးနယ်မြေထဲမှာ အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့တဲ့ အကြောင်းတွေ… ကောင်းကင်တိုက်ပွဲဒိုဂျိုက ဝူချန်းကို ပြန်ပြီး ဖိအားပေးခဲ့တဲ့ အကြောင်းတွေ အကုန်ပြန့်နေတာ… အဲ့သတင်းတွေကြားပြီး လူတိုင်း အကုန် အံ့ဩတကြီးတွေ ဖြစ်ကုန်တာလေ… စီနီယာအစ်ကိုရန်က အခုဆို အရမ်းကို နာမည်ကျော်နေပြီ…”

ထိုအနားသို့ ရောက်သော် ရန်ကိုင်၏မျက်နှာ မှုန်ကုပ်နေကြောင်းကို သတ်လက်ပိုင်းလူကြီး သတိထားမိသွားခဲ့လေ၏။ ချက်ချင်းပဲ ပြုံးလျက် ချောင်းဟန့်ကာ ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုရန်… ဒါတွေက အကြီးအကဲချန် ပို့ခိုင်းလိုက်တဲ့ အသွင်မဲ့မြက်တွေပါ… ရေကြည့်ဦးမလားမသိဘူး…”

“မလိုတော့ဘူး…” ရန်ကိုင်သည် အသွင်မဲ့မြက်ပင်များကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီးသည့်နောက် သက်လတ်ပိုင်းလူကြီးအား ကျေးဇူးတင်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်လေသည်။

ဥတုလေးမျိုးနယ်မြေထဲမှ ကိစ္စပြီးသည့်နောက်ပိုင်း သူ့လျှို့ဝှက်ချက်များကို ဆက်၍ ဖုံးကွယ်ထားနိုင်တော့လိမ့်မည် မဟုတ်မှန်း သိသော်ငြား ထိုနေရာမှ သတင်းများသည် ဤမျှ မြန်မြန် ပြန့်သွားခဲ့မည်ဟု မထင်ထားခဲ့ချေ။

ယခုဆိုလျှင် ကောင်းရွှယ်ထင်း၏ ကမ်းလှမ်းချက်ကို သူ သေချာ စတင် စဉ်းစားရပေတော့မည်။

နေမင်းပြာကျောင်းတော်၏ အကာအကွယ်ကိုသာ ရထားမည်ဆိုပါက နောက်ပိုင်း ပြဿနာ တော်တော်များများကို ရှောင်ရှားနိုင်ပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက သူသည် လူပေါင်းများစွာ၏ အမဲလိုက်ခြင်း ခံရပေတော့မည်။

ဥတုလေးမျိုးနယ်မြေထဲတွင် ရှိနေသည့် ကျင့်ကြံသူများမှာတော့ သူ့တွင် မည်သည့်အဆုံးမဲ့ရတနာဆေးလုံးမှ ရှိနေတော့မည်မဟုတ်မှန်း သိထားကြသော်ငြား ထိုအဆုံးမဲ့ရတနာဆေးလုံးနှင့် ပတ်သက်သည့် ခေါင်းစဉ်မှာ အလွန်ကိုမှ ထိလွယ်ရှလွယ် ဖြစ်ပေသည်။ ရန်ကိုင့်တွင် မရှိမှန်း သိသည့်တိုင် အချို့သော ကျင့်ကြံသူများမှာတော့ သူ့ဆီသို့ လာကာ ထိုအဆုံးမဲ့ရတနာဆေးလုံးများကို တောင်းကြပေလိမ့်ဦးမည်။

ထိုကိစ္စနှင့် ပတ်သက်၍ ပိုစဉ်းစားလေ ရန်ကိုင် ပိုစိတ်ညစ်လာလေပင်။ ခရမ်းရောင်ဝါးတောင်ပေါ်ရှိ သူ နေနေသည့် အခန်းထဲသို့ ပြန်ရောက်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးတော့မှသာလျှင် ရန်ကိုင်၏ စိတ်အခြေအနေ အတော်လေး တည်ငြိမ်သွားခဲ့သည်။

လက်ရှိအခြေအနေတွင် သူ့အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ပူနေစရာ မလိုသေးပေ။ ထိုကိစ္စ တကယ် ကြီးသွားခဲ့မည်ဆိုလျှင် သူ့ဘာသာ ကြည့်ရှင်းရုံပင်။

ထို့အပြင် ရန်ကိုင်သည် ရန်စလို့ ကောင်းသည့် လူတစ်ဦးမဟုတ်‌ချေ။ သူ့ကျင့်ကြံခြင်းမှာ ဥတုလေးမျိုးနယ်မြေ ပိတ်သွားသည့်တိုင် နောက်တစ်ဆင့်သို့ ထပ်တက်ခဲ့ခြင်း မရှိသော်ငြား သူ့ဝိဉာဉ်မှာမူ ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲသို့ ဝင်လိုက်ရပြီးသည့်နောက်ပိုင်း သိသိသာသာကို အားကောင်းလာခဲ့လေသည်။ မည်သည့်သာမန် ကျင့်ကြံသူမဆို သူ့ပြိုင်ဘက် ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ချေ။

ဧကရာဇ်အဆင့် ကျင့်ကြံသူများ ရောက်လာသည့်အခါမှသာ ရန်ကိုင့်အနေဖြင့် ပြဿနာအချို့နှင့် ကြုံတွေ့ရပေလိမ့်မည်။ သို့သော်ငြား ဧကရာဇ်ပထမအဆင့် ဆိုလျှင်ပင် မနိုင်ပါက ထွက်ပြေးနိုင်ပေသေးသည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင် အတော်လေး စိတ်အားတက်ကြွ သွားခဲ့ပြီး သူ့စိတ်မှာ အတော်လေးကို ပြန်လည် ကြည်လင်လာခဲ့လေသည်။ သူ့ကိုယ်သူ ပို၍ ယုံကြည်ချက် ရှိလာပြီးသည့်နောက် ရန်ကိုင် အတော်လေး စိတ်သက်သာရာရသွားတော့လေ၏။

တင်ပလင်ခွေ ထိုင်ချလိုက်ပြီးသည့်နောက်တွင် ဝိဉာဉ်ချုပ်နှောင် အင်းစက်လက်ကောက်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် အသွင်မဲ့မြက်ပင်အားလုံးကို အင်းစက်ချုပ်နှောင်လက်ကောက်ထဲသို့ ပစ်ထည့်လိုက်ကာ ထိုမြက်ပင်အားလုံးကို ဝိဉာဉ်ဝါးမျိုအင်းစက်များ ရှိနေသည့် ကရားထဲသို့ ထည့်ပေးလိုက်လေ၏။

အင်းစက်မှတ်တမ်းထဲတွင် ပြောပြထားသည်မှာ ဤအသွင်မဲ့မြက်ပင်၏ ဆေးရနံ့သည် ဝိဉာဉ်ဝါးမျိုအင်းစက်များအပေါ် အလွန်ကိုမှ အကျိုးသက်ရောက်မှုရှိပေသည်။ အသွင်မဲ့မြက်သည် ဝိဉာဉ်ဝါးမျိုအင်းစက်များ လျင်လျင်မြန်မြန် ထိထိရောက်ရောက် ဆင့်ကဲပြောင်းလဲနိုင်အောင် ကူညီပေးသည့် အကောင်းဆုံးသော ဆေးပင်တစ်ခု ဖြစ်ပေသည်။

ရုတ်တရက်ဆိုသလို ကရားအိုးထဲဆီမှ အက်ကွဲသံများ အသံဗလံမြည်သံပေါင်းစုံများ ထွက်ပေါ်လာခဲ့လေ၏။ ထိုအသံများကို ခဏမျှ နားထောင်နေပြီးသည့်နောက် ရန်ကိုင်လည်း လျစ်လျူရှုထားလိုက်တော့သည်။

သူ့အနေဖြင့် ဝိဉာဉ်ဝါးမျိုအင်းစက်များ ဆင့်ကဲပြောင်းလဲရာတွင် ဝင်ရောက် နှောင့်ယှက်နိုင်လိမ့်မည်မဟုတ်။ အချိန်သည်သာ သူတို့၏ပြောင်းလဲမှု မည်ကဲ့သို့ ရှိသလဲဆိုသည်ကို ပြောပြသွားပေလိမ့်မည်။

ကောင်းကင်စိတ်အာရုံကို ပြန်သိမ်းလိုက် ပြီးသည့်နောက်တွင် ရန်ကိုင်သည် အခြားသော ပစ္စည်းတစ်ခုကို ထုတ်ယူကာ သေချာစတင် လေ့လာကြည့်လေ၏။

ဤသည်မှာ အင်းစက်ဧကရာဇ်မှ ချန်ထားရစ်ခဲ့သော ဧကရာဇ်အဆင့် မှော်ရတနာဖြစ်သည့် ဝိဉာဉ်ခွဲဆေဘာဓါးသာ ဖြစ်လေသည်။

သာမန်ဧကရာဇ် မှော်ရတနာတစ်ခုသာ ဆိုလျှင်တော့ ရန်ကိုင့်အနေဖြင့် ထိုမှော်ရတနာကို သန့်စင်ရန် စိတ်ဝင်စားနေလိမ့်မည် မဟုတ်ချေ။

တကယ့်တကယ်တွင် ရန်ကိုင်၌ သူ့ရန်သူများနှင့် ရင်ဆိုင်ရန်အတွက် ဝှက်ဖဲများ ရှိနေခဲ့ပေသည်။ သူကိုယ်တိုင် ဖန်တီးထားသော သိုင်းပညာရပ်များကို ထည့်မပြောလျှင်ပင် ရန်ကိုင့်၌ ဧကရာဇ်အဆင့် မှော်ရတနာနှစ်ခု ရှိနေခဲ့လေသည်။ သုတ်သင်ခြင်း မိုးကြိုးဓာတ်လုံးနှင့် အနန္တဓါးပင် ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် ဤအနန္တဓါးကို မေပယ်မြို့ဆီသို့ ပြန်ရောက်ပြီးသည့်နောက် ချင်းမိသားစုဆီသို့ ပြန်ပေးရပေမည်။

သို့သော်ငြား ပစ္စည်းအများကြီး ရှိနေ၍လည်း သူ့အတွက် ဘာမှ အသုံးဝင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင် ရန်ကိုင်သည် ဝိညာဉ်ခွဲဆေဘာဓါးကို သန့်စင်ရန် မကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ ထို့အပြင် ဤဆေဘာဓါးကို သန့်စင်ရန်အတွက် သူသည် လုံလောက်အောင် အားကောင်းခြင်း မရှိသေးချေ။ သို့သော်ငြား ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲသို့ ရောက်သွားပြီးသည့်နောက်ပိုင်း ရန်ကိုင့်အမြင်မှာ ပြောင်းလဲသွားခဲ့ရလေ၏။ ဝိဉာဉ်အမျိုးအစား ဧကရာဇ်အဆင့် မှော်ရတနာများမှာ သူ့အတွက် အသုံးဝင်လိမ့်မည်မှန်း သိလိုက်သည့်အတွက်ကြောင့် ရန်ကိုင်သည် ဤဓါးကိုသန့်စင်ရန် စတင် စဉ်းစားလာခဲ့သည်။

စိတ်ဆုံးဖြတ်ပြီးသည့်နောက် ရန်ကိုင်သည် ဝိဉာဉ်ခွဲဆေဘာဓါးကို စတင် သန့်စင်တော့လေသည်။ ဧကရာဇ်အဆင့် မှော်ရတနာများကို သန့်စင်ဖို့ရာ အချိန်လည်း ကုန်သလို အားလည်း စိုက်ရ၏။ အင်းစက်ချုပ်နှောင်လက်ကောက်ကို သန့်စင်ဖို့ရာပင်လျှင် ရန်ကိုင့်အဖို့ တစ်လတိတိ အချိန်ယူလိုက်ရလေသည်။

ထို့အတွက်ကြောင့် ဤဓါးအား သန့်စင်ရန်အတွက်လည်း အတော်လေး အချိန်ယူရမည်ဟု ထင်ထားခဲ့ပါသော်ငြား တကယ့်တကယ်တွင် သူထင်ထားသလို ဟုတ်မနေကြောင်း တွေ့လိုက်ရလေသည်။ ဤဝိဉာဉ်ခွဲဆေဘာဓါးသည် အင်းစက်ချုပ်နှောင်လက်ကောက်နှင့် ယှဉ်လိုက်သော် အများကြီး သန့်စင်ရ ပိုမိုလွယ်ကူပေသည်။

လဝက်အတွင်း ရန်ကိုင်သည် ဝိဉာဉ်ခွဲဆေဘာဓါးပေါ်ရှိ ချိတ်စည်းကို ဖျက်ဆီးပစ်လိုက်နိုင်ပြီး အင်းစက်ဧကရာဇ်၏ ဝိဉာဉ်အမှတ်အသားကို ပယ်ဖျက်ပစ်လိုက်နိုင်ပေသည်။ ထို့နောက် သူ့ဝိဉာဉ်အမှတ်အသားအား ချန်ထားရစ်ခဲ့လိုက်နိုင်၏။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အကြောင်းအရင်းနှစ်ချက်ကြောင့် ဖြစ်နိုင်သည်ဟု ရန်ကိုင် တွေးမိသွားခဲ့သည်။ ပထမတစ်ချက်မှာ သူ့စိတ်စွမ်းအင်မှာ သန့်စင်သည့်ကြာချိန်ကို လျှော့ချသွားနိုင်သည်အထိ အားကောင်းလာသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ဒုတိယတစ်ချက်မှာတော့ သူသည် ဤဝိဉာဉ်ခွဲဆေဘာဓါးကို ကောင်းကင်တက်လှမ်းခြင်းလောကကြီးထဲတွင် ရန်သူများနှင့် တိုက်ခိုက်ရန်အတွက် တစ်ကြိမ်မက အသုံးပြုခဲ့သည့် အတွက်ကြောင့်ပင်ဖြစ်လေသည်။ ထိုစဉ်က ဝိဉာဉ်ခွဲဆေဘာဓါးကို သူ၏နာမ်ဝိဉာဉ်နှင့် ပေါင်းစပ်ကာ အသုံးပြုခဲ့သည်။ ထိုအတွက်ကြောင့်ပင်လျှင် သူနှင့် ဝိဉာဉ်ခွဲဆေဘာဓါးကြား ဆက်သွယ်ချက်တစ်ခု ဖြစ်ပေါ်လာကာ သူ့အနေဖြင့် ဆေဘာဓါးကို ပို၍ လျင်လျင်မြန်မြန် သန့်စင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော်ငြား အခြားသော မှော်ရတနာများကဲ့သို့ပင် ရန်ကိုင့်အနေဖြင့် ဤဝိဉာဉ်ခွဲဆေဘာဓါးကို အောင်မြင်စွာ သန့်စင်လိုက်နိုင်ပြီဆိုလျှင်ပင် ဤဓါး၏ အမြင့်ဆုံးစွမ်းအားကို ထုတ်ဖော်နိုင်လိမ့်ဦးမည်မဟုတ်ချေ။ သူ့အနေဖြင့် လုံလောက်သည့်ခွန်အား၊ ဓါးကို အဆက်မပြတ် အားဖြည့်ပေးရန်နှင့် အသားကျရန်လိုအပ်ပေသေးသည်။

ဝိဉာဉ်ခွဲဆေဘာဓါးအား အသိစိတ်ပင်လယ်ထဲသို့ ပြန်ပို့လိုက်ပြီးသည့်နောက် ရန်ကိုင်သည် သူ့စိတ်ပင်လယ်ထဲ နာမ်ဝိဉာဉ်ပုံစံဖြင့် ပေါ်လာခဲ့လေသည်။ ထို့နောက် ကျင့်စဉ်ပညာရပ်တစ်ခုကို စတင် ကျင့်ကြံတော့လေ၏။ ဤပညာရပ်ကို ထျန်းယန်ဆီမှ သင်ကြားခဲ့ရခြင်း ဖြစ်သည်။

ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် ထျန်းယန်နှင့် အတူရှိနေရစဉ်အတွင်း ရန်ကိုင်သည် ထျန်းယန်ဆီမှ အကြောင်းအရာများစွာကို သိခဲ့ရသည်။

ထျန်းယန်သည် မဟာဧကရာဇ်တစ်ပါး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူ့တွင် ရုပ်ခန္ဓာတစ်ခု ရှိမနေသော်ငြား သူ့အနေဖြင့် ရန်ကိုင့်အား အကြောင်းအရာအချို့ကို သင်ပေးဖို့ရာမှာ သာမန်ကိစ္စတစ်ရပ်သာ ဖြစ်လေ၏။

ထျန်းယန်သည် အတော်လေးကိုမှ ရက်ရောသဘောကောင်းကာ ကျင့်ကြံခြင်းတွင် သူကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများ အကြောင်းအရာများကို ရန်ကိုင့်အား အကြောင်းစုံရှင်းပြခဲ့လေ၏။

သို့သော်ငြား သိုင်းပညာရပ်များနှင့် ပတ်သက်၍ပူ ထျန်းယန်ဆီမှ ပညာရပ်တစ်ခုကိုသာ သင်ယူနိုင်ခဲ့ပေသည်။

ထျန်းယန်ပြောခဲ့သည်မှာ ကိုယ်တတ်ကျွမ်းထားသည့် ကျင့်စဉ်အရေအတွက်ထက် ထိုကျင့်စဉ်၏အရည်အသွေးက ပို၍ အရေးပါသည် ဟူ၍ပင်။ ရန်ကိုင်သာ ကျင့်စဉ်တစ်ခုအား မယုံကြည်နိုင်စရာ အဆင့်တစ်ခုထိ တတ်ကျွမ်းထားမည်ဆိုပါက ပြိုင်ဘက်ကင်းလာနိုင်ပေလိမ့်မည်။ သို့သော်ငြား သိုင်းပညာရပ်ပေါင်းများစွာကို တတ်ကျွမ်းထားပါသော်ငြား အဆင့်မြင့်မြင့် ကျွမ်းကျင်ထားခြင်း မရှိပါက ထိုပညာရပ်များအားလုံး အသုံးဝင်လိမ့်မည် မဟုတ်ပေ။ လမ်းကြောင်းအားလုံးသည် တစ်လမ်းထဲကိုသာ ဦးတည်နေပေသည်။ သိုင်းပညာရပ်နှင့် ကျင့်စဉ်များမှာလည်း အတူတူပင် ဖြစ်လေသည်။

ထို့အတွက်ကြောင့် ရန်ကိုင့်အား ပညာရပ်တစ်ခုသာ သင်ပေးခဲ့ခြင်း ဖြစ်လေသည်။

သူသင်ပေးခဲ့သော ပညာရပ်မှာ ကောင်းကင်ခွဲဓါးချက်သာ ဖြစ်လေသည်။

ပုံမှန် အခြေအနေမျိုးတွင် ဆိုပါက ရန်ကိုင်သည် ဤကျင့်စဉ်ကို သူ၏ လက်နက်နှင့် တွဲ၍ ကျင့်ကြံရသည်။ သူ့လက်နက်အား စိတ်စွမ်းအင်ဖြင့် အဆက်မပြတ် အားဖြည့်ပေးရလေ၏။ ထို့နောက် ဤကျင့်စဉ်ကို အသုံးပြုမည်ဟု ဆုံးဖြတ်လိုက်သည့်နောက်တွင် လက်နက်ထဲတွင် စုဆောင်းထားသော စွမ်းအင်အားလုံးကို ဓါးကွက်တစ်ကွက်ထဲတွင် ဖောက်ခွဲပစ်လိုက်လေသည်။

ထျန်းယန်တွင် ကိုယ်ပိုင်ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခု ရှိမနေခဲ့ချေ။ ထို့အတွက်ကြောင့် ဤကျင့်စဉ်အား သူ၏ စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော လက်နက်အား အားဖြည့်ပေးရန်သာ အသုံးပြုခဲ့လေသည်။

ထို့အပြင် သူ ဤကျင့်စဉ်ကို ဖန်တီးခဲ့စဉ်က သာမန်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေသေးသည်။

လက်ရှိ ထျန်းယန်သည် ထိုကဲ့သို့သော ကျင့်စဉ်မျိုးကို မလိုအပ်တော့ချေ။ မဟာဧကရာဇ်တစ်ပါး ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် သူသည် နိယာမခွန်အားကို အဆင့်တစ်ခုအထိ ထိန်းချုပ်နိုင်ပေသည်။ ဤလောကကြီးထဲရှိ မည်သူမှ သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်လေရာ သူ့အနေဖြင့် သိုင်းပညာရပ်များကို ဘာကြောင့်များ လိုနေရဦးမည်နည်း။ ထို့ကြောင့်ပင်လျှင် ဤပညာရပ်ကို ရန်ကိုင်ဆီသို့ လက်ဆင့်ကမ်းပေးခဲ့ခြင်း ဖြစ်ပေသည်။

ကောင်းကင်ခွဲဓါးချက်သည် ပထမတစ်ချက်တည်းတွင်သာ စွမ်းအင်အားလုံးကို စုစည်းထားခြင်း ဖြစ်သော်ငြား ဝိဉာဉ်ခွဲဆေဘာဓါးကိုယ်တိုင်သည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ဤဓါး၏ အမြင့်ဆုံးသော စွမ်းအင်ကို မထုတ်လွှတ်နိုင်လျှင်ပင် သူ၏ဓါးချက်ကို ဤလောကကြီးထဲ၌ ခုခံနိုင်သည့်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

ကျင့်စဉ်အကူအညီနှင့် ဆိုပါက ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင်လျှင် သတိလက်လွတ်နေပါက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်ပေသည်။ ဤသည်မှာ ရန်ကိုင့်အား သေဘေးအန္တရာယ်မှ အချိန်မရွေး ကယ်ထုတ်ပေးနိုင်သော အသက်ကယ်ဝှက်ဖဲတစ်ခု ဖြစ်ပေသည်။

ရန်ကိုင်သည် သူ၏ နာမ်ဝိဉာဉ်ပုံစံဖြင့် စိတ်စွမ်းအင်ကို အဆက်မပြတ် ထိန်းချုပ်ရင်း ဝိဉာဉ်ခွဲဆေဘာဓါးအား အားဖြည့်ပေးနေခဲ့လေသည်။

ရန်ကိုင့်စိတ်စွမ်းအင်၏ အားဖြည့်ပေးမှုကြောင့် ဝိဉာဉ်ခွဲဆေဘာဓါးမှာ အရောင်မှိန်မှိန်လေး တောက်လာခဲ့လေ၏။ ၎င်း၏အရှိန်အဝါမှာလည်း စတင်၍ တိုးတက်လာခဲ့လေသည်။ ဤတိုးတက်မှုမှာ မသိသာသော်ငြား အကြာကြီး ဤကဲ့သို့ ဖြစ်နေမည်ဆိုပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျိန်းသေ သိသာ လာပေလိမ့်မည်။ ဤဝိဉာဉ်ခွဲဆေဘာဓါး၏ ပထမဦးဆုံးသော ဓါးချက်မှာ အလွန်တရာကိုမှ ကြောက်ဖို့ကောင်းလှပေလိမ့်မည်။

ရန်ကိုင့်အနေဖြင့် ခရမ်းရောင်ဝါးတောင်၏ ကျောက်တုံးခန်းထဲတွင် နေ၍ ဝိဉာဉ်ခွဲဓါးချက်အား ကျင့်ကြံနေသည်မှာ ရက်ပေါင်းများစွာ ကြာသွားခဲ့လေသည်။ ထိုအချိန်အတောအတွင်း ကမ္ဘာငယ်လေးထဲ၌ ရှိနေသော ဟွာချင်းစီနှင့် ကျန်းရို့ရှီတို့၏ အခြေအနေကိုလည်း စစ်ဆေးကြည့်လေ၏။

ရန်ကိုင်မှ အဆုံးမဲ့ရတနာဆေးလုံးကို ပေးလိုက်သည့် အချိန်မှစ၍ ရန်ကိုင့်အပေါ် ဟွာချင်းစီ၏သဘောထားမှာ လုံးဝကို ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင့်အား ယခင်ကကဲ့သို့ ကလန်ကဆန် လုပ်နေသော်ငြား ရန်ကိုင့်၏ အမိန့်ကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်ခြင်း မရှိတော့ချေ။ သူမနှင့် ပြောရဆိုရသည်မှာ ပို၍ အဆင်ပြေလာသည်ဟု ပြော၍ရ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၄၇)

ကမ္ဘာငယ်လေး၏ လောကနိယာမများသည် ပြည့်စုံခြင်း မရှိချေ။ ကမ္ဘာငယ်လေးသည် ငါးရောင်ခြယ်ရတနာဘုရားထဲတွင် ပျက်စီးနေသော လောကနိယာမ အစိတ်အပိုင်းများစွာကို စုပ်ယူခဲ့သော်ငြား ၎င်း၏ လောကနိယာမများသည် ကြယ်တာရာအစုအဝေး၏ လောကနိယာမများနှင့် ယှဉ်လိုက်သော် တစ်မျိုးတစ်ဖုံ လိုအပ်နေပေသေးသည်။

သို့သော်ငြား ဟွာချင်းစီကဲ့သို့သော ပညာရှင်တစ်ဦးအဖို့ ကမ္ဘာငယ်လေးထဲတွင် ထိုင်၍ ကျင့်ကြံဖို့ရာ ပြဿနာမရှိပေ။

သို့သော်ငြား သူမသာ အဆင့်ချိုးဖြတ်လိုလျှင် ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများမှာ ပြည့်စုံခြင်း မရှိသည့်အတွက်ကြောင့် သူမအတွက် မသင့်တော်သေးချေ။ ကမ္ဘာငယ်လေးထဲမှ သူမ အာရုံခံစားနိုင်သည့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုသည် သူမ၏ အဆင့်ချိုးဖြတ်မှုကို ထောက်ပံ့ပေးနိုင် လောက်သည်အထိ လုံလောက်ခြင်း မရှိချေ။

သို့သော်ငြား ထိုအချိန်သို့ ရောက်လာခဲ့လျှင် ရန်ကိုင့်အနေဖြင့် သူမအား ကျိန်းသေ အပြင်သို့ ထုတ်ပေးရပေလိမ့်မည်။ သူမသာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သွားနိုင်မည်ဆိုပါက ရန်ကိုင့်တွင် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေသော လက်အောက်ငယ်သားတစ်ဦး ရှိလာပေလိမ့်မည်။

ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ရန်ကိုင်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေသည်။

ကျန်းရို့ရှီသည်လည်း ထိုရက်များအတောအတွင်း လျင်မြန်စွာ တိုးတက်နေခဲ့သည်။ မကြာသေးခင်ကမှ ချိုးဖြတ်ထားပြီးဖြစ်သော သူမ၏ တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံခြင်းမှာ ယခုဆိုလျှင် လုံးဝကို အခြေခိုင်သွားခဲ့လေပြီ။

ထိပ်တန်းဂိုဏ်းများမှ ကောင်းချီးပေး သားတော်သမီးတော်များ၏ ကျင့်ကြံနှုန်းပင်လျှင် ကျန်းရို့ရှီ၏ ကျင့်ကြံနှုန်းနှင့် ယှဉ်လိုက်သော် ဆီနှင့်ရေတမျှ ကွာခြားသွားရတော့လေသည်။

ကျန်းရို့ရှီ၏ ခန္ဓာကိုယ်ထဲရှိ တစ်ခုခုမှာလည်း စတင်၍ နိုးထလာသည့်ပုံပင်။ ထိုအရာ နိုးထလာသည်နှင့်အမျှ သူမ၏ ကျင့်ကြံခြင်းမှာလည်း မြန်သထက်ကို မြန်ဆန်လာခဲ့လေ၏။ သူမ၏ စရိုက်မှာလည်း စတင်၍ ပြောင်းလဲလာတော့လေသည်။ ခွန်အားမြင့်မားလာသည့်အလျောက် သူမကိုယ်သူမ ယုံကြည်ချက် ပိုရှိလာကာ ယခင်ကကဲ့သို့ သိပ်၍ ကြောက်ရွံ့မနေတော့ချေ။

ထိုအချက်နှင့်ပတ်သက်၍ ရန်ကိုင်လည်း ကျေနပ်မိ၏။

ရန်ကိုင် ကောင်းကင်တက်လှမ်းခြင်းကြေးမုံ လောကကြီးထဲမှ ပြန်ရောက်လာခဲ့သည်မှာ နှစ်လတိတိခန့် ရှိနေခဲ့လေပြီ။ ယနေ့တွင် ရန်ကိုင်သည် ယခင်ရက်များကဲ့သို့ပင် ဝိဉာဉ်ခွဲဆေဘာဓါးအား ကောင်းကင်ခွဲဓါးချက်ကျင့်စဉ်ကို သုံးလျက် သူ့စိတ်စွမ်းအင်ဖြင့် အားဖြည့်ပေးနေခဲ့လေသည်။ ရုတ်တရက်ဆိုသလို လိုဏ်ဂူအပြင်ဘက်တွင် တစ်စုံတစ်ဦးရောက်နေကြောင်း သတိထားမိလိုက်လေ၏။

ကျင့်ကြံခြင်းအား ချက်ချင်း ရပ်တန့်လိုက်ပြီး အသိစိတ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ဆွဲယူလျက် တံဆိပ်ပြားကို ထိန်းချုပ်ကာ အခန်းပတ်လည်တွင် ခင်းကျင်းထားသော အစီအရင်ကို ပိတ်ချလိုက်လေသည်။

ထိုစဉ် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။ “သခင်လေးရန်… သခင်လေးရန်…”

အသံပိုင်ရှင်ကို ရန်ကိုင် ရင်းနှီးနေလေသည်။ ချက်ချင်းပဲ ပြန်၍ ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး ဝင်လာပါ အကြီးအကဲတောက်…”

လွန်ခဲ့သော လအနည်းငယ်ခန့်က ရန်ကိုင်နှင့် ရန်ငြိုးရန်စတစ်ချို့ ရှိခဲ့သော တောက်မင်သည် ရန်ကိုင့်၏ ခွင့်ပြုချက်ကို ရသော် လိုဏ်ဂူထဲသို့ အလေးအနက်အမူအယာဖြင့် ဝင်လာခဲ့လေသည်။

ခေတ္တခဏအကြာတွင် ရန်ကိုင်ရှိနေသည့် အခန်းဆီသို့ ရောက်လာခဲ့လေ၏။ သို့ရာတွင် ယခုတောက်မင်မှာတော့ ယခင်ကကဲ့သို့ မောက်မာဝံ့ကြွားခြင်း အရှင်းမရှိတော့ချေ။ ရန်ကိုင့်အား ဖားဖားယားယားပြုံးကာ နှုတ်ဆက်လာရင်း ပြောလိုက်လေ၏။ “သခင်လေးရန်အနားယူနေတာကို နှောင့်ယှက်မိသလို ဖြစ်သွားခဲ့လို့ရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”

ရန်ကိုင်သည် တောက်မင်ကို ကြည့်၍သာ ပြန်ပြောလိုက်လေ၏။ “ခင်ဗျားကို ဘယ်သူလွှတ်လိုက်တာလဲ… ဘာလုပ်ဖို့ ကျုပ်ဆီရောက်လာတာလဲ…”

ထိုစကားကို ကြားသည့်အခါ တောက်မင်၏ အမူအယာ ချက်ချင်း လေးနက်သွားခဲ့လေ၏။ “ကျောင်းသခင်ရဲ့ အမိန့်အရ သခင်လေးရန်ရှာနေတဲ့ ပစ္စည်းကို တွေ့ပြီလို့ လာပြီး အကြောင်းကြားတာပါ…”

ရန်ကိုင် အလျင်စလို ထရပ်လိုက်ပြီး တောက်ပသည့် မျက်ဝန်းအစုံဖြင့် ပြန်ပြောလိုက်လေသည်။ “တကယ်လား…”

တောက်မင်က ပြုံးလျက် “ကျောင်းသခင်ကိုယ်တိုင် ပြောလိုက်တာပါ…”

“တွေ့သွားပြီဆိုတော့ ကောင်းတာပေါ့….” ရန်ကိုင့်အမူအယာ ရုတ်ချည်း တောက်ပလာခဲ့လေသည်။

တောက်မင်က မည်သည့်အရာဖြစ်သလဲဆိုသည်ကို ပြောမသွားခဲ့သော်ငြား ရန်ကိုင်ရှာနေသည့်အရာမှာ ကပ်ဘေးအသီးမှ လွဲ၍ မည်သည့်အရာများ ဖြစ်နိုင်ပါမည်နည်း။

ရန်ကိုင်သည် အင်းစက်ချုပ်နှောင်လက်ကောက်အား သန့်စင်ရင်း ဝိဉာဉ်ဝါးမျိုအင်းစက်များနှင့် ဝိဉာဉ်ခွဲဆေဘာဓါးအား ပြုစုပျိုးထောင်ပေးရင်းဖြင့် အချိန်ကုန်နေခဲ့သော်ငြား ကပ်ဘေးအသီးကိုတော့ လုံးဝ မေ့မသွားခဲ့ပေ။ သတ်မှတ်ထားသည့် အချိန်အထိသာ ရောက်မလာခဲ့လျှင် သူသည်လည်း ဤနေရာတွင် ဆက်၍ နေဖြစ်တော့လိမ့်မည် မဟုတ်။

ယခုတွင်တော့ သူမျှော်လင့်နေသည့် သတင်းကောင်းတစ်ရပ်ကို ကြားလိုက်ရလေပြီ။

ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင့်စိတ်ထဲ အလွန်လေးလံသည့် ကျောက်တုံးကြီးတစ်တုံးကို လွှတ်ချလိုက်ရသည့်အလား သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။ ယခုမှပဲ သူထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားရတော့လေ၏။ တကယ်တော့ ကပ်ဘေးအသီးသည် ချင်းယု၏ သေခြင်းရှင်ခြင်းနှင့် ပတ်သက်နေသည် မဟုတ်ပေလော။

လွန်ခဲ့သော လများအတွင်း သူရရှိခဲ့ရသော အခွင့်အရေးအားလုံးသည် ချင်းကျောင်းရန်မှ ပေးခဲ့သည့် သူဖုန်းစားတံဆိပ်ပြားကြောင့်သာ ဖြစ်ပေသည်။

သူသာ ကပ်ဘေးအသီးအား ပြန်မယူသွားနိုင်ပါက ချင်းမိသားစုနှင့် ချင်းကျောင်းရန်အား မည်ကဲ့သို့ မျက်နှာပြလို့ ပြရမှန်း သိတော့လိမ့်မည် မဟုတ်ချေ။

ဤကိစ္စသည် သူ့စိတ်ထဲ အမည်းစက်တစ်ခု ဖြစ်လာနိုင်သလို သူ၏ကိုယ်တွင်းနတ်ဆိုးပင်လျှင် ဖြစ်ပေါ်လာနိုင်ပေသည်။

သို့သော်ငြား ယခုမူ ထိုကိစ္စအား ဆက်၍ စိတ်ပူနေစရာ မလိုတော့ချေ။ သူလိုချင်နေသည့် အသီးကို ဝမ်ကျိရှန်းတို့ ရှာတွေ့သွားခဲ့လေပြီ။

အသီးရလာပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ထိုအသီးအား မေပယ်မြို့ဆီသို့ ပြန်ယူသွားကာ ချင်းမိသားစုလက်ထဲသို့ ပေးနိုင်လေပြီ။

တောက်မင်သည်လည်း ဝမ်းသာအားရ ဖြစ်နေခဲ့လေ၏။ ရန်ကိုင် ဘာကြောင့် ပျော်လို့ပျော်နေမှန်း မသိသော်ငြား သူ့အနေဖြင့် ဖားယားရုံသာ လိုအပ်သည် မဟုတ်ပေလော။

“ဟုတ်သားပဲ အကြီးအကဲတောက်… အဲ့ပစ္စည်းဘယ်မှာလဲ ဆိုတာကို ကျောင်းသခင်ဝမ် ပြောလိုက်သေးလား…” ရန်ကိုင်က ချက်ချင်းမေးလိုက်လေသည်။

တောက်မင်က ပြန်ပြောလိုက်လေ၏။ “အဲ့ပစ္စည်းက လမ်းမှာ ရောက်နေပြီလို့တော့ ပြောတယ်… ဒီကို သုံးရက်အတွင်း ရောက်မယ်တဲ့… သခင်လေးရန် စိတ်ပူမနေပါနဲ့ လမ်းမှာ ဘာမတော်တဆမှ ဖြစ်မှာမဟုတ်ပါဘူး…”

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်… ကျောင်းသခင်ဝမ်ကို ငါ့ကိုယ်စား ကျေးဇူးတင်ပေးလိုက်ဦး…” ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။

“သခင်လေးရန် အခြား ဘာမှာစရာမှ မရှိတော့ရင် ဒီတောက် သွားပါတော့မယ်…” တောက်မင်က ပြုံးကာ ပြောလိုက်လေသည်။

“အင်း… ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲတောက်…”

ရန်ကိုင်သည် တောက်မင်အား ပြန်လိုက်ပို့ပေးလိုက်လေ၏။ သို့သော်ငြား ဤကိစ္စပြီးနောက်တွင် သူ့စိတ်ထဲ ဆက်လက်ကျင့်ကြံလိုစိတ် မရှိတော့ချေ။ ဝမ်ကျိရှန်း သူ့အား ဤအကြောင်း လှမ်းပြောပြရခြင်းမှာ ရန်ကိုင် စိတ်အေးလက်အေးဖြင့် ကျင့်ကြံစေလိုသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်သည် ကပ်ဘေးအသီးအား ဤမျှ တန်ဖိုးထားပါလိမ့်မည်ဟု သူမည်ကဲ့သို့များ မျှော်လင့်ထားပါမည်နည်း။

နောက်သုံးရက်စလုံးလုံး ရန်ကိုင့်စိတ်ထဲ မီးခဲပေါ် ဖင်ခုထိုင်နေသလို ခံစားနေခဲ့ရလေသည်။ သူ့စိတ်ထဲ လုံးဝကို ဂနာမငြိမ်နိုင်။ နောက်ဆုံးနေ့၏ မနက်ပိုင်းသို့ ရောက်သော် ရန်ကိုင်သည် ခရမ်းရောင်ဝါးတောင်မှ ထွက်၍ သူတော်စင်များတောင်ထွတ်ဆီသို့ ချက်ချင်း ပြေးထွက်သွားလေ၏။

တောင်ပေါ်သို့ ရောက်သော် သူရောက်ကြောင်း မပြောရသေးခင်မှာပင် ဝမ်ကျိရှန်း၏အသံ အတွင်းဘက်ဆီမှ ထွက်ပေါ်လာခဲ့လေ၏။ “ဝင်လာခဲ့…”

ရန်ကိုင် ကြောင်သွားခဲ့သော်ငြား ချက်ချင်းပဲ အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်၍ အထဲသို့ ဝင်သွားလိုက်လေသည်။

ကျောင်းတော်ထဲတွင် တင်ပလင်ခွေထိုင်၍ ကျင့်ကြံနေသည့် ဝမ်ကျိရှန်းမှလွဲ၍ အခြားမည်သူ တစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။

ရန်ကိုင်သည် စကားသွားစမပြောခဲ့ပဲ ဝမ်ကျိရှန်း ကျင့်ကြံလို့ ပြီးမည့်အချိန်ကိုသာ ငြိမ်သက်စွာ စောင့်နေခဲ့လေ၏။

ဝမ်ကျိရှန်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးပင် ဖြစ်နေပြီဖြစ်သော်ငြား ကျင့်ကြံရာတွင် အနည်းငယ်မျှပင် ပျင်းရိနေခြင်း မရှိခဲ့ပေ။

ကျင့်ကြံသူတစ်ဦးအတွက် ပါရမီရှိခြင်းမှာ ကြောက်စရာမဟုတ်။ ကျင့်ကြံသူတစ်ဦးအား တကယ့်တကယ် အားကောင်းအောင် လုပ်ပေးနိုင်သည့်အရာမှာ သူတို့၏အရည်အချင်း မဟုတ်ဘဲ သူတို့၏စိတ်ဆန္ဒသာ ဖြစ်လေသည်။

ဝမ်ကျိရှန်းသည် အမှန်တကယ်ကို စိတ်ဓာတ်ခိုင်မာသည့် လူတစ်ဦး ဖြစ်သည်ဆိုမှာ ပြောနေစရာပင် မလိုပေ။ သူ့အနေဖြင့် ဧကရာဇ်တတိယအဆင့်သို့ ရောက်လာရသည်မှာ အလကားသက်သက်တော့ မဖြစ်နိုင်။

ခဏအကြာတွင် ဝမ်ကျိရှန်း မျက်လုံးပွင့်လာခဲ့လေ၏။ ရန်ကိုင့်အားကြည့်၍ စနောက်လိုက်လေသည်။ “ဘာဖြစ်တာလဲ… မင်း နည်းနည်းလေးတောင် ထပ်မစောင့်နိုင်တော့ဘူးလား…”

ရန်ကိုင်က မဲ့ပြုံးပြုံးလျက် “စောစောမြင်ရလေ ကျုပ်ပိုပြီး စောစော စိတ်သက်သာရာရလေပဲ…”

“မင်းက တကယ်ကို ကတိတည်တဲ့ကောင်ပဲ…” ဝမ်ကျိရှန်းက ခေါင်းညိတ်လိုက်လေသည်။ “ချင်းမိသားစုရဲ့ သူဖုန်းစားတံဆိပ်ပြားက ဒီတစ်ကြိမ်တော့ အလဟဿ ဖြစ်မသွားဘူးပဲ…”

“ယောက်ျားတစ်ယောက်က ကိုယ့်စကားကို ကိုယ်တည်ရမှာပေါ့…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

ဝမ်ကျိရှန်းသည် ခေါင်းညိတ်လျက် ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ရွှယ်ထင်းလေး ပြောတဲ့ကိစ္စကို မင်းစဉ်းစား ပြီးသွားပြီလား…”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က မဲ့ပြုံးပြုံးလျက် “ဒီတော့ အကြီးအကဲကောင်းကို ပြောခိုင်းလိုက်တာ ကျောင်းသခင်ဝမ်ပေါ့…”

“ဟုတ်တယ် ငါပြောခိုင်းလိုက်တာ… ဒါပေမဲ့ ရွှယ်ထင်းလေးကိုယ်တိုင်ကလည်း မင်းကို အများကြီးမျှော်လင့်ထားခဲ့တာ…” ဝမ်ကျိရှန်းက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်လေသည်။ “ပြီးတော့ ကောင်းကင်တက်လှမ်းခြင်းလောကကြီးထဲကို ဝင်ပြီးသွားပြီဆိုတော့ မင်းက ငါတို့ဂိုဏ်းရဲ့ တပည့်တစ်ပိုင်း ဖြစ်နေပြီလို့တောင် ပြောလို့ရတယ်… ကောင်းကင်တက်လှမ်းခြင်းကြေးမုံဆိုတာ ငါတို့ဂိုဏ်းရဲ့ သာမန်တပည့်တွေတောင် သိခွင့်ရတဲ့ လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘူးလေ…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏ အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး အတွေးနက်သွားခဲ့လေသည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင် ပြန်၍ ပြောလိုက်လေ၏။ “အခုလို စဉ်းစားပေးတဲ့အတွက် ကျောင်းသခင်ဝမ်နဲ့ အကြီးအကဲကောင်းတို့ကို ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမဲ့ အခုလောလောဆယ်တော့ ဂျူနီယာ ဘယ်ဂိုဏ်းထဲကိုမှ မဝင်ချင်သေးပါဘူး… ကျောင်းသခင်ဝမ်ကို အထင်သေးလို့တော့မဟုတ်ပါဘူး… ဒါပေမဲ့ ဂျူနီယာမှာ ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်မို့လို့ပါ…”

ရန်ကိုင်ပြောနေသည့် အကြောင်းပြချက်မှာ နတ်ဆိုးစိတ်ဝိဉာဉ်သာ ဖြစ်လေသည်။

ဝမ်ကျိရှန်းသည် ရန်ကိုင့်အား ခဏမျှ စိုက်ကြည့်နေပြီးသည့်နောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “ကောင်းပြီလေ… ငါမင်းကို တွန်းအားမပေးတော့ပါဘူး… ဒါပေမဲ့ မင်း အပြင်ဘက်မှာ လျှောက်သွားလို့ ပျင်းလာတဲ့တစ်နေ့ ငါတို့ကျောင်းဆီကိုသာ ပြန်လာခဲ့… ငါတို့ဂိတ်ပေါက်တွေက မင်းအတွက် အမြဲတမ်း ဖွင့်ပေးထားတယ်…”

ရန်ကိုင်က တလေးတစားဦးညွှတ်၍ “အခုလို စဉ်းစားပေးတဲ့အတွက် ကျောင်းသခင်ဝမ်ကို ကျေးဇူးအများကြီးတင်ပါတယ်… အဲ့လိုနေ့မျိုး ရောက်လာခဲ့မယ်ဆိုရင် ဂျူနီယာ နေမင်းပြာကျောင်းတော်ဆီ ကျိန်းသေလာခဲ့ပါမယ်…”

ဝမ်ကျိရှန်းက ပြုံးလျက် “ငါလည်း အရင်တုန်းက မင်းလိုပဲ ဒီတိုင်း လွတ်လွတ်လပ်လပ် လျှောက်သွားပြီးတော့ ဘဝကြီးရဲ့အရသာကို ပျော်မွေ့နေခဲ့တာ… ဒါပေမဲ့ တစ်နေ့တော့…” ထိုနေရာသို့အရောက်တွင် ဝမ်ကျိရှန်း၏ မျက်နှာကြီး တွန့်သွားခဲ့လေသည်။ “တောအုပ်တစ်အုပ်ထဲမှာ သေရေးရှင်ရေးအတွက် နေ့စဉ်ရုန်းကန်နေတဲ့ မိန်းကလေးတစ်ယောက်ကို သွားကယ်မိသွားတယ်…”

ကောင်းရွှယ်ထင်း၏ပုံစံ ရန်ကိုင့်၏မျက်လုံးထဲ မြင်ယောင်လာခဲ့လေသည်။

“ဒီတော့ မင်းသေချာ မှတ်ထားဖို့က ကြယ်တာရာအစုအဝေးထဲမှာ လျှောက်ပြီးသွားနေမယ်ဆိုလို့ရှိရင် ကြိုက်တဲ့ရတနာကို မင်းကောက်ယူလို့ရတယ်… မိန်းကလေးတစ်ယောက်ကိုတော့ ဘယ်တော့မှ သွားမကောက်မိစေနဲ့…” ဝမ်ကျိရှန်းက အလေးအနက်လေသံဖြင့် “မိန်းကလေးတွေက ငယ်တုန်းသာ ငယ်ရွယ်ပြီး ချစ်ဖို့ကောင်းလိမ့်မယ်… ကြီးလာတဲ့အခါကျရင်တော့ ဟမ့်… မင်းကို လုံးဝမလေးစားတော့ဘူး… အရမ်းကိုလည်း အသည်းနှလုံးသား မဲ့သွားတာပဲ… ဒီအကြောင်းကို ပြောရင်းနဲ့တောင် ငါမျက်ရည်ကျချင်လာပြီ…”

အလွန်တရာကိုမှ နာကျင်ခံစားနေရသည့်ပုံစံ လုပ်ပြနေသော ဝမ်ကျိရှန်းကိုကြည့်ရင်း ရန်ကိုင် ဆွံ့အသွားခဲ့လေသည်။

“အဲ့အကြောင်းကို ပြောရင်းနဲ့တောင် ငိုချင်လာပြီ ဟုတ်လား…” အေးစက်စက်နှင့် ခံစားချက်မဲ့သည့် အသံတစ်သံ ခန်းမပြင်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမထဲရှိ အပူချိန်မှာ ရုတ်ချည်း ထိုးကျသွားခဲ့လေ၏။ လေအေးပြင်းများ တိုက်ခတ်လာသည့်အလား ခန်းမထဲတွင်ရှိနေသူအားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားကုန်ကြလေသည်။

ဝမ်ကျိရှန်းမှာလည်း အကြောပိတ်ပညာရပ်တစ်ခုခု၏ ထိမှန်ခြင်း ခံလိုက်ရသည့်အလား သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေ၏။

ခဏအကြာတွင် လှပသော ပုံရိပ်တစ်ခု ခန်းမထဲသို့ ဖြည်းဖြည်းချင်းလျှောက်ဝင်လာခဲ့လေသည်။

ကောင်းရွှယ်ထင်းသည် သူမ၏ ရေခဲတမျှ အေးစက်စက် မျက်နှာထားဖြင့် ခန်းမတစ်ခုလုံးအား ဝေ့ကြည့်လိုက်လေသည်။

သူမ၏အကြည့်ကို ခံစားမိလိုက်သော ဝမ်ကျိရှန်း၏ ခန္ဓာကိုယ်လေး ကျုံ့ဝင်သွားခဲ့လေ၏။ ရန်ကိုင်ပင်လျှင် တုန်တုန်ရီရီ ဖြစ်သွားခဲ့ရလေသည်။

အားကောင်းလှသည့် သတ်ဖြတ်လိုစိတ်တစ်ခုသည် လေထုထဲ စတင်၍ ပြန့်နှံ့လာခဲ့လေ၏။

“အကြီးတွေကို လုံးဝမလေးစားဘူး ဟုတ်လား…” ကောင်းရွှယ်ထင်းသည် ရွဲ့ပြုံးလေးပြုံးရင်း ပြောလိုက်လေ၏။

“အဲ့ အဲ့ အဲ့… အဲ့ဒါက…” ဝမ်ကျိရှန်း၏ နဖူးဆီမှ ချွေးသီးချွေးပေါက်များ ရေတံခွန်နှယ် တရဟော စီးကျလာခဲ့လေသည်။ စကားလုံးများမှာလည်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်ကုန်လေ၏။ တစ်ချိန်တည်းတွင် ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်ရင်း ဖားဖားယားယားပြုံးလျက် “ရွှယ်ထင်းလေး… နင် နင် ဒီမှာ ဘာလာလုပ်နေတာလဲ… ဘာလို့ အကြောင်းမကြားပဲနဲ့ ရောက်လာတာလဲ… ဒါက သိပ်ပြီးတော့ မယဉ်ကျေးဘူးလေ…”

ကောင်းရွှယ်ထင်းက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ကပ်ဘေးအသီးကို ပို့ပေးဖို့ လာခဲ့တာ…” ပြောပြီးသည့်နောက် ရန်ကိုင့်ဆီသို့ ကျောက်စိမ်းသေတ္တာတစ်လုံး လှမ်းပစ်ပေးလိုက်လေသည်။

ရန်ကိုင့်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ထိုကျောက်စိမ်းသေတ္တာအား ဝမ်းသာအားရ လှမ်းဖမ်းယူ၍ ချက်ချင်း ဖွင့်ကြည့်လိုက်လေသည်။

သေတ္တာအတွင်းပိုင်းတစ်ခုလုံး ရေခဲစများဖြင့် ပြည့်နေခဲ့လေသည်။ ရေခဲစများ အလယ်တွင်တော့ သလင်းကျောက်နှယ် ကြည်လင်လှသော အသီးလေးတစ်လုံး ရှိနေခဲ့လေ၏။

(ကပ်ဘေးအသီး…)

ရန်ကိုင့်အနေဖြင့် ကပ်ဘေးအသီးအား တစ်ခါမှ မမြင်ဖူးသော်ငြား ဤအသီးကို မြင်လိုက်ရုံဖြင့် ကပ်ဘေးအသီးမှန်း တန်းသိလိုက်လေသည်။ လက်ရှိကပ်ဘေးအသီးကို ကြည့်ရသည်မှာ ခူးထားသည်မှာ သိပ်ကြာသည့်ပုံ မပေါ်သေးချေ။ သူ့အထင်သာ မမှားလျှင် ဤကပ်ဘေးအသီးသည် ဥတုလေးမျိုးနယ်မြေထဲရှိ ဆောင်းနယ်မြေထဲတွင် ခူးခံလိုက်ရသောအသီး ဖြစ်လောက်ပေသည်။

နေမင်းပြာကျောင်းတော်သည် မည်ကဲ့သို့သော နည်းလမ်းများကိုသုံး၍ သတ်မှတ်ထားသည့် အချိန်အတွင်း ဤကပ်ဘေးအသီးအား ပြန်ရယူနိုင်ခဲ့သလဲ ဆိုသည်ကို ရန်ကိုင်မသိပေ။ သို့သော်ငြား သူတို့အဖို့ ဤကဲ့သို့ ဤအသီးကို ရယူနိုင်ရန်အတွက် အတော်လေး အားစိုက်ထုတ်ခဲ့ရမည်မှန်းတော့ ရန်ကိုင်ပြောနိုင်ပေသည်။

“အသည်းနှလုံးသား မရှိဘူးလို့ ထပ်ပြောပါဦး…” ကောင်းရွှယ်ထင်းမှာမူ အစောပိုင်းကကိစ္စနှင့် ပတ်သက်၍ လက်မလျှော့သေးဘဲ ဝမ်ကျိရှန်းကိုသာ အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ဝမ်ကျိရှန်းက အံကိုကြိတ်၍ အားကောင်းသည့်ပုံစံမျိုးဖြင့် ရန်ကိုင့်အား လှမ်းပြောလိုက်လေ၏။ “ပြဿနာကတော့ ရောက်လာခဲ့ပြီ… ဒီတော့ ဒီကျောင်းသခင် အရင်ဆုံး သွားလိုက်တော့မယ်… မင်းကိုယ်မင်း ဂရုစိုက်လိုက်ဦး… နောက်ပိုင်း ပြဿနာတွေကြုံလို့ရှိရင် ကျောင်းတော်ဆီကိုသာ လာခဲ့…”

ရန်ကိုင့်မှာ ကျေးဇူးပင်မတင်ရသေးခင်မှာပင် ဝမ်ကျိရှန်းသည် ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။

“ပြေးချင်တာလား…” ကောင်းရွှယ်ထင်း၏မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး နေခြည်ကြေးမုံကို ထုတ်ယူလိုက်လေသည်။ ပြင်းထန်သည့် နေအလင်းတန်းတစ်စင်းသည် ဟင်းလင်းပြင်ကို ထိုးဖောက်၍ တစ်နေရာဆီသို့ သွားမှန်လေ၏။ ခဏအကြာတွင် ဝမ်ကျိရှန်း၏ပုံရိပ် ထိုနေရာ၌ ပြန်ပေါ်လာခဲ့လေသည်။ ကောင်းရွှယ်ထင်းသည် ဝမ်ကျိရှန်း၏ တည်နေရာကို ရှာတွေ့ခဲ့သော်ငြား ကျောင်းသခင်ဝမ်မှာ အားကောင်းလှသည့် သူ၏ကျင့်ကြံခြင်းကြောင့် ကောင်းရွှယ်ထင်း၏ ဧကရာဇ်အဆင့် မှော်ရတနာဖြစ်သော နေခြည်ကြေးမုံ၏ဖိနှိပ်မှုအောက်မှ ရုန်းထွက်ကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့လေ၏။

“သက်ကြားအိုကြီး နင်ပြေးရဲတာလား… ဒီနေ့ အကြီးတွေအပေါ် လေးစားမှုမရှိဘဲ တကယ်နှလုံးသားမဲ့တယ်ဆိုတာ ဘာလဲ နင်သိအောင် ငါပြပေးမယ်…” ပြောပြီးသည်နှင့် ကောင်းရွှယ်ထင်းသည် အံကိုကြိတ်၍ ခြေကိုဆောင့်ကာ ဝမ်ကျိရှန်းနောက်သို့ ပြေးလိုက်သွားခဲ့လေ၏။

အပြင်ဘက်တွင် စောင့်ကြပ်နေကြသော တပည့်များမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြလေ၏။

ကျောက်စိမ်းသေတ္တာကို ကိုင်ထားသည့် ရန်ကိုင်မှာမူ ထိုအချင်းအရာအား ပြုံးဖြီးဖြီးဖြင့်သာ ကြည့်နေခဲ့လေသည်။ ပြုံးရင်း ပြုံးရင်း ဆက်မပြုံးနိုင်တော့သည့် နောက်တွင် ရန်ကိုင်သည် သူ့ပေါင်အား ကောက်ရိုက်လိုက်ရင်း နောင်တရနေသည့် လေသံဖြင့် ရေရွတ်လိုက်လေ၏။ “အားပါးပါး… စည်းတံဆိပ်အကြောင်းမေးဖို့ မေ့သွားပြန်ပြီ…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၄၈)

မေပယ်မြို့တော် ချင်းမိသားစု…

တစ္ဆေတစ်ကောင်နှယ် ဖြူဖတ်ဖြူလျော်ဖြစ်နေသော ချင်းယုသည် သူမ၏အိပ်ခန်းထဲရှိ ကုတင်ပေါ်တွင် လှဲလျောင်းနေခဲ့လေသည်။ ချောင်းလည်း မကြာခဏ ဆိုးနေခဲ့၏။ တစ်ခါတစ်ရံ အလွန်ပြင်းပြင်းထန်ထန် ချောင်းဆိုးလေရာ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့အောင် ဖြစ်နေခဲ့ရလေသည်။

ရှင်းပြမရသော သေခြင်းချီအငွေ့အသက်တို့သည် ချင်းယု၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေကြလေသည်။ တစ်ကြိမ်တစ်ခါမျှပင်လျှင် ကျင့်ကြံဖူးခြင်း မရှိသော သာမန်သေမျိုးများပင်လျှင် ချင်းယု၏အနီးတစ်ဝိုက်၌ မကောင်းဆိုးဝါး အရှိန်အဝါတို့ ရစ်သိုင်းနေသည်ကို ခံစားမိနိုင်ကြပေလိမ့်မည်။ ကျင့်ကြံဖူးသူများဆိုလျှင်တော့ သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရုံဖြင့် ချင်းယု၏ခန္ဓာကိုယ်အား မှိန်ဖျဖျ အနက်ရောင်ချီမှ လွှမ်းခြုံထားကြောင်းကို သေချာ မြင်တွေ့နိုင်ပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုအနက်ရောင်ချီတို့မှာ ပိုပို၍ သိပ်သည်းလာခဲ့လေသည်။

ထိုအနက်ရောင်ချီသည် မည်သည့်အရာ ဖြစ်သလဲဆိုသည်ကို မည်သူမှ မသိကြပေ။ ထိုအရာသည် လွန်ခဲ့သော နှစ်လခန့်က စပေါ်လာပြီး ချင်းယု၏ အသက်စွမ်းအင်ကို စတင်၍ ဝါးမျိုလေ၏။ ထိုအချိန်မှစ၍ ချင်းယု၏ကျန်းမာရေးမှာ တစ်နေ့တစ်ခြား ပိုပို၍ ဆိုးရွားလာရလေတော့သည်။

ဤအနက်ရောင်ချီများ ပေါ်လာရခြင်းမှာ သူမ၏ လောကကပ်ဘေး ခန္ဓာကိုယ်ကြောင့်သာ ဖြစ်လေသည်။ လောကကပ်ဘေး ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် မည်သူမဆို အသက်ဆယ့်ရှစ်နှစ်ထက်ပို၍ အသက်မရှင်နိုင်ကြပေ။ အကြောင်းမှာ လောကနိယာမများသည် သူတို့၏အသက်စွမ်းအင်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

ချင်းယု လှဲလျောင်းနေသည့် ကုတင်ဘေးတွင် အစေခံမလေးတစ်ဦး ရှိနေခဲ့လေ၏။ ထိုအစေခံမလေးသည် မို့အစ်နေသည့် သူမ၏ မျက်လုံးများဆီမှ အလျင်မပြတ် စီးကျလာနေသော မျက်ရည်များကို အသာအယာ သုတ်နေခဲ့လေသည်။

ချင်းယုသည် သူမ၏မိသားစုထဲတွင် ရှိသည့်လူ မှန်သမျှအပေါ် ယဉ်ကျေးစွာ ဆက်ဆံပေးသည်။ ထို့ကြောင့် စီနီယာ ဂျူနီယာများသာမက အစေခံမလေးများပင် ချင်းယုအား လေးစားကြလေ၏။ လက်ရှိ ချင်းယု၏ အခြေအနေကိုမြင်သော် အစေခံမလေးမှာ အလွန်ကိုမှ ဝမ်းနည်းနေတော့လေသည်။

“နင် ဘာတွေငိုနေတာလဲ… မြန်မြန်ထွက်သွားစမ်း… အသုံးမဝင်တဲ့ဟာတွေ…” ချင်းကျောင်းရန်သည် ဘေးဘက်မှနေ၍ ဒေါသတကြီး ထအော်တော့လေသည်။

ချင်းယု၏အခြေအနေကို မြင်ပြီးသည့်နောက် အလွန်ကိုမှ စိုးရိမ်တကြီး ဖြစ်လာနေခဲ့ရသည်။ ထိုအခြေအနေမျိုးတွင်မှ အစေခံမလေးကပါ ထပ်၍ ငိုနေလေသော် ချင်းကျောင်းရန်းမှာ သူ့စိတ်သူ မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ထအော်မိတော့လေသည်။

အစေခံမလေးမှာ ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက် ထိုင်ကျသွားလေ၏။ သို့သော်ငြား ထွက်မသွားခဲ့ဘဲ “သမီးကို ခွင့်ပြုပေးပါဘိုးဘေး… ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ… သမီး မငိုတော့ပါဘူး… သခင်မလေးနားကလည်း ထွက်မသွားချင်ပါဘူး… ကျေးဇူးပြုပြီး သခင်မလေးကို ဂရုစိုက်ခွင့်ပေးပါ…”

အစေခံမလေးမှာ ထပ်တလဲလဲ တောင်းဆိုနေခဲ့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ချင်းကျောင်းရန်သည် တစ်ခုခုပြောချင်နေသည့်အလား ပါးစပ်ဟလိုက်သော်ငြား မည်သည့်စကားမှ ထွက်မလာနိုင်ခဲ့ဘဲ သက်ပြင်းအမောကြီးသာ ချလိုက်မိလေသည်။ ထို့နောက် သူ့လက်ကိုမ၍ မမြင်နိုင်သည့် စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်ကာ အစေခံမလေးအား ပြန်မတ်တပ်ရပ်စေလိုက်ပြီးသည့်နောက် ဒေါသကိုချုပ်တည်းရင်း ရေရွတ်လိုက်လေ၏။ “ထားလိုက်ပေတော့…”

သူသည်လည်း ဆက်၍ ငြင်းခုန်မနေချင်တော့ချေ။

“ဒါ သမီး သခင်မလေးကို ကောင်းကောင်း ဂရုမစိုက်နိုင်ခဲ့လို့ အခုလို ဖြစ်သွားတာပါ သမီးတောင်းပန်ပါတယ်…” အစေခံမလေးသည် မျက်ရည်စများကိုသုတ်ရင်း ပြောလိုက်လေ၏။

“ဘိုးဘေး…” အိပ်ယာပေါ်တွင် လှဲလျောင်းနေသော ချင်းယုက လှမ်းခေါ်လိုက်လေသည်။ ထိုစဉ် ချင်းယုမှာ အသည်းအသန် ချောင်းထပ်ဆိုးနေသဖြင့် အစေခံမလေးမှာ သူမ၏ကျောပြင်အား အသာအယာ အပြေးအလွှား သွားပုတ်ပေးလိုက်ရလေ၏။

ချင်းယု ချောင်းဆိုးရပ်သွားသည့်အခါ ချင်းကျောင်းရန်က သိမ်မွေ့သည့်လေသံဖြင့် ပြောလိုက်လေသည်။ “ယုအာ… သမီး နားပဲနားနေ… စကားမပြောနဲ့…”

ချင်းယုက ဖြည်းဖြည်းချင်းခေါင်းခါလျက် ပြန်မေးလိုက်လေ၏။ “အစ်ကိုရန် သူပြန်လာပြီလား…”

ထိုစကားကိုကြားသည့်အခါ ချင်းကျောင်းရန်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။

ချင်းယု အသက်ဆယ့်ရှစ်နှစ် ပြည့်ခါနီး ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် လက်ရှိအချိန်၌ ရန်ကိုင်သည်သာ သူတို့အတွက် မျှော်လင့်ချက် ရှိတော့လေ၏။ သို့ရာတွင် ရန်ကိုင်၏ အရိပ်အယောင်ကို မည်သည့်နေရာတွင်မှ မတွေ့ရသေးပေ။

သူ လူမှားပြီးတော့များ ယုံကြည်လိုက်မိလေသလားဟုပင် ချင်းကျောင်းရန် တွေးမိသွားရသည်အထိပင်။

ဥတုလေးမျိုး နယ်မြေထဲ၌ မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သလဲဆိုသည်ကို သူစစ်ဆေးပြီးသွားခဲ့လေပြီ။

ဥတုလေးမျိုးနယ်မြေထဲတွင် ရန်ကိုင်သည် ဒဏ္ဍာရီလာ စိတ်ဝိဉာဉ်ဆေးလုံးတစ်လုံးကို လူအများရှေ့တွင် ဖော်စပ်ပြသွားခဲ့ပြီး တောင်ဘက်နယ်မြေ၏ ပါရမီရှင်များကိုလည်း သူ့ခွန်အားဖြင့် ဖိနှိပ်ပြနိုင်ခဲ့သည်။ ထိုသတင်းသည် တောင်ဘက်နယ်မြေအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။

မေပယ်မြို့သည် မြို့ငယ်လေးတစ်မြို့သာ ဖြစ်သော်ငြား ချင်းကျောင်းရန်အဖို့ အနည်းငယ်မျှ အားစိုက်လိုက်ရုံဖြင့် ထိုသတင်းများကို သိနိုင်ပေသည်။

သို့ရာတွင် ဥတုလေးမျိုးနယ်မြေ ပိတ်သွားခဲ့သည်မှာ သုံးလခန့် ရှိနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်သာ ကပ်ဘေးအသီးကို ရခဲ့မည်ဆိုပါက ယခုအချိန်လောက်ဆိုလျှင် မေပယ်မြို့သို့ ပြန်လာသင့်နေလေပြီ။ ဘာကြောင့်များ ယခုအချိန်အထိ ပေါ်မလာရသေးလေသနည်း။

ချင်းကျောင်းရန်မှာ ရန်ကိုင့်အပေါ် အလွန်ကိုမှ မယုံသင်္ကာ မဖြစ်ချင်သလို အဆိုးလည်း မမြင်ချင်သော်ငြား ရန်ကိုင့်အား မမြင်ရသေးပဲနှင့် သူ့စိတ်ထဲ တစ်ရက်ကလေးမှ စိတ်အေးအေး မနေနိုင်ချေ။

ရန်ကိုင်သည် ကပ်ဘေးအသီးကို မရ၍များ သူ့ရှေ့တွင် ပေါ်လာရန် ရှက်နေလေသလား။ ထိုသို့မဟုတ်ဘဲ ကပ်ဘေးအသီး ကိစ္စကိုများ လုံးဝ ဂရုမစိုက်ဘဲ အပြီးတိုင်ပင်လျှင် မေ့လျော့သွားလေသလား ဆိုသည်ကိုတော့ ချင်းကျောင်းရန်လည်း မပြောတတ်ချေ။

ဤလောကကြီးသည် အလွန်တရာကိုမှ ကျယ်ပြောလေရာ သူ့အနေဖြင့် ရန်ကိုင့်အား ရှာမည်ဆိုလျှင်ပင် မည်သည့်နေရာ၌ သွားရှာရမည်နည်း။ ဆိုးသည့်အချက်မှာ သူ့တွင် အချိန်မရှိတော့ခြင်းပင်။

“ဘိုးဘေး… အစ်ကိုရန်ကို သံသယဝင်နေတာလား…” ချင်းယုသည် အလွန်ကိုမှ နားမကျန်းဖြစ်သော်ငြား ယခင်ကကဲ့သို့ လှပဆဲ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ဆဲပင်။ ချင်းကျောင်းရန်၏ အမူအယာကို မြင်လိုက်သည်နှင့် သူဘာတွေးနေသလဲ ဆိုသည်ကို ချက်ချင်း တန်းခန့်မှန်းမိလိုက်လေသည်။

“အဘိုးလည်း တကယ်ကို အတွေးမလွန်ချင်ဘူး… ညီလေးရန် အဲ့ဒါကို မြန်မြန် ပြန်ယူလာနိုင်ပါစေလို့ပဲ ဆုတောင်းနေတာ… ဒါပေမဲ့ သူအဲ့ဒါကို မရနိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ပြန်လာပြီး ရှင်းပြသင့်တယ်လေ… သူက အလုံးစုံ ပြည့်စုံနေတာမှ မဟုတ်တာ… သူ အဲ့ဒါကို မရနိုင်တာကို ဘိုးဘေးက ဘာလို့ သူ့ကို အပြစ်တင်ရမှာလဲ… ဒါပေမဲ့ အခုတော့ သူက…”

“အစ်ကိုရန်က အခြားကိစ္စ တစ်ခုခုကြောင့် နှောင့်နှေးနေတာ ဖြစ်ရင် ဖြစ်မှာပေါ့…” ချင်းယုက ပြောလိုက်လေသည်။ သို့သော်ငြား ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် နောက်တစ်ကြိမ် ချောင်းထပ်ဆိုးလေ၏။

“ဘိုးဘေးလည်း အဲ့လိုမျှော်လင့်တာပဲ…” ချင်းကျောင်းရန်က မဲ့ပြုံးပြုံး၍ ပြန်ပြောလိုက်လေသည်။ သို့သော်ငြား သူ့စိတ်ထဲတွင်မူသံသယဝင်နေဆဲ။

(သူနောက်ကျနေတယ် ဆိုလို့ရှိရင်တောင် အခြားတစ်ယောက်ယောက်ကို လွှတ်ပြီး သတင်းပို့လို့ရတာပဲ မဟုတ်ဘူးလား…) ချင်းကျောင်းရန်၏ စိတ်ထဲတွင်မူ ရန်ကိုင်သည် သူတို့ချင်းမိသားစု၏ အနန္တဓါးကိုယူပြီး ထွက်ပြေးသွားပြီဟုသာ ထင်နေခဲ့လေသည်။

အနန္တဓါးကဲ့သို့သော ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကို ဆုံးရှုံးလိုက်ရ၍ ဘာကိစ္စမှ မရှိချေ။ အနန္တဓါးသည် အလွန်တရာကိုမှ အဖိုးအနဂ္ဂထိုက်တန်သော်ငြား ချင်းမိသားစုသည် တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ သူတို့မိသားစုထဲ၌ ထိုအနန္တဓါး၏ စွမ်းအားကို ထုတ်ဖော်နိုင်သည့်သူ တစ်ဦးတစ်ယောက်မှ မရှိတော့ချေ။ ထို့အပြင် သူတို့ချင်းမိသားစုသည် မိသားစုငယ်လေးသာ ဖြစ်၏။ အဆင့်မြင့်ကျင့်ကြံသူတစ်ဦးဦးသာ သူတို့မိသားစု၌ ဧကရာဇ်အဆင့်ဖြစ်သော အနန္တဓါး ရှိနေကြောင်း သိသွားပါက သူတို့မိသားစု ဒုက္ခရောက်သွားနိုင်ပေသည်။

သို့သော်ငြား လူမှားပြီး ယုံကြည်လိုက်သည့် ကိစ္စကိုမူ ချင်းကျောင်းရန် အလွန်ကိုမှ စိတ်ညစ်နေမိလေ၏။ သိပ်မသိသည့် လူတစ်ယောက်အား ဤမျှ အရေးကြီးသည့် တာဝန်တစ်ခုအား ပေးလိုက်မိလေခြင်းဟု ကြိတ်၍ နောင်တရမိနေလေသည်။

သူကိုယ်တိုင်သာ ဥတုလေးမျိုးနယ်မြေထဲသို့ သွားခဲ့လျှင် ချင်းယုအတွက် မျှော်လင့်ချက် ရေးတေးတေးလေး ရှိနိုင်ပေသေးသည်။ သို့သော်ငြား ယခုမူ သူလည်း ဘာမှ မတတ်နိုင်တော့ချေ။

ကိုယ့်ကိုယ်ကို အပြစ်မကင်းစိတ်၊ ချင်းယုခံစားနေရသည်ကို ကြည့်ပြီး လိပ်ပြာမလုံစိတ်တို့ကြောင့် ချင်းကျောင်းရန်မှာ ရက်ပေါင်းများစွာ အအိပ်ပျက် အစားပျက် ဖြစ်ခဲ့ရလေသည်။

“အစ်ကိုရန် ပြန်လာမှာပါ…” ချင်းယုက ပြောလိုက်လေသည်။ “သူက အခြားသူတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး နှုတ်မဆက်ပဲ ထွက်သွားမဲ့ လူစားမျိုးမှ မဟုတ်တာ…”

“သခင်မလေး… အခုလိုအချိန်မျိုးမှာတောင် အဲ့လူအတွက် ကာပြီး ပြောပေးနေတုန်းလား….” မျက်ရည်တရွှဲရွှဲဖြင့် ဖြစ်နေသော အစေခံမလေးသည် ရပ်ကြည့်မနေနိုင်တော့သည့်အဆုံးတွင် ဝင်ပြောလိုက်လေသည်။

“နင် ဘာမှ မသိပါဘူး…” ချင်းယုက ပြစ်တင်ပြောဆိုလိုက်လေ၏။ “အစ်ကိုရန်ကို ငါသိတာ သိပ်မကြာဘူးဆိုပေမဲ့ ဘိုးဘေး သမီးမှာ ကောင်းကင်ကံကြမ္မာမျက်လုံး ရှိတယ်ဆိုတာ သိတယ်မလား… လူတွေရဲ့အပေါ် သမီးရဲ့ သုံးသပ်ချက်က ဘယ်တော့မှ မှားယွင်းလေ့မရှိဘူး…”

ထိုစကားကို ကြားသည့်အခါ ချင်းကျောင်းရန်၏ မျက်လုံးများ တောက်ပလာခဲ့ပြီး သူ့ရင်ထဲ မျှော်လင့်ချက် အရိပ်အယောင်တို့ကို ပြန်လည်မြင်တွေ့လိုက်ရလေသည်။

ချင်းယုပြောသွားသည်မှာ အမှန်ပင် ဖြစ်လေသည်။ ချင်းယု၏ကျင့်ကြံခြင်းမှာ မြင့်မားခြင်း မရှိသော်ငြား ကောင်းကင်ကံကြမ္မာမျက်လုံးအား ပိုင်ဆိုင်ထားသည့်အတွက် အခြားသူများအပေါ် သုံးသပ်နိုင်သည့် သူမ၏စွမ်းရည်သည် အလွန်တရာကိုမှ တိကျလှပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတစ်ဦးသည် ကောင်းသလား ဆိုသလား ဆိုသည်ကို သူမ ခွဲခြားနိုင်လေ၏။ ထိုလူသည် ယုံကြည်ရထိုက်သလား မယုံကြည်ထိုက်ဘူးလားဆိုသည်ကိုလည်း ခွဲခြားနိုင်သေး၏။

ချင်းယု၏ အကြံပေးချက်ကြောင့်သာ မဟုတ်လျှင် ချင်းကျောင်းရန်အနေဖြင့် သူဖုန်းစားတံဆိပ်ပြားကို ရန်ကိုင့်လက်ထဲသို့ မည်သည့်နည်းနှင့်မျှ ထည့်ပေးလိုက်လိမ့်မည် မဟုတ်ချေ။

“ဒါကြောင့် အစ်ကိုရန် အခြားကိစ္စတစ်ခုခုကြောင့် နှောင့်နှေးနေတာ ဖြစ်လိမ့်မယ်…” ထိုကဲ့သို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ချင်းယုသည် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ဘိုးဘေး… သမီးကိစ္စကို စိတ်ပူမနေနဲ့… လုပ်စရာ ရှိတာတွေသာ အရင်သွားလုပ်ထားလိုက်… သမီးက သိပ်မကြာခင် ပြန်ကောင်းလာတော့မှာ… ဟွေ့အာပြောတာ မေပယ်မြို့ထဲကို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ရောက်နေတယ်ဆို… အဲ့ထဲက လူအချို့ဆိုရင် သမီးတို့ ချင်းမိသားစုထဲမှာတောင် နေနေတာတဲ့…”

“ဟုတ်တယ်…” ချင်းကျောင်းရန်က ခေါင်းညိတ်လိုက်၏။ “ဘိုးဘေး သမီးကို ဒီအကြောင်း မပြောရတာ သမီးရဲ့ ကျန်းမာရေးအခြေအနေကြောင့်ပဲ… ဒါပေမဲ့ ကြည့်ရတာ ဒီကောင်မလေးက ဘိုးဘေးရဲ့နောက်ကွယ်မှာ အတင်းတွေ ထိုင်တုပ်နေတယ်နဲ့ တူတယ်…” ထိုကဲ့သို့ပြောရင်း ချင်းကျောင်းရန်သည် ဟွေ့အာဟုခေါ်သော် အစေခံမလေးအား စိုက်ကြည့်လိုက်လေသည်။

အစေခံမလေးသည် တံတွေးတစ်လုပ် မျိုချလျက် “သခင်မလေး စိတ်ပြေလက်ပျောက်ဖြစ်အောင် လတ်တလောထွက်နေတဲ့ သတင်းတွေအကြောင်းကို နည်းနည်းပါးပါးပဲ ပြောပြလိုက်တာပါ… နောက်တစ်ကြိမ် အခုလိုမျိုး ထပ်မလုပ်တော့ပါဘူး…”

“အဲ့လိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်ရင် ငါနင့်ခြေထောက်တွေကို ဖြတ်ပစ်မှာ…” ချင်းကျောင်းရန်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။

“ကြောက်မနေနဲ့… ဘိုးဘေး နင့်ကို ခြောက်နေတာ…” ချင်းယုက ပြုံးလျက် အစေခံမလေး၏လက်ကို ပုတ်ပေးလိုက်လေသည်။

ချင်းကောင်းရန်က သက်ပြင်းအမောကြီးချလျက် “နင်က မိသားစုထဲမှာ ရှိတဲ့ လူတွေအကုန်လုံးကို လိုက်ပြီး အလိုလိုက်ထားတာပဲ…”

“ဘိုးဘေး… အခုတစ်လော မြို့ထဲမှာ ဘာတွေဖြစ်နေတာလဲ… ဘာလို့ လူတွေအများကြီး မြို့ထဲကို ရောက်လာတာလဲ…” ချင်းယုက မေးလိုက်လေသည်။

လွန်ခဲ့သည့် နှစ်နှစ်လုံးလုံး မေပယ်မြို့မှာ လုံးဝကို မငြိမ်းချမ်းခဲ့ပေ။ ပထမဦးစွာအနေဖြင့် နတ်သားရဲဖြစ်သော လွမ်ဖုန်း ပေါ်လာသည့်အတွက်ကြောင့် ပညာရှင်ပေါင်းများစွာသည် မေပယ်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။ တောင်ဘက်နယ်မြေတစ်ခုလုံး၏ အရှင်သခင်ဖြစ်သော ကြယ်ဝိဉာဉ်နန်းတော်ပင်လျှင် ကိုယ်စားလှယ်များကို စေလွှတ်ခဲ့လေသည်။ ထို့နောက်တွင် နတ်ဆိုးချီပေါက်ကွဲမှု ဖြစ်ကာ တစ်မြို့လုံး နတ်ဆိုးချီ၏ ဝန်းရံခြင်း ခံလိုက်ရလေ၏။ ထိုအဖြစ်အပျက်ကြောင့် လူပေါင်းများစွာ မြို့ထဲ၌ သေဆုံးခဲ့ရလေသည်။

ထိုနတ်ဆိုးချီ ပေါက်ကွဲမှုကြောင့်ပင်လျှင် မေပယ်မြို့၏ အိမ်နီးနားချင်း မြို့တစ်မြို့ဖြစ်သော သစ်တောမြို့သည်လည်း မြို့လုံးကျွတ် အသတ်ခံလိုက်ရ၏။ သို့သော်ငြား အဆုံးတွင် နတ်ဆိုးချီသည် သူ့ဘာသာသူ အလိုလို ပြန်ဆုတ်သွားခဲ့လေ၏။

ထို့ကြောင့်သာမဟုတ်လျှင် ယခုအချိန်လောက်ဆိုလျှင် မေပယ်မြို့ကြီးသည် မြို့ပျက်ကြီးတစ်ခု ဖြစ်နေလောက်ပေပြီ။

ထိုကိစ္စပြီးသည့်နောက်တွင် ဧကရာဇ်အဆင့် ပညာရှင်အချို့သည် နတ်ဆိုးချီကိစ္စကို စစ်ဆေးရန်အတွက် မေပယ်မြို့ဆီသို့ ရောက်လာကြပြန်လေ၏။

ယခုတစ်ကြိမ် ပညာရှင်ပေါင်းများစွာ မေပယ်မြို့ဆီသို့ ရောက်လာရသည့် အကြောင်းအရင်းကိုမူ ချင်းယုမသိသေးချေ။ ထို့အတွက်ကြောင့် အတော်လေးသိချင်စိတ် ဖြစ်မိနေ၏။ ချင်းယုသည် ဟွေ့အာဆီမှ ကောလဟာလအချို့အကြောင်း ကြားခဲ့ရသော်ငြား အသေးစိတ်ကိုတော့ မသိပေ။

“အခုတစ်ကြိမ် အဖြစ်အပျက်က အရင်တစ်ကြိမ်က နတ်ဆိုးချီပေါ်လာတဲ့ ကိစ္စနဲ့ ပတ်သက်နေတယ်…” ချင်းကျောင်းရန်က သက်ပြင်းချလျက် ဝမ်းနည်းနေသည့် အမူအယာဖြင့် ပြောလိုက်လေသည်။

ထိုစကားကိုကြားသည့်အခါ ချင်းယု၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “အရင်တစ်ခါတုန်းက ပျောက်သွားတဲ့ နတ်ဆိုးချီ ပြန်ပေါ်လာတာလား…”

ထိုစကားကို ကြားသည့်အခါ ချင်းယုဘေးတွင် ရပ်နေသော အစေခံမလေးဟွေ့အာ ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့လေသည်။

“အဲ့ဒါမဟုတ်ဘူး…” ချင်းကျောင်းရန်က ပြန်ပြောလိုက်သည်။ “နတ်ဆိုးချီက ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး… အခုလိုတွေ ဖြစ်နေရတဲ့ အကြောင်းအရင်းက အရင်တစ်ကြိမ် အဲ့နတ်ဆိုးချီ ပေါ်လာခဲ့တဲ့ ချိတ်စည်းရဲ့အောက်မှာ အဆင့်မြင့် မြေကမ္ဘာ ချီကြောမကြီးတစ်ခု ပေါ်လာလို့ပဲ…”

“အဆင့်မြင့်မြေကမ္ဘာ ချီကြောမကြီး…” ချင်းယု၏မျက်လုံးများ တလက်လက် တောက်ပသွားခဲ့လေသည်။ “အဆင့်မြင့်မြေကမ္ဘာချီကြောမကြီးတစ်ခု သမီးတို့မေပယ်မြို့ထဲမှာ ပေါ်လာတာလား…”

ချင်းကျောင်းရန်က ရယ်မောလျက် “အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ သက်ကြားအိုကြီးတွေလည်း တော်တော်လေး အံ့အားသင့်သွားသေးတယ်… သမီးသိတယ်မလား… အဘိုးတို့မေပယ်မြို့ ဘာလို့ မြို့သေးသေးလေးတစ်မြို့ ဖြစ်နေရလဲဆိုတာ… ဘာလို့ဆို ဒီနေရာမှာ ဘာအဖိုးတန် ပစ္စည်းမှမှ မထွက်ဘဲ… ပြီးတော့ မိုးမြေစွမ်းအင် သိပ်သည်းနှုန်းကလည်း နိမ့်ကျသေးတယ်… ဒါကြောင့်ပဲ မေပယ်မြို့က အခြေအနေတွေကို မြို့သခင်တွမ့်က ကိုင်တွယ်နိုင်တာ… ဒါပေမဲ့ အခုတော့ မတူတော့ဘူး… ဒီမြေကမ္ဘာချီကြောမကြီး ထွက်လာပြီးတဲ့နောက်ပိုင်း အခြေအနေတွေက ပြောင်းကုန်ပြီ…”

“အဆင့်မြင့်မြေကမ္ဘာချီကြောမကြီးတစ်ခုလောက်နဲ့တော့ အခုလိုမျိုး မဖြစ်လောက်ဘူး… အင်အားစုကြီးတွေ ရောက်လာရတဲ့ အခြားအကြောင်းအရင်းတွေ ထပ်ရှိနေသေးတာလား…”

“ရှိတယ်…” ချင်းကျောင်းရန်၏ အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ “အဲ့အဆင့်မြင့်မြေကမ္ဘာ ချီကြောမကြီးအနီးအနားမှာ အခြား အလယ်အလတ်အဆင့် အဆင့်နိမ့် မြေကမ္ဘာချီကြောမတွေကိုလည်း ထပ်တွေ့ထားသေးတယ်… အဲ့ဒါတွေအပြင်ကိုမှ ကြည်လင်ကျောက်စိမ်းတောင်ရှိတဲ့ဘက်မှာလည်း အရင်းအမြစ်ကျောက်တစ်တွင်း တွေ့ထားသေးတယ်… အဲ့တွင်းရဲ့အဆင့်က ဘယ်လောက်ထိ ရှိလဲဆိုတာတော့ ဘယ်သူမှ မသတ်မှတ်ကြည့်ရသေးဘူး…”

ထိုစကားကို ကြားသည့်အခါ ချင်းယု ထိတ်လန့်မိသွားခဲ့လေသည်။ ယခုမှသာလျှင် မေပယ်မြို့ထဲသို့ ကျင့်ကြံသူပေါင်းများစွာ ဘာကြောင့် ရောက်ရှိလာသလဲ ဆိုသည်ကို နားလည်သွားတော့သည်။

မြေကမ္ဘာချီကြောမများစွာ ရှိနေသည့်အချက်ကို ထည့်မပြောလျှင်ပင် အရင်းအမြစ်ကျောက်တွင်းတစ်တွင်းတည်းနှင့်ပင် အင်အားစုများကြား တိုက်ပွဲတစ်ခု ဖြစ်လာရန် လုံလောက်ပေသည်။

“ကြယ်ဝိဉာဉ်နန်းတော်လို တကယ့် အင်အားစုကြီးတွေကတော့ အဲ့မြေကမ္ဘာချီကြောမကြီးတွေ အရင်းအမြစ်ကျောက်တစ်တွင်းလောက်ကို ဂရုစိုက်နေမှာမဟုတ်ဘူး… ဒါပေမဲ့ ဒုတိယအဆင့် တတိယအဆင့် အင်အားစုတွေကတော့ ငြိမ်မနေကြဘူးလေ…” ချင်းကျောင်းရန်က ဆက်ပြောလိုက်သည်။

“မေပယ်မြို့က အရင်လိုမဟုတ်တော့ဘူး… အခုမြို့ထဲမှာ တာအိုသခင် တတိယအဆင့်တွေ အများကြီးပဲ… ဒီကရတဲ့ အကျိုးအမြတ်တွေသာ ဒီထက်ပိုပြီး များပြားဦးမယ်ဆိုလို့ရှိရင် ဧကရာဇ်အဆင့်တွေတောင် ပေါ်လာနိုင်တယ်…”

ချင်းကျောင်းရန်ပြောသည်ကို သေချာ နားစိုက်ထောင်နေပြီးသည့်နောက်တွင် ချင်းယုက ပြန်ပြောလိုက်လေသည်။ “အဖိုး… အခုလိုအခြေအနေမျိုးမှာ သမီးတို့ ချင်းမိသားစု ဝင်ပါသင့်တယ်လို့ မထင်ဘူးနော်… ဒီတိုင်းပဲ စောင့်ကြည့်နေတာ ကောင်းလိမ့်မယ်…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၄၉)

“ဘိုးဘေးသိတာပေါ့…” ချင်းကျောင်းရန်က အားတင်းပြုံးလျက် “ဒါပေမဲ့ ချင်းမိသားစုက မေပယ်မြို့ထဲမှာ အမြစ်တွယ်နေခဲ့တာ ကြာပြီဆိုတော့ ဒီကိစ္စကနေ လုံးဝ ရှောင်ထွက်နေလို့မရဘူး… ဒုတိယအဆင့် တတိယအဆင့် အင်အားစုတွေကနေ ရောက်လာတဲ့ ပညာရှင်တွေက မြို့ထဲက တည်းခိုခန်းတွေမှာ မတည်းချင်ကြဘူး… မိသားစုတွေအိမ်မှာပဲ လိုက်ပြီးတော့ နေနေကြတာ… ကျိုးမိသားစု၊ တုမိသားစု၊ လျန်းမိသားစုနဲ့ ရှင်းမိသားစုတို့လည်း အင်အားစုအသီးသီးက ပညာရှင်တွေကို ဧည့်ခံထားရတယ်… မြို့သခင်စံအိမ်တောင် သူတော်စင်နန်းတော်က လူတွေကို ဧည့်ခံထားရသေးတယ်…”

“မြို့သခင်စံအိမ်တောင်လား…” ချင်းယု သူမပါးစပ်အား အလန့်တကြား အုပ်မိလိုက်လေသည်။

ချင်းကျောင်းရန်က ဆက်ပြောလိုက်လေသည်။ “သူတော်စင်နန်းတော်ကို ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးက စောင့်ကြပ်နေတာလေ… မြို့သခင်က တာအိုသခင် ဒုတိယအဆင့်ပဲ ရှိသေးတာကို ဘယ်လိုလုပ်ပြီး သွားငြင်းဆန်ရဲမှာလဲ… သူတို့နဲ့ ယှဉ်လိုက်ရင် ငါတို့ ချင်းမိသားစုက တော်တော်လေး ကံကောင်းတယ်လို့ ပြောလို့ရတယ်… မြို့သခင်စံအိမ်ကတော့ တကယ်ကို အခြေအနေဆိုးနေတာ…”

“ဘာတွေဖြစ်နေလို့လဲ…” ချင်းယုက မေးခွန်းထုတ်လိုက်လေသည်။

ချင်းကျောင်းရန်၏မျက်နှာ မဲမှောင်သွားခဲ့ပြီး ပြောလိုက်လေ၏။ “ကျွမ်းပန်ပြန်လာတယ်လေ…”

“ဘယ်လို…” ထိုစကားကို ကြားသည့်အခါ ချင်းယုမျက်နှာ မှုန်ကုပ်သွားခဲ့ပြီး အံကိုကြိတ်၍ “အဲ့အရှက်မရှိတဲ့ ငကြောက်ကောင်က ပြန်လာရဲသေးတာလား…”

မေပယ်မြို့တစ်ခုလုံးအား နတ်ဆိုးချီများမှ ဝိုင်းရံထားစဉ်က မြို့ထဲရှိ ပညာရှင်များသည် ပြင်ပကျင့်ကြံသူအချို့နှင့် ပူးပေါင်း၍ ပျက်စီးသွားသော နတ်ဆိုးချိတ်စည်းကို ပြန်ပြင်ရန် ကြိုးစားခဲ့လေသည်။ သို့သော်ငြား ထိုစဉ်က သူတို့၏တာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်သေးခင်မှာပင် ကျွမ်းပန်သည် ကြောက်ကြောက်ဖြင့် ထွက်ပြေးသွားခဲ့လေသည်။ သူ၏ ထွက်ပြေးသွားမှုကြောင့် အကုန်လုံး၏ ပူးပေါင်းမှုမှာလည်း ပျက်စီးခဲ့ရသည်။ သူတို့၏ အားကိုးရာဖြစ်သော ထောင့်ခုနှစ်သွယ်လိပ်နက်အစီအရင်မှာလည်း ၎င်း၏စွမ်းအားကို ဆုံးရှုံးလိုက်ရလေသည်။

နောက်ဆုံးတွင် တွမ့်ယွမ်ရှန်းမှာ ချင်းကျောင်းရန်နှင့် ချင်းယုတို့ကို ခေါ်ကာ မေပယ်မြို့ဆီသို့ အသက်ရှင်လျက် ပြန်လည်ထွက်ပြေး လာနိုင်ခဲ့သော်ငြား နတ်ဆိုးချိတ်စည်းကိုမူ ပြန်မပြင်နိုင်ခဲ့ပေ။ ထို့နောက် မည်သည့်အရာများ ဆက်ဖြစ်သလဲဆိုသည်ကိုမူ မည်သူမျှ မသိကြတော့ချေ။ ထိုစဉ်က ဧကရာဇ်သုံးပါး ပေါ်လာပြီးသည့်နောက် နတ်ဆိုးချီများ ပျောက်ကွယ်သွားသည့်အကြောင်းကိုသာ သူတို့သိထားကြပေသည်။

ထိုအချိန်မှစ၍ ကျွမ်းပန်ကို မေပယ်မြို့ထဲ၌ မမြင်ရတော့ခြင်းပင် ဖြစ်သည်။

ကျွမ်းပန်သည် အရက်သမားကဲ့သို့ မေပယ်မြို့၏ ဒုမြို့သခင်တစ်ဦး ဖြစ်သည်။ သူသည် တွမ့်ယွမ်ရှန်းကို မေပယ်မြို့အား ထိန်းချုပ်ရာတွင် ကူညီပေးလေသည်။ သူပျောက်ကွယ်သွားပြီးသည့်နောက်တွင် ဒုမြို့သခင်ရာထူးမှာ လစ်လပ်နေတော့လေ၏။

တွမ့်ယွမ်ရှန်းသည် ထိုရာထူးကို ရန်ကိုင့်ဆီသို့ ပေးရန် ကြိုးစားခဲ့ပါသော်ငြား ရန်ကိုင်ကမူ ယဉ်ယဉ်ကျေးကျေးဖြင့်သာ ငြင်းဆိုခဲ့လေသည်။

ထိုအဖြစ်အပျက်ပြီးသည့်နောက်တွင် မိသားစုတိုင်းမှ လူတိုင်းသည် ကျွမ်းပန်အား ခါးခါးသီးသီးကို မုန်းတီးသွားခဲ့ကြသည်။ တွမ့်ယွမ်ရှန်းဆိုလျှင် ထိုငကြောက် သစ္စာဖောက်အား နောက်တစ်ကြိမ် ပြန်တွေ့ပါက လူမြင်ကွင်းတွင် သတ်ပစ်မည်ဟုပင် ကြေညာခဲ့လေသည်။

ထိုငကြောက်ကောင်သည် လအနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် မြို့ထဲသို့ ပြန်လာရဲလိမ့်မည်ဟု မည်သူကများ ထင်ထားခဲ့ပါမည်နည်း။ ထို့အတွက်ကြောင့် ချင်းယုမှာ အလွန်ကိုမှ အံ့အားသင့်မိနေတော့လေသည်။

ချင်းကျောင်းရန်က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။ “ဒီကောင်က အရှက်မရှိနဲ့ ပြန်လာရဲရုံတင်မဟုတ်ဘူး… အခု ပြန်လာပြီးတဲ့နောက်ပိုင်း အရင်ကထက်တောင် ပိုပြီး မောက်မာလာသေးတယ်…”

“ဘာတွေဖြစ်သွားလို့လဲ…” ချင်းယုမှာ လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေလေ၏။

“ဘာတွေဖြစ်ရမှာလဲ… အဲ့သူတော်စင်နန်းတော်ရဲ့ အားကိုးကြောင့်ပေါ့…” ချင်းကျောင်းရန်က လှောင်ပြုံးပြုံးလျက် “သူတော်စင်နန်းတော်ကလူတွေကို မြို့သခင်စံအိမ်မှာ နားဖို့ အကြံပေးတာ အဲ့ကောင်ပဲလေ… အခုချိန်လောက်ဆိုရင် မြို့သခင်တွမ့် ဒုက္ခရောက်နေမှာ ကျိန်းသေတယ်…”

ထိုစကားကို ကြားပြီးသည့်နောက်တွင် ချင်းယုသည်လည်း တိတ်ဆိတ်သွားခဲ့လေသည်။

သူတော်စင်နန်းတော်၏ နောက်ခံ ရှိနေသည့်အတွက်ကြောင့် ကျွမ်းပန်အနေဖြင့် သူလုပ်ချင်သလို လုပ်နိုင်ပေလိမ့်မည်။ မြို့သခင်တွမ့်အနေဖြင့် ကျွမ်းပန်အား မည်သို့မျှ တားနိုင်လိမ့်မည် မဟုတ်ချေ။

ယနေ့အချိန်တွင် မြို့သခင်စံအိမ်ဆိုသည်မှာ ဗလာသက်သက်သာ ကျန်တော့သော နာမည်တစ်ခုသာ ဖြစ်တော့လေသည်။

“အခု မိသားစုတိုင်းက အခြေအနေ ကောင်းနေကြတာ မဟုတ်ဘူး… ကျိုးမိသားစု၊ တုမိသားစု၊ လျန်းမိသားစု နဲ့ ရှင်းမိသားစုတွေအကုန်လုံး တော်တော်လေး ဒုက္ခရောက်နေကြတာ… ရှင်းကောင်းကျယ်ဆိုရင် ငါ့ဆီကို လာပြီးတော့ သူတို့ ဘယ်လိုတွေခံစားနေရလဲ ဆိုပြီးတော့တောင် လာအထွန့်တက်သွားသေးတယ်…” ချင်းကျောင်းရန်က ခေါင်းတခါခါဖြင့် သက်ပြင်းချရင်း ပြောလိုက်လေသည်။

“အဲ့ဒါဆို သမီးတို့ ချင်းမိသားစု…” ချင်းယုသည် ပြောလက်စ စကားများကို ပြန်မျိုချလိုက်လေ၏။

“အခုအချိန်ထိတော့ အဆင်ပြေသေးတယ်…” ချင်းကျောင်းရန်က ပြောလိုက်လေသည်။ “ငါတို့ချင်းမိသားစုမှာ လာနေတဲ့ဂိုဏ်းက ဒုတိယအဆင့် အင်အားစုတစ်ခု ဖြစ်တဲ့ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းပဲ… အဲ့လမ်းစဉ်ရှစ်သွယ်ဂိုဏ်းကို ဦးဆောင်လာတဲ့ လူငယ်လေးက ကျင့်ကြံဖို့ပဲ စိတ်ဝင်စားနေတာ… ဒီတော့ ငါတို့ချင်းမိသားစုကို ဘာပြဿနာမှ မပေးဘူး… သူ့လက်အောက်ငယ်သားတွေကလည်း အတူတူပဲ… ဒီတော့ အခုချိန်ထိတော့ ငါတို့ အဆင်ပြေပြေနဲ့ ရှိနေတုန်းပဲ…”

“အဲ့ဒါဆို အဆင်ပြေပါတယ်…” ထိုစကားကို ကြားပြီးတော့မှပဲ ချင်းယု စိတ်သက်သာရာ ရသွားတော့လေ၏။

“ငါတို့ချင်းမိသားစုက တခြားမိသားစုတွေနဲ့ယှဉ်ရင် တော်တော်လေး အခြေအနေကောင်းတယ်လို့ ပြောလို့ရတယ်…” ချင်းကျောင်းရန်က ယဲ့ယဲ့လေးပြုံးလိုက်လေ၏။

သူတို့စကားပြောနေစဉ်အတောအတွင်း အပြင်ဘက်မှ အလျင်စလို ပြေးလာနေသည့် ခြေသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ခြေသံများကို ကြားပြီးသည့်နောက် ချင်းကျောင်းရန် မျက်မှောင်ကျုံ့သွားခဲ့လေ၏။

ခဏအကြာတွင် အစေခံမလေး၏ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ “ဘိုးဘေး…”

ထိုအသံမှာ ကတုန်ကယင်နှင့် ဖြစ်နေခဲ့လေ၏။

“ယုအာ… သမီးအေးဆေးနားလိုက်ဦးမယ်… အဘိုးမကြာခင် ပြန်လာခဲ့မယ်…” ဘာမဟုတ်သည့် ကိစ္စလေးများအတွက်နှင့် ချင်းယုအား စိတ်အနှောင့်အယှက် မပေးချင်သည့် အတွက်ကြောင့် ချင်းကျောင်းရန်သည် ထိုကဲ့သို့ ပြောပြီးသည့်နှင့် အခန်းထဲမှ ချက်ချင်း ထွက်သွားခဲ့လေသည်။

“ဘိုးဘေး…” ချင်းယုက အနောက်မှ လှမ်းအော်ခေါ်လိုက်လေ၏။ “သတိထားဦးနော်…”

ချင်းကျောင်းရန်သည် အသာအယာ ခေါင်းညိတ်လိုက်ပြီးသည့်နောက် အခန်းထဲမှ ထွက်သွားလေ၏။ တံခါးအား ပိတ်ပြီးသည့်နောက်တွင် အစေခံမလေးအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

အစေခံမလေး၏ မျက်နှာတစ်ပြင်လုံး မျက်ရည်စများဖြင့် ပြည့်နေခဲ့လေသည်။ စကားပြောရန် လုပ်တော့မည်အပြု ချင်းကျောင်းရန်၏အကြည့်ကြောင့် ချက်ချင်း တုံ့ဆိုင်းသွားခဲ့လေသည်။

ချင်းကျောင်းရန်သည် အိပ်ခန်းထဲမှ လမ်းလျှောက်ထွက်သွားလိုက်လေသည်။ အစေခံမလေးသည် သူ့နောက်မှ အနီးကပ်လိုက်သွားခဲ့လေသည်။

ချင်းယု၏အခန်းဆီမှ ခပ်ဝေးဝေးသို့ ရောက်လာသည့်အခါမှသာ ချင်းကျောင်းရန်က မေးလိုက်လေ၏။ “ဘာကိစ္စလဲပြော…”

“ဘိုးဘေး…” အစေခံမလေးလည်း အကြောင်းစုံကို အလျင်စလို ရှင်းပြလိုက်လေသည်။

သူမပြောပြသည်ကို ကြားပြီးသည့်နောက် ချင်းကျောင်းရန်၏မျက်နှာ မည်းမှောင်သွားခဲ့ပြီး ခြံဝန်းနောက်ဘက်ဆီသို့ အလျင်စလို ပြေးထွက်သွားလေ၏။

အခန်းထဲတွင် ရှိနေသော ချင်းယုသည် ဟွေ့အာအား ပြောလိုက်လေသည်။ “ငါ့ကို ထူပေးဦး…”

ဟွေ့အာက အထိတ်တလန့် လေသံဖြင့် “သခင်မလေး ဘာလုပ်ချင်လို့လဲ…”

“ဘာတွေဖြစ်နေလဲ သွားကြည့်မလို့… ငါ့စိတ်ထဲ မကောင်းတဲ့ခံစားချက်တွေ ရနေတယ်…” ချင်းယုက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

“ဘိုးဘေးရှိနေတာပဲ… ဘာဖြစ်နိုင်မှာမို့လို့လဲ… တကယ်ပြောရရင် အခု နာမကျန်းဖြစ်နေတဲ့လူက သခင်မလေးလေ… အိပ်ယာထဲမှာပဲ နားနေလိုက်ပါလား…”

“နင်ငါ့ကို ထူပေးမှာလား မထူပေးဘူးလား…” ချင်းယုသည် ဟွေ့အာအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ချင်းယု၏အကြည့်ကို မြင်သော် ဟွေ့အာမှာ ထိတ်လန့်သွားခဲ့ပြီး အသည်းအသန် ပြန်ပြောလိုက်လေ၏။ “သခင်မလေး ကျွန်မ ဘိုးဘေးရဲ့ အမိန့်ကို မလွန်ဆန်ရဲလို့ပါ…”

“အဲ့ဒါဆို ငါ့ဘာသာငါထမယ်…” ချင်းယုသည် အံကိုကြိတ်၍ ဖြည်းဖြည်းချင်း ထရပ်လိုက်လေသည်။ ဖြည်းဖြည်းချင်း ထရပ်လိုက်ခြင်းသာ ဖြစ်သော်ငြား သူမ၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး ချွေးသီးချွေးပေါက်များမှာလည်း နဖူးထက်ဝေ့သီလာခဲ့လေသည်။

ဘေးဘက်မှ ရပ်ကြည့်နေသော ဟွေ့အာသည် မီးခဲပေါ်ဖင်ခုထိုင်နေရသည့်အလား ဂနာမငြိမ်ဖြစ်နေကာ ချင်းယုအား ထိုကဲ့သို့မလုပ်ရန် အဆက်မပြတ် ပြောနေခဲ့လေ၏။ သို့သော်ငြား သူမ၏သခင်မလေးမှာတော့ ဟွေ့အာပြောသည့်စကားမှန်သမျှကို မကြားချင်ယောင်သာ ဆောင်နေခဲ့လေသည်။ နောက်ဆုံး ရွေးစရာမရှိသည့်အဆုံးတွင် ဟွေ့အာလည်း မနေနိုင်တော့ဘဲ ချင်းယုအား သွားကူညီပေးရတော့လေ၏။

မြို့သခင်စံအိမ်…

မြို့သခင်စံအိမ်ထဲရှိ အဓိကခန်းမထဲတွင် အသက်နှစ်ဆယ် အရွယ်ခန့်ရှိသော လူငယ်လေးတစ်ဦးသည် မိသားစုခေါင်းဆောင်ထိုင်သည့် ထိုင်ခုံနေရာတွင် ထိုင်နေခဲ့လေသည်။ လူငယ်လေး၏ကျင့်ကြံခြင်းမှာ မြင့်မားခြင်း မရှိဘဲ တာအိုသခင် ပထမအဆင့်သာ ရှိပေသည်။ သို့သော်ငြား တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူငယ်လေး၏နောက်ခံမှာ အလွန်ကိုမှ အားကောင်းကြောင်း သိနိုင်ပေသည်။

ထိုလူငယ်လေးမှာ အခြားမဟုတ်။ သူတော်စင်နန်းတော်၏ လက်ရှိသခင်လေးဖြစ်သော နင်ယွမ်ရှုပင်ဖြစ်လေသည်။

သူတော်စင်နန်းတော်၏ ယခင်သခင်လေးဖြစ်သော နင်ယွမ်ချန်း သေဆုံးသွားပြီးသည့်နောက် သူ၏ညီငယ်လေးဖြစ်သော နင်ယွမ်ရှုမှ သူ့နေရာကို အစားထိုး ယူသွားလေ၏။

တာအိုသခင်တတိယအဆင့် ပညာရှင်နှစ်ဦးသည် နင်ယွမ်ရှု၏ ဘယ်နှင့်ညာတစ်ဖက်စီတွင် အသီးသီး မတ်တပ်ရပ်နေကြလေသည်။ သူတို့နှစ်ဦးမှာ အခြားမဟုတ်။ သူတော်စင်နန်းတော်၏ လက်ယာလက်ဝဲကာကွယ်သူများ ဖြစ်ကြသော ကောင်းရှန်နှင့် လျို့ရွှေတို့သာ ဖြစ်ကြလေသည်။

ကောင်းရှန်သည် လက်ဝဲကာကွယ်သူဖြစ်ပြီး လျို့ရွှေသည် လက်ယာကာကွယ်သူဖြစ်ပေသည်။ နှစ်ဦးစလုံးသည် အသံပညာရပ်များကို ကျွမ်းကျင်ထားကြပြီး နှစ်ဦးသား အတူပူးပေါင်းတိုက်ခိုက်ရသည့် ပညာရပ်တစ်ခုကိုလည်း တက်ကျွမ်းထားကြသေး၏။

လက်ရှိတွင် နင်ယွမ်ရှုသည် စားပွဲပေါ်ရှိ အသီးများကို ပြုံးဖြီးဖြီးဖြင့် ထိုင်စားနေခဲ့လေသည်။

သူ့အောက်ဘက်တွင်မူ မေပယ်မြို့၏ ယခင် ဒုမြို့သခင်ဖြစ်ခဲ့သော ကျွမ်းပန်သည် လူကြီးတစ်ဦးအား အထင်အမြင်တသေး အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေ၏။ သူစိုက်ကြည့်နေသည့်လူမှာ အခြားမဟုတ်။ တွမ့်ယွမ်ရှန်းသာ ဖြစ်လေသည်။

တွမ့်ယွမ်ရှန်း၏ ဘေးတွင်မူ အရက်သမား ရှိနေခဲ့လေသည်။ အရက်နာကျနေသည့် အတွက်ကြောင့်လားမသိ အရက်သမား၏မျက်နှာပြင်ကြီးမှာ နီမြန်းနေခဲ့လေသည်။ ရီဝေဝေဖြစ်နေသော သူ့မျက်လုံးများသည် ဟိုကြည့်လိုက် သည်ကြည့်လိုက် လုပ်နေလေ၏။

“သခင်လေး ကျုပ်တို့ကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းများ ရှိလားမသိဘူး…” တွမ့်ယွမ်ရှန်းက လက်သီးဆုပ်၍ မပျော်မရွှင်ဖြင့် မေးလိုက်သည်။

ကိုယ့်အိမ်ကိုယ့်ယာကို သူစိမ်းလူတစ်ဦးမှ နိုင်ထက်စီးနင်း ဝင်ရောက်နေထိုင်နေသည့်အပေါ် မည်သူမဆို ဒေါသထွက်မိကြမည်မှာ သဘာဝသာ ဖြစ်လေသည်။ သို့သော်ငြား လက်ယာနှင့် လက်ဝဲကာကွယ်သူနှစ်ဦးစလုံး ရှိနေသလို သူတို့၏ သခင်လေးမှာလည်း သူတော်စင်နန်းတော်ကို ကိုယ်စားပြုနေသည့်အတွက်ကြောင့် တွမ့်ယွမ်ရှန်းမှာ ဘာဆိုဘာမှ ပြန်မလုပ်ရဲဘဲ ငြိမ်ခံနေရုံသာ တတ်နိုင်ခဲ့လေ၏။

ထိုရက်များအတွင်း သူနှင့် အရက်သမားသည် အရှုပ်အထွေး ကိစ္စများတွင် အတတ်နိုင်ဆုံး ဝင်မပါမိအောင် ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းထားခဲ့ကြလေသည်။ သို့သော်ငြား ယနေ့တွင်မူ နင်ယွမ်ရှုသည် ဘာကြောင့်မှန်းမသိ သူတို့အား ဆင့်ခေါ်ခဲ့လေသည်။

“မင်းတို့ကိုခေါ်မှတော့ အကြောင်းရှိလို့ ခေါ်တာပေါ့ကွ… ဒါပေမဲ့ အခု သခင်လေး အသီးစားနေတာကို မမြင်ဘူးလား… အဲ့မှာ ငြိမ်ငြိမ်လေး ရပ်စောင့်နေကြ…” ကျွမ်းပန်က အထက်စီးလေသံဖြင့် ပြောလိုက်လေသည်။

လွန်ခဲ့သာ လအနည်းငယ်ခန့်က ကျွမ်းပန်သည် ရန်ကိုင်နှင့်စကားများကာ တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် သူ့မှော်ရတနာမှာ ပျက်စီးသွားခဲ့ရုံမက သူကိုယ်တိုင်လည်း ဒဏ်ရာရသွားခဲ့ရလေသည်။ သို့သော်ငြား တွမ့်ယွမ်ရှန်းသည် သူ့ဘက်မှ ဝင်မကာပေးဘဲ ရန်ကိုင့်ဘက်မှ နေ၍ပင် သူ့အား ပြစ်တင်ပြောဆိုခဲ့လေ၏။

ထိုအချိန်တည်းက ကျွမ်းပန်သည် တွမ့်ယွမ်ရှန်းအား မုန်းတီးသွားခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ယခု အခွင့်အရေးရသည့်အခါ အတိုးနှင့် ပြန်ဆပ်တော့လေ၏။

“ဂေ့…” အရက်သမားသည် မပြောမဆိုပဲနှင့် ရုတ်တရက်ကြီး လေချဉ်ထတက်လေသည်။

ထိုအဖြစ်အပျက်ကြောင့် ပျော်ရွှင်ဟန်ဖြင့် အသီးထိုင်စားနေသော နင်ယွမ်ရှု၏မျက်နှာကြီး မှုန်ကုပ်သွားခဲ့လေ၏။ ဆက်မစားချင်တော့သည့်အလား စားလက်စအသီးကို ပြန်ချထားလိုက်လေတော့သည်။

“မြို့သခင်… ဂေ့… ဘာလို့ ဒီလူအိုကြီး… အဟမ်း အဟမ်း… ငါဘာလို့ ခွေးဟောင်သံကြားနေရတာလဲ… အဟမ်း အဟမ်း…” အရက်သမားမှာ သူ့စကားကို ဆုံးအောင်ပြောဖို့အရေး လေချဉ်တောက်လျှောက် တက်နေသဖြင့် ကောင်းကောင်းပြီးအောင်ပင် ပြောမသွားလိုက်နိုင်ပေ။

“မင်း…” အရက်သမား၏ စကားကို ကြားပြီးသည့်နောက် ကျွမ်းပန် ဒေါသူပုန်ထသွားခဲ့လေ၏။ အရက်သမား ဘာပြောချင်လို့ ပြောချင်နေမှန်းကို သူမသိဘဲ နေမည်လား။

သို့သော်ငြား နင်ယွမ်ရှုကမူ ပြဿနာမရှာရန် သူ့လက်ကို ဝှေ့ယမ်း၍ တားထားလိုက်လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ ကျွမ်းပန်မှာ ဆက်၍ ပြဿနာမရှာရဲတော့ဘဲ အရက်သမားကိုသာ စူးရဲစွာ စိုက်ကြည့်နေတော့လေ၏။

“မြို့သခင်တွမ့်…” နင်ယွမ်ရှုက တွမ့်ယွမ်ရှန်းအား ပြုံး၍ နှုတ်ဆက်လိုက်လေသည်။

တွမ့်ယွမ်ရှန်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။

နင်ယွမ်ရှုမှာ ပြုံးနေသော်ငြား သူ့အပြုံးဆီမှ မည်သည့်နွေးထွေးမှုကိုမှ တွမ့်ယွမ်ရှန်း မခံစားရပေ။ ထို့အစား အဆိပ်ရှိသည့် မြွေပွေးတစ်ကောင်မှ သူ့အား စိုက်ကြည့်နေသလိုသာ ခံစားနေရလေ၏။

“သခင်လေး ဘာများပြောချင်လို့လဲ မသိဘူး…” တွမ့်ယွမ်ရှန်းက အလေးအနက်အမူအယာဖြင့် မေးလိုက်လေသည်။

“အခုတစ်ကြိမ်ခရီးမှာ ဒီသခင်လေး လုံခြုံအောင်လို့ ဆိုပြီးတော့ အဖေက ကာကွယ်သူနှစ်ဦးဖြစ်တဲ့ ကောင်းရှန်နဲ့လျို့ရွှေတို့ကို ထည့်ပေးလိုက်တယ်… ရှင်းရှင်းပြောရလို့ရှိရင် သူတို့က အဖေပြီးရင် အားအကောင်းဆုံး လူတွေပဲ… ဒီတော့ ဒီလိုခရီးလေးမှာ သူတို့ကို ထည့်ပေးစရာ အကြောင်းမရှိဘူး… ဒါပေမဲ့ ဘာလို့ ထည့်ပေးလဲဆိုတာကို မြို့သခင်သိလား…” နင်ယွမ်ရှုက ပြုံးဖြီးဖြီးဖြင့်မေးလိုက်လေသည်။

တွမ့်ယွမ်ရှန်း အတွေးနက်သွားခဲ့လေသည်။ (ဒီကောင် ဘာလုပ်ချင်နေတာလဲ… မင်းကိုကာကွယ်ဖို့ မင်းအဖိုးကြီး ထည့်ပေးလိုက်တာလေ… ပြီးတော့ မင်းတို့သခင်လေးတွေပဲ အပြင်တစ်ခါသွားရင် သက်တော်စောင့်ကိုယ်စီနဲ့ ညိမ့်ချင်နေကြတာမဟုတ်ဘူးလား…”

သူ့စိတ်ထဲ ထိုကဲ့သို့ တွေးနေသော်ငြား အပြင်တော့ ထုတ်မပြောခဲ့ပေ။ “မသိပါဘူး…”

“ဟဲ ဟဲ…” နင်ယွမ်ရှုက ခပ်ဖွဖွ ရယ်မောလျက် “သူတို့က ကျုပ်ကို လုံခြုံအောင် ထားဖို့ပဲ…”

တွမ့်ယွမ်ရှန်း၏ မျက်နှာကြီး မှုန်ကုပ်သွားခဲ့လေ၏။ ထို့နောက် နင်ယွမ်ရှုအား “မင်းငါ့ကိုလာနောက်နေတာလား” ဟူသော အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း စိတ်ထဲ၌ တွေးလိုက်လေ၏။ (မင်းကို ကာကွယ်ဖို့မှန်းတော့ ငါသိတာပေါ့… အဲ့တာကတော့ လူတိုင်းသိတယ် မေးနေစရာတောင်မလိုဘူး)

နင်ယွမ်ရှုက ရုတ်တရက် ဆက်ပြောလိုက်လေသည်။ “အဖေကပြောတယ် မေပယ်မြို့တစ်ခုလုံးက ကသောင်းကနင်း ဖြစ်နေတယ်တဲ့…”

ထိုစကားကို ကြားသည့်အခါ တွမ့်ယွမ်ရှန်း မျက်မှောင်ကျုံ့သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ဘယ်တုန်းက ဒီလိုကောလဟာလတွေ ပြန့်သွားတာလဲ… ဒီတွမ့် မေပယ်မြို့ကို အုပ်ချုပ်နေတာ နှစ်နဲ့ချီနေပြီ… ဒီကကျင့်ကြံသူတွေက အရမ်းကြီး ကြင်နာတာမျိုး မဟုတ်ဘူးဆိုပေမဲ့ လူသတ်တာတွေ ဓါးပြတိုက်တာတွေကတော့ ဒီမှာဖြစ်ခဲတယ်… မေပယ်မြို့တစ်ခုလုံး ကသောင်းကနင်း ဖြစ်နေတာမျိုးကတော့ မဟုတ်ဘူးလို့ ဒီတွမ့်ထင်တာပါပဲ…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၅၀)

"တကယ်လား" နင်ယွမ်ရှုသည် ယံယဲ့လေးပြုံးလျက် တွမ့်ယွမ်ရှန်းအား စိုက်ကြည့်ရင်း မေးလိုက်လေသည်။ "အဲဒါဆိုရင် ကျုပ်အစ်ကိုကြီး ဘယ်လိုသေသွားလဲဆိုတာကို သိလို့ရမလား"

တွမ့်ယွမ်ရှန်း၏ ခန္ဓာကိုယ် တုန်ယီသွားခဲ့ပြီး မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်လေသည်။ "သခင်လေး ဘာပြောချင်နေတာလဲ"

"ဟဲဟဲ" နင်ယွမ်ရှုသည် ရယ်မော၍ ပြန်ပြောလိုက်လေသည်။ "ကျုပ်ရဲ့ အကြီးဆုံးအစ်ကို နင်ယွမ်ချန်းလေ။ မြို့သခင်သူ့ကို သိတယ်မလား..."

တွမ့်ယွမ်ရှန်း တိတ်သွားခဲ့လေ၏။ နင်ယွမ်ချန်းကို သူသိပေသည်။ နတ်သားရဲပေါ်လာစဉ်က နင်ယွမ်ချန်းသည်လည်း မေပယ်မြို့ဆီသို့ရောက်လာခဲ့၏။ ထိုစဉ်က နင်ယွမ်ချန်းသည် မေပယ်မြို့ထဲ၌ ကျင်းပသော လေလံပွဲတွင်ပင် ဝင်ရောက်ပါဝင်ဆင်နွဲခဲ့ပေသည်။

နင်ယွမ်ရှုက ဆက်ပြောလိုက်သည်။ "ကျုပ်သိထားသလောက်ဆိုရင်တော့ ကျုပ်ရဲ့ အကြီးဆုံးအစ်ကိုက မြို့သခင်တို့ မေပယ်မြို့ထဲမှာ ကျင်းပတဲ့ လေလံပွဲမှာ ဝင်ဆင်နွဲပြီးတာနဲ့ ပျောက်သွားတော့တာပဲ... သူ့အလောင်းကို မတွေ့ရပေမယ့် နန်းတော်ထဲမှာရှိတဲ့ သူ့အသက်မီးအိမ်ကတော့ ပျက်ဆီးသွားပြီ ဒီတော့ သူတစ်ခုခုဖြစ်သွားတာဆိုတာ လုံးဝသေချာတယ်... သူက မေပယ်မြို့ထဲမှာ ပျောက်သွားတာမဟုတ်တာ‌တောင် သူပျောက်သွားတဲ့နေရာက မေပယ်မြို့နဲ့တော့ မဝေးလောက်ဘူး ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့သခင်တွမ့် ကျုပ်ကို ရှင်းပြချက်တစ်ခုခုပေးသင့်တယ် မထင်ဘူးလား"

တွမ့်ယွမ်ရှန်း မသေချာမရေရာဖြစ်သွားခဲ့လေသည်။

တစ်ဖက်လူသည် သူနှင့် အကြွေးသာရှိခြင်းဖြစ်သည်ဟု တွေးမိသွားလေသည်။

နင်ယွမ်ချန်း သေသွားသည့်ကိစ္စမှာ သူနှင့် ဘာဆိုဘာမှမဆိုင်သော်ငြား ရှင်းရှင်းပြောရရင် နင်ယွမ်ချန်း သေသွားသည်ကိုပင် သူ မသိသော်ငြား နင်ယွမ်ချန်းသည် မေပယ်မြို့ထဲတွင် ပေါ်လာပြီး ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့အတွက်ကြောင့် အပြစ်တင်မည်ဆိုလျှင် မေပယ်မြို့ကိုသာ အပြစ်တင်ရပေလိမ့်မည်။ သူတော်စင်နန်းတော်သားနင်ယွမ်ချန်း ပျောက်ဆုံးသွားသည့် ကိစ္စနှင့်ပတ်သက်၍ သူ့အား တာဝန်ခံခိုင်းမည်ဆိုပါက တွမ့်ယွမ်ရှန်းအနေဖြင့် မည်သို့မှ ပြန်လည်ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ချေ။

တွမ့်ယွမ်ရှန်း၏မျက်နှာ မှုန်ကုပ်သွားသည်ကို မြင်တော့ နင်ယွမ်ရှုက ရယ်မောလျက် "မြို့သခင် လန့်မနေပါနဲ့။ ဒီကိစ္စအကြောင်းပြောရရင် ဒီသခင်လေးက မြို့သခင်ကိုတောင် ကျေးဇူးတင်ချင်နေတာ"

"သခင်လေး ဒီတွမ့်ကို လာနောက်နေတာလား" တွမ့်ယွမ်ရှန်းက မှုန်ကုပ်ကုပ်အမူအရာဖြင့် မော့ကြည့်လိုက်လေသည်။

နင်ယွမ်ရှုက ခေါင်းခါလျက် "ဘယ်လိုလုပ်ပြီးနောက်ရမှာလဲ ကျုပ်ရဲ့ အကြီးဆုံးအစ်ကိုသာ မြို့သခင်တွမ့်ရဲ့ မေပယ်မြို့ထဲမှာ ပျောက်မသွားဘူးဆိုရင် ဒီသခင်လေးလည်း ဘယ်လိုလုပ်ပြီး သူတော်စင် နန်းတော်ရဲ့ သခင်လေးဖြစ်လာနိုင်မှာလဲ ဒါ့ကြောင့် မြို့သခင်တွမ့်ကို ကျေးဇူးတင်သင့်တယ်လို့ ဒီသခင်လေးပြောနေတာ"

ထိုစကားကို ကြားပြီးသည့်နောက် ပျော်ရမည့်အစား တွမ့်ယွမ်ရှန်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။

နင်ယွမ်ရှုသည် သူ့အစ်ကိုအကြီးဆုံး သေသွားသည့်ကိစ္စနှင့် ပတ်သက်၍ အလွန်ကိုမှ ဝမ်းသာအားရဖြစ်မိကြောင်းကို လူရှေ့သူရှေ့တွင် ပွင့်ပွင့်လင်းလင်း ဝန်ခံနေခဲ့သည်။

ထိုအချက်ကို ကြည့်ရုံဖြင့် နင်ယွမ်ရှု၏ စရိုက်ကို မြင်တွေ့နိုင်ပေသည်။ ထိုကဲ့သို့သော လူမျိုးအား ပေါ့ပေါ့သေးသေးသွားမှတ်ယူ၍ မဖြစ်ချေ။

နင်ယွမ်ရှုက ဆက်၍ပြောလိုက်လေသည်။ "အဲဒီအမှိုက်သေသွားတာက ဘာမှဝမ်းနည်းစရာ မကောင်းပေမယ့် သူသေသွားတဲ့ကိစ္စက ဂိုဏ်းအတွက် မျက်နှာပျက်စရာပဲ ပြီး‌တော့ သူသေတဲ့ကိစ္စကို လာစုံစမ်းတဲ့ အကြီးအကဲဖုလည်း ဒီမေပယ်မြို့ထဲမှာပဲ သေသွားတယ်... အကြီးအကဲဖုက တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ယောက်ပဲ ဒီတော့ ဂိုဏ်းအတွက် တော်တော်လေးအရေးကြီးတဲ့ လူတစ်ယောက်လို့ပြောလို့ရတယ် သူသေတဲ့ကိစ္စကိုတော့ မစုံစမ်းပဲ နေလို့မရတော့ဘူး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မြို့သခင်ကျုပ်ကို ရှင်းပြချက်ပေးသင့်တယ်လို့မထင်ဘူးလား..."

နောက်ဆုံးစကားကို ပြောပြီးသွားချိန် တွမ့်ယန်ရှန်း၏ မျက်နှာမှာရုတ်ချည်း အေးစက်သွားခဲ့လေသည်။

"အကြီးအကဲဖု..." တွမ့်ယွမ်ရှန်းကြောင်သွားခဲ့လေသည်။၊ အခုတစ်ယောက်ယောက်အား စဉ်းစားမိသွားသည့်အလား တွန့်ယွမ်ရှန်း၏ မျက်နှာ မဆိုသလောက်လေး ပြောင်းလဲသွားခဲ့ပြီး တိုးတိုးလေးပြောလိုက်လေ၏။ "သခင်လေးပြောချင်နေတာ ဒီတစ်ယောက်လား" ပြောပြီးသည့်နောက်တွင် သူ့လက်ကို ဝှေ့ယမ်း၍ အရင်းမြစ်ချီကိုသုံးကာ လူတစ်ဦး၏ ပုံစံကို ပုံဖော်လိုက်လေသည်။

ထိုလူကို ကြည့်ပြီးသည့်‌နောက် နင်ယွမ်ရှုက ခေါင်းညိတ်၍ပြောလိုက်သည်။ "ဟုတ်တယ် သူက ကျုပ်ဂိုဏ်းက ဖုစီတုံးပဲ"

ထိုစကားကို ကြားသည့်အခါ တွမ့်ယွမ်ရှန်း၏ အမူအရာ အပြောင်းလဲချည်း ပြောင်းလဲသွားခဲ့ပြီး ရေရွတ်လိုက်လေ၏။ "သခင်လေးတို့ဂိုဏ်းရဲ့ အကြီးအကဲဖြစ်နေတာကိုး သူ့ကျင့်ကြံခြင်း ဒီလောက်မြင့်နေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး..."

နင်ယွမ်ရှု ပြောသည့်အခါမှသာ ထိုလူအကြောင်းကို တွမ့်ယွမ်ရှန်း ရုတ်တရက် ပြန်စဉ်းစားမိသွားခဲ့သည်။ ထိုလူသည် သူတော်စင်နန်းတော်၏ အကြီးအကဲဖု ဖြစ်နေလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ချေ။

တွမ့်ယွမ်ရှန်းသည် အကြီးအကဲဖုနှင့် မရင်းနှီးချေ။ မေပယ်မြို့တစ်ခုလုံးအား နတ်ဆိုးချီများဖြင့် ဝန်းရံသွားစဉ်က တွမ့်ယွမ်ရှန်းသည် အကြီးအကဲဖု၏ အကူအညီကိုယူကာ ချင်းမိသားစုမှ ပေးသော ထောင့်ခုနှစ်သွယ်လိပ်နတ် အစီအရင်အကူအညီဖြင့် နတ်ဆိုးချိပ်စည်းကို ပြန်ပြင်ရန်ကြိုးစားခဲ့သည်။ ထိုစဉ်က အကြီးအကဲဖုအပြင် သူနှင့် အဆင့်တူကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦးလည်း ရှိနေပေသည်။ သူတို့နှစ်ဦးစလုံး၏ နောက်ခံမှာ သာမန်ဟုတ်လိမ့်မည် မဟုတ်မှန်း သိထားသော်ငြား သူတို့၏ နောက်ခံကိုမူ သွားမစစ်ဆေးရဲခဲ့ပေ။

ယနေ့မှသာ ထိုနှစ်ဦးအနက် တစ်ဦးသည် သူတော်စင်နန်းတော်၏ အကြီးအကဲတစ်ဦးဖြစ်နေမှန်း သိခဲ့ရသည်။

ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် တွမ့်ယွမ်ရှန်းက လက်သီးဆုပ်လျှက် ပြန်ပြောလိုက်လေသည်။ "အကြီးအကဲဖု ဘယ်လိုသေသွားမှန်း သိချင်တာဆိုရင်‌တော့ ဒီတွမ့် တစ်ခုနှစ်ခုတော့ ပြောပြလို့ရပါတယ်"

"အိုး နားထောင်ကြည့်ရတာပေါ့" နင်ယွမ်ရှု မျက်မှောင်ကြုတ်သွားခဲ့လေသည်။

"လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ဒီမေပယ်မြို့အနားတစ်ဝိုက်မှာ ရှေးဟောင်းမဟာနတ်ဆိုးပြန်ရှင်လာတဲ့ကိစ္စတွေ နတ်ဆိုးချီပေါက်ကွဲလာတဲ့ ကိစ္စတွေ အကြောင်းကို သခင်လေးကြားခဲ့မှာပေါ့" ထိုသို့ ဇာတ်လမ်းစရင်း တွမ့်ယွမ်ရှန်းသည် ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံနှင့် ကျွမ်းပန်၏ သွေးကြောင်ကာ အကုန်လုံးအား ထား၍ ထွက်ပြေးသွားခဲ့ပုံတို့ကိုပါ ပြောပြလိုက်လေသည်။

တွမ့်ယွမ်ရှန်းပြောသည်ကို ကြားပြီးသည့်နောက် ကျွမ်းပန်၏ မျက်နှာသည် နီရာမှ စိမ်းသွားခဲ့လေ၏။ သို့သော်ငြား တွမ့်ယွမ်ရှန်းပြောသည်မှာ အမှန်တရားဖြစ်နေသဖြင့် မည်သို့မှ ပြန်မပြောရနိုင်အောင်ဖြစ်နေခဲ့ရလေသည်။

ကောင်းရှန်နှင့် လျိုရွှေတို့မှာ ပိုမိုအထင်မြင်သေးသည့် အကြည့်များဖြင့် စိုက်ကြည့်လာကြသည့် အတွက်ကြောင့် ကျွမ်းပန်မှာ တွင်းတစ်တွင်းတူးပြီးတော့သာ ပြေးပုန်းချင်စိတ်များ ဖြစ်လာခဲ့ရလေသည်။

"အဲဒီတုန်းက အစီအရင်ပျက်ဆီးသွားတော့ နတ်ဆိုးချီက တောက်လျှောက်ကို ပျံ့ထွက်လာရော... ဒီတွမ့်လည်း ဘယ်လိုမှ မခုခံနိုင်တော့တဲ့အဆုံး မေပယ်မြို့ဆီ အမြန်ပြန်လာခဲ့ရတယ် ဒါပေမယ့် အကြီးအကဲဖုကတော့ ချက်ချင်းပြန်မလာဘူး အဲ့မှာပဲ နေခဲ့တယ် အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်လဲဆိုတာကိုတော့ ဒီတွမ့် မသိတော့ဘူး... ဒါပေမယ့် အကြီးအကဲဖုသေသွားတယ်ဆိုမှတော့ အဲ့နတ်ဆိုးချီကြောင့် ဒဏ်ရာရသွားလို့ပဲ ဖြစ်လောက်တယ်"

"ကျုပ်သိပြီ" နင်ယွမ်ရှုသည် တွမ့်ယွမ်ရှန်း၏ စကားကို သံသရမဝင်ခဲ့ပေ။ ခဏလောက်စဉ်းစားပြီးသည့်နောက် ပြန်၍ပြောလိုက်၏။ "ဒါဆိုရင် ဒီကိစ္စက မြို့သခင်တွမ့်ရဲ့အပြစ်မဟုတ်တော့ဘူး လက်ထောက်အကြီးအကဲကျွမ်းရဲ့ အပြစ်ဖြစ်သွားပြီ"

ချက်ချင်းဆိုသလို နင်ယွမ်ရှုသည် ကျွမ်းပန်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။

ကျွမ်းပန်၏ ကျင့်ကြံခြင်းမှာ နိမ့်ကြခြင်းမရှိ။ သူ၏ ကျင့်ကြံခြင်းမှာ တာအိုသခင်အဆင့်သို့ ရောက်နေသည့်အတွက်ကြောင့် သူတော်စဉ်နန်းတော်ထဲသို့ နောက်ကျမှဝင်ခဲ့သည့်တိုင် လက်ထောက်အကြီးအကဲရာထူးသို့ ရခဲ့ပေသည်။ သူတော်စင်နန်းတော်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူ့အနာဂတ်မှာ ဖြောင့်ဖြူးသွားပြီဟု ထင်ခဲ့ပါသော်ငြား တွမ့်ယွမ်ရှန်း၏ စကားအချို့ကြောင့် ဒုက္ခကောင်းကောင်းနှင့် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျွမ်းပန်သည် တွမ့်ယွမ်ရှန်းအား စိတ်ထဲနေ၍မှသာ ကြိတ်၍ကျိန်ဆဲတော့လေသည်။

နင်ယွမ်ရှန်း၏ အေးစက်စက်အကြည့်ကို သတိပြုမိလိုက်သော ကျွမ်းပန်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ချက်ချင်း ဒူးထောက်ကျသွားခဲ့လေသည်။ ထို့အတွက်ကြောင့် တွ့မ်ယွမ်ရှန်းနှင့် အရက်သမားမှာ သူ့အား ပို၍အထင်သေးသွားခဲ့လေ၏။

"ကျေးဇူးပြုပြီး နားလည်ပေးပါသခင်လေး အဲဒီနေ့တုန်းက အခြေအနေက တွမ့်ယွမ်ရှန်းပြောသလို လုံးဝမဟုတ်ရပါဘူး ဒီလက်အောက်ငယ်သား ပြန်ဆုတ်သွားရတဲ့အကြောင်းအရင်းက တကယ်တော့ တကယ်တော့..." ထိုနေရာသို့အရောက်တွင် ကျွမ်းပန်မှာ မည်သို့ ဆက်ပြောရမှန်းမသိဖြစ်သွားကာ ချွေးအေးတို့ နဖူးထက်ဝေ့သီလာခဲ့လေသည်။

"တကယ်တော့ ဘာဖြစ်လဲ" နင်ယွမ်ရှုသည် လှောင်ပြုံးပြုံးလျက် စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်လေသည်။ "မင်းငါ့ကို ကျေနပ်လောက်မယ့် အဖြေတစ်ခုပေးရင်ကောင်းလိမ့်မယ်နော်"

တကယ့်အခြေအနေ အရောက်တွင် ကျွမ်းပန်၏ ခေါင်းထဲ မီးတစ်ချက် ပွင့်သွားခဲ့လေ၏။ "ဒီလက်အောက်ငယ်သားက အဲ့မှာဆက်နေလဲ ဘာမှအကျိုးထူးမှာ မဟုတ်မှန်းသိတော့ မြန်မြန်ပြန်ဆုတ်လာပြီးတော့ သခင်လေး လက်အောက်ကို လာပြီး‌တော့ ခစားတာပါ..."

ပြောပြီးသည့်နောက်တွင် နင်ယွမ်ရှုအား ဖားဖားယားယားပြုံးလျက် ကြည့်လိုက်လေသည်။

"ဒီကောင် တကယ်ကို အဖားတော်တာပဲကွ" တွမ့်ယွမ်ရှန်းသည် သူ့ဘေးနားတွင် ရပ်နေသော အရက်သမားအား တိုးတိုးလေးပြောလိုက်လေ၏။ "ဒီကောင် ဒီလောက်စကားပြောတော်မှန်း ငါလုံးဝမသိခဲ့ဘူး"

တွမ့်ယွမ်ရှန်းသည် လေသံကို တိုး၍ပြောလိုက်သော်ငြား အခန်းထဲတွင် ရှိနေသည့် လူအားလုံးမှာ တာအိုသခင်အဆင့်ပညာရှင်များဖြစ်ကြသည့် အတွက်ကြောင့် သူပြောသည်ကို အထင်းသား ကြားလိုက်ရပေသည်။

"ဂေ့" အရက်သမားသည် မျက်စိမပွင့်တပွင့်နှင့် လေချဉ်ထတက်လေ၏။

ကျွမ်းပန်မှာ တွမ့်ယွမ်ရှန်းနှင့် အရက်သမားတို့နှစ်ဦးအား စူးရဲစွာစိုက်ကြည့်လိုက်လေသည်။ တွမ့်ယွမ်ရှန်းပြောသည့် စကားကို ကြားပြီးသည့်နောက် ကျွမ်းပန်မှာ အလွန်ကိုမှ ရှက်သွားခဲ့လေသည်။

"အခုလို သစ္စာရှိတာ လက်ထောက်အကြီးအကဲကျွမ်း တော်တယ်လို့ပြောရမှာပေါ့ ရော့ ဒီမှာ ဆု" နင်ယွမ်ရှုမှာ ကျွမ်းပန်ပြောသည်ကို ကြားပြီးသည့်နောက် ခေတ္တမျှအံ့အားသင့်သွားခဲ့သည်။ ထို့နောက်တွင် ရုတ်တရက် ချိုသာစွာပြုံး၍ အသီးတစ်လုံးကို ကျွမ်းပန်ဆီသို့ ပစ်ပေးလိုက်လေသည်။ ထိုအသီးသည် ကြမ်းပြင်တစ်လျှောက် လှိမ့်ကျသွားခဲ့ပြီးသည့်နောက် ကျွမ်းပန်ရှေ့တွင် ရပ်သွားခဲ့လေ၏။

ကျွမ်းပန်မှာတော့ ထိုကိစ္စနဲ့ပတ်သက်၍ အနည်းငယ်မျှပင် ရှက်ရွံ့နေခြင်း မရှိဘဲ ရယ်မော၍ပင် လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေ၏။ "အခုလို ဆုပေးတဲ့အတွက် သခင်လေးကို ကျေးဇူးအများကြီးတင်ပါတယ်"

ထို့နောက် ဦးညွှတ်ချလိုက်လေ၏။ နင်ယွမ်ရှုပေးသည့်အသီးကို ကောက်ယူ၍ ခွေးတစ်ကောင်အတိုင်း အားပါးတရစားတော့လေသည်။

ထိုမြင်ကွင်းကို မကြည့်နိုင်တော့သည့်အဆုံးတွင် တွမ့်ယွမ်ရှန်းသည် ချက်ချင်းအကြည့်လွှဲဖယ်လိုက်လေ၏။ ဤကဲ့သို့သော လူတစ်ဦးနှင့် အတူလက်တွဲလုပ်ခဲ့ရသည့်အကြောင်း ပြန်စဉ်းစားမိလိုက်ရုံဖြင့် တွမ့်ယွမ်ရှန်းစိတ်ထဲ အော်ကလီဆန်သလို ခံစားလာရလေသည်။

"မြို့သခင်တွမ့်" နင်ယွမ်ရှုသည် တွမ့်ယွမ်ရှန်းဘက်သို့လှည့်၍ ထပ်ပြောလိုက်လေ၏။ "ဒီသခင်လေး တောင်းဆိုစရာတစ်ခုရှိတယ်"

"ကျေးဇူးပြုပြီး ပြောပါသခင်လေး"

နင်ယွမ်ရှုက စပြောလိုက်လေသည်။ "ဒီသခင်လေးက အပြင်လူတစ်ယောက်ပဲ အဲ့တော့ မေပယ်မြို့ထဲမှာဆိုရင် မြို့သခင်လောက် အာဏာမရှိဘူး ဒါကြောင့် မြို့သခင်ကို ကျုပ်အစ်ကိုသေတဲ့ ကိစ္စကူပြီး စုံစမ်းပေးဖို့ တောင်းဆိုချင်တယ် တစ်ယောက်ယောက်က သူ့ကိုသတ်သွားတယ်ဆိုရင် အဲဒီသတ်သွားတဲ့သူကို ကျိန်းသေရှာတွေ့ရမယ်"

တွမ့်ယွမ်ရှန်းက ပါးစပ်ဟ၍ တစ်ခုခုပြောတော့မည်အပြု ကျွမ်းပန်က စိတ်အားထက်သန်နေသည့် အမူအရာဖြင့် ပြောလိုက်လေသည်။ "သခင်လေးချန်း ဘယ်လိုသေသွားလဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းချင်တာဆိုရင် ဒီလက်အောက်ငယ်သား တွေးမိတဲ့လူတစ်ယောက်ရှိပါတယ်..."

"အို" နင်ယွမ်ရှုက ကျွမ်းပန်အား အံ့အားသင့်နေရင်းကြည့်၍ "မင်းဘာသိထားတာလဲ ပြောကြည့်စမ်းပါဦး"

"အရင်တုန်းက ဒီမှာပျံသန်းရေးမှော်ရတနာတစ်ခုကိုသုံးခဲ့တဲ့ မျိုးရိုးနာမည်ရန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ပါတယ်" ကျွမ်းပန်က ပြောလိုက်လေသည်။ "လက်အောက်ငယ်သား သိသလောက်ဆိုရင်တော့ သခင်လေးချန်းကလဲ အဲဒီပျံသန်းရေးမှော်ရတနာကို သုံးခဲ့ဖူးပါတယ်။ ဒီလက်အောက်ငယ်သား ထင်တာမမှားရင် အဲဒီမျိုးရိုးနာမည်ရန်နဲ့ကောင် သခင်လေးချန်းသေသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတစ်ခုခု ကျန်းသေသိထားပါလိမ့်မယ်။ သူကိုယ်တိုင်ကတောင် သခင်လေးချန်းကို သတ်ပြီး အဲ့ပျံသန်းရေးမှော်ရတနာကို လုယူထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်"

"အဲ့လိုလား" နင်ယွမ်ရှု၏ မျက်လုံးထဲအေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေ၏။

"ဟုတ်ပါတယ်"

ကျွမ်းပန် ပြောပြီးသွားသည်နှင့် တပြိုင်နက် နင်ယွမ်ရှုသည် ကျွမ်းပန်အား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ ကျွမ်းပန်မှာ ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အငိုက်မိသွားခဲ့လေ၏။ သို့သော်ငြား အသိပြန်ဝင်ဝင်ခြင်း ခုခံတော့မည်အပြု နင်ယွမ်ရှန်းဘေးတွင် မျက်လုံးပိတ်ကာရပ်နေသော အကြီးအကဲကောင်းရှန်သည် ရုတ်တရက် ပါးစပ်ဟကာ အသံလှိုင်းတစ်ခုကို ကျွမ်းပန်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

ထိုအသံလှိုင်းကြောင့် ကျွမ်းပန်တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေ၏။ ချက်ချင်းဆိုသလို နင်ယွမ်ရှု၏ လက်ဝါးရိုက်ချက်သည် ကျွမ်းပန်၏ ရင်ဘက်တည့်တည့်ကို လာမှန်လေသည်။ နာကျင်စွာ အော်ဟစ်ရင်းနောက်သို့ လွင့်ပြန်ထွက်သွားခဲ့ပြီး ခန်းမနံရံနှင့် သွားဆောင့်လေ၏။ ထို့နောက် ကျွမ်းပန် သွေးတစ်ပွက်အန်ချလိုက်လေသည်။

"သခင်လေး..." သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်ပြီးသည့်နောက်တွင် ကျွမ်းဖန်က ပြာယာခက်နေသည့် လေသံဖြင့် "ဘာလို့လဲ"

နင်ယွမ်ရှုက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုပ်လျက် "ဒီအကြောင်းကို အစောကြီးကတည်းက သိနေရင် ဘာဖြစ်လို့ ငါ့ကိုမပြောတာလဲ"

ထိုစကားကြောင့် ကျွမ်းပန်မှာ မှင်တက်သွားခဲ့ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ ထို့နောက် ရေရွတ်လိုက်လေ၏။ "လက်အောက်ငယ်သား ထင်တာက..."

"မင်း ဘာထင်တာလဲ" နင်ယွမ်ရှုက ကျွမ်းပန်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်လျက် "အဲဒီအမှိုက်ကောင် ဘယ်လိုသေသွားလဲဆိုတာ ငါမသိချင်ဘူးလို့ မင်းထင်ထားတာလား။ ငါသူ့ကို အမြင်ကတ်ပေမယ့် သူက ငါတို့ ဂိုဏ်းသားတစ်ယောက်ဖြစ်နေတုန်းပဲ... ငါတို့ဂိုဏ်းသားတစ်ယောက် လူမသိသူမသိ သေသွားတာဖြစ်စရာလား... ဒီကိစ္စကို ကျိန်းသေစုံစမ်းရမယ် သူ့ကိုသတ်သွားတဲ့ လူကိုလည်း ပြင်းပြင်းထန်ထန်အပြစ်ပေးရမယ်"

"ဟုတ်ပါတယ် ဟုတ်ပါတယ် လက်အောက်ငယ်သား မစဉ်းစားမိလိုက်တာပါ" ကျွမ်းပန်က ချက်ချင်းပြန်တောင်းပန်လိုက်လေ၏။

"အဲဒီမျိုးရိုးနာမည်ရန်နဲ့ကောင် အခုဘယ်မှာလဲ" နင်ယွမ်ရှုက မေးလိုက်လေသည်။

"အဲဒီလူအကြောင်းကို သိချင်ရင် မြို့သခင်တွမ့်ကို မေးမှပဲ ရပါလိမ့်မယ် သခင်လေး" ကျွမ်းပန်သည် သူ့ပါးစပ်ထောင့်မှ စီးကျနေသော သွေးများကိုသုတ်ရင်း တွမ့်ယွမ်ရှန်းအား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်လိုက်လေသည်။

နင်ယွမ်ရှုသည် တွမ့်ယွမ်ရှန်းဘက်သို့ လှည့်ကြည့်လိုက်လေ၏။

တွမ့်ယွမ်ရှန်းက မျက်မှောင်ကြုတ်လျက် "သူမေပယ်မြို့က ထွက်သွားတာကြာပါပြီ သခင်လေး... သူအခုဘယ်ရောက်နေလဲဆိုတာကို ဒီတွမ့်မသိတော့ပါဘူး"

"သူဘယ်ဂိုဏ်းကလဲ မေပယ်မြို့ထဲမှာ သူနဲ့ ရင်းနှီးတဲ့သူ တစ်ယောက်ယောက်ရှိလား" နင်ယွမ်ရှုက ထပ်မေးလိုက်သည်။

"သူ ဘယ်ဂိုဏ်းကလည်းဆိုတာကိုလည်း ဒီတွမ့်မသိပါဘူး... လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မေပယ်မြို့ထဲကို သူရောက်လာခဲ့တာပါ ကြည့်ရတာမြို့ထဲမှာ ဆွေမျိုးသားချင်းတွေရှိတဲ့ပုံ မပေါ်ပါဘူး"

All Chapters