အခန်း (၂၂၅၁-၂၂၅၅)
Vol. 91 Ch. 2251-2255
အပိုင်း (၂၂၅၁)
ချင်းမိသားစု ခြံဝန်း...
ချင်းကျောင်းရန်သည် နောက်ဘက်ခြံဝန်းဆီသို့ စိုးရိမ်တကြီး ပြေးထွက်သွားခဲ့လေသည်။ ထိုနေရာသို့ရောက်သော် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ၏အမူအရာလေးနက်တည်ကြည်သွားခဲ့လေ၏။
အနောက်ဘက်တွင် လူများအုတ်အုတ်ကျက်ကျက် ဖြစ်နေကြလေသည်။ အချို့မှာ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များဖြစ်ကြပြီး အချို့မှာတော့ ချင်းမိသားစု၏ အစောင့်များနှင့်အစေခံများဖြစ်ကြလေသည်။
လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် လူအရေအတွက်နည်းသော်ငြား အကုန်လုံးမှာ တာအိုသခင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အား ဝန်းရံထားသည့် ချင်းမိသားစုမှ အစောင့်များမှာမူ တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများနှင့် တန်ခိုးရှင်အဆင့်ကျင့်ကြံသူများသာဖြစ်ကြလေသည်။
အရည်အတွက်နည်းသော်ငြား လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ ခွန်အားမှာ ချင်းမိသားစု၏အစောင့်များထက် အများကြီးပိုမြင့်သည်ဟု ပြော၍ရပေသည်။
အခြေအနေမှာအနည်းငယ်တင်းမာနေခဲ့လေသည်။ သွေးနံ့အချို့ဟာလည်း လေထဲပျံ့နေခဲ့လေ၏။
ခြေသံများထွက်ပေါ်လာသည့်အတွက်ကြောင့် လှည့်ကြည့်လိုက်ရာ ချင်းကျောင်းရန်မှန်း သိလိုက်သော် အစောင့်များ စိတ်လှုပ်ရှားသွားခဲ့ကြပြီး လှမ်းအော်ခေါ်လိုက်ကြလေ၏။ "ဘိုးဘေး။"
လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များ၏အမူအရာမှာတော့ မှုန်ကုပ်သွားကုန်ကြလေသည်။
ချင်းကျောင်းရန်သည် အသာအယာခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ရှေ့တည့်တည့်သို့ လျှောက်သွားလိုက်လေ၏။ လူအုပ်ကြီးသည် သူ့အတွက်ချက်ချင်း လမ်းဖယ်ပေးလိုက်ကြလေသည်။
လူအုပ်ကြီး၏ အလယ်ဗဟိုသို့ရောက်သော် မြေပြင်ပေါ်တွင်လဲနေသည့် အရာကိုမြင်ပြီးသည့်နောက် ချင်းကျောင်းရန် မျက်လုံးမှေးဆင်းသွားပြီး ဒေါသပုန်ထသွားခဲ့လေ၏။
သွေးသံသရဲရဲဖြစ်နေသော ပုံပျက်ပန်းပျက်အမျိုးသမီး အလောင်းတလောင်း မြေပြင်ပေါ်တွင် ရှိနေခဲ့လေသည်။ ထိုအမျိုးသမီးအလောင်းမှာ အခြားမဟုတ် ချင်းမိသားစု၏အစေခံမလေးတစ်ဦးသာ ဖြစ်နေသည်။ သူမအတွက် တရားမျှတမှုရှာပေးရန် အော်ဟစ်တောင်းဆိုနေသည့်အလား အမျိုးသမီး၏အသက်မဲ့သော မျက်ဝန်းများသည် ချင်းကျောင်းရန်တည့်တည့်အားစိုက်ကြည့်နေခဲ့လေသည်။
အလောင်း၏ရင်ဘတ်နေရာသည် အလွန်ပြင်းထန်သည့် အားတစ်ခု၏ထိမှန်ခြင်း ခံလိုက်ရသည့်အလား ချိုင့်ဝင်နေခဲ့လေသည်။ ကိုယ်တွင်းအင်္ဂါအချို့ပင်လျှင် အမျိုးသမီးအလောင်း၏ ပါးစပ်ဆီမှ ထွက်ကျနေခဲ့လေ၏
ထိုမြင်ကွင်းကိုကြည့်ရင်း ချင်းကျောင်းရန် အလွန်ကိုမှ ဒေါသပုံထလာခဲ့လေ၏။ သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီသည်လည်း စတင်၍မတည်မငြိမ်ဖြစ်လာခဲ့လေသည်။
လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ တပည့်များသည် တစ်ဦးကိုတစ်ဦး ကသိကအောက်အမူအရာများဖြင့် ကြည့်နေခဲ့ကြလေသည်။ သိုသော်ငြား အကုန်လုံးသည်အသားဖြူဖြူ ရုပ်ချောချော လူငယ်လေးတစ်ဦးကို အထူးတလည်စိုက်ကြည့်နေကြလေ၏။
"ဘယ်သူလုပ်တာလဲ။" အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့် နောက်တွင် ချင်းကျောင်းရန်သည် အသက်ပြင်းပြင်းရှုသွင်းလျက် အော်မေးလိုက်လေသည်။ သူ့လေသံမှာ တည်ငြိမ်နေဟန်ရသော်ငြား ကတုန်ကရင်ဖြစ်နေသော လေသံသည် သူ၏စိတ်ကို မည်မျှချုပ်တည်းထားရကြောင်း ဖော်ပြနေခဲ့လေ၏။
ထိုသို့ အော်မေးပြီးသည့်နောက်တွင် ခေါင်းမော့၍ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှလူများကို ဝေ့ကြည့်လိုက်လေ၏။ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များသည် ချင်းကျောင်းရန်နှင့် အကြည့်ချင်း မဆိုင်ရဲသည့်အတွက်ကြောင့် ချက်ချင်း မျက်နှာလွှဲဖယ်သွားခဲ့ကြလေသည်။
"ဒါဘယ်လိုဖြစ်သွားတာလဲ မင်းတို့ထဲမှာ သိတဲ့သူရှိလား။ သိရင်ရှေ့ထွက်လာပြီးပြော ကြောက်မနေနဲ့။" ချင်းကျောင်းရန်သည် သူ့မိသားစု၏အစောင့်များနှင့် အစေခံများကိုကြည့်ရင်း အော်ပြောလိုက်လေသည်။
ငိုထားရသည့်အတွက်ကြောင့်မျက်လုံးများ မို့အစ်လျက် ဖြူဖတ်ဖြူရော်ဖြစ်နေသော အစေခံမလေးတစ်ဦးသည် နှုတ်ခမ်းကိုကိုက်ရင်း ရှေ့သို့တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ထွက်လာခဲ့လေသည်။ ထို့နောက်မျက်ရည်များကို သုတ်ရင်း ချင်းကျောင်းရန်ရှေ့ ဒူးထောက်ချကာ အော်ငိုတိုင်တော့လေ၏။ "ဘိုးဘေး ကျေးဇူးပြုပြီး ရှောင်ဟွမ်အတွက်လက်စားချေပေးပါ။"
"မတ်တတ်ရပ်ပြီး ဘာဖြစ်သွားလဲ ငါ့ကိုပြော။" ချင်းကျောင်းရန်က ထိုအစေခံမလေးအား ကူ၍ထူမပေးလိုက်လေသည်။
မတ်တပ်ရပ်ပြီးသည့်နောက် ထိုအစေခံမလေးသည်လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များဆီသို့လှမ်းကြည့်လိုက်လေသည်။ သူမစိုက်ကြည့်နေသည့် လူသည် သူမအား စူးရဲစွာပြန်စိုက်ကြည့်နေသည်ကို မြင်သော် အစေခံမလေး၏ မျက်နှာဖြူလျော်သွားခဲ့ပြီး ကြောက်လန့်တကြားထအော်လေ၏။
ထိုအချက်ကို သတိပြုမိသော ချင်းကျောင်းရန်သည် အစေခံမလေး၏ပုခုံးကို ကိုင်လျက် သူ့အရင်းအမြစ်ချီ အချို့ထည့်သွင်းပေးလိုက်လေသည်။ ထိုနောက်နှစ်သိမ့်ပေးလိုက်၏။ "ငါရှိနေတယ် ဘယ်သူမှနင့်ကို ထိခိုက်အောင်လုပ်လိုရမှာမဟုတ်ဘူး ပြောသာပြော။"
"ဟုတ်ကဲ့..." အစေခံမလေးသည် ခေါင်းညိတ်၍ စပြောပြတော့၏။ "ဘိုးဘေးအမိန့်အတိုင်း ရှောင်ဟွမ်နဲ့ ကျွန်မက ဒီကလူကြီးမင်းတွေရဲ့ နေ့စဉ်ဝေယျာဝစ္စကိစ္စတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးပါတယ်။ ဒီနေ့လည်း သူတို့စားသောက်လို့ ရအောင်ဆိုပြီး စားသောက်စရာတွေယူလာပေးပါတယ် ဒါပေမဲ့ အဲဒီစားသောက်စရာတွေ ထည့်ထားတဲ့ လင်ဗန်းကိုချပြီး ပြန်ထွက်တော့မယ့်အခါမှာပဲ..."
ထိုအနားသို့ အရောက်တွင် အစေခံမလေးသည် ချောက်ခြားဖွယ်ရာ အကြောင်းအရာများကို ပြန်အမှတ်ရလိုက်သည့်အလား သူမ၏ခန္ဓာကိုယ်မှာ စတင်တုန်ရီလာခဲ့ပြီး စကားဆက်မပြောနိုင်တော့ချေ။
ချင်းကျောင်းရန်ကမူ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရင်း သူမ၏ကိုယ်ထဲသို့ အရင်းအမြစ်ချီထည့်သွင်းပေးနေခဲ့လေသည်။
ခဏအကြာတွင် အစေခံမလေးမှာ တဖြည်းဖြည်းတည်ငြိမ်သွားခဲ့ပြီး ဆက်ပြောပြလိုက်လေ၏။ "ကျွန်မတို့ ထွက်သွားတော့မယ့် အခါမှာပဲ အဲဒီလူကြီးမင်းက... ရှောင်ဟွမ်နဲ့ကျွန်မကို သူ့ကိုပြုစုပေးဖို့ပြောတယ် ကျွန်မတို့ကလည်း မလုပ်ချင်တော့ အတတ်နိုင်ဆုံးငြင်းပါတယ် ဒါပေမဲ့ရုတ်တရက်ကြီး ရှောင်ဟွမ်က ထအော်ရော ပြီးလည်းပြီးတော့ ဒီခြံဝန်းထဲကို လွင့်ထွက်သွားတယ်။ ကျွန်မကလည်း အမြန် အထဲကနေ အပြင်ထွက်လာပြီး ရှောင်ဟွမ်ကို လာစစ်ဆေးကြည့်တော့ သူက... သူက..."
ချင်းကျောင်းရန်သည် အစေခံမလေးအပေါ် အနည်းငယ်အားထည့်လိုက်လေရာ ချက်ချင်းဆိုသလို အစေခံမလေးမှာ သတိလစ်သွားတော့လေ၏။ ထို့နောက် အနားတွေရှိနေသော အစောင့်တစ်ဦးကိုအမိန့်ပေးလိုက်လေသည်။ "သူ့ကိုအနားယူဖို့ခေါ်သွားပေးလိုက်တော့..."
"ဟုတ်ကဲ့..." အစောင့်သည် အစေခံမလေးကို ခေါ်ကာ ခြံဝန်းထဲမှထွက်သွားလေ၏။
ချင်းကျောင်းရန်သည် ခြံဝန်းထဲရှိ အခန်းတစ်ခန်းဆီသို့လှမ်းကြည့်လိုက်လေသည်။ ထိုအခန်း၏တံခါးများမှာ ကျိုးပဲ့နေလေ၏။ အစောပိုင်းမှ အစေခံမလေး ပြောသွားပုံအရဆိုပါက ထိုအခန်းတံခါးပျက်စီးနေရခြင်းမှာ ရှောင်ဟွမ်အား အခန်းထဲမှ အားသုံးကာလွှတ်ပစ်လိုက်သည့် အတွက်ကြောင့်သာဖြစ်ရပေမည်။ တံခါးသည် ရှောင်ဟွမ်၏ ခန္ဓာကိုယ်နှင့်သွား စောင့်ကာ တစ်စစီပျက်စီးသွားရလေခြင်းဖြစ်မည်။
"အဲဒီမှာဘယ်သူနေတာလဲ။" ချင်းကျောင်းရန်သည် တံခါးပျက်စီးနေသည့် အခန်းဆီသို့ လက်ညှိးထိုးရင်း လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လူအုပ်ကြီးကို စိုက်ကြည့်ကာမေးလိုက်လေသည်။
အကုန်လုံးမှာ အကြောင်းအရင်းကို သိနေကြသော်ငြား ဝန်ခံရမည်ကိုရှက်နေသည့်အလား မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အကြည့်လွှဲဖယ်သွားခဲ့ကြသည်။
သို့သော်ငြား လူငယ်လေးတစ်ဦးမှာတော့ ရှက်ရှက်နှင့် ဒေါသထွက်လာသည့်အလား ခေါင်းမော့ရင်း ပြန်အော်ပြောလိုက်လေ၏။ "ဒီသခင်လေးနေတာ... ခင်ဗျား ဘာဖြစ်ချင်လိုလဲ။"
ထိုလူငယ်လေးမှပြောလိုက်သည်နှင့် တပြိုင်နက် ချင်းမိသားစု၏အစောင့်အားလုံး ထိုလူငယ်လေးဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။ ချင်းကျောင်းရန်သည်လည်း ထိုလူငယ်လေးအား လှမ်းကြည့်လိုက်လေ၏။
ဤလူငယ်လေးမှာအခြားမဟုတ် အစောပိုင်းက ပြောခဲ့သော အသားဖြူဖြူ ရုပ်ချောချောလူငယ်လေးသာ ဖြစ်လေသည်။
အကုန်လုံးက သူ့အားဝိုင်းအုံ စိုက်ကြည့်နေသောငြား လူငယ်လေးမှာ အနည်းငယ်မျှပင် ကြောက်ရွံ့သွားခြင်းမရှိဘဲ ပြန်၍ပင် ဟစ်ငေါ့ပြောဆိုလိုက်လေ၏။ "မင်းတို့ ဘာလုပ်ချင်နေတာလဲ။ တစ်ခုခုမလုပ်ခင်ကိုယ့်လုပ်ရပ်ကိုယ် သေချာပြန်စဉ်းစားဦးနော် အကျိုးဆက်ကို မင်းတို့ရင်ဆိုင်နိုင်လားဆိုတာ။"
ပြောပြီးသွားသည်နှင့် သူ၏တာအိုသခင်ဒုတိယအဆင့်ကျင့်ကြံခြင်းအား ထုတ်လွှတ်ပြလိုက်လေသည်။
ချင်းကျောင်းရန်မှာ ထိုအရှိန်အဝါကြောင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်ရလေ၏။ တာဝန်သခင်အဆင့်ပင် မရောက်သေးသောအစောင့်များမှာတော့ ပြင်းထန်သည့် တောင်တစ်လုံးသူတို့အပေါ် ပြုတ်ကျလာသည့်အလား အကုန်လုံး၏ မျက်နှာအမူအရာများမှာ နာကျင်မှုကြောင့်ရှုံ့မဲ့နေခဲ့ကြလေသည်။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ သူ့ထက်ပိုမြင့်မားသော်ငြား ချင်းကျောင်းရန်မှာ အနည်းငယ်မျှပင် ကြောက်လန့်ခြင်းမရှိချေ။ ထိုအစား သူ၏အရင်းအမြစ်ချီကို လှည့်ပတ်၍ တဖက်လူ၏ဖိအားကို ချေဖျက်ပစ်လိုက်လေ၏။ ထို့နောက် လေသံအက်အက်ဖြင့် မေးခွန်းထုတ်လိုက်လေသည်။ "ရောင်းရင်းတို့က ဘာလုပ်ချင်နေတာလဲ ကျုပ်ရဲ့ချင်းမိသားစုကို ဖျက်ဆီးဖို့ကြိုးစားချင်နေတာလား။"
"ကျုပ်အဲ့လိုပြောချင်နေတာမဟုတ်ဘူး အခြေအမြစ်မရှိဘဲနဲ့ ကျုပ်ကို လာမစွပ်စွဲနေနဲ့။" အသားဖြူဖြူနှင့် လူငယ်လေးက ပြန်အော်ပြောလိုက်လေသည်။
"မင်း ရှောင်ဟွမ်ကို သတ်လိုက်တယ်မလား။" ချင်းကျောင်းရန်က အံကြိတ်၍ မေးလိုက်လေ၏။
ထိုစကားကို ကြားသော် လူငယ်လေး၏မျက်နှာ အနည်းငယ် ကသိကအောက်ဖြစ်သွားခဲ့လေသည်။ ထို့နောက်ပြန်ပြောလိုက်လေ၏။ "အဲဒါကမတော်တဆဖြစ်သွားတာ သူကကျုပ်ကို ရုတ်တရက်ကြီး လာကိုက်တာကြီးကို ကျုပ်လည်းဆက်ကနဲ ပြန်လုပ်လိုက်တာနဲ့ အခန့်မသင်ပဲ သူသေသွားရော... ဒီမှာကြည့်ကြည့် သူကျုပ်ကို ဘယ်လောက်တောင် အားသုံးပြီးကိုက်ထားလဲဆိုတာ။"
ထို့နောက် သူ့အင်္ကျီလက်ကို လှန်ပြလိုက်၏။ ထိုနေရာတွင် သွားကိုက်ရာကြီးတစ်ခုရှိနေခဲ့လေသည်။
"မင်းကို ကိုက်တာလေးအတွက်နဲ့ သူ့ကိုသတ်ပစ်လိုက်တာလား။" ထိုသို့ပြောရင်း ချင်းကျောင်းရန်သည် ရှေ့သို့တစ်လှမ်းချင်းတစ်လှမ်းချင်းတိုးသွားလေ၏။
အသားဖြူဖြူနှင့် လူငယ်လေး၏ ကျင့်ကြံခြင်းမှာ ချင်းကျောင်းရန်ထက် ပိုမြင့်မားသော်ငြား လူအိုကြီးသည် ရူးသွပ်နေသည့် နွားသိုးကြီးတစ်ကောင်နှယ် သူ့ဆီသို့ တိုးလာနေသည်ကိုမြင်သော် ထိတ်လန့်သွားခဲ့ပြီး နောက်သို့ဆုတ်ရင်း အကြောင်းပြချက်ပေးလိုက်လေသည်။ "ကျုပ်တမင်သက်သက် လုပ်တာမဟုတ်ဘူးလို့ ပြောပြီးသွားပြီလေ ခင်ဗျားကျုပ်ဆီက ဘာလိုချင်နေသေးတာလဲ ခင်ဗျားလည်းကျင့်ကြံသူတစ်ယောက်ပဲဟာကြီးကို တစ်ခါတစ်ရံကျရင် အခုလိုမတော်တဆအဖြစ်အပျက်တွေ ဖြစ်တတ်တာကိုသိမှာပေါ့။"
"ဟုတ်တယ်။ ငါလည်းကျင့်ကြံသူတစ်ယောက်ပဲ ဒါပေမဲ့ ငါ့ခွန်အားကိုသုံးပြီး ဘာကျင့်ကြံခြင်းမှမရှိတဲ့သာမန်လူတစ်ယောက်ကို ဘယ်တော့မှမတိုက်ခိုက်ဘူး အခုလိုမျိုး မတော်တဆသတ်ဖို့ဆိုရင် ဝေလာဝေး။" ချင်းကျောင်းရန်မှာ ပို၍ဒေါသပုန်ထသွားခဲ့လေ၏။
"ခင်ဗျားကတကယ်ကို ခေါင်းမာတာပဲ။" အသားဖြူဖြူနဲ့ လူငယ်လေးမှာ ဒေါသထွက်လာပြီး ပြန်အော်ပြောတော့လေ၏။ "ကြည့်ရတာခင်ဗျားနဲ့ အကျိုးသင့်ရဲ့အကြောင်းသင့် ပြောလို့မရဘူးနဲ့တူတယ်။"
"ဟမ်းဟမ်းဟမ်း။" ရုတ်တရက်ရယ်သံတစ်သံ ထွက်လာခဲ့ပြီး သက်လတ်ပိုင်းလူကြီးတစ်ဦးသည် ရှေ့သို့တိုးလာကာ ချင်းကျောင်းရန်အား လက်သီးဆုတ်၍ ပြောလိုက်လေသည်။ "မိသားစုခေါင်းဆောင်ချင်း ကျုပ်တို့ ဒီကိစ္စကို အခြားတစ်နေရာမှာ သွားဆွေးနွေးလို့ရမလား။"
"ပြောစရာရှိရင်ဒီမှာပဲပြောလိုက်။" ချင်းကျောင်းရန်က အေးစက်စက်လေသံဖြင့်ပြန်ပြောလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးသည် ရှက်ရှက်ဖြင့် ပြုံးလိုက်သော်ငြား သူ့စိတ်ထဲတွင်တော့ သဘောကောင်းပေးသည်ကို တန်ဖိုးထားရမှန်း မသိရလေသလားဟု ချင်းကျောင်းရန်အား ကြိတ်၍ကျိန်ဆဲနေခဲ့လေသည်။
ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးက ဆက်ပြောလိုက်လေ၏။ "မိသားစုခေါင်းဆောင်ချင်း မင်းတို့ မိသားစုရဲ့ အစေခံမလေးကို မတော်တဆသတ်လိုက်မိတာ ငါ့ဂျူနီယာညီလေး လင်းယွင်ရဲ့အမှားဆိုတာ ဝန်ခံပါတယ် ဒါပေမယ့် အခုဆိုရင် သူလည်း သူ့လုပ်ရပ်အတွက် နောင်တရနေလောက်ပါပြီ... ဒါကြောင့် မိသားစုခေါင်းဆောင်ချင်း ကျေးဇူးပြုပြီးတော့ ဒီလိုကိစ္စသေးသေးလေးတွေကို ဒီမှာတင် အဆုံးသတ်လို့မရဘူးလား။"
"နောင်တရတယ် ဟုတ်လား။" ချင်းကျောင်းရန်သည် လင်းယွင်ဟူသော လူငယ်လေးအား စိုက်ကြည့်ရင်း ပြန်၍လှောင်ပြောင် ပြောဆိုလိုက်လေသည်။ "ငါအမြင်တွေများ ဝေဝါးသွားကုန်တာလား... ဘယ်လိုလုပ်ပြီး အဲ့ကောင် နောင်တရတဲ့ပုံစံမျိုး ငါတစ်ချက်ကလေးတောင် မတွေ့ရတာလဲ။"
သက်လတ်ပိုင်းလူကြီးသည် ချက်ချင်းလင်းယွင်အား စိုက်ကြည့်လိုက်လေသည်။ လင်းယွင်မှာ မကျေမနပ်ဖြင့် ရေရွတ်နေသော်ငြား ခဏအကြာတွင် ခေါင်းငုံ့သွားခဲ့လေ၏။
"မိသားစုခေါင်းဆောင်ချင်း သေတဲ့လူက ပြန်ရှင်လာမှာ မဟုတ်တော့ဘူး... ဒီတော့ အစေခံမလေးကို သတ်လိုက်လို့ဆိုပြီး လင်းယွင်ကို သူ့အသက်နဲ့ ပြန်ပေးဆပ်ဖို့တော့ မတောင်းဆိုပါဘူးနော် ဟုတ်တယ်မလား။" အသက်လတ်ပိုင်းလူကြီးက ပြုံးကာပြောလိုက်လေသည်။
"သူလုပ်ရဲလား။" လင်းယွင်သည် ရုတ်တရက်ခေါင်းမော့၍ အော်ပြောလိုက်လေသည်။
"မင်းပါးစပ်ပိတ်ထားစမ်း။" သက်လတ်ပိုင်းလူကြီးသည် လင်းယွင်အား ဒေါသတကြီး အော်ပြောလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးသည် ချင်းကျောင်းရန်အား ပြန်ကြည့်၍ တိုးတိုးလေးပြောလိုက်လေ၏။ "မိသားစုခေါင်းဆောင်ချင်း ငါမင်းကို အမှန်တိုင်းပဲ ပြောမယ်ကွာ ဂျူနီယာညီလေးလင်းက မောက်မာပြီး အနိုင်လိုမင်းထက် လုပ်တယ်ဆိုပေမယ့် ပုံမှန်ဆိုရင်တော့ အဲ့လိုမဟုတ်ဘူး။ သူက မိန်းမတွေနဲ့ပတ်သက်ပြီး နည်းနည်းရူးသွပ်ရုံပဲ ဒါ့ကြောင့် အခုလိုတွေဖြစ်ကုန်တာ... အရင်ရက်တွေတုန်းက သူဒီမှာ နေနေတုန်း လုံးဝကို ပုံမှန်ပဲကွာ ဒါပေမယ့် ရုတ်တရက်ကြီး ဘယ်လိုတွေစိတ်လွတ်သွားမှန်းမသိဘူး... ငါလည်း အဲ့ကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးနားမလည်နိုင်အောင် ဖြစ်နေတာ။ ဒုဂိုဏ်းချုပ်က သူ့ကို အလိုလိုက်လွန်းနေတော့ ဒီကောင်လည်း ဆိုးချင်တိုင်းဆိုးနေတာ ရှင်းရှင်းပြောရရင် ငါတို့တောင် ဒီကောင့်ကို သည်းခံချင်တာမဟုတ်ဘူး အဲဒါကြောင့် မိသားစုခေါင်းဆောင်ကြီး ဒီတစ်ကြိမ် ဒီကိစ္စကိုတော့ အဲ့လောက်ကြီးစိတ်ထဲမထားပါနဲ့ကွာ။"
"ဒုဂိုဏ်းချုပ်..." ချင်းကျောင်းရန် မျက်လုံးမှေးဆင်းသွားခဲ့လေသည်။
"ဟုတ်တယ် ဒုဂိုဏ်းချုပ်လင်းရွေက သူ့ဦးလေးပဲ။" သက်လတ်ပိုင်းလူကြီးက ယဲ့ယဲ့လေးပြုံးလျက် ရှင်းပြလိုက်လေ၏။
သက်လတ်ပိုင်းလူကြီး ဘာပြောချင်နေသလဲဆိုသည်ကို ချင်းကျောင်းရန် နားလည်သွားခဲ့လေသည်။
လင်းယွမ်တွင် နောက်ခံကောင်းကောင်းရှိနေသည်။ သူ့၌ မည်သည့်နောက်ခံမှ မရှိဘူးဆိုလျှင်ပင် ချင်းမိသားစုအနေဖြင့် သူ၏ တာအိုသခင်ဒုတိယအဆင့်ကျင့်ကြံခြင်းကြောင့် သူ့အား ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ချေ။
အခု လင်းယွင်တွင် အားကောင်းသည့်နောက်ခံပါ ရှိနေသည့်အတွက်ကြောင့် ချင်းကျောင်းရန်အနေဖြင့် အစေခံမလေး သေသွားသည့်ကိစ္စနှင့်ပတ်သက်၍ လင်းယွင်အား ဘာမှလုပ်နိုင်တော့လိမ့်မည် မဟုတ်မှန်း နားလည်သွားခဲ့လေသည်။
ချင်းမိသားစုသည် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းအား သွားရောက်ရန်မစောင့်နိုင်တော့ချေ။ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်းမဟုတ်သော်ငြား ချင်းမိသားစုထက်တော့ အဆပေါင်းများစွာ ပိုမိုအားကောင်းပေသည်။
ထို့ကဲ့သို့ စဉ်းစားမိလိုက်သော် ချင်းကျောင်းရန် စိတ်ဓာတ်မကျဘဲ မနေနိုင်အောင်ဖြစ်သွားခဲ့လေ၏။
သူ့မိသားစု၏ အစေခံမလေးတစ်ဦးသည် သူ့အိမ်ထဲတွင်ပင် အသတ်ခံလိုက်ရသည်။ သို့သော်ငြား ထိုမိသားစု၏ ခေါင်းဆောင်ဖြစ်သော သူ့အနေဖြင့် သတ်လိုက်သည့်လူကို မြင်နေရသည့်တိုင် ဘာမှမလုပ်နိုင်ခဲ့ချေ။
"ဘာလို့ ဒီကိစ္စလေးအတွက်နဲ့ ဒီလောက်တောင်စိတ်ရှုပ်ခံနေရတာလဲ။" လင်းယွင်သည် စိတ်မရှည်ဖြစ်လာသည့်အလား အော်ပြောလိုက်လေသည်။ "အစေခံမလေးတစ်ဦးပဲ မဟုတ်ဘူးလား ဘာလို့ဒီလောက်တောင် ရေးကြီးခွင်ကျယ်လုပ်နေရတာလဲ။ မကျေနပ်ဘူးဆိုရင်လည်း ကျုပ်အလျော်ပြန်ပေးမယ်ဗျာ အရင်းအမြစ်ကျောက် တစ်သိန်းဆိုရင် ဘယ်လိုလဲ... မဟုတ်ဘူး နှစ်သိန်းပေးမယ် ခင်ဗျားတို့ မိသားစုလေးအတွက် အရင်းအမြစ်ကျောက်ဆိုတာ နှစ်အများကြီးထိုင်သုံးရင်တောင် သုံးကုန်မယ့် ပမာဏမျိုးမဟုတ်ဘူး။ ဘယ်လိုလဲ ကျုပ်ကမ်းလှမ်းတာကို လက်ခံမလား ဒါမှမဟုတ် အကျိုးဆက်ကို ရင်ဆိုင်မလား။" မြေပြင်ပေါ်ရှိ အစေခံမလေးအား သတ်သွားသည့်လူမှာ သူ မဟုတ်သည့်အလား လင်းယွင်၏ မျက်နှာထက် နောင်တရိပ်အနည်းငယ်ကိုပင် မတွေ့ရချေ။
ထိုစကားကို ကြားသော် သက်လတ်ပိုင်းလူကြီးလည်း ဘာမှဆက်ပြောမနေတော့ပေ။ တကယ်ဆိုလျှင် သူလည်း ဤကဲ့သို့လုပ်ရန် စဉ်းစားနေခြင်းဖြစ်သည်။ ဤကိစ္စကို ရိုးရိုးရှင်းရှင်းနှင့် ပြီးသွားနိုင်လျှင်တော့ အကောင်းဆုံးပင်ဖြစ်ပေသည်။ ထို့သို့မပြီးနိုင်ဘူးဆိုပါကလည်း နောက်ခံအင်အားများကို သုံး၍ ယနေ့ကိစ္စ မပြန့်သွားအောင် ဖိအားပေးခြိမ်းခြောက်ရပေတော့မည်။
သက်လတ်ပိုင်းလူကြီး ပြောသည်ကို ကြားပြီးသည့်နောက် အတော်လေး စိတ်ဓာတ်ကျသွားသော ချင်းကျောင်းရန်မှာ ထိုအဖြစ်အပျက်ကြောင့် ရုတ်တရက် ပြန်ဒေါသထွက်လာတော့လေသည်။
သက်လတ်ပိုင်းလူကြီးက အလျင်စလိုဝင်ပြောလိုက်လေ၏။ "စိတ်မလွတ်သွားနဲ့နော် မိသားစုခေါင်းဆောင်ချင်း ကျုပ်ဂျူနီယာညီလေး လင်းယွင် ပြောတဲ့စကားက နည်းနည်းကြမ်းတယ်ဆိုပေမယ့် သူပြောတာအမှန်ပဲ။"
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၅၂)
လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ သက်လတ်ပိုင်းလူကြီးသည်လည်း ဤကိစ္စကို ငွေဖြင့် ဖြေရှင်းလိုနေခြင်း ဖြစ်ပေသည်။ ယနေ့ကိစ္စသည် သူတို့၏ဂိုဏ်း၏အမှား ဖြစ်သော်ငြား လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် ချင်းမိသားစုထက် အဆပေါင်းများစွာ ပိုမိုအားကောင်းပေသည်။ ထို့အတွက်ကြောင့် သူတို့ဂိုဏ်း၏ ဂုဏ်သတင်း မပျက်ပြားရလေအောင် ဤနေရာရှိလူအားလုံးကို ငွေဖြင့် နှုတ်ပိတ်ရန် ကြံနေခြင်း ဖြစ်လေသည်။
ချင်းကျောင်းရန် တိတ်သွားခဲ့လေ၏။ သူဘာတွေးနေလဲ မည်သူမျှ မသိကြ။ သို့သော်ငြား သူ့အား ကြည့်ရုံဖြင့် သူ့စိတ်ထဲ ထိုကဲ့သို့ မလုပ်ချင်ကြောင်းကို အတိုင်းသား မြင်တွေ့နိုင်ပေသည်။ ချင်းကျောင်းရန်သည် တဖျောက်ဖျောက်မြည်သံများပင် ထွက်ပေါ်လာလေအောင် လက်သီးကို ကျစ်ကျစ်ဆုပ်လျက် ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် လင်းယွင်က ထပ်၍ ဖိအားပေးလိုက်လေသည်။ “မိသားစုခေါင်းဆောင်ချင်း… ခင်ဗျား မဆုံးဖြတ်ခင် သေသေချာချာစဉ်းစားနော်… ခင်ဗျားတို့ ချင်းမိသားစုတစ်ခုလုံးရဲ့အသက်က ခင်ဗျားရဲ့ဆုံးဖြတ်ချက်ပေါ်မှာ မှီခိုနေတယ်ဆိုတာကို မမေ့နဲ့…”
ထိုစဉ် အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ “လူ့အသက်တစ်သက်က အရင်းအမြစ်ကျောက် နှစ်သိန်းပဲ တန်တာလား… အဟွတ် အဟွတ်… ရှင်တို့တွေ လူ့အသက်တွေကို ဘယ်လောက်တောင် ပေါပေါသောသော မှတ်နေတာလဲ…”
ထိုလူသည် အလွန်ကိုမှ နာမကျန်း ဖြစ်နေသည့်အလား စကားလေးတစ်ကြောင်းကို ပြောနေသော်ငြား ချောင်းတဟွတ်ဟွတ် ဆိုးနေခဲ့လေ၏။
“ဘယ်သူလဲ…” လင်းယွင်သည် အသံကြားရာဘက်သို့ လှမ်းအော်မေးလိုက်လေသည်။
ချင်းယုသည် ဟွေ့အာ၏ အကူအညီဖြင့် ဖြည်းဖြည်းချင်း လမ်းလျှောက်လာလေ၏။ လက်ရှိချင်းယု၏ မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း မုန်တိုင်းထဲ အချိန်မရွေး ပါသွားတော့မည့် ပန်းပွင့်လေးတစ်ပွင့်နှယ် အလွန်ကိုမှ ဆတ်ဆတ်ထိမခံ ဖြစ်နေခဲ့လေသည်။
လင်းယွင် ရီဝေသွားခဲ့လေသည်။ ချက်ချင်းဆိုသလို သူ့မျက်လုံးများသည် တဖျတ်ဖျတ်တောက်ပလာခဲ့လေသည်။
ချင်းယုမှာ အလှကလေးတစ်ဦး ဖြစ်လေသည်။ လက်ရှိ နာမကျန်းဖြစ်နေသော သူမ၏ပုံသည် သူမ၏အလှအား ပို၍ တမူထူးခြားသွားစေခဲ့လေ၏။ ထို့အတွက်ကြောင့် လင်းယွင်၏ စိတ်ရိုင်းများမှာ စတင်၍ နိုးကြားလာရလေတော့သည်။
သက်လတ်ပိုင်းလူကြီးပြောသကဲ့သို့ပင် လင်းယွင်သည် အတော်လေးကိုမှ တဏှာထ၏။ မေပယ်မြို့ထဲသို့ ရောက်လာပြီး ချင်းမိသားစုတွင် နှစ်လခန့်ကြာအောင် ဘာမှမလုပ်ရ မကိုင်ရပဲ နေခဲ့ရပြီးသည့်နောက် ရုတ်တရက် စိတ်လွတ်ကာ အစေခံမလေးနှစ်ဦးကို အသားယူရန် ကြိုးစားတော့လေသည်။ ထို့အတွက်ကြောင့်သာ မဟုတ်လျှင် ဤကဲ့သို့ အရှုပ်ထုပ်ကြီး ဖြစ်ပေါ်လာခဲ့လိမ့်မည် မဟုတ်ချေ။
ချင်းယုကို မြင်ပြီးသည့်နောက် လင်းယွင်သည် သူ့လုပ်ရပ်သူ နောင်တရသွားခဲ့လေသည်။ သူ့အဆင့်အတန်းနှင့် ထိုကဲ့သို့သော အစေခံမလေးများအား အသားယူမိရန် ကြိုးစားမိခဲ့သည့်အပေါ် မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။
(အသားယူမယ်ဆိုရင်တောင် အဲ့လိုအမျိုးသမီးပဲ ဖြစ်သင့်တာပေါ့… ဘာလို့ အစေခံမလေးတွေကို သွားအသားယူဖို့ ကြိုးစားမိတာလဲ…)
“ယုအာ…” ချင်းကျောင်းရန်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချင်းယုဆီသို့ ပြေးသွားလေ၏။ သူမအား ထူမပေးထားရင်း အလျင်အမြန် ဆူပူလိုက်လေသည်။ “ဘာဖြစ်လို့ ထွက်လာတာလဲ… အခန်းထဲမှာ နားနေဖို့ အဖိုးပြောမထားဘူးလား…”
ချင်းယုက ပြုံးလျက် “မကောင်းတာတစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရလို့ စိတ်ပူတာနဲ့ ထွက်လာကြည့်တာ…”
စကားပြောနေစဉ် အတောအတွင်း ချင်းယုသည် အစေခံမလေး အလောင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။ သူမ၏ပုံပျက်ပန်းပျက် ပုံစံကိုမြင်သော် ချင်းယု၏ ဖြူလျော်နေသော မျက်နှာမှာ ပို၍ ဖြူလျော်သွားခဲ့လေ၏။
“ဒီကသခင်မလေး…” လင်းယွင်သည် တောက်ပစွာ ပြုံးလျက် စတင် စကားပြောလိုက်လေသည်။ ချင်းယုအား သွားနှုတ်ဆက်တော့မည်အပြု သက်လတ်ပိုင်းလူကြီးသည် လင်းယွင်အား စူးရဲစွာ စိုက်ကြည့်လျက် ဆူငေါက်လိုက်လေ၏။ “နောက်ပြန်ဆုတ်နေ… ဒီလောက်ပြဿနာရှာထားတောင် မလောက်သေးဘူးလို့ မင်းထင်နေသေးတာလား…”
လင်းယွင်သည် သက်လတ်ပိုင်းလူကြီးအား ကြောက်သည့်ပုံပင်။ ထိုကဲ့သို့ အပြစ်တင်ခံလိုက်ရပြီးသည့်နောက်တွင် ရှက်သွားသည့်ပုံစံဖြင့် ပါးစပ်ပိတ်နေလိုက်လေ၏။
အခြားသော လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များမှာလည်း လင်းယွင်၏လုပ်ရပ်ကို သည်းမခံနိုင်တော့သည့်အလား သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
“ဒီတစ်ယောက်က သခင်မလေးချင်းယု ဖြစ်ရလိမ့်မယ် ဟုတ်တယ်မလား…” သက်လတ်ပိုင်းလူကြီးသည် လက်သီးဆုပ်လျက် ယဲ့ယဲ့လေးပြုံးကာ နှုတ်ဆက်လိုက်လေသည်။
“စီနီယာ ကျွန်မကို သိလို့လား…” ချင်းယုက ချောင်းဆိုးရင်း သက်လတ်ပိုင်းလူကြီးအား ကြည့်ကာ မေးလိုက်လေ၏။
သက်လတ်ပိုင်းလူကြီးက ပြုံးလျက် “မြို့ထဲမှာ သတင်းတွေ လိုက်စုံစမ်းနေတဲ့ အချိန်အတွင်းမှာ ချင်းမိသားစုရဲ့ သခင်မလေးအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းတွေအများကြီး ကြားခဲ့ရတယ်လေ… ဒီနေ့ မြင်လိုက်ရတော့မှပဲ အဲ့သတင်းတွေက အလကားမဟုတ်ဘူးဆိုတာ သိသွားခဲ့ရတော့တာ…”
အလွန်ကိုမှ နာမကျန်းဖြစ်နေသော တန်ခိုးရှင်အဆင့် ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသည့် မိန်းကလေးတစ်ဦးအနေဖြင့် တာအိုသခင် ဒုတိယအဆင့်သို့ ရောက်နေသော သူကဲ့သို့ ကျင့်ကြံသူတစ်ဦးအား ဤကဲ့သို့ လွတ်လွတ်လပ်လပ် စကားပြော ရင်ဆိုင်ဖို့ရာ မလွယ်ကူလှပေ။ သို့သော်ငြား ချင်းယု၏ မျက်လုံးထဲတွင်တော့ မည်သည့်ကြောက်လန့်သည့် အရိပ်အယောင်ကိုမှ သက်လတ်ပိုင်းလူကြီး မမြင်ရချေ။
အရေးအကြီးဆုံး အချက်မှာ ချင်းယု မကြာခင် သေရတော့မည်ကို သက်လတ်ပိုင်းလူကြီး အာရုံခံမိနေခြင်းပင်။ သို့တိုင် ချင်းယုမှာတော့ သေရတော့မည့်အပေါ် အနည်းငယ်မျှပင် ကြောက်လန့်နေခြင်း မရှိပဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ နှစ်ပေါင်းများစွာ အသက်ရှင်နေလာခဲ့သော မွန်းစတားအိုကြီးများပင်လျှင် သူတို့၏သက်တမ်း ကုန်ဆုံးခါနီးလာသော် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့သည်ကို သတိပြုထားသင့်ပေသည်။
ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးသည် ချင်းယု၏ တည်ငြိမ်မှုအပေါ် အံ့ဩမိသွားခဲ့လေ၏။
“သခင်မလေးယု ပြောချင်တာက ကျုပ်တို့ကမ်းလှမ်းတာ အရမ်းနည်းနေတယ်လို့လား…” ချင်းယုသည် သာမန်မဟုတ်မှန်း သိသော်ငြား သက်လတ်ပိုင်းလူကြီးကမူ သူမအား အရေးမထားခဲ့ပေ။ တကယ်တော့ ချင်းယုသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးသာ မဟုတ်ပေလော။ ထို့အပြင် သူမသည် မိသားစုငယ်လေးတစ်ခုမှ သခင်မလေးတစ်ဦးသာ ဖြစ်နေခဲ့လေသည်။ သူမအနေဖြင့် ပုံမှန်ထက် ထူးခြားနေလိမ့်မည် ဖြစ်သော်ငြား သက်လတ်ပိုင်းလူကြီးအနေဖြင့် သူမအား အထူးတလည် ဂရုစိုက်၍ ဆက်ဆံနေရလောက်သည်အထိ မထူးခြားသေးပေ။ ထို့ကြောင့် လောကဝတ်အရ စကားနည်းနည်းပါးပါး ပြောပြီးသည့်နောက်တွင် လိုရင်းကို တန်းသွားလိုက်လေသည်။ “ဒီလိုဆိုရင် သခင်မလေးယု ဈေးခေါ်လိုက်လေ… ကျုပ်တို့ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်းမဟုတ်ပေမဲ့ အရင်းအမြစ်ကျောက် နည်းနည်းပါးပါးတော့ တတ်နိုင်ပါတယ်…”
သက်လတ်ပိုင်းလူကြီး ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ချင်းယုက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါက အပြန်အလှန် ဈေးဆစ်လို့ရတဲ့ စီးပွားရေးတစ်ခုလို့ ရှင်က ထင်နေတာလား…”
သက်လတ်ပိုင်းလူကြီး ရှက်သွားခဲ့ပြီး အားတင်းပြုံးလျက် “သခင်မလေးယု… မင်းဘာပြောချင်နေတာလဲ…”
“လူ့အသက် တစ်သက်ဆိုတာ အရမ်းကိုအဖိုးတန်တယ်… အဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်တာ…” ချင်းယုက အော်ပြောလိုက်လေသည်။
သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ရှင်းရှင်းပြောပါ သခင်မလေးယု… မင်းဘာပြောချင်နေလဲ ကျုပ်နားမလည်ဘူး…”
သက်လတ်ပိုင်းလူကြီးမှာ စိတ်သိပ်မရှည်ချင်တော့ချေ။ ဤကိစ္စကို လင်းယွင်မှ စခဲ့သော်ငြား သူသည် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ။ ဤကိစ္စအား ပြေရာပြေကြောင်းနှင့် ပြီးသွားစေရန်အလို့ငှာ သူ၏ကျင့်ကြံခြင်းကိုပင် အလေးမထားပဲ နှိမ့်နှိမ့်ချချဖြင့် ပြုမူပြောဆိုခဲ့သော်ငြား တစ်ဖက်လူ၏ မိသားစုခေါင်းဆောင်သည် ခေါင်းမာနေရုံမက ဂျူနီယာသည်ပင် ထိုကိစ္စအား အလွတ်မပေးချင်ချေ။ ထို့အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ အတော်လေးကို စိတ်ကုန်လာနေရတော့သည်။
သူတို့ကြား အလွန်ကြီးမားသည့် ခွန်အားကွာခြားချက်တစ်ခု ရှိနေသည့်တိုင် သက်လတ်ပိုင်းလူကြီးသည် ယဉ်ယဉ်ကျေးကျေး ဆက်ဆံခြင်းဖြင့် တစ်ဖက်လူအား မျက်နှာသာ ပေးခဲ့သည်။ သို့တိုင် တစ်ဖက်လူအား သူ၏ကမ်းလှမ်းချက်များကို ထပ်တလဲလဲ ငြင်းဆိုနေသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီးမှာ စတင်၍ ဒေါသထွက်လာ လေတော့သည်။
“သွားတစ်ချောင်းအတွက် သွားတစ်ချောင်း… မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ… ဒါက လောကကြီးရဲ့နိယာမတရားပဲ…” ချင်းယုက ပြောလိုက်လေသည်။
“ဟမ်…” သက်လတ်ပိုင်းလူကြီး၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ချင်းယုသည် ဤကဲ့သို့သော မဖြစ်နိုင်လောက်သည့် တောင်းဆိုချက်မျိုးကို လာတောင်းဆိုလိမ့်မည်ဟု မထင်ထားခဲ့ချေ။
လင်းယွင်ကလည်း ထိတ်လန့်တကြား ထခုန်ရင်း ဝင်အော်ပြောလိုက်လေ၏။ “မိန်းကလေး နင်ရူးနေတာလား… ဘယ်လိုလုပ်ပြီး ဒီသခင်လေးရဲ့အသက်ကို လာတောင်းဆိုရဲရတာလဲ… အဲ့လိုအမှိုက်ကောင်တစ်ကောင်ရဲ့ အသက်အတွက်နဲ့ ဒီသခင်လေးရဲ့ အသက်ကို လိုချင်နေတယ်… နင်သေချင်နေတာလား…”
“မင်းပါးစပ်ကို ပိတ်ထားစမ်း ခွေးသူတောင်းစား…” ချင်းကျောင်းရန်မှာ ဒေါသူပုန်ထကာ ထအော်ဆဲတော့လေသည်။ ထိုခွေးသူတောင်းစားသည် သူ၏အဖိုးတန်ချင်းယုလေးကိုပင် သေချင်နေသလားဟု လာပြောနေခဲ့သည်။
လင်းယွင်က ဒေါသတကြီးဖြင့် အော်ရယ်မောလျက် ခေါင်းတညိတ်ညိတ်ဖြင့်ပြောလိုက်လေသည်။ “ကောင်းတယ် ကောင်းတယ် ကောင်းတယ်… ခင်ဗျားတို့မိသားစုက တော်တော်ကို သတ္တိရှိနေတာပဲ… ကြည့်ရတာ ဒီသခင်လေး ခင်ဗျားတို့ကို သင်ခန်းစာပေးမှ ရတော့မယ်နဲ့တူတယ်…”
ပြောပြီးသည့်နောက် တိုက်ခိုက်တော့မည့်အလား သူ၏အရင်းအမြစ်ချီကို ထုတ်လွှတ်လိုက်လေသည်။
“အရူးကောင်…” သက်လတ်ပိုင်းလူကြီးမှာ ရုတ်တရက် ဒေါသထွက်ထွက်နှင့် လင်းယွင်၏နောက်စေ့အား ရိုက်ချလိုက်လေသည်။ ထို့နောက် အံကြိတ်၍ အော်ပြောလိုက်လေ၏။ “မင်းဘာလုပ်နေလဲ မင်းမသိဘူးလား…”
လင်းယွင်မှာ ကြောင်တောင်တောင် ဖြစ်သွားခဲ့ပြီး ချင်းကျောင်းရန်နှင့် ချင်းယုကို လက်ညှိုးထိုးရင်း “ခင်ဗျားလည်း သူတို့ပြောတာကို ကြားလိုက်တာပဲ…”
သက်လတ်ပိုင်းလူကြီး၏မျက်နှာ မည်းမှောင်သွားခဲ့ပြီး လင်းယွင်အား ကောင်းကင်စိတ်အာရုံဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။ “သူတို့ကို သတ်တာက လွယ်တယ်ကွ… ဒီအကြောင်း သတင်းတွေ ပြန့်သွားရင်တောင် ငါတို့ဂုဏ်သတင်း နည်းနည်းပါးပါး ထိခိုက်ရုံပဲ… ဘယ်သူမှ ဒီလိုမိသားစုလေးအတွက်နဲ့ ငါတို့လမ်းစဉ်ရှစ်သွယ်ဂိုဏ်းကို လာဆန့်ကျင်ရဲမှာ မဟုတ်ဘူး…”
“အဲ့ဒါဆို ဘာတွေ စိတ်ပူနေသေးတာလဲ…” လင်းယွင် နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ သက်လတ်ပိုင်းလူကြီး သူ့အား ဘာကြောင့်တားလိုက်သလဲဆိုသည်ကို နားမလည်နိုင်ခဲ့ချေ။
“မင်း ဟိုလူကို သွားနှောင့်ယှက်ချင်နေတာလား… ဒီလိုကိစ္စလေးအတွက်နဲ့ သူ့ကို သွားနှောင့်ယှက်ရင် ဘာဖြစ်မယ်ဆိုတာ မင်းသိတယ်နော်…” သက်လတ်ပိုင်းလူကြီးသည် လင်းယွင်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။
ထိုလူဟူသော စကားကို ကြားလိုက်သည်နှင့် လင်းယွင်၏အမူအယာ ပြောင်းလဲသွားခဲ့လေ၏။ သူ့မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ပြီး ထုတ်လွှတ်ထားသည့် အရင်းအမြစ်ချီများပင်လျှင် ချက်ချင်း ပျောက်ကွယ်သွားကုန်လေသည်။
ထိုမြင်ကွင်းကို ချင်းယုနှင့် ချင်းကျောင်းရန်တို့ အတိုင်းသား မြင်နေရလေ၏။ သက်လတ်ပိုင်းလူကြီး မည်သည့်စကား ပြောလိုက်သလဲ ဆိုသည်ကို သူတို့မသိသော်ငြား သက်လတ်ပိုင်းလူကြီး ပြောသည့်စကားကို ကြာပြီးသည့်နောက် လင်းယွင်၏ ဒေါသမီးတောက်တို့မှာ ရေလောင်းချခံရသည့်နှယ် တမုဟုတ်ချည်း ပျောက်ကွယ်သွားကုန်လေသည်။
သက်လတ်ပိုင်းလူကြီးသည် ချင်းယုဘက်သို့ လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “သခင်မလေးယုနောက်ဆုံးပြောတဲ့စကားကို ကျုပ်မကြားလိုက်ဘူးလို့ သဘောထားလိုက်မယ်… ကျေးဇူးပြုပြီး အခြားဟာကိုပဲ တောင်းဆိုပေးပါ…”
ချင်းယုသည် ချောင်းအနည်းငယ် ဆိုးနေပြီးနောက် ပြန်ပြောလိုက်လေ၏။ “ကျွန်မတို့ ချင်းမိသားစုအနေနဲ့ ရှင်တို့ကို အခုလို တောင်းဆိုလို့ရမှာ မဟုတ်မှန်းလည်း ကျွန်မသိတယ်…”
“သခင်မလေးယု အခုလိုနားလည်တာ အကောင်းဆုံးပဲ…” သက်လတ်ပိုင်းလူကြီးက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။
ချင်းယုက ချက်ချင်း ဆက်ပြောလိုက်လေ၏။ “ရှောင်ဟွာအတွက် လက်စားပြန်ချေပေးလို့ မရပေမဲ့ သူက ကျွန်မတို့ချင်းမိသားစုရဲ့ အစေခံတစ်ဦးဖြစ်နေတုန်းပဲ… သူသေသွားမှာကို ဒီအတိုင်း ခွင့်မပြုလိုက်နိုင်ဘူး… ဒါကြောင့် ကျွန်မတို့ရန်သူတွေကို ဒီချင်းမိသားစုရဲ့ ခြံဝန်းထဲမှာ ဆက်ပြီးနေခွင့်မပြုနိုင်တော့လို့ ကျေးဇူးပြုပြီး ရှင်တို့အားလုံး ထွက်သွားပေးကြပါ…”
သူမစကားကို ကြားပြီးသည့်နောက် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံး ကြောင်သွားခဲ့လေသည်။ အကုန်လုံးသည် မျက်လုံးအပြူးသားဖြင့် ရယ်ချင်ပတ်ကျိ မျက်နှာများဖြင့် ချင်းယုအား စိုက်ကြည့်နေကြလေ၏။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးက ချောင်းဟန့်လျက် “သခင်မလေးယု တကယ်ပြောနေတာလား…”
ချင်းယုက ပြန်ပြောလိုက်လေသည်။ “ကျွန်မ တကယ်ပြောတာမဟုတ်လို့ ဘာပြောရမှာလဲ… ကျွန်မတို့ ချင်းမိသားစုက ရှင်တို့ကို လုံးဝ မကြိုဆိုတော့ဘူး… ပြီးတော့ ဒီနေ့ကိစ္စကိုလည်း လုံးဝမေ့မှာမဟုတ်ဘူး… တစ်နေ့ကြရင် ရှောင်ဟွာအတွက် ကျိန်းသေ ပြန်လက်စားချေပေးမှာ…” ချင်းယုသည် ကြောက်လန့်ခြင်း မရှိဘဲ သက်လတ်ပိုင်းလူကြီး၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်၍ ပြောချလိုက်လေသည်။
သက်လတ်ပိုင်းလူကြီး၏အမူအယာမှာ ပို၍အေးစက်သည်ထက် အေးစက်လာခဲ့သည်။ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ အခြားသော တပည့်များ၏ အမူအယာများမှာလည်း ကောင်းမွန်မနေခဲ့ကြချေ။
ခြံဝန်းထဲ လေညှင်းတစ်ချက် ဖြတ်တိုက်သွားခဲ့သည်။ ချက်ချင်းဆိုသလို သွေးညှီနံ့မှာ ပို၍ ပြင်းထန်လာခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးသည် ချင်းယုအား မမှိတ်မသုန် အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “မိန်းကလေးယု ခင်ဗျားတကယ်ပြောနေတာလား…” ထိုသို့ပြောနေရင်းမှ သူ့မျက်နှာလည်း မဲ့သွားခဲ့လေသည်။ အခြေအနေသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူတို့သာ ချင်းမိသားစုခြံဝန်းမှ ချင်းယု၏ ကန်ထုတ်ခြင်း ခံရမည်ဆိုပါက လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ သိက္ခာကို မည်သည့်နေရာတွင် သွားထားရတော့မည်နည်း။ အရေးအကြီးဆုံးအချက်မှာ သူတို့သာ ဤကဲ့သို့ မောင်းထုတ်ခံလိုက်ရမည်ဆိုပါက ယနေ့ကိစ္စသည် အကြောက်လန့်ဆုံးသော ထိုလူကို ကျိန်းသေ သွားအနှောင့်အယှက် ပေးပေတော့မည်။ ထိုလူသာ ရှင်းပြချက်တစ်ခုကို တောင်းဆိုလာမည်ဆိုပါက သူ ဘာပြန်ပြောရမည်နည်း။
ယနေ့ကိစ္စကို ထိုလူသိသွားလို့ လုံးဝမဖြစ်ပေ။ ထိုလူသာ သိသွားခဲ့လျှင် သူနှင့် လင်းယွင် အဆုံးသတ်ကောင်းတော့လိမ့်မည် မဟုတ်ချေ။
ထိုလူသည် ရင်ဆိုင်ရလွယ်သည့် လူတစ်ဦးမဟုတ်။
“ကျွန်မရှင့်ကို နောက်နေတဲ့ ပုံစံမျိုး ပေါက်နေလို့လား…” ချင်းယုသည် သူမ၏ နှုတ်ခမ်းဖူးဖူးလေးကို ကိုက်ရင်း ပြန်မေးလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးကမူ မျက်လုံးပိတ်လျက် ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။ “သခင်မလေးယု… ဒီကိစ္စနဲ့ပတ်သက်ပြီး ချွင်းချက်ထားပေးလို့ မရဘူးလား… အချို့သော အကြောင်းတေကြောင့် ကျုပ်တို့ ချင်းမိသားစုကနေ ထွက်သွားလို့မရသေးဘူး…”
ချင်းယုပြန်ပြောမည်ကိုပင် စောင့်မနေတော့ဘဲ လက်ညှိုးတစ်ချောင်း ထောင်ပြလျက် အော်ပြောလိုက်လေ၏။ “အရင်းအမြစ်ကျောက်တစ်သန်းဆို အဆင်ပြေလား…”
သက်လတ်ပိုင်းလူကြီး၏ စကားကိုကြားသည့်အခါ လင်းယွင်နှင့် အခြားသူများ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
“စီနီယာအစ်ကို ခင်ဗျားတကယ်ပြောနေတာလား…”
အရင်းအမြစ်ကျောက်တစ်သန်းသည် ပေါ့သေးသေး ပမာဏမဟုတ်ပေ။ ထိုပမာဏသည် သူတို့တတ်နိုင်သည့်ဘောင်အတွင်းတွင် ရှိနေသော်ငြား လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်း မဟုတ်သည့်အတွက်ကြောင့် ထိုပမာဏမှာ သူတို့အတွက် အတော်လေးများသည်ဟု ပြော၍ရသည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် လင်းယွင်က ပြောလိုက်လေသည်။ “လုပ်ပြီးတာတွေက လုပ်ပြီးသွားပြီ… အစေခံမလေး တစ်ယောက်အတွက်နဲ့ ဆက်ပြီး ပြဿနာရှာမနေကြတော့နဲ့… ခင်ဗျားတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ကျုပ်တို့ ခင်ဗျားတို့ကို အရင်းအမြစ်ကျောက် တစ်သန်း ပေးမယ်… ဒါပေမဲ့ ချင်းမိသားစုကနေတော့ ထွက်သွားမှာမဟုတ်ဘူး… မကျေနပ်လို့ရှိရင် ကျုပ်ဆီကို လာပြီး အချိန်မရွေး လက်စားလာပြန်ချေလို့ရတယ်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၅၃)
“အယုတ်တမာကောင်တွေ…” ချင်းယုသည် ဒေါသထွက်ထွက်နှင့် ခြေဆောင့်တော့လေသည်။ ချင်းမိသားစု၏ ခွန်အားမှာ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းကို မယှဉ်နိုင်သည့်အတွက် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လူများသည်သာ ခေါင်းမာမာနှင့် ချင်းမိသားစုခြံဝန်းထဲ ဆက်နေမည်ဆိုပါက သူတို့ချင်းမိသားစုအနေဖြင့် တစ်ဖက်လူအား မောင်းထုတ်နိုင်လိမ့်မည် မဟုတ်ချေ။
နောက်ဆုံး ဤကဲ့သို့ ဖြစ်လာသည့်တိုင် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လူများသည် ဤနေရာတွင် အရှက်မရှိ ဆက်နေလိမ့်ဦးမည်ဟု ချင်းယု လုံးဝမထင်ထားခဲ့ချေ။ သူတို့၏ အရှက်မရှိမှုသည် သူမကန့်သတ်နိုင်သည့် အတိုင်းအတာကို ကျော်လွန်နေခဲ့လေ၏။
“ဟား ဟား ဟား…” လင်းယွင်က အော်ရယ်မောလျက် “ဟုတ်တယ်… ဒီသခင်လေးက အယုတ်တမာကောင်ပဲ အဲ့တော့ ဘာဖြစ်လဲ… သခင်မလေးချင်း မကျေနပ်ဘူးလား… မကျေနပ်ရင် ကျုပ်ကို လာသင်ခန်းစာ ပေးလို့ရတယ်နော်… ကျုပ်အခု ဒီမှာစောင့်နေတယ်…”
ပြောပြီးသွားသည်နှင့် ချင်းယုဆီသို့ ပြေးလာခဲ့လေသည်။ အကုန်လုံး၏မျက်လုံးတည့်တည့် ရှေ့အောက်မှာတွင်ပင် ချင်းယုရှေ့၌ ရုတ်တရက် ပြန်ပေါ်လာပြီး သူမ၏ပုခုံးကို လှမ်းကိုင်လိုက်လေ၏။
ထိုအချင်းအရာကိုမြင်သော် သက်လတ်ပိုင်းလူကြီးမှာ ဝင်ပါချင်သော်ငြား တုံ့ဆိုင်းနေခဲ့လေ၏။ ထို့နောက်တွင် မျက်လုံးပိတ်၍သာ မသိချင်ယောင်ဆောင်နေလိုက်တော့လေသည်။
သူသည်လည်း ချင်းမိသားစု၏လုပ်ရပ်အပေါ် မကျေမနပ် ဖြစ်နေခဲ့သည်။ တစ်ဖက်လူက အကြမ်းနည်းဖြင့် ဖြေရှင်းချင်မှဖြင့် သူလည်း လင်းယွင်၏လုပ်ရပ်ကို မသိချင်ယောင်သာ ဆောင်နေပေးလိုက်တော့လေသည်။ သူတို့ကဲ့သို့သော အင်အားစုမျိုးကို ပြန်လည်တွန်းလှန်ရန် ကြိုးစားပါက ရင်ဆိုင်ရမည့် အကျိုးဆက်များအား ဤကဲ့သို့သော မိသားစုငယ်လေးတစ်ခုအား သိသွားစေသည်မှာ အကောင်းဆုံးသာ ဖြစ်သည်။
“ထွက်သွားစမ်း…” ချင်းယု၏နောက်တွင် ရှိနေသော ချင်းကျောင်းရန်သည် လင်းယွင်ဆီသို့ ချက်ချင်း ပြေးဝင်သွားလေသည်။ လင်းယွင် ချင်းယုအား လှမ်းကိုင်ရန် ကြိုးစားနေသည်ကို မြင်သော် ချင်းကျောင်းရန်သည် ဘယ်လိုမှ ရပ်ကြည့်မနေနိုင်တော့ဘဲ သူ၏အရင်းအမြစ်ချီကို လှည့်ပတ်လျက် လင်းယွင်၏ လက်တည့်တည့်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေ၏။
လင်းယွင်က လှောင်ပြုံးပြုံးလျက် “သက်ကြားအိုကြီး… ခင်ဗျားက အခြေအနေ အချိန်အခါကို တကယ်နားမလည်ဘူးပဲ… ဒီလောက်လေးနဲ့ ဒီသခင်လေးကို တားနိုင်မယ်လို့ တကယ်ကြီးထင်နေတာလား…”
ပြောပြီးသည့်နောက်တွင် ချင်းယုပုခုံးကို လှမ်းကိုင်ရန် ကြိုးစားနေသည့်သူ့လက်အား လက်ဝါးအသွင်သို့ ပြောင်းလျက် ချင်းကျောင်းရန်၏ လက်ဝါးတည့်တည့်ဆီသို့ ပြန်ရိုက်ချလိုက်လေသည်။
လက်ဝါးချက်ထဲ ပါဝင်နေသည့် စွမ်းအားကို ခံစားမိလိုက်သော် ချင်းကျောင်းရန်၏အမူအယာ ပြောင်းလဲသွားခဲ့လေ၏။ ထိုလက်ဝါးချက်၏ ထိမှန်ခြင်းသာ ခံလိုက်ရမည်ဆိုပါက အခြေအနေ ကောင်းလိမ့်မည်မဟုတ်မှန်း သိနေခဲ့သည်။ သူသည် အသက်ကြီးပြီး အားနည်းနေလေပြီ။ လက်ရှိသူသည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသော်ငြား သူ့လက်ရှိခွန်အားသည် သူ၏အထွဋ်အထိပ်အချိန်က ခွန်အားကို မယှဉ်နိုင်တော့ချေ။ သို့သော်ငြား လင်းယွင်မှာမူ ချင်းကျောင်းရန်ကဲ့သို့ မဟုတ်ဘဲ ငယ်ရွယ် တက်ကြွ အားကောင်းသေးပြီး တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်ထား၏။ သူသည် ချင်းကျောင်းရန် ယှဉ်နိုင်သည့် လူမျိုးမဟုတ်ချေ။
သို့သော်ငြား ဤကိစ္စသည် ချင်းယု၏လုံခြုံရေးနှင့် ပတ်သက်နေသည့်အတွက်ကြောင့် ဒုက္ခရောက်မည်မှန်း သိသည့်တိုင် ချင်းကျောင်းရန် နောက်ပြန်မဆုတ်ခဲ့ပေ။ ထို့အစား အရင်းအမြစ်ချီကို ပို၍ ရူးသွပ်စွာ လှည့်ပတ်လျက် လင်းယွင်၏ လက်ဝါးချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်လေ၏။
“သွေးနားထင်ရောက်နေတဲ့ အဖိုးကြီး…” လင်းယွင်သည် လျှာကိုသပ်ရင်း ခေါင်းတခါခါဖြင့် လှောင်ပြောင်လိုက်လေ၏။
“ဘုန်း…”
လက်ဝါးချက်ချင်း ထိသွားသည့်နောက်တွင် အားကောင်းလှသည့် စွမ်းအင်လှိုင်းများ အဖက်ဖက်သို့ ဖြာထွက်လာကုန်လေသည်။
ထို့နောက်တွင် အကုန်လုံးထင်မထားသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့လေ၏။
လက်ဝါးချင်း ထိသွားသည့်နောက်တွင် လင်းယွင်၏ ခန္ဓာကိုယ်တုန်ရီသွားခဲ့ပြီး သူ့မျက်နှာအမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် နာကျင်စွာ အော်ဟစ်လိုက်ပြီးသည့်နောက် သွေးပွက်ပွက် အန်ထုတ်ရင်း နောက်သို့ လွင့်စင်ထွက်သွားခဲ့လေ၏။ လင်းယွင်အား လာရောက်ထိမှန်သည့်အား မည်မျှ ပြင်းသလဲဆိုလျှင် လင်းယွင်သည် နံရံတစ်ခုအား ထိမှန်ပြီးသည့်တိုင် ရပ်တန့်သွားခြင်းမရှိဘဲ နောက်ဘက်ရှိနံရံများကိုပါ တရစပ် ဆက်လက် ထိမှန်သွားခဲ့လေသည်။
“ဘုန်း ဘုန်း ဘုန်း…”
ထိုအဖြစ်အပျက်ကြောင့် အခန်းများ တစ်ခန်းပြီးတစ်ခန်း ပြိုကျပျက်စီးကုန်တော့လေ၏။
“ဘယ်လို…” ထိုမြင်ကွင်းကိုကြည့်ရင်း လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များနှင့် သက်လတ်ပိုင်းလူကြီးမှာ မျက်လုံးအပြူးသား ဖြစ်နေကုန်ကြလေသည်။
ထိတ်လန့်တုန်လှုပ်နေခဲ့ကြသော ချင်းမိသားစု၏ အစောင့်များမှာလည်း အံ့အားသင့်နေခဲ့ကြလေ၏။ မကြာမီ အကုန်လုံး ဝမ်းသာအားရ ဖြစ်လာကုန်ကြတော့လေသည်။
“ဘိုးဘေး…” ချင်းယုသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ နားမလည်နိုင် ဖြစ်နေခဲ့လေ၏။ လင်းယွင်၏ ကျင့်ကြံခြင်းကို သူမ မသိသော်ငြား လင်းယွင်၏ ခွန်အားမှာ သူမအဖိုးထက် အများကြီးပိုမြင့်ကြောင်းကိုတော့ ပြောနိုင်ပေသည်။
ထိုသို့ဖြစ်လေရာ ဘိုးဘေးသည် တစ်ချက်တည်းဖြင့် လင်းယွင်အား ဤကဲ့သို့ လွင့်ထွက်သွားအောင် မည်ကဲ့သို့များ လုပ်လိုက်နိုင်ရသနည်း။ ထိုသို့လုပ်နိုင်ဖို့ရာ လုံးဝ မဖြစ်နိုင်ချေ။
ချင်းကျောင်းရန်မှာလည်း မင်သက်နေခဲ့လေ၏။ သူ့ကိုယ်သူလည်း ဒဏ်ရာရတော့မည်ဟု ထင်နေခဲ့ခြင်း ဖြစ်လေသည်။ မည်ကဲ့သို့များ ဤကဲ့သို့ ဖြစ်သွားရသနည်း။
သို့သော်ငြား နောက်ဆုံးရလဒ်မှာမူ သူ့အား အကြီးအကျယ် အံ့အားသင့်သွားစေခဲ့လေသည်။
သို့သော်ငြား ခဏအကြာ၌ တစ်ခုခုအား နားလည်သွားခဲ့ပြီး နောက်သို့ လှည့်ကြည့်လေ၏။
ထိုနေရာတွင် ပြုံးကာ ရပ်နေသည့် လူငယ်လေးတစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုလူငယ်လေးသည် သူ့ကျောပြင်ကို လက်ဖြင့် ထူမပေးထားပြီး သူ့ကိုယ်ထဲသို့ အရင်းအမြစ်ချီများ ထည့်သွင်းပေးနေခဲ့လေ၏။
လင်းယွင်အား လွင့်ထွက်သွားအောင် လုပ်လိုက်သည့်လူမှာ ဤလူငယ်လေးသာ ဖြစ်လေသည်။
ချင်းကျောင်းရန်၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ဝမ်းသာအားရ လှမ်းအော်ခေါ်လိုက်လေ၏။ “ရန်ကိုင်လား…”
သူ့အား တိတ်တဆိတ်ကူညီခဲ့သည့် လူမှာ အခြားမဟုတ်။ မေပယ်မြို့ထဲမှာ ထွက်သွားပြီး လအတော်ကြာအောင် ပျောက်နေသော ရန်ကိုင်သာ ဖြစ်လေသည်။
“ဟမ်…” ချင်းကျောင်းရန်၏ အော်သံကို ကြားသော် ချင်းယုလည်း ကြောင်သွားခဲ့ပြီး ချင်းကျောင်းရန် ကြည့်နေသည့်ဘက်ဆီသို့ လှည့်ကြည့်လိုက်လေ၏။ ရန်ကိုင့်ကိုမြင်သော် သူမပါးစပ်အား အလန့်တကြားအုပ်လျက် ကတုန်ကယင် လေသံဖြင့် “ဆရာရန်လား…”
“ဘယ်သူလဲ…” အသိပြန်ဝင်လာသည့်နောက်တွင် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ သက်လတ်ပိုင်းလူကြီးမှာ ဒေါသတကြီး ထအော်တော့လေသည်။ ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ “မင်းဘယ်သူလဲကောင်လေး… မင်း ဘယ်လိုလုပ်ပြီး ဒီလို အောက်တန်းကျတဲ့ နည်းလမ်းသုံးပြီး ငါတို့လမ်းစဉ်ရှစ်သွယ်ဂိုဏ်းက တပည့်တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ရဲတာလဲ…”
“လမ်းစဉ်ရှစ်သွယ်ဂိုဏ်းလား…” ထိုစကားကိုကြားသော် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး သက်လတ်ပိုင်းလူကြီးနှင့် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များကို ဝေ့ကြည့်လိုက်လေသည်။ သို့သော်ငြား သူရှာနေသည့်လူကို မတွေ့ခဲ့ရပေ။ ထိုအခါ စိတ်ပျက်သွားသည့်လေသံဖြင့် “ခင်ဗျားတို့အားလုံးက လမ်းစဉ်ရှစ်သွယ်ဂိုဏ်းက တပည့်တွေလား…”
“ဟုတ်တယ်…” ရန်ကိုင် သူတို့အကြောင်း သိနေသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီးမှာ ပို၍ ရဲတင်းလာခဲ့လေ၏။ “မင်းဘယ်သူလဲ…”
စကားပြောနေရင်း သက်လတ်ပိုင်းလူကြီးမှာ အတော်လေးလည်း အံ့အားသင့်နေခဲ့လေသည်။ ဘာကြောင့်မှန်းမသိ ရန်ကိုင့်မျက်နှာကို သူ့စိတ်ထဲ ရင်းနှီးနေသလို ခံစားနေခဲ့ရသည်။ ဤကောင်လေးအား တစ်နေရာရာတွင် မြင်ဖူးနေသလိုလို ခံစားနေရလေသည်။ သို့သော်ငြား မည်သည့်နေရာတွင် မြင်ဖူးနေသလဲဆိုသည်ကို မမှတ်မိနိုင်အောင် ဖြစ်နေခဲ့လေ၏။
ထိုသို့ဆိုလျှင်ပင် အနည်းငယ်မျှ အောက်စည်းသို့ အရောက်မခံဘဲ ပြန်ပြောလိုက်လေ၏။ “ငါတို့ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းက တပည့်တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်တာဆိုတော့ မင်းဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး… ငါတို့ကျေနပ်လောက်မဲ့ အကြောင်းပြချက်တစ်ခု မပေးဘူးဆိုလို့ရှိရင် ဒီနေရာက အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့…”
ဤကဲ့သို့ ယုံကြည်ချက်အပြည့်ဖြင့် ပြောနေရခြင်းမှ သူ၏ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ရန်ကိုင်သည် တာအိုသခင် ပထမအဆင့်သာ ရှိသေးသော ကျင့်ကြံသူတစ်ဦးသာ ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးကို သူ့အနေဖြင့် ဂရုစိုက်နေစရာ မလိုချေ။
သို့သော်ငြား ရန်ကိုင်သည် မည်ကဲ့သို့သော နည်းလမ်းကိုသုံး၍ ချင်းကျောင်းရန်နှင့်အတူ လင်းယွင်အား လွင့်ထွက်သွားအောင် လုပ်ခဲ့သလဲဆိုသည်ကိုတော့ သူလုံးဝ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား မည်သို့ပင် တွေးနေစေကာမူ ရန်ကိုင်အသုံးပြုသွားသည့် ပညာရပ်သည် တစ်ဦးနှင့်တစ်ဦး ပူးပေါင်း၍ အသုံးပြုမှ ရသည့် ပညာရပ်ဟု သူထင်ပေသည်။ ထို့အပြင် လင်းယွင် ဤကဲ့သို့ ဖြစ်သွားရခြင်းမှာ အလစ်အငိုက်မိသွားသည့် အတွက်ကြောင့်လည်း ပါပေ၏။
“အို…” ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးအား အံ့ဩတကြီးကြည့်၍ “ခင်ဗျားတို့ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းက တပည့်တွေက ဒီလောက်အထင်ကြီးစရာကောင်းမှန်း ကျုပ်မသိခဲ့ပါလား… မသိတဲ့လူသာဆိုရင်တော့ ခင်ဗျားတို့ကို ကြယ်ဝိဉာဉ်နန်းတော်က လူတွေလို့ ထင်နေတော့မှာပဲ…”
ရန်ကိုင့်၏ လှောင်ပြောင်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးမှာ ဒေါသထွက်ထွက်နှင့် ရှက်သွားကာ အံကြိတ်၍ ပြန်အော်ပြောတော့လေသည်။ “အပိုတွေ လာပြောမနေတော့နဲ့… ဒီကိစ္စကို အေးအေးဆေးဆေးနဲ့ ပြီးသွားချင်ရင် အညံ့ခံလိုက်… မဟုတ်ရင်တော့ ငါတို့ကို မယဉ်ကျေးလို့ဆိုပြီး လာအပြစ်မတင်နဲ့…”
ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးအား ထူးထူးဆန်းဆန်း အမူအယာဖြင့် ကြည့်၍ ပြန်ပြောလိုက်လေသည်။ “ကျုပ်ခင်ဗျားကို သိလို့လား… သူစိမ်းတစ်ယောက်က ကျုပ်အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါလို့ ကျုပ်က ဘာလို့ မျှော်လင့်နေရမှာလဲ… ခင်ဗျားတို့က တော်တော်ရယ်စရာကောင်းတဲ့ လူတွေပဲ…”
ထို့နောက်တွင် ချင်းယုဘက်သို့ လှည့်၍ တိုးတိုးလေး ပြောလိုက်လေသည်။ “ဒီလူဂေါက်နေတာလား…”
ထိုအချင်းအရာကိုမြင်သော် ချင်းယုလည်း မနေနိုင်တော့ဘဲ ရယ်မောမိလိုက်လေသည်။
သို့သော်ငြား ချင်းကျောင်းရန်မှာတော့ မျက်မှောင်ကျုံ့နေခဲ့လေသည်။ ရန်ကိုင်သာမန်မဟုတ်မှန်း သူသိပေသည်။ သို့သော်ငြား လက်ရှိကိစ္စသည် ရန်ကိုင် ကိုင်တွယ်နိုင်သည့် ကိစ္စဟုတ်မဟုတ်ကို သူမပြောနိုင်ပေ။
“ကောင်စုတ်လေး မင်းအရမ်းကို သေချင်နေတယ်ပေါ့ ဟုတ်လား…” သက်လတ်ပိုင်းလူကြီးမှာ ဒေါသတကြီး ထအော်တော့လေ၏။
“အော်နေတာ တော်လိုက်ပေတော့…” ရန်ကိုင်က သက်လတ်ပိုင်းလူကြီးအား အထင်အမြင်တသေးဖြင့် ကြည့်လျက် “ခင်ဗျားလုပ်တာ ကျုပ်တောင် မျက်နှာပူလာပြီ…”
ထို့နောက်တွင် ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးကို လျစ်လျူရှုလျက် ချင်းကျောင်းရန်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။ “ဒီမှာ ဘာတွေဖြစ်နေတာလဲ… ကျုပ်ဒီကို ရောက်တုန်းက အရင်းအမြစ်ကျောက်တစ်သန်းဆိုပြီးတော့ ကြားလိုက်တယ်… အဲ့တာ ဘာတွေဖြစ်နေတာလဲ…”
ရန်ကိုင် အမှန်ကို ပြောနေခြင်းပင် ဖြစ်လေသည်။ နေမင်းပြာကျောင်းတော်မှ ကပ်ဘေးအသီးကို ရပြီးသည့်နောက် မေပယ်မြို့ဆီသို့ အပြေး ပြန်လာခဲ့လေ၏။ သို့သော်ငြား မြို့ထဲသို့ ဝင်လိုက်လိုက်ချင်းမှာပင် တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်လေသည်။ မေပယ်မြို့ထဲတွင် ထူးထူးခြားခြားကို ယခင်ကထက်ပို၍ ကျင့်ကြံသူပေါင်းများစွာ စုဝေးနေခဲ့ကြလေသည်။
ချင်းမိသားစုသို့ ရောက်သော် ချင်းယုမှ သူစိမ်းအချို့အား သူမ၏ခြံဝန်းထဲမှ မောင်းထုတ်နေသည်ကို တွေ့လိုက်ရလေသည်။ သို့သော်ငြား အခြေအနေ အကြောင်းစုံကို မသိသေးသည့်အတွက်ကြောင့် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ ထို့နောက်တွင် လင်းယွင် ချင်းယုဆီသို့ ပြေးလာပြီး ချင်းကျောင်းရန်မှ လင်းယွင်အား တိုက်ခိုက်လိုက်သည်ကို တွေ့လိုက်ရသည်။ ချင်းကျောင်းရန်ခွန်အားဖြင့် လင်းယွင်အား မနိုင်သည့်အတွက်ကြောင့် ရန်ကိုင်လည်း နောက်ဆုံး ကိုယ်ထင်ပြရတော့လေသည်။
ရန်ကိုင့်၏အမေးကို ကြားသော် ချင်းကျောင်းရန်သည် သက်လတ်ပိုင်းလူကြီးအား စူးရဲစွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် ဖြစ်ပျက်သွားသည့် အကြောင်းစုံကို ရှင်းပြလိုက်လေ၏။
ရန်ကိုင်သည် စကားတစ်ခွန်းမှ ဝင်မပြောပဲ ချင်းကျောင်းရန် ရှင်းပြသည်ကိုသာ ငြိမ်သက်စွာ နားထောင်နေခဲ့လေ၏။ အကြောင်းစုံကို သိလိုက်ရပြီးသည့်နောက် သက်လတ်ပိုင်းလူကြီးဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ဒီတော့ ချင်းမိသားစုက ခင်ဗျားတို့ကို ကောင်းကောင်းဆက်ဆံပေမဲ့ ခင်ဗျားတို့က သူတို့အစေခံတစ်ယောက်ကို သတ်လိုက်တယ်… အဲ့ဒါကိုမှ ခင်ဗျားတို့က နည်းနည်းလေးတောင် စိတ်မကောင်း မဖြစ်ပဲနဲ့ နောက်ခံအားကိုးနဲ့ သူတို့ရဲ့နေရာကို အပိုင်ဝင်စီးတယ်… ပြီးရင် ချင်းမိသားစုရဲ့သခင်မလေးကိုပါ ဖမ်းဖို့ကြိုးစားသေးတယ်… အဲ့လိုပေါ့…”
သက်လတ်ပိုင်းလူကြီးသည် မည်သည့် ပြန်ပြောစရာစကားမှ ရှိမနေသဖြင့် တိတ်သွားခဲ့လေသည်။
“ကျွတ် ကျွတ် ကျွတ်… တကယ်ကို နိုင်လိုမင်းထက် လုပ်ကြတာပဲ…” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးက အသက်ပြင်းပြင်းရှူသွင်းလျက် ပြန်ပြောလိုက်လေ၏။ “ငါတို့ဘက်က အရင်းအမြစ်ကျောက်တစ်သန်း ပေးပြီးသွားပြီပဲ… သူတို့ကသာ ငါတို့စေတနာကို တန်ဖိုးမထားတတ်တာ…”
“ကောင်းပြီလေ…” ရန်ကိုင်က မျက်ခုံးပင့်လျက် “မင်းပြောတဲ့ပုံအရ ဆိုလို့ရှိရင် လူ့အသက်တစ်ချောင်းက အရင်းအမြစ်ကျောက်တစ်သန်းတန်တယ်… အရင်းအမြစ်ကျောက်တစ်သန်းပေးတာကို လက်မခံဘူးဆိုလို့ရှိရင် စေတနာကို တန်ဖိုးမထားတာပေါ့ ဟုတ်တယ်မလား…”
ပြောပြီးသွားသည်နှင့် ရန်ကိုင်သည် သူ့လက်ကို ချက်ချင်းဝေ့ယှမ်းလိုက်လေ၏။
ချက်ချင်းဆိုသလို ခြံဝန်းထဲတွင် တောင်နှယ်ပုံထပ်နေသော အရင်းအမြစ်ကျောက်များ ထွက်ပေါ်လာခဲ့လေသည်။ အရင်းအမြစ်ကျောက်ပမာဏမှာ အနည်းဆုံး ဆယ်သန်းခန့် ရှိလေ၏။
သူတို့၏နောက်ခံကြောင့် ထိုမျှ များပြားလှသော အရင်းအမြစ်ကျောက်များကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သော လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များမှာ တောင်နှယ်ပုံထပ်နေသော အရင်းအမြစ်ကျောက်များကိုကြည့်ရင်း တံတွေးတစ်လုပ် မျိုချမိလိုက်ကြလေသည်။
ချင်းကျောင်းရန်နှင့် အခြားသူများမှာမူ ပို၍ပင် မင်သက်နေခဲ့လေ၏။ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းကို သူတို့နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။
“ကဲ ကဲ ကဲ… လာ လာ လာ… လာပြီးတော့ အရင်းအမြစ်ကျောက် တစ်သန်းဆီ ယူကြ… နည်းနည်းလေးမှ ပိုမယူကြနဲ့နော်…” ရန်ကိုင်သည် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များကို ပြုံးလျက် လက်ယပ်ခေါ်လိုက်လေသည်။
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင့်မျက်နှာထက်ရှိ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး အေးစက်စက် လေသံဖြင့် အရင်းအမြစ်ကျောက်တစ်သန်း ယူပြီးတာနဲ့ ခင်ဗျားတို့ကို ကျုပ်သတ်ပစ်မယ်…”
လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များ ကြောက်ကြောက်လန့်လန့်ဖြင့် အနောက်သို့ ဆုတ်သွားကြကုန်လေ၏။ ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်ရင်း တပည့်များထဲမှ တစ်ယောက်က အော်ပြောလိုက်လေသည်။ “မင်းလာနောက်နေတာလား…”
အရင်းအမြစ်ကျောက်တစ်သန်းသည် မနည်းလှသော ပမာဏ ဖြစ်သော်ငြား ထိုတစ်သန်းကို သုံးစွဲရန်အတွက် သူတို့အသက်ရှင်နေရန် လိုအပ်ပေသေးသည်။ သေသွားပြီးမှဖြင့် အရင်းအမြစ်ကျောက်တစ်သန်းကို ရတော့ရော ဘာထူးဦးမည်နည်း။
သက်လတ်ပိုင်းလူကြီး၏ အမူအယာမှာ ပို၍ သုန်မှုန်သွားခဲ့လေသည်။ ယခု ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို အပြည့်အဝ နားလည်သွားခဲ့လေပြီ။
ရန်ကိုင်သည် သူ ချင်းမိသားစုအပေါ် ဆက်ဆံခဲ့သလို သူ့အား ပြန်ဆက်ဆံနေခြင်းပင် ဖြစ်လေသည်။ ထိုအချက်ကို နားလည်လိုက်သော် ပြန်၍ လှောင်ပြောင်လိုက်လေ၏။ “မင်း ချင်းမိသားစုက မဟုတ်မှန်း ငါသိတယ်… ဘာဖြစ်လို့ ဒီကိစ္စကို ဝင်ပါချင်နေတာလဲ… မင်း ဒီကိစ္စကနေ ဘေးဖယ်နေပေးလိုက်ရင် ငါတို့ အချင်းချင်း မိတ်ဆွေဖြစ်နိုင်သေးတယ်နော်…”
“ဘယ်သူက ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ချင်လို့လဲ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ကျုပ်ကမ်းလှမ်းနေတာကို လက်ခံလိုက်လေ… ဘာလဲ ခင်ဗျားက စေတနာကို တန်ဖိုးထားရကောင်းမှန်း မသိတာလား…”
ထိုစကားကို ကြားသော် သက်လတ်ပိုင်းလူကြီးက ဒေါသတကြီး ပြန်ပြောလိုက်လေ၏။ “ကြည့်ရတာ ငါတို့ ဘာမှ ပြောစရာ မရှိတော့ဘူးနဲ့ တူတယ်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၅၄)
“ဘုံကိုးလွှာအေးခဲခြင်း ဓါးအလင်းတန်း…” သက်လတ်ပိုင်းလူကြီးသည် ပြတ်သားသည့် လူတစ်ဦး ဖြစ်သည်။ ဆွေးနွေး၍ ရတော့မည်မဟုတ်မှန်း သိလိုက်သော် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေ၏။ နှင်းဖြူရောင်ဓါးတစ်ချောင်းကို အလျင်အမြန် ထုတ်ယူ၍ သူ့ရှေ့တည့်တည့်၌ ထောင့်ဖြတ်မျဉ်းအတိုင်း ကိုင်ဆွဲထားလိုက်လေသည်။ ထို့နောက် အရင်းအမြစ်ချီအား ဓါးထဲသို့ ထည့်သွင်းလိုက်လေ၏။ အေးစက်စက် အငွေ့အသက်တို့သည် ဓါးတစ်ဝိုက်တွင် စတင်၍ ရစ်သိုင်းလာလေတော့သည်။
ထိုအချင်းအရာကိုမြင်သော် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များ၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ကြပြီး နောက်သို့ အလျင်စလို ဆုတ်သွားခဲ့ကြလေသည်။ သက်လတ်ပိုင်းလူကြီး၏ ဤတိုက်ကွက် မည်မျှ အားကောင်းသလဲ ဆိုသည်ကို သူတို့ သိထားကြသည့် ပုံပင်။
ချင်းကျောင်းရန်သည်လည်း ချင်းယုအား ဆွဲခေါ်၍ ချင်းမိသားစုမှ အစောင့်များ အစေခံများနှင့်အတူ နောက်သို့ အလျင်အမြန် ဆုတ်သွားခဲ့လေသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ဓါးအလင်းဖြင့် လွှမ်းခြုံပြီးသော် သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားလေသည်။ သူဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော လေထုတစ်ခုလုံးမှာလည်း အလွန်အေးစက်လှသည့် အငွေ့အသက်ကြောင့် ရေခဲအဖြစ်သို့ ပြောင်းလဲကုန်ကြလေ၏။
“ဟား ဟား ဟား…” ရန်ကိုင်သည် ရှောင်ရန်ပင် မကြိုးစားဘဲ သူ့ဆီသို့ ပြေးဝင်လာနေသော သက်လတ်ပိုင်းလူကြီးအား လှောင်ပြုံးပြုံးလျက် အထင်အမြင်တသေးဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ရန်ကိုင် ဤမျှ ယုံကြည်ချက် ရှိနေသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီး ကြောင်သွားခဲ့ပြီး သူ့စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့လေ၏။
“မင်းလိုပါမွှားလေးတစ်ကောင်ကများ ဒီသခင်လေးရှေ့မှာ လာပြီးမောက်မာရဲတယ်….” ထိုကဲ့သို့ လှောင်ပြောင်ပြောဆို လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။ ချက်ချင်းဆိုသလို သက်လတ်ပိုင်းလူကြီးရှေ့၌ ပြန်ပေါ်လာပြီး သူ့လက်ညှိုးတစ်ချောင်းကို သက်လတ်ပိုင်းလူကြီး၏တည့်တည့်သို့ ထိုးချလိုက်လေ၏။
လက်ညှိုးထိပ်တွင်မူ အလွန်တရာကိုမှ သန့်စင်သိပ်သည်းလှသည့် အရင်းအမြစ်ချီမှ ဖန်တီးထားသော ရွှေရောင်အလင်းစက်တစ်စက် ရှိနေခဲ့လေသည်။
“ထန်…”
သက်လတ်ပိုင်းလူကြီး၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး လေထဲတွင် တန့်သွားခဲ့လေသည်။ သူ၏ အားကုန်သုံးတိုက်ကွက်ကို ရန်သူမှ လက်ညှိုးတစ်ချောင်းတည်းဖြင့် တားဆီးသွားခဲ့သည်ကို ကြည့်ရင်း သက်လတ်ပိုင်းလူကြီး အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေခဲ့လေ၏။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည့်အချက်မှာ အသွေးအသားတို့နှင့် ဖန်တီးထားသော ရန်ကိုင်၏လက်ညှိုးသည် သူ၏ဓါးဖြင့် ထိပ်တိုက်ထိပြီးသွားသည့်တိုင် မည်သည့်ဒဏ်ရာမှ မရခြင်းပင်။ သေချာအနီးကပ် ကြည့်ကြည့်မည်ဆိုပါက ရန်ကိုင်၏လက်ညှိုးကြောင့်ပင်လျှင် သက်လတ်ပိုင်းလူကြီး၏ဓါး ချိုင့်ဝင်သွားသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။
သက်လတ်ပိုင်းလူကြီး ပျာယာခတ်နေစဉ်မှာပင် သူ့ဓါးသည် နောက်ဆုံးအကြိမ်အဖြစ် တုန်တုန်ရီရီ ဖြစ်လာခဲ့ပြီးသည့်နောက် ၎င်း၏အနီးတစ်ဝိုက်တွင် ရစ်သိုင်းနေသော အေးစက်စက် အငွေ့အသက်တို့မှာ လုံးဝကို ပျောက်ကွယ်သွားခဲ့လေသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ထိုမြင်ကွင်းကို ကြည့်ရင်း သက်လတ်ပိုင်းလူကြီး မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။
မရေရာ မသေချာ ဖြစ်လာသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးသည် သူ၏ကောင်းကင်စိတ်အာရုံကို ထပ်မံထုတ်လွှတ်၍ ရန်ကိုင်၏ ကျင့်ကြံခြင်းကို စစ်ဆေးကြည့်ပြန်သည်။ ရန်ကိုင်၏ကျင့်ကြံခြင်းမှာတော့ တာအိုသခင် ပထမအဆင့်တွင်သာ ရှိနေကြောင်းကို ထပ်မံတွေ့ရှိလိုက်ရသည်။ သို့သော်ငြား ရန်ကိုင်ပြသသွားသည့် ခွန်အားမှာ တာအိုသခင် ပထမအဆင့် ကျင်ကြံသူများတွင် ရှိသင့်သည် ခွန်အားမျိုး မဟုတ်ချေ။
“လော့ယွမ်ဆိုရင်တော့ ဘာမှမပြောလိုပေမဲ့ ခင်ဗျားကတော့ ကျုပ်ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ဘူး…” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ရေရွတ်လိုက်ပြီးသည့်နောက် သူ့လက်ချောင်းထိပ်တွင် စုဝေးနေသော အရင်းအမြစ်ချီ သိပ်သည်းစကို တိုးမြှင့်လိုက်လေသည်။ ချက်ချင်းဆိုသလို သူ့လက်ချောင်းထိပ်ရှိ ရွှေရောင်အလင်းစက်မှာ ပို၍ စူးရှစွာ တောက်ပလာခဲ့ပြီး ရှေ့သို့ ပြေးထွက်သွားခဲ့လေ၏။
“ဂျူနီယာညီလေးလော့ကို မင်းသိတာလား…” သက်လတ်ပိုင်းလူကြီး ကတုန်ကယင် ဖြစ်သွားခဲ့ပြီး ရန်ကိုင့်အား အံ့ဩတကြီး ငေးကြည့်လိုက်လေသည်။ ရုတ်တရက် တစ်ခုခုအား နားလည်သွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “မင်းက ရန်ကိုင်ပဲ… ဥတုလေးမျိုးနယ်မြေထဲက ရန်ကိုင်ပဲ…”
နောက်ဆုံးတွင် တစ်ခုခုအား ပြန်မှတ်မိသွားခဲ့ပြီး အလန့်တကြား ထအော်တော့လေသည်။
ထိုကဲ့သို့ အော်ဟစ်ပြီးသည်နှင့် တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းသည် သက်လတ်ပိုင်းလူကြီးအား လွှမ်းခြုံသွားခဲ့လေသည်။ သက်လတ်ပိုင်းလူကြီးမှာ နာကျင်စွာအော်ဟစ်ရင်း မြေပြင်ပေါ်သို့ လွင့်စင် ထွက်သွားခဲ့လေ၏။ သူလွင့်စင်ထွက်သွားရာနေရာတွင် ဧရာမကျွင်းပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့လေသည်။
“ရန်ကိုင်လား…”
“ဥတုလေးမျိုးနယ်မြေထဲက ရန်ကိုင်လား…”
“ဟုတ်တယ် သူပဲ… သူဆိုတာ လုံးဝသေချာတယ်… ဒါကြောင့် သူ့မျက်နှာကို မြင်ဖူးနေပါတယ်လို့ မှတ်နေတာ…”
အနားတွင်ရှိနေသော လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များမှာ အလန့်တကြား ထအော်ကြတော့လေသည်။
ယခုမှသာ သူတို့ရှေ့တွင် ရပ်နေသည့် လူငယ်လေးသည် ဥတုလေးမျိုးနယ်မြေထဲ၌ တောင်ဘက်နယ်မြေရှိ ပါရမီရှင်များကို လက်တစ်လုံးခြားလုပ်ကာ ဖိနှိပ်ပြသွားခဲ့သော ရန်ကိုင်မှန်း အကုန်လုံး နားလည်သွားတော့လေသည်။ ဥတုလေးမျိုးနယ်မြေထဲ၌ ရန်ကိုင်မှ အလဲအလှယ် လုပ်နေစဉ်အတွင်း ရပ်ကြည့်နေသည့် လူများထဲ သူတို့ထဲမှ အချို့ပင် ပါခဲ့ပေသည်။
သူတို့အနေဖြင့် အနီးကပ် သွားမကြည့်ရဲရခြင်းမှာ ထိုစဉ်က ထိုနေရာတွင် လော့ယွမ်ရှိနေသည့် အတွက်ကြောင့်ပင်ဖြစ်လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင့်အား မြင်မြင်ချင်း ချက်ချင်း တန်းမမှတ်မိခြင်းပင် ဖြစ်လေ၏။
ယခု သက်လက်ပိုင်းလူကြီးအော်ပြောသည်ကို ကြားပြီးသည့်နောက်တွင် ရန်ကိုင်မည်သူမှန်း အကုန်လုံး နားလည်သွားတော့လေသည်။
တစ်ဖက်လူသည် ရန်ကိုင်မှန်း သိလိုက်သည့်နောက် အကုန်လုံး၏ မျက်နှာများ ဖြူလျော်သွားကုန်ကြပြီး ဇောချွေးများ ပြန်ကုန်ကြလေသည်။
သူတို့အနေဖြင့် ရန်ကိုင်နှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဘူးသော်ငြား ဥတုလေးမျိုးနယ်မြေထဲတွင် မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သလဲ ဆိုသည်ကို ကောင်းကောင်း သိထားကြသည်။
တောင်ဘက်နယ်မြေ၏ တက်သစ်စ ကြယ်ပွင့်များ ဖြစ်ကြသော ဝူချန်း၊ လော့ယွမ်နှင့် အခြားသော ပါရမီရှင်ပေါင်းများစွာပင်လျှင် ရန်ကိုင့်ကိုယ်ပေါ်ရှိ အမွေးတစ်မျှင်ကိုပင် ထိအောင် မလုပ်နိုင်ခဲ့ကြပေ။ သူတို့ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။
ဥတုလေးမျိုးနယ်မြေ ပိတ်သွားပြီးသည့်နောက်တွင် ပါရမီရှင်နှစ်ဦးသည် လူအများကြား ပြောစမှတ် တွင်သွားခဲ့လေသည်။ ထိုလူဦးနှစ်ဦးအနက် တစ်ဦးမှာ ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ဝူချန်းကိုပင်လျှင် လက်ရည်တူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သော လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လော့ယွမ်ပင် ဖြစ်လေသည်။ အခြားတစ်ဦးမှာတော့ ရန်ကိုင်သာ ဖြစ်လေ၏။
တာအိုသခင် ပထမအဆင့် ကျင့်ကြံခြင်းကိုသာလျှင် ပိုင်ဆိုင်ထားလင့်ကစား ထိုရန်ကိုင်သည် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦးလည်း ဖြစ်နေခဲ့ပြီး လူအများရှေ့တွင်ပင် အဆုံးမဲ့ရတနာဆေးလုံးများကို ဖော်စပ်ပြသွားခဲ့သည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ဥတုလေးမျိုးနယ်မြေထဲရှိ ပညာရှင်များကိုလည်း ကလေးများသဖွယ် ဆော့ကစား ပြသွားခဲ့သေး၏။
ထိုအကြောင်းကြောင့်ပင်လျှင် မေပယ်မြို့ထဲရှိ အခြားသော မိသားစုငယ်လေးများမှာ ဂိုဏ်းသုံးလေးငါးဂိုဏ်းအား တစ်ပြိုင်တည်း ဧည့်ခံနေရချိန် ချင်းမိသားစုသည် လမ်းစဉ်ရှစ်သွယ် ဂိုဏ်းတစ်ဂိုဏ်းတည်းကိုသာ ဧည့်ခံနေရခြင်းပင် ဖြစ်လေသည်။
လော့ယွမ်ကြောင့် အခြားသော ဂိုဏ်းများမှ ကျင့်ကြံသူများမှာ သူတို့အား လာရန်မစရဲကြတော့ချေ။ လော့ယွမ်သည် ဝူချန်းကိုပင်လျှင် မကြောက်လေရာ ဧကရာဇ်အဆင့်အောက် ကျင့်ကြံသူများ၌ သူကြောက်သည့်သူ မည်သူရှိဦးမည်နည်း။
“အဟွတ် အဟွတ်…” ရန်ကိုင်၏ အမှောက်သိပ်ခြင်း ခံလိုက်ရသည့် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ သက်လတ်ပိုင်းလူကြီးမှာ မည်သည့်ဆိုးဆိုးရွားရွား ဒဏ်ရာမှ ရမသွားသည့်အတွက်ကြောင့် အလျင်အမြန် ပြန်ကုန်းထလာနိုင်ခဲ့လေသည်။ ပြန်ထလာပြီးသည့်နောက်တွင် ရန်ကိုင့်အား ကြောက်လန့်တကြားဖြင့် ကြည့်ရင်း အံကိုကြိတ်၍ လက်သီးဆုပ်ကာ တောင်းပန်လိုက်လေ၏။ “ဆရာရန်မှန်း မသိလိုက်လို့ ရန်စမိလိုက်သလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်…”
သူ့ကျင့်ကြံခြင်းမှာ ရန်ကိုင့်ထက် ပိုမြင့်သလို သူသည် ရန်ကိုင်ထက် ပို၍လည်း အသက်ကြီး၏။ ထို့ကြောင့် ရန်ကိုင့်အား ဆရာဟုခေါ်သည်မှာ ရှက်စရာပင် ဖြစ်လေသည်။ ထိုသို့ပင် ဖြစ်လင့်ကစား ရန်ကိုင့်အား ရောင်းရင်းဟု သွားခေါ်လိုက်ပါက တစ်ဖက်လူ မကျေမနပ် ဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ ရန်ကိုင့်အား ဆရာဟု တပ်၍သာ ခေါ်ဝေါ်ရတော့လေသည်။ ရန်ကိုင်သည် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦးလည်း ဖြစ်သည့်အတွက်ကြောင့် သူ့အား ထိုကဲ့သို့ခေါ်သည်မှာ မသင့်တော်သည်တော့ မဟုတ်ပေ။
“ဘယ်လို…” အစောပိုင်းက အလွန်တရာကိုမှ မောက်မာနေခဲ့သော သက်လတ်ပိုင်းလူကြီး ယခုမူ ရိုရိုကျိုးကျိုးဖြင့် ရန်ကိုင့်အား ဆရာဟုတပ်ကာ ခေါ်ဝေါ်နေသည့် ပုံစံကိုကြည့်ရင်း ချင်းကျောင်းရန် ထိတ်လန့် အံ့အားသင့်သွားတော့လေသည်။
ချင်းယုမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း တစ်ခုခုအား စဉ်းစားမိသွားသည့်အလား အတွေးနက်နေခဲ့လေ၏။
“ဘာတွေ ဒီလောက်တောင် ထူးဆန်းနေလို့လဲ…” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ပြန်မေးလိုက်လေသည်။
“ဆရာရန် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…” သက်လတ်ပိုင်းလူကြီးကတော့ ပြုံးကာ တောင်းပန်နေဆဲ။
ရန်ကိုင်သည် လေသံကို ပြောင်းလျက် အေးစက်စက် လေသံဖြင့် “သေတဲ့လူတစ်ယောက်ကို ခွင့်လွှတ်ပေးစရာ လိုလို့လား…”
သက်လတ်ပိုင်းလူကြီး၏ မျက်နှာထက်ရှိ အပြုံး တောင့်တင်းသွားခဲ့လေသည်။ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီးသည့်နောက် အလျင်စလို ပြန်၍ ပြောလိုက်လေ၏။ “ဆရာရန်… ဒီနေ့ ဖြစ်သွားတဲ့ကိစ္စက ကျုပ်ဂျူနီယာ ညီလေးလင်းရဲ့အပြစ်…”
“ဟုတ်တာပေါ့… သူမှားတာပေါ့…” ရန်ကိုင်က ဖြတ်ပြောလိုက်လေသည်။
“ဒါပေမဲ့ ဆရာရန်ရယ် ဂျူနီယာညီလေးလင်းက သူ့အမှား သူသိသွားပြီမို့လို့ ကျေးဇူးပြုပြီး သူ့ကို ပြန်လည်ပြင်ဆင်ခွင့် တစ်ကြိမ်လောက် ပေးပေးပါနော်…” သက်လတ်ပိုင်းလူကြီးက ထပ်မံ၍ တောင်းဆိုလိုက်လေသည်။
“သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ… ငါ သူ့ကို သတိလစ်အောင် လုပ်လိုက်ရုံပဲ ရှိသေးတာ… အဲ့ဒါကို သင်ခန်းစာလို့ မခေါ်သေးဘူး…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “အခြားသူတွေရဲ့ အသက်တွေကြတော့ရော မင်းတို့အတွက် ဒီလောက်တောင် အဖိုးမတန်တော့ဘူးလား…”
ရန်ကိုင်မှ အလျှော့မပေးသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီး၏ နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့လေသည်။ အံကိုကြိတ်၍ သက်လတ်ပိုင်းလူကြီးက ပြောလိုက်လေ၏။ “ဆရာရန် သိမလားတော့မသိဘူး… ဂျူနီယာညီလေးလင်းယွင်ရဲ့ ဦးလေးက လမ်းစဉ်ရှစ်သွယ်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ပါ…”
လင်းယွင်အကြောင်း ထည့်ပြောလိုက်မည်ဆိုပါက ရန်ကိုင့်အနေဖြင့် လင်းယွင်၏အသက်ကို ညှာတာပေးပြီး သူ့အပြစ်ကို လျှော့ပေါ့ပေးလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်ကမူ နှာခေါင်းရှုံ့၍သာ “လင်းယွင်… သူဘယ်သူလဲ… သူက ဘာမို့လို့ ငါသူ့ကို ဂရုစိုက်နေရမှာလဲ…”
ယနေ့ကိစ္စသည် ကောင်းကောင်းမွန်မွန် အဆုံးသတ်တော့မည် မဟုတ်မှန်း နားလည်လိုက်သော် သက်လတ်ပိုင်းလူကြီး၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။
“ဘာပဲဖြစ်ဖြစ် ငါ ဒီနေ့တော့ တစ်ယောက်ယောက်ကို ကျိန်းသေ သတ်ရတော့မယ်… မင်းပဲ အသတ်ခံမလား ဟိုမှာ သတိလစ်နေတဲ့ကောင်ပဲ အသတ်ခံမလား… မင်းကြိုက်တာရွေး…” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အနန္တဓါးကို ထုတ်ယူလိုက်လေ၏။ ချက်ချင်းဆိုသလို ခြံဝန်းတစ်ခုလုံး ခြောက်ခြားဖွယ်ရာကောင်းသော ဧကရာဇ်ဖိအားတို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။
အနန္တဓါးဖြင့် သက်လတ်ပိုင်းလူကြီးအား ချိန်ရွယ်ရင်း ရန်ကိုင်က အော်မေးလိုက်လေ၏။ “မင်းရွေးပေတော့…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ဆက်ပြောလိုက်လေသည်။ “မင်း အဲ့ကောင်အစား ဝင်အသေခံချင်လား… သူက မင်းတို့ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ရဲ့ တူဆိုတော့ မင်းသာ သူ့အစား သေပေးလိုက်မယ်ဆိုရင် မင်းရဲ့ အဖိုးတန်လှတဲ့ ဒုဂိုဏ်းချုပ်ကြီးက မင်းအစား မင်းရဲ့မိသားစုကို စောင့်ရှောက်ပေးထားချင် ပေးထားမှာ…”
“ဒါ… ဒါ… ကျုပ် ကျုပ်…” သက်လတ်ပိုင်းလူကြီးမှာ မည်ကဲ့သို့ ပြန်ပြောလို့ပြောရမှန်း မသိတော့ချေ။ ရန်ကိုင့်လက်ထဲရှိ အနန္တဓါးကို ကြည့်ရင်း သူ့တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်လာခဲ့လေ၏။ သူ့အနေဖြင့် ဧကရာဇ်မှော်ရတနာတစ်ခုအား တစ်ခါမှ မမြင်ဖူးသော်ငြား ရန်ကိုင့်လက်ထဲရှိဓါးမှာ လုံးဝကို သာမန်မဟုတ်မှန်း သိနေခဲ့လေသည်။ ရန်ကိုင်နောက်နေခြင်း မဟုတ်မှန်း သိနေခဲ့သည်။ ရန်ကိုင့်၏မျက်လုံးထဲမှ ဖြာထွက်နေသည့် သတ်ဖြတ်လိုစိတ်မှာ အထင်းသားပင်။
သို့သော်ငြား လင်းယွင်သည် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းထဲရှိ အဆင့်အတန်းမြင့်မားသူတစ်ဦး ဖြစ်သော်ငြား သူ့အနေဖြင့် ဘာကြောင့်များ လင်းယွင်အစား အသေခံရမည်နည်း။
“မင်းမရွေးဘူးဆိုရင် ငါ့ဘာသာငါ ဆုံးဖြတ်မယ်…” ရန်ကိုင်သည် ချင်းကျောင်းရန်ဘက်သို့ လှည့်၍ “မိသားစုခေါင်းဆောင်ချင်း… သူတို့တွေက ခင်ဗျားတို့ကလန်သားတစ်ယောက်ကို သတ်လိုက်တာဆိုတော့ ခင်ဗျားတို့ချင်းမိသားစုရဲ့ မှော်ရတနာကိုသုံးပြီး ကျုပ်ခင်ဗျားတို့အတွက် ပြန်လက်စားချေပေးမယ်… ဒါဆိုအဆင်ပြေတယ်မလား…”
“ပြေတာပေါ့…” ချင်းကျောင်းရန်က အော်ပြောလိုက်လေသည်။
ရန်ကိုင်သည် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် အနန္တဓါးကို မြှောက်လျက် ခုတ်တော့မည်အပြု သူ့အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ထက်ရှိ တစ်နေရာကို ကြည့်ရင်း နှုတ်ခမ်းကိုကွေးလျက် ပြောလိုက်လေသည်။ “ရောက်လာပြီးမှတော့ ဘာလို့ ထွက်မလာသေးဘဲ ပုန်းနေသေးတာလဲ…”
“အခြားတစ်ယောက်ရှိနေသေးတာလား…” ချင်းကျောင်းရန်၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ကြည့်နေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား ဘာကိုမှ မတွေ့ရသဖြင့် သူ့စိတ်ထဲ မယုံသင်္ကာ ဖြစ်သွားလေ၏။
ခဏအကြာတွင် ရန်ကိုင်စိုက်ကြည့်နေသည့်ဘက်မှ လှိုင်းတွန့်များ ထွက်ပေါ်လာပြီး လူနှစ်ဦး ရုတ်တရက် ပေါ်လာခဲ့လေသည်။
အမျိုးသားနှင့် အမျိုးသမီးတစ်ဦးပင် ဖြစ်လေသည်။ အမျိုးသားမှာ မည်သူ့ကိုမှ ဂရုမစိုက်သည့် ဟန်ပန်မျိုးဖြင့် အေးစက်စက် မျက်နှာထားကို ပိုင်ဆိုင်ထားသော လူငယ်လေးတစ်ဦးဖြစ်ပေသည်။ အမျိုးသမီးမှာတော့ သေးသွယ်သွယ်နှင့် ချစ်စဖွယ်ကောင်းပြီး မျက်နှာဝိုင်းဝိုင်းကို ပိုင်ဆိုင်ထားလေ၏။ အမျိုးသမီးသည် လူငယ်လေး၏နောက်ဘက်တွင် ငြိမ်သက်စွာ ရပ်နေခဲ့လေသည်။
“သူပဲ…” ချင်းကျောင်းရန်၏ အမူအယာ မှုန်ကုပ်သွားခဲ့လေသည်။
ထိုလူငယ်လေးနှင့် အမျိုးသမီးသည် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များကို ဦးဆောင်လာသည့်လူမှန်း ချင်းကျောင်းရန် ချက်ချင်း တန်းသိလိုက်လေသည်။
ရောက်လာသည့်နေ့မှစ၍ ထိုလူငယ်လေးသည် ချက်ချင်းကို တံခါးပိတ်ကျင့်စဉ် ဝင်သွားခဲ့လေသည်။ သူသည် လုံးဝကို မရပ်မနားပဲ တစ်ချက်ကလေးမှပင် အနားမယူဘဲ တရစပ် ကျင့်ကြံနေသည်ဟုပင် ချင်းမိသားစုဝင် ကျင့်ကြံသူများကြား ကောလဟာလ ထွက်သွားသေး၏။
ထိုလူငယ်လေးသည် ဥတုလေးမျိုးနယ်မြေထဲတွင် ပေါ်လာခဲ့သော ရန်ကိုင့်ကဲ့သို့ပင် တောင်ဘက်နယ်မြေ၏ တက်သစ်စကြယ်ပွင့်တစ်ပွင့်ဖြစ်သော လော့ယွမ်မှန်း ချင်းကျောင်းရန် သိနေသည်။
မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးမှာတော့ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းချုပ်၏ သမီးတစ်ဦးဖြစ်ကာ လော့ယွမ်အား အလွန်တရာကိုမှ ချစ်မြတ်နိုးနေသူတစ်ဦး ဖြစ်လေသည်။ ရောက်လာသည့်နေ့မှစ၍ သူမသည် လော့ယွမ်၏ခြံဝန်းဆီမှ ခြေတစ်လှမ်းပင် မခွာဘဲ စောင့်ကြပ်ပေးနေခြင်း ဖြစ်လေသည်။ သူမဘက်မှ သူမ၏အချစ်ကို မည်ကဲ့သို့ပင် ဖော်ပြနေလင့်ကစား လော့ယွမ်ကမူ အေးစက်စက် ပုံစံဖြင့်သာ ရှိနေဆဲ။
“ဂျူနီယာညီလေးလော့… သခင်မလေး…” ထိုနှစ်ယောက်ပေါ်လာသည်ကို မြင်သည့်အခါ သက်လတ်ပိုင်းလူကြီး ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား မကြာမီ တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီးသည့်နောက် ကြောက်လန့်တကြား ဖြစ်သွားလေ၏။
လော့ယွမ်သည် သက်လတ်ပိုင်းလူကြီးအား တစ်ချက်လှမ်းကြည့်၍ မျက်မှောင်ကျုံ့ကာ ပြောလိုက်လေသည်။ “မင်းတော်တော် နားငြီးတာပဲ…”
လော့ယွမ်၏စကား ထွက်လာသည်နှင့်တစ်ပြိုင်နက် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံး၏ မျက်နှာ ဖြူလျော်သွားကုန်ကြလေ၏။ သူတို့ကြည့်ရသည်မှာ လော့ယွမ်အား အလွန်ကိုမှ ကြောက်သည့်ပုံပင်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၅၅)
ဤသည်မှာ အမှန်တရားသာ ဖြစ်လေသည်။ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းထဲတွင် ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်အပါအဝင် မည်သူမဆို လော့ယွမ်အား ကြောက်ကြသည်။ လော့ယွမ်သည် လူတစ်ကုဋေတွင် တစ်ယောက်ပင် တွေ့ရရန် ခဲယဉ်းလွန်းလှသော ပါရမီရှင်။ ကြယ်တာရာအစုအဝေး၌ တစ်နေ့တွင် နာမည်ဂုဏ်သတင်း ကျော်ကြားလာမည့် သူတစ်ဦးဖြစ်သည်ဟု ဂိုဏ်းချုပ်မှ ပြောခဲ့ပေသည်။ ထို့အတွက်ကြောင့် ဂိုဏ်းထဲရှိ မည်သူမဆို လော့ယွမ်၏တောင်းဆိုချက်မှန်သမျှကို မငြင်းဆိုရဲကြပေ။ ဂိုဏ်း၏ တိုးတက်ထွန်းကားရေးသည် လော့ယွမ်အပေါ် မှီခိုနေသည်ဟု မှတ်ယူထားကြသည်။
ထို့အတွက်ကြောင့် လော့ယွမ်၏ စကားမှန်သမျှသည် ဂိုဏ်းချုပ်၏စကားသဖွယ် အာဏာစက် ပြင်းထန်လှသည်။ သူသည် ဂိုဏ်းထဲတွင် အကောင်းဆုံး ကျင့်ကြံရေးလိုဏ်ဂူကို ရယူထားပြီး ဂိုဏ်းထဲရှိ ကျင့်ကြံရေးအရင်းအမြစ်အားလုံး၏ တစ်ဝက်လောက်ကိုလည်း သုံးစွဲခွင့် ရထားသည်။ ကျင့်ကြံနေစဉ်အတွင်း မည်သူမှ သူ့အား သွားမနှောင့်ယှက်ရဲကြပေ။
ထို့အတွက်ကြောင့်ပင်လျှင် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များသည် ယနေ့ကိစ္စအား ပုံကြီးမချဲ့လိုခြင်းပင် ဖြစ်လေသည်။ လော့ယွမ်ကျင့်ကြံနေသည်အား သွားနှောင့်ယှက်မိမည်ကို သူတို့ စိုးရိမ်နေကြခြင်းပင် ဖြစ်လေသည်။ သို့သော်ငြား အဆုံးတွင်တော့ လော့ယွမ်သည် ဤအကြောင်းကို သိသွားခဲ့ပေသေးသည်။
လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များမှာ ကြောက်လည်း ကြောက်သွားမိသလို ဝမ်းလည်း ဝမ်းသာမိသွားကြလေသည်။ လော့ယွမ်မှ သူ့အား လာနှောင့်ယှက်သည်ဟုဆိုကာ သူတို့အား အပြစ်ပေးမည်ကို ကြောက်ရွံ့သလို ပြဿနာအရှုပ်အရှင်းမှ ကယ်ထုတ်ပေးနိုင်မည့် အားကောင်းသော နောက်ခံတစ်ဦး ရောက်လာသည့်အတွက်ကြောင့်လည်း ဝမ်းသာမိသွားကြသည်။
“အာ… ရှင်ပဲ…” ထိုစဉ် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည် အသိပြန်ဝင်လာခဲ့ပြီး လော့ယွမ်ဆီမှ အကြည့်လွှဲဖယ်၍ လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။ ရန်ကိုင့်အား တွေ့သွားချိန် “ရှင်က အဲ့... အဲ့…”
ရန်ကိုင်၏နာမည်ကို သူမမှတ်မိတော့ပေ။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ရန်ကိုင်…”
“ဟုတ်တယ် ဟုတ်တယ်… ရှင်က ဥတုလေးမျိုးနယ်မြေထဲမှာ ကျွန်မနဲ့ အဆုံးမဲ့ရတနာဆေးလုံးကို လဲလှယ်ခဲ့တဲ့လူပဲ… ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးက ပြောလိုက်လေသည်။
“ကျုပ်ဘာလို့ ဒီကို မရောက်လာနိုင်ရမှာလဲ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
ရန်ကိုင်၏ စကားကို ကြားသော် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီး အတွေးနက်သွားခဲ့ပြီး ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင့်အား ပြုံးသာပြုံးပြလိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောတော့ပေ။
ရန်ကိုင့်ကိုမြင်လိုက်ချိန် ကန်ရေပြင်နှယ် ငြိမ်သက်နေသော လော့ယွမ်၏အကြည့်ထဲ အဆုံးမဲ့တိုက်ခိုက်လိုစိတ်တို့ ရုတ်တရက် ဖြာထွက်လာခဲ့လေ၏။
ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “မင်းတို့ ဒီရောက်နေတာ ဘယ်လောက်ကြာပြီလဲ…”
လော့ယွမ်က ပြန်ပြောလိုက်သည်။ “သိပ်မကြာသေးဘူး…” တခဏမျှ ရပ်ပြီးနောက် ဆက်၍ ပြောလိုက်လေ၏။ “မင်း အဲ့မှော်ရတနာကို ထုတ်လိုက်တဲ့အချိန် ငါနိုးလာခဲ့တာ… ငါ ဒီကိုရောက်လာလည်း ရောက်လာရော မင်း ငါတို့ဂိုဏ်းက တပည့်တစ်ယောက်ကို သတ်ဖို့လုပ်နေတာကို တွေ့တာပဲ…”
လော့ယွမ်၏လေသံထဲ ထူးမခြားနားဟန်တို့ဖြင့် ပြည့်နေခဲ့လေသည်။ သို့သော်ငြား သူ့စကားလုံးများထဲ စိတ်ညစ်မှု၊ အေးစက်မှုတို့ကို အထင်းသား မြင်တွေ့နိုင်ပေ၏။
မည်သို့ပင်ဖြစ်နေစေကာမူ သူသည် လမ်းစဉ်ရှစ်သွယ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်နေဆဲ။ ထို့အတွက်ကြောင့် သူ့ဂိုဏ်းမှ တပည့်တစ်ဦး အသတ်ခံရမည်ကို ဤအတိုင်း ရပ်ကြည့်မနေနိုင်ပေ။
သက်လတ်ပိုင်းလူကြီး ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်စလို လှမ်းအော်ဟစ်လိုက်လေ၏။ “ဂျူနီယာညီလေးလော့… ဒီကောင်က သူ့ကိုယ်သူ ပြိုင်ဘက်ကင်းတယ်ထင်ပြီး ငါတို့ဂိုဏ်းကိုတောင် မလေးစားတော့ဘူး… ဂျူနီယာညီလေးလင်းယွင်ကို တိုက်ခိုက်ရုံတင်မဟုတ်ဘူး ငါ့ကိုပါ ဒဏ်ရာရအောင် လုပ်သွားသေးတယ်… ဂျူနီယာညီလေးလော့ ကျေးဇူးပြုပြီး ငါတို့အတွက် လက်စားပြန်ချေပေးပါ…”
လော့ယွမ်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်အပေါ် သက်လတ်ပိုင်းလူကြီး၏ သဘောထားမှာ လုံးဝကို ပြောင်းလဲသွားခဲ့တော့သည်။ ယခင်ကကဲ့သို့ ကြောက်ရွံ့နေခြင်း အရှင်းမရှိတော့ဘဲ မောက်မာဝံ့ကြွားလာခဲ့လေ၏။
“တကယ်လား…” လော့ယွမ် မျက်မှောင်ကျုံ့သွားခဲ့ပြီး ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် ကြည့်လိုက်လေသည်။
ရန်ကိုင်က ပြုံးလျက် “ဟုတ်တယ်… ဟိုမှာ သတိလစ်နေတဲ့ကောင်ကို ငါအမှောက်သိပ်ပေးလိုက်တာ… စကားပြောလိုက်တဲ့လူကိုလည်း ငါပဲ ဒဏ်ရာရအောင် လုပ်ပစ်လိုက်တာ…”
“မင်းက တော်တော်ရဲတင်းပါလားကွ…” လော့ယွမ်က နှုတ်ခမ်းကို တွန့်ကွေးလျက် “ဒါပေမဲ့ ယောကျ်ားတွေဆိုတာ ဒါမျိုး ဖြစ်နေသင့်တာ ငါမင်းကိုလေးစားတယ်…”
“ရောင်းရင်းလော့က သူတို့ဘက်ကနေ ကူပြီးတော့ မရပ်တည်ပေးတော့ဘူးလား…” ရန်ကိုင်က လော့ယွမ်အား ပြုံးကာ ကြည့်ရင်း ပြောလိုက်လေသည်။
“ဒီရက်ပိုင်း ငါကျင့်နေတဲ့ ကျင့်စဉ်တစ်ခု ရှိတယ်… ဒါပေမဲ့ အဲ့ကျင့်စဉ်ကို ဘယ်လိုပဲကျင့်ကျင့် ဘယ်လိုမှ ထပ်ပြီး မတိုးတက်လာတော့ဘူး… တံခါးပိတ်ကျင့်ကြံတာလည်း ဘာမှ အသုံးမဝင်ဘူး…” လော့ယွမ်သည် လော့ယွမ်သည် ရုတ်တရက် ဘာမှမဆိုင်သည့် ခေါင်းစဉ်တစ်ခုအကြောင်းကို ပြောလာခဲ့လေသည်။ သို့သော်ငြား ထိုစကားကိုပြောလိုက်ချိန် သူ့မျက်လုံးထဲ တဖျတ်ဖျတ်တောက်ပနေသော တိုက်ခိုက်လိုစိတ်တို့မှာ ပိုမိုပြင်းထန်လာခဲ့လေ၏။ သူ့ကိုယ်တွင်းရှိ အရင်းအမြစ်ချီတို့မှာ တုန်ခါသွားခဲ့ပြီး လေသံတိုးတိုးဖြင့် ထပ်ပြောလိုက်လေသည်။ “အစကတော့ ဒီလိုနေရာမျိုးမှာ ငါနဲ့ သင့်တော်မဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ကို မတွေ့ရမှာ စိတ်ပူနေတာ… ဒါပေမဲ့ မင်းရောက်နေပြီဆိုမှတော့ ဘာမှကိစ္စမရှိတော့ဘူး…”
“ဘာလဲ ငါ့ကို သုံးပြီးတော့ မင်းကျင့်နေတဲ့ကျင့်စဉ် အဆင့်တက်သွားအောင် လုပ်ချင်နေတာလား…” ရန်ကိုင်က လော့ယွမ်အား ထူးထူးခြားခြား အမူအယာဖြင့် ကြည့်လိုက်လေသည်။
“ဟုတ်တယ်…”
“ငါဘာလို့ မင်းကို ကူညီပေးရမှာလဲ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ငါ့အတွက်အကျိုးမရှိတဲ့ အရာမှန်သမျှ ငါလုပ်မှာမဟုတ်ဘူး…”
“မင်းမှာ ရွေးချယ်စရာမရှိဘူး…” လော့ယွမ်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် ရန်ကိုင့်ဆီသို့ တလှမ်းချင်းလှမ်းလာခဲ့လေသည်။
သူ့ပုံစံအရ ရန်ကိုင်သဘောတူတူ မတူတူ တိုက်ခိုက်တော့မည်ပုံပင်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။
လော့ယွမ်သည် သာမန်ကျင့်ကြံသူတစ်ဦးမဟုတ်။ ထို့အပြင် သူ့ကျင့်ကြံခြင်းမှာလည်း တာအိုသခင်တတိယအဆင့်သို့ ရောက်နေသည်။ ထို့အတွက်ကြောင့် သူ၏တိုက်ပွဲစွမ်းရည်မှာ လုံးဝကို အထင်သေးသင့်သည့်အထဲ မပါဝင်ပေ။
ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင့်အနေဖြင့် လော့ယွမ်နှင့် မတိုက်ခိုက်ချင်ပေ။ သူတို့သည် ချင်းမိသားစု၏ခြံဝန်းထဲတွင် နေနေခြင်း ဖြစ်နေသည်။ သူတို့ကြားမှ တိုက်ပွဲသည် ခြံဝန်း၏သုံးပုံတစ်ပုံလောက်ကို အနည်းဆုံး ပျက်စီးသွားစေနိုင်လေ၏။ တစ်ချိန်တည်းတွင် အားနည်းသည့် ချင်းယုနှင့် အခြားသူများကိုပါ ထိခိုက်သွားစေနိုင်ပေသေးသည်။ ရန်ကိုင်သည် လော့ယွမ်ကဲ့သို့ အလွန်တစ်ကိုယ်ကောင်းဆန်သည့် လူတစ်ဦး မဟုတ်သည့်အတွက်ကြောင့် အကုန်ထည့်မစဉ်းစားဘဲ လက်လွတ်စပယ် ပြုမူလိမ့်မည် မဟုတ်ချေ။
“ရပ်လိုက်တော့…” ထိုစဉ် ချင်းယုက လှမ်းအော်ဟစ်လိုက်လေသည်။
လော့ယွမ်လည်း ရပ်သွားခဲ့ပြီး မကျေမနပ်ဖြစ်နေသည့် အမူအယာဖြင့် ပြန်အော်မေးလိုက်လေသည်။ “နင်က ဘယ်သူလဲ…”
ယခုကဲ့သို့ နှောင့်ယှက်ခံလိုက်ရသည့်အတွက်ကြောင့် အလွန်ကိုမှ မပျော်မရွှင် ဖြစ်လာသည့်အလား သူ့ဆီမှ သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့လေသည်။ လော့ယွမ်သည် ထိုသတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ထိုဖိအားအောက်တွင် ချင်းယု ဒုက္ခကောင်းကောင်း ရောက်နေလောက်ပေပြီ။
ချင်းယုက ပြန်ပြောလိုက်၏။ “ချင်းမိသားစုက ချင်းယု…”
လော့ယွမ်သည် သူ၏သတ်ဖြတ်လိုစိတ်ကို ပြန်ရုတ်သိမ်းလျက် ပြန်ပြောလိုက်လေ၏။ “ဒီတော့ ခင်ဗျားက ဒီနေရာရဲ့ ပိုင်ရှင်ပေါ့…”
ထို့နောက်တွင် မျက်မှောင်ကျုံ့လျက် တခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် ပြန်မေးလိုက်လေသည်။ “ခင်ဗျား ဘာပြောချင်နေတာလဲ…”
လော့ယွမ်ဆီမှ မည်သည့်သတ်ဖြတ်လိုစိတ်မှ ဖြာထွက်နေခြင်း မရှိတော့။ ထို့အစား အေးစက်စက် တည်ငြိမ်သည့် အမူအယာတစ်ခုကသာ အစားထိုး ဝင်ရောက်လာခဲ့လေသည်။ လော့ယွမ်၏ ပြောင်းလဲသွားသော ပုံစံကို ကြည့်ရင်း ရန်ကိုင် အတော်လေးကို အံ့အားသင့်နေမိလေ၏။
“ပုံမှန်ဆိုရင်တော့ ရှင့်ကို ဘာလုပ်ဖို့ ဘာကိုင်ဖို့ ကျွန်မ ဘယ်လိုမှ ပြောမှာမဟုတ်ဘူး… ရှင်နဲ့ယှဉ်လိုက်လို့ရှိရင် ကျွန်မတို့ ချင်းမိသားစုက အရမ်းအားနည်းလွန်းတယ်…” ချင်းယုက ပြောလိုက်လေသည်။ “ဒါပေမဲ့ ရှင်တို့ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းက တပည့်တစ်ယောက်က ကျွန်မတို့ မိသားစုက အစေခံတစ်ဦးကို သတ်လိုက်တယ်… အဲ့အတွက် ရှင့်အနေနဲ့ ကျွန်မတို့ကို ရှင်းပြချက်တစ်ခုလောက် ပေးသင့်တယ်လို့ မထင်ဘူးလား…”
“နင့်မိသားစုက အစေခံတစ်ဦးကို သတ်လိုက်တယ်…” လော့ယွမ်၏မျက်နှာ အေးစက်သွားခဲ့သည်။ “အဲ့လိုမျိုး ဖြစ်သွားတာလား…”
“အလောင်းက ဒီမှာ ရှိနေတုန်းပဲ ရှင်မယုံရင် ဟိုမှာ ကြည့်ကြည့်လို့ရတယ်…” ချင်းယုက အံကြိတ်၍ ပြောလိုက်လေသည်။
လော့ယွမ်သည် ခြံဝန်းအလယ်တွင် ရှိနေသော အမျိုးသမီးအလောင်းဆီသို့ လှမ်းကြည့်လိုက်လေ၏။ ထို့နောက် မျက်မှောင်ကျုံ့လျက် သက်လတ်ပိုင်းလူကြီးအား လှမ်းမေးလိုက်လေသည်။ “ဘာတွေ ဖြစ်သွားတာလဲ…”
သက်လတ်ပိုင်းလူကြီးမှာ ပျာယာခတ်သွားခဲ့ပြီး မည်ကဲ့သို့ ပြန်ဖြေလို့ ဖြေရတော့မှန်း မသိတော့ချေ။ သူ့ခမျာ တုန်တုန်ရီရီသာ ဖြစ်နေခဲ့ပြီး မည်သည့်စကားမှ မပြောနိုင်ခဲ့ပေ။
“ငါ သုံးအထိရေမယ်… အဲ့အတွင်းမှာ မပြောဘူးဆိုလို့ရှိရင် အကျိုးဆက်ကို မင်းသိတယ်နော်…” လော့ယွမ်၏အမူအယာ ရုတ်ချည်း အေးစက်လာခဲ့လေသည်။
“တစ်…”
သက်လတ်ပိုင်းလူကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ရီသွားခဲ့ပြီး အကြောင်းကုန်စင်ကို အလျင်အမြန် ရှင်းပြလိုက်လေသည်။
သက်လတ်ပိုင်းလူကြီး ရှင်းပြသည်ကို ကြားပြီးသည့်နောက် လော့ယွမ်က တွေးတွေးဆဆက ပြောလိုက်လေ၏။ “ဒီတော့ ရောင်းရင်းရန် ငါတို့ဂိုဏ်းက တပည့်တစ်ယောက်ကို တိုက်ခိုက်လိုက်တာက ဒီအကြောင်းကြောင့်ပေါ့…”
“ဟုတ်ပါတယ်…” သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင့်အား လှမ်းကြည့်ရင်း ခေါင်းညိတ်ပြလိုက်လေ၏။
“ငါအခု နားလည်သွားပြီ…” လော့ယွမ်သည် ခေါင်းညိတ်လိုက်ပြီးသည့်နောက် အနားရှိ ပျက်စီးနေသော အခန်းတစ်ခန်းဆီသို့ ပြေးထွက်သွားလေ၏။ သူပြန်ပေါ်လာသည့်အချိန်တွင် သူ့လက်ထဲ၌ သတိလစ်နေသော လင်းယွင်ပါ ပါလာခဲ့လေသည်။
ရန်ကိုင်သည် လော့ယွမ်အား စိတ်ဝင်တစားဖြင့် လှမ်းကြည့်နေခဲ့လေသည်။ ဤကိစ္စနှင့်ပတ်သက်၍ လော့ယွမ် မည်ကဲ့သို့ ကိုင်တွယ်မလဲ ဆိုသည်ကို သူအတော်လေး သိချင်နေမိပေသည်။
“ခင်ဗျားက ချင်းမိသားစုရဲ့ သခင်မလေး ဟုတ်တယ်မလား…” လော့ယွမ်သည် ချင်းယုအား ကြည့်ရင်း ပြောလိုက်လေသည်။ “သူက ခင်ဗျားတို့မိသားစုက လူတစ်ယောက်ကို သတ်လိုက်တယ်ဆိုမှတော့ သေသေချာချာ ကြည့်ထားပေတော့…”
ပြောပြီးသည်နှင့် လော့ယွမ်သည် လင်းယွင်၏ လည်ပင်းအား ကိုင်ထားသည့် သူ့လက်ထဲဆီသို့ အရင်းအမြစ်ချီများ ထည့်သွင်းလိုက်လေသည်။
ချက်ချင်းဆိုသလို လင်းယွင်၏ ခန္ဓာကိုယ်မှာ ဖောင်းတက်လာခဲ့ပြီး သူ့အရေပြားများမှာလည်း သွေးရောင်ရဲတက်လာခဲ့လေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင့်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။
လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များ၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး သက်လတ်ပိုင်းလူကြီးက အလန့်တကြား ထအော်လေ၏။ “ဂျူနီယာညီလေးလော့ မလုပ်နဲ့…”
အလွန်ပြင်းထန်သည့် နာကျင်မှုကြောင့် လင်းယွင်သည် သတိလစ်နေရာမှ ပြန်နိုးလာခဲ့လေသည်။ သို့သော်ငြား ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိသေး။ မည်သို့ပင် ဖြစ်လင့်ကစား လော့ယွမ်၏မျက်နှာကို မြင်ပြီးသည့်နောက် လင်းယွင် အလွန်ကိုမှ ထိတ်လန့် ခြောက်ခြားသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။ “လော့… စီနီယာအစ်ကိုလော့…”
လော့ယွမ်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် လင်းယွင်အား ကိုင်ထားသည့်သူလက်ထဲသို့ ပိုမိုများပြားသည့် အရင်းအမြစ်ချီများ ထည့်သွင်းလိုက်လေသည်။
“အား…” တစ်ခုခုမှားနေမှန်း သတိပြုမိလိုက်သည့်နောက်တွင် လင်းယွင် အလန့်တကြား ထအော်လေ၏။ “မ မလုပ်…”
“ဖုန်း…”
ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ လင်းယွင်တစ်ကိုယ်လုံး အပိုင်းပိုင်း အစစ ပေါက်ကွဲထွက်သွားခဲ့လေသည်။ ဘေးပတ်ဝန်းကျင်အကုန်လုံးလည်း သူ့ခန္ဓာကိုယ်ပေါက်ကွဲရာမှ ထွက်ပေါ်လာသော သွေးစသွေးနများ အသားစအသားနများဖြင့် စွန်းထင်းကုန်လေ၏။ သို့သော်ငြား လင်းယွင်ဘေးတွင် ရှိနေသော လော့ယွမ်မှာမူ မည်သည့်အညစ်အကြေးမှ စွန်းထင်းနေခြင်း မရှိချေ။
ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေ၏။
ချင်းမိသားစုဝင်အကုန်လုံး တိတ်နေကုန်ကြလေသည်။ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များပင်လျှင် အသက်ပင်ပြင်းပြင်းမရှူဝံ့ဘဲ တစ်ဦးကိုတစ်ဦး အထိတ်တလန့်ဖြင့်သာ ကြည့်နေကြလေ၏။
လော့ယွမ်သည် လင်းယွင်အား ဤကဲ့သို့ သတ်ပစ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူတို့သည် တစ်ဂိုဏ်းတည်းမှ ညီအစ်ကိုရောင်းရင်းများ မဟုတ်ကြလေလော။ လင်းယွင်သည် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ ဒုဂိုဏ်းချုပ်၏ တူလေးတစ်ယောက် မဟုတ်လေလော။
လော့ယွမ်၏သွေးအေးရက်စက်မှုကို မြင်ပြီးသည့်နောက် အကုန်လုံးမှာ အထိတ်ထိတ် အလန့်လန့် ဖြစ်ကုန်ကြလေ၏။
“အခုကိစ္စနဲ့ ပတ်သက်ပြီး ကျေနပ်ပါပြီလားမသိဘူး သခင်မလေးချင်း…” လော့ယွမ်သည် ချင်းယုအားကြည့်၍ မေးလိုက်လေ၏။
ချင်းယုက အံကြိတ်၍ ပြန်ပြောလိုက်၏။ “ကျေနပ်ပါပြီ…”
သူမတို့ မိသားစုမှ အစေခံအား သတ်လိုက်သည့်လူသည် သူမရှေ့တည့်တည့်တွင်ပင် သေသွားခဲ့လေပြီ။ ထိုသို့ဖြစ်လေရာ သူမအနေဖြင့် မည်သည့်စကားများ ထပ်ပြောနိုင်ပါဦးမည်နည်း။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း။ လော့ယွမ်သည် ထိုနိယာမအတိုင်း လုပ်ပေးသွားခဲ့သည်။ သူမအနေဖြင့် ဘာမှ အထွန့်တက်နေစရာ မလိုတော့ချေ။
“ကောင်းပြီ…” လော့ယွမ်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် အခြားသူများ မည်ကဲ့သို့ တွေးနေမည်လဲ ဆိုသည်ကို ဂရုမစိုက်တော့ဘဲ ရန်ကိုင်ဘက်သို့ လှည့်၍ “ရောင်းရင်းရန် စကြရအောင်…”
ရန်ကိုင်က အူကြောင်ကြား အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “စဖို့ ဘာစရမှာလဲ… မင်းကိုယ်မင်း နည်းနည်းလောက် မထိန်းချုပ်နိုင်တော့ဘူးလား… တစ်နေကုန် တိုက်ခိုက်ဖို့ သတ်ဖို့ဖြတ်ဖို့လောက်ပဲ မင်းစိတ်ထဲ ရှိနေတာလား…”
ရန်ကိုင် လော့ယွမ်အား ကြောက်နေသည်ဟု အထင်ရောက်လျက် ချင်းကျောင်းရန်က အလျင်စလို ဝင်တားလိုက်လေသည်။ “ညီလေးလော့… ဒီကကိစ္စတွေလည်း ပြီးသွားပြီဆိုတော့ ငါတို့ အေးအေးဆေးဆေး ထိုင်ပြီး စကားကောင်းကောင်း ပြောကြရင် မကောင်းဘူးလား… ဒီလူအိုကြီး မင်းတို့ကို ကောင်းကောင်း ဧည့်ခံပါမယ်ကွာ…”
လော့ယွမ်ကမူ ချင်းကျောင်းရန်ပြောသည်ကို ဂရုစိုက်မနေဘဲ ရန်ကိုင့်ကိုသာ စိုက်ကြည့်၍ ပြောလိုက်လေ၏။ “ရောင်းရင်းရန် မင်းက တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲကွ… ဥတုလေးမျိုးနယ်မြေတုန်းက မင်းပုံစံ ဘယ်ရောက်သွားတာလဲ… စိန်ခေါ်မှုတွေကနေ ပတ်ပြေးနေမယ်ဆိုလို့ရှိရင် သိုင်းတာအိုရဲ့အထွဋ်အထိပ်ကို မင်းဘယ်လိုလုပ်ပြီး ရောက်နိုင်တော့မှာလဲ…”
“သိုင်းတာအိုရဲ့အထွဋ်အထိပ်…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ငါက အခုမှ တာအိုသခင် ပထမအဆင့်ပဲ ရှိသေးတာလေ… အဲ့အကြောင်းတွေတွေးနေဖို့ စောလွန်းသေးတယ်…”
“အောင်မြင်ချင်တဲ့ လူတစ်ယောက်က အဝေးကိုကြိုပြီး ကြည့်တတ်ရတယ်ကွ… ရောင်းရင်းရန် မင်းဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရေရှည်ကို မတွေးတတ်ရတာလဲ…”
“မှားနေပြီ မှားနေပြီ… အဲ့တာတွေ မှားနေပြီ…”
လော့ယွမ်က ပြန်မေးလိုက်လေ၏။ “ဘာမှားနေလို့လဲ…”
ရန်ကိုင်က ပြန်ဖြေလေသည်။ “ရှင်းရှင်းပြောရရင် လက်တွေ့ဆန်တာပဲ ပိုကောင်းတယ်… ကိုယ်မမြင်နိုင်တဲ့ လှမ်းမျှော်ပြီး တွေးနေမဲ့အစား တစ်ကြိမ်မှာ တစ်လှမ်းစီ လှမ်းတာက အကောင်းဆုံးပဲ…”
လော့ယွမ်က မျက်မှောင်ကျုံ့လျက် “ငါတို့မှာ ရည်မှန်းချက်တွေသာ မရှိဘူးဆိုလို့ရှိရင် ဘယ်လိုလုပ်ပြီး ရှေ့ဆက်သွားနိုင်တော့မှာလဲ…”
လော့ယွမ်ကို ကြည့်ရသည်မှာ ရန်ကိုင်နှင့် တိုက်ခိုက်ရဖို့အရး တစ်နေကုန် ထိုင်ငြင်းနေရမည်ဆိုလျှင်ပင် ထိုင်ငြင်းမည့်ပုံပင်။ ထို့ကြောင့်ရန်ကိုင်မှာ စိတ်မရှည်ဖြစ်လာကာ ပြန်ပြောလိုက်လေ၏။ “အဲ့အကြောင်းတွေ ထားလိုက်တော့ ကိုယ့်ကိစ္စပဲ ကိုယ်အာရုံစိုက်ကြရအောင်…”
“ရောင်းရင်းရန် ငါမင်းနဲ့ တကယ်ကို တိုက်ခိုက်ချင်နေပြီ…”
“မင်းတကယ်ကို လက်မလျှော့သေးဘူးလား…” ရန်ကိုင်က ချက်ချင်း ရှေ့သို့ တိုးလျက် ပြန်ပြောလိုက်လေသည်။ “ငါ့ကို တိုက်ခိုက်တော့ရော မင်းအတွက် ဘာအကျိုးရှိမှာမို့လို့လဲ… မင်းဘယ်လိုတိုက်တိုက် ငါ့ကိုယ်ပေါ်က အမွေးတစ်ချောင်းကိုတောင် ထိအောင် လုပ်နိုင်တာမှ မဟုတ်တာ…”
“ဟမ်…” လော့ယွမ် အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားကြောင်းကို ရုတ်တရက် ပြန်အမှတ်ရသွားခဲ့လေသည်။ ဥတုလေးမျိုးနယ်မြေထဲတွင်ပင် ပညာရှင်ပေါင်းများစွာ၏ ဝိုင်းရံခြင်း ခံနေရသည့်တိုင် ရန်ကိုင်ကမူ ထိုသူများ၏လက်အောက်မှ သွားချင်တိုင်းသွား လာချင်တိုင်းလာ လုပ်ပြသွားခဲ့သည်။
လော့ယွမ်သည် ရန်ကိုင့်အား မည်သို့မှ ထိအောင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
“မပြေးနဲ့…” လော့ယွမ်က ခဏမျှ စဉ်းစားပြီးသည့်နောက် ပြောလိုက်လေ၏။ “တကယ့်ယောကျ်ားအစစ်တွေလို မပြေးဘဲ တိုက်ခိုက်ကြရအောင်…”
အကုန်လုံးမှာ စတင်၍ စိုးရိမ်လာခဲ့လေသည်။
ရန်ကိုင်က လော့ယွမ်အား အထင်အမြင်တသေးဖြင့် ကြည့်လျက် ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေ၏။ “မင်း တောက်လျှောက်ချည်းပဲ ကျင့်ကြံနေလို့များ ခေါင်းမကောင်းတော့တာလား… တိုက်ခိုက်တယ်ဆိုမှတော့ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ အကုန်လုံးကို သုံးရမှာပေါ့… ဘာဖြစ်လို့ ငါ တတ်ကျွမ်းထားတဲ့ ပညာရပ်တွေကို မသုံးဘဲနဲ့ တိုက်ခိုက်ရမှာလဲ…”