အခန်း (၂၂၅၆-၂၂၆၀)
Vol. 91 Ch. 2256-2260
အပိုင်း (၂၂၅၆)
“ရှင်တော်လိုက်တော့…” လော့ယွမ်နောက်တွင် ရပ်နေသော မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည် ရုတ်တရက် မျက်မှောင်ကျုံ့၍ ရန်ကိုင့်အား ထအော်လေသည်။ “စီနီယာအစ်ကိုလော့ကို မကောင်းတာမပြောနဲ့…”
“ရောင်းရင်းရန်…” လော့ယွမ်က ရန်ကိုင့်ကိုကြည့်ရင်း “တိုက်ကြရအောင်…”
ရန်ကိုင်မှာ လော့ယွမ်နှင့် ပတ်သက်ပြီး လုံးဝကို ဆွံ့အသွားလေတော့သည်။
ထိုစဉ် ပတ်ဝန်းကျင်အခြေအနေမှာ နောက်တစ်ဖန် ပြောင်းလဲသွားခဲ့လေသည်။
လေတိုးသံများနှင့်အတူ ပညာရှင်ပေါင်းများစွာ ပေါ်လာပြီး အကုန်လုံးသည် ရန်ကိုင့်လက်ထဲရှိ အနန္တဓါးအား စိုက်ကြည့်လာကြလေ၏။ ချက်ချင်းဆိုသလို အကုန်လုံး၏ မျက်လုံးများသည် လောဘရောင်တို့ဖြင့် တလက်လက် တောက်ပလာလေတော့သည်။
ဧကရာဇ်မှော်ရတနာဆီမှ ထွက်ပေါ်လာသည့် ဧကရာဇ်ဖိအားကြောင့် နိုးနိုးကြားကြား ဖြစ်သွားကာ ဤနေရာသို့ လာရောက်စစ်ဆေးကြခြင်း ဖြစ်ပေသည်။ ရန်ကိုင့်လက်ထဲရှိ အနန္တဓါးကို မြင်ပြီးသည့်နောက် အကုန်လုံး၏ စိတ်ထဲ လိုချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့လေ၏။
ရောက်လာသူများအနက် မည်သည့်ဧကရာဇ်အဆင့်မှ ပါဝင်နေခြင်း မရှိဘဲ အကုန်လုံးသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။ သူတို့အနေဖြင့် ဧကရာဇ်အဆင့် မှော်ရတနာများကို တစ်ခါမှ မမြင်ဖူးသည့်တိုင် သူတို့သိထားသည့် အကြောင်းအရာများအရ တစ်ချက်ကြည့်လိုက်ရုံဖြင့် မှော်ရတနာတစ်ခုသည် ဧကရာဇ်အဆင့် မှော်ရတနာဟုတ်မဟုတ် ပြောနိုင်ပေသည်။
ယခုအချိန်တွင် ဤကဲ့သို့သော မေပယ်မြို့လေးတစ်မြို့၌ မည်သူမှ ထင်မှတ်မထားသည့် ဧကရာဇ်မှော်ရတနာတစ်ခု ပေါ်လာခဲ့လေသည်။ ထိုမှော်ရတနာသည် ရိုးရိုးမှော်ရတနာတစ်ခုပင် မဟုတ်ဘဲ သတ်ဖြတ်ရာတွင် အထူးပြုသော ဓါးအမျိုးအစား မှော်ရတနာတစ်ခု ဖြစ်နေခဲ့သည်။
ရန်ကိုင့်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်သည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ကြောင်း နားလည်လိုက်သည့်နောက်တွင် အကုန်လုံး ဝမ်းသာအားရ ဖြစ်သွားခဲ့ကြလေသည်။
လော့ယွမ်ကမူ ရောက်လာသူများကို ကြည့်မရဖြစ်နေသည့်အလား သူ၏ အရင်းအမြစ်ချီကို လှည့်ပတ်၍ အကုန်လုံးအား သတိပေးနိုင်ရန်အတွက် သူ့ပတ်ပတ်လည်သို့ လှိုင်းတွန့်များ ဖြာထုတ်လိုက်လေသည်။
“မင်းတို့အားလုံး ထွက်သွားကြစမ်း…” သူနှင့် ရန်ကိုင်ကြား တိုက်ပွဲအား လာရောက်နှောင့်ယှက်နေသော လူများကို ကြည့်ရင်း လော့ယွမ်သည် ဒေါသတကြီး ထအော်တော့လေသည်။
“ဘုန်း ဘုန်း ဘုန်း…”
ရောက်လာသည့်လူအားလုံး မည်သူပင် ဖြစ်နေစေကာမူ လော့ယွမ်ထုတ်ပြသည့် စွမ်းအားကို မြင်ပြီးသည့်နောက် ကြောက်ကြောက်လန့်လန့်ဖြင့် အနောက်သို့ ပြန်ဆုတ်သွားကြလေ၏။
လော့ယွမ်သည် တောင်ဘက်နယ်မြေ၏ နာမည်ကျော်ကြယ်ပွင့်တစ်ပွင့် ဖြစ်သည်ဆိုသော အချက်ကို သူတို့မသိလျှင်ပင် လော့ယွမ်ထုတ်ပြသွားသည့် ခွန်အားကို မြင်ပြီးသည့်နောက် လော့ယွမ်သည် သာမန်တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်မှန်း သိသွားခဲ့ကြလေသည်။ ထိုသို့ဖြစ်လေရာ သူတို့အနေဖြင့် ဘာကြောင့်များ မီးနှင့်ကစားရမည်နည်း။
သို့သော်ငြား ထိုလူများအနက် နှစ်ဦးမှာတော့ လော့ယွမ်ကို မကြောက်သည့်အလား ဆက်၍ ရပ်နေကြလေသည်။
နှစ်ဦးစလုံးမှာ အတော်လေး အသက်ကြီးနေသည့် လူများ ဖြစ်ကြသည်။ တစ်ဦးသည် လော့ယွမ်ပြောသည်ကို မကြားသည့်အလား မျက်လုံးပိတ်၍သာ တင်ပလင်ခွေထိုင်နေခဲ့ပြီး အခြားတစ်ဦးမှာတော့ လော့ယွမ်၏ မောက်မာဝံ့ကြွားမှုအပေါ် လှောင်ပြောင်လိုသည့်ဟန်ဖြင့် ပြန်၍ ကြည့်နေခဲ့လေသည်။
ထိုလူနှစ်ဦးမှာ သူတော်စင်နန်းတော်၏ လက်ဝဲလက်ယာ ကာကွယ်သူများ ဖြစ်ကြသော ကောင်းရှန်နဲ့ လျို့ရွှေတို့သာ ဖြစ်ကြပေသည်။
ထိုလက်ဝဲလက်ယာ ကာကွယ်သူများသည် မြို့သခင်စံအိမ်တွင် နေနေကြခြင်း ဖြစ်လေ၏။ သို့သော်ငြား ဧကရာဇ်မှော်ရတနာမှ ထုတ်လွှတ်သော ဧကရာဇ်ဖိအားကို ခံစားမိလိုက်သည့်နောက် နင်ယွမ်ရှုဆီမှ ခွင့်ပြုချက်တောင်းကာ ဤနေရာသို့ အလျင်စလို ပြေးလာခဲ့ကြလေသည်။ သူတို့ရောက်ရောက်ချင်းမှာပင် လော့ယွမ်သည် လူအုပ်ကြီးအား ဒေါသတကြီး ထအော်လိုက်ခြင်း ဖြစ်လေ၏။
“လူငယ်လေး… မင်း ဒီလောက် လွယ်လွယ် ဒေါသမထွက်သင့်ဘူးကွ…” ကာကွယ်သူလျို့ရွှေသည် စီနီယာတစ်ဦး၏ ဟန်ပန်မျိုးဖြင့် လော့ယွမ်အား ပြုံးကာ စိုက်ကြည့်ရင်း “မင်းအခုလိုမျိုး မဆင်မခြင်လုပ်နေရင် မင်းကိုယ်မင်းပဲ ထိခိုက်အောင် လုပ်မိလိမ့်မယ်…”
“ဟမ့်…” ကာကွယ်သူကောင်းရှန်သည် မျက်လုံးဖွင့်၍ အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီနေ့ခေတ်လူငယ်တွေက ကောင်းကင်နဲ့မြေပြင် ဘယ်လောက်ကွာခြားလဲ ဆိုတာကို တကယ်မသိကြပါလား… သူတို့မှာ အရည်အချင်းလေး နည်းနည်းပါးပါး ရှိလာတာနဲ့ ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်တော့ဘူး… တစ်နေ့ကြရင်တော့ အဲ့မောက်မာမှုကပဲ မင်းကို ဒုက္ခရောက်အောင် လုပ်လိမ့်မယ်…”
“စီနီယာနှစ်ဦးက တကယ်ကို ဉာဏ်ပညာရှိတာပဲ…” ရန်ကိုင်သည် ထိုလူကြီးနှစ်ဦးအား နှိမ့်ချသည့်အမူအယာဖြင့် ကြည့်နေရင်းမှ ဝင်ရောက်ထောက်ခံလိုက်လေ၏။ ထို့နောက် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။ “စီနီယာတို့ ပြောတာနဲ့ ပတ်သက်ပြီး ဂျူနီယာ လုံးဝကို သဘောတူတယ်… အခုလိုမျိုး ပြောနိုင်တာဆိုတော့ စီနီယာတို့နှစ်ယောက်က သာမန်လူတွေ မဖြစ်လောက်ဘူး…”
“ဘာမှမဟုတ်ပါဘူး…” လျို့ရွှေက ပြုံး၍ ရန်ကိုင့်အား ကြည့်လိုက်လေသည်။ ရန်ကိုင်သည် အတော်လေးကို ကြည့်ပျော်ရှုပျော်ဖြစ်သည်ဟုပင် ထင်လာခဲ့လေသည်။
“သင်ပြတာတွေကို လက်တွေ့လိုက်နာ ကျင့်သုံးတဲ့လူတွေက အနာဂတ်မှာ တကယ်အောင်မြင်လာကြမှာ…” ကောင်းရှန်ကလည်း ဝင်ရောက်ချီးကျူးလိုက်လေသည်။
“စီနီယာတို့နှစ်ဦး ဘယ်သူလဲဆိုတာ ဂျူနီယာ သိလို့ရမလား မသိဘူး…” ရန်ကိုင်က တလေးတစား အမူအယာဖြင့် မေးလိုက်လေသည်။
“လူအိုကြီးကောင်းရှန်…”
“လူအိုကြီးလျို့ရွှေ…”
မိမိ၏နာမည်အသီးသီးကို ပြောပြလိုက်ကြပြီးသည့်နောက်တွင် နှစ်ဦးစလုံး သံပြိုင်ပြောလိုက်ကြလေသည်။ “ငါတို့တွေက သူတော်စင်နန်းတော်ရဲ့ လက်ဝဲနဲ့လက်ယာ ကာကွယ်သူတွေပဲ…”
“သူတော်စင်နန်းတော်…” ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး အံ့ဩတကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “စီနီယာတို့နှစ်ယောက်က တောင်ဘက်နယ်မြေထဲမှာ နာမည်ကျော်ကြားနေတဲ့ သူတော်စင်နန်းတော်ရဲ့ လက်ဝဲလက်ယာ ကာကွယ်သူ ကောင်းရှန်နဲ့ လျို့ရွှေတို့ ဖြစ်နေကြမယ်လို့ ဂျူနီယာ တကယ်မထင်ထားဘူး…”
ရန်ကိုင်၏ ချီးကျူးစကားကို ကြားပြီးသည့်နောက် ကောင်းရှန်နှင့် လျို့ရွှေတို့ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားကြလေသည်။ ကောင်းရှန်က ပြုံးလျက် ပြန်မေးလိုက်လေသည်။ “ဒီတော့ မင်းက ငါတို့နာမည်တွေကို ကြားဖူးတယ်ပေါ့…”
“ကြားဖူးတာပေါ့… စီနီယာတို့ နာမည်တွေက မိုးခြိမ်းသံလိုပဲ တောင်ဘက်နယ်မြေတစ်ခုလုံးမှာ ဒီလောက်တောင် ပဲ့တင်ထပ်နေတာကို…” ရန်ကိုင်သည် ပါးစပ်ထဲတွေ့ရာ စကားလုံးများကို ကရားရေလွှတ် ပြောချတော့လေသည်။
“ဟား ဟား ဟား…” ကောင်းရှန်နှင့် လျို့ရွှေသည် တစ်ဦးကို တစ်ဦး ကြည့်လျက် အကျယ်ကြီး ထရယ်တော့လေ၏။
ရန်ကိုင်နှင့် ကောင်းရှန်၊ လျို့ရွှေတို့ ပြောနေသည်ကို နားထောင်နေကြသည့် လူများမှာတော့ ရန်ကိုင်၏ ကပ်ဖားယက်ဖား လုပ်နေသည့်ပုံကိုကြည့်ရင်း သူ့အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လိုက်ကြလေသည်။
တစ်ချိန်တည်းတွင် အရူးအိုကြီးနှစ်ဦးဖြစ်သော ကောင်းရှန်နှင့် လျို့ရွှေတို့အားလည်း အထင်အမြင်သေးမိကြသည်။ ထိုလူနှစ်ဦးသည် နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာပြီးသည့်တိုင် တာအိုသခင် တတိယအဆင့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင်ထားရုံမက ရန်ကိုင်မှ အနည်းငယ်မျှ မြှောက်ပြောလိုက်ရုံဖြင့် မိုးထိအောင် မြောက်တက်သွားကြသည်။ ထိုကဲ့သို့သော အရူးအိုကြီးနှစ်ဦးသည် သူတော်စင်နန်းတော်၏ ကာကွယ်သူနှစ်ဦး မည်ကဲ့သို့များ ဖြစ်နေကြလေသနည်း။
“ဒါပေမဲ့…” ရန်ကိုင်သည် တစ်ခုခုပြောတော့မည့်အလား သူ၏အမူအယာမှာ ရုတ်တရက် လေးနက်သွားခဲ့လေသည်။
“ဒါပေမဲ့ ဘာဖြစ်လဲ…” ကောင်းရှန်က မျက်မှောင်ကျုံ့၍ ရန်ကိုင့်အား ကြည့်ကာ မေးလိုက်လေသည်။
ရန်ကိုင်က အားတင်းပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဒါပေမဲ့ ကြည့်ရတာ ဒီမှာရှိနေတဲ့ လူအချို့က စီနီယာတို့ကို မလေးစားကြဘူးနဲ့တူတယ်… စီနီယာတို့ ရောက်မလာခင်တုန်းက စီနီယာတို့ မကောင်းကြောင်းတွေ ပြောနေတာကို ဒီဂျူနီယာ ကြားခဲ့ရသေးတယ်…”
“ဘာကွ… ဘယ်ကောင် ငါတို့ကို မလေးမစား လုပ်ရဲတာလဲ…” ကောင်းရှန်မှာ ဒေါသထွက်သွားခဲ့ပြီး လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။
ကျင့်ကြံသူများ ကောင်းရှန်နှင့် လျို့ရွှေတို့နှင့် အကြည့်ချင်းဆိုင်သွားသည့်နောက် အကုန်လုံး ချက်ချင်း အကြည့်လွှဲဖယ်သွားကြလေသည်။ ထိုလူအိုကြီးနှစ်ဦးမှာ အနည်းငယ် ထုံထုံအအ ဖြစ်ကြသော်ငြား သူတို့အားကောင်းသည်မှာတော့ အမှန်အကန်ပင် ဖြစ်လေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် မြို့သခင်စံအိမ်အား အပိုင်သိမ်းထားနိုင်လိမ့်မည် မဟုတ်ချေ။
မည်သူမျှ သူတို့အကြည့်အား မရင်ဆိုင်ရဲဘဲ မျက်နှာလွှဲဖယ်သွားကြသည်ကို မြင်သော် အဆုံးတွင် ကောင်းရှန်၏ အကြည့်သည် သက်လတ်ပိုင်းလူကြီးဆီသို့ ရောက်လာပြီး ဒေါသတကြီး လှမ်းအော်မေးလိုက်လေသည်။ “မင်းလား…”
“မ မဟုတ်ပါဘူး မဟုတ်ပါဘူး…” သက်လတ်ပိုင်းလူကြီးသည် ဇောချွေးပြန်ပြန်ဖြင့် ကမန်းကတမ်း လက်ဝှေ့ယမ်းရင်း အလျင်အမြန် ငြင်းဆိုလိုက်လေ၏။ “ကျုပ်က စီနီယာတို့နှစ်ဦး ရောက်လာပြီးမှ ရောက်လာတာပါ… ဘယ်လိုလုပ်ပြီး စီနီယာတို့ မကောင်းကြောင်းကိုပြောတာ ကျုပ်ဖြစ်ရမှာလဲ…”
“အင်း…” ထိုစကားကို ကြားသည့်အခါ ကောင်းရှန်သည် သက်လတ်ပိုင်းလူကြီးအား သံသယမဝင်တော့ဘဲ အခြားတစ်ယောက်ဖက်သို့ လှည့်၍ “ဒါဆိုရင် မင်းကော…”
“ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး ဖြစ်နိုင်မှာလဲ… ကျုပ်က စီနီယာတို့နှစ်ဦးကို လေးစားနေတာကြာပြီ… စီနီယာတို့ မကောင်းကြောင်းကို ဘာလို့ ပြောရမှာလဲ…” ထိုလူက အလေးအနက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။
“အဲ့ဒါဆို ဘယ်သူလဲ… ငါတို့မကောင်းကြောင်း ပြောတဲ့ကောင် ထွက်လာစမ်း…” လျို့ရွှေမှာ အလွန်ကိုမှ ဒေါသထွက်နေရာ ရန်ကိုင့်အား စူးရဲစွာစိုက်ကြည့်ရင်း လှမ်းမေးလိုက်လေသည်။
ရန်ကိုင်မှာ အနည်းငယ် တုန်တုန်ရီရီ ဖြစ်နေပြီးနောက် တုံ့ဆိုင်းတုံဆိုင်း အမူအယာဖြင့် ပြောလိုက်လေ၏။ “ဒီဂျူနီယာ မပြောရဲဘူး… ဂျူနီယာက အားနည်းတော့ ပြောလိုက်ရင် အသတ်ခံရမှာ ကြောက်တယ် စီနီယာရဲ့…”
“ပြောလိုက် ကြောက်မနေနဲ့… ငါတို့ရှိနေတာကို ဘယ်သူက မင်းကို လာသတ်ရဲမှာလဲ… မင်းကို သတ်ရဲတဲ့ကောင်မှန်သမျှ သူ့မိသားစုတစ်ခုလုံးကို ငါသတ်ပစ်မယ်…” ကောင်းရှန်က ပြန်ပြောလိုက်လေသည်။
“အဲ့ဒါဆိုရင် ဂျူနီယာ ပြောပြပေးပါမယ်…” ရန်ကိုင်က ချက်ချင်းပဲ လက်ညှိုးထိုး၍ လှမ်းအော်ပြောလိုက်လေ၏။ “သူပဲ အဲ့ကောင်လေးပဲ စီနီယာတို့နှစ်ယောက် ရောက်မလာခင်တုန်းက အခုလောလောဆယ် မေပယ်မြို့ထဲမှာ အားအကောင်းဆုံးနှစ်ယောက်ဖြစ်တဲ့ ကောင်းရှန်နဲ့ လျို့ရွှေဆိုတာ သူနဲ့ ယှဉ်လိုက်ရင် ပါမွှားတွေတဲ့… သူ့လက်တစ်ချောင်းနဲ့တောင် အသာလေး သတ်ပစ်လို့ရတဲ့ ကောင်တွေတဲ့… သူတော်စင်နန်းတော်ဆိုတာလည်း အမှိုက်သရိုက်တွေ၊ အကျင့်စရိုက် မကောင်းတဲ့ကောင်တွေ၊ မိမစစ်ဖမစစ်ကောင်တွေ စုဝေးနေတဲ့နေရာတဲ့…”
“ဘာကွ…” ကောင်းရှန်မှာ အလွန်ကိုမှ ဒေါသထွက်သွားသည့်အလား သူ့အဝတ်အစားများမှာ လေမတိုက်ဘဲနှင့်ပင် တဖျတ်ဖျတ် လှုပ်လာခဲ့လေသည်။
“အဲ့ဒါကြောင့် ဂျူနီယာမပြောချင်တာ… ပြောလိုက်လို့ရှိရင် စီနီယာတို့အတွက် အရှက်ရစရာ ဖြစ်မှာစိုးလို့…” ရန်ကိုင်က စိတ်ဓာတ်ကျနေသည့် လေသံမျိုးဖြင့် ပြန်ပြောလိုက်လေသည်။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်…” လျို့ရွှေသည် ရန်ကိုင်လက်ညှိုးထိုး ညွှန်ပြသည့်လူအား စူးရဲစွာစိုက်ကြည့်ရင်း “လူငယ်လေး… မင်းက တကယ်ကို ပါးစပ်သရမ်းတာပဲကွ… ငါတို့တွေက မင်းအမြင်မှာ ပါမွှားတွေပေါ့ ဟုတ်လား… ကဲ ဘယ်လိုပါမွှားတွေလဲဆိုတာကို ငါတို့ကို ပြစမ်းပါဦး…”
လော့ယွမ်က မျက်မှောင်ကျုံ့လျက် ရန်ကိုင့်အား ကြည့်ကာ ပြောလိုက်လေသည်။ “မင်းငါ့ကို လက်ညှိုးထိုးနေတာလား…”
ရန်ကိုင်က အော်ပြောလိုက်လေ၏။ “လော့ယွမ်… ယောကျ်ားဆိုလို့ရှိရင် မင်းပြောခဲ့တယ်ဆိုတာကို ဝန်ခံလိုက်… စီနီယာကောင်းရှန်နဲ့ စီနီယာလျို့ရွှေတို့ အခုရောက်နေကြပြီ… မင်း ထပ်ပြောရဲရင် ပြောလိုက်လေ… မင်းသာ ပြောရဲရင် သူတို့နှစ်ယောက်ကို မင်းကို တစ်ခါတည်း အသေသတ်ပစ်မှာ…”
“အင်း… ငါနားလည်သွားပြီ…” လော့ယွမ်က ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှ ဆက်မပြောတော့ချေ။
လော့ယွမ်မငြင်းသည်ကိုမြင်သော် ကောင်းရှန်နှင့်လျို့ရွှေတို့မှာ ရန်ကိုင့်စကားကို ပို၍ ယုံကြည်လာကြလေတော့သည်။
ကောင်းရှန်က ပြောလိုက်လေ၏။ “ကောင်လေး… မင်းက နည်းနည်းလေး နာမည်ရလာတာနဲ့ ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတယ်ပေါ့ ဟုတ်လား… ကြည့်ရတာ ဒီလောကကြီးမှာ တစ်တောင်ထက်ပိုမြင်တဲ့ တစ်တောင် ရှိနေသေးတယ်ဆိုတာကို မင်းကို သင်ပြပေးဖို့ လိုနေပြီနဲ့တူတယ်…”
“ဘာဖြစ်လို့ ဒီကောင်နဲ့ လေကုန်ခံနေသေးတာလဲ… ငါတို့ကို အခုလိုမျိုး လာစော်ကားရဲမှတော့ ဒီကောင် သေကိုသေရမယ်…” လျို့ရွှေက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် လော့ယွမ်အား စူးရဲစွာစိုက်ကြည့်ရင်း “ကောင်လေး မင်းဘာသာမင်း အသတ်ခံမလား… ဒါမှမဟုတ် ငါတို့ မင်းခေါင်းကို လာယူရမလား… ငါအရင်ကြိုပြောထားလိုက်မယ်… ကိုယ့်ဘာသာကိုယ် သတ်သေမယ်ဆိုလို့ရှိရင်တော့ မင်းသိပ်ခံစားရမှာမဟုတ်ဘူးနော်… ငါတို့ကိုယ်တိုင် လာရမယ်ဆိုရင်တော့ ဟဲ ဟဲ ဟဲ… မင်း သေပါရစေဆိုပြီးတော့ တောင်းပန်ရတော့မှာ…”
လျို့ရွှေ၏စကားကို ကြားပြီးသည့်နောက် လော့ယွမ်အား ဤအရှုပ်ထုပ်ထဲသို့ ဆွဲခေါ်လိုက်နိုင်သည့်အပေါ် ရန်ကိုင်မှာ အလွန်ကိုမှ ဝမ်းသာပီတိ ဖြစ်နေခဲ့လေသည်။
သူမျှော်မှန်းထားသကဲ့သို့ပင် လော့ယွမ်ကဲ့သို့သော မာနကြီးသည့် လူတစ်ဦးသည် ဤကဲ့သို့ ခြိမ်းခြောက်ခံလိုက်ရပြီးသည့်နောက် ဤအတိုင်း ငြိမ်ခံနေတော့လိမ့်မည် မဟုတ်ချေ။ တကယ့်တကယ်တွင် သူသည် ထိုလူအိုကြီးနှစ်ဦးနှင့် ပတ်သက်၍ မည်သည့်မကောင်းကြောင်းမှ မပြောခဲ့ပေ။ ပြောခဲ့မည်ဆိုလျှင်ပင် သူ့အား ယခုကဲ့သို့ လာပြောနေသည်ကို ငြိမ်ခံနေလိမ့်မည်မဟုတ်။ ထို့ကြောင့် မျက်ခုံးပင့်လျက် အရင်းအမြစ်ချီကို လှည့်ပတ်ရင်းမှ ညစ်ကျယ်ကျယ်ပြုံးကာ ပြောလိုက်လေသည်။ “ခွေးအိုကြီးနှစ်ကောင်က ငါ့အသက်ကို လိုချင်တယ်ပေါ့… မင်းတို့မှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်းရော ရှိလို့လားကွ…”
“သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေတာတောင် မာနက မလျှော့သေးဘူးပေါ့… ဒါကို ယူလိုက်စမ်းကောင်လေး…” ကောင်းရှန်မှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ လော့ယွမ်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။
ချက်ချင်းဆိုသလို ကောင်းကင်ထက် တိမ်စိုင်တိမ်တိုက်များ စုဝေးလာပြီး အနီးအနားတစ်ခွင်ရှိ နိယာမစွမ်းအားများသည် ဧရာမလက်ဝါးကြီးတစ်ခုအဖြစ်သို့ သိပ်သည်းသွားကာ လော့ယွမ်တည့်တည့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။
ထိုလက်ဝါးချက်ကို ကြည့်ရင်း အနီးအနား၌ ရှိနေကြသော ကျင့်ကြံသူအားလုံး၏ မျက်နှာ ဖြူလျော်သွားခဲ့လေ၏။
ကောင်းရှန်သည် သူတော်စင်နန်းတော်၏ ကာကွယ်သူတစ်ဦး ဖြစ်သလို တာအိုသခင်တတိယအဆင့်သို့ ရောက်နေသည်မှာလည်း အလွန်ကိုမှ ကြာနေပြီဖြစ်သည့်အတွက်ကြောင့် သူ့ကျင့်ကြံခြင်း အခြေခံအုတ်မြစ်မှာ အတော်လေး ကျစ်လျစ်နေခဲ့လေပြီ။ ထို့အတွက်ကြောင့် သူ၏ရိုက်ချက်မှာလည်း အလွန်ကိုမှ ပြင်းထန်ပေလိမ့်မည်။ သူတို့သာ လော့ယွမ်နေရာတွင် ဆိုပါက ဤတိုက်ကွက်အား မည်သို့မျှ ရှောင်ရှားနိုင်လိမ့်မည်ဘဲ တန်ပြန်တိုက်ခိုက်ရုံသာ လုပ်နိုင်လိမ့်မည် ဖြစ်ကြောင်း တွေးလိုက်မိသော် အကုန်လုံး၏အမူအယာ အရုပ်ဆိုးသွားခဲ့ကြလေသည်။
သို့ရာတွင် လော့ယွမ်မှာမူ အကြောသေနေသည့်အလား ရှောင်တိမ်းမည့် အရိပ်အယောင် တစ်ချက်ကလေးမှပင် မပြဘဲ မူလနေရာတွင်သာ ရပ်နေလေ၏။
မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးမှာလည်း လော့ယွမ်အပေါ် တစ်ချက်ကလေးမှပင် သံသယမဝင်ပဲ သူ၏ကျောပြင်ကိုသာ ယုံကြည်ချက်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။
“ဘုန်း ဘုန်း ဘုန်း…”
အရင်းအမြစ်ချီနှင့် နိယာမစွမ်းအားတို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသော ဧရာမလက်ဝါးချက်ကြီးသည် လော့ယွမ်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။ လက်ဝါးချက်ကြီးကြောင့် လော့ယွမ်အနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်သည်ပင် လှုပ်ခါလာပြီး လေပြင်းများလည်း တဝှီးဝှီး တိုက်ခတ်လာလေတော့သည်။ အခြေအနေအား စောင့်ကြည့်စစ်ဆေးနေသော ကောင်းကင်စိတ်အာရုံ အမျှင်တန်းများပင်လျှင် ထိုလက်ဝါးချက်ကြီး၏ စွမ်းအားအောက်ဝယ် ဝေဝါးကုန်ကာ ခြံဝန်းထဲ၌ ဖြစ်ပျက်နေသော အခြေအနေအလုံးစုံကို မည်သူမျှ အသေးစိတ် မမြင်ရတော့ချေ။
ထိုပေါက်ကွဲမှုကြောင့် ချင်းမိသားစုခြံဝန်းထဲတွင်ရှိနေသော အိမ်ပေါင်းများစွာ တစ်စစီ ကျိုးကြေ ပျက်စီးကုန်ကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၅၇)
"ဟမ်း ဒါငါတို့ရှေ့မှာ လာမောက်မာတဲ့ အကျိုးဆက်ပဲ။" သူ့တိုက်ကွက် ပြိုင်ဘက်အား ထိမှန်သွားသော် ကောင်းရှန်သည် အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ဆရာကြီးဟန်ပန်ဖြင့် လက်နောက်ပစ်ကာ မတ်တပ်ရပ်နေလိုက်လေသည်။
"နို့နံ့တောင် မစင်သေးဘဲနဲ့များ ငါတို့နဲ့ လာပြိုင်ချင်နေသေးတယ် တကယ်ကို သွေးနားထင်ရောက်နေတဲ့ကောင်။" လျိုရွှေကလည်း လှောင်ပြောင်လိုက်လေ၏။
"အဲ့လောက်ပဲလား။" ချက်ချင်းဆိုသလို ပရမ်းပတာဖြစ်နေသော စွမ်းအင်ဝဲကတော့ အလယ်ဗဟိုဆီမှ လော့ယွင်၏အသံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် စွမ်းအင်ဝဲကတော့တစ်ခုလုံး တလက်လက်တောက်ပလာခဲ့ကာ ဝဲကတော့တစ်ခုလုံး ပျောက်ကွယ်သွားခဲ့လေ၏။
လော့ယွမ်သည် သူ့ကိုယ်သူ အရင်းအမြစ်ချီဖြင့် လွှမ်းခြုံလျက် အားလုံးရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။
လော့ယွမ်သာ မထိခိုက်ရုံမက သူ့နောက်တွင်ရပ်နေသော မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးလည်း မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ပေ။ သို့သော်ငြား ထိုကဲ့သို့ တိုက်ခိုက်ခံလိုက်ရပြီးသည့်နောက်တွင် မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးမှာ အတော်လေးကိုမှ စိတ်ညစ်သွားသည့်အလား ကောင်းရှန် နှင့် လျိုရွေတို့အား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်လေ၏။
"ဒါ ဒါက ဒါက..." ကောင်းရှန်သည် သူ့မျက်စိရှေ့ရှိ မြင်ကွင်းကို အလွန်မယုံကြည်နိုင်ဖြစ်နေသည့်အလား အထိတ်တလန့် ရေရွတ်ရင်း နောက်သို့အလိုလိုဆုတ်သွားမိလေ၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။" လျိုရွေက အလန့်တကြားထအော်လေသည်။ ကောင်းရှန်၏ တိုက်ကွက် မည်မျှအားကောင်းမှန်း သူသေချာသိပေသည်။ လော့ယွမ်သည် တာအိုသခင်တတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေမည်ဆိုလျှင်ပင် လျိုရွှေ၏ တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ပြီးနောက် မည်သည့်ဒဏ်ရာမှ မရဘဲမနေသင့်ပေ။ သို့သော်ငြား အမှန်တရားသည် သူ့ရှေ့တည့်တည့်၌ မျက်ဝါးထင်ထင်ထွက်ပေါ်နေခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် လျိုရွေမှာ အလွန်ကိုမှ မှင်သက်အံ့အားသင့်နေမိတော့သည်။
"အစကတော့ ပြိုင်ဘက်ကောင်း မတွေ့ရမှာကို စိတ်ပူနေတာ။" လော့ယွမ်က မြင်သူတိုင်း တုန်လှုပ်ချောက်ချားသွားစေနိုင်သည့် အပြုံးမျိုးကို ပြုံးလျက် "မင်းတို့ ခွေးအိုကြီးတွေ ကိုယ်တိုင်က ရောက်လာတယ် ဆိုမှတော့လည်း ငါက ဘယ်ငြင်းရပါတော့မလဲ။"
ထို့သို့ပြောပြီးသည့် နောက်တွင် နှစ်ပေါင်းများစွာ ဆာလောင်နေပြီးသည့်နောက် အလွန်ကိုမှ အရသာရှိသည့် စားကောင်းသောက်ဖွယ်တစ်ခုအား ရုတ်တရက် တွေ့လိုက်ရသည့်အလား သူ့လျှာကို သပ်လိုက်လေသည်။
လော့ယွမ်၏ ပုံစံကို မြင်ပြီးသည့်နောက် ကောင်းရှန်နှင့် လျိုရွှေတို့ သေမတတ် ကြောက်လန့်သွားခဲ့လေ၏။
ပြောပြီးသွားသည်နှင့် လော့ယွမ်သည် သူ့လက်ကို တဖြည်းဖြည်းချင်း မြှောက်လျက် အရင်းအမြစ်ချီများကို စတင်ထုတ်လွှတ်တော့လေ၏။ ထို့အတွက်ကြောင့် သူ့ကိုယ်တွင်းမှ တစ်စုံတစ်ခုအား လှိုင်းများ လာရောက်ရိုက်ခတ်သည့် အသံကဲ့သို့သော ထူးဆန်းသည့်အသံမျိုးပင် ထွက်လာခဲ့လေ၏သည်။
"ရပ်လိုက်တော့။" ထိုအခိုက်အတန့်တွင် သိမ်မွေ့သည့် အသံတစ်သံထွက်ပေါ်လာခဲ့လေ၏။
လော့ယွမ် မျက်မှောင်ကြုတ်သွားခဲ့ပြီး အသံပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ချင်းယုမှန်း သိလိုက်ပြီးသည့်နောက် အေးစက်စက်အမူအရာဖြင့် ပြန်မေးလိုက်၏။ "ဘာဖြစ်ပြန်ရတာတုန်း။"
အစောပိုင်းကလည်း ချင်းယုသည် ရန်ကိုင်နှင့် လော့ယွမ် တိုက်ခိုက်ခါနီးတွင် ဝင်တားခဲ့လေသည်။ အခု ကောင်းရှန်နှင့် လျိုရွှေတို့နှင့် တိုက်ခိုက်ခါနီးတွင်လည်း ထပ်ဝင်လာတား ပြန်လေ၏။ ချင်းယုသည် သူ့အား နှစ်ကြိမ်တိုင်တိုင် လာတားပြီးနေလေသည်။ သူမသည် သူနေနေသည့် အိမ်ပိုင်ရှင် ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် လော့ယွမ်အနေဖြင့် ချင်းယုအား ဂရုပင်စိုက်နေလိမ့်မည် မဟုတ်ချေ။
"ရှင်ဘာလုပ်ချင်နေတာလဲ။" ချင်းယုသည် လော့ယွမ်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်ရင်း အံကြိတ်ကာ မေးခွန်းထုတ်လိုက်လေ၏။
"နင် မမြင်ဖူးဘူးလား။" လော့ယွမ်က ပြန်ပြောလိုက်လေသည်။ "ငါ ဘာလုပ်မယ်ဆိုတာကိုတောင် မပြောနိုင်တော့ဘူးလား။"
"ပြောနိုင်တာပေါ့။" သူတို့ကြား ခွန်အားကွာခြားချက် အလွန်တရာကိုမှ ကြီးမားနေသည့်တိုင် ချင်းယုသည် လော့ယွမ်အား အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ လော့ယွမ်ကိုသာ စိုက်ကြည့်၍ ပြောလိုက်လေ၏။ "ရှင်ဘာလုပ်မယ်မှန်း သိနေလို့ပဲ အခုလို ဝင်တားနေရတာလေ။"
"နင် ဘာပြောချင်နေတာလဲ ရှင်းရှင်းပြော။" လော့ယွမ်က ပြန်ပြောလိုက်သည်။
"ရှင် ကျွန်မတို့ ချင်းမိသားစု တစ်ခုလုံးကို ဖျက်ဆီးဖို့ကြိုးစားနေတာလား။" ချင်းယုက မေးလိုက်လေ၏။
"ငါ ဘယ်မှာ ဖျက်ဆီးဖို့ ကြိုးစားနေလို့လဲ။" လော့ယွမ်က ပြန်ပြောလိုက်လေသည်။
"အဲဒါဆို အခြားနေရာမှာ သွားတိုက်ခိုက်လေ။" ချင်းယုက ပြန်ပြောလိုက်လေ၏။ "ရှင်တို့ ဒီည လမ်းပေါ်ထွက်ပြီး မအိပ်ချင်ရင် အခြားတစ်နေရာမှာ သွားတိုက်ခိုက်ပေတော့။"
"ဟမ်။" လော့ယွမ်သည် ခဏမျှ စဉ်းစားပြီးသည့်နောက် ခေါင်းညိတ်၍ "ဟုတ်တယ်နော်။"
လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များသည် ချင်းမိသားစုထဲတွင် နေနေခြင်းဖြစ်လေသည်။ ထို့ကြောင့် ချင်းမိသားစုတစ်ခုလုံးသာ ရစရာမရှိအောင် ပျက်ဆီးသွားပါက လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လူများအဖို့ နေစရာနေရာ ရှိတော့မည်မဟုတ်ဘဲ သူတို့၏ ဂုဏ်သတင်းမှာလဲ ဟိုးအောက် ထိုးကျသွားရပေလိမ့်မည်။
ထို့နောက်တွင် ကောင်းရှန်နှင့် လျိုရွှေတို့အား မော့ကြည့်လျက် လော့ယွမ်က အော်ပြောလိုက်လေ၏။ "ခွေးအိုကြီးနှစ်ကောင် သတ္တိရှိရင် ကျုပ်နောက်လိုက်ခဲ့။" ပြောပြီးသည်နှင့် လော့ယွမ်သည် မြို့ပြင်ဘက်သို့ ပြေးထွက်သွားခဲ့လေသည်။ သူထွက်သွားရာတွင်လည်း ရိုးရိုးတမ်းတမ်း ထွက်မသွားဘဲ ရန်စသည့် သဘောမျိုးဖြင့် ကောင်းရှန်နှင့် လျိုရွှေတို့၏ ခေါင်းပေါ်မှ ဖြတ်ပျံသန်းသွားခဲ့လေ၏။
ဂျူနီယာတစ်ဦးမှ သူတို့ရှေ့တွင် ဤမျှ လာမောက်မာနေသည်ကို ကောင်းရှန်နှင့် လျိုရွှေတို့အဖို့ မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။ ထို့ကြောင့် ချက်ချင်း လော့ယွမ်နောက်သို့ ပြေးလိုက်သွားကြလေ၏။
မျက်တောင်တခတ်အတွင်း တာအိုသခင်တတိယအဆင့် ပညာရှင်သုံးဦးသည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြလေသည်။
"ဟူး..." လော့ယွမ်နောက်တွင် ရပ်နေသော မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည် ထိုမမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် ဝမ်းနည်းနေသည့်ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။
အစမှအဆုံးအထိ လော့ယွမ်သည် သူမဘက်သို့ တစ်ချက်ကလေးပင် လှည့်မကြည့်သလို သူမအား တစ်ချက်မှလဲ အာရုံမစိုက်ခဲ့ချေ။ ထို့အတွက်ကြောင့် ကောင်မလေးမှာ အတော်လေးကိုမှ ဝမ်းနည်းနေမိလေ၏။ ထို့နောက်တွင် အံကြိတ်၍ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်း အပြစ်တင်လိုက်လေ၏။ "အဲဒါအကုန်လုံး ရှင့်ကြောင့်ပဲ။"
"မင်းဘာလို့ ငါ့ကို လာအပြစ်တင်နေရတာလဲ။" ရန်ကိုင်က ပြန်မေးလိုက်လေသည်။
"ရှင် လိမ်လိုက်တာကြောင့်သာ မဟုတ်ရင် စီနီယာအစ်ကိုလော့ ထွက်သွားမှာ မဟုတ်ဘူး။" မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးက ပြန်ပြောလိုက်လေ၏။
"ဘယ်ကသာ တကယ်ဆိုရင် နင်ငါ့ကိုတောင် ကျေးဇူးတင်နေသင့်နေတာ။" ရန်ကိုင်က ပြုံးလျက်ပြန်ပြောလိုက်လေသည်။
"ဘာလို့ ကျေးဇူးတင်ရမှာလဲ။" မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးသည် ရန်ကိုင်အား စိုက်ကြည့်ရင်း လှောင်ပြောင်လိုက်လေ၏။ "ကျွန်မမှာ ရှင့်ကို ကျေးဇူးတင်စရာ ဘာအကြောင်းမှမရှိဘူး။"
ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်လေ၏။ "ရှိတာပေါ့ ငါသာ ပြဿနာမရှာဖြစ်ရင် နင့်စီနီယာအစ်ကို နင့်ကိုဘယ်လောက် ဂရုစိုက်လဲဆိုတာ တွေ့ခွင့်ရခဲ့မှာ မဟုတ်ဘူး။"
"စီနီယာအစ်ကိုလော့က ကျွန်မကို ဂရုစိုက်တယ်..." မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေး မျက်ခုံးပင့်သွားခဲ့လေ၏။ ထို့နောက် သူမ၏ မျက်နှာလေး ရှက်သွေးဖြာသွားခဲ့ပြီး ဒေါသတကြီး ခြေဆောင့်လျက် "မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ စီနီယာအစ်ကိုလော့က... စီနီယာအစ်ကိုလော့က သိုင်းတာအိုရဲ့ အထွပ်အထိပ်ရောက်ဖို့ကိုပဲ ဂရုစိုက်တာ ကျွန်မကို ဘယ်တော့မှ ဂရုစိုက်မှာ မဟုတ်ဘူး..." တစ်ချက်ရပ်ပြီးသည့်နောက် မျှော်လင့်တကြီးဖြင့် ပြန်မေးလိုက်လေ၏။ "စီနီယာအစ်ကိုလော့ ကျွန်မကို ဘယ်လိုဂရိုစုက်သွားတာလဲဆိုတာ ရှင်ကျွန်မကို ပြောပြလို့ရမလား။"
ရန်ကိုင် ပြန်မဖြေနိုင်သေးချင်မှာပင် ချင်းယုက ပြုံးလျက် ဝင်ပြောလိုက်လေသည်။ "ညီမလေးက အစောပိုင်းက အခြေအနေတွေကြောင့် မျက်စိကျိန်းသလိုဖြစ်သွားလို့ သေချာသတိမထားမိလိုက်တာ... ကောင်းရှန် တိုက်ခိုက်လိုက်တုန်းက ညီမလေး ထိခိုက်သွားတာရှိလို့လား။"
"မရှိဘူး။" မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးက ခေါင်းခါလိုက်လေ၏။
"အဲဒါဆိုရင် ဘယ်သူက ညီမလေးကို ကာကွယ်ပေးလိုက်တာလဲ..." ချင်းယုက ပြန်မေးလိုက်လေသည်။
ထိုအခါမှပင် မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေး နားလည်သဘောပေါက်သွားခဲ့ပြီး သူမ၏ မျက်ဝန်းလေးများ တဖျတ်ဖျတ်တောက်ပလာနေတော့လေသည်။ ညှိုးငယ်နေသည့် သူမ၏ အမူအရာမှာလဲ သဲကန္တာရထဲရှိ အိုအေစစ်တစ်ခုကို တွေ့လိုက်ရသည့်မလား ပြန်လည်ဝင်းပလာလေတော့၏။
ချင်းယုက ဆက်ပြောလိုက်လေသည်။ "နင့်ရဲ့ စီနီယာအစ်ကိုလော့သာ နင့်ကို ဂရုမစိုက်ဘူးဆိုရင် အခုချိန် နင်ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလောက်ပြီ။"
"သူ-သူက အဆင်ပြေအောင် လုပ်ပေးသွားရုံသက်သက်ပဲ ကျွန်မကို အဲ့လောက်ကြီး ဂရုစိုက်တာ မဟုတ်ဘူး။" အမျိုးသမီးက ရှက်ရှက်ဖြင့် ခေါင်းကိုငုံ့ကာ ပြန်ပြောလိုက်လေ၏။ ချင်းယုပြောသည့် စကားကို ပြန်လည်ငြင်းဆိုလိုက်သော်ငြား သူမ၏ မျက်နှာအမူအရာမှာတော့ သူမ၏ အတွေးများကို သစ္စာဖောက်နေကြောင်း အထင်းသား ဖော်ပြနေလေသည်။
"ဒါပေမယ့် နင့်စီနီယာအစ်ကိုလော့ကို စိတ်မပူဘူးလား။ ကောင်းရှန်နဲ့ လျိုရွှေတို့က သိပ်ခေါင်းမကောင်းဘူး ဆိုပေမယ့် ဒီကောင်တွေက ကိုင်တွယ်ဖို့ လွယ်တဲ့လူတွေ မဟုတ်ဘူးနော်။" ရန်ကိုင်က ပြုံး၍ မေးလိုက်လေ၏။
မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးက ပြန်ပြောလိုက်လေ၏။ "ဘာမှ စိတ်ပူစရာမရှိဘူး။ အဲဒီ ကျားအိုကြီးနှစ်ဦး မကြာခင် သူတို့အဖေနဲ့အမေတွေကို တနေရတော့မှာ။"
မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးသည် လော့ယွမ်အား အပြည့်အဝ ယုံကြည်နေခဲ့လေ၏။
ခဏအကြာတွင် ရန်ကိုင်ဘက်သို့ လှည့်၍ ပြုံးကာမေးလိုက်လေ၏။ "ရှင့်မှာ တကယ်ကို စကားများဖို့ အချိန်တွေရှိနေသေးတာပဲ။ ရှင့်ကိုယ်ရှင် အရင်ဂရုစိုက်စမ်းပါ။"
"ငါက ဘာကိုစိတ်ပူရမှာလဲ။" ရန်ကိုင်က လှောင်ပြုံး ပြုံးလျက် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရင်း "သူတို့လို အမှိုက်တွေကို ဂရုစိုက်နေစရာ လိုလို့လား။"
"မင်း ဘာပြောလိုက်တာလဲကွ။"
"ကောင်လေး မင်းက တကယ်ကို သွေးနားထင်ရောက်နေတာပဲ ကြည့်ရတာ မင်းကို သင်ခန်းစာကောင်းကောင်း ပေးမှ ရတော့မယ်နဲ့တူတယ်။"
"ဒီကောင် ဘယ်မိသားစုကလဲကွ ကိုယ့်အကြီးတွေကို တလေးတစားနဲ့ ပြောရမယ်ဆိုတာ မိဘတွေက သင်ပေးမထားဘူးလား။"
ဘေးပတ်ဝန်းကျင်တွင် ရှိနေသော ကျင့်ကြံသူအားလုံး ရန်ကိုင်အား စတင်၍ ဆူငေါက်ကြတော့လေသည်။
အားအကောင်းဆုံး ကျင့်ကြံသူ သုံးဦးမှာ ထွက်သွားကြပြီ ဖြစ်သည့်အတွက်ကြောင့် ကျန်ကျင့်ကြံသူများသည် မည်သည့်အရာကိုမှ စိတ်ပူချင်းမရှိသည့်အတွက် အကုန်လုံးသည် ရန်ကိုင်လက်ထဲရှိ အနန္တဓားအား လောဘတကြီး စိုက်ကြည့်လာကြတော့လေသည်။
"ဟဲဟဲဟဲ။" အသက်ကြီးကြီး လူတစ်ဦးသည် ရုတ်တရက် ရယ်မော၍ ရန်ကိုင်အား ကြင်နာစွာ ငုံ့ကြည့်ရင်း "ကောင်လေး မင်းအဲ့ဓားကို ဘယ်ကရတာလဲ။"
"ဒါကို ပြောတာလား။" ရန်ကိုင်က သူ့လက်ထဲရှိ ဓားကို ထောင်ပြလျက် ပြုံးကာ ပြန်ပြောလိုက်လေသည်။ "လမ်းဘေးက ကောက်ရတာလေ။"
"အဲဒါဆိုရင် အဲဒါ ဟိုးတစ်နေ့က ဒီလူအိုကြီး ပျောက်သွားတဲ့ ဓားပဲဖြစ်ရလိမ့်မယ် အဲ့ဒါကြောင့် တူပါတယ်လို့ မှတ်နေတာ ညီငယ်လေး မင်းငါ့ကို ပြန်ပေးသင့်တယ်လို့ မထင်ဘူးလား။" လူအိုကြီးက ဆက်ပြောလိုက်လေသည်။ အနားတစ်ဝိုက်တွင် စုဝေးနေကြသော ကျင့်ကြံသူအားလုံးသည် အသက်ကြီးကြီးနှင့် လူအိုကြီးအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြလေ၏။
(တကယ်ကို သောက်ရှက်မရှိတာဘဲကွ သူများဆီက ရတနာကို လုချင်တယ်ဆိုရင်တောင် အကြောင်းပြချက်လေး ကောင်းကောင်းပေးစမ်းပါကွ။ ဒီအကြောင်းပြချက်ကြီးကတော့ တကယ်ကို ရှက်ဖို့ကောင်းလွန်းတယ်... အရူးတောင် မင်းစကားကို ယုံမှာမဟုတ်ဘူး။)
"ကျုပ် ကောက်ရမှတော့ ကျုပ်အပိုင်ဖြစ်သွားပြီပေါ့ ဘာလို့ ခင်ဗျားကို ပြန်ပေးနေရဦးမှာလဲ။" ရန်ကိုင်သည် အနန္တဓားကို သူ့ကိုယ်ထဲသို့ ပြန်ထည့်သိမ်းလျက် ပြန်အော်ပြောလိုက်လေ၏။
ထိုအချင်းအရာကို မြင်သော် အသက်ကြီးကြီးနှင့်လူကြီးက တံတွေးတစ်လုပ်ကို မျိုချလျက် ပြန်မေးလိုက်လေသည်။ "မင်းသာ ဒီလူအိုကြီးကို အဲ့ဓား ပြန်ပေးမယ်ဆိုရင် မင်းတစ်ဘဝလုံး ချမ်းချမ်းသာသာနဲ့ နေရမယ်လို့ ငါအာမခံပေးတယ်။ မင်းသိမှာမဟုတ်လို့ ဒီလူအိုကြီးက မိစ္ဆာလတောင်ကြားရဲ့ ဒုတောင်ကြားသခင် ချူဟွိုက်ရန်ပဲ ငါ့စကားကို ငါအမြဲတန်ဖိုးထားတယ်။"
ရန်ကိုင်သည် လူအိုကြီးကို စိုက်ကြည့်၍ ပြန်ပြောလိုက်လေသည်။ "ခင်ဗျားကို ဘာလို့ယုံရမှာလဲ။"
"မင်း ငါ့ကိုမယုံရင် သူတို့ကို မေးလို့ရတယ် ဒီလူတွေ ငါ့အတွက် ဟုတ်မဟုတ် အာမခံပေးနိုင်တယ်။" လူအိုကြီးသည် သူးဘေးပတ်လည်တွင် ရှိနေသော ကျင့်ကြံသူများကို ညွှန်ပြလိုက်လေသည်။
ဘေးပတ်လည်၌ ရှိနေသော ကျင့်ကြံသူအားလုံးမှာ လူအိုကြီး၏စကားကို ကြားသည့်အခါ 'ဘာငါတို့ကို သက်သေလာခံခိုင်းနေတာလဲ'ဟူသော အမူအရာများဖြင့် ပြန်စိုက်ကြည့်လိုက်ကြလေသည်။
"ကြည့် သူတို့တောင် ခင်ဗျားကို ယုံတာမဟုတ်ဘူး။" ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ "ခင်ဗျား ကျုပ်ဆီက ရတနာကို လိုချင်လို့ လာလှည့်စားဖို့ ကြိုးစားနေတာမလား။"
ချူဟွိုက်ရန်၏ မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ "ကောင်းပြီလေ မင်းက ငါ့ကို အကြမ်းနည်းသုံးလာအောင် ဖိအားပေးနေတာပဲ... အဲ့လိုဆိုမှတော့ ငါ့ကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့။"
ထိုသို့ပြောပြီးသည့်နောက်တွင် လူအိုကြီးသည် သိမ်းငှက်တစ်ကောင်မှ မြေပြင်ပေါ်ရှိ သားကောင်ကို ထိုးသုတ်သည့်နှယ် သူ့လက်အား လက်သည်းအသွင်သို့ ပြောင်းလျက် ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။
"ဘာလဲ ခင်ဗျားဘာလုပ်ချင်နေတာလဲ။" ရန်ကိုင်မှာ ပြာယာခက်သွားသည့် ဟန်ဖြင့် နောက်သို့ ဆုတ်သွားလေ၏။
"ဟဲဟဲဟဲ ကောင်လေး မင်းအပြစ်တင်ချင်ရင် ကိုယ့်ကံကိုယ်သာ အပြစ်တင်လိုက်။ တာအိုသခင်ပထမအဆင့်လေးနဲ့ ဒီလိုရတနာကို လူရှေ့သူရှေ့မှာ ထုတ်ပြနေသော ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ နောက်ဘဝမှာ ကံကောင်းလို့ လူအဖြစ် ပြန်မွေးလာမယ်ဆိုရင် ဒီစကားကို သေသေချာချာမှတ်ထားလိုက်။ သာမန်လူတစ်ယောက် အပြစ်မရှိဘူးဆိုပေမယ့် သူပိုင်ဆိုင်ထားတဲ့ ရတနာတွေက သူ့ကို အပြစ်ရှိအောင် လုပ်တယ်ကွ။" ထို့သို့ပြောပြီးသည့်နောက်တွင် ချူဟွိုက်ရန်သည် ရန်ကိုင်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တိုက်ခိုက်လိုက်လေသည်။
"ကျုပ်... ကျုပ် ခင်ဗျားကို ပြန်တိုက်မယ်။" ရန်ကိုင်က ရုတ်တရက် ထအော်လေ၏။ သူ၏ အော်ဟစ်သံသည် မိုးခြိမ်းသံနှယ် ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထွက်သွားကာ လူတိုင်း၏ နားစည်အား တုန်ခါသွားစေလေသည်။ အစက လူအိုကြီး လှုပ်ရှားသည်ကို မြင်သော် ဤအရှုပ်အထွေးထဲ ဝင်ပါချင်သည့် ကျင့်ကြံသူအချို့လည်း ရှိနေပေသေးသည်။ သို့သော်ငြား ရန်ကိုင်၏ အော်သံကို ကြားပြီးသည့်နောက် အကုန်လုံး မှင်သက်သွားခဲ့လေသည်။
ရန်ကိုင်သည် အစောပိုင်းက သိမ်းလိုက်သော အနန္တဓားကို ပြန်လည်ထုတ်ယူ လိုက်လေ၏။ ထို့နောက် ချူဟွိုက်ရန်၏ တိုက်ခိုက်မှုကြောင့် ကြောက်လန့်သွားသည့်အလား သွေးရူးသွေးတမ်းဖြင့် မြင်မြင်ရာ လျှောက်ခုတ်နေသည့်နှယ် အနန္တဓားကို အဆက်မပြတ် ဝှေ့ယမ်းချလိုက်လေသည်။
"ငါ့ကို ပေးး။" ရန်ကိုင်မှ အနန္တဓားကို ထုတ်ယူလိုက်သည်ကို မြင်သော် ချူဟွိုက်ရန် ဝမ်းသားအားရ ဖြစ်သွားခဲ့လေ၏။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ ဓားအား လုယူရန် ကြိုးစားလိုက်လေသည်။ "ရွှတ် ရွှတ် ရွှတ်။" လက်ချောင်းငါးချောင်း လေထဲလွင့်ထွက်လာပြီး သွေးစိမ်းရှင်ရှင်တို့ ဖြာထွက်လာခဲ့လေ၏။
"အားး..." ချူဟွိုက်ရန်သည် ရန်ကိုင်နှင့် မလှမ်းမကမ်းတွင် ရပ်ရင်း မှင်သက်နေသည့် အမူအရာဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေခဲ့လေသည်။ ယခုအချိန်အထိ ထိတ်လန့်နေရာမှာ ကောင်းကောင်းအသိ ပြန်မဝင်လာသေးခဲ့။ သူ့လက်နှင့် ရင်ဘက်နေရာဆီမှ အေးစက်စက်ခံစားချက် တစ်ခုကိုသာ ခံစားနေမိလေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ့အား လှောင်ပြုံး ပြုံးပြနေသည့်အလား သူ့နှုတ်ခမ်းများ အပေါ်သို့ တွန်းကွေးတက်သွားသည်ကို မြင်လိုက်ရလေ၏။ ရန်ကိုင်၏ အပြုံးကို မြင်ပြီးသည့်နောက် တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရကာ သူ့စိတ်ထဲ တုန်လှုပ်ခြောက်ခြားလာမိခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၅၈)
တောက်... တောက်... တောက်
သွေးညှီနံ့တို့လေထဲ လျှင်မြန်စွာပြန့်လွင့်လာခဲ့သည်။ သွေးစက်များ တတောက်တောက် ကျနေသည့် အသံတို့မှာလည်း လူအုပ်ကြီး၏ နားထဲသို့ ရောက်ရှိလာခဲ့လေသည်။
မည်သည့်အရာများ ဖြစ်ပျက်သွားသလဲ ဆိုတာသည်ကို မည်သူမှနားမလည်ခဲ့ကြ။ သို့သော်ငြား အသိပြန်ဝင်လာချိန် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် လူအုပ်ကြီးတစ်ခုလုံး ထိတ်လန့်အံ့အားသင့်သွားကုန်ကြလေ၏။
ချူဟွိုက်ရန်သည် သူ့လက်တစ်ဖက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လျက် ခုန်အုပ်သည့်အနေအထားမျိုးဖြင့် မလှုပ်မယှက်ရပ်နေလေ၏။ သို့သော်ငြား ရှေ့သို့ဆန့်ထုတ်ထားသော သူ့လက်ငါးချောင်းစလုံးမှာ တိတိရိရိ ပိုင်းဖြတ်ထားခြင်း ခံရလေသည်။ သွေးများသည် လက်ချောင်းများပြတ်တောက်နေသည့် နေရာမှ တရဟောစီးကျနေခဲ့လေ၏။
ပို၍ ထိတ်လန့်ဖွယ်ကောင်းသည့်အချက်မှာ ချူဟွိုက်ရန်၏ ရင်ဘက်တည့်တည့်အား ထုတ်ချင်းဖောက်ကာ စိုက်ဝင်နေသည့် ဓားတစ်ချောင်းပင်ဖြစ်လေသည်။ သွေးစက်များသည် ဓားထိပ်ဖျားဆီမှ တစ်စက်တစ်စက်ဖြင့် စီးကျနေရာ အောက်ဘက်ရှိ မြေပြင်တစ်ခုလုံး သွေးချင်းနီနေတော့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး တံတွေးတစ်လုတ်ဆီ မျိုချမိလိုက်ကြပြီး အသီးသီးတွေးလိုက်ကြလေသည်။
(ဘာတွေဖြစ်နေတာလဲ)
ချူဟွိုက်ရန် ရန်ကိုင်ဆီသို့ ပြေးဝင်သွားပြီး ရန်ကိုင်မှ ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ဓားအား ကမန်းကတန်း ဝှေ့ယမ်းနေသည်ကိုသာ သူတို့မြင်လိုက်ကြရသည်။ ထိုတိုက်ပွဲတွင် ချူဟွိုက်ရန် အသာရသွားပြီး ရန်ကိုင်၏ မှော်ရတနာကို လုယူသွားလိုက်လိမ့်မည်ဟု ထင်ထားခဲ့ကြပါသော်ငြား လက်တွေ့သည် သူတို့၏အတွေးနှင့် တက်တက်စင်အောင်ကို လွဲချော်နေခဲ့လေသည်။
ကြည့်ရသလောက် ရန်ကိုင်၏ အမှတ်မထင်ဓားချက်သည် ချူဟွိုက်ရန်၏ ရင်ဘက်ထဲသို့ စိုက်ဝင်သွားသည့်ပုံပင်။
ထိုဓားချက်သည် အဓိကနှလုံးသွေးကြောများကို ဖြတ်တောက်သွားလေရာ ချူဟွိုက်ရန်အဖို့ အသက်ရှင်စရာလမ်းမရှိတော့ပေ။
ထိုအခါမှသာ ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် ကျင့်ကြံသူများသည်လည်း ရန်ကိုင်အား ယခင်ကကဲ့သို့ အထင်မသေးရဲကြတော့ဘဲ အလေးအနက်အမူအရာများဖြင့် စိုက်ကြည့်လာကုန်ကြလေသည်။ အချို့မှာတော့ လက်ရှိအခြေအနေနှင့် ပတ်သက်၍ နားမလည်နိုင် ဖြစ်နေကြသေး၏။
"မင်း..." ချူဟွိုက်ရန်သည် တစ်ခုခုပြောရန် လုပ်လိုက်သည့်အလား စကားကို ဆုံးအောင်ပင် မပြောနိုင်သေးခင်မှာပင် သွေးများသည် သူ့ပါးစပ်ထဲမှ ရေတံခွန်အလား တရဟော စီးထွက်လာလေတော့သည်။
"ခင်ဗျားဘာသာ ခင်ဗျား ခင်ဗျားသေတွင်းခင်ဗျားတူးတာ ကျုပ်ကို လာအပြစ်မတင်နေနဲ့။" ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ချူဟွိုက်ရန်၏ ရင်ဘက်တည့်တည့်သို့ သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
ချူူဟွိုက်ရန်သည် လွင့်ပျံထွက်သွားရင်းနှင့်ပင် လေထဲတစ်ခါထဲတန်း အသက်ပျောက်သွားတော့လေ၏။ မြေပြင်ပေါ်သို့ ပြန်ကျလာချိန် ချူဟွိုက်ရန်မှာ လုံးဝအသက်မရှူတော့ချေ။
မိစ္ဆာလတောင်ကြား၏ ဒုတောင်ကြားသခင်ဖြစ်သော သူသည် ဤကဲ့သို့သော နေရာငယ်လေးတွင် သေရလိမ့်မည်ဟု ချူဟွိုက်ရန်အနေဖြင့် မည်ကဲ့သို့များ ကြိုသိခဲ့ပါမည်နည်း။
"မင်း ဒုတောင်ကြားသခင်ချူကို သတ်လိုက်တယ်ပေါ့။" သက်လတ်ပိုင်းလူကြီး တစ်ဦးက ရုတ်တရက်ထအော်လေသည်။ သူ့ကြည့်ရသည်မှာ ချူဟွိုက်ရန်နှင့် ဆက်ဆံရေးကောင်းတစ်ခုရှိသည့်ပုံပင်။ ချက်ချင်းပဲ ရွှေရောင်လက်အိတ်တစ်စုံကို ထုတ်ယူလျက် ရန်ကိုင်အား အော်ပြောလိုက်လေ၏။ "ကောင်လေး ချက်ချင်း လက်လျော့အညံ့ခံပြီး ငါနဲ့အတူ မိစ္ဆာလတောင်ကြားဆီ ပြန်လိုက်ခဲ့ပြီး မင်းအပြစ်တွေကို ဝန်ခံစမ်း အဲ့လိုဆိုရင်တော့ မင်းအသက်ရှင်နိုင်ချေရှိဦးမယ်။ ပြန်ခုခံဖို့ ကြိုးစားဦးမယ်ဆိုရင်တော့ မင်းလုံးဝကို သေရမှာ။"
ပြောပြီးသည်နှင့် သူ့လက်ဆီမှ ရွှေရောင်အလင်းတို့ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး ရွှေရောင်ပိုက်ကွန်တစ်ခု ထွက်ပေါ်လာကာ ရန်ကိုင်အား အပေါ်မှ အုပ်မိုးသွားခဲ့လေသည်။
ချူဟွိုက်ရန် အနေဖြင့် ရန်ကိုင်လက်ထဲတွင် သေသွားရသည့်အကြောင်းအရင်းမှာ သူ၏ ပေါ့ဆမှုကြောင့် ဖြစ်သလို ရန်ကိုင်လက်ထဲရှိ မှော်ရတနာကြောင့်လည်း ဖြစ်သည်ဟု သက်လတ်ပိုင်းလူကြီး ထင်နေခဲ့လေခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ချူဟွိုက်ရန်အနေဖြင့် တာအိုသခင်ပထမအဆင့်သာ ရှိသေးသော ရန်ကိုင်၏ အလွယ်တကူသတ်ဖြတ်ခြင်းကို ဘာကြောင့်များ ခံရမည်နည်း။
လူအများစုတွေးနေသည်မှာတော့ ချူဟွိုက်ရန် ပေါ့ဆသွားသည့် အတွက်ကြောင့်သာ ဖြစ်သည်ဟုပင်။ ထို့အတွက်ကြောင့်ပင်လျှင် သက်လတ်ပိုင်လူကြီးမှာ ရန်ကိုင်လက်ထဲရှိ အနန္ဒဓားကို အတော်ကိုမှ ကြောက်လန့်နေခဲ့လေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် မရွေးချယ်ခဲ့ဘဲ သူ၏ မှော်ရတနာကိုသုံး၍ ရန်ကိုင်အား ချုပ်နှောင်ရန်သာ စဉ်းစားလိုက်လေသည်။
တာအိုသခင်အဆင့်စွမ်းအင်အရှိန်အဝါတို့မှာ ရွှေရောင်ပိုက်ကွန်ဆီမှ ဖြာထွက်နေခဲ့လေ၏။
"ရွှေကောင်းကင်ဖမ်းပိုက်ကွန်။" လူအုပ်ကြီးထဲတွင်ရှိနေသော တစ်စုံတစ်ဦးသည် ထိုမှော်ရတနာ၏ အမည်ကို သတိပြုမိသွားခဲ့ပြီး အလန့်တကြားထအော်လေသည်။
သက်လတ်ပိုင်းလူကြီးမှာမူ အေးစက်စက်အမူအရာဖြင့်သာ နှာခေါင်းရှုံ့လျက် ပိုက်ကွန်အား ထိန်းချုပ်နိုင်ရေးတွင်သာ အာရုံစိုက်ထားခဲ့လေသည်။
ရန်ကိုင်သည်လည်း နောက်သို့ဆုတ်သွားခဲ့လေ၏။ သို့သော်ငြား သူမည်သို့ပင် ထွက်ပြေးရန် ကြိုးစားနေသည်ကာမူ ကောင်းကင်ဖမ်းပိုက်ကွန်လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ ပိုက်ကွန်ဆီမှ ဖြာထွက်လာသည့် မမြင်နိုင်သောစွမ်းအားတရပ်ကြောင့် ရန်ကိုင်မှာ ဖိနှိပ်ခံရခဲ့လေသည်။ ထိုအချက်ကြောင့်ပင်လျှင် ရန်ကိုင်ကိုယ်တိုင်သည်လည်း အံ့အားသင့်နေမိခဲ့လေ၏။
"ကောင်လေး ထွက်ပြေးဖို့ ကြိုးစားမနေနဲ့ ငါဒီမှော်ရတနာကို ရပြီးကတည်းက ဒီပိုက်ကွန်လက်ကနေ လွတ်ဖူးတဲ့သူ တစ်ယောက်မှမရှိသေးဘူး။ လက်လျှော့လိုက်တော့။" ထိုသို့ပြောပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးသည် သူ့လက်အား ဆုပ်ချလိုက်လေ၏။ ဤမျှကျယ်ပြန့်သော ရွှေရောင်ပိုက်ကွန်ကြီးသည် တမူအုပ်ကြီး သေးငယ်ကျဉ်းမြောင်းလာခဲ့လေသည်။ နောက်ဆုံးတွင် ထိုပိုက်ကွန်လေးသည် ရွှေရောင်အလင်းစက်လုံးလေး တစ်ခုအဖြစ်သို့သိပ်သည်းသွားပြီး ရန်ကိုင်အား အထဲတွင်ချိပ်ပိတ်ထားလိုက်လေတော့၏။
"ဟားဟားဟား။" ထိုအချင်းအရာကို ကြည့်ရင်း သက်လတ်ပိုင်းလူကြီးသည် ဝမ်းသာအားရ ရယ်မောလိုက်လေသည်။ သို့သော်ငြား မကြာခင်တွင် သူ့မျက်နှာထက်ရှိအပြုံးမှာ တောင့်တင်းသွားခဲ့ပြီး မျက်လုံးအပြူးသားဖြင့် "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
ကောင်းကင်ဖမ်းပိုက်ကွန်၏ ချုပ်နှောင်ထားခြင်းခံရမည့် ရန်ကိုင်သည် အားလုံး၏ မြင်ကွင်းမှ တဖြည်းဖြည်းဝေဝါးကာ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအရာမှာ ရန်ကိုင်မဟုတ်ဘဲ ပုံရိပ်ရောင်တစ်ခုသာ ဖြစ်နေခဲ့လေသည်။
"ဟူး တော်တော်လေး အန္တရာယ်များတာပဲ။" ရန်ကိုင်၏ အသံသည် ဘေးဘက်ဆီမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ သက်လတ်ပိုင်းလူကြီးလည်း ချက်ချင်းထိုအရပ်သို့ လှမ်းကြည့်လိုက်ရာ အထိတ်တလန့်အမူအရာဖြင့် နဖူးထက်ရှိချွေးများကို သုတ်နေသော ရန်ကိုင်ကို တွေ့လိုက်ရလေသည်။
"ကောင်လေး မင်း-" ရန်ကိုင်ကို ကြည့်ရင်း သက်လတ်ပိုင်းလူကြီး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင် သူ့မှော်ရတနာလက်မှ သူပင်သတိမပြုမိဘဲ မည်ကဲ့သို့လွတ်မြောက်သွားသလဲဆိုသည်ကို မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့လေ၏။
"မဆိုဘူး မဆိုးဘူး တကယ်မဆိုးတဲ့ မှော်ရတနာပဲ ကျုပ်တောင်လိုချင်သွားပြီ။" ပြောပြီးသည်နှင့် ရန်ကိုင်သည် ရွှေရောင်အလုံးကို လှမ်းဖမ်းယူရန် ကြိုးစားလိုက်လေသည်။
"ဟင်။" ရန်ကိုင်မှ သူ့မှော်ရတနာကို လုယူရန် ကြိုးစားနေသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီး ထိတ်လန့်သွားခဲ့လေ၏။ ချက်ချင်းပဲ အရင်းအမြစ်ချီအား အရှုးအမူးလှည့်ပတ်၍ လက်ကွက်များကို ဖန်တီးတော့လေသည်။
ရွှေရောင်စက်လုံးသည် တဝီဝီမြည်လာပြီး အဆက်မပြတ်တုန်ခါရင်း ရန်ကိုင်လက်မှလွတ်မြောက်ရန် ကြိုးစားတော့လေ၏။ ထို့အတွက်ကြောင့်ပင်လျှင် ရွှေရောင်စက်လုံးအား ဆုပ်ကိုင်ထားရသည့် ရန်ကိုင်လက်မှာလည်း နာကျင်လာရလေတော့သည်။
ဤမှော်ရတနာကို သက်လတ်ပိုင်းလူကြီးမှ သန့်စင်ထားခဲ့ခြင်းဖြစ်သည့်အတွက်ကြောင့် သူနှင့် မှော်ရတနာကြား ဝိဉာဉ်ဆက်သွယ်ချက်တစ်ခု ရှိနေခဲ့လေသည်။ ထို့အတွက်ကြောင့် သူစိမ်းတစ်ယောက်မှ ထိုမှော်ရတနာကို လုယူရန် ကြိုးစားသည့်အခါ ခုခံသည်မှာ သဘာဝသာဖြစ်လေသည်။
မှော်ရတနာမှခုခံနေသည်ကို မြင်သော် ရန်ကိုင်၏ မျက်လုံးထဲ စူးရှသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့လေ၏။ ထို့နောက် ခေါင်းမော့၍ သက်လတ်ပိုင်းလူကြီးအား လှမ်းအော်ပြောလိုက်လေသည်။ "ဒီကိုကြည့်စမ်း။"
"ဘာလဲ။" သက်လတ်ပိုင်းလူကြီးသည် မှော်ရတနာကို ရန်ကိုင်လက်မှ ပြန်လုယူနိုင်ရန် အသဲအသန် ကြိုးစားနေခြင်းဖြစ်ပေသည်။ သို့သော်ငြား ရန်ကိုင်၏ အော်သံကိုကြားလိုက်ချိန် အမှတ်မထင်မော့ကြည့်မိလိုက်လေ၏။ ချက်ချင်းဆိုသလို သက်လတ်ပိုင်းလူကြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။
သန့်စင်လှသည့် စိတ်စွမ်းအင်စီးကြောင်းတစ်ခုသည် သူဆီသို့ တိုးဝင်လာနေလေ၏။ ထိုစွမ်းအားမှာ ထပ်ခါတလဲလဲ သန့်စင်ထားခြင်းခံရသည့် ဓားတစ်ချောင်းနှယ် လျင်မြန်ပြီး ထက်ရှလှ၏။ ထိုစိတ်စွမ်းအင်လှိုင်းမှာ သက်လတ်ပိုင်းလူကြီး၏ ဝိဉာဉ်အကာအကွယ်မှန်သမျှကို ချိုးဖြတ်၍ သူ့အသိစိတ်ပင်လယ်အား လာရောက်ထိမှန်လေသည်။
"အားးး" သက်လတ်ပိုင်းလူကြီး၏ မျက်နှာ သွေးဆုတ်ဖြူလျှော်သွားခဲ့ပြီး သူ့ခေါင်းကို ကိုင်၍ နာကျင်စွာထအော်တော့လေ၏။
လူအုပ်ကြီးသည် သက်လတ်ပိုင်းလူကြီးအား အထိတ်တလန့်ဖြင့်ကြည့်ရင်း သူ့နားမှ ခွာသွားကြလေသည်။
ရန်ကိုင်၏ စိတ်စွမ်းအင် တိုက်ခိုက်ခြင်းခံလိုက်ရသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးမှာ သူ၏ ရွှေကောင်းကင်ဖမ်းပိုက်ကွန်ကို ကောင်းကောင်းမထိန်းချုပ်နိုင်တော့ချေ။
ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် အရင်းအမြစ်ချီအား ပြင်းပြင်းထန်ထန်လှည့်ပတ်ရင်း ခုခံနေသည့် မှော်ရတနာကို ဖိနှိပ်ချလိုက်လေသည်။ ထို့နောက် မှော်ရတနာထဲသို့ စိတ်စွမ်းအင်ကို ထည့်သွင်းလျက် သက်လတ်ပိုင်းလူကြီး၏ ဝိဉာဉ်အမှတ်အသားကို အတင်းအကြပ် ဖယ်ရှားပစ်လိုက်လေသည်။ ပြီးသွားသည်နှင့် ရွှေကောင်းကင်ဖမ်းပိုက်ကွန်ကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။
ဤမှော်ရတနာကို ရန်ကိုင်မှ အောင်မြင်စွာ လုယူသွားနိုင်ခဲ့လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း အကုန်လုံးမှာ မှင်တက်သွားခဲ့ပြီး လက်ရှိကိစ္စနှင့် ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်မှန်း စတင်နားလည်လာတော့သည်။
အခြားသူတစ်ဦး၏ မှော်ရတနာကို လုယူသည်ဆိုသည်မှာ သာမန်လူတစ်ဦး လုပ်နိုင်သည့်အရာမဟုတ်ချေ။ ကျင့်ကြံသူတစ်ဦး၏ စိတ်စွမ်းအင်ခွန်အားမှာ ကြီးကြီးမားမားခြားနားနေခြင်း မရှိသရွေ့ မှော်ရတနာပိုင်ရှင်၏ ဝိဉာဉ်အမှတ်အသားကို ကျန်တစ်ဦးမှ အချိန်တိုအတွင်း အလွယ်တကူ ဖယ်ရှားပစ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား ရန်ကိုင်ကမူ ထိုကဲ့သို့ လုပ်ပြသွားခဲ့လေသည်။
သက်လတ်ပိုင်းလူကြီး၏ ဝိဉာဉ်အမှတ်အသားကို ဤမျှအချိန်တိုအတွင်း ဖယ်ရှားပစ်နိုင်ဖို့ရာ ရန်ကိုင်၏ ဝိဉာဉ်သည် သက်လတ်ပိုင်းလူကြီး၏ ဝိဉာဉ်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ထိုအချက်ကို နားလည်လိုက်သော် အကုန်လုံး သက်ပြင်းတရှိုက် ရှူသွင်းမိလိုက်ကြလေသည်။
"မင်းက ကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတာပဲ။" လူအုပ်ကြီးထဲမှ တစ်စုံတစ်ဦးသည် ရုတ်တရက် ထအော်တော့လေသည်။
ချူဟွိုက်ရန် သေသွားရသည်ကပင်လျှင် သူ၏ ပေါ့ဆမှုကြော်င့မဟုတ်တော့ချေ။ ရန်ကိုင်မှ အကွက်ကျကျစီစဉ်ထားသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ သက်လတ်ပိုင်းလူကြီးသည်လည်း ရန်ကိုင် စဉ်ထားသည့် အကွက်ထဲသို့ ဝင်သွားခဲ့ခြင်းပင် ဖြစ်လေသည်။
သက်လတ်ပိုင်းလူကြီးသည် အလွန်တရာကိုမှ နာကျင်သည့်အလား သူ့ခေါင်းကိုကိုင်ရင်း မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်နေခဲ့လေသည်။ သူ့အနေဖြင့် ဤဒဏ်ရာမှ ပြန်လည်သက်သာလာနိုင်မလား မလာနိုင်ဘူးလားဆိုသည်ကို မည်သူမှ မပြောနိုင်ကြပေ။ ပြန်လည်သက်သာလာနိုင်မည်ဆိုလျှင်ပင် ဤကဲ့သို့သော ဒဏ်ရာမျိုးကို အပြည့်အဝပျောက်ကင်းအောင် ကုသရန်အတွက် အချိန်များစွာ အရင်းအမြစ်များစွာ စွမ်းအင်များစွာ ယူရပေလိမ့်မည်။ ပထမဦးစွာအနေဖြင့် ဤဒဏ်ရာကြောင့် သူ မရူးသွားရန် လိုအပ်ပေသေးသည်။
"ဘယ်သူ့မှာ မှော်ရတနာ ကောင်းကောင်းလေးတွေရှိသေးလဲ ရှိရင်ငါ့ကို လာပြလို့ရတယ်နော်။" ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်ရင်းပြောလိုက်လေသည်။
အကုန်လုံးသည် မှုန်ကုပ်ကုပ်အမူအရာများဖြင့် နောက်သို့ဆုတ်သွားကြလေသည်။
ရန်ကိုင်၏ မှော်ရတနာအား လုယူချင်သည့် လူများမှာ သူတို့၏ မှော်ရတနာကိုသာ ပြန်အလုခံလိုက်ရလိမ်ြမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ အခု ဤကောင်လေးသည် ထိုမျှသော အရသာကို မြည်းစမ်းပြီးသည့်နောက် ထပ်၍လိုချင်နေသည့်ပုံပင်။
"မရှိဘူး မရှိဘူး ငါ့ရတနာက တန်ခိုးရှင်ဘုရင်အဆင့်ပဲရှိတာ။ ဒီကညီလေး လုံးဝစိတ်ဝင်စားမှာ မဟုတ်ဘူး။" တစ်ယောက်ယောက်က အလျင်စလို ရှင်းပြလိုက်လေသည်။
"တန်ခိုးရှင်ဘုရင်အဆင့်က တော်တော်လေးကောင်းနေပြီ။ ငါ့ဟာဆိုရင် တန်ခိုးရှင်အဆင့်ပဲရှိတာ။" အခြားတစ်ယောက်က ချက်ချင်းဆက်ပြောလိုက်သည်။ လူတိုင်းသည် ထိုလူအား အထင်အမြင်တသေးဖြင့် ကြည့်လိုက်ကြလေသည်။
ထိုလူက ပြန်ပြောလိုက်လေ၏။ "ဘာဖြစ်လို့လဲ ငါဆင်းရဲလို့မရဘူးလား တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ယောက် တန်ခိုးရှင်အဆင့်မှော်ရတနာကို သုံးနေတာရှက်ဖို့ကောင်းလို့လား ဘာလို့ငါ့ကို အဲ့ဒါမျိုး လာကြည့်နေကြတာလဲ။"
ထိုသို့ပြောပြီးသည်နှင့် ရန်ကိုင်ဘက်သို့ လှည့်၍ ပြုံးကာ လက်သီးဆုပ်လျက်ပြောလိုက်လေ၏။ "သခင်ငယ်လေးကတော့ ငါ့ရဲ့ တန်ခိုးရှင်အဆင့် မှော်ရတနာကို စိတ်မဝင်စားလောက်ဘူး ဟုတ်တယ်မလား... အာ ဟုတ်သားပဲ ငါ့မှာ လုပ်စရာကိစ္စတစ်ခုရှိနေတာ မေ့နေတယ်။ နှုတ်ဆက်ပါတယ်နော်။"
ထိုကဲ့သို့ ပြောပြီးသည်နှင့်တပြိုင်နက် ရန်ကိုင် ပြန်ပြောမည်ကိုပင် စောင့်မနေတော့ဘဲ ထွက်ပြေးသွားလေတော့သည်။
ပထမတစ်ဦးလုပ်သွားသည်ကို မြင်သော် အခြားသူများသည်လည်း ရန်ကိုင်အား အလျင်စလို နှုတ်ဆက်စကားဆို၍ ထွက်သွားကြတော့ေလသည်။
"နေပါဦး။" ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည်။
အကုန်လုံးသည် ရန်ကိုင်အား အထိတ်တလန့်ဖြင့် လှည့်ကြည့်လာကြလေ၏။
"ခင်ဗျားတို့ လာချင်တိုင်းလာ သွားချင်တိုင်းသွား အဲ့လိုမျိုး လုပ်လို့မရဘူးလေ။ ဘဝကြီးဆိုတာ အဲ့လောက်လွယ်ကူနေတာမှ မဟုတ်တာ။" ရန်ကိုင်က ပြောလိုက်လေသည်။
နောက်ဘာမကောင်းသည့်အရာ တစ်ခုခု ဖြစ်တော့မည်မှန်း သိလိုက်သည့်နောက် အကုန်လုံး အထိတ်တလန့်ဖြင့် တံတွေးတစ်လုတ်မျိုချမိလိုက်ကြသည်။ ရန်ကိုင် ဘာဆက်လုပ်မလဲတွေးရင်း အကုန်လုံးမှာ အလွန်ကို ကြောက်လန့်နေကြလေ၏။
ရန်ကိုင်က မြေကြီးကို ညွှန်ပြလျက် "ဒီအလောင်းနဲ့ ဟိုမှာ တောက်လျှောက် ထိုင်အော်နေတဲ့ကောင်ကိုပါ တစ်ခါထဲ ခေါ်သွားလိုက်ကြ။"
"အမ်..."
"ဟုတ် ဟုတ် ဟုတ်။"
"ဟျောင့် ဟျောင့်တွေ မြန်မြန်လုပ် လာကူမပေးဦးလေ။"
လူအုပ်ကြီးသည် တစ်ဦးကိုတစ်ဦး အော်ဟစ်ရင်း ချူဟွိုက်ရန်၏ အလောင်းနှင့် အဆက်မပြတ် အော်ဟစ်နေသော သက်လတ်ပိုင်းလူကြီးကို ခြံဝန်းထဲမှ ဆွဲခေါ်ကာ ရန်ကိုင်၏ မြင်ကွင်းထဲမှ အလျင်အမြန် ထွက်ပြေးသွားကြလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၅၉)
ဤသို့ဖြင့် ရန်ကိုင်၏ ဧကရာဇ်အဆင့် မှော်ရတနာအပေါ် လောဘဇောကပ်၍ ရောက်လာကြသော တာအိုသခင်အဆင့် ပညာရှင်အားလုံး ချင်းမိသားစုခြံဝန်းဆီမှ ပျာပျာသလဲ အမူအယာများဖြင့် ပြန်လည်ထွက်ခွာသွားကြလေသည်။
တစ်ယောက်သောသူမှာတော့ ထွက်မသွားသေးဘဲ လေထဲဝဲကာ ကျန်ရစ်ခဲ့လေ၏။
ရန်ကိုင်သည် ထိုလူအား မျက်လုံးမှေးစင်းကာ စိုက်ကြည့်လိုက်လေသည်။ ထိုလူမှာ အသားဖြူဖြူနှင့် ကျော့ရှင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ကောင်းမွန်စွာ ဝတ်စားထားသော အမျိုးသမီးငယ် တစ်ဦးသာ ဖြစ်လေ၏။ ဆံပင်ကို ကျောဘက်သို့ ဖြန့်ကျဲချထားကာ အစိမ်းနုရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေ၏။ ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းအကွာတွင် ရပ်နေသော်ငြား သူမ၏မျက်လုံးထဲ မည်သည့် ကြောက်ရွံ့သည့် အရိပ်အယောင်ကိုမှ မမြင်တွေ့ရချေ။
အမျိုးသမီး၏ကျင့်ကြံခြင်းမှာ မြင့်မားခြင်း မရှိသလို နိမ့်ကျခြင်းလည်း မရှိဘဲ တာအိုသခင် ဒုတိယအဆင့် ဖြစ်လေသည်။
“ခင်ဗျား ဘာလို့ ထွက်မသွားသေးတာလဲ…” အမျိုးသမီး ထွက်မသွားသေးသည်ကို မြင်သော် ရန်ကိုင်က မေးလိုက်လေ၏။
ထိုအခါ အမျိုးသမီးက ပြန်ပြောလိုက်လေသည်။ “မောင်လေး… မောင်လေးက ဆေးဝိဇ္ဇာရန်လား မသိဘူး…”
ရန်ကိုင်သည် အမျိုးသမီးအား မျက်မှောင်ကျုံ့ကာ စိုက်ကြည့်နေပြီးသည့်နောက် အမျိုးသမီး၏မေးခွန်းကို ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်လေသည်။ “ခင်ဗျားဘယ်သူလဲ…”
အမျိုးသမီးက သူမကိုယ်သူမ အလျင်စလို မိတ်ဆက်ပေးလိုက်လေ၏။ “ကျွန်မက ရွက်တစ်ထောင်ဂိုဏ်းက ရီကျင်းဟန်ပါ…”
“ရွက်တစ်ထောင်ဂိုဏ်း…” ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့လေသည်။ ထိုဂိုဏ်းအား သူကြားဖူးသလိုလို ခံစားနေရသည်။ သို့သော်ငြား သူသေချာသည့်တစ်ချက်မှာတော့ ထိုဂိုဏ်းသည် ဂိုဏ်းကြီးတစ်ဂိုဏ်းမဟုတ်။ ငှက်မွေးပြာဂိုဏ်းကဲ့သို့သော ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသာ ဖြစ်ပေသည်။ ထိုဂိုဏ်းတွင် မည်သည့်ဧကရာဇ်အဆင့် ပညာရှင်မှ ရှိမနေခဲ့ချေ။
တောင်မြောက်နယ်မြေထဲတွင် ဤကဲ့သို့သော ဂိုဏ်းပေါင်း မရေမတွက်နိုင်အောင်ကို တည်ရှိနေကြသည်။ ထိုဂိုဏ်းများသည် အတိတ်တစ်ချိန်တစ်ခါက ကြီးကျယ်ခမ်းနားကောင်း ခမ်းနားခဲ့လိမ့်မည်ဖြစ်သော်ငြား သူတို့၏ဘိုးဘေးများ မရှိတော့သည့်နောက်တွင် ဂိုဏ်းမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာကာ ဂိုဏ်းငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေ၏။
ငှက်မွေးပြာဂိုဏ်းသည် ထိုကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေသည်။ ငှက်မွေးပြာဂိုဏ်း၏ ဂိုဏ်းချုပ် ဝူမုန်ချွမ်၏ ဘိုးဘေးသည် ကြယ်တာရာအစုအဝေးထဲတွင် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ခဲ့ပေသည်။ သူ့ခေတ်သူ့အခါက ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည် ကြယ်တာရာအစုအဝေးတစ်ခုလုံးမှ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရသည့် ပညာရှင်တစ်ဦးလည်း ဖြစ်ပေ၏။ သို့သော်ငြား ယနေ့ခေတ်မျိုးဆက်တွင်မူ ဝူမုန်ချွမ်သည် တာအိုသခင် တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော ဂိုဏ်းငယ်လေးတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးသာ ဖြစ်တော့လေသည်။
ဤလောကကြီးထဲတွင် မည်သည့်ဂိုဏ်းမှ ထာဝစဉ်မတည်မြဲကြပေ။ မည်သည့်မိသားစုမှလည်း မနိမ့်ကျပဲနေခြင်း မရှိ။ အချို့သောဂိုဏ်းများဖြစ်ကြသည့် ကြယ်ဝိဉာဉ်နန်းတော်နှင့် မဟာအင်အားကြီးဂိုဏ်းများသည်သာ နှစ်ထောင်ပေါင်းသောင်းပေါင်းများစွာ ကြာအောင် တည်ရှိနေနိုင်ကြလေ၏။
“ရှင်က ဆေးဝိဇ္ဇာရန်လား…” ရီကျင်းဟန်က ထပ်မေးလိုက်လေသည်။
“ခင်ဗျား လူမှားနေပြီ…” ရန်ကိုင်က ချက်ချင်း ပြန်ပြောလိုက်လေသည်။
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်ကို မြင်သော် ချင်းမိသားစုနှင့် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လူအချို့သည် ရန်ကိုင့်အား ထူးထူးဆန်းဆန်း အမူအယာများဖြင့် စိုက်ကြည့်လိုက်ကြလေ၏။
“ရှင်မှန်တယ်… သူက ဆေးဝိဇ္ဇာရန်ကိုင်ပဲ…” လော့ယွမ်အား ဤနေရာမှ ထွက်သွားအောင် လုပ်ခဲ့သော ရန်ကိုင် အကြပ်ရိုက်နေသည်ကိုမြင်သော် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးက ဝင်ပြောလိုက်လေသည်။ ပြောပြီးသည့်နောက် ရန်ကိုင့်အား ပမာမခန့် အမူအယာဖြင့် လှမ်းကြည့်လိုက်လေ၏။
ရန်ကိုင်သည် သူမအား စူးရဲစွာ ပြန်၍ စိုက်ကြည့်လိုက်လေသည်။
“ဒီတော့ ရှင်ကဆေးဝိဇ္ဇာရန်ပေါ့…” ရန်ကိုင်သည် ဆေးဝိဇ္ဇာရန်မှန်း သိလိုက်သည့်နောက်တွင် ရီကျင်းဟန် အတော်လေး ဝမ်းသာသွားခဲ့လေသည်။
“ခင်ဗျား လူမှားနေပြီလို့ ကျုပ်ပြောပြီးသွားပြီလေ… ဒီလောကကြီးမှာ နာမည်တူ လူတူတဲ့ လူတွေ မရှားဘူး… ဒီတော့ ဒီကနေ မြန်မြန် ထွက်သွားလိုက်ပေတော့… မဟုတ်ရင် ကျုပ်ကို ရိုင်းတယ်ဆိုပြီး လာမပြောနဲ့…” ရန်ကိုင်သည် သူ့လက်ကို စိတ်မရှည်ဟန်ဖြင့် ဝှေ့ယမ်းရင်း ပြောလိုက်လေသည်။
ရီကျင်းဟန်သည် နှုတ်ခမ်းလေးကိုကိုက်လျက် ရန်ကိုင့်အား သနားစဖွယ်စိုက်ကြည့်ရင်း “ဆေးဝိဇ္ဇာရန်… ရှင် ကျွန်မပြောတာကို နည်းနည်းလောက်ပဲ နားထောင်ပေးလို့မရဘူးလား… ပြောပြီးတာနဲ့ ကျွန်မ ထွက်သွားပေးပါမယ်…”
“မလိုဘူး ကျေးဇူးပဲ…”
“ရှင်…” ဆက်ကြည့်မနေနိုင်တော့သည့် အဆုံး မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးက ဝင်ပြောလိုက်လေသည်။ “သူက ဒီလောက်တောင် တောင်းဆိုနေတာကို ရှင်က ဘာလို့ သူပြောတာလေးကိုတောင် နားမထောင်ပေးနိုင်ရတာလဲ… အမျိုးသမီးတစ်ဦးအပေါ် ညှာတာသနားရမယ်ဆိုတာကို ရှင်နားမလည်ဘူးလား…”
ရန်ကိုင်သည် သူမအား စိုက်ကြည့်၍ “မသိဘူး… သိလည်းမသိချင်ဘူး… ပြီးတော့ ဒီကို ရောက်လာတဲ့ လူတိုင်းက ငါ့ရတနာကို လုယူချင်လို့ ရောက်လာကြတဲ့ လူတွေချည်းပဲ… ဒီတော့ သူထိုင်ပြောမှာကို ငါက ဘာဖြစ်လို့ အချိန်ကုန်ခံပြီး ထိုင်နားထောင်ပေးနေရမှာလဲ… ငါ့နေရာမှာသာ နင့်ရဲ့ လော့ယွမ်ဆိုရင်ရော နင်ဘယ်လိုလုပ်မှာလဲ…”
“ဘာ ငါ့ရဲ့ လော့ယွမ်လဲ…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီး ရှက်သွေးဖြာသွားခဲ့လေသည်။ သို့သော်ငြား ခဏအကြာတွင် အေးစက်စက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “တစ်ယောက်ယောက်သာ စီနီယာလော့ယွမ်ကို ထိရဲရင် ငါသူတို့ကို သတ်ပစ်မှာ…”
“မိသားစုခေါင်းဆောင်ချင်း ဒီဧည့်သည်ကို ပြန်ပို့လိုက်လို့ရပြီ…” ရန်ကိုင်က ချင်းကျောင်းရန်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ ထို့နောက် ချင်းယုအား လက်ဝှေ့ယမ်းပြ၍ “ညီမချင်း ငါ့နောက်လိုက်လာခဲ့…”
“အင်း…” ချင်းယုသည် ရန်ကိုင့်ဆီသို့ အလျင်အမြန် လျှောက်သွားလေသည်။
ဘေးဘက်တွင်သော ရှိနေသော ချင်းကျောင်းရန်သည် ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရီကျင်းဟန်ဆီသို့ ပျံသန်းသွားကာ သူမနှင့် စကားစပြောတော့လေ၏။ ချင်းကျောင်းရန်သည် ရီကျင်းဟန်အား ဤနေရာမှ ထွက်သွားအောင် ဖျောင်းဖြနေသည့်ပုံပင်။ သို့သော်ငြား ရီကျင်းဟန်မှာမူ ထွက်မသွားသေးဘဲ ဆက်၍သာ တောင်းဆိုနေခဲ့လေသည်။
“အော်… တစ်ချက်ရှိသေးတယ်…” ရန်ကိုင်သည် ထွက်သွားတော့မည်အပြု လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များဘက်သို့ လှည့်၍ “မင်းတို့လည်း ကြည့်ကျက်ပြီးတော့နေကြ… နောက်တစ်ကြိမ် ထပ်ပြီး ပြဿနာရှာဦးမယ်ဆိုရင်တော့ ငါ့ကို အဆိုးမဆိုနဲ့…”
ထိုစကားကို ကြားသည့်အခါ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များ၏နဖူးထက် ချွေးအေးများ ဝေ့သီလာကြလေသည်။ မည်သူမှ ရန်ကိုင့်၏စကားကို မလွန်ဆန်ရဲခဲ့ကြပဲ ခေါင်းသာ ညိတ်ပြလိုက်ကြလေ၏။
ရန်ကိုင်မှ ချူဟွိုက်ရန်အားသတ်ပစ်ခဲ့ပုံနှင့် သက်လတ်ပိုင်းလူကြီး၏မှော်ရတနာအား လုယူခဲ့ပုံတို့ကို မြင်ပြီးသည့်နောက် သူတို့အနေဖြင့် ရန်ကိုင်၏ပြိုင်ဘက် မဟုတ်နိုင်မှန်း သိလိုက်ကြလေသည်။ သူတို့သာ ရန်ကိုင့်အား သွားရန်စလျှင် အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ကြပေ။
မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးက ပြုံးလျက် “စိတ်မပူနဲ့… ဒီတစ်ကြိမ် ဘယ်သူမှ ပြဿနာရှာလို့မရအောင် ငါစောင့်ကြည့်ထားမှာ…”
“အဲ့လိုဆိုရင်တော့ အကောင်းဆုံး… မဟုတ်ရင် ငါ့ကို လော့ယွမ်ကို မျက်နှာသာမပေးဘူးဆိုပြီး လာအပြစ်မတင်နဲ့…” ရန်ကိုင်က နှာခေါင်းရှုံ့လျက် လှည့်ထွက်သွားလေသည်။
ရန်ကိုင်သည် ချင်းယုအား လျှို့ဝှက်အခန်းတစ်ခန်းဆီသို့ ခေါ်သွားလိုက်ပြီး ထိုနေရာတွင် ထိုင်ခုံတစ်လုံးယူကာ ထိုင်ချလိုက်လေ၏။ ခဏအကြာတွင် ချင်းကျောင်းရန် အပြေးရောက်လာခဲ့လေသည်။ အထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင့်အား မျှော်လင့်တကြီးဖြင့် ကြည့်လျက် မေးလိုက်လေ၏။ “ညီလေးရန် ဥတုလေးမျိုးနယ်မြေထဲကို သွားတာ ဘယ်လိုနေလဲ… ရလာလား…”
ရန်ကိုင် ပြန်ရောက်လာသည့်အချိန်မှစ၍ ချင်းကျောင်းရန်အနေဖြင့် ရန်ကိုင်သည် သူတို့လိုချင်နေသော ကပ်ဘေးအသီးအား ရလာသလား မရလာဘူးလား ဆိုသည်ကို ယခုအချိန်မတိုင်ခင်အထိ တစ်ချက်ကလေးမှ မမေးရသေးချေ။ ယခုမှသာ မေးခွင့်ရတော့သဖြင့် ချင်းကျောင်းရန်လည်း နောက်ဆုံးရလဒ်နှင့် ပတ်သက်၍ အလွန်ကိုမှ သိချင်စိတ် ဖြစ်မိနေတော့၏။
ချင်းယု၏ ခန္ဓာကိုယ်လေးသည်လည်း တုန်ရီသွားခဲ့ပြီး သူမ၏အသက်ရှူနှုန်းမှာလည်း မြန်ဆန်လာခဲ့လေသည်။
တကယ်တော့ ဤကိစ္စသည် သူမ၏ သေခြင်းရှင်ခြင်းနှင့် ပတ်သက်နေသည် မဟုတ်ပေလော။ ဤလောကကြီး၏ အံ့ဩဖွယ်ရာများကို မကြုံတွေ့ရဖူးသေးသော အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသည့် သူမကဲ့သို့သော မိန်းမငယ်လေးတစ်ယောက်သည် ဘာကြောင့်များ စောစောစီးစီး သေချင်ရမည်နည်း။
ရန်ကိုင်သည် သူတို့နှစ်ဦးစလုံးကို ကြည့်လျက် ယဲ့ယဲ့လေးပြုံးကာ ပြောလိုက်လေ၏။ “ကံကောင်းစွာနဲ့ပဲ ကျုပ် ရလာလိုက်တယ်…”
ပြောပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလာကာ သေတ္တာကို ဖွင့်ပြလိုက်လေ၏။ သေတ္တာထဲတွင်မူ ရေခဲသားဖြင့် ထုထွင်းထားသည့်ဟန် ထင်မှတ်ရသော အသီးတစ်လုံး ရှိနေခဲ့လေသည်။ ချင်းကျောင်းရန်နှင့် ချင်းယုတို့၏ အကြည့်သည် ထိုအသီးဆီသို့ တမုဟုတ်ချည်း ရောက်ရှိသွားခဲ့လေ၏။
“ဒါ… ဒါက… ဒါက တကယ်ကြီး ကပ်ဘေးအသီးပဲ…” ထိုအသီးကို ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ချင်းကျောင်းရန် ဝါးလုံးကွဲ အော်ရယ်မောတော့လေ၏။ ပျော်လွန်းသဖြင့် အပျော်မျက်ရည်များပင် ထိန်းမရသိမ်းမရအောင် ကျလာတော့လေသည်။ “ကပ်ဘေးအသီးပုံစံကို အဲ့စီနီယာ ငါ့ကို တစ်ခါပြဖူးတယ်… အဲ့ပုံစံနဲ့ ဒီပုံစံက လုံးဝ ကွက်တိပဲ…”
ထိုစကားကို ကြားပြီးသည့်နောက် ချင်းယုသည်လည်း သူမ၏ပါးစပ်ကို အလန့်တကြား အုပ်မိလိုက်လေသည်။ အခုမှပဲ သူမရင်ထဲ အနှစ်နှစ် အလလ ကြာအောင် အုပ်စိုးနေခဲ့သော အရိပ်မည်းကြီး ပျောက်ကွယ်သွားတော့လေ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အားမရှိတော့သည့်အလား ပျော့ခွေကျသွားခဲ့လေသည်။
“ဒီအသီးကို ရဖို့က တော်တော်လေး ကရိကထ များသွားတယ်… ဒါကြောင့်ပဲ ကျုပ် ချက်ချင်း ပြန်မလာခဲ့တာ… ခင်ဗျားတို့နှစ်ယောက်စလုံးကို အချိန်အကြာကြီးကြာအောင် စောင့်နေခိုင်းလိုက်မိလို့ တကယ် စိတ်မကောင်းပါဘူး…” ရန်ကိုင်က ရှင်းပြလိုက်လေသည်။
ထိုစကားကို ကြားသော် ချင်းကျောင်းရန်က “စိတ်မပူနဲ့ စိတ်မပူနဲ့… ဒီတစ်ကြိမ် ညီလေးရန်ကို ငါတကယ် ကျေးဇူးတင်တယ်ကွာ… အခုမှပဲ ယုအာအသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတော့တယ်…”
“ဒါနဲ့ မိသားစုခေါင်းဆောင်ချင်း… အဲ့တုန်းကလေ ဒီအသီးကို ဘယ်လိုစားရမယ်ဆိုပြီး အဲ့ပညာရှင်က ပြောသွားတာမျိုး ရှိသေးလား… ဒါကို ဆေးလုံးအဖြစ် ဖော်စပ်ဖို့ လိုသေးလား… လိုတယ်ဆိုရင် ကျုပ် ကူညီပေးလို့ရတယ်နော်…” ရန်ကိုင်က ပြောလိုက်လေ၏။
“ဖော်စပ်စရာမလိုဘူး…” ချင်းကျောင်းရန်က ခေါင်းခါလျက် “ကပ်ဘေးအသီးကို ရတာနဲ့ ယုအာကို တိုက်ရိုက်စားခိုင်းဖို့ပဲ ပညာရှင်က ပြောသွားတာ… ဒီအသီးကို စားလိုက်ပြီဆိုတာနဲ့ ဒီအသီးက လောကကြီးနဲ့ ယုအာကြားမှာ မမြင်နိုင်တဲ့ တံတားတစ်စင်းသဖွယ် ဆက်သွယ်ပေးထားတော့မှာ… အဲ့လိုဆိုရင် သူ့ရဲ့အသက်စွမ်းအင်ကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ…”
“အဲ့ဒါဆို ဘာလို့ ဆက်ပြီး နှောင့်နှေးနေဦးမှာလဲ… ညီမချင်းကို မြန်မြန် စားခိုင်းလိုက်တော့လေ…” ရန်ကိုင်သည် ကျောက်စိမ်းသေတ္တာကို ချင်းယုဆီသို့ အလျင်စလို လှမ်းပေးလိုက်လေသည်။
ချင်းယုသည် ကျောက်စိမ်းသေတ္တာကို ယူလိုက်ပြီး အထဲရှိ ကပ်ဘေးအသီးကို သေချာကြည့်လိုက်လေသည်။ ထို့နောက် ရန်ကိုင်နှင့် ချင်းကျောင်းရန်တို့အား မော့ကြည့်လိုက်လေ၏။ နှစ်ယောက်စလုံး၏ စိတ်အားထက်သန်နေသည့် အမူအယာများကို မြင်သော် တုံ့ဆိုင်းမနေတော့ဘဲ ကျောက်စိမ်းသေတ္တာထဲရှိ ကပ်ဘေးအသီးကို လှမ်းယူ၍ ချက်ချင်း ကိုက်ဝါးစားတော့လေသည်။
အသီးကို စားပြီးသည့်နောက်တွင် ချင်းကျောင်းရန်သည် ချင်းယုအား စိုးရိမ်တကြီးဖြင့် ကြည့်လျက် မေးလိုက်လေ၏။ “ယုအာ… ဘယ်လိုခံစားရလဲ… မသက်မသာဖြစ်လား…”
ချင်းယုက ခေါင်းခါလျက် “ဘာမှမဖြစ်ဘူး… နည်းနည်းလေး အေးစက်စက် ခံစားရရုံပဲ…”
ထိုသို့ ပြောပြီးပြီးချင်းမှာပင် သူမ၏ အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ အလွန်ကိုမှ ပြင်းထန်သည့် နာကျင်မှုကို ခံစားလိုက်ရသည့်အလား သူမ၏မျက်နှာ ရှုံ့မဲ့သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် အလွန်တရာကိုမှ ထူးခြားဆန်းကြယ်လှသော စွမ်းအားတစ်ရပ်သည် သူမ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာ၍ သူမခန္ဓာကိုယ်ပတ်လည်တွင် ဖောက်မြင်နိုင်သော အလင်းအကာအကွယ်တစ်ခုကို ဖန်တီးပေးလိုက်လေသည်။
ရန်ကိုင့်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။ ကောင်းကင်စိတ်အာရုံကို သုံး၍ စစ်ဆေးကြည့်လိုက်ရာ ချင်းယုခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော အနက်ရောင်ချီများမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်နေကြောင်း တွေ့လိုက်ရလေသည်။ အနက်ရောင်ချီများ ပျောက်ကွယ်နေသည့်အလျောက် ချင်းယု၏ နာကျင်နေသော အမူအယာမှာလည်း တဖြည်းဖြည်း ပြေလျော့လာခဲ့လေ၏။ အသက်စွမ်းအင် တစ်စွန်းတစ်စသည်လည်း သူမ၏ခန္ဓာကိုယ်တစ်လျှောက် စတင် စီးဆင်းလာတော့လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါမှသာ ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့လေသည်။ ချင်းယု၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ မည်သည့်ပြဿနာမှ မရှိတော့မှန်း သူပြောနိုင်ပေသည်။
“ညီလေးရန်… ဒါ… ဒါ… ဒါက…” ချင်းကျောင်းရန်မှာမူ လုံးဝကို မင်သက်နေခဲ့လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “မိသားစုခေါင်းဆောင်ချင်း… အရင်သွားကြရအောင်… ညီမချင်း အဆင်ပြေသွားလိမ့်မယ်… အချိန်လေးပဲလိုတာ…”
“မင်းသေချာလား ညီလေးရန်…” ချင်းကျောင်းရန်မှာမူ စိတ်ပူနေသေး၏။ သို့သော်ငြား ဤကိစ္စနှင့် ပတ်သက်၍ ရန်ကိုင့်အား သွားမေးခွန်းထုတ်မိနေမှန်း သိလိုက်သည့်နောက် ချက်ချင်းပဲ ရှင်းပြလိုက်လေ၏။ “ဒီချင်း မင်းကို မယုံတာမဟုတ်ဘူး… ပြောချင်တာကကွာ…”
“ကျုပ်နားလည်တယ်…” ရန်ကိုင်က ပြုံးလျက် “မိသားစုခေါင်းဆောင်ချင်း စိတ်ပူနေလို့လည်း ထိတ်လန့်နေရုံပဲရှိမှာ… ကောင်းကင်စိတ်အာရုံကိုသုံးပြီးတော့သာ ချင်းယုရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်…”
ချင်းကျောင်းရန်လည်း ရန်ကိုင်ပြောသည့်အတိုင်း ချက်ချင်း စစ်ဆေးကြည့်လိုက်လေသည်။ ထိုသို့စစ်ဆေးပြီးသည့် အခါမှသာ သက်ပြင်းချလိုက်နိုင်လေ၏။
“ကဲ… ကျုပ်တို့ သွားလို့ရပြီမလား…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးကာ မေးလိုက်လေ၏။
ရန်ကိုင့်၏အမေးကို ကြားသော် ချင်းကျောင်းရန် ရှက်သွားခဲ့လေသည်။ ထို့နောက် ကသိကအောက် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ယုအာရဲ့ဘဝက အရမ်းကို ခက်ခဲကြမ်းတမ်းခဲ့တာ… သူ့မိဘနှစ်ပါးစလုံးက သူငယ်ငယ်လေးမှာပဲ ဆုံးသွားခဲ့တော့ တို့ချင်းမိသားစုရဲ့ မျိုးရိုးအဖြစ် သူတစ်ယောက်ပဲ ကျန်တော့တာ… သူ ငါနဲ့ အတူရှိလာခဲ့တာ ဆယ်နှစ်မကတော့ဘူး… သူလည်း ထပ်ပြီး…”
“ကျုပ်နားလည်တယ်…” ရန်ကိုင်က အလေးအနက် အမူအယာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ဤသို့ဖြင့် သူတို့နှစ်ဦးစလုံး လျှို့ဝှက်ခန်းထဲမှ စကားတပြောပြောဖြင့် ထွက်သွားကြလေသည်။
အပြင်သို့ရောက်သော် ရန်ကိုင်သည် အနန္တဓါးကို ထုတ်၍ ချင်းကျောင်းရန်ဆီသို့ ပေးကာ ပြောလိုက်လေ၏။ “မိသားစုခေါင်းဆောင်ချင်း… ဒီဓါးကို ကျုပ် ချင်းမိသားစုဆီ ပြန်ပေးပြီနော်…”
ချင်းကျောင်းရန်သည် အနန္တဓါးအား တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်နေပြီးသည့်နောက် အတော်ကြာသွားသည့်အခါ ဓါးအား ရန်ကိုင့်ဆီသို့ အသာအယာ ပြန်တွန်းပေးလိုက်လေသည်။ “ဒီအနန္တဓါးက ငါတို့ချင်းမိသားစုဘိုးဘေးတွေရဲ့ အမွေအနှစ်ပဲ… ငါတို့ ချင်းမိသားစုရဲ့ အဖိုးတန်ရတနာလို့လည်း ပြောလို့ရတယ်… ငါတို့ဘိုးဘေးအစဉ်အဆက်က မိသားစု အရင်လို ပြန်လည်ထွန်းတောက်လာဖို့က သူတို့ရဲ့တာဝန်လို့ ခံယူထားကြတာ… ဒါပေမဲ့ သူတို့ရဲ့ ပထမဦးဆုံး ရည်ရွယ်ချက်ကတော့ ဒီအနန္တဓါးကို လွှဲယမ်းနိုင်မဲ့ ခွန်အားကို ပိုင်ဆိုင်နိုင်ဖို့ပဲ… ဒါပေမဲ့ အဲ့လိုလုပ်နိုင်ခဲ့တဲ့သူ အနည်းငယ်လောက်ပဲ ရှိတယ်… အခုတော့ ဒီလူအိုကြီးရဲ့ မျိုးဆက်အလှည့် ရောက်လာပြီ…”
ချင်းကျောင်းရန်သည် သက်ပြင်းမောကြီးချ၍ ဆက်ပြောလိုက်လေသည်။ “အခုဆိုရင် ဒီဓါးကို ဘယ်သူမှ မလွှဲယမ်းနိုင်ခဲ့တာ နှစ်တွေအတော်ကြာနေပြီ… ငါတို့ဘိုးဘေးတွေသာ ဒီအကြောင်းကို သိလို့ရှိရင် ငါ့ကို ကျိန်းသေ အပြစ်တင်ကြတော့မှာ…”
ရန်ကိုင်က ပြန်ပြောလိုက်လေ။ “အခုမျိုးဆက်မှာ ညီမချင်း ရှိတယ်လေ… သူက အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်ဆိုပေမဲ့ တန်ခိုးရှင်အဆင့်ကို ရောက်နေပြီ… သူ့ရောဂါသာ လုံးဝပျောက်သွားမယ်ဆိုလို့ရှိရင် အနှေးနဲ့အမြန်ဆိုသလို ကျိန်းသေ ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လာမှာ…”
ချင်းကျောင်းရန်က ယဲ့ယဲ့လေးပြုံးလျက် “ငါလည်း ယုအာကို တော်တော်လေး မျှော်လင့်ထားတာ… ဒီဓါးကို အရင်ဆုံး မင်းပဲ သိမ်းထားလိုက်ပါဦး…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၆၀)
"ဟမ်။" ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။
ချင်းကျောင်းရန်က ဆက်ပြောလိုက်လေ၏။ "ဒီဓားက မင်းလက်ထဲမှာပဲ သူ့အစွမ်းကို ကောင်းကောင်းထုတ်ပြနိုင်မှာ အဲဒါကြောင့်မို့လို့ အခုလောလောဆယ်တော့ မင်းပဲ သုံးထားလိုက်ဦး နောက်ပိုင်း ယုအာ ဧကရာဇ်အဆင့်ကို ရောက်တဲ့အခါမှပဲ သူ့ကို ပြန်ပေးလိုက်ပေါ့ ဘယ်လိုလဲ အဆင်ပြေလား..."
ချင်းကျောင်းရန်သည် သူ မသေခင် မိသားစုအရေးကိစ္စများကို စီစဉ်နေသည့် လူအိုကြီးတစ်ဦးနှယ် ပြုမူနေခဲ့လေသည်။
ချင်းကျောင်းရန် ဘာကြောင့် ဤကဲ့သို့ လုပ်နေမှန်းကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေ၏။
ချင်းကျောင်းရန်သည် မငယ်တော့သော်ငြား သူသည် တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ။ ထို့ကြောင့် မည်သည့် မတော်တဆအဖြစ်အပျက်မှသာ မဖြစ်ခဲ့လျှင် သူ့အနေဖြင့် နှစ်အနည်းငယ်လောက် အလွယ်လေး အသက်ရှင်နိုင်ပေသေးသည်။
သို့သော်ငြား သူ့ကျင့်ကြံခြင်းမှာ လုံလောက်အောင် မြင့်မားခြင်းမရှိသလို သိုင်းခရီးလမ်းဟာလည်း ဆူးညွှန့်ခလုတ်များဖြင့် ပြည့်နေသည့် ခရီးလမ်း တစ်ခု ဖြစ်လေ၏။ ထို့ကြောင့် သူ့အနေဖြင့် နောက်ဆုံးထွက်သက်သည့်တိုင် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေသွားရလိမ့်မည်ဟု မည်သူမှ အာမမခံနိုင်ပေ။
အကယ်၍ တစ်နေ့နေ့ ကပ်ဘေးတစ်ခု ချင်းမိသားစုဆီသို့ ဆိုက်ရောက်လာခဲ့သော် ချင်းမိသားစုအား မည်သူမှ ကာကွယ်ပေးနိုင်လိမ့်မည်မဟုတ်။
ချင်းကျောင်းရန်အနေဖြင့် အနန္ဒဓားကို ရန်ကိုင်ဆီသို့ ပေးထားရခြင်းမှာ အချို့သောအကြောင်းများကြောင့်ဖြစ်သည်။ ပထမဦးစွာ ပုံမှန်အားဖြင့် သူတို့မိသားစုသည် မည်သည့်ရန်သူမှ မရှိသော်ငြား အဖိုးတန်ရတနာများကို ပိုင်ဆိုင်ထားခြင်းသည် ရန်သူများကို အလိုလိုထွက်ပေါ်လာစေနိုင်ပေသည်။ အနန္ဒဓားကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ချင်းမိသားစု တစ်နေ့နေ့တွင် ဒုက္ခကပ်ဘေးနှင့် ကြုံရမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ဤဓားကို အသုံးပြု၍ ရန်ကိုင်နှင့် နီးကပ်သည့် ဆက်ဆံရေး တစ်ခုကို ထူထောင်လိုခြင်း ဖြစ်ပေသည်။
အနန္ဒဓားသည်သာ ရန်ကိုင်၏ လက်ထဲတွင် ရှိနေလျှင် ချင်းမိသားစု တစ်နေ့နေ့ ဒုက္ခကပ်ဘေးတစ်ခုခုနှင့် ကြုံရသော် ရန်ကိုင်အနေဖြင့် ဤအတိုင်း ရပ်ကြည့်နေလိမ့်မည် မဟုတ်ပေ။ အဆိုးဆုံးဖြစ်လာလျှင်ပင် ချင်းယုအား စောင့်လျှောက်ပေးမည့် လူတစ်ဦး ရှိနေပေလိမ့်ဦးမည်။
ချင်းကျောင်းရန်၏ ရည်ရွယ်ချက်ကို ရန်ကိုင် ချက်ချင်းနားလည်သွားခဲ့လေသည်။ သို့သော် ခဏမျှ စဉ်းစားပြီးသည့်နောက် ငြင်းမနေခဲ့ဘဲ ပြန်ပြောလိုက်လေ၏။ "မိသားစုခေါင်းဆောင်ချင်းက ဒီရန်ကို ဒီလောက်ယုံကြည်မှတော့ ရန်ကလည်း ချင်းမိသားစုဘိုးဘေးတွေရဲ့ ဂုဏ်သတင်း မပျက်ပြားရလေအောင် ဒီဓားကို ကောင်းကောင်းအသုံးပြုပေးရတာပေါ့။"
ရန်ကိုင်သည် အနန္ဒဓားအား အသုံးပြုပုံနှင့် အတော်လေးရင်းနှီးသလို အနန္ဒဓားဖြင့်သာ ကောင်းကောင်းတွဲဖက် အသုံးပြုနိုင်သည့် ဓားပညာရပ်အချို့ကိုလည်း နားလည်ထားခဲ့လေသည်။ ထိုအတွက်ကြောင့် ဤဓားသည် တစ်နေ့နေ့ တစ်ချိန်ချိန်၌ သူ့အတွက် အသုံးဝင်လာလိမ့်မည်ဟု တွေးလျက် ငြင်းမနေတော့ချေ။
"အဲဒါဆို ကောင်းတာပေါ့..." ချင်းကျောင်းရန် ပြောသွားခဲ့လေ၏။
ဘုန်း ဘုန်း ဘုန်း...
ထိုစဉ် ထောင်ပေါင်းများစွာသော မြေနဂါးများ ကဆုန်ဆိုင်း ပြေးလာသည့်နှယ် ကျယ်လောင်လှသော မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် အနီးအနားပတ်လည်ရှိ မိုးမြေစွမ်းအင်မှာလည်း ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့လေ၏။
"ဘာတွေဖြစ်တာလဲ..." ချင်းကျောင်းရန်သည် ဘေးပတ်ဝန်းကျင်သို့ အထိတ်တလန့်အမူအရာဖြင့် လှည့်ကြည့်လိုက်လေသည်။
ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျတ်၍ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်လေသည်။ မကြာမီ မြို့ပြင်ဘက်ရှိ တစ်ခုသောနေရာဆီသို့ လှမ်းကြည့်၍ ရေရွတ်လိုက်လေ၏။ "စွမ်းအင်လှိုင်းတွေက အဲ့ဘက်ကနေလာနေတာ... ကြည့်ရတာ အရမ်းအားကောင်းတဲ့ဟာ တစ်ခုခု နိုးထလာတာနဲ့တူတယ်။"
"သွားစစ်ဆေးကြည့်ရအောင်။" ချင်းကျောင်းရန်က အော်ပြောလိုက်လေ၏။
ရန်ကိုင်လည်း ထိုကဲ့သို့ တွေးနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ချက်ချင်းပဲ ထိုအရပ်ဆီသို့ ပျံသန်းသွားလေ၏။
ချင်းမိသားစုခြံဝန်းဆီမှ ထွက်လာလာခြင်းတွင်ပင် ရန်ကိုင်သည် လေထဲတွင် ဝဲကာ ရပ်နေသော အမျိုးသမီးတစ်ယောက်နှင့် သွားတိုးလေ၏။ ထိုအမျိုးသမီးမှာ ရွက်တစ်ထောင်ဂိုဏ်းမှ ရီကျင်းဟန်သာ ဖြစ်လေသည်။
ချင်းကျောင်းရန်မှ ထွက်သွားရန် ပြောပြီးသည့်အတိုင်း ဤအမျိုးသမီးသည် ချင်းမိသားစု ခြံဝန်းဆီမှ လုံးဝကြီး ထွက်မသွားသေးဘဲ ခြံအပြင်ဘက်တွင် ရပ်စောင့်နေသည့်ပုံပင်။
ရင်ကိုင်ထွက်လာသည်ကို မြင်သော် အမျိုးသမီး၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး အလျင်စလို ထအော်ခေါ်လိုက်လေသည်။ "ဆေးဝိဇ္ဇာရန် ဆေးဝိဇ္ဇာရန်။"
"သွား သွားစမ်း သွားစမ်း ငါ့လမ်းကို လာမပိတ်နဲ့။" ရန်ကိုင်သည် သူ့လက်ကို စိတ်မရှည်ဟန်ဖြင့် ဝှေ့လှမ်းလျက် သူမအား ဖြတ်ကျော်ကာ ပျံသွားခဲ့လေ၏။
ရီကျင်းဟန်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားနေသော ရန်ကိုင်၏ ပုံရိပ်ကိုကြည့်ရင်း အံကိုကြိတ်ကာ ခြေဆောင့်ရင်း ရန်ကိုင်နောက်သို့ အလျင်စလို ပြေးလိုက်သွားလေသည်။
"မိသားစုခေါင်းဆောင်ချင်း..." ရှေ့မှပျံသန်းနေသော ရန်ကိုင်သည် အနောက်ဘက်ရှိ ရီကျင်းဟန်အား လှည့်ကြည့်ရင်း တိုးတိုးလေးပြောလိုက်လေသည်။ "သူဘာဖြစ်လို့ ကျုပ်ကို ရှာနေလဲဆိုတာ ဒီအမျိုးသမီး ခင်ဗျားကို ပြောပြသွားသေးလား။"
ချင်းကျောင်းရန်က ညစ်ကျယ်ကျယ်ပြုံးရင်း ပြန်ပြောလိုက်လေသည်။ "ညီလေးရန်က နာမည်လည်းကျော်တယ် ရုပ်လည်းချောတယ် ကျင့်ကြံခြင်းကလည်း မြင့်ပြီးသား ဒီတော့ မိန်းမချောလေးတွေ ညီလေးရန်ကို မကြိုက်ပဲ ဘယ်နေမလဲ..."
ချင်းကျောင်းရန် ပြောသည်ကို ကြားပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆံပင်ကို နောက်သို့သပ်တင်လျက် ရင်ဘက်ကိုကော့ကာ ခေါင်းမော့လိုက်လေ၏။
ခဏအကြာတွင် မျက်စိပျက်မျက်နှာပျက်ဖြင့် ပြန်မေးလိုက်လေသည်။ "မိသားစုခေါင်းဆောင်ချင်း နည်းနည်းတည်တည်ကြည်ကြည် လုပ်လို့မရဘူးလား။"
ချင်းကျောင်းရန်က ခေါင်းခါလျက် "ဘာမှတော့ သေချာပြောမသွားဘူး မင်းနဲ့ စကားပြောဖို့ လိုတယ်လို့ပဲပြောသွားတာ... ငါမြင်သလောက်တော့ အဲဒီအမျိုးသမီးက တော်တော်လေး လှပါတယ်ကွ မင်းထက် အသက်လေးနည်းနည်းလောက် ကြီးရုံကလွဲရင် ခန္ဓာကိုယ်အချိုးအစားကော ရုပ်ရည်ရောကောက ဘာမှကို အပြစ်ပြောစရာမရှိဘူး... ညီလေးရန် မင်းဘာလို့ သူတောင်းဆိုတာကို လက်မခံလိုက်တာလဲ။"
ရန်ကိုင်သည် မျက်လုံးအပြူးသားဖြင့် ချင်းကျောင်းရန်အား အထက်အောက် စုံဆန်စစ်ဆေးကြည့်လျက် ပြန်ပြောလိုက်လေသည်။ "မိသားစုခေါင်းဆောင်ချင်း ကြည့်ကြပ်ပြီးတော့လည်း ပြောဦးနော် အခုစကားက ခင်ဗျားလို လူအိုကြီးတစ်ယောက် ပြောသင့်တယ်ဟာမျိုး မဟုတ်ဘူးနော်။"
"ဟားဟားဟား။" ချင်းကျောင်းရန်သည် အလွန်ပင်အော်ရယ်မော၍ ရန်ကိုင်၏ ပခုံးကို ပုတ်ရင်းပြောလိုက်လေသည်။ "လူငယ်ဆိုတာ အခွင့်အရေးရတုန်း ပျော်သင့်ရင် ပျော်ထားရတယ်ကွ နောက်ကျမှ နောင်တရနေလို့ မဖြစ်ဘူး..."
"ဘာပဲဖြစ်ဖြစ် အဲဒီအမျိုးသမီး ပါးစပ်က ထွက်လာတဲ့စကားက ဘာမှကောင်းမှာ မဟုတ်မှန်း ကျုပ်သိနေတယ်... သူ့ကို အာရုံမစိုက်တော့နဲ့။" ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
သူတို့စကားပြောနေစဉ် အတောအတွင်း မြောက်များလှစွာသော အလင်းတန်းများ မေပယ်မြို့ထဲမှ ထွက်လာကြလေ၏။ ထိုလူများသည် မေပယ်မြို့ထဲတွင် နေနေကြသော တာအိုသခင်အဆင့်ပညာရှင်များဖြစ်ကြပေသည်။ သူတို့လည်း ရန်ကိုင်နှင့် ချင်းကျောင်းရန်ကဲ့သို့ပင် အခြေအနေကို စစ်ဆေးကြည့်ရန်အတွက် ထွက်လာခဲ့ခြင်း ဖြစ်လေ၏။
"ရန်ကိုင် ခွေးသူတောင်းစားကောင်။" ထိုစဉ် ဘေးဘက်ဆီမှ အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသည့် မျက်နှာတစ်ခုကို ရန်ကိုင် လှမ်းမြင်လိုက်ရလေ၏။
ထိုလူမှာ အခြားမဟုတ် မေပယ်မြို့၏ ယခင်မြို့သခင်ဖြစ်ခဲ့သော ကျွမ်းပန်သာ ဖြစ်လေသည်။
လက်ရှိတွင် ကျွမ်းပန်ဘေး၌ လူငယ်လေးတစ်ဦးလည်း ရှိနေခဲ့လေ၏။ ထိုလူငယ်လေး၏ ကျင့်ကြံခြင်းမှာ မြင့်မားခြင်းမရှိ။ တာအိုသခင်ပထမအဆင့်သာ ရှိသေးလေသည်။
ဘာကြောင့်မှန်းမသိ ထိုလူငယ်လေးကို မြင်လိုက်သည်နှင့် တစ်နေရာရာတွင် မြင်ဖူးနေသလိုလို ရန်ကိုင်စိတ်ထဲ ခံစားလိုက်ရလေသည်။
"ရန်ကိုင်လား။" ကျွမ်းပန်၏ စကားကို ကြားပြီးသည့်နောက် သူ့ဘေးတွင် ရပ်နေသော လူငယ်လေး၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။ ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်ရင်း ကျွမ်းပန်ကို မေးလိုက်လေ၏။ "ဒီတော့ သူက မင်းပြောတဲ့ မျိုးရိုးနာမည်ရန်နဲ့ ကောင်စုတ်လေးပေါ့..."
"ဟုတ်ပါတယ် သူပါပဲ။" ကျွမ်းပန်က အံကြိတ်၍ ပြန်ပြောလိုက်လေသည်။
"မင်း ဘယ်သူ့ကို ကောင်စုတ်လေးလို့ ခေါ်နေတာလဲ။" ရန်ကိုင်သည် ကျွမ်းပန်အား အထင်မြင်တသေးဖြင့် ကြည့်၍ ပြန်ပြောလိုက်လေသည်။
ကျွမ်းပန်၏ မျက်နှာ နီရဲသွားခဲ့လေ၏။ သို့သော်ငြား ရန်ကိုင်၏ ထောင်ချောက်ထဲ တိုးဝင်သွားရလောက်အထိတော့ တုံးအနေခြင်း မရှိသည့်အတွက် ရန်ကိုင်ကိုသာ မုန်းတီးစွာဖြင့် စိုက်ကြည့်နေခဲ့လေသည်။
"မိသားစုခေါင်းဆောင်ချင်း အဲ့လူငယ်လေးက ဘယ်သူလဲ။" ရန်ကိုင်သည် သူ့ဘေးတွင်ရှိနေသော ချင်းကျောင်းရန်အား တိုးတိုးလေး မေးလိုက်လေ၏။ လူငယ်လေးမှာ ရုပ်ချောသော်ငြား သူ့ရုပ်မှာ ကလိမ်ကကျစ်ကြသည့် ပုံစံမျိုးပေါက်နေခဲ့သည်။ ထို့အပြင် ကျွမ်းပန်ကဲ့သို့သော အကျင့်မကောင်းသည့်လူနှင့် ဘေးချင်းယှဉ်ရပ်နေသည့် အတွက်ကြောင့် ထိုလူငယ်လေးသည်လည်း လူကောင်းတစ်ယောက် ဟုတ်လိမ့်မည်မဟုတ်မှန်း ရန်ကိုင် ပြောနိုင်ပေသည်။
"သူတော်စင် နန်းတော်ရဲ့ သခင်လေး နင်ယွမ်ရှုလေ..."
"သခင်လေး။" ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား ဘာကြောင့် ထိုသို့ဖြစ်ရမှန်း အလျင်မြန် နားလည်သွားခဲ့လေသည်။ သူတော်စင်နန်းတော်၏ ယခင်သခင်လေး သေသွားပြီးသည့်နောက် အခြားတစ်ဦးသည် သူ့နေရာကို အစားထိုးယူလိုက်သည့်ပုံပင်။ နင်ယွမ်ရှုနှင့် နင်ယွမ်ချန်းသည် ညီအစ်ကိုအရင်းများ ဖြစ်ကြသဖြင့် ရုပ်ခြင်းတူနေသည်မှာလည်း အထူးအဆန်းမဟုတ်တော့။ ထို့ကြောင့်ပင်လျင် ရန်ကိုင်သည် နင်ယွမ်ရှုကို မြင်ဖူးနေသလို ခံစားနေရခြင်းပင် ဖြစ်လေသည်။
သူတို့ စကားပြောနေစဉ်အတောအတွင်း နင်ယွမ်ရှုက ကျွမ်းပန်ကို အမိန့်ပေးလိုက်လေ၏။ "အဲ့ကောင်ဆိုမှတော့ ဘာမှယဉ်ကျေးနေစရာ မလိုတော့ဘူး။ ကျွမ်းပန် အဲ့ကောင်ကို သွားဖမ်းလာစမ်း ဒီသခင်လေးက အဲ့ကောင်ကို စစ်မေးရမယ်။"
ထိုအမိန့်ကိုကြားသော် ကျွမ်းပန်သည် နင်ယွမ်ရှုဘက်သို့ သနားစဖွယ်ဖြင့် လှည့်ကြည့်လျက် ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ပြောလိုက်လေ၏။ "သခင်လေး အဲ-အဲ့တာ- အဲ့တာက..."
"ဘာအဲ့တာတွေ လုပ်နေတာလဲ မြန်မြန်သွားဖမ်းလေ။ ဘာလဲ မင်းငါ့အမိန့်ကို မနာခံချင်တော့တာလား။" သူပြောသည့်အတိုင်းမလုပ်ဘဲ သူ့အား အထွတ်တက်ချင်နေသည့် ကျွမ်းပန်ကို မြင်သော် နင်ယွမ်ရှု ဒေါသထွက်သွားခဲ့ပြီး ကျွမ်းပန်မျက်နှာကို ရိုက်ချလိုက်လေ၏။
ထိုအခါ ကျွမ်းပန်က ပြောမရဖြစ်နေသည့် လေသံဖြင့် "လက်အောက်ငယ်သား... သူ့ကို မနိုင်လို့ပါ..."
နင်ယွမ်ရှုသည် ကျွမ်းပန်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လျက် “သူက တာအိုသခင်ပထမအဆင့်ပဲရှိသေးတာ မင်းလည်း တာအိုသခင်ပထမအဆင့်ပဲ ပြီးတော့ အဖေကိုယ်တိုင် မင်းကို သုံးရက်ကြာအောင် လေ့ကျင့်ပေးထားတာ မင်းက ဘာလို့သူ့ကိုမနိုင်ရတာလဲ။"
"အရင်တစ်ခါတုန်းက သူနဲ့ ကျုပ်တိုက်ဖူးတယ်... အဲဒီတုန်းက ကျုပ် ဆိုးဆိုးရွားရွားကို ရှုံးသွားခဲ့တာ ကျုပ်ရဲ့ မှော်ရတနာတောင် ပျက်ဆီးသွားသေးတယ်..." ကျွမ်းပန်က ပြန်ပြောလိုက်လေ၏။
"အမှိုက်ကောင် ဒီလိုဆိုမှတော့ မင်းက ဘာအသုံးဝင်သေးလို့လဲကွ။" နင်ယွမ်ရှုမှာ ဒေါသထွက်ထွက်နှင့် ကျွမ်းပန်၏ ခါးကို ဆောင့်ကန်ချလိုက်လေသည်။ ကျွမ်းပန်မှာ နာကျင်စွာအော်ညည်းရင်း ဒယိမ်းဒယိုင်ဖြစ်သွားခဲ့လေသည်။
ထို့နောက်တွင် နင်ယွမ်ရှုသည် ကျွမ်းပန်ကို လျစ်လျူရှုထားလိုက်ပြီး ရန်ကိုင်အား စိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏။ "ကောင်လေး အခုချက်ချင်း ဒီကိုလာခဲ့စမ်း။"
နင်ယွမ်ရှု၏ ပုံစံမှာ သူ့ကိုယ်သူ ဤလောကကြီး၏ အရှင်သခင်အလား သူ့အမိန့်ကို မည်သူမှ ငြင်းဆန်ခွင့်မရှိသည့်အလား နင်ယွမ်ရှုပြောသည်ကို ကြားလိုက်သည်နှင့် သူ့အနားတစ်ဝိုက်တွင် ရှိနေသော ကျင့်ကြံသူများ ကြောင်သွားခဲ့ကြပြီး နင်ယွမ်ရှုနားမှ ခပ်ဝေးဝေးသို့ ဆုတ်ခွာသွားခဲ့ကြလေသည်။
ထိုကျင့်ကြံသူအများစုမှာ ချင်းမိသားစု ခြံဝန်းဆီမှ ပြန်လာကြသည့်လူများ ဖြစ်ကြပေသည်။ ထို့နေရာတွင် ရန်ကိုင် မည်မျှကြောက်မက်ဖွယ်ကောင်းသလဲဆိုသည်ကို မျက်ဝါးထင်ထင် သူတို့အားလုံး မြင်တွေ့ခဲ့ကြရလေသည်။ ရန်ကိုင်သည် သူတို့ရန်သွားစသင့်သည့် လူတစ်ဦးမဟုတ်မှန်း သိထားသည့်အတွက်ကြောင့် နင်ယွမ်ရှုမှ ရန်ကိုင်အား ရန်သွားစနေသည်ကို မြင်သော် မည်သူက သူ့အနားတွင် ဆက်နေရဲဦးမည်နည်း။
ထိုအကြောင်းကို မသိထားသူများပင်လျှင် သူတို့မိတ်ဆွေများ ပြောပြသည်ကို ကြားပြီးသည့်နောက် အခြေအနေအကြောင်းစုံကို အလျင်အမြန်နားလည်သွားကြလေ၏။
ချက်ချင်းဆိုသလို နင်ယွမ်ရှုဘေးတွင်ရှိနေသော ကျင့်ကြံသူအားလုံး ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြကုန်လေသည်။
ထိုအဖြစ်အပျက်ကြောင့် နင်ယွမ်ရှုမှာ အံ့အားသင့်တကြီး ဖြစ်သွားခဲ့လေ၏။ လူတိုင်းသည် သူ၏ နောက်ခံကို ကြောက်သွားသည့်အတွက်ကြောင့် အဝေးသို့ ထွက်ပြေးသွားကြသည်ဟု ထင်ကာ ပို၍ဂုဏ်မောက်လာခဲ့ပေသည်။
"မိသားစုခေါင်းဆောင်ချင်း။" ရန်ကိုင်သည် ထူးထူးဆန်းဆန်းအမူအရာဖြင့် ချင်းကျောင်းရန်ဘက်သို့ လှည့်မေးလိုက်လေ၏။ "ဒီနေရာမှာ ခွေးဟောင်သံတွေ ကျုပ် ကြားနေရသလိုပဲနော်..."
ချင်းကျောင်းရန်က ဝါးလုံးကွဲ အော်ရယ်မောလျက် "ခွေးလေခွေးလွင့်တွေ နေမှာပေါ့ကွာ ဂရုစိုက်မနေနဲ့ ညီလေးရန်။"
ယခင်ကသာဆိုလျှင်တော့ မိသားစုငယ်လေး၏ ခေါင်းဆောင်တစ်ဦးသာဖြစ်သော သူ့အနေဖြင့် သူတော်စင်နန်းတော်အား ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း ရန်စစော်ကားရဲလောက်မည်မဟုတ်ချေ။ သူတော်စင်နန်းတော်သည် ဂိုဏ်းကြီးတစ်ဂိုဏ်း မဟုတ်သော်ငြား ထိုဂိုဏ်းအား စောင့်ကြပ်နေသည့် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးရှိနေသည်။ ထို့အပြင် ထိုပညာရှင်၏ လက်အောက်တွင်ဘုရင်မတက်နိုင်သော တာအိုသခင်အဆင့် ပညာရှင်များလည်း ရှိနေကြပေသည်။"
သူတို့သည်သာ ထိုကဲ့သို့သော အင်အားစုတစ်ခုကို သွားရန်စလိုက်မည်ဆိုပါက မိသားစုတစ်ခုလုံး ဒုက္ခရောက်သွားရပေလိမ့်မည်။ သူတော်စင်နန်းတော်မှ စေလွှတ်လိုက်သည့် တာအိုသခင်ဒုတိယအဆင့် ပညာရှင်တစ်ဦးနှင့်ပင်လျှင် သူတို့ချင်းမိသားစု တစ်ခုလုံးကို ရှင်းပစ်နိုင်ပေသည်။
သို့သော်ငြား လက်ရှိတွင် သူသည် ရန်ကိုင်ကို အလွန်ကိုမှ ကျေးဇူးတင်နေသလို လေးလဲလေးစား၏ ထို့အတွက်ကြောင့် ရန်ကိုင်အတွက် သူတော်စင်နန်းတော်အား ရန်စရလည်း ကိစ္စမရှိတော့ချေ။
နှစ်ယောက်စလုံးမှာ အသံကျယ်ကျယ်နှင့် ပြောနေခြင်းဖြစ်သည့်အတွက်ကြောင့် သူတို့ပြောနေသည်ကို နင်ယွမ်ရှုအတိုင်းသား ကြားနေရလေသည်။ ထို့အတွက်ကြောင့် ဒေါသထွက်သွားခဲ့လေ၏။
"မင်းတို့ ဘယ်လိုတောင် ငါ့ကို စော်ကားမော်ကားပြောရဲတာလဲ ဒီသခင်လေး ဘယ်သူလဲ မင်းတို့မသိဘူးလားကွ" နင်ယွမ်ရှုမှာ ဒေါသထွက်ထွက်နှင့် ရန်ကိုင်အားစူးရဲစွာစိုက်ကြည့်ရင်း အော်ပြောလိုက်လေသည်။
ရန်ကိုင်သည် နင်ယွမ်ရှုအား စောင့်ကြည့်လျက် "အဲဒါဆို မင်းက ဘယ်သူလဲ။"
ရန်ကိုင်၏ ပုံစံကြောင့် နင်ယွမ်ရှုမှာ ကြိတ်မနိုင်ခဲမရဖြစ်သွားခဲ့လေ၏။ အံကိုကြိတ်ရင်း ပြန်အော်ပြောလိုက်လေသည်။ "သေချာနားထောင် ဒီသခင်လေးက သူတော်စင်နန်းတော်ရဲ့ သခင်လေး နင်ယွမ်ရှုပဲ။"
"သူတော်စင်နန်းတော်ရဲ့ သခင်လေး..." ရန်ကိုင်က ကြောက်လန့်သွားသည့်ပုံစံဖြင့် မျက်လုံးအပြူးသား လုပ်ပြလျက် "မင်းက သူတော်စင်နန်းတော်ရဲ့ သခင်လေးလား..."
"ဟုတ်တယ်။" ရန်ကိုင်၏ ကြောက်လန့်သွားသည့် ပုံစံကို မြင်သည့်အခါမှသာ နင်ယွမ်ရှု အတော်လေး ဒေါသပြေသွားခဲ့လေသည်။
သို့သော်ငြား ချက်ချင်းဆိုသလို ရန်ကိုင်၏ အပြောင်အပျက်မျက်နှာ ပျောက်ကွယ်သွားခဲ့ပြီး ရုပ်တည်ကြီးဖြင့် ပြန်၍ ပြောလိုက်လေသည်။ "အားနာပါတယ်ကွာ အဲ့နေရာအကြောင်း ငါတစ်ခါမှ မကြားဖူးဘူး။"
"မင်း-"
ရန်ကိုင် သူ့အား လာဆော့ကစားနေမှန်း နားလည်လိုက်သော် နင်ယွမ်ရှု ရူးတော့မည့်နှယ် ဖြစ်သွားခဲ့လေ၏။ ထို့နောက် အသံကျယ်ကြီး အော်ပြောလိုက်လေသည်။ "သေလိုက်စမ်း။"
ထိုသို့ အော်ပြောပြီးသည့် နောက်တွင် အရင်းအမြစ်ချီကို အရူးအမူး လှည့်ပတ်လိုက်လေ၏။ ထိုသို့ လှည့်ပတ်လိုက်ရာ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ဝဲကတော့ကဲ့သို့သော လေလှိုင်းများထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် သိုင်းပညာရပ်တစ်ခုကို ထုတ်သုံး၍ ရန်ကိုင်အား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
"ဒါ ငါ့ကို ရန်စတဲ့ အကျိုးဆက်ပဲ။" ထိုသို့ တိုက်ခိုက်နေရင်းမှ အော်ပြောလိုက်လေ၏။
သို့ရာတွင် နင်ယွမ်ရှု၏ လက်ဝါးချက်မှာ ဘာဆိုဘာမှကို ထိသွားခဲ့ခြင်းမရှိချေ။ ရန်ကိုင်သည် သူ့လက်အား အသာအယာဆွဲထုတ်လျက် နင်ယွမ်ရှု၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်ကာ သူ့လက်ဝါးချက်ကို ဘေးတစ်ဖက်သို့ လမ်းကြောင်းပြောင်းပေးလိုက်လေ၏။
နင်ယွမ်ရှုမှာ အလစ်အငိုက်မိသွားကာ ဟန်ချက်ပျက်၍ ရန်ကိုင်အား ဝင်ဆောင့်ခါနီး ဖြစ်သွားခဲ့ရလေသည်။
မော့ကြည့်လိုက်သည့်နောက် သူ့မျက်နှာသည် ရန်ကိုင်၏ မျက်နှာနှင့် လက်တစ်ဝါးစာသာ ဝေးကွာတော့ကြောင်း တွေ့လိုက်ရလေသည်။