တတိယအဆင့်
Vol. 6 Ch. 556
ကျောက်တိုင်၏ အပြင်ဘက် စက်လုံးတွင်း၌ ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပွင့်လာ၏။ ထိုမျက်လုံးအိမ်များထဲတွင် ကြောက်တောင်တောင်ဖြစ်နေသော အကြည့်များကို မြင်နိုင်ပြီး သူ မည်သို့မျှ မတုံပြန်နိုင်လိုက်မီ စက်လုံးသည် နောက်ထပ်လေပွေ တစ်ခုဖြစ်သွားကာ သူ့ကို အထဲသို့ စုပ်ယူသွားတော့သည်။ ထို့နောက် လေပွေကြီး ပျောက်သွားလေပြီ။
ထိုအချိန်တွင် ကျောက်တိုင်ကြီး၏မျက်နှာပြင်အပေါ် ၌ အက်ကြောင်းရှိနေသေးသော်လည်း နောက်ဆုံးတွင် မလှုပ်ယမ်းတော့ပေ။
ထိုမျှသာမက စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်းစမ်းသပ်ပွဲသည် ဝင်ရောက်နိုင်သော စာရင်းမှ ပျောက်ကွယ်သွားလေသည်။
စောင့်ကြည့်နေကြသော လူတစ်ထောင်ကျော်မှာ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ပါးစပ်များအဟောင်းသားဖြစ်သွားကြပြီး ခေါင်းများ ချာချာလည်သွားတော့သည်။
" ပိုင်ရှောင်ချန်း ပျောက်သွားပြီ"
" သူတကယ်ကြီး ပထမနေရာရသွားတာလား။ ဒါဆိုရင် သူက နတ်ဝိညာဥ်ရယူဖို့ တတိယအဆင့်ကို ရောက်သွားပြီပေါ့"
" ဘာလို့ ဒီကောင်လဲကွာ။ သောက်ကျိုးနည်း မိစ္ဆာပိုင်၊ ဘာကြောင့် သူဖြစ်ရတာတုံး "
"ဟွန်း ။ တကယ်တော့ သူ နတ်ဝိညာဥ်ရတော့လဲ ကောင်းတာပဲ။ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်သာ နိုင်သွားလို့ကတော့ ကျုပ်တို့တစ်ယောက်မှ လုယူလို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ မိစ္ဆာပိုင်ကတော့ သူ့လက်ထဲမှာ ဘယ်လိုမှ ထိန်းထားနိုင်မှာမဟုတ်ဘူး"
"ဟုတ်တယ်။ အခု ပိုင်ရှောင်ချန်းက အရင်ကထက် ပိုအဖိုးတန်သွားပြီ။ သူ့ကိုသတ်ကြ။ မင်းတို့ နတ်သားရဲဝိညာဥ်ငါးခုတစ်စုံတင် မဟုတ်ဘူး။ နတ်ဝိညာဥ်ကိုပါ ရမှာ။"
သို့သော် ဆွေးနွေးငြင်းခုံမှုများ ပွက်လောရိုက်နေချိန် သခင်မလေးဟုန်ချိန်၏ စက်လုံးက လင်းလက်နေဆဲဖြစ်ပြီး ယခင်ထက်ပို၍ မျက်စိဖမ်းစားလာကြောင်း လူအများ သိလိုက်ရလေသည်။ သူမသည် နတ်မီးလျှံစမ်းသပ်ပွဲမှ ပယ်ချမခံရရုံသာမက ကြည့်ရသ၍ အောင်မြင်လုနီးပါးဖြစ်နေချေသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းတစ်ယောက်သာ နတ်ဝိညာဥ်ရနိုင်သည့်လူမဟုတ်ကြောင်း သိသာလာတော့သည်။ သူသာ တတိယအဆင့်တွင် လျင်မြန်စွာ မလှုပ်ရှားနိုင်ခဲ့လျှင် သူက နတ်ဝိညာဥ်ကို မရရုံသာမက သူ့အသက်ကိုလည်း ဆုံးရှုံးရပေလိမ့်မည်။
သူ့ကို သေစေချင်သည့် နတ်အဆင့်ကျင့်ကြံသူနှင့် နှစ်ယောက်တည်းဖြစ်ကာ ချောင်ပိတ်နေမည် မဟုတ်ပါလော။ ထိုဖြစ်ရပ် မည်သို့ နိဂုံးချုပ်မည်ကို လူအများမှာ သိချင်စိတ်ပြင်းပြလာတော့သည်။
ကျိုးရီရှင်းသည် အဆုံးစွန်ထိ စိတ်လှုပ်ရှားနေမှုကြောင့် မျက်လုံးများ တောက်ပနေကာ တဆတ်ဆတ်တုန်နေလေသည်။
" သွားသွား သခင်မလေး ဟုန်ချိန်။ သွား။ တတိယမြောက်အဆင့်ကို သွားပြီး အဲဒီ ခွေးကောင် ပိုင်ရှောင်ချန်းကို ဇီဝိန်ချုပ်ပစ်လိုက်စမ်းပါ"
နတ်ဝိညာဥ်ရှိရာ နေရာဖြစ်သော ဝင်္ကပါ၏ တတိယမြောက်အဆင့်တွင် ဧရာမ အဋ္ဌဂံ ဂူကြီးတစ်လုံးရှိလေသည်။ တစ်နေရာလုံးကို အလင်းပေးနေသည့် ဝင်းထိန်စွာ တောက်ပနေသော မီးအိမ်များရှိသည်သာမက ထောင့်တစ်ခုစီတိုင်းတွင် ရုပ်ထုတစ်ခုစီနှင့် စုစုပေါင်း ရုပ်ထုရှစ်ခု ရှိနေသည်။
ရုပ်ထုများသည် မီတာ သုံးရာတိတိမြင့်သော်လည်း ဂူကြီး၏ အရွယ်အစားနှင့်ယှဥ်လျှင် မပြောပလောက်ပေ။ ကြမ်းပြင်ကို တစ်ခုနှင့်တစ်ခုထပ်ထားသော ကြွေပြားများနှင့် ပြုလုပ်ထားလေရာ နဂါးကြေးခွံများသဖွယ် သရုပ်ပေါ်နေလေသည်။ အမှန်တကယ်ဆိုရလျှင် အနီးကပ်ကြည့်လိုက်ပါက ရွှေနဂါးကိုးကောင်ပုံစံ ရေးခြယ်ထားသော ပန်းချီတစ်ခုဖြစ်ကြောင်း တွေ့ရ၏။
ထိုနဂါးကိုးကောင်လုံးသည် ပလ္လင်တစ်ခု၏ ပတ်ပတ်လည်တွင် တည်ရှိနေပြီး ထိုပလ္လင်က သူတို့ ရိုသေလေးစားရသော ခေါင်းဆောင်အလားပင်။
ထိုသည်မှာ ကြမ်းပြင်သာရှိသေးသည်။ ဂူကြီး၏ နံရံများကို မရေမတွက်နိုင်သော အပေါက်များဖြင့် ဖုံးလွှမ်းနေပြီး ထိုအပေါက်များမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေလေရာ လေထဲတွင် ဧရာမ ရွှေရောင်နဂါးကြီးတစ်ကောက်ပုံစံ အတူတကွ လည်ပတ်၍ ဖြစ်ပေါ်နေလေသည်။
၄င်းမှာ စစ်မှန်ပြီး အကောင်အထည်ရှိသည့်အလား အလွန်တရာ အသက်ဝင်လှပြီး ခေါင်းက ပလ္လင်ကို ဦးတည်၍ မျက်လုံးများက အိပ်နေသည့်အလား မှိတ်ထားလျက် မျက်နှာကျက်ပေါ်တွင် ရစ်ခွေနေသည်။
ဂူကြီးအတွင်းရှိအလင်းေရာင်များကြောင့် ပလ္လင်ကြီးက ထင်လင်းမြင်သာနေတော့သည်။ ပလ္လင်ထက်တွင် အစိမ်းရောင် ကျောက်တိုင်တစ်ခုမှတစ်ပါး မည်သည့် အလောင်းမှ မရှိပေ။
၄င်းသည် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည့်အလား ရှေးဆန်နေပုံရပြီး နောက်မျိုးဆက်များဖတ်ရန်အတွက် ရည်ရွက်ချက်ရှိရှိချန်ထားခဲ့သော စာတန်းများဖြင့် ဖုံးအုပ်ထားလေသည်။
သို့သော် အနားကပ် ကြည့်လိုက်သည့် မည်သူမဆို ကျောက်တိုင်က ပလ္လင်၏ မျက်နှာပြင်ပေါ်တွင် ပေါ်နေကြောင်း ချက်ချင်းသိနိုင်လေသည်။
ကျောက်တိုင်ကို အပေါ်သို့ ထိန်းထား၍ မလှုပ်မယှက် လွင့်မျော နေနိုင်ရန် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတချို့ရှိနေလေသည်။ ထိုမျှသာမက ကျောက်တိုင်နှင့် ပလ္လင်မျက်နှာပြင်ကြားတွင် လွင့်မျောနေသော ဖြူပြာရောင် ကျောက်စိမ်းလက်ကောက်တစ်ခု ရှိသည်။
ကျောက်စိမ်းလက်ကောက်အတွင်းမှာ ကောင်းကင်နှင့် မြေကြီး အဆီအနှစ်ကို သန့်စင်ထားဟန်တူေသာ အစိမ်းရောင်မြူအမျှင်လေးတစ်ခုရှိလေသည်။ ရံဖန်ရံခါ လည်ပတ်နေသော မြူများသည် ရေစက်တစ်စက်ပုံစံအတူတကွဖြစ်ပေါ်လာပြီး နတ်ဝိညာဥ်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ထိုသည်မှာ နတ်ဝိညာဥ်ဖြစ်ပြီး ရေအမျိုးအစား နတ်ဝိညာဥ်တစ်ကောင်ဖြစ်လေသည်။
လက်ရှိအချိန်တွင် ပလ္လင်၏ ဘေးတည့်တည့် အကြမ်းအားဖြင့် မီတာ သုံးထောင်ရှိ ရွှေကြမ်းပြင်အပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု တလက်လက်တောက်ပနေ၏။ ထိုနေရာသည် ပိုင်ရှောင်ချန်း ရုပ်လုံးပေါ်လာသော နေရာဖြစ်လေသည်။
ပထမတွင် ပိုင်ရှောင်ချန်းက ဇဝေဇဝါဖြစ်နေပုံရ၏။ သူဖြတ်သန်းလာခဲ့ရသည့် တည်နေရာရွှေ့ပြောင်းခြင်းများစွာကြောင့် အံ့သြစရာတော့မရှိပေ။ သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအပေါ်တွင် လုံးဝအာရုံစိုက်ထားခဲ့သော်လည်း သူ၏ ဝိညာဥ်မှာ စက်လုံးထဲသို့ ရုတ်ခြည်း ခေါ်ဆောင်ခံရလိုက်သည်။ ထို့နောက် ယခုတွင် ဤနေရာသို့ ခေါ်လာခံရပြန်သည်။
သူကဘေးဘီဝဲယာကို တခဏမျှ ကြောင်အမ်းအမ်းကြည့်နေပြီးနောက် ပလ္လင်ထက်ရှိ ရွှေရောင်နဂါးခေါင်းကြီးကို သတိပြုမိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ပင့်သက်ရှိုက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်လေသည်။ ထို့နောက် နဂါးပုံစံဖြစ်ပေါ်စေသည့် အလင်းများကို ထုတ်လွှတ်နေသည့် နံရံပေါ်ရှိ အပေါက်များကို လှည့်ပတ်ကြည့်လိုက်လေသည်။
" အမယ်လေး တကယ့်နဂါးကြီးထင်နေတာ။ အတုကြီးကိုး။ ဟွန်း ပိုင်ကိုယ်တော်ကို ခြောက်ဖို့ ကြိုးစားနေတာပေါ့"
သူသည် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ချိန်တွင် သူ၏အတွေးများပြတ်သားလာပြီး စောစောက ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်မှတ်မိသွားကာ တတိယအဆင့်သို့ရောက်နေသည်ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
" ငါ ပထမနရောရတာပဲ "
အကျိုးမြတ်မည်မျှရနိုင်ကြောင်း အတွေးကြောင့် စိတ်လှုပ်ရှားမှုများဖြင့် သူ့မျက်လုံးများတောက်ပလာရင်း ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ပလ္လင်ထံပျံသန်းလိုက်လေသည်။ သို့သော် ထိုအချိန်တွင် ရုတ်တရက် သူ့မျက်နှာ ပျက်သွား၏။
" ငါ့ ဒယ်အိုး "
ရုတ်တရက် တည်နေရာရွှေ့ပြောင်းခြင်းအတောအတွင်း သူ၏ဒယ်အိုး ကျန်ခဲ့၊ မကျန်ခဲ့ မသေချာဖြစ်သွားလေရာ သူက အလျင်အမြန်ပင် ဆင့်ခေါ်ရန် ကြိုးစားလိုက်သည်။ ကံကောင်းထောက်မစွာ အနက်ရောင်အလင်းများပေါ်လာပြီး ဒယ်အိုး ထွက်လာ၏။ စိတ်သက်သာရာရကာ သက်ပြင်းချရင်း သူက ပြန်သိမ်းလိုက်လေသည်။ ထို့နောက် သူ့မျက်နှာဖုံးကို သတိရသွားပြီး ငုံကြည့်လိုက်ရာ ရင်ဘတ်တွင် ရှိနေသေးကြောင်း တွေ့လိုက်ရလေသည်။ သူ၏အိတ်ထဲ ထည့်သိမ်းလိုက်ပြီးနောက် ပလ္လင်ထံ အပြေးအလွှားသွားလိုက်တော့သည်။
တောက်ပနေသာ နဂါးကြီးကို မော့ကြည့်ပြီးနောက် သူ ထိနိုင်သည်လား သိရန် လက်လှမ်းလိုက်ကြည့်လိုက်ရာ သူ့လက်မှာ ၄င်းကို ဖြတ်သွားကြောင်းသာ တွေ့လိုက်ရလေသည်။ နောက်ဆုံး၌ သူက အတန်ငယ် စိတ်သက်သာရာ ရသွားတော့သည်။
" ဒီနေရာကို သေချာမွမ်းမံပြင်ဆင်ထားတာပဲ။ ဒီနေရာမှာ လေထဲလွင့်မျောနေတဲ့ နဂါးတစ်ကောက်လည်းရှိတယ်။ ကြမ်းပြင်တွေကိုတောင်မှ နဂါးတွေနဲ့ လုပ်ထားတာပဲ။ ဒီမှာ အလောင်းတွေမရှိပေမဲ့ သင်္ချိုင်းကြီးတစ်ခုထဲ ရောက်သွားသလိုပဲ "
ဤအချိန်တွင် သူက ကျောက်တိုင်၏ ရှေ့တည့်တည့်တွင် ရပ်နေပြီး ထိုအောက်တည့်တည့်တွင် မြူများဖြင့် ပြည့်နေသည့် ဖြူပြာရောင်လက်ကောက်တစ်ခုကို မြင်ရလိုက်လေသည်။
လူအများစုမှာ သူတို့၏ ဘဝတစ်လျှောက်လုံးတွင် နတ်ဝိညာဥ်တစ်ကောင်တစ်လေ မြင်တွေ့ခွင့်ရရန် အခွင့်အရေးလေးတစ်ခုပင် မရှိကြသောကြောင့် နတ်ဝိညာဥ်ဆိုသည်လား ခွဲခြားသိနိုင်ရန် အခက်အခဲရှိလေသည်။ သို့သော် ပိုင်ရှောင်ချန်း၏ အိတ်ထဲတွင် နှစ်ခုရှိပြီးဖြစ်လေရာ လက်ကောက်ထဲရှိ မြူတိမ်သည် နတ်ဝိညာဥ်တစ်ကောင်ဖြစ်ကြောင်း ချက်ချင်း သိလိုက်လေသည်။
သိသာထင်ရှားစွာပင် နတ်ဝိညာဥ်သည် ကျောက်တိုင်၏စွမ်းအားဖြင့် ဖိနှိပ်ခြင်းခံထားရပြီး ယူသွားရန်လည်း ခက်ခဲနေသည်။ ကျောက်တိုင်ကို မော့ကြည့်ပြီး အညွှန်းစာကို ဖတ်လိုက်ချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများပြူးကျယ်သွားသည်။ သူ့မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် တောက်ပနေပြီး သတိမထားမိလိုက်ဘဲ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိတော့သည်။
ကျုပ်က ဗဟိုဧကရာဇ်ဒုတိယမျိုးဆက်ဖြစ်ပါတယ်။ ဒီနေရာက ကျုပ်အလောင်းမထားရစ်ခဲ့တဲ့ ဂူကြီးကိုးလုံးထဲက တစ်လုံးပါ။ ကျုပ်ရဲ့ ကျင့်ကြံခြင်း ပညာရပ်တွေက ကျုပ်အရင် ဧကရာဇ်ဖြစ်ခဲ့တဲ့ ကျုပ်အဖေဆီကနေ ဆင်းသက်လာပါတယ်။ ကျုပ်သေဆုံးပြီးတဲ့နောက် အဖေ့ဆန္ဒအတိုင်း ကျုပ်ခန္ဓာကိုယ်ကနေ စိတ်ခန္ဓာ သုံးမျိုး၊ ရုပ်ခန္ဓာ ခုနစ်မျိုး ခွဲထုတ်ပစ်ခဲ့ပြီး ကျုပ်ရဲ့နောက်မျိုးဆက်တွေ ကံကောင်းစေဖို့ ဂူကြီးတွေမှာ ထည့်သွင်းထားခဲ့ပါတယ်….
ဒီကမ္ဘာမှာရှိတဲ့လူတွေအားလုံးက ကျုပ်သွေးသားတွေပါပဲ။ အဲဒါကြောင့် ဒီနေရာကို ရောက်ရှိလာတဲ့လူတိုင်းဟာ ကျုပ်ရဲ့ နောက်မျိုးဆက်ထဲက တစ်ယောက်ဖြစ်ပါလိမ့်မယ်။
ဒီနေရာမှာရှိတာကတော့ ကျုပ်ရဲ့ရုပ်ခန္ဓာခုနစ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ နတ်ဝိညာဥ် ဖြစ်ပါတယ်။
ပိုင်ရှောင်ချန်းမှာ သူဖတ်လိုက်ရသောအရာကြောင့် တုန်လှုန်သွားပြီး ဤနေရာတွင် နက်နဲသော လျှို့ဝှက်ချက်များ ကွယ်ဝှက်ထားကြောင်း စဥ်းစားမိလိုက်လေသည်။
သူသည် ရင်တဒိန်းဒိန်းခုန်ရင်း စာညွှန်းကို ဆက်ဖတ်လေရာ နတ်ဝိညာဥ်များကို မည်သို့မည်ဖုံအသုံးပြုရန် ဖော်ပြထားသောကြောင့် ပို၍ပင် အံ့အားသင့်သွားတော့သည်။
စာညွှန်းအားလုံးကို ဖတ်ပြီးနောက် ပိုင်ရှောင်ချန်းသည် ထိုနည်းလမ်းကို သိလိုက်ရသောကြောင့်အလွန်တုန်လှုပ်သွားတော့သည်။ ထိုမတိုင်ခင်က သူသည် နတ်ဝိညာဥ်များအား မည်သို့ အသုံးချရမည်ကို လုံးဝမသိခဲ့ပေ။
“ မင်းလုပ်ရမှာက နတ်ဝိညာဥ်တွေကို စုဆောင်းပြီး နတ်သားရဲဝိညာဥ် ငါးခုတစ်စုံကို အတူတကွပေါင်းစည်းတဲ့နည်းအတိုင်း စုပေါင်းပြီး ကိုယ်တွင်းဆီ စုပ်ယူရမယ်။ အဲဒီအခါ မင်းက အမြုတေအဆင့်ကနေ ယင်ယန်ဝိညာဥ်အဆင့်ကို တက်လှမ်းနိုင်ပါလိမ့်မယ် “ ဆိုသည့် အကြောင်းအရာသာ သူ့စိတ်ထဲ ရှိနေခဲ့သည်။
အမှန်တကယ်မှာ ထိုအကြောင်းအရာထက် များစွာပိုလေသည်။
ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ရောက်ရန် နတ်ဝိညာဥ်ငါးခုလိုသည်ဆိုခြင်းက အမှန်ပင်။ သို့သော် မစုပ်ယူခင် ငါးခုတစ်စုံကို စုဆောင်းပြီးသည့် အချိန်ထိစောင့်ရန် မလိုချေ။ နတ် ဝိညာဥ်တစ်ကောင်စီတိုင်းကို စုပ်ယူနိုင်ပြီး လူတစ်ယောက်၏ ကိုယ်ပိုင်ပုံစံအတိုင်း တစ်ထပ်တည်းတူသော ကျင့်ကြံခြင်းအခြေခံနှင့် ကိုယ်ပွားတစ်ကောင်ကို ပြုလုပ်ရန် အသုံးပြုနိုင်လေသည်။
ထိုသို့သော အရာတစ်ခုကို ပိုင်ရှောင်ချန်း ပထမဆုံးကြားဖူးခြင်းပင်။ တစ်ယောက်မှ သူ့ကို ထိုအကြောင်းမပြောခြင်းမှာ.... တစ်ယောက်မှ မသိသောကြောင့် ဖြစ်တန်ရာသည်။ ထိုအချက်အလက်ကလေးသည် နှစ်ပေါင်းများစွာ အချိန်ကုန်ရခြင်းကို ဖယ်ရှားပစ်လိုက်လေသည်။
အကယ်၍ လူတစ်ယောက်သည် မတူညီသော နတ်ဝိညာဥ် အမျိုးအစားကွဲငါးခုကို စုပ်ယူနိုင်လျှင် ကိုယ်ပွားငါးခုသည် မယုံကြည်နိုင်ဖွယ် အတိုက်အခိုက်စွမ်းရည်ကို ပေးမည်ဖြစ်ရုံသာမက ကိုယ်ပွားများကို မိမိကိုယ်တိုင်ဖြင့်ပေါင်းစပ်ပြီးနောက် ထိုမယုံကြည်နိုင်ဖွယ် စွမ်းအားကိုသုံး၍ ရှုံးနိမ့်ရန် အခွင့်အလမ်းတစ်ခုမှပင် မရှိပဲ ယင်ယန်ဝိညာဥ်အဆင့်သို့ ချက်ချင်းရောက်နိုင်လေသည်။
ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ရောက်လျှင် ၄င်းမည်မျှ အစွမ်းထက်ကြောင်း တွေ့နိုင်လေမည်။
အမှန်တွင် ဆိုးကျိုးတစ်ခုလည်းရှိ၏။ နတ်ဝိညာဥ်တစ်ကောင်ကို စုပ်ယူလိုက်သည်နှင့် ယင်ယန်ဝိညာဥ်ဖြစ်ပေါ်ရန်အတွက် နတ်သားရဲဝိညာဥ်များကို အသုံးပြုကာ ထပ်မံ ကြိုးစား၍မရတော့ပေ။ လူတစ်ယောက်က ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်လမ်းကြောင်းပေါ်သို့ ခြေချလိုက်သည့်နှင့် ဘယ်တော့မှ နောက်ပြန်လှည့်၍မရတော့ပေ။