← Chapters

နတ်ဝိညာဥ်ကို ရယူခြင်း

Vol. 6 Ch. 557

နတ်ဝိညာဥ်ကို ရယူခြင်း

Vol. 6 Ch. 557

သူ၏ရှေ့တည့်တည့်တွင်ရှိသော နတ်ဝိညာဥ်ကိုပါ ထည့်ပေါင်း၍တွက်လိုက်လျှင် သူ့ထံတွင် စုစုပေါင်း သုံးခုရှိနေပြီဖြစ်ကြောင်းကို သိလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ တဒိန်းဒိန်းခုန်နေတော့သည်။ ထို့အပြင် ထိုသုံးမျိုးစလုံးမှာလည်း အမျိုးအစားမတူသော နတ်ဝိညာဥ်များ ဖြစ်ကြသည်။ နတ်ဝိညာဥ်များသည် အလွန်ရှားပါးလွန်းလှသည်ဖြစ်ပြီး သူနောက်ထပ် နှစ်မျိုးကို ရှာတွေ့နိုင်၊ မတွေ့နိုင်ဆိုသော အချက်နှင့် အကယ်၍ရှာတွေ့နိုင်ခဲ့ရင်လည်း မည်သည့်အချိန်တွင် ရှာတွေ့နိုင်မည်ဆိုသည့်အချက်ကို အတိအကျ မပြောနိုင်ချေ။ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် သူက သက်ပြင်းသာချလိုက်တော့သည်။

" တော်ပါကွာ။ နတ်သားရဲဝိညာဥ် တွေကိုသုံးတာပဲ ဘေးကင်းပါတယ်။ "

သူ ကောင်းကင်တာအို ယင်ယန် ဝိညာဥ်အဆင့်သို့ ရောက်နိုင်သည့်အခွင့်အလမ်း လုံးဝမရှိသဖြင့် စိတ်ပျက်နေသော်လည်း ဤသင်္ချိုင်းဂူ၏အပြင်ဘက်ရှိ မည်သူကမှ နတ်ဝိညာဥ်များ၏ အခြားအသုံးဝင်ပုံများကို သိမည်မဟုတ်ကြောင်း သူကတွက်လိုက်သည်။ ထို အချက်အလက်ကြောင့် နောက်ပိုင်းတွင် သူ အကျိုးအမြတ် ရနိုင်ခြေရှိပေသည်။

ထိုသို့တွေးတောလိုက်ပြီး ကျောက်တိုင်ကြီးပေါ်ရှိ စာကြောင်းများကို ဖျက်ပစ်၍ ရ၊မရဆန်းစစ်ရန် လက်ကိုဆန့်ထုတ်လိုက်သည်။ ထိုသို့ဖျက်မှသာ အခြားနောက်ထပ်တစ်ယောက် ထပ်ရောက်လာခဲ့လျှင် ပိုင်ရှောင်ချန်း ယခုသိခဲ့သည့် လျှို့ဝှက်ချက်များကို သူတစ်ယောက်သာ သိတော့မည် မဟုတ်ပါလော။

ကျောက်တိုင်ပေါ်ရှိ စာလုံးများမှာ အချိန်ကြာမြင့်စွာ ရှိနေပြီးပြီဖြစ်သဖြင့် အလွယ်တကူပင် ဖျက်၍ရကြောင်းကို မြင်လိုက်ရသောအခါ သူက ကျေနပ်သွားတော့သည်။ စာလုံးအားလုံးကို ဖျက်ရန်ပြင်လိုက်စဥ်မှာပင် ဘေးဘက်နားတွင် သူစောစောက သတိမထားမိခဲ့သော စာကြောင်းတစ်ကြောင်းကို မြင်လိုက်ရသည်။

" ဒီစာလုံးတွေကို တမင်သက်သက်ခွဲရေးထားတာ။ ဒီစာလုံးတွေကို ဖျက်တဲ့ ဘယ်သူမဆို ကျိန်စာမိပါစေသား။ "

" ကျိန်စာ ဟုတ်လား "

ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးကြီးများဖြင့် အလန့်တကြား ထအော်ကာ ကြက်သီးမွေးညင်းများ ထနေတော့သည်။ ကျောက်တိုင်ကြီးသည် မီးပူကြီးတစ်ခုဖြစ်နေသည့်အလား သူက လက်ကိုအလျင်အမြန်ရုတ်လိုက်သည်။

" ရက်စက်ပါပေ့။ ဗဟိုဧကရာဇ်ဒုတိယမျိုးဆက်ရယ်၊ ဘာလို့များ ဒီစာလုံးတွေကို ကျောက်တိုင်ကို နှာခေါင်းနဲ့ကပ်ပြီး ဖတ်မှ မြင်ရလောက်တဲ့အထိ သေးအောင်လုပ်ခဲ့ရတာတုံးဗျာ။ စာကြောင်းတွေကို မဖျက်စေချင်ရင် ဖျက်လို့မရအောင် မှော်သိုင်းတစ်ခုခု သုံးခဲ့ပေါ့ဗျ။ "

သူက အံကြိတ်ကာ ဆက်လက်မစွန့်စားတော့ရန် ဆုံးဖြတ်လိုက်သည်။ ထို ကျိန်စာဆိုသော စကားလုံးအကြောင်းကို တွေးမိလိုက်တိုင်း သူသည်

လန့်ဖျပ်နေရပြီး ဘေးဘီဝဲယာကို ထိတ်ထိတ်လန့်လန့်နှင့် ကြည့်နေရတော့သည်။

" ငါ စာလုံးလေးနဲနဲပဲ ဖျက်လိုက်တာပါ။ ပြီးတော့ တမင်လုပ်တာမှမဟုတ်ပဲ။ ပြဿနာ မရှိလောက်ပါဘူး "

သူစောစောက ဖျက်လိုက်သည့် စာကြောင်းထဲတွင်ပါသော နည်းလမ်းအတိုင်း သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုကို ဂရုတစိုက်ဖော်လိုက်ပြီး သူ၏လက်ညှိုးကို ကျောက်တိုင်ဆီသို့ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် ထိုကျောက်တိုင်မှာ တုန်ရီစပြုလာပြီး နောက်သို့ရွေ့သွားကာ အပြာနုရောင် လက်ပတ်တစ်ကွင်း ထွက်ပေါ်လာတော့သည်။ ထိုလက်ပတ်က လေထုထဲသို့ လွင့်ပျံလာသောအခါ ပိုင်ရှောင်ချန်းက လှမ်း၍ ဖမ်းလိုက်သည်။

" နတ်ဝိညာဥ် ရပြီဟေ့။ "

ပိုင်ရှောင်ချန်း ထိုလက်ပတ်ကို ဖမ်းယူလိုက်သည့် အချိန်တွင် နတ်မီးလျှံစမ်းသပ်ပွဲ၏ ဒုတိယအဆင့်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်လာတော့သည်။ သခင်မလေးဟုန်ချိန်၏ မျက်လုံးများမှာ ဆတ်ခနဲ ပွင့်သွားတော့သည်။

ချက်ချင်းပင် သူမ၏ တောက်ပနေသော စက်လုံးမှာ လေပွေကြီးတစ်ခုဖြစ်သွားပြီး သူမကိုစုပ်ယူသွားတော့သည်။ ထိုမြင်ကွင်းကြောင့် လူအုပ်ကြီးမှာ အုပ်အော်သောင်းနင်း ဖြစ်သွားရတော့သည်။

" သခင်မလေးဟုန်ချိန် ပျောက်သွားပြီဟေ့"

" သူ နတ်မီးလျှံစမ်းသပ်ပွဲကို ပြီးသွားပြီဟ။ နတ်ဝိညာဥ်ဆီကို တည်နေရာရွှေ့ပြောင်းနေပြီပဲ "

" နှမြောစရာကွာ။ အခု ငါတို့ထဲကဘယ်သူမှ အဲဒီ နတ်ဝိညာဥ်ကို ရမှာမဟုတ်တော့ဘူး။ "

ကျိုးရီရင်းကမူ စိတ်လှုပ်ရှားမှုများကို ထိန်းမရတော့ပဲ ကျယ်လောင်စွာရယ်မောနေတော့သည်။

“ ဒီအချိန်တော့ မင်းသေပြီပဲ ပိုင်ရှောင်ချန်းရေ။ ငါသာ မင်းကို မယှဥ်ရင်မယှဥ်နိုင်မယ်။ ဒါပေမဲ့ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ မျိုးနွယ်စုခေါင်းဆောင် သခင်မလေးဟုန်ချိန်ဆီကနေတော့ ထွက်ပြေးဖို့က လွဲပြီး မင်းမှာ အခြားရွေးချယ်စရာမရှိတော့ဘူး။ "

တချိန်ထဲမှာပင် ဧရာမကျောက်တိုင်ကြီးဆီမှ ကျယ်လောင်သော အက်ကွဲသံကြီးတစ်သံ ထပ်မံထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်း၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အက်ကွဲကြောင်းများမှာ ကြီးမားလာတော့သည်။ ပင်မအက်ကွဲကြောင်းကြီးဆီမှ အသေးစားအက်ကွဲကြောင်း ခုနစ်ခု ၊ ရှစ်ခုခန့်အထိ ခွဲထွက်နေပြီဖြစ်သည်။

တချိန်ထဲမှာပင် မျက်စိဖြင့်မမြင်နိုင်သော ဘီလူးကြီးတစ်ကောင်က ထိုကျောက်တိုင်ကြီးကို ထုနှက်နေသည့်အလား ကျယ်လောင်လှသည့် မိုးခြိမ်းသံများမှာ ထိုလေဟာနယ်ထဲတွင် ပြည့်နှက်သွားသည်။

အရာရာတိုင်းမှာ တုန်ရီလာပြီး ထိုနေရာကြီးတစ်ခုလုံးမှာ ချက်ချင်းပင်ပြိုကျတော့မည့်အလား ခံစားနေရတော့သည်။ ထိုနေရာတွင် ရှိရှိသမျှ လူတိုင်းမှာ ထိတ်ထိတ်လန့်လန့်နှင့် ဘေးဘီဝဲယာကို ကြည့်နေကြတော့သည်။

" ဘာတွေဖြစ်နေတာလဲ "

" ဒီနေရာကြီးက ပြိုကျတော့မှာလား "

" ဒီနေရာကနေ ထွက်ရအောင်ဟေ့။ ငါတို့က မြေကြီးအောက် ရောက်နေတာ။ ဒီနေရာကြီးသာ ပြိုကျသွားရင် အရှင်လတ်လတ်မြေမြိုခံရသလို ဖြစ်သွားမှာ "

တောက်ပနေသော စက်လုံးများထဲရှိ ကျင့်ကြံသူများမှာ အလွန်အမင်းစိုးရိမ်နေကြပြီဖြစ်သည်။ ကျောက်တိုင်ကြီးက ဆက်၍အက်ကွဲနေစဥ် ထိုစက်လုံးများမှာ တွန့်လိမ်ကောက်ကွေးလာပြီး အချို့ဆိုလျှင် ကျောက်တိုင်ကြီးကဲ့သို့ ကွဲအက်စပြုလာပြီဖြစ်သည်။ ကျင့်ကြံသူအချို့မှာ ထိုစက်လုံးများကိုခွဲ၍ အတွင်းမှ အပြင်သို့ပျံထွက်လာနိုင်နေပြီဖြစ်သည်။

ဤသို့ ရုတ်ချည်း ပြိုကျတော့မည့်ဖြစ်ရပ်ကြီး အဘယ့်ကြောင့် ဖြစ်ပေါ်လာရသည်ကို မည်သူမှ မသိသော်လည်း လူတစ်ယောက်မှာ ဝင်္ကပါကြီး ပျက်စီးစေသည့် အရာကိုလုပ်လိုက်မိသည်ဟု သူတို့ တွေးနေပြီး ထိုအခြင်းအရာကြောင့်သာ ယခုအခါ သူတို့က အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်မျိုးနှင့် ကြုံတွေ့နေရခြင်းဖြစ်မည်။

သူတို့အတွက် စဥ်းစားတွေးတောနေရန် အချိန်မရှိပေ။ စက်လုံးများထံမှ ဖောက်ထွက်ပြီးနောက် လူများမှာ ဟိုဟိုသည်သည် ပြေးလွှားကာ ထွက်ပေါက်ကိုရှာနေကြတော့သည်။

ကျိုးရီရှင်းလည်း လွတ်မြောက်လာပြီး အများနည်းတူ ရှာဖွေနေတော့သည်။ သို့သော် ထိုလူအယောက်တစ်ထောင်မှာ ချက်ချင်းပင် ထွက်ပေါက်မရှိကြောင်းကို သိလိုက်ရသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်သွားကြရသည်။

ချိန်ဟဲ့ထျန်လည်း ထိုလူများထဲတွင် ပါဝင်သည်။ သူက တောက်ပနေသည့် မျက်ဝန်းများဖြင့် လေပေါ်သို့ ပျံတက်သွားပြီး သူ၏နတ်အဆင့် ကျင့်ကြံခြင်းအခြေခံကိုသုံးကာ ထွက်ပေါက်တစ်ခုဖန်တီးရန် ကြိုးစားလိုက်သည်။

အုန်းခနဲမြည်သံများ ပေါ်ထွက်လာပြီး ချိန်ဟဲ့ထျန်တိုက်ခိုက်ခဲ့သည့်နေရာမှာ တွန့်လိမ်ကောက်ကွေးသွားတော့သည်။ သို့သော် သူ၏တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် ချိုင့်ခွက်များမှာ ပျောက်ကွယ်သွားပြီး ချက်ချင်းပေါက်ကွဲတော့မည့် လက္ခဏာများမှာ လျော့နည်းမသွားဘဲ ပို၍ပင် များပြားလာသေးသည်။ ဖျက်စီးအားကောင်းသော ပူဖောင်းများပင်ပေါ်ပေါက်လာပြီး ၎င်းတို့ကို မရှောင်တိမ်းနိုင်သည့် ကျင့်ကြံသူများမှာ ချက်ချင်းပင် အပိုင်းပိုင်းပြတ်သွားရတော့သည်။

ချိန်ဟဲ့ထျန်မှာ သူ၏အံ့သြဖွယ်ကောင်းသော အတိုက်အခိုက်စွမ်းရည်နှင့်ပင် ဤနေရာ၏အပြင်ကိုထွက်ရန် တားဆီးထားသည့် အကာအရံများကို မဖျက်စီးနိုင်ကြောင်းကို သိလိုက်ရသောအခါ မျက်နှာပျက်သွားရတော့သည်။ သူက လုံးဝ တွေဝေမနေပဲ ကျယ်လောင်သောအသံကြီးဖြင့် အော်ပြောလိုက်လေသည်။

" မင်းတို့အားလုံး နားထောင်ကြ။ မင်းတို့က မဟာတံတိုင်းကဖြစ်ဖြစ်၊ မြေရိုင်းဒေသကဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ဒီအကာအရံကြီးကို ငါနဲ့အတူပေါင်းပြီး လာတိုက်ခိုက်ကြ။ ဒီနေရာကနေ ထွက်ရအောင်။ “

အချိန်အနည်းငယ်သာ ရတော့သည်ကိုသိသဖြင့် လူတိုင်းမှာ စစ်ပွဲကြီး၏ မည်သည့်ဘက်ကပင်ဖြစ်နေစေကာမူ ချိန်ဟဲ့ထျန်၏လက်အောက်တွင် စုစည်းလိုက်ကြပြီး နတ်ဘုရားစွမ်းရည်များနှင့် မှော်တိုက်ကွက်များကိုထုတ်သုံးကာ အပြင်သို့ထွက်နိုင်ရန်ကြိုးပမ်းလိုက်ကြတော့သည်။ ထိုအခါ အကာအရံထဲရှိ ဖောင်းကားမှုကြီးမှာ ပို၍ကြီးမားလာတော့သည်။

နတ်မီးလျှံစမ်းသပ်ပွဲများ၏နေရာတစ်ခုလုံး တုန်ရီနေစဥ် ဝင်္ကပါထဲတွင် အရေးကြီးသော ကိစ္စရပ်များဖြစ်ပွားနေတော့သည်။ ယခင်က ဖျက်စီး၍မရနိုင်သော နံရံများမှာ အက်ကွဲကာ တုန်ရီနေကြတော့သည်။ ထိုနံရံများပေါ်တွင် မရေမတွက်နိုင်သော မျက်နှာများစွာ ပေါ်ထွက်လာပြီး သူတို့မှာ အော်ဟစ်ကာ ထွက်ပြေးရန်ကြိုးစားနေကြသည်။ သို့သော်လည်း သူတို့မှာ မစွမ်းနိုင်ချေ။

ဝင်္ကပါကြီးတစ်ခုလုံးမှာလည်း လူတစ်ယောက်၏ လက်ထဲတွင်ရောက်ကာ ရှေ့နောက် လှုပ်ခါနေသည့်အလား ခါယမ်းနေတော့သည်။ ဝင်္ကပါကြီး၏ အဓိကအပိုင်းထဲတွင် ထွက်ပေါက်ရှာနေဆဲဖြစ်သော ကျင့်ကြံသူများမှာ အလွန်အမင်း တုန်ရီသွားကြပြီး မတ်တတ်ရပ်နေရုံကလွဲ၍ အခြားမည်သည်ကိုမှ မလုပ်နိုင်တော့ပေ။

ကြီးမားသော အန္တရာယ်ကြီးတစ်ခု ဖြစ်နေပြီဖြစ်ပြီး ထိုတစ်နေရာလုံးမှာ ပြိုကျတော့မည် ဖြစ်ကြောင်းကို လူတိုင်းကသိသွားကြတော့သည်။

" ဘာလို့ဒီလိုတွေ ဖြစ်နေရတာလဲ "

" သောက်ကျိုနည်းကွာ။ ငါကထွက်ပေါက်တောင်ရှာတွေ့သေးတာမဟုတ်ဘူး။ မဟုတ်မှလွဲရော ငါဒီမှာများသေရတော့မှာလား " ဝင်္ကပါ၏ နေရာတိုင်းတွင် ပူဆွေးသောကများ၊ ဒေါသများ ပြည့်နှက်နေသည့် ခါးသီးစွာအော်ဟစ်သံများဖြင့် ပြည့်နေတော့သည်။

နတ်ဆရာမှာ လှိုဏ်ခေါင်းများထဲမှ ထွက်ရန်ကြိုးစားနေသော်လည်း သူ၏ဘေးပတ်လည်မှ နံရံများပြိုကျလာသည်ကိုမြင်လိုက်သောအခါ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ ဦးထုပ်နီများစွာမှာလည်း အော်ဟစ်ရင်း ပျံသန်းနေကြသည်ကို မြင်လိုက်ရသေးသည်။

" သွားပြီ။ ငါတော့ကိစ္စချောပြီ "

သူက ညည်းညူလိုက်သည်။ ထိုနတ်မီးလျှံစမ်းသပ်ပွဲဒေသနှင့် သိပ်၍မဝေးသည့် အခြားတစ်နေရာတွင် စုန့်ချွဲမှာ သူ၏ပတ်ပတ်လည်တွင် ပြိုကျနေသည့် ဝင်္ကပါကြီးကိုကြည့်ရင်း ခါးသက်သက်ရယ်မောနေတော့သည်။ ထွက်ပေါက်သည် ရှေ့တွင်ရှိနေပြီဖြစ်ကြောင်းကို သူကသိပါသော်လည်း သူထိုသို့ မရောက်ခင်တွင် ဤသို့အဖြစ်ပျက်ကြီးများ ပေါ်ပေါ်လာရခြင်းဖြစ်သည်။

" မဟုတ်မှလွဲရော စုန့်ချွဲဆိုတဲ့ငါ ဒီ ဝင်္ကပါထဲမှာပဲ အမြှုပ်ခံရတော့မှာလား " အရှုံးမပေးချင်သေးပါသော်လည်း အခြားရွေးချယ်စရာမရှိတော့သဖြင့် သူက ခေါင်းကိုနောက်သို့ပစ်ကာ ခါးသက်စွာအော်ဟစ်လိုက်တော့သည်။

ဝင်္ကပါကြီး၏ အပြင်ဘက်တွင်လည်း စိတ်နှလုံးနာကျင်ဖွယ်ကောင်းသော ဖြစ်ရပ်များ ဖြစ်ပျက်နေသည်။

အပြင်ဘက်တွင် စုဝေးနေသည့်လူများစွာရှိကြ၏။ ပိုင်လင်းနှင့် အခြား စစ်သေနာပတိချုပ်နှစ်ယောက်မှာ ဝင်ပေါက်၏အပြင်ဘက်တွင် စစ်တပ်ကြီးများကိုဆင့်ခေါ်ထားသည်။ ဝင်ပေါက်၏အခြားတစ်ဖက်တွင် လူ့ဘီလူးများ၊ ဝိညာဥ်ကျင့်ကြံသူ ထောင်သောင်းများစွာနှင့် အောက်လမ်းဆရာအနည်းငယ်ပါဝင်သော မြေရိုင်းဒေသမှတပ်ဖွဲ့ကြီးများရှိသည်။

နှစ်ဖက်စလုံးမှာ မည်သူက နတ်ဝိညာဥ်ကို ရရှိမည်ဖြစ်ကြောင်းသိရန် စောင့်ဆိုင်းနေကြပြီး ကြီးမားသောတိုက်ပွဲကြီးတစ်ခုမဖြစ်စေရန် ဤနေရာတွင် စခန်းချနေခြင်းဖြစ်သည်။

သို့သော် မည်သူမှ ဝင်္ကပါထဲက ထွက်မလာနိုင်သေးချိန်တွင် ကျယ်လောင်သော တုန်ရီသံများပေါ်ထွက်လာသည်။ ပိုင်လင်းနှင့် စစ်သေနာပတိချုပ်များသာမက မြေရိုင်းဒေသ၏ အောက်လမ်းဆရာများ၏ မျက်နှာများပေါ်တွင် အံ့အားသင့်နေသည့် အမူအရာများပေါ်ထွက်လာသည်။ ဤအချိန်တွင် ဝင်္ကပါ၏ ပတ်ပတ်လည် ကီလိုမီတာငါးရာအတွင်းရှိ နေရာတစ်ခုလုံးမှာ တောက်ပသောအလင်းတန်းများဖြင့် လင်းလက်နေပြီဖြစ်သည်။

တချိန်ထဲမှာပင် မြေကြီးမှာ အောက်ဘက်သို့ ကျွံကျသွားသဖြင့် မှိုပွင့်ပုံစံ ဖုန်လုံးကြီးတစ်ခု ကောင်းကင်ယံပေါ်သို့ မြင့်တက်သွားတော့သည်။

ထိုဖြစ်ရပ်များ ဆက်လက်ပျံ့နှံ့နေဆဲပင်။ တောင်တန်းများပြိုလဲနေပြီး မြေပြင်တစ်ခုလုံး တုန်ခါနေကြသည်မှာ နဂါးကြီးများမှာ မြေအောက်ကနေ၍ ရိုက်ခတ်နေသည့်အလားပင်။

ထိုသို့တဖြည်းဖြည်းကြီးမားလာသည့် ပြိုလဲနေသောနေရာကြီးဆီမှ လူတိုင်းမှာကြောက်ကြောက်လန့်လန့်နှင့် နောက်သို့ဆုတ်နေကြတော့သည်။

" တစ်ခုခုတော့ဖြစ်နေပြီ "

ပိုင်လင်း၏နှလုံးသားများ တဒိန်းဒိန်းခုန်နေပြီး သွားရောက်စုံစမ်းရန် စဥ်းစားလိုက်သေးသည်။ သို့သော် မြေပြင်ကြီး ပြိုကျသွားသောအခါ ရှိသမျှလူတိုင်း၏ ဝိညာဥ်များကို မတည်မငြိမ်ဖြစ်သွားစေသည့် အငွေ့အသက်ကြီးတစ်ခုပေါ်ထွက်လာသည်။ ထိုအငွေ့အသက်ကြီး အနီးသို့ရောက်သွားသူတိုင်း စုပ်ယူခံလိုက်ရပြီး ပျက်စီးသွားရမည်မှာ ထင်ရှားပေသည်။

ဤပြိုလဲနေသည့်နေရာကြီးမှာ ဧရာမ မန္တန်အစီအရင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး အရွယ်အစားမှာလည်း တဖြည်းဖြည်း ဆက်၍ကြီးမားလာသည်။

All Chapters