← Chapters

အခန်း (၁၄၄)

Vol. 3 Ch. 144

အခန်း (၁၄၄)

Vol. 3 Ch. 144

ရက်နည်းနည်းလောက် ကြာပြီးတဲ့နောက်။

ကျွန်မတို့တွေ ဖိတ်စာရလို့ ဦးလေးကြီးအိမ်ကိုပြန်သွားတော့ ကလေးတွေရဲ့ အရိုးစုတွေကို အခေါင်းထဲထည့်ပြီး အသုဘချဖို့ ပြင်ဆင်နေတာကို မြင်ရတယ်။ ရိုမြူလက်ဘုရားကျောင်းက လူတွေလိုမျိုး အဖြူရောင်ဝတ်စုံဝတ်ထားတာမဟုတ်တဲ့ သာမန်အနက်ရောင် ဘုန်းတော်ကြီးဝတ်စုံနဲ့ ဖာသာတစ်​ယောက် ရှိနေပြီးတော့ အသုဘပွဲလာတက်တဲ့ ပရိသတ်တွေကို ဟောပြော နေပါတယ်။

လာရောက်ကြတဲ့သူတွေထဲမှာ မီလန်မြို့ရဲတပ်ဖွဲ့၊ ရပ်မိရပ်ဖတွေနဲ့ ဂျာနယ်လစ်တချို့လည်း ပါဝင်နေပါသေးတယ်။ နှစ်ပေါင်းများစွာ အစအနရှာမရဘဲ ပျောက်ကွယ်သွားတဲ့ကလေးတွေကို အခုမှ ပြန်တွေ့ရတာဖြစ်လို့ သတင်းကြီးတစ်ခုဖြစ်သွားတာတော့ အမှန်ပါ။

မူလကတော့ ကလေးတွေရဲ့မူရင်းမိသားစုဝင်တွေကို လာပြီး ခွဲခွာခြင်းမိန့်ခွန်း​ပြောဖို့အတွက် စီစဥ်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ မူရင်းမိသားစုက မီလန်မှာမနေတော့သလို အဓိကသက်ဆိုင်တဲ့ မိသားစုဝင်တွေလည်း အသက်ရှင်လျက် မရှိကြတော့ပါဘူး။

ဒါကြောင့် ဦးလေးလူကာပဲ မိန့်ခွန်းပြောဖို့အတွက် ဖြစ်လာတယ်။

“ကျွန်တော်ဟာ တစ်ကိုယ်တော်လူပျိုကြီးတစ်ယောက်ပါ။ မိသားစုထဲမှာ မောင်နှမအရင်းအချာလည်းမရှိပါဘူး။ ဒါကြောင့် မိသားစုအတွင်းမှာရှိတဲ့ ရင်းနှစ်သည်းချာကလေးတွေကို ဆုံးရှုံးခဲ့ရတဲ့ မိဘတွေရဲ့ခံစားချက်ကို နားလည်နိုင်တယ်လို့ ဒီနေရာမှာ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီအိမ်မှာ မတော်တဆမှု တစ်ခုကြောင့်သေဆုံးသွားရမယ့် ဒီကလေးတွေဟာ တုနှိုင်းမဲ့တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ခဲ့သူတွေ ဖြစ်ခဲ့ကြဖူးပါတယ်။

သူတို့လေးတွေဟာ အဲဒီအနာဂတ်ကို ဆုပ်ကိုင်နိုင်ရမယ့်အစား ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ တိမ်းပါးသွားခဲ့ရတာ စိတ်မကောင်းစရာပါ။”

ပထမကတော့ လူပျိုကြီးလူကာတစ်ယောက် ကလေးတွေရဲ့ဝိညာဥ် ကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုပုံမှန်မဟုတ်တာပြောတော့မလားဆိုပြီး ကျွန်မထိတ်လန့်နေခဲ့တာ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ခဲ့တာကို သာမန်လူတွေကိုပြောပြမယ်ဆိုရင် ဘယ်သူမှယုံမှာမဟုတ်သလို ကျွန်မတို့နဲ့ဦးလေးလူကာအတွက်ပါ မကောင်းပါဘူး။

စျာပနပွဲအခမ်းအနားပြီးသွားတဲ့နောက်တော့ ဦးလေးလူကာက ကျွန်မတို့ကို လာတွေ့ပါတယ်။ “အခုတော့လည်း စိတ်ထဲမှာ ပေါ့သွားသလိုပဲ။ ဒါပေမဲ့ ကလေးတွေ ဘုရားသခင်ရဲ့ရင်ခွင်မှာ အနားယူနိုင်မယ်လို့ မျှော်လင့်ရတဲ့အတွက် ဝမ်းသာပေးရမှာပဲ။”

ဦးလေးကြီးက ဝမ်းသာနေတဲ့ပုံပေါ်ပေမဲ့ အတော်လေးအထီးကျန် နေခဲ့တဲ့ပုံပါပဲ။ မကြာခင်မှာပဲ ဂျာနယ်လစ်တွေရော ရပ်မိရပ်ဖတွေပါ ပြန်သွားကြပြီ။ ဦးလေးကြီးက ကျွန်မတို့ကို အိမ်မှာဆက်နေဖို့ ပြောခဲ့ပေမဲ့ နက်ဆန်က ငြင်းခဲ့ပါတယ်။

“မကြာခင်မှာ ကျုပ်တို့လူစုက ပိုပြီးများလာဖို့ရှိတယ်။ ဒီအိမ် သေးသေးနဲ့မဖြစ်သေးဘူးထင်တာပဲ။ ဒါကြောင့် ဗီလာကြီးကြီး တစ်လုံးငှားဖို့ရှိတယ်။ ဒါပေမဲ့ မီလန်မြို့ထဲမှာပဲမလို့ ခင်ဗျားဆီကို မကြာမကြာလာလည်ဖြစ်မှာပါ။”

ကျွန်မလည်း ဒီဆုံးဖြတ်ချက်ကြောင့် နက်ဆန်ကိုအတော်လေး အံ့ဩခဲ့မိပါတယ်။ သူ့အနေနဲ့ နောက်ပိုင်းဟိုတယ်တွေမှာ တည်းဖို့ အဆင်မပြေဘူးလို့ခံစားရရင် ဒီဦးလေးကြီးရဲ့အိမ်က နေဖို့ အသင့်တော်ဆုံးပဲမဟုတ်လား။

ကျွန်မတို့ထွက်မသွားခင် နက်ဆန်က ပြောခဲ့ပါသေးတယ်။ “ခင်ဗျားက အဖော်မင်တဲ့လူတစ်ယောက်ပဲ။ တစ်ယောက်တည်း နေတာက ခင်ဗျားနဲ့မကိုက်လောက်ဘူး။ မိသားစုလိုမျိုး မိတ်ဆွေတွေ လိုအပ်တယ်ဆိုရင် အပြင်ထွက်ပြီး အိမ်နီးနားချင်းတွေနဲ့ စကားပြောတာဖြစ်ဖြစ် လုပ်ကြည့်သင့်တယ် မထင်ဘူးလား။”

ဦးလေးကြီးက လူငယ်လေးတစ်ယောက်ဆီကနေ ဘဝအတွက် အကြံဉာဏ်တစ်ခု ရလိုက်တဲ့အတွက် အတော်အံ့ဩသွားပုံပဲ။ ပြောရရင် ကျွန်မလည်းအတော်လေး အံ့ဩသွားခဲ့တာပါ။ သူက ကျွန်မကိုပြန်ကြည့်လိုက်တယ်။ နောက်တော့ ကျွန်မဆီကနေပြီး အတည်ပြုချက်တစ်ခု တောင်းခံပါတယ်။

“ဟုတ်တယ်မဟုတ်လား ဆယ်ဗီ။”

ကျွန်မလည်းပဲ အလိုလိုနေရင်းနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက် မိပါတယ်။ မိုနီကာက အိုလီရာနာကို ချိုင်းကနေချီထားပြီးတော့ ခြံထဲမှာစိုက်ထားတဲ့ အနီရောင်စက္ကူပန်းပင်တစ်ပင်က ပန်းပွင့် တစ်ပွင့်ကို ခူးနိုင်ဖို့အတွက် ကူညီပေးနေတယ်။ နက်ဆန်ရဲ့အရိပ် ထဲကိုကြည့်လိုက်တော့လည်း မော်လီ၊ နာတာရှာနဲ့ ပါစီဗယ်တို့ ရှိနေတာကို ကျွန်မခံစားမိလိုက်တယ်။

ကျွန်မစတွေ့တုန်းက အမြဲသုန်မှုန်နေပြီး အထီးကျန်နေခဲ့တဲ့ ဒီလူငယ်လေးနားမှာ အခုဆိုရင် မိသားစုလိုမျိုးခင်မင်ရတဲ့ မိတ်ဆွေတွေအများကြီး ရှိလာခဲ့ပြီ။ ဒါကြောင့် ကျွန်မလည်း ဦးလေးလူကာကို လက်မထောင်ပြလိုက်ပြီး

“ဒီတေမိကောင်တောင် လုပ်နိုင်မှတော့ ဦးလေးကြီးလည်း လုပ်နိုင်မယ်လို့ ကျွန်မထင်တယ်။”

နှုတ်ဆက်လို့ပြီးသွားတဲ့နောက်တော့ ကျွန်မတို့အဖွဲ့က နက်ဆန် ငှားထားတဲ့ဆိုတဲ့ အိမ်အသစ်ကိုသွားဖို့ ဦးတည်ရာ ပြောင်းလိုက် ပါတယ်။ ဦးလေးကြီးကတော့ ကျွန်မတို့ကို လက်ပြနှုတ်ဆက်ပြီး လှမ်းအော်ပြောတယ်။

“ကောင်လေးနဲ့​ကောင်မလေးတွေ ​၊ အစစအရာရာအတွက် ကျေးဇူးပဲနော်။”

ကျွန်မအနားမှာရှိနေတဲ့ နက်ဆန်ကလည်း တစ်ချက်ပြုံးလိုက် ပါတယ်။ “ကလေးတွေနဲ့ဒီလူကြီးရဲ့ရေစက်က မပြီးသေးဘူးလို့ ခံစားနေရတယ် ဆယ်ဗီ။”

သူ့ရဲ့အဓိပ္ပါယ်ပါပါအပြုံးကြောင့် ကျွန်မလည်း အနည်းငယ်လောက် အံ့အားသင့်မိသွားတယ်။ ဒါပေမဲ့ နက်ဆန်ပြောခဲ့တဲ့အတိုင်းဆိုရင် ကလေးတွေက ကျွတ်လွတ်သွားသင့်ပြီမဟုတ်လား။ ပြီးတော့ ဒီနေ့ ကျွန်မနားမလည်နိုင်တဲ့ကိစ္စက ဒီတစ်ခုတည်းမဟုတ်ဘူး။

“နက်ဆန်၊ ရှင်ဘာလို့ ရုတ်တရက်ကြီး တခြားအိမ်ငှားဖို့ ဆုံးဖြတ်လိုက်တာလဲ။ မနေ့ကညကအထိ ကျွန်မတို့တွေ IBIS ကနေထွက်ပြီး ဦးလေးကြီးအိမ်ပြန်မယ့်ကိစ္စကို ရှင်သဘောတူ ခဲ့တာလေ။”

ဒီတစ်ခါ သူ့ရဲ့ဆုံးဖြတ်ချက်က နည်းနည်းအလောသုံးဆယ် နိုင်သလားလို့။

ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်မတို့တွေ လမ်းကြားလေးထဲကနေ ထွက်လိုက်ပြီး လမ်းမကြီးပေါ်ကိုရောက်လာတယ်။ လမ်းနဲ့ လမ်းကြားနှစ်ခုကြား ထောင့်ခြံမှာတော့ အီတလီရိုးရာပီဇာဆိုင် တစ်ခုကိုတွေ့ရပြီး လူတွေနဲ့ပြည့်နှက်နေတယ်။

အဲဒီပီဇာဆိုင်မှာထိုင်နေတဲ့ လူတချို့က ကျွန်မတို့ရင်းနှီးတဲ့သူတွေ ဖြစ်​နေပြီး ကျွန်မတို့ကို လှမ်းပြီးတော့တောင် လက်ကိုဝေ့ယမ်း ပြနေပါသေးတယ်။

“အစ်မကြီးဆယ်ဗီ.... သခင်လေးနက်ဆန်.... ထပ်ပြီးတော့ တွေ့ကြရပြန်ပြီပဲ။”

ကျွန်မသေချာ အာရုံစိုက်ကြည့်လိုက်တော့ အဖြူရောင် ဘုရားကျောင်းဝတ်စုံဝတ်ထားတဲ့ သူတော်စင်နီကိုလပ်နဲ့ သူတော်စင် သီရာတို့ဖြစ်နေတာ တွေ့ရတယ်။ သီရာကတော့ နက်ဆန်ကို ခုချက်ချင်း ထသတ်တော့မလိုမျိုး ကြည့်နေပေမဲ့ နီကိုလပ်က မျက်လုံးကိုမှေးပြီး ပြုံးပြနေဆဲပါ။ ဒါပေမဲ့သူ့ရဲ့အပြုံး နောက်မှာရှိနေတဲ့ ကြောက်စရာအငွေ့အသက်တွေကိုတော့ ဖုံးလွှမ်းထားလို့မရဘူး။

“ရှင်က သူတို့ရောက်နေတာကို သတိထားမိနေတာလား။”

နက်ဆန်က ခေါင်းညိတ်ပြလိုက်တယ်။ ကျွန်မ ပတ်ဝန်းကျင်ကို သေသေချာချာပိုပြီး ဂရုစိုက်ကြည့်တော့ ဝတ်ရုံဖြူဝတ်ထားတဲ့ ဘုန်းတော်ကြီးအများအပြား လမ်းထဲမှာရှိနေပြီးသားဖြစ်ပြီး ဝတ်ရုံနက်ဝတ်ထားတဲ့ ဘုန်းတော်ကြီးတွေလည်း အရေအတွက် အတူတူနီးပါးရှိနေကာ အပြန်အလှန်စောင့်ကြည့်နေတယ်။

“ညနေစာ လာစားသွားပါဦးလား။ ဒီက ရှင်းပေးပါ့မယ်။” နီကိုလက်က ကျွန်မတို့ကို ဖိတ်ခေါ်လိုက်တယ်။ ကျွန်မ ခြေဖျားလက်ဖျားတွေ အေးစက်လာတယ်။ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲ နက်ဆန်က ကျွန်မရဲ့ လက်ကိုဖမ်းကိုင်လိုက်တယ်။

“အရမ်းစိတ်မလှုပ်ရှားနဲ့၊ တည်တည်ငြိမ်ငြိမ်ပဲနေ။ အခုငါတို့က ရိုမန်ကက်သလစ်ပိုင်နက်ထဲမှာ။ ရိုမြူလက်ချက်ကျောင်းက ဘယ်လောက်အင်အားကြီးကြီး မီလန်မြို့ထဲမှာ ပြဿနာမရှာရဲဘူး။ ဂျေဇူးဝစ်တွေ ရောက်နေပြီး သူတို့ကိုစောင့်ကြည့်နေတာပဲ ကြည့်လိုက်။ သူတော်စင်တွေဆိုရင်တောင် မီလန်မြို့ထဲမှာ တိုက်ပွဲဖြစ်ရင် အသတ်ခံရလိမ့်မယ်။”

“ဒီတော့ ဘာလုပ်မှာလဲ။”

“ဖိတ်ခေါ်တာ မခံဘဲနဲ့ အေးအေးဆေးဆေး ထွက်သွားမယ်။ တခြားအဖွဲ့အစည်းတွေ ရောက်မလာမချင်း ငါတို့မီလန်မှာ လုံခြုံတယ်။”

နက်ဆန်က အခုလိုပြောလိုက်ပြီး ကျွန်မတို့အဖွဲ့ကို အိမ်အသစ်ဆီ ခေါ်သွားတယ်။ နက်ဆန်အိမ်ပြောင်းဖို့ ဆုံးဖြတ်လိုက်တာက သူမနေချင်လို့မဟုတ်ဘဲ အန္တရာယ်နဲ့ရင်ဆိုင်နေရလို့ မဆိုင်တဲ့ လူတွေကို မထိခိုက်စေချင်တာကိုး။

....

သီရာက နက်ဆန်နဲ့အဖွဲ့ထွက်သွားတာကို မကျေမနပ်နဲ့ စောင့်ကြည့်နေခဲ့တယ်။ နောက်တော့ ပတ်ပတ်လည်မှာ ရှိနေတဲ့ ဂျေဇူးဝပ်တွေကို ကြည့်လိုက်ပြီး

“ငါတို့ နတ်ဆိုးဝင်စားတဲ့သူကို ဒီအတိုင်းပဲ လွှတ်ပေးထားမှာလား။ သူက ရဟန်းမင်းကြီးကို လုပ်ကြံခဲ့တဲ့အပြင် ရူဘီနဲ့ လီချင်းချင်းကိုပါ ထိခိုက်အောင်လုပ်ခဲ့တာနော်။”

သီရာရဲ့မျက်လုံးထဲမှာ မျက်ရည်တွေဝိုင်းလာတယ်။ အဲဒီနေ့က ဒိုင်းသူတော်စင်ကို သူတို့ရှာတွေ့ခဲ့တဲ့မြင်ကွင်းက မမေ့နိုင်စရာပါ။ ဘုရားကျောင်းကပိုင်တဲ့ ဆေးရုံတစ်ခုမှာ လီချင်းချင်းရော ရှူဘီပါ အရေးပေါ်ခန်းထဲထည့်ထားခဲ့ရပြီး ရက်ပေါင်းအတော်ကြာမှ ပြန်သတိရလာခဲ့ကြတာပါ။

....

“ငါက ဒဏ်ရာရထားတဲ့ နတ်ဆိုးဝင်စားသူကို အနိုင်မရခဲ့တဲ့အပြင် သာမန်လူတစ်ယောက်ကိုပါ ရှုံးခဲ့တာလား။”

အိပ်ရာပေါ်မှာ လဲနေခဲ့တဲ့ ဒိုင်းသူတော်စင်က သီရာရဲ့ပြိုင်ဖက်လို့ ပြောနိုင်ပါတယ်။ နောက်ခံစွမ်းအားချင်းယှဥ်ရင် ရူဘီက အားနည်းတယ်လို့ပြောနိုင်ပေမဲ့ နှစ်ယောက်ချင်းပြိုင်ပြီး တိုက်ခိုက်ရမယ်ဆိုရင် သီရာရဲ့လေးက ရူဘီရဲ့ဒိုင်းကို ဖောက်နိုင်မယ်လို့ အာမခံချက်မရှိပါ။ တစ်နည်းအားဖြင့် ရူဘီရဲ့ အကာအကွယ်ကို ချိုးဖောက်နိုင်ခဲ့သူက ထင်ထားတာထက် အစွမ်းထက်တယ်။

“ ရွှေရောင်ဂိတ်တံခါးကို ချိုးဖောက်ခဲ့တဲ့သူက ဘယ်သူလဲ။” သီရာနဲ့အတူပါလာတဲ့ နီကိုလက်က ​မေးလိုက်တော့ ရူဘီက တုံ့ဆိုင်းမနေဘဲ ဖြေခဲ့တယ်။

“ဆယ်ဗီ....”

....

“ကျွန်တော်ကတော့ နက်ဆန်ထက်စာရင် ဆယ်ဗီကိုပိုပြီးတော့ စိတ်ဝင်စားတယ်။ အယ်ဒါတစ်ယောက်ရဲ့စွမ်းအား မရှိဘဲနဲ့ ရူဘီရဲ့ရွှေရောင်တံတိုင်းကို တစ်ချက်တည်းနဲ့ မချိုးဖောက်နိုင်ဘူး။”

နီကိုလပ်က ပြောလိုက်တယ်။ သူတော်စင်အဖွဲ့ထဲမှာ ဆားဗီးရပ် တစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေက အယ်ဒါမဖြစ်ကြသေးဘူး။ ဒိုင်းသူတော်စင်ရဲ့ရွှေရောင်ဂိတ်ကို ဖျက်ဆီးနိုင်တဲ့သူဆိုလို့ သူတို့ထဲမှာ ဆားဗီးရပ်တစ်ယောက်ပဲရှိတာ။ နက်ဆန်က ဆားဗီးရပ်ကို ယှဥ်နိုင်တယ်ဆိုပေမဲ့ တချို့အပိုင်းတွေမှာတော့ အားနည်းနေဆဲပါပဲ။

“ဘုရားကျောင်းတိုက်ပွဲအရဆိုရင် နက်ဆန်ကိုယ်တိုင်တောင်မှ ရွှေရောင်တံတိုင်းကို တစ်ချက်တည်းမဖျက်ဆီးနိုင်ဘူး။ တစ်ချိန်လုံး သာမန်လူသားတစ်ယောက်လို့ သိထားခဲ့တဲ့ ဆယ်ဗီကတော့ လုပ်နိုင်ခဲ့တယ်။ အစ်မ၊ သူ့ကိုပထမဆုံး တွေ့ဖူးတုန်းက ဘာစွမ်းအားမှ အာရုံမခံမိတာ သေချာလား။”

သီရာရဲ့အလင်းခန္ဓာကိုယ်က အမှန်တရားကိုထောက်လှမ်းနိုင်တဲ့ စွမ်းအားမျိုးရှိပါတယ်။ တစ်စုံတစ်​ယောက်က သူ့ရဲ့စွမ်းအားကို မထုတ်ဖော်ဘဲဖုံးကွယ်ထားရင်တောင် ထောက်လှမ်းမိနိုင်စွမ်း ရှိပါတယ်။

“အင်း... အဲဒီတုန်းက တကယ့်ကိုသာမန်လူတစ်ယောက်လိုပဲ။ ဒါပေမဲ့ အခုကျတော့... သူ့ဆီကဖြာထွက်နေတဲ့ စွမ်းအားတွေက သိပ်ကိုများလွန်းတယ်။ အထူးနည်းလမ်းတစ်ခုခုနဲ့ ဖုံးကွယ်ထားတာမဟုတ်ရင် ရုတ်ချည်းတိုးတက်လာတာပဲ။”

နီကိုလပ်က သီရာရဲ့ကျောက်ချက်ကြောင့် ပိုပြီးလေးနက် လာခဲ့တယ်။ “ပထမဖြစ်နိုင်ခြေအတိုင်း စွမ်းအားကို ဖုံးကွယ် ထားတာဆိုရင်တော့ ကြောက်စရာမရှိဘူး။ အလွန်ဆုံးမှ သွေးစွန်း​ဘုန်းတော်ကြီးကို ဝင်ပါခိုင်းတာနဲ့တင် ကိစ္စပြီးသွားလိမ့်မယ်။ ဒါပေမဲ့ ဒုတိယတစ်ခုဆိုရင်တော့ ပြဿနာတက်ပြီပဲ။”

နီကိုလပ်က သူ့စကားကို ရပ်ထားလိုက်ပြီး ပိုပြီးတိုးညှင်းကာ အေးစက်တဲ့လေသံနဲ့ ပြောလိုက်တယ်။

“ ကျောင်းခြောက်ကျောင်းမှာ ပါရမီအမြင့်ဆုံးဆိုတဲ့ နတ်ဆိုးဝင်စားသူက ငယ်ငယ်ကတည်းက လေ့ကျင့်ခဲ့ပြီး အသက်ဆယ့် ၁၈နှစ်ကျော် ၁၉ နှစ်ပြည့်ခါနီးမှ အယ်ဒါ အဆင့်ကိုရောက်ရုံပဲရောက်ခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ သာမန်လူသားပဲ ဖြစ်နေသေးတဲ့ ဆယ်ဗီက အယ်ဒါအဆင့်စွမ်းအားကိုသုံးပြီး သူတော်စင် တစ်ယောက်ကို တစ်ချက်တည်းနဲ့အနိုင်ယူနိုင်တယ်ဆိုတော့”

“ လူသားတစ်ယောက် မဟုတ်ဘူး... နတ်တစ်ပိုင်းတွေ လုပ်နိုင်တဲ့ အရာမျိုးရော ဖြစ်နိုင်ပါဦးမလား။”

အဲဒီနောက်တော့ သူတော်စင်နှစ်ယောက်ရဲ့စကားဝိုင်းက တိတ်ဆိတ်သွားခဲ့တယ်။

.....

မြှောင်... မြှောင်...

ကြောင်သေးသေးလေးတွေ အော်သံကြားတဲ့အတွက်ကြောင့် ​အောက်ထပ်ခဏဆင်းပြီး ရေခဲသေတ္တာထဲက စားစရာတချို့ ထုတ်စားနေတဲ့ ဦးလေးကြီးလုကာတစ်ယောက် မျက်မှောင် ကြုတ်လိုက်တယ်။ နောက်တော့ သူအိမ်ရှေ့တံခါးကို ဖွင့်လိုက်တော့ စက္ကူပုံးလေးတစ်ပုံးထဲထည့်ထားတဲ့ နီတာရဲကြောင်ပေါက်လေး နှစ်ကောင်ကို တွေ့လိုက်ရပါတယ်။

ဆောင်းဝင်စ ပြုလာပြီဖြစ်လို့ နှင်းတွေမကျသေးပေမဲ့ လေအေးတွေတိုက်နေပြီဖြစ်တာမလို့ ကြောင်လေးတွေ ခိုက်ခိုက်တုန်လို့။

“ဘယ်လို ပိုင်ရှင်မျိုးနဲ့ ကြုံခဲ့ပါလိမ့်၊ ဒီလောက် ကလေးငယ်ငယ်လေးတွေကို လွှင့်ပစ်ရတယ်လို့။ ဗိုက်ဆာနေကြမှာပဲ၊ အထဲကို ခေါ်သွားမယ်နော်။”

ဦးလေးကြီးက ကရုဏာစိတ် အခြေခံရှိတဲ့အတွက်ကြောင့် ကြောင်လေးတွေကို ချက်ချင်းပဲ မွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူစက္ကူပုံးကို ကောက်မလိုက်တယ်ဆိုရင်ပဲ သူ့အိမ်ရှေ့ တစ်စုံတစ်ယောက်ရောက်လာပြီး ပြောလိုက်တယ်။

“အို့... ကြင်နာတတ်တဲ့ အိမ်ရှင်ပါလား။ ရှင့်အိမ်က ဝက်ဆိုက်မှာ အိမ်ငှားအသစ်လက်ခံနေပြီဆိုလို့ လာခဲ့တာ။ ပြဿနာတစ်ခုခု မရှိဘူးဆိုရင် ကျွန်မတို့ ဒီညဒီမှာတည်းလို့ရမလား။”

အိမ်ရှင်ကြီးက ချိုသာပေမဲ့ အဆိပ်ပြင်းသလိုခံစားရတဲ့ မိန်းမ အသံကြားလိုက်ရတဲ့အတွက် မော့ကြည့်လိုက်တယ်။ အရာရှိ ယူနီဖောင်းမျိုးဝတ်ထားတဲ့ မိန်းမတစ်ယောက်ကိုသူမြင်ရပြီး ဆံပင်က စစ်ကေဆံပင်နဲ့။ နီစပ်စပ်အသားအရေရှိပြီးတော့ ပေါင်မှာ တက်တူးထိုးထားသေးတယ်။ အဲဒီအမျိုးသမီးရဲ့နောက်မှာတော့ ဂျုံရောင်အသားအရေနဲ့ သက်မဲ့အရာဝတ္ထုလိုမျိုး တိတ်ဆိတ်နေတဲ့ မိန်းမငယ်လေးတစ်ယောက် ရှိနေပါတယ်။ ဦးလေးကြီးက သူတို့ကို မြင်ရရုံနဲ့တင် ကျောချမ်းသွားသလို ခံစားလိုက်ရတယ်။

All Chapters