← Chapters

အခန်း (၂၂၆၆-၂၂၇၀)

Vol. 91 Ch. 2266-2270

အခန်း (၂၂၆၆-၂၂၇၀)

Vol. 91 Ch. 2266-2270

အပိုင်း (၂၂၆၆)

မြေပြင်မှ မီတာတစ်ထောင်ခန့်အနက်တွင် ရန်ကိုင် မတ်တပ်ရပ်နေခဲ့သည်။

ဤသည်မှာ ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သလို နောက်နောင်တွင် ဤမျှ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်နှင့် ကြုံတွေ့ရရန်မှာ ခက်ခဲလှသော်ငြား ရန်ကိုင့်အနေဖြင့် ဤနေရာတွင် ကျင့်ကြံခြင်းဖြင့်သာ သူ့အချိန်ကို မကုန်ဆုံးလိုပေ။ ထို့အစား ဘာကြောင့် ဤကဲ့သို့ ဖြစ်ရသလဲ ဆိုသည့် အကြောင်းအရင်းကို သွားရောက်စစ်ဆေးလို၏။ ထို့အပြင် သူသည် ယခုလေးတင်မှ အဆင့်ချိုးဖြတ်ထားခြင်း ဖြစ်သည့်အတွက်ကြောင့် အချိန်တိုအတွင်း နောက်တစ်ဆင့်သို့ ထပ်မံ ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

လျို့ယန်အား အခြားသူများကို ကာကွယ်ပေးထားရန် ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဤပတ်ဝန်းကျင်အား စတင်စစ်ဆေးတော့လေသည်။ မကြာမီ တစ်ခုခုအား ရှာတွေ့သွားခဲ့ပြီး သေချာ အနီးကပ် ကြည့်တော့မည်အပြု ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်လေ၏။

ဝင်ပေါက်နေရာ၌ လူပေါင်းများစွာ စုဝေးနေကြလေသည်။

“ဟိုမှာ တစ်ယောက်ယောက် ရှိတယ်… တကယ်ကြီး ငါတို့ထက် ကြိုပြီးဆင်းလာတဲ့ တစ်ယောက်ယောက် ရှိနေတာပဲ…”

“ခွေးသူတောင်းစား… ငါ့ကို အဆင့်မတက်နိုင်အောင် လုပ်တာ မင်းပဲ ဖြစ်ရမယ်…”

“လာ သွားစစ်ဆေးကြည့်ရအောင်… အဲ့ကောင် ဘယ်ကောင်လဲဆိုတာ ငါသိချင်မိသား…”

ဆူညံအော်ဟစ်သံများကို ရန်ကိုင် ကြားလိုက်ရလေသည်။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူ့ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်လေ၏။

မကြာမီ ပြဿနာတစ်ခုကို ရှာတွေ့သွားခဲ့လေသည်။ မိုးမြေစွမ်းအင်မှာ ယခင်ကထက် ပိုမို ပါးလျနေကြောင်း တွေ့လိုက်ရသည်။ စစချင်းကနှင့် ယှဉ်လျင် အရမ်းကြီးကွာခြားသွားခြင်း မရှိသော်ငြား ထိုကွာခြားချက်မှာ သိသာနေပေသေးသည်။

ထိုအချက်ကို သတိပြုမိလိုက်သော် ရန်ကိုင်သည် လျို့ယန်ပုန်းနေသည့် နေရာဆီသို့ လှမ်းကြည့်မိလိုက်လေသည်။ ဤကဲ့သို့ ဖြစ်ရသည်မှာ ကမ္ဘာငယ်လေးကြောင့်များလားဟု တွေးမိသွားလေ၏။

မိုးမြေစွမ်းအင်မှာ အနည်းငယ်မျှလောက်သာ လျော့ကျသွားခဲ့ခြင်း ဖြစ်သော်ငြား ထိုမျှလောက်သော ပမာဏသည် ကျင့်ကြံသူများစွာအား အဆင့်မတက်နိုင်အောင် လုပ်ပစ်နိုင်ခဲ့ပေသည်။ ထို့ကြောင့်သာလျှင် လူပေါင်းများစွာ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည်ကို စုံစမ်းရန်အတွက် အောက်သို့ ဆင်းလာကြခြင်း ဖြစ်လေ၏။

အကြောင်းအရင်းကို သိလိုက်သော် ရန်ကိုင်လည်း အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ လျို့ယန်နှင့် ကမ္ဘာငယ်လေးကို ပြန်လည် သိမ်းဆည်းထားလိုက်တော့လေ၏။ သို့မှသာ အခြားသူများ ကမ္ဘာငယ်လေးမှ မိုးမြေစွမ်းအင်များအား စုပ်ယူနေသည်ကို သတိပြုမိ နိုင်တော့လိမ့်မည် မဟုတ်ချေ။

ထို့နောက်တွင် မတ်တပ်ရပ်၍ ငြိမ်သက်စွာ ရပ်စောင့်နေလိုက်လေ၏။

“ကောင်လေးရေ… မင်း ဘယ်ဂိုဏ်းကဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ မင်း သေပြီသာ မှတ်ပေတော့…”

“ကိုယ့်အခြေအနေ ကိုယ်သိတယ် ဆိုလို့ရှိရင် မြန်မြန်လာပြီး တောင်းပန်လိုက်… အဲ့လိုဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးကောင်းပေးမယ်…”

“ခွေးကောင်လေး… ငါ့ကို အဆင့်မတက်အောင် လုပ်သွားတဲ့ကောင်… နင်နဲ့ငါနဲ့ တွေ့ပြီ…”

လူပေါင်းများစွာသည် ရန်ကိုင့်ဆီသို့ လာနေရင်းမှ သူ့အား အော်ဟစ်ဆဲဆို ပြစ်တင်နေကြလေသည်။

မကြာမီ လူတစ်အုပ် ရန်ကိုင့်ရှေ့သို့ ရောက်လာခဲ့လေ၏။

“ဟမ်… မင်းလား…”

“ဒါ ဒါ ဒါက…”

သူတို့ရှေ့၌ ရပ်နေသည့် လူသည် ရန်ကိုင် ဖြစ်နေမှန်း သိလိုက်သော် အစောပိုင်းက အော်ဟစ်ဆဲဆိုနေကြသည့် လူအုပ်ကြီး ရုတ်ချည်း တိတ်ကျသွားခဲ့လေသည်။ အကုန်လုံးမှာ အထိတ်ထိတ် အလန့်လန့် ဖြစ်ကာ နဖူးထက် ချွေးအေးများ ဝေ့သီလာကြကုန်လေ၏။

ရန်ကိုင်မှ ချူဟွိုက်ရန်နှင့် ကျွမ်းပန်တို့အား သတ်လိုက်သည့် မြင်ကွင်းသည် ယခုအချိန်အထိတိုင် သူတို့စိတ်ထဲ ကွက်ကွက်ကွင်းကွင်း ထင်ဟပ်နေဆဲ။ အကုန်လုံးသည် ရန်ကိုင့်အား ရန်စမိမည်ကို ကြောက်လန့်နေကြလေသည်။ အစောပိုင်းက သူတို့မှ အော်ဟစ်ဆဲဆိုနေသည့်အတွက်ကြောင့် ဤမွန်းစတားကောင်အား ဒေါသထွက်အောင် လုပ်မိလိုက်သလားဟု တွေးရင်း အကုန်လုံးမှာ ထိတ်လန့်လာကြတော့လေသည်။

“တစ်ခုခု လိုလို့လား…” ရန်ကိုင်သည် လူအုပ်ကြီးအား အေးစက်စက်လေသံဖြင့် လှမ်းမေးလိုက်လေသည်။

“မ မလိုပါဘူး… မလိုပါဘူး…”

“ဘာမှမဟုတ်ပါဘူး… ဒီတိုင်းပဲ အောက်ကို တစ်ချက် လာဆင်းကြည့်တာ… ဟဲ ဟဲ ဟဲ ပတ်ဝန်းကျင်က တော်တော်လှတယ်နော်…”

“ဟုတ်တယ် ဟုတ်တယ်… အောက်ကို တစ်ချက်လာပြီး ဆင်းကြည့်တာ…”

“တကယ်လား…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။ “ဒီပတ်ဝန်းကျင်က တကယ်လှတယ်ဆိုရင် ဒီအခွင့်အရေးကို ခင်ဗျားတို့ လက်လွတ်မခံသင့်ဘူး… သေချာ လျှောက်ပတ်ကြည့်သင့်တယ်…”

“ဟုတ်တယ် ဟုတ်တယ်… ကျုပ်တို့ အခု သွားလိုက်ပါဦးမယ်…”

ရန်ကိုင်၏ အေးစက်စက် အမူအယာကိုမြင်သော် မည်သူမျှ ထိုနေရာတွင် ဆက်မနေရဲကြတော့ပေ။ အကုန်လုံးသည် အလျင်အမြန် နှုတ်ဆက်စကား ပြောပြီးသည့်နောက် အတွင်းပိုင်းထဲသို့ ဆက်ဝင်သွားကြလေ၏။ သူတို့ထွက်မသွားခင်တွင် လူပေါင်းများစွာသည် ဟွာချင်းစီထိုင်နေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

ဤနေရာတွင် ရှိနေသည့် လူများ၏ ခွန်အားအရ သူတို့အနေဖြင့် ဟွာချင်းစီ ရှိနေသည် ဆိုသည့် အကြောင်းကို အာရုံမခံနိုင်စရာအကြောင်း မရှိပေ။ တော်တော်များများမှာ တာအိုသခင် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် ဟွာချင်းစီ၏ တာအိုသခင် တတိယအဆင့် ကျင့်ကြံခြင်းအရှိန်အဝါကို အာရုံခံမိလိုက်ကြလေသည်။ သူတို့နှင့်မတူသည်မှာ ဟွာချင်းစီ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော ရှင်းပြမရသည့် အရှိန်အဝါတစ်မျိုးပင် ဖြစ်လေ၏။

ထိုအရာမှာ အခြားမဟုတ်။ ဧကရာဇ်စိတ်ဆန္ဒပင် ဖြစ်လေသည်။

ထိုလူအားလုံးသည် ဟွာချင်းစီဆီမှ ဖြာထွက်နေသော ဧကရာဇ်စိတ်ဆန္ဒကို အာရုံခံမိလိုက်ကြသည်။

သူမ၌ ဧကရာဇ်စိတ်ဆန္ဒ ရှိနေသည်ကို ကြည့်ရင်း လူတော်တော်များများ မနာလိုအားကျ ဖြစ်ကုန်ကြလေသည်။ ဟွာချင်းစီ ဧကရာဇ်စိတ်ဆန္ဒအား ယခင်ကတည်းက ရထားပြီးသားလား ထိုသို့မဟုတ်ဘဲ ဤနေရာတွင် ကျင့်ကြံပြီးမှ ရလာသလား ဟူသော အချက်ကိုတော့ မည်သူမျှ မသိကြပေ။

သို့သော်ငြား ရန်ကိုင် ရှိနေသည့် အတွက်ကြောင့် မည်သူမှ ထိုနေရာတွင် ဆက်မနေရဲကြတော့။ ချက်ချင်းပဲ အလျိုလျို ပျံထွက်သွားကုန်ကြလေသည်။

သူတို့ထွက်သွားပြီးသည့်နောက်မှသာ ရန်ကိုင်လည်း လျို့ယန်ကို ပြန်ထုတ်ပေးလိုက်လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် အတွင်းပိုင်းသို့ ဆက်လျှောက်သွားလေသည်။

အတွင်းပိုင်းသို့ ဝင်လာသည်နှင့်အမျှ မိုးမြေစွမ်းအင်မှာ ပိုမိုသိပ်သည်းလာနေခဲ့သည်။ သိပ်သည်းလှသော မိုးမြေစွမ်းအင်များမှာလည်း ဟိုးအတွင်းပိုင်း တစ်နေရာဆီမှ ဘာကြောင့်မှန်းမသိ အပြင်သို့ တရဟော စီးထွက်လာနေခဲ့လေသည်။

မည်ကဲ့သို့သော အရာကများ မိုးမြေစွမ်းအင်များကို ဤကဲ့သို့ တရဟောစီးထွက်နေအောင် လုပ်နေနိုင်ရသနည်းဟု ရန်ကိုင့်စိတ်ထဲ တွေးမိသွားခဲ့သည်။ သူ့ထက်စော၍ ထွက်သွားကြသည့် ကျင့်ကြံသူများမှာ အဝေးကြီးသို့ မရောက်ကြသေးပေ။ ရုတ်တရက်ဆိုသလို သူ့ရှေ့ဘက်ဆီမှ ထိတ်လန့်တကြား အော်ဟစ်သံများ သက်ပြင်းရှိုက်သံများ အလျိုလျို ထွက်ပေါ်လာခဲ့ကြသည်။ သူတို့ကြည့်ရသည်မှာ ထူးခြား အံ့ဩဖွယ်ရာ တစ်ခုခုအား ရှာတွေ့သွားခဲ့သည့်ပုံပင်။

ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး လေဟာနယ်နိယာမစွမ်းအားကို ချက်ချင်း ထုတ်သုံးကာ ထိုလူအုပ်ကြီး ဘေးနားတွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် လူအုပ်ကြီးရှေ့သို့ ရောက်သွားခဲ့လေ၏။ အခြားသူများ ကြည့်နေသည့်အတိုင်း လိုက်ကြည့်လိုက်ရာ မြင်လိုက်သည့်အရာကြောင့် ရန်ကိုင့်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။

ရန်ကိုင့်ရှေ့တည့်တည့်တွင် ဆယ်မီတာခန့် အချင်းရှိသော စက်ဝိုင်းပုံတွင်းပေါက်တစ်‌ပေါက် ရှိနေခဲ့လေသည်။ ထိုတွင်းပေါက်ထဲဆီမှ စိတ်ဝိဉာဉ်အရည်များ တရဟော စီးထွက်လာနေခဲ့လေ၏။

“စိတ်ဝိဉာဉ်စမ်းချောင်းလား… ဘုရားရေ… ဒီနေရာမှာ စိတ်ဝိဉာဉ်စမ်းချောင်းမျက်လုံးကြီး တကယ်ကြီး ရှိနေတာလား…”

“ဒီမှာ စိတ်ဝိဉာဉ်စမ်းချောင်းမျက်လုံးကြီး ရှိနေမယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး…”

“မိုးမြေစွမ်းအင်တွေ ဒီလောက်သိပ်သည်းနေတာ အထူးအဆန်း မဟုတ်တော့ပါဘူးလေ… စိတ်ဝိဉာဉ်စမ်းချောင်းမျက်လုံး ရှိနေတာကိုး…”

“ဒါ အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်စမ်းချောင်း ဖြစ်ရလိမ့်မယ်… ဒီနေရာမှာသာ ဂိုဏ်းတည်လိုက်မယ်ဆိုရင် နှစ်တစ်ရာအတွင်း ကျိန်းသေကို အဲ့ဂိုဏ်းလုံးဝ တိုးတက်သွားမှာ…”

ဤနေရာ၌ ရှိနေသည့်သူအားလုံးမှာ ဒုတိယအဆင့် အင်အားစုများမှ ရောက်လာကြခြင်း ဖြစ်ပေသည်။ သူတို့အင်အားစုတွင် ဤကဲ့သို့သော အဖိုးတန်ရတနာမျိုး မရှိချေ။ ပထမအဆင့် အင်အားစုများသည်သာ စိတ်ဝိဉာဉ်စမ်းချောင်းကဲ့သို့သော အရာမျိုးကို ပိုင်ဆိုင်ထားနိုင်ကြပေသည်။

သူတို့ဂိုဏ်းကိုသာ ဤနေရာသို့ ရွှေ့ပြောင်းလိုက်မည်ဆိုပါက ရလာမည့် အကျိုးအမြတ်များကို တွေးရင်း လူတိုင်း၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ကြလေသည်။ သူတို့သာ ဤနေရာတွင် ဂိုဏ်းတည်လိုက်မည်ဆိုပါက နှစ်တစ်ရာအတွင်း ပထမအဆင့် အင်အားစုများနှင့်ပင် ယှဉ်ပြိုင်နိုင်သော အင်အားစုတစ်ခုကို ထူထောင်ကောင်း ထူထောင်နိုင်ပေသည်။

“အခု ပြဿနာတွေ တက်တော့မယ်နဲ့ တူတယ်…” တစ်ယောက်ယောက်က သက်ပြင်းမောကြီး ချလျက် ပြောလိုက်လေသည်။

“ရောင်းရင်း ဘာပြောချင်တာလဲ… ဒီစိတ်ဝိဉာဉ်စမ်းချောင်းက ငါတို့ရှေ့မှာ ရှိနေတာလေ… ဘာဖြစ်လို့ ပြဿနာတွေတက်တော့မယ်လို့ ပြောနေရတာလဲ…” တစ်ယောက်ယောက်က နားမလည်နိုင်ဟန်ဖြင့် ထမေးလိုက်လေသည်။

“ဟုတ်တယ်… မင်းရှေ့မှာ ဒီလောက် အခွင့်အရေးကြီးတစ်ခု ရှိနေတာကို ဘာဖြစ်လို့ မှုန်ကုပ်ကုပ်ဖြစ်နေရတာလဲ…” အခြားတစ်ယောက်ကလည်း ဝင်ပြောပြန်လေ၏။

ပထမဦးဆုံး ပြောလိုက်သူကမူ ပြန်လည်ငြင်းဆိုမနေခဲ့ပဲ သက်ပြင်းချ၍သာ ပြောလိုက်လေ၏။ “အခုအချိန်ထိ ဒီမေပယ်မြို့နားမှာ အဆင့်မြင့်မြေကမ္ဘာချီကြောမကြီးတစ်ခုလည်း ပေါ်လာတယ်… အရင်းအမြစ်ကျောက်တွင်းတစ်တွင်းလည်း ပေါ်လာတယ်… ဒါပေမဲ့ ဘာလို့ ထိပ်တန်းအဆင့်ဂိုဏ်းတွေ တစ်ဂိုဏ်းမှ ရောက်မလာသေးလဲ ဆိုတာကို မင်းတို့ စဉ်းစားခဲ့ဖူးလား…”

“အဲ့ဒါ ဘာလို့လဲဆိုတော့ အဆင့်မြင့်မြေကမ္ဘာချီကြောမရော အရင်းအမြစ်ကျောက်တွင်းတစ်တွင်းရောက အဲ့ဂိုဏ်းတွေ အချင်းချင်း ယှဉ်ပြိုင်ပြီး လုရလောက်တဲ့အထိ မထိုက်တန်လို့ပဲ…”

“ဟုတ်တယ်…” အခြားတစ်ယောက်က ဝင်ပြောလိုက်လေသည်။ “ဒါပေမဲ့ ဒီစိတ်ဝိဉာဉ်စမ်းချောင်း ရှိနေတဲ့သတင်းသာ ပြန့်သွားခဲ့မယ်ဆိုရင်တော့…”

ထိုစကားကို ကြားလိုက်သည့်နောက် အကုန်လုံး၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ယခုမှပဲ ဤအခြေအနေကို သူတို့ နားလည်သွားကြတော့လေသည်။

ဤနေရာ၌ စိတ်ဝိဉာဉ်စမ်းချောင်း ရှိနေသည့် သတင်းသာ ပြန့်သွားခဲ့မည်ဆိုလျှင် သူတို့ထဲရှိ မည်သူမျှ ဤနေရာအား အပိုင်သိမ်းနိုင်ကြတော့လိမ့်မည် မဟုတ်ဘဲ ထိပ်တန်းအဆင့် အင်အားစုများ၏ လုယူခြင်း ခံလိုက်ရပေလိမ့်မည်။ အခြားသော ထိပ်တန်းအဆင့်ဂိုဏ်းများသည် သူတို့၏ဂိုဏ်းခွဲများကို ဤနေရာတွင်ပင် လာထောင်ကောင်း ထောင်နိုင်ပေသည်။

ဒုတိယအဆင့် အင်အားစုများအနေဖြင့် ထိုကဲ့သို့သော ထိပ်တန်းအဆင့် ဂိုဏ်းများကို မည်ကဲ့သို့များ ယှဉ်ပြိုင်တိုက်ခိုက် နိုင်ပါမည်နည်း။ ထိုလူများ သူတို့လက်ထဲရှိ အဖိုးတန်ရတနာအား လုသွားသည်ကိုသာ ထိုင်ကြည့်နေရပေလိမ့်မည်။ ထိုအချက်ကို စဉ်းစားမိလိုက်သော် အကုန်လုံး ရုတ်တရက် စိတ်ဓာတ်ကျသွားခဲ့လေသည်။

“ဒါဆိုရင် ဒီအကြောင်းကို လျှောက်မပြောကြဖို့ ငါတို့ ကိုယ်တွင်းနတ်ဆိုးကို တိုင်တည်ပြီး ကျိန်ဆိုကြမယ်…” တစ်ယောက်ယောက်က ရုတ်တရက် အကြံပေးလိုက်လေသည်။

အကုန်လုံးသည် စကားပြောလိုက်သည့်လူအား အရူးတစ်ယောက်ကို ကြည့်နေသည့် အကြည့်မျိုးဖြင့် ဝိုင်းကြည့်လိုက်ကြလေသည်။

ဤလောကကြီးထဲ၌ အမြဲတမ်းလုံခြုံနေသည့် နံရံဟူ၍ မရှိချေ။ စိတ်ဝိဉာဉ်စမ်းချောင်း ရှိနေသည့်အကြောင်းကို သူတို့မည်ကဲ့သို့ပင် ဖုံးကွယ်ထားနေစေကာမူ ထာဝရ ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဤစိတ်ဝိဉာဉ်စမ်းချောင်း ရှိနေသည့်အကြောင်းသည် ထိပ်တန်းဂိုဏ်းများ၏ နားတော်ဝဆီသို့ ပေါက်ကြားသွားပေလိမ့်မည်။

ထို့အပြင် ဤနေရာရှိ ကျင့်ကြံသူများမှာ မဟာမိတ်များ မဟုတ်ကြသလို အချို့သောသူများဆိုလျှင် ဂိုဏ်းကြီးများ၏ လက်အောက်ခံအင်အားစုများမှ လာကြခြင်း ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သာ ပြန်သွားမည်ဆိုပါက ဤအကြောင်းကို ထိုဂိုဏ်းကြီးများဆီသို့ ကျိန်းသေ ပြန်ပြောပြပေလိမ့်မည်။

စိတ်ဝိဉာဉ်စမ်းချောင်း ရှိနေသည့် အကြောင်းကို မည်ကဲ့သို့များ ဖုံးကွယ်ထားလို့ ရပါမည်နည်း။

“အကြံပေးကြည့်ရုံပါပဲ…” အစောပိုင်းက စကားပြောလိုက်သည့်လူသည် သူ့အကြံမအောင်မြင်နိုင်မှန်း သိလိုက်သော် ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။

“ဘုန်း…”

ထိုအခိုက်အတန့်တွင် နောက်ထပ် ပေါက်ကွဲသံတစ်သံနှင့်အတူ စိတ်ဝိဉာဉ်ချီအရည်များ ကောင်းကင်ပေါ်သို့ ပန်းထွက်လာခဲ့ကာ မိုးရေစက်များအဖြစ်သို့ ပြန်လည် ရွာကျလာခဲ့လေသည်။

“ဘာဖြစ်တာလဲ…”

“ဘုရားရေ… မင်းငါ့ကို နောက်နေတာလား…”

“နောက်ထပ် စိတ်ဝိဉာဉ်စမ်းချောင်းတစ်ခုလား…”

လူတိုင်းသည် မီတာငါးဆယ်ခန့်အကွာဆီသို့ မင်သက်နေသည့်အမူအယာဖြင့် လှမ်းကြည့်လိုက်ကြလေသည်။ ထိုနေရာတွင် နောက်ထပ်စိတ်ဝိဉာဉ်စမ်းချောင်းတစ်ခု ထပ်ပေါ်လာခဲ့လေ၏။ စိတ်ဝိဉာဉ်ချီအရည်များသည် ရေပန်းတစ်ခုနှယ် ထိုနေရာမှ တရစပ် ဖြာထွက်နေခဲ့လေသည်။

မြေအောက်လိုဏ်ခေါင်းထဲရှိ မိုးမြေစွမ်းအင်မှာ ရုတ်ချည်းဆိုသလို သိပ်သည်းလာခဲ့လေ၏။ ရန်ကိုင်ပင်လျှင် ထိုအဖြစ်အပျက်ကြောင့် မင်သက်နေခဲ့လေသည်။

စိတ်ဝိဉာဉ်စမ်းချောင်းများသည် သဘာဝအတိုင်းသာ ပေါ်လာကြသည့်အရာများ ဖြစ်ကြပြီး ထိုအရာများ ပေါ်လာရန်လည်း အလွန်ကိုမှ ခက်ခဲလှသည်။ ဂိုဏ်းကြီးများအဖို့ စိတ်ဝိဉာဉ်စမ်းချောင်းတစ်ခုအား ပိုင်ဆိုင်ထားလျှင်ပင် အတော်လေးကံကောင်းနေပြီဟု ပြော၍ရပေသည်။

သို့သော်ငြား ယခုမူ မေပယ်မြို့နှင့် မိုင်နှစ်ထောင်ခန့်အကွာတွင် စိတ်ဝိဉာဉ်စမ်းချောင်းနှစ်ခု ပေါ်လာခဲ့ပေသည်။ ထိုစိတ်ဝိဉာဉ်စမ်းချောင်းနှစ်ခုစလုံးဟာလည်း အလယ်အလတ်အဆင့်များ ဖြစ်ကြပေ၏။

“ဘုန်း ဘုန်း ဘုန်း…”

အစောပိုင်းက မိုးမြေစွမ်းအင်သိပ်သည်းဆ လျော့ကျသွားသည့်အတွက်ကြောင့် အဆင့်မချိုးဖြတ်နိုင် ဖြစ်ခဲ့ကြသော် ကျင့်ကြံသူများမှာ ယခု မိုးမြေစွမ်းအင် ပိုမိုသိပ်သည်းလာသည့်အခါ နောက်တစ်ကြိမ် အဆင့်တက်မည့်အရေးနှင့် ထပ်ကြုံလာရလေတော့လေသည်။ သို့သော်ငြား အကုန်လုံးမှာမူ သူတို့အဆင့်တက်မည့်အရေးကိုပင် ဂရုမစိုက်နိုင်ကြတော့ပဲ ရှေ့တည့်တည့်သို့သာ မင်တက်နေသည့် အမူအယာများဖြင့် ငေးကြည့်နေကြလေ၏။

မြေအောက်လိုဏ်ခေါင်းမှာ မှောင်မိုက်နေသော်ငြား အကုန်လုံးမှာ တာအိုသခင်အဆင့် ပညာရှင်များ ဖြစ်ကြသည့်အတွက်ကြောင့် သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်အား အသေအချာ စစ်ဆေးနိုင်ကြပေသည်။

စိတ်ဝိဉာဉ်စမ်းချောင်းနှစ်ခု ပေါ်လာသည့်အတွက်ကြောင့် အလွန်တရာကိုမှ မင်သက်နေကြသော လူများမှာ ယခုဆိုလျှင် အသံတစ်သံပင် မထွက်နိုင်လောက်အောင်ကို အံ့ဩနေကုန်ကြလေပြီ။ အကြောင်းမှာ မြေအောက်လိုဏ်ခေါင်းထဲ၌ စိတ်ဝိဉာဉ်စမ်းချောင်းများ တစ်ခုပြီးတစ်ခု ထပ်မံ ထွက်ပေါ်လာနေသည့် အတွက်ကြောင့်ပင် ဖြစ်လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၆၇)

အသက်ဆယ်ရှိုက်စာအတွင်း မြေအောက်လိုဏ်ခေါင်းထဲ၌ စိတ်ဝိဉာဉ်စမ်းချောင်း ရှစ်ခုတိတိ ပေါ်လာခဲ့သည်။ ထိုရှစ်ခုအနက် သုံးခုမှာ အဆင့်မြင့် စိတ်ဝိဉာဉ်စမ်းချောင်းများ ဖြစ်ကြပြီး ကျန်ငါးခုမှာ အလယ်အလတ်အဆင့်များ ဖြစ်ကြပေသည်။

ထိုစိတ်ဝိဉာဉ်စမ်းချောင်းများသည် စည်းစနစ်ကျကျ ပေါ်လာခြင်း ဖြစ်ပေသည်။ အဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်းသုံးခုမှာ အလယ်ဗဟိုတွင် ရှိနေပြီး အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်စမ်းချောင်းငါးခုမှာတော့ ထိုသုံးခုအား ဝိုင်းရံထားကြပေသည်။ ထိုကဲ့သို့ပုံစံ ရှိနေရခြင်း၏ နောက်ကွယ်၌ အကြောင်းအရင်းတစ်ခုခု ကျိန်းသေ ရှိရပေလိမ့်မည်။

စိတ်ဝိဉာဉ်စမ်းချောင်းရှစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည့် အဖြစ်အပျက်ကြောင့် လူတိုင်းမှာ အာစေးမိသွားသည့်နှယ် လုံးဝကို မင်သက်ကုန်ကြလေသည်။

ထိတ်လန့်တုန်လှုပ်နေပြီးသည့်နောက်တွင် ဤကိစ္စသည် တိုက်ဆိုင်မှုသက်သက် မဟုတ်တော့ကြောင်း လူတိုင်း နားလည်သွားခဲ့လေသည်။

အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်စမ်းချောင်းတစ်ခုသည် ပထမအဆင့် အင်အားစုများကို စိတ်ဝင်စားလာအောင် လုပ်နိုင်ပေသည်။ ယခုမူ စိတ်ဝိဉာဉ်စမ်းချောင်းရှစ်ခု ထပ်ပေါ်လာသည်။ ထိုရှစ်ခုအနက် သုံးခုမှာ အဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်းများ ဖြစ်နေကြလေသည်။ ထို့အတွက်ကြောင့် ဤနေရာသည် ပထမအဆင့်အင်အားစုများ မောင်ပိုင်သိမ်းနိုင်သည့် နေရာမဟုတ်တော့ချေ။ အထွဋ်အထိပ်အဆင့် အင်အားစုများဖြစ်ကြသော နေမင်းပြာကျောင်းတော်၊ ကောင်းကင်တိုက်ပွဲဒိုဂျိုနှင့် ရှေးဟောင်းကျောင်းတော်တို့ပင်လျှင် ဤကိစ္စကြောင့် နိုးနိုးကြားကြား ဖြစ်သွားနိုင်ပေသည်။ ကြယ်ဝိဉာဉ်နန်းတော်သည်ပင်လျှင် လူများစေလွှတ်၍ ဤကိစ္စအား စုံစမ်းလာနိုင်၏။

ဤကိစ္စသည် တောင်ဘက်နယ်မြေတစ်ခုလုံးကိုသာလျှင် မဟုတ်ဘဲ ကြယ်တာရာအစုအဝေးတစ်ခုလုံးအား ဂယက်ရိုက်သွားစေနိုင်သော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပေသည်။

မေပယ်မြို့လေးသည် မကြာမီ လောကကြီးတစ်ခုလုံး၏ အာရုံစိုက်ခြင်း ခံလိုက်ရပေတော့မည်။

“ပြီးသွားပြီ… ပြီးသွားပြီ…” တစ်ယောက်ယောက်က စိတ်ဓာတ်ကျကျဖြင့် ရေရွတ်နေလိုက်လေသည်။

ထိုလူသည် သူ့စကားအား ရှင်းရှင်းလင်းလင်း ပြောမသွားခဲ့သော်ငြား သူဘာပြောချင်နေသလဲဆိုသည်ကို လူတိုင်း နားလည်ပေသည်။ ဤမျှ များပြားလှသည့် စိတ်ဝိဉာဉ်စမ်းချောင်းများ ပေါ်လာသည့်အတွက်ကြောင့် ဤနေရာသည် သူတို့ဂိုဏ်းနှင့် လားလားမျှ မဆိုင်သည့် နေရာတစ်ခု ဖြစ်သွားခဲ့လေသည်။

“ဒီစိတ်ဝိဉာဉ်စမ်းချောင်းတွေ ရှိနေတဲ့ပုံစံက ကြယ်ရှစ်စင်းအစီအရင်နဲ့ တူနေသလိုပဲနော်…” လူအုပ်ကြီးထဲမှ တစ်စုံတစ်ဦးသည် စိတ်ဝိဉာဉ်စမ်းချောင်းများကို စစ်ဆေးကြည့်နေရင်းမှ ရေရွတ်ပြောဆိုလိုက်လေသည်။

“ကြယ်ရှစ်စင်းအစီအရင်…” အခြားသောတစ်ယောက်က ထိုလူအား မယုံသင်္ကာဖြင့် ကြည့်လျက် မေးခွန်းထုတ်လိုက်လေသည်။ “မင်းက အစီအရင်တွေအကြောင်း နားလည်တာလား…”

“နည်းနည်းပါးပါးလောက်တော့ သိထားတယ်…” ထိုလူက ခေါင်းညိတ်ပြလိုက်၏။

အကုန်လုံးသည် ထိုလူအား စိတ်ဝင်တစားဖြင့် ကြည့်၍ မေးလိုက်လေသည်။ “မင်းက အစီအရင်အကြောင်း သိထားတယ်ဆိုမှတော့ ကြယ်ရှစ်စင်းအစီအရင်က ဘယ်လိုမျိုးလဲဆိုတာ ငါတို့ကို ပြောပြလို့ ရမလား…”

ထိုလူ၏ အမူအယာ ခါးသက်သက် ဖြစ်သွားခဲ့သည်။ ခဏမျှ စဉ်းစားနေပြီးသည့်နောက် အလျင်အမြန် ပြန်ဖြေလိုက်လေသည်။ “တကယ်တော့ ဒါက ကြယ်ရှစ်စင်းအစီအရင် ဟုတ်မဟုတ်ဆိုတာတော့ ငါလည်း အတိအကျ မပြောတတ်ဘူး… ကြယ်ရှစ်စင်းအစီအရင်ဆိုတာ ရှေးဟောင်းခေတ်မှာပဲ ကျန်တော့တဲ့ အစီအရင်ပဲ… ငါတောင် အဲ့အစီအရင်အကြောင်းကို စာအုပ်အချို့ဖတ်ပြီးမှ သိလာခဲ့ရတာ…”

“ရှေးခေတ်တုန်းက အစီအရင်တွေလား…” လူတစ်ယောက်က ပြန်ပြောလိုက်လေသည်။

ယခုခေတ်နှင့် ရှေးခေတ်သည် လုံးဝကို ကွာခြားသည့် ခေတ်နှစ်ခေတ် ဖြစ်သွားခဲ့လေပြီ။ ရှေးခေတ်အချိန်အခါက မိုးမြေစွမ်းအင်များမှာ ယခုထက် ပိုမိုအားကောင်းသလို မိုးမြေစွမ်းအားမှာလည်း ယနေ့ခေတ်ထက် ပို၍ သိပ်သည်းပေသည်။ အချိန်ကြာလာသည့်နောက် နိယာမစွမ်းအားမှာ တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး ကျင့်ကြံသူများအဖို့ သိုင်းတာအို၏အထွဋ်အထိပ်သို့ ရောက်ရှိရန်အတွက်လည်း ပိုမိုခက်ခဲ လာခဲ့ရလေ၏။

ရှေးခေတ်အကြောင်းနှင့် ဆိုင်သည့် မည်သည့်အရာမဆို လူတိုင်းအား စိတ်လှုပ်ရှားအောင် လုပ်နိုင်ပေသည်။

ကြယ်ရှစ်စင်းအစီအရင်သည် ရှေးခေတ်အစီအရင်တစ်ခုမှန်း သိလိုက်ရချိန် လူတိုင်း စိတ်ဝင်စားသွားလေ၏။

ရန်ကိုင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ထိုလူကို ကြည့်၍ မေးခွန်းထုတ်လိုက်လေသည်။ “မင်းရဲ့ မျိုးရိုးနာမည်က ကုန်းလား…”

“ကောင်းကင်မြစ်တောင်ကြားထဲက ကုန်းမိသားစုလား…” တစ်ယောက်ယောက်က ရုတ်တရက် ထအော်လေသည်။

ရှေးခေတ်အစီအရင်များကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည်ဆိုသည့်နောက် ထိုလူ၏ အစီအရင်ပေါ် ကျွမ်းကျင်မှုသည် အဆင့်တစ်ခုထိသို့ ရောက်နေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

တောင်ဘက်နယ်မြေထဲ၌ ကောင်းကင်မြစ်တောင်ကြားမှ ကုန်းမိသားစုသည် အစီအရင်အပေါ် ကျွမ်းကျင်မှု‌ကြောင့် အလွန်နာမည်ကြီးသည့် မိသားစုတစ်ခုဖြစ်သည်။ ကုန်းမိသားစုတိုင်းမှ လူတိုင်းသည် အစီအရင်ပညာရှင်များ ဖြစ်ကြသည်ဟု နာမည်ကြီးကြပေသည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း ကုန်းမိသားစုမှလာသော ကုန်းဝမ်ရှန်း အစီအရင်ပညာအား မည်မျှ နက်နက်နဲနဲ ကျွမ်းကျင်ထားသည်ကို ဥတုလေးမျိုးနယ်မြေထဲ၌ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤကဲ့သို့သော မေးခွန်းကို မေးလိုက်ခြင်း ဖြစ်ပေသည်။

“မင်း မင်းပဲ…” ရန်ကိုင့်ဘေးနားတွင် ရှိနေသော ကျင့်ကြံသူသည် သူ့ဘေးနားတွင် ရပ်နေသည့်လူမှာ ရန်ကိုင်မှန်း ယခုအချိန် မတိုင်ခင်အထိ သတိမပြုမိခဲ့ပေ။ သို့သော်ငြား ရန်ကိုင်မှန်း သိသွားသည့်နောက် သူ့ဘေးနားမှ ချက်ချင်း ခွာသွားလိုက်လေသည်။ အခြားသူများသည်လည်း ထိုသူအတိုင်း ရန်ကိုင့်ဘေးနားမှ ခွာလိုက်ကြလေ၏။ ယခုဆိုလျှင် ရန်ကိုင့်ဘေးနား၌ မည်သူမျှ မရှိတော့ချေ။

ရန်ကိုင်က သူ့ကိုယ်သူ လက်ညှိုးထိုးလျက် “ငါ ဒီတိုင်း လမ်းလျှောက်လာကြည့်ရုံပဲ… မင်းတို့ ဘာမှ ဒီလောက် စိတ်ပူနေစရာ မလိုဘူး…”

အခြားသူများ သူ့အား ဤမျှ ကြောက်နေလိမ့်မည်ဟု ရန်ကိုင်လည်း မထင်ထားခဲ့ချေ။

ရန်ကိုင့်ဆီမှ မည်သည့်သတ်ဖြတ်လိုစိတ်မှ ဖြာထွက်နေခြင်း မရှိသည်ကို သတိပြုမိလိုက်သည့်အခါမှသာ အခြားသူများ စိတ်သက်သာရာ ရသွားခဲ့ကြသည်။

“ရောင်းရင်းကုန်း….” ရန်ကိုင်က အစောပိုင်းက စကားပြောလိုက်သည့်လူအား ထပ်ပြောလိုက်လေသည်။

ထိုလူက မဲ့ပြုံးပြုံးလျက် “ငါ့မျိုးရိုးနာမည်က ကုန်းမဟုတ်ဘူး… ဒါပေမဲ့ ငါက ကုန်းမိသားစုဝင် တစ်ဝက်လို့ ပြောလို့ရတယ်…”

သူ့စကားသည် အကုန်လုံးအား နားရှုပ်သွားစေခဲ့လေသည်။

ထိုလူက ရှင်းပြလိုက်လေ၏။ “ငါ့မိန်းမက ကုန်းမိသားစုကပဲ… ဒီတော့ ငါလည်း သူ့ဆီကနေ အစီအရင်အကြောင်း နည်းနည်းပါးပါး သင်ခဲ့ရတာ…”

“အဲ့လိုကိုး…” ယခုမှပဲ လူတိုင်း နားလည်သွားတော့လေသည်။

“ကြယ်ရှစ်စင်းအစီအရင်ဆိုတာ ဘယ်လိုမျိုးလဲ… ကျုပ်တို့ကို ကျေးဇူးပြုပြီး ပြောပြပေးပါလား…” ရန်ကိုင်က တောင်းဆိုလိုက်လေသည်။ “အဲ့ဒါ ဘာအစီအရင်လဲ ကျုပ်တော်တော်လေး သိချင်နေမိလို့…”

“ကြယ်ရှစ်စင်းအစီအရင်ဆိုတာ ခင်းကျင်းဖို့ တော်တော်လေးခက်တဲ့ ရှေးခေတ်အစီအရင်တစ်မျိုးပဲ… မင်းတို့ မြင်တဲ့အတိုင်းပဲ အဲ့အစီအရင်ကို ခင်းကျင်းဖို့အတွက် သူ့ရဲ့ အုတ်မြစ်အဖြစ် ဝိဉာဉ်စွမ်းအင်တွေကို အဆက်မပြတ် ထုတ်လွှတ်ပေးနေတဲ့ ပစ္စည်းရှစ်ခုကို လိုအပ်တယ်… စိတ်ဝိဉာဉ်စမ်းချောင်းတွေက အုတ်မြစ်အဖြစ်သုံးဖို့ အကောင်းဆုံး အစီအရင်ပစ္စည်းတွေပဲ…” ထိုလူက မိုးမြေစွမ်းအင်များ စီးထွက်နေသည့် စိတ်ဝိဉာဉ်စမ်းချောင်းရှစ်ခုကို ကြည့်ရင်း ရှင်းပြလိုက်လေသည်။ “ကြယ်ရှစ်စင်းအစီအရင်ကို ဘယ်နေရာမှာသုံးလဲဆိုတာကတော့…”

တစ်ချက်မျှ ရပ်ပြီးသည့်နောက် ဆက်ပြောလိုက်လေ၏။ “ဖိနှိပ်ဖို့နဲ့ ချိတ်ပိတ်တဲ့နေရာမှာ သုံးတာပဲ…”

“ဖိနှိပ်ပြီး ချိတ်ပိတ်ဖို့…”

“ဘာကို ချိတ်ပိတ်မှာလဲ…”

လူအုပ်ကြီးတစ်ခုလုံး နားမလည်နိုင် ဖြစ်သွားခဲ့ကြလေ၏။

“အဲ့ဒါတော့ ငါလည်း မသိဘူး…” ထိုလူက ခေါင်းခါလျက် တွမ့်ယွမ်ရှန်းဘက်သို့လှည့်ကာ “မြို့သခင်တွမ့်… ဒီနားမှာ ပုံမှန်မဟုတ်တဲ့ဟာတစ်ခုခု မြှုပ်ထားတာမျိုးရှိလား…”

မြို့သခင်တွမ့်ယွမ်ရှန်းသည် မျက်နှာကြီးမဲ့လျက် ရန်ကိုင်ဘက်သို့ တစ်ချက်လှမ်းကြည့်ရင်း ပြန်ဖြေလိုက်လေသည်။ “မင်းတို့အားလုံး မေပယ်မြို့ကို ရောက်တာ နည်းနည်းလေး ကြာနေပြီဆိုတော့ ငါတို့မေပယ်မြို့ကို ဟိုတစ်ခါတုန်းက နတ်ဆိုးချီတွေ လွှမ်းခြုံသွားခဲ့တယ်ဆိုတာကို မင်းတို့လည်း သိမှာပေါ့…”

“ဒါဆိုရင် ဒီနေရာမှာ ချိတ်ပိတ်ထားတဲ့ဟာက…”

“ရှေးဟောင်းနတ်ဆိုးချီတွေလား…”

ထိုစကားကို ကြားပြီးသည့်နောက် အကုန်လုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ကြောက်ရွံ့မှု‌‌ကြောင့် သူတို့၏ခြေထောက်များပင်လျှင် တုန်တုန်ယင်ယင် ဖြစ်လာခဲ့ကြလေသည်။ ရန်ကိုင်သည်လည်း အတော်လေးကို မင်သက်အံ့ဩနေခဲ့လေ၏။

ဤနေရာတွင် ရှိနေသည့် လူများအနက် မြေအောက်ထဲတွင် မည်သည့်အရာအား ချိတ်ပိတ်ထားသလဲဆိုသည်ကို သူအသိဆုံးပင်။ မြေအောက်ထဲ၌ ချိတ်ပိတ်ထားသည့်အရာမှာ ရှေးဟောင်းနတ်ဆိုးချီမဟုတ်။ ထို့အစား ရှေးဟောင်းမဟာနတ်ဆိုး၏ အနက်ရောင်မျက်လုံးသာ ဖြစ်လေသည်။

ထိုအနက်ရောင်မျက်လုံးသည် ဤလောကကြီးတစ်ခုလုံးအား အမှောင်ဖုံးသွားစေနိုင်သော မျက်လုံးတစ်လုံး ဖြစ်လေ၏။

ဤနေရာတွင် စုဝေးနေသည့် နတ်ဆိုးချီအားလုံးမှာလည်း ထိုအနက်ရောင်မျက်လုံးမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

နတ်ဆိုးချီအား မိုးမြေစွမ်းအင်များကို သုံး၍ ချိတ်ပိတ်သည့် နည်းလမ်းမှာ အမှန်တကယ်ကို ကောင်းသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော်ငြား ထိုခေတ်အခါက ရှေးဟောင်းပညာရှင်များပင်လျှင် အနက်ရောင်မျက်လုံး၏စွမ်းအားကို အထင်သေးမိသွားခဲ့သည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားသည့်တိုင် အနက်ရောင်မျက်လုံးမှာ ပျောက်ကွယ်သွားခြင်း မရှိ။ ၎င်း၏စိတ်စွမ်းအင်မှာလည်း အားနည်းသွားခြင်း မရှိ။ ထို့အစား မိုးမြေစွမ်းအင်၏ ဖိနှိပ်မှုကို ကြံ့ကြံ့ခံရပ်တည်လျက် နောက်ဆုံးတွင် လွတ်မြောက်လာခဲ့လေသည်။ ထိုသို့ လွတ်မြောက်လာပြီးသည့်နောက် ကံမကောင်းစွာဖြင့် ရန်ကိုင့်၏ခန္ဓာကိုယ်ထဲ၌ ထပ်မံ ချိတ်ပိတ်ခံလိုက်ရလေ၏။

“မင်းတို့ စိတ်ပူနေစရာမလိုဘူး… အဲ့နတ်ဆိုးချီ ပေါ်လာခဲ့ပေမဲ့ အဲ့ကိစ္စကို ဧကရာဇ်အဆင့် ပညာရှင်သုံးဦးက ဝင်ဖြေရှင်းပြီးသွားပြီ… ဒီတော့ ဘာအန္တရာယ်မှ မရှိတော့ဘူး… အရင်လတွေတုန်းကလည်း နတ်ဆိုးချီတွေ တစ်ခါမှ ထပ်ပေါ်မလာခဲ့ဘူး…” တွမ့်ယွမ်ရှန်းက ထိုလူများကို နှစ်သိမ့်ပေးလိုက်လေသည်။

နတ်ဆိုးချီများ ပြန်ဆုတ်သွားရခြင်းမှာ ကောင်းရွှယ်ထင်းနှင့် အခြားသူများကြောင့် ဖြစ်သည်ဟု တွမ့်ယွမ်ရှန်း ယုံကြည်နေခဲ့သည်။

“ကြည့်ရတာ အဲ့နတ်ဆိုးချီတွေကို ဒီကြယ်ရှစ်စင်းအစီအရင်က ချိတ်ပိတ်ထားနဲ့ တူတယ်…” ကုန်းမိသားစု၏ သားမက်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်လေသည်။ အခြားသူများသည်လည်း ထိုအကြောင်းကိုတွေးရင်း ကတုန်ကယင် ဖြစ်နေကြလေ၏။

တခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် လူတစ်ဦးက ပြောလိုက်လေသည်။ “ရှေးဟောင်းနတ်ဆိုးချီကိစ္စကို ခဏထားလိုက်ဦး… စိတ်ဝိဉာဉ်စမ်းချောင်း ရှစ်ခုတောင် ပေါ်လာတာဆိုတော့ ဒါ ငါတို့အတွက် အခွင့်အရေးပဲ…”

“ဟုတ်တယ် ဟုတ်တယ်… ငါတို့ ဒီနေရာမှာ အမြဲ နေနိုင်မှာမဟုတ်ဘူး… ဒီတော့ ဒီကို ရောက်တုန်းလေး အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ထားရမယ်… မင်းတို့ ဘာတွေ စောင့်နေကြသေးတာလဲ…” အခြားတစ်ယောက်က ထိုကဲ့သို့ အော်ပြောပြီးသည့်နောက် စိတ်ဝိဉာဉ်စမ်းချောင်းတစ်ခုဆီသို့ ပြေးထွက်သွားလေသည်။

ထိုလူသည် ပြတ်သားသည်ဟု ပြောရမည်။ ပြေးထွက်သွားသည်နှင့် တစ်ပြိုင်နက် အခြားသော စိတ်ဝိဉာဉ်စမ်းချောင်းများဆီသို့ မသွားဘဲ အဆင့်မြင့် စိတ်ဝိဉာဉ်စမ်းချောင်းတစ်ခုဆီသို့သာ ပြေးထွက်သွားခဲ့လေသည်။

အဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်းဟူ၍ သုံးခုသာ ရှိသည်။ ဤနေရာတွင် ရှိနေသည့် လူအရေအတွက်မှာ အယောက်နှစ်ဆယ် သုံးဆယ်ခန့် ရှိနေသည့်အတွက်ကြောင့် အဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်းကို လိုချင်ပါက ဦးအောင် လုယူထားရမည်မှာ သဘာဝသာ ဖြစ်လေသည်။

ထိုလူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်လူများသည်လည်း သူတို့၏ လှုပ်ရှားမှု ပညာရပ်အသီးသီးကိုသုံးကာ စိတ်ဝိဉာဉ်စမ်းချောင်းများဆီသို့ ပြေးထွက်သွားကြလေသည်။

ရန်ကိုင်သည်လည်း လှုပ်ရှားလိုက်လေသည်။ လေဟာနယ်စွမ်းအားကိုသုံးလျက် အဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်းတစ်ခုဆီသို့ ချက်ချင်း တည်နေရာ ခုန်ကျော်သွားခဲ့လေသည်။ ထို့နောက် လေထဲတွင် ဝဲကာ ဘေးပတ်ဝန်းကျင်သို့ အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။

ကျင့်ကြံသူတစ်ဖွဲ့သည် ရန်ကိုင် ယခုယူထားသည့် စိတ်ဝိဉာဉ်စမ်းချောင်းအား ယူရန် ကြံနေကြခြင်း ဖြစ်ပေသည်။ ထိုအဖွဲ့၏ ကျင့်ကြံခြင်းမှာလည်း အရမ်းကြီးမဆိုးလှ။ အနိမ့်ဆုံးသည် တာအိုသခင် ဒုတိယအဆင့်ဖြစ်ပြီး သူတို့၏‌ ခေါင်းဆောင်မှာ တာအိုသခင် တတိယအဆင့် ဖြစ်ပေသည်။ သို့ရာတွင် ရန်ကိုင်ကမူ သူတို့ထက် ခြေတစ်လှမ်းဦးအောင် ဤနေရာသို့ အရောက်လာနိုင်ခဲ့လေ၏။

ရန်ကိုင် သူတို့ရှေ့သို့ ကြိုရောက်နေမှန်း သိလိုက်သော် ထိုအဖွဲ့သည် မျက်စိပျက်မျက်နှာပျက်ဖြင့် ရပ်လိုက်ကြလေ၏။

အဖွဲ့ခေါင်းဆောင်မှာ တည်ငြိမ်ပြီး သားနားခန့်ညားသည့် သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်ပေသည်။ တခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ရောင်းရင်းရန် ကျုပ်တို့ ဆွေးနွေးလို့ရမလား…”

“မရဘူး…” ရန်ကိုင်က ခပ်ပြတ်ပြတ် ပြန်ပြောချလိုက်သည်။

သက်လတ်ပိုင်းလူကြီး၏မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး အားတင်းပြုံးလျက် “ငါဘာမှ မပြောရသေးဘူးလေ…”

“ပြောပြော မပြောပြော မရဘူး…”

“အဲ့လိုမျိုး မလုပ်ပါနဲ့ကွာ အကုန်လုံးက အကောင်းဆုံးကို လိုချင်ကြတာပဲ… ငါတို့ကို အခွင့်အရေးတစ်ခုလောက် ပေးလို့မရဘူးလား… ပြီးတော့ ဒီစိတ်ဝိဉာဉ်စမ်းချောင်းက မင်းတစ်ယောက်တည်းအတွက်ဆိုရင် အကြီးကြီးပဲဟာကို… တစ်ယောက်တစ်ဝက် ခွဲယူကြမယ်လေ… အဲ့ဒါဆို အကုန်လုံးအတွက် အဆင်ပြေတာပေါ့…”

“ငါက မောင်ပိုင်စီးရတာကို ကြိုက်တယ်… အခြား ဘယ်သူနဲ့မှ ဝေယူရတာကို မကြိုက်ဘူး…” ရန်ကိုင်သည် ခေါင်းကိုမော့၍ အထက်စီးမှ ပြန်ပြောလိုက်လေသည်။

“ကောင်လေး သိပ်ပြီးတော့ မောက်မာလာမနေနဲ့… ငါတို့ မင်းကို ကြောက်နေတယ် ထင်တာလား… မင်းကို မျက်နှာသာပေးရုံပဲ… လာပြီးတော့ မာန်တက်ပြမနေနဲ့…” သက်လတ်ပိုင်းလူကြီး၏ နောက်တွင် ရှိနေသော ကျင့်ကြံသူတစ်ဦးက ရုတ်တရက် အော်ပြောလိုက်လေသည်။

သက်လတ်ပိုင်းလူကြီးမှာ မျက်မှောင်ကျုံ့သွားခဲ့သော်ငြား ဝင်မတားခဲ့ချေ။ သူသည်လည်း ရန်ကိုင့်လုပ်ရပ်နှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေသည့် ပုံပင်။

ရန်ကိုင်သည် ထိုလူအား လှမ်းကြည့်လျက် “မင်းမကြောက်ဘူးဆိုရင် ထိုင်ပြီးတော့ပဲ အော်မနေနဲ့ ငါ့ဆီက လာလုလိုက်လေ…”

ထိုလူမှာ ဒေါသထွက်သွားခဲ့ပြီး ရန်ကိုင်ပြောသည့်အတိုင်း လုပ်ချင်နေသည့်အလား ရှေ့သို့ တိုးလာခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ သက်လတ်ပိုင်းလူကြီးမှာတော့ ပျာပျာသလဲလဲ ဖြစ်သွားပြီး ထိုလူအား အလျင်စလို လှမ်းတားလျက် ရန်ကိုင့်ဘက်သို့ လှည့်ကာ နောက်တစ်ကြိမ် ထပ်ပြောလိုက်လေ၏။ “ရောင်းရင်းရန်… ငါတို့တကယ် ခွဲယူလို့မရဘူးလား…”

ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ငါတို့စကားစပြောတည်းက ငါမင်းကို မျက်နှာသာ ပေးထားတာ… အဲ့ဒါကိုတောင် ငါ့ကိုဆက်ပြီး စိန်ခေါ်နေဦးမယ်ဆိုရင်တော့ မင်းမျက်နှာကို လာရိုက်လို့ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့…”

“ရိုက်လို့…” သက်လတ်ပိုင်းလူကြီး၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ နင်ယွမ်ရှုနှင့် ကျွမ်းပန်တို့ လူမြင်ကွင်း၌ ရန်ကိုင့်၏ ဆိုးဆိုးရွားရွား ရိုက်နှက်ခြင်း ခံခဲ့ရသည့် ကိစ္စကို ပြန်အမှတ်ရသွားခဲ့လေသည်။

ရန်ကိုင်သည် အခြားတစ်နေရာသို့ လှမ်းကြည့်လျက် ဆက်ပြောလိုက်လေသည်။ “မင်းတို့ အခုနေ အခြားစိတ်ဝိဉာဉ်စမ်းချောင်းတစ်ခုကို သွားလုဦးမယ်ဆိုရင် အခွင့်အရေး ရှိကောင်း ရှိနေနိုင်သေးတယ်… ဒီမှာ ဆက်ပြီး အချိန်ဖြုန်းနေဦးမယ်ဆိုရင်တော့ မင်းတို့ အရိုးအရင်းတောင် စားရတော့မှာ မဟုတ်ဘူးနော်…”

သက်လတ်ပိုင်းလူကြီးသည် စိုးရိမ်တကြီးဖြင့် အခြားတစ်ဖက်သို့ လှည့်၍ အော်ပြောလိုက်လေ၏။ “သွားကြရအောင်…”

ရန်ကိုင်ပြောသလိုပင် စိတ်ဝိဉာဉ်စမ်းချောင်း ရှစ်ခုအနက် တစ်ဝက်ကျော်လောက်မှာ အခြားသူများ၏ နေရာယူထားခြင်းကို ခံလိုက်ရလေပြီ။ စိတ်ဝိဉာဉ်စမ်းချောင်း လုကြသည့် တိုက်ပွဲများမှာလည်း စတင် ဖြစ်ပေါ်နေခဲ့ကြလေပြီ။

အထူးသဖြင့် အဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်းနှစ်ခုအား ယှဉ်လုနေသည့် တိုက်ပွဲမှာ အတော်လေးကို ပြင်းထန်သည်ဟု ပြောရပေမည်။ ထိုနှစ်ခုအား ယှဉ်လုနေသည့် လူများမှာလည်း ဤနေရာတွင် ရှိနေသည့် လူများအနက် အားအကောင်းဆုံးသော လူများ ဖြစ်ကြသည် မဟုတ်လေလော။

တွမ့်ယွမ်ရှန်းနှင့် မေပယ်မြို့၏ မိသားစုခေါင်းဆောင်များသည် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိထားကြသည်။ သူတို့တွင် အဆင့်မြင့် စိတ်ဝိဉာဉ်စမ်းချောင်းအား ယှဉ်ပြိုင်လုနိုင်သည့် ခွန်အားမျိုး မရှိနေမှန်း နားလည်ထားကြပေသည်။ ထို့အတွက်ကြောင့် အဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်းများကို သွားလုမနေခဲ့ဘဲ အလယ်အလတ်တစ်ခုကိုသာ ရွေးချယ်ခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၆၈)

စိတ်ဝိဉာဉ်စမ်းချောင်း ရှစ်ခုအနက် ရန်ကိုင် ယူထားသည့် စိတ်ဝိဉာဉ်စမ်းချောင်း တစ်ခုသည်သာ အေးအေးချမ်းချမ်းဖြင့် ရှိနေခဲ့လေသည်။

ရန်ကိုင် မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်းကို အကုန်လုံး မျက်ဝါးထင်ထင် မြင်တွေ့ ထားခဲ့ရသည်။ ထို့ကြောင့် မည်သူမှ သူနှင့် လာရောက် ပြိုင်ဆိုင်မနေခဲ့ကြပေ။ ရန်ကိုင် ကိုယ်တိုင်ကလည်း ထိုကိစ္စနဲ့ ပတ်သတ်၍ အတော်လေးကို ကျေနပ်နေခဲ့လေ၏။

အခြားလူများကို အာရုံစိုက်မနေခဲ့ဘဲ ဟွာချင်းစီ နှင့် ကျန်းရို့ရှီတို့အား ဤနေရာသို့ ခေါ်လာရန် လျို့ယန်အား ကောင်းကင် စိတ်အားရုံဖြင့် လှမ်းအကြောင်းကြားလိုက်လေသည်။ ထို့‌နောက် စိတ်ဝိဉာဉ်စမ်းချောင်းဆီသို့ ပြေးထွက်သွားလိုက်ပြီး အလယ်တည့်တည့်တွင် နေရာယူလိုက်လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင် တစ်ကိုယ်လုံးအား သိပ်သည်းလှသည့် မိုးမြေစွမ်းအင်အရင်းများမှာ လွှမ်းခြုံသွားခဲ့လေသည်။ မိုးမြေစွမ်းအင်များ မိမိ၏ ကိုယ်ထဲသို့ စိမ့်ဝင်နေသည့် ခံစားချက်မှာ အလွန်ကိုမှ ကျေနပ်စရာကောင်းလှသည်။ ရန်ကိုင်၏ တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံခြင်းမှာလည်း လျင်မြန်စွာ အခြေတည်ကျစ်လစ်သွားခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ ဝမ်းသာအားရဖြစ်သွားပြီး ကျင့်စဉ်ကို လှည့်ပတ်၍ မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူတော့လေ၏။

တစ်ချိန်တည်းတွင် ကမ္ဘာငယ်လေးကို ထုတ်လျက် မိုးမြေစွမ်းအင်များကို ကမ္ဘာငယ်လေးထဲသို့ စုပ်ယူစေလိုက်လေသည်။

မကြာခင်တွင် ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ အောက်တည့်တည့်ကို ငုပ်ကြည့်လိုက်လေ၏။ သူ့ကြည့်ရသည်မှာ ကွာခြားနေသည့် အရံအတားများကို ဖြတ်ကျော်၍ ဟိုးအတွင်းပိုင်း၌ ရှိနေသည့်အရာကို လှမ်းမြင်ချင်နေသည့်ပုံပင်။

ပန်းထွက်လာလေသည့် မိုးမြေစွမ်းအင်များနှင့်အတူ အခြားတစ်ခုပါ လိုက်ပါလာကြောင်းကို ရန်ကိုင်စိတ်ထဲ အလိုလိုခံစားလိုက်ရသည်။ ခဏအကြာ၌ သူထိုင်နေရာ အောက်ဘက်ဆီမှ တဝှစ်ဝှစ်မြည်သံများ ထွက်ပေါ်လာခဲ့လေသည်။

"မကောင်းတော့ဘူး။" ရန်ကိုင် မျက်နှာပျက်သွားခဲ့လေ၏။

စိတ်ဝိညာဉ်စမ်းချောင်း မျက်လုံးထဲမှ မည်သည့်အရာ ထွက်လာနေသလည်းဆိုသည်ကို သူ မသိသော်ငြား ထွက်လာနေသည့်အရာမှာ အလွန်တရာကိုမှ အန္တရာယ်များမှန်းတော့ သူပြောနိုင်သည်။ ထို့အတွက်ကြောင့် သူ့ကိုယ်သူ အရင်းအမြစ်ချီဖြင့် အလျင်အမြန်ကာကွယ်လျက် ထိုင်နေရာမှ ပြန်ဆုတ်ရန် အလျင်စလို ကြိုးစားလိုက်လေသည်။

သို့သော်ငြား ရန်ကိုင် ခြေတစ်လှမ်း နောက်ကျသွားခဲ့လေ၏။

ဝှစ် ဝှစ် ဝှစ်

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းဆိုသလို ရှင်းပြမရသည့် ပစ္စည်းများသည် အလွန်တရာကိုမှ မြန်ဆန်လှသည့် နှုန်းဖြင့် ရန်ကိုင်အား လာရောက်ထိမှန်ကြလေသည်။ ထိုပစ္စည်းများသည် ဥက္ကာခဲတစ်ဆင်း ကျဆင်းလာသည့်နှယ် အလွန်ပြင်းထန်သည့် အားနှင့် ရန်ကိုင်အား လာရောက်ထိမှန်ကြလေ၏။

အလွန်ပြင်းထန်သည့် အားကြောင့် ရန်ကိုင့် တစ်ကိုယ်လုံး နာကျင်သွားခဲ့ရ၏။ သို့သော်ငြား ထိုလာရောက်ထိမှန်သည့် အားကိုသုံးလျက် စိတ်ဝိဉာဉ်စမ်းချောင်း အပြင်ဘက်သို့ အလျင်အမြန် ခုန်ထွက်နိုင်ခဲ့ လိုက်လေသည်။

ရန်ကိုင် အပြင်သို့ ခုန်ထွက်ပြီးပြီးချင်းမှာပင် ကြယ်များ ကြွေကျလာသည့်နှယ် အလင်းတန်းများ တစ်ခုပြီးတစ်ခု စိတ်ဝိဉာဉ်စမ်းချောင်းထဲမှ ပျံထွက်လာကုန်ကြလေသည်။

"ဘာကြီးတွေလဲ။" ရန်ကိုင်လည်း အထိတ်တလန့်ဖြင့် အော်ဟစ်ရင်း အလျင်စလို ဘေးဘက်သို့ တိမ်းရှောင်လိုက်လေ၏။ ထို့နောက်မှသာ ထိုအရာများကို စစ်ဆေးကြည့်နိုင်တော့လေသည်။

မကြာခင်တွင် ရန်ကိုင်၏ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်လာတော့လေ၏။

စိတ်ဝိဉာဉ်စမ်းချောင်းထဲမှ မိုးမြေစွမ်းအင်များနှင့် အတူ ပြန်ထွက်လာသည့် အရာများမှာ အခြားမဟုတ်ဘဲ လက်သီးဆုပ်အရွယ် အရင်းအမြစ် သလင်းကျောက်များ ဖြစ်နေခဲ့လေသည်။ ထိုအရင်းအမြစ်ကျောက်များ၏ အရောင်အဆင်းနှင့် သန့်စင်နှုန်းကို ကြည့်ရသလောက် ထိုအရာများသည် အနည်းဆုံး အလယ်အလတ်အဆင့်များ ဖြစ်ကြကာ အတော်များများမှာ အဆင့်မြင့်အဆင့်များ ဖြစ်ကြပေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်၏ မျက်လုံးများ လောဘမီးတောက်များဖြင့် လောင်မြိုက်လာတော့လေ၏။

ကြယ်တာရာ အစုအဝေးထဲတွင် ကျင့်ကြံသူများသည် အရင်းအမြစ်ကျောက်များကို ငွေကြေးအဖြစ် အသုံးပြုကြပေသည်။ ဥပမာပြောရသော် ရန်ကိုင်သည် ကောင်းရွှယ်ထင်ဆီမှ အသွင်မဲ့မြက်များကို ဝယ်ရန်အတွက် အဆင့်နိမ့်အရင်းအမြစ်ကျောက် ဆယ်သန်းကို အသုံးပြုခဲ့ရသည်။ ထိုအဆင့်နိမ့် အရင်းအမြစ်ကျောက် ဆယ်သန်းအား အလယ်အလတ်အဆင့်သို့ ပြောင်းမည်ဆိုပါက အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် တစ်သိန်းရနိုင်ပေသည်။ ထိုနည်းတူစွာပင် အဆင့်မြင့် အရင်းအမြစ်ကျောက်များအဖြစ်သို့ ပြောင်းလဲမည်ဆိုပါကလည်း အရင်းအမြစ်ကျောက် အတုံးတစ်ထောင် ရနိုင်ပေ၏။

လက်ရှိ ရန်ကိုင်တွင် ရှိနေသည့် အရင်းအမြစ်ကျောက် အများစုမှာ အဆင့်နိမ့်များသာ ဖြစ်ကြသည်။ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်ဆို၍ အနည်းငယ်လောက်သာ ရှိပေသည်။

အဆင့်မြင့်အရင်းအမြစ်ကျောက်များကို ရရှိရန် မလွယ်ကူပေ။ ထိုအရင်းအမြစ်ကျောက်များကို ထိပ်တန်းအဆင့် အရင်းအမြစ်ကျောက်တွင်းများမှသာ တူးယူနိုင်ပေသည်။

ထိပ်တန်းအဆင့် အရင်းအမြစ်ကျောက်တွင်းများကိုလည်း အင်အားစုကြီးများကသာ ထိန်းချုပ်ထားကြသည်။ ထို့အပြင် ထိုအဆင့်မြင့် ထိပ်တန်းအဆင့် အရင်းမြစ်ကျောက်တွင်းများမှ ထွက်ပေါ်လာသည့် အဆင့်မြင့် အရင်းအမြစ်ကျောက်များကိုလည်း ဂိုဏ်းကြီးများကသာ ဂိုဏ်းအတွင်း၌ အသုံးပြုရန်အတွက် သိမ်းဆည်းထားကြပြီး ပြင်ပ‌စျေးကွက်ထဲသို့ ပြန်လည်ဖြန့်ဝေပေးခြင်းမျိုး မလုပ်ကြပေ။

အရင်းအမြစ်ကျောက်များ၏အဆင့် ပိုမြင့်လေ ပိုအသုံးဝင်လေပင်။ အချို့သောအဆင့်မြင့် အစီအရင်များကို အသက်သွင်းရန်အတွက် အဆင့်မြင့် အရင်းအမြစ်ကျောက်များကို လိုအပ်ပေသည်။ ထိုနည်းတူစွာပင်လျှင် အဆင်ချိုးဖြတ်ကြသည့်အခါ အဆင့်မြင့်ကျင့်ကြံသူများသည် အဆင့်မြင့်အရင်းအမြစ်ကျောက်များကို ပို၍နှစ်သက်ကြလေ၏။

ထို့အတွက်ကြောင့် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် အရင်းအမြစ်ကျောက်များ များစွာ တပြိုင်တည်း ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်သော် ရန်ကိုင်အနေဖြင့် မထိတ်လန့်ပဲ ဘယ်နေမည်နည်း။

ရန်ကိုင် အတွေးထဲနစ်မြောနေစဉ် အခြားသော စိတ်ဝိဉာဉ်စမ်းချောင်း ခုနှစ်ခုသည်လည်း တပြိုင်တည်း ပေါက်ကွဲထွက်လာကြလေသည်။

ပေါက်ကွဲထွက်လာသည့် မိုးမြေစွမ်းအင်များနှင့် အတူ အရင်းအမြစ်ကျောက် များစွာ ပါလာကြလေ၏။

အရင်းအမြစ်သလင်း‌ေကျာက်များ ဖြာထွက်လာနေသည်ကို အချိန်မီ သတိမပြုမိသည့် ကျင့်ကြံသူများမှာ ထိုအရင်းအမြစ်ကျောက်များ၏ ထိမှန်ခြင်း ခံလိုက်ရပြီး နာကျင်စွာ ညဉ်းတွားလိုက်ကြရလေသည်။ သူတို့ ပါးစပ်ထောင့်မှ သွေးများလည်း စီးကျလာကုန်ကြလေ၏။

ခဏအကြာတွင် မြေအောက်လှိုင်ခေါင်း တစ်ခုလုံး စိတ်လှုပ်ရှားစွာ ရေရွတ်သံများဖြင့် ပြည့်နှက်သွား‌ေတာ့‌ေလသည်။

"အရင်းအမြစ်ကျောက်တွေ အဆင့်မြင့် အရင်းအမြစ်ကျောက်တွေ။"

"ဒီစိတ်ဝိဉာဉ်စမ်းချောင်းထဲကနေ အဆင့်မြင့် အရင်းအမြစ်ကျောက်တွေ တကယ်ကြီး ထွက်လာနေတာလား... ဟားဟားဟား ငါတော့ ချမ်းသာပြီဟေ့။"

"ထွက်သွားစမ်း ဒီစိတ်ဝိဉာဉ်မျက်လုံးက ငါတို့အပိုင်ပဲ ပြောနေတုန်း ထွက်သွားလိုက်နော်။ ပြီးတော့မှ ငါတို့ကို ဂိုဏ်းကြားက ဆက်ဆံရေးကို မစဉ်းစားလို့ဆိုပြီး လာအပြစ်မတင်နဲ့။"

"မင်း လာနောက်နေတာလား ရတနာတွေဆိုတာ ရတဲ့လူအပိုင်လေ မင်းတို့ လူအုပ်ကလေးနဲ့ ငါတို့ကို လာဖြဲခြောက်ချင်နေတာ... ဟျောင့် သတ္တိရှိရင် လာခဲ့လိုက် ဒီဖေဖေ မင်းကို ဆုံးမပေးမယ်။"

"အကောင်းပြောနေတုန်း လက်မခံချင်မှတော့ အကျိုးဆက်ကို ရင်ဆိုင်ထားပေါ့ကွာ။"

စိတ်ဝိဉာဉ်စမ်းချောင်းရှစ်ခု ထွက်ပေါ်လာစဉ်က ကျင့်ကြံသူများကြား ဂယက်အကြီးကြီး ထသွားခဲ့၏။ ယခု အဆင့်မြင့် အရင်အမြစ်ကျောက်များ ထွက်ပေါ်လာချိန်တွင်တော့ ကျင့်ကြံသူအားလုံး ဝမ်းသာလွန်းသဖြင့် ဝမ်းသာလွန်းသဖြင့် ဖြစ်ကုန်ကြလေ၏။

တကယ်‌တော့ စိတ်ဝိဉာဉ်စမ်းချောင်းများကို အပြင်ဘက်သို့ ယူသွားလို့မှ မရလေဘဲ... သူတို့တွင် အချိန်အနည်းငယ်သာ ရှိမှန်း အကုန်လုံး သိထားကြသည်။ စိတ်ဝိဉာဉ်စမ်းချောင်းများ ပေါ်လာသည့် သတင်းသာ ကြားပါက အင်အားစုကြီးမှ လူများရောက်လာပြီး ဤနေရာအားလုံးကို အပိုင်သိမ်းသွားကြပေလိမ့်မည်။ ထိုအခါ သူတို့အနေဖြင့် ဤနေရာတွင် ဆက်၍ ကျင့်ကြံနိုင်ကြတော့မည် မဟုတ်ချေ။ သို့သော်ငြား အရင်းအမြစ်ကျောက်များမှာတော့ ထိုကဲ့သို့ မဟုတ်ကြပေ။ သူတို့အနေဖြင့် အရင်းအမြစ်ကျောက်များကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းကာ ယူသွားနိုင်ကြပေသည်။ ထို့အပြင် အရင်းအမြစ်ကျောက်များသည် ကြယ်တာရာအစုအဝေးထဲတွင် အသုံးပြုသည့် ငွေကြေးတစ်ရပ်လည်း ဖြစ်လေ၏။ အဆင့်မြင့်အရင်းအမြစ်ကျောက် တစ်တုံးသည် အဆင့်နိမ့် အရင်းအမြစ်ကျောက် တစ်သောင်းနှင့် ညီမျှပေသည်။ လက်ရှိအရင်းအမြစ်ကျောက် ထွက်ပေါ်လာနေသည့် နှုန်းကို ကြည့်ရသလောက် စိတ်ဝိဉာဉ်စမ်းချောင်း တစ်ခုလောက်ကိုသာ အပိုင်စီးထားမည်ဆိုပါက ရက်အနည်းငယ်အတွင်း ဂိုဏ်းငယ်လေးတစ်ဂိုဏ်း ပိုင်ဆိုင်သည့် ငွေကြေးထက် သုံးလေဆလောက် များပြားသော ငွေကြေးကို ပိုင်ဆိုင်လာနိုင်ပေလိမ့်မည်။

ထိုအဖြစ်အပျက်ကြောင့် ယခင်ကတည်းက မသင့်မမြတ်ဖြစ်နေကြသော ဂိုဏ်းများမှာ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ပို၍ ရန်‌ေစာင်လာကြကာ ယခင်ကတည်းက သင့်မြတ်နေကြသော ဖြစ်နေကြသော ဂိုဏ်းများကြား၌လည်း တင်းမာမှုတို့ မြင့်တက်လာတော့လေသည်။

လူများသည် လောဘနောက်လိုက်ရင်း သေကြသလို ငှက်များသည် အစာကြောင့် သေကြသည်။ ဤသည်မှာ ထာဝစဉ် မှန်နေသည့် အမှန်တရားဖြစ်ပေသည်။

"ရန်ကိုင်။" ရန်ကိုင်သည် သူ့ဘေးပတ်ဝန်းကျင်အား အလန့်တကြား လှည့်ပတ်ကြည့်နေစဉ်မှာပင် ဟွာချင်းစီသည် ကျန်းရိုရှီ၊ လျှိုယန်၊ ချင်းကျောင်းရန်တို့နှင့်အတူ ပြေးလာခဲ့လေသည်။ နေရာတစ်ခုလုံး ယောက်ယက်ခက်နေသည်ကို မြင်သော် ဟွာချင်းစီက သူမ ပါးစပ်အား အလန့်တကြား လက်ဖြင့်အုပ်ရင်း မေးလိုက်လေ၏။ "ဒီမှာ ဘာတွေဖြစ်နေတာလဲ။"

"စိတ်ဝိဉာဉ်စမ်းချောင်းမျက်လုံးတွေ အရင်ပေါ်လာပြီး အဲ့အထဲကနေ အရင်းအမြစ်ကျောက်တွေ ပန်းထွက်လာနေတာ။ အဲ့ဒါကြောင့်ပဲ အခုလိုတွေ ဖြစ်နေတာ။" ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ပြောလိုက်လေ၏။

ကျန်းရိုရှီသည် ငယ်ရွယ်ပြီး အတွေ့အကြုံနုသေး၏။ ထို့ကြောင့် ဤကဲ့သို့သော ကျင့်ကြံသူ‌ေပါင်းများစွာ လုံးထွေးသတ်ပုတ်နေသည့် မြင်ကွင်းကို မြင်လိုက်သော် သူမ၏ မျက်နှာလေး ဖြူလျော်သွားခဲ့လေသည်။

ချင်းကျောင်းရန်မှာမူ သူ့ရှေ့တွင် ရှိနေသည့် စိတ်ဝိဉာဉ်စမ်းချောင်းများနှင့် အရင်းအမြစ်ကျောက်များကို ကြည့်ရင်း မျက်လုံးပြူးကျယ်နေခဲ့လေ၏။

"ရိုရှီ ဒီက ကိစ္စတွေကို စိတ်ပူမနေနဲ့ လုံခြုံတဲ့နေရာတစ်ခု ရှာပြီးတော့သာ သွားကျင့်ကြံနေလိုက်... လျိုယန် နင့်ကို ကာကွယ်ပေးထားလိမ့်မယ်။" ရန်ကိုင်သည် လျိုယန်အား အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်လေသည်။ လျိုယန်သည် ‌ခေါင်းညိတ်၍ ကျန်ရိုရှီအား အဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်း တစ်ခုဘေးသို့ ခေါ်သွားလိုက်လေ၏။

ထိုနေရာတွင် ရပ်နေစဉ်အတောအတွင်း လျိုယန်သည် သူမ နားသို့ ပျံသန်းလာသည့် အရင်းအမြစ်ကျောက် မှန်သမျှကို ဖမ်းယူထားခဲ့လေသည်။

ထိုအချင်းအရာကို မြင်သော် ရန်ကိုင်သည် လျိုယန်ဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်လေ၏။ ထို့နောက် ဟွာချင်းစီဘက်သို့ လှည့်၍ပြောလိုက်လေသည်။ "ငါ့နောက်လိုက်ခဲ့။ အရင်းအမြစ်ကျောက်တွင် အရင်သွားကောက်ကြရအောင်။ ပြီးတော့မှ ကျင့်ကြံလို့လည်း ရတယ်။"

"ကောင်းပြီ။" ဟွာချင်းစီက ခေါင်းညိတ်လိုက်လေ၏။ ထို့နောက် ရန်ကိုင်နှင့်အတူ စိတ်ဝိဉာဉ်စမ်းချောင်း အပေါ်သို့ ပျံတက်သွားလေသည်။

အရင်းအမြစ်ကျောက်များသည် စိတ်ဝိဉာဉ်စမ်းချောင်းထဲမှ တောက်လျှောက် ပေါ်လာနေခြင်းဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များကို ထုတ်လွှတ်၍ ‌‌ေရွှ‌ေရာင် ပိုက်ကွန်တစ်ခု ဖန်တီးလိုက်လေသည်။

စိတ်ဝိဉာဉ်စမ်းချောင်းထဲမှ ထွက်လာကြသော အရင်းအမြစ်ကျောက် အားလုံးသည် ရန်ကိုင် ဖန်တီးထားသည့် ပိုက်ကွန်အား သွား‌ေရာက်ထိမှန်ကာ ရှေ့ဆက်မသွားနိုင်ကြ‌ေတာ့‌ေချ။ ဟွာချင်းစီသည် အရင်းအမြစ်ချီကိုသုံးလျက် ထိုအရင်းအမြစ်ကျောက်များကို သူမဆီသို့ ဆွဲယူကာ သိုလှောင်လက်စွပ်ထဲတွင် ထည့်သိမ်းထားလိုက်လေသည်။

ရန်ကိုင်နှင့် ဟွာချင်းစီသည် အတိုင်အဖောက်ညီညီဖြင့် စိတ်ဝိဉာဉ်စမ်းချောင်းထဲမှ ထွက်ပေါ်လာ‌ေနသည့် အရင်းအမြစ်ကျောက် မှန်သမျှကို အောင်မြင်စွာ ရယူ‌‌ေနနိုင်ခဲ့လေသည်။

"ကြည့်ရတာ မင်းတို့ ငါ့အကူအညီကို မလိုကြတော့ဘူးပဲ။" ရန်ကိုင်တို့ အတိုင်အဖောက်ညီညီဖြင့် ထွက်လာနေသည့် အရင်းအမြစ်ကျောက်အားလုံးကို ဖမ်းယူနိုင်နေသည်ကို မြင်သော် ချင်းကျောင်းရန်က ပြောလိုက်လေသည်။ "ရောင်းရင်း မင်းတို့ ဒီကဟာတွေ ယူထားလိုက်ကြဦး ငါအခြားတစ်နေရာမှာ သွားယူလိုက်ဦးမယ်။"

ဤအခိုက်အတန့်သည် သူတို့ ချင်းမိသားစု အုတ်မြစ်အား မြင့်တင်နိုင်သည့် အခွင့်အရေးကြီးတစ်ရပ် ဖြစ်ပေသည်။ ရန်ကိုင် အပိုင်သိမ်းထားသည့် စိတ်ဝိဉာဉ်စမ်းချောင်းသည် ချင်းကျောင်းရန်၏ အကူအညီကို မလိုအပ်တော့ပေ။ ထို့ကြောင့် အခြားတစ်နေရာတွင်သာ အရင်းအမြစ်ကျောက်များကို သွားကောက်ရန် ဆုံးဖြတ်လိုက်လေသည်။

ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက်တွင် ညစ်ကျယ်ကျယ်ပြုံးလျက် ချင်းကျောင်းရန်သည် တွမ့်ယွမ်ရှန်းတို့အဖွဲ့ ရှိနေသည့် အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်စမ်းချောင်းပေါ်တွင် ပြန်ပေါ်လာခဲ့လေသည်။ "နှုတ်ဆက်ပါတယ် ရောင်းရင်းတို့။"

"ဟျောင့် မင်း ငါတို့ဆီက လာလုဖို့ ကြိုးစားနေတာလား။" တုမိသားစု၏ ခေါင်းဆောင်ဖြစ်သော တုယွီချန်းက ချင်းကျောင်းရန်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ကျိုးမိသားစုခေါင်းဆောင် ကျိုးရီကလည်း နှာခေါင်းရှုံ့လျက် "အဖိုးအိုကြီးချင်းက တော်တော် အယောင်ဆောင်ကောင်းတာပဲ... မင်း ဒီလိုမျိုးတွေကို ဘယ်ကနေ သင်လာတာလဲ။"

"ငါဘယ်မှာ အယောင်ဆောင်နေလို့လဲ။" ချင်းကျောင်းရန်မှာ ချက်ချင်းပင် မပျော်မရွှင်ဖြစ်သွားခဲ့ပြီး သူ့မုတ်ဆိတ်မွှေးအား ဒေါသတကြီးပွတ်သပ်ရင်း "မင်းတို့ကောင်တွေက တကယ်ကို လေးစားမှုမရှိတဲ့ အရူးတွေပဲ။ မင်းတို့ အမေတောင် မမှတ်မိအောင် ငါဆုံးမပေးတာကို ခံချင်နေတာလား။"

ကျိုးရီနဲ့ တုယွီချန်းတို့သည် တစ်ဦးကို တစ်ဦးကြည့်ရင်း ရယ်မောလျက် "မင်းအမေကော သူသာ အသက်ရှင်နေတုန်းပဲဆိုရင် မင်းကို မှတ်မိဦးမယ် ထင်လား။"

ချင်းကျောင်းရန်၏ မျက်နှာမှုန်ကုပ်သွားခဲ့လေသည်။

"ကဲ တော်လိုက်ကြပေတော့ မင်းလည်း ရောက်နေပြီဆိုမှတော့ ဝင်ကူပေးဦး။ ငါတို့လက်က လွတ်သွားတဲ့ အရင်းအမြစ်ကျောက် မှန်သမျှ အခြားလူလက်ထဲ ရောက်သွားမှာဆိုတော့ ဘာမှထူးမနေဘူး။" တွမ့်ယွမ်ရှန်း သူ့လက်ကို ဝှေ့ယမ်း၍ လှမ်းပြောလိုက်လေသည်။

"မြို့သခင်တွမ့် အမိန့်အတိုင်း လုပ်ရတာပေါ့။" ချင်းကျောင်းရန်က အဓိပ္ပာယ်ပါပါ ပြုံးလျက် ဝင်ကူပေးလိုက်လေသည်။

မေပယ်မြို့ထဲမှ မိသားစုခေါင်းဆောင်များသည် တစ်ဦးကိုတစ်ဦး သိလာခဲ့သည်မှာ အတော်လေးကြာနေကြလေသည်။ သူတို့ကြားတွင် အချင်းများမှုများ ရှိခဲ့ကြသော်ငြား ဤကဲ့သို့သော အခြေအနေမျိုးတွင် ပူပေါင်းခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ သူတို့တွင် ရင်ဆိုင်ရမည့် အခြားသောရန်သူများလည်း ရှိနေသေးသည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် အချင်းချင်းကြား မသင့်မြတ်မှုများ ရှိနေသည့်တိုင် အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြခြင်းဖြစ်ပေသည်။

"ဟေး ကျိုးရီ မင်းလည်း တာအိုသခင်ဒုတိယအဆင့်ကို ရောက်သွားတာလား လောကကြီးက တကယ်ကို စုံလုံးကန်းနေတာပဲကွ။" အရင်းအမြစ်ကျောက်များကို လှမ်းဖမ်းနေရင်းမှ ချင်း‌ကျောင်းရန်သည် ကျိုးမိသားစု၏ မိသားစုခေါင်းဆောင်လည်း အဆင့်တက်သွားကြောင်းကို သတိပြုမိလိုက်လေသည်။

"မင်း ဘာတွေပြောနေတာလဲ။" ကျိုးရီက ပြန်အော်ပြောလိုက်လေ၏။ "မင်းလို သက်ကြားအိုကြီးတောင် နောက်တစ်ဆင့်တက်နိုင်သေးတာ ငါကကော ဘာလို့ မတက်နိုင်ရမှာလဲ။"

"ကြည့်ရတာ လူတိုင်း အဆင့်ချိုးဖြတ်သွားတယ်နဲ့ တူတယ်..."တွမ့်ယွမ်ရှန်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။

ထိုစကားကို ကြားပြီးသည့်နောက် ချင်းကျောင်းရန်လည်း အကုန်လုံးအား လိုက်စစ်ဆေးကြည့်လိုက်လေသည်။ ထိုအခါမှသာ ဤနေရာ၌ ရှိနေသည့်လူတိုင်း အဆင့်ချိုးဖြတ်သွားမှန်း သဘောပေါက်သွားခဲ့သည်။ မေပယ်မြို့ထဲရှိ မိသားစုခေါင်းဆောင်အားလုံးသည် တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နေကြလေပြီ။ အရက်သမားမှာတော့ ဒုတိယအဆင့်တွင်သာ တစ်နေသေးခဲ့ပြီး တွမ့်ယွမ်ရှန်းမှာတော့ တာအိုသခင်တတိယအဆင့်သို့ ရောက်သွားခဲ့လေ၏။

"အိုး ဒါဆို အားလုံးကို ဂုဏ်ပြုပေးရမှာပေါ့..." ချင်းကျောင်းရန်က ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။

"တကယ်တော့ ဒါက ငါတို့ အားလုံးအတွက် ဂုဏ်ယူစရာပဲ..." တွမ့်ယွမ်ရှန်းက အဓိပ္ပာယ်ပါပါပြုံးလျက် "ဒီနေ့ကစပြီး ငါတို့ မေပယ်မြို့က အားနည်းတဲ့မြို့လေးတစ်ခု မဟုတ်တော့ဘူး... ငါတို့သာ အတူပူးပေါင်းနေမယ်ဆိုရင် ပြင်ပရန်သူတွေ ကျူးကျော်လာနိုင်မှာ မဟုတ်ဘူး ဒါကြောင့် နောက်ပိုင်းလည်း အခုလိုမျိုး အတူပူးပေါင်းလုပ်ကိုင်နိုင်ဖို့ ဒီတွမ့်မျှော်လင့်ပါတယ်။"

ထိုမိသားစုခေါင်းဆောင်များသာ တွမ့်ယွမ်ရှန်း အရက်သမားတို့နှင့်အတူ ပူးပေါင်းလိုက်မည်ဆိုပါက သူတို့၏ ပူးပေါင်းအင်အားမှာ အတော်လေးကိုမှ ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ အနည်းဆုံး သူတို့၏ လက်ရှိ ခွန်အားသည် ဒုတိယအဆင့်အင်အားစုများအား ထိပ်တိုက်ယှဉ်ပြိုင်နိုင်သည်အထိ အားကောင်းလာ‌ေပလိမ့်မည်။ သူတို့လိုအပ်နေသည်မှာ ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦး၏ ကာကွယ်မှုသာ ဖြစ်လေသည်။

သို့သော်ငြား ဧကရာဇ်အဆင့်ပညာရှင်များမှာ များများစားစားရှိလှသည်မဟုတ်။ ဒုတိယအဆင့်အင်အားစု အများစုတွင်ပင်လျှင် ထိုကဲ့သို့သော ပညာရှင်များ မရှိကြချေ။

ထိုစကားကို ကြားပြီးသည့်‌နောက် အကုန်လုံးပြိုင်တူ ခေါင်းငြိမ့်လိုက်ကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၆၉)

စိတ်ဝိဉာဉ်စမ်းချောင်း သုံးခုရှိသည့်အနက် နှစ်ခုကို ရန်ကိုင်နှင့် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တစ်ယောက်တစ်ခုဆီ ရယူထားကြပြီး နောက်ဆုံးတစ်ခုကိုမူ အခြားသော အင်အားစုနှစ်ခုမှ အတူပူးပေါင်းကာ ရယူထားကြပေသည်။

အလယ်အလတ်အဆင့် စိတ်ဝိဉာဉ်စမ်းချောင်းများကိုလည်း လူပေါင်းများစွာမှ ရယူထားကြသေး၏။

တကယ်ဆိုလျှင် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းသည် အဆင့်မြင့် စိတ်ဝိဉာဉ်စမ်းချောင်း တစ်ခုကို အပိုင်ယူထားရလောက်သည်အထိ အားကောင်းခြင်း မရှိချေ။ သို့သော်ငြား လူတိုင်းမှာ လော့ယွမ်၏ ရက်စက်မှုကို မြင်ပြီးသည့်နောက် အနည်းငယ် လန့်နေခဲ့ကြသည်။ ထို့အတွက်ကြောင့်ပင်လျှင် မည်သူမှ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းအား ရန်မစရဲကြပေ။ လော့ယွမ် သူတို့အား လက်စားလာပြန်ချေမည်ကို ကြောက်လန့်နေကြလေ၏။ ထို့အပြင် လော့ယွမ်ကိုယ်တိုင် အရူးတစ်ယောက်နှယ် ကောင်းရှန်နှင့် လျိုရွှေတို့ နောက်သို့ ပြေးလိုက်သွားသည်ကိုလည်း သူတို့မြင်တွေ့ခဲ့ရသေးသည်။ ထိုနောက်ပိုင်း မည်သူမှ သူ့အား မဆန့်ကျင်ရဲကြတော့ပေ။

ဟွာချင်းစီနှင့် အတူပူးပေါင်းလျက် အရင်းအမြစ်ကျောက်များကို သိမ်းယူနေရင်းမှ ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ဟွာချင်းစီဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ "ငါ အောက်တစ်ချက် ဆင်းပြီး စစ်ဆေးကြည့်လိုက်ဦးမယ်။"

အရင်းအမြစ်ကျောက်များသည် အကြောင်းအရင်းမရှိ မြေအောက်ထဲမှ အပေါ်သို့ ပျံထွက်လာစရာ အကြောင်းမရှိချေ။ ဤကဲ့သို့ ထွက်လာရသည့်နောက်ကွယ်တွင် အခြားသော အကြောင်းအရင်းတစ်ခု ရှိမည်ဟု ရန်ကိုင် ထင်နေခဲ့သည်။ ထို့ကြောင့် ထိုအကြောင်းအရင်းကို သွားစစ်ဆေးကြည့်ချင်မိပေသည်။ အခု သူ၏ ရွှေရောင်သွေးမျှင်ပိုက်ကွန်မှ ထွက်လာသမျှ အရင်းအမြစ်ကျောက်များကို တားဆီးပေးနေသလို ဟွာချင်းစီ ကိုယ်တိုင်ကလည်း ထိုအရင်းအမြစ်ကျောက်အားလုံးကို သိမ်းဆည်းပေးနေသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဤနေရာတွင် ဆက်နေစရာမလိုတော့ချေ။

ထို့အပြင် လျို့ယန်သည်လည်း ဤနေရာ၌ ရှိနေလေ၏။ တစ်ယောက်ယောက်သာ စုံလုံးကန်းပြီး ဤအဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်းကို လာလုချင်မည်ဆိုပါက ဟွာချင်းစီနှင့် လျိုယန် နှစ်ယောက်ပေါင်းနှင့်ပင်လျှင် ထိုလူများကို မောင်းထုတ်ပစ်နိုင်ပေသည်။

"သတိထားဦးနော်..." ဟွာချင်းစီသည် ရန်ကိုင်အား မတားခဲ့ဘဲ သတိသာပေးလိုက်လေ၏။

ရန်ကိုင်သည် ခေါင်းညိမ့်၍ အောက်သို့ ဒုတိယအကြိမ် ခုန်ဆင်းသွားလေသည်။

ယခင် တစ်ခါကကဲ့သို့ပင် စိတ်ဝိဉာဉ်စမ်းချောင်းထဲသို့ ခုန်ဆင်းလိုက်သည်နှင့် တပြိုင်နက် သူ့အား အပေါ်သို့ ပြန်တွန်းထုတ်ရန် ကြိုးစားနေသည့် အားတစ်ရပ်ကို ခံစားလိုက်ရလေသည်။ ယခုတစ်ကြိမ်တွင်မူ ထိုအားသက်သက်သာ မဟုတ်တော့ဘဲ သူ့ဆီသို့ ပြေးဝင်လာနေသော မရေမတွက်နိုင်သည့် အရင်းအမြစ်ကျောက်များလည်း ရှိနေခဲ့လေသည်။

အောက်သို့ ခုန်ဆင်းရန် ကြိုးစားသည့်အခါ အရင်းအမြစ်ကျောက်များမှ သူ့ခန္ဓာကိုယ်အား တဖုန်းဖုန်း လာမှန်တော့လေသည်။ ရန်ကိုင်ကမူ အံကြိတ်၍သာ သူ့ကိုယ်သူ အရင်းအမြစ်ချီဖြင့် ကာကွယ်ထားခဲ့ရသည်။ တစ်ချိန်တည်းတွင် လေဟာနယ်နိယာမ စွမ်းအားကို ထိန်းချုပ်၍ အောက်သို့ ပို၍ လွယ်လွယ်ကူကူဆင်းနိုင်စေရန် ကြိုးစားလိုက်လေသည်။

အောက်သို့ ဆင်းလာသည်နှင့်အမျှ အပေါ်သို့ ပြန်တွန်းကန်အားမှာ ပိုမိုကြီးမားလာခဲ့သလို မိုးမြေစွမ်းအင်မှာလည်း ပို၍ သိပ်သည်းလာခဲ့လေသည်။

ရန်ကိုင်သည် ကမ္ဘာငယ်လေးကို ထုတ်ယူလျက် အနီးနားတစ်ဝိုက်တွင် ရှိနေသော မိုးမြေစွမ်းအင်နှင့် အရင်းအမြစ်ကျောက်များကို စတင်စုပ်ယူတော့လေသည်။

ရန်ကိုင်သည် တောက်လျှောက်ကို ဆင်းလာနေခဲ့လိုက်လေသည်။ အနက်မည်မျှအထိ ဆင်းလာမိပြီမှန်း သူ မသိ။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေသည်ကိုသာ သတိထားမိသည်။ ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်၍ စစ်ဆေးကြည့်သည့်တိုင် သူ့ပတ်လည် ဆယ်မီတာဝန်းကျင်ကိုသာ အာရုံခံနိုင်လေ၏။ သိပ်သည်းလှသော မိုးမြေစွမ်းအင်များကြောင့် ထို့ထက်ပို၍ အာရုံမခံနိုင်တော့ချေ။

အချိန်အတိုင်းအတာ တစ်ခုအထိ ကြာသွားပြီးသည့်နောက်တွင် မြေပြင်ပေါ်သို့ ရန်ကိုင် ခြေချမိသွားသည်။

ဤနေရာသည် စိတ်ဝိဉာဉ်စမ်းချောင်း၏ အောက်ခြေဖြစ်လောက်၏။ ဤအောက်ဘက်သည် သူထင်ထားသကဲ့သို့ ကျဉ်းမြောင်းခြင်း မရှိဘဲ အလွန်တရာကိုမှ ကျယ်ဝန်းလှကြောင်းကို ရန်ကိုင် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရ‌လေသည်။

အောက်ဘက်သို့ ရောက်လာပြီးသည့်နောက် ရန်ကိုသည် ထိုနေရာတွင်သာ ခဏကြာသည်အထိ ငေးကြောင်ကြောင်ဖြင့် မတ်တပ်ရပ်နေခဲ့သည်။ တချိန်တည်းတွင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူ့ပတ်ဝန်းကျင်အား သေသေချာချာစစ်ဆေးကြည့်လေသည်။

ရွှစ် ရွှစ် ရွှစ်

မရေမတွက်နိုင်သော အရင်းအမြစ်ကျောက်များသည် မိုးမြေစွမ်းအင်များနှင့် ရောနှောလျက် အပေါ်သို့ တောက်လျှောက် ပျံထွက်နေခဲ့လေသည်။

ရန်ကိုင်သည် သေချာအာရုံစိုက်၍ စစ်ဆေးကြည့်လိုက်ရာ မကြာမီတွင် ထိုအရင်းအမြစ်ကျောက်များ မည်သည့် လမ်းကြောင်းမှ လာနေသလဲဆိုသည်ကို ရှာတွေ့သွားခဲ့လေသည်။ ထို့နောက် ထိုအရပ်ဆီသည့် လျှောက်သွားလိုက်လေ၏။

သွားနေရင်းမှ ရန်ကိုင်သည် လမ်းတွင်တွေ့သမျှ အရင်းအမြစ်ကျောက်များကို ဖမ်းယူထားလိုက်သည်။ ကမ္ဘာငယ်လေးသည်လည်း အရင်းအမြစ်ကျောက်များနှင့်တကွ မိုးမြေစွမ်းအင် အားလုံးကိုပါ စုပ်ယူခဲ့လေသည်။

မကြာမီတွင် ရန်ကိုင်၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့လေသည်။

အဖြူရောင်မြူခိုးများဖြင့် ရစ်သိုင်းနေသော မြေအောက်လှိုဏ်ဂူထဲတွင် ဧရာမအရာကြီးတစ်ခုသည် ရန်ကိုင်၏ ရှေ့တည့်တည့်၌ ရှိနေခဲ့လေသည်။ ထိုဧရာမအရာကြီးနှင့် ရန်ကိုင်ကြား အကွာအဝေး အတော်လေးခြားနေသေးသော်ငြား ရန်ကိုင်ကမူ ဝိုးတိုးဝါးတား ပုံရိပ်ကို လှမ်းမြင်နေခဲ့ရသည်။

သူ့ရှေ့တွင်ရှိနေသည့် အရာမှာ ဘာမှန်း ရန်ကိုင်မသိ။ ထိုအရာတွင် မည်သည့်အသက်စွမ်းအင်မှ ရှိမနေသည်ကိုသာ ရန်ကိုင် သတိထားမိသည်။ ထို့အပြင် အရင်းအမြစ်ကျောက်များသည် ထိုအရာကြီးဆီမှ ပျံထွက်လာနေခဲ့ခြင်း ဖြစ်ပေသည်။ ခဏမျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင် ရှေ့ဆက်သွားလိုက်သည်။

မကြာမီ ထိုအရာကြီးရှေ့သို့ ရောက်လာခဲ့လေ၏။ သေချာအနီးကပ် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ထိုအရာဘာမှန်း ရန်ကိုင် သိသွားခဲ့လေသည်။

ကြည့်နေရင်း ရန်ကိုင်မှာ အံ့သြလွန်းလှသဖြင့် အသံတစ်သံပင် မထွက်နိုင်ခဲ့ချေ။

တခဏမျှ ကြာပြီးသည့်နောက်တွင် ဝါးလုံးကွဲ အော်ဟစ်ရယ်မောတော့လေ၏။

သူ့ရှေ့တွင် ရှိနေသည့် ဧရာမကြီးမှာ အခြားမဟုတ် အရင်းအမြစ်ကျောက် တွင်းတစ်တွင်းသာဖြစ်လေသည်။ လက်သီးဆုပ်အရွယ် အရင်းအမြစ်ကျောက်များသည် ဤအရင်းအမြစ်ကျောက်တွင်းမှ ပျံ့ထွက်ကာ မိုးမြေစီးကြောင်းအတိုင်း စိတ်ဝိဉာဉ်စမ်းချောင်းများထဲသို့ စီးဝင်သွားနေကြခြင်းဖြစ်သည်။

အပေါ်ဘက်မှ ကျင့်ကြံသူများ ကောက်ယူရရှိနေသည့် အရင်းအမြစ်ကျောက်များသည် ဤဧရာမ အရင်းအမြစ်ကျောက်တွင်းဆီမှ ထွက်လာနေသည့် အရင်းအမြစ်ကျောက်များသာ ဖြစ်ကြလေသည်။

လက်ရှိ ကြည့်ရသလောက် ကြယ်တာယာအစုအဝေးထဲတွင် ဤအရင်းအမြစ်ကျောက်တွင်းလောက် ကြီးမားသန့်စင်လှသည့် အရင်းအမြစ်ကျောက်တွင်းမျိုး ရှိတော့လိမ့်မည် မဟုတ်ချေ။ ရှေးခေတ်အချိန်မျိုးတွင်သာ ဤကဲ့သို့သော အရင်းအမြစ်ကျောက်တွင်းမျိုး ရှိနိုင်ပေလိမ့်မည်။

(စိတ်ဝိဉာဉ်စမ်းချောင်း ရှစ်ခုက အချင်းချင်း ဆက်သွယ်နေကြတာလား... ဒီတွင်းတစ်ခုလုံးကိုသာ ငါယူလိုက်မယ်ဆိုရင် အပေါ်ကလူတွေ...)

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ထိုကိစ္စကို သေချာ စတင်စဉ်းစားတော့လေသည်။ ခဏအကြာတွင် ရန်ကိုင်ဆီမှ အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံတို့ ဖြာထွက်လာခဲ့ပြီး မိုင်းတွင်းတစ်ခုလုံးအား အပြည့်အဝ လွှမ်းခြုံသွားခဲ့လေသည်။

ထို့နောက် ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့လေ၏။ သူ့မျက်နှာများ ဖြူတက်လာပြီး ပုတီးစေ့မျှ ကြီးမားသော ချွေးသီးချွေးပေါက်တို့ နဖူးထက် ဝေ့သီလာခဲ့လေသည်။ သူ့တစ်ကိုယ်လုံးဟာလည်း တဆတ်ဆတ်ကို တုန်ယီလာတော့လေ၏။

ဤမိုင်းတွင်း၏ အရွယ်အစားကို ရန်ကိုင် အထင်သေးမိသွားခဲ့သည်။ လက်ရှိ သူ့ကောင်းကင်စိတ်အာရုံနှင့်ပင်လျှင် ဤမိုင်းတွင်းတစ်ခုလုံးအား ဖုံးရုံလေးသာ ဖုံးနိုင်ခဲ့ပေသည်။ ထို့အတွက်ကြောင့် မိုင်းတွင်းတစ်ခုလုံးကို ကောင်းကင်စိတ်အာရုံဖြင့် သယ်မ၍ ကမ္ဘာငယ်လေးထဲသို့ ထည့်ဖို့ရာ မဖြစ်နိုင်တော့။

ကမ္ဘာငယ်လေးသည် သီးခြားကမ္ဘာတစ်ခုဖြစ်သည်။ ကမ္ဘာငယ်လေးထဲတွင် မည်သည့်အရာကိုမဆို သိမ်းဆည်းထား၍ ရနိုင်သော်ငြား ဤကဲ့သို့ သိမ်းဆည်းဖို့ရာ ရန်ကိုင်အနေဖြင့် သူ့ကောင်းကင်စိတ်အာရုံကို သုံးလျက် သိမ်းဆည်းလိုသည့် ပစ္စည်းများကို ကမ္ဘာငယ်လေးထဲသို့ ဦးစွာပို့ပေးရန် လိုအပ်ပေသည်။ သူသိမ်းဆည်းလိုသည့် ပစ္စည်း၏ အရွယ်အစားကြီးမားလေ ပို၍များပြားသော စိတ်စွမ်းအင်ကို လိုအပ်လေပေ။

ရန်ကိုင်မှ ကျောက်တုံးရုပ်သေးရုပ်အား ကမ္ဘာငယ်လေးထဲသို့ ထည့်သွင်းစဉ်ကလည်း ကျောက်တုံးရုပ်သေးရုပ်သည် အနည်းငယ်လေးမျှပင်လျင် မခုခံခဲ့သော်ငြား ရန်ကိုင်အနေဖြင့် ကျောက်တုံးရုပ်သေးရုပ်တစ်ခုလုံးကို ကမ္ဘာငယ်လေးထဲသို့ ထည့်သွင်းရန်အတွက် သူ့စိတ်စွမ်းအင်အကုန်လုံးကို အသုံးပြုခဲ့ရပေသည်။

ဤမိုင်းတွင်းသည်လည်း အတူတူပင်ဖြစ်လေသည်။ ဤမိုင်းတွင်းမှာ ကျောက်တုံးရုပ်သေးရုပ်ကဲ့သို့ ကြီးမားခြင်းမရှိသော်ငြား ဤမိုင်တွင်းတစ်ခုလုံးသည် အလွန်ကိုမှ အံ့အားသင့်စရာကောင်းလှသည့် စွမ်းအင်များဖြင့် ပြည့်နေပေသည်။ ရန်ကိုင်သာ ဤမိုင်းတွင်းအား အတင်းအကြပ် မ ယူလိုက်မည်ဆိုပါက သူ၏ ဝိဥာဉ်ပင်လျှင် ထိခိုက်သွားရပေလိမ့်မည်။

သူတစ်ယောက်တည်း အဆင်မပြေမှန်း သိလိုက်သော် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲတွင် ရှိနေသော ကျောက်တုံးရုပ်သေးရုပ်အား လှမ်းအကြောင်းကြားလိုက်လေ၏။

ထို့နောက်တွင် ကမ္ဘာငယ်လေးပေါ်၌ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုအက်ကြောင်းသည် တဖြည်းဖြည်းခြင်း ကြီးမာလာနေခဲ့လေ၏။

ရန်ကိုင်၏ နဖူးထက် သွေးကြောကြီးများ ထောင်တက်လာပြီး သူ့တစ်ကိုယ်လုံးဟာလည်း တဆတ်ဆတ်ကို တုန်ယီလာတော့လေသည်။ သူ့ဆီမှ ဖြာထွက်နေသည့် အရင်းအမြစ်ချီများပင်လျှင် ကသောင်းကနင်းဖြစ်လာခဲ့လေ၏။

"အခုလုပ်လိုက်တော့။" ရန်ကိုင်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။

ထိုဟင်းလင်ပြင်အက်ကြောင်းထဲမှ ဧရာမလက်ကြီးနှစ်ဖက် ရုတ်တရက် ထွက်လာခဲ့လေသည်။ ထိုလက်ကြီးနှစ်ဖက်မှာ အခြားမဟုတ် ကျောက်တုံးရုပ်သေးရုပ်၏ လက်များသာဖြစ်လေသည်။

ကျောက်တုံးရုပ်သေးရုပ်သည် ကမ္ဘာငယ်လေးထဲမှနေ၍ ၎င်း၏ လက်နှစ်ဖက်ကို ဆန့်ထုတ်လျက် အရင်းအမြစ်ကျောက်မိုင်းတွင်းကို စတင် မ တော့လေ၏။ ရန်ကိုင်သည်လည်း သူ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လျက် အရင်းအမြစ်ကျောက်တွင်းအား ကူပြီး မ ပေးလေသည်။

ဘုန်း ဘုန်း ဘုန်း

ဆူညံသံအကျယ်ကြီးများ ထွက်ပေါ်လာခဲ့လေသည်။

အရင်းအမြစ်ကျောက်တွင်းဟာလည်း တဖြည်းဖြည်းခြင်း မြင့်တက်လာခဲ့လေသည်။

ရန်ကိုင်၏ မျက်နှာမှာ သွေးမရှိတော့သည့်နှယ် ဖြူလျော်လာခဲ့ပြီး သူ့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွဲကုန်လေ၏။ စိတ်စွမ်းအင် အလွန်အကျွန် အသုံးပြုနေရသည့်အတွက်ကြောင့် သူ့ခေါင်းတစ်ခုလုံးအား မရေမတွက်နိုင်သော အက်များဖြင့် ထိုးစိုက်ထားသလို ခံစားလာရလေသည်။ ဤကဲ့သို့ စိတ်စွမ်းအင်ကို အရမ်းကာရော အသုံးပြုနေသည့် အတွက်ကြောင့် သူ့စိတ်ဝိဥာဉ်မှာ စတင် ထိခိုက်လာရလေတော့သည်။

သို့သော်ငြား ဝိဉာဉ်ကြာပန်းမှ သူ့ဝိဉာဉ်အား အဆက်မပြတ်ကုစားပေးနေသည့်အတွက်ကြောင့် ရန်ကိုင် ခံစားနေရသည့် ဒဏ်မှာ အတော်လေးကို သက်သာသွားခဲ့ရ၏။

ကျောက်တုံးရုပ်သေးရုပ်၏ လက်သည်ပင်လျှင် တကျွီကျွီ မြည်သံများ ထွက်ပေါ်လာခဲ့ပြီး ကျောက်စကျောက်နများ ပြုတ်ကြလာခဲ့လေသည်။ ဤအရင်းအမြစ်ကျောက်တွင်းကို မဖို့ရာ ကျောက်တုံးရုပ်သေးရုပ် အတွက်ပင်လျှင် အတော်လေး ခက်ခဲနေသည့်ပုံပင်။

မိုင်းတွင်းကို မ ရသည်မှာ တခဏလေးသာ ကြာသော်ငြား သူတို့အဖို့ နှစ်ပေါင်း ဆယ်သန်းခန့် ကြာညောင်းသလို ခံစားနေရလေသည်။

ရန်ကိုင် ဆက်မထိန်းထားတော့သည့် အချိန်မှာပင်လျှင် ကျောက်တုံးရုပ်သေးရုပ်သည် မိုင်းတွင်းနှင့်တကွ သူ့လက်အား ပြန်ရုတ်သွားခဲ့လေသည်။ ချက်ချင်းဆိုသလို အရင်းအမြစ်ကျောက် မိုင်းတွင်းကြီးသည် ရန်ကိုင် ရှေ့တည့်တည့်မှ ပျောက်ကွယ်သွားခဲ့ပြီး ကမ္ဘာငယ်လေးထဲသို့ ရောက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ကမ္ဘာငယ်လေး ရှေ့တည့်တည့်တွင် ရှိနေသော ဟင်းလင်ပြင် အက်ကြောင်းသည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။

ဟင်းလင်းပြင်အက်ကြောင်း ပိတ်သွားသည်နှင့် တပြိုင်နက် ကမ္ဘာငယ်လေးသည်လည်း အရူးအမူး တဖျတ်ဖျတ် လက်လာလေတော့သည်။

ရန်ကိုင် တစ်ကိုယ်လုံး ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ပြီး သူ့မျက်လုံးများ ရီရီဝေဝေဖြစ်လာသည်။ နားထဲတွင်လည်း ဘာမှန်းမသိသော အသံများကို ကြားနေရလေသည်။ သူ့ပါးစပ်များပင်လျှင် ခြောက်တောက်တောက် ဖြစ်လာ၏။ ခဏအကြာတွင် ရန်ကိုင် မျက်လုံးထဲ ကြယ်များ လများကို မြင်လာရပြီး သူ့ပတ်ဝန်းကျင် လောကကြီးတစ်ခုလုံး ချာချာလည်ထွက်သွားတော့လေသည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ခြေမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပက်လက်လှန် လဲကျသွားခဲ့လေ၏။

ယခုမှသာ ကြောက်ရွံ့မှုကို ရန်ကိုင် ရုတ်တရက် ခံစားမိတော့လေသည်။

ဝိဉာဉ်ကြာပန်းသည် သူ့ဝိဉာဉ်အား ကာကွယ်ပေးထားသော်ငြား ရန်ကိုင် ယခုလုပ်လိုက်သည့်အရာသည် အလွန်တရာကိုမှ အန္တရာယ်များသလို မဆင်မခြင်နိုင်လွမ်းလှပေသည်။ ယခုနေသာ စိတ်စွမ်းအင် အလွန်အကျွံ သုံးလိုက်သည့်အတွက်ကြောင့် သူ့ဝိဉာဉ်သာ တစ်ခုခု ထိခိုက်သွားခဲ့မည်ဆိုပါက ဝိဥာဉ်ကြာပန်းသည်ပင်လျှင် ထိုဒဏ်ရာအား လွယ်လွယ်ကူကူ ကုစားပေးနိုင်တော့လိမ့်မည် မဟုတ်ချေ။

ထိုကဲ့သို့ တွေးမိလိုက်သည့်အခိုက် ရန်ကိုင် ကြက်သီးမွှေးညင်းထကာ ကြောက်ကြောက်လန့်လန့် ဖြစ်သွားခဲ့လေသည်။

"ဘယ်သူလဲ။" ရန်ကိုင် အလျင်စလို ထရပ်၍ တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်လေ၏။ "ဘယ်သူ ရှိနေတာလဲ။"

ခဏအကြာတွင် ခြေသံများကို ရန်ကိုင် ကြားလိုက်ရလေသည်။

လက်ရှိတွင် ရန်ကိုင်သည် အလွန်တရာကိုမှ အားအင်ကုန်ခန်း ပင်ပန်းနွမ်းနယ်နေခဲ့လေသည်။ ခြေလက်များကို လှုပ်ဖို့ရာပင် မနည်းကြိုးစားနေရာလေရာ တစ်ယောက်ယောက်သာ သူ့အား လာတိုက်ခိုက်မည်ဆိုပါက ရန်ကိုင်အနေဖြင့် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ ထို့အတွက်ကြောင့် ရန်ကိုင် ချက်ချင်း နိုးနိုးကြွကြွဖြစ်သွားခဲ့ပြီး မျက်နှာပေါ်ရှိ ချွေးစက်နှင့် သွေးစများကို အလျှင်စလို သုတ်၍ သူ့ကိုယ်သူ တည်ငြိမ်ချင်ယောင် ဆောင်လိုက်လေသည်။

ရန်ကိုင်မှ လှမ်းအော်ခေါ်လိုက်ပြီးသည့်နောက်တွင် ခြေသံများမှာ တစ်ချက်ရပ်သွားခဲ့သည်။ သို့သော်ငြား မကြာခင်တွင် ထိုခြေသံများ ထပ်မံထွက်ပေါ်လာခဲ့ပြန်လေသည်။ ယခုတကြိမ် ခြေသံမှာ ယခင်ကထက်ပင် ပိုမြန်နေသေး၏။

ရန်ကိုင်က မျက်နှာပျက်သွားခဲ့ပြီး သူ့ဆီသို့ လာနေသည့်လူအား သေသေချာချာ အာရုံစိုက်ကြည့်နေလိုက်လေ၏။

မကြာခင်တွင် လှပသော ပုံရိပ်တစ်ခု ရန်ကိုင်ရှေ့၌ ပေါ်လာခဲ့လေသည်။ ရန်ကိုင်နှင့် ဆယ်မီတာခန့် အကွာတွင် ရပ်လိုက်ပြီးသည့်နောက် တုံ့ဆိုင်း တုံ့ဆိုင်း အမူအရာဖြင့် မေးလိုက်လေ၏။ "ဆေးဝိဇ္ဇာရန်လား..."

ထိုလူ၏ အသံကို ကြားလိုက်ပြီးသည့်နောက် ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေသည်။ "ခင်ဗျားလား။"

ယခုတကြိမ်ပေါ်လာသည့် လူသည် ရီကျင်းဟန်မှ လွဲ၍ အခြားမဟုတ်ပေ။ ထိုအမျိုးသမီးသည် စတွေ့စဉ်ကတည်းက သူ့နောက်သို့ တကောက်ကောက်လိုက်လာခြင်းဖြစ်ပြီး ရန်ကိုင်မှ မည်ကဲ့သို့ မောင်းထုတ်နေပါစေ လုံးဝထွက်မသွားခဲ့ချေ။

ယခုတကြိမ်တွင်လည်း ထူးထူးဆန်းဆန်းပင် သူ့နောက်သို့ လိုက်လာခဲ့သည်။

ရန်ကိုင်သည် နိုးနိုးကြားကြားနေရင်း အေးစက်စက်လေသံဖြင့် ပြန်မေးလိုက်လေသည်။ "အပေါ်မှာ အရင်းအမြစ်ကျောက်တွေ မကောက်ဘဲနဲ့ ဘာလို့ အောက်ဆင်းလာတာလဲ။"

ဤအမျိုးသမီး သူ့ဆီမှ မည်သည့်အရာအား လိုချင်‌နေသလဲဆိုသလည်းသည်ကို ရန်ကိုင် မသိသော်ငြား သူသည် ထိုအမျိုးသမီးနှင့် မရင်းနှီးချေ။ ထို့ကြောင့် သူမ၏ တောင်းဆိုမှုကို ငြင်းဆန်ခဲ့ခြင်းဖြစ်ပေသည်။ သို့ရာတွင် အမျိုးသမီးမှာတော့ စိတ်ဓာတ်ကျသွားခြင်း မရှိဘဲ သူ့နောက်သို့သာ တောက်လျှောက်လိုက်နေခဲ့လေသည်။

ရီကျင်းဟန်က ပြန်ပြောလိုက်လေ၏။ "ကျွန်မက ရွက်တစ်ထောင်ဂိုဏ်းက လာတဲ့ တစ်ယောက်တည်းသော လူပဲ ဒီတော့ အခြားလူတွေနဲ့ ယှဉ်ပြိုင်နိုင်မှာမဟုတ်မှန်းသိတယ်..."

သူမ၏ လေသံထဲ ခါးသက်မှု အထီးကျန်မှုတို့ ပြည့်နှက်နေခဲ့လေသည်။

"ဒီတော့ ဆေးဝိဇ္ဇာရန် အောက်ဆင်းလာတာကို မြင်တာနဲ့ ကျွန်မလည်း လိုက်ဆင်းလာလိုက်တာ..." ထို့သို့ပြောနေရင်းမှ ချောင်းတစ်ချက် ဆိုးလိုက်‌လေ၏။

"ခင်ဗျား ဒဏ်ရာရထားတာလား။" ရန်ကိုင် မျက်လုံးမြင့်သွားခဲ့လေသည်။

"အသေးစားလေးပါပဲ..." ရီကျင်းဟန်က ပြန်ပြောလိုက်သည်။ "အောက်ဆင်းလာရင်း အခြားတစ်ယောက်တိုက်ခိုက်တာ ခံလိုက်ရတာ..."

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် အကြမ်းဖျင်းနားလည်သွားခဲ့သည်။

အကုန်လုံးသည် လက်ရှိအချိန်၌ သူတို့ကိုယ်ပိုင် စိတ်ဝိဉာဉ်စမ်းချောင်းများ၌ အလုပ်ရှုပ်နေကြလေသည်။ ထို့အတွက်ကြောင့် ရီကျင်းဟန်သာ အောက်သို့ ဆင်းလာလိုပါက စိတ်ဝိဉာဉ်စမ်းချောင်းတစ်ခုထဲသို့ ခုန်ဆင်းရပေလိမ့်မည်။ သူမ ထိုကဲ့သို့ လုပ်လိုက်သည့် အချိန်တွင် ထိုစိတ်ဝိဉာဉ်စမ်းချောင်းအား အပိုင်စီးထားသည့် လူများသည် ရီကျင်းဟန်မှ သူတို့၏ စမ်းချောင်းကို လုချင်နေသည်ဟု ထင်လျက် သူမအား တိုက်ခိုက်ခဲ့ရပေလိမ့်မည်။ ရီကျင်းဟန်သည် တာအိုသခင်ဒုတိယအဆင့်သာ ရှိသေးသဖြင့် စိတ်ဝိဉာဉ်စမ်းချောင်းထဲသို့ အတင်းတိုးဝင်လာသည့်အခါ အခြားသူများ၏ တိုက်ခိုက်ခြင်း ခံရ၍ ဒဏ်ရာရသည်မှာ သဘာဝသာ ဖြစ်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၇၀)

“ခင်ဗျား အခုလိုမျိုး မဆင်မခြင် လုပ်တာကို ခင်ဗျားမိဘတွေသိလား…” ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်နေရင်းမှ ရီကျင်းဟန်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လျက် မေးလိုက်လေသည်။

ရီကျင်းဟန်က ခါးသက်သက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ကျွန်မက မွေးကတည်းက မိဘမဲ့ပဲ…”

ရန်ကိုင် ဆွံ့အသွားခဲ့လေ၏။ ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ပြန်မေးလိုက်လေသည်။ “ခင်ဗျား အခု ဘာကို မြင်လိုက်လဲ…”

“ဘာကို မြင်ရမှာလဲ…” ရီကျင်းဟန်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။

“ဘာမှမဟုတ်တော့ဘူး…” ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ ရီကျင်းဟန်၏ လေသံနှင့် ပုံစံသည် လိမ်နေသည့်ပုံစံမျိုး မပေါ်။ ထို့ကြောင့် သူမ ဘာမှမမြင်လိုက်လောက်ပေ။

“ဆေးဝိဇ္ဇာရန်…” ရီကျင်းဟန်က အနည်းငယ် တုံ့ဆိုင်းနေသည့် အမူအယာဖြင့် ပြောလိုက်လေသည်။ “ကျွန်မကို စကားနည်းနည်းလောက် ပြောခွင့်ပေးလို့ရမလား…”

“ခင်ဗျား အခုပဲ ပြောနေပြီမဟုတ်ဘူးလား…” လက်ရှိအချိန်တွင် ရန်ကိုင်သည် အတော်လေးကို အားနည်းနေခဲ့သည်။ ရီကျင်းဟန်သည် သူ့အပေါ် မကောင်းကြံလိမ့်မည် မဟုတ်သော်ငြား သတိဆိုသည်မှာ ပိုသည်မရှိပေ။ သူ့ကိုယ်သူ ကောင်းချင်ယောင်ဆောင်လျက် တိတ်တဆိတ် အားပြန်ဖြည့်နေခဲ့လေ၏။

“ကျေးဇူးအများကြီးတင်ပါတယ် ဆေးဝိဇ္ဇာရန်…” ထိုစကားကို ကြားသည့်အခါ ရီကျင်းဟန် ပျော်သွားခဲ့လေသည်။ နောက်ဆုံးတွင် သူမ၏ ကြိုးစားအားထုတ်မှုတို့ အချည်းအနှီး ဖြစ်မသွားခဲ့ပေ။ စကားလုံးများကို သေချာရွေးချယ်ပြီးသည့်နောက် အလေးအနက်အမူအယာဖြင့် ပြောလိုက်လေ၏။ “ကျွန်မ ဆေးဝိဇ္ဇာရန်ဆီကနေ အကူအညီတစ်ခုလောက် တောင်းချင်လို့ လိုက်ရှာနေခဲ့တာ…”

ရန်ကိုင်ကမူ မျက်လုံးပိတ်၍သာ မကြားချင်ယောင် ဆောင်နေခဲ့လေသည်။

ရီကျင်းဟန်က ဆက်ပြောလိုက်လေသည်။ “ဆေးဝိဇ္ဇာရန် တကယ်ကို… အမ်… ဆေးဝိဇ္ဇာရန် ရှင့်နောက်ကို သတိထား…”

“ဘာလဲ…” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေ၏။

ရန်ကိုင့်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ သူ့ကိုယ်သူ အားပြန်ဖြည့်ရာတွင် အာရုံစိုက်နေသဖြင့် သူ့နောက်မှ အန္တရာယ်တစ်ခု ချဉ်းကပ်လာနေသည်ကိုပင် သတိမပြုခဲ့ပေ။ ရီကျင်းဟန်မှ သတိပေးလိုက်သည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ထိုအရာကို လုံးဝ သတိထားမိလိုက်လိမ့်မည် မဟုတ်။

သူ့အနီးအနားသို့ သူပင် သတိမပြုမိလိုက်ဘဲ ရောက်လာနိုင်သည့် လူအကြောင်းကို တွေးရင်း ရန်ကိုင့်မှာ အလွန်ကိုမှ ထိတ်လန့်မိသွားသလို ပျာယာလည်း ခတ်သွားခဲ့လေသည်။

သို့ဖြင့် ရန်ကိုင်သည် အရင်းအမြစ်ချီကို ကမန်းကတန်း လှည့်ပတ်၍ လေပေါ်သို့ ခုန်တက်ကာ ချက်ချင်း နောက်ပြန်လှည့်၍ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တည့်တည့်တွင် ကာထားလိုက်လေသည်။

“ဘုန်း…”

အလွန်ပြင်းထန်သည့် အားတစ်ရပ်သည် ရန်ကိုင့်လက် တည့်တည့်သို့ လာရောက် ထိမှန်လေသည်။

“ခရက် ခရက် ခရက်…”

အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့လေ၏။

ယခုတစ်ကြိမ် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်သွားတော့လေသည်။

ရန်ကိုင့်၏ ခန္ဓာကိုယ်သည် အလွန်တရာကိုမှ မာကျောကြံ့ခိုင်လှသည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှ တိုက်ခိုက်မည်ဆိုလျှင်ပင် သူ့အရိုးကို ကျိုးအောင် ချိုးနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ဤမမျှော်လင့်ထားသော တိုက်ခိုက်မှုသည် သူ့အရိုးများကို သွင်သွင်ကျိုးသွားစေခဲ့သည်။

“နဂါးအသွင်ပြောင်းလဲခြင်း…” ရန်ကိုင်က ရုတ်တရက် ထအော်လိုက်လေသည်။ စူးရှသည့် နဂါးဟိန်းသံနှင့်အတူ နဂါးအကြေးခွံများ သူ့လက်မောင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေ၏။

“ဒီစွမ်းအား…” သူ့အား လာရောက်ထိမှန်သည့် စွမ်းအားနှင့် ပတ်သက်၍ တစ်ခုခု ထူးဆန်းနေကြောင်း သတိပြုမိလိုက်သော် ရန်ကိုင့်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေ၏။ ထိုစွမ်းအားသည် သူရင်းနှီးနေသည့် အရင်းအမြစ်ချီမဟုတ်ဘဲ ဘာမှန်းမသိရသော စွမ်းအားတစ်မျိုး ဖြစ်နေခဲ့လေသည်။

ထို့နောက်တွင် ချက်ချင်းခေါင်းမော့၍ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ သူ့အား တိုက်ခိုက်လိုက်သည့် တရားခံကို စတင် ရှာဖွေတော့လေသည်။

တရားခံကို မြင်လိုက်ချိန် ရန်ကိုင် သက်ပြင်းချမိသွားလေ၏။

ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းတွင် အနက်ရောင် ပုံရိပ်ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုပုံရိပ်ကြီးဆီမှ မည်သည့်အသက်စွမ်းအင်မှ ဖြာထွက်နေခြင်း မရှိခဲ့ပေ။ သို့ရာတွင် အလွန်ပြင်းထန်သည့် စွမ်းအင်လှိုင်းများမှာတော့ ထိုပုံရိပ်တစ်ဝိုက် ရစ်သိုင်းနေခဲ့လေ၏။

အမှောင်ထုထဲဝယ် မြင်သူတိုင်းအား ကြောက်ရွံ့ တုန်ရီသွားစေနိုင်သော သွေးနီရောင်မျက်လုံးနှစ်လုံး တလက်လက် တောက်ပနေခဲ့လေသည်။

ရန်ကိုင့်မျက်နှာ မည်းမှောင်သွားခဲ့ပြီး လေသံတိုးတိုးဖြင့် ပြန်မေးလိုက်လေသည်။ “ခင်ဗျားဘယ်သူလဲ…”

မည်သည့်အသံမှ ထွက်မလာခဲ့ချေ။ ထိုပုံရိပ်သည် ရန်ကိုင့်အား တစ်ချက်သာ စိုက်ကြည့်လိုက်ပြီးသည့်နောက် ၎င်း၏လက်သီးဖြင့် ရန်ကိုင့်အား ထပ်မံ ထိုးချလိုက်လေသည်။

ရိုးရိုးသာမန် လက်သီးတစ်ချက်သာ ဖြစ်သော်ငြား လက်သီးအား လွှဲယမ်းလိုက်ရာမှ ထွက်ပေါ်လာသော လေပြင်းများသည် အလွန်ထက်ရှသည့် ဓါးသွားများနှယ် ရန်ကိုင်၏ အသားကို ဖြတ်တောက်ရန် ကြိုးစားနေခဲ့လေ၏။

တစ်ကြိမ်ခံရဖူးပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် သေသေချာချာကို သတိထားနေခဲ့လေသည်။ သူ့လက်ကို ဝှေ့ယမ်းလျက် မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများကို ဆင့်ခေါ်ကာ ထိုအက်ကြောင်းလေးများကို တိုးဝင်လာနေသည့် တိုက်ခိုက်မှုဆီသို့ ပစ်လွှတ်လိုက်လေ၏။

သူ၏ ပြိုင်ဘက်သည်လည်း ရန်ကိုင်၏တိုက်ခိုက်မှုမှာ အန္တရာယ်များကြောင်း သဘောပေါက်လိုက်သည့်အလား သူ့တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းလျက် ခပ်လှမ်းလှမ်းသို့ ဆုတ်သွားခဲ့လေသည်။

အနက်ရောင်ပုံရိပ်ကြီးမှာ အလွန်မြန်ဆန်လှခြင်း မရှိပေ။ သူ၏လှုပ်ရှားမှုများမှာ အနည်းငယ် တောင့်တောင့်ကြီးပင် ဖြစ်နေခဲ့သည်။ သို့သော်ငြား ဤအနက်ရောင်ပုံရိပ်သည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းသည့် ရန်သူတစ်ဦး ဖြစ်ကြောင်းကို ရန်ကိုင် သေသေချာချာ သိထားပေသည်။

“ဝုန်း…” ထူးဆန်းသည့် အသံတစ်သံသည် အနက်ရောင် အရိပ်ကြီးဆီမှ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့ဝမ်းဗိုက်သည် အနည်းငယ် ပူလောင်လာသလို ဖြစ်လာကြောင်း ရန်ကိုင် ရုတ်တရက် ခံစားလိုက်ရလေသည်။

“ဘာဖြစ်တာလဲ…” ရန်ကိုင်က ပျာယာခတ်သွားခဲ့ပြီး မြေပြင်အား ဆောင့်နင်းလျက် နောက်သို့ ခုန်ဆုတ်သွားလေသည်။

သူ့ပြိုင်ဘက်သာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေမည်ဆိုလျှင် ရန်ကိုင် ကြောက်နေလိမ့်မည် မဟုတ်။ သို့သော်ငြား လက်ရှိအချိန်တွင် သူ့စိတ်ထဲ ဤအနက်ရောင်အရိပ်ဆီမှ ဝေးနိုင်သမျှ ဝေးဝေးသို့သာ သွားချင်နေမိသည်။

အကြောင်းမှာ သူ့ဝမ်းဗိုက်နေရာတွင် ချိတ်ပိတ်ထားသော ရှေးဟောင်းနတ်ဆိုးချီမှာ စတင်၍ လှုပ်လှုပ်ရွရွ ဖြစ်လာသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ကံကောင်းစွာဖြင့် ရွှေရောင်နှင့် ငွေရောင်ချိတ်စည်းသည် ရှေးဟောင်းနတ်ဆိုးချီအား အကြွင်းမဲ့ ဖိနှိပ်ထားခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် နတ်ဆိုးအသွင်သို့ နောက်တစ်ကြိမ် ပြန်လည် ပြောင်းသွားရတော့ပေလိမ့်မည်။

(ဒီအရိပ်က ရှေးဟောင်းနတ်ဆိုးနဲ့ ပတ်သက်နေတာလား…)

ရန်ကိုင့်စိတ်ထဲ အတွေးတစ်ခု ဖြတ်ပြေးသွားပြီးသည့်နောက် သူ့မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့လေသည်။

ရန်ကိုင့်၏ ဝမ်းဗိုက်နေရာတွင် ရှိနေသော နတ်ဆိုးစိတ်ဝိဉာဉ်မှာ ဖိနှိပ်ထားခြင်း ခံရသော်ငြား ထိုအရာကို အနက်ရောင်အရိပ်ကြီးမှ လုံးဝကို သတိပြုမိသွားခဲ့သည်။ သတိပြုမိသွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင်အရိပ်ဆီမှ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော အနက်ရောင်စွမ်းအင်တို့မှာလည်း ပို၍ သိသာထင်ရှားလာခဲ့လေသည်။

“နတ်ဆိုးချီ…” ရန်ကိုင် အလန့်တကြား ထအော်လေသည်။

ယခု သူ့ရှေ့တွင် ရှိနေသည့် အနက်ရောင်အရိပ်ကြီးသည် ရှေးဟောင်းနတ်ဆိုးနှင့် ပတ်သက်နေရမည်မှန်း ရန်ကိုင် လုံးဝသေချာသွားခဲ့လေသည်။ အကြောင်းမှာ အရိပ်ကြီးဆီမှ ဖြာထွက်နေသော စွမ်းအင်များသည် နတ်ဆိုးချီနှင့် လုံးဝကို တူနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

“သတ်…” အနက်ရောင်အရိပ်၏ ပါးစပ်ဆီမှ စကားလုံးတစ်လုံး ထွက်လာခဲ့သည်။ ထို့နောက်တွင် ကမ္ဘာတစ်ခုလုံးအား ဖျက်ဆီးနိုင်စွမ်းရှိသည်ဟု ထင်မှတ်ရလောက်အောင် ပြင်းထန်သည့် လက်သီးဖြင့် ရန်ကိုင့်တည့်တည့်သို့ ထိုးချလိုက်လေ၏။

ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး ချက်ချင်းပဲ အန္တဓါးကို ထုတ်ယူလိုက်လေသည်။ ထို့နောက် မာန်သွင်းအော်ဟစ်၍ ဓါးထဲသို့ အရင်းအမြစ်ချီကို ထည့်သွင်းရင်း ပိုင်းချလိုက်လေ၏။

“ဘုန်း…”

ဓါးချီလှိုင်းတို့ အဖက်ဖက်သို့ ဖြာထွက်လာခဲ့လေသည်။

ဓါးချီများ စုပေါင်း၍ မာကြောကျစ်လျစ် ကြံ့ခိုင်သော အကာအကွယ်တစ်ခု ရန်ကိုင့်ရှေ့တွင် ထွက်ပေါ်လာခဲ့လေ၏။ ထိုအကာအကွယ်ကြောင့် ရန်ကိုင်မှာ အနက်ရောင်အရိပ်ကြီး၏ ပထမလက်သီးချက်ဆီမှ သက်သာရာ ရသွားခဲ့လေသည်။ သို့သော်ငြား အနက်ရောင်အရိပ်ကြီးမှာ လက်သီးတစ်ချက် ထိုးပြီးသည်နှင့် နောက်တစ်ချက် ထပ်ထိုးလေသည်။ ဒုတိယအကြိမ် တိုးဝင်လာသော လက်သီးချက်ကြောင့် ရန်ကိုင့်တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး သူဖန်တီးထားသည့် အကာအရံမှာလည်း ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။

“ဆေးဝိဇ္ဇာရန်… ကျွန်မ ကူညီပေးမယ်…” ရီကျင်းဟန်၏ တုန်ရီနေသည့် အသံသည် ရန်ကိုင့်၏ နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့သည်။ သူမကြည့်ရသည်မှာ ဤအနက်ရောင် အရိပ်ကြီးကို ကြောက်လန့်နေသည့် ပုံပင်။ သို့သော်ငြား ရဲဆေးတင်၍ ရန်ကိုင့်ဆီသို့ ပျံသန်းလာခဲ့လေသည်။ ထို့နောက် လက်ကောက်တစ်ကွင်းကို ထုတ်ယူလျက် ထိုထဲသို့ အရင်းအမြစ်ချီ ထည့်သွင်းလိုက်လေ၏။ လက်ကောက်ကြီးသည် လက်ဆေးဇလုံ အရွယ်အစားအဖြစ်သို့ တဖြည်းဖြည်း ကြီးမားလာခဲ့ပြီးသည့်နောက် အနက်ရောင်အရိပ်ဆီသို့ ပျံသန်းသွားလေသည်။

“မလုပ်နဲ့…” ရန်ကိုင်က ထအော်လေသည်။

ရီကျင်းဟန်၏ ကျင့်ကြံခြင်းမှာ ရန်ကိုင်နှင့် အတူတူသာ ဖြစ်သော်ငြား သူမအနေဖြင့် ဤအနက်ရောင်အရိပ်ကို မည်သို့မှ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ တစ်ချက်လောက် သတိလွတ်သွားရုံဖြင့် သူမအဖို့ အသက်ပျောက်သွားနိုင်ပေသည်။

ရန်ကိုင်မှ အော်ဟစ်သတိပေးလိုက်သော်ငြား နောက်ကျလွန်းနေခဲ့လေပြီ။ လက်ကောက်သည် မျက်တောင်တစ်ခတ်အတွင်း အနက်ရောင်အရိပ်ဆီသို့ ရောက်သွားခဲ့ပြီး အနက်ရောင်အရိပ်၏ ဦးခေါင်းအား သွားရောက်ထိမှန်လေသည်။ အနက်ရောင်အရိပ်မှာမူ လုံးဝပင် ခုခံခြင်းမပြု။ လက်ကောက်မှ သူ့ခေါင်းအား လာရောက်ထိမှန်သည်ကိုသာ ရပ်ကြည့်နေခဲ့လေသည်။

“ထန်…”

အလွန်မာကြောသည့်အရာတစ်ခုကို သွားရောက်ထိမှန်သည့်အလား သတ္တုချင်း ထိခတ်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် လက်ကောက်ပေါ်ရှိ အရောင်အဝါမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့ပြီး နတ်ဆိုးချီများသည် လက်ကောက်ပေါ်သို့ စတင် ကူးစက်လာလေတော့သည်။

“အဟွတ်…”

ရီကျင်းဟန် သွေးတစ်ပွက် ထိုးအန်လိုက်ရပြီး သူမ၏ အရှိန်အဝါမှာ တမုဟုတ်ချည်း အားနည်းသွားခဲ့လေသည်။

ဤလက်ကောက်သည် သူမ၏ မွေးရာပါ မှော်ရတနာတစ်ခု ဖြစ်သည်။ သူမ၏ အသက်စွမ်းအင်ကို သုံး၍ ငယ်စဉ်တည်းက ဤလက်ကောက်ကို အားဖြည့်ပေးလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ကောက်ထိခိုက်သွားသည့်အခါ သူမ၏ရုပ်ခန္ဓာလည်း ဘေးထွက်ဆိုးကျိုးကို ခံစားရတော့လေသည်။ ချက်ချင်းပဲ ရီကျင်းဟန်သည် ကြောက်ကြောက်လန့်လန့်ဖြင့် သူမ၏လက်ကောက်ကို ပြန်ဆွဲယူလိုက်လေသည်။

ငုံ့ကြည့်လိုက်သည့်အခါ လက်ကောက်တစ်ဝိုက်တွင် နတ်ဆိုးချီတို့ ရစ်သိုင်းနေသည်ကို တွေ့လိုက်ရလေ၏။

ယခုမှသာ အနက်ရောင်အရိပ်နှင့် သူမကြားရှိ ခွန်အားကွာခြားချက်ကို ရီကျင်းဟန် နားလည်သွားတော့လေသည်။

“သတ်…” သတ္တုအချင်းချင်း ပွတ်တိုက်နေသည့်အလား စူးရှခြောက်ကပ်သော အသံတစ်သံ အနက်ရောင်အရိပ်ဆီမှ ထပ်မံထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်၍ အနန္တဓါးကို ဝှေ့ယမ်းကာ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်လေသည်။ ထို့နောက် သူ့ပြိုင်ဘက်အား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်လျက် လေသံတိုးတိုးဖြင့် အော်မေးလိုက်လေသည်။ “ခင်ဗျားဘယ်သူလဲ… မျက်လုံးတစ်လုံး မဟာနတ်ဆိုးနဲ့ ဘယ်လိုပတ်သက်နေတာလဲ…”

“သတ်…” အနက်ရောင်အရိပ်ကမူ ထိုစကားလုံးတစ်လုံးကိုသာ အဆက်မပြတ် အော်ဟစ်နေခဲ့လေ၏။

“မင်းငါ့ကို လာအထင်သေးနေတာလား…” ရန်ကိုင် ဒေါသူပုန် ထသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ၏ ဘယ်ဘက်မျက်လုံးမှ ရွှေရောင်တလက်လက် တောက်ပလာတော့လေ၏။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကိုသုံး၍ ဤအနက်ရောင်အရိပ် မည်သူဖြစ်သလဲ ဆိုသည်ကို သေချာ ကြည့်ချင်နေခြင်း ဖြစ်သည်။

သို့သော်ငြား မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင်၏အမူအယာ ထူးဆန်းသွားခဲ့ပြီး အထိတ်တလန့်ဖြင့် ရေရွတ်လိုက်လေ၏။ “ဒါ ဒါက…”

သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးသည် ပုံရိပ်ယောင်များကို ထိုးဖောက်မြင်နိုင်ပေသည်။ ထို့ကြောင့် ဤမျက်လုံးဖြင့် အနက်ရောင်အရိပ်၏ အစစ်အမှန်ပုံစံကိုလည်း မြင်တွေ့နိုင်ခဲ့လေ၏။

အနက်ရောင်အရိပ်မှာ လျို့ယန်ကဲ့သို့ပင် သက်ရှိတစ်ခုမဟုတ်ဘဲ မှော်ရတနာစိတ်ဝိဉာဉ်မှ လူအသွင်ယူထားသည့် တည်ရှိမှုတစ်ခုသာ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

သို့သော်ငြား အနက်ရောင်အရိပ်၏ မူလပုံစံသည် ဧရာမတူကြီးတစ်လက် ဖြစ်နေခဲ့လေသည်။

ထိုအနက်ရောင်တူကြီးသည် အနက်ရောင်အရိပ်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခြင်း ဖြစ်သည်။ အနက်ရောင်တူဆီမှ အဆုံးမသတ်နိုင်လောက်အောင် များပြားလွန်းလှသော နတ်ဆိုးချီများ ဖြာထွက်နေခဲ့လေသည်။ နက်နဲဆန်းကြယ်လှသည့် ရုန်းအက္ခရာတို့မှာလည်း တူမျက်နှာပြင်တစ်ဝိုက်တွင် ရှိနေခဲ့လေ၏။

အနက်ရောင်အရိပ်ကြီးအား တောက်လျှောက် စိုက်ကြည့်နေလေသော ရန်ကိုင့်၏ဘယ်ဘက်မျက်လုံး တဆစ်ဆစ် ကိုက်လာခဲ့လေသည်။ သို့သော်ငြား အားတင်း၍ တကယ့်တူပုံစံကို သေချာမြင်ရအောင် ဆက်လက်စိုက်ကြည့်နေလိုက်လေ၏။ ကြည့်နေရင်း ကြည့်နေရင်း ထိုတူကို တစ်နေရာရာတွင် မြင်ဖူးသလို ခံစားလိုက်ရလေသည်။

ထို့နောက်တွင် ရန်ကိုင် မှတ်မိသွားခဲ့လေ၏။

သူကိုယ်တိုင် မြင်ဖူးခြင်းတော့မဟုတ်။ ကျန်းမိသားစု၏ သခင်လေးဖြစ်သော ကျန်းချူဟဲ၏ မှတ်ဉာဏ်များကို ဖတ်ရာမှ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

နတ်ဆိုးချီတို့ မေပယ်မြို့အား ဖုံးလွှမ်းသွားစဉ်က ကျန်းချူဟဲသည်လည်း နတ်ဆိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်နှင့် ချင်းယုသည် အတူပူးပေါင်းလျက် ကျင့်စဉ်တစ်ခုကိုသုံးကာ ကျန်းချူဟဲ၏ မှတ်ဉာဏ်များကို ဖတ်ရှုခဲ့သည်။ ထိုမှတ်ဉာဏ်များထဲတွင် ဤတူကိုလည်း ရန်ကိုင် မြင်တွေ့ခဲ့ရပေသည်။

ထိုမိုးမြေတစ်ခွင် တုန်ဟီးမတတ် တိုက်ပွဲကြီးတွင် ရှေးဟောင်းမဟာနတ်ဆိုးသည် ဤတိုက်ပွဲတူကြီးကို ဝှေ့ယမ်းလျက် ပညာရှင်ပေါင်းများစွာကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့လေသည်။

“နတ်ဆိုးတိုက်ပွဲတူ…” ရန်ကိုင်က ထအော်လိုက်ပြီးသည့်နောက် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးအား အမြန် ပြန်ရုတ်သိမ်းလိုက်လေသည်။

ဤတူကြီးသာ ရှေးဟောင်းမဟာနတ်ဆိုး၏ တိုက်ပွဲတူဖြစ်မည်ဆိုပါက ရန်ကိုင့်၏ကိုယ်ထဲတွင် ချိတ်ပိတ်ထားခြင်း ခံရသော နတ်ဆိုးစိတ်ဝိဉာဉ်နှင့် အနက်ရောင်အရိပ် သွားရောက်ပဲ့တင်ထပ်သည်မှာ သဘာဝသာဖြစ်လေသည်။ ထိုအရာသာ အမှန်ဖြစ်ပါက ရှေးခေတ်အချိန်အခါက ပညာရှင်များသည် ရှေးဟောင်းမဟာနတ်ဆိုး၏ အနက်ရောင်မျက်လုံးကိုသာလျှင် မဟုတ်ဘဲ သူအသုံးပြုခဲ့သော နတ်ဆိုးတိုက်ပွဲတူကိုလည်း ဤနေရာတွင် ချိတ်ပိတ်ထားခဲ့ခြင်း ဖြစ်ရပေမည်။

ယခု ကြယ်ရှစ်စင်း အစီအရင်ဖြင့် ချိတ်ပိတ်ထားခြင်း ခံရသော နတ်ဆိုးတိုက်ပွဲတူမှာ ပြန်လည် လွတ်မြောက်လာခဲ့လေပြီ။

ဤကဲ့သို့ ဖြစ်သွားရခြင်းမှ ရန်ကိုင်မှ အရင်းအမြစ်ကျောက်တွင်းကို ဖယ်ထုတ်ပစ်လိုက်သည့် အတွက်ကြောင့်လည်း ဖြစ်လောက်ပေသည်။ အရင်းအမြစ်ကျောက်တွင်းသည် နတ်ဆိုးတိုက်ပွဲတူအား ချိတ်ပိတ်ထားရာ၌ အဓိက သော့ချက်ဖြစ်လောက်သည်။

ဤသည်မှာ သူ၏ခန့်မှန်းချက် သက်သက်သာ ဖြစ်သော်ငြား ရန်ကိုင့်အနေဖြင့် အရင်းအမြစ်ကျောက်တွင်းအား သိမ်းယူလိုက်ရသည့်အပေါ် မည်သည့်နောင်တမှ မရခဲ့ပေ။

All Chapters