← Chapters

အခန်း (၂၂၇၁-၂၂၇၅)

Vol. 91 Ch. 2271-2275

အခန်း (၂၂၇၁-၂၂၇၅)

Vol. 91 Ch. 2271-2275

အပိုင်း (၂၂၇၁)

ယနေ့တွင် ကြယ်ရှစ်စင်းအစီအရင်သည် ဤလောကကြီး၌ ပြန်ပေါ်လာခဲ့သည်။ ကြယ်ရှစ်စင်းအစီအရင် ပေါ်လာပြီးသည့်နောက် ဤနေရာသို့ အနှေးနှင့် အမြန်ဆိုသလို အဆင့်မြင့်ပညာရှင်များ ရောက်လာကြပေတော့မည်။ ရန်ကိုင်မှ အရင်းအမြစ်ကျောက်တွင်းအား တူးထုတ်မယူသွားလျှင်ပင် ထိုအရင်းအမြစ်ကျောက်တွင်းကို နောက်ထပ်ရောက်လာသည့် ပညာရှင်များမှ တူးထုတ်ယူသွားကြပေလိမ့်မည်။ တစ်နည်းဆိုရသော် နတ်ဆိုးတိုက်ပွဲတူ လွတ်လာမည်မှာ စောသွားရုံနှင့် နောက်ကျရုံသာ ကွာပေလိမ့်မည်။

သို့သော်ငြား နှစ်ပေါင်းများစွာ ချိတ်ပိတ်ထားခြင်း ခံရသည့်တိုင် နတ်ဆိုးတိုက်ပွဲတူသည် လူအသွင်ယူရန် မဆိုထားနှင့် ၎င်း၏ အသိဉာဏ်ကိုပင်လျှင် ထိန်းထားနိုင်ဦးလိမ့်မည်ဟု ရန်ကိုင် မထင်မှတ်ထားခဲ့ချေ။

ခဏမျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင်သည် ခုခံနေရာမှ တိုက်ခိုက်သည့်ဘက်သို့ ပြောင်းလိုက်လေသည်။

“ရွှစ် ရွှစ် ရွှစ်…”

မရေမတွက်နိုင်သော ဓါးအလင်းတန်းများသည် မိုးသီးမိုးပေါက်များ ကြွေကျလာသည့်နှယ် လူအသွင်ယူထားသော မှော်ရတနာစိတ်ဝိဉာဉ်အား တဝုန်းဝုန်း တိုက်ခိုက်တော့လေသည်။ အနက်ရောင်အရိပ် ကိုယ်ပေါ်ရှိ နတ်ဆိုးချီများမှာလည်း မငြိမ်မသက် ဖြစ်လာကြလေ၏။ သို့ရာတွင် အနက်ရောင်အရိပ်မှာတော့ မည်သည့်ဒဏ်ရာမှ ရမသွားခဲ့ချေ။

ဤသည်မှာ လူအသွင်ယူထားသည့် ရှေးဟောင်းနတ်ဆိုးတိုက်ပွဲတူဖြစ်သည်။ တစ်နည်းဆိုရသော် အနက်ရောင်အရိပ်ကြီး၏ ခုခံနိုင်စွမ်းမှာ ဧကရာဇ်အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုနှင့် ညီမျှပေသည်။ ရန်ကိုင်သာ စိတ်စွမ်းအင်ကိုသုံးပြီး မတိုက်ခိုက်သရွေ့ သူ့ပြိုင်ဘက်အား ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ကံမကောင်းစွာဖြင့် အရင်းအမြစ်ကျောက်တွင်းကို တူးထုတ်ရာတွင် ရန်ကိုင်သည် သူ့စိတ်စွမ်းအင် အကုန်အစင်ကို အသုံးပြုလိုက်ရလေသည်။ ထို့ကြောင့် လတ်တလောအနေဖြင့် မည်သည့်စိတ်စွမ်းအင်ကိုမှ ထပ်မံအသုံးပြုနိုင်လိမ့်ဦးမည် မဟုတ်ပေ။

ထို့အတွက်ကြောင့် ယခု သူ့အနေဖြင့် ခုခံရုံသာ ရှိတော့လေသည်။

ဓါးအလင်းတန်းများကို ပစ်ထုတ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ရီကျင်းဟန်ဆီသို့ ပြေးသွားပြီး သူမလက်ကို ကိုင်၍ အော်ပြောလိုက်လေ၏။ “ပြေးပေတော့…”

အော်ပြောပြီးသည်နှင့် ရန်ကိုင်တို့နှစ်ဦးသည် ဝိဉာဉ်စွမ်းအင်များ စီးထွက်နေသည့် စိတ်ဝိဉာဉ်စမ်းချောင်းအတိုင်း အပေါ်သို့ ပျံတက်သွားတော့လေသည်။

စိတ်ဝိဉာဉ်စမ်းချောင်း အပေါ်၌ ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး မှုန်ကုပ်ကုပ်အမူအယာများဖြင့် ကြည့်နေကြလေ၏။

“အရင်းအမြစ်ကျောက်တွေ ဘယ်ရောက်သွားတာလဲ… ဘာဖြစ်လို့ ထပ်မထွက်လာတော့တာလဲ…”

“ဘာဖြစ်လို့ အရင်းအမြစ်ကျောက်တွေ ထွက်လာနေတာ ရပ်သွားတာလဲ… ဘာတွေများ ဖြစ်နေကြတာလဲ…”

“ဘာတွေဖြစ်နေလဲ ငါလည်း မသိဘူး… ဒီစိတ်ဝိဉာဉ်စမ်းချောင်းမျက်လုံးတွေကနေ ဘာအရင်းအမြစ်ကျောက်မှ ထပ်ထွက်မလာတော့ဘူး…”

ကျင့်ကြံသူများစွာသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း အော်ပြောနေကြလေသည်။

အရင်းအမြစ်ကျောက်များကို အလကားရမည့် ဤကဲ့သို့သော အခွင့်အရေးသည် အလွန်တရာကိုမှ ရှားပါးလှလေသည်။ ထို့အပြင် သူတို့ရရှိမည့် အရင်းအမြစ်ကျောက်များမှာ အဆင့်မြင့်နှင့် အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်များ ဖြစ်ကြပေသည်။ ရုတ်တရက် ထိုအရင်းအမြစ်ကျောက်များ ထပ်မထွက်လာတော့သည်ကို မြင်သော် အကုန်လုံး စိတ်ပျက်သွားသည်မှာ သဘာဝသာ ဖြစ်လေ၏။

စိတ်ဝိဉာဉ်စမ်းချောင်းများဆီမှ ယခုဆိုလျှင် မိုးမြေစွမ်းအင်များသာလျှင် ထွက်ပေါ်လာနေပြီး မည်သည့်အရင်းအမြစ်ကျောက်မှ ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ချေ။

“အောက်ဘက်မှာများ တစ်ခုခု ဖြစ်သွားတာလဲ…” တစ်ယောက်ယောက်က ခန့်မှန်းလိုက်လေသည်။

“ငါတို့ သွားစစ်ဆေးကြည့်ကြမလား… အောက်ဘက်မှာ အခွင့်အရေးကောင်းကြီးတစ်ရပ်ရပ် ရှိရင် ရှိနေနိုင်တယ်နော်… ဘယ်သူမှ ပြောနိုင်တာမဟုတ်ဘူး…” အခြားတစ်ယောက်ကလည်း ဝင်အကြံပေးလိုက်လေသည်။

ထိုစကား ထွက်လာပြီးသည့်နောက် လူတိုင်း၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။

ယခင်က လူတိုင်းသည် အရင်းအမြစ်ကျောက်များကို ဖမ်းယူရာတွင်သာ အာရုံစိုက်ထားသဖြင့် အခြား မည်သည့်ကိစ္စကိုမှ အာရုံမစိုက်အားခဲ့ပေ။ ယခု အရင်းအမြစ်ကျောက်များ ထပ်မထွက်လာသည်ကို မြင်သော် သူတို့စိတ်ထဲ အောက်သို့ ဆင်းကာ သွားစစ်ဆေးချင်မိလာခဲ့သည်။ စိတ်ဝိဉာဉ်စမ်းချောင်းများနှင့်တကွ အရင်းအမြစ်ကျောက်များသည် အောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုသို့ဖြစ်လေရာ အောက်ဘက်တွင် အဖိုးတန်သည့် ရတနာတစ်ခုခု ရှိမနေပါဟု ပြောလာလျှင် မည်သူမျှ ယုံကြလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား မည်သူမှ ဦးဆောင်၍ အောက်သို့ ဆင်းမသွားချင်ကြပေ။ အောက်ဘက်တွင် မည်ကဲ့သို့သော အန္တရာယ်မျိုး ရှိနေသလဲ ဆိုသည်ကို မည်သူမျှ မပြောနိုင်ကြ။ ထို့အတွက်ကြောင့် အကုန်လုံးသည် တစ်ယောက်ကိုတစ်ယောက်သာ ကြည့်နေကြလေသည်။

“အဟမ်း… ရောင်းရင်းရှီဟိုင် မင်းရဲ့ကျင့်ကြံခြင်းက တော်တော်လေးမြင့်တာဆိုတော့ မင်း ဘာဖြစ်လို့ ဦးဆောင်ပြီး မဆင်းတာလဲ…” လူအိုကြီးတစ်ဦးက အခြားလူအိုကြီးတစ်ဦးအား လှမ်းပြောလိုက်လေသည်။

ချီရှီဟိုင် ဆိုသော လူအိုကြီးက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ရောင်းရင်းဝူဟုက တော်တော် နောက်တတ်တာပဲနော်… အဲ့လိုပြောမယ်ဆိုလို့ရှိရင် အရင်းအမြစ်ကျောက်တွေကို ကောက်နေတုန်းက ဘာဖြစ်လို့ ငါ့ကို မဦးဆောင်ခိုင်းပဲနဲ့ အခုကြမှ ဘာလို့ လာပြီးတော့ ဦးဆောင်ခိုင်းနေတာလဲ… ငါ့ကို မင်းစိတ်ကြိုက် လှည့်စားလို့ရမဲ့ သုံးနှစ်သားကလေးများ မှတ်နေတာလား…”

ကျိုးဝူဟုက ခြောက်ကပ်ကပ် ချောင်းဟန့်လျက် “ထားလိုက်တော့… ရောင်းရင်းရှီဟိုင် မလုပ်ချင်ဘူးဆိုလည်း မလုပ်ချင်ဘူးပေါ့… ဘာဖြစ်လို့ အခုလိုမျိုး လာပြောနေရတာလဲ…”

ချီရှီဟိုင်က‌ အေးစက်စက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ငါက အခြားသူတွေ ပြောတိုင်း လုပ်မဲ့ အရူးတစ်ယောက် မဟုတ်ဘူး…”

ကျိုးဝူဟုက အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များဘက်သို့ လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ညီလေးလော့… မင်း ဘယ်လောက် အားကောင်းကြောင်းကို ဒီလူအိုကြီး မြင်ပြီးသွားပြီ… မင်းလိုလူမျိုးတွေက ကောင်းကင်ကံကြမ္မာကို သယ်ဆောင်ထားတဲ့လူတွေပဲ… မင်းတို့အနာဂတ်က ကျိန်းသေ တောက်ပနေမှာ… ညီလေးလော့ရော ဦးဆောင်ပြီး အောက်ကို မဆင်းချင်ဘူးလား…”

လော့ယွမ် မည်သည့်အချိန်တည်းက ပြန်ရောက်နေမှန်း မည်သူမျှ မသိကြ။ ကောင်းရှန်၊ လျို့ရွှေတို့နှင့် တိုက်ခိုက်ပြီးသည့်နောက် လော့ယွမ်တစ်ကိုယ်လုံး ဖိုသီဖတ်သီ ဖြစ်နေသော်ငြား သူ့အကြည့်မှာတော့ အလွန်ကိုမှ တက်ကြွနေခဲ့လေသည်။ ထိုတိုက်ပွဲမှ အကျိုးအမြတ်များစွာ ရခဲ့သည့်အလား။

သူတော်စင်နန်းတော်မှ လူအချို့မှာတော့ လော့ယွမ်ကို ကြောက်သည့် အတွက်ကြောင့်လားမသိ။ ပျောက်ချင်းမလှ ပျောက်နေခဲ့လေသည်။

“လူအိုကြီး… ရှင်က တကယ်ကို ဉာဏ်နီဉာဏ်နက်များတာပဲနော်… ဆင်းချင်ရင် ရှင့်ဘာသာရှင် ဆင်းပါလား… ဘာဖြစ်လို့ ကျွန်မစီနီယာအစ်ကိုလော့ကို လာပြောနေရတာလဲ…” လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည် ကျိုးဝူဟုအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ကျိုးဝူဟု မျက်နှာပျက်သွားခဲ့ပြီး နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ “အကြီးအကဲတွေကို ဘယ်လိုလေးစားရမလဲဆိုတာ နင်မသိဘူးလား ကောင်မလေး… ငါ ဘယ်လောက်အသက်ကြီးတယ်ဆိုတာ နင်မမြင်ဘူးလား… ဒီမှာ ငါ့မုတ်ဆိတ်မွေးနဲ့ ဆံပင်တွေကိုကြည့်လိုက် အကုန်လုံး ဖြူနေပြီ…”

မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ “ဒီလောက်အသက်ကြီးနေပြီ ဆိုရင်လည်း ကိုယ့်ဘာသာကို အေးအေးဆေးဆေးနေပြီး သေမယ့်အချိန်ကို ထိုင်စောင့်နေလိုက်ပါလား… ဘာဖြစ်လို့ ဟိုပြေးဒီပြေး လုပ်နေတာလဲ… အဲ့လိုလုပ်နေရင် ပိုမြန်မြန်သေမယ်ဆိုတာ ရှင်မသိဘူးလား…”

“ကောင်မလေး နင် ဒီလူအိုကြီးကို တကယ် ဒေါသထွက်အောင် လုပ်နေတာပဲ…” ကျိုးဝူဟု ဒေါသကြောင့် တုန်တုန်ရီရီ ဖြစ်လာခဲ့လေသည်။

ချီရှီဟိုင်မှာတော့ အကြပ်ရိုက်နေသည့် ကျိုးဝူဟုကိုကြည့်ရင်း ဝမ်းသာအားရ ဖြစ်နေခဲ့လေ၏။

“တစ်ခုခုမှားနေတယ်…” လော့ယွမ်က ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။ ထို့နောက် အဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်း တစ်ခုဆီသို့ စိုက်ကြည့်လျက် မျက်မှောင်ကျုံ့သွားခဲ့လေ၏။

“ဘာဖြစ်လို့လဲ…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည် လော့ယွမ်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ လော့ယွမ်၏အမူအယာမှာ ပို၍ လေးနက်တည်ကြည် လာခဲ့လေ၏။ ထို့နောက် ရုတ်တရက် ထအော်လေသည်။ “ပြန်ဆုတ်ကြ…”

သူ၏ အရင်းအမြစ်ချီကို အရူးအမူး လှည့်ပတ်လျက် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်အားလုံးကို လွှမ်းခြုံလိုက်လေသည်။ ထို့နောက် မီတာတစ်ထောင်အကွာသို့ ပြန်ဆုတ်သွားခဲ့လေသည်။

“ပွက် ပွက် ပွက်…”

အဆင့်မြင့်စိတ်ဝိဉာဉ်စမ်းချောင်း အလယ်ဗဟိုဆီမှ ပူစီပေါင်းများ ထွက်ပေါ်လာခဲ့လေ၏။

“ဘာတွေ ဖြစ်နေတာလဲ…” အကုန်လုံးသည် စိတ်ဝိဉာဉ်စမ်းချောင်းဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

မကြာမီ ရေပွက်သံနှင့်အတူ လူရိပ်တစ်ခု စိတ်ဝိဉာဉ်စမ်းချောင်းထဲမှ ခုန်ထွက်လာခဲ့လေ၏။

“တစ်ယောက်ယောက် အောက်ကို ဆင်းသွားတာလား…”

“သူဘယ်တုန်းက ဆင်းသွားတာလဲ…”

“အဲ့ဒါ ဟိုမွန်းစတားပဲ…”

ရန်ကိုင့်ကို မြင်ပြီးသည့်နောက် အကုန်လုံး မျက်စိပျက် မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။ အရင်းအမြစ်ကျောက်များ ထပ်မထွက်လာတော့သည်မှာ ဤမွန်းစတားကောင်နှင့်များ ပတ်သက်နေသလား သူတို့မသိသော်ငြား မည်သူမျှ သွားမမေးရဲကြပေ။

“သူဘာဖြစ်လို့ စိတ်ဝိဉာဉ်စမ်းချောင်းထဲကနေ ထွက်လာတာလဲ…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးသည် ရန်ကိုင့်အား ကြည့်ရင်း မျက်မှောင်ကျုံ့နေခဲ့လေသည်။

“အဲ့လိုကိုး…” လော့ယွမ်သည် တစ်ခုခုအား သဘောပေါက်သွားသည့်အလား ပြောလိုက်လေ၏။ “ကြည့်ရတာ ဒီစိတ်ဝိဉာဉ်စမ်းချောင်းတွေ အကုန်လုံးက တစ်ခုနဲ့တစ်ခု ဆက်နေကြတယ်နဲ့တူတယ်…”

“တကယ်ကြီးလား… စီနီယာအစ်ကိုလော့က တကယ်စဉ်းစားတတ်တာပဲ…” မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးက ပြုံးလျက် ပြန်ပြောလိုက်လေသည်။

လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များမှာတော့ ရှက်လွန်းသဖြင့် မျက်နှာများပင် ပူထူသွားခဲ့လေသည်။ သူတို့ဂိုဏ်း၏ သခင်မလေးမှာတော့ လုံးဝကို အချစ်စိတ်တက်နေပြီမှန်း အကုန်လုံး သိလိုက်ကြသည်။

ပေါ်လာပြီးသည့်နှင့် ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်လေသည်။ ထို့နောက် ဟွာချင်းစီနှင့် အခြားသူများ ရှိနေသည့်ဘက်ဆီသို့ အလျင်အမြန် ပြေးသွားလေ၏။

“သခင်…” လျို့ယန်သည် စိတ်ဝိဉာဉ်စမ်းချောင်း အောက်ခြေဆီသို့ စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်လေ၏။ “ဘာလို့မှန်းမသိဘူး… ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရနေတယ် အဲ့အောက်ဘက်ကနေပြီးတော့…”

“အဲ့အောက်မှာ နင့်လိုမျိုး အရာတစ်ခု ရှိနေတယ်…” ရန်ကိုင်က အလျင်အမြန် ပြန်ပြောလိုက်လေ၏။

“လူအသွင်ယူနိုင်တာလား…” လျို့ယန်၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။

ဤလောကကြီးတွင် လူအသွင်ယူ၍ အသိဉာဏ်ရှိသည့် မှော်ရတနာစိတ်ဝိဉာဉ် များများစားစား မရှိကြပေ။ ထို့ကဲ့သို့သော တည်ရှိမှုများသည် မျိုးနွယ်စုတစ်ခုတည်းသာ ဖြစ်ကြသည်။ ထို့ကြောင့် သူမကဲ့သို့သော အရာတစ်ခု ရှိနေသည့်အကြောင်း ကြားလိုက်သော် လျို့ယန် စိတ်လှုပ်ရှားလာမိသည်မှာ သဘာဝသာ ဖြစ်လေသည်။

“အဲ့ဒါက အန္တရာယ်များတယ်… သွားရန်မစနဲ့…” ရန်ကိုင်သည် ရီကျင်းဟန်ကို အောက်သို့ ချလိုက်ပြီးသည့်နောက် သတိပေးလိုက်လေသည်။ ထို့နောက် ဆေးလုံးများ ကို ထုတ်ကာ သောက်လိုက်လေ၏။

“ဝုန်း…”

ရန်ကိုင် ထွက်လာပြီး မကြာခင်မှာပင် နတ်ဆိုးမှော်ရတနာ စိတ်ဝိဉာဉ်သည်လည်း စိတ်ဝိဉာဉ်စမ်းချောင်းထဲမှ ခုန်ထွက်လာခဲ့လေသည်။

“ဟမ်… ဒီတစ်ကြိမ်ကရော ဘယ်သူလဲ…”

“သူ့ကြည့်ရတာ တော်တော်ရက်စက်မဲ့ပုံပဲ…”

“ဟား ဟား ဟား… အဲ့မွန်းစတားကိုတောင် ထွက်ပြေးအောင် လုပ်နိုင်တယ်ဆိုတော့ ဒီကောင်က တော်တော် အားကောင်းမဲ့ပုံပဲ… ဒီကောင် ဟိုမွန်းစတားကောင်ကို မြန်မြန် ရှင်းပစ်လိုက်နိုင်ရင် ကောင်းမှာပဲ…”

“အင်း… ဒီကိစ္စထဲမှာ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းက ကောင်ပါ ပါသွားရင် ပိုကောင်းလိမ့်မယ်… သူတို့တိုက်ခိုက်တာကိုပဲ အေးအေးဆေးဆေး ထိုင်ကြည့်ရအောင်… ပြီးတော့မှ အကျိုးအမြတ်တွေကို သွားရိတ်သိမ်းကြတာပေါ့… ဟဲ ဟဲ ဟဲ…”

ပေါ်လာပြီးသည့်နောက်တွင် နတ်ဆိုးမှော်ရတနာ စိတ်ဝိဉာဉ်သည် ရန်ကိုင့်ကိုသာ အာရုံစိုက်ထားခဲ့လေသည်။ ၎င်းအမြင်တွင် ရန်ကိုင်တစ်ယောက်တည်းသည်သာ အရေးပါပြီး အခြား မည်သူကမှ အရေးမပါသည့်အလား။

ထို့နောက် ၎င်း၏လက်ကို မြှောက်၍ ရန်ကိုင့်တည့်တည့်သို့ အလျင်စလို ထိုးချလိုက်လေသည်။

အလင်းရောင်အားလုံးကို ဝါးမျိုပစ်နိုင်သည့်နှယ် ထင်မှတ်ရသော အနက်ရောင်လှိုင်းတစ်လှိုင်းသည် ရန်ကိုင့်ခေါင်းတည့်တည့်သို့ တိုးဝင်သွားလေ၏။

ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့ပြီး သူ့လက်ကို မြှောက်လျက် စိတ်ဝိဉာဉ်စမ်းချောင်းအား ဖုံးလွှမ်းထားသော ရွှေရောင်သွေးမျှင်များကို ပြန်လည်ဆင့်ခေါ်လိုက်သည်။

“ဘုန်း…”

အနက်ရောင်လှိုင်းသည် ရွှေရောင်ပိုက်ကွန်အား သွားရောက်ထိမှန်လေသည်။ သို့ရာတွင် ရွှေရောင်သွေးမျှင်များမှာ ထိုတိုက်ခိုက်မှုအား တားဆီးနိုင်ခြင်း မရှိဘဲ တမုဟုတ်ချည်း ပျက်စီးကုန်လေ၏။

ရန်ကိုင် မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး ရွှေရောင်သွေးမျှင်များကို ပြန်ရုတ်သိမ်းလျက် အနန္တဓါးဖြင့် လက်ကျန် အနက်ရောင်လှိုင်းကို ခုတ်ချလိုက်လေ၏။

“ဘုန်း…”

အနက်ရောင်လှိုင်းနှင့် အနန္တဓါးတို့ ထိခတ်ရာမှ ဖြာထွက်လာသည့် စွမ်းအင်လှိုင်းများကြောင့် လူတိုင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရလေ၏။

“ဒီကောင်က တကယ် အံ့ဩဖို့ ကောင်းတာပဲ…”

နတ်ဆိုးမှော်ရတနာ စိတ်ဝိဉာဉ်၏ စွမ်းအားကို မြင်လိုက်သော် အကုန်လုံး၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ အဝေးတစ်နေရာတွင် ရှိနေသော လော့ယွမ်ပင်လျှင် မျက်လုံး မှေးစင်းသွားခဲ့လေ၏။

ရန်ကိုင်သည် နောက်ထပ် ဆေးလုံးများကို ထုတ်၍ ထပ်သောက်လိုက်လေသည်။ ဆေးလုံးများအား သကြားလုံးစားသည့်နှယ် ဝါးစားနေရင်းမှ အော်ပြောလိုက်လေ၏။ “ရောင်းရင်းလော့… မင်းအတွက် ပြိုင်ဘက်ကောင်းတစ်ယောက် ငါရှာလာတယ်… စမ်းကြည့်ကြည့်ဦးမလား…”

လော့ယွမ်က အေးစက်စက် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “စိတ်မဝင်စားဘူး… ငါ့ကျင့်စဉ်ကို ကျင့်တာ အောင်မြင်သွားပြီ…”

“တကယ်လား…” ရန်ကိုင်က ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် မင်းကျင့်ကြံထားတဲ့ ကျင့်စဉ် ဘယ်လောက် အားကောင်းလဲ မကောင်းလဲ ဒီတစ်ယောက်နဲ့ စမ်းကြည့်လေ…”

“အရှက်မရှိတဲ့ကောင်…” မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးသည် ရန်ကိုင့်အား လက်သီးလက်မောင်းတန်းလျက် အံကြိတ်ကာ အော်ပြောလိုက်လေ၏။ “ရှင့်ပြဿနာထဲ စီနီယာအစ်ကိုလော့ကို ဆွဲမထည့်နဲ့…”

“ကောင်မလေး… အရှက်ကွဲတာ ကိစ္စမရှိဘူး… ကိုယ့်အသက်က ပိုအရေးကြီးတယ်ဟ…”

“ထားလိုက်တော့ ထားလိုက်တော့…” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြောလိုက်ပြီးသည့်နောက် အားလုံးဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “မင်းတို့က ဧကရာဇ်မှော်ရတနာကို မလိုချင်ဘူးဆိုမှတော့လည်း ငါကိုယ်တိုင်ပဲ ယူရတော့တာပေါ့…”

“ဘာကွ…”

“ဧကရာဇ်မှော်ရတနာ…”

“ဘယ်မှာလဲ ဧကရာဇ်မှော်ရတနာ…”

“မြန်မြန်ပေးလေ… အစ်ကိုကြီးရန်… ဆရာရန်… ကျုပ်လိုချင်ပါတယ် ကျုပ်ကိုပေးပါ…”

ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် သူ့ရှေ့ရှိ နတ်ဆိုးမှော်ရတနာစိတ်ဝိဉာဉ်ကို လက်ညှိုးထိုးရင်း “မင်းတို့အားလုံးက အတွေ့အကြုံရှိပြီးသား ကျင့်ကြံသူတွေပဲ… ဒီကောင်က သက်ရှိမဟုတ်ဘူးဆိုတာကို မင်းတို့မပြောနိုင်ဘူးလား…”

“ညီလေးရန် ဘာပြောချင်နေတာလဲ…” ချီရှီဟိုင်က ရုတ်တရက် မျက်လုံးမှေးစင်းလျက် မေးလိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် “ဒီကောင်က လူမဟုတ်ဘူး… လူအသွင်ယူထားတဲ့ ဧကရာဇ်မှော်ရတနာစိတ်ဝိဉာဉ်ပဲ…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၇၂)

“ဘယ်လို… လူအသွင်ယူထားတဲ့ ဧကရာဇ်မှော်ရတနာ စိတ်ဝိဉာဉ် ဟုတ်လား…”

ရန်ကိုင်၏ စကားသည် လူတိုင်းအား ထိတ်လန့်သွားစေခဲ့လေသည်။ ယခုဆိုလျှင် နတ်ဆိုးမှော်ရတနာစိတ်ဝိဉာဉ်အား ကြည့်နေသည့် လူများ၏ မျက်လုံးထဲ လောဘရိပ်တို့ ထွက်ပေါ်လာနေခဲ့လေပြီ။

ရှင်းရှင်းပြောရလျှင် ဧကရာဇ်မှော်ရတနာဟူသော စကားသက်သက်ကပင်လျှင် သူတို့အား သွားရည်ကျအောင် လုပ်နိုင်ပေသည်။ လူအသွင်ယူနိုင်သော မှော်ရတနာစိတ်ဝိဉာဉ်ရှိနေသည့် ဧကရာဇ်မှော်ရတနာကို သူတို့ဘဝတွင် မြင်ဖူးရန် မဆိုထားနှင့် ကြားပင် မကြားဖူးချေ။ တစ်နည်းဆိုရသော် ဤရတနာသည် အဖိုးအနဂ္ဂထိုက်တန်သည့် ရတနာတစ်ခုသာ ဖြစ်လေသည်။

“ဂလု ဂလု…”

တံတွေးမျိုချသံများ မြေအောက်လိုဏ်ခေါင်းထဲ ထွက်ပေါ်လာခဲ့လေ၏။ အကုန်လုံးသည် မှော်ရတနာစိတ်ဝိဉာဉ်အား လောဘတကြီး စိုက်ကြည့်ရင်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လျက် မှော်ရတနာစိတ်ဝိဉာဉ်သည် ရန်ကိုင် ပြောသလို ဟုတ်မဟုတ် စစ်ဆေးကြည့်လိုက်လေသည်။

ခဏအကြာတွင် ချီရှီဟိုင်က အော်ပြောလိုက်လေ၏။ “တကယ်ကြီး ဧကရာဇ်အဆင့် မှော်ရတနာပဲ…”

မှော်ရတနာစိတ်ဝိဉာဉ်၏ ခန္ဓာကိုယ်ထဲတွင် နတ်ဆိုးတိုက်ပွဲတူ ရှိနေသည်ကို သူမြင်လိုက်ရသည်။ ထိုတိုက်ပွဲတူဆီမှလည်း တာအိုသခင်အဆင့် ကျင့်ကြံသူများ နားလည်သဘောမပေါက်နိုင်သော ဧကရာဇ်စိတ်ဆန္ဒနှင့် ဧကရာဇ်အရှိန်အဝါကို ခံစားမိနေခဲ့လေသည်။

“တကယ်ကြီး ဧကရာဇ်အဆင့်မှော်ရတနာပဲ…” ကျိုးဝူဟုသည် ထိုကဲ့သို့ ပြောလိုက်သော်ငြား လောဘဇောတက်သွားခြင်း မရှိဘဲ အနည်းငယ် ကြောက်လန့်နေသည့် အမူအယာဖြင့် “ဒါပေမဲ့ လူအသွင် ယူထားနိုင်တာ ဆိုတော့ သူ့ကြည့်ရတာ ရင်ဆိုင်လို့ လွယ်မဲ့ပုံ မပေါ်ဘူး… မင်းတို့ ဒုက္ခမရောက်ချင်ရင် မဆင်မခြင် မလှုပ်ရှားနဲ့နော် အကုန်လုံး…”

ထိုစကားကိုကြားသော် အကုန်လုံးသည် ရေအေးလောင်းချခံလိုက်ရသည့်အလား သူတို့၏ စိတ်လှုပ်ရှားမှုတို့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့ကြလေသည်။

ရန်ကိုင်သည် ကျိုးဝူဟုအား ကြည့်လျက် ရယ်မောကာ ပြောလိုက်လေ၏။ “ရည်မှန်းချက် ကြီးကြီးမားမား ရှိတယ်ဆိုလို့ရှိရင် စွန့်စားရဲရတယ်ကွ… ဒီကလူကြီးမင်းက ဒီလောက် သတိကြီးနေမှတော့ ဘာဖြစ်လို့ ထွက်မသွားတာလဲ… ဘာလို့ ဒီမှာ ဆက်နေနေသေးတာလဲ…”

ကျိုးဝူဟုက ခြောက်ကပ်ကပ် ချောင်းဟန့်လျက် ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီတိုင်းပဲ ကြည့်ကြည့်ရုံပါပဲ…”

ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “ဒီမှော်ရတနာစိတ်ဝိဉာဉ်က လူအသွင်ယူထားတယ်ဆိုပေမဲ့ ဒီကောင် ကြယ်ရှစ်စင်းအစီအရင်အောက်မှာ ချိတ်ပိတ်ထားခံရတာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာနေပြီ… သူက အားကောင်းတယ်ဆိုပေမဲ့ အခု သူ့ခွန်အားက လုံးဝ အထွဋ်အထိပ် အခြေအနေမှာ မရှိတော့ဘူး… ဒီတော့ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုရဲ့ အစွမ်းကုန် ခွန်အားကို ထုတ်ပြနိုင်မှာမဟုတ်ဘူး… မင်းတို့ ဒီမှော်ရတနာကို စိတ်ဝင်စားတယ်ဆိုလို့ရှိရင် ငါ့နောက်လိုက်ပြီးတော့ သူနဲ့တိုက်ခိုက်… ဒီရတနာကို ဘယ်သူရမလဲ ဆိုတာကတော့ ကံပေါ်မူတည်တာပေါ့…”

ပြောပြီးသွားသည်နှင့် ရန်ကိုင်သည် သူ့ကိုယ်သူ ရဲဆေးတင်လျက် အနန္တဓါးကို ဝှေ့ယမ်းရင်း မရေမတွက်နိုင်သော ချီဓါးသွားများကို မှော်ရတနာစိတ်ဝိဉာဉ်ဆီသို့ ပစ်လိုက်လေသည်။

ရန်ကိုင်မှ ဦးဆောင်လှုပ်ရှားနေသည်ကို မြင်သော် အခြားကျင့်ကြံသူများလည်း တိုက်ပွဲထဲ ဝင်ပါလာကြတော့လေ၏။

လူအသွင်ယူထားသော ဧကရာဇ်မှော်ရတနာတစ်ခုနှင့် တိုက်ခိုက်ရသည်မှာ အန္တရာယ်များမှန်း လူတိုင်း သိထားကြသည်။ သို့သော်ငြား ဧကရာဇ်မှော်ရတနာတစ်ခု၏ ဆွဲဆောင်နိုင်စွမ်းကို မည်သူမျှ မလွန်ဆန်နိုင်ကြပေ။

တခဏလေးမှာပင် ကျင့်ကြံသူအားလုံးသည် သူတို့၏ အရင်းအမြစ်ချီကို လှည့်ပတ်လျက် ကျင့်စဉ်များ သိုင်းပညာရပ်များကို ထုတ်ကာ မှော်ရတနာစိတ်ဝိဉာဉ်အား တိုက်ခိုက်လိုက်ကြလေသည်။

လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များမှာလည်း ထိုတိုက်ပွဲတွင် ဝင်ပါချင်ကြသော်ငြား လော့ယွမ်သည် တိုက်ပွဲထဲ ဝင်မပါဘဲ အေးအေးဆေးဆေး ရပ်ကြည့်နေသည်ကို မြင်သော် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များလည်း ဝင်မပါရဲကြတော့ဘဲ ရင်တမမဖြင့်သာ လှမ်းကြည့်နေရတော့လေ၏။

“ဘုန်း ဘုန်း ဘုန်း…”

မှော်ရတနာစိတ်ဝိဉာဉ် ရှိနေသည့် နေရာတစ်ခုလုံး မျက်စိကျိန်းမတတ် အလင်းများဖြင့် ပြည့်နှက်သွားခဲ့လေသည်။ တလက်လက် တောက်ပနေသော အလင်းများကြောင့် မှော်ရတနာစိတ်ဝိဉာဉ် မည်ကဲ့သို့ ဖြစ်သွားသလဲ ဆိုသည်ကိုပင် ကောင်းကင်စိတ်အာရုံဖြင့် ကြည့်မရတော့ချေ။

“အဲ့ကောင် သေသွားပြီလား…”

“မလှုပ်တော့ဘူးဆိုတော့ သေသွားပြီနဲ့တူတယ်…”

အကုန်လုံးသည် မှော်ရတနာစိတ်ဝိဉာဉ် ရှိနေသည့် နေရာဆီသို့ စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်တကြီး လှမ်းကြည့်လိုက်ကြလေသည်။

အလင်းများ ပျောက်ကွယ်သွားခဲ့ပြီး တဝုန်းဝုန်း ဖြစ်နေသော စွမ်းအင်လှိုင်းတို့ ပြန်လည်တည်ငြိမ်သွားကြချိန် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံး ရင်ထိတ်သွားခဲ့လေသည်။

မှော်ရတနာစိတ်ဝိဉာဉ်သည် မူလနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေလေ၏။ ၎င်းဆီမှ ထွက်ပေါ်နေသည့် အရောင်အဝါမှာ ယခင်ထက် အနည်းငယ် ပို၍ မှိန်ဖျသွားခဲ့သော်ငြား ဒဏ်ရာရသွားသည့် ပုံတော့ မပေါ်။ ထို့အစား အားလုံး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံလိုက်ရသည့်အတွက်ကြောင့် ပို၍ ဒေါသထွက်သွားသည့်ပုံပင်။ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေသော ၎င်း၏ သွေးနီရောင် မျက်လုံးအစုံဖြင့် ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်လေသည်။ ၎င်း၏စိုက်ကြည့်ခြင်း ခံလိုက်ရသည့်လူတိုင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားကြလေ၏။

“ဒီလောက် တိုက်ခိုက်ခံရတာတောင် ဘာမှမဖြစ်ဘူးတဲ့… မှော်ရတနာစိတ်ဝိဉာဉ်က ဖျက်ဆီးလို့ မရတာများလား…”

“ဒါကြီးကို ငါတို့ ဘယ်လိုတိုက်ခိုက်ရတော့မှာလဲ…”

“သခင်လေးရန် အခုအခြေအနေကို ကြည့်ရတာ မင်းပြောတာနဲ့ သိပ်မတူသလိုပဲနော်…”

ရန်ကိုင်က မျက်နှာကြီးမဲ့လျက် “ငါပြောတာနဲ့မတူရအောင် မင်းတို့တိုက်တုန်းကရော ခွန်အားကုန်သုံးပြီး တိုက်လို့လား… ဒီမှော်ရတနာစိတ်ဝိဉာဉ်ရဲ့ အသိဉာဏ်က အဲ့လောက်မြင့်တာမဟုတ်ဘူး… ပြီးတော့ နှစ်ပေါင်းသောင်းနဲ့ချီကြာအောင် ချိတ်ပိတ်ထားခံရတာ… ဒီလောက် အားမကောင်းသင့်ဘူး…”

“အဟမ်း အဟမ်း…” ထိုစကားကိုကြားသော် အကုန်လုံး ရှက်ရှက်ဖြင့် အကြည့်လွှဲသွားကြလေသည်။

လူတိုင်းသည် မှော်ရတနာစိတ်ဝိဉာဉ် သုတ်သင်ခံလိုက်ရပြီးသည့်နောက် ဧကရာဇ်မှော်ရတနာကို လုရန်အတွက် သူတို့၏ ခွန်အားကို ထိန်ချန်ထားကြသည့် အတွက်ကြောင့် မည်သူမျှ သူတို့၏ ခွန်အား အကုန်အစင်ကို အသုံးမပြုခဲ့ပေ။ သို့သော်ငြား သူတို့၏တိုက်ကွက်များသည် မှော်ရတနာစိတ်ဝိဉာဉ်အား အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ယခု ရန်ကိုင်၏ စကားကို ကြားသော် အကုန်လုံးမှာ နေမထိထိုင်မထိ ဖြစ်သွားခဲ့ကြလေသည်။

“အိုး… မကောင်းတော့ဘူး… မြန်မြန်လှုပ်ရှားပေတော့… အဲ့ကောင် တိုက်ခိုက်တော့မယ်…” ရန်ကိုင်၏ အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ထအော်လေသည်။

နတ်ဆိုးမှော်ရတနာ စိတ်ဝိဉာဉ်သည် ၎င်း၏လက်ကို ဆန့်ထုတ်လျက် အနက်ရောင်တိုက်ပွဲတူကို ဆင့်ခေါ်လိုက်လေသည်။ တိုက်ပွဲတူသည် ၎င်း၏ခန္ဓာကိုယ်ထဲတွင် ရန်ကိုင်မြင်ခဲ့ရသောတူနှင့် တထေရာတည်းပင်။ ဤသည်မှာ မှော်ရတနာစိတ်ဝိဉာဉ်၏ တကယ့်ပုံစံသာ ဖြစ်လေသည်။ အမျိုးမျိုးသော နက်နဲဆန်းကြယ်သည့် ရုန်းအက္ခရာများသည် မှော်ရတနာပေါ်တွင် တဖျတ်ဖျတ် လင်းလက်နေခဲ့လေသည်။

အလွန်တရာကိုမှ အန္တရာယ်များလှသည့် အရှိန်အဝါမှာလည်း တိုက်ပွဲတူဆီမှ ထွက်ပေါ်နေခဲ့လေ၏။

ဘာကြောင့်မှန်းမသိ အကုန်လုံးသည် နှင်းမုန်တိုင်းထဲ ရောက်သွားသည့်အလား ကျောရိုးတစ်လျှောက် စိမ့်တက်ကုန်ကြလေသည်။

အဝေးတွင်ရပ်နေသော လော့ယွမ်သည်ပင်လျှင် မှော်ရတနာစိတ်ဝိဉာဉ်မှ တိုက်ပွဲတူအား ထုတ်ယူလိုက်သည်ကို မြင်ပြီးသည့်နောက် မျက်လုံးမှေးစင်းသွားခဲ့လေ၏။ အချိန်သည် အန္တရာယ်များလာသည်ကို မြင်သော် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များဘက်သို့ အော်ပြောလိုက်လေသည်။ “မင်းတို့အကုန်လုံး ပြန်ဆုတ်ကြပေတော့…”

ပြောပြီးသည်နှင့် မှော်ရတနာစိတ်ဝိဉာဉ် ခေါင်းပေါ်သို့ ပျံတက်သွားခဲ့ပြီး အရင်းအမြစ်ချီကို လှည့်ပတ်၍ လက်ကွက်များကို ဖန်တီးကာ အော်ပြောလိုက်လေသည်။ “ရွှေရောင်နေမီးလျှံဘီး…”

မီးလျှံများ တောက်လောင်နေသော ဘီးတစ်ခု လော့ယွမ်၏ လက်နှစ်ဖက်ကြား ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုဘီးလေး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြေအောက်လိုဏ်ခေါင်းထဲရှိ အပူချိန်မှာလည်း ရုတ်ချည်း မြင့်တက်လာခဲ့သည်။

ထိုဘီးလေးဆီမှ ဖြာထွက်နေသည့် အဖျက်စွမ်းအားကို ခံစားမိလိုက်သော် အကုန်လုံး လော့ယွမ်အား ငေးမကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။

လော့ယွမ်လက်ထဲရှိ နေလုံးအသေးစားလေးသည် မှော်ရတနာစိတ်ဝိဉာဉ်တည့်တည့်ဆီသို့ ပြုတ်ကျသွားခဲ့လေသည်။ သို့သော်ငြား နေလုံးအသေးစားလေး သူ့ဆီသို့ မရောက်သေးခင်မှာပင် မှော်ရတနာစိတ်ဝိဉာဉ်သည် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည့်အလား ၎င်း၏အနက်ရောင်ချီများကို အရူးအမူး လှည့်ပတ်လိုက်လေ၏။

“မင်းတို့ ဘာတွေလုပ်နေကြတာလဲ… တိုက်ခိုက်ကြတော့လေ…” ရန်ကိုင်သည် မှော်ရတနာစိတ်ဝိဉာဉ်ဆီသို့ ပြေးဝင်သွားရင်းမှ အော်ပြောလိုက်လေသည်။

ထိုအခါမှသာ အခြားသော ကျင့်ကြံသူများလည်း အသိပြန်ဝင်လာကြပြီး သူတို့၏ သိုင်းပညာရပ်များ ကျင့်စဉ်များကို ထုတ်သုံးကြတော့လေ၏။

ယခုတစ်ကြိမ်တွင်တော့ မည်သူမျှ သူတို့၏ စွမ်းအားကို ထိန်ချန်မထားကြတော့ချေ။ တတ်ကျွမ်းထားသော ပညာရပ်များကို ထုတ်သုံးကာ အားကုန်တိုက်ခိုက်ကြတော့လေ၏။ ထို့အတွက်ကြောင့် မြေအောက်လိုဏ်ခေါင်းတစ်ခုလုံး မျက်စိကျိန်းမတတ် အလင်းတန်းများဖြင့် ပြည့်နှက်လာရလေတော့သည်။

အနက်ရောင်အရိပ်နေရာတွင်သာ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဆိုပါက ထိုမျှ များပြားလှသော တိုက်ခိုက်မှုများကို မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် မှော်ရတနာစိတ်ဝိဉာဉ်မှာမူ ရှောင်တိမ်းမည့် အရိပ်အယောင် တစ်ချက်ကလေးပင် မပြ။ ၎င်း၏ အသိဉာဏ် နိမ့်ကျနေ၍များ ထိုကဲ့သို မရှောင်ခြင်းပေလား။ ထိုသို့မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့် ရှိနေသည့် အတွက်ကြောင့်လား ဆိုသည်ကိုတော့ မည်သူမျှ မသိကြပေ။ တိုက်ကွက်ပေါင်းစုံ သူ့ဆီသို့ တိုးဝင်လာနေသည်ကိုမြင်သော် ၎င်း၏တိုက်ပွဲတူကြီးကို လေပေါ်သို့ မြှောက်လိုက်လေသည်။ တစ်ချိန်တည်းတွင် တိုက်ပွဲတူပေါ်ရှိ ရုန်းအက္ခရာများမှာလည်း တလက်လက် တောက်ပလာလေတော့လေ၏။

နိယာမစွမ်းအားတို့ ပေါက်ကွဲထွက်လာပြီးသည့်နောက် မမြင်နိုင်သည့် စွမ်းအားတစ်ရပ်သည် မြေအောက်လိုဏ်ခေါင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ထို့နောက်တွင် မှော်ရတနာစိတ်ဝိဉာဉ်သည် ၎င်း၏တူကြီးအား အားပါးတရ ထုချလိုက်လေ၏။

တူကြီး၏အားမှာ မည်မျှ ပြင်းသလဲ ဆိုလျှင် ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံး ကွဲကြေသွားခဲ့ပြီး ဧရာမအနက်ရောင် တွင်းပေါက်ကြီးတစ်ခု ထွက်ပေါ်လာရလေ၏။

တူကြီးမှ ဖြာထွက်လာသော စွမ်းအားသည် ဟင်းလင်းပြင်အတားအဆီးကို ဖြတ်ကျော်လာသည့်အလား ကျင့်ကြံသူတိုင်းအား သွားရောက်ထိမှန်လေသည်။

“အဟွတ် အဟွတ် အဟွတ်…”

မှော်ရတနာစိတ်ဝိဉာဉ်၏ တိုက်ကွက်တစ်ကွက်ဖြင့် သူ့ဆီသို့တိုးဝင်လာနေသော တိုက်ကွက်အားလုံး ပျက်စီးသွားကုန်ကြလေ၏။ ထို့အပြင် သူ့အား ဝိုင်းတိုက်ခိုက်ကြသော ကျင့်ကြံသူအများစုမှာလည်း လွင့်ထွက်သူကထွက် သွေးအန်သူကအန် ဖြစ်ကုန်ကြလေသည်။

လော့ယွမ်၏ ရွှေရောင်နေမီးလျှံဘီးမှာလည်း ပျက်စီးသွားခဲ့ရလေသည်။ သို့ရာတွင် မှော်ရတနာစိတ်ဝိဉာဉ်ကိုတော့ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ရန်ကိုင့်အတွက်လည်း အတူတူပင် ဖြစ်နေသည်။ ရန်ကိုင့်ရှေ့တည့်တည့်တွင် မမြင်နိုင်သော အရံအတားတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေ၏။ ထိုအရံအတားကြောင့် ရန်ကိုင်၏ အနန္တဓါးမှာ မှော်ရတနာစိတ်ဝိဉာဉ်အား မည်သို့မျှ မထိခိုက်နိုင်အောင် ဖြစ်သွားခဲ့ရလေသည်။ ချက်ချင်းဆိုသလို အလွန်ပြင်းထန်သည့်အားတစ်ရပ်သည် ထိုအကာအရံဆီမှ ထွက်ပေါ်လာပြီး ရန်ကိုင့်တည့်တည့်သို့ တိုးဝင်လာလေ၏။

“အဟွတ်…”

ထိုအားကြောင့် ရန်ကိုင့်မှာ ရွှေရောင်သွေးတစ်ပွက် ထိုးအန်ချလိုက်ရလေသည်။ ယခင်ကတည်းက အားနည်းနေသော သူ့ခန္ဓာကိုယ်မှာ ပို၍ပင် အားနည်းသွားခဲ့ရလေသည်။

“ဘုန်း ဘုန်း ဘုန်း…”

ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး မြေအောက်လိုဏ်ခေါင်းတစ်ခုလုံး အက်လာခဲ့လေ၏။ ကျောက်စကျောက်နများမှာ မျက်နှာကျက်ပေါ်မှ ပြုတ်ကျလာကုန်ကြလေသည်။ စိတ်ဝိဉာဉ်စမ်းချောင်းများမှာလည်း ထိုတိုက်ကွက်မှ ထွက်ပေါ်လာသည့် အားလှိုင်းများ၏ သက်ရောက်ခြင်း ခံလိုက်ရသည့်အလား ဆူပွက်လာကာ တစ်ပြိုင်တည်း ပေါက်ကွဲထွက်ကုန်ကြလေ၏။ ထိုတိုက်ကွက်ကြောင့် မြေအောက်လိုဏ်ခေါင်းတစ်ခုလုံး မတည်မငြိမ်ဖြစ်လာကာ ပြိုကျမည့် အရိပ်အယောင်များ ပြလာတော့လေသည်။

“အိုး… မဟုတ်တော့ဘူး… ဒီနေရာ ပြိုကျတော့မယ်...”

“ပြေးပေတော့…”

“ရန်ကောင်လေး… ဒါတွေအားလုံးက မင်းအပြစ်ပဲ… ငါသေမယ်ဆိုရင်တောင် မင်းကို အလွတ်မပေးဘူး…” တစ်စုံတစ်ဦးက ထွက်ပြေးနေရင်း ထအော်လေသည်။

ရန်ကိုင်သည် သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်ရင်းမှ ပြန်အော်ပြောလိုက်လေ၏။ “လူတွေက ရတနာကြောင့်သေတယ်… ငှက်တွေက အစာကြောင့်သေတယ်… မင်းဘယ်လိုလုပ်မလဲဆိုတာကို မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်တာ… ဒီတော့ အကျိုးဆက်ကိုလည်း မင်းဘာသာမင်းပဲ ရင်ဆိုင်ရမယ်… ငါမင်းကို ဒီအောက်ဆင်းလာဖို့ ပြောခဲ့လို့လား… ငါ့ကြောင့်ဖြစ်ရတယ်ဆိုရင် ငါမင်းကို ချေးစားခိုင်းရင်ရော မင်းစားမှာလား…”

“ခွေးသူတောင်းစား…” ထိုလူသည် ရန်ကိုင့်အား ဒေါသတကြီး ပြန်အော်ဆဲလေသည်။ သို့သော်ငြား ဆက်မနေရဲတော့သည့် အတွက်ကြောင့် ခြေကုန်သုတ်ကာ ထွက်ပြေးလေ၏။

ချက်ချင်းဆိုသလို မြေအောက်လိုဏ်ခေါင်းထဲတွင် ရှိနေကြသော ကျင့်ကြံသူများသည် အပေါ်သို့ အရူးအမူး ပြန်တက်ပြေးကြတော့လေသည်။

ရန်ကိုင်သည် ဟွာချင်းစီနှင့် အခြားသူများကို ကမ္ဘာငယ်လေးထဲသို့ ထည့်၍ သယ်သွားရန် လုပ်လိုက်သော်ငြား မှော်ရတနာစိတ်ဝိဉာဉ်သည် သူ့အား သားကောင်တစ်ကောင်နှယ် တောက်လျှောက် စိုက်ကြည့်နေသဖြင့် ရန်ကိုင်လည်း အံကြိတ်၍ အမိန့်သာ ပေးရတော့လေ၏။ “ကိုယ့်ဘာသာကိုယ် ပြေးကြပေတော့…”

ပြောပြီးသည်နှင့် ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ ရုတ်ချည်း ပြေးထွက်သွားလေသည်။

မှော်ရတနာစိတ်ဝိဉာဉ်သည် တုံ့ဆိုင်းခြင်းမရှိ ရန်ကိုင့်နောက်သို့သာ ပြေးလိုက်လေသည်။

ခဏအကြာတွင် တဝုန်းဝုန်း မြည်သံများနှင့်အတူ မေပယ်မြို့မှ မိုင်၂၀၀၀ခန့်ဝေးကွာသော နေရာတစ်ခုရှိ မြေပြင်တစ်ခုလုံး ကျွံကျသွားခဲ့လေသည်။ မိုးမြေစွမ်းအင် အရည်များသည် ထိုတွင်းပေါက်ကြီးထဲမှ ရေပန်းတစ်ခုနှယ် ဖြာထွက်လာခဲ့လေ၏။ ချက်ချင်းဆိုသလို ထိုတွင်းပေါက်ကြီးမှာ မိုးမြေစွမ်းအင်အရည်များဖြင့် ပြည့်နှက်သွားခဲ့လေသည်။

“ရွှစ် ရွှစ် ရွှစ်…”

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဖြူဖတ်ဖြူလျော် မျက်နှာများဖြင့် ထိုတွင်းပေါက်ထဲမှ ကြောက်လန့်တကြီး ပြန်ထွက်လာကြလေ၏။

မှော်ရတနာစိတ်ဝိဉာဉ်သည် လျှပ်စီးတန်းတစ်ခုနှယ် ရန်ကိုင့်နောက်သို့ အပြေးလိုက်နေခဲ့လေသည်။

“ဟား ဟား ဟား… ကောင်းကင်ကို သွားလို့ရတဲ့ လမ်းရှိပေမဲ့ မင်းက ငရဲသွားမဲ့လမ်းကိုမှ ရွေးခဲ့တယ်… လက်ဝဲလက်ယာကာကွယ်သူ ကျုပ်အမိန့်ကို နားထောင်… အဲ့ကောင်စုတ်လေးကို ကျုပ်ဆီ ပြန်ခေါ်လာခဲ့ပေး… ဒီသခင်လေး အဲ့ကောင်ကို ကောင်းကောင်း သင်ပေးရမယ်…” ရယ်မောသံတစ်သံ ရှေ့ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။

လှမ်းကြည့်လိုက်ရာ နင်ယွမ်ရှု၊ ကောင်းရှန်နှင့် လျို့ရွှေတို့ သူ့ရှေ့တည့်တည့်တွင် ရပ်နေကြောင်းကို ရန်ကိုင် တွေ့လိုက်ရလေသည်။ ထိုသုံးယောက်သည် ဤနေရာမှ ထွက်မသွားခဲ့ဘဲ ဆက်နေနေခဲ့လေသည်။ လော့ယွမ်အား ကြောက်သည့်အတွက်ကြောင့် မြေအောက်လိုဏ်ခေါင်းထဲသို့ ဆက်မသွားရဲခဲ့သော်ငြား အလွန် မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝသည့် ဤနေရာမှ ထွက်မသွားချင်သည့်အတွက် အနားတစ်ဝိုက်တွင် ဆက်နေနေခဲ့သည်။

ရန်ကိုင် ရုတ်တရက် ထွက်လာသည်ကိုမြင်သော် နင်ယွမ်ရှု ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ ထို့နောက် ချက်ချင်းပဲ အမိန့်ပေးလိုက်တော့လေ၏။

ရန်ကိုင်သည် လူမြင်ကွင်းရှေ့တွင် သူ့မျက်နှာကို ဖြတ်ရိုက်ခဲ့သည်။ ထို့အပြင် အရှက်လည်း ခွဲခဲ့သေး၏။ နင်ယွမ်ရှုအနေဖြင့် ရန်ကိုင့်အား မည်ကဲ့သို့များ ကျေနပ်နိုင်ပါမည်နည်း။

ကာကွယ်သူနှစ်ဦး ဖြစ်ကြသော ကောင်းရှန်နှင့် လျို့ရွှေတို့သည် လော့ယွမ်လက်မှ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသော်ငြား ရန်ကိုင့်ကို ကြောက်သည်ဟုတော့ မဆိုလိုပေ။

သူ့ကာကွယ်သူနှစ်ဦးသည် ရန်ကိုင်ကို အမှောက်သိပ်နိုင်လိမ့်မည်ဟု နင်ယွမ်ရှု ယုံကြည်နေခဲ့လေသည်။

“ကောင်စုတ်လေး… သခင်လေးပြောတာ ကြားလား… ပြောတဲ့အတိုင်း ဒီကို မြန်မြန်လာပြီး မင်းအမှားတွေကို ဝန်ခံစမ်း… အဲ့ဒါဆိုရင် ဒီလူအိုကြီး လက်ပါတော့မှာမဟုတ်ဘူး… မဟုတ်ရင်တော့ ငါ့ကို ကြီးနိုင်ငယ်ညှင်း လုပ်တယ်ဆိုပြီး အပြစ်မတင်နဲ့….” ကောင်းရှန်သည် ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

လျို့ရွှေကလည်း ဆက်ပြောလိုက်သည်။ “ဒီတစ်ကြိမ်တော့ မင်းမတိုက်ခိုက်ပဲ အလျှော့ပေးလိုက်တာ ကောင်းလိမ့်မယ်… ငါတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် မင်းဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး… မင်း ခုခံနေလည်း အချည်းအနှီးပဲ ဖြစ်မှာ…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၇၃)

“အပိုတွေ ပြောမနေတော့နဲ့… အဲ့ကောင်ကို မြန်မြန် သွားဖမ်းပေတော့… ဒီသခင်လေး အဲ့ကောင်ကို ကောင်းကောင်း သင်ခန်းစာ ပေးချင်နေပြီ… ကျုပ်စိတ်ထဲ ဒီကောင့်အလောင်းကို အပိုင်းပိုင်း အစစ ဖြစ်အောင် လုပ်ချင်နေတာ…” နင်ယွမ်ရှုက ဒေါသတကြီး အမူအယာဖြင့် အော်ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် ကောင်းရှန်နှင့် လျို့ရွှေတို့သည် အလေးအနက် အမူအယာများဖြင့် သူတို့၏ အရင်းအမြစ်ချီကို လှည့်ပတ်လိုက်ကြလေသည်။

“နေပါဦးဆရာတို့… ဂျူနီယာ အဲ့နေရာဆီ အခုချက်ချင်း လာခဲ့ပါမယ်…” ရန်ကိုင်က ပျော်ရွှင်စွာပြုံးရင်း ကောင်းရှန်နှင့် လျို့ရွှေတို့ဆီသို့ ပျံသန်းသွားလေသည်။

ရန်ကိုင့်လုပ်ရပ်ကြောင့် ကောင်းရှန်နှင့် လျို့ရွှေတို့နှစ်ဦးစလုံး ကြောင်သွားခဲ့ကြလေသည်။ နင်ယွမ်ရှုသည်ပင်လျှင် ကြောင်နေခဲ့လေသည်။ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူနားမလည်။

ပုံမှန်ဆိုလျှင် ရန်ကိုင့်အနေဖြင့် သူ့လက်မှ ထွက်ပြေးသင့်သည် မဟုတ်ပေလော။ သို့သော်ငြား ရန်ကိုင်သည် ထွက်မပြေးသည့်အပြင် သူတို့ဆီသို့ပင် ပျော်ပျော်ရွှင်ရွှင်ဖြင့် လာနေသေးသည်။ ရန်ကိုင့်ပုံကို ကြည့်ရသည်မှာ မတွေ့ရသည်မှာ ကြာပြီဖြစ်သော မိသားစုဝင်များကို ပြန်တွေ့နေရသည့်နှယ်။ ရန်ကိုင့်လုပ်ရပ်သည် နင်ယွမ်ရှုတို့သုံးဦးအား ဇဝေဇဝါ ဖြစ်သွားစေခဲ့လေ၏။

“ကာကွယ်သူတို့ သတိထားဦးနော်… ဒီကောင် ကျုပ်တို့ကို လှည့်စားတာ ဖြစ်နိုင်တယ်…” နင်ယွမ်ရှုက လေသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။

ကောင်းရှန်နှင့် လျို့ရွှေက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့ သခင်လေး… ဒီကောင်က လော့ယွမ်လောက် အားမကောင်းဘူး… ဒီကောင် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး…”

“ကျုပ်လည်း အဲ့လို မျှော်လင့်ရတာပဲ…”

ခဏအကြာတွင် ရန်ကိုင်သည် နင်ယွမ်ရှုတို့ သုံးဦးရှေ့ ပေါ်လာခဲ့လေသည်။ ထို့နောက် သူတို့သုံးဦးစလုံးအား ပြုံးပြလိုက်လေသည်။

နင်ယွမ်ရှုမှာ ရန်ကိုင့်၏ ပါးရိုက်ခြင်း ခံထားရသည့်အတွက် ရန်ကိုင်၏အပြုံးကိုမြင်သော် မျက်လုံးမှေးစင်းသွားခဲ့ပြီး အလိုလို နောက်သို့ ဆုတ်သွားခဲ့လေသည်။

“ဂျူနီယာ စီနီယာတို့နှစ်ဦးကို နှုတ်ဆက်ပါတယ်…” ရန်ကိုင်က ပြုံးလျက် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ ထို့နောက် နင်ယွမ်ရှုအား ကြည့်၍ “သခင်လေး… မင်းနဲ့ငါ ကြားမှာ နားလည်မှုလွဲခဲ့တာမျိုးတော့ ရှိပါတယ်… ဒါပေမဲ့ အတိတ်ကို အတိတ်မှာ ထားလိုက်တာ မကောင်းဘူးလား… အဲ့ဒါဆို ငါတို့ မိတ်ဆွေတွေ ဖြစ်လို့ ရသေးတယ်လေ…”

“မိတ်ဆွေတွေ…” နင်ယွမ်ရှုသည် ရန်ကိုင့်အား မုန်းတီးစွာ စိုက်ကြည့်ရင်း အံကြိတ်၍ အော်ပြောလိုက်လေ၏။ “ငါ့မျက်နှာကို ကြည့်ဦး… မင်းနဲ့ မိတ်ဆွေဖြစ်နိုင်ဦးမယ်ထင်လား…”

ရန်ကိုင်သည် ရွံရှာစက်ဆုပ်သည့် အမူအယာဖြင့် အကြည့်လွှဲဖယ်လျက် “ဒါမျိုးလေးပြောဖို့အတွက် သခင်လေး ရှေ့တိုးလာစရာ မလိုပါဘူး… ဒီရန်က နည်းနည်းကြောက်တတ်တယ်နော်… ကျေးဇူးပြုပြီး ကျုပ်ကို မခြောက်ပါနဲ့…”

နင်ယွမ်ရှု ဒေါသူပုန် ထသွားခဲ့ပြီး ပြန်အော်ပြောလိုက်လေ၏။ “ငါ့ကို အခုလိုဖြစ်အောင် မင်းပဲ လုပ်ခဲ့တာလေ…”

“ဟုတ်ပြီ…. ဟုတ်ပြီ….” ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်းလျက် ဖြတ်ပြောလိုက်လေသည်။ ထို့နောက် ကောင်းရှန်နှင့် လျို့ရွှေတို့အား ပြုံးပြ၍ ပြောလိုက်လေ၏။ “စီနီယာတို့နှစ်ယောက်… ဂျူနီယာ မတိုက်ခိုက်ပဲနဲ့ အရှုံးပေးပါတယ်…”

“ဟမ်…” ကောင်းရှန်က ခေါင်းညိတ်လျက် “အနည်းဆုံးတော့ မင်းအကြောင်း မင်းသိသားပဲ…”

လျို့ရွှေကလည်း ပြောလိုက်လေ၏။ “လူတော်တစ်ယောက်ဆိုတာ အခြေအနေ အချိန်အခါကို ကြည့်ပြီး ပြုမူတတ်ရတယ်… မင်းရဲ့ အနာဂတ်က ကျိန်းသေတောက်ပမှာ ကောင်လေး…”

“ဟဲ ဟဲ ဟဲ…” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် “ဒါဆိုရင် စီနီယာတို့နှစ်ယောက်က အခု ကျုပ်ကို ကာကွယ်ပေးရတော့မှာပေါ့ ဟုတ်တယ်မလား… ကျုပ်က စီနီယာတို့ရဲ့ ဓါးစာခံ ဖြစ်သွားပြီဆိုတော့လေ…”

“မင်းကို ကာကွယ်ပေးရမယ်…” ကောင်းရှန် မျက်မှောင်ကျုံ့သွားခဲ့လေသည်။

“မင်းဘာပြောချင်နေတာလဲ…” လျို့ရွှေလည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။

သို့သော်ငြား မကြာခင် ရန်ကိုင်ဘာကို ပြောချင်နေမှန်း သူတို့ နားလည်သွားခဲ့လေသည်။

ပုံရိပ်တစ်ခုသည် သူတို့ဆီသို့ လျင်မြန်စွာ ပျံသန်းလာနေ၏။ ရန်ကိုင့်အား လိုက်မီလာပြီးသည့်နောက်တွင် မှော်ရတနာစိတ်ဝိဉာဉ်သည် ရန်ကိုင်နှင့် မီတာအနည်းငယ်ခန့် အကွာတွင် ရပ်လိုက်လေသည်။

“ဒီ ဒီအရှိန်အဝါ…” ကောင်းရှန်သည် မှော်ရတနာစိတ်ဝိဉာဉ်အား အံ့ဩတကြီး အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။

လျို့ရွှေ၏အမူအယာလည်း ပြောင်းလဲသွားခဲ့ပြီး လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေ၏။ “နတ်ဆိုးချီ…”

ရန်ကိုင်က ခေါင်းညိတ်လျက် “စီနီယာတို့နှစ်ယောက်က တကယ် အမြင်စူးရှတာပဲ… ဟုတ်တယ် အဲ့အရှိန်အဝါက နတ်ဆိုးချီတွေပဲ… အသန့်စင်ဆုံး ရှေးဟောင်းနတ်ဆိုးချီတွေပေါ့…”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ကောင်းရှန်နှင့် လျို့ရွှေသည် ရန်ကိုင့်အား “မင်း ငါတို့ကို လာနောက်နေတာလား” ဟူသော အကြည့်များဖြင့် စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “အခုချိန်မှာ ဂျူနီယာ နောက်နေမယ်ထင်လား…”

ကောင်းရှန်က မေးလိုက်လေ၏။ “သာမန်နတ်ဆိုးချီတွေနဲ့ မတူပါဘူးလို့ ခံစားနေရတာ ဒါကြောင့်ကိုး…. ဒါနဲ့ ဘယ်လိုလုပ်ပြီး ဒီမှာ ရှေးဟောင်းနတ်ဆိုးချီတွေ ရှိနေရတာလဲ…”

လျို့ရွှေလည်း ဇဝေဇဝါဖြစ်နေခဲ့လေသည်။

“အဲ့ကောင်က သက်ရှိမဟုတ်ဘူးဆိုတာကို စီနီယာတို့နှစ်ယောက် မပြောနိုင်ဘူးလား… ဒီကောင်က လူအသွင်ယူထားတဲ့ မှော်ရတနာစိတ်ဝိဉာဉ်ပဲ… သူ့လက်ထဲက တူကိုကြည့်… အဲ့ဒါ ရှေးခေတ် ဧကရာဇ်မှော်ရတနာတစ်ခုပဲ…”

“ဘယ်လို…” လူအိုကြီးနှစ်ယောက်စလုံး ကတုန်ကရီ ဖြစ်သွားခဲ့ပြီး မှော်ရတနာစိတ်ဝိဉာဉ်လက်ထဲရှိ နတ်ဆိုးတိုက်ပွဲတူအား လှမ်းကြည့်လိုက်ကြလေသည်။ မကြာခင်မှာပင် သူတို့၏ ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာများမှာ လောဘတက်နေသည့် အမူအယာများ အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်အရေးယူလျက် သံကိုပူတုန်း ထုပေးလိုက်လေသည်။ “စီနီယာတို့နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းက မြင့်ပြီးသား…. ခွန်အားကလည်း ကောင်းပြီးသား… ဒါပေမဲ့ တာအိုသခင် အထွဋ်အထိပ်အဆင့်မှာ ပိတ်မိနေတော့ စီနီယာတို့ရဲ့ခွန်အား တိုးတက်လာဖို့က သိပ်မလွယ်တော့ဘူး… ကောင်းကင်က စီနီယာတို့အပေါ်ကို မနာလိုနေတာပဲ ဖြစ်ရမယ်… ဒါပေမဲ့ စီနီယာတို့နှစ်ယောက်သာ ဒီဧကရာဇ်မှော်ရတနာရပြီး ဧကရာဇ်အဆင့်ရဲ့ နက်နဲဆန်းကြယ်မှုတွေကို နားလည်နိုင်မယ်ဆိုရင်တော့ အနှေးနှင့်အမြန် ဆိုသလို ဧကရာဇ်အဆင့်ကို ချိုးဖြတ်သွားနိုင်တယ်… အဲ့လိုဆိုလို့ရှိရင် စီနီယာတို့နှစ်ယောက်လည်း ကြယ်တာရာအစုအဝေးထဲမှာ နာမည်ကျော်ပညာရှင်ကြီးတွေ ဖြစ်လာနိုင်တယ်…”

“မင်းက တကယ်ကို စကားပြောကောင်းတာပဲ…” ကောင်းရှန်သည် ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လျက် “ငါတကယ်ကို စိတ်လှုပ်ရှားသွားပြီ…”

ရန်ကိုင်ကပြုံးလျက် “ထိုက်တန်တဲ့လူတွေပဲ ရတနာတွေကို ပိုင်ဆိုင်ခွင့်ရှိတာ… အဲ့အောက်ဘက်က အမှိုက်ကောင်တွေ ဒီမှော်ရတနာစိတ်ဝိဉာဉ်ကို ဘယ်လိုမှ ဖမ်းနိုင်မှာ မဟုတ်ဘူး… စီနီယာတို့နှစ်ယောက်မှာပဲ ဒီမှော်ရတနာစိတ်ဝိဉာဉ်ကို ဖိနှိပ်နိုင်မဲ့ ခွန်အားရှိတယ်… သူ့ရဲ့အသိစိတ်ကိုသာ ဖျက်ပစ်နိုင်မယ်ဆိုလို့ရှိရင် ဒီဧကရာဇ်မှော်ရတနာက စီနီယာတို့ရဲ့အပိုင် ဖြစ်သွားပြီ… ကဲ… အခု စီနီယာတို့ လှုပ်ရှားလို့ရပါပြီ… ဂျူနီယာ စီနီယာတို့အပေါ် အပြည့်အဝ ယုံကြည်ပါတယ်…”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဘေးသို့ ဖယ်၍ ကောင်းရှန်နှင့် လျို့ရွှေတို့ သွားရန်အတွက် လမ်းဖယ်ပေးလိုက်လေသည်။

ကောင်းရှန်နှင့် လျို့ရွှေတို့နှစ်ဦးစလုံး တံတွေးတစ်လုတ်စီ မျိုချလိုက်ကြသည်။ ဤမှော်ရတနာစိတ်ဝိဉာဉ်သည် ကိုင်တွယ်ရ လွယ်လိမ့်မည် မဟုတ်မှန်း သိထားကြသော်ငြား မှော်ရတနာတစ်ခု သူတို့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်ကို သူတို့နှစ်ဦး စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မည်နည်း။

တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ပြီးသည့်နောက် သံပြိုင် အော်ဟစ်လိုက်ကြလေ၏။ “သွားကြရအောင်…”

ပြောပြီးသည့်နောက် ကောင်းရှန်လက်ထဲ ကုချင်းမှော်ရတနာ ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် တင်ပလင်ခွေထိုင်ကာ ကုချင်းကို စတင် တီးခတ်တော့လေ၏။

လျို့ရွှေသည်လည်း သူ၏ပုလွေကို ထုတ်လျက် စတင် တီးမှုတ်တော့လေသည်။

နှစ်ယောက်စလုံးသည်လည်း မတူညီသော တေးသွားများကို တီးခတ်နေသောငြား ထိုတေးသွားနှစ်ခုသည် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့ပြီး မှော်ရတနာစိတ်ဝိဉာဉ်အား လွှမ်းခြုံသွားခဲ့လေသည်။

အနီးတွင် ရှိနေသော ရန်ကိုင်မှာမူ ထိုအသံလှိုင်းများ၏ ပစ်မှတ်ထားခြင်း မခံရပေ။ သို့သော်ငြား ထိုအသံလှိုင်းများကို ကြားလိုက်ချိန် အသိစိတ် ဝေဝါးလာသလို ခံစားလိုက်ရလေသည်။ ထိုအတွက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ကျင့်စဉ်ကို လှည့်ပတ်၍ အသံလှိုင်းများကို ခုခံလိုက်လေသည်။

အသံလှိုင်း၏ပစ်မှတ်မှာ မှော်ရတနာစိတ်ဝိဉာဉ် ဖြစ်သည့်အတွက် မှော်ရတနာစိတ်ဝိဉာဉ်သည် အသံလှိုင်းဒဏ်ကို အားလုံးထက်ပို၍ သိသိသာသာ ပိုခံစားရလေသည်။ ထိုမှော်ရတနာ စိတ်ဝိဉာဉ်မှာ လူအသွင်ယူထားသော်ငြား ၎င်း၏ဉာဏ်ရည်မှာ မြင့်မားခြင်း မရှိ။ ဤကဲ့သို့သော ပြိုင်ဘက်မျိုးကို အသံလှိုင်းတိုက်ခိုက်မှုဖြင့် ထိန်းချုပ်သည်မှာ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပေသည်။

အသံလှိုင်းများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နတ်ဆိုးတိုက်ပွဲတူမှာလည်း သိသိသာသာကို သက်ရောက်ခြင်း ခံရလေ၏။ ၎င်း၏ အနီရောင်မျက်လုံးများမှာ တဖျတ်ဖျတ် လက်လာပြီး ၎င်းခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော နတ်ဆိုးချီများမှာလည်း မတည်မငြိမ် ဖြစ်လာခဲ့လေသည်။ သို့သော်ငြား မှော်ရတနာစိတ်ဝိဉာဉ်သည် နတ်ဆိုးတူအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ။

ထိုအချင်းအရာကိုမြင်သော် ကောင်းရှန်နှင့် လျို့ရွှေတို့နှစ်ဦးစလုံး စိတ်အားတက်သွားခဲ့ပြီး ပို၍ ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြလေသည်။

နင်ယွမ်ရှုသည် ကောင်းရှန်တို့ လျို့ရွှေတို့ အောင်မြင်ပါစေဟု ကြိတ်၍ ဆုတောင်းနေခဲ့လေ၏။

ကာကွယ်သူနှစ်ဦးသာ အောင်မြင်သွားခဲ့မည်ဆိုပါက သူတို့အနေဖြင့် ဤတိုက်ပွဲတူကို သူတောင်စင်နန်းတော်သို့ ပြန်လည် သယ်ဆောင်သွားနိုင်ပေလိမ့်မည်။ ရှေးခေတ်ဧကရာဇ် မှော်ရတနာတစ်ခုထဲတွင် လျို့ဝှက်ချက်ပေါင်းများစွာ ရှိနေမည်မှာ မလွဲမသေပင်။ သူ့အဖေသည်သာ ဤမှော်ရတနာကို သန့်စင်နိုင်မည်ဆိုပါက သူ၏ ခွန်အားကို အကြီးအကျယ် တိုးတက်အောင် လုပ်နိုင်မည်ဖြစ်ကာ သူတော်စင်နန်းတော်၏ အဆင့်အတန်းမှာလည်း မြင့်မားလာပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ နန်းတော်၏သခင်လေးဖြစ်သော နင်ယွမ်ရှု၏ အဆင့်အတန်းမှာလည်း ကျိန်းသေ မြင့်မားလာပေလိမ့်မည်။ ထို့အတွက်ကြောင့် နင်ယွမ်ရှုအနေဖြင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

အခြားတစ်ဖက်တွင်မူ ရန်ကိုင်သည် တင်ပလင်ခွေထိုင်၍ သူ့ကိုယ်သူ အားပြန်ဖြည့်နေခဲ့သည်။

ကောင်းရှန်နှင့် လျို့ရွှေတို့သည် မှော်ရတနာစိတ်ဝိဉာဉ်ကို ထိန်းထားပေးနေသည့် အတွက်ကြောင့် ရန်ကိုင်သည် ဤအခွင့်အရေးကို ထိထိရောက်ရောက် အသုံးချရပေလိမ့်မည်။

မှော်ရတနာစိတ်ဝိဉာဉ်မှာ အတော်လေးကိုမှ အားကောင်းသော်ငြား အနိုင်ယူလို့ မရသည်တော့ မဟုတ်။ ရန်ကိုင့်မှာ မှော်ရတနာစိတ်ဝိဉာဉ်ကို တိုက်ခိုက်သင့်သော်ငြား တိုက်ခိုက်နိုင်သည့်စွမ်းအား သူ့တွင် လက်တလော၌ ရှိမနေခဲ့ချေ။ အရင်းအမြစ်ကျောက်တွင်းကို အတင်းအကြပ် တူးထုတ်လိုက်ရသည့်အတွက်ကြောင့် သူ့စိတ်စွမ်းအင် ကုန်ခါနီး ဖြစ်သွားခဲ့ရသည်။ သို့သော်ငြား သူသာ အချိန်ခဏလောက်ယူ၍ အားပြန်ဖြည့်ပြီးပါက မှော်ရတနာစိတ်ဝိဉာဉ်ကို ကောင်းကောင်း သင်ခန်းစာပေးနိုင်ပေလိမ့်မည်။

ကုချင်းသံနှင့် ပုလွေသံတို့သည် လေထဲ ပဲ့တင်ထပ်နေခဲ့လေသည်။ အသံလှိုင်းများသည် တစ်ခုနှင့်တစ်ခု ပြီးပြည့်စုံစွာ ပေါင်းစပ်၍ စည်းချက်ညီညီ မှော်ရတနာစိတ်ဝိဉာဉ်အား သွားရောက် ထိမှန်နေခဲ့လေ၏။

မြေအောက်လိုဏ်ခေါင်းထဲမှ လွတ်မြောက်လာကြသော ကျင့်ကြံသူများသည် ထိုအဖြစ်အပျက်ကြောင့် ဤနေရာ၌ တဖြည်းဖြည်း စုဝေးလာကြလေသည်။

ထိုအချင်းအရာကိုမြင်သော် ကောင်းရှန်နှင့် လျို့ရွှေတို့ မျက်စိပျက် မျက်နှာပျက် ဖြစ်ကုန်လေ၏။ ဤမှော်ရတနာ အခြားတစ်ယောက်၏လက်ထဲ ရောက်သွားမည်ကို ကြောက်ရွံ့နေကြလေသည်။ အထူးသဖြင့် လူအုပ်ကြီးထဲ၌ လော့ယွမ်ကို မြင်လိုက်သည့်အခါ၌ ဖြစ်လေ၏။

သူတို့နှစ်ဦး အတော်လေးကိုမှ စိုးရိမ်လာကြသည်။

ရှင်းရှင်းပြောရလျှင် အစောပိုင်းက တိုက်ပွဲ၌ သူတို့သည် လော့ယွမ်နှင့် သရေကျခဲ့ပေသည်။ သို့သော်ငြား တကယ့်အမှန်အတိုင်းပြောရလျှင်တော့ လော့ယွမ်ကို သူတို့နှစ်ဦး ရှုံးနိမ့်သွားခဲ့သည်။

တကယ်တော့ သူတို့နှစ်ဦးသည် အတူတူ ပေါင်းတိုက်ခိုက်ခြင်း ဖြစ်ပြီး လော့ယွမ်သည် တစ်ယောက်တည်း ဖြစ်ပေသည်။ သူတို့ကဲ့သို့သော အတွေ့အကြုံရှိနေသည့် လူအိုကြီး နှစ်ဦးအား ခွေးပြေးဝက်ပြေး ထွက်ပြေးရအောင် လုပ်နိုင်သည်ကို ကြည့်ရုံဖြင့်ပင်လျှင် ထိုတိုက်ပွဲ၌ မည်သူနိုင်ကြောင်း ပြောနိုင်ပေသည်။

ထိုအချက်များကို တွေးရင်း လူအိုကြီးနှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ တစ်ယောက်ဘာတွေးနေသလဲ ဆိုသည်ကို အခြားတစ်ယောက်က သိနေသည့်အလား ချက်ချင်းဆိုသလို သူတို့၏ လှပသော တေးသွားသံများမှာ ထက်ရှသည့် တေးသွားသံများအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေ၏။ တေးသံမှာ ပိုမိုပြင်းထန်လာသလို ထွက်ပေါ်နေသည့် တီးလုံးသံမှာလည်း ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

“ဝူး…..”

ထိုအခိုက်အတန့်တွင် အသံလှိုင်းများ၏ ဖိနှိပ်ခြင်း ခံနေရသော မှော်ရတနာစိတ်ဝိဉာဉ်သည် ရုတ်တရက် ထ၍ ဟိန်းဟောက်တော့လေသည်။ တဖျက်ဖျက်လက်နေသော ၎င်း၏အနီရောင်မျက်လုံးများမှာ ရုတ်ချည်း ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ခန့်မှန်းမရအောင် ပြင်းထန်သည့် အရှိန်အဝါတစ်ရပ်မှာလည်း သူ့ဆီမှ ဖြာထွက်လာခဲ့လေ၏။

ကောင်းကင်ပေါ်သို့ မြှောက်၍ ကိုင်ဆွဲထားသော တိုက်ပွဲတူမှာ ရုတ်တရက် အောက်သို့ သက်ဆင်းကျလာခဲ့လေသည်။

လေပြင်းမုန်တိုင်းများ တိုက်ခိုက်လာပြီး တိမ်စိုင်တိမ်တိုက်များ ပျက်ပျယ်ကုန်ကြလေ၏။ အလွန်တရာကိုမှ များပြားလှသော စွမ်းအင်များသည် စွမ်းအင်ဝဲကတော့တစ်ခုနှယ် တိုက်ပွဲတူတစ်ဝိုက်တွင် ရစ်သိုင်းလာခဲ့လေသည်။

“ဘုန်း….”

တိုက်ပွဲတူမှ ဟင်းလင်းပြင်အား ထိမှန်သွားချိန် လေဟာနယ်သည် မှန်တစ်ချပ်နှယ် ကွဲကြေသွားခဲ့လေသည်။ ထက်ရှသည့် အရောင်အဝါတစ်ရပ်သည် တိုးဝင်လာနေသော အသံလှိုင်းများကို အပိုင်းပိုင်းအစစ ဖြစ်အောင် ထုချေသွားခဲ့လေ၏။

အသံလှိုင်းများမှာ နေလာနှင်းပျောက်သည့်နှယ် တစ်လှိုင်းပြီး တစ်လှိုင်း ပျောက်ကွယ်ကုန်လေသည်။

ထိုပျက်စီးသွားသော အသံလှိုင်းများနှင့်အတူ ကောင်းရှန်၏ ကုချင်းမှ ကြိုးများ ပြတ်တောက်သွားခဲ့သလို လျို့ရွှေ၏ ပုလွေသည်လည်း အက်သွားခဲ့လေ၏။

“မကောင်းတော့ဘူး…” လူအိုကြီးနှစ်ယောက်စလုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အရင်းအမြစ်ချီကို အလျင်စလို လှည့်ပတ်၍ သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြလေသည်။

ဖြစ်ပေါ်လာသည့် စွမ်းအားအောက်ဝယ် လူအိုကြီးနှစ်ဦးစလုံးမှာ ပင်လယ်မုန်တိုင်းနှင့် ရင်ဆိုင်နေရသော လှေငယ်လေးတစ်စင်းနှယ် ဖြစ်နေခဲ့လေ၏။

“အဟွတ် အဟွတ်…”

နှစ်ယောက်စလုံး သွေးတစ်ပွက်စီ ထိုးအန်လိုက်ကြကာ သူတို့နှစ်ဦးစလုံး၏ အရှိန်အဝါမှာလည်း သိသိသာသာကို မှိန်ကျသွားခဲ့လေသည်။

“ကာကွယ်သူတို့…” နင်ယွမ်ရှု ကြောက်လန့်တကြား ထအော်လိုက်လေသည်။

“အမှိုက်ကောင်တွေ…” ရန်ကိုင်ကမူ ဒေါသတကြီးသာ ထအော်ဆဲလေ၏။

သူပြန်လည် ကောင်းမွန်လာနိုင်စေရန်အတွက် ကောင်းရှန်နှင့် လျို့ရွှေတို့မှ မှော်ရတနာစိတ်ဝိဉာဉ်ကို အချိန်ဆွဲထားပေးနိုင်ရန် ရန်ကိုင် မျှော်လင့်နေခြင်း ဖြစ်ပေသည်။ သို့သော်ငြား ထိုသက်ကြားအိုကြီး နှစ်ဦးမှာ ရုတ်တရက် စွမ်းအားကုန် ထုတ်သုံး၍ တိုက်ခိုက်လိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ အကျိုးဆက်အနေဖြင့် အသက်သုံးရှိုက်စာအတွင်း လူအိုကြီးနှစ်ဦးစလုံးမှာ မှော်ရတနာစိတ်ဝိဉာဉ်၏ အနိုင်ယူခြင်း ခံလိုက်ရလေတော့သည်။

ယခုတစ်ကြိမ် သူတို့သည်သာ ထိခိုက်သွားရခြင်းမဟုတ်ဘဲ သူတို့၏ မှော်ရတနာများပါ ထိခိုက်သွားခဲ့ရသည်။ တိုက်ပွဲပြီးသည့်နောက်တွင် ပြန်လည်ကောင်းမွန်လာနိုင်ရန်အတွက် ထိုလူအိုကြီးနှစ်ဦးအနေဖြင့် ဆယ်နှစ်မှ အနှစ်နှစ်ဆယ်ခန့် အချိန်ယူရ ပေတော့မည်။

ကာကွယ်သူနှစ်ဦး၏ လုပ်ရပ်သည် မှော်ရတနာစိတ်ဝိဉာဉ်ကို ကျိန်းသေ ဒေါသထွက်သွားစေခဲ့လေသည်။ အသံလှိုင်း အချုပ်အနှောင်မှ လွတ်မြောက်လာပြီးသည့်နောက်တွင် မှော်ရတနာစိတ်ဝိဉာဉ်သည် ၎င်း၏တူအား နောက်တစ်ကြိမ် မြှောက်လိုက်လေ၏။ တိုက်ပွဲတူပေါ်ရှိ ရုန်းအက္ခရာများသည် ယခင်ကထက်ကို ပို၍ တလက်လက် တောက်ပလာခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးအား ဝါးမျိုပစ်နိုင်ဟန် ထင်မှတ်ရသော အနက်ရောင်တွင်းနက်တစ်ခုမှာလည်း မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့လေသည်။

ကြောက်စရာတစ်ခုခု ဖြစ်တော့မည်မှန်း နားလည်လိုက်ပြီးနောက် အကုန်လုံး၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၇၄)

တွင်းနက်သည် အစပိုင်းတွင် အလွန်ကိုမှ သေးငယ်သော်ငြား မျက်တောင်တစ်ခတ်အတွင်း ကမ္ဘာလောကြီးတစ်ခုလုံးအား ဝါးမျိုပစ်တော့မည့်နှယ် လျင်မြန်စွာ ကြီးမားလာခဲ့သည်။ ဤသို့ဖြင့် ကမ္ဘာလောကကြီးတစ်ခုလုံး အမှောင်အတိ ကျသွားရလေတော့သည်။

ထိုအဆုံးမဲ့အမှောင်ထဲ တစ်စုံတစ်ခုသည် လျင်မြန်စွာ ကြီးမားလာနေခဲ့လေသည်။

ကောင်းရှန်နှင့် လျို့ရွှေတို့မှာ အမှောင်ထု၏ ရိုက်ခတ်မှုကို ပထမဦးစွာ ခံစားကြရသူများဖြစ်ကြသည်။ သူတို့၏ အတွင်းစိတ်နက်ထဲတွင် ကိန်းအောင်းနေသော မကောင်းသည့် စိတ်ဆန္ဒရိုင်းများသည် တဖြည်းဖြည်း နိုးကြားလာခဲ့ရာ သူတို့၏ မျက်လုံးများမှာလည်း ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တို့ဖြင့် တလက်လက် တောက်ပလာနေတော့သည်။ ဤအမှောင်ထုသည် တစ်စုံတစ်ဦး၏ စိတ်ဆန္ဒကို ဝါးမျို၍ ထိုလူအား မိစ္ဆာလမ်းစဉ်ထဲသို့ ကျရောက်သွားအောင် လုပ်နိုင်သည့် ပုံစံမျိုးပင်။

“မကောင်းတော့ဘူး…” ကောင်းရှန်က အလန့်တကြား ထအော်ရင်း သူ့လျှာကို ကိုက်၍ စိတ်ဆန္ဒရိုင်းများကို အတင်းအကြပ် ချုပ်တည်းလိုက်လေသည်။ သို့တိုင် ထိန်းချုပ်နိုင်ရုံလေးသာ။

လျို့ရွှေလည်း အတူတူသာ ဖြစ်လေသည်။ နှစ်ဦးစလုံးမှာ စိတ်ဆန္ဒရိုင်းများ၏ ထိန်းချုပ်ခြင်း မခံရစေရန်အတွက် မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်ရင်း တောင့်ခံနေကြရသည်။ သို့သော်ငြား အမှောင်ထု၏ ထူးဆန်းသော စွမ်းရည်အောက်တွင် သူတို့စိတ်အား အချိန်အကြာကြီး ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။ အနှေးနှင့်အမြန်ဆိုသလို စိတ်ဆန္ဒရိုင်းများ၏ ထိန်းချုပ်ခြင်း ခံရကာ နတ်ဆိုးများအဖြစ် ပြောင်းလဲသွားကြပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ကြည်လင်ပြတ်သား သိမ်မွေ့နက်နဲသည့် အသံတစ်သံ အမှောင်ထုထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံသည် အဝေးမှ လာသလိုလို အနီးမှလာသလိုလို လူတိုင်း၏စိတ်ထဲ ကြည်လင်ပြတ်သားစွာ ကြားလိုက်ရလေသည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အမှောင်ထုထဲ အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာတော့လေ၏။

အလင်းရောင်များ လွှမ်းခြုံလျက် ရှိသော ပုံရိပ်တစ်ခုသည် လေထဲတွင်ဝဲလျက် လက်ကွက်များကို ဖန်တီးရင်း မန္တန်တစ်ခုအား ရွတ်ဆိုနေခဲ့သည်။

ထိုအသံကို ကြားလိုက်သည့် ကျင့်ကြံသူတိုင်း မမြင်နိုင်သည့် လက်ကြီးတစ်ဖက်မှ သူတို့၏စိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေသော စိတ်ဆန္ဒရိုင်းများအား ဖယ်ရှားပေးလိုက်သလို ခံစားကြရကာ သူတို့၏စိတ်များမှာလည်း တစ်ဖန် ပြန်လည် ကြည်လင်လာရတော့လေသည်။

“သူပဲ…” ရန်ကိုင်ကမူ ထူးထူးဆန်းဆန်း အမူအယာဖြင့် အဝေးတစ်နေရာတွင် ရပ်လျက် စိုက်ကြည့်လိုက်လေ၏။ မန္တန်အား ရွတ်ဆို၍ လက်ကွက်များကို ဖန်တီးနေသောလူမှာ အခြားမဟုတ်ဘဲ ရီကျင်းဟန်သာ ဖြစ်နေခဲ့လေသည်။

သူမထုတ်သုံးသွားသော ပညာရပ်သည် မည်ကဲ့သို့သော ပညာရပ်မှန်း ရန်ကိုင်မသိ။ သို့သော်ငြား ထိုပညာရပ်သည် သူတို့၏စိတ်တွင်းမှ မကောင်းသည့် စိတ်ဆန္ဒရိုင်းများကို ဖယ်ရှားရှင်းလင်းကာ ကျင့်ကြံသူတစ်ဦးအား ကောင်းမွန်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိစေနိုင်အောင် လုပ်ဆောင်ပေးနိုင်ပေသည်။

အကုန်လုံး အသိပြန်ဝင်လာပြီးသည့်နောက်တွင် ထိုနေရာ၌ ဆက်မနေရဲကြတော့ပေ။ လှုပ်ရှားမှုပညာရပ်အသီးသီးကို ထုတ်သုံးလျက် အမှောင်ထုလက်မှ လွတ်နိုင်သမျှ လွတ်အောင် ထွက်ပြေးတော့လေ၏။ ကာကွယ်သူနှစ်ဦးဖြစ်ကြသော ကောင်းရှန်နှင့် လျို့ရွှေတို့သည်လည်း မျှော်လင့်ချက်အရိပ်အယောင်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အမိအရဖမ်းဆုပ်၍ ထွက်ပြေးတော့လေသည်။ ထွက်ပြေးရင်းနှင့် နင်ယွမ်ရှုကိုပါ ဆွဲခေါ်သွားရန် မမေ့သွားခဲ့ပေ။

ရီကျင်းဟန်၏ကျင့်ကြံခြင်းမှာ တာအိုသခင် ဒုတိယအဆင့်သာ ရှိသေးသည်။ ထို့အတွက်ကြောင့် အလွန်ကိုမှ နက်နဲဆန်းကြယ်သော ပညာရပ်တစ်ခုအား ပိုင်ဆိုင်ထားမည်ဆိုလျှင်ပင် သူမအနေဖြင့် ဤပညာရပ်အား အချိန်အကြာကြီး ထုတ်သုံးထားနိုင်လိမ့်မည် မဟုတ်ပေ။ အသက်ဆယ်ရှိုက်စာ ကြာပြီးသည့်နောက်တွင် သူမ၏မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ပြီး သူမခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော အလင်းရောင်မှာလည်း သိသိသာသာကို မှိန်ကျသွားခဲ့လေသည်။

သူမအားကုန်သွားခဲ့လေပြီး ထွက်ပြေးရန် အားမကျန်တော့။ ရီကျင်းဟန်သည် ကြွေလွင့်သွားသော သစ်ရွက်ခြောက်လေးတစ်ရွက်နှယ် ခေါင်းငိုက်စိုက်ကျ၍ ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ဟွာချင်းစီသည် ဖဲကြိုးတစ်စကို ပစ်လွှတ်၍ ရီကျင်းဟန်အား အမှောင်ထဲမှ ဆွဲခေါ်လိုက်လေ၏။ ထို့နောက် ကျန်းရို့ရှီကိုပါ သယ်လျက် လျို့ယန်နှင့်အတူ နောက်သို့ လှည့်မကြည့်ဘဲ ထွက်ပြေးတော့လေသည်။

ထိုအခြေအနေကိုမြင်သော် ရန်ကိုင်လည်း တုံ့ဆိုင်းမနေတော့ဘဲ လေဟာနယ်နိယာမစွမ်းအားကို ထုတ်သုံးလျက် တည်နေရာခုန်ကူးကာ ထွက်ပြေးတော့လေ၏။

သူ့အနေဖြင့် မည်သူ့ကိုမှ အားကိုးလို့မရပေ။ သူ့ကိုယ်သူသာ အားကိုးရပေလိမ့်မည်။ သို့သော်ငြား လက်ရှိအချိန်တွင် သူ၏ဦးစားပေးမှာ အားပြန်ဖြည့်ရန်သာ ဖြစ်လေ၏။

ရန်ကိုင်ထွက်သွားပြီး ခဏအကြာမှာပင် မှော်ရတနာစိတ်ဝိဉာဉ်သည် တိုက်ပွဲတူအား ပြန်ချလိုက်လေ၏။ တစ်ချိန်တည်းတွင် အမှောင်ထုသည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက် ဘေးပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်ရာ ခွေးတစ်ကောင်ကြောင်တစ်မြီးပင် မရှိတော့ကြောင်း တွေ့လိုက်ရလေသည်။ သို့သော်ငြား မှော်ရတနာစိတ်ဝိဉာဉ်၏အကြည့်သည် ချက်ချင်းဆိုသလို ရန်ကိုင် ထွက်ပြေးသွားသည့်ဘက်ဆီသို့ ရောက်သွားခဲ့လေ၏။ ထို့နောက် တိုက်ပွဲတူအား ကိုင်စွဲ၍ ရန်ကိုင့်နောက်သို့ ပြေးလိုက်တော့လေသည်။

မေပယ်မြို့မှ မိုင်တစ်သောင်းခန့် ဝေးကွာသော ကြည်လင်ကျောက်စိမ်းတောင်၌…

နတ်သားရဲဖြစ်သော လွမ်ဖုန်းသည် ဤတောင်တွင် တစ်ခါက ပေါ်လာခဲ့ပြီး တောင်တစ်ခုလုံးအား ၎င်း၏ ကမ္ဘာဖျက်မီးလျှံများဖြင့် မှုတ်ထုတ်သွားခဲ့သည်။ တစ်နှစ်ခန့် ကြာပြီးသွားသည့်တိုင် အနက်ရောင်မီးတောက်များမှာ ပျောက်ကွယ်သွားခြင်း မရှိဘဲ တောင်တစ်ခုလုံးအား ဆက်လက်လောင်မြိုက်နေခဲ့လေသည်။

တောင်တစ်ခုလုံးပေါ်၌ မည်သည့် သစ်ပင်ပန်းပင်မှ မပေါက်ရောက်နိုင်တော့ဘဲ အနက်ရောင်မီးတောက်များကသာ ကြီးစိုးနေတော့လေ၏။

ကြည်လင်ကျောက်စိမ်းတောင်သည် ခြောက်ကပ်ပျက်စီးသွားသော လွင်တီးခေါင်ပြင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သော်ငြား မီးဓာတ်ကျင့်ကြံသူများအဖို့တော့ သုခဘုံတစ်ခု ဖြစ်လာခဲ့လေသည်။

အန္တရာယ်ရှိနေသည့်တိုင် မီးဓာတ်အား ကျင့်ကြံကြသော ကျင့်ကြံသူပေါင်းများစွာသည် ကမ္ဘာဖျက်မီးလျှံများအား နားလည်ဆင်ခြင်ရင်းမှ ဉာဏ်အလင်း ပွင့်နိုးနိုးဖြင့် ဤနေရာသို့ လာရောက်ကြသည်။ ဤမီးတောက်များသည် ရှေးဟောင်းနတ်သားရဲတစ်ကောင်၏ မီးတောက်များဖြစ်ကာ ထိုမီးတောက်များထဲ အဆုံးမဲ့စွမ်းအားတို့ ကိန်းအောင်းနေသည် မဟုတ်လေလော။ သူတို့သာ ထိုမီးတောက်အနည်းငယ်အား သန့်စင်နိုင်မည်ဆိုပါက အလွန်ကိုမှ အကျိုးများပေလိမ့်မည်။

ကြည်လင်ကျောက်စိမ်းတောင်တွင် မီးဓာတ်ကျင့်ကြံသော ကျင့်ကြံသူများ စုဝေးနေကြောင်းကို ရန်ကိုင် ကြားဖူးနေသည်မှာ ကြာပေသည်။ သူကိုယ်တိုင်သည်လည်း လျို့ယန်အားခေါ်ကာ ဤနေရာသို့ လာရောက်ခဲ့ဖူးသည်။ လျို့ယန်သည် လွမ်ဖုန်း၏ ငှက်မွေးတောင်ကိုပင်လျှင် သန့်စင်နိုင်ခဲ့လေရာ ကမ္ဘာဖျက်မီးတောက်များကိုတော့ မသန့်စင်နိုင်စရာအကြောင်း မရှိချေ။ သို့သော်ငြား လက်ရှိအချိန်၌ လျို့ယန်အား ထိုမီးတောက်များကို ထိုင်သန့်စင်နေခိုင်းဖို့ အချိန်မရှိချေ။

ရန်ကိုင်သည် တောက်လျှောက် တည်နေရာခုန်ကူးလာလိုက်ရာ တခဏအတွင်း လွမ်ဖုန်း၏မီးတောက်များ လောင်ကျွမ်းနေသော ကြည်လင်ကျောက်စိမ်းတောင်ဆီသို့ ရောက်လာခဲ့သည်။

ဝေ့ကြည့်လိုက်ရာ ထိုနေရာတွင် ကျင့်ကြံနေကြသော ကျင့်ကြံသူပေါင်းများစွာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ အကုန်လုံးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ မီးတောက်တစ်ခုနှယ် ပူလောင်လှသည်။ ထိုလူများသည် မီးဓာတ်ကျင့်စဉ်များကို ကျင့်ကြံထားသော ကျင့်ကြံသူများသာ ဖြစ်ကြရပေလိမ့်မည်။

ရန်ကိုင် ရောက်လာသည်ကို သတိပြုမိလိုက်သော် ကျင့်ကြံသူပေါင်းများစွာ မျက်လုံးဖွင့်ကြည့်လာကြသည်။ သို့သော်ငြား ခဏအကြာ၌ သူ့အား လျစ်လျူရှုသွားကြလေသည်။ ထိုလူအုပ်ကြီးအား ကောင်းကင်စိတ်အာရုံဖြင့် ဝေ့ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေ၏။

အကြောင်းမှာ ဤနေရာတွင် ရှိနေသော ကျင့်ကြံသူအားလုံးမှာ အတော်လေးကို အားနည်းသည့် အတွက်ကြောင့်ပင်လျှင်။ အများစုမှာ တန်ခိုးရှင်ဘုရင်အဆင့်၊ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြပြီး တာအိုသခင်အဆင့် ကျင့်ကြံသူဆို၍ အနည်းငယ်သာ ရှိလေသည်။ ထိုတာအိုသခင်အဆင့် ကျင့်ကြံသူများသည်ပင်လျှင် ပထမအဆင့်များသာ ဖြစ်ကြလေရာ ရန်ကိုင့်အား ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် ထိုကျင့်ကြံသူများကို အားကိုး၍ မှော်ရတနာစိတ်ဝိဉာဉ်အား အချိန်ဆွဲရန် ကြိုးစားချင်သော်ငြား ယခုမူ သူ့အစီအစဉ်မှာ အလုပ်မဖြစ်တော့သည့်ပုံပင်။ သို့သော်ငြား မကြာမီတွင် ရန်ကိုင်သည် မီးတောက်များကို စိုက်ကြည့်ရင်း အကြံတစ်ခု ရသွားခဲ့လေသည်။

မီးတောက်များလောင်ကျွမ်းနေသည့် နေရာ၏ အလယ်ဗဟိုတည့်တည့် ဆယ်မီတာဝန်းကျင်တစ်ဝိုက်တွင် မည်သည့်မီးတောက်မျှ ရှိမနေခဲ့ချေ။ ထိုနေရာသည် အနက်ရောင်မီးတောက်များ မရောက်ရှိနိုင်သည့် နေရာတစ်ခုလည်း ဖြစ်၏။

ခဏမျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင်က အော်ပြောလိုက်လေ၏။ “အကုန်လုံး ဒီနေရာကြီးက မကြာခင် အန္တရာယ်များလာတော့မှာ… မင်းတို့မသေချင်ရင် အခုချက်ချင်း ထွက်သွားကြပေတော့…”

ရန်ကိုင့်၏အော်သံကြောင့် တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေကြသော ကျင့်ကြံသူများ မျက်လုံးပွင့်လာကြလေသည်။ သူတို့အကုန်လုံးသည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လာကြလေ၏။

အချို့ဆိုလျှင် ရန်ကိုင့်ကိုပင်လျှင် ပြန်ခြိမ်းခြောက်လိုက်သေးသည်။ “ကောင်စုတ်လေး မင်းဘာပြောလိုက်တာလဲကွ… မင်းပြောရဲရင် ထပ်ပြောစမ်း…”

ရန်ကိုင်သည် ငယ်ငယ်လေးသာ ရှိသေးသည့်အတွက် သူ့ကျင့်ကြံခြင်းမှာ သိပ်မြင့်လိမ့်မည်မဟုတ်ဟု ထိုလူထင်နေခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင့်အား ဤကဲ့သို့ ပြန်ပြောရဲခြင်း ဖြစ်ပေသည်။

ရန်ကိုင်သည် ထိုလူအား ကြည့်လျက် ယဲ့ယဲ့လေးပြုံးကာ ပြောလိုက်လေ၏။ “ကျုပ် သေချာပြောပြီးသွားပြီလေ… ခင်ဗျားတို့အားလုံးကို ဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ စေတနာနဲ့ ပြောပေးနေတာ…”

“ကောင်လေး ဒီမီးတောက်တွေအကုန်လုံးကို မင်းတစ်ကောင်တည်း မောင်ပိုင်သိမ်းချင်နေတာမလား…” လူအိုကြီးတစ်ဦးသည် ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်ရင်း “ကောင်လေး… မင်းအဆင်ပြေပြေ နေချင်လို့ရှိရင် အခြားလူတွေကိုလည်း ပြဿနာမရှာရဘူးဆိုတာ သိထားသင့်တယ်… မီးလောင်နေတဲ့နေရာကြီးက အကျယ်ကြီးပဲ… ကိုယ့်ဘာသာကိုယ်‌ နေရာတစ်ခုရှာပြီး အေးအေးဆေးဆေး ကျင့်ကြံနေလိုက်… အခြားသူတွေကို လိုက်ပြဿနာ ရှာမနေနဲ့… မင်းသန်မာတယ်ဆိုလို့ရှိရင်တောင် မင်းတစ်ယောက်တည်းနဲ့ ဒီလူအိုကြီးကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး… အဲ့တော့ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနေပြီး ငါတို့ကို လိုက်ပြဿနာမရှာဖို့ ငါမင်းကို အကြံပေးချင်တယ်…”

“ကျုပ် ဒီမှာ ကျင့်ကြံချင်လို့ ခင်ဗျားတို့ကို အခုလို ပြောနေတာမဟုတ်ဘူး… အန္တရာယ်များတဲ့ သက်ရှိတစ်ကောင် ဒီနေရာဆီ လာနေလို့ ခင်ဗျားတို့ကို မြန်မြန်ထွက်သွားဖို့ ပြောနေတာ… မဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်…”

“ဘာအန္တရာယ်များတဲ့သက်ရှိလဲ…” တာအိုသခင်အဆင့် လူထွားကြီးတစ်ဦးသည် ရုတ်တရက်ထ၍ အော်ပြောလိုက်လေ၏။ ရန်ကိုင်အနေဖြင့် ထိုလူအား တစ်ခါမှ မတွေ့ဖူးချေ။ ထိုလူသည် ဤနေရာ၏ ဒေသခံလား သို့မဟုတ် ပြင်ပမှ ရောက်လာသည့် ကျင့်ကြံသူလား ဆိုသည်ကိုလည်း သူမပြောတတ်ချေ။

သို့သော်ငြား လတ်တလောအတွင်း မေပယ်မြို့၌ ပြင်ပမှ ရောက်လာသည့် ကျင့်ကြံသူများစွာ ရှိနေသည့်အတွက်ကြောင့် ဤနေရာတွင် တာအိုသခင်အဆင့် ကျင့်ကြံသူများ ရှိနေသည့်အပေါ် ရန်ကိုင် အံ့အားသင့်မနေခဲ့။

လူထွားကြီးက ဆက်၍အော်ပြောလိုက်လေသည်။ “ကောင်လေး… လူတွေကို အလန့်တကြားဖြစ်အောင် မလုပ်နဲ့နော်… မဟုတ်ရင် ဒီဘုရင် မင်းကို သင်ခန်းစာ ပေးရလိမ့်မယ်…”

ရန်ကိုင်၏ အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး မျက်မှောင်ကျုံ့လျက် အားတင်းပြုံးကာ “အင်း… ကောင်းပြီလေ… ခင်ဗျားတို့အတွက်လည်း အခုနေ ထွက်သွားဖို့ ခက်မှာပေါ့…”

“မင်းဘာပြောချင်နေတာလဲ…”

“ကောင်လေး မင်း ငါတို့ကို ထပ်ခြိမ်းခြောက်နေရဲတာလား… ငါ မင်းအရေခွံကို လာခွာပစ်မှာနော်…”

“ဒီကောင်က မဟုတ်တော့ဘူးကွ… ငါတို့ကို လုံးဝ မျက်လုံးမထည့်ပဲ လုပ်နေတာ… သွားသင်ခန်းစာပေးကြရအောင်…”

အကုန်လုံး ဒေါသတကြီး အော်ဟစ်နေစဉ်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံနှင့်အတူ မှော်ရတနာစိတ်ဝိဉာဉ်သည်လည်း မိုးကုတ်စက်ဝိုင်းအောက်၌ ထွက်ပေါ်လာခဲ့လေ၏။ မှော်ရတနာစိတ်ဝိဉာဉ်အား မယုံသင်္ကာ အမူအယာများဖြင့် လှမ်း၍ ကြည့်လိုက်ကြပြီးသည့်နောက် ထိုမှော်ရတနာစိတ်ဝိဉာဉ်ဆီမှ အလွန်တရာကိုမှ အားကောင်းလှသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတို့ ဖြာထွက်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။ ထိုအရှိန်အဝါကို ခံစားမိလိုက်ပြီးသည့်နောက် အကုန်လုံး၏ မျက်နှာများ ဖြူလျော်သွားခဲ့ကြပြီး ရန်ကိုင် အမှန်ကို ပြောနေမှန်းလည်း နားလည်သွားခဲ့လေသည်။

“ပြေးတော့လေ… မင်းတို့ ဘာတွေ ထိုင်နေကြသေးတာလဲ… သေချင်လို့ ထိုင်နေကြတာလား…” ရန်ကိုင်က ထအော်လေ၏။

အကုန်လုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ မှော်ရတနာစိတ်ဝိဉာဉ်သည် သူတို့သွားရန်စလို့ ရသည့် သက်ရှိတစ်ဦးနှင့်မတူ။ ထို့အပြင် ၎င်းဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း ဧကရာဇ်တစ်ဦးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါနှယ် အားကောင်းလွန်းလှသည်။ ထို့ကြောင့် မည်သူမှ ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းထကာ ခြေကုန်သုတ်၍ ပြေးကြတော့လေသည်။

မှော်ရတနာစိတ်ဝိဉာဉ်ကမူ အခြား မည်သူ့ကိုမှ စိတ်မဝင်စားဘဲ ရန်ကိုင့်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။

တခဏအကြာတွင် ကြည်လင်ကျောက်စိမ်းတောင်၌ ကျင့်ကြံနေကြသော ကျင့်ကြံသူအားလုံး ပျောက်ကွယ်သွားကုန်ကြလေ၏။

ရန်ကိုင်သည် မှော်ရတနာစိတ်ဝိဉာဉ်အား ညစ်ကျယ်ကျယ် ပြုံးပြရင်း “မင်းအသိဉာဏ်ဘယ်လောက်ရှိလဲ ငါတကယ် သိချင်နေပြီ…” ထို့သို့ပြောနေရင်းမှ လက်တစ်ချောင်းထောင်၍ မေးလိုက်လေ၏။ “ဒါဘယ်လောက်လဲ သိလား…”

မှော်ရတနာစိတ်ဝိဉာဉ်ကမူ ရန်ကိုင့်ကိုသာ စိုက်ကြည့်နေလေသည်။

ရန်ကိုင်က အော်ရယ်မောလျက် ပြန်ပြောလိုက်လေ၏။ “နှစ်ခုကွ နှစ်ခု သောက်ရူးရ…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် မှော်ရတနာစိတ်ဝိဉာဉ်သည် ၎င်း၏တိုက်ပွဲတူကြီးကို မြှောက်လိုက်လေ၏။ ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ အနက်ရောင်မီးတောက်များ ဝိုင်းရံထားသည့် မီးတောက်များ လောင်ကျွမ်းနေခြင်း မရှိသည့် နေရာဆီသို့ ခုန်ရှောင်သွားလျက် အော်ရယ်မောရင်း ပြောလိုက်လေသည်။ “လာ ငါ့ကို လာတိုက်လေ… မင်း တိုက်ရဲလို့ရှိရင် လာတိုက်လေ လာ… ငါဒီမှာ ရပ်နေတယ်…”

ရန်ကိုင်၏စကားကြောင့် ဒေါသထွက်သွားသည့်အလား မှော်ရတနာစိတ်ဝိဉာဉ်သည် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားလေသည်။

သို့ရာတွင် မှော်ရတနာစိတ်ဝိဉာဉ်မှ မီးတောက်များထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မီးတောက်များကြောင့် ထိတ်လန့်သွားသည့်အလား အလျင်စလို နောက်သို့ ပြန်ဆုတ်သွားလေသည်။

မှော်ရတနာစိတ်ဝိဉာဉ်၏ အနက်ရောင်ခန္ဓာကိုယ်ပေါ်၌ များစွာသော အနက်ရောင်မီးတောက်လေးများ ရှိနေခဲ့လေသည်။ ထိုမီးတောက်လေးများမှာ သေးငယ်သော်ငြား ၎င်းတို့၏ ပြင်းအားမှာတော့ ပေါ့သေးသေးမဟုတ်ချေ။

ဤလောကကြီးထဲတွင် လွမ်ဖုန်း၏ ကမ္ဘာဖျက်မီးတောက်များ မလောင်ကျွမ်းပစ်နိုင်သည့် အရာဟူ၍ မရှိပေ။ ဧကရာဇ်အဆင့် မှော်ရတနာများပင်လျှင် ချွင်းချက်မဟုတ်ပေ။ သို့သော်ငြား ဤနေရာရှိ မီးတောက်များမှာ ကြည်လင်ကျောက်စိမ်းတောင်၌ လောင်ကျွမ်းနေသည်မှာ အတော်လေးကြာပြီဖြစ်သလို လွမ်ဖုန်း၏ အကူအညီလည်း မပါတော့သည့် အတွက်ကြောင့် ယခင်ကထက် ပို၍ အားနည်းသွားတော့လေသည်။ သို့တိုင်ပင်လျှင် ထိုမီးတောက်များသည် အလွယ်တကူ ငြိမ်းသတ်၍ မရသည့် မီးတောက်များ ဖြစ်နေသေးသည်။

မှော်ရတနာစိတ်ဝိဉာဉ်သည် ထိုမီးတောက်များဆီမှ အန္တရာယ်အငွေ့အသက်ကို ခံစားနေရသည့်အလား ၎င်း၏စွမ်းအားကို လှည့်ပတ်၍ ထိုမီးတောက်များကိုငြိမ်းသတ်ရန် ကြိုးစားနေခဲ့သည်။ သို့သော်ငြား သူ့အားစိုက်ထုတ်မှုမှာ အချည်းအနှီးသာ။

နောက်ဆုံး ကြံရာမရတော့သည့်အဆုံး၌ တိုက်ပွဲတူကို မြှောက်လျက် သူ့ကိုယ်သူ ပြန်ထုတော့လေ၏။

ရန်ကိုင်က ကြောက်လန့်တကြား မျက်လုံးမှေးစင်းလျက် “ဒီကောင် တကယ်ကို သွေးပူတာပဲ…”

မှော်ရတနာစိတ်ဝိဉာဉ်သည် နတ်ဆိုးတိုက်ပွဲတူမှ မွေးဖွားလာခြင်း ဖြစ်သော်ငြား ဤကဲ့သို့သော လုပ်ရပ်သည် သူ့ခန္ဓာကိုယ်ပေါ်၌ မထင်မှတ်ထားသော အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်ပေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် မှော်ရတနာ၏စိတ်ဝိဉာဉ်၏ အသိဉာဏ်မှာ အလွန်မြင့်မားခြင်း မရှိမှန်း သိနိုင်ပေ၏။

ထိုသို့ဆိုလျှင်ပင် ဤနည်းလမ်းသည် အတော်လေးကို အလုပ်ဖြစ်ပေသည်။

နတ်ဆိုးတိုက်ပွဲတူ၏ ထုနှက်ခြင်းခံလိုက်ရသော မီးတောက်များမှာ သိသိသာသာကို အားပျော့သွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် မှော်ရတနာစိတ်ဝိဉာဉ်သည် အတွေးနက်လာသည့်အလား ခေါင်းလေးစောင်းလိုက်လေသည်။ ထို့နောက်တွင် အလွန်ကောင်းမွန်သည့် အကြံတစ်ခုကို ရသွားသည့်အလား တိုက်ပွဲတူကို မြှောက်၍ သူ့ကိုယ်ပေါ်ရှိ မီးတောက်များကို ထပ်တလဲလဲ ထုရိုက်တော့လေ၏။

မှော်ရတနာစိတ်ဝိဉာဉ် လုပ်နေသည့်ပုံကိုကြည့်ရင်း “ဒီကောင် တခဏလောက်တော့ ငါ့ဆီလာနိုင်ဦးမှာ မဟုတ်သေးဘူး” ဟု ရန်ကိုင်က တွေးလိုက်လေသည်။ ထို့နောက် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ကဲ… ကိုယ့်ဘာသာကိုယ် အလုပ်ရှုပ်နေလိုက်ဦး… ပြီးတော့မှ ဒီသခင်လေး မင်းကို သင်ခန်းစာ ကောင်းကောင်း ပေးပေးမယ်…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၇၅)

ထိုစကားများကို ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မျက်လုံးပိတ်လျက် အားပြန်ဖြည့်ရာတွင်သာ အာရုံစိုက်ထားတော့လေသည်။

အစောပိုင်းက ဆေးလုံးများစွာကို သောက်ခဲ့သည်။ သို့သော်ငြား ထိုဆေးလုံးများ၏ ဆေးအာနိသင်အား အပြည့်အဝ မသန့်စင်ရသေးချေ။ ထို့အတွက်ကြောင့် ဆေးအာနိသင်များသည် သူ့သွေးကြောနှင့် အသွေးအသားထဲတွင် လာရောက်ပိတ်ဆို့နေခဲ့လေရာ သူ၏ အရင်းအမြစ်ချီအား ကောင်းကောင်း မလှည့်ပတ်နိုင် ဖြစ်နေရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ယခုအချိန်၌ ထိုဆေးအာနိသင်အားလုံးကို အပြည့်အဝ သန့်စင်၍ သူ့ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်ပစ်ရန် စီစဉ်နေခြင်း ဖြစ်ပေသည်။

မှော်ရတနာ စိတ်ဝိဉာဉ်မှာတော့ သူ့ကိုယ်သူ တူနှင့်ထုရင်း လောင်ကျွမ်းနေသော မီးတောက်များအား ငြိမ်းသတ်ရင်း အလုပ်ရှုပ်နေခဲ့လေသည်။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ရာ တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် မှော်ရတနာစိတ်ဝိဉာဉ်သည် သူ့ကိုယ်ပေါ်တွင် လောင်ကျွမ်းနေသော မီးတောက်များအား အပြည့်အဝ ရှင်းထုတ်ပစ်နိုင်ခဲ့လေသည်။

အနက်ရောင်မီးတောက်များ၏ အစွမ်းကို ခံစားမိပြီးသည့်နောက်တွင် မှော်ရတနာစိတ်ဝိဉာဉ်သည် မီးတောက်များနားသို့ ထပ်၍ မကပ်ရဲတော့ပေ။ ထို့အတွက်ကြောင့် အပြင်ဘက်တွင်သာ ရပ်၍ ရန်ကိုင့်အား လှမ်းကာ အော်ဟစ်နေခဲ့လေ၏။

ရန်ကိုင်ကမူ မှော်ရတနာစိတ်ဝိဉာဉ်အား လုံးဝ လျစ်လျူရှုထားခဲ့ပြီး အားပြန်ဖြည့်ရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့လေသည်။ တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံး ပြန်ဖွင့်လာခဲ့လေသည်။ သူ့မျက်လုံးနှင့် မျက်နှာပုံစံမှာ ယခင်ကကဲ့သို့ ပင်ပန်းနွမ်းနယ်နေခြင်း မရှိတော့။ ယခုဆိုလျှင် ရန်ကိုင် လုံးဝ အားပြန်ပြည့်သွားခဲ့လေပြီ။ ထိုင်နေရာမှ ထရပ်၍ မှော်ရတနာစိတ်ဝိဉာဉ်အား ညစ်ကျယ်ကျယ်အမူအယာဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏။ “မင်းတော့ သေပြီပဲ…”

“ဝေါင်း…” မှော်ရတနာစိတ်ဝိဉာဉ်ကမူ ကြမ်းကြုတ်ခက်ထန်စွာသာ အော်ဟစ်လိုက်လေသည်။

ရန်ကိုင်သည် အနက်ရောင်မီးတောက်များအတွင်းမှ တည်နေရာခုန်ကူး၍ မှော်ရတနာစိတ်ဝိဉာဉ်ဆီသို့ ခုန်ထွက်လာခဲ့လေသည်။ ထို့နောက် မှော်ရတနာစိတ်ဝိဉာဉ်၏ မျက်လုံးတည့်တည့်သို့ စိုက်ကြည့်၍ အော်ပြောလိုက်လေ၏။ “ငါ့ကိုကြည့်စမ်း…”

မှော်ရတနာစိတ်ဝိဉာဉ်ကမူ ရန်ကိုင့်စကားအား နားလည်လား နားမလည်လားမသိ သူ့ခေါင်းကို ရန်ကိုင့်ဆီသို့ အလိုလို မော့ကြည့်လာခဲ့လေသည်။ အကြည့်ချင်း ဆုံသွားသည့်အခိုက် ရန်ကိုင်၏ဘယ်ဘက်မျက်လုံး ရွှေရောင်တလက်လက် တောက်ပလာခဲ့လေ၏။ ရန်ကိုင်သည် ချက်ချင်းကို သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးအား ထုတ်သုံး၍ မှော်ရတနာစိတ်ဝိဉာဉ်အား ဖိနှိပ်ရန် ကြိုးစားလိုက်လေသည်။ မှော်ရတနာစိတ်ဝိဉာဉ်မှာလည်း အကြောသေသွားသည့်နှယ် တောင့်တောင့်ကြီး ဖြစ်သွားလေ၏။

ပုံရိပ်ယောင်ဆေဘာဓါးတစ်ချောင်းသည် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးထဲတွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ ခဏအကြာ၌ ထိုဆေဘာဓါးသည် ရန်ကိုင်၏မျက်လုံးထဲမှ ပျောက်ကွယ်သွားခဲ့ပြီး မှော်ရတနာစိတ်ဝိဉာဉ်၏ အသိစိတ်ပင်လယ်ထဲ၌ ပြန်ပေါ်လာခဲ့လေသည်။ ဆေဘာဓါးဆီမှမူ အလွန်တရာကိုမှ ထိတ်လန့်ဖွယ်ကောင်းသည့် အားကောင်းလှသော အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေ၏။ ဤဆေဘာဓါးမှာ အခြားမဟုတ် ဝိဉာဉ်ခွဲဆေဘာဓါးသာ ဖြစ်လေသည်။

ဤသည်မှာ ရန်ကိုင့်အဖို့ ဝိဉာဉ်ခွဲဆေဘာဓါးကို သန့်စင်ပြီးနောက် ပထမဆုံးအကြိမ် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ မှော်ရတနာစိတ်ဝိဉာဉ်၏ မှော်ရတနာမှာ ဧကရာဇ်အဆင့် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်လည်း မှော်ရတနာစိတ်ဝိဉာဉ်အား အထင်မသေးရဲပဲ သူ၏ အားအကောင်းဆုံးသော ဝိဉာဉ်တိုက်ကွက်ကို ချက်ချင်း ထုတ်သုံးလိုက်လေသည်။

ဝိဉာဉ်ခွဲဆေဘာဓါးသည် တဝှီးဝှီး မြည်ဟီးလာခဲ့လေ၏။ တစ်ချိန်တည်းတွင် ဓါးပေါ်၌ ထိုးထွင်းထားသော နက်နဲဆန်းကြယ်လှသည့် ရုန်းအက္ခရာများမှာလည်း စတင် တောက်ပလာလေတော့၏။

ရန်ကိုင်က အော်ဟစ်လိုက်လေသည်။ “ကောင်းကင်ခွဲဓါးချက်…”

သူ့အော်သံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဝိဉာဉ်ခွဲဆေဘာဓါးသည် ပြင်းထန်စွာ ခုတ်ချလာခဲ့လေသည်။

“ဝေါင်း…” မှော်ရတနာစိတ်ဝိဉာဉ်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသည့်အလား နာကျင်စွာ အော်ဟစ်လိုက်လေသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာလည်း အချိန်မရွေး ပျက်စီးတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့လေသည်။

ကောင်းကင်ခွဲဓါးချက်ကို ထျန်းယန်ဆီမှ ရန်ကိုင်သင်ယူခဲ့ခြင်း ဖြစ်သည်။ ယခင်အချိန်များတွင် ရန်ကိုင်သည် ဝိဉာဉ်ခွဲဆေဘာဓါးအား ကောင်းကင်ခွဲဓါးချက်ထဲတွင် ဖော်ပြထားသည့် နည်းလမ်းအတိုင်း သူ့စိတ်စွမ်းအင်ဖြင့် အားဖြည့်ပေးခဲ့လေသည်။ ထို့အတွက်ကြောင့် ဝိဉာဉ်ခွဲဆေဘာဓါး၏ ပထမဦးဆုံးသော ဓါးချက်မှာ အလွန်တရာကိုမှ အားကောင်းလှပေသည်။

သို့သော်ငြား ရန်ကိုင့်တွင် ဓါးသွားအား အားဖြည့်ပေးဖို့ရာ အချိန်သိပ်မရခဲ့သလို သူ၏ကျင့်ကြံခြင်းမှာလည်း နိမ့်ကျနေသည့်အတွက်ကြောင့် ဝိဉာဉ်ခွဲဆေဘာဓါးအား အပြည့်အဝ သန့်စင်ပြီးသည့်တိုင် ဓါးချက်၏ စွမ်းအားမှာ အနည်းငယ် လိုအပ်နေပေသေးသည်။ သို့သော်ငြား ဤမျှလောက်သော စွမ်းအားသည် လက်ရှိအခြေအနေအတွက်တော့ လုံလောက်ပေပြီ။

ထိုဓါးချက်တစ်ချက်တည်းဖြင့် မှော်ရတနာစိတ်ဝိဉာဉ် ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး နောက်သို့ တောက်လျှောက် ဆုတ်သွားခဲ့ရလေသည်။ ၎င်း၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် အရောင်အဝါမှာလည်း သိသိသာသာကို မှိန်ကျသွားခဲ့ပြီး အက်ကြောင်းများသည် ခန္ဓာကိုယ်တစ်လျှောက် ထွက်ပေါ်လာတော့လေ၏။

သို့ရာတွင် မှော်ရတနာစိတ်ဝိဉာဉ်မှာ ကြောက်လန့်သွားခဲ့ခြင်း မရှိဘဲ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာခဲ့ကာ ၎င်း၏တိုက်ပွဲတူကြီးကို မြှောက်လျက် ရန်ကိုင့်ဆီသို့ ပြေးဝင်လာလေ၏။

ထိုအချင်းအရာကို မြင်သော် အခြေအနေမကောင်းတော့မှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။ ထို့ကြောင့် နောက်ထပ်ပညာရပ်တစ်ခုကို အလျင်စလို ထုတ်သုံးလိုက်လေ၏။ ကြာဖူးတစ်ပွင့်သည် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးထဲတွင် ထွက်ပေါ်လာခဲ့လေသည်။

“အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်း…” ထိုကြာဖူးသည် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးထဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး မှော်ရတနာစိတ်ဝိဉာဉ်၏ အသိစိတ်ပင်လယ်ထဲတွင် ပြန်ပေါ်လာကာ မှော်ရတနာစိတ်ဝိဉာဉ်၏ အသိစိတ်ပင်လယ်ထဲမှ စိတ်စွမ်းအင်များကို ဝါးမျိုလျက် ဖြည်းဖြည်းချင်း စတင် ဖူးပွင့်လာတော့လေသည်။

ဝိဉာဉ်ပညာရပ်နှစ်ခုနှင့် ဝိဉာဉ်အမျိုးအစား ဧကရာဇ်မှော်ရတနာကို ထုတ်သုံးပြီးသည့်နောက် ရန်ကိုင်၏ စိတ်စွမ်းအင်မှာ ကုန်ဆုံးလုနီးပါး ထပ်ဖြစ်သွားခဲ့ရလေသည်။ ထိုတိုက်ကွက်များကို ပူးပေါင်းအသုံးချပြီးသည့် အခါမှသာလျှင် မှော်ရတနာစိတ်ဝိဉာဉ်ကို ရပ်သွားအောင် လုပ်နိုင်ခဲ့လေ၏။

ရန်ကိုင့်၏ ဘယ်ဘက်မျက်လုံးဆီမှ ရွှေရောင်သွေးများ ဖြည်းဖြည်းချင်းစီးကျလာခဲ့လေသည်။

ကြာပန်းပွင့်လန်းလာသည်နှင့်အမျှ မှော်ရတနာစိတ်ဝိဉာဉ်၏ ခန္ဓာကိုယ်မှာ မှိန်သထက် မှိန်လာကာ မျက်တောင်တစ်ခတ်အတွင်း၌ ၎င်း၏ခန္ဓာကိုယ်သည် ထွင်းဖောက်မြင်နိုင်လောက်သည်အထိ ကြည်လင်လာခဲ့လေသည်။

မကြာမီ မှော်ရတနာစိတ်ဝိဉာဉ် ရပ်နေသော နေရာ၌ ကြာပန်းပုံရိပ်တစ်ခုသာ ကျန်ရစ်တော့လေသည်။ ကြာပန်း အပြည့်အဝ ဖူးပွင့်လာသည့်အခါ မှော်ရတနာစိတ်ဝိဉာဉ်၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့ကာ တိုက်ပွဲတူကြီးတစ်လက်သာ ထိုနေရာ၌ ကျန်ရစ်ခဲ့လေ၏။

စိတ်စွမ်းအင်အကုန်အစင်ကို ထပ်မံအသုံးပြုလိုက်ရသည့်အတွက်ကြောင့် ရန်ကိုင်သည် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် အမောတကော အသက်ရှူနေရလေသည်။ သို့ရာတွင် သူမလှုပ်ရှားနိုင်သေးခင်မှာပင် တိုက်ပွဲတူသည် တဆတ်ဆတ်တုန်ခါလျက် ထွက်ပြေးရန် ကြိုးစားတော့လေသည်။

“အခုထိ မသေသေးတာလား…” ရန်ကိုင် အလန့်တကြား ထအော်လေသည်။ မှော်ရတနာစိတ်ဝိဉာဉ်သည် သူ့ဝိဉာဉ်ပညာရပ်နှင့်တကွ ဝိဉာဉ်အမျိုးအစား ဧကရာဇ်မှော်ရတနာ၏ တိုက်ခိုက်မှုကိုပါ ခံခဲ့ရသည်။ သို့သော်ငြား ယခုထိတိုင် မသေသေးချေ။ ၎င်း၏ခုခံစွမ်းအားမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းပေသည်။

သို့ရာတွင် တိုက်ပွဲတူ၌ မည်သည့်စွမ်းအားမျှ သိပ်မကျန်လောက်တော့ပေ။ တိုက်ပွဲတူ ထွက်ပြေးရန် ကြိုးစားနေသည်ကိုမြင်သော် ရန်ကိုင်သည် ကမ္ဘာငယ်လေးကို အလျင်စလို ထုတ်လျက် လက်ကွက်တစ်ခု ဖန်တီးလိုက်လေ၏။ ကမ္ဘာငယ်လေးတစ်ဝိုက်တွင် လေဟာနယ်နိယာမစွမ်းအားတို့ ရစ်သိုင်းလာခဲ့ပြီး ဟင်းလင်းပြင်အက်ကြောင်းတစ်ခုသည် ၎င်း၏မျက်နှာပြင်၌ ထွက်ပေါ်လာခဲ့လေသည်။

“အဲ့တာကိုတား…” ရန်ကိုင်က အော်ပြောလိုက်လေသည်။

ရန်ကိုင်ဖန်တီးလိုက်သည့် ဟင်းလင်းပြင်အက်ကြောင်းထဲမှ ကျောက်တုံးရုပ်သေးရုပ်၏လက်ကြီး ထွက်ပေါ်လာခဲ့လေသည်။ ထိုဧရာမလက်ကြီးသည် တိုက်ပွဲတူအား အပေါ်စီးမှ ရိုက်ချ၍ ဆုပ်ကိုင်ကာ ကမ္ဘာငယ်လေးထဲသို့ အလျင်အမြန် ပြန်ဝင်သွားလေ၏။ ထို့နောက်တွင် ဟင်းလင်းပြင်အက်ကြောင်းသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်လည်း မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် လဲကျသွားတော့လေ၏။ ခေတ္တမျှ အနားယူ၍ ပြန်ဖြည့်ထားခဲ့သော ခွန်အားအကုန်အစင်မှာ ပြောင်သွားခဲ့လေပြီ။ ယခုဆိုလျှင် သူ့မျက်လုံးထဲ၌ ကြယ်များလများကိုပင် မြင်ယောင်နေခဲ့ရလေပြီ။ မတ်တပ်ထရပ်ရန် ကြိုးစားကြည့်လိုက်သော်ငြား သူ့ခြေတစ်ချောင်းကိုပင် မမြှောက်နိုင်ကြောင်း တွေ့လိုက်ရလေသည်။

လေပြင်းတစ်ချက်နှင့်အတူ သူ့ခန္ဓာကိုယ်အား တစ်ယောက်ယောက်မှ ထူမပေးထားကြောင်း ရန်ကိုင် သတိပြုမိလိုက်၏။ ခက်ခက်ခဲခဲဖြင့် လှည့်ကြည့်လိုက်ရာ လျို့ယန်ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

“သခင်… အဆင်ပြေရဲ့လား…” လျို့ယန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ရန်ကိုင်ကမူ ခေါင်းသာ ခါပြလိုက်လေသည်။ ထို့နောက် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ ဟွာချင်းစီပါ ရောက်နေကြောင်း တွေ့လိုက်ရလေ၏။ သူတို့နှစ်ဦးသည် အစောကြီးတည်းက ရောက်နေခြင်း ဖြစ်ရပေလိမ့်မည်။ အခြေအနေမဟန်သည်နှင့် သူ့အား ဝင်ကူညီပေးရန် ဆုံးဖြတ်ထားကြခြင်း ဖြစ်လောက်သည်။ သို့သော်ငြား တိုက်ပွဲသည် ဤမျှ မြန်မြန် ပြီးဆုံးသွားလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

တကယ်ဆိုလျှင် ရန်ကိုင်သာ အရင်းအမြစ်ကျောက်တွင်းကို တူးထုတ်ရာ၌ သူ့စိတ်စွမ်းအင်အများကြီးကို အသုံးမပြုလိုက်ရပါက မှော်ရတနာစိတ်ဝိဉာဉ်နှင့် ပတ်သက်၍ ဤမျှ ဒုက္ခရောက်နေခဲ့ရလိမ့်မည် မဟုတ်ချေ။

မှော်ရတနာစိတ်ဝိဉာဉ်သည် ဧကရာဇ်မှော်ရတနာမှ လူအသွင်ယူထားခြင်း ဖြစ်သော်ငြား ၎င်းအား ဝိဉာဉ်တိုက်ကွက်များဖြင့် ဖိနှိပ်နိုင်ပေသည်။ ရန်ကိုင်တတ်ကျွမ်းထားသော ဝိဉာဉ်ပညာရပ်များမှာ အလွန်တရာကိုမှ အားကောင်းလှသည်။ ထို့ကြောင့် သူ့တွင် စိတ်စွမ်းအင် အလုံအလောက် ရှိနေသေး၍ မှော်ရတနာစိတ်ဝိဉာဉ်အား ထိန်းချုပ်ရန်မှာ ပြဿနာမရှိပေ။

“ငါအဆင်ပြေတယ်…” ရန်ကိုင်က ခေါင်းခါလျက် အားနည်းနေသည့်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “ရို့ရှီရော…”

လျို့ယန်က ပြန်ပြောလိုက်လေသည်။ “ဒီနေရာမှာ အရမ်းအန္တရာယ်များလို့ သူ့ကို ရီကျင်းဟန်နောက် လိုက်သွားခိုင်းလိုက်တယ်…”

ရန်ကိုင်က ခေါင်းညိတ်လျက် “အင်း… ငါ အားနည်းနည်းလောက် ပြန်ဖြည့်လိုက်ဦးမယ်… လျို့ယန် နင်လည်း ဒီကမီးတောက်တွေကို တတ်နိုင်သမျှ စုပ်ယူထားလိုက်… ဒီမီးတောက်တွေက နင့်အတွက် အရမ်းအသုံးဝင်တယ်…”

“ကျွန်မလည်း အဲ့လိုပဲတွေးနေတာ…” တလက်လက်တောက်ပနေသော ကမ္ဘာဖျက် အနက်ရောင်မီးတောက်မီးလျှံများကို ကြည့်ရင်း လျို့ယန်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ စားကောင်းသောက်ဖွယ်ရာတစ်ခုကို ကြည့်နေသည့်အလား လျို့ယန်သည် သူမ၏နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်လေ၏။

ထို့နောက်တွင် ရန်ကိုင်သည် ဟွာချင်းစီဘက်သို့ လှည့်၍ “အစ်မဟွာ… ဒီကမ္ဘာငယ်လေးကို ဂရုစိုက်ထားလိုက်ဦး…”

“နင် တကယ်ကြီး ငါ့ကို အစ်မဟွာလို့ ခေါ်လိုက်တာ…” ရန်ကိုင်မှ သူမအား ပထမဦးဆုံးအကြိမ်အဖြစ် ဤကဲ့သို့ ခေါ်ဝေါ်ခြင်း ဖြစ်သည့်အတွက်ကြောင့် ကြားကြားချင်း၌ ဟွာချင်းစီမှာ မင်သက်နေခဲ့လေသည်။ သူမအသိပြန်ဝင်လာသည့်အချိန်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲသို့ ရောက်နေခဲ့လေပြီ။

“ကောင်စုတ်လေး… ငယ်ချင်ယောင် လာဆောင်နေသေးတယ်…” ဟွာချင်းစီက မကျေမနပ် အမူအယာဖြင့် ပြောလိုက်လေသည်။ သို့သော်ငြား မကြာခင်တွင် သူမ၏စိတ်အာရုံအလုံးစုံသည် ကမ္ဘာငယ်လေးဆီသို့သာ ရောက်သွားခဲ့လေ၏။

ဟွာချင်းစီသည် ယခင်တစ်ချိန်လုံး ကမ္ဘာငယ်လေးထဲတွင် နေနေခြင်း ဖြစ်သော်ငြား ယခုအခါမှသာ ကမ္ဘာငယ်လေး၏ ပုံစံကို သေချာ အနီးကပ် မြင်ဖူးခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ကမ္ဘာငယ်လေးနှင့် ပတ်သက်၍ အတော်လေးကို စိတ်ဝင်စားနေမိလေ၏။

ခေတ္တအကြာတွင် ဟွာချင်းစီသည် အခြားအရာများကို အာရုံစိုက်မနေတော့ဘဲ ကမ္ဘာငယ်လေးကိုသာ အားတက်သရောဖြင့် လေ့လာတော့လေသည်။ တကယ်တော့ ဤကမ္ဘာငယ်လေးသည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု မဟုတ်ပေလော။ သူမသာ ဤကမ္ဘာငယ်လေးဆီမှ အကြောင်းအရာအချို့ကို နားလည်နိုင်ခဲ့မည်ဆိုပါက သူမ၏ ကျင့်ကြံခြင်းအပေါ် ကြီးကြီးမားမား အထောက်အကူ ပြုနိုင်ပေသည်။

ရန်ကိုင့်အနေဖြင့် လေဟာနယ်တာအိုတွင် ဤမျှ ကျွမ်းကျင်နေရခြင်းမှာ ဤကမ္ဘာငယ်လေး၏ နက်နဲဆန်းကြယ်မှုများကို နားလည်သွားသည့် အတွက်ကြောင့်ပင် ဖြစ်ရလိမ့်မည်ဟု ဟွာချင်းစီကြိတ်၍ ခန့်မှန်းနေခဲ့သည်။

သူမ၏ခန့်မှန်းချက်မှာ တက်တက်စင်အောင် လွဲချော်သွားခဲ့သည်။ တကယ်ဆိုလျှင် ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားရခြင်းမှာ ကမ္ဘာငယ်လေးကြောင့် မဟုတ်။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် အတွက်ကြောင့်သာလျှင် ယန်ယန်သည် ဤကမ္ဘာငယ်လေးအား ရန်ကိုင့်ဆီသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်သာ လေဟာနယ်တာအိုကို တတ်ကျွမ်းထားခြင်း မရှိပါက ဤကမ္ဘာငယ်လေးအား ပိုင်ဆိုင်ခွင့်ရလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် လေဟာနယ်နိယာများနှင့် ပတ်သက်သည့် နက်နဲဆန်းကြယ်မှုများကို ဤကမ္ဘာငယ်လေးဆီမှ ရန်ကိုင် အတော်လေး နားလည်ခဲ့ရပေသည်။

ကမ္ဘာငယ်လေးထဲသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် ခေတ္တခဏမျှ မင်သက်သွားခဲ့လေသည်။ “ဒီက မိုးမြေစွမ်းအင်တွေ ဘာလို့ ဒီလောက်တောင် သိပ်သည်းနေရတာလဲ…”

ယခုမှသာ ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်မှာ ယခင်ထက် ငါးဆ ခြောက်ဆခန့်မျှ ပိုမိုသိပ်သည်းနေကြောင်း တွေ့ရှိလိုက်ရလေသည်။

ခဏအကြာ၌ သူ့နောက်ဘက်ဆီသို့ ရယ်သံသဲ့သဲ့ တစ်သံကို ကြားလိုက်ရလေသည်။ “ဒီမှာ မိုးမြေစွမ်းအင် ဒီလောက်တောင် မသိပ်သည်းနေရအောင် စိတ်ဝိဉာဉ်စွမ်းချောင်းထဲက စုပ်ယူလာတဲ့ မိုးမြေစွမ်းအင်တွေ ဘယ်ရောက်သွားတာလို့ မင်းထင်နေတာလဲ…”

ရန်ကိုင်က ဆွံ့အနေသည့်မျက်နှာဖြင့် ကျောက်တုံးရုပ်သေးရုပ်အား ပြန်ပြောလိုက်လေသည်။ “စုပ်ယူလိုက်မှန်း ငါသိပေမဲ့ ဒီလောက်အများကြီး စုပ်ယူလိုက်လိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး… အခုဆိုရင် ဒီကမိုးမြေစွမ်းအင်တွေက ပထမအဆင့်အင်အားစုက ကျင့်ကြံရေးအခန်းတွေက မိုးမြေစွမ်းအင်နဲ့ အတူတူလောက် ဖြစ်သွားပြီ…”

ကျောက်တုံးရုပ်သေးရုပ်က ခေါင်းညိတ်လျက် “ဟုတ်တော့ဟုတ်ပေမဲ့ ဒီဟာက အဲ့လောက်ကြီးတော့ မဟုတ်သေးဘူး… ဒီနေရာက မိုးမြေစွမ်းအင်တွေက ရေအရင်းအမြစ်မရှိတဲ့ မြစ်တစ်စင်းလိုပဲ ပြန်ဖြည့်မနေဘူးဆိုလို့ရှိရင် သူ့ဘာသာသူ ခမ်းခြောက်သွားမှာ…”

ရန်ကိုင်က သက်ပြင်းချလျက် “အဲ့ဒါတော့ ဟုတ်တယ်… ကမ္ဘာငယ်လေးထဲက လောကနိယာမတွေက အခုထိ မပြည့်စုံသေးဘူး… ဒီတော့ ကိုယ့်ဘာသာကိုယ် မိုးမြေစွမ်းအင် မထုတ်လွှတ်နိုင်ဘူး… ကြည့်ရတာ ဒီက လောကနိယာမတွေ နောက်တစ်ကြိမ် ဆင့်ကဲ့ပြောင်းလဲသွားအောင် လုပ်ဖို့ နည်းလမ်းတစ်ခုကို ငါရှာရတော့မယ်နဲ့တူတယ်…”

ပြောနေရင်း ရန်ကိုင်သည် ခေါင်းမော့၍ ကျောက်တုံးရုပ်သေးရုပ်အား လှမ်းကြည့်ရင်း မျက်လုံးမှေးစင်းကာ ပြောလိုက်လေသည်။ “မင်းဘာဖြစ်လို့ အဲ့အရင်းအမြစ်ကျောက်တွင်းပေါ် မှီနေတာလဲ…”

ကျောက်တုံးရုပ်သေးရုပ်၏အမူအယာမှာ အတော်လေးကို လေးနက်တည်ကြည်နေခဲ့လေသည်။ သူ၏ လက်တစ်ဖက်သည် လက်ကွက်တစ်ခုကို ဖန်တီးနေခဲ့ပြီး ကျန်လက်တစ်ဖက်မှာမူ နတ်ဆိုးတိုက်ပွဲတူအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။ တစ်ချိန်တည်းတွင် အရင်းအမြစ်ကျောက်တွင်း အနား၌ အနီးကပ်ထိုင်လျက် ပြန်ပြောလိုက်လေသည်။ “ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို လေ့ကျင့်နေတာလေ…”

ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေသည်။ “ဒီအရင်းမြစ်ကျောက်တွင်းက အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့် အရင်းအမြစ်ကျောက်တွေ အများကြီး ထုတ်ပေးနေတာ… အကုန်မစားလိုက်နဲ့ဦး…”

ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသည် ဤလောကကြီးထဲ၌ ရှိသည့် စွမ်းအင်ရှိသည့် မည်သည့်အရာကိုမဆို ဝါးမျိုပစ်နိုင်သည်။ ထို့အတွက်ကြောင့် အရင်းအမြစ်ကျောက်တွင်းမှာလည်း ချွင်းချက်မဟုတ်ချေ။

ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ၏ ထိန်းချုပ်မှုအောက်တွင် သန့်စင်လှသော မိုးမြေစွမ်းအင်တို့သည် အရင်းအမြစ်ကျောက်တွင်းဆီမှ ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထဲသို့ မြစ်တစ်စင်းနှယ် ဖြည်းဖြည်းချင်း စီးဝင်နေခဲ့လေသည်။

ကျောက်တုံးရုပ်သေးရုပ်က ဆက်ပြောလိုက်လေသည်။ “စိတ်မပူနဲ့… ဒီအရင်းအမြစ်ကျောက်တွင်းကို ငါနှစ်ပိုင်း ပိုင်းပြီးသွားပြီ… ကျန်တဲ့တစ်ဝက်ကို မင်းတို့အတွက် ချန်ထားတယ်…”

ရန်ကိုင်က ခေါင်းညိတ်လျက် “အဲ့လိုဆို အကောင်းဆုံးပဲ… မင်းမှာ အချိန်ရှိတယ်ဆိုရင် ကျန်တဲ့တစ်ဝက်ကိုပါ တစ်စစီဖြစ်အောင် လုပ်ပေး… တစ်နေ့နေ့ကြရင် ငါအဲ့အရင်းအမြစ်ကျောက်တွေကို လိုအပ်လာနိုင်တယ်… အခုလောလောဆယ်တော့ အရင်အားပြန်ဖြည့်လိုက်ဦးမယ်… နောက်မှပဲ အသေးစိတ်ကို မင်းနဲ့လာပြောတော့မယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အနားတွင်ရှိနေသော ဆေးဥယျာဉ်ဆီသို့သွားကာ ထိုနေရာတွင် တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။

ဤနေရာတွင် အသက်စွမ်းအင်များကို အကန့်အသတ်မဲ့ ထုတ်ပေးနေသည့် အင်မော်တယ်သစ်ပင် ရှိနေခဲ့လေသည်။ မှော်ရတနာစိတ်ဝိဉာဉ်နှင့် တိုက်ခိုက်ရာတွင် ရန်ကိုင်သည် မည်သည့်ရုပ်ဒဏ်ရာကိုမှ မရခဲ့သော်ငြား သူ့စွမ်းအင်များစွာကိုမူ သုံးစွဲခဲ့ရသည်။ ယခုဤနေရာရှိ သိပ်သည်းလှသော အသက်စွမ်းအင်ကို အသုံးပြုလျက် မြန်မြန်ပြန်ကောင်းလာအောင် လုပ်လိုခြင်း ဖြစ်ပေသည်။

ရန်ကိုင်၏ အတွေးတစ်ချက်နှင့် ကမ္ဘာငယ်လေးထဲတွင် ရှိနေသော မိုးမြေစွမ်းအင်များသည် ရန်ကိုင်ထိုင်နေသည့် နေရာဆီသို့ စုဝေးလာခဲ့ကြလေသည်။

ရန်ကိုင်သည် သူ့ကျင့်စဉ်အား လှည့်ပတ်လျက် မိုးမြေစွမ်းအင်များကို မြန်နိုင်သမျှ မြန်အောင် စုပ်ယူတော့လေသည်။

All Chapters