အခန်း (၂၂၈၁-၂၂၈၅)
Vol. 92 Ch. 2281-2285
အပိုင်း (၂၂၈၁)
“ကူညီချင်တာပေါ့… ဒါပေမဲ့ အခုက အရမ်းအလုပ်များနေတာဆိုတော့ အဲ့ဘက်ကို လှည့်ဖို့ အချိန်မရှိဘူး ဖြစ်နေတယ်… ကျုပ်အားရင်လာခဲ့မယ်လို့ ခင်ဗျားကို ပြောထားတယ်လေ…” ရန်ကိုင်က ရှင်းပြလိုက်လေ၏။
ခဏမျှ အတွေးနက်နေပြီးသည့်နောက်တွင် ရီကျင်းဟန်က အံကြိတ်၍ ပြောလိုက်လေ၏။ “သခင်လေးရန် ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းမှာ ဧကရာဇ် ကောင်းကင်တောင်ကြားလို့ ခေါ်တဲ့ တားမြစ်နေရာတစ်ခုရှိတယ်… အဲ့နေရာမှာ ရက်အနည်းငယ်လောက် ကျင့်ကြံခွင့် ရမယ်ဆိုရင် ဧကရာဇ်အဆင့်ကို ချိုးဖြတ်နိုင်ချေက ပိုပြီး တိုးတက်သွားနိုင်တယ်…”
ရန်ကိုင်ကမူ သူမအား အဓိပ္ပာယ်ပါပါ ပြုံး၍သာ ကြည့်နေခဲ့လေ၏။
ရီကျင်းဟန် ရှက်သွေးဖြာသွားခဲ့လေသည်။ “သခင်လေးရန်ကို မယုံတာတော့ မဟုတ်ပါဘူး… ဒါပေမဲ့ ဒီကိစ္စက အရမ်းအရေးကြီးလွန်းတော့ ဒီထက်ပိုပြီး ရှင်းပြလို့ မရတော့လို့ပါ… ဒီကိစ္စက ပြန့်သွားခဲ့လို့ရှိရင် မရေမတွက်နိုင်တဲ့ တာအိုသခင်အဆင့် ပညာရှင်တွေ ကျွန်မတို့ကို စပြီး ပစ်မှတ်ထားလာလိမ့်မယ်… အခုလောလောဆယ် ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းက အဲ့လောက်ထိ အားမကောင်းသေးတော့ သူတို့ကို ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။ “ဧကရာဇ်ကောင်းကင်တောင်ကြား… နာမည်ကတော့ တကယ့်ကိုရှယ်ပဲ… ဒါပေမဲ့ အဲ့ကိစ္စက ကျုပ်နဲ့ ဘာဆိုင်လို့လဲ…”
ရီကျင်းဟန်က ခြေဆောင့်လျက် “သခင်လေးရန်သာ ကျွန်မတို့ဂိုဏ်းက ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ပေးမယ်ဆိုရင် သခင်လေးရန်ကို အဲ့မှာ ကျင့်ကြံခွင့်ရအောင် ကျွန်မ ကူညီပေးလို့ရတယ်…”
“ရွက်တစ်ထောင်ဂိုဏ်းထဲက ခင်ဗျားရဲ့အဆင့်အတန်းက ဘယ်လိုမျိုးလဲ…” ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ပြောလိုက်လေသည်။
ရီကျင်းဟန်က ပြန်ပြောလိုက်လေ၏။ “ကျွန်မက လက်ရှိ ရွက်တစ်ထောင်ဂိုဏ်းချုပ် ရီဟန်ရဲ့ သမီးပဲ…”
“အို… ဒီတော့ ခင်ဗျားက သခင်မလေးပေါ့…” ရန်ကိုင်က လက်သီးဆုပ်လျက် “မလေးစားသလို ဖြစ်သွားရင် တောင်းပန်ပါတယ်နော်…”
ရီကျင်းဟန် ရှက်သွေးဖြာသွားပြန်လေသည်။ “သခင်လေးရန် ကျွန်မကိုမစနဲ့…”
ရန်ကိုင်သည် သူတော်စင်နန်းတော်၏ သခင်လေးကိုပင် လူရှေ့သူရှေ့၌ ဖူးယောင်ကိုင်းနေအောင် တီးထုတ်ပစ်ခဲ့လေရာ သူမကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်း၏ သခင်မလေးအား ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမ၏အဆင့်အတန်းကို ပြောပြလိုက်၍လည်း ဘာမှ ထူးခြားလာလိမ့်မည်မဟုတ်မှန်း ရီကျင်းဟန် သိနေသည်။ ထို့ကြောင့်ပင်လျှင် ရန်ကိုင်နှင့် တွေ့တွေ့ချင်း၌ သူမမည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို မပြောခဲ့ခြင်းပင် ဖြစ်လေသည်။
ယခုမူ ရန်ကိုင်၏ ယုံကြည်ချက်ကို ရနိုင်ရန်အတွက် သူမ၏အဆင့်အတန်းကို ပြောပြရတော့လေ၏။
“သခင်လေးရန်… ကျေးဇူးပြုပြီး ကူညီပေးပါနော်… ကျွန်မတကယ်ကို တောင်းဆိုနေတာပါ…” ရီကျင်းဟန်က စိုးရိမ်တကြီး အမူအယာဖြင့် တောင်းပန်တိုးလျှိုးလိုက်လေသည်။ “ကျွန်မအဖေက အသက်ကြီးနေပြီ… သူသာ ဧကရာဇ်အဆင့်ကို မချိုးဖြတ်နိုင်ဘူးဆိုရင် နောက်နှစ်အနည်းငယ်အတွင်း သေသွားတော့မှာ… ဒါပေမဲ့ ဧကရာဇ်အဆင့်ကို ရောက်ဖို့ကလည်း ဒီလောက်လွယ်တာမဟုတ်ဘူး… ဧကရာဇ်ကောင်းကင်တောင်ကြားက သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ… သခင်လေးရန်သာ သဘောတူမယ်ဆိုရင် သခင်လေးရန်ရဲ့ ဘယ်တောင်းဆိုချက်ကိုမဆို ကျွန်မ သဘောတူပေးနိုင်ပါတယ်…”
ရီကျင်းဟန်၏ စကားကို ကြားပြီးသည့်နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ သူမကို ကြည့်ရသည်မှာ သူ့အား ရွက်တစ်ထောင်ဂိုဏ်းဆီသို့ မရ ရအောင် ခေါ်သွားချင်နေသည့် ပုံပင်။ ရန်ကိုင် တိတ်သွားခဲ့သလို ရီကျင်းဟန်လည်း ငြိမ်ကျသွားခဲ့လေ၏။ သူမခမျာ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ချေ။ နှုတ်ခမ်းလေးကို ကိုက်ရင်းဖြင့်သာ ရန်ကိုင့်၏အဖြေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေလေ၏။
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရန်ကိုင်က သက်ပြင်းချလျက် ပြောလိုက်လေသည်။ “ကောင်းပြီ… ကျုပ် ခင်ဗျားနဲ့ လိုက်ခဲ့မယ်…”
“သခင်လေးရန် တကယ်ပြောတာလား…” ရီကျင်းဟန်မှာ အလွန်တရာကိုမှ ဝမ်းသာအားရ ဖြစ်သွားပြီး ရန်ကိုင့်အား မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ကြည့်လိုက်လေသည်။
“ဟုတ်တယ်… ဒါပေမဲ့ အခုလောလောဆယ်တော့ ကျုပ် ခင်ဗျားနောက် မလိုက်နိုင်သေးဘူး… ခင်ဗျားလည်း မေပယ်မြို့ရဲ့ လတ်တလောအခြေအနေကို တွေ့တာပဲ… ဒီကကိစ္စတွေ ပြီးသွားတော့မှပဲ ကျုပ် ခင်ဗျားနောက် လိုက်ပေးနိုင်မယ်…”
“ရတယ် ကိစ္စမရှိဘူး… ကျွန်မစောင့်နိုင်တယ်…” ရီကျင်းဟန်က အလျင်အမြန် လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။ “နှစ်တွေအများကြီးတောင် စောင့်ပြီးသွားပြီပဲ… နည်းနည်းလေးထပ်စောင့်ရလို့ ဘာမှကိစ္စမရှိပါဘူး…”
“ဒါပေမဲ့ ကျုပ် ကြိုပြောထားလိုက်မယ်နော်…” ရန်ကိုင်က သူမအား ကြည့်၍ “ကျုပ် ကြိုးပဲ ကြိုးစားကြည့်ပေးမှာ… ခင်ဗျားတို့ရဲ့ ဟင်းလင်းပြင်အစီအရင်ကို လုံးဝကြီး ပြန်ပြင်နိုင်မယ်လို့ အာမ မခံဘူး…”
“ရတယ်… ကိစ္စမရှိဘူး…”
“အဲ့တာဆို အခန်းတစ်ခန်း ရှာပြီး သွားနားလိုက်ပေတော့… သွားရမဲ့ အချိန်ကြရင် ကျုပ် ခင်ဗျားကို လှမ်းပြောမယ်…” ရန်ကိုင်က သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်လေ၏။
“သခင်လေးရန် ဆီကနေ သတင်းကောင်းကို စောင့်နေပါ့မယ်…” ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်အား ဦးညွှတ်လိုက်ပြီးသည့်နောက် အခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်လေသည်။
ရီကျင်းဟန်ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် သက်ပြင်းမောကြီးချ၍ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီးသည့်နောက် ရေရွတ်လိုက်လေ၏။ “နောက်ထပ် ပြဿနာများတဲ့ ကိစ္စတစ်ခု ထပ်တိုးလာပြန်ပြီကွာ…”
သူသည် ရီကျင်းဟန်နှင့် မရင်းနှီးသလို ရွက်တစ်ထောင်ဂိုဏ်းနှင့်လည်း အဆက်အစပ် မရှိပေ။ ထို့အတွက်ကြောင့် ဖြစ်နိုင်လျှင် ဤအရှုပ်အထွေးထဲ မပါဝင်ချင်ပေ။ သို့သော်ငြား ကြည့်ရသလောက် သူသာ သဘောမတူလျှင် ရီကျင်းဟန်သည် သူ့အား မရမက လိုက်နှောင့်ယှက်နေမည့် ပုံပင်။ သူသွားလေရာအစုံ သူ့နောက်သို့ တောက်လျှောက်လိုက်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ သူ့အတွက် ပို၍ပင် ပြဿနာများလာရပေလိမ့်မည်။
ရီကျင်းဟန်သာ ဤကဲ့သို့ ဝမ်းပန်းတနည်း အမူအယာဖြင့် သူ့နောက်သို့ တောက်လျှောက်လိုက်နေပါက မသိသည့်လူများသည် ရန်ကိုင်မှ ရီကျင်းဟန်နှင့် ကာမစပ်ယှက်ပြီးနောက် သူမအား ပစ်ထားခဲ့သည်ဟု ထင်ကြပေလိမ့်မည်။ ထိုအခါ သူသည် ကြယ်တာရာအစုအဝေးထဲ မကောင်းသတင်းဖြင့် နာမည်ကျော်ကြား လာပေရော့မည်။
ထို့အပြင် ရီကျင်းဟန်ပြောသည့် ဧကရာဇ်ကောင်းကင်တောင်ကြားကိုလည်း ရန်ကိုင် အတော်လေး စိတ်ဝင်စားနေမိပေသည်။ ထိုနေရာသည် ကျင့်ကြံသူတစ်ဦးအား ဧကရာဇ်အဆင့်သို့ ချိုးဖြတ်အောင် ကူညီပေးနိုင်သည့်အတွက်ကြောင့် ထိုနေရာသည် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအား ပိုမိုလွယ်ကူစွာ ထိုးထွင်းနားလည်အောင် ကူညီပေးနိုင်ပေလိမ့်မည်။
ရန်ကိုင်သည် တာအိုသခင် ဒုတိယအဆင့်သာ ရှိသေးသော်ငြား ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအား နက်နက်နဲနဲ ထိုးထွင်းနားလည်ထားနိုင်ခြင်းသည် သူ၏ အနာဂတ်အား အကျိုးပြုနိုင်ပေသည်။ အဆုံးမဲ့ရတနာဆေးလုံးကိုပါ ထပ်ပေါင်းထည့်လိုက်သော် သူ့အနေဖြင့် နောက်နောင်တွင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။
ရန်ကိုင်သည် ထိုင်ခုံပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ရင်း အတွေးနက်နေခဲ့လေသည်။ ထို့နောက် ကျင့်ကြံရန် အာရုံစိုက်လိုက်လေ၏။ ယခုလေးတင် တာအိုသခင် ဒုတိယအဆင့်သို့ ရောက်ထားခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့ကျင့်ကြံခြင်းအား ခိုင်မာကျစ်လျစ်အောင် လုပ်ရပေလိမ့်မည်။
ညအချိန်သို့ ရောက်သော် ရန်ကိုင်သည် အခန်းတံခါးကို ဖွင့်၍ မြို့သခင်စံအိမ်ဆီသို့ ထွက်လာခဲ့လိုက်လေသည်။
မြို့သခင်စံအိမ်အပြင်ဘက်တွင် စောင့်ကြပ်နေကြသော အစောင့်များသည် ရန်ကိုင့်အတွက် ဘာဆိုဘာမှ မဟုတ်ချေ။ သို့သော်ငြား စံအိမ်ထဲ ဝင်တော့မည်အပြု မရေမတွက်နိုင်သော အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံများသည် သူ့အပေါ်သို့ လွှမ်းခြုံလာခဲ့လေသည်။
ကောင်းကင်စိတ်အာရုံများမှာ သူ့အပေါ်မှ တခဏမျှသာ ဖြတ်သွားခြင်း ဖြစ်သော်ငြား ခံစားလိုက်ရသည့် ရန်ကိုင်မှာတော့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားပြီး ဇောချွေးများ ပျံလာခဲ့ရလေသည်။ ထိုကောင်းကင်စိတ်အာရုံများသည် ဧကရာဇ်အဆင့် ပညာရှင်များ၏ ကောင်းကင်စိတ်အာရုံများသာ ဖြစ်ကြသည်။ ကြည့်ရသလောက် ရှောင်ယုယန်နှင့် သူ့အပေါင်းအပါများသည် မြို့သခင်စံအိမ်တွင် နေနေကြသည့် ပုံပင်။
ကောင်းကင်စိတ်အာရုံများမှာ သူ့အား စစ်ဆေးပြီးနောက် ထွက်သွားကြသော်ငြား ကောင်းကင်စိတ်အာရုံတစ်ခုမှာတော့ သူ့အပေါ်တွင် ကပ်ကျန်နေခဲ့လေသည်။
ရန်ကိုင်လည်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလျက် ထိုကောင်းကင်စိတ်အာရုံအတိုင်း ထွက်လာခဲ့လိုက်လေသည်။ ခဏအကြာတွင် အခန်းတစ်ခန်းရှေ့သို့ ရောက်လာပြီး အခန်းတံခါးကို ခေါက်လိုက်လေ၏။ သို့သော်ငြား အခန်းတံခါးကို မခေါက်ရသေးခင်မှာပင် အခန်းထဲမှ ကောင်းရွှယ်ထင်း၏ အသံ ရုတ်တရက် ထွက်လာခဲ့လေသည်။ “အထဲဝင်လာခဲ့…”
ထိုစကားကိုကြားသော် ရန်ကိုင်လည်း အခန်းတံခါးကို ဖွင့်လျက် အထဲသို့ ဝင်သွားလိုက်လေသည်။ အထဲသို့ ဝင်ဝင်ချင်းမှာပင် ကုတင်ပေါ်တွင် တင်ပလင်ခွေထိုင်ကာ သူ့အား စိုက်ကြည့်နေသော ကောင်းရွှယ်ထင်းကို တွေ့လိုက်ရလေသည်။
ရန်ကိုင်က ပြုံးလျက် “အကြီးအကဲကောင်းကို မေပယ်မြို့မှာ ပြန်တွေ့ရမယ်လို့ တကယ်မထင်ထားခဲ့ဘူး… ဟမ်… အကြီးအကဲကောင်း ဘာလုပ်ချင်နေတာလဲ…”
ပြောနေရင်းမှ ကောင်းရွှယ်ထင်း သူမလက်အား ဝှေ့ယမ်းလိုက်သည်ကို ရန်ကိုင် မြင်လိုက်လေသည်။ သူမဆီမှ အရင်းအမြစ်ချီတို့ ဖြာထွက်သွားခဲ့ပြီး အခန်းတံခါးကို ပိတ်ချလိုက်လေ၏။ ထို့နောက် အခန်းပတ်လည်တွင် မမြင်နိုင်သော အကာအရံတစ်ခုကို ဖန်တီးလိုက်လေသည်။
“အရမ်းကို မာနကြီးတာပဲ… စကားလေးဘာလေး ပြောတာတောင် ဒီလိုမျိုးအကာအရံတွေ ဖန်တီးစရာလား…” အခြားအခန်းတစ်ခန်းဆီမှ မကျေနပ်သည့် အသံတစ်သံ ထွက်လာခဲ့လေသည်။
ရှောင်ယုယန်က မျက်လုံးဖွင့်လျက် နောက်တောက်တောက် အမူအယာဖြင့် ပြောလိုက်လေ၏။ “ဂျူနီယာညီမကောင်း နင်တကယ်ကြီး ဘာတွေကြံနေတာလဲ… ဒီကောင်စုတ်လေး ဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာကို စစ်ဆေးကြည့်ရုံလေးတင်ပဲကို… အခုတော့ ဘာမှ လုပ်လို့မရတော့ဘူး…”
ထိုအချိန်အတောအတွင်း အခြားသော အခန်းများ၌ ရှိနေသည့် ဧကရာဇ်အဆင့် ပညာရှင်များမှာမူ မျက်နှာကြီး မဲ့နေကြလေ၏။ သူတို့သည်လည်း ကောင်းရွှယ်ထင်း ရန်ကိုင့်အား ဘာပြောမလဲဆိုသည်ကို တိတ်တဆိတ် စောင့်ကြည့်လိုကြခြင်း ဖြစ်ပေသည်။ သို့သော်ငြား ကောင်းရွှယ်ထင်း ဖန်တီးလိုက်သည့် အကာအရံကြောင့် သူတို့၏ ကောင်းကင်စိတ်အာရုံများကို ဖြန့်ကျက်၍ မရတော့ချေ။
“ဂလု…” ရန်ကိုင်က တံတွေးတစ်လုပ် မျိုချလိုက်လေသည်။ သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရုတ်တရက် ရလာလေ၏။
“ချွတ်လိုက်…” ကောင်းရွှယ်ထင်းက မျက်နှာတည်ဖြင့် ပြောလိုက်သည်။
“ဟမ်…” ရန်ကိုင်၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး အံ့အားသင့်တကြီး ပြန်မေးလိုက်လေ၏။ “ဒါ ဒါက မသင့်တော်ဘူးမလား…”
“နင် ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ…” ရန်ကိုင်မှ သူမစကားကို နားမထောင်ဘဲ ပြန်၍ ကလန်ကဆန် လုပ်နေသည်ကိုမြင်သော် ကောင်းရွှယ်ထင်း၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။
ဘာဖြစ်လို့ ဖြစ်နေမှန်း မသိခင်မှာပင် ကောင်းရွှယ်ထင်းသည် ရန်ကိုင်၏ရှေ့၌ ရုတ်တရက်ပေါ်လာပြီး သူမလက်ကို ဆန့်ထုတ်လိုက်လေ၏။
ကောင်းရွှယ်ထင်း၏ သွယ်လျလျ လက်ငါးချောင်းမှာ အလွန်တရာကိုမှ လေးလံလှသော တောင်ငါးလုံးနှယ် ရန်ကိုင့်ပေါ်သို့ ဖိချလာခဲ့ရာ ရန်ကိုင့်မှာ လက်တစ်ချောင်းပင် မလှုပ်နိုင်တော့ချေ။
ခဏအကြာတွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား လည်တိုင်မှ ဆွဲကိုင်၍ လေပေါ်သို့ မြှောက်လိုက်လေ၏။ ထို့နောက်တွင် အရင်းအမြစ်ချီကို သုံးလျက် ရန်ကိုင့်၏ အင်္ကျီများအား တစ်လွှာချင်း ချွတ်ပစ်တော့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင့်၌ အတွင်းခံဘောင်းဘီများသာ ကျန်ရစ်တော့လေ၏။
“အကြီးအကဲကောင်း… ရပ်လိုက်တော့….” ရန်ကိုင်က ကြောက်လန့်တကြား ထအော်လေသည်။
ကောင်းရွှယ်ထင်းသည် ရန်ကိုင်ပြောသည့်စကားကို မကြားချင်ယောင်ဆောင်လျက် ရန်ကိုင့်၏ ခန္ဓာကိုယ်အား ဒူဝေဝေ လှည့်ပစ်လိုက်လေ၏။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ နေရာများစွာကို သူမ၏လက်ညှိုးဖြင့် ဖိနှိပ်သွားခဲ့လေသည်။ ရန်ကိုင့်၏ ခန္ဓာကိုယ်ကို လေ့လာရင်းနှင့်မှ ကောင်းရွှယ်ထင်း၏ မျက်လုံးများ တလက်လက် တောက်ပလာလေတော့သည်။
ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား သေသေချာချာကို အသေးစိတ် စစ်ဆေးကြည့်နေခဲ့လေသည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင် ခေါင်းညိတ်၍ ပြောလိုက်လေ၏။ “နင်မဆိုးဘူး… ဘာပြဿနာမှ မရှိဘူး…”
သူမ၏ စကားသံ ဆုံးသွားသည်နှင့် ရန်ကိုင့်အား ချုပ်နှောင်ထားသည့် စွမ်းအားမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်၏ ကောင်းရွှယ်ထင်း၏ အိပ်ယာပေါ်သို့ တွားလျား တက်သွားပြီး ကုတင်ပေါ်ရှိ စောင်ဖြင့် သူ့ကိုယ်သူ ခြုံလိုက်လေ၏။ ဆိုးဆိုးရွားရွား စိတ်ဒဏ်ရာတစ်ခုခုကို ရသွားသည့်အလား ကုတင်ပေါ်တွင် တုန်တုန်ရီရီဖြင့် ထိုင်နေတော့လေသည်။
ကောင်းရွှယ်ထင်းက လှောင်ပြုံးပြုံးလျက် “နင်က ရှက်တတ်သေးတယ်ပေါ့…”
ထိုစကားကို ကြားသော် ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေ၏။ “အကြီးအကဲကောင်း အခု ဘာလုပ်လိုက်တာလဲ…”
ယခုမှသာ ကောင်းရွှယ်ထင်း အခန်းပတ်လည်၌ အကာအရံတစ်ခု ဘာကြောင့် ဖန်တီးခဲ့ရသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားတော့လေသည်။ တစ်ယောက်ယောက်သာ ဤကိစ္စကို မြင်သွားခဲ့မည်ဆိုပါက မလိုလားအပ်သော နားလည်မှုလွဲမှားမှုများ ဖြစ်လာပေလိမ့်မည်။
ကောင်းရွှယ်ထင်းက ပြောလိုက်လေ၏။ “နင့်ကျင့်ကြံခြင်းက ဒီလောက်မြန်မြန် တိုးတက်နေတာလေ… တာအိုသခင် ပထမအဆင့် ရောက်တာမှ မကြာသေးဘူး… အခု ဒုတိယအဆင့် ထပ်ရောက်နေပြန်ပြီ… အဲ့တာကြောင့် နင့်ခန္ဓာကိုယ်ထဲမှ ဘာပြဿနာတွေ ရှိနေလဲဆိုတာကို ငါစစ်ဆေးကြည့်တာ… ငါဘာလုပ်နေတယ်လို့ နင်ထင်နေတာလဲ…”
ထိုသို့ပြောပြီးသည့်နောက် ကောင်းရွှယ်ထင်း၏ အကြည့်မှာ ရုတ်ချည်းဆိုသလို ရေခဲတမျှ အေးစက်သွားခဲ့သဖြင့် ရန်ကိုင်၏ ခန္ဓာကိုယ် တုန်ရီသွားပြန်ရလေသည်။
“ကျုပ်ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ချင်တယ် ဆိုရင်တောင် အခုလိုမျိုး လုပ်စရာ မလိုဘူးလေ…” ရန်ကိုင်က ဆူပုပ်ပုပ် မျက်နှာဖြင့် ပြန်ပြောလိုက်လေသည်။
“အဲ့တစ်ချက်တည်းကြောင့်ဆိုရင်တော့ အခုလိုမျိုး လုပ်စရာ မလိုပါဘူး… ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ပေါ်လာတဲ့ နတ်ဆိုးမှော်ရတနာ စိတ်ဝိဉာဉ် နင့်နောက်ကို လိုက်သွားတယ်ဆိုတဲ့အကြောင်း ငါကြားလိုက်သေးတယ်… ဒီတော့ နင် နတ်ဆိုးချီ တိုက်စားတာ ခံရလား မခံရဘူးလားဆိုတာကို စစ်ဆေးကြည့်တာ…”
“ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ကျုပ်က ကလေးတစ်ယောက်မှမဟုတ်တော့တာ…”
“ငါ့အသက်က နင့်အဘွားရဲ့အမေအရွယ်လောက် ရှိတယ်… အဲ့တော့ နင့်ခန္ဓာကိုယ်ကို မြင်လိုက်ရတာ ဘာဖြစ်မှာမို့လို့လဲ…” ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် နှုတ်ခမ်းလေးကို ကွေးလျက် ရန်ကိုင့်အာ စနောက်လိုက်လေသည်။ “ကောင်စုတ်လေး နင့်ခန္ဓာကိုယ်က တော်တော်ကိုတောင့်တင်းတာပဲ… ကြွက်သားတွေကလည်း သူ့နေရာနဲ့သူ လုံးဝကို ကွတ်တိပဲ…”
“အခုလိုမျိုး ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲကောင်း…” ရန်ကိုင်သည် နဖူးထက်ရှိ ချွေးအေးများကို သုတ်ရင်း ကသိကအောက် အမူအယာဖြင့် “အကြီးအကဲကောင်း စစ်ဆေးတာ ဘယ်လိုနေလဲ…”
“အကုန်လုံးကောင်းနေတာပဲ…” ကောင်းရွှယ်ထင်းသည် ရန်ကိုင့်၏ အဝတ်အစားများကို ယူ၍ သူ့ဆီသို့ ပစ်ပေးလိုက်ပြီးသည့်နောက် “နင်အဆင့်တက်တာ မြန်ပေမဲ့ နင့်အုတ်မြစ်က ဘာမှ မဖြစ်သေးဘူး… အရင်လို ကျစ်လျစ်နေတုန်းပဲ… နင့်ခန္ဓာကိုယ်ကလည်း နတ်ဆိုးချီတိုက်စားတာ မခံထားရဘူး…”
ရန်ကိုင်က လေသံတိုးတိုးဖြင့် ပြန်၍ မေးလိုက်လေသည်။ “ကျုပ်သာ နတ်ဆိုးချီ တိုက်စားခံလိုက်ရရင် ဘာဖြစ်သွားမှာလဲ…”
“နင်အခုချိန်လောက်ဆို သေလူဖြစ်နေပြီပေါ့…” ကောင်းရွှယ်ထင်းက ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လျက် “ဘာလဲ နင်ငါ့ကို ပြောချင်တာ တစ်ခုခု ရှိလို့လား…”
“မရှိပါဘူး… ဘာမှ မရှိပါဘူး… ကျုပ်မှာ ခင်ဗျားကိုပြောစရာ ဘာမှမရှိပါဘူး…” ရန်ကိုင်က အလျင်စလို လက်ဝှေ့ယမ်းလိုက်လေသည်။ တစ်ချိန်တည်းတွင် နတ်ဆိုးတိုက်ပွဲတူနှင့် သူ့ခန္ဓာကိုယ်ထဲတွင် ချိတ်ပိတ်ထားသော နတ်ဆိုးစိတ်ဝိဉာဉ်အကြောင်းကို ကောင်းရွယ်ထင်း သိသွားလို့ မဖြစ် ဟုလည်း တွေးလိုက်လေ၏။
“ကောင်စုတ်လေး… နင့်ကြည့်ရတာ ထူးဆန်းနေတယ်… နင် ငါမသိအောင် တစ်ခုခုကို ဖုံးကွယ်ထားတာလား…” ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား မမှိတ်မသုန် စိုက်ကြည့်ရင်း မေးလိုက်လေသည်။
ရန်ကိုင်က ခါးသက်စွာ ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဘာတွေကို ဖုံးကွယ်ထားရမှာလဲ အကြီးအကဲကောင်းကလည်း…. အကြီးအကဲကောင်း နားလည်မှုလွဲနေပြီ…”
ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား အချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေပြီးသည့်နောက်မှသာ ပြောလိုက်လေ၏။ “အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့… နင်ငါ့ကို တစ်ခုခု ဖုံးကွယ်ထားနေမှန်း သိရလို့ကတော့နော်… နင်မမေ့နိုင်လောက်မဲ့ သင်ခန်းစာတစ်ခုကို ငါပေးပြမယ်…”
ရန်ကိုင်ကမူ ဘာမျှ ပြန်မပြောရဲတော့ဘဲ သူ့ကိုယ်သူ ကုတင်ပေါ်ရှိ စောင်ဖြင့် ဖုံးကွယ်ထားရင်းမှသာ အဝတ်အစားများကို ပြန်ဝတ်လိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၈၂)
ခဏအကြာတွင် ရန်ကိုင်အဝတ်ဝတ်လို့ ပြီးသွားခဲ့လေပြီ။
“နင် ငါ့ကုတင်ပေါ်မှာ ဘယ်လောက်ကြာအောင် နေနေဦးမှာလဲ…” ကောင်းရွှယ်ထင်းက ရန်ကိုင့်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လျက် မေးလိုက်လေသည်။
ထိုအခါမှသာ ရန်ကိုင်လည်း ကုတင်ပေါ်မှ ပြန်ထလာပြီး ကောင်းရွှယ်ထင်းရှေ့တွင် ရပ်လိုက်လေ၏။
“နတ်ဆိုးမှော်ရတနာစိတ်ဝိဉာဉ် ဘယ်ရောက်သွားလဲ…” ကောင်းရွှယ်ထင်းက ရုတ်တရက် မေးလိုက်သည်။ “အဲ့နေ့တုန်းက အဲ့မှော်ရတနာစိတ်ဝိဉာဉ် နင့်နောက်လိုက်သွားတယ် ဆိုတာကို အခြားသူတွေပြောတာ ငါကြားတယ်… စီနီယာရှောင်တို့နဲ့လည်း ငါ လိုက်စစ်ဆေးကြည့်ပြီးသွားပြီ… အဲ့မှော်ရတနာစိတ်ဝိဉာဉ်ရဲ့ လမ်းစက ကြည်လင်ကျောက်စိမ်းတောင်မှာ ပျောက်သွားတာ… စီနီယာရှောင်တောင် သူဘယ်လိုပဲ ကြိုးစား ကြိုးစား ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး… အဲ့ဒါ ဘယ်ရောက်သွားတာလဲ…”
ရန်ကိုင်ကမူ သူမသိကြောင်း ခေါင်းသာ ခါပြလိုက်လေ၏။
“အဲ့ဒါဆို နင် အဲ့ဒါလက်ကနေ ဘယ်လိုလွတ်လာတာလဲ…” ကောင်းရွှယ်ထင်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကျုပ် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတယ်ဆိုတာလည်း အကြီးအကဲကောင်း သိတာပဲ… ပြေးတဲ့နေရာမှာ ကျုပ်ကို ဘယ်သူက မီမှာမို့လို့လဲ… အဲ့တုန်းက ကျုပ် ကြည်လင်ကျောက်စိမ်းတောင်ကို ထွက်ပြေးပြီး အဲ့က မီးတောက်အရှိန်အဝါတွေကို သုံးပြီးတော့ ဟင်းလင်းပြင်တစ်ခုထဲမှာ ဝင်ပုန်းနေလိုက်တာ… မှော်ရတနာစိတ်ဝိဉာဉ်လည်း အဲ့ကို ရောက်လာသေးတယ်… ဒါပေမဲ့ ကျုပ်ကို မတွေ့လည်းမတွေ့ရော သူ့ဘာသာသူ ပြန်ထွက်သွားရော… သူဘယ်ထွက်သွားလဲဆိုတာကိုတော့ ကျုပ်လည်း မသိဘူး…”
ကောင်းရွှယ်ထင်းသည် ရန်ကိုင်လိမ်နေသလား အမှန်အတိုင်းပြောနေသလား သိရအောင် သူ့အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
ရန်ကိုင်ကမူ ကောင်းရွှယ်ထင်း သတိမပြုမိသွားစေရန်အတွက် ရုပ်ကို အတတ်နိုင်ဆုံး တည်ထားခဲ့လေ၏။
အချိန်အတော်ကြာသွားပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်လေသည်။ “နင်ငါ့ဆီကနေ တစ်ခုခု ဖုံးကွယ်ထားမှန်း ငါသိသွားခဲ့ရင်တော့ ငါ့ကို လာအဆိုးမဆိုနဲ့နော်…”
ရန်ကိုင်သည် နဖူးထက်ရှိ ချွေးများကို သုတ်ရင်း ပြန်ပြောလိုက်လေ၏။ “ဘယ်လိုလုပ်ပြီး ဖုံးကွယ်ထားရဲမှာလဲ…”
“နင် အဲ့လို မလုပ်ရဲမှန်း ငါသိတယ်…” ထိုသို့ ပြောပြီးသည့်နောက် ကောင်းရွှယ်ထင်းသည် ကုတင်စောင်းပေါ်တွင် ထိုင်ချ၍ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်လေ၏။ “ရှင်းရှင်းပြောရရင် ငါ တော်တော်လေး နမော်နမဲ့နိုင်သွားတယ်… အဲ့နတ်ဆိုးနဲ့ တိုက်ခိုက်ပြီးတုန်းကသာ ဒီနေရာကို သေသေချာချာ စစ်ဆေးခဲ့မယ်ဆိုရင် အခုလိုမျိုး ပြဿနာတွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူး…”
ကောင်းရွှယ်ထင်းသည် လိပ်ပြာမလုံသည့် အမူအယာဖြင့် သက်ပြင်းချလိုက်လေသည်။
သူမ၏စကားကို ကြားသော် ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။ သူမနှင့် တိုက်ခိုက်ခဲ့သည့် နတ်ဆိုးသည် လက်ရှိအချိန်၌ သူမရှေ့တွင် ရပ်နေကြောင်း သိသွားခဲ့မည်ဆိုပါက ကောင်းရွှယ်ထင်းဘာလုပ်မလဲ ဆိုသည်ကို မည်သူမျှ မပြောနိုင်ကြပေ။
ရန်ကိုင်က အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “အကုန်လုံးက ကံပဲ… အကြီးအကဲကောင်း အဲ့ကိစ္စနဲ့ပတ်သက်ပြီး ခေါင်းခြောက်ခံနေစရာ မလိုဘူး…”
ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား တစ်ချက်မျှ စိုက်ကြည့်၍ နှာခေါင်းရှုံ့ကာ သူမလက်ကို ဝှေ့ယမ်း၍ ရန်ကိုင့်ဆီသို့ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်လေသည်။
ရန်ကိုင်လည်း သူ့လက်ကို ဆန့်ထုတ်၍ ထိုအလင်းတန်းကို လှမ်းဖမ်းလိုက်လေ၏။
သူ့လက်ကို ပြန်ဖြန့်ကြည့်လိုက်သည့်နောက် လက်ဝါးအရွယ် တံဆိပ်ပြားတစ်ခုကို တွေ့လိုက်ရလေသည်။ တံဆိပ်ပြားအား ဘာမှန်းမသိရသော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး တံဆိပ်ပြား၏ ကျောဘက်တွင် ကျင့်ကြံသူတစ်ဦး၏ ကျောပြင်ကို ထိုးထွင်းထားခဲ့လေသည်။ ထိုကျောပြင်ကို ကြည့်ရုံဖြင့်ပင်လျှင် ထိုလူ မည်မျှ မောက်မာဝံ့ကြွားမှန်းကို ရန်ကိုင် ခန့်မှန်းနိုင်လေပြီ။
ကျောပြင်ကို ကြည့်နေရင်းမှ ရန်ကိုင့်မျက်နှာကြီး ရှုံ့မဲ့သွားလေသည်။ အကြောင်းမှာ ထိုကျောပြင်သည် ဝမ်ကျိရှန်း၏ကျောပြင်နှင့် အတော်လေး ဆင်တူနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ရှေ့ဘက်တွင်မူ စကားလုံးသုံးလုံးကို ထိုးထွင်းထားခဲ့လေသည်။
“နေမင်းပြာ”
တံဆိပ်ပြားတစ်ခုလုံးမှာ ရွှေရောင်တောက်ပနေလေ၏။
“ဒါက…” ရန်ကိုင့်အမူအယာ ပြောင်းလဲသွားခဲ့ပြီး ကောင်းရွှယ်ထင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။
“ဒါ ငါတို့ကျောင်းတော်ရဲ့တံဆိပ်ပြားပဲ…” ကောင်းရွှယ်ထင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏။
“ဟမ်…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် ခါးသက်စွာရယ်မောလျက် ပြန်ပြောလိုက်လေ၏။ “ဒါပေမဲ့ အကြီးအကဲကောင်း… ကျုပ်က ကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးလေ… တပည့်မဟုတ်ဘဲနဲ့ ဒီတံဆိပ်ပြားကို ယူထားတာ မသင့်တော်ဘူးမလား….”
“အခုကနေစပြီး နင်က ငါတို့ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ပဲ…” ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေ၏။
ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေသည်။ “အကြီးအကဲကောင်း… ဒါမျိုးလုပ်တာ သိပ်မသင့်တော်ဘူးနော်… ကျုပ်သဘောတူလား မတူလားလည်း ဘာမှ မမေးရသေးပဲနဲ့…”
ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား စိုက်ကြည့်၍ ပြန်မေးလိုက်လေသည်။ “အရင်တည်းက နင့်အထင်အမြင်ကို ငါမေးပြီးသွားပြီလေ… အဲ့လိုမျိုးမေးခဲ့တာတောင် တော်တော်လေး ကြာနေပြီ… နင်ခုထိ အဲ့ကိစ္စကို စဉ်းစားလို့ မပြီးသေးဘူးလား…”
ရန်ကိုင်က အလျင်အမြန် ပြန်ရှင်းပြလိုက်လေ၏။ “ဒီကိစ္စကိုတွေးဖို့ အချိန်ပိုလိုတယ် အကြီးအကဲကောင်းရဲ့… ဒီကိစ္စက ရှင်းရှင်းပြောရရင် တော်တော်လေးကို ရှုပ်ထွေးတာ… လောလောဆယ်ကလည်း ကျုပ်မှာ အချိန်မရသေးတော့ အဲ့ကိစ္စကို သေချာမစဉ်းစားရသေးဘူး… အကြီးအကဲကောင်း ကျုပ်ကို အချိန်နည်းနည်းလောက် ထပ်ပေးလို့ မရဘူးလား…”
“နင်က အချိန် ဘယ်လောက်တောင် လိုချင်နေတာလဲ…”
“နှစ်သုံးဆယ်… ဖြစ်နိုင်ရင် နှစ်ငါးဆယ်လောက်ပေါ့…” သူမှ ထိုကဲ့သို့ ပြောလိုက်သည့်နောက် ကောင်းရွှယ်ထင်း၏အမူအယာ အေးစက်သွားသည်ကို ရန်ကိုင်တွေ့လိုက်ရသည်။ ထို့ကြောင့် အလျင်အမြန် ပြန်ပြောလိုက်လေ၏။ “ဒါပေမဲ့ ဆယ်နှစ် ရှစ်နှစ်လောက်ဆိုရင်လည်း အဆင်ပြေပါတယ်…”
“ဟင်း ဟင်း…” ကောင်းရွှယ်ထင်းက ရုတ်တရက် လှောင်ပြုံးပြုံးလိုက်လေသည်။
သူမ၏အပြုံးကို မြင်ပြီးသည့်နောက် ရန်ကိုင် ကြက်သီးမွေညှင်း ထသွားခဲ့လေသည်။
ကောင်းရွှယ်ထင်းက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ “ကြည့်ရတာ ငါ့ဘက်က သဘောကောင်းပြနေတော့ နင်တစ်ခုခုကို နားလည်မှုလွဲနေတယ်နဲ့တူတယ်… နင်ငါ့ကို စကား ပြောလို့ဆိုလို့ လွယ်တဲ့လူ ဘာအဆင့်အတန်းမှ မရှိတဲ့လူလို့ ထင်နေတာလား…”
“မဟုတ်ပါဘူး…”
“အဲ့ဒါဆိုရင် နင် ငါ့ကို အထင်သေးနေတာလား… ဒါမှမဟုတ် ငါတို့ကျောင်းတော်ကို အထင်သေးနေတာလား…”
“ဘယ်ကသာ အဲ့လိုမျိုး ဖြစ်ရမှာလဲ…”
ကောင်းရွှယ်ထင်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီနေ့ စီနီယာရှောင်နဲ့ အခြားသူတွေအားလုံးရှေ့မှာ နင်က ငါတို့ကျောင်းတော်ရဲ့ တပည့်တစ်ယောက်လို့ ပြောပြီး လို့ချီ နင့်ကို ခေါ်လို့မရအောင် ငါတားခဲ့တယ်… နင်ငါ့ကို ထပ်ပြီး ငြင်းနေဦးမယ်ဆိုရင် မနက်ဖြန်ကြရင် နင့်ကို ငါတို့ကျောင်းတော်ကနေ မောင်းထုတ်ပြီလို့ သူတို့အကုန်လုံးကို ပြောပြလိုက်မယ်… အဲ့ဒါဆို နင်ဘာဖြစ်မလဲ သိလား…”
ရန်ကိုင် ဇောချွေး ပြန်သွားခဲ့လေ၏။ လို့ချီ သူ့အား ခေါ်ချင်နေကြောင်းကို ရန်ကိုင်မသိပေ။ ကြည့်ရသလောက် သူ့စွမ်းဆောင်ရည်မှာ အလွန်ကိုမှ ထင်ရှားသိသာလွန်းသဖြင့် အခြားသူများ၏ အာရုံစိုက်ခြင်း ခံလိုက်ရသည့်ပုံပင်။ သူသာ နေမင်းပြာကျောင်းတော်၏ တပည့်တစ်ယောက် ဖြစ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အခြားသော ပညာရှင်များသည် သူ့အား ခေါ်ယူဖို့အရေး စတင် အချင်းများကြပေတော့မည်။
ကောင်းရွှယ်ထင်း ဘာကြောင့် သူ့အား တံဆိပ်ပြားပေးခဲ့မှန်းကို ရန်ကိုင် ရုတ်တရက် နားလည်သွားတော့သည်။ သူမသည် သူ့အား တွန်းအားပေးလို၍ ထိုကဲ့သို့ လုပ်ခြင်း မဟုတ်ဘဲ သူ့အား ကာကွယ်ပေးလိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
အစောပိုင်းကလည်း သူ့ကျင့်ကြံခြင်းနှင့် ပတ်သက်၍ တစ်ခုခု လွဲမှားနေမည်ကို စိုးသည့်အတွက်ကြောင့် သူ့ခန္ဓာကိုယ်အား သေသေချာချာ စစ်ဆေးခဲ့သည်။
ထိုအကြောင်းများကို တွေးမိလိုက်သော် ရန်ကိုင့်စိတ်ထဲ နွေးထွေးသွားခဲ့လေသည်။ နေမင်းပြာကျောင်းတော်ထဲသို့ ဝင်ရသည်မှာလည်း အဆိုးကြီးမဟုတ်ဟု ရုတ်တရက် တွေးမိသွားလေ၏။
ထိုအခါတွင် ရန်ကိုင်သည် သက်ပြင်းတစ်ချက် ရှူထုတ်လျှက် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် အကြီးအကဲကောင်း ဖိတ်ခေါ်တာကို ကျုပ် လက်ခံလိုက်ပါမယ်… အခုလိုမျိုး စိုးရိမ်ပေးတဲ့အတွက် အကြီးအကဲကောင်းကို ကျေးဇူးအများကြီးတင်ပါတယ်…”
ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား စိုက်ကြည့်နေပြီးသည့်နောက် ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။ “နင်က ပါးလည်းပါးတယ် အရည်အချင်းလည်း ရှိတဲ့ လူငယ်လေးတစ်ယောက်ပဲ….” ထိုသို့ပြောပြီးသည့်နောက် တစ်ချက်ရပ်လျက် ဆက်၍ ပြောလိုက်လေသည်။ “ဒါပေမဲ့ နင့်အခြေအနေက တော်တော်လေး ထူးခြားနေတာဆိုတော့ ငါတို့ကျောင်းတော်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေအကုန်လုံးကို နင် လိုက်နာစရာမလိုဘူး… နင်ပုံမှန်နေတဲ့အတိုင်းပဲ နေလို့ရတယ်… ကျောင်းတော်က နင့်ကိစ္စတွေမှာ အဲ့လောက် ဝင်ပါမှာမဟုတ်ဘူး… နားလည်လား…”
ထိုစကားကိုကြားသော် ရန်ကိုင် ဝမ်းသာသွားခဲ့လေသည်။ “နားလည်ပါပြီ…”
“ဒါပေမဲ့ နောက်ပိုင်းမှာ နင်ဘာပဲလုပ်လုပ် အဲ့ဒါက နင့်ကိစ္စ… ငါတို့ကျောင်းတော်နဲ့ ဘာမှမဆိုင်ဘူး… နင် ငါတို့ကျောင်းတော်ကို ပြဿနာတွေ သယ်လာရဲတယ်ဆိုရင်တော့ ဟမ့်… ဘာဖြစ်မလဲ နင်သိတယ်နော်…” ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား စူးရဲသည့် အကြည့်ဖြင့် စိုက်ကြည့်လျက် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
“သိပါတယ် သိပါတယ်…” ရန်ကိုင်က ထပ်တလဲလဲ ခေါင်းညိတ်လိုက်လေ၏။
“ငါပြောချင်တာ ဒါအကုန်ပဲ… နင့်မှာ တံဆိပ်ပြားရှိနေပြီဆိုတော့ ငါတို့ကျောင်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်သွားပြီ… နောက်ပိုင်း နင် ကျင့်ကြံနေတာမှာ အခက်အခဲတွေ ကြုံရတယ်ဆိုလို့ရှိရင် ငါ့ဆီလာပြောလိုက်… ငါ အားလို့ရှိရင် ကူညီပေးမယ်…” ကောင်းရွှယ်ထင်းက ပြန်ပြောလိုက်လေသည်။
ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီးသည့်နောက် သူကျင့်ကြံခြင်းနှင့် ပတ်သက်၍ ဇဝေဇဝါ ဖြစ်နေသော မေးခွန်းအချို့ကို အလျင်အမြန် ကောက်မေးလိုက်လေသည်။
ကောင်းရွှယ်ထင်းသည်လည်း ရန်ကိုင့်၏ မေးခွန်းအားလုံးကို သေသေချာချာ ပြန်လည်ဖြေကြားပေးခဲ့သည်။
တာအိုသခင် ဒုတိယအဆင့်သာရှိသေးသော ဂျူနီယာတစ်ဦးအား သင်ပြရသည်မှာ လွယ်ကူလိမ့်မည်ဟု ကောင်းရွှယ်ထင်း ထင်ခဲ့သည်။ သို့သော်ငြား ရန်ကိုင်နှင့် ခဏမျှ စကားပြောနေပြီးသည့်နောက် ထိုသို့မဟုတ်မှန်း နားလည်သွားရတော့လေသည်။ ရန်ကိုင်မေးလာသည့် မေးခွန်းအားလုံးသည် သူမကိုယ်တိုင်ပင်လျှင် သေသေချာချာ နားမလည်နိုင်သေးသည့် မေးခွန်းများ ဖြစ်နေခဲ့၏။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးသားကြားရှိ စကားဝိုင်းမှာ တစ်ဖက်မှသင်ပြ တစ်ဖက်မှနားထောင်သည်မျိုး မဟုတ်တော့ဘဲ အပြန်အလှန် ဆွေးနွေးကြသည့် စကားဝိုင်းအဖြစ်သို့ ပြောင်းလဲသွားတော့လေသည်။
ရန်ကိုင်သည် မြို့သခင်စံအိမ်တွင် တစ်ညလုံး နေနေပြီးသည့်နောက် မနက်အာရုံတက်ချိန်ရောက်မှသာ ချင်းမိသားစုဆီသို့ ပြန်လာခဲ့လေ၏။ ထို့နောက် သူတံခါးပိတ် ကျင့်စဉ်ဝင်ရန်အတွက် အခန်းတစ်ခန်းလောက် လိုချင်ကြောင်း ချင်းကျောင်းရန်အား သွားပြောလေသည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့ရာ မျက်တောင်တစ်ခတ်အတွင်း တစ်လပြီးတစ်လ ကုန်ဆုံးသွားခဲ့လေ၏။
ယနေ့တွင် ရန်ကိုင်၏ အခန်းတွင်းပိတ် ကျင့်ကြံခြင်း ပြီးဆုံးသွားခဲ့လေပြီ။ သူ၏တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံခြင်းမှာလည်း လုံးဝကို အခြေခိုင်သွားခဲ့လေပြီ။
အခန်းထဲတွင် သူ့ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင်သည် ကျေနပ်သွားသည့် အမူအယာဖြင့် ခေါင်းတညိတ်ညိတ် လုပ်နေ၏။ သို့သော်ငြား ရုတ်တရက် ဆိုသလို တစ်ခုခုအား အာရုံခံမိသွားသည့်အလား သူ့အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
ချက်ချင်းပဲ အင်းစက်ချုပ်နှောင်လက်ကောက်ကို ထုတ်ယူလျက် သူ၏နာမ်ဝိဉာဉ်ကို ထိုလက်ကောက်ထဲသို့ ပို့လိုက်လေ၏။
နေမင်းပြာကျောင်းတော်တွင် ရှိစဉ်က ကောင်းရွှယ်ထင်းဆီမှ အသွင်မဲ့မြက်များစွာကို ဝယ်ယူ၍ သူ၏ဝိဉာဉ်ဝါးမျို အင်းစက်များအား ပြုစုပျိုးထောင်ခဲ့သည်။ လွန်ခဲ့သော လများအတွင်း ဝိဉာဉ်ဝါးမျိုအင်းစက်များသည် တစ်ကောင်နှင့်တစ်ကောင် ပြန်လည်ဝါးမျိုရင်း ဆင့်ကဲပြောင်းလဲနေကြလေသည်။
သို့သော်ငြား ယနေ့သို့ ရောက်လာသည့်အချိန်မှသာလျှင် အင်းစက်များနှင့် ပတ်သက်၍ သိသာသည့် ပြောင်းလဲမှုများကို စတင် မြင်တွေ့လာရတော့၏။
ဝိဉာဉ်ဝါးမျိုအင်းစက်များသည် အင်းစက်စာရင်း၏ ကောင်းကင်စာရင်းတွင် အဆင့်ဆယ့်တစ် ဝင်ပေသည်။ ထို့အပြင် ကောင်းကင်တက်လှမ်းခြင်း လောကထဲတွင်လည်း သူ့အား များစွာ အကူအညီ ပေးခဲ့၏။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် ဝိဉာဉ်ဝါးမျိုအင်းစက်များအပေါ် အတော်လေး မျှော်လင့်ချက် ထားထားခြင်း ဖြစ်ပေသည်။
အင်းစက်ချုပ်နှောင်လက်ကောက်ထဲတွင် တစ်ခုခုဖြစ်နေသည်ကို သတိပြုမိလိုက်သော် အလျင်အမြန် သွားစစ်ဆေးလေ၏။
ပုလင်းများမှာ ယခင်ကကဲ့သို့ ငြိမ်သက်မြဲ ငြိမ်သက်နေလေ၏။ ဝိဉာဉ်ဝါးမျိုအင်းစက်အားလုံး အိပ်ပျော်နေသည့်အလား။ သို့သော်ငြား အင်းစက်ချုပ်နှောင်လက်ကောက်အား သန့်စင်ထားသည့် လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ပုလင်းထဲတွင် ရှိနေသည့် အင်းစက်များအကြောင်းကို ရန်ကိုင် ကောင်းကောင်းသိပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ထိုအင်းစက်များ အိပ်ပျော်နေခြင်း မဟုတ်မှန်းကိုလည်း ရန်ကိုင် သိထားလေ၏။
ရန်ကိုင်၏ အမူအယာသည် တဖြည်းဖြည်း လေးနက်တည်ကြည် လာနေခဲ့လေ၏။ အချိန်အတော်ကြာအောင် စောင့်ပြီးသည့်နောက်တွင် လက်ကွက်များကို ဖန်တီး၍ ပုလင်းအဖုံးကို သွားဖွင့်လိုက်လေသည်။
အဖုံးကိုဖွင့်၍ အထဲသို့ ငုံ့ကြည့်လိုက်သည့်နောက်တွင် ပုလင်းတစ်ခုလုံး နို့နှစ်ရောင်ပိုးအိမ်များဖြင့် ပြည့်နေကြောင်း တွေ့လိုက်ရလေ၏။ လက်ရှိအချိန်တွင် ထိုပိုးအိမ်များမှာ အက်ကွဲနေခဲ့ပြီး ဆင့်ကဲပြောင်းလဲပြီးသော ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ထိုပိုးအိမ်များထဲမှ တိုးထွက်လာနေကြလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားသော ဝိဉာဉ်ဝါးမျိုအင်းစက်များ ထွက်ပေါ်လာကြပြီး ပုလင်းတစ်ခုလုံးလည်း တဝီဝီမြည်သံများဖြင့် ဆူညံလာနေခဲ့လေသည်။
“အကြီးကြီးပဲ…” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။
ပုံမှန်အားဖြင့် ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ အရွယ်အစားမှာ အလွန်တရာကိုမှ သေးငယ်လှသည့်အတွက်ကြောင့် သာမန်မျက်လုံးဖြင့်ပင် မမြင်နိုင်ဘဲ ကောင်းကင်စိတ်အာရုံဖြင့်သာ ရှာတွေ့နိုင်လေ၏။ သို့ရာတွင် ယခု အချင်းချင်း ပြန်လည်ဝါးမျို စားသုံးပြီးသည့်နောက် သူတို့၏ အရွယ်အစားမှာ သိသိသာသာကို ကြီးမားလာခဲ့လေသည်။
တစ်ကောင်တစ်ကောင်မှာ ဆန်စေ့တစ်စေ့ အရွယ်ခန့် ရှိလာပြီး ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း အနက်ရောင်အင်းကွက်များက ဖုံးလွှမ်းနေခဲ့လေ၏။ ထိုအင်းစက်များဆီမှ နတ်ဆိုးအရှိန်အဝါတို့ ဖြာထွက်နေခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ရှေးဟောင်းနတ်ဆိုး၏ သန့်စင်လှသော နတ်ဆိုးချီများကို ဝါးမျိုခဲ့သည့် အတွက်ကြောင့်ပင် ဖြစ်လေ၏။
ထိုမျှသာလျှင်မဟုတ်။ ဤဝိဉာဉ်ဝါးမျိုအင်းစက်များသည် ယခင်ကထက်လည်း ပို၍ ရက်စက်ကြမ်းကြုတ် လာခဲ့လေသည်။ ရန်ကိုင်ပင်လျှင် သူတို့အား ကြောက်လန့်မိလာသည်။
ဆယ့်ငါးမိနစ်ခန့်အတွင်း ဝိဉာဉ်ဝါးမျိုအင်းစက်အားလုံး ၎င်းတို့၏ ပိုးအိမ်ထဲမှ ထွက်လာကြလေ၏။ လုံလောက်သည့် အာဟာရအား ရရှိထားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် အင်းစက်များသည် ပုလင်းထဲမှ ပြန်ထွက်ရန် ကြိုးစားကြတော့လေသည်။
ရန်ကိုင်လည်း သတိကြီးကြီးထားရင်း နောက်သို့ ခုန်ဆုတ်လိုက်ပြီးသည့်နောက် အဝေးမှသာ စောင့်ကြည့်နေတော့လေ၏။
ပုလင်းအဖုံးပေါ်တွင် အင်းစက်တိမ်တိုက်ကြီးတစ်ခု အလျင်အမြန် ဖြစ်တည်လာခဲ့လေသည်။ ဝိဉာဉ်ဝါးမျိုအင်းစက် အရေအတွက်မှာ သိသိသာသာကို နိမ့်ကျသွားခဲ့သော်ငြား ၎င်းတို့၏ စွမ်းအားနှင့် အရွယ်အစားမှာတော့ အကြီးအကျယ် တိုးတက်လာခဲ့လေသည်။
ရန်ကိုင်အတော်လေး အံ့အားသင့်နေခဲ့လေသည်။ ယခုနေသာ ဤဝိဉာဉ်ဝါးမျိုအင်းစက်များနှင့်အတူ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ ပြန်ဝင်သွားမည်ဆိုပါက ပန်ချင်းကဲ့သို့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင်ပင် အပေါစားလှည့်ကွက်များကို သုံးနေစရာ မလိုတော့ဘဲ လက်ရည်တူ ပြန်လည်ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပေလိမ့်မည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များကို အချိန်အတော်ကြာအောင် စောင့်ကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် ရုတ်တရက် အမိန့်တစ်ခု ပေးလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၈၃)
ဝိဉာဉ်ဝါးမျိုအင်းစက်များသည် တဝီဝီမြည်သံများကို ထုတ်လွှတ်လျက် ရန်ကိုင့်ဆီသို့ ပျံသန်းလာကြလေသည်။ ရန်ကိုင်ကမူ အလေးအနက် အမူအယာဖြင့် မတော်တဆ တစ်ခုခု ဖြစ်လာခဲ့သည်ရှိသော် အချိန်မရွေး တုံ့ပြန်နိုင်ရန်အတွက် သတိချပ်ထားလေသည်။
ခဏအကြာတွင် ရန်ကိုင့်တစ်ကိုယ်လုံးကို ဝိဉာဉ်ဝါးမျိုအင်းစက်များမှ လွှမ်းခြုံသွားခဲ့လေသည်။ ဝိဉာဉ်ဝါးမျိုအင်းစက်များထဲမှ တစ်ကောင်သည် ရန်ကိုင့်ပုခုံးပေါ်သို့ သက်ဆင်းလျက် ငြိမ်သက်စွာ လှဲလျောင်းနေလေ၏။ မကြာမီ အခြားသော ဝိဉာဉ်ဝါးမျိုအင်းစက်များကလည်း ရန်ကိုင့်ကိုယ်ပေါ်တွင် စတင် လာရောက်နားခိုကြတော့လေသည်။
ချက်ချင်းဆိုသလို ရန်ကိုင့်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဝိဉာဉ်ဝါးမျိုအင်းစက်များကြား ပျောက်ကွယ်သွားတော့လေ၏။ ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ရန်ကိုင့်အား တိုက်ခိုက်ခြင်း မရှိဘဲ သူ့ကိုယ်ပေါ်တွင် ငြိမ်သက်စွာသာ လှဲလျောင်းနေကြလေသည်။ အကုန်လုံးသည် ရန်ကိုင်ပေးသည့် အမိန့်များကို တသွေမတိမ်း နာခံနေကြလေ၏။
“ဟား ဟား ဟား…” ရန်ကိုင်က အကျယ်ကြီး အော်ရယ်မောလိုက်လေသည်။ အင်းစက်ချုပ်နှောင်လက်ကောက်သည် အမှန်တကယ်ကိုမှ အဖိုးတန်သည့် ရတနာတစ်ခုပင် ဖြစ်လေသည်။
ကောင်းကင်တက်လှမ်းခြင်း ကြေးမုံလောကကြီးထဲတွင် သူ၏ဝိဉာဉ်ဝါးမျိုအင်းစက်များသည် သူ့အမိန့်များကို စတင်လွန်ဆန်လာကြောင်း ရန်ကိုင် သတိပြုမိခဲ့သည်။ ထို့အပြင် ထျန်းယန်ဆီမှ ရရှိခဲ့သော ဝိဉာဉ်ဝါးမျိုအင်းစက်များမှာလည်း သူ့အမိန့်အား လုံးဝ နာခံခြင်း မရှိချေ။ သို့သော်ငြား ယခုမူ ထိုဝိဉာဉ်ဝါးမျို အင်းစက်အားလုံးသည် ဆင့်ကဲပြောင်းလဲသွားခဲ့ပြီး သူ့အမိန့်ကို တသွေမတိမ်း နာခံနေခဲ့လေသည်။ ဤသို့ဖြစ်ရခြင်းမှာ အင်းစက်ချုပ်နှောင်လက်ကောက်၏ ကျေးဇူးကြောင့်သာ ဖြစ်လေ၏။
ဤဧကရာဇ်မှော်ရတနာတွင် မည်သည့်တိုက်ခိုက်ရေးစွမ်းအား ခုခံရေးစွမ်းအားမှ မရှိသော်ငြား ၎င်းသည် လောကကြီးထဲတွင် ရှိနေသော အင်းစက်အားလုံးကို ထိန်းချုပ်နိုင်ပေ၏။ ဤမှော်ရတနာမှာ အင်းစက်ဧကရာဇ်မှ တစ်သက်လုံး ဖန်တီးလာခဲ့သည့် အဖိုးတန်ရတနာတစ်ခု ဖြစ်လေရာ ဝိဉာဉ်ဝါးမျိုအင်းစက်များအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိသည်မှာ အထူးအဆန်းမဟုတ်ချေ။
ယခုဆိုလျှင် ရန်ကိုင့်အနေဖြင့် ဘာကိုမှ စိုးရိမ်နေစရာ မလိုတော့ပေ။ အားကောင်းသည့် ရန်သူတစ်ဦးဦးနှင့် ပြဿနာတက်မည်ဆိုလျှင်ပင် ထိုဝိဉာဉ်ဝါးမျိုအင်းစက်များကို အားကိုး၍ ပြန်လည်တိုက်ခိုက်နိုင်ပေသည်။
ဤအင်းစက်ချုပ်နှောင်လက်ကောက်ထဲရှိ လေဟာနယ်သည် အင်းစက်များကို ပြုစုပျိုးထောင် ပေးနိုင်ပေသည်။ အင်းစက်များသာ ဤအင်းစက်ချုပ်နှောင်လက်ကောက်ထဲတွင် နေမည်ဆိုပါက သေသွားခြင်း အားနည်းခြင်းမျိုး မဖြစ်ဘဲ ပို၍သာ အားကောင်းလာပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင့်အနေဖြင့် ဝိဉာဉ်ဝါးမျိုအင်းစက်များကို မြန်မြန်ဆန်ဆန် ကြီးထွားလာစေလိုပါက အသွင်မဲ့မြက်များကို ကျွေးမွေးရန် လိုအပ်ပေသည်။
အသွင်မဲ့မြက်များသည် အဖိုးတန်ဆေးပင်များ မဟုတ်သည့်အတွက်ကြောင့် ဂိုဏ်းတိုင်းမှ စိုက်ပျိုးကြလေ၏။ ထို့အတွက်ကြောင့် ထိုမြက်ပင်များကို ဈေးကွက်ထဲတွင် ဝယ်ယူရန် မခက်ခဲပေ။ ပြဿနာတစ်ခုသာ ရှိလေ၏။ ရန်ကိုင့်အနေဖြင့် ဝိဉာဉ်ဝါးမျိုအင်းစက်များကို ပျိုးထောင်ရန်အတွက် အလွန်များပြားလှသော အသွင်မဲ့မြက်များကို လိုအပ်နေခြင်းပင်။
ယခင်ကသာဆိုလျှင် ရန်ကိုင့်အနေဖြင့် အသွင်မဲ့မြက်များစွာကို ဝယ်ယူနိုင်လိမ့်မည် မဟုတ်။ သို့သော်ငြား ယခုတွင်မူ သူ့၌ အရင်းအမြစ်ကျောက်တွင်း ရှိနေပြီဖြစ်သည့်အတွက်ကြောင့် အရင်းအမြစ်ကျောက် ပြတ်တောက်သွားမည်ကို စိတ်ပူနေစရာ မလိုတော့ချေ။ ထို့အတွက်ကြောင့် သူလိုချင်သလောက် များပြားလှသော အသွင်မဲ့မြက်များကို စိတ်ကြိုက် ဝယ်ယူနိုင်လေပြီ။
ထိုကဲ့သို့ တွေးမိလိုက်သော် ရန်ကိုင်သည် အင်းစက်ချုပ်နှောင်လက်ကောက်ထဲမှ အလျင်အမြန် ပြန်ထွက်လာခဲ့ပြီး မျက်လုံးဖွင့်လိုက်လေ၏။ ထို့နောက် ထရပ်၍ အခန်းတံခါးကို ဖွင့်လိုက်လေသည်။ မြို့ထဲသို့ သွားကာ အသွင်မဲ့မြက်များကို ဝယ်ယူရန် စဉ်းစားနေခြင်း ဖြစ်လေသည်။
သို့သော်ငြား ရန်ကိုင်မှ တံခါးကို ဖွင့်ပြီး အပြင်သို့ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်သိပ်သည်းဆမှာ ယခင်ကထက်ကို ပိုမိုမြင့်မားနေကြောင်း တွေ့ရှိလိုက်ရလေသည်။
ထို့အတွက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။ လို့ချီသည် သူ၏ ဧကရာဇ်မှော်ရတနာကိုသုံး၍ စိတ်ဝိဉာဉ်ကန်အား ချိတ်ပိတ်ပစ်ခဲ့လေသည်။ ထို့အတွက်ကြောင့် မြို့ထဲရှိ မိုးမြေစွမ်းအင်မှာ ပို၍သိပ်သည်းမလာသင့်ဘဲ ခြောက်ကပ် လျော့နည်းသွားသင့်ပေသည်။ သို့သော်ငြား ယခုမူ ထိုကဲ့သို့ ဖြစ်မနေခဲ့ပဲ ပို၍ပင် မြင့်မားလာနေခဲ့၏။
မိုးမြေစွမ်းအင်သိပ်သည်းဆသည် ကျဆင်းသွားခြင်း မရှိဘဲ ယခင်ထက်ပင် ပိုမိုမြင့်မားလာခဲ့လေသည်။ ထိုအခိုက်အတန့်မှာပင် လူတစ်ယောက် ရန်ကိုင့်ဆီသို့ ပြေးလာပြီး သူ့ရှေ့တွင် ရပ်လိုက်လေ၏။ ထိုလူမှာ အခြားမဟုတ် ရီကျင်းဟန်သာ ဖြစ်လေသည်။
“သခင်လေးရန်… နောက်ဆုံး တံခါးပိတ်ကျင့်စဉ် ဝင်တာကနေ ထွက်လာပြီပေါ့…” ရီကျင်းဟန်သည် ရန်ကိုင့်အား အထက်အောက် အစုန်အဆန် စစ်ဆေးကြည့်လိုက်လေသည်။ ရန်ကိုင်၏ အရှိန်အဝါမှာ ယခင်ထက်ပို၍ တည်ငြိမ်လာကြောင်းကို တွေ့ရှိလိုက်ရသည်။ ထို့အတွက်ကြောင့် မနာလိုအားကျစွာဖြင့် ပြောလိုက်လေသည်။ “သခင်လေးရန်ကို ကြည့်ရတာ ဒီတစ်ကြိမ် သိသိသာသာကို တိုးတက်လာတာပဲ…”
“ဘာမှ ဒီလောက်မဟုတ်ပါဘူး…” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံး၍ ပြန်ပြောလိုက်လေသည်။ ရီကျင်းဟန်နှင့်အတူ ရွက်တစ်ထောင်ဂိုဏ်းသို့ သွားမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည့်အတွက်ကြောင့် သူမအား ရှောင်ဖယ်မနေတော့ချေ။
ရန်ကိုင့်အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး အံ့အားသင့်တကြီးဖြင့် မေးလိုက်လေသည်။ “နင်ဒီမှာ တစ်ချိန်လုံးစောင့်နေတာလား…”
ရီကျင်းဟန်က ပြုံးလျက် “ဘာပဲဖြစ်ဖြစ် ကျွန်မမှာ သွားစရာနေရာမှ မရှိတာ…”
“အဲ့လောက်ကြီးလည်း စိတ်ပူမနေစမ်းပါနဲ့… ခင်ဗျားနဲ့အတူ ရွက်တစ်ထောင်ဂိုဏ်းကို သွားမယ်လို့ ကတိပေးပြီးသွားပြီပဲ… ဘာလို့ ထွက်ပြေးရမှာလဲ… ကျုပ် ခင်ဗျားနဲ့အတူ ရွက်တစ်ထောင်ဂိုဏ်းဆီ ကျိန်းသေ လိုက်ခဲ့မှာပါ…”
“သခင်လေးရန်ကို စောင့်ကြည့်နေတာ မဟုတ်ပါဘူး…” ရီကျင်းဟန်က သူမလက်အား ကမန်းကတန်း ဝှေ့ယမ်းလျက် ပျာယာခတ်နေသည့် အမူအယာဖြင့် “တစ်ခုပဲ… အဲ့ဒါက အဲ့ဒါက…”
ရီကျင်းဟန်မှာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေကာ မည်သည့်စကားကိုမှ ဆက်မပြောနိုင်တော့ချေ။ ပေးစရာအကြောင်းပြချက်လည်း ရှာမတွေ့သဖြင့် အချိန်ကြာလာသည့်နောက် ရီကျင်းဟန် ပို၍ ရှက်လာခဲ့လေ၏။
ရန်ကိုင်က ပြုံးလျက် “ထားလိုက်တော့… မြို့ထဲသွားပြီး ပစ္စည်းနည်းနည်းပါးပါး သွားဝယ်ကြရအောင်… အဲ့ဒါပြီးတာနဲ့ ခင်ဗျားနဲ့အတူ ရွက်တစ်ထောင်ဂိုဏ်းဆီ လိုက်ခဲ့မယ်…”
ထိုစကားကိုကြားသော် ရီကျင်းဟန် ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “ကောင်းပြီလေ…”
ဤသို့ဖြင့် ရန်ကိုင်နှင့် ရီကျင်းဟန်သည် မြို့ထဲသို့ ထွက်လာခဲ့လေ၏။ မေပယ်မြို့ထဲတွင် ကျင့်ကြံသူများ ယခင်ကထက် ပိုမိုနည်းပါးသွားကြောင်းကို ရန်ကိုင် သတိပြုမိလိုက်သည်။ မြို့ကြီးသည် ယခင်ကလောက် စည်းကားသက်ဝင်နေခြင်း မရှိတော့ချေ။ သို့သော်ငြား မြို့ထဲတွင် ရှိနေသည့် ကျင့်ကြံသူအားလုံးမှာတော့ ပြုံးပြုံးဖြီးဖြီး ဖြစ်နေကြလေ၏။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ ဇဝေဇဝါဖြစ်သွားခဲ့ပြီး ရီကျင်းဟန်အား လှမ်း၍မေးလိုက်လေသည်။ “သူတို့ ဘာလို့ ဒီလောက်တောင် ပြုံးနေကြတာလဲ… မြို့ထဲမှာ တစ်ခုခု ဖြစ်သွားတာမျိုးရှိလား…”
ရီကျင်းဟန်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “အခုလက်ရှိ မေပယ်မြို့က အရင်ကလိုမျိုး မဟုတ်တော့ဘူးလေ… မြို့ထဲက မိုးမြေစွမ်းအင်က လေးငါးခြောက်ဆလောက် ပိုပြီး သိပ်သည်းလာတာ… ဒါကြောင့် သူတို့တွေအကုန်လုံး ဒီလောက် ပျော်နေကြတာ…”
“ဒါနဲ့ ကျုပ် ခင်ဗျားကို မေးချင်တာတစ်ခု ရှိသေးတယ်…” ရန်ကိုင်က ရီကျင်းဟန်အား ဆက်၍ မေးလိုက်လေသည်။ “မြို့ထဲက မိုးမြေစွမ်းအင်တွေ ဘာဖြစ်သွားတာလဲ… ဘာဖြစ်လို့ ဒီလောက်တောင် သိပ်သည်းလာရတာလဲ…”
ရီကျင်းဟန်က ပြန်၍ပြောလိုက်လေသည်။ “သခင်လေးရန်က လွန်ခဲ့တဲ့တစ်လလုံး တံခါးပိတ်ကျင့်စဉ်ဝင်နေတာဆိုတော့ အခုရက်ပိုင်း ဖြစ်သွားတာတွေကို သိဦးမှာမဟုတ်သေးဘူး… လွန်ခဲ့တဲ့တစ်လတုန်းက ကြယ်ဝိဉာဉ်နန်းတော်က စီနီယာရှောင်နဲ့ အခြားစီနီယာတွေက စိတ်ဝိဉာဉ်ရေကန်ကို လူတိုင်းအသုံးပြုနိုင်တယ်လို့ အတိအလင်း ကြေညာလိုက်တယ်…”
“လူတိုင်းအသုံးပြုနိုင်အောင်လို့ပဲ သူတို့စီမံကိန်းတစ်ခုကို စလုပ်တာပေါ့… အဲ့လိုလုပ်ဖို့ သူတို့ဂိုဏ်းကနေ လူတွေ ခေါ်တယ်… လူတွေခေါ်ပြီးတော့ အဲ့စီမံကိန်းကို အကောင်အထည်ဖော်တယ်… လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကပဲ အဲ့စီမံကိန်း ပြီးသွားခဲ့တာ… စိတ်ဝိဉာဉ်ရေကန်က အခုဆိုရင် တောင်ဘက်နယ်မြေထဲမှာ ကျင့်ကြံဖို့အတွက် အကောင်းမွန်ဆုံးနေရာတစ်ခုအဖြစ်တောင် နာမည်ကျော်ကြားနေပြီ… အဲ့အကြောင်းကိုကြားပြီး နေရာပေါင်းစုံက ကျင့်ကြံသူတွေ ဒီကို အပြေးလာကြတာ အများကြီးပဲ… မေပယ်မြို့ထဲက ကျင့်ကြံသူတွေလည်း အဲ့မှာဘာတွေဖြစ်နေလဲ သွားကြည့်နေကြတာ… အဲ့ဒါကြောင့်ပဲ မြို့ကြီးတစ်ခုလုံးက ဒီလောက်တောင်တိတ်ဆိတ်နေတာ…”
သူမရှင်းပြသည်ကို ကြားပြီးသည့်နောက်မှသာ မေပယ်မြို့ထဲတွင် ဘာကြောင့် လူနည်းနေမှန်းကို ရန်ကိုင် နားလည်သွားရတော့လေ၏။ ထိုလူများသည် စိတ်ဝိဉာဉ်ရေကန်ဆီသို့ သွားနေကြသည်ကိုး။
“အဲ့နေရာက အခုဆိုရင် စိတ်ဝိဉာဉ်ရေကန်နန်းတော် ဆိုပြီးတော့တောင် နာမည်ကြီးနေပြီ… အဲ့မှာ နေစရာ အဆောက်အဦးတွေရော ကျင့်ကြံဖို့အတွက် အခန်းတွေရော အများကြီးပဲ…”
“စိတ်ဝိဉာဉ်ရေကန်နန်းတော်…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။
ရီကျင်းဟန်က ပြုံးလျက် ပြန်ပြောလိုက်၏။ “ဟုတ်တယ်…”
ရန်ကိုင်က စဉ်းစားလျက် ပြန်ပြောလိုက်လေ၏။ “ဒါဆိုရင် အဲ့စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို ဘယ်သူဦးစီးနေတာလဲ…”
ရီကျင်းဟန်က ပြောလိုက်လေသည်။ “ဂိုဏ်းကြီးတွေက အစတည်းက အဲ့နေရာကို မောင်ပိုင်စီးမှာမဟုတ်ဘူးလို့ ပြောထားတယ်လေ… ဒီတော့ အခု အဲ့နေရာကို ကြယ်ဝိဉာဉ်နန်းတော်ရယ် မေပယ်မြို့ရယ် အခြားဂိုဏ်းတွေရယ် အတူပူးပေါင်းပြီး အုပ်ချုပ်နေကြတယ်… အဲ့နေရာကို တောင်ဘက်နယ်မြေထဲမှာ ရှိတဲ့ ကျင့်ကြံသူတိုင်း ဝင်လို့ရတယ်… ဒါပေမဲ့ လိုအပ်တဲ့ အရင်းအမြစ်ကျောက်ကိုတော့ ပေးချေဖို့ လိုတာပေါ့…”
“ဟမ်…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ “မေပယ်မြို့ကတောင် အဲ့နေရာကို ဦးစီးခွင့်ရနေတာလား…”
“ဟုတ်တယ်… စိတ်ဝိဉာဉ်ရေကန်နန်းတော်က မေပယ်မြို့ဘေးနားမှာ ပေါ်လာတာလေ… ဒီတော့ မေပယ်မြို့ရဲ့ မြို့သခင်က ဦးစီးအုပ်ချုပ်တာ အကောင်းဆုံးပဲပေါ့… အဲ့နေရာပေါ်လာလို့ အခုဆိုရင် မေပယ်မြို့က တောင်ဘက်နယ်မြေထဲမှာတောင် တော်တော်လေး နာမည်ကြီးနေပြီ…”
ရန်ကိုင် ရယ်သွမ်းသွေးလျက် “အခုချိန်လောက်ဆိုရင် မြို့သခင်တွမ့် တော်တော်လေး စိတ်လှုပ်ရှားနေမှာ သေချာတယ်…”
ရီကျင်းဟန်က ယဲ့ယဲ့လေးပြုံးလျက် “ဟုတ်တယ်… မြို့သခင်တွမ့်က တာအိုသခင်တတိယအဆင့်ပဲ ရှိသေးတယ်ဆိုရင်တောင် စိတ်ဝိဉာဉ်ရေကန်နန်းတော်ကြောင့် သူ့အဆင့်အတန်းက သိသိသာသာကို မြင့်တက်လာတာ… အခုဆိုလို့ရှိရင် သူ့အဆင့်အတန်းက ပထမအဆင့်အင်အားစုတွေရဲ့ ဂိုဏ်းချုပ်တွေနဲ့တောင် အဆင့်တူဖြစ်နေပြီ…”
“သူ့အဆင့်အတန်းက တော်တော်လေး မြင့်သွားတာပဲ… ဒါပေမဲ့ သူ့ကျင့်ကြံခြင်းက နိမ့်နေသေးတော့ အချို့၌ပြဿနာတွေကိုတော့ ကောင်းကောင်းထိန်းချုပ်နိုင်ဦးမှာ မဟုတ်သေးဘူး…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။
ရီကျင်းဟန်သည် ရန်ကိုင့်အား တစ်ချက်ကြည့်လျက် “သခင်လေးရန် သူ့အတွက် စိတ်ပူနေစရာ မလိုပါဘူး… ဒီကိစ္စကို စီနီယာရှောင်က ဖြေရှင်းပြီးသွားပြီ… အခုဆိုရင် မြို့သခင်တွမ့်နဲ့ ဒုမြို့သခင် အရက်သမားက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အပြင်စည်းတပည့်တွေ ဖြစ်နေကြပြီ… ကြယ်ဝိဉာဉ်နန်းတော်ရဲ့ တပည့်တင်မဟုတ်ဘူး… နေမင်းပြာကျောင်းတော်၊ ကောင်းကင်တိုက်ပွဲဒိုဂျိုနဲ့ အခြားထိပ်တန်းဂိုဏ်းတွေရဲ့ တပည့်လည်း ဖြစ်နေသေးတယ်… ဂိုဏ်းတွေအကုန်လုံးက သူတို့နှစ်ယောက်ကို တပည့်တွေအဖြစ် လက်ခံထားကြတယ်…”
ထိုစကားကိုကြားသော် ရန်ကိုင်က ကြောင်အသွားသည့် အမူအယာဖြင့် ပြန်၍ မေးလိုက်လေသည်။ “ခင်ဗျားတကယ်ပြောနေတာလား…”
ရီကျင်းဟန်က သူမပါးစပ်ကို လက်ဖြင့် အုပ်ရယ်လျက် ပြန်ပြောလိုက်လေသည်။ “တကယ်ပြောနေတာပေါ့… သူတို့လည်း အခုလိုလုပ်မှပဲ ရတော့မှာလေ… သူတို့မှာ အခြားရွေးချယ်စရာမှ မရှိတော့တာ…”
“အဲ့စီနီယာတွေက တော်တော်အကင်းပါးတာပဲ…” ရန်ကိုင်က ခေါင်းတခါခါဖြင့် ခါးသက်စွာ ရယ်မောလျက် “အခုလိုဖြစ်တာမျိုး ငါတစ်ခါမှ မကြုံဖူးဘူး… ဒါပေမဲ့ သူတို့အဲ့လိုလုပ်လိုက်လို့ ဘယ်သူမှ မြို့သခင်တွမ့်နဲ့ အရက်သမားကို သွားပြီး မောက်မာရဲကြတော့မှာမဟုတ်ဘူး…”
တွမ့်ယွမ်ရှန်းနှင့် အရက်သမား၏ ကျင့်ကြံခြင်းမှာ မြင့်မားခြင်း မရှိလှ။ သို့သော်ငြား သူတို့၏ ကျောထောက်နောက်ခံများမှာ တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းများ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် တွမ့်ယွမ်ရှန်းတို့အဖို့ မေပယ်မြို့နှင့် စိတ်ဝိဉာဉ်ရေကန်နန်းတော်အား ဦးစီးအုပ်ချုပ်ဖို့ရာ သိပ်မခက်ခဲလှတော့ပေ။
မည်သူမဆို သူတို့အား သွားရောက်ဆန့်ကျင်ပါက တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းများအား ဆန့်ကျင်နေသလို ဖြစ်နေပေလိမ့်မည်။ မည်သူကများ ထိုကဲ့သို့လုပ်ရဲမည်နည်း။
“စီနီယာရှောင်က တကယ်ကို သဘောထားကြီးပြီး ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲ… ကြယ်ဝိဉာဉ်နန်းတော်က ဆိုတဲ့အတိုင်းပဲ သူတို့က တကယ်ကို လေးစားထိုက်တာပဲ…” ရန်ကိုင်က ပြောလိုက်လေသည်။
ကြယ်ဝိဉာဉ်နန်းတော်သည်သာ စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို အပိုင်သိမ်းလိုသည် ဆိုပါက မည်သူမျှ သူတို့အား ဆန့်ကျင်တိုက်ခိုက်ရဲကြလိမ့်မည် မဟုတ်ချေ။ တကယ်တော့ ကြယ်ဝိဉာဉ်နန်းတော်ကို ဦးစီးဦးဆောင် လုပ်နေသူမှာ မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သော လမင်းမဟာဧကရာဇ်ပင် မဟုတ်လေလော။
သို့သော်ငြား ကြယ်ဝိဉာဉ်နန်းတော်ကမူ ထိုကဲ့သို့ မလုပ်ခဲ့ပဲ ဤစိတ်ဝိဉာဉ်ရေကန်နန်းတော်ကို တောင်ဘက်နယ်မြေထဲရှိ ကျင့်ကြံသူတိုင်း လာရောက်ကျင့်ကြံနိုင်သော နေရာတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့လေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ကြယ်ဝိဉာဉ်နန်းတော်၏ ရက်ရောသဘောထားကြီးမှုကို မြင်တွေ့နိုင်ပေ၏။
ဂိုဏ်းတိုင်းသည် ကြယ်ဝိဉာဉ်နန်းတော်ကဲ့သို့ လုပ်နိုင်ကြသည့် လူများ မဟုတ်ချေ။ ဥပမာပြရသော် နေမင်းပြာကျောင်းတော်၏ ဝမ်ကျိရှန်းသည်သာ ထိုနေရာကို ရသွားမည်ဆိုပါက အခြားသူများအား ပေးသုံးလိမ့်မည် မဟုတ်ဘဲ သူ့ဂိုဏ်းသားများအတွက်သာ သိမ်းထားပေလိမ့်မည်။
ဤသည်မှာ အထူးအဆန်းကိစ္စတစ်ခု မဟုတ်။ လူတိုင်းသည် ကိုယ့်ဘက်ကိုယ်ယက်သည့် လိပ်များပင် မဟုတ်ကြလေလော။
“ဆက်ပြောပါဦး…” ရန်ကိုင်က ပြောလိုက်လေသည်။
“စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို ကြယ်ဝိဉာဉ်နန်းတော်က ကျင့်ကြံရေးအခန်းတွေကို ပုံစံယူပြီး တည်ဆောက်ထားတာ… စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို အပိုင်းသုံးပိုင်းခွဲထားတယ်… သာမန် မြေပြင်နဲ့ ကောင်းကင်အဆင့် ဆိုပြီး… သာမန်အဆင့်နေရာမှာ တန်ခိုးရှင်အဆင့်နဲ့ အဲ့အောက်ကကျင့်ကြံသူတွေ ကျင့်ကြံလို့ရတယ်… မြေကမ္ဘာအဆင့်မှာတော့ တာအိုသခင်အဆင့်နဲ့ အဲ့အောက်က ကျင့်ကြံသူတွေပဲ ကျင့်ကြံလို့ရပြီး ကောင်းကင်အဆင့်ကတော့ ဧကရာဇ်အဆင့် ပညာရှင်တွေအတွက် သီးသန့်ပဲ…”
ထိုနားရောက်သော် ရီကျင်းဟန် တစ်ချက် ရပ်သွားခဲ့လေသည်။ ထို့နောက် ဆက်၍ ပြောလိုက်လေ၏။ “အဲ့နေရာမှာ သွားကျင့်ကြံဖို့အတွက် ပေးရတဲ့အခကြေးကလည်း တစ်ဆင့်ထက်တစ်ဆင့် ပိုပိုမြင့်လာတယ်… ကောင်းကင်အဆင့်မှာ ကျင့်ကြံချင်လို့ရှိရင် တစ်ရက်ကျင့်ကြံဖို့အတွက် အဆင်မြင့် အရင်းအမြစ်ကျောက် အတုံးတစ်ထောင် ပေးရတယ်တဲ့… ပေးမယ်ဆိုရင်တောင် အဆင့်မြင့်အရင်းအမြစ်ကျောက်နဲ့ပဲ ပေးလို့ရမယ်… အခြား ဘယ်အရင်းအမြစ်ကျောက်နဲ့မှ ပေးလို့မရဘူးတဲ့…”
“ဈေးနှုန်းတွေက ကြောက်ခမန်းလိလိ ပါလား…” ရန်ကိုင်က စိတ်ဓာတ်ကျသွားသည့် အမူအယာဖြင့် ပြောလိုက်လေသည်။
အဆင့်မြင့်အရင်းအမြစ်ကျောက် အတုံးတစ်ထောင်သည် အဆင့်နိမ့်အရင်းအမြစ်ကျောက် ဆယ်သန်းနှင့် ညီမျှပေသည်။ သို့သော်ငြား ထိုပမာဏမှာ တစ်ရက်ကျင့်ကြံရန်အတွက်သာ ဖြစ်လေ၏။ ကျင့်ကြံသူတစ်ဦး တံခါးပိတ်ကျင့်စဉ်ဝင်သည့်အခါ အနည်းဆုံး လဝက်ခန့် ကြာမြင့်တတ်ကြပေသည်။
သို့သော်ငြား နက်နဲဆန်းကြယ်သည့် ကျင့်စဉ်များ သိုင်းပညာရပ်များအား သဘောပေါက် နားလည်ချင်သည်ဆိုပါက တစ်နှစ်၊ တစ်နှစ်ထက်မက ကြာတတ်၏။ ထိုအချက်မှာ ဧကရာဇ်အဆင့် ပညာရှင်များနှင့် ပတ်သက်လာလျှင် ပို၍ သိသာပေသည်။ ဧကရာဇ်အဆင့် ပညာရှင်များ တစ်ခါတစ်ခါ တံခါးပိတ်ကျင့်စဉ်ဝင်သည့်အခါ နှစ်ပေါင်းများစွာ ကြာတတ်ပေ၏။
ထိုသို့သာ ဖြစ်မည်ဆိုလျှင် သူတို့ပေးချေရမည့် အရင်းအမြစ်ကျောက် ပမာဏမှာ ရေတွက်လို့ပင် ရတော့လိမ့်မည် မဟုတ်ချေ။
ထို့အပြင် သူတို့အနေဖြင့် အဆင့်မြင့်အရင်းအကျောက်များဖြင့်သာ ပေးချေနိုင်ကာ အခြားသော အဆင့်နိမ့်၊ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက်များနှင့်ပင် မပေးချေနိုင်ပေ။
“ဒါပေမဲ့ ဧကရာဇ်အဆင့် ပညာရှင်တွေအကုန်လုံးက ချမ်းသာကြတာပဲလေ… သူတို့ရဲ့ ခွန်အား တိုးတက်လာဖို့အတွက် သူတို့ပိုင်ဆိုင်ထားတဲ့ အရင်းအမြစ်ကျောက်တွေကို သုံးဖြုန်းရမှာကို နှမြောမနေလောက်ပါဘူး…” ရန်ကိုင်က တွေးတွေးတောတောဖြင့် ပြောလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၈၄)
“ဟုတ်တယ်… စိတ်ဝိဉာဉ်ရေကန်နန်းတော်ရဲ့ ကောင်းကင်အဆင့်အခန်းက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ ကောင်းကင်အဆင့်အခန်းနဲ့ အဆင့်တူလောက်ရှိတယ်… အဲ့ဒါကြောင့် ဧကရာဇ်အဆင့် ကျင့်ကြံသူတွေအကုန်လုံးက အဲ့မှာ သွားကျင့်ကြံနေကြတာ… သူတို့သာ အဲ့မှာ ကျင့်ကြံရင်း အဆင့်ချိုးဖြတ်သွားနိုင်မယ်ဆိုရင် သူတို့ဘယ်လောက်ပဲ ပေးရပေးရ ကိစ္စမရှိတော့ဘူး….” ရီကျင်းဟန်က ပြောလိုက်လေသည်။ “ဒါပေမဲ့ ပြဿနာက ကောင်းကင်အဆင့်အခန်းက စုစုပေါင်းမှ အခန်းသုံးဆယ်ပဲ ရှိနေတာပဲ…”
“အခန်းသုံးဆယ်… အဲ့ဒါဆိုရင်တော့ အဲ့စီနီယာတွေ အသည်းအသန် လုရတော့မှာပေါ့…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။
အခန်းသုံးဆယ်သည် များသည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင် အလွန်တရာကိုမှ နည်းပါးပေသည်။ တောင်ဘက်နယ်မြေထဲတွင် ဧကရာဇ်အဆင့် ပညာရှင်များစွာမရှိဟု ထင်ရသော်ငြား အနည်းဆုံး အယောက်တစ်ထောင်ခန့် မရှိလျှင်ပင် အယောက်ရှစ်ရာလောက်တော့ ရှိပေ၏။ ဧကရာဇ်အဆင့်ပညာရှင်များအနက် ကြယ်ဝိဉာဉ်နန်းတော်မှ ဧကရာဇ်အဆင့် ပညာရှင်များသာ ဤနေရာရှိ ကောင်းကင်အဆင့်အခန်းများကို စိတ်မဝင်စားကြခြင်း ဖြစ်သည်။ ကျန်သည့် ဧကရာဇ်အဆင့် ပညာရှင်အားလုံးမှာတော့ ထိုကောင်းကင်အဆင့်အခန်းများတွင် ကျင့်ကြံချင်ကြပေလိမ့်မည်။
ဤအကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက အခန်းသုံးဆယ်သည် လုံးဝလောက်တော့လိမ့်မည် မဟုတ်ပေ။
“အဲ့ဒါက အဲ့စီနီယာတွေရဲ့ ပြဿနာပဲ… ကျွန်မတို့ တွေးပူနေစရာမလိုဘူး…” ရီကျင်းဟန်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။
“မြေကမ္ဘာနဲ့ သာမန်အဆင့် အခန်းတွေကရော…” ရန်ကိုင်က ထပ်မေးလိုက်လေသည်။
“ကြားတာတော့ မြေကမ္ဘာအဆင့်က အခန်း၅၀၀ သာမန်အဆင့်က အခန်း၃၀၀၀ရှိတယ်တဲ့…”
ထိုစကားကိုကြားသော် ရန်ကိုင် ခေါင်းညိတ်လိုက်လေ၏။ အခန်းအရေအတွက်မှာ အတော်လေးကိုမှ နည်းပါးလှသော်ငြား လူတိုင်းသည် ထိုအခန်းများတွင် သွားရောက်ကျင့်ကြံနိုင်လောက်အောင် ချမ်းသာကြသည်မဟုတ်။ အတော်များများသည် ခပ်လှမ်းလှမ်းမှသာ ကြည့်နေနိုင်ကြပေလိမ့်မည်။
ထိုအခန်းများ၏ ကျေးဇူးကြောင့် မေပယ်မြို့၏ ဝင်ငွေမှာလည်း သိသိသာသာကို မြင့်တက်လာပေတော့မည်။ သို့သော်ငြား ထိုဝင်ငွေအများစုကို ဂိုဏ်းကြီးများကသာ ခွဲယူသွားကြပြီး အနည်းငယ်လောက်သည်သာ မေပယ်မြို့ဆီသို့ ပြန်ရောက်ပေလိမ့်မည်။ ထိုသို့ပင်ဖြစ်လင့်ကစား ထိုအနည်းငယ်သော ပမာဏသည်ပင်လျှင် တွမ့်ယွမ်ရှန်းနှင့် အခြားသူများကို အလျင်အမြန် ချမ်းသာလာအောင် လုပ်ပေးနိုင်ပေသည်။
ရီကျင်းဟန်က ရုတ်တရက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “ဒါပေမဲ့… သူများတွေပြောတာ ကြားတာတော့ စိတ်ဝိဉာဉ်ရေကန်နန်းတော်မှာ ထိပ်တန်းဂိုဏ်းတွေအတွက် သီးသန့်အခန်းတွေ ရှိတယ်တဲ့… အဲ့အခန်းတွေကို အပြင်လူတွေကို သုံးခွင့်မပေးဘူးတဲ့… သူတို့ဂိုဏ်းက တပည့်တွေပဲ အဲ့နေရာမှာ ကျင့်ကြံခွင့် ရတာတဲ့… သူတို့ဂိုဏ်းက တပည့်တွေ လာကျင့်ကြံမယ်ဆိုရင်လည်း ဘာမှ ပေးစရာ မလိုဘူးတဲ့… သူတို့ကြိုက်သလောက် အဲ့မှာ သွားကျင့်ကြံနေလို့ရတယ်တဲ့…”
“ဟမ်…” ရန်ကိုင်က မျက်ခုံးပင့်လျက် “အဲ့ဒါ တကယ်ကြီးလား…”
ရီကျင်းဟန်က ပြန်ပြောလိုက်လေသည်။ “အဲ့အကြောင်းကို ဘယ်သူပြောလဲတော့ မသိရဘူး… ဒါပေမဲ့ တော်တော်လေးတော့ ယုံရပါတယ်… တကယ်တော့ အဲ့စိတ်ဝိဉာဉ်ရေကန်နန်းတော်ကို တည်ဆောက်ခဲ့တာ အဲ့ဂိုဏ်းကြီးတွေပဲလေ… ဒီတော့ သူတို့အတွက် အခန်းနည်းနည်းပါးပါး ချန်ထားတာ ဘာမှ မထူးဆန်းဘူး…”
“ဟုတ်တယ်…” ရန်ကိုင်ကလည်း ခေါင်းညိတ်လိုက်လေ၏။
ယခု သူသည် နေမင်းပြာကျောင်းတော်၏ တပည့်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ထိုသတင်းသာ အမှန်ဆိုလျှင် သူသည်လည်း ထိုနေရာတွင် အလကား သွားရောက်ကျင့်ကြံနိုင်ပေသည်။
“အဲ့ဒါအပြင်ကိုမှ အဲ့ဂိုဏ်းကြီးတွေက စိတ်ဝိဉာဉ်ရေကန်နန်းတော်ကနေ စိမ့်ထွက်လာတဲ့ မိုးမြေစွမ်းအင်တွေကို မေပယ်မြို့ဆီရောက်အောင် လုပ်ပေးတဲ့ အစီအရင်တစ်ခုကိုလည်း ခင်းကျင်းထားသေးတယ်… အဲ့ဒါကြောင့်ပဲ မေပယ်မြို့ထဲက မိုးမြေစွမ်းအင်တွေက သိသိသာသာကို မြင့်တက်လာခဲ့တာ…”
“အဲ့လိုလည်း ဖြစ်သွားသေးတာလား…” ယခုမှသာ မေပယ်မြို့၏ မိုးမြေစွမ်းအင်သိပ်သည်းဆ ဘာကြောင့် မြင့်တက်လာမှန်းကို ရန်ကိုင် နားလည်သွားတော့လေသည်။ ဂိုဏ်းကြီးများမှ စိတ်ဝိဉာဉ်ရေကန်နန်းတော်မှ စိမ့်ထွက်လာသော မိုးမြေစွမ်းအင်များကို မေပယ်မြို့သို့ ရောက်အောင် ပြုလုပ်ပေးသော အစီအရင်တစ်ခုကို ခင်းကျင်းပေးထားသည်ကိုး။
ယခုဆိုလျှင် မေပယ်မြို့သည် ယခင်ကထက် ပိုမိုကောင်းမွန်သော ကျင့်ကြံရေးသုခဘုံတစ်ခု ဖြစ်လာခဲ့လေသည်။ မေပယ်မြို့၏ ပတ်ဝန်းကျင်သည် စိတ်ဝိဉာဉ်ရေကန်နန်းတော်နှင့် အဆင့်တူတွင် မရှိသော်ငြား အတော်လေးကောင်းမွန်သည့်နေရာတစ်ခုတော့ ဖြစ်နေဆဲပင်။
“နှစ်နှစ်အတွင်းမှာပဲ မေပယ်မြို့က တောင်ဘက်နယ်မြေထဲက မြို့ကြီးတွေထဲက မြို့တစ်မြို့ ဖြစ်လာလိမ့်မယ်… ကုန်သွယ်ရေးအဖွဲ့အစည်းနှစ်ခုကဆိုရင် မေပယ်မြို့မှာ သူတို့ဆိုင်ခွဲတွေ ဖွင့်ဖို့တောင် လုပ်နေကြတယ်တဲ့…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အဲ့ကုန်သွယ်ရေး အဖွဲ့အစည်းနှစ်ခုက ငွေရှာနိုင်မဲ့ ဘယ်အခွင့်အရေးကိုမဆို လက်လွှတ်မှာမဟုတ်ဘူး…”
စကားတပြောပြောဖြင့် ရန်ကိုင်တို့သည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာဆီသို့ ရောက်လာခဲ့ကြလေသည်။ ဆိုင်အပြင်အဆင်မှာ ဘာမှ ပြောင်းလဲသွားခြင်း မရှိသလို ဆိုင်ထဲ၌ ဈေးဝယ်သူ များများစားစားလည်း ရှိမနေခဲ့ပေ။ လက်ရှိတွင် ဆိုင်ထဲ၌ ဆိုင်ဝန်ထမ်းလေးကိုသာ တွေ့ရပြီး ဆိုင်ရှင်ကိုတော့ အရိပ်အယောင်ပင် မတွေ့ရချေ။
ခန်စစ်ရန် ရာထူးတိုး၍ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ပြောင်းသွားသည့်အချိန်မှစ၍ ရန်ကိုင်လည်း စိတ်ဝိဉာဉ်ဆေးလုံးပလာဇာသို့ မရောက်ဖြစ်တော့ချေ။ ယခု စိတ်ဝိဉာဉ်ဆေးလုံးပလာဇာအား နောက်တစ်ကြိမ် ထပ်မြင်လိုက်ရသော် ရန်ကိုင် သက်ပြင်းချမိလိုက်လေ၏။ တကယ်တော့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာသည် သူမေပယ်မြို့သို့ စရောက်စဉ်က ပထမဦးဆုံး ခြေချခဲ့သည့် နေရာပင် မဟုတ်လေလော။
“ခင်ဗျားက ဆေးဝိဇ္ဇာရန်လား…” စူးရှသည့် အလန့်တကြား အော်သံတစ်သံကြောင့် ရန်ကိုင် အသိပြန်ဝင်လာခဲ့လေ၏။ လှမ်းကြည့်လိုက်ရာ သူ့အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသော ဆိုင်ဝန်ထမ်းလေးကို တွေ့ရလိုက်လေသည်။
“ဆိုင်ဝန်ထမ်းလေး… ခင်ဗျား အခြေအနေ ဘယ်လိုလဲ…” ရန်ကိုင်က ပြုံးကာ နှုတ်ဆက်လိုက်လေ၏။
စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၌ ဆေးဖော်စပ်ပေးနေစဉ် အတောအတွင်း ရန်ကိုင်သည် ဆိုင်ဝန်ထမ်းလေးနှင့် စကားတော်တော်များများ ပြောဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးမှာ သူစိမ်းများမဟုတ်ကြ။ သို့ရာတွင် အမျိုးမျိုးသော အကြောင်းများကြောင့် ရန်ကိုင်သည် ဤကောင်လေး၏နာမည်အား တစ်ခါမှ မမေးဖြစ်ခဲ့ပေ။
“ကောင်းပါတယ် ကောင်းပါတယ်…” ဆိုင်ဝန်ထမ်းလေးက စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်လေသည်။ “အခုလိုမျိုး သတိတရ ရှိနေပေးတဲ့အတွက် ဆေးဝိဇ္ဇာရန်ကို ကျေးဇူးအများကြီးတင်ပါတယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ဆိုင်ဝန်ထမ်းလေးသည် ဆိုင်ထဲသို့ ပြေးဝင်သွားပြီး အော်ပြောလိုက်လေ၏။ “ဆေးဝိဇ္ဇာရန် ပြန်လာပြီ… ဆိုင်ပိုင်ရှင်… ဆေးဝိဇ္ဇာရန် ပြန်လာပြီ….”
“သူဘာလို့ အခုလို လုပ်နေတာလဲ…” ရီကျင်းဟန်သည် ရန်ကိုင့်အား ဇဝေဇဝါဖြင့် ကြည့်ကာ ရေရွတ်လိုက်လေသည်။
ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ “အရင်တုန်းက ကျုပ် ဒီမှာ ဆေးလုံးတွေ ဖော်စပ်ပေးခဲ့ဖူးတယ်လေ…”
“အဲ့ဒါကြောင့်ကိုး…”
“အထဲဝင်ကြရအောင်…” ရန်ကိုင်သည် သူမအား အချက်ပြလိုက်လေ၏။ ဆိုင်ဝန်ထမ်းလေး၏ အော်ဟစ်သံကြောင့် ဈေးဝယ်နေကြသည့် လူပေါင်းများစွာ သူ့ဆီသို့ လှည့်ကြည့်လာကြောင်းကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထို့ကြောင့် ရီကျင်းဟန်အား အထဲသို့ မြန်မြန် ဝင်ရန် အချက်ပြလိုက်ခြင်းပင် ဖြစ်လေသည်။
ဆိုင်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် မျက်နှာအဆီတရွှဲရွှဲနှင့် ဈေးကြီးသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော ဖက်တီးတစ်ဦးနှင့် သွားတိုးလေ၏။ ထိုဖက်တီးမှာ အသက်လေးဆယ်လောက် ရှိမည်ထင်ရကာ ဗိုက်အိုးမှာလည်း အတော်လေးကို ကြီးပေသည်။
ဤလူသည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ ဆိုင်ပိုင်ရှင်အသစ် ဖြစ်ပေသည်။ သူ၏ ကျင့်ကြံခြင်းမှာ ခန်စစ်ရန်အဆင့်မချိုးဖြတ်စဉ်က ကဲ့သို့ပင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ရှိပေသေးသည်။
ဖက်တီးသည် နဖူးထက်ရှိ ချွေးများကို သုတ်ပြီးသည့်နောက် စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။ “ဆေးဝိဇ္ဇာရန် ဘယ်မှာလဲ…”
ထိုသို့ပြောပြီးသည့်နောက် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ ဆိုင်ပိုင်ရှင်သည် ရန်ကိုင့်အား မြင်သွားလေ၏။ အလျင်အမြန် လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “နှုတ်ဆက်ပါတယ် ဆေးဝိဇ္ဇာရန်… ကျုပ်က လက်ရှိ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာရဲ့ ဆိုင်ပိုင်ရှင် ကျိုးဖုပါ… ကောင်းကောင်းမွန်မွန် လာရောက်မကြိုဆိုလိုက်ရတဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”
ရန်ကိုင်က လက်သီးဆုပ်၍ ပြုံးကာ ပြန်ပြောလိုက်လေ၏။ “အခုလိုမျိုးတွေ လုပ်နေစရာ မလိုပါဘူး ဆိုင်ပိုင်ရှင်ကျိုး… ကျုပ်ကပဲ မဖိတ်မခေါ်ပဲ ရောက်လာတာ…”
သူတို့နှစ်ဦး အပြန်အလှန် နှုတ်ဆက်နေစဉ် အတောအတွင်း နောက်ဘက်ရှိ အခန်းများဆီမှ လူနှစ်ဦးအော်ဟစ်ရင်း ပြေးထွက်လာကြလေသည်။ “ဆေးဝိဇ္ဇာရန်က ဘယ်သူလဲ… သူအခု ဘယ်မှာလဲ…”
ထိုလူနှစ်ဦးအနက် တစ်ဦးသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေရင်းမှ သူ့အကြည့်သည် ရန်ကိုင့်ဆီသို့ ရောက်သွားခဲ့လေသည်။ ထို့နောက် ချက်ချင်းမေးလိုက်လေ၏။ “ခင်ဗျားက ဆေးဝိဇ္ဇာရန်လား…”
ရန်ကိုင်လည်း ထိုလူအား ပြန်ကြည့်လိုက်လေ၏။ ထိုလူ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး သူ့မျက်လုံးများမှာ အချိန်အတော်ကြာအောင် မနားရသေးသည့်အလား နီရဲပြီး မျက်တွင်းဟောက်ပက် ဖြစ်နေလေ၏။ သူ့ဘေးနားတွင် ရပ်နေသည့် အခြားလူတစ်ဦးမှာလည်း ထိုကဲ့သို့ပင် ဖြစ်ပေသည်။
ထို့အပြင် ထိုလူများ၏ ခန္ဓာကိုယ်ဆီမှ သင်းပျံ့သည့် ဆေးရနံ့ကို ရန်ကိုင် ရနေခဲ့လေ၏။
ထိုလူနှစ်ဦးမှာ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာတွင် ရှိနေသည့် ဆေးပညာရှင်များမှန်း ရန်ကိုင် အလျင်အမြန် နားလည်သွားခဲ့လေသည်။ ထို့ကြောင့် ပြုံးလျက် “ကျုပ်ကိုကျုပ် ဆေးဝိဇ္ဇာလို့တော့ မခေါ်ရဲပါဘူး… ဒါပေမဲ့ ကျုပ်ရဲ့ မျိုးရိုးနာမည်ကတော့ ရန်ပါပဲ…”
ထိုစကားကိုကြားသော် ထိုလူနှစ်ဦး၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာပြီး ရန်ကိုင့်အား လေးစားအားကျစွာဖြင့် ကြည့်လျက် လက်သီးဆုပ်ကာ ဦးညွှတ်လိုက်လေသည်။ “နှုတ်ဆက်ပါတယ် ဆေးဝိဇ္ဇာရန်…”
“ရောင်းရင်းတို့နှစ်ဦးက အရမ်းယဉ်ကျေးနေတာပဲ…” ရန်ကိုင်က ပြုံးလျက် ပြောလိုက်ပြီးသည့်နောက် ကျိုးဖုဘက်သို့ လှည့်ကာ “ဆိုင်ပိုင်ရှင်ကျိုး… အထဲသွားပြီး စကားပြောလို့ရမလား…”
ထို့နောက်တွင် ရန်ကိုင်သည် အနားတစ်ဝိုက်တွင် ရှိနေသော ဈေးဝယ်သူများကို ညွှန်ပြလိုက်လေသည်။ ဆိုင်ပိုင်ရှင်ကျိုးနှင့် ဆေးပညာရှင်များ၏ ထူးဆန်းသည့် ပြုမူပုံကြောင့် ဈေးဝယ်သူများသည် ရန်ကိုင့်အား အာရုံစိုက်လာနေကြလေ၏။
ကျိုးဖုက ရှက်ကိုးရှက်ကန်း အမူအယာဖြင့် “ကျုပ် သတိလက်လွတ် ဖြစ်သွားတယ်… ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ပါ ဆေးဝိဇ္ဇာရန်…”
“ဟုတ်တယ် ဟုတ်တယ်… ဆေးဝိဇ္ဇာန်ရန် ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ပါ…” ဆေးပညာရှင်နှစ်ဦးသည်လည်း ရန်ကိုင့်အတွက် ချက်ချင်း လမ်းဖယ်ပေးလိုက်လေသည်။
“အကောင်းဆုံးလက်ဖက်ရည်ကြမ်းကို ချက်ချင်း သွားပြင်လာခဲ့…” ကျိုးဖုသည် သူတို့အား ဘေးနားမှ ရပ်စောင့်ကြည့်နေသော ဆိုင်ဝန်ထမ်းလေးအား ဆောင့်ကန်၍ ပြောလိုက်လေသည်။ ဆိုင်ဝန်ထမ်းလေးလည်း ကုန်းကုန်းရုန်းရုန်း ထပြေးလျက် အကောင်းဆုံးလက်ဖက်ရည်ကို အလျင်အမြန် သွားပြင်တော့လေ၏။
ခဏအကြာတွင် ရန်ကိုင်သည် နောက်ဖက်ခန်းထဲသို့ ရောက်လာခဲ့လေ၏။ ထိုနေရာတွင် ထိုင်ချလိုက်ပြီးသည့်နောက် ရီကျင်းဟန်သည် သက်တော်စောင့်တစ်ဦးနှယ် သူ့နောက်တွင် ရပ်နေလိုက်လေသည်။ ကျိုးဖုနှင့် သူ့အပေါင်းအပါများမှာတော့ ရန်ကိုင့်ရှေ့တွင် ရပ်နေကြလေ၏။
“ရောင်းရင်းတို့လည်း ထိုင်ကြလေ…” ရန်ကိုင်က ပြောလိုက်လေ၏။
“မထိုင်တော့ပါဘူး မထိုင်တော့ပါဘူး… ဒီတိုင်းပဲ ရပ်နေလိုက်ပါတော့မယ်…” ကျိုးဖုက အလျင်အမြန် လက်ဝှေ့ယမ်း၍ ပြောလိုက်လေ၏။
“ဟုတ်တယ် ဟုတ်တယ်….”
“ဒူးထောက်ရတယ်ဆိုရင်တောင် အဆင်ပြေတယ်…” ဆေးပညာရှင်တစ်ဦးက ရုတ်တရက် ပြောလိုက်လေသည်။ သူ့စကားကိုကြားပြီးသည့်နောက် ရီကျင်းဟန် တခစ်ခစ် ရယ်မောမိသွား၏။ ဤနေရာရှိလူများသည် ရန်ကိုင့်အား ဘာကြောင့် ဤမျှ လေးစားနေရမှန်းကို သူမ လုံးဝနားမလည်နိုင်ချေ။
သူပြောနေလည်း တစ်ဖက်လူများက ထိုင်မည်မဟုတ်သည့် အတွက်ကြောင့် ရန်ကိုင်လည်း ပြောမနေတော့ဘဲ ပြန်၍သာ မေးလိုက်လေ၏။ “ခင်ဗျားတို့ ဆိုင်ပိုင်ရှင်ခန်ဆီက ဘာတွေကြားသေးလဲ…”
ကျိုးဖုက ချက်ချင်း ပြန်ပြောလိုက်လေသည်။ “ဆေးဝိဇ္ဇာန်ရန်အကြောင်းကို ဆိုင်ပိုင်ရှင်ခန်က ကျုပ်တို့ကို တစ်ကြိမ်မက လာလာမေးတယ်… ဒါပေမဲ့ ဒီနေ့မတိုင်ခင်ထိ ကျုပ်တို့က ဆေးဝိဇ္ဇာန်ရန်ကို တစ်ခါမှ မမြင်ဖူးဘူးလေ… ပြီးတော့ ဆေးဝိဇ္ဇာန်ရန်နဲ့ ပတ်သက်တဲ့ ဘာအကြောင်းကိုမှလည်း မကြားဖူးတော့ ဘာမှ ပြန်မပြောတတ်ဘူး… ကံကောင်းစွာနဲ့ပဲ ဟိုးလွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ဥတုလေးမျိုးနယ်မြေကနေပြီးတော့ ဆေးဝိဇ္ဇာန်ရန်ရဲ့ အကြောင်းတွေ သတင်းပြန့်လာတယ်… အဲ့အခါမှပဲ ဆိုင်ပိုင်ရှင်ခန်ကို ဆေးဝိဇ္ဇာန်ရန်အကြောင်း နည်းနည်းပါးပါး ပြန်ပြောတတ်တာ…” ကျိုးဖုက ခါးသက်သက် ရယ်မောရင်း ပြောလိုက်လေ၏။
ရန်ကိုင်က ခေါင်းညိတ်၍ “ဆိုင်ပိုင်ရှင်ခန်က တော်တော်လေး စဉ်းစားပေးတတ်တာပဲ… သူအခု ဘယ်လိုနေလဲ…”
ကျိုးဖုက ပြန်ရှင်းပြလိုက်လေ၏။ “အဆင်ပြေပါတယ်… ကျုပ်ကြားတာတော့ ခဏနေရင် သူမေပယ်မြို့ကို ပြန်လာမယ်လို့ ပြောတယ်…”
ရန်ကိုင့်အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့အစည်းက ဒီမှာ ဆိုင်ခွဲဖွင့်တော့မှာကြောင့်မို့လို့လား…”
ကျိုးဖုက ပြောလိုက်လေ၏။ “ဆေးဝိဇ္ဇာန်ရန်က တကယ်ကို သိထားတာပဲ… ဟုတ်တယ်… ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့အစည်းက ဒီနေရာမှာ ဆိုင်ခွဲတစ်ခု ဖွင့်တော့မှာ… အဲ့ဆိုင်ခွဲကို ဦးစီးဖို့ ခန်စစ်ရန်ကို ပြောထားတယ်… သူက ဒီနေရာမှာ အချိန်အကြာကြီး နေဖူးတယ်… ဒီမှာ အဆက်အသွယ်ကောင်းတွေလည်း အများကြီးရှိတာဆိုတော့ မေပယ်မြို့က ဆိုင်ခွဲကို သူဦးစီးတာ ပိုအဆင်ပြေမယ်လို့ အဖွဲ့အစည်းက ထင်နေတယ်…”
ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေ၏။ “နောက်ဆုံးတော့ ရောင်းရင်းခန်းရဲ့ ကြိုးစားအားထုတ်မှုတွေ အရာထင်ခဲ့ပြီပေါ့…”
ယခင်က မေပယ်မြို့သည် မည်သူမျှ မနေချင်ခဲ့သည့် မြို့လေးတစ်မြို့သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ခန်စစ်ရန်သည် ဤနေရာမှ ပိုမိုကောင်းမွန်သည့် မြို့တစ်မြို့သို့ မြန်မြန် ပြောင်းချင်ခဲ့လေ၏။ သို့ရာတွင် လက်ရှိမေပယ်မြို့သည် အနှေးနှင့်အမြန်ဆိုသလို မြို့ကြီးတစ်မြို့ ဖြစ်လာတော့မည့် မြို့တစ်မြို့ ဖြစ်နေလေပြီ။ ထို့အတွက်ကြောင့် ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့အစည်းသည် ခန်စစ်ရန်အား ဤနေရာသို့ ပြန်ပြောင်းပေးခြင်း ဖြစ်လေ၏။ ခန်စစ်ရန်သာ ဤနေရာရှိ ဆိုင်ခွဲကို ဦးစီးမည် ဆိုပါက အဖွဲ့အစည်းအတွက် အကျိုးအမြတ် ရှိလိမ့်မည်ဟု ယုံကြည်နေကြလေသည်။
ခန်စစ်ရန်အား ဤနေရာသို့ ရာထူးတိုးဖြင့် လွှဲပြောင်းပေးသည်မှာ အမှန်တကယ်ကို လုပ်သင့်လုပ်ထိုက်သည့် လုပ်ရပ်တစ်ခု ဖြစ်ပေသည်။ ခန်စစ်ရန်သည် မေပယ်မြို့ထဲတွင် နှစ်ပေါင်းများစွာကြာအောင် နေခဲ့သလို မြို့သခင်စံအိမ်နှင့်တကွ မြို့ထဲရှိ အမျိုးမျိုးသော မိသားစုများ၏ ခေါင်းဆောင်များနှင့်လည်း ရင်းနှီးပေသည်။ ထို့အတွက်ကြောင့် သူသည် မေပယ်မြို့ရှိ ဆိုင်ခွဲကို ဦးစီးရန်အတွက် အကောင်းဆုံးလူတစ်ဦး ဖြစ်လေသည်။
သူတို့နှစ်ဦး စကားပြောနေစဉ် အတောအတွင်း ရန်ကိုင်သည် ရုတ်တရက် ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ဆိုင်ပိုင်ရှင်ကျိုး… ဒီတစ်ကြိမ် ကျုပ် စိတ်ဝိဉာဉ်ဆေးလုံး ပလာဇာကို လာတာ ခင်ဗျားဆီကနေ အကူအညီတစ်ခုလောက် တောင်းချင်လို့…”
ကျိုးဖု၏မျက်နှာ နီမြန်းလာခဲ့ပြီး ချက်ချင်းပဲ ပြန်၍ ပြောလိုက်လေသည်။ “ဆေးဝိဇ္ဇာန်ရန် ဘာများ အကူအညီတောင်းချင်လို့လဲ မသိဘူး… ပြောစရာရှိရင် ပြောလိုက်နော်… ဒီကျိုးအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်…”
“ဟဲ ဟဲ ဘာမှ ဒီလောက်မဟုတ်ပါဘူး…” ရန်ကိုင်က ရယ်မောရင်း လက်ဝှေ့ယမ်းလျက် “ကျုပ် အသွင်မဲ့မြက် နည်းနည်းပါးပါးလောက် လိုချင်လို့… အဲ့မြက်ကို ဆိုင်ပိုင်ရှင်ကျိုး သိတယ်မလား…”
“အသွင်မဲ့မြက်လား…” ဆိုင်ပိုင်ရှင်ကျိုးက မျက်ခုံးပင့်လျက် ပြောလိုက်လေ၏။ “သိတယ်… ကျုပ်တို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာရဲ့ ဂိုထောင်ထဲမှာတောင် နည်းနည်းပါးပါး ရှိသေးတယ်… ဆေးဝိဇ္ဇာန်ရန်လိုချင်တယ်ဆိုရင် လက်ဆောင်ပေးလိုက်မယ်လေ…”
ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်လေ၏။ “စိတ်ဝိဉာဉ်ဆေးလုံးပလာဇာရဲ့ ဂိုထောင်ထဲမှာ ရှိတဲ့ဟာက လောက်မှာမဟုတ်ဘူး…”
ကျိုးဖုက ပြန်မေးလိုက်လေ၏။ “ဆေးဝိဇ္ဇာန်ရန် ဘယ်လောက်တောင် လိုချင်တာလဲ…”
“များလေ ပိုကောင်းလေပဲ…”
“အဲ့ဒါဆိုရင် လူလွှတ်ပြီးတော့ မြို့ထဲကဆိုင်တွေမှာ လိုက်ဝယ်ခိုင်းလိုက်မယ်လေ… ဆေးဝိဇ္ဇာန်ရန် စိတ်မပျက်စေရပါဘူး…”
“ကျေးဇူးအများကြီးတင်ပါတယ် ဆိုင်ပိုင်ရှင်ကျိုး…” ရန်ကိုင်က လက်သီးဆုပ်လျက် ပြန်ပြောလိုက်လေသည်။
ကျိုးဖုက ပြုံးလျက် “ဆေးဝိဇ္ဇာန်ရန် အခုလိုမျိုး လုပ်နေစရာ မလိုပါဘူး… ဆေးဝိဇ္ဇာန်ရန်က ကျုပ်တို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာကို ကယ်တင်ပေးခဲ့တဲ့ လူတစ်ယောက်ပဲ… ပြီးတော့ အဖွဲ့ဝင်ဟောင်းတစ်ယောက်လည်း ဖြစ်နေသေးတာပဲကို… ဒီကျိုး ဒီလောက်တော့ လုပ်ပေးရမှာပေါ့…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၈၅)
ကျိုးဖူသည် ရန်ကိုင်တောင်းဆိုထားသော အသွင်မဲ့မြက်များကို အမြန် သွားရှာပေးလေသည်။
တကယ်တော့ အသွင်မဲ့မြက်များအား ရန်ကိုင်ကိုယ်တိုင် သွားဝယ်၍လည်း ရပေသည်။ သို့သော်ငြား သူ့အတွက် အချိန်ကုန်မည် စိုးသည်ကတစ်ကြောင်း၊ ကျိုးဖူသည် ဆေးဆိုင်ပိုင်ရှင် ဖြစ်သည့်အတွက်ကြောင့် မြို့ထဲရှိ ဆေးဆိုင်များနှင့် သိကျွမ်းထားသည့် အချက်ကတစ်ကြောင်းတို့ကြောင်း ကျိုးဖူကိုသာ သွားဝယ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
ကျိုးဖူ ထွက်သွားပြီးသည့်နောက်တွင် ဆေးပညာရှင်နှစ်ဦးသည် ရန်ကိုင်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လျက် “ဆေးဝိဇ္ဇာရန်က အသွင်မဲ့မြက်တွေကို ဆေးဖော်စပ်ဖို့အတွက် လိုတာလား”
ရန်ကိုင်က ပြုံးလျက် “အဲ့လိုပြောလို့ရတယ်။ ရောင်းရင်းတို့ကိုကြည့်ရတာ ဆေးပညာရှင်တွေနဲ့ တူတယ်”
“ဟုတ်ပါတယ်။ ကျုပ်တို့က ဆေးဝိဇ္ဇာရန် ထွက်သွားတဲ့ လစ်လပ်သွားတဲ့ နေရာကို ဝင်ရောက် ဖြည့်ဆည်းပေးနေတဲ့လူတွေပါ” ဆေးပညာရှင်နှစ်ဦးအနက်မှ တစ်ဦးက ပြောလိုက်လေသည်။
အခြားတစ်ဖက်ကလည်း ပြောလိုက်ပြန်၏ “ဆေးဝိဇ္ဇာရန်နဲ့ တွေ့ချင်နေတာကြာပြီ။ တစ်ခါမှ တွေ့ခွင့်မရဘူး။ ဒီနေ့ကျမှပဲ ဆေးဝိဇ္ဇာရန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့မယ်လို့ မထင်ထားဘူး”
ဆေးပညာရှင်နှစ်ဦးသည် ဖားဖားယားယားပြုံးရင်း ကိုယ့်ကိုယ့်ကို နှိမ့်ချလျက် ပြောဆိုနေခဲ့ကြသည်။ သူတို့ကို ကြည့်ရသည်မှာ ရန်ကိုင်အား အလွန်လေးစားနေကြသည့်ပုံပင်။
ထိုအချင်းအရာကိုကြည့်ရင်း ရီကျင်းဟန် ကြောင်သွားခဲ့လေသည်။ ပုံမှန်အားဖြင့် အလွန်တရာကိုမှ မောက်မာဝံ့ကြွားလှသော ဆေးပညာရှင်နှစ်ဦးသည် ရန်ကိုင်ရှေ့၌ ဘာကြောင့်များ ဤမျှ ရိုကျိုးနေကြသလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
ခဏမျှ စဉ်းစားပြီးသည့်နောက် ဆေးပညာရှင်များသည် သူတို့ထက် ပိုတော်သော ဆေးပညာရှင်များကိုသာ လေးစားကြကြောင်း နားလည်သွားခဲ့လေသည်။ ရန်ကိုင်သည် အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့သူတစ်ဦး ဖြစ်သည့်အလျက် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်နှစ်ဦးမှ သူ့အား ဤမျှ လေးစားနေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
ရန်ကိုင်က ခြောက်ကပ်ကပ် ရယ်မောလျက် “ကျုပ်အခု အားတုန်းလေး ရောင်းရင်းတို့မှာ မေးချင်တာလေးတွေ ရှိရင် မေးထားလို့ရတယ်နော်...”
ထိုစကားကိုကြားသော် ဆေးပညာရှင်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြလေသည်။ ထို့နောက် တစ်ဦးက စပြောလိုက်လေသည် “ဆေးဝိဇ္ဇာရန်က တကယ်ကို အမြင်စူးရှတာပဲ။ ဆေးဝိဇ္ဇာရန် ဒီမှာနေတုန်းက ဖော်စပ်သွားခဲ့တဲ့ အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးတွေက တော်တော်လေး နာမည်ကျော်တယ်လို့ ပြောကြတယ်။ ကျုပ်တို့ ဖော်စပ်တဲ့ ဆေးလုံးတွေကလည်း ဆေးဝိဇ္ဇာရန် ဖော်စပ်တာနဲ့ ကွာနေမှန်းလည်း သတိထားမိတယ်။ ဝယ်သူတွေကလည်း အဲ့အချက်ကို သတိထားမိပြီး သိပ်မကြိုက်ကြတော့ဘူး။ ဒါကြောင့်ပဲ ဆိုင်မှာ အခုနောက်ပိုင်း လူနည်းသွားတာ”
“ကျုပ်တို့ သိချင်တာက... ဆေးဝိဇ္ဇာရန်အနေနဲ့ အချိန်ရလို့ရှိရင် ဆေးတာအိုနဲ့ ပက်သက်ပြီး နည်းနည်းပါးပါး ညွှန်ကြားပြသပေးလို့ ရမလားလို့ပါ”
ထိုစကားကိုကြားသော် ရန်ကိုင်က ပြန်မေးလိုက်လေသည် “စိတ်ဝိဥာဉ် ဆေးလုံး ပလာဇာက အသစ်ပြင်ထားတဲ့ အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးညွှန်းကို သုံးနေသေးတာလား။ ဆေးဝိဇ္ဇာဟွမ်ဖုကိုယ်တိုင် ပြုပြင်ပေးထားတဲ့ဟာလေ”
“သုံးနေသေးပါတယ်။ ဆေးဝိဇ္ဇာဟွမ်ဖုလို ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖန်တီးပေးထားတဲ့ ဆေးညွှန်းကို မသုံးဘဲ ဘယ်နေလို့ဖြစ်ပါ့မလဲ။ သူက ကျုပ်တို့ ခရမ်းကြယ်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းက ဆေးပညာရှင်တွေရဲ့ ခေါင်းဆောင်လေ”
“ဆေးဝိဇ္ဇာဟွမ်ဖုရဲ့ ဆေးညွှန်းကို သုံးနေတာဆိုရင် ဆေးအမယ်တွေနဲ့ ပက်သက်ပြီး ဘာပြဿနာမှ မရှိတော့ဘူး။ ဒီတော့ ပြဿနာ ရှိတယ်ဆိုရင် ခင်ဗျားတို့ ဖော်စပ်တဲ့ နည်းလမ်းမှာရှိတာပဲ ဖြစ်ရမယ်။ ကျုပ်ခင်ဗျားတို့ကို စကားနဲ့ ရှင်းပြနေလို့လည်း အပိုပဲ... အခု ကျုပ်ရှေ့မှာ အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးအိုး တစ်အိုးလောက် ဖော်စပ်ကြည့်ပါလား” ရန်ကိုင်က ပြောလိုက်လေသည်။
ထိုစကားကိုကြားသော် ဆေးပညာရှင်နှစ်ဦးစလုံး စိတ်အားတက်သွားကြလေသည်။ ရန်ကိုင် သူတို့အား သေချာ ညွှန်ပြပေးတော့မည်မှန်း သဘောပေါက်သွားလိုက်ကြသည်။ ဤကဲ့သို့ အခွင့်အရေးအမျိုးသည် ကြုံကြိုက်ခဲလှလေရာ သူတို့ အနေဖြင့် မည်သို့မှာ ရန်ကိုင်၏ တောင်းဆိုချက်ကို ငြင်းပယ်နိုင်ပါမည်နည်း။ နှစ်ဦးစလုံး တစ်ပြိုင်တည်း ပြန်ပြောလိုက်လေသည် “ကောင်းပါပြီ ဆေးဝိဇ္ဇာရန်၊ ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း လိုက်ခဲ့ပေးပါ”
ရန်ကိုင်လည်း ခေါင်းညိတ်လျက် ဆေးပညာရှင်နှစ်ဦး ခေါ်သွားသည့်လမ်းအတိုင်း ဆေးဖော်စပ်ခန်းဆီသို့ လိုက်သွားလေသည်။ ရီကျင်းဟန်သည်လည်း ရန်ကိုင်နောက်မှ အနီးကပ် လိုက်သွားလေသည်။
သူမသည် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား ဆေးပညာရှင်များ ဆေးဖော်စပ်သည်ကို တစ်ခါမှ အနီးကပ် မမြင်ဖူးချေ။ ထို့ကြောင့် အတော်လေး စိတ်ဝင်စားနေမိလေ၏။
တစ်ခဏအကြာတွင် ရန်ကိုင်တို့သည် ပူအိုက်လှသော ဆေးဖော်စပ်သည့် အခန်းထဲသို့ ရောက်လာလေသည်။ ရန်ကိုင် ကိုယ်တိုင်သည် ဤနေရာတွင် လအနည်းငယ်ခန့် အလုပ်လုပ်ခဲ့သည့်အတွက်ကြောင့် ဤဆေးဖော်စပ်ခန်းနှင့် အတော်လေး ရင်းနှီးနေ၏။
အခန်းထဲသို့ ရောက်သည်နှင့် ဆေးပညာရှင်နှစ်ဦးသည် ဆေးအမယ်အသီးသီးကို ထုတ်ယူ၍ စတင် ဆေးဖော်စပ်ကြတော့လေသည်။ ရန်ကိုင်ကမူ သူတို့နှစ်ဦးရှေ့တွင် ရပ်လျက် သေချာ စောင့်ကြည့်နေလေ၏။
သူကိုယ်တိုင်သည် တာအိုသခင်အဆင့်မြင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေသည့် အတွက်ကြောင့် တန်ခိုးရှင်အဆင့်မြင့် ဆေးပညာရှင်နှစ်ဦးအား လမ်းညွှန်ပေးရန် မည်သည့်ပြဿနာမှ မရှိပေ။
ဆေးဖော်စပ်နေစဉ် အတောအတွင်း ရန်ကိုင်သည် သူတို့ လိုအပ်နေသည့် အချက်များကို ထောက်ပြလေသည်။
မျက်တောင်တစ်ခတ်အတွင်း နေ့တစ်ဝက် ကုန်သွားလေ၏။ ဆေးပညာရှင် နှစ်ဦးလည်း ဆေးဖော်စပ်လို့ ပြီးသွားခဲ့ပြီး အတော်အသင့် အရည်အသွေးရှိသော ဆေးလုံး ငါးလုံးမှ ခြောက်လုံးခန့် ဖော်စပ်နိုင်ခဲ့ပေသည်။ ထိုရလဒ်ကြောင့် ဆေးပညာရှင်နှစ်ဦးမှာ ရန်ကိုင်အား အလွန်ကိုမှ ကျေးဇူးတင်နေကြလေ၏။
ထိုစဉ် ကျိုးဖူးသည် သူလိုအပ်နေသည့် အသွင်မဲ့မြက်များကို ရပြီဖြစ်ကြောင်း ရန်ကိုင်အား လှမ်းအကြောင်းကြားလေသည်။
ရန်ကိုင်လည်း ဆေးပညာရှင်နှစ်ဦးကို နှုတ်ဆက်ပြီး စိတ်ဝိဥာဉ်ဆေးလုံးပလာဇာ၏ နောက်ဘက်ခန်းဆီသို့ ထွက်လာခဲ့လိုက်လေသည်။
ရန်ကိုင်ကိုမြင်သော် ကျိုးဖူးသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်လျက် “ဆေးဝိဇ္ဇာရန် ပြောတဲ့အတိုင်း အသွင်မဲ့မြက်တွေ ရသလောက် ဝယ်ထားပါတယ်။ ဒီထဲမှာ စုစုပေါင်း အသွင်မဲ့မြက်ပင် အပင်နှစ်ထောင်ရှိပါတယ်”
ရန်ကိုင်က မျက်ခုံးပင့်လျက် ခေါင်းညိတ်ရင်း ပြောလိုက်လေသည် “ဆိုင်ပိုင်ရှင်ကျိုး ပင်ပန်းသွားပြီ”
အသွင်မဲ့မြက်ပင် အပင်နှစ်ထောင်သည် ဝိဥာဉ်ဝါးမြိုအင်းဆက်များအတွက် အတော်လေး လုံလောက်ပြီဟု ပြော၍ရသည်။ သူ့အနေဖြင့် အချိန်အတော်ကြာသည်အထိ ထပ်ဝယ်စရာ လိုတော့လိမ့်မည် မဟုတ်ချေ။ ထိုအပင်များကိုဝယ်ရန် ကျိုးဖူသည် နေ့တစ်ဝက်သာ အချိန်ယူခဲ့သည်။ ရန်ကိုင်ကိုယ်တိုင် သွားဝယ်မည်ဆိုပါက နေ့တစ်ဝက်အတွင်း ထိုမျှအများကြီး ဝယ်နိုင်လိမ့်မည် မဟုတ်ချေ။
“ဈေးကကော” ရန်ကိုင်က သိုလှောင်လက်စွပ်ကိုယူရင်း ပြန်မေးလိုက်လေသည်။
ကျိုးဖူက အလျင်စလို ပြန်ပြောလိုက်လေ၏ “အသွင်မဲ့မြက်တွေက ဒီလောက် မရှိပါဘူး။ ကျုပ်လက်ဆောင်ပေးတာလို့ပဲ သဘောထားပြီး ယူထားလိုက်ပါ ဆေးဝိဇ္ဇာရန်”
ရန်ကိုင်က ပြုံးလျက် “အခုလိုမျိုးတွေ လုပ်နေစရာမလိုပါဘူး ဆိုင်ပိုင်ရှင်ကျိုး။ ခင်ဗျားက ဝယ်ပေးတာနဲ့တောင် ကျုပ်အတွက် အဆင်ပြေနေပါပြီ”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်းလျက် အရင်းအမြစ်ကျောက်များကို စားပွဲခုံပေါ် တင်ပေးလိုက်လေသည်။
အရင်းအမြစ်ကျောက်များကို ထားခဲ့ပြီးနောက် ကျိုးဖူ ပြန်ပြောမည်ကိုပင် စောင့်မနေတော့ဘဲ အခန်းထဲမှ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။ ရီကျင်းဟန်ပင်လျှင် သူနှင့်တစ်ပါးတည်း ပျောက်ကွယ်သွားခဲ့လေသည်။
သို့ရာတွင် သူ့အသံမှာတော့ ကျိုးဖူးနားထဲ ပဲ့တင်ထပ်နေသေး၏ “ဆိုင်ပိုင်ရှင်ခန် ပြန်ရောက်လာတဲ့အခါ ကျုပ်ကို အကြောင်းကြားပေးပါဦး။ သူရာထူးတက်တာအတွက် သေချာ ဂုဏ်ပြုပေးရဦးမယ်”
ကျိုးဖူသည် စားပွဲခုံပေါ်ရှိ အရင်းအမြစ်ကျောက်များကိုကြည့်ရင်း ခါးသက်စွာ ရယ်မောလိုက်လေသည်။
မြို့ထဲရှိ လမ်းတစ်လမ်းပေါ်တွင် ရန်ကိုင်နှင့် ရီကျင်းဟန်တို့ ရုတ်တရက် ပြန်ပေါ်လာကြ၏။
ပြန်ပေါ်လာလာချင်း ရီကျင်းဟန် မြေကြီးပေါ် ဖင်ထိုင်လျက် လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ရန်ကိုင်အား ကြည့်ရင်း မေးလိုက်လေသည် “သခင်လေးရန် တည်နေရာ ခုန်ကူးလာတာလား”
“ခင်ဗျား အဆင်ပြေလား” ရန်ကိုင်ကမူ သူမ၏ အမေးကို ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်လေသည်။
“အခုမှ ပထမဆုံးအကြိမ် တည်နေရာခုန်ကူးဖူးတာ။ အဲ့ပရမ်းပတာ ဟင်းလင်းပြင် စီးကြောင်းတွေကို ပြန်တွေးမိလိုက်တိုင်း ကြောက်မိနေတုန်းပဲ” ရီကျင်းဟန်က ပြောလိုက်လေသည်။
ထိုအခါက ရန်ကိုင်က ပြုံးလျက် “အဲ့ဒါဆို ခင်ဗျား အဆင်ပြေတာပဲ”
ထိုသို့ ပြောပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာတစ်ခုကို ထုတ်ကာ ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်လေသည်။
“သခင်လေးရန် ဘယ်သူ့ကို စကားပြောနေတာလဲ” ရီကျင်းဟန်က မေးလိုက်၏။
“ကျုပ်တို့ အခု သွားကြတော့မှာလေ။ ဒီတော့ မိသားစုခေါင်းဆောင်ချင်ကို နှုတ်ဆက်သွားရမှာပေါ့”
“လူကိုယ်တိုင် သွားမနှုတ်ဆက်ဘူးလား” ရီကျင်းဟန်က ရန်ကိုင်အား ထူးဆန်းစွာ ကြည့်ရင်း မေးလိုက်သည်။
“မလိုဘူး။ နောက်ပိုင်းကျ ဒီကို ပြန်လာမှာပဲ။ ပြီးတော့ အခုအချိန် မိသားစုခေါင်းဆောင်ချင် အတော်လေး အလုပ်ရှုပ်နေမှာ။ မေပယ်မြို့က မိသားစုခေါင်းဆောင်တွေက စိတ်ဝိဥာဉ်ရေကန်နန်းတော်ကို စီမံဖို့ မြို့သခင်တွမ့်နောက် လိုက်သွားတယ်လို့ ခင်ဗျားပဲ ပြောခဲ့တာ မဟုတ်ဘူးလား”
ရီကျင်းဟန်က ပြန်ပြောလေသည် “မိသားစုခေါင်းဆောင်ချင်ကို နှုတ်မတက်တာ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် သခင်မလေးချင်းကကော...”
“သူက ဘာဖြစ်လို့လဲ” ရန်ကိုင်က ရီကျင်းဟန်အားကြည့်လျက် ပြောလိုက်လေ၏ “ကျုပ်တံခါးပိတ်ကျင့်စဉ် ဝင်တာကနေ ထွက်လာတုန်းက သူ့အခြေအနေကို စစ်ဆေးကြည့်ပြီးသွားပြီ။ သူ့မှာ ဘာပြဿနာမှ မရှိတော့ဘူး။ သူ့အသက်စွမ်းအင်ကလည်း လုံးဝကို တည်ငြိမ်သွားပြီ”
ရီကျင်းဟန်က ပြုံးလျက် “သခင်လေးရန် တံခါးပိတ်ကျင့်စဉ် ဝင်နေတုန်းက မိန်းကလေးချင်းက သခင်လေးရန် အခန့်ရှေ့လာပြီး နေ့တိုင်း နှစ်နာရီလောက် ထိုင်စောင့်သွားတာ။ သူ့ကြည့်ရတာ သခင်လေးကို တစ်ခုခု ပြောချင်နေတဲ့ပုံပဲ။ အဲ့ဒါကို ဘာလို့ သူနဲ့ တစ်ချက်လောက် သွားမတွေ့တာလဲ”
ရန်ကိုင်က ရီကျင်းဟန်အားကြည့်လျက် နှုတ်ခမ်းကြီးမဲ့ကာ ပြောလိုက်လေသည် “ခင်ဗျားတို့ မိန်းမတွေ အကုန်လုံး အတင်းအဖျင်းပြောရတာ အရမ်း ဝါသနာပါကြတာလား”
ထိုသို့ ပြောပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်ကာ သူမေပယ်မြို့မှ ထွက်သွားတော့မည် ဖြစ်ကြောင်းနှင့် အခွင့်အရေးရလျှင် ပြန်လာမည်ဖြစ်ကြောင်း ချင်းကျောင်းရန်အား ပြောလိုက်လေသည်။
ချင်းမိသားစု၏ အနန္တဓါးသည် သူ့လက်ထဲတွင် ရှိနေသေးသည်။ ချင်းယု ဧကရာဇ်ဖြစ်လာသည့်တစ်နေ့ ထိုဓါးကို သူမအား ပြန်ပေးမည်ဟု ချင်းကျောင်းရန်နှင့် သဘောတူညီချက် လုပ်ထားခဲ့သည်။ ဤဓါးလေးအတွက်ကြောင့် ချင်းမိသားစုနှင့် မိတ်ပျက်၍ မဖြစ်ချေ။ သို့သော်လည်း ချင်းယု မည်သည့်အချိန်မှ ဧကရာဇ်ဖြစ်လာမလဲ၊ သူမ ဒီတစ်သက် ဧကရာဇ် ဖြစ်မှဖြစ်လာပါ့မလား သူမသိချေ။
ထို့နောက် ကောင်းရွှယ်ထင်းပေးထားသော နေမင်းပြာကျောင်းတော်၏ တံဆိပ်ပြားကို ထုတ်ယူလိုက်လေသည်။ ဤတံဆိပ်ပြားသည် သူမည်သူမည်ဝါဆိုသည်ကို ဖော်ပြရုံ သက်သက်သာလျှင် မဟုတ်ဘဲ ဆက်သွယ်ရေး မှော်ရတနာတစ်ခုလည်း ဖြစ်၏။ သူ့အနီးအနားတွင် နေမင်းပြာကျောင်းတော်၏ အခြားအဖွဲ့အဝင်တစ်ဦး ရှိနေသရွေ့ သူ့အနေဖြင့် ဤတံဆိပ်ပြားကိုသုံးကာ ထိုလူအား ဆက်သွယ်နိုင်ပေသည်။
“ဒါက...” ရန်ကိုင် လက်ထဲရှိ တံဆိပ်ပြားကို မြင်လိုက်သည့်နောက် ရီကျင်းဟန် ကြောင်သွားခဲ့၏။ တံဆိပ်ပြားပေါ်ရှိ နေမင်းပြာဟူသော စကားလုံးကို မြင်လိုက်သည့် အချိန်တွင်တော့ သူမတစ်ကိုယ်လုံး တုန်တက်သွားပြီး အလန့်တကြား ထအော်လေသည် “နေမင်းပြာရွှေတံဆိပ်ပြား”
ရီကျင်းဟန်၏ တုန့်ပြန်ပုံကိုမြင်ပြီး ရန်ကိုင် သူမအား အံ့ဩတကြီး ကြည့်မိလိုက်၏။
“သခင်လေးရန် နေမင်းပြာကျောင်းတော်ရဲ့ အဓိကတပည့်တစ်ဦး ဖြစ်နေတာလား။ မသိလိုက်လို့ ရိုင်းပြမိခဲ့သလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်...” ရီကျင်းဟန်က ခြောက်ကပ်ကပ်ရယ်မောရင်း ပြောလိုက်လေသည်။
“အဓိကတပည့်” ရန်ကိုင်က မျက်ခုံးပင့်လျက် “ခင်ဗျား ဘယ်လိုသိတာလဲ”
ရီကျင်းဟန်က ရန်ကိုင်အား ထူးထူးဆန်းဆန်းဖြင့် ကြည့်လျက် “သခင်လေးရန်က နေမင်းပြာကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးလား။ သူတို့ တပည့်တွေကို အဆင့်တွေ ခွဲထားတားကို ဘယ်လိုလုပ်ပြီး မသိရတာလဲ”
ရန်ကိုင်က နှုတ်ခမ်းကြီးမဲ့လျက် ကိုးယိုးကားယား အမူအရာဖြင့် ပြန်ပြောလိုက်လေသည် “ကျုပ်က နေမင်းပြာကျောင်းတော်ရဲ့ အမည်ခံ တပည့်တစ်ယောက်ပဲ။ တကယ့် တပည့် မဟုတ်ဘူး”
“ဒါဆိုရင် ဒီရွှေရောင်တံဆိပ်ပြားကကော” ရန်ကိုင်မှ ဤတံဆိပ်ပြားအား နေမင်းပြာကျောင်းတော်၏ တပည့်တစ်ဦးဦးဆီမှ လုလာလေသလားဟု တွေးရင်း ရီကျင်းဟန် အထိတ်ထိတ်အလန့်လန့်ဖြစ်ကာ ဇောချွေးပျံလာတော့လေသည်။ တကယ်သာဆိုလျှင်တော့ ရန်ကိုင်အား ရွက်တစ်ထောင်ဂိုဏ်းသို့ ဖိတ်ခေါ်သည်မှာ ပြဿနာကို လက်ယပ်ခေါ်လိုက်သလို ဖြစ်နေပေလိမ့်မည်။
“အကြီးအကဲကောင်း ကျုပ်ကို အတင်းပေးထားတာ” ရန်ကိုင်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။
“အကြီးအကဲကောင်းက အတင်းပေးတာ.. ရှင့်ကိုလေ...” ရီကျင်းဟန် သတိပပင် လစ်ချင်မိသွားခဲ့သည်။ ပါရမီရှင်ပေါင်းများစွာသည် ဤရွှေရောင်တံဆိပ်ပြားကို ရရေးအတွက် အသည်းအသန် ပြိုင်ဆိုင်နေကြချိန် ရန်ကိုင်ကမူ ဤတံဆိပ်ပြားကို မယူမနေရကြောင့်သာ ယူလာသည့်ပုံစံမျိုး လုပ်နေခဲ့သည်။
ရီကျင်းဟန် ရုတ်တရက် ခေါင်းမူလာကာ မျက်လုံးများပင် ပြာလာခဲ့လေသည်။ ဤသို့ ဖြစ်ရသည်မှာ တည်နေရာခုန်ကူးလိုက်သည့် အတွက်ကြောင့်လား အခြားတစ်ခုခုကြောင့်လား မသဲကွဲတော့ချေ။
“နေပါဦး၊ ခင်ဗျားမျက်နှာ ဘာလို့ ဒီလောက် ဖြူစွတ်နေတာလား။ ဒီမနက် အစားမှားလာခဲ့တာလား” ရန်ကိုင်က ရီကျင်းဟန်ကိုကြည့်ရင်း ပြောလိုက်၏။
“သခင်လေးရန်...” ရီကျင်းဟန်က ရန်ကိုင်ကို ကြည့်လျက် “ကျေးဇူးပြုပြီး အခုလိုမျိုး မရယ်ရတဲ့ ပြက်လုံးတွေ မလုပ်ပါနဲ့လား။ ကျွန်မက စိတ်လှုပ်ရှားလွယ်တယ်ရှင့်။ ကျေးဇူးပြုပြီး ကျွန်မကို မခြောက်ပါနဲ့”
“ခင်ဗျား ဘာတွေပြောနေတာလဲ”
“နေမင်းပြာရွှေရောင်တံဆိပ်ပြားက ဘာကို ကိုယ်စားပြုလဲဆိုတာကို သခင်လေးရန် မသိဘူးလား”
ရန်ကိုင်က ပြန်၍ ပြောလိုက်လေသည် “မသိဘူး။ ကျုပ်ဒါကို လွန်ခဲ့တဲ့ တစ်လကမှ ရထားတာ။ ဒီတံဆိပ်ပြားက ဘာတွေ ထူးခြားနေလို့လဲ”
ရီကျင်းဟန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်လေ၏။ သူမ၏ စနေနှစ်ခိုင်ဟာလည်း အင်္ကျီထဲမှ ပေါက်ထွက်တော့မည့် အလား နိမ့်ချည်မြင့်ချည် ဖြစ်လာ၏။
ရန်ကိုင်ပင်လျှင် သူမ၏ ရင်ဘတ်နေရာဆီသို့ လှမ်း၍ ကြည့်မိလိုက်လေသည်။
သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်ပြီးနောက် စရှင်းပြလိုက်လေသည် “နေမင်းပြာကျောင်းတော်ရဲ့ တံဆိပ်ပြားတွေကို လုပ်ထားတဲ့ ပစ္စည်းတွေက အတူတူပဲ။ အရောင်တွေပဲ မတူကြတာ။ တံဆိပ်ပြားတွေကို အဆင့်သုံးဆင့် ခွဲထားတယ်... ကြေးတံဆိပ်ပြား၊ ငွေတံဆိပ်ပြားနဲ့ ရွှေတံဆိပ်ပြားဆိုပြီး... နေမင်းပြာကျောင်းတော် အတွင်းဂိုဏ်းရဲ့ ထိပ်တန်း တပည့်အချို့လောက်မှာပဲ ရွှေတံဆိပ်ပြားတွေ ရှိကြတာ။ ရွှေတံဆိပ်ပြားကို ကိုင်ထားတဲ့တပည့်က သူ့ထက်အဆင့်နိမ့် တံဆိပ်ပြားကိုင်ထားတဲ့ တပည့်တွေ အကုန်လုံးကို အမိန့်ပေးလို့ရတယ်။ အဲ့တပည့်ရဲ့ အဆင့်အတန်းက အကြီးအကဲတစ်ဦးရဲ့ အဆင့်အတန်းနဲ့လည်း အတူတူပဲ။ လိုအပ်လာလို့ရှိရင် တောင်ဘက်နယ်မြေထဲမှာရှိတဲ့ နေမြင်းပြာကျောင်းတော်ရဲ့ အမျိုးမျိုးသော လုပ်ငန်းတွေမှာရှိတဲ့ လူတွေကိုတောင် စေခိုင်းလို့ရတယ်... အကူအညီလိုတာလား၊ အမိန့်ပေးချင်တာလား၊ အရင်းအမြစ်တွေ ငှားယူချင်တာလား... ဒီတံဆိပ်ပြားနဲ့ဆို အကုန်လုပ်လို့ရတယ်။ ဒီတံဆိပ်ပြားက အဲ့လောက်တောင် အဖိုးတန်တာ”