← Chapters

အခန်း (၂၂၈၆-၂၂၉၀)

Vol. 92 Ch. 2286-2290

အခန်း (၂၂၈၆-၂၂၉၀)

Vol. 92 Ch. 2286-2290

အပိုင်း (၂၂၈၆)

“အိုး… တကယ်လား…”

ထိုစကားကိုကြားသော် ရန်ကိုင်ကြောင်သွားခဲ့လေသည်။ နေမင်းပြာကျောင်းတော်၏ တံဆိပ်ပြားများကို အဆင့်ခွဲထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကြည့်ရသလောက် ကောင်းရွှယ်ထင်းသည် သူ့အား တံဆိပ်ပြားများထဲမှ အဆင့်အမြင့်ဆုံး တံဆိပ်ပြားကို ပေးခဲ့သည့်ပုံပင်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ကောင်းရွှယ်ထင်း သူ့အပေါ် ယုံကြည်ကြောင်း သူ၏ အလားအလာကို အသိအမှတ်ပြုကြောင်း မြင်တွေ့နိုင်ပေသည်။

“သခင်လေးရန်က တကယ်ကို ဘာမှ မသိတာပါလား…” ရီကျင်းဟန်က ခါးသက်စွာ ရယ်မောလိုက်လေ၏။

“တံဆိပ်ပြားတစ်ခုပဲဟာကို…” ထိုကဲ့သို့ ပြန်ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် တံဆိပ်ပြားထဲသို့ ကောင်းကင်စိတ်အာရုံထည့်သွင်း၍ ကောင်းရွယ်ထင်းဆီ လှမ်းအကြောင်းကြားလိုက်လေသည်။ ထို့နောက် တံဆိပ်ပြားကို ပြန်သိမ်းလိုက်ပြီး ပြောလိုက်လေ၏။ “သွားကြရအောင်…”

ရန်ကိုင့်၏ စကားကို ကြားသော် ရီကျင်းဟန် စိတ်လှုပ်ရှားသွားခဲ့ပြီး ခေါင်းညိတ်လိုက်‌လေ၏။ “ကောင်းပြီ…”

သူမ၏စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏စွမ်းအင်သည် သူမအား လွှမ်းခြုံသွားခဲ့လေသည်။ ထို့နောက် နှစ်ဦးသား မြို့ထဲမှ တည်နေရာခုန်ကူးသွားလေ၏။ မကြာမီ အပြင်သို့ ရောက်လာခဲ့ပြီး ရန်ကိုင်သည် သူ၏ သစ်သားလှေလေးကို ထုတ်ယူလိုက်လေသည်။ လှေပေါ်တက်လိုက်ပြီးသည့်နောက် ရီကျင်းဟန်ကိုပါ တက်ရန် ဖိတ်ခေါ်လိုက်လေသည်။ ရီကျင်းဟန် လှေပေါ်သို့ ရောက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်ကွက်များ ဖန်တီး၍ စတင် ထွက်ခွာတော့လေသည်။

လှေလေးမှာ မကြီးသော်ငြား မတ်တပ်ရပ်နေသည့် လူနှစ်ယောက်မကတော့ ကာပေသည်။ ထို့အပြင် ဤလှေလေးမှာ တာအိုသခင်အဆင့်မြင့် ပျံသန်းရေး မှော်ရတနာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ၎င်း၏အမြန်နှုန်းမှာ အတော်လေးကိုမှ မြင့်မားလှပေ၏။

ယခုအချိန်မတိုင်ခင်အထိ ရွက်တစ်ထောင်ဂိုဏ်းအား မည်သည့်နေရာတွင် ကြားဖူးခဲ့ကြောင်းကို ရန်ကိုင် လုံးဝ မမှတ်မိချေ။ ထို့အတွက်ကြောင့် သွားနေစဉ်အတောအတွင်း ရီကျင်းဟန်အား သိချင်နေသည့် မေးခွန်းများကို မေးလိုက်လေ၏။

ရီကျင်းဟန်ပြောပုံအရ လွန်ခဲ့သည့် အချိန်အခါတုန်းက ရွက်တစ်ထောင်ဂိုဏ်းသည် တောင်ဘက်နယ်မြေထဲ၌ ပထမအဆင့် အင်အားစုတစ်ခု ဖြစ်ခဲ့ဖူးပေသည်။ ရွက်တစ်ထောင်ဂိုဏ်းသည် ထိပ်တန်းအဆင့် အင်အားစုများဖြစ်ကြသော နေမင်းပြာကျောင်းတော်၊ ကောင်းကင်တိုက်ပွဲဒိုဂျိုတို့နှင့် မယှဉ်နိုင်သော်ငြား ထိုအင်အားစုများအောက် အရမ်းကြီးနိမ့်ကျခြင်း မရှိချေ။

သို့သော်ငြား ကမ္ဘာငယ်လေးထဲသို့ သွားသည့် ဝင်ပေါက် ပိတ်သွားသလို ဂိုဏ်း၏ အမွေအနှစ်များစွာကို ဆုံးရှုံးလိုက်ရသည့် အချိန်မှစ၍ ဂိုဏ်းမှာ လျင်မြန်စွာ နိမ့်ကျလာခဲ့ရတော့လေသည်။

ရွက်တစ်ထောင်ဂိုဏ်း မည်မျှ နိမ့်ကျလာခဲ့သလဲ ဆိုလျှင် ယခုမျိုးဆက်၌ ဤရွက်တစ်ထောင်ဂိုဏ်းအတွင်း၌ တာအိုသခင်တတိယအဆင့်ဆို၍ ရီကျင်းဟန်၏ အဖေဖြစ်သော ဂိုဏ်းချုပ်ရီဟန်တစ်ဦးသာ ရှိတော့လေသည်။ တစ်နည်းဆိုရသော် ရွက်တစ်ထောင်ဂိုဏ်းသည် ငှက်မွေးပြာဂိုဏ်းထက်ပင် ပို၍ အားနည်း နေပေသည်။

ငှက်မွေးပြာဂိုဏ်းတွင် ဧကရာဇ်အဆင့် ပညာရှင်မရှိသော်ငြား ထိုဂိုဏ်းတွင် တာအိုသခင် တတိယအဆင့် ပညာရှင်လေးဦးတိတိ ရှိနေခဲ့သည်။

ဥတုလေးမျိုးနယ်မြေ ဖွင့်သည့်အခါတွင်လည်း ငှက်မွေးပြာဂိုဏ်းသည် ဝင်ခွင့်နှစ်နေရာ ရခဲ့သော်ငြား ရွက်တစ်ထောင်ဂိုဏ်းမှာမူ တစ်နေရာမှ မရခဲ့ပေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ထိုဂိုဏ်းနှစ်ဂိုဏ်းကြား ကွာခြားချက်ကို မြင်တွေ့နိုင်ပေ၏။

ရွက်တစ်ထောင်ဂိုဏ်းသည် တောင်ဘက်နယ်မြေ ကျန်းစီရင်ထဲရှိ ရွက်တစ်ထောင်တောင်တန်းပေါ်တွင် တည်ရှိခြင်း ဖြစ်ပေသည်။ ရွက်တစ်ကောင်ဂိုဏ်းဆီသို့ မေပယ်မြို့မှ သွားမည်ဆိုပါက လက်ဝခန့် ကြာမင့်ပေသည်။

ယခင်က မေပယ်မြို့တွင် ကျန်းစီရင်စုထဲသို့ ဟင်းလင်းပြင်အစီအရင် ရှိခဲ့ဖူးပေသည်။ သို့သော်ငြား နတ်ဆိုးချီများကို ပြန်လည်တွန်းလှန်နေစဉ် အတောအတွင်း အရက်သမားသည် ထိုဟင်းလင်းပြင်အစီအရင်အား ဖျက်ဆီးပစ်ခဲ့လေ၏။ ယခုအချိန်ထိတိုင် ထိုဟင်းလင်းပြင်အစီအရင်ကို ပြန်မပြင်ရသေးပေ။

တကယ်တော့ မေပယ်မြို့လေးသည် အတော်လေးကိုမှ သေးငယ်ကာ တွမ့်ယွမ်ရှန်းနှင့် သူ့အပေါင်းအပါများ၏ ခွန်အားမှာလည်း အလွန်မြင့်မားခြင်း မရှိချေ။ ထို့အတွက်ကြောင့် သူတို့အဖို့ အစီအရင်ကို ပြန်ပြင်ရန်အတွက် အရည်အချင်းရှိသော အစီအရင်ပညာရှင်များကို မဖိတ်ခေါ်နိုင်ခဲ့ပေ။

သို့သော်ငြား ထိုအရာမှာ ပြဿနာတစ်ခု မဟုတ်တော့ချေ။ စိတ်ဝိဉာဉ်ရေကန်နန်းတော်ကိစ္စ ပြီးသွားသည့်နောက်တွင် ရှောင်ယုယန်နှင့် အခြားသော ပညာရှင်များသည် မေပယ်မြို့ထဲရှိ ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ရန်အတွက် သူတို့ဂိုဏ်းမှ အစီအရင်ပညာရှင်များကို စေလွှတ်ပေးပေလိမ့်မည်။

မေပယ်မြို့သည် တောင်ဘက်နယ်မြေထဲရှိ မြို့ကြီများအနက် တစ်မြို့ ကျိန်းသေ ဖြစ်လာမည်ဖြစ်ကာ ၎င်း၏ ဟင်းလင်းပြင်အစီအရင်မှာလည်း အဓိကမြို့ကြီးတိုင်းဆီသို့ ဆက်သွယ်ထားပေလိမ့်မည်။

ယခုတစ်ကြိမ် မေပယ်မြို့မှ အခြားနေရာများဆီသို့ သွားဖို့ရာ ခက်ခဲနေသော်ငြား နောင်တစ်ချိန် မေပယ်မြို့သို့ ပြန်လာရန်အတွက်မူ ဤမျှလောက် ခက်ခဲတော့လိမ့်မည် မဟုတ်ဟု ရန်ကိုင် ယုံကြည်နေပေသည်။ သူ့အနေဖြင့် အလယ်အလတ်အဆင့် မြို့တစ်မြို့ဆီသို့ သွားကာ ထိုမြို့ရှိ ဟင်းလင်းပြင်အစီအရင်ကို သုံးလျက် မေပယ်မြို့ဆီသို့ ကျိန်းသေ တန်းလာနိုင်ပေလိမ့်မည်။

ရီကျင်းဟန်နှင့် စကားပြောရင်းမှ ရွက်တစ်ထောင်ဂိုဏ်းသည် ရုပ်သေးရုပ် ဂိုဏ်းတစ်ဂိုဏ်းမှန်း ရန်ကိုင် သိသွားခဲ့လေသည်။ ရွက်တစ်ထောင်ဂိုဏ်း၏ တပည့်အများစုသည် ရုပ်သေးရုပ်တာအိုကို ကျင့်ကြံကြလေ၏။

ဤသည်မှာ ကြယ်တာရာ အစုအဝေးထဲတွင် ဤကဲ့သို့သော ဂိုဏ်းမျိုးကို ရန်ကိုင် ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်လေသည်။ သိုင်းတာအိုထဲတွင် တာအိုပေါင်းများစွာ ရှိကြသည်။ ရုပ်သေးရုပ်ပညာရပ်မှာ အားနည်းခြင်း မရှိချေ။ သို့သော်ငြား ရုပ်သေးရုပ်ပညာရပ်များသည် အလွန်ကိုမှ ကန့်သတ်ချက် များလှကာ ရုပ်သေးရုပ်များကို ဖန်တီးဖို့ရာမှာလည်း အတော်လေးကိုမှ ခက်ခဲလှပေသည်။ ထို့အတွက်ကြောင့် လူတော်တော်များများသည် ရုပ်သေးရုပ်တာအို၌ လုံလုံလောက်လောက် အောင်မြင်မှုများ ရရှိခြင်း မရှိကြပေ။

သို့ရာတွင် ရုပ်သေးရုပ်တာအိုကို အထွဋ်အထိပ်အထိ ကျင့်ကြံသွားနိုင်မည်ဆိုပါက အလွန်တရာကိုမှ အားကောင်းလာပေလိမ့်မည်။

“ရွက်တစ်ထောင်ဂိုဏ်းက ရုပ်သေးရုပ်ပညာရပ်တွေကို ကျင့်ကြံတယ်လို့ ပြောပေမဲ့ ခင်ဗျား ရုပ်သေးရုပ်တွေသုံးတာ ကျုပ်ဘာလို့ မတွေ့ရတာလဲ…” ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

စိတ်ဝိဉာဉ်စမ်းချောင်းထဲတွင် အန္တရာယ်နှင့် ကြုံရစဉ်က ရီကျင်းဟန်သည် သူမ၏ ရုပ်သေးရုပ်များကို လုံးဝ ထုတ်မသုံးခဲ့ပေ။

ထိုစကားကိုကြားသော် ရီကျင်းဟန် ရှက်သွားခဲ့လေ၏။ ထို့နောက် ကသိကအောက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ကျွန်မပြောပြရင် သခင်လေးရန် ရယ်မှာကျိန်းသေတယ်… ကျွန်မတို့ရွက်တစ်ထောင်ဂိုဏ်းက ရုပ်သေးရုပ်ပညာရပ်တွေနဲ့ နာမည်ကြီးတယ်ဆိုပေမဲ့ ကမ္ဘာငယ်လေးပိတ်သွားတည်းက ဂိုဏ်းမှာရှိတဲ့ ရုပ်သေးရုပ်ကျင့်ကြံတဲ့ ပညာရပ်တွေ အများစုကို ဆုံးရှုံးသွားရတာ… ဒါကြောင့်ပဲ အခု ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းက ဖန်တီးထားတဲ့ ရုပ်သေးရုပ်တွေက အရမ်းကြီး အသုံးမဝင်တော့ဘူး…”

ထိုသို့ပြောပြီးသည့်နောက် နှုတ်ခမ်းလေးကိုကွေးလျက် ငှက်ပြာလေးတစ်ကောင်ကို ရုတ်တရက် ထုတ်ပြလိုက်လေသည်။

ရန်ကိုင်သည် ထိုငှက်အား သေချာ လေ့လာကြည့်နေ၏။ ဤငှက်မှာ ငှက်အစစ်တစ်ကောင်နှင့် အမှန်တကယ်ကို တူပေသည်။ ငှက်မွေးတောင်များမှာလည်း တကယ့်ငှက်တစ်ကောင်၏ ငှက်မွေးတောင်များကဲ့သို့ ရွှန်းစို တောက်ပနေလေ၏။ သို့သော်ငြား ကောင်းကင်စိတ်အာရုံဖြင့်သာ စစ်ဆေးကြည့်မည်ဆိုလျှင် ဤငှက်၌ မည်သည့်အသွေးအသားမှ ပိုင်ဆိုင်ထားခြင်း မရှိကြောင်းကို တွေ့ရပေလိမ့်မည်။

ထိုငှက်ကို ကြည့်ရင်း ရန်ကိုင် အံ့ဩသွားခဲ့လေသည်။ သူသာ ကောင်းကင်စိတ်အာရုံဖြင့် မစစ်ဆေးကြည့်ပါက ဤငှက်နှင့် ငှက်အစစ်တစ်ကောင်ကို မည်ကဲ့သို့မှ ခွဲခြားနိုင်လိမ့်မည် မဟုတ်ပေ။

ခဏအကြာတွင် ရီကျင်းဟန်သည် လက်ကွက်များ ဖန်တီး၍ သူမလက်အား ငှက်ဆီသို့ ညွှန်လိုက်လေသည်။

ချက်ချင်းဆိုသလို ငှက်လေး၏ ခန္ဓာကိုယ်မှာ အရောင်တလက်လက် တောက်လာပြီး ၎င်း၏တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ ရီကျင်းဟန်ပတ်ပတ်လည်တွင် စတင် ပျံဝဲတော့လေ၏။ တစ်ချိန်တည်းတွင်လည်း စူးရှသည့် အော်မြည်သံများကို အော်ဟစ်နေပေသေးသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်က အံ့ဩတကြီးဖြင့် သက်ပြင်းရှိုက်လျက် ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးလိုက်လေသည်။ “ခင်ဗျားတို့ဂိုဏ်းရဲ့ ရုပ်သေးပညာရပ်တွေက တကယ်ကို ထူးချွန်တာပဲ…”

ရန်ကိုင့်စကားကြောင့် ရီကျင်းဟန် ပိုရှက်သွားခဲ့လေသည်။ “အခုလိုချီးကျူးပေးတဲ့အတွက် သခင်လေးရန်ကို ကျေးဇူးအများကြီးတင်ပါတယ်… အခု ကျွန်မတို့ဂိုဏ်းက‌ ဒီလိုရုပ်သေးရုပ်တွေကိုပဲ ဖန်တီးနိုင်တော့တာ… ဒီရုပ်သေးရုပ်တွေက သတင်းစုဆောင်းတာတွေ ခြေရာခံတွေမှာ အသုံးဝင်ပေမဲ့ တိုက်ပွဲမှာတော့ ဘာမှ အသုံးမဝင်တော့ဘူး… ဒါကြောင့်ပဲ ဂိုဏ်းထဲက အချို့အကြီးအကဲတွေဆိုရင် ရုပ်သေးရုပ်ပညာရပ်တွေကို မလေ့လာတော့ဘဲ အခြားပညာရပ်တွေကိုတောင် ပြောင်းလေ့လာကုန်ကြပြီ…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “အဲ့လူတွေ အမြင်ကျဉ်းလို့…”

ထိုစကားကိုကြားသော် ရီကျင်းဟန်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ “ရုပ်သေးရုပ်တာအိုက တကယ်ကောင်းတယ်လို့ သခင်လေးရန် ယုံကြည်တာလား…”

ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ရုပ်သေးရုပ်ပညာရပ်တွေကို တစ်ခါမှ မလေ့ကျင့်ဖူးဘူး ဆိုပေမဲ့ အားကောင်းတဲ့ရုပ်သေးရုပ်တွေက အထင်သေးလို့မရဘူးလို့ ကျုပ်သိတယ်… ကြယ်တာရာအစုအဝေးထဲမှာ တော်တော်လေးကို အားကောင်းလွန်းတဲ့ ရုပ်သေးရုပ်တွေ ရှိတယ်လို့တောင် ပြောကြတယ်… အဲ့ရုပ်သေးရုပ်တွေ ဘယ်လောက်တောင် အားကောင်းလဲဆိုရင် ဧကရာဇ်အဆင့် ပညာရှင်တွေတောင် အဲ့ရုပ်သေးရုပ်တွေနဲ့ သွားမတိုက်ခိုက်ချင်ကြဘူးတဲ့…”

ထိုစကားကိုကြားသော် ရီကျင်းဟန်က ခါးသက်စွာပြုံးလျက် “အဲ့လောက်အားကောင်းတဲ့ ရုပ်သေးရုပ်တွေ… ကျွန်မ ဒီလောက် မဖန်တီးချင်ပါဘူး… ရွက်တစ်ထောင်ဂိုဏ်း တဖြည်းဖြည်း နိမ့်ကျနေတာပဲကို ရပ်တန့်ပေးချင်တယ်… ဒါပေမဲ့ ပြဿနာက ရုပ်သေးရုပ်တွေ ဖန်တီးဖို့ဆိုရင် စိတ်စွမ်းအင် အမြုတေကို လိုအပ်တယ်… ကျွန်မတို့ဂိုဏ်းမှာ အဆင့်မြင့်စိတ်စွမ်းအင် အမြုတေတွေကို ဖန်တီးနိုင်မဲ့ ဘာနည်းလမ်းမှ မရှိတော့ဘူး… အနည်းဆုံး အဲ့လိုနည်းလမ်းလေးတစ်ခုကို ရမယ်ဆိုရင်တောင် ကျွန်မတို့ဂိုဏ်း အရင်တုန်းကလို ပြန်မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး…”

“စိတ်စွမ်းအင်အမြုတေ…” ထိုစကားကိုကြားပြီးသည့်နောက် တစ်ခုခုအား ပြန်အမှတ်ရသွားသည့်နှယ် ရန်ကိုင် မျက်ခုံးပင့်လိုက်လေ၏။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ အရောင်တလက်လက် တောက်ပနေသော ကြက်ဥအရွယ် သလင်းကျောက်များစွာကို ထုတ်ပြလိုက်လေသည်။

ရန်ကိုင့်လက်ထဲရှိ အရာများကို မြင်သော် ရီကျင်းဟန် အလန့်တကြား ထအော်လေ၏။ ထို့နောက် ရန်ကိုင့်အား ရှင်းပြချိန်ပင် မပေးဘဲ အော်ပြောလိုက်လေသည်။ “စိတ်စွမ်းအင်အမြုတေတွေလား… သခင်လေးရန်မှာ ဒါတွေ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ…”

“ဥတုလေးမျိုးနယ်မြေထဲက ရလာခဲ့တာ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

အချိန်မြစ်ကျောင်းတော်ထဲတွင် ပထမစမ်းသပ်မှုအဖြစ် ရုပ်သေးရုပ်များကို ရင်ဆိုင်ခဲ့ရပေသည်။ ထိုရုပ်သေးရုပ်များကို အနိုင်ယူပြီးသည့်နောက် ကျန်ရစ်ခဲ့သော စိတ်စွမ်းအင်အမြုတေများကို ရန်ကိုင်မှ ကောက်ယူလာခဲ့သည်။ သူ့တွင် ထိုစိတ်စွမ်းအင်အမြုတေ အနည်းငယ်သာ ရှိပြီး ထိုအရာများနှင့် ပတ်သက်၍ ဘာလုပ်ရမလဲဆိုသည်ကို မစဉ်းစားခဲ့ရသေးပေ။

“ဥတုလေးမျိုးနယ်မြေ…”

ထိုစကားကိုကြားသော် ရီကျင်းဟန်၏ အမူအယာ သုန်မှုန်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ စိတ်လှုပ်ရှားနေသည့် အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “သခင်လေးရန်… အဲ့စိတ်စွမ်းအင်အမြုတေတွေကို တစ်ချက်လောက် ကြည့်ခွင့်ရမလား…”

ရန်ကိုင်သည် ရီကျင်းဟန်အား တစ်ချက် ကြည့်လိုက်ပြီးသည့်နောက် ခေါင်းညိတ်ပြကာ စိတ်စွမ်းအင်အမြုတေတစ်ခုကို သူမဆီသို့ ပစ်ပေးလိုက်လေသည်။

ရီကျင်းဟန်သည် ဝမ်းသာအားရဖြင့် ထိုစိတ်စွမ်းအင်အမြုတေအား အရုပ်သစ်ရသွားသည့် ကလေးတစ်ဦးနှယ် သေသေချာချာ စတင်လေ့လာတော့လေ၏။

“ဒီစိတ်စွမ်းအင်အမြုတေပေါ်မှာ ထိုးထွင်းထားတဲ့ အစီအရင်တွေက တော်တော်လေးကို ရှေးခေတ်ကျလွန်းတယ်… စိတ်ဝိဉာဉ်သွေးကြောတွေကို ထိုးထွင်းတဲ့ နည်းစနစ်တွေကို ဆုံးရှုံးသွားပြီဆိုပေမဲ့ ဒီစိတ်စွမ်းအင်အမြုတေရဲ့အဆင့်က တော်တော်လေးမြင့်တာဆိုတော့ ကျွန်မထင်တာ မမှားလို့ရှိရင် ဒါ အနည်းဆုံး တာအိုသခင်အဆင့်လောက်တော့ ရှိရလိမ့်မယ်… ဟုတ်တယ်မလား…”

ရန်ကိုင်က ခေါင်းညိတ်လျက် ပြောလိုက်လေ၏။ “ဟုတ်တယ်… ဒါကိုကြည့်ရုံနဲ့ ဒါရဲ့အဆင့်ကို ခင်ဗျားခန့်မှန်းနိုင်တာလား…”

“သခင်လေးရန် ကျွန်မကို မနောက်ပါနဲ့… ကျွန်မ ငယ်ငယ်လေးတည်းက ရုပ်သေးရုပ်ပညာရပ်တွေကို လေ့လာခဲ့တာ… ကျွန်မမှာသာ ဒီစိတ်စွမ်းအင်အမြုတေ ရှိမယ်ဆိုရင် တာအိုသခင်အဆင့် ရုပ်သေးရုပ်တစ်ရုပ်ကို ဖန်တီးနိုင်တယ်လို့ အာမခံရဲတယ်…”

ထိုသို့ပြောပြီးသည့်နောက် စိတ်စွမ်းအင်အမြုတေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ ရန်ကိုင့်အား မျှော်လင့်တကြီးဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ “သခင်လေးရန်… သိပ်မသင့်တော်ဘူးဆိုပေမဲ့ ကျွန်မတောင်းဆိုချင်တာတစ်ခု ရှိတယ်…”

“မသင့်တော်ဘူးဆိုရင် မတောင်းဆိုတော့နဲ့လေ…” ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ သူမ ဘာပြောချင်နေသလဲဆိုသည်ကို သိလိုက်သည့်အလား ရီကျင်းဟန်၏ လက်ထဲမှ စိတ်စွမ်းအင်အမြုတေကို အလျင်အမြန် ပြန်ဆွဲယူလျက် ညစ်ကျယ်ကျယ်ပြုံးကာ ပြောလိုက်လေသည်။ “ကျုပ်မှာ ဒါတွေ နည်းနည်းလောက်ပဲ ရှိတာ… ကျုပ်သိမ်းထားဦးမယ်…”

“သခင်လေးရန်…” ရီကျင်းဟန်သည် စွန့်ပစ်ခံလိုက်ရသည့် မိန်းကလေးတစ်ဦးနှယ် ဝမ်းနည်းတကြီး အမူအယာဖြင့် ပြောလိုက်လေသည်။ “ကျွန်မကို ရောင်းပါလားနော်… ဒီပစ္စည်းက သခင်လေးရန်အတွက်လည်း အသုံးမှမဝင်တာ…”

ယခုဆိုလျှင် သူမသည် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။ သူမသာ တာအိုသခင်အဆင့် ရုပ်သေးရုပ်တစ်ခုကို ဖန်တီးနိုင်မည်ဆိုပါက သူမ၏တိုက်ပွဲစွမ်းရည်ကို သိသိသာသာ မြှင့်တင်နိုင်ပေလိမ့်မည်။ ရုပ်သေးရုပ်ပညာရပ်များကို ငယ်စဉ်ကတည်းက လေ့လာခဲ့သူတစ်ဦးအဖို့ တာအိုသခင်အဆင့် ရုပ်သေးရုပ်တစ်ရုပ်အား ဖန်တီးနိုင်မည့် အခွင့်အရေးကို မည်သို့မျှ လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့အပြင် စိတ်စွမ်းအင်အမြုတေကိုသာ ရသွားမည်ဆိုပါက ၎င်း၏ အတွင်းပိုင်း တည်ဆောက်ပုံကို လေ့လာ၍ ထိုကဲ့သို့သော စိတ်စွမ်းအင်အမြုတေများအား ထုတ်လုပ်နိုင်မည့် နည်းလမ်းကို ကိုယ့်ဘာသာကို ပြန်ဖန်တီးနိုင်ပေမည်။ သူမသာ ထိုကဲ့သို့ လုပ်နိုင်မည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်း၏ ခွန်အားကို အဆပေါင်းများစွာ မြင့်တက်သွားအောင် တိုးမြှင့်နိုင်ပေလိမ့်မည်။

“သခင်လေးရန်… ကျေးဇူးပြုပြီး တစ်ခုလောက်ပဲ ရောင်းပေးပါနော်… တစ်ခုပါပဲ…”

ရန်ကိုင်မှ သူမပြောနေသည်အား မကြားချင်ယောင်ဆောင်နေသည်ကို မြင်သော် ရီကျင်းဟန်သည် ရန်ကိုင်၏လက်ကို ဆုပ်ကိုင်၍ စိတ်ကောက်နေသည့် ကလေးမလေးတစ်ဦးနှယ် လွှဲယမ်းတော့လေ၏။

ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် ရယ်သွမ်းသွေးရင်း ပြောလိုက်လေသည်။ “မိန်းကလေးရဲ့… ကျုပ်တို့က အခု လူသူမရှိတဲ့အရပ်ကို ရောက်နေတာနော်… အခုလိုမျိုးလုပ်တာ သိပ်ပြီး မသင့်တော်ဘူးနဲ့တူတယ်…”

ထိုစကားကိုကြားသော် ရီကျင်းဟန် ရှက်သွေးဖြာသွားခဲ့လေ၏။ သူမ၏အပြုအမူမှာ မသင့်တော်မှန်း သိလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်၏လက်ကို အမြန်လွှတ်ပေးလိုက်ပြီး ပြန်၍ ပြောလိုက်လေ၏။ “သခင်လေးရန်… အဲ့ဒါလေးတစ်ခုလောက်ကို အခြားပစ္စည်းနဲ့ ကျွန်မကို လဲပေးလို့ မရဘူးလား…”

“အခုလောလောဆယ် ကျုပ်မရောင်းသေးဘူး…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

“အခုလောလောဆယ်…”

ထိုစကားကိုကြားသော် ရီကျင်းဟန် မျက်ခုံးပင့်သွားခဲ့လေ၏။ ရန်ကိုင့်စကားလုံးနောက်ကွယ်ရှိ အဓိပ္ပာယ်ကို သတိထားမိလိုက်သော် ချက်ချင်းပဲ ပြန်မေးလိုက်လေသည်။ “အဲ့ဒါဆို ဘယ်ချိန်ရောင်းမှာလဲ…”

ရန်ကိုင်က ရယ်မောလျက် “အဲ့ဒါက အခြေအနေအပေါ် မူတည်တယ်… ကျုပ် ဘယ်တော့မှ မရောင်းတာမျိုးလည်း ဖြစ်နိုင်သလို အခွင့်အခါ ကြုံကြိုက်လို့ ရောင်းတာမျိုးလည်း ဖြစ်နိုင်တယ်…”

“သခင်လေးရန်ကလေ အရမ်းကို…” ရီကျင်းဟန်မှာ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်တော့လေသည်။ ရန်ကိုင်မရောင်းချင်နေသည်ကို အတင်းရောင်းအောင် လုပ်နိုင်မည့် နည်းလမ်းလည်း သူမတွင် ရှိမနေခဲ့ပေ။

သူမမှာ စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ရန်ကိုင်၏ အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေ၏။ တစ်ချိန်တည်းတွင် လှေကိုလည်း ချက်ချင်း ရပ်လိုက်လေသည်။ ထို့အတွက်‌ကြောင့် လေပေါ်တွင် မတ်တပ်ရပ်နေသော ရီကျင်းဟန်မှာ အလစ်အငိုက်မိကာ နောက်ပြန်လဲကျခါနီး ဖြစ်သွားခဲ့ရသည်။ သို့သော်ငြား အချိန်မီတုံ့ပြန်လိုက်နိုင်သဖြင့် အရင်းအမြစ်ချီကို သုံးလျက် နောက်ပြန်လဲမကျသွားအောင် ထိန်းလိုက်နိုင်လေ၏။ ထို့နောက် ရန်ကိုင့်အား ဒေါသတကြီး လှမ်းအော်မေးတော့လေ၏။ “သခင်လေးရန်… ရှင်ဘာလုပ်နေတာလဲ…”

ရန်ကိုင်ကမူ ဘာမှ ပြန်မပြောဘဲ လှောင်ပြုံးပြုံး၍သာ ဟင်းလင်းပြင်တည့်တည့်သို့ အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေလေ၏။

“ဘာဖြစ်နေတာလဲ…”

ထိုအချင်းအရာကိုမြင်သော် ရီကျင်းဟန်လည်း ရန်ကိုင့်အား မေးခွန်းထုတ်လိုက်မိလေသည်။ သို့သော်ငြား ချက်ချင်းဆိုသလို အန္တရာယ်များသည့် သားရဲတစ်ကောင်၏ ပစ်မှတ်ထားခြင်း ခံနေရသည့်အလား ဘာကြောင့်မှန်းမသိ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၈၇)

လူသူအရောက်အပေါက် မရှိသည့် လွင်တီးခေါင်ပြင်ကြီးထဲ လေညင်းတသုန်သုန် တိုက်ခတ်နေခဲ့လေသည်။

တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိသော်ငြား ဘာမှားလို့ မှားနေမှန်းကို ရီကျင်းဟန် ထောက်မပြနိုင် ဖြစ်နေခဲ့သည်။ လှေပေါ်တွင် ရပ်ရင်းဖြင့်သာ စိုးရိမ်တကြီး အမူအယာဖြင့် ဘေးပတ်ပတ်လည်သို့ ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေခဲ့လေ၏။

“ရောင်းရင်းတို့… ကိုယ့်ဘာသာကိုယ် ထွက်လာမလား ကျုပ်ဆွဲခေါ်ရမလား…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ရုတ်တရက် အော်ပြောလိုက်လေသည်။

“ဘာလဲ… ဒီမှာ တစ်ယောက်ယောက် ရောက်နေတာလား…” ရန်ကိုင့်စကားကြောင့် ရီကျင်းဟန် နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။ သူမဘာကြောင့် စိတ်ဂနာမငြိမ် ဖြစ်နေရလဲ ဆိုသည်ကိုလဲ ရုတ်တရက် နားလည်သွားခဲ့လေ၏။ ထို့အတွက်ကြောင့် အံ့အားသင့်တကြီးဖြင့် ပြန်မေးလိုက်လေသည်။ “ဘာတွေဖြစ်နေတာလဲ…”

“တစ်ယောက်ယောက် ငါတို့ကို စောင့်ကြည့်နေတယ်…” ရန်ကိုင်ကမူ စိုးရိမ်ခြင်းအလျဉ်းမရှိ သာမန်လေသံဖြင့်သာ ပြန်ပြောလိုက်လေသည်။

အချိန်အတော်ကြာအောင် စောင့်နေသည့်တိုင် မည်သူမျှ ထွက်မလာသဖြင့် ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကြည့်ရတာ ခင်ဗျားတို့တွေ ကိုယ့်ကိုယ်ကို တော်တော်လေး ယုံကြည်နေကြတယ်နဲ့ တူတယ်…”

ထိုကဲ့သို့ ပြောပြီးသည်နှင့် ရန်ကိုင်၏ပုံရိပ်သည် ရုတ်တရက် ဝေဝါးပျောက်ကွယ် သွားခဲ့လေသည်။ သူ့ရှေ့တည့်တည့် မီတာတစ်ရာအကွာတွင် ပြန်ပေါ်လာပြီးသည့်နောက် ဟင်းလင်းပြင်တည့်တည့်သို့ သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေ၏။

“ဘုန်း…”

ပေါက်ကွဲသံနှင့်အတူ အလန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။ ဟင်းလင်းပြင်ထဲမှ ပုံရိပ်တစ်ခု ရုတ်တရက် ခုန်ထွက်လာခဲ့ပြီး မီတာသုံးဆယ်အကွာသို့ ပြန်ဆုတ်သွားခဲ့လေသည်။

ထိုကဲ့သို့ တိုက်ခိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လှေပေါ်၌ သွားပြန်ရပ်နေလေ၏။ ထို့နောက် လက်နောက်ပစ်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “ဒီလောက်ဆိုရင် ကျန်တဲ့သူတွေလည်း သိသင့်နေပြီ… ကိုယ့်ဘာသာကိုယ် ထွက်လာလိုက်ကြတော့… ကျုပ်အချိန်တွေကို လာဖြုန်းမနေနဲ့… ကျုပ် ခင်ဗျားတို့တစ်ယောက်ချင်းစီကို လိုက်ပြီး ခေါ်ထုတ်မနေချင်ဘူး… ခင်ဗျားတို့ကိုယ်တိုင်ကလည်း ကလေးလေးတွေ မဟုတ်တော့ဘူး… အပေါစားလှည့်ကွက်လေးတွေနဲ့ ကျုပ်အာရုံကို လာမစားနဲ့…”

ရန်ကိုင်ပြောပြီး အသက်သုံးရှိုက်စာ မကြာသေးခင်မှာပင် ဟင်းလင်းပြင်ထဲမှ နောက်ထပ်လူနှစ်ယောက် ထွက်လာခဲ့လေသည်။ ရန်ကိုင်တိုက်ခိုက်ခဲ့သည့် လူတစ်ယောက်ပါ အပါအဝင်ဆိုလျှင် စုစုပေါင်း သုံးယောက် ရှိသွားခဲ့ပြီ။

ရီကျင်းဟန်ကမူ ထိုအချင်းအရာအားလုံးကို ထိတ်လန့်တကြီးဖြင့်သာ စောင့်ကြည့်နေလေသည်။ ရန်ကိုင်၏သတိပေးချက်သာ မရလိုက်လျှင် ဤနေရာ၌ အခြားလူများ ပုန်းနေကြောင်းကို သတိပြုမိလိမ့်မည်မဟုတ်ချေ။ ရန်ကိုင်သည် သူမထက် အများကြီး ပိုအားကောင်းမှန်းကို သိထားသော်ငြား သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ ဤမျှပင် ကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူမသည် တာအိုသခင်ဒုတိယအဆင့်ပင် ဖြစ်လင့်ကစား ကျားချောင်းချောင်းနေသည့် အန္တရာယ်ကို သတိမပြုမိခဲ့ပေ။ ထိုလူများသာ သူမအား ပစ်မှတ်ထား တိုက်ခိုက်မည်ဆိုပါက ရီကျင်းဟန်တော့…။

ထိုကဲ့သို့ တွေးမိလိုက်ရုံဖြင့် ရီကျင်းဟန် ဇောချွေးပြန်သွားခဲ့လေ၏။

“ဟဲ ဟဲ…” ရန်ကိုင်က ရုတ်တရက် ရယ်မောလျက် ပေါ်လာသည့် သုံးယောက်အား ဆက်ကြည့်မနေတော့ဘဲ အခြားတစ်ဖက်သို့ လှည့်၍ မေးလိုက်လေသည်။ “ရောင်းရင်း… မင်းရဲ့ကိုယ်ပျောက်ပညာရပ်အပေါ် အဲ့လောက်တောင် ယုံကြည်ချက် ရှိနေတာလား… မင်းရပ်နေတဲ့နေရာက လေတိုက်နေတဲ့နေရာနဲ့ ဆန့်ကျင်ဘက်ဆိုတာကိုလည်း သတိထားဦး… မင်းရပ်နေတဲ့နေရာက တော်တော်လေးဝေးတယ်ဆိုပေမဲ့ မင်းရဲ့ကိုယ်နံ့ကို ငါ သေသေချာချာကြီးကို ရနေတယ်နော်…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက် နောက်ထပ်လူတစ်ယောက် ထပ်ထွက်လာလေ၏။

“အခြားတစ်ယောက် ထပ်ရှိနေသေးတာလား…” ရီကျင်းဟန်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ထိုလူလေးယောက်စလုံးမှာ တာအိုသခင် တတိယအဆင့် ပညာရှင်များ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုလူလေးယောက်အနက် မည်သူမဆို သူမအား အလွယ်တကူ သတ်ပစ်နိုင်ပေ၏။ သို့သော်ငြား သူမတို့မှာ ထိုလေးယောက်စလုံးကို ရင်ဆိုင်ရပေတော့မည်။

ရန်ကိုင်၏ခွန်အားအကြောင်းကို သူမ အတော်လေးသိထားသော်ငြား ယခုတစ်ကြိမ်တော့ အနည်းငယ် စိတ်ပူနေမိပေလေသည်။ ရန်ကိုင်တစ်ယောက်တည်းနှင့် ထိုလေးယောက်အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပမလားဟု တွေးရင်း စိတ်ပူလာမိလေ၏။

ထိုလေးယောက်မှာ အတော်လေးထူးဆန်းသည်ဟု ပြော၍ရသည်။ ကိုယ်ထင်ပြပြီးသည့်တိုင် စကားတစ်ခွန်းမှ မပြောကြ။ ထို့အပြင် လေးယောက်စလုံးသည် တစ္ဆေမျက်နှာဖုံးများကို ဝတ်ဆင်ထားကြသေးသည်။

ထိုမျှသာမဟုတ်သေး။ သူတို့ဝတ်ဆင်ထားသော မျက်နှာဖုံးများမှာလည်း သာမန်မျက်နှာဖုံးများမဟုတ်ကြ။ ရန်ကိုင်မှ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူတို့၏မျက်နှာများကို စစ်ဆေးကြည့်လိုသည့်တိုင် မျက်နှာဖုံး၏ တားဆီးခြင်းကိုသာ ခံနေရလေ၏။

မျက်နှာဖုံးအပြင် ထိုလေးဦးစလုံးသည် တူညီသော ဝတ်ရုံကို ဝတ်ဆင်ထားကြပေသည်။ အကုန်လုံးမှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြပြီး မတူသည့်အချက်ဆို၍ သူတို့ရင်ဘတ်တွင် ထိုးထွင်းထားသော စကားလုံးများသာ ရှိကြသည်။ ထိုလေးယောက်သည် လေ၊ မိုးကြိုး၊ မီးနှင့် တောင်တို့ကို ကိုယ်စားပြုနေပေသည်။

ထိုလေးယောက်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း သိပ်၍ ပုံမှန်ဟုတ်မနေခဲ့ပေ။ ကြည့်ရသလောက် သူတို့ကြား သိမ်မွေ့သည့် ဆက်သွယ်ချက်တစ်ခု ရှိနေသည့်ပုံစံမျိုးပင်။

ထိုအချက်ကို သတိပြုမိလိုက်သော် ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။ ထိုလေးယောက်စလုံးမှာ သာမညလူများ မဟုတ်ကြဘဲ ပူးပေါင်းတိုက်ကွက်တစ်ခုခုကို အတူတကွ ကျင့်ကြံထားသော လူများ ဖြစ်မည်မှန်း သဘောပေါက်လိုက်လေသည်။

“လေ၊ မိုးကြိုး၊ မီး၊ တောင်…” ရီကျင်းဟန် မျက်မှောင်ကျုံ့သွားခဲ့ပြီး အတွေးနက်သွားခဲ့လေသည်။

“ရောင်းရင်းတို့… ဘာဖြစ်လို့ ကျုပ်တို့ကို ဒီမှာစောင့်နေရတာလဲ… ရောင်းရင်းတို့ ဘာလုပ်ချင်နေတာလဲ…” ရန်ကိုင်က ပြုံးလျက်မေးလိုက်လေသည်။

ထိုစကားကိုကြားသော် လေးယောက်စလုံးသည် ဘာမျှ ပြန်မပြောဘဲ မလှုပ်မယှက် ရပ်နေလေ၏။ အတော်ကြာသွားသည့် အခါမှသာ ရင်ဘတ်ပေါ်၌ လေဟူသော စကားလုံး ထိုးထွင်းထားသည့်လူက ရုတ်တရက် ပြောလိုက်လေသည်။ “ငါတို့နဲ့ ပြန်လိုက်ခဲ့…”

ရန်ကိုင်က မျက်ခုံးပင့်လျက် မေးလိုက်လေသည်။ “ရောင်းရင်းက ဘယ်သူလဲ… ရောင်းရင်း ကျုပ်တို့ကို ဘယ်ခေါ်သွားချင်နေတာလဲ…”

မိုးကြိုးစကားလုံးနှင့် ကျင့်ကြံသူက ဝင်ပြောလိုက်လေ၏။ “မေးခွန်းလာမထုတ်နဲ့… ရောက်ရင်သိလိမ့်မယ်…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “အားတော့နာပါတယ်ဗျာ… ကျုပ်က လူစိမ်းတွေဆိုရင် ကြောက်တတ်တယ်ဗျ… ခင်ဗျားတို့နဲ့ တစ်ခါခါမှ မတွေ့ဖူးတာ… ဘယ်လိုလုပ်ပြီး ခင်ဗျားတို့နောက် လိုက်လို့ဖြစ်ပမလဲ… နောက်ကြမှ ပြန်တွေ့ကြတာပေါ့…”

ထိုသို့ပြောပြီးသည့်နောက် လှေကိုထိန်းချုပ်၍ ထွက်ပြေးရန် ကြိုးစားလေသည်။ သို့သော်ငြား ရွှစ်ဟူသော မြည်သံနှင့်အတူ မိုးကြိုးတံဆိပ် ကျင့်ကြံသူသည် ရန်ကိုင်၏ လှေရှေ့တွင် ပိတ်ရပ်လျက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “အဲ့ဒါ မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး…”

ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့လေသည်။ ဤလူ၏ အမြန်နှုန်းနှင့် ပတ်သက်၍ ရန်ကိုင် အတော်လေးကို အထင်ကြီးသွားခဲ့သည်။ ဤလူထုတ်သုံးပြသွားသည့် အမြန်နှုန်းသည် ရန်ကိုင်မှ တာတိုတည်နေရာခုန်ကူးခြင်း ပညာရပ်ကို သုံး၍ လှုပ်ရှားသည့် အမြန်နှုန်းအောက် နိမ့်ကျခြင်း မရှိ‌ပေ။ ထို့အပြင် ထိုလူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် အရင်းအမြစ်ချီကို ကြည့်ရသလောက် ထိုလူသည် မိုးကြိုးပညာရပ်တစ်မျိုးမျိုးကို ကျင့်ကြံထားသည့် ပုံပင်။

မိုးကြိုးသည် အားကောင်းပြီး လျင်မြန်လှသည်။ ထို့အတွက်ကြောင့် ထိုလူ၏ အမြန်နှုန်းမှာ ဤမျှ မြင့်မားနေသည်မှာ အထူးအဆန်း မဟုတ်ချေ။

ရန်ကိုင် မျက်နှာပျက်သွားတော့လေ၏။ ထိုလူများသည် ဤနေရာတွင် အချိန်အတော်ကြာအောင် ပုန်းအောင်းနေခြင်း ဖြစ်သည်။ သူတို့၏ သဘောထား၊ သူတို့ပြောသွားသည့် စကားကို ကြည့်ရသလောက် ထိုလူလေးဦးစလုံးသည် သူ့ကြောင့် ရောက်လာခြင်း ဖြစ်ပေသည်။

သို့သော်ငြား သူတို့ မည်သည့်နေရာကလာသလဲ ဘာကြောင့် သူ့အား လာဖမ်းဆီးချင်နေသလဲ ဆိုသည်ကို ရန်ကိုင်မသိပေ။

သူနှင့် ရန်စရှိသည့် အင်အားစုများဆို၍ သူတော်စင်နန်းတော်နှင့် မိစ္ဆာလတောင်ကြားတို့သာ ရှိပေသည်။ သို့သော်ငြား ထိုဂိုဏ်းနှစ်ဂိုဏ်းစလုံးတွင် ဤမျှအားကောင်းလှသော ကျင့်ကြံသူများ မရှိကြချေ။ ရှိမည်ဆိုလျှင်ပင် သူ့ကို ရန်လာစရဲလိမ့်မည် မဟုတ်။

အနန္တဓါးကြောင့်များ ဤကဲ့သို့ ပြဿနာများ တက်ရလေသလားဟု ရန်ကိုင် တွေးမိလိုက်သေး၏။ သို့သော်ငြား သေချာစဉ်းစားကြည့်လိုက်သည့်နောက် ထိုသို့ မဖြစ်နိုင်မှန်း သဘောပေါက်လိုက်လေသည်။ ထိုလူများသာ အနန္တဓါးကြောင့် ရောက်လာခြင်းဆိုပါက ရန်ကိုင့်အား သူတို့နောက်လိုက်ခဲ့ရန် ပြောနေလိမ့်မည် မဟုတ်ဘဲ ရန်ကိုင့်ကိုသတ်၍သာ သူ့ရတနာများကို လုယူသွားပေလိမ့်မည်။

ထိုအကြောင်းကို စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ရောင်းရင်းကို ကြည့်ရတာ တော်တော်လေး မြန်တာပဲ… ကျုပ်တစ်ချက် သိလို့ရမလားတော့မသိဘူး… ရောင်းရင်းတို့နောက်ကို လိုက်ပြီးသွားရင် ကျုပ်က ဘာလုပ်ရမှာလဲ…”

“ငါတို့ မင်းကို ဘာမှ ပြောပြမှာမဟုတ်ဘူး…” မိုးကြိုးတံဆိပ် ကျင့်ကြံသူက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေ၏။

“ရောင်းရင်းတို့က တော်တော်လေးကို မာနကြီးကြတာပဲ… ကြည့်ရတာ စကားဆက်ပြောနေလို့ မရတော့ဘူးနဲ့တူတယ်…” ရန်ကိုင် မျက်နှာမဲ့သွားခဲ့လေ၏။

“လေကုန်ခံမနေနဲ့… မရရင် အားသုံးပြီးတော့သာ ခေါ်လာခဲ့လိုက်…” မီးတံဆိပ်ကျင့်ကြံသူက ပြောလိုက်လေသည်။

ထိုသို့ပြောပြီးသည့်နောက်တွင် မီးတံဆိပ်ကျင့်ကြံသူသည် သွေးနီရောင်ဓါးမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်လေ၏။ ဓါးမြှောင်ထဲသို့ အရင်းအမြစ်ချီ ထည့်သွင်းလိုက်ပြီးသည့်နောက် မီးတိမ်တိုက်များကို ရန်ကိုင့်ဆီသို့ ပစ်လွှတ်လိုက်လေတော့သည်။

ချက်ချင်းဆိုသလို ပတ်ဝန်းကျင်အပူချိန်မှာ သိသိသာသာကို မြင့်တက်လာလေ၏။ ကောင်းကင်တစ်ခုလုံးဟာလည်း ယခင်ကကဲ့သို့ သာယာနေခြင်း မရှိတော့ဘဲ မီးနီရောင် တောက်လာခဲ့လေသည်။

“သွေးဓါးမြှောင်…” ထိုဓါးမြှောင်ကို မြင်ပြီးသည့်နောက်တွင် ရီကျင်းဟန်သည် အလွန်အံ့အားသင့်သွားဟန်ဖြင့် ပါးစပ်လေးအား လက်ဖြင့် အုပ်လိုက်လေသည်။ သူမ၏မျက်လုံးထဲ ထိတ်လန့်ကြောက်ရွံ့နေသည့် အရိပ်အယောင်တို့လည်း ဖြတ်ပြေးသွားလေ၏။

ရန်ကိုင်သည် မျက်မှောင်ကျုံ့လျက် ရီကျင်းဟန်ကို ခေါ်ကာ အခြားတစ်ဖက်သို့ ရှောင်တိမ်းလိုက်လေသည်။ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းပြီးသည့်နောက်တွင် ရန်ကိုင်သည် မီတာပေါင်းများစွာအကွာ၌ ပြန်ပေါ်လာခဲ့လေသည်။ သူ့အား ဝိုင်းထားသော လူလေးဦးအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်ရင်း မေးလိုက်လေ၏။ “အဲ့လူတွေဘယ်သူလဲ ခင်ဗျားသိတာလဲ…”

“သွေးဓါးမြှောင်… သူတို့တွေက သွေးဓါးမြှောင်ကပဲ…” ရီကျင်းဟန်က အလန့်တကြားဖြင့် ပြန်အော်ပြောလိုက်လေ၏။

“ကျုပ်က အဲ့သွေးဓါးမြှောင်ဆိုတာ ဘာလဲ မေးနေတာ…” ရန်ကိုင်က စိတ်မရှည်သည့်ဟန်ဖြင့် အော်ပြောလိုက်လေသည်။

ရီကျင်းဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်လေသည်။ ပြီးနောက်မှသာ ပြောပြလိုက်လေသည်။ “ရှင်းရှင်းပြောရရင်တော့ သွေးဓါးမြှောင်က ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ဘူး… သူတို့တွေက အဖွဲ့အစည်းတစ်ခုပဲ… ဒါပေမဲ့ အဲ့အဖွဲ့အစည်းက ထိပ်တန်းဂိုဏ်းအများစုထက်ကို ပိုပြီး အားကောင်းတယ်… သူတို့ရဲ့ ဌာနချုပ် ဘယ်နေရာမှာ ရှိလဲဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး… ဒါပေမဲ့ သူတို့ရဲ့ခြေရာတွေကိုတော့ ကြယ်တာရာအစုအဝေးရဲ့ နယ်မြေလေးခုစလုံးမှာ တွေ့ရတယ်… သူတို့ရဲ့ အဖွဲ့အစည်းက လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းလို့လည်း ပြောလို့ရတယ်… လုံလောက်တဲ့ ငွေကြေးကိုသာ ပေးချေနိုင်မယ်ဆိုရင် ရှင်သတ်ခိုင်းချင်တဲ့ ဘယ်သူ့ကိုမဆို သူတို့ သတ်ပေးလိမ့်မယ်… သူတို့လှုပ်ရှားပြီဆိုရင်လည်း သူတို့ရဲ့ပစ်မှတ်ကို မရှင်းပစ်ပြီးမချင်း ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး…”

ထိုနေရာသို့ အရောက်တွင် ရီကျင်းဟန်က တုန်ရီနေသည့် လေသံဖြင့် ဆက်ပြောလိုက်လေသည်။ “သခင်လေးရန်… သွေးဓါးမြှောင်က ဘာလို့ ရှင့်ကို ပစ်မှတ်ထားနေတာလဲ…”

ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေ၏။ “ကျုပ်လည်း မသိလို့ ခင်ဗျားကို မေးနေတာလေ…”

သူကိုယ်တိုင်ပင်လျှင် သွေးဓါးမြှောင် အဖွဲ့အစည်းအကြောင်းကို ယခုအချိန် မတိုင်ခင်အထိ မသိခဲ့ပေ။ ထိုသို့ပြောပြီးသည့်နောက် သူ့အား ဝိုင်းထားသည့် လူလေးယောက်ကို အော်ပြောလိုက်လေ၏။ “သွေးဓါးမြှောင်က ရောင်းရင်းတို့… ကျုပ်အသက်ကို ဘယ်သူလိုချင်နေတာလဲ သိလို့ရမလား…”

“လာမေးမနေနဲ့…”

အံ့အားသင့်ဖွယ်ကောင်းစွာပင် လေတံဆိပ်ဖြင့်ကျင့်ကြံသူသည် ရန်ကိုင်၏အမေးကို ပြန်ဖြေပေးလိုက်လေသည်။ “အထက်အရာရှိတွေက မင်းကို ဌာနချုပ်ဆီ ခေါ်လာဖို့ အမိန့်ပေးထားတာ… ငါတို့က သူတို့အမိန့်အတိုင်း လိုက်လုပ်ပေးရုံပဲ…”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေ၏။ “ကြည့်ရတာ နာမည်ကြီးတာက တကယ်ကို မကောင်းတာပဲ…”

“သခင်လေးရန်က အခုအချိန်မှာတောင် နောက်နေနိုင်သေးတာလား…” ရီကျင်းဟန် ခြေဆောင့်တော့လေသည်။

“ကျုပ်ကိုလည်း ကြည့်ပါဦး…” ရန်ကိုင်သည် ရီကျင်းဟန်ဘက်သို့ လှည့်ကြည့်၍ ပြောလိုက်လေသည်။ “ကျုပ်ပုံစံက နောက်နေတဲ့ပုံစံနဲ့တူလို့လား… ကျုပ်တကယ် နာမည်ကြီးမနေလို့လား…”

“ရှင် ရှင်… ရှင် ကျွန်မကို ရူးအောင်လုပ်နေတာပဲ…” ရီကျင်းဟန်မှာ ဒေါသထွက်လွန်းသဖြင့် စကားများပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်ကုန်လေ၏။

“ရွှစ် ရွှစ် ရွှစ်…”

လေတိုးသံများ တရွှစ်ရွှစ် ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်မှ ရီကျင်းဟန်ဘက်သို့ စကားလှည့်ပြောနေသည့် အချိန်ကို အခွင့်ကောင်းယူလျက် လေတံဆိပ်နှင့်ကျင့်ကြံသူသည် သူ့ဓါးမြှောင်ကိုထုတ်ကာ စတင် လှုပ်ရှားတော့လေ၏။ ထိုလေတံဆိပ်နှင့်ကျင့်ကြံသူသည် အနီရောင်လေဓါးသွားပေါင်းများစွာကို ရန်ကိုင့်ဆီသို့ ပစ်လွှတ်လိုက်လေ၏။ သူ လူပေါင်းမည်မျှ သတ်ထားခဲ့သလဲ မသိရ သူ၏ လေဓါးသွားများဆီမှ သွေးညှီနံ့တို့ လှိုင်လှိုင် ထွက်ပေါ်နေခဲ့လေသည်။

ရန်ကိုင်သည် ထိုတိုက်ခိုက်မှုအားလုံးကို အလွယ်တကူ ရှောင်တိမ်းလိုက်လေ၏။ ထို့နောက် သွေးဓါးမြှောင်အဖွဲ့သားများကို လှောင်ပြုံးပြုံးကာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “ခင်ဗျားတို့စွမ်းအားက ဒီလောက်ပဲဆိုရင် အိမ်ပြန်လိုက်ပေတော့… ဒီလောကကြီးမှာ ဝမ်းစာရှာဖွေဖို့ဆိုတာ ဒီလောက်လွယ်တာမဟုတ်ဘူး… ခင်ဗျားတို့အသက်ကို အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်…”

ရန်ကိုင့်၏ လှောင်ပြောင်ခြင်း ခံလိုက်ရသည့်တိုင် မီးတံဆိပ်နှင့် ကျင့်ကြံသူမှလွဲ၍ ကျန်ကျင့်ကြံသူသုံးဦးစလုံးမှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေကြလေသည်။ မီးတံဆိပ်နှင့် ကျင့်ကြံသူမှာတော့ ရန်ကိုင့်စကားကို ကြားပြီးသည့်နောက် ဒေါသထွက်သွားခဲ့လေ၏။

လေတံဆိပ်နှင့် ကျင့်ကြံသူက ခေါင်းညိတ်လျက် “ထင်ထားတဲ့အတိုင်းပဲ သူက လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတာပဲ… ဒီကောင်နဲ့ရင်ဆိုင်ဖို့ သိပ်လွယ်မှာမဟုတ်ဘူး…”

မိုးကြိုးတံဆိပ်နှင့် ကျင့်ကြံသူကလည်း ပြောလိုက်လေ၏။ “အဲ့ဒါကြောင့်ပဲ သူဒီလောက် အဖိုးတန်နေတာ… ငါတို့ သူ့ကို ကျိန်းသေ ပြန်ခေါ်သွားရမယ်…”

“စကြရအောင်…” မီးကျင့်ကြံသူက စိတ်မရှည်ဟန်ဖြင့် အော်ပြောလိုက်လေသည်။

“သွားစမ်း…” လေတံဆိပ်နှင့် ကျင့်ကြံသူက အော်ပြောလိုက်လေသည်။ သူ့ခန္ဓာကိုယ်တုန်ရီသွားခဲ့ပြီး လေများ တဖြူးဖြူး တိုက်ခတ်လာလေ၏။ လေတိုးသံများနှင့်အတူ ဝဲကတော့တစ်ခုသည် သူ့ခန္ဓာကိုယ်ကို စတင် ရစ်ပတ်လာတော့လေ၏။ ထိုလူသည် အလွန်အားကောင်းသည့် ကျင့်စဉ်တစ်ခုကို ထုတ်သုံးနေရသည့်အလား အလေးအနက်အမူအယာဖြင့် လက်ကွက်များကို ဖန်တီးနေခဲ့လေ၏။

ထိုအချိန်အတောအတွင်း ကျန်သုံးဦးမှာလည်း အလားတူစွာပင် လှုပ်ရှားလိုက်ကြလေသည်။

ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး ရီကျင်းဟန်ဘက်သို့ လှည့်၍ အော်ပြောလိုက်လေ၏။ “ကိုယ့်ကိုယ်ကို ကာကွယ်ထားပေတော့…”

ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် အနန္တဓါးကိုကိုင်စွဲ၍ သူ့ရန်သူများဆီသို့ ပြေးဝင်သွားလေသည်။ ကမ္ဘာလောကကြီးတစ်ခုလုံးအား အပိုင်းပိုင်းအစစဖြစ်အောင် ဖြတ်တောက်တော့မည့်အလား သိပ်သည်းလှသည့် ဓါးချီနှင့် ဓါးစိတ်ဆန္ဒတို့ ဖြာထွက်လာခဲ့လေ၏။

ရန်ကိုင်သည် သူ့တိုက်ကွက်အား လေတံဆိပ်နှင့် ကျင့်ကြံသူတည့်တည့်သို့ ချိန်ရွယ်ထားခဲ့လေသည်။

ရန်ကိုင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားကြောင်း သူ့ပြိုင်ဘက်များ သိထားကြသည်။ သို့တိုင် သူ့အား တားရဲသေးသည်ကို ကြည့်လျှင် သူတို့၌ ဝှက်ဖဲတစ်ခုခု ရှိနေမည့် အတွက်ကြောင့်သာလျှင် ဖြစ်ရပေလိမ့်မည်။

တစ်ဖက်ရန်သူ၏ သိုင်းပညာရပ်များ မည်မျှ အားကောင်းသလဲ ဆိုသည်ကို ရန်ကိုင်မသိပေ။ ထိုသို့ဖြစ်လေရာ လေတံဆိပ်နှင့်ကျင့်ကြံသူ အားကောင်းသည့် ပညာရပ်တစ်ခုအား ထုတ်သုံးမည်ကို ရန်ကိုင့်အနေဖြင့် မည်ကဲ့သို့များ ခွင့်ပြုပေးနိုင်မည်နည်း။

ရန်ကိုင့်၏ ဓါးချက်နှင့်အတူ ဟင်းလင်းပြင်တစ်ခုလုံး ပြိုကျတော့မည့်အလား ကမ္ဘာလောကကြီးတစ်ခုလုံး တုန်ခါလာခဲ့လေသည်။

ဓါးအလင်းရောင်မှာ မရောက်ရှိသေးသော်ငြား သိပ်သည်းလှသည့် အရိုးကွဲမတတ် သတ်ဖြတ်လိုစိတ်သည် လေတံဆိပ်နှင့် ကျင့်ကြံသူအား သွားရောက်ထိမှန်နေခဲ့လေပြီ။ သေခြင်းအငွေ့အသက်ကို ရလိုက်သည့်အလား ထိုလူ၏ မျက်လုံးများ မှေးစင်းသွားခဲ့လေ၏။ သို့သော်ငြား ရှောင်တိမ်းမည့် အရိပ်အယောင်မပြဘဲ စိတ်ပိုင်းဖြတ်ထားသည့်အလား သူ၏ တိုက်ကွက်ကိုသာ ပိုမိုမြန်ဆန်သည့်နှုန်းဖြင့် ဆက်လက်ထုတ်ဖော်နေခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၈၈)

ထိုအချိန်အတောအတွင်း ကျန်သွေးဓါးမြှောင် အဖွဲ့သားသုံးဦးမှာတော့ သူတို့၏သိုင်းပညာရပ်များကို အလေးအနက်အမူအယာဖြင့် ဆက်လက်ထုတ်ဖော်နေကြလေသည်။

“ဝုန်း…”

ထူးဆန်းကာ တိုးလျသည့် အသံတစ်သံ ဟင်းလင်းပြင်ထဲ ရုတ်တရက် မြည်ဟီးထွက်ပေါ်လာခဲ့သည်။ ထိုအသံနှင့်အတူ သွေးဓါးမြှောင်အဖွဲ့သား လေးဦးစလုံးဆီမှ အရင်းအမြစ်ချီလှိုင်းတို့ ဖြာထွက်လာကြပြီး မှိန်ဖျဖျ ရောင်စဉ်စက်ကွင်းတစ်ခုသည် သူတို့ပတ်လည်တွင် ထွက်ပေါ်လာလေသည်။

ထိုကျင့်ကြံသူလေးဦးစလုံး၏ စွမ်းအင်များမှာ တစ်ခုနှင့်တစ်ခု အတူပူးပေါင်းသွားကြောင်း သတိပြုမိလိုက်သည့်နောက် ရန်ကိုင်၏ အမူအယာ ပြောင်းလဲသွားခဲ့လေ၏။

“တောင်စိုင်ပမာ မာကြောခိုင်ခံ့ခြင်း…” ယခုအချိန်မတိုင်ခင်အထိ စကားတစ်ခွန်းမှပင် ဝင်မပြောခဲ့သော တောင်တံဆိပ်နှင့် ကျင့်ကြံသူသည် ရုတ်တရက် ရေရွတ်လိုက်လေသည်။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်အား ရိုက်ချလိုက်ရာ တောင်ရိပ်တစ်ခုသည် သူ့ကျောပြင်၌ ထွက်ပေါ်လာခဲ့လေ၏။ ထိုတောင်ရိပ်မှာ ချက်ချင်းဆိုသလို သူ့ကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

ထိုလူဆီမှ အသွင်မဲ့စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့ပြီး ထိုစွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်တစ်ခုလုံးအား ချိတ်ပိတ်ပစ်လိုက်လေသည်။ ထို့နောက်တွင် တောင်တံဆိပ်နှင့် ကျင့်ကြံသူသည် တရားထိုင်နေသည့် ဘုန်းကြီးတစ်ပါးနှယ် လောကီလောကုတ္တရာအရေးအားလုံးကို ဂရုမစိုက်တော့သည့်အလား မျက်စိမှိတ်၍သာ တင်ပလင်ခွေ ထိုင်နေတော့လေ၏။

“ဘုန်း…”

ရန်ကိုင့် ဓါးချက်ကို ရင်ဆိုင်နေရသော်ငြား လေတံဆိပ်နှင့် ကျင့်ကြံသူကမူ လှောင်ပြုံးသာ ပြုံးနေခဲ့လေသည်။

“ထန်…”

ရန်ကိုင်၏ ဓါးချက်သည် လေတံဆိပ်နှင့်ကျင့်ကြံသူဆီသို့ မရောက်ခင်မှာပင် ရပ်တန့်သွားခဲ့လေသည်။ သို့ရာတွင် ထက်ရှလှသည့် ဓါးချီလှိုင်းများမှာတော့ လေတံဆိပ်ကျင့်ကြံသူ၏ နဖူးထက် သွေးစီးကြောင်းတစ်ခုကို ထင်ကျန်ရစ်သွားစေခဲ့လေ၏။ သို့သော်ငြား ၎င်း၏အသက်ကိုတော့ နှုတ်မယူနိုင်ခဲ့ပေ။

အနန္တဓါးအား အသွင်မဲ့ အကာအရံတစ်ခုမှ တားဆီးထားခဲ့လေသည်။

“ဘာကြီးလဲ…” လေတံဆိပ်နှင့် ကျင့်ကြံသူအား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် စိုက်ကြည့်ရင်း ရန်ကိုင်က ရေရွတ်လိုက်လေ၏။ သူ့ပြိုင်ဘက်မှ သူ့တိုက်ကွက်အား ခုခံရန် မကြိုးစားသည်ကို ရန်ကိုင် သေသေချာချာ မြင်ခဲ့သည်။ သို့သော်ငြား သူ့တိုက်ကွက်သည် တစ်ဖက်လူဆီသို့ မရောက်သေးခင်မှာပင် တစ်စုံတစ်ခု၏ တားဆီးခြင်း ခံလိုက်ရလေ၏။

လေတံဆိပ်နှင့် ကျင့်ကြံသူမှာ ရန်ကိုင် အသိပြန်ဝင်လာသည့် အချိန်အထိ စောင့်မနေတော့ဘဲ ရန်ကိုင့်ရင်ဘတ်တည့်တည့်အား သူ့လက်ညှိုးဖြင့် ချိန်ရွယ်လိုက်လေသည်။ ဝဲကတော့တစ်ခုသည် လေတံဆိပ်နှင့် ကျင့်ကြံသူ၏ လက်ညှိုးထက် စတင် ဖြစ်ပေါ်လာလေ၏။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း အနန္တဓါးဖြင့် သူ့ရင်ဘတ်နေရာအား ကမန်းကတန်း ကာလိုက်ရလေသည်။ လေတံဆိပ်နှင့်ကျင့်ကြံသူ၏ တိုက်ကွက်မှာ အနန္တဓါးပေါ်သို့ တည့်တည့် ကျရောက်သွားလေ၏။

ချက်ချင်းဆိုသလို ရန်ကိုင်၏ အမူအယာ ပြောင်းလဲသွားတော့လေသည်။ ထိုတိုက်ကွက်ထဲတွင် အလွန်တရာကိုမှ အားကောင်းလှသော စွမ်းအားတို့ ပါဝင်နေသည်ကို ရန်ကိုင် သတိထားမိလေသည်။ တောင်တစ်လုံး၏ ဝင်ဆောင့်ခြင်း ခံလိုက်ရသည့်အလား ရန်ကိုင့်လွင့်စွင် ထွက်သွားခဲ့ပြီး သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီတို့မှာလည်း ကသောင်းကနင်း ဖြစ်ကုန်လေ၏။

မီးနီရောင်ပုံရိပ်တစ်ခုသည် ရန်ကိုင့်နားသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့လေသည်။ မီးတံဆိပ်နှင့် ကျင့်ကြံသူသည် ၎င်း၏ဓါးမြှောင်ကို သုံးလျက် ရန်ကိုင့်တည့်တည့်သို့ ခုတ်ပိုင်းချလိုက်လေ၏။

“သခင်လေးရန် သတိထား…” ထိုအချင်းအရာကိုမြင်သော် ရီကျင်းဟန်၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လေသည်။

“ရွှစ်…”

မီးတိမ်တိုက်များသည် လေပြင်းများနှင့် ပေါင်းစပ်သွားခဲ့လေ၏။ မတူညီသော စွမ်းအင်နှစ်မျိုးသည် တစ်ခုအပေါ်တစ်ခု ပေါင်းထပ်လျက် အတူတကွ ပေါင်းစပ်သွားခဲ့လေပြီ။ ချက်ချင်းဆိုသလို ကောင်းကင်တစ်ခုလုံးလည်း မီးနီရောင် သန်းသွားတော့လေ၏။

ထိုတိုက်ကွက်ထဲ ပါဝင်နေသည့် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ခံစားမိလိုက်သော် ရန်ကိုင် မျက်နှာ ပျက်သွားခဲ့လေသည်။ လေဟာနယ်နိယာမစွမ်းအားကို သုံးလျက် တည်နေရာခုန်ကူးတော့မည်အပြု ပြိုးပြိုးပျက်ပျက် မြည်သံများ ထွက်ပေါ်လာခဲ့သည်။ ထိုအသံများနှင့်အတူ မိုးကြိုးတံဆိပ်နှင့် ကျင့်ကြံသူသည် ရန်ကိုင့်နောက်ဘက်တွင် ပေါ်လာပြီး သူ့ကျောပြင်အား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ရန်ကိုင်မှာ ထိုတိုက်ကွက်အား မရှောင်နိုင်သေးခင်မှာပင် လက်ဝါးချက်သည် သူ့တည့်တည့်သို့ ကျရောက်လာလေ၏။ ချက်ချင်းဆိုသလို လျှပ်ပန်းလျှပ်နွယ်များမှာ ရန်ကိုင့်ပတ်ပတ်လည်တွင် တဖျတ်ဖျတ် ထွက်ပေါ်လာတော့လေသည်။ လျှပ်စီးများ၏ တားဆီးခြင်း ခံနေရသော် ရန်ကိုင်သည် မီးတိမ်တိုက်များ၏ ဝါးမျိုခြင်းကိုလည်း ခံလိုက်ရတော့လေ၏။

လေတံဆိပ်၊ မိုးကြိုးတံဆိပ်၊ မီးတံဆိပ်ကျင့်ကြံသူသုံးဦး၏ အတူပူးပေါင်းတိုက်ကွက်မှာ အလွန်ကိုမှ စည်းချက်ညီလှသည်။ သူတို့ကို ကြည့်ရသည်မှာ မတူညီသည့် လူများမဟုတ်တော့ဘဲ ကိုယ်ပွားများသာ ဖြစ်သည်ဟုပင် ထင်နေရလေသည်။ ထိုလူသုံးဦးသည် တိုက်ကွက်အနည်းငယ်ဖြင့် ရန်ကိုင့်အား ချောင်ပိတ်လိုက်နိုင်လေ၏။

ထိုအချင်းအရာကိုမြင်သော် ရီကျင်းဟန်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ သူမတစ်ကိုယ်လုံးလည်း တုန်ရီသွားခဲ့လေ၏။ တဝုန်းဝန်း မြည်ဟီးနေသော မီးတိမ်တိုက်များကို ကြည့်ရင်း သူမကိုယ်သူမ မြင်လိုက်မိလေသည်။

(သူသေသွားတာလား… ဒီလိုနဲ့ပဲ သူသေသွားခဲ့တာလား…)

ရန်ကိုင်သည် သူမမြင်ခဲ့ဖူးသည့် တာအိုသခင်အဆင့် ပညာရှင်များအနက် အားအကောင်းဆုံးဖြစ်သည်မှာ မှန်ပေသည်။ ရန်ကိုင်သည် ဂုဏ်ယူဝံ့ကြွားကာ မာနကြီးသူတစ်ဦး ဖြစ်သော်ငြား သူ့တွင် သူမနားမလည်နိုင်သော ထူးဆန်းသည့် နည်းလမ်းများစွာ ရှိနေခဲ့လေသည်။ သူမကိုယ်တိုင်သည်လည်း ရန်ကိုင်ကဲ့သို့ဖြစ်ချင်မိသည်။ သို့သော်ငြား ထိုကဲ့သို့သော သူမပင်လျှင် လေးစားအားကျရသည့် လူတစ်ယောက်သည် သူမရှေ့တည့်တည့်တွင်ပင် အသတ်ခံလိုက်ရလေ၏။

သူမကိုယ်တိုင်ပင်လျှင် နားမလည်နိုင်လောက်သည်အထိကို ရန်ကိုင်သည် ထိုလူများ၏ အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

“ရွှစ် ရွှစ် ရွှစ်…”

လေတံဆိပ်၊ မိုးကြိုးတံဆိပ်၊ မီးတံဆိပ် ကျင့်ကြံသူသုံးဦးသည် လေထဲတွင် ပုခုံးချင်းယှဉ်ရပ်ရင်း အောက်ဘက်ရှိ နယ်မြေအား အေးစက်စက် အမူအယာဖြင့် လေ့လာကြည့်နေလေသည်။

“ငါတို့အကြီးအကဲတွေကများ ဒီကောင့်ကို အရမ်းအထင်ကြီးနေတာလား… ဒီကောင့်ကိုကြည့်ရတာ ဘာမှ မဟုတ်သလိုပဲ…” မီးတံဆိပ်နှင့် ကျင့်ကြံသူက အေးစက်စက် အမူအယာဖြင့် ပြောလိုက်လေသည်။

မီးတိမ်တိုက်များကို မျက်မှောင်ကျုံ့ကာ စိုက်ကြည့်နေသော လေတံဆိပ်နှင့် ကျင့်ကြံသူသည် မီးတံဆိပ်နှင့် ကျင့်ကြံသူ ပြောသည့် စကားကိုကြားသော် ဒေါသတကြီး အော်ဟစ်ပြစ်တင်တော့လေ၏။ “မင်းတိုက်ကွက်ကြီးက အရမ်းပြင်းသွားတာကိုးကွ… ငါတို့အကြီးအကဲတွေက သူ့ကို အသက်ရှင်လျက် ပြန်ခေါ်လာဖို့ မှာထားတာ… အလောင်းကို လိုချင်တာမဟုတ်ဘူး… သူသာ တကယ်သေသွားရင် ငါတို့ဒီအကြောင်းကို ဘယ်လိုပြန်ပြောရမှာလဲ…”

ထိုစကားကိုကြားသော် သူတို့ပြဿနာတက်ပြီမှန်း မီးတံဆိပ်နှင့် ကျင့်ကြံသူ နားလည်သွားခဲ့လေသည်။ သို့သော်ငြား မကျေမနပ်ဖြင့် ပြန်၍ ပြောလိုက်သေး၏။ “သူဒီလောက် အားနည်းလိမ့်မယ်လို့ ငါ ဘယ်လိုလုပ်ပြီး သိမှာလဲကွ… ငါ့တိုက်ကွက်တစ်ကွက်တောင် မခံနိုင်ဘူး… ကဲ အခု ငါတို့ဘာလုပ်ကြမှာလဲ…”

လေတံဆိပ်နှင့်ကျင့်ကြံသူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “မင်းလုပ်ထားတဲ့ ပြဿနာကို မင်းဘာသာမင်း ရှင်း… ပြန်ရောက်ရင်တော့ ငါက အကြောင်းစုံကို အမှန်အတိုင်း အကုန်ပြန်ပြောမှာ…”

မိုးကြိုးတံဆိပ်နှင့် ကျင့်ကြံသူက မျက်မှောင်ကျုံ့လျက် “ပြဿနာတွေ ဖြစ်မနေနဲ့ဦး… အဲ့ကောင် သေမသေတောင် ငါတို့ မသေချာသေးဘူး… ဒီကောင့်ကို ကြည့်ရတာ တော်တော်မာမဲ့ပုံ… ဒီလောက်နဲ့တော့ မသေလောက်ဘူး… ဒဏ်ရာပဲ ရသွားလောက်မှာ… မီးတောက်… မင်း အောက်ဆင်းပြီး သွားစစ်ဆေးကြည့်လိုက်ပါလား…”

ထိုစကားကိုကြားသော် မီးတံဆိပ်နှင့် ကျင့်ကြံသူမှာ မကျေမနပ်ဖြစ်သွားသော်ငြား မီးတိမ်တိုက်များထဲသို့ သွားရောက်စစ်ဆေးကြည့်ပေသေးသည်။

လေတံဆိပ်နှင့် မိုးကြိုးတံဆိပ်ကျင့်ကြံသူတို့မှာတော့ စိုးရိမ်တကြီးဖြင့်သာ ရပ်စောင့်နေကြလေ၏။ ရန်ကိုင်သေသွားမည်ကို သူတို့တကယ် စိုးရိမ်နေကြသည်။ တကယ်တော့ သူတို့၏အထက်အရာရှိများသည် ရန်ကိုင့်အား အသက်ရှင်လျက် ပြန်ခေါ်လာရန် ပြောခဲ့သည် မဟုတ်လေလော။ သူတို့သာ ရန်ကိုင့်အား မတော်တဆ သတ်လိုက်မည်ဆိုပါက ဤသည်မှာ သွေးဓါးမြှောင်တွင် သူတို့၏ နောက်ဆုံးနေ့ရက်များ ဖြစ်သွားနိုင်ပေသည်။ သွေးဓါးမြှောင်မှ ပေးမည့်ပြစ်ဒဏ်ကို သူတို့ မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

မီးတောက်များမှာ ကမ္ဘာတည်နေသရွေ့ လောင်ကျွမ်းနေမည့်အလား မီးတိမ်တိုက်ကြီးမှာ ယခင်ကကဲ့သို့ လောင်ကျွမ်းမြဲ လောင်ကျွမ်းနေခဲ့လေသည်။ မီးတံဆိပ်နှင့် ကျင့်ကြံသူ ထိုမီးတိမ်တိုက်များထဲသို့ ဝင်သွားပြီးနောက် သူ့ဆီမှ အသံတစ်ချက်ပင် ထွက်မလာတော့ချေ။

တစ်ခုခုမှားယွင်းနေမှန်း နားလည်လိုက်သည့်နောက်တွင် မိုးကြိုးနှင့် လေတံဆိပ်ကျင့်ကြံသူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။

ထိုစဉ် မတော်တဆ တစ်ခုခု ဖြစ်သွားခဲ့လေသည်။ ငြီးတွားသံနှင့်အတူ မီးတိမ်တိုက်များထဲမှ မီးတံဆိပ်နှင့်ကျင့်ကြံသူ သွေးပွက်ပွက်အန်ထွက်ရင်း လွင့်ပျံထွက်လာခဲ့လေ၏။

“ဘာဖြစ်တာလဲ…”

မိုးကြိုးတံဆိပ်နှင့် လေတံဆိပ်ကျင့်ကြံသူတို့ နှစ်ဦးစလုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။

“ရွှစ် ရွှစ် ရွှစ်…”

မီးတိမ်တိုက်များထဲဆီမှ ထူးဆန်းသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ဓါးချီလှိုင်းများနှင့် ဓါးစိတ်ဆန္ဒတို့ သောင်းကျန်းနေသည့်အလား။ ခဏအကြာတွင် လောင်ကျွမ်းနေသော မီးတောက်များ ရုတ်တရက် ပြန့်ကျဲသွားခဲ့ပြီး မီးတိမ်တိုက် ရှိနေခဲ့သည့် နေရာ၌ ရောင်စုံအလင်းတန်းတို့ လွှမ်းခြုံနေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“သခင်လေးရန်…”

ခုနှစ်ရောင်ခြယ်အလင်းတို့ဖြင့် လွှမ်းခြုံနေသော ပုံရိပ်ကို မြင်လိုက်သော် ရီကျင်းဟန် ဝမ်းသာအားရ အော်ဟစ်မိလိုက်လေ၏။

“မဖြစ်နိုင်ဘူး…”

ရန်ကိုင့်၏ လက်ရှိအခြေအနေကိုမြင်သော် မိုးကြိုးတံဆိပ်၊ လေတံဆိပ်ကျင့်ကြံသူတို့ တစ်ပြိုင်တည်း ထအော်လိုက်ကြလေသည်။ ရန်ကိုင့်၏ ပုံစံမှာ အတော်လေး ဖိုသီဖတ်သီ ဖြစ်နေသော်ငြား သူ့တွင် မည်သည့်ဒဏ်ရာမှ ရှိမနေခဲ့ချေ။

ထို့အပြင် ရန်ကိုင့်၏ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသော ငါးရောင်ခြယ်အလင်းတန်း၌ နက်နဲဆန်းကြယ်သည့် စွမ်းအားတို့ ကိန်းအောင်းနေသည်ကို သတိပြုမိလိုက်ကြသည်။ ထိုငါးရောင်ခြယ်စွမ်းအားထဲ ဓာတ်ကြီးငါးပါး၏ စွမ်းအားတို့ ပေါင်းစပ်ပါဝင်နေကြောင်းကို သေချာသတိထားမိကြသည်။ ထိုဓာတ်ကြီးငါးပါးသည် အတူတကွ ပူးတွဲတည်ရှိကာ တစ်ခုပေါ်တစ်ခု အပြန်အလှန် အားဖြည့်ပေးနေကြလေသည်။

“သတိထား… ဒီကောင်က ရင်ဆိုင်ရမလွယ်ဘူး…” မီးတံဆိပ်နှင့် ကျင့်ကြံသူသည် သူ့အပေါင်းအပါများဘက်သို့ လှည့်၍ ပါးစပ်ထောင့်မှ သွေးများကို သုတ်ရင်း လှမ်းအော်ဟစ် သတိပေးလိုက်လေသည်။

“မင်းသတိပေးနေစရာမလိုဘူး…” မိုးကြိုးတံဆိပ်၊ လေတံဆိပ်ကျင့်ကြံသူနှစ်ဦးစလုံး မီးတံဆိပ်နှင့် ကျင့်ကြံသူအား စူးရဲစွာ စိုက်ကြည့်လိုက်ကြလေ၏။

“အခုလိုမျိုး စိတ်ပူပေးတဲ့အတွက် ရောင်းရင်းတို့ကို ကျေးဇူးအများကြီးတင်ပါတယ်နော်…” ရန်ကိုင်သည် အနန္တဓါးကို ဝှေ့ယမ်းလျက် သူ့ကိုယ်ပတ်လည်တွင် ရစ်သိုင်းနေသော ဓါတ်ကြီးငါးပါး ဓါးချီကို ဖယ်ရှားပစ်လိုက်ပြီးသည့်နောက် ညစ်ကျယ်ကျယ်ပြုံးလျက် “ရောင်းရင်းတို့ရဲ့ ကျေးဇူးကြောင့်ပဲ ကောင်းကောင်းနားခဲ့ရသလို ရောင်းရင်းတို့ရဲ့ ပူးပေါင်းပညာရပ်ရဲ့ တကယ့်အဆီအနှစ်ကိုလည်း နားလည်နိုင်ခဲ့တယ်… ရောင်းရင်းတို့ရဲ့ ဓာတ်သဘာဝတွေက တစ်ခုနှင့်တစ်ခု အတူပေါင်းစပ်သွားပြီးတော့ အကုန်လုံးရဲ့ စွမ်းအင်ကို မြင့်တက်သွားစေတာမလား…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်ထဲ၌ ဘုန်းကြီးတစ်ပါးနှယ် တင်ပလင်ခွေ ထိုင်နေသော တောင်တံဆိပ်နှင့် ကျင့်ကြံသူအား လှမ်းကြည့်၍ ပြောလိုက်လေ၏။ “တောင်တံဆိပ်ကျင့်ကြံသူကတော့ ဒီနေရာတစ်ခုလုံးကို ချိတ်ပိတ်ပြီး ခင်ဗျားတို့ကို ကာကွယ်ပေးနေတာ ဟုတ်တယ်မလား… အဲ့ဒါကြောင့်ပဲ ကျုပ် တည်နေရာခုန်ကူးဖို့ ကြိုးစားပေမဲ့ အလုပ်မဖြစ်သွားတာ… ကျုပ်ခန္ဓာကိုယ်က အားကောင်းနေလို့ပေါ့… မဟုတ်ရင်တော့ ဒဏ်ရာဆိုးဆိုးရွားရွားတွေ ရကုန်ပြီ… ဒီပူးပေါင်းတိုက်ကွက်ကို ဖန်တီးလိုက်တဲ့လူကတော့ တကယ့်ကို ပါရမီရှင်ပဲ…”

ထိုစကားကိုကြားသော် လေကျင့်ကြံသူ၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ “ဒီလောက်အချိန်တိုအတွင်း ဒါတွေအားလုံးကို မင်းရှာတွေ့သွားခဲ့တာလား…”

“မဟုတ်ပါဘူး…” ရန်ကိုင်က သူ့အင်္ကျီကိုခါရင်း “အဲ့အချိန်အတွင်းမှာ ကျုပ် အင်္ကျီတွေကိုပါ လဲနေသေးတာ… ဒီမှာ ကြည့်ကြည့်လိုက်…”

ရန်ကိုင် နောက်နေခြင်းမဟုတ်ဘဲ အမှန်တကယ် အဝတ်အစားအသစ်တစ်စုံ လဲထားသည်ကို မြင်လိုက်သော် လေတံဆိပ်နှင့် ကျင့်ကြံသူ၏အမူအယာ မြင်မကောင်းရှုမကောင်းအောင် ဖြစ်သွားခဲ့လေသည်။

မိုးကြိုးတံဆိပ်နှင့် ကျင့်ကြံသူကလည်း မှုန်ကုပ်ကုပ် အမူအယာဖြင့် “ကြည့်ရတာ ငါတို့အကြီးအကဲတွေ ငါတို့လေးဦးစလုံးကို ပို့လိုက်တာ အကြောင်းအရင်း ရှိတယ်နဲ့တူတယ်… ဒီကောင့်ကို သာမန်အမြင်နဲ့ သွားကြည့်လို့ မရဘူးကွ…”

“သူဘယ်လောက်ပဲ အားကောင်းအားကောင်း တာအိုသခင် ဒုတိယအဆင့်ပဲ ရှိသေးတာ… ငါတို့သာ အတူပူးပေါင်းလိုက်မယ်ဆိုရင် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးကိုတောင် ယှဉ်ပြိုင်နိုင်မယ်… ဒီကောင့်လောက်ကိုတော့ ကြောက်နေစရာ မလိုဘူး…” မီးတံဆိပ်နှင့် ကျင့်ကြံသူမှာ ရှက်ရှက်ဖြင့် ဒေါသထွက်သွားခဲ့လေသည်။

ထိုစကားကိုကြားသော် ယခုလေးတွင် စိတ်တည်ငြိမ်သွားခဲ့သော ရီကျင်းဟန် နောက်တစ်ကြိမ် စိုးရိမ်လာရပြန်လေသည်။

ထိုကျင့်ကြံသူလေးဦးသာ ဧကရာဇ်ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သောခွန်အားကို ပိုင်ဆိုင်ထားပါက ရန်ကိုင့်တွင် အောင်မြင်နိုင်ရန် အခွင့်အရေး မရှိတော့ချေ။ ရန်ကိုင်မည်မျှပင် အားကောင်းနေစေကာမူ သူသည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးလောက်သာ အားကောင်းသည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးအား အနိုင်ယူနိုင်သည့် လူတစ်ဦးမဟုတ်။

ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် သုံးဦးစလုံး ငြိမ်ကျသွားခဲ့ပြီး ရန်ကိုင့်အား စိုက်ကြည့်လာခဲ့လေသည်။

ရန်ကိုင်ကမူ တပြုံးပြုံးဖြင့်သာ ရှိနေခဲ့လေသည်။

ပွဲကြည့်ပရိသတ်ဖြစ်နေသော ရီကျင်းဟန်မှာမူ နှင်းမုန်တိုင်းတစ်ခုထဲသို့ ကျရောက်သွားသည့်အလား တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်လာခဲ့လေသည်။ အလွန်တရာကိုမှ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့သည် သူမ၏ အသားအား ဓါးဖြင့် ပါးပါးလှီးသလို လာရောက်ဖြတ်တောက်နေခဲ့လေ၏။ ထို့အတွက်ကြောင့် သူမစိတ်ထဲ အလွန်ကိုမှ မသက်မသာ ဖြစ်နေခဲ့လေသည်။

ဤတိုက်ပွဲတွင် သူမအနေဖြင့် ရန်ကိုင့်အား မည်သို့မျှ အကူအညီပေးနိုင်လိမ့်မည် မဟုတ်မှန်း သိထားသည့်အတွက်ကြောင့် ရန်ကိုင့်အတွက် ပြဿနာမဖြစ်စေရန် တိုက်ပွဲမှ ခပ်ဝေးဝေးတွင်သာ ရပ်နေခဲ့လေသည်။

မကြာမီ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့သည် တစ်ခုနှင့်တစ်ခု သွားရောက်ထိပ်တိုက်တွေ့ဆုံ ပေါက်ကွဲတော့လေ၏။ ငြိမ်သက်နေသော အခြေအနေမှာ ရုတ်ချည်း တင်းမာလာခဲ့လေ၏။ မီးတံဆိပ်နှင့် ကျင့်ကြံသူက ရုတ်တရက် အော်ပြောလိုက်လေသည်။ “တက်ကြ…”

ထိုကဲ့သို့ အော်ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် သူတို့သုံးဦးထဲတွင် အမြန်ဆုံးဖြစ်သော မိုးကြိုးတံဆိပ်နှင့် ကျင့်ကြံသူသည် ရန်ကိုင့်ရှေ့တည့်တည့်တွင် ရုတ်တရက် ပြန်ပေါ်လာပြီး လျှပ်စီးများ လွှမ်းခြုံနေသည့် သူ့လက်ဝါးဖြင့် ရန်ကိုင့်တည့်တည့်သို့ ရိုက်ချလိုက်လေသည်။

ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့ပြီး ချက်ချင်းပဲ ပြန်၍ ခုခံတိုက်ခိုက်လိုက်လေ၏။

ဓါးစိတ်ဆန္ဒတို့ အဖက်ဖက်သို့ ဖြာထွက်လာခဲ့ပြီး အားကောင်းလှသည့် ဓါးအလင်းတန်းတစ်ခုသည် မိုးကြိုးတံဆိပ် ကျင့်ကြံသူဆီသို့ တိုးဝင်သွားလေ၏။

ရန်ကိုင်၏တိုက်ကွက်နှင့် ရင်ဆိုင်နေရသည့်တိုင် မိုးကြိုးတံဆိပ်ကျင့်ကြံသူမှာကြောက်လန့်သွားခြင်း မရှိဘဲ လှောင်ပြုံးပင် ပြုံးနေသေးလေသည်။ သူ့ခန္ဓာကိုယ်မှာ ရုတ်တရက် ဝေဝါးပျောက်ကွယ်သွားခဲ့လေ၏။ ထို့အစား သူရပ်နေသည့် နေရာတွင် မီတာပေါင်းများစွာအကွာ၌ ရှိနေသော မီးတံဆိပ်နှင့် ကျင့်ကြံသူက ရုတ်တရက် ပြန်ပေါ်လာလေ၏။

“တည်နေရာခြင်းပြောင်းလိုက်တာလား…” ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့လေ၏။

မီးတံဆိပ်နှင့် ကျင့်ကြံသူသည် သူ၏ဓါးမြှောင်ကို ရန်ကိုင်တည့်တည့်သို့ ထိုးစိုက်ချလိုက်လေ၏။ “မဟာမီးတောက်များ လောင်ကျွမ်းပစ်လိုက်စမ်း…”

“ဝုန်း ဝုန်း ဝုန်း…”

ဓါးချီနှင့် မီးတောက်တို့ ထိပ်တိုက်တွေ့သွားသည့်အခိုက် ပြင်းထန်သည့် ပေါက်ကွဲသံတို့ ထွက်ပေါ်လာခဲ့လေသည်။ ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများကြောင့် ဟင်းလင်းပြင်ပင် တုန်ခါလာခဲ့ပြီး အနီးအနားရှိ မိုးမြေစွမ်းအင်မှာတော့ ကသောင်းကနင်း ဖြစ်ကုန်တော့လေ၏။

“မိုးကြိုးမုန်တိုင်း…” မိုးကြိုးတံဆိပ်နှင့် ကျင့်ကြံသူသည် ရန်ကိုင့်၏ ဘယ်ဘက်ခြမ်းတွင် ဘယ်ချိန်တည်းကမှန်းမသိ ရုတ်တရက် ပြန်ပေါ်လာပြီးသည့်နောက် သူ့လက်ဝါးဖြင့် ရန်ကိုင်တည့်တည့်သို့ ရိုက်ချလိုက်လေ၏။ မြောက်မြားလှစွာသော လျှပ်ပန်းလျှပ်နွယ်များ ရန်ကိုင့်၏ ဦးခေါင်းထက် တဖျတ်ဖျတ် လင်းလက်လာပြီးနောက် သူ့ကိုယ်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၈၉)

တိမ်မီးတောက်ထဲမှ ထွက်လာပြီးပြီးချင်းမှာပင် လျှပ်စီးတန်းများ ရန်ကိုင်အပေါ်သို့ ကျဆင်းလာခဲ့၏။ ထိုလျှပ်စီးတန်းကြောင့် ရန်ကိုင် တစ်ကိုယ်လုံး တုန်တက်သွားခဲ့ပြီး အသားမီကျွမ်းနံ့တို့ ထွက်ပေါ်လာခဲ့သည်။

ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးခန္ဓာကျင့်စဉ် ကျေးဇူးဖြင့် သူ့ခန္ဓာကိုယ် ပုံမှန်ထက် အားကောင်းနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုတိုက်ကွက်သည် သူ့အား တစ်ခါတည်း သတိလစ်သွားစေနိုင်ပေသည်။ သတိမလစ်သွားလင့်ကစား လျှပ်စီးများကြောင့် သူ့အရင်းအမြစ်ချီကို ကောင်းကောင်းမွန်မွန် လှည့်ပတ်၍ မရတော့ချေ။

“နွေဦးလေညင်း... မိုးစက်များ” လေတံဆိပ် ကျင့်ကြံသူသည် ရန်ကိုင်ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ရန်ကိုင်အား သူ့ဓါးမြောင်ဖြင့် ထိုးချလိုက်သည်။ ဓါးမြောင်နှင့်အတူ လေညင်းတို့ပါ လိုက်ပါလာ၏။ လေညင်းတဖြူးဖြူးထဲဝယ် ရန်ကိုင်၏ အသိစိတ်များ စတင် ဝေဝါးလာရတော့လေသည်။

သူ့အကြည့်များဟာလည်း အာရုံစူးစိုက်မှု မရှိတော့ဘဲ အသိစိတ်လွတ်သလို ဖြစ်လာ၏။ သို့သော်ငြား သေရေးရှင်ရေး အခိုက်အတန့်မှာပင် ရန်ကိုင်သည် သူ့လျှာကိုကိုက်လျက် လေဟာနယ်နိယာမစွမ်းအားကို အသက်သွင်းလိုက်လေသည်။

ရန်ကိုင်သည် သူ့လက်အား ဝှေ့ရမ်းလျက် လဓါးသွားများကို ပတ်ပတ်လည်သို့ ပစ်လွှတ်လိုက်လေ၏။

“ရှောင်ကြ” လေတံဆိပ်နှင့် ကျင့်ကြံသူ၏ အမူအရာ ပြောင်းလဲသွားပြီး ထအော်လေသည်။

မိုးကြိုးတံဆိပ်၊ မီးတ့ဆိပ် ကျင့်ကြံသူတို့သည် ရန်ကိုင်အကြောင်း ‌ကောင်းကောင်း သိထားကြသည်လား ရန်ကိုင်၏ လေဟာနယ်ပညာရပ်ကိုမြင်သော် မျက်စိပျက်မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။ အကုန်လုံးသည် လှုပ်ရှားမှုပညာရပ် အသီးသီးကို ထုတ်သုံး၍ လဓါးသွားများကို အသည်းအသန် ရှောင်ကြတော့လေ၏။

ဝှစ်...

လေခွင်းသံနှင့်အတူ ရန်ကိုင်၏ ကျောဘက်တွင် တောင်ပံတစ်စုံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုတောင်ပံများထဲ လေမိုးကြိုးစွမ်းအားကို ပါဝင်နေသည့် အတွက်ကြောင့် တောင်ပံများကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အမြန်နှုန်းမှာ ရုတ်ချည်း မြင့်တက်လာခဲ့လေသည်။

လေမိုးကြိုးတောင်ပံများပင် ဖြစ်လေ၏။

ဤတောင်ပံများကို ရန်ကိုင် အသုံးမပြုဖြစ်ခဲ့သည်မှာ အတော်လေး ကြာလေပြီ။ သူ့ခွန်အား တိုးတက်လာသလို လေဟာနယ်တာအိုကို ပို၍ နက်နက်နဲနဲ ကျွမ်းကျင်လာသည်နှင့်အမျှ လေမိုးကြိုးတောင်ပံများသည် ရန်ကိုင်အတွက် အသုံးမဝင်တော့သလောက် ဖြစ်သွားခဲ့သည်။

သို့သော်ငြား ယခုကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုလုံးကို တည်နေရာ ခုန်ကူး၍ မရအောင် ချိတ်ပိတ်ထားချိန် လေမိုးကြိုးတောင်ပံများမှာ ပြန်၍ အသုံးဝင်လာတော့လေသည်။

လေမိုးကြိုးစွမ်းအားတို့ ဖြာထွက်နေသည့် တောင်ပံများကိုကြည့်ရင်း လေတံဆိပ်၊ မိုးကြိုးတံဆိပ် ကျင့်ကြံသူနှစ်ဦးစလုံး အံ့အားသင့်သွားကုန်ကြလေသည်။ ရန်ကိုင်သည် လေဟာနယ်တာအိုနှင့်တကွ ဒြပ်ကြီးငါးပါးကိုပါ ဤမျှ အဆင့်မြင့်မြင့် တတ်ကျွမ်းထားလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။

ယခုမှသာ ရန်ကိုင် တတ်ကျွမ်းထားသည့် တာအိုအရေအတွက်တော် အတော်လေးကိုမှ များပြားနေမှန်း သွေးဓါးမြောင် အဖွဲ့သားများ နားလည်သွားခဲ့ကြသည်။

ဝှစ်...

ရုတ်တရက် တောင်ပံများကို ခတ်ချလိုက်ရာ ရန်ကိုင်၏ ခန္ဓာကိုယ် လစ်ခနဲ ပြေးထွက်သွားပြီး မီးတံဆိပ် ကျင့်ကြံသူဘေးတွင် ရုတ်တရက် ပြန်ပေါ်လာလေသည်။ သူ့မျက်နှာသည် မီးတံဆိပ်ကျင့်ကြံသူ၏ မျက်နှာနှင့် ထိမိခါနီးပင်။

ထိုအဖြစ်အပျက်ကြောင့် မီးတံဆိပ် ကျင့်ကြံသူ ထိတ်လန့်တုန်လှုပ်သွားလေ၏။ သို့သော်ငြား ရန်ကိုင် မျက်နှာထက်ရှိ လှောင်ပြုံးကိုမြင်သော် ဒေါသပုန်ထသွားပြီး ရှက်ရှက်ဖြင့် ထအော်လေသည် “မင်းဘာကို ကြည့်နေတာလဲကွ”

“အားအနည်းဆုံးကောင်နဲ့ စရတာပေါ့” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်လေ၏။

မီးတံဆိပ် ကျင့်ကြံသူ၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည် “ငါက အားအနည်းဆုံးလို့ မင်းပြောနေတာလား”

“ဘယ်သူသိမှာလဲ” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလိုက်၏။

မီးတံဆိပ် ကျင့်ကြံသူအား ရွေးချယ်လိုက်ရခြင်းမှာ သူ့အား တိုက်ခိုက်ရန် အလွယ်ကူဆုံး ဖြစ်သည့်အတွက်ကြောင့်ပင်။

တောင်တံဆိပ် ကျင့်ကြံသူကိုတော့ ရွေးနေစရာပင်မလို။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူသည် ခုခံရာတွင် အလွန်အားကောင်းမှန်း သိနိုင်၏။ တောင်တံဆိပ် ကျင်ကြံသူသာ သူ့အဖော်သုံးဦး၏ အကူအညီကို ရနေမည်ဆိုပါက ရန်ကိုင်အနေဖြင့် ထိုလူ၏ အကာအကွယ်ကို အချိန်အတိုအတွင်း ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။ လေနှင့်မိုးကြိုးတံဆိပ် ကျင့်ကြံသူနှစ်ဦးမှာတော့ အလွန်ကိုမှ မြန်ဆန်လှကာ ရန်ကိုင်၏ တိုက်ကွက်များကို အလွယ်တကူ ရှောင်တိမ်းနိုင်ပေသည်။ ထို့ကြောင့် လက်ရှိတွင် မီးတံဆိပ်ကျင့်ကြံသူသည် ရန်ကိုင်အတွက် အလွယ်ကူဆုံး ပစ်မှတ် ဖြစ်လာရတော့၏။

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ အော်ပြောလိုက်လေသည် “အေးခဲလိုက်စမ်း”

ပတ်ဝန်းကျင်တစ်ခုလုံးကို တောင်တံဆိပ်ကျင့်ကြံသူ၏ သိုင်းပညာရပ်မှ ဖုံးလွှမ်းထားသည့် အတွက်ကြောင့် ရန်ကိုင်အနေဖြင့် တည်နေရာ မခုန်ကူးနိုင်သော်ငြား လေဟာနယ်နိယာမများကို ထိန်းချုပ်၍ မီးတံဆိပ်ကျင့်ကြံသူအား လှုပ်ရှားရ ခက်သွားအောင်တော့ လုပ်နိုင်ပေသည်။

ပညာရှင်များ တိုက်ခိုက်ကြသည့်အခါ တဒင်္ဂဟူသော အချိန်အတိုင်းအတာသည် သေရေးရှင်ရေးကို ဆုံးဖြတ်ပေးနိုင်ပေသည်။

သေခြင်းတရား အငွေ့အသက်ကို ခံစားမိလိုက်သည့်အခိုက် မီးတံဆိပ်ကျင့်ကြံသူ၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

“သေလိုက်စမ်း” ရန်ကိုင်သည် မီးတံဆိပ် ကျင့်ကြံသူအား အနန္တဓါးဖြင့် ပိုင်းချလိုက်လေသည်။

မီးတံဆိပ် ကျင့်ကြံသူ ခုပင်မခုခံရသေးခင်မှာပင် အနန္တဓါးသည် သူ့ဆီသို့ ရောက်လာလေသည်။ ထိုအခိုက်အတန့်တွင် တောင်တံဆိပ်ကျင့်ကြံသူ၏ မျက်လုံးများ ဆတ်ခနဲ ပွင့်လာခဲ့လေသည်။

တောင်ပုံရိပ်တစ်ခုသည် ရန်ကိုင်နှင့် မီးတံဆိပ်ကျင့်ကြံသူကြား ပေါ်လာခဲ့လေ၏။ ရန်ကိုင်၏ အနန္တဓါးသည် တောင်ပုံရိပ်ပေါ်သို့ တည့်တည့်ကျသွားပြီး သတ္တုချင်း ရိုက်ခတ်သံတို့ ထွက်ပေါ်လာခဲ့လေသည်။ ဓါးချက်ကြောင့် တောင်ပုံရိပ်မှာ ပျက်စီးသွားခဲ့သော်ငြား ရန်ကိုင်၏ ဓါးချက်မှာလည်း အပြည့်အဝ တားဆီးခြင်း ခံလိုက်ရလေသည်။

တောင်တံဆိပ် ကျင့်ကြံသူ၏ ခန္ဓာကိုယ် တစ်ချက် တုန်တက်သွားခဲ့သော်ငြား အမြန် မျက်လုံး ပြန်ပိတ်နေလိုက်လေသည်။

သေဘေးမှ ကပ်သီလေး လွတ်လာသော မီးတံဆိပ်ကျင့်ကြံသူမှာတော့ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွဲနေတော့လေသည်။ ရန်ကိုင်လက်မှ လွတ်သည်နှင့် အမြန် ပြေးတော့လေ၏။

ထိုအချိန်အတောအတွင်း မိုးကြိုးနှင့်လေတံဆိပ် ကျင့်ကြံသူတို့ ရောက်လာကြသည်။ ရန်ကိုင်သည် တိုက်ခိုက်ရလွယ်ကူသည့် လူတစ်ဦးမဟုတ်မှန်း သိထားသည့်အတွက် နှစ်ယောက်စလုံးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဓါးမြောင်များကို ဝှေ့ရမ်းချလိုက်လေသည်။

လေနှင့်မိုးကြိုးစွမ်းအားတို့ ထွက်ပေါ်လာပြီး မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာလျက် ရန်ကိုင်ကို ဝါးမြိုသွားခဲ့လေသည်။

ရန်ကိုင်လည်း ကျဉ်းထဲကြပ်ထဲသို့ ရောက်သွားလေ၏။ ထက်ရှသည့် လေဓါးသွားများကြောင့် အဝတ်အစားများ စုတ်ပြဲကုန်ပြီး လျှပ်စီးများကြောင့် သူ့တစ်ကိုယ်လုံး ထုံကျဉ်နေရလေ၏။ ရန်ကိုင်အဖို့ တိုက်ခိုက်ဖို့ရာ မဆိုထားနှင့် လှုပ်ရှားဖို့ရာပင် အတော်လေး ခက်သွားခဲ့လေရာ ပြန်မတိုက်နိုင်တော့ဘဲ တောက်လျှောက်ကို ခုခံနေရတော့လေသည်။

ထိုစဉ် လေထဲတွင်ဝဲလျက် ထိုင်နေသော တောင်တံဆိပ်ကျင့်ကြံသူမှ သူ့လက်အား ဝှေ့ရမ်းချလိုက်ရာ ရန်ကိုင်အပေါ်တည့်တည့်တွင် တောင်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။

တဝုန်းဝုန်း မြည်သံနှင့်အတူ တောင်ပုံရိပ်သည် ရန်ကိုင်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။ တောင်၏ အလွန်လေးလံသည့် ဖိအားကြောင့် ရန်ကိုင် ခြေထောက်အောက်ရှိ မြေပြင်တစ်ခု အက်ကွဲကုန်လေ၏။

သို့ရာတွင် ရန်ကိုင်ကမူ လက်များကိုမြှောက်လျက် တောင်ကို မထားလေ၏။ ထိုအခြင်းအရာကို မြင်လိုက်သည့်နောက်တွင် တောင်တံဆိပ်ကျင့်ကြံသူ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ကျန်သုံးဦး၏ အမူအရာများလည်း လေးနက်တည်ကြည်ကုန်ကြလေ၏။ ယခုတစ်ကြိမ် တိုက်ပွဲအပြီးတွင် သုံးဦးစလုံး ရန်ကိုင်နားသို့ မကပ်ရဲကြတော့ဘဲ အဝေးမှသာ စောင့်ကြည့်တော့လေသည်။

“ဒီကောင် လူကော ဟုတ်သေးရဲ့လား” မီးတံဆိပ်ကျင့်ကြံသူက ပြောလိုက်လေသည်။ ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့်ကြည့်ရင်း "ရှုမီတောင်ကိုတောင် ခန္ဓာကိုယ်သက်သက်နဲ့ ခုခံနိုင်တယ်ဆိုတာကြီးက ဘယ်လိုတောင်လဲဟ... အဲ့ရှုမီတောင်က အနည်းဆုံး တန်တစ်ရာလောက်လေးတာ၊ သာမန် ဧကရာဇ်အဆင့် ပညာရှင်တွေတောင် မနိုင်တာမဟုတ်ဘူး။ ပြီးတော့ အဲ့တောင်က ပြိုင်ဘက်တွေကိုလည်း ချိတ်ပိတ်နိုင်စွမ်း ရှိသေးတယ်”

“ဒီကောင့် ခန္ဓာကိုယ်က အရမ်းအားကောင်းလွန်းတယ်” လေတံဆိပ်ကျင့်ကြံသူက ပြောလိုက်လေသည်။

မိုးကြိုးတံဆိပ်ကျင့်ကြံသူက သက်ပြင်းချလျက် “ငါတို့ အကြီးအကဲတွေ ဒီကောင့်ကို ဘာကြောင့် အသက်ရှင်လျက် လိုချင်လဲဆိုတာကို အခုမှပဲ နားလည်သွားတော့တယ်... ဒီကောင်က တကယ်ကို စမ်းသပ်လေ့လာလို့ကောင်းမယ့်ကောင်... တာအိုသခင် ဒုတိယအဆင့်ပဲ ရှိသေးတာတောင် ဒီလောက်အားကောင်းနေတာ... ဒီကောင့်ရဲ့ လျှို့ဝှက်ချက်တွေကိုသာ ရလိုက်မယ်ဆိုရင် အဖိုးမဖြတ်နိုင်တဲ့ အကျိုးအမြတ်တွေ ရမှာ”

ထိုစကားကိုကြားသော် လေနှင့်မီးတံဆိပ်ကျင့်ကြံသူတို့၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။

“ဒါပေမယ့် ဒီကိစ္စက ဒီမှာတင် အဆုံးသတ်သွားပြီ” မိုးကြိုးတံဆိပ်ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်လေ၏ “ဒီကောင်ဘယ်လောက်ပဲခုခံခုခံ ရှုမီတောင်ကို ဘယ်လိုမှ ခုခံနိုင်မှာမဟုတ်ဘူး”

လေတံဆိပ်နှင့် မီးတံဆိပ်ကျင့်ကြံသူတို့ကလည်း ခေါင်းညိတ်လိုက်ကြလေသည်။ ရှုမီတောင် မည်မျှအားကောင်းသလဲဆိုသည်ကို သူတို့လည်း သိထားကြသည့်ပုံပင်။

“ဟားဟားဟား...”

ထိုအချိန်အတောအတွင်း ရန်ကိုင်ကတော့ ရယ်လို့ကောင်းနေလေ၏။ ရန်သူ လေးဦး၏ အချိန်အတော်ကြာအောင် ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံနေရသလို ကျဉ်းထဲကြပ်ထဲ ရောက်နေသည့်တိုင် စိတ်ပူမနေဘဲ စိတ်လွတ်ကိုယ်လွတ်သာ ရယ်မောနေလေ၏။

မီးတံဆိပ်ကျင့်ကြံသူက လှမ်းအော်ပြောလေ၏ “ရယ်နိုင်တုန်းရယ်ထား ကောင်းလေး၊ ပြီးရင် မင်းငိုရတော့မှာ”

“ခင်ဗျားတို့ စွမ်းအားက ဒီလောက်ပဲဆိုရင်တော့ ငိုရမယ့်လူက ခင်ဗျားတို့ ဖြစ်တော့မှာ” ရန်ကိုင်က မီးတံဆိပ်ကျင့်ကြံသူအား လှမ်းကြည့်ရင်း ပြန်ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် လေတံဆိပ်ကျင့်ကြံသူ၏ အမူအရာ ပြောင်းလဲသွားပြီး ပြန်အော်ပြောလေ၏ “မကောင်းတော့ဘူး။ မြန်မြန် လှုပ်ရှားကြတော့။ ဒီကောင့်မှာ နောက်ထက်ဝှက်ဖဲ ထပ်ရှိနေသေးတယ်”

ပြောပြီးသည်နှင့် လေနိယာမစွမ်းအားကို ထုတ်သုံးလျက် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။

ထိုစဉ် ကျယ်လောင်သည့် နဂါးဟိန်းသံနှင့်အတူ နဂါးပုံရိပ်တစ်ခု ရန်ကိုင် နောက်ဘက်၌ ထွက်ပေါ်လာခဲ့လေသည်။ ရွှေနဂါးပုံရိပ်သည် ရန်ကိုင် ခေါင်းထက်တွင်ဝဲလျက် အောက်ဘက်ဘက်ရှိ ကျင့်ကြံသူများကို ၎င်း၏ မျက်လုံးကြီးများဖြင့် အထင်တသေး ငုံ့ကြည့်နေလေသည်။

“နဂါးအသွင်ပြောင်းလဲခြင်း” ရန်ကိုင်သည် ရန်သူများ သူ့နားသို့ ရောက်လာမည်ကို စောင့်မနေဘဲ အော်ဟစ်လိုက်လေသည်။

ရန်ကိုင်ဆီသို့ ပြေးဝင်လာနေသော လေတံဆိပ်ကျင့်ကြံသူ၏ ခြေလှမ်းတို့ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး သက်ပြင်းတစ်ချက်ရှိုက်လျက် ပြန်ဆုတ်သွားရလေ၏။

“ဒါက...” မိုးကြိုးတံဆိပ်ကျင့်ကြံသူ၏ မျက်လုံးများ တဆတ်ဆတ် တုန်ရီလာလေသည်။

“နဂါးဖိအား” မီးတံဆိပ်ကျင့်ကြံသူသည်လည်း မျက်လုံးအပြူးသားဖြင့် သွေးရူးသွေးတန်း ထအော်လေ၏။

သုံးယောက်စလုံးမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကို တွေ့လိုက်ရသည့်အလား အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။

ရီကျင်းဟန်သည်လည်း ထိုနည်းတူပင် ဖြစ်လေသည်။ ရန်ကိုင် ရှုမီတောင်၏ ဖိချခြင်း ခံနေရသည်ကိုမြင်သော် သွားကူညီပေးရန် လုပ်လိုက်သော်ငြား သူမ မလှုပ်ရှားနိုင်သေးခင်မှာပင် အခြေအနေမှာ ပြောင်းလဲသွားခဲ့လေသည်။

အစစ်အမှန် နဂါးတစ်ကောင် ရောက်လာသည့်အလား ပတ်ဝန်းကျင်တစ်ခုလုံး နဂါးဖိအားတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ ဤဖိအားသည် သက်ရှိပေါင်းများစွာကို ဖိတ်ဖိတ်တုန် ကြောက်ရွံ့သွားအောင် လုပ်နိုင်သော ဖိအားတစ်မျိုးပင် ဖြစ်လေသည်။

ခရက်... ခရက်...

ရန်ကိုင်၏ လက်မောင်းတစ်လျှောက် နဂါးအကြေးခွံများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ကို လွှမ်းခြုံသွားခဲ့လေသည်။ နဂါးပုံရိပ်မှာ ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ပြီး ခေတ္တမျှအကြာတွင် နဂါးတစ်ပိုင်းလူတစ်ပိုင်း ရန်ကိုင် ပြန်ပေါ်လာခဲ့လေသည်။

ရန်ကိုင်၏ အရှိန်အဝါမှာလည်း တစ်မုဟုတ်ချည်း မြင့်တက်လာခဲ့ရာ ဧကရာဇ်အဆင့်သို့ပင် ရောက်ခါနီး ဖြစ်သွားလေ၏။

ရန်ကိုင်သည် အေးစက်စက် မျက်နှာထားဖြင့် လက်ဝါးတစ်ဖက်ကို ဆုပ်လိုက်ဖြန့်လိုက် လုပ်လျက် ကျန်လက်တစ်ဖက်ဖြင့် ရှုမီတောင်ကို အလွယ်လေး မထားခဲ့လေသည်။ လက်ရှိ သူ့အဖို့ ရှုမီတောင်ကို မဖို့ရာ အသားလေး ဖြစ်သွားလေ၏။

ထို့နောက် အားနေသည့် လက်တစ်ဖက်ဖြင့် ရှုမီတောင်အောက်ခြေကို ထိုးချလိုက်လေသည်။

ဘုန်း... ဟူသော မြည်သံနှင့်အတူ တန်တစ်ရာခန့် အလေးချိန်ရှိသော ရှုမီတောင် လွင့်ပျံထွက်သွားခဲ့လေသည်။

တောင်တံဆိပ်ကျင့်ကြံသူလည်း မျက်နှာပျက်သွားခဲ့ပြီး သူ့လျှာသူ ပြန်ကိုက်လုမတတ် ဖြစ်သွားခဲ့လေသည်။ အလျင်အမြန်ပဲ လက်ကွက်များကို ထုတ်ဖော်လျက် ရှုမီတောင်ကို သူ့ကိုယ်ထဲ၌ ပြန်လည် သိမ်းဆည်းထားလိုက်လေ၏။

“မင်းတို့ကောင်တွေ အကုန်လုံး အသေဆိုးနဲ့သေရတော့မှာကွ” ရှုမီတောင်၏ ဖိထားခြင်း မခံရတော့သည့်နောက်ပိုင်း ရန်ကိုင် ပြန်လည် လွတ်လပ်သွားလေတော့သည်။

“ဒီကောင့်ကိုသတ်” လေတံဆိပ်ကျင့်ကြံသူက အော်ပြောလိုက်လေသည် “လေဓါးမြောင်၊ နှင်းဓါး”

အရင်းအမြစ်ချီအားလုံးကို စုစည်းလျက် လေတံဆိပ်ကျင့်ကြံသူသည် ဧရာမဓါးမြောင်ကြီးနှင့် ဓါးတစ်ချောင်းကို ဖန်တီးကာ ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေ၏။

ထိုစဉ် မီးနှင့်မိုးကြိုးတံဆိပ် ကျင့်ကြံသူတို့မှာလည်း သူတို့၏ ဝှက်ဖဲအသီးသီးကို ထုတ်သုံးလျက် ရန်ကိုင်အား တိုက်ခိုက်လိုက်ကြလေသည်။

စုပေါင်းတိုက်ကွက်ကိုသာ အသုံးပြုလျှင် လေ၊မိုးကြိုး၊မီးနှင့် တောင်တံဆိပ် ကျင့်ကြံသူတို့သည် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ယှဉ်တိုက်နိုင်သော်ငြား ယနေ့တွင်မူ ပို၍ ထိတ်လန့်ဖွယ်ကောင်းသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရလေ၏။ ရန်ကိုင်သည် အကြောက်အလန့်မရှိ သူတို့၏ တိုက်ကွက်များ တည့်တည့်သို့ ပြေးဝင်လာခဲ့လေသည်။

အက်ကွဲသံများနှင့်အတူ လေဓါးမြောင်နှင့်နှင်းဓါးသည် ရန်ကိုင်၏ လက်သီးကြောင့် တစ်စစီ ပျက်စီးသွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် လေပြင်းမုန်တိုင်းနှင့် မိုးကြိုးမုန်တိုင်းဆီသို့ ဆက်လက်တိုးဝင်သွားလေသည်။

တစ်ခဏအတွင်း လေ၊မိုးကြိုးနှင့် မီးတံဆိပ်ကျင့်ကြံသူ၏ တိုက်ကွက်များ ဖျက်စီးခံလိုက်ရလေသည်။

ဝှစ်ခနဲမြည်သံနှင့်အတူ ရန်ကိုင်သည် ကျင့်ကြံသူသုံးဦးရှေ့ ရောက်လာပြီး နဂါးလက်သည်းဖြင့် ကုတ်ချလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၉၀)

“လေလွတ်မြောက်ခြင်း”

သေရေးရှင်ရေးနှင့် ကြုံရသည့်အချိန်တွင် လေတံဆိပ်ကျင့်ကြံသူသည် လေအသွင်သို့ ပြောင်းလျက် အခြားတစ်နေရာသို့ ထွက်ပြေးသွားလေသည်။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်သည် လှောင်ပြုံးပြုံးလျက် ဟင်းလင်းပြင်အား သူ၏ နဂါးလက်သည်ဖြင့် ကုတ်ဆွဲလိုက်လေသည်။ သူ့လက်သည်းဆီမှ အသွင်မဲ့စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ချိတ်ပိတ်ပစ်ချလိုက်လေ၏။

ထွက်ပြေးနေသည့် လေတံဆိပ်ကျင့်ကြံသူသည် ခလုတ်တိုက်သွားသည့်အလား လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ သူ့မျက်နှာထက်တွင်လည်း အံ့အားသင့်သည့် အရိပ်အယောင်တို့ ရှိနေခဲ့လေသည်။ ရန်ကိုင်မှ သူ၏ အသက်ကယ် ပညာရပ်ကို ဤမျှ အလွယ်တကူ တားဆီးလိုက်နိုင်လိမ့်မည်ဟု မထင်ထားသည့်ပုံပင်။

“အား” မိုးကြိုးနှင့် မီးတံဆိပ်ကျင့်ကြံသူတို့ အလန့်တကြား ထအော်ကြလေသည်။

“သေလိုက်ပေတော့” ရန်ကိုင်သည် လေတံဆိပ်ကျင့်ကြံသူဆီသို့ သူ့လက်တည့်တည့်ကို ခုတ်ပိုင်းချလိုက်သည်။ လဓါးသွားကြီးတစ်စင်း ထွက်ပေါ်လာပြီး ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် လေတံဆိပ်ကျင့်ကြံသူဆီသို့ တိုးဝင်သွားလေသည်။

ထိုအခြင်းအရာကိုမြင်သော် လေတံဆိပ်ကျင့်ကြံသူ ပျာသလဲလဲ ဖြစ်သွားလေ၏။ ဟင်းလင်းပြင်နိယာမများ၏ ပိတ်လှောင်ခြင်း ခံထားရသည့်အတွက် မည်သည့် နေရာသို့မှ ထွက်ပြေးမရနိုင် ဖြစ်နေရာ ရန်ကိုင် ပစ်လွှတ်လိုက်သည့် လဓါးသွား သူ့တည့်တည့်သို့ တိုးဝင်လာနေသည်ကို ကူကယ်ရာမဲ့စွာဖြင့် ရပ်ကြည့်နေရုံသာ တတ်နိုင်လေသည်။

“မြေသားထုမှ တောင်ဖြစ်တည်စေ” ထိုစဉ် မီတာပေါင်းများစွာ အကွာ၌ ရှိနေသော တောင်တံဆိပ်ကျင့်ကြံသူသည်လည်း အော်ဟစ်လိုက်ရင်း လက်ကွက်များကို ဖန်တီးလိုက်လေသည်။ ရှုမီတောင်သည် လဓါးသွားနှင့် လေတံဆိပ်ကျင့်ကြံသူကြား၌ ပေါ်လာခဲ့လေ၏။ ရှုမီတောင်သည် အောက်ဘက်ရှိ မြေသားစုများကို ဆွဲယူလျက် လေတံဆိပ်ကျင့်ကြံသူရှေ့တည့်တည့်တွင် ဖျက်စီးမရနိုင်လောက်သည့် အကာအရံ တစ်ခုကို ဖန်တီးပေးလိုက်လေသည်။

ဘုန်း...

လဓါးသွားသည် မြေသားထု အကာအကွယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။ ထိုသို့ တိုးဝင်သွားနေရင်းမှ ဓါးသွား၏ စွမ်းအင်အများစုမှာ ပျောက်ကွယ်သွားခဲ့ရ၏။

ထိုကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် မိုးကြိုးတံဆိပ် ကျင့်ကြံသူ ပေါ်လာပြီး လေတံဆိပ်ကျင့်ကြံသူကို ကယ်ထုတ်ကာ ထွက်ပြေးသွားလေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်မှာ တောင်တံဆိပ်ကျင့်ကြံသူဆီသို့သာ လှမ်းကြည့်ရတော့လေသည်။

ရန်ကိုင် သွေးဓါးမြောင် အဖွဲ့သားများနှင့် တိုက်ခိုက်နေသည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ သူမ သွေးဓါးမြောင်အဖွဲ့သားများကို တိုက်ခိုက်မည်ကြံလိုက်တိုင်း တောင်တံဆိပ်ကျင့်ကြံသူက လာလာဝင်ရှုပ်သွားခဲ့သည်။ တောင်တံဆိပ် ကျင့်ကြံသူ၏ ကာကွယ်ပေးထားမှုကြောင့်သာ မဟုတ်လျှင် ကျန်အဖွဲ့သားသုံးဦး ဤမျှကာကာ တောင့်ခံထားနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အတွက်ကြောင့် ဤတိုက်ပွဲအား အနိုင်ရလိုပါက တောင်တံဆိပ်ကျင့်ကြံသူကို အရင် သတ်ရမည်ဖြစ်ကြောင်း ရန်ကိုင် နားလည်သွားခဲ့လေသည်။ တောင်တံဆိပ်ကျင့်ကြံသူ၏ ကာကွယ်ပေးမှုသာ မရှိတော့လျှင် ကျန်သုံးယောက်အား ရန်ကိုင် အလွယ်တကူ သတ်ပစ်နိုင်ပေလိမ့်မည်။

ထို့အပြင် တောင်တံဆိပ်ကျင့်ကြံသူသည် သူ၏ ပညာရပ်ဖြင့် ရန်ကိုင်အား တည်နေရာ ခုန်မကူးနိုင်အောင် ပတ်ဝန်းကျင်တစ်ခုလုံးကို ချိတ်ပိတ်ထားခဲ့သည်။ သူသာ မရှိတော့လျှင် ရန်ကိုင်လည်း လွတ်လွတ်လပ်လပ် ပြန်လှုပ်ရှားနိုင်လေပြီ။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ပြောလိုက်လေသည် “ရောင်းရင်းတို့ရဲ့ နည်းစနစ်တွေက ကျုပ်ကို တကယ်ကြီး အမြင်ကျယ်သွားစေတာပဲ”

“ကောင်လေး၊ ပြောတာ တော်လိုက်တော့” မီးတံဆိပ်နှင့် ကျင့်ကြံသူမှာ ရန်ကိုင်၏ စွမ်းအားကြောင့် မှင်သက်နေခဲ့လေသည်။ သို့သော်ငြား သူတို့ဘက်တွင် လူအရေအတွက် ပိုသာသဖြင့် အောက်ကျမခံ ပြန်ပြောလိုက်လေသည် “မင်းမှာ အရှုံးပေးဖို့ အခွင့်အရေးရှိသေးတယ်။ ဒါပေမယ့် မင်းဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ မင်းအသက်ရှင်မယ်လို့ ငါတို့ အာမမခံနိုင်ဘူးနော်”

မိုးကြိုးတံဆိပ် ကျင့်ကြံသူကလည်း ခေါင်းညိတ်လျက် “ဟုတ်တယ်။ ငါတို့သာ စွမ်းအားကုန် ထုတ်သုံးပြီး တိုက်ခိုက်မယ်ဆိုရင် မင်းကို သတ်မိသွားမှာ။ အဲ့ဒါဆို ငါတို့ရဲ့ အထက်အရာရှိတွေ ပေးတဲ့တာဝန်ကို အောင်မြင်နိုင်တော့မှာ မဟုတ်ဘူး။ ဒီတော့ အရှုံးပေးလိုက်တော့”

လေတံဆိပ်ကျင့်ကြံသူကမူ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသေးသည်။ သေဘေးမှ ကပ်သီသီလေး လွတ်လာခြင်း ဖြစ်သည့်အတွက် ယခု အချိန်ထိတိုင် သူ့စိတ်မှာ မတည်မငြိမ် ဖြစ်နေသေး၏။

“ဟားဟားဟား” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်လေသည်။

မီးတံဆိပ်ကျင့်ကြံသူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “သွေးနားထင်ရောက်နေတာလား”

ရန်ကိုင်၏ အပြုံး ရုတ်ချည်း ပျောက်ကွယ်သွားပြီး မီးတံဆိပ်ကျင့်ကြံသူအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လျက် “ကျုပ်သွေးနားထင်ရောက်နေတာ ဟုတ်မဟုတ် ခင်ဗျား မျက်လုံးကို ပြူးနေအောင်ဖွင့်ပြီး သေချာကြည့်ထား”

ပြောပြီးသည့်နောက် သူ့စိတ်စွမ်းအင်ကို လှည့်ပတ်လျက် အော်ပြောလိုက်လေ၏ “ထွက်လာလိုက်တော့”

သူ့အသံ ဆုံးသွားသည်နှင့် တောင်လေးတစ်လုံး လွင်တီးခေါင်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေသည်။ တောင်လေး မြေပြင်ပေါ်သို့ ရောက်လာသည့်အခိုက် မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့လေ၏။

သွေးဓါးမြောင်အဖွဲ့သား လေးဦးမှာတော့ နားမလည်နိုင်သည့် အမူအရာဖြင့်သာ တောင်လေးကို မော့ကြည့်နေကြလေသည်။ ရန်ကိုင် မည်ကဲ့သို့သော ပညာရပ်ကို ထုတ်သုံးလိုက်၍များ ဤသို့သော တောင်တစ်လုံးအား ဆင့်ခေါ်နိုင်ရသလဲ ဆိုသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

“ဘာကြီးလဲဟ” လေတံဆိပ်ကျင့်ကြံသူ၏စိတ်မှာ တဖြည်းဖြည်း တည်ငြိမ်သွား၏။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်း၍ လေပြင်းများကို ဖန်တီးကာ ဖုန်များကို ရှင်းထုတ်ပြီး တောင်လေးအား သေချာမြင်အောင် ကြည့်ကြည့်လိုက်လေသည်။

ထို့နောက် သွေးဓါးမြောင်အဖြွသား လေးဦးစလုံး ကြောင်သွားကြလေ၏။

“ဟျောင့်... ငါအမြင်တွေ မှားနေတာ မဟုတ်ပါဘူးနော်” မီးတံဆိပ် ကျင့်ကြံသူသည် တံတွေးတစ်လုတ် မျိုးချရင်း “ဘာလို့ ဒီတောင်မှာ... လူသားတွေ.. ခြေထောက် နှစ်ချောင်းနဲ့ လက်နှစ်ချောင်း ရှိနေရတာလဲ”

ဂလု...

ကျန်သုံးယောက်သည်လည်း တံတွေးတစ်လုတ်စီ မျိုချလိုက်ကြလေသည်။

“ဘာကြီးလဲ” လေတံဆိပ်ကျင့်ကြံသူက အလန့်တကြား ထအော်လေ၏။

“အဲ့ပေါ်မှာ အမျိုးသမီးတစ်ယောက်လည်း ရှိနေသေးတယ်” တောင်လေး၏ ပခုံးပေါ်တွင် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို မြင်လိုက်သော် မိုးကြိုးတံဆိပ်ကျင့်ကြံသူ မျက်လုံး မှေးစည်းသွားခဲ့လေသည်။

“ပုံရိပ်ယောင်ပဲ၊ ဒါ ပုံရိပ်ယောင်ပဲ ဖြစ်ရမယ်” မီးတံဆိပ်နှင့် ကျင့်ကြံသူမှာ အထိတ်ထိတ်အလန့်လန့်နှင့် သူ့အဖော်များဘက်သို့ လှည့်၍ ပြောလိုက်လေသည် “အဲ့တောင် ခုနတုန်းက ပြုံးလိုက်သလားလို့... ဒါပုံရိပ်ယောင်ဆိုတာ လုံးဝ သေချာသွားပြီ”

“ဟုတ်တယ်။ ပုံရိပ်ယောင်ပဲ ဖြစ်ရမယ်” လေတံဆိပ်ကျင့်ကြံသူက မျက်မှောင်ကြုတ်လျက် “ဒီကောင် ပုံရိပ်ယောင်ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်တာပဲ ဖြစ်ရမယ်”

ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှ သူ့အား ညစ်ကျယ်ကျယ် ပြုံးပြနေသည်ကို တွေ့လိုက်ရလေသည်။ ရန်ကိုင်၏ အပြုံးကို မြင်ပြီးနောက် လေတံဆိပ်ကျင့်ကြံသူ၏ စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာလေ၏။

“နင်ငါတို့ကို အစောကြီးကတည်းက ခေါ်လိုက်သင့်တာ” ဟွာချင်းစီသည် ကျောက်တုံးကိုယ်ပွား၏ ပခုံးပေါ်တွင်ရပ်ရင်း နှုတ်ခမ်းလေးကိုကွေးလျက် ပြောလိုက်လေ၏ “ဘာလို့ အချိန်ကုန်ခံ၊ အားကုန်ခံပြီး တစ်ယောက်တည်း တိုက်နေရတာလဲ”

ဟွာချင်းစီသည် တိုက်ပွဲအား ကမ္ဘာငယ်လေးထဲမှ ထိုင်ကြည့်နေသည့်ပုံပင်။

ကျောက်တုံးကိုယ်ပွားက ပြုံးလျက် မိုးချိန်းသံတမျှ ကျယ်လောင်သည့် အသံဖြင့် “အခု ငါတို့ကို ခေါ်ထုတ်လိုက်ပြီ မဟုတ်ဘူးလား”

အမျိုးသမီးနှင့် တောင် စကားပြောနေသည်ကို မြင်သော် သွေးဓါးမြောင် အဖွဲ့သားများ ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာများ ဖြူလျော်ကုန်ကြလေသည်။ သူတို့ ကြားနေသည့် အရာအားလုံးမှာ တကယ် ဖြစ်သည်ဟုပင် ထင်လာကြသည်။ အမျိုးသမီးနှင့်တောင်သည် ပုံရိပ်ယောင်မဟုတ်ဘဲ တကယ့် သက်ရှိများ ဖြစ်ကြသည့်အလား။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည် “သူတို့ လေးယောက်က ဒီလောက် အားကောင်းလိမ့်မယ်လို့မှ မထင်ထားတာ။ ငါ့ခွန်အားကို စမ်းကြည့်ချင်တာနဲ့ သူတို့နဲ့ တစ်ယောက်တည်း တိုက်ခိုက်ကြည့်လိုက်တာ”

“အခုတော့ ပိုးစိုးပက်စက် အတီးခံလိုက်ရပြီမလား" ဟွာချင်းစီက နှာခေါင်းရှုံ့လိုက်၏။

ရန်ကိုင်က နှုတ်ခမး်ကြီးမဲ့လျက် “အဲ့လောက်တော့လည်း မဆိုးပါဘူး... နည်းနည်းပါးပါး ရောင်ကိုင်းသွားရုံပဲ။ အစ်မဟွာ၊ နင်ကြိုက်တဲ့ တစ်ယောက်ကို ရွေးလိုက်”

ထိုစကားကို ကြားသော် ဟွာချင်းစီသည် တခစ်ခစ် ရယ်မောလျက် သွေးဓါးမြောင် အဖွဲ့သားများကို စိုက်ကြည့်လိုက်လေသည်။ နောက်ဆုံးတွင် သူမ၏ အကြည့်သည် မီးတံဆိပ်ကျင့်ကြံသူဆီသို့ ရောက်သွားပြီး လက်ညိုးထိုးပြလိုက်လေသည်။

“အကုန်လုံးက အားအနည်းဆုံးလူကိုပဲ အနိုင်ကျင့်ချင်နေကြတာပဲ” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် မီးတံဆိပ်ကျင့်ကြံသူ ဒေါသပုန်ထသွားလေ၏ “ကောင်လေး၊ ငါမင်းကို သတိပေးလိုက်မယ်။ ငါအားအနည်းဆုံးဆိုပြီး လာထပ်ပြောရင် ငါမင်းကို သတ်မှာနော်”

သွေးဓါးမြောင်ဂိုဏ်းတွင် တောင်၊ မိုးကြိုး၊ မီးနှင့် လေတံဆိပ် ကျင့်ကြံသူများမှာ အဆင့်အတန်းရော၊ ခွန်အားပါ အတူတူ ဖြစ်ပေသည်။ သို့သော်ငြား ယနေ့တွင်တော့ ရန်ကိုင်ကကော၊ ဟွာချင်းစီကပါ သူ့အား အားအနည်းဆုံးဟု ခေါ်သွားခဲ့သည်။ တစ်ဖက်လူ၏ ထပ်တလဲလဲ အထင်အမြင်သေးခြင်းကို ခံရသော် မီးတံဆိပ်ကျင့်ကြံသူ ဒေါသထွက်လာလေတော့သည်။

ဟွာချင်းစီက ပြုံးလျက် “ကျန်တဲ့သုံးယောက်မှာ တစ်ယောက်က ခုခံတဲ့နေရာမှာ အားကောင်းတယ်။ ကျန်တဲ့ နှစ်ယောက်က အရမ်း မြန်လွန်းတယ်။ အဲ့လို စိတ်ရှုပ်စရာ ကောင်းတဲ့လူတွေနဲ့ တိုက်ခိုက်ရတာ ကျွန်မ မကြိုက်ဘူး။ ဒါကြောင့် ရှင့်ကိုရွေးတာ”

“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။

“ဒါဆိုရင် တောင်တံဆိပ်ကျင့်ကြံသူဆီ မင်းသွားလိုက်” ရန်ကိုင်က ကျောက်တုံးကိုယ်ပွားဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

ကျောက်တုံးကိုယ်ပွားက ရယ်မောလျက် ပြန်ပြောလိုက်လေသည် “ငါလည်း အဲ့လိုဖြစ်ဖို့ မျှော်လင့်နေတာ”

တောင်တံဆိပ်ကျင့်ကြံသူသည် ခုခံရာတွင် အလွန်အားကောင်း၏။ ကျောက်တုံး ရုပ်သေးရုပ်မှာမူ နှေးကွေးသော်ငြား ၎င်း၏ ပေါက်ကွဲစွမ်းအားမှာတော့ အလွန် ပြင်းထန်ပေသည်။ ထို့ကြောင့် သူတို့ နှစ်ဦးမှာ တကယ့် ပြိုင်ဘက်ကောင်းများ ဖြစ်ကြ၏။

“ဒါဆို လှုပ်ရှားလိုက်ပေတော့” ရန်ကိုင်က ပြောလိုက်လေသည်။

ဟွာချင်းစီသည် တခစ်ခစ် ရယ်မောလျက် ကျောက်တုံးကိုယ်ပွား၏ ပခုံးပေါ်မှ ခုန်ဆင်းလျက် မီးတံဆိပ်ကျင့်ကြံသူဆီသို့ ပြေးဝင်သွားလေသည်။ တလက်လက် တောက်ပနေသော ဖဲကြိုးတစ်ချောင်းသည်လည်း သူမလက်ထဲ ပေါ်လာခဲ့လေ၏။

“မောင်လေး၊ အတူ ဆော့ကြရအောင်” ဟွာချင်းစီသည် မီးတံဆိပ်ကျင့်ကြံသူအား လှမ်းပြောလိုက်လေသည်။

ထိုစကားကိုကြားသော် မီးတံဆိပ်ကျင့်ကြံသူ၏ အမူအရာ လေးနက်သွားခဲ့ပြီး လေနှင့်မိုးကြိုးတံဆိပ် ကျင့်ကြံသူများဘက်သို့ လှမ်းကြည့်လိုက်လေသည်။

လေတံဆိပ်ကျင့်ကြံသူမှ ခေါင်းညိတ်ပြနေသည်ကို မြင်သော် မီးတံဆိပ်ကျင့်ကြံသူသည် သူကိုယ်သူ မီးတောက်များဖြင့် လွှမ်းခြုံလိုက်လေသည်။ ထို့နောက် ပြန်အော်ပြောလိုက်လေသည် “ခင်ဗျားက ပုံရိပ်ယောင် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ကျုပ်ကို ရွေးရဲတယ်ဆိုမှတော့ သေဖို့သာ ပြင်ထားပေတော့။ အမျိုးသမီး ဖြစ်နေလို့ဆိုပြီး ညှာမယ်ထင်မနေနဲ့”

“အို၊ ကြောက်စရာကောင်းလိုက်တာဟယ်” ဟွားချင်းစီသည် နှုတ်ခမ်းလေးကို လက်ဖြင့် အုပ်ရင်း ကြောက်လန့်သွားသည့် ပုံစံမျိုးဖြင့် "ကျေးဇူးပြုပြီး အစ်မကို အဲ့လို မခြိမ်းခြောက်စမ်းပါနဲ့။ အစ်မ အရမ်းကြောက်တတ်တယ်နော် မောင်လေးရဲ့”

“သွားသေလိုက်စမ်း” မီးတံဆိပ်ကျင့်ကြံသူမှာမူ မျက်နှာတစ်ချက် ပျက်သွားခြင်းမရှိဘဲ ဓါးမြောင်ကိုဝှေ့ရမ်းလျက် မီးတောက်လှိုင်းများကို ပစ်လွှတ်လိုက်လေသည်။

ဟွားချင်းစီး မျက်နှာပျက်သွားပြီး ချက်ချင်းပဲ အံကြိတ်၍ ပြန်ပြောလေ၏ “ရှင်တကယ်ကြီး လုပ်နေတာလား။ ကျွန်မကို အားနည်းတဲ့ မိန်းမသား တစ်ယောက်ကိုတောင်မှ နည်းနည်းလေးမှ ညှာတာပေးချင်စိတ်မရှိဘူးလား။ ကောင်းပြီလေ အဲ့လိုဆိုမှတော့လည်း”

ပြောပြီးသည့်နောက်တွင် ဖဲကြိုးထဲသို့ အရင်းအမြစ်ချီ ထည့်သွင်း၍ ရိုက်ချလိုက်လေသည်။ ဖဲကြိုးသည် ကချေသည်မလေးနှယ် လေထဲကခုန်ရင်း မီးတံဆိပ်ကျင့်ကြံသူအား လျင်မြန်စွာ လွှမ်းခြုံသွားခဲ့လေသည်။

ချက်ချင်းတိုသလို့ ဟွာချင်းစီနှင့် မီးတံဆိပ်ကျင့်ကြံသူတို့အား ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။

လေနှင့်မိုးကြိုးတံဆိပ် ကျင့်ကြံသူတို့မှာမူ သူတို့ပေါ်သို့ တောင်တစ်လုံး ပြုတ်ကျလာသည့်အလား သူတို့၏ ခန္ဓာကိုယ်များ ထူးထူးခြားခြား ပိုလေးလာသလို ခံစားလိုက်ရလေသည်။ တစ်ချိန်တည်းတွင် တဝှစ်ဝှစ် မြည်သံများနှင့်အတူ မရေမတွက်နိုင်လှသော ဟင်းလင်းပြင်အက်ကြောင်းများ သူတို့ ပတ်ပတ်လည်၌ ထွက်ပေါ်လာခဲ့လေ၏။

နှစ်ယောက်စလုံး ရန်ကိုင်အား လှမ်းကြည့်လိုက်ကြသည်။

ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “ခင်ဗျားတို့နှစ်ယောက် မလှုပ်တာ ကောင်းလိမ့်မယ်နော်။ ခင်ဗျားတို့ အဖော်နှစ်ယောက်ကို ငရဲဆီ ပို့ပြီးသွားရင် ခင်ဗျားတို့ကို ကျိန်းသေ လာအဖော်ပြုပေးမယ်”

ထိုစကားကိုကြားသော် လေတံဆိပ်ကျင့်ကြံသူ၏ မျက်နှာ မှုန်ကုတ်သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေသည် “ပုံရိပ်ယောင်တွေနဲ့ ငါတို့အသက်ကို လိုချင်နေတာလား။ ရယ်စရာပဲ”

“ပုံရိပ်ယောင်... ဟဲဟဲ” ရန်ကိုင်ကမူ ရယ်သာရယ်နေခဲ့သည်။

ရန်ကိုင်ပုံစံကိုမြင်သော် လေနှင့်မိုးကြိုးတံဆိပ် ကျင့်ကြံသူနှစ်ဦး ဒေါသထွက်သွားပြီး သူတို့စိတ်ထဲ ရန်ကိုင်မျက်နှာအား ပြေးရိုက်ပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။

သွေးဓါးမြောင်အဖွဲ့သားများပင်လျှင် ကျောက်တုံးရုပ်သေးရုပ်နှင့် ဟွာချင်းစီကို ပုံရိပ်ယောင်များဟု ထင်နေခြင်းမဟုတ်။ ရီကျင်းဟန်သည်လည်း ထိုကဲ့သို့သာ ထင်နေလေ၏။ သူမသည် တိုက်ပွဲအား တောက်လျှောက် ရပ်ကြည့်နေခြင်းဖြစ်သည်။ ထို့ကြောင့် တောင်တစ်လုံးနှင့် အမျိုးသမီးတစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်ခဲ့ရပေသည်။ ထိုစဉ်က သူမမှာ အံ့ဩလွန်းသဖြင့် အချိန်အတော်ကြာသည်အထိတိုင် မှင်သက်နေခဲ့လေ၏။

သူမကိုယ်သူမလည်း ထိုအရာများသည် ပုံရိပ်ယောင်များသာ ဖြစ်သည်ဟု ပြောရင်း မျက်လုံးကို ပွတ်သပ်ကြည့်နေလေ၏။ သို့သော်ငြား သူမ မည်သို့ပင် ကြည့်နေစေကာမူ ထိုအရာများသည် ပုံရိပ်ယောင်ဖြစ်နေသည့်ပုံ လုံးဝမပေါ်ချေ။ အမျိုးသမီးနှင့် တောင်သည် လုံးဝကို အသက်ဝင်လွန်းနေခဲ့သည်။

ဒုန်း.. ဒုန်း... ဒုန်း...

ကျောက်တုံးကိုယ်ပွားသည် တောင်တံဆိပ်ကျင့်ကြံသူဆီသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။

ဤအရာများသည် ပုံရိပ်ယောင်များသာ ဖြစ်သည်ဟု သူ့ကိုယ်သူ ပြောနေလင့်ကစား ကျောက်တုံးကိုယ်ပွား သူ့ဆီသို့ လမ်းလျှောက်လာနေသည်ကိုမြင်သော် တောင်တံဆိပ် ကျင့်ကြံသူ၏ မျက်နှာ ဖြူလျော်သွားပြီး တံတွေးတစ်လုတ် မျိုချမိလိုက်လေသည်။

ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်သည် အလွန်ကိုမှ ကြီးမားလွန်း၏။

ခြေသုံးလှမ်းလှမ်းပြီးနောက်တွင် ကျောက်တုံးကိုယ်ပွားသည် တောင်တံဆိပ် ကျင့်ကြံသူရှေ့သို့ ရောက်လာခဲ့လေသည်။

အဝေးမှ လှမ်းကြည့်မည်ဆိုပါက တင်ပလ္လင်ခွေထိုင်နေသော တောင်တံဆိပ် ကျင့်ကြံသူသည် ကျောက်တုံးကိုယ်ပွား၏ နှာခေါင်းရှေ့တွင် ရှိနေကြောင်း မြင်တွေ့နိုင်ပေလိမ့်မည်။

All Chapters