← Chapters

အခန်း (၂၂၉၁-၂၂၉၅)

Vol. 92 Ch. 2291-2295

အခန်း (၂၂၉၁-၂၂၉၅)

Vol. 92 Ch. 2291-2295

အပိုင်း (၂၂၉၁)

“ဟဲဟဲ...” ကျောက်တုံးကိုယ်ပွားသည် တောင်တံဆိပ်ကျင့်ကြံသူအား ညစ်ကျယ်ကျယ် ပြုံးပြလိုက်၏။

တောင်တံဆိပ်ကျင့်ကြံသူမှာတော့ ဇောချွေးပျံနေခဲ့လေပြီ။ စိုးရိမ်တကြီးနှင့် တံတွေးတစ်လုတ် မျိုချလိုက်ရင်းမှ “လေရေ၊ တစ်ခုခုတော့ မှားနေသလိုပဲ။ ဒါကြီးကို ကြည့်ရတာ ပုံရိပ်ယောင်နဲ့ မတူဘူးနော်”

လေတံဆိပ်ကျင့်ကြံသူ မျက်နှာပျက်သွားခဲ့ပြီး ချက်ချင်း လှမ်းအော်ပြောလိုက်လေ၏ “မင်းစိတ်ကို ငြိမ်ငြိမ်ထား။ အာရုံမပျံ့လွင့်သွားစေနဲ့”

ယခုအချိန်ထိတိုင် သူမြင်နေရသည့် အရာများသည် ပုံရိပ်ယောင်သာ ဖြစ်သည်ဟု ယုံကြည်နေဆဲပင်။ သူထို့သို့ ယုံကြည်နေသည်မှာလည်း ယုံကြည်စရာပင်။ မည်သူကများ မိန်းကလေးတစ်ဦးနှင့် ဧရာမကျောက်တုံးလူသားကြီးတစ်ယောက် လေထဲမှ ဗြုန်းစားကြီး ခေါ်ထုတ်နိုင်မှာမို့နည်း။ ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် ထိုကဲ့သို့ မလုပ်ကြချေ။

ထိုစကားကိုကြားသော် တောင်တံဆိပ်ကျင့်ကြံသူသည် အသက်ပြင်းပြင်းရှူသွင်းလျက် သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်လေသည်။

ဤအခိုက်အတန့်တွင် ရန်ကိုင်က လေတံဆိပ်နှင့် မိုးကြိုးတံဆိပ်ကျင့်ကြံသူဘက်သို့ လှည့်၍ ပြောလိုက်လေသည် “မင်းတို့ရဲ့ တောင်ကောင်ကြီး ဘယ်နှစ်ချက် ခံမယ်လို့ ထင်လဲ”

မိုးကြိုးတံဆိပ် ကျင့်ကြံသူသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ငါတို့ကို လာလှည့်စားဖို့ ကြိုးစားမနေစမ်းနဲ့။ ဧကရာဇ်အဆင့်နဲ့ တွေ့ရင်တောင် တောင်ကြီးက အသက် ဆယ်ရှိုက်စာလောက် တောင်ခံနိုင်တယ်။ ပုံရိပ်ယောင် တစ်ခုလောက်ကိုတော့ မေးနေစရာတောင် မလိုဘူး”

လေတံဆိပ်ကျင့်ကြံသူကလည်း ပြောလိုက်လေသည် “ကောင်လေး၊ သွေးဓါးမြောင်ရဲ့ တစ္ဆေလေးကောင်ကို လာအထင်မသေးနဲ့ကွ”

ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်လေသည် “မပူပါနဲ့၊ မကြာခင် ခင်ဗျားတို့ လေးယောက်စလုံး တကယ့် တစ္ဆေတွေ ဖြစ်တော့မှာပါ”

ထိုသို့ ပြောပြီးသည့်နောက် ကျောက်တုံးကိုယ်ပွားဘက်သို့ လှမ်းအော်ပြောလိုက်လေ၏ “မင်းကြားလား၊ အဲ့တောင်ကောင်က ဧကရာဇ်တစ်ယောက်နဲ့ တွေ့ရင်တောင် အသက် ဆယ်ရှိုက်စာလောက် တောင့်ခံနိုင်တယ်တဲ့”

“အသက်ဆယ်ရှိုက်စာ...” ကျောက်တုံးကိုယ်ပွားက ပြုံးဖြီးလျက် ပြန်ပြောလိုက်လေ၏ “မလိုဘူး။ သုံးရှိုက်စာနဲ့တင် လုံလောက်ပြီ”

ထိုသို့ ပြောပြီးသည့်နောက် တောင်တံဆိပ်ကျင့်ကြံသူအား လက်သီးဖြင့် ထိုးချလိုက်၏။

တိုက်ပွဲစသည့် အချိန်မှစ၍ ယခုအချိန်အထိ တောင်တံဆိပ်ကျင့်ကြံသူသည် နေရာမှ မရွေ့သေးချေ။ ဤသို့ ဖြစ်ရခြင်းမှာ သူအသုံးပြုနေသည့် ပေါင်းစပ်ကျင့်စဉ်၏ အားနည်းချက်ကြောင့် ဖြစ်နိုင်၏။ တောင်တံဆိပ်ကျင့်ကြံသူသည် မလှုပ်မယှတ် တင်ပလင်ခွေထိုင်လျက် ပတ်ဝန်းကျင်တစ်ခုလုံးကို ချိတ်ပိတ်ကာ အခြားသူများကို ကာကွယ်ပေးနေခဲ့သည်။ သူသည် တစ်ဖွဲ့လုံး လွတ်လပ်စွာ တိုက်ခိုက်နိုင်စေရန် အတွက် အဓိကနေရာမှာ ပါဝင်ပေးနေသူ ဖြစ်သည်။

ထို့အတွက်ကြောင့် ကျောက်တုံးကိုယ်ပွား၏ လက်သီး သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်သည့်တိုင် ရှောင်တိမ်းရန် မကြိုးစားဘဲ ရှုမီတောင်ကိုသာ ဆင့်ခေါ်လိုက်လေသည်။

ယခုတစ်ချိန်တွင်တော့ ရှုမီတောင်မှာ ပုံရိပ်တစ်ခု သက်သက်ပင် မဟုတ်တော့ဘဲ တကယ့် တောင်တစ်လုံးနှယ် ဖြစ်နေခဲ့လေသည်။

“မင်းကိုယ်မင်း အထင်ကြီးနေတာပဲ” ကျောက်တုံးကိုယ်ပွားက အေးစက်စက်‌ လေသံဖြင့် ပြောလိုက်ပြီးနောက် သူ့လက်သီးဖြင့် ထိုးချလိုက်လေသည်။

ဘုန်း...

မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့၏။ ကျောက်တုံးကိုယ်ပွား၏ လက်သီးနှင့် ရှုမီတောင်တို့ ထိနေရာမှာ အားကောင်းလှသည့် စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့လေသည်။

တောင်တံဆိပ်ကျင့်ကြံသူ၏ မျက်နှာ တစ်မုဟုတ်ချည်း သွေးဆုတ်ဖြူလျော်သွားပြီး သွေးတစ်ပွက် ထိုးအန်ချလိုက်လေသည်။ သူ့အရှိန်အဝါမှာလည်း သိသိသာသာကို အားနည်းသွားခဲ့လေသည်။ ခေတ္တအကြာတွင် ရှုမီတောင်သည် ကျောက်တုံးကိုယ်ပွား၏ လက်သီးချက်ကို မတောင့်ခံနိုင်တော့သည့်အလား တစ်စစီ ကွဲကြေထွက်သွားကာ အလင်းစက်များအဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားခဲ့လေသည်။

“ဘယ်လို” လေတံဆိပ်ကျင့်ကြံသူ၏ အမူအရာ ပြောင်းလဲသွားခဲ့လေ၏။

“မဖြစ်နိုင်ဘူး” မိုးကြိုးတံဆိပ်ကျင့်ကြံသူက အလန့်တကြား ထအော်လေသည်။

နှစ်ယောက်စလုံး သူတို့မျက်လုံးသူတို့ မယုံကြည်နိုင်ကြတော့ချေ။

တောင်တံဆိပ်ကျင့်ကြံသူသည် ခုခံကာကွယ်ရာ၌ အလွန်အားကောင်းသူ ဖြစ်သည်။ သို့သော်ငြား ကျောက်တုံးကိုယ်ပွား၏ လက်သီးတစ်ချက်ကြောင့် ရှုမီတောင် တစ်စစီ ပျက်စီးသွားခဲ့သလို သူကိုယ်တိုင်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့လေသည်။ ထို့ကြောင့် နှစ်ယောက်စလုံး သူတို့ကိုယ်သူတို့ ပြန်မေးခွန်းထုတ်လိုက်မိကြသည် (ဒါက တကယ်ကော ပုံရိပ်ယောင်များ ဟုတ်ပါ့မလား)

ကျောက်တုံးကိုယ်ပွားသည် ထိုမျှနှင့်ပင် ရပ်မနေဘဲ နောက်ထပ် လက်သီးတစ်ချက် ထပ်ထိုးလေသည်။

ဘုန်း...

နားပင်းမတတ် ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ သူ့အား ကာကွယ်ပေးမည့် ရှုမီတောင် မရှိတော့သည့် အတွက်ကြောင့် တောင်တံဆိပ်ကျင့်ကြံသူမှာ အခြားနည်းလမ်းတစ်ခုကို သုံးရတော့၏။ မြေစွမ်းအင်များကို စုဝေးလျက် သူ့ရှေ့တည့်တည့်တွင် မြေဒိုင်းကာကြီး တစ်ခုကို ဖန်တီးလိုက်လေသည်။

ခရက်...

သို့သော်ငြား မြေဒိုင်းကာသည်လည်း ကျောက်တုံးကိုယ်ပွား၏ လက်သီးချက်ကို မခုခံနိုင်ခဲ့ချေ။ ကျောက်တုံးကိုယ်ပွား၏ လက်သီးချက်ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံထားသော တောင်တံဆိပ်ကျင့်ကြံသူ၏ ချိတ်စည်းသည်ပါ အက်ကွဲသွားခဲ့လေ၏။

တစ်ချိန်တည်းတွင် သူ့အား ချုပ်နှောင်ထားသည့် အတားအဆီးတစ်ခုခု ပျက်စီးသွားသည့်အလား သူ့ခန္ဓာကိုယ် ပိုမို ပေါ့ပါးလာသလို ရန်ကိုင် ခံစားလိုက်ရ၏။ ထိုအခါ လေနှင့်မိုးကြိုးတံဆိပ် ကျင့်ကြံသူများဘက်သို့လှည့်၍ “ကြည့်ရတာ ချိတ်စည်း ပျက်စီးသွားပြီနဲ့တူတယ်။ အခုထိ ဒါတွေက ပုံရိပ်ယောင်တွေလို့ ခင်ဗျားတို့ ထင်နေတုန်းပဲလား”

လေနှင့်မိုးကြိုးတံဆိပ် ကျင့်ကြံသူတို့ နှစ်ဦးစလုံး မျက်နှာပျက်သွားကြလေ၏။ သူတို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် နှစ်ဦးစလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြလေသည်။ သူတို့ မြင်နေရသည့် အရာများသည် ပုံရိပ်ယောင် ဟုတ်မဟုတ် ဆိုသည်ကိုပင် မသေချာတော့ချေ။

အဟွတ်...

တောင်တံဆိပ်ကျင့်ကြံသူမှာတော့ နောက်ထပ် သွေးတစ်ပွက် ထပ်မံ ထိုးအန်လိုက်ပြန်ရလေသည်။ ထို့နောက် သူ့မျက်နှာမှာ သွေးမရှိတော့သည့်နှယ် ဖြူစွတ်သွားပြီး အရှိန်အဝါမှာလည်း လုံးဝကို မတည်မငြိမ် ဖြစ်သွားလေ၏။ လေနှင့် မိုးကြိုးတံဆိပ် ကျင့်ကြံသူတို့ဘက်သို့လှည့်၍ ခက်ခက်ခဲခဲဖြင့် ပြောလိုက်လေ၏ “ငါ့... ငါ့ကိုကယ်ပါဦး”

ကျောက်တုံးကိုယ်ပွားသည် ရူးသွပ်စွာ ရယ်မောရင်း နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးချလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ တောင်ကျင့်ကြံသူ မည်သို့မှ မခုခံနိုင်တော့ဘဲ ကျောက်တုံးကိုယ်ပွား၏ လက်သီး သူ့ဆီသို့ တိုးဝင်လာနေသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရတော့လေသည်။ သူ့တစ်ကိုယ်လုံး အေးစက်သွားပြီး ခြေလက်များလည်း ပျော့ခွေကျသွားလေ၏။

လက်သီးချက်သည် တောင်တံဆိပ်ကျင့်ကြံသူပေါ်သို့ ကျသွားလေသည်။ ဘုန်း... ဟူသော အသံနှင့်အတူ တောင်တံဆိပ်ကျင့်ကြံသူ တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးစသွေးနများ အဘက်ဘက်သို့ ပျံ့ထွက်လာကုန်ကြလေ၏။

“ကြည့်၊ အသက်သုံးရှိုက်စာပဲ” တောင်တံဆိပ်ကျင့်ကြံသူ သေသွားပြီးနောက် ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။ ရန်ကိုင်ကမူ လက်မသာ ထောင်ပြလိုက်လေ၏။

လေနှင့်မိုးကြိုးတံဆိပ် ကျင့်ကြံသူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အခြေအနေ မကောင်းတော့မှန်း နားလည်လိုက်သော် ဟင်းလင်းပြင်အက်ကွဲကြောင်းများကိုပင် အာရုံမစိုက်နိုင်တော့ဘဲ ထွက်ပြေးရန် ကြိုးစားတော့လေသည်။

“လာပြီးမှတော့ ဘာလို့ ထွက်သွားနေဦးမှာလဲ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် လေတံဆိပ်ကျင့်ကြံသူရှေ့တွင် ပြန်ပေါ်လာကာ သူ့လက်သည်းဖြင့် ကုတ်ချလိုက်၏။

လေတံဆိပ်ကျင့်ကြံသူမျက်နှာ ကြောက်ရွံ့မှုကြောင့် သွေးဆုတ်ဖြူလျော်သွားပြီး သူ့လက်ထဲရှိ ဓါးမြောင်ဖြင့် ကမန်းကတန်း ကောက်ကာလိုက်လေသည်။

ရန်ကိုင်က ပြုံးဖြီးလျက် လေတံဆိပ်ကျင့်ကြံသူ၏ ဓါးမြောင်ကို သူ့နဂါးလက်သည်းဖြင့် ကောက်ဖမ်းလိုက်လေသည်။

ထန်...

“ဘယ်လိုကြီးလဲ” ရန်ကိုင်မှ သူ့ဓါးမြောင်အား လက်သက်သက်ဖြင့် မည်သည့် ဒဏ်ရာမှ မရဘဲ ဖမ်းကိုင်ပြလိုက်သည်ကို မြင်သော် လေတံဆိပ်ကျင့်ကြံသူ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားလေသည်။

သူ့ဓါးမြောင်သည် တာအိုသခင်အဆင့် ဖြစ်လေရာ ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် သူ့ဓါးမြောင်အား လက်သက်သက်ဖြင့် မဖမ်းကိုင်ရဲကြပေ။

လေတံဆိပ်ကျင့်ကြံသူမှာ တခဏတာမျှ ငေငိုင်သွားလေ၏။ ထိုကဲ့သို့ အငိုက်မိနေသည့် အချိန်အတွင်း ရန်ကိုင်၏ လက်သည်းသည် သူ့ရင်ဘတ်တည့်တည့်သို့ လာရောက် ထိမှန်လေသည်။ ပြင်းထန်သည့် အရင်းအမြစ်ချီတို့ ပေါက်ကွဲထွက်လာပြီး လေတံဆိပ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေ၏။

သွေးပွက်ပွက် မြည်သံနှင့်အတူ လေတံဆိပ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲမှ သွေးများ ဖြာထွက်လာပြီး သူ့ကိုယ်ပတ်လည်ရှိ လေများမှာလည်း မိုးကြိုးပစ်ခံလိုက်ရသည့်အလား လျင်မြန်စွာ အားနည်းသွားခဲ့လေသည်။

ရန်ကိုင်သည် လေတံဆိပ်ကျင့်ကြံသူအနားသို့ ပြေးကပ်သွားလျက် လက်ကွက်များ ဖန်တီးကာ လေတံဆိပ်ကျင့်ကြံသူ၏ ကျင့်ကြံခြင်းကို ဖိနှိပ်ပစ်လိုက်လေသည်။

သေအံ့ဆဲဆဲ အခြေအနေနှင့် ရင်ဆိုင်နေရသော်ငြား လေတံဆိပ်ကျင့်ကြံသူမှာ ကြောက်လန့်သွားခြင်းမရှိဘဲ ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်၍ “မင်းငါ့ကို သတ်ချင်ရင် သတ်သာသတ်လိုက်။ ငါတို့ မအောင်မြင်တဲ့အကြောင်းကို သွေးဓါးမြှောင်ဠာနချုပ်က ခဏလေးနဲ့ သိသွားပြီ။ အဲ့အခါကျ ငါတို့ထက် ပိုအားကောင်းတဲ့ လူတွေကို စေလွှတ်လိမ့်မယ်”

“ခင်ဗျားတို့ အားလုံးကို သတ်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်ပြီး သတင်း ပျံ့တော့မှာလဲ” ရန်ကိုင်က လှောင်ပြုံးပြုံးပြလိုက်‌၏။

လေတံဆိပ်ကျင့်ကြံသူက ပြန်ပြောလိုက်၏ “မိုးကြိုးရဲ့ အမြန်နှုန်းက ဒီလောကကြီးမှာ နံပါတ်တစ်ပဲ။ မင်းသူ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး”

“ကြောက်လွန်းလို့ ခင်ဗျား စိတ်လွတ်သွားတာလား” ရန်ကိုင်က ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည်။

“လေ...”

ထိုစဉ် အားနည်းသည့် အော်သံတစ်သံ အနီးအနားဆီမှ ထွက်ပေါ်လာခဲ့သည်။ အော်သံကြားသဖြင့် လေတံဆိပ်ကျင့်ကြံသူလည်း လှည့်ကြည့်လိုက်ရာ မရေမတွက်နိုင်သော လဓါးသွားများကြား ပိတ်မိနေသော မိုးကြိုးတံဆိပ် ကျင့်ကြံသူကို တွေ့လိုက်ရလေသည်။

“မင်းဘယ်လိုလုပ်ပြီး...” လေတံဆိပ်ကျင့်ကြံသူသည် မိုးကြိုးတံဆိပ်ကျင့်ကြံသူအား မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ကြည့်လိုက်သည်။

“ငါပြေးလို့မရတော့ဘူး” မိုးကြိုးတံဆိပ်ကျင့်ကြံသူက သက်ပြင်းချလျက် ရန်ကိုင်အား ရှုပ်ထွေးသည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည် “ငါတို့ အထက်အရာအရှိတွေက ဒီကောင့်ကို အထင်သေးလိုက်၊ ငါတို့ ဒီကောင့် ပြိုင်ဘက် မဟုတ်ဘူး”

“ငါသိပြီ...” လေတံဆိပ်ကျင့်ကြံသူ ခါးသက်စွာ ပြုံးလိုက်လေသည်။

“ငါအရင်သွားနှင့်တော့မယ်” ထိုသို့ ပြောပြီးသည့်နောက် မိုးကြိုးတံဆိပ် ကျင့်ကြံသူသည် လက်ကွက်များကို ဖန်တီးလိုက်လေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အရင်းအမြစ်ချီများမှာ ကသောင်းကနင်း ဖြစ်လာပြီး သူ့တစ်ကိုယ်လုံး ဖောင်းကားတက်လာလေသည်။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ထအော်လေ၏ “မင်းလုပ်ရဲလား”

မိုးကြိုးတံဆိပ်ကျင့်ကြံသူက လှောင်ပြုံးပြုံးလျက် “ငါမင်းပြိုင်ဘက် မဟုတ်ပေမယ့် ငါဘယ်လိုသေမလဲဆိုတာကို မင်းဆုံးဖြတ်ခွင့် မရှိဘူးကွ”

ထိုသို့ ပြောပြီးသည့်နောက် သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။

တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ကိုယ့်ကိုယ်ကို ပေါက်ကွဲအားသည် လုံးဝကို ကြောက်မက်ဖွယ်ရာကောင်းပေသည်။

မိုးကြိုးတံဆိပ်ကျင့်ကြံသူ ပေါက်ကွဲထွက်သါားသည့် နေရာတွင် မတည်ငြိမ်သည့် တွင်းနက်တစ်ခု ဖြစ်ပေါ်လာလေ၏။ ရန်ကိုင်သည် ပေါက်ကွဲမှုမှ ဝေးနေသော်ငြား ဖြာထွက်လာသည့် အားလှိုင်းများကြောင့် လွင့်ထွက်သွားသေး၏။ ကျင့်ကြံခြင်း ချိတ်ပိတ်ထားခံရသော လေတံဆိပ်ကျင့်ကြံသူမှာမူ တစ်ချက် ညည်းတွားပြီးနောက် နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့ရလေသည်။ သူ့အရိုးများမှာ တစ်စစီ ကျိုးကြေကုန်ပြီး သွေးများမျာလည်း ဒွါရခုနှစ်ပေါက်မှ စီးထွက်လာကြကုန်လေ၏။

ရီကျင်းဟန်ကသည်လည်း အားလှိုင်းများကြောင့် နောက်သို့ လွင့်ပျံထွက်သွားခဲ့ရသည်။ အချိန်အတော်ကြာသွားမှသာ အားလှိုင်းများ ငြိမ်သက်သွားခဲ့လေသည်။

ရန်ကိုင်လည်း အမြန် ပြန်ပြေးလာပြီး လေတံဆိပ်ကျင့်ကြံသူအား စစ်ဆေးကြည့်လိုက်ရာ သေဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

“ငါ့လခွမ်း” ရန်ကိုင် ထအော်ဆဲတော့လေသည်။ ထို့နောက် ဟွာချင်းစီဘက်သို့လှည့်၍ အော်ပြောလိုက်လေသည် “အစ်မဟွာ၊ အဲ့ကောင်ကို မသတ်နိုင်ဦး”

သွေးဓါးမြောင်သည် မည်ကဲ့သို့သော အဖွဲ့အစည်းဖြစ်သလဲ၊ ထိုအဖွဲ့အစည်း ဘာကြောင့် သူ့အား လိုက်ရှာနေသလဲ ဆိုသည်ကို ရန်ကိုင် မသိချေ။ သူသာ သူ့ရန်သူ တစ်ယောက် နှစ်ယောက်လောက်ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်မည်ဆိုပါက လိုချင်နေသည့် အချက်အလက်များကို အစ်အောက် မေးမြန်းကြည့်နိုင်ပေသည်။

လေတံဆိပ်ကျင့်ကြံသူအား မသတ်ပစ်ဘဲ ကျင့်ကြံခြင်းကိုသာ ချိတ်ပိတ်ပစ်ခဲ့ရခြင်းမှာ ထိုအကြောင်းကြောင့်ဖြစ်သည်။ သို့သော်ငြား မိုးကြိုးတံဆိပ် ကျင့်ကြံသူ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်သည့် အတွက်ကြောင့် လေတံဆိပ်ကျင့်ကြံသူပါ သေသွားခဲ့ရပေသည်။

တောင်တံဆိပ်ကျင့်ကြံသူမှာလည်း ကျောက်တုံးကိုယ်ပွား လက်ချက်ကြောင့် သေသွားပြီ ဖြစ်လေရာ အသက်ရှင်ကျန်ရစ်သူဆို၍ မီးတံဆိပ်ကျင့်ကြံသူသာ ရှိတော့သည်။ သို့သော်ငြား ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ငေးကြောင်ပြီး ကြည့်နေမိလိုက်လေ၏။

ဟွာချင်းစီသည် ရောင်စုံဖဲကြိုးဘေးတွင် ရပ်နေရင်းမှ ရန်ကိုင်ဘက်သို့လှည့်၍ ခါးသက်စွာပြုံးလျက် ပြောလိုက်လေသည် “အဲ့လိုလုပ်ဖို့က... မလွယ်တော့ဘူး”

သူမနှင့် မလှမ်းမကမ်းတွင် ရူးသွပ်စွာ အော်ရယ်မောနေသော မီးတံဆိပ်ကျင့်ကြံသူ ရှိနေခဲ့လေသည်။ လက်ရှိသည် သူ့ပါးစပ်မှ သွေးများ စီးကျနေပြီး ဓါးမြောင် တစ်ချောင်းသည်လည်း သူ့ရင်ဘတ် တည့်တည့်သို့ စိုက်ကြည့်နေခဲ့လေသည်။ နာကျင်နေသော်ငြား သည်းလှိုက်အူလှိုက် အော်ရယ်မောလျက် “သွေးဓါးမြောင် လှုပ်ရှားပြီဆိုတာနဲ့ ပစ်မှတ် မသေမချင်း ရပ်မှာမဟုတ်ဘူးကွ။ ဟားဟားဟား”

သူ့အဖော်များ သေသွားသည်ကို မြင်ပြီးနောက် သူ့ကိုယ်သူ သက်သေရန် ကြိုးစားလိုက်သည့်ပုံပင်။ ထွက်ပြေးလို့လည်း လွတ်လိမ့်မည် မဟုတ်သည့် အတွက်ကြောင့် သူ့ကိုယ်သူ သက်သေရန် ရွေးချယ်လိုက်လေသည်။

ထိုကဲ့သို့သော ဒဏ်ရာမျိုးကို ရပြီးနောက် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင်လျှင် ကြာကြာ အသက်ရှင်မနေတော့လေရာ တာအိုသခင်တတိယအဆင့်သာ ရှိသေးသော မီးတံဆိပ်ကျင့်ကြံသူ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ ရန်ကိုင်သာ ဘာမှ မလုပ်လျှင် မီးတံဆိပ်ကျင့်ကြံသူ အနှေးနှင့်အမြန်ဆိုသလို သေပေတော့မည်။

မှုန်ကုတ်နေသော ရန်ကိုင် မျက်နှာသည် အမျိုးမျိုး ပြောင်းလဲနေပြီးနောက်တွင် အံကြိတ်၍ အော်ပြောလိုက်လေသည် “ငါ့ခွင့်ပြုချက် မရဘဲ သေချင်နေတာလား၊ အိမ်မက်သာ မက်နေလိုက်”

ပြောပြီးသည့်နောက်တွင် မီးတံဆိပ်ကျင့်ကြံသူဆီသို့ ပြေးထွက်သွားပြီး ထိုလူ၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်လိုက်လေသည်။ ဤလူသာ မိုးကြိုးတံဆိပ်ကျင့်ကြံသူကဲ့သို့ ကိုယ့်ကိုယ်ကို ဖောက်ခွဲရန် ကြိုးစားမည်ဆိုပါက ရန်ကိုင်လည်း ဘာမှ တတ်နိုင်တော့လိမ့်မည် မဟုတ်ချေ။

“မင်း... မင်းဘာလုပ်ချင်နေတာလဲ” မီးတံဆိပ်ကျင့်ကြံသူမှာ သေတော့မည် ဖြစ်သော်ငြား ရန်ကိုင်၏ ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် ကြောက်လန့်မိသွားသေး၏။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဒီလောက် ရှင်းနေတာတောင် မသိဘူးလား။ ကျုပ်ခင်ဗျားကို ကယ်ဖို့ကြိုးစားနေတာလေ။ ကျုပ်ကို ကျေးဇူးတင်နေစရာ မလိုဘူး”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၉၂)

“မင်း... မင်းက ငါ့ကိုကယ်နေတာ” ရန်ကိုင်၏ စကားကို ကြားပြီးနောက်တွင် မီးတံဆိပ်ကျင့်ကြံသူ မျက်လုံးပြူးကာ မှင်သက်သွားခဲ့လေသည်။

ရန်ကိုင်သည် မီးတံဆိပ်နှင့်ကျင့်ကြံသူကို လည်ကုတ်မှဆွဲကိုင်လျက် ပျောက်ကွယ်သွားခဲ့လေသည်။

“သခင်လေးရန်...” ရီကျင်းဟန်သည် ဖြူဖတ်ဖြူလျော် မျက်နှာထားဖြင့် အမြန် ပြေးလာခဲ့လေသည်။ သို့ရာတွင် သူမ ရောက်လာသည့်အချိန်၌ ရန်ကိုင်အား မည်သည့် နေရာတွင်မှ မတွေ့ရတော့ချေ။ ထို့အတွက်ကြောင့် ဟွာချင်းစီဘက်သို့သာ လှည့်၍ မေးလိုက်လေသည် “အစ်မ၊ သခင်လေးရန် ဘယ်ထွက်သွားတာလဲ”

ဟွားချင်းစီသည် ကျောက်တုံးကိုယ်ပွားနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ရီကျင်းဟန်နောက်၌ ရုတ်တရက် ပေါ်လာပြီး သူမလည်ဂုတ်ကို လက်ဖြင့် ရိုက်ချလိုက်လေသည်။

ဟွာချင်းစီသည် သူမအား ရုတ်တရက်ကြီး တိုက်ခိုက်လာလိမ့်မည်ဟု ရီကျင်းဟန် လုံးဝ မထင်ထားခဲ့ချေ။ ဟွာချင်းစီသည် ရန်ကိုင်၏ အဖော်ဖြစ်သည့်အတွက်ကြောင့် ရီကျင်းဟန်လည်း သူမအား သတိထားမနေခဲ့ချေ။ လည်ဂုတ်အား ဆတ်ခနဲ ရိုက်ခံထိလိုက်ပြီးနောက်တွင် ရီကျင်းဟန် သတိလစ်သွားခဲ့လေသည်။

“နင်သူ့ကို သတ်လိုက်တာလား” ကျောက်တုံးကိုယ်ပွား ထိတ်လန့်သွားလေ၏။

“သတ်စရာလား” ဟွာချင်းစီးက နှုတ်ခမ်းကြီးမဲ့လျက် ကျောက်တုံးကိုယ်ပွားကို ကြည့်ကာ ပြောလိုက်လေသည် “သတိလစ်အောင်ပဲ လုပ်လိုက်တာ” တစ်ချက်မှ ရပ်ပြီးနောက် ကျောက်တုံးကိုယ်ပွားကို သင်္ကာမကင်း အမူအရာဖြင့် ကြည့်လျက် "နင်ဘာလုပ်နေတာလဲ”

ကျောက်တုံးကိုယ်ဟွားသည် သေနေပြီဖြစ်သော လေတံဆိပ်ကျင့်ကြံသူဆီသို့ လျှောက်ပြီး အလောင်းကို ကောက်ယူနေခဲ့သည်။

ဟွာချင်းစီ၏ အမေးကိုကြားသော် ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်ပြောလိုက်လေသည် “ဘာလုပ်နေတယ်လို့ထင်လဲ။ တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းတဲ့... တကယ်ကို များလိုက်မယ့်စွမ်းအင်တွေ”

ထိုစကားကို ကြားသော် မမှတ်မိချင်တော့သည့် အကြောင်းအရာများကို ပြန်မှတ်မိသွားသည့်အလား ဟွာချင်းစီ၏ မျက်နှာ ဖြူလျော်သွားပြီး အလန့်တကြား ထအော်လေသည် “နင်ဟိုမကောင်းဆိုးရွား ပညာရပ်ကို သုံးပြီး သူ့အသက်စွမ်းအင်ကို စုပ်ယူဖို့ လုပ်နေတာလား”

ကျောက်တုံးကိုယ်ပွားက ခေါင်းညိတ်လျက် “အစားအစာတွေကို အလကား လွင့်ပစ်တာ မကောင်းဘူး”

“ရွံစရာကြီး၊ ငါ့ရှေ့မှာ လာမလုပ်နဲ့။ မဟုတ်ရင် ငါနင့်ကို မခေါ်တော့ဘူး” ဟွာချင်းစီက ရွံ့ရှာစက်ဆုပ်နေဟန်ဖြင့် ပြောလိုက်လေသည်။

ထိုစဉ် ရန်ကိုင် ရုတ်တရက် ပြန်ပေါ်လာပြီး ကျောက်တုံးကိုယ်ပွားနှင့် ဟွားချင်းစီအား ပြောလိုက်လေသည် “ပြန်လာခဲ့တော့”

ပြောပြီးသည့်နောက် မြေပြင်ပေါ်တွင် သတိလစ်ကာ လဲနေသော ရီကျင်းဟန်ကို ကြည့်လျက် ခေါင်းညိတ်ကာ ပြောလိုက်၏ “သူတို့ကို သတိလစ်အောင် လုပ်လိုက်တာ တကယ်ကောင်းတယ်”

ထို့နောက် သူ့လက်ကို ဝှေ့ရမ်းလျက် ရီကျင်းဟန်အား ကမ္ဘာငယ်လေးထဲသို့ ပို့လိုက်လေသည်။ ပြီးနောက်တွင် ကျောက်တုံးကိုယ်ပွား ကမ္ဘာငယ်လေးထဲသို့ ဝင်လို့ရစေရန် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ဖန်တီးပေးလိုက်လေ၏။

...

ကမ္ဘာငယ်လေးထဲ၌... ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားသည် ဆေးဥယျာဉ်ဘေးတွင် ပေါ်လာခဲ့လေသည်။

မီးတံဆိပ်ကျင့်ကြံသူ၏ အရှိန်အဝါမှာ အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေခဲ့သည်။ အသက်စွမ်းအင်မှာဆိုလျှင်လည်း မရှိသလောက်နီးပါးပင်။ သူ့ရင်ဘတ်တွင် စိုက်ဝင်နေသော ဓါးမြောင်ဆီမှ သွေးများ အဆက်မပြတ် ယိုစီးကျနေလေ၏။ ထိုလူက သေမင်းခံတွင်းဝဆီသို့ ခြေတစ်ဖက်လှမ်းပြီးနေပြီ ဖြစ်သော်ငြား ကောင်းကောင်း မနေနိုင်ဘဲ လှောင်ပြောင်ရယ်မောနေခဲ့လေသည် “ငါရထားတဲ့ဒဏ်ရာနဲ့ ဒဏ္ဏာရီလာ ဆေးလုံးတွေကလွဲပြီး ဘာကမှ ငါ့ကို ကယ်နိုင်တော့မှာမဟုတ်ဘူး... အချိန်ဖြုန်းမနေကြနဲ့... အဟွတ်အဟွတ်...”

ထိုသို့ ပြောပြီးသည့်နောက် သူ့ပါးစပ်နှင့် နှာခေါင်းပေါက်ဆီမှ သွေးများ ယိုစီးကျလာလေ၏။

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည် “ခင်ဗျား အကောင်းအတိုင်း ပြန်ဖြစ်သွားအောင် ကျုပ်မလုပ်နိုင်ပေမယ့် ခင်ဗျားကို မသေအောင်တော့ ထိန်းထားနိုင်တယ်”

ထိုသို့ ပြောပြီးသည့်နောက် မီးတံဆိပ်ကျင့်ကြံသူဆီသို့ လျှောက်သွားပြီး သူ့ပါးစပ်ကိုဟကာ ပါးစပ်ထဲသို့ ကုသရေးဆေးလုံးများစွာ ထည့်ပေးလိုက်လေသည်။

မီးတံဆိပ်ကျင့်ကြံသူမှာတော့ ပါးစပ်ကို အတင်းစေ့လျက် ခေါင်းကို အဆက်မပြတ် ခါနေခဲ့လေသည်။ သို့ရာတွင် သူ့ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခြင်း ခံထားရသည့် အတွက်ကြောင့် ကြာကြာ ခေါင်းမာမနေနိုင်ဘဲ နောက်ဆုံးတွင် ဆေးလုံးများအား မျိုချလိုက်ရလေသည်။

မီးတံဆိပ်ကျင့်ကြံသူ၏ အကြည့်ထဲတွင်တော့ လှောင်ပြောင်မှုတို့ ပြည့်နေလေ၏။ ရန်ကိုင်၏ လုပ်ရပ်သည် သူ့အသက်ကို ထိန်းထားနိုင်လိမ့်မည်ဟု မထင်ချေ။ အသက်စွမ်းအင်များ သူ့ကိုယ်ထဲမှ တရဟော စီးထွက်နေသည်ကို မီးတံဆိပ်ကျင့်ကြံသူ အတိုင်းသား ခံစားနေရသည်။ ဤသည်မှာ အတော်လေးကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းသော်ငြား ရန်သူလက်ထဲရောက်ပြီး အနှိပ်စက်ခံရမည်ထက် စာလျှင်တော့ ပိုသာပေးသေးသည်။

ဆေးတိုက်ပြီးနောက်တွင် ရန်ကိုင်သည် မီးတံဆိပ်ကျင့်ကြံသူရှေ့တွင် ထိုင်လျက် လက်ကွက်များကို စတင်ဖန်တီးကာ မီးတံဆိပ်ကျင့်ကြံသူ၏ ရင်ဘတ်ကို ရိုက်ချလိုက်လေသည်။ ထိုကဲ့သို့ ရိုက်ချလိုက်သည့်နောက် မီးတံဆိပ်ကျင့်ကြံသူ၏ ရင်ဘတ်တွင် စိုက်ဝင်နေသော ဓါးမြှောင် ပြုတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာခဲ့လေသည်။ နာကျင်မှုကြောင့် မီးတံဆိပ်ကျင့်ကြံသူ၏ မျက်နှာကြီး တစ်ခုလုံး ရှုံ့မဲ့သွားပြီး သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားခဲ့လေသည်။

သို့သော်ငြား ချက်ချင်းဆိုသလို သိပ်သည်းလှသည် အသက်စွမ်းအင်များစွာ သူ့ကိုယ်ထဲသို့ ရုတ်တရက် စီးဝင်လာနေကြောင်း မီးတံဆိပ်ကျင့်ကြံသူ သတိထားမိလိုက်၏။ သူခံစားနေရသည့် ရင်ဘတ်ဆီမှ နာကျင်မှုသည် တဖြည်းဖြည်း ထုံထိုင်းလာပြီး သွေးလည်း တိတ်သွားခဲ့လေသည်။ ကုန်ဆုံးသွားသော သူ့အသက်စွမ်းအင်များမှာ လျင်မြန်စွာ ပြန်ပြည့်လာနေခဲ့လေ၏။

ထို့အတွက်ကြောင့် မျက်လုံးဖွင့်၍ လှည့်ပတ်ကြည့်လိုက်ရာ မကြာမီတွင် သူ့အကြည့်သည် ကလေးတစ်ရပ်စာမျှလောက်သာရှိသော အပင်လေးတစ်ပင်ဆီသို့ ရောက်သွားခဲ့သည်။ ထိုအပင်လေးဆီမှ အစိမ်းရောင်အရောင်အဝါတို့ ဖြာထွက်နေသည်ကို မီးတံဆိပ်ကျင့်ကြံသူ အတိုင်းသာ မြင်နေရသည်။ ရန်ကိုင်သည် ပညာရပ်တစ်ခုခုကို သုံးလျက် ထိုအစိမ်းရောင်စွမ်းအင်များကို သူ့ကိုယ်ထဲသို့ ထည့်သွင်းပေးနေလေ၏။

“ဘာ... ဘာကြီးလဲ” သူကျိန်းသေ သေမည်ဟု ထင်နေသော မီးတံဆိပ်ကျင့်ကြံသူမှာ ထိုမြင်ကွင်းကြောင့် ကြောင့်သွားပြီး အသားများ တဆတ်ဆတ် တုန်ရီသွားလေ၏။ ထိုအပင်လေးဆီမှ ဖြာထွက်နေသည့် အတိုင်းအဆ မရေတွက်နိုင်လောက်အောင် များပြားသော အသက်စွမ်းအင်များကို ခံစားမိနေသည်။ သေမင်းခံတွင်းမှ ပြန်လွတ်လာနိုင်ခြင်းမှာ ဤအပင်လေးကြောင့်မှန်းလည်း သိနေခဲ့သည်။

“အင်မော်တယ်သစ်ပင်လေ၊ ကြားဖူးလား” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် မေးလိုက်၏။

“အင်မော်တယ်သစ်ပင်” မီးတံဆိပ်ကျင့်ကြံသူ တုန်တက်သွားပြီး ရန်ကိုင်အား အလန့်တကြားဖြင့်ကြည့်ရင်း ပြန်ပြောလိုက်လေသည် “အပိုတွေ လာပြောမနေနဲ့။ အင်မော်တယ်သစ်ပင်က စကြာဝဠာကြီး မွေးဖွားလာကလည်း တည်ရှိနေခဲ့တာ။ အဲ့သစ်ပင်က သေလူကိုတောင် ပြန်ရှင်နိုင်ပြီး သန့်စင်ပစ်နိုင်မယ်ဆိုရင် မဖျက်စီးနိုင်တဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ရနိုင်တယ်တဲ့။ အဲ့လိုသစ်ပင်မျိုး မင်းမှာရှိစရာလား”

“ခင်ဗျားက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။

“အင်မော်တယ်သစ်ပင်လား... မင်းဘယ်သူ့ကို လာအရူးလုပ်ချင်နေတာလဲ” မီးတံဆိပ်ကျင့်ကြံသူက အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

“ယုံတာမယုံတာကတော့ ခင်ဗျားအပိုင်းပဲ” ရန်ကိုင်သည် မီးတံဆိပ်ကျင့်ကြံသူအား တစ်ချက်ကြည့်လျက် ပြုံးကာ ပြောလိုက်လေသည် “အခုလိုမျိုး အင်တိုက်အားတိုက် စကားပြောနိုင်တယ်ဆိုတော့ ခင်ဗျား အတော်လေး အဆင်ပြေသွားပြီပဲ။ မဆိုးဘူး... တကယ်မဆိုးဘူး”

ရန်ကိုင် ပြောသည်ကိုကြားသော် မီးတံဆိပ်ကျင့်ကြံသူ မှင်သက်သွားခဲ့လေသည်။ သစ်ပင်လေးဆီမှ ရလိုက်သော သေးငယ်လေသည် အစိမ်ရောင် အရှိန်အဝါလေးကြောင့် သေဘေးမှ ပြန်ရုန်းထွက်လာနိုင်ခဲ့သည်။ သူသာ ထိုသစ်ပင်လေးကို သန့်စင်လိုက်မည် ဆိုလျှင် သူ့ဒဏ်ရာအကုန် ပြန်ကောင်းသွားမည်လား။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် မီးတံဆိပ်ကျင့်ကြံသူ ကြောင်သွားပြီး ချွေးသီးချွေးပေါက်များ သူ့နဖူးထက် ဝေ့သီလာခဲ့လေသည်။ သူ့ခဗျာ မယုံချင်သော်ငြား ကိုယ်တိုင် ကြုံဖူးထားသူ ဖြစ်သည့်အတွက်ကြောင့် ဤသစ်ပင်လေးမှာ ဒဏ္ဏာရီလာ အင်မော်တယ်သစ်ပင်ဖြစ်ကြောင်း သူ့မသိစိတ်က ပြောနေခဲ့လေသည်။

ဂလု...

အင်မော်တယ်သစ်ပင်ကို စိုက်ကြည့်ရင်း မီးတံဆိပ်ကျင့်ကြံသူ၏ မျက်လုံးများ မီးတောက်လာခဲ့လေသည်။

ရန်ကိုင်ကမူ မီးတံဆိပ်ကျင့်ကြံသူအား ဂရုစိုက်မနေတော့ဘဲ ကျောက်တုံးကိုယ်ပွား ဘက်သို့သာ လှည့်၍ ပြောလိုက်လေ၏ “ငါသူ့ကို မင်းလက်ထဲ အပ်လိုက်မယ်။ နည်းနည်းပါးပါး အသုံးဝင်မယ့်ဟာလေး မေးထုတ်စမ်းကွာ”

“စိတ်မပူနဲ့။ သူစကားပြောလာအောင် ငါလုပ်ပေးမယ်” ကျောက်တုံးကိုယ်ပွားက ညစ်ကျယ်ကျယ် ရယ်မောလိုက်လေသည်။

ထိုရယ်သံကို ကြားလိုက်သည့်အခိုက် မီးတံဆိပ်ကျင့်ကြံသူ ကြက်သီးမွှေးညင်း ထသွားခဲ့ပြီး ကျောက်တုံးကိုယ်ပွားဆီသို့ လှမ်းကြည့်မိလိုက်လေသည်။ လက်ရှိတွင် ကျောက်တုံးကိုယ်ပွားသည် အလောင်းတစ်လောင်းဘေး၍ တင်ပလင်ခွေ ထိုင်နေခဲ့၏။

“လေ...” လေတံဆိပ်ကျင့်ကြံသူ၏ အလောင်းကို မြင်လိုက်သည့်နောက် မီးတံဆိပ် ကျင့်ကြံသူ၏ အမူအရာ အေးစက်သွားခဲ့ပြီး ကျောက်တုံးကိုယ်ပွားဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည် “မင်းဘယ်သူလဲ ငါဂရုမစိုက်ဘူး။ ငါ့ဆီကနေ ဘာသတင်းမှရဖို့ မကြိုးစားနဲ့”

“မင်းက တကယ် သတ္တိရှိတာပဲ” ကျောက်တုံးကိုယ်ပွားက ချီးကျူးလိုက်လေသည် “ငါကလည်း သတ္တိရှိတဲ့လူတွေကိုမှ ကြိုက်တာ။ စိတ်မပူနဲ့... ငါမင်းကို ကောင်းကောင်း ဖျော်ဖြေပေးမယ်”

မီးတံဆိပ်နှင့်ကျင့်ကြံသူကမူ အထင်အမြင်တသေးဖြင့်သာ လှောင်ပြုံးပြုံးနေလေ၏။

ကျောက်တုံးရုပ်သေးရုပ်သည် မီးတံဆိပ်ကျင့်ကြံသူအား အာရုံမစိုက်တော့ချေ။ ထို့အစား လေတံဆိပ်ကျင့်ကြံသူ၏ အလောင်းကို သူ့ရှေ့တွင်ချလျက် သူ့လက်ဝါးကြီးဖြင့် ဖုံးအုပ်လိုက်လေသည်။

“မင်းလေရဲ့ အလောင်းကို ဘာလုပ်ဖို့ကြံနေတာလဲ” မီးတံဆိပ်ကျင့်ကြံသူ၏ အမူအရာ ပြောင်းလဲသွားပြီး ကျောက်တုံးကိုယ်ပွားကို လှမ်းအော်မေးလိုက်လေသည်။

“ဘာလုပ်ဖို့ကြံနေတာလဲဟုတ်လား... ဟဲဟဲ” ကျောက်တုံးကိုယ်ပွားက ထူးဆန်းစွာ ရယ်မောလိုက်လေ၏။

မီးတံဆိပ်ကျင့်ကြံသူ၏ နဖူးထက် နဖူးကြောကြီးများ ထောင်တက်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ အလိုလို စိတ်ပူလာခဲ့လေ၏။ ကျောက်တုံးကိုယ်ပွားသည် သူမေးသမျှ မေးခွန်းတိုင်းကို တစ်ချက်မှ ကောင်းကောင်း ပြန်မဖြေသဖြင့် မီးတံဆိပ်ကျင့်ကြံသူမှာ ဒေါသထွက်လာရလေတော့သည်။

မီးတံဆိပ်ကျင့်ကြံသူ ဒေါသထွက်နေစဉ်မှာပင် ကျောက်တုံးကိုယ်ပွား၏ အမူအရာ ရုတ်ချည်း လေးနက်တည်ကြည်သွားခဲ့ပြီး အော်ဟစ်လိုက်လေ၏ “ကောင်းကင်ဝါးမြိုခြင်း ဥပဒေသ”

ထိုစကားကို ကြားလိုက်သည့်အခိုက် မီးတံဆိပ်ကျင့်ကြံသူ မျက်လုံးပြူးသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် အော်ပြောလိုက်လေသည် “ကောင်းကင်... ကောင်းကင် ဝါးမြိုခြင်းဥပဒေသသသသ...”

မီတံဆိပ်ကျင့်ကြံသူမှာ သူပြောသလောက်ပဲ သတ္တိရှိသည်လား၊ သေသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် အရာကို မြင်လိုက်ရသည့် အတွက်ကြောင့်လားမသိ၊ ကိုယ့်ကိုယ်ကို ဓါးဖြင့်ထိုး၍ သေကြောင်းကြံရဲလောက်သည်အထိ သတ္တိရှိသည့် လူတစ်ဦးသည် ကျောက်တုံးကိုယ်ပွား ကောင်းကင်ဝါးမြိုခြင်းတိုက်ပွဲဥပဒေသအား လေတံဆိပ်ကျင့်ကြံသူအပေါ်တွင် သုံးနေသည်ကိုမြင်သော် ချက်ချင်း ကြောက်လန့် တုန်လှုပ်လာခဲ့လေသည်။

မည်သူမှ ကိုယ့်အသွေးအသား တစိမ့်စိမ့် ဝါးမြိုခံနေရသည်ကို မလိုလားချေ။ ဤသို့ ခံစားရသည်မှာ အသတ်ခံရသည်ထက်ပင် ပို၍ ခံရခက်သေး၏။ ထို့ကြောင့် မီးတံဆိပ်ကျင့်ကြံသူမှာ သူသိထားသမျှ အကြောင်းစုံကို ထုတ်ပြောပြတော့လေသည်။

ထိုလူလေးယောက်သည် သွေးဓါးမြောင်မှ ဖြစ်ကြပြီး အထက်အရာရှိများ၏ အမိန့်အရ ရန်ကိုင်အား ဠာနချုပ်သို့ ခေါ်သွားရန် ရောက်လာကြခြင်း ဖြစ်သည်။ ဘာကြောင့် ရန်ကိုင်အား ခေါ်လာခိုင်းသလဲ ဆိုသည်ကိုတော့ မီးတံဆိပ်ကျင့်ကြံသူလည်း မသိချေ။ သူတို့သည် အမိန့်အတိုင်းသာ လုပ်နေခြင်းဖြစ်၏။

သူတို့၏ အထက်အရာရှိများအနက် မည်သူမှ ထိုကဲ့သို့ အမိန့်ပေးသလဲ ဆိုသည်ကိုလည်း သူတို့ မသိချေ။

မေးမြန်ပြီးသည့်နောက် သွေးဓါးမြောင်အဖွဲ့အစည်းအကြောင်း ရန်ကိုင် အကြမ်းဖျင်း သိသွားခဲ့လေသည်။ သွေးဓါးမြောင်တွင် အဖွဲ့သားပေါင်းများစွာရှိပြီး သူတို့၏ အဖွဲ့ခွဲများသည် နယ်မြေကြီး လေးခုစလုံးတွင် ရှိနေကြလေသည်။ ဂိုဏ်းကြီးများထဲတွင်ပင် သူတို့၏ အဖွဲ့သားများ ရှိကြသည်။ ပုံမှန်အားဖြင့် ထိုလူများသည် သာမန် တပည့်များကဲ့ နေနေကြပြီး အမိန့်ရသည့်အခါ ပေးသည့်အမိန့်များကို ချက်ချင်း သွားရောက် လုပ်ဆောင်ကြလေသည်။

တာဝန် ပြီးဆုံးသွားသည့်နောက် သူတို့ ပုန်းအောင်းနေသည့် နေရာသို့ ပြန်လာကာ ယခင်အတိုင်း ပြန်နေကြလေ၏။

ကျောက်တုံးကိုယ်ပွားမှ မီးတံဆိပ်ကျင့်ကြံသူအား တောင်ဘက်နယ်မြေအကြောင်း မေးမြန်းကြည့်လိုက်သည့်နောက်တွင်မူ သွေးတံဆိပ်ကျင့်ကြံသူ၏ အသိစိတ်ပင်လယ် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့လေသည်။ အားကောင်းသည့် ပညာရှင်တစ်ဦးသည် သွေးဓါးမြောင်၏ လျှို့ဝှက်ချက်များကို မီးတံဆိပ်ကျင့်ကြံသူမှ ထုတ်မပြောစေနိုင်ရန် အတွက် သူ့ကိုယ်ထဲ ချိတ်စည်းတစ်ခု ထည့်ထားသည့်ပုံပင်။

ကျောက်တုံးကိုယ်ပွား ပြန်ပြောသည်ကို ကြားပြီးနောက် ရန်ကိုင်၏မျက်နှာ မှုန်ကုတ်သွားခဲ့လေသည်။

သူ့ဘဝတွင် ယခုမှသာ သွေးဓါးမြောင်နှင့် တွေ့ဖူးခြင်းဖြစ်သည်။ တစ္ဆေလေးကောင်၏ ခွန်အားကို ကြည့်ရသလောက် သွေးဓါးမြောင်သည် သွားရန်စသင့်သည့် အဖွဲ့အစည်းတစ်ခု မဟုတ်ချေ။ ယခု ထိုအဖွဲ့အစည်းသည် ရန်ကိုင်အား ပစ်မှတ် ထားလာခဲ့လေပြီ။ ဘာကြောင့် ပစ်မှတ်ထားသလဲ ဆိုသည်ကို သူမသိသလို ထိုအဖွဲ့အစည်း၏ ခွန်အားအတိုင်းအတာကိုလည်း သူမသိပေ။

ယခု သူ့လည်းချောင်ဝ၌ အရိုးစူးနေသလို ဖြစ်နေသည့်အတွက် ရန်ကိုင် အတော်လေး စိတ်ညစ်လာခဲ့လေသည်။

သွေးဓါးမြောင် လှုပ်ရှားပြီဆိုသည်နှင့် နောက်ဆုံးထွက်သက်ထိ တိုက်ခိုက်သွားပေလိမ့်မည်။ ယခုတစ်ကြိမ် တာဝန် မအောင်မြင်သည့်နောက်တွင် သွေးဓါးမြောင် ငြိမ်နေတော့လိမ့်မည် မဟုတ်ချေ။ နောက်ထပ် ပိုအားကောင်းသည့် ပညာရှင်များကို စေလွှတ်ပေလိမ့်မည်။ ရန်ကိုင်သည် လေ၊ မီး၊ မိုးကြိုးနှင့် တောင်တံဆိပ် ကျင့်ကြံသူလေးဦးကို ရှင်းထုတ်ပစ်နိုင်ခဲ့သော်ငြား နောက်လာမည့် လူများကိုကော ရှင်းထုတ်နိုင်မည်နည်း။ သွေးဓါးမြောင်သည်သာ ဧကရာဇ်အဆင့် ပညာရှင်များကို စေလွှတ်လိုက်မည်ဆိုပါက ရန်ကိုင် ဘာလုပ်ရတော့မည်နည်း။

ထိုအကြောင်းကိုတွေးရင်း ရန်ကိုင် စိတ်ညစ်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၉၃)

စိတ်ညစ်ညစ်ဖြင့် အကြံအိုက်နေစဉ်မှာပင် နောက်ဘက်မှ ညည်းတွားသံတစ်သံ ကြားသဖြင့် လှည့်ကြည့်လိုက်ရာ လှေပေါ်တွင် ဇဝေဇဝါ အမူအရာဖြင့် မျက်မှောင်ကြုတ်ကာ ထိုင်နေသော ရီကျင်းဟန်ကို တွေ့လိုက်ရလေသည်။

ရီကျင်းဟန်သည် လက်ရှိ အခြေအနေကြောင့် ဇဝေဇဝါ ဖြစ်နေခဲ့လေသည်။

သို့သော်ငြား သူမ သတိလစ်မသွားခင် အကြောင်းအရာများကို အလျင်အမြန် ပြန်မှတ်မိသွားလေသည်။ ချက်ချင်းပဲ မတ်တပ်ရပ်၍ အော်ပြောလိုက်လေ၏ “သခင်လေးရန်”

“ခင်ဗျား နိုးလာပြီပေါ့” ရန်ကိုင်က ရီကျင်းဟန်ကိုကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည် “မလှုပ်နဲ့ဦး။ ဒဏ်ရာတွေရထားမထား ခင်ဗျား ခန္ဓာကိုယ်ကို အရင် စစ်ဆေးကြည့်လိုက်ဦး”

ထိုစကားကိုကြားသော် ရီကျင်းဟန် ခေါင်းညိတ်လို်ပြီး မျက်လုံးပိတ်ကာ သူမ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။ ခဏအကြာ၌ မျက်လုံးပြန်ဖွင့်လျက် ပြောလိုက်လေ၏ “ကျွန်မ အဆင်ပြေတယ်”

သူမသည် သတိလစ်ရုံသာ လစ်သွားခဲ့ခြင်းဖြစ်သည်။ မိုးကြိုးတံဆိပ်ကျင့်ကြံသူ ကိုယ့်ကိုယ်ကို ဖောက်ခွဲရာမှ ထွက်ပေါ်လာသည့် အားလှိုင်းများကြောင့် လွင့်ထွက်သွားခဲ့သော်ငြား ဒဏ်ရာကြီးကြီးမားမား မရခဲ့ချေ။ ဆေးအနည်းငယ်လောက် သောက်လိုက်ရုံဖြင့် အပြည့်အဝ ပြန်ကောင်းနိုင်ပေသည်။

“ရန်ကိုင်၊ ဟိုအစ်မကြီးနဲ့ ကျောက်တုံးလူသား ဘယ်ရောက်သွားတာလဲ” လှည့်ပတ်ကြည့်နေသော်ငြား ဟွာချင်းစီနှင့် ကျောက်တုံးကိုယ်ပွားကို မမြင်သော် ရီကျင်းဟန်က မေးလိုက်လေသည်။

“ဘယ်အစ်မကြီးနဲ့ ကျောက်တုံးလူသားလဲ”

“ဟိုနှစ်ယောက်လေ” ရီကျင်းဟန်မှာ ထိုနှစ်ဦးအား ပြောရခက်နေလေ၏။ ရုတ်တရက် မျက်မှောင်ကြုတ်၍ ထူးဆန်းနေသည့် အမူအရာဖြင့် “သူတို့တွေက ပုံရိပ်ယောင်တွေလား”

ဟွာချင်းစီနှင့် ကျောက်တုံးကိုယ်ပွားတို့ ပေါ်လာပုံကို ပြန်စဉ်းစားကြည်သော် အကုန်လုံးမှာ အိမ်မက်ဆန်ဆန်လိုသာ ခံစားရလေသည်။ သို့သော်ငြား သူမ တကယ်ကြီး ပုံရိပ်ယောင်တစ်ခု၏ လက်စာ မိသွားတာလားဟုလည်း တွေးမိသွားလေ၏။

“ဟိုလေးယောက်ကို ရင်ဆိုင်ဖို့ အထူးပညာရပ်တစ်ခု ထုတ်သုံးလိုက်တာ။ ခင်ဗျား အဲ့ဒါကြောင့် ပုံရိပ်ယောင်တွေကို မြင်လိုက်ရတာ ဖြစ်မယ်”

“အဲ့လိုကိုး” ရီကျင်းဟန်က သက်ပြင်းချလျက် “သခင်လေးရန်မှာ တကယ်ကို နည်းလမ်းပေါင်းစုံ ရှိနေတာပဲ။ ကျွန်မဆို ဘာမှတောင် မကူညီပေးနိုင်ဘူး။ အဲ့အကြောင်း တွေးလိုက်တိုင်း ကျွန်မကိုယ်ကျွန်မ ရှက်မိတယ်”

“အဲ့အကြောင်းတွေးပြီး ခေါင်းရှုပ်မနေနဲ့။ သွေးဓါးမြောင်က တစ္ဆေလေးကောင်က တော်တော် အားကောင်းတာ။ ခင်ဗျား ဝင်ပါမယ်ဆိုရင် အခုအချိန် အသက်ရှင်နေတော့မှာ မဟုတ်ဘူး”

ထိုစကားကိုကြားသာ် ရီကျန်းဟန် ဇောချွေးပျံသွားခဲ့လေ၏။ သူမနှင့် ရန်ကိုင်ကြားရှိ ကွာခြားချက်ကိုလည်း နားလည်သွားခဲ့လေသည်။

သွေးဓါးမြောင်မှ တစ္ဆေလေးကောင်စလုံးသည် တာအိုသခင်တတိယအဆင့် ပညာရှင်များ ဖြစ်ကြပြီး ရန်ကိုင်နှင့် တိုက်ခိုက်ရာတွင် ပေါင်းစည်းပညာရပ်တစ်ခုကို ထုတ်သုံးခဲ့သည်။ ထိုပညာရပ်ကို ထုတ်သုံးပြီးနောက်တွင် သူတို့လေးဦးသည် ဧကရာဇ်အဆင့် ပညာရှင် တစ်ဦးကိုပင်လျှင် အချိန်အတိုင်းအတာတစ်ခုအထိ ခံတိုက်နိုင်သည်အထိ အားကောင်းလာခဲ့သော်ငြား ရန်ကိုင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသေးသည်။

တကယ်ကို မယုံကြည်နိုင်စရာပင်...

နှစ်ဦးစလုံးမှာ တာအိုသခင်ဒုတိယအဆင့် ပညာရှင်များ ဖြစ်သော်ငြား ခွန်အားမှာတော့ မိုးနှင့်မြေနှယ် ကွာခြားပေသည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက် စိတ်ဓါတ်ကျချင်သလို ဖြစ်သွားသလို ရန်ကိုင်ကဲ့သို့လည်း အားကောင်းသည့် ခွန်အားကို ပိုင်ဆိုင်လာချင်မိလေသည်။

ရီကျင်းဟန်သည် ရုတ်တရက် ခါးသက်စွာရယ်မောလျက် သူမ၏ လည်ဂုတ်ကို လက်ဖြင့် ပွတ်လိုက်လေ၏။ ဤသည်မှာ သူမ မှင်သက်ခဲ့ရသည့် နောက်တစ်ချက် ဖြစ်သည်။

ပုံရိပ်ယောင်အမျိုးသမီးမှ သူမအား သတိလစ်အောင် လုပ်သွားခဲ့သည့်အကြောင်း ပြန်စဉ်းစားမိလိုက်သော် ထိုအမျိုးသမီးသည် တကယ်ကော ပုံရိပ်ယောင်မှ ဟုတ်ပါရဲ့လောဟု သူမစိတ်ထဲ သံသယဝင်မိသွားပြန်သည်။

ဤသို့ဖြင့် လမ်းတစ်လျှောက်လုံးမှာ လုံးဝကို တိတ်ဆိတ်နေတော့လေသည်။

ရန်ကိုင်သည် တစ္ဆေလေးကောင်၏ တိုက်ခိုက်မှုကို ယခုလေးတင် ခံခဲ့ရသည်။ ရီကျင်းဟန်မှာလည်း စိတ်ဓါတ်ကျချင်နေသလို ဖြစ်နေသည့်အတွက်ကြောင့် လမ်းတစ်လျှောက်လုံး ရန်ကိုင်အား လာမနှောင့်ယှတ်ခဲ့ဘဲ လမ်းသာ ပြပေးခဲ့လေ၏။

ဆယ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်တို့၏ မြင်ကွင်းထဲ တောင်စဉ်တောင်တန်းတစ်ခု ပေါ်လာခဲ့လေသည်။

ထိုတောင်တောင်းကို မြင်သည့်အခါ ရီကျင်းဟန်က ဝမ်းသာအားရဖြင့် ထရပ်လျက် တောင်းတန်းကို လက်ညိုးထိုးကာ ပြောလိုက်လေသည် “သခင်လေးရန်၊ အဲ့ဒါ ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းရှိတဲ့ ရွက်တစ်ထောင်တောင်တန်းပဲ။ နေ့တစ်ဝက်လောက်ဆို ကျွန်မတို့ အဲ့ကိုရောက်ပြီ”

“အင်း” ရန်ကိုင်က ခေါင်းသာ ညိတ်ပြလိုက်၏။

ရီကျင်းဟန်က ထပ်ပြောလိုက်လေသည် “ကျွန်မ အဖေကို လှမ်းအကြောင်းကြားလိုက်ဦးမယ်။ သူကျွန်မကို တော်တော် စိတ်ပူနေတော့မှာ”

သူမသည် အပြင်ဘက်တွင် လပေါင်းများစွာ အချိန်ကုန်ခဲ့သဖြင့် သူမ၏ ဆွေမျိုးများ သူမအား စိတ်ပူနေလောက်ပေပြီ။

ရန်ကိုင်ကမူ သူမအား ဂရုစိုက်မနေဘဲ လှေထိပ်တွင် ရပ်၍သာ ပတ်ဝန်းကျင်အား လှည့်ပတ်စစ်ဆေးကြည့်နေလေ၏။

ရီကျင်းဟန်သည် ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ယူလျက် ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်လေသည်။ မကြာမီတွင် ပြန်စာတစ်ခုကို ရလိုက်လေ၏။

ထိုသတင်းကို ဖတ်ပြီးနောက် ရီကျင်းဟန် မျက်မှောင်ကြုတ်သွားပြီး သူမမျက်နှာထက် မကျေနပ်သည့် အမူအရာတစ်ချို့ ထွက်ပေါ်လာခဲ့လေသည်။

ရီကျင်းဟန် မျက်နှာပျက်သွားသည်ကို မြင်သော် ရန်ကိုင်က လှမ်းမေးလိုက်လေ၏ “ဘာဖြစ်လို့လဲ”

ရီကျင်းဟန်က နှုတ်ခမ်းဆူလျက် မကျေမနပ်ဖြင့် ပြောလိုက်လေသည် “ကျွန်မ အဖေက ကောင်းကင်ကြိုးကြာ မြို့သခင်နဲ့ သူ့ကိုယ်လုပ်တော် လက်ထပ်ပွဲကို သွားခိုင်းနေလို့။ စိတ်ညစ်စရာကောင်းလိုက်တယ်။ အခုလို ဖြစ်မယ်မှန်းသာသိရာ ကျွန်မ ပြန်ရောက်နေတဲ့ အကြောင်း သူ့ကို မပြောလိုက်ပါဘူး”

“ခင်ဗျား ကြည့်ရတာ မသွားချင်တဲ့ပုံပဲ” ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေ၏။

ရီကျင်းဟန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “သူတို့ သစ္စာမရှိတဲ့ လူစားမျိုးနဲ့ တကယ်ကို အဆက်အဆံ မလုပ်ချင်တာ။ သူမြို့သခင် ဖြစ်လာရတာ ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းက ထောက်ပံ့ပေးခဲ့လို့ပဲ။ အဲ့ဒါကို မြို့သခင် ဖြစ်လာတာနဲ့ ချက်ချင်းကို ကျေးဇူးကန်းတော့တာ။ ကောင်းကင်ကြိုးကြာမြို့ထဲမှာရှိတဲ့ ကျွန်မတို့ရဲ့ စီးပွားရေးလုပ်ငန်း အများကြီးကို ထွက်သွားခိုင်းတယ်။ တကယ်ကို အကျင့်မကောင်းတဲ့ကောင်”

ရန်ကိုင်ကမူ ထိုကိစ္စများကို စိတ်မဝင်စားသည့်အတွက် နည်းနည်းလောက် မေးမြန်ပြီးနောက် ဘာမှ ဆက်မပြောတော့ချေ။

ရီကျင်းဟန်မှာလည်း သူမ၏ အပြုအမူ သိပ်မသင့်တော်သည်ကို သတိထားမိသော် တောင်းပန်လိုက်လေ၏ “တောင်းပန်ပါတယ်နော် သခင်လေးရန်။ ကျွန်မ အဲ့လူက တကယ် ဒေါသထွက်လွန်းလို့ပါ”

“ရပါတယ်။ ဒီလောကကြီးမှာ အဲ့လို အကျင့်မကောင်းတဲ့လူတွေက တစ်ယောက်တည်း ရှိနေတာမှ မဟုတ်တာ” ရန်ကိုင်က လက်ဝှေ့ရမ်းပြလိုက်၏။

“သခင်လေးရန် ခဏလောက်စောင့်ပေးနော်။ ကျွန်မအဖေကို အကြောင်းကြားလိုက်ဦးမယ်။ ပြီးရင် သခင်လေး နေရာမယ့်နေရာဆီ လိုက်ပို့ပေးပါ့မယ်” ထိုသို့ ပြောပြီးနောက် ရီကျင်းဟန်သည် သူမအဖေကို စတင် သတင်းပို့တော့လေသည်။

“အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး” ရန်ကိုင်က ပြုံးဖြီးလျက် “ကျုပ်ခင်ဗျားနဲ့ လိုက်ခဲ့မယ်လေ။ အဲ့ဒါဆို အလုပ်ရှုပ်ခံနေစရာ မလိုတော့ဘူးပေါ့။ ကျုပ်လည်း ငြိမ်နေရတာ ကြာပြီဆိုတော့ နည်းနည်းပါးပါးလေး အကြောလျှော့လို့ရတာပေါ့”

ထိုစကားကို ကြားသော် ရီကျင်းဟန်က ဝမ်းသာအားရ ပြန်ပြောလိုက်လေသည် “ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရန်။ အဲ့မှာ အဆင်မပြေတာ တစ်ခုခု ရှိခဲ့ရင် သခင်လေးရန်ကပဲ သဘောထားကြီးပေးပါနော်”

“ရပါတယ်”

ပြောပြီးသည့်နောက်တွင် ရီကျင်းဟန်သည် ကောင်းကင်ကြိုးကြာမြို့ဆီသို့ ညွှန်ပြလိုက်လေသည်။

ကောင်းကင်ကြိုးကြာမြို့သည် ရွက်တစ်ထောင်တောင်တန်းမှ မိုင်သုံးထောင်ခန့် အကွာတွင် တည်ရှိပေသည်။ ထိုမြို့သည် မြိုကြီးတစ်မြို့ မဟုတ်သော်ငြား မေပယ်မြို့ထက်တောင် အများကြီး ပိုသာပေးသည်။ အနည်းဆုံး အလယ်အလတ်အဆင့် မြို့တစ်မြို့ အရွယ်အစားလောက် ရှိပေသည်။

ရီကျင်းဟန် ပြောပုံအရ မြို့သခင်စံအိမ်တွင် တာအိုသခင်အဆင့် ပညာရှင်များစွာရှိပြီး မြို့သခင်ဖြစ်သော လော့ကျင်း ကိုယ်တိုင်ကတော့ တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။ လော့ကျင်းသည် အနီးအနားတစ်ဝိုက်တွင် ရှိနေသော မည်သည့် ဒုတိယအဆင့်အင်အားစု၏ ဂိုဏ်းချုပ်အောက် အားနည်းချင်းမရှိပေ။

ရန်ကိုင်နှင့် ရီကျင်းဟန်တို့ မြို့ဂိတ်ပေါက်သို့ ရောက်လာသည့်အခါ မြို့ထဲသို့ဝင်ရန် တန်းစီစောင့်နေသော လှည်တန်းရှည်ကြီးနှင့် သွားတိုးလေသည်။ ထိုလှည်းများထဲ အဖိုးတန်ရတနာများဖြင့် ပြည့်နေကြ၏။ အဖိုးတန် ဆေးလုံးများနှင့် ဆေးပင်များ၏ အနံ့ကိုပင်လျှင် ရန်ကိုင် ရနေခဲ့လေသည်။

ကောင်းကင်ကြိုးကြာမြို့သည် မိုင်တစ်သောင်းပတ်လည်အတွင်းရှိ အားအကောင်းဆုံး အင်အားစုများအနက် တစ်ခုအပါအဝင် ဖြစ်ပေသည်။ ထို့ကြောင့် ဒေသတွင်းရှိ ဂိုဏ်းများသည် မြို့သခင် ကိုယ်လုပ်တော်အသစ်တစ်ယောက် ယူသည့်အပြု ဂုဏ်ပြုလက်ဆောင်များ ပို့ပေးကြရလေသည်။

ဂိတ်ပေါက်တွင် စောင့်နေသော အစောင့်များမှာလည်း အလွန်ကိုမှ တက်ကြွနေကြ၏။ လာသမျှ ဧည့်သည်တိုင်းကို ပြုံးကာ ကြိုဆိုကြပြီးနောက် ကုန်ပစ္စည်းများကို စစ်ဆေးလေသည်။ ထို့နောက်မှသာ သွားခွင့်ပေးလေ၏။

ရန်ကိုင်နှင့် ရီကျင်းဟန်သည် မြို့ထဲသို့ အလျင်စလို ပြေးမဝင်သွားကြဘဲ ဂိတ်ပေါက်မှ မီတာတစ်ရာခန့် ဝေးကွာသော နေရာတစ်ခုတွင် ရပ်စောင့်နေကြလေသည်။ ဤသို့ နေနေရခြင်းမှာ ခဏအကြာတွင် ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များ ရောက်လာမည်ဟု ရီကျင်းဟန်မှ ပြောထားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

ရီကျင်းဟန်သည် ဤတာဝန်ကို မတော်တဆ ရခဲ့ခြင်းဖြစ်သည်။ သူမသာ ယနေ့ ပြန်မလာလျှင် ဤမုန်းစရာတာဝန်ကို လုပ်စရာလိုလိမ့်မည် မဟုတ်ချေ။

သူမသည် ရွက်တစ်ထောင်ဂိုဏ်း၏ သခင်မလေးဖြစ်သည့်အတွက် မြို့သခင်၏ မင်္ဂလာပွဲအား လာရောက် ဂုဏ်ပြုပေးသည့်အဖွဲ့ကို ဦးဆောင်သည်မှာ သင့်တော်ပေသည်။

ခဏမျှ စောင့်နေပြီးနောက်တွင် ရီကျင်းဟန်၏ မျက်လုံးများ ဝင်းလက်သွားပြီး တစ်ခုဘက်သို့ ညွှန်ပြလိုက်လေ၏ “သူတို့ ရောက်လာပြီ”

ရန်ကိုင်လည်း သူမ ညွှန်ပြသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ ပျံသန်းလာနေသည့် အလင်းတန်းတစ်ခုကို တွေ့လိုက်ရလေသည်။ ထိုအလင်းတန်းမှာ သင်္ဘောပုံစံ ပျံသန်းရေး မှော်ရတနာတစ်ခုဖြစ်ပြီး သင်္ဘောပေါ်၍ ကျင့်ကြံသူများစွာ လိုက်ပါလာကြလေသည်။ သင်္ဘောထိပ်တွင် ရပ်နေသည့်လူသည် ရီကျင်းဟန်ကို မြင်သော် ပြုံးကာ သူမအား လက်ဝှေ့ရမ်းပြလေ၏။

ရီကျင်းဟန်ကလည်း ပြုံးလျက် ပြန်လက်ဝှေ့ရမ်းပြလိုက်သည်။ မကြာမီ သင်္ဘော မြေပြင်ပေါ်သို့ ရောက်လာလေသည်။ သင်္ဘောပေါ်ရှိ လူအားလုံး ဆင်းပြီးနောက် ထိုလူသည် သူ့လက်ကို ဝှေ့ရမ်းလျက် သင်္ဘောကို ပြန်သိမ်းလိုက်လေ၏။

“ရီအာ၊ နင်ပြန်လာပြီပေါ့။ နင်ပြန်မလာရင် ငါကိုယ်တိုင် မေပယ်မြို့ဆီ လိုက်လာတော့မလို” ထိုလူသည် ရန်ကိုင်အား မသိကျေးကျွံပြုလျက် ရီကျင်းဟန်အား ချစ်မြတ်နိုးစွာကြည့်ရင်း ပြောလိုက်လေသည်။

“စီနီယာအစ်ကိုတုရှန်းကလည်း”

တစ်ဖက်လူ၏ အကြည့်စူးစူးကိုမြင်သော် ရီကျင်းဟန် ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့ချလိုက်လေသည်။

ထိုအခြင်းအရာကိုမြင်သော် သူတို့နှစ်ဦးကြား တစ်ခုခု ရှိနေရမည်မှန်း ရန်ကိုင် သိသွားခဲ့၏။

အခြားတစ်ဦးက တုရှန်းနောက်မှ ထွက်လာ၍ ပြုံးဖြီးလျက် ပြောလိုက်လေ၏ “စီနီယာအစ်မရီ ထွက်သွားကတည်းက စီနီယာအစ်ကို ဘယ်လိုဖြစ်နေလဲ ဆိုတာကို စီနီယာအစ်မရီ မသိလို့။ သူ့မှာ စားမဝင် မကျင့်ကြံနိုင် ဖြစ်နေတာ။ အဲ့ဒါကြောင့် ကျုပ်တို့ဆရာ ဆူတာတောင် ခံလိုက်ရသေးတယ်”

“အပိုတွေ လျှောက်ပြောမနေနဲ့” တုရှန်းသည် ထိုလူအား ပြုံးပြုံးဖြင့် ဆူပူလိုက်လေသည်။

ရီကျင်းဟန်က နှုတ်ခမ်းလေးကွေးလျက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည် “အဲ့လိုလုပ်လို့မရဘူးလေ... ကျင့်ကြံတာက အရေးကြီးတာကို...”

တုရှန်းက ရီကျင်းဟန်အား ချစ်မြတ်နိုးစွာကြည့်လျက် ပြန်ပြောလိုက်လေ၏ “ကျင့်ကြံဖို့ ကြိုးစားကြည့်တာပါ... ဒါပေမယ့် ငါ့စိတ်ကို တည်ငြိမ်အောင်မှ မလုပ်နိုင်တာ။ ကျင့်ကြံဖို့ ကြိုးစားလိုက်တိုင်း တစ်ယောက်ယောက်ကိုပဲ တွေးမိနေတယ်”

“အဲ့ဒါ... ဘယ်သူလဲ...” ရီကျင်းဟန်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူမ၏ မျက်နှာလေး နီမြန်းလာခဲ့လေသည်။

“စီနီယာအစ်မရီက လွဲပြီး ဘယ်သူဖြစ်ရမှာလဲ” တပည့်တစ်ဦးက ဝင်ပြောလိုက်လေသည် “စီနီယာအစ်မရီ၊ ကျုပ်လည်း စီနီယာအစ်မရီကို လွမ်းနေတာ။ လွမ်းလွန်းလို့ ကျုပ်မှာ ညတိုင်း တစ်ချက်မှ ကောင်းကောင်း အိပ်မပျော်ဘူး...”

ထိုလူမှ ထိုကဲ့သို့ပြော၍ မျက်နှာလေးတစ်ချက် မဲ့ပြလိုက်သည့်နောက် ဘေးပတ်ဝန်းကျင်မှ တပည့်များ ထရယ်ကြတော့လေသည်။

“ဝူမ၊ ထွက်သွားစမ်း” တုရှန်းသည် သူ့ကျောဘက်မှ ခေါင်းပြူထွက်လာသည် ဝူမ၏ ခေါင်းကို ပြန်တွန်းလိုက်လေသည်။ ဝူမက ခေါင်းကိုငုံလျက် ညည်းတွားလိုက်လေ၏ “ကျုပ်ကို နည်းနည်းလေးလောက် ဖွန်ကြောင်ခွင့် ပေးလို့မရဘူးလား။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကျိုးကြောင်းမဆီလျော်ရတာလဲ။ စီနီယာအစ်မ၊ ကျုပ်တို့အတွက် တရားမျှတအောင် လုပ်ပေးပါနော်”

ရီကျင်းဟန်က ပြန်ပြောလိုက်လေ၏ “နင်က အဲ့ဒါနဲ့ပဲတန်တယ်။ ဘယ်သူက နင့်ကို လျှာရှည်ခိုင်းလို့လဲ။ စီနီယာအစ်ကို၊ သူ့ကို တစ်သက်မမေ့မယ့် သင်ခန်းစာမျိုး ပေးရမှာ”

ထိုစကားကို ကြာပြီးသည့်နောက် ဝူမ၏ မျက်နှာလေး ညိုးကျသွားခဲ့လေသည်။

ထိုအခိုက်အတန့်မှပင် ဝုရှန်း ရန်ကိုင်အား သတိထားမိသွားခဲ့ပြီး အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် လက်သီးဆုပ်လျက် သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်လေသည် “ရွက်တစ်ထောင်ဂိုဏ်းကတုရှန်း နှုတ်ဆက်ပါတယ်။ ရောင်းရင်းကို ဘယ်လိုခေါ်ရမလဲ မသိဘူး”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၉၄)

ထိုကဲ့သို့ မေးပြီးလိုက်သည်နှင့် တိရှန်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဤလူစိမ်းသည် ဘာကြောင့်များ ရီကျင်းဟန်နှင့် အတူရှိနေရသလဲ ဆိုသည်ကို နားမလည်ချေ။ သို့သော်ငြား ရန်စောင်သည့် အမူအရာမျိုး လုပ်မပြဘဲ ရန်ကိုင်ကိုသာ စိတ်ဝင်တစားဖြင့် ကြည့်ကြည့်လိုက်လေသည်။

ရန်ကိုင်ကပြုံးလျက် လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေ၏ “ရောင်းရင်းတုကို ရန်ကိုင် နှုတ်ဆက်ပါတယ်”

ရီကျင်းဟန်က ပြောလိုက်လေသည် “သခင်လေးရန်က ကျွန်မရဲ့ အထူးဧည့်သည်ပဲ။ အစကတော့ ဂိုဏ်းကိုခေါ်သွားပြီး အဖေနဲ့ ကိစ္စတစ်ခုအကြောင်း ဆွေးနွေးခိုင်းမလို့။ ဒါပေမယ့် လမ်းတစ်ဝက်မှာပဲ ကောင်းကင်ကြိုးကြာမြို့ကို သွားလိုက်ပါဆိုလို့ ဒီကို လာလိုက်တာ။ စီနီယာအစ်ကိုနဲ့ ဂျူနီယာတို့တွေ သူ့ကို အထင်အမြင်တသေး ဆက်ဆံလို့ မရဘူးနော်”

ရီကျင်းဟန်မှ အတည်အကြည်ဖြင့် ပြောနေသည့်အတွက်ကြောင့် တုရှန်နှင့် ဝူမသည် မယုံသင်္ကာ အမူအရာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက် စစ်ဆေးကြည့်လိုက်သည့်နောက် ရန်ကိုင်သည် တာအိုသခင်ဒုတိယအဆင့်သာ ရှိသေးကြောင့် တွေ့လိုက်ရလေသည်။ ထို့အပြင် သူသည် မည်သည့် အဖိုးတန်အဝတ်အစားကိုမှ ဝတ်ဆင်ထားခြင်းမရှိသလို ဂိုဏ်းကြီးတစ်ဂိုဏ်း၏ တပည့် ဖြစ်သည့်ပုံလည်းမပေါ်။ ထိုသို့ဆိုလျှင် ရီကျင်းဟန်သည် ဘာကြောင့်များ သူ့အား အထူးအလေးပေး ဆက်ဆံနေရသနည်း။

သူတို့စိတ်ထဲ သံသယစိတ်တို့ ဖြစ်မိသော်ငြား ဘာမှ ပြန်မေးမနေခဲ့ဘဲ ခေါင်းသာ ညိတ်ပြလိုက်လေသည်။

“အကုန်လုံး ရောက်လာပြီဆိုမှတော့ မြို့ထဲ ဝင်ကြာတပေါ့။ အဲ့သက်ကြားအိုကြီးရဲ့ မင်္ဂလာပွဲက မနက်ဖြန်စမှာမလား” ရီကျင်းဟန်သည် တုရှန်းအား ကြည့်လျက် မေးလိုက်သည်။ ရန်ကိုင် အကြောင်းကိုတော့ ရှင်းပြမနေခဲ့ချေ။

တကယ်တော့ ရန်ကိုင်ကို ဖိတ်ခေါ်ထားရခြင်းမှာ ဟင်းလင်းပြင်အစီအရင်ကို ပြင်ရန်အတွက် ဖြစ်သည်။ ဟင်းလင်းပြင်အစီအရင် ရှိနေသည့် အကြောင်းသည် လူသိခံ၍မရသည့် လျှို့ဝှက်ချက် တစ်ခု ဖြစ်သည့်အတွက်ကြောင့် လျှို့ဝှက်ထားသည်မှာ အကြောင်းဆုံး ဖြစ်ပေသည်။

ထိုအခါမှ တုရှန်းလည်း ရန်ကိုင်အား အာရုံမစိုက်တော့ဘဲ အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည် “ရီအာ၊ စကားကို လက်လွတ်စပယ် မပြောနဲ့လေ”

ရီကျင်းဟန်က လျှာလေးထုတ်လျက် ပြန်ပြောလိုက်လေသည် “သူ့လိုမျိုး သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေတဲ့လူကို သက်ကြားအိုကြီးလို့ ခေါ်ပေးနေတာတောင် ယဉ်ကျေးရာ ကျနေပြီ။ ဒါတောင် ကိုယ်လုပ်တော်တွေ ထပ်ယူနိုင်သေးတယ်။ ဘယ်လိုမိန်းကလေးများ သူ့ကို ယူချင်တာလဲ မသိပါဘူး”

ဝူမက ခါးသက်စွာပြုံးလျက် ပြောလိုက်လေသည် “ဘယ်သူက သူ့ကို ယူချင်မှာလဲ။ သူ့ဘက်က ဖိအားပေးလို့ ယူရတာပေါ့။ အရင်နှစ်တွေမှာ မြို့သခင် ကိုယ်လုပ်တော်တွေ ယူနေတာ တစ်ယောက်ပြီးတစ်ယောက်၊ ဒါတောင် ဘယ်ယောကျာ်းလေး မျိုးဆက်မှ မရသေးဘူး... ဒီအတိုင်း ဆက်သွားရင် သူ့ခန္ဓာကိုယ် ခံနိုင်ပါဦးမလားတောင် မသိဘူး... ဟဲဟဲဟဲ”

“သူနဲ့ထိုက်လို့ ခံရတာ” ရီကျင်းဟန်က ကျေနပ်အားရနေသည့် အမူအရာဖြင့် ပြောလိုက်လေသည်။

တုရှန်းသည် နဖူးကို ပွတ်ရင်းမှ “ကဲ မင်းတို့စိတ်ကြိုက် ပြောပြီးသွားပြီဆိုရင် သွားကြရအောင်။ ငါတို့ သူ့ကို ဂုဏ်ပြုပေးဖို့ လာခဲ့တာ၊ ပြဿနာ ရှာဖို့ မဟုတ်ဘူး။ မသွားခင်တုန်းကလည်း ပြဿနာမရှာဖို့ ဆရာက ငါ့ကို အတန်တန် သတိပေးခဲ့သေးတယ်။ ဒီမင်္ဂလာပွဲကို ဂိုဏ်းအသီးသီးရဲ့ ကိုယ်စားပြုတွေ တက်ရောက်ကြမှာ၊ ပြဿနာ ရှာလို့ မဖြစ်ဘူး”

ရီကျင်းဟန်သည် မကျေနပ်သည့် အမူအရာဖြင့် နှုတ်ခမ်းလေး ဆူလိုက်လေသည်။ သို့သော် ဘာမှတော့ ထပ်မပြောခဲ့ပေ။

တုရှန်းက ရန်ကိုင်အား ပြုံးပြလျက် “ရောင်းရန်ရှေ့မှာတော့ ရှက်စရာတွေ ဖြစ်ကုန်ပါပြီ”

“ဘာမှမဖြစ်ပါဘူး” ရန်ကိုင်က လက်ဝှေ့ရမ်းပြလိုက်၏။

“ကဲ၊ သပ်သပ်ရပ်ရပ်လုပ်ပြီး မြို့ထဲ ဝင်ကြတာပေါ့” တုရှန်းက အခြားလူများကို လှမ်းအော်ပြောလိုက်လေသည်။

လူအုပ်ကြီးသည် သူတို့၏ အဝတ်အစားများကို သပ်ရပ်အောင် လုပ်ပြီးနောက် တုရှန်၏ ဦးဆောင်မှုအောက်တွင် မြို့ဂိတ်ပေါက်ဆီသို့ ထွက်သွားကြလေသည်။

သူတို့ သယ်လာသည့် လက်ဆောင်အားလုံးမှာ သိုလှောင်လက်စွပ်ထဲတွင် ရှိနေကြသည်။ ထို့ကြောင့် လှည်းယာဉ်များကို သုံးနေစရာမလိုခဲ့။ လော့ကျင်းအား ဖားယားချင်ကြသည့် လူများသာ သူတို့၏ လက်ဆောင်များကို လှည်းဖြင့် သယ်လာကြပေလိမ့်မည်။ ထိုနည်းဖြင့်သာလျှင် မြို့သခင်စံအိမ်ရောက်သည်နှင့် သူတို့ မည်ကဲ့သို့သော လက်ဆောင် သယ်လာသလဲဆိုသည်ကို လူတိုင်း မြင်နိုင်လိမ့်မည် မဟုတ်လေလော။

စောင့်နေသည့်လူများမှာ အများကြီးပင်။ ရွက်တစ်ထောင်ဂိုဏ်းသားများသည် ဖြတ်မဝင်ဘဲ အခြားသူများအတိုင်း သွားတန်းစီလေသည်။

ထိုအချိန်အတောအတွင်း ရီကျင်းဟန်ကမူ ရန်ကိုင်အား တောင်းပန်နေခဲ့လေ၏။ ရန်ကိုင် မည်မျှအားကောင်းကြောင်းကို အခြားသူများ သိလိမ့်မည် မဟုတ်သော်ငြား သူမကတော့ ကောင်းကောင်း သိပေသည်။

သွေးဓါးမြောင်မှ တစ္ဆေလေးကောင်ပင်လျှင် ရန်ကိုင်ကြောင့် သေသွားခဲ့ရသည်။ ထိုနေ့က တိုက်ပွဲကို သူမစိတ်ထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိနေဆဲပင်။ ရန်ကိုင်သာ တန်းမစီချင်ပါက မြို့ထဲသို့ အားသုံးပြီး တိုးဝင်သွား၍ ရပေသည်။ မည်သည့် ဂိတ်စောင့်မှ သူ့အား တားနိုင်လိမ့်မည် မဟုတ်ချေ။ သို့ရာတွင် သူမှ ထိုကဲ့သို့ လုပ်လိုက်ပါက ရွက်တစ်ထောင်ဂိုဏ်း ပြဿနာ တက်ပေလိမ့်မည်။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် ဒေါသထွက်နေခြင်းမရှိဘဲ အေးအေးဆေးဆေးသာ ရှိနေခဲ့သည်။

ရီကျင်းဟန် လုပ်နေသည့်ပုံကိုမြင်သော် တုရှန်းနှင့် ဝူမတို့၏ ပို၍ သင်္ကာမကင်း ဖြစ်သွားခဲ့လေသည်။ ရီကျင်းဟန် ရန်ကိုင်အား ဘာကြောင့် ဤမျှ လေးစားနေရသလဲ ဆိုသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

လက်ဖက်ရည် ခွက်တစ်ဝက်စာ ကြာပြီးနောက်တွင် ရန်ကိုင်တို့အလှည့် ရောက်လာခဲ့လေသည်။

ရီကျင်းဟန်ကို မြင်သော် ကုန်ပစ္စည်းများကို စစ်ဆေးရမည့် တာဝန် ကျထားသည့်လူက ပြုံးလျက် လက်သီးဆုပ်လိုက်လေသည် “ရွက်တစ်ထောင်ဂိုဏ်းက သခင်မလေးပါလား။ ကောင်းကောင်းမကြိုဆိုမိသလို ဖြစ်သွားခဲ့ရင် စိတ်ထဲမထားပါနဲ့နော်”

ထိုလူသည် ပွဲတော် အဝတ်အစားများကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီး တစ်ဦး ဖြစ်ပေသည်။

သူ့ကျင့်ကြံခြင်းမှာ မဆိုးလှ၊ တာအိုသခင်ပထမအဆင့်ဖြစ်၏။

ပုံမှန်အားဖြင့် မြို့ဂိတ်တွင် ပစ္စည်းစစ်ဆေးသည့် တာဝန်ကို အဆင့်နိမ့် ကျင့်ကြံသူများကသာ လုပ်လေ့ရှိကြသည်။ သို့သော်ငြား ဤအချိန်သည် သာမန်အချိန် မဟုတ်ချေ။ မြို့သခင်အား ဂုဏ်ပြုရန်အတွက် ကောင်းကင်ကြိုးကြာမြို့ အနီးတစ်ဝိုက်၌ ရှိနေသည့် အင်အားစုအားလုံး ရောက်လာမည် ဖြစ်သည့်အတွက်ကြောင့် အဆင့်အတန့် မြင့်သည့် လူတစ်ဦးဦးမှ သူတို့အား ဆီးကြိုရပေလိမ့်မည်။

ထိုလူအနေဖြင့် ရီကျင်းဟန်ကို သိနေသည်မှာ မထူးဆန်းချေ။ မြို့သခင်သည် သူ့ရာထူးကို ရွက်တစ်ထောင်ဂိုဏ်း၏ အကူအညီကြောင့် ရခဲ့သည်ဟု ရီကျင်းဟန်မှ ပြောခဲ့သည်။ ထို့အတွက်ကြောင့် ကောင်းကင်ကြိုးကြာမြို့ခံများသည် ရွက်တစ်ထောင်ဂိုဏ်းများ အဖွဲ့ဝင်များသည် အဆက်အဆံများစွာ လုပ်ဖူးရပေမည်။ ထို့အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်းချုပ်၏ သမီးကို မြို့သခင်လက်အောက်မှ လူများ သိနေသည်မှာ အထူးအဆန်း မဟုတ်ချေ။

ရီကျင်းဟန်က အေးစက်စက် မျက်နှာထားဖြင့် တည်ငြိမ်စွာ ပြန်ပြောလိုက်လေသည် “ရှင့်အလုပ်ရှင်လုပ် အကြီးအကဲစီမင်၊ ဟန်ဆောင်ပြီး လာပျူငှာပြနေစရာ မလိုဘူး”

ထိုစကားကို ကြားသော် စီမင်ဟူသော သက်လတ်ပိုင်းလူကြီးက ပြုံးလျက် “နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေးရီ။ မြို့သခင်ရဲ့ မင်္ဂလာပွဲကို ကြွရောက်လာပေးတဲ့အတွက် ကျုပ်တို့ဘက်က တကယ် ဂုဏ်ယူရပါတယ်။ မြို့သခင်သာ ဒီအကြောင်းကြားရင် ကျိန်းသေ ဝမ်းသာနေမှာပါ။ ကျေးဇူးပြုပြီး ဝင်လို့ရပါပြီ”

ပြောပြီးသည့်နောက် ရီကျင်းဟန်အား မြို့ထဲသို့ ဝင်ခွင့်ပေးလိုက်လေသည်။

ရီကျင်းဟန်လည်း ဘာမှပြန်ပြောမနေဘဲ မြို့ထဲသို့သာ လျှောက်ဝင်သွားလေ၏။

သို့သော်ငြား တုရှန်းနှင့် အခြားသူများ ဝင်တော့မည့်အခါတွင် စီမင်က ရုတ်တရက် ကောက်တား၍ အေးစက်စက် လေသံဖြင့် အော်ပြောလိုက်လေသည် “မင်းတို့ကဘာလဲ၊ မြို့ထဲကို အတင်းတိုးဝင်ချင်နေတာလား”

ထိုစကားကိုကြားသော် တုရှန်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ရှေ့မှထွက်သွားသော ရီကျင်းဟန်သည်လည်း နောက်သို့ ပြန်လှည့်ကြည့်လာခဲ့လေသည်။

စီမင်က မောက်မာတကြီး အော်ပြောလိုက်လေ၏ “ရဲတင်းလိုက်တာ။ မင်းတို့က ငါ့ခွင့်ပြုချက်တောင် မရသေးဘဲနဲ့ မြို့ထဲ ဝင်ချင်နေတယ်ဟုတ်လား။ ငါတို့ ကောင်းကင်ကြိုးကြာမြို့ကို မင်းအထင်သေးနေတာလား”

တုရှန်းက မကျေနပ်သည့် အမူအရာဖြင့် ပြန်ပြောလိုက်လေသည် “အသက်ကြီးလာလို့ ခင်ဗျားဦးနှောက် မကောင်းတော့တာလား အကြီးအကဲစီမင်။ ကျုပ်တို့က ကျုပ်တို့ဂိုဏ်းရဲ့ သခင်မလေးနဲ့ အတူလာတာကို ခင်ဗျား မတွေ့တာလား”

“နိုးနံ့တောင် မစင်သေးတဲ့ မင်းလိုကောင်က ငါ့ကို လာဆဲရဲတယ်ဟုတ်လား” စီမီ ဒေါသပုန်ထသွားပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည် “ငါမင်းကို မဖမ်းရဲဘူး ထင်နေတာလား”

တုရှန်းက မျက်လုံးမှေးစဉ်းလျက် ပြန်ပြောလိုက်လေသည် “အကြီးအကဲစီမင်... ခင်ဗျား ဘာဖြစ်ချင်နေတာလဲ”

စီမင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည် “ငါဘာဖြစ်ချင်နေတယ်လို့ မင်းထင်လဲ”

တုရှန်းက အသက်ပြင်းပြင်း ရှူသွင်းလျက် ဒေါသကို ချုပ်တည်းရင်း ပြန်ပြောလိုက်၏ "ကျုပ်တို့တွေက ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ မြို့သခင်လော့ကို ဂုဏ်ပြုပေးဖို့ ရောက်လာခဲ့တာ။ ခင်ဗျား အခုလို ကျုပ်တို့လမ်းကို လာပိတ်နေတာ ဘာလုပ်ချင်နေတာလဲ”

“မြို့သခင်ကို ဂုဏ်ပြုပေးဖို့ ရောက်လာတာ ဟုတ်လား” စီမင်က အံ့ဩသွားချင်ယောင် ဆောင်လျက် တုရှန်းအား အထက်အောက်အစုံအဆန် စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် လှောင်ပြုံးပြုံး၍ “ဒီလို့ ဝတ်ရုံစုတ်တွေ ဝတ်ပြီး ရောက်လာရဲတာ။ မင်းတို့ ဘယ်ဂိုဏ်းကလဲ”

“ခင်ဗျားက... တကယ်ကို သောက်ရှက်မရှိတဲ့ ခွေးအိုကြီးပဲ” ထိုစကားကိုကြားသော် ဝူမ ဒေါသပုန်ထသွားလေ၏။ ကန်းမနေသည့်လူတိုင်း သူတို့ ရီကျင်းဟန်နှင့် အတူလာသည်ကို မြင်နိုင်ပေသည်။ သို့သော်ငြား စီမင်ကမူ မမြင်ချင်ယောင်ဆောင်လျက် သူတို့လမ်းကို လာတားနေလေ၏။ သူတို့ဝတ်ရုံကိုပင်လျှင် လှောင်ပြောင်စော်ကားလိုက်သေးသည်။

ဤလူအိုကြီးသည် ရွက်တစ်ထောင်ဂိုဏ်းကို အရှက်ခွဲနေခြင်းဖြစ်သည်။

ထိုအခြင်းအရာကိုမြင်သော် ဂိတ်ပေါက်ဝတွင် တန်းစီနေသော ကျင့်ကြံသူများ စတင် တီးတိုးပြောဆိုကြတော့လေသည်။

လူအုပ်ကြီး၏ တီးတိုးစကားများကိုကြားသော် ရွက်တစ်ထောင်ဂိုဏ်းသားများ၏ အမူအရာ မည်းမှောင်သွားခဲ့လေသည်။

ဂိုဏ်းချုပ်အမိန့်အတိုင်း မြို့သခင်အား ဂုဏ်ပြုပေးရန် ရောက်လာသော်ငြား ဂိတ်ပေါက်ဝတွင် အရှက်ခွဲ စော်ကားခံနေရသည်။ မည်သူမှ ဤကဲ့သို့ အရှက်ခွဲခံရသည်ကို ငြိမ်ခံနေနိုင်လိမ့်မည် မဟုတ်ချေ။ သည်းမခံနိုင်တော့လျှင် တိုက်ခိုက်တော့မည့်အလား ရွက်တစ်ထောင်ဂိုဏ်း၏ တပည့်များသည် သူတို့၏ အရင်းအမြစ်ချီကို စတင် လှည့်ပတ်ကြတော့လေသည်။

စိမင်က ကြောက်ကြောက်လန့်လန့်ဖြင့် ထခုန်လျက် ပြန်ပြောလိုက်လေသည် “မင်းတို့ ဘာလုပ်ချင်နေတာလဲ။ အကြမ်းနည်းသုံးဖို့ ကြိုးစားနေတာလား။ ဒီနေရာက ကောင်းကင်ကြိုးကြာမြို့တော်၊ မင်းတို့လာခဲ့တဲ့ တောကြိုအုံကြားနေရာ မဟုတ်ဘူးကွ။ အဲ့ဒါကို မင်းတို့လို တောသားတွေက လာပြဿနာ ရှာရဲတယ်ဟုတ်လား”

လူအိုကြီး ပြောသည့်စကားကို ကြားပြီးနောက် သူ့နောက်ဘက်တွင် ရှိနေသော ကျင့်ကြံသူများ ထရယ်ကြတော့လေသည်။ လူအိုကြီး ရွက်တစ်ထောင်ဂိုဏ်းကို အရူးလုပ်နေခြင်းမှာ သူတို့ နားလည်ကြသည်။ သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်းကမူ ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။

“အကြီးအကဲစိမင်” ရီကျင်းဟန်သည် လူအိုကြီးအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လျက် ပြောလိုက်လေသည် “အကြီးအကဲစိမင်၊ ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ တံဆိပ်ကိုတောင် မမှတ်မိတော့ရအောင် ရှင်အတိတ်မေ့ရောဂါ ရနေတာလား။ ရှင်မှတ်မိသွားအောင် ကျွန်မအဖေကိုယ်တိုင် လာပြီး ပြောရမှာလား”

ထိုစကားကိုကြားသော် စိမင်က အံ့အားသင့်သွားဟန်ဖြင့် ရီကျင်းဟန်ကို ကြည့်လျက် ပြောလိုက်လေသည် “သခင်မလေးရီ၊ ခင်ဗျား ပြောချင်တာက...”

ထိုသို့ ပြောပြီးသည့်နောက် တုရှန်းနှင့် အခြားသူများ၏ ရင်ဘတ်ဆီသို့ လှမ်းကြည့်လိုက်၏။ ထို့နောက်မှ သတိရသွားဟန်ဖြင့် နဖူးကိုရိုက်လျက် “အာ၊ ဟုတ်တာပဲ။ ကျုပ်လုံးဝကို မမြင်လိုက်မိတာ... တောင်းပန်ပါတယ် သခင်မလေးရီရယ်။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့။ ဒီလူတွေက ခင်ဗျားတို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ပါရမီရှင်လေးတွေ ဖြစ်နေတာကိုး။ ကျုပ်ကတော့ တော... အဟွတ်အဟွတ်...”

လူအိုကြီးသည် ယခုမှသာလျှင် သူ့အမှားကို သတိပြုမိသွားသည့်အလား ရီကျင်းဟန်ကို တောင်းပန်လိုက်လေသည်။

“ဟန့်” ဒေါသထွက်လွန်းသဖြင့် ရီကျင်းဟန်၏ မျက်နှာ နီမြန်းနေလေ၏။ ဒေါသထွက်နေသော်ငြား သူမ၏ ဒေါသကို ဖွင့်မထုတ်နိုင်သည်မှာ ပို၍ စိတ်ညစ်စရာ ကောင်းပေသည်။

“ရွက်တစ်ထောင်ဂိုဏ်းက ပါရမီရှင်တွေ ဆိုမှတော့ စာရင်းသွင်းပြီးတာနဲ့ မြို့ထဲ ဝင်လို့ရပြီ” စိမင်က တုရှန်းနှင့် အခြားသူများအား ပြုံးလျက် ပြောလိုက်လေသည်။

“စာရင်းသွင်းရမယ်၊ ဘာစာရင်းသွင်းရမှာလဲ” ရီကျင်းဟန် အံ့အားသင့်သွားလေ၏။

စိမင်က ပြုံးလျက် “နာမည်၊ ဂိုဏ်းနဲ့ အခြား အခြေခံ အချက်အလက်လေးတွေပေါ့။ မနက်ဖြန်က မြို့သခင်ရဲ့ မင်္ဂလာပွဲဆိုတာကို သခင်မလေးရီလည်း သိတာပဲ။ ဒီတော့ အခုရက်ပိုင်း ဘယ်သူ့ကိုမှ မြို့ထဲ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်ခွင့် မပေးတော့ဘူး။ မြို့ထဲကို ဝင်ချင်တဲ့ လူတိုင်းက စာရင်းသွင်းရတယ်”

ရီကျင်းဟန်က အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည် “အဲ့ဒါဆို ဘာလို့ အခြားသူတွေ စာရင်းသွင်းတာကို ကျွန်မ မတွေ့ရတာလဲ”

စိမင်က ပြုံးလျက် “သခင်မလေးရီက တကယ်ကို အမြင်စူးရှတာပဲ။ အဲ့လူတွေကျတော့... သူတို့ကို ကျုပ်သိတယ်လေ။ ဒါကြောင့်မို့ စာရင်းသွင်းစရာ မလိုတာ"

“ဒီတော့ ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းက တပည့်တွေကို ရှင်မသိဘူးလို့ ပြောချင်နေတာလား” ရီကျင်းဟန်က အံကြိတ်၍ ပြောလိုက်လေသည်။ စိမင်သည် ူမတို့ ရွက်တစ်ထောင်ဂိုဏ်းကို ထပ်တလဲလဲ အရှက်ခွဲနေခဲ့ရာ ရီကျင်းဟန်လည်း စတင်၍ ဒေါသထွက်လာမိတော့လေသည်။ သူမစိတ်ထဲ မင်္ဂလာပွဲအား မတက်တော့ဘဲ ချက်ချင်း လှည့်ပတ်ချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၉၅)

“သခင်မလေးရီ၊ ကျေးဇူးပြုပြီး ကျုပ်ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ ကျုပ်က အမိန့်အတိုင်းပဲ လုပ်နေတာပါ” စိမင်က ပြုံးလျက် ပြောလိုက်လေသည် “ခင်ဗျားတို့သာ မြို့ထဲကို စာရင်းမသွင်းဘဲ ဝင်သွားရင် မြို့သခင်က ကျုပ်ကို အပြစ်တင်တော့မှာ။ အဲ့ဒါမျိုးတော့ အဖြစ်မခံနိုင်ဘူးလေ၊ ဟုတ်တယ်မလား”

“ကောင်းပြီ ကောင်းပြီ” ဒေါသထွက်လွန်းသဖြင့် ရီကျင်းဟန်မှာ အော်ပင် မအော်နိုင်တော့ဘဲ ရယ်သာ ရယ်မိတော့လေသည် “ကောင်းကင်ကြိုးကြာမြို့တော်နော်၊ ဒီနေ့ကိစ္စကို မှတ်ထားပေးမယ်။ ကျွန်မတို့ကလည်း မြို့ထဲကို အဲ့လောက် ဝင်ချင်နေတာ မဟုတ်ဘူး။ စီနီယာအစ်ကို၊ သွားကြရအောင်”

ထိုစကားကို ကြားသော် စိမင်သည် ပျာယာခတ်သွားရမည့်အစား ပြုံးပင် ပြုံးလိုက်လေသည်။

ရီကျင်းဟန်သည် တကယ် ထွက်သွားရန် လုပ်နေခြင်းဖြစ်သည်။ သို့သော်ငြား တုရှန်းသည် သူမလက်ကိုကိုင်၍ ခေါင်းခါပြလိုက်လေသည်။

လော့ကျင်း၏ မင်္ဂလာပွဲသည် သာမန်ပွဲတော် တစ်ခုသာ ဖြစ်သော်ငြား မိုင်တစ်သောင်း ပတ်လည်အတွင်းရှိ အင်အားစုများအပေါ်တွင်တော့ သက်ရောက်မှုရှိပေသည်။ သူတို့သာ မင်္ဂလာပွဲကို လာမတက်ပါက မြို့သခင်ကို မလေးစားသလို ဖြစ်ကာ မြို့သခင်အား ရွက်တစ်ထောင်ဂိုဏ်းနှင့် ရန်ပွဲစရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင်လျှင် ရီဟန်သည် တုရှန်းနှင့် အခြားသူအားလုံးကို ပြဿနာမရှာဘဲ တတ်နိုင်သလောက် သည်းခံ၍ မင်္ဂလာပွဲကို လာတက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

တုရှန်းသည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသည်။ ထို့ကြောင့် စိမင်၏ ဝမ်းသာအာရ ဖြစ်နေသည့် အပြုံးကို မြင်လိုက်သည်နှင့် ဤသည်မှာ သူတို့အတွက် ထောင်ချောက်မှန်း ချက်ချင်း နားလည်သွားခဲ့လေသည်။ စိမင်သည် ကောင်းကင်ကြိုးကြာမြို့နှင့် ရွက်တစ်ထောင်ဂိုဏ်းကြား ရန်မီးပွားစေရန် သူတို့ကို ပြန်ပို့လိုနေခြင်း ဖြစ်သည်။

ထိုအချက်ကို နားလည်လိုက်သည် တုရှန်းသည် ရီကျင်းဟန်လက်ကို ဆွဲ၍ သူမအား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်လေသည်။

ရီကျင်းဟန်မှာ ဒေါသထွက်လွန်းသဖြင့် အံတကြိတ်ကြိတ် ဖြစ်နေ၏။ သို့သော်ငြား တုရှန်း၏ စကားကို ကြားပြီးနောက် ငြိမ်ကျသွားခဲ့ပြီး ခေါင်းညိတ်လိုက်လေသည်။

တုရှန်းက ပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်လေသည် “ကျုပ်တို့ စာရင်းသွင်းရမှာမလား အကြီးအကဲစိမင်”

စိမင်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်လေသည် “ဟုတ်တယ်”

“ဒါဆိုရင် အဆင်ပြေပါတယ်၊ စာရင်းသွင်းရုံလေးပဲကို” တုရှန်းက ခေါင်းညိတ်လိုက်ပြီး သူ့ဘေးတွင် ရှိနေသော အနီရောင်စာရွက်ဆီသို့ လျှောက်သွားကာ သူ့နာမည်နှင့် ဂိုဏ်းနာမည်ကို ရေးချလိုက်လေသည်။

ရွက်တစ်ထောင်ဂိုဏ်း၏ အခြားတပည့်များသည်လည်း သူ့အတိုင်း လိုက်လုပ်ကြ၏။

ခဏအကြာတွင် ဒေါသထွက်စရာ ကိစ္စတစ်ခုကို ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များ ရှာတွေ့သွားခဲ့လေသည်။ စာရင်းသွင်းရသည့် လူများမှာ အားနည်းသည့် မိသားစုများနှင့် တတိယအဆင့် ဂိုဏ်းများသာ ဖြစ်နေသည်ဟူသော အချက်ကိုပင်။ အနည်းငယ်လေး အာဏာရှိသည့် မည်သည့်ဂိုဏ်းမဆို စာရင်းသွင်းစရာမလိုချေ။ တစ်နည်းဆိုရသော် ကောင်းကင်ကြိုးကြာဂိုဏ်းသည် သူတို့ ရွက်တစ်ထောင်ဂိုဏ်းကို အဆင့်နိမ့် မိသားစုများနှင့် တစ်တန်းတည်း သတ်မှတ်လိုက်ခြင်းပင် ဖြစ်လေသည်။

ရွက်တစ်ထောင်ဂိုဏ်းမှ တပည့်များမှာ ဒေါသထွက်နေသော်ငြား အံကြိတ်ငြိမ်နေရုံသာ တတ်နိုင်လေ၏။

မကြာမီ စာရင်းသွင်းလို့ ပြီးခါနီး ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်၏ အလှည့်သို့ ရောက်လာသည့်အခါ ရီကျင်းဟန် ရင်တဒုန်းဒုန်း ခုန်လာခဲ့သည်။ သို့သော်ငြား ရန်ကိုင်သည် အခြားသူများကဲ့သို့ပင် စာရင်းသွင်းသည့် စားပွဲဆီသို့ ဘာမှမပြောဘဲ လျှောက်သွားကာ သူ့နာမည်ကို ရေးရန် စုတ်တံကို ကောက်ယူလိုက်ကြောင်း တွေ့လိုက်ရသည်။

ထိုအခါမှသာ ရီကျင်းဟန် သက်ပြင်းချနိုင်လေသည်။ ရန်ကိုင် ဒေါသထွက်ထွက်နှင့် ဤအတိုင်း ထွက်သွားမည်ကို သူမစိတ်ပူနေခြင်း ဖြစ်ပေသည်။

“နေပါဦး” စိမင်က ရုတ်တရက် အော်ပြောလိုက်လေသည်။ ရန်ကိုင်အား အသေအချာကို စိုက်ကြည့်စစ်ဆေးလျက် ပြောလိုက်လေသည် “ရောင်းရင်းကို တစ်ခါမှမမြင်ဖူးပါလား။ ရောင်းရင်းကလည်း ရွက်တစ်ထောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်လား”

ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်ပြောလိုက်လေသည် “ဟုတ်တယ်”

စိမင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ရောင်းရင်း၊ မင်းပြန်ဖြေမယ် ဆိုရင်တောင် နည်းနည်းလောက် စဉ်းစားပြီးမှ ဖြေသင့်တယ်။ အခု ငါတို့ ကောင်းကင်ကြိုးကြာမြို့က အစောင့်တွေတင်းကြပ်ထားတာ။ မင်းရွက်တစ်ထောင်ဂိုဏ်းကို အားကိုးပြီး မြို့ထဲကို ခိုးဝင်ချင်တယ်ဆိုရင်တော့ ငါတို့ စကားနည်းနည်းပြောဖို့တော့ လိုလာပြီ”

ရန်ကိုင်က မျက်ခုံးပင့်လျက် ပြုံးကာ ပြန်ပြောလိုက်လေသည် “အကြီးအကဲစိမင်၊ ကျုပ် ရွက်တစ်ထောင်ဂိုဏ်းသား တစ်ယောက် မဟုတ်ဘူးလို့ ခင်ဗျားဘာလို့ ဒီလောက် သေချာနေတာလဲ။ ရွက်တစ်ထောင်ဂိုဏ်းသားတွေကို ခင်ဗျား မှတ်မိနေတာလား”

စိမင်က ပြန်ပြောလိုက်လေသည် “အကုန်လုံးကို သိတယ်လို့ မပြောရဲပေမယ့် အများစုကိုတော့ မြင်ဖူးတယ်။ အထူးသဖြင့် မင်းလို့ ကျင့်ကြံခြင်းအဆင့်ရှိတဲ့ လူတွေပေါ့”

ရန်ကိုင်က ပြန်ပြောလိုက်လေသည် “တကယ်ကြီးလား။ အဲ့ဒါဆို အကြီးအကဲစိမင် ဘာလို့ စီနီယာအစ်ကိုတုရှန်းကို မမှတ်မိရတာလဲ။ စီနီယာအစ်ကိုတုရှန်းက ကျုပ်တို့ဂိုဏ်းရဲ့ အကြီးဆုံး စီနီယာအစ်ကိုလေ။ ဘယ်လိုလုပ်ပြီး သူ့ကိုတောင် မမှတ်မိရတာတုန်း”

တုရှန်းကလည်း ဝင်ပြောလိုက်လေသည် “ဟုတ်တယ်။ ကျုပ်လည်း အဲ့ဒါကို သိချင်နေတာ။ ကျုပ်နဲ့ အကြီးအကဲစိမင်က မိတ်ဆွေတွေ မဟုတ်ဘူးဆိုပေမယ့် တစ်ခါနှစ်ခါလောက် စကားပြောဖူးတယ် ဆိုတာကတော့ သေချာတယ်။ အဲ့ဒါကို အကြီးအကဲစိမင်က ဘယ်လိုလုပ်ပြီး ကျုပ်ကို မမှတ်မိရတာလဲ”

စိမင်က ချောင်းဟန့်လျက် နဖူးထက်ရှိ ချွေးများကို သုတ်ရင်းမှ ပြန်ပြောလိုက်လေသည် “ခုဏတုန်းက မင်းမျက်နှာကို သေချာမှ မကြည့်မိလိုက်တာ”

“အကြီးအကဲစိမင်၊ ကြည့်ရတာ ခင်ဗျား မျက်လုံး မကောင်းတော့ဘူးနဲ့တူတယ်။ အဲ့ဒါ မြန်မြန် သွားပြမှ ဖြစ်မှာနော်။ မဟုတ်ရင် ခင်ဗျား ဒီလောကကြီးထဲမှာ ကြာကြာ နေရမှာ မဟုတ်ဘူး” တုရှန်းက လှောင်ပြောင်လိုက်လေသည်။

စိမင်၏ အမူအရာ ပြောင်းလဲလေသည် “ဒါပေမယ့် မင်းရဲ့ အဝတ်ပေါ်မှာ ရွက်တစ်ထောင်ဂိုဏ်းရဲ့ အမှတ်အသား မရှိတာကော မင်းဘာပြောမလဲ”

“မြို့သခင်ရဲ့ မင်္ဂလာပွဲကို လာရမှာဆိုလို့ အခုလေးတင်ပဲ အဝတ်အစား အသစ်တစ်စုံ ကောက်လဲလိုက်တာ... တံဆိပ် မတပ်ရသေးဘူး ဖြစ်သွားတာ” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ညာပြောလိုက်လေသည်။

“အဲ့ရှင်းပြချက်က သိပ်ကျေနပ်လောက်စာ မကောင်းဘူးနော်” စိမင်က အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။

“စိမင်၊ ရှင်ဘာပြောချင်နေတာလဲ” စိမင်မှ ရန်ကိုင်အား ထိုင်ရစ်နေသည်ကို မြင်သော် ရီကျင်းဟန် စတင်၍ စိတ်ပူလာခဲ့လေသည်။ သူမသည် ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ရန်အတွက် ရန်ကိုင်ကို ဖိတ်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စသည် သူမတို့၏ ဂိုဏ်း ပြန်လည် တိုးတက်ရေးနှင့် ပက်သက်နေသည့်အတွက် ရန်ကိုင်အား အလွန်ကိုမှ အလေးထားလေ၏။

ထို့အပြင် ရန်ကိုင်သည် သာမညောင်းသာမည မဟုတ်၊ အလွန်ကိုမှ အားကောင်းသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသာ ဒေါသထွက်၍ ထသောင်းကျန်းလျင် ကောင်းကင်ကြိုးကြာမြို့တစ်ခုလုံး သွေးချောင်းစီးသွားနိုင်ပေသည်။ ထို့ကြောင့် ရီကျင်းဟန် ဝင်ပြောလိုက်ခြင်း ဖြစ်လေသည် “ကျွန်မတို့ ရောက်လာကတည်းက ရှင်ကျွန်မတို့ကို တောက်လျှောက် ပစ်မှတ်ထားပြီး တစ်မျိုးပြီးတစ်မျိုး ရစ်နေတာနော်။ ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းကို အနိုင်ကျင့်ဖို့ အဲ့လောက်လွယ်တယ် ထင်နေတာလား။ ကျွန်မတို့က မြို့သခင်ကို ဂုဏ်ပြုဖို့ ရောက်လာခဲ့တာ။ အဲ့ဒါကို ရှင်က ကျွန်မတို့ မြို့ထဲ ဝင်မရအောင် တာနေတယ်။ အခုနေ ကျွန်မတို့ လှည့်ပြန်သွားမယ်ဆိုရင် ဘယ်သူမှ ကျွန်မတို့ကို အပြစ်တင်လို့ ရမှာမဟုတ်ဘူး။ အပြစ်တင်ရမယ့်တင် လာတဲ့ဧည့်သည်ကို မချေမငံဆက်ဆံတဲ့ ရှင်တို့ ကောင်းကင်ကြိုးကြာမြို့ကိုပဲ အပြစ်တင်ရမှာ”

စိမင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ တုရှန်းတို့အား ရစ်နေတုန်းကပင်လျှင် ဤမျှ ဒေါသမထွက်ခဲ့သော ရီကျင်းဟန် ဘာကြောင့် ရုတ်တရက် အလွန် ဒေါသထွက်လာသလဲ ဆိုသည်ကို သူနားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ မြို့သခင်ကိုပင်လျှင် လေးစားခြင်း မရှိဘဲ ပြောနေပုံကို ကြည့်ရင် သူမ ထပ်ပြီး သည်းမခံနိုင်တော့သည့်ပုံပင်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် စိမင်က ပြုံးလျက် “ကျေးဇူးပြုပြီး စိတ်လျှော့ပါ သခင်မလေးရီ။ ကျုပ်က တာဝန်အရ လုပ်နေတာပါ။ အခြားဘာမှလည်း လုပ်နေတာ မဟုတ်ပါဘူး။ ဒီက ရောင်းရင်းနဲ့ စကားနည်းနည်းပါးပါးလေး ပြောချင်ရုံပါပဲကို”

“ရှင်ကျွန်မတို့ကို သွားခွင့်မပေးဘူးဆိုရင် ကျွန်မတို့ ချက်ချင်း လှည့်ပြန်သွားမယ်။ ကျွန်မက တစ်ကနေ သုံးအထိရေမယ်။ ရှင်ကြိုက်တာရွေး” ရီကျင်းဟန်သည် စိမင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

စိမင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။၊ တကယ်ဆိုလျှင် သူလည်း ရွက်တစ်ထောင်ဂိုဏ်းသားများကို လှည့်ပြန်သွားခိုင်းစေချင်သည်။ သို့မှာသာ မြို့ထဲရှိ သူတို့၏ စီးပွားရေးလုပ်ငန်းအားလုံးကို ဖယ်ထုတ်ပစ်ရန် အခွင့်အရေးရမည် မဟုတ်လေလော။ သို့သော်ငြား ဤကိစ္စနှင့် ပက်သက်၍ တစ်ခုခု မှားယွင်းနေသလို သူ့စိတ်ထဲ ရုတ်တရက် ခံစားလာခဲ့ရသည်။ ရီကျင်းဟန်တို့နှင့် ပြဿနာတက်လျှင် သူဒုက္ခရောက်လိမ့်မည်ဟု သူ့မသိစိတ်က ပြောနေခဲ့၏။

ရီကျင်းဟန်တို့နှင့်အတူ ပါလာသည့် သူစိမ်းကိုကြည့်ရင်း စိမင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။

“ဘယ်သူတွေ ဒီလောက်မောက်မာတကြီး လုပ်နေလဲ မှတ်နေတာ၊ ရီအား ဖြစ်နေတာကိုး”

ထိုစဉ် အဝေးတစ်နေရာဆီမှ အသံတစ်သံ ထွက်လာခဲ့လေသည်။ ခဏအကြာ၌ အလင်းတန်းတစ်ခု သူတို့ရှေ့ရောက်လာပြီး လူငယ်လေးတစ်ဦးနှင့် လူအိုကြီးနှစ်ဦးတို့ ပေါ်လာကြလေ၏။

လူအိုကြီးနှစ်ဦးမှာ တာအိုသခင်တတိယအဆင့် ပညာရှင်များ ဖြစ်ကြပြီး လူငယ်လေးမှာတော့ အသက်သုံးဆယ်လောက်ရှိမည် ထင်ရကာ တာအိုသခင်ပထမအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပေသည်။ လူငယ်လေးသည် လက်ရှိတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်လျက် သူ့ကိုယ်သူ ယပ်ခတ်နေလေ၏။

“ချိုယု” ထိုလူကို မြင်လိုက်သော် တုရှန်း မျက်နှာပျက်သွားခဲ့လေသည်။

ချိုယုသည် အေးစက်စက် အမူအရာဖြင့် တုရှန်းအား စိုက်ကြည့်လျက် ပြောလိုက်လေသည် “ငါ့နာမည်က မင်းလိုလူ ပြောချင်တိုင်း ပြောလို့ရတဲ့ နာမည် မဟုတ်ဘူးကွ။ အဲ့ကောင်ပါးကို ရိုက်လိုက်စမ်း”

ထိုသို့ ပြောပြီးသည့်နောက် မြို့ပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူအားလုံး သူတို့ ပါးစပ်အား အံ့ဩတကြီး ပိတ်လိုက်မိကြလေသည်။

တုရှန်းသည် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်လင့်ကစား ချိုယုသည် သူ့အား နာမည်တပ်ခေါ်သည်ဆို၍ တုရှန်းပါးကို ရိုက်ခိုင်းခဲ့သည်။ တုရှန်းသာ တကယ်ကြီး ပါးရိုက်ခံရမည်ဆိုပါက သူ့စိတ်ထဲ ကိုယ်တွင်းနတ်ဆိုးတို့ ဖြစ်ပေါ်လာပေလိမ့်မည်။

ထိုစကားကိုကြားသော် ရွက်တစ်ထောင်ဂိုဏ်းသားများ၏ အမူအရာ ပြောင်းလဲသွားပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန်အတွက် သူတို့၏ အရင်းအမြစ်ချီကို လှည့်ပတ်လိုက်ကြ၏။

သို့သော်ငြား ဘာမှမဖြစ်နိုင်သေးခင်မှာပင် ချိုယုက အော်ရယ်မောလျက် “ငါနောက်နေတာပါကွ ရောင်းရင်းတုရဲ့။ ဒီလောက်ကြီး မစိုးရိမ်နေစမ်းပါနဲ့”

တုရှန်း၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ သူ့စိတ်ထဲ ဒေါသ ထွက်မိသော်ငြား ငြိမ်ခံနေရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ချေ။ တကယ်တော့ သူ့ပြိုင်တွင် သက်တော်စောင့် အဖြစ် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူနှစ်ဦး ရှိနေသည် မဟုတ်ပေလော။ သူသာ ပြေးဝင် တိုက်ခိုက်လျှင် ခံရမည့်လူမှာ သူတို့ ရွက်တစ်ထောင်ဂိုဏ်းသား ဖြစ်သွားပေလိမ့်မည်။

ချိုယုသည် တုရှန်းအား အာရုံစိုက်မနေတော့ဘဲ ရီကျင်းဟန်ဘက်သို့လှည့်၍ ပြောလိုက်လေသည် “မတွေ့ရတာ ကြာပြီနော်ရီအာ၊ နင်က အရင်ကထက်တောင် ပိုလှလာသေးတာပဲ”

“နင်ကတော့ အရင်အတိုင်း လူမြင်ကတ်စရာကောင်းနေတုန်းပဲ” ရီကျင်းဟန်က ပြန်ပြောလိုက်လေ၏။

သူမ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ချိုယုဘေးတွင် ရပ်နေသော လူအိုကြီးနှစ်ဦး၏ အမူအရာ တဖျက်ဖျက် လက်သွားပြီး အားကောင်းသည့် စွမ်းအင်လှိုင်းနှစ်လှိုင်းသည် ရီကျင်းဟန်အား လွှမ်းခြုံသွားခဲ့လေသည်။ ထို့အတွက်ကြောင့် ရီကျင်းဟန်မျက်နှာ ဖြူလျော်သွားပြီး နာကျင်စွာ ညည်းတွားမိလိုက်လေ၏။

“ရပ်လိုက်” ချိုယု မျက်နှာပျက်သွားပြီး ချက်ချင်း ထအော်လေသည်။ ထိုအခါမှ လူအိုကြီး နှစ်ဦးသည် သူတို့၏ ဖိအားကို ပြန်ရုတ်သိမ်းလိုက်ကြလေ၏။

“ကျုပ်အမိန့်မပေးဘဲနဲ့ ခင်ဗျားတို့ဘယ်လို လှုပ်ရှားရဲတာလဲ” ချိုယုသည် လူအိုကြီးနှစ်ဦးအား ပြစ်တင်ပြောဆိုလိုက်လေသည် “ရီအာ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ ကျုပ်အမိန့်မပါဘဲ ခင်ဗျားတို့ လုပ်ချင်တိုင်း လုပ်မယ်ဆိုရင် အခုကနေစပြီး ကျုပ်နောက် မလိုက်တော့နဲ့”

“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်လေး” ဆူပူခံလိုက်ရသော်ငြား လူအိုကြီးနှစ်ဦးမှာ ဒေါသထွက်သွားခြင်းမရှိဘဲ ခေါင်းငုံ၍သာ သူတို့၏အမှားကို ဝန်ခံလိုက်ကြလေ၏။

“ရီအာ၊ နင်အဆင်ပြေလား” ချိုယုသည် ရီကျင်းဟန်ဘက်သို့လှည့်၍ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

ရီကျင်းဟန်သည် အသက်ပြင်းပြင်း ရှူသွင်းလျက် အံကြိတ်ကာ ပြောလိုက်လေ၏ “နင့်ခွေးတွေကို ခေါ်လာမယ်ဆိုရင် သူများတွေကို ကိုက်ချင်တိုင်း လျှောက်မကိုက်အောင် သေချာ ထိန်းထားဦး”

ချိုယုက ပြုံးလျက် ယပ်တောင်ခေါက်ကာ ပြောလိုက်လေသည် “ငါအမြဲတမ်း နင့်ရဲ့ အခုလိုပွင့်လင့်တဲ့ ပုံစံကို သဘောကျနေတာ”

“ငါကတော့ နင့်ကို ရွံလိုက်တာမှ အရမ်းပဲ”

“ပြဿနာမရှိပါဘူး” ချိုယုက ပြုံးလျက် “ကြိုးစာနေသရွေ့ တစ်နေ့တော့ အောင်ပွဲဆင်ရမှာပဲဟာကို”

“အသိပြန်ဝင်လိုက်တော့။ ဒီလောကကြီးမှာ ယောကျာ်းဆိုလို့ နင်တစ်ယောက်တည်း ရှိမယ်ဆိုရင်တောင် ငါနင့်ကို တစ်ချက်တောင် လှည့်ကြည့်မှာမဟုတ်ဘူး” ရီကျင်းဟန်က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

ချိုယု မျက်နှာတစ်ချက် ပျက်သွား၏။ သို့သော် ချက်ချင်းပဲ ပြန်ပြုံးလိုက်လေသည်။ ရီကျင်းဟန်အား ဆက်မပြောတော့ဘဲ စိမင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏ “ရီအာ ဒီလောက် ဒေါသထွက်သွားအောင် ခင်ဗျား ဘာတွေ လုပ်လိုက်တာလဲ”

ထိုစကားကိုကြားသော် စိမင်သည် ချိုယုကို ကြောက်နေသည့်အလား နဖူးထက်ရှိ ချွေးများကိုသုတ်လျက် ပြောလိုက်လေသည် “ဘာမှမလုပ်ပါဘူး။ တာဝန်အတိုင်းပဲ လုပ်နေတာပဲ”

“ဟန့်၊ အဲ့ဒါဆို မြန်မြန်လုပ်ပြီး ရီအာကို တောင်းပန်လိုက်” ချိုယုက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

ထိုစကားကိုကြားသော် စိမင်သည် ရီကျင်းဟန်ဆီ ပြေးသွားတောင် ပြောလိုက်လေသည် “သခင်မလေးရီကို ရန်စမိလိုက်သလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ဗွေမယူဖို့ တောင်းဆိုပါတယ်”

ရီကျင်းဟန်သည် စိမင်အား ကြည့်လျက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည် “အကြီးအကဲစိမင်က တာဝန်အရ လုပ်နေတာဆိုတော့လည်း ထားလိုက်ပါတော့…”

All Chapters