အခန်း (၂၃၀၁-၂၃၀၅)
Vol. 93 Ch. 2301-2305
အပိုင်း (၂၃၀၁)
“သေရင်တောင် နောင်တမရဘူးဆိုတော့ အခု သေလိုက်ပေတော့”
ဝဝနှင့်ကျင့်ကြံသူမှ လော့ပင်းအား နမ်းတော့မည့်အချိန်တွင် အေးစက်စက်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ဝဝနှင့် ပိန်ပိန် ကျင့်ကြံသူနှစ်ဦးစလုံးမှာ လော့ပင်းပေါ်တွင်သာ လုံးဝ အာရုံစိုက်နေသဖြင့် အခြားလူတစ်ဦး၏ အသံကို ကြားလိုက်သည့်အခါမှသာ သူတို့အနားတွင် အခြားလူတစ်ဦး ရှိနေကြောင်း သတိပြုမိသွားခဲ့လေသည်။
ဝဝနှင့် ကျင့်ကြံသူမှာ ချက်ချင်း ထခုန်၍ နောက်သို့ လှည့်ကြည့်တော့မည်အပြု သူတော်စင်ချီဖြင့် လွှမ်းခြုံထားသော လက်သီးတစ်လုံး သူ့ဆီသို့ တိုးဝင်လာလေ၏။
ဘုန်း...
စူးရှသည့် အော်ဟစ်သံနှင့်အတူ ဝဝနှင့်ကျင့်ကြံသူ လေထဲ လွင့်ပျံထွက်သွားခဲ့ပြီး သူ့ခေါင်းတစ်ခုလုံးဟာလည်း ဖရဲသီးတစ်လုံးနှယ် ပေါက်ကွဲထွက်သွားခဲ့လေသည်။
အား…
သူ့အစ်ကို သူ့ရှေ့တွင် ဘာမှပြန်မလုပ်လိုက်ရဘဲ ဆိုးဆိုးရွားရွား သေသွားသည်ကို မြင်သော် ပိန်ပိန်နှင့်ကျင့်ကြံသူ အလန့်တကြား ထအော်လေသည်။
ခေါင်းမော့ကြည့်လိုက်ရာ လူထွားကြီး တစ်ဦးသည် မည်သည့် အချိန်ကတည်းကမှန်းမသိ သူတို့နားတွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ လက်ရှိတွင် လူထွားကြီးတစ်ကိုယ်လုံး သွေးများဖြင့် ရွှဲစိုနေခဲ့ပြီး သူ့မျက်နှာတစ်ခြမ်းမှာလည်း ဖူးရောင်နေကာ သွေးများ တတောက်တောက် စီးကျနေခဲ့လေသည်။ သာမန်လူသာဆိုလျှင် သူ့အား မျက်နှာ တည့်တည့်ပင် သွားကြည့်ရဲလိမ့်မည် မဟုတ်ချေ။ မျက်နှာတစ်ပြင်လုံး ထိုကဲ့သို့ ဖြစ်နေသည့် အပြင်ကိုမှ သူ့မျက်လုံး တစ်လုံးကလည်း ကန်းနေသေး၏။
“ခင်ဗျား... ခင်ဗျား ဘယ်သူလဲ” တစ်ဖက်လူအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ထိုလူ၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင်တတိယအဆင့် ဖြစ်နေကြောင်း တွေ့လိုက်ရသော် ပိန်ပိန်နှင့်ကျင့်ကြံသူ ရင်ထိတ်သွားခဲ့လေသည်။
ပိန်ပိန်နှင့်ဝဝ ကျင့်ကြံသူနှစ်ဦးစလုံးမှာ တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ရန်သူ၏ ကျင့်ကြံခြင်းမှာ သူတို့ထက် နှစ်ဆင့်ပင် ပိုမြင့်နေခဲ့လေသည်။ သူတို့ ရန်သူသည် လက်ရှိတွင် ဒဏ်ရာရထားသည့်ပုံ ပေါ်နေသော်ငြား ဝဝနှင့် ကျင့်ကြံသူကို လက်သီးတစ်ချက်တည်းနှင့် သတ်သွားနိုင်ပုံကိုကြည့်လျှင် သူသည်လည်း ထိုလူ၏ ပြိုင်ဘက် မဟုတ်နိုင်မှန်း ပိန်ပိန်နှင့်လူ သိလိုက်သည်။
“မင်းကို တမလွန်ဘဝ ပို့ပေးမယ်လူလေ” လူထွားကြီးသည် အေးစက်စက် အမူအရာနှင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် ပိန်ပိန်နှင့်လူရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွား၏။
ထိုအခြင်းအရာကိုမြင်သော် ပိန်ပိန်နှင့်ကျင့်ကြံသူ အော်ပြောလေသည် “ရောင်းရင်း၊ စကားကောင်းကောင်းမွန်မွန် ပြောလို့မရဘူးလား။ မင်းနဲ့ ငါ့ကြားမှာ ဘာရန်ငြိုးမှလည်း ရှိတာမဟုတ်ဘူးလေ။ ဘာလို့ ငါတို့ကို လာတိုက်ခိုက်နေရတာလဲ”
ထိုသို့ ပြောနေသော်ငြား အရောင်တောက်နေသည့် ဒိုင်းကာ တစ်ခုကိုတော့ အဆင်သင့် ထုတ်ယူထားခဲ့လေသည်။
လူထွားကြီးသည် စိတ်ခံစားချက်မရှိသည့် အေးစက်စက် အသံသည် ပိန်ပိန်နှင့်ကျင့်ကြံသူ၏ နောက်ဘက်မှ ပြန်ပေါ်လာခဲ့လေသည် “အားနည်းတဲ့ မိန်းမသား တစ်ယောက်ကို အနိုင်ယူပြီး မုဒိန်းကျင့်ချင်နေတဲ့ မင်းတို့လိုကောင်မျိုးနဲ့ ဘာတွေများ ပြောနေရဦးမှာလဲ။ သေလိုက်ပေတော့”
သူ့အသံဆုံးသွားသည်နှင့် ဆေးဘားဓါးတစ်ချောင်း သူ့လက်ထဲ ပေါ်လာခဲ့လေသည်။ ဓါးထဲသို့ အရင်းအမြစ်ချီ ထည့်သွင်းလိုက်သည်နှင့် ဓါးသွားထက် ကျာပုံရိပ်တစ်ခု ပေါ်လာပြီး ထိုကျားကြီးသည် ၎င်း၏ ပါးစပ်ကိုဟလျက် ပိန်ပိန်နှင့်လူကို ကိုက်ချလိုက်လေသည်။
ပိန်ပိန်နှင့်လူမျက်နှာ ဖြူလျော်သွားပြီး ချက်ချင်း ကြောက်ကြောက်လန်လန့်နှင့် ပြန်အော်ပြောလေသည် “ငါမင်းကို ပြန်တိုက်မယ်”
သူ့ကျင့်ကြံခြင်းမှာ တစ်ဖက်လူထက် နှစ်ဆင့်ပိုနိမ့်နေသော်ငြား သူသာ အစွမ်းကုန် သုံးမည်ဆိုလျှင် တစ်ဖက်လူလက်မှ လွတ်ကောင်းလွတ်နိုင်ပေသည်။ ဝဝနှင့် ကျင့်ကြံသူ လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်းမှာ အလစ်အငိုက်မိသွားကာ သူ့မှော်ရတနာကိုပင် မထုတ်ယူလိုက်နိုင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။
ယခု သူ့အား အကာအကွယ်မှော်ရတနာမှ ကာကွယ်ပေးထားသည့် အတွက်ကြောင့် ဝဝနှင့် ကျင့်ကြံသူကဲ့သို့ အလွယ်တကူ အသတ်ခံရတော့လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား လက်တွေ့မှာတော့ သူထင်ထားသလို ဖြစ်မလာခဲ့ချေ။ တစ်ဖက်လူ၏ ဓါးသွားသည် သူ့အကာအကွယ်အားလုံးကို ချိုးဖျက်၍ သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်း ပိုင်းချသွားခဲ့လေသည်။
“မဖြစ်... မဖြစ်နိုင်ဘူး” ပိန်ပိန်နှင့်ကျင့်ကြံသူမှာ သူ့ပခုံးမှ ဝမ်းဗိုက်ထိ ရောက်နေသော ဓါးခုတ်ရာကြီးကိုကြည့်ရင်း မျက်လုံးအပြူးသားဖြင့် ရေရွတ်လိုက်၏။ ထို့နောက် လူထွားကြီးဘက်သို့လှည့်၍ ခါးသက်သက် လေသံဖြင့် “မင်းက တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးလား”
အစောပိုင်းက လူထွားကြီးဆီမှ တာအိုသခင်အဆင့် ကျင့်ကြံသူများတွင် ရှိသော စွမ်းအားတစ်မျိုး ဖြာထွက်လာသည်ကို သူအသေအချာ ခံစားမိလိုက်သည်။ လူထွားကြီး၏ မှော်ရတနာမှာလည်း တာအိုအဆင့်သာ ဖြစ်လေသည်။ ထိုအကြောင့်ကြောင့်သာလျှင် သူ့အကာအကွယ်ကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့ရင်း ဖြစ်သည်။
“သေတော့မယ့်လူက ဘာတွေ သိချင်နေသေးတာလဲ” လူထွားကြီးက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည်။
သူ့စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ပိန်ပိန်နှင့်လူဆီမှ သွေးများ ဖြာထွက်လာပြီး သူ့ခန္ဓာကိုယ်လည်း နှစ်ပိုင်း ပြတ်ထွက်သွားခဲ့လေသည်။ ပတ်ဝန်းကျင်းတစ်ခုလုံး သွေးညှီနံ့တို့ဖြင့် ပြည့်နှက်သွားခဲ့လေ၏။
လော့ပင်းသည် ထိုမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့လေသည်။ ကြောက်ရွံ့မှုကြောင့် သူမတစ်ကိုယ်လုံးမှာ တုန်ုတုန်ရီရီ ဖြစ်နေလေ၏။ ထိုသို့ ကြည့်နေပြီး ခဏအကြာမှာပင် ပျို့အန်တက်လာလေသည်။
သူမသည် မင်းသမီးလေးတစ်ပါးကဲ့သို့ နေလာခဲ့သူတစ်ဦး ဖြစ်လေရာ ဤကဲသို့ သွေးသံတရဲရဲမြင်ကွင်းကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သွေးညှီနံ့များကို ရလိုက်သည့်အခါ သူမရင်ထဲ ပျို့တက်လာတော့လေသည်။
အတန်ကြာအောင် ထိုးအန်နေပြီးနောက်မှသာ သက်သာသွားခဲ့လေသည်။ နောက်ဆုံးတွင် လူထွားကြီးအား ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် ကျေးဇူးတင်တကြီး လှမ်းကြည့်လျက် ကတုန်ကရင် လေသံဖြင့် မေးလိုက်လေသည် “သူတို့... သူတို့ နှစ်ယောက်စလုံး သေသွားတာလား”
လူထွားကြီးသည် သူမအား အေးစက်စက် အကြည့်ဖြင့် လှည့်ကြည့်လာခဲ့သည်။ ထိုသို့ ကြည့်လိုက်သည့်အခိုက် သူ့မျက်လုံးထဲ အမုန်းတရားတို့ ဖြတ်ပြေးသွားခဲ့လေသည်။ လော့ပင်း၏ အမေးကို ပြန်ဖြေမနေခဲ့ဘဲ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍သာ ဆေးဘားဓါးကို ပြန်သိမ်းလိုက်လေသည်။
ခဏအကြာ၌ လော့ပင်းဆီသို့ လျှောက်သွားပြီး သူမကိုယ်ပေါ်ရှိ ချိတ်စည်းကို ပြန်ဖြေပေးလိုက်လေ၏။
ထိုအခါမှသာ သူမကိုယ်ထဲ သူတော်စင်ချီကို ပြန်လည် စီးဆင်းလာနိုင်တော့၏။ မိန်းမငယ်လေးသည် ကတုန်ကရင်ဖြင့် ထလာပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဝဝနှင့်ပိန်ပိန် ကျင့်ကြံသူ၏ အလောင်း နှစ်လောင်းအား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် ထပ်ထိုးအန်ပြန်လေ၏။
လူထွားကြီးမှာမူ မည်သည့် စကားမှမပြောဘဲ ထိုနေရာတွင်သာ ငြိမ်သက်စွာ ရပ်နေလေ၏။
အချိန်အတော်ကြာပြီးနောက်တွင် လော့ပင်းသည် လူထွားကြီးကိုကြည့်၍ “ကျေးဇူးပါပဲ၊ ကျေးဇူးပါပဲ..."
လူထွားကြီးသာ ပေါ်မလာခဲ့လျှင် မည်ကဲ့သို့သော ကံကြမ္မာက သူမအား စောင့်ကြိုနေမလဲ ဆိုသည်ကို သူမသာ သိပေလိမ့်မည်။ ဒုက္ခရောက်နေစဉ်က သူမအား တစ်ယောက်ယောက် လာကယ်ပါစေဟု ဆုတောင်းခဲ့သည်။
ယခု တစ်ယောက်ယောက် တကယ်ကြီး ရောက်ချလာခဲ့ပေသည်။ ထိုလူ၏မျက်နှာမှာ အတော်လေးကိုမှ ကြောက်စရာကောင်းလှသော်ငြား လော့ပင်းကမူ ထိုကဲ့သို့ မခံစားရဘဲ ထိုလူထွားကြီးနားတွင် နေရသည်မှာ လုံခြုံမှုရှိသည်ဟုပင် ခံစားရလေသည်။ ဤကဲ့သို့သော ခံစားချက်မျိုးကို သူမ၏အဖေရော၊ ချိုယုဆီကပါ မရရှိခဲ့ချေ။
မိန်းမငယ်လေး နှလုံးခုန်မြန်လာပြီး ထူးဆန်းသည့် ခံစားချက်တစ်မျိုး သူမရင်ထဲ လှိုက်တက်လာခဲ့လေသည်။
“ရှင့်... ရှင့်နာမည် ဘယ်လိုခေါ်လဲ” လော့ပင်းသည် လူထွားကြီးအား ကြောက်ကြောက်ဖြင့် မေးလိုက်လေသည်။
လူထွားကြီးကမူ သူမအား အေးစက်စက် အကြည့်ဖြင့်သာ ပြန်စိုက်ကြည့်လာ၏။ လူထွားကြီး၏ အေးစက်စက် အကြည့်ကြောင့် လော့ပင်း တုန်ရီသွားပြီး ချက်ချင်း ခေါင်းငုံ့ချလိုက်လေသည်။
“ချိုက်ဟူ” လူထွားကြီးက ရုတ်တရက် ပြောလိုက်၏။
ထိုစကားကိုကြားသော် လော့ပင်း ဝမ်းသာသွားပြီး ခေါင်းမော့လျက် ပြုံးကာ ပြန်ပြောလိုက်လေသည် “ဒီတော့ အစ်ကိုချိုက်ဟူပေါ့။ ကျွန်မက လော့ပင်း၊ မြို့သခင်ရဲ့ သမီးပါ၊ ကျွန်မ နာမည်ကို ကြားဖူးလားမသိဘူး”
ထိုသို့ပြောပြီးသည့်နောက် လော့ပင်း အနည်းငယ် ကြောင်သွားခဲ့လေသည်။
သူမဘဝတွင် ချိုယုမှလွဲ၍ အခြား မည်သူ့ကိုမှ ဤကဲ့သို့ ရင်းရင်းနှီးနှီး မခေါ်ဖူးချေ။ သို့သော်ငြား ဤလူထွားကြီးကိုမူ အစ်ကိုချိုက်ဟူဟု တရင်းတနှီး ခေါ်ဆိုခဲ့သည်။ ထိုကဲ့သို့ ခေါ်လို့ခေါ်မိလိုက်မှန်းကိုမှ သူမ သဘောမပေါက်မိခဲ့။
(ငါဘာဖြစ်နေတာလဲ) သူမကိုယ်သူမ လော့ပင်း နားမလည်နိုင် ဖြစ်နေခဲ့သည်။
“နင်ဘယ်သူလဲ ငါသိတယ်” ချိုင်ဟူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ မိန်းမငယ်လေး ကြောက်သွားမည် စိုးသည့်အတွက်ကြောင့်လား မသိ သူမအား ဆက်၍ စိုက်ကြည့်မနေတော့ချေ။
“သိရမှာပေါ့။ ကျွန်မက အပြင်ထွက်လေ့မရှိပေမယ့် ကောင်းကင်ကြိုကြာမြို့ထဲမှာ နေတဲ့လူဆိုရင် ကျွန်မကို ကျိန်းသေ သိတယ်” လော့ပင်းက နှုတ်ခမ်းလေးကိုကွေးလျက် ပြုံးကာ ပြောလိုက်လေသည်။
လော့ပင်းသည် တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် ပြန်ပြောလိုက်လေသည် “အစ်ကိုချိုက်၊ ကျွန်မ... လမ်းပျောက်နေလို့ ကျွန်မကို အိမ်ပြန်ပို့ပေးလို့ ရမလား”
ချိုက်ဟူက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည် “ပို့ပေးလို့ရတယ်”
လော့ပင်း ဝမ်းသာသွားခဲ့ပြီး ချက်ချင်း ကျေးဇူးတင်စကား ဆိုလိုက်လေ၏ “ကျေးဇူးအများကြီးတင်ပါတယ်”
“ဒါပေမယ့် ဒီနေ့တော့ မဟုတ်ဘူး” ချိုင်ဟူက အေးစက်စက် လေသံဖြင့် ထပ်ပြောလိုက်၏။
လော့ပင်း၏အပြုံးတောင့်တင်းသွားခဲ့ပြီး ချိုက်ဟူက ငေးကြောင်ကြောင်ဖြင့် ကြည့်လျက် မေးလိုက်လေသည် “အစ်ကိုချိုက်၊ ရှင်... ရှင်ဘာပြောချင်တာလဲ”
ချိုက်ဟူက ပြောလိုက်၏ “မိန်းကလေးလော့ဆီကနေ ကျုပ်အကူအညီတောင်းချင်တာ တစ်ခုရှိတယ်။ ဒါပေမယ့် ကျုပ်နောက် တစ်ချက်လိုက်ခဲ့ပေး”
အစောပိုင်းက လူကြီးနှစ်ဦး သူမအား လုပ်သွားခဲ့သည့်ပုံကို ပြန်စဉ်းစားမိလိုက်သော် လော့ပင် ကြောက်လန့်သွားပြီး မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားလေသည်။ ထို့နောက် ကတုန်ကရင် နောက်သို့ဆုတ်ရင်း အလန့်တကြား အော်ပြောလိုက်လေ၏ “ရှင်... ရှင်လည်း ခုနတုန်းက လူနှစ်ယောက်လို လုပ်ချင်နေတာမလား”
“ငါ့ကို သူတို့နှစ်ယောက်နဲ့ လာမနှိုင်းနဲ့။ နင်သာ ပြောတဲ့အတိုင်းလုပ်မယ်ဆို ငါနင့်ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး” ချိုက်ဟူသည် သူ့လက်ကို လော့ပင်းဆီသို့ ဆန့်ထုတ်လိုက်လေသည်။
“မလုပ်နဲ့” လော့ပင်းမှာ ထအော်လေသည်။ သို့ရာတွင် ချိုက်ဟူ၏ ကျင့်ကြံခြင်းမှာ သူ့မ၏ ကျင့်ကြံခြင်းထက် အများကြီး ပိုမြင့်နေရာ လော့ပင်းအနေဖြင့် မည်ကဲ့သိုများ ရုန်းကန်နိုင်ပါမည်နည်း။ ချက်ချင်းကို အဖမ်းခံလိုက်ရတော့လေသည်။
သူမ တစ်ကိုယ်လုံး ရေခဲတွင်းထဲသို့ ရောက်သွားသကဲ့သို့ လော့ပင်း ခံစားလိုက်ရသည်။ ယနေ့တစ်နေ့တည်း၌ပင် သူမ တစ်ဘဝလုံး မကြုံတွေ့ခဲ့ရဖူးသည့် အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရသည်။ မြေခွေးလက်မှ လွတ်လာရုံလေးတင်ရှိသေး၊ ကျားရှေ့တွင် သွားမှောက်လျက်လဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ချိုက်ဟူ၏လက်ကို အဆက်မပြတ် ထုရိုက်နေရင်းမှ အော်ပြောလိုက်၏ “ရှင်က လူဆိုးပဲ။ လူဆိုကြီး... ရှင်တို့အားလုံးက လူဆိုးတွေပဲ”
ချိုက်ဟူကမူ အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်လေ၏ “နင်ထပ်ပြီး ရုန်းနေဦးမယ်ဆို ငါ့ကို အဆိုးမဆိုတော့နဲ့နော်”
ထိုစကားကိုကြားသော် လော့ပင်းတစ်ကိုယ်လုံး တောင့်တင်းသွားပြီး ပါးစပ်ကိုဟလျက် ချိုက်ဟူလက်ကို ကိုက်ချလိုက်လေသည်။
အားသုံး၍ ကိုက်ချလိုက်သည့်အတွက် လော့ပင်းပါးစပ်ဆီမှ သွေးများ စီးကျလာလေ၏။ သို့ရာတွင် မလွတ်သေးဘဲ ဆက်၍သာ ကိုက်ထားခဲ့လေသည်။
ချိုက်ဟူသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ဖြစ်လေရာ သူသာ လုပ်ချင်ပါက အားနည်းနည်းလောက် သုံးလိုက်ရုံဖြင့် လော့ပင်း၏သွားများကို တစ်စစီဖြစ်အောင် လုပ်ပစ်နိုင်ပေသည်။
သို့သော်ငြား ဘာကြောင့်မှန်းမသိ ထိုကဲ့သို့ မလုပ်ခဲ့ချေ။ သူ့လက်အား ကိုက်ထားသော လော့ပင်းကိုသာ စိုက်ကြည့်နေခဲ့သည်။ ထိုသို့ ကြည့်နေရင်းမှ သူ့မျက်လုံးထဲ ရှုပ်ထွေးသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။ ထို့နောက် သက်ပြင်းတစ်ချက်လျက် လော့ပင်း၏ လည်တိုင်ကို ဆတ်ခနဲ ရိုက်ချလိုက်သည်။
ချိုက်ဟူသည် သူ့စွမ်းအားကို ကောင်းကောင်း ထိန်းချုပ်ထားပေသည်။ ထို့ကြောင့် လော့ပင်းသည် တစ်ချက်ကလေးညည်းလျက် သတိလစ်သွားတော့လေ၏။ မကြာမီတွင် ချိုက်ဟူသည် လော့ပင်အား ဆန်တစ်အိတ်နှယ် ပခုံးပေါ်တင်လျက် ထိုနေရာမှ လျင်မြန်စွာ ထွက်သွားခဲ့လေသည်။
...
ကောင်းကင်ရုပ်သေးအလုပ်ရုံ...
ထိုနေရာသို့ ပြန်ရောက်လာသည့်နောက် ဘေးပတ်ဝန်ကျင်းအား စိုးရိမ်တကြီး လှည့်ပတ်ကြည့်နေသော ရီကျင်းဟန်ကို တွေ့လိုက်ရလေသည်။ ရန်ကိုင်ကို မြင်လိုက်သည့် အခါမှပဲ ရီကျင်းဟန် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလျက် သူ့ဆီသို့ လျှောက်လာပြီး မေးလိုက်လေသည် “သခင်လေးရန် ဘယ်တွေ သွားနေတာလဲ”
ရန်ကိုင်က ပြန်ပြောလိုက်၏ “လမ်းလျှောက်ထွက်ကြည့်တာလေ”
ထို့နောက်တွင် ရီကျင်းဟန်ကိုကြည့်၍ ပြုံးကာ ပြောလိုက်လေ၏ “ဘာဖြစ်လို့လဲ။ ကျုပ်ခင်ဗျားကို နှုတ်မဆက်ဘဲ ထွက်သွားမှာကို ကြောက်နေတာလား”
ရီကျင်းဟန်က လက်ဝှေ့ရမ်းလျက် “မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ သခင်လေးရန်ကို မတွေ့လို့ ဘယ်တွေများ ရောက်သွားလဲ လိုက်ရှာကြည့်နေရုံပါပဲ...”
ရန်ကိုင်က ပြောလိုက်လေသည် “စိတ်အေးအေးထားစမ်းပါ။ ကတိပေးပြီးမှတော့ ကျုပ်ဒီအတိုင်း မပြောမဆိုနဲ့ ထွက်သွားမှာမဟုတ်ဘူး။ ကျုပ်အပြင်ထွက်ခါနီး ခင်ဗျားကို ပြောဖို့ လုပ်ပါသေးတယ်။ ဒါပေမယ့် ခင်ဗျား အခန်းထဲမှာ အခြားတစ်ယောက်ရှိနေတာနဲ့ ကျုပ်လည်း မနှောင့်ယှတ်ဘဲ ထွက်လာခဲ့လိုက်တာ...ဟဲဟဲ"
ရန်ကိုင်စကားကိုကြားသော် ရီကျင်းဟန် ရှက်သွားခဲ့လေသည် “မုန်းစရာကောင်းလိုက်တာ”
ထို့နောက် ခြေဆောင့်လျက် အလုပ်ရုံထဲသို့ ပြန်ဝင်ပြေးလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၀၂)
နောက်တစ်နေ့သို့ ရောက်သော် မြို့သခင်စံအိမ်တစ်ခုလုံး ရောင်စုံမီးပုံးများ၊ မီးအိမ်များဖြင့် ပြည့်နေခဲ့ပြီး နေရာတစ်ခုလုံးဟာလည်း အလွန်ကိုမှ စည်ကား သိုက်မြိုက်နေခဲ့သည်။
ယနေ့သည် ကောင်းကင်ကြိုးကြာမြို့သခင်၏ မင်္ဂလာပွဲနေ့ဖြစ်သည့်အတွက် မြောက်များလှစွာသော ဧည့်သည်တော်များသည် အမျိုးမျိုးသော ဂုဏ်ပြုလက်ဆောင်များကို သယ်ဆောင်လာရင်း မြို့သခင်အား လာရောက် ဂုဏ်ပြုစကား ဆိုကြလေသည်။ မြို့သခင်စံအိမ်တိုင်းရှိ လူတိုင်း၏ မျက်နှာထက် အပြုံးပန်းတို့ဖြင့် ဝေစည်နေကြလေ၏။
မြို့သခင်စံအိမ် ဝင်ပေါက်တွင်မူ ရုပ်ရည်ချောမောလူသည် လူငယ်လေးများနှင့် မိန်းမငယ်လေးများမှ ဧည့်သည်တော်များကို အပြုံးပန်းဆင်လျက် ဖော်ရွေပျူငှာစွာ ခရီးဧည့်ကြိုပြုနေကြလေသည်။
ရောက်လာသည့် ဧည့်သည်တိုင်းကို သူတို့ မည်သည့်ဂိုဏ်းမှ ရောက်လာကြောင်း အခမ်းအနား စီစဉ်သူက အသံကျယ်ကျယ်ဖြင့် ကြေညာပေးလေသည်။ ထို့ကြောင့် လူတစ်ယောက် တစ်ယောက် ရောက်လာတိုင်း လူတိုင်း၏ အကြည့်သည် ထိုလူဆီသို့ ရောက်ရောက်သွားတတ်သည်။ ထို့နောက်တွင် မြို့သခင်မှ စီစဉ်ပေးထားသော လူများက ဧည့်သည်များကို သူတို့ ထိုင်ရမည့် နေရာများဆီသို့ ခေါ်ဆောင်သွားလေ၏။ ထိုင်ခုံများများကို အဆင့်အတန်းအရ နေရာခွဲထားပေးခြင်း ဖြစ်ပေသည်။
အဆင့်မြင့်သူများ၊ မြို့သခင်နှင့် ရင်းနှီးသူများကို ရှေ့ပိုင်းတွင် နေရာချထားပေးပြီး အဆင့်နိမ့်သူများကိုတော့ နောက်ဘက်တွင် နေရာချထားပေးလေသည်။
ပိုအားကောင်းသည့် လူများသည် ရှေ့ပိုင်းတွင် နေရာရကြသဖြင့် ထိုင်ခုံနေရာ စီစဉ်ပုံနှင့် ပက်သက်၍ မည်သူမှ အထွန့်မတက်ရဲကြချေ။
ရွက်တစ်ထောင်ဂိုဏ်းသားများ ရောက်လာသည့်အခါ ရန်ကိုင်သည် သူ့ပတ်ဝန်းကျင်ကို စိတ်ဝင်တစား လှည့်ပတ်ကြည့်မိလေသည်။ ဤသည်မှာ သူ့ဘဝတွင် ပထမဆုံးအကြိမ် အဖြစ် အခြားတစ်ယောက်၏ မင်္ဂလာပွဲကို တက်ဖူးခြင်း ဖြစ်သည်။ ကိုယ်လုပ်တော် တစ်ယောက်နှင့် မင်္ဂလာပွဲသာ ဖြစ်သော်ငြား မင်္ဂလာပွဲတော့ ဖြစ်နေဆဲ။ ပျော်ရွှင်မြူးထူးစရာ ပတ်ဝန်းကျင်ကိုကြည့်ရင်း စုယန်၊ ရှနင်းချန်၊ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့ကို ရန်ကိုင် ပြန်သတိရသွားလေသည်။
သူ့စိတ်ထဲတွင်လည်း အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူ့အမျိုးသမီးများ ရသင့်ရထိုက်၊ ခံစားသင့်ခံစားထိုက်သည့် မင်္ဂလာပွဲကို ယခုအချိန်ထိတိုင် သူမကျင်းပေးရသေးချေ။
ထိုအကြောင်းကို တွေးလိုက်မိသော်ငြား သူ့အမျိုးသမီးများအပေါ် အတော်လေးကို အကြွေးတင်နေမိသလို ခံဏားလိုက်ရလေသည်။
တုရှန်းနှင့်အခြားသူများသည် မင်္ဂလာလက်ဖွဲ့များ ယူဆောင်လာခဲ့ကြလေသည်။ လက်ဖွဲ့များမှာ အလွန်အဖိုးတန်ခြင်းမရှိသော်ငြား အတော်လေးကိုမှ များပေ၏။ ထို့ကြောင့် လှည်းတစ်စီးနှင့် သယ်လာကာ ရောက်သော် မြို့သခင်စံအိမ်၏ လက်အောက်ငယ်သားများ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ထို့နောက်တွင် သူတို့အား အခြားတစ်ယောက်မှ ထိုင်ရမည့် နေရာဆီသို့ ခေါ်သွားပေလေသည်။
ခန်းမမှာ အလွန်ကိုမှ ကျယ်ဝန်းလှသည်။ စာပွဲဝိုင်း တစ်ရာကျော် ရှိနေသည့်တိုင် ချောင်ချောင်ချိချိသာ ရှိနေသေးသည်။ ရွက်တစ်ထောင်ဂိုဏ်းသားများ ရောက်လာသည့်အခါ ခန်းမထဲသို့ လူအတော်လေး ရောက်နေခဲ့လေပြီ။
လက်အောက်ငယ်သားလေးသည် ရီကျင်းဟန်နှင့် အခြားသူများကို ခန်းမ အလယ်နေရာရှိ စားပွဲဝိုင်းတစ်ခုဆီသို့ ခေါ်လာပေးပြီးနောက် ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည် “ဧည့်သည့်တော်တို့ရဲ့ ထိုင်ခုံက ဒီမှာပါ။ မင်္ဂလာပွဲက မကြာခင် စတော့မှာမို့လို့ ခဏလောက် ထိုင်စောင့်ပေးကြပါနော်”
ထိုသို့ ပြောပြီးသည့်နောက် ထွက်သွားရန် လုပ်လိုက်လေသည်။
ထိုလူ ပြောသွားသည့်စကားနှင့် လုပ်ပုံကို မြင်ပြီးနောက် ဝူမ မျက်လုံးထဲ ဒေါသ အရိပ်ယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ချက်ချင်းပဲ လက်အောက်ငယ်သားလေး၏ အင်္ကျီလည်စကို ဆွဲကိုင်လျက် မေးလိုက်လေ၏ “ဒါငါတို့ထိုင်ရမယ့်ခုံဆိုတာ သေချာလား”
သူတို့ ထိုင်ရမည့် စားပွဲဝိုင်းသည် ရှေ့ဆက်ဆုံးနားတွင် ရှိမနေဘဲ နောက်ဘက်ခြမ်းသို့ ပိုရောက်နေ၏။ ဤနေရာတွင် ထိုင်နေကြသည့်လူများဆို၍ တာအိုသခင်အဆင့် တစ်ယောက်လောက်သာ ပိုင်ဆိုင်ထားသော မိသားစုငယ်လေးများနှင့် တတိယအဆင့် အင်အားစုမှ လာကြသူများသာ ရှိကြသည်။
ရွက်တစ်ထောင်ဂိုဏ်းတွင် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးမှ မရှိသော်ငြား သူတို့ဂိုဏ်း၌ တာအိုသခင်အဆင့် ကျင့်ကြံသူ အတော်များများ ရှိနေပေသေးသည်။ မည်သို့ပင် ဖြစ်စေကာမူ သူတို့ ထိုင်ရမည့်နေရာသည် ရှေ့ဘက်ခြမ်းတွင်သာ ရှိနေသင့်ပေသည်။ ဤနေရာတွင် မရှိသည့်။
ဤထိုင်ခုံစီစဉ်ထားပုံသည် သူတို့ ရွက်တစ်ထောင်ဂိုဏ်းကို အရှက်ခွဲနေခြင်းသာ ဖြစ်လေသည်။
ဝူမ၏ လုပ်ပုံကြောင့် လက်အောက်ငယ်သားလေး ကြောက်လန့်သွားပြီး ချက်ချင်း ပြန်ပြောလိုက်လေသည် “ကျုပ်က ဧည့်သည်တွေကို ထိုင်ရမယ့်နေရာဆီ ခေါ်သွားပေးဖို့ပဲ တာဝန်ကျထားတာပါ။ အဲ့ဒါကလွဲပြီး ဘာမှမသိပါဘူး။ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဆရာ”
“သူ့ကိုလွှတ်လိုက် ဝူမ” တုရှန်းသည် မျက်မှောင်ကြုတ်ရင်း အမိန့်ပေးလိုက်လေသည်။
“ဒါပေမယ့် စီနီယာအစ်ကို...” ဝူမက ထပ်ပြောချင်နေသော်ငြား တုရှန်း၏ အကြည့်ကို မြင်သော် ခန်းမထဲရှိ အခြားလူများသည် သူတို့အား မျက်လုံးပြူးကာ လှမ်းကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
“ရောက်နေပြီဆိုမှတော့ ထားလိုက်ပေတော့” တုရှန်းက ထပ်ပြောလိုက်၏။
ထိုစကားကိုကြားသော် ဝူမသည် အံကြိတ်၍ ဒေါသထွက်ထွက်နှင့် အစေခံလေးကို ပြန်လွှတ်ပေးလိုက်လေသည်။ အခြားသော ရွက်တစ်ထောင်ဂိုဏ်းသားများသည်လည်း မျက်နှာကြီးမဲ့လျက် ငြိမ်သက်စွာ ထိုင်လိုက်ကြလေသည်။
ဝူမက မကျေမနပ်ဖြင့် ရေရွတ်လိုက်လေ၏ “ဒါကျုပ်တို့ကို အရှက်ခွဲချင်လို့ကို လုပ်ထားတာ... စီနီယာအစ်ကိုတို့၊ စီနီယာအစ်မတို့ ဘယ်လိုလုပ်ပြီး သည်းခံနေရတာလဲ”
တုရှန်းက ဝူမကို ကြည့်လျက် ပြန်ပြောလိုက်လေသည် “သည်းမခံရင် မင်းက ဘာလုပ်မလို့လဲ။ ဒီနေရာတစ်ခုလုံးကို ဖျက်စီးပြီး ဟိုသက်ကြားအိုကြီး သတ်ပစ်မလို့လား”
ဝူမက ပြန်ပြောလိုက်၏ “အဲ့လိုပြောချင်တာ မဟုတ်ဘူးလေ... ဒါပေမယ့် ကျုပ်တို့ကို ဒီနေရာမှ စီစဉ်ပေးထား အခြားလူတွေ အကုန်လုံးမြင်တယ်။ ဒါသက်သက် လူရှေ့သူရှေ့မှာ အရှက်ခွဲနေတာ”
ရီကျင်းဟန်က ဝင်ပြောလိုက်၏ “အဲ့တော့ ငါတို့ ဘာလုပ်ရမှာလဲ။ ဒါက သူတို့ပိုင်နက်၊ ငါတို့ ဘာမှလုပ်လို့မရဘူး”
တုရှန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “လော့ကျန်းက ငါတို့ ဘာမှ ပြန်လုပ်နိုင်မှာမဟုတ်မှန်း သိထားပြီးသား။ ဒါကြောင့် အခုလိုလုပ်တာ။ မင်းတို့ လုပ်ဖို့က အခုလို အရှက်ခွဲခံရတာကို သေချာမှတ်ပြီး တစ်နေ့ကျရင် အတိုးနဲ့ရင်းပြီး လက်စားပြန်ချေဖို့ပဲ”
ဝူမမှာ ဒေါသထွက်နေသော်ငြား လက်ရှိအခြေအနေနှင့် ပက်သက်၍ ဘာမှမလုပ်နိုင်မှန်း နားလည်ထားသည်။ သို့သော်ငြား သူတို့ကြားလျက် တိုးတိုး တိုးတိုး ပြောနေကြသော လူများကိုကြည့်ရင်း သူ့စိတ်ထဲ ကလိကလိ ဖြစ်လာခဲ့ရလေသည်။
ထိုစဉ်မှာပင် တုရှန်းသည် ရီကျင်းဟန်၏ ပခုံးကိုပုတ်လျက် တိုးတိုးလေး ပြောလိုက်လေ၏ “နင်ဒီထဲကို ဝင်လာကတည်းက နင့်ကို တောက်လျှောက် လိုက်ကြည့်နေတဲ့ လူတစ်ယောက် ရှိတယ်”
“ဘယ်သူလဲ” ရီကျင်းဟန် သင်္ကာမကင်း ဖြစ်သွားပြီး ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်လေသည်။ မကြာမီတွင် ချိုယုသည် မျက်တောင်မခတ်တမ်း သူမအား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရ၏။
ထိုအခါ ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “အပိုတွေ ပြောမနေနဲ့။ သူငါ့ကို ကြည့်နေတာ မဟုတ်လောက်ဘူး”
တုရှန်းက ရယ်မောလျက် “နင့်ကို မကြည့်ရင် ဘယ်သူ့ကို ကြည့်ရမှာလဲ။ ဂျူနီယာညီမရီရဲ့ အလှကို သူ့လိုကောင်က မငေးဘဲ နေနိုင်မှာကျလို့”
ရီကျင်းဟန် ရှက်သွားပြီး မကျေနပ်သည့် လေသံဖြင့် ပြန်ပြောလိုက်လေသည် “စီနီယာအစ်ကိုရဲ့ စကားတွေက ပိုပိုပြီးတော့ မသင့်တော်လာတော့ဘူးနော်။ တပည့်တွေ အားလုံးရဲ့ အကြီးဆုံးစီနီယာအစ်ကိုတစ်ယောက်ဖြစ်ပြီး အကုန်လုံး စံနမူနာယူရအောင် နေရမှာကို ဘယ်လိုလုပ်ပြီး ဒီလိုစကားတွေ ပြောထွက်နေရတာလဲ”
တုရှန်းကမူ ရှက်ရှက်ဖြင့်သာ ရယ်သွမ်းသွေးလိုက်လေသည်။
ထိုကဲ့သို့ ပြောလိုက်သော်ငြား ရီကျင်းဟန်ကမူ အပြုံးကြီး ပြုံးနေခဲ့၏။ တုရှန်း မနာလို ဖြစ်နေသည်ကို သူမ မသိဘဲ ဘယ်နေမည်နည်း။
ဝူမက ရုတ်တရက် ပြောလိုက်လေသည် “အဲ့ခွေးသူတောင်းစား သူ့လူတစ်ယောက်ကို လွှတ်လိုက်ပြီ”
တုရှန်းနှင့် ရီကျင်းဟန်တို့လည်း လှည့်ကြည့်လိုက်ရာ ချိုယု ဘေးနာတွင် အမြဲ ရှိနေလေ့ရှိသော လူအိုကြီး သူတို့ဆီသို့ လမ်းလျှောက်လာနေကြောင်း တွေ့လိုက်ရလေသည်။
တုရှန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်လေ၏ “အဲ့ကောင် ဘာလုပ်ချင်နေတာလဲ”
ရီကျင်းဟန်က နှာခေါင်းရှုံ့လျက် “သူတို့ကို စိတ်ပူမနေနဲ့။ ဒီမင်္ဂလာပွဲပြီးတာနဲ့ ကျွန်မတို့ အိမ်ချက်ချင်းပြန်မှာ။ ဒီမှာ ဆက်နေမှာမဟုတ်ဘူး”
ထိုသို့ ပြောပြီးပြီးချင်းမှာပင် လူအိုကြီး သူတို့ စားပွဲဝိုင်းသို့ ရောက်လာလေသည်။ လူအိုကြီးသည် လက်သီးဆုပ်လျက် ပြောလိုက်လေ၏ “နှောင့်ယှတ်သလို ဖြစ်သွားခဲ့ရင် အားနာပါတယ်”
စီနီယာတစ်ဦး ဖြစ်သော်ငြား ယဉ်ယဉ်ကျေးကျေးဖြင့် ပြောဆိုနေပေသေးသည်။ တစ်ဖက်လူက ယဉ်ကျေးနေသည့်အတွက်ကြောင့် တုရှန်းကလည်း လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည် “ယဉ်ကျေးလွန်းနေပါပြီ စီနီယာလီ” တစ်ချက်မျှ ရပ်ပြီးနောက် မေးလိုက်လေ၏ “စီနီယာလီ ဘာလို့ ရောက်လာတာလဲ သိလို့ရမလား”
လူအိုကြီးက ထူးမခြားနားလေသံဖြင့် ပြန်ပြောလိုက်လေ၏ “သခင်လေးက ဖိတ်ခေါ်ခိုင်းလိုက်လို့ လူတစ်ယောက်ကို လာခေါ်တာပါ”
ထိုစကားကိုကြားသော် တုရှန်း ရီကျင်းဟန်အား လှည့်ကြည့်လိုက်လေသည်။
ရီကျင်းဟန်က စိတ်ညစ်ညစ်ဖြင့် “ကျွန်မ သူ့ကို လုံးဝ စိတ်မဝင်းစားဘူးလို့ ရှင်သခင်လေးကို ပြန်ပြောလိုက်”
လူအိုကြီးက ရီကျင်းဟန်အား ထူးထူးဆန်းဆန်းဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် ယဲ့ယဲ့လေးပြုံးလျက် “သခင်မလေးရီ အတွေးများလွန်းနေပြီ။ ကျုပ်သခင်လေး ဖိတ်ခေါ်ချင်တာက ခင်ဗျားမဟုတ်ဘူး၊ ဒီက ညီငယ်လေးပဲ”
ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်ကို ညွှန်ပြလိုက်လေသည်။
“အန်...” ရှက်ရွံ့မှုကြောင့် ရီကျင်းဟန်မျက်နှာ ရဲတက်သွားခဲ့လေသည်။ ထို့နောက် ကသိကအောက် ဖြစ်နေသည့် လေသံဖြင့် ပြန်မေးလိုက်လေ၏ “ဘာလို့... သူ့ကို ဖိတ်ခေါ်ချင်ရတာလဲ”
တုရှန်းနှင့် အခြားသူများသည်လည်း ကြောင်နေခဲ့လေသည်။ လူအိုကြီးသည် ရီကျင်းဟန်ကို ဖိတ်ခေါ်ရန် လာခြင်းဖြစ်သည်ဟု အကုန်လုံး ထင်နေခြင်းဖြစ်သည်။ ရန်ကိုင်ကို ဖိတ်ခေါ်ချင်သည့် အတွက်ကြောင့် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ တကယ်တော့ ချိုယု ရီကျင်းဟန်အား စိတ်ဝင်စားနေသည်မှာ ကြာပြီ မဟုတ်လေလော။
လူအိုကြီးက ထူးမခြားနားဟန်ဖြင့် ဆက်၍ ပြောလိုက်လေသည် “ကျုပ်သခင်လေး ဘာမှမပြောလိုက်ဘူး။ ညီငယ်လေးကို သူ့ဆီ ခေါ်လာခဲ့ဖို့ပဲ ပြောလိုက်တာ”
ထိုစကားကိုကြားသော် အကုန်လုံး ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။ ချက်ချင်းဆိုသလို အကုန်လုံး၏ မျက်နှာ မဲ့သွားခဲ့လေသည်။
မည်သည့် အချိန်ကတည်းကမှန်းမသိ ရန်ကိုင်သည် သူ့ရှေ့တွင် ချထားသော အသီးများကို တစ်လုံးပြီးတစ်လုံး ယူစားနေခဲ့သည်။ လက်တစ်ဖက်စီတွင် အသီးတစ်လုံးကို ကိုင်ရင်း တစ်ကိုက်ကိုက်လိုက် ကျေနပ်သွားသည့် အမူအရာမျိုး လုပ်ပြလိုက် လုပ်နေခဲ့သည်။ ထို့အပြင် စားပွဲပေါ်၌ သူစားပြီးသား အသီးများ၏ အလယ်အူတိုင်များပင်လျှင် ရှိနေခဲ့လေသည်။ ရန်ကိုင် မည်သည့် အချိန်ကတည်းက အသီးများအား စစားနေလဲ ဆိုသည်ကို မည်သူမှမသိကြ။ သို့သော်ငြား သူ့လက်ချက်ကြောင့် ပန်းကန်ပြားထဲရှိ အသီးတစ်ဝက်လောက် ကုန်သွားခဲ့လေပြီ။
မြိတ်ရေရှက်ရေ စားနေသည့် ရန်ကိုင်ပုံစံမှာ နှစ်ပေါင်းများစွာကြာအောင် မစားရမသောက်ရ နေလာရသည့် ပြိဿတစ်ကောင် ဝင်စားသည့် လူတစ်ဦး စားနေသည့် ပုံစံမျိုး ဖြစ်နေသဖြင့် ရန်ကိုင်ကို ကြည့်ရင်း ရွက်တစ်ထောင်ဂိုဏ်းသားများ မှင်သက်နေကုန်ကြလေသည်။
ပိုဆိုးသည်မှာ လူအိုကြီး သူတို့ဝိုင်းဆီသို့ ရောက်လာသော် အခြားသူများလည်း သူတို့ဘက်သို့ လှည့်ကြည့်လာကြခြင်းပင်။ ရန်ကိုင် စားနေသည့်ပုံစံကို မြင်သော် အကုန်လုံး အထင်အမြင်တသေးဖြင့် ခေါင်းတခါခါ လုပ်လိုက်ကြလေသည်။
ရွက်တစ်ထောင်ဂိုဏ်းသားများမှာလည်း အတော်လေးကိုမှ ရှက်သွားကြလေ၏။
“သခင်လေးရန်” ရီကျင်းဟန်၏ မျက်နှာ နီရဲတက်နေခဲ့လေသည်။ ဆက်၍ ငြိမ်မနေနိုင်တော့သည့်အဆုံး ရန်ကိုင်အား လှမ်းသတိပေးလိုက်လေ၏။
ရန်ကိုင်သည် ပါးစပ် ပလုတ်ပလောင်းနှင့် ရီကျင်းဟန်ဘက်သို့ လှည့်ကြည့်လာခဲ့၏။ ပါးစပ်ထဲရှိ အသီးများကို အကုန်စားပြီးနောက် နှုတ်ခမ်းကို လျှာဖြင့် ကျေနပ်စွာ သပ်လျက် သူ့လက်ထဲရှိ အသီးကို ရီကျင်းဟန်ဆီသို့ လှမ်းပေးရင်း ပြောလိုက်လေသည် “လိုချင်လို့လား၊ လိုချင်ရင် ယူလေ”
ရန်ကိုင် လုပ်ပုံကြောင့် ရီကျင်းဟန် မျက်နှာကြီး ပို၍ နီတက်သွားခဲ့လေသည်။
သို့သော်ငြား ရန်ကိုင်ကမူ လက်ရှိ အခြေအနေကို သတိပြုမိသေးသည့်ပုံမရဘဲ အခြားသော ရွက်တစ်ထောင်ဂိုဏ်းသားများကိုပင် အသီးများ လိုက်ပေးနေလေ၏ “အားနာမနေနဲ့နော်။ ဒီအသီးတွေက တကယ် အရသာရှိတာ။ ပြီးတော့ ကျင့်ကြံခြင်းအတွက်လည်း ကောင်းသေးတယ်။ စားကြည့်ရသလောက်တော့ အသီးတွေကို ခူးထားတာ သိပ်ကြာသေးတဲ့ပုံမပေါ်ဘူး။ တကယ်ကို လတ်ဆတ်တယ်”
ရန်ကိုင် လုပ်ပုံကြောင့် ရွက်တစ်ထောင်ဂိုဏ်းသားများမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်ကုန်ကြလေသည်။ ရန်ကိုင် နောက်ခံကို သူတို့ မသိသလို ရီကျင်းဟန် ရန်ကိုင်အား ဘာကြောင့် ခေါ်လာသလဲ ဆိုသည်ကိုလည်း သူတို့ မသိပေ။ သို့သော်ငြား ရန်ကိုင်၏ လုပ်ပုံကိုမြင်ပြီးနောက် အကုန်လုံးသည် ရန်ကိုင်နှင့် မသိသည့်အလား အခြား တစ်ဖက်သို့ အကြည့် လွှဲဖယ်သွားကြလေသည်။
“အဟမ်း...” တုရှန်းက ချောင်းဟန့်လျက် "သခင်လေးရန်၊ ဒီစီနီယာလီက မင်းကို ပြောစရာရှိလို့လဲ”
“စီနီယာလီ” ရန်ကိုင်က မေးလိုက်လေသည် “ဘယ်စီနီယာလီလဲ”
“ကျုပ်တို့ ထပ်တွေ့ပြန်ပြီနော် ညီငယ်လေး” ရန်ကိုင်ကမူ သူ့အား မသိကျေးကျွံပြုထားသည့် အတွက် လူအိုကြီး၏ နဖူးကြောများ ထောက်တက်နေခဲ့သည်။
ထိုအခါမှသာ ရန်ကိုင်က ခေါင်းမော့၍ လူအိုကြီးကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည် “ခင်ဗျားပဲ။ ခင်ဗျား ချိုယုနဲ့ ရှိနေရမှာ မဟုတ်ဘူးလား။ ဒီကို ဘာလာလုပ်တာလဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၀၃)
“ကျုပ်တို့သခင်လေးက ဒီကညီငယ်လေးကို ဆွေးနွေးစရာတွေ ရှိသေးလို့ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…” စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်ငြား လူအိုကြီးကမူ သည်းခံ၍ ပြန်ပြောလိုက်လေသည်။
“စိတ်မဝင်စားဘူး…” ရန်ကိုင်ကမူ တစ်ချက်ကလေးပင် စဉ်းစားနေခြင်း မရှိဘဲ ချက်ချင်း ငြင်းဆိုလိုက်လေ၏။
သူ့စကားကို ကြားပြီးသည့်နောက် ခန်းမထဲတွင် ရှိနေသည့်လူများ အံ့အားသင့်သွားကုန်ကြလေသည်။
ဘေးနားတစ်ဝိုက်တွင် ရှိနေကြသော ကျင့်ကြံသူများမှာ ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေကြလေ၏။ ရန်ကိုင့်ကြည့်ရသည်မှာ ရွက်တစ်ထောင်ဂိုဏ်းမှ လာသည့်ပုံမပေါ်။ သို့သော်ငြား မည်ကဲ့သို့သော အားကောင်းသည့် နောက်ခံကို ပိုင်ဆိုင်ထား၍များ ချိုယု၏ ဖိတ်ခေါ်မှုကို ဤကဲ့သို့ ငြင်းဆိုရဲရသနည်း။ စည်းကားသိုက်မြိုက်နေသော ခန်းမတစ်ခုလုံးမှာ ရုတ်ချည်းဆိုသလို တိတ်ကျသွားခဲ့လေသည်။
ရန်ကိုင် ဤကဲ့သို့ ငြင်းဆိုလိမ့်မည်ဟု လူအိုကြီးလည်း မထင်ထားခဲ့ချေ။ ထို့ကြောင့် မျက်စိပျက်မျက်နှာပျက်ဖြင့် အလျင်အမြန် ပြန်ပြောလိုက်လေ၏။ “ညီငယ်လေး… မင်းက ငယ်သေးတာဆိုတော့ ငါပြောလိုက်တာကို သေချာမကြားလိုက်ဘူးလို့ပဲ မှတ်လိုက်မယ်… ငါထပ်ပြောပေးမယ်… ငါတို့သခင်လေးက…”
ရန်ကိုင်သည် လူအိုကြီးအား အဓိပ္ပာယ်ပါပါပြုံးပြလျက် ဖြတ်ပြောလိုက်လေသည်။ “ခင်ဗျား အကြိမ်တစ်ရာ ထပ်ပြောမယ်ဆိုရင်တောင် ကျုပ်သွားမှာမဟုတ်ဘူး… ကျုပ် အလုပ်ရှုပ်နေတာကို ခင်ဗျား မမြင်ဘူးလား…”
ထိုကဲ့သို့ ပြောပြီးသည့်နောက် နောက်ထပ်အသီးတစ်လုံး ကောက်ယူ၍ ကိုက်စားလိုက်လေသည်။
လူအိုကြီး ပိုပို၍ မျက်နှာပျက်လာခဲ့လေ၏။ “နောက်တစ်ကြိမ်မဖြေခင် မင်း သေချာ စဉ်းစားသင့်တယ်နော် ညီငယ်လေး…”
ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်ပြောလိုက်လေသည်။ “ဘာဖြစ်လို့လဲ… ခင်ဗျား ကျုပ်ကို လာခြိမ်းခြောက်နေတာလား… ဒါက မြို့သခင်ရဲ့ မင်္ဂလာပွဲနော်… ခင်ဗျား ဒီမှာ ပြဿနာရှာရဲရင် ကျုပ် ဒီအကြောင်းကို မြို့သခင်ကို တင်ပြပြီး ခင်ဗျားတို့ကို မောင်းထုတ်ခိုင်းလိုက်မှာ…”
ရန်ကိုင်သည် လေသံကိုမြှင့်၍ ပြောလိုက်သဖြင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော ဧည့်သည်များပင်လျှင် ရန်ကိုင်တို့ဘက်သို့ စိတ်ဝင်တစား လှည့်ကြည့်လာမိကြလေသည်။
လူမြင်ကွင်းတွင် ဤကဲ့သို့ အရှက်ခွဲခံလိုက်ရသည့်အတွက် လူအိုကြီးမှာ အတော်လေး ရှက်သွားခဲ့သလို ရန်ကိုင့်၏ စကားကြောင့်လည်း နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့လေသည်။ သူသည် လော့ကျင်းအား အရမ်းကြီး ကြောက်ရွံ့ခြင်း မရှိသော်ငြား လူမြင်ကွင်းတွင် ကြီးနိုင်ငယ်ညှင်း လုပ်ပါက ကောင်းကင်ရောင်စဉ်နန်းတော်၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်ပေသည်။
အသီးများကို ဆက်ဝါးစားနေရင်းမှ ရန်ကိုင်က ပါးစပ်ပလုပ်ပလောင်းဖြင့် ပြောလိုက်လေသည်။ “အဘိုးကြီး… ခင်ဗျားကြည့်ရတာ အဲ့လောက်လည်း မငယ်တော့ပါဘူး… အဲ့ဒါကို ဘာဖြစ်လို့ သူများတွေကို အဲ့လောက်လိုက်ပြီး ရန်စနေရတာလဲ… ခင်ဗျားတစ်ဘဝလုံးကို ခွေးတစ်ကောင်လို နေသွားချင်လို့လား…”
“အဟွတ်…”
ထိုစကားကိုကြားသော် ရေသောက်နေသည့် ရီကျင်းဟန်သည် သောက်လက်စရေများကို ပြန်ထွေးထုတ်မိလိုက်လေသည်။
“မင်း…” လူအိုကြီးမှာတော့ ပို၍ ဒေါသထွက်လာခဲ့လေ၏။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ဘာမင်းလဲ… ချိုယု ကျုပ်နဲ့ စကားပြောချင်လို့ရှိရင် သူ့ကို ဒီကိုလာခိုင်းလိုက်… အခုကိစ္စမှာ ကျုပ်က သူ့ကို သွားရှာနေတာမဟုတ်ဘူး… သူက ကျုပ်ကို လာရှာနေတာ… ဒီတော့ စကားပြောချင်ရင် သူ့ကိုသာ လာခိုင်းလိုက်တော့…”
ထိုသို့ပြောပြီးသည့်နောက် အထင်အမြင်တသေးဖြင့် ထပ်၍ ပြောလိုက်လေသည်။ “သူကပဲ ငါ့ကို လာရှာသေးတယ်… ပြီးတော့ သူကပဲ ငါ့ကိုလာခိုင်းသေးတယ်… ဒီကောင် ခေါင်းမကောင်းတာလားတောင် မသိပါဘူး…”
ထိုသို့ပြောပြီးသည့်နောက် အသီးများကိုသာ ဆက်စားနေတော့လေသည်။
“ကောင်းတယ် ကောင်းတယ် ညီငယ်လေး… ဒီလူအိုကြီး မင်းကို သေချာမှတ်ထားမယ်…” လူအိုကြီးက အံတကြိတ်ကြိတ်ဖြင့် ပြောလိုက်လေသည်။ ထိုသို့ပြောပြီးသည့်နောက် အင်္ကျီလက်ကို ဆတ်ခနဲ လှုပ်ခါလျက် ဒေါသတကြီးဖြင့် ထွက်သွားလေ၏။ မည်သို့ပင် ဖြစ်နေစေကာမူ သူသည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ။ ထို့အပြင် ကောင်းကင်ရောင်စဉ်နန်းတော်၏ အကြီးအကဲတစ်ဦးလည်း ဖြစ်နေသေး၏။ သို့သော်ငြား ယနေ့တွင်မူ လူငယ်လေးတစ်ဦး၏ လူပုံအလယ်တွင် အရှက်ခွဲခြင်း ခံခဲ့ရလေသည်။ မြို့သခင်၏ မင်္ဂလာပွဲဖြစ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဤလူငယ်လေးအား ထ၍ တိုက်ခိုက်ပြီးလေပြီ။
သို့သော်ငြား ယနေ့ကိစ္စကိုမူ သေသေချာချာ မှတ်ထားပေမည်။ ဤမင်္ဂလာပွဲပြီးသည့်နောက် ရန်ကိုင်ဆိုသည့် ဤကောင်လေးအား ကောင်းကောင်းကို သင်ခန်းစာ ပေးရပေလိမ့်မည်။
လူအိုကြီး ထွက်သွားပြီးသည့်နောက်တွင် ဝူမသည် ရန်ကိုင့်အား လေးစားတကြီးဖြင့် ကြည့်လျက် ပြောလိုက်လေ၏။ “အစ်ကိုရန်… ငါမင်းကို တကယ်ကြိုက်သွားပြီကွာ…”
ဝူမ၏စကားကို ကြားပြီးသည့်နောက် ရန်ကိုင်ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေ၏။ ဝူမအား ကြည့်ရင်း တံတွေးတစ်လုပ်မျိုချလျက် တုံ့ဆိုင်းတုံ့ဆိုင်း အမူအယာဖြင့် ပြောလိုက်လေသည်။ “ငါက မိန်းမတွေကိုပဲ စိတ်ဝင်စားတာနော်…”
ရန်ကိုင့်စကားကို ကြားပြီးသည့်နောက် ဝူမက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ “ကျုပ်ပြောချင်တာက အဲ့လိုမဟုတ်ဘူး အစ်ကိုရန်ရဲ့… ကျုပ်ပြောချင်တာက အစ်ကိုရန် ဒီကိစ္စကို ကိုင်တွယ်သွားတဲ့ပုံစံ တော်တော်လေးမိုက်တယ်လို့…”
မြို့ထဲသို့ ဝင်လာပြီးသည့် အချိန်မှစ၍ ဝူမသည် အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေခြင်း ဖြစ်ပေသည်။ သို့သော်ငြား အစောပိုင်းက ကိစ္စကို မြင်ပြီးသည့်နောက် သူ့စိတ်ထဲရှိ မကျေနပ်ချက်တို့ အတော်လေး ပျောက်ကွယ်သွားခဲ့လေပြီ။ ရွက်တစ်ထောင်ဂိုဏ်းသားများမှာ အရေးကြီးကိစ္စများကို တန်ဖိုးထားရသည့်အတွက်ကြောင့် သူတို့၏ မကျေနပ်ချက်များကို မျိုသိပ်ထားရလေသည်။ ထို့အတွက်ကြောင့်ပင်လျှင် တစ်ဖက်မှ သူတို့အား အရှက်ခွဲခဲ့သည့်တိုင် ကြိတ်၍သာ ငြိမ်ခံနေရသည်။ သို့သော်ငြား ယနေ့ ရန်ကိုင်လုပ်ပြသွားသည်ကို မြင်ပြီးသည့်နောက် သူတို့စိတ်ထဲ အတော်လေးကိုမှ ကျေနပ် အားရဝမ်းသာ ဖြစ်မိသွားလေသည်။
တုရှန်းကိုယ်တိုင်မှာလည်း အတော်လေးကို ကျေနပ်ပီတိ ဖြစ်မိသွားသော်ငြား သူ့စိတ်ထဲတွင်လည်း စိုးရိမ်နေမိလေ၏။ တကယ်တော့ ရန်ကိုင်သည် လူအိုကြီးကို လူပုံအလယ်တွင် အရှက်ခွဲခဲ့ခြင်း ဖြစ်ပေသည်။ ဤကိစ္စကို ကောင်းကင်ရောင်စဉ်နန်းတော် မည်ကဲ့သို့ တုံ့ပြန်မလဲ သူမသိချေ။ ထို့အပြင် ကောင်းကင်ရောင်စဉ်နန်းတော်သည် ကောင်းကင်ကြိုးကြာမြို့နှင့် အတူပူးပေါင်းနေခြင်း ဖြစ်သည်။ သူတို့အိမ်ပြန်နေသည့် လမ်းတွင် ထိုအင်အားစုနှစ်ခု အတူပူးပေါင်း၍ သူတို့အား ချောင်းမြောင်းတိုက်ခိုက်ခဲ့မည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်းသားများအဖို့ အတော်လေးကို ဒုက္ခရောက်ကြ ရပေလိမ့်မည်။
သူ့စိတ်ထဲ စိုးရိမ်နေစဉ်မှာပင် သူ့လက်ပေါ်သို့ လက်ဖဝါးတစ်စုံ ရောက်လာသည်ကို ခံစားမိလိုက်လေသည်။ လှည့်ကြည့်လိုက်ရာ ရီကျင်းဟန်မှ သူ့အား ပြုံးကာ ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။ “စိတ်မပူနဲ့စီနီယာအစ်ကို… သခင်လေးရန်မှာ အခုလိုလုပ်ရတဲ့ အကြောင်းအရင်း ရှိပြီးသား…”
တုရှန်း၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ရီကျင်းဟန် ဘာကြောင့် ဤမျှအထိ ရန်ကိုင့်အား ယုံကြည်နေရသလဲ ဆိုသည်ကို မသိသော်ငြား သူမစကားကို ကြားပြီးသည့်နောက် သူ့စိတ်ထဲ အနည်းငယ်တော့ စိတ်သက်သာရာ ရမိသွား၏။ ထို့ကြောင့် ခေါင်းပြန်ညိတ်ပြလိုက်လေသည်။
လူအိုကြီးသည် ချိုယုဆီသို့ ပြန်သွားပြီးနောက် သူ့နားနားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်လေသည်။ လူအိုကြီးပြောပြသည်ကို ကြားပြီးသည့်နောက်တွင် ချိုယုသည် မျက်မှောင်ကျုံ့၍ ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။ တစ်ခဏမျှ ငြိမ်သက်နေပြီးသည့်နောက် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်လေ၏။
ထို့နောက် ရန်ကိုင့်ဆီသို့ လမ်းလျှောက်သွားလိုက်လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ ရွက်တစ်ထောင်ဂိုဏ်းသားများ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။ သို့ရာတွင် ရန်ကိုင်ကမူ အေးအေးဆေးဆေးဖြင့်သာ အသီးများကို တစ်လုံးပြီးတစ်လုံး ကိုက်စားနေခဲ့လေသည်။
တစ်ခဏအကြာတွင် ချိုယုသည် လူအိုကြီးနှစ်ဦးနှင့်အတူ ရွက်တစ်ထောင်ဂိုဏ်းသားများရှိနေသည့် စားပွဲခုံနားသို့ ရောက်လာလေ၏။
တုရှန်းက ချက်ချင်းမတ်တပ်ရပ်၍ ပြောလိုက်လေသည်။ “ရောင်းရင်းချို… ဒီနေရာက မြို့သခင်ရဲ့ မင်္ဂလာပွဲနော်… မင်း ဒီမင်္ဂလာပွဲမှာ လာပြီး ပြဿနာရှာချင်နေတာလား…”
ချိုယုက တုရှန်းအားကြည့်၍ ပြန်ပြောလိုက်လေသည်။ “စိတ်မပူနဲ့… ငါဒီကို ပြဿနာရှာဖို့ ရောက်လာတာမဟုတ်ဘူး… ရောင်းရင်းရန်ကို စကားနည်းနည်းပါးပါး ပြောချင်လို့ပဲ…”
“စကားနည်းနည်းပါးပါး ပြောဖို့…” တုရှန်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ မည်သည့်စကားကို ပြောချင်နေ၍များ ချိုယုသည် သူ့ထိုင်ခုံမှထ၍ ရန်ကိုင့်ဆီသို့ပင် ကိုယ်တိုင်လာရသလဲ ဆိုသည်ကို တုရှန်း နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ တကယ်တော့ ယမန်နေ့မတိုင်ခင်အထိ သူတို့နှစ်ဦးသည် သိပင်မသိကြသည့် လူများ မဟုတ်ကြလေလော။ ထိုသို့ဆိုလျှင် သူတို့ကြား မည်ကဲ့သို့သော ရန်ငြိုးများ ရှိနေကြလေသနည်း။
ချိုယုသည် တုရှန်းအား ပြန်ထိုင်ရန် သူ့ပုခုံးကို ပုတ်လိုက်လေ၏။ ထို့နောက် ရန်ကိုင့်ဆီသို့ လျှောက်သွားလိုက်ပြီး ရန်ကိုင့်ဘေးတွင် ထိုင်နေသော ရွက်တစ်ထောင်ဂိုဏ်းသားအား လှမ်းကြည့်လိုက်လေသည်။
ထိုရွက်တစ်ထောင်ဂိုဏ်းသားသည် မျက်မှောင်ကျုံ့လိုက်သော်ငြား သူ့နေရာမှ ထပေးလိုက်လေ၏။
ချိုယုသည် သူခတ်နေသော ခေါက်ယပ်တောင်ကို ပြန်ပိတ်လျက် ရန်ကိုင်ဘေးတွင်ထိုင်ကာ ပြောလိုက်လေသည်။ “ရောင်းရင်းရန် ဟုတ်တယ်မလား…”
ရန်ကိုင်က ခေါင်းပင်မမော့ဘဲ ပြန်ပြောလိုက်လေ၏။ “ရောင်းရင်းချို… မင်းမျက်ခုံးကြားက နည်းနည်း ညိုမည်းနေသလို ဖြစ်နေတယ်… မင်းရဲ့မျက်လုံးတွေကလည်း အာရုံစူးစိုက်မှုမရှိဘူး… နှုတ်ခမ်းတွေကလည်း ခြောက်ကပ်နေတယ်… မင်းရဲ့စိတ်ဝိဉာဉ်ကလည်း တဖြည်းဖြည်း လွင့်ပျယ်နေသေးတယ်… မင်းမျက်နှာကတောင် နည်းနည်း နီညိုညို ဖြစ်နေပြီ… ကြည့်ရတာ မင်း သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့မယ်နဲ့တူတယ်…”
ချိုယုက ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “ရောင်းရင်းရန်က မျက်နှာဖတ်တာကိုလည်း ကျွမ်းကျင်တာလား…”
ရန်ကိုင်က ချိုယုဘက်သို့ လှည့်ကြည့်၍ “မကျွမ်းပါဘူး… ဒါပေမဲ့ မင်းခန္ဓာကိုယ်တစ်ဝိုက်မှာ ရစ်သိုင်းနေတဲ့ သေမင်းချီအငွေ့အသက်တွေ ရှိနေတယ်… အဲ့တစ်ချက်ကို ကြည့်ရုံနဲ့တင် မင်း ဒီနေ့ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာ ငါသိပြီးသား…”
“လာနောက်နေတာလား…” ချိုယုက လှောင်ပြုံးပြုံးလျက် “ဒီနေ့က မြို့သခင်ရဲ့ မင်္ဂလာပွဲလေ… ဒီလို ဝမ်းသာစရာ နေ့မျိုးမှာ ဘယ်လိုလုပ်ပြီး အန္တရာယ်နဲ့ ရင်ဆိုင်ရမှာလဲ…”
“ယုံတာ မယုံတာကတော့ မင်းရဲ့အပိုင်းပဲ…” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။
ချိုယုက မျက်မှောင်ကျုံ့လျက် ပြောလိုက်လေ၏။ “ဒါဆိုရင် ရောင်းရင်းရန်အမြင်ကနေ မကောင်းတဲ့အတိတ်နိမိတ်ကို ဖယ်ရှားဖို့ ကျုပ်ဘာလုပ်ရမလဲ…”
“မင်းအထုပ်အပိုးတွေကို သယ်ပြီးတော့ ဒီကနေလစ်လိုက်တော့…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အဲ့လောက်ရှင်းတာလေးကိုတောင် ငါကိုယ်တိုင် မင်းကို သင်ပေးနေရဦးမှာလား…”
ချိုယု ဆွံ့အသွားခဲ့ပြီး ခေါင်းခါလျက် “အပိုတွေတော်လိုက်တော့… ဒီသခင်လေးရောက်လာတာ ရောင်းရင်းရန်ကို မေးခွန်းတစ်ခု မေးချင်လို့ပဲ…”
“ဘာမေးချင်တာလဲ…”
ချိုယုက ပါးစပ်ဟ၍ ပြောလိုက်လေသည်။ သို့သော်ငြား အားလုံးကြားအောင် ပြောမပြခဲ့ဘဲ ကောင်းကင်စိတ်အာရုံဖြင့်သာ ရန်ကိုင်တစ်ယောက်တည်းသို့ ဦးတည်၍ ပြောလိုက်လေ၏။
ထို့အတွက်ကြောင့် တုရှန်းနှင့် ရီကျင်းဟန်တို့မှာလည်း စိတ်ဝင်စားသွားခဲ့လေသည်။ ချိုယု မည်ကဲ့သို့သော မေးခွန်းအား ရန်ကိုင့်အား မေးလိုက်သလဲ ဆိုသည်ကို သူတို့လည်း သိချင်နေမိလေ၏။
ချိုယုပြောသည်ကို နားထောင်ပြီးသည့်နောက်တွင် ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ပြန်မလာဘူးလား… မင်းတော့ ပြဿနာတက်ပြီ ရောင်းရင်းချိုရေ…”
“နည်းနည်းလေး တိုးတိုးလေး ပြောလို့မရဘူးလား…” ချိုယုသည် ရန်ကိုင့်အား အံကြိတ်လျက် ပြန်ပြောလိုက်လေ၏။
ရန်ကိုင်က ခေါင်းညိတ်၍ “ရတာပေါ့ ရတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “အဲ့လော့ပင်းဆိုတဲ့မိန်းကလေး မနေ့တုန်းက လုံးဝ အိမ်ပြန်မလာဘူးဆိုတာ မင်းသေချာလား…”
ချိုယုက ခေါင်းညိတ်လိုက်လေ၏။ “မနေ့ညတုန်းက ငါကိုယ်တိုင် သူ့ကို သွားရှာတာ… ဒါပေမဲ့ သူ့အိမ်ဖော်မလေးက သူအိမ်ပြန်မလာဘူးလို့ ပြောတယ်… ဒီနေ့လည်း သွားထပ်ရှာကြည့်သေးတယ်… ဒါပေမဲ့ ဘယ်လိုမှကို ရှာလို့မတွေ့ဘူး…”
ရန်ကိုင်က ပြုံးလျက် “မြို့သခင်ရော ဒီအကြောင်းကို သိလား…”
ချိုယုက ပြန်ပြောလိုက်လေ၏။ “မြို့သခင်သိမယ်လို့ ထင်နေတာလား… သူ့မှာ ကိုယ်လုပ်တော်၁၄ယောက် ရှိပေမဲ့ ကလေးတစ်ယောက်မှ မရှိဘူး… သမီးဆိုလို့လည်း ဒီတစ်ယောက်ပဲ ရှိတာ… ဒီသမီးကို သူက လုံးဝ မင်းသမီးလေးတစ်ပါးလို ဆက်ဆံတာ… လော့ပင်းပျောက်နေတဲ့အကြောင်းသာ သူသိသွားမယ်ဆိုလို့ရှိရင် ကောင်းကင်ကြိုးကြာမြို့တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားမှာ… မင်းရော ငါရော အခုလိုမျိုး အေးအေးဆေးဆေး ထိုင်နေနိုင်ဦးမယ်လို့ထင်လား…”
“ပျောက်နေတယ်ဆိုမှတော့ မင်းဘာလို့ သူ့ကို သွားမရှာတာလဲ… ဘာဖြစ်လို့ ငါ့ကို လာမေးနေတာလဲ…” ရန်ကိုင်က ဇဝေဇဝါအမူအယာဖြင့် ပြန်မေးလိုက်လေသည်။
“ဘာလို့လဲဆိုတော့ မင်းဆိုင်ထဲက ထွက်သွားတာနဲ့ လော့ပင်းက မင်းနောက်ကို လိုက်သွားတာလေ…” ချိုယုက ပြန်ပြောလိုက်လေသည်။
ရန်ကိုင်က မျက်လုံးမှေးစင်းလျက် “ရောင်းရင်းချို… မင်းစကားကလေ မသိရင် ငါ သခင်မလေးလော့ပင်းကို တစ်ခုခုလုပ်လိုက်တဲ့ ပုံစံမျိုး ပေါက်နေတယ်နော်…”
“ဒါပေါ့… အဲ့လိုမဖြစ်ရင်တော့ ပိုကောင်းတာပေါ့… ဖြစ်နိုင်လို့ရှိရင် သူဒီနေ့ အိမ်ကို အဆင်ပြေပြေနဲ့ ပြန်လာနိုင်ပါစေလို့ ငါမျှော်လင့်နေတာ… အဲ့လိုသာ ဖြစ်သွားရင် ဒီကိစ္စကို လုံးဝမေ့ထားလိုက်လို့ရတယ်… ဒါပေမဲ့ သူ့ခေါင်းက ဆံပင်မွေးတစ်ချောင်းတောင် ဆုံးရှုံးသွားလိုက်ရမယ်ဆိုရင်တော့ သူ့ကို ထိခိုက်အောင် လုပ်တဲ့သူကို ဒီသခင်လေး လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး…” ချိုယုက ပြောလိုက်လေသည်။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ရောင်းရင်းချို မင်း လူမှားပြီး ခြိမ်းခြောက်မိနေပြီကွ… ငါက အဲ့ဆေးဆိုင်ထဲက ပြန်ထွက်သွားပြီးတာနဲ့ ကောင်းကင်ရုပ်သေးအလုပ်ရုံကို ချက်ချင်း ပြန်လာခဲ့တာ… သခင်မလေးလော့ပင်းကို တစ်ချက်မှ မမြင်မိဘူး… မင်းမယုံလို့ရှိရင် ကောင်းကင်ရုပ်သေးအလုပ်ရုံက လူတွေကို မေးကြည့်လို့ရတယ်… အဲ့ဒါကိုမှ မကျေနပ်သေးဘူးဆိုရင် ရွက်တစ်ထောင်ဂိုဏ်းက တပည့်တွေကိုပါ သွားထပ်မေးကြည့်လိုက်… ငါဒီမြို့ကို အခုမှ ပထမဦးဆုံးအကြိမ် ရောက်ဖူးတာ… ကောင်းကင်ကြိုးကြာမြို့နဲ့ ငါ့ကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမှမဟုတ်ဘူး… အဲ့ဒါကို ငါက ဘာလို့ သခင်မလေးလော့ကို ပြဿနာ သွားရှာရမှာလဲ…”
“အဲ့ဒါ အမှန်ပဲလား…” ချိုယုက ပြန်ပြောလိုက်လေ၏။
ရန်ကိုင်က နှာခေါင်းရှုံ့လျက် “တစ်ယောက်ယောက်သာ ငါ့ကို လာရန်စလို့ရှိရင် အဲ့လိုလာရန်စတဲ့အကျိုးဆက်ကို ခံစားသွားရအောင် ငါကိုယ်တိုင်လုပ်ပေးလိုက်မှာ… အခုလိုမျိုးကို သူများသမီးကို ဓါးစာခံလုပ်တဲ့ အောက်တန်းကျတဲ့ နည်းလမ်းတွေကို ငါသုံးမယ်ထင်လား…”
ချိုယု သူ့ကိုယ်သူ သိပ်၍ မယုံကြည်နိုင် ဖြစ်လာခဲ့လေသည်။ “ကောင်းပြီလေ… ငါမင်းကို ယုံလိုက်မယ်… ရောင်းရင်းရန်နဲ့ အများကြီး စကားမပြောလိုက်ရပေမဲ့ ရောင်းရင်းရန်ရဲ့ ရိုးသားဖြောင့်မတ်တဲ့စရိုက်ကို ကျုပ်နားလည်ပါတယ်… ရောင်းရင်းရန် အဲ့လို အောက်တန်းကျတဲ့ အလုပ်ကို လုပ်မှာမဟုတ်မှန်းလည်း သိပါတယ်… ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လော့ပင်းအကြောင်း သတင်းရလို့ရှိရင် ရောင်းရင်းရန် ကျုပ်ကို ပြောပြပေးဖို့ မျှော်လင့်ပါတယ်… အဲ့လိုဆို ဒီချို ရောင်းရင်းရန်ကို အရမ်းကျေးဇူးတင်မိပါ…”
“ကိစ္စမရှိဘူး…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။
“နှုတ်ဆက်ပါတယ်…” လက်သီးဆုပ်၍ နှုတ်ဆက်ပြီးသည့်နောက် ချိုယု ထရပ်လိုက်လေသည်။ သို့သော်ငြား သူထွက်မသွားသေးခင် ရန်ကိုင်သည် သူ့အား ထိုင်ခုံပေါ်ပြန်ဖိချလိုက်လေ၏။
“ရောင်းရင်းရန် ဘာပြောချင်သေးလို့လဲ…” ချိုယုက မျက်မှောင်ကျုံ့လျက် မေးလိုက်လေ၏။
“ဘာမှမဟုတ်ပါဘူး… ရောင်းရင်းချိုဆီက တစ်ခုလောက် တောင်းဆိုချင်လို့ပါ…” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ပြောလိုက်လေသည်။
ရန်ကိုင့်၏အပြုံးကို မြင်ပြီးသည့်နောက် ချိုယုစိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလိုက်လေ၏။
“ဘာတောင်းဆိုချင်တာလဲ…” ချိုယုက တိုးတိုးလေး မေးလိုက်လေသည်။
ရန်ကိုင်က ပြောလိုက်လေသည်။ “ရောင်းရင်းချို ကျုပ်တို့ကို ထိုင်ခုံနေရာလဲပေးလို့ရလား…”
ချိုယုက မယုံသင်္ကာဖြင့် ပြန်မေးလိုက်လေ၏။ “ထိုင်ခုံနေရာလဲဖို့…”
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လျက် ယဲ့ယဲ့လေးပြုံးကာ ပြန်ပြောလိုက်လေ၏။ “ဒီနေရာက နည်းနည်းလေးမှောင်နေလို့ ကျုပ်သိပ်မကြိုက်လို့… ရောင်းရင်းချို ကျုပ်ကို ပိုလင်းတဲ့နေရာတစ်ခုဆီ ပြောင်းပေးလို့ရမလား…”
ထိုစကားကိုကြားသော် ချိုယု၏မျက်နှာကြီး မဲ့သွားခဲ့ပြီး အေးစက်စက် ချွေးသီးချွေးပေါက်တို့ သူ့နဖူးထက် ဝေ့သီလာခဲ့လေသည်။ နဖူးထက်ရှိ ချွေးများကို သုတ်ပစ်လိုက်ပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ဘယ်နေရာကို ရောင်းရင်းရန်က ရွှေ့ချင်နေတာလဲ…”
ရန်ကိုင်က လက်ညှိုးထိုးညွှန် ပြလိုက်လေ၏။ “အဲ့နေရာဆို တော်တော်လေးအဆင်ပြေမယ်လို့ ထင်တယ်…. ကြည့်ပါလား… အဲ့ထိုင်ခုံပေါ်မှာ လူလည်းမရှိဘူး…”
ချိုယု မျက်နှာပျက်သွားခဲ့လေသည်။ “အဲ့ထိုင်ခုံက ဘယ်သူ့အတွက်ဆိုတာရော ရောင်းရင်းရန်သိလို့လား…”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ထိုင်ခုံက ထိုင်ခုံပဲလေ… ဘယ်သူ့အတွက်တွေ ဘာတွေ ရှိနေရမှာလဲ…”
“မဟုတ်ဘူး… မဟုတ်ဘူး… အဲ့နေရာကို လုံးဝသွားလို့မရဘူး…” ချိုယုက အလျင်စလို လက်ဝှေ့ယမ်း ပြလိုက်လေ၏။
ရန်ကိုင့်မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။ “ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်နိုင်ရမှာလဲ ရောင်းရင်းချိုရဲ့… မင်းတောင်းဆိုတဲ့ကိစ္စကို ငါချက်ချင်းသဘောတူပေးခဲ့တယ်… အခု ငါတောင်းဆိုတဲ့ကိစ္စကို မင်းက အကြောင်းပြချက်တွေချည်းပဲ ပေးတယ်… ရောင်းရင်းချိုကို ကြည့်ရတာ ယုံကြည်လို့မရဘူးနဲ့တူတယ်….”
ချိုယု မျက်လုံးပြူးသွားခဲ့လေသည်။ (ဘာတွေယုံကြည်ရမှာလဲ… ပြီးတော့ မင်းက ငါမေးတဲ့ဟာကိုပဲ ပြန်ဖြေတာလေ… ဘာတွေ အကူအညီပေးခဲ့လို့လဲ… မင်းပြောတာကို ယုံစရာရှိလို့လား…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၀၄)
ချိုယုက သက်ပြင်းချလျက် “ရောင်းရင်းရန်က ကျုပ်ကို ကျဉ်းထဲကျပ်ထဲ ရောက်အောင် လုပ်နေတာပဲ…”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကျုပ်ကို အပြင်လူတစ်ယောက်လို မပြောစမ်းပါနဲ့ဗျာ… ကျုပ်တို့ထိုင်ခုံကို လဲပေးဖို့ ရောင်းရင်းချိုအတွက် အဲ့လောက်ခက်တာမှ မဟုတ်တာ… ပြီးတော့ ရောင်းရင်းချိုကို ကျုပ်က အဝတ်တွေချွတ်ခိုင်းပြီး အပြင်မှာ လျှောက်ပတ်ပြေးခိုင်းနေတာလည်း မဟုတ်ဘူး… ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်စမ်းပါ… လဲပေးလို့ အဆင်ပြေလား မပြေဘူးလား…”
ချိုယုသည် မျက်နှာကြီးမဲ့လျက် ရန်ကိုင့်အား စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “လဲတာ မလဲတာ ဘာကွာသွားမှာမို့လို့လဲ…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် ချိုယု၏ ပုခုံးပေါ်တွင်ရှိနေသော အသီးစကို အသာအယာ ဖယ်ပေးရင်းမှ ပြောလိုက်လေသည်။ “ထိုင်ခုံလဲပေးလို့ရရင် ကျုပ်တို့ မိတ်ဆွေကောင်းတွေ ဖြစ်နိုင်တယ်လေ… ရောင်းရင်းချိုလည်း ပျော်ရမယ် ကျုပ်လည်း ပျော်မယ် လူတိုင်းပျော်ရမှာပေါ့… အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့ ဒီသခင်လေး မြို့သခင်ကို သွားရှာပြီး သူနဲ့ စကားကောင်းကောင်း ပြောရတော့မှာပေါ့… သူ့ရဲ့ အဖိုးတန်သမီးလေး ဘယ်နေရာမှာလဲဆိုတာမျိုးလေ…”
“တော်ပြီ…” ချိုယုသည် အေးစက်စက် အမူအယာဖြင့် သူ့ပုခုံးပေါ်ရှိ ရန်ကိုင့်လက်ကို ကောက်ပုတ်ထုတ်လိုက်လေသည်။ ထို့နောက် ရန်ကိုင့်အား စိုက်ကြည့်ရင်း အံကြိတ်၍ ပြောလိုက်လေ၏။ “မင်းငါ့ကို လာခြိမ်းခြောက်နေတာလား…”
“ဘယ်မှာခြိမ်းခြောက်နေလို့လဲ…” ရန်ကိုင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ “မင်း နားလည်မှုလွဲနေပြီထင်တယ်နော် ရောင်းရင်းချို… ငါမင်းနဲ့ ဆွေးနွေးနေတာ… ခြိမ်းခြောက်နေတာမဟုတ်ဘူး…”
ချိုယုက ဒေါသတကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “လော့ပင်း ဘယ်မှာလဲဆိုတဲ့အကြောင်းကို ငါမင်းကို မမေးလိုက်သင့်ဘူး… မင်း တကယ် စောက်ကျင့်မကောင်းတဲ့ကောင်…”
ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “လူငယ်လေး… ဒေါသထွက်တာ သိပ်မကောင်းဘူးကွ… ဒေါသထွက်လွန်းရင် မင်းခန္ဓာကိုယ်ကို ထိခိုက်တတ်တယ်နော်…”
ချိုယုသည် ရန်ကိုင့်အား အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် လှည့်ထွက်သွားခဲ့လေသည်။ ထို့နောက် ဤနေရာအား ကြီးကြပ်နေသည့် လူတစ်ဦးနှယ်ထင်ရသော ယောက်ျားတစ်ဦးဆီသို့ လျှောက်သွားလိုက်ပြီးသည့်နောက် တိုးတိုးလေးပြောလိုက်လေ၏။
ချိုယုပြောသည်ကို ကြားပြီးသည့်နောက် ထိုလူ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ ရွက်တစ်ထောင်ဂိုဏ်းသားများ ထိုင်နေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် အသာအယာ ခေါင်းခါပြလိုက်လေ၏။
သို့သော်ငြား ချိုယု ဘာဆက်ပြောလိုက်လဲမသိ ထိုလူသည် မျက်နှာကြီးမှုန်ကုပ်လျက် သူ၏တောင်းဆိုချက်ကို လိုက်ခံလိုက်ပေသည်။
ချက်ချင်းဆိုသလို ထိုလူသည် ရွက်တစ်ထောင်ဂိုဏ်းသားများ ထိုင်နေသည့် နေရာဆီသို့ ရောက်လာပြီး လက်သီးဆုပ်လျက် ပြောလိုက်လေ၏။ “လေးစားရပါသော ဧည့်သည်တော်တို… ဒီနေ့ ကျုပ် နည်းနည်းပါးပါးလေး အလုပ်ရှုပ်နေလိုက်တဲ့အတွက်ကြောင့် ကျုပ်ရဲ့ လက်အောက်ငယ်သားတွေ ဧည့်သည်တော်တို့ကို နေရာထိုင်ခုံ မှားပေးလိုက်မိသလို ဖြစ်သွားပါတယ်… အဲ့အတွက်လည်း တောင်းပန်ပါတယ်… ကျေးဇူးပြုပြီး ဒီလူအိုကြီးရဲ့ နောက်ကို လိုက်ခဲ့ပေးပါ… ရောင်းရင်းတို့ထိုင်ရမဲ့ ခုံနေရာဆီ ပြန်ပို့ပေးပါမယ်…”
ထိုစကားကိုကြားသော် တုရှန်းနှင့် ရီကျင်းဟန်တို့ အံ့အားသင့်သွားခဲ့လေသည်။
ရန်ကိုင်ကမူ အဓိပ္ပာယ်ပါပါ ပြုံးလျက် လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ်…”
ထိုသို့ပြောပြီးသည့်နောက် ရီကျင်းဟန်နှင့် အခြားသူများဘက်သို့ လှမ်းကြည့်လိုက်လေသည်။
အကုန်လုံးမှာ ယခုအဖြစ်အပျက်ကြောင့် ဇဝေဇဝါ ဖြစ်နေမိသော်ငြား မတ်တပ်တော့ ရပ်လိုက်ကြလေ၏။ လူအိုကြီး၏ ဦးဆောင်မှုအောက်တွင် ခန်းမထဲရှိ အစွန်ဆုံးစားပွဲဝိုင်းတစ်ခုဆီသို့ လျှောက်သွားလိုက်ကြလေသည်။ ထို့နောက် နေရာထိုင်ခုံအသီးသီး ယူလိုက်ကြလေ၏။ အကုန်လုံးထိုင်ပြီးမှသာ လူအိုကြီးလည်း ပြန်ထွက်သွားခဲ့လေသည်။
ထိုအခါမှသာ ရီကျင်းဟန်သည် ရန်ကိုင့်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ “သခင်လေးရန် ချိုယုကို ဘာတွေပြောလိုက်တာလဲ…”
ရွက်တစ်ထောင်ဂိုဏ်း၏ လက်ရှိခွန်အားအရ ကောင်းကင်ကြိုးကြာမြို့နှင့် သူတို့ကြားရှိ ဆက်ဆံရေးအရ သူတို့အနေဖြင့် ဤကဲ့သို့သော နေရာမျိုးတွင် ထိုင်ရလိမ့်မည်မဟုတ်မှန်း ရီကျင်းဟန်သိနေသည်။ ထို့အတွက်ကြောင့် ရှင်းပြချက်တစ်ခုသာ ရှိတော့လေသည်။ ရန်ကိုင်မှ ချိုယုအား တစ်ခုခု ပြောလိုက်သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
တကယ်တော့ ချိုယုထွက်သွားပြီးသည့်နောက်တွင် ထိုလူအိုကြီးအား တစ်ခုခု သွားပြောခဲ့သည့် မဟုတ်ပေလော။ ထိုသို့ပြောပြီးသည့်နောက် ထိုလူအိုကြီးသည် သူတို့ဆီသို့ လာကာ ထိုင်ခုံနေရာပြောင်းပေးခဲ့လေသည်။
တုရှန်းနှင့် အခြားသူများသည်လည်း ရန်ကိုင့်ဆီသို့ လှမ်းကြည့်လာကြလေ၏။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဘာမှမဟုတ်ပါဘူး… ငါတို့ တွေ့တွေ့ချင်း မိတ်ဆွေတွေလို ခံစားရတယ်တဲ့… ပြီးတော့ မြို့သခင်စံအိမ်က ငါတို့ကိုပေးတဲ့ ထိုင်ခုံနေရာက သိပ်မသင့်တော်ဘူးတဲ့… အဲ့ဒါနဲ့ သူလည်း ငါတို့ထိုင်ခုံကို ပြောင်းပေးရအောင်ဆိုပြီးတော့ သွားတောင်းဆိုလိုက်တာ…”
ရန်ကိုင်ပြောသည်ကို မည်သူမျှ မယုံကြချေ။
ရီကျင်းဟန်က ပြန်ပြောလိုက်လေသည်။ “ကျွန်မ အဲ့ဒါကို ယုံရမှာလား…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းချိုက လူကောင်းတစ်ယောက်လေ…”
ထိုအဖြစ်အပျက်အလုံးစုံကို ခန်းမထဲတွင် ရှိနေသည့် ဧည့်သည်တော်တော်များများ တွေ့သွားကြလေသည်။ ဘာကြောင့် ဤကဲ့သို့ ဖြစ်ရသလဲဆိုသည်နှင့် ပတ်သက်၍ သူတို့စိတ်ထဲလည်း အတော်လေးကို အံ့အားသင့်နေမိကြသည်။ ရွက်တစ်ထောင်ဂိုဏ်းနှင့် ကောင်းကင်ကြိုးကြာမြို့ကြားရှိ ဆက်ဆံရေးကို သူတို့အားလုံး သိထားကြပေသည်။ ထို့အတွက်ကြောင့် ဤကဲ့သို့ ထိုင်ခုံနေရာ ပြောင်းသွားရသည့်အပေါ် လူတော်တော်များများ၏စိတ်ထဲ မယုံသင်္ကာ ဖြစ်လာမိကြလေ၏။
လူတော်တော်များများသည် ရွက်တစ်ထောင်ဂိုဏ်းနှင့် ကောင်းကင်ကြိုးကြာမြို့တို့သည် သူတို့ကြားရှိ ရန်ငြိုးအား ကျေအေးလိုက်ပြီဟုပင် တွေးထင်လိုက်ကြလေသည်။ ထိုသို့သာ ဖြစ်လာမည်ဆိုလျှင်ပင် သူတို့အနေဖြင့် ရွက်တစ်ထောင်ဂိုဏ်းနှင့် မိတ်ဆွေဖွဲ့သင့် မဖွဲ့သင့်ကို ပြန်လည်စဉ်းစားရပေတော့မည်။
ခန်းမထဲရှိ အခြေအနေမှာ တမုဟုတ်ချည်းကို ထူးဆန်းလာခဲ့လေသည်။
ရွက်တစ်ထောင်ဂိုဏ်းသားများမှာလည်း အေးအေးဆေးဆေး ထိုင်မနေနိုင်ကြတော့ပေ။ လူပေါင်းများစွာမှာ သူတို့အား ဝိုင်းကြည့်နေသည့် အတွက်ကြောင့် သူတို့စိတ်ထဲ အဆင်မပြေ ဖြစ်လာကြလေ၏။
အချိန်ကြာလာသည်နှင့်အမျှ ခန်းမထဲရှိ ထိုင်ခုံနေရာအလွတ်များမှာ တဖြည်းဖြည်းနှင့် လူများဖြင့် ပြည့်လာခဲ့လေသည်။ ငြိမ်သက်တိတ်ဆိတ်နေသော ခန်းမတစ်ခုလုံးမှာလည်း တဖြည်းဖြည်း ပြန်လည်စည်းကား လာလေတော့၏။
ရုတ်တရက် တစ်ယောက်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ “မြို့သခင်ရောက်လာပြီ…”
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းသည် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။
သူတို့ပထမဦးဆုံး မြင်လိုက်သည့်အရာမှာ အနီရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူကြီးတစ်ဦးဖြစ်သည်။ ထိုလူကြီးသည် ဝမ်းသာအားရ ပြုံးရင်း လက်သီးဆုပ်ကာ လူများကိုလိုက်၍ နှုတ်ဆက်နေလေ၏။
“မြို့သခင်ပါလား…”
“မတွေ့ရတာတောင် ကြာနေပြီနော် မြို့သခင်…”
“အခုလို မိန်းမချောလေးတစ်ယောက်ကို လက်ထပ်လိုက်နိုင်တဲ့အတွက် မြို့သခင်အတွက် ဂုဏ်ယူပါတယ်…”
“ဒီလိုပျော်ရွှင်စရာ အခါသမယမျိုးမှာ မြို့သခင် အေးအေးချမ်းချမ်းနဲ့ ရှိနေဖို့ ဆုတောင်းပေးပါတယ်… မြို့သခင်ရဲ့ သိုင်းတာအို ဖြောင့်ဖြူးပြီး မျိုးဆက်အများကြီးကိုလည်း မွေးထုတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်…”
ကျင့်ကြံသူပေါင်းများစွာဆီမှ အမျိုးမျိုးသော ဂုဏ်ပြုစကားသံများ ထွက်ပေါ်လာခဲ့လေသည်။ အကုန်လုံးသည် အားပါးတရပြုံးရင်း မြို့သခင်အား ဖားယားနေကြလေ၏။
အနီရောင်ဝတ်စုံကို ဝတ်ထားသော လူကြီးသည်လည်း ဝမ်းသာအားရ ပြုံးရင်း ခန်းမထဲရှိ ဧည့်သည်များကို ဆက်လက်နှုတ်ဆက်နေခဲ့လေ၏။
“အဲ့ဒါလော့ကျင်းလား…” ရန်ကိုင်သည် ထိုလူကြီးအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်း ရီကျင်းဟန်အား တိုးတိုးလေး လှမ်းမေးလိုက်လေသည်။
ရီကျင်းဟန်ကလည်း မှုန်ကုပ်ကုပ် အမူအယာဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။ “ဟုတ်တယ်…”
ရန်ကိုင်က မျက်နှာကြီးမဲ့လျက် “နင်သာမပြောရင် ငါသူ့ကို လော့ကျင်းရဲ့အဖေလို့ ထင်မိတော့မှာ…”
ယခုအကြိမ်သည် ရန်ကိုင်အနေဖြင့် ကောင်းကင်ကြိုးကြာမြို့သခင်ကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပေသည်။ မြို့သခင်သည် ကိုယ်လုပ်တော် ဆယ့်ငါးယောက်ပင် ရှိထားသည့်အတွက်ကြောင့် သူသည် အတော်လေးကို ချောမောသော ဒေါင်ဒေါင်မြည် လူငယ်လေးတစ်ဦး ဖြစ်ရလိမ့်မည်ဟု ရန်ကိုင် ထင်ခဲ့လေသည်။ ထို့အပြင် တာအိုသခင် တတိယအဆင့် ကျင့်ကြံခြင်းကိုပါ ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် သူသည် အသက်ကြီးမည်ဆိုလျှင်ပင် ရုပ်ရည်မှာတော့ သက်လတ်ပိုင်းလူတစ်ဦးလောက်သာ ရှိနေရပေလိမ့်ဦးမည်။
သို့သော်ငြား ယနေ့ သူမြင်နေရသည့်လူမှာတော့ တစ်ခေါင်းလုံး ဖြူဖွေးနေပြီး ဆံပင်ဖြူများမှာလည်း ခေါင်းထက် ကျိုးတိုးကျဲတဲ ပေါက်နေလေ၏။ သူ့ကျင့်ကြံခြင်းမှာ အတော်လေးကို အထင်ကြီးစရာ ကောင်းသော်ငြား အသက်စွမ်းအင်မှာတော့ ထိုကဲ့သို့ မဟုတ်ချေ။ ထိုလူကြီးသည် သူ၏ အထွဋ်အထိပ်အခြေအနေကို ကျော်လွန်သွားခဲ့လေပြီ။ သူ့အနေဖြင့် ဧကရာဇ်အဆင့်သို့ မည်သည့်နည်းနှင့်မျှ ရောက်နိုင်တော့လိမ့်မည် မဟုတ်ချေ။
လျော့တော့ရွဲတဲ ဖြစ်နေသော အနီရောင်ဝတ်ရုံများမှာ သူမည်မျှ အိုမင်းနေပြီဖြစ်ကြောင်းကို သိသာထင်ရှားအောင် မီးမောင်းထိုးပြနေခဲ့လေသည်။
“အဲ့မိန်းကလေး ဘယ်သူပဲဖြစ်ဖြစ် လုံးဝကို ကန်းနေလို့ပဲ ဖြစ်ရလိမ့်မယ်…” ဝူမက ခေါင်းတခါခါဖြင့် ပြောလိုက်လေသည်။ ထိုကဲ့သို့သော လှပသည့် မိန်းမချောလေးတစ်ဦး လော့ကျင်းအား လက်ထပ်လိုက်သည့်အပေါ် အတော်လေးကိုမှ မကျေမနပ် ဖြစ်နေခဲ့လေ၏။
“မင်းပါးစပ်ကို ပိတ်ထားစမ်း…” တုရှန်းက ဝူမအား အော်ငေါက်လိုက်လေ၏။ “လော့ကျင်းရဲ့ ကိုယ်လုပ်တော်တွေအကုန်လုံး သူ့ကို လက်ထပ်ချင်လို့ လက်ထပ်တယ်လို့ မင်းထင်နေတာလား… အဲ့အကြောင်းလေးကိုတောင် မသိရဘူးတဲ့လားကွာ…”
ဝူမက နှာခေါင်းရှုံ့လိုက်လေ၏။ “သူ့ကို လက်မထပ်ချင်တဲ့လူတွေကို အတင်းဖိအားပေးပြီး အတင်းလက်ထပ်နေလို့ အခုလိုမျိုး မျိုးဆက်မရှိတာ နည်းတောင်နည်းသေးတယ်… ကိုယ်လုပ်တဲ့ကံ ကိုယ်ပြန်ခံရတာပဲ… ကောင်းကင်က တကယ်ကို မျက်ကွယ်ပြုမထားဘူး…”
“မင်းဆက်ပြောနေတုန်းလား…”
ဝူမက မျက်နှာကြီးမဲ့လျက် “ကောင်းပြီ ကောင်းပြီ… ကျုပ် ဆက်မပြောတော့ဘူး…”
ခန်းမတစ်ခုလုံးမှာ အလွန်ကိုမှ သက်ဝင်စည်းကားနေခဲ့လေသည်။
ခဏအကြာ၌ အသံကျယ်တစ်သံ ထွက်ပေါ်လာခဲ့လေ၏။ “မင်္ဂလာခန်းမအချိန်သို့ ရောက်ရှိလာခဲ့ပါပြီ…”
ချက်ချင်းဆိုသလို ဆိုင်းသံဗုံသံမျိုးစုံတို့သည် အဘက်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။ လော့ကျင်း၏ မျက်နှာလည်း အနည်းငယ် နီမြန်းလာခဲ့လေသည်။ သူ့ဝတ်ရုံများကို သေသပ်အောင် လုပ်ပြီးသည့်နောက် ပြုံးလျက် ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။
မင်္ဂလာတီးလုံးမှာ စတင်၍ ထွက်ပေါ်လာခဲ့လေသည်။ တီးလုံးသံများနှင့်အတူ ကိုယ်လုပ်တော်အရံများသည်လည်း အားလုံးရှေ့ ထွက်ပေါ်လာကြလေ၏။ သတို့သမီးအရံသည် ရှေ့ဆုံးမှဦးဆောင်၍ လျှောက်လာခဲ့လေသည်။ သူမ၏နောက်ဘက်တွင် မင်္ဂလာသတို့သမီးကို သယ်ဆောင်လာသော လူလေးယောက်ထမ်းပိုးလာသည့် ဝေါယာဉ်တစ်ခု ရှိနေခဲ့လေသည်။ ထိုဝေါယာဉ်သည် ခန်းမဆီသို့ တဖြည်းဖြည်းချင်း ဦးတည်လာနေခဲ့လေသည်။
ကောင်လေးနှင့် ကောင်မလေးတစ်ဦးသည် ဝေါယာဉ်နောက်မှ လိုက်၍ ပန်းပွင့်ချပ်များကို လမ်းတစ်လျှောက် ကြဲချပေးနေခဲ့လေသည်။
ပန်းပွင့်ချပ်များသည် သတို့သမီး၏ ဝေါယာဉ်သွားရာလမ်းတစ်လျှောက်တွင် ကျကျန်ခဲ့တော့လေ၏။ ထိုနည်းဖြင့် လမ်းတစ်လျှောက်လုံးမှာ သင်းပျံ့မွှေးကြိုင်သည့် အမွှေးရနံ့တို့ဖြင့် ပြည့်နေတော့လေ၏။
ထိုကောင်မလေးနှင့် ကောင်လေးတို့၏နောက်တွင်တော့ မီးအိမ်များကို အသီးသီးကိုင်ဆောင်ထားကြသော ကောင်မလေးနှင့် ကောင်လေးတို့ လူတန်းရှည်ကြီး နှစ်တန်း ရှိနေခဲ့လေသည်။ မီးအိမ်များပေါ်တွင် ရေးထိုးထားသည်မှာတော့ “မင်္ဂလာသတို့သားနှင့် သတို့သမီး နှစ်ဦး သက်ဆုံးတိုင်အောင် ပေါင်းစည်းနိုင်ကြပါစေ။ မင်္ဂလာသတို့သမီးနှင့် သတို့သားတို့၏ ဘဝမှာလည်း ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ ကောင်းလှပါစေ…”
လက်ဖက်ရည်တစ်ခွက်သောက်စာခန့် ကြာပြီးသည့်နောက်တွင် သတို့သမီးအား သယ်ဆောင်လာသော ဝေါယာဉ်တန်းသည် ခန်းမရှေ့သို့ ရောက်လာခဲ့လေသည်။
“ဝေါယာဉ်ကို နှိမ့်လိုက်တော့…”
အသံတစ်သံ ထွက်ပေါ်လာပြီးသည့်နောက် အမျိုးသမီးအား သယ်ဆောင်လာသော ဝေါယာဉ်မှာ တဖြည်းဖြည်း အောက်သို့ ကျသွားလေ၏။
ရှေ့ဆုံးမှ ဦးဆောင်လျှောက်လာသော သတို့သမီးအရံသည် လိုက်ကာများကို ဖယ်လိုက်ပြီးသည့်နောက် ဝေါယာဉ်ထဲသို့ သူမလက်ကို ဆန့်တန်းပေးလိုက်လေ၏။ ချက်ချင်းဆိုသလို ဖြူဖွေးချောမွေ့လှသော လက်ကလေးတစ်ဖက်သည် ဝေါယာဉ်တန်းမှ အပြင်သို့ ထွက်လာခဲ့လေသည်။
လက်ကလေးများကို ကြည့်ရုံဖြင့်ပင်လျှင် ယောကျ်ားသား တော်တော်များများ၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။
ကျောက်စိမ်းသားနှယ် ဖြူဖွေးချောမွတ်လှသော လက်သွယ်သွယ်လေးနှင့်အတူ ကျော့ရှင်းလှသည့် အနီရောင်ပန်းပွင့်စတို့ ထိုးထွင်းထားသော ဖိနပ်တစ်ရံသည် အနီရောင်ကော်ဇောချပ်ပေါ် ရောက်ရှိလို့ လာခဲ့လေသည်။ ထို့နောက်တွင်တော့ မင်သက်ဖွယ်ကောင်းလှစွာ လှပလှသော ပုံရိပ်လေးတစ်ခု အားလုံးရှေ့ ထွက်ပေါ်လာတော့လေ၏။
သတို့သမီးသည် ဖီးနစ်ရုပ်ပုံများ ထိုးထွင်းထားသည့် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး မျက်နှာအား အနီရောင်ဇာပုဝါတစ်ခုဖြင့် လွှမ်းခြုံထားခဲ့လေသည်။
မင်္ဂလာသတို့သမီးသည် ဖီးနစ်ရုပ်တို့ ထိုးထွင်းထားသော မင်္ဂလာဝတ်ရုံအပြင်ကိုမှ ကျောက်စိမ်းသားများဖြင့် ထိုးထွင်း တန်ဆာဆင်ထားသည့် ဖီးနစ်ငှက်ရုပ်ပုံစံ သရဖူငယ်တစ်ခုကိုလည်း ဆောင်းထားခဲ့လေသည်။ သို့သော်ငြား ဝတ်ဆင်ထားသော အနီရောင်ဇာပုဝါကြောင့် လူတော်တော်များများမှာ အမျိုးသမီး၏ မျက်နှာကို မမြင်နိုင်ကြတော့ချေ။
ထို့အတွက်ကြောင့် လူများစွာတို့မှာ သူတို့စိတ်ထဲ ကြိတ်၍ အော်ဆဲကြတော့လေ၏။
ဤသို့ဆဲချင်သည်မှာလည်း ဆဲချင်စရာပင်။ အနီရောင်မင်္ဂလာဝတ်စုံသည် မင်္ဂလာသတို့သမီးအား ခေါင်းအစခြေအဆုံး ဖုံးထားရုံမက အနီရောင်ဇာပုဝါကပါ သူမမျက်နှာကို မမြင်နိုင်အောင် ဖုံးအုပ်ထားခဲ့လေသည်။ ထို့အပြင် ထိုဝတ်ရုံများသည် ရိုးရိုးဝတ်ရုံသာလျှင် မဟုတ်။ ကောင်းကင်စိတ်အာရုံဖြင့်ပင်လျှင် ထိုးဖောက်၍မရသည့် ဝတ်ရုံများဖြစ်ကြသည်။ ထို့အတွက်ကြောင့် ကျင့်ကြံသူပေါင်းများစွာမှာ အမျိုးသမီး၏မျက်နှာကို မြင်ရလို့မြင်ရငြား သူတို့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ကြသော်ငြား မမြင်နိုင်သော အတားအဆီးတစ်ခုနှင့် သွားကြုံကြရလေသည်။ ထို့အတွက်ကြောင့် မင်္ဂလာသတို့သမီး မည်သို့မည်ပုံရှိသလဲ ဆိုသည်ကို မသိနိုင်ကြတော့ချေ။
လူအုပ်ကြီး ဘာလုပ်ချင်နေသလဲဆိုသည်ကို သိနေသည့်အလား လော့ကျင်းသည် ယဲ့ယဲ့လေးပြုံးလျက် သူ့ဘယ်နှင့်ညာဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ ထို့နောက် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်လေ၏။
ရန်ကိုင်ကမူ မျက်နှာကြီးမဲ့နေခဲ့လေ၏။ အခြားသူများကဲ့သို့ သူသာ သူ့ကောင်းကင်စိတ်အာရုံကို တကယ်ကြီး ဖြန့်ကျက်လိုက်မည်ဆိုပါက မှော်ရတနာ၏အကာအကွယ်ကို ချိုးဖြတ်၍ သတို့သမီး၏ မျက်နှာပုံပန်းသွင်ပြင်ကို မြင်နိုင်ပေသည်။ သို့သော်ငြား ယနေ့အချိန်သည် မင်္ဂလာပွဲ ဖြစ်နေသည့်အတွက်ကြောင့် အခြားသူများ၏အာရုံစိုက်ခြင်း ခံရမည်ကို စိုးရိမ်လေရာ ရန်ကိုင်လည်း ထိုသို့ မလုပ်ခဲ့ပေ။
ထို့ကြောင့် ပထမဦးဆုံးအကြိမ် ကြိုးစားကြည့်ပြီးသည့်နောက်တွင် ဆက်မကြိုးစားတော့ဘဲ ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်တော့လေသည်။
ထိုအခိုက်အတန့်တွင် သတို့သမီးအရံ၏ ဦးဆောင်မှုအောက်၌ မင်္ဂလာသတို့သမီးသည် ခန်းမထဲသို့ တစ်လှမ်းချင်းလှမ်း၍ လှမ်းဝင်လာခဲ့လေသည်။
သူမ၏မျက်နှာကို မမြင်နိုင်ရသော်ငြား ခန္ဓာကိုယ်အချိုးအစားမှာတော့ တကယ်ကို မင်သက်စရာ ကောင်းလှပေသည်။ သူမ၏ ခြေလှမ်းလှမ်းပုံလေးကိုကအစ အလွန်ကိုမှ ကျက်သရေရှိလှလေ၏။
ထိုအမျိုးသမီးကို ကြည့်နေရင်းမှ ရန်ကိုင် ရုတ်တရက် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူ့စိတ်ထဲ တစ်ခုခုမှားယွင်းနေသလို ခံစားလာခဲ့ရလေသည်။ သို့သော်ငြား မည်သည့်အရာကများ သူ့အား ဤကဲ့သို့ ခံစားရအောင် လုပ်နေသလဲဆိုသည်ကို အဖြေမရှာနိုင်ခဲ့ပေ။
အရေးကြီးဆုံးအချက်မှာ ယမန်နေ့က မြို့ထဲသို့ ဝင်လာစဉ်က သူခံစားခဲ့ရသည့် စိတ်မသက်မသာဖြစ်မှုသည် ယနေ့တွင် ရုတ်တရက် ပြန်ပေါ်လာနေခြင်းပင်။ ထို့အတွက်ကြောင့် ရန်ကိုင် မျက်မှောင် အကျုံ့ကြီးကျုံ့သွားရလေတော့သည်။
ရီကျင်းဟန်နှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သော်ငြား မည်သူမျှ သူ့ကဲ့သို့ ခံစားမနေရကြောင်းကို တွေ့ရှိလိုက်ရသည်။
မင်္ဂလာသတို့သမီးအား ကြည့်နေသည့် ရီကျင်းဟန်၏ မျက်လုံးထဲ အရောင်တလက်လက် တောက်ပနေခဲ့လေသည်။ သူမကြည့်ရသည်မှာလည်း တစ်နေ့နေ့တွင် ဤကဲ့သို့သော မင်္ဂလာဝတ်စုံကို ဝတ်ဆင်လျက် မင်္ဂလာခန်းမထဲသို့ လျှောက်လှမ်းချင်သည့် ပုံပင်။
ထိုသို့ ကြည့်နေပြီးသည့်နောက် တုရှန်းအား တစ်ချက် လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူမ၏ မျက်နှာလေး နီမြန်းသွားခဲ့လေ၏။
မကြာမီတွင် မင်္ဂလာသတို့သမီးသည် လော့ကျင်းရပ်စောင့်နေသော ခန်းမထိပ်နားသို့ ရောက်လာခဲ့လေသည်။ သတို့သမီး၏လက်ကို လော့ကျင်းလက်ထဲသို့ ပေးလိုက်ပြီးသည့်နောက် အောင်သွယ်တော်က ပြုံးလျက် ပြောလိုက်လေ၏။ “ဆရာ… သတို့သမီးကို ဆရာ့လက်ထဲ ထည့်ပေးလိုက်တော့မယ်နော်… သူမကို သေသေချာချာ ဂရုစိုက်ပေးပါဦး…”
လော့ကျင်းက သည်းလှိုက်အူလှိုက် ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “ကျိန်းသေ ကောင်းကောင်း ဂရုစိုက်ပေးမှာပါ…”
အောင်သွယ်တော်က ပြန်ပြောလိုက်လေသည်။ “သတို့သမီးက အရမ်းကိုကံကောင်းတာပဲ… ဆရာ့လို ယောကျ်ားမျိုးကို တွေ့ရလောက်အောင်အထိ ကျွန်မရဲ့ဘဝက ဘာလို့ ဒီလောက်တောင် ကံမကောင်းနေရတာလဲ မသိဘူး…”
ထိုစကားကိုကြားသော် ခန်းမထဲရှိ လူအားလုံး ဝါးလုံးကွဲ အော်ဟစ်ရယ်မောမိလိုက်ကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၀၅)
လော့ကျင်းသည် သတို့သမီး၏လက်ကိုကိုင်လျက် ခန်းမ အတွင်းပိုင်ထဲသို့ လျှောက်ဝင်သွားလေ၏။
ထိုစဉ် ရန်ကိုင်တို့၏ ဘယ်ဘက်တွင် ထိုင်နေသော ဆံပင်ဖြူဖြူနှင့် လူအိုကြီးသည် ထိုင်ရာမှရုတ်တရက် ကောက်ထ၍ ပြုံးကာ လော့ကျင်းတို့ဆီသို့ လျှောက်သွားလေသည်။
ဆိုင်းသံဗုံသံများမှာလည်း ရပ်တန့်သွားခဲ့ပြီး ခန်းမတစ်ခုလုံးမှာလည်း ရုတ်ချည်း တိတ်ဆိတ်သွားခဲ့လေသည်။
လူအိုကြီးသည် ယဲ့ယဲ့လေးပြုံးလျက် “မြို့သခင် မင်္ဂလာဆောင်တာကို အသိသက်သေ လုပ်ပေးရတာ ဒီလူအိုကြီးအတွက်တော့ တကယ်ကို ဂုဏ်ယူစရာပါပဲ”
တစ်ချက်ရပ်ပြီးနောက် ဆက်၍ ပြောလိုက်လေသည် “ယနေ့လို နေ့ကောင်းနေ့မြတ် အခါသယမျိုးမှာ ခင်ဗျားတို့နှစ်ဦးဟာ ထိပ်မြားမင်္ဂလာဆောင်ခဲ့တယ်။ မင်္ဂလာသတို့သားနဲ့ သတို့သမီးတို့ နှစ်ဦးစလုံး နှစ်ပေါင်းရာနှင့်ချီတိုင်တိုင် တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးကြပြီး မိတ်မဆက်တမ်း အိုပေါင်မင်းအောင် ပေါင်းဖက်သွားကြရစေဖို့ မျှော်လင့်ပါတယ်။ သတို့သမီးနဲ့ သတို့သားတို့ သဘောတူကြပါရဲ့လား”
လော့ကျင်းက ပြုံးလျက် “ဒီလော့ သဘောတူပါတယ်”
ထိုအခါ လူအိုကြီးသည် သတို့သမီးဘက်သို့လှည့်၍ “သတို့သမီးကကော”
သတို့သမီး၏ ခန္ဓာကိုယ် မသိမသာလေး တုန်တက်သွားခဲ့သည်။ ထို့နောက် ဇာပဝါ အတွင်းပိုင်းဆီမှ သာယာချိုမြသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည် “ကျွန်မ...”
သူမစကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ခန်းမထဲ အသံတစ်သံ ဟိန်းထွက်လာခဲ့လေသည် “ကျွန်မကန့်ကွက်တယ်”
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမထဲတွင် ရှိနေသည့် လူအားလုံး ထိတ်လန့်သွားကုန်ကြလေသည်။
မည်သူကများ ခေါင်းမကောင်း၍များ လူဘုံအလယ်တွင် မြို့သခင်အား အရှက်ခွဲရဲသနည်းဟု တွေးလျက် လူတိုင်းသည် အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။
လော့ကျင်းမျက်နှာထက် ဒေါသရိပ်တို့ ဖြတ်ပြေးသွားပြီး လှမ်းအော်လိုက်လေ၏ “ဘယ်သူလဲကွ”
ဒေါသကြောင့် သူ့မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့လာကာ အကြည်းတန်လာလေ၏။ ယနေ့သည် သူ၏ကိုယ်လုပ်တော်နှင့် လက်ထပ်သည့် မင်္ဂလာပွဲဖြစ်သည်။ ယခင့်ယခင်က မည်သူမှ သူ့မင်္ဂလာပွဲကို ဤကဲ့သို့ လာမယှေတ်ဘူးချေ။ ယခု လူဘုံအလယ်တွင် တစ်စုံတစ်ဦးမှ သူ့မင်္ဂလာပွဲကို ပြောင်ပြောင်တင်းတင်း လာကန့်ကွက်နေသည်ကို မြင်သော် လော့ကျင်း ထိန်းမနိုင်သိမ်းမရ ဒေါသထွက်သွားခဲ့လေသည်။
အေးစက်စက်အကြည့်ဖြင့် အသံကြားရာဆီသို့ လှမ်းကြည့်လျက် ပြောလိုက်လေသည် “ဘာဖြစ်တာလဲ။ ပြောတာကျတော့ ပြောရဲပြီး ရှေ့ထွက်လာဖို့ သတ္တိတော့ မရှိဘူး”
အချို့ ဧည့်သည်များကလည်း ထအော်ပြောကြတော့လေသည် “ပြောပြီးသွားရင် မတ်တပ်ရပ်ပြီး မြို့သခင်ကို တောင်းပန်လိုက်လေ။ အဲ့ဒါဆို မင်းအသက်ရှင်ကောင်း ရှင်နိုင်ဦးမယ်။ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တောင် နောက်နှစ်ရဲ့ ဒီနေ့က မင်းရဲ့ နှစ်ပတ်လည်နေ့ ဖြစ်သွားလိမ့်မယ်နော်”
လော့ကျင်းကလည်း ပြောလိုက်သည် “ဒီနေ့က မင်္ဂလာနေ့မို့လို့ ဒီဘုရင် လူမသတ်ချင်ဘူး။ မင်းသာ နာနာခံခံနဲ့ မတ်တပ်ရပ်လာမယ်ဆို ဒီဘုရင် မင်းကို ခက်ခဲအောင်မလုပ်ဘူး”
ထိုစကား ထွက်လာသည်နှင့် လူအုပ်ကြီးထဲ လူတစ်ယောက် ရုတ်တရက် မတ်တပ်ရပ်လာ၏။
ထိုလူသည် ခေါင်းအစခြေအဆုံး အနက်ရောင်ဝတ်ရုံဖြင့် ဖုံးထား၏။ ထို့ကြောင့် သူ့ရုပ်ကို မည်သူမှ မမြင်နိုင်ကြချေ။ သို့ရာတွင် ခန္ဓာကိုယ် အချိုးအစားကို ကြည့်ရသလောက် ထိုလူသည် အမျိုးသမီးတစ်ဦးမှန်း သိသာလှပေသည်။
“သူ့ကိုဖမ်း” တရားခံ မတ်တပ်ရပ်လာသည်ကို မြင်သော် လော့ကျင်းက လက်ဝှေ့ရမ်းလျက် ပြောလိုက်လေသည်။
ရွှစ်... ရွှစ်...
ချက်ချင်းဆိုသလို မြို့သခင်စံအိမ်၏ အစောင့်များ ပြေးထွက်လာကြပြီး ထိုလူအား ဝိုင်းလိုက်ကြလေသည်။
အမျိုးသမီးမှာတော့ အစောင့်များ သူ့မအား ဖမ်းတော့မည်ကိုပင် စိုးရိမ်နေခြင်း မရှိဘဲ ဆက်၍သာ မတ်တပ်ရပ်နေခဲ့လေသည်။ ထို့နောက် သူမ၏ခေါင်းကို ဖုံးထားသည့် အနက်ရောင်ခေါင်းစွပ်ကို ရုတ်တရက် ချွတ်ချလိုက်လေသည်။
အမျိုးသမီး၏ မျက်နှာကို မြင်လိုက်ပြီးနောက် လူတိုင်း မျက်လုံးပြူးသွားကုန်ကြလေ၏။
“ဟန်”
“ဒါက...”
“သခင်မလေးလား”
အစကမူ သူတို့၏ အရှိန်အဝါများကို ဖြန့်ကျက်လျက် အပီအပြင် ကြမ်းတော့မည့် ပုံစံမျိုးဖြင့် ရှေ့သို့ ပြေးထွက်သွားကြသော အစောင့်များသည် အမျိုးသမီး၏ မျက်နှာကို မြင်လိုက်သည့်အခိုက် ရုတ်တရက် ရပ်တန့်လိုက်ကြပြီး ထုတ်လွှတ်ထားသည့် သူတို့၏ အရှိန်အဝါကိုလည်း ကမန်ကတန်း ပြန်ရုတ်သိမ်းလိုက်ကြလေသည်။
အကြောင်းမှာ မြို့သခင်၏ မင်္ဂလာပွဲကို လာနှောင့်ယှတ်နေသည့်လူမှာ မြို့သခင်၏ သမီးဖြစ်သည့် လော့ပင်းမှလွဲ၍ အခြား မဟုတ်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ချိုယုသည်လည်း မှင်သက်နေသည့် အမူအရာဖြင့် ထိုင်ခုံပေါ်မှ ထရပ်လာခဲ့လေသည်။ လော့ပင်း ဤအခန်းထဲသို့ ရောက်နေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ချေ။ မြို့သခင်၏ မင်္ဂလာပွဲကို လာနှောင့်ယှတ်လိမ့်မည်ဟု ပိုလို့ပင် မထင်ထားခဲ့။
ချက်ချင်းဆိုသလို ခန်းမတစ်ခုလုံး သုဿန်တစပြင်နှယ် တိတ်ဆိတ်သွားခဲ့လေသည်။ အကုန်လုံးသည် လော့ပင်းအား နားမလည်နိုင်စွာ လှမ်းကြည့နေကြလေ၏။
“ပင်းအား” လော့ကျင်းသည် လော့ပင်းအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ရင်း "သမီးဘာလို့...”
စကားကို ဆုံးအောင် သတိမပြုမိနိုင်သေးခင်မှာပဲ တစ်ခုခုကို သတိပြုမိသွားပြီး ရုတ်တရက် ကောက်မေးလိုက်လေသည် “သမီးကို ဘယ်သူ အနိုင်ကျင့်ထားတာလဲ”
သူ့သမီး၏ မျက်လုံးများသည် အချိန်အကြာကြီး ငိုထားရသည့် အတွက်ကြောင့်လားမသိ နီရဲကာ မို့အစ်နေကြောင့် တွေ့လိုက်ရလေသည်။ ထို့အပြင် အစောပိုင်းက အော်လိုက်သည့် သူ့သမီး၏ အသံမှာ အနည်းငယ် ကွဲအက်အက် ဖြစ်နေသဖြင့် သူ့သမီးအသံကိုပင် သတိမပြုမိလိုက်ချေ။
ချိုယု တံတွေးတစ်လုတ် မျိုချမိလိုက်လေသည်။ လော့ပင်း သူ့နာမည်အား ထုတ်ပြောလာမည်ကို စိုးရိမ်နေခဲ့သည်။
“ဘယ်သူမှ အနိုင်မကျင့်ဘူး” လော့ပင်းက နှုတ်ခမ်းလေးကွေးလျက် ပြန်ပြောလိုက်၏။
“တကယ်လား” လော့ကျင်း မျက်လုံးမှေးစဉ်းသွားပြီး အလေးအနက် လေသံဖြင့် ထပ်မေးလိုက်လေသည်။
“တကယ်” လော့ပင်းက ခေါင်းခါလျက် တစ်ခဏမျှ တိတ်နေပြီးနောက် ဆက်ပြောလိုက်လေသည် “အဖေ၊ သမီးဖေ့ကို တောင်းဆိုချင်တာ တစ်ခုရှိတယ်”
လော့ကျင်းက သက်ပြင်းချလျက် “နောက်မှပြောကြတာပေါ့။ အခု အခန်းအရင်ပြန်ပြီး သွားနားနေလိုက်ဦး” လက်ရှိ အခြေအနေကို နားမလည်ဘဲ လူဘုံအလယ်တွင် သူ့မင်္ဂလာပွဲကို လာနှောင့်ယှတ်နေသော သူ့သမီးကိုကြည့်ရင်း လော့ကျင်းစိတ်ထဲ ဒေါသထွက်မိသလို ကြိတ်မနိုင်ခဲမရလည်း ဖြစ်မိသည်။ လက်ရှိ သူ့စိတ်ထဲ ဤမင်္ဂလာပွဲကို မြန်မြန် အပြီးသတ်၍ သူ့သမီးနှင့် စကားကောင်းကောင်း ပြောချင်နေမိ၏။
မည်သို့ပင် ဖြစ်စေကာမူ လော့ပင်း သူ့စကားကို နားမထောင်ဘဲ နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ လော့ပင်းသည် ခေါင်းခါလျက် ပြန်ပြောလိုက်လေသည် “မနာဘူး။ ကျွန်မအခုပဲ အဖေ့ကို တောင်းဆိုချင်တာ။ မဟုတ်ရင် အရမ်း နောက်ကျသွားလိမ့်မယ်”
“ပင်းအာ” လော့ကျင် ဒေါသထွက်လာခဲ့လေသည်။
လော့ပင်း၏ ခန္ဓာကိုယ် ကြောက်ရွံ့မှုကြောင့် တုန်တက်သွားခဲ့လေ၏။ သို့သော်ငြား သိဒိဌာန်ချထားသည့် အကြည့်များဖြင့် သူမအဖေအား ပြန်ကြည့်လိုက်လေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ မည်သို့ပင် ဖြစ်စေကာမူ သူ့သမီး စိတ်ပြောင်းအောင် လုပ်နိုင်လိမ့်မည် မဟုတ်မှန်း နားလည်သွားခဲ့သည်။ ထို့ကြာင့် သက်ပြင်းချလျက် လူအုပ်ကြီးအား ရယ်မောကြာ ပြောလိုက်လေသည် “အားလုံးကို တောင်ပန်းပါတယ်နော်။ ကျုပ်သမီးကို အလိုက်လိုက်တာ များသွားတော့ အခုလိုမျိုးတွေ ဆိုးနေတာ။ အကုန်လုံး စိတ်မပျက်သွားဖို့ မျှော်လင့်ပါတယ်"
ထိုစကားကိုကြားသော် လူပေါင်းများစွာ၏ အမူအရာ ပြေလျော့သွားခဲ့ကြလေသည်။ မြို့သခင် သူ့သမီးကို အလွန်ချစ်မှန်း သူတို့သိကြသည်။ ဤအတိုင်းအတာအထိ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ခြင်းသာ။
ထိုခါတွင် လော့ကျင်းက လော့ပင်းဘက်သို့လှည့်၍ “အဖေ့ကိုပြောတော့၊ သမီး ဘာလိုချင်တာလဲ။ ဒီလိုအချိန်ကြီးကိုတောင် ရွေးပြီး လာတောင်းဆိုတယ်ဆိုတော့... ဘာမှမဟုတ်တဲ့ဟာဆိုရင်တော့ သမီး နာဖို့ပြင်ထားပေတော့” လော့ကျင်းမှ ထိုကဲ့သို့ ပြောလိုက်သော်ငြား သူ့မျက်နှာကတော့ ပြုံးနေသေး၏။ လော့ကျင်း အပိုသက်သက် ခြိမ်းခြောက်နေခြင်းဖြစ်မှန်း လူတိုင်း နားလည်လိုက်ကြသည်။
ဧည့်သည်များဆီမှ ရယ်မောသံများ အစုံအစီ ထွက်ပေါ်လာကြလေသည်။
လော့ပင်းသည် နှုတ်ခမ်းကိုကိုက်လျက် သတို့သမီးကို လက်ညိုးထိုးရင် “အဖေ သူ့ကို လွှတ်ပေးပါလား”
ထိုစကား ထွက်လာသည်နှင့် ယခုလေးတင် ပြန်လည် အသက်ဝင်လာသော ခန်းမတစ်ခုလုံးလုံး ရုတ်ချည်း တိတ်ဆိတ်သွားပြန်လေသည်။ အကုန်လုံးမှာလည်း လော့ပင်း ပြောလိုက်သည့်စကားကိုကြားပြီး ပါးစပ်အဟောင်းသား ဖြစ်နေကုန်ကြ၏။
လော့ပင်းပြောသည်ကို ကြားပြီးနောက် လော့ကျင်း မျက်နှာထက်ရှိ အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ့မျက်နှာတစ်ခုလုံးသည် သံပုရာသီး ကိုက်လိုက်ရသည့်နှယ် မှုန်ကုတ်သွားခဲ့လေသည်။ သူ့မျက်နှာလုံးများမှာလည်း ဒေါသရောင်တို့ဖြင့် တလက်လက် တောက်ပလာလေတော့၏။
ခဏအကြာမှသာ လော့ကျင်း ပြန်စကားပြောလာခဲ့လေသည် “သွားနားပေတော့ ပင်းအား၊ သမီး အရမ်း ပင်ပန်းလွန်းနေပြီနဲ့တူတယ်”
သူ့သမီး မင်္ဂလာပွဲကို သဘောမတူရခြင်းမှာ သူမ လိုချင်သည့် ကိစ္စတစ်ခုခုကို တောင်းဆိုချင်နေသည့် အတွက်ကြောင့်ဟု ထင်ခဲ့သည်။ ထို့အတွက်ကြောင့် လော့ပင်းကို စကားပြောခွင့် ပေးလိုက်ခြင်းဖြစ်သည်။ သူ့သမီး တကယ် လိုချင်နေသည်မှာ ဤမင်္ဂလာပွဲကို ဖျက်ပစ်ပေးရန် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
လော့ကျင်း မည်ကဲ့သို့များ သဘောတူနိုင်ပါမည်နည်း။ သူ့အနေဖြင့် လော့ပင်းအား မည်မျှပင် အလိုလိုက်ထားစေကာမူ လူရှေ့သူရှေ့တွင်တော့ မင်္ဂလာပွဲကို မဖျက်ပစ်နိုင်ချေ။ ထိုသို့သာ လုပ်လိုက်လျှင် မည်သည့် မျက်နှာတွင် လူဘုံအလယ်တွင် နေရဦးမည်နည်း။ သူ့ဂုဏ်သတင်းကော ဘာဖြစ်သွားမည်နည်း။
“ကျေးဇူးပြုပြီး သမီးတောင်းဆိုတာကို သဘောတူပေးပါနော် အဖေ” လော့ပင်းက တောင်းဆိုလိုက်လေသည်။
“ရိုင်းလိုက်တာ” လော့ကျင်းက ဒေါသတကြီး ထအော်လိုက်လေသည် “ကြည့်ရတာ အဖေသမီးကို အရမ်းအလိုလိုက်မိသွားတယ်နဲ့တူတယ်။ အခုချက်ချင်း အခန်းကို ပြန်သွားစမ်း။ အဖေ့ ခွင့်ပြုချက်မရဘဲနဲ့ အခန်းထဲက ခြေတစ်လှမ်းတောင် လှမ်းဖို့ စိတ်မကူးတော့နဲ့”
“အဖေ...” လော့ပင်းက ငိုယိုလျက် ဆက်၍ တောင်းဆိုလိုက်လေသည် “လက်မထပ်ချင်တဲ့ လူတစ်ယောက်ကို အဖေဘာလို့ ဒီလောက်တောင် တွန်းအားပေးနေရတာလဲ။ ကျေးဇူးပြုပြီး သူ့ကို သွားခွင့်ပေးလိုက်ပါနော်...”
ဟူး...
သက်ပြင်းရှိုက်သံများ ခန်းမထဲ အစီအရီ ထွက်ပေါ်လာခဲ့လေသည်။
လော့ကျင်း၏ ကိုယ်လုပ်တော်အားလုံး သူ့အား လက်ထပ်ခဲ့ချင်သည့် အတွက်ကြောင့် လက်ထပ်ခဲ့ခြင်းမဟုတ်မှန်း လူတိုင်းသိပြီးသားပင်။ သို့သော်ငြား အကုန်လုံးသည် ထိုကိစ္စကို စိတ်ထဲတွင်သာထားကြပြီး အပြင်သို့ ထုတ်မပြောပြချေ။ ယနေ့တွင်တော့ သူ့သမီးသည် ထိုကိစ္စကို လူဘုံအလယ်တွင် ထုတ်ပြောလာခဲ့လေပြီ။
လော့ပင်းပြောသည်ကို ကြားပြီးသည့်နောက် ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံး ရင်တဒုန်းဒုန်း ခုန်သွားကြလေသည်။
“သူ့ကို သွားခွင့်ပေးလိုက်ပါ အဖေရယ်။ သမီး တကယ် တောင်းဆိုတာပါ။ သမီးနောက်ဆို အဖေ့နားမှာပဲအမြဲနေပြီး ပြဿနာတွေ ထပ်မရှာတောဘူးလေ။ သူမ လိမ်လိမ်မာမာနဲ့ပဲ နေတော့မယ်လေ...ဟင်” လော့ပင်းသည် ငိုယိုလျက် ဆက်၍ တောင်းဆိုနေခဲ့သည်။
လော့ကျင်းမျက်နှာကြောင့် ဒေါသကြောင့် ရှုံ့မဲ့လာ၏။ နောက်ဆုံး သည်းမခံနိုင်တော့အဆုံး “နင်ဘာတွေ လျှောက်ပြောနေတာလဲ”
လော့ပင်းက ပြန်ပြောလိုက်၏ "သမီး လျှောက်ပြောနေတာ မဟုတ်ဘူး။ သူဘယ်သူလဲ သမီး သိတယ်။ သူဘာလို့ လက်မထပ်ချင်ဘဲ လက်ထပ်နေရလဲ ဆိုတာကိုလည်းသိတယ်။ ကျေးဇူးပြုပြီး သူ့ကို သွားခွင့်ပေးလိုက်ပါအဖေရယ်၊ သမီးတောင်းဆိုတာပါ...”
လော့ကျင်းက ဒေါပုံတကြီး ထအော်တော့လေသည် “မင်းတို့ဘာတွေ ကြောင့်ကြည့်နေကြတာလဲကွ။ မင်းတို့ သခင်မလေး ဒီလောက်တောင် စိတ်လွတ်နေတာကို သူ့ကို မြန်မြန် ပြန်ခေါ်သွားပြီး ကုပေးလိုက်ကြတော့လေ”
ထိုစကားကို ကြားမှပဲ ဘာလုပ်ရဘာကိုင်ရမှန်းမသိ ဖြစ်နေသော မြို့သခင်စံအိမ်၏ အစောင့်များ ချက်ချင်း စတင် လှုပ်ရှားကြတော့လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်တွင် လော့ပင်းဘေးနားတွင် ထိုင်နေသော လူတစ်ဦးက ရုတ်တရက် ထရပ်လျက် လော့ပင်း၏ လည်ပင်းကို ဆွဲညစ်ရင်း ဘေးပတ်လည်ကို ကြည့်လျက် ပြောလိုက်လေသည် “မင်းတို့ ရှေ့ဆက်တိုးလာတာနဲ့ ငါ့သူ့လည်ပင်းကို ချိုးပစ်မှာနော်”
မြို့သခင်စံအိမ် အစောင့်များ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူတို့၏ ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်ကြလေသည်။
ရသအမျိုးစုံ ပေးစွမ်းနေသော ဤမင်္ဂလာပွဲကြောင့် ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံး ထပ်မံ အံ့အားသင့်သွားကုန်ကြရပြန်လေသည်။
“သူပဲ” ရန်ကိုင်သည် လော့ပင်းအား လည်ပင်း ဆွဲညစ်ထားသော မျက်စိတစ်ဖက်ကန်း လူထွားကြီးကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ဤလူထွားကြီးကို ယမန်နေ့က စာသောက်ဆိုင်တစ်ဆိုင်တွင် တွေ့ခဲ့ပေသည်။ သူ့အား ချိုက်ဟူဟုခေါ်ပြီး သူအခြားတစ်ယောက်နှင့် ပြဿနာတက်ကာ ထတိုက်ခိုက်သည့် အတွက်ကြောင့် ရန်ကိုင်လည်း စားသောက်ဆိုင်ထဲမှ စောစော ပြန်ထွက်လာခဲ့ရခြင်း ဖြစ်ပေသည်။
သို့သော်ငြား ထိုလူသည် မင်္ဂလာပွဲထဲသို့ ခိုးဝင်လာပြီး မြို့သခင်၏ သမီးကို လူမြင်ကွင်းတွင် ညစ်ပစ်ညစ်ကာ ဖမ်းထားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
မည်သို့ပင် ဖြစ်နေစေကာမူ... ထိုလူသည် တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ဖြစ်သည့်အတွက်ကြောင့် လော့ပင်းအား ဓါးစာခံလုပ်ထားသည့်တိုင် သူ့အနာဂတ်ကတော့ မကောင်းတော့မည်မှာ လုံးဝ သေချာနေခဲ့လေပြီ။
ထိုကဲ့သို့ စဉ်းစားပြီးသည့်နောက်တွင် လော့ပင်းဘေးနားရှိ သတို့သမီးကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ သတို့သမီးကို မြင်လိုက်သည့်အချိန်မှစ၍ သူ့စိတ်ထဲ ထူးဆန်းသည့် ခံစားချက်တစ်ခုကို ရနေခဲ့လေသည်။ သူသတို့သမီးအား လှမ်းကြည့်လိုက်သည့်အခိုက် သတို့သမီးသည် ရုန်းကန်နေသည့်အလား သူမ၏ ခန္ဓာကိုယ် တုန်တုန်ရီရီ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။