← Chapters

အခန်း (၂၃၀၆-၂၃၁၀)

Vol. 93 Ch. 2306-2310

အခန်း (၂၃၀၆-၂၃၁၀)

Vol. 93 Ch. 2306-2310

အပိုင်း (၂၃၀၆)

ချိုက်ဟူသည် လော့ပင်းလည်ပင်းကို လက်တစ်ဖက်ဖြင့် ညှစ်ထားရင်း ကျန်လက်တစ်ဖက်ကို သူမ၏ကျောပြင်ပေါ် တင်ထားခဲ့လေသည်။ သူ့ဆီမှလည်း သူတော်စင်ချီလှိုင်းတို့ ဖြာထွက်နေခဲ့လေသည်။

ထိုကိစ္စကြောင့် မြို့သခင်စံအိမ်မှ အစောင့်များလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ကြလေ၏။ ချိုက်ဟူသည် လော့ပင်းအား ဓါးစာခံလုပ်ထားလေရာ အစောင့်များမှ မဆင်မခြင် လှုပ်ရှားလိုက်မည်ဆိုပါက သူတို့၏သခင်မလေးကို ထိခိုက်သွားစေနိုင်ပေသည်။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက သူတို့ကိုယ်တိုင်သည်လည်း မြို့သခင်၏ဒေါသအောက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့အတွက်ကြောင့် အစောင့်များမှာ စိုးရိမ်တကြီးဖြင့် လော့ကျင်းဆီသို့သာ လှမ်းကြည့်လိုက်ကြလေ၏။

လော့ကျင်းသည် မျက်လုံးမှေးစင်းလျက် သူတို့အား စိုက်ကြည့်နေသည်ကို မြင်သော် လော့ကျင်းဘာလုပ်ချင်နေသလဲ ဆိုသည်ကို နားလည်သွားခဲ့ပြီး အစောင့်များသည် ချိုက်ဟူအား ပြေးပေါက်မရှိအောင် ပတ်ပတ်လည်မှ ဝိုင်းလိုက်ကြလေသည်။

လော့ပင်း၊ ချိုက်ဟူတို့နှင့် အတူတူ ထိုင်နေကြသည့် ဧည့်သည်များမှာတော့ မည်သည့်အချိန်ကတည်းကမှန်းမသိ ကြက်ပျောက်ငှက်ပျောက် ပျောက်နေကြလေ၏။

“ခွေးအိုကြီးလော့ချင်း… မင်းသမီးရဲ့ အသက်ကို ဂရုစိုက်သေးတယ်ဆိုလို့ရှိရင် သူတို့ကို ကိုယ့်နေရာကိုယ် သိထားခိုင်းနော်…” ချိုက်ဟူသည် သူ့ဘေးပတ်ဝန်းကျင်အား သတိကြီးကြီးဖြင့် စိုက်ကြည့်ရင်း လော့ကျင်းဘက်သို့ လှမ်း၍ အော်ပြောလိုက်လေသည်။

လော့ကျင်းသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ ထို့နောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် လက်သီးကို မြှောက်လျက် အစောင့်များကို တည်တည်ငြိမ်ငြိမ်နေရန် ပြောပြီးသည့်နောက် ချိုက်ဟူဘက်သို့ လှည့်လိုက်လေသည်။ “ဒီဘုရင် မင်းကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ…”

ချိုက်ဟူက လှောင်ပြုံးပြုံးလျက် လှောင်ပြောင်လိုသည့် လေသံဖြင့် “ကျုပ်လို နာမည်မရှိတဲ့လူတစ်ယောက်ကို မြို့သခင်က ဘယ်လိုလုပ်ပြီး မှတ်မိမှာလဲ…”

လော့ကျင်းက ဆက်၍ ပြောလိုက်လေသည်။ “မင်းနဲ့ငါ့ကြားမှာ ဘယ်လိုရန်ငြိုးပဲရှိရှိ ငါ့သမီးနဲ့ ဘာမှမဆိုင်ဘူး… သူ့ကို လွှတ်ပေးလိုက်… ငါမင်းနဲ့ စကားကောင်းကောင်း ပြောဦးမယ်…”

ချိုက်ဟူက အော်ရယ်မောလျက် “စကားပြောဖို့… ခင်ဗျားလို အရှက်မရှိပြီး အောက်တန်းကျတဲ့ လူတစ်ယောက် ဘာစကားတွေ ပြောဦးမှာလဲ… ကျုပ်ကို သုံးနှစ်သားကလေးတစ်ယောက် မှတ်နေတာလား…”

လော့ကျင်းက ပြန်ပြောလိုက်လေသည်။ “မင်းကြည့်ရတာ ဒီဘုရင်ကို တော်တော်လေး အခဲမကြေ ဖြစ်နေတဲ့ပုံပဲ… ပင်းအာပြောသွားတဲ့ စကားတွေကလည်း မင်းကြောင့်ပဲမလား…”

ထိုစကားကိုကြားသည့်အခါမှသာ ခန်းမထဲတွင် ရှိနေသည့် ဧည့်သည်များ နားလည်သွားကုန်ကြလေသည်။ ထို့အတွက်ကြောင့်ပင်လျှင် လော့ပင်းသည် သူမအဖေအား လူပုံအလယ်တွင် ဤကဲ့သို့ လာနှောင့်ယှက်နေရသည်ကိုး။ သူမမှ ထိုကဲ့သို့ လုပ်ချင်နေ၍ မဟုတ်ဘဲ အခြားတစ်ယောက်မှ ခြိမ်းခြောက်နေသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။

“ခင်ဗျားထင်ချင်သလိုထင်…” ချိုက်ဟူကမူ အေးစက်စက် အမူအယာဖြင့်သာ နှာခေါင်းရှုံ့လိုက်လေသည်။

“သူ သမီးကို တွန်းအားပေးတာ မဟုတ်ဘူး…” ထိုအခိုက်အတန့်တွင် လော့ပင်းက ရုတ်တရက် အော်ပြောလိုက်လေ၏။ “အဖေ… သမီး တကယ်ပြောတာပါ… ကျေးဇူးပြုပြီး အဲ့အမျိုးသမီးကို လွှတ်ပေးလိုက်ပါ… သူ ဘာအမှားလုပ်မိလို့လဲ…”

ထိုစကားထွက်လာပြီးသည့်နောက် လော့ကျင်း မျက်နှာပျက်သွားခဲ့လေ၏။

ခန်းမထဲရှိ ဧည့်သည်များ၏ အမူအယာများမှာလည်း ထပ်မံ ပြောင်းလဲသွားကုန်ကြလေသည်။ လက်ရှိ အဖြစ်အပျက်နှင့် ပတ်သက်၍ သူတို့လုံးဝကို နားမလည်နိုင်ကြတော့ချေ။ လော့ပင်းသည် သူမအား ဓါးစာခံလုပ်ထားသည့်လူနှင့် ယခုအချိန်အထိ ပူးပေါင်းနေသေး၏။

လော့ကျင်းသည် အသက်ပြင်းပြင်း ရှူသွင်းလျက် အလျင်အမြန် ပြောလိုက်လေသည်။ “ပင်းအာ… မကြောက်နဲ့… အဖေ သမီးကို ကျိန်းသေကယ်ပေးမယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ချိုက်ဟူဘက်သို့ လှည့်၍ “မင်းက တကယ်ကို မကြောက်တတ်တာပဲကွ… ငါ့မင်္ဂလာပွဲကိုလည်း လာနှောင့်ယှက်တယ်… ငါ့သမီးကိုလည်း ဓါးစာခံလုပ်ထားသေးတယ်… မင်း တကယ် ဘာလိုချင်နေတာလဲ…”

ချိုက်ဟူက လှောင်ပြုံးပြုံးလျက် “ခင်ဗျားမှာ အဖြေရှိနေပြီးသားပဲကို ဘာလို့ လာမေးနေသေးတာလဲ မြို့သခင်… ကျုပ်ဘာလို့ ဒီကို ရောက်နေလဲဆိုတာကို ဒီကလူတွေ နားမလည်ပေမဲ့ ခင်ဗျားကတော့ နားမလည်ဘဲ မနေဘူး…”

လော့ကျင်းက မျက်မှောင်ကျုံ့လျက် မျက်လုံးမှေးစင်းကာ ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် ဘာလို့ အစောကြီးကတည်းက မပြောလိုက်တာလဲ… ဖြစ်နိုင်လို့ရှိရင် မင်းပြောတာကို ဒီဘုရင် လက်မခံဘဲနဲ့ မနေပါဘူး… ငါ့သမီးအသက်သာ လုံလုံခြုံခြုံနဲ့ ရှိနေသရွေ့ ဘာပဲဖြစ်ဖြစ် ငါပြန်ပေးလို့ရတယ်… ငါသဘောတူပေးနိုင်တယ်…”

တစ်ယောက်ယောက်က ချိုက်ဟူအား လှမ်းပြောလိုက်လေသည်။ “ရောင်းရင်း… မင်းလုပ်ရပ်က နည်းနည်း မဆင်မခြင် လုပ်သလို ဖြစ်နေတယ်နော်… မြို့သခင်က သူ့လူတွေ သူ့ကလေးတွေအပေါ် အမြဲကြင်နာတယ်… သူ့တာဝန်တွေကိုလည်း ကျေကျေပွန်ပွန်နဲ့ပဲ ထမ်းဆောင်ထားတာ… ဒါကြောင့်ပဲ လူထုက သူ့ကို ချစ်နေရတာ… အခုကိစ္စမှာ သခင်မလေးလော့ပင်းက ဘာမှမဆိုင်ဘူး… မင်းဒီတိုင်းပဲ စကားနဲ့ပြောလို့မရဘူးလား… မင်း ငါတို့အားလုံးကို အရှက်ရအောင် လုပ်ချင်နေတာလား… ငါပြောတဲ့အတိုင်းပဲ သခင်မလေးပင်းကို လွှတ်ပြီးတော့ မြို့သခင်နဲ့သာ စကားကောင်းကောင်း ပြောလိုက်စမ်းပါ… မြို့သခင် မင်းကို ခက်ခဲအောင် လုပ်မှာ မဟုတ်ပါဘူး…”

“ဟုတ်တယ်… သခင်မလေးလော့ကိုသာ လွှတ်ပေးလိုက်စမ်းပါ… အကုန်လုံး ပြေရာပြေကြောင်း ဆွေးနွေးလို့ ရပါတယ်ကွ…”

“မြန်မြန် လွှတ်ပေးလိုက်တော့လေကွာ… မင်း ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုလို့ရှိရင် မြို့သခင် မင်းကို အပြစ်မပေးဘူးဆိုရင်တောင် ငါတို့ မင်းကို ဝိုင်းသမတော့မှာနော်…”

ဘေးပတ်လည်တွင် ရှိနေသော လူအုပ်ကြီးသည် တစ်ယောက်တစ်ပေါက်ဖြင့် ချိုက်ဟူအား လှမ်းအော်ပြောကြတော့လေသည်။ ထိုအခိုက်အတန့်တွင် ချိုက်ဟူမှာ အနည်းငယ် စိုးရိမ်လာသည့်အလား သူ့လက်အား ခက်တင်းတင်း ဆုပ်ကိုင်လိုက်ရာ လော့ပင်း၏ မျက်နှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားခဲ့လေသည်။

“ခင်ဗျားတို့အားလုံး သောက်ပါးစပ်ပိတ်ထားလိုက်ကြစမ်း” ချိုက်ဟူက ဒေါမာန်တကြီး ထအော်လေသည်။ လက်ရှိတွင် ချိုက်ဟူသည် ဘက်ပေါင်းစုံမှ ရန်သူများဖြင့် ဝန်းရံထားခြင်း ခံရသည့် လူတစ်ယောက်နှယ် ဖြစ်နေလေ၏။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ စိတ်ပူနေသည်မှာ အထူးအဆန်းတော့လည်း မဟုတ်။

“ခင်ဗျားတို့ နောက်တစ်ခွန်း ထပ်ပြောလာမယ်ဆိုရင် ကျုပ် သူ့ကို သေအောင် လည်ပင်းညှစ်သတ်မှာနော်… ကျုပ် တကယ်ပြောနေတာ မယုံမရှိနဲ့…” ချိုက်ဟူသည် လူအုပ်ကြီးအား စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည်။

ချိုက်ဟူမှ ထိုကဲ့သို့ ပြောလိုက်သည့်နောက် လူအုပ်ကြီးအနေဖြင့် မည်ကဲ့သို့များ စကားဆက်ပြောရဲဦးမည်နည်း။ အကုန်လုံးသည် သူတို့ပါးစပ်ကိုသာ ပိတ်ထားလိုက်ကြတော့လေသည်။

ထိုအချင်းအရာကို မြင်သည့်နောက် လော့ကျင်း ပို၍ မျက်နှာပျက်သွားခဲ့လေ၏။ “ပြော… မင်း ဒီဘုရင်ကို ဘာလုပ်စေချင်နေတာလဲ…”

ချိုက်ဟူသည် လော့ကျင်းဘက်သို့ လှည့်၍ “ခင်ဗျားဘေးနားကလူကို လွှတ်ပေးလိုက်…”

“မင်း ဘယ်သူ့ကို ပြောနေတာလဲ…” အဖြေကို သိပြီးသည့်တိုင် လော့ကျင်းက ထပ်မေးလိုက်ပေသေးသည်။

ချိုက်ဟူက ထပ်အော်ပြောလိုက်လေ၏။ “ခင်ဗျား ဆက်ပြီး မသိချင်ယောင် ဆောင်နေဦးမယ်ဆိုရင် ကျုပ် ခင်ဗျားသမီးကို သတ်ပစ်လိုက်တော့မှာနော်…”

လော့ကျင်း၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ “မင်း တကယ် ငါ့သတို့သမီးကို ခိုးယူချင်နေတာလား…”

ချိုက်ဟူက ပြန်ပြောလိုက်လေသည်။ “သူက ခင်ဗျားကို လက်ထပ်ချင်လို့ လက်ထပ်တာမှ မဟုတ်တာ… ကျုပ် သူ့ကို ဘယ်လိုလုပ်ပြီး ခိုးတာ ဖြစ်မှာလဲ… ကျုပ် သူ့အသက်ကို ကယ်ပေးရုံပဲ…”

လော့ကျင်းက ပြန်ပြောလိုက်လေသည်။ “သူလက်ထပ်ချင်လို့ လက်ထပ်တာမဟုတ်မှန်း ဘယ်လိုသိတာလဲ… မင်း သူ့ကိုရော ဘယ်တုန်းက မေးခဲ့ဖူးလို့လဲ…”

ချိုက်ဟူက ပြန်ပြောလိုက်လေ၏။ “သူ့လိုလူတစ်ယောက်က ခင်ဗျားလိုလူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး လက်ထပ်ချင်မှာလဲ… အိပ်မက် မက်မနေစမ်းနဲ့…”

လော့ကျင်းက အော်ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “မင်း တစ်ခုခုကို နားလည်မှုလွဲနေတယ်နဲ့ တူတယ်… ဒီဘုရင် မင်းကို မသိပေမဲ့ မင်းနဲ့ ငါ့မိန်းမက မိတ်ဆွေတွေ ဖြစ်လောက်မှာပေါ့ ဟုတ်တယ်မလား… မင်းမိတ်ဆွေရဲ့ အသက်ကို ကယ်ချင်တဲ့အတွက် အခုလိုမျိုး လုပ်ပေးရဲတဲ့ မင်းရဲ့သတ္တိကို ဒီဘုရင် တကယ်လေးစားတယ်… ဒါဆိုရင်‌ရော ဘယ်လိုလဲ… မင်းကိုယ်တိုင် ငါ့မိန်းမကို မေးကြည့်လိုက်… သူငါ့ကို တကယ်လက်ထပ်ချင်လား လက်မထပ်ချင်ဘူးလား ဆိုတာကို… လက်မထပ်ချင်ဘူး ဆိုလို့ရှိရင် ဒီဘုရင် သူ့ကို ချက်ချင်းလွှတ်ပေးလိုက်မယ်… ဆက်ပြီး အခုလိုမျိုး လုပ်ခိုင်းနေဦးမှာ မဟုတ်ဘူး….”

ချိုက်ဟူ၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ သူ့နားသူမယုံရဲသေးသည့်အလား မယုံသင်္ကာလေသံဖြင့် ထပ်၍ မေးလိုက်လေ၏။ “ခင်ဗျားတကယ်ပြောနေတာလား…”

လော့ကျင်းကပြုံးလျက် “လူပုံအလယ်ကြီးမှာ ဒီဘုရင် မင်းကို ဘယ်လိုလုပ်ပြီး လိမ်ရဲမှာကွ…” တစ်ချက်မျှ ရပ်ပြီးသည့်နောက် လော့ကျင်းက ဆက်၍ ပြောလိုက်လေသည်။ “ဘာလဲ… မင်းက ဒီဘုရင်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးချင်ရုံသက်သက်နဲ့ ငါ့မင်္ဂလာပွဲကို လာနှောင့်ယှက်နေတာလား… အဲ့လိုဆိုရင်တော့ ငါမင်းကို ကျိန်းသေ အလွတ်ပေးမှာမဟုတ်ဘူးနော်…”

အခြားတစ်ယောက်ကလည်း ထပ်ပြောလိုက်လေသည်။ “ဟုတ်တယ်… မြို့သခင်ရဲ့ ဂုဏ်သတင်းကို ဖျက်စီးချင်ရုံသက်သက်နဲ့ ဒီမင်္ဂလာပွဲကို လာနှောင့်ယှက်နေတာဆိုရင်တော့ ငါတို့လည်း သည်းခံနေမှာမဟုတ်ဘူး… ဒါပေမဲ့ မင်းပြောတဲ့တိုင်း ဆိုရင်တော့ ငါတို့ မျက်မြင်သက်သေလုပ်ပေးနိုင်တယ်….”

ချိုက်ဟူ၏အမူအယာ မှုန်ကုပ်သွားခဲ့လေသည်။ ဘေးပတ်ဝန်းကျင်မှ အော်ဟစ်သံများကို ဂရုစိုက်မနေတော့ဘဲ တစ်ခဏမျှ ရပ်စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီလေ… ကျုပ် ခင်ဗျားကို ဒီတစ်ကြိမ် ယုံပေးလိုက်မယ်…”

ထိုသို့ပြောပြီးသည့်နောက် သတို့သမီးဘက်သို့ လှည့်၍ အော်ပြောလိုက်လေ၏။ “ပဉ္စမညီမ… ခင်ဗျားလည်း မြို့သခင်ပြောတာကို ကြားလိုက်တယ်မလား… အခု ခင်ဗျား လက်ထပ်ချင်လို့ လက်ထပ်တာလား သူ ခင်ဗျားကို ခြိမ်းခြောက်နေလို့ လက်ထပ်တာလား အားလုံးကြားအောင် ပြောပြပေးလိုက်… စိတ်မပူနဲ့… သူသာ မင်းကို တကယ်တွန်းအားပေးနေမယ် ဆိုလို့ရှိရင် ငါ့အသက်ကို ဆုံးရှုံးရမယ်ဆိုရင်တောင် လေးယောက်မြောက်အစ်ကို မင်းကို ကျိန်းသေ ကယ်ပေးမယ်…”

“ဒီဘုရင် မင်းရဲ့သတ္တိကိုတော့ တကယ် လေးစားမိသား…” လော့ကျင်းသည် ယဲ့ယဲ့လေးပြုံးရင်း ပြောလိုက်လေသည်။

“ခင်ဗျားပါးစပ်ကို ပိတ်ထားလိုက်…” ချိုက်ဟူက အော်ပြောလိုက်လေသည်။

လော့ကျင်းသည် ပြုံးသာပြုံးနေပြီး ဘာမျှ ပြန်မပြောခဲ့ပေ။

လော့ကျင်း၏ဘေးနားတွင် ခြေတစ်လှမ်းပင်မခွာဘဲ ရပ်နေသော သတို့သမီးသည် လက်ရှိအချိန်တွင် အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့လေသည်။ အကုန်လုံးသည် သူမ မည်ကဲ့သို့ ပြန်ဖြေမလဲ ဆိုသည်ကို သိချင်နေသည့်အလား သူမဆီသို့ လှည့်ကြည့်လာကြလေ၏။

လူမြင်ကွင်းရှေ့တွင်ပင် အမျိုးသမီး၏ခန္ဓာကိုယ် တစ်ချက် တုန်တက်သွားခဲ့လေသည်။ ထို့နောက် အနီရောင်ဇာပုဝါအောက် အတွင်းပိုင်းဆီမှ သာယာချိုမြသည့် အသံတစ်သံ ထွက်လာခဲ့လေ၏။ “ငါ့ဘာသာငါ လက်ထပ်ချင်လို့ လက်ထပ်လိုက်တာ…”

“ဘယ်လို…” ချိုက်ဟူ၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး ချက်ချင်းဆိုသလို မင်သက်သွားခဲ့လေသည်။ သူမဆီမှ ဤကဲ့သို့ အဖြေမျိုး ပြန်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သို့သော်ငြား အသံပိုင်ရှင်မှာ သူ့ပဉ္စမညီမ၏ အသံဖြစ်သည်ဆိုသည်မှာ ယုံမှားသံသယ ရှိစရာမလိုချေ။ မည်သူမျှ သူမ၏အသံကို တုပနိုင်လိမ့်မည် မဟုတ်။

တစ်ခဏတာမျှ ဆိုသလို ချိုက်ဟူမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတော့လေသည်။

လော့ကျင်းသည် ချိုက်ဟူအား ကြည့်လျက် “မင်းအခု နားလည်သွားပြီမလား… ငါနဲ့ ငါ့မိန်းမက တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စုံမက်လို့ လက်ထပ်လိုက်ကြတာ… မဟုတ်ရင် ငါသူ့ကို ဘာလို့ လက်ထပ်ရမှာလဲ…”

“အစ်ကိုချိုက်…” လော့ပင်းသည်လည်း ချိုက်ဟူဘက်သို့ လှမ်းကြည့်လိုက်လေသည်။ လက်ရှိအဖြစ်အပျက်သည် ချိုက်ဟူမှ သူမအား ပြောပြထားသည့် ပုံစံနှင့် တူမနေခဲ့ချေ။ ချိုက်ဟူပြောခဲ့သည်မှာ လက်ရှိသတို့သမီးအသစ်သည် သူမ၏ဆန္ဒမပါဘဲ သူမအဖေမှ တွန်းအားပေးသည့် အတွက်ကြောင့်သာ လက်ထပ်လိုက်ရသည်ဟု ပြောခဲ့သည်။ သို့သော်ငြား သတို့သမီးကိုယ်တိုင်မှာမူ သူမလက်ထပ်ချင်၍ လက်ထပ်သည်ဟု ပြန်ပြောလာခဲ့သည်။

“မဖြစ်နိုင်ဘူး… လုံးဝမဖြစ်နိုင်ဘူး…” ချိုက်ဟူက အကျယ်ကြီး အော်ပြောလိုက်လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ လော့ကျင်းမျက်နှာ မည်းမှောင်သွားခဲ့ပြီး ထအော်တော့လေ၏။ “ငါမင်းကို အတတ်နိုင်ဆုံး မျက်နှာသာ ပေးထားပေးပြီးသွားပြီနော်… မင်းနဲ့ ငါ့မိန်းမက မိတ်ဆွေတွေဖြစ်နေတာကို ထောက်ထားပြီး ငါမင်းကို အခွင့်အရေးပေးခဲ့တယ်… ဆက်ပြီးတော့ လွန်မလာနဲ့…”

“ဟုတ်တယ်… ဆက်ပြီး ပြဿနာ ရှာမနေစမ်းပါနဲ့ကွာ ရောင်းရင်းရာ… ငါတို့ကိုလည်း မျက်နှာသာပေးပါဦး…”

“ဟုတ်တယ်… သခင်မလေးလော့ပင်းကို လွှတ်ပေးလိုက်ပါတော့… မြို့သခင် မင်းကို ခက်ခဲအောင် လုပ်မှာ မဟုတ်လောက်ပါဘူး… ဒီတိုင်းပဲ ငါတို့နဲ့အတူ ပျော်ပျော်ပါးပါး ဝင်သောက်ပြီး မင်္ဂလာပွဲကို ခံစားလိုက်စမ်းပါ… အဲ့လိုဆိုပိုမကောင်းဘူးလား…”

“မင်း အရမ်းမလွန်ခင် လွှတ်လိုက်တော့နော် ကောင်လေး… မင်းသေချင်နေတယ်ဆိုရင် ငါမင်းကို သေအောင်လုပ်ပေးလို့ရတယ်…”

လူအုပ်ကြီးဆီမှ အမျိုးမျိုးသော အော်ဟစ်သံများ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်လေသည်။

“မဖြစ်နိုင်ဘူး…” ချိုက်ဟူကမူ ဆက်၍ ရေရွတ်နေလေ၏။ “ပဉ္စမမြောက်ညီမ ခင်ဗျားကို လက်ထပ်ချင်လို့ လက်ထပ်တာ လုံးဝမဖြစ်နိုင်ဘူး… ခင်ဗျားတွန်းအားပေးလို့ပဲ အဲ့လိုမျိုး ပြောလိုက်တာ ဖြစ်ရမယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် တစ်ခုခုအား စဉ်းစားမိသွားပြီး ချက်ချင်း အော်ပြောလိုက်လေ၏။ “အကြီးဆုံးအစ်ကိုနဲ့ ဒုတိယအစ်ကိုကြောင့် အခုလိုမျိုး ပြောလိုက်တာ… ဟုတ်တယ်မလား…”

“မင်းဘာတွေပြောနေတာလဲ ကောင်လေး…” လူအုပ်ကြီးမှာတော့ လုံးဝကို နားမလည်နိုင်ဖြစ်နေခဲ့လေသည်။

ထို့နောက်တွင် ချိုက်ဟူသည် ခေါင်းအား ကောင်းကင်ပေါ်သို့ မော့လျက် ဝါးလုံးကွဲအော်ရယ်မောတော့လေသည်။ တခဏကြာသွားမှသာ လော့ကျင်းဘက်သို့ ပြန်လှည့်ကြည့်လျက် အော်ပြောလိုက်လေ၏။ “ခင်ဗျား တကယ်ကို ကောက်ကျစ်တာပဲ ခွေးအိုကြီးရဲ့… အကြီးဆုံးအစ်ကို၊ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတွေကို ဓါးစာခံလုပ်ပြီး ပဉ္စမမြောက်ညီမကို အတင်းအကြပ် ဖိအားပေးထားတာ ဟုတ်တယ်မလား… ဒီနေ့ ဒီနေရာမှာ ခင်ဗျားသမီးရဲ့သွေးတွေ မစွန်းထင်းချင်ဘူးဆိုလို့ရှိရင် ကျုပ်ပြောတဲ့အတိုင်း နာနာခံခံနဲ့ လုပ်ပေးလိုက်တာ ကောင်းလိမ့်မယ်နော်…”

လော့ကျင်းက ဒေါမာန်တကြီး ပြန်ပြောလိုက်လေသည်။ “မင်းစကားကို မင်း မတည်ဘူးလား…”

ချိုက်ဟူက လှောင်ပြောင်ပြောဆိုလိုက်လေ၏။ “ခင်ဗျားလို ကောက်ကျစ် အောက်တန်းကျတဲ့ လူတစ်ယောက်နဲ့ စကားပြောနေတဲ့နေရာမှာ ဘယ်လိုလုပ်ပြီး ယုံကြည်မှုတွေကို စောင့်ထိန်းနေရဦးမှာလဲ… ဘာပဲဖြစ်ဖြစ် ပဉ္စမမြောက်ညီမကို ကျုပ် ဒီနေ့ ခေါ်သွားမယ်… တစ်ယောက်ယောက် ကျုပ်ကို လာတားရဲရင် ကျုပ် သူ့ကို သတ်ပစ်မှာ…” ပြောပြီးသည်နှင့် လော့ပင်း၏လည်ပင်းအား ကိုင်ထားသည့် သူ၏တင်းအားကို တိုးချလိုက်လေသည်။

လော့ပင်း အသက်ရှူမဝ ဖြစ်လာခဲ့လေ၏။

လော့ကျင်းမျက်နှာ ဖြူလျော်သွားခဲ့ပြီး အလျင်စလို ပြန်ပြောလိုက်လေ၏။ “နေပါဦး…”

“ခင်ဗျား သူ့ကို လွှတ်ပေးမှာလား…” ချိုက်ဟူက အော်ပြောလိုက်လေသည်။

လော့ကျင်း အတွေးနက်သွားခဲ့လေ၏။ ခန်းမထဲရှိ အခြေအနေမှာလည်း တင်းမာသည်ထက် တင်းမာလာခဲ့လေသည်။ နောက်ဆုံးတွင် အံကြိတ်၍ အော်ပြောလိုက်လေ၏။ “မင်းဒီလောက်တောင် မယုံသင်္ကာဖြစ်နေမှတော့ ငါ့မိန်းမကိုယ်တိုင် မင်းရဲ့သံသယကို ဖြေရှင်းပေးခိုင်းရတာပေါ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့ဘေးတွင် ရှိနေသော သတို့သမီးကို လှမ်းကြည့်လိုက်လေသည်။

ထိုစကားကိုကြားသော် ချိုက်ဟူ၏မျက်နှာ ဝင်းလက်သွားခဲ့ပြီး အော်ပြောလိုက်လေ၏။ “ဒီကိုလာ ပဉ္စမမြောက်ညီမ…”

တစ်ခဏတာမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် သတို့သမီးသည် ချိုက်ဟူဆီသို့ လျှောက်သွားလေသည်။

“အဲ့ကောင်တော့ ဒုက္ခရောက်တော့မှာပဲ…” ရုတ်တရက် ဘေးဘက်ဆီမှ ပွဲအား ထိုင်ကြည့်နေသော ရန်ကိုင်သည် တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ယနေ့ဖြစ်ပျက်သွားသည့် အဖြစ်အပျက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်းသားများမှာတော့ အတော်လေးကို ဝမ်းသာနေကြလေ၏။ ယနေ့ရလာဒ် မည်သို့ပင် ဖြစ်နေစေကာမူ လော့ကျင်း၏ ဂုဏ်သတင်းမှာတော့ ထိခိုက်သွားခဲ့လေပြီ။ ယနေ့ ဤနေရာတွင် ဖြစ်ပျက်သွားသည့် အကြောင်းစုံသည် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် ဆွေးနွေးစရာ ခေါင်းစည်းသတင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ လူတိုင်းသည်လည်း လော့ကျင်း၏စရိုက်၊ သူ၏ မိန်းမများကို အတင်းအကြပ် ဖိအားပေး၍ လက်ထပ်ယူခဲ့သည့် အကြောင်းများကိုလည်း သိလာကြပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၀၇)

ရန်ကိုင်ပြောသည်ကိုကြားသော် ရွက်တစ်ထောင်ဂိုဏ်းသားများသည် ရန်ကိုင့်အား ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လာကြလေသည်။

ရန်ကိုင်က ညစ်ကျယ်ကျယ်ဖြင့် ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “မြို့သခင်ပုံစံကို ကြည့်လိုက်… ဒီလောက်တောင် သူ့ကိုယ်သူ ယုံကြည်ချက်ရှိတာ သူဘာပြင်ဆင်မှုမှ လုပ်မထားဘူးလို့ မင်းတို့ထင်လို့လား…”

ထိုစကားကိုကြားသော် တုရှန်း၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။ တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီးသည့်နောက် တိုးတိုးလေး ပြောလိုက်လေသည်။ “သခင်လေးရန် ပြောချင်တာက သူက…”

ရန်ကိုင်ကမူ ခေါင်းခါပြလိုက်ပြီး ဆက်၍သာ ကြည့်နေရန် ပြောလိုက်လေသည်။

သတို့သမီးသည် ချိုက်ဟူဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေခဲ့လေသည်။ သူ့ဆီသို့ လာနေသည့် သတို့သမီးကို ကြည့်ရင်း ချိုက်ဟူက ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။ “ဒီကိုလာခဲ့ ပဉ္စမမြောက်ညီမ… ပြီးတော့ အဲ့ခွေးအိုကြီးကို အစ်ကိုကြီးနဲ့ အခြားသူတွေကို လွှတ်ပေးဖို့ တွန်းအားပေးကြမယ်… အဲ့ဒါပြီးတာနဲ့ ဒီကနေ ထွက်ပြေးပြီး ဒီမြို့ကို ဘယ်တော့မှ ပြန်မလာတော့ဘူး…”

သတို့သမီးကမူ စကားတစ်ခွန်းမှပင် မပြောဘဲ ချိုက်ဟူဆီသို့သာ လျှောက်သွားလိုက်လေသည်။

“ငါ့မြို့သခင်စံအိမ်မှာ ပြဿနာလာရှာပြီး ငါ့ဂုဏ်သတင်းကို ထိခိုက်အောင် လုပ်ပြီးသွားတာတောင် ထွက်ပြေးလို့ လွတ်ဦးမယ်လို့ ထင်နေတာလား…” လော့ကျင်းက အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

“ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်…” ချိုက်ဟူက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။

လော့ကျင်းက ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “ဒီဘုရင်ထင်တာတော့ မင်း ဒီမှာ နေရမယ်လို့ ထင်တာပဲ…”

ချိုက်ဟူ၏အမူအယာ ချက်ချင်း ပြောင်းလဲသွားခဲ့လေ၏။ တစ်ခုခု ပြောတော့မည်အပြု အန္တရာယ်များသည့် အငွေ့အသက်တစ်ခုကို သူ့ကျောဘက်ဆီမှ ရရှိလိုက်လေသည်။ ချက်ချင်းဆိုသလို အားကောင်းသည့် စွမ်းအင်လှိုင်းတို့ဖြင့် ပြည့်နှက်နေသည့် လက်ဝါးတစ်ချက်သည် သူ့ကျောပြင်အား လာရောက်ထိမှန်လေ၏။ ထိုလက်ဝါးချက်ကြောင့် ချိုက်ဟူလည်း လွင့်ပျံထွက်သွားခဲ့လေသည်။

လေထဲလွင့်ပျံထွက်သွားရင်းမှ ချိုက်ဟူသည် မျက်လုံးပြူးကာ သူ့အား တိုက်ခိုက်လိုက်သည့်လူကို လှမ်းကြည့်လိုက်လေသည်။ တိုက်ခိုက်လိုက်သည့်လူကို မြင်ပြီးသည့်နောက် သူ့မျက်လုံးထဲ တုန်လှုပ်ခြောက်ခြားမှုတို့ ပြည့်နှက်သွားခဲ့လေ၏။

“ဘုန်း…”

ချိုက်ဟူသည် စားပွဲခုံများ၊ ထိုင်ခုံများအား သွားရောက်ထိမှန်လေသည်။ ထိုင်ခုံများ၊ စားပွဲခုံများလည်း အကုန်ကျိုးကြေကုန်လေ၏။ သို့သော်ငြား ချိုက်ဟူ ချက်ချင်း ပြန်မတ်တပ်ရပ်လာခဲ့သည်။ သို့ရာတွင် ဒဏ်ရာရထားသည့်အလား မတ်တပ်ရပ်ပြီးသည်နှင့် ချက်ချင်းကို သွေးတစ်ပွက် ထိုးအန်တော့လေ၏။

“ရွှစ် ရွှစ် ရွှစ်…”

မြို့သခင်စံအိမ်မှ ပညာရှင်များသည် တစ်ပြိုင်တည်းဆိုသလို ချိုက်ဟူအား ဝိုင်းကာ တိုက်ခိုက်လိုက်ကြလေသည်။ သို့သော်ငြား သွေးထွက်သံယိုဖြစ်အောင်တော့ မလုပ်ခဲ့ပေ။ သူတို့၏ အရင်းအမြစ်ချီဖြင့် ချိုက်ဟူ၏ ခန္ဓာကိုယ်ကိုသာ ဖိနှိပ်ထားကြလေ၏။

တကယ်တော့ ယနေ့သည် မြို့သခင်၏ မင်္ဂလာပွဲနေ့ပင် မဟုတ်လေလော။ မင်္ဂလာနေ့တွင် သွေးထွက်သံယိုဖြစ်ခြင်းမှာ အတိတ်နိမိတ်ကောင်းသည့် ဖြစ်ရပ်တစ်ခု‌တော့မဟုတ်။ ထိုအတွက်ကြောင့် ချိုက်ဟူအား တန်းမသတ်သေးခြင်း ဖြစ်ပေသည်။

ထိုကဲ့သို့ ဖိနှိပ်ခံလိုက်ရပြီးသည့်နောက်တွင် ချိုက်ဟူသည် ခြေမခိုင်တော့သည့်အလား နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားရလေ၏။ ဝမ်းနည်းမှု၊ နာကျင်မှုတို့ဖြင့် ပြည့်နေသည့် မျက်နှာဖြင့် သတို့သမီးအား လှမ်းကြည့်ရင်း အော်ပြောလိုက်လေသည်။ “ပဉ္စမမြောက်ညီမ… ဘာလို့…”

ထိတ်လန့်ဖွယ်ရာကောင်းစွာပင် သူကယ်တင်နေသည့် သတို့သမီးသည် သူ့အား အလစ်ချောင်း တိုက်ခိုက်ခဲ့လေသည်။ ယခုအချိန်ထိတိုင် ထိုအရာမှာ တကယ်ဖြစ်လိမ့်မည်ဟု ချိုက်ဟူ မယုံကြည်နိုင်သေးပေ။

အကုန်လုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စသည် ချိုက်ဟူကိုသာလျှင်မဟုတ် ခန်းမထဲတွင် ရှိနေသော ဧည့်သည်များကိုပါ ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့လေသည်။ တည်တည်ငြိမ်ငြိမ်ရှိနေသည့် လူဆို၍ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားပြီးဖြစ်သော လော့ကျင်းတစ်ဦးသာ ရှိနေခဲ့လေသည်။

ရုတ်တရက် ရန်ကိုင်သည် သတို့သမီးအား ခံစားချက်ပေါင်းစုံ ရောယှက်နေသည့် အကြည့်ဖြင့် ကြည့်ရင်း မတ်တပ်ထရပ်လိုက်လေသည်။

“မွန်းစတားချီ…” ရီကျင်းဟန်သည်လည်း မျက်မှောင်ကျုံ့လျက် ပါးစပ်အား လက်ဖြင့်အုပ်ရင်း တိုးတိုးလေးပြောလိုက်လေသည်။ “သတို့သမီးက မွန်းစတားမျိုးနွယ်စုကလူလား…”

သတို့သမီးလှုပ်ရှားလိုက်သည့်အချိန်မှာ အလွန်တရာကိုမှ တိုတောင်းသော်ငြား သူမထုတ်ပြသွားသည့် စွမ်းအင်သည် လူသားတစ်ယောက်၏ အရင်းအမြစ်ချီနှင့် လုံးဝကို ကွာခြားနေခဲ့သည်။

လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများသည်လည်း မွန်းစတားမျိုးနွယ်စုမှ ကျင့်စဉ်၊ သိုင်းပညာရပ်များကို ကျင့်ကြံပြီးသည့်နောက် သူတို့၏ စွမ်းအင်ထဲတွင် မွန်းစတားချီများ ပါဝင်လာလိမ့်မည် ဖြစ်သော်ငြား ထိုလူများ ထုတ်လွှတ်သည့် မွန်းစတားချီသည် ယခု သတို့သမီးမှ ထုတ်လွှတ်သည့် မွန်းစတားချီလောက် သန့်စင်ခြင်း မရှိချေ။ ကြည့်ရသလောက် လက်ရှိသတို့သမီးအသစ်သည် လူတစ်ဦးမဟုတ်ဘဲ မွန်းစတားမျိုးနွယ်စုဝင်တစ်ဦး ဖြစ်နေခဲ့လေသည်။

ကြယ်တာရာအစုအဝေးထဲတွင် မွန်းစတားမျိုးနွယ်စုဝင်များ ရှိသော်ငြား ထိုလူများကို လူသားများ၏ ပိုင်နက်ထဲတွင် တွေ့ရလေ့မရှိချေ။ မွန်းစတားမျိုးနွယ်စုဝင် အနည်းစုလောက်သည်သာ လူသူထူထပ်သည့် မြို့ကြီးများတွင် လာရောက်နေထိုင်လေ့ ရှိကြသည်။ ထိုသို့နေထိုင်သည့် အခါတွင်လည်း သူတို့၏ သဲလွန်စ မပေါ်သွားအောင် အတတ်နိုင်ဆုံး ဖုံးဖိထားကြလေသည်။

ရီကျင်းဟန်တစ်ယောက်သာလျှင် ထိုအချက်ကို ရှာတွေ့သွားခြင်းမဟုတ် အခြားလူတော်တော်များများသည်လည်း ထိုအချက်ကို ရှာတွေ့သွားခဲ့ပြီး သတို့သမီးအား စိတ်ဝင်တစား ကြည့်လာကြလေသည်။

ထို့အပြင် သတို့သမီးဆီမှ ဖြာထွက်လာသည့် စွမ်းအင်လှိုင်းအရ သူမ၏ ကျင့်ကြံခြင်းမှာ အထင်ကြီးဖွယ်ကောင်းစွာပင် တာအိုသခင် ပထမအဆင့် ဖြစ်နေခဲ့လေသည်။

“ဘာဖြစ်လို့လဲ သခင်လေးရန်…” ရန်ကိုင်နှင့်ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိသော တုရှန်းက စိုးရိမ်တကြီး အလျင်စလို ထမေးလိုက်လေသည်။

သို့ရာတွင် ရန်ကိုင်ကမူ တုရှန်းကို ဂရုစိုက်မနေခဲ့ဘဲ သတို့သမီးကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့လေသည်။ ထို့အပြင် မယုံကြည်နိုင်စရာ တစ်စုံတစ်ခုကို ရှာတွေ့သွားသည့်အလား သူ့ခန္ဓာကိုယ်မှာ မဆိုစလောက်ကလေး တုန်ရီလာခဲ့လေ၏။

“သူ့ကို ခေါ်သွားလိုက်တော့… သေသေချာချာလည်း ထိန်းထားဦး… ဒီမင်္ဂလာပွဲပြီးရင် ငါ သူနဲ့ စကားကောင်းကောင်း ပြောရဦးမယ်…” လော့ကျင်းက သူ့လက်ကို ဝှေ့ယမ်းလျက် အမိန့်ပေးလိုက်လေသည်။

မြို့သခင်စံအိမ်မှ အစောင့်များသည် လော့ကျင်းပြောသည့်အတိုင်း ချိုက်ဟူ၏ကျင့်ကြံခြင်းကို ချိတ်ပိတ်လျက် သူ့အား ချုပ်နှောင်လိုက်ကြလေသည်။

“မလုပ်နဲ့…” ထိုစဉ် အလွန်စူးရှသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ အကုန်လုံး လှမ်းကြည့်လိုက်ရာ ယခုလေးတင် ချိုက်ဟူ၏လက်မှ လွတ်မြောက်လာခဲ့သော လော့ပင်းသည် သူ့ဆီသို့ အပြေးအလွှား သွားနေကြောင်း တွေ့လိုက်ရလေ၏။ ထို့နောက်တွင် အစောင့်များကို ကန်ကျောက်ကာ တွန်းဖယ်လျက် ချိုက်ဟူရှေ့တွင် ပိတ်ရပ်ကာ သူမလက်နှစ်ဖက်ကို ဖြန့်ကျက်၍ အဆက်မပြတ် ခေါင်းခါလိုက်လေသည်။ “ဒီကို မလာနဲ့…”

လော့ပင်းမှ ချိုက်ဟူအား အသည်းအသန် ကာကွယ်ပေးချင်နေသည်ကို ကြည့်ရင်း အစောင့်များ ထိတ်လန့်သွားကုန်ကြလေသည်။ လော့ပင်း ဘာကိုတွေးလို့တွေးနေမှန်း သူတို့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ချိုက်ဟူသည် သူမအား ဓါးစာခံလုပ်၍ လူတိုင်းကို ခြိမ်းခြောက်ခဲ့လေသည်။ ထိုသို့ဖြစ်လေရာ လော့ပင်းအနေဖြင့် ချိုက်ဟူလက်မှ လွတ်သည်နှင့် ထွက်ပြေးသင့်သည် မဟုတ်ပေလော။ ဘာကြောင့်များ ချိုက်ဟူအား ကယ်တင်ချင်နေရသေးသနည်း။

“ပင်းအာ… သမီး ဘာတွေလုပ်နေတာလဲ…” လော့ကျင်း ဒေါမာန်တကြီး ထအော်တော့လေသည်။ ယနေ့တွင် သူ့သမီးနှင့်ပတ်သက်၍ တော်တော်လေးကိုမှ ဒေါသထွက်ခဲ့ရလေသည်။ သူ့သမီးသည် သူ့အား တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် ဆန့်ကျင်ခဲ့လေသည်။ ထိုမျှသာမဟုတ်သေး ယခုအချိန်တွင်လည်း သူ့သမီးသည် သူ့မင်္ဂလာပွဲကို လာနှောင့်ယှက်သွားသည့်လူအား ကာကွယ်ပေးချင်နေသည်။ လော့ကျင်းအနေဖြင့် ဒေါသမထွက်ဘဲ ဘယ်နေနိုင်မည်နည်း။

“အဖေ… အစ်ကိုချိုက်က မနေ့တုန်းက သမီးကိုကယ်ခဲ့တာ… သူက သမီးရဲ့ အသက်သခင်ကျေးဇူးရှင်ပါ… ကျေးဇူးပြုပြီး သူ့ကို ခက်ခဲအောင် မလုပ်ပါနဲ့…” လော့ပင်းက ငိုရှိုက်ရင်း တောင်းဆိုလိုက်လေသည်။

လော့ကျင်း မျက်လုံးမှေးစင်းသွားခဲ့လေ၏။ “အသက်သခင်ကျေးဇူးရှင်…”

လော့ပင်းက ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… မနေ့တုန်းက သမီး သေတော့မလို ဖြစ်နေတာ… ဒါပေမဲ့ ကံကောင်းပြီး အစ်ကိုချိုက်ကို သမီးလာကယ်ပေးသွားတယ်…”

“မနေ့က…” လော့ကျင်း မျက်မှောင်ကျုံ့သွားခဲ့ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။ “မနေ့တုန်းက သခင်လေးချိုနဲ့ နင်ထွက်သွားတာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဒီလူက နင့်ကို ကယ်တဲ့လူ ဖြစ်သွားတာလဲ…”

လော့ပင်းက ခေါင်းခါလျက် ပြန်ပြောလိုက်လေ၏။ “အကြောင်းစုံကို သမီး နောက်မှ ပြောပြပေးမယ်… အခုလောလောဆယ်တော့ သူ့ကို ခက်ခဲအောင် မလုပ်ပါနဲ့လား… ကျေးဇူးပြုပြီး သူ့ကို သွားခွင့်ပေးလိုက်ပါနော်…”

ထိုမြင်ကွင်းကို ဘေးမှရပ်ကြည့်နေသော ချိုယု၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားလေ၏။ ထို့နောက်တွင် ထိုင်နေရာမှ လစ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး လော့ပင်းဘေးတွင် ပြန်ပေါ်လာကာ သူမလက်ကို ဆုပ်ကိုင်လျက် “ပြဿနာမရှာနဲ့တော့ ညီမပင်း… သူ့ကို ထိခိုက်အောင်မလုပ်ဘူးလို့ မြို့သခင်ပြောထားပြီးသွားပြီ မဟုတ်ဘူးလား… လိမ်လိမ်မာမာနဲ့ မြို့သခင်ပြောတဲ့အတိုင်း လုပ်လိုက်ပါနော် ဟုတ်ပြီလား…”

သို့သော်ငြား လော့ပင်းကမူ ခေါင်းခါလျက် “အဲ့ဒါဆို သူ့ကို အခုချက်ချင်း လွှတ်ပေးလိုက်တော့လေ…”

လော့ကျင်း၏ မျက်လုံးထဲ စိတ်မရှည်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ချိုယုဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “သခင်လေးချို… ငါ့ကလေးမက သိပ်ပြီးတော့ မရင့်ကျက်သေးဘူး… ကျေးဇူးပြုပြီး သူ့ကို အနားယူဖို့ ခေါ်သွားပေးလိုက်ပါလား…”

ချိုယုက ခေါင်းငြိမ့်လိုက်လေသည်။ “ကောင်းပါပြီဆရာ…”

ထိုသို့ပြောပြီးသည့်နောက် ချိုယုသည် သူ့လက်ကို ဆန့်ထုတ်၍ လော့ပင်း၏ ခန္ဓာကိုယ်ကို ပုတ်လိုက်လေ၏။ ချက်ချင်းဆိုသလို လော့ပင်း ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့လေသည်။ လော့ပင်းမှာ သတိမလစ်သေးသော်ငြား သူမ၏ခန္ဓာကိုယ်မှာတော့ လှုပ်မရတော့ချေ။ ထို့အတွက်ကြောင့် ချိုယုသည် လော့ပင်းအား မ ချီလျက် ခန်းမအတွင်းပိုင်းဆီသို့ လျှောက်သွားလေ၏။

သတို့သမီး၏ တိုက်ခိုက်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ချိုက်ဟူသည် အသိစိတ်လွတ်သွားသည့်အလား ဘာဆိုဘာမှ မပြောနိုင်တော့ဘဲ ငေးငိုင်ငိုင် ဖြစ်နေလေသည်။ သို့သော်ငြား ထိုအခိုက်အတန့်တွင် သူ၏တစ်လုံးတည်းသော မျက်လုံးမှာ ရုတ်ချည်း နီရဲလာပြီး ထအော်တော့လေ၏။ “ပဉ္စမမြောက်ညီမ… နင်ငါ့ကို ပြောစမ်းပါ… နင် ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ… တကယ်ကြီး ဒီခွေးအိုကြီးနဲ့ လက်ထပ်ချင်လို့လား…”

လော့ကျင်းက လှောင်ပြုံးပြုံးလျက် “ဒီဘုရင် မင်းကို တတ်နိုင်သလောက် မျက်နှာသာပေးပြီးသွားပြီ… အဲ့ဒါကိုတောင်မှ မင်းက ဒီဘုရင်ရဲ့စေတနာကို နားမလည်ဘူးဆိုမှတော့ ဒီဘုရင်ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့ပေါ့ကွာ…”

ဘေးဘက်တွင်ရှိနေသော ဧည့်သည်တစ်ဦးကလည်း အော်ပြောလိုက်လေသည်။ “မြို့သခင်… သူ့လိုကောင်မျိုးတွေကို ယဉ်ကျေးနေစရာမလိုဘူး… လုပ်သာလုပ်ချပစ်လိုက်…”

“ဟုတ်တယ် မြို့သခင်… မြို့သခင်နဲ့ သတို့သမီးရဲ့ချစ်ခြင်းကို လာခွဲနေတဲ့ကောင်တွေကို ဘာမှ ဂရုစိုက်နေစရာ မလိုဘူး…”

“ငါမယုံဘူး ငါမယုံဘူးကွ…” ချိုက်ဟူသည် အသံကုန်ထအော်လေသည်။

“တကယ်ကို ခေါင်းမာနေတဲ့ အရူးပဲ…” လော့ကျင်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် ပြောလိုက်လေသည်။ “ကဲ အဲ့ဒါဆိုရင် ဘေးမှာရပ်ပြီးတော့ သွားကြည့်နေလိုက် ငါ့မိန်းမက ငါ့ကို တကယ် လက်ထပ်ချင်လား လက်မထပ်ချင်ဘူးလားဆိုတာ…”

ထိုသို့ပြောပြီးသည့်နောက်တွင် လော့ကျင်းသည် လူအုပ်ကြီးကို ဝေ့ကြည့်လျက် မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြောလိုက်လေသည်။ “ဒီမင်္ဂလာပွဲကို ဘယ်ရောင်းရင်းမဆို ရှေ့ထွက်လာပြီး ပြောလို့ရတယ်နော်… ဒီဘုရင် မင်းကို ကျေကျေနပ်နပ် ပြန်ဖြေပေးမယ်…”

ယနေ့ သူ့မင်္ဂလာပွဲ နှောင့်ယှက်ခံလိုက်ရသည့် အတွက်ကြောင့် သူ၏ဂုဏ်သတင်း အတော်လေး ထိခိုက်သွားခဲ့ရလေသည်။ ယခု သူ့ဂုဏ်သတင်းကို တစ်ဖန် ပြန်ဆယ်ရန် အလို့ငှာ ထိုစကားလုံးများကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်လေ၏။

ယခုလိုအချိန်မျိုးတွင် မည်သူကများ ရှေ့ထွက်လာရဲဦးမည်နည်း။

“မြို့သခင် နောက်နေတာပဲ… ဒီလောကကြီးမှာ စေတနာကို နားမလည်တတ်တဲ့လူတွေဆိုတာ ရှိစမြဲပဲလေ မြို့သခင်… အဲ့လိုလူမျိုးတွေကို ဂရုစိုက်မနေနဲ့…”

“ဟုတ်တယ် မြို့သခင်… သူတို့ကြောင့် စိတ်ညစ်ခံနေစရာ မလိုဘူး… မင်္ဂလာပွဲသာ ဆက်ဆောင်လိုက်ပေတော့…”

ထိုလူများ၏ စကားများကို ကြားပြီးသည့်အခါမှသာ လော့ကျင်း၏အမူအယာ အနည်းငယ် ပြေလျော့သွားခဲ့လေသည်။ ထို့နောက် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီနေ့က မင်္ဂလာအခါသမယနေ့မလို့ ဒီဘုရင် ပြဿနာမရှာချင်ဘူး… မကျေနပ်ဘူးဆိုလို့ရှိရင် ပွင့်ပွင့်လင်းလင်း လာပြောလို့ရတယ်…”

ထို့နောက် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။ အကုန်လုံးကမူ တောင်းတောင်းပန်ပန် ပြုံးလျက်သာ သူ့အား ပြန်ကြည့်လာခဲ့လေ၏။

“ကျုပ်…” ထိုစဉ် လူတစ်ယောက်၏အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကြောင့် ပြေလျော့သွားစ ပြုနေသော ခန်းမထဲရှိ အခြေအနေမှာ တစ်ဖန် ပြန်လည် တင်းမာလာခဲ့ပြန်လေ၏။ သက်ပြင်းရှိုက်သံများမှာလည်း ခန်းမ၏ နေရာပေါင်းစုံမှ အလျိုလျို ထွက်ပေါ်လာခဲ့ကြလေသည်။ လူပေါင်းများစွာသည် “ဒီလောကကြီးမှာ သေရမှာကို မကြောက်တဲ့လူတွေ တကယ်ရှိသေးပါလား…” ဟု တွေးလျက် အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ကြလေ၏။

လော့ကျင်း၏မျက်နှာသည်လည်း တင်းမာခက်ထန်လာပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။

လှမ်းကြည့်လိုက်ရာ ရှေ့ဆုံးနှင့် အနီးဆုံးနေရာရှိ စားပွဲဝိုင်းဆီမှ လူငယ်လေးတစ်ဦး မတ်တပ်ရပ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူငယ်လေးက သူ့လက်ကို မြှောက်လျက် ပြောလိုက်လေသည်။ “ကျုပ် တစ်ခုလောက် တောင်းဆိုချင်လို့ပါ မြို့သခင်… မြို့သခင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါသမထွက်ဖို့ မျှော်လင့်ပါတယ်…”

“ရွက်တစ်ထောင်ဂိုဏ်းသားတစ်ယောက်လား…”

“ရွက်တစ်ထောင်ဂိုဏ်းသားတစ်ယောက်ပဲ… သူအခုလိုလုပ်နေတာ အနာပေါ်ဆားပက်နေတာနဲ့ မတူဘူးလား…”

“ငါသူ့ကို တစ်ခါမှ မမြင်ဖူးဘူးကွ… သူတကယ်ရော ရွက်တစ်ထောင်ဂိုဏ်းသား ဟုတ်ရဲ့လား…”

“ဘယ်လိုလုပ်ပြီး မဟုတ်ရမှာလဲ… သူ ရီကျင်းဟန်၊ တုရှန်းတို့နဲ့ အတူထိုင်နေတာကို မင်းမတွေ့ဘူးလား…”

“စိတ်ဝင်စားစရာတော့ ကောင်းလာပြီ…”

ခန်းမထဲ တီးတိုးဆွေးနွေးသံများ ပလုံစီအောင် ထွက်ပေါ်လာခဲ့လေသည်။ စကားပြောလိုက်သည့်လူမှာ ရွက်တစ်ထောင်ဂိုဏ်းသားများနှင့် အတူထိုင်နေသည့် လူတစ်ဦးဖြစ်မှန်း သိလိုက်ပြီးသည့်နောက် ယနေ့ကိစ္စသည် ယခင်ကထက် ပို၍ ရှုပ်ထွေးလာတော့မည်မှန်း အကုန်လုံး သဘောပေါက်လိုက်ကြသည်။ ယနေ့တွင် ချိုက်ဟူပေါ်လာပြီး သတို့သမီးအား လုသွားရန် ကြိုးစားခဲ့သော်ငြား မအောင်မြင်ခဲ့ပဲ သူကိုယ်တိုင်သာ ဒဏ်ရာရသွားခဲ့သည်။ သို့ရာတွင် ရွက်တစ်ထောင်ဂိုဏ်းသာ ပါဝင်လာမည်ဆိုလျှင်တော့ ယနေ့ကိစ္စသည် အင်အားစုကြီးနှစ်ခုကြား အားပြိုင်မှု ဖြစ်သွားပေတော့မည်။ ထိုကိစ္စသည် အလွယ်တကူ အဆုံးသတ်သွားတော့မည်မဟုတ်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ယနေ့ကိစ္စသည် မိုင်တစ်သောင်းဝန်းကျင်အတွင်း နေထိုင်နေသော လူအားလုံးကိုပါ သက်ရောက်လာနိုင်ပေသည်။

ထိုအသံကိုကြားလိုက်သည်နှင့် လော့ပင်းအား သူမအခန်းဆီသို့ ပြန်ခေါ်သွားနေသော ချိုယု၏ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး နောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်လေသည်။ စကားပြောလိုက်သည့်လူကို မြင်ပြီးသည့်နောက် သူ့အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေ၏။ “ဘယ်လိုလုပ်ပြီး အဲ့ခွေးသူတောင်းစား ဖြစ်နေရတာလဲ… ဒီကောင်တကယ်ကို ရဲတင်းတာပဲ…”

“သခင်လေး… သခင်လေးရန်…” ရီကျင်းဟန်မှာလည်း ရန်ကိုင့်အား ငေးကြောင်ကြောင်ဖြင့် ကြောင်ကြည့်နေခဲ့လေသည်။ လက်ရှိအဖြစ်အပျက်ကို မယုံကြည်နိုင်လွန်းသည့် အတွက်ကြောင့် သူမပါးစပ်ကိုပင် လက်ဖြင့် အံ့အားသင့်တကြီး အုပ်ထားရလေ၏။ ရန်ကိုင်ဘာကြောင့် ယခုလိုအချိန်မျိုးတွင် စကားထပြောရန် ဆုံးဖြတ်လိုက်သလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။

“သခင်လေးရန် မင်းဘာလုပ်နေတာလဲ…” တုရှန်း၏အမူအယာလည်း ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း၏ တပည့်တစ်ဦးမဟုတ်မှန်းကို သူသိသော်ငြား အခြားသူများမှာတော့ သိလိမ့်မည်မဟုတ်ချေ။ သူတို့အားလုံးသည် တစ်ဝိုင်းထဲတွင် အတူတူထိုင်နေခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်းသားတစ်ဦး ဖြစ်သည်ဟုသာ အခြားသူများက ယူဆသွားကြပေလိမ့်မည်။ ရန်ကိုင် ယခုကဲ့သို့ အချိန်မျိုး၌ မတ်တပ်ထရပ်လိုက်ခြင်းသည် သူတို့ရွက်တစ်ထောင်ဂိုဏ်းမှ ဤမင်္ဂလာပွဲအား ကန့်ကွက်သည့်ပုံစံမျိုး ဖြစ်နေခဲ့လေသည်။ အကုန်လုံးသာ သူတို့အား အထင်အမြင်လွဲမှားသွားမည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်းသားများအနေဖြင့် ကောင်းကင်ကြိုးကြာမြို့မှ ထွက်သွားနိုင်တော့လိမ့်မည် မဟုတ်ချေ။

ချက်ချင်းဆိုသလို တုရှန်း၏နဖူးထက် ချွေးသီးများ ဝေ့သီလာခဲ့လေသည်။

“ဘာမှစိတ်ပူမနေနဲ့… ဒါ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုပဲ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်ပြီးသည့်နောက် လော့ကျင်းဘက်သို့ လှမ်းကြည့်လိုက်လေသည်။

လော့ကျင်းသည်လည်း ရန်ကိုင့်စကားကြောင့် စိတ်ရှုပ်နေခဲ့လေသည်။ ရန်ကိုင့်အား တခဏတာမျှ စိုက်ကြည့်နေပြီးသည့်နောက် မေးလိုက်လေသည်။ “လူကြီးမင်းကလည်း ရွက်တစ်ထောင်ဂိုဏ်းကလား… ဒီဘုရင် ဘယ်လိုလုပ်ပြီး လူကြီးမင်းကို တစ်ခါမှ မမြင်ဖူးရတာလဲ…”

သူ ပို၍ နားမလည်နိုင် ဖြစ်နေရသည်မှာ ဘာကြောင့်များ ရွက်တစ်ထောင်ဂိုဏ်းသားများသည် ရှေ့ဆုံးထိုင်ခုံတွင် ထိုင်နေရသလဲ ဆိုသည်ကိုပင်။ ဤနေရာတွင် တကယ်ကြီး ဘာတွေများ ဖြစ်ပျက်နေလေသနည်း။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၀၈)

“ကျုပ်က ရွက်တစ်ထောင်ဂိုဏ်းက မဟုတ်ဘူးလို့ ပြောရင် ယုံမှာလား…”

ရီကျင်းဟန်နှင့် တုရှန်းတို့သည် သူတို့နဖူးထက် ဝေ့သီလာနေသော ချွေးအေးများကို အလျင်စလို သုတ်နေကြလေသည်။ သူတို့၏ရင်များမှာလည်း တဒုန်းဒုန်း ခုန်နေကြလေ၏။ နောက်ဘာဆက်ဖြစ်မလဲ ဆိုသည်ကို တွေးရင်း အတော်လေးကိုမှ စိတ်ပူနေခဲ့ကြလေသည်။

ရန်ကိုင့်စကားကိုကြားသော် လော့ကျင်းက မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်လေသည်။ “ဒါဆိုရင် လူကြီးမင်းကို ဘယ်လိုခေါ်ရမှာလဲ…”

ရန်ကိုင်သည် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်ငြား သူ့အသက်မှာ အတော်လေးကို ငယ်ပေသေးသည်။ အသက်ငယ်ငယ်လေးဖြင့် ဤကဲ့သို့သော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် လော့ကျင်းလည်း ရန်ကိုင့်အား ပေါ့သေးသေး မမှတ်ရဲတော့ပေ။ ထိုအတွက်ကြောင့်ပင်လျှင် လိုရမယ်ရ ရန်ကိုင်နှင့် စကားနည်းနည်းပါးပါး ပြောကြည့်ပြီးမှ လှုပ်ရှားသည်မှာ အကောင်းဆုံးသာ ဖြစ်လေသည်။

“ရန်ကိုင်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လော့ကျင်းအား မကြည့်တော့ဘဲ သတို့သမီးဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “အထက်စကြာဝဠာဂိုဏ်းရဲ့ ရန်ကိုင်…”

“အထက်စကြာဝဠာဂိုဏ်း… ဘယ်ဂိုဏ်းလဲ…”

“တောင်ဘက်နယ်မြေထဲမှာ အဲ့လိုဂိုဏ်းမျိုး ရှိလို့လား… ငါဘာဖြစ်လို့ တစ်ခါမှ မကြားဖူးတာလဲ…”

“ဟိုး တောကြိုအုံကြားက ဂိုဏ်းတစ်ဂိုဏ်း နေမှာပေါ့ကွာ… တောင်ဘက်နယ်မြေထဲမှာ ဂိုဏ်းတွေဘယ်လောက်ရှိလဲ ဆိုတာကို မင်းသိလို့လား… ပြီးတော့ ဂိုဏ်းတစ်ဂိုဏ်းလောက်ကို မကြားဖူးတာ ဘာမှ အထူးအဆန်းမဟုတ်ဘူး…”

တီးတိုးပြောသံများ ဧည့်သည်များဆီမှ အစီအရီ ထွက်ပေါ်လာကြလေသည်။ ရီကျင်းဟန်နှင့် အခြားသူများပင်လျှင် အတွေးနက်သွားကြလေ၏။ သူတို့ကိုယ်တိုင်သည်လည်း အထက်စကြာဝဠာဂိုဏ်းအား တစ်ခါမျှ မကြားဖူးကြပေ။

ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက်တွင် သတို့သမီး၏ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့လေသည်။

ထိုအချင်းအရာကို မြင်လိုက်သည့်အခါ ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး သူထင်ထားသည်မှာ အမှန်ဖြစ်နေကြောင်း ပို၍ ယုံကြည်သွားခဲ့လေသည်။

အစောပိုင်းက သတို့သမီး ချိုက်ဟူအား တိုက်ခိုက်လိုက်စဉ်က သူမဆီမှ ထွက်ပေါ်လာသည့် စွမ်းအားကို တစ်မျိုးတစ်ဖုံ ရင်းနှီးနေသလို ရန်ကိုင် ခံစားလိုက်ရလေသည်။ ထိုလူကို သူသိနေသလိုမျိုးပင်။ ယခု သူမ၏ တုံ့ပြန်မှုကို မြင်ပြီးသည့်နောက် သူ့အထင် မှန်ကန်သည်ဆိုသော အချက်အပေါ် ပို၍ ယုံကြည်လာခဲ့လေသည်။

အထက်စကြာဝဠာဂိုဏ်းကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းအား တစ်ခါမျှ မကြားဖူးသည့် အတွက်ကြောင့် လော့ကျင်းက မျက်မှောင်ကျုံ့လျက် “ဒီတော့ ညီငယ်လေး… မင်း ဒီဘုရင်ရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ဘာကန့်ကွက်ချင်တာလဲ… ဒီဘုရင်ကို တစ်ချက်လောက် ပြောပြပေးလို့ရမလား….”

ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ရှင်းရှင်းပြောရရင် ကန့်ကွက်တယ်လို့တော့ မဟုတ်ပါဘူး… အဲ့အစား သတို့သမီးရဲ့ မျက်နှာလေးကို သိချင်လို့… မြို့သခင်… ကျုပ်တို့အားလုံး သတို့သမီးရဲ့ မျက်နှာကို မြင်ဖူးသွားရအောင်လို့ အနီရောင်ဇာပုဝါလေးကို တစ်ချက်လောက် ဖယ်ပေးလို့ရမလား…”

ရန်ကိုင့်၏စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ခန်းမထဲတွင် ရှိနေသော လူအားလုံးသည် ရန်ကိုင့်အား ထူးဆန်းသည့် အကြည့်များဖြင့် စိုက်ကြည့်လာခဲ့ကြလေသည်။ သူတို့၏အစဉ်အလာအရ မည်သည့်သတို့သမီးကများ မင်္ဂလာအိပ်ခန်းထဲ မဝင်ခင်အချိန်အထိ သူတို့၏ ဇာပုဝါကို ဖယ်ပေးရလို့နည်း။ ပုံမှန်အားဖြင့် သတို့သမီးများ ဝတ်ထားကြသော ဇာပုဝါကို မင်္ဂလာအိပ်ခန်းထဲ ဝင်ပြီးသည့် အခါမှသာ သတို့သားများက ဖယ်ပေးလေ့ ရှိကြပေသည်။ ဤသည်မှာ ရိုးရာအစဉ်အလာလည်း ဖြစ်ပေသည်။ ဤရိုးရာကို ဖောက်ဖျက်ခြင်းသည် ကံမကောင်းမှုကို ဖြစ်စေနိုင်သည်ဟု လူများက ယုံကြည်ထားကြသည်။

သူတို့စိတ်ထဲ ထိုကဲ့သို့ တွေးနေမိသော်ငြား သတို့သမီး၏ရုပ်ရည်နှင့် ပတ်သက်၍ အကုန်လုံးကတော့ စိတ်ဝင်စားနေမိကြပေသည်။ သူတို့ကိုယ်တိုင်သည်လည်း သတို့သမီး၏မျက်နှာကို မြင်ချင်မိသည်။ သို့သော်ငြား မည်သူမျှ ထိုကဲ့သို့ သွားတောင်းဆိုရဲသည့် သတ္တိမရှိကြပေ။ ထို့အတွက်ကြောင့် ရန်ကိုင့်၏စကားကို ကြားပြီးသည့်နောက်တွင် ဧည့်သည်များ၏စိတ်ထဲ မျှော်လင့်ချက်တို့ တလက်လက် တောက်ပလာလေတော့သည်။

လော့ကျင်းသည် ရန်ကိုင့်အား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရယ်မောလျက် ပြန်ပြောလိုက်လေသည်။ “ညီလေးရန်… မင်းက တကယ်ကို ရယ်ရတာပဲကွ… အားလုံးရဲ့ စိတ်အခြေအနေတွေ ပြေလျော့သွားအောင်လို့ မင်းအခုလို လုပ်ပေးတာကို ဒီလူအိုကြီး တကယ်‌ ကျေးဇူးတင်ပါတယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်၏သဘောထားကို နားလည်သည့်အလား လက်သီးဆုပ်ပြလိုက်လေသည်။ သို့သော်ငြား သူ့အကြည့်မှာတော့ ခြိမ်းခြောက်လိုသည့် အရိပ်အယောင်များဖြင့် ပြည့်နေခဲ့လေ၏။ ရန်ကိုင်သာ ယနေ့မင်္ဂလာပွဲကို ဆက်၍ နှောင့်ယှက်နေဦးမည်ဆိုပါက ကြီးမားသည့် အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မည်ဟု ပြောနေသယောင်ယောင်။

သို့သော်ငြား သူပြောပြီးပြီးချင်းမှာပင် ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “မြို့သခင် နားလည်မှုလွဲနေပြီနဲ့ တူတယ်နော်… ကျုပ်နောက်နေတာမဟုတ်ဘူး… ကျုပ် သတို့သမီးရဲ့ မျက်နှာကို တကယ်မြင်ချင်နေတာ…”

လော့ကျင်းမျက်နှာထက်ရှိ အပြုံး ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်ကမူ ထိုအချက်ကို သတိမထားမိသည့်အလား ဆက်ပြောလိုက်လေ၏။ “မြို့သခင် အရမ်းကံကောင်းတယ်ဆိုတာ လူတိုင်းသိကြတယ်… အရင် ကိုယ်လုပ်တော် ဆယ့်လေးယောက်လုံးက ပုံစံအမျိုးမျိုးနဲ့ လှနေတဲ့ မိန်းမချောလေးတွေချည်းပဲ… ဒီလိုမျိုး မိန်းမချောလေး ၁၄ယောက်နဲ့အတူ နေနေရတဲ့ မြို့သခင်ရဲ့ ဘဝက တကယ်ကို ကြည်နူးစရာကောင်းမှာ အသေအချာပဲ… ဒါပေမဲ့ မြို့သခင်ရဲ့ ကိုယ်လုပ်တော်ဆယ့်လေးယောက်လုံး ဘယ်လိုပုံစံရှိလဲဆိုတာကို ဘယ်သူမှမသိကြရဘူး… အခုလိုဖြစ်တာလည်း ထူးတော့မထူးဆန်းဘူးလေ… သူတို့တွေအပြင်ထွက်တာနဲ့ အကုန်လုံးက အနက်ရောင်ဇာပုဝါတွေ ဝတ်သွားကြတာကို… ပြီးရင် သူတို့ဘေးမှာလည်း အစောင့်အကြပ်တွေက တသီတသန်းကြီးနဲ့… ဘယ်သူက သူတို့ကိုသွားကြည့်ရဲဦးမှာလဲ… လူတိုင်းက ထင်နေမှာတော့ သေချာပါတယ်… မြို့သခင်လို ဂုဏ်သတင်းကြီးမားပြီး အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်အတွက် ကိုယ်လုပ်တော် ဆယ့်လေးယောက်လုံးကလည်း အရမ်းကို ချောမောလှပနေရမယ်ဆိုတာလေ… အဲ့လိုလှပလွန်းတဲ့ မိန်းမချောလေးတွေကပဲ မြို့သခင်လိုလူတစ်ယောက်နဲ့ ထိုက်တန်မှာပေါ့… ဟုတ်တယ်မလား…”

ထိုစကားကိုကြားသော် လော့ကျင်းက ရယ်မောလျက် “မင်းယဉ်ကျေးလွန်းနေပါပြီ ညီငယ်လေး…”

ရန်ကိုင် ထပ်ပြောသည့်စကားကို ကြားပြီးသည့်နောက်တွင် ဤလူငယ်လေးသည် ပြဿနာရှာနေခြင်းမဟုတ်ဘဲ သူ့အား ဖားယားရန် ရောက်နေခြင်း ဖြစ်သည်ဟု မြို့သခင် တွေးမိသွားလေသည်။ ထိုသို့သာ ဆိုလျှင်တော့ အတိုင်အဖောက်ညီညီ လိုက်ပြောပေးနေ၍ ကိစ္စမရှိတော့ချေ။

“အခု နောက်ထပ်ကိုယ်လုပ်တော် တစ်ယောက် ထပ်တိုးလာပြန်ပြီ… ဒီတစ်ကြိမ်တော့ မြို့သခင် သူ့မျက်နှာကို ဖုံးမထားသင့်ဘူးနဲ့တူတယ်… လူတိုင်းကလည်း မြင်ချင်နေမှာပဲဆိုတာ သေချာပါတယ်…” ရန်ကိုင်က လော့ကျင်းအား မျက်စိတစ်ဖက် မှိတ်ပြလျက် “အခု ရှိနေတဲ့ သတို့သမီးမျက်နှာကို ကျုပ်တို့တွေမြင်အောင် ပြပေးဖို့ ကိစ္စမရှိဘူးမလား မြို့သခင်… မြို့သခင်သာ အဲ့လို တကယ်လုပ်ပေးမယ်ဆိုရင်တော့ ကျုပ်ရဲ့ ဆန္ဒ ပြည့်ဝသွားပြီလို့ ပြောလို့ရတယ်… မြို့သခင် ခံစားနေရတဲ့ ကောင်းချီးကိုလည်း ကျုပ်တို့တစ်တွေကိုလည်း နည်းနည်းပါးပါးလောက်တော့ ဝေမျှပေးဦးလေ… မြို့သခင်သာ အခုလိုလုပ်ပေးလိုက်လို့ရှိရင် မြို့သခင်ရဲ့ ဘဝတစ်ခုလုံး ကောင်းချီးတွေနဲ့ မပြည့်နေဘူးလို့ ဘယ်သူပြောနိုင်မှာလဲ… မြို့သခင်လည်း စိတ်ပျော် လာတဲ့ဧည့်သည်တွေလည်း စိတ်ပျော် မြို့သူမြို့သားတွေအားလုံးလည်း စိတ်ပျော်နေမယ်ဆိုရင် ကောင်းကင်ကြိုးကြာမြို့တစ်ခုလုံးက အရမ်းကို စည်ပင်သာယာဝပျော လာမှာပေါ့… ဟုတ်တယ်မလား အားလုံး…”

ဧည့်သည်များမှာ စကားတစ်ခွန်းမှမပြောဘဲ ငြိမ်သက်စွာသာ ထိုင်နေကြသော်ငြား သူတို့၏အမူအယာများမှာတော့ ရန်ကိုင့်၏စကားကို ထောက်ခံနေကြောင်း ပြောနေခဲ့လေသည်။

လော့ကျင်းက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ညီငယ်လေး… ဒီလော့နဲ့ ငါ့ရဲ့ မိန်းမတွေက စိတ်တူကိုယ်တူပဲကွ… ငါတို့တွေကိုလည်း ကောင်းကင်ကပဲ ရေစက်ဆုံပေးခဲ့တာ… မင်းသာ ငါ့လိုမျိုး မိန်းမတွေနဲ့ ကံကောင်းချင်တယ်ဆိုရင် ငါတို့မြို့ရဲ့ ပျော်ပွဲတစ်ထောင်စံအိမ်ဆီကို သွားသင့်တယ်… အဲ့မှာ မင်းလိုချင်နေတဲ့ အရာတွေကို ရလိမ့်မယ်ဆိုတာ ငါကျိန်းသေ အာမခံရဲတယ်…”

သူ့စကား ဆုံးသွားသည်နှင့် လူအုပ်ကြီးဆီမှ သည်းလှိုက်အူလှိုက် အော်ရယ်မောသံများ ထွက်ပေါ်လာကြလေသည်။

မည်သို့ပင် ဖြစ်စေကာမူ လူအချို့မှာတော့ မြို့သခင်စကားလုံးနောက်ကွယ်ရှိ အဓိပ္ပာယ်ကို သဘောပေါက်မိသွားကြလေ၏။ သူပြောချင်နေသည်မှာ သူ့မိန်းမများသည် မင်းပိုက်ဆံပေးတိုင်း ရနိုင်သည့် ပြည့်တန်ဆာအိမ်မှ မိန်းမများမဟုတ်။ အသက်ရှင်ရမှာ ပျင်းနေ၍ သူ့အား ပြဿနာ လာရှာနေဦးမည်ဆိုပါက သူ့ကို ရိုင်းပြလို့ဆို၍ အပြစ်မတင်ရန် ပြောနေခြင်း ဖြစ်ပေသည်။

“ကဲ… မင်္ဂလာအချိန် ရောက်လာတော့မှာဆိုတော့ မင်္ဂလာပွဲကို ဆက်ပြီးတော့ စကြတာပေါ့…” လော့ကျင်းသည် သူ့လက်ကို ဝှေ့ယမ်းလျက် ပြန်ပြောလိုက်လေသည်။

ရုတ်တရက် ရန်ကိုင်က ရှေ့သို့ တစ်လှမ်းတိုး၍ ပြောလိုက်လေသည်။ “ကျုပ် ခင်ဗျားရဲ့ သတို့သမီးမျက်နှာကို တစ်ချက်လောက် ကြည့်ချင်တယ်ဆိုရင်ရော…”

လော့ကျင်းသည် ရန်ကိုင့်ဘက်သို့ အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လျက် ခံစားချက်မရှိသည့် လေသံဖြင့် ပြောလိုက်လေသည်။ “ကိုယ့်ဘာသာကိုယ် ပြန်ထိုင်နေရင် ကောင်းလိမ့်မယ်နော် ညီငယ်လေး…”

“သခင်လေးရန်… ရှင်ဘာလုပ်နေတာလဲ…” ရန်ကိုင်မှ လော့ကျင်းအား ထပ်ကာထပ်ကာ သွားရန်စနေသည့်ပုံစံကို ကြည့်ရင်း ရီကျင်းဟန်မှာ ရူးတော့မလို ဖြစ်နေခဲ့လေသည်။ လော့ကျင်း တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာကာ ဒေါသထွက်လာသည်ကို သူမမြင်နေရသည်။ ဤအတိုင်းသာ ဆက်သွားနေဦးမည်ဆိုလျှင် သူတို့လည်း ဒုက္ခရောက်ကြရပေတော့မည်။

“သခင်လေးရန် ကျေးဇူးပြုပြီး ပြန်လာပါတော့…” တုရှန်းကလည်း ပြောလိုက်လေသည်။

ရန်ကိုင်သည် ထိုလူများဘက်သို့ လှည့်၍ ထူးမခြားနားလေသံဖြင့် ပြောလိုက်လေ၏။ “ဒီကိစ္စက ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ… ကျုပ်ကြောင့် ခင်ဗျားတို့ ပြဿနာတက်မှာကို ကြောက်နေရင် အခုချက်ချင်း ထွက်သွားလိုက်ပေတော့… ဒါပေမဲ့ ကျုပ်ကို ဘာမှလာမပြောနဲ့… အမိန့်လည်း လာမပေးနဲ့…”

တုရှန်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။

ရီကျင်းဟန်မှာတော့ ပျာယာခတ်သွားခဲ့ပြီး ကမန်းကတန်း လက်ဝှေ့ယမ်းလျက် “ကျွန်မ အဲ့လိုပြောချင်တာမဟုတ်ပါဘူး… ဒါပေမဲ့…”

သူမစကားဆုံးအောင် ပြောမည်ကိုပင် စောင့်မနေတော့ဘဲ ရန်ကိုင်သည် သတို့သမီးဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားလိုက်လေသည်။ မနှေးမမြန်နှုန်းဖြင့် လျှောက်သွားရင်းမှ လော့ကျင်းအား ကြည့်လျက် ပြောလိုက်လေသည်။ “မြို့သခင်… ကျုပ်က သတို့သမီးရဲ့မျက်နှာကို တကယ်မြင်ချင်လို့ပါ… သူ့မျက်နှာကိုသာ မမြင်ရလို့ရှိရင် ကျုပ် စားဝင် အိပ်ပျော်တော့မှာမဟုတ်ဘူး… ဒါကြောင့် ကျုပ်ရဲ့ဆန္ဒကို ကျေးဇူးပြုပြီး ဖြည့်ဆည်းပေးပါလို့ မြို့သခင်ကို တောင်းဆိုချင်ပါတယ်…”

“မင်းရူးနေတာလား…” ထိုမြင်ကွင်းကိုကြည့်ရင်း ချိုယုမှာတော့ လုံးဝကို မင်သက်နေခဲ့လေသည်။ ရန်ကိုင် ဘာကြောင့် ဤကဲ့သို့ ပြဿနာရှာနေသလဲဆိုသည်ကို သူလုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ရန်ကိုင်နှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသလောက် ရန်ကိုင်သည် အကြောင်းမဲ့ လိုက်ပြဿနာရှာနေသည့် လူတစ်ဦးမဟုတ်မှန်း သူသိပေသည်။

ထိုအခိုက်အတန့်တွင် လုံးဝ စိတ်ဓာတ်ချုံးချုံးကျနေသော ချိုက်ဟူသည် မျှော်လင့်ချက်အလင်းရောင်ကို တွေ့လိုက်သည့်အလား သူ၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ အသက်ကယ်မျှော်လင့်ချက်တစ်ခုကို တွေ့လိုက်ရသည့်နှယ် အသည်းအသန် ရုန်းကန်ရင်းမှ အော်ပြောလိုက်လေ၏။ “ညီငယ်လေး ကျေးဇူးပြုပြီး သူ့ကို ခေါ်သွားပေးပါကွာ… သူ လတ်တလော စိတ်နဲ့လူ မကပ်သေးတာပဲ ဖြစ်လိမ့်မယ်… ကျေးဇူးပြုပြီး သူ့ကို ခေါ်သွားပေးပါ…”

“ရိုင်းလိုက်တာ…” လော့ကျင်းသည် ဒေါမာန်တကြီး ထအော်လေသည်။ ထို့နောက် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်ရင်း “ကောင်လေး… မင်း တမင်သက်သက် ငါ့ကို လာပြဿနာရှာနေတာမလား…”

သတို့သမီးဆီသို့ လျှောက်သွားနေရင်းမှ ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားနားလည်မှု လွဲနေပြီ မြို့သခင်ရဲ့ … ကျုပ် သတို့သမီးရဲ့ မျက်နှာကို တစ်ချက်လောက် ကြည့်ချင်ရုံပဲ… ခင်ဗျားသဘောမတူဘူးဆိုမှတော့လည်း ကျုပ်ဘာသာကျုပ်ပဲ ကြည့်ရတော့တာပဲ…”

လော့ကျင်းက ဒေါသတကြီး အော်ပြောလိုက်လေသည်။ “သူ့ကို ဖမ်းကြစမ်း…”

လော့ကျင်းမှ အမိန့်ပေးလိုက်သည်နှင့် ဘက်ပေါင်းစုံမှ ကျင့်ကြံသူများစွာ ခုန်ထွက်လာကြပြီး ရန်ကိုင့်ဆီသို့ ပြေးဝင်လာကြလေသည်။ သူတို့ထဲမှ လူနှစ်ဦးမှာ တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေ၏။ နှစ်ဦးစလုံးသည် ရန်ကိုင်၏ ဘယ်နှင့်ညာဆီမှ တိုးဝင်လာလျက် ရန်ကိုင့်အား တိုက်ခိုက်လိုက်ကြလေသည်။

တိုက်ပွဲဖြစ်တော့မည်ကို မြင်သော် ဧည့်သည်များ၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ဆုတ်သွားကြလေ၏။

မျက်တောင်တစ်ခတ်အတွင်း ကျင့်ကြံသူပေါင်းများစွာ ရန်ကိုင့်ရှေ့တွင် ပေါ်လာကြလေသည်။ တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူနှစ်ဦးမှ ဦးဆောင်လျက် ထိုကျင့်ကြံသူအားလုံးသည် ရန်ကိုင့်အား ရက်ရက်စက်စက် တိုက်ခိုက်လိုက်ကြလေ၏။ ချက်ချင်းဆိုသလို ခန်းမထဲ သူတော်စင်ချီစွမ်းအင်လှိုင်းတို့ဖြင့် ပြည့်နှက်သွားတော့လေသည်။

ထို့နောက်တွင်မူ အကုန်လုံးမင်သက်စရာ မြင်ကွင်းတစ်ရပ် ထွက်ပေါ်လာခဲ့လေ၏။ အချင်းချင်း ထိုးရိုက်သံများကြား နာကျင်စွာအော်ဟစ်သံများနှင့်အတူ မြို့သခင်စံအိမ်၏အစောင့်များ လွင့်ပျံထွက်လာကုန်ကြလေသည်။ အကုန်လုံးမှာ နံရံများအား တစ်ယောက်ပြီးတစ်ယောက် ပြေးစောင့်နေကြသဖြင့် မြို့သခင်စံအိမ်၏ နံရံများထက် အပေါက်များ တစ်ပေါက်ပြီးတစ်ပေါက် ထွက်ပေါ်လာကြတော့လေ၏။

“ဘာဖြစ်သွားတာလဲ…”

“ငါ မျက်လုံးတွေများ ဝါးနေတာလား… ဘာတွေဖြစ်နေကြတာလဲ…”

ဧည့်သည်များဆီမှ အံ့အားသင့်နေသည့် အော်ဟစ်သံများ ထွက်ပေါ်လာကြလေသည်။ တချို့လူများဆိုလျှင် သူတို့မျက်လုံးသူတို့ မယုံကြည်နိုင် ဖြစ်နေသည့်အလား မျက်လုံးများကို ပွတ်၍ သေသေချာချာ ထပ်ကြည့်နေကြလေ၏။ သို့သော်ငြား မည်သို့ပင် လုပ်နေစေကာမူ တကယ့်ရလာဒ်မှာ ပြောင်းလဲသွားခြင်း မရှိချေ။ ရန်ကိုင့်ဆီသို့ ပြေးဝင်သွားကြသော တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူနှစ်ဦးနှင့်အတူ အခြားသော ကျင့်ကြံသူအားလုံး လွင့်ပျံ ထွက်လာကုန်ကြလေ၏။

ထိုလူများ ဘာကြောင့် ဤကဲ့သို့ လွင့်ပျံ ထွက်လာရသနည်း။ အကြောင်းအရင်းတစ်ခုသာ ရှိတော့သည်။ ရန်ကိုင့်ကြောင့်သာ ဖြစ်ရပေမည်။ သို့သော်ငြား ရန်ကိုင်လှုပ်ရှားလိုက်သည်ကို မည်သူမှ မတွေ့လိုက်ရ။ ရန်ကိုင့်၏ပုံရိပ် ဝေဝါးပျောက်ကွယ်သွားသည်ကိုသာ သူတို့မြင်လိုက်ရသည်။

ခန်းမထဲရှိ လက်တစ်ဆုပ်စာလောက်မျှသာ ရှိသော တာအိုသခင် တတိယအဆင့် ကျင့်ကြံသူများသာ ဘာတွေဖြစ်ပျက်သွားသလဲဆိုသည်ကို မြင်လိုက်ရလေသည်။ ရန်ကိုင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုလည်း သူတို့သဘောပေါက်သွားကြလေ၏။

လော့ကျင်းအတွက်လည်း အတူတူပင်။ ရန်ကိုင်သည် မိုးနှင့်မြေ မည်မျှ ကွာခြားသလဲ ဆိုသည်ကို နားမလည်သေးသည့် ကောင်လေးတစ်ယောက်သာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်ငြား ရန်ကိုင်သည် သူ့ခွန်အားကို ဤကဲ့သို့ ဖုံးကွယ်ထားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ သူတကယ် ပြဿနာတက်ပြီမှန်းလည်း လော့ကျင်း သဘောပေါက်သွားခဲ့လေ၏။

သူ့ဆီသို့ ပြေးဝင်လာနေသော မြို့သခင်စံအိမ်၏အစောင့်များကို အမှောက်သိပ်ပေးလိုက် ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဘာမှဖြစ်မသွားသည့်အလား တည်တည်ငြိမ်ငြိမ်ဖြင့် သတို့သမီးဆီသို့ ဆက်၍ လျှောက်သွားလေသည်။

“မင်းတို့ ဘာတွေ စိုက်ကြည့်နေကြတာလဲ…” အခြေအနေ ပိုဆိုးလာနေပြီမှန်း သဘောပေါက်လိုက်သော လော့ကျင်းသည် ဒေါမာန်တကြီး ထအော်တော့လေ၏။

ချက်ချင်းဆိုသလို မြို့သခင်စံအိမ်ထဲမှ ပိုမိုများပြားသော ပညာရှင်များ ထွက်ပေါ်လာကြပြီး ရန်ကိုင့်ဆီသို့ ပြေးဝင်သွားကြလေသည်။

ရန်ကိုင် ရုတ်တရက် ရပ်သွားခဲ့သည်။ ထို့နောက် သူ့ဘေးပတ်ဝန်းကျင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လျက် ခြိမ်းခြောက်ပြောဆိုလိုက်လေသည်။ “မင်းတို့ ထပ်ပြီး ရှေ့ဆက်တက်လာဦးမယ်ဆိုရင် ငါ့ကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့တော့…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဆီသို့ ပြေးဝင်လာရန် ကြံနေသည့် ကျင့်ကြံသူများ တုံ့ဆိုင်း တွေဝေသွားကြလေသည်။ သူတို့အသက်အား ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေသော်ငြား လော့ကျင်းမှ စိုက်ကြည့်နေသည့် အတွက်ကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ အံကြိတ်ကာ သူတို့၏ မှော်ရတနာများကို ထုတ်ဖော်၍ ရန်ကိုင့်အား တိုက်ခိုက်ကြတော့လေ၏။

ချက်ချင်းဆိုသလို ရန်ကိုင်ရပ်နေသည့် နေရာတစ်ခုလုံး ရောင်စုံအလင်းတန်းများဖြင့် ပြည့်နှက်သွားတော့လေသည်။ အားကောင်းသည့် စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့ကြပြီး ပေါက်ကွဲသံများနှင့်အတူ ခန်းမတစ်ခုလုံးမှာလည်း တုန်ခါလာတော့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၀၉)

အကုန်လုံးသည် မျက်လုံးကြီးပြူးလျက် ရန်ကုင် ရပ်နေသည့် နေရာဆီသို့ လှမ်းကြည့်နေကြ၏။ ဤတစ်ကြိမ် တိုက်ခိုက်မှုကို ရန်ကိုင် မည်ကဲ့သို့ ခုခံလိမ့်မည်လဲဟု စဉ်းစားထားကြသော်ငြား ရန်ကိုင်သည် တစ်ချက်ကလေးမျှပင် မလှုပ်ဘဲ ဤအတိုင်းသာ ရပ်နေသည်ကိုမြင်သော် ရန်ကိုင် အတော်လေးကို စိတ်ပျက်သွားခဲ့လေသည်။

“သခင်လေး” ရီကျင်းဟန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေသည်။

ဤမျှ တိုက်ခိုက်မှုပေါင်းစုံနှင့် ရင်ဆိုင်နေရသည့် အခါတွင် ရန်ကိုင်အနေဖြင့် မည်သို့များ ခုခံနိုင်ပါတော့မည်နည်း။ ရန်ကိုင်သည် တာအိုသခင်ဒုတိယအဆင့်သာ ရှိပေသေးသည်။ ထို့ကြောင့် ရန်ကိုင် ဒုက္ခရောက်ပြီဟု ရီကျင်းဟန် တွေးမိသွားလေသည်။

လော့ကျင်းကမူ ထိုမြင်ကွင်းကိုကြည့်ရင်း လှောင်ပြုံးပြုံးသာ ပြုံးနေခဲ့လေသည်။

ခဏအကြာတွင် စွမ်းအင်လှိုင်းများ ငြိမ်သက်သွားခဲ့ပြီး ရန်ကိုင် ရပ်နေခဲ့ဖူးသည့် နေရာ၌ တွင်းပေါက်ကြီးတစ်ပေါက် ပေါ်လာခဲ့လေသည်။ ရန်ကိုင်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။

“သူဘယ်ရောက်သွားတာလဲ”

“သေသွားတာများလား။ သေပြီး တစ်ခါတည်း အငွေ့ပျံသွားတာလား”

“ဖြစ်နိုင်တယ်။ အဲ့ကောင်က တကယ့်ဟာသဟ။ ဟောင်ဖို့ပဲသိပြီး ဘာမှကို မကိုက်တတ်တဲ့ကောင်”

“တိုက်ခိုက်လိုက်တဲ့ လူတွေကိုလည်း ကြည့်ဦးလေကွာ။ ဒီလောက် အများကြီးကို... တာအိုသခင်တတိယအဆင့် ဆိုရင်တောင် လွတ်မှာမဟုတ်ဘူး။ သူ့လိုမျိုး အတွေ့အကြုံမရှိ ဟောင်ဖွာဟော်ငဖွာပဲ လုပ်တတ်တဲ့ လူဆိုရင်တော့ ပြောမနေနဲ့တော့”

အကုန်လုံးဆီမှ ဆွေးနွေးတီးတိုးပြောသံများ ပလုံစီအောင် ထွက်ပါ်လာခဲ့လေသည်။ အချို့ကမူ အချိန်မတိုင်ဘဲ သေသွားရသည့် ရန်ကိုင်ကို သနားမိသလို အချို့ကမူ ကိုယ့်ကိုယ်ကို အထင်ကြီးနေသည့် ရန်ကိုင်အား လှောင်ပြောင်နေကြလေ၏။ ရန်ကိုင် သေသွားပြီအထင်နှင့် လူပေါင်းများစွာသည် လော့ကျင်းအား ဖားယားကြတော့လေသည်။

လော့ကျင်းကမူ ယဲ့ယဲ့လေးပြုံးနေခဲ့သည်။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရဆဲ။ ထို့ကြောင့် လုံးဝ သတိမလွတ်ရဲသေးခဲ့ပေ။

ချိုက်ဟူသည် ထိုမြင်ကွင်းကိုမြင်ပြီးသည့်နောက် မျက်နျာပျက်သွားလေ၏။

တုရှန်းသည်လည်း မျက်နှာပျက်သွားပြီး တံတွေးတစ်လုတ် မျိချမိလိုက်လေသည်။ အတော်လေးကြာအောင် ငေးငိုင်နေပြီးနောက်တွင် မှိုင်နေရာမှ ဆတ်ခနဲ အသိပြန်ဝင်လာခဲ့ပြီး တိုးတိုးလေး ပြောလိုက်လေသည် “ငါတို့ မြန်မြန် သွားကြရအောင်။ မဟုတ်ရင် အရမ်း နောက်ကျသွားလိမ့်မယ်”

ယခု ရန်ကိုင် သေသွားခဲ့လေပြီ။ ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း၏ တပည့်တစ်ဦး မဟုတ်သော်ငြား ရန်ကိုင်နှင့် သူနှင့်အတူ ထိုင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်းနှင့် ရင်းနှီးသူတစ်ဦး ဖြစ်လိမ့်မည်ဟု အခြားသူများ ထင်ကြပေလိမ့်မည်... အထူးသဖြင့် လော့ကျင်းပင်။ ထိုသို့ တွေးပြီးနောက် ရွက်တစ်ထောင်ဂိုဏ်းသားများကို သူမည်ကဲ့သို့ ဆက်လုပ်မလဲ ဆိုသည်ကို မည်သူမှ မပြောနိုင်ကြချေ။

ထို့အကြောင်းများကိုတွေးရင်း တုရှန်းမှာ ပျာယာခတ်လာခဲ့သည်။ ထို့အတွက်ကြောင့် အကုန်လုံး တိုက်ပွဲကြောင့် အထိတ်တလန့်ဖြစ်နေစဉ် ရီကျင်းဟန်လက်ကိုကိုင်၍ မသိမသာ ခိုးထွက်သွားရန် ပြင်လိုက်လေသည်။

သို့သော်ငြား ရီကျင်းဟန်ကမူ ထိုင်ရာမှ တစ်ချက်ကလေးပင် မရွေ့ဘဲ ဟင်းလင်းပြင်ထဲကိုသာ အာရုံစိုက်၍ လိုက်ကြည့်နေခဲ့လေသည်။

“နင်ဘာလုပ်နေတာလဲ ရီအာ” တုရှန်း စိုးရိမ်လာခဲ့သည်။

ရီကျင်းဟန်က ပြန်ပြောလိုက်လေသည် “သခင်လေးရန် မသေသေးဘူး။ ဒီလောက်နဲ့ သူသေမှာမဟုတ်ဘူး”

တုရှန်းက အံကြိတ်၍ ပြန်ပြောလိုက်လေသည် “သူ့တစ်ကိုယ်လုံး ပြာဖြစ်သွားတာကို နင်က ဘာတွေ လိုက်ရှာနေသေးတာလဲ”

ရီကျင်းဟန်က ပြန်ပြောလေ၏ “သခင်လေးရန်အကြောင်း ကျွန်မ ကောင်းကောင်း သိတယ်။ ဒီလောက်နဲ့ သူသေသွားစရာအကြောင်း လုံးဝ မရှိဘူး”

“သူအားကောင်းတော့ကော ဘာဖြစ်လဲ။ သူတစ်ယောက်တည်းနဲ့ ဒီလောက်လူအများကြီးကို တိုက်နိုင်မှာမို့လို့လား” တုရှန်းက ထပ်ပြောလိုက်ပြန်သည်။

“ကျွန်မသူ့ကိုယုံတယ်” ရီကျင်းဟန်က နှုတ်ခမ်းလေးကိုကိုက်၍ ပြောလိုက်လေသည်။ ရုတ်တရက် တစ်ခုခုအား ရှာတွေ့သွားသည့်အလား ပါးစပ်လေးကို လက်ဖြင့် အလန့်တကြား အုပ်ရင်း တစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။

တုရှန်းလည်း ရီကျင်းဟန်၏ အမူအရာကို မြင်ပြီး သူမ ကြည့်နေသည့်ဘက်သို့ ချက်ချင်း လှမ်းကြည့်မိလိုက်လေသည်။ ထို့နောက် မှင်သက်သွားတော့လေ၏။ သူကြည့်နေသည့် ဘက်တွင် အစောပိုင်းက ရန်ကိုင်ကို တိုက်ခိုက်ခဲ့သော မြို့သခင်စံအိမ်၏ အဖွဲ့သားများအနက်မှာ တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နေသော ကျင့်ကြံသူ တစ်ဦး ရှိနေခဲ့သည်။

လက်ရှိတွင် တစ္ဆေတစ်ကောင်နှယ် ထင်မှတ်ရသော ပုံရိပ်တစ်ခုသည် ထိုလူ၏ နောက်ဘက်တွင် တဖြည်းဖြည်းချင်း ပေါ်လာနေခဲ့လေသည်။ ထို့နောက် ထိုပုံရိပ်သည် ရန်ကိုင်၏ ပုံစံသို့ ပြောင်းလဲသွားခဲ့လေ၏။

“ဒါက...” ထိုမြင်ကွင်းကိုကြည့်ရင်း တုရှန်း၏ မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်လာခဲ့လေသည် “သူတကယ်ကြီး... မသေသေးတာလား”

ရန်ကိုင် မသေသေးမှန်း သိလိုက်သည့်နောက် တုရှန်း ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ ဤမျှ များပြားလှသော လူအုပ်ကြီး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို မည်သူမှ သတိမပြုမိဘဲ၊ ဒဏ်ရာတစ်ချက်ကလေးပင် မရဘဲ ရှောင်သွားဖို့ဆိုသည်မှာ တော်ရုံတန်ရုံလူတစ်ဦး လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။

ကောင်းကင်စိတ်အာရုံများစွာသည် ခန်းမတစ်ခုလုံးအနှံ့ ပြည့်နေခဲ့လေသည်။ တာအိုသခင်တတိယအဆင့် ပညာရှင်အချို့သည် နည်းနည်းလေးမှပင် သတိ ပေါ့လျော့သွားခဲ့ခြင်း မရှိချေ။ သူတို့၏ ကောင်းကင်စိတ်အာရုံကို တောက်လျှောက် ဖြန့်ကျက်ထားခဲ့လေ၏။ ထို့ကြောင့် ရန်ကိုင် ပေါ်လာသည်ကို မြင်သော် ထိုလူအားလုံး ရန်ကိုင်အား သတိပြုမိသွားကြလေသည်။

ရန်ကိုင် ပေါ်လာသည်ကိုမြင်သော် လော့ကျင်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ထအော်လေသည် “ကောင်လေး၊ မင်းဘာလုပ်နေတာလဲကွ”

ရန်ကိုင်သည် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူ၏ နောက်ဘက်တွင်ရပ်ရင်း လော့ကျင်းအား ညစ်ကျယ်ကျယ် ပြုံးပြလိုက်လေသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်လေ၏။ ဟင်းလင်းပြင် စွမ်းအင်လှိုင်းတို့သည် ရန်ကိုင်၏ လက်မှ ဖြာထွက်လာခဲ့ပြီးနောက် မသိမသာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုသို့ လုပ်ရင်းမှ ရန်ကိုင် ပြောလိုက်လေသည် “ကျုပ်ပြောပြီးသားလေ၊ ကျုပ်ကို ထပ်လာတိုက်ခိုက်ဦးမယ်ဆိုရင် ရက်စက်လို့ဆိုပြီး အဆိုးမဆိုနဲ့လို့”

ထိုစကားကို ကြားပြီးနောက်တွင် လော့ကျင်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့လေသည်။

ထိုစဉ်မှာပင် ရန်ကိုင်ရှေ့တွင် ရပ်နေသော တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူ ရုတ်တရက် မြေကြီးပေါ်သို့ လဲကျသွားခဲ့လေသည်။ မြေကြီးနှင့် သူ့ခန္ဓာကိုယ် မထိခင်မှာပင် လည်ပင်းမှ သွေးများဖြာထွက်လာပြီး သူ့ခေါင်း လေပေါ်သို့ ပျံတက်သွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး အထိတ်တလန့် ဖြစ်သွားပြီး ကြောက်ကြောက်ဖြင့် ရန်ကိုင်နှင့် ဝေးရာသို့ ဆုတ်သွားကုန်ကြလေသည်။

ရန်ကိုင် သတ်လိုက်သည့်လူသည် သာမညောင်းသာမညမဟုတ်၊ မြို့သခင်စံအိမ်၏ နာမည်ကျော် ဒုမြို့သခင်တစ်ဦး ဖြစ်သည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုလူကို လွယ်လင့်တကူ သတ်ပြသွားခဲ့လေသည်။ ထို့အပြင် ထိုလူသည် ရန်ကိုင် သူ့နောက်သို့ ရောက်လာလို့ ရောက်လာမှန်းကိုပင်လျှင် သတိမထားမိသည့်ပုံပင်။

လူတိုင်း ထိတ်လန့်တုန်လှုပ်နေခဲ့ကြလေသည်။ ထိုလူငယ်လေးသည် မည်မျှ အားကောင်းနေ၍များ တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူမည်သို့ အသတ်ခံလိုက်ရသည်ကို မသိဘဲ သေသွားရနေသနည်း။

ထို့နောက်တွင် လော့ကျင်းကိုကြည့်လျက် ခံစားချက်မရှိသည့် လေသံဖြင့် ပြောလိုက်လေသည် “မြို့သခင်ရဲ့ မင်္ဂလာပွဲမှာ သွေးမြေခအောင် လုပ်မိတဲ့အတွက် ကျုပ်တကယ်ကို တောင်းပန်ပါတယ်။ အခုကျုပ်ကို ထပ်လာတားတော့မယ့်လူ မရှိတော့ဘူးလို့ မျှော်လင့်ပါတယ်"

ထိုသို့ ပြောပြီးသည့်နောက်တွင် သတို့သမီးဆီသို့ ဆက်လျှောက်သွားလေသည်။

ရန်ကိုင် ရှေ့တိုးလာနေသည်ကို မြင်သော် သူ့လမ်းကိုပိတ်ထားသောလူများ အလိုလို နောက်ဆုတ်သွားကုန်ကြလေသည်။ မည်သူမှ ရန်ကိုင်၏ လမ်းကို ဆက်မပိတ်ရဲကြတော့ပေ။

လော့ကျင်းသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရန်ကိုင်၏ စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင် ရှာလိုက်သည့် ပြဿနာကြောင့် မြို့သခင်ဖြစ်သော သူ၏ ဂုဏ်သတင်း ကျိန်းသေ ထိခိုက်သွားရပေတော့မည်။ ယနေ့ အဖြစ်အပျက်နောက်ပိုင်း သူ့အနေဖြင့် ကောင်းကင်ကြိုးကြာမြို့ထဲတွင် မည်သို့များ ခေါင်းမော့ရင်ကော့၍ နေနိုင်ပါဦးမည်နည်း။

သို့ရာတွင် တာအိုသခင်ဒုတိယအဆင့်တကွ အခြားသောပညာရှင်ပေါင်းများစွာ ပူးပေါင်းတိုက်ခိုက်ခဲ့သည်တိုင် ရန်ကိုင်အား ဒဏ်ရာတစ်ချက်ပင် ရသွားအောင် မလုပ်နိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် သူကိုယ်တိုင် လှုပ်ရှားရန်သာ ရှိတော့လေသည်။

ထိုသို့ တွေးပြီးသည့်နောက်တွင် လော့ကျန်းသည် လူအုပ်ထဲရှိ တစ်ခုသောနေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင်ကမူ သတို့သမီးဆီသို့ လျှောက်သွားနေလေပြီ။ အနည်းငယ် ရင်ထိတ်နေသည့် အမူအရာဖြင့် တောင်းပန်ရင်းမှ အမျိုးသမီး၏ ဇာပါဝကို ဆွဲချွတ်ရန် ကြိုးစားလိုက်၏ “ကျုပ်ကို ခွင့်လွှတ်ပေးပါ”

ဧည့်သည်အားလုံး မျက်လုံးပြူးကာ စိုက်ကြည့်နေကြလေသည်။ သတို့သမီး၏ ဇာပါဝကို ဖယ်လိုက်ချိန် မည်ကဲ့သို့ ဆက်ဖြစ်မလဲ ဆိုသည်ကို သိချင်မိကြသလို သတို့သမီး၏ ရုပ်ရည်ကိုလည်း သိချင်မိကြပေသည်။

ထိုအခိုက်အတန့်တွင် ခန်းမတစ်ခုလုံးသည် သုဿန်တစပြင်နှယ် တိတ်ဆိတ်နေခဲ့လေသည်။ အကုန်လုံးသည် အသက်ကိုပင် ကောင်းကောင်း မရှူနိုင်ကြတော့ဘဲ သတို့သမီးဆီသို့သာ မမှိတ်မသုံ လှမ်းကြည့်နေကြလေသည်။

ရန်ကိုင် သတို့သမီး၏ ဇာပါဝကို ဆွဲချွတ်တော့မည်အပြု သတို့သမီးသည် သူမလက်ကို ရုတ်တရက် ဆန့်ထုတ်၍ ရန်ကိုင်လက်ကို ဆွဲကိုင်လိုက်လေသည်။ ထို့နောက် ကျန်လက်တစ်ဖြင့် ရန်ကိုင်၏ ရင်ဘတ်တည့်တည့်ကို ရိုက်ချလိုက်လေသည်။

“သတိထား” ချိုက်ဟူက အလန့်တကြား ထအော်လေသည်။ သူသည်လည်း ဤကဲ့သို့ ခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့်သာမဟုတ်လျှင် ယခုကဲ့သို့ အလွယ်တကူ အဖမ်းခံလိုက်ရလိမ့်မည် မဟုတ်ပေ။

ရီကျင်းဟန်လည်း အလန့်တကြား ထအော်လေသည်။

ထိုလက်ဝါးချက်ကို ရင်ဆိုင်နေရသော်ငြား ရန်ကိုင်သည် သတို့သမီး၏ ထိခိုက်အောင် လုပ်မိမည်စိုးသည့် အတွက်ကြောင့်လားမသိ မခုခံဘဲ အရိုက်သာ ခံလိုက်လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင် တစ်ကိုယ်လုံးသည် သတို့သမီး၏ လက်သီးချက်ကြောင့် လွင့်ပျံထွက်လာခဲ့လေသည်။ သွေးများသည်လည်း သူ့ပါးစပ်ထောင့်မှ စီးကျလာခဲ့လေသည်။

ထိုစဉ် လော့ကျင်းသည် ရန်ကိုင်နောက်တွင် ပြန်ပေါ်လာပြီး တောင်ဝှေးတစ်ချောင်းကို ကိုင်လျက် ရန်ကိုင်အား အားကုန်သုံးကာ ရိုက်ချလိုက်လေသည် “ဒီဘုရင်မင်းကို တမလွန်ဘဝဆီ ပို့ပေးမယ်”

ထိုသို့ ပြောပြီးသည်နှင့် တောင်ဝှေးသည် ရန်ကိုင်အား သွားရောက် ထိမှန်လေသည်။ တောင်ဝှေးနှင့်ရန်ကိုင်၏ ခန္ဓာကိုယ် ထိသွားရာမှ တွင်းနက်တစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်၏ ခန္ဓာကိုယ်ကို တစ်စစီဖြစ်အောင် စုတ်ဖြဲပစ်တော့လေသည်။

အောင်မြင်သွားသည့်နောက်တွင် လော့ကျင်းက သည်းလှိုက်အူလှိုက် ရယ်မောလျက် “ဒါဒီဘုရင်ကို ဆန့်ကျင်ချင်တဲ့လူတွေရဲ့ အဆုံးသတ်ပဲ”

ဧည့်သည်အားလုံးမှာတော့ ကြောက်ကြောက်နှင့် ပါးစပ်သာ ပိတ်နေကြလေသည်။ အကုန်လုံးသည် လော့ကျင်းလက်ထဲရှိ တောင်ဝှေးအား ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာဖြင့် လှမ်းကြည့်နေကြလေ၏။

သို့သော်ငြား ချက်ချင်းဆိုသလို လော့ကျင်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ရန်ကိုင်၏ ခန္ဓာကိုယ်သည် တစ်စစီ ဖြစ်သွားခဲ့သော်ငြား မည်သည့် သွေးမှ ထွက်မလာခဲ့ချေ။ ထို့အစား အကုန်လုံး၏ ရှေ့မှောက်၌ တစ်စစီ ဖြစ်သွားသော ရန်ကိုင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ပုံရိပ်တစ်ခုနှယ် ဝေဝါးပျောက်ကွယ်သွားကုန်ကြလေ၏။

“ပုံရိပ်ယောင်လား” လော့ကျင်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

“ဒီတော့ မင်းက နောက်ကွယ်က ကြိုးကိုင်နေတဲ့လူပေါ့” ရုတ်တရက် ရန်ကိုင်၏အသံ လူအုပ်ကြီးထဲမှ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏ အသံကို ကြားလိုက်သည်နှင့် သူ့အနားတွင် ထိုင်နေကြသော ဧည့်သည်အားလုံး ကြောက်ကြောက်လန့်လန့်ဖြင့် အဝေးသို့ ဆုတ်သွားကြလေသည်။ ထို့နောက် ပြန်လှည့်ကြည့်လိုက်သည့်အခါ ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးတစ်ဦးကို လည်ပင်းမှ ဆွဲကိုင်ထားကြောင်း တွေ့လိုက်ရလေသည်။

ထိုသက်လတ်ပိုင်းလူကြီးကို လူအုပ်ကြီးမသိကြချေ။ သို့သော် အကုန်လုံးမှာတော့ ရန်ကိုင်၏ ပစ်မှတ်ထားခြင်း ခံရသော သက်လတ်ပိုင်းလူကြီးကိုကြည့်ရင်း သနားနေမိကြသည်။

သက်လတ်ပိုင်းလူကြီးသည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သူ့ကျင့်ကြံခြင်းမှာ မဆိုးလှသော်ငြား ရန်ကိုင်မှ မြို့သခင်အား အလွယ်တကူ သတ်ပြသွားသည်ကို မြင်ပြီးသည့်နောက်၌ မည်သို့များ ခုခံရဲဦးမည်နည်း။ ထို့ကြောင့် ကြောက်ကြောက်လန့်လန့်ဖြင့် ရန်ကိုင်အား ကြည့်ရင်း ပြန်ပြောလိုက်လေသည် “ငါ့တို့ ပြေရာပြေကြောင်း ပြောရအောင်လေး ညီငယ်လေး။ ငါဘာလုပ်လို့ မင်းငါ့ကို အခုလို လာလုပ်နေရတာလဲ”

ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီး၏ လည်ပင်းကို ပို၍တင်းတင်းကြပ်ကြပ် ဆွဲညစ်လျက် ပြောလိုက်လေ၏ “မသိချင်ယောင် ဆောင်မနေနဲ့။ ခင်ဗျား ဘာနည်းလမ်း သုံးပြီး သတို့သမီးကို ထိန်းချုပ်နေလဲဆိုတာ ကျုပ်ကို ပြောပြစမ်း”

ထိုစကား ထွက်လာသည်နှင့် သက်လတ်ပိုင်းလူကြီး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး မသိချင်ယောင်ဆောင်လျက် “မင်း... မင်းဘာတွေ လာပြောနေတာလဲ”

“ကျုပ်ဘာပြောနေလဲ ခင်ဗျား သိပြီးသား။ မသိချင်ယောင် ဆောင်မနေနဲ့။ ခင်ဗျားကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်။ အဲ့အတွင်းမဝှ မပြောဘူးဆိုရင်တော့ ခင်ဗျား ဘယ်တော့မှ ထပ်ပြောခွင့်ရတော့မှာ မဟုတ်ဘူး”

သက်လတ်ပိုင်းလူကြီး ပျာယာခတ်သွားခဲ့ပြီး လော့ကျင်းအား အားကိုးတကြီး လှမ်းကြည့်လေသည်။

ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက်တွင် အဖမ်းခံထားရသော ချိုက်ဟူသည်လည်း တစ်ခုခုကို နားလည်သွားသည့်အလား ကြိုးစားထရပ်၍ လှမ်းပြောလိုက်လေသည် “ရောင်းရင်း၊ မင်းပြောချင်တာက...”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၁၀)

ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် ချိုက်ဟူအား ကြည့်ကာ ပြန်ဖြေရမည့်အစား ပြန်မေးလိုက်လေသည်။ “မင်းအသက်စွန့်ပြီး ကယ်နေတဲ့အမျိုးသမီးတစ်ဦးက မင်းကို ရုတ်တရက်ကြီး ထတိုက်ခိုက်လို့ မင်းစိတ်ထဲ နာကျင်နေတာမလား…”

ချိုက်ဟူမျက်နှာပျက်သွားခဲ့ပြီး ရန်ကိုင့်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်က ဆက်ပြောလိုက်လေ၏။ “သူမင်းကို တိုက်ခိုက်ချင်လို့ တိုက်ခိုက်ခဲ့တာမဟုတ်ဘူး…”

ချိုက်ဟူ သက်ပြင်းတစ်ချက် ရှိုက်လိုက်လေ၏။ ထို့နောက် အံကြိတ်၍ ပြောလိုက်လေသည်။ “ရောင်းရင်းပြောချင်တာက သူ့ကို အခြားတစ်ယောက်ယောက်က ထိန်းချုပ်ထားတယ် ဆိုပြီးတော့လား…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင် လည်ပင်းဆွဲညှစ်ထားသည့် သက်လတ်ပိုင်းလူကြီးအား မုန်းတီးစွာ လှမ်းကြည့်၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်လေသည်။ “ထိန်းချုပ်ထားတာက သူမလား…”

ရန်ကိုင်က ရယ်မောလျက် ပြန်ပြောလိုက်လေ၏။ “နောက်ဆုံးတော့ မင်းနားလည်သွားပြီပေါ့…”

ချိုက်ဟူက ခေါင်းတခါခါဖြင့် “ကျုပ် အစောကြီးတည်းက နားလည်လိုက်သင့်တာ… အစောကြီးတည်းက နားလည်ခဲ့သင့်တာ… ပဉ္စမြောက်ညီမက ဘယ်လိုလုပ်ပြီး ကျုပ်ကို တိုက်ခိုက်ရမှာလဲ… ငါ့လခွမ်း… ငါတကယ်ကို နားလည်လိုက်သင့်တာ… ဘာဖြစ်လို့ ဒီလောက်တောင် တုံးနေရတာလဲ… ချိုက်ဟူ မင်းက တကယ်ကို တုံးလွန်းတာပဲ…”

ချိုက်ဟူသည် သူ့ကိုယ်သူ အပြစ်တင်နေသည့်အလား အော်ဟစ်ပြောဆိုနေခဲ့လေသည်။

“အစ်ကိုချိုက်…” လော့ပင်းသည် မျက်ရည်ရွှဲလဲဖြင့် မြို့သခင်စံအိမ်မှ အစောင့်များကို တွန်းဖယ်လျက် ချိုက်ဟူဆီသို့ ပြေးသွားလေသည်။ ထို့နောက် သူမလက်ဖြင့် ချိုက်ဟူကို ကာပေးရင်း ပြောလိုက်လေ၏။ “မြန်မြန်သွားပေတော့ အစ်ကိုချိုက်… ကျွန်မ သူတို့ကို တားထားပေးမယ်…”

သူမ ဘာကြောင့် ဤကဲ့သို့ လုပ်နေမှန်းကို လော့ပင်းကိုယ်တိုင်ပင် မသိချေ။ ယမန်နေ့ မတော်တဆအဖြစ်အပျက် မတိုင်ခင်က သူမသည် မြို့သခင်စံအိမ်၏ မင်းသမီးလေးတစ်ပါးဖြစ်သည်။ သူမဘဝတွင် မည်သည့် ပူပန်ကြောင့်ကြ စိုးရိမ်စရာမှ မရှိချေ။ သို့သော်ငြား ယမန်နေ့ကိစ္စ ပြီးသည့်နောက်တွင် သူမကိုယ်သူမ ပိုရင့်ကျက်လာသလို ခံစားလာရသည်။ ချိုက်ဟူ၏ အဖြစ်အပျက်ကိုမြင်သော် သူမစိတ်ထဲ ဘာကြောင့်မှန်းမသိ နာကျင်လာရသည်။ ထို့အတွက်ကြောင့်ပင်လျှင် သူမကိုယ်တိုင်ပင် မသိလိုက်ပဲ ဤကဲ့သို့ လုပ်နေမိခြင်းပင် ဖြစ်လေသည်။

“ပင်းအာ…” လော့ကျင်းသည် ဒေါမာန်တကြီး ထအော်လေသည်။ သူအလွန်ကိုမှ ချစ်မြတ်နိုးရသော အလွန်ကိုမှ လိမ္မာလှသော သူ့သမီးလေးသည် လူပုံအလယ်တွင် သူ့အား ထပ်တလဲလဲ ဆန့်ကျင်ရုံမက သူ၏မင်္ဂလာပွဲကိုပင်လျှင် လာရောက်နှောင့်ယှက် ဖျက်ဆီးသောသူအား ကာကွယ်ပေးနေလိမ့်မည်ဟု လော့ကျင်း လုံးဝ မထင်ထားခဲ့ချေ။ သူ့စိတ်ထဲ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရကာ ဒေါသမီးတောက်တို့လည်း တဟုန်းဟုန်း လောင်မြိုက်လာတော့လေ၏။

“အဖေ… ကျေးဇူးပြုပြီး အစ်ကိုချိုက်ကို သွားခွင့်ပြုလိုက်ပါ… သမီးတောင်းပန်ပါတယ်နော်… သူက သမီးရဲ့ အသက်သခင် ကျေးဇူးရှင်မို့လိုပါ… အဖေ သူ့ကို ထိခိုက်အောင် မလုပ်ပါနဲ့…” လော့ပင်းသည် မြေကြီးပေါ်တွင် ဒူးထောက်ရင်း မျက်ရည်ရွဲလဲဖြင့် တောင်းဆိုလိုက်လေသည်။

သူ့ရှေ့တွင် ဒူးထောက်နေသော အားနည်းသည့် ပုံရိပ်လေးကိုကြည့်ရင်း ချိုက်ဟူ၏ စိတ်ထဲ ခံစားချက်မျိုးစုံ ပြွတ်သိပ်တက်လာခဲ့လေ၏။

ဧည့်သည်များသည်လည်း လော့ပင်းအား ကြည့်ရင်း ခံစားချက်မျိုးစုံကို ခံစားနေခဲ့ရလေသည်။ သူတို့၏အမူအယာများမှာလည်း စဉ်ဆက်မပြတ်ကို ပြောင်းလဲနေကြလေ၏။

“ဂျူနီယာညီမပင်းက တကယ်ကို လူကောင်းတစ်ယောက်ပဲ…” ရန်ကိုင်က ရယ်မောရင်းမှ လော့ပင်းအား လက်မထောင်ပြလိုက်လေသည်။ ထို့နောက် ဆက်၍ ပြောလိုက်လေ၏။ “စိတ်မပူနဲ့… မင်းရဲ့အစ်ကိုချိုက် ဘာဒဏ်ရာမှ ရတော့မှာ မဟုတ်တော့ဘူး… ဒီရန် အာမခံတယ်…”

ထိုစကားကိုကြားသော် လော့ပင်း၏ မျက်လုံးလေးများ တောက်ပသွားခဲ့ပြီး ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “တကယ်ပြောနေတာလား… ရှင်တကယ် အာမခံတာလား…”

ရန်ကိုင်က အလေးအနက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ငါ့စကား ငါတည်တယ်…”

မျက်ရည်များကို သုတ်လိုက်ရင်းမှ လော့ပင်းက အားတက်သရောဖြင့် ပြောလိုက်လေသည်။ “ကျေးဇူးတင်ပါတယ်… ကျေးဇူးအများကြီးတင်ပါတယ်… ကျေးဇူးပြုပြီး သူ့ကို မြန်မြန် ခေါ်သွားပေးပါတော့… အစ်ကိုချိုက်ရဲ့ ကျင့်ကြံခြင်းက ချိတ်ပိတ်ထားခံရတော့ သူ့ဘာသာသူ ထွက်သွားလို့ရမှာမဟုတ်ဘူး… ရှင်က အားကောင်းတာဆိုတော့ သူ့ကို ကျိန်းသေ ခေါ်သွားပြီး ထွက်သွားနိုင်မှာပါ…”

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ငါအခု အဲ့လိုလုပ်လို့ မရသေးဘူး… ငါ့ကိစ္စတွေ မပြီးသေးဘူး… ငါ့ကိစ္စတွေပြီးတာနဲ့ သူ့ကို ကျိန်းသေ ခေါ်သွားပေးမယ်…” တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ထပ်ပြောလိုက်လေသည်။ “ဂျူနီယာညီမပင်းပါ လိုက်ချင်တယ်ဆိုရင်တော့ တစ်ခါတည်း ခေါ်သွားပေးလို့ရပါတယ်…”

“ကျွန်မလား…” ရန်ကိုင့်စကားကြောင့် လော့ပင်း ကြောင်သွားခဲ့လေသည်။ ထို့နောက် သူမအဖေအားတစ်ချက် သူမနောက်တွင် ရှိနေသော ချိုက်ဟူအားတစ်ချက် လှမ်းကြည့်လိုက်ပြီးသည့်နောက် ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ကျွန်မ အဲ့လိုလုပ်လို့မရဘူး… ကျွန်မအဖေဘေးမှာ နေရဦးမယ်…”

လော့ကျင်းသည် မျက်လုံးပိတ်လျက် အလေးအနက်လေသံဖြင့် ပြောလိုက်လေသည်။ “ပင်းအာ… သမီး အခုချက်ချင်း အခန်းကို မပြန်သေးဘဲ ဒီလိုမျိုး မဟုတ်တရုတ်တွေ ဆက်ပြီးတော့ လျှောက်ပြောနေဦးမယ်ဆိုရင် အဖေ သမီးကို သမီးအဖြစ် သတ်မှတ်တော့မှာ မဟုတ်ဘူးနော်…”

သူ့စိတ်ထဲ အတော်လေးကိုမှ သည်းခံပြီးနေလေပြီ။ လော့ပင်းမှာ အလွန်ကိုမှ အလိုလိုက်ထားမိသည့်အတွက်ကြောင့် ယနေ့ ဤကဲ့သို့ ဖြစ်လာရသည်ဟု သူ့စိတ်ထဲ ထင်နေမိခဲ့သည်။ သူ့သမီး၏လုပ်ရပ်ကြောင့် ခံစားရသည့် နာကျင်မှုသည် ရန်ကိုင်နှင့် ချိုက်ဟူတို့ သူ့မင်္ဂလာပွဲအား လာရောက်နှောင့်ယှက်သည့် အဖြစ်အပျက်ကြောင့် ထွက်ပေါ်လာသည့် ဒေါသထက် အများကြီး ပိုပြင်းထန်ပေသည်။

လော့ပင်း၏ခန္ဓာကိုယ်လေး တုန်တက်သွားခဲ့ပြီး မျက်ရည်ရွဲလဲဖြင့် သူမအဖေအား လှမ်းကြည့်မိလိုက်လေသည်။ လော့ကျင်းသည် သူမအား ဤကဲ့သို့ တစ်ခါမှ မပြောခဲ့ဖူးပေ။ သူမအဖေ ဤကဲ့သို့ ပြောလာသည်ကို ကြားသော် လော့ပင်းမှာ လုံးဝကို မခံစားနိုင်တော့လောက်အောင် ဖြစ်သွားလေ၏။

“မင်းတို့နှစ်ယောက်ကတော့…” လော့ကျင်းမှာ သူ့သမီးလုပ်ရပ်နှင့် ပတ်သက်၍ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေသော်ငြား လက်ရှိ သူ့သမီး၏အခြေအနေကို မကြည့်ရက်ချေ။ ထို့အတွက်ကြောင့် သူ့ဒေါသအားလုံးကို ရန်ကိုင်တို့အပေါ်သို့သာ ပုံချလိုက်လေ၏။ လော့ပင်းအား ဆက်မကြည့်တော့ဘဲ ရန်ကိုင့်ဘက်သို့ လှည့်၍ ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်လေ၏။ “ဒီနေ့ မင်းတို့ ဘယ်သူမှ ထွက်သွားလို့ ရမှာမဟုတ်ဘူး… အစီအရင်ကို အသက်သွင်းလိုက်တော့…”

သူ့စကားဆုံးသွားသည်နှင့် တဝီဝီမြည်သံနှင့်အတူ အားကောင်းသည့် စွမ်းအင်လှိုင်းတို့ မြို့သခင်စံအိမ်၏ အတွင်းပိုင်းဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ချက်ချင်းဆိုသလို မြို့သခင်စံအိမ်တစ်ခုလုံးအား အလင်းအကာအရံတစ်ခုမှ လွှမ်းခြုံသွားခဲ့လေ၏။

“ကျုပ်လည်း အဲ့လိုမျိုးပဲ ဖြစ်စေချင်နေတာ…” ရန်ကိုင်က သည်းလှိုက်အူလှိုက် ရယ်မောလျက် “ဒီကိစ္စမပြီးသေးခင်အထိ ဘယ်သူကမှ ဒီနေရာကနေ ထွက်သွားခွင့် မရှိဘူး…”

“ဒီကောင် ရူးနေတာပဲ… ဒီကောင် တကယ်ရူးနေတာ…”

“သူတစ်ယောက်တည်းနဲ့ မြို့သခင်စံအိမ်ကို ဆန့်ကျင်နေတာ… ဒီကောင် ဘယ်ကနေ သတ္တိတွေ ရလာတာလဲ… သူ့ကြည့်ရတာတော့ ဒီနေ့ကိစ္စကို ဒီနေ့မှာပဲ တစ်ခါတည်း အပြတ်ရှင်းချင်နေတဲ့ပုံပဲ…”

“ဘာတွေ အဲ့လောက်လိုက်ဂရုစိုက်နေသေးတာလဲကွာ… အေးအေးဆေးဆေးသာ ထိုင်ကြည့်နေစမ်းပါ…”

အော်ဟစ်ဆွေးနွေးသံမျိုးစုံတို့သည် ဧည့်သည်များဆီမှ အစီအရီ ထွက်ပေါ်လာခဲ့ကြလေသည်။ ရန်ကိုင်နားတွင် မည်သူမှ မနေရဲသည့်အတွက်ကြောင့် ရန်ကိုင်ရှိနေသည့် နေရာပတ်လည်တွင် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။ ခန်းမထဲတွင် ရှိနေသော ဧည့်သည်များမှာ အခြားတစ်နေရာတွင် သွားစုပြုံနေကြလေ၏။

“ပြော… ခင်ဗျား ဘယ်နည်းလမ်းကိုသုံးပြီး သတို့သမီးကို ထိန်းချုပ်ထားတာလဲ… ကျုပ်က သိပ်စိတ်ရှည်တာမဟုတ်ဘူးနော်… ခင်ဗျား ကျုပ်ကို ကျုပ်ကျေနပ်လောက်မဲ့ အဖြေ မပေးဘူးဆိုရင် ကျုပ် အခုချက်ချင်း ခင်ဗျားကို သတ်ပစ်တော့မှာ…” ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးအား ခံစားချက်မရှိသည့် အမူအယာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ တစ်ချိန်တည်းတွင် သက်လတ်ပိုင်းလူကြီးအား ဆွဲညှစ်ထားသည့် သူ့လက်ဆီမှ အရင်းအမြစ်ချီတို့ ဖြာထွက်လာလေ၏။

သက်လတ်ပိုင်းလူကြီးသည် တာအိုသခင် ပထမအဆင့်သာ ရှိပေသေးသည်။ ရန်ကိုင်၏ ခြိမ်းခြောက်စကားကိုကြားသော် သူ့နဖူးထက် ချွေးသီးများ ဝေ့သီလာတော့လေ၏။ ထို့နောက် ကတုန်ကယင် လေသံဖြင့် ပြောလိုက်လေ၏။ “ညီငယ်လေး… မင်း မင်း တစ်ခုခုကို နားလည်မှုလွဲနေပြီနဲ့ တူတယ်နော်…”

သက်လတ်ပိုင်းလူကြီးမှ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်သည် သူ့လက်ကို မြှောက်၍ ပိုင်းချလိုက်လေသည်။ “ရွှစ်…”

တစ်ခုခု ပြတ်ထွက်သွားသံနှင့်အတူ သက်လတ်ပိုင်းလူကြီး၏ လက်တစ်ဖက် ပြတ်ထွက်သွားခဲ့လေသည်။ ချက်ချင်းဆိုသလို လက်ပြတ်သွားသည့်နေရာမှ သွေးစိမ်းရှင်ရှင်တို့ ရေတံခွန်နှယ် စီးဖြာထွက်လာလေ၏။

“အား….. ငါ့လက်…” သက်လတ်ပိုင်းလူကြီးမှာ နာကျင်စူးရှစွာ ထအော်လာတော့လေသည်။ အလွန်ပြင်းထန်သည့် နာကျင်မှုကြောင့် သူမျက်နှာတစ်ခုလုံး ရှုံ့မဲ့လာလေ၏။

“ဒါ သတိပေးနေတာပဲ ရှိသေးတယ်နော်… ကျုပ် အခု ထပ်မေးလာမဲ့ မေးခွန်းကို ကောင်းကောင်း မဖြေနိုင်ဘူးဆိုရင်တော့ နောက်တစ်ကြိမ် ပြတ်ထွက်သွားမဲ့အရာက ခင်ဗျားလက်မဟုတ်ဘဲ ခင်ဗျားခေါင်း ဖြစ်နေလိမ့်မယ်…” ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လျက် ရေခဲတမျှ အေးစက်သည့် လေသံဖြင့် မေးလိုက်လေသည်။ “ခင်ဗျား သတို့သမီးကို ဘယ်နည်းလမ်းသုံးပြီး ထိန်းချုပ်ထားတယ်ဆိုတာ ကျုပ်ဂရုမစိုက်ဘူး… ဘာပဲဖြစ်ဖြစ် ခင်ဗျားသေတာနဲ့ သတို့သမီးလည်း လွတ်သွားမှာပဲ ဟုတ်တယ်မလား…”

သက်လတ်ပိုင်းလူကြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။ နာကျင်စွာ အော်ဟစ်နေရင်းမှ လော့ကျင်းအား တောက်လျှောက် လှမ်းကြည့်နေခဲ့လေသည်။ လော့ကျင်းကမူ ခေါင်းသာ ခါပြနေခဲ့လေသည်။

ထိုအခါ သက်လတ်ပိုင်းလူကြီးက အံကြိတ်၍ ပြန်အော်ပြောလိုက်လေ၏။ “မင်း ငါ့ကို သတ်လည်း အပိုပဲ… ငါသေတာနဲ့ သတို့သမီးလည်း သေမှာ…”

ထိုစကားထွက်လာသည်နှင့် ဘေးပတ်ဝန်းကျင်တွင် ရှိနေသော ဧည့်သည်အားလုံး ထိတ်လန့်တကြား ဖြစ်ကုန်ကြလေ၏။ လော့ကျင်းသည်လည်း မျက်နှာပျက်သွားခဲ့လေတော့သည်။

သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်မေးသည့် မေးခွန်းကို တိုက်ရိုက်ပြန်မဖြေခဲ့သော်ငြား သူပြောသွားသည့် စကားထဲတွင် အချို့သော မေးခွန်းများအတွက် အဖြေပါသွားခဲ့လေပြီ။ သတို့သမီးသည်သာ ဤမင်္ဂလာပွဲကို သဘောတူပါက လော့ကျင်းအနေဖြင့် သက်လတ်ပိုင်းလူကြီးအား ဘာကြောင့်များ သတို့သမီးကို ထိန်းချုပ်ခိုင်းရမည်နည်း။ သတို့သမီးသာ ဆန္ဒရှိမည်ဆိုလျှင် ဤကဲ့သို့ လုပ်နေစရာ မလိုပေ။ တစ်နည်းဆိုရသော် သတို့သမီးအား လက်မထပ် ထပ်လာအောင် လော့ကျင်းမှ အတင်း တွန်းအားပေးထားခြင်း ဖြစ်လေသည်။

သက်လတ်ပိုင်းလူကြီး၏ စကားကို ကြားသော် ချိုက်ဟူ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာလေ၏။ ထို့နောက် သူလိုချင်နေသည့် အဖြေကို ရလိုက်သည့်အလား အရူးတစ်ယောက်နှယ် အော်ဟစ်ရယ်မောနေတော့လေသည်။

ချိုက်ဟူ ဝမ်းသာနေသည်ကို မြင်သော် လော့ပင်းလည်း ဘာကြောင့်မှန်းမသိ ပြုံးလိုက်မိလေ၏။

“ခင်ဗျား ကျုပ်ကို လာလှည့်စားဖို့ ကြိုးစားနေတာလား…” ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် ခြိမ်းခြောက်သည့်လေသံဖြင့် ပြောလိုက်လေသည်။ “ကျုပ်ကို လာလိမ်ရင် ဘယ်လိုအကျိုးဆက်ကို ရင်ဆိုင်ရမယ်ဆိုတာ ခင်ဗျားသိလား…”

“ငါမင်းကို လိမ်နေတာမဟုတ်ဘူး…” သက်လတ်ပိုင်းလူကြီးက ပြန်အော်ပြောလိုက်လေ၏။ “ငါ အမှန်ကိုပဲ ပြောနေတာ…”

ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ သို့တိုင် သက်လတ်ပိုင်းလူကြီးဆီမှ လိမ်နေသည့် မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရ။ ထိုအခါ ခေါင်းညိတ်လျက် ပြောလိုက်လေ၏။ “ကောင်းပြီလေ… အဲ့လိုဆိုမှတော့ ခင်ဗျားသုံးထားတဲ့ပညာရပ်ကို ပြန်ဖယ်ပေးလိုက်…”

ထိုစကားကိုကြားသော် သက်လတ်ပိုင်းလူကြီး တွေဝေတုံ့ဆိုင်းသွားခဲ့ပြီး အဆက်မပြတ်ကို ခေါင်းခါတော့လေသည်။

“ခင်ဗျား‌သေချင်နေတာလား…” ရန်ကိုင်က ထအော်လေသည်။

သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်၏။ “ငါသာ မဖယ်သရွေ့ မင်းငါ့ကို သတ်ရဲမှာမဟုတ်ဘူး… ငါဖယ်လည်း ငါကျိန်းသေ သေဦးမှာ…”

သက်လတ်ပိုင်းလူကြီး ပြောချင်နေသည့် အဓိပ္ပာယ်ကို လူအုပ်ကြီး နားလည်ပေသည်။

သက်လတ်ပိုင်းလူကြီးသာ သူသုံးထားသည့် ပညာရပ်ကို မဖယ်ပေးဘူးဆိုပါက ရန်ကိုင်သည် သတို့သမီး ထိခိုက်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးအား ဘာမှ လုပ်ရဲလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား သက်လတ်ပိုင်းလူကြီးသာ သူသုံးထားသည့် ပညာရပ်ကို ဖယ်ပေးလိုက်မည်ဆိုပါက ရန်ကိုင် ဘာမှမလုပ်ဘူးဆိုလျှင်ပင် လော့ကျင်းသည် သူ့အား အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

ယနေ့တွင် လော့ကျင်းသည် အတော်လေးကို မျက်နှာပျက်ခဲ့ရပြီး ဖြစ်လေသည်။ သက်လတ်ပိုင်းလူကြီးသာ သူမလုပ်စေချင်သည့် အရာကို ထပ်လုပ်မည်ဆိုပါက လော့ကျင်းအနေဖြင့် မည်သို့မှ ခွင့်လွှတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ လက်ရှိအနေဖြင့် လော့ကျင်းသည် လော့ပင်းအား ခွင့်လွှတ်ပေးနိုင်သလို ရန်ကိုင့်ကိုလည်း ဘာမှမလုပ်နိုင်သေးသော်ငြား သက်လတ်ပိုင်းလူကြီးကို‌တော့ စိစိညက်ညက် ကြေသွားအောင် လုပ်နိုင်ပေသည်။

ရန်ကိုင်က မျက်ခုံးပင့်လျက် “ခင်ဗျားက တော်တော်လေး အကင်းပါးတာပဲ…”

သက်လတ်ပိုင်းလူကြီးက ခါးသက်စွာ ပြုံးလျက် “ကျုပ်လည်း မလုပ်မဖြစ်လို့ လုပ်နေရတာပဲ… ဒီတော့ ညီငယ်လေး နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်…”

“ဒါဆိုရင် ခင်ဗျား ဘယ်နည်းလမ်းကို သုံးထားတာလဲ ပြောပြလို့ရမလား…” ရန်ကိုင်က ထပ်မေးလိုက်လေသည်။

သက်လတ်ပိုင်းလူကြီးသည် လော့ကျင်းဆီသို့ လှမ်းကြည့်လိုက်လေသည်။ လော့ကျင်းမှ သူ့အား အေးစက်စက် မှုန်ကုပ်ကုပ် အမူအယာဖြင့် စိုက်ကြည့်နေသည်ကို မြင်သော် သက်လတ်ပိုင်းလူကြီးသည် သူ့အကြည့်ကို ချက်ချင်း ပြန်လွှဲဖယ်လိုက်လေ၏။

“ကြည့်ရတာ ခင်ဗျားက ဆက်ပြီး ခေါင်းမာချင်နေသေးတဲ့ပုံပဲ ဟုတ်တယ်မလား… အဲ့လိုဆိုမှတော့လည်း ကျုပ်ကို အဆိုးမဆိုနဲ့ပေါ့ဗျာ… ခင်ဗျားအသက်ကို ကျုပ် မယူနိုင်ပေမဲ့ ခင်ဗျားရဲ့ လက်နှစ်ဖက်စလုံးကို ကျုပ် ဖြတ်ပစ်လို့ရတယ်…” ရန်ကိုင်က အေးစက်စက် ပြုံးလျက် သူ့လက်ကိုမြှောက်လိုက်လေသည်။

“နေပါဦး…” သက်လတ်ပိုင်းလူကြီး၏မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့လေ၏။

“ခင်ဗျား ဘာပြောချင်သေးလို့လဲ…” ရန်ကိုင်က ထပ်မေးလိုက်လေ၏။

သက်လတ်ပိုင်းလူကြီးသည် တခဏမျှ တုံ့ဆိုင်းတွေဝေနေပြီးသည့်နောက် အံကြိတ်၍ ပြောလိုက်လေ၏။ “ဘာပညာရပ်ကိုမှ သုံးထားတာမဟုတ်ဘူး…”

“သိုင်းပညာရပ်မဟုတ်ဘူးလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေ၏။ “ဒါဆို ခင်ဗျား ဘယ်နည်းလမ်းကိုသုံးပြီး သတို့သမီးကို ထိန်းချုပ်ထားတာလဲ…”

သက်လတ်ပိုင်းလူကြီးက ပြန်အော်ပြောလိုက်လေ၏။ “ကျုပ်ပြောလို့မရဘူး… ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ ညီငယ်လေး… ဒါ ငါပြောနိုင်တာ အကုန်ပဲ… ငါ့မှာလည်း ငါ့မိသားစုတွေ ရှိသေးတယ်… သူတို့အကုန်လုံးက ကောင်းကင်ကြိုးကြာမြို့ထဲမှာ နေနေကြတာ… ဒါကြောင့် ကျေးဇူးပြုပြီး ချမ်းသာပေးပါ ညီငယ်လေးရာ…”

ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။ သူဆက်၍ တွန်းအားပေးနေလည်း သက်လတ်ပိုင်းလူကြီးဆီမှ မည်သည့်အသုံးဝင်သည့် အချက်အလက်ကိုမှ ရနိုင်တော့လိမ့်မည် မဟုတ်မှန်း သိလိုက်သည့်အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးကို ရွက်တစ်ထောင်ဂိုဏ်းသားများဆီ လွှင့်ပစ်လိုက်ပြီးသည့်နောက် အော်ပြောလိုက်လေ၏။ “ညီမရေ သူ့ကို တစ်ချက်ကြည့်ထားပေးဦး… သူတစ်ခုခု လုပ်မယ်ကြံတာနဲ့ သတ်ပစ်လိုက်…”

“ကောင်းပါပြီ…” ထိုစကားကိုကြားသော် ရီကျင်းဟန် မိန်းမောနေရာမှ အသိပြန်ဝင်လာပြီး သူမဆီသို့ ပျံသန်းလာနေသော သက်လတ်ပိုင်းလူကြီးကို အလျင်စလို လှမ်းဖမ်းလိုက်လေသည်။ ထို့နောက် သက်လတ်ပိုင်းလူကြီးအား သူမဘေးတွင်ထားကာ ချုပ်နှောင်ထားလိုက်လေ၏။

ထိုသို့လုပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သတို့သမီးဆီသို့ ပြန်ကြည့်လိုက်လေသည်။

ယခုတစ်ကြိမ်တွင်တော့ သတို့သမီးသည် မည်သို့မှ လှုပ်ရှားမလာတော့ဘဲ ကျောက်ရုပ်ထုတစ်ခုနှယ်သာ မတ်တပ်ရပ်နေခဲ့လေသည်။ ရန်ကိုင် သူမအနားသို့ ရောက်လာသော် သူမ၏အသက်ရှူနှုန်း မြန်ဆန်လာခဲ့လေ၏။ အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့် အတွက်ကြောင့်လားမသိ သူမ၏ ခန္ဓာကိုယ်လေးသည်ပင် ကတုန်ကယင် ဖြစ်လာလေသည်။

All Chapters