အခန်း (၂၃၁၁-၂၃၁၅)
Vol. 93 Ch. 2311-2315
အပိုင်း (၂၃၁၁)
ခဏအတွင်း ရန်ကိုင်သည် သတို့သမီးနားသို့ ရောက်လာခဲ့လေသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ သူမမျက်နှာအား ဖုံးကွယ်ထားသော အနီရောင်ဇာပုဝါကို ဖယ်ရှားရန် လုပ်လိုက်လေသည်။
လော့ကျင်း၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သို့သော်ငြား လှုပ်ရှားခြင်းတော့ မပြုခဲ့ချေ။ သူဘာတွေးနေလဲ ဘာကြံနေလဲ မည်သူမှ မသိကြချေ။
မင်္ဂလာပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်များသည် မျက်လုံးအား ကျယ်နိုင်သမျှ ကျယ်အောင် ဖွင့်ရင်း သတို့သမီးအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့ကြလေသည်။
ဝှစ်ခနဲ မြည်သံနှင့်အတူ အနီရောင်ဇာပုဝါ ဖယ်ရှားခံလိုက်ရလေ၏။ ဇာပုဝါ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် အလွန်ကိုမှ နှစ်လိုဖွယ်ကောင်းသည့် မျက်နှာလေးတစ်ခု အားလုံး၏မြင်ကွင်းရှေ့ ထွက်ပေါ်လာခဲ့လေသည်။
သတို့သမီး၏မျက်နှာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်လုံးလှလှလေးများသည် ရန်ကိုင့်အား ပြစ်တင်ကြိမ်းမောင်းမှု၊ စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ သူမ၏ဇာပုဝါကိုဖယ်ရန် ဤမျှကြာနေရသလားဟု ရန်ကိုင့်အား အပြစ်တင်နေသယောင်ယောင်။
အသက်ပြင်းပြင်းရှူသွင်းလျက် ရန်ကိုင်သည် စိတ်ကိုတည်ငြိမ်အောင် လုပ်ရင်းမှ သတို့သမီးအား ပြုံးကာ ကြည့်လျက် စိတ်သက်သာရာ ရသွားဟန်ဖြင့် ပြောလိုက်လေသည်။ “တကယ်ကြီး စီနီယာဖြစ်နေတာပဲ…”
“ပဉ္စမမြောက်ညီမ…” ချိုက်ဟူက လှမ်းအော်လိုက်လေသည်။
သတို့သမီးသည် ချိုက်ဟူဘက်သို့ ကျေးဇူးတင်တကြီး လှည့်ကြည့်လိုက်လေသည်။ သူမအနေဖြင့် လှုပ်ရှား၍ မရသော်ငြား သူမကို ကယ်တင်ရန်အတွက် ချိုက်ဟူ မည်ကဲ့သို့ လုပ်ပေးသွားလဲဆိုသည်ကို အလုံးစုံ မြင်တွေ့နေခဲ့ရသည်။ သက်လတ်ပိုင်းလူကြီး၏ ထိန်းချုပ်မှုကြောင့် ချိုက်ဟူအား အလစ်ချောင်း တိုက်ခိုက်ခဲ့လိုက်ရသည့်အပေါ် သူမစိတ်ထဲ အတော်လေးကိုမှ အပြစ်မကင်းသလို ခံစားခဲ့ရပေသည်။ ထိုကဲ့သို့ မဖြစ်အောင် မကာကွယ်နိုင်ခဲ့သည့် သူမကိုယ်သူမလည်း ဒေါသထွက်မိပေ၏။
“ခင်ဗျား စကားပြောလို့မရဘူးလား စီနီယာ…” ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။
သတို့သမီးသည် သိပြီးသားအဖြေကို ဘာကြောင့်များ လာမေးနေသလဲဟူသော အကြည့်ဖြင့် ရန်ကိုင့်အား ဒေါမာန်တကြီး လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်က ဆက်၍ ပြောလိုက်လေ၏။ “ပြီးတော့ စီနီယာက လှုပ်လို့မရဘူးပေါ့…”
သတို့သမီးသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်လေ၏။
ရန်ကိုင့်၏မေးခွန်းကို ကြားပြီးသည့်နောက်တွင် ဧည့်သည်များ၏ မျက်နှာထက် သံသယရိပ်တို့ ထွက်ပေါ်လာကြလေသည်။ အကြောင်းမှာ ရန်ကိုင်မှ သတို့သမီးအား ခေါ်ဝေါ်နေသည့် ပုံစံကြောင့် ဖြစ်ပေသည်။ ရန်ကိုင်သည် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား တာအိုသခင် ပထမအဆင့်သာ ရှိသေးသော သတို့သမီးအား စီနီယာဟု ခေါ်ဝေါ်သုံးစွဲနေခဲ့လေသည်။
ဘာကြောင့်များ ထိုကဲ့သို့ ခေါ်ဝေါ်နေသနည်း။
ချိုက်ဟူသည်လည်း ရန်ကိုင့်အား ကြည့်လျက် “ညီငယ်လေး… မင်းငါ့ရဲ့ ပဉ္စမမြောက်ညီမကို သိတာလား…” ထိုကဲ့သို့ ခန့်မှန်းမိပြီး ဖြစ်သော်ငြား ရန်ကိုင်သည် သူ၏ ပဉ္စမမြောက်ညီမနှင့် တကယ်တမ်း သိကျွမ်းရင်းနှီးနေသည်ကို မြင်သော် သူ့စိတ်ထဲ အံ့အားသင့်မိသွားခဲ့လေသည်။ အကြောင်းမှာ သိထားသလောက်အရ သူ၏ ပဉ္စမမြောက်ညီမ၊ အကြီးဆုံးအစ်ကိုနှင့် အခြားသူများတွင် မည်သည့်မိတ်ဆွေမှ မရှိသည့်အတွက်ကြောင့် ဖြစ်ပေသည်။
ရန်ကိုင်က ပြုံးလျက် ထူးထူးဆန်းဆန်း အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “သိတာပေါ့ ဘာလို့မသိရမှာလဲ… စီနီယာချီယွဲ့က ငါ့ရဲ့ ယောက္ခမကြီးပဲဟာကို…”
ထိုစကား ထွက်လာပြီးသည့်နောက် ထိတ်လန့်တကြားအော်ဟစ်သံများ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာကြလေသည်။
မရေမတွက်နိုင်သော ဧည့်သည်များသည် ရန်ကိုင့်အား ပါးစပ်အဟောင်းသားဖြင့် လှမ်းကြည့်နေကြလေသည်။ အချို့ဆိုလျှင် သူတို့များ နားကြားလွဲနေသလားဟုပင် ထင်မိကြလေသည်။ သို့သော်ငြား သူတို့ထဲရှိ အချို့သောလူများမှာတော့ ချီယွဲ့နှင့် လော့ကျင်းအား ထူးထူးဆန်းဆန်း အမူအယာများဖြင့် လှမ်းကြည့်နေကြလေသည်။
ရန်ကိုင်မှာ သတို့သမီးအား ယောက္ခမကြီးဟု ခေါ်လိုက်သည့်အတွက်ကြောင့် သတို့သမီးသည် ယောကျ်ားရှိပြီးသား အမေတစ်ဦး ဖြစ်နေရပေလိမ့်မည်။ နာမည်ကျော်ကြာ ဂုဏ်သတင်းကြီးမားလှသော ကောင်းကင်ကြိုးကြာမြို့၏ မြို့သခင်သည် ထိုအကြောင်းကို သိပြီးလျက်နှင့်ပင် ယောကျ်ားရှိပြီးသား မိန်းမတစ်ဦးကို ကိုယ်လုပ်တော် တော်ချင်နေသည်လား။
ထိုကဲ့သို့ တွေးမိလိုက်သော် မြို့သခင်စံအိမ်အပေါ် မကျေမနပ် ဖြစ်နေကြသည့် ကျင့်ကြံသူအချို့မှာ အတော်လေးကိုမှ ဝမ်းသာပီတိဖြစ်ကာ မျက်စိပျက်မျက်နှာပျက် ဖြစ်နေသော လော့ကျင်းအား အားပါးတရ လှမ်းကြည့်လိုက်ကြလေသည်။ လက်ရှိအချိန်တွင် လော့ကျင်း၏ခေါင်းထက် အရောင်တလက်လက် တောက်ပနေသော အစိမ်းရောင်ဦးထုပ်ကြီးတစ်လုံးကို မြင်နေရသည့်အလား။
ထိုကဲ့သို့ ပြောပြီးသည့်နောက်မှသာ ရန်ကိုင် သူ့စိတ်အား တည်ငြိမ်အောင် လုပ်လိုက်နိုင်လေသည်။ လက်ရှိ သူ့ရှေ့တွင် ရှိနေသော သတို့သမီးမှာ အခြားမဟုတ်ဘဲ မွန်းစတားဧကရာဇ်ကြယ်မှ မွန်းစတားဘုရင်ချီယွဲ့သာ ဖြစ်နေခဲ့လေသည်။ သူမသည် လျန်ချင်းလော့၏ မွေးစားအမေ ဖြစ်ပေသည်။
အစပိုင်းတွင်မူ သူ့စိတ်ထဲ တစ်မျိုးတစ်မည် ခံစားနေရသော်ငြား သတို့သမီး မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို ဂရုမစိုက်ခဲ့ချေ။ သို့သော်ငြား သတို့သမီးမှ ချိုက်ဟူအား တိုက်ခိုက်လိုက်ပြီးသည့်နောက် သူမ၏ မွန်းစတားချီကို ရင်းနှီးနေသလို ခံစားလိုက်ရသည်ဟု ခံစားမိပြီးသည့်နောက်တွင် ရန်ကိုင်သည် သတို့သမီး၏ပုံစံနှင့် ပတ်သက်၍ စတင် သိချင်လာမိခဲ့လေသည်။
သေသေချာချာ စဉ်းစားကြည့်လိုက်ပြီးသည့်နောက် သတို့သမီးသည် ချီယွဲ့ဖြစ်နိုင်သည်ဟု တွေးထင်မိသွားခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သတို့သမီး၏မျက်နှာကို မရမက ကြည့်ချင်ခဲ့ခြင်း ဖြစ်ပေသည်။ သတို့သမီး မည်ကဲ့သို့ တုံ့ပြန်လာမလဲ ဆိုသည်ကို သိနိုင်စေရန်အတွက်လည်း အထက်စကြာဝဠာဂိုဏ်းဟူသော နာမည်ကို ပြောခဲ့သည်။ သူမျှော်လင့်ထားသကဲ့သို့ပင် ထိုနာမည်ကို ထုတ်ဖော်ပြောလိုက်ပြီးသည့်နောက် သတို့သမီး၏ ခန္ဓာကိုယ် တုန်တက်သွားသည်ကို ရန်ကိုင် သတိပြုမိခဲ့ပေသည်။ ယခု ချီယွဲ့၏မျက်နှာကို မြင်ပြီးသည့်အခါမှသာ ရန်ကိုင် သက်ပြင်းချနိုင်တော့လေသည်။
ကြယ်တာရာလမ်းကြောင်းထဲတွင် ရှိစဉ်က သူတို့အဖွဲ့သည် အမျိုးမျိုးသော အကြောင်းများကြောင့် လူစုကွဲသွားခဲ့ကြလေသည်။ တကယ်ဆိုလျှင် လျို့ယန်နှင့် ကျောက်တုံးရုပ်သေးရုပ်ရှောင်ရှောင်တို့၏ သဲလွန်စကိုပင် ရှာမတွေ့တော့ချေ။
အချိန်အတော်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ကံကောင်းထောက်မစွာဖြင့် လျို့ယန်နှင့် ပြန်တွေ့နိုင်ခဲ့လေသည်။ သို့သော်ငြား ရှောင်ရှောင်နှင့် အခြားသူများကိုတော့ ရှာမတွေ့သေးချေ။
ထိုကိစ္စနှင့် ပတ်သက်၍ ရန်ကိုင် အတော်လေး အမြဲတစေကို စိတ်ပူနေနေရသည်။ သို့သော်ငြား ကျယ်ပြောလှသော ကြယ်တာရာအစုအဝေးထဲတွင် လုံလောက်သည့် အဆင့်အတန်း၊ ခွန်အား မရှိဘဲနှင့် သူရှာချင်နေသည့် လူများကို သွားရှာနိုင်လိမ့်မည် မဟုတ်ချေ။
ယခုတစ်ကြိမ်တွင်တော့ တိုက်တိုက်ဆိုင်ဆိုင်ကိုပင် ချီယွဲ့အား ကောင်းကင်ကြိုးကြာမြို့၌ လာတွေ့ခဲ့လေသည်။
ရန်ကိုင်ကသာ ရီကျင်းဟန်၏ ရွက်တစ်ထောင်ဂိုဏ်းသို့ လာရန် ဖိတ်ခေါ်ချက်ကို သဘောမတူခဲ့ပါက ကောင်းကင်ကြိုးကြာမြို့သို့ ရောက်ခဲ့လိမ့်မည် မဟုတ်သလို ချီယွဲ့တို့အကြောင်းကိုလည်း သိခဲ့ရလိမ့်မည် မဟုတ်ချေ။ ရီကျင်းဟန်ကိုယ်တိုင်ကလည်း ရီဟန်၏ အမိန့်ကို မနာခံခဲ့ပါက ရန်ကိုင့်အနေဖြင့် ချီယွဲ့နှင့် ပြန်ဆုံနိုင်မည့်အခွင့်အရေးကို လုံးဝ လွဲချော်သွားခဲ့ရပေလိမ့်မည်။
အမျိုးမျိုးသော တိုက်ဆိုင်မှုများကြောင့်သာ ယနေ့ ချီယွဲ့နှင့် ပြန်ဆုံနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ဘဝကြီးမှာ အလှည့်အပြောင်းများစွာနှင့် ပြည့်နှက်နေခဲ့သည်။ ထိုအကြောင်းကိုတွေးရင်း ရန်ကိုင့်စိတ်ထဲ သက်ပြင်းတစ်ချက် ချမိသွားခဲ့လေသည်။
“မင်း ဘာမဟုတ်သုတ်ခတွေ ပြောနေတာလဲကောင်လေး…” လော့ကျင်းမှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ ရှက်ရှက်နှင့် ဒေါမာန်တကြီး ထအော်တော့လေသည်။
ရန်ကိုင့်၏စကားကို ကြားပြီးသည့်နောက် ချိုက်ဟူ မင်သက်သွားခဲ့ပြီး ချီယွဲ့အား လှမ်းကြည့်လိုက်လေသည်။ ထို့နောက် တံတွေးတစ်လုပ် မျိုချလျက် ကသိကအောက်အမူအယာဖြင့် မေးလိုက်လေ၏။ “ပဉ္စမညီမမှာ ကလေးရှိတာလား…”
ချီယွဲ့မှာ စကားတစ်ခွန်းမျှပင် မပြောနိုင်သော်ငြား ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် ရှက်ရွံ့မှုကြောင့် သူမ၏မျက်နှာကြီး နီမြန်းလာကာ ရန်ကိုင့်အား ဒေါသတကြီး လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်ကမူ ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ခင်ဗျား နားလည်မှုလွဲနေပြီ အစ်ကိုချိုက်… စီနီယာချီယွဲ့မှာ မွေးစားသမီးပဲ ရှိတာ… မွေးစားသမီး…”
ရန်ကိုင့်၏စကားကို ကြားသော် ချိုက်ဟူက ပြုံးလျက် “မွေးစားသမီးပဲဖြစ် သမီးအရင်းပဲဖြစ်ဖြစ် ငါတို့တွေက တစ်မိသားစုတည်း ဖြစ်နေတုန်းပဲ…”
ရန်ကိုင်က ပြောလိုက်လေ၏။ “အစ်ကိုချိုက် လုပ်ပေးသွားတာတွေ အကုန်လုံးကို ဒီရန်မြင်ပြီးသွားပါပြီ… ဒါကြောင့် ကျုပ်ရဲ့ ယောက္ခမကြီးကိုယ်စား အစ်ကိုချိုက်ကို ကျေးဇူးတင်ပါတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်သီးဆုပ်လျက် ချိုက်ဟူအား တလေးတစား ဦးညွှတ်လိုက်လေသည်။
ချိုက်ဟူက လက်ဝှေ့ယမ်းလျက် “ပဉ္စမမြောက်ညီမ ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးရမှာ ငါတို့တာဝန်ပဲလေ ညီငယ်လေးရဲ့… အခုလိုတွေ လုပ်နေစရာမလိုဘူး… ပဉ္စမမြောက်ညီမကို လှုပ်လို့မရအောင် လုပ်ထားတဲ့ ပညာရပ်ကို မင်း မြန်မြန် ဖယ်ပေးလိုက်ဦး…”
ရန်ကိုင်က ခေါင်းညိတ်၍ ချီယွဲ့ကို ကြည့်ကို အမြန်တောင်းပန်လိုက်လေသည်။ “မလေးစားသလို ဖြစ်သွားရင် တောင်းပန်ပါတယ်နော် စီနီယာ…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ချီယွဲ့၏လက်ကို ဖမ်းကိုင်၍ သူမ၏ကိုယ်ထဲသို့ အရင်းအမြစ်ချီများ ထည့်သွင်းလိုက်လေသည်။
ချီယွဲ့၏ခန္ဓာကိုယ် တုန်တက်သွားခဲ့ပြီး ရန်ကိုင့်အား အံ့အားသင့်တကြီး ကြည့်လိုက်လေ၏။ အစောပိုင်းက အနီရောင်ဇာပုဝါကြောင့် သူမအနေဖြင့် ရန်ကိုင်မှ သူ့ပြိုင်ဘက်များအား မည်ကဲ့သို့ တိုက်ခိုက်ခဲ့သလဲ ဆိုသည်ကို မမြင်တွေ့ခဲ့ရပေ။ ယခုအခါမှသာ ရန်ကိုင်၏ အရင်းအမြစ်ချီ မည်မျှ သိပ်သည်းသန့်စင်ကြောင်းကို ရှာတွေ့သွားခဲ့လေ၏။ ထို့အတွက်ကြောင့် သူမမှာ အတော်လေးကိုမှ အံ့အားသင့်မိသွားသလို ရန်ကိုင့်ကိုလည်း လေးစားမိသွားခဲ့လေသည်။
လက်ရှိတွင် သူမကိုယ်တိုင်သည်လည်း တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် တာအိုသခင် ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားရှိ ခွန်အားကွာခြားချက်ကို သူမ ကောင်းကောင်း သိပေသည်။ ရန်ကိုင့်ကိုယ်ထဲရှိ အရင်းအမြစ်ချီမှာ သူမကိုယ်ထဲရှိ အရင်းအမြစ်ချီနှင့် ယှဉ်လိုက်သော် အလွန်တရာကိုမှ ပို၍ သန့်စင်ကာ သိပ်သည်းပေသည်။
ကြယ်တာရာအစုအဝေးသို့ ရောက်လာစဉ်က သူမ၏ ကျင့်ကြံခြင်းမှာ ရန်ကိုင့်ထက် ပိုမြင့်ခဲ့သည်။ သို့သော်ငြား ယခုအချိန်တွင်တော့ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ သူမထက် အများကြီး သာလွန်သွားခဲ့လေပြီ။
ဤသည်မှာလည်း နှစ်နှစ် သုံးနှစ်လောက်သာ ရှိပေသေးသည်။
ထိုအချိန်အတောအတွင်း ရန်ကိုင့်၏ဘဝ မည်ကဲ့သို့ ဖြစ်နေသလဲ ဆိုသည်ကို ချီယွဲ့ အလွန်ကိုမှ သိချင်နေမိပေသည်။ ဘာကြောင့်များ သူ ဤမျှ မြန်မြန် အားကောင်းလာခဲ့ရသနည်း။
ချီယွဲ့စိတ်ထဲ ထိတ်လန့်တုန်လှုပ်မိနေစဉ် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ချီယွဲ့၏ခန္ဓာကိုယ်ကို စတင်စစ်ဆေးကြည့်တော့လေသည်။ တစ်ခဏအကြာ၌ ရန်ကိုင်က မျက်မှောင်ကျုံ့လျက် ရေရွတ်လိုက်လေ၏။ “ဟိုလူကြီးပြောတာက ဟုတ်တယ်… ဘာပညာရပ်မှလည်း သုံးမထားဘူး… ဘာချိတ်စည်းမှလည်း ရှိမနေဘူး…”
ထိုစကားကိုကြားသော် ချီယွဲ့သည် တစ်ခုခုပြောချင်နေသည့်အလား ရန်ကိုင့်အား စိုက်ကြည့်နေခဲ့လေသည်။ သို့သော်ငြား သူမမှာ အသံထွက်၍ မရသလို ကောင်းကင်စိတ်အာရုံကိုလည်း ဖြန့်ကျက်၍ မရချေ။
ထိုမြင်ကွင်းကိုကြည့်ရင်း လော့ကျင်းကမူ လှောင်ပြုံးသာ ပြုံးနေခဲ့လေသည်။ သူ့ကြည့်ရသည်မှာ ဤကိစ္စတွင် ဝင်ပါမည့် အရိပ်အယောင် ရှိသည့်ပုံမပေါ်။ သက်လတ်ပိုင်းလူကြီး သုံးထားသည့် နည်းလမ်းအပေါ် ယုံကြည်ချက်အပြည့် ရှိနေသည့် ပုံပင်။ ရန်ကိုင့်အနေဖြင့် မည်ကဲ့သို့သော နည်းလမ်းကို သုံးနေပါစေ ထိုနည်းလမ်းအား ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ဟု တစ်ထစ်ချ ယုံကြည်နေသည့်ပုံပင်။
“ဒါဆို ဘယ်လိုနည်းလမ်းနဲ့ ထိန်းချုပ်ထားတာလဲ…” ရန်ကိုင်သည် မျက်မှောင်ကြီးကျုံ့လျက် သေသေချာချာကို လေ့လာဆန်းစစ်နေခဲ့လေသည်။ ဧည့်သည်များမှာလည်း ရန်ကိုင့်အား စိတ်ဝင်တစားဖြင့် လှမ်းကြည့်နေမိကြသလို သက်လတ်ပိုင်းလူကြီး သုံးသွားသည့် နည်းလမ်းကိုကြည့်ရင်း အတော်လေးကိုမှလည်း ကြောက်ရွံ့နေခဲ့လေကြသည်။
ရန်ကိုင် မည်မျှ အားကောင်းကြောင်းကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သို့သော်ငြား ထိုမျှအားကောင်းသည့် ရန်ကိုင်ပင်လျှင် သက်လတ်ပိုင်းလူကြီးမှ မည်သည့်နည်းလမ်းကို သုံး၍ သတို့သမီးအား ထိန်းချုပ်ထားသလဲ ဆိုသည်ကို ရှာမတွေ့နိုင်ခဲ့ချေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် သက်လတ်ပိုင်းလူကြီး၏ နည်းလမ်း မည်မျှ ထူးဆန်းကြောင်းကို မြင်တွေ့နိုင်ပေသည်။
ထိုကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရသည့်အခါ စဉ်ဆက်မပြတ် သတိထားခြင်းမှာ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပေသည်။ သက်လတ်ပိုင်းလူကြီး၏ ထူးဆန်းသည့် နည်းလမ်းကိုသာ သူတို့ခံစားလိုက်ရမည် ဆိုပါက သူတို့တစ်ဘဝလုံး လမ်းလျှောက်နေသော သေလူနှင့် ခြားတော့လိမ့်မည် မဟုတ်ချေ။
“ရှင် ဘယ်နည်းလမ်းတွေသုံးပြီး သတို့သမီးကို ထိန်းချုပ်ထားတာလဲ…” ခေါင်းခြောက်အောင် ထိုင်စဉ်းစားနေသည့် ရန်ကိုင်ကိုကြည့်ရင်း ရီကျင်းဟန်သည် သက်လတ်ပိုင်းလူကြီးဖက်သို့ လှည့်၍ မေးလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးက အဆက်မပြတ်ခေါင်းခါရင်း ပြန်ပြောလိုက်လေ၏။ “ကျုပ်ကို လာမမေးနဲ့… ကျုပ် ဘာမှမသိဘူး…”
သူ့အနေဖြင့် မည်ကဲ့သို့များ ထုတ်ပြောရဲပါမည်နည်း။ သူ့မိသားစုတစ်ခုလုံးသည် ကောင်းကင်ကြိုးကြာမြို့ထဲတွင် နေနေခြင်းဖြစ်ပေသည်။ သူသာ ထိုအကြောင်းကို ထုတ်ပြောလိုက်မည် ဆိုပါက သူ့မိသားစုတစ်ခုလုံး ဒုက္ခရောက်ကြရပေလိမ့်မည်။
“သတ္တိမရှိတဲ့ ငကြောက်ကောင်…” ရီကျင်းဟန်က အထင်အမြင်တသေးဖြင့် ပြောလိုက်လေ၏။
သက်လတ်ပိုင်းလူကြီးကမူ ရီကျင်းဟန် မည်သို့ပင် ပြောနေစေကာမူ ဘာမှမတတ်နိုင်သည့် အတွက်ကြောင့် ကူကယ်ရာမဲ့စွာဖြင့်သာ ငြိမ်ငြိမ်လေး နေနေခဲ့လေသည်။
“ဟမ်…” ရုတ်တရက်ဆိုသလို ရန်ကိုင်သည် တစ်ခုခုအား ရှာတွေ့သွားသည့်အလား အံ့အားသင့်သွားဟန် လုပ်ပြလိုက်လေသည်။ ထို့နောက်တွင် သူ၏ ကောင်းကင်စိတ်အာရုံသည် ချီယွဲ့၏ ဒန်တျန်အတွင်းပိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေ၏။
တစ်ခဏအကြာ၌ ဝမ်းသာအားရဖြင့် ရေရွတ်လိုက်လေသည်။ “ရုပ်သေးရုပ်ပိုးကောင်လား… တကယ်ကြီး ရုပ်သေးရုပ်ပိုးကောင်လား…”
ရန်ကိုင့်၏စကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် သက်လတ်ပိုင်းလူကြီး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ ထို့နောက် အလန့်တကြား ထအော်လေ၏။ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… မင်း အဲ့ဒါကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ… ဒီပိုးကောင်က မျိုးတုံးပျောက်ကွယ်သွားတာ ကြာနေပြီ… ဘယ်သူမှ မှတ်မိနိုင်တော့တာ မဟုတ်ဘူး…”
“တကယ်ကြီး ရုပ်သေးရုပ်ပိုးကောင်ကိုး…” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “အစကတော့ သိပ်မသေချာသေးဘူး… ဒါပေမဲ့ ခင်ဗျားဖြစ်သွားတဲ့ ပုံစံကို ကြည့်ရတာတော့ ဒီပိုးကောင်က ရုပ်သေးရုပ်ပိုးကောင် ဖြစ်တယ်ဆိုတာ လုံးဝသေချာသွားပြီ…”
သက်လတ်ပိုင်းလူကြီး မျက်နှာပျက်သွားခဲ့ပြီး ဒေါသတကြီး ထအော်လေသည်။ “မင်းငါ့ကို လာလှည့်စားနေတာလား…”
ထိုစဉ် တုရှန်းသည် သက်လတ်ပိုင်းလူကြီး၏ ခေါင်းကို ကောက်ရိုက်လျက် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ခင်ဗျားဦးနှောက်က တကယ်ကို အလုပ်မလုပ်တာပဲ ကျွတ် ကျွတ် ကျွတ်…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကျေးဇူးအများကြီးတင်ပါတယ်…”
သက်လတ်ပိုင်းလူကြီး အတော်လေးကိုမှ စိတ်ဓာတ်ကျသွားခဲ့လေသည်။ သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ကို တောက်လျှောက် ရလာတော့လေ၏။
သူ့အား အကြည့်စူးစူးတစ်ခုမှ စိုက်ကြည့်နေသည်ဟု ခံစားရသဖြင့် လှည့်ကြည့်လိုက်ရာ လော့ကျင်းကို မြင်လိုက်ပြီးသည့်နောက် ကြောက်လန့်တကြား ထအော်ပြောတော့လေ၏။ “မြို့သခင်… ကျုပ်သူ့ကို ဘာမှ မပြောလိုက်ဘူးနော်… ကျုပ် ဘာမှမပြောလိုက်ဘူး… သူ့ဘာသာသူ ရှာတွေ့သွားတာ…”
“အမှိုက်ကောင်…” လော့ကျင်းက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
သက်လတ်ပိုင်းလူကြီး၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး အားကုန်သွားသည့်အလား မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားခဲ့လေသည်။ သို့သော်ငြား တစ်ခဏမျှ ကြာပြီးသည့်နောက်တွင် တစ်ခုခုအား မှတ်မိသွားသည့်အလား ချက်ချင်း ပြန်ထထိုင်ကာ ရန်ကိုင့်အား လှမ်းအော်ပြောလိုက်လေ၏။ “မင်း အဲ့ပိုးကောင်မှန်း သိတော့ရော ဘာဖြစ်လဲ… ငါမရှိဘဲနဲ့ အဲ့ပိုးကောင်ကို ဘယ်လိုမှ ဖယ်ရှားနိုင်မှာမဟုတ်ဘူး… မင်းရဲ့ ယောက္ခမကြီးကို ကောင်းကောင်းမွန်မွန် ရှိနေစေချင်သေးတယ် ဆိုလို့ရှိရင် ငါ့ကို လွှတ်ပေးဖို့ ဒီလူတွေကို ပြောလိုက်… ပြီးရင် မြို့သခင်ကိုလည်း တောင်းပန်လိုက်…”
ယခုအချိန်ထိတိုင် သက်လတ်ပိုင်းလူကြီးသည် ခေါင်းမာမာနှင့် လော့ကျင်းဘက်တွင် ရှိနေသေးသည်။
“အဲ့ကောင်ပါးစပ်ကို ပိတ်ထားလိုက်စမ်း…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် အော်ပြောလိုက်လေသည်။
ရီကျင်းဟန်လည်း သက်လတ်ပိုင်းလူကြီး၏ လည်ဂုတ်ကို ဆတ်ခနဲရိုက်ချ၍ သတိလစ်အောင် လုပ်ပစ်လိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၁၂)
အင်းဆက်စာရင်း၏ မြေကမ္ဘာစာရင်းတွင်း အဆင့် (၅၂)ရှိသော ရုပ်သေးရုပ်ပိုးကောင်သည် တစ်ကိုယ်လုံးကို အဖွေးနုနုများဖြင့် လွှမ်းခြုံထားပြီး အမှောင်ထဲတွင် နေရသည်ကို ကြိုက်နှစ်သက်ကြသည်။ အများအားဖြင့် ထိုအင်းဆက်များကို မြေအောက် မီတာ(၃၀၀၀၀)အနက်တွင် တွေ့ရလေရှိပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ထိုအင်းဆက်များသည် အလွန်ရှာရခက်သည့် အင်းဆက်များထဲ ပါပေသည်။ ကျင့်ကြံသူတစ်ဦး၏ ဒန်တန်၊ ဝိဥာဉ်နှင့် ပေါင်းစပ်သွားပြီးနောက်တွင် ထိုအင်းဆက်များသည် ပေါင်းစပ်ခံလိုက်ရသည့် ကျင့်ကြံသူကို ထိန်းချုပ်နိုင်သွားကြ၏။
ထိုအကြောင်းများကို အင်းဆက်စာရင်းထဲတွင် ရေးသားဖော်ပြထားပေသည်။
အင်းဆက်ဧကရာဇ်မှ အင်းဆက်လက်ကောက်ထဲ ချန်ထားရစ်ခဲ့သည့် စာအုပ်ကြောင့် ရန်ကိုင်အနေဖြင့် ဤနေအခြေအနေမျိုးတွင် ကူကယ်ရာ မဲ့မနေခဲ့ချေ။
ရုပ်သေးရုပ်ပိုးကောင်သည် အင်းဆက်စာရင်းတွင် အတော်လေး အဆင့်နိမ့်သည်ဟု ပြော၍ရသည်။ ၎င်း၏ အမွေးနုနုကြောင့် ထိုအင်းဆက်များကို အာရုံခံဖို့ခက်သလို လူတစ်ဦးအား ရုပ်သေးရုပ်တစ်ရုပ်နှယ် ထိန်းချုပ်ပစ်နိုင်သော်ငြား ၎င်းတွင် အခြားသော အားနည်းချက်များစွာ ရှိနေပေသေးသည်။
ရုပ်သေးရုပ်အင်းဆက်မှန်း သိပြီးနောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲသို့ ကောင်းကင်စိတ်အာရ့ုထည့်သွင်း၍ သူလိုအပ်သည့် ရိုးတံအချို့ကို ထုတ်ယူလေ၏။
ဧည့်သည့်များသည် ရန်ကိုင် ဘာလုပ်ချင်နေလဲ မသိသည့်အတွက်ကြောင့် စိတ်ဝင်တစားဖြင့်သာ ကြည့်နေကြသည်။ တကယ်ဆိုလျှင် ရန်ကိုင် ပြောသည့် ရုပ်သေးရုပ်ပိုးကောင်သည် မည်ကဲ့သို့သော ပိုးကောင် ဖြစ်သလဲဆိုသည်ကိုပင် သူတို့ မသိကြချေ။
“ညီမရီ၊ နင့်မှာ တာအိုသခင်အဆင့်နဲ့ ညီမျှတဲ့ မြေဓါတ်မွန်းစတားအမြူတေ တစ်ခုခုလောက်ရှိလား” ရန်ကိုင်က ရီကျင်းဟန်ဘက်သို့ ရုတ်တရက် လှည့်မေးလိုက်၏။
ငေးကြောင်ကြောင် ဖြစ်နေသည့် ရီကျင်းဟန် ထိုအခါမှပဲ အသိပြန်ဝင်လာပြီး သူမ၏ သိုလှောင်လက်စွပ်ထဲ အလျင်စလို ကောက်ရှာကြည့်လေသည်။ သို့သော်ငြား သူမ ရှာမတွေ့သေးခင်မှာပင် တုရှန်းသည် အဝါရောင် မွန်းစတားအမြူတေတစ်ခုကို ထုတ်၍ ပေးလိုက်လေ၏ “ငါ့မှာတစ်ခုရှိတယ်။ သခင်လေးရန် အဆင်ပြေရင် သုံးလိုက်လေ”
ထိုစကားသံ ထွက်လာသည်နှင့် လော့ကျင်းက ရုတ်တရက် အော်ပြောလေသည် “တုရှန်း၊ ငါတို့ ကောင်းကင်ကြိုးကြာမြို့နဲ့ ရွက်တစ်ထောင်ဂိုဏ်းက ဆက်ဆံရေးကို ဂရုစိုက်သေးတယ်ဆိုရင်တော့ မင်းဂျူနီယာညီတွေ၊ ညီမတွေကိုခေါ်ပြီး ဒီကနေ ချက်ချင်း ထွက်သွားလိုက်တော့။ အဲ့ဒါဆို ဒီဘုရင် ဒီနေ့ကိစ္စကို လွှတ်ပေးလိုက်မယ်”
ထိုစကားကိုကြားသော် တုရှန်းသည် မျက်မှောင်ကြုတ်လျက် ရီကျင်းဟန်အား လှမ်းကြည့်လိုက်လေသည်။ ရီကျင်းဟန်မှ ခေါင်းညိတ်ပြနေသည်ကို မြင်သော် ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏ “သခင်လေးရန်က ကျုပ်တို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ မိတ်ဆွေတစ်ယောက်လေ။ မိတ်ဆွေတစ်ယောက် အကူအညီ လိုအပ်နေတဲ့အချိန်မှာ ကျုပ်တို့က ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေနိုင်မှာလဲ”
လော့ကျင်းမျက်နှာပျက်သွားခဲ့ပြီး ခေါင်းညိတ်လျက် “ကောင်းတယ်၊ အရမ်း ကောင်းတယ်။ ဒီဘုရင် ဒီကိစ္စကို ကျိန်းသေ မှတ်ထားမယ်။ ဒီကိစ္စတွေ ပြီးသွားတော့မှ ရွက်တစ်ထောင်ဂိုဏ်းဆီသွားပြီး ရီဟန်နဲ့ ကောင်းကောင်း စကားပြောရတာပေါ့ကွာ”
တုရှန်း မဆိုသလောက်ကလေး မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော်ငြား ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်လေသည် “မြို့သခင် သဘောတွေ့သလိုသာလုပ်”
ထိုသို့ပြောပြီးသည့်နောက် မြေဓါတ်မွန်းစတားအမြူတေကို ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည်။
ရန်ကိုင်လည်း မွန်းစတားအမြူတေအား သေချာ စစ်ဆေးကြည့်လေသည်။ အဆင်ပြေမှန်း သိလိုက်သော် ချက်ချင်း တင်ပလင်ခွေထိုင်ချလိုက်လေသည်။ ထို့နောက် ဆေးမီးဖိုကို ထုတ်ယူလိုက်လေ၏။
ဆေးမီးဖိုသည် အရွယ်အစားတဖြည်းဖြည်း ကြီးမားလာခဲ့ပြီး နောက်ဆုံးတွင် လူတစ်ရပ်စာခန့်အထိ ရှိလာခဲ့လေသည်။
“သူက ဆေးပညာရှင်တစ်ယောက်လား”
“အဲ့ဆေးမီးဖိုးကြီးကို တာအိုအဆင့်မြင့်နဲ့ တူနေသလိုပဲနော်။ တာအိုအဆင့် ဆေးမီးဖိုကို သုံးနေတာဆိုတော့ သူက တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦးပေါ့”
“သူဘယ်ကလာတာလဲ”
“အထက်စကြာဝဠာဂိုဏ်းက ရန်ကိုင်တဲ့”
“ရန်ကိုင်... အဲ့နာမည်ကို ငါကြားဖူးသလိုပဲ။ ငါဘယ်မှာ ကြားဖူးနေတာပါလိမ့်မယ်”
လူအုပ်ကြီးတစ်ခုလုံး ကျွတ်ကျွတ်ညံလာခဲ့လေသည်။ ရန်ကိုင်၏ ခွန်အားကို မြင်ပြီးနောက် လူများစွာ အံ့အားသင့်သွားခဲ့ကြရသည်။ ယခု ရန်ကိုင်သည် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦးပါ ဖြစ်နေကြောင်း သိလိုက်ရသည့် အချိန်တွင်တော့ အကုန်လုံး အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်ကုန်ကြတော့လေသည်။ အချို့လူများမှာလည်း ရန်ကိုင် မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကို စတင်၍ ခန့်မှန်းချက် ထုတ်ကြတော့လေသည်။
တောင်ဘက်နယ်မြေထဲတွင် ဥတုလေးမျိုးနယ်မြေထဲ၌ အနန္တဆေးလုံးကို ဖော်စပ်ခဲ့သည့် လူငယ်လေးတစ်ဦးအကြောင်း ကောလဟာလများ ပျံ့နှံ့ခဲ့ဖူးပေသည်။ ထိုလူငယ်လေးသည် လက်ရှိ သူတို့ရှေ့တွင် ရှိနေသော လူငယ်လေး ဖြစ်လိမ့်မည်ဟု လူပေါင်းများစွာ မှတ်ချက်ချနေခဲ့ကြလေသည်။
တကယ်တော့ ထိုလူနှစ်ဦးစလုံးသည် နာမည်ကော၊ ကျင့်ကြံခြင်းကော တူကြရုံမက တာအိုသခင်အဆင့် ဆေးပညာရှင်များလည်း ဖြစနေကြလေသည်။ လောကကြီးမှာ ကျယ်ပြောလှလေရာ နာမည်တူလူတူမရှား ဆိုသော်ငြား ဤမျှ အရာရာတူနေသည့် လူနှစ်ဦး ရှိဖို့ရာမှာတော့ သိပ်မဖြစ်နိုင်လှချေ။
အားလုံးရှေ့၌တွင်ပင် ရန်ကိုင်သည် ဆေးမီးဖို အပူချိန်ကို တဖြည်းဖြည်း မြှင့်လိုက်လေသည်။
လော့ကျင်းသည် မျက်လုံးမှေးစဉ်းလျက်သာ စိုက်ကြည့်နေခဲ့သည်။ ရန်ကိုင် ဘာလုပ်မလဲ ဆိုသည်နှင့် ပက်သက်၍ အတော်လေး စိတ်ဝင်စားနေသည့်အလား ဝင်တားမည့် အရိပ်အယောင်ပင် မပြချေ။
ရန်ကိုင်သည် ဆေးပင်များနှင့်အတူ မြေဓါတ်မွန်းစတားအမြူတေကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီးနောက် အစီအရင်များ ခင်းကျင်းကာ မီးအပူချိန်ကို စတင် ထိန်းချုပ်တော့၏။
လက်ဖက်ရည် တစ်ခွက်စာခန့်မျှ ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုင်ရာမှထ၍ ကျောက်စိမ်းနက်ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်လေသည်။ ထို့နောက် ဆွဲအားတစ်ခုကို ထုတ်လွှတ်၍ ဆွဲယူလိုက်ရာ ဆေးမီးဖိုတွင်းမှ တစ်ခုခု ပျံသန်းထွက်လာခဲ့လေသည်။
ထိုအရာမှာ အပြည့်အဝ မသိပ်သည်းရသေးသော စေးပျစ်ပျစ် ကျောက်စိမ်းရောင် ဆေးအရည်တစ်မျိုး ဖြစ်ပေသည်။ ဆေးလုံးအား အပြည့်အဝ မသိပ်သည်းရသေးဘဲ ဆေးမီးဖိုအဖုံးအား ဖွင့်လိုက်ခြင်းသည် ဆေးဖော်စပ်ခြင်း ကျရှုံးသွားသည်ဟု ပြော၍ရပေသည်။
သို့သော်ငြား ရန်ကိုင် လိုအပ်နေသည်မှာ ဆေးလုံးမဟုတ်၊ ဤဆေးအရည်သာ ဖြစ်လေသည်။
ထိုဆေးအရည်ကို အသင့်ပြင်ထားသည့် ပန်ကန်လုံးထဲသို့ ထည့်လိုက်ပြီးနောက် ချီယွဲ့ဆီသို့ ယူသွားကာ အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည် “ဒါကို သောက်လိုက်ပါ စီနီယာ”
ချီယွဲ့ မျက်နှာကြီး ဖြူလျော်သွားခဲ့လေသည်။
ရန်ကိုင် ယူလာသည့် ဆေးအရည်သည် နှစ်ပေါင်းများစွာကြာအောင် မလျော်ရသေးသော ခြေအိတ်မှ ထွက်နေသည့် အနှံ့မျိုး ထွက်နေကာ အလွန်ကိုမှ အော့အန်ချင်စရာ ကောင်းလှသည်။ ထိုကဲ့သို့သော ဆေးရည်မျိုးကို သူမက သောက်ရမည်လား။
ချီယွဲ့၏ ရွံရှာသည့်အကြည့်ကို သတိပြုမိသော် ရန်ကိုင်က ပြုံးဖြီးလျက် ပြောလိုက်လေ၏ “ဆေးကောင်းဆိုတာ ခါးတယ်တဲ့။ စီနီယာ ဒါကို သောက်ပြီးတာနဲ့ အဆင်ပြေသွားလိမ့်မယ်”
ချီယွဲ့သည် နင်ငါ့ကို လိမ်နေတာဆိုလို့ကတော့ သေပြီသာမှတ် ဟူသော အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင်ကမူ သူမ၏အကြည့်ကို ဂရုစိုက်မနေဘဲ ကလေးတစ်ယောက်ကို ချော့တိုက်သလိုသာ ချော့တိုက်လိုက်လေ၏ “သောက်လိုက်ပါ စီနီယာရယ်၊ နော်.. လိမ်မာပါတယ်နော်”
ထိုသို့ ပြောပြီးသည့်နောက် လက်တစ်ဖက်ဖြင့် ချီယွဲ့၏ ပါးစပ်ကိုဟလျက် ကျန်လက်တစ်ဖက်ဖြင့် ဆေးပန်းကန်ကို ကိုင်ကာ ချီယွဲ့ကို တိုက်လိုက်လေသည်။ တစ်ချိန်တည်းတွင် အရင်းအမြစ်ချီကို ထုတ်လွှတ်၍ ချီယွဲ့အနေဖြင့် ဆေးအရည်ကို ကောင်းကောင်း သန့်စင်နိုင်အောင်လည်း ကူညီပေးလိုက်သေး၏။
ဂလုဂလုဂလု...
ဧည့်သည်များမှာတော့ ထိုမြင်ကွင်းကို မမှိတ်မသုံ စိုက်ကြည့်နေကြလေသည်။
“အော့...” ရုတ်တရက် ချီယွဲ့သည် ဒူးထောက်ထိုင်ချလျက် အလွန် ရွံရှာနေသည့် အမူအရာဖြင့် ထိုးအန်ချတော့လေသည်။
ရန်ကိုင်ကမူ ပြုံးရင်းဖြင့်သာ ရပ်ကြည့်နေခဲ့သည်။ ပန်းကန်လုံးကို လွင့်ပစ်လိုက်ပြီးနောက် ချီယွဲ့၏ကျောကို အသာအယာ ပုတ်ပေးလိုက်လေသည်။
“ကောင်စုတ်လေး၊ နင်ဒါကို ငါ့ကို သောက်ခိင်းရဲတယ်ပေါ့” ချီယွဲ့သည် ရန်ကိုင်ဘက်သို့ လှည့်၍ ဒေါမာန်တကြီး ထအော်တော့လေသည်။
နှစ်ပေါင်းများစွာ အသက်ရှင်လာသည့် သက်တမ်းတစ်လျှောက်တွင် ဤမျှ အရသာဆိုး၊ ရွံရှာဖွယ်ကောင်းလွန်းလှသည့် အရာကို ပထမဆုံးအကြိမ်အဖြစ် သောက်ဖူးခြင်းဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဤကဲ့သို့သော အရာမျိုးကို ဘယ်တော့မှ သောက်လိမ့်မည် မဟုတ်ချေ။
“စိတ်လျှော့ပါ စီနီယာရယ်၊ ကျုပ်လည်း မတတ်သာလို့ လုပ်လိုက်ရတာပါ” ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် ပြောလိုက်လေသည်။
“ငါးယောက်မြောက်ညီမ...” ဘေးနားတွင်ရှိနေသော ချိုက်ဟူသည် ချီယွဲ့အား ကြောင်ကြည့်နေရင်းမှ ပြောလိုက်လေသည် “နင်လှုပ်လို့ရသွားပြီပေါ့”
ထိုစကားကို ကြားသည့်အခါ ချီယွဲ့လည်း မှင်သက်သွားခဲ့လေသည်။ ယခုမှပဲ သူမ၏ ခန္ဓာကိုယ် သူ့ဘာသာ လှုပ်ရှားသွားပြီး သူမကိုယ်တိုင်သည်လည်း စကား ပြန်ပြောနိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ထို့နောက် ဖြည်းဖြည်းချင်း ထရပ်၍ ပြုံးကာ ပြောလိုက်လေ၏ “ငါထိန်းချုပ်ထားမခံရတော့ဘူး” ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်ဘက်သို့လှည့်၍ ခက်ထန်သည့် လေသံဖြင့် “နင်လိမ်နေတာ မဟုတ်ဘူး။ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ်ဒါမျိုး ထပ်သောက်ခိုင်းမယ် ဆိုရင်တော့...”
ပြောနေရင်း တန်းလန်းမှာပင် အစောပိုင်းက အရသာကို ပြန်အမှတ်ရသွားသည့်အလား အန်ချင်ဟန်ဖြင့် သူမပါးစပ်ကို လက်ဖြင့် ကောက်ပိတ်လိုက်လေသည်။
ထို့နောက် ချက်ချင်းပဲ ချိုက်ဟူဘက်သို့ကြည့်၍ အပြစ်မကင်းသည့် အမူအရာဖြင့် “ရှင့်ကို ဒုက္ခရောက်အောင် လုပ်လိုက်မိလို့ တောင်းပန်းပါတယ်နော် လေးယောက်မြောက်အစ်ကို”
ချိုက်ဟူက ရယ်မောလျက် “မလိုပါဘူး... ငါတို့တွေက တစ်မိသားစုတွေပဲ မဟုတ်ဘူးလား။ နင့်နေရာမှငါသာဆိုရင် နင်လည်း ရပ်ကြည့်နေမှာ မဟုတ်မှန်း ငါသိတယ်”
ချီယွဲ့က ခေါင်းညိတ်လိုက်ပြီးနောက် ရီကျင်းဟန်၏ လက်ထဲတွင် ချုပ်ထားခံရသည့် သက်လတ်ပိုင်းလူကြီးအား အရိုးကွဲမတတ် အေးစက်လှသည့် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်လေသည် “ငါ့ကိုများ အခုလိုဖြစ်အောင် လုပ်ရဲတယ် သေနာကောင်”
သက်လတ်ပိုင်းလူကြီးကမူ စိတ်နှင့်ကိုယ် မကပ်သည့် အမူအရာဖြင့် ချီယွဲ့ကို စိုက်ကြည့်ရင်း ရေရွတ်နေခဲ့လေ၏ “မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ရုပ်သေးရုပ်ပိုးကောင်က မျိုးတုန်းသွားပြီပဲဟာကို၊ ဘယ်လိုလုပ်ပြီး အခြားတစ်ယောက်က အဲ့ပိုးကောင်ကို ဖယ်တဲ့ နည်းလမ်းကို သိနေရသေးတာလဲ...”
သူ့၏ ဝှက်ဖဲအား ရန်ကိုင်မှ ဤမျှ အလွယ်တကူ ဖြေရှင်းသွားသည်ကို လက်မခံနိုင် ဖြစ်နေသည့်ပုံပင်။
ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “အင်းဆက်သုံးပြီးတော့များ ကျုပ်ကို လာအကြပ်ကိုင်ချင်သေးတယ်။ ခင်ဗျား နှစ်တစ်ရာလောက် ငယ်သေးတယ်... ဟားဟားဟား”
ရန်ကိုင်၏ ရယ်မောသံကိုကြားပြီးနောက် ရန်ကိုင် ရူးများရူးသွားလေလားဟုတွေးလျက် လူပေါင်းများစွာ မျက်မှောင်ကြုတ်သွားခဲ့ကြလေသည်။
ထိုသို့ ရယ်မောနေရင်းမှ ရန်ကိုင်သည် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်၍ မီးတောက်များ ဖန်တီးလိုက်လေသည်။ ထိုမီးတောက်သည် ချီယွဲ့ ထိုးအန်ချထားသည့် အရာမှန်သမျှကို လောင်းကျွမ်းပစ်သွားလေသည်။
ထိုသို့ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် သက်လတ်ပိုင်းလူကြီးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားသည့်အလား တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာပြီး သွေးများ ထိုးအန်ချတော့လေသည်။ ထို့နောက် သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး သူ့အရှိန်အဝါမှာလည်း သိသိသာသာကို အားနည်သွားခဲ့လေသည်။
ရုပ်သေးရုပ်ပိုးကောင်သည် ချီယွဲ့၏ ခန္ဓာကိုယ်ထဲမှ ဖယ်ရှားခံရပြီးချိန်တွင် ချက်ချင်း သေမသွားခဲ့ချေ။ ထို့ကြောင့် သက်လတ်ပိုင်းလူကြီး အကောင်းအတိုင်း ရှိနေသေးခြင်း ဖြစ်သည်။
သို့သော်ငြား ရန်ကိုင်မှ ရုပ်သေးရုပ်ပိုးကောင်ကို မီးရှို့ဖျက်စီးလိုက်ပြီးသည့်နောက် ပိုးကောင်အား ကောင်းကင်စိတ်အာရုံဖြင့် ချိတ်ဆက်ထားသော သက်လတ်ပိုင်လူကြီးမှာ တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားရတော့လေသည်။
ရုပ်သေးရုပ်ပိုးကောင် အင်းဆက်စာရင်းတွင် အတော်လေး အဆင့်နိမ့်နေရခြင်းမှာ ၎င်းသည် အခြားသော အင်းဆက်များကဲ့သို့ အားကောင်းသော ခုခံနိုင်စွမ်းကို မပိုင်ဆိုင်ထားသည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။ ဝိဥာဉ်ဝါးမြိုအင်းဆက်များ ဆိုပါက အလွန်ကိုမှ ဒူပေဒဏ်ပေ ခံနိုင်ပေသည်။ ထိုအင်းများကို သန်ဖို့ရာ အလွန့်အလွန်ကိုမှ ခဲယဉ်းလွန်းလှ၏။
ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင် အနေဖြင့် ရုပ်သေးရုပ်ပိုးကောင်းကို အင်းဆက်လက်ကောက်ထဲတွင် ထည့်သိမ်းထားချင်ပေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်၌ သူ့အနေဖြင့် ထိုပိုးကောင်ကို လိုအပ်ကောင်း လိုအပ်လာနိုင်ပေသည်။
သို့သော်ငြား ရုပ်သေးရုပ်ပိုးကောင်မှာ အလွန်ကိုမှ ရှားပါးပြီး ပိုင်ရှင်ရှိပြီးသွားသည်နှင့် ထိုပိုးကောင်ကို အခြားတစ်ယောက်မှ သုံး၍ မရတော့ချေ။ ထို့ကြောင့် ရန်ကိုင်လည်း အနည်းငယ်မျှပင် တုန့်ဆိုင်းမနေခဲ့ဘဲ ချက်ချင်း ဖျက်စီးပစ်ခဲ့ခြင်း ဖြစ်သည်။
သက်လတ်ပိုင်းလူကြီး၏ အခြေအနေကိုမြင်သော် ချီယွဲ့ မျက်မှောင်ကြုတ်သွား၏။ သက်လတ်ပိုင်းလူကြီးအား ဆက်၍ ပြဿာမရှာတော့ဘဲ လော့ကျင်း ဘက်သို့သာ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
လော့ကျင်းသည် ယနေ့ကိစ္စအားလုံး၏ လက်သည်တရားခံ ဖြစ်ပေသည်။ ရန်ကိုင် ပေါ်လာပြီး သူမအား ကယ်သွားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူမလည်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်သလို ချိုက်ဟူသည်လည်း ဆိုးဆိုးရွားရွား ဒုက္ခရောက်ရပေလိမ့်မည်။ ထို့ကြောင့် ချီယွဲ့သည် လော့ကျင်းအား အမုန်းကြီး မုန်းတီးနေမိလေသည်။
“ရွှဲ့လေး၊ နင်ဒီဘုရင်ဘက်ဆီ ပြန်လာဖို့ အချိန်ရှိသေးတယ်နော်။ နင်သာ ပြန်လာမယ်ဆိုရင် ဒီဘုရင် ဖြစ်ခဲ့တာတွေ အားလုံးကိုမေ့ပြီး အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပေးလိုက်မယ်” လော့ကျင်းက ထူးမခြားနား လေသံဖြင့် ပြောလိုက်လေသည်။
“ရွဲ့...လေး” ရန်ကိုင် မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။
ကြယ်စီရင်စုတွင်ရှိစဉ်က မွန်းစတားဧကရာဇ်ကြယ်တစ်ခုလုံးကို အုပ်ချုပ်ခဲ့သော ဂုဏ်သတင်းကြီးမားလှသည့် မွန်းစတားဘုရင်ချီယွဲ့သည် ကြယ်တာရာအစုအဝေးထဲသို့ ရောက်ပြီးနောက် တစ်စုံတစ်ဦး၏ ရွဲ့လေးဟု ခေါ်ခြင်း ခံနေခဲ့ရသည်။ ဤအကြောင်းကိုသာ မွန်းစတားဧကရာဇ်ကြယ်ပေါ်ရှိ မွန်းစတားမျိုးနွယ်ဝင် ခေါင်းဆောင်များ သိသွားပါက ဝါးလုံးကွဲ ထိုင်ရယ်မောနေကြပေလိမ့်မည်။
ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသည့်အလား ချီယွဲ့သည် ရန်ကိုင်အား စူးစိုက်ကြည့်လိုက်လေသည်။ ထို့နောက် လော့ကျင်းဘက်သို့ ပြန်လှည့်၍ အေးစက်စက် အမူအရာဖြင့် “ခွေးအိုကြီး၊ အစ်ကိုကြီးနဲ့ အခြားသူတွေကိုလည်း အကျဉ်းချထားသေးတယ်။ ကျွန်မကိုလည်း ရှင့်ကို လက်မထပ်ထပ်တောင် အတင်း တွန်းအားပေးတယ်။ အဲ့ဒါကို အခု ရှင့်ဘက်ကို ပြန်လာဖို့ ပြောနေသေးတယ်ပေါ့။ ရှင်ခေါင်းမေကာင်းတော့တာလား”
လော့ကျင်း မျက်နှာပျက်သွားခဲ့ပြီး ဒေါသ ထွက်လာလေတော့သည်။
ယနေ့တွင် သူ့မျက်နှာ ရစရာမရှိအောင် ပျက်သွားပြီမှန်း သိလိုက်လေသည်။ အစကတော့မူ ချီယွဲ့ကို သူ့ဘက်ရအောင်ခေါ်၍ မျက်နှာ ပြန်အဖတ်ဆယ်ရန် စဉ်းစားထားသော်ငြား ချီယွဲ့ကမူ လူဘုံအလယ်တွင် သူ့အား ပြောင်ပြောင်တင်းတင်း ငြင်းလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရှက်ရှက်နှင့် ဒေါသထွက်သွားခဲ့ကာ သတ်ဖြတ်လိုစိတ်တို့သည့် သူ့ခန္ဓာကိုယ် ဖြာထွက်လာလေတော့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၁၃)
“အစ်ကိုကြီးနဲ့ အခြားသူတွေလည်း အကျဉ်းချထားခံရတာလား” ချူဟိုက်က ဒေါမာန်တကြီးဖြင့် ထအော်လေသည်။
“ဟုတ်တယ်” ချီယွဲ့က မျက်နှာကြီး သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလေ၏ “အဲ့ခွေးအိုကြီး လိမ်တာကို ငါသွားယုံမိလိုက်လို့ အစ်ကိုကြီးနဲ့ အခြားသူတွေပါ အဖမ်းခံလိုက်ရတာ”
“သောက်ကျင့်မကောင်းတဲ့ကော်င” ချိုက်ဟိုက်က အော်ဆဲပါလေတော့သည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော်ငြား ချိုက်ဟူသည် လော့ကျင်းအား သွေးများ၊ တံတွေးများဖြင့် လှမ်းထွေးနေခဲ့လေသည်။ မည်သို့ပင် ဖြစ်နေစေကာမူ လော့ကျင်းသည် တစ်ချက်ကလေးမှပင် မလှုပ်ဘဲ သူ့စွမ်းအားကို ထုတ်လွှတ်၍သာ သူ့ဆီသို့ တိုးဝင်လာနေသည့် သွေးများ၊ တံတွေးများကို ကာကွယ်ထားခဲ့လေ၏။
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “စီနီယာ၊ ခင်ဗျား ပြောနေတဲ့ အစ်ကိုကြီးဆိုတဲ့လူက... ဘယ်သူ့ကို ပြောချင်နေတာလဲ”
သူ့စိတ်ထဲ ခန့်မှန်းထားမိပြီး ဖြစ်သော်ငြား သေချာအောင်တော့ အတည်ပြုချင်ပေသေးသည်။
ချီယွဲ့က ပြန်ပြောလိုက်လေ၏ “နင့်အထက်စကြာဝဠာဂိုဏ်းရဲ့ မဟာအကြီးအကဲ ကွေ့ဇူလေ”
“သူလား” ရန်ကိုင်က ဝမ်းသာအားရဖြင့် “မဟာအကြီးအကဲလည်း ဒီရောက်နေတာလား”
“ဟုတ်တယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ မြို့သခင်စံအိမ်ရဲ့ နေရာတစ်ခုမှာ အကျဉ်းချထားခံနေရတယ်” ချီယွဲ့က သက်ပြင်းတစ်ချက်ချလျက် ပြောလိုက်လေသည်။
“အခြားသူတွေကော၊ သူတို့လည်း ဒီမှာပဲလား” ရန်ကိုင်က ထပ်မေးလိုက်သည်။
ချီယွဲ့က ပြန်ပြောလိုက်လေ၏ “အဖွဲ့အစည်းခေါင်းဆောင်ကုနဲ့ ခေါင်းဆောင် အိုင်းအောင်တို့လည်း ဒီမှာပဲ”
ထိုစကားကို ကြားသော် ရန်ကိုင်က ပြန်၍ မေးခွန်းထုတ်လိုက်လေသည် “ဒါဆိုရင်... စီနီယာဝူတောက်ကော”
အရိပ်ကြယ်မှ ထွက်လာသည့် သူတို့အဖွဲ့ထဲတွင် စုစုပေါင်း လူခြောက်ယောက် ပါပေသည်။ ရန်ကိုင်နှင့် ချီယွဲ့သည် ဤနေရာတွင် ရှိနေပြီဖြစ်သလို ကျန်လေးယောက် အနက် သုံးယောက်ဖြစ်သော အိုင်းအောင်၊ ကုချန်းနှင့် ကွေ့ဇူတို့လည်း ကောင်းကင်ကြိုးကြာမြို့ထဲတွင် ရှိနေခဲ့သည်။ ထို့ကြောင့် နောက်ဆုံး တစ်ယောက် ဖြစ်သော ဝူတောက် တစ်ယောက်သာ ရှိတော့လေ၏။
ရန်ကိုင်၏ အမေးကို ကြားပြီးနောက်တွင် ချီယွဲ့က မှုန်ကုတ်ကုတ် အမူအရာဖြင့် “စီနီယာဝူတောက်က... သေသွားပြီ”
“ဘယ်လို” ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ဝူတောက်သည် သူ၏ မွေးရပ်မြေ ကြယ်စီရင်စုကြီးထဲတွင် အားအကောင်းဆုံး ဖြစ်ပေသည်။ သို့သော်ငြား အခြားသူများက အကောင်းအတိုင်း ရှိနေသေးချိန် ထိုအားအကောင်းဆုံးတစ်ယောက်က သေသွားခဲ့သည်။ ရှင်းရှင်းပြောရလျှင် ဝူတောက်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့် အထွဋ်အထိပ်သို့ ရောက်နေပြီ ဖြစ်ပြီး မွေးရပ်မြေ ကြယ်စီရင်စုကြီး၏ လောကနိယာမများကြောင့်သာ နောက်တစ်ဆင့်သို့ မတက်ရောက်နိုင်သေးခြင်း ဖြစ်သည်။
“စီနီယာဝူတောက် ဘယ်လိုသေသွားတာလဲ” ထိုသို့ ပြောပြီးနောက်တွင် ရန်ကိုင်သည် လော့ကျင်းအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လျက် “သူ့ကြောင့်လား"
သူသည် ဝူတောက်နှင့် အရမ်းကြီး မရင်းနှီးသော်ငြား သူတို့သည် သေခြင်းရှင်ခြင်းကို အတူတကွ ကျော်ဖြတ်လာကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် ဝူတောက် သေသွားသည်ကို ကြားသော် သူ့စိတ်ထဲ အလွန်ကိုမှ ဒေါသထွက်မိလေသည်။
ကြယ်စီရင်စုထဲမှ ထွက်လာသည့်လူ စုစုပေါင်းမှ ခြောက်ယောက်သာ ရှိသည်။ ယခု တစ်ယောက် သေသွားပြီမှန်း ကြားလိုက်သော် ရန်ကိုင်စိတ်ထဲ ဝမ်းနည်းမိလေ၏။
ချီယွဲ့ကမူ ခေါင်းခါလျက် “ဒီကိစ္စက သူနဲ့ ဘာမှမဆိုင်ဘူး။ စီနီယာဝူတောက်က... တာအိုသခင်အဆင့်ကို ချိုးဖျက်နေရင်းနဲ့ မိုးမြေကောင်းချီးကို မခံနိုင်လို့ သေသွားခဲ့တာ”
ထိုစကားကို ကြားပြီးနောက် ရန်ကိုင် တစ်ခဏမျှ ကြောင်တောင်တောင် ဖြစ်သွား၏။ ထို့နောက် သက်ပြင်းရှည်ကြီး တစ်ချက်ချလျက် “ဆိုးလိုက်တဲ့ကံပါလား”
အားလုံးထဲတွင် တာအိုသခင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြေအရှိဆုံး ဝူတောက် ဤကဲ့သို့ သေသွားရသည်ဆိုသည့်အကြောင်း ကြားလိုက်ချိန် ရန်ကိုင် သူ့နားသူ မယုံကြည်နိုင် ဖြစ်သွားခဲ့လေသည်။ ချီယွဲ့ ကိုယ်တိုင် ပြောပြနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
တကယ်တော့ ချီယွဲ့ပင်လျှင် တာအိုသခင်အဆင့်သို့ အောင်အောင်မြင်မြင် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည် မဟုတ်ပေလော။ ဝူတောက်ကကော ဘာကြောင့်များ မအောင်မြင်ရမည်နည်း။
သို့ရာတွင် ကံတရားသည် လူတိုင်းအား မျက်နှာသာ မပေးခဲ့ချေ။
“ကွေ့ဇူနဲ့ အခြားလူတွေကော ဘယ်လိုရှိလဲ” ရန်ကိုင်က ထပ်မေးလိုက်သည်။
ချီယွဲ့က ပြန်ပြောလိုက်သည် "ဟိုတစ်ခေါက်တုန်းကတော့ သူတို့အကုန်လုံး တာအိုသခင်အဆင့် ကျင့်ကြံသူတွေ ဖြစ်နေပြီးနေပြီ။ အခု သူတို့ ဘယ်လို အခြေအနေ ရှိလဲ ဆိုတာကိုတော့ ငါလည်း မသိဘူး”
ရန်ကိုင် ခေါင်းညိတ်လိုက်လေ၏။
ထိုစဉ် သူ့တို့ဘေးတွင် ရပ်နေသော ချိုက်ဟူက ဝင်ပြောလိုက်လေသည် “ညီလေး၊ မင်း အစ်ကိုကြီးနဲ့ အခြားလူတွေကို သိတာလား”
ထိုစကားကိုကြားသော် ရန်ကိုင်က ရယ်မောလျက် “ခင်ဗျားရဲ့ အစ်ကိုကြီးက ကျုပ်အထက်စကြာဝဠာဂိုဏ်းရဲ့ မဟာအကြီးအကဲလေ။ ကျုပ်ကိုယ်တိုင်က အဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုမှတော့ သူ့အကြောင်းကို မသိစရာလား”
ချိုက်ဟူ ကြောင်သွားခဲ့ပြီး ချီယွဲ့ဘက်သို့လှည့်လျက် "သူကလည်း..."
ချီယွဲ့က ခေါင်းညိတ်ပြလိုက်လေသည်။
ထိုအခါ ချိုက်ဟူက ရန်ကိုင်အား အလေးအနက်အမူအရာဖြင့် ကြည့်လျက် လက်သီးဆုပ်ကာ တလေးတစားဖြင့် ပြောလိုက်လေသည် “ခုနုတုန်းက မလေးစားသလို လုပ်မိသွားခဲ့ရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
ချီယွဲ့နှင့် အခြားသူများ အဆင့်နိမ့် ကြယ်စီရင်စုတစ်ခုမှလာကြောင်း ချိုက်ဟူ သိပြီးသားပင်။ ယခု ရန်ကိုင်ပါ ထိုနေရာမှလာကြောင်း ထပ်သိလိုက်ရသည်။ ထို့အပြင် အချိန်တိုတိုအတွင်း ဤကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်ထားနိုင်သည့်အပေါ် အလွန်ကိုမှ လေးစားအားကျမိပေသည်။
ရန်ကိုင်က ပြုံးလျက် “စိတ်မပူပါနဲ့ ရောင်းရင်းချိုက်” တစ်ချက်ရပ်ပြီးနောက် ရန်ကိုင်က ထပ်မေးလိုက်လေသည် “ဒါနဲ့ ကျုပ်ရဲ့ ရှောင်ရှောင်ကော စီနီယာ”
“ရှောင်ရှောင်လား” ချီယွဲ့က မျက်မှော်ငကြုတ်လျက် “ဟိုကျောက်တုံးကို ပြောနေတာလား... သူနင့်နောက် လိုက်မသွားဘူးလား”
ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည် “ကျုပ်သူ့ကို အခုထိ ရှာလို့ မတွေ့သေးဘူး”
“ငါတို့လည်း သူ့ကိုမတွေ့ဘူး။ အဲ့နေ့ လမ်းကွဲသွားကတည်းက ငါတို့တွေက အမြဲလိုလို အတူရှိနေတာ။ တစ်ခါတစ်ရံ လူခွဲသွားရမယ်ဆိုရင်တောင် ပြီးရင် ပြန်လူစုကြတာပဲ။ အဲ့နေရာ ထွက်လာပြီးတဲ့နောက်ပိုင်း ငါတို့ နင့်ကို လိုက်ရှာကြည့်သေးတယ်။ ဒါပေမယ့် ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး”
“ဒါဆို ရှောင်ရှောင်က ခင်ဗျားတို့နဲ့ မဟုတ်ဘူးပေါ့” ရန်ကိုင် စိတ်ညစ်သွားခဲ့လေသည်။
ချီယွဲ့တို့၏ ကျင့်ကြံခြင်းမှာ မြင့်မားခြင်း မရှိသော်ငြား သူတို့သည် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်လာကြသည့် လူသားများ ဖြစ်ကြသည့်အတွက် အခြေအနေ၊ တည်နေရာကို လိုက်ရင် ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိကြပေသည်။ ကြယ်တာရာအစုဝေးသို့ ရောက်လာပြီးနောက်တွင် ဤနေရာရှိ လူ့အသိုင်းအဝိုင်းထဲ ရောဝင်ဖို့ရာ သူတို့အတွက် အခက်အခဲမဟုတ်ချေ။
သို့ရာတွင် ရှောင်ရှောင်ကမူ ထိုကဲ့သို့ မဟုတ်။ သူ့အသိဥာဏ်မှာ အတော်လေးကိုမှ နိမ့်ကျသလို သူ့မျိုးစိတ်ကလည်း အတော်လေးကိုမှ ထူးခြားလှသည်။ ထို့ကြောင့် အခြားလူများသာ သူ့အား တွေ့သွားပါက သုတေသန ပြုလုပ်လိုသည် ဟူသော ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးကြပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင် ရှောင်ရှောင်ကို ပို၍ စိတ်ပူနေခြင်း ဖြစ်ပေသည်။
ရန်ကိုင် စိတ်ညစ်သွားသည်ကို မြင်သော် ချီယွဲ့က နှစ်သိမ့်ပေးလိုက်လေ၏ “အဲ့လောက်ကြီးလည်း စိတ်ပူမနေစမ်းပါနဲ့။ ရှောင်ရှောင်က ထူးခြားတယ် ဆိုရင်တောင်မှ အခြားလူတစ်ယောက် ဖမ်းခေါ်သွားခံရရင်တောင် သေမယ့်လူစားမျိုး မဟုတ်ဘူး။ နင်လုပ်ဖို့က သူ့ကို ဆက်ရှာနေဖို့ပဲ။ နောက်ဆုံးကျရင် ရှာတွေ့သွားမှာပါ”
ရန်ကိုင်က ခေါင်းညိတ်လိုက်၏ “အဲ့လိုဖြစ်ဖို့ပဲ မျှော်လင့်ရမှာပေါ့”
နှစ်ယောက်သား တိုးတိုး တိုးတိုး ပြောနေခြင်း မဟုတ်သည့်အတွက်ကြောင့် အခြားသူများသည် သူတို့ ပြောနေသည်ကို အတိုင်းသား ကြားနေရလေသည်။
ရန်ကိုင်တို့ ဘာပြောနေလဲ ဆိုသည်ကို သေချာ နားမလည်သော်ငြား ရန်ကိုင်နှင့် ချီယွဲ့သည် အချိန်အကြာကြီးကြာမှ ပြန်ဆုံရသည့် အလွန်ကိုမှ ရင်းနှီးကြသည့် လူများမှန်း နားလည်ထားကြလေသည်။
လော့ကျင်းက ရုတ်တရက် ပြုံးလျက် “မင်းတို့ အကုန်လုံးက ရင်းနှီးတဲ့ မိတ်ဆွေတွေ ဆိုမှတော့ သူတို့နဲ့ တွေ့လို့ရအောင် ဒီဘုရင် မင်းတို့ကို လိုက်ပို့ပေးမယ်လေ။ ဘယ်လိုလဲ”
ချီယွဲ့က ဒေါသတကြီး ထအော်လိုက်လေ၏ “ခွေးအိုကြီး၊ အသိစိတ်ရှိနေသေးရင် အစ်ကိုကြီးနဲ့ အခြားသူတွေကို ချက်ချင်း လွှတ်ပေးလိုက်။ မဟုတ်ရင် ရှ၍်ရဲ့ မြို့သခင်စံအိမ် တစ်ခုလုံးကို ပြာချပစ်မှာနော်”
လော့ကျင်းက ပြန်ပြောလိုက်လေ၏ “ဒေါသကိုထိန်း ရွဲ့လေးရဲ့။ နင့်လို မိန်းမတစ်ယောက်က ဒီလောက် စိတ်ကြီးနေတာ ဘယ်လိုလုပ်ပြီး ကောင်းပါ့မလဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၁၄)
ရန်ကိုင်၊ ချီယွဲ့၊ ချိုက်ဟူနှင့် အခြားသော တာအိုသခင်အဆင့် ပညာရှင်ပေါင်းများစွာတို့သည် အစီအရင်ထဲတွင် ပိတ်မိသွားကုန်ကြလေသည်။
လော့ကျင်းသည် သည်းလှိုက်အူလှိုက် အော်ရယ်မောရင်းမှ ပတ်ဝန်းကျင်ကို အထက်စီးအမူအယာဖြင့် ကြည့်လျက် အော်ပြောလိုက်လေ၏။ “ရောင်းရင်းတို့ထဲက ဘယ်သူကများ ဒီဘုရင်ကိုကူပြီး ဒီကောင်လေးကို သတ်ပေးချင်လဲမသိဘူး… ရောင်းရင်းတို့သာ ကူညီပေးမယ်ဆိုရင် ဒီဘုရင် အမှန်တကယ်ကို ကျေးဇူးတင်မိမှာပါ…”
လော့ကျင်းသည် ကိုယ်တိုင်လှုပ်ရှားရန် မစီစဉ်ထားပေ။ ရန်ကိုင့်ကို ကြောက်သည့်အတွက်ကြောင့်တော့ မဟုတ်။ ဆုံးရှုံးသွားရသော သူ့ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ရန်အတွက်သာ ဖြစ်လေသည်။
လော့ကျင်း၏စကား ထွက်လာပြီးသည့်နောက် လူတစ်ယောက်က လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “တိမ်တိုက်ဖြူမျှော်စင်ရဲ့ မူကျန်းက မြို့သခင်ကို ကူညီပေးဖို့ ဆန္ဒရှိပါတယ်…”
နောက်တစ်ယောက်ကလည်း မတ်တပ်ရပ်၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “နှလုံးသားစံအိမ်က ကော့ကျဲ့ယွမ်ကလည်း ဆန္ဒရှိပါတယ်…”
တတိယမြောက်တစ်ယောက် ထပ်လာပြန်လေသည်။ “သူ့လိုမျိုး လူတကာကို လိမ်ညာပြီး လိုက်ပတ်လှည့်ဖျားနေတဲ့ လူမျိုးဆိုတာ ဒီလောကကြီးမှာ တကယ်ကို မရှိသင့်ဘူး… ဝိဉာဉ်ဝါးမျိုခြင်းဓါးဂိုဏ်းက ကျုပ် ယွမ်မိုကလည်း မြို့သခင်နဲ့အတူ ပူးပေါင်းပြီး ဒီလိုကောင်မျိုးကို အခြားသူတွေ နမူနာယူလို့ရအောင် ရှင်းပစ်ဖို့ ဆန္ဒရှိပါတယ်…”
ချက်ချင်းဆိုသလို မတူကွဲပြားသည့် အင်အားစုအသီးသီးမှ လူရှစ်ယောက် ချက်ချင်း မတ်တပ်ရပ်လာပြီး လော့ကျင်းကို ကူညီပေးရန် သဘောတူခဲ့ကြလေသည်။
ထိုအခါ လော့ကျင်းက ပြုံးလျက် ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီလေ… ဒါဆိုရင် ရောင်းရင်းတို့ကို ဒုက္ခပေးရဦးမှာပေါ့…”
ထိုလူများက ပြိုင်တူပြန်ပြောလိုက်ကြလေ၏။ “စိတ်မပူပါနဲ့ မြို့သခင်… ကျုပ်တို့ မြို့သခင်ကို လုံးဝ စိတ်မပျက်စေရပါဘူး…”
ထိုသို့ပြောပြီးသည့်နောက်တွင် ထိုလူများသည် ရန်ကိုင့်ဘက်သို့ လှည့်၍ ကြမ်းကြုတ်စွာ ပြုံးပြလိုက်ကြလေသည်။
အစောပိုင်းက ရန်ကိုင်ပြသခဲ့သော စွမ်းဆောင်ရည်သည် အလွန်ကိုမှ ထူးခြားသော်ငြား လက်ရှိအချိန်တွင် မြို့သခင်စံအိမ်၏ အစောင့်များမှ ခင်းကျင်းထားသည့် အစီအရင်ကြောင့် ရန်ကိုင်လှုပ်မရ ဖြစ်နေခဲ့လေသည်။ လက်ရှိရန်ကိုင်သည် စဉ်းနီတုံးပေါ်ရှိ ငါးတစ်ကောင်နှင့် မခြားတော့ချေ။
ရုတ်တရက်ဆိုသလို တိမ်တိုက်ဖြူမျှော်စင်မှ မူကျန်းက ယဲ့ယဲ့လေးပြုံးလျက် “ရောင်းရင်းတို့ ငါတို့တွေသာ လူအုပ်ကြီးနဲ့ အခြားသူတွေကို အနိုင်ကျင့်နေတဲ့ အကြောင်းသာ ပြန့်သွားခဲ့လို့ရှိရင် ငါတို့ဂုဏ်သတင်းအတွက် မကောင်းဘူး… ပြီးတော့ ဧည့်သည်တွေအများကြီးကလည်း ရှိနေတာဆိုတော့ ငါတို့သာ သူ့ကို လူအုပ်ကြီးနဲ့ ဝိုင်းတိုက်လို့ အနိုင်ရသွားရင်တောင် မျှတမှာ မဟုတ်ဘူး…”
ကော့ကျဲ့ယွမ်က ဝင်ပြောလိုက်လေသည်။ “ဒါဆို ရောင်းရင်းမူက ဘာလုပ်ချင်နေတာလဲ…”
အခြားသူများသည်လည်း မူကျန်းဘက်သို့ လှည့်ကြည့်လာကြလေသည်။
မူကျန်းက ယဲ့ယဲ့လေးပြုံးလျက် ဆက်ပြောလိုက်လေ၏။ “ဒီမူလုပ်ချင်တာကတော့ တစ်ယောက်ချင်းစီသွားတဲ့ ပုံစံမျိုးပေါ့… ကျန်တဲ့သူတွေက ဘေးကနေ ရပ်ကြည့်နေကြပေါ့… ဘယ်လိုထင်ကြလဲ…”
ထိုစကားကိုကြားသော် အကုန်လုံး ပြုံးလိုက်ကြလေသည်။ မူကျန်း ဘာကိုပြောချင်နေသလဲ ဆိုသည်ကို နားလည်လိုက်သည့်အလား အကုန်လုံးသည် ချက်ချင်း ခေါင်းညိတ်လိုက်ကြလေ၏။ “ရောင်းရင်းမူပြောတာ မဆိုးဘူး…”
မူကျန်းက ထပ်ပြောလိုက်လေသည် “ဒါဆိုရင် ဘယ်သူအရင်စမှာလဲ….”
ဝိဉာဉ်ဝါးမျိုခြင်းဓါးဂိုဏ်းမှ ယွမ်မိုက ရှေ့ထွက်လာလေသည်။ “ရောင်းရင်းမူက ဒီအကြံကို အရင်ပေးတာဆိုတော့ ရောင်းရင်းမူ အရင်ဆုံး လှုပ်ရှားလိုက်ရင် ကောင်းမှာပေါ့…”
အခြားသူများသည်လည်း ဝင်ရောက် မကန့်ကွက်ခဲ့ကြပေ။ သူတို့သည် မြို့သခင်လော့အား ကူညီပေးရန် ပြောခဲ့ပြီးသွားလေပြီ။ လက်ရှိရန်ကိုင်သည် မည်သူမဆို သွားသတ်၍ ရနေသည့် လူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အား မည်သူသတ်သတ် မသတ်သတ် အရေးမပါတော့ချေ။
မူကျန်းက အားတက်သရော ပြုံးလျက် “အကုန်လုံး သဘောတူတယ်ဆိုမှတော့ ဒီမူကပဲ အရင်စပေးရတာပေါ့…”
ထိုသို့ပြောပြီးသည့်နောက် ယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင့်အား လှမ်းကြည့်လိုက်လေ၏။ ထို့နောက် ရန်ကိုင့်ဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားလေသည်။
“ရန်ကိုင်…” ချီယွဲ့က စိုးရိမ်တကြီး ထအော်လေသည်။ သူမ၏ အရင်းအမြစ်ချီကို လှည့်ပတ်ရန် ကြိုးစားလိုက်သော်ငြား မည်သို့ပင် ကြိုးစားနေစေကာမူ လုံးဝ မလှည့်ပတ်နိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် အလွန်ကိုမှ စိုးရိမ်လာပြီး လှမ်းသတိပေးလိုက်လေ၏။ “နင် ထွက်သွားလို့ရတုန်း မြန်မြန် ထွက်သွားတော့နော်… ငါ့ကို စိတ်ပူမနေနဲ့… နင် အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက်ရှိသေးတယ်…”
“ဟုတ်တယ်ညီငယ်လေး… ငါတို့အတွက် ပြန်လက်စားချေပေးဖို့သာ သတိရပေး…”
“ဟား ဟား ဟား… အခုအခြေအနေနဲ့ ထွက်သွားနိုင်မယ်လို့ မင်းတို့ထင်နေကြတာလား…” မူကျန်းက လှောင်ပြောင်အော်ရယ်မောရင်း ချီယွဲ့ကို ကြည့်လျက် “စိတ်မပူနဲ့ အမျိုးသမီး… ကျုပ်ရဲ့ တိုက်ကွက်တွေက အရမ်းကို တိကျပြီးသား… ဒီတော့ ခင်ဗျား ဒဏ်ရာရမှာကို ဘာမှစိတ်ပူနေစရာမလိုဘူး…”
ထိုစကားကိုကြားသော် အနားတွင်ရပ်နေသော လော့ကျင်း ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့လေသည်။
“ခင်ဗျားအရည်အချင်းလောက်နဲ့ ကျုပ်ကို သတ်နိုင်မယ် ထင်နေတယ်ပေါ့…” ရန်ကိုင်သည် သူ့နေရာတွင်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေရင်း သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသော မူကျန်းအား ပြုံးပြလိုက်လေသည်။
ရန်ကိုင့်၏အပြုံးကို မြင်ပြီးသည့်နောက် မူကျန်း ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့လေ၏။ သို့သော်ငြား အံကိုကြိတ်၍ ပြန်အော်ပြောလိုက်လေသည်။ “သေရတော့မှာကိုတောင် မင်းက မောက်မာနိုင်သေးတယ်ပေါ့… ငါမင်းအသက်ကို ဘယ်လိုယူမလဲဆိုတာ သေသေချာချာ ကြည့်ထား…”
ထိုသို့အော်ပြောလိုက်ပြီးနောက် ဓါးထဲသို့ အရင်းအမြစ်ချီကို ထည့်သွင်းလိုက်လေသည်။ ဓါးတစ်ချောင်းလုံး အရောင်တလက်လက် တောက်ပလာပြီးသည့်နောက်တွင် ချီဓါးသွားပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ ထို့နောက် ထိုချီဓါးသွားပုံရိပ်များသည် ရန်ကိုင့်တည့်တည့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။
မူကျန်းသည် ဤကိစ္စနှင့်ပတ်သက်၍ ဆက်လက် အရစ်မရှည်ချင်တော့ပေ။ ထို့အတွက်ကြောင့် အားကုန်သုံးကာ အလျင်အမြန် တိုက်ခိုက်လိုက်လေတော့၏။
သူ့တိုက်ကွက်သည် ရန်ကိုင်နှင့် ချိုက်ဟူတို့ဆီသို့ တိုးဝင်သွားခဲ့သော်ငြား ချီယွဲ့ကိုမူ ရှောင်တိမ်းသွားခဲ့လေသည်။ လော့ကျင်း၏ဆန္ဒအတိုင်း ချီယွဲ့အား အသက်ရှင်လျက် ထားကာ ကျန်နှစ်ဦးကိုသာ သတ်ပစ်လိုနေခြင်း ဖြစ်ပေသည်။
သူ့ဆီသို့ တိုးဝင်လာနေသော ဓါးသွားကို မြင်သော် ရန်ကိုင့်၏မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေ၏။ ထို့နောက် အေးစက်စက် လေသံဖြင့် “ဘာမဟုတ်တဲ့ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ယောက်ကများ ဒီသခင်လေးရှေ့မှာ လာမောက်မာရဲတယ်…”
ထိုစကားများကို ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့အား ချုပ်နှောင်ထားသည့် အစီအရင်၏ သက်ရောက်ခြင်း မခံရသည့်အလား ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ ဟင်းလင်းပြင်နိယာမစွမ်းအားတို့ အချုပ်အနှောင်မရှိ ထွက်ပေါ်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် မူကျန်း၏ဘေးနား၌ ရုတ်တရက်ကြီး ပြန်ပေါ်လာခဲ့လေ၏။ ထို့နောက်တွင် သူ့လက်တစ်ချောင်းလုံးကို ဓါတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီဖြင့် လွှမ်းခြုံကာ ရှေ့တည့်တည့်သို့ ထိုးချလိုက်လေ၏။
“အား…” မူကျန်းသည် အလန့်တကြား ထအော်တော့လေသည်။ သူ့မျက်နှာပြင်တစ်လုံးဟာလည်း သွေးမရှိတော့သည့်နှယ် ဖြူလျော်သွားခဲ့လေ၏။ လက်ရှိ သူမြင်လိုက်ရသည့်အရာကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေခဲ့လေသည်။
ရန်ကိုင်ထုတ်ပြသွားသည့် စွမ်းအားကို မြင်ပြီးသည့်နောက် တာအိုသခင်ပထမအဆင့်သာ ရှိသေးသော သူ့အနေဖြင့် ရန်ကိုင်သာ ချုပ်နှောင်ထားခြင်း မခံရလျှင် မည်ကဲ့သို့များ သွားရောက် တိုက်ခိုက်ရဲပါမည်နည်း။ သို့သော်ငြား အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်သည် အစီအရင်၏ ချုပ်နှောင်ခြင်းကို မခံရဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားနေနိုင်ခဲ့သည်။ ထိုအချက်ကို တွေ့လိုက်သော် မူကျန်းမှာ သေမတတ်ကို ကြောက်ရွံ့သွားတော့လေသည်။
ဓါးချီနှင့် ဓါးသွားချီတို့ ထိပ်တိုက်တွေ့ဆုံမှုတွင် သတ္တုချင်း ထိခတ်သံများ အစီအရီ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် မူကျန်းမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားသည့်အလား သွေးပွက်ပွက်အန်ထုတ်ရင်း နောက်သို့ လွင့်ထွက်သွားခဲ့လေသည်။
ရန်ကိုင်က ခက်ထန်သည့် လေသံဖြင့် အော်ပြောလိုက်လေသည်။ “ခင်ဗျားတို့အားလုံးက သေချင်နေတယ်ဆိုမှတော့ ဒီသခင်လေးကိုယ်တိုင်ကပဲ ခင်ဗျားတို့ကို တမလွန်ဘဝဆီ လိုက်ပို့ပေးရတာပေါ့…”
ပြောပြီးသည့်နောက်တွင် သူ့လက်ဆီမှ ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီတို့ ဖြာထွက်လာခဲ့လေသည်။ ထိုဓါးချီများသည် နဂါးတစ်ကောင်နှယ် မူကျန်းဆီသို့ တိုးဝင်သွားခဲ့လေ၏။
သွေးပျက်ခြောက်ခြားဖွယ်ရာ ကောင်းလှသော မူကျန်း၏ အော်ဟစ်သံများကို ကြားပြီးသည့်နောက် ခန်းမထဲတွင် ရှိနေသည့်လူများ ကတုန်ကယင် ဖြစ်သွားခဲ့ကြလေ၏။ အကုန်လုံးမှာ ရန်ကိုင့်အား ကြောက်ရွံ့နေသည့်အတွက်ကြောင့် အသံတစ်သံပင် မထွက်ရဲကြတော့ပေ။
သူမကိုယ်သူမ စတေးခံ၍ ရန်ကိုင့်အား ကယ်ရန် စဉ်းစားထားသော ရီကျင်းဟန်ပင်လျှင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မင်သက်နေခဲ့လေသည်။ ရန်ကိုင်ပုံမှန်မဟုတ်မှန်း သူမသိသော်ငြား ဤအတိုင်းအတာထိ အားကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မြို့သခင်ကိုယ်တိုင် တိတ်တဆိတ် ခင်းကျင်းထားသော အစီအရင်သည် ရန်ကိုင့်အား ဘာဆိုဘာမှ မလုပ်နိုင်ခဲ့ပေ။
သို့သော်ငြား ရန်ကိုင်ကျွမ်းကျင်ထားသော လေဟာနယ်နိယာမများအကြောင်း ပြန်စဉ်းစားမိလိုက်သော် ရီကျင်းဟန် အဖြေတစ်ခုကို ရှာတွေ့သွားခဲ့လေ၏။ ရန်ကိုင်သည် သူကျွမ်းကျင်ထားသည့် လေဟာနယ်နိယာမစွမ်းအားများကြောင့် ဤတိုက်ပွဲကို မနိုင်လျှင်ပင် ဤနေရာမှ အလွယ်တကူ ထွက်သွားနိုင်ပေသည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ကိုယ်တိုင်ရောက်လာပြီး ရန်ကိုင့်အား လေဟာနယ်နိယာမများကို အသုံးမပြုနိုင်အောင် ဖိနှိပ်ထားမှသာလျှင် သူ့အား ပြေးပေါက်မရှိအောင် လုပ်နိုင်ပေလိမ့်မည်။
ခဏအကြာတွင် မူကျန်း၏ ခန္ဓာကိုယ်သည် အနားရှိ နံရံတစ်ခုနှင့် သွားပြေးဆောင့်လေ၏။ ယခုတစ်ကြိမ်တွင်တော့ သွေးစများသာလျှင်မဟုတ်ဘဲ သူ့ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအချို့ကိုပါ ထိုးအန်ချတော့လေသည်။ ထို့နောက် ထိုနေရာတွင်သာ မလှုပ်မယှက်ကြီး ထိုင်နေတော့လေ၏။
မူကျန်း သေသွားခဲ့လေပြီ။ ထိုစဉ် ရန်ကိုင်သည် သူ့လက်ချောင်းများကို ဖျောက်ခနဲမြည်အောင် တောက်လိုက်လေ၏။
“ဘုန်း” ဟူသော မြည်သံနှင့်အတူ မူကျန်း၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ ခန်းမတစ်ခုလုံး အော့အန်ချင်စရာကောင်းလှသည့် သွေးညှီနံ့တို့ဖြင့် ပြည့်နှက်လာခဲ့လေ၏။
“ဟူး….”
လူတိုင်းသည် ရန်ကိုင့်အား မယုံကြည်နိုင်ဟန် အထင်းသားဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်နေလိုက်လေသည်။ သက်ပြင်းရှိုက်သံများဟာလည်း ခန်းမထဲ အလျိုလျို ထွက်ပေါ်လာကြလေ၏။
အကုန်လုံးမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့သည့် အတွက်ကြောင့် လူများမှာ ဘာတွေ ဖြစ်လို့ ဖြစ်သွားမှန်းကို လိုက်မမီနိုင်အောင် ဖြစ်နေကြလေသည်။ သူတို့ ကောင်းကောင်း အသိပြန်မဝင်နိုင်သေးခင်မှာပင် ရန်ကိုင့်အား သတ်မည်တကဲကဲ လုပ်နေသော မူကျန်းမှာ ရန်ကိုင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။
ဤကဲ့သို့လုပ်နိုင်ရန် ရန်ကိုင့်အနေဖြင့် မည်မျှများ အားကောင်းနေလိုက်သနည်း။
“လာစမ်းပါ လာစမ်းပါ… ခင်ဗျားတို့အားလုံး လာခဲ့ကြစမ်းပါ…” ရန်ကိုင်က သွေးများစွန်းထင်းနေသော နံရံကို ညွှန်ပြရင်း အော်ပြောလိုက်လေသည်။ “မသိသေးရင် သေသေချာချာ ကြည့်ထားကြနော်… သေတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ…” ထို့နောက် လှောင်ပြုံးပြုံးလျက် အေးစက်စက် လေသံဖြင့် ဆက်ပြောလိုက်လေ၏။ “ကဲ… သေတယ်ဆိုတာကို ခင်ဗျားတို့ မြင်ဖူးသွားပြီမလား… ပြီးတော့မှ ဒီသခင်လေးက သေတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သင်မပေးလို့ဆိုပြီး လာမပြောနဲ့နော်…”
ရန်ကိုင်ညွှန်ပြနေသည့် နံရံဆီသို့ လှမ်းကြည့်လိုက်သည့်အခိုက် လူအုပ်ကြီးတစ်ခုလုံး ခြေထောက်များပင် ပျော့ခွေချင်သွားခဲ့လေသည်။
လက်ရှိအချိန်၌ နံရံပေါ်တွင် သွေးများဖြင့် ရေးထိုးထားသော “သေခြင်းတရား” ဟူသော စကားလုံးများ ရှိနေခဲ့လေသည်။ သွေးများမှာ နံရံပေါ်မှ တတောက်တောက် စီးကျနေပြီး သွေးများစီးကျနေသည့် အသံဟာလည်း ခန်းမထဲ ပဲ့တင်ထပ်နေခဲ့လေသည်။ သွေးတစ်စက် တစ်စက် ကျသွားတိုင်း လူအုပ်ကြီး၏ရင်ထဲ အကြောက်တရားတို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။
အစောပိုင်းက ရန်ကိုင်လုပ်ခဲ့သည့် ပုံစံကို ပြန်အမှတ်ရလိုက်သော် ရန်ကိုင်သည် သူ၏လက်ချောင်းများကို ဘော့ပင်သဖွယ် အသုံးချလျက် မူကျန်း၏ ခန္ဓာကိုယ်ကို မင်သဖွယ်အသုံးချကာ နံရံအား စက္ကူတစ်ရွက်နှယ် အသုံးချခဲ့ကြောင်း အကုန်လုံး နားလည်သွားကြလေသည်။
ဤသည်မှာ ပြောင်ပြောင်တင်းတင်း ရန်စလိုက်ခြင်း ဖြစ်သလို သူ၏စွမ်းအားကို ထုတ်ဖော်ပြသလိုက်ခြင်းလည်း မည်ပေသည်။
သို့သော်ငြား မည်သူမျှ ရှေ့ထွက်ပြီး စကားမပြောရဲကြပေ။
လော့ကျင်းမှာတော့ ဆိုးဆိုးရွားရွားကို မျက်စိပျက် မျက်နှာပျက် ဖြစ်နေခဲ့လေ၏။ အစောပိုင်းက အခြားသူများကိုသုံးလျက် ရန်ကိုင့်အားသတ်ကာ ဆုံးရှုံးသွားသော သူ့ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ရန် ကြိုးစားချင်သော်ငြား ဤသို့လုပ်လိုက်ကာမှ ပို၍ အခြေအနေဆိုးသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ယခုဆိုလျှင် သူ့ဂုဏ်သိက္ခာမှာ ကုန်းကောက်စရာ မရှိလောက်အောင် ပျက်စီးသွားခဲ့လေပြီ။
“ခုနတုန်းက ကျုပ်ကို အရမ်းကို ကောက်ကျစ်ယုတ်မာပြီး လူတကာကို လျှောက်လိမ်နေတယ်လို့ ပြောတဲ့သူတစ်ယောက် ရှိပါတယ်…” ရန်ကိုင်သည် ဝိဉာဉ်ဝါးမျိုဓါးဂိုဏ်းမှ ယွမ်မိုဘေးတွင် ဖျတ်ခနဲ ပြန်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် မိတ်ဆွေရင်းကြီးများကို ပြန်တွေ့လိုက်ရသည့်နှယ် ယွမ်မို၏ပုခုံးကို ဖက်လိုက်လေ၏။
ယွမ်မိုမှာတော့ ယခုအချိန်မတိုင်ခင်အထိ အသိပြန်မဝင်လာသေးချေ။ မူကျန်းသေဆုံးသွားသည်ကို မြင်ပြီးသည့်နောက် ထိတ်လန့်နေရာမှ အသိပြန်ဝင်လာချိန် ရန်ကိုင်သည် သူ့ဘေးနားသို့ ရောက်နေခဲ့လေပြီ။
အခြားသူများမှာတော့ ရန်ကိုင် သူတို့နားသို့ ရောက်လာသည်ကို မြင်ပြီးသည့်နောက် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ဆုတ်သွားကြလေသည်။
ရန်ကိုင်ထုတ်ပြသွားသည့်စွမ်းအားအရ သူသာ သူတို့အား သတ်မည်ဟု ဆုံးဖြတ်လိုက်ပါက မည်သူမျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
“ဘာလို့များ အစောကြီး ရှေ့ထွက်လာခဲ့လိုက်ရတာလဲ” ဟု တွေးရင်း အကုန်လုံးမှာ သူတို့၏ ဆုံးဖြတ်ချက်အပေါ် အလွန်ကိုမှ နောင်တရမိနေကြလေ၏။ ယခုဆိုလျှင် ပြဿနာအိုးကြီးသည် သူတို့တည့်တည့်ဆီသို့ တိုးလာနေခဲ့လေပြီ။
ယွမ်မိုတစ်ကိုယ်လုံး ကတုန်ကယင်ဖြစ်နေပြီး သူ့ခြေထောက်များမှာလည်း အဆက်မပြတ်ကို တုန်ရီနေခဲ့လေသည်။ သွေးဆုတ်ဖြူလျော်နေသော မျက်နှာဖြင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေ၏။ “သခင်လေးရန်… ခုနတုန်းက ကျုပ် လျှာရိုးမရှိတိုင်း လျှောက်ပြီး ပြောလိုက်မိတာပါ… သခင်လေးရန်ကို ရန်စမိလိုက်သလို ဖြစ်သွားလို့ရှိရင် ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်…”
“လျှောက်ပြောလိုက်တာ…” ရန်ကိုင်က မျက်ခုံးပင့်လျက် “ကဲ… အဲ့ဒါဆိုရင် ဒီသခင်လေး ခင်ဗျားကို သေသေချာချာစဉ်းစားဖို့ အချိန်ပေးမယ်… ကျုပ်ကိုပြော ဘယ်သူက ကောက်ကျစ်ယုတ်မာပြီး အခြားလူတွေကို လျှောက်ပြီး လိမ်နေလဲဆိုတာ…”
ယွမ်မို၏ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး ချက်ချင်း ခေါင်းငုံ့ချလိုက်လေသည်။ ထို့နောက် ကတုန်ကယင် လေသံဖြင့် “ကျုပ်ပါ ကျုပ်ပါ… ကောက်ကျစ်ယုတ်မာတဲ့လူက ကျုပ်ပါ… အခြားသူတွေကို လျှောက်လိမ်နေတဲ့လူကလည်း ကျုပ်ပါပဲ…”
“ဟမ်…” ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် စိတ်ခံစားချက် ကင်းမဲ့သည့် လေသံဖြင့် “ကြည့်ရတာ သေခြင်းတရားဆိုတဲ့ စကားလုံးကို ဘယ်လိုရေးလဲဆိုတာကို ခင်ဗျား သေချာမသိသေးဘူးနဲ့တူတယ်… ကျုပ် နောက်တစ်ကြိမ် ထပ်သင်ပေးဖို့ လိုနေသေးတာလား…”
ရန်ကိုင့်စကားကို ကြားပြီးသည့်နောက် ယွမ်မိုမှာ ထငိုတော့မတတ် ဖြစ်သွားခဲ့လေသည်။ ချက်ချင်း မြေပြင်ပေါ် ဒူးထောက်ချလိုက်ပြီး အော်ဟစ်တောင်းပန်တော့လေ၏။ “အဲ့ဒါ မြို့သခင်ပါ… ကောက်ကျစ်ယုတ်မာတဲ့လူက မြို့သခင်ပါ… အခြားလူတွေကိုလည်း သူပဲ လိုက်ပြီး လိမ်နေတာပါ… သူ ကျုပ်တို့ကိုလည်း လိမ်လိုက်တာပါ… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ သခင်လေးရန်… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ သခင်လေးရန်…”
လူပုံအလယ်တွင် ဤကဲ့သို့ ပြောလိုက်ခြင်းဖြင့် မြို့သခင်လော့ကျင်းအား ရန်စသွားမိလိမ့်မည်မှန်း သိသော်ငြား လက်ရှိအချိန်တွင် သူအသက်ရှင်ရေးထက် မည်သည့်အရာကများ ပိုပြီး အရေးကြီးပါဦးမည်နည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၁၅)
“ခင်ဗျားက တကယ်ကို အရည်အချင်း ရှိတာပဲ…” ရန်ကိုင်က သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီးသည့်နောက် ယွမ်မို၏ခေါင်းကို အသာအယာ ပုတ်ပေးလိုက်လေသည်။
သို့သော်ငြား ယွမ်မိုကမူ ရန်ကိုင် သူ့အား သတ်တော့မည်ဟု အထင်ရောက်လျက် အလွန်ကိုမှ သွေးပျက် ကြောက်လန့်သွားခဲ့လေ၏။ ချက်ချင်း တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်လာကာ သတိပါလစ်သွားတော့လေသည်။
“အမှိုက်ကောင်…” လော့ကျင်းကမူ အံကြိတ်၍ အော်ဆဲလိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် တခြားသူများဘက်သို့ အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လာခဲ့လေ၏။
ရန်ကိုင် ဘာမှမပြောရသေးခင်မှာပင် ထိုလူများက အော်ပြောလိုက်လေသည်။ “သခင်လေးရန်… သေခြင်းတရားဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမလဲဆိုတာ ကျုပ် သိပြီးသွားပြီ…”
“သခင်လေးရန်ရဲ့ ပန်းချီစွမ်းရည်ကို မြင်တွေ့ရတာ ကျုပ်အတွက်တော့ တကယ်ကို ဂုဏ်ရှိစရာပါပဲ…”
“သခင်လေးရန်က တကယ်ကို ပါရမီရှင်တစ်ဦးပါပဲ… မင်အစား သွေးကိုသုံးပြီး ဒီလိုစကားလုံးမျိုးကို ရေးထွင်းနိုင်တာ တကယ်ကို အံ့ဩစရာ ကောင်းပါတယ်… ကျုပ် သခင်လေးရန်ကို တကယ်ကို လေးစားမိသွားပါပြီ…”
အစောပိုင်းက ရန်ကိုင့်အား သတ်မည်တကဲကဲ လုပ်နေကြသော လူများမှာ ယခုဆိုလျှင် ရန်ကိုင့်အား အတတ်နိုင်ဆုံး ဖားယားနေကြတော့လေသည်။ မပြုံးချင်သော်ငြား အားတင်း၍ ပြုံးလျက် သူတို့ပါးစပ်ထဲ ရောက်တက်ရာရာ စကားလုံးများကို သုံးလျက် ရန်ကိုင့်အား အားပါးတရ ချီးကျူးနေကြလေသည်။
ဘေးပတ်ဝန်းကျင်တွင် ရှိနေသော ဧည့်သည်များမှာမူ ထိုလူများအား အထင်အမြင်တသေးဖြင့်သာ စိုက်ကြည့်နေကြလေသည်။
သို့သော်ငြား သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် သူတို့သာ ထိုလူများနေရာတွင်သာ ဆိုပါက ထိုကဲ့သို့သာ လုပ်မိမည်မှန်း တွေးလိုက်မိသွားလေသည်။ ကိုယ့်လည်ပင်းကို ဓါးထောက်ချိန်ထားသည့်နောက်တွင် မည်သူမှ သစ္စာရှိရမည်မှန်း ရှက်ရမည်မှန်း သိတော့လိမ့်မည် မဟုတ်ချေ။ အရေးအကြီးဆုံးမှာ အသက်ရှင်ဖို့သာ ဖြစ်လေသည်။ ထိုအချက်ကို စဉ်းစားမိလိုက်သော် လူပေါင်းများစွာ သက်ပြင်းချလိုက်လေ၏။ ဤလောကကြီးတွင် သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့်တိုင် ဆက်၍ သစ္စာရှိနေနိုင်သေးသော လူဆို၍ အနည်းငယ်သာ ရှိလိမ့်မည်မှန်း သိလိုက်ကြလေသည်။
“သိသွားပြီလား… သိသွားပြီဆိုရင် မြန်မြန် ထွက်သွားလိုက်ကြပေတော့… ခင်ဗျားတို့ကို ကြည့်ရတာ တကယ် မျက်စိဆံပင်မွေးစူးစရာကောင်းတယ်…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ထအော်လိုက်လေသည်။
အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့် လူများနှယ် ထိုလူများမှာ အမြီးကုပ်၍ လူအုပ်ကြီးထဲသို့ အလျင်စလို ပြေးသွားကြလေသည်။
ထိုအခါမှသာ ရန်ကိုင်သည် လော့ကျင်းဘက်သို့လှည့်၍ လှောင်ပြုံးပြုံးကာ ပြောလိုက်လေ၏။ “အဲ့လူတွေကို ပေးလိုက်… မဟုတ်ရင် အကျိုးဆက်ကို ခင်ဗျားသိမယ်နော်…”
လော့ကျင်းကမူ အေးစက်စက်အမူအယာဖြင့်သာ နှာခေါင်းရှုံ့လျက် “ဒီတော့ ဒါက စီနီယာတွေနဲ့တွေ့ရင် ဘယ်လိုဆက်ဆံရမလဲ ဆိုတာကို မင်းမိသားစုအကြီးအကဲတွေ သင်ပေးထားတဲ့ပုံစံပေါ့…”
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ကျုပ်က ကျုပ်ထက်အသက်ကြီးတဲ့ လူတွေကို တလေးတစားနဲ့ဆက်ဆံတယ်… အငယ်တွေကိုလည်း သွားအနိုင်မကျင့်ဘူး… ဒါပေမဲ့ ခင်ဗျားလို မြို့သခင်ကိုတော့ အဲ့လိုမျိုး ဆက်ဆံလို့ မတန်ဘူး.. ကျုပ်ပြောနေတုန်း ပေးနော်… ပြီးတော့မှ ခင်ဗျားအမေတောင် မမှတ်မိအောင် တီးထုတ်လိုက်ပါတယ်ဆိုပြီး ကျုပ်ကို လာအပြစ်မတင်နဲ့…”
ထိုသို့ပြောပြီးသည့်နောက်တွင် လော့ကျင်းဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားတော့လေသည်။
ရန်ကိုင် သူ့ဆီသို့ လျှောက်လာနေသည်ကို မြင်သော် လော့ကျင်းရင်ထဲ အနည်းငယ် စိတ်ပူမိသွားခဲ့လေသည်။ သူ့ကျင့်ကြံခြင်းမှာ ရန်ကိုင့်ထက် တစ်ဆင့်ပိုမြင့်သွားသော်ငြား ရန်ကိုင် ထုတ်ပြသွားသည့် စွမ်းရည်အရ ရန်ကိုင်သည် သူအလွယ်တကူ ရန်စ၍ ရသည့်သူမဟုတ်မှန်း သိနေခဲ့လေသည်။ ရန်ကိုင် သူ့ဆီသို့ ဆက်၍ တိုးလာနေသည်ကိုမြင်သော် လော့ကျင်းသည် အခြားတစ်ဖက်သို့ လှည့်၍ ချက်ချင်း အော်ပြောလိုက်လေ၏။ “လူကြီးမင်းခဲ့… ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးမယ်… လူကြီးမင်းရဲ့ အကူအညီကို ဒီလော့ ကျိန်းသေ အမှတ်ရနေမှာပါ…”
ယခုလိုအချိန်မျိုးတွင် တာအိုသခင် ပထမအဆင့် ဒုတိယအဆင့် ကျင့်ကြံသူများ၏ အကူအညီကို သွားတောင်းနေလည်း ဘာမှ ထူးတော့လိမ့်မည်မဟုတ်မှန်း လော့ကျင်းသိနေခဲ့သည်။ ထို့အတွက်ကြောင့် သူနှင့် ရင်းနှီးသော တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးအား ချက်ချင်း လှမ်းအကူအညီတောင်းလိုက်လေသည်။ လက်ရှိအခြေအနေမျိုးတွင် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည်သာ ရန်ကိုင့်အား ဖိနှိပ်နိုင်ပေလိမ့်မည်။
လော့ကျင်း၏စကား ထွက်လာပြီးသည့်နောက်တွင် လူအိုကြီးတစ်ဦးသည် လူအုပ်ကြီးထဲမှ ထွက်လာခဲ့လေသည်။ ထိုလူကြီး၏ မုတ်ဆိတ်မွေးများမှာ ဖြူဖွေးဆွတ်နေပြီး သူ့အကြည့်မှာ အလွန်တရာကိုမှ စူးရှတောက်ပပေသည်။ အသားအရေမှာ အနည်းငယ် နီမြန်းမြန်း ဖြစ်နေကာ သူ့ပုံစံမှာ စာတတ်ပညာတတ် ဂုရုကြီးတစ်ပါး၏ ပုံစံနှင့်ပင် တူနေပေသေးသည်။ ထိုလူအိုကြီးက ယဲ့ယဲ့လေးပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်လေ၏။ “မြို့သခင်လော့က ဖိတ်ခေါ်တယ်ဆိုမှတော့ ဒီလူအိုကြီးကလည်း ကူညီပေးရသေးတာပေါ့….”
ထိုစကားကိုကြားသော် လော့ကျင်း၏မျက်လုံးထဲ ဝမ်းသာသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့ပြီး ခေါင်းညိတ်လိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ်…”
ထိုအခါတွင် ရန်ကိုင်က ရပ်လိုက်ပြီး လူအိုကြီးအား ကြည့်လျက် ပြုံးကာ ပြောလိုက်လေ၏။ “လူအိုကြီး… ခင်ဗျား ဒီကိစ္စမှာ ဝင်ပါချင်နေတာလား…”
မျိုးရိုးနာမည်ခဲ့ဟူသော လူအိုကြီးက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ပြဿနာတစ်ခု ဖြစ်လာရင် ဘာလို့ တိုက်ခိုက်မနေဘဲ စကားပြောပြီးတော့ မဆွေးနွေးကြတာလဲ… ညီငယ်လေးသာ အဆင်ပြေမယ်ဆိုရင် ငါတို့ အကုန် အတူတူထိုင်ပြီးတော့ သေသေချာချာ ဆွေးနွေးကြမယ်လေ… ရှင်းရှင်းပြောရရင် ဒီလူအိုကြီးရဲ့ အရိုးတွေက သိပ်ကောင်းတော့တာ မဟုတ်ဘူးကွ… ငါတို့က မင်းတို့လိုလူငယ်လေးတွေလို မဟုတ်တော့ဘူး… ဖြစ်သာဖြစ်နိုင်လို့ရှိရင် ငါညီငယ်လေးကို တကယ် မတိုက်ခိုက်ချင်ဘူး…”
“ကောင်းပြီလေ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒါဆိုရင် ခင်ဗျား ထိုင်ပြီး ဘေးကနေ ရေနွေးကြမ်းလေးဘာလေး သောက်ပြီး အေးအေးဆေးဆေး ထိုင်ကြည့်ပါလား…”
လူအိုကြီးက ခေါင်းခါလျက် “အဲ့လိုတော့ လုပ်လို့မရဘူးကွ… မြို့သခင်ကိုယ်တိုင်က ပြောပြီးသွားပြီဆိုတော့ ဒီလူအိုကြီး အေးအေးဆေးဆေး ထိုင်ကြည့်နေလို့ မရတော့ဘူး…”
ရန်ကိုင်က သက်ပြင်းချလျက် “ဒီအသက်အရွယ်ထိ အသက်ရှင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးနော် လူအိုကြီး… ယမမင်းက ခင်ဗျားကို မခေါ်ချင်ပေမဲ့ ခင်ဗျားက ဘာဖြစ်လို့ သူ့တံခါးကို သွားသွားခေါက်ချင်နေရတာလဲ…”
လူအိုကြီးက မျက်လုံးမှေးစင်းလျက် “လူငယ်လေးက တကယ်ကို တက်ကြွသလို အရမ်းလည်း မောက်မာတာပဲ… ဒီလူအိုကြီးထင်တာသာ မှန်လို့ရှိရင် ညီငယ်လေးက အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့တယ်လို့ သတင်းထွက်နေတဲ့ ဆေးဝိဇ္ဇာရန်မလား…”
ရန်ကိုင့်၏နာမည်သည် တောင်ဘက်နယ်မြေအနှံ့ ပျံ့နှံ့ပြီးပြီ ဖြစ်သည့်အတွက်ကြောင့် မျိုးရိုးနာမည်ခဲ့ဟူသော လူအိုကြီးအနေဖြင့် ရန်ကိုင် မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို ခန့်မှန်းမိသည်မှာ သဘာဝသာ ဖြစ်လေသည်။ ရန်ကိုင်မှ သူ့နာမည်ကို ထုတ်ပြောလိုက်ချိန် လူတော်တော်များများ မယုံသင်္ကာ ဖြစ်သွားခဲ့ကြလေသည်။ ရန်ကိုင်မှ မြို့သခင် စီမံထားသည့် အချုပ်အနှောင်မှ ဟင်းလင်းပြင်နိယာမ စွမ်းအားကိုသုံးလျက် လွတ်မြောက်အောင် လုပ်ပြသွားသည်ကို မြင်သော် ရန်ကိုင် မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို လူအိုကြီး ခန့်မှန်းမိသွားတော့လေသည်။
ဤလူအိုကြီးသာလျှင် ရန်ကိုင်၏ဇစ်မြစ်ကို သိသွားခဲ့ခြင်း မဟုတ်။ အခြားသူများသည်လည်း သိနေကြလေပြီ။ ထုတ်မပြောကြခြင်းသာ ဖြစ်၏။
သို့သော်ငြား ရန်ကိုင် မည်သူမည်ဝါဖြစ်သလဲ ဆိုသည်ကို မသိသေးသည့် ကျင့်ကြံသူများမှာတော့ ရန်ကိုင့်၏ဇစ်မြစ်ကို သိသွားလိုက်ကြချိန် ထိတ်လန့်အံ့အားသင့်သွားခဲ့ကြပြီး သူ့အား လောဘတကြီး အကြည့်များဖြင့် စိုက်ကြည့်လာကြလေသည်။
မူလက အဆုံးမဲ့ရတနာဆေးလုံးအကြောင်း မသိကြသော လူအုပ်ကြီးပင်လျှင် ဥတုလေးမျိုးနယ်မြေမှ သတင်းများ ပြန့်လာပြီးသည့်နောက်တွင် အဆုံးမဲ့ရတနာဆေးလုံးဆိုသည်မှာ မည်ကဲ့သို့သော ဆေးလုံးမျိုးဖြစ်ကြောင်းကို သိသွားခဲ့ကြလေသည်။ ထိုဆေးလုံးသည် ကျင့်ကြံသူတစ်ဦးအား ဧကရာဇ်အဆင့်သို့ ရောက်အောင် ကူညီပေးနိုင်သော အလွန်အစွမ်းထက်သည့် ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ ရန်ကိုင်ဖော်စပ်ခဲ့သည့် ဆေးလုံးမှလွဲ၍ ထိုအဆုံးမဲ့ရတနာဆေးလုံးများကို ဈေးကွက်ထဲရှိ မည်သည့် နေရာတွင် ဝယ်ယူ၍ မရနိုင်ချေ။
“ဘယ်လို… သူက အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့တဲ့ တစ်ယောက်လား…” လော့ကျင်း၏အမူအယာ မသိမသာလေး ပြောင်းလဲသွားခဲ့လေသည်။
လူအိုကြီးက ပြန်ပြောလိုက်လေ၏။ “နာမည်တူတယ်… ကျင့်ကြံခြင်းအဆင့်တူတယ်… နှစ်ယောက်လုံးကလည်း ဆေးတာအိုမှာ ကျွမ်းကျင်ကြတယ်… ဒီတော့ သူက လွဲပြီးတေ့ာ အခြားတစ်ယောက်ကို ဒီလူအိုကြီးမစဉ်းစားတတ်တော့ဘူး…”
ရန်ကိုင်က မျက်ခုံးပင့်လျက် “ကျုပ်ရဲ့ ဘာမဟုတ်တဲ့ နာမည်လေးကို ပြောပြနေစရာ မလိုပါဘူး…”
“မင်းက တကယ်ကြီး သူပဲ…” လော့ကျင်း၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာလေတော့သည်။ ရန်ကိုင်သည် သူ့ရန်သူတစ်ဦး မဟုတ်တော့ဘဲ အရသာရှိလှသည့် စားကောင်းသောက်ဖွယ်ရာ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည့်အလား။
လူအိုကြီးက ထပ်ပြောလိုက်လေ၏။ “ဆေးဝိဇ္ဇာရန်အကြောင်းကို ဒီလူအိုကြီးကြားဖူးတယ်… ဒီလူအိုကြီးကိုယ်တိုင်လည်း ဆေးဝိဇ္ဇာရန်ကို တော်တော်လေး လေးစားမိတယ်… ပြီးတော့ ဒီနေ့က မြို့သခင်ရဲ့ မင်္ဂလာပွဲ ကျင်းပနေတဲ့ နေ့မလို့ ဒီလူအိုကြီး လှုပ်ရှားဖို့ သိပ်ပြီး အဆင်မပြေဘူး… ဆေးဝိဇ္ဇာရန်… ဒီလူအိုကြီးကို မျက်နှာသာပေးပြီးတော့ ဒီကိစ္စကို ဒီတိုင်း ထားပေးလိုက်လို့ မရဘူးလား…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားကို မျက်နှာသာ ပေးရမယ်.. ဒါဆိုရင် ကျုပ်ကို ဘယ်သူက မျက်နှာသာပေးမှာလဲ… မြို့သခင်သာ ခင်ဗျားရဲ့ ယောက္ခမကြီးကို လက်ထပ်ချင်နေတယ်ဆိုရင် ခင်ဗျားဘယ်လိုလုပ်မှာလဲ…”
လူအိုကြီးက အနည်းငယ် ဒေါသထွက်သွားသည့် လေသံဖြင့် “ဒီလူအိုကြီးက အတော်လေးကို အသက်ကြီးနေပြီ… ဒီလူအိုကြီးရဲ့ ယောက္ခမကြီးဆိုရင် မြေကြီးထဲတောင် ပြန်ရောက်နေလောက်ပြီ… သခင်လေးက တကယ်ကို လျှာစောင်းထက်လွန်းတာပဲ…”
“အားနာပါတယ်နော်…” ရန်ကိုင်က သူပြောမိလိုက်သည့် အမှားကြောင့် တစ်ချက်မျှ တောင်းပန်လိုက်ပြီးသည့်နောက် ဆက်၍ ပြောလိုက်လေသည်။ “ဒါဆိုရင် မြို့သခင်ကသာ ခင်ဗျားရဲ့မိန်းမကို လက်ထပ်ချင်တယ်ဆိုရင်ရော…”
ထိုအခါတွင်တော့ လူအိုကြီး၏ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ဒေါသတကြီး ထအော်တော့လေ၏။ “မင်း ဘာပြောလိုက်တာလဲကွ…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်က စကားအဖြစ် ပြောလိုက်ရုံပဲ ရှိသေးတယ် မြို့သခင်ကိုယ်တိုင်က ခင်ဗျားရဲ့မိန်းမကို လက်ထပ်ချင်သေးတာမဟုတ်ဘူး… အဲ့ဒါလေးကိုတောင် ခင်ဗျား ဒီလောက်တောင် ဒေါသထွက်နေတယ်ဆိုရင် ကျုပ်နေရာကနေ ဝင်စဉ်းစားကြည့်လိုက်ပေါ့…”
ထိုစဉ် လော့ကျင်းက ဒေါသတကြီးဖြင့် ဖြတ်ပြောလိုက်လေသည်။ “လူကြီးမင်းခဲ့… ဒီကောင်နဲ့ စကားဆက်ပြောနေလို့လည်း အပိုပဲ… တိုက်ခိုက်ကြရအောင်…”
လူအိုကြီးက ပြန်ပြောလိုက်လေ၏။ “ကောင်းပြီလေ…”
အကြည့်ချင်း ဖလှယ်လိုက်ပြီးသည့်နောက်တွင် လူအိုကြီးနှစ်ဦးသည် မည်သည့်အပိုစကားမျှ ဆက်ပြောမနေတော့ချေ။ လော့ကျင်းသည် သူ၏တောင်ဝှေးကို ထပ်မံထုတ်ယူလိုက်ပြီး လူအိုကြီးကမူ လျှပ်စီးများ တဖျတ်ဖျတ်လက်နေသည့် လက်တစ်ဝါးအရွယ်အစားခန့်သာ ရှိသော တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။
“သတိထား သခင်လေးရန်… ခဲ့ထျန်းက ကောင်းကင်တောင်ထွဋ်ကျောင်းတော်ရဲ့ အကြီးအကဲချုပ်ပဲ… ကောင်းကင်မိုးကြိုးတံဆိပ်ပြားထဲမှာ ဘုံကိုးခုရဲ့ မိုးကြိုးစွမ်းအားတွေ ပါဝင်နေတယ်… သခင်လေးရန် အဲ့ဒါကို ထိပ်တိုက်သွားရင်ဆိုင်လို့ မဖြစ်ဘူးနော်…” ရီကျင်းဟန်က ဘေးမှ လှမ်းအော်ပြောလိုက်လေသည်။
သူမစကားကိုကြားသော် ခဲ့ထျန်းသည် ရီကျင်းဟန်အား ဒေါမာန်တကြီးဖြင့် လှမ်းကြည့်လျက် အော်ပြောလိုက်လေသည်။ “နင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း ကောင်မလေး… မဟုတ်ရင် ဒီလူအိုကြီး လာပိတ်ပေးမှာနော်…”
ထိုစကားကိုကြားသော် ရီကျင်းဟန်က အထင်အမြင်တသေးဖြင့် “လူအုပ်အသာစီးနဲ့ အခြားသူတွေကို လိုက်အနိုင်ကျင့်ပြီး ကြီးနိုင်ငယ်ညှင်းလုပ်တတ်တဲ့ ရှင့်လို အကြီးအကဲချုပ်တစ်ယောက်ကို ကျွန်မ အရင်တုန်းက လေးစားမိခဲ့တာ တကယ်ကို မျက်လုံးကန်းနေခဲ့တာပဲ…”
ထိုစကားကိုကြားပြီးသည့်နောက် ခဲ့ထျန်း အနည်းငယ် နေမထိထိုင်မထိ ဖြစ်သွားခဲ့လေသည်။ ရှက်ရှက်ဖြင့် ဒေါသထွက်သွားသည့်နောက်တွင် ထအော်ပြောတော့လေ၏။ “နင်ဘာသိလို့လဲ… ထွက်သွားစမ်း…”
သိပ်သည်းလှသည့် နက်နဲဆန်းကြယ်သော စွမ်းအားတစ်ရပ်သည် လော့ကျင်း၏ တောင်ဝှေးဆီမှ ဖြာထွက်လာခဲ့လေသည်။ ထို့နောက်တွင် လော့ကျင်းသည် ရန်ကိုင်တည့်တည့်သို့ သူ့တောင်ဝှေးအား လွှဲယမ်းချလိုက်လေ၏။ ရန်ကိုင်ကိုယ်တိုင်သည်လည်း သူ့အား ဧရာမတောင်ကြီးတစ်လုံးမှ လာဆောင့်သလို ခံစားလိုက်ရလေသည်။
ထိပ်တိုက်မရင်ဆိုင်ရဲသည့်အတွက်ကြောင့် ရန်ကိုင်လည်း ရှောင်ရှားရုံသာ တတ်နိုင်တော့လေ၏။ သို့သော်ငြား သူရှောင်တော့မည်အပြု ခဲ့ထျန်းက လှုပ်ရှားလိုက်လေသည်။ ကောင်းကင်မိုးကြိုးတံဆိပ်ပြားကို မြင့်မြင့်မြှောက်လျက် မိုးကြိုးသွားတစ်ခုကို ဆင့်ခေါ်လိုက်လေ၏။ ထိုမိုးကြိုးသွားသည် မရေမတွက်နိုင်သော လျှပ်စီးမြွေလေးများအဖြစ်သို့ ပြောင်းကာ ရန်ကိုင့်အား လွှမ်းခြုံသွားခဲ့လေသည်။
“ဝဲကတော့…” ထိုစဉ် ရန်ကိုင်က ထအော်လေသည်။ သူ့လက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လျက် ဝဲကတော့တစ်ခုကို ဖန်တီးလိုက်လေ၏။ ထိုဝဲကတော့ဆီမှ ပရမ်းပတာ စွမ်းအားတို့ ထွက်ပေါ်လာခဲ့ပြီး သူ့ဆီသို့ တိုးဝင်လာနေသော လျှပ်စီးမြွေအားလုံးကို ဝါးမျိုပစ်သွားခဲ့လေသည်။
“ဘယ်လို…” ခဲ့ထျန်းက အလန့်တကြား ထအော်လေသည်။ ကောင်းကင်မိုးကြိုးတံဆိပ်ပြားထဲရှိ စွမ်းအားများ လျော့နည်းလာနေသည်ကို သတိပြုမိလိုက်သော် ထိုလျှပ်စီးစွမ်းအားကို အလျင်စလို ရုတ်သိမ်းလိုက်လေသည်။ နောက်ထပ် မဆင်မခြင် ထပ်၍ အသုံးမပြုရဲတော့ချေ။ ကောင်းကင်မိုးကြိုးတံဆိပ်ပြားထဲတွင် ရှိနေသော လျှပ်စီးများကို နှစ်ပေါင်းများစွာကြာအောင် စုဆောင်းထားခဲ့ရခြင်း ဖြစ်သည်။ ထိုလျှပ်စီးများသည် အသုံးပြုပြီးသွားလျှင် ကုန်ဆုံးသွားနိုင်ပေသည်။ ထိုသို့ကုန်ဆုံးသွားသည့်အခါ သူ့အနေဖြင့် ထပ်မံ ဖြည့်တင်းရလေ၏။ ရန်ကိုင်၏ ဝဲကတော့မှ လျှပ်စီးများစွာကို ဝါးမျိုပစ်သွားသည့်အတွက်ကြောင့် ကောင်းကင်မိုးကြိုးတံဆိပ်ပြား၏ စွမ်းအားမှာ သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။ ထိုအချင်းအရာကိုကြည့်ရင်း ခဲ့ထျန်း၏စိတ်ထဲ အတော်လေးကိုမှ ဝမ်းနည်းသွားမိလေ၏။
သူတို့၏စွမ်းအားများကို ထုတ်သုံးလိုက်သည်မှာ မျက်တောင်တစ်ခတ်မျှသာ ရှိသော်ငြား ခန်းမတစ်ခုလုံးကတော့ ပြိုကျမည့်အလား တကျွီကျွီ မြည်လာခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် ပတ်ဝန်းကျင်တွင် ရှိနေသော ကျင့်ကြံသူအားလုံးမှာ ကြောက်လန့်တကြီး ထွက်ပြေးကြတော့လေ၏။
ခဲ့ထျန်း၏ တိုက်ခိုက်မှု မအောင်မြင်သွားခဲ့သော်ငြား ထိုအခိုက်အတန့်တွင် လော့ကျင်းသည် သူ၏တောင်ဝှေးအား အကြိမ်အနည်းငယ်ခန့် လွှဲယမ်းခွင့် ရသွားခဲ့လေသည်။
မမြင်နိုင်သော စွမ်းအင်လှိုင်းများသည် တစ်လှိုင်းပြီးတစ်လှိုင်း ရန်ကိုင့်ဆီသို့ တိုးဝင်လာနေ၏။ လေထဲတွင် ဝဲနေသော ရန်ကိုင်သည်လည်း အေးစက်စက် ခံစားချက်တစ်ခုကို ရလိုက်လေသည်။ ထို့အတွက်ကြောင့် လဓါးသွားအချို့ကို ချက်ချင်း ထုတ်ဖော်လိုက်လေ၏။
ပိန်းပိန်းပိတ်မည်းမှောင်နေသော လဓါးသွားများမှာ ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် လော့ကျင်းဆီသို့ တိုးဝင်သွားလေ၏။ သို့သော်ငြား လော့ကျင်းဆီသို့ မရောက်နိုင်သေးခင်မှာပင် လဓါးသွားများသည် လော့ကျင်း၏ တောင်ဝှေးမှ ဖန်တီးလိုက်သည့် မမြင်နိုင်သော တိုက်ခိုက်မှုများနှင့် သွားရောက် ထိပ်တိုက်တွေ့ဆုံလေသည်။ ဤသို့ဖြင့် တိုက်ကွက်နှစ်ခုလုံးမှာ မည်သူ့ဆီသို့မှ မရောက်လိုက်ဘဲ အချင်းချင်း တိုက်ခိုက်ကြရင်း ပျက်ပျယ်သွားကုန်ကြလေ၏။
“အသွင်မဲ့မိုးကြိုး…” ထိုအော်ဟစ်သံနှင့်အတူ လျှပ်ပန်းလျှပ်နွယ်များ ခဲ့ထျန်း၏ ခန္ဓာကိုယ်တစ်လျှောက် တဖျတ်ဖျတ် လင်းလက်လာခဲ့လေသည်။ ထိုလျှပ်ပန်းလျှပ်နွယ်များသည် လျှပ်စီးကြိုးတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင့်အား ချုပ်နှောင်ရန် ကြိုးစားတော့လေသည်။
ရန်ကိုင်သည် ထိုတိုက်ကွက်အား အလွယ်တကူ ရှောင်တိမ်းသွားခဲ့လေသည်။ သို့သော်ငြား ထိုကဲ့သို့ ရှောင်တိမ်းပြီးပြီးချင်းမှာပင် လော့ကျန်း၏ တောင်ဝှေးရိုက်ချက်သည် သူ့ဆီသို့ တိုးဝင်လာခဲ့လေသည်။
အလွန်လေးလံသည့် တောင်တစ်လုံး သူ့ပေါ်သို့ ကျဆင်းနေသည့်အလား ရန်ကိုင့်၏ ခန္ဓာကိုယ် ကျုံ့ဝင်သွားခဲ့လေသည်။ သူ့ကျောကိုပင်လျှင် ထိုဖိအားအောက်၌ မတ်မတ် မထားနိုင်တော့ချေ။
ရန်ကိုင် တဒင်္ဂမျှ လှုပ်ရခက်သွားစဉ် လျှပ်စီးကြိုးတန်းသည် ရန်ကိုင့်အား တင်းတင်းကြပ်ကြပ် ချုပ်နှောင်ပစ်လိုက်လေသည်။ တဖျစ်ဖျစ်မြည်သံများနှင့်အတူ မီးကျွမ်းသည့်အနံ့တို့ပါ ထွက်ပေါ်လာခဲ့လေ၏။
ထိုအချင်းအရာကိုမြင်သော လော့ကျင်းက သည်းလှိုက်အူလှိုက် အော်ရယ်မောလျက် ပြောလိုက်လေ၏။ “မင်းတို့လူငယ်တွေက ကောင်းကင်နဲ့မြေကြီး ဘယ်လောက်ကွာခြားလဲဆိုတာကို မသိကြတာပဲ… တကယ်ဆို မင်းတို့ကောင်တွေက သင်ခန်းစာပေးခံရ ပြီးတော့မှပဲ ကိုယ့်အခြေအနေ ကိုယ်သိကြတဲ့ကောင်တွေ…”
လော့ကျင်းသည် ရန်ကိုင့်အား နိုင်သွားပြီအထင်နှင့် အားပါးတရကို ပြုံးနေတော့လေသည်။
ခဲ့ထျန်းမှာမူ ရန်ကိုင်ထုတ်ပြသွားသည့်စွမ်းအားကြောင့် နဖူးထက် ဝေ့သီလာသော ချွေးအေးများကို မသိမသာလေး သုတ်ပစ်လိုက်လေ၏။
သူနှင့် လော့ကျင်းတို့ နှစ်ဦးစလုံးမှာ ရန်ကိုင့်ထက် ကျင့်ကြံခြင်း တစ်ဆင့် ပိုမြင့်ကြသေးသည်။ သို့တိုင် နှစ်ဦးအတူ ပူးပေါင်း၍ပင် ရန်ကိုင့်အား ဖမ်းဆီးရန်အတွက် အတော်လေး အချိန်ယူလိုက်ရလေ၏။
သာမန် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဆိုလျှင်တော့ သူတို့၏တိုက်ကွက် သုံးကွက်ကိုပင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။