← Chapters

အခန်း (၂၃၁၆-၂၃၂၀)

Vol. 93 Ch. 2316-2320

အခန်း (၂၃၁၆-၂၃၂၀)

Vol. 93 Ch. 2316-2320

အပိုင်း (၂၃၁၆)

“ဆေးဝိဇ္ဇာရန်… တိုက်ပွဲရလဒ်က အဖြေထွက်သွားခဲ့ပြီ… မင်း ဆက်ပြီး ရုန်းကန်မနေတော့ရင် ကောင်းမယ်… မဟုတ်ရင် မင်းကိုယ်မင်း ထိခိုက်အောင် လုပ်မိလိမ့်မယ်…” ခဲ့ထျန်းက အလေးအနက်အမူအယာဖြင့် ရန်ကိုင့်အား ကြည့်လျက် ပြောလိုက်လေသည်။

ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဘာဖြစ်တာလဲ… မိန်းမပျက်တစ်ယောက်လို လုပ်ပြီးတော့မှ ခင်ဗျားကိုယ်ခင်ဗျား အပျိုစစ်ပါတယ်လို့ ပြောချင်နေတာလား…”

ခဲ့ထျန်း မျက်နှာပျက်သွားခဲ့လေသည်။ “ဒီလူအိုကြီးက စေတနာနဲ့ သတိပေးရုံပဲ…”

ရန်ကိုင်က အော်ရယ်မောလျက် “အဲ့လိုဆိုမှတော့လည်း ကျုပ်ကလည်း ဆရာ့ကို စေတနာနဲ့ အကြံတစ်ခုပေးရသေးတာပေါ့…”

“ဘာလဲ…” ခဲ့ထျန်းက မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်လေသည်။

ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် ချက်ချင်း ပြောလိုက်လေ၏။ “အခြေအနေကောင်းနေတုန်း ခင်ဗျား မြန်မြန် ထွက်သွားလိုက်ရင်ကောင်းမယ်… မဟုတ်ရင်တော့ လူကြီးမင်း နောက်တစ်နေ့ နေထွက်တာကို မြင်ရတော့လောက်မှာ မဟုတ်ဘူး…”

ထိုစကားကိုကြားပြီးသည့်နောက် ခဲ့ထျန်း ရင်တုန်သွားခဲ့လေသည်။ လော့ကျင်းမှာလည်း နေမထိထိုင်မထိ ဖြစ်လာခဲ့လေ၏။ ထို့အတွက်ကြောင့် တစ်ခုသောနေရာဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်လေသည်။

ချက်ချင်းဆိုသလို လူအုပ်ကြီးထဲမှ ဓါးချီလှိုင်းတို့ ဖြာထွက်လာခဲ့ပြီး ကောင်းကင်ရောင်စဉ်နန်းတော်၏ သခင်လေးချိုယုသည် ဓါးတစ်ချောင်းကို လက်ထဲကိုင်စွဲလျက် လျှပ်စီးတန်းတစ်ခုနှယ် ရန်ကိုင့်ဆီသို့ ပြေးဝင်လာခဲ့လေသည်။ ထိုဓါးသည် ဟင်းလင်းပြင်ကိုပင်လျှင် ကွဲကြေသွားစေနိုင်လေရာ ဤတိုက်ကွက်ထဲတွင် ချိုယု အားကုန်သုံးထားမှန်း သိသာပေသည်။

အကုန်လုံးသည် အစောပိုင်းက တိုက်ပွဲပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားကြသဖြင့် ချိုယု ဤကဲ့သို့ လှုပ်ရှားလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ သူတို့ သတိပြုမိလိုက်သည့် အချိန်တွင် ချိုယုမှာ အစတည်းက လော့ကျင်းတို့နှင့်အတူ ပူးပေါင်းထားကြောင်းကို ရုတ်တရက် နားလည်သွားခဲ့လိုက်သည်။

ချိုယု၏ ကျင့်ကြံခြင်းမှာ တာအိုသခင် ပထမအဆင့်သာ ရှိသော်ငြား သူ၏ ချောင်းမြောင်းတိုက်ခိုက်မှုမှာ ပြတ်သားပြီး လျှပ်စီးတန်းတစ်ခုနှယ် လျင်မြန်ပေသည်။ ထို့အတွက်ကြောင့် မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင့်ရှေ့၌ ပေါ်လာခဲ့လေ၏။

သို့ရာတွင် ရန်ကိုင်ကမူ အနည်းငယ်မျှပင် ထိတ်လန့်သွားဟန်မပြဘဲ ပြုံး၍သာ ပြန်ပြောလိုက်လေ၏။ “နောက်ဆုံးတော့ မနေနိုင်တော့ဘူးပေါ့ ဟုတ်တယ်မလား…”

“ဘယ်လို…” ထိုစကားကို ကြားပြီးသည့်နောက် ချိုယု၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ခေါင်းမော့၍ လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှ ယခုကဲ့သို့ဖြစ်မည်မှန်း ကြိုသိထားသည့်အလား သူ့အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။

“မကောင်းတော့ဘူး…” ချိုယု၏မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့လေသည်။ ချက်ချင်းပဲ သူ့ဓါးကို ပြန်ဆွဲယူရန် ကြိုးစားလိုက်သော်ငြား ထုတ်သုံးပြီးသား တိုက်ကွက်ကို မည်ကဲ့သို့များ အလျင်စလို ပြန်ရုတ်သိမ်းနိုင်ပါမည်နည်း။

တဖျစ်ဖျစ်မြည်သံများနှင့်အတူ ငါးရောင်ခြယ်အလင်းတန်းတို့ ရန်ကိုင့်၏ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့အရှိန်အဝါမှာလည်း တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးမှ ထုတ်လွှတ်နိုင်သည့် အရှိန်အဝါထက်ကို ကျော်လွန်သွားတော့လေ၏။

“ခရက်…”

ချက်ချင်းဆိုသလို ရန်ကိုင့်တစ်ကိုယ်လုံးအား ချုပ်နှောင်ထားသည့် လျှပ်စီးကြိုးတန်း ပြတ်ထွက်သွားခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် ခဲ့ထျန်း၏ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး နောက်သို့ အလိုလို ဆုတ်သွားမိခဲ့လေ၏။

“သတိထား သခင်လေးချို….” လော့ကျင်းက လှမ်းအော်လိုက်လေသည်။

ရန်ကိုင့်၏လက်သီးချက် သူ့ဆီသို့ တိုးဝင်လာနေသည်ကိုမြင်သော် ချိုယု၏ ခြေဖျားလက်ဖျားများ အေးစက်သွားခဲ့လေသည်။

အန္တရာယ်အငွေ့အသက်တို့ကို ခံစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်၏လက်သီးချက် တည့်တည့်ဆီသို့ သူ့ဓါးအား လွှဲယမ်း ချလိုက်လေ၏။

“ဘုန်း…” ဟူသော မြည်သံ ထွက်ပေါ်လာခဲ့လေသည်။

ဟင်းလင်းပြင်တစ်ခုလုံး မသိမသာလေး တုန်ရီသွားခဲ့ပြီး ဓါးဆီမှ ထွက်ပေါ်နေသည့် အရောင်အဝါမှာလည်း တမုဟုတ်ချည်း မှိန်ကျသွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်၏ လက်သီးချက်သည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ချိုယုဆီသို့ ဆက်လက်တိုးဝင်သွားလေ၏။

“မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ…” ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ချိုယုဘေးနားတွင် ရှိနေသော တာအိုသခင် တတိယအဆင့် ကျင့်ကြံသူနှစ်ဦးစလုံး တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြလေသည်။ တစ်ဦးသည် သူ့လက်ချောင်းများကို ဆန့်ထုတ်၍ ရန်ကိုင့်အား ညွှန်လိုက်ချိန် ကျန်တစ်ဦးမှာတော့ ချိုယုဆီသို့ ပြေးဝင်သွားကာ ကယ်တင်ရန် ကြိုးစားလိုက်လေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်ကတေ့ာ ပြန်ဆုတ်မသွားခဲ့ချေ။ လူအိုကြီး၏ လက်ချောင်းကို လျစ်လျူရှုလျက် ချိုယုတည့်တည့်ကိုသာ သူ့လက်သီးဖြင့်သာ ထိုးချလိုက်လေသည်။

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ပရမ်းပတာ စွမ်းအင်လှိုင်းများ အဖက်ဖက်သို့ အရူးအမူး ဖြာထွက်လာခဲ့လေ၏။ ခပ်သဲ့သဲ့ အော်ညီးသံတစ်သံနှင့်အတူ အရိုးကျိုးသံများနှင့်တကွ ချိုယု၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင် ထွက်သွားခဲ့လေသည်။

လူအိုကြီး၏ကယ်တင်ခြင်း ခံလိုက်ရသည့်တိုင် ချိုယုမှာ ရန်ကိုင့်၏ လက်သီးချက်စာ မိသွားသည့် အတွက်ကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရကာ သွေးများ ပွက်ပွက် အန်ထုတ်တော့လေသည်။ လေထဲလွင့်ပျံ ထွက်နေရင်း သူ့ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း သိသိသာသာကို ငြိုးကျသွားခဲ့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင်နှင့်တွေ့စဉ်က ရန်ကိုင်ပြောခဲ့သည့် စကားလုံးများကို ချိုယု ပြန်အမှတ်ရသွားခဲ့လေသည်။ ထိုစဉ်က ရန်ကိုင်သည် သူ့အား သေခြင်းတရားနှင့် ရင်ဆိုင်ရတော့လိမ့်မည်ဟု ပြောခဲ့လေသည်။

သူရင်ဆိုင်ရမည့် သေခြင်းတရားမှာ အခြားမဟုတ်ဘဲ သူ့အား ထိုစကားလာပြောခဲ့သည့် လူဖြစ်နေကြောင်း ပြန်စဉ်းစားမိလိုက်သည့်နောက် ချိုယု၏စိတ်ထဲ ယူကျုံးမရဖြစ်မှု နောင်တတရားတို့ ပြည့်နှက်လာခဲ့လေ၏။

သူဘာကိုမှ မတွေးနိုင်သေးခင်မှာပင် သတိလစ်သွားတော့လေသည်။ သူသေသည် ရှင်သည်ကိုတော့ မသိရတော့ချေ။

“သခင်လေး…” ချိုယုအား ကယ်တင်လိုက်သည့်လူအိုကြီး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

အခြားလူအိုကြီးမှာလည်း ငေးကြောင်ကြောင်ဖြစ်သွားကာ အတော်ကြာမှ အသိပြန်ဝင်လာခဲ့လေ၏။ ချိုယုလှုပ်ရှားလိုက်ချိန်တွင် သူတို့နှစ်ဦးကလည်း နောက်မှနေ၍ မသိမသာလေး ကူညီပံ့ပိုးပေးနေကြခြင်း ဖြစ်သည်။ သို့သော်ငြား ချိုယုသည် ရန်ကိုင့်‌ကြောင့် ဤမျှ ပြင်းထန်သော ဒဏ်ရာကို ရသွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြချေ။ ဤကိစ္စကြောင့် သူတို့၏ဂုဏ်သတင်း ကြီးကြီးမားမား ထိခိုက်သွားခဲ့ရသလို ကောင်းကင်ရောင်စဉ်နန်းတော်သို့ ပြန်ရောက်ပါက နန်းတော်သခင်အား မည်ကဲ့သို့ ရှင်းပြလို့ ရှင်းပြရမှန်းလည်း သိတော့လိမ့်မည် မဟုတ်ချေ။

လူအိုကြီး အသိပြန်မဝင်လာနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့ဘေးနားတွင် ပြန်ပေါ်လာလျက် အနန္တဓါးဖြင့် ခုတ်ချလိုက်လေသည်။

“ရွှစ် ရွှစ် ရွှစ်…”

အဆုံးမဲ့ဓါးချီအလင်းတန်းတို့သည့် ရပ်တန့်၍မရသော အရှိန်အဟုန်ဖြင့် စီးထွက်လာကုန်ကြလေ၏။

“ဧကရာဇ်အဆင့် မှော်ရတနာ…” လူအိုကြီး၏မျက်လုံးထဲ ထိတ်လန့်မှုတို့ ဖြတ်ပြေးသွားခဲ့လေသည်။ ဓါးဆီမှ ထွက်ပေါ်လာနေသည့် ဧကရာဇ်စိတ်ဆန္ဒကို ခံစားမိလိုက်သည့်နောက် လူအိုကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ကတုန်ကယင် ဖြစ်လာခဲ့လေသည်။

ကြောက်မက်ဖွယ်ရာ ဧကရာဇ်စိတ်ဆန္ဒအောက်တွင် လူအိုကြီး၏ စွမ်းအားသုံးဆယ်ရာခိုင်နှုန်းလောက်မှာ ဖိနှိပ်ခြင်း ခံလိုက်ရလေ၏။ ထို့အပြင် ရန်ကိုင်သည် သူ့အား အလစ်ချောင်း တိုက်ခိုက်နေခဲ့လေရာ လူအိုကြီးအနေဖြင့် မည်ကဲ့သို့များ လွတ်မြောက်နိုင်ပါဦးမည်နည်း။

မည်သို့မှ မလွတ်မြောက်နိုင်တော့မှန်း သိလိုက်သော် လူအိုကြီးလည်း သူ၏အရင်းအမြစ်ချီအားလုံးကို လှည့်ပတ်၍ သူ့ကိုယ်သူ ခုခံရုံသာ တတ်နိုင်တော့လေသည်။

အလွန်ပြင်းထန်သည့် ဓါးအလင်းတန်းအောက်တွင် လူအိုကြီးသည် မုန်တိုင်းထန်နေသည့် ပင်လယ်ထဲသို့ရောက်နေသော လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေခဲ့လေသည်။

“ဘုန်း ဘုန်း ဘုန်း…”

ထိပ်တိုက်တွေ့ဆုံမှုမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများကြောင့် ခန်းမတစ်ခုလုံး ပြိုကျတော့လေသည်။ ပွဲအား ထိုင်ကြည့်နေသည့် ဧည့်သည်များမှာလည်း အော်ဟစ်ဆဲဆိုကြရင်း အထဲမှ ထွက်ပြေးကြတော့လေ၏။

ဖုန်များရှင်းလင်းသွားချိန် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံး လေအေးတစ်ရှိုက် ရှူသွင်းမိလိုက်ကြသည်။

ရန်ကိုင်သည် မူလရပ်နေသည့် နေရာတွင်သာ အကောင်းအတိုင်း ရပ်နေခဲ့လေသည်။ ဓါးချီအလင်းတန်းတို့မှာ သူ့ခန္ဓာကိုယ်တစ်ဝိုက် တဖျတ်ဖျတ် လင်းလက်တောက်ပနေခဲ့ပြီး သူ့ဆီမှ ထွက်ပေါ်လာနေသည့် အရှိန်အဝါမှာလည်း အားကောင်းမြဲ အားကောင်းနေဆဲ။

သို့သော်ငြား သူနှင့် ရင်ဆိုင်ခဲ့သည့် ကောင်းကင်ရောင်စဉ်နန်းတော်မှ လူအိုကြီးမှာမူ တစ်ကိုယ်လုံး သွေးချင်းချင်း နီနေခဲ့လေသည်။ အချိန်အတော်ကြာအောင် အသက်မရှူထားရသည့်အလား အမောတကော အသက်ရှူနေခဲ့ပြီး မတ်တပ်ရပ်ဖို့ရာလည်း အနိုင်နိုင် ကြိုးစားနေခဲ့ရသည်။

အခြားသော လူအိုကြီးတစ်ဦးမှာတော့ ဒဏ်ရာရထားသည့် ချိုယုအား ကာကွယ်ပေးနေခဲ့လေသည်။ သူကိုယ်တိုင်သည် မည်သည့်ဒဏ်ရာမှ ရမထားသော်ငြား ရန်ကိုင့်အား မဆင်မခြင် သွားမတိုက်ခိုက်ရဲခဲ့ပေ။

သူသာ လှုပ်ရှားလိုက်မည်ဆိုပါက ချိုယုအား ကာကွယ်ပေးမည့်လူ ရှိတော့လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်၏ အမြန်နှုန်းအရ ချိုယုအား ကာကွယ်ပေးမည့်သူ မရှိလျှင် အချိန်မရွေး ချိုယု၏အသက်ကို နှုတ်ယူသွားနိုင်ပေသည်။

အစောင့်များမှာမူ ရန်ကိုင့်အား ထိတ်လန့်တကြားဖြင့် စိုက်ကြည့်ရင်း သူတို့မြင်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြလေသည်။ အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်နေရသည့်တိုင် ရန်ကိုင်သည် တစ်ချက်မျှ ထိတ်လန့်သွားခြင်း မရှိဘဲ တောင်တစ်လုံးနှယ် မားမားမတ်မတ် ရပ်တည်နေခဲ့လေ၏။

တဒင်္ဂဟူသော အခိုက်အတန့်လေးအတွင်း ရန်ကိုင်သည် ဘက်ပေါင်းစုံမှ တာအိုသခင် တတိယအဆင့် ပညာရှင်လေးဦး၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ သို့သော်ငြား တိုက်ခိုက်ခံခဲ့ရသည့် ရန်ကိုင်သည် မည်သည့်ဒဏ်ရာမှ ရသွားခဲ့ခြင်း မရှိဘဲ ထိုလေးဦးအနက် တစ်ဦးကိုပင်လျှင် ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်နိုင်ခဲ့ပေသည်။

ဤလောကကြီးထဲတွင် လူဘယ်လောက်များများကများ သူ့ကဲ့သို့ လုပ်နိုင်ပါမည်နည်း။

ထိုမြင်ကွင်းကိုကြည့်ရင်း တုရှန်းက မျက်နှာကြီးမဲ့လျက် ရီကျင်းဟန်အား တိုးတိုးလေးပြောလိုက်လေသည်။ “သခင်လေးရန်… သူက တကယ်ကြီး တာအိုသခင် ဒုတိယအဆင့်ရော ဟုတ်ရဲ့လား… ကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတဲ့ ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးတော့ မဟုတ်ပါဘူးနော်…”

တုရှန်း ဤကဲ့သို့ တွေးထင်နေသည်မှာလည်း အထူးအဆန်းတော့ မဟုတ်ချေ။ ဤလောကကြီးထဲတွင် ရန်ကိုင့်ကဲ့သို့ လုပ်နိုင်သော တာအိုသခင်အဆင့် ကျင့်ကြံသူမှ ရှိမနေလေဘဲ။ ထို့အတွက်ကြောင့် တချို့မှာ ရန်ကိုင်သည် သူ၏ကျင့်ကြံခြင်းကို ဖုံးကွယ်ထားသည့် လူတစ်ဦးများလားဟု မေးခွန်းထုတ်ကြသည်မှာ သဘာဝသာ ဖြစ်လေသည်။

ရီကျင်းဟန်က ခါးသက်စွာ ရယ်မောလျက် ပြန်ပြောလိုက်လေ၏။ “သူက ဥတုလေးမျိုးနယ်မြေထဲကို မကြာသေးခင်ကမှ ဝင်ထားတာ… အဲ့တုန်းက သူ့ကျင့်ကြံခြင်းက တာအိုသခင် ပထမအဆင့်ပဲ ရှိသေးတယ်… ဒီလောက် အချိန်တိုအတွင်း တာအိုသခင် ပထမအဆင့်ကနေ ဧကရာဇ်အဆင့်ကို ဘယ်လိုလုပ်ပြီး ရောက်နိုင်မှာလဲ…”

သူမပြောသည်မှာလည်း ယုတ္တိရှိပေသည်။ ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်သွားသည့် ကျင့်ကြံသူအားလုံးမှာ တာအိုသခင်အဆင့် ပညာရှင်များသာ ဖြစ်ကြသည်။ ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းအား ဖုံးကွယ်ထားမည်ဆိုပါက ဥတုလေးမျိုးနယ်မြေထဲသို့ မည်သို့မျှ ဝင်၍ ရလိမ့်မည်မဟုတ်ချေ။

ထိုအချက်ကို စဉ်းစားမိလိုက်သော် တုရှန်း ပို၍ ထိတ်လန့်သွားခဲ့လေသည်။ သူ့ကိုယ်သူ ရန်ကိုင်နှင့် ယှဉ်ကြည့်လိုက်သော် သူသည် ဟာသပျက်လုံးတစ်ခုထက်သာ မပိုကြောင်း တွေ့ရှိလိုက်ရလေ၏။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ အတော်လေးကိုမှ ညစ်သွားခဲ့လေသည်။

“လူကြီးမင်းရန်… ကျုပ်တို့ ကောင်းကင်ရောင်စဉ်နန်းတော်က ဒီအကြွေးကို ကျိန်းသေမှတ်ထားမှာပါ… တစ်နေ့ကြရင် ဒီအကြွေးကို ကျိန်းသေပြန်လာယူမယ်…” ချိုယုအား ကာကွယ်ပေးနေသော လူအိုကြီးသည် ရန်ကိုင့်အား မုန်းတီးစွာ စိုက်ကြည့်ရင်း အံကြိတ်ကာ အော်ပြောလိုက်လေသည်။

ရန်ကိုင်ကမူ လှောင်ပြုံးပြုံး၍သာ ပြန်ပြောလိုက်လေ၏။ “ခင်ဗျားတို့ကပဲ ကျုပ်ကို အလစ်ချောင်းတိုက်ခိုက်သေးတယ်… ကျုပ်ကိုလည်း လာအပြစ်တင်နေသေးတယ်… ခင်ဗျားတို့က တကယ်ကို သောက်ဖြစ်မရှိတဲ့ လေလွင့်ခွေးတွေပဲ…”

ရန်ကိုင့်စကားကြောင့် လူအိုကြီး၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ သို့သော်ငြား ဘာမှတော့ ပြန်မပြောရဲခဲ့ချေ။ အခြားလူအိုကြီးတစ်ဦးဘက်သို့ လှည့်၍သာ အံကြိတ်၍ အော်ပြောလိုက်လေ၏။ “သွားကြရအောင်…”

ထိုကဲ့သို့ ပြောပြီးသည်နှင့် သတိလစ်နေသော ချိုယုကို သယ်၍ ထွက်ပြေးသွားတော့လေ၏။

မြို့သခင်စံအိမ်မှ ဖန်တီးထားသည့် အစီအရင်အကာအကွယ်မှာ အစောပိုင်းက တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးမှာ ဤနေရာမှ အလွယ်တကူ ထွက်သွားနိုင်လေ၏။

ထိုနှစ်ဦး အလျင်စလို ထွက်သွားသည်ကိုမြင်သော် လော့ကျင်း၏အမူအယာ ပို၍ ဆိုးရွားသွားခဲ့လေသည်။

လူပုံအလယ်တွင် ခဲ့ထျန်းအား ကူညီပေးရန် ဖိတ်ခေါ်ခဲ့သော်ငြား အခြားသူများ မသိလိုက်ခင်မှာပင် ကောင်းကင်ရောင်စဉ်နန်းတော်မှ လူများကိုလည်း တိတ်တဆိတ် ဆက်သွယ်ထားခဲ့လေသည်။ အစကမူ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူလေးဦးသာ အတူပူးပေါင်းတိုက်ခိုက်မည်ဆိုပါက အခြေအနေကို ပြောင်းလဲနိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ရန်ကိုင် ဤမျှ အားကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ထိုမျှသာလျှင် မဟုတ်သေးဘဲ ထိုတိုက်ပွဲတွင် ချိုယုပါ ဒဏ်ရာရသွားခဲ့သည်။ ထို့အတွက်ကြောင့် ကောင်းကင်ရောင်စဉ်နန်းတော်မှ ပညာရှင်နှစ်ဦးမှာ ဤတိုက်ပွဲမှ ထွက်သွားရုံသာ ရှိတော့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင့်အား ရင်ဆိုင်ရမည့် လူဆို၍ သူတို့နှစ်ဦးသာ ကျန်တော့လေသည်။ အလွန်ကြီးမားသည့် ဖိအားကို ခံစားနေရသည့်အလား လော့ကျင်း၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေ၏။

ကောင်းကင်ရောင်စဉ်နန်းတော်မှ လူများထွက်သွားနေသည်ကို ရန်ကိုင် သွားမတားခဲ့ချေ။ ဒဏ်ရာရနေသည့် ရန်သူတစ်ဦးအား ပြေးပေါက်မရှိအောင် ချောင်ပိတ်ရိုက်ခြင်းသည် မည်ကဲ့သို့သော ရလာဒ်များကို ဖြစ်ပေါ်လာစေနိုင်မှန်း ရန်ကိုင် ကောင်းကောင်း သိထားသည်။ လက်ရှိအချိန်တွင် အရေးကြီးဆုံးမှာ လော့ကျင်းအား ကွေ့ဇူနှင့် အခြားသူများကို လွှတ်ပေးလာအောင် ဖိအားပေးဖို့ရာ ဖြစ်ပေသည်။ သူ့တွင် အခြားသူများအား အာရုံစိုက်ရန် အချိန်မရှိပေ။

ကောင်းကင်ရောင်စဉ်နန်းတော်မှ အကြီးအကဲနှစ်ဦး ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ခဲ့ထျန်းဘက်သို့ လှည့်၍ ညစ်ကျယ်ကျယ်ပြုံးကာ ပြောလိုက်လေ၏။ “ခွေးအိုကြီး ခင်ဗျား ဆက်တိုက်ခိုက်ဖို့ ကြံနေတုန်းလား… မယုံမရှိနဲ့နော်… ဒီသခင်လေး ခင်ဗျားခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းပစ်မှာ…”

ခဲ့ထျန်း ဒေါသထွက်သွားခဲ့လေ၏။

တစ်စုံတစ်ဦးသာ သူ့အား ဤကဲ့သို့ ပြောလာခဲ့မည်ဆိုပါက ခဲ့ထျန်းအနေဖြင့် မည်သို့မှ ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။ ထိုလူအား ကောင်းကောင်း သင်ခန်းစာပေးလိုက်မည်သာ။ သို့သော်ငြား လက်ရှိ ထိုစကားကို ပြောလိုက်သည့်လူမှာ သူကိုယ်တိုင်ပင်လျှင် မနိုင်သည့် ရန်ကိုင် ဖြစ်နေခဲ့လေသည်။

သူ၏ကောင်းကင်မိုးကြိုးတံဆိပ်ပြားပင်လျှင် ရန်ကိုင့်အား ဘာမှမလုပ်နိုင်သည့်အတွက်ကြောင့် ခဲ့ထျန်းမှာ ရန်ကိုင့်အား မည်ကဲ့သို့ အနိုင်ယူလို့ယူရမှန်း မသိတော့ချေ။

ခဲ့ထျန်း တုံ့ဆိုင်းတွေဝေနေစဉ်မှာပင် လော့ကျင်းက အလျင်စလို ဝင်ပြောလိုက်လေသည်။ “သူခြိမ်းခြောက်တာတွေကို နားထောင်မနေနဲ့ လူကြီးမင်းခဲ့… ခင်ဗျားနဲ့ကျုပ်သာ အတူပူးပေါင်းမယ်ဆိုရင် သူ့ကို ကျိန်းသေ အနိုင်ယူနိုင်မှာ…”

ထိုစကားကိုကြားသော် ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “အဲ့ဒါဆိုရင် ဒီသခင်လေး ဘာလို့ အခုထိ အကောင်းတိုင်း ရှိနေသေးရတာလဲ… ခင်ဗျားမျက်လုံးကန်းနေတာလား မြို့သခင်လော့… စကားပြောမယ်ဆိုရင်လည်း အခြေအနေကို ကြည့်ကျက်သုံးသပ်ပြီးမှ ပြောစမ်းပါ…”

လော့ကျင်းကမူ ရန်ကိုင့်၏စကားကို ဂရုစိုက်မနေဘဲ ခဲ့ထျန်းဘက်သို့သာ လှည့်၍ ဆက်ပြောလိုက်လေသည်။ “လူကြီးမင်းခဲ့… ကျုပ်တို့သာ သူ့ကို သတ်နိုင်မယ်ဆိုရင် ကျုပ်တို့ကောင်းကင်ကြိုးကြာမြို့ရဲ့ ငါးနှစ်စာနဲ့ညီမျှတဲ့ အမြတ်ငွေကို ခင်ဗျားတို့ဂိုဏ်းဆီ ပေးမယ်ဗျာ…”

လက်ရှိအချိန်တွင် လော့ကျင်းအနေဖြင့် သူ့မျက်နှာပျက်ရလဲ ဂရုစိုက်မနေနိုင်တော့ချေ။ အရေးအကြီးဆုံးမှာ ခဲ့ထျန်းအား ထွက်မသွားအောင် ထိန်းထားရန်သာ ဖြစ်တော့လေသည်။

လော့ကျင်းပေးသည့် မက်လုံးကို ကြားပြီးသည့်နောက် ခဲ့ထျန်း စိတ်လှုပ်ရှားသွားခဲ့လေသည်။ ကောင်းကင်ကြိုးကြာမြို့သည် အလွန်ကိုမှ စည်ပင်သာယာ ဝပြောသည့် မြို့တစ်မြို့ဖြစ်လေရာ မြို့တစ်ခုလုံး၏ ငါးနှစ်စာ အမြတ်ငွေမှာ လုံးဝကို နည်းလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်၏ အကြည့်တစ်ချက်သည် သူ့အား ပြန်၍ တုံ့ဆိုင်းတွေဝေသွားစေပြန်လေသည်။

ထိုအချင်းအရာကိုမြင်သော် လော့ကျင်းက အံကြိတ်၍ ပြောလိုက်လေ၏။ “လူကြီးမင်းခဲ့… သူ့လိုကောင်လေးတစ်ယောက်ကို ဒီလောက်ထိ ကြောက်နေတယ်လို့တော့ ကျုပ်ကို လာမပြောနဲ့နော်… အဲ့လိုဆိုရင် လူကြီးမင်းခဲ့ သိုင်းတာအိုက ဒီမှာပဲ ရပ်တန့်သွားတော့မှာ… နောက်တစ်ဆင့်ကို ဘယ်တော့မှ ထပ်တက်နိုင်တော့မှာ မဟုတ်ဘူး…”

ထိုစကားကိုကြားသော် ခဲ့ထျန်း၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ လော့ကျင်းပြောသည်မှာ လုံးဝကို မှန်ပေသည်။ သူသာ ဆက်၍ တုံ့ဆိုင်းနေမည်ဆိုပါက ယနေ့ကိစ္စသည် သူ့အတွက် ကိုယ်တွင်းနတ်ဆိုးတစ်ခု ဖြစ်လာနိုင်ပေသည်။ ထိုသို့ ဖြစ်လာသည့်နောက်တွင် သူ့အနေဖြင့် မည်သို့မျှ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်တော့လိမ့်မည် မဟုတ်ချေ။ သူသာ ယနေ့ကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ပါက ဤကိစ္စကြောင့် သူ၏ကျင့်ကြံခြင်းပင်လျှင် သွေဖီကာ သူ့ကျင့်ကြံခြင်းအဆင့်ပင် လျှောကျသွားနိုင်ပေသည်။

ထိုအချက်ကို တွေးပြီးသည့်နောက်တွင် ခဲ့ထျန်းက သံဓိဌာန်ချလိုက်သည့် အမူအယာဖြင့် အံကြိတ်ကာ ပြောလိုက်လေသည်။ “ကောင်းပြီလေ… ဒါဆိုရင် ဒီခဲ့လည်း ကိုယ့်အသက်ကိုယ် ရင်းပြီးတော့ မြို့သခင်လော့ကို အဖော်ပြုပေးရသေးတာပေါ့… ဒီနေ့ လူငယ်တွေကို ဘယ်လိုလေးစားရမယ်ဆိုတာကို ကောင်းကောင်း သင်ပေးရမယ်…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၁၇)

ခဲထျန်း သဘောတူလိုက်သည်ကို မြင်သော် လော့ကျင်း စိတ်လှုပ်ရှားသွားလေ၏ “လူကြီးမင်းခဲရဲ့ အကူအညီနဲ့ဆို ဒီလော့ စိတ်ချသွားပြီ”

ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်လေသည် “ခင်ဗျားတို့ နှစ်ယောက်က ကိုယ့်ကိုယ်ကို တယ်ယုံကြည်ချက်ရှိနေပါလား။ ကောင်းကင်သွားလို့လမ်း ရှိလျက် ငရဲသွားတဲ့လမ်းကို ရွေးချင်နေမှတော့ ကျုပ်ကလည်း ခင်ဗျားတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”

ပြောပြီးသွားသည်နှင့် ရန်ကိုင်သည် ခဲထျန်းဆီသို့ ပြေးဝင်သွားလေသည်။

ရန်ကိုင် သူ့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်သော် ခဲထျန်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို နောက်သို့ ပြန်ဆုတ်လေ၏။

ရန်ကိုင်ကမူ ပြေးသွားနေရင်းမှ လှမ်းအော်ပြောလိုက်လေ၏ “ကျုပ်မျက်လုံးကို ကြည့်လိုက်စမ်း”

ဘာကြောင့်မှန်းမသိ ခဲထျန်းလည်း ရန်ကိုင် မျက်လုံးဆီသို့ လှမ်းကြည့်မိလိုက်သည်။

သို့သော်ငြား ထိုသို့ကြည့်ပြီးမှသာ ရန်ကိုင်၏ ထောင်ချောက်ထဲသို့ ကျသွားပြီမှန်း နားလည်လိုက်လေသည်။ သူကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ ဘယ်ဘက် မျက်လုံးတစ်ခုလုံး ရွှေရောင်တဖျက်ဖျက် တောက်ပလာခဲ့လေသည်။

ချက်ချင်းပဲ အကြည့်လွှဲဖယ်ရန် ကြိုးစားလိုက်သော်ငြား ထိုသို့ မလုပ်နိုင်ကြောင်း တွေ့လိုက်ရသည်။ ဆန်းကြယ်သော စွမ်းအားတစ်ရပ်သည် သူ့အား အကြည့် မလွှဲနိုင်အောင်ကို ဖိနှိပ်ချုပ်နှောင်ထားခဲ့လေသည်။ ထိုသို့ ကြည့်နေရင်းမှ သူ့ဝိဥာဉ် တုန်ရီလာပြီး သူ့အသိစိတ်ပင်လယ်များ ကသောင်းကနင်း ဖြစ်လာသည်ကို ခံစားလိုက်ရလေ၏။

“အဆုံးမဲ့ကြာပန်းပွင့်လန်း" ထိုအော်သံနှင့်အတူ ရန်ကိုင်၏ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးထဲ အဖြူရောင် ကြာဖူးတစ်ပွင့် ထွက်ပေါ်လာသည်။ ထိုကြာဖူးသည် ပေါ်လာလာချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး ခဲထျန်၏ မျက်လုံးထဲသို့ ရောက်ရှိသွားခဲ့လေသည်။ ခဲထျန်မှာမူ မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။ ထို့နောက် အလွန်ကိုမှ ဆိုးရွားလှသည့် နှိပ်စက်မှုကို ခံစားနေရသည့်အလား ခေါင်းကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း နာကျင်စွာ အော်ဟစ်ညည်းတွားတော့လေသည်။

ဧည့်သည်များမှာတော့ ထိုမြင်ကွင်းအား ကြောက်လန့်တကြားဖြင့် ကြည့်နေကြလေ၏။

ဘာတွေဖြစ်လို့ ဖြစ်သွားခဲ့မှန်း သူတို့ မသိကြချေ။ သူတို့ မြင်လိုက်သည်မှာ ရန်ကိုင်မှ သူ့မျက်လုံးကို ကြည့်ဟု ပြောလိုက်ချိန် ခဲထျန်း လှမ်းကြည့်လိုက်ပြီး ထိုကဲ့သို့ ဖြစ်သွားသည်ကိုသာ။

သို့သော်ငြား လော့ကျန်းကမူ ရန်ကိုင်ဆီမှ ဖြာထွက်လာသည့် စိတ်စွမ်းအင်ကို ခံစားမိလိုက်သည့်အတွက်ကြောင့် ရန်ကိုင်မှ အားကောင်းသည့် ဝိဥာဉ်အမျိုးအစား ပညာရပ်တစ်ခုခုကို ထုတ်သုံးလိုက်မှန်း နားလည်လိုက်ပေသည်။ ထို့ကြောင့် ထိတ်လန့်တကြား အော်ဟစ်သတိပေးလိုက်လေ၏ “လူကြီးမင်းခဲ၊ မင်းစိတ်ကို ကာကွယ်ထား”

ထိုသို့ အော်ပြောပြီးနောက် သူ့လက်ထဲရှိ တောင်ဝှေးမှာ တဖြည်းဖြည်း အရွယ်အစား ကြီးမားလာခဲ့ပြီး ရန်ကိုင်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် လှောင်ပြုံးပြုံးလိုက်လေသည်။ ထို့နောက် နာကျင်စွာ အော်ဟစ်ညည်းတွားနေသော ခဲထျန်းကိုကိုင်လျက် တိုးဝင်လာနေသည် တောင်ဝှေးဆီသို့ လှမ်းပစ်လိုက်လေ၏။

“မဟုတ်ဘူး” လော့ကျင်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သူ့တောင်ဝှေးကို အမြန်ပြန်ရုတ်သိမ်းရန် ကြိုးစားလိုက်သော်ငြား အားကုန်သုံးကာ တိုက်ခိုက်လိုက်သော တိုက်ကွက်တစ်ခု ဖြစ်သည့်အတွက်ကြောင့် အလွယ်တကူ ပြန်မရုတ်သိမ်းနိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် သူ၏ အားကုန်သုံးတိုက်ကွက် ခဲထျန်းအား သွားရောက် ထိမှန်သည်ကိုသာ ရပ်ကြည့်နေခဲ့ရလေသည်။

ဘုန်း...

ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ ခဲထျန်းတစ်ကိုယ်လုံး တစ်စစီ ပေါက်ကွဲထွက်ကာ အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားခဲ့လေသည်။ လော့ကျင်းမှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း သူ့မျက်လုံးပင် သူမယုံနိုင်အောင် ဖြစ်သွားခဲ့လေသည်။

ဘေးပတ်ဝန်းကျင်မှ ထိတ်လန့်တကြား အော်ဟစ်သံများလည်း ထွက်ပေါ်လာခဲ့၏။ ခဲထျန်းကဲ့သို့သော ဂုဏ်သတင်းကြီးမားသည့် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဤနည်းဖြင့် သေသွားရလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

ခဲထျန်းနှင့် လော့ကျန်းတို့ အတူပူးပေါင်းပြီး ရန်ကိုင်အား ရင်ဆိုင်မည်ဟု ပြောလာသည့်အခါ ရန်ကိုင်တော့ အခက်တွေ့ပြီဟု အကုန်လုံး ထင်ခဲ့ကြသည်။ သို့ရာတွင် တကယ်တမ်း တိုက်ပွဲဖြစ်လာသည့်အခါ၌ အရင်ဦးဆုံး သေသွားသည့်လူမှာ ခဲထျန်း ဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ခဲထျန်းသည် လော့ကျင်း၏ တောင်ဝှေးအောက်တွင် အသက်ပျောက်သွားခဲ့ရလေသည်။

“ဟဲဟဲ...” ရန်ကိုင်က လော့ကျင်းအားကြည့်ရင်း ရယ်မောလျက် “လူကြီးမင်းလော့က တကယ်ကို ရက်စက်တာပဲ။ ကိုယ့်လူအချင်းချင်းကိုတောင် ရက်ရက်စက်စက် သတ်ရတ်တယ်။ အကြီးအကဲခဲကတော့ တကယ်ကို ယူကြုံးမရ ဖြစ်နေတော့မှာပဲ။ သူနဲ့ မဟာမိတ်လုပ်တဲ့လူက သူ့ကို ပြန်သတ်သွားတဲ့အကြောင်းတွေရင်း...”

တကယ်တော့ လော့ကျင်း၏ တောင်ဝှေးကြောင့် ခဲထျန်း သေသွားသည်ကို လူပေါင်းများစွာ မြင်လိုက်ရလေသည်။ သို့သော်ငြား ခဲထျန်း လော့ကျင်း၏ တောင်ဝှေးဖြင့် ရိုက်ခံလိုက်ရခြင်းမှာ ရန်ကိုင် ထုတ်သုံးလိုက်သည့် ပညာရပ်ကြောင့် သူ့ဝိဥာဉ် ထိခိုက်သွားရကာ မလှုပ်ရှားနိုင် ဖြစ်နေချိန် ရန်ကိုင်မှ သူ့အား လော့ကျင်း၏ တောင်ဝှေးတည့်တည့်ဆီသို့ ပစ်ထည့်လိုက်သည့် အတွက်ကြောင့် ြဖစ်ပေသည်။

ထို့ကြောင့် ခဲထျန်းအား သေသွားအောင် လုပ်သူမှာ ရန်ကိုင်သာ ဖြစ်နေဆဲ။ သို့ရာတွင် ရန်ကိုင်ကမူ လော့ကျင်းအား သွားအပြစ်ပုံချနေခဲ့လေသည်။ မသိလျှင် ခဲထျန်း သေသွားအောင် သူဘာမှမလုပ်ခဲ့သည့်အလား။

လော့ကျင်းမှာတော့ အဖြစ်အပျက် အလုံးစုံကြောင့် မှင်သက်နေခဲ့သည်။ အစက ထင်နေသည်မှာ ကောင်းကင်ရောင်စဉ်နန်းတော်မှ အကြီးအကဲနှစ်ဦးကို ရန်ကိုင် မောင်းထုတ်လိုက်နိုင်ခြင်းသည် ကံကောင်းသွားသည့်အတွက်ကြောင့် ဖြစ်သည်ဟူ၍ပင်။ ချိုယုသာ ဒဏ်ရာရမထားခဲ့လျှင် ထိုအကြီးအကဲများလည်း အလျင်စလို ပြန်ထွက်သွားလိမ့်မည် မဟုတ်သလို ခဲထျန်းသည်လည်း ယခုကဲ့သို့ သေရလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ယခုမှသာ ရန်ကိုင်၏ ခွန်အားကို သာမန် အမြင်၍ သွားဆုံးဖြတ်၍မရမှန်း လော့ကျင်း နားလည်သွားတော့သည်။ ခဲထျန်းအား တစ်ချက်လေးမှပင် ပြန်မတိုက်နိုင်အောင် လုပ်သွားသည်ကို ကြည့်လျှင် ရန်ကိုင် မည်မျှ အားကောင်းကြောင်းကို ခန့်မှန်းကြည့်နိုင်ပေသည်။

ရန်ကိုင် ပြောသည်ကိုကြားပြီးနောက် လော့ကျင်းက အလျင်စလို ပြန်အော်ပြောလေ၏ “မဟုတ်တာတွေ လာပြောမနေနဲ့။ လူကြီးမင်းခဲကို သတ်လိုက်တာ မင်းဆိုတာ အသေအချာကြီး”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည် “ဒါပေမယ့် လူကြီးအိုခဲက ခင်ဗျားရဲ့ မှော်ရတနာကြောင့် သေသွားရတာလေ။ ဒီမှာရှိနေတဲ့လူတွေ အကုန်လုံးလည်း အဲ့ဒါကို မြင်လိုက်တယ်။ ဘယ်လိုလုပ်ပြီး ကျုပ်ကို လာအပြစ်ပုံချနေတာလဲ။ ခင်ဗျား လူအိုကြီးခဲကို ဘယ်လိုတွေတောင် မုန်းနေလို့ အခုလိုမျိုးတောင် လုပ်ရက်ရတာလဲ”

ရန်ကိုင်၏ စကားကြောင့် လော့ကျင်း ဒေါသပုန်ထသွားပြီး သူ့မျက်နှာကြီးလည်း နီတက်လာခဲ့လေသည်။ ပြန်ပြောချင်သော်ငြား မည်သည့်နေစရာက စပြောလို့ ပြောရမှန်းမသိ ဖြစ်နေသည့်အတွက်ကြောင့် ဒေါသထွက်ထွက်ဖြင့်သာ ထအော်လေသည် “မင်းနဲ့ဒီဘုရင် တစ်မိုးတည်းမှာ ဘယ်လိုမှ အတူမရှိနိုင်ဘူးကွ”

ထိုသို့ အော်ပြောပြီးသည်နှင့် တောင်ဝှေ့ပေါ် သွေးတစ်ပွက် ထွေးထုတ်လိုက်လေသည်။ ချက်ချင်းဆိုသလို တောင်ဝှေးဆီမှ ရောင်စဉ်အလင်းတန်းတို့ ဖြာထွက်လာခဲ့လေသည်။ အလွန်ကိုမှ အားကောင်းသည့် စွမ်းအင်လှိုင်းတို့ဟာလည်း အဘက်ဘက်သို့ စတင် ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင်ကမူ လှောင်ပြုံးပြုံးလျက် လော့ကျင်းရှေ့တည့်တည့်သို့ တည်နေရာ ခုန်ကူးသွားလိုက်လေသည်။ ထို့နောက် လော့ကျင်း၏ မှင်သက်နေသည့် အကြည့်အောက်မှာပဲ သူ့ဓါးဖြင့် ထိုးချလိုက်လေ၏။

ခဲထျန်း သေသွားသည့်အတွက်ကြောင့် တုန်လှုပ်မိသလို ရန်ကိုင်၏ မဟုတ်တရုတ် စကားများကြောင့် ဒေါသထွက်မိရာ အရင်းအမြစ်ချီများပင် မတည်မငြိမ်ဖြစ်ကာ လော့ကျင်းလည်း သူ့စိတ်ကို တည်ငြိမ်အောင် မထားနိုင်တော့ချေ။

ထို့ကြောင့် ရန်ကိုင် သူ့အား ဓါးဖြင့် ထိုးချလာသည်ကို မြင်သော် အချိန်မှီ မတုန့်ပြန်တော့နိုင် ဖြစ်သွားခဲ့လေသည်။

စွက်ခနဲ မြည်သံနှင့်အတူ လော့ကျင်း တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး သွေးများ စီးထွက်လာခဲ့လေသည်။

ရန်ကိုင်သည် ညစ်ကျယ်ကျယ်ပြုံးလျက် ပြောလိုက်လေ၏ “လူကြီးမင်းလော့ မလှုပ်တာ ကောင်းလိမ့်မယ်နော်။ ကျုပ်က တော်တော် ကြောက်တတ်တာ။ လူကြီးမင်းလော့ လှုပ်လိုက်လို့ ကျုပ်လည်း ကြောက်ကြောက်နဲ့ လှုပ်မိသွားရင် ဓါးက လူကြီးမင်းလော့ရဲ့ နှလုံးတည့်တည့်ကို စိုက်သွားတော့မှာ... ဒါကြောင့် လူကြီးမင်းလော့ တစ်ခုခု မလုပ်ခင် သေချာသတိဖို့လိုအပ်တယ်နော်”

အနန္တဓါးသည် သူ့နှလုံးနှင့် လက်တစ်ချောင်းစာလောက်သာ ကွာတော့ကြောင့် ခံစားမိလိုက်သည့်နောက် လော့ကျင်း၏ နဖူးထက် ချွေးသီးချွေးပေါက်များ ဝေ့သီလာခဲ့လေသည်။ သူ့အနေဖြင့် မည်သို့များ လှုပ်ရှားရဲပါတော့မည်နည်း။ တစ်ချက်ကလေး မှားသွားရုံနှင့် အသက်ပျောက်နိုင်သည့် အတွက်ကြောင့် စိုးရိမ်တကြီးဖြင့်သာ တံတွေးများကို တစ်လုတ်ပြီးတစ်လုတ် မျိချနေမိတော့လေသည်။

“မဟုတ်ပါနဲ့” ထိုစဉ် လော့ပင်းသည် အရူးတစ်ယောက်နှယ် ရှေ့သို့ ပြေးထွက်လာ၏။ ထို့နောက် လော့ကျင်းရှေ့တွင်ရပ်လျက် သူမအဖေကို လက်ဖြင့်ကာထားရင်းမှ ငိုယိုလျက် ပြောလိုက်လေသည် “ကျေးဇူးပြုပြီး ကျွန်မအဖေကို မသတ်ပါနဲ့နော် စီနီယာအစ်ကို၊ ပင်းအာ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မ အဖေကို မသတ်ပါနဲ့”

ပင်းအာကိုကြည့်ရင်း ချိုက်ဟူမှာ တစ်ခုခု ပြောချင်သော်ငြား သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး ဘာမှဆက်မပြောတော့ချေ။

ဘေးပတ်ဝန်ကျင်းမှ ဧည့်သည်များသည်လည်း ပင်းအားကို သနားနေမိကြသည်။

ယနေ့ ကိစ္စများစွာ ဖြစ်ပျက်သွားခဲ့သည်။ ချိုက်ဟူ ဝင်မွှေသွားသလို ရန်ကိုင်လည်း ပြဿနာရှာသွားသည်။ လော့ကျင်းသည်ပင်လျှင် ဒဏ်ရာရသွားခဲ့ရသည်။ သို့သော် သူတို့အားလုံး ထိခိုက်ခံစားရဆုံး လူများမဟုတ်ကြချေ။ ပင်းအာသည်ကသာ အခံစားရဆုံး ဖြစ်ပေသည်။

ချိုက်ဟူ ဒဏ်ရာရသည့်အချိန်တွင် သူမအဖေကို အသည်းအသန် တောင်ပန်ခဲ့ရသည်။ ယခု သူမအဖေ ဒဏ်ရာရသွားသည့်အချိန်တွင် ရန်ကိုင်ဆီသို့လာပြီး သူမအဖေကို လွှတ်ပေးရန် တောင်းပန်ရပြန်လေသည်။

ယနေ့မတိုင်ခင်အထိ သူမသည် အလွန်ကိုမှ လွတ်လပ်ပြီး အပူအပင်မရှိသည့် မင်းသမီးလေး တစ်ပါးသာ ဖြစ်သည်။

သို့သော်ငြား တစ်နေ့တည်းအတွင်းမှာတော့ သူမ၏ ဘဝမှာ အလုံးစုံ ပြောင်းလဲသွားခဲ့ရလေသည်။ သွေးသံတရဲရဲ မြင်ကွင်းများ၊ ရက်စက်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေများကို မြင်တွေ့၊ ကြုံတွေ့ခဲ့ရသည်။ မွေးဖခင်နှင့် အသက်သခင် ကျေးဇူးရှင်ကြား လော့ပင်းမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့လေသည်။

အားနည်းလှသည့် ပင်းအာလေသည် ထိုများပြားလွန်းလှသည့် ဝန်ထုပ်ကြီးကို ထမ်းပိုးထားရန် မစွမ်းသာခဲ့ပေ။

သူ့ရှေ့တွင် လာရပ်နေသည့် ပင်းအာကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

တကယ်ဆိုလျှင် ဤလော့ပင်ကို ရန်ကိုင် သိပ်ကြည့်မရချေ။ သူ့အမြင်တွင် လော့ပင်သည် ကမ်းကုန်အောင် အလိုလိုက်ခံထားရသည့် မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ သို့သော်ငြား ယနေ့အဖြစ်အပျက်များကြောင့် လော့ပင်းအပေါ် သူ့အထင်အမြင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ရသည်။

သူမအသက်ကိုပင် ဂရုမစိုက်ဘဲ ချိုက်ဟူအား ကယ်တင်ရန် ကြိုးစားနေသည့် မြင်ကွင်းကို ရန်ကိုင် သေသေချာချာ မှိတ်မိနေပေသေးသည်။ ဤလောကကြီးအကြောင်း မည်သို့ပင် မသိပါလေ့စေဦးတော့၊ အနည်းဆုံး လော့ပင်းသည် ကျေးဇူးတရားကိုတော့ သိတတ်ပေသေးသည်။

“ကျွန်မ အမှန်တကယ်ကို အနူးအညွတ် တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မအဖေကို မသတ်လိုက်ပါနဲ့နော်။ ကျေးဇူးပြုပြီး မသတ်လိုက်ပါနဲ့” လော့ပင်းသည် ရှိုက်ကြီးတငင် ငိုးကြွေးရင် ရန်ကိုင်၏ ခြေထောက်ကိုဖက်ကာ တောင်းပန်နေခဲ့လေသည်။

ဧည့်သည်များမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း လော့ပင်းအား သနားလာခဲ့လေသည်။ သူတို့အနေဖြင့် လော့ပင်း ဤကဲ့သို့ ပြုမူသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်း ဖြစ်၏။

ဆက်မကြည့်နိုင်တော့သည့်အဆုံးတွင် ချိုက်ဟူက လည်ချောင်းတစ်ချက်ရှင်း၍ လှမ်းပြောလိုက်လေသည် “ညီလေးရန်...”

“ဟူး...” ရန်ကိုင်က သက်ပြင်းရှည်ကြီးတစ်ချက်ချလျက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည် “စိတ်မပူနဲ့၊ နင့်အဖေ မသေသေးဘူး”

လော့ကျင်း လုပ်ခဲ့သည့် ကိစ္စများကို ပြန်တွေးလိုက်လျှင် လော့ကျင်းအား သေအောင် သတ်လျှင်ပင် သူလုပ်ခဲ့သည့် ပြစ်မှုများကို ကြေအေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား လော့ပင်းမှ ခခယယ တောင်းပန်နေသည်ကို ရန်ကိုင်လည်း ဆက်၍ မကြည့်နိုင်တော့ချေ။ ထို့အတွက်ကြောင့် လော့ကျင်းအား သတ်ပစ်ရမလား၊ ဤအတိုင်းပဲ ထားလိုက်ရမလား ဆိုသည်နှင့်ပက်သက်၍ ဝေခွဲမရ ဖြစ်လာတော့လေသည်။

လော့ပင်းဆီသို့ ခက်ခက်ခဲခဲဖြင့် လျှောက်သွားလိုက်ပြီးနောက် ချိုက်ဟူက လော့ပင်းအား လက်ဆန့်တန်းပေး၍ ပြောလိုက်လေသည် “မတ်တပ်ရပ်လိုက်။ ပြီးမှ စကားပြော”

လော့ကျင်းက မျက်ရည်ရွဲလဲမျက်နှာဖြင့် ခေါင်းမော့လာလျက် ပြောပြန်လေသည် “ကျေးဇူးပြုပြီး ကျွန်မအဖေကို မသတ်ပါနဲ့...”

ရန်ကိုင်က ပြန်ပြောလိုက်လေသည် “အဲ့ဒါကတော့ သူငါ့မိတ်ဆွေတွေကို ဘယ်လို ဆက်ဆံလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ငါ့မိတ်ဆွေသာ တစ်ခုခု ဖြစ်သွားမယ် ဆိုရင်တော့...”

လော့ကျင်းက အလျင်စလို ဖြတ်ပြောလိုက်လေသည် “ငါသူတို့ကျင့်ကြံခြင်းကို ချိတ်ပိတ်ပြီးတော့ပဲ အကျဉ်းချရုံချထားတာ။ သူတို့ကို ထိခိုက်အောင် ဘာမှ မလုပ်ထားဘူး”

ထိုအခါ ရန်ကိုင်က လော့ကျင်းအား စိုက်ကြည့်၍ “အဲ့ဒါဆိုရင် ဘာလုပ်ရမလဲ ဆိုတာ ခင်ဗျား သိတယ်မလား”

ထိုစကားကိုကြားသော် လော့ကျင်း၏ ခန္ဓာကိုယ် တုန်တက်သွားပြီး အလျင်စလို အော်ပြောလိုက်လေသည် “ဖမ်းထားတဲ့လူတွေကို ခေါ်လာခဲ့စမ်း”

သူ့အသက် အခြားတစ်ဦး၏ လက်ထဲ ရောက်နေသည့်အချိန်တွင် လော့ကျင်းလည်း သူ့ဂုဏ်သိက္ခာကို ဆက်ဂရုမစိုက်နိုင်တော့ချေ။

လော့ကျင်း၏ အမိန့်ကိုကြားသော် မြို့သခင်စံအိမ်က အစောင့်များသည် ချက်ချင်း လှုပ်ရှားကြလေတော့သည်။

ဧည့်သည်များမှာလည်း ရန်ကိုင် မည်သူတွေအတွက်များ လာပြဿနာရှာရသလဲဟု တွေးရင်း စိတ်ဝင်တစားဖြင့် လှမ်းကြည့်နေကြလေသည်။

ခဏအကြာတွင် မြို့သခင်စံအိမ်၏ အစောင့်များနှင့်အတူ လူသုံးဦး ထွက်လာခဲ့၏။

ဦးဆောင်လာသည့်လူ၏ အရှိန်အဝါမှာ မိစ္ဆာကျင့်စဉ် တစ်ခုခုကို ကျင့်ကြံထားသည့်အလား မှုန်ထိုင်းထိုင်း ဖြစ်နေ၏။ ထိုလူမှာ မငယ်တော့ဘဲ လူအိုကြီးတစ်ဦး အရွယ်လောက် ရှိနေခဲ့လေပြီ။ သို့သော် သူ့နှုတ်ခမ်းထက် ချိတ်ဆွဲနေသော ညစ်ကျယ်ကျယ်အပြုံးသည် မြင်သူတိုင်းကို ချောက်ခြားသွားစေနိုင်ပေသည်။

ထိုလူအိုကြီးနောက်တွင် လိုက်လာသည်မှာတော့ သူနှင့်အသက်တူ လူအိုကြီး တစ်ဦးသာ ဖြစ်လေသည်။ ထိုလူအိုကြီးကမူ သူ့ခါးကို ဓါးတစ်ချောင်းနှယ် ဖြောင့်စင်းအောင် ထားထား၏။ မမြင်နိုင်သည့် ဓါးစိတ်ဆန္ဒတို့ဟာလည်း သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေခဲ့လေသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုလူသည် ဓါးတာအိုကို ကျင့်ကြံသူမှန်း မည်သူမဆို တန်းသိနိုင်ပေသည်။

နောက်ဆုံးတစ်ဦးမှာတော့ အရပ်ရှည်ရှည်၊ လူကောင်ထွားထွား လူကြီးတစ်ဦး ဖြစ်ပေသည်။

ထိုသုံးယောက်စလုံးသည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ သုံးယောက်စလုံးမှာ ဘာဖြစ်လို့ဖြစ်နေမှန်း မသိကြ။ ထို့ကြောင့် လိုက်လာရင်း ပတ်ဝန်းကျင်ကို သတိထားလျက် စစ်ဆေးနေခဲ့ကြလေသည်။ ကောင်းကင်စိတ်အာရုံကို သုံး၍လည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်နေကြသေး၏။

“အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ တတိယအစ်ကို” ထိုသုံးယောက်ကို မြင်သော် ချိုက်ဟူက လှမ်းအော်ခေါ်လိုက်လေသည်။

အော်ခေါ်သံကိုကြားသော် လူသုံးယောက်စလုံး၏ မျက်လုံးများ တောက်ပသွားကြလေသည်။ ရှေ့ဆုံးမှဦးဆောင်လာသည့် လူအိုကြီးက ချက်ချင်းပဲ မေးလိုက်လေသည် “မင်းဘာလို့ ဒီရောက်နေတာလဲ လေးယောက်မြောက်ညီလေး”

ထိုအခါက ထိုချိုက်ဟူက ပြုံးလျက် ပြန်ပြောလိုက်လေသည် “လေးယောက်မြောက် ညီလေး အစ်ကိုကြီးတို့ကို လာကယ်တာလေ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၁၈)

“လေးယောက်မြောက်ညီလေး မင်းရူးနေတာလား” ဒုတိယလူအိုကြီးက ချိုက်ဟူကို ကြည့်ရင်း ပြစ်တင်လိုက်လေသည်။

နောက်ဆုံးမှနေ၍ လိုက်လာသော ကြမ်းကြမ်းရမ်းရမ်းပုံစံပေါက်သည့် လူအိုကြီးကမူ ရယ်မော၍သာ ပြောလိုက်လေသည် “ရောက်နေပြီဆိုမှတော့လည်း ဘာတတ်နိုင်တော့မလဲ၊ လုပ်နိုင်သလောက်သာ လုပ်ကြတာပေါ့ကွာ”

ထိုသို့ ပြောပြီးသည်နှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။

ထိုသုံးယောက်စလုံး နားလည်မှုလွဲနေသည်ကို မြင်သော် ချီယွဲ့က ဆွံ့အနေသည့် အမူအရာဖြင့် “နေပါဦး၊ ဒီမှာ ဘယ်သူရောက်နေလဲ အရင် ကြည့်ကြည့်ပါဦး”

သုံးယောက်စလုံး ကြောင်သွားခဲ့ပြီး ချီယွဲ့ ညွှန်ပြနေသည့်ဘက်သို့ လှမ်း၍ ကြည့်လိုက်လေသည်။

သူမ ညွှန်ပြရာဆီသို့ လှမ်းကြည့်လိုက်ပြီးပြီးချင်းမှာပင် သုံးယောက်စလုံး မျက်လုံးအပြူးသား ဖြစ်သွားကုန်ကြလေသည်။ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား အလွန်တရာကိုမှ မယုံကြည်နိုင် ဖြစ်သွားကြလေ၏။

“မတွေ့ရတာကြာပြီနော် စီနီယာတို့” ရန်ကိုင်က လက်သီးဆုပ်၍ ပြုံးကာ နှုတ်ဆက်လိုက်လေသည်။

“ဂိုဏ်းချုပ်လား” ကွေ့ဇူက အလန့်တကြား ထအော်လေ၏။

“ဂိုဏ်းချုပ်ရန်လား”

“ရန်ကောင်လေးလား”

ကုချန်းယွင်နှင့် ခေါင်းဆောင်အိုင်းအောင်တို့ နှစ်ဦးစလုံး အလွန်ကိုမှ တုန်လှုပ်နေကြသည်။

ချီယွဲ့က ပြုံးလျက် “သူ့ကြောင့် ရှင်တို့သုံးယောက် လွတ်လာတာ”

ထိုစကားကိုကြားသော် ကွေ့ဇူတို့ သုံးဦးစလုံး၏ အမူအရာ လေးနက်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို အလျင်စလို ဖြန့်ကျက်၍ ရန်ကိုင်၏ ကျင့်ကြံခြင်းကို စစ်ဆေးကြည့်လိုက်လေသည်။ ရန်ကိုင်သည် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေမှန်း သိလိုက်ပြီးနောက် သုံးယောက်စလုံး လေအေးတစ်ရှိုက်ဆီ ရှူသွင်းမိလိုက်ကြလေသည်။

ကြယ်စီရင်စုထဲမှ ထွက်လာစဉ်က ရန်ကိုင်သည် ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးမှန်း သူတို့ သိထားကြသည်။ ယခုမူ နှစ်နှစ် သုံနှစ်အတွင်း ရန်ကိုင်သည် သူတို့အား ကျော်တက်သွားခဲ့လေပြီ။

ဤအမြန်နှုန်းမှာ ကြောက်မခန်းလိလိပင်။

ထို့နောက်တွင် ရန်ကိုင်၏ ကျင့်ကြံခြင်းကို ဂရုမစိုက်တော့ဘဲ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်လေသည်။

ပတ်ဝန်းကျင်းတစ်ခုလုံး သွေးနံ့များ ထောင်းထွက်နေ၏။ နံရံတစ်ခုပေါ်တွင်လည်း သွေးဖြင့် ရေးထားသော ‘သေခြင်းတရား’ ဟူသည့် စကားလုံးအချို့ ရှိနေခဲ့သည်။ မြို့သခင် လော့ကျင်းသည်လည်း ရင်ဘတ်တွင် ဓါးထိုးခံထားရသည့် အတွက်ကြောင့် မဆင်မခြင် မလှုပ်ရဲဘဲ ငြိမ်ငြိမ်လေးသာ ငြိမ်နေခဲ့ရသည်။ ဧည့်သည်များမှာတော့ ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်နေကြလေသည်။

အတွေ့အကြုံရှိသူများပီပီ တစ်ချက် ကြည့်လိုက်ရုံဖြင့် အကြောင်းစုံကို နားလည်သွားလေ၏။ သူတို့ရင်ထဲလည်း အလွန်ကိုမှ တုန်လှုပ်မိသွားခဲ့သည်။

တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံခြင်းလေးဖြင့် တစ်ပါးသူ၏ ပိုင်နက်ထဲ ဝင်လာပြီး မည်သို့များ ဤကဲသို့ လုပ်နိုင်ရလေသနည်း။

“စီနီယာတို့ အဆင်ပြေကြရဲ့လား” ရန်ကိုင်က မေးလိုက်လေသည်။

ကွေ့ဇူက ပြန်ပြောလိုက်၏ “ကျုပ်တို့အားလုံး အဆင်ပြေပါတယ် ဂိုဏ်းချုပ်”

ရန်ကိုင်ကိုယ်တိုင် စစ်ဆေးကြည့်လိုက်သည့်အခါတွင် သုံးဦးစလုံး အဆင်ပြေပြေ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ လော့ကျင်းသည် သူပြောသည့်တိုင်း သူတို့၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်၍သာ အကျဉ်းချထားခဲ့ပြီး နှိပ်စက်သည့်အရာမျိုး မလုပ်ခဲ့ပေ။ ထို့ကြောင့် ချိတ်စည်းများကို ဖယ်ပေးလိုက်သည်နှင့် သုံးယောက်စလုံး အကောင်းအတိုင်း ပြန်ဖြစ်သွားကြလေ၏။

သူတို့ သုံးဦးစလုံးမှာ တာအိုသခင်ပထမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည့် အတွက်ကြောင့် ကောင်းကင်ကြိုးကြာမြို့သခင်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် လော့ကျင်း မှုလောက်စရာလူများ မဟုတ်ကြချေ။ ထို့ကြောင့် ဤမျှ သက်သာနေခြင်း ဖြစ်သည်။

“အသေးစိတ်ကို နောက်မှပဲပြောတော့။ ဒီကနေ အရင် ထွက်သွားကြရအောင်” ချီယွဲ့က ဖြတ်ပြောလိုက်လေသည်။

ကွေ့ဇူက မျက်ခုံးပင့်လျက် ညစ်ကျယ်ကျယ်ရယ်မောရင်း လော့ကျင်းကိုကြည့်ကာ ပြောလိုက်လေသည် “ဒီတာအိုသခင်တတိယအဆင့်ရဲ့ ဝိဥာဉ်ကို ဒီဘုရင် သွားယူလိုက်ဦးမယ်”

ပြောပြီးသည့်နောက်တွင် ကွေ့ဇူသည် သူ၏ ဝိဥာဉ်တစ်သောင်းအလံကို ထုတ်ယူလိုက်လေသည်။ ချက်ချင်းဆိုသလို လေပြင်းများ တဖျတ်ဖျတ် တိုက်ခတ်လာပြီး ချောက်ခြားဖွယ်ရာကောင်းသော အော်ဟစ်မြည်ကြွေးသံများ ထွက်ပေါ်လာခဲ့၏။

ထိုမှော်ရတနာဆီမှ ဖြာထွက်နေသည့် မကောင်းဆိုးရွား အရှိန်အဝါကို ခံစားမိလိုက်ကြသော် ဧည့်သည်များ၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။

“မလာနဲ့” လော့ပင်းမှာ သွေးပျက်မတတ် ကြောက်လန့်နေသော်ငြား လော့ကျင်းရှေ့ မားမားမတ်မတ်ရပ်ရင်းမှ အော်ပြောလိုက်လေသည်။

ကွေ့ဇူ၏ လုပ်ရပ်ကိုမြင်သော် လော့ကျင်းသည် အထိတ်တလန့်ဖြင့် ရန်ကိုင်ကို ကြည့်လျက် “သခင်လေးရန်... ငါတကယ်ကို သူတို့ကို ထိခိုက်အောင် မလုပ်ထားဘူးနော်။ ပြီးတော့ မင်းပြောတဲ့အတိုင်းလည်း သူတို့ကို ပြန်လွှတ်ပေးလိုက်ပြီ။ အခု မင်းစကား တည်ဖို့ပဲ ကျန်တော့တယ်”

ရန်ကိုင်သည် လော့ကျင်းအား အေးစက်စက် အမူအရာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ကွေ့ဇူအား လှမ်းတားလိုက်လေသည်။

ရန်ကိုင် ဘာကြောင့် သူ့အား လာတားနေမှန်း ကွေ့ဇူ မသိသော်ငြား သူ့လုပ်ရပ်ကို ရပ်တန့်လိုက်လေ၏။ ထို့နောက် ဘာကြောင့်မှန်းမသိ ချောက်ခြားဖွယ်ကောင်းစွာ စတင် ရယ်မောတော့လေသည်။

ချိုက်ဟူက တံတွေးတစ်လုတ် မျိချလျက် ဝင်ပြောလိုက်လေသည် “ညီငယ်လေး၊ သခင်မလေးလော့က ငါ့ကို တော်တော် ကူညီပေးခဲ့တာကွ။ ဒီထဲကို ဝင်လာနိုင်အောင်လည်း သူပဲ ငါ့ကို ကူညီပေးခဲ့တာ”

ထိုစကားကိုကြားသော် ကွေ့ဇူနှင့် အခြားသူများသည် ချိုက်ဟူအား ထူးထူးဆန်းဆန်း အမူအရာများဖြင့် စိုက်ကြည့်လာကြလေသည်။

ချိုက်ဟူက ထပ်ပြောလိုက်၏ “ကျေးဇူးတရားနဲ့ ရန်ကြွေးဆိုတာ ကောင်းကောင်း ခွဲခြားတတ်ရတယ် ဟုတ်တယ်မလား”

“လေးယောက်မြောက်အစ်ကိုပြောတာ အမှန်ပဲ”

သူ့ဘာသာသူ ဘာမှန်းမသိသော် စကားများကို ရေရွတ်လိုက်ပြီးနောက်တွင် ရန်ကိုင်သည် လော့ကျင်းကိုယ်ထဲမှ အနန္တဓါးကို လှမ်းဆွဲယူလိုက်လေသည်။ ဓါး ကျွတ်သွားပြီးနောက် လော့ကျင်း သွေးများ ထိုးအန်တော့လေ၏။

လော့ကျင်းက စိတ်သက်သာရာရသွားဟန်ဖြင့် “ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရန်”

သို့သော်ငြား လော့ကျင်း ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်သည် လော့ကျင်း၏ ရင်ဘတ်ကို သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ အလစ်အငိုက် မိသွားသည့် အတွက်ကြောင့် လော့ကျင်းမျာ လုံးဝ မခုခံလိုက်နိုင်ဘဲ လက်ဝါးချက်စာမိကာ နောက်သို့ လွင့်ထွက်သွားလေတော့လေသည်။ ထို့ရိုက်ချက်ကြောင့် နောက်ထပ် သွေးတစ်ပွက် ထပ်ထိုးအန်လိုက်ရသလို သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း သိသိသာသာကို အားနည်သွားခဲ့လေသည်။

“အဖေ” လော့ပင်းကမူ အလန့်တကြား ထအော်ရင်း လော့ကျင်းဆီသို့ ပြေးသွားလေသည်။

လော့ကျင်းသည် ကုန်းရုန်းကာ ထရပ်ရင်း ရန်ကိုင်အား ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ရန်ကိုင်၏ လက်ဝါးချက်စာ မိပြီးနောက်မှသာ ရန်ကိုင် မည်မျှ အားကောင်းကြောင်း နားလည်သွားတော့လေသည်။ ရန်ကိုင့် အရင်းအမြစ်ချီ၏ သိပ်သည်းဆနှင့် သန့်စင်နှုန်းသည် သူယှဉ်လို့ရသည့် အရာမျိုးမဟုတ်ချေ။

(ဒီကောင် တကယ်ကော တာအိုသခင်ဒုတိယအဆင့် ဟုတ်ရဲ့လား)

(တကယ်သာဆိုရင်တော့ ဒီကောင်သာ တတိယအဆင့်ကို ရောက်သွားရင် ဧကရာဇ်အဆင့်ထဲမှာ သူ့ကိုနိုင်တဲ့လူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး) ထိုကဲ့သို့ တွေးလိုက်မိသည့်နောက် လော့ကျင်း ဇောချွေးပျံသွားခဲ့ပြီး ဤကဲ့သို့ မွန်းစတား တစ်ကောင်ကို သွားရန်စမိသည့်အပေါ်လည်း အလွန်ကိုမှ ကြောက်လန့်မိသွား၏။

“အခုလိုသမီးကောင်းတစ်ယောက် ရထားတာ ခင်ဗျား ဝမ်းသာသင့်တယ်” ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကွေ့ဇူဘက်သို့ လှမ်းပြောလိုက်လေသည် “သွားကြမယ်”

ပြောပြီးသည့်နောက် လမ်းလျှောက်ထွက်သွားလေ၏။ မည်သူမှ သူ့လမ်းကို သွားပိတ်မရဲခဲ့ချေ။ ရန်ကိုင် လာနေသည်ကို တွေ့သည်နှင့် အကုန်လုံး ကြောက်ကြောက်လန့်လန့်ဖြင့် ရှောင်ထွက်သွားကြလေသည်။

ကွေ့ဇူနှင့် အခြားသူများသည်လည်း ရန်ကိုင်နောက်မှ လိုက်သွားကြ၏။ ရီကျင်းဟန်ကလည်း အော်ပြောလိုက်လေသည် “ငါတို့လည်း သွားကြမယ်”

ထိုသို့ ပြောပြီးသည့်နောက် တုရှန်းနှင့် အခြားသူများတို့နှင့်အတူ ရန်ကိုင်နောက်မှ လိုက်ထွက်သွားကြလေသည်။

ရန်ကိုင်တို့ ထွက်သွားပြီးသည့်တိုင် မြို့သခင်စံအိမ်မှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခဲ့သည်။ မည်သူမှ အသံတစ်ချက် မထွက်ကြ။ အချို့မှာ လော့ကျင်းအား ရှုပ်ထွေးသည့် အမူအရာများဖြင့် လှမ်းကြည့်နေကြသလို အချို့မှာတော့ သူဒုက္ခရောက်နေသည့်အပေါ် ဝမ်းသာအားရ ဖြစ်နေကြလေသည်။ အချို့မှာတော့ တစ်ခုခုအကြောင်း စဉ်းစားနေသည့်အလား မျက်မှောင်ကြီးကြုတ်လျက် အတွေးနက်နေကြလေ၏။

မည်သို့ပင်ဖြစ်စေကာမူ ယနေ့တွင် လော့ကျင်း၏ ဂုဏ်သတင်း လုံးဝကို အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့လေပြီ။ သူ့မင်္ဂလာပွဲတွင် သတို့သမီး အလုခံလိုက်ရသလို သူ့အရှုပ်ထုပ်အားလုံးလည်း ပေါ်သွားခဲ့သည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ဆိုးဆိုးရွားရွားလည်း ဒဏ်ရာရသွားသေး၏။

ထိုကဲ့သို့သော မြို့သခင်တစ်ယောက် လက်အောက်တွင် မည်သူကများ အလုပ်လုပ်ချင်ပါမည်နည်း။

အနှေးနှင့်အမြန်ဆိုသလို ကောင်းကင်ကြိုးကြာမြို့တစ်ခုလုံး ပြဿနာ တက်တော့မည်ဟု လူတော်တော်များများ သိနေကြလေသည်။

မင်္ဂလာပွဲတက်လာကြသည့် ကျင့်ကြံသူများစွာတို့မှာလည်း လော့ကျင်းအား နှုတ်ဆက်စကားပင် မပြောတော့ဘဲ ထွက်သွားကြလေသည်။ အလွန်ကိုမှ စည်ကားသိုက်မြိုက်နေသော နေရာတစ်ခုလုံးသည် ရုတ်ချည်းဆိုသလို သုဿန်တစပြင်နှယ် တိတ်ဆိတ်သွားခဲ့လေသည်။

လော့ကျင်းသည် ဒေါသ၊ မုန်းတီးမှုတို့ ပြည့်နှက်နေသည့် အကြည့်ဖြင့် ရန်ကိုင်တို့ ထွက်သွားသည့်ဘက်သို့ကြည့်ရင်း လက်သီးကို တင်းတင်း ဆုပ်လိုက်လေသည်။

...

တုရှန်းတို့ သင်္ဘောပေါ်ရှိ သီးသန့်ခန်းတစ်ခုအတွင်း ရန်ကိုင်တို့ ရှိနေကြလေ၏။

အကုန်လုံးသည် တစ်ယောက် အတွေ့အကြုံများကိုတစ်ယောက် ပြန်ပြောပြနေကြလေသည်။

လေဟာနယ်လှိုဏ်ခေါင်း ပျက်စီးသွားသည့်နောက်တွင် ကွေ့ဇူတို့ အဖွဲ့သည် ကောင်းကင်ကြိုးကြာမြို့အနီးသို့ ရောက်လာခဲ့လေ၏။ ကြယ်တာရာအစုအဝေးအကြောင်း မသိသော်ငြား အကုန်လုံးမှာ အတွေ့အကြုံရှိကြသူများပီပီ အကုန်လုံးသည် သူတို့ ဤဒေသခံများ မဟုတ်ကြောင်း အခြားသူများမသိအောင် သေချာ ဖုံးကွယ်ထားခဲ့သည်။

နှစ်ရက်သုံးရက်ခန့် ကြာပြီးနောက်တွင် ကွေ့ဇူတို့အဖွဲ့ အချင်းချင်း ပြန်လည် ပေါင်းစည်းနိုင်ခဲ့ကြလေသည်။ ထို့နောက် ရန်ကိုင်တို့အား လိုက်ရှာလေ၏။

သို့ရာတွင် သူတို့ မည်သို့ပင် ရှာနေစေကာမူ ရန်ကိုင်၊ လျို့ယန်နှင့် ရှောင်ရှောင်တို့အား ရှာမတွေ့ခဲ့ချေ။

နှစ်လလောက် ရှာကြပြီးသည့်နောက် ရန်ကိုင်တို့အား ဆက်မရှာတော့ဘဲ နောက်ဘာဆက်လုပ်မလဲ ဆိုသည်နှင့် ပက်သက်၍သာ အစီအစဉ် ဆွဲကြတော့၏။

ကောင်းကင်ကြိုးကြာမြို့ထဲ နေရသည်မှာ သူတို့အတွက် အလွန်ကိုမှ ခက်ခဲလှ၏။ သူတို့အားလုံးမှာ ကြယ်စီရင်စုထဲတွင် ထိပ်သီးပညာရှင်များ ဖြစ်ကြသော်လည်း ကြယ်တာရာအစုအဝေးထဲတွင်တော့ အောက်ဆုံး ရောက်နေကြသည်။ ကောင်းကင်ကြိုးကြာမြို့ထဲတွင် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူများကို ကြိုက်သည့်နေရာ သွားရှာနိုင်ပေသည်။ သူတို့ထက် ပိုအားကောင်းသည့် လူများမှာလည်း မြို့ထဲတွင် အများကြီးပင်။

မည်သည့် အဆက်အသွယ်မှ မရှိသည့်အတွက်ကြောင့် ကျင့်ကြံရန်အတွက် လိုအပ်သော အရင်းအမြစ်ကျောက်များ ရရန်အလို့ငှာ စတင် ကြိုးစားကြရတော့သည်။

ကံကောင်းစွာဖြင့် ကောင်းကင်ကြိုးကြာမြို့မှ မိုင်တစ်သောင်းခန့် အကွာတွင် မွန်းစတားသားရဲများကို အမဲလိုက်လို့ရသည့် နေရာတစ်ခု ရှာတွေ့သွားနိုင်ခဲ့သည်။ ထို့သို့ဖြင့် မွန်းစတားသားရဲများကို အမဲလိုက်ကာ ရလာသည့် ပစ္စည်းများကို ပြန်လည် ချောင်းချလေသည်။

ထိုနည်းဖြင့် အရင်းအမြစ်ကျောက်များ တဖြည်းဖြည်း စုဆောင်းမိလာပြီး ကျင့်ကြံရန် အတွက် လိုအပ်သော အရင်းအမြစ်များကို ဝယ်ယူလာနိုင်ခဲ့သည်။

ထိုအချိန်မှပင် သူတို့ ချိုက်ဟူနှင့် သွားတိုးလေသည်။

ချိုက်ဟူသည် ရိုးသားပွင့်လင်းလှသည်။ အကြိမ်အနည်းငယ်ခန့် အတူ ပူးပေါင်း လှုပ်ဆောင်လာပြီးနောက် အချင်းချင်း ရင်းနှီးလာကြလေသည်။ ချိုက်ဟူသည် ဒေသခံ တစ်ယောက် ဖြစ်သည့်အတွက် မြို့အကြောင်းကို သူတို့ထက် ပိုနားလည်ကြသည်။ သူ့အကူအညီဖြင့် ကွေ့ဇူတို့မှာ အရင်းအမြစ်ကျောက်များကို ပိုမို လျင်မြန်စွာ ရှာနိုင်တော့လေသည်။

သေခြင်းရှင်ခြင်း အခိုက်အတန့်များကို အတူ ဖြတ်ကျော်လာပြီးနောက် သူတို့အားလုံး ချိုက်ဟူနှင့် အလွန်ကိုမှ ရင်းနှီးသွားကြတော့သည်။

တစ်နေ့ တိုက်ပွဲကြီးတစ်ခု ဖြစ်ပြီးနောက် ဝူတောက်သည် ဥာဏ်အလင်းပွင့်သွားကာ နောက်တစ်ဆင့်သို့ ချိုးဖျက်မည့် အခွင့်အရေး ရသွားခဲ့သည်။

သို့သော်ငြား အရေးကြီးဆုံး အခိုက်အတန့်မှ ဝူတောက် ကျရှုံးသွားခဲ့ပြီး မိုးမြေကောင်းချီအောက်တွင် သေဆုံးသွားခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ကျန်လူများမှာ ပို၍ စည်းလုံးလာကြသည်။ ထို့အတွက်ကြောင့် သွေးသစ္စာပင် ဆိုလိုက်ကြလေသည်။ နှစ်နှစ်၊ သုံးနှစ်ခန့် ကြာပြီးသည့်နောက်တွင် အကုန်လုံး တာအိုသခင်အဆင့်သို့ ချိုးဖျက်သွားနိုင်ကြလေသည်။

“နေပါဦး” ရန်ကိုင်က ရုတ်တရက် ဖြတ်ပြောလိုက်လေသည် “ခင်ဗျားတို့ ပြောပုံအရဆို စီနီယာချိုက်ကလည်း တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ယောက်ပေါ့”

ထိုသို့ ပြောပြီးသည့်နောက်တွင် ချိုက်ဟူ၏ ကျင့်ကြံခြင်းကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ သို့ရာတွင် ချိုက်ဟူ၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ရှိနေခဲ့လေသည်။ ကွေ့ဇူတို့ ပြောသလိုမျိုး တာအိုသခင်အဆင့် ဟုတ်မနေခဲ့ပေ။

ထိုအဖြစ်အပျက်သည် ရန်ကိုင်ကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၁၉)

ရန်ကိုင်၏ အမေးကို ကြားပြီးနောက်တွင် ချိုက်ဟူမျက်နှာ ညိုးကျသွား၏။ ကွေ့ဇူနှင့် အခြားသူများမှာလည်း အပြစ်မကင်းသလို ခံစားလိုက်ကြရလေသည်။

“အန်...” ရုတ်တရက် ရန်ကိုင်သည် တစ်ခုခုအား ရှာတွေ့သွားသည့်အလား အံ့အားသင့်နေသည့် အသံဖြင့် သူ့လက်ကို ဆန့်ထုတ်၍ ပြောလိုက်လေသည် “တစ်ချက်လောက်နော်”

ထိုသို့ ပြောပြီးသည့်နောက် ချိုက်ဟူ၏ လက်ကိုကိုက်၍ အရင်းအမြစ်ချီကို လှည့်ပတ်ကာ စစ်ဆေးကြည့်လိုက်လေသည်။

ထို့နောက် ချိုက်ဟူအားကြည့်လျက် “စီနီယာချိုက်ရဲ့ ကျင့်ကြံခြင်းက လျောကျသွားတာလား”

ချိုက်ဟူကိုယ်ထဲရှိ အရင်းအမြစ်ချီ မည်မျှ သန့်စင်သလဲ ဆိုသည်ကို သူခံစားမိပေသည်။ ထိုမျှလောက် သန့်စင်နေလေရာ ပုံမှန်အားဖြင့် ယခုအချိန်လောက်ဆို ချိုက်ဟူအနေဖြင့် တာအိုသခင်အဆင့်သို့ ချိုးဖျက်သင့်နေလေပြီ။ တန်ခိုးရှင်ဘုရင်အဆင့်တွင်သာ ဆက်၍ တစ်မနေသင့်တော့။

ထို့ကြောင့် ချိုက်ဟူကိစ္စနှင့် ပက်သက်၍ ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။ ချိုက်ဟူသည် ယခင်က တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအရင်းတစ်ခုခုကြောင့် ကျင့်ကြံခြင်း လျောကျသွားခဲ့ခြင်းသာ ဖြစ်ရမည်။

ချိုက်ဟူက ခါးသက်သက်ရယ်မောလျက် “ဟုတ်တယ်”

ကွေ့ဇူက သက်ပြင်းအမောကြီးချလျက် “လွန်ခဲ့တဲ့ နှစ်ဝက်လောက်က ငါတို့ လေ့ကျင့်နေတုန်း အဆင့်ဆယ့်တစ် မွန်းစတားသားရဲအုပ်ကြီးနဲ့ သွားတိုးတယ်။ ဒါပေမယ့် ငါတို့ ခွန်အားနဲ့ အဲ့အုပ်ကြီးကို ဘယ်လိုမှ မရင်ဆိုင်နိုင်ဘူး။ ဒါကြောင့် ထွက်ပြေးဖို့ပဲ လုပ်ရတော့တယ်။ အဲ့တုန်းက စတုတ္တညီလေးက ကျန်ခဲ့ပြီး ငါတို့တွေ ထွက်ပြေးလို့ ရအောင် အချိန်ဆွဲထားပေးခဲ့တာ။ အဲ့တိုက်ပွဲကြောင့်ပဲ သူ့ဒန်တန် ထိခိုက်သွားပြီး သူ့မျက်လုံးတစ်ဖက်လည်း ကန်းသွားခဲ့ရတယ်”

ချီယွဲ့ကလည်း သူမကိုယ်သူမ အြစ်တင်နေသည့် လေသံဖြင့် “ငါတို့သာ အတူရင်ဆိုင်မယ်ဆိုရင် အဲ့လိုမျိုး မဖြစ်ခဲ့လောက်ဘူး”

ကုချန်းယွင်နှင့် အိုင်းအောင်တို့သည် ဘာမှဝင်မပြောကြသော်ငြား သူတို့၏ မျက်နှာအမူအရာများကတော့ သူတို့လည်း အပြစ်မကင်းသလို ခံစားနေရကြောင်း ပြောနေခဲ့သည်။

ကျင့်ကြံခြင်း လျောကျသွားခြင်းသည် ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်ချေ။ ထိုကဲ့သို့ ဖြစ်ပြီးသွားသည့်အခါ ယခင် ကျင့်ကြံခြင်းအဆင့်သို့ မည်သို့မှ ပြန်မရောက်နိုင်ချေလည်း ရှိပေပသည်။ တစ်နည်းဆိုရသော် သိုင်းတာအိုသည်လည်း ထိုနေရာတွင်ပင် အပြီးတိုင် ရပ်တန့်သွားနိုင်ပေသည်။ ပိုမိုမြင့်မားသည့် သိုင်းတာအိုဆီသို့ လျှောက်လှမ်းနေသည့် ကျင့်ကြံသူများအဖို့ ထိုသို့ ဖြစ်လိုက်ခြင်းသည် သေဒဏ် ကျခံလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

ထိုအခါက ချိုက်ဟူက ဝင်ပြောလိုက်လေသည် “မင်တို့မျက်နှာတွေက ဘာဖြစ်နေကြတာလဲ။ ငါသေသွားတာမှ မဟုတ်တာ။ ကျင့်ကြံခြင်းလေး တစ်ဆင့် လျော့ကျသွားတာပဲဟာကို။ နောက်ထပ် လေ့ကျင့်နေလို့လည်း တာအိုသခင်အဆင့်ကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့တာလည်း မဟုတ်ဘဲနဲ့”

ချိုက်ဟူမှ ထိုကဲ့သို့ ပြောနိုင်သော်ငြား သူ့တွင် တာအိုသခင်အဆင့်သို့ ပြန်ရောက်နိုင်ချေ အလွန်ကိုမှ နည်းပါးမှန်း အခြားသူများ မသိဘဲ နေမည်လား။

ချက်ချင်းဆိုသလို အခန်းထဲရှိ အခြေအနေမှာ မွန်းကြပ်ဖွယ် ကောင်းလာခဲ့၏။

ရုတ်တရက် ရန်ကိုင်က ပြောလိုက်လေသည် “စီနီယာချိုက်၊ ဒီတစ်လောအတွင်း ခင်ဗျားရဲ့ ခွန်အားကို သုံးလိုက်တဲ့အခါတိုင်း ဒန်တန်နေရာကနေ နာတာမျိုး ခံစားရလား”

ရန်ကိုင်၏ အမေးကြောင့် ချိုက်ဟူ အနည်းငယ် အံ့အားသင့်သွားမိခဲ့သော်ငြား အမှန်အတိုင်းတော့ ပြန်ဖြေလိုက်ပေသည် “တစ်ခါတစ်လေတော့နာတယ်။ ဟိုတိုက်ပွဲမှာတုန်းက ငါ့ဒန်တန်က ဒဏ်ရာရသွားတာဆိုတော့ အတွင်းဒဏ်ရာတွေ ကျန်နေခဲ့တာနေမယ်”

ရန်ကိုင်က ဆက်မေးလိုက်သည် “အဲ့ဒါကို ခွန်အားကို ထုတ်သုံးလိုက်ရင် အရင်လို ချောချောမွေ့မွေ့ မဖြစ်တော့ဘူးလို့ကော ခံစားရလား”

“အဲ့ဒါတော့ ခံစားရတယ်။ တစ်ခါတစ်လေ ငါ့သွေးကြောတွေ ဖူးရောင်လာပြီး ဖောင်းတက်လာမျိုးတွေ ဖြစ်တယ်။ အဲ့အခါမျိုးတွေမှာဆို အရင်းအမြစ်ချီကို လှည့်ပတ်ရတာ အရမ်းနှေးသွားရော” ချိုက်ဟူက တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ သူ့ထက် ပိုမြင့်သော်ငြား တစ်ချက်မျှ စစ်ဆေးကြည့်ရုံဖြင့် သူ့အခြေအနေကို နားလည်နိုင်ခြင်းသည် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ မည်မျှ အားကောင်းကြောင်းကို ပြသနေခဲ့လေသည်။

ချီယွဲ့သည် ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် ကြည့်လျက် မေးလိုက်လေသည် “ဘာလဲ၊ နင်တစ်ခုခု ရှာတွေ့သွားလို့လား”

ရန်ကိုင်သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူ့လက်ကို ပြန်ရုတ်၍ ပြောလိုက်လေ၏ “စီနီယာချိုက် အခုလိုဖြစ်နေတာ သူ့ဒန်တန်ထဲမှာ ဒဏ်ရာ ရထားတာနဲ့ သိပ်မတူဘူး”

“အဲ့ဒါဆို ဘာဖြစ်တာလဲ” ချိုက်ဟူ၏ မျက်လုံးများ ဆတ်ခနဲ ပြူးကျယ်သွားသည်။ အခြားသူများသည်လည်း ရန်ကိုင်အား မျှော်လင့်တကြီး လှမ်းကြည့်လာကြလေသည်။

“စီနီယာချိုက်၊ အင်္ကျီချွတ်ပြီး ဗိုက်နေရာကို တစ်ချက်လောက် ပြပေးလို့ရမလား”

ချီယွဲ့ ခေါင်းညိတ်လိုက်ပြီး သူ့အင်္ကျီကို လှန်တင်ရန် လုပ်လိုက်လေသည်။ သို့သော် တစ်ခုခုအား အလျင်အမြန် နားလည်သွားပြီး ချက်ချင်း ချီယွဲ့ဘက်သို့လှည့်၍ “ဟိုဘက်လှည့်၊ ငါးယောက်မြောက်ညီမ”

ချီယွဲ့က နှုတ်ခမ်းလေးကွေးလျက် အထင်တသေးဖြင့် “ဘာလဲ၊ ကျွန်မ မြင်သွားမှာ ရှက်နေတာလား”

ချိုက်ဟူက ပြန်ပြောလေ၏ “ယောကျာ်းနဲ့ မိန်းမဆိုတာ လက်မထပ်ရသေးဘဲ အချင်းချင်းရဲ့ ခန္ဓာကိုယ်တွေကို မပြသင့်ဘူး”

ချီယွဲ့မျက်နှာ မည်းမှောင်သွားပြီး ချက်ချင်း ပြန်ပြောလေ၏ “ရှင်ချွတ်မှာလား မချွတ်ဘူးလား။ မချွတ်ရင် ကျွန်မကိုယ်တိုင် လာဆွဲချွတ်မှာနော်”

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ ငါချွတ်မယ်” ချိုက်ဟူသည် ချီယွဲ့ကို အတော်လေး လန့်သည့်ပုံပင်။ ချီယွဲ့ တကယ်ကြီး လုပ်တော့မည်ကို မြင်သော် တုန့်ဆိုင်းမနေဘဲ အပေါ်ပိုင်းကို ချွတ်ချလိုက်လေသည်။

“အန်၊ အဲ့ဒါဘာကြီးလဲ” ချီယွဲ့သည် ချိုက်ဟူ၏ ဝမ်းဗိုက်နေရာကိုကြည့်ရင်း အလန့်တကြား ထအော်လေသည်။

“ဘာဖြစ်လို့လဲ” ချိုက်ဟူလည်း မှင်သက်သွားပြီး ချက်ချင်း သူ့ဝမ်းဗိုက်ကို ငုံ့ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံး ပြူးသွားခဲ့လေသည် “ဘာကြီးတွေလဲဟ”

လက်ရှိတွင် ချိုက်ဟူ၏ ဝမ်းဗိုက်ပေါ်၌ တစ်ခုနှင့်တစ်ခု ဖြတ်နေသော အနီရင့်ရောင် အစင်းကြောင်းများ ရှိနေခဲ့လေသည်။

“မင်းလည်း အဲ့ဒါဘာတွေမှန်း မသိဘူးလား လေးယောက်မြောက်ညီလေး” ကွေ့ဇူသည် ချိုက်ဟူအား အံ့အားသင့်တကြီး ကြည့်လိုက်လေသည်။

ချိုက်ဟူက ခေါင်းခါပြလိုက်၏။

ချီယွဲ့က အထင်အမြင်တသေးဖြင့် ချက်ချင်း ဝင်ပြောလေ၏ “ကိုယ်ခန္ဓာကိုယ်ပေါ်မှာ ဘာတွေ ဖြစ်နေလဲဆိုတာတောင် မသိရအောင် ရှင်ဘယ်လောက်ကြာအောင် ရေမချိုးဘဲ နေနေတာလဲ။ ဒါကြောင့် ရှင့်ကိုယ်နံ့ အရမ်းထွက်နေတာကိုး”

ချိုက်ဟူက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေ၏ “မချိုးဘဲနဲ့တော့ မနေပါဘူး။ နည်းနည်းလောက်တော့ ချိုးပါသေးတယ်”

ရန်ကိုင်က အတွေးနက်သွားဟန်ဖြင့် "အဲ့လိုကိုး"

ထိုစကားကိုကြားသော် အိုင်းအောင်သည် ရန်ကိုင်ကို ကြည့်လျက် မျှော်လင့်တကြီးဖြင့် မေးလိုက်လေသည် “အဲ့ဒါဘာတွေလဲ မင်းသိလား ရန်ကောင်လေး။ သိရင် မြန်မြန် ပြောပြစမ်းကွာ”

အခြားသူများသည်လည်း ရန်ကိုင်ဆီသို့ လှည့်ကြည့်လာခဲ့သည်။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏ “စီနီယာချိုက်ရဲ့ ကျင့်ကြံခြင်း လျောကျသွားတာ သူ့ဒန်တန် ဒဏ်ရာရသွားတာကြောင့် မဟုတ်ဘူး"

“အဲ့ဒါဆို ဘာဖြစ်တာလဲ” အကုန်လုံးဆီမှ အသံပြိုင်တူ ထွက်လာခဲ့သည်။

“အဆိပ်ခတ်ခံရတာပဲ” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

ချိုက်ဟူ ကြောင်သွားခဲ့လေသည် “အဆိပ်ခတ်ခံရတာ။ ငါဘယ်လို အဆိပ်မိသွားတာလဲ”

ချိုက်ဟူ လုံးဝကို နားမလည်နိုင်သလို ရန်ကိုင်၏ စကားကိုလည်း အပြည့်အဝ မယုံရဲချေ။ သေချာ ပြန်စဉ်းစားကြည့်လိုက်သည့်တိုင် အဆိပ်ရှိသည့် ပစ္စည်းနှင့် ထိတွေ့မိသည့်အချိန်မျိုး၊ အဆိပ်ခတ်ခံလိုက်ရသည်ဟု ခံစားရသည့် ခံစားချက်မျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။

ရန်ကိုင်က ပြန်ပြောလိုက်လေ၏ “ခင်ဗျားတို့ တွေ့ခဲ့တဲ့ မွန်းစတားသားရဲအုပ်က ကောင်းကင်မြေခွေးပင့်ကူတွေလား”

ချိက်ဟူတို့ တစ်ဖွဲ့လုံး မျက်လုံးပြူးသွားကြလေသည် “မင်းဘယ်လိုသိတာလဲ”

ရန်ကိုင်က ချိုက်ဟူကိုကြည့်လျက် “စီနီယာချိုက်၊ ခင်ဗျား အဲ့ပင့်ကူတွေရဲ့ သွေးကို သောက်လိုက်သေးလား”

ချိုက်ဟူက ခေါင်းညိတ်လိုက်သည် “ငါသူတို့ထဲကတစ်ကောင်ကို သေအောင် ကိုက်သတ်ပစ်လိုက်တယ်”

ထိုစကားကိုကြားသော် အကုန်လုံး၏ မျက်နှာများ မဲ့သွားပြီး ချိုက်ဟူကို မယုံကြည်နိုင်သည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

ချိုက်ဟူက ဆက်ပြောလိုက်၏ “အကောင်ရေက တော်တော်များတာဟ။ လက်က ချလို့ မနိုင်တော့ဘူး။ ပါးစပ်အားနေတာနဲ့ ပါးစပ်နဲ့ ကိုက်သတ်ပစ်လိုကတာ”

“အဲ့ဒါဆို အဲ့ဒါကြောင့်ပဲ။ ကောင်းကင်မြေခွေးပင့်ကူရဲ့ သွေးက အဆိပ်ရှိတယ်။ သောက်သင့်တဲ့အထဲ မပါဘူး”

ကုချန်းယွင်က ထိတ်လန့်သွားဟန်ဖြင့် “ဂိုဏ်းချုပ်ရန် ပြောချင်တာက ညီလေးချိုက် အခုလို ဖြစ်သွားတာ ကောင်းကင်မြေခွေးပင့်ကူရဲ့ သွေးကို သောက်လိုက်လို့ပေါ့၊ ဟုတ်လား”

“ဟုတ်တယ်။ ကောင်းကင်မြေခွေးပင့်ကူရဲ့သွေးက ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းကို ဖိနှိပ်နိုင်တယ်။ သူတို့သွေးကို ကောင်းကင်မြေခွေးဆေးလုံးဆိုတဲ့ ဆေးဖော်စပ်တဲ့ နေရာမှာတောင် အဓိက ဆေးအမယ်ဖြစ်သုံးသေးတယ်။ အဲ့ဆေးလုံးက တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ကျင့်ကြံခြင်းကို အပြီးတိုင် ဖယ်ရှား လိုက်နိုင်တဲ့အထိကောင်းတာ။ အဲ့ဆေးလုံး သောက်လိုက်ပြီဆိုတာနဲ့ နောက်ဘယ်တော့မှ ထပ်ပြီး ကျင့်ကြံလို့ရတော့မှာ မဟုတ်ဘူး”

ထိုစကား ထွက်လာသည်နှင့် အကုန်လုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင် ပြောသည်သာ တကယ်ဆိုပါက... ချိုက်ဟူ၏ အဖြစ်မှာတော့...

သူတို့ ဆက်မတွေးရဲတော့ချေ။ အစကတော့ သူတို့ ထင်ထားသည်မှာ ချိုက်ဟူ၏ ကျင့်ကြံခြင်းသည် လျှောကျသွားလျှင်ပင် သူသာ ကြိုးစားကျင့်ကြံမည်ဆိုပါက တာအိုသခင်အဆင့်သို့ ပြန်ရောက်နိုင်သေးသည် ဟူ၍ပင်။ သို့သော်ငြား ရန်ကိုင် ပြောသည့်ပုံအရဆိုလျှင်တော့ သူ့အနေဖြင့် မည်သို့ပင် ကျင့်ကြံစေကာမူ တာအိုသခင်အဆင့်သို့ ပြန်ရောက်နိုင်တော့လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ့ကျင့်ကြံခြင်းမှာလည်း တောက်လျှောက် လျှောကျကာ နောက်ဆုံးတွင် သေမျိုးတစ်ဦး ဖြစ်သွားရပေလိမ့်မည်။

ထိုလူများ၏ ထိတ်လန့်တုန်လှုပ်နေသည့် မျက်နှာကိုမြင်သော် ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည် “ဆေးလုံးကပဲ အဲ့လောက်စွမ်းတားပါ။ သွေးက အဲ့လောက် မဟုတ်ဘူး”

ထိုအခါ အိုင်းအောင် အလျင်စလို ကောက်မေးလိုက်လေသည် “အဲ့သွေးကို ဖယ်လို့ရတဲ့ နည်းလမ်းရှိလား”

ရန်ကိုင်သည် ချီယွဲ့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ချီယွဲ့က ကြောင်တောင်တောင်ဖြင့် ပြန်ပြောလေ၏ “နင်ဘာလို့ ငါ့ကို လာကြည့်နေတာလဲ”

ရန်ကိုင်က ပြန်ပြောလိုက်လေသည် “စီနီယာချီယွဲ့ရဲ့ သွေးက အဲ့အဆိပ်ကို ဖိနှိပ်နိုင်တယ်”

“အန်” အခြားလူအားလုံး ကြောင်သွားခဲ့လေသည်။ ချီယွဲ့မှာတော့ သဘောပေါက်သွားသည့်အလား “ငါသိပြီ”

သူမသည် ရှေးဟောင်းနတ်သားရဲဖြစ်သော ကောင်းကင်လနတ်ဆိုးပင့်ကူ၏ မျိုးဆက် ဖြစ်သည့်အတွက်ကြောင့် ကောင်းကင်လနတ်ဆိုးပင့်ကူ၏သွေးများ သူမကိုယ်ထဲတွင် စီးဆင်းနေပေသည်။ မွန်းစတားသားရဲများ ဖြစ်ကြသည့်တိုင် ကောင်းကင်လနတ်ဆိုး ပင့်ကူသည် ကောင်းကင်မြေခွေးပင့်ကူထက် အများကြီး ပိုအဆင့်မြင့်ပေသည်။ ရှင်းရှင်းပြောရပါက ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အရှိန်အဝါ သက်သက်နှင့်ပင် အဆင့်နိမ့် ကောင်းကင်မြေခွေးပင့်ကူကို ဖိနှိပ်ပစ်နိုင်ပေသည်။

ထိုသို့ ပြောပြီးသည့်နောက်တွင် ချီယွဲ့သည် လက်ချောင်းကို ဓါးသဖွယ်သုံးလျက် သူမ၏ လက်ကောက်ကို လှီးချလိုက်ရာ သွေးများ စီးကျလာခဲ့ရလေသည်။

ထို့နောက် သူမလက်ကောက်ဝတ်ကို ချိုက်ဟူရှေ့ တေ့ပေးလျက် ပြောလိုက်လေ၏ “လေးယောက်မြောက်အစ်ကို သောက်လိုက်”

ချိုက်ဟူကမူ ချီယွဲ့ကိုကြည့်ရင်း ရှက်ရှက်ဖြင့် “နင်ဘာလုပ်နေတာလဲ”

ချီယွဲ့က ပြုံးလျက် ပြန်ပြောလိုက်လေ၏ “ရှက်မနေနဲ့။ မြန်မြန် သောက်လိုက်”

ထိုသို့ ပြောပြီးသည့်နောက် သူမလက်ကောက်ဝတ်ကို ချိုက်ဟူရှေ့ တေ့ပေးလိုက်၏။

ထိုစဉ် ရန်ကိုင်က ဝင်ပြောလိုက်လေသည် “စီနီယာချိုက်အနေနဲ့ အရင် ကျင့်ကြံခြင်းကို ပြန်ရချင်တယ်ဆိုရင် သောက်လိုက်တာ ကောင်းလိမ့်မယ်”

ထိုအခါ ချိုက်ဟူလည်း မူမနေတော့ဘဲ အံကြိတ်၍ သွေးများကို သောက်လိုက်လေ၏။

ရန်ကိုင်က ပြောလိုက်လေသည် “စီနီယာချီယွဲ့ရဲ့သွေးက အဆိပ်ကို ဖိနှိပ်နိုင်တယ် ဆိုပေမယ့် အဆိပ်ကို လုံးဝ ဖယ်ချင်တယ်ဆိုရင် သွေးခဲဆေးသောက်ဖို့ လိုလိမ့်မယ်။ အဲ့ဆေးလုံးကိုတော့ ကျုပ်ဖော်စပ်ပေးလို့ရတယ်။ ဒါပေမယ့် အဆိပ်ကို လုံးဝ မဖယ်ရသေးခင် ဘာခွန်အားမှ ထုတ်မသုံးတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ပြဿနာ ပိုတက်သွားနိုင်တယ်”

ထိုသို့ ပြောပြီးသည့်နောက်တွင် ချိုက်ဟူလည်း ချီယွဲ့လက်ကို လွှတ်ပေးလိုက်လေ၏။ သူ့ပါးစပ်တွင် ကပ်ပေနေသော သွေးများကိုသုတ်လျက် ပြောလိုက်လေ၏ “ကောင်းပြီလေ။ အဲ့ဒါဆိုရင် ညီလေးကိုပဲ ဒုက္ခပေးတော့မယ်နော်”

ရန်ကိုင်က ပြုံးလျက် “မလိုပါဘူး။ စီနီယာက ကျုပ်ဂိုဏ်းရဲ့ အကြီးအကဲရယ်၊ ကျုပ်က ယောက္ခမရယ်၊ ယောက္ခထီးကြီးရယ်နဲ့ သွေးသောက်ညီအစ်ကိုမောင်နှမတွေပဲကို။ ကျုပ်ဘက်က ဒီလောက်တော့ လုပ်ပေးရမှာပေါ့”

“ယောက္ခမ၊ ယောက္ခထီး” ချိုက်ဟူက ချီယွဲ့အား ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လျက် “ငါးယောက်မြောက်ညီမ၊ နင်လက်ထပ်ထားတာလား”

ချီယွဲ့က ချက်ချင်း ပြန်ပြောလေ၏ “အပိုတွေ လာမပြောနဲ့။ ငါဘယ်လိုလုပ်ပြီး လက်ထပ်ထားရမှာလဲ”

ဘေးဘက်တွင် ရှိနေသော အိုင်းအောင်က ဝင်ပြောလိုက်လေသည် “သူပြောနေတဲ့ ယောက္ခထီးဆိုတာ ငါ့ကို ပြောနေတာ။ အဲ့ကောင်က တကယ်ကို မိန်းမပွေတဲ့ကောင်။ ဒီကောင် ဘယ်လိုနည်းလမ်းတွေကို သုံးလိုက်လဲမသိဘူး။ မိန်းကလေးတွေ အများကြီး သူ့ကို ဝိုင်းကြိုက်တာ။ ငါ့သမီးတောင် မလွတ်ဘူး။ ဟူး...”

ရန်ကိုင်က ခေါင်းမော့ရင်ကော့လျက် “ကျုပ်က အရမ်း ဆွဲဆောင်မှုရှိတာကိုး”

ချီယွဲ့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ကြယ်တာရာအစုအဝေးထဲကို ရောက်လာပြီးတော့ ကြည့်မယ့်လူမရှိတာနဲ့ နင်ဘယ်လောက်တောင် ထပ်ရှုပ်ထားသေးလဲ။ မိန်းကလေး ချောချောလေးတွေတော့ ထပ်ရှာထားမှာပေါ့ ဟုတ်တယ်မလား။ ကဲ... နင့်ရဲ့ ဘယ်မိန်းကလေးအသစ်တွေ ထပ်တွေ့ထားလဲ နင့်ယောက္ခမကြီးကို ပြောပြစမ်းပါဦး”

ရန်ကိုင်က မကျေမနပ် အမူအရာဖြင့် “ဘယ်က ပွေရမှာလဲ။ ကြယ်တာရာအစုအဝေးထဲမှာ ကျုပ်ဘာသာ ငြိမ်ငြိမ်လေး နေနေတာ။ ဘာမိန်းမမှ မပွေဘူး”

ချီယွဲ့က ရန်ကိုင်အား တစ်ချက်ကြည့်လျက် အေးစက်စက် လေသံဖြင့် “မပွေတာတော့ အကောင်းဆုံးပေါ့။ နင်မိန်းမအသစ်တွေနဲ့ ထပ်ပွေရှုပ်နေတယ်ဆိုတဲ့ အကြောင်း သိရလို့ကတော့နော်... အဲ့မိန်းကလေးကို အပိုင်းပိုင်းဖြစ်အောင်လုပ်ပြီး နင့်ကို သူ့အသားပုံထဲ ထိုးနှစ်ပစ်မှာ”

ရန်ကိုင်က သူ့နဖူးထက် ဝေ့သီလာသော ချွေးများကိုသုတ်လျက် “အဲ့လိုမျိုး ဖြစ်စရာလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၂၀)

ကွေ့ဇူမှ ရန်ကိုင် ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာပြီးနောက်ပိုင်း ဘာတွေများ လုပ်နေသလဲဟု မေးရင်း နောက်ထပ်နေ့ဝက်မှာ ကုန်ဆုံးသွားခဲ့လေသည်။

ရန်ကိုင်လည်း မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ အကြောင်းစုံကို ပြောပြပေးလိုက်လေသည်။ ရန်ကိုင်ပြောပြသည့် အကြောင်းအရာများကို ကြားပြီးသည့်နောက် ကွေ့ဇူနှင့် အခြားသူများမှာ အတော်လေးကိုမှ ထိတ်လန့်သွားခဲ့ကြလေ၏။ ကံကောင်းစွာဖြင့် ရန်ကိုင်သည် ကြုံလာသမျှ ဘေးအန္တရာယ်အသွယ်သွယ်မှ အန္တရာယ်ကင်းကင်းနှင့် လွတ်မြောက်လာနိုင်ခဲ့ပေသည်။

ရန်ကိုင်ရှင်းပြသည်ကို ကြားပြီးသည့်အခါမှာလည်း ရန်ကိုင် ကြုံတွေ့ခဲ့ရသည့် အရာများမှာ သူတို့ရင်ဆိုင်ခဲ့ရသည်ထက် ပို၍ အန္တရာယ်များမှန်း နားလည်သွားခဲ့ရလေ၏။ သို့ရာတွင် ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ သူတို့ထက်ပို၍ တိုးတက်မြန်သလို သူ့ခွန်အားမှာလည်း သူတို့ထက်ပိုမိုအားကောင်းသည့် အတွက်ကြောင့် ထိုအန္တရာယ်များမှ အလွယ်တကူ အဆင်ပြေပြေဖြင့် လွတ်မြောက်နိုင်ခဲ့ရသည်။ သူတို့သာဆိုလျှင်တော့ ထိုကဲ့သို့ လွတ်မြောက်နိုင်လောက်လိမ့်မည် မဟုတ်ချေ။

နောက်ထပ်နေ့တစ်ဝက် ကုန်သွားပြီးသည့်နောက်တွင် အကုန်လုံးသည် ကိုယ့်အခန်းဆီသို့ အသီးသီး ပြန်သွားကာ အနားယူကြလေသည်။

ရန်ကိုင်သည် လိုအပ်သော ဆေးပင်အချို့ ရှာရန်အတွက် ရီကျင်းဟန်ကို သွားရှာလေသည်။

သွေးခဲဆေးကို ဖော်စပ်ရသည်မှာ ဤမျှ မခက်ခဲ။ ရန်ကိုင်လိုအပ်နေသည့် အရာဆို၍ ဆေးပင်အချို့သာ ရှိလေသည်။ ထိုကြောင့်သာမဟုတ်လျှင် သင်္ဘောပေါ်တွင်သာ သွေးခဲဆေးကို တစ်ခါတည်း ဖော်စပ်ပစ်လိုက်၏။ လိုအပ်နေသည့် ဆေးပင်များမှာလည်း အလွန်ရှားပါးသည့် ဆေးပင်များ မဟုတ်သည့်အတွက်ကြောင့် ရီကျင်းဟန်အနေဖြင့် ထိုဆေးပင်များကို ရှာနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။

ရန်ကိုင့်၏တောင်းဆိုချက်ကို ကြားသော် ရီကျင်းဟန်သည် တစ်ချက်ကလေးမှပင် တုံ့ဆိုင်းမနေခဲ့ဘဲ သဘောတူလိုက်လေ၏။

နှစ်ရက်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့စီးလာသည့် သင်္ဘောသည် ရွက်တစ်ထောင်တောင်တန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။

ရုတ်တရက် သင်္ဘောပေါ်တွင် ထိုင်နေသည့် ရန်ကိုင် သင်္ဘောတစ်ခုလုံး တုန်ခါသွားသည်ကို ခံစားမိလိုက်သည်။ ထို့နောက်တွင် တဝီဝီမြည်သံနှင့်အတူ သင်္ဘောရပ်သွားခဲ့လေသည်။

ရွက်တစ်ထောင်ဂိုဏ်းဆီသို့ ရောက်လာပြီမှန်း သိလိုက်သည့်နောက် ရန်ကိုင် မျက်လုံး ဖွင့်လိုက်လေ၏။ သူမျက်လုံး ဖွင့်ပြီးပြီးချင်းမှာပင် တံခါးခေါက်သံနှင့်အတူ ရီကျင်းဟန်၏အသံ ထွက်လာခဲ့လေသည်။ “သခင်လေးရန်… ကျွန်မတို့ ရောက်ပါပြီ…”

ရန်ကိုင်လည်း ထိုင်ရာမှ ထရပ်လျက် ရီကျင်းဟန်အား ပြုံးပြရင်း ရှေ့မှဦးဆောင်သွားရန် အမူအယာ လုပ်ပြလိုက်၏။

ခဏအကြာတွင် ရန်ကိုင်တို့နှစ်ဦးသည် သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်လာခဲ့ကြလေသည်။ ကွေ့ဇူ၊ အခြားသူများနှင့်တကွ ရွက်တစ်ထောင်ဂိုဏ်းသား တပည့်များအားလုံးမှာ သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်နေခဲ့ကြလေပြီ။ ရန်ကိုင်သာ ရောက်မလာသေးခြင်း ဖြစ်၏။

ရန်ကိုင်ပေါ်လာသည်ကိုမြင်သော် ကွေ့ဇူနှင့် အခြားသူများသည် သူ့ဘက်သို့လှည့်၍ ပြုံးပြလာကြလေ၏။

“အဖေ…” ရုတ်တရက်ဆိုသလို ရီကျင်းဟန်သည် သင်္ဘောပေါ်မှ ခုန်ဆင်းလျက် လူအိုကြီးတစ်ဦးဆီသို့ ပြေးဝင်သွားကာ အားပါးတရ ဖက်လျက် ပြောလိုက်လေ၏။ “ဘာဖြစ်လို့ အပြင်ထွက်လာတာလဲ…”

ထိုလူအိုကြီးမှာ အတော်လေးကို အိုမင်းနေခဲ့လေပြီ။ ခေါင်းတစ်ခေါင်းလုံး ဖြူဖွေးနေခဲ့ပြီး သူ့အသက်စွမ်းအင်မှာလည်း အားကောင်းနေခြင်း မရှိတော့။ တစ်နည်းဆိုရသော် ထိုလူအိုကြီး၏ သိုင်းတာအိုမှာ အဆုံးသတ်သွားပြီဟုပင် ပြောနိုင်လေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့အသက်စွမ်းအင်နှင့် ကျင့်ကြံခြင်းမှာ အားနည်းသည်ထက် ပို၍အားနည်းလာပေလိမ့်မည်။ သူ့အနေဖြင့်သာ ဧကရာဇ်အဆင့်သို့ မချိုးဖြတ်နိုင်ပါက နောက်ဆယ်နှစ်အတွင်း သေသွားရပေလိမ့်မည်။

သေချာကြည့်ကြည့်လိုက်မည်ဆိုပါက ရီကျင်းဟန်သည် ထိုလူအိုကြီးနှင့် အတော်လေး ရုပ်ဆင်သည်ကို မြင်နိုင်ပေသည်။

ထိုလူအိုကြီးသည် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ရီဟန်မှန်း ရန်ကိုင် ချက်ချင်း တန်းသဘောပေါက်လိုက်လေသည်။

ရီဟန်သည် ယဲ့ယဲ့လေးပြုံးလျက် ရီကျင်းဟန်၏ပုခုံးကို ပုတ်ပေးရင်း ပြောလိုက်လေ၏။ “ဂုဏ်သရေရှိဧည့်သည်တော်တွေ ရောက်လာတာကို ငါကိုယ်တိုင်လာပြီး ခရီးဦးကြိုပြုပေးရမှာပေါ့… အခု နင့်ပုံစံကိုလည်း ကြည့်ပါဦး… အသက်ကလည်း မငယ်တော့ဘူး… အဲ့ဒါကို ကလေးတစ်ယောက်လို လာလုပ်ပြနေသေးတယ်… နင့်ပုံစံက ဧည့်သည်တွေ ရယ်စရာဖြစ်ကုန်ပြီ…”

ရီကျင်းဟန်က မျက်မှောင်ကျုံ့လျက် “သမီး မငယ်တော့ဘူးလို့ ဘာလို့ ပြောတာလဲ… သမီးက ခုထိ လက်တောင် ထပ်ရသေးတာမဟုတ်ဘူး…”

ရီဟန်က ရယ်မောလျက် “ဒါဆိုရင် ငါနင့်ကို မနက်ဖြန် လင်ပေးစားပစ်မယ်…”

ရီကျင်းဟန်က နှုတ်ခမ်းဆူလျက် ပြန်ပြောလိုက်လေသည်။ “အဖေလုပ်ရဲလား…”

သူတို့ ထိုကဲ့သို့ပြောနေစဉ် တုရှန်းနှင့် အခြားသူများမှာ သင်္ဘောပေါ်မှ ဆင်းလာကြလေသည်။ ရီဟန်ရှေ့သို့ အရောက်တွင် လက်သီးဆုပ်လျက် ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်…”

ရီဟန်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။ “ကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးပဲ…”

တုရှန်းက ပြန်ပြောလိုက်လေသည်။ “မလိုပါဘူးဂိုဏ်းချုပ်… အခုလိုလုပ်ရမှာက ကျုပ်တို့ရဲ့တာဝန်ပါပဲ…”

ရီဟန်သည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်လေသည်။ တစ်ချက်ကြည့်လိုက်ပြီးသည့်နောက်တွင် သူ့အကြည့်သည် ရန်ကိုင့်ဆီသို့ ရောက်သွားခဲ့ပြီး ယဲ့ယဲ့လေးပြုံးလျက် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။ “ညီငယ်လေးက ဆေးဝိဇ္ဇာရန်ဖြစ်ရမယ် ဟုတ်တယ်မလား… အသက်က တကယ်ကို ငယ်သေးတာပဲ…”

ရီဟန်သည် ရန်ကိုင့်အကြောင်းနှင့်တကွ ရန်ကိုင် ရွက်တစ်ထောင်ဂိုဏ်းသို့ ရောက်လာကြောင်းကို ရီကျင်းဟန်ဆီမှ သိထားပြီး ဖြစ်ပေလိမ့်မည်။ ထို့အတွက်ကြောင့်ပင် သူကိုယ်တိုင်လာရောက် ခရီးဦးကြိုပြုလိုက်ခြင်း ဖြစ်ပေသည်။

ရန်ကိုင်က လက်သီးဆုပ်လျက် ပြန်ပြောလိုက်လေသည်။ “ဂျူနီယာရန် ဂိုဏ်းချုပ်ရီကို နှုတ်ဆက်ပါတယ်…”

ရန်ကိုင်သည် သူ့ထက် စီနီယာကျသူများနှင့် အသက်ကြီးသူများကို အမြဲတစေ လေးစားသူ ဖြစ်လေသည်။ သူတို့ကြား ခွန်အားကွာခြားချက် ရှိမည်ဆိုလျှင်ပင် မလေးမစား လုပ်လေ့မရှိချေ။

“ဒီလောက်ခက်ခက်ခဲခဲခရီးကို ရောက်လာပေးတဲ့အတွက် ဆေးဝိဇ္ဇာရန်ကို ဒီရီ တကယ်ကျေးဇူးတင်ပါတယ်…” ရီဟန်က အလျင်အမြန် ပြန်ပြောလိုက်လေ၏။

ထိုစကားကိုကြားသော် တုရှန်းနှင့် အခြားသူအားလုံး အံ့အားသင့်သွားကုန်ကြလေ၏။ သူတို့၏ဂိုဏ်းချုပ် ရန်ကိုင့်အပေါ် ဘာကြောင့် ဤမျှ လေးစားနေမှန်းကို နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။

ရီကျင်းဟန်ကိုယ်တိုင်ကလည်း ရန်ကိုင့်အား ဘာကြောင့် ဖိတ်ခေါ်ရသလဲဆိုသည်ကို သူတို့အား ပြောပြမထားခဲ့ချေ။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ဇဝေဇဝါ ဖြစ်နေကြတော့လေ၏။

ရီကျင်းဟန်အနေဖြင့် မပြောပြရခြင်းမှာ သူတို့အား မယုံသည့်အတွက်ကြောင့် မဟုတ်ဘဲ ယခုကိစ္စသည် ရွက်တစ်ထောင်ဂိုဏ်း၏ တိုးတက်ရေးနှင့် ပတ်သက်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထို့အတွက်ကြောင့် ထိုအကြောင်းကို လူအနည်းငယ်သာ သိထားသည်မှာ အကောင်းဆုံးဖြစ်ပေသည်။

“ဂိုဏ်းချုပ်ရီရဲ့ ကြင်နာတဲ့စကားတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်…” ရန်ကိုင်သည် ဧည့်ဝတ်သဘောအရ ပြန်ပြောလိုက်ပြီးသည့်နောက် ရီဟန်ဘေးတွင် ရပ်နေသော လူအိုကြီးအား လှမ်းကြည့်၍ မယုံသင်္ကာလေသံဖြင့် မေးလိုက်လေသည်။ “ဒီစီနီယာက…”

ထိုလူအိုကြီးသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရီဟန်ဘေးတွင် ရပ်နေခဲ့သည်။ သူတို့စတွေ့သည့် အချိန်မှစ၍ ယခုအချိန်အထိ စကားတစ်လုံးပင် ဝင်မပြောခဲ့ချေ။ သူ့ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့် ဖြစ်ပြီး သူ့ကိုယ်တွင်းရှိ အရင်းအမြစ်ချီမှာလည်း အတော်လေးကိုမှ သန့်စင်အားကောင်းလှသည်။ ရှင်းရှင်းပြောရလျှင် သူ့ကျင်ကြံခြင်းမှာ ရီဟန်နှင့် အလွန်ကွာခြားနေခြင်း မရှိပေ။ ရန်ကိုင် ရီဟန်နှင့် စကားပြောနေစဉ်အတောအတွင်း ထိုလူအိုကြီးသည် သူတို့စကားဝိုင်းအား တစ်ချက်ကလေးမှပင် ဝင်မနှောင့်ယှက်ပဲ ရန်ကိုင့်ကိုသာ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေ၏။

ရန်ကိုင်ပြောနိုင်သလောက် ထိုလူအိုကြီးသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသလို ရီဟန်ဘေးတွင်လည်း ရပ်နေသည့်အတွက်ကြောင့် သူ့အဆင့်အတန်းမှာ နိမ့်ကျခြင်း မရှိလောက်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်က မလေးမစားမပြုချင်သည့်အတွက် မေးလိုက်ရခြင်း ဖြစ်လေသည်။

ရန်ကိုင့်၏အမေးကိုကြားသော် ရီဟန်မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်းပဲ ပြုံးလျက် မိတ်ဆက်ပေးလိုက်လေ၏။ “သူက…”

“ဒီလူအိုကြီးက ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ် ရှီချန်းယင်ပဲ…” ရီဟန်ပြောလို့ မပြီးသေးခင်မှာပင် လူအိုကြီးက ရန်ကိုင့်အား သုန်သုန်မှုန်မှုန်ဖြင့် စိုက်ကြည့်ရင်း ဖြတ်ပြောလိုက်လေသည်။

ဤလူအိုကြီး ဘာကြောင့် သူ့အား ဤမျှ ရန်လိုသည့် အကြည့်ဖြင့် စိုက်ကြည့်နေသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်နေလေရာ ရန်ကိုင်မှာ မျက်မှောင်သာ ကျုံ့လိုက်မိတော့လေသည်။ တစ်ဖက်လူက သူ့အပေါ် အလွန်ကိုမှ ရန်လိုနေသဖြင့် ရန်ကိုင်လည်း လူအိုကြီးကို သေသေချာချာ လေ့လာကြည့်လိုက်မိ၏။ ဤလူအိုကြီးကို သူတစ်ခါမှ မတွေ့ဖူးသည်မှာ သေချာပေသည်။ သူ့အနေဖြင့် ဤလူအိုကြီးနှင့်လည်း တစ်ခါမှ အဆက်အဆံ မလုပ်ဖူးချေ။ ထိုသို့ဖြစ်လေရာ ဤလူအိုကြီးသည် ဘာကြောင့်များ သူ့အပေါ် ဤမျှ ရန်လိုနေရသနည်း။

ရီဟန်က အလျင်အမြန် ဝင်ရောက် ဖြန်ဖြေပေးလိုက်လေသည်။ “ဒုဂိုဏ်းချုပ်ရှီက ငါတို့ဂိုဏ်းရဲ့ ထောက်တိုင်တစ်ခုပဲ… သူကူညီပေးလို့သာ ငါတို့ရွက်တစ်ထောင်ဂိုဏ်းက အခုချိန်ထိ ဆက်ပြီး တည်ရှိနေနိုင်သေးတာ…”

“ဒီတော့ ဒုဂိုဏ်းချုပ်ရှီပေါ့… ဂျူနီယာ မလေးမစားဖြစ်သွားမိပါတယ်…” ရန်ကိုင်သည် လူအိုကြီး၏အကြည့်ကို အရမ်းကြီး အရေးတယူ လုပ်မနေဘဲ လက်သီးဆုပ်၍သာ ပြုံးလျက် ပြန်ပြောလိုက်လေသည်။

သို့ရာတွင် ရှီချန်းယင်မှာတော့ ရန်ကိုင့်အား မျက်နှာသာပေးလိုသည့် ပုံမရဘဲ အေးစက်စက်လေသံဖြင့် ရီဟန်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “အစကတော့ အရမ်းကို ထူးချွန်လွန်းတဲ့ ပါရမီရှင်တစ်ယောက်များ ရောက်လာလို့ ဂိုဏ်းချုပ်ကိုယ်တိုင် အခုလိုမျိုး ထွက်ပြီးကြိုတာလားလို့… သူ့လိုကောင်လေးတစ်ယောက် ဖြစ်နေမယ်လို့ ဘယ်လိုလုပ်ပြီး ထင်ထားမှာလဲ… သူ့လိုလူတစ်ယောက်ရောက်လာတာကို ဂိုဏ်းချုပ်က ဘာတွေများ ဒီလောက်ကြီး အရေးတယူ လုပ်နေရတာလဲ… ဂိုဏ်းချုပ်သူငယ်ပြန်နေတာလား…”

ရှီချန်းယင်သည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ဆက်ဆံရုံမက ရီဟန်ကိုလည်း ဆဲဆိုကြိမ်းမောင်းနေသေး၏။

သူ့စကားကြောင့် ပတ်ဝန်းကျင်အခြေအနေမှာ တမုဟုတ်ချည်း တင်းမာလာလေတော့သည်။ ရွက်တစ်ထောင်ဂိုဏ်းသားများမှာ မည်သို့ပင် ဒေါသထွက်နေစေကာမူ ရှီချန်းယင်အား ပြန်မပြောရဲခဲ့ချေ။

ရှီချန်းယင်၏ စကားကြောင့် ရီဟန်မှာ အတော်လေးကို ရှက်သွားခဲ့လေသည်။

ရှီချန်းယင်က ဆက်ပြောလိုက်လေ၏။ “ပြီးတော့ ဒီလူတွေက လွန်ခဲ့တဲ့နှစ်ရက်ကပဲ မြို့သခင်စံအိမ်မှာ ပြဿနာရှာလာခဲ့တာ… မြို့သခင်လော့ကို သွားရန်စရုံတင်မဟုတ်ဘူး အခြား အရေးကြီးဧည့်သည်တွေကိုပါ သွား ထပ်ရန်စလိုက်သေးတယ်… ဒီလူအိုကြီး ကြားရသလောက်ဆိုရင် ကောင်းကင်ထွဋ်မြတ်ကျောင်းတော်က လူအိုကြီးခဲ့က သူတို့လက်ချက်ကြောင့် သေသွားတာတဲ့… အဲ့ဒါအပြင်ကိုမှ ကောင်းကင်ရောင်စဉ်နန်းတော်ရဲ့ သခင်လေးချိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသေးတယ်တဲ့… သူတို့လိုမျိုး အားနေရင် လိုက်ပြဿနာရှာနေတဲ့လူတွေကို ရွက်တစ်ထောင်ဂိုဏ်းထဲ ဘယ်လိုလုပ်ပြီး ဝင်ခွင့်ပေးရမှာလဲ…”

ရီဟန်က မျက်မှောင်ကျုံ့လျက် “ရောင်းရင်းရှီ… ဒီကိစ္စက မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး… ငါတို့ ပြောလို့မရတဲ့ အခြားအကြောင်းအရာတွေလည်း…”

ရှီချန်းယင်သည် ရီဟန်ပြောလို့ မပြီးသေးခင်မှာပင် ဖြတ်ပြောလိုက်လေသည်။ “ဒီလူအိုကြီး အကြောင်းစုံကို သေချာသိပြီးသား… ဂိုဏ်းချုပ် ရှင်းပြနေစရာ မလိုဘူး… ကိုယ်လုပ်တော်လေးတစ်ယောက်ယူတာကို မြို့သခင်လော့အနေနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လူရှေ့သူရှေ့မှာ အရှက်ခွဲခံလိုက်ရတာလဲ… ဂိုဏ်းချုပ် ဒီလူတွေကို ဂိုဏ်းထဲဝင်ခွင့်ပေးလိုက်တာက ကိုယ့်အိမ်ထဲကို မြေခွေးတွေ ခေါ်သွင်းလိုက်တာနဲ့ အတူတူပဲနော်… အချိန်ကျလာလို့ရှိရင် ကောင်းကင်ကြိုးကြာမြို့၊ ကောင်းကင်ထွဋ်မြတ်ကျောင်းတော်နဲ့ ကောင်းကင်ရောင်စဉ်နန်းတော်က ဒီကိစ္စက လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး… အဲ့လိုသာ ဖြစ်လာရင် ကျုပ်တို့ ရွက်တစ်ထောင်ဂိုဏ်း သွားပြီ…”

ထိုစကားထွက်လာသည့်နောက် ရီဟန်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။

ဘေးနားတွင် ရှိနေသော ကွေ့ဇူသည် ထိုစကားကိုကြားသော် ခြောက်ခြားဖွယ်ကောင်းစွာ ရယ်မောလိုက်လေသည်။ အနက်ရောင်ချီများသည် သူ့ခန္ဓာကိုယ်တစ်ဝိုက် စတင် ရစ်သိုင်းလာပြီး ရှီချန်းယင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း “ရောင်းရင်းပြောတဲ့စကားအရဆိုရင် ကျုပ်တို့ကပဲ တစ်ခုခု အမှားလုပ်လိုက်တဲ့ ပုံစံနဲ့နော်… လော့ကျင်းက ကျုပ်တို့ ငါးယောက်မြောက်ညီမကို သူ့ကိုယ်လုပ်တော် ဖြစ်စေချင်တာ ကျုပ်တို့က ဒီအတိုင်း ငြိမ်ခံနေပေးရမှာလား… ဘာလဲ… ကျုပ်တို့ရဲ့ ငါးယောက်မြောက်ညီမ သူ့ကိုယ်လုပ်တော်ဖြစ်သွားတာကို ကျုပ်တို့က ဂုဏ်ယူစရာလို့တောင် မှတ်ယူထားရဦးမှာပေါ့ ဟုတ်လား…”

ရှီချန်းယင်သည် ကွေ့ဇူအား အေးစက်စက် အကြည့်ဖြင့် ‌စိုက်ကြည့်လျက် “ခွန်အားက အရာရာပဲ… မင်းကျင့်ကြံခြင်းက ဘာမှမှမဟုတ်တာ… မင်းလိုလူတစ်ယောက်အတွက် မြို့သခင်စံအိမ်မှာ ခိုလှုံခွင့်ရတာ ဂုဏ်တောင်ယူသင့်သေးတယ်… ဒါပေမဲ့ မင်းတို့က အဲ့ဒါကို တန်ဖိုးမထားဘဲ ပြဿနာရှာပြီး ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင်တောင် လုပ်လိုက်သေးတယ်…”

“ရှင့်ပါးစပ်ကို ပိတ်ထားလိုက် ခွေးအိုကြီး…” ချီယွဲ့၏မျက်နှာ ဒေါသကြောင့် စတင် နီမြန်းလာခဲ့ပြီး အံကြိတ်၍ အော်ပြောလိုက်တော့လေသည်။ “အဲ့လောက်တောင် သူများအပေါ် အားကိုးချင်နေလို့ရှိရင် ရှင့်မိန်းမ ဒါမှမဟုတ် ရှင့်သမီးကို သူ့ဆီပေးစားလိုက်ပါလား… ဘာဖြစ်လို့ သူများတွေကို လိုက်ပြောနေတာလဲ…”

ထိုစကားကိုကြားပြီးသည့်နောက်တွင် ရှီချန်းယင်မှာ ဒေါသထွက်ကာ အရင်းအမြစ်ချီများသည် သူ့ကိုယ်မှ စတင် ဖြာထွက်လာလေတော့သည်။ တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လင့်ကစား ချီယွဲ့သည် သူ့အား ဤကဲ့သို့ လာပြောရဲသည်။ ထို့အတွက်ကြောင့် ရှီချန်းယင်မှာ သည်းမခံနိုင်တော့ဘဲ ချီယွဲ့အား သင်ခန်းစာပေးရန် ပြင်တော့လေသည်။

သို့ရာတွင် သူ့ခွန်အားအား ကောင်းကောင်း မစုဆောင်းနိုင်သေးခင်မှာပင် သူ့အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်နေသည့် အကြည့်တစ်ခုကို ခံစားမိလိုက်သည်။ ထိုအကြည့်ကြောင့် ရှီချန်းယင်တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး သူသာ လှုပ်ရှားလိုက်မည်ဆိုပါက ခံစားရမည့်သူမှာ သူသာ ဖြစ်လိမ့်မည်ဟု သူ့မသိစိတ်က ပြောလာခဲ့လေသည်။ ချက်ချင်းပဲ လှည့်ကြည့်လိုက်ရာ ရန်ကိုင်မှ ညစ်ကျယ်ကျယ်ပြုံးလျက် သူ့အား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။

ရန်ကိုင့်၏ အပြုံးကြောင့် ရှီချန်းယင် မျက်မှောင်ကျုံ့သွားခဲ့ပြီး မဆင်မခြင် မလှုပ်ရှားရဲတော့ချေ။ ထို့နောက် ပြန်၍ ပြောလိုက်လေ၏။ “ဒီလူအိုကြီးက တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးပဲ… ဒီတော့ လော့ကျင်းလုပ်ခိုင်းစေချင်တဲ့အတိုင်း လုပ်စရာ မလိုဘူး… မင်းတို့လည်း ငါ့ကျင့်ကြံခြင်းအဆင့်ကို ရောက်လာလို့ရှိရင် ဒီလူအိုကြီးလုပ်သလိုမျိုး မင်းတို့ လုပ်နိုင်လာလိမ့်မယ်…”

ရှီချန်းယင်ပြောပြီးသည်ကို ကြားပြီးသည့်အခါမှ ရှီချန်းယင်ဘာကြောင့် သူ့အား ဤမျှ ရန်လိုနေသလဲ ဆိုသည်ကို ရန်ကိုင် သဘောပေါက်သွားတော့လေသည်။ ရှီချန်းယင်သည် သူ့ဆီသို့ ပြဿနာများ ရောက်လာမည်ကို ကြောက်နေခြင်း ဖြစ်လေသည်။

တကယ်တော့ ရန်ကိုင်သည် အားကောင်းသည့် လူတော်တော်များကို ရန်စလိုက်ပြီး ကောင်းကင်ကြိုးကြာမြို့၏ မြို့သခင်စံအိမ်ထဲတွင် ပြဿနာရှာခဲ့သည် မဟုတ်လေလော။ ရန်ကိုင် ရန်စလိုက်သည့် လူများအနက်တွင် ရွက်တစ်ထောင်ဂိုဏ်းကပါ သတိထားနေရသည့် ကောင်းကင်ထွဋ်မြတ်ကျောင်းတော်နှင့် ကောင်းကင်ရောင်စဉ်နန်းတော်တို့လည်း ပါဝင်နေခဲ့လေသည်။

ရှီချန်းယင်လုပ်နေသည့် ပုံစံအရ ရန်ကိုင်နှင့် အခြားသူများကြောင့် ရွက်တစ်ထောင်ဂိုဏ်း ဒုက္ခရောက်သွားမည်ကို စိုးရိမ်နေသည့် ပုံစံမျိုးမဟုတ်။ ရန်ကိုင်တို့အဖွဲ့နှင့် ပတ်သက်မိ၍ သူဒုက္ခရောက်မည်ကို ကြောက်ရွံ့နေခြင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်တို့အား ဤမျှ ရန်လိုနေခြင်း ဖြစ်ပေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် ရသမျှ နည်းလမ်းကို သုံး၍ ရန်ကိုင်တို့အား ရွက်တစ်ထောင်ဂိုဏ်းမှ နှင်ထုတ်ရန် ကြိုးစားနေခြင်းပင် ဖြစ်လေသည်။

“လူအိုကြီး… ခင်ဗျားပြောတာ ယုတ္တိရှိတယ်…” ရုတ်တရက် ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။

“နင်ဘာပြောနေတာလဲ…” ချီယွဲ့ မျက်နှာပျက်သွားခဲ့ပြီး ရန်ကိုင့်အား အထူးအဆန်းဖြင့် စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင်သည် သူမအား မထောက်ခံပေးရုံမက လူအိုကြီးဘက်ကပင်လျှင် ဘက်လိုက်နေသေးသည်။

ရန်ကိုင်သည် ချီယွဲ့အား မျက်စိတစ်ချက် မှိတ်ပြလျက် “ခွန်အားက အရာရာဆိုတာ အမှန်ပဲ… စီနီယာရာထူးတွေဆိုတာ လေးစားဖို့ပဲထားတာ… တကယ်တမ်း အရေးကြုံလာလို့ရှိရင် လက်သီးကြီးတဲ့လူကပဲ စကားပြောပိုင်ခွင့်ရှိတာ… ဒါက ဘယ်တော့မှ ပြောင်းလဲမသွားမဲ့ အမှန်တရားပဲ ဟုတ်တယ်မလား…”

ရှီချန်းယင်က လှောင်ပြုံးပြုံးလျက် “ဒီအသက်အရွယ်လေးနဲ့ ဒီအကြောင်းကို သိထားတာ တော်တယ်လို့ပြောရမယ် မဆိုးဘူး…”

All Chapters