အခန်း (၂၃၂၁-၂၃၂၅)
Vol. 93 Ch. 2321-2325
အပိုင်း (၂၃၂၁)
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “စကားပြောတာတော့ လူတိုင်းပြောတတ်ကြတာပဲ… ဒါပေမဲ့ ပြောတဲ့အတိုင်း လိုက်လုပ်ပါဆိုရင် ဘယ်သူမှ ကောင်းကောင်း မလုပ်နိုင်ကြတော့ဘူး…”
ရှီချန်းယင်သည် ရန်ကိုင့်အား ကြည့်လျက် ပြန်ပြောလိုက်လေသည်။ “ဒီလိုစကားမျိုးကိုတောင် ပြောတတ်တာဆိုတော့ မင်းက တကယ်မဆိုးဘူးပဲ… ကြည့်ရတာ မင်းက အကျိုးသင့်အကြောင်းသင့် ပြောလို့ရမဲ့ပုံပဲ… ဒါကြောင့် ဒီလူအိုကြီး တိုက်ရိုက်ပဲပြောတော့မယ်…” ထိုနေရာသို့ အရောက်တွင် ရှီချန်းယင်သည် မှုန်ကုပ်ကုပ် မျက်နှာဖြင့် သူ့လက်အား ဝှေ့ယမ်းလျက် “ရွက်တစ်ထောင်ဂိုဏ်းက မင်းတို့တွေကို မကြိုဆိုဘူး… မင်းတို့လာတဲ့နေရာဆီ ပြန်သွားလိုက်ပေတော့…”
“ဒုဂိုဏ်းချုပ်ရှီ…” ရီဟန်မှာ ဆက်ပြီး ကြည့်မနေနိုင်တော့သည့်အဆုံး ဒေါသတကြီး ထအော်လေသည်။
ရီကျင်းဟန်အနေဖြင့် ရန်ကိုင့်အား ဤနေရာသို့ ဖိတ်ခေါ်လာဖို့ရာ မလွယ်ကူခဲ့ချေ။ ရန်ကိုင်သာ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်အား အောင်မြင်စွာ ပြန်ပြင်နိုင်ခဲ့မည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်းအနေဖြင့် တစ်ဖန် ပြန်လည် ဦးမော့လာနိုင်ပေလိမ့်မည်။ ယခုကဲ့သို့ ရုန်းကန်နေစရာမလိုတော့။ ဤသည်မှာ သူတို့ဂိုဏ်း၏ အနာဂတ်အတွက် အလွန်ကိုမှ အရေးကြီးသည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင်နှင့် သူတို့အဖွဲ့များကို သူကိုယ်တိုင် ဘာကြောင့် လာရောက် ထွက်ကြိုရမည်နည်း။ သို့သော်ငြား သူအလွန်ကိုမှ အရေးတယူလုပ်နေသည့် ကိစ္စတစ်ရပ်ကို ရှီချန်းယင်မှ ဖျက်လိုဖျက်ဆီး လုပ်နေလိမ့်မည်ဟု ရီဟန်လည်း လုံးဝ ထင်မထားခဲ့ပေ။
ရီကျင်းဟန်သည်လည်း မျက်စိပျက်မျက်နှာပျက်ဖြင့် ရှီချန်းယင်အား ကြည့်ရင်း ပြောလိုက်လေ၏။ “ဂိုဏ်းတူဦးလေး… သခင်လေးရန်က ကျွန်မကိုယ်တိုင် ဖိတ်ခေါ်လာတဲ့ မိတ်ဆွေတစ်ယောက်ပါ…ဒီတော့ သူ့ကို နည်းနည်းပါးပါးလေး ဖော်ဖော်ရွေရွေ ဆက်ဆံပေးလို့ မရဘူးလား…”
ရှီချန်းယင်က ပြန်ပြောလိုက်လေသည်။ “နင့်ရဲ့ တကယ့်မိတ်ဆွေအစစ်တွေဆိုရင်တော့ ဒီလူအိုကြီးက ဖော်ရွေပေးမှာပေါ့… ဒါပေမဲ့ သူတို့တွေက မိတ်ဆွေတွေလား ပြဿနာကောင်တွေလား ဆိုတာလဲ သေချာပြန်စဉ်းစားဦး… သူတို့ကြောင့် ငါတို့ဂိုဏ်း ပြဿနာဖြစ်မှာကို ငါမမြင်ချင်ဘူး… ဒီတော့ ထွက်သာ ထွက်သွားခိုင်းလိုက်…”
ရီကျင်းဟန်က ပြန်အော်ပြောလိုက်လေသည်။ “မဖြစ်နိုင်ဘူး… ဂိုဏ်းတူဦးလေး သခင်လေးရန်ကို မြန်မြန်ပြန်တောင်းပန်လိုက်…”
“ရိုင်းလိုက်တာ…” ရှီချန်းယင် ဒေါသူပုန်ထသွားလေသည်။ ရီဟန်အား စူးရဲစွာ စိုက်ကြည့်လျက် “ဒါ မင်းပျိုးထောင်ထားတဲ့ လိမ္မာတယ်ဆိုတဲ့ သမီးကောင်းလေးလား… ကြည့်စမ်း ဂိုဏ်းချုပ်… ကိုယ့်ရဲ့ ဂိုဏ်းတူဦးလေးကိုတောင် အခုလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်းနဲ့ မလေးမစား လာပြောနေတယ်…”
ရီဟန်က မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ကျင်းဟန်က အမြဲတမ်း ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပဲ… သူအခုလိုမျိုး ဒေါသထွက်တယ်ဆိုတာ သူ့အကြောင်းနဲ့သူရှိလိမ့်မယ်…”
“ခင်ဗျား… ခင်ဗျား…” ရှီချန်းယင်မှာ အလွန်ကိုမှ ဒေါသထွက်လွန်းသည့်အတွက်ကြောင့် သူ့မုတ်ဆိတ်မွေးများပင်လျှင် တုန်ခါလာခဲ့လေသည်။
“ကြည့်ရတာတော့ ဒီသခင်လေးရောက်လာတာ ခင်ဗျားတို့ကြားမှာ သွေးကွဲမှုတွေကို ဖြစ်သွားစေတယ်နဲ့တူတယ်…” ရန်ကိုင်က နှာခေါင်းကိုပွတ်ရင်း ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။
“မင်းရဲ့ မဟုတ်တရုတ်စကားတွေကို ရပ်ထားလိုက်စမ်း ကောင်လေး…” ရှီချန်းယင်သည် အော်ဟစ်ရင်း ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင်က ရယ်မောလျက် “လူအိုကြီး ခင်ဗျားကိုယ်တိုင်က အတော်လေး အသက်ကြီးနေပြီ… အရမ်းကြီး လှုပ်လှုပ်ရှားရှား မလုပ်တာ ကောင်းလိမ့်မယ်နော်… မဟုတ်ရင် ခင်ဗျားခန္ဓာကိုယ် ထိခိုက်သွားနိုင်တယ်…”
“အယောင်ဆောင်ပြီး လာသနားပြမနေနဲ့… မင်းသာ ရီကောင်မလေးရဲ့ တကယ့်မိတ်ဆွေဆိုလို့ရှိရင် သူ့အတွက် စဉ်းစားပြီး ရွက်တစ်ထောင်ဂိုဏ်းကနေ မြန်မြန် ထွက်သွားလိုက်ပေတော့…” ရှီချန်းယင်သည် ရန်ကိုင့်အား ရွက်တစ်ထောင်ဂိုဏ်းမှ မရ ရအောင် မောင်းထုတ်မည်ဟု စဉ်းစားထားပြီးသည့်ပုံပင်။ သူ့ပါးစပ်မှ ထွက်လာသည့်စကားလုံးတိုင်းတွင် “ထွက်သွား”ဟူသော စကားလုံး ပါနေခဲ့လေသည်။
ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “ကျုပ် ခင်ဗျားကို အရမ်းကြီး လှုပ်လှုပ်ရှားရှား မလုပ်ဖို့ပြောထားတယ်နော်… လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းကလည်း ခဲ့ထျန်းဆိုတဲ့ လူအိုကြီးတစ်ယောက် ခင်ဗျားလိုပဲ အရမ်း တက်တက်ကြွကြွ ဖြစ်နေတာ… သူဘာဖြစ်သွားလဲသိလား… အရမ်းတက်ကြွလွန်းလို့ သေသွားတယ်…”
ထိုစကားကိုကြားပြီးသည့်နောက် ရှီချန်းယင်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အထိတ်တလန့်ဖြင့် နောက်သို့ ဆုတ်ရင်း စိုးရိမ်တကြီးဖြင့် ပြန်အော်မေးလိုက်လေသည်။ “မင်းဘာပြောချင်နေတာလဲ…”
ရန်ကိုင့်၏စကားထဲ မည်သည့်သတ်ဖြတ်လိုစိတ်မှ ပါဝင်မနေသော်ငြား သူပြောသည့်စကားကို ကြားပြီးသည့်နောက် ရှီချန်းယင် ကြက်သီးမွေးညှင်း ထသွားကာ ဇောချွေးပြန်သွားခဲ့လေသည်။ ရန်ကိုင် တကယ်ကြီး တိုက်ခိုက်တော့မည်ကို ကြောက်ရွံ့နေသည့်အလား ရီဟန်၏အမူအယာသည်ပင်လျှင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။
မြို့သခင်စံအိမ်တွင် ရန်ကိုင်လူသတ်ခဲ့သည့် အကြောင်းကို သူတို့လည်း ကြားပြီးသွားခဲ့လေပြီ။ ရန်ကိုင်သတ်ခဲ့သည့် လူများအနက် တစ်ဦးမှာ ကောင်းကင်ထွဋ်မြတ်ကျောင်းတော်၏ ခဲ့ထျန်းဖြစ်ပေသည်။ အစကမူ ထိုအကြောင်းကို သိပ်မယုံချင်ခဲ့။ သို့သော်ငြား ရန်ကိုင်ကိုယ်တိုင် ပြောလာသည်ကို ကြားပြီးသည့်နောက် သူတို့လည်း မယုံပဲ မနေရဲတော့ချေ။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားပြောတဲ့ပုံအရဆိုရင်တော့ ကိုယ့်အထက်စီနီယာတွေကို လေးစားရတယ်ဆိုပေမဲ့ တကယ့်တကယ်ကြရင် ခွန်အားက အရာရာပဲ ဟုတ်တယ်မလား… အခု ဒီသခင်လေးက ခင်ဗျားထက် ပိုအားကောင်းတယ်… ဒီတော့ ကျုပ်ရှေ့မှာ ခင်ဗျားနေရာခင်ဗျား သိထားလိုက်တော့… မဟုတ်ရင် ကျုပ်တို့ကြား ဘယ်လောက်ကွာတယ်ဆိုတာကို ဒီသခင်လေး ပြသပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူးနော်…”
ထိုစကားထွက်လာပြီးသည်နှင့် ချီယွဲ့ကလည်း ဝင်ပြောလိုက်လေသည်။ “ရန်ကောင်လေးက ရှင့်အတွက်တော့ သစ်ပင်ကြီးတစ်ပင်ပဲ… ရှင်သူ့ကို မှီခိုချင်လား… သက်ကြားအိုကြီး ဒီလိုအခွင့်အရေးမျိုးဆိုတာ လွဲလို့မကောင်းဘူးနော်… မဟုတ်ရင် ရှင့်တစ်ဘဝလုံး နောင်တရနေမှာ…”
ကွေ့ဇူကလည်း ညစ်ကျယ်ကျယ်ပြုံးရင်း ဝင်ပြောလိုက်လေသည်။ “ခင်ဗျားမှာ သမီးတွေ မြေးမလေးတွေ ရှိရင် သခင်လေးရန်ကို ပေးစားလိုက်လို့ရတယ်နော်… အဲ့ခါကြရင် ခင်ဗျားလုပ်လိုက်တဲ့လုပ်ရပ် ဘယ်လောက်တောင်ကောင်းတယ် ဆိုတာကို ခင်ဗျားနားလည်သွားလိမ့်မယ်…”
ထိုစကားထွက်လာပြီးသည်နှင့် အိုင်းအောင်နှင့် ချီယွဲ့တို့သည် ကွေ့ဇူအား စူးရဲစွာ စိုက်ကြည့်လျက် “အစ်ကိုကြီး… ရှင့်ရဲ့နောက်ဆုံးနေ့ရက်တွေမှာ စောင့်ရှောက်ပေးဖို့ လူလိုနေတာလား…”
ကွေ့ဇူသည် သူ့နဖူးထက်ရှိ ချွေးအေးများကို သုတ်လျက် ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီတိုင်း လျှောက်ပြောနေတာပါ…”
ကွေ့ဇူနှင့် ချီယွဲ့တို့ ပြောသည့်စကားကို ကြားပြီးသည့်နောက် ရှီချန်းယင်၏မျက်နှာကြီး ရှက်ရွံ့မှုကြောင့် စိမ်းရာမှ နီမြန်းသွားခဲ့လေသည်။ သူ့စိတ်ထဲလည်း အလွန်တရာကိုမှ ဒေါသထွက်လာမိလေ၏။ အရင်းအမြစ်ချီများမှာလည်း သူ့ကိုယ်ထဲမှ ထိန်းမရသိမ်းမရအောင် ထွက်လာတော့လေသည်။ သူ့စိတ်ထဲ ပြေးဝင်တိုက်ခိုက်ချင်နေမိသော်ငြား ခဲ့ထျန်း ရန်ကိုင့်လက်တွင် သေသွားသည့်အကြောင်း ပြန်စဉ်းစားမိလိုက်သည့်နောက် သူ့ဒေါသကို ပြန်လည်ချုပ်တည်းထားလိုက်လေ၏။ ထိုကဲ့သို့ ချုပ်တည်းလိုက်ရသည့်အတွက်ကြောင့် ရှီချန်းယင်မှာ သွေးပင် အံရလုမတတ် ဖြစ်သွားခဲ့လေသည်။ ရန်ကိုင့်အား ဘာဆိုဘာမှ ပြန််မလုပ်နိုင်သည့်အဆုံး အံကြိတ်၍ ရီဟန်ကိုသာ ဒေါသတကြီးဖြင့် အော်ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်… အပြင်လူတွေ ခင်ဗျားဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ကို အခုလိုမျိုး အရှက်ခွဲနေတာကို ဒီအတိုင်းပဲ ရပ်ကြည့်နေမှာလား…”
ရီဟန်က အလျင်အမြန်ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရှီ… မင်း ဂိုဏ်းအတွက် တွေးပေးနေသေးတယ်ဆိုရင် ပြန်ဆုတ်လိုက်သင့်တယ်… သခင်လေးရန်က ကျင်းဟန်အထူးတလည် ဖိတ်ခေါ်လာတဲ့ ဧည့်သည်တစ်ယောက်… ရှင်းရှင်းပြောရရင် သူက ငါတို့ဂိုဏ်းရဲ့ အထူးဧည့်သည်တော်ပဲ… ငါတို့ဂိုဏ်းဆီလာတဲ့ အထူးဧည့်သည်တွေကို ငါတို့ဂိုဏ်းက အခုလိုမျိုး မဆက်ဆံဘူး…”
“ခင်ဗျား…” ရှီချန်းယင်မှာ ရီဟန်အား ဒေါမာန်တကြီး စိုက်ကြည့်လိုက်လေသည်။ သူ့ကိုယ်ထဲ ကသောင်းကနင်း ဖြစ်နေသော အရင်းအမြစ်ချီများကို ဖိနှိပ်လိုက်ရင်း အော်ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်က ဒီလူအိုကြီးရဲ့ စကားကို သောက်ဂရုမစိုက်မှတော့ ဒီကိစ္စကို ခင်ဗျားဘာသာခင်ဗျားပဲ ရှင်းလိုက်ပေတော့….”
ထိုသို့ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ရှီချန်းယင်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။
ရှီချန်းယင် ထိုကဲ့သို့ ထွက်သွားသည်ကို မြင်သည့်အခါမှသာ ရီကျင်းဟန် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ ထို့နောက် ရန်ကိုင်အားကြည့်လျက် “သခင်လေးရန်…” သူမစကားပြောတော့မည်အပြု ရန်ကိုင်မှ သူမအား မှုန်ကုပ်ကုပ်အမူအယာဖြင့် အေးစက်စွာစိုက်ကြည့်နေသည်ကို မြင်လိုက်ပြီးနောက် ပြောလက်စ စကားများ လည်ချောင်းထဲတစ်ဆို့သွားခဲ့လေသည်။
“ညီမရီ… ဒီကိစ္စအတွက် နင်ငါ့ကို ရှင်းပြချက် ကောင်းကောင်း ပေးတာ ကောင်းလိမ့်မယ်နော်… အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီရန် ချက်ချင်း ပြန်လှည့်ထွက်သွားတော့မှာ…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
ယခုအချိန်တွင် ရန်ကိုင် အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့လေသည်။
အစကမူ ရီကျင်းဟန်မှ အဆက်မပြတ် တောင်းဆိုနေသည့်အတွက်ကြောင့် စေတနာဖြင့် သူတို့၏ ကမ္ဘာခြားအစီအရင်ကို ပြန်ပြင်ပေးရန် ရွက်တစ်ထောင်ဂိုဏ်းသို့ လာခဲ့သည်။ သို့သော်ငြား သူတို့၏ဂိုဏ်းဆီသို့ ရောက်ရောက်ခြင်း ဒုဂိုဏ်းချုပ်မှ ဂိုဏ်းဝတွင်ပင် သူတို့အား လာရောက်နှင်ထုတ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဤအဖြစ်အပျက်ကြောင့် သူဘာမှ မဆုံးရှုံးလိုက်ရသလို မျက်နှာလည်း ပျက်မသွားခဲ့ရသော်ငြား သူ့စိတ်ထဲတွင်တော့ အတော်လေးကိုမှ ဒေါသထွက်မိသွားခဲ့သည်။
ရီကျင်းဟန်၏ ကျေးဇူးကြောင့် ချီယွဲ့နှင့် သူ့စီနီယာများကို ပြန်ရှာတွေ့နိုင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် သူတို့နှင့် လေကုန်ခံပြီးတော့ပင် စကားပြောနေလိမ့်မည်မဟုတ်ချေ။ အခြားသူတစ်ဦးသာ ရှီချန်းယင်ကဲ့သို့ သူ့အား လာလုပ်မည်ဆိုပါက ထိုလူ အသက်ပျောက်ပြီးနေလောက်ပေမည်။
ရန်ကိုင့်၏ စကားကိုကြားသော် ရီကျင်းဟန်နှင့် ရီဟန်တို့အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။
ရီကျင်းဟန်က အလျင်စလို ပြောလိုက်လေသည်။ “ကျေးဇူးပြပြီး စိတ်ထိန်းပါ သခင်လေးရန်… ဂိုဏ်းတူဦးလေးရှီက အဖေနဲ့အမြဲလိုလို မတည့်ဖြစ်နေတာ… ဒါကြောင့်ပဲ…”
ရီဟန်သည် ရီကျင်းဟန်အား ဆက်မပြောရန် တားလိုက်ပြီးသည့်နောက် ရန်ကိုင့်ကိုကြည့်လျက် သက်ပြင်းချကာ ပြောလိုက်လေ၏။ “သခင်လေးရန် ဒေါသထွက်တာကို ဒီရီနားလည်တယ်… သခင်လေးရန်နေရာမှာသာဆိုရင် ဘယ်သူမဆို အခုလိုမျိုး ဆက်ဆံခံရတဲ့အတွက် ဒေါသထွက်မိမှာပဲ… အခုကိစ္စအတွက် ဒီရီ သခင်လေးရန်တို့ကို တကယ် အနူးအညွတ်တောင်းပန်ပါတယ်… သခင်လေးရန်အနေနဲ့လည်း ကျုပ်တို့ဂိုဏ်းကို နောက်တစ်ကြိမ်ထပ်ပြီး အခွင့်အရေးပေးမယ်လို့ မျှော်လင့်ပါတယ်…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင့်အား ဦးညွှတ်ကာ တောင်းပန်လိုက်လေသည်။
ရီဟန်၏လုပ်ပုံကို မြင်ပြီးသည့်နောက် ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့လေ၏။ ရီဟန်၏အပြုအမူကိုမြင်သော် သူ့စိတ်ထဲရှိ ဒေါသ အတော်လေးပြေလျော့သွားခဲ့လေသည်။ ထို့နောက် ပြန်၍ ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်ရီ အခုလိုမျိုး လုပ်နေစရာမလိုပါဘူး… ရှင်းရှင်းပြောရရင် သူ့လိုမျိုး ဒုဂိုဏ်းချုပ်တစ်ယောက်က ဂိုဏ်းချုပ်ရှေ့မှာ ဘာလို့ ဒီလောက်တောင် မောက်မာနေရလဲဆိုတာကို ကျုပ်တကယ် သိချင်နေတာ… အဲ့လောက်ပါပဲ…”
ရီဟန်က ခါးသက်စွာ ရယ်မောလျက် “ဘယ်သူမဆို အစွယ်မရှိတော့တဲ့ကျားကို ကြောက်မှာမှ မဟုတ်တော့တာ…”
“အဖေ…” ရီကျင်းဟန်က မျက်ရည်ဝဲလဲဖြင့် သူမအဖေအား လှမ်းကြည့်လိုက်လေသည်။
ရီဟန်က ပြုံးလျက် ပြောလိုက်လေ၏။ “မွေးပြီးရင် အိုပြီး သေရမှာက သဘာဝပဲ… ဘာမှဝမ်းနည်းနေစရာမလိုဘူး…” ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်ဘက်သို့ လှည့်၍ “ရွက်တစ်ထောင်ဂိုဏ်း အထွဋ်အထိပ်အချိန်မှာတုန်းက ရုပ်သေးရုပ်တာအိုမှာ အရမ်းကို နာမည်ကျော်ပြီးတော့ တောင်ဘက်နယ်မြေထဲမှာလည်း အတော်လေးကို အားကောင်းခဲ့တယ်… ဒါပေမဲ့ အမွေအနှစ်တွေကို ဆုံးရှုံးရပြီးတဲ့ နောက်ပိုင်းမှာတော့ ဂိုဏ်းက တဖြည်းဖြည်းနဲ့ကို နိမ့်ကျလာလိုက်တာ အခုအချိန်အထိပဲ… အခု ဒီရီရဲ့လက်ထက်မှာ ဂိုဏ်းက ဘာမှတိုးတက်မလာဘူး… ဒီတော့ ဂိုဏ်းထဲမှာ ဆူညံသံတွေထွက်လာတာ သဘာဝပဲပေါ့… အခုဆိုရင် ဒုဂိုဏ်းချုပ်ရှီတို့အဖွဲ့က ရုပ်သေးရုပ်တာအိုကို စွန့်ပစ်ပြီး အခြားလမ်းကြောင်းကို ရှာချင်နေတယ်… အဲ့နည်းနဲ့ ရွက်တစ်ထောင်ဂိုဏ်းကို ပြန်ပြီး တည်ဆောက်မယ်ပေါ့… ဒါပေမဲ့ ရုပ်သေးရုပ်တာအိုဆိုတာ ဘိုးဘေးတွေ အမွေပေးခဲ့တဲ့အရာလေ… ဘယ်လိုလုပ်ပြီး အလွယ်တကူ စွန့်ပစ်လို့ရမှာလဲ… အဲ့လိုသာ လုပ်လိုက်မယ်ဆိုရင် ဒီရီ ဘိုးဘေးတွေကို စော်ကားလိုက်သလို ဖြစ်သွားမှာပေါ့… နောင်ဘဝကို ရောက်သွားလို့ ဘိုးဘေးတွေနဲ့ ပြန်တွေ့မယ်ဆိုရင်တောင် ဘယ်မျက်နှာနဲ့ သွားတွေ့ရတော့မှာလဲ…”
ထိုအခါ ချီယွဲ့က အတွေးနက်သွားသည့် အမူအယာဖြင့် “ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်က အထင်အမြင် မတည့်မှတော့ ဂိုဏ်းက ဘယ်လိုလုပ်ပြီး တိုးတက်ဦးမှာလဲ…”
ရီဟန်က ခါးသက်စွာ ရယ်မောရင်းမှ ပြောလိုက်လေသည်။ “အဲ့ဒါအမှန်ပဲ… ရှင်းရှင်းပြောရရင် အခု ရွက်တစ်ထောင်ဂိုဏ်းက နှစ်ပိုင်းကွဲနေတာ… တစ်ပိုင်းက ရုပ်သေးရုပ်တာအိုကို ဆက်ပြီး ထိန်းထားချင်တယ်… အခြားတစ်ပိုင်းက အခြားနည်းလမ်းတစ်ခုကို ရှာချင်တယ်… အဲ့အဖွဲ့နှစ်ခုက ရေနဲ့မီးလို လုံးဝကြီးမတည့်တာမျိုး မဟုတ်ပေမဲ့ ညီညွှတ်မှုလည်း မရှိဘူး…”
“ခင်ဗျားကိုယ်တိုင်ကလည်း အတော်လေး အသက်ကြီးလာတာကြောင့်မလို့ ဒုဂိုဏ်းချုပ်က ခင်ဗျားကို လုံးဝ မျက်နှာသာမပေးတော့တာလား… အဲ့ဒါကြောင့်ပဲ ခင်ဗျားရဲ့ အာဏာကို ဖိနှိပ်ဖို့ ကြိုးစားနေတာလား…” အိုင်းအောင်က ဝင်ပြောလိုက်လေသည်။
“အခုလိုမျိုး စိတ်မသက်သာစရာကောင်းတဲ့ ကိစ္စတွေကို မြင်တွေ့လိုက်ရစေတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်…” ရီဟန်က စိတ်ဓာတ်ကျနေသည့် အမူအယာဖြင့် ပြောလိုက်လေသည်။
ဘေးနားတွင် ရပ်နေသော တုရှန်းနှင့် အခြားသော ရွက်တစ်ထောင်ဂိုဏ်းသားများမှာ ဖြူဖတ်ဖြူလျော်မျက်နှာများဖြင့် လက်သီးတင်းတင်း ဆုပ်လိုက်ကြလေသည်။ အဖြစ်အပျက် အလုံးစုံကို မြင်ပြီးသည့်နောက် သူတို့သည်လည်း သိပ်၍ အဆင်ပြေမနေခဲ့ပေ။
ရီဟန်က ဆက်ပြောလိုက်လေသည်။ “ဒါက ဒီရီလုပ်ချင်တာ မဟုတ်ဘူးဆိုပေမဲ့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေတော့ တာဝန်ကနေ တိမ်းရှောင်နေလို့ ဘယ်ရပါ့မလဲ… သခင်လေးရန် ကျုပ်တို့ရွက်တစ်ထောင်ဂိုဏ်းနဲ့ ဆက်ပြီး အလုပ်မလုပ်ချင်တော့ဘူးဆိုရင်လည်း ဒီရီ ဘာမှမပြောတော့ပါဘူး… ဒါပေမဲ့ သခင်လေးရန်ဘက်ကနေပြီးတော့ ကျုပ်တို့ရွက်တစ်ထောင်ဂိုဏ်းကို နောက်တစ်ကြိမ် အခွင့်အရေးထပ်ပေးဖို့တော့ တကယ်မျှော်လင့်ပါတယ်…”
ရန်ကိုင်က ရီဟန်ကို ကြည့်၍ ထူးမခြားနားလေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ဒုဂိုဏ်းချုပ်ရှီရဲ့လုပ်ရပ်က ကျုပ်ကို ဒေါသထွက်သွားစေတယ်ဆိုပေမဲ့ သူပြောသွားတဲ့စကားတွေက လုံးဝမှားတာတော့ မဟုတ်ပါဘူး… ကျုပ်တကယ် လူတော်တော်များများကို ရန်စထားတာ… ကျုပ်ကို ဂိုဏ်းထဲ ဝင်ခွင့်ပေးလိုက်လို့ ဂိုဏ်းချုပ်ရီရဲ့ ရွက်တစ်ထောင်ဂိုဏ်း ဒုက္ခရောက်မှာကို မစိုးရိမ်ဘူးလား…”
ရီဟန်က ပြန်ပြောလိုက်လေသည်။ “သခင်လေးရန်မလာရင်တောင် ကျုပ်တို့ဂိုဏ်းက သူတို့အတွက် မျက်စိဆံပင်မွေးစူးစရာ ဖြစ်နေတာ… အနှေးနဲ့အမြန်ဆိုသလို ကျုပ်တို့ဂိုဏ်းကို လာပြဿနာရှာကြမှာပဲ… ပြီးတော့ သခင်လေးရန် ကျုပ်သမီးနဲ့ အတူတူ အလုပ်လုပ်နေတာကို လူတော်တော်များများလည်း မြင်ပြီးသွားပြီ… ဒီတော့ အခုနေ သခင်လေးရန် ပြန်ထွက်သွားမယ်ဆိုရင်တောင် ဒီကိစ္စကနေ ကျုပ်တို့ လွတ်မှာမဟုတ်ဘူး…”
ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “ကြည့်ရတာ ဂိုဏ်းချုပ်ရီက ဒုဂိုဏ်းချုပ်ရှီထက် ပိုပြီး အမျှော်အမြင်ရှိတာပဲ…”
ရီဟန်က ဆက်ပြောလိုက်လေသည်။ “သခင်လေးရန်ကို မောင်းထုတ်လိုက်လို့ရှိရင် ဒီကိစ္စအားလုံး အဆင်ပြေသွားမယ်လို့ ဒုဂိုဏ်းချုပ်ရှီက ထင်နေတာ… ဒီရီပြောနိုင်တာတော့ သူက တကယ်ကို မစဉ်းစားတတ်ဘူးဆိုတာပဲ….”
ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “အကယ်၍ ဂိုဏ်းချုပ်ရီ မျှော်လင့်နေတဲ့အရာကို ကျုပ်က မလုပ်ပေးနိုင်ခဲ့ဘူးဆိုရင်ရော…”
ရီဟန်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးသည့်နောက် ပြန်၍ ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင်လည်း ကံတရားလို့ပဲ သတ်မှတ်ရတော့မှာပေါ့… ကံတရားက မဖြစ်စေချင်တဲ့အရာကို အတင်း တွန်းအားသွားပေးလို့မှမရတာ… အနည်းဆုံးတော့ တမလွန်ဘဝမှာ ဘိုးဘေးတွေနဲ့ တွေ့လို့ရှိရင် ဒီရီအတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တယ်လို့ ပြောနိုင်သေးတာပဲ…”
“ကောင်းပြီလေ… အဲ့ဒါဆိုရင်လည်း ဒီသခင်လေးရန်ကလည်း တတ်နိုင်သလောက် ကြိုးစားပေးရတာပေါ့…” ရန်ကိုင်က ခေါင်းညိတ်လျက် ပြောလိုက်လေသည်။
ထိုစကားကိုကြားသော် ရီကျင်းဟန်က ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်လေ၏။ “ရှင်တကယ်ပြောတာနော် သခင်လေးရန်…”
ရီဟန်က သည်းလှိုက်အူလှိုက်ရယ်မောလျက် “ဘာလို့မေးနေသေးတာလဲ ကောင်မလေးရဲ့…” ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ဘေးဘက်သို့ ရှောင်ပေးလျက် “ကျေးဇူးပြုပြီး ကြွပါ သခင်လေးရန်…”
ရန်ကိုင်ကလည်း တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။ “ကောင်းပါပြီ ဂိုဏ်းချုပ်ရီ…”
ရီဟန်သည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ရန်ကိုင်နှင့်အတူတူ ဘေးချင်းယှဉ်လျက် ရွက်တစ်ထောင်ဂိုဏ်းထဲသို့ ဝင်သွားလိုက်လေသည်။
သွားနေစဉ်အတောအတွင်း ကွေ့ဇူနှင့် အခြားသူများသည် တစ်ဦးကိုတစ်ဦး အံ့အားသင့်နေသည့် အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။
သူတို့ ကြယ်တာရာအစုအဝေးထဲသို့ ရောက်သည်မှာ နှစ်နှစ်သုံးနှစ်ခန့် ရှိနေပြီဖြစ်သော်ငြား သူတို့အားလုံးသည် ကောင်းကင်ကြိုးကြာမြို့တစ်ဝိုက်တွင်သာ လှုပ်ရှားနေကြခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ဂိုဏ်းကြီးတစ်ဂိုဏ်းအား တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ရွက်တစ်ထောင်ဂိုဏ်းသည် နိမ့်ကျသည့် အခြေအနေတွင် ရှိနေသော်ငြား ဤဂိုဏ်းသည် တစ်ခေတ်တစ်ခါက ပထမအဆင့် အင်အားစု ဖြစ်ခဲ့သော ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပေသည်။ ၎င်း၏အမွေအနှစ်သည် သာမန်ဂိုဏ်းများ လာယှဉ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ကြီးကျယ်ခမ်းနားလှသော ရှေးဟောင်းဆန်လှသည့် အဆောက်အဦးအပြင်အဆင်များ၊ တစ်လမ်းနှင့်တစ်လမ်း အပြန်အလှန် ယှက်ဖြာနေသော လမ်းသွယ်လမ်းကြားများသည် အတိတ်နှင့် ပစ္စုပ္ပန်အား ဆက်သွယ်ပေးထားသည့်အလား မြင်လိုက်ရသည့်လူတိုင်းကို ပစ္စုပ္ပန်အငွေ့အသက်ရော အတိတ်၏အငွေ့အသက်ကိုပါ ခံစားသွားရစေနိုင်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၂၂)
လက်ရှိရွက်တစ်ထောင်ဂိုဏ်းသည် အထွဋ်အထိပ်အခြေအနေတွင် မရှိတော့သော်ငြား လွန်ခဲ့သော နှစ်တစ်သောင်းခန့်က လက်ဆင့်ကမ်းလာခဲ့သော အမျိုးမျိုးသော အမွေအနှစ်များကြောင့် အထင်ကြီးဖွယ်ပုံရိပ်ကို ထိန်းသိမ်းထားနိုင်ပေသေးသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အဖို့ ရွက်တစ်ထောင်ဂိုဏ်းထဲ သွားလာနေရသည်မှာ အရမ်းကြီးငြီးငွေ့စရာ ကောင်းမနေခဲ့ဘဲ ပတ်ဝန်းကျင်ရှုခင်းများ၊ အဆောက်အဦးများကို လေ့လာကြည့်နိုင်ပေသည်။
ထိုသို့ပင်ဖြစ်လင့်ကစား ရွက်တစ်ထောင်ဂိုဏ်းတွင်းထဲရှိ မိုးမြေစွမ်းအင်မှာ အတော်လေးကို ကျဲပါးနေကြောင်း တွေ့ရှိလိုက်ရလေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ရွက်တစ်ထောင်တောင်တန်း အောက်ခြေ၌ အဆင့်မြင့် မြေကမ္ဘာချီကြောမ တစ်ခုမှပင် ရှိမနေကြောင်း သတိပြုမိနိုင်ပေသည်။ ပုံမှန်အားဖြင့် မည်သည့်ဂိုဏ်းမဆို ဤကဲ့သို့သော နေရာအား ရွေး၍ ဂိုဏ်းထောင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်း၏ ဘိုးဘေးများသည် ကမ္ဘာငယ်လေးကြောင့် ဤနေရာတွင် ဂိုဏ်းအား တည်ထောင်ခဲ့လေသည်။
ဝမ်ကျိရှန်းမှ နေမင်းပြာကျောင်းတော်အား နေမင်းပြာတောင်တန်းတွင် တည်ထောင်ခဲ့သလိုပင်။ သူသည် ထိုနေရာတွင် နေမင်းပြာကျောင်းတော်အား တည်ထောင်ခဲ့ရခြင်းမှာ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံကြောင့်သာ ဖြစ်လေသည်။
“ဟိုကတောင်လေးကို ကြည့်ကြည့်စမ်း… အဲ့ဒါကြီးက မွန်းစတားသားရဲတစ်ကောင်လိုပဲ…” ရုတ်တရက် ချီယွဲ့သည် သွားနေရင်းမှ တစ်ဖက်ဆီသို့ လက်ညှိုးထိုးပြီး မီတာငါးဆယ်အမြင့်ခန့် ရှိသော တောင်တစ်လုံးဆီသို့ ညွှန်ပြလိုက်လေသည်။
“သူ့ဘေးနားမှာ ရပ်နေတဲ့ဟာကလည်း တော်တော်စိတ်ဝင်စားစရာကောင်းတယ်… ကြည့်ရတာ အဲ့ဒါက လူတစ်ယောက် ဓါးကိုင်ပြီးတော့ ရပ်နေတဲ့ ပုံစံမျိုးပဲ…” ကုချန်းယွင်သည် အခြားသော တောင်ငယ်လေးတစ်လုံးဆီသို့ စိတ်လှုပ်ရှားနေသည့် အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။ သူတို့၏စကားကြောင့် ရန်ကိုင်တို့သည်လည်း ထိုတောင်ငယ်လေးများဆီသို့ လှမ်းကြည့်မိလိုက်ကြလေ၏။
တကယ့်တကယ်တွင် ထိုတောင်ငယ်လေးနှစ်လုံးသည်သာ စိတ်ဝင်စားစရာကောင်းသည့် တောင်ထွဋ်များမဟုတ်မှန်း တွေ့ရှိသွားကြလေသည်။ ထိုနေရာတွင် အခြားသော ပုံစံထူးဆန်းလှသည့် တောင်ငယ်လေးများလည်း ရှိနေကြသေး၏။ ထိုတောင်ငယ်လေးအားလုံးမှ အတော်လေးကို နိမ့်ကြပေသည်။ အချို့တောင်အနည်းငယ်သည်သာ မီတာတစ်ထောင်ကျော်ခန့် မြင့်မားလေ၏။ ပိုပြီးထူးဆန်းသည့်အချက်မှာ ထိုတောင်ငယ်လေးအားလုံးသည် သက်ရှိသတ္တဝါများနှင့် တူနေကြခြင်းပင် ဖြစ်လေသည်။
စိတ်ဝင်စားသည်နှင့် ရန်ကိုင်လည်း ထိုတောင်ငယ်လေးများအား သေသေချာချာ လေ့လာကြည့်မိသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ မြင်လိုက်ရသည့်အရာကြောင့် သူ၏အမူအယာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။
ခဏအကြာတွင် သူ့အမူအယာ ထပ်မံပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် မေးလိုက်လေ၏။ “ဂိုဏ်းချုပ်ရီ… အဲ့တောင်ငယ်လေးတွေကလေ ထင်ရသလောက် သိပ်မရိုးရှင်းဘူးလားလို့…”
ရီဟန်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “သခင်လေးရန်က အဲ့ဒါတွေကိုတောင် သတိပြုမိတယ်ဆိုတော့ တကယ်ကို အမြင်စူးရှတာပဲ… ဒီရီ အထင်ကြီးသွားပြီ…”
“တကယ်ကြီးလား…” ရန်ကိုင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။
ရီဟန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… သခင်လေးရန်ထင်နေတဲ့ အတိုင်းပဲ…”
“အဖေ… အဖေတို့ ဘာပြောနေတာလဲ…” ရီကျင်းဟန်က သူမအဖေကို ကြည့်ရင်း နားမလည်နိုင်သည့် အမူအယာဖြင့် ပြောလိုက်လေသည်။
ချီယွဲ့နှင့် အခြားသူများမှာလည်း သူတို့ဘာပြောလို့ ပြောနေမှန်းကို နားမလည်ကြ။
ရန်ကိုင်က လေးစားသည့်အမူအယာဖြင့် ချီးကျူးစကားဆိုလိုက်လေသည်။ “ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဘိုးဘေးတွေက တကယ်ကို တော်ကြတာပဲ… အစကတော့ ညီမရီ သူတို့ဘိုးဘေးတွေကို အရမ်းချီးကျူးလွန်းတယ် ထင်နေတာ… ဒါပေမဲ့ တကယ်ကြည့်လိုက်တော့မှပဲ သူပြောနေတာ အမှန်ဟုတ်မှန်း သိရတော့တယ်…”
ရီဟန်က သက်ပြင်းချလျက် “အမွေအနှစ်တွေက ရှိနေသေးတယ်ဆိုပေမဲ့ တကယ့်အမွေအနှစ်က ပျောက်သွားပြီ… ဒီရီကိုယ်တိုင်လည်း အဲ့အတွက် သိပ်ပြီး အပြစ်မကင်းဘူး…”
ရီကျင်းဟန်က ဝင်ပြောလိုက်လေသည်။ “အဲ့ဒါ အဖေ့အပြစ်မှ မဟုတ်တာ အဖေရယ်… အဲ့မျိုးဆက်က ဘိုးဘေးသာ အမွေအနှစ်ကို ပျောက်အောင် မလုပ်လိုက်လို့ ရှိရင် သမီးတို့ဂိုဏ်း ဘယ်လိုလုပ်ပြီး အခုအခြေအနေမျိုး ရောက်မှာလဲ…”
“နင့်စကားကိုကြည့်ပြောစမ်း…” ရီဟန်သည် ရီကျင်းဟန်အား စူးရဲစွာစိုက်ကြည့်လျက် “ဘယ်လိုလုပ်ပြီး ငါတို့ဘိုးဘေးတွေကို အဲ့လိုမဆင်မခြင် ပြောရတာလဲ…”
ရီကျင်းဟန်ကမူ မကျေမနပ်ဖြစ်သွားသည့် အမူအယာဖြင့် နှုတ်ခမ်းလေးဆူလိုက်လေသည်။
ရီဟန် စိတ်အခြေအနေမကောင်းသည်ကို မြင်သော် ရန်ကိုင်လည်း ဘာမှ ထပ်ပြောမနေခဲ့ပေ။ သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်းအပေါ် သူ၏အထင်အမြင်မှာ အတော်လေး တိုးတက်လာခဲ့လေပြီ။ ရွက်တစ်ထောင်ဂိုဏ်းသာ သူတို့၏ ပျောက်ဆုံးသွားသော အဓိအကအမွေအနှစ်ကို ပြန်လည်ရရှိမည်ဆိုပါက နှစ်တစ်ရာအတွင်း ပထမအဆင့် အင်အားစုတစ်ခု ပြန်ဖြစ်လာနိုင်ပေသည်။ ပုံသဏ္ဍာန်အရွယ်အစား အမျိုးမျိုးရှိသော တောင်ငယ်လေးများသည် ပျောက်ဆုံးသွားသော သူတို့အမွေအနှစ်၏ အလားအလာကို ကောင်းကောင်း ဖော်ပြနေလေ၏။
ခဏအကြာတွင် ရန်ကိုင်တို့အဖွဲ့သည် ရွက်တစ်ထောင်တောင်တန်း၏ အဓိကတောင်ထွဋ်ဆီသို့ ရောက်ရှိလာကြလေသည်။ အခြားသောဂိုဏ်းများကဲ့သို့ပင် ခမ်းနားကြီးကျယ်လှသော အဆောက်အဦးများ၊ စံအိမ်များကို ရွက်တစ်ထောင်တောင်ထွဋ်ပေါ်တွင် မြင့်တွေ့နေရသည်။ တောင်ထွဋ်၏ ထိပ်ဆုံးပိုင်းတွင် တည်ရှိနေသည့် အရာမှာမူကား ခမ်းနားကြီးကျယ်လှသည့် ရှေးဟောင်းစာလုံးများကို ထိုးထွင်းထားသော ခန်းမကြီးတစ်ခုသာ ဖြစ်လေသည်။
ရန်ကိုင်တို့အဖွဲ့သည် ခန်းမရှေ့သို့ ရောက်ရှိလာကြလေသည်။
သူတို့ရောက်လာသည့်အကြောင်းကို ကြိုကြားထားကြသည့်အလား ရွက်တစ်ထောင်ဂိုဏ်း၏ အခြားသော အဖွဲ့သားများမှာလည်း ဤနေရာတွင် စုဝေးနေကြလေသည်။ ရီဟန်နှင့် အခြားသူများ ရောက်လာကြသည်ကိုမြင်သော် ထိုအဖွဲ့သားအားလုံး တလေးတစားဖြင့် ဦးညွှတ်လိုက်ကြလေသည်။ သို့သော်ငြား ထိုအဖွဲ့သားများထဲတွင် ရှီချန်းယင်မှာတော့ ပါဝင်မနေခဲ့ပေ။
ရီဟန်သည် ရွက်တစ်ထောင်ဂိုဏ်း၏ အထက်အရာရှိများကို ရန်ကိုင်နှင့် မိတ်ဆက်ပေးလိုက်လေ၏။ ထို့နောက်တွင် ရီဟန်သည် ရန်ကိုင်တို့အဖွဲ့အား ခန်းမထဲသို့ ဦးဆောင်ခေါ်သွားလေသည်။
ခန်းမ၏တစ်ဖက်တစ်ချက်စီတွင် လှံများကို ကိုင်စွဲထားကြသည့် အစောင့်များ စီတန်းရပ်နေကြလေသည်။ ထိုအစောင့်များသာလျှင်မဟုတ်ဘဲ မြေပြင်ပေါ်တွင် ထိုင်နေသည့် ထူးဆန်းလှသည့် မွန်းစတားသားရဲအချို့ကိုလည်း တွေ့လိုက်ရပေသေးသည်။ ထိုမွန်းစတားသားရဲများသည် ကျောက်ရုပ်ထုများနှယ် မြေပြင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေကြလေ၏။ တစ်ချက်ကလေးမှပင် မလှုပ်ကြ။
ရန်ကိုင်နှင့် သူတို့အဖွဲ့ ထိုအစောင့်များကို ဖြတ်လျှောက်သွားသော် အစောင့်များသည် တစ်ချက်ကလေးမှပင် လှုပ်ရှားခြင်း မရှိကြောင်း သတိပြုမိလိုက်လေသည်။ လှုပ်ရှားရန်မဆိုထားနှင့် မျက်တောင်ပင်မခတ်ကြချေ။
ထိုထူးဆန်းသည့် အဖြစ်အပျက်ကြောင့် ရန်ကိုင် စိတ်ဝင်စားသွားခဲ့ပြီး တစ်ချက်မျှရပ်ကာ ထိုအစောင့်များကို လေ့လာကြည့်လိုက်လေသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးကြည့်လိုက်ရာ အလွန်အံ့အားသင့်သွားသည့် အတွက်ကြောင့်လားမသိ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့လေ၏။
ထိုအချင်းအရာကိုမြင်သော် ရီဟန်လည်း ရပ်လိုက်ပြီး ရန်ကိုင့်ကိုသာ ပြုံးပြလိုက်လေသည်။
“ဘာဖြစ်တာလဲဂိုဏ်းချုပ်ရန်…” ကုချန်းယွင်က မယုံသင်္ကာလေသံဖြင့် မေးလိုက်လေသည်။
ရန်ကိုင်သည် သူ့ဘယ်နှင့်ညာဘက်ဆီသို့ တစ်ချက်စီ ကြည့်လိုက်ပြီးသည့်နောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ရီဟန်ကိုကြည့်ကာ မေးလိုက်လေသည်။ “ဂိုဏ်းချုပ်ရီ… ဒါတွေအကုန်လုံးက ရုပ်သေးရုပ်တွေလား…”
“ဘယ်လို…” ချီယွဲ့နှင့် အခြားသူအားလုံး မျက်လုံးပြူးသွားခဲ့ပြီး အထိတ်တလန့်အမူအယာများဖြင့် သူတို့ဘေးဘက်တွင် ရှိနေကြသော အစောင့်များကို လှမ်းကြည့်လိုက်ကြလေသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံအသီးသီးကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ကြလေ၏။
ခဏအကြာတွင် အကုန်လုံးမှာ အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေသည့်အလား မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကုန်ကြလေသည်။
ထိုအစောင့်များကို စမြင်လိုက်စဉ်က အစောင့်များသည် အနည်းငယ်ထူးခြားနေသည်ဟု ထင်မိသော်ငြား ထိုကိစ္စနှင့် ပတ်သက်၍ အရမ်းကြီးစဉ်းစားနေခြင်း မရှိခဲ့ပေ။ ယခု ရန်ကိုင်မှ ရီဟန်အား မေးခွန်းထုတ်လိုက်သည်ကို ကြားသည့်အခါမှသာလျှင် ထိုအစောင့်များသည် သက်ရှိများ မဟုတ်ကြဘဲ ရုပ်သေးရုပ်များ ဖြစ်နေကြောင်းကို သတိပြုမိသွားကြလေသည်။
ထိုအစောင့်များသည် တကယ့်သက်ရှိများနှင့် လုံးဝကို ဆင်တူပေသည်။ သံချပ်ကာအင်္ကျီများကြား ဖောက်မြင်နေရသည့် အသားအရေသည်ပင်လျှင် လူသားတစ်ဦး၏ အသားအရေနှင့် အလွန်ကိုမှ ဆင်တူလှသည်။
ထိုအခါမှသာလျှင် မြေပေါ်၌ မလှုပ်မယှက် လှဲလျောင်းနေကြသော မွန်းစတားသားရဲများမှာလည်း ရုပ်သေးရုပ်များ ဖြစ်နေကြောင်း ချီယွဲ့နှင့် အခြားသူများ သတိပြုမိသွားခဲ့ကြသည်။
ထိုတွေ့ရှိမှုကြောင့် သူတို့တစ်ဖွဲ့လုံး အလွန်ကိုမှ ထိတ်လန့်သွားရလေတော့လေသည်။
ရီဟန်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေ၏။ “ဒါ ကျုပ်တို့ဂိုဏ်းမှာ ရှိနေတဲ့ မြေကမ္ဘာအဆင့် ရုပ်သေးရုပ်တွေပဲ… ဒါပေမဲ့ သူတို့ကို ကောင်းကောင်း မပြသထားမိတဲ့အတွက် သခင်လေးရန်တို့ကို တောင်းပန်ပါတယ်…”
ရီဟန်သည် ထိုကဲ့သို့ နှိမ့်ချ၍ပြောနေသော်ငြား ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်များကိုတော့ သူ့မျက်လုံးထဲ မြင်နေရလေသည်။ ကြည့်ရသည်မှာ သူ့ဂိုဏ်း၏ အမွေအနှစ်နှင့် ပတ်သက်၍ အလွန်ကိုမှ ဂုဏ်ယူနေသည့် ပုံပင်။
ရွက်တစ်ထောင်ဂိုဏ်း၏ အခြားသော အထက်အရာရှိများ၏ မျက်နှာထက်တွင်လည်း ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်များကို တွေ့နေရလေသည်။
ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်မေးလိုက်လေသည်။ “ရုပ်သေးရုပ်တွေကို အမျိုးအစား ခွဲထားသေးတယ်ပေါ့…”
ရီဟန်က ပြန်ပြောလိုက်လေသည်။ “ခွဲထားတာပေါ့… ရှင်းရှင်းပြောရရင် ရုပ်သေးရုပ်တွေကို အဆင့်လေးဆင့် ခွဲထားတယ်… ကောင်းကင်၊ မြေပြင်၊ အနက်ရောင်နဲ့ အဝါရောင်ဆိုပြီးတော့… အဆင့်တစ်ဆင့်တိုင်းကိုလည်း နောက်ထပ်သုံးဆင့် ထပ်ခွဲတယ်… အဆင့်ပိုမြင့်လေ ရုပ်သေးတစ်ရုပ်က ပိုပြီး အားကောင်းလေပဲ…”
“ဒါဆိုရင် ဒီမြေကမ္ဘာအဆင့် ရုပ်သေးရုပ်တွေက…” ရန်ကိုင်သည် ရုပ်သေးရုပ်များကို စိတ်ဝင်တစားဖြင့် လက်ညှိုးထိုးရင်းမှ မေးကြည့်လိုက်လေသည်။ “ဘယ်လောက်လောက်အထိ အားကောင်းကြလဲ…”
ရီဟန်က အလေးအနက်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “အားအကောင်းဆုံးက တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးနဲ့ ယှဉ်ပြိုင်နိုင်တယ်… အားအနည်းဆုံးကတော့ ပထမအဆင့်လောက်နဲ့ပဲ ပြိုင်နိုင်လိမ့်မယ်…”
သက်ပြင်းရှိုက်သံများ အစီအရီ ထွက်ပေါ်လာကြလေသည်။
ရီဟန်ပြောသည်သာ အမှန်ဆိုလျှင် ထို အခုသုံးဆယ်မကသော ရုပ်သေးရုပ်များသည် တာအိုသခင်အဆင့် အယောက်သုံးဆယ်ကျော်ကို ကိုယ်စားပြုပေသည်။ အချို့ရုပ်သေးရုပ်များဆိုလျှင် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်ကြသော အရာများ ဖြစ်ကြလေ၏။
ဤသည်မှာ ရုပ်သေးရုပ်များ၏ ခွန်အားသက်သက်သာ ဖြစ်သေးပြီး ရုပ်သေးရုပ်များကို ထိန်းချုပ်နေသည့် ကျင့်ကြံသူများ၏ ခွန်အားကို ထည့်မတွက်သေးချေ။
တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည်သာ တာအိုသခင် တတိယအဆင့် ရုပ်သေးရုပ်တစ်ရုပ်ကို ထိန်းချုပ်ထားနိုင်မည်ဆိုပါက ထိုလူသည် တာအိုသခင် အထွဋ်အထိပ်အဆင့် ရန်သူတစ်ဦးနှင့်ပင်လျှင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။
ကွေ့ဇူက မင်သက်အံ့အားသင့်နေသည့် အမူအယာဖြင့် “ခင်ဗျားတို့ဂိုဏ်းရဲ့ ရုပ်သေးရုပ်တာအိုက ဒီလောက် အဆင့်မြင့် ထူးခြားနေတာတောင် အခြားပညာရပ်တွေကို လိုက်ပြီး လေ့ကျင့်ချင်နေတဲ့လူတွေ ရှိကြသေးတယ်ပေါ့… ဒီကောင်တွေ တကယ် မျက်လုံးကန်းနေကြတာပဲ…”
ရီဟန်၏အမူအယာ မှိန်ကျသွားခဲ့လေသည်။ “ကျုပ်တို့ဂိုဏ်းမှာ ဒီရုပ်သေးရုပ်တွေကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်း မရှိတော့ဘူး… အခုလောလောဆယ်တော့ ရုပ်သေးရုပ်တွေက အလှသက်သက်ပဲ…”
ရီဟန်နှင့်အတူ လိုက်ပါလာသည့် ရွက်တစ်ထောင်ဂိုဏ်း၏ အထက်အရာရှိအားလုံးမှာလည်း တိတ်သွားခဲ့ကြလေသည်။ သူတို့၏ အမူအယာများမှာလည်း ညှိုးရော်သွားကုန်ကြလေ၏။ အစောပိုင်းက ဂုဏ်ယူဝံ့ကြွားသည့် အမူအယာမျိုးကို မတွေ့ရတော့ချေ။
“ကဲ… စကားပြောတာ ဒီလောက်ဆိုရင် တော်ပြီပေါ့… သခင်လေးရန်နဲ့ ဧည့်သည်တွေက အဝေးကြီးကနေ လာထားရတာ… ဒီအတွက် ကျုပ်တို့က သခင်လေးတို့အတွက် စားကောင်းသောက်ဖွယ်တွေနဲ့ သောက်စရာဝိုင်လေးတွေ ပြင်ဆင်ပေးထားတယ်… ကျေးဇူးပြုပြီး မငြင်းပါနဲ့ သခင်လေးရန်… ဒီလမ်းအတိုင်း လိုက်လာပေးခဲ့ကြပါ…” ရီဟန်က အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်လေသည်။
ရန်ကိုင်နှင့် အခြားသူများကလည်း ငြင်းမနေခဲ့ကြ။ ရီဟန်ပြောသည့်အတိုင်း ခန်းမထဲသို့ လျှောက်ဝင်သွားကြလေ၏။
ရွက်တစ်ထောင်ဂိုဏ်း၏ အထက်အရာရှိများသည် သူတို့ဂိုဏ်းချုပ်မှ ရန်ကိုင့်အား ဝင်ပေါက်အထိ သွားထွက်ကြိုရလောက်အောင် ဘာကြောင့် ဤမျှ အလေးထားနေမှန်းကို နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။ မည်သို့ပင်ဆိုစေကာမူ မေးခွန်းအများကြီး မမေးရဲသဖြင့် တိတ်တိတ်သာ နေပေးလိုက်ကြလေ၏။ ဤသို့ဖြင့် ခန်းမထဲရှိ အခြေအနေမှာ အတော်လေးကိုမှ ပျော်ရွှင်မြူးထူးဖွယ် ကောင်းနေခဲ့လေသည်။
ရန်ကိုင်နှင့် ရီဟန်သည် ဘေးချင်းယှဉ်ထိုင်လျက် အတူတကွ သောက်စားနေကြလေ၏။ ရီဟန်သည်လည်း ဂိုဏ်းချုပ်တစ်ဦး၏ ဟန်ပန်အမူအယာမျိုး ထားမနေခဲ့ဘဲ ဖော်ဖော်ရွေရွေ ပွင့်ပွင့်လင်းလင်းဖြင့်သာ ရှိနေခဲ့လေသည်။ ရန်ကိုင်သည်လည်း ထိုအတိုင်းပင် ဖြစ်လေ၏။
သုံးဖလားလောက် သောက်ပြီးသည့်အခါမှသာ လူတိုင်း အလျိုလျို ပြန်လည်ထွက်ခွာသွားကြလေသည်။
ရန်ကိုင်နှင့် အခြားသူများအဖို့ နားနေရန်အတွက် အဓိကတောင်ထွဋ်ပေါ်တွင် ခြံဝန်းကြီးတစ်ခု ပြင်ဆင်ပေးထားခဲ့ပေသည်။
သူ၏ ဝေယျာဝစ္စ ကိစ္စများကို ဆောင်ရွက်ပေးရန်အတွက် တာဝန်ပေးထားခံရသော အစေခံမလေးအချို့မှလွဲ၍ ထိုခြံဝန်းထဲ အခြားမည်သူမျှ ရှိမနေခဲ့ပေ။ ရွက်တစ်ထောင်ဂိုဏ်း၏ တပည့်အားလုံးမှာလည်း ပြန်လည် ထွက်ခွာသွားကုန်ကြလေပြီ။
ချီယွဲ့နှင့် အခြားသူများမှာ သူတို့၏ အခန်းအသီးသီးဆီသို့ ထွက်သွားကြလေ၏။ ရန်ကိုင်သည်လည်း အစေခံမလေး၏ အကူအညီဖြင့် သူနားနေရာ အခန်းဆီသို့ ရောက်လာခဲ့လေသည်။ သူ့အား လာမနှောင့်ယှက်ရန် သူခေါ်မှ လာရန် ပြောခဲ့လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အခန်းထဲသို့ ဝင်ကာ အခန်းပတ်လည်တွင် ရှိနေသော အစီအရင်များကို အသက်သွင်းလိုက်လေ၏။
ထိုသို့လုပ်ပြီးသည့်နောက်တွင် လက်ဝှေ့ယမ်းလျက် ဟွာချင်းစီကို ဆင့်ခေါ်လိုက်လေသည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ဟွာချင်းစီက မကျေနပ်သည့်လေသံဖြင့် “ကျင့်ကြံနေတာ အရေးကြီးတဲ့ အခိုက်အတန့်ရောက်မှ ငါ့ကို လှမ်းခေါ်ရတယ်လို့… ကဲ ပြော… ငါ့ကို ဘာလုပ်ဖို့ ခေါ်လိုက်တာလဲ…”
လက်ရှိအချိန်တွင် ကမ္ဘာငယ်လေးတစ်ခုလုံးသည် မိုးမြေစွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့လေသည်။ မပြည့်စုံသေးသော လောကနိယာမများမှ လွဲ၍ ကမ္ဘာငယ်လေးထဲရှိ ပတ်ဝန်းကျင်သည် ကြယ်ဝိဉာဉ်နန်းတော်ရှိ ကောင်းကင်အဆင့် ကျင့်ကြံရေးခန်းများထက်ပင် ပိုမိုကောင်းမွန်နေသေးသည်။
ထို့အတွက်ကြောင့် ဟွာချင်းစီနှင့် ကျန်းရို့ရှီတို့မှာ အတော်လေးကို ဝမ်းသာအားရ ဖြစ်နေကာ အားတက်သရော ကျင့်ကြံနေကြလေသည်။
မိုးမြေစွမ်းအင်၏ အကူအညီဖြင့် ကျန်းရို့ရှီ၏ ကျင့်ကြံခြင်းမှာ အလျင်အမြန် တိုးတက်လာနေခဲ့လေ၏။ လက်ရှိအချိန်တွင် ကျန်းရို့ရှီသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်နေခဲ့လေသည်။
ဟွာချင်းစီမှာလည်း နောက်တစ်ဆင့်သို့ မချိုးဖြတ်ရသေးသော်ငြား သူမကိုယ်ထဲရှိ အရင်းအမြစ်ချီမှာ ယခင်ထက် သိသိသာသာကို ပိုမိုသန့်စင်လာခဲ့လေသည်။ ထို့အတွက်ကြောင့် သူမကျင့်ကြံနေစဉ် ရန်ကိုင်မှ သူမအား ရုတ်တရက်ကြီး ဆင့်ခေါ်လိုက်သည့်အပေါ် မကျေမနပ်ဖြစ်နေခြင်း ဖြစ်ပေသည်။
“အစ်မဟွာ ကျင့်ကြံတာ ဘယ်လိုနေလဲ…” ရန်ကိုင်က စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။ ဟွာချင်းစီ ပိုမိုအားကောင်းလာလေ ရန်ကိုင့်အတွက် ပို၍ အကူအညီ ရလေပင်။ ထို့အတွက်ကြောင့် ဟွာချင်းစီ ဧကရာဇ်အဆင့်သို့ မြန်မြန်ချိုးဖြတ်နိုင်ပါစေဟု သူမျှော်လင့်နေမိသည်။
ဟွာချင်းစီသာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်သွားနိုင်မည်ဆိုပါက သူ့အား ကူညီပေးမည့် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ရှိလာပေလိမ့်မည်။
ဟွာချင်းစီက မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်လေ၏။ “နည်းနည်းလိုနေသေးတယ်… တစ်ခုခု လိုနေသေးသလို ခံစားနေရတာ… ကြည့်ရတာ အခွင့်အရေးက ရောက်မလာသေးဘူးနဲ့တူတယ်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၂၃)
“ကျင့်ကြံခြင်းမှာ အလျင်လိုတာ မကောင်းဘူး… အလျင်လိုလွန်းရင် ဆန့်ကျင်ဘက်တွေပဲ ဖြစ်လာတတ်တယ်…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် နှစ်သိမ့်ပေးလိုက်လေသည်။
“နင်ပြောတာကို ငါမသိတာကြလို့… နင် ငါ့အဆင့် ရောက်လာမှပဲ ငါဘယ်လိုခံစားနေရလဲ နားလည်လာမှာ…” ဟွာချင်းစီက သက်ပြင်းတစ်ချက်ချလျက် လက်ဝှေ့ယမ်းကာ ပြောလိုက်လေ၏။ “ထားလိုက်တော့… အဲ့အကြောင်း မပြောကြရအောင်… ဒါဘယ်နေရာကြီးလဲ… နင်ဘာဖြစ်လို့ ငါ့ကို ခေါ်လိုက်တာလဲ…”
“ဒါ ရွက်တစ်ထောင်ဂိုဏ်းပဲ…”
“ရွက်တစ်ထောင်ဂိုဏ်း…” ဟွာချင်းစီ မျက်ခုံးပင့်သွားခဲ့လေသည်။ တခဏမျှ အတွေးနက်နေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ “ရုပ်သေးရုပ်ပညာရပ်တွေနဲ့ ကျော်ကြားတဲ့ ရွက်တစ်ထောင်ဂိုဏ်းကို နင်ပြောနေတာလား…”
“အစ်မဟွာ ဒီဂိုဏ်းအကြောင်း သိတာလား…” ရန်ကိုင်က အံ့အားသင့်သွားခဲ့လေသည်။
ဟွာချင်းစီက ပြန်ပြောလိုက်လေ၏။ “ရွက်တစ်ထောင်ဂိုဏ်းက ပထမအဆင့် အင်အားစုတစ်ခု မဟုတ်ပေမဲ့ တောင်ဘက်နယ်မြေထဲမှာ သူတို့ရဲ့ ရုပ်သေးရုပ် ပညာရပ်တွေကြောင့် တော်တော်လေး နာမည်ကျော်ကြားတာ… ငါ ဘာဖြစ်လို့ သူတို့ကို မသိဘဲ နေရမှာလဲ… အရင်တုန်းကဆိုရင် ငါကိုယ်တိုင်လည်း အဲ့ရုပ်သေးရုပ်ပညာတွေ စိတ်ဝင်စားလို့ အဲ့ပညာရပ်အကြောင်းကို နည်းနည်းပါးပါး လိုက်လေ့လာကြည့်သေးတယ်… ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ… အခုတော့ သူတို့ရဲ့ အမွေအနှစ်ကို ဆုံးရှုံးသွားလို့လားမသိဘူး သူတို့ဂိုဏ်းက တော်တော်လေးနိမ့်ကျသွားပြီ… အခု သူတို့ဂိုဏ်းထဲမှာ ရှိနေတဲ့ ရုပ်သေးရုပ်တွေကိုတောင် မထိန်းချုပ်နိုင်ကြတော့ဘူး…”
“အဲ့ဒါတော့ အမှန်ပဲ…” သူမစကားကိုကြားသော် ဟွာချင်းစီသည် ရွက်တစ်ထောင်ဂိုဏ်းအကြောင်း အတော်လေး နားလည်ထားရလိမ့်မည်မှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။
“နင် ဘာဖြစ်လို့လဲ ရွက်တစ်ထောင်ဂိုဏ်းကို ရောက်နေတာလဲ… သူတို့ရဲ့ ရုပ်သေးရုပ်ပညာရပ်တွေကို လိုချင်နေတာလား…” ဟွာချင်းစီက မေးလိုက်လေ၏။
“သူတို့ကို ကူညီပေးဖို့ရောက်နေတာ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် အကြောင်းစုံကို ရှင်းပြလိုက်လေသည်။
ရန်ကိုင်ရှင်းပြသည်ကို ကြားပြီးသည့်နောက် ဟွာချင်းစီက ပြန်မေးလိုက်လေ၏။ “ရွက်တစ်ထောင်ဂိုဏ်းထဲမှာ ကမ္ဘာငယ်လေးတစ်ခု ရှိနေတာလား… ငါ ဒါကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ… ငါအခုမှပဲ သူတို့ရွက်တစ်ထောင်ဂိုဏ်း ဘာဖြစ်လို့ ဒီလောက် အားနည်းလာလဲဆိုတာကို နားလည်သွားတော့တယ်… ကမ္ဘာငယ်လေးဆီသွားတဲ့ ဝင်ပေါက်က ပိတ်သွားတာကိုး… ရှင်းရှင်းပြောရလို့ရှိရင် နင့်လိုလူတစ်ယောက်အတွက်တော့ အဲ့ဝင်ပေါက်ကို ပြန်ပြင်ဖို့က ဒီလောက်မခက်ပါဘူး…”
“အတတ်နိုင်ဆုံးတော့ ကြိုးစားကြည့်ရမှာပေါ့…” ရန်ကိုင်က ပုခုံးတွန့်ပြလိုက်လေသည်။
ရုတ်တရက်ဆိုသလို ဟွာချင်းစီသည် ညစ်ကျယ်ကျယ်ပြုံးလျက် “သခင်လေးရန်… ကမ္ဘာငယ်လေးထဲက ရွက်တစ်ထောင်ဂိုဏ်းရဲ့ အမွေအနှစ်ကို ရှာလို့တွေ့မယ် ဆိုရင်လေ ကျွန်မ ကြည့်ကြည့်လို့ရအောင် မိတ္တူလေးတစ်စုံ လုပ်ပေးလို့ အဆင်ပြေမလား…”
“အဲ့လိုမျိုးကတော့ လုပ်လို့မရဘူးနဲ့တူတယ်နော်…” ရန်ကိုင်သည် ဟွာချင်းစီအား စောင်းကြည့်လျက် “အဲ့ဒါက သူတို့ရဲ့ အဓိက အမွေအနှစ်ကြီးလေ…. သူတို့ရဲ့ အဓိကအမွေအနှစ်ကြီးကို နားလည်ပြီး နင်က ဘာလုပ်ချင်လို့လဲ…”
ဟွာချင်းစီက နှုတ်ခမ်းလေးကွေးလျက် “သူ့ကြည့်တော့ မသိရင် စိတ်မဝင်စားတဲ့ ပုံစံမျိုးနဲ့… ဘာပဲဖြစ်ဖြစ်လေ ငါက မကြာခင် ဧကရာဇ်အဆင့်ကို ချိုးဖြတ်တော့မှာဆိုတော့ အဲ့ဒါတွေကိုလည်း လေ့လာနေဖို့ အချိန်မရှိပါဘူး…”
ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလျက် “ငါ အတတ်နိုင်ဆုံး ကြိုးစားကြည့်ပေးမယ်လေ…”
ဟွာချင်းစီက ပြန်ပြောလိုက်လေ၏။ “အဲ့လိုမှပေါ့… ရွက်တစ်ထောင်ဂိုဏ်းက ရုပ်သေးရုပ်တွေကို ကောင်းကင်၊ မြေကြီး၊ အနက်ရောင်နဲ့ အဝါရောင်ဆိုပြီး အဆင့်လေးမျိုး ခွဲထားတယ်တဲ့… လောလောဆယ်တော့ သူတို့အဖွဲ့သားတွေအကုန်လုံးက အနက်ရောင်နဲ့ အဝါရောင်အဆင့် ရုပ်သေးရုပ်တွေကိုပဲ ထိန်းချုပ်နိုင်ကြတော့တယ်… မြေကမ္ဘာအဆင့်နဲ့ ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေကို ထိန်းချုပ်တဲ့နည်းလမ်းကတော့ ပျောက်သွားတာကြာပြီလေ…”
“အဲ့ဒါအမှန်ပဲ… အခုလာတဲ့ သူတို့ရဲ့ အဓိကတောင်ထွဋ်ပေါ်က ခန်းမထဲမှာ မြေကမ္ဘာရုပ်သေးရုပ် အခုသုံးဆယ်ကျော် တွေ့လိုက်သေးတယ်… ဒါပေမဲ့ ရီဟန်တို့ အဲ့ဒါကို လုံးဝမထိန်းချုပ်ဘူး… ကြည့်ရတာ သူတို့ဆီမှာ မြေကမ္ဘာရုပ်သေးရုပ်တွေအပြင် ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေပါ ရှိနေသေးတဲ့ပုံပဲ…” ရန်ကိုင်က ပြောလိုက်လေသည်။
ဟွာချင်းစီက ပြုံးလျက် “ကောင်းကင်အဆင့်ထက်မှာ စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ် ရှိတယ်ဆိုတာရော နင်သိလား…”
ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး ချက်ချင်း ပြန်မေးလိုက်လေသည်။ “စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်…”
ဟွာချင်းစီက ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။ “အဲ့ရုပ်သေးရုပ်တွေ တကယ်ရှိမရှိတော့ ငါလည်း သေချာမသိဘူး… ဒီတိုင်းပဲ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ စာကြည့်တိုက်ထဲက စာအုပ်တွေကို လိုက်ဖတ်ရင်းနဲ့ သိခဲ့ရတာ… ရေးထားတာကလည်း အပြည့်အစုံလည်း မဟုတ်တော့ ငါလည်း သေချာမပြောတတ်ဘူး… ကြယ်ဝိဉာဉ်နန်းတော်က တောင်ဘက်နယ်မြေတစ်ခုလုံးရဲ့ အရှင်သခင်ဆိုတာတော့ နင်သိတယ်မလား… အဲ့တော့ ငါတို့ဂိုဏ်းက တောင်ဘက်နယ်မြေထဲမှာ ရှိတဲ့ အခြားဂိုဏ်းတွေသုံးတဲ့ သိုင်းပညာရပ်တွေ ကျင့်စဉ်တွေအကြောင်းကို နည်းနည်းပါးပါးလိုက်ပြီး သုတေသန လုပ်ကြည့်ထားတယ်…”
“အင်း…” ရန်ကိုင် ချက်ချင်း စိတ်ဝင်စားသွားခဲ့လေသည်။
ဟွာချင်းစီက အလေးအနက်လေသံဖြင့် “ရွက်တစ်ထောင်ဂိုဏ်းရဲ့ ကောင်းကင်အဆင့် ရုပ်သေးရုပ်တစ်ရုပ်ချင်းစီတိုင်းက ဧကရာဇ်အဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်တယ်… အားအကောင်းဆုံးရုပ်သေးရုပ်တွေဆိုရင် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတွေနဲ့တောင် ယှဉ်နိုင်သေးတယ်… ဒါကြောင့်ပဲ သူတို့ တောင်ဘက်နယ်မြေထဲမှာ နာမည်ကျော်လာခဲ့တာ… စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်တွေကတော့… အဲ့လိုရုပ်သေးရုပ်တွေက ကိုယ်ပိုင်ဝိဉာဉ်ရှိတဲ့ ရုပ်သေးရုပ်တွေပဲ… သူတို့မှာ ကိုယ်ပိုင်အသိဉာဏ်ရှိပြီးသား… ဒါကြောင့် ကိုယ့်ဘာသာကိုယ် ကျင့်ကြံလို့ရတယ်… ကျင့်စဉ်တွေကို သူတို့ဘာသာသူတို့ နားလည်နိုင်တယ်… ရှင်းရှင်းပြောရရင် ငါတို့ လူသားတွေလိုပဲ တဖြည်းဖြည်း ကျင့်ကြံပြီး အားကောင်းလာနိုင်တယ်ပေါ့… အထူးသဖြင့် နင့်ရဲ့ ဟိုကျောက်တုံးကြီးလိုလေ…”
သူမပြောနေသည့် ကျောက်တုံးကြီးဆိုသည်မှာ ရန်ကိုင်၏ ကျောက်တုံးရုပ်သေးရုပ်ကို ပြောနေခြင်းပင် ဖြစ်လေသည်။
ဟွာချင်းစီစကားကို ကြားပြီးသည့်နောက်တွင် ရန်ကိုင် လုံးဝကို မင်သက်သွားခဲ့လေသည်။
ရုပ်သေးရုပ်များကို ရုပ်သေးရုပ်များဟု ခေါ်ကြရခြင်းမှာ ထိုရုပ်သေးရုပ်များတွင် ကိုယ်ပိုင်အသိဉာဏ် မရှိသလို သူတို့လှုပ်ရှားနိုင်ရန်အတွက် အခြားသူတစ်ဦးဦးမှ ထိန်းချုပ်ပေးရန် လိုအပ်သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ သူတို့တွင် ကိုယ်ပိုင်အသိဉာဏ်ရှိပြီး ကိုယ့်ဘာသာ ကျင့်ကြံနိုင်ဦးမည်ဆိုပါက သူတို့ကို ရုပ်သေးရုပ်များဟု ခေါ်ဦးမည်လား။ ထိုအရာသည် သက်ရှိများသာ ပိုင်ဆိုင်နိုင်သည့် အထူးအခွင့်အရေးဖြစ်ပေသည်။
ဟွာချင်းစီက ယဲ့ယဲ့လေးပြုံးလျက် “အဲ့လိုရုပ်သေးရုပ်တွေ တကယ်ရှိမရှိတော့ ငါလည်း သေချာမသိဘူး… စာအုပ်ထဲမှာ တွေ့လို့ပဲ နင့်ကို ပြန်ပြောပြတာ… အရင်နှစ်တွေတုန်းကတော့ ရွက်တစ်ထောင်ဂိုဏ်းမှာ စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်တွေ ရှိခဲ့ဖူးတဲ့ပုံပဲ… အရမ်းအများကြီးသာ မရှိတာပေါ့… ဒါပေမဲ့ အဲ့စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်တွေ ဘယ်ရောက်သွားလဲ ဘယ်အချိန်တုန်းက ပျောက်သွားတယ်ဆိုတာတော့ ဘယ်သူမှ မသိကြဘူး…”
ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင် တိတ်ဆိတ်သွားခဲ့လေသည်။
ကိုယ်ပိုင်အသိဉာဏ်ရှိသည့် ရုပ်သေးရုပ်…။ တကယ်ကို အံ့အားသင့်စရာပင်။ သို့သော်ငြား သေချာစဉ်းစားကြည့်မည်ဆိုပါက ထိုအရာမှာ ဖြစ်နိုင်ကြောင်း သိလာပေလိမ့်မည်။ ဤလောကကြီးသည် အလွန်တရာကိုမှ ကျယ်ပြောလှသလို အတောမသတ်နိုင်အောင် နက်နဲဆန်းကြယ်လှသည့် အရာများမှာလည်း ဤလောကကြီးတွင် ရှိနေကြလေသည်။ မှော်ရတနာစိတ်ဝိဉာဉ်ဖြစ်သော လျို့ယန်သည်ပင်လျှင် လူအသွင်ယူနိုင်လေရာ ရုပ်သေးရုပ်အနေဖြင့် ဘာကြောင့် ကိုယ်ပိုင် အသိဉာဏ် မရှိဘဲ နေရမည်နည်း။
တစ်ခုတည်းသော ပြဿနာဆို၍ ရုပ်သေးရုပ်တစ်ရုပ် ကိုယ်ပိုင်အသိဉာဏ်ရှိလာရန် အလွန်တရာကိုမှ မြောက်မြားလှသည့် အခြေအနေများနှင့် တိုက်ဆိုက်မှုများကို လိုအပ်ခြင်းသာ ရှိလေသည်။
“ဟမ်… ဒါနဲ့ နေပါဦး.. နင်ဘာဖြစ်လို့ ငါ့ကို ခေါ်လိုက်တာလဲ.. အခြားဘာမှ လုပ်စရာ မရှိတော့ရင် ငါသွားပြန်ကျင့်ကြံတော့မှာနော်…” ရန်ကိုင်တိတ်နေသည်ကိုမြင်သော် ဟွာချင်းစီက မေးလိုက်လေသည်။
ထိုအခါမှလည်း ရန်ကိုင်လည်း အသိပြန်ဝင်လာပြီး ပြန်ပြောလိုက်လေ၏။ “အစ်မဟွာ ပြန်သွားလို့မရသေးဘူး… ဒီမှာ ခဏနေရဦးမယ်… ကျုပ် အစ်မဟွာရဲ့ အကူအညီကို လိုသေးတယ်…”
“ဘာလိုတာလဲ…”
“ဒီရွက်တစ်ထောင်ဂိုဏ်းကို လာရင်းနဲ့ ကျုပ်ရဲ့ မိတ်ဆွေကောင်းအချို့ကို ပြန်ရှာတွေ့သွားတယ်လေ… ဒါပေမဲ့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်က ကျုပ်တို့ကို သိပ်ကြည့်ရတဲ့ ပုံမပေါ်ဘူး… ဒါကြောင့် ကျုပ်မရှိတဲ့အချိန် သူ ကျုပ်မိတ်ဆွေတွေကို တစ်ခုခုလုပ်လာမှာ စိုးနေတာ…”
ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း၏ ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ပေးရပေဦးမည်။ အခွင့်အရေးသာ ရလျှင် ကမ္ဘာငယ်လေးထဲသို့လည်း သူကိုယ်တိုင် ဝင်ကြည့်ချင်မိပေသေးသည်။ ထိုသို့သာဖြစ်လာမည်ဆိုလျှင် သူ့အနေဖြင့် ချီယွဲ့နှင့် အခြားသူများဘေးတွင် ရှိနေပေးနိုင်လိမ့်မည် မဟုတ်ချေ။
လက်ရှိအချိန်တွင် ချီယွဲ့နှင့် အခြားသူများမှာ တာအိုသခင် ပထမအဆင့်သာ ရှိကြသေးသည်။ ရှီချန်းယင်မှာတော့ သူတို့ကဲ့သို့ မဟုတ်ဘဲ တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သူတို့ကြား ကျင့်ကြံခြင်း ကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားနေသည်။ ရန်ကိုင်သာ သူတို့ဘေးနားတွင် မရှိနေပါက ရှီချန်းယင်သာ တစ်ခုခု လုပ်လာခဲ့လျှင် ချီယွဲ့နှင့် အခြားသူများ မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့် ချီယွဲ့နှင့် အခြားသူများအား ကာကွယ်ပေးစေနိုင်ရန်အတွက် ရန်ကိုင်သည် ဟွာချင်းစီကို ဆင့်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။ ရန်ကိုင်ပြောပြသည်ကို ကြားပြီးသည့်နောက် ဟွာချင်းစီက ချက်ချင်း သဘောတူလိုက်လေ၏။ “ကိစ္စမရှိဘူး… နင့်ကိစ္စကိုပဲ နင်ဂရုစိုက်ထား သခင်လေးရန်… တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးပဲမလား… သူသေချင်နေတယ်ဆိုရင် ငါသူ့ကို သေတွင်းထဲပို့ပေးမှာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် အေးစက်စက်အလင်းတစ်ချက် သူမမျက်လုံးထဲ ဖြတ်ပြေးသွားခဲ့လေသည်။ ဟွာချင်းစီအား ကြည့်ရသည်မှာ ကျင့်ကြံနေရင်း နှောင့်ယှက်ခံလိုက်ရသည့်အတွက် ရှီချန်းယင်ဆိုသည့်လူအား အတော်လေးကိုမှ အခဲမကြေဖြစ်နေသည့် ပုံပင်။
ဟွာချင်းစီနှင့် ရှီချန်းယင်သည် ကျင့်ကြံခြင်းမှာ တူညီကြသော်ငြား သူတို့၏နောက်ခံမှာ လုံးဝကို ကွဲပြားကြပေသည်။ ရှီချန်းယင်သည် ရွက်တစ်ထောင်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်တစ်ဦးသာ ဖြစ်လေရာ သူကျွမ်းကျင်ထားသော ပညာရပ်များမှာ ကြယ်ဝိဉာဉ်နန်းတော်မှ လာသည့် ဟွာချင်းစီ ပိုင်ဆိုင်ထားသော ပညာရပ်များနှင့် မည်ကဲ့သို့များ ယှဉ်နိုင်မည်နည်း။
သူတို့နှစ်ဦးသာ သူသေကိုယ်သေ တိုက်ခိုက်မည်ဆိုပါက ရှီချန်းယင်အနေဖြင့် ဟွာချင်းစီအား မည်ကဲ့သို့မှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
“အဲ့ဒါဆိုရင် အစ်မဟွာကိုပဲ ဒုက္ခပေးတော့မယ်နော်…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။
ဟွာချင်းစီသည် ရန်ကိုင့်အား စိတ်ညစ်ညစ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် မှုန်ကုပ်ကုပ်လေသံဖြင့် ပြောလိုက်လေ၏။ “သခင်လေးရန်ကို အစ်မဟွာရဲ့ ဝိဉာဉ်အမှတ်အသား ပေးလိုက်ပြီဆိုမှတော့ အစ်မဟွာ ကိုယ့်ကံတရားကို လုံးဝ စွန့်လွှတ်လိုက်ပြီ… အစ်မဟွာ မျှော်လင့်တာက သခင်လေးရန်အနေနဲ့ အစ်မဟွာကို ကောင်းကောင်းဆက်ဆံပေးဖို့ပဲ… သခင်လေးရန် အစ်မကို မဆူဘူး မရိုက်ဘူးဆိုရင် အားလုံးအဆင်ပြေပါတယ်…”
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ဆိုးရွားသည့်ကံတရားကို ခံစားနေရသည့်အလား သူမ၏မျက်လုံးလေးများကို ပွတ်သပ်လိုက်လေသည်။
ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင် ဇောချွေးပြန်သွားခဲ့ပြီး နဖူးထက်တွင် ဝေ့သီလာသော ချွေးများကို အလျင်စလို သုတ်လျက် သတိပေးလိုက်လေသည်။ “အစ်မဟွာ… အဲ့စကားတွေကို ချီယွဲ့ရှေ့မှာ လုံးဝ သွားမပြောနဲ့နော်… မဟုတ်ရင် ကျုပ် သေလိမ့်မယ်…”
ထိုစကားကိုကြားသော် ဟွာချင်းစီသည် အနည်းငယ် ကြောင်အမ်းအမ်းအမူအယာဖြင့် နှုတ်ခမ်းလေးကွေးလျက် “သခင်လေးရန်က ဒီအစ်မဟွာ၊ ရို့ရှီနဲ့ လျို့ယန်တို့ရှိနေတာတောင် မကျေနပ်သေးတာလား… အခြားအမျိုးသမီးတွေ ထပ်သွားရှာသေးတယ်ပေါ့… အစ်မဟွာတို့ညီအစ်မတွေက သူတို့တွေထက် နိမ့်ကျနေလို့လား…”
ရန်ကိုင့်နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့လေသည်။ ထို့နောက် ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေ၏။ “အရူးလုပ်မနေတော့နဲ့… မဟုတ်ရင် ကျုပ် ခင်ဗျားကို သတ်တော့မှာနော်…”
ဟွာချင်းစီက ချိုမြိန်စွာ အော်ရယ်မောလျက် လှုပ်လီလှုပ်လဲ့ဖြင့် တံခါးဆီသို့ လျှောက်သွားလိုက်လေ၏။ ထို့နောက် ရန်ကိုင့်ဘက်သို့ တစ်ချက်လှည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “အဲ့အမျိုးသမီးကို တော်တော်ကြောက်နေတဲ့ပုံကို ကြည့်ရရင် အဲ့အမျိုးသမီးက သခင်လေးရန်ရဲ့ဟာကွက်တစ်ခုခုကို အပိုင်ချုပ်ထားတဲ့ပုံပဲ… ဟုတ်တယ်မလား…”
“ခင်ဗျားဘာလုပ်ဖို့ ကြိုးစားနေတာလဲ…” ရန်ကိုင်က အလန့်တကြား ထအော်လိုက်လေသည်။ “သူ့ကိုသွားရှာဖို့လား…”
ဟွာချင်းစီက ပြန်ပြောလိုက်လေ၏။ “စိတ်မပူနဲ့… သူ့ကို တိတ်တိတ်လေး ကာကွယ်ပေးမှာ… ဒီမှာ အခန်းတွေအများကြီးပဲ… ငါ့ဘာသာငါ အခန်းတစ်ခန်း သွားရှာပြီးနေမလို့…”
ထိုသို့ပြောပြီးသည့်နောက်တွင် အခန်းတံခါးကို ဖွင့်၍ ရန်ကိုင့်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်လည်း သေချာသွားအောင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်လေ၏။ ဟွာချင်းစီ သူ့ဘာသာ အခန်းတစ်ခန်း သွားရှာပြီး နေနေသည်ကို မြင်သည့်အခါမှသာ စိတ်အေးသွားနိုင်ခဲ့လေသည်။
တစ်နေ့တွင် ရီကျင်းဟန် ရန်ကိုင်ဆီသို့ ရောက်လာခဲ့လေသည်။ သို့သော်ငြား အံ့အားသင့်ဖွယ်ကောင်းစွာပင် ရီကျင်းဟန်သည် ရန်ကိုင့်အား ဟင်းလင်းပြင်အစီအရင်အား ပြန်ပြင်ပေးရန် လာရောက်တောင်းဆိုခြင်း မဟုတ်ဘဲ သူတောင်းဆိုထားသည့် ဆေးပင်များကို လာပို့ခြင်းသာ ဖြစ်လေသည်။
သူတောင်းဆိုထားသည့် ဆေးပင်များမှာ ရှာရမခက်လှသော်ငြား လျင်လျင်မြန်မြန်လည်း ရှာတွေ့နိုင်သည့် ဆေးပင်မျိုးမဟုတ်ချေ။ ထို့အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်းမှ တစ်ခဏလေးအတွင်း ထိုဆေးပင်များအား ရှာတွေ့လာသည်ကို မြင်သော် ရန်ကိုင်အနည်းငယ် အံ့အားသင့်မိသွားခဲ့လေ၏။ သို့သော်ငြား မည်သို့ပင် ဖြစ်နေစေကာမူ ဆေးပင်များကို ရလာသည့် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ချိုက်ဟူအတွက် သွေးခဲဆေးလုံးကို စတင်ဖော်စပ်ပေးတော့လေသည်။
ရီကျင်းဟန်အား ကျေးဇူးတင်စကား ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ၏ဆေးမီးဖိုကို ထုတ်၍ စတင် ဆေးဖော်စပ်တော့လေသည်။
နေ့တစ်ဝက်ကြာပြီးသည့်နောက်တွင် သွေးခဲဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေ၏။
သွေးခဲဆေးလုံး ဖော်စပ်ပြီးသည့်အကြောင်း ကြားလိုက်သည့်နောက်တွင် ချီယွဲ့နှင့် အခြားသူများသည် ချိုက်ဟူအခန်းဆီသို့ ရောက်လာခဲ့ကြလေသည်။ လက်ရှိအချိန်တွင် အကုန်လုံးမှာ ချိုက်ဟူအား စိုးရိမ်တကြီးဖြင့် ကြည့်နေကြလေ၏။
ချိုက်ဟူ၏ လက်ထဲတွင် ဆေးလုံးခြောက်လုံးပါသည့် ကျောက်စိမ်းပုလင်း တစ်ပုလင်း ရှိနေခဲ့လေသည်။ ချိုက်ဟူသည် အနည်းငယ်စိတ်လွတ်နေသည့် အမူအယာမျိုးဖြင့် ထိုပုလင်းကို ဆုပ်ကိုင်ရင်း ထိုင်နေခဲ့လေသည်။
“ရန်ကိုင်… ဒါနင်ပြောတဲ့ သွေးခဲဆေးလုံးတွေလား…” ချီယွဲ့သည် ရန်ကိုင့်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် အလေးအနက်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “အခုလောလောဆယ်အနေနဲ့ စီနီယာချိုက် အဲ့ဆေးလုံးတစ်လုံးကို သောက်ဖို့လိုလိမ့်မယ်… အခု စီနီယာချိုက် အဲ့ဆေးလုံးထဲက အာနိသင်တွေကို စုပ်ယူနိုင်အောင် ကျုပ် ကူညီပေးမယ်… ဒီနည်းအတိုင်း သုံးရက်ကြာတိုင်း သုံးရက်ကြာတိုင်းမှာ ဆေးလုံးတစ်လုံးစီ တစ်လုံးစီကို သောက်ရလိမ့်မယ်… အဲ့လိုနဲ့ လဝက်ကြာသွားလို့ရှိရင် စီနီယာချိုက်ကိုယ်ထဲက အဆိပ်တွေ အကုန်ပျယ်သွားလိမ့်မယ်…”
ထိုစကားကိုကြားသော် ချိုက်ဟူ၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ ထို့နောက် ရန်ကိုင့်အား ခေါင်းမော့ကြည့်လျက် တံတွေးတစ်လုပ်မျိုချရင်း မေးလိုက်လေ၏။ “အဆိပ်ပျယ်သွားလို့ရှိရင် ငါ့ကျင့်ကြံခြင်း…”
“တန်ခိုးရှင်ဘုရင် တတိယအဆင့်မှာပဲ ရှိနေဦးမှာ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။
ထိုစကားကိုကြားသော် ချိုက်ဟူအနည်းငယ် စိတ်ဓာတ်ကျသွားခဲ့လေသည်။ ချီယွဲ့နှင့် အခြားသူများ၏ အမူအယာများမှာလည်း သုန်မှုန်သွားခဲ့ကြလေ၏။
ရန်ကိုင်က ဆက်ပြောလိုက်လေ၏။ “ဒါပေမဲ့ စီနီယာချိုက်သာ ဆက်ပြီး ကျင့်ကြံနေမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ပြန်ဖြစ်လာနိုင်လိမ့်မယ်…”
ထိုစကားကိုကြားသော် ချိုက်ဟူ၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာပြီး ရန်ကိုင့်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်၍ “ညီလေးရန် ပြောချင်တာက ကျုပ်ရဲ့ အရင်ကျင့်ကြံခြင်းကို ပြန်ရနိုင်တယ်ပေါ့…”
ရန်ကိုင်က ပြောလိုက်လေသည်။ “ရနိုင်တာပေါ့… စီနီယာချိုက်ရဲ့ကျင့်ကြံခြင်းက အဆိပ်ကြောင့်ပဲ ဖိနှိပ်ထားခံရတာ… အဆိပ်သာမရှိတော့ရင် ဘာမှမဖြစ်တော့ဘူး… စီနီယာချိုက်သာ ကြိုးကြိုးစားစားကျင့်ကြံရင် အရင်ကျင့်ကြံခြင်းကို ပြန်ရနိုင်လိမ့်မယ်…”
ကွေ့ဇူက စိုးရိမ်တကြီးဖြင့် ဝင်ပြောလိုက်လေသည်။ “ခင်ဗျားသေချာရဲ့လား ဂိုဏ်းချုပ်…”
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ဒီလိုကိစ္စမျိုးကို ကျုပ်နောက်မယ်ထင်နေတာလား…”
“အဲ့ဒါဆိုကောင်းတယ်…” ချီယွဲ့ စိတ်သက်သာရာ ရသွားခဲ့လေသည်။ ချိုက်ဟူသာ ယခင်ကျင့်ကြံခြင်းအား ပြန်လည်မရရှိနိုင်တော့ဘူးဆိုပါက သူမနှင့် အခြားသူများအားလုံး စိတ်ထဲ အပြစ်မကင်းသလို ခံစားနေကြရပေလိမ့်မည်။ တကယ်တော့ ချိုက်ဟူ ဤကဲ့သို့ ဒုက္ခရောက်ခဲ့ရခြင်းမှာ သူတို့အတွက် အချိန်ဆွဲထားပေးသည့် အတွက်ကြောင့် မဟုတ်လေလော။
ထို့အတွက်ကြောင့် သူ၏ကျင့်ကြံခြင်းလမ်းကြောင်းတွင် မည်သည့်အတားအဆီးမှ မရှိတော့ဘူးဟု ရန်ကိုင်မှ ပြောလာသည့်အခါ အကုန်လုံး ဝမ်းသာသွားခဲ့ကြခြင်း ဖြစ်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၂၄)
ရန်ကိုင်၏ အတည်ပြုချက်ကို ရပြီးသည့်နောက်တွင် ချိုက်ဟူသည် ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ သွေးခဲဆေးလုံးကို ချက်ချင်း သောက်ပစ်လိုက်လေသည်။ ချီယွဲ့နှင့် အခြားသူများသည် စိုးရိမ်တကြီး အမူအယာများဖြင့် ဘေးမှ စောင့်ကြည့်နေကြလေ၏။
ရွက်တစ်ထောင်ဂိုဏ်းထဲရှိ အဓိကတောင်ထွဋ်ဆီမှ မိုင်သုံးရာခန့် ဝေးကွာသော နေရာတွင် တောင်တစ်လုံး ရှိပေသည်။ ထိုတောင်ပေါ်၌ ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီးတစ်ခု ရှိလေ၏။
လက်ရှိအချိန်တွင် ထိုနန်းတော်ကြီးထဲရှိ အခန်းတစ်ခန်းထဲ၌ ရှီချန်းယင်သည် လက်နောက်ပစ်လျက် လက်အောက်ငယ်သားတစ်ဦးမှ တင်ပြနေသည်ကို နားစိုက်ထောင်နေခဲ့လေသည်။
တစ်ခဏအကြာ၌ ပြန်ပြောလိုက်လေ၏။ “အပြင်လူတွေက အဓိကနန်းတော်မှာ နေနေတယ်လို့ မင်းပြောတာလား…”
တပည့်က တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။ “ဟုတ်ပါတယ် ဒုဂိုဏ်းချုပ်…”
“အရင်နှစ်ရက်အတွင်း သူတို့ အပြင်တွေဘာတွေ သွားတာ ရှိသေးလား…”
“မရှိပါဘူး… သူတို့ကမသွားဘဲ ဂိုဏ်းချုပ်ကပဲ သူတို့ဆီသွားနေတာပါ…”
“သူတို့ ဒီကို ဘာလို့လာလဲဆိုတာရော မင်းသိလိုက်ရသေးလား…” ရှီချန်းယင်က ထပ်မေးလိုက်လေသည်။
“အဲ့အကြောင်းကိုတော့ မသိရပါဘူး… ဒါပေမဲ့…”
“ဒါပေမဲ့ ဘာလဲ…”
“ဒါပေမဲ့ အဲ့ ရန်ကိုင်ဆိုတဲ့ကောင်လေးက ဆေးပညာတာအိုမှာ တော်တော်လေးကျွမ်းတယ်လို့ သိရပါတယ်… ဥတုလေးမျိုးနယ်မြေထဲမှာ အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့တာလည်း သူပါပဲ… သူကိုယ်တိုင်ကလည်း တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦးဆိုတော့ သူတို့ ဒီကို ရောက်နေတာ ဆေးပညာနဲ့ပတ်သက်နေလိမ့်မယ်လို့ တပည့် ထင်ပါတယ်…”
“ဆေးပညာ…” ရှီချန်းယင်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး အသာအယာခေါင်းညိတ်လျက် “ဖြစ်နိုင်တယ်… ရီဟန်က အသက်ကြီးနေပြီ… ဒါပေမဲ့ သူ့ကျင့်ကြံခြင်းက ဆက်တက်မလာဘူး… ဒါကြောင့် ဆေးလုံးအကူအညီသုံးပြီး အဆင့်ချိုးဖြတ်ဖို့ ကြိုးစားနေတာ ဖြစ်လောက်တယ်… ဒါပေမဲ့ ဆေးပညာသက်သက်နဲ့ဆိုရင်တော့ ရီဟန် သူတို့တွေကို ဒီလောက် တလေးတစားနဲ့ ဆက်ဆံနေစရာတောင်မလိုဘူး… ငါ့ကိုတောင် မျက်နှာသာမပေးဘဲနဲ့ သူတို့ကို ဒီလောက်လေးစားနေတာ အခြားအကြောင်းအရင်း ရှိရလိမ့်မယ်…”
ထိုတပည့်က ပြန်ပြောလိုက်လေသည်။ “အဲ့ရန်ကိုင်ဆိုတဲ့ကောင်လေးမှာ အဆုံးမဲ့ရတနာဆေးလုံး တစ်လုံးလုံးများ ရှိနေသေးသလားမှ မသိတာ…”
ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် ရှီချန်းယင်၏ ခန္ဓာကိုယ် တဆတ်ဆတ်တုန်ရီသွားခဲ့ပြီး သူ့မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့လေသည်။
သေချာစဉ်းစားကြည့်မည်ဆိုပါက တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသော ရီဟန်အနေဖြင့် အဆုံးမဲ့ရတနာဆေးလုံးကဲ့သို့သော ရတနာမျိုး၏ အကူအညီဖြင့်သာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်ပေလိမ့်မည်။ ရန်ကိုင့်တွင်သာ ထိုကဲ့သို့သော ဆေးလုံးတစ်လုံး ရှိနေမည်ဆိုပါက အကုန်လုံး ယုတ္တိရှိသွားခဲ့လေပြီ။
အဆုံးမဲ့ရတနာဆေးလုံးအား မလိုချင်သည့် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူ ဤလောကကြီးတွင် မရှိချေ။ ထိုဆေးလုံးသည် သူတို့အား ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်သော ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ ရီဟန် ထိုအကြောင်းကို ကျိန်းသေသိသည်။ ထို့ကြောင့်ပင်လျှင် ထိုကောင်လေးအား အလွန်တကိုမှ တလေးတစား ဆက်ဆံနေခြင်း ဖြစ်လေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ရှီချန်းယင်၏စိတ်ထဲ လောဘမီးတောက်တို့ ရုတ်တရက် လောင်မြိုက်လာခဲ့လေ၏။
သူသည်လည်း တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ သို့ရာတွင် ဧကရာဇ်အဆင့်မှာ လက်ရှိ သူနှင့် အတော်လေးကိုမှ ကွာလှမ်းနေသေး၏။ သို့သော်ငြား သူသာ အဆုံးမဲ့ရတနာဆေးလုံးကို ရနိုင်မည်ဆိုပါက ကောင်းကင်လမ်းစဉ်အား ပို၍ နက်နက်နဲနဲ ထိုးထွင်းသိမြင် နားလည်နိုင်မည်ဖြစ်ကာ အချိန်တိုတိုအတွင်း ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ပေလိမ့်မည်။
“ဒုဂိုဏ်းချုပ်… အခြားကိစ္စတစ်ခုလည်း ရှိပါသေးတယ်…” ရှီချန်းယင် အတော်ကြာအောင် တိတ်ဆိတ်နေသည်ကိုမြင်သော် ထိုတပည့်က ထပ်ပြောလိုက်လေသည်။
“ဘာကိစ္စလဲ…” ရှီချန်းယင်က ထပ်မေးလိုက်၏။
“ပြောကြတာတော့ ကောင်းကင်ရောင်စဉ်နန်းတော်နဲ့ ကောင်းကင်ထွဋ်မြတ်ကျောင်းတော်ကလူတွေ လှုပ်ရှားနေကြတယ်ဆိုပြီး ကောလဟာလတွေ ထွက်နေပါတယ်… သူတို့ကြည့်ရတာ ရွက်တစ်ထောင်ဂိုဏ်းကို သိပ်ပြီး ကြည့်မရတဲ့ပုံပါပဲ…”
ထိုစကားကိုကြားသော် ရှီချန်းယင်၏ခန္ဓာကိုယ် နောက်တစ်ကြိမ် ထပ်မံတုန်ခါသွားခဲ့လေသည်။ ထို့နောက် တပည့်ဆီသို့ လှည့်ကြည့်လျက် “မင်းပြောတာ အမှန်ပဲလား…”
ထိုတပည့်က ပြန်ပြောလိုက်လေ၏။ “ဒါတွေက သူများတွေပြောနေကြတာဆိုတော့ တကယ်ဟုတ်မဟုတ်တော့ တပည့်လည်း မသေချာပါဘူး…”
“အဲ့ဒါဆို သေသေချာချာ သွားစစ်ဆေးကြည့်လိုက်… မင်း ရသမျှ နည်းလမ်းကိုသုံးပြီး တကယ်ဟုတ်မဟုတ် သေချာစစ်ဆေးကြည့်… သိရတာနဲ့ ငါ့ဆီ ချက်ချင်းပြန်လာပြော…” ရှီချန်းယင်က အနည်းငယ် ပျာယာခတ်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။
ကောင်းကင်ထွဋ်မြတ်ကျောင်းတော်နှင့် ကောင်းကင်ရောင်စဉ်နန်းတော်တို့သာ ရွက်တစ်ထောင်ဂိုဏ်းအား တိုက်ခိုက်လာမည်ဆိုပါက သူတို့၏ လက်ရှိခွန်အားနှင့် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့ဂိုဏ်းနှစ်ဂိုဏ်းစလုံးသည် ရွက်တစ်ထောင်ဂိုဏ်းအောက် နိမ့်ကျခြင်း မရှိသည့် ဂိုဏ်းများဖြစ်ကြသည်။ အထူးသဖြင့် ကောင်းကင်ရောင်စဉ်နန်းတော်ပင်။ ကောင်းကင်ရောင်စဉ်နန်းတော်၏ ဂိုဏ်းချုပ်ဖြစ်သော ချိုကျဲသည် လွန်ခဲ့သည့်နှစ်များအတွင်း ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန် ကြိုးစားနေသည်ဟု ပြောကြသည်။ ချိုကျဲသည်သာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်သွားနိုင်မည်ဆိုပါက မိုင်တစ်သိန်းအတွင်းရှိ ဂိုဏ်းများ၏ အဆင့်အတန်းမှာ စတင် ပြောင်းလဲသွားရပေတော့မည်။ ဂိုဏ်းအားလုံးသည် ကောင်းကင်ရောင်စဉ်နန်းတော် သနားပေးမှ ချမ်းသာရာရသည့် ဘဝမျိုးသို့ ရောက်သွားကြရပေလိမ့်မည်။
ထို့အတွက်ကြောင့် ထိုဂိုဏ်းနှစ်ဂိုဏ်း ရွက်တစ်ထောင်ဂိုဏ်းအား တိုက်ခိုက်ချင်နေသည် ဆိုသည့်အကြောင်းကို ကြားလိုက်သော် ရှီချန်းယင် ပျာယာခတ်သွားခဲ့ခြင်း ဖြစ်လေသည်။ ထိုတပည့် ထွက်သွားပြီးသည့်နောက်တွင် ရှီချန်းယင်သည် စိုးရိမ်တကြီးအမူအယာဖြင့် အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့လေ၏။
အချိန်အတော်ကြာသွားပြီးသည့်နောက်တွင် ရုတ်တရက်ရပ်လိုက်ပြီး အေးစက်စက်အကြည့်ဖြင့် အံကြိတ်ကာ ပြောလိုက်လေသည်။ “ရီဟန်… ရီဟန်… မင်းက ငါအကြံပေးတာကိုတောင် နားမထောင်ဘဲ မြေခွေးတွေကို ဂိုဏ်းထဲ တကယ်ကြီး ခေါ်သွင်းလာခဲ့တယ်ပေါ့… အဲ့လိုဆိုမှတော့လည်း ငါတို့ရဲ့ရင်းနှီးမှုကို မထောက်ထားဘူးဆိုပြီး ဒီလူအိုကြီးကို လာအပြစ်မတင်တော့နဲ့ပေါ့ကွာ… ငါတို့ရွက်တစ်ထောင်ဂိုဏ်းရဲ့ အနာဂတ်အတွက် ငါ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိပြီးသား… ဘိုးဘေးတွေရဲ့ အမွေအနှစ်ကို မင်းလက်မှာ ဆုံးရှုံးသွားလို့မဖြစ်ဘူး… မဟုတ်ရင် ဒီလူအိုကြီး တမလွန်ဘဝရောက်တဲ့အချိန်ကြရင် ဘိုးဘေးတွေကို ဘယ်မျက်နှာနဲ့ သွားရင်ဆိုင်ရမှာလဲ…”
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်အလား သူ့အကြည့်မှာ လုံးဝကို ပြတ်သားသွားခဲ့လေသည်။
တခဏအကြာတွင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူ၏ ယုံကြည်ရသော တပည့်အချို့ကို ဆင့်ခေါ်လိုက်လေသည်။ ရှီချန်းယင်၏အမိန့်ကို ရပြီးသည့်နောက်တွင် ထိုတပည့်များသည် အလျင်အမြန် ပြန်လည်ထွက်ခွာသွားကြလေ၏။
ရန်ကိုင်တို့ ရွက်တစ်ထောင်ဂိုဏ်းသို့ရောက်ပြီး သုံးရက်ခန့်အကြာတွင် ချိုက်ဟူ၏အခြေအနေမှာ ပိုမိုကောင်းမွန်လာခဲ့လေသည်။ သူ့ကိုယ်ထဲရှိ အဆိပ်မှာ လုံးဝကို ပျောက်ကင်းသွားခြင်း မရှိသေးသော်ငြား ထိုအဆိပ်များသည် သူ၏ ဒန်တျန်နှင့် သွေးကြောများကို ယခင်ကကဲ့သို့ တိုက်စားနေခြင်းမျိုး မရှိတော့ချေ။ သူသာ ရန်ကိုင်ပေးသည့် ဆေးလုံးများကို သုံးရက်တစ်ခါ သောက်သုံးပေးနေမည်ဆိုပါက သူ့ကိုယ်ထဲရှိအဆိပ်မှာ လဝက်အတွင်း လုံးဝကို ပျောက်ကင်းသွားပေလိမ့်မည်။
ထို့အတွက်ကြောင့် ချိုက်ဟူမှာ ရန်ကိုင့်အား အလွန်ကိုမှ ကျေးဇူးတင်နေမိလေသည်။
အခြားတစ်ဖက်တွင်တော့ ချီယွဲ့နှင့် အခြားသူများမှာမူ ရန်ကိုင့်အား ဘာမှမပြောခဲ့ပေ။ ကြယ်စီရင်စုတစ်ခုတည်းမှ အတူတူလာကြသူများ ဖြစ်ကြသည့်အတွက်ကြောင့် သူတို့ကြားရှိ ဆက်ဆံရေးမှာ အတော်လေးကိုမှ ခိုင်မြဲနေပြီဟု ပြော၍ရသည်။ ချိုက်ဟူသည် သူတို့၏ သွေးသောက်ညီအစ်ကို ဖြစ်လေရာ ရန်ကိုင်၏ စီနီယာဆိုလည်း မမှားချေ။ ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် သူ့အား ကူညီပေးရမည်မှာ ပို၍ပင် သဘာဝကျသေး၏။
ရန်ကိုင်ကိုယ်တိုင်သည်လည်း ချိုက်ဟူမှ ချီယွဲ့နှင့် အခြားသူများနှင့် မိတ်ဆွေဖွဲ့ခဲ့သည့်အပေါ် အတော်လေးကိုမှ ဝမ်းသာနေမိလေသည်။ သူတို့ပြောခဲ့ပုံအရ ချီယွဲ့နှင့် အခြားသူများ၏ဘဝမှာ ချိုက်ဟူ၏အကူအညီသာ မပါလျှင် ပို၍ ခက်ခဲခဲ့မည့်ဆိုသည်ပင်။
ထို့အပြင် ချီယွဲ့ကိုကယ်တင်ရန်အတွက် ချိုက်ဟူသည် သူ့အသက်ကိုပင်လျှင် ဂရုမစိုက်ဘဲ စတေးခဲ့လေသည်။ အောင်မြင်နိုင်ချေ အလွန်နည်းပါးမှန်း သိသည့်တိုင် တုံ့ဆိုင်းခြင်းမရှိ ချီယွဲ့အား သွားရောက်ကယ်တင်ခဲ့သည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် သူ့၏ ရောင်းရင်းညီအစ်ကိုများအပေါ် ချိုက်ဟူ မည်မျှ အလေးထားမှန်း သိနိုင်ပေသည်။ ရန်ကိုင်သာ ထိုနေ့တွင် ထိုနေရာ၌ ရှိမနေခဲ့ပါက ချိုက်ဟူသည် အလကားသက်သက် သေသွားရပေလိမ့်မည်။
တတိယမြောက်နေ့၌ ရန်ကိုင်သည် သူ့အခန်းထဲ တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရလေသည်။ တစ်ဖက်လူ တံခါးဖွင့်လာမည်ကို စောင့်မနေတော့ဘဲ ရန်ကိုင်သည် ချက်ချင်းပဲ တံခါးဖွင့်ပေးလိုက်လေရာ အခန်းအပြင်ဘက်တွင် ရပ်နေသော ရီကျင်းဟန်ကို တွေ့လိုက်ရလေ၏။
အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် ရီကျင်းဟန်က လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ “သခင်လေးရန်…”
“အထဲဝင်လာပြီးပြော…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
ရီကျင်းဟန်လည်း ခေါင်းညိတ်၍ အခန်းထဲသို့ ဝင်သွားလိုက်လေ၏။
အခန်းထဲသို့ ဝင်လာပြီး ထိုင်ခုံတစ်လုံး ယူထိုင်ပြီးသည့်နောက်တွင် ရီကျင်းဟန်က မေးလိုက်လေသည်။ “ဒီမှာနေရတာ ဘယ်လိုနေလဲသခင်လေးရန်…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ညီမရီ ဒီကိုလာတာ အဲ့မေးခွန်းသက်သက်ပဲ မေးဖို့တော့ မဟုတ်ဘူးမလား…”
ရန်ကိုင့်၏အမေးကိုကြားသော် ရီကျင်းဟန် ရှက်သွားခဲ့လေသည်။
ရန်ကိုင်က ထပ်ပြောလိုက်လေ၏။ “ပြောစရာရှိတာသာ ပြောပါ ညီမရီ…”
ထိုစကားကိုကြားသော် ရီကျင်းဟန်က ဝမ်းသာအားရဖြင့် မေးလိုက်လေ၏။ “သခင်လေးရန် အခြားလုပ်စရာ ကိစ္စတွေများ ရှိသေးလား…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဘာရှိရဦးမှာလဲ… ကျုပ် ဒီကိုလာတာ ကမ္ဘာငယ်လေးအတွက်ပဲ လာခဲ့တာလေ… ဘာလဲ ရွက်တစ်ထောင်ဂိုဏ်းက ပြင်ဆင်လို့မပြီးသေးလို့လား…”
“မဟုတ်ပါဘူး မဟုတ်ပါဘူး…” ရီကျင်းဟန်က အလျင်စလို လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်လေသည်။ “ရွက်တစ်ထောင်ဂိုဏ်းဘက်က အကုန် အဆင့်သင့်ဖြစ်သွားပါပြီ… အဖေက သခင်လေးရန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေတာပါ… ကျေးဇူးပြုပြီး ကျွန်မနောက်လိုက်ခဲ့ပေးပါ သခင်လေးရန်…”
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ထိုင်ရာမှ ချက်ချင်းထရပ်ကာ အခန်းအပြင်ဘက်သို့ ထွက်သွားလေသည်။
ရန်ကိုင်လည်း ရီကျင်းဟန်နောက်မှ လိုက်သွားခဲ့လေသည်။ ခေတ္တမျှ ကြာပြီးသည့်နောက်တွင် သူတို့နှစ်ဦးသည် အလွန်ကိုမှ ရင်သက်ရှုမောဖွယ်ကောင်းလှအောင် လှပသော ရှုခင်းများဖြင့် ပြည့်နှက်နေသည့် တောင်ကြားတစ်ခုသို့ ရောက်လာခဲ့လေသည်။
ထိုနေရာသို့အရောက်တွင် ရန်ကိုင် မျက်ခုံးပင့်သွားမိခဲ့ပြီး တောင်ကြားထဲရှိ ရှုခင်းများကို သေသေချာချာ စိုက်ကြည့်နေမိလိုက်သည်။
ထိုရှုခင်းများနှင့် ပတ်သက်၍ တစ်မျိုးတစ်ဖုံ ထူးခြားနေမှန်းကို ရန်ကိုင် သတိပြုမိခဲ့၏။ သို့သော်ငြား ဘာထူးခြားလို့ ထူးခြားနေမှန်းကို မပြောနိုင်ကြပေ။
ထိုအခါ ရီကျင်းဟန်က စ၍ ရှင်းပြလိုက်လေသည်။ “ဒါက ပုံရိပ်ယောင်အစီအရင်တစ်ခုပဲ… အဲ့အစီအရင်ကို ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဘိုးဘေးက ခင်းကျင်းခဲ့တာ… ဒီမှာ ခဏလောက် စောင့်နေပေးပါနော် သခင်လေးရန်… ဒီအစီအရင်ကို ဖယ်ပေးဖို့ ကျွန်မအဖေကို လှမ်းအကြောင်းကြား ပြီးသွားပြီ…”
(ပုံရိပ်ယောင်အစီအရင်ပေါ့….) တောင်ကြားထဲရှိ ရှုခင်းနှင့် ပတ်သက်၍ ဘာကြောင့် တစ်ခုခု ထူးခြားနေသလဲဟု ခံစားနေရမှန်း ယခုမှသာ ရန်ကိုင် နားလည်သွားတော့လေသည်။
ရန်ကိုင်၏ ခွန်အားမှာ အတော်လေးကိုမှ မြင့်မားနေသလို သူ့ကောင်းကင်စိတ်အာရုံမှာလည်း ထူးထူးခြားခြားကို အားကောင်းနေသည့်တိုင် ဤတောင်ကြားနှင့် ပတ်သက်၍ မည်ကဲ့သို့များ ထူးခြားနေမှန်းကို ရန်ကိုင် အဖြေမရှာနိုင်ခဲ့ချေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဤစိတ်ဝိဉာဉ်အစီအရင် မည်မျှ ဆန်းကြယ်ကြောင်းကို မြင်တွေ့နိုင်၏။ ဤအစီအရင်အား ခင်းကျင်းခဲ့သည့်လူသည် အနည်းဆုံး ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ရပေလိမ့်မည်။ ဧကရာဇ်အဆင့် ပညာရှင်များသည်သာ ထိုကဲ့သို့ လုပ်နိုင်ပေ၏။
ထိုကဲ့သို့ တွေးလိုက်မိသော် ရန်ကိုင်လည်း စိတ်ဝင်စားသွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ တောင်ကြားထဲရှိ အစီအရင်ကို သေသေချာချာ စစ်ဆေးကြည့်လေသည်။
သို့ရာတွင် သူမည်သို့ပင် ကြိုးစားနေစေကာမူ ဘာကိုမှ မသိခဲ့ရပေ။
တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံထားသော ပုံရိပ်ယောင်အစီအရင်သည် သဘာဝနှင့် အပြည့်အဝ ပေါင်းစပ်နေသည့်အလား တကယ့်ရှုခင်းနှင့် ပုံရိပ်ယောင်မှ ဖန်တီးထားသော ရှုခင်းကို မည်သို့မှ မခွဲခြားနိုင်အောင် ဖြစ်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်မိသွားခဲ့လေ၏။
ရွက်တစ်ထောင်ဂိုဏ်း နိမ့်ကျလာနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ဤပုံရိပ်ယောင်အစီအရင်ကို ခင်းကျင်းခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရပေလိမ့်မည်။ အချိန်၏ တိုက်စားမှုကို ခံခဲ့ရသည့်တိုင် ပုံရိပ်ယောင်အစီအရင်မှာတော့ အားကောင်းစွာ ဆက်လက်တည်ရှိနေသေး၏။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဤအစီအရင်အား ခင်းကျင်းခဲ့သည့်လူ မည်မျှအားကောင်းကြောင်း အစီအရင်များအပေါ် ထိုလူ၏ကျွမ်းကျင်မှု မည်မျှ မြင့်မားကြောင်းကို မြင်တွေ့နိုင်ပေသည်။
ဘေးဘက်တွင်ရှိနေသော ရီကျင်းဟန်သည် သူမ၏ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် သေသေချာချာ စစ်ဆေးကြည့်လေသည်။ မည်သူမျှ မရှိမှန်း အတည်ပြုပြီးသည့်နောက်မှသာ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ သူမ၏အဖေ ရီဟန်ကို ဆက်သွယ်လိုက်လေ၏။
ခဏအကြာတွင် ငြိမ်သက်နေသည့် ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံး ကျသွားသည့်နှယ် ရန်ကိုင်တို့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်တွင် လှိုင်းတွန့်လေးများ စတင် ထွက်ပေါ်လာလေသည်။
ထိုအချင်းအရာကိုမြင်သော် ရီကျင်းဟန်က အလေးအနက်လေသံဖြင့် အလျင်စလို ပြောလိုက်လေ၏။ “သခင်လေးရန်… ကျွန်မလှမ်းတဲ့အတိုင်းပဲ လိုက်ပြီးတော့ လှမ်းနော်… မဟုတ်ရင် ဒီတောင်ကြားထဲမှာရှိတဲ့ သတ်ဖြတ်ရေးအစီအရင်ကို သွားအသက်သွင်းမိလိမ့်မယ်…”
“ကျုပ်သိပြီ…” ရန်ကိုင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေသည်။
ရန်ကိုင်လည်း ရီကျင်းဟန်နောက်လိုက်၍ ခြေတစ်လှမ်း လှမ်းလိုက်လေသည်။ ချက်ချင်းဆိုသလို သူ့ရှေ့တည့်တည့်ရှိ မြင်ကွင်းအဖုံဖုံမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေ၏။
ရန်ကိုင်သည် တောင်ကြားရှေ့တွင်သာ ရှိနေပေသေးသည်။ သို့သော်ငြား သူ့ပတ်ပတ်လည်ရှိ အလွန်လှပသော ရှုခင်းများမှာ ခြောက်ကပ်နေသည့် လွင်တီးခေါင်ပြင်ကြီးအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ လက်ရှိတွင် ပတ်ပတ်လည်၌ မည်သည့်အပင်တစ်ပင်မှ ရှိမနေတော့။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ဖုန်းဆိုးမြေကြီးအလား ခြောက်ကပ်ခေါင်ပြင်နေခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် ရီကျင်းဟန်သည် ရန်ကိုင့်အား အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် စတင်၍ ဦးဆောင်သွားတော့လေ၏။
ရီကျင်းဟန်ကို ကြည့်ရသည်မှာ ဤနေရာသို့ တစ်ကြိမ်မက ရောက်ခဲ့ဖူးသည့်ပုံပင်။ ထို့အတွက်ကြောင့်ပင်လျှင် သူမ၏ခြေလှမ်းများမှာ လုံးဝကို အခက်အခဲမရှိ ချောမွေ့နေခြင်း ဖြစ်ပေသည်။
အစကမူ ရန်ကိုင် သူမနောက် အမီမလိုက်နိုင်မည်ကို စိုးရိမ်ခဲ့လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ဖြည်းဖြည်းချင်းသာ သွားခဲ့လေ၏။ သို့သော်ငြား တစ်ခဏမျှကြာအောင် သွားနေပြီးသည့်နောက် ရန်ကိုင့်ကိုကြည့်ရသည်မှာ လုံးဝ ပေါ့ပေါ့ပါးပါးသာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုအချက်ကို သိလိုက်သော် သူမစိုးရိမ်နေသည်မှာ အပိုသာဖြစ်ကြောင်း သိလိုက်ပြီး အရှိန် စတင်တော့လေသည်။
ရန်ကိုင်သည် ရီကျင်းဟန်၏အရိပ်တစ်ခုနှယ် သူမနောက်မှ ထပ်ကြပ်မကွာ လိုက်သွားခဲ့လေသည်။
ပုံရိပ်ယောင်အစီအရင်ထဲ အမွှေးတိုင်တစ်ချောင်းစာ ကြာအောင် သွားလာပြီးသည့်နောက်တွင် ရုတ်တရက်ဆိုသလို ရန်ကိုင်တို့ရှေ့၌ ဧရာမစင်မြင့်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ စင်မြင့်သည် နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိလာသည့်အလား ၎င်းဆီမှ ရှေးဟောင်းဆန်သည့် အငွေ့အသက်တို့ကို ရနေခဲ့လေ၏။
လက်ရှိတွင် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ရီဟန်သည် အပြစ်မကင်း စိတ်ဓာတ်ကျနေသည့် အမူအယာဖြင့် စင်မြင့်ပေါ်တွင် ရပ်နေခဲ့လေသည်။
သူတို့ရောက်လာသည်ကို သတိပြုမိလိုက်သော် ရီဟန်က အလျင်စလို လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။ “သခင်လေးရန်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၂၅)
“ဂိုဏ်းချုပ်ရီ…” ရန်ကိုင်ကလည်း လက်သီးဆုပ်၍ ချက်ချင်းပဲ ပြန်နှုတ်ဆက်လိုက်လေသည်။ သို့သော်ငြား သူ့အကြည့်သည် ရီဟန်ရပ်နေသည့် စင်မြင့်ကြီးပေါ်တွင်သာ ရောက်နေခဲ့လေ၏။
“သခင်လေးရန်…” ထိုစဉ် ရီကျင်းဟန်သည် တစ်ခုခုပြောရန် လုပ်လိုက်လေသည်။ သို့သော်ငြား ရီဟန်က ရုတ်တရက် လက်ဆန့်ထုတ်၍ ဝင်တားလိုက်လေ၏။
ထိုအချင်းအရာကိုမြင်သော် ရီကျင်းဟန်သည် လျှာလေး တစ်လစ်တစ်လစ် ထုတ်လျက် သူမအဖေဘေးနားတွင် ငြိမ်သက်စွာ သွားရပ်နေလိုက်လေသည်။
ရန်ကိုင်တို့သုံးဦးသည် စင်မြင့်ပေါ်တွင် အချိန်အတော်ကြာအောင် ငြိမ်သက်စွာ ရပ်နေကြလေ၏။ ရီဟန်နှင့် ရီကျင်းဟန်တို့သည် ရန်ကိုင်၏ ပြောင်းလဲသွားသည့် အမူအယာအားလုံးကို သေသေချာချာ စောင့်ကြည့်နေကြလေသည်။ ရန်ကိုင်ကမူ မည်သူ့ကိုမှ ဂရုမစိုက်နိုင်ပဲ စင်မြင့်ကိုသာ သေချာ အာရုံစိုက်လေ့လာကြည့်နေ၏။
လက်ရှိ သူတို့ရပ်နေသည့် စင်မြင့်ကြီးသည် အစီအရင်၏ အုတ်မြစ်တစ်ခုသာ ဖြစ်လေသည်။
ရန်ကိုင်သည် အစီအရင်ပညာကို နှံ့စပ်စွာ တတ်ကျွမ်းထားခြင်း မရှိချေ။ သူကျွမ်းကျင်သည့် အစီအရင်ဆို၍ ဟင်းလင်းပြင်အစီအရင်များသာ ဖြစ်ကြသည်။ ထိုသို့ကျွမ်းကျင်ထားရခြင်းမှာလည်း ယန်ယန်၏ အကူအညီကြောင့်သာ ဖြစ်လေသည်။ ရန်ကိုင်သည် အရိပ်ကြယ်ပေါ်တွင် ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်။ ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းရမည့် နည်းလမ်းကို ယန်ယန်မှ သင်ပေးခဲ့ခြင်း ဖြစ်လေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်များကို နားလည်သော်ငြား တကယ့်အစီအရင်ပညာနှင့် ပတ်သက်လာသော် ဘာမှ သိပ်မသိတော့ချေ။
စင်မြင့်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်နောက် စင်မြင့်ပေါ်တွင် မရေမတွက်နိုင်သော အစီအရင်ကွက်များ ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုအစီအရင်ကွက် တစ်ခုချင်းစီသည် တစ်ခုနှင့် တစ်ခု ဆက်သွယ်နေပြီး ကြယ်တာရာအစုအဝေးနှင့် ကမ္ဘာငယ်လေးအား ဆက်သွယ်ပေးနိုင်သော ကွန်ရက်တစ်ခုကို ဖန်တီးထားခဲ့လေ၏။
ထိုအပြန်အလှန်ဆက်စပ်နေသော အစီအရင်ကွက်များမှာ အလွန်တရာကိုမှ နက်နဲဆန်းကြယ်လှပေသည်။ ထိုအစီအရင်ကွက်များသည် ရန်ကိုင်သိထားသည့် အစီအရင်ကွက်များနှင့် လုံးဝကို ကွာခြားနေသော်ငြား ခဏမျှကြာအောင် လေ့လာပြီးသည့်နောက်တွင် ထိုအစီအရင်ကွက်များအကြောင်းကို ကောင်းကောင်း နားလည်သွားတော့လေ၏။ ထိုမျှသာမဟုတ်သေး ထိုအစီအရင်ကွက်များဆီမှလည်း ထပ်ဆောင်း အကြောင်းအရာအချို့ကို ထပ်သိလိုက်ရလေသည်။
ယန်ယန် သူ့အား သင်ပေးခဲ့သည့် အစီအရင်များမှာ ထိပ်တန်းအဆင့်ဆိုသည်မှာ ယုံမှားသံသယ ရှိစရာမလိုချေ။ ယန်ယန်သင်ပေးခဲ့သည့် အစီအရင်များသည် လက်ရှိ ဤစင်မြင့်ပေါ်တွင် ရှိနေသော အစီအရင်ထက်ပင်လျှင် ပိုမိုသာလွန်ပေသည်။
သို့သော်ငြား မည်သို့ပင် ဖြစ်နေစေကာမူ အစီအရင်တစ်ခုတည်းကို သိထားခြင်းထက် အခြားသော အစီအရင်များကို သိထားခြင်းကလည်း ကောင်းမွန်ပေသည်။ ရန်ကိုင့်အနေဖြင့် စင်မြင့်ပေါ်ရှိ အစီအရင်ကို လေ့လာရင်းမှ အကျိုးကျေးဇူးများစွာကို ရရှိသွားခဲ့လေသည်။
အချိန်အတော်ကြာနေပြီးသည့်နောက်တွင် ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေသည်။
“သခင်လေးရန်…” ရန်ကိုင် အသိပြန်ဝင်လာသည်ကိုမြင်သော် ရီကျင်းဟန်က စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်လေသည်။
ရီဟန်ကလည်း စိုးရိမ်တကြီးဖြင့် ထပ်မေးလိုက်လေ၏။ “သခင်လေးရန် တစ်ခုခု ရှာတွေ့သွားလား…”
ရန်ကိုင်က ခေါင်းညိတ်လျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားတို့ဂိုဏ်းရဲ့ ဘိုးဘေးက တကယ်ကို တော်တဲ့လူတစ်ယောက်ပဲ… အစီအရင်ကို ခင်းကျင်းသွားတဲ့လူက အနည်းဆုံး အစီအရင်ဝိဇ္ဇာအဆင့်ရှိတယ်… ကျုပ်ဘယ်လိုပြောရမလဲ… ရှင်းရှင်းပြောရရင် ဒီဟင်းလင်းပြင်အစီအရင်နဲ့ပတ်သက်ပြီး ဘာမှ မှားမနေဘူး.. ပြဿနာဆိုလို့ စွမ်းအင်ကုန်နေတာပဲ ရှိတာ… အရင်းအမြစ်ကျောက်ကလေး နည်းနည်းပါးပါး ထပ်ဖြည့်လိုက်ရုံနဲ့ ဒီအစီအရင်က ချက်ချင်း လှည့်ပတ်လာလိမ့်မယ်…”
ထိုစကားကိုကြားသော် ရီဟန်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး စိတ်လှုပ်ရှားနေသည့် လေသံဖြင့် မေးလိုက်လေသည်။ “သခင်လေးရန် သေချာအတည်ပြုပြီးသွားပြီလား…” ထို့နောက် ကသိကအောက် အမူအယာဖြင့် ထပ်မေးလိုက်လေသည်။ “ဒီရီ သခင်လေးရန်ကို မယုံတာတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ ဒီကိစ္စက ရွက်တစ်ထောင်ဂိုဏ်းတစ်ခုလုံးနဲ့ ပတ်သက်နေတာဆိုတော့…”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ကျုပ်နားလည်ပါတယ်… ဂိုဏ်းချုပ်ရီ ရှင်းပြနေစရာ မလိုပါဘူး… ဘာပဲဖြစ်ဖြစ် ကျုပ်ပြောနိုင်တာတော့ ဒီအစီအရင်နဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူးဆိုတာပဲ… ပြီးတော့ ဒီအစီအရင် တစ်ခုခု ထိခိုက်နေမယ်ဆိုရင်တောင် လိုအပ်တဲ့ပစ္စည်းတွေ ရှိနေသရွေ့ ကျုပ်ပြန်ပြင်ပေးလို့ရတယ်…”
ထိုစကားကိုကြားသော် ရီဟန်၏ခန္ဓာကိုယ်တစ်ခုလုံး တဆက်ဆတ် တုန်ရီသွားခဲ့လေသည်။ ယခုမှသာ လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ ထိုးထွင်းနားလည်မှုကို အထင်သေးမိနေသေးကြောင်း သိလိုက်ရ၏။ သူထင်ထားခဲ့သည်မှာတော့ ရန်ကိုင်၏ ကျင့်ကြံခြင်းအဆင့်နှင့် သူ့အသက်အရွယ်အရ လေဟာနယ်တာအိုအပေါ် အရမ်းကြီး ထိုးထွင်းနားလည်ထားခြင်း ရှိလိမ့်မည်မဟုတ်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ပြောလာသည့်စကားများကို ကြားပြီးသည့်အခါမှသာ သူအထင်မှားနေမှန်း နားလည်သွားခဲ့လေသည်။ လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ ထိုးထွင်းနားလည်မှုကို ယှဉ်ပြိုင်နိုင်သည့်လူဆို၍ ဤကြယ်တာရာအစုအဝေးထဲတွင် လက်တစ်ဆုပ်စာလောက်သာ ရှိပေလိမ့်မည်။
ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ဤဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်နိုင်မည်ဟု ဘာကြောင့်များ ယုံကြည်ချက်အပြည့်ဖြင့် ပြောရပါမည်နည်း။
ရီကျင်းဟန်က ထပ်၍ မေးလိုက်လေသည်။ “ဒီအစီအရင်နဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူးဆိုရင် ဘာဖြစ်လို့ ကမ္ဘာငယ်လေးဆီ သွားတဲ့ဝင်ပေါက်က ပိတ်သွားရတာလဲ…”
ရန်ကိုင်က ရှင်းပြလိုက်လေ၏။ “ဟင်းလင်းပြင်အစီအရင်က လေဟာနယ်နှစ်ခုကို ဆက်သွယ်ပေးထားတာ… ဒီဘက်မှာ ပြဿနာမရှိဘူးဆိုရင် ဟိုဘက်မှာ ပြဿနာရှိနေလို့ပဲ…”
“ဟိုဘက်မှာ…” ရီဟန်မျက်မှောင်ကျုံ့သွားခဲ့ပြီး သက်ပြင်းတစ်ချက်ရှိုက်လျက် “သခင်လေးရန်ပြောချင်တာက ကမ္ဘာငယ်လေးထဲမှာ ရှိနေတဲ့အစီအရင်က ထိခိုက်သွားတယ်ဆိုပြီးတော့လား…”
“အဲ့ဒါဖြစ်နိုင်လောက်တယ်…”
“အဲ့ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ရမှာလဲ…” ရီကျင်းဟန်၏မျက်နှာလေး ဖြူလျော်သွားခဲ့လေသည်။ “ကမ္ဘာငယ်လေးထဲမှာရှိတဲ့ အစီအရင်သာ ထိခိုက်သွားမယ်ဆိုရင် ကျွန်မတို့ အဲ့ဘက်ကို ဘယ်လိုသွားပြီးတော့ အဲ့အစီအရင်ကို ဘယ်လိုပြင်မှာလဲ…”
ရီဟန်သည် ရန်ကိုင့်အား မျှော်လင့်တကြီးဖြင့် ကြည့်လျက် “သခင်လေးရန်မှာ အဖြေရှိလားမသိဘူး…”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “သာမန်အစီအရင်ပညာရှင် တစ်ယောက်သာဆိုရင်တော့ ကမ္ဘာငယ်လေးထဲက အစီအရင်သာ ထိခိုက်သွားမယ်ဆိုရင် ဟိုဘက်ကိုသွားနိုင်မှာမဟုတ်ဘူး… ဒါပေမဲ့ ကျုပ်က လေဟာနယ်နိယာမ စွမ်းအားတွေကို သုံးနိုင်တယ်လေ… ဒီတော့ အဲ့အစီအရင်လမ်းကြောင်းအတိုင်း လိုက်ပြီး စီးမျောသွားလိုက်လို့ရှိရင် ဟိုဘက်ကိုသွားတဲ့ လမ်းတစ်ခု ဖွင့်နိုင်လောက်တယ်… ဒါကြောင့် အနည်းဆုံးတော့ ကျုပ် ကြိုးစားကြည့်ပေးလို့ရတယ်…”
ရန်ကိုင်သည် ဤကိစ္စအပေါ်တွင် သူ့ကိုယ်သူ ယုံကြည်ချက်အပြည့် မရှိသော်ငြား အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းလောက်တော့ ယုံကြည်ချက် ရှိပေသည်။ သို့သော်ငြား တစ်ဖက်လူအား အရမ်းကြီး မျှော်လင့်ချက် မပေးချင်ပေ။ မျှော်လင့်ချက် ကြီးကြီးထားပြီးမှ မအောင်မြင်သွားခဲ့လျှင် သူတို့ပို၍ စိတ်ပျက်ရပေလိမ့်မည်။
ရန်ကိုင့်၏စကားကို ကြားသော် ရီဟန် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့လေသည်။ ထို့နောက် လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “သခင်လေးရန်သာ ဒီဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ပေးနိုင်မယ်ဆိုရင် သခင်လေးရန်ကိုင် ကျုပ်တို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ တန်ဖိုးအထားရဆုံး ကျေးဇူးရှင်တစ်ဦး ဖြစ်သွားပါပြီ… နောက်ပိုင်း သခင်လေးရန် တစ်ခုခု လိုအပ်လာရင် ကျုပ်တို့ ရွက်တစ်ထောင်ဂိုဏ်းက ကျိန်းသေ ကူညီပေးမှာပါ…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အဲ့လောက်ကြီးလဲမလိုပါဘူး ဂိုဏ်းချုပ်ရီရယ်… ဒါပေမဲ့ ဒီအစီအရင်ကို ကျုပ်ပြင်ပေးမယ်ဆိုရင် အချိန်နည်းနည်းတော့ လိုလိမ့်မယ်.. ဒါကြောင့် ကျုပ်မရှိတုန်း ရွက်တစ်ထောင်ဂိုဏ်းထဲမှာ နေနေတဲ့ ကျုပ်ရဲ့မိတ်ဆွေတွေကို ဂရုစိုက်ပေးဖို့ ဂိုဏ်းချုပ်ရီကိုပဲ အကူအညီတောင်းရတော့မယ်…”
“ကိစ္စမရှိဘူး…” ရီဟန်က ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင် မည်သည့်ကိစ္စအား စိတ်ပူနေသလဲ ဆိုသည်ကို နားလည်သည့်အလား ချက်ချင်း ထပ်ပြောလိုက်လေ၏။ “သခင်လေးရန်မရှိတုန်း ဒီရီ သူတို့ကို သေသေချာချာ ဂရုစိုက်ထားလိုက်ပါမယ်… သူတို့ တစ်ခုခု ဖြစ်သွားခဲ့ရင် ဒီရီတာဝန်သာ ထားလိုက်…”
“ကောင်းပြီလေ…” ရန်ကိုင်က ခေါင်းညိတ်လျက် ဆက်ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်ရီမှာ ကမ္ဘာငယ်လေးရဲ့ မြေပုံ ရှိတာလား… ကျုပ်သာ ဟိုဘက်ကို အောင်အောင်မြင်မြင် သွားနိုင်မယ်ဆိုရင် အစီအရင်ကို ပြန်ပြင်တဲ့အခါကြ လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းဖို့ ကမ္ဘာငယ်လေးထဲမှာ လိုက်ပြီး ရှာရမှာ…”
ရန်ကိုင့်တွင် ဟင်းလင်းပြင်အစီအရင်အား ပြန်ပြင်သည့်အခါ လိုအပ်သည့် ပစ္စည်းများ ရှိနေပေသည်။ ထိုပစ္စည်းများမှာ အရည်အသွေး အလွန်မြင့်မားခြင်း မရှိသော်ငြား ပြန်ပြင်သည့် နေရာတွင် သုံးရန်အတွက်တော့ ကိစ္စမရှိချေ။ အစောပိုင်းက အစီအရင်ကို ကြည့်နေစဉ် အခါကလည်း အစီအရင်ပေါ်ရှိ အစီအရင်ကွက်အားလုံးကို မှတ်သားထားခဲ့လေ၏။
ထို့အတွက်ကြောင့် ဤစကားကို ပြောလိုက်ရခြင်းမှာ ကမ္ဘာငယ်လေးအပေါ် စိတ်ဝင်စားသည့်အတွက် သက်သက်ကြောင့်သာ ဖြစ်လေသည်။
ကမ္ဘာငယ်လေးသည် ရွက်တစ်ထောင်ဂိုဏ်း၏ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ မျိုးဆက်တစ်ခုတွင် လူအနည်းငယ်လောက်သည်သာ ကမ္ဘာငယ်လေးထဲသို့ သွားဖူးပေသည်။ အခြားသူများဆိုလျှင် ကမ္ဘာငယ်လေးအကြောင်းကို သိပင်မသိချေ။ ထို့အတွက်ကြောင့် ထိုကဲ့သို့သော ကမ္ဘာငယ်လေးထဲတွင် အဖိုးတန်ရတနာကောင်းများစွာ ရှိနေရပေလိမ့်မည်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် ထိုကမ္ဘာငယ်လေးတွင် အခွင့်အလမ်းကောင်းများ တွေ့မတွေ့ သွားရောက်စူးစမ်းလိုခြင်း ဖြစ်လေသည်။
ထို့အပြင် ရီကျင်းဟန်ပြောပုံအရ ကမ္ဘာငယ်လေးထဲတွင် ဧကရာဇ်ကောင်းကင်တောင်ကြားဟူသော နေရာတစ်ခု ရှိသည့်ပုံပင်။ ထိုနေရာတွင် ကျင့်ကြံမည်ဆိုပါက ကောင်းကင်လမ်းစဉ်နှင့် ဧကရာဇ်စိတ်ဆန္ဒကို ပို၍ လွယ်လွယ်ကူကူ ထိုးထွင်းနားလည် နိုင်ပေလိမ့်မည်။ တာအိုသခင်အဆင့် ကျင့်ကြံသူများသာ ထိုနေရာတွင် ကျင့်ကြံနိုင်မည်ဆိုပါက ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန် ကြိုးစားသည့်အခါ အလွန်ကိုမှ အကူအညီ ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့သော အခွင့်အရေးတစ်ခုကို ရန်ကိုင့်အနေဖြင့် မည်ကဲ့သို့များ လက်လွတ်ခံနိုင်ပါမည်နည်း။
လိုအပ်သည့် ပစ္စည်းများကို ရှာရန်ဆိုသည်မှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်လေသည်။
ရီဟန်ကလည်း ရန်ကိုင့်နောက်ကွယ်ရှိ သဘောတရားကို မည်သို့များ နားမလည်ဘဲ နေပါမည်နည်း။ သို့သော်ငြား တစ်ချက်ကလေးမှပင် တုံ့ဆိုင်းမနေဘဲ သားရဲအရေပြားဖြင့် ပြုလုပ်ထားသော မြေပုံတစ်ခုကို အလျင်အမြန်ထုတ်ယူ၍ ရန်ကိုင့်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ “သခင်လေးရန် ပြောနေစရာမလိုပါဘူး… သခင်လေးရန်ကို ပေးဖို့ ဒီရီ အစောကြီးတည်းက ပြင်ဆင်ထားပြီးသား…”
ရန်ကိုင်သည် ထိုမြေပုံကို တစ်ချက်မျှ ကြည့်လိုက်ပြီးသည့်နောက်တွင် သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။
“ဒါဆိုရင် သခင်လေးရန်ကိုပဲ အားကိုးလိုက်တော့မယ်နော်…” ရီဟန်က လက်သီးဆုပ်၍ အလေးအနက်လေသံဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “ကျုပ် အကောင်းဆုံး ကြိုးစားပေးပါမယ်…”
ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး အစီအရင်စင်မြင့်၏ ထိပ်ဆုံးနေရာဆီသို့ ခုန်တက်သွားလေသည်။ ထို့နောက် တင်ပလင်ခွေ ထိုင်ချလိုက်လေ၏။
ချက်ချင်းဆိုသလို ရန်ကိုင့်၏ ခန္ဓာကိုယ်ဆီမှ ဟင်းလင်းပြင်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့လေသည်။ တဒင်္ဂအတွင်းမှာပင်လျှင် ရန်ကိုင့်အား ဗဟိုပြု၍ မီတာသုံးဆယ်ပတ်လည်အတွင်းရှိ ဟင်းလင်းပြင်မှာ တမုဟုတ်ချည်း ပြိုကျသွားခဲ့ပြီး အလွန်တရာကိုမှ သေးငယ်လှသော အနက်ရောင် ဟင်းလင်းပြင်အက်ကွဲကြောင်းများ ပလုံစီအောင် ထွက်ပေါ်လာခဲ့လေသည်။
ထိုဟင်းလင်းပြင်အက်ကွဲကြောင်းလေးများ မည်မျှ အန္တရာယ်များသည်ကို သတိပြုမိလိုက်သော် ရီဟန်နှင့် ရီကျင်းဟန်တို့၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ အထိတ်တလန့် အမူအယာများဖြင့် ဟင်းလင်းပြင်အက်ကွဲကြောင်းများကို ငေးစိုက်ကြည့်ရင်း အလျင်စလို နောက်သို့ ဆုတ်သွားကြလေ၏။
“အဲ့ဒါတွေက လေဟာနယ်နိယာမ စွမ်းအားတွေလား…” ထိုဟင်းလင်းပြင်အက်ကွဲကြောင်းလေးများကို ကြည့်ရင်း ရီကျင်းဟန်၏ မျက်လုံးများ ပြူးကျယ်နေခဲ့လေသည်။ ထိုဟင်းလင်းပြင်အက်ကွဲကြောင်းလေးများကြား မည်သည့်အရာများ ဖြစ်ပျက်နေသလဲဆိုသည်ကို သိရလေအောင် စူးစမ်းစစ်ဆေးကြည့်ရန် ကြိုးစားခဲ့ပါသော်ငြား သူမ မည်သို့ပင် ကြိုးစားစေကာမူ ဘာဆိုဘာမျှ အာရုံခံမရခဲ့ချေ။
သူမအာရုံခံမိသည့် အရာဆို၍ သူမအား ရှေ့ဆက်တိုးမရအောင် တားဆီးနေသော ရန်ကိုင့်ခန္ဓာကိုယ်အား အဆက်မပြတ် ဝန်းရံထားသည့် ဆန်းကြယ်နက်နဲသည့် နိယာမစွမ်းအားကိုသာ ဖြစ်လေသည်။
ရီဟန်က လေးစားတကြီးဖြင့် သက်ပြင်းချလိုက်လေသည်။ “လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ ကျင့်ကြံသူတွေက လိုက်ဖမ်းဖို့ အခက်ဆုံး ကျင့်ကြံသူတွေပဲ… သခင်လေးရန် လေဟာနယ်နိယာမစွမ်းအားတွေကို ဒီအတိုင်းအတာထိ နားလည်ထားလိမ့်မယ်လို့ ငါတကယ်မထင်ထားဘူး.. တစ်နေ့ကြရင် လေဟာနယ်တာအိုကို အားကိုးပြီးတော့ သူ သိုင်းတာအိုရဲ့ အထွဋ်အထိပ်ကိုတောင် ရောက်ချင်ရောက်သွားနိုင်တယ်…”
ထိုစကားကိုကြားသော် ရီကျင်းဟန်၏ ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့ပြီး သူမအဖေအား မယုံကြည်နိုင်စွာ ကြည့်လိုက်မိလေသည်။ သူမအဖေ ရန်ကိုင့်အား ဘာကြောင့် ဤကဲ့သို့ ချီးကျူးနေမှန်းကို နားမလည်နိုင် ဖြစ်နေလေ၏။ မည်သို့ပင် ဖြစ်နေစေကာမူ သူမအဖေပြောသည့် စကားကို ကြားပြီးသည့်နောက် ရီကျင်းဟန်လည်း အတွေးနက်သွားခဲ့လေသည်။ ရန်ကိုင်နှင့် မတွေ့ရစဉ်အခါက သူမဘဝတွင် ဤမျှ ထူခြားလှသော တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးကို တွေ့ခဲ့ဖူးရဲ့လော။
သူမကိုယ်တိုင်သည်လည်း တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အား မည်သည့်အတိုင်းအတာထိ ရှိသလဲဆိုသည်ကို ကောင်းကောင်း နားလည်ပေသည်။ သို့သော်ငြား ရန်ကိုင်၏ ခွန်အားမှာမူ သူမသိထားသည့် တာအိုသခင်အဆင့် ကျင့်ကြံသူများ၏ ခွန်အားနှင့် ယှဉ်လိုက်သော် လုံးဝကို အကွာကြီး ဖြစ်နေခဲ့လေသည်။ တာအိုသခင်အဆင့် ပညာရှင် အများစုသည် ရန်ကိုင့်ရှေ့သို့ ရောက်သွားသည့်အခါ သုံးနှစ်သားကလေးမှ သက်လတ်ပိုင်းလူကြီးတစ်ဦးနှင့် ယှဉ်ပြိုင်ရန် ကြိုးစားနေသကဲ့သို့ အလွန်တရာကိုမှ အားနည်းသွားခဲ့သည်။ တာအိုသခင် တတိယအဆင့် ကျင့်ကြံသူများပင်လျှင် ရန်ကိုင့်အား လိုက်မမီနိုင်ခဲ့ပေ။ ထို့အစား ရန်ကိုင်မှ ထိုတာအိုသခင် တတိယအဆင့် ပညာရှင်များအား အလွယ်တကူ သတ်ဖြတ်သွားခဲ့သည်ကို သူမ တစ်ကြိမ်မက မြင်ခဲ့ရပေသည်။
လက်ရှိအချိန်တွင် ကြယ်တာရာအစုအဝေးကို လွှမ်းမိုးနေသော ဒဏ္ဍာရီလာပုဂ္ဂိုလ်အားလုံးသည် သူတို့ငယ်ရွယ်စဉ်က အလွန်တရာကိုမှ ကျော်ကြားခဲ့ကြသူများ ဖြစ်ကြပေသည်။ ရန်ကိုင်သည်လည်း ထိုကဲ့သို့ပင် မဟုတ်လေလော။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရန်ကိုင်သည် သူမ၏အဖေ ပြောခဲ့သလိုပင် သိုင်းတာအို၏ အထွဋ်အထိပ်သို့ ရောက်ကောင်း ရောက်သွားနိုင်ပေသည်။
ထိုအချက်ကို တွေးလိုက်မိသည့်နောက်တွင် ရီကျင်းဟန် ကြက်သီးမွေးညှင်း ထသွားခဲ့ပြီး သူမစိတ်ထဲ ခံစားချက်ပေါင်းစုံတို့ ထွက်ပေါ်လာခဲ့လေ၏။
အကြောင်းမှာ သူမသည် ရန်ကိုင်ငယ်ရွယ်စဉ်တွင် သူ့အား သိကျွမ်းခွင့် ရခဲ့သည့်အတွက်ကြောင့် ဖြစ်သလို ဤဒဏ္ဍာရီလာပုဂ္ဂိုလ် တဖြည်းဖြည်း တိုးတက်အားကောင်းလာနေသည်ကိုလည်း မြင်တွေ့ခွင့် ရသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ သူမတို့နှစ်ဦးသည် အရမ်းကြီး ရင်းနှီးခြင်း မရှိသည့်တိုင် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး၏ ငယ်ဘဝကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည့်အပေါ် ဂုဏ်ယူမိပေသည်။
“ဝုန်း…”
ရီကျင်းဟန် အတွေးထဲ နစ်မျောနေစဉ်မှာပင် ဟင်းလင်းပြင်ဆီမှ ထူးဆန်းသည့် အသံတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်တစ်ခုလုံး ရုတ်တရက် အေးခဲသွားသည်ကို သတိပြုမိလိုက်လေ၏။ ထိုအေးခဲနေသည့် ဟင်းလင်းပြင်ထဲ သူမအဖို့ အသက်ရှူဖို့ရာပင် ခက်ခဲလာခဲ့လေသည်။ သူမကိုယ်ထဲရှိ အရင်းအမြစ်ချီ လှည့်ပတ်သည့်နှုန်းမှာလည်း သိသိသာသာကို နှေးကျသွားကြောင်း သတိပြုမိလိုက်လေသည်။
ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ သူမအဖေသည်လည်း ထိုကဲ့သို့ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
သူမစိတ်ထဲ စိုးရိမ်လာနေသည့် အချိန်မှာပင် ရန်ကိုင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး အလေးအနက်အမူအယာဖြင့် သူ့လက်နှစ်ဖက်အား ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ထဲသို့ ထိုးစိုက်ချလိုက်လေသည်။
ရီကျင်းဟန်၏ အကြည့်အောက်တွင် ရန်ကိုင်၏လက်နှစ်ဖက်သည် အလွန်ကိုမှ ဆန်းကြယ်သည့် ပုံစံဖြင့် ပျောက်ကွယ်သွားခဲ့လေ၏။ သူ့လက်နှစ်ဖက်သည် ဟင်းလင်းပြင်ထဲသို့ ဖောက်ဝင်သွားပြီး အခြားသော ဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်သွားသည့်အလား။
ထို့နောက်တွင် ရန်ကိုင်သည် ခက်ခက်ခဲခဲ ကြိုးစားနေသည့် အမူအယာမျိုးဖြင့် မာန်သွင်းအော်ဟစ်လိုက်လေသည်။
“ခရက် ခရက် ခရက်…”
ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို ဆွဲဖြဲနေသည့်နှင့်အမျှ ပိန်းပိန်းပိတ်အောင် မည်းမှောင်နေသော ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးတစ်ခု သူ့ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ထိုအက်ကွဲကြောင်းကြီးဆီမှ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့လေ၏။
“လေဟာနယ်လိုဏ်ခေါင်းလား…” ရီကျင်းဟန် အလန့်တကြား ထအော်လိုက်လေသည်။ ထိုပိန်းပိန်းပိတ်အောင် မည်းမှောင်နေသည့် ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးကို ကြည့်ရင်း ရီကျင်းဟန် မျက်လုံးပြူးကျယ်နေခဲ့လေသည်။ ဤသည်မှာ သူမဘဝတွင် ဤမျှကြီးမားလှသော ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။ ထိုဟင်းလင်းပြင်အက်ကွဲကြောင်းဆီမှ ဖြာထွက်နေသည့် အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သော် ရီကျင်းဟန် မင်သက်သွားတော့လေသည်။
ရန်ကိုင်၏ ကြိုးစားမှုအောက်တွင် ထိုဟင်းလင်းပြင်အက်ကွဲကြောင်းမှာ တဖြည်းဖြည်း အရွယ်အစား ကြီးမားလာခဲ့ပြီးသည့်နောက် လူတစ်ဦး အတင်းတိုးဝင်သွားနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့လေသည်။