အခန်း (၂၃၂၆-၂၃၃၀)
Vol. 94 Ch. 2326-2330
အပိုင်း (၂၃၂၆)
“ဒါလေဟာနယ်လိုဏ်ခေါင်းလား” ရီကျင်းဟန်က သူမပါးစပ်လေးကိုပိတ်ရင်း အလန့်တကြား ထအော်လိုက်လေသည်။
သူမသည် ဟင်းလင်းပြင်အစီအရင်များကို တစ်ကြိမ်မက သုံးဖူးသလို လေဟာနယ်လိုဏ်ခေါင်းများသည် ဟင်းလင်းပြင်အစီအရင်နှစ်ခုကို ဆက်ထားသည့် အရာများမှန်း သိသော်ငြား ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခုကိုတော့ တစ်ခါမှ ကိုယ်တိုင် မမြင်ဖူးချေ။
ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။
ရီဟန် ကိုယ်တိုင်သည်လည်း သူမြင်နေရသည့်အရာကြောင့် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်မိသော်ငြား ဟင်းလင်းပြင်လိုဏ်ခေါင်းမှ တစ်ခုခုကို နားလည်ချင်နေသည့်အလား သေချာ စိုက်ကြည့်နေခဲ့လေသည်။
လူတစ်ဦးမှ အတင်းအကြပ် ကောက်ဖွင့်သည့် လေဟာနယ်လိုဏ်ခေါင်းတစ်ခုကို မြင်ရဖို့ရာ မလွယ်ကူချေ။ သူသာ ဤလေဟာနယ်လိုဏ်ခေါင်းကို ကြည့်ရင်းမှ တစ်ခုခုကို နားလည်နိုင်မည်ဆိုပါက သူ့အတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။
သို့သော်ငြား သူမည်သို့ပင် ကြိုးစားနေစေကာမူ ထိုတဖျတ်ဖျတ်လှုပ်ခါနေသည့် လေဟာနယ်နိယာမများဆီမှ ဘာကိုမှ နားမလည်နိုင်ခဲ့သဖြင့် ရီဟန် အတော်လေးကို စိတ်ပေါက်လာခဲ့လေသည်။
ထိုစဉ် ရန်ကိုင်သည် ရုတ်တရက် ထရပ်၍ သူဖွင့်ထာသည့် ဟင်းလင်ပြင်လိုဏ်ခေါင်းထဲသို့ ခုန်ဝင်ဿွားလိုက်လေသည်။ သူဝင်သွားပြီးသည်နှင့် လေဟာနယ်လိုဏ်းခေါင်းသည် ၎င်းအား ထောက်ပံ့ပေးထားသည့် စွမ်းအင် အရင်းအမြစ်ကို ဆုံးရှုံးလိုက်ရသည့်အလား စတင်၍ ပိတ်လာတော့လေသည်။
ရန်ကိုင် တစ်ဖက်ဆီသို့ ချောချောမွေ့မွေ့ ရောက်သွားမလား၊ ဟင်းလင်းပြင်ထဲပဲ လမ်းပျောက်သွားလေမလား တွေးရင်း ရီဟန်နှင့် ရီကျင်းဟန်တို့ စိတ်ပူလာခဲ့သည်။
လေဟာနယ်လိုဏ်ခေါင်းထဲတွင် ရန်ကိုင်သည် လမ်းလျှောက်သွားနေခဲ့သည်။
ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်စီးကြောင်းများသည် သူ့ဆီသို့ အဆက်မပြတ် တိုးဝင်လာနေသော်ငြား သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် စွမ်းအင်တစ်မျို၏ တွန်းထုတ်ခြင်း ခံနေရလေသည်။ ထို့ကြောင့် ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင် စွမ်းအင်စီးကြောင်းများမှာ သူ့အား ဘာမှမလုပ်နိုင်ခဲ့ချေ။
လောလောဆယ်၌ ရန်ကိုင် ကြုံနေရသည့် ပြဿနာဆို၍ ကမ္ဘာငယ်လေး ဝင်ပေါက်အား ရှာရသည့် ပြဿနာသာ ရှိလေသည်။
ဟင်းလင်းပြင်အစီအရင်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်နေသော်ငြား ကမ္ဘာငယ်လေးထဲရှိ ဟင်းလင်းပြင်အစီအရင် ပျက်စီးသွားသည်မှာ ကြာနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ကမ္ဘာငယ်လေးဝင်ပေါက်၏ တည်နေရာကို အကြမ်းဖျင်း အာရုံခံ၍သာ ဤဟင်းလင်းပြင်လိုဏ်ခေါင်းကို ဖန်တီးခဲ့လိုက်ရလေသည်။
လေဟာနယ်လိုဏ်ခေါင်းထဲတွင် ရန်ကိုင် သူခံစားနေရသည့် မှိန်ဖျဖျခံစားချက်အတိုင်း လိုက်၍ လျှောက်လာနေခဲ့လေသည်။
ကံကောင်းစွာဖြင့် အချိန်ကြာလာသည်နှင့်အမျှ ထိုခံစားချက်မှာ ပိုပို၍ အားကောင်းလာနေခဲ့သဖြင့် သူသွားနေသည့် လမ်းကြောင်းမှာ မှန်ကန်ကြောင်း ရန်ကိုင် အတည်ပြုသွားနိုင်ခဲ့၏။
အချိန်မည်မျှကြာလို့ ကြာသွားမှန်းသိ၊ ရန်ကိုင် ရုတ်တရက် ရပ်လိုက်လေ၏။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရေရွတ်လိုက်လေသည် “ဒါဖြစ်လောက်တယ်”
ထိုသို့ ပြောပြီးသည့်နောက်တွင် သူ့ပတ်လည်တွင် ရှိနေဟော လေဟာနယ်နိယာမများကို ထိန်းချုပ်ကာ ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်ထဲသို့ သူ့လက်ကို ဆန့်ထုတ်လိုက်၏။ သူ့လက်သွားရာလမ်းကြောင်းတစ်လျှောက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာပြီးနောက်တွင် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်တစ်ခုလုံးသည် ရုတ်ချည်း ငြိမ်ကျသွားခဲ့လေသည်။
ရန်ကိုင်မှ သူ့လက်နှစ်ဖက်ကို ဆွဲဖြဲလိုက်သည်နှင့် ငွေရောင်မျဉ်းကြောင်းလေးတစ်ခု သူ့ရှေ့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ထိုအလင်းရောင်လေးကို မြင်လိုက်သည်နှင့် သူ့အထင် မှန်နေမှန်း သိလိုက်သော်ငြား ချက်ချင်း အားစိုက်ထုတ်တော့လေသည်။
ခဏအကြာပြီးသည့်နောက်တွင် အက်ကွဲကြောင်းမှာ လုံးဝ ပွင့်ထွက်သွားခဲ့လေ၏။ အက်ကွဲကြောင်း ပွင့်ထွက်သွားသည့်နောက်တွင် အမျိုးမျိုးသော ရှုခင်းအဖုံဖုံ သူ့ရှေ့ ထွက်ပေါ်လာခဲ့လေသည်။ ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ဝမ်းသာသွားပြီး ချက်ချင်းပဲ အက်ကွဲကြောင်းထဲ ခုန်ဝင်သွားလိုက်လေသည်။
မကြာမီတွင် ကမ္ဘာသစ်တစ်ခုထဲသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။
ဤနေရာရှိ မိုးမြေစွမ်းအင်သည် သူ၏ ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်နှင့်ပင် ယှဉ်နိုင်ပေသည်။ ရှင်းရှင်းပြောရလျှင် ဤနေရာရှိ မိုးမြေစွမ်းအင်သည် မြူခိုး အသွင်ပြောင်းမည့် အရိပ်အယောင်များပင် ပြနေခဲ့လေသည်။ အလွန်သိပ်သည်းသည့် မိုးမြေစွမ်းအင်ကြောင့် အမျိုးမျိုးသော ဆေးပင်များမှာလည်း ကောင်းမွန်စွာ ပေါက်ရောက်နေကြလေသည်။
ရန်ကိုင် ပေါ်လာသည့် နေရာတွင် အစီအရင်စင်မြင့်တစ်ခုပေါ်တွင် ဖြစ်နေခဲ့သည်။
ဤအစီအရင်စင်မြင်သည့် ရွက်တစ်ထောင်ဂိုဏ်း၏ ပုံရိပ်ယောင်အစီအရင်ထဲတွင် ရန်ကိုင် မြင်ခဲ့ရသည့် ပုံရိပ်ယောင်အစီအရင်နှင့် တစ်ထပ်တည်း တူပေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့် အစီအရင်စင်မြင့် နှစ်ခုစလုံးကို လူတစ်ဦးတည်းမှ တည်ဆောက်ခဲ့မှန်း သိနိုင်ပေသည်။
သို့သော်ငြား နှစ်ပေါင်းများစွာကြာအောင် ပစ်ထားသည့်အတွက်ကြောင့် အစီအရင် စင်မြင့်တစ်ခုလုံး မြက်ပင်ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေခဲ့လေပြီ။
အစီအရင် စင်မြင့်ကိုကြည့်ရင်း နေရာမှန်ကို ရောက်လာပြီမှန်း ရန်ကိုင် သိလိုက်သည်။ ဤနေရာသည် ရွက်တစ်ထောင်ဂိုဏ်း၏ ကမ္ဘာငယ်လေးဆိုသည်မှာ သေချာပေသည်။ ဤနေရာသည် ရွက်တစ်ထောင်ဂိုဏ်းထဲတွင် ခင်းကျင်းထားသော အစီအရင်၏ အုတ်မြစ်လည်း ဖြစ်ပေသည်။ ရွက်တစ်ထောင်ဂိုဏ်း နိမ့်ကျလာရသည်မျာလည်း ဤကမ္ဘာငယ်လေးကြောင့်သာ ဖြစ်ပေသည်။
ရန်ကိုင်သည် အစီအရင်စင်မြင်ကို သူ့လက်ဝါးဖြင့် ဖိကပ်လိုက်သည်။ ထို့နောက်တွင် ချစ်ချစ်တောက် ပူလောင်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံထားသည့် မြက်ပင်၊ ပေါင်းပင်များကို စတင် လောင်ကျွမ်းပစ်တော့လေသည်။
အပင်များကို ရှင်းပစ်ပြီးနောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အစီအရင် ပျက်စီးရသည့် အကြောင်းအရင်းကို စတင် လေ့လာတော့၏။ မကြာမီ အကြောင်းအရင်း အချို့ကို ရှာတွေ့သွားခဲ့လေသည်။ အစီအရင် ပျက်စီးသွားရသည့် အကြောင်းအရင်းမှာ သူထင်ထားသကဲ့သို့ ဖြစ်နေခဲ့သည်။
အစီအရင်စင်မြင့်ပေါ်ရှိ အစီအရင်ကွက်များ ခင်းကျင်းထားသည့် နေရာပေါ်တွင် ဓါးရာတစ်ခု ရှိနေကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထိုဓါးရာကြောင့် အစီအရင်ကွက်အချို့ ပျက်စီးသွားခဲ့ပြီး အစီအရင်စင်မြင့်တစ်ခုလုံး အလုပ် မလုပ်တော့ခြင်း ဖြစ်ပေသည်။
(ဘာတွေဖြစ်ခဲ့တာလဲ) ရန်ကိုင် သံသယဝင်သွားခဲ့သည်။
ရီကျင်းဟန် ပြောပုံအရဆိုပါက ရွက်တစ်ထောင်ဂိုဏ်း နိမ့်ကျလာရခြင်းမှာ ကမ္ဘာငယ်လေး ရုတ်တရက် ပိတ်သွားသည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော်ငြား ကမ္ဘာငယ်လေး ပိတ်သွားရုံဖြင့် ရွက်တစ်ထောင်ဂိုဏ်း ဤမျှလောက် နိမ့်ကျမသွားသင့်။ ထိုသို့ ဖြစ်ရသည့် အဓိက အကြောင်းအရင်းမှာ သူတို့ ရွက်တစ်ထောင်ဂိုဏ်းချုပ်သည် ဂိုဏ်း၏ အမွေအနှစ်များကိုယူလျက် ကမ္ဘာငယ်လေးထဲသို့ ဝင်သွားချိန် ဝင်ပေါက် ပိတ်သွားသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ကမ္ဘာငယ်လေးကို ဆုံးရှုံးလိုက်ရသလို ဂိုဏ်း၏ အမွေအနှစ်များကိုပါ ဆုံးရှုံးလိုက်ရ၏။
ယခုဆိုလျှင် ရွက်တစ်ထောင်ဂိုဏ်းသည် ဂိုဏ်းထဲတွင် ရှိနေသော မြေကမ္ဘာအဆင့် ရုပ်သေးရုပ်များကိုပင်လျှင် မထိန်းချုပ်နိုင်တော့ချေ။
ထိုအကြောင်းအရာများကို ကြာပြီးနောက်တွင် ကမ္ဘာငယ်လေး၏ ဝင်ပေါက် တစ်ခုခု ဖြစ်သွားချိန် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ကမ္ဘာငယ်လေးထဲ၌ ရှိနေခဲ့သည်မှာ ကံမကောင်းလှသည့် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်ဟု ရန်ကိုင် ထင်ခဲ့သည်။
သို့သော်ငြား လက်ရှိ ကြည့်ရသလောက်တော့ သူထင်ထားသလို ဟုတ်မနေခဲ့ပေ။
အစီအရင်စင်မြင့်ပေါ်ရှိ ဓါးရာကို ကြည့်ရသလောက် တစ်စုံတစ်ဦးမှ ဤအစီအရင်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်စီးသွားခဲ့ခြင်း ဖြစ်သည်။ ရီကျင်းဟန်ဆီမှ သိခဲ့ရသည့် အကြောင်းအရာများကို ပြန်စဉ်းစားကြည့်လိုက်သော် ဤသည်မှာ ထိုခေတ်က ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်လက်မှန်း ရန်ကိုင် ချက်ချင်း ခန့်မှန်းမိသွားခဲ့သည်။ ထိုဂိုဏ်းချုပ်သည် ကမ္ဘာငယ်လေး၏ဝင်ပေါက် ရုတ်တရက် ပိတ်သွားသည့် အတွက်ကြောင့် ကမ္ဘာငယ်လေးထဲ ပိတ်မိနေခြင်းမဟုတ်။ ကမ္ဘာငယ်လေးထဲတွင် နေနေစဉ်အတောအတွင်း အခြားမည်သူမှ သူ့အား လာမနှောင့်ယှတ်နိုင်စေရန် ကမ္ဘာငယ်လေးနှင့် ရွက်တစ်ထောင်ဂိုဏ်းအား ဆက်သွယ်ပေးထားသော ဝင်ပေါက်ကို တမင်သက်သက် ဖျက်စီးခဲ့ခြင်း ဖြစ်သည်။
(အဲ့ဒါဆိုရင် ဂိုဏ်းရဲ့ အဓိက အမွေအနှစ်တွေကို ဘာလို့ သူနဲ့အတူ ယူလာခဲ့တာလဲ... သိုင်းကျင့်စဉ် တစ်ခုခုကို ကျင့်ကြံနေလို့ အခြားသူတွေ လာနှောင့်ယှတ်မှာကို မကြိုက်လို့များလား) ရန်ကိုင် အတွေးနက်သွားတော့လေသည်။
ထိုသို့သာဆိုလျှင် အကုန်လုံး ယုတ္တိရှိသွားခဲ့လေပြီ။ စင်မြင့်ပေါ်ရှိ ဓါးရာမှ သိပ်မနက်သော်ငြား အစီအရင်အင်းကွက်များကြားရှိ ဆက်သွယ်ချက်အားလုံးကို ဖြတ်တောက်ပစ်သွားခဲ့သည်။ လိုအပ်သည့် ပစ္စည်းများသာရှိလျှင် အစီအရင်ပညာကို နည်းနည်းပါးပါး တတ်ကျွမ်းထားသည့် မည်သူမဆို ဤအစီအရင်ကို ပြန်ပြင်နိုင်ပေလိမ့်မည်။
ထိုစဉ်က ကမ္ဘာငယ်လေးထဲသို့ ဝင်လာသည့် ဂိုဏ်းချုပ်သည် အနည်းဆုံး ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လောက်သည်။ ဧကရာဇ်တတိယအဆင့်ပင် ဖြစ်ကောင်း ဖြစ်နေနိုင်သေးသည်။ သူ့အနေဖြင့် အစီအရင်ကို ထိခိုက်အောင် လုပ်လိုက်လျှင်ပင် လိုအပ်သည့် ပစ္စည်းများသာ ရှိနေသရွေ့ ပြန်မပြင်နိုင်မည်ကို စိတ်ပူစရာမလိုချေ။
(ဒါပေမယ့် ဘယ်လိုကျင့်စဉ်တွေ ကျင့်နေလို့ အခုလိုမျိုးထိတောင် လုပ်ရတာလဲ) အချိန်အတော်ကြာအောင် ထိုင်စဉ်းစားနေသည့်တိုင် ကြောင်းကျိုးဆီလျော်သည့် အဖြေတစ်ခုမရသဖြင့် ရန်ကိုင်လည်း စိတ်ပျက်ပျက်ဖြင့်သာ ခေါင်းခါလိုက်လေ၏။
ရန်ကိုင်သည် စင်မြင့်ပေါ်ရှိ ဓါးရာကို ပြန်ပြင်ရန် အလျင်မလိုသေးဘဲ ရီဟန် ပေးထားသည့် မြေပုံတစ်ခုကို အရင် ထုတ်ကြည့်လိုက်၏။
ဤကမ္ဘာငယ်လေး၏ အရွယ်အစားမှာ သူ့တွင် ရှိနေသည့် ကမ္ဘာငယ်လေးလောက်သာ ရှိသဖြင့် မြေပုံမှာလည်း အရမ်းကြီး ရှုပ်မနေခဲ့ပေ။ သို့တိုင် ဤနေရာရှိ မိုးမြေစွမ်းအင်မှာတော့ အလွန်ကိုမှ သိပ်သည်းလွန်းလှပေသည်။
သူသာ အစီအရင်ကို ပြန်ပြင်ပေးလိုက်မည်ဆိုပါက ဤနေရာထဲရှိ မိုးမြေစွမ်းအင်သည် ကမ္ဘာငယ်လေးထဲသို့ လွတ်လွတ်လပ်လပ် စတင် စီးဝင်သွားနိုင်ပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါ ရွက်တစ်ထောင်ဂိုဏ်းထဲရှိ မိုးမြေစွမ်းအင်မှာလည်း သိသိသာသာ မြင့်တက်လာပေလိမ့်မည်။
မြေပုံပေါ်ရှိ အမှတ်အသားများကို လိုက်ကြည့်ရင်းမှ ဧကရာဇ်ကောင်းကင်တောင်ကြားကို ရန်ကိုင် ရှာတွေ့သွားခဲ့၏။ ထို့နောက်တွင် မြေပုံကိုသိမ်း၍ လှေပျံလေးကိုထုတ်ကာ ထိုနေရာဆီသို့ ထွက်ခွာလာခဲ့လေသည်။
သွားနေရင်း ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့ရလေသည်။ အကြောင်းမှာ ဤကမ္ဘာငယ်လေးထဲတွင် အဖိုးတန်ဆေးပင်များစွာ ရှိနေသည့်အတွက်ကြောင့်ပင်။
ဤနေရာသို့ လူသူအရောက်အပေါက်မရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သလို ဤနေရာရှိ မိုးမြေစွမ်းအင်ဟာလည်း အလွန်ကိုမှ သိပ်သည်းလွန်းသည့် အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်း၏ ကမ္ဘာငယ်လေးသည် ဆေးပင်များ ရှင်သန်ပေါက်ရောက်ရန် အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာခဲ့တော့လေသည်။ အဖိုးတန်ဆေးပင်များစွာသည် နေရာအနှံ့ အစုလိုက် အပြုံလိုက် ပေါက်ရောက်နေကြ၏။ ရန်ကိုင်အဖို့ ဆေးပင်များအား တမင်သက်သက် အချိန်ကုန်ခံ၍ လိုက်ရှာနေစရာပင် မလိုခဲ့ချေ။
ထို့အပြင် ဤနေရာရှိ ဆေးပင်များသည် သက်တမ်းရင့်နေပြီဖြစ်သည့် ဆေးပင်များ ဖြစ်ကြသည်။
ရန်ကိုင် ခူးလာသည့် ဆေးပင်တိုင်းသည် အနည်းဆုံး နှစ်ထောင်နှင့်ချီကာ သက်တမ်း ရှိကြပြီး အချို့ဆိုလျှင် သောင်းနှင့်ပင် ချီကြသေးသည်။ ရန်ကိုင်သည် ဆေးပင်များကို ပျော်ပျော်ကြီး လိုက်ခူးလေ၏။
ကမ္ဘာငယ်လေးထဲတွင် ဤမျှ အဖိုးတန်သည့် ဆေးပင်များစွာ ရှိလိမ့်မည်ဟု ရီဟန်လည်း ထင်ထားခဲ့လိမ့်မည် မဟုတ်ချေ။ ထိုကြောင့်သာမဟုတ်လျှင် သူကိုယ်တိုင်လည်း ရန်ကိုင်နှင့်အတူ လိုက်လာခဲ့လောက်၏။
ထိုဆေးပင်များသက်သက်နှင့်ပင် ရွက်တစ်ထောင်ဂိုဏ်း၏ ချမ်းသာကြွယ်ဝမှုကို နှစ်ဆခန့် မြင့်တက်သွားစေနိုင်ပေသည်။ ရန်ကိုင်သည် လမ်းတွင်တွေ့သမျှ ဆေးပင်အားလုံးကို ခူးယူခဲ့ပေသည်။
ထို့အပြင် ဤဆေးပင်များသည် ကမ္ဘာငယ်လေးထဲတွင်ရှိသော ဆေးပင်များ၏ အနည်းအကျဉ်းလောက်သာ ဖြစ်ပေသေးသည်။ သူသာ နေရာအနှံ့သွား၍ လျှောက်ခူးမည်ဆိုပါက နောက်ပိုင်း ဆေးဖော်စပ်ရန်အတွက် ဆေးပင် မရှိမည်ကို စိုးရိမ်စရာလိုတော့လိမ့်မည် မဟုတ်ချေ။
နှစ်ရက်အတွင် ရန်ကိုင်၏ ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်တစ်ခုလုံး ဆေးပင်များဖြင့် ပြည့်နှက်သွားခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင်လည်း ဆေးဥယျာဉ်ထဲမှ အဆင့်နိမ့် ဆေးပင်အချို့ကိုခူးကာ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းရတော့လေသည်။
ရွက်တစ်ထောင်ဂိုဏ်းသည် ရတနာပုံပေါ်တွင် ထိုင်နေသော်ငြား ထိုရတနာပုံကြီးကို တူးမယူနိုင်ခဲ့ပေ။ ထို့ကြောင့်သာမဟုတ်လျှင် ရွက်တစ်ထောင်ဂိုဏ်း ဤမျှ အားနည်းနေလိမ့်မည် မဟုတ်။ သူတို့အနေဖြင့် တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းများနှင့် သွားမယှဉ်နိုင်လျှင်ပင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးလောက်သာ ရှိနေမည်ဆိုပါက ဒုတိယအဆင့် အင်အားစုအားလုံးကို ဖိနှိပ်ထားနိုင်ပေလိမ့်မည်။
လက်ရှိ ရွက်တစ်ထောင်ဂိုဏ်း၏ အဓိက အားနည်းချက်မှာ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးမှ ရှိမနေခြင်းပင် ဖြစ်လေသည်။ ဤသည်မှာလည်း ဒုတိယအဆင့် အင်အားစုအများစု ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲတစ်ခု ဖြစ်၏။
တစ်ရက်ကြာအောင် သွားပြီးသည့်နောက်တွင် ရန်ကိုင်၏ မြင်ကွင်းထဲ တောင်ကြားတစ်ခု ပေါ်လာခဲ့သည်။ တောင်ကြားမှာ အတော်လေးကိုမှ လှပပြီး ထူးခြားဆန်းပြားလှသည့် မွှေးရနံ့တို့ဟာလည်း တောင်ကြားအနှံ့ ပျံ့နေခဲ့လေသည်။ တောင်ကြားနားသို့ မရောက်သေးခင်မှာပင် တောင်ကြားထဲတွင် ပေါက်ရောက်နေသော ဆေးပင်များ၏ သင်းရနံ့ကို ရန်ကိုင် ရနေခဲ့လေပြီ။ ထိုတောင်ကြားနှင့် မြေပုံပေါ်ရှိ တောင်ကြားကို ယှဉ်ကြည့်ပြီးနောက် ရန်ကိုင်သည် ပျော်ရွှင်စွာပြုံးလျက် အရှိန်တင်လိုက်လေ၏။
ခေတ္တအကြာတွင် တောင်ကြားဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။ ထို့နောက် လှေပျံပေါ်မှဆင်း၍ သေချာ အာရုံစိုက်ကြည့်တော့လေသည်။ ကံမကောင်းစွာဖြင့် မည်သည့် ထူးခြားသည့်အရာကိုမှ အာရုံခံမရခဲ့ချေ။ ထိ့ကြောင့် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်လေ၏ “သူတို့ငါ့ကို လိမ်နေတာမျာလား။ ဧကရာဇ်အရှိန်အဝါကို ဘာလို့ အာရုံခံလို့မရတာလဲ”
ရီကျင်းဟန်၏ တောင်းဆိုချက်ကို လက်ခံလိုက်ရခြင်းမှာ ဤဧကရာဇ်ကောင်းကင် တောင်ကြားကို စိတ်ဝင်စားသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ မချိုးဖျက်ခင် ခိုင်မာသည့် အုတ်မြစ်တစ်ခုကို တည်ဆောက်လိုနေခြင်း ဖြစ်သည်။
ရီကျင်းဟန် ပြောသည်မှာ ဤဧကရာဇ်တောင်ကြားသည် တစ်နှစ်ပတ်လုံး ဧကရာဇ်ဖိအား၊ ဧကရာဇ်စိတ်ဆန္ဒတို့နှင့် ပြည့်နှက်နေသည့်အတွက်ကြောင့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာကို ထိုးထွင်းနားလည်သဘောပေါက်ရန် အကောင်းဆုံး နေရာတစ်ခုဖြစ်သလို ရွက်တစ်ထောင်ဂိုဏ်း၏ ကမ္ဘာငယ်လေးထဲရှိ အရေးအကြီးဆုံး နေရာတစ်ခုလည်း ဖြစ်သည်ဟူ၍ပင်။
ရန်ကိုင်၏ မူလအစီအစဉ်မှာ ဤတောင်ကြားထဲတွင် ခဏနေ၍ ကျင့်ကြံဖို့ပင်။ သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးနောက် သင်းပျံ့မွှေးထုံနေသည့် မွှေးရနံ့မှလွဲ၍ မည်သည့် ဧကရာဇ်စိတ်ဆန္ဒကိုမှ အာရုံခံမရခဲ့ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၂၇)
ဧကရာဇ်တောင်ကြားသည် နာမည်အတိုင်း လုံးဝ မဟုတ်ချေ။
ဤကိစ္စနှင့် ပက်သက်၍ ရီကျင်းဟန် သူ့အား မလိမ်လောက်ပေ။ ထိုကိစ္စနှင့် ပက်သက်၍ ရန်ကိုင် သေချာပေသည်။ ရီကျင်းဟန်နှင့် စသိသည့် အချိန်မှစ၍ ရီကျင်းဟန်သည် သူ့အပေါ် တလေးတစား ဆက်ဆံခဲ့သည်။ ထိုသို့ဖြစ်လေရာ သူမအနေဖြင့် ဤမျှအရေးကြီးသည့် ကိစ္စကို ဘာကြောင့်များ သူ့အား လိမ်ရမည်နည်း။
ထို့ကြောင့် ရှင်းပြချက် တစ်ခုသာ ရှိတော့သည်။ ဧကရာဇ်ကောင်းကင်တောင်ကြားထဲတွင် ဧကရာဇ်စိတ်ဆန္ဒ အမှန်တကယ် ရှိခဲ့ဖူးပြီး အကြောင်းအရင်းတစ်ခုခုကြောင့် ပျောက်ကွယ်သွားရခြင်းသာ ဖြစ်ရမည်။ နှစ်သောင်းနှင့်ချီသော အခိုက်အတန့်အတွင်း အရာရာသည် ပြောင်းလဲသွားနိုင်သည် မဟုတ်ပေလော။
ရန်ကိုင် ခဏမျှ ထိုင်စဉ်းစားနေခဲ့သည်။ သူခူးလာခဲ့သည့် ဆေးပင်များအကြောင်း ပြန်စဉ်းစားကြည့်လိုက်သော်ငြား ဤခရီးနှင့် ပက်သက်၍ မည်သည့် ဆုံးရှုံးမှမှ မရှိကြောင်း သိလိုက်ရသည်။ သူ့ဘက်ကပင်လျှင် အသားတင် အမြတ်ထွက်သွားသေးသည်။ ထိုကဲ့သို့ တွေးလိုက်ပြီးသည့်နောက် သူ့စိတ်ထဲ အရမ်းကြီး စိတ်ပျက်မသွားတော့ချေ။
တောင်ကြားတစ်ခုလုံး မွှေးရနံ့မျိုးစုံဖြင့် သင်းထုံနေခဲ့၏။ ထိုအချက်ကို ကြည့်ရုံဖြင့် တောင်ကြားထဲ ဆေးပင်မျိုးစုံ ပေါက်ရောက်နေကြောင်း သိနိုင်၏။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း ရပ်မနေတော့ဘဲ တောင်ကြားထဲတွင် ပေါက်ရောက်နေသော ဆေးပင်များကို စတင် ခူးယူတော့လေသည်။
ထိုသို့ ခူးယူနေရင်းမှ လူအရပ်တစ်ဝက်စာခန့်ရှိသော သစ်ပင်တစ်ပင်ဆီမှ အနီရင့်ရောင် အသီးတစ်လုံးကိုခူးပြီး သိုလှောင်လက်စွပ်ထဲ ထည့်မည်လုပ်စဉ် ရုတ်တရက်ဆိုသလို ရန်ကိုင် တစ်ခုခုကို သတိပြုမိသွားခဲ့လေသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အသီးအား သေချာ စစ်ဆေးကြည့်တော့လေသည်။
ထို့နောက် ရန်ကိုင် အတော်လေး အံ့အားသင့်သွားတော့လေ၏။
သူ့လက်ထဲရှိအသီးသည် တာအိုအဆင့်မြင့် အသီးတစ်လုံးဖြစ်သော ဗာမီလီယန်အသီး ဖြစ်ပေသည်။ ဤအသီးကို သွေးကြောသန့်စင်ဆေးလုံးဖော်စပ်ရာတွင် အဓိက ဆေးအမယ်အဖြစ် အသုံးပြုကြသည်။
ရန်ကိုင် အံ့အားသွားရသည့် အကြောင်းအရင်းမှာ အခြားကြောင့် မဟုတ်ဘဲ အသီးထဲ၌ နိယာမစွမ်းအားအချို့ကို ခံစားမိလိုက်ရသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
တာအိုအဆင့် အသီးတစ်လုံး မည်မျှပင် အဆင့်မြင့်နေပါစေ ထိုအသီးထဲတွင် မည်သည့် နည်းနှင့်မျှ နိယာမစွမ်းအားတို့ မရှိနိုင်ချေ။ ထို့ကြောင့် ဤအသီးထဲ၌ နိယာမစွမ်းအား ရှိနေကြောင်း သိလိုက်ရပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်သည်။
နောက်ထပ် သေချာစစ်ဆေးကြည့်လိုက်သည့်အခါ အသီးထဲရှိ နိယာမစွမ်းအားသည် အသီးနှင့် ပေါင်းစပ်ကာ မှိန်ဖျဖျ ဧကရာဇ်စိတ်ဆန္ဒကိုပင်လျှင် ထုတ်လွှတ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
ထိုအရာကို ရှာတွေ့သွားပြီးနောက် ရန်ကိုင် တစ်ခုခုအား ချက်ချင်း နားလည်သွားလေ၏ “ ဖြစ်နိုင်တာက...”
ထို့နောက် သူခူးယူလာခဲ့သော ဆေးပင်အားလုံးကိုထုတ်၍ သေချာစတင် စစ်ဆေးကြည့်တော့လေသည်။
အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် ဤတောင်ကြားထဲ၌ ဘာတွေ ဖြစ်ပျက်နေခဲ့လဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့ရတော့လေသည်။
ဟိုးယခင်အခါက ဤတောင်ကြားထဲ၌ ဧကရာဇ်စိတ်ဆန္ဒ ရှိခဲ့ပေလိမ့်မည်။ သို့သော်ငြား နှစ်ပေါင်း သောင်းနှင့်ချီ ကြာညောင်းလာသည့်နောက် ထိုဧကရာဇ်စိတ်ဆန္ဒကို တောင်ကြားထဲတွင် ပေါက်ရောက်နေသော ဆေးပင်များက စုပ်ယူသွားခဲ့လေသည်။
ထို့အတွက်ကြောင့်ပင်လျှင် တောင်ကြားထဲ၌ သူခူးယူခဲ့သည့် ဆေးပင်အားလုံး၌ ဧကရာဇ်စိတ်ဆန္ဒတို့ ကိန်းအောင်းနေချိန် တောင်ကြားအပြင်ဘက်မှ ခူးယူခဲ့သော ဆေးပင်များထဲ၌ မည်သည့် ဧကရာဇ်စိတ်ဆန္ဒကိုမှ မတွေ့ရခြင်း ဖြစ်သည်။ ထို့အချက်ကို ရှာတွေ့သွားပြီးနောက် ရန်ကိုင် စိတ်လှုပ်ရှားမိသွားခဲ့လေသည်။
ဧကရာဇ်စိတ်ဆန္ဒကိန်းအောင်းနေသော ဆေးပင်များ... ထိုကဲ့သို့သော ဆေးပင်များ ရှိသည်ဆိုသည့်အကြောင်း ရန်ကိုင် တစ်ခါမှ မကြားဖူးခဲ့ချေ။ ကြားဖူးရန် မဆိုထားနှင့် ထိုကဲ့သို့သော ဆေးပင်များ ရှိနိုင်သည်ဟုပင် မထင်ခဲ့ဖူးချေ။ ယခုမူ ထိုကဲ့သို့သော ဆေးပင်များ သူ့ရှေ့မှောက်၌ ရှိနေခဲ့လေ၏။
ထိုဆေးပင်များကိုသာ ဆေးလုံးအဖြစ် ဖော်စပ်လိုက်မည်ဆိုပါက ထိုဆေးလုံးများထဲ၌ ဧကရာဇ်စိတ်ဆန္ဒတို့ ကိန်းအောင်း ပါဝင်နေပေလိမ့်မည်။ ကျင့်ကြံသူများသည်သာ ထိုဆေးလုံးများကို သောက်လိုက်မည်ဆိုလျှင် နိယာမစွမ်းအားကို ပို၍ လွယ်လွယ်ကူကူ နားလည်နိုင်ပေလိမ့်မည်။
ဤနည်းလမ်းသည် ဧကရာဇ်တောင်ကြားထဲနေ၍ ကျင့်ကြံကာ ဧကရာဇ်စိတ်ဆန္ဒကို နားလည်အောင် ကြိုးစားခြင်းထက် ပိုကောင်းပေသည်။ အကြောင်းမှာ ဧကရာဇ်စိတ်ဆန္ဒကို နားလည်နိုင်ရန်မှာ ကျင့်ကြံသူတစ်ဦး၏ ပါရမီအပေါ်တွင်လည်း မူတည်ပေသည်။ ပါရမီပိုကောင်းလေ ပို၍ လျင်မြန်စွာ နားလည်နိုင်လေပင်။ ဆေးလုံးများမှာတော့ ထိုကဲ့သို့ မဟုတ်ချေ။ ဆေးလုံးထဲရှိ ဆေးအာနိသင်ကို သန့်စင်လိုက်သည်နှင့် ဧကရာဇ်စိတ်ဆန္ဒကို နားလည်နိုင်ပေလိမ့်မည်။
သူသာ ဤဆေးပင်များကို ဆေးလုံးအဖြစ်ဖော်စပ်၍ ကြယ်တာရာအစုအဝေးထဲ သွားရောင်းချလိုက်မည်ဆိုပါက သွေးစွန်းတိုက်ပွဲများ ကျိန်းသေ ဖြစ်လာပေလိမ့်မည်။ ဆေးအာနိသင် မည်သို့ပင် နိမ့်ကျနေစေကာမူ မည်သူမှ ဂရုစိုက်နေလိမ့်မည်မဟုတ်။ လူတိုင်းသာ ပစ်မှတ်သည် ဧကရာဇ်စိတ်ဆန္ဒနှင့် နိယာမစွမ်းအားသာ ဖြစ်လေသည်။
ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင် အလွန် စိတ်လှုပ်ရှားသွားခဲ့ပြီး တောင်ကြားထဲ၌ ကျိန်ရှိနေသော ဆေးပင်များကို ဝမ်းသာအားရ လိုက်ခူးတော့လေသည်။ ဆေးပင်တစ်ပင်ကိုပင် ချန်မထားခဲ့ချေ။ သက်တမ်းရင့်ပြီဖြစ်သည့် ဆေးပင်မှန်သမျှကို ခူးယူတော့လေသည်။
တောင်ကြားမှာ အရမ်းကြီး မကျယ်သော်ငြား ဤနေရာရှိ မိုးမြေစွမ်းအင်မှာ အလွန်ကိုမှ သိပ်သည်းကြွယ်ဝသလို ဤနေရာသို့ လူအရောက်အပေါက် မရှိသည်မှာလည်း နှစ်ပေါင်း သောင်းနှင့်ချီကာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက်ကြောင့် တောင်ကြားတစ်ခုလုံး ဆေးပင်များဖြင့် ပြည့်နေတော့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် အနေဖြင့် တောင်ကြားထဲရှိ ဆေးပင်အားလုံးကိုခူးရန် တစ်ရက်ခန့် အချိန်ယူလိုက်ရသည်။
တောင်ကြားထဲမှ ခူးလာသည့် ဆေးပင်များကို အခြားနေရာမှ ခူးလာသည့် ဆေးပင်များနှင့် ရောမသွားစေရန် ရန်ကိုင်သည် ဤနေရာရှိ ဆေးပင်များကို အခြား နေရာတစ်ခုတွင် သေချာ သိမ်းထားခဲ့လေသည်။ ထိုဆေးပင်များကို သူ့အနေဖြင့် မြန်မြန် ဆေးဖော်စပ်ပစ်ရန်လည်း လိုအပ်သည်။
ဆေးပင်များကို ခူးပစ်လိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် ဆေးပင်များထဲ ကိန်းအောင်းနေသော ဧကရာဇ်စိတ်ဆန္ဒတို့ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားမည်ကို ရန်ကိုင် စိုးရိမ်နေရသည်။ ထို့ကြောင့် ထိုဆေးပင်များကို မြန်နိုင်သမျှမြန်မြန် ဆေးဖော်စပ်ပစ်ရမည်ဟု ဆုံးဖြတ်လိုက်လေသည်။
ဤဆေးပင်များ၏ အကူအညီဖြင့်သာ ဆိုပါက ဟွာချင်းစီအနေဖြင့် ဧကရာဇ်အဆင့်သို့ ပို၍ လျင်မြန်စွာ ချိုးဖျက်နိုင်ပေလိမ့်မည်။
တစ်ရက်ခန့်အကြာတွင် ရန်ကိုင်သည် အလေးအနက် အမူအရာဖြင့် တောင်လိုဏ်ဂူ တစ်လုံးရှေ့တွင် ရပ်နေခဲ့လေသည်။
တောင်ကြားထဲရှိ ဆေးပင်များကို လိုက်ခူးနေစဉ် အတောအတွင်း ဤတောင်လိုဏ်ဂူကို မတော်တဆ ရှာတွေ့ခဲ့လေသည်။ သို့သော်ငြား ထိုစဉ်က ဆေးပင်များကို ခူးရင်း အလုပ်ရှုပ်နေသဖြင့် ဤလိုဏ်ဂူကို စစ်ဆေးချိန် မရှိခဲ့ဘဲ ယခုမှသာ ပြန်လာပြီး စစ်ဆေးကြည့်ခြင်း ဖြစ်သည်။
ဤတောင်လိုဏ်ဂူမှာ သဘာဝအတိုင်း ဖြစ်နေသည့် လိုဏ်ဂူတစ်လုံးနှင့် တူသော်ငြား သေချာ စစ်ဆေးကြည့်မည်ဆိုပါက ပြုပြင်ဖန်တီးထားသည့် အရိပ်အယောင်အချို့ကို မြင်တွေ့နိုင်ပေလိမ့်မည်။ ပြုပြင်ထားသည့် ခြေရာလက်ရာများမှာ အလွန်ကိုမှ အနုစိပ်သလို အချိန်လည်း ကြာသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဤတောင်လိုဏ်ဂူ ပုံစံသည် သဘာဝအတိုင်း ဖြစ်နေသည့် လိုဏ်ဂူတစ်လုံးနှင့်သာ တူတော့လေသည်။
လိုဏ်ဂူမှာ မည်သို့ပင် ဖြစ်နေစေကာမူ လိုဏ်ဂူအတွင်းပိုင်းဆီမှ အန္တရာယ်များသည့် အရှိန်အဝါတစ်ရပ်ကို ရန်ကိုင် ခံစားနေခဲ့ရသည်။
ဤတောင်လိုဏ်ဂူထဲ မယုံကြည်နိုင်စရာတစ်ခုခု ရှိနေသည်ဟု သူ့မသိစိတ်က ပြောနေခဲ့သည်။
သို့သော်ငြား အနီးအနားတစ်ဝိုက်တွင် မည်သည့် မွန်းစတားသားရဲကိုမှ မတွေ့ရသဖြင့် ရန်ကိုင်လည်း အရမ်း စိတ်ပူမနေခဲ့ချေ။ ဤကမ္ဘာငယ်လေးသည် မကြီးလှသလို ယခင်က ဤနေရာသို့ ရွက်တစ်ထောင်ဂိုဏ်းသားများ မကြာခဏ လာရောက် ကျင့်ကြံသည့် အတွက်ကြောင့် ဤနေရာတွင် မည်သည့် အန္တရာယ် ကြီးကြီးမားမားမှ မရှိလောက်ချေ။
ထို့အတွက်ကြောင့် တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက်တွင် ရန်ကိုင်သည် တောင်လိုဏ်ဂူထဲသို့ ဝင်သွားလိုက်လေသည်။
လိုဏ်ဂူအတွင်းပိုင်းသည် နံရံများပေါ်တွင် ထွန်းထားသော ညလင်းကျောက်များကြောင့် အရမ်းကြီး မှောင်မိုက်နေခြင်းမရှိခဲ့။ သို့သော်ငြား အလွန်ကိုမှ ပူအိုက်ခြောက်ကပ်နေခဲ့သည်။
လိုဏ်ဂူထဲသို့ ဝင်လာပြီး မကြာခင်မှာပင် ထူးဆန်းသည့် အနံ့တစ်ခုခုကို ရန်ကိုင် ရလိုက်လေသည်။ ထိုအနံ့မှာ ပုပ်ပွနေသည့် အသားထဲမှ ထွက်သည့် အနံ့ကဲ့သို့ အော်ဂလီဆန်စရာ ကောင်းလှသည်။ ထို့အတွက်ကြောင့် ရန်ကိုင် မျက်မှောင်ကြီး ကြုတ်မိသွားခဲ့လေ၏။
ပုံမှန်အားဖြင့် ဤနေရာကဲ့သို့ မိုးမြေစွမ်းအင် အလွန်သိပ်သည်းကြွယ်ဝသည့် နေရာမျိုးတွင် နေထိုင်သည့် မည်သည့်သက်ရှိမဆို ကောင်းစွာ ကြီးထွားနိုင်သည့် အတွက်ကြောင့် ထိုကဲ့သို့ အနံ့အသက်မျိုး ထွက်စရာအကြောင်း မရှိချေ။
ထိုကဲ့သို့ တွေးမိလိုက်သည့်နောက် တစ်ခုခု မှားယွင်းနေမှန်း ရန်ကိုင် သတိထားမိလိုက်တော့လေသည်။ ထို့နောက်တွင် သူ့မြင်ကွင်းတစ်ခုလုံး ဝါးတားတား ဖြစ်လာပြီး သူ့စိတ်ထဲ လမ်းလျှောက်နေရင်းမှ လေပေါ်မြောက်နေသလိုပါ ခံစားလာရတော့လေသည်။
“အဆိပ်လား” ရန်ကိုင် အလန့်တကြား ရေရွတ်လိုက်သည်။ ထို့နောက် သူတော်စင်ချီကို အလျင်စလို လှည့်ပတ်၍ သိုလှောင်လက်စွပ်ထဲမှ အသီးတစ်လုံး ထုတ်စားလိုက်လေသည်။
ထိုအသီးသည် ဤတောင်ကြားထဲမှ ခူးလာခဲ့သည့် ဧကရာဇ်အဆင့် အသီးတစ်လုံး ဖြစ်ပေသည်။ ဤကဲ့သို့သော အချိန်မျိုးတွင်တော့ ဧကရာဇ်အဆင့် ဖြစ်နေသည်ကိုလည်း ရန်ကိုင် ဂရုမစိုက်နိုင်တော့ချေ။ ဤတောင်လိုဏ်ဂူကို ရန်ကိုင် အတော်လေး စိတ်ဝင်စားနေမိသည်။ သို့သော်ငြား လိုဏ်ဂူတစ်ခုလုံးမှာ အဆိပ်များဖြင့် ပြည့်နေသည့် အတွက်ကြောင့် သူ့အနေဖြင့် လိုဏ်ဂူအား ဆက်စစ်ဆေးချင်သည်ဆိုပါက ဤအသီးကို စားရုံသာ ရှိတော့လေသည်။
အသီး သူ့ဗိုက်ထဲ ရောက်သွားပြီးနောက်တွင် ရန်ကိုင် အတော်လေး နေလို့ထိုင်လို့ ကောင်းသွားခဲ့လေသည်။ ထို့နောက် ရှေ့ဆက်သွားလေ၏။
အထဲသို့ ဝင်လာသည်နှင့်အမျှ ပျို့အန်ချင်စရာ အနံ့အသက်မှာ ပို၍ ပြင်းထန်လာခဲ့သည်။ အနံ့အသက်သာ ပိုဆိုးလာခြင်းမဟုတ်၊ အဆိပ်မှာလည်း ပို၍ ပြင်းထန်လာခဲ့လေသည်။ ဤအတိုင်းသာ ဆက်သွားနေလျှင် သူကြာကြာ တောင့်ခံနိုင်တော့လိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိလိုက်သည်။ လိုဏ်ဂူထဲ၌ အဆိပ်သည် သူပင်လျှင် ဘာမှမတတ်နိုင်သည့် အဆိပ်တစ်မျိုး ဖြစ်သည်။ ထို့အတွက်ကြောင့် နောက်တစ်ခဏလောက်အတွင်း ဘာမှ ရှာမတွေ့ပါက ချက်ချင်း ပြန်ထွက်ခွာရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော်ငြား ထိုကဲ့သို့ ဆုံးဖြတ်ပြီးပြီးချင်းမှာပင် သူ့ရှေ့တည့်တည့်ဆီမှ အလင်းရောင် မှိန်မှိန်လေး လက်နေသည်ကို သတိပြုမိလိုက်သည်။ ထို့အတွက်ကြောင့် ရန်ကိုင် စိတ်ဝင်စားမိသွားပြီး ချက်ချင်း အရှိန်တင်တော့လေသည်။
မကြာမီတွင် ပိုမို ကြီးမားသည့် တောင်လိုဏ်ဂူတစ်ခုဆီသို့ ရန်ကိုင် ရောက်လာခဲ့၏။
တောင်အတွင်းပိုင်းတစ်ခုလုံးကို တလက်လက် တောက်ပနေသည့် ညလင်းကျောက်များဖြင့် တန်ဆာဆင်ထားလေသည်။ လိုဏ်ဂူတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရန်ကိုင် သက်ပြင်းရှိုက်မိလိုက်လေ၏။
သူ့ရှေ့တည့်တည့်တွင် မလှုပ်မယှတ် ထိုင်နေသည့် အလောင်းကောင်တစ်ကောင် ရှိနေခဲ့လေသည်။ ထိုလူ သေသွားသည်မှာ ကြာနေလောက်ပေပြီ။ သူ့ဆီမှ အသက်စွမ်းအင် တစ်စွန်းတစ်စလေးကိုပင် အာရုံခံမရတော့ချေ။ ရှင်းရှင်းပြောရလျှင် ထိုအလောင်းကောင်တစ်ခုလုံးမှာ အရိုးခြောက် ဖြစ်နေပြီဟုပင် ပြော၍ရသည်။ မျက်လုံးများမှာ ချိုင့်ဝင်နေပြီး ဆံပင်များမှာ ကပိုကရို ဖြစ်နေကာ ခန္ဓာကိုယ် တစ်ခုလုံးမှာ ခြောက်ကပ်ရွံ့တွနေခဲ့သည်။
မည်သို့ပင် ဖြစ်နေစေကာမူ ထိုအလောင်းကောင် ဝတ်ထားသည့် ဝတ်ရုံကို ရန်ကိုင် မြင်ဖူးနေပေသည်။ သူဝတ်ထားသည့် ဝတ်ရုံသည် ရီဟန် ဝတ်သည့်ဝတ်ရုံနှင့် အတူတူပင်။ ထိုအချက်ကို သတိပြုမိလိုက်ပြီးနောက် အလောင်းကောင် မည်သူဖြစ်သလဲ ဆိုသည်ကို ရန်ကိုင် ခန့်မှန်းမိသွားတော့လေ၏။
ဤအလောင်းကောင်သည် ထိုခေတ်က ကမ္ဘာငယ်လေးထဲသို့ ဝင်လာသည့် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်သာ ဖြစ်လေသည်။ ဂိုဏ်း၏ အမွေအနှစ်များကို ဤနေရာသို့ ယူလာပြီး ဟင်းလင်းပြင်အစီအရင်ကို ဖျက်စီးသွားသည့်လူလည်း ဖြစ်သည်။
ဤလူသည် ရွက်တစ်ထောင်ဂိုဏ်း နိမ့်ကျလာရခြင်း၏ အဓိက တရားခံ ဖြစ်ပေသည်။
ဤလူ ဘာကြောင့် ထိုကဲ့သို့ လုပ်ခဲ့လဲ ရန်ကိုင်မသိ၊ သို့သော် သေသည့်လူက သေပြီးမှဖြင့် သူ့အား ဆက်အပြစ်တင်နေ၍လည်း ဘာမှထူးလိမ့်မည်မဟုတ်။ ထို့အပြင် ရန်ကိုင် ကိုယ်တိုင်ကလည်း ရွက်တစ်ထောင်ဂိုဏ်းသားတစ်ဦး မဟုတ်သည့်အတွက်ကြောင့် ဤလူကား အလကားသက်သက် သွားအပြစ်တင်နေစရာ မလိုချေ။
သူဤနေရာသို့ ရောက်လာရခြင်းမှာ ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ပေးရန် အတွက်သာ ဖြစ်ပေသည်။ ယခုကဲ့သို့ ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းနှင့် လာတွေ့ရသည်မှာတော့ ရေစက်မျှသာ ဖြစ်လေသည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်က လက်သီးဆုပ်၍ ပြေလိုက်လေသည် “စီနီယာ အနားယူနေတဲ့နေရာကို ကျူးကျော်လာမိတဲ့အတွက် ဂျူနီယာကို ခွင့်လွှတ်ပေးပါ စီနီယာ”
ထိုသို့ ပြောပြီးသည့်နောက် ရှေ့သို့ တစ်လှမ်း တိုးလိုက်လေသည်။
ရွက်တစ်ထောင်ဂိုဏ်းချုပ်ဟောင်း မသေခင် ဘာတွေ လုပ်နေခဲ့လဲတော့မသိသော်ငြား သူထိုင်နေသည့် ကြမ်းပြင်ပေါ်တွင် အလွန်ဆန်းကြယ်လှသည့် အစီအရင်ကြီးတစ်ခု ရှိနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ထို့အပြင် ရှားပါးလှသည့် သတ္တုများနှင့် ထူးဆန်းလှသည့် ပန်းပဲကုန်ကြမ်းပစ္စည်းအချို့ကိုလည်း သူ့ဘေးတွင် တွေ့လိုက်ရသေး၏။
ထို့ပစ္စည်းများအားလုံးမှာ တာအိုအဆင့်များ ဖြစ်ကြပြီး အချို့ဆိုလျှင် ဧကရာဇ်အဆင့်များပင် ဖြစ်ကြလေသည်။ ထိုအရာများကို မြင်လိုက်သည့် ပန်းပဲဆရာတိုင်း အရူးအမူး ဖြစ်သွားနိုင်သည်။
သို့သော်ငြား ရန်ကိုင်ကတော့ အရမ်းကြီး စိတ်လှုပ်ရှားမနေခဲ့ချေ။ ထိုပစ္စည်းများ မည်မျှ အဖိုးတန်နေပါစေ ကျောက်တုံးကိုယ်ပွားကမူ ဂရုစိုက်မနေဘဲ ဝါးမြိုပစ်ပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင့်အတွက်မူ အရည်အသွေးထက် အရေးအတွက်က ပိုအရေးကြီးနေ၏။
ရန်ကိုင်သည် အလောင်းနားဆီသို့ လျှောက်သွားလိုက်ပြီး မြေပြင်ပေါ်တွင် ရှိနေသော ပစ္စည်းအားလုံးကို ကောက်ယူကာ ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်သည်။
ထိုသို့ လုပ်ပြီးနောက် သူ့အကြည့်သည် အလောင်းကောင်းလက်တွင် ဝတ်ထားသည့် သိုလှောင်လက်စွပ်ဆီသို့ ရောက်သွားလေသည်။
ဤလူသည် မသေခင်က ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့လောက်သည်။ ရိုးရိုးဧကရာဇ်အဆင့်ပင် မဟုတ်ဘဲ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးပင် ဖြစ်နိုင်လောက်သည်။ ထို့ပြင် သူကိုယ်တိုင်ဟာလည်း ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် သူ့သိုလှောင်လက်စွပ်ထဲတွင် ကျိန်းသေ အဖိုးတန် ရတနာများ ရှိနေရပေလိမ့်မည်။ ရန်ကိုင်၏ အထင်သာမှန်လျှင် ရွက်တစ်ထောင်ဂိုဏ်း၏ ပျောက်ဆုံးသွားသော အဖိုးတန်ကျင့်စဉ် ပညာရပ်အားလုံးမှာ ထိုသိုလှောင်လက်စွပ်ထဲတွင် ရှိနေပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၂၈)
ရုပ်သေးရုပ်တာအိုအကြောင်း သိပ်မသိသဖြင့် ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း၏ သိုင်းပညာရပ်များနှင့် ကျင့်စည်များကို အတော်လေး စိတ်ဝင်စားနေမိလေ၏။ ထို့အပြင် ထိုပညာရပ်အားလုံးမှာ သူ့ရှေ့တည့်တည့်တွင် ရှိနေသည့်အတွက်ကြောင့် ဤအတိုင်း လက်လွှတ်မခံချင်ပေ။
သို့သော်ငြား ထိုအရာများကို တစ်ချက်လောက်သာ လေ့လာကြည့်လိုက်ပြီး ရီဟန်ဆီ ပြန်ပေးမည်ဟု ဆုံးဖြတ်ထားလေသည်။ သူ့အနေဖြင့် ရုပ်သေးရုပ်တာအိုကို အသေးစိတ် လေ့လာရန် စိတ်ကူးမရှိချေ။
ထိုကဲ့သို့ ဆုံးဖြတ်ပြီးသော် ရန်ကိုင်သည် အလောင်းကောင်လက်ရှိ လက်စွပ်ကို လှမ်းဆွဲယူလိုက်လေသည်။
သို့သော်ငြား ထိုသို့လုပ်နေစဉ်မှာပဲ သူ့ရင်တဒုန်းဒုန်း ခုန်လာခဲ့ပြီး အလွန်ကိုမှ အန္တရာယ်များသည့် အငွေ့အသက်တို့ကို ရလိုက်ရလေသည်။ ရန်ကိုင် တစ်ကိုယ်လုံးပေါ်ရှိ အမွှေးမျှင်များ ထောင်တက်သွားခဲ့ပြီး ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်လေ၏။
ထို့နောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် မျက်လုံးမှေးစဉ်းသွားတော့သည်။
ထိုစဉ်မှာပင် အလောင်းကောင်အောက်ရှိ စိတ်ဝိဥာဉ်အစီအရင် တဝီဝီ မြည်လာပြီး အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ ထို့နောက်တွင် အလောင်းကောင်၏ ခန္ဓာကိုယ်ပေါ်၌ ရုန်းအမှတ်အသားများ စတင် ထွက်ပေါ်လာပြီး ညိုးလျော် ခြောက်သွေ့နေသော အလောင်းကောင်၏ အသားအရေမှာ သတ္တုရောင် တောက်လာခဲ့လေတော့သည်။
ဘုန်း...
မြေပြင်ပေါ်ရှိ အစီအရင် စတင် လည်ပတ်လာသည်နှင့်အမျှ အရိုးအက်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် ပိတ်နေသော အလောင်းကောင်း၏ မျက်လုံးများသည်လည်း ဆတ်ခနဲ ပွင့်လာခဲ့လေသည်။
ဟောက်ဟောက်ပက်ပက် ဖြစ်နေသော မျက်တွင်းများမှာလည်း စုန်းမီးတောက်များနှယ် အစိမ်းရောင်တလက်လက် တောက်ပလာလေ၏။
တစ်ချိန်တည်းတွင် အလွန်အားကောင်းသည့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ အရှိန်အဝါလည်း ဖြာထွက်လာခဲ့လေသည်။ ထိုအရှိန်အဝါသည် အနားတွင် ရှိနေသော ရန်ကိုင်အပေါ်သို့ တောင်တစ်လုံးနှယ် ဖိချလာခဲ့လေသည်။
ထိုအလွန်ပြင်းထန်သည့် ဖိအားကြောင့် ရန်ကိုင်ခင်ဗျာ အသက်ရှူရပင် ခက်လာခဲ့သည်။
တစ်ခုခု မှားယွင်းနေမှန်း သူသိလိုက်လေပြီ။ နှစ်ပေါင်းများစွာကြာအောင် သေနေသော အလောင်းကောင်သည် အသိဥာဏ်ကို ပိုင်ဆိုင်ထားကာ အလောင်းဝိဥာဉ်သဖွယ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အလောင်းဝိဥာဉ်များကို အရိပ်ကြယ်ပေါ်တွင်လည်း သူတွေ့ခဲ့ဖူးသည်။ ထိုအလောင်းဝိဥာဉ်များကြောင့် အရိပ်ဝိဥာဉ်တစ်ခုလုံး ဗြောင်းသတ်ခဲ့ရသည်။ သို့သော်ငြား ထိုစဉ်က သူတွေ့ခဲ့ရသည့် အားအကောင်းဆုံးသော အလောင်းဝိဥာဉ်မှာ တန်ခိုးရှင်အထွဋ်အထိပ်အဆင့်သာ ရှိသေးသည့် နှစ်တစ်ထောင်အလောင်းဝိဥာဉ်သာ ဖြစ်ပြီး လက်ရှိ သူ့ရှေ့တွင် ရှိနေသော အလောင်းဝိဥာဉ်နှင့် လုံးဝ မယှဉ်နိုင်ချေ။
လက်ရှိ ရန်ကိုင်ရှေ့တွင် ရှိနေသည့် အရာမှာ နှစ်တစ်သောင်း အလောင်းဘုရင်သာ ဖြစ်လေသည်။
ထို့အပြင် ဤအလောင်းဝိဥာဉ်သည် ဧကရာဇ်အဆင့် နှစ်တစ်သောင်းအလောင်းဘုရင် ဖြစ်ပေသည်။ ၎င်းဆီမှ ဖြာထွက်နေသည့် ဧကရာဇ်စိတ်ဆန္ဒသည် တုပ၍မရသည့် အရာတစ်ခု ဖြစ်၏။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင် ဇောချွေးပျံသွားခဲ့လေသည်။ ဤအလောင်းသည် သူသွားယှဉ်နိုင်သည့်အရာမဟုတ်မှန်း သိလိုက်သော် ချက်ချင်းပဲ လေဟာနယ်နိယာမကို အသက်သွင်းကာ လိုဏ်ဂူထဲမှ ပြန်ဆုတ်တော့လေသည်။
သို့သော်ငြား သူ့အနေဖြင့် တောင်လိုဏ်ဂူထဲမှ ထွက်မပြေးနိုင်သေးခင်မှာပင် ထိုင်နေသော အလောင်းဘုရင်သည် စူးရှစွာ ထအော်တော့လေသည်။ ထိုအသံထဲ နက်နဲဆန်းကြယ်သည့် စွမ်းအားတစ်မျိုး ပါဝင်နေသည့်အလား ထိုအသံ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်း ဟင်းလင်းပြင်တစ်ခုလုံး အလိုလို ချိတ်ပိတ်သွားခဲ့လေသည်။
ရန်ကိုင်၏ ခန္ဓာကိုယ် တောင့်တင်းသွားခဲ့ပြီး ဝေဝါးပျောက်ကွယ်သွားသော သူ့ခန္ဓာကိုယ်မှာလည်း ပြန်ပေါ်လာခဲ့လေသည်။
ယခု ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့လေသည်။ တည်နေရာခုန်ကူး၍ မရတော့မှန်း သိလိုက်သော် အစွမ်းကုန်သုံး၍သာ ပုံမှန်အတိုင်း ထွက်ပြေးရတော့သည်။
အလောင်းဘုရင်၏ မျက်လုံးများထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ အလောင်းဘုရင်သည် ရန်ကိုင်အား စိုက်ကြည့်၍ ၎င်း၏ပါးစပ်ကို ဟလျက် အစိမ်းရောင်မြူခိုးများကို မှုတ်ထုတ်ချလိုက်လေသည်။
“အလောင်းကောင်အဆိပ်” ရန်ကိုင် သက်ပြင်းရှိုက်လိုက်လေသည်။ ယခုမှပဲ တောင်လိုဏ်ဂူတစ်ခုလုံးအနှံ့ ပျံ့နှံ့နေသော အနံ့မှာ ဘာအနံ့ဖြစ်သလဲ ဆိုသည်ကို နားလည်သွားတော့လေသည်။
ထိုအနံ့သည် အလောင်းကောင်မှ လာနေခြင်းပေကိုး။ သို့ပင်လျှင် ထိုရွံစရာအနံ့သည် အလောင်းကောင်၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာသည့် အနံ့လောက်သာ ရှိသေးသည်။ ထိုမျှလောက် စိမ့်ထွက်နေရုံဖြင့်ပင်လျှင် ရန်ကိုင် အဆိပ်မိခါနီး ဖြစ်သွားကာ သူ့မျက်လုံးများ ဝေဝါးသွားခဲ့ရသည်။ ထိုမျှလောက်ဖြင့်ပင်လျှင် ဤကဲ့သို့ ဖြစ်နေပါက အလောင်းကောင်ဘုရင် မှုတ်ထုတ်လိုက်သည့် အဆိပ်ကိုသာ ရှူမိမည် ဆိုလျှင်တော့ တစ်ခါတည်း တန်းသေသွားလောက်ပေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ တစ်ချက်ကလေးမှ အသက်မရှူရဲဘဲ ခန္ဓာကိုယ် တစ်ခုလုံးကို အရင်းအမြစ်ချီဖြင့် လွှမ်းခြုံ၍ အစွမ်းကုန်သုံးကာ ပြေးရတော့သည်။
ရန်ကိုင် လျင်မြန်စွာ ထွက်ပြေးနေသည့်အတိုင် အလောင်းကောင်အဆိပ်မှာလည်း နှေးမနေခဲ့ချေ။ အရိပ်တစ်ခုနှယ် ရန်ကိုင်နောက်သို့ တောက်လျှောက် လိုက်နေခဲ့ရာ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်အား လိုက်မှီသွားပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အရင်းအမြစ်ချီ အကာအကွယ်ကို လာရောက် ထိမှန်လေသည်။
ချက်ချင်းဆိုသလို ရန်ကိုင် ဖန်တီးထားသည့် အရင်းအမြစ်ချီ အကာအကွယ်ပေါ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာခဲ့ပြီး အလောင်းကောင်အဆိပ်သည် ထိုအပေါက်မှ တစ်ဆင့် ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်လာခဲ့လေသည်။
(ဒီလောက်တောင် ပြင်းတာလား) ရန်ကိုင်မှာ သူမြင်နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
အလွန်ကိုမှ အန္တရာယ်များသည့် အခိုက်အတန့်သို့ ရောက်နေသည့် အတွက်ကြောင့် ရန်ကိုင်လည်း အနည်းငယ်မျှပင် တုန့်ဆိုင်းမနေရဲဘဲ လေဟာနယ်နိယာမများကို ချက်ချင်း အသက်သွင်းလိုက်လေသည် “ဝဲကတော့”
ချက်ချင်းဆိုသလို ရန်ကိုင်ရှေ့တည့်တည့်တွင် အနက်ရောင်တွင်းနက်တစ်ခု ပေါ်လာပြီး သူ့ဆီသို့ တိုးဝင်လာနေသည့် အလောင်းကောင်အဆိပ်များကို ဝါးမြိုပစ်သွားလေသည်။ ထို့နောက်တွင် ရန်ကိုင်သည် နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ ထွက်ပေါက်ဆီသို့ ဆက်ပြေးတော့လေ၏။
သို့သော်ငြား သူကောင်းကောင်း အသက်မရှူနိုင်သေးခင်မှာပင် နာပင်းမတတ် ဟိန်းဟောက်သံနှင့်အတူ အလွန်မှ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့လေသည်။ ထို့နောက်တွင် တောင်တစ်ခုလုံး ပြိုကျတော့မည့်အလား စတင် လှုပ်ခါလာခဲ့လေ၏။
“ငါမင်းနဲ့ ဘာရန်ငြိုးတွေရှိလို့ အခုလိုတွေ လုပ်နေတာလဲဟ” ရန်ကိုင်မှာ လှမ်းအော်၍ အထွန့်တက်လိုက်လေသည်။ ဤသို့ ဖြစ်မည်မှန်းသာ သိခဲ့လျှင် ဤတောင်လိုဏ်ဂူထဲသို့ လုံးဝ ဝင်မလာခဲ့ပေ။ ယခုမူ ဤမွန်းစတားကောင်ကြီးကို သွားရန်စမိလိုက်လေပြီ။
ဤကဲ့သို့သော မွန်းစတားကောင်းကြီးကို သွားတိုက်ခိုက်၍လည်း မရချေ။ ရန်ကိုင် မည်သို့မှ နိုင်လိမ့်မည် မဟုတ်။ ထို့အတွက်ကြောင့် ရန်ကိုင်အတွက် ရွေးချယ်စရာဆို၍ ကမ္ဘာငယ်လေးထဲရှိ ဟင်းလင်းပြင်အစီအရင်ဆီသို့ ပြန်ပြေးရန်သာ ရှိတော့သည်။ ထို့နောက် အစီအရင်ကို မြန်မြန်ပြင်၍ ဤနေရာမှ ထွက်ပြေးရပေမည်။ သို့မှသာ ဤကောင်ကြီးလက်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။
သို့သော်ငြား အစီအရင်ကို ပြင်ဖို့က အချိန်လိုပေဦးမည်။ ပြင်ရန် မဆိုထားနှင့်၊ အစီအရင်ကို ပြင်ရန် လိုအပ်သော ပစ္စည်းများကို သိုလှောင်လက်စွပ်ထဲမှ ထုတ်နေစဉ် အတွင်းပင် ဤအလောင်းကောင်ဘုရင်သည် သူ့အား လိုက်မှီလာပေလိမ့်မည်။
ဤကောင်ကြီးသည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူ၏ အလောင်းကောင်ကြီး ဖြစ်လေရာ ဤကောင်ကြီး၏ စွမ်းအားမည်မျှအထိ ရှိသလဲ ဆိုသည်ကို ရန်ကိုင် မသိသေးချေ။
ဘုန်း...
ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ အလောင်းကောင်ဘုရင်သည် လိုဏ်ဂူထဲမှ ပြေးထွက်လာခဲ့လေသည်။ အမျိုးမျိုးသော အစီအရင်အင်းကွက်များသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ တဖျက်ဖျက် လင်းလက်တောက်ပနေခဲ့သည်။ အလောင်းကောင်ကြီးသည် ရပ်နေရာမှ ဖျက်ခနဲ ပျောက်ကွယ်သွားပြီး ရန်ကိုင်ရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာကာ သူ့အား လက်သီးဖြင့် ထိုးချလိုက်လေသည်။
လက်သီးချက်ထဲ ကိန်းအောင်းနေသည့် စွမ်းအားကို ခံစားမိလိုက်သော် ရန်ကိုင် မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားလေ၏။ ဗြုန်းစားကြီး တိုက်ခိုက်ခံရခြင်း ဖြစ်သည့်အတွက်ကြောင့် ရှောင်ရန် အချိန်မရှိတော့လေရာ ရန်ကိုင်လည်း အနန္တဓါးကို ထုတ်၍သာ ပြန်လည် ခုခံရတော့လေ၏။
အမျိုးမျိုးသော ဓါးအလင်းတန်းများ ထွက်ပေါ်လာပြီး အကုန်လုံးသည် ရန်ကိုင်ရှေ့၌ အခိုင်အမာတည်ရှိနေသော မြို့နံရံတစ်ခုနှယ် စုစည်းသွားခဲ့လေသည်။
ဘုန်း...
အလောင်းကောင်ဘုရင်၏ လက်သီးချက်ရှေ့တွင် ရန်ကိုင်၏ ဓါးအကာအကွယ်သည် စက္ကူဖြူတစ်ရွက်နှယ် ဖျက်စီးသွားခဲ့ရလေသည်။ ရပ်တန့်မရနိုင်သော အရှိန်အဟုန်ဖြင့် လက်သီးချက်သည် ရန်ကိုင်ဆီသို့ တောင်တစ်လုံးနှယ် တိုးဝင်လာလေသည်။ ထိုလက်သီးချက်ရှေ့မှောက်ဝယ် ရန်ကိုင်၏ တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံခြင်းမှာ အလွန်ကိုမှ သေးနုပ်သွားရတော့လေသည်။
(ငါသေရတော့မှာလား) ရန်ကိုင်၏ခေါင်းထဲ အတွေးတစ်ခု ရုတ်တရက် ပေါ်လာ၏။
သူ့ခန္ဓာကိုယ် မည်မျှအားကောင်းစေကာမူ၊ သူ့အရင်းအမြစ်ချီ မည်မျှပင် သန့်စင်သိပ်သည်းစေကာမူ၊ ထိုလက်သီးချက်ဖြင့်သာ အထိုးခံရပါက ကျိန်းသေ သေရပေလိမ့်မည်။
ထို့အတွက်ကြောင့် ရန်ကိုင်သည် လေဟာနယ်နိယာမများကို အစွမ်းကို ထုတ်သုံး၍ သူ့ခန္ဓာကိုယ်ကို လက်သီးနှင့် တည့်တည့်မထိမိအောင် အနည်းငယ် ရှောင်လိုက်လေသည်။
ရန်ကိုင် အနေဖြင့် လက်သီးချက်ကို လုံးဝ မရှောင်လိုခြင်းမဟုတ်။ ဤမျှလောက်သာ သူလုပ်နိုင်နေခြင်း ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ အလောင်းကောင်ဘုရင်မှ ထုတ်လွှတ်နေသည့် ဧကရာဇ်ဖိအားအောက်တွင် ရန်ကိုင်မှာ လုံးဝကို စွမ်းအား မဲ့နေခဲ့၏။
ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ဟင်းလင်းပြင်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။ အက်ကွဲသံများနှင့်အတူ ရန်ကိုင်၏ အရိုးများ ကျိုးကြေကုန်လေသည်။ သူ့ခန္ဓာကိုယ်မှာလည်း ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်ထွက်သွားခဲ့သလို့ သူ့အရှိန်အဝါမျာလည်း သိသိသာသာကို အားနည်းသွားခဲ့လေသည်။
ဘုန်း... ရန်ကိုင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။ သို့တိုင် ရန်ကိုင်သည် နာကျင်စွာဖြင့် ရင်ဘတ်ကို လက်ဖြင့်ဖိရင်း အမြန် ပြန်ကုန်းထလာခဲ့သည်။
ထိုလက်သီးတစ်ချက်နှင့်ပင် အလောင်းကောင်ဘုရင် မည်မျှ သန်မာကြောင်းကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။ အလောင်းကောင်ဘုရင်သာ ရန်ကိုင်နောက်သို့ ပြေးလိုက်လာပြီး နောက်ထပ်လက်သီးတစ်ချက် ထပ်ထိုးပါက ရန်ကိုင် တကယ်ကို ပြဿနာ တက်ပေလိမ့်မည်။
ကံကောင်းစွာဖြင့် အလောင်းကောင်ဘုရင်သည် တစ်ချက်ထိုးပြီးနောက်တွင် ရှေ့ဆက် တိုးမလာတော့ဘဲ မူလနေရာတွင်သာ ရပ်နေခဲ့လေသည်။ ၎င်း၏ မျက်လုံးထဲရှိ အစိမ်းရောင် အလင်းများမျာလည်း စတင်၍ လှုပ်ခတ်လာနေခဲ့၏။
(ဘာတွေဖြစ်နေတာလဲ)
ဘာတွေဖြစ်လို့ဖြစ်နေမှန်း နားမလည်သော်ငြား ဤသည်မှာ သူမြင်ချင်နေသည့်အရာ ဖြစ်သည်။ အလောင်းကောင်ဘုရင် ရပ်နေတုန်း ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ကုသရေးဆေးလုံးများကို ထုတ်သောက်လိုက်လေသည်။
ဆေးသောက်ရင်းမှ ဒဏ်ရာများကို ကုသနေစဉ် ရန်ကိုင်သည် အလောင်းကောင်ဘုရင်ကို သေချာ စစ်ဆေးကြည့်လိုက်လေသည်။
အလောင်းကောင်ဘုရင်ဆီမှ စိမ့်ထွက်နေသည့် အလောင်းကောင်အဆိပ်သည် ဘေးပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားခဲ့ရာ ထိုအဆိပ်နှင့် ထိမိသည့် တောင်ကြားထဲတွင် ရှိနေသော အပင်အားလုံး တစ်မုဟုတ်ချည်း ညိုးလျော်သေဆုံးကုန်ကြလေသည်။ ထိုအချက်ကို ကြည့်ရုံနှင့်ပင် ထိုအဆိပ် မည်မျှပြင်းကြောင်း သတိပြုမိနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေကာမူ အခြားထူးဆန်းသည့် တစ်ချက်ကို ရန်ကိုင် ရှာတွေ့သွားခဲ့သည်။ အလောင်းကောင်ဘုရင်ကို ကြည့်ရသလောက် ကိုယ်ပိုင် အသိဥာဏ် မရှိသည့်ပုံပင်။
သို့သော်ငြား တကယ်ကော ထိုကဲ့သို့ ဖြစ်နိုင်ပါ့မလား။ အရိပ်ကြယ်ပေါ်တွင် သူတွေ့ခဲ့သည့် အားနည်းလှသော နှစ်တစ်ရာအလောင်းစစ်သည်တော်များပင်လျှင် ကိုယ်ပိုင် အသိဥာဏ်ကို ပိုင်ဆိုင်ထားကြသည်။ ထိုကောင်လေးများပင် အသိဥာဏ် ပိုင်ဆိုင်ထားလေရာ ဤအလောင်းကောင်ဘုရင်တွင် ဘာကြောင့်များ အသိဥာဏ် မရှိဘဲ နေရမည်နည်း။
ထို့အပြင်... ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အစီအရင်များမှာ အလွန်ကိုမှ သိသာလှပေသည်။ သတ္တုရောင်တလက်လက် တောက်နေသော ၎င်း၏ ခန္ဓာကိုယ် အသားအရေနှင့် ပေါင်းလိုက်သော် အလောင်းကောင်ဘုရင်၏ ပုံစံမှာ အတော်လေးကိုမှ ထူးဆန်းနေတော့လေသည်။
ထိုအလောင်းကောင်ဘုရင်ကို ဆက်၍ လေ့လာနေရင်းမှ တစ်ခုခုအား စဉ်းစားမိသွားသည့် အလား ရန်ကိုင် ရုတ်တရက် မျက်လုံးပြူးသွားပြီး အလန့်တကြား ထအော်လေ၏ “အလောင်းကောင်ရုပ်သေးရုပ်လား”
ရန်ကိုင်သည် ရုပ်သေးရုပ်တာအိုအကြောင်း သိပ်မသိသော်ငြား အရှင်း မသိသည်တော့ မဟုတ်။
ရှင်းရှင်းပြောရလျှင် ရုပ်သေးရုပ်များကို ဖန်တီးရန်အတွက် အမျိုးမျိုးသော အဖိုးတန် ရတနာများနှင့် အထူးနည်းလမ်းများကို လိုအပ်ပေသည်။ ရွက်တစ်ထောင်ဂိုဏ်း၏ အဓိက နန်းတော်ကို စောင့်ကြပ်နေသော ရုပ်သေးရုပ်များနှင့် အချိန်မြစ်ကျောင်းတော်ထဲတွင် ရန်ကိုင် ကြုံတွေ့ခဲ့ရသည့် ရုပ်သေးရုပ်အားလုံးကို ထိုနည်းလမ်းအတိုင်း ဖန်တီးထားကြခြင်း ဖြစ်သည်။
သို့သော်ငြား ထိုရုပ်သေးရုပ်များအပြင်၊ အဖိုးတန် ရတနာများမလိုအပ်ဘဲ ဖန်တီး၍ရသည့် ရုပ်သေးရုပ်တစ်ရုပ်လည်း ရှိပေသည်။ ထိုရုပ်သေးရုပ်ကိုမူ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို သုံး၍ ဖန်တီး၍ရပေသည်။
အားကောင်းလှသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်သည် အားကောင်းသော ရုပ်သေးရုပ်များကို ဖန်တီးရန်အတွက် အကောင်းဆုံး ပစ္စည်းများပင် ဖြစ်ကြသည်။
အချို့သော မိစ္ဆာကျင့်ကြံသူများသည် လူသားများ၏ ခန္ဓာကိုယ်ကို သုံး၍ ရုပ်သေးရုပ် ဖန်တီးရသည်ကို အလါန် နှစ်သက်ကြလေသည်။ ထို့အပြင် ရုပ်သေးရုပ်အဖြစ် သန့်စင်ခံလိုက်ရပြီးသည့်နောက်တွင် ထိုလူများသည် သူတို့၏ ခွန်အား အများစုကို ပိုင်ဆိုင်ထားနိုင်ကြသေးသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၂၉)
ထိုကဲ့သို့သော မိစ္ဆာကျင့်ကြံသူများသည် အခြားပညာရှင်များ၏ အုတ်ဂူများအား ဖောက်ရသည်ကို အလွန်နှစ်သက်ကြပြီး သူတို့ ရရှိလိုက်သည့် အလောင်းတိုင်းသည် သူတို့၏ ခွန်အားကို သိသိသာသာ တိုးတက်လာစေနိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ထိုကဲ့သို့သော ပညာရှင်များသည် သွားလေရာနေရာတိုင်း လူမြင်ကတ်ခံရခြင်း ဖြစ်သည်။ အလောင်းရုပ်သေးရုပ်များကို သန့်စင်သည့် နည်းလမ်းသည် တားမြစ်ပညာရပ်များအနက် လုံးဝကို တားမြစ်ပညာရပ်ကြီး တစ်ခု ဖြစ်သည်။
သို့ပင်လျှင် ထိုပညာရပ်များကို ကျင့်ကြံနေသူများမှာ ရှိနေစမြဲပင်။ ရွဥ◌်တစ်ထောင်ဂိုဏ်းတွင်လည်း အလောင်းရုပ်သေးရုပ် သန့်စင်သည့် နည်းလမ်းကို အသုံးပြုချင်နေသည့်လူများရှိနေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။
ဤအလောင်းကောင်ဘုရင်တွင် အသိစိတ်မရှိနေသော်ငြား ၎င်းကိုယ်ပေါ်ရှိ အစီအရင်များမှာတော့ ၎င်း၏ ဇာတ်မြစ်ကို မီးမောင်းထိုးပြနေလေသည်။ သတ္တုရောင် တောက်နေသည့် ခန္ဓာကိုယ်နှင့် အစီအရင်များကို မြင်လိုက်သည့်လူတိုင်း ဤအရာသည် အလောင်းကောင်ရုပ်သေးရုပ်တစ်ရုပ်ဖြစ်မှန်း ပြောနိုင်ပေလိမ့်မည်။
ထို့အပြင် ဤသည်မှာ ဧကရာဇ်အဆင့် အလောင်းကောင်ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သည်။
မည်သို့သောလူကများ ဤမျှအားကောင်းသည့် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ကို အသိဥာဏ်မရှိသော အလောင်းကောင်းရုပ်သေးရုပ်တစ်ရုပ်အဖြစ် သန့်စင်ခဲ့ရသနည်း။ ရန်ကိုင် အလွန်ကိုမှ မှင်သက်နေမိခဲ့လေသည်။
သို့သော်ငြား သူ့ခန့်မှန်းချက်နှင့် ပက်သက်၍ တစ်ခုခု လွဲမှားနေမှန်း နားလည်သွားခဲ့သည်။ ရီဟန်ပြောပုံအရ ထိုစဉ်က ဤနေရာထဲသို့ ဝင်လာခဲ့သူမှာ ထိုခေတ်အခါက ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်သာ ဖြစ်သည်။ ဝင်လာပြီးသည်နှင့် ထိုသူသည် သူ့အား အခြား မည်သူမှ လာမနှောင့်ယှတ်နိုင်အောင် ဟင်းလင်းပြင်အစီအရင်ကို ဖျက်စီးပစ်ခဲ့သည်။
ဤနေရာတွင် ဒုတိယလူတစ်ယောက် ရှိနေသည်ဟု သဲလွန်စများ ရှိမနေခဲ့ချေ။
ထို့အပြင် ထိုခေတ်အခါက ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ အလွန် အားကောင်းသည့် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လေရာ မည်သူကများ သူ့ကို အလောင်းကောင်ရုပ်သေးရုပ်အဖြစ် သန့်စင်နိုင်ပါမည်နည်း။
(သူ့ကိုယ်သူ... ရုပ်သေးရုပ်အဖြစ် သန့်စင်ခဲ့တာများလား)
ထိုအချက်ကို တွေးမိလိုက်သည့်နောက် ရန်ကိုင် ကြောက်လန့်သွားခဲ့လေသည်။ ထိုသို့သာ တကယ်ဖြစ်မည်ဆိုလျှင်တော့ ထိုဂိုဏ်းချုပ်၏ ရုပ်သေးရုပ်တာအိုအပေါ် နားလည်မှုသည် အလွန်ကိုမှ အဆင့်မြင့်နေပြီး သူ့စိတ်ထဲတွင်လည်း သာမန်ပညာရှင်များကို ကျော်လွှားလိုသည့် ဆန္ဒမျိုးလည်း ရှိနေရပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေကာမူ ကိုယ့်ကိုယ်ကို ရုပ်သေးရုပ်အဖြစ် သန့်စင်မည်ဟု တွေးလိုက်ရုံဖြင့်ပင်လျှင် မည်သူကိုမဆို သွေးပျက်ကြောက်ရွံ့သွားစေနိုင်ပေသည်။ ထိုကဲ့သို့ သန့်စင်နေစဉ်အတောအတွင်း မည်မျှပင် နာကျင်နေရမည်နည်း။
ထိုအရာမှာ သူ့အတွေးသက်သက်သာ ဖြစ်သော်ငြား အမှန်တရားနှင့် မဝေးလောက်ဟု ရန်ကိုင် ထင်ပေသည်။
သူ့စိတ်ထဲ အတွေးများစွာနှင့် ယောက်ယတ်ခတ်နေစဉ်မှာပင် မလှုပ်မယှတ် ရပ်နေသော အလောင်းကောင် ရုပ်သေးရုပ်သည် အေးစက်စက် အကြည့်ဖြင့် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
ထိုအကြည့်ကို မြင်လိုက်သည်နှင့် အခြေအနေမကောင်းတော့မှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။ အလောင်းကောင်ရုပ်သေးရုပ်သည် သူ့အား ထိန်းချုပ်ထားသည့် အရာမှ ရုန်းထွက်လာတော့မည်မှန်း နားလည်လိုက်သည်။
သူ့စိတ်ထဲ ထိုကဲ့သို့ တွေးပြီးရုံတင်ရှိသေး အလောင်းကောင်ရုပ်သေးရုပ်သည် သူ့ဘေးတွင် ရုတ်တရက် ပေါ်လာပြီး သူ့အား လက်သီးဖြင့် ထိုးချလာခဲ့သည်။
ထိုလက်သီးချက်စွမ်းအားအောက်ဝယ် ရန်ကိုင်မှာ အလွန်ကိုမှ သေးနုပ်နေခဲ့သည်။ အသိဥာဏ်ကို ပိုင်ဆိုင်ထားခြင်းမရှိသလို ရိုးရှင်းသည့် လက်သီးထိုးချက်များကိုသာ လုပ်တတ်သည့်တိုင် အလောင်းကောင်ရုပ်သေးရုပ်၏ လက်သီးတစ်ချက်ထဲ ရန်ကိုင် တုပမယှဉ်ပြိုင်နိုင်သည့် အတိုင်းမဲ့စွမ်းအားတို့ ပါဝင်နေပေသည်။
ထိုလက်သီးချက်စွမ်းအားသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ ခွန်အားကို ထုတ်ပြနေခဲ့သည်။ ဟင်းလင်းပြင်တစ်ခုလုံးကို တစစ်စီ စုတ်ပြဲပစ်နေဟန် ထင်ရသော စွမ်းအင်လှိုင်းများသည် လက်သီးတစ်ဝိုက်တွင် ရစ်သိုင်းနေခဲ့လေသည်။
ထိုလက်သီးကိုကြည့်ရင်း ရန်ကိုင် ခေါင်းမွှေးထောင်သွားလေ၏ “နဂါးအသွင်ပြောင်းလဲခြင်း”
ချက်ချင်းဆိုသလို နဂါးဟိန်းသံနှင့်အတူ ရွှေရောင်နဂါးတစ်ကောင် သူ့ကျောဘက်တွင် ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် သူ့ကိုယ်ထဲသို့ ပြန်ဝင်သွားလေ၏။ ထိုအခါ အက်ကွဲသံများနှင့်အတူ ရန်ကိုင်၏ လက်နှစ်ဖက်သည် နဂါးလက်သည်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး နဂါးကြေးခွံ့များဟာလည်း သူ့ခန္ဓာကိုယ် တစ်လျှောက်တွင် ထွက်ပေါ်လာခဲ့လေသည်။ ထိုမျှသာမဟုတ်သေး သူ့ကျောရိုးမှာလည်း ရုတ်တရက် ပိုရှည်လာကာ သန့်စင်လှသည့် နဂါးအရှိန်အဝါဟာလည်း ရန်ကိုင်ဆီမှ ဖြာထွက်လာလေ၏။
နဂါးအကြွေးခွံ၊ နဂါးအရိုးနှင့် နဂါးဓါတ်လုံးတို့ကို သန့်စင်ထားသည့် အတွက်ကြောင့် နဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သံဒးလိုက်သည့်အခါ ရန်ကိုင်၏ ခွန်အားမှာ အဆပေါင်းများစွာ ထိုးဆက်သွားခဲ့လေသည်။
ထိုမျှနှင့်ပင် မပြီးပြတ်သေးချေ။ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို သုံးပြီးသည်နှင့် ရန်ကိုင်သည် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကိုပါ ထပ်မံ ထုတ်သုံးလိုက်လေသည်။ ထို့နောက် သူ့ဆီ တိုးဝင်လာနေသည် လက်သီးချက်ကို ခုခံရန် ပြင်ဆင်လိုက်သည်။
ရန်ကိုင်အနေဖြင့် လုံးဝကို ပြန်မတိုက်ခိုက်ရဲချေ။ ရန်သူ၏ လက်သီးချက်အောက်တွင် သူ့ဘဝမှာ မုန်တိုင်းဝေနေသည့် ပင်လယ်ထဲသို့ ရောက်နေသော လှေငယ်လေးတစ်စင်း ကဲ့သို့ ဖြစ်နေခဲ့သည်။
ဘုန်း...
အလောင်းကောင်ရုပ်သေးရုပ်၏ လက်သီးချက် သူ့အား လာမှန်သည်နှင့် ရန်ကိုင်၏ ခန္ဓာကိုယ်သည် မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တဆတ်ဆတ် တုန်ရီသွားခဲ့သည်။ အက်ကွဲသံများနှင့် သူ့လက်မောင်းနှစ်ဖက်စလုံး ကျိုးသွားခဲ့၏။ တစ်ချိန်တည်းတွင် သူ့တစ်ကိုယ်လုံးမှာလည်း ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်ထွက်သွားခဲ့သည်။
နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်နှင့် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကို အစွမ်းကုန် ထုတ်သုံးလိုက်သည်နှင့် ဤကဲ့သို့ ဖြစ်သွားသေးသည်။ ရန်ကိုင်သာ ကောင်းကောင်း မပြင်ဆင်ထားပါက ထိုလက်သီးချက်အောက် တစ်ခါတည်း တန်းအသက်ပျောက်နိုင်ပေသည်။ သူ့ရှေ့ရှိ အလောင်းကောင်ရုပ်သေးရုပ် မည်မျှ အားကောင်းကြောင်းကို ရန်ကိုင် ပထမဆုံးအကြိမ်အဖြစ် ခံစားနေရတော့သည်။
လွင့်ထွက်သွားနေစဉ်အတောအတွင်း ရန်ကိုင်သည် နာကျင်မှုကို ကြိတ်ခံရင်း အော်ဟစ်လိုက်လေသည် “ထွက်လာလိုက်တော့”
သူ့အော်ဟစ်သံနှင့်အတူ တောင်တစ်လုံးနှယ် ကြီးမားလှသော ပုံရိပ်တစ်ခု မြေပြင်ပေါ်သို့ ခုန်ဆင်းလာခဲ့လေသည်။
ရန်ကိုင်၏ ကျောက်တုံးကိုယ်ပွားသာ ဖြစ်လေသည်။
ကျောက်တုံးရုပ်သေးရုပ်မှာ သူဘယ်နေရာရောက်နေလို့ ရောက်နေမှန်းမသိ၊ ဘာတွေဖြစ်လို့ ဖြစ်နေမှန်းမသိသဖြင့် အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ သို့သော်ငြား အလောင်းကောင်ရုပ်သေးရုပ် ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် ချောက်ခြားဖွယ်ရာ အရှိန်အဝါကို ခံစားမိလိုက်သည့်နောက် ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့လေသည်။ ထိုအရှိန်အဝါသည် သူ့ကိုပင် တိုက်ခိုက်ချင်စိတ်ပျောက်အောင် လုပ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင် သူ့ကိုပင် အကူအညီ လှမ်းတောင်းရသည်မှာ အလွန်ကိုမှ အားကောင်းသည့် ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထိုသို့ တွေးလိုက်ပြီးသည့်နောက် သူ့စိတ် အနည်းငယ် တည်ငြိမ်သွားခဲ့သည်။
ထို့နောက်တွင် ကျောက်တုံးကိုယ်ပွားသည် သူ့လက်ကို ဆန့်ထုတ်၍ လွင့်ထွက်သွားနေသော ရန်ကိုင်ကို လှမ်းဖမ်းလိုက်လေသည်။
“အဟွတ်... အဟွတ်...” ကျောက်တုံးကိုယ်ပွား လက်ပေါ်တွင် ဒူးထောက်ရင်း ရန်ကိုင် အဆက်မပြတ် သွေးအန်နေခဲ့လေသည်။
“သခင်” လျို့ယန်သည် ကျောက်တုံးကိုယ်ပွားဘေးတွင် ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏ အခြေအနေကိုမြင်သော် သူမမျက်နှာလေး တစ်မုဟုတ်ချည်း ဖြူလျော်သွားပြီး ရန်ကိုင်ဆီသို့ ချက်ချင်း ပြေးသွားလေ၏။
“အဲ့ဒါဘာကြီးလဲ” ကျောက်တုံးကိုယ်ပွားသည် သူ့ရှေ့တွင်ရှိနေသော ပုရွတ်ဆိတ် တစ်ကောင်မျှလောက်သာရှိသော အရာကိုကြည့်ရင်း တုန်တုန်ရီရီဖြင့် မေးလိုက်သည်။
“အလောင်းကောင်ရုပ်သေးရုပ်” ရန်ကိုင်က မတ်တပ်ရပ်၍ ရှင်းပြလိုက်လေသည် “ဧကရာဇ်တတိယအဆင့် အလောင်းကောင်ရုပ်သေးရုပ်ပဲ”
“ဘာ” ကျောက်တုံးကိုယ်ပွားနှင့် လျို့ယန်တို့ နှစ်ဦးစလုံး ကြောက်လန့်တကြား ထအော်ကြလေသည်။ နှစ်ယောက်စလုံး တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျောက်တုံးကိုယ်ပွားက ခါးသက်သက် လေသံဖြင့် ပြန်မေးလိုက်လေသည် “ဒီလို မွန်းစတားကောင်ကြီးကို မင်းဘယ်လို သွားရန်စလိုက်တာလဲ”
“ပြောရရင် အရှည်ကြီးပဲ...” ရန်ကိုင်က မျက်နှာကြီးမဲ့လျက်ပြန်ပြောလိုက်သည်။ ထို့နောက် သူ့လက်ကို လှုပ်ခါလိုက်ရာ ကျိုးနေသော သူ့လက်များ တဖြည်းဖြည်း ပြန်ဆက်သွားခဲ့လေသည်။ ငုံ့ကြည့်လိုက်ရာ လက်နှစ်ဖက်စလုံးသည် လက်ကောက်ဝတ်မှနေ၍ ကျိုးသွားကြောင်း တွေ့လိုက်ရသည်။
ကံကောင်းစွာဖြင့် နဂါးအသွင်ပြောင်လဲခြင်းပညာရပ်နှင့် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီမှ သူ့ခနန္ဓာကိုယ်အား အားဖြည့်ပေးထားသလို သူ့ခန္ဓာကိုယ်ကလည်းက အစကတည်းက အားကောင်းနေသည့်အတွက်ကြောင့် ထိုမျှလောက်သော ဒဏ်ရာသည် သူ့အား အရမ်းကြီး ထိခိုက်သွားစေခြင်း မရှိခဲ့ပေ။
“လာနေပြီ” ရုတ်တရက် ကျောက်တုံးကိုယ်ပွားက ထအော်လေသည်။ ကျောက်တုံးကိုယ်ပွား ထိုကဲ့သို့ ပြောပြီးရုံတင်ရှိသေး အလောင်းကောင်ရုပ်သေးရုပ်သည် ရုတ်တရက် လေပေါ်သို့ခုန်ကာ ကျောက်တုံးကိုယ်ပွားတည့်တည့်သို့ ထိုးချလိုက်လေသည်။
အရွယ်အစားတွင် ကျောက်တုံးကိုယ်ပွားသည် အလောင်းကောင်ရုပ်သေးရုပ်ထက် အဆပေါင်းများစွာ ပိုကြီးသော်ငြား အလောင်းကောင်ရုပ်သေးရုပ်၏ လက်သီးချက်ကို မြင်သော် ကျောက်တုံးကိုယ်ပွား၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့လေသည်။
ကျောက်တုံးကိုယ်ပွားကလည်း လက်သီးဖြင့် ပြန်ထိုးချလိုက်သည်။
လက်သီးနှစ်လုံး ဆုံသွားသည့်အခိုက် နားပင်မတတ် ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ အလွန်အားကောင်းသည့် စွမ်းအင်လှိုင်တို့ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။
ကျောက်တုံးကိုယ်ပွား၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် အရှိန်အဟုန်ပြင်းစွာ နောက်သို့ လွင့်စင်ထွက်သွားလေ၏။
အလောင်းကောင်ရုပ်သေးရုပ်မှာလည်း ကျောက်တုံးကိုယ်ပွားထက် ပိုမြန်သည့်နှုန်းဖြင့် နောက်သို့ လွင့်ထွက်သွားကာ ကျောက်ကမ်းပါးတစ်ခုနှင့် သွားဆောင့်လေသည်။
မျက်တောင်တစ်ခတ်အတွင် ချောက်ကမ်းပါးနံရံပေါ်၌ လူပုံစံတွင်းပေါက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ပင့်ကူအိမ်နှယ် အက်ကွဲကြောင်းများသည် တွင်းပေါက်ကို ဗဟိုပြုလျက် အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့သည်။
ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် လေအေးတစ်ရှိုက် ရှူသွင်းမိလိုက်၏။
ကျောက်တုံးကိုယ်ပွား၏ ခွန်အားအကြောင်းကို သူကောင်းကောင်း သိပေသည်။ ကျောက်တုံးကိုယ်ပွားသည် တိုက်ကြီးတစ်ခုလုံးနှင့် ပေါင်းစပ်ထားခြင်း ဖြစ်ပေသည်။ တစ်နည်းဆိုရသော် ကျောက်တုံးကိုယ်ပွား၏ လက်သီးချက်ထဲတွင် ကမ္ဘာတစ်ခုလုံး၏ ခွန်အား ပါဝင်နေခဲ့လေသည်။
သူ့လက်ရှိခွန်အားအရ ကျောက်တုံးကိုယ်ပွားသည် ဧကရာဇ်အဆင့်ပညာရှင်များကိုပင် သူ့လက်သီးချက်ဖြင့် သတ်ပစ်နိုင်ပေသည်။ သို့သော်ငြား သူ့လက်သီးချက်ကို ရသည့်တိုင် ကျောက်တုံးရုပ်သေးရုပ်သည် ဘာမှ ထိခိုက်သွားခြင်း မရှိခဲ့ချေ။ လွင့်ထွက်သွားခြင်းသာ ရှိပေသည်။
ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည် မည်မျှပင် မာကျောနေလေသနည်း။
ထိုမျှသာလျှင် မဟုတ်သေး၊ အလောင်းကောင်ရုပ်သေးရုပ်သည် ကျောက်တုံးကိုယ်ပွားကိုပင် လွင့်ထွက်သွားအောင် လုပ်နိုင်သေး၏။
“လျို့ယန်” ရန်ကိုင်က အော်ပြောလိုက်သည်။
ရန်ကိုင် ပြောနေစရာပင်မလိုခဲ့။ ဘာလုပ်ရမလဲဆိုသည်ကို လျို့ယန် သိနေပြီးသားပင်။ ချက်ချင်းပဲ မီးငှက်အသွင်သို့ပြောင်းလျက် အလောင်းကောင်ရုပ်သေးရုပ်ဆီ ပြေးဝင်သွားပြီး သူမပါးစပ်ကိုလျက် မီးတောက်များ မှုတ်ထုတ်လိုက်လေသည်။
လျို့ယန်၏ မီးတောက်များထဲ သူမကိုယ်ပိုင် မီးစွမ်းအားအပြင်၊ ကောင်းကင်မိုးကြိုးမီးတောက်၊ မိုးပြာရေခဲမီးတောကနှင့် နတ်ငှက်လွမ်ဖုန်း၏ ကမ္ဘာဖျက်မီးတောက်များပင် ပါဝင်နေခဲ့သည်။ ထို့ကြောင့် သူမ၏ မီးတောက်မှာ အလွန်ကိုမှ အန္တရာယ်များပေသည်။
သူမ၏ မီးတောက်များအောက်တွင် ချောက်ကမ်းပါးနံရံကြီးမှာ တစ်မုဟုတ်ချည်း အရည်ပျော်ကျသွားခဲ့လေသည်။
ကျောက်တုံးကိုယ်ပွား၏ လက်သီးချက်သည် အလောင်းကောင်ရုပ်သေးရုပ်ကို လုံးဝ မထိခိုက်သွားစေခဲ့သော်ငြား လျို့ယန်၏ မီးတောက်များကမူ ၎င်းအား သိသိသာသာ ထိခိုက်သွားစေခဲ့လေသည်။ မီးတောက်များ မှုတ်ထုတ်လိုက်ပြီးနောက်တွင် မီးတောက်များကြားမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေသည်။
ထိုအော်သံများနှင့်အတူ ပြင်းထန်သည့် မီးတောက်များကြားထဲ အစိမ့်ရင့်ရောင် အလင်းတန်းတစ်ခု တောက်ပလာခဲ့လေသည်။ ထိုအလင်းတန်းသည် လျို့ယန်၏ မီးတောက်များကို ပြန်လည်တွန်းကန်၍ တိုက်ခိုက်လာခဲ့သည်။
အလောင်းကောင်ရုပ်သေးရုပ်သည် အလောင်းကောင်အဆိပ်များကို မှုတ်ထုတ်၍ လျို့ယန်၏ မီးတောက်များကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုမျှသာလျှင် မဟုတ်သေး၊ အလောင်းကောင်အဆိပ်များကပင်လျှင် အသာစီးရနေသေးသည်။
သို့သော်ငြား လျို့ယန်အနေဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင်သာ တိုက်ခိုက်နေနိုင်ခြင်း ဖြစ်သည်။ အလောင်းကောင်ရုပ်သေးရုပ်သာ တွင်းထဲမှ ထွက်လာနိုင်သည်နှင့် လျို့ယန် မည်သို့မှ တိုက်ခိုက်နိုင်တော့လိမ့်မည် မဟုတ်ချေ။
အလောင်းကောင်ရုပ်သေးရုပ်တွင် မည်သည့်အသိဥာဏ်မှ ရှိမနေသည့်အပေါ် ရန်ကိုင် အတော်လေး စိတ်သက်သာရာ ရမိနေခဲ့သည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်တို့ သုံးဦးစလုံး အလောင်းကောင်ရုပ်သေးရုပ်ကို မည်သို့မှ တန်ပြန် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၃၀)
(မဟုတ်သေးဘူး။ တစ်ခုခုလွဲနေပြီ) ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။
အလောင်းကောင်ရုပ်သေးရုပ်ဆိုသာလျှင် အသက်ရှင်စဉ်က စွမ်းရည်အချို့ကို ပိုင်ဆိုင်ထားရပေလိမ့်မည်။ သို့သော်ငြား စတိုက်သည့်အချိန်မှစ၍ ယခုအချိန်အထိ အလောင်းကောင်ရုပ်သေးရုပ်သည် မည်သည့်တိုက်ကွက်ကိုမှ ထုတ်မသုံးခဲ့ဘဲ လက်သီးထိုး၍ အလောင်းကောင်အဆိပ်ကို မှုတ်ထုတ်သည့်အရာမျိုးသာ လုပ်ခဲ့သည်။
အလောင်းကောင်ရုပ်သေးရုပ်တစ်ရုပ်၏ ထူးခြားချက်ကို ယခုထိတိုင် မမြင်ရသေးချေ။
သူ့ရှေ့ရှိ အလောင်းကောင်ရုပ်သေးရုပ်သည်... အပြစ်အနာအဆာရှိနေသည့် ထုတ်ကုန်တစ်မျိုးကဲ့သို့ ဖြစ်နေလေသည်။
ရန်ကိုင် ချက်ချင်း နားလည်သွားတော့လေ၏။
လက်ရှိ သူ့ရှေ့တွင် ရှိနေသည့် အလောင်းကောင်ရုပ်သေးရုပ်သည် ရုပ်သေးရုပ်အဖြစ် သန့်စင်ရာတွင် မအောင်မြင်ခဲ့သည့် အရာတစ်ခုဖြစ်သည်။ စဉ်းစားကြည့်လေ စဉ်းစားကြည့်လေ သူပိုမှန်သည်ဟု ခံစားလာရလေသည်ပင်။ ကျင့်ကြံသူတစ်ဦး မည်မျှပင် အားကောင်းနေစေကာမူ ကိုယ့်ကိုယ်ကို ရုပ်သေးရုပ်တစ်ရုပ်အဖြစ် သန့်စင်သည့် ဒဏ်ကို ခံစားနိုင်လိမ့်မည် မဟုတ်ချေ။ သန့်စင်နေစဉ်အတောအတွင်း အနည်းငယ်လေး အတိမ်းအစောင်း ဖြစ်သွားလျှင်ပင် သန့်စင်ခြင်းဖြစ်စဉ် ကျရှုံးသွားနိုင်ပေသည်။
ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ့ကိုယ်သူ ရုပ်သေးရုပ်အဖြစ် သန့်စင်ရာတွင် မအောင်မြင်ခဲ့လောက်ချေ။ ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။
တကယ့် ဧကရာဇ်တတိယအဆင့်အလောင်းကောင် ရုပ်သေးရုပ်သာဆိုလျှင်တော့ သူတို့တွင် နိုင်နိုင်ချေ လုံးဝ မရှိချေ။ ထိုသို့မဟုတ်ဘဲ မအောင်မြင်ခဲ့သည့် ရုပ်သေးရုပ် တစ်ခုသာဆိုလျှင်တော့ ဖြစ်နိုင်ချေ ရှိသွားလေပြီ။ သူလုပ်စရာဆို၍ ရုပ်သေးရုပ်၏ အားနည်းချက်ကိုရှာပြီး တိုက်ခိုက်ရုံသာ။
ထိုကဲ့သို့ စဉ်းစားပြီးသော် ရန်ကိုင်က အလျင်စလို လှမ်းအော်ပြောလိုက်လေသည် “မင်းတို့နှစ်ယောက် ငါ့အတွက် အချိန်ခဏဆွဲထားပေး”
ထိုသို့ ပြောပြီးသည်နှင့် ရန်ကိုင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းကာ ရုပ်သေးရုပ်ကို စစ်ဆေးကြည့်လိုက်လေသည်။
ရန်ကိုင် ဘာကြံနေမှန်း လျို့ယန်နှင့် ကျောက်တုံးကိုယ်ပွား မသိကြသော်ငြား သူပြောသည့်အတိုင်း လိုက်လုပ်ပေးလိုက်ကြလေသည်။ ထို့နောက်တွင် လျို့ယန်သည် အလောင်းကောင်ရုပ်သေးရုပ်ဆီသို့ မီးတောက်များကို အတောမသတ်နိုင်အောင် မှုတ်ထုတ်တော့လေ၏။
ကျောက်တုံးကိုယ်ပွားသည်လည်း ပြန်ထလာခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ အလောင်းကောင်ရုပ်သေးရုပ်ဆီ တိုက်ရိုက် ပြေးဝင်မသွားရဲတော့ချေ။ ထို့အစား လက်ကို မြေပြင်နှင့်ထိကပ်လျက် မြေစွမ်းအင်နိယာမများကို စုဝေးလိုက်လေ၏။
တစ်ခဏအကြာတွင် မြေစွမ်းအားဖြင့် ဖွဲ့စည်းထားသော မြေလှံတစ်ချောင်း ထွက်ပေါ်လာခဲ့လေသည်။ ဤလှံ၏ စွမ်းအားမှာ တာအိုအဆင့် မှော်ရတနာတစ်ခုအောက် နိမ့်ကျခြင်း မရှိချေ။
ထို့နောက် လှံကို ကိုက်ဆွဲလျက် အလောင်းကောင်ရုပ်သေးရုပ် တည့်တည့်သို့ ပစ်ထည့်လိုက်လေ၏။
ဝုန်း... မြေလှံတံသည် အလောင်းကောင်ရုပ်သေးရုပ်ဆီသို့ လှစ်ခနဲ ပြေးဝင်သွား၏။ ထို့နောက်တွင် မီးပွားများနှင့်အတူ သတ္တုချင်း ထိခတ်သံတို့ ထွက်ပေါ်လာခဲ့လေသည်။
မည်သို့ပင် ဖြစ်စေကာမူ ထိုတိုက်ကွက်သည် အလောင်းကောင်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထက် ချိုင့်ရာလေးတစ်ခုသာ ဖြစ်သွားစေခဲ့ပြီး မည်သည့် ဒဏ်ရာမှ မဖြစ်စေခဲ့ချေ။
“အဲ့လောက်တောင် မာတာလား” ကျောက်တုံးကိုယ်ပွားက အလန့်တကြား ထအော်လေ၏။
သူ့တိုက်ကွက် မည်မျှ အားပြင်းသလဲဆိုသည်ကို သူကောင်းကောင်းသိသည်။ ထိုတိုက်ကွက်သည် ဧကရာဇ်အဆင့်ပညာရှင်များကိုပင်လျှင် ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်နိုင်သည်အထိ အားကောင်းပေသည်။ သို့သော်ငြား အလောင်းကောင်ရုပ်သေးရုပ်နှင့် အတွေ့တွင်တော့ သူ့တိုက်ကွက်မှာ လုံးဝ အသုံးမဝင်တော့ချေ။ အလောင်းကောင်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည် ဧကရာဇ်အဆင့် အကာအကွယ် မှော်ရတနာများထက်ပင်လျှင် ပိုမို အားကောင်းနေခဲ့လေသည်။
(ဒါနဲ့တောင် မထိခိုက်မှတော့ ဒီကောင့်ကို ဘယ်လိုတိုက်ခိုက်ရတော့မှာလဲ) ကျောက်တုံးကိုယ်ပွား ခေါင်းကိုက်ချင်လာခဲ့လေသည်။
မည်သို့ပင်ဖြစ်စေကာမူ ထိုလှံတိုက်ကွက်သည် အလောင်းကောင်ရုပ်သေးရုပ်ကို ဒေါသထွက်သွားစေခဲ့လေသည်။ လှံတစ်ချောင်းလုံး ပျက်စီးသွားပြီးနောက်တွင် အလောင်းကောင်ရုပ်သေးရုပ်သည် အလောင်းအဆိပ်များကို ဒေါမာန်တကြီးဖြင့် မှုတ်ထုတ်ပြန်လေသည်။ အစက မျှခြေတွင်ရှိနေသော အလောင်းကောင်အဆိပ်နှင့် လျို့ယန်၏ မီးတောက် အခြေအနေမှာ တစ်မုဟုတ်ချည်း ပြောင်းလဲသွားလေ၏။ အလောင်းကောင်အဆိပ်များသည် မီးတောက်များကို ဖိနှိပ်ရင်း လျို့ယန်ဆီသို့ ဆက်လက် တိုးဝင်လာနေခဲ့လေသည်။
ထိုအခြင်းအရာကိုမြင်သော် ကျောက်တုံးကိုယ်ပွား၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်းပဲ ဧရာမတိုက်ပွဲတူတစ်လက်ကို ထုတ်ယူလိုက်လေ၏။
နတ်ဆိုးတိုက်ပွဲတူပင် ဖြစ်လေသည်။
ဤနတ်ဆိုးတူကို ကျောက်တုံးကိုယ်ပွား တကယ်ကြီး သန့်စင်ထားနိုင်လိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ သို့သော်ငြား ကြည့်ရသလောက်တော့ ကျောက်တုံးကိုယ်ပွားသည်လည်း ဤတူကို အပြည့်အဝ မသန့်စင်နိုင်သေးသည့်ပုံပင်။ တိုက်ပွဲတူကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်တုံးကိုယ်ပွား၏ မျက်လုံးများ တုန်တုန်ရီရီ ဖြစ်လာပြီး နီရဲလာသည်ကို ကြည့်လျှင် သိနိုင်ပေသည်။
တိုက်ပွဲတူဆီမှ ထွက်ပေါ်နေသည့် အနက်ရောင်အငွေ့အသက်များသည် ကျောက်တုံးကိုယ်ပွား၏ လက်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်တွယ်ရန် ကြိုးစားနေခဲ့လေသည်။
တစ်ချိန်တည်းတွင် ကျောက်တုံးကိုယ်ပွား၏ အရှိန်အဝါမှာလည်း ရုတ်ချည်း မြင့်တက်သွားခဲ့လေ၏။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်များမှာလည်း တဝီဝီ မြည်လာကာ လောကနိယာမများမှာလည်း ကသောင်းကနင်း ဖြစ်ကုန်လေသည်။
ထိုအခြင်းအရာကိုကြည့်ရင်း ရန်ကိုင် မှင်သက်သွားခဲ့လေသည်။
ကျောက်တုံးကိုယ်ပွား တိုက်ပွဲတူကို မည်သည့်အချိန်ကတည်းက သန့်စင်လို့ သန့်စင်နေမှန်း မသိခဲ့ချေ။ သို့သော်ငြား လက်ရှိ အခြေအနေကို ကြည့်ရသလောက် ဤတိုက်ပွဲကို မြန်မြန် အဆုံးသတ်ရန် လိုသည့်ပုံပင်။ ထိုသို့သာမဟုတ်ပါက ကျောက်တုံးကိုယ်ပွားသာ နတ်ဆိုးချီ၏ အပြည့်အဝ လွှမ်းခြုံခြင်းခံလိုက်ရလျှင် သူသည် တိုက်ပွဲတူ၏ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်လည်း နည်းနည်းလေးပင် တုန့်ဆိုင်းမနေရဲတော့ဘဲ အလောင်းကောင်ရုပ်သေးရုပ်၏ အားနည်းချက်ကို ရှာရေးတွင်သာ အပြည့်အဝ အာရုံစိုက်ထားလိုက်တော့လေသည်။
အခြားတစ်ဖက်တွင်မူ ကျောက်တုံးကိုယ်ပွားသည် တိုက်ပွဲတူကို မြှောက်လျက် အလောင်းကောင်ရုပ်သေးရုပ်တည့်တည့်သို့ ချိန်ရွယ်လိုက်လေ၏။
တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသည့်အလား အလောင်းကောင်ရုပ်သေးရုပ်သည် ကျွံဝင်နေသည့် တွင်းပေါက်ထဲမှ ရုန်းထွက်ရန် အသည်းအသန် ကြိုးစားတော့လေ၏။
သို့သော်ငြား သူမလှုပ်ရှားနိုင်သေးခင်မှာပင် ကျောက်တုံးကိုယ်ပွားသည် တိုက်ပွဲတူကို ရိုက်ချလိုက်လေသည်။
တိုက်ပွဲတူသည် အချိန်နှင့်ဟင်းလင်းပြင်ကို ချိုးဖောက်၍ အလောင်းကောင်ရုပ်သေးရုပ် ခန္ဓာကိုယ်ပေါ်သို့ တည့်တည့် ကျသွားခဲ့လေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးတော့မည့်အလား ပေါက်ကွဲသံများနှင့်အတူ ချောက်ကမ်းပါးတစ်ခုလုံး နှစ်ပိုင်းကွဲထွက်သွားခဲ့လေသည်။ တိုက်ပွဲတူ ဖြတ်သန်းသွားသည့် လမ်းကြောင်းတစ်လျှောက်လုံးတွင်လည်း အလွန်ပြင်းထန်သည့် စွမ်းအင်အငွေ့အသက်တို့ ကျန်ရစ်ခဲ့လေ၏။
တူရိုက်ချက် ကျမလာစဉ်ကတည်းက လျို့ယန်သည် ထွက်ပြေးပြီးနေခဲ့လေပြီ။ သို့တိုင် သူမနောက်ဘက်ဆီမှ ထွက်ပေါ်လာနေသည့် စွမ်းအင်လှိုင်းများဆီမှ အပြည့်အဝ မလွတ်မြောက်နိုင်ခဲ့ချေ။ ထို့ကြောင့် အထိတ်ထိတ်အလန့်လန့်ဖြင့် လူအသွင်သို့ ပြန်ပြောင်းလိုက်ရ၏။ ထိုအခါမှသာ ကပ်သီလေး လွတ်မြောက်သွားနိုင်ခဲ့ပေသည်။
ထိုကဲ့သို့ တိုက်ခိုက်ပြီးနောက်တွင် ကျောက်တုံးကိုယ်ပွားဆီမှ ဖြာထွက်နေသည့် အားကောင်းလှသည့် အရှိန်အဝါမှာ လေလျော့ခံလိုက်ရသည့် ပူပေါင်းတစ်လုံးနှယ် ထိုးကျသွားခဲ့လေ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ယိမ်းထိုးလာခဲ့လေသည်။
ထိုမျှသာလျှင် မဟုတ်သေးဘဲ သူ့လက်မောင်းတစ်ခုလုံးကို ရစ်ပတ်နေသည့် အနက်ရောင်အငွေ့အသက်များသည် ခန္ဓာကိုယ်တစ်လျှောက် စတင် ပျံ့နှံ့လာတော့လေ၏။
“ငါ့လခွမ်းပဲ” တိုက်ပွဲတူအား သုံးရသည်မှာ ဤမျှ အားကုန်ရလိမ့်မည်ဟု ကျောက်တုံးကိုယ်ပွားလည်း မထင်ထားခဲ့ချေ။ သိသာသိခဲ့လျှင် ဤကဲ့သို့ သုံးခဲ့လိမ့်မည် မဟုတ်ချေ။
စွမ်းအင်အလွန်အကျံကို သုံးစွဲလိုက်သည့်အတွက်ကြောင့် လက်ရှိဆိုလျှင် နတ်ဆိုးချီများ၏ တိုက်စားခြင်း ခံနေရလေပြီ။ ထိုစဉ်မှာပင် ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွား ဘေးနားတွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြ၏။ တစ်ယောက် ဘာပြောချင်နေသလဲဆိုသည်ကို အခြားတစ်ဦးက သိနှင့်နေပြီးလေပြီ။ ထုတ်ပြောနေစရာပင် မလိုခဲ့။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ကျောက်တုံးကိုယ်ပွားနှင့် တိုက်ပွဲတူကို ကမ္ဘာငယ်လေးထဲသို့ ချက်ချင်း ပြန်ပို့ပေးလိုက်လေသည်။
ထို့နောက်တွင် လျို့ယန်သည်လည်း ရန်ကိုင်ဘေးသို့ ရောက်လာလေ၏။ အဝေးသို့ လှမ်းကြည့်နေရင်းမှ စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည် “သခင်...”
ကျောက်တုံးကိုယ်ပွား မရှိတော့သည့်အတွက်ကြောင့် အလောင်းကောင်ရုပ်သေးရုပ်ကို သူမတစ်ယောက်တည်း ထိန်းထားနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် စိတ်ပူနေခြင်း ဖြစ်၏။
ရန်ကိုင်ကမူ ညစ်ကျယ်ကျယ်ပြုံးလျက် “စိတ်မပူနဲ့။ ငါသူရဲ့ အားနည်းချက်ကို ရှာတွေ့သွားပြီ”
ထိုစကားကို ကြားသည့်အခါမှပဲ လျို့ယန် စိတ်သက်သာရာ ရသွားခဲ့လေသည်။
ကျောက်တုံးကိုယ်ပွားသည် မြေတွင်းနက်ထဲ မျက်နှာအပ်ကာ လဲနေခဲ့လေ၏။ ကျောက်တုံးကိုယ်ပွားမှ စွမ်းအားကုန်သုံးကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည့်အတွက် အလောင်းကောင်ရုပ်သေးရုပ်မှာလည်း လုံးဝ မထိခိုက်ဘဲ မလွတ်မြောက်ခဲ့ချေ။
အလောင်းကောင်ရုပ်သေးရုပ် ခက်ခက်ခဲခဲ ထရပ်လာပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်တွင် ဧရာမဒဏ်ရာကြီးတစ်ခု ရှိနေသည်ကို လျို့ယန် တွေ့လိုက်ရလေသည်။ ထိုဒဏ်ရာသည် ပခုံးမှစကာ ခြေထောက်ထိ ရောက်နေခဲ့သည်။ ဒဏ်ရာဆီမှ မည်သည့်သွေးမှ ယိုစီးထွက်နေခြင်းမရှိဘဲ အလောင်းကောင်အဆိပ်များသာ စီးထွက်နေခဲ့လေသည်။ အရိုးများကိုလည်း သူမ လှမ်းမြင်နေရသည်။
ထိုစဉ် အလောင်းကောင်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ပေါ်၌ အရောင်တလက်လက် တောက်ပနေသော အလွန်ကိုမှ ရှုပ်ထွေးလှသည့် အစီအရင်ကွက်တစ်ခုကို လှမ်းမြင်လိုက်ရလေ၏။
ထိုအရာသည် အလောင်းကောင်းရုပ်သေးရုပ်ပေါ်ရှိ အစီအရင်များကို အသက်ဝင်နေအောင် လုပ်ပေးနေသည့် အရာမှန်း ချက်ချင်း နားလည်သွားသည်။ သူတို့သာ ထိုအမြူတေကို ဖျက်စီးပစ်နိုင်မည်ဆိုလျှင် အလောင်းကောင်ရုပ်သေးရုပ် လှုပ်ရှားနိုင်တော့လိမ့်မည် မဟုတ်ချေ။ အစောပိုင်းက ၎င်း၏ အားကောင်းလှသော ခန္ဓာကိုယ်ကြောင့် ခန္ဓာကိုယ်ထဲ၌ မည်သည့်အရာ ရှိနေသလဲဆိုသည်ကို မမြင်နိုင်ခဲ့ချေ။ သို့သော်ငြား ကျောက်တုံးကိုယ်ပွား၏ ကျေးဇူးကြောင့် ၎င်း၏ အားနည်းချက် ပေါ်လာခဲ့လေပြီ။
“နောက်ဆုတ်နေ” ထိုသို့ ပြောပြီဂသည့်နောက်တွင် ရန်ကိုင်သည် အလောင်းကောင် ရုပ်သေးရုပ်ဆီသို့ ပြေးဝင်သွားခဲ့လေသည်။
အလောင်းကောင်ရုပ်သေးရုပ်မှား ဆိုးဆိုးရွားရွား ထိခိုက်နေသည့်တိုင် ရန်ကိုင်ကတော့ မဆင်မခြင် ပြေးဝင်မသွားရဲခဲ့ပေ။ အသက်မရှိသည့် ရုပ်သေးရုပ်တစ်ခု ဖြစ်သည့် အတွက်ကြောင့် ဒဏ်ရာရလျှင်ပင် ရုပ်သေးရုပ်၏ တိုက်ပွဲစွမ်းရည်ကို များများစားစား ထိခိုက်သွားစေလိမ့်မည် မဟုတ်ချေ။
သွားနေရင်းမှ ရန်ကိုင်သည် အလုံးလေးတစ်လုံးကို ထုတ်ယူလိုက်လေသည်။ သို့သော်ငြား ထိုအလုံးထဲတွင် မြင်သူတိုင်း ကျောချမ်းသွားစေနိုင်သော ငွေရောင်လျှပ်စီးတန်းလေးတစ်ခု ရှိနေခဲ့၏။
သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးပင်...
ရန်ကိုင် ပိုင်ဆိုင်ထားသည့် ဧကရာဇ်အဆင့် မှော်ရတနာနှစ်ခုအနက်တစ်ခုပင်။
ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာပြီးသည့် အချိန်မှစ၍ ရန်ကိုင်သည် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို တစ်ခါမှ မသုံးခဲ့ရသေးချေ။ ပထမအကြောင်းမှာ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို အခြားသူများ မမြင်စေချင်သည့် အတွက်ကြောင့် ဖြစ်သလို ထိုဓါတ်လုံးကို သုံးရလောက်သည်အထိ အားကောင်းလှသော ရန်သူများနှင့် မတွေ့ခဲ့ရသည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။
သို့ရာတွင် အလောင်းကောင်းရုပ်သေးရုပ်ကမူ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို သုံးရလောက်သည်အထိ အားကောင်းပေသည်။
ကျောက်တုံးကိုယ်ပွား၏ တိုက်ကွက်ကြောင့် အလောင်းကောင်ရုပ်သေးရုပ်မှာ ကောင်းကောင်းမွန်မွန် ပြန်လည် လှုပ်ရှားနိုင်ရန် ခဏမျှ အချိန်ယူရဦးမည်ပုံပင်။ ယခု ထလာနေသည့်တိုင်း လမ်းကောင်းကောင်း မလျှောက်နိုင်သေးဘဲ ဒယီးဒယိုင် ဖြစ်နေခဲ့သည်။ ရန်ကိုင်သည် သင့်တော်သည့် နေရာတစ်ခုသို့ ရောက်လာပြီးနောက် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးထဲသို့ အရင်းအမြစ်ချီကို ထည့်သွင်းလိုက်လေ၏။
အခြားသော ဧကရာဇ်အဆင့် မှော်ရတနာများကဲ့သို့ မဟုတ်ဘဲ ရန်ကိုင်သည် သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးကို တန်ခိုးရှင်အဆင့်ကတည်းက အသုံးပြုနိုင်၏။ သို့သော်ငြား ဤဧကရာဇ်အဆင့် မှော်ရတနာ ထုတ်ပြနိုင်သည့် စွမ်းအားမှာ ရန်ကိုင်၏ ကျင့်ကြံခြင်းပေါ် မူတည်ပေသည်။ ထို့ကြောင့် သူ့ကျင့်ကြံခြင်း ပိုအားကောင်းလေ မှော်ရတနာမှ ထုတ်ဖော်နိုင်သည့်စွမ်းအား ပိုအားကောင်းလေပင်။
တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်စဉ်က ဤမှော်ရတနာအားကိုးဖြင့် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ပစ်နိုင်ခဲ့သည်။ ယခု တာအိုသခင် ဒုတိယအဆင့်သို့ ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် မှော်ရတနာမှ ထုတ်ဖော်နိုင်သည့် စွမ်းအားမှာလည်း သိသိသာသာ မြင့်မားလာခဲ့လေပြီ။
အရင်းအမြစ်ချီများကို ထည့်သွင်းနေသည့်အလျောက် ရန်ကိုင်၏ မျက်နှာ ဖြူလျော်လာခဲ့လေသည်။
သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးသည် တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည့် အလား ရန်ကိုင်ကိုယ်ထဲရှိ အရင်းအမြစ်ချီများကို အရူးအမူး ဝါးမြိုနေလေ၏။ သူ့စိတ်ထဲ ထိတ်လန့်တုန်လှုပ်နေမိသော်ငြား မရပ်တန့်လိုက်ရဲဘဲ ဓါတ်လုံးထဲသို့သာ အရင်းအမြစ်ချီများကို ဆက်လက် ထည့်သွင်းနေရလေသည်။