အခန်း (၂၃၃၁-၂၃၃၅)
Vol. 94 Ch. 2331-2335
အပိုင်း (၂၃၃၁)
ရန်ကိုင့်ကိုယ်ထဲရှိ အရင်းအမြစ်ချီများမှာ လျင်မြန်စွာ ကုန်ဆုံးလာနေခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း သူ့ကိုယ်ထဲတွင် မည်သည့်အရင်းအမြစ်ချီမှ မရှိတော့သလိုပင် ခံစားလာခဲ့ရသည်။
(အခုလိုဖြစ်မယ်မှန်း ငါသိသားပဲ…) ရန်ကိုင်က ခါးသက်သက် အမူအယာဖြင့် တွေးလိုက်လေသည်။
သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးအား အသုံးပြုသည့်အချိန်တိုင်း ဤကဲ့သို့ ကြုံရသည်။ ထို့ကြောင့်ပင်လျှင် သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးအား အမြဲတစေ အသုံးမပြုခြင်း ဖြစ်လေသည်။ သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးသည် အသွားနှစ်ဖက် ဓါးသွားကဲ့သို့ ဖြစ်လေသည်။ ထိုဓါးသွားဖြင့် ရန်သူအား မသတ်နိုင်ပါက သူပင် ပြန်ဒုက္ခရောက်ရပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် မသုံးမရအခြေအနေမျိုးနှင့် ကြုံရမှသာလျှင် ဤသုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးကို ထုတ်သုံးခြင်း ဖြစ်လေသည်။
သူ့ကျင့်ကြံခြင်း ပိုမိုအားကောင်းလာသည့်တစ်နေ့ သူ့အနေဖြင့် သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးအား ဤကဲ့သို့သော အခြေအနေမျိုးနှင့် မကြုံရဘဲ ထုတ်သုံးနိုင်ကောင်း ထုတ်သုံးလာနိုင်ပေသည်။
သို့သော်ငြား လက်ရှိအချိန်တွင်တော့ ထိုကဲ့သို့ မလုပ်နိုင်သေးချေ။
ရန်ကိုင့်ကိုယ်ထဲရှိ အရင်းအမြစ်ချီများကို အကုန်စုပ်ယူပစ်ပြီးသည့်နောက်တွင် သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးပေါ်ရှိ လျှပ်စီးတန်းများမှာ ပို၍ အားကောင်းလာခဲ့လေသည်။ ထို့အပြင် ထိုသုတ်သင်ခြင်းမိုးကြိုးဆီမှ အမွေးအမျှင်များကို ထောင်တက်သွားစေနိုင်သော ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုလည်း ဖြာထွက်လာခဲ့လေ၏။
“ဒီတစ်ကြိမ်တော့ မသေပဲ နေဦးမလား ကြည့်ရအောင်…” ရန်ကိုင်က အံကြိတ်၍ ရေရွတ်လိုက်ပြီးသည့်နောက်တွင် ကောင်းကင်စိတ်အာရုံဖြင့် ထိန်းချုပ်ကာ သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးကို ပစ်လွှတ်လိုက်လေသည်။
“ရွှစ် ရွှစ် ရွှစ်…”
တဖျစ်ဖျစ်မြည်သံများနှင့်အတူ လျှပ်စီးတန်းများမှာ အလောင်းကောင်ရုပ်သေးရုပ်အား သွားရောက်ထိမှန်လေသည်။
“ခရက် ခရက် ဘုန်း…”
အလွန်ကိုမှ ကျယ်လောင်သည့်အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေ၏။ လျှပ်စီးတန်း၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် အလောင်းကောင်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်မှာ စတင်၍ ပြင်းပြင်းထန်ထန် တွန့်လိမ်လာတော့လေသည်။ လျှပ်စီးတန်းများမှာ အလောင်းကောင်ခန္ဓာကိုယ်တစ်လျှောက် မြွေလေးများနှယ် တွန့်လိမ်ကာ သွားလာနေခဲ့လေ၏။ လျှပ်စီးတန်းများသည် အလောင်းကောင်ခန္ဓာကိုယ်တစ်လျှောက်တွင် သွားလာနေသည့်အလျောက် လျှပ်စီးစက်ကွင်းတစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပေါ်လာခဲ့လေသည်။
အလွန်ကိုမှ ရွံစရာ ပျို့အန်ချင်စရာ ကောင်းလှသည့် အနံ့အသက်တစ်ခုဟာလည်း ပတ်ဝန်းကျင်အနှံ့ ပြန့်နှံ့လာခဲ့လေ၏။
ခဏအကြာတွင် လျှပ်စီးတန်းလေးများ ပျောက်ကွယ်သွားခဲ့ပြီး အလောင်းကောင်ရုပ်သေးရုပ်သည်လည်း မြေပြင်ပေါ်သို့ မျက်နှာအပ်ကာ လဲကျသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ၎င်း၏ခန္ဓာကိုယ်မှ အခိုးအငွေ့များ ထွက်ပေါ်လာတော့လေ၏။
ထိုအချင်းအရာကို မြင်လိုက်သည့်အခါမှသာ ရန်ကိုင်လည်း သက်ပြင်းချနိုင်တော့လေသည်။ သူ့ခန္ဓာကိုယ်တစ်ခုမှာလည်း အားမရှိတော့သည့်အတွက်ကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေ၏။ ထိုအခိုက်အတန့်တွင် ပျော့ပျောင်းသည့် ခန္ဓာကိုယ်တစ်ခုသည် နောက်ဘက်မှ သူ့အား ထူမထားပေးခဲ့လေသည်။ ထိုလူမှာ လျို့ယန်သာဖြစ်လေ၏။
“ငါအဆင်ပြေတယ်… အားနည်းနည်းကုန်သွားရုံပဲ… နည်းနည်းလောက်နားလိုက်ရင် ပြန်ကောင်းသွားလိမ့်မယ်…” လျို့ယန်စကားပြောလာမည်ကို စောင့်မနေတော့ဘဲ ရန်ကိုင်က အလျင်အမြန်ပြောလိုက်ပြီးသည့်နောက် ချက်ချင်း ထိုင်ချလိုက်လေသည်။
ယခုအချိန်တွင် တစ်ယောက်ယောက်သာ သူ့အား လာရောက် ချောင်းမြောင်းတိုက်ခိုက်မည်ဆိုပါက ရန်ကိုင့်အနေဖြင့် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ယခုအကြိမ်၌ တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ရန်ကိုင် ဘာမှ ပြန်လုပ်နိုင်လိမ့်မည်မဟုတ်။
“ကျွန်မ သခင့်ကို စောင့်ပေးထားမယ်…” ထိုသို့ပြောပြီးပြီးချင်းမှာပင် လျို့ယန်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့လေသည်။
“ဘာဖြစ်လို့လဲ…” လျို့ယန်၏အမူအယာကိုမြင်သော် ရန်ကိုင်က အလျင်စလို မေးလိုက်လေ၏။
သို့သော်ငြား လျို့ယန်ပြန်မပြောနိုင်သေးခင်မှာပင် ရန်ကိုင့်မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူ့မျက်နှာတစ်ပြင်လုံး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။
အကြောင်းမှာ အစောပိုင်းက မြေပြင်ပေါ်သို့ လဲကျသွားခဲ့သော အလောင်းကောင်ရုပ်သေးရုပ် ပြန်ထလာနေသည်ကို မြင်လိုက်ရသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ အလောင်းကောင်ရုပ်သေးရုပ်သည် ရုတ်တရက် အော်ဟစ်ဟိန်းဟောက်လျက် အားကောင်းသော အရှိန်အဝါတစ်ခုကို ဖြန့်ထုတ်လိုက်လေသည်။
“အခုထိ မသေသေဘူးလား…” ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့လေသည်။
လက်ရှိ သူ့၌ ရှိနေသော မှော်ရတနာများအနက် သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးမှာ အားအကောင်းဆုံးဖြစ်ပေသည်။ သို့သော်ငြား ထိုမှော်ရတနာနှင့်ပင်လျှင် အလောင်းကောင်ရုပ်သေးရုပ်အား အသေမသတ်နိုင်ခဲ့ပေ။
သူ့တွင် အခြားသောဝှက်ဖဲများ ရှိနေသေးသည့်တိုင် သူ့လက်ရှိအခြေအနေဖြင့် ထိုဝှက်ဖဲများအား မည်ကဲ့သို့များ ထုတ်သုံးနိုင်ပါဦးမည်နည်း။
လက်ရှိ အလောင်းကောင်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်မှာ လုံးဝကို ဆိုးဆိုးရွားရွား ထိခိုက်နေခဲ့လေသည်။ ၎င်း၏ညှိုးလျော်ခြောက်ကပ်နေသော ခန္ဓာကိုယ်မှာ မီးကျွမ်းနေပြီး ခန္ဓာကိုယ်ပေါ်ရှိ အမျိုးမျိုးသော အစီအရင်များမှာလည်း မှိန်ကျနေခဲ့လေသည်။ အစောပိုင်းက ရန်ကိုင်ရှာတွေ့သွားခဲ့သော ၎င်း၏အားနည်းချက်သည်ပင်လျှင် လုံးဝ ဖျက်ဆီးထားခြင်း ခံရလေ၏။
(အဲ့ဒါက အစီအရင်တွေအကုန်လုံးကို ထောက်ပံ့ပေးနေတဲ့ အလောင်းကောင်ရုပ်သေးရုပ်ရဲ့ အမြုတေလေ… အဲ့ဒါသာဖျက်ဆီးခံလိုက်ရရင် အလောင်းကောင်ရုပ်သေးရုပ် ဆက်မလှုပ်ရှားသင့်တော့ဘူး… ဒီကောင် ဘာဖြစ်လို့ပြန်ထလာသေးတာလဲ…)
ကြောက်ကြောက်လန့်လန့်ဖြင့် ရေရွတ်နေစဉ်မှာပင် အလောင်းကောင်ရုပ်သေးရုပ်၏ ရင်ဘတ်နေရာဆီမှ ထူးဆန်းသည့် အရာတစ်ခုကို သတိပြုမိသွားခဲ့လေသည်။ ထိုအရာကိုမြင်ပြီးသည့်နောက် ရန်ကိုင် ခါးသက်စွာသာ အော်ရယ်မောလိုက်တော့လေသည်။ အကြောင်းမှာ အလောင်းကောင်ရုပ်သေးရုပ်၏ ရင်ဘတ်နေရာတွင် အစီအရင်များကို လည်ပတ်အောင် လုပ်ပေးနေသော အခြားသော အစီအရင်အမြုတေတစ်ခုကို ထပ်တွေ့လိုက်ရသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ထိုအစီအရင်အမြုတေ ရှိနေသေးသည့် အတွက်ကြောင့် အလောင်းကောင်ရုပ်သေးရုပ်သည် လုံးဝကြီး သေမသွားခြင်း ဖြစ်ပေသည်။
“သခင်…” လျို့ယန်မှာလည်း ကြောက်လန့်နေခဲ့လေသည်။ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွား၏ အကူအညီသာ မရှိပါက ဤကဲ့သို့သော ရန်သူမျိုးကို မည်သို့မျှ ခုခံနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ချက်ချင်းဆိုသလို သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်လိုက်ပြီး သံဓိဌာန်ချလိုက်သည့် အမူအယာမျိုးဖြင့် ပြောလိုက်လေသည်။ “သခင်… ကျေးဇူးပြုပြီး အရင်ထွက်သွားလိုက်ပါတော့… ကျွန်မ သူ့ကို ထိန်းထားလိုက်မယ်…”
သူမသာ ရန်ကိုင့်အား အချိန်နည်းနည်းလောက် ရှာပေးနိုင်လျှင် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်နိုင်ပြီး ဤကမ္ဘာထဲမှ ထွက်သွားနိုင်မည်ဟု ယုံကြည်နေပေသည်။
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်အား ကာကွယ်ပေးမည့်ဟန်ဖြင့် ရန်ကိုင့်ရှေ့၌ ပိတ်ရပ်လိုက်လေ၏။
ရန်ကိုင်က သူမအား လက်ဆန့်ထုတ်၍ တားရန် ပြင်လိုက်သော်ငြား သူမလုပ်နိုင်သေးခင်မှာပင် လျို့ယန်က သူ့ဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “သခင်ရဲ့ အစေခံတစ်ယောက်ဖြစ်ခဲ့ရတာ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ… သခင်ရဲ့ဂရုစိုက်ပေးမှုကြောင့်ပဲ ကျွန်မရဲ့ဘဝက အခုလိုမျိုး ပျော်ရွှင်မှုတွေနဲ့ ကြုံခဲ့ရတာ… ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ သခင်…”
“အဲ့လိုတွေ မပြောစမ်းပါနဲ့…” ရန်ကိုင့်စိတ်ထဲ ဘာကြောင့်မှန်းမသိ ဝမ်းနည်းချင်လာခဲ့သည်။ ထို့နောက် ပြုံး၍ ပြောလိုက်လေသည်။ “ဘယ်သူအသက်ရှင်မလဲ ဘယ်သူသေမလဲဆိုတာ ခုထိသေချာသေးတာမှမဟုတ်တာ…”
ထိုစကားကိုကြားသော် လျို့ယန်၏မျက်လုံးများ ဝင်းလက်တောက်ပသွားခဲ့လေသည်။ “သခင့်မှာ အခြားဝှက်ဖဲတစ်ခု ရှိသေးလို့လား…”
ရန်ကိုင်က ပြန်မပြောခဲ့ချေ။ ထို့နောက် သူ့လက်ကောက်ဝတ်ကို လှုပ်ခါလျက် လျို့ယန်လက်ထဲသို့ စိတ်ဝိဉာဉ်ဆေးလုံးတစ်လုံးကို ထည့်ပေးလိုက်လေသည်။ “အဲ့ဒါကို ထုတ်သုံးလိုက်… အဲ့ဒါနဲ့မှ မရတော့ဘူးဆိုရင်တော့ ကမ္ဘာငယ်လေးထဲကို ပြန်ပြီးတော့ပဲ ပုန်းကြတာပေါ့…”
“ဒါက…” သူမလက်ထဲရှိ ဆေးလုံးနှင့်တူသော အရာကိုမြင်သော် လျို့ယန်၏မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး အလန့်တကြား ထအော်လေသည်။ “ဧကရာဇ်အာဏာပိုင်ဓာတ်လုံးလား…”
ရန်ကိုင်သည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ဥတုလေးမျိုးနယ်မြေထဲမှ ရခဲ့ခြင်း ဖြစ်လေသည်။ ဤဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် အချိန်မြစ်မဟာဧကရာဇ်၏ အားကုန်သုံးတိုက်ကွက်တစ်ခုကို ထုတ်ဖော်နိုင်လေ၏။ ထိုတိုက်ကွက် မည်မျှ အားကောင်းသလဲ ဆိုသည်ကိုတော့ ရန်ကိုင်လည်း မသိချေ။
သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးနှင့် မတူသည်မှာ ဤဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် တစ်ကြိမ်တည်းသာ သုံး၍ရသည့် ပစ္စည်းဖြစ်နေခြင်းပင်။
ရန်ကိုင်သည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို အလွယ်တကူထုတ်မသုံးချင်သည့် အတွက်ကြောင့် အမြဲတစေ သိမ်းထားခဲ့သည်။ သို့သော်ငြား ယခုကဲ့သို့ အခြေအနေမျိုးတွင် သိမ်းထားနေ၍လည်း မရတော့။ သူ့အသက်သည် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးထက် ပို၍ တန်ဖိုးကြီးသည် မဟုတ်ပေလော။
ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို ရလိုက်ပြီးသည့်နောက်တွင် လျို့ယန်၏ ပရမ်းပတာဖြစ်နေသော စိတ်ခံစားချက်များ တည်ငြိမ်သွားခဲ့လေသည်။ အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းလျက် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ထိုထဲသို့ သူမ၏ စွမ်းအင်ကို ထည့်သွင်းလိုက်လေသည်။
အလောင်းကောင်ရုပ်သေးရုပ်မှာတော့ ပြန်ထလာပြီးသည့်နောက်ပိုင်းတွင် ယခင်ကကဲ့သို့ ချောချောမွေ့မွေ့ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ချေ။ ၎င်း၏လှုပ်ရှားမှုမှာ အနည်းငယ် တောင့်တောင့်တင်းတင်းကြီး ဖြစ်နေခဲ့လေ၏။ သို့သော်ငြား ရန်ကိုင်တို့လုပ်နေသည်ကို ရှာတွေ့သွားသည့်အလား အလောင်းကောင်ရုပ်သေးရုပ်သည် သဲ့သဲ့ဟိန်းဟောက်လျက် လျို့ယန်ဆီသို့ မြားတစ်စင်းနှယ် ပြေးဝင်လာခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် လျို့ယန်၏ ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့လေသည်။ သို့သော်ငြား သူမကိုယ်ထဲရှိ စွမ်းအင်များကို မချန်ရစ်ထားတော့ဘဲ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးထဲသို့ အကုန်အစင် ထည့်သွင်းလိုက်လေသည်။
သူတို့နှစ်ဦးသား ကြားရှိ အကွာအဝေး နီးကပ်လာသည်နှင့်အမျှ ရန်ကိုင့်နဖူးထက် ချွေးသီးချွေးပေါက်များ ဝေ့သီလာတော့သည်။ အခြေအနေသာမဟန်လျှင် လျို့ယန်အား ကမ္ဘာငယ်လေးထဲသို့ ဆွဲခေါ်သွားနိုင်ရန်အတွက် ကမ္ဘာငယ်လေးကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့လေသည်။
အလောင်းကောင်ရုပ်သေးရုပ် လျို့ယန်နားသို့ ရောက်ခါနီးမှာပင် လျို့ယန်သည် စတင်၍ လှုပ်ရှားလိုက်တော့လေ၏။ သူမလက်ထဲရှိ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးအား အားကုန်၍ အလောင်းကောင်ရုပ်သေးရုပ်ဆီသို့ ပစ်ထည့်လိုက်လေသည်။
အလောင်းကောင်ရုပ်သေးရုပ်သည် သူ့ဆီသို့ တိုးဝင်လာနေသော ဧကရာဇ်အာဏာပိုင်ဓာတ်လုံးအား ပြန်ထိုးချလိုက်လေသည်။
သို့သော်ငြား…
ဆန်းကြယ်သည့် နိယာမစွမ်းအားတစ်ရပ်မှာ အဖက်ဖက်သို့ ဖြာထွက်လာခဲ့လေသည်။
တောင်ကြားထဲတွင် တည်ရှိနေသည့် အလောင်းကောင်ရုပ်သေးရုပ်၏ အလောင်းကောင်အဆိပ်ကြောင့် ညှိုးလျော်ခြောက်သွေ့ သေဆုံးသွားခဲ့သော သစ်ပင်ပန်းမန်အားလုံးသည် ဘာကြောင့်မှန်းမသိ အကုန်ပြန်လည် အသက်ရှင်လာကြလေသည်။ မျက်တောင်တစ်ခတ်အတွင်း တောင်ကြားတစ်ခုလုံးမှာ ယခင်ကကဲ့သို့ ပြန်လည်စိမ်းစိုသွားတော့လေ၏။
ထိုမျှသာလျှင် မဟုတ်သေးဘဲ ဆန်းကြယ်သောစွမ်းအားမှာ တောင်ကြားတစ်ခုလုံး ဆက်လက်၍ ပဲ့တင်ထပ်နေခဲ့လေသည်။ ထိုစွမ်းအားကြောင့် သစ်ပင်ပန်းမန်များမှာ ပို၍ပင် စိမ်းစိုလာကြကုန်လေသည်။
ရန်ကိုင်နှင့် လျို့ယန်တို့မှာလည်း ထိုစွမ်းအား၏ ဖုံးလွှမ်းခြင်း ခံလိုက်ရလေပြီ။
ထိုစွမ်းအား သူတို့၏ ခြေလက်များထဲသို့ စီးဝင်လာသည့်အလျောက် အားနည်းပြီး အားကုန်နေသော ရန်ကိုင့်၏ခန္ဓာကိုယ်မှာ အသက်စွမ်းအင်တို့ဖြင့် တစ်ဖန်ပြန်လည် ပြည့်ဝလာတော့လေသည်။ ချက်ချင်းဆိုသလို မတ်တပ်ပင် မရပ်နိုင်တော့အောင် ဖြစ်နေသော ရန်ကိုင်သည် ပုံမှန်အတိုင်း အားပြန်ပြည့်လာခဲ့လေ၏။ သူရထားသည့် ဒဏ်ရာများမှာလည်း အချိန်တစ်ခဏလေးအတွင်း လုံးဝ ပျောက်ကင်းသွားကုန်ကြလေသည်။
“ဒါက…” လျို့ယန်မှာ မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။
“နွေဦးနိယာမ…” ရန်ကိုင်မှာလည်း လုံးဝကို ထိတ်လန့်နေခဲ့သည်။ ယခုမှပဲ တောင်ကြားထဲ ဘာတွေဖြစ်ပျက်နေမှန်း နားလည်လိုက်သည့်အလျောက် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာတော့လေသည်။
အချိန်နည်းနည်းလေးမှ ဆက်ဖြုန်းမနေတော့ဘဲ ရန်ကိုင်သည် ထိုနိယာမစွမ်းအားများကို သေချာအာရုံစိုက်၍ နားလည်သဘောပေါက်အောင် ကြိုးစားကြည့်လိုက်လေသည်။
ဤနိယာမစွမ်းအားသည် အချိန်မြစ်မဟာဧကရာဇ်မှ နားလည်သဘောပေါက်ထားသည့် နိယာမစွမ်းအားတစ်ခု ဖြစ်ပေသည်။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် အချိန်မြစ်မဟာဧကရာဇ်၏ အားကုန်သုံးတိုက်ကွက်တစ်ခုကို ထုတ်ဖော်ပေးနိုင်ပေသည်။ သူသာ ဤအခိုက်အတန့်ကို ကောင်းကောင်း အမိအရ ဆုပ်ကိုင်၍ နားလည်ဆင်ခြင်နိုင်မည်ဆိုပါက ရန်ကိုင့်အတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။
ဤသို့ဖြစ်လာသည့်အလျောက် ရန်ကိုင်သည် အလောင်းကောင်ရုပ်သေးရုပ်နှင့် တိုက်ခိုက်ရန် လုံးဝ စဉ်းစားမနေတော့ဘဲ နက်နဲဆန်းကြယ်သည့် နိယာမစွမ်းအားကို နားလည်နိုင်ရေးတွင်သာ အပြည့်အဝ အာရုံစိုက်ထားတော့လေသည်။
နွေဦးနိယာမစွမ်းအားကြောင့် ညှိုးလျော်ခြောက်သွေ့နေသော တောင်ကြားတစ်ခုလုံးမှာ ပြန်လည်စိမ်းစို အသက်ဝင်လာခဲ့သည်။ သို့သော်ငြား မျက်တောင်တစ်ခတ်အတွင်းဆိုသလို အလွန်ကိုမှ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လွန်းလှသော အရှိန်အဝါတစ်ရပ် ကျဆင်းလာခဲ့လေသည်။ ထိုအရှိန်အဝါအောက်ဝယ် နှစ်တစ်နှစ်၏ အပူဆုံးကာလတစ်ခုသို့ ရောက်နေသလိုပင် ခံစားရနိုင်ပေသည်။
ဤသည်မှာ နွေနိယာမပင် ဖြစ်လေ၏။
ရုတ်တရက်ဆိုသလို အေးစက်စက်လေပြင်းများ တောင်ကြားထဲ စတင် တိုက်ခတ်လာခဲ့သည်။ သစ်ပင်ပေါ်ရှိ အရွက်များမှာ ဝါကျင့်ကျင့်ဖြစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်လေ၏။ အသီးများမှာလည်း မှည့်ရင့်လာကုန်ကြလေသည်။
ဆောင်းဦးနိယာမစွမ်းအားပင် ဖြစ်လေသည်။
အေးစက်စက်လေပြင်းများမှာ အေးသည်ထက် ပိုမိုအေးစက်လာခဲ့ပြီးသည့်နောက် မကြာခင်တွင် အရိုးကွဲမတတ် အအေးဓာတ်တို့ ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့လာခဲ့လေသည်။ ထိုအအေးဓာတ်နှင့်အတူ နှင်းပွင့်လေးများမှာလည်း ကောင်းကင်ဆီမှ ကြွေဆင်းလာခဲ့လေ၏။ ဤအရိုးကွဲမတတ် အအေးဓာတ်အောက်တွင် အကြမ်းကြုတ်ဆုံးသော သားရဲများပင်လျှင် မခံမရပ်နိုင်ဖြစ်ကာ ဆောင်းခိုရန်အတွက် သူတို့နေထိုင်ရာ လိုဏ်ဂူများဆီသို့ ပြန်လည် ထွက်ပြေးသွားကြရပေလိမ့်မည်။
ဤသည်မှာ ဆောင်းနိယာမစွမ်းအားသာ ဖြစ်လေသည်။
ဥတုလေးမျိုးစလုံးသည် တစ်လှည့်ပြီးတစ်လှည့် ဖြစ်ပေါ်နေခဲ့လေသည်။ ထိုသို့ ဖြစ်ပေါ်နေသည့် အလျောက် အလွန်ကိုမှ ဆန်းကြယ်လှသည့် စွမ်းအားတစ်ရပ်မှာလည်း တောင်ကြားတစ်ဝိုက်ထဲတွင် စတင်ရစ်သိုင်းလာခဲ့လေ၏။ ထိုအဖြစ်အပျက်ကြောင့် တောင်ကြားထဲတွင် ရှိနေသည့် လူအားလုံး အချိန်ကုန်ဆုံးမှုကိုပင်လျှင် သတိမထားမိတော့ချေ။ အကုန်လုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားသည်ဟု ထင်ရသော်ငြား သူ့စိတ်ထဲ နှစ်ပေါင်းထောင်ပေါင်းသောင်းပေါင်းများစွာ ကြာသွားသည်ဟုလည်း ခံစားနေရလေ၏။
ရန်ကိုင့်၏ စိတ်အစုံသည် ထိုနက်နဲဆန်းကြယ်သော နိယာမများကို လေ့လာရေးတွင်သာ လုံးဝ နစ်မြောသွားတော့လေသည်။
ဥတုလေးမျိုးနိယာမစွမ်းအား၏ အောက်တွင် ရန်ကိုင်သည် ကုန်ဆုံးသွားလိုက် ပြန်လည်ဖြစ်ပေါ်လာလိုက် ဖြစ်နေသော နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းတို့ကို လေ့လာနေခဲ့လေသည်။ ထိုသို့လေ့လာနေရင်းမှ သူမည်သည့်နေရာသို့ ရောက်နေသလဲ သူဘာလုပ်နေသလဲ ဆိုသည်ကိုပင် မေ့လျော့သွားခဲ့ပြီး ဤအခွင့်အရေးကို လွဲချော်ခဲ့လျှင် လုံးဝ သူ့အတွက် အရှုံးကြီးရှုံးသွားလိမ့်မည်မှန်းသာ သိတော့လေသည်။
အချိန်အတိုင်းအတာတစ်ခုအထိ ကြာသွားပြီးသည့်နောက်တွင် အက်ကွဲသံများနှင့်အတူ ရန်ကိုင့်၏ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားခဲ့သည်။ သူ့ဒန်တျန်နဲ့ သွေးကြောများမှာလည်း သိသိသာသာကို ကျယ်ပြန့်လာလေတော့သည်။ အရင်းအမြစ်ချီများမှာ ရေကာတာမှ ကျိုးပေါက်သည့် ရေများနှယ် တရဟော စီးထွက်လာကျလေသည်။
အလွန်တရာကိုမှ အားကောင်းလှသော အရှိန်အဝါတစ်ရပ်သည် သူ့ဆီမှ ဖြာထွက်လာတော့လေသည်။
ထူးဆန်းစွာပင် ရန်ကိုင် အဆင့်ချိုးဖြတ်သွားခဲ့လေ၏။ ယခုဆိုလျှင် ရန်ကိုင်သည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့လေသည်။
ထိုကဲ့သို့ အဆင့်တက်သည့် အခါမှသာ ရန်ကိုင် အသိပြန်ဝင်လာခဲ့သည်။ ထို့နောက်တွင် ထိုင်နေသော အလောင်းကောင်ရုပ်သေးရုပ်ကို ချက်ချင်း သတိထားမိသွားခဲ့လေသည်။ အစောပိုင်းက ဘာတွေဖြစ်လို့ ဖြစ်နေမှန်း ပြန်သတိရလိုက်ပြီးသည့်နောက် ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ထိုင်နေသော အလောင်းကောင်ရုပ်သေးရုပ်အား သတိကြီးကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။
“သခင်…” ရန်ကိုင့်၏ စိုးရိမ်နေသော အမူအယာကိုမြင်သော် လျို့ယန်က အလျင်စလို ထအော်လိုက်လေသည်။
“ဘယ်လောက်ကြာသွားလဲ…” ရန်ကိုင်က မျက်မှောင်ကျုံ့၍ သင်္ကာမကင်း လေသံဖြင့် မေးလိုက်လေသည်။
“ဘာ ဘယ်လောက်ကြာသွားတာလဲ…” လျို့ယန် ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။
“နင် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို သုံးလိုက်တာ ဘယ်လောက်ကြာသွားပြီလဲလို့…”
လျို့ယန်က စိတ်ရှုပ်နေသည့် လေသံဖြင့် “အခုလေးတင်ပဲ သုံးလိုက်တာလေ… ကျွန်မသုံးပြီးသွားတာနဲ့ သခင်က ချက်ချင်း ကောက်ထိုင်ချလိုက်တာ… ပြီးတော့ ရုတ်တရက်ကြီး ပြန်ထလာပြန်ရော…”
“အခုလေးတင်…” ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ သူ့စိတ်ထဲ ထိုနိယာမစွမ်းအားများကို ထိုးထွင်းနားလည် ဆင်ခြင်နေသည်မှာ အတော်လေး ကြာသွားပြီဟု ထင်နေခြင်း ဖြစ်ပေသည်။ သို့သော်ငြား လျို့ယန်ပြောသလောက် တဒင်္ဂလောက်သာ ကြာသွားသည့်ပုံပင်။
ဥတုလေးမျိုးနိယာမစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ဆင်ခြင်သုံးသပ်နိုင်စွမ်းပင်လျှင် ဝေဝါးသွားခဲ့ရသည်ကို သတိပြုမိလိုက်သော် ရန်ကိုင် အံ့ဩတကြီး သက်ပြင်းချမိလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၃၂)
ဥတုလေးမျိုးနိယာမစွမ်းအားသည် အချိန်မြစ်မဟာဧကရာဇ်မှ နားလည်သဘောပေါက်ထားသော နိယာမစွမ်းအားတစ်ရပ်ဖြစ်ပေသည်။ ထိုစွမ်းအင်ကို ထုတ်သုံးလိုက်သည့်အခါ ဥတုလေးမျိုးသည် အဆက်မပြတ် ပြောင်းလဲနေပေလိမ့်မည်။ ဤသည်မှာ ရန်ကိုင်နားလည်ထားသော လေဟာနယ်နိယာမစွမ်းအားနှင့် လုံးဝကွာခြားနေသည့် အချိန်နိယာမစွမ်းအားသာ ဖြစ်လေသည်။
သို့သော်ငြား အချိန်နှင့် လေဟာနယ်နိယာမစွမ်းအား နှစ်မျိုးလုံးသည် နားလည်သဘောပေါက်ရန်အတွက် အလွန်တရာကိုမှ ခက်ခဲလှသော စွမ်းအားများဖြစ်ကြသည်။ ထိုစွမ်းအားများကို နားလည်ဆင်ခြင်သဘောပေါက်နိုင်သည့် မည်သူမဆို ထင်ရှားကျော်ကြားသည့် ပညာရှင်များ ဖြစ်လာနိုင်ကြပေသည်။
ရန်ကိုင်အစကတွေးထင်နေခဲ့သည်မှာ အချိန်မြစ်မဟာဧကရာဇ်သည် ဥတုလေးမျိုးနှင့် ဆက်စပ်သော ပညာရပ်တစ်ခုကို ဖန်တီးခဲ့သည်ဟူ၍သာ။ ယခုမှသာ သူ့အထင် မှားယွင်းနေမှန်း နားလည်သွားရတော့လေသည်။ အချိန်မြစ်မဟာဧကရာဇ်သည် ဥတုလေးမျိုးနှင့် ပတ်သက်သည့် ပညာရပ်တစ်ခုကို ဖန်တီးခဲ့ခြင်းမဟုတ်ဘဲ အချိန်နိယာမစွမ်းအားကို နားလည်သဘောပေါက်သွားခဲ့ခြင်း ဖြစ်ပေသည်။
ဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် အချိန်မြစ်မဟာဧကရာဇ် ဧကရာဇ်တတိယအဆင့်တွင် ရှိစဉ်က ဖန်တီးခဲ့သည့် ရတနာတစ်ခု ဖြစ်ရပေလိမ့်မည်။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံး၏ တိုက်ခိုက်မှုသည် အချိန်မြစ်မဟာဧကရာဇ် ဧကရာဇ်တတိယအဆင့်တွင် ရှိစဉ်က တိုက်ခိုက်မှုနှင့် ညီမျှသည့်အတွက်ကြောင့် အလောင်းကောင်ရုပ်သေးရုပ်အနေဖြင့် အသက်ရှင်စရာအကြောင်း လုံးဝမရှိချေ။
အချိန်နိယာမစွမ်းအားသည် လူတစ်ဦးအား သူတို့စိတ်ထဲ အချိန်အကြာကြီး ကုန်ဆုံးသွားသလို ခံစားရအောင် လုပ်နိုင်ပေသည်။ ထိုတိုက်ခိုက်မှုသာ လူတစ်ဦးအား သွားရောက်ထိမှန်ပါက ထိုလူသည် တမုဟုတ်ချည်း အသက်ကြီးလာပေလိမ့်မည်။
အချိန်နိယာမစွမ်းအားအောက်တွင် ရန်ကိုင်သည် တဒင်္ဂလေးသာ ဖြစ်သော်ငြား နှစ်ပေါင်းများစွာ ကျင့်ကြံလိုက်ရသည်ဟု ခံစားလိုက်ရလေသည်။ ထို့အတွက်ကြောင့်ပင်လျှင် တာအိုသခင်ဒုတိယအဆင့်မှ တာအိုသခင်တတိယအဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သေး၏။ တကယ့်အပြင်ဘက်တွင် မျက်တောင်တစ်ခတ်မျှလောက်သာ အချိန်ကုန်ဆုံးသွားခဲ့သော်ငြား ရန်ကိုင့်၏ အသိစိတ်ထဲတွင်တော့ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့လေသည်။
ထိုအချက်ကို စဉ်းစားပြီးသည့်နောက် အချိန်မြစ်မဟာဧကရာဇ် အထွဋ်အထိပ်အခြေအနေတွင် မည်မျှပင် အားကောင်းလိုက်လေမည်နည်းဟု ရန်ကိုင်တွေးမိသွားခဲ့လေသည်။ ထိုအချက်ကို တွေးလိုက်မိသော် ရန်ကိုင် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့လေ၏။
ဥတုလေးမျိုးနယ်မြေထဲတွင် ရှိစဉ်က ရန်ကိုင်သည် ဓာတ်လုံးသုံးလုံးကို ရလာခဲ့လေသည်။ ထိုဓာတ်လုံးသုံးလုံးမှာ နွေဦးဓာတ်လုံး၊ နွေဓာတ်လုံး၊ ဆောင်းဦးဓာတ်လုံးတို့ ဖြစ်ကြသည်။ ရန်ကိုင့်၏အထင်သာ မမှားလျှင် ပျောက်နေသည်မှာ ဆောင်းဓာတ်လုံးသာ ဖြစ်လေသည်။ သို့သော်ငြား ဥတုလေးမျိုးနယ်မြေမှာ မြန်မြန်ပိတ်သွားသည့်အတွက်ကြောင့် ဆောင်းဓာတ်လုံး မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို ရန်ကိုင့်အဖို့ ရှာချိန်မရခဲ့ပေ။
ယခု သေချာပြန်ကြည့်ကြည့်လိုက်သော် ထိုဓာတ်လုံးသုံးလုံးစလုံးတွင် အချိန်စွမ်းအားတို့ ပါဝင်နေကြောင်း သတိထားမိသွားခဲ့သည်။ သူသာ ဓာတ်လုံးလေးလုံးစလုံးကို စုစည်းနိုင်မည်ဆိုပါက အချိန်မြစ်မဟာဧကရာဇ်၏ ပညာရပ် ထွက်ပေါ်လာမည်ဖြစ်ကာ ရန်ကိုင့်အနေဖြင့် အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်ကို ရနိုင်ပေလိမ့်မည်။
အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်သည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ အမွေအနှစ်ကဲ့သို့ မဟုတ်ပေ။ ရန်ကိုင်သာ အချိန်မြစ်မဟာဧကရာဇ်၏ အမွေအနှစ်ကို ကျင့်ကြံနိုင်မည်ဆိုပါက သူ့အတွက် ကြီးကြီးမားမား အကျိုးရှိပေလိမ့်မည်။ ရန်ကိုင်သာ အချိန်မြစ်နိယာမစွမ်းအားကို နားလည်ပြီး ဥတုလေးမျိုးစွမ်းအားကို ထိန်းချုပ်နိုင်မည်ဆိုပါက တစ်ဆင့် တစ်ဆင့်သို့ တက်ရန် လိုအပ်သည့် အချိန်ပမာဏမှာ သိသိသာသာကို လျော့ကျသွားပေလိမ့်မည်။ အကြောင်းမှာ ရန်ကိုင်သာ အချိန်နိယာမစွမ်းအားများကို ထိန်းချုပ်လာနိုင်မည်ဆိုလျှင် အခြားသူများ ဆယ်နှစ် နှစ်တစ်ရာလောက် ကျင့်ကြံမှ ရလာမည့် စွမ်းအားမျိုးကို တစ်နှစ်တည်းအတွင်းတွင် ကျင့်ကြံ၍ ရရှိနိုင်သည့် အတွက်ကြောင့်ပင်ဖြစ်လေသည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားလာတော့လေ၏။
သို့သော်ငြား ဆောင်းဓာတ်လုံး မည်သည့်နေရာတွင် ရောက်လို့ရောက်နေမှန်း မသိသည့်အကြောင်း ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင့်၏ စိတ်လှုပ်ရှားမှုအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့လေသည်။
ဥတုလေးမျိုးနယ်မြေ ဘယ်အချိန်ပြန်ဖွင့်မလဲ မည်သူမျှ မသိရ။ ပြန်ဖွင့်မည်ဆိုလျှင်ပင် ရန်ကိုင်သည် ဧကရာဇ်အဆင့်သို့ ရောက်နေလောက်ပေပြီ။ ထို့အတွက်ကြောင့် ဥတုလေးမျိုးနယ်မြေထဲသို့ ဝင်နိုင်တော့လိမ့်မည်မဟုတ်။
တစ်နည်းဆိုရသော် သူ့အနေဖြင့် ဆောင်းဓာတ်လုံးအား မည်သို့မျှ ရှာနိုင်တော့လိမ့်မည် မဟုတ်ပေ။ ထို့နည်းတူစွာပင် ဓာတ်လုံးလေးလုံးစလုံးအား အတူတကွ ပေါင်းစည်းနိုင်တော့လိမ့်မည် မဟုတ်ဘဲ အချိန်မြစ်မဟာဧကရာဇ်၏ စွမ်းရည်ကိုလည်း ရနိုင်တော့လိမ့်မည် မဟုတ်။
“သခင်… အဲ့ကောင်ကြီး ခုထိ မသေသေးဘူးနော်…” လျို့ယန်၏ အံ့အားသင့်နေသည့် အော်ဟစ်သံ ရန်ကိုင့်နားထဲ ရောက်လာခဲ့လေသည်။
“မဖြစ်နိုင်ဘူး…” ရန်ကိုင် ရုတ်ချည်း အသိပြန်ဝင်လာခဲ့လေ၏။
ရန်ကိုင်သည် သူ၏အကြီးမားဆုံး ဝှက်ဖဲနှစ်ခုဖြစ်သော သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးနှင့် ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကို အသုံးပြုခဲ့သည်။ ကျောက်တုံးကိုယ်ပွားမှာလည်း သူ၏ နတ်ဆိုးမှော်ရတနာကို အသုံးပြုခဲ့သေး၏။ ထိုအလောင်းကောင်ရုပ်သေးရုပ်နေရာ၌ ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဆိုပါက အရိုးသားတခြား အသားတခြား ဖြစ်နေပေလိမ့်မည်။ အလောင်းကောင်ရုပ်သေးရုပ် မည်မျှပင် အားကောင်းနေပါစေ ထိုမျှသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရပြီးသည့်နောက် အသက်ရှင်စရာအကြောင်း မရှိတော့ချေ။ ထို့အတွက်ကြောင့် လျို့ယန်၏စကားကို မယုံခြင်းဖြစ်ပေသည်။
သို့သော်ငြား သူကိုယ်တိုင် ကြည့်မိလိုက်သည့်နောက် ရန်ကိုင် မင်သက်သွားခဲ့လေသည်။
သူနှင့် မလှမ်းမကမ်းတွင် ရှိနေသော အလောင်းကောင်ရုပ်သေးရုပ်သည် ဘယ်အချိန်တည်းကမှန်းမသိ တင်ပလင်ခွေ ထိုင်နေခဲ့လေ၏။ အချိန်နိယာမစွမ်းအား၏ လွှမ်းမိုးမှုကြောင့်လားမသိ အလောင်းကောင်ရုပ်သေးရုပ်၏ ညှိုးလျော်ခြောက်သွေ့နေသော ခန္ဓာကိုယ်မှာ ဂျုံမှုန့်ကဲ့သို့ ဖြူဖွေးလာခဲ့လေသည်။ ရန်ကိုင် လှမ်းကြည့်ကြည့်လိုက်ချိန် အလောင်းကောင်ရုပ်သေးရုပ်ကိုယ်ပေါ်ရှိ အသားစများမှာ မြေပြင်ပေါ်သို့ တစ်စတစ်စ ပြုတ်ကျနေခဲ့လေသည်။ တစ်ခဏအတွင်းမှာပင် အလောင်းကောင်ရုပ်သေးရုပ်သည် အရိုးတစ်ဝက် အသားတစ်ဝက် ဖြစ်သွားတော့လေ၏။
အချိန်နိယာမစွမ်းအားသည် တကယ်ကို အားကောင်းလွန်းလှပေသည်။ ရန်ကိုင်သည် သူ့တွင် ရှိသမျှ ဝှက်ဖဲအားလုံးကို အသုံးပြုခဲ့ချိန် အလောင်းကောင်ရုပ်သေးရုပ်အား မည်သို့မျှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးကို ထုတ်သုံးလိုက်သည့်အခါမှသာ အလောင်းကောင်ရုပ်သေးရုပ်ကို ထိခိုက်သွားအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။ သို့သော်ငြား ဧကရာဇ်အာဏာပိုင်ဓာတ်လုံးကိုသုံးလိုက်ချိန် အလောင်းကောင်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်မှာ ဤမျှအထိ ဆိုးရွားစွာ ပျက်စီးသွားခဲ့ရလေသည်။ ဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် စွမ်းအားသက်သက်ကြီးသာမဟုတ် နိယာမစွမ်းအားလည်း ပါနေပေသေးသည်။ အချိန်မြစ်စွမ်းအားသည် အလောင်းကောင်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ခြင်းဖြစ်လေသည်။ ထို့အတွက်ကြောင့် အလောင်းကောင်ရုပ်သေးရုပ်ခန္ဓာကိုယ်မှာ နှစ်ထောင်ပေါင်းသောင်းပေါင်းများစွာအား တစ်ခဏအတွင်း ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။ အလွန်တရာကိုမှ အားကောင်းလှသော ခန္ဓာကိုယ်သည်ပင်လျှင် ထိုမျှကြာအောင် မည်သည့်အာဟာရမှ မရရှိဘဲ နေနေမည်ဆိုပါက တဖြည်းဖြည်းနှင့် ပျက်စီးသွားရပေလိမ့်မည်။
အလောင်းကောင်ရုပ်သေးရုပ်ကိုယ်ပေါ်ရှိ အစီအရင်များ တဖြည်းဖြည်းမှိန်ကျလာကာ ပိတ်ကျသွားနေသည်ကို ရန်ကိုင် သတိထားမိလိုက်ပေသည်။
သို့တိုင် လျို့ယန်ပြောသည်မှာတော့ မှန်ပေသည်။ အလောင်းကောင်ရုပ်သေးရုပ်မှာ မသေသေးချေ။ အလောင်းကောင်ရုပ်သေးရုပ်၏ အစိမ်းရောင်မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပနေသေး၏။
အလောင်းကောင်ရုပ်သေးရုပ်မသေခင် လုပ်မိလုပ်ရာတစ်ခုခုအား ထလုပ်မည်မလားဟု တွေးရင်း ရန်ကိုင် အကြောက်ကြီး ကြောက်မိသွားခဲ့လေ၏။
အလောင်းကောင်ရုပ်သေးရုပ် မသေသေးမှန်း ရန်ကိုင်သိသည်။ လက်ရှိအချိန်တွင် အလောင်းကောင်ရုပ်သေးရုပ်သည် မီးစာကုန်နေသည့် မီးအိမ်တစ်ခုလို ဖြစ်နေခဲ့လေပြီ။ ရန်ကိုင်သာ အချိန်နည်းနည်း ဆက်ဆွဲနိုင်မည်ဆိုပါက အလောင်းကောင်ရုပ်သေးရုပ် ကျိန်းသေ သေသွားရပေလိမ့်မည်။
ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင် အလျင်စလို ထွက်မသွားသေးခြင်း ဖြစ်လေသည်။ ရန်ကိုင့်၏ကျင့်ကြံခြင်းမှာ ယခင်ကကဲ့သို့ မဟုတ်။ တာအိုသခင် တတိယအဆင့် ဖြစ်နေခဲ့လေပြီ။ သူ၏အရင်းအမြစ်ချီမှာလည်း ပြန်ပြည့်နေပြီဖြစ်သလို ရထားသည့် ဒဏ်ရာအားလုံးမှာလည်း ပြန်ကောင်းနေခဲ့လေပြီ။ အလောင်းကောင်းရုပ်သေးရုပ် ရုတ်တရက်ကြီး ထတိုက်ခိုက်မည်ဆိုလျှင်ပင် ရှောင်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိ၏။
ရန်ကိုင်သည် မလှုပ်ရှားသေးခဲ့ပဲ သတိထား၍သာ အလောင်းကောင်ရုပ်သေးရုပ်ကို လေ့လာကြည့်နေခဲ့လေသည်။
ရုတ်တရက် အလောင်းကောင်ရုပ်သေးရုပ်၏ မျက်လုံးများ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ပြီး တစ်ခုခုဆီမှ ရုန်းကန်နေသည့်အလား သွေးရူးသွေးတန်း အော်ဟစ်လိုက်လေ၏။ မကြာမီတွင် ၎င်း၏အစိမ်းရောင်မျက်လုံးများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး အလောင်းကောင်းရုပ်သေးရုပ်၏ ရက်စက်ကြမ်းကြုတ်သည့် အမူအယာမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။
လက်ရှိအချိန်တွင် အလောင်းကောင်ရုပ်သေးရုပ်၏ အစိမ်းရောင်မျက်လုံးများသည် အသိဉာဏ်ရှိနေသည့် ပုံစံမျိုး ပေါက်နေခဲ့လေသည်။ ဘေးပတ်ဝန်းကျင်သို့ စိတ်ရှုပ်နေသည့် အမူအယာဖြင့် လှည့်ပတ်ကြည့်နေပြီးသည့်နောက် ရန်ကိုင့်အား မြင်လိုက်ချိန် သူ့အပေါ်သို့ အာရုံစိုက်လာခဲ့လေ၏။
“သခင်…” လျို့ယန်သည် အချိန်မရွေး တိုက်ခိုက်နိုင်မည့် ပုံစံမျိုး ပြင်လိုက်လေသည်။
ရန်ကိုင်ကမူ မျက်မှောင်ကျုံ့လျက် အလောင်းကောင်ရုပ်သေးရုပ်၏ မျက်လုံးတည့်တည့်သို့ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် တစ်ခုခုအား နားလည်သွားခဲ့ပြီး ချက်ချင်းပဲ လက်သီးဆုပ်ကာ အော်ပြောလိုက်လေသည်။ “ဂျူနီယာရန်ကိုင် စီနီယာကို နှုတ်ဆက်ပါတယ်…”
“သခင်…” ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းကို နားမလည်သဖြင့် လျို့ယန်သည် ရန်ကိုင့်အား ဇဝေဇဝါဖြင့် ကြည့်လိုက်လေသည်။ အလောင်းကောင်ရုပ်သေးရုပ်သည် အသိဉာဏ်မရှိဘဲ အစီအရင်၏ ထိန်းချုပ်မှုအောက်တွင် တိုက်ခိုက်ဖို့သာ သိသော ရုပ်သေးရုပ်တစ်ခုမှန်း သိသာလှသည်။ ထိုသို့အသိဉာဏ်မရှိသော ရုပ်သေးရုပ်တစ်ခုကို ရန်ကိုင်က ဘာကြောင့်များ သွားရောက်နှုတ်ဆက်နေရလေသနည်း။
သို့သော်ငြား ရန်ကိုင်ပြောပြီးပြီးချင်းမှာပင် တင်ပလင်ခွေထိုင်နေသော ရုပ်သေးရုပ်သည် ၎င်း၏ပါးစပ်ကိုဟလျက် နားလည်ရ ခက်ခဲလှသော စကားလုံးများကို ခက်ခက်ခဲခဲပြောလာလိမ့်မည်ဟု လျို့ယန် မထင်ထားခဲ့ချေ။
အလောင်းကောင်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်မှာ ဆိုးဆိုးရွားရွားကို ထိခိုက်ထားသည့် အတွက်ကြောင့် သူပြောနေသည့် စကားများကို လျို့ယန် နားမလည်နိုင်ခဲ့ပေ။
သို့သော်ငြား မည်သို့ပင်ဖြစ်နေစေကာမူ လျို့ယန်မှာတော့ အံ့အားသင့်သွားခဲ့ရသေးသည်။
အလောင်းကောင်ရုပ်သေးရုပ်သည် ရန်ကိုင့်အား တကယ်ကြီး စကားပြန်ပြောလာခဲ့လေသည်။ ထိုသို့ဖြစ်လေရာ အလောင်းကောင်ရုပ်သေးရုပ်သည် တကယ်ကြီး အသိဉာဏ်ရှိနေသည်လား။ အသိဉာဏ်ရှိနေသည်ဆိုပါက အစောပိုင်းက ဘာကြောင့်များ သူတို့အား သည်းကြီးမည်းကြီး လိုက်လံတိုက်ခိုက်ခဲ့ရသနည်း။ သူတို့ပြောနေသည့် စကားများကိုလည်း ဘာကြောင့် နားမထောင်ဘဲ အော်ဟစ်၍သာ ဟိန်းဟောက်နေခဲ့လေသနည်း။
အလောင်းကောင်ရုပ်သေးရုပ် စစချင်း စကားပြောချိန်၌ အနည်းငယ် ခက်ခဲနေသော်ငြား ခဏအကြာတွင် ကောင်းမွန်စွာ ပြောနိုင်သွားခဲ့လေသည်။
“မင်းက ရွက်တစ်ထောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်လား…”
ထိုသည်မှာ ရိုးရှင်းသည့် စကားတစ်ခွန်းသာ ဖြစ်သော်ငြား ထိုစကားကိုပြောပြီးသည့်နောက်တွင် အလောင်းကောင်ရုပ်သေးရုပ်သည် ၎င်း၏ခွန်အားအကုန်ကို အသုံးပြုလိုက်ရသည့်အလား အမောတကော အသက်ရှူတော့လေသည်။
ရန်ကိုင့်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ချက်ချင်းပြန်ပြောလိုက်လေသည်။ “ဒီဂျူနီယာက ရွက်တစ်ထောင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်မဟုတ်ပါဘူး…”
အလောင်းကောင်ရုပ်သေးရုပ်က ပြန်မေးလိုက်လေသည်။ “ရွက်တစ်ထောင်ဂိုဏ်းသားတစ်ယောက် မဟုတ်ရင် ဘာလို့ ဒီကို ရောက်နေရတာလဲ…”
စကားပြောရသည်ကို ကျင့်သားရသွားသည့် အတွက်ကြောင့်လားမသိ အလောင်းကောင်ရုပ်သေးရုပ်၏ စကားများမှာ ပို၍ ကြည်လင်ပြတ်သားလာခဲ့လေသည်။
ရန်ကိုင်က အမှန်အတိုင်းပြန်ပြောလိုက်လေ၏။ “ဂျူနီယာကို ဒီမှာရှိနေတဲ့ ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ပေးဖို့ လက်ရှိရွက်တစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အကူအညီတောင်းလို့ ရောက်လာတာပါ…”
ထိုစကားကိုကြားသော် အလောင်းကောင်ရုပ်သေးရုပ်သည် ယခင်အကြောင်းများကို ပြန်စဉ်းစားလိုက်လေသည်။ နောက်ဆုံးမှ ပြန်ပြောလာလိုက်လေ၏။ “ဟုတ်တယ်… အဲ့တုန်းက ဒီဘုရင် အဲ့ဟင်းလင်းပြင်အစီအရင်ကို ဖျက်ဆီးခဲ့လိုက်မိတယ်…”
တစ်ချက်မျှ ရပ်ပြီးသည့်နောက် မယုံကြည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “မင်းက အဲ့ဒါကို ပြင်နိုင်တယ်ဆိုမှတော့ မင်းက လေဟာနယ်တာအိုမှာ ကျွမ်းကျင်ထားတဲ့ လူတစ်ယောက်ပေါ့…”
“ဂျူနီယာ နည်းနည်းပါးပါးလောက်ပဲ သိတာပါ…” ရန်ကိုင်က နှိမ့်ချလျက် ပြန်ပြောလိုက်လေသည်။
သို့သော်ငြား အလောင်းကောင်ရုပ်သေးရုပ်မှာတော့ ရန်ကိုင် နှိမ့်ချနေမှန်း သိပေသည်။ လေဟာနယ်တာအိုကို အနည်းအကျဉ်းသာ သိထားမည်ဆိုလျှင် ဟင်းလင်းပြင်အစီအရင်မရှိဘဲနှင့် ဟိုဘက်ကမ္ဘာမှ သီးခြားကမ္ဘာငယ်လေးထဲသို့ မည်ကဲ့သို့များ လာနိုင်ပါမည်နည်း။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ဤကောင်လေး၏ လေဟာနယ်တာအိုအပေါ် ကျွမ်းကျင်မှုမှာ အတော်လေးကိုအဆင့်မြင့်နေပြီမှန်း နားလည်နိုင်ပေသည်။
သို့သော်ငြား အလောင်းကောင်ရုပ်သေးရုပ်မှာတော့ ထိုအကြောင်းကို ဆက်ပြောမနေခဲ့ပေ။
ရန်ကိုင်က ပြန်မေးလိုက်လေ၏။ “စီနီယာက အဲ့ခေတ်တုန်းက ဒီနေရာထဲကို ဝင်လာတဲ့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်များလား…”
အလောင်းကောင်ရုပ်သေးရုပ်၏ မျက်လုံးပုံစံ ပြောင်းလဲသွားသည်ကို မြင်တည်းက ရန်ကိုင် ခန့်မှန်းမိထားပြီးသားပင် ဖြစ်လေသည်။ ယခု အလောင်းကောင်ရုပ်သေးရုပ်မှ ဟင်းလင်းပြင်အစီအရင်ကို ဖျက်ဆီးခဲ့သည်ဟု ဝန်ခံလာသည်ကိုကြားသော် သူ၏ ခန့်မှန်းချက်နှင့် ပတ်သက်၍ ရန်ကိုင် ပို၍ သေချာသွားရတော့လေသည်။
အလောင်းကောင်ရုပ်သေးရုပ်သည် ထိုခေတ်က သီးခြားကမ္ဘာငယ်လေးထဲသို့ ဝင်လာခဲ့သည့် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ပေသည်။
အလောင်းကောင်ရုပ်သေးရုပ်က အသာအယာ ခေါင်းညိတ်ပြလိုက်လေ၏။ ထိုသို့ခေါင်းညိတ်လိုက်သည့်အခိုက် အရိုးများ အချင်းချင်း ပွတ်တိုက်မိသွားသည်ကြောင့်လားမသိ အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အလောင်းကောင်ရုပ်သေးရုပ်၏ခေါင်း ရုတ်တရက် ပြုတ်ကျသွားလေမလားဟု တွေးရင်း ရန်ကိုင် လန့်သွားခဲ့လေ၏။
အလောင်းကောင်ရုပ်သေးရုပ်က ပြန်ပြောလိုက်လေသည်။ “ဒီဘုရင်က ရီချုန်းပဲ…”
“စီနီယာ မသေသေးတာလား…” ရန်ကိုင် လုံးဝကို အံ့အားသင့်သွားတော့လေသည်။ ရီချုန်းသည် ထိုခေတ်အခါက ကမ္ဘာငယ်လေးထဲသို့ ဝင်လာခဲ့သော ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။
ရီချုန်းက ပြန်လည်ငြင်းဆိုလိုက်လေသည်။ “ဒါက ငါ့ရဲ့ အကြွင်းအကျန်ဝိဉာဉ်တစ်ခုလောက်ပဲ… အရင်တုန်းက ဒီဘုရင်က ငါ့ခန္ဓာကိုယ်ကို ရုပ်သေးရုပ်အဖြစ် သုံးပြီးတော့ ရုပ်သေးရုပ်တာအိုရဲ့ အထွဋ်အထိပ်ကို ရောက်ဖို့ ကြိုးစားခဲ့တာ… ဒါပေမဲ့ မအောင်မြင်ပဲနဲ့ သေသွားခဲ့ရတယ်… နောက်ဆုံး အခုလိုမျိုး ဝိဉာဉ်အပိုင်းအစလေးတစ်ခုပဲ ကျန်ရစ်ခဲ့တော့တယ်…” အဲ့ဝိဉာဉ်အပိုင်းအစလေးနဲ့ ငါတို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ မျိုးဆက်တစ်ယောက် ရောက်လာမှာကို ထိုင်စောင့်နေခဲ့တာ…”
ရန်ကိုင်ခေါင်းညိတ်လိုက်ပြီး ပြန်မေးတော့မည်အပြု ရီချုန်းက ဆက်ပြောလိုက်လေသည်။ “ငါ့မှာ အချိန်အများကြီး မကျန်တော့ဘူး… အခု ငါနိုးထလာနိုင်တယ်ဆိုတာလည်း မင်းက ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်လို့ပဲ… မင်းရဲ့ အခု လက်ရှိကျင့်ကြံခြင်းလေးနဲ့ ဒီခန္ဓာကိုယ်ကို ဘယ်လိုဖျက်ဆီးလိုက်လဲဆိုတာ ငါမသိပေမဲ့ ငါ့မှာ မင်းကို မေးနေဖို့ အချိန်မရှိဘူး… အခုလောလောဆယ် ငါမင်းဆီက အကူအညီတောင်းချင်တာတစ်ခု ရှိတယ်…”
“ပြောပါစီနီယာ…”
“ရီမိသားစုရဲ့ လက်ရှိဂိုဏ်းချုပ်က မင်းကို ဒီနေရာဆီလာပြီး အစီအရင်ကို ပြင်ခိုင်းတယ်ဆိုမှတော့ မင်းက ယုံကြည်ထိုက်တဲ့ လူတစ်ယောက်မို့လို့ပဲ ဖြစ်ရမယ်… ငါမင်းကို အကူအညီတောင်းချင်တာက ဒီလက်စွပ်ကို အခုလက်ရှိ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆီ ပြန်ပေးပေးဖို့ပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရီချုန်းသည် သူ့လက်တွင် ဝတ်ဆင်ထားသော သိုလှောင်လက်စွပ်ကို ချွတ်၍ ရန်ကိုင့်ဆီသို့ ပစ်ပေးလိုက်လေသည်။
ရန်ကိုင်လည်း သိုလှောင်လက်စွပ်အား ချက်ချင်း လှမ်းဖမ်းလိုက်လေ၏။
ဤသိုလှောင်လက်စွပ်သည် လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က သိုလှောင်လက်စွပ်တစ်ကွင်း ဖြစ်ပေသည်။ အထဲတွင် မည်သည့်အရာများ ရှိနေသလဲဆိုသည်ကိုလည်း ရန်ကိုင် သိပြီးသားပင် ဖြစ်လေသည်။
ရီချုန်းက ဆက်ပြောလိုက်လေသည်။ “အဲ့သိုလှောင်လက်စွပ်ပေါ်မှာ ဒီဘုရင် ဖန်တီးထားတဲ့ ဝိဉာဉ်အမှတ်အသားတစ်ခု ရှိတယ်.. ငါတို့ရီမျိုးဆက်ရဲ့ သွေးမျိုးဆက်ကပဲ အဲ့ဝိဉာဉ်အမှတ်အသားကို ဖွင့်နိုင်လိမ့်မယ်.. အခြားနည်းတွေနဲ့ အတင်းအကြပ်ဖွင့်မယ်ဆိုရင် လက်စွပ်ရော လက်စွပ်ထဲကဟာတွေပါ အကုန်ပျက်စီးသွားလိမ့်မယ်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၃၃)
ရီချုန်း သူ့အား မယုံသေးမှန်း ရန်ကိုင်ပြောနိုင်ပေသည်။ ထို့ကြောင့်သာ သိုလှောင်လက်စွပ်ပေါ်တွင် သွေးမျိုးဆက်နှင့် သက်ဆိုင်သည့် ချိတ်စည်းတစ်ခု ထားထားကြောင်းကို တမင်တကာ ထုတ်ဖော်ပြောပြခဲ့ခြင်း ဖြစ်လေသည်။
ရန်ကိုင့်အနေဖြင့် ထိုအချက်ကို နားလည်ထားသော်ငြား သူ့စိတ်ထဲတွင်တော့ အနည်းငယ် မကျေနပ်သလို ဖြစ်သွားခဲ့လေသည်။
ရီချုန်းသည် သူ့အား အကူအညီ လာတောင်းနေခြင်း ဖြစ်ပေသည်။ သို့တိုင် ရန်ကိုင့်အား သူခိုးတစ်ယောက်နှယ် ဆက်ဆံနေ၏။ ထိုကဲ့သို့ ဆက်ဆံခံလိုက်ရသူအဖို့ မည်ကဲ့သို့များ စိတ်ခံစားချက် ကောင်းနိုင်ပါမည်နည်း။
သို့သော်ငြား ရန်ကိုင်ကမူ သူ့စိတ်ခံစားချက်များကို အပြင်သို့ ထုတ်မပြခဲ့ပေ။ လက်စွပ်ကို ယူ၍သာ ပြန်ပြောလိုက်လေ၏။ “စိတ်မပူပါနဲ့ စီနီယာ… ဒီလက်စွပ်ကို ဂိုဏ်းချုပ်ရီဆီ ကျိန်းသေ ပြန်ပေးလိုက်ပါမယ်…”
“ကောင်းတယ် ကောင်းတယ်…” ရီချုန်းသည် သူ့ရင်ထဲ ထမ်းပိုးထားရသည့် ဝန်ထုပ်ကြီးတစ်ခု လျော့ကျသွားသည့်အလား သက်ပြင်းချလိုက်လေသည်။ “ငါမင်းကို အကူအညီတောင်းတယ် ဆိုပေမဲ့ အလကားတော့ အကူအညီမတောင်းပါဘူး…”
ထိုစကားကိုကြားသော် ရန်ကိုင့်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ ရီချုန်း သူ့အား ပစ္စည်းကောင်းတစ်ခု ပေးတော့မည်မှန်း ချက်ချင်း နားလည်လိုက်သည်။
သို့သော်ငြား ရီချုန်းသည် ရန်ကိုင့်အား ဘာပေးမလဲဆိုသည်ကို ချက်ချင်းမပြောခဲ့ပဲ လျို့ယန်ကိုသာ အတွေးနက်နေသည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။
လျို့ယန်သည် မှော်ရတနာစိတ်ဝိဉာဉ်တစ်ခုသာ ဖြစ်သော်ငြား ရီချုန်း၏ စိုက်ကြည့်ခြင်း ခံလိုက်ရသည့်နောက် အမွေးအမျှင်များ ထောင်တက်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်နောက်တွင် ပြေးပုန်းနေလိုက်မိသည်။ ရီချုန်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်လေသည်။ လက်ရှိ သူသည် မီးစာကုန်နေသည့် မီးအိမ်တစ်လုံး ဖြစ်မည်ဆိုလျှင်ပင် သူ ဘာဆက်လုပ်နိုင်သေးသလဲ ဆိုသည်ကို မည်သူမျှ မပြောနိုင်ပေ။
အချိန်အတော်ကြာပြီးသည့်နောက်တွင် ရီချုန်းသည် စိတ်ပိုင်းဖြတ်လိုက်သည့်အလား ပြောလိုက်လေ၏။ “ငါ အရင် နေနေခဲ့တဲ့ လိုဏ်ဂူထဲကို မင်းတို့ဝင်ကြည့်သင့်တယ်… အဲ့မှာ မင်းတို့အတွက် အခွင့်အလမ်းကောင်းတစ်ခု ရှိရင် ရှိနေနိုင်တယ်…”
ရန်ကိုင်က အလျင်စလို မေးလိုက်လေသည်။ “စီနီယာ ကျေးဇူးပြုပြီး ရှင်းပြပေးလို့ရမလား…”
ရီချုန်းက ပြန်ပြောလိုက်လေ၏။ “အဲ့အခွင့်အရေးနဲ့ ကြုံရင် မင်းသိလိမ့်မယ်… မကြုံဖူးဆိုရင်တော့ မေးနေလည်း ဘာမှ ထူးမှာမဟုတ်ဘူး…”
ရန်ကိုင်မျက်နှာ မည်းမှောင်သွားခဲ့လေသည်။ ရီချုန်းပြောသွားသည့်စကားသည် ဘာမှမပြောခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ ရီချုန်းသည် သူ့အား တစ်ခုခုပေးမည်ဟု ပြောသော်ငြား ဘာပေးမလဲဆိုသည်ကို လုံးဝမပြောခဲ့ပေ။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ ရီချုန်းအား ဘာမှဆက်ပြောမနေတော့သလို ကျေးဇူးတင်စကားလည်း ပြောမနေခဲ့ပေ။ ရန်ကိုင့်အတွက်မူ သူသည် ရွက်တစ်ထောင်ဂိုဏ်း၏ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို ပြင်ရန်အတွက် ရောက်လာခဲ့ခြင်းဖြစ်သည်။ ရီချုန်းနှင့် စကားပြောခွင့်ရခဲ့သည်မှာ တိုက်ဆိုက်မှုတစ်ခုသာ ဖြစ်လေ၏။
ရီချုန်းပေးသည့် သိုလှောင်လက်စွပ်ကိုလည်း သူ့အပိုင်အဖြစ်သိမ်းထားရန် မစဉ်းစားထားခဲ့ပေ။ ရီချုန်းသာ သိုလှောင်လက်စွပ်ပေါ်တွင် သွေးမျိုးဆက်ချိတ်စည်းကို ထားထားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် သိုလှောင်လက်စွပ်ထဲရှိ ပညာရပ်များကို တစ်ခဏလောက်တော့ စူးစမ်းကြည့်မိမည်မှာ အမှန်ဖြစ်ပေသည်။
ရန်ကိုင်သည် ရုပ်သေးရုပ်တာအိုကို အတော်လေး စိတ်ဝင်စားနေမိလေ၏။
သို့သော်ငြား သိုလှောင်လက်စွပ်ပေါ်တွင် သွေးမျိုးဆက်ချိတ်စည်းတစ်ခု ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်လည်း သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို သွားရောက်စစ်ဆေးနေတော့လိမ့်မည် မဟုတ်ချေ။ သူသာ ထိုသို့လုပ်မည်ဆိုပါက ဘေးထွက်ဆိုးကျိုးတစ်ခုခုနှင့် ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်ပေသည်။ ရီချုန်းသည် ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သိုလှောင်လက်စွပ်ထဲတွင် သွေးမျိုးဆက်ချိတ်စည်းအပြင် အခြားသော ထောင်ချောက်တစ်ခုခု ချမထားနိုင်ဘူးဟု မည်သူကများ ပြောနိုင်ပါမည်နည်း။
ရန်ကိုင် ထိုကဲ့သို့ အတွေးနက်နေစဉ် ရီချုန်းက ရုတ်တရက် ပြောလိုက်လေသည်။ “အချိန် ဘယ်လောက်ကြာသွားပြီလဲ…”
ရန်ကိုင်က မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်လေသည်။ “ဘယ်လောက်ကြာသွားလဲဆိုတာတော့ အတိအကျတော့ မပြောတတ်ပေမဲ့ အနည်းဆုံးတော့ နှစ်တစ်သောင်းလောက်ကြာသွားပြီ…”
“နှစ်တစ်သောင်း…” ရီချုန်း အံ့အားသင့်သွားခဲ့ပြီးနောက် ခါးသက်စွာ ရယ်မောလျက် “ငါတို့ရွက်တစ်ထောင်ဂိုဏ်း အခုလို အခြေအနေ ဘယ်လိုရှိလဲ… ဂိုဏ်းထဲမှာ ပညာရှင်တွေ အများကြီး ရှိနေသေးလား…”
ရန်ကိုင်က အမှန်အတိုင်း ပြန်ပြောလိုက်လေသည်။ “စီနီယာ တာအိုသခင်အဆင့် ပညာရှင်တွေကို မေးတာဆိုရင်တော့ တော်တော်များများ ရှိပါတယ်… ဒါပေမဲ့ ဧကရာဇ်အဆင့် ပညာရှင်တွေကတော့ တစ်ယောက်မှ မရှိတော့ပါဘူး…”
ရီချုန်းက သက်ပြင်းချလျက် “ငါတကယ် ဂိုဏ်းကို ဒုက္ခရောက်အောင် လုပ်ခဲ့မိတာ…”
ရီချုန်းသည် သူ့ကိုယ်သူ အပြစ်တင်နေခဲ့လေသည်။ အခြားသူများမှ ကန့်ကွက်နေသည့်တိုင် သူသာ ခေါင်းမာမာနှင့် ရွက်တစ်ထောင်ဂိုဏ်း၏ အဖိုးတန်ပညာရပ်ကျင့်စဉ်များကို ကမ္ဘာငယ်လေးထဲသို့ ယူမသွားခဲ့ပါက ရွက်တစ်ထောင်ဂိုဏ်း ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာခဲ့လိမ့်မည် မဟုတ်ချေ။
နောက်ဆုံးတွင် ရီချုန်း၏ အစီအစဉ်မှာလည်း ကျရှုံးခဲ့လေသည်။
သူကျရှုံးသွားသည့်အခါမှသာ သူမှားယွင်းသွားခဲ့မှန်း နားလည်သွားခဲ့သည်။ သူ့ကိုယ်သူ ကျိန်းသေ အောင်မြင်မည်ဟု ထင်နေမိခဲ့သော်ငြား ကောင်းကင်လမ်းစဉ်ကို အထင်သေးမိခဲ့လေသည်။ သူ့လုပ်ရပ်ကြောင့် ရွက်တစ်ထောင်ဂိုဏ်း နိမ့်ကျလာတော့မည်မှန်း ရီချုန်းခန့်မှန်းမိပြီးသားပင်။ ထို့အတွက်ကြောင့်ပင်လျှင် အလောင်းကောင်ရုပ်သေးရုပ်ထဲ သူ့ဝိဉာဉ်တစ်ပိုင်းတစ်စကို ထည့်သွင်းနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။ နှစ်တစ်ထောင် ကြာခဲ့ပြီးသည့်နောက်တွင် သူ့ကြိုးစားမှုကြောင့် ရန်ကိုင်နှင့် တွေ့ခွင့်ရခဲ့သည်။
ရီချုန်း သက်ပြင်းချပြီးသည့်နောက်တွင် သူ့ခေါင်းသည် အောက်သို့ ငိုက်ငိုက် စိုက်ကျသွားခဲ့ပြီး မျက်လုံးထဲရှိ အစိမ်းရောင်အလင်းမှာလည်း တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက်တွင် အလောင်းကောင်ရုပ်သေးရုပ်၏ ဦးခေါင်းဆီမှ အနက်ရောင်အရှိန်အဝါတစ်ရပ် ပျံသန်းထွက်လာခဲ့ပြီး ဗလာနတ္ထိအသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။
ယခုဆိုလျှင် လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ လုံးဝကို သေသွားခဲ့လေပြီ။
ရွက်တစ်ထောင်ဂိုဏ်းချုပ်၏ ဝိဉာည် မရှိတော့သည်နှင့် တစ်ပြိုင်နက် အလောင်းကောင်ရုပ်သေးရုပ်သည် တစ်စစီဖြစ်ကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်ကမူ ငေးကြည့်နေရုံသာ တတ်နိုင်လေ၏။
အားအကောင်းဆုံးသော ကျင့်ကြံသူပင်လျှင် တစ်နေ့နေ့၌ သေရပေလိမ့်မည်။ ရီချုန်းသည် သူ့ခန္ဓာကိုယ်ကို ရုပ်သေးရုပ်သဖွယ် အသုံးပြုလျက် ကောင်းကင်လမ်းစဉ်ကို ဆန့်ကျင်ကာ အင်မော်တယ်ခန္ဓာကိုယ်တစ်ခုကို ရရှိနိုင်ရန် ကြိုးစားခဲ့သည်။ ကံမကောင်းစွာဖြင့် သူမည်မျှပင် ပါရမီ ရှိနေစေကာမူ ထိုကန့်သတ်ချက်မှ ရုန်းမထွက်နိုင်ခဲ့ချေ။
ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦးအတွက်ပင်လျှင် ထာဝရဟူသော အရာကို ရရှိရန်မှာ အမှန်တကယ်ကို မဖြစ်နိုင်သေးပေ။ မဟာဧကရာဇ်ဆယ်ပါးကရော ထိုကဲ့သို့သော ထာဝရဟူသည့် အရာကို ရရှိနိုင်မည်လား။
ထိုအကြောင်းကိုတွေးရင်း ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်လေသည်။ မဟာဧကရာဇ်ဆယ်ပါးပင်လျှင် ထိုကဲ့သို့ လုပ်နိုင်လိမ့်မည်မဟုတ်။ သူတို့သာ လုပ်နိုင်မည်ဆိုပါက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်နှင့် အချိန်မြစ်မဟာဧကရာဇ်တို့ သေဆုံးသွားခဲ့ရလိမ့်မည် မဟုတ်ချေ။
ရန်ကိုင့်တွင်တော့ ထာဝရဟူသည့် သက်တမ်းကို ရရှိနိုင်ရန်အတွက် မျှော်လင့်ချက် ရှိပေသေးသည်။ သူ့တွင် အင်မော်တယ်သစ်ပင် ရှိနေသေးသည် မဟုတ်ပေလော။ ဒဏ္ဍာရီများအရ အင်မော်တယ်သစ်ပင်ကိုသာ သန့်စင်နိုင်မည်ဆိုပါက မပျက်စီးနိုင်သော အင်မော်တယ်ခန္ဓာကိုယ်ကို ရရှိလိမ့်မည်ဟု ပြောကြသည်။
ထိုအကြောင်းကို ခဏမျှ ထိုင်စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် လျို့ယန်ကိုခေါ်ကာ ရီချုန်း၏အရိုးများကို မြေမြှုပ်ပေးလိုက်လေသည်။
ရန်ကိုင်သည် ရီချုန်း၏အရိုးများကို မြှုပ်ပေးရာတွင် အချိန်အများကြီး မသုံးခဲ့ချေ။ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ပြီးသည့်နောက်တွင် ရီဟန်သည် ဤနေရာသို့ ကျိန်းသေ လာပေလိမ့်မည်။ ရီချုန်းသည် ရီဟန်၏ ဘိုးဘေးဖြစ်သည့်အတွက်ကြောင့် ရီချုန်း၏ အသုဘပွဲကို ရီဟန်မှသာ ကောင်းကောင်း ကျင်းပပေးပေလိမ့်မည်။
ရီချုန်း၏အရိုးများကို မြှုပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လျို့ယန်ကိုခေါ်ကာ ရီချုန်းနှင့် တွေ့ခဲ့သည့် လိုဏ်ဂူထဲသို့ ဝင်သွားလိုက်လေသည်။
ရီချုန်းပြောသည့် အခွင့်အရေးနှင့် ပတ်သက်၍ ရန်ကိုင် အတော်လေးကို သံသယဝင်နေမိသည်။ အစောပိုင်းက လိုဏ်ဂူထဲကို ဝင်လာချိန်က သေသေချာချာ စစ်ဆေးခဲ့သော်ငြား လိုဏ်ဂူအတွင်းပိုင်းတွင် မည်သည့် ထူးခြားသည့် အရာကိုမှ ရှာမတွေ့ခဲ့ချေ။
လျို့ယန်သည် ရန်ကိုင့်နောက်မှ လိုက်လာရင်းမှ မေးလိုက်လေသည်။ “သခင်… အဲ့စီနီယာရီလေ… သူပြောတဲ့ အခွင့်အရေးကိုပြောတုန်းက ဘာဖြစ်လို့ ကျွန်မကိုပဲ စိုက်ကြည့်နေရတာလဲ…”
“ဘာလို့လဲဆိုတော့ နင်က လှလို့ပေါ့…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
“ကျွန်မ အတည်မေးနေတာ…” လျို့ယန်သည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ သူမ၏ပုံရိပ်ယောင်လူသားအသွင်အပြင်သည် အတော်လေးချောမောလှသော်ငြား ထို့အတွက်ကြောင့်နှင့် ရီချုန်းသည် ဘာကြောင့်များ သူမအား စိုက်ကြည့်ရမည်နည်း။ ရီချုန်းသည် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည့်အပြင်ကိုမှ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်နေသည်။ ထို့အတွက်ကြောင့် သူ့အားလိုချင်သည့် မိန်းမချောလေးများစွာ ရှိနေမည်မှာ သဘာဝသာဖြစ်လေသည်။ ထို့အတွက်ကြောင့် သူမကဲ့သို့သော လူတစ်ဦးအား စိတ်ဝင်စားနေလိမ့်မည် မဟုတ်။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “သူက နင့်ရဲ့ အဓိက ပုံစံအစစ်ကို မြင်သွားတာဖြစ်လိမ့်မယ်… အဲ့ဒါကြောင့်ပဲ နင့်ကို သေချာ အာရုံစိုက်ကြည့်နေတာ… အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှမထူးခြားဘူး…”
“ဖြစ်နိုင်တယ်နော်….” လျို့ယန်ကလည်း ခေါင်းညိတ်လိုက်လေသည်။
စကားတပြောပြောနှင့် လျှောက်လာလိုက်ရာ မကြာမီ လိုဏ်ဂူအတွင်းပိုင်းထဲသို့ ရောက်လာခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို သေသေချာချာ ဖြန့်ကျက်၍ စစ်ဆေးကြည့်လေ၏။
သို့တိုင် လိုဏ်ဂူအစွန်းပိုင်းသို့ ရောက်သွားသည့်တိုင် မည်သည့် ထူးခြားသည့် အရာကိုမှ ရှာမတွေ့ခဲ့ချေ။
“သူငါ့ကိုလိမ်နေတာများလား…” ရန်ကိုင့်စိတ်ထဲ သင်္ကာမကင်း ဖြစ်လာခဲ့သည်။ သိုလှောင်လက်စွပ်ကို ပေးစဉ်က ရန်ကိုင့်အား မယုံ၍ သို့လှောင်လက်စွပ်ထဲတွင် သွေးမျိုးဆက်ချိတ်စည်းတစ်ခု ရှိနေသည်ဆိုသည့်အကြောင်းကို အထူးတလည် ပြောကြားခဲ့စဉ်က အရမ်းကြီးကိစ္စမရှိခဲ့ပေ။ သို့သော်ငြား ဤနေရာတွင် အခွင့်အရေးတစ်ခုခု ရှိသည်ဟု သူ့အား ထပ်မံလိမ်ညာခဲ့ပါက ရီချုန်း လွန်သွားခဲ့လေပြီ။
ရန်ကိုင်သည် ရီချုန်းဆီမှ မည်သည့်အရာကိုမှ ရရန် မစဉ်းစားထားခဲ့ပေ။ သို့သော်ငြား ရီချုန်းသည် သူ့အား အခွင့်အရေးတစ်ခု ပေးမည်ဟု ပြောလျက် လိမ်ညာခဲ့မည်ဆိုပါက သူသည် အတော်လေးကို စရိုက်မကောင်းသည့်လူ ဖြစ်သွားလေပြီ။
သို့ရာတွင် ရန်ကိုင်ကမူ ရီချုန်းပြောသည့်အခွင့်အရေးကို လက်မလျှော့ချင်သေးဘဲ လိုဏ်ဂူအတွင်းပိုင်းကို သေသေချာချာ အချိန်များစွာ ထပ်မံရှာကြည့်လေသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ကျောက်နံရံများကြားကိုလည်း သေချာ လိုက်လံ ရှာကြည့်သေး၏။ သို့တိုင် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ချေ။
ထိုအချိန်အတောအတွင်း လျို့ယန်သည် ရုတ်တရက် ရပ်လိုက်ပြီး ဘဲဥပုံစံ ကျောက်တုံးတစ်တုံးကို စိုက်ကြည့်နေလေသည်။
“နင် တစ်ခုခုကို ရှာတွေ့လို့လား…” ရန်ကိုင်က မေးလိုက်လေသည်။
လျို့ယန်က ပြန်ပြောလိုက်လေ၏။ “သခင်… ဒီကျောက်တုံးကို ကြည့်ရတာ သာမန်ကျောက်တုံးတစ်တုံးနဲ့ မတူသလိုပဲ…”
ထိုစကားကိုကြားသော် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘဲဥပုံစံကျောက်တုံးကို သေချာ စစ်ဆေးကြည့်လေသည်။ အစောပိုင်းက သူကိုယ်တိုင်သည်လည်း ဤကျောက်တုံးကို စစ်ဆေးကြည့်ခဲ့သေး၏။ သို့သော် အရမ်းကြီး အာရုံမစိုက်ခဲ့ပေ။ ထိုကျောက်တုံးသည် မည်သည့်စွမ်းအင် အရှိန်အဝါကိုမှ ထုတ်လွှတ်နေခြင်း မရှိဘဲ သာမန်ကျောက်တုံးတစ်တုံးနှင့်သာ တူနေသည့် အတွက်ကြောင့်ပင် ဖြစ်၏။
သို့သော်ငြား လျို့ယန်ပြောပြီးသည့်နောက် သေသေချာချာ ထပ်မံ အာရုံစိုက် စစ်ဆေးကြည့်လိုက်သည့်အခါ ပုံမှန်မဟုတ်သည့် အရာတစ်ခုကို သတိပြုမိသွားခဲ့လေသည်။
သူ့ကောင်းကင်စိတ်အာရုံဖြင့် ထိုကျောက်တုံးကို စစ်ဆေးကြည့်လိုက်ချိန် ထိုကျောက်တုံးသည် သူ့ကောင်းကင်စိတ်အာရုံကို တကယ်ကြီး စုပ်ယူသွားခဲ့သည်။
“ဟမ်…” ရန်ကိုင်က အံ့အားသင့်သွားခဲ့လေသည်။ “ဒါ ရီချုန်းပြောတဲ့ အခွင့်အရေးများလား…”
လိုဏ်ဂူတစ်ခုလုံးတွင် မယုံသင်္ကာစရာကောင်းသည့် အရာဆို၍ ဘာမှမရှိချေ။ ဘဲဥပုံစံကျောက်တုံးသည်သာ တစ်ခုတည်းသော ထူးဆန်းသည့်အရာ ဖြစ်နေခြင်း ဖြစ်လေသည်။ လိုဏ်ဂူထဲတွင် အခွင့်အရေးတစ်ခုခု ရှိနေသည်ဆိုပါက ထိုအခွင့်အရေးသည် ဤကျောက်တုံးနှင့် ဆက်စပ်နေရပေလိမ့်မည်။
သို့သော်ငြား ကျောက်တုံးတစ်တုံးက ဘာများ လုပ်နိုင်မှာမို့နည်း။ ထိုကျောက်တုံးသည် အဆင့်မြင့် ကုန်ကြမ်းပစ္စည်းတစ်ခုပေလော။ ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ သူ့တွင် ဧကရာဇ်အဆင့် မှော်ရတနာများစွာ ရှိထားပြီးပြီ ဖြစ်သည့်အတွက်ကြောင့် မည်သည့် ကုန်ကြမ်းပစ္စည်းကိုမှ မလိုတော့ချေ။
လျို့ယန်သည်လည်း ဇဝေဇဝါ ဖြစ်နေခဲ့လေသည်။ ထို့ကြောင့် ကျောက်တုံးဆီသို့ လျှောက်သွားလိုက်ပြီး ကျောက်တုံးအား သူမလက်ဖြင့် လှမ်းကိုင်ကြည့်လေ၏။
“နေဦး…” ရန်ကိုင်က သူမအား အလျင်စလို လှမ်းတားလိုက်လေသည်။ ကျောက်တုံးသည် မည်သို့သော ကျောက်တုံးဖြစ်မှန်း သူ မသိသော်ငြား ဤကျောက်တုံး၏ဇစ်မြစ်ကို သေချာစစ်ဆေး အတည်မပြုရသေးခင်အချိန်အထိ ကျောက်တုံးအား သွားမထိသည်မှာ အကောင်းဆုံးပင်ဖြစ်လေသည်။ ထို့အပြင် ဤကျောက်တုံးသည် ကောင်းကင်စိတ်အာရုံကိုပင်လျှင် ဝါးမျိုပစ်နိုင်လေ၏။ သို့သော်ငြား သူနောက်ကျသွားခဲ့သည်။
လျို့ယန်သည် ကျောက်တုံးအား ထိပြီးနေပေပြီ။ ရန်ကိုင်၏ အော်သံကို ကြားလိုက်ချိန် သူမလက်ကို ပြန်ဆုတ်ယူရန် ကြိုးစားလိုက်သော်ငြား ထိုအခိုက်အတန့်တွင် ကျောက်တုံးထဲဆီမှ အားကောင်းသည့် စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။ ထိုစွမ်းအားမှာ အလွန်ကိုမှ အားကောင်းလွန်းသဖြင့် လျို့ယန်ပင်လျှင် လုံးဝ မခုခံနိုင်ခဲ့။ အလန့်တကြား တစ်ချက်မျှ အော်လိုက်ပြီးသည့်နောက် ကျောက်တုံးထဲသို့ အပြီးတိုင် စုပ်ယူခြင်း ခံလိုက်ရလေသည်။ ချက်ချင်းဆိုသလို လျို့ယန်သည် ရန်ကိုင့်၏ရှေ့မှ ပျောက်ကွယ်သွားတော့လေ၏။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင့်၏အမူအယာ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။ လျို့ယန်သည် လူအသွင်ကို ယူနိုင်သော်ငြား သူမတွင် အစစ်အမှန် ရုပ်ခန္ဓာတစ်ခု မရှိချေ။ ထို့ကြောင့် သူမအား သက်ရှိတစ်ခု ဖြစ်သည်ဟု ပြော၍မရ။ သူမ၏ခန္ဓာကိုယ်သည် စွမ်းအင်သက်သက်ဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်ပေသည်။
“ဒီကျောက်တုံးက ဘာမို့လို့ လျို့ယန်ကိုတောင် စုပ်ယူသွားနိုင်ရတာလဲ…” ရန်ကိုင်မှာ ရပ်သာကြည့်နေနိုင်ပြီး ဘာမှ မလုပ်နိုင်ခဲ့ပေ။ ထို့နောက်တွင် သူ၏ အရင်းအမြစ်ချီကို လှည့်ပတ်၍ ကျောက်တုံးအား တိုက်ခိုက်ကြည့်လိုက်လေသည်။
“ဘုန်း…” ဟူသော မြည်သံနှင့်အတူ ကျောက်တုံးပေါ်တွင် ရန်ကိုင့်၏လက်ဝါးရာကြီး ထင်ကျန်ရစ်သွားခဲ့လေသည်။ သို့သော်ငြား ကျောက်တုံးမှာမူ အက်ကွဲသွားခဲ့ခြင်း မရှိချေ။ အက်ကွဲသွားခြင်း မရှိသည့်အပြင်ကိုမှ ရန်ကိုင့်၏ လက်ဝါးရာကြီးဟာလည်း တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်နေခဲ့လေ၏။
အသက်ဆယ်ရှိုက်စာအတွင်း ကျောက်တုံးသည် မူလပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။
“အသွင်ပြောင်းသတ္တုလား…” ရန်ကိုင့်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သို့သော်ငြား မကြာမီ သူ့ခန့်မှန်းချက် မှားယွင်းနေမှန်း နားလည်သွားခဲ့သည်။
အသွင်ပြောင်းသတ္တုသည် မှော်ရတနာများကို ပြုလုပ်ရာတွင် အကောင်းဆုံး ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်သလို မည်သည့်မှော်ရတနာမဆို အသွင်ပြောင်းသတ္တု နည်းနည်း ထည့်သွင်းလိုက်ရုံဖြင့် အလွန်ကိုမှ ဆန်းကြယ်လှသည့် ပြန်လည်ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော်ငြား ရန်ကိုင်သိသည့် အသွင်ပြောင်းသတ္တုသည် ဤထူးဆန်းသည့် ကျောက်တုံးနှင့် လုံးဝမတူချေ။
အစကမူ ရန်ကိုင်သည် ကျောက်တုံးကို ဖျက်ဆီးကာ လျို့ယန်ကို ကယ်တင်ချင်ခဲ့သည်။ သို့သော်ငြား သူတိုက်ခိုက်ကြည့်ပြီးသည့်နောက် ထိုကဲ့သို့ ဖြစ်နိုင်လိမ့်မည် မဟုတ်မှန်း နားလည်သွားခဲ့လေသည်။ ဤကျောက်တုံးမှာ မာကျောခြင်း မရှိလှသော်ငြား အလွန်ကိုမှ ကြံ့ခိုင်လှသည်။ သူ့ခွန်အားဖြင့် ကျောက်တုံးကို တစ်စစီဖြစ်အောင် ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် သူနှင့် လျို့ယန်ကြားရှိ ဆက်သွယ်ချက်မှာလည်း ပြတ်တောက်သွားကြောင်း တွေ့လိုက်ရလေသည်။
လျို့ယန်သည် မှော်ရတနာစိတ်ဝိဉာဉ်တစ်ခုဖြစ်သည်။ ရန်ကိုင်မှ သူမ၏ မွေးရာပါ မှော်ရတနာ ပုလဲမီးဖိုကို သန့်စင်လိုက်စဉ်က သူတို့နှစ်ဦးသားကြားတွင် မမြင်နိုင်သည့် ဆက်သွယ်ချက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ထိုဆက်သွယ်ချက်သည် နှစ်ပေါင်းများစွာကြာသည့်တိုင် ပျက်စီးသွားခဲ့ခြင်း မရှိ။ သို့သော်ငြား လျို့ယန် ကျောက်တုံးထဲသို့ ရောက်သွားပြီးသည့်နောက်တွင် ထိုဆက်သွယ်ချက်မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
လျို့ယန်များ သေသွားပြီလားဟု တွေးလျက် ရန်ကိုင့်မျက်နှာ ဖြူလျော်သွားခဲ့လေသည်။
လျို့ယန်သေသွားမှသာလျှင် သူတို့နှစ်ဦးသားကြားရှိ ဆက်သွယ်ချက်မှာ ပြတ်တောက်သွားပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ နာကျင်လာခဲ့လေ၏။ သူ့စိတ်အခြေအနေမှာလည်း တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်သွားတော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၃၄)
လျို့ယန်သည် သူနှင့်အတူ နှစ်ပေါင်းများစွာ ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကာကွယ်ပေးခဲ့သလို အကူအညီလည်း ပေးခဲ့ကြသည်။ လျို့ယန်သာ ဤကျောက်တုံးကြောင့် သေသွားခဲ့ရမည်ဆိုလျှင် ရန်ကိုင် တကယ်ကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ထိုသို့သာ တကယ်ဖြစ်သွားမည်ဆိုပါက အစောပိုင်းက မြှုပ်ထားသည့် ရီချုန်း၏ အလောင်းကို ပြန်တူးထုတ်ပြီး တစ်စစီ ဖျက်ဆီးပစ်မိပေလိမ့်မည်။
သို့သော်ငြား သေသေချာချာ စဉ်းစားကြည့်ပြီးသည့်နောက်တွင် ထိုကဲ့သို့ မဖြစ်နိုင်လောက်ဟု ခံစားလိုက်ရသည်။ ရီချုန်းသည် ရန်ကိုင်၏ အကူအညီကို လိုပေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင့်ကို ဒုက္ခပေးရန်သက်သက်အတွက်နှင့် ဤထူးဆန်းသော ကျောက်တုံးဆီသို့ ညွှန်လိုက်စရာ အကြောင်း မရှိချေ။
“ဒါဆိုရင် ဒီလိုဏ်ဂူထဲမှာ အခွင့်အရေးရှိတယ်လို့ ပြောတုန်းက ဘာလို့ လျို့ယန်ကိုပဲ တောက်လျှောက် စိုက်ကြည့်နေတာလဲ…”
ရန်ကိုင် စိတ်တစ်ခုလုံး လုံးဝကို ကသောင်းကနင်း ဖြစ်နေခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ထူးဆန်းသော ကျောက်တုံးဆီမှ သူရင်းနှီးနေသည့် အရှိန်အဝါတစ်ရပ်ကို ရုတ်တရက် ခံစားလိုက်ရလေ၏။
ရန်ကိုင် ချက်ချင်း စိတ်အားတက်ကြွသွားပြီး ထူးဆန်းသော ကျောက်တုံးအား လှမ်းကြည့်လိုက်လေသည်။ “လျို့ယန်လား…”
ထိုအရှိန်အဝါသည် လျို့ယန်၏ အရှိန်အဝါဖြစ်လေသည်။ ထိုအရှိန်အဝါမှာ အမှန်တကယ်ကို အားနည်းသော်ငြား လျို့ယန်သည် သူနှင့်အတူ ရှိလာသည်မှာ အတော်ကြာပြီဖြစ်သည့်အတွက်ကြောင့် သူမ၏ အရှိန်အဝါကို သူလုံးဝ ရင်းနှီးနေခဲ့သည်။
ထိုအရှိန်အဝါရှိနေခြင်းသည် လျို့ယန်မသေသေးဘူးဟု ပြောလိုက်ခြင်း ဖြစ်လေသည်။ သူမသည် ထူးဆန်းသော ကျောက်တုံးထဲတွင် ပိတ်မိနေခြင်းသာ ဖြစ်လေ၏။ ထိုအချက်ကို နားလည်လိုက်သည့်နောက်တွင် လျို့ယန်အား ထိခိုက်သွားမည် စိုးသည့်အတွက်ကြောင့် ထူးဆန်းသောကျောက်တုံးအား မဆင်မခြင် မတိုက်ခိုက်ရဲတော့ချေ။
သို့ရာတွင် သူ့ဘက်မှ လှမ်းခေါ်နေသည့်တိုင် လျို့ယန်က ပြန်မထူးခဲ့ချေ။ လျို့ယန်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါအရ သူမ အဆင်ပြေပြေရှိနေကြောင်း ရန်ကိုင် သတိပြုမိလိုက်သည်။ လျို့ယန်၏ အရှိန်အဝါမှာ အတော်လေးကိုမှ အားနည်းနေသော်ငြား ထိခိုက်ထားသည့် အရိပ်အယောင်မျိုး မတွေ့ရချေ။
(ဘာတွေဖြစ်သွားတာလဲ…) ရန်ကိုင်လုံးဝ နားမလည်နိုင်တော့ချေ။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို သေသေချာချာ ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ပြန်လေသည်။ ယခင်အကြိမ်ကကဲ့သို့ပင် ယခုတစ်ကြိမ်တွင်လည်း သူ့ကောင်းကင်စိတ်အာရုံမှာ မမြင်နိုင်သော ပါးစပ်တစ်ခု၏ ဝါးမျိုခြင်း ခံလိုက်ရသည့်အလား ပျောက်ကွယ်သွားခဲ့လေ၏။ သူ့ကောင်းကင်စိတ်အာရုံသာလျှင် ပျောက်ကွယ်သွားခြင်း မဟုတ်။ သူ့အသိစိတ်ပင်လယ်သည်ပင်လျှင် အနည်းငယ် နာကျင်သွားခဲ့ရလေသည်။
ဤထူးဆန်းသောကျောက်တုံးသည် မည်သို့သော အရာမျိုး ဖြစ်သနည်း။ သူ၏ ကောင်းကင်စိတ်အာရုံကို ဝါးမျိုနိုင်မှဖြင့် လုံးဝကို ထူးခြားနေရပေလိမ့်မည်။
အလွန်တရာကိုမှ မသိသာလောက်အောင် သေးငယ်လှသော အနီရောင်မှိန်မှိန်လေးသည် ထူးဆန်းသော ကျောက်တုံး၏အတွင်းပိုင်းမှ အပြင်ဘက်သို့ စတင်၍ ပြန့်ထွက်လာခဲ့လေသည်။ ထိုအနီရောင်အလင်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင့်၏ မျက်လုံးများ တောက်ပနေခဲ့လေသည်။ ထိုအနီရောင်အလင်းအရှိန်အဝါနှင့် ပတ်သက်၍ ရန်ကိုင် အလွန်ကိုမှ ရင်းနှီးပေသည်။ ထိုအရှိန်အဝါသည် လျို့ယန်ဝါးမျိုထားခဲ့သော မီးတောက်အမျိုးမျိုး ပေါင်းစပ်သွားရာမှ ဖြစ်ပေါ်လာသည့် အရှိန်အဝါတစ်ရပ် ဖြစ်ပေသည်။ ဤလောကကြီးတွင် လျို့ယန်မှလွဲ၍ မည်သူကမှ ထိုကဲ့သို့သော အရှိန်အဝါမျိုးကို မထုတ်လွှတ်နိုင်ပေ။
(လျို့ယန် ကျောက်တုံးထဲကနေ အဲ့ချိတ်စည်းကို တိုက်ခိုက်နေတာများလား…)
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင် အတော်လေး စိတ်သက်သာရာရသွားခဲ့လေသည်။ ထို့နောက်တွင် သူ့စိတ်ကို တည်ငြိမ်အောင်လုပ်၍ လျို့ယန်အား ကျောက်တုံးထဲမှ ကယ်ထုတ်နိုင်မည့် နည်းလမ်းကို စတင် စဉ်းစားတော့လေသည်။
အနီရောင်အလင်း ပြန့်နှံ့လာသည်နှင့်အမျှ ထူးဆန်းသောကျောက်တုံးသည် စတင်၍ တုန်ခါလာခဲ့လေသည်။ ထို့နောက် အနီးအနားပတ်လည်တွင် ရှိနေသော မိုးမြေစွမ်းအင်များကို အရူးအမူး ဝါးမျိုသွားလေ၏။
ထိုအခိုက်အတန့်တွင် လိုဏ်ဂူထဲ၌ ဝဲကတော့တစ်ခု ဖြစ်လာပြီး အနီးအနားပတ်ဝန်းကျင်တွင် ရှိနေသော မိုးမြေစွမ်းအင်များကို စတင် ဝါးမျိုတော့လေသည်။ ဘေးပတ်ဝန်းကျင် အပြင်ဘက်တွင် ရှိနေသော မိုးမြေစွမ်းအင်များသည်ပင်လျှင် ဝဲကတော့မှတစ်ဆင့် လိုဏ်ဂူထဲသို့ ဝင်လာကာ ထူးဆန်းသော ကျောက်တုံးလေးထဲသို့ စီးဝင်ပျောက်ကွယ်သွားကုန်ကြလေ၏။
ထိုမိုးမြေစွမ်းအင်များကို စုပ်ယူနေသည်နှင့်အမျှ ကျောက်တုံးမျက်နှာပြင်ပေါ်ရှိ အနီရောင်မှာ ပိုပို၍ တောက်ပလာခဲ့လေသည်။ လျို့ယန်၏ အရှိန်အဝါမှာလည်း ပိုပို၍ ကြည်လင်ပြတ်သားလာခဲ့လေ၏။
“ဒီကျောက်တုံးက မိုးမြေစွမ်းအင်ကို လိုအပ်တာလား…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထိုသို့စဉ်းစားမိလိုက်သည့်နောက် သူ့သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော အရင်းအမြစ်ကျောက် သန်းပေါင်းများစွာကို ချက်ချင်းထုတ်ယူကာ ချေမွပစ်လိုက်လေသည်။ အရင်းအမြစ်ကျောက်များသည် အလယ်အလတ်အဆင့်၊ အဆင့်မြင့် အရင်းအမြစ်ကျောက်များသာ ဖြစ်ကြပြီး အဆင့်နိမ့် အရင်းအမြစ်ကျောက် တစ်တုံးပင် ပါမနေခဲ့ပေ။ ရန်ကိုင်သည် ထိုအရင်းအမြစ်ကျောက်အားလုံးကို အရင်းအမြစ်ကျောက်တွင်းဆီမှ ရလာခဲ့ခြင်း ဖြစ်၏။
အရင်းအမြစ်ကျောက်များ ကွဲကြေသွားပြီးသည့်နောက်တွင် လိုဏ်ဂူတစ်ခုလုံး အလွန်တရာကိုမှ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များနှင့် ပြည့်နှက်သွားတော့လေသည်။
ထူးဆန်းသော ကျောက်တုံးမှာမူ ထွက်ပေါ်လာသမျှ မိုးမြေစွမ်းအင်အားလုံးကို အရူးအမူး ဝါးမျိုနေခဲ့လေ၏။
လျို့ယန် အန္တရာယ်နှင့် ကြုံနေရသည့် အချိန်တွင် ရွက်တစ်ထောင်ဂိုဏ်းသည်လည်း အလားတူ အခြေအနေနှင့် ရင်ဆိုင်နေရလေသည်။
ထောင်ပေါင်းများစွာသော ကျင့်ကြံသူများသည် ရွက်တစ်ထောင်ဂိုဏ်း၏ အစီအရင်ရှေ့တွင် ရပ်လျက် ရွက်တစ်ထောင်ဂိုဏ်းအား ရန်လိုသည့် အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။
ထိုထောင်နှင့်ချီသော ကျင့်ကြံသူများသည် အမျိုးမျိုးသော အင်အားစုများမှ ရောက်လာကြခြင်း ဖြစ်လေသည်။ သူတို့အားလုံးကို အပြာရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီးတစ်ဦးမှ ဦးဆောင်လာခဲ့လေသည်။ လက်ရှိတွင် ထိုသက်လတ်ပိုင်းလူကြီးသည် လူဆယ့်ခြောက်ဦးမှ သယ်ဆောင်လာသော ဝေါယာဉ်တစ်ခုပေါ်တွင် ထိုင်နေခဲ့လေသည်။ သူစီးလာသည့် ဝေါယာဉ်သည်ပင်လျှင် အားကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။ ထိုဝေါယာဉ်မှာ အဆင့်မြင့်မှော်ရတနာတစ်ခုသာ ဖြစ်လေသည်။ လက်ရှိအချိန်တွင် သက်လတ်ပိုင်းလူကြီးသည် အပန်းဖြေခရီးထွက်နေသည့်အလား ရေနွေးကြမ်းကို အသာအယာ ငုံ့သောက်နေခဲ့လေသည်။
သူ့ဘေးနားတွင် ပညာရှင်ပေါင်းများစွာ စုဝေးနေကြလေသည်။
ရန်ကိုင် သင်ခန်းစာပေးခဲ့သည့် ကောင်းကင်ကြိုးကြာမြို့၏ မြို့သခင်ဖြစ်သော လော့ကျင်းသည်လည်း သူ့ဘေးနားတွင် ရှိနေခဲ့လေသည်။ အချိန်ခဏမျှသာ ကြာသေးသော်ငြား အားကောင်းသည့် ကုသရေးဆေးလုံးများကို သောက်ထားသည့် အတွက်ကြောင့်လားမသိ လော့ကျင်း၏ ဒဏ်ရာအားလုံးမှာ ပျောက်ကင်းနေခဲ့လေပြီ။ ရန်ကိုင် သူ့အား ထိခိုက်အောင်လုပ်ခဲ့သည့် အချိန်ကကဲ့သို့ မဟုတ်ဘဲ လက်ရှိ လော့ကျင်းသည် အလွန်ကိုမှ အားရတက်ကြွနေခဲ့လေသည်။
ကောင်းကင်ရောင်စဉ်နန်းတော်၏ သခင်လေးချိုယုကို ကာကွယ်ပေးရမည့် တာဝန်ယူထားကြသော အကြီးအကဲနှစ်ဦးသည်လည်း လက်ရှိအချိန်တွင် ဆံပင်ပြာပြာနှင့် လူကြီး၏ဘေး၌ ခေါင်းငုံ့ကာ ရပ်နေကြလေသည်။ ထိုလူအုပ်ကြီးထဲတွင် အခြားမည်သူ၏ ကျင့်ကြံခြင်းအောက်မှ နိမ့်ကျခြင်းမရှိသည့် ခွန်အားနှင့် မျက်စိဖမ်းစားစရာ လူကြီးတစ်ဦးလည်း ရှိနေခဲ့လေသည်။ ထိုလူကြီးသည် ကျားတစ်ကောင်ကဲ့သို့ သန်မာထွားကျိုင်းလှကာ ၎င်း၏ ပုံပန်းသွင်ပြင်မှာ ကြမ်းတမ်းခက်ထန်လှသည်။ သူ့အသက်ကတော့ လေးဆယ်ငါးဆယ်ခန့် ရှိမည်ထင်ရသည်။
ထိုလူကြီးသည် ဘေးဘက်တွင် ရပ်လျက် ဆံပင်ပြာပြာနှင့် သက်လတ်ပိုင်းလူကြီးအား လှမ်းလှမ်းကြည့်ရင်းမှ အေးစက်စွာ ရယ်မောနေခဲ့လေသည်။ သူ့ကြည့်ရသည်မှာ ဆံပင်အပြာရောင်နှင့်လူ လုပ်နေသည့်ပုံစံကို ကြည့်မရသည့်ပုံပင်။
ထိုလူအားလုံးသည် အနီးအနားတွင်ရှိနေသော ဂိုဏ်းများ၏ ဂိုဏ်းချုပ်များ ဖြစ်ကြပေသည်။ သူတို့၏ ခွန်အားအဆင့်မှာ အတူတူလောက်သာ ဖြစ်သော်ငြား ဆံပင်အပြာရောင်နှင့် သက်လတ်ပိုင်းလူကြီးကမူ ပို၍ အဆင့်အတန်းမြင့်သယောင် ထင်ရပေသည်။ မသိသည့်လူတစ်ဦးသာဆိုလျှင် ထိုလူအုပ်ကြီးတစ်ခုလုံးကို ဆံပင်အပြာရောင်နှင့် သက်လတ်ပိုင်းလူကြီးမှ ဦးဆောင်လာသည်ဟုပင် ထင်သွားကြပေလိမ့်မည်။
ထိုထောင်နှင့်ချီသော ကျင့်ကြံသူများမှာ အင်အားစုငါးခု ခြောက်ခုလောက်ဆီမှ လာကြခြင်း ဖြစ်ပေသည်။ ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် စကားတစ်ခွန်းမှ မပြောကြတော့ဘဲ တစ်စုံတစ်ခုအား စောင့်နေသည့်အလား ငြိမ်သက်စွာသာ ရပ်စောင့်နေကြလေသည်။
လော့ကျင်းသည် အမုန်းတရားတို့ ပြည့်နှက်နေသည့် အကြည့်ဖြင့် လက်သီးကို တင်းတင်းဆုပ်ရင်း ရွက်တစ်ထောင်ဂိုဏ်းထဲသို့ လှမ်းကြည့်နေလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ကိုယ်လုပ်တော်အသစ်တစ်ယောက် ထပ်ယူခဲ့လေသည်။ သို့သော်ငြား မင်္ဂလာပွဲကို အခြားတစ်ယောက်မှ လာရောက်ဖျက်ဆီးသွားခဲ့လေ၏။ သူ၏ကိုယ်လုပ်တော်သာ လူမြင်ကွင်းရှေ့၌ အခိုးခံလိုက်ရရုံမက သူကိုယ်တိုင်သည်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့သည်။ ကံကောင်းသည့်အတွက်ကြောင့်သာ အသက်မသေခဲ့ခြင်း ဖြစ်ပေသည်။
ထိုကိစ္စဖြစ်သွားသည်မှာ ရက်အနည်းငယ်ခန့်သာ ရှိသေးသော်ငြား အနီးတစ်ဝိုက်တွင် ရှိနေသော လူအားလုံး ထိုအကြောင်းကို သိပြီးကုန်ကြလေပြီ။ ကောင်းကင်ကြိုးကြာမြို့ထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံးမှာလည်း ထိုအကြောင်းကို သိပြီးကုန်ကြလေ၏။
ထိုအဖြစ်အပျက် ပြီးသည့်နောက်တွင် ကောင်းကင်ကြိုးကြာမြို့ထဲရှိ သူ့ဂုဏ်သတင်းမှာ ဟိုးအောက်ဆုံးသို့ ထိုးကျသွားရတော့လေသည်။ သူသွားသည့် နေရာတိုင်းတွင် လူတိုင်းသည် သူ့အား မသိမသာလက်ညှိုးထိုးရင် ပွစိပွစိ ပြောနေကြလေ၏။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သူ့အား မကျေမနပ် ဖြစ်နေကြသည့် လူများလည်း ရှိလာကုန်ကြလေသည်။ အချို့ဆိုလျှင် သူ့အား မြို့သခင်ရာထူးမှ ဖယ်ပေးရန်ပင် ပြောနေကြလေသည်။
လော့ကျင်းဘဝတွင် ဤမျှ အရှက်ရဖွယ်ကောင်းသည့် အဖြစ်အပျက်နှင့် တစ်ခါမျှ မကြုံခဲ့ရဖူးချေ။ သူသည် ကောင်းကင်ကြိုးကြာမြို့၏ မြို့သခင်အဖြစ် နှစ်ပေါင်းများစွာကြာအောင် အလုပ်လုပ်လာခဲ့ခြင်း ဖြစ်လေသည်။ သူ၏ ကြိုးစားအားထုတ်မှုကြောင့် မကြာမီအချိန်မှာပင်လျှင် အနီးအနားတွင် ရှိနေသော အင်အားစုများ၏ ဂိုဏ်းချုပ်များနှင့် အဆင့်တူဖြစ်လာခဲ့လေ၏။ သို့သော်ငြား သူ၏ ကြိုးစားမှုအားထုတ်မှုအားလုံးမှာ နောက်ဆုံးအခိုက်အတန့်သို့ ရောက်ခါမှ ပျက်စီးသွားခဲ့ရလေသည်။
ထိုကိစ္စအားလုံး၏ လက်သည်တရားခံဖြစ်သော ရန်ကိုင်ဆိုသည့် ကောင်လေးသည် ဤအချိန်တွင် ရွက်တစ်ထောင်ဂိုဏ်းထဲ၌ ရှိနေပေသည်။ သူသာ ရန်ကိုင်ကို သတ်ပစ်၍ အရှက်ခွဲခံရသည်ကို ပြန်လည် အဖတ်ဆယ်နိုင်မည်ဆိုပါက ကောင်းကင်ကြိုးကြာမြို့အား တစ်ဖန်ပြန်လည်တည်ငြိမ်သွားအောင် လုပ်နိုင်လိမ့်မည် လော့ကျင်း ယုံကြည်နေခဲ့သည်။ ထိုအခါ မည်သူမှ သူ့အား လာအထွန့်တက်ရဲတော့လိမ့်မည် မဟုတ်ချေ။
လော့ကျင်းသည် ရန်ကိုင်ကို အလွန်ကိုမှ ရွံမုန်းနေလေသည်။ ထိုနည်းတူစွာပင် ရန်ကိုင့်အား ကာကွယ်ပေးထားသော ရွက်တစ်ထောင်ဂိုဏ်းကိုလည်း အလွန်ကိုမှ ကြည့်မရ ဖြစ်နေလေ၏။ ရီဟန် သူ့အကြောင်းသူ သိလျှင်တော့ အကောင်းဆုံးပင်။ သူ့အကြောင်းသူမသိဘဲ ရန်ကိုင်ကို ဆက်၍ ကာကွယ်ပေးနေဦးမည်ဆိုပါက ရီဟန်ကို သင်ခန်းစာပေးရန်လည်း သူဝန်လေးနေလိမ့်မည် မဟုတ်ချေ။
“ဝှစ် ဝှစ် ဝှစ်…”
ထိုအခိုက်အတန့်တွင် ရွက်တစ်ထောင်ဂိုဏ်းတွင်းဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုအလင်းတန်းပျောက်ကွယ်သွားပြီးသည့်နောက်တွင် ရွက်တစ်ထောင်ဂိုဏ်း၏ အကြီးအကဲများ ပေါ်လာကြလေ၏။ ရီဟန်သည် ရှေ့ဆုံးတွင် ရပ်နေပြီး ဒုဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာ သူ့နောက်တွင် ရှိနေကြလေသည်။
ဤအကြောင်းကို ကြိုသိထားပြီး ဖြစ်ကြသော်ငြား ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်ရှေ့တွင် စုဝေးနေကြသည့် ကျင့်ကြံသူပေါင်းများစွာကိုမြင်သော် သူတို့၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြပေလိမ့်မည်။
ဤခွန်အားသည် အင်အားစု ငါးခုခြောက်ခုလောက် စုပေါင်းထားသည့် ခွန်အားဖြစ်ပေသည်။ ထိုလူအုပ်ကြီးထဲတွင် တာအိုသခင်အဆင့် ပညာရှင် အယောက်နှစ်ရာကျော် ရှိပြီး တာအိုသခင် တတိယအဆင့် ပညာရှင် ဆယ်ယောက်ကျော်မက ရှိနေခဲ့လေသည်။ လက်ရှိ ရွက်တစ်ထောင်ဂိုဏ်းသည် ထိုအင်အားစုအား မည်သည့်နည်းနှင့်မှ ဟန့်တားနိုင်လိမ့်မည် မဟုတ်ချေ။
ရီဟန်သည် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လျက် လက်သီးဆုပ်ကာ မေးလိုက်လေသည်။ “ရောင်းရင်းတို့… အခုလိုမျိုး လူအုံလိုက်ကျင်းလိုက်နဲ့ ကျုပ်တို့ဂိုဏ်းကို လာခဲ့တာ ကျုပ်တို့ဂိုဏ်းအတွက် ဝမ်းသာစရာပဲ… ဒါပေမဲ့ ကျုပ်တို့ကို အကြောင်းမကြားဘဲနဲ့ ဘာဖြစ်လို့ အခုလို ရောက်လာလဲဆိုတာကို ပြောပြပေးလို့ ရမလား…”
ကျင့်ကြံသူများ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ရောက်လာမှန်း ရီဟန်သိပေသည်။ ယနေ့ကိစ္စကို စကားပြောပြီး ဖြေရှင်းနိုင်လိမ့်မည် မဟုတ်မှန်းလည်း သိနေခဲ့သည်။ သို့သော်ငြား ထိုလူများကို သူကြောက်မနေခဲ့ပေ။ သူတို့ဂိုဏ်းတွင် ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်လည်း ရှိနေခဲ့သည်။ သာမန်အားဖြင့် ပုံမှန် ဂိုဏ်းတစ်ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်သာဆိုလျှင် ဤမျှများပြားလှသော ပညာရှင်ပေါင်းများစွာကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်း၏ ကာကွယ်ပေးထားသော အစီအရင်သည် သာမန် အစီအရင်တစ်ခုမဟုတ်။ အလွန်ကိုမှ အဆင့်မြင့်သည့် အစီအရင်တစ်ခု ဖြစ်လေသည်။ လက်ရှိ ရွက်တစ်ထောင်ဂိုဏ်း အလွန်အားနည်းနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ယခုဤဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်၏ စွမ်းအားကို နောက်ထပ် အဆပေါင်းများစွာ ထပ်မံ မြှင့်တင်နိုင်ပေသည်။
ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်ပင် သူတို့ဂိုဏ်းအား ကာကွယ်ပေးထားသော အကာအကွယ်ကို ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုသို့ ဖြစ်နေမည်ဆိုလျှင်ပင် လက်ရှိ သူတို့ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်သည် အရှေ့တွင် ရှိနေသော လူအားလုံးကို ခုခံရန်အတွက် လုံလောက်သည်ထက် ပိုပေသေးသည်။ ထို့အတွက်ကြောင့်ပင်လျှင် ရွက်တစ်ထောင်ဂိုဏ်းမှာ အကြီးအကျယ် နိမ့်ကျလာနေသည့်တိုင် ပျောက်ကွယ်သွားခြင်း မရှိဘဲ ဆက်လက်ရပ်တည်နေနိုင်ခြင်း ဖြစ်လေသည်။
ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်ကို မချိုးဖြတ်နိုင်ဘဲနှင့် မည်သူမျှ သူတို့ရွက်တစ်ထောင်ဂိုဏ်းကို တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။
ရီဟန်ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် လော့ကျင်းက အော်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ရီ… မသိချင်ယောင်ဆောင်မနေနဲ့… ငါတို့ ဘာလို့ ရောက်နေလဲ မင်းတကယ် မသိတာလား… မင်းအတွက် ဘာကောင်းတယ်ဆိုတာ သိရင် ရန်ကိုင်ဆိုတဲ့ ကောင်လေးနဲ့ သူ့မိတ်ဆွေတွေကို ငါတို့လက်ထဲ အသာတကြည် ထည့်ပေးလိုက်… မဟုတ်ဘူးဆိုရင်တော့ ငါတို့ကို မယဉ်ကျေးလို့ဆိုပြီး အပြစ်မတင်နဲ့နော်….”
ထိုစကားကိုကြားသည့်အခါ ရီဟန်က မျက်မှောင်ကျုံ့လျက် ပြန်ပြောလိုက်လေသည်။ “မြို့သခင်လော့… မင်း သခင်လေးရန်နဲ့ ဘာရန်ငြိုးတွေ ရှိနေလို့ သူ့ကို ဒီလောက်တောင် ဒေါသထွက်နေရတာလဲ…”
ရီဟန်သည် သူသိပြီးသားကိုပင် တမင်တကာ ထပ်မေးနေသည်ကို မြင်သော် လော့ကျင်း အလွန်ကိုမှ ဒေါသူပုန်ထသွားလေ၏။ သူ့မျက်နှာကြီးပင်လျှင် နီမြန်းလာခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ရီဟန်… မင်း ဒီလော့ကို လာရန်စနေတာလား… လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ငါတို့ မြို့သခင်စံအိမ်မှာ ဘာတွေဖြစ်သွားလဲဆိုတာကို မင်း တကယ် မသိတာလား… ဒါမှမဟုတ် မင်းငါ့ကို လူမြင်ကွင်းမှာ အရှက်ခွဲချင်လို့ အခုလိုမျိုး တမင်တကာ မေးနေတာလား…”
ရီဟန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “နည်းနည်းပါးပါးတော့ သိထားပါတယ်… ဒါပေမဲ့ အသေးစိတ်တော့ မသိထားဘူး…”
လော့ကျင်းက ဒေါမာန်တကြီး ပြန်ပြောလိုက်လေသည်။ “အဲ့ကောင်လေးက ငါတို့ မြို့သခင်စံအိမ်မှာ လာပြဿနာ ရှာသွားတယ်… ငါ့ ကိုယ်လုပ်တော်ကိုလည်း ခိုးသွားတယ်.. ငါ့ဧည့်သည်တွေကိုလည်း ထိခိုက်အောင် လုပ်သွားတယ်… ဒီဘုရင် သူ့ကို ဘယ်လိုမှ အလွတ်ပေးမှာ မဟုတ်ဘူး…”
ရီဟန်က ပြန်ပြောလိုက်လေသည်။ “ကျုပ် သခင်လေးရန်ဆီက ကြားထားတာက အဲ့လိုမျိုးမဟုတ်ပါဘူး… ကျုပ်ကြားတာတော့ မြို့သခင်လော့က ကြီးနိုင်ငယ်ညှင်း လုပ်တယ်တဲ့… ယောကျ်ားသားတွေကို ဖိနှိပ်ပြီး မိန်းမတွေကို လုယူတယ်တဲ့… သခင်လေးရန်ရဲ့ မိတ်ဆွေတွေကိုလည်း အကျဉ်းချထားသေးတယ်တဲ့… ပြီးတော့ သခင်လေးရန်ရဲ့ ယောက္ခမကြီးကိုတောင် မြို့သခင်လော့နဲ့ လက်မထပ် ထပ်အောင် လုပ်ခဲ့တယ်တဲ့.. အဲ့ဒါကြောင့်ပဲ သခင်လေးရန်က မြို့သခင်လော့နဲ့ တိုက်ခိုက်ခဲ့ရတာတဲ့… သခင်လေးရန်က နောက်ဆုံးမှာ နိုင်သွားတယ်ဆိုပေမဲ့ သဘောထားကြီးကြီးနဲ့ မြို့သခင်ရဲ့ အသက်ကိုတောင် ခွင့်လွှတ်ပေးခဲ့သေးတယ်… မြို့သခင်ကတော့ သူ့ကို ကျေးဇူးမတင်ရုံတင် မဟုတ်ဘူး… နဲနဲကြာသွားတာနဲ့ လာပြီး ပြဿနာ ထပ်ရှာနေပြန်ပါလား…”
ထိုစကားကိုကြားသော် လော့ကျင်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ထအော်လေသည်။ “မင်း မဟုတ်တရုတ်တွေ လာပြောမနေနဲ့…”
ရီဟန်က အေးစက်စက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့နေ့တုန်းက ဧည့်သည်တွေ အများကြီးပဲ… ဘာတွေဖြစ်သွားခဲ့တယ်ဆိုတာလည်း လူတိုင်းသိတယ်… ဒီရီ မဟုတ်တရုတ်တွေ ပြောနေတာလား… မြို့သခင်ကပဲ စေတနာကို စေတနာမှန်းမသိဘဲ ရန်ငြိုးနဲ့ တုံ့ပြန်နေတာလားဆိုတာကို မြို့သခင် အသိဆုံးပဲ…”
ရီဟန်၏စကားကိုကြားပြီးသည့်နောက် လော့ကျင်းမှာ ဒေါသထွက်လွန်းသဖြင့် သွေးပင်အန်လုမတတ် ဖြစ်သွားခဲ့လေသည်။ ဤသည်မှာ သူ့ဘဝတွင် အကြီးမားဆုံးသော အရှက်ရစရာ တစ်ခု ဖြစ်လေသည်။ ယခု ရီဟန်မှ ထိုအကြောင်းကို လူမြင်ကွင်းရှေ့တွင် ထုတ်ဖော်ပြောဆိုနေသည်ကို မြင်သော် လော့ကျင်းမှာ အလွန်တရာကို ဒေါသူပုန်ထသွားတော့လေသည်။ ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်ကြောင့်သာ မဟုတ်လျှင် ချက်ချင်း ပြေးထွက်သွားပြီး ရီဟန်အား သတ်ပစ်လောက်ပေသည်။
ရီဟန်က လက်သီးဆုပ်လျက် ဘေးပတ်ဝန်းကျင်ရှိ လူများကို ကြည့်ရင်း ပြောလိုက်လေသည်။ “ရောင်းရင်းတို့လည်း ဒီအကြောင်းကို သိကြမှာပေါ့… ရောင်းရင်းတို့အနေနဲ့ မြို့သခင်လော့နဲ့ စကားနည်းနည်းပါးပါး ပြောပြီး သူ့ကို နားလည်မှုလွဲတာတွေမဖြစ်အောင် တားဆီးထားသင့်တယ်… အဲ့လိုဆိုရင် နှစ်ဖက်စလုံးအတွက်က အကောင်းဆုံးဖြစ်သွားမယ်…”
ရီဟန်၏စကားကို ကြားသော်ငြား မည်သူမျှ အဖက်မလုပ်ကြချေ။ ထိုလူများသည် ရီဟန်နှင့် စကားပြန်ပြောရန် ရောက်လာခြင်း မဟုတ်။ ထို့ကြောင့် ရီဟန် အမှန်ကိုပြောနေလည်း ဘာအရေးနည်း။ ရန်ကိုင်သည် သူတို့ဂိုဏ်း၏ အကြီးကဲများနှင့် လက်ရွေးစင်များကို သတ်ပစ်ခဲ့ပေသည်။ ယခု ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်းတွင် ရှိနေကြောင်း သိနေပြီ ဖြစ်သည့်အတွက်ကြောင့် ဤကိစ္စကို ဤအတိုင်း ထားတော့လိမ့်မည် မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၃၅)
မည်သူမျှ ပြန်မဖြေကြသည်ကိုမြင်သော် ရီဟန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “လော့ကျင်းရဲ့လုပ်ရပ်က လုံးဝကို အရှက်မရှိဘူး… ရောင်းရင်းတို့… မင်းတို့တွေက ဒီလိုလူနဲ့ တစ်ဖက်တည်းမှာ အတူတူနေချင်ကြတာလား…”
ဒေါသထွက်လာသဖြင့် ရီဟန်သည် လော့ကျင်းအပေါ် ယဉ်ကျေးမနေတော့ဘဲ နာမည်တပ်၍သာ ပြောလိုက်တော့လေသည်။ ထိုအခါ တစ်ဖက်မှ လူထွားကြီးက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “မြို့သခင်လော့ကိစ္စကို ခဏထားလိုက်ဦး… ဒီဘုရင် မေးချင်တာတစ်ခု ရှိသေးတယ်… အဲ့ မျိုးရိုးနာမည်ရန်ဆိုတဲ့ ကောင်လေးက ငါတို့ကောင်းကင်ထွဋ်မြတ်ကျောင်းတော်နဲ့ ဘာရန်ငြိုးရှိလို့ ငါတို့ကျောင်းတော်ရဲ့ ဒုကျောင်းသခင်ခဲ့ထျန်းကို မြို့သခင်စံအိမ်မှာ သတ်ပစ်လိုက်တာလဲ…”
သူသည် ကောင်းကင်ထွဋ်မြတ်ကျောင်းတော်၏ ကျောင်းသခင်ဖြစ်သော် ရွမ်ဟုန်ပိုပဲ ဖြစ်လေသည်။
ရွမ်ဟုန်ပိုသည် ရီဟန်ကဲ့သို့ပင် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။ သူ့ကျောင်းတော်၏ ဒုကျောင်းသခင်ကို ရန်ကိုင်မှ သတ်လိုက်သည့် အတွက်ကြောင့် သူ့အနေဖြင့် ဘာမှမလုပ်ဘဲ ရပ်ကြည့်မနေနိုင်ချေ။ ထို့ကြောင့် လော့ကျင်း၏ စရိုက်ကို မကြိုက်နှစ်သက်သည့်တိုင် သူနှင့်အတူ လက်စားပြန်ချေရန်အတွက် ရွက်တစ်ထောင်ဂိုဏ်းသို့ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
ရွမ်ဟုန်ပိုပြောပြီးသည့်နောက်တွင် အခြားတစ်ယောက်ကလည်း ချက်ချင်း ဝင်ပြောလိုက်လေသည်။ “ဟုတ်တယ်… အဲ့ကောင်က ငါ့သား မူကျန်းကိုလည်း သတ်လိုက်သေးတယ်… ငါ မူကွမ်း ဒီကိစ္စကို ဘယ်လိုမှ ကျေအေးပေးနိုင်မှာမဟုတ်ဘူး…”
ရီဟန်လည်း အသံကြားရာဘက်သို့ လှမ်းကြည့်လိုက်ရာ တိမ်တိုက်ဖြူမျှော်စင်၏ မျှော်စင်သခင်မူကွမ်းဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ထိုစဉ်က မြို့သခင်စံအိမ်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်သလဲ ဆိုသည်ကို ရီဟန်မှ ရီကျင်းဟန်အား သေသေချာချာ မေးမြန်းခဲ့ပေသည်။ ရန်ကိုင်သည် မူချန်းအား သတ်ပစ်ခဲ့သလို မူကျန်း၏ ခန္ဓာကိုယ်မှ ထွက်သည့် သွေးကို သုံးလျက် သေခြင်းတရားဟူသော စကားလုံးများကို နံရံပေါ်တွင် ရေးထိုးပစ်ခဲ့သေးသည်။
သို့ရာတွင် ထိုကိစ္စသည် မူကျန်း ကိုယ့်သေတွင်းကို တူးခြင်း ဖြစ်လေသည်။ သူ့တွင် အရည်အချင်းမရှိဘဲနှင့် ရန်ကိုင့်အား သတ်ရန် ကြိုးစားခဲ့သည်။ ရန်ကိုင့်အား မသတ်နိုင်ဘဲ သူသာ ပြန်အသတ်ခံလိုက်ရသည်မှာ မည်သူ့အပြစ် ဖြစ်လေသနည်း။ အရည်အချင်းမရှိသူ၏ အပြစ်သာ ဖြစ်လေသည်။ သို့သော်ငြား တိမ်တိုက်ဖြူမျှော်စင်သည် ဤကိစ္စကို အလွတ်မပေးခဲ့ပေ။
“အဲ့ကောင်လေးက ငါတို့ စိတ်ငြိမ်စံအိမ်ရဲ့ တပည့်တွေကိုလည်း ထိခိုက်အောင် လုပ်ခဲ့သေးတယ်… အဲ့အတွက် ဒီစံအိမ်သခင်ကိုယ်တိုင် ရောက်လာခဲ့တာ…” စိတ်ငြိမ်စံအိမ်၏ စံအိမ်သခင်သည်လည်း ထွက်လာခဲ့လေသည်။
“ဂိုဏ်းချုပ်ရီ… အဲ့ရန်ကိုင်ကို ငါတို့ဆီပေးလိုက်… အဲ့ဒါဆို မင်းရော ငါတို့အတွက်ရော ကောင်းလိမ့်မယ်…”
အမျိုးမျိုးသော တာအိုသခင်အဆင့် ကျင့်ကြံသူများ စတင် စကားဆိုလာကြသည်ကိုမြင်သော် ရွက်တစ်ထောင်ဂိုဏ်း၏ အကြီးအကဲများ၏ အမူအယာများ ပြောင်းလဲသွားကုန်ကြလေသည်။ သို့သော်ငြား ရီဟန်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ ဝေါယာဉ်ပေါ်တွင် ရပ်နေသည့် ဆံပင်အပြာရောင်နှင့် လူဖက်သို့ လှမ်းကြည့်၍ “နန်းတော်သခင်ချို… ဒါ ခင်ဗျားရဲ့ ရည်ရွယ်ချက်လား…”
ရီဟန်သည် ဤနေရာရှိ မည်သူ့ကိုမှ မကြောက်ပေ။ သို့သော်ငြား သူ လျစ်လျူမရှုနိုင်သည့် တစ်ယောက်တော့ ရှိပေသည်။ ထိုလူမှာ ကောင်းကင်ရောင်စဉ်နန်းတော်၏ နန်းတော်သခင်ချိုကျဲဖြစ်သော ဆံပင်အပြာရောင်နှင့်လူသာ ဖြစ်လေသည်။ သူသည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ရန်အတွက် တံခါးပိတ်ကျင့်စဉ်ဝင်နေသည်ဟု ပြောကြသည်။ တံခါးပိတ်ကျင့်စဉ် ဝင်နေသည်မှာ ဆယ်နှစ်မက ကြာမြင့်သွားခဲ့လေပြီ။ ထို့အတွက်ကြောင့် ယနေ့တွင် ရွက်တစ်ထောင်ဂိုဏ်းဆီသို့ သူပါ ရောက်ချလာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
ချိုကျဲသည် တံခါးပိတ်ကျင့်စဉ်ဝင်ရာမှ ထွက်လာသည့်အတွက်ကြောင့် သူသည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ကောင်း ဝင်ရောက်သွားနိုင်လောက်ပေသည်။ ထို့အတွက်ကြောင့် ရီဟန်သည် သူ့အား အနည်းငယ်မျှပင် အထင်မသေးရဲပေ။ သူသာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာပါက မိုင်တစ်သိန်းအတွင်းတွင် ရှိနေသော မည်သူမျှ သူ့အား စိန်ခေါ်ရဲလိမ့်မည် မဟုတ်ချေ။
ချိုကျဲက ယဲ့ယဲ့လေးပြုံးလျက် “ငါ့သားချိုကျဲက သိပ်ပြီး အရည်အချင်းမရှိတော့ မျိုးရိုးနာမည်ရန်ဆိုတဲ့ ကောင်လေးလက်မှာ ခံလိုက်ရတယ်… ဒီဘုရင် အခုလိုရောက်လာတာက သူ့ကို ငါတို့ ကောင်းကင်ရောင်စဉ်နန်းတော်မှ ဧည့်သည်တစ်ယောက်အဖြစ်နေပြီး ငါ့သားချိုကျဲကို ကျင့်ကြံဖို့ သင်ပေးပါလားလို့ လာဖိတ်ခေါ်တာ… နှစ်ယောက်စလုံးက လူငယ်လေးတွေပဲဆိုတော့ သူတို့ ပြောစရာစကားခေါင်းစဉ်တွေ ရှာတွေ့ကြမှာပေါ့… ကျေးဇူးပြုပြီး မငြင်းပါနဲ့ ဂိုဏ်းချုပ်ရီ…”
သူ့စကားမှာ ယဉ်ကျေးနေသော်ငြား ဤသည်မှာ အကြောင်းပြချက်သက်သက်တစ်ခုသာ ဖြစ်ကြောင်း မည်သူမဆို သိကြပေသည်။
ရန်ကိုင်သည် မြို့သခင်စံအိမ်တွင် ချိုယုအား ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်ခဲ့သည်။ သို့သော်ငြား ချိုကျဲသည် ထိုကိစ္စကို မရှိသလို သဘောထားနေခဲ့လေသည်။ ကောင်းကင်ရောင်စဉ်နန်းတော်နှင့် ရွက်တစ်ထောင်ဂိုဏ်းတို့သည် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မတည့်ကြသော အင်အားစုများ ဖြစ်ကြပေသည်။ ကောင်းကင်ရောင်စဉ်နန်းတော်သည် ဤပတ်ဝန်းကျင်တစ်ဝိုက်၏ ခေါင်းဆောင် ဖြစ်ချင်နေသည်။ ရွက်တစ်ထောင်ဂိုဏ်းသည် တဖြည်းဖြည်းနိမ့်ကျနေသော အင်အားစုကြီးတစ်ခု ဖြစ်နေလေ၏။ ထို့အတွက်ကြောင့် ကောင်းကင်ရောင်စဉ်နန်းတော်အနေဖြင့် ဤပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်းချုပ်လိုပါက ရွက်တစ်ထောင်ဂိုဏ်းအား တိုက်ခိုက်ရုံသာ ရှိတော့လေသည်။
ချိုကျဲသည်သာ ရွက်တစ်ထောင်ဂိုဏ်းအား ရှင်းထုတ်ပစ်နိုင်မည်ဆိုပါက ကောင်းကင်ရောင်စဉ်နန်းတော်၏ ဩဇာအာဏာသည် သိသိသာသာကို မြင့်တက်သွားမည်ဖြစ်ကာ မည်သူမျှ သူတို့အား စိန်ခေါ်ရဲတော့လိမ့်မည် မဟုတ်ချေ။
“သူ့ကို လက်လျှော့လိုက်တော့…”
“ဂိုဏ်းချုပ်ရီ… မင်းတို့ရွက်တစ်ထောင်ဂိုဏ်းနဲ့ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး… ဒီတော့ ငါတို့ မင်းကို ခက်ခဲအောင် မလုပ်ချင်ဘူး… ဒါပေမဲ့ အဲ့မျိုးရိုးနာမည်ရန်ဆိုတဲ့ ကောင်လေးကိုတော့ အလွယ်တကူ ခွင့်လွှတ်ပေးလို့မရဘူး… ဂိုဏ်းချုပ်ရီ သူ့ကို ကာကွယ်ပေးမနေနဲ့တော့…”
အမျိုးမျိုးသော ဂိုဏ်းခေါင်းဆောင်များသည် ရွက်တစ်ထောင်ဂိုဏ်းအား စတင်၍ ဖိအားပေးလာခဲ့လေသည်။
ရီဟန် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူနှင့်အတူ ရောက်လာခဲ့သော ရွက်တစ်ထောင်ဂိုဏ်း၏ အကြီးအကဲများမှာလည်း စတင်၍ ထိတ်လန့်လာခဲ့ကြလေသည်။
သူတို့ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်ရှိနေသည့် အတွက်ကြောင့် ထိုလူများ သူတို့အား ဘာဆိုဘာမှ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်သော်ငြား ရွက်တစ်ထောင်ဂိုဏ်း၏ တပည့်များအနေဖြင့် အပြင်သို့ ရံဖန်ရံခါ ထွက်သွားရန် လိုပေသည်။ သူတို့အနေဖြင့် ဤအစီအရင်ထဲတွင် ထာဝရ ပုန်းအောင်း မနေနိုင်ချေ။ အင်အားစုပေါင်းများစွာ၏ ပစ်မှတ်ထားခြင်းသာ ခံနေရမည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်းအနေဖြင့် မည်သို့မျှ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တော့လိမ့်မည် မဟုတ်ချေ။
ရွက်တစ်ထောင်ဂိုဏ်း၏ အကြီးအကဲများသည် ရီဟန်ဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။
ရန်ကိုင်နှင့် ရီဟန်ကြား မည်ကဲ့သို့သော ဆက်ဆံရေးမျိုး ရှိသလဲဆိုသည်ကို သူတို့မသိကြချေ။ ပြဿနာများစွာ ရှာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း၌ ဘာကြောင့် လာရောက် ပုန်းခိုနေသလဲဆိုသည်ကိုလည်း သူတို့မသိကြ။ ရီဟန်သည် ထိုအကြောင်းစုံကို သိထားသည့်တိုင် ရန်ကိုင့်အား ဘာကြောင့် လက်ခံထားသေးသလဲ ဆိုသည်ကိုလည်း သူတို့မသိကြပေ။
“ဂိုဏ်းချုပ်…” တာအိုသခင် ဒုတိယအဆင့် အကြီးအကဲတစ်ဦးသည် ရီဟန်အား အသာအယာ လှမ်းခေါ်လိုက်လေသည်။ သူဘာမှ ပြောသော်ငြား သူပြောချင်နေသည်မှာ အရှင်းသားပင်။
ယနေ့ကိစ္စအားလုံးသည် ရန်ကိုင်နှင့် ပတ်သက်နေလေသည်။ ထို့ကြောင့် ရန်ကိုင့်အား ထိုလူများဆီသို့ ပေးလိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု ထိုအကြီးအကဲထင်နေသည်။
ရီဟန်သည် ထိုအကြီးအကဲအား ကြည့်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ငါဘာလုပ်နေလဲ ငါသိတယ်…”
ထိုစကားကိုကြားသော် အကြီးအကဲသည် သက်ပြင်းမောကြီးသာ ချလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။ သူသည် ရွက်တစ်ထောင်ဂိုဏ်း၏ သက်ကြီးမျိုးဆက်ဝင် တစ်ဦးဖြစ်သလို ရီဟန် ကြီးပြင်းလာသည်ကိုလည်း မြင်တွေ့ခဲ့ရသူတစ်ဦး ဖြစ်သည်။ ရီဟန်၏ စိတ်နေစိတ်ထားကို ကောင်းကောင်းသိသူတစ်ဦးပီပီ ရီဟန်သည် ဂိုဏ်းအား ထိခိုက်စေသည့် လုပ်ရပ်မျိုးကို လုပ်လိမ့်မည် မဟုတ်မှန်းလည်း သိနေပေသည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ စိတ်ပူနေသည့်တိုင် ရီဟန်ကို ယုံကြည်ရန်သာ ရွေးချယ်လိုက်လေ၏။
“ဂိုဏ်းချုပ်…” ရွက်တစ်ထောင်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်သော ရှီချန်းယင်သည် ရုတ်တရက် ရှေ့ထွက်လာ၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ဒီကဧည့်သည်တွေပြောတာ ယုတ္တိရှိတယ်လို့ ဒီရှီထင်တယ်… အဲ့မျိုးရိုးနာမည်ရန်ဆိုတဲ့ ကောင်လေးက ဘာလေးစားမှုကိုမှ သိတဲ့သူမဟုတ်ဘူး… မြို့သခင်စံအိမ်မှာတောင် သူသောင်းကျန်းချင်သလို သောင်းကျန်းလာခဲ့တာ… လူကြီးမင်းခဲ့ထျန်းကိုတောင် သတ်လိုက်တယ်ဆိုမှတော့ ဒီကောင်က သွေးဆာနေတဲ့လူတစ်ယောက်ဆိုတာ အသေအချာပဲ… ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ကျုပ်တို့ ရွက်တစ်ထောင်ဂိုဏ်းကို သူရောက်လာ ရောက်လာ ကောင်းတဲ့ရည်ရွယ်ချက်တော့ လုံးဝမဖြစ်နိုင်ဘူး… အဲ့ဒါကြောင့် ဂိုဏ်းချုပ်အနေနဲ့ သူနဲ့သူ့မိတ်ဆွေတွေကို ဒီကလူတွေဆီ ဒီရှီ တောင်းဆိုချင်ပါတယ်… အဲ့ဒါမှ ကျုပ်တို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဂုဏ်သတင်းလည်း မထိခိုက်ရမှာ…”
ချိုကျဲက ပြုံးလျက် “ဒုဂိုဏ်းချုပ်ရှီက ကောင်းကောင်းနားလည်တာပဲ… ကောင်းတယ် ကောင်းတယ်…”
ရှီချန်းယင်က ပြုံးလျက် “ကောင်းကင်က ကျုပ်တို့ကို စောင့်ကြည့်နေတယ်လေ… ဒီရှီက ကောင်းကင်အလိုအတိုင်း လုပ်ပေးလိုက်ရုံပါပဲ… နန်းတော်သခင်ချို အရမ်းယဉ်ကျေးလွန်းနေပါပြီ…”
ရီဟန်က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။ “ရောင်းရင်းရှီ… သခင်လေးရန်က ငါတို့ရွက်တစ်ထောင်ဂိုဏ်းရဲ့ အထူးဧည့်သည်တော်တစ်ယောက်လို့ ဒီရီပြောထားပြီးသား… ဘယ်သူမှ သူ့ကို ဘာမှ လုပ်ခွင့်မရှိဘူး… မင်း ဒီရီကို ဂိုဏ်းချုပ်အဖြစ် သတ်မှတ်သေးတယ်ဆိုရင် ဒီအကြောင်းကို နောက်တစ်ကြိမ် ထပ်လာမပြောနဲ့…”
ရှီချန်းယင်၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ “ဂိုဏ်းချုပ်… ကျုပ်တို့ ဘိုးဘေးတွေ ချန်ထားရစ်ခဲ့တဲ့ နှစ်သောင်းနဲ့ချီတဲ့ အုတ်မြစ်ကို ဒီတိုင်းပဲ လျစ်လျူရှုထားချင်တာလား…”
ရီဟန်က ပြန်ပြောလိုက်လေသည်။ “ငါတို့ဂိုဏ်းရဲ့ အုတ်မြစ်ကို ဂရုစိုက်လို့ပဲ သခင်လေးရန်ကို ဘယ်သူ့ကိုမှ မပေးနိုင်တာ…”
ရန်ကိုင် ရွက်တစ်ထောင်ဂိုဏ်း၏ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်အား လာပြင်မှန်းကို ရီဟန်နှင့် ရီကျင်းဟန်တို့သာ သိထားပေသည်။ ရီဟန်သည် ထိုအကြောင်းကို မည်သူ့ကိုမှ မပြောခဲ့ချေ။ ထို့အတွက်ကြောင့် ဒုဂိုဏ်းချုပ်ဖြစ်သော ရှီချန်းယင်ပင်လျှင် ရီဟန်မှ ရန်ကိုင့်အား ဘာကြောင့် ဤမျှ ကာကွယ်ပေးနေရသလဲ ဆိုသည်ကို မသိခဲ့ရပေ။
ရီဟန်၏ သံဓိဌာန်ချထားသည့် အမူအယာကိုမြင်သော် ရှီချန်းယင် ရင်တုန်သွားခဲ့လေသည်။ သူသာ ဤအကြောင်းကို ဆက်ပြောနေပါက ရီဟန်သည် သူနှင့် တကယ်ကြီး တိုက်ခိုက်တော့မည့် ပုံပင်။ ရီဟန်သည် အသက်ကြီးနေပြီဖြစ်သလို သူ့ကျင့်ကြံခြင်းမှာလည်း တိုးတက်မှုမရှိတော့သောကြောင့် ပုံမှန်အားဖြင့် ရီဟန်သည် ဤကဲ့သို့ ခက်ထန်သည့်လူမျိုး မဟုတ်ပေ။ သူနှင့် ဆက်ဆံရာတွင် ရီဟန်သည် သူ့အပေါ် အမြဲတစေ ယဉ်ကျေးခဲ့ပေသည်။ ထို့အပြင် ရီဟန်သည် သူပြောသမျှစကားကို သေသေချာချာ စဉ်းစားပြီးမှသာ ပြောလေ့ရှိသည်။ သူပြောသည်ကို ငြင်းဆန်သည်ဆိုလျှင်ပင် ရီဟန်အနေဖြင့် ဤမျှခက်ထန်သည့် လေသံဖြင့် ပြန်ပြောနေစရာမလိုပေ။ ထို့အတွက်ကြောင့် ထိုမျိုးရိုးနာမည်ရန်ဆိုသည့် ကောင်လေးသည် သူ့အတွက် မည်မျှ အရေးကြီးနေ၍များ ရီဟန် ဤကဲ့သို့ လုပ်နေရသလဲဆိုသည်ကို ရှီချန်းယင် တွေးမိသွားလေသည်။
ဤကိစ္စနှင့်ပတ်သက်၍ သူမသိသေးသည့် အကြောင်းအရာအချို့ ထပ်ရှိနေလိမ့်ဦးမည်ဟု ရှီချန်းယင် အလိုလို ခံစားလာရသည်။ သို့သော်ငြား သူ့တွင် ထိုကိစ္စကို တွေးနေရန် အချိန်မရှိချေ။ ရီဟန်၏စကားကိုကြားပြီးသည့်နောက် သူ့အမူအယာ မည်းမှောင်သွားပြီး ပြန်သတိပေးလိုက်လေသည်။ “ဂိုဏ်းချုပ်…. အကုန်လုံးက ဒီလောက် ကန့်ကွက်နေတာတောင် မင်း ခေါင်းမာမာနဲ့ ဆက်လုပ်နေမှရမှာလား… ဂိုဏ်းတစ်ဂိုဏ်းလုံးကို မင်းနဲ့အတူ ဒုက္ခရောက်စေချင်နေတာလား… ငါတို့ဂိုဏ်းထဲမှာ ရှိနေတဲ့ တပည့်တွေရဲ့ အသက်ရော သူတို့ရဲ့အနာဂတ်ရော မင်း တစ်ခါမှ ထည့်မစဉ်းစားဖူးဘူးလား… မင်းရဲ့ အမှားတစ်ချက်က ဂိုဏ်းတစ်ခုလုံးကို ပျက်စီးသွားစေနိုင်တယ်နော်… ဒီရှီက ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ပဲ… ဒီတော့ ငါတို့ဂိုဏ်းရဲ့ အနာဂတ် ငါတို့တပည့်တွေရဲ့ အနာဂတ်အတွက်ကို ပိုမိုကောင်းမွန်အောင်လုပ်ဖို့ ငါ့မှာ တာဝန်ရှိတယ်…”
ရီဟန်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “မင်းကိုယ်ကျိုးအတွက်လား ဂိုဏ်းအတွက်လား သေသေချာချာ ပြန်စဉ်းစားဦး…”
ရှီချန်းယင်ပြန်မပြောနိုင်သေးခင်မှာပင် ရီဟန်က ခက်ထန်သည့်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ငါ ဆုံးဖြတ်ပြီးသွားပြီ.. ဘေးဖယ်နေ…”
ထိုစကားကိုကြားသည့်အခါ ရှီချန်းယင် အံ့အားသင့်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။ ယခုမှသာ သူသည် ဒုဂိုဏ်းချုပ်သာ ဖြစ်ပြီး ရီဟန်သည် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်ကို ပြန်အမှတ်ရသွားသည့်အလား။
ရွက်တစ်ထောင်ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်အပြင်ဘက်တွင် စုဝေးနေကြသည့် ပညာရှင်များမှာမူ ရီဟန်နှင့် ရှီချန်းယင်တို့ အချင်းများနေကြသည်ကို ကြည့်ရင်း ကြိတ်၍ ဝမ်းသာအားရ ဖြစ်နေကြလေသည်။ ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်သည် အချင်းချင်း မတည့်ကြဟု ကောလဟာလများ ထွက်နေကြသည်။ ယခု ကြည့်ရသလောက် ကောလဟာလများမှာ အမှန်ဖြစ်ကြသည့် ပုံပင်။ ထိုလူနှစ်ဦးသည် ရွက်တစ်ထောင်ဂိုဏ်း၏ ထောက်တိုင်ကြီးများ ဖြစ်ကြသော်ငြား တစ်ဦးနှင့်တစ်ဦး မတည့်ကြပေ။ ဤကဲ့သို့သော ဂိုဏ်းမျိုးသည် ရေရှည်တည်တန့်နိုင်လိမ့်မည် မဟုတ်ချေ။
လူရှေ့သူရှေ့တွင် ဤကဲ့သို့ ကြိမ်းမောင်းခြင်း ခံလိုက်ရသည့်အတွက် အရှက်ခွဲခံလိုက်ရသလို ရှီချန်းယင် ခံစားလိုက်ရလေသည်။ ထို့ကြောင့် ရှက်ရှက်နှင့် ဒေါသထွက်လာပြီး ထအော်ပြောလေ၏။ “ကောင်းပြီလေ… ဂိုဏ်းချုပ်က ကျုပ်အကြံပေးတာကိုတောင် နားမထောင်ဘဲ ခေါင်းမာမာနဲ့ပဲ ဒီအတိုင်း ဆက်လုပ်ချင်နေမှတော့ ဒီရှီကိုလည်း ခင်ဗျားကို ဂိုဏ်းချုပ်အဖြစ် မသတ်မှတ်လို့ဆိုပြီး လာအပြစ်မတင်နဲ့ပေါ့…”
ရီဟန် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး အေးစက်စက်လေသံဖြင့် ပြန်အော်ပြောလိုက်လေသည်။ “မင်း ဘာလုပ်ချင်နေတာလဲ…”
ရှီချန်းယင်က ပြုံးလျက် “အဲ့မျိုးရိုးနာမည်ရန်ဆိုတဲ့ ကောင်လေးက အခြားဂိုဏ်းတွေအကုန်လုံးကို ပြဿနာသွားရှာပြီး ကျုပ်တို့ ရွက်တစ်ထောင်ဂိုဏ်းမှာ လာပုန်းနေတာ… ပြဿနာတွေကို သူ့ဘာသာသူ မရှင်းပဲ ကျုပ်တို့ကိုပါ လာဒုက္ခရောက်အောင် လုပ်နေတာဆိုတော့ ဒီက ဂိုဏ်းသားတွေအတွက် သူ့ကို ဒီလူတွေလက်ထဲဆီ ထည့်ပေးလိုက်ရမှာပေါ့… နောက်ပိုင်း တစ်ယောက်ယောက် အပြစ်တင်လာမယ်ဆိုရင် ဒီရှီကို လာအပြစ်ပြောလို့ရတယ်… ဂိုဏ်းချုပ် အပြစ်ခံစရာ မလိုဘူး…”
မသိလျှင် ရှီချန်းယင်သည် ဂိုဏ်းအတွက် လုပ်ပေးသလိုလိုနှင့် ပြောနေခြင်း ဖြစ်လေသည်။ သူ့လုပ်ရပ်သည် ရွက်တစ်ထောင်ဂိုဏ်း၏ အကြီးအကဲများ၏ ထောက်ခံမှုများစွာကို ရရှိသွားခဲ့လေသည်။ ရီဟန်လုပ်သည်မှာ အလွန်ကိုမှ ခေါင်းမာလွန်းသည့် လုပ်ရပ်ဖြစ်သည်ဟု ထိုအကြီးအကဲများက ထင်နေကြခြင်းလည်း ဖြစ်၏။
ရီဟန်သည် တစ်ခုခုကို နားလည်သွားပြီး အလန့်တကြား ထအော်ပြောလေသည်။ “မင်းသူတို့ကို ဖမ်းဖို့ လူလွှတ်ရဲတယ်ပေါ့…”
ယခုမှသာ ရှီချန်းယင်အပေါ် သစ္စာရှိသည့် အကြီးအကဲသုံးဦး ပျောက်နေကြောင်း သတိထားမိလိုက်သည်။ ထိုအကြီးအကဲသုံးဦးသည် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏ မိတ်ဆွေများသည် သူတို့သုံးဦးအား တားနိုင်ကြလိမ့်မည် မဟုတ်ချေ။
ရန်ကိုင့်၏ မိတ်ဆွေများသည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။ သူတို့အခန်းပတ်ပတ်လည်တွင် အကာအကွယ်များ ရှိကြသော်ငြား ထိုအကြီးအကဲများသည် အကာအကွယ်များအကြောင်းကို ကောင်းကောင်း သိကျွမ်းထားသူများ ဖြစ်ပြီး ထိုအရာများကို အလွယ်တကူ ဖယ်ရှားပစ်နိုင်ပေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ရီဟန်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့ရှေ့တွင် ရှိနေသော ရှီချန်းယင်အား ထသတ်ချင်စိတ်များပင် ဖြစ်ပေါ်လာခဲ့လေသည်။
သူ့သမီးသည် ဂိုဏ်းထဲရှိ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်နိုင်ရေးအတွက် ရန်ကိုင့်အား ခခယယ သွားရောက်ဖိတ်ခေါ်ခဲ့ရသည်။ သို့သော်ငြား သူ၏ ဒုဂိုဏ်းချုပ်သည် ရန်ကိုင်၏ မိတ်ဆွေများကို သူ့ဂိုဏ်းထဲတွင်ပင် တိုက်ခိုက်ရန် ကြိုးစားနေခဲ့လေသည်။ ရန်ကိုင်သာ ဤအကြောင်းကို သိသွားခဲ့မည်ဆိုပါက သူ့အနေဖြင့် မည်ကဲ့သို့များ ပြန်ရှင်းပြရမည်နည်း။
ရီဟန်သည် ဤကိစ္စနှင့်ပတ်သက်၍ သေသေချာချာကို စဉ်းစားထားပြီးလေပြီ။ ရန်ကိုင်သာ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်နိုင်၍ ရွက်တစ်ထောင်ဂိုဏ်း၏ ပျောက်ဆုံးသွားသော အမွေအနှစ်များကို ပြန်လည်ရယူလာနိုင်မည်ဆိုပါက ထိုဂိုဏ်းအားလုံးကို ရန်စရမည်ဆိုလျှင်ပင် သူတို့အတွက် ထိုက်တန်ပေသည်။
အများဆုံးမှ ရွက်တစ်ထောင်ဂိုဏ်းအနေဖြင့် အစီအရင်ထဲတွင် ပုန်း၍ သူတို့ဘိုးဘေးများ ချန်ထားရစ်ခဲ့သော ပညာရပ်များကို ပြန်လည်လေ့လာရုံပင်။ သူတို့သာ ဂိုဏ်းထဲတွင် ရှိနေသော တာအိုအဆင့် ရုပ်သေးရုပ်များကို ထိန်းချုပ်နိုင်မည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်းအနေဖြင့် အနီးအနားတွင်ရှိနေသော မည်သည့်ဂိုဏ်းကိုမျှ ကြောက်နေစရာ လိုတော့လိမ့်မည် မဟုတ်ချေ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ကောင်းကင်အဆင့် ရုပ်သေးရုပ်များကိုပင် ထိန်းချုပ်လာနိုင်ပေလိမ့်မည်။