← Chapters

အခန်း (၂၃၃၆-၂၃၄၀)

Vol. 94 Ch. 2336-2340

အခန်း (၂၃၃၆-၂၃၄၀)

Vol. 94 Ch. 2336-2340

အပိုင်း (၂၃၃၆)

ရွက်တစ်ထောင်ဂိုဏ်းသာ ကောင်းကင်အဆင့် ရုပ်သေးရုပ်များကို ထိန်းချုပ်သွားနိုင်မည် ဆိုပါက ချက်ချင်းဆိုသလို ပထမအဆင့် အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။ ကောင်းကင်ရောင်စဉ်နန်းတော်ကဲ့သို့သော အင်အားစုလေးမျိုးကို လုံးဝ ကြောက်နေစရာ လိုတော့လိမ့်မည်မဟုတ်။ မိုင်တစ်သိန်းအတွင်းတွင် ရှိနေသော မည်သည့်အင်အားစုမဆို သူတို့ရွက်တစ်ထောင်ဂိုဏ်းအား တလေးတစားဖြင့် ဆက်ဆံလာရပေတော့မည်။

သို့ရာတွင် ရှီချန်းယင်သည် အောက်တန်းကျသည့် နည်းလမ်းများကို သုံး၍ သူ၏ လက်အောက်ငယ်သားများကို စေလွှတ်ကာ ရန်ကိုင်၏ မိတ်ဆွေများကို ဖမ်းခိုင်းလိုက်လိမ့်မည်ဟု ရီဟန် လုံးဝ မထင်ထားခဲ့ပေ။ ရန်ကိုင်၏မိတ်ဆွေများ ဖမ်းခံလိုက်ရသည့် အကြောင်းကိုသာ ရန်ကိုင် ကြားသွားမည်ဆိုပါက ရန်ကိုင်သည် ဤကိစ္စကို လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ထိုအခါတွင် ရွက်တစ်ထောင်ဂိုဏ်းသည်လည်း ပျောက်ဆုံးသွားသော သူတို့၏အမွေအနှစ်များကို ပြန်ရနိုင်တော့လိမ့်မည်မဟုတ်။ ထိုသို့ဖြစ်လာသည့်နောက်တွင် ရွက်တစ်ထောင်ဂိုဏ်း၏ အဆုံးသတ်သည် မလွဲမသေကို ရောက်ရှိလာရပေတော့မည်။

ထိုအချက်ကို စဉ်းစားမိလိုက်သော် ရီဟန်မှာ ထိတ်လည်းထိတ်လန့်မိသလို ဒေါသလည်း ထွက်မိသွားလေသည်။ “ရှီချန်းယင်… မင်း ဂိုဏ်းအတွက် တကယ်စဉ်းစားနေတယ်ဆိုရင် အဲ့လူတွေကို ချက်ချင်း ပြန်လွှတ်လိုက်နော်…”

ရှီချန်းယင်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “နောက်ကျသွားပြီ…”

ဂိုဏ်း၏ အစီအရင်အပြင်ဘက်တွင် ပညာရှင်ပေါင်းများစွာ စုဝေးနေသည်ဆိုသည့်အကြောင်းကို ကြားပြီးတည်းက ရှီချန်းယင်သည် သူ၏ သစ္စာရှိ နောက်လိုက်များကို သူ့အမိန့်အား စောင့်နေရန် တိတ်တဆိတ် ညွှန်ကြားထားခဲ့လေသည်။ ရီဟန်မှ ရန်ကိုင်အား လုံးဝ လက်မလွှတ်ချင်သည်ကို မြင်သော် ရန်ကိုင်၏ လက်အောက်ငယ်သားများကို ဖမ်းရန် သူ၏ သစ္စာရှိနောက်လိုက်များအား တိတ်တဆိတ် အမိန့်ပေးခဲ့လေသည်။

“မင်း…” ရီဟန်မှာ သူ့လည်ပင်းဆီသို့ သွေးများ ဆောင့်တက်လာသလိုပင် ခံစားလိုက်ရလေသည်။ ဒေါသထွက်လွန်းသဖြင့် သွေးပင် အန်ထွက်လုမတတ် ဖြစ်သွားခဲ့လေ၏။ ရှီချန်းယင်အား လက်ညှိုးထိုးရင်း အံကိုကြိတ်ကာ အော်ပြောလိုက်လေသည်။ “မင်း ဘယ်လိုအမှားကြီးကို လုပ်နေတယ်ဆိုတာ မင်းသိရဲ့လား… ရန်ကိုင့်မိတ်ဆွေတွေသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ကိစ္စအားလုံးကို မင်းတာဝန်ခံရမှာ…”

ထိုစကားကိုကြားသော် ရှီချန်းယင်၏ အမူအယာ သုန်မှုန်သွားခဲ့လေသည်။ “ဒီရှီက ဂိုဏ်းအတွက်ပဲ လုပ်ပေးနေတာ… အခုနေ ဘိုးဘေးတွေရှိနေမယ်ဆိုရင်တောင် သူတို့က ဒီရှီရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဂုဏ်ယူနေမှာ…”

ရှီချန်းယင် လုံးဝ တစ်ကိုယ်ကောင်းဆန်လွန်းနေသည်ကို မြင်သော် ရီဟန်မှာ ဒေါသထွက်လွန်းသဖြင့် သွေးတစ်ပွက် အန်ထုတ်မိလိုက်တော့လေသည်။

ရှီချန်းယင်သည် ရီဟန်အား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်၍ ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်… မင်းက အသက်ကြီးနေပြီ… ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ဖို့ မသင့်တော်တော့ဘူး… မင်းရဲ့ ခေါင်းမာပြီး ရှေးကျတဲ့ အတွေးတွေက ငါတို့ရွက်တစ်ထောင်ဂိုဏ်းရဲ့ တိုးတက်မှုကိုပဲ ထိခိုက်စေမှာ…”

ထိုစကားကိုကြားသော် အကုန်လုံး၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ရှီချန်းယင်သည် ဤအခွင့်အရေးကိုရယူ၍ ဂိုဏ်းချုပ်ရာထူးကို လုယူချင်နေမှန်း နားလည်သွားခဲ့သည်။ အကြီးအကဲများမှာ ဘာလုပ်လို့ လုပ်ရမှန်း မသိသည့်အတွက်ကြောင့် စတင်၍ ထိတ်လန့်လာကြတော့လေသည်။

တုရှန်းက ဒေါသတကြီး အော်ပြောလိုက်လေသည်။ “ခွေးအိုကြီးရှီ… မင်းဘယ်လိုတောင် အောက်တန်းကျရဲတာလား… ဒီနေ့ ငါတို့ ဆရာ့ကိုယ်စား ဂိုဏ်းတစ်ခုလုံးကို ရှင်းလင်းရေး လုပ်ပစ်ရမယ်…”

တုရှန်းသည် ရီဟန်နောက်တွင် ရပ်နေခြင်း ဖြစ်သည့်အတွက် အကုန်လုံးကို သေသေချာချာ မြင်တွေ့ခဲ့ရပေသည်။ ရီဟန် ရန်ကိုင့်အား ဘာကြောင့် ဤမျှ တန်ဖိုးထားနေရသလဲ ဆိုသည်ကို မသိသော်ငြား ရီဟန်သည် သူ့ဆရာဖြစ်နေဆဲ။ ထို့အတွက်ကြောင့် သူ့ဆရာ ဒေါသထွက်လွန်းသဖြင့် သွေးအန်သွားသည်ကိုမြင်သော် တုရှန်းအနေဖြင့် ဒေါသထွက်မိသည်မှာ သဘာဝသာ ဖြစ်လေသည်။

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့ဓါးကို ထုတ်ယူလိုက်လေသည်။ ဓါးရောင်တစ်ချက် လက်သွားပြီးသည့်နောက် သူ့ဓါးအား ရှီချန်းယင်တည့်တည့်သို့ ထိုးချလိုက်လေ၏။

ရှီချန်းယင်ကမူ ဂရုမစိုက်သည့် အမူအယာဖြင့်သာ ရပ်နေခဲ့လေသည်။ သူ့ဆီသို့ တိုးဝင်လာနေသောဓါးကို လက်ဖြင့် ရိုက်ချလျက် ပြန်ပြောလိုက်လေ၏။ “ဂိုဏ်းရဲ့တပည့်တစ်ယောက် ဖြစ်တာတောင် မင်းရဲ့ စီနီယာတစ်ယောက်ကို တိုက်ခိုက်ရဲတာလား… ရီဟန် ရီဟန်… မင်းတပည့်ကို ကောင်းကောင်းပျိုးထောင်ထားတာပဲ…”

ထိုသို့ပြောပြီးသည့်နောက်တွင် အရင်းအမြစ်ချီများ သူ့လက်မှ ဖြာထွက်လာကာ ဓါးအား ချိုးချလိုက်လေသည်။

ပေါက်ကွဲသံနှင့်အတူ ဓါးတစ်ချောင်းလုံး ကျိုးကျေသွားပြီး သူ့၏လက်ဝါးချက်သည် တုရှန်း၏ခန္ဓာတည့်တည့်အား သွားမှန်လေသည်။ ထိုလက်ဝါးချက်ကြောင့် တုရှန်းမှာ သွေးပွက်ပွက်အန်ထုတ်ရင်း နောက်သို့ လွင့်စင်ထွက်သွားလေ၏။

ထိုကိစ္စအားလုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။ ဂိုဏ်းအား ကာကွယ်ပေးထားသည့် အစီအရင် ရှိနေသော်ငြား ချိုကျဲနှင့် အခြားသူများမှာမူ အလုံးစုံကို အတိုင်းသား မြင်နေရလေသည်။ ထိုအချင်းအရာကိုမြင်သော် အကုန်လုံး ကြိတ်၍သာ ပြုံးလိုက်ကြလေသည်။ ယခုကဲ့သို့ လူစုလူဝေးနှင့် လာရောက်ကြခြင်းမှာ ရွက်တစ်ထောင်ဂိုဏ်းအား ဖိအားပေးရန်ဖြစ်သလို တိုက်ပွဲဖြစ်လာခဲ့လျှင်လည်း ရင်ဆိုင်တိုက်ခိုက်နိုင်ရန် ဖြစ်လေသည်။ သို့သော်ငြား သူတို့ ဘာမျှ မလုပ်ရသေးခင်မှာပင် ရွက်တစ်ထောင်ဂိုဏ်းသားများသည် သူတို့အချင်းချင်း ပြန်တိုက်ခိုက်နေကြလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဒုဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ် ရန်ဖြစ်စကားများရာမှ တပည့်တစ်ဦးသည် ဓါးထုတ်၍ သူ၏စီနီယာအား တိုက်ခိုက်ခဲ့သည်။

ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် သူတို့အနေဖြင့် ဘာမှလုပ်စရာမလိုပဲနှင့် ရွက်တစ်ထောင်ဂိုဏ်းအား သိမ်းပိုက်နိုင်ပေလိမ့်မည်။

ထိုအကြောင်းကို တွေးမိလိုက်သော် အကုန် ဝမ်းသာပီတိ ဖြစ်ကုန်ကြလေသည်။

“ဂိုဏ်းချုပ်ရှီက တကယ်ကို သတ္တိရှိတာပဲ… ဒီချို အထင်ကြီးသွားပြီ…” ချိုကျဲသည် ရှီချန်းယင်အား ပြုံးပြရင်း လက်သီးဆုပ်ပြလိုက်လေသည်။ ချိုကျဲသည် ရှီချန်းယင်အား ဂိုဏ်းချုပ်ဟုပင် စတင် ခေါ်ဝေါ်နေခဲ့လေပြီ။

ထိုစကားကိုကြားသော် ရှီချန်းယင်က လက်သီးဆုပ်လျက် ပြန်ပြောလိုက်လေသည်။ “နန်းတော်သခင်ချို ချဲ့ကားလွန်းနေပါပြီ… ဒီရှီက ဂိုဏ်းအတွက် တွေးပေးရုံပါ… တစ်ချို့လူတွေကတော့ သူ့ရည်ရွယ်ချက်အတွက်နဲ့ ဂိုဏ်းတစ်ခုလုံး ဘာဖြစ်ဖြစ် ဂရုကိုစိုက်မနေတာ…”

ချိုကျဲက ပြန်ပြောလိုက်လေ၏။ “ဂိုဏ်းချုပ်ရှီရဲ့ ဦးဆောင်မှုအောက်မှာ ရွက်တစ်ထောင်ဂိုဏ်း တကယ်ကို တိုးတက်လာမယ်လို့ ဒီဘုရင် ယုံကြည်ပြီးသားပါ…”

ရှီချန်းယင်က ယဲ့ယဲ့လေးပြုံးလျက် သူ့ကိုယ်သူ နှိမ့်ချကာ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် နန်းတော်သခင်ချိုအနေနဲ့ ကျုပ်တို့ဂိုဏ်းကို စောင့်ရှောက်ပေးဖို့အတွက် ဒီရှီကပဲ တောင်းဆိုပါရစေ…”

သူ့စကားအရ ရွက်တစ်ထောင်ဂိုဏ်းသည် ကောင်းကင်ရောင်စဉ်နန်းတော်နှင့် မကြာခဏ အဆက်အသွယ်လုပ်မည်ဟု ပြောနေသလို ကောင်းကင်ရောင်စဉ်နန်းတော်၏ လက်အောက်တွင်လည်း ခိုဝင်မည်ဟု ပြောနေခဲ့လေသည်။ ထိုစကားကိုကြားပြီးသည့်နောက် ရီဟန်မှာ နောက်ထပ် သွေးတစ်ပွက် ထပ်အန်ကာ ဒေါသတကြီး ထအော်လေ၏။ “ရှီချန်းယင်… မင်း ဒီကိစ္စကို နောင်တရလိမ့်မယ်… ငါတို့ဘိုးဘေးတွေရဲ့ နှစ်သောင်းနဲ့ချီနဲ့ အုတ်မြစ်က မင်းလက်ထဲမှာပဲ ပျက်စီးတော့မယ်… မင်း တမလွန်ဘဝရောက်ရင် ဘယ်မျက်နှာနဲ့ ငါတို့ဘိုးဘေးတွေကို သွားရင်ဆိုင်မှာလဲ…”

ရှီချန်းယင်က အေးစက်စက်လေသံဖြင့် ရယ်မောလျက် “ဘိုးဘေးတွေကို မျက်နှာချင်းမဆိုင်ရဲမှာ ဘယ်သူလဲဆိုတာ သိချင်မိသေးတယ်… ဒီရှီက ကိုယ့်လိပ်ပြာကိုယ်လုံပြီးသား… ငါ့ဝိဉာဉ် ငရဲရောက်သွားမယ်ဆိုရင်တောင် ဘိုးဘေးတွေက ငါ့ကို အပြစ်တင်မှာမဟုတ်ဘူး…”

ရီဟန်၏ မျက်နှာ ဖြူလျော်သွားပြီး သူ့အရှိန်အဝါမှာ သိသိသာသာကို အားနည်းသွားခဲ့လေသည်။ သို့သော်ငြား အံကြိတ်၍ စကားတစ်ခွန်းမှမပြောဘဲ ရှီချန်းယင်ကိုသာ အမုန်းတရားအပြည့်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ထိုအချိန်အတောအတွင်း ချိုကျဲက ကျေနပ်စွာဖြင့် ခေါင်းညိတ်လျက် “ဂိုဏ်းချုပ်ရှီ… အဲ့ရန်ကိုင်ဆိုတဲ့ ကောင်လေးကို ကျုပ်တို့ဆီ အရင်ပေးလိုက်သင့်တယ်… ကျုပ်တို့စောင့်နေတာ တော်တော်ကြာနေပြီ…”

“ပေးရမှာပေါ့…” ရှီချန်းယင်က ယဲ့ယဲ့လေးပြုံးလျက် “ကြည့်ရသလောက်တော့ သူတို့ မကြာခင် ရောက်လောက်တော့မှာပါ…”

ထို့နောက် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လျက် ပြုံးကာ “ပြောရင်းဆိုရင်းနဲ့တောင် သူတို့ရောက်လာပြီ…”

ထိုစကားကိုကြားသော် အကုန်လုံး ရှီချန်းယင်ကြည့်နေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ရီဟန်မှာ ပို၍ပင် ထိတ်လန့်သွားခဲ့ပြီး ရှီချန်းယင် သတိလက်လွတ်ဖြစ်သွားသည်နှင့် အချိန်မရွေးတိုက်ခိုက်နိုင်ရန်အတွက် သူ၏အရင်းအမြစ်ချီကို တိတ်တဆိတ် လှည့်ပတ်ထားလိုက်လေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင့်၏မိတ်ဆွေများကို ရှီချန်းယင်တို့လက်ထဲသို့ မထည့်ပေးနိုင်ပေ။

သို့သော်ငြား မကြာမီတွင် ရီဟန်၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး မျက်မှောင်ကျုံ့၍ သေချာအာရုံစိုက်ကြည့်လိုက်လေသည်။

ရှီချန်းယင်သည်လည်း တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိသည့်အလား ထူးဆန်းသောအမူအယာဖြင့် လှမ်းကြည့်နေလေ၏။

အလင်းတန်းတစ်ခုသည် သူတို့ဆီသို့ ပျံသန်းလာနေခဲ့လေသည်။ မကြာမီ ထိုအလင်းတန်းသည် အားလုံးရှေ့သို့ ရောက်လာပြီး အလင်းတန်းပျောက်ကွယ်သွားပြီးသည့်နောက် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်လာခဲ့လေ၏။ ထိုလူသည် အသက်ငါးဆယ်လောက် ရှိပြီး ရှီချန်းယင်၏ သစ္စာရှိနောက်လိုက်တစ်ဦးလည်း ဖြစ်ပေသည်။

လက်ရှိတွင် ထိုအကြီးအကဲတစ်ကိုယ်လုံး သွေးချင်းနီရဲနေခဲ့လေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း လုံးဝကို မတည်မငြိမ် ဖြစ်နေလေ၏။

ထိုအကြီးအကဲ၏ အခြေအနေကိုမြင်သော် ရီဟန် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ ရှီချန်းယင်၏ အမူအယာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ထိုအကြီးအကဲကို အလျင်အမြန် သွားထူမပေးရင်း မေးလိုက်လေသည်။ “ဘာဖြစ်သွားတာလဲ… ဘယ်သူ ခင်ဗျားကို ထိခိုက်အောင် လုပ်လိုက်တာလဲ… ဟိုငါးယောက်ကို ခင်ဗျားသွားဖမ်းနေတာ မဟုတ်ဘူးလား… ကျန်တဲ့သူတွေကရော…”

ထိုစကားကိုကြားသော် အကြီးအကဲက ကြောက်လန့်နေသည့် လေသံဖြင့် “အဲ့မှာ တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ဦး ရှိနေတယ်… ကျုပ်တို့ အဲ့လူကို အနိုင်မယူနိုင်ဘူး… ၇ယောက်မြောက်အကြီးအကဲနဲ့ ၉ယောက်မြောက်အကြီးအကဲက ဖမ်းခံလိုက်ရတယ်…”

“ဘယ်လို…” ရှီချန်းယင်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ “ဖမ်းခံလိုက်ရတယ်…”

ရှီချန်းယင်သည် သူကြားလိုက်ရသည့် စကားကို ယုံပင်မယုံနိုင်ချေ။ ထို့ကြောင့် ဒဏ်ရာရနေသည့် အကြီးအကဲအား “မင်းငါ့ကို လာနောက်နေတာလား…”ဟူသော အကြည့်မျိုးဖြင့် စိုက်ကြည့်နေလေ၏။

ရန်ကိုင့်မိတ်ဆွေများ၏ ကျင့်ကြံခြင်းကို ရှီချန်းယင် သေချာသိထားပေသည်။ ထိုလူအားလုံးသည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် တန်ခိုးရှင်ဘုရင်အဆင့်သာ ရှိပေသေးသည်။ ထိုကဲ့သို့သော အားနည်းသည့် လူများသည် သူ့လက်အောက်ငယ်သားသုံးယောက်၏ ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပေမည်နည်း။ သို့သော်ငြား လက်ရှိအခြေအနေအရမူ သူ့လက်အောက်ငယ်သား သုံးယောက်အနက် နှစ်ယောက်မှာ အဖမ်းခံလိုက်ရပြီး ကျန်တစ်ယောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရလျက် ပြန်ထွက်ပြေးလာခဲ့ရလေသည်။

ဤအကြီးအကဲသည် သူ၏ သစ္စာရှိနောက်လိုက်တစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ထိုအကြီးအကဲ သူ့အား လိမ်နေသည်ဟုပင် ရှီချန်းယင် ထင်မိပေလိမ့်မည်။

“သူတို့ကို ဘယ်သူဖမ်းလိုက်တာလဲ…” ရှီချန်းယင်က အံ့အားသင့်နေသည့် လေသံဖြင့်မေးလိုက်လေသည်။

“အမျိုးသမီးတစ်ဦးပဲ…”

“အမျိုးသမီး…” ရှီချန်းယင် အတွေးနက်သွားခဲ့ပြီး တစ်ခုခုအား စဉ်းစားမိသွားကာ အံကြိတ်လျက် ပြောလိုက်လေသည်။ “သူတို့က အားနည်းချင်ယောင်ဆောင်နေတာလား…”

ရှီချန်းယင်တွေးနေသည်မှာ ချီယွဲ့သည် သူမ၏ကျင့်ကြံခြင်းကို ဖုံးကွယ်ထားသည်ဟူ၍ပင်။ ထို့ကြောင့်ပင် သူ၏ သစ္စာရှိနောက်လိုက် အကြီးအကဲသုံးဦး အနိုင်မရဘဲ အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

သို့ရာတွင် ထိုအကြီးအကဲကမူ ခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။ “မဟုတ်ဘူး… အဲ့အမျိုးသမီးကို ကျုပ် တစ်ခါမှ မမြင်ဖူးဘူး… သူ ဘယ်ချိန်တည်းက ဂိုဏ်းဆီကို ရောက်နေလဲဆိုတာတောင် ကျုပ်မသိဘူး…”

“တစ်ခါမှ မမြင်ဖူးဘူး…” ရှီချန်းယင် ပို၍ နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ ထို့နောက် ချက်ချင်း ဒေါသထွက်လာတော့လေ၏။ “တာအိုသခင်တတိယအဆင့် ဆိုရင်တောင် မင်းတို့သုံးယောက် အခုလိုမျိုး ရှုံးလာစရာအကြောင်းတော့ မရှိပါဘူး…”

ရှီချန်းယင်မှာ ဒေါသထွက်လွန်းသဖြင့် သူ့ရှေ့ရှိအကြီးအကဲအား အသုံးမဝင်သည့် အမှိုက်ကောင်ဟု ဆဲရေးတိုင်းထွာမိခါနီး ဖြစ်သွားခဲ့ရလေသည်။

ထိုအကြီးအကဲက ပြန်၍ ပြောလိုက်လေ၏။ “အဲ့အမျိုးသမီးက တာအိုသခင် အထွဋ်အထိပ်အဆင့်မှာ ရှိနေတာ… ပြီးတော့ သူ့တိုက်ကွက်တွေထဲမှာလည်း ဧကရာဇ်စိတ်ဆန္ဒ အနည်းငယ် ပါဝင်နေသေးတယ်… အဲ့ဒါကြောင့်သာ မဟုတ်ရင် ကျုပ်တို့ မနိုင်ရင်တောင် အခုလိုမျိုး ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားမှာမဟုတ်ဘူး…”

“ဧကရာဇ်စိတ်ဆန္ဒ…” ရှီချန်းယင် လုံးဝကို အံ့အားသင့်သွားတော့လေသည်။

သူမ၏တိုက်ခိုက်မှုထဲ ဧကရာဇ်စိတ်ဆန္ဒများ ပါဝင်နေခြင်းမှာ ထိုအမျိုးသမီးသည် ဧကရာဇ်အဆင့်၏ လျှို့ဝှက်ချက်အချို့ကို နားလည်နေပြီဟု ပြော၍ရပေသည်။ တစ်နည်းဆိုရသော် ထိုအမျိုးသမီးတွင် အချိန်အလုံအလောက် ရှိနေပါက ဧကရာဇ်အဆင့်သို့ ကျိန်းသေချိုးဖြတ်နိုင်ပေလိမ့်မည်။

ရွက်တစ်ထောင်ဂိုဏ်းသည် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာမည့်လူအား သွားရောက် ရန်မစနိုင်သေးပေ။

ရှီချန်းယင်မှာ ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိတော့ချေ။ ထို့ကြောင့် ရီဟန်ဆီသို့ လှမ်းကြည့်လိုက်လေ၏။ ရီဟန်သည် ရန်ကိုင်၏မိတ်ဆွေများကို ကာကွယ်ရန်အတွက် ထိုအမျိုးသမီးကို တိတ်တဆိတ် စီစဉ်ပေးထားသည်ဟု တွေးထင်မိသွားသည်။ သို့သော်ငြား ရီဟန်၏အမူအယာကို မြင်ပြီးသည့်နောက် သူအထင်မှားနေခြင်းသာ ဖြစ်မှန်း နားလည်သွားခဲ့လေသည်။ ရီဟန်သည်လည်း သူ့ကဲ့သို့ပင် ဇဝေဇဝါ ဖြစ်နေလေ၏။ ထိုအကြောင်းကို ရီဟန်ကိုယ်တိုင်လည်း မသိထားသည်မှာ သေချာပေသည်။

ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ်တို့နှစ်ဦးစလုံး ထိုကဲ့သို့ပညာရှင်တစ်ဦး ရွက်တစ်ထောင်ဂိုဏ်းထဲသို့ ရောက်လာသည်ကို မသိခဲ့ကြပေ။ သူတို့ကိုယ်သူတို့ တိုင်တည်ကျိန်ဆိုပြီး ပြောမည်ဆိုလျှင်ပင် မည်သူမျှ ယုံကြလိမ့်မည်မဟုတ်။

ချိုကျဲက ရုတ်တရက် အေးစက်စက် လေသံဖြင့် ရယ်မောလျက် “ဂိုဏ်းချုပ်ရှီ… မင်းရဲ့လက်အောက်ငယ်သားတွေက သိပ်ပြီး အသုံးမကျပါလား… ဘာမဟုတ်တဲ့ ပုရွက်ဆိတ်လေးတွေကိုတောင် ဖမ်းမလာနိုင်ဘူး…”

ရှီချန်းယင်မှာ အစောတည်းက ဒေါသထွက်နေခဲ့လေရာ ချိုကျဲ၏ လှောင်ပြောင်စကားကိုကြားသော် ပို၍ ဒေါသထွက်သွားခဲ့လေသည်။ “နန်းတော်သခင်ချို… ကျုပ်တို့ဂိုဏ်းကိစ္စတွေကို ဝင်မပြောဘဲ အေးအေးဆေးဆေးပဲ ကြည့်နေစမ်းပါ….”

ချိုကျဲသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဝေါယာဉ်ပေါ်မှ ဖြည်းဖြည်းချင်းထရပ်လိုက်လေသည်။ ထို့နောက် အစီအရင်ဆီသို့ လျှောက်သွားရင်းမှ ပြောလိုက်လေ၏။ “အစကတော့ ခင်ဗျားတို့ရဲ့ဂိုဏ်းကြားထဲမှာ ကျုပ်ဝင်မပါချင်ဘူး… ဒါပေမဲ့ ဒီကိစ္စက ဒီပတ်ဝန်းကျင်တစ်ဝိုက်က အင်အားစုတွေနဲ့လည်း ပတ်သက်နေတာဆိုတော့ ဒီဘုရင် ဆက်ပြီးတော့ လျစ်လျူရှုနေလို့ မရတော့ဘူး…”

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့အရှိန်အဝါကို ဖြန့်ကျက်ချလိုက်လေသည်။ ချက်ချင်းဆိုသလို ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး အေးခဲသွားသည့်အလား လောကနိယာမစွမ်းအားများမှာလည်း စတင်၍ တုန်ရီလာတော့လေသည်။

ထိုစွမ်းအား၏ လွှမ်းခြုံခြင်း ခံလိုက်ရသည့်လူတိုင်း သူတို့ကိုယ်ပေါ်သို့ တောင်တစ်လုံး ပြိုဆင်းကျလာသလို ခံစားလိုက်ကြရလေသည်။

ထိုစွမ်းအားကြောင့် ရွက်တစ်ထောင်ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်မျက်နှာပြင်ပေါ်တွင် လှိုင်းတွန့်လေးများ စတင်၍ ထွက်ပေါ်လာတော့လေ၏။

“ဧ… ဧကရာဇ်အဆင့်…” တိမ်တိုက်ဖြူမျှော်စင်၏ မျှော်စင်သခင်ဖြစ်သော မူကွမ်း၏ ခြေထောက်များ တုန်ရီလာခဲ့လေသည်။ လုံးဝကို မျက်လုံးအပြူးသားဖြင့် ချိုကျဲအား မယုံကြည်နိုင်စွာ စိုက်ကြည့်နေလေ၏။

အခြားသူများသည်လည်း အလားတူပင် ဖြစ်နေကြလေသည်။

ကောင်းကင်ထွဋ်မြတ်ကျောင်းတော်မှ ရွမ်ဟုန်ပိုဆိုလျှင် ပို၍ပင် သိသာသေးသည်။ ချိုကျဲ၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ ယခင်ကဆိုလျှင် သူတို့နှစ်ဦးလုံးမှာ တာအိုသခင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြသည့်အတွက်‌ကြောင့် သူသည် ချိုကျဲအား အရမ်းကြီး ဂရုမစိုက်ခဲ့ပေ။ ချိုကျဲ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေသည်ဟု ကောလဟာလများထွက်လာကြသည်။ သို့သော်ငြား ချိုကျဲသည် အောင်မြင်သွားသည့် အရိပ်အယောင်မပြချေ။ သူသာ မအောင်မြင်သေးသရွေ့ သူတို့အားလုံးမှာ အဆင့်အတူတူသာ ဖြစ်လေသည်။

ထို့အတွက်ကြောင့်ပင်လျှင် အစောပိုင်းက ချိုကျဲ၏လုပ်ရပ်ကို မြင်ပြီးသည့်နောက် ရွမ်ဟုန်ပို၏စိတ်ထဲ အတော်လေးကိုမှ နေမထိထိုင်မထိ ဖြစ်နေခြင်းပင်ဖြစ်သည်။ ချိုကျဲသည် သူ့ကိုယ်သူ အရမ်းမြောက်ကြွမြောက်ကြွ ဖြစ်နေလွန်းသည်ဟု ရွမ်ဟုန်ပိုထင်ပေသည်။ ချိုကျဲသည်သာ ဧကရာဇ်အဆင့် မရောက်ခင်တည်းက ထိုကဲ့သို့ဖြစ်နေမည်ဆိုပါက ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက်ပိုင်း မည်သို့ပင် ဖြစ်သွားလေမည်နည်း။

သို့ရာတွင် ချိုကျဲသည် အစမှအဆုံး သူ့အား တစ်ချက်ကလေးပင် လှည့်မကြည့်ကြောင်းကို ရွမ်ဟုန်ပို သတိထားမိပေသည်။ လက်စသတ်တော့ ချိုကျဲသည် မည်သည့်အချိန်တည်းကမှန်းမသိ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ထားပြီး ဖြစ်နေသကိုး။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၃၇)

ဤသည်ကို စဉ်းစားမိလိုက်သော် ရွမ်ဟုန်ပို၏နဖူးထက် ချွေးသီးချွေးပေါက်များ ဝေ့သီလာခဲ့လေသည်။ ကောင်းကင်ထွဋ်မြတ်ကျောင်းတော်၏ အနာဂတ်မှာ ခက်ခဲတော့လိမ့်မည်မှန်း သိနေခဲ့လေ၏။ အစကမူ ကောင်းကင်ထွဋ်မြတ်ကျောင်းတော်နှင့် ကောင်းကင်ရောင်စဉ်နန်းတော်တို့၏ ခွန်အားမှာ ညီတူမျှတူသာ ရှိလေသည်။ သို့သော်ငြား ကောင်းကင်ရောင်စဉ်နန်းတော်တွင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ရုတ်တရက်ကြီး ပေါ်လာသည့်အတွက်ကြောင့် ကောင်းကင်ထွဋ်မြတ်ကျောင်းတော်အနေနှင့် ဆက်လက်ရှင်သန်လိုပါက သူတို့ကိုယ်သူတို့ နှိမ့်ချရန်သာ ရှိတော့ပေသည်။

လက်ရှိအခြေအနေတွင် ချိုကျဲသည် ဤပတ်ဝန်းကျင်တစ်ခုလုံး၏ အရှင်သခင် ဖြစ်လာခဲ့လေသည်။ ဤနေရာသို့ မြောက်ကြွမြောက်ကြွဖြင့် လာရဲသည်မှာ အထူးအဆန်းတော့ မဟုတ်တော့။

ချိုကျဲ၏ ကျင့်ကြံခြင်းကို သတိပြုမိလိုက်သည့်နောက်တွင် ဂိုဏ်းအားကာကွယ်ပေးထားသည့် အစီအရင်ထဲတွင် ရှိနေသော ရီဟန်နှင့် အခြားသူအားလုံး၏မျက်နှာ ဖြူလျော်သွားကုန်ကြလေသည်။ သူတို့အား မရ ရအောင် ဆန့်ကျင်နေသည့် ရှီချန်းယင်ကြောင့် ဂိုဏ်းမှာ အစတည်းက နှစ်ပိုင်းကွဲကာ ပြဿနာတက်နေခဲ့သည်။ ယခု ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ချိုကျဲကပါ ဂိုဏ်း၏အစီအရင်အပြင်ဘက်တွင် ရပ်လျက် သူတို့အား ဖိအားပေးနေခဲ့လေသည်။ သူတို့အနေဖြင့် ဤကိစ္စအားလုံးကို မည်ကဲ့သို့များ ခုခံရတော့ပါမည်နည်း။

ရှီချန်းယင်မှာလည်း ကြောက်လန့်တုန်လှုပ်သွားခဲ့လေသည်။ ယခင်ကကဲ့သို့ မဆင်မခြင် မပြောရဲတော့ဘဲ ကြောက်ကြောက်လန့်လန့်ဖြင့် ဂုဏ်ပြုစကားဆိုလိုက်လေ၏။ “ဒီတော့ နန်းတော်သခင်ချိုက ဧကရာဇ်အဆင့်ကို ရောက်နေပြီကိုး… နန်းတော်သခင်ချိုအတွက် ဒီရှီဂုဏ်ပြုပါတယ်…”

ရွမ်ဟုန်ပိုနှင့် မူကွမ်းတို့ကလည်း ပြိုင်တူပြောလိုက်လေသည်။ “ဧကရာဇ်အဆင့်သို့ အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့တဲ့အတွက် နန်းတော်သခင်ချိုကို ဂုဏ်ပြုပါတယ်…”

ချိုကျဲသည် အသံအကျယ်ကြီး အော်ရယ်မောလိုက်လေသည်။ နားပင်းမတတ် ကျယ်လောင်လှသော သူ့အော်ရယ်မောသံမှာ လူတိုင်း၏ကျောရိုးတစ်လျှောက်ကို စိမ့်တက်သွားစေခဲ့လေသည်။

တောင်လိုဏ်ဂူထဲ၌ ရန်ကိုင်သည် သူ့ရှေ့ရှိ ဘဲဥပုံစံကျောက်တုံးကို သေသေချာချာ စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင် ချေမွပစ်လိုက်သော အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့် အရင်းအမြစ်ကျောက်များမှာ မိုးမြေစွမ်းအင်များနှင့်တကွ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရှိနေသော မိုးမြေစွမ်းအင်များကိုပါ အရူးအမူး စုပ်ယူပြီးသည့်နောက်တွင် ကျောက်တုံးမျက်နှာပြင်ပေါ်ရှိ အနီရောင်မှာ ပိုပို၍ တောက်ပလာခဲ့လေသည်။ တစ်ချိန်တည်းမှာပဲ လျို့ယန်၏အရှိန်အဝါမှာလည်း ပိုပို၍ သိသာထင်ရှားလာခဲ့လေသည်။

ယခုဆိုလျှင် ရက်အနည်းငယ်ခန့် ကြာသွားခဲ့လေပြီ။ ယခုမှသာလျှင် ဤကိစ္စသည် သူထင်ထားသကဲ့သို့ ဟုတ်မနေမှန်း ရန်ကိုင် သဘောပေါက်သွားတော့သည်။

လျို့ယန် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်း မဟုတ်ချေ။ လျို့ယန်သည်လည်း ထူးဆန်းသောကျောက်တုံး၏ စုပ်ယူခြင်းခံလိုက်ရသော်ငြား သူမသည် ကျောက်တုံးထဲတွင် အေးချမ်းစွာ အိပ်စက်နေခြင်း ဖြစ်ပေသည်။ သူမထုတ်လွှတ်နေသည့် အရှိန်အဝါထဲတွင် ဝမ်းသာအားရဖြစ်နေသည့် အရိပ်အယောင်အချို့ကိုပင်လျှင် ရန်ကိုင်ခံစားနေမိသည်။

(ဒါဆိုရင် ရီချုန်းပြောတာ အမှန်ပဲပေါ့… ဒီမှာ တကယ်ကြီး အခွင့်အလမ်းတစ်ခု ရှိနေတာပဲ… ဒါပေမဲ့ အဲ့အခွင့်အလမ်းက လျို့ယန်အတွက်လား…)

အခွင့်အလမ်းဟူသော စကားကိုပြောစဉ်က ရီချုန်းမှ လျို့ယန်အား စိုက်ကြည့်နေသည်ကို ပြန်စဉ်းစားမိလိုက်သော် အခွင့်အရေးဆိုသည့်အရာမှာ လျို့ယန်အတွက်သာ ဖြစ်လိမ့်မည်ဟု ရန်ကိုင် ပို၍ ယုံကြည်သွားတော့လေသည်။

သို့သော်ငြား ရီချုံးပြောသည့် အခွင့်အရေးမှာ မည်ကဲ့သို့သော အခွင့်အရေးမျိုးမှန်း မသိသဖြင့် ရန်ကိုင်လည်း စိတ်ရှည်ရှည်ဖြင့်သာ ဆက်လက်စောင့်ကြည့်နေခဲ့ရလေသည်။

တစ်ရက်ကြာပြီးသည့်နောက်တွင် လိုဏ်ဂူထဲရှိ မိုးမြေစွမ်းအင်မှာ အလွန်တရာကိုမှ ပါးလျသွားတော့လေသည်။ ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်မှာလည်း အလွန်တရာကိုမှ သိပ်သည်းသော်ငြား ထူးဆန်းသောကျောက်တုံးသည် ယခုအချိန်အထိ ကျေနပ်သေးသည့်ပုံမပေါ်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် နောက်ထပ် အရင်းအမြစ်ကျောက်တစ်သန်းကို ထုတ်ယူ၍ ချေမွပစ်ပေးလိုက်လေသည်။

ထိုအခိုက်အတန့်တွင် ကျောက်တုံးတစ်ခုလုံးသည် ယခုလေးတင်မှ ချော်ရည်ကန်ထဲမှ ဆယ်ယူလာသည့်အလား လုံးဝကို နီရဲတောက်လာခဲ့သည်။ လိုဏ်ဂူတစ်ခုလုံးဟာလည်း အလွန်ကိုမှ ခြစ်ခြစ်တောက်ပူလောင်လာလေရာ လိုဏ်ဂူနံရံများပင်လျှင် စတင်၍ အရည်ပျော်ကျ လာရတော့သည်။

ထိုအချိန်အတောအတွင်း လျို့ယန်၏ အရှိန်အဝါမှာလည်း ပိုပို၍ ကြည်လင်ပြတ်သားလာခဲ့လေသည်။ သို့သော်ငြား ရန်ကိုင့်အား အံ့အားသင့်သွားစေသည့် အရာမှာ ပိုမိုအားကောင်းလာသည့် လျို့ယန်၏ အရှိန်အဝါမဟုတ်ဘဲ လျို့ယန်၏အရှိန်အဝါဆီမှ ခံစားနေရသည့် ထူးဆန်းသော ခံစားချက်တစ်ခုပင် ဖြစ်လေသည်။

ထိုကဲ့သို့ ခံစားမိလိုက်သည့်နောက်တွင် ရန်ကိုင် တစ်ခုခုအားစဉ်းစားမိသွားခဲ့ပြီး အလန့်တကြား ထအော်လေသည်။ “ဒီကျောက်တုံးက ဥတစ်လုံးလား…”

အစောပိုင်းက လျို့ယန်အား ကယ်ဆယ်ရေးတွင်သာ အာရုံစိုက်နေသဖြင့် ထိုအချက်ကို သေသေချာချာ မစဉ်းစားမိခဲ့ချေ။ ယခု ထူးဆန်းသောကျောက်တုံးအား သေသေချာချာ ကြည့်လိုက်သည့်အခါမှ ကျောက်တုံးပုံစံသည် ဥတစ်လုံးနှင့် ဆင်တူနေကြောင်း တွေ့လိုက်ရလေသည်။

ထိုကဲ့သို့စဉ်းစားမိလိုက်သည့်နောက်တွင် သူ၏ရှောင်ရှောင်နှင့် ကျောက်တုံးကိုယ်ပွားသည်လည်း အနက်ရောင်ကျောက်တုံးဥဆီမှ အသီးသီးပေါက်လာခဲ့ကြောင်းကို ရန်ကိုင် ရုတ်တရက် ပြန်အမှတ်ရသွားခဲ့သည်။ ထိုနည်းလမ်းသည် ကျောက်တုံးရုပ်သေးရုပ်များ မွေးဖွားသည့် အထူးနည်းလမ်းတစ်ခု ဖြစ်ပေသည်။ လျို့ယန်သည်လည်း သူတို့နည်းတူပင် ဤထူးဆန်းသော ကျောက်တုံးမှ ပေါက်လာမည်လား။

ဤထူးဆန်းသောကျောက်တုံးသည် ရန်ကိုင်ရခဲ့ဖူးသည့် အနက်ရောင်ကျောက်တုံးနှစ်တုံးနှင့် မတူညီချေ။ ထို့ကြောင့် ဤကျောက်တုံးကို ကျောက်တုံးရုပ်သေးရုပ် မျိုးနွယ်စုမှ ထုတ်လုပ်ထားခြင်း မဟုတ်မှန်း ရန်ကိုင်ပြောနိုင်သည်။ သို့သော်ငြား ဤကျောက်တုံး မည်သို့သော ကျောက်တုံးမျိုး ဖြစ်သလဲဆိုသည်ကိုတော့ သူမပြောနိုင်ချေ။ သို့ရာတွင် ထိုကဲ့သို့ စဉ်းစားမိလိုက်ပြီးသည့်နောက် ရန်ကိုင် စိတ်လှုပ်ရှားလာမိခဲ့လေ၏။

သူ့အထင်သာ မှန်ကန်မည်ဆိုလျှင် ဤကျောက်တုံးထဲမှ ပြန်လည်ထွက်ပေါ်လာပြီးသည့်နောက်တွင် လျို့ယန်သည် လုံးဝကို ပြောင်းလဲသွားပေလိမ့်မည်။ မည်ကဲ့သို့ ပြောင်းလဲသွားမလဲဆိုသည်ကိုတော့ သူလည်း မသိသေးချေ။

ဤသည်မှာ လျို့ယန်အတွက် အဖိုးမဖြတ်နိုင်သည့် အခွင့်အလမ်းတစ်ခု ဖြစ်လေ၏။

ဤသို့ဖြင့် နောက်ထပ်နှစ်ရက် ကုန်ဆုံးသွားခဲ့လေသည်။

ထူးဆန်းသော ကျောက်တုံးမှ မိုးမြေစွမ်းအင်များကို စုပ်ယူနေသည့် အမြန်နှုန်းမှာ သိသိသာသာကို လျော့ကျလာခဲ့လေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအမြန်နှုန်းမှာ ပိုပို၍ လျော့ကျလာနေခဲ့လေ၏။ ကျောက်တုံးသည် မိုးမြေစွမ်းအင်အလုံအလောက်ကို စုပ်ယူပြီးသွားပြီမှန်း ရန်ကိုင် သဘောပေါက်လိုက်လေသည်။ လျို့ယန် ဘာဖြစ်သွားမလဲဆိုသည်ကို အနှေးနဲ့အမြန် သိရတော့ပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် အသက်ပင် ရဲရဲမရှူဝံ့ဘဲ ကျောက်တုံးကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့လေသည်။

နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ကျောက်တုံးဆီမှ အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်း ကျောက်တုံးဆီသို့ လှမ်းကြည့်လိုက်ရာ ကျောက်တုံးမျက်နှာပြင်ပေါ်တွင် အက်ရာလေးတစ်ခု ဖြစ်ပေါ်နေကြောင်းကို တွေ့လိုက်ရလေ၏။

“ခရက် ခရက်…”

အက်ရာတစ်ခု စတင်ထွက်ပေါ်လာပြီးသည့်နောက်တွင် နောက်ထပ်အက်ရာများ အစီအရီ ထွက်ပေါ်လာခဲ့လေသည်။ မကြာမီတွင် ကျောက်တုံးမျက်နှာပြင်တစ်ခုလုံး ပင့်ကူအိမ်ကဲ့သို့ အက်ရာများဖြင့် ပြည့်နှက်သွားတော့လေ၏။

ရန်ကိုင်သည် ကျောက်တုံးအား အပြည့်အဝ အာရုံစိုက်ထားခဲ့လေသည်။ ကျောက်တုံးနားသို့ ပို၍ပင် တိုးကပ်သွားခဲ့လေ၏။ လျို့ယန် တစ်ခုခု လိုအပ်သည်နှင့် အချိန်မရွေးကူညီနိုင်ရန်လည်း ပြင်ဆင်ထားသေး၏။

“ခွမ်း…”

ထိုအသံနှင့်အတူ ထူးဆန်းသောကျောက်တုံးမှာ ရုတ်တရက် နှစ်ပိုင်းကွဲထွက်သွားခဲ့လေသည်။

ကျောက်တုံးနှစ်ပိုင်းကွဲထွက်သွားသည်ကို မြင်သော် ရန်ကိုင် အတော်လေး ထိတ်လန့်သွားခဲ့၏။ လျို့ယန် တစ်ခုခု ဖြစ်သွားပြီဟု ထင်လိုက်မိသော်ငြား ကျောက်တုံးနေရာတွင် ရှိနေသော အနီရင့်ရောင်အလင်းကို မြင်သည့်အခါမှသာ စိတ်သက်သာရာရသွားနိုင်ခဲ့သည်။

ထိုအလင်းဆီမှ လျို့ယန်၏အရှိန်အဝါကို ခံစားနေမိပေသည်။

ထိုအလင်းဆီမှ ထွက်ပေါ်နေသည့် အရောင်အဝါကြောင့် လိုဏ်ဂူတစ်ခုလုံး နီရဲတောက်နေခဲ့လေ၏။ ရန်ကိုင်သည် မျက်လုံးမှေးစင်း၍ သေသေချာချာ စစ်ဆေးကြည့်လိုက်ပါသော်ငြား ထိုအနီရောင်အလင်းဆီမှ မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ချေ။ ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းကြည့်လိုက်သည့်တိုင် ဘာမှမထူးခဲ့။ ထိုအနီရောင်အလင်းသည် ကျောက်တုံး၏စွမ်းရည်ကို အပိုင်ရထားသည့်အလား ရန်ကိုင့်၏ကောင်းကင်စိတ်အာရုံကိုပင်လျှင် ဝါးမျိုနိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ မည်သည့်နည်းနှင့်ပင် ဖြစ်ပါစေ ဘာဆိုဘာမျှ ရှာမတွေ့နိုင်ခဲ့ချေ။

အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်မှသာ အနီရောင်အလင်းမှာ တဖြည်းဖြည်း မှိန်ဖျော့လာခဲ့လေ၏။

ထိုအခါမှသာ ရန်ကိုင်လည်း အနီရောင်အလင်းထဲတွင် ဘာရှိနေသလဲဆိုသည်ကို သေသေချာချာ ကြည့်နိုင်တော့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့လေ၏။ နေ့ခင်းကြောင်တောင် တစ္ဆေသရဲကို မြင်လိုက်ရသည့်အလား ရန်ကိုင်မှာ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။

ယခင်က ထူးဆန်းသောကျောက်တုံး ရှိနေခဲ့သည့်နေရာတွင် မိန်းမငယ်လေးတစ်ဦး ရှိနေခဲ့လေသည်။

ထိုမိန်းမငယ်လေးသည် အသက်ခုနှစ်နှစ် ရှစ်နှစ်ခန့်သာ ရှိပေဦးမည်။ လက်ရှိအချိန်တွင် ကောင်မလေးသည် ခန္ဓာကိုယ်လေးကို ကျုံ့ကျုံ့လေးကွေးလျက် လက်နှစ်ဖက်ကို ခေါင်းအုံးသဖွယ်အသုံးချကာ ငြိမ်သက်စွာ အိပ်စက်နေခဲ့လေသည်။

သူမ၏နှလုံးခုန်သံကိုပင်လျှင် ရန်ကိုင် အတိုင်းသား ကြားနေခဲ့ရလေ၏။

ထိုအချက်လောက်သည် အံ့အားသင့်စရာမကောင်းချေ။ ရန်ကိုင် တကယ်အံ့အားသင့်နေရသည့် အချက်မှာ ထိုကောင်မလေး၏ ခန္ဓာကိုယ်ဆီမှ လျို့ယန်၏ အရှိန်အဝါကို ခံစားမိနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

(ဒါ လျို့ယန်လား…)

ရန်ကိုင် မျက်လုံးကျွတ်ထွက်ခါနီး ဖြစ်နေခဲ့လေ၏။

လျို့ယန် လူအသွင် စယူတည်းက ရန်ကိုင့်ရှေ့တွင် လုံးကြီးပေါက်လှ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော အနီရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် လှပသော မိန်းမချောတစ်ဦးအသွင်ဖြင့်သာ ပေါ်လာလေ့ရှိပေသည်။ သို့သော်ငြား ယနေ့ကိစ္စပြီးသည့်နောက်တွင် လျို့ယန်သည် ဤပုံစံ ပြောင်းလဲသွားခဲ့ရလေ၏။

ရန်ကိုင်မှာ ဤအမှန်တရားကို လက်မခံနိုင် ဖြစ်နေခဲ့လေသည်။

သို့ရာတွင် လက်ရှိ သူ့ရှေ့တွင်ရှိနေသော မိန်းကလေးမှာလည်း လျို့ယန် မဖြစ်နိုင်စရာအကြောင်း မရှိချေ။ အကြောင်းမှာ ထိုမိန်းကလေးဆီမှ လျို့ယန်၏အရှိန်အဝါကို အတိုင်းသား ခံစားနေရသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုမျှသာလျှင်မဟုတ်သေး။ ဤကောင်မလေးသည် လျို့ယန်၏ သင်္ကေတဖြစ်သော မီးနီရောင်ဆံပင်ကိုပါ ပိုင်ဆိုင်ထားသေးသည်။ ပျော့ပျောင်းလှသော အနီရောင်ဆံနွယ်များသည် သူမ၏ခန္ဓာကိုယ်တစ်လျှောက် လျှောကျကာ သေးသွယ်လှသော ခန္ဓာကိုယ်လေးကို ဖုံးအုပ်ပေးထားခဲ့လေသည်။

ယခုအခါမှသာ ထိုကောင်မလေး၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အဝတ်အစားမှ ရှိမနေကြောင်းကို ရန်ကိုင် သတိပြုမိသွားခဲ့သည်။ အနီရောင်ဆံပင်သည် သူမခန္ဓာကိုယ်အား ဖုံးကွယ်ပေးထားသည့် အတွက်ကြောင့် ရန်ကိုင်သည် ထိုအချက်ကို မြင်မြင်ချင်း သတိမထားမိခဲ့ချေ။

ရန်ကိုင် အံ့ဩမင်သက်နေစဉ် မိန်းမငယ်လေး၏ မျက်တောင်မွေးများ လှုပ်ခတ်လှုပ်ခတ် ဖြစ်လာပြီးနောက်တွင် ကောင်မလေးသည် တဖြည်းဖြည်းချင်း မျက်လုံးပွင့်သွားခဲ့လေသည်။ သူမကိုယ်တိုင်သည်လည်း လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဇဝေဇဝါဖြစ်နေသည့် ပုံပင်။ ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် မကြာမီတွင် သူမအား မင်သက်နေသည့် အမူအယာဖြင့် စိုက်ကြည့်နေသော မျက်နှာတစ်ခုကို မြင်လိုက်ရလေသည်။ ထိုအခါမှသာ လှဲနေရာမှ ထထိုင်လိုက်လေ၏။

ထထိုင်လိုက်သည့်နောက်တွင် သူမခန္ဓာကိုယ်အား ဖုံးကွယ်ထားသော ဆံပင်များသည် နောက်သို့ ရောက်သွားသည့်အတွက်ကြောင့် သူမ၏ နှင်းသားပမာ ဖြူဖွေးဆွတ်နေသော ခန္ဓာကိုယ်လေး ထွက်ပေါ်လာရလေသည်။ သို့ရာတွင် ယခုအချိန်ထိတိုင် ကောင်မလေးမှာ‌တော့ ဇဝေဇဝါဖြစ်နေသေးဆဲပင်။

ရန်ကိုင်သည် ချက်ချင်း အကြည့်လွှဲလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားအချို့ကို အလျင်အမြန်ထုတ်ယူကာ ကောင်မလေးဆီသို့ ပစ်ပေးလိုက်လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင်ပစ်ပေးလိုက်သည့် အဝတ်များ မိန်းမငယ်လေး၏ ခေါင်းပေါ်သို့ ရောက်သွားလေ၏။ “သခင်.. ရှင်ဘာတွေလုပ်နေတာလဲ…” ကောင်မလေးမှာ မကျေမနပ်ဖြင့် ရေရွတ်ရင်း သူမခေါင်းပေါ်သို့ ကျလာသော အဝတ်အစားများကို ဆွဲယူလိုက်လေသည်။

သို့ရာတွင် ထိုကဲ့သို့ ပြောပြီးသည့်နောက် ကောင်မလေး၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့လေ၏။

သူမ၏မျက်ခမ်းလေးများ တုန်တုန်ရီရီ ဖြစ်လာခဲ့ပြီးနောက် ချက်ချင်းပဲ သူမရင်ဘတ်အား လက်နှစ်ဖက်ဖြင့် ဖုံးကာလိုက်လေသည်။ ထို့နောက် ရန်ကိုင့်အား ငေးကြောင်ကြောင့်ဖြင့် လှမ်းကြည့်လိုက်လေ၏။

ခဏအကြာတွင် လိုဏ်ဂူအတွင်းထဲမှ သွေးပျက်ခြောက်ခြားစရာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

တစ်နာရီခန့် ကြာပြီးသည့်နောက် ရန်ကိုင်နှင့် မိန်းမငယ်လေးတို့နှစ်ဦးစလုံးမှာ တဖြည်းဖြည်းချင်း တည်ငြိမ်သွားခဲ့လေသည်။ ယခုဆိုလျှင် နှစ်ယောက်သားသည် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြလေ၏။ ရန်ကိုင်၏မျက်နှာမှာ ထူးထူးဆန်းဆန်းကြီးဖြစ်နေချိန် ကောင်မလေးမှာတော့ မျက်ရည်ရွဲလဲ ဖြစ်နေခဲ့လေသည်။

ထိုမိန်းမငယ်လေးမှာ လျို့ယန်သာ ဖြစ်လေသည်။ သူမကိုယ်တိုင်ပင်လျှင် ဘာကြောင့် ဤကဲ့သို့ ဖြစ်သွားရသလဲ ဆိုသည်ကို နားမလည်နိုင်ချေ။

လျို့ယန်သည် ရန်ကိုင်ပေးသော အဝတ်အစားများကို ဝတ်ပြီးသွားခဲ့လေပြီ။ သို့သော်ငြား ထိုအဝတ်အစားများမှာ သူ့ခန္ဓာကိုယ်လေးအတွက် အလွန်ကိုမှ ကြီးနေခဲ့သည်။ လျော့တိလျော့ရဲဖြစ်နေသော အဝတ်အစားများနှင့် သနားစဖွယ် သူမ၏အမူအယာလေးသည် မည်သူ့နှလုံးသားကိုမဆို အရည်ပျော်ကျသွားအောင် လုပ်နိုင်ပေသည်။

ဤကောင်မလေး လျို့ယန်နှင့်တူသည့် အချက်ရှိသော်ငြား သူမ၏လက်ရှိပုံစံသည် လျို့ယန်၏ကလေးပုံစံနှင့်ပင် ပိုဆင်ပေသေးသည်။ သူမ၏နှုတ်ခမ်းဖူးဖူးလေးမှာ ပန်းနုရောင်သမ်းနေပြီး ကျောက်စိမ်းသားသဖွယ် ချောမွေ့နေခဲ့လေသည်။ အသားအရေမှာလည်း နှင်းသားပမာ ဖြူဖွေးနူးညံ့နေပြီး ပါးလေးမှာလည်း ကလေးငယ်လေး၏ ပါးလေးများလို သွားကိုင်ချင်စရာကောင်းလှသည်။

“ကြည့်ရတာမဝသေးဘူးလား…” လျို့ယန်သည် ရန်ကိုင့်အား မ‌ပျော်မရွှင်အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်က ပုခုံးတွန့်လျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “နင့်အခုပုံစံက လုံးဝကြောက်ဖို့မကောင်းဘူးဆိုတာ နင်သိတယ်မလား…”

လျို့ယန် အံကြိတ်လိုက်လေ၏။

ဤကဲ့သို့ ပြောင်းလဲသွားပြီးသည့်နောက်တွင် သူမ၏လေသံပင်လျှင် ကလေးသံ ဖြစ်သွားခဲ့လေသည်။ ယခင်ကကဲ့သို့ လူကြီးသံမဟုတ်တော့ဘဲ လက်ရှိ သူမ၏အသံမှာ ချစ်စဖွယ်ကောင်းနေခဲ့လေသည်။

“ကောင်းပြီ ကောင်းပြီ…” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်ပြီးနောက် အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “နင်အခုလို ပြောင်းလဲသွားပြီးတဲ့နောက်ပိုင်း နေရထိုင်ရတာ အဆင်မပြေတာမျိုး ရှိလား…”

“ဘာမှမရှိဘူး… ဒီခန္ဓာကိုယ်နဲ့ သိပ်အသားမကျသေးတာမျိုးပဲ ရှိတယ်…” လျို့ယန်က ပြန်ပြောလိုက်လေသည်။

“အရင်ပုံစံကိုရော ပြန်ပြောင်းလို့ရသေးလား… ရန်ကိုင်က‌ မေးလိုက်၏။

လျို့ယန်က ပြန်ပြောလိုက်သည်။ “ရှင် သတိမထားမိလို့ သခင်… အခု ကျွန်မမှာ ကိုယ်ပိုင်ခန္ဓာကိုယ် ရှိနေပြီ…”

“ဘယ်လို…” ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ သို့ရာတွင် သူ့ကောင်းကင်စိတ်အာရုံမှာ လျို့ယန်၏ ခန္ဓာကိုယ်ကို သွားထိမိလိုက်သည်နှင့် တစ်ပြိုင်နက် ဝါးမျိုခြင်း ခံလိုက်ရလေသည်။ ယခုအခြေအနေနှင့် ယခင်အခြေအနေ အတူတူသာဖြစ်လေသည်။ သူ့ကောင်းကင်စိတ်အာရုံဖြင့် မည်သို့ပင် စစ်ဆေးနေစေကာမူ လျို့ယန်၏ခန္ဓာကိုယ်ကို သွားထိလိုက်မိသည်နှင့်တစ်ပြိုင်နက် သူ့ကောင်းကင်စိတ်အာရုံမှာ ဝါးမျိုခြင်း ခံလိုက်ရလေသည်။

လျို့ယန်ပြောသည်ကို ကြားပြီးသည့်အခါမှသာ ရန်ကိုင်လည်း သေချာအနီးကပ် စစ်ဆေးကြည့်ရတော့လေသည်။ သို့ရာတွင် ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင်သည့် အတွက်ကြောင့် သူ့လက်များကိုသာ သုံးရတော့လေမည်။

ထိုသို့စဉ်းစားမိပြီးသည့်နောက်တွင် ရန်ကိုင်သည် ချက်ချင်းပဲ လျို့ယန်၏ပါးကို သွားဖျစ်ကြည့်လိုက်လေသည်။

ထိုသို့ဖျစ်ကြည့်လိုက်ပြီးသည့်နောက် လျို့ယန်ပြောသည်မှာ အမှန်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

လျို့ယန်တွင် ကိုယ်ပိုင်ခန္ဓာကိုယ်တစ်ခု ရှိနေခဲ့လေပြီ။ သူမ၏ပါးကို ဖျစ်ညှစ်ကြည့်ရာမှ ခံစားရသည့် ခံစားချက်သည် စွမ်းအင်တစ်ခုခုကို သွားရောက်ထိတွေ့ရသည့် ခံစားချက်မျိုးနှင့်မတူ။ တကယ့်အသားတစ်ခုခုကို သွားရောက်ထိတွေ့ရသည့် ခံစားချက်မျိုးနှင့်သာ တူပေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ လျို့ယန်၏မျက်နှာများမှာ အစစ်အမှန်လူတစ်ဦး၏ မျက်နှာကဲ့သို့ပင် အလွန်ကိုမှ အိစက်လှသည်။ ထို့အတွက်‌ကြောင့် ရန်ကိုင်မှာ မနေနိုင်ဘဲ တစ်ကြိမ်နှစ်ကြိမ်လောက် ပို၍ ဖျစ်ညှစ်ကြည့်လိုက်မိသည်။

လျို့ယန်သည် သူမမျက်နှာအား လာရောက်ဖျစ်ညှစ်နေသော ရန်ကိုင့်လက်ကို ရွံရှာစက်ဆုပ်ဟန်ဖြင့် ရိုက်ချလျက် “စွတ်ညှစ်မနေနဲ့ နာတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် နှုတ်ခမ်းလေးစူကာ သူမပါးကို ထိုင်ပွတ်နေလိုက်လေသည်။

“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ…” ရန်ကိုင် မျက်မှောင်ကျုံ့နေခဲ့လေသည်။ လျို့ယန်သည် လူအသွင်ယူထားသည့် မှော်ရတနာစိတ်ဝိဉာဉ်တစ်ခုသာ ဖြစ်လေသည်။ သူမသည် စွမ်းအင်သက်သက်ဖြင့်သာ ဖွဲ့စည်းထားသော သက်ရှိတစ်ဦး ဖြစ်သည့်အလျောက် သူမတွင် ကိုယ်ပိုင်ရုပ်ခန္ဓာ မရှိသင့်ပေ။ လျို့ယန်ကဲ့သို့သော သက်ရှိမျိုးအတွက် ရုပ်ခန္ဓာဖန်တီးပေးနိုင်သည့် ခန္ဓာဖြစ်တည်ဆေးလုံးတော့ ရှိပေသည်။ သို့သော်ငြား ထိုခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်နိုင်ရန်အတွက် ခန္ဓာဖြစ်တည်အသီးကို လိုအပ်ပေသေးသည်။ ထိုအသီးမှာ ကြားထားရသလောက်တော့ မျိုးတုန်းပျောက်ကွယ် သွားခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၃၈)

လျို့ယန်သည် ထူးဆန်းသောကျောက်တုံး၏ ဝါးမျိုခြင်း ခံလိုက်ရလေသည်။ ထိုကဲ့သို့ ဝါးမျိုခံလိုက်ရပြီးနောက် ပြန်ထွက်လာသည့်နောက်ပိုင်းတွင် သူမ၌ ကိုယ်ပိုင်ခန္ဓာကိုယ် ရှိလာခဲ့လေသည်။

ထိုကိစ္စကို ရန်ကိုင် မည်သို့ပင်စဉ်းစားနေစေကာမူ လုံးဝမယုံကြည်နိုင်ခဲ့ပေ။

ထိုထူးဆန်းသောကျောက်တုံးတွင် ခန္ဓာဖြစ်တည်အသီးကဲ့သို့ အစွမ်းအာနိသင်တစ်မျိုးမျိုး ရှိနေသလား။

လျို့ယန်က မျက်မှောင်ကျုံ့လျက် “အခုအခြေအနေကို ကျွန်မ နည်းနည်းနားလည်သွားပြီလို့ ထင်တာပဲ… ဘာလို့လဲတော့ မပြောတတ်ဘူး… ဒါပေမဲ့ ဒီခန္ဓာကိုယ်က ရုပ်သေးရုပ်တစ်ရုပ်နဲ့ နည်းနည်းဆင်တယ်လို့ ခံစားနေရတယ်…”

“ရုပ်သေးရုပ်တစ်ရုပ်…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။

လျို့ယန်က အသာအယာခေါင်းညိတ်လျက် “ဟုတ်တယ်… ကျွန်မရဲ့ခန္ဓာကိုယ်ထဲမှာ အစီအရင်ကွက်တွေ သန့်စင်ထားတဲ့ အရိပ်အယောင်တွေ အများကြီးရှိနေတယ်… အဲ့သန့်စင်ထားတဲ့ အရိပ်အယောင်တွေက လုံးဝကို သဘာဝအတိုင်းပဲ… ပြီးတော့ သန့်စင်ထားတာ တော်တော်ကြာနေတဲ့ပုံပဲ… ကြည့်ရတာ အဲ့ဒါတွေကို ပညာရှင်ကြီးတစ်ဦးက သန့်စင်ခဲ့တာနဲ့တူတယ်…”

ရန်ကိုင်စိတ်ဝင်စားသွားခဲ့လေသည်။ တစ်ခုခုအား သတိရသွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေ၏။ “စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်လား…”

ဟွာချင်းစီမှ ရွက်တစ်ထောင်ဂိုဏ်း၏ ရုပ်သေးရုပ်များအပေါ် အဆင့်ခွဲခြားသတ်မှတ်ပုံကို ရန်ကိုင် သိခဲ့ရသည်။ ရွက်တစ်ထောင်ဂိုဏ်း၌ မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့် ရုပ်သေးရုပ်များအပြင် ထို့ထက် ပို၍အဆင့်မြင့်သည့် စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်များလည်း ရှိကြောင်းကို ကြားသိခဲ့ရသည်။ ထိုစိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်များတွင် ကိုယ်ပိုင်အသိဉာဏ်ရှိပြီး ကိုယ့်ဘာသာကိုယ် ကျင့်ကြံနိုင်ကြလေသည်။ သို့သော်ငြား ရွက်တစ်ထောင်ဂိုဏ်း အထွဋ်အထိပ်အခြေအနေတွင် ရှိစဉ်ကပင်လျှင် သူတို့၌ စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ် များများစားစား မရှိခဲ့ချေ။ သူတို့နိမ့်ကျလာပြီးသည့်နောက်ပိုင်း ထိုစိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်များ မည်သည့်နေရာသို့ ရောက်သွားကြသလဲ ဆိုသည်ကို မည်သူမှ မသိကြတော့ပေ။

ထိုစကားကိုကြားကြားချင်း ရန်ကိုင်သည် သိပ်မယုံချင်ခဲ့သော်ငြား လက်ရှိ လျို့ယန်၏အခြေအနေကို မြင်ပြီးသည့်နောက် စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်များကို ရန်ကိုင် စတင်ယုံကြည်ချင်လာခဲ့လေသည်။

ဤထူးဆန်းသောကျောက်တုံးသည် သဘာဝအတိုင်း ဖြစ်လာခြင်းမဟုတ်ဘဲ ရွက်တစ်ထောင်ဂိုဏ်း၏ ပညာရှင်ကြီးတစ်ဦးမှ ဖန်တီးခဲ့ခြင်းသာ ဖြစ်ရပေလိမ့်မည်။ ဤထူးဆန်းသောကျောက်တုံးသည် စိတ်ဝိဉာဉ်ရုပ်သေးရုပ်များကို ဖန်တီးရန်အတွက် အဓိကပစ္စည်းတစ်ခု ဖြစ်လောက်ပေသည်။ လျို့ယန်၏ဝိဉာဉ်သည် ထိုထဲသို့ ဝင်ရောက်သွားပြီးသည့်နောက်တွင် ယခုကဲ့သို့ ပြောင်းလဲသွားခဲ့လေသည်။

ထိုအချင်းအရာကိုကြည့်ရသလောက် စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်များသည် အသိဉာဏ်ဖြင့် မွေးဖွားလာခြင်းမဟုတ်။ ထို့အစား အခြားသော သက်ရှိတစ်ဦး၏ ဝိဉာဉ်ဖြင့် ပေါင်းစပ်ခြင်းမှ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာခြင်း ဖြစ်ရပေလိမ့်မည်။

ထိုအချက်ကို စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင် နားလည်သွားခဲ့လေ၏။ ယခုဆိုလျှင် သူ့ခန့်မှန်းချက်များ မှန်ကန်ကြောင်း ပို၍ပင် ယုံကြည်လာခဲ့လေသည်။

အခွင့်အလမ်းဟူသော စကားကို ပြောနေစဉ် ရီချုန်းသည် လျို့ယန်အား စိုက်ကြည့်နေခဲ့သည်မှာ အထူးအဆန်းမဟုတ်တော့ချေ။

ရီချုန်းကဲ့သို့သော လူတစ်ဦးအနေဖြင့် လျို့ယန်သည် လူအသွင်ယူထားသည့် မှော်ရတနာစိတ်ဝိဉာဉ်တစ်ခုသာ ဖြစ်ကြောင်းကို မမြင်နိုင်စရာအကြောင်း မရှိချေ။ ထို့အတွက်ကြောင့် လိုဏ်ဂူထဲတွင် ထားထားသော ထူးဆန်းသောကျောက်တုံးသည် လျို့ယန်၏ခန္ဓာကိုယ် ဖြစ်နိုင်လာရန်အတွက် အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။

ထိုသို့သာဆိုပါက ရီချုန်းသည်သာ လျို့ယန်အား မမြင်ခဲ့လျှင် အခွင့်အရေးဟူသော စကားကိုလည်း ပြောခဲ့လိမ့်မည်မဟုတ်ချေ။ လျို့ယန်ကို တွေ့လိုက်သည့်အတွက်ကြောင့် ရန်ကိုင့်အတွက် အခွင့်အရေးတစ်ခုရှိသည်ဟု ပြောခဲ့ခြင်းဖြစ်ပေသည်။

သို့သော်ငြား ထိုအခွင့်အလမ်းမှာ ဘာြဖစ်သလဲဆိုသည်ကို သေသေချာချာ ရှင်းမပြခဲ့ပေ။ သူ့စိတ်ထဲ အနည်းငယ် တုံ့ဆိုင်းနေသည်မှာလည်း ဖြစ်နိုင်ပေသည်။ ထိုထူးဆန်းသော ကျောက်တုံးသည် သူတို့ရွက်တစ်ထောင်ဂိုဏ်းတွင် နောက်ဆုံးကျန်ရစ်သည့် စိတ်ဝိဉာဉ်ရုပ်သေးရုပ်တစ်ရုပ်ကို ဖန်တီးရန်အတွက် လိုအပ်သည့် ပစ္စည်းတစ်ခု ဖြစ်ပေသည်။ နောက်နောင်တွင် ထိုကဲ့သို့သော အရာမျိုးကို မည်သူမှ မဖန်တီးနိုင်လောက်တော့ချေ။ ထို့အတွက်ကြောင့် ဤအရာကို ရွက်တစ်ထောင်ဂိုဏ်း၏ မျိုးဆက်များအတွက် ချန်ထားရစ်လိုခြင်းလည်း ဖြစ်နိုင်လောက်သည်။

(အဲ့လူက တော်တော်ကို သံယောဇဉ်ကြီးတာပဲ… ဒါပေမဲ့ ဒီလိုကျောက်တုံးမျိုးက သုံးမဲ့လူမရှိရင် ဘာမှအသုံးမဝင်တဲ့ အမှိုက်တစ်ခုပဲ ဖြစ်နေမှာ…) ရန်ကိုင်က သူ့စိတ်ထဲ ကြိတ်၍ ပြောလိုက်လေသည်။

သို့သော်ငြား မကြာမီတွင် ထိုအတွေးများကို ဘေးဖယ်ထားလိုက်တော့သည်။ မည်သို့ပင် ဖြစ်နေစေကာမူ လျို့ယန်၌ ကိုယ်ပိုင်ခန္ဓာကိုယ်တစ်ခု ရှိလာသည်မှာ ငြင်း၍မရသည့် အမှန်တရားတစ်ခု ဖြစ်ပေသည်။ သူမ၏လက်ရှိခန္ဓာကိုယ်သည် အနည်းငယ် ထူးထူးဆန်းဆန်း ဖြစ်နေသော်ငြား ယခင် လူအသွင်ယူထားသည့် ပုံစံနှင့် ယှဉ်လိုက်သော် အများကြီး ပိုကောင်းသည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ကိုယ်ပိုင်ခန္ဓာကိုယ်တစ်ခု ရှိခြင်းနှင့် မရှိခြင်းမှာ လုံးဝကို ကွဲပြားခြားနားသည့် အရာနှစ်ခု ဖြစ်ပေသည်။

လျို့ယန်ကိုယ်တိုင်သည်လည်း ဝမ်းသာအားရ ဖြစ်နေခဲ့လေသည်။ ခန္ဓာကိုယ်သေးသေးလေးကြောင့် နောင်အနာဂတ်တွင် သူမကြုံတွေ့ရမည့် အခက်အခဲများကို ဂရုစိုက်မနေတော့ဘဲ လက်ရှိပစ္စုပ္ပန်တွင်သာ အပြည့်အဝ ပျော်ပစ်ရန် ဆုံးဖြတ်ထားလိုက်သည့်ပုံပင်။ သူမလက်ကလေးနှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လျက် လက်နှစ်ဖက်ကို အထက်အောက်လှန်ရင်း ပြုံးကာ စစ်ဆေးကြည့်နေလေသည်။

“နင့်ဝိဉာဉ်နဲ့ ဒီခန္ဓာကိုယ်ပေါင်းစပ်တာ ဘယ်လိုအခြေအနေရှိလဲ… အဆင်မပြေတာမျိုးရှိလား…” ရန်ကိုင်က မေးလိုက်လေသည်။

ဤစိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်သည် လျို့ယန်၏‌ မွေးရာပါခန္ဓာကိုယ်တစ်ခု မဟုတ်သည့်အတွက်ကြောင့် ဤခန္ဓာကိုယ်နှင့် သူမ၏ဝိဉာဉ်ပေါင်းစပ်သည်မှာ လုံးဝ ပြီးပြည့်စုံနေလိမ့်မည်မဟုတ်ချေ။ ထိုသို့ ပြီးပြည့်စုံနေခြင်း မရှိပါက နောင်အနာဂတ်တွင် အလွန်ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရနိုင်ပေသည်။ ယခု လျို့ယန်ဖြစ်သွားသည့်ပုံစံသည် အခြားလူတစ်ဦး၏ ခန္ဓာကိုယ်ကို ဝင်စီးသည့် ပုံစံမျိုးနှင့်တူပေသည်။ ဝိဉာဉ်တစ်ခုမှ အခြားလူတစ်ဦး၏ ခန္ဓာကိုယ်ကို ဝင်စီးသည့်အခါ ထိုဝိဉာဉ်နှင့် ခန္ဓာကိုယ်သည် သဟဇာတ မဖြစ်သည့်အတွက်ကြောင့် အောင်မြင်နိုင်ချေ အလွန်နည်းပေသည်။

အားကောင်းသည့် ဝိဉာဉ်တစ်ခုသည်သာ ကျင့်ကြံသူတစ်ဦးအား ဝင်စီးချင်သည်ဆိုပါက သူတို့၏ ဝိဉာဉ်နှင့် လိုက်ဖက်မည့် ခန္ဓာကိုယ်တစ်ခုကို ရှာရပေလိမ့်မည်။ ထိုသို့ဆိုလျှင်ပင် အမြဲတမ်းအောင်မြင်နိုင်သည်တော့ မဟုတ်။ အနည်းငယ်လေးသော ချွတ်ချော်မှုသည် အရာအားလုံးကို ပျက်စီးသွားစေနိုင်ပေသည်။

ထိုစကားကိုကြားသော် လျို့ယန်က ခေါင်းခါလျက် “ဘာပြဿနာမှမရှိဘူး…ကျွန်မကိုယ်ကျွန်မ မွေးဖွားလာသလို ခံစားလိုက်ရတယ်… မသိရင် ဒီခန္ဓာကိုယ်က ကျွန်မအတွက် လုံးဝ အဆင်သင့်လုပ်ပေးထားတဲ့အတိုင်းပဲ…”

(အဲ့လိုလား…) လျို့ယန် ထူးဆန်းသောကျောက်တုံးထဲမှ ထွက်လာပြီး ဘဝသစ်တစ်ခု ရလိုက်သည်ကို ရန်ကိုင်သည် ကိုယ်တိုင်မြင်တွေ့ခဲ့ရလေသည်။ သို့သော်ငြား လျို့ယန်ပြောသည်ကို ကြားပြီးသည့်နောက် သူ့စိတ်ထဲ ပို၍ သေချာသွားခဲ့လေသည်။

ဤခန္ဓာကိုယ်သည် လျို့ယန်၏ဝိဉာဉ်နှင့် အပြည့်အဝ ပေါင်းစပ်မနေမည်ကို သူစိုးရိမ်နေခြင်း ဖြစ်လေသည်။ သို့သော်ငြား ယခုကြည့်ရသလောက် ဤထူးဆန်းသောကျောက်တုံးကို ဖန်တီးခဲ့စဉ်က ထိုစဉ်က ပညာရှင်ကြီးသည် ဤပြဿနာများကိုလည်း သေချာစဉ်းစားခဲ့လောက်ပေသည်။ ထို့အတွက်ကြောင့် ကျောက်တုံးကို ဖန်တီးစဉ်ကတည်းက ထိုပြဿနာများ ဖြစ်မလာအောင် သေချာ စီစဉ်ထားခဲ့ပြီး ဖြစ်လောက်၏။

ထို့ကြောင့်သာ မဟုတ်လျှင် သူတို့အနေဖြင့် လူသားပုံစံရုပ်သေးရုပ်တစ်ရုပ် ဖန်တီးကာ ဝိဉာဉ်တစ်ခုအား ထိုထဲသို့ မည်သို့များ အတင်းအကြပ် ထည့်သွင်းနိုင်ပါမည်နည်း။

“ဟဲ ဟဲ… အခုကစပြီး ငါ့မှာ ကိုယ်ပိုင် ကလေးဘဝမှာ ရှိတော့မယ်…” လျို့ယန် ပြုံးဖြီးနေခဲ့လေသည်။

“သတိထားဦး… အခု နင့်အခြေအနေက သူများတွေနဲ့ သိပ်တူတာမဟုတ်ဘူး… နင့်မှာ ကိုယ်ပိုင်ကလေးဘဝ ရှိမယ်ဆိုပေမဲ့ နင့်တစ်ဘဝလုံးကို ဒီကလေးဘဝနဲ့ပဲ ကုန်ဆုံးသွားရင် ကုန်ဆုံးသွားရမှာ…” ရန်ကိုင်က သူမပေါ် ရေအေးလောင်းချပေးလိုက်လေသည်။

ထိုစကားကိုကြားသော် လျို့ယန်၏မျက်နှာ တမုဟုတ်ချည်း မဲမှောင်သွားခဲ့လေ၏။ ခဏမျှ စဉ်းစားပြီးသည့်နောက် ခေါင်းညိတ်လိုက်လေ၏။ “အဲ့ဒါဆိုလည်း လက်ခံရုံပဲပေါ့…”

တစ်ရက်ကြာအောင် စမ်းသပ်နေပြီးသည့်နောက်တွင် စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်၏စွမ်းအားကို ရန်ကိုင် သိသွားခဲ့ရလေသည်။ လက်ရှိ လျို့ယန်သည် သူမဘာသာသူမ ကျင့်ကြံ၍ သူမ၏ခွန်အားကို မြှင့်တင်နိုင်ပေသည်။ ယခင်ကသာဆိုလျှင် ဤကဲ့သို့မဟုတ်။

ယခင်က လျို့ယန်သည် လူအသွင်သာ ယူနိုင်ပြီး သူမ၏ခွန်အားကို တိုးတက်စေရန်အတွက် မီးဓာတ် အဖိုးတန်မှော်ရတနာများကို ဝါးမျိုရသည်။ လျို့ယန်သည် သူမကိုယ်သူမ တိုးတက်စေရန်အတွက် ရန်ကိုင်ရရှိထားခဲ့သော နေမီးလျှံအမြုတေကို အသုံးပြုနေခြင်း ဖြစ်ပေသည်။ သူမစုပ်ယူနေသည့်အတွက်ကြောင့် ယခုဆိုလျှင် နေမီးလျှံအမြုတေ၏စွမ်းအားမှာ တစ်ဝက်ခန့် ကုန်သွားခဲ့လေပြီ။

သို့သော်ငြား ယခုမူ ထိုကိစ္စကို စိတ်ပူနေစရာ မလိုတော့ချေ။ လျို့ယန်သည် အခြားသောကျင့်ကြံသူများကဲ့သို့ပင် မိုးမြေစွမ်းအင်ကို စုပ်ယူ၍ သူမကိုယ်သူမ ပိုမိုတိုးတက်လာအောင် လုပ်နိုင်ပေပြီ။

ထိုမျှသာလျှင်မဟုတ်သေးဘဲ လက်ရှိလျို့ယန်သည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်နေခဲ့လေသည်။ ဆိုလိုသည်မှာ သူမအား သင့်တော်သည့် ကျင့်စဉ်တစ်ခုသာ ပေးလိုက်သရွေ့ သူမအနေဖြင့် ထိုကျင့်စဉ်အတိုင်း ကျင့်ကြံကာ သာမန်လူတစ်ဦးကဲ့သို့ အားကောင်းလာနိုင်ပေလိမ့်မည်။ တစ်နေ့နေ့တွင် သူမအနေဖြင့် ဧကရာဇ်အဆင့်သို့ပင် ချိုးဖြတ်ကောင်း ချိုးဖြတ်ဝင်ရောက်သွားနိုင်ပေသည်။

လက်ရှိလျို့ယန်သည် လုံးဝကို သီးခြားဖြစ်တည်မှုတစ်ခု ဖြစ်သွားခဲ့လေပြီ။ သူမအား ထူးဆန်းသည့်ကျောက်တုံးမှ ဝါးမျိုလိုက်သည့်အချိန်မှစ၍ သူမနှင့် ရန်ကိုင့်ကြားရှိ ဆက်သွယ်မှုမှာ ပြတ်တောက်သွားခဲ့ရလေတော့သည်။

လျို့ယန်သည် အမှန်တကယ်ကို ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်ပေသည်။

လျို့ယန် ဘဝသစ်တစ်ခု ရလိုက်သည့်အပေါ် ရန်ကိုင်လည်း အလွန်ကိုမှ ဝမ်းသာနေမိပေသည်။ အစကမူ သူအားကောင်းလာသည့်တစ်နေ့ လျို့ယန်အတွက် ခန္ဓာဖြစ်တည်ဆေးလုံးတစ်လုံး ဖော်စပ်ကာ ကိုယ်ပိုင်ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးရန် စီစဉ်ထားခဲ့ပေသည်။ သို့သော်ငြား ယခုကိစ္စပြီးသည့်နောက်တွင် ထိုကဲ့သို့ လုပ်စရာ မလိုတော့ကြောင်း သိလိုက်ရလေသည်။ ဤစိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်ခန္ဓာကိုယ်သည် ထိုပြဿနာကို အကောင်းမွန်ဆုံးနည်းလမ်းဖြင့် ဖြေရှင်းပေးသွားခဲ့သည်။

ရန်ကိုင်သည် လျို့ယန်အား အရင်းအမြစ်ကျောက်များ၊ အမျိုးမျိုးသော ကုသရေးဆေးလုံးများနှင့် ကျင့်ကြံရေးဆေးလုံးများ ပါဝင်နေသော သိုလှောင်လက်စွပ်တစ်ကွင်း ပေးလိုက်လေသည်။ ထိုသိုလှောင်လက်စွပ်ထဲတွင် သူအသုံးမပြုနိုင်သော အတော်လေးကိုမှ အဆင့်မြင့်လှသည့် မှော်ရတနာများစွာလည်း ရှိနေသေး၏။ သူ၏ လျို့ဝှက်မှော်ရတနာတစ်ခုဖြစ်သော သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးကိုပင်လျှင် လျို့ယန်သို့ ပေးလိုက်လေသည်။ အကြောင်းမှာ သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးကို အသုံးပြုနိုင်ရန်အတွက် များများစားစား သန့်စင်ရန် မလိုအပ်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ လုံလောက်သည့် စွမ်းအားသာ ရှိနေသရွေ့ သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးကို အသုံးပြုနိုင်၏။ ထို့ကြောင့် ထိုအရာသည် လျို့ယန်အတွက် လုံးဝကို ပြီးပြည့်စုံပေသည်။

ယခုအကြိမ်သည် ရန်ကိုင့်အနေဖြင့် သူမအား ပထမဆုံးအကြိမ်အဖြစ် ကိုယ်ပိုင်သိုလှောင်လက်စွပ်တစ်ကွင်း ပေးလာခဲ့ခြင်းဖြစ်ပေသည်။ ထိုသိုလှောင်လက်စွပ်ထဲ အဖိုးတန်ရတနာများစွာလည်း ရှိနေခဲ့လေ၏။ ထို့အတွက်ကြောင့် လျို့ယန်မှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေတော့လေသည်။ သူမအသစ်ရထားသည့် သိုလှောင်လက်စွပ်နှင့် အဆက်မပြတ်ကို ထိုင်ဆော့နေတော့လေ၏။

တစ်ရက်ခန့်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် ဟင်းလင်းပြင်အစီအရင်ဆီသို့ ရောက်ရှိလာကြလေတော့သည်။

လိုအပ်သည်ထက် ပို၍ပင် ရထားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ကမ္ဘာငယ်လေးအား ဆက်၍ စူးစမ်းချင်မနေတော့ပေ။ သူနှင့်ရွက်တစ်ထောင်ဂိုဏ်းကြားတွင် မည်သည့်ရန်ညိုးရန်စမှ မရှိ။ ကမ္ဘာငယ်လေးသည် ရွက်တစ်ထောင်ဂိုဏ်း၏ အပိုင် ဖြစ်လေသည်။ ထို့အတွက်ကြောင့် ကမ္ဘာငယ်လေးထဲတွင် ရှိနေသော အဖိုးတန်ရတနာအားလုံးကို တစ်ကိုယ်တည်း မောင်ပိုင်သိမ်းယူပစ်ရန် ရန်ကိုင် မစဉ်းစားထားခဲ့ပေ။ ထိုသို့လုပ်လျှင် ရွက်တစ်ထောင်ဂိုဏ်းအပေါ် အလွန်ရက်စက်ရာ ကျသွားပေတော့မည်။

ရန်ကိုင့်အဖို့ ဤဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ရန် မခက်လှချေ။ လေးနာရီခန့် ကြာပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင်ပေါ်ရှိ ပျက်စီးနေသည့် အစိတ်အပိုင်းအားလုံး ပြန်ပြင်လို့ ပြီးသွားခဲ့လေသည်။ ယခု ဟင်းလင်းပြင်အစီအရင်သည် အသစ်စက်စက်တစ်ခုနှယ် ဖြစ်နေလေ၏။ ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ အရင်းအမြစ်ကျောက် အနည်းငယ်ကို ထုတ်၍ ဟင်းလင်းပြင်အစီအရင်ပေါ်ရှိ မြောင်းငယ်လေးများထဲသို့ ထည့်သွင်းလိုက်လေသည်။ ထို့နောက် သူ၏အရင်းအမြစ်ချီကို စတင် လှည့်ပတ်လိုက်လေ၏။

ချက်ချင်းဆိုသလို စင်မြင့်ပေါ်ရှိ လူနှစ်ဦးလုံး ပျောက်ကွယ်သွားခဲ့ကြလေသည်။

ရွက်တစ်ထောင်ဂိုဏ်း၏ အမည်မဲ့တောင်ကြားထဲတွင်…

နွေဦးရှုခင်းတစ်ခုနှယ် လှပလှသော မြင်ကွင်းအဖုံဖုံမှာ ပျောက်ကွယ်လို့ သွားခဲ့လေပြီ။ ဤနေရာတစ်ခုလုံးသည် လုံးဝကို ကသောင်းကနင်း ဖြစ်နေပြီး တိုက်ပွဲအရိပ်အယောင်များကိုလည်း နေရာအနှံ့ မြင်တွေ့နေရသည်။ တောင်ကြားတစ်ခုလုံး သွေးစွန်းနေခဲ့ပြီး ကျင့်ကြံသူပေါင်းများစွာ၏ အလောင်းများကိုလည်း ဟိုတစ်စဒီတစ်စ မြင်တွေ့နေရလေသည်။ လူပေါင်းများစွာ သေဆုံးထားသည့် အတွက်ကြောင့် ဤတောင်ကြားတစ်ခုလုံးမှာ သွေးညှီနံ့ကို ထောင်းထွက်နေတော့လေ၏။

လက်ရှိ စင်မြင့်အောက်ခြေတွင် ရီကျင်းဟန်သည် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ရပ်နေခဲ့လေသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သွေးချင်းချင်း နီရဲနေခဲ့လေ၏။ အရိုးထိနက်သော သူမ၏ ပုခုံးမှ လက်အထိ ရှည်လျားသော ဒဏ်ရာကြီးတစ်ခုပင်လျှင် သူမကိုယ်ပေါ်၌ ရှိနေခဲ့လေသည်။

သူမဘေးတွင်မူ ဟွာချင်းစီ၊ ချီယွဲ့၊ ကွေ့ဇူ၊ အန်းယောင်နှင့် ကုချန်းယွင်တို့ ရှိနေကြလေ၏။ သို့သော်ငြား အကုန်လုံးမှာ အတော်လေး ပင်ပန်း နွမ်းနယ်နေကြသည့် ပုံပင်။ တစ်ခုစ နှစ်ခုစ ဒဏ်ရာများကိုလည်း သူတို့ခန္ဓာကိုယ်အနှံ့ အသီးသီး မြင်တွေ့နေရသည်။ ဟွာချင်းစီရထားသည့် ဒဏ်ရာမှာ အားလုံးထဲတွင် အဆိုးဆုံးပင်။ သူမကြည့်ရသလောက် အတွင်းဒဏ်ရာရထားသည့်ပုံပေါ်ကာ သူမ၏မျက်နှာမှာလည်း သွေးမရှိတော့သည့်နှယ် ဖြူလျော်နေခဲ့သည်။

လက်ရှိအချိန်တွင် ရွက်တစ်ထောင်ဂိုဏ်းတွင် သူတို့ မကြုံတွေ့ခဲ့ဖူးသော အဆိုးရွားဆုံးသော ကပ်ဘေးကို ရင်ဆိုင်နေခဲ့ရလေသည်။ ဒုဂိုဏ်းချုပ်ဖြစ်သော ရှီချန်းယင်သည် ဂိုဏ်းကို သစ္စာဖောက်၍ ကောင်းကင်ရောင်စဉ်နန်းတော်မှ နန်းတော်သခင်ချိုကျဲနှင့် ပူးပေါင်းသွားခဲ့သည်။ သူတို့နှစ်ဦး အတူပေါင်း၍ ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်ကို ချိုးဖြတ်ကာ ထောင်နှင့်ချီသော တပည့်များကို သတ်ပစ်ခဲ့ပေသည်။

ရီဟန်သည် အကြီးအကဲများကို ဦးဆောင်၍ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားခဲ့ပါသော်ငြား အရေအတွက်နှင့် အင်အားမှ တစ်ဖက်နှင့် ယှဉ်လိုက်သော် အလွန်ကိုမှ နိမ့်ကျနေခဲ့ရလေသည်။ ထိုတိုက်ပွဲတွင် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး အတော်များများလည်း ဒဏ်ရာရခဲ့ကြလေသည်။ ပြေးနိုင်သည့် တပည့်များကတော့ လွတ်အောင်ပြေးကြပေသည်။ သူတို့သာ မပြေးလျှင် အဖမ်းခံရလျှင်ခံရ အဖမ်းမခံရလျှင် အသတ်ခံရပေလိမ့်မည်။ ထိုသို့ဖြင့် တိုက်ပွဲစလိုက်ပြီး နေ့တစ်ဝက်အတွင်းမှာပင်လျှင် ဂိုဏ်းတစ်ခုလုံး တစ္ဆေမြို့တစ်မြို့နှယ် ဖြစ်သွားခဲ့ရလေသည်။ တိုက်ပွဲအရိပ်အယောင်များကို ရွက်တစ်ထောင်ဂိုဏ်းအနှံ့ မြင်တွေ့နေရသည်။

ဟွာချင်းစီနှင့် အခြားသူများမှာလည်း အတော်လေးကိုမှ ဒုက္ခရောက်နေကြလေသည်။ ဟွာချင်းစီသည် ဧကရာဇ်စိတ်ဆန္ဒအချို့ကို နားလည်ထားပြီး ဖြစ်သော်ငြား သူမနှင့် ချိုကျဲကြားရှိ ကွာခြားချက်မှာ သိသာနေဆဲပင်။ ချိုကျဲနှင့် တိုက်ခိုက်ပြီးသည့်နောက်တွင် ဟွာချင်းစီအနေဖြင့် အသက်ရှင်လျက် လွတ်မြောက်လာခြင်းမှာ ကံကောင်းသည်ဟုပင် ပြော၍ ရပေသည်။ ရီကျင်းဟန်၏အကူအညီဖြင့် ချီယွဲ့နှင့် အခြားသူများမှာ ဤအမည်မဲ့တောင်ကြားဆီသို့ ထွက်ပြေးလာခဲ့ကြလေသည်။

ယခုဆိုလျှင် ဤနေရာသည် ရွက်တစ်ထောင်ဂိုဏ်း၏ နောက်ဆုံး နားခိုရာ ဖြစ်လာခဲ့လေပြီ။

ဂိုဏ်းအသီးသီးမှ ပညာရှင်များသည် တောင်ကြားအပြင်ဘက်တွင် ရပ်ရင်း အတွင်းပိုင်းဆီသို့ စိုက်ကြည့်နေကြလေ၏။

“ဒါက မင်းတို့ဂိုဏ်းရဲ့ တားမြစ်နေရာလား…” ချိုကျဲသည် တောင်ကြားအပြင်ဘက်တွင် လက်နောက်ပစ်နေရင်းမှ အေးစက်စက် လေသံဖြင့် မေးလိုက်လေသည်။

သူ့မျက်နှာသည် ယခင်ကကဲ့သို့ စိုပြေမနေတော့ချေ။ ဟွာချင်းစီနှင့် တိုက်ခိုက်ရာတွင် သူ့ဘက်မှ အသာစီးရခဲ့သော်ငြား သူကိုယ်တိုင်သည်လည်း ဒဏ်ရာရခဲ့နီး ဖြစ်သွားခဲ့ရလေသည်။

(ဒီအမျိုးသမီးက လုံးဝကို သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး… သူ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းက လာတာပဲ ဖြစ်ရမယ်… မဟုတ်ရင် အခုလိုမျိုးစွမ်းအားကို ပိုင်ဆိုင်ထားစရာ အကြောင်း မရှိဘူး…)

လက်ရှိအချိန်၌ ချိုကျဲအကြောက်ဆုံးလူကို ပြောပါဆိုလျှင် ဟွာချင်းစီကိုသာ ပြောရပေလိမ့်မည်။

သူရန်မစသင့်သည့် လူတစ်ဦးအား သွားရောက်ရန်စမိမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်ပေသည်။ သို့သော်ငြား အခြေအနေသည် ဤအတိုင်းအတာထိ ဖြစ်လာပြီးမှဖြင့် သူ့၌လည်း ရွေးချယ်စရာ မရှိတော့ချေ။ ကျူပင်ခုတ်လျှင် ကျူငုပ်ပါမကျန် ရှင်းပစ်ရပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ထိုအမျိုးသမီး၏နောက်ကွယ်ရှိ ဂိုဏ်းဆီသို့သာ သတင်းပြန့်သွားမည်ဆိုပါက ကောင်းကင်ရောင်စဉ်နန်းတော်အနေဖြင့် အကျိုးဆက်များကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် လူအားလုံးကို ဦးဆောင်လျက် သူမနောက်သို့ လိုက်လာခြင်း ဖြစ်ပေသည်။ သို့သော်ငြား ဤနေရာသို့ အရောက်တွင် ရှေ့ဆက်မတိုးနိုင်ဘဲ ဤနက်နဲဆန်းကြယ်သော အစီအရင်၏ တားဆီးခြင်း ခံထားရလေသည်။ အကြိမ်ပေါင်းများစွာ ချိုးဖြတ်ရန် ကြိုးစားသည့်တိုင် မည်သို့မှ မအောင်မြင်ခဲ့ပေ။

ထို့အတွက်ကြောင့် သူ့ဘေးတွင်ရှိနေသည့် လူကိုသာ မေးရတော့လေသည်။

ချိုကျဲ၏အမေးကိုကြားသော် ရှီချန်းယင်က ဖားဖားယားယားဖြင့် ပြုံးလျက် ဦးညွှတ်ကာ ပြောလိုက်လေ၏။ “ဟုတ်ပါတယ် နန်းတော်သခင်ချို… ဒါက ဂိုဏ်းရဲ့ တားမြစ်နေရာပါ… မျိုးဆက်အဆက်ဆက်မှာ ဒီနေရာကို ဂိုဏ်းချုပ်ကလွဲပြီး အခြား ဘယ်သူမှ ဝင်ခွင့်မရှိပါဘူး…”

“မင်းတောင် ဝင်ခွင့်မရှိဘူးလား…” ချိုကျဲက ရှီချန်းယင်က ကြည့်လိုက်လေသည်။

ရှီချန်းယင်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေ၏။ “ကျုပ်ကိုယ်တိုင်တောင် ဒီထဲကို မရောက်ဖူးပါဘူး…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၃၉)

“အခုကနေစပြီး မင်း ဒီထဲကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ ရသွားပြီ…” ချိုကျဲက ပြောလိုက်လေသည်။

ထိုစကားကိုကြားပြီးသည့်နောက်တွင် ရှီချန်းယင် ဝမ်းသာသွားခဲ့လေသည်။ သူ့လက်အောက်ထဲသို့ အညံ့ခံဝင်လိုက်သည့် အတွက်ကြောင့် ချိုကျဲသည် သူ့အား ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် ဆက်ဆံနေမှန်းကို ရှီချန်းယင် နားလည်သွားခဲ့သည်။ သို့သော်ငြား သူ့ဘက်က ပုန်ကန်မည့် အရိပ်အယောင်များ ပြလာပါက ဆိုးဆိုးရွားရွား သေဆုံးရပေလိမ့်မည်။

ချိုကျဲ ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခြင်းသည် အနီးအနားတွင် ရှိနေသော ဂိုဏ်းများအတွက် သတင်းကောင်းတစ်ခု မဟုတ်ချေ။ သို့သော်ငြား ရှီချန်းယင်အတွက်မူ အရေးအကြီးဆုံးမှာ သူအသက်ရှင်ဖို့သာ ဖြစ်လေသည်။

ကောင်းကင်ထွဋ်မြတ်ကျောင်းတော်၏ ဂိုဏ်းချုပ်နှင့် အခြားသူများသည် ချိုကျဲနောက်တွင် ကြောက်ကြောက်လန့်လန့်ဖြင့် ရပ်နေကြလေသည်။ ဤသည်မှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှ ပိုင်စိုးထားသည့် ဩဇာအာဏာပင် ဖြစ်လေသည်။ အေးအေးဆေးဆေး မတ်တပ်ရပ်နေသည့်တိုင် သူ့ဆီမှ ထုတ်လွှတ်နေသော ဖိအားသည် အခြားသူများအား အသက်ကောင်းကောင်းပင် မရှူရဲအောင် ဖြစ်စေလေသည်။

ထိုဂိုဏ်းချုပ်များမှာ စိတ်ထဲတွင်တော့ ဒေါသထွက်နေကြလေ၏။ ဧကရာဇ်အဆင့်သို့ ရောက်သွားသည့်လူမှာ ဘာကြောင့်များ သူတို့မဖြစ်ဘဲ ခွေးအိုကြီးချိုကျဲ ဖြစ်နေရသနည်း။

ထိုစဉ် လူအိုကြီးတစ်ဦးက ရုတ်တရက် ပြေးလာခဲ့လေသည်။ ထို့နောက် ချိုကျဲနောက်တွင် ရပ်လျက် လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “နန်းတော်သခင်… ရီဟန်က တောင်ကြားထဲကို သွားတဲ့လမ်းကို ဖွင့်မပေးပါဘူး…”

ချိုကျဲမပြောနိုင်သေးခင်မှာပင် ကောင်းကင်ထွဋ်မြတ်ကျောင်းတော်မှ ရွမ်ဟုန်ပိုက စအော်ဆဲတော့လေသည်။ “အဲ့ခွေးအိုကြီးရီက စေတနာကို တန်ဖိုးထားရမှန်း မသိဘူးပဲ… နန်းတော်သခင်က သဘောကောင်းပြီး သူ့အသက်ကို ချမ်းသာပေးတာတောင် ဒီကောင်က ခေါင်းမာနေသေးတယ်…”

တိမ်တိုက်ဖြူမျှော်စင်မှ မူကွမ်းကလည်း ဝင်ပြောလိုက်လေသည်။ “ဟုတ်တယ်… ဒီရီဟန်က အကောင်းပြောနေလို့ မရမှတော့ အကြမ်းနည်းပဲ သုံးရတော့မှာပေါ့… နန်းတော်သခင်ချို အဲ့ကောင်နဲ့ဆက်ပြီး ယဉ်ကျေးနေစရာမလိုတော့ဘူး… ကျုပ်တို့အကုန်လုံးသာ အတူပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် ဒီတောင်ကြားကို ကာကွယ်ပေးထားတဲ့ အစီအရင်ကို မဖျက်ဆီးနိုင်စရာ အကြောင်းမရှိဘူး…”

ထိုသို့ပြောပြီးသည့်နောက်တွင် တိုက်ခိုက်မည့်အရိပ်အယောင် စပြင်လိုက်လေသည်။

ချိုကျဲက ပြောလိုက်လေ၏။ “ရွက်တစ်ထောင်ဂိုဏ်း တည်ရှိလာတာ ဘယ်လောက်ကြာပြီလို့ မင်းတို့ထင်လဲ… တောင်ဘက်နယ်မြေထဲမှာ ရှိတဲ့ အချို့ထိပ်တန်းဂိုဏ်းတွေတောင် ရွက်တစ်ထောင်ဂိုဏ်းလောက် သက်တမ်းမရင့်သေးဘူး… ဒီတောင်ကြားထဲမှာ ရှိနေတဲ့ အစီအရင်ကို လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်က ပညာရှင်ကြီးတွေကိုယ်တိုင် ခင်းကျင်းထားတာ… ဒီဘုရင်တောင် ဒီအစီအရင်ကို ဖျက်ဆီးနိုင်မယ်လို့ ယုံကြည်ချက်မရှိတာ မင်းတို့တွေက ယုံကြည်ချက် ရှိနေတယ်ပေါ့…”

ထိုစကားကိုကြားသော် မူကွမ်းနှင့် အခြားသူများမှာ ဘာမှ ပြန်မပြောရဲခဲ့ပဲ ရှက်ရှက်ဖြင့်သာ ရယ်မောလိုက်ကြလေသည်။

“ဂိုဏ်းချုပ်ရှီ… မင်းရော ဘယ်လိုထင်လဲ…” ချိုကျဲသည် ရှီချန်းယင်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။

ရှီချန်းယင်သည် ခဏမျှ စဉ်းစားပြီးသည့်နောက် အလျင်အမြန် ပြောလိုက်လေ၏။ “ရီဟန်က တကယ်ကို ခေါင်းမာတဲ့လူ… ဒီရှီ သူနဲ့ နှစ်ပေါင်းများစွာကြာအောင် အလုပ်တွဲလုပ်လာခဲ့တာ သူ့အကြောင်း ကောင်းကောင်းသိတယ်… သူ့ကို နှိပ်စက်ဖို့မပြောနဲ့ သတ်မယ်ဆိုရင်တောင် ဒီအစီအရင်ကို လုံးဝ ဖွင့်ပေးမှာမဟုတ်ဘူး…”

“အိုး… ဂိုဏ်းချုပ်ရှီက ရီဟန်ကို ဒီလောက်တောင် အထင်ကြီးထားတာလား…” ချိုကျဲ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။

ရှီချန်းယင်က ပြန်ပြောလိုက်လေ၏။ “ဒီလောကကြီးမှာ သူ့လောက်ခေါင်းမာတဲ့လူ ရှိတော့မှာမဟုတ်ဘူး… သူ့ကြောင့်သာမဟုတ်ရင်လည်း ရွက်တစ်ထောင်ဂိုဏ်းက အခုလိုမျိုးထိ နိမ့်ကျလာခဲ့ရမှာမဟုတ်ဘူး…”

“တော်လောက်ပြီ… ဒီဘုရင် မင်းတို့ရွက်တစ်ထောင်ဂိုဏ်းရဲ့ ကိစ္စတွေကို စိတ်မဝင်စားဘူး… ဒီအစီအရင်ကို ဘယ်လိုဖျက်ဆီးရမလဲ ဆိုတာသာပြော…” ချိုကျဲက စိတ်မရှည်ဟန်ဖြင့် ဖြတ်ပြောလိုက်လေသည်။

ရှီချန်းယင်က ပြန်ပြောလိုက်လေ၏။ “ရီဟန်နဲ့ ပတ်သက်ပြီး ဘာမှလုပ်လို့ မရမှတော့ သူ့လူတွေဘက်ကို နည်းနည်း စစဉ်းစားကြည့်ရတော့မှာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရှီချန်းယင်က ပြုံးလျက် ဆက်ပြောလိုက်လေသည်။ “ရီဟန်မှာ သားသမီးဆိုလို့ သူ့သမီးတစ်ယောက်ပဲ ရှိတာ… သူတို့ကြားက ဆက်ဆံရေးက သာမန်အဖေနဲ့သမီးဆက်ဆံရေးထက် အများကြီး ပိုအားကောင်းတယ်…”

ထိုစကားကိုကြားသော် ချိုကျဲသည် ရှီချန်းယင်အား လေးနက်သည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

ရှီချန်းယင် နှလုံးခုန်မြန်သွားလေ၏။ သူစကားပြောမှားသွားပြီအထင်နှင့် ရှီချန်းယင်မှာ ဇောချွေးပြန်လာတော့လေသည်။ သူ့စိတ်ထဲ ဂနာမငြိမ်ဖြစ်နေစဉ်မှာပင် ချိုကျဲက ရုတ်တရက် ရယ်မောလျက် “ဂိုဏ်းချုပ်ရှီ… ရီကျင်းဟန် ကြီးပြင်းလာတာကို မင်းကိုယ်တိုင် မြင်တွေ့ခဲ့ရတယ် ဟုတ်တယ်မလား… မင်းသူ့ကို နည်းနည်းလေးမှ မသနားဘူးလား…”

ရှီချန်းယင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ “အဲ့ကောင်မလေးက ကောင်းကင်နဲ့ မြေပြင် ဘယ်လောက်ကွာခြားတယ်ဆိုတာကို သိတဲ့သူမဟုတ်ဘူး… သူသာ နန်းတော်သခင်ချိုရဲ့ ပိတ်ရပ်နေရဲမယ်ဆိုရင်တော့ တန်ရာတန်ကြေးကို ပြန်ပေးရမှာပေါ့… ဒီရှီက သူ့ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေလို့ပဲ မြန်မြန်ရင့်ကျက်လာပါစေဆိုပြီး ဆုတောင်းနေတာ… အခုကိစ္စက သူ့အတွက် စမ်းသပ်ချက်တစ်ခု ဖြစ်မှာပေါ့…”

“ဒီတော့ ပြောချင်တာက မင်းက သူ့အတွက် လုပ်ပေးနေတာပေါ့…” ချိုကျဲက ယဲ့ယဲ့လေးပြုံးလျက် မေးလိုက်လေသည်။

ရှီချန်းယင်က ပြန်ပြောလိုက်လေ၏။ “သူ ဒီရှီရဲ့ စေတနာကို နားလည်ပါစေလို့ ဒီရှီ မျှော်လင့်ပါတယ်…”

သူတို့ပြောနေသည်ကို နားထောင်နေကြသည့် ရွမ်ဟုန်ပိုနှင့် အခြားသူများမှာတော့ ဇောချွေးများ ပြန်နေကြပြီး ရှီချန်းယင်အား မကြာခဏဆိုသလို လှမ်းကြည့်လိုက်လေသည်။ ယခုမှသာ ရှီချန်းယင် မည်ကဲ့သို့သော လူစားမှန်း သူတို့လည်း နားလည်သွားကြတော့သည်။ တစ်ချိန်တည်းတွင် ထိုကဲ့သို့သော မွန်းစတားကောင်ကို မွေးမြူထားခဲ့သည့် ရီဟန်ကိုလည်း သနားမိသွားလေသည်။ သို့သော်ငြား ပြန်စဉ်းစားကြည့်လိုက်ပြန်သည့်အခါတွင်လည်း ရွက်တစ်ထောင်ဂိုဏ်းနှင့် သူတို့သည် မိတ်ဆွေများမှာ မဟုတ်ကြလေပဲ။ သူတို့အနေဖြင့် ရွက်တစ်ထောင်ဂိုဏ်းအား သွားသနားနေစရာ မလိုပေ။

“ကောင်းပြီလေ… အဲ့ဒါဆို ဒီဘုရင် ဒီကိစ္စကို မင်းလက်ထဲ ထည့်ပေးလိုက်မယ်… ဂိုဏ်းချုပ်ရှီ ဒီဘုရင်ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်…”

“ဒီရှီ အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်…” ရှီချန်းယင်က လက်သီးဆုပ်လျက် ချက်ချင်း လှမ်းပြောလိုက်လေ၏။ “သူတို့ကို ခေါ်လာခဲ့…”

မျက်တောင်တစ်ခတ်အတွင်း ရီဟန်နှင့် ရွက်တစ်ထောင်ဂိုဏ်း၏ အကြီးအကဲအားလုံး တောင်ကြားဝင်ပေါက်ဆီသို့ ခေါ်ဆောင်လာခြင်း ခံလိုက်ရလေသည်။ ထိုအကြီးအကဲအားလုံးမှာ မျက်လုံးများ သွေးရောင်ရဲနေကြပြီး တောင်ကြားဝသို့ ရောက်သည်နှင့် ရှီချန်းယင်အား အဆက်မပြတ်ကို အော်ဟစ်ကျိန်ဆဲကြတော့လေသည်။ သို့သော်ငြား ရှီချန်းယင်ကမူ လုံးဝ ဂရုမစိုက်ပေ။ ထိုနေရာတွင်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေလျက် တောင်ကြားထဲသို့ လှမ်းအော်ပြောလိုက်လေ၏။ “ဂိုဏ်းတူ တူမလေးရီ… နင့်မျက်လုံးကို သေချာဖွင့်ပြီး ငါ့ဘေးနားမှာ ဘယ်သူရှိနေလဲ သေသေချာချာကြည့်စမ်း…”

သူ့စကားသံသည် ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ ပြန့်နှံ့သွားခဲ့လေသည်။

သူ့စကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောင်ကြားထဲရှိ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေ၏။ မျက်တောင်တစ်ခတ်အတွင်း တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းနေသော ပုံရိပ်ယောင်အစီအရင်မှာ ပျက်ပျယ်သွားခဲ့ပြီး တောင်ကြား၏ အစစ်အမှန်မြင်ကွင်းတို့ ထွက်ပေါ်လာခဲ့လေသည်။

ထိုနေရာတွင် ရီကျင်းဟန်၊ ချီယွဲ့နှင့် အခြားသူများ ရှိနေကြလေ၏။ သူတို့အားလုံးသည် ရှီချန်းယင်တို့ဆီမှ မီတာပေါင်း ထောင်ပေါင်းများစွာ ဝေးကွာသော စင်မြင့်နားတွင် ရှိနေခြင်း ဖြစ်ပေသည်။

“ဟမ်…” ရီကျင်းဟန်တို့အနားတွင် ရှိနေသော စင်မြင့်ကို မြင်ပြီးသည့်နောက်တွင် ချိုကျဲ၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ “ဟင်းလင်းပြင်အစီအရင်လား…”

သူ့အတွေ့အကြုံအရ ထိုစင်မြင့်သည် ဟင်းလင်းပြင်အစီအရင်တစ်ခု ဖြစ်မှန်း ပြောနိုင်ပေသည်။ သာမန်ဟင်းလင်းပြင်အစီအရင်သာလျှင် မဟုတ်ဘဲ အလွန်ကိုမှ ရှေးကျသည့် ဟင်းလင်းပြင်အစီအရင်တစ်ခု ဖြစ်သည်။ သို့သော်ငြား ဤတောင်ကြားထဲတွင် ထိုကဲ့သို့သော အစီအရင်တစ်ခု ဘာကြောင့်ရှိနေသလဲ ဆိုသည်ကို လုံးဝ နားမလည်နိုင်ခဲ့ပေ။

(ဒီဟင်းလင်းပြင်အစီအရင်က ဘယ်ကိုဦးတည်နေတာလဲ…)

ချိုကျဲသည် ရှီချန်းယင်အား မယုံသင်္ကာဖြင့် လှမ်းကြည့်လိုက်လေသည်။

ရှီချန်းယင်သည်လည်း တောင်ကြားထဲသို့ ဇဝေဇဝါြဖင့် ကြည့်နေခဲ့လေသည်။ ဤတောင်ကြားသည် ရွက်တစ်ထောင်ဂိုဏ်း၏ တားမြစ်နေရာတစ်ခု ဖြစ်ပြီး ဂိုဏ်းချုပ်များသာ ဝင်ခွင့်ရသည့် နေရာဟူ၍သာ သူသိထားလေသည်။ တောင်ကြားထဲ၌ မည်သို့သောအရာများ ရှိနေသလဲဆိုသည်ကို သူလည်းမသိပေ။

ဤတားမြစ်နေရာသည် ရွက်တစ်ထောင်ဂိုဏ်းမှ ဂိုဏ်းချုပ်များ၏ ဂူသင်္ချိုင်းများကို မြှုပ်နှံထားသည့် နေရာဟု ထင်ခဲ့သည်။ ထို့ကြောင့်ပင်လျှင် မည်သူ့ကိုမှ ဝင်ခွင့်မပြုခြင်း ဖြစ်ပေမည်။ သို့သော်ငြား ယခုအခြေနေကို ကြည့်ရသလောက် သူထင်ထားသည့်အတိုင်း ဟုတ်မနေသည့်ပုံပင်။

ဤတားမြစ်နေရာသည် အခြားသောနေရာတစ်ခုနှင့် ဆက်စပ်နေပေသည်။

ချိုကျဲ၏ အကြည့်ကို သတိပြုမိလိုက်သော် ရှီချန်းယင်က ရှက်ရွံ့စွာ အော်ရယ်မောလျက် “ဒီရှီလည်း အခုမှပဲ ပထမဆုံးအကြိမ် မြင်ဖူးတာ… ဒီတောင်ကြားထဲမှာ ဘာတွေရှိနေလဲဆိုတာကို လုံးဝမသိခဲ့ဘူး…”

ရှီချန်းယင်၏အဖြေနှင့် ပတ်သက်၍ မကျေနပ်သွားသည့်အလား ချိုကျဲသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ သို့သော်ငြား ထိုကိစ္စကို ဆက်၍ ဖိအားပေးမနေဘဲ ပြန်၍သာ ပြောလိုက်လေ၏။ “ဒီဟင်းလင်းပြင်အစီအရင်က ထိခိုက်ထားလောက်တယ်… မဟုတ်ရင် သူတို့ ဒီကနေ အခြားတစ်ဖက်ကို ထွက်ပြေးသွားလောက်ပြီ…”

ရှီချန်းယင်က အလျင်စလို ပြောလိုက်လေ၏။ “နန်းတော်သခင်ချိုက တကယ်ကို အမြင်စူးရှတာပဲ…”

သူတို့နှစ်ဦး စကားပြောနေစဉ် တောင်ကြားထဲ၌ ရှိနေသော ရီကျင်းဟန်သည် ဒူးထောက်နေသော ရီဟန်ကို မြင်တွေ့သွားခဲ့လေသည်။ လက်ရှိအချိန်တွင် ရီဟန်တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး သူ့အရှိန်အဝါမှာလည်း အလွန်ကိုမှ အားနည်းနေခဲ့သည်။ သူ့ကျင့်ကြံခြင်းပင်လျှင် ချိတ်ပိတ်ထားခြင်း ခံရလေသည်။

ရီဟန်မှာ အစကတည်းက အသက်ကြီးနေခြင်း ဖြစ်လေသည်။ ယခုကဲ့သို့ ထပ်၍ပါ အနှိပ်စက်ခံလိုက်ရသော် သူ့အခြေအနေမှာ ပို၍ ဆိုးရွားသွားကာ တောက်လျှောက်ကို သွေးအန်နေတော့လေ၏။

“အဖေ…” ရီကျင်းဟန်က ကတုန်ကယင်လေသံဖြင့် ထအော်လိုက်လေသည်။ မျက်ရည်များသည်လည်း သူမပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက် စီးကျလာတော့လေ၏။ သူမအဖေ ဒူးထောက်ထားခိုင်းခံရပြီး အဆက်မပြတ် သွေးအန်နေသည်ကို ကြည့်ရသည်မှာ သူမအတွက် တကယ်ကို မခံမရပ်နိုင်စရာပင်။

ရီဟန်၏အခြေအနေကိုမြင်သော် ဟွာချင်းစီနှင့် အခြားသူများလည်း မျက်နှာပျက်သွားခဲ့ကြပြီး ရီကျင်းဟန်အတွက် သနားမိသွားကြလေသည်။

ရီကျင်းဟန်မှ လှမ်းအော်ပြောလိုက်ပြီးသည့်နောက်တွင် ရှီချန်းယင်ဘက်သို့ လှည့်၍ “ကျွန်မအဖေကို လွှတ်လိုက်…”

ရှီချန်းယင်က လှောင်ပြုံးပြုံးလျက် “ဂိုဏ်းတူတူမလေး… နင်က အခု အတော်လေး အသက်ကြီးလာပြီဆိုတော့ ဒီဂိုဏ်းတူဦးလေးလည်း နင်နဲ့ဆက်ပြီး လေကုန်ခံမနေတော့ဘူး… နင့်အဖေကို လွှတ်ပေးမယ်… ဒါပေမဲ့ နင်ဘာလုပ်ရမလဲဆိုတာ သိတယ်မလား…”

ထိုသို့ပြောပြီးသည့်နောက်တွင် မျက်နှာကြီးကိုမဲ့လျက် အော်ပြောလိုက်လေသည်။ “တောင်ကြားကို လွှမ်းခြုံထားတဲ့ အစီအရင်ကို ပယ်ဖျက်လိုက်… အဲ့ဒါဆိုရင် နင့်အဖေနဲ့ အကြီးအကဲတွေရဲ့အသက်ကို ချမ်းသာပေးမယ်…”

ရီကျင်းဟန်ပြန်မပြောနိုင်သေးခင်မှာပင် ရီဟန်က အော်ပြောလိုက်လေသည်။ “ကျင်းဟန်… သူပြောတဲ့အတိုင်း မလုပ်နဲ့… အဲ့အစီအရင်ကို ဘာအကြောင်းနဲ့မှ မပယ်ဖျက်လိုက်နဲ့…”

ထိုစကားကိုကြားသော် ရှီချန်းယင် မျက်နှာပျက်သွားခဲ့ပြီး ရီဟန် နောက်ထပ်စကားတစ်ခွန်းမှ ထပ်မပြောနိုင်လေအောင် ရီဟန့်ခန္ဓာကိုယ်အား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ထိုအချင်းအရာကိုမြင်သော် ရီကျင်းဟန်က အလန့်တကြား ထအော်ပြောလေ၏။ “ကျွန်မအဖေကို ထိခိုက်အောင် မလုပ်နဲ့… ဂိုဏ်းတူဦးလေးရှီ… ရှင်ကိုယ်တိုင်လည်း ရွက်တစ်ထောင်ဂိုဏ်းသားတစ်ယောက်ပဲ… ပြီးတော့ ကျွန်မတို့ဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်တောင် ဖြစ်နေသေးတာ… ဘာဖြစ်လို့ အခုလိုမျိုးတွေ လုပ်နေရတာလဲ… အဖေ ရှင့်ကို ဘယ်တုန်းက မကောင်းဆက်ဆံဖူးလို့လဲ… ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးလိုက်ပါ ကျွန်မတောင်းဆိုပါတယ်…”

သို့သော်ငြား ရှီချန်းယင်ကမူ တုတ်တုတ်မျှမလှုပ်။ ခေါင်းတခါခါဖြင့်သာ ပြန်ပြောလိုက်လေသည်။ “ဂိုဏ်းတူဦးလေးလည်း နင့်အဖေအသက်ကို ချမ်းသာပေးလို့ရတာပေါ့… ဒါပေမဲ့ ငါ့ဘက်ကိုလည်း ငါကြည့်ရဦးမယ်လေ… နင် နားလည်မယ်လို့ မျှော်လင့်ပါတယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ရှီချန်းယင်သည် တာအိုသခင် ဒုတိယအဆင့် အကြီးအကဲတစ်ဦး၏နောက်သို့ လျှောက်သွားလိုက်ပြီး သူ့လက်ကို ထိုအကြီးအကဲ၏ခေါင်းပေါ်သို့ တင်လျက် ရီကျင်းဟန်ကိုကြည့်ကာ ပြောလိုက်လေသည်။ “သေသေချာချာ ကြည့်ထား ဂိုဏ်းတူတူမလေး… အခုကနေစပြီး အသက်ဆယ်ရှိုက်စာတိုင်း ဆယ်ရှိုက်စာတိုင်းမှာ အစီအရင်ကို ဖွင့်မပေးမချင်း ဂိုဏ်းတူဦးလေးက လူတစ်ယောက်ကို သတ်ပစ်မယ်…”

ထိုကဲ့သို့ ပြောပြီးသည်နှင့် သူ့လက်ထဲသို့ အရင်းအမြစ်ချီကို ထည့်သွင်းလိုက်ရာ ရွက်တစ်ထောင်ဂိုဏ်း အကြီးအကဲ၏ ဦးခေါင်း ပေါက်ကွဲထွက်သွားခဲ့လေသည်။

ရှီချန်းယင်၏လုပ်ရပ်ကို မြင်ပြီးသည့်နောက် ရီကျင်းဟန်၏မျက်နှာ ဖြူလျော်သွားခဲ့သလို ရွမ်ဟုန်ပိုနှင့် အခြားသူများပင်လျှင် ထိတ်လန့်သွားခဲ့လေသည်။ တကယ်တော့ ရှီချန်းယင်သတ်လိုက်သည့်လူမှာ ရွက်တစ်ထောင်ဂိုဏ်း၏ အကြီးအကဲတစ်ဦး မဟုတ်ပေလော။ ထိုလူသည် သူနှင့်အတူ နှစ်ပေါင်းများစွာ သိကျွမ်းလာသော ဂိုဏ်းသားတစ်ဦးပင် ဖြစ်လေသည်။ သို့သော်ငြား ထိုအကြီးအကဲကို သတ်လိုက်ချိန် ရှီချန်းယင်သည် မျက်နှာတစ်ချက်ပင် ပျက်မသွားခဲ့ပေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ရှီချန်းယင် မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်းကို သိမြင်နိုင်ပေသည်။

ချိုကျဲတစ်ယောက်သည်သာ ထိုမြင်ကွင်းအား ကျေနပ်နေသည့် အမူအယာဖြင့် ကြည့်နေခဲ့လေသည်။

“ဂိုဏ်းတူဦးလေးမှာ အချိန်သိပ်မရှိဘူးနော်… ဒါကြောင့် သေသေချာချာ စဉ်းစား…” တစ်ယောက်ကို သတ်ပြီးသည့်နောက်တွင် ရှီချန်းယင်သည် အခြားသောအကြီးအကဲတစ်ဦး၏ နောက်သို့ လျှောက်သွားလိုက်ပြီး ပထမအခေါက်အတိုင်း ထိုအကြီးအကဲ၏ ခေါင်းပေါ်သို့ သူ့လက်ကို တင်လိုက်လေသည်။ ထို့နောက် ဘာစကားတစ်ခွန်းမှ ပြောမနေတော့ဘဲ ရီကျင်းဟန်ကိုသာ လှမ်းကြည့်လိုက်လေသည်။

ရီကျင်းဟန်မှာ သူမနှုတ်ခမ်းအား ကိုက်လွန်းသဖြင့် သွေးများပင် ထွက်လာခဲ့လေသည်။ သူမအဖေ ရီဟန်အား လှမ်းကြည့်လိုက်ရာ ရီဟန်သည် သူ့ခေါင်းကို အဆက်မပြတ် ခါယမ်းနေကြောင်း တွေ့လိုက်ရလေသည်။ သူမအဖေသည် ဤအစီအရင်အား မည်သည့်နည်းနှင့်မျှ ဖွင့်ခိုင်းလိမ့်မည်မဟုတ်မှန်း ရီကျင်းဟန်သိနေခဲ့သည်။

ရီကျင်းဟန်စိတ်ထဲလည်း အလွန်ကိုမှ ဝေခွဲမရ ဖြစ်လာခဲ့လေသည်။ အစီအရင်ကို ပယ်ဖျက်ပေးလိုက်၍ သူမတို့ လက်ရှိအခြေအနေ ပိုကောင်းသွားလိမ့်မည် မဟုတ်သလို သူမအဖေ၏ လက်ရှိအခြေအနေမှာလည်း တိုးတက်လာလိမ့်မည်မဟုတ်မှန်း သိသော်ငြား အစောပိုင်းက အသတ်ခံလိုက်ရသည့် အကြီးအကဲအပေါ် အပြစ်မကင်းစိတ် ဖြစ်မိပေသည်။

ထိုအကြီးအကဲကို သေအောင်လုပ်ခဲ့သူမှာ သူမသာဖြစ်သည်ဟုပင် ခံစားနေခဲ့ရသည်။

ထိုအကြီးအကဲသည် သူမကြီးပြင်းလာသည်ကို တောက်လျှောက် စောင့်ကြည့်လာခဲ့သူတစ်ဦး ဖြစ်ပေသည်။ သူမကိုလည်း အလွန်ကိုမှ ချစ်မြတ်နိုးပေ၏။ သူမငယ်ရွယ်စဉ်က အပြင်ထွက်ကစားသည့် အခါတွင်လည်း ထိုအကြီးအကဲမှလိုက်၍ အဖော်ပြုပေးလေ့ရှိသည်။ သူမကြီးပြင်းလာ၍ ကျင့်ကြံခြင်းခရီးပေါ် စတင်ရောက်လာသည့် အချိန်တွင်ပင် ထိုအကြီးအကဲမှ သူမအား လမ်းညွှန်ပြသပေးခဲ့လေသည်။ သို့သော်ငြား ယခုတွင်မူ ထိုအကြီးအကဲသည် သူမရှေ့တည့်တည့်တွင်ပင် သေဆုံးသွားခဲ့ရလေသည်။ ရီကျင်းဟန်အနေဖြင့် ဘာမှမလုပ်နိုင်သလို ကူကယ်ရာမဲ့စွာဖြင့်သာ အဝေးမှ ရပ်ကြည့်နေနိုင်လေ၏။

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာခဲ့ပြီး ရှီချန်းယင်မှ အခြားသောအကြီးအကဲတစ်ဦးအား သတ်ပစ်ခါနီး အချိန်သို့ ရောက်လာခဲ့လေသည်။ ရီကျင်းဟန်မှာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေဆဲ။

ထိုအခိုက်အတန့်တွင် ရှီချန်းယင်၏မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာလေ၏။ ထို့နောက် သူ့လက်အား အကြီးအကဲ၏ခေါင်းဆီမှ အကြီးအကဲဘေးတွင် ရှိနေသောလူ၏ ခေါင်းပေါ်သို့ ရုတ်တရက် ကောက်တင်လိုက်လေသည်။

ထိုအချင်းအရာကိုမြင်သော် ရီကျင်းဟန်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူမ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့လေတော့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၄၀)

ရှီချန်းယင်၏လက် တင်ထားသည့်လူမှာ တုရှန်းသာဖြစ်လေသည်။

ရီကျင်းဟန်နှင့် တုရှန်းမှာ ငယ်ကျွမ်းဆွေများ ဖြစ်ကြသည်။ သူတို့နှစ်ဦးသည် အတူတကွ ကြီးပြင်းလာကြသူများ ဖြစ်ကြလေသည်။ နှစ်ယောက်စလုံးမှာလည်း တစ်ယောက်ကိုတစ်ယောက် အလွန်တရာကိုမှ ချစ်မြတ်နိုးကြလေသည်။ သို့ရာတွင် သူတို့သိုင်းခရီးလမ်းမှာ အထွဋ်အထိပ်အခြေအနေသို့ မရောက်ရှိသေးသည့်အတွက်ကြောင့် လက်မထပ်ကြသေးခြင်းသာ ဖြစ်သည်။

သူတို့နှစ်ဦး ဧကရာဇ်အဆင့်သို့ ရောက်လာသည့်တစ်နေ့ ရီဟန်ဆီမှ လက်ထပ်ခွင့်ကို သွားတောင်းမည်ဟု ကြိတ်၍ပင် သဘောတူထားကြလေသည်။

ထိုအခြေအနေတွင် ရီဟန်သည် သူတို့၏လက်ထပ်ပွဲကို လုံးဝကန့်ကွက်လိမ့်မည်မဟုတ်ဟု ယုံကြည်ပေသည်။ သို့သော်ငြား ထိုနေ့ ရောက်မလာသေးခင်မှာပင် သူမ၏ ချစ်မြတ်နိုးရသည့်လူ အသတ်ခံရတော့မည့် မြင်ကွင်းကို မြင်ရလိမ့်မည်ဟု ရီကျင်းဟန် မထင်ထားခဲ့ပေ။

“မလုပ်ပါနဲ့ ဂိုဏ်းတူဦးလေးရှီ… ကျေးဇူးပြုပြီး မလုပ်ပါနဲ့…” ရီကျင်းဟန်၏ခန္ဓာကိုယ် ပျော့ခွေကျသွားခဲ့ပြီး ချက်ချင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့လေသည်။

သူမဘက်မှ အဆက်မပြတ် တောင်းဆိုနေသည့်တိုင် ရှီချန်းယင်ကတော့ အေးစက်စက်အမူအယာဖြင့်သာ ပြန်ပြောလိုက်လေသည်။ “အစီအရင်ကို ပယ်ဖျက်လိုက်… အဲ့ဒါဆို အကုန်အဆင်ပြေသွားပြီ…”

ရီကျင်းဟန် လုံးဝကို ကူကယ်ရာမဲ့နေတော့သည်။ အစီအရင်ကိုသာ ဖယ်ရှားလိုက်မည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်း၏ အကြီးမားဆုံးသော လျို့ဝှက်ချက်များကို ရန်သူများ သိသွားကြလိမ့်မည် ဖြစ်သလို သူတို့၏ အမွေအနှစ်များကိုလည်း ရန်သူများမှ ရရှိသွားကြပေလိမ့်မည်။ သို့သော်ငြား သူမသာ ခေါင်းမာနေဦးမည်ဆိုပါက ရှီချန်းယင်သည် တုရှန်းအား ကျိန်းသေ သတ်ပစ်ပေလိမ့်မည်။

ရီကျင်းဟန်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း လုံးဝ မသိတော့ချေ။

“သူ့ကိုဂရုစိုက်မနေနဲ့ ရီအာ… ဒီခွေးအိုကြီးက ရူးနေပြီ…” တုရှန်းက ရုတ်တရက် အော်ပြောလိုက်လေသည်။ “နင် အစီအရင်ကို ပယ်ဖျက်ပေးလိုက်မယ်ဆိုရင်တောင် သူတို့ ငါတို့ကို အလွတ်ပေးမှာမဟုတ်ဘူး… စီနီယာအစ်ကို အရင်ဆုံး ထွက်သွားရပေမဲ့ နင်ကတော့ ကောင်းကောင်းမွန်မွန် နေရမှဖြစ်မယ်…”

ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီမှာ စတင်၍ ပြင်းပြင်းထန်ထန် လှုပ်ခါလာကာ သူကိုယ်တိုင်ပင်လျှင် မထိန်းချုပ်နိုင်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိလာခဲ့လေသည်။

“ဟမ့်…” ရှီချန်းယင်သည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် တုရှန်း၏ပုခုံးအား အားပြင်းပြင်းဖြင့် ရိုက်ချလိုက်လေသည်။ ချက်ချင်းဆိုသလို တုရှန်းကိုယ်ထဲ မငြိမ်မသက်ဖြစ်နေသော အရင်းအမြစ်ချီများမှာ ပြန်လည်ငြိမ်ကျသွားခဲ့လေ၏။

တုရှန်း လုံးဝကို မင်သက်သွားတော့လေသည်။ သူ့ကိုယ်သူ ဖောက်ခွဲမပစ်နိုင်သည်ကိုမြင်သော် သူကိုယ်တိုင်သည် စဉ်းနီတုံးပေါ်ရောက်နေသည့် ငါးတစ်ကောင်သာဖြစ်မှန်း နားလည်သွားလေ၏။

ရီကျင်းဟန်သည်လည်း အံ့အားသင့်သွားခဲ့လေသည်။ တုရှန်း ဘာလုပ်ချင်နေသလဲဆိုသည်ကို ရီကျင်းဟန်လည်း ကောင်းကောင်းသိပေသည်။ သို့သော်ငြား ရှီချန်းယင်မှ တုရှန်း၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်ပစ်လိုက်ချိန် သူမစိတ်ထဲ ထိုသစ္စာဖောက်အား အနည်းငယ် ကျေးဇူးတင်မိသွားသည်။ ရှီချန်းယင်၏ လုပ်ရပ်ကြောင့်သာ မဟုတ်လျှင် တုရှန်း သူမမျက်လုံးရှေ့တည့်တည့်တွင်ပင် ပေါက်ကွဲ ထွက်သွားပေလိမ့်မည်။

ဤအဖြစ်အပျက်များစွာတို့သည် ရီကျင်းဟန်၏စိတ်အခြေအနေကို လုံးပါးပါးစေခဲ့လေသည်။ အစီအရင်ကို ပယ်ဖျက်ပစ်လိုက်မည်ဆိုပါက အဆုံးသတ်ကောင်းလိမ့်မည်မှန်း နားလည်ထားမိသော်ငြား သူမစိတ်ထဲ မျှော်လင့်ချက်တော့ ထားမိပေသေးသည်။ ရှီချန်းယင်အား မျက်ရည်ရွဲလဲဖြင့် ကြည့်ရင်းမှ တောင်းဆိုလိုက်လေသည်။ “ဂိုဏ်းတူဦးလေး… ကျွန်မ အစီအရင်ကို ပယ်ဖျက်ပေးမယ်… ဒါပေမဲ့ ရှင် သူတို့ကို လွှတ်ပေးရမယ်… သူတို့က ရွက်တစ်ထောင်ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး… ဒီကိစ္စကလည်း သူတို့နဲ့ ဘာမှမဆိုင်ဘူး…”

သူမပြောနေသည့် လူများမှာ ချီယွဲ့နှင့် အခြားသူများ ဖြစ်ကြပေလိမ့်မည်။

ရီကျင်းဟန်ပြောစကားကိုကြားသော် ရီဟန်သည် ဖြည်းဖြည်းချင်း သူ့မျက်လုံးကို ပိတ်ချလိုက်လေသည်။ ယခုမှတော့ ဘာမျှ လုပ်နိုင်တော့လိမ့်မည်မဟုတ်မှန်း သူသိနေခဲ့သည်။ ရီကျင်းဟန်သာ အစီအရင်ကို မပယ်ဖျက်ပေးပါက သူမတွင် အသက်ရှင်နိုင်ခြေ ရှိပေသေးသည်။ သို့သော်ငြား အစီအရင်ကို ပယ်ဖျက်ပေးလိုက်မည်ဆိုပါက အကျိုးဆက်မှာတော့ အလွန်ကိုမှ ဆိုးရွားသွားပေလိမ့်မည်။

ကံမကောင်းစွာဖြင့် လက်ရှိအခြေအနေတွင် ရီဟန်မှာ စကားလည်း မပြောနိုင်သလို လှုပ်လည်းမလှုပ်နိုင်ချေ။ ထို့အတွက်ကြောင့် ရီကျင်းဟန်ကိုလည်း သွားမတားနိုင်ခဲ့ချေ။

တုရှန်းမှာတော့ ရီကျင်းဟန်အား အဆက်မပြတ်ကို ခေါင်းခါပြနေခဲ့လေသည်။

ရှီချန်းယင်က ပြောလိုက်လေ၏။ “ဒီကိစ္စနဲ့ပတ်သက်ပြီး ဂိုဏ်းတူဦးလေး ဆုံးဖြတ်လို့မရဘူး…”

သို့သော်ငြား ရှီချန်းယင်မှ ထိုကဲ့သို့ ပြောပြီးသည်နှင့် ချိုကျဲက ဝင်ပြောလိုက်လေသည်။ “ကောင်းပြီလေ… နင်သာ အစီအရင်ကို ဖယ်ပေးမယ်ဆိုရင် ဒီဘုရင် နင်ပြောတာကို သဘောတူတယ်…”

“ရှင့်စကားက ယုံရမှာမို့လို့လား…” ဟွာချင်းစီက ရေရွတ်လိုက်လေသည်။ ချိုကျဲ အပေါ်ယံသာ သဘောတူလိုက်ခြင်းဖြစ်သည်ကို သူမ မသိဘဲ ဘယ်နေမည်နည်း။ ချိုကျဲသည် သူမတို့အား ကျိန်းသေ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

တောင်ကြားထဲတွင် ရှိနေသော ရီကျင်းဟန်သည် သူမမျက်ရည်များကို သုတ်လျက် ချီယွဲ့နှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်လေသည်။ “ကျွန်မတို့ရွက်တစ်ထောင်ဂိုဏ်းကြောင့်ပဲ ရှင်တို့ အခုလို ဒုက္ခရောက်ခဲ့ရတာ… ကျွန်မ အစီအရင်ကို ပယ်ဖျက်ပေးလိုက်မယ်… ဒါပေမဲ့ အချိန်ကျတာနဲ့ ရှင်တို့ ချက်ချင်း ထွက်ပြေးပေတော့… ကျွန်မ သူတို့ကို တတ်နိုင်သလောက် အချိန်ဆွဲထားပေးမယ်…”

ဟွာချင်းစီက မျက်မှောင်ကျုံ့လျက် “ညီမရီ… နင် ငါတို့နဲ့ တစ်ခါတည်း လိုက်ခဲ့သင့်တယ်နော်…”

ရီကျင်းဟန် လုံးဝကို မျှော်လင့်ချက် မဲ့နေပြီမှန်း သူမသိသည်။ သူမအဖေနှင့် သူမချစ်သူ၏အသက်သည် တစ်ဖက်လူများ၏ လက်ထဲတွင် ရှိနေပေသည်။ ထို့အတွက်ကြောင့် သူမအနေဖြင့် မည်သည့်နည်းနှင့်မျှ ဤအတိုင်း ရပ်ကြည့်နေနိုင်လိမ့်မည် မဟုတ်ချေ။ ယခုဆုံးဖြတ်ချက်နှင့် ပတ်သက်၍လည်း ဟွာချင်းစီသည် ရီကျင်းဟန်ကို အပြစ်မတင်ချေ။

ပြဿနာမှာ ချိုကျဲ ရှိနေသေးခြင်း ဖြစ်ပေသည်။ ချိုကျဲ၏လက်မှ သူမတို့ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်ဟု ဟွာချင်းစီ ယုံကြည်ချက်မရှိချေ။ သူမဘာသာဆိုလျှင်တော့ ထွက်ပြေးနိုင်မည်ဟု ရှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်ချက်ရှိပေသည်။ သူမအနေဖြင့် ချိုကျဲအား အနိုင်မယူနိုင်သော်ငြား သူ့လက်မှတော့ ထွက်ပြေးနိုင်ပေသည်။

သို့သော်ငြား ဤနေရာတွင် သူမတစ်ယောက်တည်း ရှိနေခြင်းမဟုတ်။ ချီယွဲ့နှင့် အခြားသူများလည်း ရှိနေကြပေသေးသည်။ ချီယွဲ့နှင့် အခြားသူများမှာ တာအိုသခင် ပထမအဆင့်များသာ ဖြစ်ကြသလို ချိုက်ဟူမှာလည်း တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။ ဤလူအုပ်ဖြင့် သူမတို့ရှေ့၌ ရှိနေသော လူအုပ်ကြီးလက်မှ ထွက်ပြေးဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။

ချီယွဲ့နှင့် အခြားသူများကို လုံခြုံအောင် ထားရမည်ဟု ဟွာချင်းစီက ဆုံးဖြတ်ထားပြီးသားပင်။ လက်ကျန်ကိစ္စကိုတော့ ရန်ကိုင်ပေါ်လာမှသာ ဆက်လက်ဆုံးဖြတ်ပေလိမ့်မည်။

ဟွာချင်းစီ၏ ပြောစကားကိုကြားသော် ရီကျင်းဟန်သည် သူမအား ခါးသက်သက် အမူအယာဖြင့်သာ ကြည့်လျက် ခေါင်းခါပြလိုက်လေသည်။

ရီကျင်းဟန် စိတ်ပိုင်းဖြတ်ထားပြီးသွားပြီမှန်း ဟွာချင်းစီ သိလိုက်လေသည်။ ထို့အတွက်ကြောင့် သူမအား ဆက်၍ ပြောမနေတော့ချေ။

“နင် ဘာကို စောင့်နေတာသေးတာလဲ…” ရှီချန်းယင်က စိတ်မရှည်ဟန်ဖြင့် ရေရွတ်လိုက်လေသည်။ တုရှန်းခေါင်းပေါ်တင်ထားသော သူ့လက်ဆီမှ အရင်းအမြစ်ချီလှိုင်းများ စတင် ဖြာထွက်လာတော့လေ၏။ ရီကျင်းဟန်သာ ဆက်၍ အချိန်ဆွဲနေမည်ဆိုပါက တုရှန်းအသက်ကို နှုတ်ယူပစ်လိုက်တော့မည့်အလား။

ရီကျင်းဟန်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး ဆက်၍ နှောင့်နှေးမနေရဲတော့ပဲ ချက်ချင်းပဲ လက်ကွက်များကို ဖန်တီးလိုက်လေသည်။

လက်ကွက်များကို စတင်လိုက်သည့်နောက်တွင် တောင်ကြားထဲ၌ ရှိနေသော ပုံရိပ်ယောင်အစီအရင်များ၊ သတ်ဖြတ်ခြင်းအစီအရင်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကြကုန်လေ၏။

ချိုကျဲသည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သေသေချာချာ စစ်ဆေးကြည့်နေလေသည်။ အစီအရင်များ မရှိတော့မှန်း အာရုံခံမိလိုက်သည့်နောက် ရယ်မောလိုက်လေ၏။ “တူမလေးရီက ဉာဏ်ရှိတဲ့လုပ်ရပ်ကို ရွေးသွားတာပဲ… နင်က နင့်အဖေထက် အများကြီးပိုတော်တယ်…”

ရီကျင်းဟန်မှာ အစီအရင်ကို ပယ်ဖျက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူမတစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသည့်အလား မြေပြင်ပေါ်သို့ ပျော့ခွေကျသွားခဲ့လေသည်။ ထို့နောက် ဖျော့တော့ချိနဲ့နေသည့် လေသံဖြင့် အော်ပြောလိုက်လေ၏။ “သွားပေတော့…”

သူမစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟွာချင်းစီနှင့် အခြားသူများသည် အကြည့်ချင်းဖလှယ်လျက် ချက်ချင်း ထွက်ပြေးရန် ကြိုးစားကြလေတော့သည်။

သို့သော်ငြား သူတို့ မလှုပ်ရှားနိုင်သေးခင်မှာပင် အစီအရင်စင်မြင့်သည် တဝီဝီ မြည်လာပြီး အားကောင်းလှသည့် ဟင်းလင်းပြင်နိယာမစွမ်းအားတို့ ထုတ်လွှတ်လာလေတော့သည်။ ထို့နောက် စင်မြင့်ဆီမှ မျက်စိကျိန်းမတတ် အလင်းတန်းတို့ ပေါက်ကွဲထွက်လာလေ၏။

“ဘာဖြစ်တာလဲ…” ရီကျင်းဟန်နှင့် အခြားသူများဆီသို့ ပြေးသွားနေသော ရှီချန်းယင်သည် ရုတ်တရက် အသက်ဝင်လာသော စင်မြင့်ကို ကြည့်ရင်း ချက်ချင်း ရပ်တန့်လိုက်လေသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် ထိုစင်မြင့်ဆီသို့ တစ်ယောက်ယောက် တည်နေရာခုန်ကူးလာသည့်ပုံပင်။

ချိုကျဲ၏မျက်လုံးများထဲ အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး သူသည်လည်း စင်မြင့်အား သေသေချာချာ စိုက်ကြည့်နေခဲ့လေသည်။

သူစင်မြင့်ကို တွေ့လိုက်စဉ်က စင်မြင့်မှာ ပျက်စီးနေခဲ့လေပြီ။ ထို့ကြောင့်သာမဟုတ်လျှင် ရီကျင်းဟန်နှင့် အခြားသူများ ထွက်ပြေးသွားလောက်ပေပြီ။ ယခုကဲ့သို့ တောင်ကြားထဲတွင်သာ ရပ်စောင့်နေလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ယခုအခြေအနေကို ကြည့်ရသလောက် သူထင်ထားသလို ဟုတ်မနေသည့်ပုံပင်။

တစ်စုံတစ်ဦးသည် အခြားတစ်နေရာမှ ဤနေရာသို့ တည်နေရာခုန်ကူးလာခဲ့သည်။ ထိုသို့ဖြစ်လေရာ အစီအရင်မှာ အကောင်းကြီးဖြစ်သည်ဟု ပြောလိုက်ခြင်းပင် မဟုတ်လေလော။ ရောက်လာသည့်လူမှာ မည်သူနည်း။ ထိုစင်မြင့်သည် မည်သည့်နေရာနှင့် ဆက်သွယ်ထားလေသနည်း။

ရီဟန်ကမူ ရှီချန်းယင်နှင့် ချိုကျဲကဲ့သို့ အံ့အားသင့်နေခြင်း မရှိဘဲ စင်မြင့်တောက်ပလာသည်ကိုမြင်သော် သူ့ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရီလာခဲ့ပြီး သူ့မျက်လုံးများ တောက်ပလာခဲ့လေသည်။

ကမ္ဘာငယ်လေးဆီသို့ သွားသည့် ဝင်ပေါက်မှာ ပြန်ပြင်ပြီးသွားခဲ့လေပြီ။

နှစ်ပေါင်းများစွာကြာအောင် ပိတ်နေသော ကမ္ဘာငယ်လေး၏ ဝင်ပေါက်မှာ နောက်ဆုံးတွင် ပြန်ပွင့်သွားခဲ့လေပြီ။

ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်အသီးသီးသည် ကမ္ဘာငယ်လေးသို့ သွားသည့် ဝင်ပေါက်ကို ပြန်ပြင်နိုင်ရန် တတ်စွမ်းသမျှ ကြိုးစားခဲ့ကြသည်။ သို့သော်ငြား မည်သူမျှ မအောင်မြင်ခဲ့ချေ။ ယနေ့တွင်မူ သူကိုယ်တိုင်သည် ကမ္ဘာငယ်လေး၏ ဝင်‌ပေါက် ပြန်ပွင့်လာသည်ကို ကိုယ်တိုင်တပ်အပ် မြင်တွေ့ခဲ့ရလေသည်။

ထိုအခိုက်အတန့်တွင် ရီဟန်မှာ ယခုနေ သေရမည်ဆိုလျှင်ပင် ပျော်ပျော်ကြီး သေလိုက်မည်ဟူသော လူစားတစ်မျိုး ဖြစ်သွားခဲ့လေသည်။ သူ့စိတ်ထဲ ဝမ်းသာလွန်းသဖြင့် အရူးတစ်ယောက်နှယ် အော်ဟစ်ရယ်မောနေတော့လေ၏။

ကမ္ဘာငယ်လေး၏ဝင်ပေါက်သာ ပြန်လည်ကောင်းမွန်သွားသရွေ့ ရွက်တစ်ထောင်ဂိုဏ်း၏ အမွေအနှစ်များကို ပြန်လည်ရရှိမည်ဖြစ်ကာ သူတို့ဂိုဏ်း နောက်တစ်ကြိမ် ပြန်လည်ဦးမော့လာနိုင်မည့် အခွင့်အရေး ရှိလာပေလိမ့်မည်။ သို့သော်ငြား လက်ရှိ ရွက်တစ်ထောင်ဂိုဏ်း၏ အခြေအနေကို စဉ်းစားမိလိုက်သော် ရီကျင်းဟန် စိတ်ပျက်သွားခဲ့ပြန်လေသည်။

ဝင်ပေါက်အား ပြန်ပြင်လိုက်သည့်လူကို သူသိပေသည်။ တကယ်တော့ ထိုနေရာဆီသို့ ထွက်သွားသည့်လူမှာ ရန်ကိုင်တစ်ဦးသာ ရှိသည်မဟုတ်ပေလော။ ရန်ကိုင်မှလွဲ၍ မည်သူကများ ထိုဝင်ပေါက်ကို ပြန်ပြင်နိုင်ပါမည်နည်း။ ရန်ကိုင်ကဲ့သို့ လူတစ်ယောက်အား သွားဖိတ်ခေါ်လာနိုင်သည့် သူ့သမီး၏လုပ်နိုင်စွမ်းအပေါ် ရီဟန်အနေဖြင့် အံ့ဩမိသော်ငြား ရွက်တစ်ထောင်ဂိုဏ်းအား နောက်တစ်ကြိမ် ပြန်လည်ဦးမော့လာနိုင်မည့် အခွင့်အရေး မပေးခဲ့သော ကောင်းကင်ကိုတော့ အပြစ်တင်မိလေသည်။

သူသာ ကမ္ဘာငယ်လေးထဲရှိ အမွေအနှစ်များကို ရက်အနည်းငယ်ခန့် စော၍ ရလိုက်မည်ဆိုပါက အဓိကတောင်ထွဋ်ပေါ်တွင် ရှိနေသော မြေကမ္ဘာအဆင့် ရုပ်သေးရုပ်များကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

ထိုမြေကမ္ဘာအဆင့် ရုပ်သေးရုပ်များ၏ အကူအညီသာ ရှိနေမည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်း ယခုကဲ့သို့အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်ချေ။ သူတို့၏ပြိုင်ဘက်များမှာ ချိုကျဲနှင့် အခြားသူများ ဖြစ်နေမည်ဆိုလျှင်ပင် သေသည်အထိ ပြန်လည်တိုက်ခိုက်နိုင်ပေလိမ့်မည်။

သို့သော်ငြား ဝင်ပေါက်ပြန်ပြင်ပြီးသွားသည့်အချိန်သည် ယခုမှသာ ဖြစ်နေခဲ့လေသည်။

ယခုအချိန်ကြီးတွင်မှ ဝင်ပေါက်ကို ပြန်ပြင်ပြီးသွားသည့် အတွက်ကြောင့် ရွက်တစ်ထောင်ဂိုဏ်းသာ အဆုံးသတ်သွားရုံမက နှစ်ပေါင်းများစွာကြာအောင် တည်ရှိလာခဲ့သော သူတို့၏အမွေအနှစ်များသည်လည်း ရန်သူများ၏လက်ထဲသို့ ကျရောက်သွားပေတော့မည်။

ရန်ကိုင်တစ်ယောက်တည်းဖြင့် ချိုကျဲတို့လူအုပ်ကြီးအား တားနိုင်လိမ့်မည်ဟု ရီဟန် မယုံကြည်ချေ။

သူ့စိတ်ထဲ ထိုအတွေးများဖြတ်ပြေးနေစဉ်မှာပင် စင်မြင့်ပေါ်၌ ပုံရိပ်နှစ်ခု တဖြည်းဖြည်းချင်း ပေါ်လာခဲ့လေသည်။ ပုံရိပ်တစ်ခုမှာ ရန်ကိုင်ဖြစ်ပြီး အခြားတစ်ခုမှာတော့ အရုပ်မလေးနှယ် ထင်မှတ်ရသော အသက်ခုနှစ်နှစ် ရှစ်နှစ်ခန့် မိန်းမငယ်လေးတစ်ဦး ဖြစ်ပေသည်။ မိန်းမငယ်လေးသည် အနီရောင်ဆံပင်ရှည်များကို ပိုင်ဆိုင်ထားပြီး ထိုဆံပင်ရှည်များသည် သူမ၏ ခြေကျင်းဝတ်ထိ ရေတံခွန်နှယ် လျှောကျနေခဲ့လေသည်။ ထို့အပြင် ကောင်မလေးသည် သူမခန္ဓာကိုယ်ထက်ပို၍ အရွယ်အစားကြီးမားသော ယောကျ်ားအဝတ်အစားများကိုလည်း ဝတ်ဆင်ထားသေးသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင်လျှင် ထိုအဝတ်အစားများမှာ ရန်ကိုင့်အဝတ်အစားများမှန်း ပြောနိုင်ကြပေသည်။ သို့သော်ငြား ထိုအဝတ်အစားများသည် သူမ၏ချစ်စဖွယ်ကောင်းမှုကို တစ်စက်ကလေးမှပင် လျော့ကျသွားစေခြင်း မရှိချေ။

ပေါ်လာလာခြင်းတွင် ထိုနှစ်ဦးသား လက်ရှိ သူတို့ရှေ့၌ ဖြစ်ပျက်နေသော အခြေအနေများကို သေသေချာချာ နားမလည်ခဲ့ချေ။ သွေးနံ့များကို ခံစားမိလိုက်သည့် အခါမှသာ ရန်ကိုင်မျက်နှာပျက်သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ချလိုက်လေ၏။ ချက်ချင်းဆိုသလို ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။

ရီကျင်းဟန်နှင့် အခြားသူများမှာ ဒဏ်ရာရထားပြီး အစီအရင်နောက်တွင် ပုန်းနေကြသည်ကို ရန်ကိုင်တွေ့ရှိလိုက်ရသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ရီဟန်နှင့် တုရှန်းတို့မှာလည်း ဓါးစာခံများအဖြစ် ဖမ်းဆီးထားခံရကာ ဆိုးဆိုးရွားရွားဒဏ်ရာရထားကြလေ၏။ စိုးရိမ်တကြီးအမူအယာဖြင့် လှမ်းကြည့်နေသော ရှီချန်းယင်ကို တွေ့လိုက်ရသလို သူ့အား မုန်းတီးစွာစိုက်ကြည့်နေသော လော့ကျင်းကိုလည်း တွေ့လိုက်ရလေသည်။

“သခင်လေးရန်…” ရန်ကိုင် ပေါ်လာသည်ကိုမြင်သော် ဟွာချင်းစီသည် သက်ပြင်းအမောကြီးချလျက် ခါးသက်စွာပြုံးကာ ပြောလိုက်လေသည်။ “ရှင်သာ ဆက်ပြီး နောက်ကျနေဦးမယ်ဆိုရင် ကျွန်မတို့တော့ လုံးဝသွားပြီ…”

“ကျွန်မတောင်းပန်ပါတယ် သခင်လေးရန်…” ရီကျင်းဟန်သည် ရန်ကိုင့်အား စိုးရိမ်တကြီးဖြင့် ကြည့်လျက် ကျွန်မတို့ရွက်တစ်ထောင်ဂိုဏ်းကြောင့်ပဲ ရှင်တို့ အခုလို ဖြစ်သွားခဲ့ရတာ…”

တစ်ချက်ရပ်ပြီးနောက် အလျင်စလို လှမ်းပြောလိုက်လေသည်။ “ရှင် သူတို့ကိုခေါ်ပြီး မြန်မြန်ထွက်ပြေးရင် ကောင်းလိမ့်မယ်…”

ရန်ကိုင်အားကောင်းမှန်း သူမသိသော်ငြား တစ်ဖက်ရန်သူများထဲတွင် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေခဲ့လေသည်။ ရန်ကိုင်၏ခွန်အားသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် ပြိုင်ဆိုင်နိုင်လောက်သည်အထိ အားကောင်းလိမ့်မည်မဟုတ်ဟု သူမ ထင်နေခဲ့သည်။

သူမစကားကိုကြားပြီးသည့်နောက်မှသာ ရန်ကိုင်သည် ချိုကျဲဆီမှ အကြည့်လွှဲဖယ်လျက် ပြုံးကာ ပြောလိုက်လေသည်။ “အင်း… တကယ်ကို ပြဿနာများတဲ့ အခြေအနေပဲ…”

လက်ရှိအခြေအနေကို သေချာနားမလည်သေးသော်ငြား မည်သူက ရန်သူဖြစ်သလဲ မည်သူက မိတ်ဆွေဖြစ်သလဲ ဆိုသည်ကိုတော့ ရန်ကိုင် ကောင်းကောင်းခွဲတတ်ပေသည်။

“နင့်ကို ဒဏ်ရာရသွားအောင် လုပ်တာ အဲ့ကောင်လား…” ရန်ကိုင်သည် ချိုကျဲကို ကြည့်၍ မေးလိုက်လေသည်။

ဟွာချင်းစီသည် တာအိုသခင် အထွဋ်အထိပ်အဆင့်သို့ ရောက်နေခဲ့လေပြီ။ ထို့အတွက်ကြောင့် ချိုကျဲမှလွဲ၍ ဤနေရာရှိမည်သူမျှ သူမအား ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဟုတ်တယ်…” ဟွာချင်းစီက အသာအယာခေါင်းညိတ်လျက် “သူက ကောင်းကင်ရောင်စဉ်နန်းတော်ရဲ့ နန်းတော်သခင်ပဲ… လတ်တလောကမှ ဧကရာဇ်အဆင့်ကို တက်ထားတာ… ဒါကြောင့် သူ့ကျင့်ကြံခြင်းက သိပ်ပြီးတော့ မတည်ငြိမ်သေးဘူး… အဲ့ဒါကြောင့်သာမဟုတ်ရင် ခုချိန်လောက်ဆို နင့်ရဲ့ အစ်မဟွာကို တွေ့ရတော့မှာမဟုတ်ဘူး…”

“ကောင်းတယ်… ကျုပ်လူတွေကို လာထိရဲမှတော့ အကုန်သေရမှာပေါ့…” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်လေသည်။

ထိုစကားထွက်လာသည်နှင့် အပြင်လူအားလုံးသည် ရန်ကိုင့်အား အရူးတစ်ယောက်အလား လှမ်းကြည့်လိုက်ကြလေသည်။

All Chapters